Wednesday, December 10, 2014

Free & Easy Korea Trip Day 5 – (Free Hanbok photo taking, Myeong Dong shopping, Namsangol Hanok village, Cheongyecheong River)

Date: 13th July 2014, Sunday

ရှေ့ညက မနက် ၃နာရီမှ အိပ်ခဲ့တော့ ဒီနေ့မှာတော့ ၉နာရီလောက်မှ အိပ်ယာထဖြစ်ပြီး M plaza မှာ ကိုရီးယားဝတ်စုံနဲ့ ဓာတ်ပုံကို အခကြေးငွေမလိုပဲရိုက်လို့ရတယ်ဆိုလို့ အဲ့ဒိကိုသွားဖို့ ပြင်ကြပါတယ်။ M Plaza က မြုံဒုန်းထဲမှာရှိတာ သိတယ် သိပ်မဝေးဘူးဆိုတာလဲ သိပေမဲ့ ကျွန်မတို့ ဘယ်လိုမှ ရှာမတွေ့ပါဘူး။ တစ်ယောက်မေး တစ်နေရာ လက်ညှိုးထိုး နောက်တစ်ယောက်မေး၊ နောက်တစ်နေရာလက်ညှိုးထိုး၊ မဖြေပဲ ထွက်ပြေးတဲ့သူကရှိသေး။ ကျွန်မတို့လျှောက်သွားကြတာဆို သူတို့ရဲ့ city hall ဘူတာတောင်ရောက်လုပဲ။ မြေပုံကြည့်တော့လဲ ဟိုလိုလို ဒီလိုလို မသေချာ။ နောက်ဆုံး ကံကောင်းစွာပဲ ရဲစခန်း အသေးစားလေး တိုက်ခန်းလိုနေရာတွေ့တာနဲ့ အဲဒိ ထဲဝင်ပြီး ရဲချောချော ဖြောင့်ဖြောင့်လေးတွေကို မေးလိုက်တယ်။ သူတို့ကတော့ အတော်လေးကို ရွှင်ရွှင်ပြပြကူညီကြတယ်… မြေပုံတွေပါပြပြီးလဲ တတ်သလောက်ပြောတယ်။ တစ်ယောက်ကတော့ တော်တော်လေးပြောတတ်တယ်။ ပြီးတော့ စခန်းထဲကထွက်ပြီးတော့လဲ လက်နဲ့ ပြတယ်။ တော်တော်လေး ပြန်လျှောက်ရမယ်တဲ့… ကျွန်မတို့က မြုံဒုံးလမ်းကို အပြင်ကလမ်းမကြီးပေါ်ကနေလျှောက်ပြီးပတ်နေတာ။ ရဲစခန်းက မြုံဒုံးလမ်းအဆုံးလေးနားမှာ ရဲစခန်းအစစ်ပုံစံတော့မဟုတ်ဘူး ရဲကင်းလို့ပဲပြောရမလားပေါ့။ မြုံဒုံးလမ်းအတိုင်း တည့်တည့်ပဲတက်သွားခိုင်းတယ်။ မရောက်မချင်းပဲတဲ့။ ဖြစ်နိုင် အဲ့ ရဲ အိုပါး (ကိုယ့်ထက်တော့ ငယ်မဲ့ပုံတွေပါ.. ဒါပေမဲ့ အိုပါးပဲ) လေးတွေ လိုက်ပြခိုင်းလိုက်ချင်တာ (ခွိ…)

Finding M Plaza for Free Korean Hanbok photo opportunities



ကင်ဆွန်ဟွန်း ဖယောင်းရုပ်များရှိလေမလား...


ဒီလိုနဲ့ အဲ့လမ်းအတိုင်းပြန်လျှောက်တော့ Kim Soo Hyun Museum ဆိုတာတွေ့တော့ စိတ်ဝင်စားသွားတယ်… အမယ် ကင်စွန်ဟွန်းက သူတစ်ယောက်တည်းနဲ့ ပြတိုက်တောင်ရှိတယ်ဆိုတော့ အတော်လေးကို နာမည်ကြီးနေတာပဲပေါ့… သူ့ကို Dream High မှာကတည်းက စသိပြီး အားပေးလာခဲ့တာ… ကိုယ်အားပေးခဲ့တဲ့ မင်းသားတစ်ယောက် ခုလို ဖြစ်မြောက်သွားတော့ ဘာရယ်ညာရယ်မဟုတ် ဂုဏ်ယူနေတာ (ခွိ)… ဒါပေမဲ့ အချိန်မရှိတာရော ဝင်လို့ရမရ မသေချာတာရောကြောင့် မဝင်ခဲ့သေးဘူး… M plaza ကို အရင်ရှာမှဖြစ်မယ်လေ။ မြုံဒုံးလမ်းအတိုင်း ဟိုငေးဒီငေးတည့်တည့်လျှောက်သွားတာ skin care တွေ မိတ်ကပ်တွေ ရောင်းတဲ့ ဆိုင်တွေ အများစုရှိတဲ့နေရာလောက်ရောက်တော့ မြေပုံထဲမှာ M plaza နားမှာဘဏ်ရှိတယ်ဆိုပြီး M Plaza ရှေ့တည့်တည်ရပ်ပြီး သူ့နားက ဘဏ်ကို လိုက်ရှာနေဖြစ်သေးတယ်။ နောက်မှ M ဆိုတဲ့ စာလုံးကြီး အကြီးကြီးမြေကြီးပေါ်ဒေါင်လိုက်ထောင်ထားတာ ကြီးလွန်းလို့ မမြင်ဖြစ်နေတာ။ Plaza ဆိုတော့ ကိုယ်က shopping mall လို ဆိုင်တွေအထဲမှာရှိမယ်ထင်တာ အထဲကဆိုင်တွေက အပြင် မြုံဒုံးလမ်းပေါ်က ဆိုင်တွေလို မစည်ဘူး။ နည်းနည်းလေး။ ဓာတ်လှေကားစီးပြီးတက်သွားလိုက်ရင် “Seoul Global Cultural Center” ကိုတွေ့ပါလိမ့်မယ်။

လိပ်စာအတိအကျကတော့__
Address 27, Myeongdong 8-gil, Jung-gu, Seoul
Phone +82-789-7961
Time(s) 10:30 ~ 12:00 / 14:00~18:00
※approx. 5~10 min per person
Please visit the center in order to participate.
No advance reservations taken - however you may call ahead in order to inquire about availability.
Closed on January 1
Website http://www.seoultourism.kr/


ကိုရီးယား ဟန္ဘုတ္နဲ႔


အရင်ဆုံး ရောက်လျှင် ကောင်တာမှာ စာရင်းသွင်းရပါမယ်။
Register လုပ်ပြီးလျှင် ဘယ်အချိန်ပြန်လာပြီးရိုက်ရမယ်ဆိုတဲ့ Time slot ရပါမယ်။
ကိုယ့်အချိန်ကျမှ ပြန်လာပြီး ရိုက်ရပါမယ်။
ကျွန်မတို့ရောက်တာ ကွက်တိဖြစ်သွားတယ်။ ၁မိနစ်လောက်နောက်ကျတာနဲ့ အဲဒိနေ့အတွက် ပြည့်သွားမှာ။ ကျွန်မတို့ ၁၁ခွဲလောက်ရောက်သွားပြီး စာရင်းပေးတယ်။ ညနေ ၂နာရီခွဲပြန်လာဖို့ Time Slot ရတယ်။ ကျွန်မတို့နောက်က တစ်ဖွဲ့ပြီးတော့ ကျန်တဲ့သူတွေကို ဒီနေ့အတွက် လက်မခံတော့ပါဘူး။

ကျွန်မတို့လဲ ၃နာရီလောက်အချိန်ရတယ်ဆိုတော့ နေ့လည်စာစားရင်း Myeong Dong မှာပဲ shopping ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒိနားတစ်ဝိုက်က စားသောက်ဆိုင်တွေက အပြင်မှာထွက်ပြီး လူခေါ်ကြတယ် ကျိုက်ထီးရိုးလိုပဲ သူတို့က လူကို ဂျပန်လိုပြောတယ်။ နားမလည်ဘူးဆိုရင် တရုတ်လိုပြောင်းပြောကြတယ်။ အင်္ဂလိပ်လိုပြန်ပြောရင်ကျတော့ သူတို့ မပြောတတ်ဘူး။ ခက်ပြီဟုတ်?
ဒီလိုနဲ့ များပြားလှတဲ့ ဆိုင်တွေကြားမှာ ဘာစားရမှန်းမသိဖြစ်နေရော။ အသားကင်လဲ မစားချင်တော့ဘူးဆိုတော့ အပြုတ်စားမယ်စိတ်ကူးတာပေါ့။ နောက်ဆုံးတော့ပင်လယ်စာ steam boat လိုမျိုးဆိုင်တွေ့တာနဲ့ စျေးလဲ မဆိုးလောက်ပါဘူးလေးဆိုပြီး ဝင်ဖြစ်ခဲ့တယ်။


