Tuesday, March 31, 2015

Queen Elsa အသွင်ပြောင်းသွားတဲ့ Kim So Yeon

ဆည်းဆာရင်ခုန်သံ (All about eve) က ယွန်မီ၊ Prosecutor Princess စတဲ့ကားတွေထဲက မင်းသမီးချော Kim So Yeon တစ်ယောက် နောက်ထွက်မဲ့ ဇာတ်လမ်းတွဲ "Falling For Innocence" မှာ Frozen ထဲက Elsa အသွင် ဝတ်ဆင်ထားတာကို အစမ်းပြတဲ့ ဗွီဒီယိုမှာ မြင်ပြီးသကာလာ ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုတွေ ရနေခဲ့ပါတယ်။

“Falling for Innocence” ဇာတ်လမ်းလေးကတော့ အေးစက်တဲ့ နှလုံးသားပိုင်ရှင် ကောင်လေးတစ်ယောက်ဟာ နှလုံးအစားထိုးကုသမှုကို ခံယူပြီးသကာလ သူ့အမူအကျင့်တွေ လုံးဝပြောင်းလဲသွားခဲ့တဲ့ အကြောင်းလေးပါ။ သူဟာ ရိုးသားဖြူစင်တဲ့ နှလုံးသား ပိုင်ရှင်တစ်ယောက်ဖြစ်လာပြီး မိန်းကလေးတစ်ယောက်ကို အချစ်စစ်နဲ့ မြတ်မြတ်နိုးနိုး ချစ်မိတဲ့ အကြောင်းလေးပါ။

မတ်လ ၃၁ ရက်နေ့မှာ အစမ်းပြတဲ့ ဗွီဒီယိုထဲမှာ မင်းသမီး Kim So Yeon ဟာ ဆံပင်အဖြူ၊ သရဖူ နဲ့ မိုးပြာရောင် ဂါဝန်ကို ကာတွန်းကားထဲက ဘုရင်မ Elsa ပုံစံအတိုင်း ဝတ်ဆင်ထားတာတွေ့ရပါတယ်။ အဲဒိ အစမ်းပြ ကြော်ငြာ ဗွီဒီယိုကြောင့် ပရိတ်သတ်ရဲ့ သတိထားမှုကို ပထမအပိုင်း မလွှင့်ခင်မှာတင် ရရှိနေခဲ့ပါပြီ။
မင်းသမီး Kim So Yeon ဟာ သူမရဲ့ အလှနဲ့ အနုပညာအရည်အချင်းကြောင့် ပရိတ်သတ်အများစုရဲ့ ရင်ကို အရေပျော်စေခဲ့သူပါ။ ဒီတော့ ဧပြီလ ၃ရက်မှာ စပြမဲ့ ဒီ ဇာတ်ကားကို ကြည့်လိုက်ကြရအောင်ပါ။


(အထက်ပါသတင်းက Soompi မှ ဘာသာပြန်သည်)

မဗေဒါကတော့ ၁၄ ပိုင်းလောက် ပြပြီးမှပဲ ဇာတ်တိုက်ကြည့်တော့မယ်။ မင်းသမီးကို သဘောကျလို့ ကြည့်မဲ့ စာရင်းထဲ ထည့်လိုက်တာ။…
မင်းသားတွေ ဘယ်သူလဲ ရှာလိုက်တော့ KYUNG HO JUNG နဲ့ Yoon Hyun Min ဖြစ်နေတယ်။ ပထမ မင်းသားကိုတော့ သူ့ကားတွေ ဟုတ်တိပတ်တိ မကြည့်ဖူးတော့ မသိဘူး။ ဒုတိယမင်းသားကိုတော့ Finding Romance နဲ့ Witch’s romance မှာ မင်းသား သူငယ်ချင်းဇာတ်ပို့အနေနဲ့ပဲကြည့်ဖူးတယ်။ ကြည့်ဖူးတဲ့ ၂ကားလုံးသူက သူငယ်ချင်းအခန်းကဆိုတော့ ခုလို ဒုတိယမင်းသားအနေနဲ့ ဘယ်လိုလာမလဲတော့ မခန့်မှန်းတတ်ဘူး။

မဗေဒါကတော့ မင်းသမီးလဲ သဘောကျတယ် မင်းသားတွေလဲ အခွင့်ရေးပေးတဲ့အနေနဲ့ရော အဲ့ Elsa ပုံစံ ဝတ်တဲ့အခန်းက ဘာအတွက်လဲဆိုတာ စပ်စုချင်တဲ့အတွက်ရော၊ ကြည့်ဖို့စာရင်းထဲ ထည့်ထားလိုက်အုံးမယ်လေ။

သူငယ်ချင်းတို့ရော ဘယ်လို သဘောရလဲ? မင်းသားတွေက အရမ်းနာမည်ကြီးတွေမဟုတ်တော့ သိပ်တော့ ဖီးလ်မလာကြဘူးလား? ဒါမှ မဟုတ် အခွင့်ရေး ပေးတဲ့အနေနဲ့ ကြည့်ကြည့်မလား?

Monday, March 30, 2015

မျက်နှာပြောင်တိုက်ခဲ့တဲ့ Presentation (စင်္ကာပူရောက် အလွဲများ ၁၄)

လူတွေအားလုံးမှာ ချော်လဲ ရောထိုင်လုပ်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရှိကြမှာပေါ့။ တခါတစ်လေကျတော့လဲ ရောထိုင်လို့မရပဲ အရမ်းသိသာသွားရင်တော့ မျက်နှာပြောင်လေးတိုက်ပြီး စပ်ဖြီးဖြီး ပြုံးပြရတဲ့ ကလေးရှက်တော့ ငိုတယ်၊ လူကြီးရှက်တော့ ရီတယ်ဆိုတဲ့ အခြေအနေလေးတွေလဲ ကြုံတွေ့ဖူးမှာပေါ့။ တကယ်လို့ အဲ့လို မျက်နှာပြောင်တိုက်ခဲ့ရတာ တစ်ယောက်နှစ်ယောက်ရှေ့မှာမဟုတ်ပဲ၊ တစ်တန်းလုံးရဲ့ရှေ့၊ ကိုယ့်ကို အမှတ်ပေးနေတဲ့ ဆရာရဲ့ ရှေ့မှာ ဖြစ်နေတယ်ဆိုရင် သင်တို့ရော ဘယ်လိုဖြေရှင်းဖို့ စဉ်းစားလဲဟင်?

မဗေဒါတစ်ယောက် ပိုလီတက်ခဲ့တဲ့ကာလတွေမှာ ကျောင်းဆင်းတာနဲ့ Part time အလုပ်ကို ပြေး အိမ်ပြန်ရောက်ရင် ပင်ပန်းပြီးအိပ်… တစ်ခါတစ်လေလောက်လေးများအားရင်တော့ တီဗွီလေးဘာလေးကြည့်၊ ဘာညာနဲ့ စာကျက်ချိန်ကို မရတာပေါ့… (ဆင်ခြေနည်းနည်းလဲပါသည်)။ အဲ့ဒိအချိန်က စင်္ကာပူအိမ်ကလဲ Dial up internet လေးပဲရှိတာတောင် တစ်ခါတစ်ခါ ဘာမှန်းမသိ ပျက်ပျက်သွားသေးတယ်။ ကွန်ပြူတာက အစ်မကွန်ပြူတာဖြစ်သလို သူက အိုင်တီဆိုတော့ သူ့ကို ပိုဦးစားပေးဖြစ်တယ်။ ဒီတော့ ပရောဂျက်လုပ်ရင် ကျောင်းက စာကြည့်တိုက် ဒါမှမဟုတ် Lab အခန်းတွေမှာပဲ သွားလုပ်ဖြစ်တာများပါတယ်။ ပိုလီ ဒုတိယနှစ်မှာ specialized major တွေ ရွေးရတော့ ကိုယ်က Microelectronic ကိုရွေးတယ်။ Micro ဆိုတဲ့အတိုင်း အသေးငယ်ဆုံး သာမာန်လူမျက်စိနဲ့တောင် မြင်ဖို့ခက်တဲ့ အိုင်စီလေးတွေအကြောင်း သင်ရတာပေါ့။ ခုခေတ်မှာ အီလက်ထရောနစ်ပစ္စည်းတွေ သေးသေးလာတာ Microelectronic ရဲ့ကျေးဇူးတွေပေါ့။ တခါတည်း မျက်လုံးထဲပေါ်အောင်ပြောရရင်တော့ အဲ့ဒိ Lab အခန်းခေါ် Cleanroom ဆိုတာထဲမှာ အကြီးမားဆုံး အမှိုက်ဆိုတာ ဆံပင်ပဲ။ အဲဒိ ဝေဖာလို့ ခေါ်တဲ့ Chip ပြားလေးတွေပေါ်မှာ လက်ဗွေရာထင်တာကိုတောင် အမှိုက်လို့ သတ်မှတ်တယ်။

အပေါ်က Microelectronic အကြောင်းရှင်းပြနေတာ တခြားတော့မဟုတ်ဘူး အဲ့ဒိလောက် သေးငယ်တဲ့အရာလေးတွေအကြောင်းကို တလွဲ research ရှာပြီး လူရှေ့သူရှေ့ တလွဲ Presentation လုပ်ခဲ့တဲ့အလွန်တရာမှ ပြန်စဉ်းစားတိုင်း “ငါသေသင့်တယ်” (တကယ်တော့ မသေရဲပါဘူး) ဆိုတဲ့ အတွေးမျိုးပေးတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောမလို့။

မှတ်မိတာမမှားဘူးဆိုရင်တော့ Molding အကြောင်း presentation လုပ်ရတာထင်ပါတယ်။ (Presentation က စာမေးပွဲအစဉ်ကြီး မဟုတ်ပေမဲ့ အောင်ဖို့ ရာခိုင်နှုန်းဘယ်လောက်လဲမသိဘူး ရှိပါတယ်) ကိုယ့် Research report ကို Presentation ပြန်လုပ်ရတာပေါ့။ အဲ့ဆရာနာမည်ကိုတောင် ကောင်းကောင်းမှတ်မိနေပါသေးတယ် မစ်စတာ အန်ကီဝီ တဲ့ အသီးနာမည်နဲ့ ဆင်တယ်။ ကိုယ့်ကို ဘယ်လောက်များ စိတ်ကုန်လို့ နောက်နှစ်ထပ်မတွေ့ချင်လို့ အအောင်ပေးခဲ့လဲမသိ။ ဟိ…

ကိုယ်လဲ အဲ့တုန်းက အချိန်ပိုင်းအလုပ်ကို အသေလုပ်တော့ အနီးကပ်မှာ အလုပ်ကပြန်လာတဲ့ ညတစ်ညမှာ ပင်ပန်းပြီး အိပ်ချင်နေတဲ့ကြားက research လုပ်ပြီး စာလုံး molding process ဘာညာတွေ့တာနဲ့ တန်းပြီး ကော်ပီထည့်လိုက်တော့တာပါပဲ။ ကိုယ် copy လိုက်တဲ့ content ကို တောင် မဖက်ကြည့်ခဲ့တာလား နားပဲမလည်ခဲ့တာလား ကိုယ့်ကိုကိုယ်လဲ မသိပါဘူး။ ငါ့ report လဲ ဆရာတွေက သေချာဖတ်မှာမဟုတ်ပါဘူး။ အတန်းထဲမှာ Presentation လုပ်ရင်လဲ သူများလုပ်လဲ ကိုယ်အာရုံစိုက်ဖြစ်တာမဟုတ်ဘူး။ ကိုယ်လုပ်လဲ သူများတွေ နားထောင်နေမှာ မဟုတ်လောက်ပါဘူး။ ဆရာကလဲ အသင်အပြ သိပ်မကောင်းဘူး (ကန်တော့ပါရဲ့နော် စော်ကားတာမဟုတ်ရပါ အမှန်တိုင်းပြောတာပါ)။ ဒီတော့ ဆရာကိုယ်တိုင်လဲ နားထောင်မယ် မထင်မိဘူး။

မနက်ကျ သေချာလေး Print ထုတ်ပြီး အဲ့ဒိ ဘာသာ အချိန်ကျတော့ တစ်ယောက်ပြီး တစ်ယောက် Presentation လုပ်ကြတာပေါ့။ သူများတွေလုပ်သွားတာလဲ ဘယ်သူမှလဲ နားထောင်မနေပါဘူး။ စကားများမနေကြပေမဲ့။ ဖုန်းဆော့သူဆော့၊ နောက်တစ်ဘာသာရဲ့ ပရောဂျက်ကို ခုမှ ခိုးလုပ်နေသူလုပ်။ စာရေးပြီး စကားပြောသူပြော။ ဒါတောင် အဲ့ခေတ်က စမတ်ဖုန်းတွေ မပေါ်သေးဘူး။

ကိုယ့်အလှည့်ရောက်တော့ ကိုယ်လဲ အေးဆေးပဲ အတန်းရှေ့ထွက် Print လာတဲ့ စာရွက်ကို စာဖတ်သလို Presentation လုပ်တာပေါ့။ တမင်တကာ စာဖတ်သလို လုပ်တာ။ အဲ့ဒါမှ နားထောင်ရပျင်းပြီး ဘယ်သူမှ အာရုံမစိုက်အောင်လို့။ Molding measurement တွေအကြောင်းရောက်တော့လဲ အေးဆေးပဲ ဆက်ဖတ်နေတာပေါ့။ ရုတ်တရက်ကြီး ဆရာက ရပ်စမ်း။ နင်စောစောက ဖတ်လိုက်တဲ့ Measurement တွေက ဘယ်လောက်? ကိုယ်လဲ ပြန် repeat ပြတာပေါ့။ ဆရာက အဲ့လိုထောက်လိုက်တော့ အတန်းသားတွေကလဲ ကိုယ့်ကို ကြည့်ကြတာပေါ့။ ဆရာက ရှေ့လူတွေတုန်းက ဘာသံမှ မှ ထွက်မလာတာ။ ကိုယ် Repeat ပြတဲ့ measurement တွေက မီတာကျူ m3 တွေ၊ Units per gram တွေလေ။ ဆရာက နင့် Measurement တွေက တလွဲတွေချည်းပါလား။ ကိုယ့်ကိုကိုယ် ဘာ presentation လုပ်နေတာရော သိရဲ့လားတဲ့။ ကိုယ်လဲ သဘောပေါက်လိုက်တယ်။ ကိုယ် copy လာတဲ့ research တွေက တလွဲကြီးဖြစ်နေပြီဆိုတာ။ ဘာနဲ့ လွဲမှန်းသာ မသိတာ။ ဆရာက မေးတော့လဲ ပြန်ဖြေရတာပေါ့။ Molding လေလို့။ ဘာလွဲနေလဲ သိလားတဲ့။ ကိုယ်လဲ ဆရာကို မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်ပြီး လွဲတာတော့ လွဲနေမယ်။ ဘာလွဲမှန်းတော့ မသိဘူးလို့ပြောလိုက်တယ်။

အဲ့ဒိအချိန်မှာ ရှက်လဲရှက် ကြောက်လဲကြောက်နေပေမဲ့။ မျက်ရည်ထွက်လာရင် ကိုယ့်ကို အာရုံမရှိသေးတဲ့ တခြားကျောင်းသားတွေပါ သတိထားမိမှာစိုးတာရော။ သေချာတာကတော့ ကျွန်မ Presentation content ကို ကျောင်းသားထဲက တစ်ယောက်မှ သတိမထားမိဘူး။ ဆရာနဲ့ ကျွန်မပဲ သိတယ်။ ဆရာစကားစပြောလို့သာ တချို့ကျောင်းသားတွေက မော့ကြည့်တာပဲရှိတယ်။ ကိုယ်ငိုချလိုက်မှ “ဘာဖြစ်တာလဲ။ ဘာလို့လဲ။ နင့် report ကိုပြပါ” ဆိုမှ အားလုံးရဲ့ laughing stock ဖြစ်လိမ့်မယ်။ ဒီနိုင်ငံက ကျောင်းက အတန်းဖော်တွေဆိုတာ သူတို့အတွက် အကျိုးအမြတ်တစ်ခုခု မပေးနိုင်တဲ့သူဆို အပေါင်းအသင်းလုပ်ချင်ကြတာမဟုတ်ဘူး။

ဒီတော့ ဆရာက ဘာမှားလဲ သိလားလို့မေးတဲ့အချိန်။ တစ်ခုခုမှားနေမှာပေါ့ဆိုတာပဲ သိတယ် ဘာမှားလဲတောင်ကိုယ့်အဖြစ် ကိုယ်မသိဘူး။ အဲလို ပြောပြီးတော့ ဆရာက ဘာမှ ဆက်မပြောပဲ ခေါင်းတစ်ခါခါနဲ့ပေါ့။ ကိုယ်လဲ အတန်းရှေ့မှာ ဘာဆက်ပြောရမလဲ မသိတော့ဘူး။ ကိုယ့် report က တလွဲကြီးမှန်း ခုမှ သိတော့လဲ ဆက်ပြီး ဖတ်ရမှာ ကြောက်နေပြီ။ ဆက်ဖတ်လဲ အရှက်ပိုကွဲတော့မယ်။ အာ့နဲ့ပဲ မျက်နှာပြောင်ပဲတိုက်ပြီး စပ်ဖြီးဖြီးလုပ် ဆရာ့ကို မေးလိုက်တယ်…

“Do I still need to continue?” လို့ မေးလိုက်တော့…

ဆရာလဲ စိတ်ပျက်ပျက်နဲ့ လက်ခါပြီး “nevermind, Just go” ဆိုပြီး ဆူချင်စိတ်တောင် မရှိတော့တဲ့ပုံနဲ့ သူသင်ထားတဲ့ တပည့် ဒီလောက်တော်တာ သူ့အပြစ်တွေချည်းပါပဲဆိုတဲ့ ခံစားချက်ဖြစ်နေပုံမျိုးနဲ့ ကျွန်မကို ပြန်လွှတ်လိုက်တော့တယ်။


အတန်းပြီးတော့မှ ကိုယ် ကော်ပီလာတဲ့စာတွေကို အင်တာနက်မှာ ပြန်ရှာတော့ ဘာတွေ့လဲဆိုတော့ Building Molding အဆောက်အဦးဆောက်တဲ့နေရာမှာသုံးတဲ့ Molding Measurement တွေဖြစ်နေတယ်။ အမှားမရှိခဲ့ရင် အသစ်တွေဘယ်လို သင်ယူဖြစ်ခဲ့မလဲနော်။ ခုတော့ Building မှာလဲ Molding ရှိတယ်။ Building Molding ဆိုတာ ဘာ ဆိုတဲ့အကြောင်းလေးပါ ဖတ်ဖြစ်သွားတာပေါ့နော်။ (ခုထက်ထိ မျက်နှာပြောင်တိုက်မြဲပဲ။ မြန်မာနိုင်ငံသားဆိုတော့ ပြောင်ပြောင်ပဲ)

အဲ့ report ကတော့ ကျပါတယ်။ ဒါပေမဲ့ အာ့ကြောင့်ပဲ စာမေးပွဲမှာ ကိုယ်ပို ကျိုးစားလိုက်ဖြစ်တယ်ထင်တယ်။ အဲ့ဘာသာ အောင်တယ်။ ဆရာပဲ ကိုယ့်မမြင်ချင်တော့လို့လားမသိဘူး…
သူငယ်ချင်းတို့မှာရော ချော်လဲရောထိုင်းခဲ့ရတာတို့၊ ရှက်ရှက်နဲ့ မျက်နှာပြောင်တိုက်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ရှိလား? ကွန်မန့်မှာ ပျော်ပျော်ပါးပါး စိတ်ထဲပေါ့သွားအောင် မျှဝေသွားကြအုံးနော်…

ကဲ… ဒီပိုစ့်နဲ့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပြီးသကာလ… နားမယ်ကွယ်… တစ်ခါရယ်ရင် တစ်ရက်အသက်ပိုရှည်ပါစေနော်…

Tuesday, March 17, 2015

စိတ်လှုပ်ရှားဖွယ် ကစားနည်း


စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ များများစားစားလုပ်စရာဆိုလို့ ပင်လယ်နား ဘာဘီကျူး၊ ကာရာအိုကေဆို၊ Steamboat ဘူဖေးစုစား စသည်ဖြင့် လောက်ပဲရှိပါတယ်။ တခြား activities တွေလုပ်မယ် လျှောက်သွားမယ်ဆိုရင် ရှိပေမဲ့ လူအရမ်းပင်ပန်းအချိန်ကုန်ပြီး ပိုက်ဆံကုန်ပါတယ်။ ဥပမာ ဆန်တိုဆာသွားတာတို့၊ Universal studio သွားတာတို့လိုမျိုးပေါ့။ ဒါပေမဲ့ ဟိုနေ့က မဗေဒါ သူငယ်ချင်းတွေနဲ့ သွားဖြစ်ပြီး ဆော့ဖြစ်တဲ့ နေရာလေးကတော့ ပိုက်ဆံလဲ ဒီလောက်ဈေးမကြီးသလို၊ စိတ်ဝင်စားဖို့လဲကောင်း၊ ပျော်စရာလဲကောင်း၊ ဉာဏ်စမ်းလဲဖြစ်၊ အချိန်ကလဲ ၁နာရီပဲ၊ ဘာမှလဲ ပြင်ဆင်စရာမလိုဘူး၊ နေရာကလဲ မြို့လယ်ခေါင် Bugis မှာပါ။ အဲ့ဒိ game ဆော့ပြီး သူငယ်ချင်းတွေအားလုံး အေးအေးဆေးဆေး ကြိုက်တဲ့ စားသောက်ဆိုင်သွားပြီး စကားပြောတာပဲဖြစ်ဖြစ်၊ ရှော့ပင်းပတ်တာပဲဖြစ်ဖြစ် လုပ်ချင် လုပ်လို့ရပါသေးတယ်။ စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားရမှန်းမသိရင် xcape room ကို recommend ပေးချင်ပါတယ်။


