Friday, July 31, 2015

Honeymoon to New Zealand Day3: Waiheke Island: A day to Remember for life

၄ရက် မေလ ၂၀၁၅

ကံကြမ္မာကို ခပ်ရွဲ့ရွဲ့နဲ့ မဖြစ်ဖြစ်အောင် မပျော်ပျော်အောင် နေပြမယ်ဆိုတဲ့ ကျွန်မရဲ့ စိန်ခေါ်မှုကို တုန်လှုပ်အောင် လုပ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဟာ ကျွန်မတို့ ခရီးစဉ် သုံးရက်မြောက်နေ့မှာ ဖြစ်ပျက်ခဲ့ပါတယ်။ ခုချိန် ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့လဲ ကျွန်မတို့ ၂ဦးရဲ့ ဘဝလမ်း စအဖွင့်ဖြစ်တဲ့ ပျားရည်ဆမ်းခရီးမှာတင် သူဟာ ကျွန်မအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို သဘောပေါက်အောင် ထင်ထင်ရှားရှားပြလိုက်တယ်လို့ ယူဆပါတယ်။

ဝိုင်ဟီကီကျွန်းလေး မိတ်ဆက်


Oneroa Beach

ကျွန်မတို့ အဖြစ်အပျက်တွေကို မပြောခင် သွားလည်ချင်တဲ့သူတွေအတွက် ဝိုင်ဟီကီကျွန်းလေးအကြောင်း တစေ့တစောင်း သိသလောက်ပြောပြပါ့မယ်။
ဝိုင်ဟီကီကျွန်းလေးဟာ နယူးဆီလန် မြောက်ပိုင်းကျွန်းရဲ့ အရှေ့ဘက်က ပင်လယ်အော်ထဲမှာ ဒုတိယအကြီးဆုံး ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးကျွန်းဆိုပေမဲ့ နေထိုင်သူ လူဦးရေး ၈၇၀၀ ကျော်နဲ့ တခြားမြို့မှာနေတဲ့သူတွေရဲ့ အပန်းဖြေအိမ်ဖြစ်စေ၊ နောက်ထပ် အိမ်တစ်လုံးဖြစ်စေ ဝယ်ထားတဲ့သူ ၃၄၀၀ ကျော် ရှိတဲ့အတွက် နယူးဇီလန်ရဲ့ တောင်မြောက် ကျွန်းကြီး ၂ကျွန်းပြီးရင် ၁ကီလိုမီတာစတုရန်းမှာ ၉၃ယောက်နှုန်းလူနေထိုင်မှု ရှိတဲ့အတွက် တတိယ လူနေသိပ်သည်းမှု အများဆုံးမြို့လေးလဲဖြစ်တယ်။

အော့ကလန်းမြို့ကနေ မိနစ်လေးဆယ်ခန့်မျှ သဘော်စီးရုံနဲ့ ရောက်တဲ့ ဝိုင်ဟီကီကျွန်းလေးဟာ သူ့ရဲ့ လှပတဲ့ သဲဖြူကမ်းခြေတွေ၊ ရှုခင်း၊ လက်မှုပစ္စည်းတွေ၊ စားသောက်ဆိုင်တွေ၊ ဝိုင်စိုက်ခင်းနဲ့ အရည်အသွေးမြင့် ဝိုင်ဆိုင်တွေကြောင့် လာလည်သူလဲ အတော်လေးများပြားတယ်လို့ သိရပါတယ်။ နွေရာသီမှာဆိုရင်တော့ ပင်လယ်ရေအားကစားဖြစ်တဲ့ ရေကူး၊ လှေလှော်၊ ပင်လယ်ကမ်းခြေ နေပူဆာလှုံစသည်ဖြင့် အပန်းဖြေလို့ရပါတယ်။ လမ်းလျှောက်ရတာ ကြိုက်နှစ်သက်သူတွေအတွက် တောလမ်းတွေ လျှောက်နိုင်သလို၊ ကျွန်းအရှေ့ခြမ်းမှာရှိတဲ့ Stony Batter လျှောက်လမ်းအဆုံးမှာ ဒုတိယကမ္ဘာစစ်က လက်နက်တွေတပ်ဆင်တဲ့နေရာနဲ့ မြေအောက်လှိုင်ခေါင်းတွေကို စွန့်စားခန်းကြိုက်နှစ်သက်တဲ့ လည်ပတ်သူတွေ ကြည့်ရှုနိုင်ပါတယ်။ မြေအောက်လှိုင်ခေါင်းထဲဝင်ဖို့ လက်နှိပ်ဓာတ်မီးတော့ ဆောင်ရန်လိုတာပေါ့နော်။

ဝိုင်ဟီကီ ကျွန်းလေးပေါ်မှာ အလည်လာသူတွေအတွက် နေထိုင်စရာနေရာတွေလဲ အများအပြားရှိပါတယ်။ တောင်ပေါ် ကမ်းစပ် အပန်းဖြေ အိမ်ပုံစံကနေအစ၊ တန်ဖိုးနည်းခရီးသွားတွေအတွက် တန်ဖိုးနည်းတည်းခိုခန်းတွေအဆုံး အမျိုးမျိုးရှိပါတယ်။

ဝိုင်ဟီကီကျွန်းကို သွားရတာလဲ အလွန်မှ လွယ်ကူပါတယ်။ အော့ကလန်းကနေ နေ့စဉ်အချိန်လိုက် ထွက်နေတဲ့ သဘော်ကုမ္ဗဏီ တွေရှိပါတယ်။ Fuller Auckland နဲ့ Sealink ကတော့ ဝိုင်ဟီကီ ဝက်ဆိုဒ်မှာရေးထားတဲ့ ကုမ္ဗဏီတွေပေါ့။ Explore ကတော့ နောက်မှ ပေါ်လာတဲ့ ဘုတ်လိုင်းပေါ့။ ကျွန်းပေါ်ရောက်ရင်လဲ ကျွန်းပတ်တဲ့ ဘတ်စ်ကားတွေရှိပါတယ်။ အစည်ကားဆုံးဖြစ်တဲ့ Oneroa မြို့လေးဆို သဘော်ဆိပ်ကနေ ကားတိုင်းနီးပါးရောက်ပါတယ်။ တိုက်စီတွေကလဲ ဈေးသိပ်မကြီးပါဘူး။ အသေးစိတ် ဈေးတွေသိချင်ရင်တော့ Ferry ဝက်ဆိုဒ်တွေမှာ ရှာကြည့်လို့ရပါတယ်။


Oneroa မြို့လေး

Let’s go to Waiheke with us

ဒီနေ့ မနက်မှာတော့ ကျွန်မတို့တွေ မနက်စာကို Auckland ဟိုတယ်နားမှာရှိတဲ့ ပေါင်မုန့်ဆိုင်လေးမှာပဲ စားဖြစ်လိုက်ပါတယ်။ ၁၀နာရီခွဲလောက် Crowne Plaza Hotel ကနေ ချက်အောက်လုပ်ပြီး သင်္ဘောဆိပ်ဘက်ကို အထုတ်အပိုးတွေနဲ့ လမ်းလျှောက်ဆင်းခဲ့ကြပါတယ်။ သင်္ဘောဆိပ်ရောက်တော့ ဟိုနေ့က မေးထားတဲ့အတိုင်း ဘတ်စ်ကားစီးတဲ့ AT HOP ကဒ်နဲ့ စီးလို့ရလားမေးတော့ အဲ့ဒိကဒ်နဲ့ စီးလို့ရတဲ့ Fuller Ferry က မထွက်သေးဘူး စောင့်ရအုံးမယ်။ မကြာခင်ထွက်မဲ့ Explore ferry က တစ်ယောက်ကို NZD 20 Cash နဲ့ ချက်ချင်းသွားလို့ရပြီတဲ့။ အဲ့ဒါနဲ့ အချိန်မကုန်ချင်လို့ Explore နဲ့ပဲ သွားလိုက်တယ်။ သင်္ဘောလေးက တော်တော်ကောင်းတယ်။ သင်္ဘောပေါ်မှာလဲ ကျွန်မတို့ရယ် နောက်ထပ် ၃ယောက်ရယ် ခရီးသွားစုစုပေါင်း ၅ယောက်ပဲ။ ထိုင်ချင်တဲ့နေရာထိုင် လုယက်တိုးဝှေ့နေရတာမရှိတာလဲ နယူးစီလန်နိုင်ငံကို လည်ပတ်ရမဲ့ ကောင်းချက်တစ်ခုပဲ။ သင်္ဘောကလဲ သူ့အချိန်ဒေါင်ဆိုတာနဲ့ ထွက်တာပဲ။ အပြင်မှာ ထွက်ရပ်ကြည့်သေးတယ် လေတိုးတော့ အေးတာ မခံနိုင်ဘူး။ Mr.Right အပြင်မှာ ထွက်ရပ်တဲ့အချိန်ကျမှ သင်္ဘောသားကလဲ အပြင်ထွက်တဲ့ တံခါးကြီးကို လာပိတ်သွားလို့ အပြင်မှာ ပိတ်မိနေသေးတယ်။ ကျွန်မကြိုးစားဖွင့်တော့လဲ မရဘူး အရမ်းကျပ်နေတယ်။ နောက်မှ သင်္ဘောသားပဲ ပြုံးစိစိနဲ့ လာပြန်ဖွင့်ပေးတယ်။ သူတောင် မနည်း ခြေနဲ့ ကန်ဖွင့်ရတယ်။ Mr. Right ကပဲ မတော်တဆဖြစ်မှုတွေကို ဖန်တီးသလား။ မတော်တဆဖြစ်မှုတွေကပဲ သူ့ကို လာရှာမယ်ဆိုတာ နမိတ်ပြနေသလားလို့ မတွေးမိခဲ့ပါဘူး။

တတိယနေ့မနက်စာ အော့ကလန်းက Hollywood ကော်ဖီဆိုင်

ဒီပုလင်းပုံ Red Bull ကို လိုချင်လို့ပါဆိုပြီး နယူးဇီလန်ပြန် လက်ဆောင်အဖြစ်သယ်လာတယ်လေ

Explore ferry ပေါ်မှာ

Ferry အတွင်းဘက် လူကအဲလိုရှင်းတယ်

အတွင်းကနေ အပြင်ကို မြင်ကွင်း

သဘောကျတာလေးက ဒီလိုဖုန်းအားသွင်းလို့ရလို့

သင်္ဘောက ၃၅ မိနစ်လောက်ပဲစီးရပါတယ်။ ဝိုင်ဟီကီကိုရောက်တော့မှနေဖို့ နေရာကို သင်္ဘောဆိပ်မှာပဲရှာကြပါတယ်။ ကျွန်မကတော့ flyer တွေယူကြည့်ပြီး မေးမြန်းကြည့်ဖို့စိတ်ကူးပါတယ်။ ဒါပေမဲ့ ရှေ့က အုပ်စုတစ်စုက မေးနေတာ မပြီးနိုင်တာနဲ့ Mr.Right က သူ့ laptop ကိုထုတ်ပြီးတော့ပဲ ဟော်တယ်ရှာပါတော့တယ်။ ကိုယ်တွေလဲ အမှန်တကယ် Backpacker မဖြစ်နိုင်သေးတာ အသေအချာပါပဲ။ အနီးဆုံးမြို့ကို အရင်သွားပြီး အားတဲ့ ဟော်တယ် တက်နေလိုက်လို့ရပေမဲ့။ တကယ်တန်း အထုတ်တွေ အပိုးတွေနဲ့ကျတော့ သိပ်မလွယ်လှဘူးလေ။ အထူးသဖြင့် သူတို့က တောင်ကုန်းတောင်တန်းတွေများတာကိုး။ Mr.Right က ခုမှ အင်တာနက်ကနေ တည်းခိုခန်း review တွေ ဖတ်ပြီး အစကပြန်လုပ်နေတယ်။ အမှန်တော့ အဲ့လိုအင်တာနက်က ဖတ်မှတော့ မနေ့ညကတည်းက ကျွန်မလုပ်ထားတော့မပေါ့။ တမင် မြို့ထဲထိသွားပြီး တွေ့တဲ့ ဟော်တည်ကို Walk-in လုပ်ချင်တာ။ ဒါပေမဲ့ သူ့ကိုလဲ အရမ်းမပြောရဲဘူးလေ တော်ကြာနေကျမှ ကျွန်မထင်သလို မဖြစ်ပဲ ၂ယောက်သား သောင်ပြင်လွှတ်တဲ့ နတ်သား/နတ်သမီးလေးတွေဖြစ်နေအုံးမယ်။

