အကြောင်းပြချက်တွေမပေးတော့ပါဘူး... ကိုယ့်ကိုကိုယ်စိတ်ပျက်တာပဲသိပါတယ်... ၁နှစ်ကျော်ပြီမို့ မေ့လောက်ပြီထင်လို့ ဒီပိုစ့်မှာ ၁ကနေ ၄ အဟောင်းတွေနဲ့ အပိုင်း ၅ကိုပြန်ပေါင်းတင်လိုက်မယ်နော်...
ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၁)…
ကောင်းကင်ကြီးရယ်…
မကြည်လင်လိုက်ပါနဲ့…
အုံ့မိုးထားတဲ့ တိမ်တိုက်အိုတွေကို…
အသားကျနေလို့…
အမှောင်ထုအောက်မှာ…
ကျမ နေပျော်ပါတယ်လေ…
ဖတ်… !
သတိထားနေရက်နဲ့ ရုတ်တရက်ကြားလိုက် မြင်လိုက်ရသော အဖြစ်ကြောင့် ကျမ ဒေါသ အထွတ်အထိပ်သို့ ရောက်သွားသည်…
“ရှင်…. ရှင်… ဒါဘာလုပ်တာလဲ…”
နံနက်ခင်း၏ ဆိတ်ငြိမ်မှုကို စူးရှရှ ကျမအသံက မမျှော်လင့်ပဲ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်…
ထိပ်ထား Supermarket ကြီး၏ ဘီစကွတ်များထားရာ အတန်းအတွင်း မနက်စောစော သူငယ်ချင်း ၂ယောက် မုန့်ဝင်ဝယ်စဉ် မသင်္ကာဖွယ် အသက်၅၀ ၀န်းကျင်လူကြီးတစ်ယောက် ခပ်လှမ်းလှမ်းမှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကြည့်ကြည့်နေသဖြင့် ကျမသတိထားမိနေသည်မှာ ဆိုင်ထဲ စ၀င်ချင်းကတည်းကပင်…
ယခုတော့ သတိထားပြီး အဝေးက နေနေရက်နဲ့ ထိုသူက တမင်ဝင်တိုးကာ ကျမသူငယ်ချင်းကို အသားယူ လက်ကစားလိုက်သဖြင့် ကျမအတွက် စောစောစီးစီး တိုက်ပွဲတစ်ခု ခင်းရပြန်ပါပြီ…
ကျမဘေး၌ ကျမကို ဆွဲကာ စိုးရိမ်ထိတ်လန့်သော မျက်ဝန်းများဖြင့် ရပ်နေသော ကျမအချစ်ဆုံးသူငယ်ချင်း သီရိဖြူ… သူ့အကြောင်းကို ငယ်ငယ်တည်းက သိသော ကျမ… ပြဿနာဖြစ်လျှင် ခေါင်းငုံ သည်းခံတတ်… အလွန်ကြောက်တတ်သော သူ့ကို ကျမပဲ ကာကွယ်ပေးနေကျပင်…
“ကျုပ်ဘာလုပ်လို့လဲ! ”
ထို လူက မခိုးမခန့် အမူအရာဖြင့် မသိသလို ခပ်ဆပ်ဆပ် ပြန်ဖြေသည်…
“ ရှင်လုပ်တာ ရှင်မသိဘူးလား… ရှင် သူ့ပေါင်ကို လှမ်းပုတ်လိုက်တာ ကျမကိုယ်တိုင်မြင်လိုက်တယ်”
“ တော်ပါတော့… နွေနှင်းရယ် ထားလိုက်ပါတော့ ရှက်စရာကြီး…”
“မထားနိုင်ဘူး မိဖြူ… ဒါငါတို့ရှက်စရာမဟုတ်ဘူး… သူ မဟုတ်တာလုပ်တာ… သူရှက်ရမှာ… ဒါမျိုးကိစ္စတွေမှာ ငါတို့မိန်းကလေးတွေ ငုံ့ခံနေမယ်ဆိုရင် ဒီလိုလူမျိုးတွေက အသားယူနေအုံးမှာပဲ… ငါတို့ကို ဟိုနားလောက်ထဲက ကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ ငါမသင်္ကာဖြစ်နေတာ… အဲဒါကြောင့် သေချာသတိထားနေတာ… ဒါတောင် သူက လုပ်လိုက်သေးတယ်”…
“ကျုပ်ဘာမှ မလုပ်ဘူး… စွတ်စွတ်စွဲစွဲ… ကျုပ်မတော်တဆထိမိတာပဲ… ခင်ဗျားက ဘာဖြစ်နေတာလဲ…”
မခန့်လေးစားဟန်ဖြင့် ထိုသူကထပ်ပြောသည်…
“မတော်တဆဆိုရင် ရှင်ခုချက်ချင်း ကျမသူငယ်ချင်းကို တောင်းပန်ပါ… “
“မင်းက ဘာပြဿနာရှာတာလဲကွ… ငါလူကြီးပါ… မတော်တဆဖြစ်တာဆိုကွာ…”
“ရှင်က ဒီလောက် ပေါ်တင်မိတာတောင် ငြင်းချင်သေးတယ်… ဟုတ်လား… ဟိုမှာ CCTV ကင်မရာရှိတယ်… တာဝန်ရှိတဲ့သူကိုခွင့်တောင်းပြီး ဒီကိစ္စကို သက်သေပြမယ်… “
ကျမ ပြောပြောဆိုဆိုဖြင့် ငွေရှင်းကောင်တာရှိရာ ဆိုင်ဝန်ထမ်းတွေဘက်ကို ဦးတည်လိုက်သည်…
ဖြူကတော့ ကျမနောက်မှ ကုတ်ကုတ်လေးလိုက်လာသည်…
“ ဒီမှာရှင့် ဘီစကွတ်တန်းဖတ်က ကင်မရာသွင်းထားတာရှိရင် ပြန်ပြစေချင်ပါတယ်… ဒီလူ ကျမသူငယ်ချင်းကို အရှက်ရအောင် နှောင့်ယှက်တဲ့ အတွက် အရေးယူဖို့ပါ… “
ဆိုင်သမားတွေလဲ ပြူးတူးပြာတာ လှုပ်လှုပ်သဲသဲဖြစ်သွားပြီး… တအုအု တအအဖြင့်…
“ဘာလို့လဲ… အဲဒိကင်မရာတွေက record မလုပ်ထားဘူးလား… ပြထားရုံသက်သက်မို့လို့လား”
“ဟို… အဲဒိကင်မရာက ကျမတို့အဆင့်နဲ့ မသိဘူးရှင့် ကွန်ထရိုးခန်းထဲက တာဝန်ရှိသူကို ခွင့်တောင်းရမှာ… “
“ဒါဆိုလဲ ဒီဆိုင်က တာဝန်ရှိသူနဲ့ တွေ့ချင်တယ်… ခေါ်ပေးပါ… “
“ဟို… အဲ… “
ထိုအချိန်မှာ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော လူရွယ်တစ်ယောက်ရောက်လာပြီး…
“ဘာဖြစ်နေကြတာလဲ ဆူဆူညံညံနဲ့… ဟိုမှာ Boss ကရောက်နေတယ်…”
“ကိုရာဇာ ဒီမှာ ကင်မရာ ဖွင့်ခိုင်းနေလို့….”
