Friday, April 24, 2015

Problem with Being Straightforward


မဗေဒါဘလော့ကိုဖတ်ရတာ ပွင့်ပွင့်လင်းလင်းရှိတယ်။ အဲ့ဒါကြောင့် ဖတ်ရတာကောင်းတယ်လို့ ပြောလာတဲ့ စာဖတ်သူတွေရှိရင် မဗေဒါ စိတ်ထဲ စိုးရိမ်စိတ်လေးဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ အပြင်လောကမှာတော့ မဗေဒါရဲ့ တည့်ထိုးအိုးပေါက် ပွင့်လင်းပြောဆိုမှုကြောင့် ပိဿလေးနဲ့ ဘေးပစ်သလိုဖြစ်သွားတဲ့ အဖြစ်အပျက်မျိုးတွေရှိသလို။ မဗေဒါကို တဖြည်းဖြည်း ချဉ်သွားကြတဲ့ အပေါင်းအသင်းတွေလဲ ရှိပါတယ်။ အထူးသဖြင့် မဗေဒါစိတ်ထဲက ရင်းနှီးလေ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောလေဖြစ်တာကြောင့် မဗေဒါနဲ့ ကြာကြာပေါင်းဖြစ်နေသေးတဲ့သူဆိုတာ လက်ချိုးရေလို့ရပါတယ်။ အဲ့ဒိလူတွေလဲ မဗေဒါကို ချဉ်ခဲ့တဲ့ အခါတွေရှိကောင်းရှိပေမဲ့ စိတ်ထဲမထားပဲ အချိန်တော်တော်ကြာပေါင်းဖြစ်တဲ့အတွက် ထိုသူတွေကို ကျေးဇူးတင်ပါတယ်။ (သတိထားမိသလောက် မဗေဒါရဲ့ လက်ချိုးရေလို့ရတဲ့ အခင်ဆုံးသူငယ်ချင်းတွေအကုန်လုံးနီးပါးက သူတို့အကြောင်း အလွန်မှ လျှိုကြတဲ့သူတွေများပါတယ်။)

အဲ့ဒါကြောင့် မဗေဒါနဲ့သာ စာဖတ်သူတွေ အပြင်မှာ ခင်မင်ခွင့်ရမယ်ဆိုရင် မဗေဒါရဲ့ ပွင့်လင်းမှုကို သည်းခံနိုင်ကြပါ့မလားလို့ စိုးရိမ်မိရင်း အောက်က ဆောင်းပါးလေးကို ရေးချင်လာမိတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင်ပဲ စိတ်ထဲရှိတဲ့အတိုင်း နေတတ်၊ပြောတတ်တဲ့ သူတစ်ယောက်အတွက် ကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဟန်ဆောင်စရာမလိုအပ်ပဲ ကိုယ့်စိတ်ရင်းအတိုင်းပြောဆိုတဲ့အတွက် စိတ်မလုံမလဲဖြစ်မနေတတ်ပါဘူး။ ဖုံးအုပ် ဟန်ဆောင်နေစရာ သိပ်မရှိတဲ့အတွက် တစ်လိမ်ပေါ် နှစ်လိမ်ဆင့်ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတော်တော်များများ မရှိပါဘူး။ ကိုယ်ဘာလိုချင်လဲဆိုတာကို အသေအချာသိတဲ့အပြင် အဲ့ဒိ ကိုယ်လိုချင်တာကိုလဲ သွယ်ဝိုက်ပြီး လျှောက်မပြောနေပဲ တခြားလူတွေ သိအောင် တည့်တည့်ပြောရမှာလဲ ဝန်မလေးတဲ့သူတွေပေါ့။ သူတို့ဟာ ဆုံးဖြတ်ချက်ကို အသေအချာချဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတွေဖြစ်ပြီး ဆုံးဖြတ်ချက်မှားသွားခဲ့ရင်လဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတဲ့အတွက် နောင်တသိပ်မရှိတတ်ပါဘူး။ သူတို့ဟာ သူငယ်ချင်းအပေါင်းအသင်းတွေကိုလဲ စိတ်ရင်းအတိုင်း (Sincere) ဖြစ်ဖြစ်ပေါင်းလေ့ရှိတဲ့အတွက် သူတို့ စိတ်ထဲမှာ အထီးကျန်ဆန်မှုဆိုတာ သိပ်မရှိပါဘူး။ ၂မျိုးပဲရှိမယ်။ သူတို့ ခင်ရင်ပေါင်းမယ်၊ မခင်ရင် မပေါင်းဘူး။ မခင်ပဲနဲ့ ဟန်လုပ်ပေါင်းနေရင် ဘယ်လောက် အပေါင်းအသင်းများများ ကိုယ့်စိတ်ထဲက သူငယ်ချင်းအပေါင်းအသင်းရဲ့ နွေးထွေးမှုကို မခံစားနိုင်တဲ့အပြင် ကိုယ့်စိတ်နဲ့နှိုင်းပြီး အားလုံးကို လိုက်သံသယဝင်နေတဲ့အတွက် အမြဲပဲ အထီးကျန်သလိုဖြစ်နေတတ်တယ်လို့ ထင်ပါတယ်။

သူတို့ဟာ သူတို့ကိုယ်တိုင်လဲ စိတ်ထဲရှိတာတွေကိုပြောတတ်သလို။ သူများတွေကိုလဲ အဲ့လိုပဲ ပြောဖို့ မျှော်လင့်တတ်ကြတယ်။ ကံဆိုးစွာပဲ လူတော်တော်များများက သူတို့လို မဟုတ်တဲ့အတွက် အသိုင်းအဝိုင်းကြားမှာ အရိုင်းအစိုင်း၊ စကားပြောလို့မကောင်းသူ၊ ကိုယ်ချင်းမစာတတ်သူ စသည်ဖြင့် နာမည်တပ်ခံရလေ့ရှိပါတယ်။ တစ်ခါတစ်လေ ပွင့်လင်းမှုဆိုတာ တစ်ချို့လူတွေအမြင်မှာ ရိုင်းနေတတ်သေးတယ်လေ။ ဒီတော့ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတွေ ကြုံတွေ့နေကျ အချက်လေးတွေကို အင်တာနက်မှာတွေ့သလောက် ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်လေးတွေကို ရေးချပါရစေ။

၁။ သူတို့ရဲ့ စိတ်ရင်းအတိုင်း ပြုမူခြင်း၊ ဖွင့်ပြောခြင်းဟာ တစ်ခါတစ်လေမှာ ရိုင်းစိုင်းမှုအဖြစ်ထင်မြင်ခံရတယ်။



သူတို့ဟာ သူတို့ စိတ်ထဲမှာတွေးတဲ့အတိုင်း ပါးစပ်က ထွက်လာတတ်တယ်။ တစ်ယောက်ယောက်ကများ ကိုယ်မကြိုက်တာလုပ်နေရင် အဲ့ဒိလူ နာကျင်ပါစေဆိုတဲ့ စိတ်ထားမရှိပေမဲ့ သူတို့ ပါးစပ်က အလိုလို ပြောမိလိုက်ရောပဲ။

ဖြစ်စဉ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့စိတ်ထဲရှိတာကို မပြောပဲ သွယ်ဝိုက်ပြောနေရင် တည့်တည့်ပြောဖို့ ဒဲ့မေးထည့်လိုက်တာမျိုး။ ရထားပေါ်မှာ ရေမွှေးပုလင်းမှောက်အောင် စွတ်လာတဲ့ လူဘေးလာရပ်ရင် ပေါ်တင်ပဲ နှာခေါင်းပိတ်နေတာမျိုး။

၂။ သူတို့ပြောလိုက်တဲ့စကားကြောင့် တစ်ချို့လူတွေခံရခက်ခက်ဖြစ်တတ်တယ်။ (တစ်ခါတစ်လေ စိတ်ဆိုးသွားတဲ့အထိပဲ)


သူတို့က သူတို့အတွေးနဲ့ နာကျင်လိုစိတ်မပါပဲ ပြောလိုက်တဲ့ စကားတွေကြောင့် လူတွေ စိတ်ဆိုးသွားတဲ့ အခါတွေနဲ့ အများကြီး ကြုံရတယ်။ လူတော်တော်များများက စကားကို အထအနကောက်တတ်ကြတဲ့အတွက် လူတော်တော်များများဟာ သူတို့မရည်ရွယ်တဲ့ အဓိပ္ပါယ်တွေကောက်ပြီး ဖင်နာသွားတတ်ကြတယ်။ ဒါပေမဲ့ အဲ့လို ဖင်နာတွေကိုလဲ သူတို့ဟာ သိပ်လဲ ဂရုစိုက်မနေတတ်တဲ့အတွက်ကြောင့် သူတို့ရဲ့အကျင့်ကိုလဲ ပြင်ဖို့ စိတ်ကူးမရှိဘူး။

တစ်ခုတော့ရှိတယ်။ အဲ့လိုဖင်နာတွေများလာပြီး စုမိသွားရင်တော့ သူတို့ရဲ့လူမှုအသိုင်းအဝိုင်းပွဲတွေမှာ ကိုယ့်ကို မဖိတ်တော့တာတို့။ Gathering လုပ်ရင်တောင် ကိုယ့်ကိုချန်ခဲ့တာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး သူတို့ကလဲ အဲလို ဟန်ဆောင်ပေါင်းသင်းရမဲ့ နေရာမျိုးတွေကို အပင်ပန်းခံပြီးမှ မသွားချင်တာ။

ဖြစ်စဉ်။
လူ၁။ ။ ငါဗီယက်နမ်ကော်ဖီသောက်ချင်လို့ ဘယ်မှာဝယ်ရမလဲ မသိဘူး။
လူ၂။ ။ ငါ့ဆီမှာ တစ်ထုတ်ရှိတယ်။ ဖောက်တော့ဖောက်ပြီးသားပဲ ဒါပေမဲ့ နင်လိုချင်ရင်ပေးမယ်။
မဗေဒါ။ ။ (စိတ်ကောင်းစေတနာကောင်းနဲ့ လူ၁ ယူရမှာ အားနာနေမှာစိုးတဲ့ အတွေးနဲ့ ဝင်ပြော)နင်အားမနာနဲ့နော်။ လူ၂ က ဝယ်ပြီးမှ မကြိုက်လို့ မသောက်ချင်တော့လို့ နင်စိတ်အေးအေးနဲ့ ယူလို့ရတယ်။
လူ၁။ ။(တော်သေးသည်။ စိတ်တော့မဆိုးသွားပေမဲ့ ခံရခက်သွားသော ပုံစံဖြင့် ရီကာပြန်ပြောသည်) နင်ကတော်တော် တည့်ထိုးပြောတတ်တာပဲ။ အရောင်းဝန်ထမ်းလုပ်လို့တော့ ဖြစ်မှာမဟုတ်ဘူး။

စာကြွင်း။ ။ ပြီးခဲ့တဲ့အပတ်ကမှ အဲ့ကိစ္စဖြစ်သွားလို့ ဒီပိုစ့်ရေးချင်သွားမိတာဖြစ်သည်။ ထိုသူက စိတ်ထဲမှတ်ပြီး စိတ်ဆိုးတတ်သည့် လူမျိုးမဟုတ်ပဲ မဗေဒါကို နားလည်သောကြောင့် တော်သေးသည်။ မဗေဒါမှာ အဲ့လိုမျိုး အဖြစ်အပျက်တွေ အများအပြားရှိသည်။ ကိုယ်ကတော့ ကိုယ့်စိတ်နဲ့ ယှဉ်ပြီးပြောချင်းဖြစ်သည်။ သူယူရမှာ အားနာနေမှာစိုးသဖြင့် တစ်ဖက်လူအတွက်လဲ အလကားဖြစ်နေမဲ့အတူတူ တစ်ဦးတစ်ယောက်အတွက် အသုံးဝင်သွားတာ ပိုတောင်ကောင်းသေးသည် ဆိုသည့်အတွေးဖြင့်ပြောခြင်းဖြစ်သည်။ ကိုယ့်ကို ခုလိုပြောလျှင်လဲ စိတ်ဆိုးမည်မဟုတ်။ သူများပစ္စည်းဟူသည် အလကားရသည်မရှိ။ ကိုယ့်ကို အလကားတစ်ခုခုလာပေးနေလျှင် နောက်တွင် ရည်ရွယ်ချက် တစ်ခုခုရှိသည်ချည်း။ အဲ့ဒါကြောင့် ခုလို ပိုနေလို့၊ မလိုချင်တော့လို့၊ မကုန်လို့ ပေးသည်ဆိုသည့် အကြောင်းပြချက်သည် မဗေဒါအတွက်တော့ စိတ်သန့်သန့်လက်ခံချင်သော အကြောင်းပြချက်များဖြစ်သည်။ ဒါကို တော်တော်များများကတော့ အကျန်မို့ပေးသည်။ သူများမလိုချင်တာယူရတာ အောက်ကျသည်။ စသည်ဖြင့် ဘာလို့အတွေးချော်ကြမှန်းတော့ နားမလည်နိုင်။ သူများမလိုချင်လို့ပေးသည်ဆိုလျှင်တောင်မှ ကိုယ့်အတွက် အသုံးဝင်နေဖို့က အဓိက မဟုတ်ပါလား။ အကြောင်းပြချက်သိတော့ စိတ်အေးလက်အေးတောင် ယူလို့ရသေးတယ် မဟုတ်ပါလား။ မဗေဒါအတွက်တော့ လူတစ်ယောက်က ကိုယ့်ကို တမင်တကာ နှိမ်ချင်လို့ ထိုသို့အကြောင်းပြချက်များဖြင့် ကိုယ်လိုအပ်နေသည့်အရာတစ်ခုကို လာပေးလျှင်တောင် နှိမ်သည်ဟု ထင်မိမှာ မဟုတ်သည့်အတွက် သိမ်ငယ်သွားမှာ မဟုတ်တဲ့အပြင် ထိုသူ၏ နှိမ်ရန် ကြိုးပမ်းမှုသည် အချည်းနှီးသာဖြစ်သွားပေလိမ့်မည်။

၃။ သူများအတွက် နာကျင်နေလျှင်တောင် အမှန်တွေချည်း မြင်တဲ့အတိုင်းပြောတတ်သည်


လူတော်တော်များများက အမှန်ကို အမှန်အတိုင်းလက်ခံနိုင်ကြသူ ရှားသည်။ သို့သော် သူတို့ကတော့ အမှန်အတိုင်းပင်ပြောအုံးမှာပဲဖြစ်သည်။ တခဏတာ အနာကျက်အောင် ဖြေသိမ့်ပေးလိုက်ခြင်းသည် နောက်ပိုင်းတွင် အနာပုတ်သိုးသွားပြီး ကုရာနတ္ထိဆေးမရှိသည်အထိကြီးသွားနိုင်သည်ဟု သူတို့ ယုံကြည်သည်။ ထိုသို့ အဖြစ်ခံမည့်အစား အရှိကို အရှိအတိုင်း ကောက်ချက်ချ အကြံပေးတတ်ကြသည်။
အသည်းကွဲသူများအတွက်တော့ သူတို့ကို ရင်ဖွင့်အကြံဉာဏ်တောင်းရန် ရှောင်သင့်သည်။ သူတို့က သင့်ခံစားချက်ကို နားလည်ပေးနိုင်သော်လည်း အခြေအနေ အမှန်အတိုင်းကိုသုံးသပ်ဖွင့်ပြောမည်ဖြစ်သဖြင့် တဖက်လူကြားချင်သော၊ တစ်ဖက်သား လိုချင်သော စကားလုံးများ အကြံဉာဏ်များကို ပေးချင်မှ ပေးလိမ့်မည်။

ဖြစ်စဉ်။ ။ အကြီးအကျယ်အသည်းကွဲနေသော ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်က သူ့ကို ပက်ပက်စက်စက် ညာချကာ ပစ်သွားသော သူ့ချစ်သူကောင်မလေးကို လက်ဆောင်ပစ္စည်းများထပ်ပေးလျှင် ပြန်ရနိုင်မည်ထင်ပါသည်ဟု ရှိုက်ကြီးတငင်ငိုကာပြောနေသည်။ သူဘယ်လောက် အနစ်နာခံချစ်ခဲ့ပေမဲ့ ထိုကောင်မလေးက သူ့ကိုထားသွားကြောင်း။ ဒါပေမဲ့ ထိုကောင်မလေးက ပြန်လက်ခံမည်ဆိုလျှင် ပြန်ဆက်ချင်ကြောင်းပြောနေသည်။ သူပြောသမျှ မဗေဒါ နားထောင်ပေးသည်။ အသည်းကွဲသည်ဆိုသည်ကို မဗေဒါလဲ ခံစားဖူးသဖြင့် ထိုသူကို အကြွင်းမဲ့ ကိုယ်ချင်းစာသည်။ ဒီတစ်ဒင်္ဂ အချိန်လေးကိုသာ ကျော်ဖြတ်နိုင်လျှင် သူ့အတွက် ထိုက်တန်သူနောက်တစ်ယောက်နှင့် ထပ်တွေ့နိုင်သေးသည်ဟု ယုံကြည်သည်။ ထိုအချိန်တွင်သူက

အသည်းကွဲသူ။ ။ ငါဘာဆက်လုပ်ရမလဲ? သူငါ့ကို သံယောဇဉ်တော့ ရှိအုံးမှာ ဟုတ်တယ်မဟုတ်လား?