အသက်ကြီးလာလေ သရဲအိမ်လို့ကြားရင် အလကားနေ လန့်နေတတ်တော့ အစက ဖေ့ဘွတ်မှာ သူငယ်ချင်းတစ်ယောက်က လင်ခ့်ပေးပြီး Xcape Room သွားချင်တယ်ပြောတုန်းက ၀က်ဆိုဒ်က ပုံတွေကြည့်ပြီး လန့်ပြီး မသွားချင်ခဲ့မိပါဘူး။ ဒါပေမဲ့ လူ့စိတ်ဆိုတာကလဲ မျောက်စိတ်လိုပဲ ပြောင်းလဲတတ်တဲ့သဘောရှိတာက တစ်ကြောင်း၊ တိုက်တိုက်ဆိုင်ဆိုင် Mr. Right က သူ့အလုပ်ကလူတွေနဲ့ အဲ့ဒိကို သွားဖြစ်ခဲ့တဲ့အကြောင်းပြောတော့ သရဲအိမ်ရယ်လို့လဲ အတိအကျသဘော မဆောင်ပါဘူး။ သူက ဘယ်လိုပြောမလဲ ဉာဏ်စမ်းပေဟဠိ စုံထောက် စွန့်စားခန်းလို့ပဲပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ရှုံးရမှာ ကြောက်တဲ့ကျွန်မကတော့ ရှုံးမှာ ထပ်ကြောက်ပြန်ရော။ ဒါပေမဲ့လဲ သေချာပြန်စဉ်းစားကြည့်တော့ ရှုံးတာ နိုင်တာက အဓိကမကျပါဘူး။ အဲဒိအခန်းထဲမှာ ကစားနေတဲ့အချိန် ခံစားချက်က အမှတ်တရဖြစ်မယ်လို့ တွေးမိခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒိမှာ လူတွေကို ထိခိုက်စေမဲ့ ပစ္စည်းမျိုး ဘာမှ မရှိပါဘူးလို့ သူတို့ ဝက်ဆိုဒ်မှာ ရေးထားပြီးသားပဲ။ (ကိုယ့်ရဲ့ အလွန်တရာမှ ကောင်းလွန်းတဲ့စိတ်ကူးက တကယ်လို့များ စိတ်တဇလူသတ်သမားတစ်ယောက်ယောက် စိတ်မနှံ့ပဲ အခန်းထဲကျန်နေရင်တော့ ဒုက္ခဆိုပြီး တွေးကြောက်ပြန်ပါသေးတယ်။ ဒါပေမဲ့လဲ ဒါဟာ တကယ်လို့များဆိုတဲ့ အတွေးဆိုတော့ တကယ်မှ မဟုတ်တာ)

နည်းနည်း သတ္တိရှိလာတော့ ဝက်ဆိုဒ်(http://www.xcape.sg/) ကို ထပ်သွားကြည့်တော့ ပရိုမိုးရှင်းရှိနေပါတယ်။ ၇ယောက်စာပေးရင် တစ်ခန်းလုံး သူများနဲ့ မရောပဲ ဝင်လို့ရမယ်တဲ့။ ဒါနဲ့ အရင်က ပြောဖူးတဲ့ သူငယ်ချင်းနဲ့ မဗေဒါရဲ့ မင်္ဂလာဦးဆွမ်းကျွေးမှာ တွေ့ဖူးခဲ့တဲ့ မဗေဒါရဲ့ စာဖတ်သူ သူငယ်ချင်းတွေထဲက စိတ်ဝင်စားလောက်မယ်ထင်တဲ့ သူတွေကို Tagged ပြီး မေးလိုက်တော့ Response က ကောင်းပါတယ်။ (ဖေ့ဘွတ်မှာ လာအက်ထားတဲ့ ကိုယ့်ရဲ့ စင်္ကာပူက ပုံမှန်စာဖတ်သူတွေ ကို ကိုယ့် မင်္ဂလာဦးဆွမ်းကျွေးကို အကြောင်းပြပြီး အပြင်မှာ တွေ့ဖူးစကားပြောဖူးခဲ့တော့ သူငယ်ချင်းတွေထပ်တိုးတယ်လေ။ ) တစ်ခန်းကို ၁၀ယောက်က အများဆုံးပဲ ဝင်လို့ရလို့ တချို့ မလိုက်လိုက်ရတဲ့ Kpopper သူငယ်ချင်းတွေကို နောက်တစ်ခါ နောက်Theme တစ်မျိုး Try ရင် လိုက်ဖို့ပဲပြောနိုင်ခဲ့ လို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဂိမ်းရဲ့အဓိက ရည်ရွယ်ချက်က အဲ့ဒိ အမှောင်ခန်းထဲမှာ ကိုယ်တွေအုပ်စုဝင်သွားရပြီး ပြန်ထွက်ဖို့ လမ်းရှာရမှာဖြစ်ပါတယ်။ ပြန်ထွက်ဖို့ လမ်းရှာတဲ့အခါမှာ ပုံမှန်မဟုတ်ပဲ အဲ့အခန်းထဲမှာ ပေးထားတဲ့ သဲလွန်စတွေကနေ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ အခန်းက ကြည့်ရင် ဘာပစ္စည်းမှာ သိပ်မရှိသလိုထင်ရပေမဲ့ ပေးထားတဲ့ ပစ္စည်းတွေကနေ သေချာသဲလွန်စရှာရင် နောက်ထပ် လျှို့ဝှက်ခန်းတွေကို ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ Theme ပေါ်မူတည်ပြီး လျှို့ဝှက်ခန်း အရေအတွက်က ကွာမယ်ထင်ပါတယ်။

ကျွန်မတို့အုပ်စုက ၁၀ယောက်ဆိုတော့ Theme ရွေးတဲ့အခါမှာ ၁၀ယောက်လက်ခံတဲ့ Theme ပဲ ရွေးလို့ရပါတယ်။ အဲ့ဒိထဲကမှ Tomb Raider က Fear factor အမြင့်ဆုံးမို့ အားလုံး သဘောတူညီချက်နဲ့ မရွေးခဲ့ပါဘူး။ Vampire Diary က ဘယ်သူမှ မဲမပေးလို့ မရွေးဖြစ်ပါဘူး။ Resident Evil က Zombie မုန်းတဲ့ ကျွန်မနဲ့ တခြားကောင်မလေးတစ်ယောက် မကြိုက်လို့ မရွေးဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ ကျန်တာ Chamber of Secret ပဲကျန်ပါတော့တယ်။ Fear Factor က ၁ ဆိုတော့ မဆိုးဘူးလေ။ လုံးဝကြောက်ဖို့မကောင်းရင်လဲ မသွားချင်ပြန်ဘူးကိုး။ အဲဒိ Theme ရွေးရင် အောက်မှာ လိုအပ်တဲ့ အရည်အချင်းအချက်အလက်လေးတွေ ပေးထားပါတယ်။ ဒါပေမဲ့လဲ သိပ်တော့လဲ stress စရာမလိုပါဘူး။ ဟိုရောက်တော့လဲ သူ့ဟာသူဖြစ်သွားတာပါပဲ။
Chief ရဲ့ ဗျူဟာတွေနားထောင်နေတာ...
၂ပတ်လောက် ကြိုတင် Book လုပ်ထားဖြစ်ပါတယ်။ Booking လုပ်တဲ့အချိန်မှာ ပိုက်ဆံရှင်းစရာမလိုပါဘူး။ ကိုယ်ဘွတ်ထားတဲ့ အချိန်ထက် ၁၅မိနစ်စောလာဖို့ ပြောပါတယ်။ မိန်းကလေးတွေဆိုရင် ဘောင်းဘီ၀တ်ခဲ့ဖို့နဲ့ ဒေါက်ချွန်ဖိနပ်တွေ မစီးခဲ့ဖို့တော့ မှာထားပါတယ်။ တကယ့်နေ့ရောက်တော့ အားလုံး Bugis MRT မှာပဲ စုံကြပြီး ထွက်ခဲ့ကြပါတယ်။ ဆိုင်က Bugis Street ဘေးက Mac donald ဆိုင်တိုက်ပါပဲ။ ဆိုင်ခန်းနံပါတ်နဲ့ရှာရတာ လွယ်ပါတယ်။ အပေါ်ထပ်ကို လှေကားကနေ တက်သွားရပါတယ်။ ဟိုရောက်တော့ ကိုယ်ရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ သူက ၁၀မိနစ်လောက်စောပြီး အခန်းထဲ ဝင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်တွေထင်တာက လျှို့ဝှက်ခန်းတွေ တစ်ခန်းပြီး တစ်ခန်းဝင်သွားရင် နောက်ကျမှ လာတဲ့သူ ၂ယောက် ပျက်ကျန်ခဲ့မှာ စိုးတာပါ။ ကိုယ်ကမှ အထဲမှာ ဘယ်လိုဖြစ်မလဲ မသိတာလေ။ သူငယ်ချင်းကို စောင့်မယ်လို့ပြောပြီး ၅ မိနစ်ထပ်စောင့်ပါတယ်။ ဒါပေမဲ့ ဆိုင်က ကောင်မလေးက အထဲဝင်နှင့် နောက်မှလာတဲ့သူက ထည့်ပေးမယ်တဲ့။ သူက အထဲမှာ လိုအပ်တာတွေ အကျဉ်းချုံး ကျွန်မတို့ကို ရှင်းပြရအုံးမှာတဲ့။ ပါသမျှ အိတ်တွေနဲ့ ဟန်းဖုန်းတွေအားလုံး အပြင်က ဘီဒိုထဲ သော့ခတ်ထားခဲ့ရတယ်။

အခန်းကတော့ အလင်းထဲကနေ အမှောင်ထဲဝင်လိုက်တော့ မှောင်မဲနေတယ်ထင်ရပေမဲ့ မျက်လုံးအသားကျသွားတော့ သိပ်မကြောက်တော့ပါဘူး။ ကျွန်မတို့ ၁၀ယောက်အဖွဲ့အတွက် လက်နှိပ်ဓာတ်မီး အသေးလေး ၅လုံးလောက်တော့ ပေးပါတယ်။ အဲဒိ မီးအလင်းရောင်ကလွဲလို့ တခြားအလင်းရောင်ဘာမှမရှိပေမဲ့ နောက်မျက်လုံးအသားကျသွားတော့ အဲ့ဒိအလင်းရောင်းထဲမှာပဲ ခန့်မှန်းပြီးနေတတ်သွားပါတယ်။ (အထူးသဖြင့် မြန်မာပြည်က မီးပျက်ညတွေမှာတောင် နေခဲ့တဲ့ မြန်မာနိုင်ငံသားတွေချည်းပဲမို့ အမှောင်သိပ်မကြောက်ကြတာလားတော့ မသိပါ။ တစ်ဖွဲ့လုံး ကြောက်တဲ့သူတစ်ယောက်မှကို မရှိတာ)။

အခန်းတွင်းမှာတော့ လူသတ်မှုပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး ဆိုင်ကကောင်မလေးပြောပြချက်အရ၊ ကျွန်မတို့ဟာ Dr. Hachi က လွှတ်လိုက်တဲ့ အလွတ်စုံထောက်အဖွဲ့ဖြစ်ပြီး FBI ယောင်ဟန်ဆောင်ကာ လူသတ်မှုကို လာစုံစမ်းတာဖြစ်တယ်။ တကယ့် FBI တွေမလာခင်မှာ ဒီအခန်းထဲက ရအောင် ပြန်ထွက်ရမယ်။ တကယ့် FBIတွေက ၁နာရီကြာရင်လာမယ်လို့ပြောပါတယ်။ အကူအညီလိုရင် အခန်းထဲက xcape လို့ရေးထားတဲ့ ကဒ်လေးကို ကင်မရာဘက်လှည့် ထောင်ပြလို့ရပါတယ်။ သဲလွန်စထဲက ကြိုက်ရာ ၂ခုကို ပညာသားပါပါမေးလို့ရပါတယ်။ သူတို့ကတော့ ကျွန်မတို့တွေ ရူးပေါပေါ ဟိုဟာဒီဟာ စမ်းတဝါးဝါး လျှောက်လုပ်တာတွေကို အပြင်ကနေ ကင်မရာနဲ့ ကြည့်ပြီးများ ရီနေမလား မသိပါဘူး။

စစချင်းတော့ တကယ်ကိုပဲ ဘာလုပ်လို့ ဘာရှာရမှန်းကို မသိပါဘူး။ သူက ဘာကိုရှာပါလို့လဲ တစ်ခုမှ ပြောမသွားပါဘူး။ အခန်းထဲမှာလဲ ရှာစရာ ပစ္စည်းတောင် များများစားစားမရှိပါဘူး။ ဒါပေမဲ့ ရှာဆိုတော့လဲ ရှာရမှာပေါ့ တစ်ခုခုတော့ထွက်လာမှာပေါ့ဟုတ်? အခန်းထဲမှာ ဘာတွေရှိတယ် ဘာတွေတွေ့တယ် ဘယ်လိုရှာရတယ်ဆိုတာတော့ မဆော့ရသေးသူတွေ အရသာပျက်မှာမို့ မပြောပြတော့ဘူးနော်။

အနည်းဆုံးပြောပြနိုင်တာ နည်းနည်းကတော့ အဲ့ဂိမ်းဆော့တဲ့အခါမှာ…
၁) ရှိသမျှနေရာ အနှံ့ကို ချောင်ဂျို ချောင်ကြားမကျန်ရှာပါ။
၂) တစ်နေရာတည်းမှာပဲ အားလုံး စုမနေပဲ လူစုခွဲ ဖြန့်ရှာပါ။
၃) ပေးထားတဲ့ Clue တွေက သင်္ချာအခြေခံ၊ ဓာတုဗေဒ အခြေခံ ဘာမှ သိစရာမလိုတဲ့အတွက် ဝေးဝေးလံလံ သိပ်မစဉ်းစားပဲ တစ်ခုနဲ့တစ်ခု ကိုသာ ပေးထားတဲ့အတိုင်း သေချာစဉ်းစားပါ။
၄) တစ်ချို့ သဲလွန်စတွေကတော့ တစ်ခုထဲနဲ့ မရပဲ ဆက်စပ်နေတာလေးတွေရှိတဲ့အတွက် တူညီနေတဲ့ အချက်တွေရှိရင် အသေးစိတ် ဆက်စပ်ကြည့်သင့်တယ်။
၅) သူတို့က သဲလွန်စမဟုတ်ဘူးလို့ သေချာရေးထားရင် အဲ့နေရာကို ရှာစရာမလိုဘူး။
၆) တစ်ချို့ အရင် ရှာတွေ့တဲ့ သဲလွန်စတွေက လတ်တလော သုံးလို့မရသေးပေမဲ့ အဲ့ဒိကရတဲ့ အဖြေကို နောက်သုံးဖို့ မှတ်ထားသင့်တယ်။ (တစ်နေရာမှာ သုံးပြီးသွားပြီဆိုရင်တော့ နောက်ထပ် ထပ်သုံးစရာမလိုတော့တဲ့အတွက် မှတ်စရာမလိုတော့ဘူး)
၇) တစ်ယောက်ယောက်က တစ်ခုခုရှာတွေ့ပြီဆိုရင် ကျန်တဲ့အဖွဲ့သားတွေအားလုံးကို အသိပေးပါ။ လျှိုထားတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါဟာ အဖွဲ့လိုက်ကစားတဲ့ ဉာဏ်စမ်းပါ။


Special team

လောလောဆယ် စဉ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲ။ ကျွန်မတို့လဲ အကူအညီ ၂ခါလုံး ကုန်အောင်တောင်းရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုတည်းမှာပဲ Stuck နေပြီတာ ကြာပြီဆိုရင်တော့ တောင်းကိုတောင်းရတော့မှာပါ။ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ သူလာပြောပြသွားတဲ့ ပထမ အကူအညီဆိုရင် ကျွန်မတို့ ဘယ်လိုမှ သိနိုင်မဲ့အရာမျိုးမဟုတ်ပါဘူး။
ကျွန်မတို့ အဖွဲ့က လူညီကြပါတယ်။ ၃ယောက် တစ်အုပ်စုလောက်သူ့အလိုလိုဖြစ်သွားပြီး ခွဲရှာကြပါတယ်။ အဲ့ဒိမှာ လူ့သဘောတစ်ခု သွားသတိထားမိပါတယ်။ တော်ရုံတန်ရုံ လူတစ်ယောက်ဟာ တစ်ခုတည်းမှာ အာရုံကြာကြာမစိုက်နိုင်ပါဘူး။ နည်းနည်းစဉ်းစားပြီးလို့ အဖြေမထွက်တော့ရင် အဲ့မှာ မနေချင်တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒါကလဲ လုံးလုံးတော့ ဆိုးတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မရနိုင်တဲ့ အဖြေတစ်ခုကို အဲ့မှာပဲ ပေကပ်နေရင် ကိုယ်ရနိုင်တဲ့ အဖြေတွေအတွက် အချိန်ကုန်နိုင်လို့ပါပဲ။ ကိုယ်အစွမ်းကုန် စဉ်းစားလို့ မရရင် တခြားတစ်ယောက်ယောက်ကို စဉ်းစားကြည့်ခိုင်းပါ။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ စဉ်းစားနိုင်ပါတယ်။

နောက်ပြီး တစ်ခုခုကို စဉ်းစားနေတုန်း ဟိုဖက်က တွေ့ပြီတွေ့ပြီဆိုရင် အာရုံလွဲသွားပြီး အဲ့ဒိမှာ ဝိုင်းအုံသွားကြတော့တာပါပဲ။ ဒါကလဲ လူ့သဘာဝ ကိုယ်လွတ်သွားမှာကြောက်တာကိုး။ အုံပြီးရင် မြန်မြန်လေး လူစုပြန်ခွဲ လုပ်စရာဆက်လုပ်ပါ။ အဲ့ဒိအခန်းထဲမှာ ၁နာရီဆိုတာ တကယ်ကို ခဏလေးပါပဲ။ ကိုယ်ထင်တာကို ပြောဖို့ ဝန်မလေးပါနဲ့။ ဘယ်သူ့ အတွေးမှ ပေါတောတောအတွေးမရှိပါဘူး။ အားလုံးဟာ စမ်းတဝါးဝါးလုပ်နေကြတာဆိုတော့ ကိုယ့်အတွေးကို ထုတ်ပြောဖို့ စမ်းဖို့ ဝန်မလေးပါနဲ့။ (မှတ်ချက်။ တစ်ချို့ပစ္စည်းတွေကတော့ limited ပဲရှိတာမျိုးမို့ ကိုယ်ထင်တာ မလုပ်ခင် အဖွဲ့သားတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်)


Really win or not is mystery... But we all are WINNERS!