“ ကျတော်ဘာများ အကူအညီပေးရမလဲ ခင်ဗျာ…” ထိုသူက ယဉ်ကျေးစွာ မေးပါသည်…
“ဘီစကွတ်တန်းဘက်က CCTV ကင်မရာကို စောစောက မိနစ် ၃၀ စာလောက်ပြန်ကြည့်ချင်လို့ပါ… ဒီလူ ကျမသူငယ်ချင်းကို molest လုပ်တာ မတောင်းပန်တဲ့ အပြင် ၀န်မခံလို့ စခန်းမှာ အမှုဖွင့်မလို့ပါ”…
ကိုရာဇာဆိုသူကတော့ ထိုသူဘက်လှည့်ကာ…
“ကဲပါဗျာ… ကြီးတဲ့ အမှုသေးအောင်… သေးတဲ့အမှု ပပျောက်အောင်… ခင်ဗျားတောင်းပန်လိုက်ပါဗျာ… မဟုတ်ရင် စခန်းရောက်ဘာရောက်နဲ့ အားလုံး အလုပ်ပျက်အကိုင်ပျက် ဖြစ်ကုန်မယ်”
အမှုဖွင့်မယ်ဆိုတဲ့ အသံကိုကြားတော့ ထိုသူ အတော်လန့်သွားပုံရသည်… မျက်နှာကို တဖက်သို့လွှဲကာ…
“Sorry… Sorry… “ သူ မပြောချင်ပြောချင်ဖြင့် တောင်းပန်သည်… ပြီးတော့ “မတော်တဆလေး ထိတာဖြစ်နေလိုက်တာ” ဆိုပြီး ပါးစပ်က ပွစိပွစိပြောသည်…
ထိုသူက ငြင်းနေသေးသည်ကို စိတ်ထဲတွင်မကျေနပ်ဖြစ်မိနေသေးသည်…
“ရှင်… မတော်တဆလား တမင်လား အားလုံးသိတယ်… မနက်စောစော လူက အရှင်းကြီး… လမ်းက အကျယ်ကြီး… မယုံရင် ကင်မရာထဲမှာ ပြန်ကြည့်ကြမယ်လေ…”
“ကဲပါ.. နွေနှင်းရယ်… ထားလိုက်ပါတော့… သူလဲတောင်းပန်ပြီးပြီပဲ…” ဖြူက အားနာစိတ် ရှက်စိတ်ဖြင့် ကျမလက်ကို ဆွဲကာ တားသည်…
မန်နေဂျာလိုလို ကိုရာဇာ ဆိုသူကလဲ “ဟုတ်ပါတယ်ဗျာ… ကျနော်လဲ ကြားထဲက တောင်းပန်ပါတယ်… ကင်မရာက ပြလို့တော့ရပါတယ်… အားလုံး အလုပ်တွေ ရှုပ်ကုန်မှာစိုးလို့ပါ… ခင်ဗျားကလဲ သေချာတောင်းပန်လိုက်… ပြီးဘာမှ မပြောနဲ့တော့ သွားတော့… စခန်းရောက်ရင် ခင်ဗျားပဲ ဒုက္ခရောက်မှာ…”
ကျမလဲ နာရီကို ကြည့်မိတော့ မောင်တို့အိမ်ကိုသွားရအုံးမည်… မောင်ပြောစရာရှိသည်ဆိုသောကြောင့် စိတ်လောနေသောနေ့မှ ဒီလိုဖြစ်ရသည်… အချိန်သိပ်မရှိတော့သဖြင့် ထိုသူ သက်သာရာရသွားသည်…
“ဒီတစ်ခေါက်တော့ ထားလိုက်ပါတော့… နောက်တစ်ခါဆို ရှင်မလွယ်ဘူးမှတ်”…
ထိုအချိန်က ရုံးခန်းတွင်းမှ ကျမတို့ ပြဿနာကို အကဲခပ်နေသော လူတစ်ယောက်ကိုတော့ ကျမ သတိမထားခဲ့မိပါ…
------------------------------ ။ --------------------------------------
ဖြူနှင့်လမ်းခွဲပြီး မောင်တို့အိမ်ဘက်သို့ ထွက်လာခဲ့သော်လည်း… ဖြူ့ဆီမှာ ကြားခဲ့ရသော စကားများကြောင့် စိုးထိတ် နေမိသည်…
“နွေနှင်း… နင်နဲ့ ငါက အခင်ဆုံးသူငယ်ချင်းတွေမို့ ငါပြောပြတာနော်… ငါ့ကို စိတ်တော့မဆိုးနဲ့… ဟိုနေ့က အောင်ခန့်ကို ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်တယ်… ရီလို့မောလို့… စာပုံနှိပ်တိုက်တစ်ခုက ထွက်လာတာ… ကောင်မလေးက ဟော့ရှော့လေး… အောင်ခန့် နင်နဲ့ မတွေ့တာလဲ ကြာပြီမှတ်လား… ဖွ.. လွဲပါစေနော်… မတော်….”
