Tuesday, December 29, 2015

Honeymoon to New Zealand (Day 8) - Out and about in Wellington

၉ရက် မေလ ၂၀၁၅ (စနေနေ့)


အားလုံးပဲ ပျော်စရာ ခရစ်စမတ်လေးနဲ့ ကောင်းသောအောင်မြင်မှုတွေရရှိမဲ့ နှစ်သစ်တစ်ခုကို ပိုင်ဆိုင်ကြမယ်လို့ ထင်ပါတယ်နော်။ ဒီဇင်ဘာလရောက်မှ အလုပ်တွေများနေတာရော အပျင်းကြီးနေတာရောကြောင့် ဘာပိုစ့်မှ တက်မလာဖြစ်ခဲ့ဘူး။ ခုတော့ ရေးလက်စ နယူးဇီလန် ဟန်းနီးမွန်းဆက်ရေးပါအုံးမယ်။ ဟန်နီးမွန်းထားတာတောင် မေလရောက်ရင် ၁နှစ်ပြည့်တော့မယ် ရေးလိုခုထိမပြီးသေးတာ မဟုတ်သေးပါဘူနော်။



ကျွန်မတို့က ရိုတိုရူဝါကနေ ညကားစီးလာတော့ ဝါလင်တန်ကို မနက် အစောကြီးရောက်တယ် ၈နာရီကြာလောက်တော့ စီးလိုက်ရတယ်။ ညဘက်ကားကို လူချောင်မယ်ထင်တာ ညဘက်ကားက လူအပြည့်ပါလို့ ကျွန်မတို့ ၂ယောက် တူတူထိုင်လို့တောင် မရခဲ့ဘူး။intercity ကားတွေက Free seating လေ။ ပြီးတော့ အော့ကလန်းကနေလာတာလားတော့ မသိဘူး လူတွေက ပါလာတာ။ ကျွန်မတို့က လမ်းဖြတ်တက်တဲ့ပုံမျိုးဖြစ်နေတာလေ။ နောက်ဆုံးခုံမှာ ၂ယောက်စာလွတ်ပေမဲ့ အလည်ခေါင်ကြီးမို့ ဘိုမလေးတစ်ယောက်က မထိုင်ချင်တဲ့ပုံမျိုးလုပ်နေလို့ ကိုယ်နဲ့ Mr.Right တူတူထိုင်လို့ရလောက်တယ်ဆိုပြီး သူနဲ့ နေရာလဲလိုက်ပြီး Mr.Right ကိုခေါ်လိုက်တယ်။ သူက ဘလော့ပေါ်မရေးနဲ့လို့ ပြောထားပေမဲ့ ရေးလိုက်အုံးမယ် ခိခိ။ ဝါလင်တန်ကို မသွားခင်ညက ရိုတိုရူဝါက ကိုရီးယားဆိုင်မှာ ညစာကို သူက ထမင်းကြော်တွေစားထားတယ်လေ။( မသိရင် Day 7 Post ကို ဒီမှာ ပြန်ဖတ်)။ သူက အဲ့လိုအများကြီးစားပြီးရင် အစ်ပြီး အစာမကျေဖြစ်တတ်တယ်။ သူက ဒိုင်ဂျင်းဆေးကုမ္ဗဏီရဲ့ ကိုယ်စားလှယ်လို့ထင်ရလောက်အောင် ဒိုင်ဂျင်းအမြဲဆောင်ထားရတယ်။ အစာမကျေဖြစ်လွန်းလို့။ ပြီးတော့ သူက ဖြစ်သလို မအိပ်တတ်တဲ့သူ။ ကိုယ်ကတော့ ကားပေါ်ဆို ဘာလို့မှန်းမသိဘူး အိပ်ပျော်တယ်။ ကားပေါ် ရထားတွေပေါ်မှာ အိပ်ပျော်တတ်လွန်းလို့ ဂိတ်ကျော်ပေါင်းလဲ မနည်းတော့ဘူးလေ။ ကားထွက်ပြီး ခဏနေတော့ Mr. Right တစ်ယောက် ခေါင်းမူးပြီး အံချင်ပါတယ်ဆိုပြီးဖြစ်ရော။ ဒီလောက် လူတွေအပြည့် လေလုံကားပေါ်အံမယ်ဆို ပြဿနာတွေကြီးကုန်လိမ့်မယ်။ ပြီးတော့ ကားကလဲ ရပ်ပေးဖို့ မမြင်ဘူး။ သူတို့က အချိန်မှန်ရောက်အောင် မောင်းတာကိုး။ ကိုယ်လဲရှာကြံလို့ရတဲ့ အိတ်တွေထုတ်ပေး။ ရှူဆေးဗူးထုတ်ပေး။

မိန်းကလေးတွေ ပစ္စည်းတွေ အများကြီးသယ်ရင် သူတို့ ယောက်ျားတွေ ပွစိပွစိလုပ်တတ်ကြတယ်လေ။ အဲ… တကယ်အရေးရယ်အကြောင်းရယ်ဆို အဲ့ပစ္စည်းတွေကို ဘယ်သူတွေသုံးသလဲပြော။ ကျွန်မက တစ်ရှူးတစ်ခုဆို သုတ်ပြီးလဲ သုတ်လို့ရသေးတဲ့ အခြေအနေရှိရင် လက်ထဲမှာ လုံးပြီး ကိုင်ထားတတ်တယ်။ အရေးရယ်အကြောင်းရယ် ညစ်ပတ်တာ နည်းနည်းပါးပါးတွေ့ အဆင်သင့်သုတ်ပြီး လွှတ်ပစ်လို့ရတယ်လေ။ ခုလဲ ပလပ်စတစ်အိပ် လိုချင်တယ်ဆို မနည်းရှာရတယ်။ ဒိုင်ဂျင်းကတော့ ကားအောက်က အထုတ်တွေထဲ ထည့်ထားတော့ မရှိဘူး။ ကိုယ်ကားပေါ်မှာအိပ်ဖို့ ယူလာတဲ့ ခရီးသွားခေါင်းအုံးလေး သူ့ပေးပြီး ဂရုစိုက်နေရတယ်။ ကိုယ်က ခေါင်းအုံးရှိရှိ မရှိရှိ အိပ်ပျော်တယ်လေ။ ခဏနေတော့ မရတော့ဘူးမူးတယ်ဆိုပြီး သူလမ်းထလျှောက်တယ်။ ၂ထပ်ကားဆိုတော့ လှေကားဆင်းပြီး လေနည်းနည်းသွားရှူတယ်။ ပြီးတော့ အရှေ့ပဲ ပြန်ထိုင်တော့မယ်တဲ့ အဲ့ အနောက်ဆုံးတန်းက မူးတယ်တဲ့။ နောက်တော့မှ တော်သေးတယ် အံလဲ မအံဘူး ပြန်ကောင်းသွားလို့။

ကိုယ့်သူငယ်ချင်း မိန်းမတွေချည်းပဲ သွားရင် မူးတဲ့သူက ကိုယ်အမြဲဖြစ်နေကျ။ ဒါတောင် amusement park သွားပြီး စီးလို့ မူးတာ။ တစ်ခါမှ အရိပ်တကြည့်ကြည့်ဂရုတစိုက် စိုးရိမ် မနေခဲ့ရဖူးဘူး။ သူနဲ့သွားမှပဲ သွေးသံရဲရဲ accident ဖြစ်။ ဆေးခန်းရောက်။ ကားမူး အစုံပလုံပဲ လူလဲ အရိပ်တကြည့်ကြည့်နေနေရတယ်။ သူက နေမကောင်းရင် ကိုယ်က ဘယ်လိုလုပ် နေသာထိုင်သာရှိမလဲ။ ဟန်းနီးမွန်းဆိုတော့ တခြားခရီးစဉ်နဲ့ မတူဘူးပေါ့။ တကယ်ကိုပဲ လူ၂ယောက် လျှောက်ရမဲ့ ဘဝလမ်းမှာ ဆိုးတူကောင်းဖက် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီး ရှေ့ဆက်ရမယ်ဆိုတာကို ဟန်းနီးမွန်းကနေ သင်ခန်းစာပေး လေ့ကျင့်ပေးနေသလိုပဲ။



The Capital "Wellington"

နယူးဇီလန်လို့ပြောရင် အများစုက အော့ကလန်းကိုပဲသိကြတာများတယ်။ တကယ်တော့ ဝါလင်တန်မြို့ကမှ နယူးဇီလန်ရဲ့ မြို့တော်ပါ။ သူက မြောက်ပိုင်းကျွန်းရဲ့တောင်ဘက်အကျဆုံးနေရာမှာတည်ရှိပါတယ်။ ကမ္ဘာမှာရှိသမျှ မြို့တော်တွေထဲမှာ တောင်ဘက်အကျဆုံး မြို့တော်တစ်ခုပါ။ သူက ကုန်ကူး သင်္ဘောတွေဆိုက်တဲ့ ဆိပ်ကမ်းနဲ့ အစိုးရရုံးတွေ အခြေစိုက်ရာမြို့လဲဖြစ်တယ်။