မဗေဒါ။ ။ (အလွန်တရာမှ ကိုယ်ချင်းစာသော မျက်နှာဖြင့်)။ ငါ့အမြင်တော့ နင့်အဖြစ်က တော်တော်နွားကျနေပြီ။

ထိုသူ ‘အင်’ကနည်းတော့ ဖြစ်သွားသည်။ ကိုယ်အပြင်လူအနေနဲ့ အမြင်အရတော့ ထိုကောင်မလေးကို ပြန်ရလျှင်ရော သူတို့ Relationship က အရင်အတိုင်း အက်ရာမရှိပြန်ကောင်းမည်ဆိုသည်မှာ မဖြစ်နိုင်။ ကောင်မလေးနဲ့ ပြန်ဖြစ်နိုင်ပါသေးတယ်ဆိုပြီး မဟုတ်တာကို ယာယီနှစ်သိမ့်မှုပေးကာ ရောဂါလဲ မရှည်ကြာစေချင်။ အသည်းကွဲသူအတွက် ပထမအဆင့်က ပြတ်သွားပြီဆိုတာကို အသိအမှတ်ပြုဖို့ပဲ မဟုတ်ပါလား။ သူပြောသမျှ နားထောင်ပေးရင်း ကိုယ်ပြောချင်နေတာတွေကို မပြောပဲ ပါးစပ်ပိတ် ထားနိုင်သေးသည်။ ခုလို မဗေဒါရဲ့ အမြင်ကို သူမေးတော့လဲ အမှန်အတိုင်းဖြေရမည်ပင်။

၄။ တပါးသူကို မျှော်လင့်ချက်အတုအယောင်ပေးခြင်းသည် တစ်ခါတည်း ရှင်းရှင်းလင်းလင်းပြောလိုက်ခြင်းထက် ပိုရက်စက်သည်ဟု ထင်သည်။


သူတစ်ပါး ခံစားချက်ကို နာကျင်သွားမည်စိုးသည်ကို သိပ်မစဉ်းစားတတ်။ အဲ့လိုအတွေးမျိုးကိုး လုံးဝခေါင်းထဲမရှိသူ။
တချို့သူတွေအထင်မှာ “ငါဒါမျိုးတိုက်ရိုက် ပြောလိုက်ရင် ဘယ်သူ့ကတော့ နာကျင်သွားလိမ့်မယ်” ဆိုတဲ့ အခြေအနေမျိုးတွေမှာ သူတို့ကတော့ သူတို့ စိတ်ထဲတွေးတဲ့အတိုင်း ဘယ်အချိန်မေးမေးပြောမည်သာ။

ဖြစ်စဉ်။ ငယ်ငယ်က စကားလိုက်ပြောသော လူတစ်ယောက်ကို သူ့ထက် သူ့ညီကို ခင်ချင်တာဖြစ်ကြောင်း၊ သူအထင်လွဲပြီး ရောဂါပိုရင့်သွားမှာစိုးလို့ ရှင်းပြလိုက်သည်။ သူပဲ ချစ်ပါသည် အရင်ကတော့ လိုက်ပြောပြီးတော့ နောက်ပိုင်း လမ်းတွေ့လျှင်တောင် ထိုသူက ကိုယ့်ကို မျက်စောင်းစထိုးသည်။ ခက်ပါရောလား။ အဲ့လိုမပြောပဲ ကြိုးရှည်ရှည်နှင့် လှန်ပြီး သူ့ကို အသုံးချမည့် မိန်းမမျိုးက ပိုမရက်စက်ပေဘူးလား?

၅။ သူဌေးအစရှိတဲ့ အကြီးအကဲများလဲ သိပ်မကြောက်တတ်။ ဒါပေမဲ့ ကိုယ့်အကျင့်ကိုယ်သိသဖြင့် အတတ်နိုင်ဆုံး ခပ်ဝေးဝေးနေသည်။


တခြား လုပ်ဖော်ကိုင်ဖက်တွေက အကြီးအကဲမို့ ကပ်ဖားကာ အကြိုက်လိုက်ပြော၊ လိုက်လုပ်နေတတ်ပေမဲ့ သူတို့ကတော့ အဲလိုမဟုတ်။ ကိုယ့်ထက်ရာထူးကြီးလို့ လေးစားသမှုပေးသလို သူ့ရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြု အလေးထားသော်လည်း လူလူချင်းတန်းတူဟုသာမြင်သည်။

သူတို့ကိုပေးသမျှ အလုပ်တွေကို တာဝန်ကျေအောင်လုပ်ပေးတတ်ကြသော်လည်း သူတို့ကို နှိမ်ချိုးပြီးပြုမှုခိုင်းစေသည့်ကိစ္စများကိုတော့ သူတို့ လက်ခံမည်မဟုတ်ချေ။ ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်လုပ်စာကိုယ်စားနေသူချင်းအတူတူ သူတို့သည်လဲ လေးစားမှုခံယူထိုက်သူဟု ယုံကြည်သည်။

ထို့ကြောင့်သူတို့သည် သဘောကောင်းသော သူဌေးများဖြင့်သာ သင့်တော်တတ်သည်။ အမြှောက်ကြိုက် ဘက်လိုက်သော သူဌေးများ မျက်မုန်းကျိုးသည်။ လစာဘယ်လောက်ကောင်းကောင်း အခွင့်ရေးဘယ်လောက်ရရ “Devil wear prada” ကားထဲက သူဌေးမျိုးကိုဆိုလျှင်တော့ အလုပ်မထွက်ခင်ကို အသေအချာ စိတ်ထဲရှိတာ ပြောပြီးမှ ထွက်မည့်သူစား။ (Back stub တော့ လုပ်မည်မဟုတ်)။

ဖြစ်စဉ်။ ။ GM က မဗေဒါကို report တစ်ခု ပြင်ဆင်ခိုင်းသည်။ မဗေဒါပြင်ထားသမျှကို အကြိမ်ကြိမ် perfect မဖြစ်သရွေ့ ပြင်ခိုင်းသည်။ သူထောက်ပြသမျှ အကြောင်းပြချက်တွေခိုင်လုံနေသည်ဟု လက်ခံသဖြင့် မညီးမငြူ ပြင်ပေးခဲ့သည်။ နောက်ဆုံးတစ်ခေါက်တွင်တော့ သူပြောသည့်အကြောင်းပြချက်သည် သိပ်မခိုင်လုံဟုထင်သဖြင့် Department တစ်ခုလုံး၏ GM ကို ကိုယ့်အမြင်လေး ပြန်ပြောမိတော့သည်။

GM။ ။ ဒီမှာကြည့် ဒီလိုင်းလေးကို ဟောဒီလိုလေး နည်းနည်းလေး ကျဉ်းလိုက်ရင် ပိုကြည့်မကောင်းသွားဘူးလား။

မဗေဒါ။ ။ (ကိုယ့်အမြင်အရတော့ ပိုကြည့်မကောင်းသွားပါ ဒီတော့…) ဒါကတော့ တစ်ဦးတစ်ယောက်ရဲ့ အကြိုက်နဲ့ပဲ ဆိုင်မယ်ထင်တယ် သူဌေး။ ဒါပေမဲ့ သူဌေးလိုချင်သလို ပြင်ပေးပါ့မယ်။ ကျွန်မကတော့ စောစောကဟာ ပိုကြည့်ကောင်းတယ်လို့ ထင်ပါတယ်။

သူဌေးကလဲ သူ့ဟာ မကောင်းဘူးပြောရင် မကြိုက်တဲ့သူဆိုတော့ သူ့အကျင့်အတိုင်း “ No… No. No No” ဆိုပြီး ပြန်ညင်းနေသေးတယ်။ မဗေဒါလဲ “ဟုတ်။ ပြင်ပေးမယ်” စိတ်ထဲကတော့ နင့်အကြိုက် ဆိုတာလေး ရှေ့ကထည့်ပြောလိုက်တာပေါ့။

၆။ ဒုံးဝေးတဲ့ သူတွေ၊ အလိုက်ကန်းဆိုး မသိတဲ့သူတွေ၊ ငကြွားတွေ အတွက် သည်းခံနိုင်စွမ်း သိပ်မရှိဘူး။


ငတုံးတွေနဲ့ ပတ်သတ်ရပြီဆိုရင် သူတို့ကို နားလည်သည်းခံ စိတ်ရှည်ဖို့ထက် ကိုယ့်မျက်လုံးသာ ကိုယ် အက်ဆစ်နဲ့ပက်လိုက်ချင်သလို သူတို့ ခံစားရတယ်။
ငတုံးတွေ ငကြွားတွေအတွက် သင့်အချိန်ကိုပေးနေရတယ်လို့ ထင်လာရင် သူတို့အရင်ဆုံးအဲ့ဒိနေရာကနေ ထထွက်သွားဖို့ လိုလာပြီလို့ထင်တယ်။ အဲလိုမှပဲ သူတို့ကို မအော်မိ၊ မျက်နှာပေး မပေးမိမှာလေ။
ဖြစ်စဉ်။ ။ အလုပ်ထဲမှာ ကိုယ်နဲ့အလုပ်အတူဝင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ကိုယ့်အဖေအရွယ်လောက်ဆိုတော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ သူလုပ်ထားပြီး ပြဿနာကြီးပြီဆိုမှ ခွင့်တွေကောက်ယူပြီး ကိုယ်က သူ့ပြဿနာတွေကို urgent ဆိုပြီး ဒိုင်ခံဖြေရှင်းရတယ်။ ကိုယ်ဖြေရှင်းပြီးတော့ သူခွင့်ကပြန်လာပြီး။ I know, I know လုပ်တယ်။ ဘာတွေလုပ်ဖို့ လိုအပ်သေးတယ်။ မသိရင်မေးပါပြောလဲ I know, I know လုပ်တယ်။ နောက်ပိုင်း အလုပ်တွေအကုန် ကိုယ်ပဲ ဒိုင်ခံလုပ်တယ်။ သူလုပ်လို့ ပြဿနာကြီးလာလို့ ဖြေရှင်းရတာထက် ကိုယ့်ဟာကိုယ်တစ်ကြိမ်ပဲ လုပ်ရတာ ပိုအဆင်ပြေတယ်။ သူကတော့ လူကြီးကို မလေးစားဘူးလို့စွပ်စွဲတယ်။

ငကြွားတွေနဲ့တွေ့ရင်တော့ စိတ်ရှိရင် မသိချင်ယောင်ဆောင်ပြီးပဲ နားထောင်တယ်။ အပျင်းပြေပေါ့။ ဘယ်လောက်များကြွားနိုင်မလဲလို့။ စိတ်မရှိရင်တော့ ထထွက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေနဲ့ပြောတာ လူတိုင်းပြောနိုင်တယ်။ အနောက်က အလုပ်နဲ့သက်သေမပြနိုင်ရင်တော့ ငကြွား၊ ငပေါကြီးတွေပဲ ဖြစ်ကြမှာပဲ။

၇။ သူတို့လို ပွင့်ပွင့်လင်းလင်း မနေနိုင်တဲ့သူတွေက သူတို့ကို မျက်မုန်းကျိုးလာကြတယ်။


သူတို့က သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံသလောက် ဟန်ဆောင်ပန်ဆောင်လုပ်သူတွေ မနာလိုတိုရှည်ဖြစ်နေတဲ့ သူငယ်ချင်းတွေကို သိတာနဲ့ သူတို့ဘဝထဲက ထုတ်ပြစ်ဖို့ ဝန်မလေးကြဘူး။ သူတို့က အမြဲ တည့်တည့်မတ်မတ်ပဲနေတတ်တဲ့သူတွေလေ။ ကွေ့ကောက်နေတဲ့ အပေါင်းအသင်းပေါင်းပြီး ၂ဦး ၂ဘက်ဘာအကျိုးရှိမှာလဲ လို့ တွေးတတ်ကြတယ်။
ဖြစ်စဉ်။ ။ တော်တော်လေး ရင်းနှီးပြီးမှ ကိုယ့်အပေါ် စိတ်ရင်းမမှန်၊ နောက်ကျောဓားနဲ့ထိုးတဲ့ သူငယ်ချင်း ၂ယောက်ကို ဘဝထဲက လုံးဝမေ့ထားတယ်။ ဒေါသထွက်တယ် စိတ်ဆိုးတယ်ဆိုတာတွေနဲ့တောင် မထိုက်တန်ဘူးလို့ထင်တယ်။

ဘာရယ်မဟုတ်ပါဘူး။ ဘလော့လေးကို ပုံမှန် Update လေးလုပ်ချင်တာနဲ့ ရေးလိုက်တာပါ။
မဗေဒါ စာဖတ်သူတွေမှာရော ခုလိုမျိုး Straightforward လူမျိုးတွေရှိလား? ဘယ်အချက်တွေတိုက်ဆိုင်လဲ?
မဗေဒါလို လူ့ဂွစာနဲ့ အပြင်မှာတွေ့ရင်ရော စိတ်မဆိုးပဲ ဘယ်လောက်ကြာကြာနေနိုင်မယ်ထင်လဲ?
သိပ်တော့ မလန့်ပါနဲ့။ ခုမှ စတွေ့တဲ့သူကို တန်းပြီး Straightforward အရမ်းဖြစ်တဲ့အထိတော့ မဗေဒါ အခြေအနေက မဆိုးသေးပါဘူး။ :P

Tuesday, April 21, 2015

Where to buy Myanmar Groceries in Singapore


စင်္ကာပူမှာနေပြီး စင်္ကာပူရဲ့ နေထိုင်မှုအကြောင်းကျတော့ သိပ်မရေးဖြစ်ဘူး။ ကိုယ်နဲ့အနီးဆုံးနေရာဆိုရင် အထူးတလည်လုပ် ပြောဖို့ မေ့နေတာလေ။ ရန်ကုန်မှာနေတုန်းက ရွှေတိဂုံဘုရားပေါ် ဘယ်တော့မှ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သလိုပေါ့။

