Thursday, April 02, 2015

Differences between Kill Me, Heal Me and Hyde, Jekyll and Me

ဒီဇာတ်လမ်း ၂ခုစထွက်လာကတည်းက လူတွေက နှိုင်းယှဉ်ပြီးပြောကြတယ်။ အဲလို နှိုင်းယှဉ်ပြောတာ မတရားဘူးလို့ထင်တယ်။ ပြီးတော့ Hyde, Jekyll and Me ဇာတ်လမ်းရေးတဲ့ စာရေးဆရာက Kill Me, Heal Me ကို သူ့ဆီက ခိုးချပါတယ်စွတ်စွဲတဲ့ ကိစ္စဘာညာဖြစ်သွားတော့ လူတွေက ဇာတ်လမ်း ၂ခုကို တူတယ်လို့ ယူဆသွားတယ်။ ဇာတ်လမ်း ၂ခုက DID (Dissociative Identity Disorder) သာမာန်လူတွေပြောရင်တော့ Split personality အကြောင်းကို ရိုက်ထားတာဆိုတော့ အခြေခံအားဖြင့်တော့ ဆင်နေတာပေါ့… Vampire အကြောင်းရိုက်ရင် သွေးသောက်တာ ဘာညာ ပါမယ်။ အချိန်ခရီးသွားအကြောင်းရိုက်ရင်လဲ အချိန်ကာလ မတူညီချက် အပြောင်းအလဲတွေကို ပြတာတွေပါမယ်။ ဒါပေမဲ့ ဒီ ၂ကားလုံးက မတူပါဘူး။ မတူတာတွေကို ပြောချင်လာပါတယ်။ အဓိက ဒီ ၂ကားကို ပြောချင်တဲ့ အချက်လေးတွေက

၁) ဒီ ၂ကားလုံးဟာ အောချလောက်အောင် မကောင်းပါဘူး။

မကောင်းဘူးဆိုတဲ့နေရာမှာ မကြိုက်ဘူးလို့ ပြောတာ မဟုတ်ဘူးဆိုတာကို သတိပြုစေချင်တယ်။ မကောင်းဘူးဆိုတာ တခြား ကားတွေ Pinnochio တို့ Healer တို့လို တင်ဆက်ပြသမှု အရည်အသွေး ထူးခြားကောင်းမွန်မနေဘူး။ ဒါပေမဲ့ ဇာတ်လမ်းတွေသိပ်မကောင်းပေမဲ့ သိပ်နာမည်မကြီးပေမဲ့ ကိုယ်ကြိုက်တယ်ဆိုတဲ့ ကားမျိုးတွေရှိတတ်တယ်လေ။ တစ်ခါတစ်လေကျတော့လဲ ကျွန်မတို့တွေဟာ အရည်အသွေးကြီးတအားကောင်းနေစရာမလိုပဲ အားလပ်ချိန်မှာ တစ်ခုခုကြည့်ချင်ယုံ သက်သက် ကြည့်ပျော်ရှုပျော် ဇာတ်လမ်းမျိုးလေးတွေကို ကြည့်တတ်ကြသေးတယ်လေ။ ဟုတ်ဘူးလား? ပြောချင်တာက ကျွန်မတို့တွေ တခါတစ်လေ သိပ်မကောင်းမှန်းသိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကြိုက်တဲ့ ဇာတ်ကားတွေရှိသလို၊ ကောင်းတယ်ပြောပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မကြိုက်တဲ့ ဇာတ်ကားတွေရှိတတ်ပါတယ် (ဥပမာ မဗေဒါအတွက်ဆိုရင် Coffee Prince နဲ့ Winter Sonata ကို လူတိုင်းကောင်းတယ်ပြောကြပေမဲ့ အပိုင်း ၁ထက် ပိုမကြည့်နိုင်ခဲ့ဘူးလေ။ ခုတော့ ပြန်အခွင့်အရေးပေးရင်ကောင်းမလား စဉ်းစားနေတယ်။ Tamna The Island တို့ Soulmate တို့ ဒီလောက် နာမည်မကြီးပေမဲ့ မဗေဒါ ကြိုက်တဲ့ ကားထဲပါတယ်။) ဘာလို့ ရှည်ရှည်ဝေးဝေး ရှင်းပြနေရတာလဲဆိုတော့ တစ်ယောက်ယောက်က ဇာတ်လမ်းတစ်ခုကို သူမကြိုက်တာနဲ့ပဲ တခြားသူကြိုက်တာကို မကောင်းဘူးဆိုပြီး blindly ငြင်းတာမျိုးကို သဘောမကျဘူး။