ဖြူ့အသံလေး တိမ်ဝင်သွားပြီး မျက်လုံး ပုတ်ခပ်ပုတ်ခပ်ဖြင့် ကျမကို အကဲခပ်ကြည့်နေသည်…
“အဟား… အဲဒါ သူ့ညီမ၀မ်းကွဲဖြစ်မှာပါ… နင်ကလဲ စိုးရိမ်တတ်လိုက်တာ… ငါနဲ့ မောင်က တက္ကသိုလ် စတတ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာ… တက္ကသိုလ်တလျှောက်လဲ တွဲလာတာ ၇ နှစ်တောင် ရှိတော့မှာ… သူငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး… “
အပြုံးဖြင့် ဘာမှ မဖြစ်သလို ဖြူ့ကိုပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ လေးပင်နေမိသည်…
“ဟုတ်ပါတယ်… မောင် ငါ့ကိုဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး… မောင့်ကို ငါမှ မယုံရင် ဘယ်သူယုံမလဲ”
ကိုယ့်ကိုကိုယ်အားပေးရင် ဖြူမသိအောင် သက်ပြင်းတစ်ခု ခိုးချလိုက်မိသည်…
မောင်တို့အိမ်ကိုရောက်တော့ မောင့်မေမေဆီက မလှိုက်လှဲသောအပြုံးတစ်ချက် ပစ်လွှတ်လိုက်သည်… မောင့်ဖေဖေကတော့ ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်မှ ထကာ အိပ်ခန်းထဲဝင်သွားသည်… မောင့်မေမေက အေးစက်စက်လေသံနဲ့
“ခဏထိုင်အုံး… သားရေချိုးနေတယ်…”
“ဟုတ်ကဲ့… ဒီမှာ အန်တီတို့စားဖို့ ၀ယ်လာတာပါ”
“အော်… ရပါတယ်အေ… ဒီလိုမုန့်ဗုံးမျိုးက အန်တီတို့အိမ်မှာမစားဘူးကွဲ့… နောက်မ၀ယ်လာနဲ့…ခုတော့ ကိစ္စမရှိပါဘူး… ဒေါ်ညိုတို့ စားဖို့ပေးလိုက်မယ်”... ပြောပြောဆိုဆို… “ဒေါ်ညိုရေ… ဒီမုန့်ဗုံးကို ရှင်တို့စားဖို့ယူသွားလိုက်”… ဒေါ်ကြီးညိုကတော့ ကျမမျက်နှာကြည့်လိုက် မောင့်မေမေမျက်နှာကြည့်လိုက်နှင့် ခါးလေးကျုံ့ကာ လာယူသွားလေသည်...
ယခု လပိုင်းအတွင်း ဆက်ဆံရေး တဟုန်ချင်းပြောင်းလဲသွားတဲ့ မောင့်မေမေရဲ့ အမူအရာတွေကို ကျမ နားမလည်နိုင်ဖြစ်ခဲ့ရတာ ကြာခဲ့ပါပြီ… ယခင်က ကျမအိမ်လာလျှင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်သော မောင့်မေမေ၏ ဆက်ဆံရေးစတင် တင်းမာနေခဲ့သည်မှာ လွန်ခဲ့သော ၆လလောက်ထည်းကပင်… ထိုစဉ်ထဲက မောင့်အိမ်သားများနှင့် မျက်နှာချင်းဆိုင်ခဲခဲ့သလို မောင်တို့အိမ်ကို ကျမအရောက်ကျဲဖြစ်ခဲ့သည်… မည်သည့်အကြောင်းပြချက်ကြောင့် မောင်တို့ အိမ်သားတွေ ကျမအပေါ်ဆက်ဆံရေး ပြောင်းလဲနေခြင်းကို ကျမသိချင်လှသော်လည်း မောင်စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မောင့်ကို မမေးဖြစ်ခဲ့ပါ… မောင့်ကို ချစ်လျှင် မောင့်ကို မွေးထုတ်ခဲ့သော မိဘ၂ပါးကို မေတ္တာထားကာ ရိုသေရမည်ဟုသာ စိတ်ထဲတွင် ယူဆထားသည်…
မောင်အခန်းထဲကထွက်လာတော့ ကျမကိုတစ်ချက် သူ့မေမေကိုတစ်ချက်ကြည့်ကာ…
“လာ… Snow သွားကြရအောင်… မေမေ ကျတော်တို့ သွားတော့မယ်နော်”
“အေး… သား… မေမေမှာထားတဲ့ကိစ္စမမေ့နဲ့နော်… ခု ရှုပ်မှ နောင်ရှင်း… အမြန်ရှင်းခဲ့” လေသံခပ်မာမာနှင့် ပြောရင်း ကျမကို တစ်ချက်လှမ်းကြည့်သည်…
မောင်လဲ သက်ပြင်းတစ်ခု သဲ့သဲ့ချကာ ကျမကို မျက်လုံးပင့်ကြည့်ရင်း… “လာ… သွားကြရအောင်…”
ကျမလဲ မောင့်နောက်ကို ဘုမသိဘမသိဆင်းလိုက်ခဲ့မိသည်… မောင့်မေမေ ဘာကိစ္စခိုင်းထားသလဲ ဆိုတာကိုတော့ နောက်မောင်ပြောပြမှာပဲ ဆိုကာ ရှည်ရှည်ဝေးဝေးမေးမနေတော့…
--------------------------- ၊ ---------------------------
ဆက်ရန်/---
ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၂)…
အင်းလျားကန် ရေပြင်က ယခင်ကထက်ပို ငြိမ်သက်နေသယောင်... ကျယ်ပြန့်လှသော ကန်ရေပြင်ပေါ်တွင် ရွက်လှေတစ်စီးသာ ငြိမ်သက်စွာ လေ့ကျင့်ခရီးနှင်နေသည်... လေအဝေ့မှာ ကြွေကျလာတဲ့ သစ်ရွက်ခြောက်တစ်ချို့က ကုန်းပေါ် သို့တစ်ဝက်... ကန်ထဲသို့ တစ်ဝက် ကြွေလွင့်မျောပါနေကြသည်... ဥသြကလဲ ဆွေးဆွေးမြည့်မြည့် နွေဦးတေးကို တစ်ကိုယ်တည်း သီကြူးနေလေသည်... အရာရာဟာ ယခင်ထက်ပိုမို ငြိမ်သက်နေသယောင်... မောင့်မျက်လုံးတွေကတော့ ငြိမ်သက်ခြင်းမရှိ... ကန်ထဲက ရွက်လှေကို လှမ်းကြည့်သည်... တလွင့်လွင့်ကြွေနေသော သစ်ရွက်ခြောက်တွေကို ကြည့်သည်... ကျမနှင့် ဆန့်ကျင်ဘက်အရပ်ကို ရည်ရွယ်ချက်မဲ့ငေးကြည့်သည်... သေချာတာတော့ မောင့်မျက်လုံးတွေဟာ မောင်ပြောမည့်စကားကို အလေးတယူ စောင့်စားနေသော ကျမမျက်လုံးတွေနဲ့တော့ တစ်ချက်မှ မဆုံပါ...