သူကိုယ်တိုင်လဲ ဘယ်ဟော်တယ်ဘွတ်ရမလဲ ဝေခွဲမရဖြစ်နေတုန်း ကျွန်မက Flyer လေးတစ်ခုမှာတွေတဲ့ The Oyster Inn ဆိုတာလေးကို သဘောကျမိတယ်။ ဈေးကြည့်ကြည့်တော့လဲ မဆိုးဘူး။ ပြီးတော့ ကမ်းခြေနဲ့လဲနီးတယ်။ စားသောက်ဆိုင်တွေနဲ့လဲ နီးတယ်။ မနက်စာလဲ ကျွေးတယ်။ သူက ပျဉ်ထောင်အိမ်ပုံစံမျိုးလေးဆိုပေမဲ့ ဘိုလဲဆန်တယ်။ စားသောက်ဆိုင်နဲ့ တွဲရက်။ သူကတော့ အဲ့ဒိအိမ်ပုံကြည့်ပြီး သိပ်သဘောမကျချင်ဘူး။ စုတ်တယ်ထင်တယ်ထင်ပါတယ်။ သူက ခန်းခန်းနားနားဟော်တယ်မျိုး စိတ်ကူးထားပုံရတယ်။ နည်းနည်းလေးများ Romantic ဆန်ဆန်ပုံစံ အပြင်အဆင်မျိုးဆိုလိုကတော့ ဈေးက ကွာတာမှ လွန်ရောပဲ။ ဒီလိုနဲ့ နောက်ဆုံး ကျွန်မပြောတဲ့ The Oyster Inn ကိုပဲ ဘွတ်လိုက်တယ်။ သင်္ဘောဆိပ်ကနေ ထွက်လိုက်တယ်ဆိုရင်ပဲ ဘတ်စ်ကားဂိတ်ရှိတယ်။ Oneroa beach ကိုကားတိုင်းရောက်တယ်လေ။ ဒါနဲ့ တက်စီးပြီး မိနစ် ၂၀လောက်နေတော့ ရောက်သွားရော။ တည်းခိုခန်းလေးက ရှာရတာလဲ မခက်ပါဘူး။ ဘတ်စ်ကားဂိတ်မရောက်ခင်ကတည်းက အဲ့တည်းခိုခန်းကို ဖြတ်သွားတာမြင်လိုက်တယ်။ ပြီးတော့ လူတော်တော်များများလဲ အဲ့ဂိတ်မှာ ဆင်းကြတယ်။ ဆင်းပြီး ဟိုဘက်ကားလမ်းကူး နည်းနည်းပြန်လျှောက်လိုက်ရင်ပဲ The Oyster inn ကိုရောက်ပါပြီ။ သူ့အောက်မှာ ရေကူးဝတ်စုံတို့ဘာတို့ရောင်းတဲ့ စတိုးဆိုင်လေးနဲ့ စက်ဘီးအငှားဆိုင်ရှိတော့ ပျော်သွားတာပဲ။ ကျွန်မတို့ရောက်တဲ့အချိန်မှာ ပလက်ဖောင်းအောက်က ရေပိုက်ပြင်နေသလား လမ်းပြင်နေသလားတော့မသိပါဘူး။ အဲ့ဒါကြောင့် တည်းခိုခန်းထဲကို ပတ်ပြီးတက်ရတယ်။

အရမ်းနေလို့ကောင်းပြီး ပေးရတာနဲ့တန်တဲ့ The Oyster Inn

The Oyster Inn ကိုတက်တဲ့ လမ်းလေး

တည်းခိုခန်းက သစ်သား Corridor လမ်းလေးမှာ ပန်းအိုးလေးတွေ တန်းလမ်းချိတ်ထားတယ်။ ဒါပေမဲ့ Reception ရယ်လို့ သီးသီးသန့်သန့်လဲ မတွေ့ရဘူး။ Corridor ရဲ့ ဘယ်ဘက်က စားသောက်ဆိုင်၊ ညာဘက်မှာတော့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးရှိတယ်။ ကျွန်မတို့လဲ အလယ်ခေါင်မှာပဲ ဘယ်သူ့ရှာရမှန်းမသိကြောင်နေတော့မှ လက်ဆောင်ပစ္စည်းရောင်းတဲ့အခန်းဘက်က မိန်းမတစ်ယောက်ထွက်လာပြီး စကားပြောဖြစ်တယ်။ စောနေသေးတော့ ချက်အင်လုပ်တဲ့ အချိန်မရောက်သေးဘူး။ ဒါနဲ့ အိတ်အပ်ပြီး နေ့လည်စာ စားဖို့ ထွက်ခဲ့ကြတယ်။ အဲ့ဒိ မြို့လေးတဝိုက် ဟိုကြည့်ဒီကြည့်နဲ့ ထိုင်းစားသောက်ဆိုင်ရှိတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ မှတ်ထားခဲ့တယ်။ တခြား စားစရာမရှိရင်တော့ ဒါစားမယ်ပေါ့။ လမ်းလျှောက်ရင် ပင်လယ်ကမ်းစပ်ဘက်အထိရောက်သွားတယ်။ ကမ်းခြေက ကျွန်မတို့အပြင် လူလေး ၂ယောက် ၃ယောက်လောက်ပဲရှိတယ်။ အဲ့ဒိမှာ ဆောင်းဦးမို့ထင်တယ် ရေကူးနေတဲ့သူ တစ်ယောက်မှမရှိဘူး။ နွေရာသီဆိုရင်တော့ ရေးကူးနေတဲ့သူတွေနဲ့ စည်ကားနေတဲ့ ဓာတ်ပုံတွေ မြင်ဖူးတယ်။ Oneroa ကမ်းခြေလေးက ချောင်းသာတို့ ငပလီတို့လို ပင်လယ်ကမ်းရိုးတမ်းအရှည်ကြီး မရှိဘူး။ နေရာလေးက ကျဉ်းပေမဲ့ သဲသောင်ဖြူလေးတွေနဲ့ ကမ်းခြေကနေတိုက်ခတ်တဲ့လေ၊ ရေလှိုင်းသံတွေကတော့ ကမ်းခြေရဲ့ လက္ခဏာနဲ့ ပြည့်စုံပါတယ်။ နေ့လည်ဘက်ဆိုတော့ နေထိုးတာနဲ့ ခဏပဲထိုင်ပြီး နေ့လည်စာစားဖို့ ပြန်တက်လာတယ်။ အရင်တွေ့ခဲ့တဲ့ ထိုင်းဆိုင်က ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ဝရံတာလေးနဲ့ဆိုတော့ ဈေးကြီးမယ်ဆိုပြီး ဝင်မစားဖြစ်ခဲ့တာ။ ခုမှ တခြားဘာစားရင်ကောင်းမလဲလိုက်ရှာတော့လဲ တခြားဘာမှ ထွေထွေထူးထူးမရှိဘူး။ ကိုယ်တွေက ပေါင်မုန့်ကို အစာပြေစားရုံလောက် သတ်မှတ်တာလေ။ ရှိတဲ့ဆိုင်တွေကလဲ ဘားတို့ Grill တို့ဆိုတော့ ကိုယ့်အတွက် တင်းတိမ်မဲ့အစားအစာမျိုး မရှိလောက်ဘူးလေ။

ပြောနေရင်လဲ ဆင်ခြေပေးသလိုဖြစ်မယ်။ အမှန်တော့ ကိုယ့်အတွက် အာသာပြေမဲ့ နေ့လည်စာကတော့ Red Crab ဆိုတဲ့ ကမ်းစပ်မျက်နှာမူထားတဲ့ ယိုးဒယားစားသောက်ဆိုင်လေးပါပဲ။ ဈေးကလဲ ကျွန်မတို့ စားဖူးတဲ့ တခြားဆိုင်တွေလောက်ပါပဲ။ အော့ကလန်းမှာစားခဲ့တဲ့ အာရှ Foodcourt လောက်တော့ မသက်သာဘူးပေါ့။ သူကတော့ စားသောက်ဆိုင်ကိုး။ ဒါပေမဲ့ ကျွန်မတို့ ထင်သလောက်တော့ ဈေးမကြီးပါဘူး။ သူ့ဈေးနဲ့ သူ့စားသောက်ဆိုင်အပြင်အဆင်ရယ်၊ ရှုခင်းရယ်နဲ့တင် တန်တယ်ထင်တာပါပဲ။ ၂ယောက်ပေါင်းမှ ၃၅ကျပ် ဝန်းကျင်ပဲကျပါတယ်။ သူက သူစားနေကျ တုမ်ယမ်းဟင်းချိုနဲ့ ကျွန်မကတော့ ထမင်းကြော်စားပါတယ်။ နယူးဇီလန်ရဲ့ နေရာတိုင်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ထိုင်းတွေ၊ တရုတ်တွေ၊ ကိုရီးယားတွေကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်မတို့တွေ စားရသောက်ရ အခက်ခဲ မဖြစ်ခဲ့ဘူး။ တစ်ဆိုင်မဟုတ်တစ်ဆိုင်တော့ ရှိတာပဲ။

The Oyster Inn ကနေ လမ်းကူးလိုက်ရင်ရောက်တဲ့နေရာ ထိုင်းစားသောက်ဆိုင်ရှိတဲ့လမ်း

ခုံနီလေးတွေနဲ့က Red Crab Thai Restaurent

Oneroa beach မြင်ကွင်း

လာသွားကြမယ်

ကမ်းခြေရောက်ပြီ

လူအရမ်းရှင်းတယ်။

ဒီနေ့ရာကို ရောက်ခဲ့ကြလေသတည်း

Waiheke Island's beautiful sky

Oneroa မြို့လေး

ခြံစည်းရိုးလေးက ချစ်စရာ

စားပြီး တည်းခိုခန်းပြန်တော့ အဲ့ဒိက အမျိုးသမီးက ကျွန်မတို့ကို Free Upgrade ဆိုပြီး ပိုကျယ်တဲ့အခန်းပေးပါတယ်။ သြစီနဲ့ နယူးဇီလန်က အဲ့လို မိသားစုပိုင် တည်းခိုခန်းတွေကို သဘောကျတာလေးတစ်ခုရှိတယ်။ သူတို့က လူနည်းနေတဲ့အချိန်ဆို အခန်းတွေ အလကားဖြစ်နေမဲ့အတူတူ လာတည်းတဲ့သူကို Free upgrade ပေးနေတယ်။ အခန်းလေးကို ဝင်လိုက်တာနဲ့ ကျွန်မ အခန်းလေးကို falling in love ဖြစ်သွားတယ်။ အိမ်ခန်းလေးလိုပဲ ချစ်စရာအရမ်းကောင်းတယ်။ အစက အိမ်ဟောင်းကြီးပုံစံဖြစ်မှာ Mr. Right က စိုးရိမ်နေတာ။ ခုကျတော့ အင်္ဂလိပ်ပုံစံ အိမ်အသစ်လေး။ အပေါ်က အမိုးကလေး ထုတ်တန်းလေးတွေမြင်နေရတော့ တောအိမ်လေးလိုပဲ။ တီဗွီထည့်တဲ့ ဘီဒိုကလည်း အရင်က သစ်သားဘီဒို ထူလဗြစ်ပုံ၊ ရေချိုးခန်းအိမ်သားကလဲ အကျယ်ကြီးပဲ။ ကတင်ဘေးမှာ လှဲအိပ်လို့ရတဲ့ ဆိုဖာရှိတယ်။ ပြတင်းပေါက်လဲရှိသလို အပြင်ထွက်လို့ရတဲ့ ဝရံတာလေးရဲ့ ရှုခင်းက စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေကြောင့် စိတ်တွေကြည်လင်ပြီး သဘောကျလိုက်တာ။ ၂ယောက်သား စားသောက်ပြီး ပင်ပန်းတာရော၊ နေ့လည်ဆိုတော့ နေပူသေးတာရော၊ ရာသီဥတုကအေးတော့ အိပ်ချင်လာတာရောကြောင့် ခဏနားမယ်ဆိုပြီး အိပ်ပျော်သွားတယ်။