ရေဘဝဲကလွဲလို့ ကျန်တာ အကုန်ကြိုက်တယ်... သူက စွတ်ပြုတ်ထဲမှာ ခေါက်ဆွဲတွေလဲပါတယ်။


Mix Pork Octopus vege and Udong noodle soup နဲ့ ဝက်သားကြော်နောက်တစ်ပွဲသပ်သပ်မှာစားတယ်။ အဲဒါအားလုံး ၃ယောက်စာကို စလုံးဒေါ်လာ ၄ဝလောက်တော့ကျတယ်။ ဆိုင်လေးက လူရှင်းတယ်။ Serve တာတော့ နည်းနည်းကြာတယ်။ Side dish တွေကတော့ ပုံမှန်တိုင်း အများကြီးပေ့ါ။ ရေဘဝဲကြီးပါတော့ စိတ်ထဲတော့ နည်းနည်းညှီတယ်ခံစားရတယ်။ (ကိုယ့်နှာခေါင်းကိုကလဲ အနံ့နဲ့ပတ်သတ်ရင် မရတာ၊ ဒါပေမဲ့ Busan ဂျာဂယ်ဂျီငါးစျေးမှာ စားခဲ့ရသလောက်မညှီပါဘူး) စားလို့ကောင်းပါတယ်။ ကင်ချီတွေ အရွက်တွေနဲ့ ရောစားတော့ စားလို့ကောင်းသွားရော။


ဒါကတော့ ဆိုင်ပုံရော မုန့်ပုံရော side dish တွေရော

အဲ့မှာ အေးဆေး စားသောက်ပြီးတော့မှ ၁၂နာရီခွဲလောက်မှာ မြုံဒုံးကို လျှော့ပင်ပတ်ကြတယ်။ အရင်ဆုံး ဒစ်စကောင့်ကူပွန်တွေ ထုတ်လာတော့ Faceshop ကို အရင်သွားကြတယ်။ ၂၀၀၉လာလည်တုန်းက ကိုရီးယား faceshop ကကက ဝယ်တဲ့ BB cream က စကာင်္ပူမှာ ဝယ်လို့မရဘူး။ သုံးလို့ကောင်းတော့ BB Cream ဝယ်မယ်ဟေ့ဆို အားတင်းထားတာ။ ဆိုင်ရောက်တော့ သူတို့ဆီမှာရှိတဲ့ BB Cream တွေက ဖြူစွတ်နေတာပဲ။ ကကြီးမတွေက သူတို့အသားက ဖြူရတဲ့အထဲ မိတ်ကပ်ဆိုရင်လဲ သူတို့အသားထက် ဖြူတဲ့ အရောင်ကို ရွေးကြတယ်တဲ့။ ကျောက်ဆင်းတုကြီးတွေလိုပဲ။ ကိုယ်လိမ်းရင်ကျတော့ ချောကလပ်မှိုတက် မျက်နှာဖြစ်မှာလေ။ ဒါနဲ့ သူတို့ဆီက အမဲဆုံး BB Cream အရောင်ကိုပဲ အမေ့အတွက်ရော ကိုယ့်အတွက်ရော ၁ဗူးစီဝယ်ခဲ့တယ်။ စကာင်္ပူနဲ့ယှဉ်ရင် Facial Foam တွေက အရမ်းသက်သာလို့ ပါကင်လိုက် ၂အိတ် လက်ဆောင်ပေးဖို့ရော ကိုယ်သုံးဖို့ရော။ ပြီးတော့ ဆောင်နာက မိတ်ကပ်ဖျက်တဲ့ Cream လဲဝယ်တယ်။ မျက်ခုံးမွှေးဆွဲတံ (ခုပျောက်နေတယ်)၊ Mascara၊ Concealer၊ Hair care Tonic စသည်ဖြင့်ပေါ့။ ဒစ်စကောင့် က ကိုရီးယားဝမ် ၁သိန်းကျော်ဝယ်မှ ၁ဝရာခိုင်နှုန်း ဒစ်စကောင့်ရမှာလေ။ ၃ယောက်ပေါင်းတော့ အေးဆေး ကျော်ပါတယ်။ ၁ဝရာခိုင်နှုန်း ဒစ်စကောင့်ကို ပိုက်ဆံပေးတော့ မှားတွက်သေးလို့ ပြန်ပြောရသေးတယ်။ Sample လက်ဆောင်အနေနဲ့ လိုးရှင်း၊ body foam၊ နဲ့ ခေါင်းလျှော်ရည်လို Set ဗူးလေး ၂ဗူးပေးတယ်။
Face Mask တွေကတော့ သူက နည်းနည်းစျေးကြီးလို့ မဝယ်သေးပဲ လျှောက်ကြည့်ဖြစ်တယ်။


Faceshop ထဲမှာ တော်တော်ကြာကြာလေး ဝယ်ဖြစ်တယ်။


Myeong Dong က faceshop

Beyond ဆိုတဲ့ ဆိုင်က Kim Soo Hyun ပုံတွေနဲ့ ကြေငြာထားတယ်။ ဆိုင်ရှေ့မှာ မိန်းမတစ်ယောက်က အအေးဗူးတွေဝေနေတယ်။ အဲဒိအအေးဗူးကို ယူလိုက်မိလို့ကတော့ ပင့်ကူအိမ်မှာငြိမိတဲ့ ပိုးကောင်လိုပဲ ရုန်းလို့ရတော့မှာ ဟုတ်ဘူး။ ကိုယ်တွေကလဲ အစကတည်းက ဝင်ကြည့်ဖို့စိတ်ကူးရှိတော့ အအေးဗူးကို ယူလိုက်တာ တကယ်တော်တယ်ပြောရမယ် အအေးဗူးကို မလွှတ်ဘူးနော် လူကို ဆိုင်ထဲ ဆွဲခေါ်တာ။ ၃ယောက် ၃ဗူးရပါတယ်။ ဆိုင်ထဲမှာ ကြည့်ရင်းနဲ့ Face Mask တွေက စျေးမဆိုးတာနဲ့ ၃ယောက်ပေါင်းဝယ်ဖြစ်ပြန်ရော။



Beyond က Face mask တွေက အားလုံးထဲမှာတော့ စျေးအချိုဆုံး ထင်တာပဲ..


Revolution မိတ်ကပ်ဆိုင်တွေအားလုံး မင်းသားတွေနဲ့ ချည်းကြော်ငြာထားတယ်။ မင်းသမီးတွေက ပေါင်မုန့်ဆိုင်ကြော်ငြာနေရတယ် ခွိ....


Myeong Dong shopping street


အာလူးကြော် စားမို့...


အသားလုံးကြီးတွေ စားချင်စရာ


Free Korean Hanbok Experience at M Plaza

ရှော့ပင်းကောင်းနေတာနဲ့ အချိန်ကုန်မြန်သွားတယ်။ ၂နာရီလောက်ကျတော့မှ M Plaza ကို ရှော့ပင်းထားတဲ့ အထုတ်တွေ အပိုးတွေနဲ့ ပြန်သွားလိုက်တယ်။ အဲ့ဒိမှာလဲ Wifi Free ဆိုတော့ အဲကွန်းခံရင်း အင်တာနက်သုံးလို့ရတာပေါ့။ ကိုယ့်အလှည့်ရောက်တော့ ကောင်တာက ဘိုမက လာခေါ်တယ်။ ဒါတောင် ကိုယ့်အလှည့်က ရောက်တာကြာနေပြီ ရှေ့က ပြည်ကြီးတရုတ်အုပ်စုက သူ့တို့ရဲ့ ချစ်စရာမကောင်းသော စကားနားမထောင်သော ကလေးကို ဇွတ်အတင် မြူချော့ ဓာတ်ပုံရိုက်နေတာ မပြီးတာ။ ဘိုမက သွားပြောလဲ ပြောပြောပဲ ဂရုမစိုက်ဘူး။ (ရိုင်းချက်နော်)…
အကျီင်္ဗီရိုထဲမှာ ရှိတဲ့ အကျီင်္ ကိုယ်ကြိုက်တာ ယူဝတ်လို့ရတယ်။ အရမ်းတော့ ရွေးစရာမများဘူး။ ဒါပေမဲ့ ရှိတဲ့ အကျီင်္လေးတွေက လှပါတယ်။ ခေါင်းမှာတပ်တဲ့ ဘီးကုတ်လေးတွေလဲရှိတယ်။ ဓာတ်ပုံရိုက်ဖို့ ၁ဝမိနစ်ပဲ အချိန်ပေးတယ်။ ကိုယ်တွေလဲ ပါလာသမျှ ကင်မရာအကုန်ထုတ်ရိုက်၊ ဖုန်းကင်မရာပဲ ပိုသုံးဖြစ်တာများပါတယ်။ သူက တန်း ဖေ့ဘွတ်တင်လို့ရတာကိုး… ဟား ဟား….


မူးကြီးမတ်ရာ အထိန်းတော်တွေနဲ့


Aren't we lovely? haha


Modern Ahjummas


The Secret of Kim Soo Hyun Museum



Kim Soo Hyun Everywhere...

အဲဒိဓာတ်ပုံရိုက်ပြီးတော့မှ ကင်စူဟွန်း ပြတိုက်ဆိုတာဘက်ကို လှည့်ကြတယ်။ ကိုဖေစစ်နိုင်နဲ့ ညနေ ၆နာရီ မြုံဒုံးဘူတာမှာတွေ့ဖို့ ချိန်းထားတယ်လေ။ အချိန်က လိုပါသေးတယ်။ ဒါနဲ့ ကင်စူဟွန်း ပြတိုက်ထဲမှာ သူ့ ဖယောင်းရုပ်ထုကြီးများ ရှိလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားကြတာပေါ့။ ကောင်တာကို မေးကြည့်တော့ ဝင်ကြည့်လိုရတယ်တဲ့။ အလကားတဲ့။ ကိုယ်တောင် အံ့သြသွားတယ်။ ဒါနဲ့ဝင်ကြည့်ဖြစ်တယ်။ အထဲမှာ ခေါင်းမပါတဲ့ mannequin ရုပ် ၂ရုပ်ကို ကင်စူဟွန်း You who come from stars ထဲက အကျီင်္တွေဝတ်ပေးထားတယ်။ ပြီးတော့ သူ့ lifesize poster ၂ခုရှိတယ် တီဗွီမှာ သူ့ကြော်ငြာလိုလိုဘာလိုလိုပြနေတယ်။ ပြီးတော့ စားပွဲတင် ဓာတ်ပုံဘောင်လေးတွေနဲ့ Kim Soo Hyun ပုံတွေ အများကြီးရှိတယ်။ ဒါပါပဲ… ကိုယ်လဲ ဝင်ပြီးမှတော့ Pandora box ကြီး ဖောက်လိုက်သလို ထင်ထားသလို မဟုတ်ပဲ ဒီလောက်ပဲဆိုတော့ အင်းပေါ့လေ…. အစကတည်းက အလကားဝင်လို့ရတယ်ဆိုမှတော့ ကိုယ်မျှော်လင့်မိတာ ကိုယ့်အပြစ်ပဲလေ လို့ ဖြေမိပါတော့တယ်…

You are my destiny...