ဂိမ်းလေးပြီးသွားတော့ ကျွန်မတို့ အားလုံးကို သူတို့ ဓာတ်ပုံရိုက်ပေးပါတယ်။ ဒီဂိမ်းလေးဆော့ပြီး ကျွန်မတို့ အားလုံး သိသွားတာက Fear Factor level 1 က မီးပျက်တဲ့နိုင်ငံကလာတဲ့ ကျွန်မတို့အတွက် သိပ်ကြောက်ဖို့မကောင်းပါဘူး။ ပြီးတော့ CSI ထဲက စုံထောက်တွေ မကြောက်သလိုပဲထင်တယ်။ နေတာကြာသွားတော့ လူသတ်မှုဖြစ်တဲ့ အခန်းပုံလုပ်ထားပေမဲ့ မကြောက်တော့ပါဘူး။ နောက်တစ်ခါဆိုရင်တော့ ကြောက်စရာ အကောင်းဆုံးဆိုတဲ့ Tomb Rider ကို စမ်းကြည့်ဖို့ အားလုံး တက်ကြွနေကြပါတယ်။ (ကိုယ့် ကြောက်စိတ်ကို အောင်နိုင်ဖို့ Resident Evil ပါ Try ချင်ပါသေးတယ်) တစ်ယောက်ကို ပုံမှန် Weekend တွေမျာ စင်္ကာပူဒေါ်လာ ၂၈ကျပ်ကျပါတယ်။ ဒါပေမဲ့ ၁၀ယောက်ဝင်တာ ၇ ယောက်စာပဲပေးရတဲ့ ပရိုမိုးရှင်းရှိတာကြောင့် တစ်ယောက်ကို ဒေါ်လာ ၂၀ လောက်ပဲသွားကျပါတယ်။
အဲ့ဒါပြီးတော့ စကားလဲပြောလို့ရ၊ ဗိုက်မဆာတဲ့သူတွေကလဲ ကော်ဖီလောက်သောက်၊ ဗိုက်ဆာတဲ့ သူတွေကလဲ ညစာစားလို့ရမဲ့နေရာ Bugis က TCC မှာ တစ်ဖွဲ့လုံး သွားစားကြပြီး ကိုယ့်ကိုကိုယ် ဂုဏ်ပြုကြပါတယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေတွေ့ဆုံပွဲလေးတစ်ခုဖြစ်ခဲ့လို့ xcape room Singapore ကိုသွားခဲ့ရတာဟာ အမှတ်ရစရာ ကြည်နူးစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။

ရေဗူးကြီး ဘာလို့ ကိုင်ထားမိပါလိမ့်

Monday, March 16, 2015

Jang Keun Suk နဲ့ ဝင်ငွေခွန် ပြဿနာ


ဒီပိုစ့်ရေးလို့ ကြိုက်မဲ့သူ ကွန်မန့်မဲ့သူ နည်းမယ်ဆိုတာ သိပေမဲ့ ဂျန်ဂမ်ဆပ်ပရိတ်သတ်တွေအတွက် သူနဲ့ပတ်သတ်တဲ့ စိတ်မကောင်းစရာသတင်းလေးတစ်ခု ဖတ်လိုက်ရလို့ ပြန်ပြောပြချင်စိတ်ဖြစ်မိတယ်။ သတင်းလေးက ၂လလောက်တော့ ကြာပြီဆိုတော့ သတင်းအဟောင်းလေးတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ မဗေဒါကတော့ ခုမှတွေ့လို့ ရေးလိုက်တာပါ။

ဂျန်ဂမ်ဆပ်ပါ၀င်တဲ့ reality-variety program လေးတစ်ခုဖြစ်တဲ့ Three Meals a Day: Fishing Village လေးကနေ သူ့ကို ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ လောလောဆယ်ရိုက်ပြီးသား အပိုင်းတွေအတွက်တော့ လုံး၀ထုတ်လို့မရတဲ့အတွက် သူပါတဲ့ အခန်းတော်တော်များများကိုတတ်နိုင်သလောက် လျော့ချပစ်ခဲ့တာဖြစ်ပါတယ်။

အကြောင်းကတော့ အစိုးရကို ဝင်ငွေခွန် လိမ်လည် သတင်းပို့ခဲ့တဲ့အတွက်ဖြစ်ပါတယ်တဲ့။ ဖြစ်ပုံက မနှစ်ကမှ အသစ်တက်တဲ့ အခွန်ဝန်ကြီးက စစတတ်ချင်းဆိုတော့ အလုပ်တွေကြိုးစားပြပြီး ရှိသမျှ နိုင်ငံတကာစီးပွားရှာတဲ့သဌေးကုမ္ဗဏီတွေနဲ့ ဝင်ငွေကောင်းတဲ့ သူတွေရဲ့ အခွန်သတင်းပို့ ပေးဆောင်မှုကို စစ်ဆေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မင်းသားလေး ဂျန်ဂမ်ဆပ်ကလဲ ကိုရီးယားမှာ ဈေးကောင်းပြီး အချမ်းသာဆုံး အနုပညာသမား စာရင်း၀င် ဝင်ငွေရှိတဲ့ Hallyu Star ဆိုတော့ စစ်ခံရတဲ့ နာမည်ကျော်တွေထဲ သူလဲပါတာပေါ့။ အဲဒိမှာ သူ့တရုတ်ပြည်က ၀င်ငွေကို ဒေါ်လာ ၂မီလီယံ လျှိုပြီး စာရင်းသွင်းထားတာ သွားမိတယ်။ အစပိုင်းမှာတော့ သူ့အေးဂျင်စီက ဒါဟာ ဂျန်ဂမ်ဆပ်နဲ့ မပတ်သတ်ဘူး။ သူ့ကို စာချုပ်ချုပ်ထားတဲ့ အေးဂျင့်ကုမ္ဗဏီကိုစစ်ဆေးတာလို့ ထုတ်ပြန်ခဲ့တယ်။

ဒါပေမဲ့ ဇန်နဝါရီ ၁၃ရက်နေ့မှာ ဂျန်ဂမ်ဆပ်နာမည်နဲ့ ယူအက်စ်ဒေါ်လာ ၁၀မီလီယံတန်ဖိုးကို ဒဏ်ကြေးငွေရော အခွန်အဖြစ်ရော ပေးဆောင်ခဲ့တယ်။ ခုလိုမျိုးတွေ့တွေ့ချင်းမှာပဲ မင်းသားဟာ အမြန်ပေးဆောင်ခဲ့တယ်။ အဲ့ဒိအတွက် အခွန်ဌာနကလဲ သူ့ကို ဆက်လက်စစ်ဆေးမနေတော့ပဲ ကိစ္စက ပြီးသွားတယ်။ တစ်ချို့ကိစ္စတွေမှာဆိုရင် ဒီတင်မပြီးပဲ အခွန်ပြစ်မှုဆိုင်ရာဌာနတွေဘာတွေက ဆက်လက်စစ်ဆေးမယ်ဆိုရင် သူ့အိမ်တွေပါတွေ သိမ်းခံရတဲ့အထိ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ကုမ္ဗဏီက စာရင်းကိုင်မှားယွင်းတွက်ချက်ခဲ့လို့ မတော်တဆဖြစ်ခဲ့တယ်ဆိုတာကို အခွန်ဌာနက လက်ခံခဲ့တယ်။

စုံစမ်းမှုပြုလုပ်စဉ်က ဂျန်ဂမ်ဆပ်ရဲ့ ထွက်ချက် ဖြစ်တဲ့ “ကျွန်တော့မှာ ပြည်ပ activities အရမ်းများတယ်၊ ဒီတော့ ၀င်ငွေခွန်ကြေငြာရာမှာ အမှားအယွင်းတွေဖြစ်ခဲ့တယ်။ အဲ့ဒါတွေဟာ တမင်တကာ တိမ်းရှောင်ခဲ့တာမဟုတ်ပါဘူး” လို့ ရှင်းပြခဲ့တာကို The Korean National Tax Service က လက်ခံခဲ့တယ်။ ချက်ချင်းလဲ ပေးဆောင်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအမြင်ကတော့ မင်းသားမှာ အပြစ်မရှိပါဘူး။ သူကိုယ်တိုင်လဲ စာရင်းကိုင်နေတာမဟုတ်တော့ သူ့ကုမ္ဗဏီက စာရင်းကိုင်မှားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကိုယ်သာ အဲ့လောက် ဝင်ငွေတွေကောင်းပြီးနေရင်လဲ ဘယ်လိုလုပ် မှတ်မိမလဲ။ သတင်းတချို့မှာရေးတာကျပြန်တော့ သူ့ကုမ္ဗဏီ သူဌေးက ပိုက်ဆံတွေ ကုလားဖန်ထိုးပြီး တရုတ်ပြည်က ရတဲ့ ဝင်ငွေကို ဂျန်ဂမ်ဆပ်နာမည်အောက်ထည့်ထားတယ်လို့လဲ ကြားတယ်။ ဘာတွေလဲတော့ သေချာနားမလည်ပါ။ (ကိုယ်တွေက သူတို့လောက် ဝင်ငွေမကောင်းပဲ။ လေ့တော့ လေ့လာထားသင့်တယ်။ တချိန်ကိုယ်ဝင်ငွေကောင်းမလာဘူးလို့ မပြောနိုင်ဘူးလေ… ဟိ)။

မင်းသားဟာ ချက်ချင်း အခွန်ပေးဆောင်ခဲ့ပေမဲ့ အွန်လိုင်းသတင်းတွေမှာတော့ မင်းသားနဲ့ အခွန်ပြဿနာက တော်တော်လေးကို လူပြောများနေခဲ့တယ်။ အထူးသဖြင့် မင်းသားက အဲ့ဒိအတောအတွင်းမှာပဲ GangNam မှာ US$ 20 Million တန်တဲ့ တိုက်ခန်းတစ်ခုကို ဝယ်ယူခဲ့တဲ့အတွက် လူတွေရဲ့ အပြစ်တင်ခြင်းကို ပိုခံခဲ့ရပါတယ်။ အဲ့ဒိအတွက် သူလက်ရှိပါဝင်နေတဲ့ Three Meals a Day: Fishing Village ကို ထိခိုက်မှာစိုးလို့ဆိုပြီး အဲ့ဒိအစီအစဉ်ကနေ သူ့ကို ဖြုတ်ချခြင်းခံခဲ့ရတယ်။

သူ့ ကုမ္ဗဏီကတော့ ဂျန်ဂမ်ဆပ်အမှားမဟုတ်ကြောင်း၊ ကုမ္ဗဏီက စာရင်းကိုင်တွက်တာမှားတာဖြစ်ကြောင်း (စာရင်းကိုင်လဲ မြေဇာပင်ဖြစ်ရရှာတယ်။ မပြောနိုင်ဘူးလေ… သူတို့ပဲ အစက ဒီလို တွက်ခိုင်းခဲ့လားမှမသိတာ။ ဘယ်သူမှားတယ် မှန်တယ်ကတော့ ပြောရခက်တယ်)ကြေငြာပေမဲ့ ဂျန်ဂမ်ဆပ်ကတော့ ပရိတ်သတ်ကို တောင်းပန်ဖို့ သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူ့ရဲ့ တရား၀င်ဝက်ဆိုဒ်မှာ တောင်းပန်စာရေးခဲ့တယ်။

“Whatever the reason may be, my name was in the middle of the controversy and I wanted to say sorry for that. It was a challenge for me to shoot in the village and the time I spent there is valuable to me.”
ဘာသာပြန်။ ။ “ဘယ်လို အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ကျွန်တော့နာမည်ဟာ ခုလို ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့တဲ့အတွက် ကျွန်တော့ တောင်းပန်စကားဆိုချင်ပါတယ်။ အဲ့ဒိအစီအစဉ် ရိုက်ဖို့အတွက် ရွာမှာသွားနေပြီး အချိန်တူတူကုန်ဆုံးခဲ့ရတာဟာ ကျွန်တော့အတွက်တော့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။”

“I know you had high expectations for the show, so I feel so sorry for that and I feel so small. I will take the time and will visit Cha Seung Won, Yoo Hae Jin and all the production team to offer them my apologies.”
ဘာသာပြန်။ ။ “ဒီအစီအစဉ်လေးအတွက် အရမ်းကို မျှော်လင့်ခဲ့ကြတယ်ဆိုတာ သိပါတယ်။ အဲ့ဒိအတွက်ကြောင့် အရမ်းစိတ်မကောင်းဖြစ်ရသလို စိတ်အားလဲ ငယ်မိပါတယ်။ အချိန်ယူပြီး Cha Seung Won, Yoo Hae Jin (သူနဲ့အတူ အဲဒိအစီအစဉ်မှာပါတဲ့ တခြားသူများ) နဲ့ ထုတ်လုပ်ရိုက်ကူးရေးအဖွဲ့တွေကို သွားရောက်တောင်းပန်ပါအုံးမယ်”

သူရေးတဲ့စာကြည့်ရတာ မဗေဒါအနေနဲ့တော့ သူ့စိတ်နဲ့ ထွက်တာမဟုတ်ပဲ တမင်ကို အဖြုတ်ခံခဲ့ရတယ်ထင်ပါတယ်။ အမှန်တော့ ဒီလောက်ကြီးတဲ့ ပြဿနာလဲမဟုတ်တဲ့အပြင် မှားနေတာ သိတာနဲ့ ချက်ချင်း ပေးဆောင်ခဲ့တဲ့ သူတစ်ယောက်ကို အဲ့လောက်ကြီး ခါးခါးသီးသီး ဖြစ်စရာမလိုဘူးလို့ထင်ပါတယ်။ သူ့ဟာသူ အခွန်မှားမဆောင်မိတာ သူ့ရဲ့ မင်းသားတစ်ယောက်ဖြစ်တည်မှုနဲ့ မဆိုင်ဘူးလို့ထင်တာပဲ။ သူတို့ ကိုရီးယားမှာ ရုပ်ရှင်မင်းသား မင်းသမီးနဲ့ အဆိုတော် Idol တွေက အရမ်း စံပြအဖြစ်နေပြရတယ်ဆိုတာ သိပါတယ်။ အခွန်နဲ့ပတ်သတ်ရင်လဲ စပ်စပ်ထိမခံကြတာ ကြားဖူးပါတယ်။ ဒါပေမဲ့ Tax ဌာနကတောင် သူညာတာမဟုတ်ပဲ အမှန်တကယ် စာရင်းမှားတာကို လက်ခံလို့ ဒဏ်ငွေနဲ့တင်ပြီးစေခဲ့တာကို ဒီလို အကျယ်အကျယ်ဖြစ်တာတော့ မင်းသားကို သနားမိတယ်။ သူ့ပုံစံကြည့်ရတာလဲ ဝင်ငွေခွန်တွေဘာတွေ ဒီလောက် Serious ဖြစ်မှန်း သတိတောင်ထားမိရဲ့လား။ ကိုယ်သာ အဲ့လောက်ရှာနိုင်ရင်ရော ကိုယ်ရော အဲ့လို အမှားမျိုး မတော်တဆ မကျူးလွန်မိနိုင်ဘူးလား? စဉ်းစားစရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားက မင်းသား၊မင်းသမီးတွေလဲ တဆိတ်ရှိ အပြောအဆိုခံရတိုင်း သူတို့ဟာ ပရိတ်သတ်ကို တောင်းပန်တယ်။ မထီမဲ့မြင်မပြုဘူး။ သူတို့စိတ်ထဲဘယ်လိုရှိရှိ၊ အပြင်ပန်းတော့ ပရိတ်သတ်ကို သူတို့ sincerely ပုံစံမျိုး တောင်းပန်ရတာပဲလေ။ မြန်မာပြည်က ဆယ်လီဗစ်တီဆိုတာတွေက ပရိတ်သတ် မတောင်းပန်တဲ့အပြင် ဖေ့ဘွတ်ပေါ်တောင် ပြန်တက်ဆဲနေတဲ့ဟာ။ ဘာပဲဖြစ်ဖြစ် ခုလို အမှားဖြစ်ရင် သူတို့ လုပ်ငန်း ချက်ချင်း ထိခိုက်မှုရှိတယ်။ မြန်မာပြည်က ဟိုတစ်လောက ဖေ့ဘွတ်မှာပြန့်လိုက်သေးတဲ့ အနုပညာသမားတွေ ဆေးခြောက်ကိစ္စကို သွားသတိရတယ်။ ဟို မမစိုးကြီးတို့ ဘာတို့ နာမည်တွေရောပါတဲ့ ဟာလေ။ ဒါပေမဲ့ မြန်မာပြည်ကတော့ အပြုံးမပျက်ပဲ။ ပရိတ်သတ်ကိုလဲ တောင်းပန်ဖို့မပြောနဲ့ သူတို့ကိုယ်သူတို့ ပရိတ်သတ်နဲ့တောင် မျိုးတူတယ်လို့ ထင်ကြပုံမရဘူး။ ဘယ် မူးယစ်စစ်ဆေးရေးအဖွဲ့ကမှလဲ မစစ်ဆေးဘူး။ အေးတာပဲ။ ပြီးကျရင် ကိုရီးယား အဆိုတော်တွေ မင်းသား မင်းသမီးတွေ ကြိုက်တဲ့ မြန်မာပရိတ်သတ်ကပဲ အဆင့်မရှိသလိုလို ပြောဆို ပြီး ဂျေဝင်ကြသေးတယ်။ တကယ်စဉ်းစားကြည့်ရင် တကယ်ပါ မြန်မာပြည်မှာ ဥပဒေကို မရှိဘူး။

အဲလေ။ ဥပဒေတော့ရှိတယ်။ တရားတဲ့ ဥပဒေ၊ “တရား ဥပဒေ” မရှိတာ။

ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်က စဉ်းစားမယ်ဆိုရင်တော့လဲ မင်းသားဟာ အဲ့အစီအစဉ်နဲ့ အလုပ်မများတော့ဘူးဆိုတော့။ သူ့ရဲ့ အချိန်တွေကို ဇာတ်လမ်းတွဲအတွက် ပိုပေးလာနိုင်မယ်လို့ မျှော်လင့်ရတဲ့အတွက် သူ့ကားအသစ်ကို စောင့်မျှော်လျက်…

News Sources:
http://seoulbeats.com/2015/01/jang-geun-suk-embroiled-tax-controversy/
http://www.koreaboo.com/news/jang-geun-suk-pays-10-million-fees-tax-evasion/
http://www.kdramastars.com/articles/69556/20150120/jang-geun-suk-apologizes-to-his-fans.htm

Thursday, March 12, 2015

စင်္ကာပူမှာ မင်္ဂလာလက်မှတ်ထိုးမယ်ဆိုရင်

စင်္ကာပူမှာ မင်္ဂလာလက်မှတ်ထိုးချင်တယ် ဘယ်လိုလုပ်ရမှန်းမသိသော စုံတွဲများအတွက် ဒီပိုစ့်လေးကို ရေးပေးပါတယ်။ ဒီပိုစ့်လေးကတော့ သာမာန် မင်္ဂလာဆောင်ခွင့်ရှိတဲ့သူများအတွက်ရည်ရွယ်ပါတယ်။ ဆိုလိုတာက အသက်၁၈နှစ်အောက်မဟုတ်ဘူး။ တခြားနိုင်ငံရဲ့ ဥပဒေအောက်မှာလဲ တခြား အိမ်ထောင်မရှိသူ စတဲ့သူတွေပေါ့။ (ဥပမာ မြန်မာပြည်မှာ တရား၀င်အိမ်ထောင်ဖက်ရှိပြီး ဒီမှာ နောက်တစ်ယောက်ထပ်ယူတာဟာ ဒီနိုင်ငံက ဥပဒေနဲ့ မညီပါဘူး။)
နောက်ပြီး အမျိုးအချင်းချင်း ဒီစာရင်းထဲကလို ပတ်သတ်မှုမျိုးတွေရှိနေရင်လဲ ယူလို့မရပါဘူး။ တရား၀င် အိမ်ထောင်ဖက်က နောက်တစ်ယောက်ယူခွင့်ပြုတယ်ဆိုရင်တောင် နောက်တစ်ယောက်ကို ထပ်ယူလို့မရတဲ့ တစ်လင်တစ်မယားစနစ် စစ်စစ်ပါ။
ကဲပါ… လက်ထပ်ဖို့အကြောင်းပြောမလို့ဟာ ယူလို့မရတဲ့ Category တွေအကြောင်းပြောတာ များသွားတယ်။

အဆင့့်် ၁: မင်္ဂလာလက်မှတ်ထိုးချင်တဲ့ ရက်နဲ့အချိန်

ကိုယ် မင်္ဂလာလက်မှတ်ထိုးချင်တဲ့ ရက်နဲ့အချိန်ကို အရင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သိထားရမှာက မင်္ဂလာတရားရုံး၀က်ဆိုဒ်မှာ စာရင်းသွင်းပြီး အနည်းဆုံး ၂၁ရက်နေမှ လက်မှတ်ထိုးလို့ရမှာဖြစ်ပါတယ်။ ချက်ချင်းမရပါဘူး။ ဆိုလိုတာက မင်္ဂလာလက်မှတ်ထိုးဖို့ ၀က်ဆိုဒ်မှာ စာရင်းသွင်းဖောင်တင်တဲ့နေ့က ၃၀ရက် ဇန်နဝါရီဆိုရင် သင်တကယ်လက်မှတ်ထိုးလို့ရမဲ့အစောဆုံးနေ့ က ၂၁ ဖေဖော်ရီ ပဲဖြစ်ပါတယ်။

စာရင်းသွင်းပြီး ၃လအတွင်း မင်္ဂလာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဆိုလိုတာက မင်္ဂလာလက်မှတ်ထိုးဖို့ စာရင်းသွင်းတဲ့ရက်က ၃၀ရက် ဇန်နဝါရီဆိုရင် ၊ ၃၀ရက် ဧပြီနောက်ဆုံးထားပြီး လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဒီတော့ အချုပ်ဆိုရရင် စာရင်းတင်ပြီး ၂၁ရက်ကနေ ၃လအတွင်း မင်္ဂလာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