စားကြမယ် သောက်ကြမယ်

ရှုခင်းလဲလှ စားလို့လဲကောင်း
၂ယောက်အတူ

တုမ်ယမ်းနဲ့ အမဲသားထင်တယ်

ထမင်းကြော်

ဗိုက်လဲတင်းပြီ... ရုပ်လဲ အလှမပြင်နိုင်ဘူး အချိန်မရလို့


ညနေ ၃နာရီလောက်ကျတော့မှ အောက်က ဘက်ထရီနဲ့ စက်ဘီးအငှားဆိုင်လေးမှာပဲ စက်ဘီးငှားဖို့ ဆင်းလာကြတယ်။ ဆိုင်က အမျိုးသားကြီးက သဘောတော့ကောင်းပါတယ်။ ဈေးဆစ်တာနဲ့ မျက်နှာကြီး တင်းသွားတာပဲ။ ဒါနဲ့ ဈေးမဆစ်ပဲ ၁စီး NZD 30 နဲ့ သူတို့ဆိုင်မပိတ်ခင် ညနေ ၆နာရီအထိ ငှားဖြစ်တယ်။ (တစ်နေ့လုံးငှားလဲ အမှန်တော့ အဲ့ဈေးပဲ) ကျွန်မစီးတဲ့စက်ဘီးက နည်းနည်းတော့ ပိုလေးပြီး စက်ဘီးအဟောင်း ဘာလို့လဲဆိုတော့ ကျွန်မက ရှေ့မှာ ခြင်းတတ်ခိုင်းသလို ခါးကုန်းမောင်းရတာကို သိပ်သဘောမကျဘူး၊ Mr. Right စက်ဘီးကတော့ မော်ဒယ်ပိုမြင့်တယ်။ ဂီယာကလဲ အော်တို၊ ကျွန်မစက်ဘီးကတော့ ဂီယာပြောင်းလို့ရတယ်။ ဆိုင်ထဲက စစထွက်ချင်းပဲ ၂ဘီးလောက်ပဲ လှိမ့်ရသေးတယ် Mr.Right ရဲ့ စက်ဘီးက ဘီးပေါက်လို့ ဆိုင်ကိုပြန်ပြောရတယ်။ ဒါတွေက နမိတ်တွေပဲလား၊ ကျွန်မတို့ကို စက်ဘီးမစီးဖိုးတားနေတာများလားလို့ စိတ်ထဲမတွေးမိခဲ့ဘူး။ အဲ့ဒိက E-bike ဘက်ထရီတွေက တော်တော်လေးကောင်းတယ်ပဲပြောရမလားမသိပါဘူး။ ပုဂံအီးဘိုက်တွေဆိုရင် ဆပ်ကပ်ထဲက မျောက်တွေလို အသေနင်းမှ နည်းနည်းလေးရွေ့တာ။ ဝိုင်ဟီကီက အီးဘိုက်ကျတော့ တစ်ချက် နင်းလိုက်တာနဲ့ ဝှီး ကနဲ အရမ်းအရှိန်တက်လို့ မနည်းအကျင့်ရအောင် လုပ်ယူရတယ်။ ဒါပေမဲ့ အဲ့ဒါက တောင်တက်တွေကျတော့ နင်းရ တော်တော်လေးသက်သာတယ်။ ကျွန်းတစ်ကျွန်းလုံးကတောင်တက်တွေဆိုတော့ သိပ်မပင်ပန်းဘူးပေါ့။ အဲ့ဒါကြောင့် စက်ဘီးဆိုင် ဆိုင်းဘုတ်လေးက “Flatten those Waiheke hills” (ဝိုင်ဟီကီတောင်ကုန်းတွေကို ပြန့်စေနိုင်တယ်) လို့ ရေးထားတာ။ ဘယ်တွေနင်းရမလဲ မသေချာတော့ အဲ့လူကြီးက အချိန်က သိပ်မရှိဘူးဆိုတော့ အရမ်းအဝေးကြီးတော့ သွားလို့မရဘူး။ Mudbrick ဝိုင်စိုက်ခင်းတွေ ဘာတွေဘက်ဆိုရင်တော့ အချိန်မှီလောက်တယ်တဲ့။ ရှုခင်းလှတယ်တဲ့။ ပြီးတော့ လိုရမယ်ရ မြေပုံပေးလိုက်တယ်။ အဲ့မြေပုံအောက်မှာ သူတို့ ဆိုင်ဖုန်းနံပါတ်ပါတယ်။ ဘီးပေါက် ဘတ်ထရီကုန်ဆို ဖုန်းဆက်ခေါ်လို့ရတယ်တဲ့။ ဒါနဲ့ အဲ့ဒိသွားမယ်။ မဟုတ်ရင်လဲ ဘီးဦးတည့်ရာလျှောက်သွားမယ်ဆိုပြီးထွက်လာလိုက်တယ်။

အိပ်ယာနဲ့ တီဗွီထားစင်

အိပ်ယာခေါင်းရင်းက ရေချိုးခန်း သန့်ပြန့်နေတာပဲ

သဘက် မသုံးဖြစ်ခဲ့ဘူး

အခန်းထဲက ဆိုဖာ ဖွထားပြီးပြီ

ပြတင်းပေါက် အပြင်ဖက် ဝရံတာက မြင်ကွင်း

စက်ဘီးစီးကြစို့ဟေ့

ရှုခင်းတွေက အသက်ရှုမှားလောက်တယ်။ 

စက်ဘီးကအတက်မှာ သက်သာတယ်ဆိုပေမဲ့ ကျွန်မဖြင့် တောင်ဆင်းတွေမှာ အရမ်းကိုသတိထားရပါတယ်။ လုံးဝ ခြေမနင်းတာတောင် အရှိန်က အသည်းအေးလောက်အောင် မြန်တယ်။ အရမ်း ကြောက်ပြီး ဘရိတ်မဖမ်းရဲဘူး အရှိန်နဲ့ စက်ဘီးရော လူရော ဒလိမ့်ကောက်ကွေးကျမှာစိုးလို့။ အဲ့ဒါကြောင့် ကုန်းဆင်းရင် ဘရိတ်ကို နည်းနည်းနည်းနည်းနဲ့ လက်ကဖမ်းပေးနေရတယ်။ လုံးဝမလွှတ်ဘူး။ နောက်တစ်ခု အန္တရာယ်ရှိနိုင်တာက တောင်ကုန်း တစ်ကုန်း အဆင်းအဆုံးနဲ့ နောက်တောင်ကုန်းအတက်အစ အနိမ့်ဆုံးနေရာမှာ တစ်ဖက်ကန့်လန့်ဖြတ်ကားလမ်းရှိနေရင် အရမ်းလန့်တယ်။ ကိုယ်က ဟိုဘက်တောင်ကုန်းကို တက်ဖို့ အရှိန်နဲ့ ဆင်းအလာ ကန့်လန့်ဖြတ်ကားကလဲ ကိုယ့်ကို မမြင်ပဲ ထွက်လာရင် တိုက်မိနိုင်တယ်။ လမ်းတွေက အရမ်းကားရှင်း လူရှင်းဆိုတော့ ကားတွေကလဲ အရှိန်ရှိသလို ဂရုတစိုက်ရော မောင်းနေကြရဲ့လားမသိ။ ကိုယ့်လို့ Tourists တွေ ကားငှားပြီး မောင်းနေတယ်ဆိုရင် လမ်းတွေကလဲ ကျွမ်းကျင်မှာ မဟုတ်ဘူးလေ။ ဒါတွေအားလုံးက စက်ဘီးစီးနေတဲ့ ကျွန်မခေါင်းထဲမှာရှိပါတယ်။ စက်ဘီးနဲ့ တောင်ကုန်းတွေကို ဆင်းတိုင်း စက်ဘီးငှားမိတာ မှားများမှားပြီလားလို့ဆိုတဲ့ အတွေးခေါင်းထဲရောက်တယ်။ ဒါပေမဲ့ လမ်းမှာ ရပ်ချင်တဲ့နေရာရပ်ပြီး ရှုခင်းတွေကိုကြည့်လို့ရ ဓာတ်ပုံရိုက်လို့ရတော့လဲ ပျော်နေတာပဲ။ Mr.Right ကတော့ ဘယ်လိုခံစားရသလဲဆိုတာ သူကိုယ်တိုင်ပဲသိမယ်ထင်တယ်။

Moment of Terror at Mudbrick lane

ဝိုင်စိုက်ခင်းတွေကလှသလို တစ်ဖက်ကမ်းက အော့ကလန်းမြို့ကြီးကိုလှမ်းမြင်နေရတဲ့ ဝိုင်ဟီကီ ကျွန်းအစွန်ဖျားအထိ ကျွန်မတို့တွေ စက်ဘီးနင်းခဲ့ကြပါတယ်။ Mudbrick ဝိုင်စိုက်ခင်းဆိုင်ကိုတောင် ဖြတ်ပြီး လုံးဝလမ်းဆုံး ဆက်သွားလို့မရတဲ့အထိ နင်းဖြစ်ခဲ့ပါတယ်။ လူရော ကားရော တစ်စီးတစ်လေမှမတွေ့ပဲ တစ်လောကလုံးမှာ ကျွန်မတို့ ၂ယောက်တည်းပါပဲ။ တခြားလူတွေနဲ့ တိုးဝှေ့နေရတဲ့ ခံစားချက်မျိုးကို မကြိုက်တဲ့သူတွေ နယူးဇီလန်ကို လာလည်သင့်ပါတယ်။ လမ်းဆုံးမှာ ခြံဝန်းတစ်ခုရဲ့ ဂိတ်ပေါက်မှာ လမ်းဆုံးသွားပါတယ်။ အဲဒိလမ်းက Mudbrick Lane လို့ခေါ်တယ်။

အရမ်းအရမ်းလှ (ရှုခင်း)