Kim Soo Hyung ကြီးကြီး၊ Kim Soo Hyung သေးသေး

အိမ်သယ်သွားမယ်...

Say peace

Too many Kim Soo Hyung makes me confused who to choose

Namsangol Hanok Village (traditional Korean village), Hanok Village at Chungmuro 



Gate ပေါက်

ဝင်ကြမယ် (အခမဲ့ ၀င်လို့ရပါတယ်)


ဓာတ်ပုံရိုက်လို့ပြီးတော့ Chungmuro ဘူတာနားက Hanok Village ကိုသွားမယ်ဆိုမှ ကိုယ့် ရထားစီးတဲ့ကဒ်ပါမလာတာ သတိထားမိပါတော့တယ်။ မနက်ကတည်းက မြုံဒုံးမှာပဲဆိုတော့ ရထားမစီးဖြစ်သေးဘူးလေ။ ဒါနဲ့ ဟော်တယ်မှာကျန်ခဲ့တယ်ထင်တယ်ဆိုပြီး ဟော်တယ်ကို ပြန်ပြေးရတော့တာပေါ့။ ဟော်တယ်ကို အမှန်တော့ ပစ္စည်းတွေပြန်ထားတုန်းက တစ်ခေါက်သွားပြီးပြီ။ ခုနောက်တစ်ခေါက်ထပ်သွားရတာ။ မြုံဒုန်းမှာပဲဆိုပေမဲ့ အဲဒိ မြုံဒုန်း ရှော့ပင်းလမ်းက လူရှုပ်တော့ သွားရတာ ပင်ပန်းပြီး အချိန်ကြာတယ်။ အစ်မနဲ့ သူငယ်ချင်းကတော့ အဲ့မှာပဲ ကျန်ခဲ့ပြီး ကိုယ်ပဲ ပြန်ပြေးရတော့တာပေါ့။ ဒါပေမဲ့ ကဒ်က အခန်းထဲမှာလဲ ပြန်မတွေ့ဘူး… အချိန်ကုန် လူပန်းတာပဲ အဖတ်တင်တယ်။ ပျောက်သွားပြီထင်တယ်ဆိုပြီး စိတ်ဒုန်းဒုန်းချလိုက်တယ်။ တစ်ခါသုံးကဒ်ပဲ ကျန်တဲ့ ၂ရက်ကို ဝယ်စီးတော့မယ်ဆိုပြီး (အဲ့ကဒ်က စကာင်္ပူရောက်မှ ကင်မရာအိတ်ထဲက ပြန်တွေ့တယ်)
မြုံဒုံးနဲ့ Chungmuro က ရထား ၁ဂိတ်လားပဲစီးရတယ်လေ။ နီးလို့ အဲ့ဒိကို သွားဖို့ရွေးလိုက်တာ။ ဘူတာက ထွက်လိုက်တာနဲ့ Namsangol Hanok Village (traditional Korean village) ကို တန်းရောက်ပါတယ်။ ဘူတာလှေကားက တက်လိုက်ရင် အဆောင်အဦး အမြင့်ကြီးရှေ့တစ်ခုကိုရောက်တယ်။ အဲဒိ အဆောက်အဦးကြီး ဘေးက လမ်းလေးအတိုင်းဝင်လိုက်တာနဲ့ ဝင်ပေါက်ကို တန်းတွေ့တာပဲ။ အစက ဒီလောက် ဘာမှ မမျှော်လင့်ထားခဲ့လို့လား မသိဘူး တစ်ကယ်ရောက်သွားတော့ နေရာလေးကို သဘောကျတယ်။

ဝန်းထဲကို ဝင်လိုက်တာနဲ့ မျက်နှာနေရာမှာ ကိုယ့်မျက်နှာထည့်ရိုက်လို့ရတဲ့ ကိုရီးယားအဝတ်အစား life size poster တွေ ယောကျာင်္းမိန်းမအတွက် အစုံရှိတယ်။ ဆက်လျှောက်လိုက်တာနဲ့ ရေကန်ရယ်၊ အရင်ခေတ်က ဖျော်ဖြေရေးအဆောင်တွေရှိတယ်။ သူက အရင်ကရှိခဲ့တဲ့ ကိုရီးယားရိုးရာအိမ် ၅အိမ်ကို ပုံစံမပျက်ထိန်းသိမ်းထားတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းလျှောက်လို့ကောင်းပြီး ဓာတ်ပုံရိုက်ရတာလဲ တကယ်ကိုရီးယားနိုင်ငံဆိုတာကို သိသာစေတဲ့နေရာလေးတစ်ခုပါပဲ။

ကိုယ့်မျက်နှာနေရာပဲ မဲနေတယ်


ဖျော်ဖြေရေးအဆောင်နဲ့ ရေကန်
For more detail about Namsangol Hanok Village visit http://english.visitkorea.or.kr/enu/SI/SI_EN_3_1_1_1.jsp?cid=264116

အဲ့ဒိမှာ အဲဒိအချိန်က စိတ်တိုရပေမဲ့ ပြန်ပြောတိုင်းရီဖြစ်တဲ့ ရန်ပွဲလေးတစ်ခုလဲ ဆင်နွဲခဲ့ရပါသေးတယ်။ သိတဲ့အတိုင်း ဘယ်သွားသွား ပြည်ကြီးလူမျိုးများကတော့ အပြုအမူ အားလုံးပုံစံတူတွေလေ။ ခရီးတစ်ခုလုံးလဲ သူတို့နဲ့ကြုံတိုင်း ပြဿနာမတက်ချင်တာရော ကိုယ့်နေ့လေး သူတို့ကြောင့် မလှပဖြစ်သွားမှာစိုးတာရောကြောင့် ကိုယ်က အလျော့ပေးလိုက်တာပဲရှိတယ်။ ကြောက်လို့တော့ မဟုတ်ဘူး။ အဲ့ဒိ မျက်နှာထည့်ပြီး ရိုက်တဲ့ ပိုစတာတွေနားမှာ အစက ဘယ်သူမှ မရှိဘူး။ ကျွန်မတို့ စပြီးရိုက်တော့မှ သူတို့ အုပ်လိုက်ရောက်လာကြတယ်။ ပထမ ကျွန်မတို့က ကိုရီးယား သာမာန်လူတန်းစားဝတ်တဲ့ ဟန်ဘုတ် ပိုစတာမှာရိုက်နေတော့ သူတို့ရောက်လာပြီး သူတို့လူတွေအတင်းဝင်ရိုက်တော့ ကိုယ်တွေက တစ်ခြားအရုပ်ကို သွားပြောင်းရိုက်တယ်။ အဲဒိအရုပ်ကိုလဲ သူတို့က ဝင်ရိုက်ချင်တယ် ဒါပေမဲ့ ကျွန်မတို့လဲ တစ်ယောက်ပြီးတာနဲ့ နောက်တစ်ယောက်က ချက်ချင်းဝင်တော့ သူတို့ ဝင်မရဖြစ်နေရော။ ဒါပေမဲ့ စဉ်းစားကြည့်လေ တခြားမှာလဲ ရိုက်လို့ရနေရက်နဲ့ ကိုယ်လုပ်တာမှ လိုက်လုပ် ကိုယ်လုပ်သမျှ အေးဆေးမနေရပဲ ကျီးလန့်စာစာနဲ့ လုပ်နေရတော့ ဘယ်လိုလုပ် စိတ်အေးချမ်းသာနိုင်မလဲ။