"မောင် ဘာပြောစရာရှိလို့လဲ... ပြောလေ"...
မောင့်ဆီက တော်တော်ကြာကြာ စကားသံပြန်မလာ... မျက်လုံးအစုံကသာ အဝေးတစ်နေရာမှ မခွာတော့... ကျမ မောင့်မျက်လုံးတွေထဲကို သေချာကြည့်လိုက်တော့ မျက်ရည်ဥတို့ ဝဲကျမတတ်...
"ဟင်... မောင်... ဘာဖြစ်လို့လဲ... အို... စိတ်ပူလိုက်တာ... တစ်ခုခုဆိုလဲ ပြောပါမောင်ရယ်... Snow တို့တူတူ ဖြေရှင်းကြတာပေါ့..."
မောင်ဟာ အရင်ထဲက စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်မဟုတ်လှ... သူငယ်ချင်း အပေါင်းအသင်းအလိုက် အရောင်ပြောင်းတတ်သူ... သူ့အမေရဲ့ ချယ်လှယ်မှု လောင်းရိပ်အောက်က မလွတ်မြောက်နိုင်သူ... မောင့်စိတ်ကြိုက် အသေအချာ ရွေးချယ်ခဲ့တာ ဟူ၍ ကျမတစ်ယောက်ထည်းသာရှိသည်... ကျမလို ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုဖို့ ခွန်အားတွေပေးခဲ့တဲ့ မောင့်အချစ်ကို ကျမ အကြွင်းမဲ့ ယုံကြည်ခဲ့သည်...
သူ အသင့်ယူလာသော ဖိတ်စာလေး တစ်စောင်ကို ဖြေးညင်းစွာထုတ်ရင်း ကျမထံသို့ ပေးသည်...
"အဲဒါ ဘာလဲမောင်... ဘယ်သူ့ဖိတ်စာလဲ..." ကျမလဲ စိတ်လှုပ်ရှားစွာ ဖွင့်ဖတ်ကြည့်မိသည်...
နှစ်ဘက်သော မိဘများ အမှူးထား၍ စေ့စပ်ကြောင်းလမ်းခြင်း ဖိတ်ကြားလွှာ... ဦးအောင်သက်... ဒေါ်ဥမ္မာလွင်တို့၏ သား မောင်အောင်ခန့် နှင့် ဦးဗစ်တာ ဒေါ်ဘေဘီတို့ ၏ သမီး မရိုစီ........ ကျမ မျက်လုံးတွေကို ကျမ မယုံကြည်နိုင်အောင်ဖြစ်မိသည်... ရင်ထဲစို့နင့်လာတာနဲ့ အမျှ နှလုံးသားက စူးနစ်နေသည်.... ဒါ အမှန်မဟုတ်နိုင်ဘူး... မောင်နောက်နေတာဖြစ်မယ်...
"ဟင်... ဒါဘာလဲမောင်... နောက်နေတာလား... သတို့သမီး နာမည် မှားနေတယ်လေ... အဲလောက်တော့ မနောက်သင့်ဘူးမောင်... Snow စိတ်စိုးမိမယ်..."
မောင် မျက်လုံးများကို မှိတ်လိုက်စဉ် ပါးပြင်ပေါ်သို့ သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာသည်... ထို့နောက် မောင် ခေါင်းခါကာ....
"မဟုတ်ဘူး... Snow ... နောက်နေတာ မဟုတ်ဘူး... မောင့်ကို အိမ်က ရိုစီနဲ့ သဘောတူ ပေးစားတော့မယ်... "
" ဟာ... မောင်နဲ့ Snow နဲ့ ချစ်သူတွေ ဆိုတာ မောင့်အိမ်ကလဲ သိသလို... Snow အိမ်ကလဲ သိတယ်လေ... ၇ နှစ်လုံးလုံး အတူတူ မခွဲတွဲခဲ့ကြတာ... ပတ်ဝန်းကျင်ကလဲ အသိလေ... မောင့်မိဘတွေက ဘာလို့... ဘာလို့...."
မေးခွန်းပေါင်းများစွာခေါင်းထဲရောက်နေပင်မဲ့ နှုတ်ကတော့ ဆွံအနေခဲ့သည်... စကားလုံးတွေက ရင်ဘတ်တစ်နေရာအရောက်မှာ တစ်စုံတစ်ခုကြောင့် တစ်စို့နေရင်း အပြင်ထိ ပွင့်အံခွင့်မရနိုင်....