လေကောင်းလေသန့်လဲ ရှုရင်း ရာသီဥတုအေးအေး စက်ဘီးစီးရင်း

ရှေ့မှာဘာဖြစ်မယ်ဆိုတာ ကြိုမသိတဲ့ သဘာဝအတိုင်း လူဆိုတာ တစ်ခုခုဆို ကိုယ်မဖြစ်လောက်ပါဘူးလို့ပဲယူဆကြတာလေ။ သေချင်းတရားဆိုတာလဲ ကြီးတယ်ငယ်တယ်မရှိ အချိန်မရွေး ကိုယ့်ဘေးမှာ ယှဉ်လျက်ရှိနေတာပဲလေ။ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဘယ်အရာပဲဖြစ်ဖြစ် တရားရလောက်ပါတယ်။ ဒါပေမဲ့လဲ ဒီသံသရာထဲ ကိလေသာတွေ မပျက်နိုင်သေးတဲ့ လူထဲက လူတစ်ယောက်ပီပီ တောမထွက်နိုင်သေးတော့ ဒီအဖြစ်အပျက်လေးက ကျွန်မအတွက် သူဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မျက်ဝါးထင်ထင်ပြလိုက်တယ်လို့ပဲ ယူဆရတော့မှာပေါ့။ တချိန်တည်းမှာပဲ နောင်တစ်ချိန်မလွဲမသွေကြုံတွေ့ရမဲ့ ခွဲခွာခြင်းလောကဓံရဲ့ ပုံရိပ်ကို ကြိုမြင်ပြီး စိတ်ထဲ ကြိုပြင်ဆင်ထားဖို့ အတွေးဝင်မိတယ်။

သေခြင်းတရားကြောင့် ခွဲခွာကြရမယ်ဆိုရင် ကျန်ခဲ့တဲ့သူဖြစ်ရမှာကို ကျွန်မပိုကြောက်တယ်။ အဲလိုပြောရင် “ဖွဟဲ့ ဖွဟဲ့” ဆိုပြီး စိုးရိမ်တကြီး သူအမြဲ လုပ်တယ်။ တရားကို အပြည့် နက်နက်နဲနဲမသိသေးတော့လဲ ကိုယ့်ဘေးက ကိုယ်အလေးထားတဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ဒီလိုအချိန်မျိုးတွေကြုံတွေ့ရမယ်ဆိုရင်ဆိုတဲ့ အတွေး စိတ်ထဲရောက်လာတိုင်း မျက်ရည်လည်မိတုန်းပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ လူတိုင်းကြုံတွေ့ရမှာပဲလေ။ ပြောပြန်ရင်လဲ ကြီးကြီးကျယ်ကျယ်ပြောတယ်ဖြစ်မယ်။ ဒါပေမဲ့ သိဒ္ဓတ္ထမင်းသား အားလုံးကို သဘောပေါက်ပြီးတောထွက်သွားတုန်းက ခံစားချက်နဲ့ စိတ်ပြင်းအားကို မြူမှုံတစ်ဆလောက် သဘောပေါက်မိပြီး တကယ်အားကျ ကြည်ညိုမိတယ်။ ကိုယ်မှ မလုပ်နိုင်တာပဲ။

ချစ်အမျှ

မနက်ဖြန်မရှိတော့တဲ့အတိုင်း ဘဝကို ပျော်ပျော်နေပါ။ “Live like there is no tomorrow”
မနက်ဖြန်မရှိတော့တဲ့အတိုင်း ရီမောလိုက်ပါ။ “Laugh like there is no tomorrow”
မနက်ဖြန်မရှိတော့တဲ့အတိုင်း ချစ်ပါ။ “Love like there is no tomorrow”

ဆိုတဲ့စကားတွေက အချိန်တိုင်းကို တန်ဖိုးထားဖို့အတွက် သတိပေးတဲ့ ဆောင်ပုဒ်လေးတွေပဲ။ စိတ်ညစ်စရာတွေချည်းတွေးပြီး စိတ်ဖိစီး နေမဲ့အစား ကိုယ့်စိတ်ကိုကိုယ်ဖြေပြီး ပေါ့ပေါ့ပါးပါးနေပါ။ ကိုယ်ချစ်တဲ့သူတွေကို စိတ်ဆိုးနေရင်တောင်မှ လက်ရှိအတူရှိနေတဲ့အချိန်လေးကို တန်ဖိုးထားပြီး တစ်ဦးနဲ့တစ်ဦး ပြေလည်အောင် စိတ်ချမ်းသာအောင်ထားပါ။ အချိန်လွန်မှနောင်တရ တောင့်တနေတာထက် လက်ရှိအချိန်က အရေးကြီးဆုံးဖြစ်ကြောင်း ဖော်ညွှန်းတဲ့စာလေးတွေပေါ့။ အထူးသဖြင့် လူဆိုတာ ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်ဆိုတဲ့ ဆိုရိုးစကားလဲရှိတယ်ဟုတ်?
Mudbrick Lane အဆုံးလေးမှာ ခရီးတစ်ခုလုံး ကျွန်မအကြိုက်ဆုံးပုံလေးကို သူရိုက်ပေးတဲ့အချိန်အထိ နောက် ၅မိနစ်နေဖြစ်ပျက်မဲ့ ကံကြမ္မာကို ကျွန်မတို့ ဘယ်သိခဲ့မလဲ။ ဓာတ်ပုံရိုက်ပြီး အဲဒိ လမ်းဆုံး တောင်ကုန်းဆင်းလေးကနေ ကျွန်မတို့ ပြန်အဆင်း။ အဲ့ဒိလမ်းလေးက ကတ္တရာလမ်းဆိုပေမဲ့ ကတ္တရာလမ်းအောက်က ကျောက်ခဲသေးသေးလေးတွေအများကြီး လမ်းပေါ်မှာရှိတယ်။ ကျွန်မတောင် ကားဘီးရာလေးအတွင်းထဲပဲ စက်ဘီးကိုလိုက်မောင်းတယ်။ ဘေးဘက်တွေမှာ ကျောက်ခဲသေးသေးလေးတွေများလို့ ပြီးတော့ ကုန်းဆင်းကတော်တော်လေးမက်စောက်တော့ ဘရိတ်ကို လက်ကညစ်ညစ်ပြီး ဖြည်းဖြည်းပဲဆင်းတယ်။ ကျွန်မက ကြောက်တော့ ရှေ့က အရင်ဆင်းတယ်။

ဝါးဟားဟား... Here I am...

နောက် ၅ မိနစ်လောက်မှာ ဘာဖြစ်မယ် မသိခင် သူရိုက်ပေးတဲ့ အကြိုက်ဆုံးပုံ

ကျွန်မတောင်ကုန်းအောက်ရောက်လို့ မြေပြန့်လေးပေါ်စမောင်းတဲ့ အချိန်မှာ နောက်ကနေ ဝုန်းအုံးဆိုပြီး စက်ဘီးမှောက်တဲ့အသံကို ကျွန်မကြားလိုက်တော့တာပါပဲ။ ကျွန်မစက်ဘီးကလဲ တောင်ဆင်းခါစဆိုတော့ ချက်ချင်းတော့ ရပ်လို့မရသေးသလို ရိုးရိုးစက်ဘီးမှောက်ရုံလောက်ပဲ ဘယ်လောက်မှ ဆိုးဆိုးရွားရွား မဖြစ်လောက်ပါဘူးလို့ပဲ စိတ်ထဲ ထင်နေတယ်။ ချက်ချင်းနောက်လှည့်ကြည့်လို့ ကျွန်မပါမှောက်ပြီး ဒဏ်ရာပိုကြီးသွားအုံးမယ်။ “မှောက်ပြီ!!” ဆိုပြီးပဲ ရေရွတ်မိလိုက်တယ်။

စက်ဘီးကို ရပ်ပြီး လှည့်ကြည့်တော့ နောက်က တောင်ကုန်းခြေရင်းမှာ စက်ဘီးကတခြား လူကတစ်ခြား လူကတော့ ဒူးထောက်နေပြီး လက်မှာတော့ ပွန်းရာတွေတွေ့တယ်။ ပြီးတော့ ပါးစပ်တွေ နှာခေါင်းတွေက သွေးတွေအများကြီးထွက်နေတယ်။ မျက်နှာတစ်ခုလုံးသွေးတွေချည်းပဲတွေ့လိုက်ရတဲ့အချိန် ကျွန်မ ပူထူသွားပြီ။ စက်ဘီးကိုတောင် ဒေါက်မထောက်နိုင်တော့ပဲ ပြစ်ချပြီး သူ့ဆီအမြန်ပြေးသွားတယ်။ သူ့ဆီကို ပြေးသွားရတဲ့ ခြေလှမ်း ၁၀လောက်က ၁၀ကမ္ဘာလောက်ကြာတယ်ထင်ရတယ်။ အဲဒိစက္ကန့်ပိုင်းအတွင်း ကျွန်မခေါင်းထဲဖြတ်ပြေးသွားတဲ့ အတွေးတွေ စိုးရိမ်စိတ်တွေ Scenerio တွေက အများကြီးပဲ။ သွားတွေများ ပြုတ်ထွက်ကုန်ပြီလား။ သွေးတွေ ပါးစပ်နဲ့ နှာခေါင်းက အဲ့လောက်ထွက်နေတော့ အတွင်းက ကလီဆာတစ်ခုခုများဖြစ်သွားမလား။ မပြောကောင်းမဆိုကောင်း အဆိုးဆုံး အခြေအနေဖြစ်သွားရင် ငါဘယ်လိုလုပ်မလဲ။ ငါတစ်ယောက်တည်းကျန်ခဲ့တော့မှာလား။ ခုမှ ဟန်းနီးမွန်းပဲရှိသေးတယ် ငါမုဆိုးမဖြစ်တော့မလားဆိုတဲ့ အတွေးဆိုးကြီးအထိ ကျွန်မစိတ်ထဲခြောက်လှန့်ခဲ့တယ်။ ဒီနေရာမှာ ကျွန်မကို အတ္တကြီးတယ်ပဲဆိုဆို လောကမှာ လူတိုင်းက ကိုယ်ချစ်တဲ့သူတွေ ခွဲခွာသွားရင် ငိုကြ ဝမ်းနည်းကြတယ်ဆိုတာရဲ့ အခြေခံကျကျ ခံစားချက်ကဘာလဲ။ သေသွားတဲ့သူက ဘာမှ မှ မခံစားရတော့တာ။ သနားတယ်ဆိုတဲ့ ခံစားချက်ကို အသေအချာ ကိုယ့်စိတ်ကို စမ်းစစ်ပြီး အမှန်ကို လက်ခံမယ်ဆိုတရင် တကယ်တော့ လောကကြီးကို ကိုယ်တစ်ယောက်တည်း ဆက်လျှောက်ရတော့မယ့်၊ ကိုယ်အားကိုးတဲ့ ကိုယ်ချစ်တဲ့ ဆိုးအတူကောင်းဖက် တိုင်ပင်ပေါ်တိုင်ပင်ဖက် အရင်းနှီးဆုံးလူတစ်ယောက်ဆုံးရှုံးသွားလို့ ကိုယ့်အတွက် ကိုယ်ငိုနေကြတယ်လို့ပြောရင် မှန်သင့်သလောက်တော့မှန်မယ်။ အိမ်ထောင်ဖက်မှ မဟုတ်ဘူး ကိုယ့်မိသားစု အသိုင်းအဝိုင်းက လူတွေနဲ့ တစ်နေ့ကျ သေခွဲခွဲရမယ်ဆိုတာ သိရက်နဲ့ တကယ်ကြုံတဲ့အခါ ဝမ်းနည်းတာ ကိုယ့်အတွက် စိတ်အင်အားပေးနေတဲ့ ရပ်တည်မှု မရှိတော့လို့ ဝမ်းနည်းကြတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုလဲ ပါမယ်ထင်တယ်။