အဆင့် ၂: လက်မှတ်ထိုးပွဲ နေရာ

ဘယ်မှာလက်မှတ်ထိုးပွဲလုပ်ချင်တာလဲ။ တကယ်လို့ Registry of Marriage (ROM) တရားရုံးမှာပဲ လက်မှတ်ထိုးချင်တယ်ဆိုရင်လဲ အဲဒိမှာရှိတဲ့ လိုင်စင်ရ တရားသူကြီးနဲ့ ရပါတယ်။ ဒါပေမဲ့ အချိန်နေရာ အားတဲ့အခါပဲရပါမယ်။ အဲ့ဒါကတော့ first come, first serve စနစ်နဲ့ပါ။
တကယ်လို့သင်ဟာ လက်မှတ်ထိုးပွဲကို တရားရုံးမှာ မလုပ်ချင်ပဲ တခြား သင့်မင်္ဂလာပွဲ နေရာမှာလုပ်ချင်တယ်ဆိုရင်တော့…
သင့်ကို လက်ထပ်ပေးမဲ့ လိုင်စင်ရ Solmonizer ကို ခွင့်တောင်းတဲ့စာကို ဒီနေရာမှာ  ဒေါင်းလုပ်လုပ်ပါ။ ဖောင်ဖြည့်ပြီးလျှင် ကိုယ် ရွေးချယ်ထားတဲ့ Solemnizer ကို လက်မှတ်ထိုးခိုင်းဖို့အတွက်ပါ။

အဆင့် ၃: လိုင်စင်ရ Solemnizer ရှာခြင်း

ROM မဟုတ်ပဲ မိမိတို့ ကြိုက်ရာနေရာမှာဆောင်ဖို့ Solemnizer ကို ရှာရပါမယ်။ ROM website က ဟောဒီနေရာမှာ လိုင်စင်ရ solemnizer တွေရဲ့ စာရင်းရှိပါတယ်။ ဘာသာရေးဆိုင်ရာ Solemnizer၊ ရပ်ကွက်ရေးရာဆိုင်ရာ နဲ့ တခြားတခြားသော solemnizer တွေအများကြီးရှိပါတယ်။ ကိုယ်လုပ်မဲ့ရက်ကို သူတို့အားမအား အရင်ဆက်သွယ်မေးမြန်းပါ အားတယ်ဆိုရင် အပေါ်က ဖောင်ကို ဖြည့်ပြီး သူတို့ကို Sign ထိုးခိုင်းပါ။ သူတို့က အီးမေလ်းနဲ့ ပြန်လဲ ရပါတယ်။ လူကိုယ်တိုင်သွားစရာမလိုပါဘူး။ သတိပြုရမှာက သူတို့ဟာ volunteer တွေဖြစ်တာကြောင့် အခကြေးငွေသတ်မှတ်မထားပေမဲ့ ယဉ်ကျေးမှုအရ သူတို့ကို မိမိတို့ သဒ္ဒါသလောက် သင့်လျှော်တဲ့ ငွေကြေးပေးရပါတယ်။ ပုံမှန်တော့ စင်္ကာပူငွေ ၈၀ ကနေ ၁၂၀ကြား ပေးပါတယ်။ သူတို့ တရုတ်တွေကတော့ ၈၈ ကျပ်တို့ ၁၀၈ ကျပ်တို့ ၈နဲ့ဆုံးတဲ့ ဂဏန်းပေးတာများပါတယ်။(ပိုပေးချင်လဲရတယ်)

အဆင့် ၄ : လက်ထပ်ခွင့်လျှောက်ထားခြင်း

အပေါ်က အချက်တွေ ပြီးပြီဆိုရင်တော့ ROM website ရဲ့ အွန်လိုင်း ဒီနေရာမှာ လက်ထပ်ခွင့်လျှောက်ထားရပါမယ်။ အဲ့ဒိအတွက် ဘာတွေလိုအပ်သလဲဆိုတော့
၁) Credit Card (cashcard/NETS ကတော့ ROM မှာပဲရပါတယ်)
(တကယ်လို့ စုံတွဲထဲက တစ်ယောက်က စလုံးနိုင်ငံသား ဒါမှမဟုတ် PR ဖြစ်ခဲ့ရင် လျှောက်လွှာ ကျသင့်ငွေ ဒေါ်လာ၂၆၊
တကယ်လို့ စလုံးနိုင်ငံသား၊ ပီအာ မဟုတ်တဲ့ နိုင်ငံခြားသားဆိုရင် လျှောက်လွှာကျသင့်ငွေ က
တနင်္လာကနေ ကြာသပတေးနေ့ဆောင်သူတွေအတွက် ဒေါ်လာ ၁၂၈၊
သောင်္ကြာ၊ စနေ၊ တနင်္ဂနွေဆောင်သူတွေအတွက် ဒေါ်လာ ၁၉၈၊
ပေါ်ပြူလာရက်တွေမှာဆောင်သူတွေအတွက် ဒေါ်လာ ၂၉၈၊ ပေးဆောင်ရမယ်။)

၂) သတို့သား၊ သတို့သမီးနဲ့ ၂၁နှစ်အထက် သက်သေ ၂ယောက်ရဲ့ NRIC (စလုံးနိုင်ငံသား နဲ့ PRများသာ) ဒါမှမဟုတ် Passport (နိုင်ငံခြားသားများ)

၃) အဆင့် ၂ မှာ ဒေါင်းပြီးဖြည့်ထားပြီး အဆင့် ၃မှာ Solemnizer ရဲ့ ကူညီဖို့ သဘောတူညီတဲ့ ဆိုင်းထိုးထားတဲ့ Consent Form (တကယ်လို့ လက်မှတ်ထိုးပွဲက ROM မဟုတ်တဲ့ နေရာမှာကျင်းပခဲ့ရင်)

၄) Printer (အားလုံးပြီးရင် “Summary of Notice of Marriage” ကို ပရင့်ထုတ်ရန်လိုအပ်သည်)။ Summary of Notice of Marriage မှာ ဘာလုပ်ရမယ် ဘယ်နေ့ဘယ်ရက်မှာ ROM ကို စာရွက်စာတမ်းစစ်ဆေးခံဖို့ သွားရမယ်။ ဘာစာရွက်စာတမ်းယူလာရမယ် စတာတွေအကုန် အစုံရေးထားပြီးသား။

ကိုယ့်ရဲ့ လျှောက်လွှာတင်တာ အောင်မြင်လာ မအောင်မြင်လာဘယ်လိုသိနိုင်သလဲဆိုတော့ ပေးလိုက်တဲ့ ပိုက်ဆံအတွက် ပြေစာရယ်၊ Summary of Marriage စာရွက်ရယ်က သက်သေပဲ။ ပြီးတော့ Search for marriage application  ဆိုတဲ့နေရာလေးကနေလဲ ရှာလို့ရတယ်။
ကဲ… ဒီတိုင်းဆိုရင်တော့ ရှုပ်တယ်လို့ထင်ရပေမဲ့။ တစ်ခုပြီးတစ်ခု အေးဆေးလုပ်သွားရင် ဒီလောက်မရှုပ်ပါဘူး။ အားလုံးပဲ ချစ်သောသူနဲ့ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေနော်။


အပေါ်ကပိုစ့် ဖတ်လို့မရဘူးဆိုတဲ့ စာဖတ်သူများအတွက်...

Monday, March 09, 2015

Kingsman, The Secret Service - English Movie Review

ပြီးခဲ့တဲ့အပတ်က ရုပ်ရှင်ရုံမှာ ဘာကားကြည့်ရကောင်းမလဲ ရွေးရင်း Jackie Chan ကား Dragon Blade နဲ့ Kingsman: The secret Service ၂ကားကြား ဝေခွဲမရဖြစ်ခဲ့ပြီးမှ Jackie Chan ကားက မကောင်းတာ မရှိပါဘူးဆိုပြီး Dragon Blade ကိုရွေးခဲ့တယ်။ နောက်မှ အလုပ်ကသူငယ်ချင်းတွေက Kingsman ကောင်းတယ်ဆိုတော့ မနေ့ကမှ ထပ်သွားကြည့်ရတယ်။ Dragon Blade က Kingsman လောက်မကောင်းဘူး။ ဒါပေမဲ့ လုံး၀မကောင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်လို့များ အဲ့ ၂ကား ဘယ်ကားရွေးရမှန်းမသိရင် Kingsman ကိုရွေးဖို့ တိုက်တွန်းချင်တာ။ ဒီတော့ Kingsman review လေး ရေးချင်မိတယ်။

Movie Name: Kingsman, The secret service
Genre: spy action comedy film
Language: English

My Rating: 4/5

Main Cast:
- Colin Firth as Harry Hart/Galahad, a veteran Kingsman agent
- Taron Egerton as Gary "Eggsy" Unwin, a delinquent young adult who undergoes training under Hart's wing
- Samuel L. Jackson as Richmond Valentine, a billionaire philanthropist who speaks with a lisp and has a weak stomach for blood and violence
- Mark Strong as Merlin, a senior Kingsman agent and trainer
- Michael Caine as Chester King/Arthur, the leader of the Kingsman organization
- Sophie Cookson as Roxy, a trainee who befriends Eggsy
- Sofia Boutella as Gazelle, Valentine's amputee henchwoman with bladed prosthetic legs




Kingsman ဇာတ်လမ်းအကျဉ်း

အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ secret agent တစ်ယောက်ဟာ သူ့အသက်စတေးပြီး သူ့အဖွဲ့သားတွေအားလုံးကို ကယ်ဆယ်သွားခဲ့တယ်။ အဲ့ဒိအတွက် သူ့အဖွဲ့သား Harry Hart (အဖွဲ့၀င်နာမည် Galahad) ဟာ သူကိုယ်တိုင် ကျန်ရစ်သူမိသားစုဆီကိုသွားပြီး ရဲရင့်မှုအတွက် တံဆိပ်တစ်ခု ချီးမြှင့်ရင်း အကူအညီလိုရင် အဲဒိ တံဆိပ်နောက်က ဖုန်းနံပါတ်ကို လှို့ဝှက်စကားပြောပြီး ဆက်ဖို့ ဆုံးသွားတဲ့ သူ့သူငယ်ချင်းရဲ့သားလေးကို မှာခဲ့တယ်။

၁၇နှစ်ကြာပြီးနောက်မှာ ပရိုဖက်ဆာ James Arnold ဆိုတဲ့ သူတစ်ယောက်ကို ဘယ်ကမှန်းမသိတဲ့ အဖွဲ့အစည်းတစ်ခုက ပြန်ပေးစွဲသွားတယ်။ အဲ့ဒိအဖွဲ့အစည်ကို ဦးဆောင်သူကတော့ အပြင်ပန်းမှာ လူမှုရေးအလုပ်တွေလုပ်တဲ့ သူဌေးကြီး Valentine နဲ့ ခြေထောက်မှာ သံချွန် ၂ချောင်းတပ်ထားတဲ့ သူ့တပည့်မ Gazelle တို့ပဲဖြစ်တယ်။ Hart ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ပရိုဖက်ဆာကို ကယ်ဖို့ကြိုးစားခဲ့ပေမဲ့ Gazelle ရဲ့ လက်ထဲ အသက်ဆုံးခဲ့တယ်။ လူသားတွေကို မြတ်နိုးပြီး ဂရုစိုက်တယ်လို့ လူသိများတဲ့ သူဌေးကြီး Valentine ဟာ နာမည်ကျော်ကြားသူများနဲ့ VIPs အများစုကို ခေါ်ယူတွေ့စုံပြီး သူ့ရဲ့ စီမံကိန်းတွေကို တင်ပြတယ်။ သူ့သဘောကို လက်မခံသူတိုင်းဟာ ပျောက်ဆုံးသွားကြတယ်။ သူဟာ မကြာမီမှာလူတွေအားလုံးကို Free SIM Cards တွေပေးမယ်၊ ဖုန်းနဲ့ အင်တာနက် အလကားရစေရမယ်လို့ ကြေငြာခဲ့တယ်။

လန်ဒန်မှာ အလုပ်အကိုင်မဲ့ Eggsy ဆိုတဲ့ ကောင်လေးကတော့ ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့အတူကြီးပြင်းလာခဲ့တယ်။ သူ့မှာ လူမမယ်သေးတဲ့ အမေတူ အဖေကွဲညီမလေးတစ်ယောက်တော့ ရှိတယ်။ သူဟာ ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိပေမဲ့ သူ့ဘ၀ကို ပေပေတေတေပဲ နေခဲ့တယ်။ တစ်နေ့မှာ သူများကားခိုးယူဖြတ်စီးမှုနဲ့ ရဲစခန်းအရောက် သူဟာ ငယ်ငယ်က သူရခဲ့တဲ့ တံဆိပ်နောက်က ဖုန်းနံပါတ်ကို နှိပ်ကာ အကူအညီတောင်းခံခဲ့တယ်။ Harry က သူ့ကို ရဲစခန်းကနေ ထုတ်ယူခဲ့ပြီး Kingsman agent တစ်ယောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အဲ့ဒိအတွက် ခက်ခဲတဲ့ အရည်အချင်စ စမ်းသပ်မှု စာမေးပွဲတွေကို သူ၀င်ပြိုင်ရမှာဖြစ်တယ်။ အဲ့ဒိမှာပဲ Agent အဖြစ်၀င်ပြိုင်ကြတဲ့ တစ်ခြားသူတွေနဲ့ စုံခဲ့တယ်။ သူတို့ကို အရည်အချင်းစစ်တဲ့သူကတော့ Merlin ဆိုသူဖြစ်တယ်။ Eggsy နဲ့ Roxy ဆိုတဲ့ ကောင်မလေး ၂ယောက်ပဲ နောက်ဆုံးအဆင့်ထိရောက်ခဲ့သော်လည်း။ Eggsy ဟာ နောက်ဆုံးအဆင့်မှာ ရှုံးခဲ့တယ်။

တစ်ချိန်တည်းမှာပဲ Kingsman ဟာ Valenting ကို စုံးစမ်းနေခဲ့တယ်။ ပြန်ပေးစွဲခံရတဲ့ ပရိုဖက်ဆာပြန်ရောက်နေတာကို သတင်းရတော့ Harry ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ပေမဲ့ ပရိုဖက်ဆာရဲ့ နားနောက်ထဲကို ထည့်ထားတဲ့ Chip လေး ပေါက်ကွဲပြီး ပရိုဖက်ဆာ သေဆုံးခဲ့သလို Harry လဲ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်။ ဇွဲမလျော့တဲ့ Harry ဟာ ဘီလီယံနာယောင် ဟန်ဆောင်ပြီး Valentine နဲ့တွေ့ဆုံစကားပြောခဲ့တယ်။ Valentine ရဲ့ အတွေးကတော့ လူတွေဟာ ကမ္ဘာကြီးနဲ့ယှဉ်ရင် Virus တွေလိုပဲ။ Global warming ဆိုတာ လူတွေလိုပြောမယ်ဆိုရင် ကမ္ဘာကြီးအဖျားတက်နေတာနဲ့တူတယ်။ ကမ္ဘာကြီးပျက်စီသွားရင် Virus တွေလဲ နေစရာမရှိဖြစ်သွားမယ်။ ဒီတော့ သူ့ဘက်ပါတဲ့သူတွေကိုပဲ အသက်ရှင်သန်ခွင့်ပေးပြီး။ သူ့ဘက်မပါတဲ့ သူတွေကိုတော့ Virus တွေ သုတ်သင်တဲ့အနေနဲ့ အားလုံးကို သုတ်သင်ဖို့ဖြစ်တယ်။

Harry ဟာ Valentine ရဲ့ ဆက်စပ်မှုတွေကို လိုက်ရင်း US က အမုန်းတရားတွေဟောတဲ့ ဘုရားကျောင်းတစ်ခုကို သွားရောက်ခဲ့တယ်။ အမှန်တော့ Valentine ဟာ အဲဒိ ဘုရားကျောင်းမှာ သူ့စမ်းသပ်မှုကိုပြုလုပ်နေတာ။ သူဟာ ဘုရားကျောင်းတစ်ခုလုံးက လူတွေရဲ့ ဖုန်းတွေထဲကို သူ့ Valentine Signal လွှတ်လိုက်တာနဲ့ လူတွေအားလုံးဟာ ကြမ်းတမ်းစိတ်တွေကြွလာပြီး တစ်ယောက်နဲ့တစ်ယောက် ရက်စက်စွာ သတ်ဖြတ်ကြတော့တယ်။ Harry ကိုယ်တိုင်လဲ အဲ့ဒိ Signal ဒဏ်ကို ခံခဲ့ရပြီး ထိန်းချုပ်လို့မရတော့ပဲ ဘုရားကျောင်းတစ်ခုလုံးကို သတ်ခဲ့တယ်။ Harry ဟာ Secret agent မှန်းပေါ်သွားခဲ့တဲ့အတွက် Valentine ဟာ သူ့ကို သတ်ခဲ့တယ်။ ဘုရားကျောင်းထဲက အဖြစ်အပျက်မှန်သမျှကို Harry ရဲ့ လှို့ဝှက်မျက်မှန် ကင်မရာကနေတဆင့် Merlin, Eggsy နဲ့ Kingsman အဖွဲ့ခေါင်းဆောင် Arthur တို့တွေ့ခဲ့တယ်။

Eggsy ဟာ Kingsman အဖွဲ့ချုပ်ကို သွားရောက်ခဲ့တဲ့အချိန်မှာတော့ မမျှော်လင့်တာတွေကို တွေ့ရှိခဲ့ရတော့တယ်။
Eggsy ဟာ Kingsman agent အရည်အချင်းစစ်ပွဲတောင် အောင်မြင်ခဲ့သူမဟုတ်ပဲ Valentine ရဲ့ တစ်ဖက်စွန်းရောက် အကြံအစည်တွေနဲ့ ကမ္ဘာလုံးက လူအများစုကို သုတ်သင်တဲ့ လုပ်ရပ်ကြီးကို သူဘယ်လိုတားဆီးမလဲဆိုတာကို Action အပြည့်ပြကွက်တွေနဲ့ ဟာသလေးလဲ ရန်ဖန်ရန်ခါနှောပြီးပြသချက်တွေကို ဖန်သားပြင်ပေါ် ဆက်လက်ရှုစားကြပါလို့။

ဝေဖန်ရေး

ဒီကားဟာ ဘက်ဂျက် ၈၁ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး ခုဆိုရင် ရုံတင်ပြသရာမှာ ၂၄၈.၃ မီလီယံနှင့် ယခုထက်ထိ တိုးတက်နေတဲ့ အမြတ်အစွန်းကို ရရှိနေပါပြီ။ နာမည်ကြီး ရုပ်ရှင် ဝေဖန်ရေး ဝက်ဆိုဒ် Rotton Tomato မှာလဲ ပျမ်းမျှ Rating 4.1/5 ရရှိထားတဲ့ကားဖြစ်ပါတယ်။

မဗေဒါ rating ၄ ပေးထားတယ်ဆိုတော့ ကြိုက်လို့ပေါ့နော်။ ဒီကားလေးဟာ James Bond လိုကားမျိုးကြိုက်တဲ့သူတွေ ကြိုက်နှစ်သက်မဲ့ကားလေးပါပဲ။ ဒီကားထဲမှာလဲ James Bond ဇာတ်လမ်းအကြောင်းပြောတဲ့ ဟာသလေးတွေတောင် တွေ့ရမှာဖြစ်ပါတယ်။ ဒီကားလေးဟာ ပစ္စည်းအစမ်းလေးတွေနဲ့ တိုက်ကွက်လေးတွေကို ပြသွားတာမှာ ချိတ်ဆက်မိနေတဲ့အတွက် ပျင်းသွားတယ်ရယ်လို့မရှိပါဘူး။ သူတို့ အရည်အချင်းစစ်ပွဲနဲ့ နောက်ဆုံး လူဆိုးနဲ့ ချတာတွေအထိ ပရိတ်သတ်က သူ့ဟာနဲ့သူ ချိတ်ဆက်စီးမြောသွားတာပါပဲ။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ချကွက်တွေ လူတွေသတ်ကြတဲ့အခန်းတွေက အတော်လေး ကြမ်းတယ်လို့ မဗေဒါထင်ပေမဲ့ သူက တီးလုံးမြူးမြူးတွေနဲ့ ဟာသ သဘောနှောပြလိုက်တဲ့အတွက် အရမ်းပြင်းထန်တဲ့ သက်ရောက်မှုကို မပေးတော့ပါဘူး။ အပြင်းအထန် ဆိုးရွာစွာ သတ်ဖြတ်ပြတယ်ဆိုပေမဲ့ ပရိတ်သတ်တွေက ဟာသ သဖွယ်ဖြစ်သွားပါတယ်။ (ဒါပေမဲ့ မဗေဒါကတော့ ဘုရားကျောင်းထဲမှာ သတ်တာတွေကို ကြည့်ရတာတော့ သိပ်စိတ်မချမ်းသာလှပါဘူး)။ နောက်ဆုံးခန်းမှာ ခေါင်းတွေ ပွင့်ထွက်ပြီး ပေါက်ကွဲတာကို ပြတာတော့ သူက မီးရှူးမီးမပန်သဖွယ် တီးလုံးနဲ့လိုက်ပြီးပြတော့ ရီရပါတယ်။ သဘောတရား ကြမ်းပေမဲ့ တင်ဆက်သွားပုံကတော့ ဟာသနှောသွားလို့ တင်ဆက်မှုပိုင်းကို တော်တယ်ပြောရမှာပါပဲ။

ပါ၀င်သရုပ်ဆောင်သူတွေကလဲ သူ့နေရာနဲ့သူကြည့်လို့ကောင်းပါတယ်။ ကောင်းဆို Harry အဖြစ်သရုပ်ဆောင်တဲ့ Colin Firth ဟာ 2010 က The King’s Speech ကားနဲ့ အော်စကာအပြင် တခြား ဆုတွေ အများကြီး ဆွတ်ခူးခဲ့တဲ့သူလေ။ Eggsy လုပ်တဲ့ မင်းသားအငယ်ကလဲ တစ်ချက် တစ်ချက် Titanic တုန်းက Leonardo နဲ့ ခပ်ဆင်ဆင်တူတယ်။ ဇာတ်လမ်း ဇာတ်အိမ်နဲ့ အကွက်ချမှု အားလုံးလဲကောင်းတယ်။ နောက်ပြီး မကြည့်ရသေးတဲ့သူတွေကို မှာချင်တာက ဇာတ်လမ်းပြီးပြီးချင်း စာတမ်းတက်လာတဲ့အခါ မပြန်ပါနဲ့အုံး။ နောက်မှာ တချို့အခန်းလေးတွေ နည်းနည်းထပ်ပြပါသေးတယ်။ မဟုတ်ရင် မတ်တပ်ကြီး ကြည့်နေရအုံးမယ်။

မဗေဒါ ဒီကားကြည့်နေတဲ့အချိန်နဲ့ ယခုထက်ထိ စိတ်ထဲ ဒွိဟဖြစ်နေတဲ့ မေးခွန်းလေး ၂ခုတော့ ရှိပါတယ်။ အဲ့မေးခွန်းလေးကို သူငယ်ချင်းတို့ ကြည့်ပြီးလို့ သိရင် လာဖြေပေးကြနော်။ Spoiler မို့ နောက်ဆုံးမှာ ထားမေးတာ။


ဇာတ်ဝင်ခန်း တစ်ခု

Spoiler Alert နော်

နံပါတ် ၁ က အဲ့ဒိ Kingsman Agency ကြီးကို ဘယ်သူက စတင်တည်ထောင်ပြီး ဘယ်က ငွေကြေးထောက်ပံ့မှုနဲ့ ခုလို First class လို ရပ်တည်နေတာလဲ။ ခေါင်းဆောင် Arthur ကြီး သေးသွားပြီးတော့ ဘယ်လိုဆက်ရပ်တည်လဲ?

