Wednesday, December 17, 2014

Drama Review: Discovery Of Romance (Aka) Finding True Love


Name: Discovery of Romance aka Finding True Love
Genre: Romance, comedy
Episodes: 16
Broadcast network: KBS2
Broadcast period: 2014-Aug-18 to 2014-Oct-07
Air time: Monday & Tuesday 22:00
Start watching it after 8 episodes was aired

Main Cast:
Jung Yoo Mi as Han Yeo Reum
Eric as Kang Tae Ha
Sung Joon as Nam Ha Jin
Yoon Jin Yi as Ahn Ah Rim
Yoon Hyun Min as Do Joon Ho
Kim Seul Gi as Yoon Sol

My rating: 3.8/5

ဇာတ်လမ်းအကျဉ်း

Han Yeo Reum ဆိုတဲ့ သစ်သားပရိဘောဂဒီဇိုင်နာ မိန်းကလေးဟာ သူ့ငယ်သူငယ်ချင်းမလေးနောက်တစ်ယောက်နဲ့အတူ ပရိဘောဂဆိုင်တစ်ခုဖွင့်လှစ်ထားတယ်။ သူ့မှာ ၃နှစ်လောက်တွဲလာတဲ့ ချစ်သူ Nam Ha Jin ဆိုသူတစ်ဦးရှိတယ်။ Nam Ha Jin က အရည်အချင်းရှိတဲ့ Plastic surgeon တစ်ယောက်ဖြစ်ပြီး နူးညံ့ချိုသာတဲ့ ချစ်သူတစ်ဦးလဲဖြစ်တယ်။ ဒါပေမဲ့ သူဟာ ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းက မွေးစားထားတဲ့ မွေးစားသားဖြစ်တယ်ဆိုတာကိုတော့ သူ့ မေမေရဲ့ တောင်းဆိုမှုကြောင့် ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ သူ့ချစ်သူ Yeo Reum အပါအဝင်ပေါ့။ သူတို့ရဲ့ တည်ငြိမ်နေတဲ့ ချစ်သူ ၂ဦးရဲ့ အခြေအနေကို အပြောင်းအလဲတွေဖြစ်စေခဲ့တာကတော့ Yeo Reum ရဲ့ ချစ်သူဟောင်း Kang Tae-ha နဲ့မထင်မှတ်ပဲ ပြန်တွေ့တဲ့အချိန်မှာပေါ့။ Kang Tae-ha က အောင်မြင်တဲ့ အိမ်တွင်းအလှပြင် ဒီဇိုင်း ကုမ္ဗဏီပိုင်ရှင်တစ်ဦးပေ့ါ။ သူနဲ့ Yeo Reum နဲ့ဟာ ၇ နှစ်ကျော်လက်တွဲခဲ့ကြပြီး တစ်နေ့မှာ Yeo Reum နဲ့ စကားများပြီး သူ့ကို အကြောင်းမဲ့ ဖြတ်သွားတယ်လို့ပဲ ထင်နေတာပေါ့။ သူဟာ ဉာဏ်ကောင်းပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်တည်းမှာပဲ Ha Jin ဟာ သူနဲ့ ငယ်ငယ်က မိဘမဲ့ကျောင်းမှာ ညီမအရင်းတစ်ယောက်လို ချစ်ရတဲ့ Ahn Ah Rim နဲ့ ပြန်ဆုံလေရဲ့။
Yeo-Reum ဟာ ချစ်သူဟောင်း Tae ha နဲ့ လုပ်ငန်းသဘောအရ စတင်အလုပ်လုပ်ရတဲ့ အခါမှာ Relationship တစ်ခုအတွက် အချစ်နဲ့ သစ္စာကို သေချာ ပြန်လည်စမ်းစစ်မိရင်း ၄ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်တည်လာတော့တယ်။

ဝေဖန်ရေး (Spolier alert)

ဘာမှ မပြောခင် ကြိုပြောထားချင်တာက ဒီဇာတ်လမ်းဟာ Conservative ရှေးရိုးစွဲအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ သိပ်ကီးမကိုက်လှဘူးလို့ ပြောချင်ပါတယ်။ မိန်းကလေးက စပြီး ချစ်တာ၊ အိမ်ထောင်မကျခင် အတူနေတာ၊ ရည်းစားအိမ်သွားအိပ်တာကို အမေသိတော့ ဆူတဲ့အခါမှာ သွားအိပ်တာကို အဓိကမဟုတ်ပဲ အကာအကွယ်ယူရဲ့လားလို့ မေးတာ စသည်ဖြင့်ပေါ့နော်။ ကျွန်မအနေနဲ့ကတော့ ဒါတွေအားလုံးကို နားလည်လို့ရပါတယ်။ ဘယ်ဟာမှ မှန်တယ်မှားတယ်မရှိဘူး ကိုယ့်ဘဝနဲ့ ကိုယ်။ လူတိုင်းမှာ သူများကို မထိခိုက်ဘူးဆိုရင် သူတို့ခန္ဓာကိုယ်နဲ့သူတို့ လုပ်ချင်တာ လုပ်နိုင်တယ်။ ကိုယ်ဖြစ် ကိုယ်ခံဆိုတာပဲ လက်ကိုင်ထားတယ်လေ။