(အဲ့ဒါကြောင့် ကြားဖူးတာရှိတယ်။ ယောက်ျားသေလို့ လူးလှိမ့်ငိုတဲ့ မယား ၁ပတ်နဲ့ နောက်လင်ယူတယ်။ အသုဘမှာ တည်ငြိမ်တဲ့ မယားက တရားဘောင်ဝင်တယ်ဆိုတာလေ။ လူဆိုတာ သေမျိုးချည်းပဲကိုး) (ခုဒါတွေရေးထားတာ သူတွေ့ရင် “ဖွဟဲ့… ဖွဟဲ့” ဖတ်ရင်းနဲ့ လုပ်နေအုံးမှာ။ ခုကျွန်မလဲ ရေးသာရေးတယ် ကိလေသာမကုန်သေးလေတော့ ဖွဟဲ့ ဖွဟဲ့ လွဲစေ။ပယ်စေ ပါလို့ မပြေးသော်ကာရံရှိ လုပ်လိုက်ပါတယ်။)

ခံစားချက်တွေ ပေါင်းစုံနေပေမဲ့ မျက်ရည်ကျလို့ ဘာမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာတော့ ကျွန်မ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုတွေက သိနေတယ်။ ကိုယ်ငိုချင်ပါတယ်။ ဒါပေမဲ့ ငိုတာထက် တစ်ခုခုပိုအကျိုးရှိမှာကို လုပ်ရမယ်။ ဒီအချိန်မှာ ကျွန်မကပါ ချုံးပွဲချနေလို့ရတဲ့ အခြေအနေမဟုတ်ဘူး။ (ခု ဒီပိုစ့်ကိုပြန်ရေးနေရင်းနဲ့မှ စဉ်းစားမိပြီး မျက်ရည်ဝဲ ချိန်ရတော့မှ ဝဲမိပါတယ်။ ကျွန်မလောက် ကိုရီးယားကားကြည့်ပြီး တရွဲရွဲငို၊ တစ်ခါတစ်လေ အွန်လိုင်းပေါ်တွေ့တဲ့ ဗွီဒီယိုကြည့်ရင်းငိုတတ်တဲ့သူ အဲ့ဒိအချိန်က မျက်ရည်ထွက်လဲ ဘာမှ မထူးဘူးဆိုတာ သိပေမဲ့ တကယ်ပဲ မျက်ရည်ထွက် မလာတာကိုယ့်ကိုကိုယ် အံ့သြမိပါတယ်။) ကိုယ့်စိတ်ထဲ သိထားတာ ဒိထက် အခြေအနေမဆိုးအောင် ဘာလုပ်ရမလဲဆိုတာပဲ။




သူ့အနားရောက်တော့ မျက်နှာတစ်ခုလုံးသွေးတွေတွေ့တော့ ခြေတွေလက်တွေတုန်နေပေမဲ့ အရင်ဆုံး သွေးတိတ်အောင် တစ်ခုခုနဲ့ ဖိထားဖို့ပါပဲ။ ပြစ်ထားခဲ့တဲ့ စက်ဘီးခြင်းထဲမှာ ခရီးသွားရင် ဆောင်တတ်တဲ့ Wet Tissue ပါတော့ တခါ စက်ဘီးဘက်ကို ပြန်ပြေးပြီး ယူရပါတယ်။ ဟိုနဲ့ ဒီဘယ်လောက်မှ မဝေးတဲ့နေရာ ၂ခုကို ပြေးနေရတာ အိပ်မက်ထဲ ပြေးနေရတဲ့အတိုင်း မရောက်နိုင် နှေးလွန်းတယ် ထင်မိပါတယ်။ Wet tissue သူ့ကိုပေးပြီး မျက်နှာပေါ်က သွေးတွေရော ဖုန်တွေရောကို သုတ်တော့မှ သွေးက ပါးစပ်ထဲနဲ့ နှာခေါင်းထဲက ထွက်နေတာမဟုတ်ပဲ နှာခေါင်းပေါက်နဲ့ အပေါ်နှုတ်ခမ်းကြားက ကွဲနေတာပါ။ ပါးစပ်ထဲကထွက်တယ်ထင်ရတဲ့ သွေးက တကယ်တော့ မေးစေ့ကွဲတာပါ။ ကျတုန်းက လက်ထောက်လိုက်ချိန်မှာ လက်ကလဲ လမ်းပေါ်က ခဲသေးသေးလေးတွေဆိုတော့ ထပ်ချော်ပြီး လက်တွေလဲ ပွန်း မျက်နှာနဲ့ထပ်ကျတော့ မေးနဲ့ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားကွဲ ကုန်တော့တာပေါ့။ သူသွေးတွေသုတ်နေတဲ့အချိန် ကျွန်မခေါင်းထဲ ဘာဆက်လုပ်ရမလဲ စဉ်းစားနေမိပါတယ်။ ကျွန်မတို့ရောက်နေတဲ့ နေရာက လူမပြောနဲ့ နွားတွေ သိုးတွေလို သက်ရှိတောင် တစ်ကောင်လောက်ရှိရဲ့လားမသိပါဘူး။ ပြီးတော့ မြို့ထဲကနေ စက်ဘီးစီးထွက်လာတာ ၁နာရီကျော် နင်းလာပြီးပြီဆိုတော့ ပြန်နင်းရင်တောင် ၁နာရီကျော်ပြန်ကြာမှာပါ။ ဒါပေမဲ့ သူ့အခြေအနေကိုကြည့်တော့ သူက သတိလဲ မလစ်ဘူး။ စကားလဲပြောနိုင်တယ်။ မတ်တပ်လဲရပ်နိုင်ပါတယ်။ ဒီတော့ ဒဏ်ရာက အပြင်ပွန်းတာလောက်ပဲထင်ရပါတယ်။ ဒါပေမဲ့ သေချာ မစစ်ဆေးရသေးပဲတော့ စိတ်ပူရတာပါပဲ။ ဒါနဲ့ ကျွန်မတို့ အမြန် မြို့ကိုမပြန်နိုင်ရင်တောင် အနည်းဆုံး လူရှိမဲ့နေရာ MudBrick winery လောက်ကို ပြန်စက်ဘီးစီးပြီး အကူအညီတောင်းလို့ရရင် ရလောက်မယ်ပေါ့။ အဲဒိကို ပြန်မောင်းမယ်ဆိုရင်တောင် စက်ဘီးနဲ့ မိနစ် ၂၀လောက်တော့ ပြန်နင်းရမှာပါ။

အဲဒိအချိန်မှာ ပိုခက်တာက။ သူ့အရှေ့ဘီး လက်ကိုင်က လိမ်သွားပါတယ်။ စီးဖို့မပြောနဲ့ တွန်းလို့တောင် မရပါဘူး။ Alignment မမှန်တော့ ဘီးကြီးက ခွေပြီး တွန်းနေရတာ ခရီးမပေါက်ပါဘူး။ ၂ယောက်သား ဘက်ထရီနဲ့ ရွှီးကနဲ နင်းခဲ့တဲ့ တောင်ကုန်းတွေကို ဒါတွန်းပြီး လမ်းလျှောက်မယ်ဆို လမ်းမှာတင် ညမိုးချုပ်သွားဖို့ မြင်နေပါတယ်။ သူကတော့ သူလျှောက်နိုင်တယ်။ ရတယ် ကိစ္စမရှိဘူးပြောနေပေမဲ့ ဒီနေရာမှာ သူ့စကားကို သိပ်ယုံလို့မဖြစ်ဘူး။ သူနဲ့ ကျွန်မနဲ့က အဲ့ဒိမှာ Type မတူဘူး။ ကိုယ်ဖြစ်နေတာကို ကိုယ်အသိဆုံး အမှန်အတိုင်းပြောပေါ့။ အဲ့လိုပြောလိုက်လို့ ကျွန်မ စိတ်ပူသွားမှာစိုးလို့ ဟန်ဆောင်နေတာမျိုး သူလုပ်တတ်တယ်။ အခက်အခဲတစ်ခုခုရှိပြီဆို တစ်ဖက်လူစိတ်ပူမှာစိုးလို့ အားလုံးအဆင်ပြေနေသယောင် ကြိတ်နေတတ်တာ သူ့အကျင့်။ မေးလိုက်ရင် အားလုံးအဆင်ပြေတယ်လို့ပြောနေကျဆိုတာ ကိုယ့်ရှေ့မှာတင် မြင်နေကျ။ အားမရတာက သူဟန်ဆောင်နေတော့ရော ကျွန်မက စိတ်မပူနေရလို့လား။ အခြေအနေအမှန်ကို ပြောပြမှ ကျွန်မလဲ လုပ်သင့်တာကို လုပ်နိုင်မယ်။ စိတ်ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်မယ်လေ။ စိတ်ပူရတဲ့အထဲ သူ့မျက်နှာ အခြေအနေကိုပါ လိုက်ဖတ်နေရတာက ကျွန်မအတွက် ပိုစိတ်ပင်ပန်းစေတယ်။ ကူညီပါရစေဖုန်းခေါ်မလို့ဟာလဲ သူတို့နိုင်ငံ hotline နံပါတ်က မသိ။ ၉၁၁ လား ၁၁၉ လား ၉၉၉ လားမရေရာ။ အင်တာနက်ကရှာရင်တော့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျွန်မတောင်းထဲ လိုရမယ်ရထည့်ပေးလိုက်တဲ့ စက်ဘီးဆိုင်က မြေပုံအောက်ထောင့်က ဖုန်းနံပါတ်ကို သတိရသွားပြီး အဲ့ဒိကို ကျွန်မ ဖုန်းခေါ်လိုက်တယ်။ သူကတော့ စက်ဘီး ဟန်ဒယ်ကို ပြန်တည့်အောင် ကြိုးစားကြည့်နေတယ်။ သွေးက စစချင်းလောက် မများတော့ပေမဲ့ ထွက်တော့ထွက်နေတုန်း။ ကျွန်မလောက် ဖုန်းပေါ်က စကားပြောရတာကို မကြိုက်တာ ကျွန်မပဲ။ အထူးသဖြင့် အင်္ဂလိပ်လို ဖုန်းပေါ်ကပြောရတာကို ပိုမကြိုက်ဘူး။ ကွန်ပလိန်းတက်ချင်လို့တောင် တော်ရုံဖုန်းနဲ့ ကွန်ပလိန်းမတက်ဘူး။ အဲ့ဒါက ရှင်းပြလို့မရတဲ့ ကျွန်မရဲ့အကျင့်။ ဒါပေမဲ့ ခုက သေရေးရှင်ရေး သူ့အတွက်ဆိုတော့ ကျွန်မခေါ်ရပြီပေါ့။

ဖုန်းဖြေတော့ အမျိုးသမီးတစ်ယောက်အသံ။ ကျွန်မတို့ စက်ဘီးငှားစီးတဲ့သူပါ။ ခု စက်ဘီးမှောက်တာ သွေးတွေအများကြီးထွက်နေတယ်။ ဆိုပြီး ကိုယ်လဲ ဘလုံးပထွေးတော့ ဖြစ်ပြီး ပြောမိတာပေါ့။ ဖုန်းဖြေတဲ့ အမျိုးသမီးက စိတ်အေးအေးထားပြီး ပြောပါ။ ခု ဘယ်မှာလဲတဲ့။ လမ်းဆုံးပဲ Mudbrick lane မှာလို့ပြောတော့။ သူက MudBrick Winery နဲ့ မှားပြီးနားလည်လိုက်မှန်း ကျွန်မသိတယ်။ ဒါပေမဲ့ ကိုယ့်အင်္ဂလိပ်အသံပဲ မကောင်းလို့လားမသိဘူး သူကလဲ Mudbrick lane ကို မသိဘူး။ ဒါနဲ့ပဲ ဝိုင်ဆိုင်ကိုပဲ လာခဲ့လို့ပြောလိုက်တယ်။ အဲဒိနားထိရောက်ရင်လျှောက်မယ်။ မရောက်ရင်လဲ သူဖုန်းဆက်တော့ ထပ်ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒိအမျိုးသမီးက သူကားနဲ့ ခုချက်ချင်းလာခေါ်မယ်လို့ပြောလိုက်တာ ကယ်တင်ရှင် မေခလာနတ်သမီးအသံကြားရသလိုပဲ။