ဒါပေမဲ့ ဘာဖြစ်လို့ Kill Me, Heal Me ကို ပိုကောင်းလဲလို့ လူတွေပြောကြသလဲဆိုတော့က မင်းသား Ji Sung သရုပ်ဆောင်တာ ပိုကောင်းတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ အဲ့လိုပြောလို့ Hyung Bin သရုပ်ဆောင်မကောင်းဘူးလို့ ပြောချင်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကောင်ကို သရုပ်ဖော်တာမှာ သရုပ်ဆောင်ရဲ့ အရည်အချင်းနဲ့ဆိုင်သလို စာရေးဆရာ ဖန်တီးမှုပေါ်လဲ အများကြီးမူတည်တယ်။ အမှန်တော့ ဒီကား ၂ကားလုံးမှာ မင်းသား ၂ယောက်လုံး တစ်ကယ်ကောင်းတယ်။ ဒီကားတွေ ဒီလောက်ထိ လူလက်ခံတာလဲ အဲ့မင်းသား ၂ယောက်လုံးတော်လို့လို့ထင်တယ်။ နောက်တစ်ချက်ကတော့ Kill Me, Heal Me အပိုင်း ၄လောက်အထိ ပြပြီး ဇာတ်ရှိန်တော်တော်လေးရနေမှ Hyde, Jekyll and Me က စပြပြီး ဇာတ်အိမ်ပျိုးတာ၊ အဲ့ဒိမှာမှ မင်းသမီးနဲ့ မင်းသားက သိပ်လမိုင်းမကပ်တော့ Hyde, Jekyll and Me ကို Kill Me, Heal Me လောက် မကောင်းဘူးလို့ ပြီးစလွယ်ပြောကြတယ်လို့ထင်တယ်။ လူတွေရဲ့ သဘောကလဲ လူပြောများလာတယ် Kill me, heal me က rating က ပိုကောင်းတယ်ဆိုရင် အများနဲ့ လိုက်ပြီး Kill Me, Heal Me ပိုကောင်းတယ် လိုက်ပြောတတ်ကြတယ်လေ။ အမှန်တော့ အဲ့ ဇာတ်ကား ၂ကားကို ယှဉ်ပြောနေရတာကိုးက မှားတယ်လို့ထင်တယ်။ ဇာတ်ကား ၂ကားဟာ DID ချင်းတူပေမဲ့ ကျန်တာတွေအကုန် ကွဲလွဲတယ်။ တင်ဆက်ပြသပုံလဲ ကွဲလွဲတယ်။

နောက်ပြီး မဗေဒါ အနေနဲ့ကတော့ ၂ကားလုံးက မင်းသမီးတွေကို အားမရဘူး။ မင်းသားတွေ ချီးကျူးပြီး မင်းသမီး အားမရဘူးဆိုလို မဗေဒါကို ထင်ချင်သလိုသာ ထင်ကြပါတော့။ ကိုယ့်စိတ်ထဲရှိတာတော့ ပြောပါရစေ။ Kill Me, Heal Me က မင်းသမီးကို Secret ကားထဲမှာ မင်းသား Ji Sung နဲ့ပဲ တွဲတုန်းက သဘောကျတယ်။ အဲ့ကား review တောင် ကောင်းကောင်းလေးရေးထားသေးတယ်။ ဒါပေမဲ့ ဒီကားမှာ မင်းသမီးက စိတ်ရောဂါကု ဆရာဝန်သာပြောတယ် ဆရာဝန်နဲ့ကိုး မတူဘူး။ ရောက်ရက်ကိုခပ်နေတာပဲ။ Personal ဆရာဝန်သာပြောတယ် ဆေးတိုက်တာကလွဲလို့ (ဆေးတိုက်တဲ့ အခန်းတောင် သိပ်မပါပါဘူး) ကျန်တာက ဘာမှလဲဆရာဝန်နဲ့ တူတာ မလုပ်ဘူး။ သူဟာ ရိုးသားဖြူစင်တဲ့ သူတစ်ယောက်ဖြစ်ပြီး Cha Do Hyun ဆိုတဲ့ စိတ်ဝေဒနာရှင် သူ့လူနာကို ချစ်နေမိတယ်ဆိုတာကို သရုပ်ဖော်တာ ချွဲပြစ်နေတဲ့ အသံနဲ့ ကလေးမြူသလို စကားပြောစရာမလိုပါဘူး။ ဟို ကလေး personality တွေ ထွက်လာတဲ့ အချိန်က လွဲလို့ပေါ့။ အထူးသဖြင့် မဗေဒါအတွက်ကတော့ သူ့စကားပြောပုံ မရင့်ကျက်ပဲ over ဖြစ်နေတာကို ခံစားလို့ မရဆုံးပဲ။