ဝါလင်တန်ရဲ့ စနေနေ့ မနက် ၇နာရီခွဲ အခြေအနေ

တစ်လမ်းလုံးမှာ တစ်ခါတစ်လေ ကျွန်မတို့ ၂ယောက်တည်းလား ထင်ရတယ်။ ညလုံးပေါက်ကားစီး အိပ်ရေးပျက်တဲ့ ရုပ်ကို သည်းခံပါ။

ကျွန်မတို့ရောက်သွားတော့ မြို့တော်ဆိုတဲ့အတိုင်း တိုက်အမြင့်ကြီးတွေနဲ့ အော့ချက်လို လမ်းမကြီး (Featherston St) နဲ့ ကမ်းနားလမ်းလိုမျို့ သင်္ဘောဆိပ်နဲ့ အပြိုင်လမ်းမကြီး ၂ ခုရှိတယ်။ ကားက မီးရထားဘူတာရုံ အဝေးပြေးဂိတ်မှာ ချပေးတယ်။ အဲ့ဒိကနေ Featherston St အတိုင်း လျှောက်လာရင် ကျွန်မတို့တည်းတဲ့ Travelodge hotel ရှိတယ်။ မနက်စောသေးတော့ လမ်းပေါ်မှာ လူတွေ သိပ်မရှိဘူး။ Wellington ကို လေတိုက်တဲ့ မြို့တော်လို့တောင် ခေါ်တွင်တော့ ဆောင်းလေကလဲ အတော်လေးတိုက်တယ်။ ကိုယ့်အထုတ်လေးကိုယ်ဆွဲပြီး လျှောက်လာခဲ့တယ်။ Travelodge ကလဲ လမ်းမပေါ်မှာတော့ မဟုတ်ဘူး Featherston st အဆုံးနားမှာ လမ်း ၂ခွလေးဖြစ်သွားတယ်။ အဲ့ဒိကနေမှ လှေကားလေးဖြစ်နေတဲ့ လမ်းအတိုင်းတက်ရတယ်။ အိတ်တွေနဲ့ အိပ်ရေးမဝတဝနဲ့ တက်လိုက်စမ်းဟဲ့ပဲပေါ့။ Travelodge hotel (Wellington) က တစ်ညကို ၁၃၉ဒေါ်လာပေးရတယ်။ Ibis တို့ဘာတို့က လမ်းမပေါ်မှာဆိုတော့ တစ်ည ဒေါ်လာ ၂၀၀ကျော်တယ်။ Wellington မြို့လယ်ခေါင်က အော့ကလန်းလို တောင်ကုန်းတွေတက်မနေရပဲ မြေပြန့်လမ်းမကြီးဖြစ်နေတာရယ်၊ ခေတ်မီ မှန်သားအထပ်မြင့်တိုက်ကြီးတွေ အများကြီးရှိတာရယ်ကြောင့် ကျွန်မစိတ်ထဲ မြို့တော်နဲ့ တကယ်ပိုတူပါတယ်လို့ လက်ခံနိုင်တယ်။ အော့ကလန်းမှာလဲ အထပ်မြင့်တိုက်ကြီးတွေရှိပေမဲ့ တိုက်ပုံစံတွေက မတူဘူး။ တောင်ကုန်းတွေတက်နေရတာနဲ့တင် ကိုယ့်စိတ်ထဲ နယ်ရောက်နေသလိုပဲ ခံစားရတာ။ ခိခိ…

ဟော်တယ်ကိုရောက်အပြီး စောနေသေးတော့ ချက်အင်ဝင်လို့မရသေးဘူးတဲ့။ ဒါနဲ့ပဲ အိတ်တွေအပ်ပြီး မနက်စာစားဖို့ ထွက်လာခဲ့လိုက်တယ်။ ဘူတာရုံနားက မက်ဒေါ်နယ်မှာ မနက်စာ set ကိုစားဖြစ်တယ်။ သူတို့ပေးတဲ့ portion တွေက ကိုယ်စားနေကျထက် များတော့ ဘာဂါတစ်လုံးမကုန်လို့ ယူလာလိုက်တယ်။ ဒါလဲ မိန်းမတို့ရဲ့ လိုအပ်ရင် စားလို့ရတယ်ဆိုတဲ့ သဘောပေါ့။ ယောက်ျားတွေကတော့ ဘာလို့ အလုပ်ရှုပ်ခံသယ်သလဲပေါ့။ (ဗိုက်ဆာရင် သူတို့ပဲစားမှာ… ဒါပေမဲ့ အဲ့ဒိဘာဂါတော့ နောက်ပိုင်း ကိုယ်ပဲ စားဖြစ်ပါတယ်)။ ကျွန်မတို့က Wellington ရောက်ရောက်ချင်း ချက်အင်ဝင်လို့မရမှန်း သိပြီးသားပါ။ အဲ့ဒါကြောင့် အချိန်ကုန်သက်သာအောင် Wellington ရောက်ရင် မလုပ်မဖြစ်သွားကြည့်ရမဲ့ Lord of the Ring: half day tour ကို ကြိုဝယ်ထားတာပေါ့။ ဒီ Website က ဝယ်တယ်လေ ။ တစ်ယောက်ကို နယူးဇီလန်ဒေါ်လာ ၉၅ ပေးရတယ်။ တစ်နေကုန် package လဲရှိတယ်။ ထမင်းပါကျွေးတယ်။ ဒါပေမဲ့ နေ့ဝက်ပဲဝယ်တာ လုံလောက်တယ်လို့ ထင်တာပဲ။ Mr. Right ကတော့ ပျင်းလို့တဲ့။ ကိုယ်ကတော့ ပျော်တယ်။ ရုပ်ရှင်ရူးဆိုတော့လေ။ Lord of the Rings ကို အကြိုက်ကြီးမဟုတ်ပေမဲ့ ကြည့်ဖူးတယ်။ ကိုယ်က The Hobbit တော့ ကြိုက်တယ်လေ။ ဒါပေမဲ့ ခုလို ကမ္ဘာကျော်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ဖို့ ဘယ်လိုရိုက်ခဲ့တယ်၊ ဘယ်လောက်ကြိုးစားခဲ့ကြတယ်၊ သူတို့ ဒီနေရာတွေမှာ ဒီလို အသေးစိတ်ကအစ ပင်ပင်ပန်းပန်း ရိုက်ခဲ့တာပါလားဆိုတဲ့ ခံစားချက်က ကျွန်မအတွက်တော့ ပျော်စရာကောင်းနေတယ်။