အဲ အရင်က စိတ်နဲ့ဆိုရင်တော့ မင်းသမီးက သူ့ ချစ်သူအဟောင်းကို ပြန်ရင်ခုန်တာကို သိပ်သဘောကျမိမယ်မထင်ဘူး။ အရင်စိတ်နဲ့သာဆိုရင် ဒီကားကို ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ ခုကျတော့ ဇာတ်ကောင်တိုင်းရဲ့ နေရာကနေ ငါသာဆိုရင်ရောဆိုတာနဲ့ စဉ်းစားကြည့်ရင် အားလုံးကို နားလည်ပေးနိုင်တယ်။ လူတစ်ယောက်ရဲ့ အချစ်နဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်ဆိုတာ လုပ်ယူလို့လဲ မရဘူး။ ထိန်းချုပ်လို့လဲမရဘူး။ Relationship တစ်ခုမှာ တစ်ဖက်လူက စိတ်ပြောင်းသွားတယ်ဆို ကိုယ်လဲဘာမှ မတတ်နိုင်ဘူး။ မချစ်တော့ပဲ ကိုယ့်ကို အားနာလို့ သစ္စာဖောက်သလိုဖြစ်မှာစိုးလို့တွဲနေတယ်ဆိုတဲ့ ခံစားချက်ကြီးက မတရားဘူးဆိုပေမဲ့ ပြတ်သွားတာထက် ပိုဆိုးတယ်လို့ ထင်တာပဲ။

ဒီဇာတ်ကားက ဇာတ်ကောင်တွေအားလုံးရဲ့ ခံစားချက်ကို သေချာ နားလည်ပေးပြီးကြည့်ရင်တော့ တော်တော်လေးကြည့်ကောင်းတဲ့ဇာတ်ကားပါ။ ကိုယ်ပါ သူတို့နေရာမှာဆို ဘာလုပ်မလဲဆိုတာမသိတော့ ရုပ်ရှင်ထဲမှပြသမျှကို ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မှတ်ပြီး ကြည့်တော့တာပါပဲ။ လက်ရှိရည်းစားကိုရော အရင်ရည်းစားကိုရော ကိုယ်ပါ ဘယ်သူနဲ့ ညားစေချင်မှန်း သေချာမသိတော့ဘူး။ Eric ရဲ့ ပရိတ်သတ်တွေကတော့ Eric ဘက်ကပဲ အားပေးကြမှာပေါ့နော်။ Eric ကလဲ အားပေးချင်လောက်အောင်ကို ချောမောလှပတာ မပြောပါနဲ့တော့။

သူတို့ ချစ်သူ ၂ဦးကြားက အထင်အမြင်လွဲမှားခဲ့ကြတာတွေကို ပြန်လည် သိရှိနားလည်သွားပေမဲ့ အားလုံးဟာ အခြေအနေပြောင်းလဲနေပြီ။ ကိုယ်မမှားဘူးထင်ခဲ့တဲ့ Tae ha ခုမှ Yeo Reum သူ့ကို ဘာကြောင့် စိတ်နာလဲဆိုတာ သိသွားပြီး နောင်တကြီးစွာရပြီး ခုမှ အသေအချာ နောက်ဆုတ်ပေးဖြစ်တယ်၊ အရင် Relationship မှာ Tae Ha ကို သိပ်ချစ်ခဲ့ပြီး နာကျဉ်ခဲ့သလောက် Ha Jin နဲ့ကျမှ နည်းလမ်းလေးတွေနဲ့ ကိုင်တွယ်ပြီး Ha Jin သိပ်ချစ်တာကို ခံရတဲ့ Yeo Reum၊ ရည်းစားဖြစ်တဲ့သက်တမ်းမှာ ကိုယ့်ခံစားချက်တွေ ရှေ့တန်းမတင်ပဲ ချစ်သူ Yeo Reum ကိုပဲ အလိုလိုက်တတ်တဲ့ Ha Jin နဲ့ သူ့ရဲ့ အတိတ်က ညီမလို ချစ်ရတဲ့ မိန်းကလေးကြား အထင်လွဲခံ ဗျာများရမှု အားလုံးဟာ အချိတ်အဆက်မိမိနဲ့ ဆက်ဆက်ပြီး ကြည့်ချင်နေမိတယ်။ (Ahn Ah Rim ဇာတ်ကောင်က မုန်းစရာမကောင်းပေမဲ့ ပေကပ်ကပ်နဲ့မို့ နည်းနည်း အသည်းယားတယ်။ ဒါပေမဲ့ သူ့နေရာက စဉ်းစားကြည့်မယ်ဆိုလဲ ကိုယ့်လို မိဘမဲ့ကို ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ ဆရာဝန်တစ်ယောက်က ဒီလောက်လာကောင်းပြနေရင် ငါ့ကို စိတ်ဝင်စားလို့များလားလို့ ထင်မိမှာပဲလေ။ စိတ်လဲ ယိုင်မိမှာပဲလေ)