ခုတော့ မဗေဒါ ဘလော့ဖတ်သူတွေထဲမှာ စင်္ကာပူကမဟုတ်တဲ့သူတွေ၊ စင်္ကာပူ မလာဖူးပေမဲ့ နောက်လာဖို့ စိတ်ကူးရှိသူတွေအတွက် အသုံးဝင်မယ်ထင်လို့ ပြောပြချင်လာတယ်။ စင်္ကာပူမှာနေနေတဲ့သူတွေအတွက်ကတော့ မသိသေးဘူးဆိုရင် တိုက်ရိုက်တော်တော်လေး အသုံးဝင်မယ်လို့ မျှော်လင့်တယ်။ သိနေပြီးသားဆိုရင်တော့ မဗေဒါ ကျန်ခဲ့တဲ့ အင်ဖိုများရှိရင် ကွန်မန့်မှာ ဖြည့်စွက်ပေးသွားပေါ့နော်။
ဘာရယ်တော့မဟုတ်ပါဘူး ဟိုနေ့က အင်ဥနဲ့ ကန်စွန်းရွက်ကြော် စားချင်လာတာနဲ့ အင်ဥသွားဝယ်ဖြစ်တယ်။ မြန်မာပြည်မှာတောင် တစ်ခါတစ်လေ ရာသီပေါ်မှ စားရတဲ့ အင်ဥက စင်္ကာပူက ယိုးဒယားဈေးလို့ မြန်မာတွေ အသိများတဲ့ Golden Mile Complex မှာ ဆီသွပ်ဘူး ပုံစံမျိုးနဲ့ ရာသီတိုင်းဝယ်လို့ရတယ်။

ပြီးတော့ မြန်မာဆိုင်တွေရှိတဲ့ ပင်နီဆူလာ ပလာဇာမှာ ဈေးကြီးပေးရတဲ့ အစားအစာတွေကို အဲ့မှာ ဈေးချိုချိုနဲ့ရတယ်။ ဥပမာ သရက်သီး အစိမ်းတို့၊ ဒညင်းသီးတို့ (ဒညင်းသီးဆိုရင် ပင်နီဆူလာမှာ ၅လုံးကို ၂ဒေါ်လာနဲ့ရောင်းတယ်။ ယိုးဒယားဈေးမှာ ၁၀လုံးကို ၁ဒေါ်လာပြား ၂၀နဲ့ ရတယ်။ အင်း မြန်မာဒညင်းသီးကတော့ ပိုကြီးပြီး ပိုစီးတာပေါ့နော်။ ဒါပေမဲ့ ယိုးဒယားဈေးက ဒညင်းသီးလဲ မြန်မာဒညင်းသီးလောက် မရင့်ပေမဲ့ စားလို့ကောင်းပါတယ်)။

ယိုးဒယားဈေးကို မရောက်တာ အတော်ကြာပြီဆိုတော့ မြန်မာတွေစားတဲ့ အသီးအနှံတွေ၊ သုံးတဲ့ ပစ္စည်းပစ္စရာတွေ ရမှန်းသိပေမဲ့ အရေးရယ်အကြောင်းရယ်ဆို အဲ့မှာဝယ်ဖို့ သတိမရဘူး။ အာ့ကြောင့် မဗေဒါရဲ့ မင်္ဂလာဆွမ်းကြွေးနေ့မှာ သုံးဖို့ ငွေကရားနဲ့ ဖလားကို မြန်မာပြည်ကနေ ခက်ခက်ခဲခဲ ပတ်ဝယ်ပြီး သယ်လာရတယ်။

ဘယ်လိုသွားရလဲဆိုတော့ Lavender Mrt မှာဆင်း။ ICA building ကြီးနောက်ဘက်က မြောင်းကြီးရှိတဲ့ဘက်ကို တည့်တည့် လျှောက်လာ။ နောက်ထပ် လမ်းမကြီးတစ်ခုကို ကူး။ တိုက်တွေအောက်က တည့်တည့်ပဲဆက်လျှောက် နောက်ထပ် လမ်းမကြီးတစ်ခုရောက်လို့ ကုန်းကျော်တံတားနဲ့ကူးလိုက်တာနဲ့ ယိုးဒယားဈေးထဲတန်းရောက်သွားရော။ တံတားနဲ့ ဝင်ပေါက်က ဆက်ထားတယ်။ (ကိုယ်သွားတဲ့ပုံစံကိုပြောပြတာ။ ဘတ်စ်ကားတွေလဲ ရောက်တယ်။) Golden Mile ဆို မသိသူ မရှိပါဘူး။ အရင်ကဆို မလေးရှားခရီးသွားကားတွေက အဲ့မှာဂိတ်ပဲ။
အောက်မှာ ပုံလေးတွေနဲ့တကွ Golden Mile Complex ကို ဈေးဝယ်ထွက်ကြမယ်နော်။



ပုံ ၁. အဲ့ဒိ Thai Supermarket ထဲမှာ အစုံရှိတယ်


ပုံ ၂. ဟောဒိမှာ အင်ဥ ဆီသွပ်ဗူးလေးတွေ (အင်ဥကို Puff Ball Mushroom လို့ ခေါ်တယ်တဲ့)


ပုံ ၃. သရက်သီးစိမ်း တို့စားချင်ရင် (အရင်ကဆို ငါးခူးတွေ ငါးရှဉ့်တွေ အရှင်တွေလဲ ရောင်းတယ်။ ခုမတွေ့တော့ဘူး)



ပုံ ၄. ငွေဖလားတွေနဲ့ ရွှေကလပ် ငွေကလပ်တွေ စုံနေတာပဲ


ပုံ ၅. ငွေဖလားဈေး (ကိုင်ကြည့်တာတော့ မြန်မာပြည်လို ကော်ကို ငွေရောင်သုတ်ထားတာမဟုတ်ဘူး။ သတ္တုတော့ သတ္တုပဲ)



ပုံ ၆.ဘုရားသောက်တော်ရေခွက်လေးတွေ လိုချင်လား


ပုံ ၇. ရွှေလင်ဗန်း၊ ငွေလင်ဗန်းတွေလဲ ရှိတယ်နော်


ပုံ ၈. သတ္ထု ငရုတ်ဆုံလိုချင်လား


ပုံ ၉. သစ်သား ငရုတ်ဆုံလိုချင်လား


ပုံ ၁၀. ကျောက် ငရုတ်ဆုံလိုချင်လား (မြန်မာပြည်က သယ်လာစရာမလိုဘူးနော်)


ပုံ ၁၁. ကျောက် ငရုတ်ဆုံ ဆိုဒ်စုံရှိတယ်နော်


ပုံ ၁၂. ဒီဆိုင်ထဲမှာ ဟင်းခတ် အမွှေးအကြိုင်မျိုးစုံနဲ့ ငရုတ်သီးပေါင်းစုံလဲရှိတယ် (ငရုတ်သီးအကျက်မှုန့်လဲ တွေ့ခဲ့တယ်)


ပုံ ၁၃. အင်ဥ ဗူးလေး ဖွင့်လိုက်သောအခါ သဲမစင်မှာလဲ မပူရဘူး။ အားလုံး သန့်စင်ပြီးသား


ပုံ ၁၄. နည်းနည်းကြီးတဲ့ အင်ဥလေးတွေကို တစ်ဝက်စီ ကပ်ကြေးနဲ့ညှပ်ခွဲ


ပုံ ၁၅. အိုးထဲမှာ အင်ဥလေးတွေ စပြီးကြော်နေပြီ (ဘေးကနေ သွားရည်ကျနေပြီ)


ပုံ ၁၆. အင်ဥ ကန်စွန်းရွက်ကြော်လေးနဲ့ ထမင်းနဲ့စားစား၊ ဒီတိုင်းထိုင်စားစား ကောင်းမှကောင်း

နောက်ပိုစ့်ကျရင် ချဉ်ပေါင်ရွက်၊ မျှစ်၊ မျှစ်ချဉ်၊ ငှက်ပျောအူ စတာတွေ ဈေးချိုချိုနဲ့ ရောင်းတဲ့ ကုလားဈေးအကြောင်း ပြောပြမယ်နော်။ ခုတော့ အဲ့ဈေးသွားပြီး ဓာတ်ပုံမရိုက်ရသေးလို့…

Thursday, April 16, 2015

ရောက်တတ်ရာရာနဲ့ စင်္ကာပူ သင်္ကြန် ၂၀၁၅ သာမီးနဲ့ အတွေ့အကြုံ

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟန်းနီးမွန်းခရီးအတွက် Research ရှာရင်း ပျင်းလာတာနဲ့ ဟိုဟာ ဒီဟာလေး ဘလော့ပေါ်ရေးတာကမှ ကောင်းပါတယ်ဆိုပြီး ရေးဖြစ်တာ။

စင်္ကာပူမှာက သင်္ကြန်ကို April ပထမပတ် တနင်္ဂနွေနေ့က ဆန်ဘာဝမ်းဘုန်းကြီးကျောင်းဦးစီးတဲ့ သင်္ကြန်လုပ်တယ်။ အဲ့ဒါက မသွားဖြစ်လိုက်ဘူး။ ဒုတိယပတ် တနင်္ဂနွေကျတော့ နေရာတော်တော်များများမှာလုပ်တယ်။ နှစ်တိုင်း တိုပါးရိုးဘုန်းကြီးကျောင်းလုပ်တာကိုတော့ သွားဖြစ်တယ်။ အဲ့ဒိမှာ အပျော်ဆုံးပဲ။ ခပ်စောစောသွားရင် လူသိပ်တိုးစရာမလိုဘူး။ ဖျော်ဖြေရေးလဲ အေးဆေးကြည့်လို့ရတယ်။ ရေလဲ ကလေးတွေနဲ့ အလကားကစားလို့ရတယ်။ နေလဲ သိပ်မပူဘူး။ ကျွေးတဲ့ စတုဒီသာတွေလဲ များသောအားဖြင့်ကောင်းတယ်။ ဒီနှစ်ဆိုရင် ပိုပြီး အစီအစဉ်ကောင်းလာတယ်လို့ခံစားရတယ်။ အဝင်ကို ညာဘက်က ဝင်ပြီး ဘုန်းကြီးကျောင်းအနောက်က ပြန်ပတ်ပြီး တစ်ပတ်ပတ်ထွက်ရတော့ အဝင်အထွက်တွေ လမ်းမပိတ်တော့ဘူး။ ပြီးတော့ သူများတွေကို လင်ဗန်းအသေးစားလေးတွေ ထိပ်မှာဝေတာတွေ့တယ်။ မုန့်တွေက ဝေတာများတော့ လက်နှစ်ဖက်နဲ့ မနိုင်ဘူးလေ။ လင်ဗန်းလေးတွေနဲ့က အဆင်ပြေတယ်။ မဗေဒါကတော့ ဒီနှစ် အားမနာနိုင်တော့ဘူး။ မုန့် ဖြုန်းသလိုလဲ ဖြစ်မှာစိုးလို့ ကိုယ်တကယ်စားချင်တဲ့ဟာပဲ ယူတော့တယ်။ အတင်းပေးလဲ မယူတော့ဘူး။ ဒီနှစ် ခေါက်ဆွဲသုတ်လို့ စာတမ်းထိုးတာပေမဲ့ နန်းကြီးသုတ်ဖြစ်နေတာစားခဲ့တယ် (စားလို့တော့ကောင်းတယ်)။ နှစ်တိုင်းစားဖြစ်တာ ဝက်သာတုတ်ထိုး ကြာဇံကြော်၊ ဟိုးနောက်နားထိတိုးရတယ် (၁ပွဲပဲ စားရတာ မဝဘူး၊ နောက်တစ်ခေါက် စားဖို့ကျ ထပ်မတိုးနိုင်တော့ဘူး)။ ဆီချက်ခေါက်ဆွဲ။ အာ့ပဲစားဖြစ်တယ်။ စားသမျှ အကုန် အရသာလဲကောင်းတယ် အသားလဲ မြင်ရတယ်။ ဟုတ်တယ်လေ စင်္ကာပူက စတုဒီသာလာစားတဲ့သူတွေက စားရမဲ့ သောက်ရမဲ့ တစ်ယောက်မှ မပါဘူး။ အပျော်လာကြတာ။ စားမဲ့သူမရှိရင် သူတို့အလှူလဲ ဖြစ်မှာမဟုတ်ဘူးလေ။ ဒီတော့ စားတဲ့ ပရိတ်သတ်ကို ထည့်စဉ်းစားပေးတဲ့အနေနဲ့ ခုလို Quality ကောင်းကောင်းပဲ ကျွေးသင့်တယ်လို့ထင်တယ်။ မတတ်နိုင်ရင်တောင် Quantity နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်းလုပ်ပေါ့။ ဒီနှစ် ကလေးတွေနဲ့လဲ ရေကစားခဲ့တယ်။ မနှစ်က ရေမစိုသမျှ ဒီနှစ်တော့ တောက်တောက်ရွှဲပဲ။ ဖေ့ဘွတ် Friendlist ထဲက လူတွေ တွေ့တာနဲ့ ရေလာပက်ပြီမှတ်လို့ အစကတည်းက ကြေငြာထားတာ။ တစ်ချို့ကိုတော့ ပက်လိုက်ရတယ်။ ဟိ။ မဗေဒါကို မမှတ်မိတဲ့သူတောင်ရှိတယ်။ ကိုယ်ကလဲ ပက်ပြီး ထွက်ပြေးတာကိုး။ ရေပြွတ်သေနတ်လေးနဲ့က ဘယ်လောက်မှ မစိုပါဘူး။


ဒါတောင် Fort Canning Park နားမှာလုပ်တဲ့ စီးတီးဟော သင်္ကြန်က တချို့မိန်းကလေးတွေက ပက်ရတာ ခပ်လန့်လန့်ရယ်။ သူတို့ကို ရေပြွတ်လေးနဲ့ လှမ်းပက်လိုက်လို့ရှိရင် မျှော်လင့်ချက် အပြည့်မျက်လုံးတွေနဲ့ လှည့်ကြည့်လို့ ပက်တဲ့သူက မဗေဒါ (ဟောဒီက မိန်းမကြီး) ဖြစ်နေရင် မျက်နှာတွေက Disappointed ဖြစ်သွားတဲ့ရုပ်တွေလိုလို။ ကိုယ့်လှည့် မျက်စောင်းထိုးတာတောင်ရှိသေးတယ်။ ကိုယ်များ မနှစ်က အပက်ခံချင်လွန်းလို့ ကလေးတွေကိုယ့်လာပက်ရင်တောင် ကျေးဇူးတင်အုံးမှာ။ ကိုယ်ချင်းစာလို့ ပက်တာကို မိန်းမချင်းပက်လို့ စိတ်ပျက်သွားလဲ မပက်ရုံပေါ့။ ဒါနဲ့ ယောင်္ကျားတွေနဲ့ ကလေးတွေပဲ လိုက်ပက်နေတော့ Mr. Right က ဘာလို့ ယောင်္ကျားတွေချည်း ပက်နေတာလဲတဲ့။ အာ့နဲ့ သူ့ကို သက်သေပြလိုက်တယ်။ သူ့ကို ခေါ်ပြီး မိန်းကလေးတစ်ယောက်ကို ပက်ပြလိုက်တော့မှ ပြန်ကြည့်တဲ့ မျက်လုံးကို သူသဘောပေါက်သွားတယ်။ သင်္ကြန်မှာ ကိုယ့်ရေလာပက်တာ ယောင်္ကျားဖြစ်တော့ရော သူတို့ကို ရီးစားစကားလာပြောပြီး ချက်ချင်း Item ဖြစ်မှာကျနေတာပဲ။ နားကို မလည်နိုင်ဘူး။ ရေလာပက်တာနဲ့ စိတ်ဝင်စားလို့ လို့ ယူဆတယ်ထင်တယ်။ ကဲ ယောင်္ကျားလေးတွေရေ မိန်းကလေးတွေ ရေပက်မိရင် သူတို့ကို ကြိုက်လို့ သတ်မှတ်ခံရမယ် သတိနဲ့သာနေပါ။