ဗစ်တိုးရီးယားတောင်ထိပ်ပေါ်မှာ ဝါလင်တန်မြို့ နောက်ခံထားပြီး ရိုက်

LOTR : Half day tour in Wellington

အဲ့ဒိ တိုးက စုစုပေါင်းကြာမြင့်ချိန် ၄နာရီပါပဲ။ မနက် တစ်ချိန် ညနေ ၁ချိန် ၂ချိန်ရှိပါတယ်။ ကျွန်မတို့က မနက် ၈နာရီခွဲအချိန်ကို ယူထားတာပါ။ Wellington isite နားမှာ လာကြိုမယ်ဆိုပြီး အတော်လေး စောင့်လိုက်ရပါတယ်။ ကျွန်မတို့နဲ့အတူ သြစီက ဘိုမလေးတစ်ယောက်လဲ စောင့်နေပါတယ်။ သူကတော့ ဘွတ်တွေဘာတွေနဲ့ လှတပတလေးပေါ့။ ကျွန်မကတော့ အစကတည်းက ဝဝကစ်ကစ်နဲ့ အိပ်ရေးမဝ မျက်နှာပြောင်နဲ့ပါ။ တကယ်တော့ ကားကနောက်ကျတာ မဟုတ်ဘူး။ သူက တခြားနေရာမှာ စောင့်နေပြီး ကျွန်မတို့က တစ်နေရာမှာ အချင်းချင်း မတွေ့ဖြစ်နေတာပါ။ တော်သေးတယ် ကိုယ်တစ်ယောက်ထဲ မဟုတ်ပဲ သြစီက ကောင်မလေးပါ ပါနေလို့ ငပိန်းအထင်မခံရတာ။ ကားပေါ်မှာ နောက်ထပ် အဖြူယောက်ျား ၂ယောက်ပါတယ်။ ဘယ်နိုင်ငံကလဲဆိုတာ မကြားလိုက်ဘူး။ ကြည့်ရတာတော့ ဂေးစုံတွဲလားမသိပါ။ နောက်ထပ်တစ်ယောက်ကတော့ ယူအက်စ်ကပါ။ သေချာတာတော့ အဲ့တစ်ယောက်က LOTR ကို အတော်လေး အလွတ်ရနေတယ်ထင်တယ်။ ဂိုက်က အရပ်မြင့်မြင့်နဲ့ လူတွေကို သူ့သူငယ်ချင်းလို ရောနှောပြီး ပေါင်းတတ်ပါတယ်။ အရှေ့တိုင်း ဂိုက်နဲ့ အနောက်တိုင်း ဂိုက် (ရှင်းပြသူ)တွေ ကွာခြားချက်က အရှေ့တိုင်းဂိုက်က ကာစတန်မာကို တလေးတစား ဆက်ဆံပြီး ဝန်ဆောင်မှုပေးတယ်။ အနောက်တိုင်း ဂိုက်တွေကျတော့ သူငယ်ချင်းလို ပေါ့ပေါ့ပါးပါး အရွှန်းဖောက်ပြီး စကားတွေပြောရင်း အေးဆေးရှင်းတယ်။ သူ့နိုင်ငံ ယဉ်ကျေးမှုနဲ့သူ ၂မျိုးလုံးကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒိပုံစံကိုကြည့်တာနဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ယဉ်ကျေးမှု ကွာခြားပုံကို သိသာစေတယ်။ ခံစားချက်ကို သိသာစေတယ်။ ဒါပေမဲ့ အရှေ့တိုင်း ဂိုက်တွေဘဝက ပို Stress များမယ်ထင်တယ်။ အဲ အရှေ့တိုင်းဂိုက်တွေမှာ ကိုယ့်ယဉ်ကျေးမှုအတိုင်း တလေးတစားဆက်ဆံရင်း ခရီးသည်တွေနဲ့ အရွှန်းဖောက်နိုင်တဲ့သူဆိုရင်တော့ အတော်လေး ဝန်ဆောင်မှုကောင်းတဲ့သူလို့ ကျွန်မ မြင်မိမှာပဲ။

၁) The Mount Victoria Lookout & Lord of the Rings filming location

၃၆၀ ဒီဂရီ မြို့ကြီးကို မြင်ရတယ်

သာယာလှပေသည်



Wellington ရောက်ရင် မသွားမဖြစ် သွားရမယ်လို့ အများပြောကြတဲ့နေရာကတော့ ဗစ်တိုရီယားတောင်ထိပ်ပါပဲ။ အမြင့်ပေ ၁၉၆ မီတာရှိတဲ့ ဗစ်တိုရီးယားတောင်ပေါ်ကနေ ကြည့်ရင် ဝါလင်တန်မြို့ကို ၃၆၀ ဒီဂရီမြင်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဂိုက်က တိုးရစ်များတဲ့ တောင်ထိပ်ထက် သူသိတဲ့ ပိုကောင်းတယ်လို့ (သူပြောတဲ့) နေရာလေးကို ခေါ်သွားပါတယ်။ ပိုကောင်းမကောင်း ကျွန်မ မသေချာပေမဲ့။ သူခေါ်သွားတဲ့ နေရာလေးကလဲ ၃၆၀ ဒီဂရီမြင်ရပြီး အဲ့ဒိမှာ ကျွန်မတို့ကလွဲပြီး ကျန်တဲ့ တိုးရစ်တွေမရှိလို့ စိတ်လွတ်လပ်လွတ်နေလို့ရတာလေးကတော့ ကျေနပ်စရာပါ။ သူရှင်းပြနေတုန်းတော့ ကြားလိုက်ပေမဲ့ ခေါင်းထဲသိပ်မမှတ်ထားမိသလို စာအုပ်ထဲရေးမှတ်နေရင် ကိုယ့်ကို လူထူးလူဆန်းထင်မှာစိုးလို့ မမှတ်မိခဲ့ပါဘူး။ အင်တာနက်မှာ ရှာဖတ်လို့လဲရတာပဲဟာ။ အဲဒိတောင်ပေါ်ကနေ ပြန်ဆင်းလာပြီး တောင်တစ်ဝက်လောက်ရောက်တော့ ကားရပ်ပြီးတော့အုပ်ထဲကို လမ်းလျှောက်ဝင်ရတယ်။ အဲ့ဒိတောအုပ်ထဲမှာမှ LOTR ဇာတ်ကားထဲက "Shortcut to Mushrooms", " Get off the Road", "Race to the Ferry", "Dunharrow Plateau" စသည့်ဖြင့် ဇာတ်ဝင်ခန်းတွေရိုက်ထားတဲ့နေရာ လိုက်ပြတယ်။ LOTR ဇာတ်ကားကို ထုံးလိုမွှေရေလိုနှောက် မှတ်မိတဲ့သူတွေလောက်ပဲ အပေါ်က ပြောသွားတာ ဘာဇာတ်ဝင်ခန်းတွေလဲ သိလိမ့်မယ်။ ကိုယ်ကိုတိုင်လဲ မမှတ်မိဘူး။ ဒီတော့ အဲ့နေရာတွေသွားတယ်။ သူက တကယ့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို ထုတ်ထားတဲ့ ဓာတ်ပုံ စာအုပ်လေးနဲ့ ဒီနေရာမှာ ဒီဇာတ်ဝင်ခန်းကို ဘယ်လိုရိုက်ခဲ့တယ်ဆိုတာရှင်းပြတယ်။

ကမ္ဘာကျော်ရုပ်ရှင် အဖွဲ့သားတွေ တချိန်က သွားလာလှုပ်ရှားခဲ့တဲ့ နေရာတွေကို ခြေရာခံကြရအောင်

LOTR ကို အရမ်း မမှတ်မိပေမဲ့ ကြည့်ထားဖူးတော့ သိပါတယ်။ သူပြောပြမှပဲ နယူးဇီလန်မှာ အဲ့ဒိ Frodo နဲ့ သူ့သူငယ်ချင်း hobbits တွေအတွက် Audition ခေါ်တုန်းက အကြောင်းတွေပါ သိတော့တယ်။ တိုးဂိုက်က သူက အသက်မှာ တန်းဝင်ပေမဲ့ အရပ်ရှည်နေလို့ မရဘူးတဲ့။ ဇာတ်ကောင်က လူပု သရုပ်ဆောင်ရမှာဆိုတော့ အရပ် အကန့်အသပ်လုပ်ထားတယ်လေ။ ရွေးခံလိုက်ရပြီး ခု နာမည်ကြီးနေတဲ့ လူငယ်သရုပ်ဆောင်လေးတွေလဲ လွယ်လွယ်ကူကူတော့ မင်းသားဖြစ်လာတာ မဟုတ်ပါဘူး။ ဥပမာ ဆိုရင် တောင်ပေါ်ကနေ ထွက်ပြေးရင်း လိမ့်ကျတဲ့အခန်းကို ဒါရိုက်တာက လိမ့်ကျတာ သူလိုချင်တဲ့အတိုင်းမရလို့ ထပ်ခါထပ်ခါ အခါ ၂၀ကျော် လိမ့်ကျခိုင်းတာ စစချင်းရိုက်တဲ့အခန်းတင် Frodo သရုပ်ဆောင်တဲ့ မင်းသား Elijah Wood နံရိုးကျိုးပြီး ဆေးရုံရောက်သွားလို့ သူ့အခန်း ရှုတင်းတွေ ခဏနားလိုက်ရသေးတဲ့အကြောင်း။ သူ့သူငယ်ချင်းလုပ်တဲ့ ဝတုတ်လေးကို ဒီကားရိုက်ဖို့ တမင်ဝအောင် လုပ်ခိုင်းတဲ့အကြောင်း။ သူများတွေက ဒီကားရိုက်ဖို့ ဝိတ်ချတဲ့အချိန် သူက ဘာဂါတွေချည်း အပီဆွဲပြီး ဝအောင်လုပ်ရတဲ့အကြောင်း။ စသည်ဖြင့်ပေါ့။ ကျွန်မကတော့ ကြားရတာ စိတ်ဝင်စားသလို။ သာမာန် တောအုပ်ကြီးကို မှော်ဆန်ဆန် ရသတွေပေးတဲ့ တောအုပ်ကြီးအဖြစ် ပြောင်းလဲဖန်တီးပြီး မရမက ဖြစ်အောင်လုပ်ယူတာကို သဘောကျမိတယ်။