မဗေဒါအစ်မလဲ စိတ်တိုလာတာနဲ့ ကိုယ်တွေ ရိုက်ပြီးတာတောင် အဲ့နားရပ်ပြီး ရိုက်ထားတဲ့ပုံတွေကြည့်နေလိုက်တယ်။ အဲ့ဒိလိုလုပ်တာလဲ သူတို့တွေ အဲလိုလုပ်တာ ခံခဲ့ရလို့ ပြန်လုပ်ပေးတာပဲရှိပါတယ်။ မဗေဒါအစ်မကလဲ သည်းခံရင် သည်းခံမယ် သည်းမခံတော့ဘူးဆိုရင် ဘယ်သူမှ မကြောက်တဲ့ အာဂျူမာ၊ မဗေဒါ သူငယ်ချင်းကလဲ တစ်ခုခုဆို မထုံတတ်တေးလိုလို မသိသလိုလိုလုပ်ပြီး သူလိုချင်တာကို အားမနာပ ဘယ်သူမှ ဂရုမစိုက် မကြောက်မရွံ့ပြောတတ်လွန်းလို့ ကိုယ်ကအားကျနေရတဲ့သူ။ အဲဒိတော့ ဟို ပြည်ကြီးမ ခပ်ထွားထွားက ကျွန်မတို့ကို လှမ်းပြီး “ဆန်းဝေ့…. နက ဆန်းဝေ့”… (ဟိုက သုံးယောက်ပေါ့လေ) ခပ်ရိုင်းရိုင်းပြောတာမျိုးထင်တာပဲ… လှမ်းခေါ်တယ်။ သူတို့ကို အမြင်ကပ်တဲ့အထဲမှာ တွေ့သမျှလူ သူတို့ ပြည်ကြီးစကားနားလည်တယ်များထင်နေလားမသိဘူး… (အမှန်တော့ အဲ့လောက်တော့ နားလည်ပါတယ်… ဒါပေမဲ့ အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေးမပြောမချင်း ပြန်မလှည့်ကြည့်ဘူး မဖယ်ပေးဘူးစိတ်ကူးထားတာ) မကြားချင်ယောင် နားမလည်ချင်ယောင်ဆောင်ပြီး သူ့ကို အင်္ဂလိပ်လိုပြောအောင် Force တာပေါ့။ နောက်ဆုံးတော့ အဲ့မိန်းမကြီး “အိတ်စကူ့စမီ” ဆိုပြီး အင်္ဂလိပ်လိုပြောရတော့တာပဲ။ ကျွန်မအစ်မလဲ စကားကိုကောင်းကောင်းပြော ယဉ်ယဉ်ကျေးကျေးပြော နားမလည်ဘူးလား ဘာညာနဲ့ အင်္ဂလိပ်လိုပြန်ပြောတော့ သူကလဲ ပြန်အော်… ကိုယ်ကလဲ အော်။ ကိုယ်ပြောတာလဲ သူနားလည်မလည်တော့ မသိဘူး။ နောက်ဆုံတော့ကိုယ်လဲ ဘေးဘီကြည့်တော့ ချိုင်းနားများနေတာနဲ့ ကိုယ့်အစ်မကိုယ်ထိန်းသလိုနဲ့ ဆွဲခေါ်ပြီး “ဖားခရု” လို့ မကြားတကြားပြောခဲ့တာပေါ့… ခွိ…

ဒါပေမဲ့ ရန်ဖြစ်တုန်းကသာဖြစ်တာပါ ကိုယ်တွေရဲ့ နေ့ကို အဲ့ပြည်ကြီးမကြောင့် အပျက်မခံနိုင်ပါဘူး။ ၃ယောက်သား ပြီးတော့ မငြိုးလုံး ဓာတ်ပုံရိုက်ကြတာပေါ့။ အဲ့အကြောင်းပြန်ပြောပြီး ရီကြတာပေါ့။ မိန်းကလေးတွေချည်းပဲမို့တော်သေးတယ်။ ကိုဖေစစ်နိုင်ကြီးသာပါလာရင်တော့ မဗေဒါတို့ကို အော့ကြောလန်သွားမလားမသိလို့ တွေးမိတယ်။

Moon Embrace the Sun ကားကို ဘာရယ်မဟုတ် သတိရမိတယ် အပေါ်က မီးပုံးလေးတွေကြောင့်လား မသိ


let's explore with high heel... 




ဒီ အိမ်တွေကတော့ ဟိုနေ့က Korean Folk Village မှာတွေ့ခဲ့တာတွေထက် ကြီးတယ်။ ဒါကမှ တကယ်လူနေလို့ရတဲ့ Size

Cheongmuro က Hanok Village ကို မဗေဒါတော့ ကြိုက်တယ်


အိမ်ပုံစံလေးတွေက သပ်သပ်ရပ်ရပ်လေးတွေ


My Friend can took a photo which make me look slimmer... LOL


ပြန်တော့မယ်... စောစောက ဝင်ပေါက်ကို အတွင်က ပြန်ရိုက်တာ... အပြင်မှာတော့ တိုက်တွေ မြို့ပြတွေပေါ့.

အဲဒိကနေအပြန်ကျတော့မှ ကိုဖေစစ်နိုင်နဲ့ ချိန်းထားတာလေ။ ညနေ ၆နာရီ စီးတီးဟောဘူတာမှာ မြို့ထဲဘက်လိုက်ပို့မယ်။ ခြုံးဂီးချောင်း လိုက်ပို့ပေးမယ်ဆိုလို့။ နောက်တော့သူနဲ့ ချုံးမုရို ဘူတာကိုလာခဲ့ဖို့ပဲခေါ်လိုက်တယ်။ ကိုယ်တွေပြန်ထွက်လာတာ နည်းနည်းနောက်ကျသွားလို့ သူမှမတ်စေ့တွေ့ရဲ့လား ရောက်များရောက်နေပြီလား အမြန်လာရတယ်။ ဘူတာရုံအောက်ဆင်းတော့ မတွေ့ဘူး။ ဒါပေမဲ့ ၀ိုင်ဖိုင်ကလဲ မြေအောက်မှာ မမိဘူး။ သူနဲ့ ဆက်သွယ်ဖို့ တစ်ခါ လှေကားထစ်တွေပြန်တက်ပြီး ၀ိုင်ဖိုင်လိုက်ရှာရတယ်။ ကိုရီးယားကကောင်းတာ နေရာတိုင်းလိုလို ၀ိုင်ဖိုင်ရှိတယ်။ အစိုးရကပေးထားတဲ့ ၀ိုင်ဖိုင်လဲ များသောအားဖြင့်မိသလို၊ အနီးအနားဆိုင်တွေက ၀ိုင်ဖိုင်တွေလဲ ရတာများတယ်။ ၀ိုင်ဖိုင်နဲ့မှ viber ကနေ ဖုန်းခေါ်ပြီးပြောတော့ တော်သေးတယ် လာနေတုန်းတဲ့။ ခုမှရောက်တာတဲ့။ အောက်ပြန်ဆင်းသွားတော့ မဗေဒါအစ်မတွေနဲ့တောင် တွေ့နေပြီး ခြုံးမုရိုမှာဘာရှိလို့လာတာလဲတဲ့ နယ်ခံက ပြန်မေးတယ်။ Hanok Village လေဆိုတော့။ အဲ့ဒါက ဘာလဲတဲ့။ ဖြစ်တတ်ပါတယ်။ ကိုယ်တောင် စလုံးမှာ ၁ဝစုနှစ်တစ်ခုနေပြီး အင်္ဂလန်က သူငယ်ချင်းလာလည်မှ River boat Ride တို့ Singapore Flyer တို့ သူနဲ့ တူတူ တစ်ကြိမ်ပဲစီးဖူးတာ။ (နောက်တစ်နေရာမသွားခင် လိုကယ်ကြီးကို ဆရာတင်မိလို့ ရထားဘူတာမှာ ဘယ်ပလက်ဖောင်းမှန်းမသိပဲ ဆင်းလိုက် တက်လိုက်နဲ့ မှားပြီးရင်း မှားခဲ့တဲ့အကြောင်းလေး ထည့်မရေးတော့ပါဘူးနော်… :P )

Meeting with King Sejong


Say Hello to King Sejong

မဗေဒါ အစ်မရဲ့ကိုရီးယားမှာ မသွားမဖြစ် မတွေ့မနေရ စာရင်းထဲက တစ်ခုကတော့ King Sejong နဲ့ Admiral Yi Sun-Shin ရုပ်ထု ၂ခုပေါ့။ ကိုယ်တိုင်လဲ သွားဖို့ စိတ်ကူးထားပြီးသားကိုမှ သူက ငါအဲ့သွားမှာနော် အဲ့သွားမှာနော်ဆိုပြီး ခဏခဏပြောလွန်းလို့ အသည်းယားမိတယ်။ အဲ့ဒါကလဲ စီးတီးဟောဘူတာတို့၊ Gwanghwamun ဘူတာတို့ကိုသွားရမှာလေ။ Gwanghwamun နန်းတော်ကလဲ အမြဲရုပ်ရှင်တွေထဲမှာပါတဲ့ နာမည်ကြီး နန်းတော်တစ်ခုပဲ ကိုရီးယားမြို့လည်ခေါင်မှာရှိတာ။ နန်းတော်တွေအများကြီးမှာ အဲ့နန်းတော်ကတော့ Highlight ပေါ့။

ဘူတာကနေ ထွက်လိုက်ပြီး အဲ့ဒိ ကျောက်ရုပ်ကြီးတွေဆီသွားတဲ့ လူသွားလမ်းတစ်လျှောက် Seowol သဘောင်္မှောက်တာကို ဆုတောင်းထားတဲ့ အဝါရောင် ဖဲကြိုးတွေ အဲဒိအချိန်ထိရှိနေတုန်းပဲ။ အများကြီးပဲ။ အဲ့ဒိအဖြစ်က သူတို့မပြောနဲ့ ကိုယ်တောင် စိတ်မကောင်းတာ။ အဲ့ဖဲကြိုးတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်မို့ လူက ပြုံးနေလို့လဲ မကောင်း။ မဲ့နေတော့လဲ မလှမှာစိုး။ ပြုံးနေတော့ သူများဝမ်းနည်းတဲ့ကိစ္စကို နားလည်မှုမရှိတဲ့ တိုးရစ်ဖြစ်မှာစိုးလို့။ ဒါနဲ့ မျက်နှာလေးမှိုင်တဲ့ပုံလုပ်တော့မှ ပိုဆိုးပြီး တစ်ခွိခွိနဲ့ ရီဖြစ်ကြပါလေရော။ မျက်နှာပိုးမနည်းပြန်သပ်ရတယ်။