"မောင့် မိဘတွေ စီးပွားရေး အခြေအနေ သိပ်မကောင်းဘူး Snow... ရိုစီတို့ မိဘတွေဆီမှာလဲ အကြွေးမကင်းဘူး... စီးပွားရေးစပ်တူတွေမှာလဲ သူတို့ဆီက အကူအညီတွေ အများကြီးလိုတယ်... မောင့်မေမေက မောင့်ကို ရိုစီနဲ့ နေရာချပေးချင်တာ ကြာပြီ... ခုတော့ သူတို့ဘက်ကလဲ သဘောတူတော့ မောင်ဘယ်လိုမှ မတတ်နိုင်ဘူး... Snow တို့ မိဘတွေ စီးပွားရေး ကျလာတာလဲ မောင့် မိဘတွေက သတိထားမိတယ်... မောင်တို့ အိမ် ဆက်ပြီးရပ်တည်ဖို့က ရိုစီကို မောင်လက်ထပ်မှ ဖြစ်မယ်..."
"မောင်ရယ်... မောင်ပဲ Snow ကို ချစ်တယ်ဆို... Snow နဲ့ဆို ဒုက္ခတွေ အားလုံးကို ရင်ဆိုင်နိုင်တယ်ဆို... Snow တို့ ၂အိမ် စီးပွားရေး ကျတယ်ဆိုပင်မဲ့... စားစရာမရှိလောက်အောင် မဆင်းရဲသေးပါဘူး မောင်ရယ်... ဂုဏ်ပကာသနတွေ မလိုပါဘူး... အဓိကက ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်လျှောက်လက်တွဲဖို့ပဲ မှတ်လား... ဒါမှ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ထူထောင်နိုင်မှာပေါ့... ငွေရေးကြေးရေးအတွက်က မောင်နဲ့Snow တူတူကြိုးစား ရုန်းကန်ရင် ဖြစ်ပါတယ်... မောင် သတ္တိရှိစမ်းပါ..."
မျက်ရည်များကို အတတ်နိုင်ဆုံး မျက်တောင်ခတ်၍ထိန်းကာ အတတ်နိုင်ဆုံး ပြုံး၍ပြောနေသော်လည်း... ကျမ အသံကတော့ နာကျင် အက်ကွဲလျှက်...
မောင် မျက်ရည်များကို သုတ်လျက် ကျမကိုလှည့်ကြည့်ကာ ....
" ချစ်သူတွေ ဘယ်လောက်ပဲ ချစ်ချစ် ဖူးစာဆုံမှ ပေါင်းကြရတယ် Snow... မောင်နဲ့ စနိုးပေါင်းဖို့ ကံကြမ္မာက မျက်နှာသာမပေးဖူး... မောင့်မိဘရဲ့ သဘောကို လွန်ဆန်ပြီး လုပ်ဖို့ မောင့်မှာ သတ္တိမရှိတဲ့ အတွက် ခွင့်လွှတ်ပါ... မောင်မရှိလဲ စနိုး အဆင်ပြေမှာပါ..."
မောင်မရှိရင် ကျမ အဆင်ပြေမပြေဆိုတာ ကျမကိုယ်ကျမတောင် မသိတာ မောင်က ကြိုတင် ဆုံးဖြတ်ပေးပြီးလို့ရလား... မောင့်စိတ်ထဲမှာ ကျမနဲ့ပေါင်းစည်းဖို့ ကြိုးစားပေးချင်စိတ်လေးတောင် တစ်ကြိမ်တစ်ခါ စဉ်းစားပေးဖူးပုံမရ... ကျမဘာများ အမှားလုပ်ခဲ့မိသလဲ... မောင်နဲ့ မောင့်မိသားစုအပေါ် ဘာများ ပျက်ကွက်ခဲ့မိသလဲ... တစ်ခါတစ်လေ ပျော့ညံ့တတ်တဲ့ မောင့်ကို အားမရလို့ ပြောမိတာတွေက မောင့်အချစ်ကို လျော့စေခဲ့တာလား... ခုလဲ မောင့်ကို ရိုက်ပုတ်ပြီး အပြစ်တင် ငိုကျွေးလိုက်ချင်တယ်... ဒါပေမဲ့ ကျမအဲလို ဆိုးဖို့တောင် ခွန်အားမရှိတော့ဘူး... ဖူးစာဆုံမှ ပေါင်းရတယ်တဲ့လား... ကျမအတွက်တော့ ဖူးစာဆုံရုံနဲ့မလုံလောက်ဘူး... ဖူးစာလည်းဆုံ ရင်လဲခုန်မှ ပေါင်းချင်တယ်... ရင်ထဲက ရှိသမျှတွေ ပုံအောပြောလိုက်ချင်ပင်မဲ့ ဒီကိစ္စမျိုး အတွေ့အကြုံမရှိဘူးတဲ့ ကျမ... တစ်ခါမှ ကြုံလိမ့်မယ်လို့ မတွေးထားမိတဲ့ ကျမ... မျက်ရည်ကလွဲလို့ ဘာမှ မပွင့်အံရဲခဲ့ပါ...
အင်းယားကန်ရေပြင်ကြီးကလဲ ညိမ်သက်ဆဲ... ရွက်လှေလေးကလဲ ရွက်လွှင့်ဆဲ... ဥသြကလဲ တစာစာ သီကြူးဆဲ... ကျမရင်ထဲက နှလုံးသွေးတွေကတော့ မျက်ရည်အဖြစ် တသွင်သွင်စီးဆင်းဆဲ...
--------------------------------- ။ ----------------------------------
သုတ်သုတ်ပြာပြာဖြင့် ဖြူဆိုင်ထဲကို ၀င်လာသည်... ဟိုဟိုဒီဒီကို ကြည့်ကာ ကျမထိုင်နေသော ဆိုင်ထောင့်ရှိ စားပွဲသို့ စိုးရိမ်သော မျက်နှာဖြင့် လျှောက်လှမ်းလာသည်...
"သူငယ်ချင်း... ဘာတွေဖြစ်တာလဲ... ပြောစမ်းပါအုံးဟယ်... ငါစိတ်ပူလိုက်တာ..." မျက်ခုံးများကို ကြုံ့ ၍ စိုးရိမ်သော အမူအရာဖြင့် ကျမကို အကဲခပ်ကာမေးသည်...