ဇာတ်လမ်းက အချစ်နဲ့ သစ္စာကို လှလှပပေလေး ကစားသွားနိုင်တယ်။ ချစ်သူ ၂ဦးကြားမှာ အချစ်ကအရေးကြီးလား သစ္စာက အရေးကြီးသလားဆိုတာမျိုးပေါ့။ တကယ်တမ်းကျတော့ ၂ခုလုံး အရေးကြီးတယ်။ ကြက်ဥဘယ်ကလာ မေးသလိုဖြစ်နေမယ်။ ဒီတော့ ဒါကတော့ ရုပ်ရှင်ကြည့် ပရိတ်သတ်ကြီးရဲ့ အယူအဆနဲ့ပဲ ဆိုင်မယ်ထင်တယ်။ သစ္စာကို စောင့်ချင်လို့ Yeo Reum ဟာ သူ့ချစ်သူနားမှာပဲရှိနေပေမဲ့ သူတကယ်ပိုချစ်သူက သူမချစ်သူဟောင်း Tae Ha ဆိုတာကို သိတော့ သူမရဲ့ ပူဆွေးသောကဖြစ်ရမှုကို Ha Jin ဘက်ကကြည့်တော့လဲ စိတ်ဆိုးချင်စရာ။ သူမ ငိုတာတွေ့တော့ ဘာလို့ ငိုလဲဆိုပြီး ပြဿနာရှာမိတဲ့နေ့မှာပဲ Yeo Reum က သူနဲ့ လမ်းခွဲဖို့ပြောခဲ့တယ်။ Ha Jin ဘက်က ကြည့်တော့ မတရားဘူးထင်ရတယ်။ ဟုတ်တယ်လေ သူ့ရည်းစားဟောင်းနဲ့ ပြန်ပေါင်းချင်လို့ ဖြတ်တာပေါ့။ ဒါပေမဲ့ မဗေဒါအမြင်မှာတော့ Yeo Reum ကို ဒီစိတ်ကြီးနဲ့ သိသိကြီး မသိချင်ယောင်ဆောင်ပြီးဆက်တွဲမယ်ဆိုရင် သူ့ကိုယ်သူ နှိပ်စက်သလိုဖြစ်မှာရောက်သလို ဒီထက်ဆိုးဝါးတဲ့ အမုန်းနဲ့ လမ်းခွဲရလိမ့်မယ်။ Yeo Reum ဘက်ကကြည့်တော့လဲ Ha Jin သူ့ကို ဒိထက်မမုန်းခင် သူ့ဘက်က ဖြတ်တာ အကောင်းဆုံးပဲလေ။ သူ့ကိုယ်သူလဲ မကောင်းမှန်းသိတယ်။ အဲဒိအတွက်ကြောင့် အဲ့ယောကျာင်္း ၂ယောက်လုံးကို သူမယူတော့ဘူးဆိုပြီး သူ့ကိုယ်သူ ဒဏ်ခတ်တယ်။ Ha Jin အမေကြီး ပါးလာရိုက်တာလဲ သူခံတယ်။ တခြားကောင်လေးတွေ သူ့လာကြိုက်လဲ သူ့ကိုယ်သူ Two timer Bitch လို့ ပြောပြီး နှင်ထုတ်တယ်။ နောက်ဆုံး သူ့သူငယ်ချင်းတွေနဲ့ သူ့အမေက သူ့အပြစ်မဟုတ်ဘူး ကိုယ်ပျော်ဖို့သာအဓိကဆိုပြီး ပြောတာရော ကံကြမ္မာက Tae ha နဲ့ တဖန်ပြန်ဆုံအောင်လုပ်ပေးလိုက်တော့မှ သူတို့ ချစ်သူ ၂ဦး ပြန်ပေါင်းစည်းဖြစ်သွားတယ်။