ဘာရယ်မဟုတ်ဘူး တောအုပ်ကြီးက လှလို့ ရိုက်ထားတာ

ရုပ်ရှင်ရိုက်တဲ့ တချို့နေရာတွေက ဗစ်တိုးရီးယားတောင်လမ်းက တောထဲတွေမှာပဲ

ကျွန်မတို့ ဂိုက်က ရှေ့ဆုံးက။ သူ့ဘေးက အမေရိကန်ကောင်လေး၊ နောက်က သြစီက ကောင်မလေး။ သူတို့ ၂ ယောက်က solo သမားတွေ

ဒါ့အပြင် ဒီတောအုပ်ထဲမှာ ရိုက်မယ်ဆိုတော့ ပတ်ဝန်းကျင် အလွန်ထိမ်းသိမ်းတဲ့ နယူးဇီလန် အစိုးရဆီကနေ ဒီသစ်တောကို သဘာဝ မထိခိုက်စေရပါဘူးဆိုပြီး အာမခံချက်ပေးရသေးတယ်။
အောက်က ပုံမှာဆိုရင် သူတို့ ၄ယောက်ကို Black Riders ကြီး လိုက်ဖမ်းတော့ သစ်မြစ်အကြီးကြီးအောက်မှာ ဝင်ပုန်းတဲ့အခန်းဆို အပြင်မှာ တကယ်တန်းကျတော့ အဲ့ သစ်ပင်ကြီး မရှိဘူး။ တခြားနေရာက သစ်ငုတ်တိုကြီးကို ခုတ်ယူလာပြီး အမြစ်တွေကလဲ လူက ဖန်တီးထားတာတဲ့။ ဒါပေမဲ့ ရုပ်ရှင်ရိုက်ပြီးတော့ အားလုံးကို နဂိုမူလအတိုင်း ပြန်ထားပေးရမယ်ဆိုလို့ အဲ့ဒိ သစ်ပင်ကြီးက ခု ဒီတောအုပ်ထဲမှာ မရှိတော့ဘူးတဲ့။ အောက်မှာ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနဲ့ ကျွန်မတို့ ပုံနဲ့ ယှဉ်ကြည့်နော်။ ကျွန်မတို့နဲ့ အတူဓာတ်ပုံရိုက်တာက ယူအက်စ်က ကောင်လေးရယ်၊ သြစီက ကောင်မလေးရယ်။

Recreating the Lord of the Rings scene (သူက Frodo ပေါ့။ ကိုယ့်က ဝတော့ Frodo သူငယ်ချင်းပေါ့) အဲ့ အပင်က မြင့်တယ် ကျွန်မက အရပ်ပုတော့ တက်လို့ရဘူး။

Frodo သရုပ်ဆောင်တဲ့ မင်းသား နံရိုးကြိုးတဲ့အထိ လှိမ့်ဆင်းခဲ့တဲ့ တောင်ကုန်း

သူတို့ ၄ယောက်ကို Black Rider သရဲကြီးတွေလိုက်ဖမ်းလို့ ပုန်းနေတဲ့အခန်း (ငါတစ်ယောက်တည်း အပီ သရုပ်ဆောင်နေမိပါလား။) ဒါနဲ့ ဘယ်လိုလုပ်ပြီး ငါက အမေရိကန်နားရောက်။ Mr.Right က သြစီသူ နားရောက်သွားပါလိမ့်

နောက်ပြီး Black Rider က မြင်းစီးပြီး တောင်ထိပ်မှာ ရပ်နေတဲ့ အခန်းရိုက်တော့ ရာသီဥတုက အရမ်းအေးပြီး အသက်ရှုရင် နှာခေါင်းက အငွေ့တွေထွက်နေတော့ Black Rider ဆိုတာ လူမဟုတ်ဘူး သရဲဆိုတော့ အသက်မရှုရဘူးလေ။ ဒါပေမဲ့ သရုပ်ဆောင်တဲ့သူကလဲ အသက်မရှုပဲ ဘယ်လိုနေမတုန်း။ ဒီတော့ ဝတ်ရုံကြီးအောက်ကနေ ပိုက်ထိုးပြီး မြင်းခေါင်းနားမှာ သွယ်တပ်ထာလိုက်တယ်။ တကယ်တော့ အဲ့နားက အခိုးငွေ့တွေဟာ Black Riders သရုပ်ဆောင်သူရဲ့ အသက်ရှုငွေ့တွေနဲ့ ပိုပြီးတော့ မှော်ဆန်သွားလေရဲ့တဲ့။ ဒါဟာ အသေးစိတ်ကအစ သတိထားပြီး ဒီလောက်ကတော့ ရပါတယ်ဆိုတဲ့ ဖြည့်တွေးစိတ်ဓာတ်မျိုးမဟုတ်ပဲ မရမက လိုက်လုပ်တတ်တဲ့ ရုပ်ရှင် အရည်အသွေးနဲ့ ပြီးပြီးရော ၁လ ၄ကား အပြီးရိုက် ကားတွေရဲ့ အရည်အသွေးကွာခြားချက်ပဲ။

ဒီပုံက အင်တာနက်က နေရှာထားတာ။

ကိုယ်ရိုက်ခဲ့တဲ့ ပုံ

2) WETA Cave workshop

အဲဒိကနေ WETA Cave ကိုသွားကြတယ်။ WETA Cave ဆိုပေမဲ့ လှိုင်ဂူမဟုတ်ပါဘူး။ LOTR ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်တွေထဲမှာပါတဲ့ ဝတ်စုံတွေ မိတ်ကပ်တွေ လက်နက် ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာပါ။ အဲ့ဒိမှာတော့ လူနည်းနည်းရှုပ်ပါတယ်။ ကျွန်မတို့ကို WETA ရဲ့ သမိုင်းကြောင်းနဲ့ ရုပ်ရှင်တွေမှာ ဘယ်လို tricks တွေလုပ်တဲ့အကြောင်း ဗွီဒီယို ဖွင့်ပြပါတယ်။ အဲ့ဒိအချိန်မှာ တညလုံး ကားပေါ်မှာ ကောင်းကောင်းမအိပ်ဖြစ်ပဲ အိပ်ရေးမဝလာတော့ ထိုင်ခုံလေးမှာထိုင်၊ နံရံလေးကိုမှီ။ အခန်းကလဲ အမှောင်ချလိုက်တော့ မျက်လုံးလေးစင်းပြီး အိပ်ပျော်သွားပါတော့တယ်။ ကတောက်… အရမ်းနာတယ်။ အမှန်တော့ ကျွန်မ အဲ့လို ဗွီဒီယိုတွေ ကြည့်ရတာ အရမ်းသဘောကျပါတယ်။ ဒါပေမဲ့ ဦးနှောက်က ဘယ်လိုမှ လိုက်မမှီတော့ဘူး။ သုံးပုံ ၁ပုံလောက်ပဲကြည့်လိုက်ရတယ်။ အဲ့ဒါပြီးတော့မှ အဲ့ဒိက ဝတ်စုံနဲ့ miniature အရုပ်လေးတွေ Gollum ရုပ်တုတွေပြထားတဲ့အပြင် ဝယ်ချင်လဲ ဝယ်လို့ရတဲ့ အရောင်းပြခန်းလေးမှာ ခဏကြည့်ခွင့်ရပါတယ်။ Golllum အရုပ်က တော်တော် အသက်ဝင်တာ။ ကိုယ့်ကိုများ ထကိုက်တော့မလားလို့ စိတ်ထဲ စိုးရိမ်မိတယ်။

နောက်ထွက်မဲ့ ရုပ်ရှင် အသစ်လေ... ခိခိ... (MaBayDar, The giant slayer)... LOL

ဘယ်သူ စမ်းစီးကြည့်ချင်လဲ

ဘာရယ်ညာရယ်မဟုတ်ဘူး သူဘာကြည့်နေတာလဲ လိုက်ကြည့်တာ။ အရုပ်က အရမ်းအသက်ဝင်တယ်။ မျက်လုံးက စိုနေတာပဲ...