"ဖြူ... ငါဘာလုပ်ရမလဲဟင်... ?" ဖြူရောက်လာမှ အတတ်နိုင်ဆုံး ထိမ်းထားသော မျက်ဝန်းမှ မျက်ရည်များ ဆည်ကျိုးသကဲ့သို့ ထိမ်းမနိုင် သိမ်းမရ ထွက်ကျလာသည်... အတွေးပေါင်းများစွာ စဉ်းစားခဲ့သော်လည်း... ဘာဆက်လုပ်ရမည်ကို ကျမတကယ်ပင် မသိတော့ပါ... ယခင်က ဆက်ရမဲ့ ကျမဘ၀ခရီးလမ်းတွေကို မောင်နဲ့အတူ ဖြတ်သန်းဖို့ အစီအစဉ်သေချာရေးဆွဲခဲ့သည်... နောင်ဆက်လုပ်မည့် ကျမဘ၀ခရီးစဉ်တိုင်းတွင် မောင်ပါသည်... မောင့်အတွက်ပါ ထည့်စဉ်းစားခဲ့သည်... ခုတော့ ကျမရဲ့စီမံကိန်းတွေအားလုံးကို ၁က ပြန်စရတော့မည်... တစ်ကြိမ်တစ်ခါမှ မောင်မရှိခဲ့လျှင်ဆိုပြီး မစဉ်းစားခဲ့သော ကျမအတွက် နောက်ထပ် Back up Plan ဆိုတာ အိမ်မက်တောင် မမက်ဖူးပါ... ယခုထက်ထိလဲ မောင်မရှိလျှင် ဘာလုပ်ရမလဲဟု စဉ်းစားမိနေခြင်းမဟုတ်ပါ... မောင်နဲ့ မခွဲရအောင် ဘာလုပ်ရမလဲဟု စဉ်းစားမိနေခြင်းသာဖြစ်ပါသည်...
"နွေနှင်းရယ်... ဘာတွေဖြစ်လို့လဲ... ငါ့ကို သေချာပြောပါ... မငိုနဲ့တော့နော်... မနက်ကမှ အကောင်းပါ... ငါ့ကို အေးအေးဆေးဆေးပြောပြနော်... အအေးသောက်လိုက်... "
ဖြူသည် ကျမဘာပြဿနာဖြစ်ဖြစ် နားထောင်ပေးနေကျ အကြံပေးနေကျ ကျမနဲ့ ထပ်တူခံစားပေးနေကျ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်... ကျမ တချို့ အိမ်သားများပါ တိုင်ပင်ဖို့ ခက်သော ကိစ္စများတွင် သူမကို ကျမ ဦးဆုံး သတိတယတိုင်ပင်တတ်သူ...
"မောင်... မောင်လေ... ဟင့်... ဟင့်..." ကျမအသံများတုန်ယင်နေသလို... မည်သို့သော စကားလုံးမျိုးကို ရှာကာ ဖြူ့ကို ပြောပြရမည်မသိ... စကားလုံးတိုင်းက ကျမ လက်မခံချင်သော ကျမနှုတ်က မထွက်ချင်သော စကားလုံးများပင်....
ဖြူ ကျမကို ကြည့်လျက် သက်ပြင်းတစ်ချက်ကို ပင့်သက်လိုက်သည်...
"ငါသဘောပေါက်ပြီ သူငယ်ချင်း... အမှန်တော့ ငါရိပ်မိနေပါတယ်... နင်စိတ်မကောင်းမှာစိုးလို့မပြောတာ... ဟိုနေ့က ငါတွေ့လိုက်တယ်ဆိုတာ သူတို့၂ယောက်ကို စာပုံနှိပ်တိုက်တစ်ခုကနေ လက်ချိတ်ပြီး ထွက်လာတာကို မြင်လိုက်တာ... ထားလိုက်ပါတော့... နင် သိပ်စိတ်မကောင်းဖြစ်မနေနဲ့... ဒီအချိန်မှာ နင်ခံစားရမယ်ဆိုတာ သိပေမဲ့ ငါလဲ ဘာလိုပြောရမှန်းမသိတော့ဘူး..." မျက်နှာကို ကျုံ့ကာ ဖြူလဲ သက်ပြင်းတစ်ချက်ကို ထပ်ချရင်း ကျမပုခုံးကို ကိုင်ကာ အားပေးသည်...
"ဖြူ... လူဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြတာပါပဲ... မောင်က နဲနဲပျော့လို့ သူ့မေမေကို မလွန်ဆန်နိုင်တာပါ... မောင်က နီးစပ်ရာ စကားကို နားထောင်တတ်တယ်... ငါမောင့်ကို ထပ်ပြောကြည့်မယ်... ငါသူ့ကို ခွင့်လွှတ်ပါတယ်... သူလဲ ငါ့ကို မခွဲချင်ပါဘူး... သူ့မိသားစုအရေးကြောင့် ဒီလိုလုပ်ရတာ... ငါသူနဲ့ သေချာ တိုင်ပင်ပြီး ရှေ့ဆက်ဖို့ ဘာတွေလုပ်မယ်ဆိုတာ ပြောမယ်... ငါ့ကို ပြောတုန်းက သူလဲ ငိုနေတယ်... သူငါ့ကို ချစ်ပါသေးတယ်... ငါပြောလို့ ရအုံးမှာပါ... ဟုတ်တယ်မှတ်လား ဖြူ... ဟုတ်တယ်မှတ်လား" ပြောပြောဆိုဆို ဖြူ့ဆီမှ ထောက်ခံစကားကို မျှော်လင့်တကြီး တောင့်တမိသည်... ဖြူ့မျက်လုံးများကို ကြည့်လိုက်တော့... စိတ်မကောင်းခြင်း... အားမရခြင်း... ဂရုဏာဒေါသောများဖြင့် ကျမကို စိတ်ပျက်လက်ပျက် ကြည့်လျက်...