ကျွန်မတို့လဲ အဲ့ဒိ လမ်းသွယ် အဆုံးကနေ ထွက်ပြီး လမ်းမပေါ်အတိုင်း Mudbrick Winery လားရာကို လျှောက်လာတယ်။ အဝေးကြီးလိုသေးတာကိုတော့သိပါတယ်။ အနည်းဆုံး လမ်းမပေါ်တော့ ရောက်လာသေးတာပေါ့။ သိပ်တောင် မကြာဘူး သူကဖုန်းဆက်တယ်။ Mudbrick ကိုရောက်နေပြီတဲ့။
ကျွန်မက “It’s not Mudbrick Winery.It’s Mudbrick lane. It is a dead end Road. The very end Road’ လို့ပြောတော့။ အင်း ဘယ်မှ မသွားနဲ့ သူလာခဲ့မယ်တဲ့။ ကျွန်မတို့လဲ အဲ့ဒိ Mudbrick lane နဲ့ လမ်းမနဲ့ ဆုံတဲ့ လမ်းဆုံမှာပဲ စောင့်နေလိုက်တယ်။ တော်ကြာ ဆက်သွားရင် လွဲသွားအုံးမယ်လေ။ ခဏနေတော့ Maori နဲ့ ဘိုနဲ့ အစပ်ထင်တယ် အသားခပ်ညိုညိုပေမဲ့ မျက်နှာကတော့ ဘိုရုပ်ပဲ အမျိုးသမီး ကားနဲ့ရောက်လာတယ်။ သူကားမှာ စက်ဘီးတွေတင်ဖို့ Stand နောက်မှာ ပါလာပြီးသား။ သူ့သားလေး ၅-၆နှစ် အရွယ် ကလေးတစ်ယောက်လဲပါတယ်။ သူက ဘာမှ မလုပ်ခင် Mr.Right မျက်နှာကို အရင် ဆေးနဲ့ သန့်စင်အောင် ပိုးသတ်ရမယ်ဆိုပြီး သူ့ရဲ့ First Aid kid ဗူးကို ထုတ်လာတယ်။ အမျိုးသမီးက တည်ကြည်ပြီး အေးဆေးတယ်။ အတွေ့အကြုံလဲ ရှိပုံရတယ်။ သူက မေးစေ့နဲ့ နှုတ်ခမ်းက ကွဲရာတွေကြည့်ပြီး ဘုရားတပြီး သနားပါတယ်။ ဖြစ်ရလေ လို့တော့ ပြောတယ်။ သူ့လက်ကို အရင် ဆေးနဲ့ သန့်စင်ပြီးအေးအေးဆေးဆေး သေသေချာချာ ဆေးထည့်ပေးတယ်။ သွေးသံရဲရဲလဲ ကြောက်ပုံမရဘူး။ ဒါက ဆေးခန်းမသွားခင် အရင် ကာကွယ်တာတဲ့။ ညနေ ၅နာရီခွဲလောက်ရှိပြီဆိုတော့ ဘယ်ဆေးခန်းဖွင့်လဲဆိုတာ သူ့သူငယ်ချင်းကို ဖုန်းဆက်မေးပေးမယ်ဆိုပြီး သူပဲ ဖုန်းခေါ်မေးတယ်။ ကျွန်မတို့ ဟော်တယ်နဲ့ နီးတဲ့ဆေးခန်းက ပိတ်လောက်ပြီမို့ တခြားဆေးခန်းဖွင့်တာရှိမရှိ သူ့သူငယ်ချင်းက ပြန်ဖုန်းခေါ်တာကို စောင့်ရင်း ဆေးထည့်။ ပြီးတော့ ကျွန်မတို့ စက်ဘီးတွေကို သူတစ်ယောက်ပဲ သေသေချာချာကားနောက်ဘက်က တန်းတွေပေါ်တင်။ ကြိုးနဲ့ သေသေချာချာတုတ်။ သူ့ကြည့်ရတာ ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသမီးလိုပဲ။

ကားပေါ်ရောက်တော့ သူ့သားလေးလဲ ဒီနေ့ စက်ဘီးမှောက်လို့ ဆေးခန်းသွားပြမလို့လုပ်တုန်း ကျွန်မတို့ ဖုန်းဝင်လာတာတဲ့။ သူက အော့ကလန်းကို မနက်ကသွားနေတာ။ ပြန်အလာ သူ့သား စက်ဘီးမှောက်တဲ့သတင်းရတာပဲတဲ့။ ဒီနေ့ စက်ဘီးတွေတော်တော်မှောက်ကြတာပဲတဲ့။ အမျိုးသမီးက ဖော်ရွေပြီး ဂရုဏာစိတ်ရှိတယ်လို့ ခံစားရတယ်။ ကျွန်မတို့က ဟန်းနီးမွန်းလာတာဆိုတော့ သူက သူ့နိုင်ငံမှာ ခုလို ဖြစ်ရတာ စိတ်မကောင်းကြောင်း တောင်းပန်နေသေးတယ်။ ကျွန်မက ရပါတယ် တစ်ခါတစ်လေ အဲ့လို ကမောက်ကမတွေက ပြန်တွေးတိုင်း ပိုပြီး အမှတ်ရစရာအဖြစ်အပျက်တွေ အဖြစ်ရှိနေတတ်ပါတယ်လို့။ သူ သတိမလစ် စကားပြောနိုင်နေသေးတာပဲ တော်လှပြီလေ။ အမှန်ဆို ကျွန်မတို့ ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းမှာတော့ ဒါ သူ တောင်းပန်စရာတောင် မလိုတဲ့ ကိစ္စလို့ သတ်မှတ်မယ်ထင်တာပဲ။ ဘာပဲပြောပြော သူတို့နိုင်ငံလာလည်တဲ့ ဧည့်သည်ကို ခုလို ပြူပြူငှာငှာနဲ့ လိုအပ်တဲ့ အကူအညီပေးတာပဲဖြစ်စေ၊ သူ့စက်ဘီးငှားစီးတဲ့ Customer မို့ Customer Service ကောင်းတာပဲဖြစ်စေ ဒါဟာ သူတို့တစ်နိုင်ငံလုံးကို တိုးရစ်တစ်ယောက်ရှေ့မှာ ဂုဏ်ဆောင်နေတာပဲလို့ ထင်တယ်။ ခု ကျွန်မကလဲ Kiwi တွေ သိပ်ဖော်ရွေတယ် ရိုးသားကူညီတယ်လို့ ဒီဘလော့ပေါ်ရေးမယ်။ တခြားနိုင်ငံက လာလည်တဲ့သူတွေကလဲ တစ်ဦးစကား တစ်ဦးကြား အဲလိုရေးမယ်ဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နယူးဇီလန်နိုင်ငံသားတွေက နိုင်ငံကြီးသားပီသတယ်ဆိုပြီး ကမ္ဘာမှာ ခေါင်းမော်နိုင်တယ်လေ။

၂၄နာရီဆေးခန်းကိုရောက်တော့ ဆရာဝန်က ၆နာရီမှ လာမယ်တဲ့။ Register အရင်လုပ်ပြီးစောင့်နေလိုက်တယ်။ အဲဒိ အမျိုးသမီးကြီးက စိတ်မပူနဲ့ သူ့သားကိုပြန်ပို့ပြီးရင် သူစောင့်ပေးမယ်တဲ့။ သူပျောက်သွားလို့ မစိုးရိမ်နဲ့နော်တဲ့။ ဟုတ်တယ်လေ သူ မစောင့်ပေးရင် ကျွန်မတို့ တည်းခိုခန်းဘယ်လိုပြန်မလဲ? အဲ့ဒိက ညနေ ၆နာရီကလဲ မိုးချုပ်နေပြီ။ လူကရှင်းသေး။ အဲ့ဒိအမျိုးသမီးကို အရမ်းအားနာသလို ကျေးဇူးလဲတင်တယ်။ အမှန်တော့ အားကိုးမိပါရဲ့။ ကိုယ်နဲ့ တစ်ခါမှ မသိ၊ ဘာမှ ကျေးဇူးခံကျေးဇူးသားမရှိ နောင်လဲ ဆက်ဆံရမဲ့သူတွေလဲ မဟုတ်တဲ့ ကျွန်မတို့ကို မညီးမငြူ စေတနာထား ကူညီပေးတာ ဒီလိုမျိုး ကိုယ်နဲ့ အပြင်မှာ သိပြီးသား အပေါင်းအသင်းတွေကို အတုံ့အလှည့် မယူပဲ ကူညီနိုင်မဲ့သူ ဘယ်နှစ်ယောက်ရှိမလဲ တွေးမိတယ်။

ဆေးခန်းက Nurse တွေကတောင် ကွဲရာကိုကြည့်ပြီး “Eww… တော်တော်ပြင်းတာပဲ” ဆိုပြီး သူ့ဝိုင်းသနားနေကြတယ်။ နောက်တော့ ဆရာဝန် မလာခင်ပဲ အနာကို ပိုးဝင်မှာစိုးရင် မေးခိုင်လို ပိုးသတ်ဆေးလားဘာလားတော့မသိပါဘူး။ ဒါပေမဲ့ အဲလို ပိုးကာကွယ်ဆေး ထိုးမလားမေးတော့ ထိုးမယ်ပြောလိုက်တယ်။ Travel Insurance ဝယ်လာတော့ ဆေးခန်းစရိတ်ဘာမှ စိတ်ပူစရာမလိုဘူးလေး။ ဆရာဝန်က ခပ်ငယ်ငယ် ဘိုပဲ။ တွန်ခရုလိုလိုဘာလိုလို။ (သူတို့အနောက်တိုင်းသားတွေ အရှေ့တိုင်းသားမြင်ရင် တစ်ပုံစံတည်းမခွဲတတ်ဘူးလို့ ပြောတတ်ကြသလို။ ကိုယ်တွေလဲ ဘိုပိန်ပိန်ချောချော စမတ်ကျကျဆို အကုန် တွန်ခရုနဲ့ တူတယ်လို့ပဲ ထင်မိတာပဲ)။ ဆရာဝန်သာပြောတယ် ဟိတ်ကြီးဟန်ကြီးမရှိဘူး။ ရွှတ်နောက်နောက်လိုပဲ။ ကိုယ်တွေကို ကလေးတွေများထင်နေလားမသိဘူး။ ကိုယ်တို့ အာရှတိုက်သားတွေက ရုပ်နုတာကိုး။ သူတောင် ကိုယ့်ထက်ငယ်ရင်ငယ်အုံးမယ်။ ဆရာဝန်လဲ အနာတွေ့ပြီး “တော်သေးတယ်။ အသက်ငယ်နေလို့ ဘာမှ မစိုးရိမ်ရတာ။ အသက်ကြီးတဲ့သူဆိုရင်တော့ စိုးရိမ်ရမှာ” တဲ့။




ကျွန်မက “ကွဲနေတဲ့ အနာချုပ်ဖို့ လိုလား?” မေးတော့။ သူက လူငယ်ဆိုတော့ ချုပ်စရာမလိုဘူး ဒီတိုင်းပဲ ဆေးထည့်ပြီး အုပ်ထားပေးလိုက်ရင် သူ့ဘာသာသူ အနာကျက်သွားလိမ့်မယ်တဲ့။ အမှန်တော့ ကျွန်မကြည့်တာ ကွဲရာက တော်တော်လေးနက်ပါတယ်။ ဒါပေမဲ့ ချုပ်ဖို့ မလိုအပ်ရင်တော့ မချုပ်တာ ပိုကောင်းတာပေါ့။ ချုပ်ရင် ချုပ်ရိုးဖြည်ရ ဘာရနဲ့ဆို ပိုကြာသွားမှာလေ။ မနက်ဖြန်တော့ ဆေးခန်းသွား Dressing လဲလိုက်ပါတဲ့။ တကယ်လို့ Waiheke ကနေ ခရီးဆက်မယ်ဆိုရင်လဲ ရောက်တဲ့နေရာက ဆေးခန်းမှာ Dressing လဲခိုင်းလို့ရတယ်တဲ့။ ဆရာဝန်ကို ဘာကျွေးရမလဲမေးခဲ့သေးတယ်။ သူတို့နိုင်ငံမှာ အဲလိုမေးတဲ့ လူနာမရှိဘူးလားမသိဘူး။ သူက အူကြောင်ကြောင်နဲ့ ခဏနေမှ ကြိုက်တာစားလို့ရတယ်တဲ့။ ဒီက တုမ်ယမ်းဟင်းချိုနဲ့ အစပ်တွေကြိုက်တာဆို သူဘာပြောမလဲ?