အော်… အဲ့ စီးတီးဟောသင်္ကြန်ကတော့ တော်တော်စိတ်ပျက်မိပါတယ်။ သူက ဘုန်းကြီး ဦးစီးတာမဟုတ်တော့ စီးပွားရေသင်္ကြန်လိုဖြစ်နေသလား မသိ။ ဘီယာ Booth က ဟီးနေတာပဲ။ အဲ့တော့ အမူးသမားလဲ များတာပေါ့။ ထားပါတော့ အမူးသမားများတာ။ ဘယ်သူမှတော့ ပုံပျက်ပန်းပျက် စည်းပျက် ကမ်းပျက် သိပ်မရှိပါဘူး။ စတုဒီသာ စင်က ၄ခုလောက်ရှိတယ်။ ကျွေးတာက မစွတ်မပွတ်။ တစ်ခါတစ်ခါ ပျက်ပျက်သွားသေးတယ်။ အဲ့က နန်းကြီးသုတ် (အသားမြင်ရတယ် အရသာကောင်းတယ်) နဲ့ မုန့်ဘိုင်းတောင့်၊ ကျောက်ကျော(နေပူထဲဆိုတော့ ရေငတ်နေတဲ့အချိန်သောက်ရကောင်းတယ်) အာ့တွေကကောင်းတယ်။ အဲ တခြားဟာတွေကတော့ ချာတူးလန်တယ်ပဲ ပြောပရစေ။ နယ်တာ ပြုတာက မနှံ့။ ဘာတွေလဲတော့ မပြောတော့ပါဘူး။ ဟုတ်ပါတယ် စတုဒီသာဆိုတာ စေတနာနဲ့ အလကားကျွေးတာပါ။ အဲ့ဒါကို complaint နေတော့ မဗေဒါ အလွန်ပေါ့နော်။ ဒါပေမဲ့လဲ အစကတည်းက စေတနာရှိလို့လုပ်တာပဲ ဝေတနာမဖြစ်စေနဲ့ပေါ့။ ကိုယ့်အလှူခံ ပုဂ္ဂိုလ်တွေကို ကိုယ်လဲ သိနေတာပဲ။ ကောင်းကောင်းမလုပ်နိုင်ရင်တော့ မလုပ်တာ အကောင်းဆုံးပဲ။ ထားပါတော့လေ။ အားလုံးက အပျော်သဘောပဲ။ အပြစ်ပြောတာ မဟုတ်ပါဘူး။ နောက်နှစ်ပိုကောင်းအောင် Feedback ပေးတဲ့သဘောပါ။

ပြီးတော့ ဘယ်လိုစီစဉ်ထားတာလဲတော့ မသိဘူး။ မစွတ်မပွတ်ကျွေးလိုက် ရပ်သွားလိုက်။ မစွတ်မပွတ်ထပ်ကျွေးလိုက် ရပ်သွားလိုက်နဲ့။ ကိုယ့်အဖြစ်တောင် ကိုယ်သနားလာတယ်။ ကြည့်ရတာ သူတို့က တနေကုန် ခံအောင်အချိန်ဆွဲကျွေးလားတော့ မသိပါ။ ဒါပေမဲ့လဲ အဆက်မပြတ်အောင်တော့ လုပ်ပေါ့။ ကုန်သွားတော့လဲ ကုန်ပြီပေါ့ ဘယ်တတ်နိုင်မလဲဟုတ်။ အဆိုးဆုံးကတော့ အုန်းထမင်းနဲ့ ကြက်တောင်ပဲကြော်ဝေတဲ့အချိန်ပဲ။ ထမင်းစားချိန်ရောက်ပြီဆိုတော့ သူတို့ဟာကို အားလုံးက စောင့်နေကြတာပေါ့။ သူတို့က ကောင်တာပေါ်တင် ဖော့ဗူးတွေထည့်နေတော့ ဝေတော့မယ်ထင်ပြီး အားလုံးက နေပူကြီးထဲ တန်းစီကြတယ်။ မဗေဒါလဲ ပျော်ပျော်ပါးပါးဝင်တန်းစီတာပေါ့။ ဒါပေမဲ့ တန်းက မရွေ့ဘူး။ ကြည့်တော့ သူတို့က ဖော့ဘူးတွေထဲထည့်ပြီး ဗုံးလိုက် ဗုံးလိုက်နဲ့ သက်ဆိုင်ရာတွေကို အရင်ဝေနေတယ်။ လူတွေကို မဝေသေးဘူး။ ဟုတ်ပါတယ်။ လုပ်အားပေးတွေ အစောင့်တွေ သက်ဆိုင်ရာတွေကို အရင်ဝေတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ လူတွေမဝေသေးဘူးဆိုလဲ တန်းစီနေတဲ့သူတွေကို အဆင်သင့်မဖြစ်သေးလို့ နောက်မှ ပြန်လာပါပြောရင်ပြော။ အမှန်ဆို အဲ့ ဖော့ဘူးတွေက မုန့်ဝေတဲ့ ကောင်တာပေါ်မှာမှ လုပ်မနေသင့်ဘူး ထင်တာပဲ။ ကဲပါလေ။ သူတို့လဲ No Choice ဖြစ်မှာပေါ့။ အခြေအနေမှန် ကိုယ်လဲ မသိပါဘူး။ ဒါပေမဲ့ လာစားတဲ့ သူတစ်ယောက်အနေနဲ့ ခံစားရတာလေး ပြောပြယုံပါပဲ။

အဲ့ဒိအချိန်မှာ ဖြစ်ချင်တော့ ဒေါသကို လာစွတဲ့ သာမီး တစ်ယောက်ပေါ်လာတယ်။ အဲ့ဒိ သာမီးက မဗေဒါက တန်းစီဖို့ လျှောက်အလာ နေရာနားရောက်ခါနီးလေးကျမှ သူက နောက်ကနေ ပြေးပြီး ကျော်တက်ပြီး ၁စက္ကန့်လောက်စောပြီး ကိုယ့်ရှေ့ဝင်စီတယ်။ ပြီးတော့ သူ့ကိုယ်သူ လည်လှပြီဟဲ့ဆိုတဲ့ ပုံစံလိုလို၊ ခံလိုက်ရပြီဆိုတဲ့ပုံစံလိုလို၊ ကလေးလိုလို ဟိုဟာလိုလိုနဲ့ ပခုံးတွန့်ပြီး “ဟိ… ဟိ” ဆိုပြီး ရီလိုက်သေးတယ်။ ဒါပေမဲ့ မပြောပါဘူး။ လူတစ်ယောက်စာ ရှေ့ရောက်သွားလို့လဲ ဘာမှ မဖြစ်သွားဘူး။ ဒုက္ခသည်စခန်း ထမင်းထုတ်ဝေနေတာမှ မဟုတ်တာ။ သူပြေးလိုက်လို့ သူကိုယ့်ရှေ့ရောက်သွားတယ်။ ဒါကို လက်ခံတယ်။ ဒါနဲ့ သူ့နောက်ဝင်စီနေလိုက်တယ်။ ဟောဒီ အောက်က အဖြစ်အပျက်လေးကို ဆက်ဖတ်ကြည့်နော်။ အဲ့နေ့က စိတ်တိုတိုနဲ့ ဖေ့ဘွတ်ပေါ်တင်မိတဲ့ Status လေးပေါ့။

“ကျူတန်းရှေ့ဝင်ရပ်တဲ့ ညီမလေးတစ်ယောက်ကို manner ဆိုတာလေး နည်းနည်းသင်ပေးချင်တယ်... nasi lamak ဝေမဲ့ မဏ္ဍပ်က မဝေသေးဘူး လူတိုင်းနေပူထဲမှာ ဒုက္ခသည် ထမင်းထုတ်ယူသလို နေပူလှမ်းခံထားရတယ်... သူက ရှေ့ကနေ...

"ဒါသမီးနေရာနော် အစ်မ" (လူကလဲ ငါ့သမီး ဖြစ်နိုင်တဲ့ အရွယ်တော့မဟုတ်ဘူး... )
အဲလိုပြောပြီး သူက နေရိပ်တဲ့ မဏ္ဍပ်အောက်သွား လဘက်သုတ်စားနေတယ်...

အလှူရှင်စီမံခန့်ခွဲမှု ညံ့လို့ ချထားပြီး မဝေသေးလို့ လူတွေအားလုံး နေပူထဲ ကိုယ့်အသိစိတ်နဲ့ကိုယ် တန်းစီနေတယ်... သူ့လိုသာ သမီးနေရာနော် ပြောထားလို့ရရင် အားလုံး အဲလိုလုပ်နေလိုက်ပြီ... စနစ်ကရှင်းရှင်းလေး.. တန်းတူ တန်းမစီနိုင်ရင် မစားနဲ့... simple as that...

ပထမတစ်ခါ ကိုယ်ဘာမှ မပြောသေးဘူး... အာ့ကို ဒုတိယတစ်ခါ..မဏ္ဍပ်အောက်ကထွက်လာပြီး "အစ်မ ဒါသမီးနေရာနော်... ဟိုဘက်ခဏသွား အအေးယူမလို့" တဲ့...
လူက သူ့အတွက်နေရာယူပေးရတဲ့ လက်ထောက်လား... ဘာလဲဟ... အဲ့တာ မယဉ်ကျေးဘူးဆိုတာတောင် သူမသိလေရော့သလား? တစ်ခြားနိုင်ငံက လူတွေနဲ့ တန်းစီရင်ရော သူ အဲ့လို လုပ်နေကျလား စိုးရိမ်မိတယ်...
ကိုယ်လဲ "သွားချင်ရင်တော့သွား... မသိဘူးနော်" လို့ ပြောတော့...

သူကပဲ ဘယ်လိုဟာလဲဆိုတဲ့ ပုံနဲ့ ကိုယ့်ပြန်ပြောတယ်...
"မဟုတ်ဘူးလေ... ဒါသမီးနေရာလို့ပြောတာလေ" တဲ့...

ကိုယ်ကလဲ ပြန်ပြောလိုက်တယ်.. "အေး.. ဟုတ်တယ်လေ... သွားချင်သွားပေါ့... နင့်နေရာ ဟုတ်မဟုတ်ငါလဲ မသိဘူး လို့ ပြောနေတာ" meaning I have no obligation to reserve a place for her...
အဲ့လိုကျတော့ သူကပဲ စိတ်ဆိုးမာန်ဆိုး သူ့သူငယ်ချင်းလှမ်းဖုန်းဆက်ပြီး... နင်စားချင်ရင် နင်လာစီ.. ငါမစီချင်တော့ဘူးတဲ့...
အစကတည်းက အဲ့လို ဖြစ်နေရမှာ ညီမရေလို့ ...ပြောချင်ထှာ

သမီးအရွယ်မဟုတ်တဲ့ သမီးရေ... ဒီစတေးတပ်ကိုများမြင်ခဲ့မယ်ဆိုရင်... သူများတွေအားလုံး တန်းစီနေတဲ့အချိန် ခုလို နောက်ကလူကို နေရာချန်ခိုင်းတာ ရိုင်းတယ်ဆိုတာ သိစေချင်တယ်...
ပြီးတော့ ဒီအသက်ရွယ်ရောက်နေရင် ကိုယ့ကိုကိုယ် သမီးလို့ပြောတာကို ပြင်သင့်ပြီနော်... ဒီလိုအရွယ်တွေက ဘယ်သူငယ်တယ် ကြီးတယ် သိပ်ကွဲပြားတော့တာ မဟုတ်ဘူး...
တန်းစီတယ်ဆိုတာ အများ တန်းတူ စီ တာကိုပြောတယ်ဆိုတာ သဘောပေါက်စေချင်တယ်ကွယ်... နောက်ပြီး ခုလိုလုပ်လို့ စိတ်ရှည်သည်းခံတဲ့လူနဲ့တွေ့လို့ လုပ်ပေးကောင်းလုပ်ပေးမယ်... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်လှပြီ ဟုတ်လှပြီ မထင်နဲ့ကွယ့်... အဲ့ ဒါရှက်စရာကောင်းတယ်နော်... သမီးအရွယ် မဟုတ်တဲ့ သမီးရေ...”

လူက ကြီးတောင် ကြီးမားနဲ့ ကိုယ့်ကိုယ်ကိုယ် သမီးပြောတာ ရပ်သင့်ပြီလို့ထင်တယ်။ မဗေဒါလဲ ကိုယ့်ကိုယ်ကိုယ် သမီးပြောတဲ့ အကျင့် ငယ်ငယ်က ရှိပါတယ်။ ဒါပေမဲ့ အသက်လေးရလာတာနဲ့ ကိုယ့်နာမည် နာမ်စားသုံးပြီးပြောတယ်။ သမီးလို့ပြောတာ မသင့်တော်တော်ဘူး။ ကြားရတဲ့သူအတွက်ရော၊ ပြောတဲ့သူအတွက်ပါ မသင့်တော်ဘူး။ မဗေဒါ Status အောက်က ကွန်မန့်လေးတွေပါ Screenshoot ပေးမယ်နော်။ ပြန်ရေးရမှာ ပျင်းလို့။
တန်းစီတဲ့စနစ်နဲ့ပတ်သတ်ပြီး ကိုယ်လက်ခံထားတဲ့ အချက်အလက်တွေ၊ အဲ့လို့အခွင့်အရေးယူချင်တဲ့သူတွေပေါ် ကိုယ့်အမြင်တွေအားလုံး ကွန်မန့်မှာ ဖတ်ကြည့်လိုက်နော်။ ခုတော့ ရုံးဆင်းပြီဆိုတော့ ပြန်တော့မယ်။

ကွန်မန့်ပေးတာ ကိုယ့်စာဖတ်သူတွေပါပဲ။ မကြိုက်မှာစိုးလို့ နာမည်လေးတွေတော့ အုတ်ပေးထားတယ်။ Profile pic တော့ ဖော်ထားတာ စိတ်မဆိုးလောက်ပါဘူးနော်...



ဒါနဲ့ သမီးအရွယ်မဟုတ်တဲ့ သာမီးတို့ရေ… အပေါ်က Comment မှာ မဗေဒါရဲ့ စာဖတ်သူ ကောင်လေးတစ်ယောက်မေးထားသလိုပဲ ကိုယ်ကြိတ်ကြိုက်နေမိတဲ့ မိန်းကလေးက ကိုယ့်ကို သမီးလာပြောရင် ယောင်္ကျားလေးတွေခမျာလဲ အခက်တွေ့ရတယ်ကွဲ့။ အဲ့ဒါ Cute ဖြစ်တယ် ထင်မနေကြနဲ့နော်။ ကိုယ့်ဘာသာကိုယ် လာဘ်ပိတ်နေအုံးမယ်။

မဗေဒါရဲ့ စာဖတ်သူညီမငယ်တွေမှာလဲ သမီးပြောတဲ့ အကျင့်ရှိနေတယ်ဆိုရင်တော့ မဗေဒါက ဒီအခွင့်အရေးယူပြီး စေတနာနဲ့ အကြံပေးလိုက်ပါရစေ။ အဲ့ဒါလေးကို ပြင်နိုင်ရင် အများကြီး အကျိုးရှိမှာပါ။ ဒါပေါ့ ကိုယ့်စာဖတ်သူညီမတွေက မဗေဒါကို သမီးလို့ လာပြောရင်တော့ မဗေဒါက စိတ်မဆိုးပါဘူး။ အာ့ကြောင့်ပြောတာလေ သမီးဆိုတဲ့အသုံးအနှုန်းက အခြေအနေတွေအပေါ် အရမ်းမူတည်တဲ့အတွက် မသုံးတာ အကောင်းဆုံးပဲ။ ဒါပဲနော်… တာ့တာ…

ပုံ ။
သာမီး မဗေဒါ
မေတ္တာဖြင့် ရေးချင်ရာရေးထားသည်။

Thursday, April 09, 2015

What's in my Bag?