Hyde, Jekyll and Me က မင်းသမီး ကတော့ တော်တော်များများပြောသလိုပဲ မဗေဒါ သဘောတူတယ်။ Hyun Bin လို မင်းသားနဲ့ သရုပ်ဆောင်ရတာတောင် နည်းနည်းလေး Feel လာအောင် သရုပ်မဆောင်နိုင်တာ Lesbian များလားလို့တောင် ထင်မိတယ်။ သူ့ကို တခြားကားတွေကြည့်ဖူးပါတယ်။ အနီးစပ်ဆုံးကတော့ Roof Top Prince ပေါ့။ အဲ့မှာလဲ သရုပ်ဆောင်တာ ကောင်းပါတယ်။ ထားပါတော့ သူ့ချည်းပဲ တော့ အပြစ်ပုံလို့မရဘူးပေါ့လေ။ မင်းသားနဲ့ မင်းသမီးကြား Chemistry ကိုးမရှိတာဆိုတော့။ အထူးသဖြင့် Hyde, Jekyll and Me ဇာတ်လမ်းက Kill Me, Heal Me လို နာကျင်မှုကို အခြေခံတဲ့ အချစ်မျိုးမဟုတ်ပဲ၊ Fairy Tale ဆန်ဆန် အချစ်ဇာတ်လမ်းမျိုးဆိုတော့ ပရိတ်သတ်က မင်းသား မင်းသမီး ချစ်နေတာကြည့်နေရင်း လိုက်ရင်ခုန်နေရမယ်။ (Secret Garden ကားဟာ ဇာတ်လမ်းအရ ဒီလောက်ကောင်းနေတာမဟုတ်ဘူး။ ဒါပေမဲ့ မင်းသား မင်းသမီး တအားလိုက်ဖတ်ပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ မင်းသား မင်းသမီးချစ်နေတာကို ကြည့်ပြီး ကိုယ့်ရင်တွေလိုက်ခုန်၊ အားကျဖြစ်အောင် လုပ်နိုင်ခဲ့လို့ နာမည်ကြီးတာ)အဲ့လိုမျိုး မင်းသမီး Han Ji Min သရုပ်ဆောင်မှုက မထိမိဘူးဖြစ်နေတယ်။ ကား အစပိုင်းမှာ ပိုဆိုးတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ နည်းနည်းတော်သွားသလို။ ဇာတ်လမ်းထဲလဲ မျှောပါသွားတော့ ကြည့်ရတာ အဆင်ပြေသွားပေမဲ့ ဒိထက်ကောင်းခဲ့သင့်တာ။ သူ့နေရာမှာ မင်းသမီး Moon Chae Won တို့၊ Ha Ji Won တို့ဆို ဘယ်လိုများ သရုပ်ဆောင်မလဲလို့ကြည့်ရင်း စိတ်ကူးယဉ်မိတယ်။ဒီကားက Casting ပြဿနာလို့ထင်တယ်။ မင်းသား၊ မင်းသမီးကတော့ ကိုယ်မြင်နိုင်တာပေါ့နော်။ ဒါရိုက်တာတွေ production team တွေ မကိုက်နဲ့ သရုပ်ဆောင်တွေ လမိုင်းမကပ်ကြတော့ Hyde, Jekyll and Me လို rating မကောင်းတဲ့ကားတွေဖြစ်လာရတာပေါ့။

၂) ဒီကား ၂ကားလုံးမှာ DID ကလွဲလို့ နောက်ခံ ကျောရိုးတွေ မတူကြဘူး။

မဗေဒါ Kill Me, Heal Me ကို အပိုင်း ၁၅မှာ ခဏပြတ်သွားတယ်။ ခုထက်ထိလဲ အပိုင်း ၁၇ အထိပဲကြည့်ရသေးတယ်။ ဒါပေမဲ့ Review နောက်ကျမှာစိုးလို့ ရေးလိုက်မယ်နော်။ ဘာပဲပြောပြော ဒီ review က overall ကို ပြောတာ ဇာတ်သိမ်းကို ပြောတာမှ မဟုတ်တာနော်။
Hyde, Jekyll, Me ကြည့်နေရင်းနဲ့ ဒီကား ၂ကားဟာ တကယ်တော့ လုံးဝမတူပါလားဆိုတာ သိလာတဲ့အခါ ဇာတ်လမ်း ၂ခုရဲ့ မတူညီတဲ့အချက်တွေကို ကိုယ်မြင်သလောက် ဇယားလုပ်ပြီး ချရေးထားတာ ၇ချက် ရတယ်။

၁။ KMHM မှာ သူ့ကိုယ်ခွဲက ၇ယောက်ရှိတယ်။ (split personality 7 persons) ပြီးတော့ သူပင်မ Personality က သူငယ်ငယ်က ဖြစ်ခဲ့တဲ့အကြောင်းကို မမှတ်မိတော့ပဲ သူ့နာကျင်မှုတွေနဲ့ သူ့ မှတ်ဉာဏ်တွေက ကွဲထွက်သွားတဲ့ Personality တစ်ခုဆီမှာ ရှိနေခဲ့တာ။ အထူးသဖြင့် သူ့အပြင် အထင်ကရအဖြစ်ဆုံး Personality ဖြစ်တဲ့ Shin Se Gi က သူ့ငယ်ဘဝကို အကုန်မှတ်မိနေတာ။ ပင်မ personality ဖြစ်တဲ့ Cha Do Hyun က တစ်ခုချင်းစီကို လိုက်ရှာပြီး တစ်လွှာပြီး တစ်လွှာ သတိရလာတာ။ အဲ့ဒါကြောင့် သူ့ရဲ့ ရုံးကန်မှုက သူ့အတွင်းစိတ်ကို တစ်လွှာချင်းရှာဖွေရင်းနဲ့မှ ပြဿနာထဲ ဘယ်သူတွေပါတယ်ဆိုတာ တဖြည်းဖြည်းသိတာ။