ဆေးခန်းခက NZD80 ကျပါတယ်။ အာမခံကြေးပြန်တောင်းဖို့ စာရွက်စာတန်းတွေ သေချာလုပ်ပေးပါတယ်။ အပြန်ကို စက်ဘီးဆိုင်က အမျိုးသမီးကြီးကားနဲ့ပဲ လိုက်ပို့ပေးပါတယ်။ Mr.Right ကတော့ အားနာလို့ ဘီးလိမ်သွားတဲ့အတွက် အလျော်ပေးပါ့မယ်လို့ ပြောပေမဲ့ အဲ့ဒိအမျိုးသမီးကြီးက ရပါတယ်တဲ့။ (နောက်ထပ်ပြဿနာမဖြစ်ရင်တော်ပါပြီလို့များ တွေးနေလားမသိ)။ ကျွန်မတို့ကိုချ နှုတ်ဆက်လမ်းခွဲအပြီးမှာတော့ သူမနဲ့ နောက်တစ်ခါထပ်မတွေ့ဖြစ်တော့ပါဘူး။ တဒင်္ဂတွေ့ဆုံခဲ့ဖူးပေမဲ့ ကျွန်မတို့ရဲ့ ဘဝအမှတ်တရတွေထဲမှာ တစ်သက်လုံး တခုတ်တရပါဝင်နေမဲ့ အမျိုးသမီးကြီးတစ်ယောက်ပါပဲ။

ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ နှုတ်ခမ်းကြီးတစ်ခုလုံးယောင်ပြီး ပြန်လာတဲ့သူ့ကို ကျွန်မလဲ ဘယ်လိုပြုစုရမှန်းတောင် မသိတော့ပါဘူး။ ကျွန်မအတွက် မကိုက်ဆုံးအလုပ်က Nursing ဖြစ်မယ်ထင်တယ်။ စိတ်ထဲက ဂရုမစိုက်တာ မစိုးရိမ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြုစုတဲ့အလုပ်မှာတော့ ကျွန်မက အတော်အားနည်းတတ်ပါတယ်။ လိုချင်တာကိုပြောရင်တော့ မငြီးမငြူလုပ်ပေးဖို့ အသင့်ပေမဲ့ အရိပ်တကြည့်ကြည့်နဲ့ သူဘာလိုမလဲဆိုပြီး ပြုစုရတာ အတော်လေ စိတ်ဖိစီးတဲ့ ကိစ္စပါ။ ညစာစားဖို့ စားသောက်ဆိုင်တွေလဲ မသွားနိုင်တော့ဘူး။ သူကြိုက်တဲ့ အစပ်ပြင်းတဲ့ တုမ်ရမ်းတွေဘာတွေလဲ မစားသင့်ဘူးထင်တော့။ ကျွန်မတို့နေတဲ့ The Oyster Inn က စားသောက်ဆိုင်နဲ့တွဲရက်လေးဆိုတော့ In Room Dining ပဲ မှာဖို့ဆုံးဖြတ်လိုက်တယ်။ လွယ်လွယ်ကူကူ ဝါးလို့ရမှာက Fish & Chips ပဲ ကိုယ်လဲ သိတော့ အဲ့ဒါပဲ မှာလိုက်တယ်။ ပြီးတော့ အစက Waiheke မှာ ၁ညပဲ အိပ်ဖို့ အစီအစဉ်ကို နောက်ထပ် တစ်ရက် စိတ်ချရအောင်တိုးနေဖို့ဆုံးဖြတ်လိုက်တယ်။ အိမ်က အစ်မတွေဆီကို Viber ကနေ ဖြစ်ကြောင်းလှန်းပြောတော့ သူတို့လဲ စိတ်တော့ပူနေကြပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းယောင်ကြီးနဲ့ Fish & Chips ကို ဖြည်းဖြည်းချင်းသွင်းနိုင်သေးတယ်ဆိုတဲ့ ဓာတ်ပုံပို့လိုက်တော့ သူတို့လဲ နည်းနည်းတော့ စိတ်အေးရတာပေါ့။ မေမေက ဗေဒင်ဟောတတ်တော့ ကျွန်မတို့ ကံကြမ္မာလေးကြည့်ပြီး လိုအပ်တဲ့ ယတြာလေးလုပ်ပြီး ဆုတောင်းပေးဖို့ ပြောလိုက်တယ်။


ခရီးသွားဝါသနာတူ သူငယ်ချင်းတွေနဲ့ Google hang out Group chat ကနေ ဒီခရီးစဉ်မှာလဲ ဖြစ်လိုက်တဲ့ပြဿနာတွေ တစ်ခုခုတော့ မှားနေပြီလို့ ညစ်ညစ်နဲ့ပြောတော့ သူငယ်ချင်းတွေက မေတ္တာသုတ်လေးဘာလေး ရွတ်လေတဲ့။ ကိုယ်က မေတ္တာသုတ်ကို သူများတွေနဲ့ လိုက်ဆိုရင်တော့ရတယ်။ ကိုယ့်ဟာကိုယ်ဆို အပိုဒ်တွေမှားတတ်တယ်။ တစ်ပိုဒ်ဆုံးရင် နောက်တစ်ပိုဒ်အစကို သိမှ လိုက်ရွတ်နိုင်တာ။ ဒီတော့ သူငယ်ချင်းတွေက ဘုရားစာ App DhammaDriod link ပေးတာနဲ့ ဖုန်းထဲ ဒေါင်းလုပ်ဆွဲပြီး မေတ္တာသုတ်၊ မင်္ဂလသုတ်၊ (မကောင်းဆိုးဝါးအနှောင့်အယှက်ရှိနေမှာစိုးလို့) အာဋာနာဋိယသုတ် သုံးခုကို ဒေါင်းပြီး Looping ပတ် ဖွင့်ထားလိုက်တယ်။ App က ဘုန်းကြီး အသံဖိုင်လဲပါတယ် ကိုယ်လဲ လိုက်ဆိုလို့ရတဲ့ စာလဲပါတော့ အတော် အဆင်ပြေတယ်။

အမှန်တော့ ဘုရား၊တရားဆိုတာကို စိတ်ထဲ အကြွင်းမဲ့ သက်ဝင်ယုံကြည်ပေမဲ့ ဘုရားတွေ ထိုင်ရှိခိုးပြ၊ လူမြင်ကောင်းအောင် သီလယူပြီး အတ္တကြီးနေတဲ့ လူတချို့ထက်စာရင် ကိုယ့်စိတ်ကို ကောင်းအောင်ထား၊ ဘုရားဟောခဲ့တဲ့ တရားထဲက ကိုယ်သိသလောက်ကို လိုက်နာကျင့်သုံးတာ ဓမ္မဓိဋ္ဌာန်ကျတယ်လို့ယူဆတယ်။ ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ်၊ သံဃာတော်တွေဆွမ်းကပ်ရင် ကုသိုလ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘုရားရှိခိုးနေစဉ်နဲ့ ရှိခိုးအပြီး၊ ဆွမ်းလောင်းလှုနေစဉ်နဲ့ လောင်းလှူအပြီးဖြစ်တဲ့ ကိုယ်စိတ် ချမ်းသာနေတဲ့ အခိုက်အတန့်ကို ကုသိုလ်လို့ ယူဆတယ်။ ဘုရားရှိခိုးရင် နတ်ပြည်ရောက်မယ်။ ထီပေါက်မယ်။ ဘုန်းကြီးတန်ခိုးကြီးလို့ ပိုလျှံနေပြီးသားကိုလဲ ဇွတ်အတင်းလှူကြ စတဲ့ အယူတွေကို ကျွန်မအမြင်မှာတော့ အကျိုးလိုလို့ ညောင်ရေလောင်းတယ်လို့ထင်တယ်။ ဘုရားဆီမှာ ဆုတောင်းတယ်ဆိုတာကလဲ လက်တွေ့ကျကျဆိုရင်တော့ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ထပ်တလဲလဲ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ပန်းတိုင်ရောက်အောင်လုပ်တဲ့ စိတ်ပညာတစ်ခုပဲလို့ထင်တယ်။ ထိုင်ဆုတောင်းနေပြီး ဘာမှ ထမလုပ်တဲ့သူဘယ်နှစ်ယောက် အောင်မြင်နေတာရှိလဲ။ အနည်းဆုံး ထီပေါက်ပါစေ ဆုတောင်းတဲ့သူအတွက် ထီထိုးမှုဆိုတဲ့ အားထုတ်မှုတော့ လုပ်ရမှာပဲလေ။ နိုင်ငံခြားသွားရပါစေ ဆုတောင်းတဲ့သူအတွက် ပြင်းပြတဲ့ နိုင်ငံခြားသွားစိတ် ထပ်ခါတစ်လဲလဲရှိလာရင် သူသွားရမဲ့ နည်းလမ်းကို ရှာလာမှာပဲလေ။ ဒါက ကိုယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာကို ပြောပြတာပါ။ ကိုယ်လဲ တရားစခန်းတောင် မဝင်ဖူးတဲ့သူဆိုတော့ အများကြီးတော့ မသိပါဘူး။ ဒါပေမဲ့ တရားစခန်းတွေ အမြဲဝင်ပြ ယောဂီဝတ်စုံနဲ့ဓာတ်ပုံရိုက် ဖေ့ဘွတ်ပေါ်တင်၊ ဘုရားစာတွေ တရားစာတွေပဲ အွန်လိုင်းပေါ်ရှယ်ပြီး တကယ့်အပြုအမူကျ တမျိုးလုပ်နေတဲ့ တချို့ အပေါင်းအသင်းတွေထဲက လူတွေနဲ့ယှဉ်ရင် ကိုယ့်ကမှ ဘုရားတရားကို ခုတုံးမလုပ်ပဲ လေးစားသေးတယ်လို့ ထင်မိတယ်။