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို သူ့အခန်းကြည့်ပြီး လေ့လာနိုင်တယ်ဆိုသလိုပဲ။ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်နဲ့ အကြိုက်ကို သူ့လက်ကိုင်အိတ်ကနေ အများကြီး သိနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီပိုစ့်ဖတ်ပြီး မဗေဒါအကြောင်းတွေ တော်တော် မှန်းလို့ရလောက်ပြီမို့ နည်းနည်းတော့ ကြောက်ပေမဲ့လဲ ဒီပိုစ့်ကို မဗေဒါဘလော့ကို အမြဲအားပေးတဲ့ စာဖတ်သူစစ်စစ် “ဝိုင်း” က တောင်းဆိုလို့ ရေးဖြစ်လိုက်ပါတယ်။ (My readers must have known about me before anyway)
သူများအထင်ကြီးအောင် ဘာဘာညာညာတွေ အစပျိုးနေပေမဲ့ ကိုယ့်အိတ်ထဲကြည့်လိုက်တော့လဲ လူရှိန်မဲ့အရာ ဘာဘာညာညာ သိပ်မရှိပေါင်။ စက္ကူစုတ်တွေ အမှိုက်တွေက ခပ်များများ (အဲ့ကတည်းက ဘယ်လောက် စည်းကမ်းရှိလဲ သိလိုက်တော့)။ ကဲ စမယ်နော်…

၁။ လက်ကိုင်အိတ်


ဒီလက်ကိုင်အိတ်လေးက မဗေဒါကို မင်္ဂလာလက်ဆောင်အဖြစ် မဇာခြည်လွင်က ဇန်နဝါရီ မင်္ဂလာဦးဆွမ်းကြွေးမှာပေးတာ။ Facebook ပေါ် သူငယ်ချင်းဖြစ်တာ ကြာပေမဲ့ အဲ့နေ့ကမှ အပြင်မှာ စတွေ့ဖူးတာ။ ဒါပေမဲ့ အပြင်သူငယ်ချင်းတွေလိုပါပဲ ရင်းရင်းနှီးနှီးရှိတယ်။ အစက ဒီအိတ်ကို ဘယ်သူပေးမှန်းမသိဘူး။ ဟိုနေ့က ဖေ့ဘွတ်ပေါ်မှာ ဒီပိုစ့်ရေးမယ်တင်လိုက်တော့မှ အဲ့အစ်မပေးမှန်းသိတာ။ Charles & Keith က အိတ်လေး။ ပုံမှန်အားဖြင့်တော့ မဗေဒါက အိတ်ဆိုဒ် ခပ်ကြီးကြီးတွေကိုင်တယ်။ အိတ်ထဲ အကုန်အစုံ ပစ်ထည့်ထားလို့ရလို့။ ဒီအိတ်ဆိုဒ်လောက်လေးက ပထမဆုံးကိုင်တာ။ ဒါပေမဲ့ ဒီအိတ်ဆိုဒ်လောက်လေးကလဲ လွယ်ရပြုရလွယ်ကူပြီး လိုအပ်တဲ့အရာတွေအားလုံးလဲ ဆံ့လို့ သဘောတွေကျနေတာ။ အရင်အိတ်ကြီးတွေတုန်းက ရှိသမျှ အကုန်ပစ်ထည့်ပြီး မရှင်းဖြစ်တော့ အိတ်က လေးပြီး ကြီးနေတာပဲရှိတယ်။ ခုကျတော့ အိတ်ပြည့်ပြီဆို မလိုတာတွေ ရှင်းရှင်းထုတ်ရတော့ လိုတာလေးတွေပဲ ထည့်ဖြစ်တော့တယ်။ ပြီးတော့ လွယ်ရတာလဲ Bulky မဖြစ်တော့ပဲ ကိုယ်နဲ့ ချက်ချက်ကပ်ကပ်ဖြစ်နေတယ်။ စတိုင်လဲပိုကျတယ်။ အိတ်လေးပေးတဲ့အတွက် ကျေးဇူးပါ။
ကဲ အိတ်ကို အဝလေးဟပြီး စပ်စုကြမယ်


၂။ Money, Money, Money


လက်ကိုင်အိတ်ထဲက ပိုက်ဆံနဲ့ ပတ်သတ်တဲ့ အသုတ်ကို အရင်ပြမယ်နော်။ လက်ကိုင်အိတ်ထဲမှာ မိန်းကလေးတိုင်းတော့ ပိုက်ဆံအိတ်ထပ်ရှိမှာပေါ့နော်။ မဗေဒါမှာလဲ ရှိတယ်။ ညာဘက် အစွန်းဆုံးက အပြာနုလေး ပေါ့။ မဗေဒါက Wallet ဆို ယောင်္ကျား လေး ပိုက်ဆံအိတ်လို အသေးခေါက်ထားတာထက် အရှည်ကို ပိုကြိုက်တယ်။ ဒီပိုက်ဆံအိတ်အရှည်ကတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေတာ။ ဘာလို့ အရှည်ကို ကြိုက်တာလဲဆိုတော့ ပိုက်ဆံ တွေ မခေါက်ပဲ ထည့်လို့ရလို့။ (ပြောသာပြောတာ ပြီးကျတော့လဲ အလွယ် ထိုးထည့်တာပါပဲ) ပြီးတော့ ကဒ်ထည့်ထဲ အကန့်လေးတွေ အများကြီးပါတာကိုကြိုက်တယ်။ မဗေဒါက ဘတ်စ်ကားစီးတဲ့ ကဒ်တို့၊ Gym ကဒ်တို့၊ ဘဏ်ကဒ်တို့ ခဏခဏ ထုတ်ရတဲ့ ကဒ်တွေ ခဏခဏပျောက်တတ်တယ်။ ဟိုးတစ်လောကပဲ IC ပျောက်သွားလို့ ဒဏ်ငွေဆောင်ပြီး ပြန်လုပ်နေရလို့ ခုမှ Honeymoon သွားဖို့ visa လျှောက်ရတယ်။ အဲ့ အိတ်ထဲမှာ အားလုံးထည့်ထားရင်တော့ မပျောက်ပါဘူး။ ခဏခဏ ထုတ်ပြီးသုံးရတာမျိုးတွေက ပျောက်တတ်တာ။ စောစာက ပုံ ၂ မှာ ဖြတ်ပိုင်းတွေ ထိုးထိုးထောင်ထောင် မြင်တဲ့အတိုင်းပဲ အဲ့ အိတ်ထဲမှာ ပိုက်ဆံတွေရယ် ကဒ်တွေရယ် အပြင် ဘဏ်စက်က ထွက်တဲ့ ပြေစာဖြတ်ပိုင်းတွေလဲ တချိန်ချိန် အသုံးဝင်နိုး နဲ့ သိမ်းထားသေးတယ်။ ပြီးတော့ တစ်ခါတစ်လေ ပတ်စပိုစ့်ဓာတ်ပုံတွေ၊ ရွှေရောင် ကျီချိတ်အိတ် နဲ့ ဟို membership ဒီ member ကဒ်တွေရှိတယ်၊ (အထင်မကြီးနဲ့ တချို့ကဒ်တွေက Expired ဖြစ်နေပြီထင်တယ်၊ မရှင်းပဲ အိတ်ထဲရောက်နေတာ)။ Wallet အလယ်ခေါင်က အကြွေအိတ်ထဲမှာလဲ စင်္ကာပူ အကြွေတွေအပြင် တစ်ခါတစ်လေ မလေးရှား အကြွေတွေနဲ့ သြစီ အကြွေတွေ ထွက်ထွက်လာသေးတယ်။ ဘယ်နှပြားရှိပြီး ဘယ်တုန်းက ဘယ်သူ့ကို မှားပေးခံလိုက်ရမလဲတော့ မသိဘူး။ အဲ့ အကြွေအိတ်ရဲ့ ဘေးအကန့်မှာကျ ဖုန်း SIM Card မျိုးစုံရှိတယ်။ MPT, Oredoo, Vodafone (သြစီသွားတုန်းက)။ မဗေဒါရဲ့ ပိုက်ဆံအိတ်လေးက သေးသာသေးတာ မလိုအပ်တာတွေနဲ့ ပြည့်နေတာပဲ။

အဲ… လိုအပ်တဲ့ ပိုက်ဆံကျတော့ သိပ်များများစားစားမရှိ… ခွိ… (အလှူခံပါတယ်)။ မဗေဒါက ဘဏ်ထဲကနေ ပိုက်ဆံ Withdraw လုပ်ရင် ကိုယ်သုံးဖို့ အများဆုံး ထုတ်မှ ၄၊ ၅ ဆယ်ပဲ။ ထုတ်ထားပြီးလဲ အလုပ်ရှိတဲ့ရက်တွေဆို ဒီလောက်လဲ မသုံးဖြစ်တော့ တော်တော်နဲ့ မကုန်ပါဘူး။ ပိုက်ဆံကုန်တာက အပြင်လျှောက်သွားမှ ကုန်တာလေ။ အပြင်လျှောက်သွားရင်လဲ ကိုယ်လိုမယ်ထင်သလောက်ကိုပဲ ထုတ်ဖြစ်တယ်။ လူ့သဘောက ထုတ်ရင် ထုတ်သလောက် ကုန်တာပဲလေ။ အထူးသဖြင့် အပြင်လျှောက်သွားရင် ကိုယ်လိုချင်တာ တွေ့တယ် ဒါပေမဲ့ အဲ့ဆိုင်က cash ပဲပေးလို့ရတဲ့ ဆိုင်သေးဖြစ်နေရင် မသုံးဖြစ်တော့ဘူးလေ။ အဲ့နေရာမှာ လက်ထဲ ပိုက်ဆံရှိနေရင် ဝယ်ပြီး ချောင်ထိုးမဲ့ ပစ္စည်းဖြစ်ရင် ဖြစ်သွားမှာ။ (ကိုယ့်အကြောင်း ကိုယ်သိတယ်။ အသုံးဝင်မှာထက် တိုလီမိုလီတွေ့ရင် ဆော့ချင်တာ၊ ဒါတောင် အိမ်မှာ အာ့မျိုးတွေ အများကြီး)။ ဒိတော့ မဗေဒါကို ခါးပိုက်နှိုက်မယ်ဆိုရင်တော့ သိပ်အကြိုးမရှိလှပါဘူး။ Wallet ကလဲ Branded မဟုတ် ပိုက်ဆံကလဲ များများစားစားမပါ။ Credit Card ကလဲ သုံးတာနဲ့ မိရင်မိ၊ မဗေဒါက ပိတ်လိုက်ရင်လဲ သုံးမရပြန်။ ၂ ဦး ၂ဖက် အကျိုးမရှိဘူး။

ညာဘက်ကရေရင် ဒုတိယမြောက် အနက်ရောင် အိတ်ကလေးကတော့ မင်္ဂလာဆောင်တုန်းက လက်ဖွဲ့ထည့်ထားပြီး ရတဲ့အိတ်ကလေး။ အဲ့ အိတ်လေးထဲမှာတော့ ရောက်ဖူးတဲ့ နိုင်ငံတကာ ပိုက်ဆံ ရှင်းမထုတ်ရသေးတာတွေရှိတယ်။ ဒီပိုစ့်ရေးမယ်ဆိုပြီးဓာတ်ပုံရိုက်နေတုန်း ကိုရီးယားပိုက်ဆံတွေတွေ့တာနဲ့ ဟိုနေ့ကပဲ သွားလဲလိုက်တာ စင်္ကာပူ ၃၀၀ လောက် ထွက်လာတယ်။ စိတ်ထဲမှာ အဲ့ ပိုက်ဆံတွေ မလဲချင်ဘူး။ ငါထပ်သွားရင် သုံးလို့ရတယ်ဆိုတာမျိုး မသိစိတ်က နည်းနည်းတွေးနေမိတယ်ထင်ပါတယ်။ တကယ်တမ်း ထပ်သွားမှာလားဆိုတော့ အစီအစဉ်တော့ မရှိသေးဘူး။ ပြီးတော့ မြန်မာပိုက်ဆံတွေ၊ မလေးရှားပိုက်ဆံတွေ၊ US doller နည်းနည်းနဲ့ Malacca သွားတုန်းက စားထားသမျှကို blog post ရေးဖြစ်ရင် ပြန်ကြည့်မယ်ဆိုပြီး သိမ်းထားတဲ့ receipt တွေရှိတယ်။ (ဒါပေမဲ့ မနှစ်က Malacca သွားထားတဲ့ပိုစ့်ရေးပြီးပြီဆိုတော့ ဒီနှစ်သွားတာကို ထပ်မရေးတော့ပါဘူး။ ဘာမှလဲ ထူးထူးခြားခြားမရှိပါဘူး)။ မဗေဒါ နေ့လည်ဘက် အလုပ်ကနေ ထမင်းထွက်စားရင် wallet ထက် အဲ့အိတ်နဲ့ ထွက်တာများတယ်။ အာ့ကြောင့် အဲ့အိတ်ထဲမှာ စလုံးပိုက်ဆံ ၁၀လောက်တော့ ပါတယ်။ ခုတော့ အကြွေတွေတောင် တိုးနေပြီ။ နောက်ပြီး Kopitium card ပါတယ်။ Kopitium ဆိုတာက food court ပါပဲ။ ကုမ္ဗဏီက ဟိုးနှစ် D&D တုန်းက Door gift အဖြစ် အဲ့ကဒ်တွေ လက်ဆောင်ပေးတုန်းက ရထားတာ။ Member ဆို ၁၀ရာခိုင်နှုန်းလျော့ပေးတယ်လေ။ မဗေဒါက Kopitium မှာ စားရတာကြိုက်တယ်။ ဒါပေမဲ့ အလုပ်က ကိုယ်နဲ့ lunch သွားတဲ့သူတွေက အဲ့ကိုသိပ်မသွားချင်ကြဘူး။ I don’t know why.