ဆိုလ်ဝူး သဘောင်္အတွက် ဆုတောင်းပေးတဲ့ အဝါရောင် ဖဲကြိုးလေးတွေ

Cheongyecheong Stream ထိပ်မှာလဲ အများကြီးပဲ

အမှန်တော့ အဲဒိရုပ်ထုကြီး ၂ခုလုံးက Gwanghwamun နန်းတော်ရဲ့ ရှေ့တည့်တည့်လမ်းပေါ်မှာရှိတာ။ Running man episode 86, Ha Ji Won ဧည့်သည်အဖြစ်လာတဲ့ အခေါက်မှာပါတယ်။
သူတို့ နိုင်ငံအတွက်တော့ King Sejong က အတော်လေး လေးစားရပြီး ပညာတတ်ဘုရင်တစ်ပါးဖြစ်ခဲ့ပုံရတယ်။ ပိုသိချင်ရင်တော့ Google ပြီးဖတ်ကြည့်ပေါ့နော်။ အရုပ်က ထိုင်နေပြီး လက်တစ်ဖက်က စာအုပ်ကိုင်ထားတယ်။ အဲဒိ ဘုရင်ရဲ့ ရုပ်ထုရှေ့မှာ သူတီထွင်ခဲ့တဲ့ ပစ္စည်း၃မျိုးကိုလဲ ချထားတယ်။ အဲဒါတွေက celestial globe (ကြယ်တာရာအဖွဲ့အစည်း အလွှာတွေကို မြင်သာအောင် ပြတဲ့ ပုံစံငယ်) (မြန်မာလို ဒိထက် ဆီလျှော်တဲ့ စာလုံးရှိလျှင် အကြံပေးသွားကြပါ)၊ rain gauge (မိုးရေချိန်တိုင်း ကိရိယာ)၊ sundial (နေရောင်ဖြင့် အရိပ်ကျသောဘက်ကိုလိုက်ကာ ကြည့်ရသော နာရီ) စတဲ့ သုံးမျိုးကို တီထွင်ခဲ့သလို ခု သူတို့ပြောနေတဲ့ ကိုရီးယားစာလုံးတွေကိုလဲ သူတီထွင်ခဲ့တယ်ဆိုပါတယ် (အဲ့မတိုင်ခင်က ဘယ်လိုပြော ဘယ်လိုရေးနေလဲဆိုတာကိုတော့ သိချင်မိတယ်)။ သူ့ခေတ်မှာ ကိုရီးယားဟာ စာပေ၊ စိုက်ပျိုးရေး၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာဘက်တွေမှာ အတော်လေးကို တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။ (မြန်မာပြည်မှာ ကနောင်မင်းသားသာ ဘုရင်ဖြစ်ခဲ့ရင်လဲ ခုလို အထင်ကရပြောင်းလဲတဲ့ မင်းတစ်ပါးများ ဖြစ်လာမလား။ အနည်းဆုံးတော့ ကိုလိုနီလက်အောက်ကျခဲ့ပါ့မလား…. အတွေနယ်ချဲ့မိပါ့)။ ဒီရုပ်ထုကြီးကိုတော့ ၂၀၀၉ ခုနှစ်ကမှ ဆောက်လုပ်ခဲ့တာလို့ သိရတယ်။

သွားချင်ရင်တော့ အောက်က ဘူတာနဲ့ ရထားလိုင်းတွေအကုန်ရောက်တယ်။ [Subway]
1) City Hall Station (Subway Line 1), Exit 3 or 4.
2) Gwanghwamun Station (Subway Line 5).
3) Gyeongbokgung Station (Subway Line 3), Exit 6.

ဘတ်စ်ကားနဲ့ သွားချင်ရင်[Bus]
Blue: 103, 109, 150, 401, 402, 408, 606, 607, 700, 704, 706, 707
Green: 1020, 1711, 7016, 7018, 7022, 7212
Red: 1005-1, 1500, 5500-1, 550-2, 9000, 9401, 9703, 9710
အနီးအနားမှာရှိတဲ့ တခြားသွားစရာတွေ (Nearby Tourist Attractions)
Gyeongbokgung Palace, Seoul Plaza, Sejong Story exhibition hall, Statue of Admiral Yi Sun-Shin

ပိုမို စုံလင်တဲ့ အချက်အလက်တွေသိချင်ရင်တော့ အောက်ကလင့်မှာ ဖတ်ကြည့်နော်
For more detail about King Sejong statue:
http://english.visitkorea.or.kr/enu/SI/SI_EN_3_1_1_1.jsp?cid=1382671

ဆယ်ဂျုံး ဘုရင်နှင့်အတူ

သူထွင်ခဲ့တဲ့ celestial globe ပုံစံတူ

Recalling the past with Admiral Yi Sun-Shin


ယီဆွန်ရှင်းကိုရိုက်တာလား ရှေ့က ကောင်လေးတွေကို ရိုက်တာလား ရိုက်တဲ့ သူပဲ သိမှာပဲ... (မဗေဒါ ရိုက်တာမဟုတ် :P )
ဒီအရုပ်ကြီးကိုတော့ ၁၉၆၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာတဲ့။ သူကတော့ သူ့ရဲ့ သူရသတ္တိနဲ့ ခေါင်းဆောင်မှုကြောင့် လေးစားခြင်းခံရတဲ့ စစ်သူကြီးတစ်ယောက်ပေါ့။ သူကတော့ မတ်ရပ်အရုပ် ညာလက်မှာ ဓာတ်ရှည်ကိုကိုင်ပြီး မာန်ပါပါခါးထောက်ရပ်နေတဲ့ပုံပေါ့။ (စကားချပ်။ မနေ့ကကြည့်တဲ့ ကိုရီးယားကား “Birth of the Beauty” ထဲမှာ Yi Sun-Shin အကြောင်း နည်းနည်းပြောတာ တွေ့လိုက်တာတော့ ရန်သူတပ်က စစ်သဘောင်္ ၃၃စင်းနဲ့လာတာကို သူ့ဘက်က သဘောင်္ ရစင်းနဲ့ပြန်တိုက်ပြီး အနိုင်ရခဲ့တယ်ဆိုလား)။ မြန်မာပြည်က ဗန္ဓုလ လိုလို့ပြောရမလား။ ဦးအောင်ဇေယျနဲ့ နှိုင်းရမလား… သူက King Sejong ရုပ်ထုနဲ့ ရှေ့ဆင့် နောက်ဆင့်ပဲရှိတာဆိုတော့ ၁ခုရောက်ရင် ၂ခုလုံးရောက်ပြီပဲ။

ပိုသိချင်ရင်တော့ အောက်ကလင့်ကိုဖတ်
For more detail about Admiral Yi Sun-Shin statue: http://english.visitkorea.or.kr/enu/SI/SI_EN_3_1_1_1.jsp?cid=1382517

ကလေးတွေကလဲ ရေပန်းနဲ့ဆော့... ကိုယ်လဲဆော့ချင်ပါ့..

အဲ့အောက်ကနေ နန်းတော်ထဲကို underpass ရှိတယ်ဆိုလား။ ကိုရီးယား ဝတ်စုံတွေနဲ့လဲ ငှားပြီး ဓာတ်ပုံရိုက်လို့ရတဲ့ ဆိုင်ရှိတယ် (သူကတော့ ပိုက်ဆံပေးရတယ်ထင်တယ်)

အဲ့ရောက်တော့ကလေးတွေက ရေပန်းတွေနဲ့ဆော့နေကြတယ်။ တခြား မြန်မာလူမျိုးတွေထိုင်နေတာလဲတွေ့တယ်။ ကိုယ်တွေလဲ ဓာတ်ပုံရိုက်ချင်လာရော။ ကင်မရာမန်းကြီးတစ်ယောက်လုံးပါတော့ မော်ဒယ်တွေက သူရိုက်နေကျ ပရိုမော်ဒယ်တွေမဟုတ်ပဲ Challenging and demanding model တွေဖြစ်နေတော့ ပရိုကင်မရာမန်းကြီးတောင် ခေါင်းတော်တော်စားရတယ်။
“အစ်ကို လှအောင်ရိုက်နော်။
ပိန်အောင်ရိုက်နော်။
မရိုက်ခင် ၁၊ ၂၊ ၃ အော်နော်။ (ဒါမှ ဗိုက်ချပ်ရမှာ)။
အစ်ကို လူတွေချည်း ပြူးပြဲအောင်မရိုက်နဲ့နော်။
အစ်ကို ရှုခင်းလေးတွေလဲပါအောင်ရိုက်နော်။
အစ်ကို နောက်ကလူတွေတော့ မပါစေနဲ့နော်။
အစ်ကို အောက်ကနေ ပင့်ရိုက်ရင် လူတွေက ဘီလူးပုံပေါက်နေအုံးမယ်နော်။
အစ်ကို ဒီတိုင်းချည်းမရိုက်နဲ့ အဲ့ထဲကကြည့်ပြီး လိုတာရှိလဲ ပြောအုံးနော်”