The Hobbit မှာ လူမင်းသား နဂါးကြီးကို ပစ်လိုက်တဲ့ လှံလေ။ အဲ့ အခန်း အရမ်းကြိုက်တာ။ နိုင်သွားပြီဆိုပြီးတော့။

အဲ့ဒိမှာ LOTR လက်စွပ်တွေကို ပစ္စည်းပေါ်မူတည်ပြီး ဈေးအမျိုးမျိုးနဲ့ ရောင်းပါတယ်။ ရွှေအစစ်နဲ့လဲ ရှိပါတယ်။ ဈေးကတော့ သာမာန် ရွှေလက်စွပ်ထက် အများကြီး ကြီးတာပေါ့နော်။ သူက LOTR လေ… အဲ့လက်စွပ်ကိုလိုချင်ပေမဲ့ မြန်မာပြည်မှာ ရွှေအခေါက်လက်စွပ်လုပ်ပြီး ပန်းတိမ်ကို စာထွင်းခိုင်းလိုက်ရင် ဒီလောက်တောင် ကုန်မှာမဟုတ်ပါဘူးဆိုပြီး စိတ်ဖြေနေရတယ်။ (Queenstown ရောက်တဲ့အထိ အဲ့လက်စွပ်များ ဈေးတန်တန်ရမလား လိုက်ရှာမိသေး။ Mr. Right ကတော့ လိုချင်ရင် ယူတဲ့။ ဒါပေမဲ့ ခုချိန်မှာ သူ့ပိုက်ဆံကလဲ ကိုယ့်ပိုက်ဆံပဲမို့ အပိုတွေ မသုံးချင်ပါဘူး။ မြန်မာပြည်ပြန် ရွှေဝယ်ပြီး ပန်းတိမ်အပ်လိုက်မယ်လို့ပဲ ပြောလိုက်တယ်)

ရွှေအစစ်ချည်းပဲလဲ မဟုတ်။ script လဲ မရေးထားတာက 149 တဲ့... 

အင်တာနက်မှာ မဟုတ်တာတွေကို လူအမြင်ကပ်အောင် တမင်ရေးတဲ့သူတွေကို Troll လို့ ခေါ်တယ်။ အဲ့လို မဟုတ်တာရေးတာကို အဖတ်လုပ်ပြီး ကွန်မန့်ရေး ရန်ဖြစ်တာကိုကျတော့ Feeding the Troll (ထရိုးကောင်တွေကို အစာကြွေးခြင်း)လို့ခေါ်တယ်။ I am just Feeding the real Troll with Macdonald...

TinTin ကားရောကြည့်ပြီးကြပြီလား။

အဲ့ဒါပြီးတော့ ဘေးက ရုပ်ရှင်ထဲက ဝတ်စုံတွေ လက်နက်တွေ ဖန်တီးတဲ့ စက်ရုံကြီးထဲ ဝင်ရဖို့ ခဏစောင့်ရတယ်။ အဲ့ဒိထဲမှာတော့ LOTR ကား တစ်ခုတည်းတောင်မဟုတ်ဘူး။ ဟိုးအရင်က ကျွန်မ မသိတဲ့ သိပ္ပံကားလို့ ဟာမျိုးထဲမှာ သုံးတဲ့ သေနတ်တွေကို ပြုလုပ်ပုံ အဆင့်ဆင့်နဲ့ ပြတယ်။ အတုသာပြောတယ် သေနတ်တွေက အတော်လေးသား။

တချို့ ဂိမ်းကစားတဲ့သူတွေကတော့ အဲ့ထဲက ကားကြီးတစ်စီးကို အသေသဘောကျကြတယ်။ ကျွန်မကြည့်တော့ သာမာန် ဂျစ်ကားလိုပုံမျိုးပေမဲ့ သူတို့ကတော့ ဂိမ်းထဲက ကားနဲ့ တော်တော်တူလို့ထင်တယ်။ အဲ့ထဲမှာ ဓာတ်ပုံရိုက်ခွင့်မပေးတော့ ကျွန်မလဲ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ နောက်ပြီး ရောမခေတ် စစ်သားတွေဝတ်တဲ့ သံဂျပ်ကာအင်္ကျီတွေကို အသုံးပြုတဲ့ ပစ္စည်းအမျိုးမျိုး မတူတဲ့အတွက် အမြင်အားဖြင့် တူနေသော်လည်း အလေးချိန်အားဖြင့် မတူတာတွေကို ကိုင်ကြည့်ခွင့်ရတယ်။ သရုပ်ဆောင်နေတဲ့ မင်းသားတွေကို တကယ့် သံဂျပ်ကာတွေနဲ့ ပြေးခိုင်းရင် မောလို့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ။ သူတို့ သုံးတဲ့ ပစ္စည်းတွေကို တကယ်သံနဲ့တူအောင် ဆေးသုတ်တာကလဲ အနုပညာ ဖန်တီးမှုတစ်ခုပဲ။ အဲ့ဒိ WETA သူဌေးကိုယ်တိုင် အဲ့ဒိ ဝတ်စုံကြီးဝတ်ပြီး မြို့ထဲလျှောက်သွား စမ်းသပ်လို့ ရဲတွေတောင် ဖမ်းခံရတယ်ဆိုလား ကြားမိလိုက်သေးတယ်။ ကျွန်မတို့ အဖွဲ့ စစဝင်ဝင်ချင်း ရှေ့အဖွဲ့က လူတစ်ယောက် မူးလဲကျလို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးတယ်။ အသက်ခပ်ကြီးကြီးထဲကပဲ။ ကျွန်မလိုပဲ အိပ်ရေးများ မဝလို့လား။

ခုဝင်မဲ့ workshop ထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ သူက ရုပ်ရှင်ထဲက လက်နက်နဲ့ ဝတ်စုံတွေ ဖောက်ခွဲရေးတွေ တီထွင် စမ်းသပ်တဲ့ အခန်း

အဲ့ဒိကပြီးတော့ မြို့ထဲကို လိုက်ပတ်ပြီး ကားမောင်းပြရင်း ရှင်းပြတယ်။ ကိုယ်ကတော့ ကားပေါ်ဆို အိပ်ငိုက်တတ်တော့ ကြားတစ်ချက် မကြားတစ်ချက်။ LOTR premier စစချင်းပြတဲ့ ရုပ်ရှင်ရုံကိုလဲ ပတ်ပြတယ်။ အဲ့ဒိနေ့က လမ်းမကြီးတစ်လျှောက် လူတွေ ဘယ်လို ဖွေးနေတာ၊ အနုပညာသမားတွေအများကြီးလာတာ စသည်ဖြင့်ပေါ့။ ပြီးတော့မှ ကျွန်မတို့ half day tour (နေ့ဝက်တိုး) သမားတွေကို မြို့ထဲမှာ ပြန်ချပေးတယ်။ Full Day tour ဝယ်ထားတဲ့ ယူအက်စ်နဲ့ သြစီ ၂ယောက်ပဲ ပါသွားတယ်။ သူတို့ကတော့ နေ့လည်စာနဲ့ LOTR ထဲက တခြားဇာတ်ဝင်ခန်းတွေရိုက်တဲ့ နောက်တော တစ်ခုကို သွားကြမှာ။ ကျွန်မကတော့ Half Day tour လောက်ပဲ ယူတာ အတော်ပဲလို့ထင်တယ်။ ကိုယ်ကလဲ ဒီလောက်ကြီး LOTR ကို crazy ဖြစ်မနေတော့ ခုလိုမျိုး သူတို့ Production စက်ရုံထဲ ဝင်ကြည့်ခွင့်ရတာရယ်။ ကျန်တဲ့ အနည်းအကျဉ်းရယ် သိရရင် ကျေနပ်တယ်။ ဒီတော့ ဒီတိုးလေးက ရုပ်ရှင်ကြိုက်တယ်၊ ရုပ်ရှင်နောက်က မျက်လှည့်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ စိတ်ဝင်စားစရာကောင်းမယ်။ မဟုတ်ရင်တော့ Mr.Right လို ပျင်းလိမ့်မယ်။ မဗေဒါအတွက်ကတော့ ကမ္ဘာကျော်ရုပ်ရှင်ရိုက်ခဲ့တဲ့ နေရာတွေကို ခုလို တိုးမဝယ်ပဲ နေရင် ရိုးရိုးတောအုပ်ဆိုပြီးတော့ပဲ ကျော်သွားဖြစ်မှာပဲလေ။ ခုလို မကျော်သွားပဲ ဒီနေရာမှာ ဘီလီယံချီပိုက်ဆံရမဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တာပါလား။ သူတို့ ထိတွေ့ခဲ့တဲ့ တောတောင်ရေမြေ သစ်ပင်တွေကို ငါထိတွေ့ဖူးပါလားဆိုတာကိုက ကိုယ့်ဟာကိုယ် ဂုဏ်ယူကျေနပ်မိနေတာကို ဝေဖန်ချင်လဲ ဂရုစိုက်မှာ မဟုတ်ပေါင်။ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထား စိတ်ဝင်စားတာချင်းမှ မတူတာရယ်။

Lord of the Rings ကားကို ကမ္ဘာပေါ်မှာ ပထမဆုံး Premier စပြတဲ့ ရုံတဲ့။ အဲ့ဒိတုန်းက ဟောလိဝုဒ် မင်းသား မင်းသမီးတွေလာကြည့်ကြလို့ လမ်းတစ်လမ်းလုံး လူတွေအပြည့်ပဲတဲ့ (သမ္မတရုပ်ရှင်ရုံလောက်တောင် မကြီးဘူးနော်။ ဒါပေမဲ့ အထဲက ပြတဲ့ ရုပ်ရှင်အရည်အသွေးကွာတာ)