နံပါတ် ၂ က ကားလည်လောက်မှာ Valentine ရဲ့ သတင်းကို သူတို့ စခန်းကနေ ကြည့်တော့ Valentine ရဲ့ လက်ထောက် အမျိုးသမီး နားရွက်နောက်မှာ Chip ထည့်ထားတဲ့ အမာရွတ်ကို သူတို့တွေ့ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးခန်းမှာ Chip ကို activate လုပ်လိုက်တော့ ခေါင်းတွေပေါက်ကွဲတဲ့ အခန်းမှာ ဘာလို့ အဲ့မိန်းမခေါင်း မပေါက်ကွဲတာလဲ? ဒါမှမဟုတ် သူတို့ တီဗွီထဲမှာ ကြည့်စဉ်က တွေ့လိုက်တဲ့ အမျိုးသမီးက အဲဒိ သံခြေထောက်နဲ့ တစ်ယောက် မဟုတ်ဘူးလား?


Harry Hart အဖြစ် Colin Firth

Eggsy အဖြစ် Taron Egerton


Thursday, March 05, 2015

To Be with My Mr.Right (3) - Finding Comrade for Myanmar Pre-wedding photoshoot

Mr. Right ဆီကို သူ့ဘ၀လက်တွဲဖော် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တယ်လို့ ဆိုလို့ရပေမဲ့။ အဲ့ဒိ ဘ၀လက်တွဲဖော်ကို ရဖို့အတွက် ဖြတ်သန်းရမဲ့ လိုအပ်တဲ့ အဆင့် တွေကတော့ မနည်းမနောပါပဲ။ မိန်းကလေးတိုင်းကတော့ သူ့ဘ၀မှာ စိတ်ကူယဉ်ကြည့်ဖူးတဲ့ လိုချင်တဲ့ မင်္ဂလာဆောင်ဆိုတာမျိုးရှိကြမှာပါ။ ကျွန်မဆီမှာလဲ ရှိတာပေါ့။ ငယ်ငယ်က မင်္ဂလာဆောင်တွေသွားရင် မင်းသား၊ မင်းသမီးလို ၀တ်ထားတဲ့ စုံတွဲ ဖြတ်လျှောက်သွားမှ မုန့်တွေစားရလို့ သူတို့ကို မျှော်ရသလို၊ အဲ့မင်းသား မင်းသမီးလို လှလှလေးတွေ ၀တ်ထားတဲ့ စုံတွဲက ဘယ်လိုပုံစံဖြစ်မလဲဆိုတာလဲ ကိုယ်စိတ်၀င်စားတဲ့အရာတစ်ခုပါပဲ။ သူတို့ဖြတ်လျှောက်ချိန် လူတွေအားလုံးက ဝိုင်း၀န်းသြဘာပေးရင် ကျွန်မကတော့ ဘာမှန်းမသိ သူတို့ကို အားကျနေတာပဲ။ သူတို့ အင်္ကျီလှလှလေးတွေက ဘယ်လိုအရောင် ဘယ်လို ပုံစံ ဘယ်လို Detail ပုံလာမလဲဆိုတာ စိတ်၀င်စားသလို ကိုယ်လဲ သိပ်၀တ်ချင်ခဲ့တာပေါ့။

ခုခေတ်ကျတော့ အသစ်အဆန်းတွေကလဲ အရမ်းထွက်လာတယ်လေ။ အရင်က မလုပ်တဲ့ Pre-wedding photo, Save the date video, Pre-wedding video စသည် စသည်ဖြင့်အစုံပါပဲလား။ ကျွန်မအတွေးထဲမှာလဲ ခရီးသွားရတာ ဝါသနာပါသူလဲဖြစ်၊ မြန်မာပြည် ရှုခင်းလှလှတွေကိုသာ စင်္ကာပူက သူငယ်ချင်းတွေကို ပြရရင် သူတို့အတွက် အသစ်အဆန်းတစ်ခုဖြစ်မှာဖြစ်သလို ကိုယ့်နိုင်ငံဘယ်လောက်လှကြောင်း ကိုယ့်နိုင်ငံက ယဉ်ကျေးမှုဘယ်လောက် အဆင့်အတန်းရှိကြောင်း ဒီအခွင့်အရေးယူပြီး ပြလို့ရတယ်လေ။ ကိုယ်တိုင်လဲ ဓာတ်ပုံရိုက် ဝါသနာပါတာ ပါတာပေါ့။ အဲဒိ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခု မထင်မှတ်ပဲ စခဲ့တယ်။

ဓာတ်ပုံဆရာ ရှာဖွေတွေ့ရှိခြင်း

တစ်နေ့မှာ ဘာရယ်မဟုတ် စင်္ကာပူကနေ မြန်မာပြည်အပြီးပြန်ပြီး Cloud 9 studio ထောင်ကာ ဓာတ်ပုံတွေရိုက်နေတဲ့ ငယ်သူငယ်ချင်းနဲ့ စကားပြောဖြစ်ရင်း ကိုယ်ကတော့ သူ့ကို ပြောတုန်းက အကြီးအကျယ်ရိုက်ဖို့စိတ်ကူးမရှိပါဘူး ဒါပေမဲ့ သူငယ်ချင်းတွေ ခရီးအတူတူသွားရင်း ငါ့ကိုဓာတ်ပုံရိုက်ပေးပါလား လို့ပြောဖြစ်တယ်။ ပြောဖြစ်ဆို သူပထမဆုံးကိုင်ဖူးတဲ့ DSLR ကင်မရာက ကိုယ့်ကင်မရာ၊ သူပထမဆုံး DSLR နဲ့ ရိုက်ဖူးတဲ့ မော်ဒယ်က ကိုယ်ပဲလေ။ ဟိ… ကိုယ်ကသာ အဲ့ ဘိုးတော်ဘုရား DSLR ကင်မရာက မတက်တော့တာ၊ သူကတော့ ဓာတ်ပုံကို ပိုး၀င်ပြီး လိုက်စားလိုက်တာ ဓာတ်ပုံပြိုင်ပွဲတွေမှာ ဆုတွေဘာတွေရတာ တွေ့တယ်လေ။ သူ ဘားအံက Sadan ဂူထဲမှာရိုက်တဲ့ပုံဆို MPS Monthly Contest မှာ ပထမဆုတောင်ရတယ်လေ။ သူ့တခြား ရှုခင်းပုံတွေဆိုလဲ ကိုယ်သဘောကျ အားကျရတဲ့ ဓာတ်ပုံဆရာပေါ့။ သူနဲ့စကားပြောဖြစ်တာ ၂၀၁၃ နှစ်ဆန်းပိုင်းလောက်ကတည်းက။ သူကလဲ “အေး ရိုက်ပေးမယ်”တဲ့။ ပြီးတော့ ကြားမှာ မေ့မေ့ပျောက်ပျောက်ပဲ။ တစ်ရက် သူနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တော့ “နင် မိတ်ကပ်က ဘယ်သူ့ခေါ်မှာလဲ။ ၀တ်စုံရော စီစဉ်ပြီးပြီလား” တဲ့။ အဲ့ ဒိမှာ ကျွန်မနဲ့ သူ ရဲ့ မြန်မာပြည်မှာ စုံတွဲပုံရိုက်တယ်ဆိုတဲ့ အတွေးမတူတာ သဘောပေါက်သွားတယ်။ သူက တကယ် အတည် professional ဆန်ဆန်ရိုက်မယ်ဆိုတဲ့ သဘော နားလည်ထားတာ။ ကျွန်မက အမှန်တော့ Casual ခရီးသွားဟန်လဲွှ ရှုခင်းတွေနဲ့ သာမာန် ဓာတ်ပုံလှလှလေးတွေလောက် လိုချင်တာ။ ဒါပေမဲ့ သူက ကိုယ့်အတွက် Professional ဆန်ဆန် စဉ်းစားထားတာဆိုတော့ သူ့ စေတနာကို ကျွန်မလေးစားသွားတယ်။ ကျေးဇူးလဲတင်မိပါတယ်။ အဲဒိအတွက် ကျွန်မစဉ်းစားခဲ့တဲ့ ပုံစံမျိုးက Casual ဆန်ဆန်ပဲလို့ သူ့ကို ပြောမထွက်ခဲ့ဘူး။ ဘာပဲပြောပြော သူ့အချိန်ပေးရမှာလေ။ ကျွန်မက ပညာရှင်ကို လေးစားရမှာပေါ့။


သူဆုရခဲ့တာ ဒီပုံကို အဖြူအမည်းလုပ်ထားတဲ့ပုံ။ ဒီပုံက watermark ပါလို့ သူ့ facebook ကနေယူလာတာ


မိတ်ကပ်တွေ ၀တ်စုံတွေ ကိုယ်စီစဉ်ရမယ်ဆိုမှတော့ ကိုယ်လဲ get serious ဖြစ်သင့်တယ်လို့ထင်တယ်လေ။ ဒီလို ခွန်အားရော ငွေအားရော စိုက်ထုတ်ပြီးမှတော့ အပျော်မရိုက်ချင်တော့ဘူး။ ဒီတော့ သူငယ်ချင်းဓာတ်ပုံဆရာကိုလဲ ပညာခ၊ လုပ်အားခ ကျသင့်သလောက်ပေးမယ်လို့ ပြောလိုက်တယ်။ သူငယ်ချင်းကလဲ သူငယ်ချင်း အချင်းချင်းမို့ ၅၀% ကိုယ့်ကို လျော့ပေးလို့ ကျေးဇူးတင်ရတယ်။ တကယ်ပါ မြန်မာပြည်က ဓာတ်ပုံဆရာတွေ ဘယ်လောက် ယူသလဲ မသိပါ။ (ဈေးကြီးတာတော့ သိပါတယ်)။ အဲ Studio တွေမှာတော့ Package နဲ့မို့ ဈေးသိပ်မကြီးပဲ ပုံလှလှလေးတွေထွက်တယ်ဆိုပေမဲ့ လူတိုင်း ဒီနေရာ၊ ဒီ၀တ်စုံ ထပ်ကာ တလဲလဲဖြစ်နေပြန်တော့လဲ ကျွန်မ မရိုက်ချင်ပြန်ပါဘူး။ ကိုယ့်အတွက်ကတော့ Cloud 9 studio က ဓာတ်ပုံဆရာ “ပြည်အေးငြိမ်း” ဆိုတဲ့ သူဖြစ်မှရမှာပါ။ ဘာလို့လဲဆိုတော့ သူက စိတ်ရှည်တယ်။သဘောကောင်းတယ်။ ပြီးတော့ ကိုယ့်သူငယ်ချင်းဆိုတော့ ပြောမနာဆိုမနာတွေ။ မိသားစု အားလုံးနဲ့လဲ သိတယ်။ ဒီတော့ သွားရမဲ့ ခရီးမှာ သူရော ကိုယ်ရော စိတ်သက်သာမယ်။ ပြီးတော့ ငယ်သူငယ်ချင်းတွေနဲ့ ခရီးတူတူထွက်ချင်တယ်။

ကျွန်မက စိတ်ဆပ်တဲ့ သူဖြစ်တာတစ်ကြောင်း စင်္ကာပူပြန်ဖြစ်တာတစ်ကြောင်းဆိုတော့ ပိုက်ဆံလဲပေးရသေး နာမည်ကြီးတယ်ဆိုပြီး ကိုယ့်ကို အချိုးမပြေဆက်ဆံတဲ့ ဓာတ်ပုံဆရာတွေနဲ့ မရိုက်ချင်ဘူး။ သူတို့ ဘယ်လောက်ပဲ ကောင်းနေပါစေ။ ထွက်လာတဲ့ result တစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး။ လုပ်ရတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကိုယ့်ရဲ့ ပျော်စရာ ကြည်နူးစရာ အမှတ်ရစေမဲ့ memory လေးတွေ အတူဆောက်လုပ်ချင်တာ။ တချို့ဓာတ်ပုံဆရာတွေအကြောင်း ရိုက်ဖူးတဲ့သူတွေဆီက သတင်းပြန်ကြားတယ်လေ။ မင်းသမီး မင်းသား နဲ့ အာဏာရှင်အသိုင်းအဝိုင်း မဟုတ်ရင် အောက်ငေါက်ပြီး စိတ်မရှည်ဘူးတို့။ တချို့ဆို သူ့တပည့်တွေနဲ့ပဲ လွှတ်ထားတာတို့။ ခုလို ခရီးသွားတာဆို လက်ထောက်တွေကလဲ ဘယ်နှစ်ယောက်လိုက်လဲ မသိ။ ပြီးကျ သတို့သမီး သတို့သားက ပိုက်ဆံလဲပေးရသေး သူတို့ မျက်နှာကြည့်ပြီး ခရီးသွားရသေးဆိုတဲ့ ဇာတ်လမ်းတွေပြန်ကြားတော့ ကျွန်မ စိတ်နဲ့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူးလေ။ မြန်မာပြည်မှာက ဒီမှာလို အပြိုင်အဆိုင် သိပ်မရှိသေးတော့ မာနိုင်တာပေါ့။ အာ့ကြောင့် ကျွန်မတို့လို ကာစတန်မာတွေက တခြားလူတွေကိုလဲ အခွင့်အရေးပေးသင့်တယ်လို့ ထင်တယ်။ အမှန်တော့ ဓာတ်ပုံဆရာကောင်းတွေ အများကြီး မြန်မာနိုင်ငံမှာရှိပါတယ်။ ကာစတန်မာတွေက နာမည်ကြီးနောက် အပြိုင်အဆိုင်လိုက်နေလို့ တခြားသူတွေ အခွင့်ရေးမရဖြစ်နေတာ။ ဒီတော့ ကျွန်မရဲ့ အဓိက ဓာတ်ပုံဆရာက Cloud 9 studio က ပြေအေးငြိမ်း (မှတ်ထားနော်. သူနဲ့ ဆက်သွယ်ချင်ရင် မဗေဒါကိုPage မှာ မတ်စေ့ပို့ပြီး လာမေးလို့ရတယ်)။ သူက လက်ထောက်ကင်မရာဆရာတစ်ယောက်ခေါ်တယ် အဲဒါက ထိုင်၀မ်ပြန် Perceptive Studio က ကိုဘိုဘို။ Perceptive Studio က ပန်းဆိုးတန်း အောက်လမ်းမှာရှိတယ်။ သူလဲ အရမ်းသဘောကောင်းတယ်။ ကိုယ့်ကိုတောင် မုန့်တွေ ပြန်၀ယ်ကျွေးသေးတယ်။ ဟိ။ ဒီလို သဘောကောင်းတဲ့ ဓာတ်ပုံဆရာ ၂ယောက်နဲ့ သွားတော့ လူရော၊ စိတ်ရော ပင်ပန်မဲ့ခရီးက စိတ်မပင်ပန်းရပဲ စိတ်ရှုပ်စရာတွေ အများကြီးထဲက တော်တော်လျော့သွားတော့ ကိုယ်ဓာတ်ပုံရိုက်ရတာလဲ mood ကောင်းတယ်။

ကျွန်မကြိုက်တဲ့ သူရိုက်တဲ့ ပုဂံရှုခင်းပုံ

သူဆုဒုတိယဆုရခဲ့တဲ့ ချင်းအဘွားအိုပုံ

Cloud 9 က ကျွန်မဓာတ်ပုံဆရာကြီး ပြေအေးငြိမ်း (ဝဲ) နဲ့ လက်ထောက် ဓာတ်ပုံဆရာ Perceptive studio က ကိုဘိုဘို (ယာ)

မိတ်ကပ်အလှဖန်တီးရှင် ရှာပုံတော်

မန္တလေးက မိတ်ကပ်တောက်တောက်



ဒီလိုနဲ့ ကျွန်မ မိတ်ကပ်ဆရာ ရှာပုံတော်ဖွင့်တော့ ရန်ကုန်က နာမည်ရ မိတ်ကပ်ဆရာဈေးတွေက မိုးမျှော်နေတာပါကလား။ အထူးသဖြင့် နယ်ကိုခေါ်ရမယ်ဆိုရင် သွားစားရိတ် နေစားရိတ်ပါရှိသေးတယ်။ တကယ်ပါ စင်္ကာပူက မိတ်ကပ်ဆရာတွေတောင် ရန်ကုန်က နာမည်ရ မိတ်ကပ်ဆရာတွေလောက် ဈေးမကြီးဘူး။ ဒါပေမဲ့ ကိုယ်က လုပ်ချင်တာ မြန်မာပုံစံဖြစ်တာရော၊ စင်္ကာပူက မိတ်ကပ်ဆရာကို ခေါ်ရမဲ့ ကယိကထကို မလုပ်ချင်တာရောကြောင့် မြန်မာပြည်က မိတ်ကပ်ဆရာကိုပဲ လိုချင်တာ။ ပြီးတော့ ကျွန်မလိုချင်တဲ့ ပုံစံကို ကျွန်မ အသေအချာသိတယ်။ ကျွန်မက Retro Theme မန္တလေးအပြင်အဆင်စစ်စစ်လိုချင်တာ။ သင်္ကြန်မိုးက ခင်သန်းနု အပြင်အဆင်ပုံစံမျိုးလေးတွေ သဘောကျတာ။ 