"သူငယ်ချင်းရယ်... စိတ်ကို ငြိမ်ငြိမ်ထားပြီး သေချာစဉ်းစားပါအုံး... ဒီအမှန်တရားက နင့်အတွက်လက်ခံရခက်မှန်းသိတယ်... ဒါပေမဲ့ နင့်မာနတွေဘယ်ရောက်ကုန်ပြီလဲ... နင့် အိမ်သားတွေရော သိပြီးပြီလား... ဦးနဲ့ အန်တီ သိရင်တော့ ဒေါသလဲထွက် စိတ်မကောင်းလဲဖြစ်မှာ... "
"ဟင့်အင်း... ငါ့ အိမ်သားတွေကို မပြောပြနဲ့အုံးနော်.. ငါ့ဖေဖေသိရင် မိုးမီးလောင်မှာ... သူနဲ့ငါနဲ့ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး... ငါ ကြိုးစားကြည့်ချင်သေးတယ်... အဲဒါမှ နောက်ပြန်စဉ်းစားတိုင်း ငါဘယ်တော့မှ နောင်တမရမှာ... အနည်းဆုံးငါ့ကို နင်ဒါလေးတော့ အားပေးပါဟာ နော်..." ဟုတ်ပါတယ်... ကျမ စခဲ့တဲ့ relationship တစ်ခုကို ကျမ ဒီလို လွယ်လွယ်နဲ့တော့ အပြတ်မခံချင်ပါ... မောင်ကလဲ ကျမကို ချစ်နေသေးသည်ဆိုတာကို ကျမ ယုံကြည်သည်... ချစ်သူ ၂ဦး ချစ်လျက်နှင့် ဝေးကွာရမည်ဆိုသည်ကို ကျမဘယ်လိုမှ လက်မခံနိုင်... ဒီတစ်ခေါက်တော့ ကျမ မာနတွေကို ဘေးချိတ်ကာ ထပ်ကြိုးစားကြည့်ချင်သည်... ကျမ အစွမ်းကုန်မကြိုးစားခဲ့ပဲ နောင်တစ်ချိန်မှ နောင်တမရချင်...
ဖြူ သက်ပြင်းတစ်ချက်ကိုသာ ထပ်ချလျက် " အင်း... ဒါဆိုရင်လဲ နင့်သဘောပါဟာ... ဒါပေမဲ့ ဖြစ်မလာခဲ့ရင်လဲ နင် အရမ်းမခံစားနဲ့နော်... ကဲပါ လောလောဆယ်တော့ နင်လဲ ပင်ပန်းနေပြီ... နင့်ကို အိမ်လိုက်ပို့ပေးမယ်... နားလိုက်တော့ နောက်နေ့မှ သူနဲ့တွေ့... ငါလဲ အဖော်လိုက်ပေးမယ်..."
ဆိုင်ထဲကထွက်လာကာ တိုက်စီများရပ်ထားရာ နေရာသို့ ဖြူ ကျမရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်... ကျမအတွက်ကတော့ ခြေလှမ်းတိုင်းဟာ လေးလံလွန်းလှပါတယ်... ဖြူကားသမားများနှင့် စကားပြောရာဘက်ကို လှမ်းအကြည့်... တဘက်ကားလမ်းပေါ်သို့ မတော်တဆ ကျမ မျက်လုံးများ ဖြတ်ပြေးသွားသည်...
ရုပ်ပုံလွှာတစ်ခု... ကျမ အရင်းနှီးဆုံး ရုပ်ပုံလွှာပိုင်ရှင်... သူ့မျက်နှာပေါ်မှာတော့ ကြည်ရွှင်တဲ့ အပြုံးတွေ... မသေချာမှာစိုးလို့ မျက်ရည်ဝိုင်းတွေနဲ့ေ၀၀ါးနေတဲ့ အကြည့်ကို ပွတ်ကြည့်မိတယ်... သူရယ်လေ... မနက်က အ၀တ်အစားအတိုင်းပါပဲ... ပြောင်းသွားတာကတော့ သူ့နံဘေးက မိန်းကလေးနဲ့ သူ့မျက်နှာပေါ်က အပြုံးတွေပေါ့... လက်ထဲတွင်လဲ ထိုမိန်းကလေးရဲ့အထုတ်အပိုးတွေ ကို ကိုင်ပေးလို့...
"မောင်.... " ကျမ နှုတ်ခမ်းမှ ခပ်တိုးတိုး စတင်ရေရွတ်မိသည်... ထို့နောက် ...
"မောင်.... !!!!!!!!!!!" ကျမ မောင့်ကို လှမ်းခေါ်သော်လည်း မောင်မကြား... ထိုမိန်းကလေးနှင့် လက်ချင်းယှက်ကာ ကြည်နူးနေသည်... ကျမ တခြားဘာကိုမှ မမြင်တော့ မောင့်ကို မျက်နှာချင်းဆိုင်၍သာ မေးလိုက်ချင်သည်... ခြေလှမ်းတွေက မောင့်ဘက်ကို အလိုလို ဆွဲခေါ်နေသည်...
"နွေနှင်း... သတိထား... ကားလာနေတယ်!!!!!!!...." အဝေးမှ စိုးရိမ်တကြီး သတိပေးသံအဆုံးတွင်တော့...
ကျွိ............
ကားဆက်ကို အရှိန်မှီသတ်လိုက်နိုင်သော်လည်း နွေနှင်း ကားရှေ့တွင် ပုံလျက်သားကျသွားသည်... ဖြူ စိုးရိမ်တကြီး ပြေးလာပြီး ကျမကိုစကားတွေပြောနေသည်... ကျမဘာဖြစ်သွားသေးလဲ မေးတာဖြစ်မည်... ကျမဘာမှ မဖြစ်ပါဘူး... ကားပေါ်မှ ကားမောင်းသူလဲ အတော်လေး လန့်သွားပုံရသည်... နောက်မှ တဖြည်းဖြည်း ကားပေါ်မှ အံ့သြသည့် အကြည့်ဖြင့် ဆင်းလာသည့် သန့်သန့်ပြန့်ပြန့်လူရွယ်တစ်ဦး...