ကမ္ဘာကျော်ရုပ်ရှင်တွေကို ဒီလို တိုက်ပုလေးထဲမှာပဲ တည်းဖြတ်ခဲ့ကြတယ်။

Lunch

အခန်းပြန်ရောက်တော့ ၂ယောက်သား နေ့လည်စာကို ထွက်မစားနိုင်တော့ဘူး အရမ်းအိပ်ချင်နေပြီလေ။ ကံကောင်းထောက်မစွာပဲ ရိုတိုရူဝါတုန်းက ကိုရီးယား ကုန်စုံဆိုင်လေးက ဝယ်လာတဲ့ ခေါက်ဆွဲခြောက်ဗူးပါတာနဲ့ အဲ့ဒါပဲ ဖြစ်သလိုစားပြီး ၂ယောက်သား အိပ်လိုက်ကြတာ နေ့လည် ၁နာရီလောက်ကနေ ညနေ ၅နာရီလောက်အထိပဲ ရာသီဥတု အေးအေးနဲ့ အိပ်လို့ ကောင်းသလား မမေးနဲ့။
ညနေဘက် မထချင်လဲ ဝါလင်တန်မှာ တစ်ညပဲ အိပ်မှာဆိုတော့ အချိန်ရှိခိုက် လုံ့လစိုက်ရမယ်လေ။ သူတို့က ညဆိုလဲ စောကြီးပိတ်သေးတာ။

ဗိုက်ဆာနေချိန် ရာသီဥတုအေးချိန်ဆို ဒီလို ခေါက်ဆွဲခြောက်တွေကလဲ အရသာကောင်းမှကောင်း

ဝါလင်တန်မြို့မှာက LOTR တိုးနဲ့ ရှုခင်းကြည့် မြို့ကိုလေ့လာတာလောက်ကလွဲရင် ကျန်တဲ့ activities များများစားစားသိပ်မရှိပါဘူး။ ကိုယ်က အဲ့နယ်ခံတွေရဲ့ နစ္စဓူဝ နေထိုင်ပုံကို လေ့လာချင်တယ် တိုးရစ်တွေသွားနေကျနေရာမျိုးမဟုတ်ပဲ လျှောက်ပြီး ကြည့်ချင်တယ်ဆိုရင်တော့ ဘယ်နေရာမဆို စိတ်ဝင်စားဖို့ကောင်းပါတယ်။ မဗေဒါတို့ကတော့ နယူးဇီလန်တောင်ပိုင်းကျွန်းအတွက် အချိန် မကျန်မှာစိုးလို့ အဲ့ဒိမှာ ၁ညပဲ အိပ်လိုက်တာပါ။
ညနေဘက်နိုးတော့ ဝါလင်တန်မြို့ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ ကြိုးရထား (ကေဘယ်လ်ကား) စီးပြီး ရုက္ခဗေဒ ဥယျာဉ်တောင်ကုန်းပေါ်တက်တာကို လုပ်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။ အဲ့မသွားခင် Mr.Right က သူယူလာတဲ့ ဖိနပ်ထက် sport shoe လို ပြေးလို့ကောင်းတဲ့ ဖိနပ်မျိုးလိုချင်ပါတယ်ဆိုလို့ ဖိနပ်ရှော့ပင်းထွက်ခဲ့ကြတယ်။ ကျွန်မကျတော့ ခြေအိပ်ယူလာတာ မလောက်လို့ (လျှော်သုံးရမှာ ပျင်းလို့) ခြေအိတ်ဝယ်ဖြစ်တယ်။ သူလိုချင်တဲ့ ဖိနပ်ရမှပဲ နားအေးတော့တယ်။ ဖိနပ်ဝယ်ပြီးတော့ ဝါလင်တန် ဆိပ်ကမ်းဘက် လျှောက်ကြည့်ကြတယ်။ ကျွန်မတို့ ဝါလင်တန်ကို ရောက်နေတဲ့ ညမှာပဲ Prince Harry ကလဲ နယူးဇီလန်ကို လာရောက်လှည့်လည်ကြည့်ရှုပြီး Rudgy (လက်နဲ့ လုတဲ့ ဘောလုံးပွဲ) ကို ညနေမှာ လာမယ်ဆိုလို့ ဝါလင်တန်လမ်းပေါ်မှာ ဖြတ်လျှောက်သွားတဲ့ ကီဝီသူလေးတွေ ဆင်ဒရဲလားဖြစ်လိုဖြစ်ညား Prince Harry အကြောင်းကို ပါးစပ်ဖျားက မချကြတာနဲ့တင် ကိုယ်တောင် သူလာမှာ သိခဲ့ရတယ်။ နယ်ခံတော်တော်များများကတော့ အဲ့ဒိ Rudgy ကိုသွားကြည့်ကြဖို့များတယ်။ အဲ့ဒိ Prince ကိုလဲ ယောက်ျားလေး မိန်းကလေး အတော်ချစ်ကြပုံပဲ။

ဝါလင်တန်မြို့ ဆိပ်ကမ်းနားက တစ်နေရာ

ဆိပ်ကမ်း (အဲ့ဒိနေရာ လေအရမ်းတိုက်တယ်)

ဆိပ်ကမ်းနားက စားသောက်ဆိုင်လေးတွေ ညနေ ၅နာရီခွဲကို တချို့ဆိုင်တွေ လူတွေ စားနေကြပြီ


ဆိပ်ကမ်းမှာ Selfie stick နဲ့ ဓာတ်ပုံရိုက်နေတဲ့ ကျွန်မတို့ ၂ယောက်ကိုတောင် နောက်ကနေ ပြောင်သွားတဲ့ ကောင်လေးတွေနဲ့ တွေ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပုံထဲမှာ မမိလိုက်ဘူး။ စားသောက်ဆိုင်တွေမှာ လူတွေ ပြည့်နေပြီး အချိန်ကြည့်လိုက်တော့ ညနေ ၅နာရီခွဲလောက်ပဲ ရှိသေးတာရယ်။ ကျွန်မတို့က ဘယ်လိုလုပ် ဗိုက်ဆာမှာလဲ။ သိတော့ သိနေတယ် အစောကြီးတွေ ပိတ်ကြတော့မယ်ဆိုတာ။ Wellington က ကြားဖူးတဲ့အတိုင်းပဲ အတော်လေး လေတိုက်တယ်။ လေများ ဝှေ့တိုက်လိုက်ရင် ချမ်းစိမ့်မှုက အရိုးထဲထိ စိမ့်တယ်။ စိတ်ဝင်စားတဲ့သူကတော့ ဝါလင်တန်ပြတိုက်ဝင်ကြည့်နိုင်တယ်။ ကျွန်မတို့က ဝင်လဲ မကြည့်ဖြစ်ခဲ့သလို ဖွင့်တောင် ဖွင့်သေးရဲ့လား မသိ (သူတို့က စောပိတ်တာကိုး)။

The Historic Wellington Cable Car

Photo fr: www.wellingtonnz.com 

ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးတော့မှပဲ ကေဘယ်လ်ကား စီးပြီး တောင်ထိပ်တက်ဖို့ ကေဘယ်လ်ကားရှိတဲ့နေရာကို ရှာကြတယ်။ မြေပုံထဲက အတိုင်းရှာတာ။ တိုးရစ်နေရာဆိုလို့ အတော်လေး သိသိသာသာရှိမယ်ထင်တာ။ သူက မြို့ထဲက တိုက်တွေကြားက လမ်းကြားလေးလို့နေရာကနေ ဝင်သွားတဲ့ ကောင်တာသေးသေးလေး။ လမ်းကြားလေးထိပ်မှာတော့ ဆိုင်းဘုတ်လေး ခပ်သေးသေးနဲ့ ပြထားတော့ ယုံတောင် မယုံနိုင်ဖြစ်နေသေးတယ်။ တစ်ကဒ် ကောင်တာတွေ့တာတောင် ဖွင့်တာလား၊ ပိတ်သွားပြီလား မသိလို့ မဝယ်ပဲ ပြန်ထွက်လာတော့မလို့လုပ်တုန်း တခြား ခရီးသွား ၄၊ ၅ယောက်လာပြီး ဝယ်တော့မှ ဖွင့်မှန်းသိတယ်။ ကေဘယ်လ်ကားက အသွားအပြန် တစ်ယောက်ကို NZD 7.5 ပေးရတယ်။