H,J,M မှာကျတော့ သူနဲ့ သူ့ကိုယ်ခွဲ ၂ယောက်ပဲရှိတယ်။ (တတိယတစ်ယောက်က တစ်ခါပဲထွက်လာတာ ဆိုတော့ ထည့်မတွက်တော့ဘူး)။ သူကျတော့ ပင်မ Personality ဖြစ်တဲ့ Seo Jin က အားလုံးမှတ်မိတယ်။ သူ့ရဲ့ အပြစ်ရှိသလို ခံစားရတဲ့ မသိစိတ်က ပြင်းထန်လွန်းလို့ နောက်ထပ် Personality ဖြစ်တဲ့ Robin ဆိုတာ ဖြစ်လာတာ။ Robin က ငယ်ငယ်ကအကြောင်းတွေ ဘာတစ်ခုမှ မသိဘူး။ သူက ခန္ဓာကိုယ်သာ မျှနေနေရပေမဲ့ သူ့ငယ်ဘဝ မှတ်ဉာဏ်အတုနဲ့ပဲ သူ့ဟာသူ တစ်ခြားလူတစ်ယောက်အနေနဲ့ နေနေတာ။ ဒီကားရဲ့ အဓိက ရုံးကန်မှုက သူ့ကိုယ်သူထက် အပြင်လူဆိုးဖြစ်တဲ့ သူ့ငယ်သူချင်း ဆရာဝန် Tae Joo နဲ့ ရင်ဆိုင်ရတာ။ အဲ့လိုရင်ဆိုင်ရာမှာ သူနဲ့ သူ့နောက်တစ်ကိုယ် Robin နဲ့ ပူးပေါင်းပြီး ရင်ဆိုင်တာ။

KMHM နဲ့ H,J,M တို့ အပေါ်က ကွာခြားချက်ကို ဆိုလိုတာ သဘောပေါက်မလားတော့ မသိဘူး။ မပေါက်ဘူးဆိုရင် ၂ကားလုံးကြည့်လိုက် သဘောပေါက်သွားမယ်။ :P

၂။ KMHM က အဓိက Personality ဖြစ်တဲ့ Cha Do Hyun က လူကောင်း၊ sub personality ဖြစ်တဲ့ Shin Se Gi က သွေးဆိုးတဲ့သူ၊
H,J, M မှာ အဓိက Personality ဖြစ်တဲ့ Seo Jin က သွေးအေးပြီး မရီမပြုံး active မဖြစ် တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ sub personality ဖြစ်တဲ့ Robin က သွက်လပ်ပြီး လူတစ်ကာကို လိုက်ကယ်ဆယ်နေတဲ့သူ။

၃။ KMHM က မင်းသမီးဇာတ်ကောင်က Main Personality ဖြစ်တဲ့ Cha Do Hyun ကို ကြိုက်တယ်။
H, J, M က မင်းသမီးက Main Personality ကို မကြိုက်ဘူး sub personality ဖြစ်တဲ့ Robin ကို ကြိုက်တယ်။

၄။ KMHM က Personality တွေနဲ့ အပြင် Cha Do Hyun, Oh Ri Oh (The girl adopted brother) and Oh Ri Jin (The girl) လူသုံးယောက်ရဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းရှိတယ်။
H, J, M က မင်းသားနဲ့ သူ့ တခြား personality Robin ရယ်၊ မင်းသမီးရယ် လူအနေနဲ့က ၂ယောက်ပဲ အတွက် သုံးပွင့်ဆိုင်လို့ပြောလို့မရပေမဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလိုပဲ ရင်ခုန်ရတယ်။ ဒါပေမဲ့ တကယ့် ၃ပွင့်ဆိုင်တွေလို ကောင်မလေးကို မရတဲ့ တစ်ယောက်အတွက် အရမ်း ကြေကွဲပေးစရာမလိုဘူး။ အမှန်တော့ သူ တစ်ယောက်တည်းပဲကိုး။ အဲ့ဒိ အချက်ကို ဒီကား ဇာတ်လမ်းကို ပိုကြိုက်တယ်။ အဆုံးပိုင်းမှာ Personality ၂ ခုကို ပေါင်းတော့လဲ အသေအချာလေး သိမ်းသွားတာကို သဘောကျတယ်။