ညာဘက်က ရေရင် ၃ခုမြောက် ရွှေရောင် အံပေါင်းအိတ်ပါးပါးလေးက ကုမ္ဗဏီက တရုတ်နှစ်ကူးမို့ အံပေါင်းပေးတာ။ သူတို့အယူအရတော့ အဲ့ပိုက်ဆံက လာဘ်ကောင်းလို့ ထီထိုးရမယ်တဲ့။ မဗေဒါလဲ ထိုးမယ်ဆိုပြီး ထည့်ထားတာ။ တကယ်တန်းထိုးဆိုတော့ ၁ မီလီယံပုံမှာမှ ၁ပုံပဲ ရှိတဲ့ Probability မို့ ထိုးလိုက်ရမှာ နှမြောမိပြန်ရော။ ငါ့ပိုက်ဆံနဲ့ပဲ ငါထိုးတော့မယ်။ ဒီပိုက်ဆံကတော့ ကုမ္ဗဏီက ပေးတဲ့ ရတောင့်ရခဲ မုန့်ဖိုးမို့ ကွကိုယ်ပဲ သုံးမယ်ဆိုပြီး သုံးလိုက်တယ်။ ခု ရှိတော့ဘူး။

အဲ့ အဝါအိတ်လေးရဲ့ဘေးက 92 လို့ရေးထားတဲ့ စာအိတ် အဝါလေးက ဒီနှစ် D&D ကံစမ်းမဲပေါက်တာ။ Takashimaya shopping mall voucher ပေါက်တယ်။ မဗေဒါ ဒီကုမ္ဗဏီကို စပြီး ဝင်ကတည်းက D&D ၄ ခုစလုံးမှာ ကံစမ်းမဲ့ မပေါက်တဲ့ နှစ် တစ်နှစ်မှ မရှိဘူး။ စစဝင်ချင်းနှစ်ကဆို စတုတ္ထဆု Ipad ပေါက်တာ။ ပြန်ရောင်းစားလိုက်တာ ပွချက်။ နောက်ပိုင်းတော့ ကံက သိပ်မလိုက်တော့ဘူး တစ်နှစ်ထက် တစ်နှစ် ဆုရတဲ့ Rank က နိမ့်လာတယ်။ ဒါတောင် ဆု ၃၀၀ လောက်ထဲမှာ ၁၀၀ ထဲတော့ ဝင်သေးတယ်ဆိုတော့ တော်တော်များများထက်တော့ ကံကောင်းသေးတာပေါ့နော်။ ဘာပေါက်ပေါက် အနည်းဆုံး ကိုယ်ကံကောင်းသားပဲလို့ ခံစားရတဲ့ စိတ်လေးနဲ့တင် ကျေနပ်တယ်။ ပြီးခဲ့တဲ့ နှစ်က ဆု Docking system စင်္ကာပူ ၅၀၀ ကျော်တန်ကြီးတော့ အိမ်မှာလဲ docking system တစ်ခုရှိပြီးသားမို့ ပြန်ရောင်းရင်လဲ ဈေးနှိမ်ဘာနှိမ် အလုပ်ရှုပ်တာနဲ့ ရန်ကုန်က ငယ်သူငယ်ချင်းကို မင်္ဂလာ လက်ဖွဲ့လိုက်တယ်။ ဒီနှစ် Takashima voucher ကတော့ ဘာသွားဝယ်ရမှန်းမသိဘူး။ သိတဲ့ အတိုင်း voucher သုံးချင်လို့သွားပါတယ် ကိုယ်က နောက်ထပ် ၁၀၀ ကျော်လောက် ထပ်ဆိုက်ရမဲ့ကိန်း။

နောက်ဆုံးက စာအုပ်အပြာလေးကတော့ မဗေဒါ ချွေးနည်းစာပေါ့။ အဲ့ထဲမှာ အဝင်က ၁လ၁ခါ ပြီးတာနဲ့ အထွက်တွေချည်းပဲ။ ဘယ်တော့များမှ စီးပွားရေး လုပ်ငန်းရှင်ဖြစ်မလဲ မသိဘူး။ အင်တာနက် Banking token က ခဏခဏပျောက်လွန်းလို့ အင်တာနက် ဘဏ်ကင်းကို သိပ်မသုံးဖြစ်ပဲ တရုတ်အဖိုးကြီး အဖွားကြီးတွေနည်းအတိုင်း ဘဏ်စာအုပ်လေးပဲ သုံးပြီး ကိုယ့်ပိုက်ဆံလေးတွေ အခြေအနေကို စောင့်ကြည့်တာများတယ်။ နောက်ပြီး ဘဏ်စာအုပ်က Visa လျှောက်တဲ့အခါမှာလဲ အသုံးဝင်တယ်။ တချို့သံရုံးတွေက အင်တာနက်က Print ရင် လက်မခံတာတွေရှိတယ်။ ဘဏ်စာအုပ် ကျတော့ အစစ်ပြရင် ပြီးပြီလေ။

၃။ လှလှပြင်ကြမယ်


ခုတစ်ခေါက်ကျတော့ အလှကုန်အလှည့်ပေါ့။ ခုမြင်ခဲ့ရတဲ့ အရာတွေထဲမှာ မဗေဒါ ဘာတစ်ခုမှ မယ်မယ်ရရ နေ့စဉ်မသုံးဖြစ်ပါဘူး။ အင်မာဂျန်စီ အရေးကြုံမှ သုံးဖြစ်တာများတယ်။ အလုပ်ကို ဘယ်လောက်ချစ်လဲဆို အလုပ်သွားတိုင်း မျက်နှာပြောင်ပဲ။ တစ်ခါတစ်လေ ရုပ်ကတော်တော်လေးစုတ်ပြတ်နေရင်တော့ အလုပ်ရောက်မှ နှုတ်ခမ်းနီကောက်ဆိုးလိုက်တယ်။ နှုတ်ခမ်းနီမဆိုးထားရင် လူတိုင်းက နင်နေမကောင်းဘူးလား လာလာမေးကြလို့။ ခု ယောင်္ကျားယူပြီးတော့ ပိုဆိုးတယ်။ ဗိုက်ကြီးနေလားပါ မေးခံရတယ်။ ကတောက် … ဒါ ဗိုက်ကို သက်သက်စော်ကားတာ…

မိတ်ကပ် ၂ခုလုံးကအိတ်ထဲမှာသာရှိတာ သိပ်လဲ မသုံးဖြစ်ပါဘူး။ အလုပ်ကနေ မထင်မှတ်ပဲ business meeting တွေဘာတွေ သွားရမယ်ဆိုမှ အိမ်သာထဲ အမြန်ပြေးပြီး အဆီတွေပျောက်အောင်လုပ်၊ ကရင်ဖတ်ရိုက် နှုတ်ခမ်းနီဆိုးလုပ်တာ။ အဖြူရောင်ဗူးသေးလေးက ကိုရီးယားသွားတုန်းက Etude House က ဝယ်လာတာ Oil control pad တဲ့။ ကိုယ်က အဆီပြန်တတ်တဲ့သူဆိုတော့ အာ့လေးကို သဘောကျတယ်။ သူက ကရင်ဖက်လိုပဲ ဒါပေမဲ့ ဂျက်ခဲကြီးမဖြစ်ဘူး။ အဆီတွေပဲ ပျောက်သွားတာ။ အာ့နဲ့ အဆီပြန်တဲ့နေရာတွေ ရိုက်လိုက်ရင် အဆီတွေတကယ်ပျောက်သွားတယ်။ ကရင်ဖက်ဆိုရင် အဆီတွေပေါ် ဂျက်ခဲကြီးဖြစ်သွားတယ်လေ။ သိလား။ အာ့လေးကို အရင်ရိုက်ပြီး အဆီတွေပျောက်မှ ဘေးက Faceshop က Phytogenic Infinite Power Foundation SPF 20 အရောင်က NB25 ကို ဖို့တယ်။


နှုတ်ခမ်းနီ ၂တောင့်ရှိတယ်။ (အဲ ပိုစ့်ရေးရင်းနဲ့မှ ထပ်မွှေလိုက်တော့ တကယ်တမ်းတော့ ၃တောင့်ရှိတာဗျ)။ ရွှေရောင်က Loreal Color Riche၊ အရောင်က BP401 Biege Sienna… မဗေဒါက အသားညိုတော့ အဲ့အရောင်က Nude လိုဖြစ်သလို အရောင်လေးလဲ နည်းနည်းရှိသလိုခံစားရတယ်။ သူ့ထက် Nude ဖြစ်တဲ့အရောင် Faceshop က ဝယ်ထားတာရှိတယ်၊ အာ့က အိမ်မှာ (ဘယ်ရောက်နေလဲတော့ မသိ)။ ဒါပေမဲ့ ဒီ Loreal အရောင်က အလုပ်မှာမစိုးဖြစ်ဘူး။ သူက မျက်လုံးတွေဘာတွေ အသေအချာချယ်ထားမှ လှတာ။ ဒီတိုင်းဆိုးရင် ပိုပြီးလူနာရုပ်ပေါက်သွားလိမ့်မယ်။ အဲ့နှုတ်ခမ်းနီက ကိုယ်အကျအန မျက်လုံးခြယ်တဲ့နေ့ အပြင်သွားရင် Backup အနေနဲ့ဆိုးတာ။ သုံးခဲလို့ သူက အရှည်ဆုံးကျန်နေတာသာကြည့်။

ညာဘက်အစွန်ဆုံးကတော့ Shiseido နှုတ်ခမ်းနီ RS711 Perfect Rouge လို့ခေါ်တယ်။ အဲ့ဒါလေးက ဟောင်ကောင်တုန်းက တွေ့ဖူးခဲ့တဲ့ စာရေးကောင်းတဲ့ ဘလော့ဂါအစ်မ မဆွေလေးမွန် စင်္ကာပူလာလည်တုန်းက လက်ဆောင်ပေးတာ။ သူ့ကိုတော့ အလုပ်မှာသုံးဖြစ်တယ်။ နှုတ်ခမ်းပေါ် ဆွဲရတာ တော်တော်ကောင်းတယ်။ နှုတ်ခမ်းခြောက်တတ်တဲ့သူတွေနဲ့ဆို အဆင်ပြေမယ်ထင်တယ်။

ဘယ်ဘက်အစွန်ဆုံးက အတိုဆုံး NYX နှုတ်ခမ်းနီလေးကိုလဲ တော်တော်သုံးဖြစ်တယ်။ အဲ့အရောင်ကို ကြိုက်လို့။ သူက မျက်နှာ လိမ်းချယ်ထားရင်လဲ ဆိုးလို့ရတယ်။ ဘာမှ မလိမ်းထားလဲ လူနာရုပ်မပေါက်အောင် အဲ့ဒါချည်းပဲ ဆိုးထားလဲ အဆင်ပြေတယ်။ NYX ရဲ့ Matte Lipstick.. အရောင်က MLS11 Tea Rose။

အပေါ်က ဘီး ၂ချောင်းက အဖြူရောင် တစ်ခါသုံးဘီးလေးက ဇန်နဝါရီ မြန်မာပြည်ပြန်တုန်းက ချောင်းသာဟိုတယ်က တစ်ခါသုံးဘီးလေး။ အဲ့တုန်းက ဘီးယူလာဖို့ မေ့ကျန်ခဲ့လို့ ဟိုတယ်က တစ်ခါသုံးဘီးပေးတော့ အတော်ပဲဖြစ်ပြီး အိတ်ထဲထည့်ထားတာ ခုထက်ထိ အိတ်ထဲမှာပဲ။ ချောင်းသာပြန် အမှတ်တရ လက်ဆောင်လိုဖြစ်နေလို့ မလွှတ်ပစ်ချင်ဘူး။ အပေါ်က သစ်သားဘီးလေးကတော့ ဟိုနေ့ကမှ ဝယ်လိုက်တာ။ ဆံပင်တိုညှပ်ပြီး ပြန်ရှည်လာတော့ ဂုတ်ထောက်ပြီး ဆံပင်တွေ ကော့လန်နေလို့ အရေးရယ် အကြောင်းရယ်ဆို ဖီးရအောင်လို့။ ဒီ ၂ခုလဲ နေ့စဉ်အလုပ်မှာတော့ မသုံးဖြစ်ပါဘူး။ အင်မာဂျန်စီ လူရုပ်သူရုပ်မပေါက်မှ အမြန်သုံးရတယ်။ ဟိုးတစ်လောက သူဌေးက တခြားကုမ္ဗဏီကလူတွေနဲ့ Meeting တက်ဖို့ ကိုယ့်ပါ ခေါ်တော့ အဲ့နေ့ကျမှ ကိုယ်က ခါတိုင်းထက် ဘိုသီဘတ်သီအလုပ်လာတော့ ဒီရုပ်ကို မယုံနိုင်ဖြစ်ပြီး သူဌေးကို ပြန်မေးမိတယ် “Do I look messy?” ဆိုပြီး ။ သိဘူးလေး သူဌေးက သူ့မျက်လုံးထဲများ ကိုယ့်ပုံ သပ်သပ်ရပ်ရပ်မြင်နေလို့ Meeting ခေါ်တာလားလို့ပေါ့။ ဒီတော့ သူဌေးကလဲ အားမနာပကို ပြန်ပြောတာ “Yes! You are!” တဲ့… ခွိ… အာ့နဲ့ပဲ သူဌေးကို ခဏလေးစောင့်ပါ အိမ်သာလေးသွားပရစေ ဆိုပြီး အမြန်ပြေးရတယ်။ ခွိ…

၄။ IT, electronic, Security ပစ္စည်းများ


ကိုယ်အလုပ်သွားတိုင်း မပါမဖြစ်က Hard disk ပဲ အားရင်အားသလို blog ရေးဖြစ်ရင် ရေးဖြစ်မယ်လေဆိုပြီး ထည့်လာဖြစ်တာ။ ဓာတ်ပုံတွေပါတယ်လေ။ 1TB ရှိတယ်။ အဲ့ Hard disk ထဲမှာလဲ ဖိုင်တွေကို နာမည်ပေါင်းစုံပေးချင်တာပေးပြီး ကိုယ့်ဟာကိုယ် မေ့တာပါပဲ။ အဲလို အထားအသို သေသပ်တာ။

အလည်ကဟာက အိမ်သော့နဲ့ ibanking token အာ့က ဟိုးတစ်လောက ပျောက်နေတာ ခု ယောင်္ကျားယူပြီး အခန်းပြောင်းတော့မှ ကုတင်နဲ့ မွှေ့ယာကြားက ပြန်တွေ့တာ။ ibanking စက်လေးက ပျောက်သွားပြီဆိုပြီး အသစ်တောင် လုပ်ထားတယ်။ ဒါလေးက သုံးလို့မရတော့ဘူး။ ဟိုနေ့က အာ့နဲ့ ibanking ဝင်ပြီး ဝင်လို့မရလို့ ဘဏ်ဖုန်းဆက်ပြီး ကွန်ပလိမ်းမိသေး။ နောက်မှ ကိုယ်မှားတာဖြစ်နေတယ်။ ဟိ။ သော့ချိတ် ကြောင်ဖြူလေးက ဂျပန်သွားတုန်းက Asakusa ဘုရားကျောင်းကနေ ချစ်ချစ်ကုတ်ကုတ် ဝယ်လာတာ။ သူက Made in Japan လို့ ရေးထားတဲ့အထဲမှာ ဈေးအသက်သာဆုံးမို့။ ကျန်တဲ့ ပစ္စည်းတွေက Made in china ဆိုတာတွေချည်းပဲလေ။ အဲ့သော့တွဲလေးပျောက်သွားတုန်းက နှမြောဆုံးက အဲ့ သော့ချိတ်လေးပေါ့။

ဘယ်ဘက်စွန်းကတော့ အားလုံးတွေ့တဲ့အတိုင်းပဲ နားကျပ်။ ဖုန်းဝယ်တုန်းကပါတာ။ ဒါပေမဲ့ တစ်ခါတစ်လေ အလုပ်က Laptop မှာလဲ တပ်ပြီးသုံးတယ်။ အရင်ကတော့ Dramania App က ကိုရီးယားကားတွေ ဒေါင်းလို့ရတဲ့အချိန်က ကိုယ်သိပ်မကြိုက်တဲ့ကားတွေကို အလုပ်အားတယ်ဆို အိမ်သာထဲသွားသွားကြည့်ဖြစ်တယ်။ ခုတော့ ဒေါင်းလို့မရတော့ဘူးဆိုတော့ သိပ်တောင် မသုံးဖြစ်တော့ဘူး။ သီချင်းလဲ နားထောင်ခဲတယ်။ မကြိုက်လို့တော့မဟုတ်ဘူး ဘာနားထောင်ရမှန်းမသိလို့။

၅။ အမှိုက်များနှင့် မလိုချင်သောအရာများ


အိတ်ထဲမျာ နောက် random တွေကတော့ ပြေစာဖြတ်ပိုင်းတွေ Bill ဆောင်ဖို့ reminder တွေနဲ့ ဝင်ငွေခွန် filing လုပ်ထားတဲ့ စာရွက်ကို အိမ်က ဖိုင်ထဲ သိမ်းမယ်ဆိုပြီး မလုပ်ဖြစ်သေးတာတွေ။ အပေါ်ထောင့်မှာ ဟိုးတစ်လောက သူငယ်ချင်းတွေနဲ့ Room xcape သွားထားတဲ့ အွန်လိုင်း ဘွတ်ကင်စာရွက်။ အာ့ကို ခုတော့ လွှတ်ပစ်လိုက်ပြီ။