ဒီတော့ အတိုချုံးပြောရရင် နောက်ဆုံး ခေါင်းထဲ အိုင်ဒီယာတစ်ခု၀င်လာတယ် မန္တလေးဆိုတာလဲ မြို့ကြီးပဲ မိတ်ကပ်ဆရာရှိမှာပဲ။ ပြီးတော့ ကိုယ်လိုချင်တာ မန္တလေး ပုံစံဆိုတော့ မန္တလေးသူဆိုရင် ပိုလို့တောင် အပြင်အဆင် ပိုင်အုံးမယ် ဒါပေမဲ့ ကျွန်မ မသိတာက မန္တလေးက ဘယ်မိတ်ကပ်ဆရာကောင်းလဲဆိုတာလေ။ ကိုယ်က စင်္ကာပူကဆိုတော့ သွားစုံစမ်းလို့မှ မရတာ။ ဒါပေမဲ့ အိုင်တီခေတ်ဖြစ်နေတာက တစ်ကြောင်း စိတ်ကောင်း စေတနာကောင်းနဲ့ မိတ်ကောင်း အဆက်အပေါက်ကောင်းတွေရှိနေတာက တစ်ကြောင်းကြောင့် ဖေ့ဘွတ်ပေါ်မှာ စတေးတပ်တင်ပြီး မိတ်ကပ်ဆရာမေးလိုက်တာ Friendlist ထဲက မဗေဒါရဲ့ စာဖတ်သူတစ်ယောက်ဖြစ်တဲ့ မနွယ်ဦး (Mandalay Thu) က ချက်ဘောက်ကနေ ဖုန်းနံပါတ်ပေးလာတယ်။ သူပြင်တာ ကောင်းလား မကောင်းလားတော့ ကိုယ်လဲ မမြင်ရတော့ ဘာမှ မသိဘူး။ ဒါပေမဲ့ ဖုန်းပြောကြည့်တော့ အသံက ရိုးသားတယ်။ ယုံကြည့်မှုရှိတယ်။ ဒီလိုနဲ့ပဲ မန္တလေးက မိတ်ကပ်တောက်တောက် ကို ဖုန်းခေါ် ဈေးပြောပြီး လိမ်းဖြစ်သွားတယ်။
(ဖုန်းခေါ်စကားပြောတာကတော့ ၂၀၁၃ နို၀င်ဘာလောက်ကပေါ့)။ သူလဲအတော်လေးတော့ ကြောင်မယ်။ ကျွန်မက သူ့ကို ဖုန်းစဆက်တုန်းက ကျွန်မ ဘယ်ကမှန်းမပြောဖြစ်ခဲ့ဘူး။ သူကတော့ သူ့ဘာသာသူ ရန်ကုန်ကလို့ မှတ်သွားပုံရတယ်။ ဒါပေမဲ့ ကိုယ်က ဘယ်နေ့ မြန်မာပြည်ပြန်ဖြစ်မလဲ မသေချာ။ မြန်မာပြည်ပြန်ဖြစ်ရင်တောင် ဘယ်နေ့ စပြီး ခရီးသွား ဓာတ်ပုံရိုက်ဖြစ်မလဲ မသေချာလေ။ ဒီတော့ သူ့ကို ရက်ကို ဒီဇင်ဘာရောက်ရင် confirm လုပ်မယ်လို့ပြောရတာပေါ့။ သူတို့ကလဲ ဒီဇင်ဘာဆို ပွဲများတော့ ကိုယ်မရမှာလဲ ခပ်ကြောက်ကြောက်ပေါ့။ ဒါပေမဲ့ သူက ဒီဇင်ဘာဖုန်းပြန်ခေါ်တာ စောင့်ပေးမယ်တဲ့။

My mom and Me went on short trip to meet with our Makeup artist

ဒီဇင်ဘာကျမှ ဓာတ်ပုံဆရာကို ခရီးသွားဖို့ နေ့ချိန်း ရက်အတိအကျလောက် သိရတော့မှ သူ့ကို ဖုန်းပြန်ခေါ်ပြီး ရက်ကို ပြောတယ်။ ကျွန်မက ၃ရက်ယူမယ်။ ပထမ ၁ရက်က ပုဂံကိုလာရမယ်။ နောက် ၂ရက်ကတော့ မန္တလေးမှာပဲရိုက်ဖြစ်မှာလို့ ပြောခဲ့တယ်။ ဓာတ်ပုံစရိုက်မှာက ၂၅ရက် ဒီဇင်ဘာ (၂၀၁၃ ခရစ်စမတ်နေ့) ပုဂံမှာ ချိန်းထားတော့ သူ့ကို ဒီဇင်ဘာ ၁၈ရက်နေ့ စရံငွေ သေချာပေါက်လာပေးမယ် ဘယ်သူ့ကိုမှ လက်မခံပါနဲ့ လို့ပြောထားတယ်။ (အင်း မြန်မာပြည်မှာ အင်တာနက် ဘဏ်ကင်းမရှိတော့လဲ ခက်သားလား) ဒီမှာ လွယ်လွယ်ပြီးတာတွေကို အဲ့မှာ ခက်ခက်လုပ်ရုံတင်မကဘူး မန္တလေးထိ မေမေနဲ့ ကျွန်မ သားအမိ ၂ယောက် ၂၄နာရီ အတွင်း ခရီးတစ်ခေါက် နှင်ခဲ့ရသကိုး။ ၁၇ရက်ညကားနဲ့ထွက် မန္တလေးကို ၁၈ရက်မနက်စောစောရောက်။ မိတ်ကပ်တောက်တောက်နဲ့ တွေ့။ သူ့ကိုတွေ့တာနဲ့ ကျွန်မစိတ်ချသွားရတာ ဘာလို့လဲဆိုတော့ သူက တိုးတက်ချင်စိတ်ရှိတယ်။ နာမည်ရ မိတ်ကပ်ဆရာတစ်ယောက်ဖြစ်လာချင်တယ်။ အဲ့လိုလူမျိုးက ရေရှည်ကိုကြည့်တယ်။ ဘယ်တော့မှ တစ်ခါစား မလုပ်ဘူး။ ကိုယ်ကလဲ သူကောင်းရင် နောက်ထပ် ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြောပြပေးမယ်လို့ ပြောခဲ့တယ်။

သူ့ကို ကိုယ်လိုချင်တဲ့ပုံစံတွေ စကားပြောတော့ ကိုယ်ကတောင် အပေါ်ယံပဲ ဒေါင်းဘယက်လောက်ပဲ သိတာ သူက မန္တလေးကဆိုတော့ အသေးစိတ် ရွှေခြေကျင်းတွေ၊ ရွှေဒင်းဂါး ခါးပတ်တွေ ပါပါရမယ်တဲ့။ ကိုယ်က ပုသိမ်ထီးလို့ မှားပြောတော့ သူက မန္တလေးသူက ပုသိမ်ထီးမစောင်းဘူး အိမ်တော်ယာထီးစောင်းတာတဲ့။ အဲ့ဒိမှ ကိုယ်လဲ ဗဟုသုတတိုးတော့တယ်။ ရန်ကုန်က မိတ်ကပ်ဆရာတွေနဲ့ဆို ပုသိမ်ထီးနဲ့ပဲ ကိုယ် ၂ပါးသွားဖြစ်လိုက်မယ်ထင်ပါတယ်။ လိုအပ်တဲ့ ပုံတော်ဖိနပ်တွေကအစ ၀တ်မဲ့ အင်္ကျီ အရောင်တွေသာပြော သူအားလုံး ၀ယ်ပေးမယ်တဲ့။ ကိုယ်တောင် မစဉ်းစားမိတဲ့ အသေးစိတ်တွေ သူကအကုန် တစ်ထိုင်တည်းပြောပြီး အကုန် သူလုပ်ပေးမယ်ဆိုတော့ တကယ်ကို ၀မ်းသာမိပါတယ်။

မိတ်ကပ်တောက်တောက် (ဝဲ)၊ ကျွန်မ နဲ့ မိတ်ကပ်အကူ နွေဦး (ယာ)



အင်းလေး မိတ်ကပ်ကိုသားငယ်

ကိုယ်က အင်းလေးမှာလဲ ရိုက်ဖို့စိတ်ကူးတော့ ဖေ့ဘွတ်ပေါ်ပဲ စတေးတပ်တင် မေးလိုက်တာ YUFL တုန်းက သူငယ်ချင်းက အင်းသားနဲ့ အိမ်ထောင်ကျနေတော့ သူ့ မင်္ဂလာဆောင်တုန်းက ပြင်ပေးတဲ့ အင်းသားမိတ်ကပ်ဆရာကိုသားငယ်ကို ဖုန်းနံပါတ်ပေးတယ်။ ကိုသားငယ်ကိုလဲ ဖုန်းခေါ်စကားပြောပြီး ကျွန်မတို့ ဓာတ်ပုံလာရိုက်မဲ့ နေ့ကိုချိန်းလိုက်တယ်။ ဒါပေမဲ့ သူ့အတွက် ပို Challenge ဖြစ်တာက သူက ကျွန်မကို ပြင်ရမဲ့နေ့ကျမှ တွေ့ဖူးမှာ။ ကျွန်မဘက်ကလဲ သူပေါ်မလာရင်တော့ မိတ်ကပ်ဆရာမရှိပဲ အင်းလေးမှာ ကိုယ့်ဘာသာကိုယ်ပဲ မိတ်ကပ်ပြင်ရတော့မယ်ပဲ စိတ်ကို ပြင်ဆင်ထားရတယ်။ ဒါပေမဲ့ ဖုန်းပြောကတည်းက အသံက ရိုးသားတယ်။ လူမြင်တော့ တကယ့်ကို ရိုးသားတဲ့ အဖြူထည် အင်းသားပဲ။ အေးလိုက်တာမှ စကားတောင် လိုတာထက် ပိုမပြောဘူး။ ကျွန်မတို့ လိုအပ်တဲ့ လှေတွေလဲ ဈေးမှန်နဲ့ လိုက်ငှားပေးတယ်။ ဓာတ်ပုံရိုက်နေရင်း ဓာတ်ပုံဆရာက အင်းသား၊အင်းသူ ပင်နီ၀တ်စုံနဲ့ဆို ပိုကောင်းမယ်ဆိုလို့ ဖောင်တော်ဦးဘုရားပေါ်က ဆိုင်တွေမှာ ချုပ်ပြီးသားသွား၀ယ်တာကိုလဲ သူက နယ်ခံဆိုတော့ ဈေးလိုက်ဆစ်ပေးတယ်။ ဒါတွေက နယ်ခံမိတ်ကပ်ဆရာကို ခေါ်တဲ့ အားသာချက်တွေပဲ။ ကိုယ်က သူ့ကို တစ်နေကုန်ခေါ်ကတည်းက ထမင်းကြွေးဖို့ စိတ်ကူးထဲ ထည့်တွက်ပြီးသား။ အဲ့ဒါ ထမင်းစားချိန်ရောက်တော့ ဖောင်တော်ဦးရှေ့က Tourist Attraction စားသောက်ဆိုင်တစ်ခုမှာ ကျွန်မတို့စားရင်း သူတို့ကို ခေါ်ကြွေးတာ။ ဆရာရော လက်ထောက်ရော မစားဘူးချည်း အကြောက်အကန်ငြင်းနေကြလို့ ဘာဖြစ်လို့လဲတွေးတာ နောက်မှ သူတို့က ကိုယ့်ကို ထမင်းဖိုး ထည့်မယူထားတဲ့သဘောမျိုး။ သူတို့ဘာသာ၀ယ်စားမယ်ဆိုတဲ့ အတွေး။ ကိုယ်ကလဲ ကိုယ်ကြွေးမယ်ဆိုတဲ့ အတွေးနဲ့ဆိုတော့ “ကျွန်မကြွေးပါ့မယ်” လို့ မပြောမိဘူးလေ။ နောက်မှ အတင်ခေါ်ပြီး ကျွန်မတို့ ကြွေးမှာ ကြိုက်တာမှာစားဆိုပြီး တောင်းတောင်းပန်ပန်ပြောရတယ်။ ဟား ဟား။ အဲလိုရိုးတာ။

အင်းလေးက မိတ်ကပ် ကိုသားငယ်

ကိုသားငယ် (ယာ) နဲ့ လက်ထောက် မိတ်ကပ်ဆရာ

သတို့သမီး ၀တ်စုံ နှင့် လက်၀တ်ရတနာ အငှားဆိုင်

မန္တလေးက မိတ်ကပ်တောက်တောက်ကလဲ စေတနာကောင်းတော့ ကျွန်မတို့ကို ၀တ်စုံတွေ လက်၀တ်လက်စားတွေ ငှားတဲ့ဆိုင်ကို ခေါ်သွားပြီး တခါတည်း ၀တ်စုံရွေး ရန်ကုန်နဲ့ယှဉ်ရင် ဈေးချိုပြီး အရည်အသွေးကောင်းတဲ့ ၀တ်စုံတွေမို့ ဘာရွေးရမှန်းကို မသိဘူး။ အရောင်ကတော့ ရွေးစရာ သိပ်မများဘူး။ ဒါပေမဲ့ ရှိတာတွေကတော့ လှပါတယ်။ ဒီလိုနဲ့ အစက ၂စုံပဲ ငှားဖို့ စိတ်ကူးတာ နောက်ဆုံး မဆုံးဖြတ်နိုင်တော့ အဝါရယ်၊ အစိမ်းနုရယ်၊ ပုဇွန်ဆီရောင်ရယ် ၃စုံငှားဖြစ်သွားရော။ ၀တ်စုံနဲ့ လက်၀တ်လက်စားဆိုင်ကတော့ “ရောင်ခြည်ဦး” တဲ့။ ဆိုင်ရှင် အစ်မကြီးက ရန်ကုန်သူပဲ မန္တလေးသားနဲ့ အကြောင်းပါလို့ မန္တလေးရောက်နေတာ။ စကားပြောရတာ အဆင်ပြေတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေက ရိုးသားပြီး သဘောကောင်းတဲ့သူတွေပဲမို့ ကိုယ်ကံကောင်းတယ်လို့ ခံစားရတယ်။ ဒါလဲ မြန်မာပြည်ရဲ့ ရိုးသားတဲ့ ဓလေ့ပဲ မဟုတ်လား။ ၂ဦး ၂ဘက် ယုံကြည်လေးစားပေးရမှာပေါ့။ ၀တ်စုံရွေးပြီးတာနဲ့ သားအမိ ၂ယောက် အဝေးပြေးဂိတ်ကိုပြန်ပြီး ရန်ကုန် ချက်ချင်းထွက်မဲ့ကားလက်မှတ်၀ယ်တော့ ကံကောင်းစွာပဲ Special coach မှာ ၂ခုံပဲကျန်တော့တယ်တဲ့။ ဈေးပိုပေးရပေမဲ့ သက်တောင့်သက်သာနဲ့ ခြေထောက်ကောင်းကောင်းဆန့်လို့ရတဲ့ ကားပါပဲ။ ကားပေါ်မှာလဲ ခဏခဏ မုန့်တွေကျွေးလွန်းလို့ မစားနိုင်လို့ ရန်ကုန်ထိ သယ်လာရတယ်။ သားအမိ ၂ယောက်ကတော့ မနေ့ညကလဲ ကားပေါ်အိပ်၊ အပြန်လဲ ကားပေါ်အိပ်လိုက်ပေါ့နော်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်အတွက် အားကိုးလို့ရတာကတော့ ကိုယ့်အမေပဲရှိတယ်။ အဲဒိအတွက်လဲ လိုက်လာပေးတဲ့ အမေ့ကို စိတ်ထဲက ကျိတ်ကျေးဇူးတင်နေရတာပေါ့။



အဝါရောင်လေး လှမှလှ

အစိမ်းနဲ့ စိန်ရောင်

ဒီ၀တ်စုံလေးကြိုက်တယ် ၀တ်ရတာ ပိန်တယ်ထင်ရတယ်

ဒီလို Detail တွေနဲ့၀တ်စုံဆို ရန်ကုန်က ဆိုင်မှာ ခုလို နယ် outdoor ယူသွားဖို့ငှားရင် ဘယ်လောက်လဲတော့ မသိဘူး 

Retro style မြန်မာ၀တ်စုံများ

ကိုယ်က သတို့သမီး၀တ်စုံထက် အမှန်တော့ Retro Theme ကို ပိုရိုက်ချင်တာဆိုတော့ အဲဒိ အင်္ကျီပုံစံမျိုးတွေချုပ်ဖို့ အွန်လိုင်းမှာ လိုက်ရှာရတာပေါ့။ မြန်မာအင်္ကျီပုံစံ ရိုးရိုးကို အင်တာနက်မှာရှာရခက်ပါ့။ ခုနောက်ပိုင်းထွက်တဲ့ ဒီဇိုင်းအစမ်းကြီးတွေပဲ တွေ့တယ်။ တစ်ခု ၂ခု နီးစပ်တာတော့ တွေ့တယ်။ အနီးစပ်ဆုံးကတော့ ဆုပန်ထွာပုံတစ်ပုံတွေ့တယ်။ ခင်သန်းနုပုံတွေ ရှာတာလဲ ကောင်းတာ မတွေ့ဘူး။ တွေ့တာတွေပဲ ဖုန်းထဲ သိမ်းထားရတယ်။ တစ်ရက်တော့ ဘာရယ်ညာရယ်မဟုတ် စင်္ကာပူ Bugis မှာရှိတဲ့ Arab Street ကို အမေနဲ့သွားဖြစ်တယ်။ အဲ့ဒိအကြောင်း ဒီပိုစ့်မှာ ရေးထားတယ်။ (http://mabaydar.blogspot.sg/2013/11/arab-street.html)

My Reference Burmese dress design photo of Su Pan Htwar


အဲဒိတုန်းက ကိုယ့်အတွေးကတော့ ငါလိုချင်တဲ့ပုံစံကို ခု ချုပ်ထားမှရမယ်လို့ မြန်မာပြည် ပြန်မှ ချုပ်ရင် အချိန်မမှီလောက်ဘူးလေ။ အဝါရောင် ချိတ်ထမီ ကိုယ့်မှာရှိပြီးသားဆိုတော့ အဲ့ဒါနဲ့၀တ်ဖို့ အဝါရောင်ရင်စည်းအခံနဲ့ အပေါ်က ချင်ထောင်ဇာလို အပျော့လေးနဲ့ ရင်ဖုံးချုပ်မယ်ပေါ့။ အဲ့ဒိအင်္ကျီကို Cityhall အပေါ်ဆုံးထပ်က ဆိုင်မှာ အပ်ဖြစ်တယ်။ ဒါပေမဲ့ ရမယ်ပြောတဲ့နေ့မရတာနဲ့ ပုံမကျတာနဲ့ အဲ့ဆိုင်နဲ့ စကားများလိုက်ရလို့ ဈေးကြီးပေးချုပ်ပြီး စိတ်တော့ မချမ်းသာခဲ့ပါဘူး။ ဓာတ်ပုံထဲမှာတော့ လှသလိုထင်ရပေမဲ့ ၀တ်ရတာ ပုံလုံး၀မကျပါဘူး။ ချိုင်းပေါက်ကြီး ကျယ်လို့ ပင်အပ်တွေနဲ့ ပြန်ထိုးခဲ့ရသေးတယ်။ ပြီးတော့ အပေါ်က ဇာက လိပ်လိပ်ပြီးတက်လာပါတယ်။ ကိုယ်က ဒီဇိုင်းလေးသေချာစဉ်းစားပြီး စိတ်ကြိုက်ချုပ်လို့သာ အင်္ကျီလေးက လှသလိုဖြစ်နေတာ။ ချုပ်သူကိုယ်တိုင်ကတော့ ပြောပါတယ်။ ရန်ကုန်မှာ ချုပ်ရင်ပိုကောင်းတယ်တဲ့။ ဒါပေမဲ့ ကိုယ့်က အချိန်မမှီမှာ စိုးတာကိုး။ (နောက်ဆိုရင်တော့ ရန်ကုန်မှာပဲ ချုပ်တော့မယ်)
ဒီလိုနဲ့ ကျန်တဲ့ ၀တ်စုံတွေအတွက်ကိုတော့ မချုပ်ဖြစ်တော့ဘူး ရန်ကုန်ကိုသာ ၁ပတ်လောက်စောပြန်ပြီး အမြန်ကြေးပေးချုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲ့ဒါကတော့ အချိန်မမှီရင်ဒုက္ခဆိုတာတော့ ရှိသေးတယ်လေ။

၀တ်လို့မကောင်းပေမဲ့ သေချာစဉ်းစားခဲ့တဲ့ ဒီဇိုင်းမို့ ဓာတ်ပုံထဲ လှတဲ့ ၀တ်စုံ

မိုးသဇင် အပ်ချုပ်ဆိုင်(အနက်ရောင် နဲ့ ရှမ်းအင်္ကျီ)