၅။ KMHM ရဲ့ တချို့ Personality တွေက အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဥပမာ Perry Park, Yo sub (The suicidal boy), ပြီးတော့ Yo Na (အသက်အန္တရာယ် မပေးပေမဲ့ သူ့ သိက္ခာပိုင်းမှာ အတော်ထိခိုက်စေနိုင်တယ်)။
H, J, M ရဲ့ တခြား Personality Robin က သင့်တင့်အောင်နေတတ်တယ်။ သူ့ဟာနဲ့သူ သူပျောက်သွားမှာ ကြောက်ပေမဲ့ အရမ်းတော့ ပြဿနာမများဘူး။ ပြီးတော့ တစ်ခါတစ်လေမလွှဲသာတဲ့အခြေအနေတွေဆိုရင် Seo Jin ယောင်ဆောင်ပြီးတောင် Meeting သွားပေးသေးတယ်။ အန္တရာယ်များတဲ့ တတိယ Personality Terry က တစ်ကားလုံးမှာမှ တစ်ခါပဲ ထွက်လာတာရော။ ပြီးတော့ Terry က Robin ရဲ့ sub personality ဆိုတော့ Main Personality Seo Jin အတွက်ဆိုရင် Sub-sub personality ဖြစ်သွားပြီး သိပ်လဲ ဇာတ်လမ်းအတွက် အထင်ကရမရှိလှတော့ ထည့်မတွက်ဘူး။ သူက Dr. Kang တစ်ယောက်တည်းကိုပဲ ရန်မူတာ။