ကေဘယ်လ်ကားလေးက တောင်ထိပ်မရောက်ခင် လမ်းမှာရပ်တဲ့ ဂိတ်လေးတွေလဲရှိတယ်။ အဲ့ဒိ တောင်စောင်းလေးတွေမှာ လူနေအိမ်လေးတွေ ရှိတယ်ထင်တယ်။ အဲ့အလယ်ဂိတ်မှာ ဆင်းသွားတဲ့ သူတွေရှိတယ်။ တောင်ထိပ်ရောက်လို့ ကားထဲက ထွက်လိုက်ပြီး ဓာတ်ပုံလေး ရိုက်လို့ ၂မိနစ်လောက်နောက်ကျသွားပါတယ်။ ကျွန်မတို့နဲ့ အတူတက်လာတဲ့ ခရီးသွားတွေ ဘယ်ကို ပျောက်ချင်းမလှ ပျောက်သွားမှန်းမသိတော့ဘူး။ ညကလဲ ညနေ ၆နာရီခွဲပဲ ရှိသေးတယ် မှောင်သွားပြီ။ ရုက္ခဗေဒ ဥယျာဉ်ကလဲ မီးထိန်ထိန်ညီးညီး မရှိဘူး။ ကေဘယ်ကား ဘူတာမှန်ခန်းထဲက ထွက်လိုက်တာနဲ့ တောင်ပေါ်လေအေးက တိုက်တာ ချမ်းလွန်းလို့ မှန်ခန်းထဲ ပြန်ဝင်ပြေးရတယ်။ Rose garden တို့ ဘာတို့ ရှိတာတွေ့ခဲ့ပါတယ်။ မှောင်နေပြီဆိုတော့ ဘာကြည့်ကြည့်လဲ မထူးတော့ပါဘူး။ ပန်းခင်းဆို စင်္ကာပူက Garden by the bay ကမှ ပိုလှအုံးမယ်။


In touch with Space at Carter Observatory




အဲ့တောင်ထိပ်မှာ နက္ခတာရာတွေအကြောင်းရှင်းပြတဲ့ Carter Observatory ဆိုတဲ့ ပြတိုက်ရှိတယ်။ နက္ခတာရာစိတ်ဝင်စားတဲ့သူဆိုရင်တော့ အတော်လေး သွားသင့်တဲ့ နေရာပဲ။ မဗေဒါလို့ သိပ်စိတ်မဝင်စားတဲ့သူတောင် အဲ့မှာ ဟိုကြည့်ဒီကြည့်လုပ်ရတာ မပျင်းဘူး။ အဲ့နေရာရဲ့ Highlight က Planetarium shows လို့ခေါ်တဲ့ နက္ခတာရာတွေသမိုင်းကြောင်းရှင်းပြတဲ့ ရှိုးပဲ။ အဲ့ဒိရှိုးအတွက် ဝင်ကြေးက တစ်ယောက်ကို NZD 18 ပေးရတယ်။ သူက indoor stadium ပေမဲ့ ခုံတွေက ပလက်ကုလားထိုင်လိုမျိုးဆိုတော့ အတော်လေး သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းတယ်လို့ခံစားရတယ်။ အဲ့ဒိခုံလေးတွေပေါ် လှဲချထိုင်လိုက်ရင် အပေါ် မျက်နှာကျက်က တကယ် ကောင်းကင်က ကြယ်တာရာတွေကို မြင်နေရတဲ့အတိုင်း ဖန်တီးထားတဲ့တအတွက် ညဘက် Star gazing လုပ်နေရတဲ့အတိုင်းပါပဲ။ စတင်ပြီး Show ပြပြီဆိုတာနဲ့ အဲ့ဒိ ခုံးနေတဲ့ မျက်နှာကျက် တစ်ပြင်လုံးက Screen ကြီးကိုယ့်အပေါ်က အုပ်မိုးပြီး ပြတာဆိုတော့ တကယ့်ကောင်းကင်ကြီးပေါ်ကို မြင်နေရသလိုပါပဲ။ ပြီးတော့ ၁၂လရာသီဖွားတွေရဲ့ သင်္ကေတတွေကို ရှေးယခင်က ဘယ်လို သတ်မှတ်ခဲ့ပုံတွေကို ရှင်းပြတာ ကိုယ်မသိသေးတဲ့ ဗဟုသုတအတွေးတွေ ရပါတယ်။ ဥပမာ ရာသီခွင်အလိုက် ကောင်းကင်မှာရှိတဲ့ ကြယ်နက္ခတာရာတွေ ပေါ်ပုံက မတူဘူး။ အဲ့ဒိ ကြယ်တွေဟာ အချိန်အတိုင်းအတာ အတိအကျအတိုင်း ပုံသေပြောင်းလဲတယ်ဆိုတာ။ အဲ့ဒိကောင်းကင်က နက္ခတာရာတွေရဲ့ ဖွဲ့စည်းပုံကို အနီးစပ်ဆုံးယူပြီး ရာသီခွင်တွေရဲ့ သင်္ကေတတွေကို ရှေးခေတ်က သတ်မှတ်ခဲ့ကြတာဆိုတာပါ။ အပေါ်ယံဆိုရင်တော့ သိသလိုလို ဆိုပေမဲ့ ကွက်ကွက်ကွင်းကွင်း အသေအခြာရှင်းပြထားတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒိရှိုးပြီးရင် ပြတိုက်ထဲကို ဝင်ကြည့်လို့ရပါတယ်။ အဲ့ဒိပြတိုက်ထဲမှာ Thomas Cooke တီထွင်ခဲ့တဲ့ နက္ခတာရာကြည့် မှန်ပြောင်းကြီးက ယနေ့ခေတ်အထိ အသုံးပြုလို့ရနေပါသေးတယ်။ အဲ့ဒိမှန်ပြောင်းကြီးကို အင်္ဂါ၊ ကြာသပတေ နဲ့ စနေနေ့ ညနက်ချိန်တွေမှာ ရာသီဥတုကောင်းရင် လာလည်သူတွေ ကြည့်ရှုနိုင်အောင် ဖွင့်ပေးတယ်ပြောပါတယ်။ ကျွန်မတို့ ရောက်တဲ့ နေ့က စနေနေ့ဆိုပေမဲ့ ည ၈နာရီလောက်အထိ မဖွင့်ပေးသေးတဲ့အပြင် ပြတိုက်ထဲလဲ လူသိပ်မတွေ့တော့တာနဲ့ ပြန်လာလိုက်လို့ မကြည့်ဖြစ်လိုက်ပါဘူး။ သိတဲ့အတိုင်းပဲ အဲ့ဒိက ည၈နာရီက စင်္ကာပူရဲ့ ည ၁၂နာရီလို လူရှင်းတာ။ ညစာကလဲ မစားရသေးဘူးလေ။

New Zealand က အဟောင်းဆုံး တယ်လီစကုဒ်နဲ့ အတူ

Just playing around in the observatory

Captain Cook ဆိုတာ နယူးဇီလန်ကို ရှာဖွေတွေ့ရှိတဲ့ ဗြိတိသျှလူမျိုးတဲ့။ သူပြန်တဲ့ လမ်း မပျောက်အောင် ကြယ်တွေကို မှတ်ပြီး ရွက်လွှင့်ခဲ့တယ်ဆိုပဲ။ စိတ်ဝင်စားရင် Zoom ဆွဲ ဖတ်ကြည့်။

၁၈၀၀ ခုနှစ်ကတည်းက နက္ခတာရာစာအုပ်တွေ။ 

Captain Cook ရဲ့ ကြယ်တာရာကြည့် မှန်ပြောင်း


အဲ့ဒိကနေ ပြန်ဆင်းတော့ ညစာစားဖို့ ဘယ်ဆိုင်များ ဖွင့်အုံးမလဲ လိုက်ရှာတော့ ထင်တဲ့အတိုင်း ဘယ်ဆိုင်မှ မဖွင့်ပါဘူး။ ခိခိ… နေ့လည်ကလဲ cup noodle နဲ့ ၂ပါးသွားခဲ့တယ် ညစာလဲ ငတ်တော့မဲ့ အဖြစ်။ ကံကောင်းစွာပဲ subway ဆိုင်လေးက ဖွင့်နေတာတွေ့လို့ အမြန်ဝင်ဖြစ်လိုက်တယ်။ ဆိုင်က ကောင်လေးကလဲ ပိတ်ဖို့ ဆိုင်းပြင်းနေတဲ့ပုံ။ ကျွန်မတို့ကို ထိုင်စားလို့တော့ မရတော့ဘူး အပြင်ယူမှရမယ်ဆိုလို့ အပြင်ယူဖို့ ဝယ်ရတယ်။ ဒါတောင် နောက်ထပ် လာဝယ်တဲ့သူတွေကို သူက မရောင်းတော့ဘူး။ စဉ်းစားမိတယ် အဲ့မြို့ထဲမှာ လူလဲ ဒီလောက်များများစားစားမရှိဘူး။ တခြား စားသောက်ဆိုင်တွေလဲရှိသေးတော့ စားသုံးသူက တစ်ဆိုင်ထဲကို များများစားစား လာမှာ မဟုတ်ဘူး။ ပြီးတော့ အစောကြီးပိတ်ကြတော့ သူတို့ တစ်နေ့ ဘယ်လောက်များ စီးပွားဖြစ်သလဲ မသိဘူးနော်။ မြတ်ကော မြတ်ကြရဲ့လားမသိ။