အိတ်ကလေးထဲက ပစ္စည်းတွေ ထုတ်လိုက်တော့ ကျန်နေတာက Wallet ထဲလဲ မထည့်ဖြစ်၊ ဟို အိတ်အမဲလေးထဲလဲ မထည့်ဖြစ်ပဲ ဘယ်လိုက ဘယ်လို အိတ်ထဲ ဒီတိုင်း ပစ်ထည့်ထားတဲ့ ပိုက်ဆံနဲ့ အကြွေအနည်းငယ်ကိုတွေ့လိမ့်မယ်။ အိတ်ရဲ့ အတွင်းဘက် နံရံကပ်အိတ်လေးထဲမှာတော့ အလုပ်က လိပ်စာကဒ်ရယ် (My Business Cards) ဘတ်စ်ကားစီးတဲ့ကဒ်ရယ်ရှိတယ်။ ဒါပါပဲ။

ကဲ မဗေဒါ ဘယ်လို စည်းမရှိကမ်းမရှိလဲ ပေါ်ကုန်ပြီထင်တယ်။ ဒါမှမဟုတ် မိန်းကလေးတိုင်း ဒီလိုပဲလား?
သူငယ်ချင်းတို့ရဲ့ အိတ်ထဲမှာရော မရှိမဖြစ် အလိုအပ်ဆုံးအရာတွေက ဘာတွေလဲ ပြောပြပေးသွားအုံးနော်…

Thursday, April 02, 2015

Differences between Kill Me, Heal Me and Hyde, Jekyll and Me

ဒီဇာတ်လမ်း ၂ခုစထွက်လာကတည်းက လူတွေက နှိုင်းယှဉ်ပြီးပြောကြတယ်။ အဲလို နှိုင်းယှဉ်ပြောတာ မတရားဘူးလို့ထင်တယ်။ ပြီးတော့ Hyde, Jekyll and Me ဇာတ်လမ်းရေးတဲ့ စာရေးဆရာက Kill Me, Heal Me ကို သူ့ဆီက ခိုးချပါတယ်စွတ်စွဲတဲ့ ကိစ္စဘာညာဖြစ်သွားတော့ လူတွေက ဇာတ်လမ်း ၂ခုကို တူတယ်လို့ ယူဆသွားတယ်။ ဇာတ်လမ်း ၂ခုက DID (Dissociative Identity Disorder) သာမာန်လူတွေပြောရင်တော့ Split personality အကြောင်းကို ရိုက်ထားတာဆိုတော့ အခြေခံအားဖြင့်တော့ ဆင်နေတာပေါ့… Vampire အကြောင်းရိုက်ရင် သွေးသောက်တာ ဘာညာ ပါမယ်။ အချိန်ခရီးသွားအကြောင်းရိုက်ရင်လဲ အချိန်ကာလ မတူညီချက် အပြောင်းအလဲတွေကို ပြတာတွေပါမယ်။ ဒါပေမဲ့ ဒီ ၂ကားလုံးက မတူပါဘူး။ မတူတာတွေကို ပြောချင်လာပါတယ်။ အဓိက ဒီ ၂ကားကို ပြောချင်တဲ့ အချက်လေးတွေက

၁) ဒီ ၂ကားလုံးဟာ အောချလောက်အောင် မကောင်းပါဘူး။

မကောင်းဘူးဆိုတဲ့နေရာမှာ မကြိုက်ဘူးလို့ ပြောတာ မဟုတ်ဘူးဆိုတာကို သတိပြုစေချင်တယ်။ မကောင်းဘူးဆိုတာ တခြား ကားတွေ Pinnochio တို့ Healer တို့လို တင်ဆက်ပြသမှု အရည်အသွေး ထူးခြားကောင်းမွန်မနေဘူး။ ဒါပေမဲ့ ဇာတ်လမ်းတွေသိပ်မကောင်းပေမဲ့ သိပ်နာမည်မကြီးပေမဲ့ ကိုယ်ကြိုက်တယ်ဆိုတဲ့ ကားမျိုးတွေရှိတတ်တယ်လေ။ တစ်ခါတစ်လေကျတော့လဲ ကျွန်မတို့တွေဟာ အရည်အသွေးကြီးတအားကောင်းနေစရာမလိုပဲ အားလပ်ချိန်မှာ တစ်ခုခုကြည့်ချင်ယုံ သက်သက် ကြည့်ပျော်ရှုပျော် ဇာတ်လမ်းမျိုးလေးတွေကို ကြည့်တတ်ကြသေးတယ်လေ။ ဟုတ်ဘူးလား? ပြောချင်တာက ကျွန်မတို့တွေ တခါတစ်လေ သိပ်မကောင်းမှန်းသိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကြိုက်တဲ့ ဇာတ်ကားတွေရှိသလို၊ ကောင်းတယ်ပြောပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မကြိုက်တဲ့ ဇာတ်ကားတွေရှိတတ်ပါတယ် (ဥပမာ မဗေဒါအတွက်ဆိုရင် Coffee Prince နဲ့ Winter Sonata ကို လူတိုင်းကောင်းတယ်ပြောကြပေမဲ့ အပိုင်း ၁ထက် ပိုမကြည့်နိုင်ခဲ့ဘူးလေ။ ခုတော့ ပြန်အခွင့်အရေးပေးရင်ကောင်းမလား စဉ်းစားနေတယ်။ Tamna The Island တို့ Soulmate တို့ ဒီလောက် နာမည်မကြီးပေမဲ့ မဗေဒါ ကြိုက်တဲ့ ကားထဲပါတယ်။) ဘာလို့ ရှည်ရှည်ဝေးဝေး ရှင်းပြနေရတာလဲဆိုတော့ တစ်ယောက်ယောက်က ဇာတ်လမ်းတစ်ခုကို သူမကြိုက်တာနဲ့ပဲ တခြားသူကြိုက်တာကို မကောင်းဘူးဆိုပြီး blindly ငြင်းတာမျိုးကို သဘောမကျဘူး။

ဒါပေမဲ့ ဘာဖြစ်လို့ Kill Me, Heal Me ကို ပိုကောင်းလဲလို့ လူတွေပြောကြသလဲဆိုတော့က မင်းသား Ji Sung သရုပ်ဆောင်တာ ပိုကောင်းတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ အဲ့လိုပြောလို့ Hyung Bin သရုပ်ဆောင်မကောင်းဘူးလို့ ပြောချင်တာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကောင်ကို သရုပ်ဖော်တာမှာ သရုပ်ဆောင်ရဲ့ အရည်အချင်းနဲ့ဆိုင်သလို စာရေးဆရာ ဖန်တီးမှုပေါ်လဲ အများကြီးမူတည်တယ်။ အမှန်တော့ ဒီကား ၂ကားလုံးမှာ မင်းသား ၂ယောက်လုံး တစ်ကယ်ကောင်းတယ်။ ဒီကားတွေ ဒီလောက်ထိ လူလက်ခံတာလဲ အဲ့မင်းသား ၂ယောက်လုံးတော်လို့လို့ထင်တယ်။ နောက်တစ်ချက်ကတော့ Kill Me, Heal Me အပိုင်း ၄လောက်အထိ ပြပြီး ဇာတ်ရှိန်တော်တော်လေးရနေမှ Hyde, Jekyll and Me က စပြပြီး ဇာတ်အိမ်ပျိုးတာ၊ အဲ့ဒိမှာမှ မင်းသမီးနဲ့ မင်းသားက သိပ်လမိုင်းမကပ်တော့ Hyde, Jekyll and Me ကို Kill Me, Heal Me လောက် မကောင်းဘူးလို့ ပြီးစလွယ်ပြောကြတယ်လို့ထင်တယ်။ လူတွေရဲ့ သဘောကလဲ လူပြောများလာတယ် Kill me, heal me က rating က ပိုကောင်းတယ်ဆိုရင် အများနဲ့ လိုက်ပြီး Kill Me, Heal Me ပိုကောင်းတယ် လိုက်ပြောတတ်ကြတယ်လေ။ အမှန်တော့ အဲ့ ဇာတ်ကား ၂ကားကို ယှဉ်ပြောနေရတာကိုးက မှားတယ်လို့ထင်တယ်။ ဇာတ်ကား ၂ကားဟာ DID ချင်းတူပေမဲ့ ကျန်တာတွေအကုန် ကွဲလွဲတယ်။ တင်ဆက်ပြသပုံလဲ ကွဲလွဲတယ်။

နောက်ပြီး မဗေဒါ အနေနဲ့ကတော့ ၂ကားလုံးက မင်းသမီးတွေကို အားမရဘူး။ မင်းသားတွေ ချီးကျူးပြီး မင်းသမီး အားမရဘူးဆိုလို မဗေဒါကို ထင်ချင်သလိုသာ ထင်ကြပါတော့။ ကိုယ့်စိတ်ထဲရှိတာတော့ ပြောပါရစေ။ Kill Me, Heal Me က မင်းသမီးကို Secret ကားထဲမှာ မင်းသား Ji Sung နဲ့ပဲ တွဲတုန်းက သဘောကျတယ်။ အဲ့ကား review တောင် ကောင်းကောင်းလေးရေးထားသေးတယ်။ ဒါပေမဲ့ ဒီကားမှာ မင်းသမီးက စိတ်ရောဂါကု ဆရာဝန်သာပြောတယ် ဆရာဝန်နဲ့ကိုး မတူဘူး။ ရောက်ရက်ကိုခပ်နေတာပဲ။ Personal ဆရာဝန်သာပြောတယ် ဆေးတိုက်တာကလွဲလို့ (ဆေးတိုက်တဲ့ အခန်းတောင် သိပ်မပါပါဘူး) ကျန်တာက ဘာမှလဲဆရာဝန်နဲ့ တူတာ မလုပ်ဘူး။ သူဟာ ရိုးသားဖြူစင်တဲ့ သူတစ်ယောက်ဖြစ်ပြီး Cha Do Hyun ဆိုတဲ့ စိတ်ဝေဒနာရှင် သူ့လူနာကို ချစ်နေမိတယ်ဆိုတာကို သရုပ်ဖော်တာ ချွဲပြစ်နေတဲ့ အသံနဲ့ ကလေးမြူသလို စကားပြောစရာမလိုပါဘူး။ ဟို ကလေး personality တွေ ထွက်လာတဲ့ အချိန်က လွဲလို့ပေါ့။ အထူးသဖြင့် မဗေဒါအတွက်ကတော့ သူ့စကားပြောပုံ မရင့်ကျက်ပဲ over ဖြစ်နေတာကို ခံစားလို့ မရဆုံးပဲ။

Hyde, Jekyll and Me က မင်းသမီး ကတော့ တော်တော်များများပြောသလိုပဲ မဗေဒါ သဘောတူတယ်။ Hyun Bin လို မင်းသားနဲ့ သရုပ်ဆောင်ရတာတောင် နည်းနည်းလေး Feel လာအောင် သရုပ်မဆောင်နိုင်တာ Lesbian များလားလို့တောင် ထင်မိတယ်။ သူ့ကို တခြားကားတွေကြည့်ဖူးပါတယ်။ အနီးစပ်ဆုံးကတော့ Roof Top Prince ပေါ့။ အဲ့မှာလဲ သရုပ်ဆောင်တာ ကောင်းပါတယ်။ ထားပါတော့ သူ့ချည်းပဲ တော့ အပြစ်ပုံလို့မရဘူးပေါ့လေ။ မင်းသားနဲ့ မင်းသမီးကြား Chemistry ကိုးမရှိတာဆိုတော့။ အထူးသဖြင့် Hyde, Jekyll and Me ဇာတ်လမ်းက Kill Me, Heal Me လို နာကျင်မှုကို အခြေခံတဲ့ အချစ်မျိုးမဟုတ်ပဲ၊ Fairy Tale ဆန်ဆန် အချစ်ဇာတ်လမ်းမျိုးဆိုတော့ ပရိတ်သတ်က မင်းသား မင်းသမီး ချစ်နေတာကြည့်နေရင်း လိုက်ရင်ခုန်နေရမယ်။ (Secret Garden ကားဟာ ဇာတ်လမ်းအရ ဒီလောက်ကောင်းနေတာမဟုတ်ဘူး။ ဒါပေမဲ့ မင်းသား မင်းသမီး တအားလိုက်ဖတ်ပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ မင်းသား မင်းသမီးချစ်နေတာကို ကြည့်ပြီး ကိုယ့်ရင်တွေလိုက်ခုန်၊ အားကျဖြစ်အောင် လုပ်နိုင်ခဲ့လို့ နာမည်ကြီးတာ)အဲ့လိုမျိုး မင်းသမီး Han Ji Min သရုပ်ဆောင်မှုက မထိမိဘူးဖြစ်နေတယ်။ ကား အစပိုင်းမှာ ပိုဆိုးတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ နည်းနည်းတော်သွားသလို။ ဇာတ်လမ်းထဲလဲ မျှောပါသွားတော့ ကြည့်ရတာ အဆင်ပြေသွားပေမဲ့ ဒိထက်ကောင်းခဲ့သင့်တာ။ သူ့နေရာမှာ မင်းသမီး Moon Chae Won တို့၊ Ha Ji Won တို့ဆို ဘယ်လိုများ သရုပ်ဆောင်မလဲလို့ကြည့်ရင်း စိတ်ကူးယဉ်မိတယ်။ဒီကားက Casting ပြဿနာလို့ထင်တယ်။ မင်းသား၊ မင်းသမီးကတော့ ကိုယ်မြင်နိုင်တာပေါ့နော်။ ဒါရိုက်တာတွေ production team တွေ မကိုက်နဲ့ သရုပ်ဆောင်တွေ လမိုင်းမကပ်ကြတော့ Hyde, Jekyll and Me လို rating မကောင်းတဲ့ကားတွေဖြစ်လာရတာပေါ့။

၂) ဒီကား ၂ကားလုံးမှာ DID ကလွဲလို့ နောက်ခံ ကျောရိုးတွေ မတူကြဘူး။

မဗေဒါ Kill Me, Heal Me ကို အပိုင်း ၁၅မှာ ခဏပြတ်သွားတယ်။ ခုထက်ထိလဲ အပိုင်း ၁၇ အထိပဲကြည့်ရသေးတယ်။ ဒါပေမဲ့ Review နောက်ကျမှာစိုးလို့ ရေးလိုက်မယ်နော်။ ဘာပဲပြောပြော ဒီ review က overall ကို ပြောတာ ဇာတ်သိမ်းကို ပြောတာမှ မဟုတ်တာနော်။
Hyde, Jekyll, Me ကြည့်နေရင်းနဲ့ ဒီကား ၂ကားဟာ တကယ်တော့ လုံးဝမတူပါလားဆိုတာ သိလာတဲ့အခါ ဇာတ်လမ်း ၂ခုရဲ့ မတူညီတဲ့အချက်တွေကို ကိုယ်မြင်သလောက် ဇယားလုပ်ပြီး ချရေးထားတာ ၇ချက် ရတယ်။

၁။ KMHM မှာ သူ့ကိုယ်ခွဲက ၇ယောက်ရှိတယ်။ (split personality 7 persons) ပြီးတော့ သူပင်မ Personality က သူငယ်ငယ်က ဖြစ်ခဲ့တဲ့အကြောင်းကို မမှတ်မိတော့ပဲ သူ့နာကျင်မှုတွေနဲ့ သူ့ မှတ်ဉာဏ်တွေက ကွဲထွက်သွားတဲ့ Personality တစ်ခုဆီမှာ ရှိနေခဲ့တာ။ အထူးသဖြင့် သူ့အပြင် အထင်ကရအဖြစ်ဆုံး Personality ဖြစ်တဲ့ Shin Se Gi က သူ့ငယ်ဘဝကို အကုန်မှတ်မိနေတာ။ ပင်မ personality ဖြစ်တဲ့ Cha Do Hyun က တစ်ခုချင်းစီကို လိုက်ရှာပြီး တစ်လွှာပြီး တစ်လွှာ သတိရလာတာ။ အဲ့ဒါကြောင့် သူ့ရဲ့ ရုံးကန်မှုက သူ့အတွင်းစိတ်ကို တစ်လွှာချင်းရှာဖွေရင်းနဲ့မှ ပြဿနာထဲ ဘယ်သူတွေပါတယ်ဆိုတာ တဖြည်းဖြည်းသိတာ။