ရန်ကုန်ရောက်တော့ ကျွန်မသူငယ်ချင်း ချုပ်နေကျ တာမွေက “မိုးသဇင်” ဆိုတဲ့ ဆိုင်က လက်ရာတော်တော်ကောင်းတယ်တဲ့။ သူတို့က ချုပ်နေကျ ပုံမှန်လူတွေဆိုတော့ ၁၀ရက်အတွင်းရအောင်ချုပ်ဖို့ သူတို့ပြောပေးလို့ရတယ်တဲ့။ ဟိုရောက်တော့ အင်္ကျီချုပ်ပေးတဲ့ ဗမာ-တရုတ် အမျိုးသမီးက စကားပြော ပွင့်ပွင့်လင်းလင်းနဲ့ သဘောကောင်းပါတယ်။ သူ့ဆိုင်က ချုပ်ဖို့လိုအပ်တဲ့ ကျယ်သီး ဖဲကြိုးစတဲ့ တိုလီမုတ်စတွေအကုန်ရောင်းတော့ ချုပ်ဖို့ တစ်ခါတည်းကြည့်လို့ရတယ်။ မဗေဒါအင်္ကျီကိုတော့ ရိုးရိုး ရင်ဖုံးလက်ရှည်ပဲ ဘာမှ အပိုမပါဘူးဆိုလို့ ၁၀ရက်နဲ့ အမြန်ချုပ်ပေးဖို့ လက်ခံလိုက်တယ်။ ၂ထည်။ ၁ထည်က Arab Street က ၀ယ်လာတဲ့ ရွှေနဲ့အနက်ရောင် ခြင်ထောင်ဇာ၊ နောက်တစ်ထည်ကတော့ ၂၀၁၂တုန်းက စစ်ကိုင်းဘုရားတစ်ခုကနေ ၀ယ်လာတဲ့ ကျီးဥရောင် ရှမ်းထမိန်လေးနဲ့၀တ်ဖို့ဆိုပြီး ရောက်ရောက်ချင်းနေ့မနက်ပဲ ဗိုလ်ချုပ်ဈေးမှာ အဲ့လုံချည်နဲ့ကိုက်၀ယ်လာတဲ့ ပိတ်စကို ရှမ်အင်္ကျီစတိုင် ခါးတင် ရင်ဖုံး အစောင်းလေးမှာ တိုက်ပုံကျယ်သီး ပန်းရောင်လေးတွေတပ်မယ်ပေါ့။ ဒါကလဲ ဘာမှ ပန်းထိုးတာဘာညာမပါဘူးဆိုတော့ ရတယ်တဲ့။ ကျွန်မတို့က ၂၄ရက်နေ့ည ခရီးထွက်မှာဆိုတော့ ၂၄ရက်နေ့ နေ့လည်ကို လာယူတဲ့။၂၄ ရက်နေ့ သွားယူတော့ အဲ့အန်တီက နေမကောင်းဖြစ်နေလို့ အချောမကိုင်ရသေးဘူးတဲ့။ ကိုယ်ကလဲ ဘယ်ဖြစ်မလဲ ညကျ ခရီးသွားတော့မှာ ခုရမှ ဖြစ်မှာလို့ဆိုတော့ ကျယ်သီးတပ်ဘာညာကို အဲ့က အလုပ်သမလေးတွေလုပ်ပေးတယ်။ အန်တီကြီးကတော့ မငြိုမငြင် သေချာလုပ်ပေးပါတယ်။ ကျွန်မက ခါးကော့လို့ မြန်မာအင်္ကျီကို ရှေ့ဆိုက်ချုပ်ပေးထားတယ်တဲ့။ သူချုပ်ပေးတဲ့ အင်္ကျီတွေက ပုံကျလွန်းလို့ ကျွန်မအကြိုက်ဆုံးပဲ။ ၀တ်ရတာလဲ ကောင်း။ ပုံလဲကျ။ အန်တီကြီးရဲ့ သမီးကတော့ သူ့အမေနေမကောင်းတာကို လာလောရမလားဆိုတဲ့ပုံစံနဲ့ ကိုယ့်ကို စောင့်အောင့်တယ်။ ကိုယ်မှ မမှားတာလေ။ အစကတည်းက ၁၀ရက်နေရင်ရမယ်ဆိုလို့ သဘောတူပြီး အပ်ခဲ့တာ။ ကိုယ့်အခြေအနေကလဲ လိမ်ပြောတာမှ မဟုတ်တာ။ ကျွန်မနဲ့ ကျွန်မဖေဖေ နေ့လည်ကတည်းက အင်္ကျီရွေးဖို့ထွက်သွားတာ ညနေထိပြန်မရောက်လို့ အမေက စိတ်ပူနေပြီ။ ဒါပေမဲ့ အချိန်မှီရလိုက်ပါတယ်။ ချုပ်ခကလဲ အမြန်ကြေးပေမဲ့ ဈေးချိုတယ်လို့ ဆိုရမယ်။ နောက်ဆို အဲ့ဒိမှာပဲ သွားချုပ်မယ်။ အဲ့ အန်တီကြီးကိုတော့ ခင်ပါတယ်။ အဲ့အပ်ချုပ်ဆိုင်လိပ်စာသိချင်ရင်တော့ မဗေဒါရဲ့ Facebook page လေးကို Like လုပ်ပြီး မတ်စေ့ပို့ပြီးမေးနော်။

၀တ်လို့ကောင်းတဲ့ အင်္ကျီ

ရှမ်းအင်္ကျီ ခုတော့ ပျောက်နေတယ်

စကော့ဈေး အပ်ချုပ်ဆိုင် (အနီရောင် ရင်ဖုံး လက်ရှည်)

နောက်ထပ် အနီရောင်လုံချည် (အမေ အမရပူရက ၀ယ်လာပြီး ကျွန်မကိုပေးထားတာကြာပြီ မ၀တ်ဖြစ်တဲ့ ထမိန်) နဲ့၀တ်ဖို့ အင်္ကျီကိုကျတော့ စကော့ဈေးက အမေချုပ်နေကျ ဆိုင်မှာ အပ်ဖြစ်တယ်။ စကော့ဈေးဆိုင်အမြန်ကြေး ဆိုတော့ ဈေးတော့ကြီးတာပေါ့။ ပုံကျမှုနဲ့ ၀တ်လိုက်ရင် သက်တောင့်သက်သာရှိမှုကတော့ တာမွေကဆိုင်လောက်မကောင်းဘူး။ ဒါပေမဲ့ စင်္ကာပူက ဆိုင်ထက်တော့ အများကြီးသာပါသေးတယ်။ အဲ့ဆိုင်မှာ သွားချုပ်တာကျတော့ လုံချည်ပြပြီး ကိုယ်ချုပ်ချင်တဲ့ပုံစံပြောတယ် ပိတ်စဘယ်လောက်လိုမလဲမေးတယ်။ ပြီးမှ အဲ့ အပ်ချုပ်ဆိုင်ရှေ့က ပိတ်စဆိုင်ကပဲ လိုသလောက်ပိတ်စဖြတ်၀ယ်လိုက်တယ်။ ကျွန်မလိုချင်တဲ့ပုံကလဲ အောက်က အနီရောင် ဖဲရင်စီးကို အပေါ်ကလည်ထောင် ပန်းနုရောင်ဇာ လက်ရှည်ရင်ဖုံး ရိုးရိုးပဲ။ သူ့ကိုလဲ ၁၀ရက်အချိန်ပေးထားတော့ ၂၄ရက် နေ့လည်ရမယ်တဲ့။ သူ့ဆီကို သွားရွေးပြီးမှ တာမွေကိုသွားရွေးဖြစ်လို့တော်သေးတယ်။ သိတဲ့အတိုင်း အင်္ကျီချုပ်ရင်က ကိုယ်လာရွေးမှ ၀တ်ကြည့်ခိုင်းပြီး မကောင်းတာတွေ ထပ်သေချာချုပ်ကြတာဆိုတော့။ သွားရွေးတဲ့အခါကျတော့ အင်္ကျီကရနေပြီ ကိုယ့်ကို ၀တ်ကြည့်ခိုင်းပြီး လိုတာလေးနည်းနည်ထပ်သီနေလို့ ခဏစောင့်ရတယ်။ ဒါပေမဲ့ ခု အဲ့အင်္ကျီကို ၀တ်တော့ အတွင်းက ရင်စီးက ၀တ်ရတာ သိပ်မကောင်းဘူး။ အနောက်ဘက်ကချိတ်က နည်းနည်းအပေါစားပစ္စည်းများသုံးသလားမသိပါဘူး။ ၀တ်ရင်လဲ အပေါ်ချိတ်တပ်နေရင် အောက်ချိတ်ပြုတ်၊ အောက်ချိတ်တပ်နေရင် အပေါ်ချိတ်ပြုတ် မာမာတင်းတင်းမရှိဘူး။ ကိုယ်ထိုင်လိုက်လို ခါးကိုင်းပြီး ခါးပြန်ဆန့်လိုက်ရင်လဲ အတွင်းကရင်ခံချိတ်က ပြုတ်ပြန်ရော။ ဇစ်နဲ့လုပ်ပေးရင်ကျတော့ ခေါက်ပြီးဖောင်းနေမှာဆိုးလို့တဲ့။ ဒါပေမဲ့ ဇစ်နဲ့ကတောင် ပိုအဆင်ပြေအုံးမယ်ထင်တယ်။ နေအုံးနောက်တစ်ခါရန်ကုန်ပြန်မှ အဲ့ ချိတ်တွေကို တစ်ခုခုလုပ်ရမယ်။ စကော့ဈေးက အပ်ချုပ်ဆိုင်နာမည်ရော သိချင်ကြသေးလားတော့မသိဘူး။ လောလောဆယ်တော့ မေ့နေတယ်။ သိချင်တယ်ဆို မဗေဒါ Facebook page ကနေ မတ်စေ့ပို့ပြီးမေးနော် ။ အမေ့ကို မေးပေးမယ်။

ပန်းတွေနဲ့ဝေ

တခြား ၀တ်စုံများ

ငှားထားတာက မင်းသမီး၀တ်စုံ ၃စုံ ချုပ်ထားတာက ၄စုံဆိုတော့ လိုတာထက်တော့ ပိုရနေပါပြီ။ အော်… မေ့တော့မလို့ အွန်လိုင်းရှော့ပင်းကနေပြီး ကိုရီးယားကနေ ကိုယ်ကြိုက်တဲ့ ရှေ့တိုနောက်ရှည် သတို့သမီး၀တ်စုံဂါ၀န်လေး ခုနောက်ပိုင်း ခေတ်စားနေတာတစ်ကြောင်း၊ စင်္ကာပူက Bridal shop မှာ ၀တ်စုံတွေ စမ်း၀တ်ကြည့်တုန်းက (အစက ဘာလီမှာ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးတာဆိုတော့… နောက်မှ စင်္ကာပူ ဓာတ်ပုံရိုက်တဲ့အကြောင်းသပ်သပ်ပြောပြမယ်) ခရီးသွားရမှာမို့ ဆိုင်က မိတ်ကပ် artist က လမ်းလျှောက်ရလွယ်ပြီး အလေးချိန် သိပ်မစီးတဲ့ ရှေ့တိုနောက်ရှည် ဂါ၀န်ကို တိုက်တွန်းတာ သွားသတိရပြီး အဲ့ဒါလေး ၀ယ်ဖြစ်သွားတာ။ ဈေးက သိပ်မကြီးဘူးလေး စလုံး ၂၀၀ နီးပါးလောက်ပဲပေးရတယ်။ ရတော့လဲ ပုံကျတယ် အရည်အသွေးလဲ ကောင်းတယ်။ စီးတီးဟောမှာ အဝါ၀တ်စုံ အပေါ်ပိုင်းလေးချုပ်တာတောင် ဈေးက အဲ့လောက်နီးနီးကျတယ်လေ။ အဲ့ဂါ၀န်ကို Bugis Street အပေါ်ထပ်က ဆိုင်မှာတွေ့တယ်။ ဈေးက စလုံး ၃၀၀ လောက်ခေါ်တယ်။

ကိုရီးယားက မှာလိုက်တဲ့ ၀တ်စုံ

နောက်ထပ် လိုရမယ်ရထည့်လာတာကတော့ ချစ်သူစစဖြစ်ချင်းကတည်းက ၀ယ်ထားပေမဲ့ သူမ၀တ်ချင်လို့ တစ်ခါမှမ၀တ်ဖြစ်တဲ့ Couple Tshirt။ ဒီအချိန်ပဲ Mr.Right ကို ၀တ်ခိုင်းရမှာ။ Converse ဖိနပ်ဆင်တူ၀ယ်မို့ပဲ နောက်ကျတော့ အချိန်မရတာရော၊ သယ်ရမဲ့ ပစ္စည်းများတာရော၊ Mr.Right က အလွန်တရာမှ ဖိနပ်ဂျီးများတာရောကြောင့် မ၀ယ်ဖြစ် မ၀ယ်ဖြစ်နဲ့ မပါလာတော့တာ။ ဓာတ်ပုံဆရာက အင်္ကျီဆင်တူပြီး ဖိနပ်မဆင်တူလို့ ဆူတာခံလိုက်ရတယ်။ ဟိ။

မေမြို့ ရုက္ခဗေဒဥယျာဉ်မှာ

ဒီတော့ ၀တ်စုံတွေကို ကိုယ့်ဘာသာကိုယ်ပဲ ရေတွက်ကြည့်လိုက်တော့နော်။ မြန်မာပြည် ၁၅ရက် ဒီဇင်ဘာ ၂၀၁၃မှာ ပြန်ရောက်တယ်။နေ့လည်ကျတော့ မေမေရယ်၊ ကျွန်မရယ်၊ Mr. Right ရယ် ၃ယောက် စကော့ဈေးပတ်ပြီး လိုအပ်တဲ့ ပိတ်စတွေသွား၀ယ်။ အင်္ကျီအပ်။ ညကျတော့ သူငယ်ချင်းနဲ့ တာမွေသွား အင်္ကျီအပ်ပေါ့။ အင်္ကျီက ခုလို ခွဲအပ်တော့မှ ၁၀ရက်အတွင်း ၃စုံရမှာလေ။ ယောင်္ကျား၀တ် ပုဆိုး၊ တိုက်ပုံတွေက ခုဆို Ready made ရတာတစ်ကြောင်း Mr.Right ရဲ့ မော်ဒယ်ဘွိုင်းခန္ဓာကိုယ်ဖြစ်တာတစ်ကြောင်း (ကိုယ့်ငါးချဉ် ကိုယ်ချဉ်သည်) ကြောင့် သူ့ဟာရှာရတာ မခက်ဘူး။ စကော့ဈေးပတ်တော့မှ Arab Street က ဇာမျိုးတွေ တစ်ပုံစံတည်းတွေ့ပါ့။ မြန်မာပြည်က ဈေး ထက်၀က်သက်သာတယ်ဗျ။ နောက်ဆို မြန်မာပြည်ပြန်ဖို့ရှိတယ်ဆိုလိုကတော့ Arab Street က မ၀ယ်နဲ့။( အဲ… ရွှေရောင်အနက် ခြင်ထောင်ဇာလေးတော့ မြန်မာပြည်မှာ မတွေ့မိဘူး။) မေမေ၀ယ်လိုက်တဲ့ Arab Street က စလုံး ၅၀လောက်ပေးရတဲ့ဟာက မြန်မာပြည်မှာ ၀မ်းဆက်ကို ၂သောင်းခွဲ ၃သောင်းလောက်နဲ့ ရလို့ အမေ ရင်ခံသွားတယ်။ ခုနောက်ပိုင်း မြန်မာပြည်မှာလဲ ချိတ်ထမိန်မဟုတ်တဲ့ ချိတ်ထမိန် ဒီဇိုင်းလုံချည်လေးတွေ အနားလေးတွေ လှလှလေးတွေနဲ့ ဈေးလဲ ချိတ်ထမိန်အစစ်လောက်မကြီးဘူး။ အရောင်တွေကလဲ စုံမှစုံ။ ၀ယ်ချင်တာ လက်ယားနေတာ။ များနေလို့ တရားမှတ်ပြီး နေခဲ့ရတယ်။ ချိတ်ထမိန်အစစ်က ရေလျှော်လို့ မရ ဘာမရနဲ့ ဈေးလဲကြီးသေးတယ်။ (ကိုယ့်ချိတ်ထမိန် ပန်းရောင်ကြီး ၀ယ်တုံးက ၃သိန်းလောက်ပေးရတာကြီး မနေနိုင်လို့ လျှော်ကြည့်လိုက်တာ ခုတော့ ဘက်လက်ကြီးနဲ့ ကြေမွနေတာပဲ ဘာမှ လုပ်လို့မရတော့ဘူး) ဒီတော့ ချိတ်ထမိန် အစစ်မဟုတ်တဲ့ အာ့မျိုး လှလှလေးတွေပဲ ၀တ်တော့မပေါ့။

အန်စာတုံးကား ငှားခြင်း

အံစာတုန်းကား ခြေမြန်တော်

အငှားကားကိုလဲ ၂နေရာက စုံစမ်းဖြစ်တယ်။ တစ်ခုက ဖေ့ဘွတ်က အရင်က စာဖတ်သူ ခုတော့ သူငယ်ချင်းဖြစ်နေတဲ့ အစ်မတစ်ယောက်ဆီက။ သူ့အမျိုးသားက မြန်မာပြည်မှာ Tour company ရှိတယ်လေ။ ဒါပေမဲ့ ကားငှားတာကတော့ သူတို့မလုပ်ပါဘူး။ ကိုယ့်ကိုစေတနာနဲ့ ကူညီတာ။ ၉ယောက်စီး အန်စာတုံးကား သွားမဲ့နေရာတွေနဲ့ ၇ရက် ခရီးစဉ်ကို ၁၄သိန်းခေါ်တယ်။ ကားငှားတဲ့ အမျိုးသမီးနဲ့ ဖုန်းပြောတာ ဖော်ဖော်ရွေရွေနဲ့ follow up လဲရှိတယ်ဆိုတော့ responsible ရှိတယ်လို့တော့ ခံစားရပါတယ်။ သူတို့နေရာ ကားသွားကြည့်တော့လဲ ဖော်ဖော်ရွေရွေပဲ ပြပါတယ်။ ကားက နယ်က ပြန်လာတော့ နည်းနည်းဖုန်တက်နေတာပေါ့နော်။ ကားကျတော့ ဖေဖေ့ကိုပဲ ပေးဆုံးဖြတ်ရတာပေါ့။ ဖေဖေက ဒုတိယ ကုမ္ဗဏီက ကားကို ကြည့်အုံးမယ်တဲ့။

နောက်ကုမ္ဗဏီက ကား ကျတော့ Mr.Right အဒေါ်မေးပေးတာ။ အဲ့လူကတော့ ကျွန်မတို့ အိမ်အထိ သူ့ကားကိုလာပြတယ်။ ကားကတော့ တော်တော်လေး သန့်တယ်။ ပြီးတော့ ဟိုဘက်က ကားနဲ့ယှဉ်ရင် သူက ဘယ်မောင်း စတီယာတိုင်ဆိုတော့ ကျွန်မဖေဖေက သဘောကျတယ်။ လူဆင်းတဲ့အပေါက်ကလဲ ညာဘက်မှာဆိုတော့ လမ်းမှာ အဆင်းအတက်လုပ်ရတာ အန္တရယ်မများဘူးပေါ့။ အဲ့နေ့က ကားလာပြတဲ့သူကတော့ စကားပြော ရွှန်းရွှန်းကို ဝေနေတာပါပဲ။ ကျွန်မ မှတ်မှတ်ရရ အဲ့ဘက်လမ်းတွေ ကျွမ်းကျင်ရဲ့လားလို့မေးတော့ သူက “စိတ်ချ ကျွန်တော်တို့က တိုးရစ်တွေလာတိုင်း အဲ့လမ်းတွေမောင်းနေကျ” တဲ့။ သူက လာပြတဲ့အချိန်မှာလဲ ကားကို အဲကွန်းဖွင့်ထားပြီးသားဆိုတော့ နေပူပူကလာတဲ့ ကိုယ့်စိတ်ထဲ အဲ့ကားထဲကတောင် ပြန်မထွက်ချင်တော့ဘူးပေါ့။ သူကိုယ်တိုင်မောင်းမှာလားဆိုတော့ အဲ့ဒါတော့ မသေချာသေးဘူးတဲ့။ (တကယ့်နေ့ကျတော့ သူကိုယ်တိုင်မောင်းပါတယ်။ The one who gave me biggest unhappiness)။ ဈေးကတော့ ၂ဆိုင်လုံး တူတူပဲ။ ဒီလိုနဲ့ သူ့ကားကို ယူလိုက်တယ်။