ကဲ ဒီလို မော်ဒယ်တွေကမှ သူ့ကို လောကကြီးက ပညာစမ်းဖို့ လွှတ်လိုက်တာ။ (ခိခိ)… သူလဲခေါင်းတွေကုတ်။ စစချင်းတော့ ဘာတွေလဲဟထင်မှာပဲ။ ဒါပေမဲ့ တတ်နိုင်ဘူးလေ။ ကိုယ်တွေက တိုးရစ်တွေပဲ။ အော် ရှိသေးတယ်။ သူ့ကင်မရာ အကောင်းစားကြီးနဲ့ ရိုက်ပြီးမှ။ ကိုယ့်အချင်းချင်း ဖုန်းတွေနဲ့ ထပ်ရိုက်ကြသေးတာ… ခိ ခိ… (ရိုင်းချက်နော်)… ဘာမှမဟုတ်ပါဘူး… ဖုန်းနဲ့ရိုက်တာက ဖေ့ဘွတ်ပေါ်ချက်ချင်းတင်လို့ရတယ်လေ။ သူ့ပုံက ဘယ်တော့ရမယ်မသိ… (ခိခိ)… ကင်မရာမန်းကြီး အဲ့ဒိ ပထမဆုံးနေ့တော့ ကျွန်မတို့ကို သိပ်နားမလည်နိုင်ဖြစ်နေတယ်။ ဒါပေမဲ့ သဘောကောင်းတဲ့သူပြီပြီ မို့လား၊ သူ့ပညာ မာနလားတော့မသိဘူး၊ ကျွန်မတို့က သူရိုက်ပေးတဲ့ပုံတွေကို မလှဘူး ဝနေတယ် စတဲ့ ဝေဖန််ချက်တွေပြန်ပေးတိုင်း သူကလဲ မရဘူး… ပြန်သွားရပ် ထပ်ရိုက်ပေးမယ် ဆိုတာချည်းပဲ… (ခုမှ သူရိုက်ပေးတဲ့ ပုံတွေပြန်ကြည့်ပြီး အဲ့တုန်းက သူ့ကို များများရိုက်ခိုင်းခဲ့ရမှာလို့ နောင်တတွေရနေတာ… ကွန်ပြူတာနဲ့ကြည့်တော့ သူရိုက်ပေးတဲ့ပုံတွေက လှတယ်)

ဟင်းနော်.... ဒီကလေးကတော့လေ...

ဓာတ်ပုံဆရာကြီးရဲ့ ရိုက်ချက် အလန်းတွေ...

Relaxing and people watching at Cheongyecheong Stream


မဗေဒါသွားချင်တဲ့အထဲမှာပါတဲ့ Cheongyecheong ချောင်းကတော့ အဲ့ဒိရုပ်ထုကြီးတွေရှိတဲ့နေရာကနေ ဘယ်ဘက် (ရုပ်ထုကြီးတွေမျက်နှာမူနေတဲ့ အတိုင်းကြည့်ရန်) ကားလမ်းကူးလိုက်ရင် ရေခဲမုန့်ခွက်ဇောက်ထိုးထောင်ထားတဲ့ Decoration ရှိတဲ့နားက အဲဒိချောင်းအစပဲ။ ဒီချောင်းဟာ အရင်က မြေအောက်မှာပဲ မြောင်းသဖွယ်လုပ်ထားပြီး လူတွေရဲ့ သတိထားခြင်းမခံခဲ့ရပေမဲ့ ၂၀၀၅ ခုနှစ်မှာ ပြန်လည် ဖော်ထုတ်လိုက်ပြီး ခုတော့ မြို့ပြအလည်က သဘာဝစမ်းချောင်း အပန်းဖြေစရာနေရာလေးအဖြစ် လူကြိုက်များလာတယ်တဲ့။ အဲ့ချောင်းလေးက ရုပ်ရှင်တွေထဲမှာလဲ ခဏခဏပါလို့ သိနေတာ။ အဲဒိ ချောင်းတစ်လျှောက် ဖြတ်ဆောက်ထားတဲ့ တံတား ပေါင်း ၂ဝကျော်ကလဲ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ အနုပညာလက်ယာနဲ့ ရှေးအမွေအနှစ်တွေပဲတဲ့။ အဲဒိချောင်းအတိုင်း လမ်းလျှောက်သွားရင်တောင် ဆိုးလ်မြို့ရဲ့ တိုးရစ်တွေအသွားများတဲ့ နေရာတွေကိုရောက်တယ်တဲ့။ လိုကယ် ကင်မရာမန်းကြီးပြောပြချက်အရ ကိုရီးယားတွေကတော့ ညနေဘက် အဲ့ချောင်းထဲ ခြေထောက်လာစိမ်ကြတာ သဘောကျတယ်တဲ့။ ကိုယ်လဲ စိမ်ကြည့်ခဲ့ပါတယ်။

နောက်နေ့ညနေပြန်မယ်ဆိုတော့ ဒီနေ့တော့ မပင်မပန်း သွားအုံးမှာ...

Gopro နဲ့ဆို ရှုခင်းရော လူရော အားလုံး ဓာတ်ပုံထဲ ပါလို့ရတယ်လေ.... ဟီး...
ရေလေးက အေးနေတာပဲ... ကြမ်းပြင်ကတော့ အတော်ချောတယ်... သတိထား...
လူတွေဝိုင်းကြည့်နေလို့ ရိုက်ရတာ ရှက်သား...

Korea meat BBQ again at Myeondong


ည ၈နာရီလောက်မှာ မြုံဒုံးကို ပြန်လာပြီး ညစာစားဖို့ရှာကြတယ်။ တွေ့တဲ့ဆိုင်တွေတစ်ခုပြီးတစ်ခု မကြိုက်သေး။ စိတ်တိုင်းမကျသေး။ စျေးများသေးနဲ့ ကျော်လာ ကျော်လာတာ။ နောက်တော့ မကျန်တော့တာနဲ့ ကျော်လာတဲ့ဆိုင်ထဲကပဲ ကိုရီးယား အသားကင်ဆိုင်ပဲဝင်ဖြစ်ခဲ့တယ်။ ဆိုင်လေးက သန့်ပြီး လူနည်းတယ်။ ဆိုင်က အာဂျူမာတွေကလဲ အားကြီး စကားများတယ်။ ကိုဖေစစ်နိုင်က ကိုရီးယားလိုပြောတတ်တော့ ကျွန်မတို့အကြောင်းတွေ အကုန်စပ်စုတော့တာပေါ့။ ကိုဖေစစ်နိုင်ကြီးလဲ စိတ်တွေရှုပ်ပြီး အားလုံးက သူ့ညီမတွေလို့ ပြောထည့်လိုက်ရော။ ရုပ်တွေကလဲ မတူကြဘူး… အာဂျူမာလဲ ခေါင်းစားသွားမှာပေါ့။ ကကြီးတွေက အရေပြားတစ်ထောက်စာ ရုပ်ရည်ကို သိပ်ဦးစားပေးကြတာ။ မဗေဒါသူငယ်ချင်းက ချစ်စရာကောင်းတော့ သူ့ကျတော့ ဂျပန်ကလားမေးတယ်။ ဒီလောက် ၄ယောက်လုံး ပြောနေတဲ့ ဘာသာစကားက တူတူကို သူ့ကျတော့ ဂျပန်ဖြစ်ရသေး။ သူငယ်ချင်းကို အာဂျူမာတွေက  ချောတယ်နော်လို့ ပြောသေးတယ်။ 

ကိုရီးယားမှာ ပိုက်ဆံပေးမုန့်စားတာချင်းတူတူတောင် ရုပ်ချောမှ ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးချင်ကြတယ်။ အဲ့ဒါကြောင့်လဲ ရထားပေါ်မှာ ဘယ်ကောင်မလေးတွေကြည့်ကြည့် မျက်ခွံပေါ်မှာ အသားညှပ်ပြီး မျက်ရစ်ပေါ်အောင် ဆာဂျူရီတော့ အနည်းဆုံးလုပ်ထားကြတာချည်းပဲ… မျက်လုံးဖွင့်ထားရင် မျက်ရစ်လေးနဲ့ လှနေပြီး ရထားပေါ်ငိုက်နေလို့ မျက်လုံးမှိတ်လိုက်ရင် အဲဒိ မျက်ခွံပေါ်က အမာရွက်လေးလိုလို စတေပလာနဲ့ အသားစကို ညှပ်ထားတဲ့ အရာ သေးသေးလေးတွေ မြင်နေရတယ်။ (အရမ်းတော့ မသိသာပါဘူး)… ဆာဂျင် တစ်ယောက်တည်းဆီကပဲ ထွက်သလား၊ သူတို့ ပြတဲ့ Reference မင်းသမီး ဓာတ်ပုံတွေကပဲ တူသလားတော့မသိဘူး၊ ကောင်မလေးတွေက ပုံစံတူတွေချည်းပဲ။ မဗေဒါတို့ ခန္ဓာကိုယ်ဆို သူတို့နဲ့ယှဉ်တော့ အတော်ဝနေတာ။ သူတို့က ၀ိတ်လျော့တယ်ဆို တစ်နေ့လုံးမှ ကန်စွန်းဥ တစ်လုံးစားတာလို့ လိုကယ်ကြီးက ပြောတာပဲ။ ဒါပေမဲ့လဲ ရုပ်တွေက စက်ရုံက ထုတ်လိုက်တဲ့အတိုင်း ခပ်ဆင်ဆင်တွေဆိုတော့ အမှန်အတိုင်းပြောရရင် အားလုံးက သူ့ Charm နဲ့သူဆိုတာ သိပ်မရှိလှဘူး၊ အကျီင်္ချိတ်တဲ့ အရုပ်တွေလိုဖြစ်နေတာ။ လူမျက်နှာမှာ ဆန်းသိပ်မရှိတော့ဘူးလို့ခံစားရတယ်။ (ဒါက ကိုယ့် personal အတွေးပါ။ အဲ့ဒါကြောင့် ဘူဆန်းက ငါးစျေးက အဘွားကြီးပြောတဲ့ ကျွန်မတို့ နှာခေါင်းလုံးတာ သူဋ္ဌေးနှာခေါင်း ကောင်းတယ်။ သူကြိုက်တယ်တဲ့…. ခိခိ)…