မင်းသမီး Jung Yoo Mi သရုပ်ဆောင်တာမှာ မဗေဒါနည်းနည်းလေး မကြိုက်တာက စကားပြောရင် မျက်ခုံးအရမ်းသုံးတယ်။ တစ်ခုခုပြောရင် မျက်ခုံးကြီး တွန့်တွန့်သွားတာက ရှုပ်နေသလိုပဲ။ ကြည့်နေတုန်းက ဘာကို စိတ်ရှုပ်မှန်းမသိဘူး နောက်မှ သူ့မျက်ခုံးကြီး တအားလှုပ်လို့ စိတ်ရှုပ်တာ။ ပြီးတော့ အဲ့မင်းသမီးက မင်းသားတွေနဲ့ အကိုင်အဖတ်အရမ်းကြမ်းတာပဲ။ သူကပဲကြမ်းတာလား။ သူ့ကိုပဲ မင်းသားတွေကကြမ်းတာလားတော့ ကိုယ်လဲမသိ။ ဒါပေမဲ့ Eric ကလဲ မင်းသမီးတွေကို ကိုင်တွယ်ရင် လက်ရဲတာလဲ ပါမယ်။ ဇာတ်လမ်းအရမို့လဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့တော့ ကိုယ့်စိတ်ထဲတော့ ကြမ်းတာပဲသိတယ် (ခွိ)...

ဒုတိယမင်းသားကိုတော့ ဘယ်ကားမှာမှ မကြိုက်ဘူး။ မုန်းလဲ မမုန်းဘူး။ Lie to me မှာတုန်းကတော့ နည်းနည်းအမြင်ကပ်တယ်။ Gu Family book မှာတော့ ဒီလိုပဲ။ သူ့ကို မကြိုက်ဘူး။ ဒါပေမဲ့ ဒီကားထဲက သူ့ဇာတ်ကောင်ကိုတော့ သနားတယ်။ ဒီတော့ သူ့ကို ဒီကားမှာ မမုန်းဘူး။ သူမို့လို့ ဒီကားမှာ Eric နဲ့ညားတာကို မင်းသမီးကို နားလည်ပေးနိုင်တာလားတော့ မသိဘူး။ ဟီး….. ဒုမင်းသားက သူမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ တခြားမင်းသားသာဆို သနားလို့ နောက်နေ့ရုံးကို မျက်လုံးမို့ကြီးနဲ့ တက်ရအုံးမယ်ထင်တယ်။ ခုတောင် ၃ယောက်လုံးကို ကိုယ်ချင်းတွေစာပြီး ငိုနေရတာ။ ဒါနဲ့ ဒီကားက ဟာသပုံစံမျိုး ပေါ့ပေါ့ပါးပါးရိုက်ထားတာပါ။ ငိုစရာကားမဟုတ်ပါဘူး…. ကိုယ့်ဟာကိုယ် အီမိုဖြစ်နေခဲ့တာပါ။ ဟီး…..

ဇာတ်သိမ်းလေးကတော့ ပေါ့ပေါ့ပါးပါး ချစ်စရာကောင်းအောင် သိမ်းသွားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်မှာ စစချင်းအပိုင်းက ကိုယ်ဒီကားကို ဆက်ကြည့်ဖြစ် မကြည့်ဖြစ် ဆုံးဖြတ်ပေးနိုင်သလို။ နောက်ဆုံးပိုင်းကလဲ ကိုယ်ဒီကားအပေါ် ဘယ်လို အမြင်နဲ့ ကျန်ခဲ့မလဲဆိုတာကို ဆုံးဖြတ်ပေးတယ်လေ။ ဒီကားဟာ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေးစပြီး အလည်မှာ ခံစားချက်တွေ၊ လူ့သဘာဝတွေနဲ့ ကစားကာ၊ အဆုံးမှာ ကြည်ကြည်နူးနူးလေးနဲ့ ဇာတ်ကောင်အားလုံးအတွက် စိတ်ကျေနပ်လောက်အောင် ဇာတ်သိမ်းပေးနိုင်ခဲ့တယ်လိုထင်တယ်။ ကိုယ်က အမြင်ကျယ်ကျယ်နဲ့ ကြည့်ပေးနိုင်မယ်ဆိုရင်တော့ စိတ်ပုတ်ဇာတ်ကောင် တစ်ယောက်မှ မပါတဲ့ တခြားဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။


ရုပ်ရှင် Review တွေ များများဖတ်ချင်ရင် www.facebook.com/mabaydarpage လေးကို Like လုပ်ပြီး အဲ့မှာ ဖတ်လို့ရတယ်နော်...