ဘာလို့ ကားစင်းလုံးငှားသွားသလဲဆိုတဲ့မေးခွန်းကို ဘယ်သူ့မေးမေး။ ကိုယ်သွားချင်တဲ့နေရာ ကိုယ်သွားချင်သလိုသွားမှာမို့ နေ့ပေးနဲ့ ကိုယ်သုံးချင်သလို သုံးမှာမို့ပါပဲ။ အစကတည်းက ၁နေ့မှာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ သုံးရမယ်လို့ သပ်မှတ်ခဲ့ရင်တော့ တစ်မျိုးပေါ့။ ကျွန်မတို့ကလဲ သူ့ကို မအိပ်ခိုင်းပဲ မမောင်းခိုင်းပါဘူး ဒါပေမဲ့ အဲ့ဒိလူက ညနေ ၆နာရီလောက်ရှိပြီး ကျွန်မတို့ ဓာတ်ပုံရိုက်လို့ မပြီးသေးဘူးဆိုရင် သူက တခြားကားသမားတွေကို ဖုန်းပြောသလိုနဲ့ ရွဲ့စောင်းပြောတယ်။ “သိပါဘူးကွာ။ ဘယ်အချိန်ကျမှ ပြီးမယ်မှန်း” စသည်ဖြင့်ပေါ့။ ကျွန်မတို့ အဲ့ကားကိုသုံးချင်ရင် ည၉နာရီလောက်အထိတော့ အေးဆေးသုံးပိုင်ခွင့်ရှိတယ်လို့ထင်တယ်။ ပြီးတော့ ကျွန်မတို့ ဓာတ်ပုံရိုက်ရင် တစ်နေရာမှာ အနည်းဆုံး ၂နာရီလောက်တော့ကြာတာ သူမောင်းနေရတာလဲ မဟုတ်ဘူး။ အိပ်နေလို့တောင်ရတယ်။ ညဘက် စောစော ကျွန်မတို့ကို ဟော်တယ်ပို့ပြီး အောက်ဆိုဒ်ရှာချင်တာလားတော့မသိ။ ပြီးကျရင် ဟိုင်းဝေးမောင်းနေလို့ ကားပေါ်မှာ ကျွန်မတို့အားလုံးအိပ်နေရင် ဘယ်လိုမောင်းလဲတော့မသိဘူး တော်တော်နဲ့မရောက်ဘူး။ ကားကို လိပ်လိုမောင်းတယ်။ တနေရာရောက်လို့ စောနေရင် နောက်တစ်နေရာမောင်းခိုင်းမှာ စိုးလို့လားတော့ မသိဘူး။ ကျွန်မတို့က ဘုရားဖူးလာတာမဟုတ်ဘူး ကိုယ်ကြိုက်တဲ့နေရာ ရှုခင်းလှတဲ့နေရာ ဓာတ်ပုံဆရာပြောတဲ့နေရာ စတာတွေကို ရပ်ခိုင်းမှာပဲ သွားခိုင်းမှာပဲ။ အစကတည်းက ဓာတ်ပုံရိုက်ဖို့ဆိုတာ သေသေချာချာပြောပြီးသား။ သူ့ပုံစံက မိတ်ကပ်ဆရာတွေကို ကြည့်မရတာနဲ့၊ ဓာတ်ပုံဆရာက ပုဂံမှာ ဓမရံကြီးဘုရား နောက်ခံထားရိုက်ချင်လို့ နည်းနည်းလေး off the track လေးမောင်းခိုင်းတာကို ရွဲ့ရတာနဲ့။

ပြီးရင် ခရီးပင်မကြီးသွားရမဲ့ လမ်းလဲ မသိဘူး (မသိချင်ယောင်ဆောင်တာလားတော့ မသိ)။ မန္တလေးကနေ အင်းလေးသွားတဲ့လမ်းကို သူ့သူငယ်ချင်းကို ဖုန်းဆက်မေးတယ်။ သူ့လူက ကျွန်မတို့ ဘယ်သောင်ဘယ်ကမ်းရောက်နေမှန်းမှ သေချာမသိတာ။ တလွဲတွေပြောတာပေါ့။ အဲ့ဒိအချိန်တော့ ကျွန်မလဲ ပြောထည့်လိုက်တယ် ရှေ့မှာဒေါသတွေတော်တော်စုနေပြီဆိုတော့။ လမ်းမသိရင် လမ်းပေါ်ကလူကိုမေး။ ရှင့်ဖုန်းထဲကလူက တလွဲတွေချည်းပြောနေတာဆိုပြီးတော့။ ကျွန်မအတွက် ဒီခရီးစဉ်မှာ စိတ်အတိုဆုံး ချုံးပွဲချ တစ်ခါငိုဖြစ်လိုက်တာကတော့ ပုဂံကနေအထွက် အင်း၀ မယ်နုအုတ်ကျောင်းကို ညနေ နေမ၀င်ခင် ၀င်ဓာတ်ပုံရိုက်မယ်။ ပြီးမှ မန္တလေးကိုသွားပြီး ဟော်တယ်ချက်အင်၀င်မယ်။ အဲလို အကိုက်ကျွန်မ အကွက်ချထားပြီးသား။ လိုတာထက်ပိုမဲ့ ကားမောင်းချိန်ကို ကျွန်မပေးထားပြီးသား။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မဖေဖေသွားချင်တဲ့ ထန်းရည်စစ်စစ်ရောင်းတဲ့ဆိုင်က ကားသမားမောင်းထွက်တဲ့ ပုဂံအပေါက်ဘက်မဟုတ်ဘူးဖြစ်နေတော့။ တစ်ခါ ပြန်လှည့်ပြီး ကျွန်မဖေဖေထွက်ခိုင်းတဲ့ဘက်ကနေ ထွက်ရတယ်။ ထန်းရည်ဆိုင်မှာ အဖေ ၀င်၀ယ်နေတုန်း ကျွန်မလဲ ရသလို ဓာတ်ပုံရိုက်ရသေးတာပေါ့။ ပုဂံကတည်းက မိတ်ကပ်အပြည့်နဲ့ဆံပင်တုကြီးနဲ့ ထွက်လာရတာ။ လူက စိတ်မညစ်အောင်အတတ်နိုင်ဆုံးနေတယ်။ သူများတွေကားပေါ်မှာ အိပ်နေတဲ့အချိန်တောင် ကျွန်မက ဆံပင်ပျက်၊ မိတ်ကပ်ပျက်မှာစိုးတာရော၊ မြန်မာအင်္ကျီနဲ့ ဗိုက်စည်းနဲ့မို့ ခါးမတ်မတ်ထိုင်နေတာရောနဲ့ အိပ်လို့ရတာတောင် အလှပျက်မှာစိုးလို့ အိပ်ဖြစ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ လူပင်ပန်းတာက ခံနိုင်တယ်။ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ သိပ်မပင်ပန်းဘူး။ ကားကလဲ ကောင်းတော့ ခရီးက ထင်သလောက်မပင်ပန်းပါဘူး။ ကိုယ့် Schedule အတိုင်းမဖြစ်မှာကို အစိုးရိမ်ဆုံးပဲ။

အဲ့ဒိ စိုးရိမ်စိတ်ကို အကောင်အထည်လိုက် ကားသမားနဲ့ ကျွန်မ ဖေဖေဆီက လက်ဆောင်ရတာပဲ။ ကျွန်မဖေဖေက ထန်းရည်လား ဘာလားတော့ မသိ။ အဲဒိက သောက်စရာတစ်ခုခုပေါ့။ ၀င်၀ယ်ချင်လို့ သူ့ကို တခြားလမ်းက ထွက်ခိုင်းတော့ သူကလဲ ဆင်ခြေရသွားတာပေါ့။ သူလမ်းမသိဘူးဆိုပြီး။ မောင်းတယ် မောင်းတယ်။ မောင်းရင်းနဲ့ ရေနံချောင်းမြို့ထဲ ရောက်သွားတယ်။ ကျွန်မကလဲ အဲလောက်တော့ မြန်မာပြည်မြေပုံ အာငုံမဆောင်နိုင်တော့ သူ့ပဲ ယုံနေတာပေါ့။ နောက်မှ အဖေနိုးလာတော့မှ။ မှားနေပြီထင်တယ်ဆိုပြီး လမ်းကလူကိုမေးတော့။ ရှေ့ဆက်သွားရင် ပုဂံပြန်ရောက်ပြီတဲ့။ ကားသမားကလဲ သူ့အပြစ်ကို ဖုံးချင်တော့ ဖေဖေ့က သူမသိတဲ့ လမ်းကမောင်းခိုင်းလို့ဖြစ်တာပေါ့။ ဖေဖေကလဲ ကားသမားဆိုတာ လမ်းသိရမှာပဲပေါ့။ ညနေ ၅နာရီလောက်မှ မိတ္ထီလာက Feel စားသောက်ဆိုင်တွေကိုရောက်တော့ ကျွန်မလဲ အင်း၀ကို မမှီနိုင်လောက်ဘူးဆိုတာ သိလာတော့ ငိုချလိုက်ရော။ ကျွန်မကတော့ ငွေကုန်၊ လူပင်ပန်းပြီး သေချာစီစဉ်တဲ့ခရီး ခုလို စိတ်အနှောင့်အယှက်ဖြစ်ရတာ သူတို့ ၂ဦးလုံးမှာ တာ၀န်ရှိတယ်လို့ကို ထင်တယ်။ ခုထက်ထိတော့ ဖေဖေက သူ့အပြစ်မဟုတ်ဘူးချည်းပဲယူဆနေတာပဲ။ ဒါပေမဲ့ ဘယ်လောက်မှ အရေးမကြီးတဲ့ ဈေးလေးနည်းနည်းပါးပါးကွာတာကလွဲလို့ ဘယ်မှာ၀ယ်၀ယ်ရတဲ့အရာတစ်ခုကို ခုလို ကျွန်မခရီး ဇနိုးဇနောင့်ဖြစ်စေတဲ့ အကြောင်းရင်းကြီးတစ်ခုအနေနဲ့ ဖြစ်သွားတော့ စိတ်တိုမိတယ်။ ကိုယ့်အဖေဆိုတော့ ဘာမှ မပြောချင်ဘူး။ ကားသမားကို ကောဖို့ရာကလဲ သူ့အပြစ်ကြီးပဲလဲ လုံးလုံးတော့ မဟုတ်ပြန်ဘူး။ ဘယ်တတ်နိုင်မလဲ ကျွန်မနဲ့ တစ်ခရီးတဲသွားတဲ့ သူတွေက ဒီလိုဖြစ်နေမှတော့ အရာအားလုံး ကျွန်မခါးစည်းခံရုံပေါ့ ငိုတာကလွဲလို့ဘာတတ်နိုင်မှာလဲ။ အားလုံးက ကျွန်မစီစဉ်တဲ့အတိုင်းဆို သူ့အချိန်နဲ့ သူအကိုက်။ တစ်နေရာ အချိန်မှီမရောက်လို့ အချိန်ပိုမရှိဘူး။ တစ်ရက်တိုးရင် ကားခ တစ်ရက် ၂သိန်း၊ ဓာတ်ပုံဆရာနဲ့ မိတ်ကပ်ဆရာကလဲ ရက်တွက်နဲ့ပေးရတာ နည်းတဲ့ပမာဏမဟုတ်ဘူး၊ တည်းခိုခန်းခကလဲ တစ်ရပ်ထပ်တိုးမယ်။ ပြီးတော့ နောက်ရက်တွေအတွက် ကြို book ထားတဲ့ ဟိုတယ်တွေနဲ့၊ အင်းလေးက မိတ်ကပ်ဆရာ အားလုံး တိုင်ပင်တွေလွဲကုန်မှာလေ။ ဓာတ်ပုံရိုက်တာလဲ မင်္ဂလာဆောင်လိုပဲ နည်းနည်းမှားတာနဲ့ ဘာမှ ပြန်လုပ်လို့မရဘူး။ ဒီတော့ ကျွန်မ အပြစ်တင်ချင်တာကတော့ အဲ့ဒိ လူကို မူးယစ်စွဲလန်း စေတဲ့ ယမကာကိုပဲ မုန်းတီး ရွံရှာမိတော့တာပဲ။

မုန်းစရာကောင်းတဲ့ ထန်းရည်ဆိုင်

ကျွန်မငိုတော့ ဓာတ်ပုံဆရာသူငယ်ချင်းတွေလဲ ဘယ်ပျောက်မှန်းမသိ။ အိမ်ကလူတွေကတော့ တစ်ယောက်နဲ့တစ်ယောက်က ချော့တတ်ကြတာမဟုတ်ဘူး။ ဟီး။ တော်သေးတယ်။ မိတ်ကပ်တောက်တောက်နဲ့ သူ့လက်ထောက် နွေဦးကပဲ ကျွန်မကို အလှတွေပျက်တော့မယ် အစ်မရယ်။ မငိုပါနဲ့။ စိတ်လျော့ပါလာပြောလို့။ မဟုတ် ဘယ်သူမှ မပြောရင် ကိုယ့်မှာ ဆက်ငိုနေရမဲ့ပုံ။ ရီရတယ်။ မိတ္တီလား Feel မှာ ကားတံခါးဖွင့်တော့ ဆင်းလာတာက မိတ်ကပ်အပြည့်နဲ့ ဂုဏ်ကြီးရှင်မမပုံ ကျွန်မ (Mr.Right အဖေကတော့ အဲ့အင်္ကျီနဲ့ပုံက မာမာအေးနဲ့တူတယ်ဆိုပဲ။ compliment လို့ပဲ မှတ်ပါတယ်) ဈေးသည်ကလေးတွေက ကိုယ့်ကို သူဌေးမပေါ့။ ဒီလိုလူကို ဝိုင်းရောင်းရင် စိတ်ရှုပ်လို့ အမြန်၀ယ်မှာပဲထင်နေလားတော့မသိဘူး ကိုယ့်နားအုံပြီး တစ်ကောက်ကောက်လိုက်လာတာ။ ကိုယ်လဲ သူတို့ကို “နေအုံးဟယ်။ ငါဒီမှာ စိတ်ရှုပ်နေတဲ့အထဲ။ နင်တို့ဆီက ငါဘာမှ၀ယ်မှာမဟုတ်ဘူး” ပြောပြီး ပလက်ဖောင်းပေါ်ငုတ်တုတ်ထိုင် ငိုချပလိုက်တာပဲ။ သူများတွေကြည့်လဲကြည့်။ အမှန်ဆို ကျွန်မခရီးစဉ်ကို ခုလို သာသာနာနာလေး အမှတ်တရဖြစ်အောင် လုပ်ပေးကြတဲ့သူအပေါင်းကို ရှစ်ကြီးခိုးပြီး ကျေးဇူးတင်ပါတယ်လို့ အော်အော်ငိုချင်တာ။ နောက်မှ ဓာတ်ပုံဆရာကလဲ နင် နင်လိုချင်ရင် ငါ ဖိုတိုရှော့နဲ့ နေလုံးအကြီးကြီး ထည့်ပေးပါ့မယ်။ ဖြစ်အောင် ရိုက်ပေးပါ့မယ်ဆိုပြီး ချော့တာရော၊ ကျွန်မလဲ မဖြစ်နိုင်တော့တဲ့အရာအတွက် ကိုယ့်စိတ်ကို တနုံနုံဖြစ်နေရင် လုပ်ဖို့ကျန်တာတွေ အလကားဖြစ်ကုန်လိမ့်မယ်။ အထူးသဖြင့် စိတ်မကြည်ရင် ဓာတ်ပုံထဲမှာ မျက်နှာက ဘယ်လိုမှ Mood ကောင်းမှာ မဟုတ်ဘူးလေ။ ထင်တဲ့အတိုင်းပဲ မယ်နုအုတ်ကျောင်းကို ညနေမှောင်ရီပျိုးပြမှာ ရောက်သွားတယ်။ မိတ်ကပ်ဆရာက ပြန်ပြီး touchup လုပ် ၀တ်စုံလဲနဲ့ ကျွန်မတို့ ဓာတ်ပုံရိုက်တော့ မှောင်နေပြီ။ အဲ့နေရာကလဲ မီးလင်းလင်းချင်းချင်းတောင်မရှိဘူး။ စိတ်ထဲတော့ တမျိုးကြီးဖြစ်ပြီး ကျက်သီးတွေထနေတယ်။ ကားသမားက မန္တလေးရောက်မှ သူ့ဘာသာသူ အပြစ်ရှိတဲ့ရုပ်နဲ့ နောက်နေ့ ကျွန်တော် ပြန်လိုက်ပို့ပေးပါ့မယ်လာပြောတယ်။ သူနဲ့ စကားပြောချင်စိတ်ကိုမရှိတော့တာ။

ကားသမားက နောက်ဆုံးရက်လဲ အင်းလေးကနေရန်ကုန်အပြန် ကလောလမ်းမှာ ဓာတ်ပုံရိုက်အုံးမယ်ဆိုတာကို ပြောတဲ့ပုံက ရန်ကုန်ကို ည ၁၂နာရီကျော်မှ ပြန်ရောက်ရင် နောက်ထပ် ၁ရက်စာထပ်ပေးရမယ်ဘာညာနဲ့လာပြောတော့ လူကို လာခြိမ်းခြောက်သလိုပဲ။ အင်းလေးမှာကလဲ အင်းထဲသွားနေတာ တစ်နေကုန် သူ့ကားသုံးတာမဟုတ်ဘူး။ သွားတဲ့တစ်လျှောက်လဲ ကိုယ်ကျွေးစရာမလိုပေမဲ့ စိတ်ချမ်းသာပါစေဆိုပြီး သူ့ကို မုန့်ကျွေး ထမင်းကျွေး ဆေးလိပ်တိုက်လုပ်နေတာ။ (အရေးမပါတာ။) သူ့ပုံစံက ကျွန်မတို့က အချိန်ကွက်တိလောက်လုပ်ရင်တောင် သူက ကားဖြေးဖြေးမောင်းပြီး နောက်နေ့မကူးကူးအောင် လုပ်မယ်လို့ ပြောလိုက်သလိုပဲ။ ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့ မပြန်ခင်ညမှာ အင်းလေးကနေ ကျွန်မတို့ ကားငှားတုန်းက ဆက်သွယ်တဲ့ လူဆီကို ဖုန်းဆက်ပြီး တိုင်လိုက်ရော။ ပြီးတော့ အင်းလေးကနေ ရန်ကုန်ကို ပုံမှန် ဘယ်လောက်ကြာမောင်းရသလဲလို့ ကျွန်မက မေးထားပြီး ကျွန်မသူ့ကို အဲဒိအချိန် လောက်လောက်ငှငှပေးမယ်။ ဒါပေမဲ့ အချိန်ကျော်ရင် ၁ရက်စာမပေးနိုင်ဘူးလို့။ ကျွန်မလဲ ရေပက်မ၀င် ကွန်ပလိန်းတက်လိုက်တော့ အဲ့ဖုန်းထဲကလူကလဲ အမှန်တော့ အဲ့ကားက သူတို့ ကုမ္ဗဏီက ကားမဟုတ်ဘူး။ သူတို့ကုမ္ဗဏီကကားမရှိလို့ တခြားက ငှားပေးလိုက်တာပါတဲ့။ ကျွန်မလဲပြောလိုက်တယ် “ရှင်တို့ ကုမ္ဗဏီက ကားဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်မတို့ ငှားတာ ရှင့်ဆီကငှားတာ ဒီတော့ အဲ့ကုမ္ဗဏီကို ဆက် ကွန်ပလိန်းတာက ရှင့်အပိုင်းဖြစ်သွားပြီ” လို့။ ခုမှ လာခေါင်းရှောင်လို့မရဘူးလေ။ ဒါပေမဲ့ အဲ့ဒိ ကားသမား ကားလာပြတုန်းက ပေးတဲ့ လိပ်စာကဒ်တော့ ကျွန်မဆီမှာရှိတယ်။ ဒီပိုစ့်ရေးရင် ထည့်ရေးချင်လွန်းလို့ ၁နှစ်ကျော် သိမ်းထားတာ။ “Toe Transportation Services” တဲ့။ အောက်မှာ ဓာတ်ပုံမှာ လိပ်စာပါပါတယ်။ အဲ့ကုမ္ဗဏီကို နာမည်ဖြတ်ချင်တာမဟုတ်ပါဘူး။ ကားသမားတိုင်းကတော့ ကားသမာအထာ ပညာပြတာတွေရှိပါတယ်။ ကိုယ့် Staff ကိုယ်ထိမ်းနိုင်ဖို့ပြောတာပါ။ ကျွန်မတို့ ကားသမားနာမည်တော့ မမှတ်ဘူး နာမည်က ၃လုံးပဲ။ ဓာတ်ပုံလဲ မရိုက်ဖြစ်လိုက်တော့ သူ့ပုံကမရှိ။ သူကံကောင်းသွားတာလား။ အစကတည်းက အတွေ့အကြုံရင့်လို့ ပညာပြနေကျလားတော့ မသိ။ လုံး၀မရိုးသားဘူး။ ဒါပေမဲ့ သူနဲ့ ထိပ်တိုက် စကားများရမယ်ဆိုရင်တော့ မများဘူး။ သူ့ဘက်က လျော့တယ်။ ပြီးမှ ပညာပြတာ။

ဒီကား ကုမ္ဗဏီ

ကဲပါလေ… ဒီပိုစ့်က ကွန်ပလိမ်းပိုစ့်ဖြစ်တော့မယ်။ ခုလောက်ဆိုရင်လဲ မဗေဒါရဲ့ မြန်မာပြည် Pre-Wedding photo ရိုက် ခရီးစဉ် စီစဉ်ပုံကို စိတ်၀င်တစားစောင့်စား စပ်စု (အဲလေ…) နေကြတဲ့ မဗေဒါရဲ့ စာဖတ်သူစစ်စစ်များ၊ မဗေဒါရဲ့ အပြင်က အသိများ အားလုံးဖတ်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်။ နောက်နေ့များမှ အချိန်ရရင်တော့ အဲ့ဒိခရီးစဉ်အကြောင်း ဆက်လက် အောချပါအုံးမယ်။ ခုတော့ အတော်လဲ စုံသွားပြီထင်လို့ နားမယ်ကွယ်။

Photo taking in process... a lot of Tourists took my photos.

Let the journey begin...