ကဲပါ ကိုယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအကြောင်းပြောတာများသွားပြီ။ ဒါပေမဲ့ ခုလိုမျိုး ပြဿနာတွေ ဒီခရီးစဉ်မှာ တစ်ခုပြီးတစ်ခု ကြုံရပြန်တော့လဲ မမြင်နိုင်တဲ့ စွမ်းအားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မကျကျ ကျွန်မလက်မလွှတ်ချင်ပြန်ပါဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အားလုံးလုပ်ထားတာ ကောင်းပါတယ်။ အမေ့ကိုလဲ ယတြာချေပြီး ဆုတောင်းဖို့ပြောတယ်။ သူငယ်ချင်းတွေပြောတဲ့ ဘုရားစာတွေလဲ ဒေါင်းပြီးရွတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ အဘက်ဘက် ထောင့်မျိုးစုံကနေ ကိုယ်က စတင်ကာကွယ် သတိထားရတော့မယ်ဆိုတော့ အသင့်ပြင်ရတာပေါ့။ ကိုယ်က သိပ္ပံကျကျမှ ကြိုက်ပေမဲ့ မြင်အပ် မမြင်အပ်သတ္တဝါတွေရှိတယ်ဆိုတာကတော့ ဘုရားလဲဟောထားခဲ့တော့ လက်ခံတယ်လေ။

အားလုံးစိတ်ချရပြီဆိုမှ သူ့ကို ကျွန်မ ဆူချိန်ရောက်လို့ “ငါကမဖြစ်ရဘူး။ ဖြစ်လိုက်ရင် သူချည်းပဲ” ဆိုပြီး ဂရုဏာဒေါသောနဲ့ ပြောလိုက်တော့ ရီလို့မရတဲ့ နှုတ်ခမ်းယောင်ကြီးနဲ့ Fish & Chips စားပြီး ဖြီးပြတော့ ကျွန်မလဲ သူ့ရုပ်ကြီးကြည့်ပြီး မရီပဲ မနေနိုင်ဖြစ်ရပါတော့တယ်။ သေချာတာတစ်ခုကတော့ ကျွန်မ ဒီတစ်ကြိမ်တော့ ကံကြမ္မာကို ဘာထပ်ဖြစ်အုံးမလဲဆိုပြီး စိန်မခေါ်ဝံ့ခဲ့ပါဘူး။



Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)


11 comments :

Anonymous said...

That's too adventurous for the sweet honeymoon. What an unique experience. :)

mabaydar said...

@Anonymous - haha... yes. Not meant to be adventurous but well, things happened. Hardship bond people more. Thanks for your comment.

Sweetpodin said...

ဘာပဲဖြစ်ဖြစ် အမှတ်တရ ပိုဖြစ်သွဗားတာပေါ့။ အဆင်ပြေပြေနဲ့ အားလုံးပြီးသွားလို့ တော်သေးတယ်။

ငြိမ်းမိန်းကလေး said...

မဗေဒါရေ.. ဖတ်ရတာ ရင်တထိတ်ထိတ်နဲ့ အက်ရှင်ကားအတိုင်းပဲ.. တော်သေးတယ်နော် ကျိုးတာတွေဘာတွေ ထိ မဟုတ်လို့။ နောင်တစ်ချိန် သားသားမီးမီးတွေကို ပြန်ပြောစရာ အမှတ်တရဖြစ်မယ့် ဟန်းနီးမွန်းခရီးပဲ။ ငယ်ငယ်ရွယ်ရွယ်စုံတွဲလေး ကြည့်ရတာ ကြည်နူးစရာ။ လွတ်လွတ်လပ်လပ်နဲ့ စိတ်ထင်ရာ သွားရတာ ဘာနဲ့မှ မတူတဲ့ ခရီးသွားအတွေ့အကြုံနော်။ နောက်ရက်တွေမှာ အက်ရှင်မင်းသမီးနဲ့ အာရှ တွမ်ခရုတို့ ဘာတွေ ဆက်ဖြစ်မယ် ဘယ်တွေသွားကြမယ်ဆိုတာကို စောင့်မျှောနေပါကြောင်း။

ငြိမ်းမိန်းကလေး said...

သွားလည်ချင်တဲ့နိုင်ငံတွေထဲ နယူးဇီလန် နဲ့ ဆွစ်ဇာလန်က ကိုယ်အရူးဆုံး နိုင်ငံ နှစ်ခုပေါ့။ အမျိုးသားကတောင် နောက်တယ် နောက်တစ်လန်ရော မသွားချင်ဘူးလားတဲ့။ လူငယ်ကမ္ဘာ့ဖလားတုန်းက သွားမယ် အားခဲထားတာ အခြေအနေအရပ်ရပ်နဲ့ လက်လျှော့လိုက်ရတယ်။ အသက်ကြီးလာလေ စဉ်းစားစရာတွေ များလာလေ ဖြစ်မယ်။ ရှုခင်းတွေ ကြည့်ရတာ ကြည့်မ၀ဘူး။ ရှုခင်းနဲ့အတူ ပေါ်ပေါ်လာတဲ့ အတွဲလေးကလည်း အသက်ဝင်ပါ့။ တစ်ချို့တွေ အိမ်ထောင်ကျပြီးမှ ပိုနုကြတယ်ထင်တယ်နော်။ မဗေဒါ ကိုရီးယားခရီးက ပုံတွေထက်တောင် နုနေတယ်။

mabaydar said...

@Sweetpodin - လာဖတ်နေသေးတယ်ဆိုတာကို ခုလို ကွန်မန့်လေးချန်ပြီး အသိပေးသွားတဲ့အတွက် ဝမ်းသာမိတယ်။ အင်း သူတို့ နယ်ခံတွေက သဘောကောင်းပြီး ကူညီကြတယ်။

mabaydar said...

@ငြိမ်းမိန်းကလေး - reply နောက်ကျလို့ တောင်းပန်ပါတယ်။ အလုပ်မှာက ဘလော့ကွန်မန့်ကို banned ထားလို့။ ဒီတပတ်အတွင်းလဲ အိမ်ပြန်ရောက်တာ နောက်ကျပြီး ရေဘေးသတင်းတွေဖတ်နေတာနဲ့ ဘလော့မ၀င်ဖြစ်ဘူး။ အစ်မကွန်မန့်ကိုတော့ ဖတ်ရတာ အရမ်းဖတ်လို့ကောင်းပါတယ်။ နောက်တစ်လန်ဆိုတာ အင်္ဂလန်လား၊ ဖင်လန်လား? ဘာလန်ပဲဖြစ်ဖြစ် သွားလို့ ကောင်းမှာတော့ သေချာတယ်။ ဖင်လန်တို့ Europe တို့ကိုတော့ အချိန်တော်တော်ကြီးပေးနိုင်တဲ့အခါကျသွားဖို့ ဥထားတယ်။ ဒါပေမဲ့ သူတို့ သမိုင်းဝင်အဆောက်အဦးတွေ၊ ရှုခင်းတွေနဲ့ သမိုင်းတွေကတော့ အတော်လှပြီး အတော်စိတ်ဝင်စားစရာကောင်းမှာ။ သွားဖြစ်ရင်တော့ Europe နိုင်ငံတွေအကုန် တစ်ကြိမ်တည်း Rush မသွားပဲ တစ်နိုင်ငံကို အေးဆေး သေချာ လည်ချင်တာ။ အချိန်နဲ့ ပိုက်ဆံလိုတယ်။ ဟဲဟဲ.. (မလောက်နိုင်တဲ့ ၂ခု)
အိမ်ထောင်ကျပြီး ပိုနုမလားလို့ ဆံပင်တိုသွားညှပ်လိုက်ပြီး ခုတော့ ဂုတ်ထောက်နေလို့ နေရထိုင်ရခက်။ ဆံပင်တွေက လန်နဲ့... နုသွားတယ်ပြောတော့ ကျေနပ်တာပေါ့။ ခွိ... ဒါပေမဲ့ ဒီခရီးမှာ အလှပြင်ချိန်သိပ်မရလို့ မိတ်ကပ်အစအဆုံးမလိမ်းနိုင်ပဲ BB cream နဲ့ နှုတ်ခမ်းနီပဲ ဆိုးဖြစ်လို့ နည်းနည်းနုသွားတာများလား။ ခိခိ... (သူများက အားနာလို့ပြောသွားတာကို အဟုတ်မှတ်ပြီး မြောက်နေတာ...)

ခု နောက်ရက်ပိုစ့်ရေးနေပြီ။ ဒီ SG50 အတွင်းအတက်နိုင်ဆုံးပြီးအောင်ရေးရမယ်။

ဆွေလေးမွန် said...

ဖတ်ရတာဖြင့် တစ်ကယ့်ကို စိတ်လှုပ်ရှားဖွယ်ပါပဲကွယ်။ ကိုယ်လဲ ဒီလိုကြုံဖူးခဲ့လေတော့
စိတ်တစ်ထင့်ထင့်နဲ့ ဖြစ်ရတဲ့ ခံစားချက်ကို နားလည်ပေးနိုင်တယ်..

Anonymous said...

ဖုန်းနဲ့ ဘလော့ဖတ်မရလို့ ခုမှလာဖတ်ရတယ်
နောက်အပိုင်းတွေလည်း မျှော်နေမယ် မဗေဒါရေ

ဆုမြတ်မိုး said...

အမရယ်..ဘလော့ဘန်းထားလို့ ကျော်ခွပြီးလာခဲ့တယ် ။ ဒီရက်ပိုင်းအလုပ်ရှုပ်နေတာနဲ့လည်းပါတယ် ။ ဖတ်ရတာ စိတ်မကောင်းဘူး..။ ကိုယ်တွေသာဆို ဆက်သွားဖြစ်မယ်မထင်ဘူး ။ determination နဲ့ သတ္တိအရာမှ မဗေဒါတို့နှစ်ယောက် ကို တော်တော်အားကျမိတယ်..။ ဆက်လာမယ့်အပိုင်းတွေလည်းမျှော်နေပါတယ်..

ဆုမြတ်

Anonymous said...

ချစ်အမျှလို့ ပုံတင်လိုက်တော့ လူဆိုတာ နားထင်နားရင်းတွေကို ပူထွက်သွားတာပဲဟယ်
လန့်သွားတာ အနည်းဆုံးဆေးရုံရောက်ပြီထင်တာ တော်သေး ဒီလောက်ပဲဖြစ်လို့
သူ့ခမျာ နောက်တော့ ဒီအချိန်မှဖြစ်ရလေခြင်းဆိုပြီး တဖျစ်တောက်တောက်ပြောသေးလား
တစ်ခုတော့ရှိတယ် နောင်ကျရင် သားသမီးမြေးတွေကို ဖေဖေက ဖိုးဖိုးက ဟန်းနီးမွန်းမှာ နှုတ်ခမ်းကွဲတာဆိုပြီး ပုံလေးတွေပြလို့ရတာပေါ့နော် အဟေးဟေး
ဝိုင်းအလှည့်တုန်းကတော့ အသားမနာပေမယ့် ဟန်းနီးမွန်းမှာ သူကတောင်ပေါ်ဆွဲတင်တာ ကိုယ်ကအမြင့်ကြောက်တော့ငြင်း ဒါပေမယ့် လှည့်ကြည့်တော့အလယ်ခေါင်ရောက်နေပြီ ဘေးမှာလဲပင်လယ်ဆိုတော့ ဆက်လဲမတက်ရဲ ပြန်လဲမဆင်းရဲ ငိုတာငိုတာ မျက်နှာက amusement park မှာဆေးခြယ်ထားတဲ့ ပန်းပွင့်ကြီးနဲ့ မျက်ရည်တွေရောပြီး ကြောင်ချေးရုပ်ဖြစ်သွားတာပေါ့ဟယ် တော်သေးတယ် Mr right က မငိုလို့ အဟားဟား

Wine