ပလပ်စတစ်ဆာဂျူရီမလေးတွေအကြောင်းပြောရင် ထည့်ပြောလိုက်အုံးမယ်။ ကိုရီးယား အာဂျူမာတွေကတော့ ရုပ်ရှင်ထဲကအတိုင်းပဲ။ ဆွာလိုက် ကျဲလိုက် စပ်စုလိုက် အတ္တကြီးလိုက်တာမှ မပြောနဲ့နော်။ ဆံပင်ကေတွေကလဲ လိမ်လိမ်ကောက်ကောက် အတိုနဲ့ ဥပမာ ရထားပေါ်မှာ သူက ဦးစားပေးခုံမှာထိုင်နေတယ်။ ရထားကလဲ ကျပ်နေတယ်။ ဦးစားပေးခုံ ၂ခုံနေရာမှာ သူတစ်ယောက်ပဲ ခြေထောက်တင်ထိုင်တာမျိုး။ မထပေးရင်တောင် လက်တို့ပြီး ထခိုင်းတာမျိုး။ ရထား အတက်အဆင်းဆိုရင် ဘယ်သူ့မှ ဂရုမစိုက်ပဲ တွန်းတိုက်တက်သွားတာမျိုး။ ရိုးရိုးတွန်းတာတောင် ဟုတ်ဘူးနော်။ လက်ပါပါတယ်… လက်နဲ့ပါ အကျီင်္ကိုဆွဲပြီး ကိုယ့်ကို တွန်းတာမျိုး။ မဗေဒါ သူငယ်ချင်းဆို အစကတည်းက ကွန်ပလိမ်းများများသူကို အာဂျူမာတွေ တွန်းတာတိုက်တာ ခံရတိုင်း တဗြစ်တောက်တောက်နဲ့ အံ့တွေသြ စိတ်တွေဆိုးတာ။ အချင်းချင်းပဲ စိတ်လျော့ဖို့ သတိပေးနေရတယ်။ ခွိ…



ဝက်သား ဘာဘီကျူးရော အဲ့နေ့ကတော့ အမဲသားလဲမှာစားဖြစ်တယ်... အမဲသားပါလိုက်တာနဲ့ Bill က တော်တော်လေး မြောက်တက်သွားတယ်...


Very Very good dinner...

ဓာတ်ပုံရိုက်ခံချိန် မုန့်စားသည့်အချိန်မှလွဲပြီး ၀ိုင်ဖိုင်ရှိလျှင် အားလုံးက ဒီလိုဖြစ်ကုန်ရော...

ကဲထားပါတော့ ညစာစားပြီးတော့ အဲ့ညမှာ လမ်းဘေးတဲလေးနဲ့ Soju ရောင်းတဲ့ဆိုင်ထိုင်ချင်သေးတာ။ လိုကယ်ကြီးအားကိုးနဲ့ပေါ့။ သူကလဲ လိုက်မှာပေးမယ်တဲ့။ ကိုယ်တွေကတော့ Soju ထက် အဲ့ကရောင်းတဲ့ မုန့်တွေစားမယ်ပေါ့။ ဒါပေမဲ့ စားပြီးတော့ ည ၉နာရီခွဲနေပြီ။ ဗိုက်ကလဲ တအားတင်းနေပြီ။ အဲ့ဗိုက်ပြန်ချောင်ဖို့က အနည်းဆုံး နောက်ထပ် ၁နာရီကျော်စောင့်ရမယ်။ ပြီးတော့ မြုံဒုံး ညစျေးတန်းလေးတောင် ပိတ်စပြုနေပြီ။ ဒါပေမဲ့ ရှိတဲ့ဆိုင်တွေကနေ ရသလောက် ဝယ်ချင်သေးတာ။ သိတဲ့အတိုင်း မိန်းကလေးတွေ ရှော့ပင်းတာပဲဖြစ်ဖြစ် ငမ်းတာပဲဖြစ်ဖြစ် လုပ်ပြီဆို အားလုံးမေ့တတ်တာ။ ဗိုက်ကလဲပြည့်နေတော့ soju ဆိုင်ထိုက်မယ်ပြောထားတာ မေ့သွားပြီး ကိုဖေစစ်နိုင်ကြီး သူများတို့ ရှော့ပင်းထွက်တာလျှောက်လိုက်နေရမှာ အားနာတာရော၊ သူပြန်တာနောက်ကျမှာရောကြောင့် (သူ့အိမ်က မြုံဒုံးနဲ့ ဝေးတယ်) သူ့ကို နှုတ်ဆက်လိုက်တယ်။ သူလဲ မေ့သွားတယ်ထင်တယ် ပြန်သွားတယ်။ အဲဒိအချိန်ထိတောင် soju ဆိုင်ထိုင်ဖို့ သတိမရသေးဘူး… လက်ပတ်ဆိုင်လေးမှာ ၃ယောက်သာ ဝင်ရွေးနေကြတာ။ စိတ်ကြိုက်ရွေးပြီးမှ ဝယ်ပြီး ဟော်တယ်ပြန်လာကြတယ်။

လက်ပတ်တွေ ဝတ်ရတာ သဘောကျတယ်... စျေးလဲအရမ်းပေါတယ်

ဟော်တယ်ရောက်မှ လမ်းဘေးက တဲလေးနဲ့ရောင်းတဲ့ Soju ဆိုင်ထိုင်ချင်တာ သတိရတယ်။ ဒါနဲ့ပဲ မထူးပါဘူး လမ်းထိပ်က စတိုးဆိုင်လေးကနေ ကိုရီးယားကားထဲမှာပါတဲ့ မုန့်လေးတွေလျှောက်ဝယ်ကြည့်မယ်ဆိုပြီး လမ်းထိပ်ပြန်ထွက်ပြီး Rice wine (macoli) ၂ ပုလင်း၊ Banana Milk (သူတို့ ရုပ်ရှင်တွေထဲမှာ သောက်နေကျ) တစ်ဘူး (အမှန်တော့ ငှက်ပျောသီးရော နွားနို့ရော ဒီလောက်ကြိုက်တာမဟုတ်ဘူး)၊ နောက် သူများမှာလိုက်တဲ့ ဘီယာ၂ ဗူးဝယ်၊ ကောင်တာရောက်တော့ ကောင်တာက အာဂျီရှီက သူတတ်တဲ့ အင်္ဂလိပ်နဲ့ ကျွန်မတို့ကို ဒါတွေသောက်မလို့လား။ ယောကျာင်္းဆိုးတွေကို သတိထား အရမ်းမူးနေအုံးမယ်ဆိုပြီး ဆုံးမလိုက်သေးတယ်။ အမှန်တော့ ကျွန်မတို့က သောက်ဖို့ထပ် ဓာတ်ပုံရိုက်ချင်တာ ခပ်များများ။ ဘီယာကလဲ သူများမှာလို့ ဝယ်ရတာ။ အခန်းပြန်ရောက်တော့မှ အခန်းထဲက ခွက်နဲ့ တစ်စက်လောက် စမ်းကြည့်တာ မကြိုက်။ အမှန်တော့ မဗေဒါက အရည်ဆို ဘာအရည်မှမကြိုက်တာ။ ကိုကာကိုလာတို့၊ ပက်စီတို့လို ဂက်စ်ပါတာတွေလဲ မကြိုက်ဘူး. ရေတောင် မသောက်မနေမို့ သောက်ရတာ။ အဲလို အနံ့ပြင်းတဲ့ဟာ(Alcoholic) တွေဆို မုန်းကိုမုန်းတာ။ စကာင်္ပူလဲ ပြန်ရောက်ရော Rice wine ဖောက်ထားတဲ့ ပုလင်းကြီးက ပွင့်နေပြီး အိတ်တစ်ခုလုံး အစ်မရဲ့ အကျီင်္တွေ Rice Wine တွေ ရွှဲနေရော။


Banana Milk ေသာက္ပါအံုး...

Rice Wine and Seaweed..

ဝေစုခွဲကြမယ်...
ဝယ်လာတဲ့ပစ္စည်းတွေထဲမှာ မသုံးရသေးတာတွေရှိသေးတယ်။ အကြိုက်ဆုံးကတော့ ညာဘက် အပေါ်ထောင့် (mabaydar.blogspot.com) စာတန်းနားက လေးထောင့် စက္ကူဗူးထဲက ကရင်ဖက်လိုဟာလေး... အဲဒါက ရိုးရိုးကရင်ဖက်မဟုတ်ဘူး အဆီဆုတ်တဲ့ ကရင်ဖက်။ မဗေဒါတို့လို အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်တွေအတွက် အသုံးဝင်တယ်။ သူက ရိုးရိုး oil control paper တွေလို ဆီပဲဆုတ်တာမဟုတ်ဘူး... ဆီတွေပျောက်ပြီး မျက်နှာလေးက ဖုံဖုံလေးပြန်ဖြစ်သွားတယ်... ဂျက်ခဲကြီးလဲ မဖြစ်ဘူး... အဲ့ဒါ ညနေဘက် စျေးပတ်တော့ ဆိုင်ပိတ်ခါနီးမှ Etude house က ဝယ်လိုက်တာ... စျေးလဲချိုတယ်။ စင်္ကာပူ ၁ဝအောက်ပဲ။ များများမဝယ်လာမိတာ နာတယ်။