၆။ H,J, M ထဲက Dr. Kang နဲ့ Dr.Yoon (လူဆိုး) က၊ KMHM ထဲက ဆရာဝန်အနေနဲ့ သရုပ်ဆောင်တဲ့ မင်းသမီးနဲ့ ပါရဂူအဖြစ်သရုပ်ဆောင်တဲ့ ဝတုတ်တုတ်ဆရာဝန်ကြီးထက်စာရင် ရှင်းလင်းချက်တွေနဲ့ သရုပ်ဆောင်ချက်တွေက ကျေနပ်ဖွယ်ရှိတယ်လို့ထင်တယ်။ (အဲ HJM ထဲက လူဆိုးဆရာဝန်က လူတွေအားလုံးကို Hypnosis (စိတ်ညို့) နိုင်တာကို လွန်လွန်ကျူးကျူး တန်ခိုးရှင်လို သုံးထားတာကလွဲလို့ပေါ့)။
၇။ ဒီနောက်ဆုံးအချက်က ကျွန်မ KMHM ကို ဘာလို့ သိပ်မကြိုက်ပဲ H, J, M ကို ဘာလို့ ပိုကြိုက်လဲဆိုတဲ့ အချက်မှာ အများကြီး မူတည်တယ်။
Kill Me, Heal Me ကို ခု အပိုင်း ၁၇ အထိပဲ ကြည့်ရသေးတော့ သူ့ကို ခုလိုပြောရမှာ မတရားသလိုများဖြစ်နေမလားလို့ စိုးရိမ်လို့ ဒီပိုစ့်ကို အားလုံးကြည့်ပြီးမှ ရေးဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ ခုတော့ အားလုံးလဲတောင်းဆိုတယ်။ ဆက်ကြည့်ဖို့လဲ တော်တော်လေး ပျင်းလာလို့ ခုပဲရေးလိုက်တော့မယ်။ တခြားလူတွေရေးတဲ့ ဝေဖန်ရေးတွေနဲ့ မဗေဒါရဲ့ အပြင်က ကိုရီးယားကားကြိုက်သူငယ်ချင်းတွေရဲ့ ပြောပြချက်အရလဲ ဒီ KMHM ကားဟာ မင်းသားရဲ့ ကွဲလွဲတဲ့ personality ၇ ခု က ဘယ်လိုဖြစ်လာတယ်။ ၇ ခုကြီးတောင် ဖြစ်လာရတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတာ သဲကွဲအောင် မရှင်းသွားဘူး။ ထားပါတော့ Shin Se Gi က ဘယ်ကဖြစ်လာတယ်ဆိုတာ ပဲ သဲကွဲတယ်။ ကျန်တဲ့ Personality တွေဖြစ်လာဖို့ လိုအပ်လို့လား? ဥပမာ Perry Park ၊ Perry Park က ဗုံးတွေ တီထွင်ပြီး ဖောက်ခွဲရတာ ကြိုက်တယ်၊ Perry Park အကြောင်းကို ရှင်းတာလို့ ထင်ရတာဆိုလို့ သူငယ်ငယ်က သူ့အဖေက သင်္ဘောကြီး အကြီးကြီးနဲ့ လျှောက်သွားချင်တယ်။ အဲ့သင်္ဘောနာမည်ကို Perry Park လို့ ပေးမယ်လို့ ပြောခဲ့တာပဲရှိတယ်။ အဲ့ဒါနဲ့တင် Personality တစ်ခု ဖြစ်လာစရာလား? အကြောင်းပြချက် မခိုင်လုံးဘူးလို့ထင်တယ်။ အဲလိုပဲ Na Na တို့ ဘာတို့။ Na Na ဆိုတာ မြေအောက်ခန်းက ကလေးမလေးရဲ့ ဝက်ဝံရုပ်နာမည်ဟုတ်? အာ့နဲ့ပဲ Personality တစ်ခုဖြစ်ရောလား? စာရေးဆရာက ပရိတ်သတ်ကို Personality တွေအများကြီးနဲ့ ဟာသတွေ ဘာတွေနဲ့ ကာတွန်းဆန်ဆန် ဆွဲဆောင်ချင်ရုံသက်သက် ထည့်ထားတယ်လို့ခံစားရတယ်။ ဥပမာ ၁၈နှစ် ကောင်မလေး Personality Yo Na က Ri Oh ကို ဖတ်နမ်းတဲ့အခန်း။ K-pop idol တွေနောက် လျှောက်လိုက်တဲ့အခန်း။ မရီရဘူးမပြောပါဘူး။ ရီရပါတယ်။ မင်းသား သရုပ်ဆောင်လဲတော်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအရတော့ သိပ်ကျေနပ်စရာ မကောင်းဘူးလို့ထင်တယ်။ ပြီးတော့ မုန်းစရာ ကောင်းတဲ့ Flashback အခန်းတွေ။ ဒီကားဟာ လူရဲ့ မှတ်ဉာဏ်တွေ စိတ်ပိုင်းဆိုင်ရာတွေအကြောင်းပြသတာဆိုတော့ မှတ်ဉာဏ်ထဲ မေ့နေတာကို အမှတ်တမဲ့ သတိရတဲ့ အခန်းတွေပြသရာမှာ Flashback ကို သုံးတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒီတစ်ခန်းထဲကိုပဲ ထပ်ကာ ထပ်ကာ မင်းသားက သတိရလိုက် မင်းသမီးက သတိရလိုက်ဆိုတော့ တော်တော်လွန်လာတယ်ထင်မိပါတယ်။ အပိုင်း ၁၅ ပြီးခါနီး ပြသွားတဲ့ Flashback တွေကို အပိုင်း ၁၆ အစမှာ ၆မိနစ်ခွဲတိတိ အတူတူတွေပဲကို ပြန်ပြတယ် (အဲ့ Flashback တွေကလဲ ဟိုးအရင်ကတည်းက နည်းနည်း နည်းနည်းစီ ပြဖူးခဲ့တာတွေ)။ အဲ့ ၆မိနစ်ခွဲစာ Flashback တွေပြပြီးတော့ မင်းသားအမေ ဖုန်းပြောတဲ့အခန်း ၁မိနစ်ပြတယ်။ ပြီးလဲပြီးရော မင်းသမီးက ဂိုထောင်ထဲမှာ သတိရလာပြီး စောစောက မင်းသား သတိရသွားတဲ့ Flashback တွေကို မင်းသမီးက နောက်ထပ် ၂မိနစ်စာ ထပ် သတိရပြန်တယ်။ Seriously! Right!... *Roll Eyes* (Should I blame to Director or Editor or production team) အဲ့ အပိုင်း ၁၆ ကို ပြန်ရေတွက်ကြည့်ရင် Flashback အသစ်ကတောင် ခပ်ရှားရှား။ အာ့ ကို သည်းမခံနိုင်တာ။ မင်းသားက သူ့ မှတ်ဉာဏ်တွေ ပြန်ရပါပြီတဲ့။ တခြား Personality တွေက ပျောက်သွားမှာလား? Split personality ဆိုတာ အတိတ်မေ့တာ မှ မဟုတ်တာ။ ပြီးတော့ ငယ်ငယ်က နှိပ်စက်ခံရတာ သူကိုယ်တိုင်တောင် မဟုတ်ဘူး။ ဒါနဲ့ ငယ်ငယ်က နှိပ်စက်ခံရတဲ့သူက မရူးပဲ သူက ဘယ်လိုလုပ်ရူးသတုံး။

Hyde, Jekyll and Me မှာ ကျတော့ ဘာကြောင့် Robin ဖြစ်လာတယ်။ ဘာကြောင့် Terry ဖြစ်လာတယ်ဆိုတာကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ (Medically ခိုင်လုံ မခိုင်လုံတော့ မသိ ပရိတ်သတ်တစ်ယောက်အနေနဲ့တော့ ကျေနပ်တယ်) ပြတယ်။ ပြီးတော့ ဇာတ်သိမ်းမှာလဲ သပ်သပ်ရပ်ရပ် သိမ်းနိုင်တယ်။ Seo Jin ရဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ် ပြင်းပြလာပုံ သူကိုယ်တိုင် ကြိုးစားပြီး စိတ်ကို ထိန်းချုပ်လို့ Robin နဲ့သူ တဖြည်းဖြည်းပေါင်းသွားပုံ စတာတွေကို ပရိတ်သတ် ကျေနပ် လက်ခံနိုင်စဖွယ်ပြသွားတယ်။ သူလဲ အမှန်တော့ Flashback တွေပြပါတယ်။ ပြန်ပေးဆွဲခံရတုန်းက အကြောင်းတွေကို ပြပေမဲ့ KMHM လောက် repeated မဖြစ်သလို လိုအပ်သလောက်ပဲ ဖြတ်ကနဲ ဖြတ်ကနဲပြတယ်။