H,J,M မှာကျတော့ သူနဲ့ သူ့ကိုယ်ခွဲ ၂ယောက်ပဲရှိတယ်။ (တတိယတစ်ယောက်က တစ်ခါပဲထွက်လာတာ ဆိုတော့ ထည့်မတွက်တော့ဘူး)။ သူကျတော့ ပင်မ Personality ဖြစ်တဲ့ Seo Jin က အားလုံးမှတ်မိတယ်။ သူ့ရဲ့ အပြစ်ရှိသလို ခံစားရတဲ့ မသိစိတ်က ပြင်းထန်လွန်းလို့ နောက်ထပ် Personality ဖြစ်တဲ့ Robin ဆိုတာ ဖြစ်လာတာ။ Robin က ငယ်ငယ်ကအကြောင်းတွေ ဘာတစ်ခုမှ မသိဘူး။ သူက ခန္ဓာကိုယ်သာ မျှနေနေရပေမဲ့ သူ့ငယ်ဘဝ မှတ်ဉာဏ်အတုနဲ့ပဲ သူ့ဟာသူ တစ်ခြားလူတစ်ယောက်အနေနဲ့ နေနေတာ။ ဒီကားရဲ့ အဓိက ရုံးကန်မှုက သူ့ကိုယ်သူထက် အပြင်လူဆိုးဖြစ်တဲ့ သူ့ငယ်သူချင်း ဆရာဝန် Tae Joo နဲ့ ရင်ဆိုင်ရတာ။ အဲ့လိုရင်ဆိုင်ရာမှာ သူနဲ့ သူ့နောက်တစ်ကိုယ် Robin နဲ့ ပူးပေါင်းပြီး ရင်ဆိုင်တာ။

KMHM နဲ့ H,J,M တို့ အပေါ်က ကွာခြားချက်ကို ဆိုလိုတာ သဘောပေါက်မလားတော့ မသိဘူး။ မပေါက်ဘူးဆိုရင် ၂ကားလုံးကြည့်လိုက် သဘောပေါက်သွားမယ်။ :P

၂။ KMHM က အဓိက Personality ဖြစ်တဲ့ Cha Do Hyun က လူကောင်း၊ sub personality ဖြစ်တဲ့ Shin Se Gi က သွေးဆိုးတဲ့သူ၊
H,J, M မှာ အဓိက Personality ဖြစ်တဲ့ Seo Jin က သွေးအေးပြီး မရီမပြုံး active မဖြစ် တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ sub personality ဖြစ်တဲ့ Robin က သွက်လပ်ပြီး လူတစ်ကာကို လိုက်ကယ်ဆယ်နေတဲ့သူ။

၃။ KMHM က မင်းသမီးဇာတ်ကောင်က Main Personality ဖြစ်တဲ့ Cha Do Hyun ကို ကြိုက်တယ်။
H, J, M က မင်းသမီးက Main Personality ကို မကြိုက်ဘူး sub personality ဖြစ်တဲ့ Robin ကို ကြိုက်တယ်။

၄။ KMHM က Personality တွေနဲ့ အပြင် Cha Do Hyun, Oh Ri Oh (The girl adopted brother) and Oh Ri Jin (The girl) လူသုံးယောက်ရဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းရှိတယ်။
H, J, M က မင်းသားနဲ့ သူ့ တခြား personality Robin ရယ်၊ မင်းသမီးရယ် လူအနေနဲ့က ၂ယောက်ပဲ အတွက် သုံးပွင့်ဆိုင်လို့ပြောလို့မရပေမဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလိုပဲ ရင်ခုန်ရတယ်။ ဒါပေမဲ့ တကယ့် ၃ပွင့်ဆိုင်တွေလို ကောင်မလေးကို မရတဲ့ တစ်ယောက်အတွက် အရမ်း ကြေကွဲပေးစရာမလိုဘူး။ အမှန်တော့ သူ တစ်ယောက်တည်းပဲကိုး။ အဲ့ဒိ အချက်ကို ဒီကား ဇာတ်လမ်းကို ပိုကြိုက်တယ်။ အဆုံးပိုင်းမှာ Personality ၂ ခုကို ပေါင်းတော့လဲ အသေအချာလေး သိမ်းသွားတာကို သဘောကျတယ်။

၅။ KMHM ရဲ့ တချို့ Personality တွေက အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဥပမာ Perry Park, Yo sub (The suicidal boy), ပြီးတော့ Yo Na (အသက်အန္တရာယ် မပေးပေမဲ့ သူ့ သိက္ခာပိုင်းမှာ အတော်ထိခိုက်စေနိုင်တယ်)။
H, J, M ရဲ့ တခြား Personality Robin က သင့်တင့်အောင်နေတတ်တယ်။ သူ့ဟာနဲ့သူ သူပျောက်သွားမှာ ကြောက်ပေမဲ့ အရမ်းတော့ ပြဿနာမများဘူး။ ပြီးတော့ တစ်ခါတစ်လေမလွှဲသာတဲ့အခြေအနေတွေဆိုရင် Seo Jin ယောင်ဆောင်ပြီးတောင် Meeting သွားပေးသေးတယ်။ အန္တရာယ်များတဲ့ တတိယ Personality Terry က တစ်ကားလုံးမှာမှ တစ်ခါပဲ ထွက်လာတာရော။ ပြီးတော့ Terry က Robin ရဲ့ sub personality ဆိုတော့ Main Personality Seo Jin အတွက်ဆိုရင် Sub-sub personality ဖြစ်သွားပြီး သိပ်လဲ ဇာတ်လမ်းအတွက် အထင်ကရမရှိလှတော့ ထည့်မတွက်ဘူး။ သူက Dr. Kang တစ်ယောက်တည်းကိုပဲ ရန်မူတာ။

၆။ H,J, M ထဲက Dr. Kang နဲ့ Dr.Yoon (လူဆိုး) က၊ KMHM ထဲက ဆရာဝန်အနေနဲ့ သရုပ်ဆောင်တဲ့ မင်းသမီးနဲ့ ပါရဂူအဖြစ်သရုပ်ဆောင်တဲ့ ဝတုတ်တုတ်ဆရာဝန်ကြီးထက်စာရင် ရှင်းလင်းချက်တွေနဲ့ သရုပ်ဆောင်ချက်တွေက ကျေနပ်ဖွယ်ရှိတယ်လို့ထင်တယ်။ (အဲ HJM ထဲက လူဆိုးဆရာဝန်က လူတွေအားလုံးကို Hypnosis (စိတ်ညို့) နိုင်တာကို လွန်လွန်ကျူးကျူး တန်ခိုးရှင်လို သုံးထားတာကလွဲလို့ပေါ့)။
၇။ ဒီနောက်ဆုံးအချက်က ကျွန်မ KMHM ကို ဘာလို့ သိပ်မကြိုက်ပဲ H, J, M ကို ဘာလို့ ပိုကြိုက်လဲဆိုတဲ့ အချက်မှာ အများကြီး မူတည်တယ်။
Kill Me, Heal Me ကို ခု အပိုင်း ၁၇ အထိပဲ ကြည့်ရသေးတော့ သူ့ကို ခုလိုပြောရမှာ မတရားသလိုများဖြစ်နေမလားလို့ စိုးရိမ်လို့ ဒီပိုစ့်ကို အားလုံးကြည့်ပြီးမှ ရေးဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ ခုတော့ အားလုံးလဲတောင်းဆိုတယ်။ ဆက်ကြည့်ဖို့လဲ တော်တော်လေး ပျင်းလာလို့ ခုပဲရေးလိုက်တော့မယ်။ တခြားလူတွေရေးတဲ့ ဝေဖန်ရေးတွေနဲ့ မဗေဒါရဲ့ အပြင်က ကိုရီးယားကားကြိုက်သူငယ်ချင်းတွေရဲ့ ပြောပြချက်အရလဲ ဒီ KMHM ကားဟာ မင်းသားရဲ့ ကွဲလွဲတဲ့ personality ၇ ခု က ဘယ်လိုဖြစ်လာတယ်။ ၇ ခုကြီးတောင် ဖြစ်လာရတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတာ သဲကွဲအောင် မရှင်းသွားဘူး။ ထားပါတော့ Shin Se Gi က ဘယ်ကဖြစ်လာတယ်ဆိုတာ ပဲ သဲကွဲတယ်။ ကျန်တဲ့ Personality တွေဖြစ်လာဖို့ လိုအပ်လို့လား? ဥပမာ Perry Park ၊ Perry Park က ဗုံးတွေ တီထွင်ပြီး ဖောက်ခွဲရတာ ကြိုက်တယ်၊ Perry Park အကြောင်းကို ရှင်းတာလို့ ထင်ရတာဆိုလို့ သူငယ်ငယ်က သူ့အဖေက သင်္ဘောကြီး အကြီးကြီးနဲ့ လျှောက်သွားချင်တယ်။ အဲ့သင်္ဘောနာမည်ကို Perry Park လို့ ပေးမယ်လို့ ပြောခဲ့တာပဲရှိတယ်။ အဲ့ဒါနဲ့တင် Personality တစ်ခု ဖြစ်လာစရာလား? အကြောင်းပြချက် မခိုင်လုံးဘူးလို့ထင်တယ်။ အဲလိုပဲ Na Na တို့ ဘာတို့။ Na Na ဆိုတာ မြေအောက်ခန်းက ကလေးမလေးရဲ့ ဝက်ဝံရုပ်နာမည်ဟုတ်? အာ့နဲ့ပဲ Personality တစ်ခုဖြစ်ရောလား? စာရေးဆရာက ပရိတ်သတ်ကို Personality တွေအများကြီးနဲ့ ဟာသတွေ ဘာတွေနဲ့ ကာတွန်းဆန်ဆန် ဆွဲဆောင်ချင်ရုံသက်သက် ထည့်ထားတယ်လို့ခံစားရတယ်။ ဥပမာ ၁၈နှစ် ကောင်မလေး Personality Yo Na က Ri Oh ကို ဖတ်နမ်းတဲ့အခန်း။ K-pop idol တွေနောက် လျှောက်လိုက်တဲ့အခန်း။ မရီရဘူးမပြောပါဘူး။ ရီရပါတယ်။ မင်းသား သရုပ်ဆောင်လဲတော်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအရတော့ သိပ်ကျေနပ်စရာ မကောင်းဘူးလို့ထင်တယ်။ ပြီးတော့ မုန်းစရာ ကောင်းတဲ့ Flashback အခန်းတွေ။ ဒီကားဟာ လူရဲ့ မှတ်ဉာဏ်တွေ စိတ်ပိုင်းဆိုင်ရာတွေအကြောင်းပြသတာဆိုတော့ မှတ်ဉာဏ်ထဲ မေ့နေတာကို အမှတ်တမဲ့ သတိရတဲ့ အခန်းတွေပြသရာမှာ Flashback ကို သုံးတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒီတစ်ခန်းထဲကိုပဲ ထပ်ကာ ထပ်ကာ မင်းသားက သတိရလိုက် မင်းသမီးက သတိရလိုက်ဆိုတော့ တော်တော်လွန်လာတယ်ထင်မိပါတယ်။ အပိုင်း ၁၅ ပြီးခါနီး ပြသွားတဲ့ Flashback တွေကို အပိုင်း ၁၆ အစမှာ ၆မိနစ်ခွဲတိတိ အတူတူတွေပဲကို ပြန်ပြတယ် (အဲ့ Flashback တွေကလဲ ဟိုးအရင်ကတည်းက နည်းနည်း နည်းနည်းစီ ပြဖူးခဲ့တာတွေ)။ အဲ့ ၆မိနစ်ခွဲစာ Flashback တွေပြပြီးတော့ မင်းသားအမေ ဖုန်းပြောတဲ့အခန်း ၁မိနစ်ပြတယ်။ ပြီးလဲပြီးရော မင်းသမီးက ဂိုထောင်ထဲမှာ သတိရလာပြီး စောစောက မင်းသား သတိရသွားတဲ့ Flashback တွေကို မင်းသမီးက နောက်ထပ် ၂မိနစ်စာ ထပ် သတိရပြန်တယ်။ Seriously! Right!... *Roll Eyes* (Should I blame to Director or Editor or production team) အဲ့ အပိုင်း ၁၆ ကို ပြန်ရေတွက်ကြည့်ရင် Flashback အသစ်ကတောင် ခပ်ရှားရှား။ အာ့ ကို သည်းမခံနိုင်တာ။ မင်းသားက သူ့ မှတ်ဉာဏ်တွေ ပြန်ရပါပြီတဲ့။ တခြား Personality တွေက ပျောက်သွားမှာလား? Split personality ဆိုတာ အတိတ်မေ့တာ မှ မဟုတ်တာ။ ပြီးတော့ ငယ်ငယ်က နှိပ်စက်ခံရတာ သူကိုယ်တိုင်တောင် မဟုတ်ဘူး။ ဒါနဲ့ ငယ်ငယ်က နှိပ်စက်ခံရတဲ့သူက မရူးပဲ သူက ဘယ်လိုလုပ်ရူးသတုံး။

Hyde, Jekyll and Me မှာ ကျတော့ ဘာကြောင့် Robin ဖြစ်လာတယ်။ ဘာကြောင့် Terry ဖြစ်လာတယ်ဆိုတာကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ (Medically ခိုင်လုံ မခိုင်လုံတော့ မသိ ပရိတ်သတ်တစ်ယောက်အနေနဲ့တော့ ကျေနပ်တယ်) ပြတယ်။ ပြီးတော့ ဇာတ်သိမ်းမှာလဲ သပ်သပ်ရပ်ရပ် သိမ်းနိုင်တယ်။ Seo Jin ရဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ် ပြင်းပြလာပုံ သူကိုယ်တိုင် ကြိုးစားပြီး စိတ်ကို ထိန်းချုပ်လို့ Robin နဲ့သူ တဖြည်းဖြည်းပေါင်းသွားပုံ စတာတွေကို ပရိတ်သတ် ကျေနပ် လက်ခံနိုင်စဖွယ်ပြသွားတယ်။ သူလဲ အမှန်တော့ Flashback တွေပြပါတယ်။ ပြန်ပေးဆွဲခံရတုန်းက အကြောင်းတွေကို ပြပေမဲ့ KMHM လောက် repeated မဖြစ်သလို လိုအပ်သလောက်ပဲ ဖြတ်ကနဲ ဖြတ်ကနဲပြတယ်။

စောစောက ရေးရင်းနဲ့ အချက် ၈ ကို သတိရတယ်။ ခု ပြန်မေ့သွားပြန်ပြီ။ နောက်သတိရမှပဲ ထပ်တိုးရေးတော့မယ်။ သယ်ရင်းတို့ရော ဘာတွေ ထပ်ထည့်ချင်သေးလဲ?

မဗေဒါကတော့ personally Hyde, Jekyll and Me ကို ပိုကြိုက်တယ်။ ဘာလို့ လူတွေက Kill Me, Heal Me ပိုကောင်းလဲ ပြောနေကြသလဲတော့ မသိ။ ကိုယ်ကတော့ Hyun Bin ကို ပိုကြိုက်တာကြောင့်လဲ ပါမှာပေါ့နော်။ အလုပ်ကနေ အမြန်ပြန်ပြီး သူ့ကို ကြည့်ချင်နေမိတာ။ Ji Sung သရုပ်ဆောင် မကောင်းဘူးပြောတာမဟုတ်ဘူး သူကပိုသရုပ်ဆောင်ကောင်းတယ်။ ဒါပေမဲ့ ကိုယ်က Hyun Bin ပိတ်သတ်လေ။

၂ကားလုံးကို မဗေဒါကတော့ 3/5 Rating ပေးတယ်။