Review of Travelogue Hotel, Wellington

ပြောတော့သာ ပေးတဲ့ 100MB Free Wifi က အဲ့လောက်သုံးလို့ရတယ် လျှောက်ရေးထားတယ်။ ကိုယ်တကယ်သုံးတော့ နှေးကွေးပြီး ဘာမှ တက်မလာဘူး။ ဓာတ်ပုံ ၁ပုံလောက် upload လုပ်လိုက်တာ ပြည့်သွားပြီဆိုပြီး သုံးလို့ မရတော့ဘူး

ညဘက် ဟော်တယ်အခန်းပြန်ရောက်တော့ နောက်နေ့ခရီးစဉ်အတွက် လိုအပ်တဲ့ ကားလက်မှတ်နဲ့ ဟော်တယ်ဘွတ်ဖို့ ဝယ်ထားတဲ့ ဟော်တယ်က ဝိုင်ဖိုင် အင်တာနက် နဲ့ အမြန် ရှာရတယ်။ ဝိုင်ဖိုင်ကလဲ NZD9.95 ပေးရပြီး နှေးကွေးတာ အဖြစ်မရှိဘူး။ မြန်မာပြည် ပြန်ရောက်နေသလိုပဲ။ ပြီးတော့ ပိုက်ဆံပေးထားပြီး Multiple devices တောင် သုံးလို့မရဘူး။ တစ်ချိန်မှာ တစ်လုံးပဲ သုံးလို့ရတယ်။ တစ်ညကို NZD 140 လောက်ပေးရပြီး အင်တာနက်လေး၊ မနက်စာလေးတောင် မပါပါဘူး။ ဒီဈေးမျိုး အာရှမှာဆိုရင် အင်တာနက်ကတော့ ကြိုက်သလောက်သုံးလို့ရတယ်။ တစ်ခါတစ်လေ အဖြူတွေနေတဲ့ နိုင်ငံတွေက နာမည်အရပဲ လူတွေက အထင်ကြီးနေကြသလိုပဲ။ ဒါပေမဲ့ Travelodge Hotel တစ်ခုပဲ အဲ့လိုဖြစ်နေတာမဟုတ်ပါဘူး။ ကြည့်ရတာ သူတို့နိုင်ငံရဲ့ ဟော်တယ်စနစ်ပဲထင်ပါရဲ့။ Travelodge ကနေတော့ အထပ်မြင့်လေးရတဲ့အတွက် အပြင်က သင်္ဘောဆိပ်ဘက်ကိုတော့ ရှုခင်းမြင်ရပါတယ်။ ဒါပေမဲ့ ရှုခင်းကြည့်နေဖို့လဲ အချိန်သိပ်မရခဲ့ပါဘူး။

နောက်နေ့ မနက် စောစော ထပြီး နယူးဇီလန် မြောက်ပိုင်းကျွန်းကနေ တောင်ပိုင်းကျွန်းကို ကူးဖို့ သင်္ဘောဆိပ်ကို သွားရပါမယ်။ တောင်ပိုင်းကျွန်းရဲ့ သင်္ဘောဆိပ်မြို့နာမည်က Picton လို့ခေါ်ပါတယ်။ Picton ကိုသွားဖို့ သင်္ဘောခက တစ်ယောက်ကို NZD 53 လောက်ပေးရပါတယ်။ အဲဒိနေ့အတွက် ကုန်ကျစားရိတ်အားလုံးပေါင်း ဟော်တယ်နဲ့ သင်္ဘောခ အပါအဝင် ၊ ဖိနပ်ဝယ်တဲ့ ရှော့ပင်းကြေးအပါအဝင် NZD 495 လောက်ရှိပါတယ်။ ဒါတောင် နေ့လည်စာက cup noodle နဲ့ ပြီးသွားခဲ့လို့ပဲ။ နောက်မှ စားရိတ်စခတွေအကြောင်း အချိန်ရရင် ရေးပေးပါအုံးမယ်။ ဒီနေ့အတွက် နယူးဇီလန်မြို့တော် ဝါလင်တန် အလည်အပတ်ခရီးလေး နိဂုံးချုပ်ပါတယ်။ တောင်ပိုင်းကျွန်းမှာ ဘာတွေ ကြုံတွေ့မလဲ မျှော်…

အခန်းက အရမ်းမကျယ်ဘူး။ ဒါပေမဲ့ ၂ယောက်တော့ နေလို့လောက်ပါတယ်။

View ကတော့ မဆိုးပါဘူး


ရေချိုးခန်းက ဝင်ချိုးလို့ရတဲ့ ဇလားကြီးတော့ မပါဘူး


Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day7
Honeymoon to New Zealand: Day9 (Beginning)

8 comments :

ဆုမြတ်မိုး said...

ဘောင်းဘီတိုနဲ့ စတိုင်က လန်းတယ် မဗေဒါး)
အမတစ်ယောက်ဆီမှာ US ပိုစ့်မြင်တော့ US သွားချင်တယ် မဗေဒါရဲ့ NZ ပိုစ့်မြင်တော့ NZ သွားချင်ပြန်ရော..
စောင့်နေမယ် မြန်မြန်ဆက်နော်..တစ်လတစ်ပုဒ်တော့မလုပ်ပါနဲ့ တစ်ပတ်တစ်ပုဒ်လောက်ပေါ့ :D

mabaydar said...

@ဆုမြတ်မိုး
စင်္ကာပူမှာနေတော့ အတိုအပြတ်က များတယ်လေ။ အနွေးထည်တောင် ထူထူထဲထဲဆိုလို့ အဲ့ တစ်ထည်ပဲရှိတာ။ ထပ်လဲ မ၀ယ်ချင်ဘူး ဒီမှာမှ မ၀တ်ဖြစ်တာ။ ဖတ်တဲ့သူအားပေးတဲ့သူ မရှိဘူးထင်ပြီး အားငယ်နေတာ။ နောက်တစ်ပုဒ် picton ကိုသွားတဲ့ သင်္ဘောအကြောင်း အတိုလေး နှစ်မကုန်ခင် အမြန်ရေးတင်ရင်ကောင်းမလားလို့။ ရေးကြည့်ပြီး အခြေအနေကြည့်လိုက်အုံးမယ်။
သွားချင်ရင် ငယ်တုန်း အခွင့်ရေးရှိတုန်းသွား။ အသက်ကြီးလာရင် အပင်ပန်းမခံနိုင်တော့ဘူး။

Anonymous said...

Day 8 ကိုဖတ်ရတာ ဒီနေ့အတွက် ပြည့်စုံသွားပြီ.. နောက်အပိုင်းတွေလည်း စောင့်မျှော်လျှက် ...
Happy New Year!
TZN

Anonymous said...

I always read your posts.It's all great.
Always waiting for the new posts,sis.

mabaydar said...

@TZN - ဘာတွေ ပြည့်စုံပြီး ဘာတွေ မပြည့်စုံသေးဘူးလဲ သိချင်တယ်။ အမြဲ အားပေးနေလို့ ကျေးဇူး

@anonymous - ညီမက Huang Glory MonTao လား? Thank you so much for your comment.

ဆုမြတ်မိုး said...

နှစ်ဒီနေ့ ကုန်မှာနော်...စောင့်နေတယ် ခစ်ခစ် :P
တကယ်..အတိုလေးနဲ့စတိုင်က လန်းတာ မဗေဒါနဲ့လိုက်တာယ်း)
ခရီးက သွားချင်တာ တပိုင်းသေနေတာပဲ အချိန်မရတာရယ် ကျောင်းစရိတ်ကုန်တာရယ်များနေတယ်..။ရှေ့နှစ်ထဲတော့ သွားဖြစ်အောင်သွားမှား)

Anonymous said...

Hi Ma Bay Dar ,
Hopefully you will continue about Queenstown and Milford Sound.
I love traveling like both of you. We got a lot of knowledge from you.
Fantastic. Always checking your blog.

mabaydar said...

Hi Anonymous,
Glad to know that someone is still waiting to read more of my travel post.
I will continue writing about that.
Have you read my Day9 Beginning post as well?
http://mabaydar.blogspot.sg/2015/12/honeymoon-to-new-zealand-day9-beginning.html