စောစောက ရေးရင်းနဲ့ အချက် ၈ ကို သတိရတယ်။ ခု ပြန်မေ့သွားပြန်ပြီ။ နောက်သတိရမှပဲ ထပ်တိုးရေးတော့မယ်။ သယ်ရင်းတို့ရော ဘာတွေ ထပ်ထည့်ချင်သေးလဲ?

မဗေဒါကတော့ personally Hyde, Jekyll and Me ကို ပိုကြိုက်တယ်။ ဘာလို့ လူတွေက Kill Me, Heal Me ပိုကောင်းလဲ ပြောနေကြသလဲတော့ မသိ။ ကိုယ်ကတော့ Hyun Bin ကို ပိုကြိုက်တာကြောင့်လဲ ပါမှာပေါ့နော်။ အလုပ်ကနေ အမြန်ပြန်ပြီး သူ့ကို ကြည့်ချင်နေမိတာ။ Ji Sung သရုပ်ဆောင် မကောင်းဘူးပြောတာမဟုတ်ဘူး သူကပိုသရုပ်ဆောင်ကောင်းတယ်။ ဒါပေမဲ့ ကိုယ်က Hyun Bin ပိတ်သတ်လေ။

၂ကားလုံးကို မဗေဒါကတော့ 3/5 Rating ပေးတယ်။

8 comments :

Swant said...

Soul mate ကြိုက်တာချင်းတူ နေပြီ။ ama က KMHM ပဲကြည့်ရသေးတယ်။ H,J,Mတော့ဘယ် တော့စရင်ကောင်းမလဲစဉ်းစားနေတာ။ ama လည်းမင်းသမီးဘာလို့သရုပ် ဆောင် ညံ့ သွားလဲ လို့ထင်နေတာ။ အဝတ်အစားကစ။ secretary ဝင်လုပ်တော့လဲဘောင်းဘီအပြဲနဲ့။ဒါပေမဲ့မင်းသားကကောင်းနေတော့လဲ သည်း ခံရတာပေါ့။ သူတို့၂ယောက်လိုက်ဖက်မှုတော့ရှိပါတယ်လေ။ ဒါနဲ့nanaရဲ့ အကြောင်းကနောက်အပိုင်းမှာပိုရှင်းသွားအောင် ဖြေရှင်းထားတယ်။ပြီးအောင်ဆက်ကြည့်လိုက်နော်။

ZMT said...

မြန်မာစာတွေဖတ်မရဘူးအပြောက်ဝိုက်လေးတွေပဲပေါ်တယ်

ZMT said...

မြန်မာစာတွေဖတ်မရဘူးအပြောက်ဝိုက်လေးတွေပဲပေါ်တယ်

ZMT said...

မြန်မာစာတွေဖတ်မရဘူးအပြောက်ဝိုက်လေးတွေပဲပေါ်တယ်

Anonymous said...

KMHM ကိုကြည့်တုန်းကလဲ DIDဇာတ်လမ်းအဆန်းမို့လို့ရယ် တခြားကြည့်စရာကားမရှိနေလို့ရယ်ကြောင့် ကြည့်ဖြစ်သွားတာ။ အဆုံးအထိ ပျင်းပျင်းနဲ့ကြည့်လိုက်ရတယ်။ မင်းသားက Hyun Binလိုမချောပေမယ့် သရုပ်ဆောင်ကောင်းတယ်။ မင်းသမီးကတော့ ပျင်းစရာကြီး။ ဒိပြင်မင်းသမီးနဲ့ဆိုရင် ပိုကောင်းမယ်လို့တောင် တွေးမိတယ်။ DID ကို ဒီတကားနဲ့တင် အီသွားလို့ Hyde,Jekyll and Me ကို တဆက်ထဲ ဆက်မကြည့်နိုင်တော့တာ။ မေ့လောက်ပြီဆိုတော့မှ ပြန်ကြည့်မယ်။
သန့်

lotusphyu said...