အလည်က ဘူးကြီး ၃ဘူး အဖုံး အနက်နဲ့ က Sauna မှာတွေ့ခဲ့တဲ့ Makeup remover cream မိတ်ကပ်ကို ရေမလိုပဲ ပြောင်နေအောင် ဖျက်လို့ရတယ်။ ခရီးသွားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် handy ဖြစ်တာပေါ့။ ဒါပေမဲ့ ခုထက်ထိ မသုံးဖြစ်သေးဘူး။

ဘယ်ဘက်ထိပ်နားက ခရမ်းရောင် Spray ခေါင်းနဲ့ဗူးက Faceshop က Hair treatment spray တဲ့။ စျေးအတော်လေးကြီးတယ်။ ကိုယ်ကလဲ ဆံပင် သိပ်မကောင်းတော့ ဆံပင်နဲ့ပတ်သတ်တာဆို ကောင်းနိုးရာရာ စမ်းကြည့်ချင်မိလို့ ဝယ်လာတာ။ ဒါပေမဲ့ ဘာမှလဲ ထိထိရောက်ရောက် သိပ်မရှိသလိုပါပဲ။ ကျန်တာတွေကတော့ ပုံမှန်ပစ္စည်းတွေဆိုတော့ ထွေထွေထူးထူး မပြောတော့ဘူးနော်။

အခန်းထဲမှာ မနက်က ဝယ်လာတဲ့ skin care နဲ့ မိတ်ကပ်တွေ ဝေစုခွဲကြ။ နောက်နေ့ ဟော်တယ် ချက်အောက်ရတော့မှာမို့ ပစ္စည်းတွေ သေချာပြန်သိမ်း စကားတွေပြောရင် ကိုရီးယားခရီးစဉ်ရဲ့ နောက်ဆုံးညကို မကုန်ချင်ပဲ ဖြတ်သန်းခဲ့ရတော့တာပေါ့။

သတိ စိတ်ခိုင်ခိုင်ထားပြီးမှ ကြည့်ပါ... Warning သိပ်နောက်ကျသွားသလား... :P

11 comments :

ဆွေလေးမွန် said...

ပျော်စရာ ..ကြည်နူးစရာ လှလှပပ photo တွေနဲ့ .. နောက်ဆုံးပိတ် ပုံကတော့ သိပ်နောက်ကျသွားတယ် သတိပေးထှာ :P :P
ဒါပေမယ့် ရုံးမှာ ထမင်းစားပြီးကာစ ဆိုတော့ အရမ်းအသုံးဝင်သွား ဒယ် (မက်လုံးပြူးသွားတယ် ညလေး) :) :)

mabaydar said...

ဟီး... ဟီး.... ကျေးဇူးပါ အစ်မရေ....

Anonymous said...

တစိမ့်စိမ့်ဖတ်နေရင်းက ၀ုန်းဆို ကိုရီးယား သွားချင်စိတ်တောင်ပေါက်တယ် အစ်မရေ
အစ်မရေးထားတာတွေ ဖတ်လို့ အရမ်းကောင်းတယ်.
AMT

mabaydar said...

ဝုန်းဆိုပြီးတော့ သွားချင်စိတ်ပေါက်လောက်အောင်ပဲလား.... ၀ုန်းဆိုလို့ လန့်သွားတာ... ဟီး... ကွန်မန့်အတွက် ကျေးဇူးနော်...

shin said...

ဟုတ်တယ်။ ကိုယ်တို့ M plaza ကိုရှာတုန်းကလဲ လမ်းမကြီးအတိုင်းရှာနေတာနဲ့ ကျော်သွားသေးတယ်။ နောက်မှလမ်းဘေးက လမ်းညွန်ဆိုင်းဘုတ်ကို တွေ့မှ မှားမှန်းသိလို့ ပြန်လှဲ့လာတာ။ တခါတလေ website မှာပြောထားတဲ့ လမ်းညွန်တွေက နဲနဲ လွှဲနေတတ်တယ်။ ကိုရီးယားမှာ ကိုယ်တို့တခု မထင်မိ တာက လူတော်တော်များများ (လမ်းဘေး ဈေးသည်ကအစ) English လိုသာ မပြောတတ်ရင်ရှိမယ်။ တရုတ်လို နဲနဲ ဖြစ်ဖြစ် ပြော တတ်ကြတယ်။(ကိုယ်တို့ အတွက်တော့ အတော်အဆင်ပြေတယ်)။ မဗေဒါလိုပဲ ကိုယ်တို့လဲ ရောက် ရောက်ချင်း ဟိုက လူ(အထူးသဖြစ် မိန်းခလေး)တွေ နဲ့ မျက်နာတွေက ဆင်ဆင်လေးတွေလို့ ခံစားရတယ်။ နောက် တရက် နှစ်ရက်လောက်မှ နဲနဲကြည့်ရတာ နေသားကျသွားတာ။ ဆယ်ဂျုံး ဘုရင်နဲ့ စစ်သူကြီး ရုတ်ထုကို Cheongyecheong ချောင်းသွားတုန်းက သွားဖို့ စိတ်ကူးသေးတယ်။ ဒါပေမဲ့ နဲနဲ မှောင်လာတာကြောင့်ရော၊ လူကပင်ပန်း နေတာ ကြောင့်ရော မသွားဖြစ်လိုက်ဘူး။

Anonymous said...

အရင်အပိုင်းတွေထဲက မဗေဒါခရီးသွားပို့စ်တွေကို ကြိုက်ကိုကြိုက်လို့ဖတ်လာတာ နောက်ဆုံးပိုင်းနားရောက်မှပဲ ကိုရီးယားသွားချင်စိတ်ပေါ်လာတယ် ရှော့ပင်းကဆွဲဆောင်သွားတာထင်တယ် ကိုရီးယားကလူတွေက ဖြူဖြူချောချောချစ်စရာကောင်းမှအရေးလုပ်တယ်ဆိုတော့ သွားရမှာခပ်ကြောက်ကြောက်ပဲ ရန်ကုန်မှာလဲအဲလိုမျိုးနဲနဲတော့ရှိတယ်လေ မြန်မာတွေက အသားဖြူမှလှတယ်ထင်တာတို့ဘာတို့ အာ့ကြောင့်ဝိုင်းလဲဒီမှာမြဲနေတာထင်တယ် မြန်မာပြည်မှာဆို ကိုယ်ကကလန်ကလား ဝတယ်လဲပြောခံရဦးမယ် အသားလဲမဲတယ်ဆိုပြီး ဒီမှာတော့ ကိုယ်တွေအသားကိုမှ ညိုညိုလေးလှတယ်ထင်ကြတာ အရပ်ကလဲအနေတော်လောက်ပဲ ပိန်တယ်လို့တောင်လာပြောကြသေးတယ် ကောင်းလေစွ တခါတလေ အရေပြားတထောက်ကို အရမ်း judge လုပ်လွန်းတဲ့ အရှေ့တိုင်းသဘာဝကိုစိတ်ကုန်မိတယ် စကားမစပ် ဓာတ်ပုံတွေအရမ်းလှတယ် ဒီမှာ .. မဗေဒါနဲ့ အဲ့ဘလေဇာလက်အမြင့်လေးနဲ့ အရမ်းလိုက်တယ်တော့

Wine

mabaydar said...

၂၀၀၉ တုန်းက သွားတုန်းက ဂိုက်ကတော့ပြောတယ် တရုတ်စကားက ကိုရီးယားမှာ ဒုတိယဘာသာစကားတဲ့... ကိုယ်တွေလဲ အင်္ဂလိပ်လို နားမလည်ရင်တော့ တရုတ်လို ရသလောက်ပြောရတာပေါ့... ဆောင်နာတုန်းကလိုပေါ့... Cheongyecheong နဲ့ ရုပ်ထုတွေနဲ့က နီးနီးလေးကို သွားခဲ့တာဟုတ်ဘူး... ဒါပေမဲ့ ရုပ်ထုက ရုပ်ထုပဲ သိပ်စိတ်မ၀င်စားရင်တော့လဲ လွတ်သွားတာ ကိစ္စမရှိပါဘူး...

mabaydar said...

Wine က ၀တယ်ဆိုတော့ မဗေဒါဆို ဘုတ်အီးဖြစ်နေပြီ ပြောရတော့မယ်ထင်တယ်.... ၀ိုင်း body မျိုးရရင် ကျေနပ်ပြီ... အသားအရည် ခွဲခြားတာ အာရှက ပိုဆိုးတယ်... မဗေဒါလဲ အနောက်တိုင်းပြောင်းနေမှထင်တယ်... ဆန်းပိုပွင့်မလားလို့... ခိခိ....

mandyhlaing said...

ခရီးသွားပို့စ်လေး ရေးထားတာ ကိုယ့်အတွက် အရမ်းအသုံးဝင်တာပဲ။ ၀တ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကလဲ လှမှလှ ပဲ။ ကျေးဇူးပါ။

mabaydar said...

ဟီး... ဖေ့ဘွတ်မှာ ရေးထားတာတွေ့ပြီး သနားသွားလို့ ကွန်မန့် ပေးသွားတာလား? ... မဗေဒါရေးပြီးတဲ့ နေရာတွေ သွားဖြစ်တာတွေ ရှိလား? ဖက်ရှင်က သိပ်မသိပါဘူး... ဒီလိုပဲ ရှိတာ ၀တ်ရတာ... လူက ၀တော့ အ၀တ်အစားက ရွေးသေးတာ... :(

Aunty Tint said...

ထိုက်ထိုက်တန်တန်ပို့စ်လေးကို ဖတ်ခွင့်ရခဲ့လို့ ကျေးဇူပါ မဗေဒါရေ.... ရခဲပေခြင်းအတွေ့အကြုံတွေ။