6 comments :

Anonymous said...

အပိုင်း၁ ကြည့်ပြီး ဆက်မကြည့်ဖြစ်တော့ဘူး အမြင်ကျယ်တယ် ကျဉ်းတယ်အဖြစ်တောင်မရောက်လိုက်ဘူး :P

Anonymous said...

ခုမှ ဒုတိယ မင်းသားကို ဂူဂဲကြည့်မိတာ သူ့ကို I need romance 3 မှာကြိုက်တယ်.... အပိုင်း၁မှာထဲက Eric ကို မကြိုက်ဘူး ဆက်ကြည့်ဖြစ်ရင်တော့ကြိုက်လာမလားမပြောတတ်

Sweet Sweet said...

ပိတ်ရက်အမှီရေးပေးတာ ကျေးဇူးပါဗျို့ ။ ပိတ်ရက်မှာကြည့်ရမယ်။ မဗေဒါရဲ့ reviewလေးဖတ်ပြီးကြည့်မှ ဇာတ်လမ်းကပိုစိတ်ဝင်စားဖို့ကောင်းတယ်။ နောက်မို့ဆို ကြည့်ကြည့်ပဲဖြစ်ဖြစ်နေလို့။ ပို့စ်လေးဖတ်ပြီး ပြန်ကြည့်လဲ ကားကပိုကောင်းလာတယ်။

Anonymous said...

ဇာတ်လမ်းတွဲမကြည့်ဖြစ်တာကြာပြီ doctor stranger နဲ့တင် ကိုရီးယားတကြောပြတ်သွားတာ ဒါပေမယ့် မဗေဒါ review တွေဖတ်ရတာတော့ကြိုက်တယ်တော့ အခုနောက်ပိုင်း ကိုရီးယားကားတွေ အမြင်ကျယ်လာပြီး သမီးရည်းစားအတူနေဘဝပဲဖြစ်ဖြစ် မိဘသားသမီးအဲ့ကိစ္စကိုဆွေးနွေးတာပဲဖြစ်ဖြစ် ယုတ္တိရှိရှိပြလာတာ ဝိုင်းတော့သဘောကျတယ် အဲဒါကတကယ်များသောအားဖြင့် အပြင်မှာဖြစ်နေကြတာပဲလေ လိင်အသားပေးပြတာမျိုးမဟုတ်ရင်ပြီးရောပေါ့ အရင်က romance ကားတွေဆို မင်းသားမင်းသမီးကမောင်လိုနှမလိုပဲ လုံးဝရိုးသားတယ် platonic love စစ်စစ်ပါဆိုတဲ့ ပုံစံမျိုးချည့်ရိုက်တော့ romantic တော့ဖြစ်ပါတယ် သိပ်ယုတ္တိမရှိသလိုချည့် လူကိုလာလိမ်နေသလိုခံစားရတယ် အပြကိုပြဖို့ပြောတာတော့မဟုတ်ဘူး ဒီလိုဒီလိုတွေရှိပါလားဆိုတဲ့ message တော့ပေးရမှာပေါ့ ပြောရင်းသတိရသွားတာ Naked Kitchen အဲ့မှာကျတော့လဲ သူ့message ပေးချက်က ရက်စက်တယ်ကွယ် အဲ့ကားအာ့ကြောင့်နာမည်ကြီးတာလား မသိဘူး ကဲကဲ တော်သေးဘီ ကိုရီးယား trip ဆက်ရေးဦးနော်

Wine

Aunty Tint said...

ကိုရီးယားကားတစ်ကား ကြည့်ခါနီးတိုင်း အကြမ်းဖျင်း တစ်ခြားနိုင်ငံကြီးတွေမှာ သွားရိုက်တာမျိုးဆိုရင် ပိုသဘောကျတယ်။ ကွဲပြားတဲ့ရှုခင်းတွေနဲ့ဓလေ့ထုံးစံလေးတွေ မြင်သိရလို့။ ဥပမာ ... Queen of the games လိုမျိုးပေါ့...
ကျေးဇူးပါ မဗေဒါရေ.. ကြည့်ဖြစ်သွားပြီ။

Thu said...

Ericဆိုကြိုက်မှကြိုက်။ဒီကားတော့ ကြည့်ဖူးသေးဘူး။