Drama review တို့ ခရီးသွားပိုစ့်တို့  ဆိုရင် no another MaBaydar ပဲ ရှူထောင့်စုံအောင်တင်ပြတတ်တယ် ၂ ကားလုံးကိုကြည့်တယ် ညီမမြင်သလို တွေးသလို မမြင်ခဲ့ မတွေးခဲ့ဘူး အပျင်းပြေ ကြည့် တစ်ခါတစ်လေ ဘာသိဘာသာ နဲ့ပဲပြီးသွားတယ် အမှန်တိုင်းပြောရရင် HMJ ကိုအရင်မစသေးဘဲ စုထားလိုက်တာ တစ်ခြားကားတွေလိုက်ကြည့်တယ် KMHM ကို လဲမစဘူး အကြောင်းက မင်းသားကိုကြိုက်ပေမဲ့ မင်းသမီးကိုမကြိုက်ဘူး သူသရုပ်ဆောင်ကောင်းတာတော့လက်ခံတယ် ဘာကြောင့်မှန်းမသိ သူ့ အသံကိုမကြိုက်တာ နောက်တော့ ကြည့်စရာလဲနည်းနည်းပါးလာတာတစ်ကြောင်း ကောင်းတဲ့အသံထွက်လာတာရောနဲ့  HMJ ကိုစုရင်း အချိန်ဖြန်ုးတဲ့အနေနဲ့ KMHM ကိုစလိုက်တာ အရှိန်ပါသွားတယ် :D KMHM က စုံသွားတယ် ဇာတ်အိမ်၊အချစ်၊အလွမ်း၊၀မ်းနည်း၊အက်ရှင် ပြီးတော့ဟာသ ဒါကြောင့်း ဒီကားက ပိုမဲရသွားတယ်လို့ ထင်တယ်. ၂ ကားလုံးမှာ မင်းသားတွေကိုကြိုက်တယ် KMHM က မင်းသမီး ညီမပြောသလို့ ရုတ်ရက်ခက်နေတာပဲ အိုဗာအော်တယ် ဒီကားထဲမှာ သူအိုဗာဖြစ်နေတယ် ဆံပင်ပုံစံကအစမကြိုက်တာ.. HMJ ထဲကမင်းသမီးကျတော့လဲ သွားမပေါအောင်တမင်များ ပိတ်ပြီးစကားပြောလားထင်ရတယ် တချိန်လုံးမျက်နှာက မရွှန်မလန်းနဲ့ အဆုံးတတ်ရရင် HMJ ကို အပိုင်း၁၅ နောက်ပိုင်းအာရုံနည်းသွားတယ် နောက်ဆုံးပိုင်းကိုမကြည့်ဖြစ်သေးဘူး kmhm တော့ပြီးသွားတယ် :) hunbin ko next drama tway mhar sat myaw nay tot mal :)

mabaydar said...

သန့်... နောက်ထပ် ကြည့်စရာကောင်းတဲ့ ကားတွေ မကျန်တော့မှပဲ ကြည့်တော့... Hyun Bin ကတော့ တအားချော...

Lotus Phyu - ခုလို အသေအချာ ကွန်မန့်ရေးပြီး အားပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
မဗေဒါလို မမြင်တတ်ဘူးဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ? ၂ ကားကြည့်နေရင်းနဲ့ ဒီ ၂ကားက သူများတွေ နှိုင်းယှဉ်ပြောနေပေမဲ့ မတူပါဘူးဆိုတာ သတိမထားမိဘူးလား? အထူးသဖြင့် မဗေဒါ ပိုစ့်ကို ဖတ်ပြီး ကိုယ့်စိတ်ထဲ ခုလုခုလုဖြစ်နေတာတွေနဲ့ အကြောင်းတိုက်ဆိုင်သွားတဲ့ အခါတွေရှိလား? မဗေဒါလဲ HJM ကို အပိုင်း ၁၈ ထိ ပြပြီးမှ အေးဆေး စကြည့်တာ... ဒါပေမဲ့ Hyun Bin ကို ကြည့်ပြီးရင်ကြည့်ချင်တာရော။ မင်းသမီး သရုပ်ဆောင် မကောင်းပေမဲ့ အဲ့မင်းသမီးနေရာလို ခပ်ချောချော ကောင်းလေးတစ်ယောက်တည်းကို မရိုးရတဲ့ စတိုင် ၂မျိုးနဲ့ တွဲရတာကို နည်းနည်းတော့ အားကျသား.. ခွိ.... မင်းသမီး သွားမပေါ်အောင် စကားပြောတယ်ဆိုတာတော့ အစ်မပြောမှ မဗေဒါလဲ စိတ်ထဲ ခုနေတာကြီး အဖြေပေါ်သွားတယ်.. အစ်မလဲ မဗေဒါ မမြင်တာတွေကို သေချာ ကြည့်တတ်တယ်။ မဗေဒါကတော့ ခုထိ KMHM ကို အပိုင်း ၁၈ က မတက်တော့ဘူး.. မင်းသမီး အသံရယ် Flashback တွေရယ်ကို တော်တော်လေး သည်းမခံနိုင်ဖြစ်နေတယ်...

Anonymous said...

တိတ်တိတ်လေးလာဖတ်ပြီးသွားပါပြီ။နှစ်ကားစလုံးဆုံးအောင်မကြည့်ရသေးပါ။ သူreview့ ရေးတာနဲ့ကော်မဲန်းတွေဖတ်တာနဲ့တင်ပြည့်စုံနေပီ။

yum