ကျမဦးခေါင်းကတော့ တဘက်ကားလမ်းရှိ မောင့်ကို ရှာကြည့်နေဆဲ... ကျမ မောင့်ဆီသွားရမည်... မောင်....
"ဖြူ ငါမောင့်ကိုတွေ့လိုက်တယ်.. ငါ မောင့်ဆီသွားမလို့..." ကျမ ကြိုးစားပြီးထလိုက်စဉ် ကမ္ဘာကြီး တစ်ခုလုံး ခြာခြာလည်ကာ အမှောင်အတိဖုံးသွားသည်....
မောင်ရေ... ကျမပြန်နိုးထလာတဲ့ အချိန်မှာ ဒါတွေဟာ အိပ်မက်တွေသာ ဖြစ်ပါစေနော်...
--------------------------------- ။ ----------------------------------------
ဆက်ရန်/....
P.S... All the photos credits goes to Google.
ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၄)…
"စိုးရိမ်စရာမရှိပါဘူး... အားနည်းပြီး... စိတ်ဖိစီးမှု တစ်ခုခုကြောင့်ခုလိုဖြစ်သွားတာပါ... သူ့ကို ခုခဏအိပ်ဆေးပေးထားတယ်... သူအိပ်နေတာပါ... ခဏနေ နိုးလာပါလိမ့်မယ်... လူရော စိတ်ရော ကောင်းကောင်းအနားယူဖို့တော့ လိုအပ်ပါတယ်..."
တာဝန်ကျဆရာဝန်က လိုအပ်သည်များကို စမ်းသပ်ပြီးသောအခါ.. သီရိဖြူနှင့် မင်းထက်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်မှ အားလုံး စိတ်အေးသွားရသည်...
"အင်း... သူငယ်ချင်းရယ် ဖြစ်ရလေ... ဒါတွေအားလုံး ဟိုကောင့်ကြောင့်... မတန်လိုက်တာ နော်..." သီရိဖြူ သူငယ်ချင်းအကြောင်းကို ဂရုဏာဒေါသဖြင့် ပြောလိုက်ပြီးမှ သူစိမ်းရှိမှန်း သတိထားမိသွားကာ စကားကို မဆက်တော့...
မင်းထက်ပိုင်လဲ အခြေအနေ စိတ်အေးရပြီဆိုသောကြောင့် အရေးကြီး မီတင်ကို သွားဖို့ဟန်ပြင်လိုက်သည်... ရာဇာ သုတ်သုတ်ပြာပြာဖြင့် ဆေးရုံကို ၀င်လာတာတွေ့လိုက်သဖြင့် မင်းထက်ပိုင် လက်လှမ်းပြကာ ရာဇာအနားသို့ လျှောက်သွားလိုက်သည်... ထို့နောက်...
"မင်းလာတာကို စောင့်နေတာ... ငါ ရစ်ချက်နဲ့ တွေ့ဖို့ မီတင်း အမှီပြေးရအုံးမယ်... လူနာအခြေအနေလဲ မစိုးရိမ်ရဘူးလို့ပြောတယ်... ကားကြောင့် ဖြစ်တာ မဟုတ်ပင်မဲ့ ခုကျတဲ့ Bill ကိုတော့ ရှင်းပေးလိုက်ကွာ... သူ သတိရလာတဲ့ အထိတော့ မင်းစောင့်ကြည့်လိုက်... ဘာပဲပြောပြော လူမှုရေးအရတော့ ငါတို့မှာ တာဝန်ရှိတယ်... ပြီးတော့ မိန်းကလေး ၂ယောက်တည်း... သူ့မိသားစုဝင်တွေတော့ ဖုန်းဆက်ထားတယ်ပြောတယ်... မကြာခင်လာလိမ့်မယ်..."
" အေးပါကွာ... အေးပါ... ငါ ဒါတွေ သိပါတယ်... အေးဆေး... မီတင်းသာ မင်း စိတ်အေးအေးသွား" ကိစ္စတစ်ခုကို စေ့စပ်သေချာအောင် လုပ်တတ်သော မင်းထက်ပိုင်၏ အမှာကို ရာဇာ ဖြတ်ပြောလိုက်သည်... လူမှုရေးကိစ္စတွင် ရာဇာသည် မင်းထက်ပိုင်ထက် ပို၍ အကင်းပါးသူဖြစ်သည်... ယခင်ကလဲ ယခုလို ကိစ္စမျိုးဆို ရာဇာ အဆင်ပြေစွာ ဖြေရှင်းပေးနေကျပင်... ယခုမှ မင်းထက်ပိုင် ခါတိုင်းထက်ပို မှာကြားနေတာကို ရာဇာ နားမလည်နိုင်ဖြစ်ရသည်...
ထိုအခါမှ မင်းထက်ပိုင်တစ်ယောက် " အင်း... အင်း... ဒါဆိုလဲ သွားပြီ" ဆိုပြီ ထွက်သွားခဲ့သည်... ရာဇာ လူနာရှိရာ ကုတင်ကို ကြည့်လိုက်တော့....
"ဟင်... မနက်က မိန်းကလေးပဲ"... မိန်းကလေးများကို တစ်ခါမြင်ပြီး မှတ်မိတတ်သော ရာဇာ၏ ညင်လေးအတိုင်းပင် သီရိဖြူကို မြင်မြင်ချင်းမှတ်မိလိုက်ပါသည်...
သီရိဖြူအနားသို့ လျှောက်သွားပြီး... "ကျွန်တော့်နာမည် ရာဇာပါ... သူဋ္ဌေးက အရေးကြီး ကိစ္စရှိလို့... ကျွန်တော် သူဋ္ဌေးကိုယ်စားလာတာပါ... ဆေးရုံစားရိတ်ကို ကျွန်တော်တို့ဘက်ကပဲ ပေးလိုက်ပါ့မယ်..." မိမိကိုယ်ကို အချိုသာဆုံးမိတ်ဆက်ပြီး ကိုယ့်ဘက်က လုပ်ပေးနိုင်သလောက်ကို ကမ်းလှမ်းလိုက်သည်..
သီရိဖြူက... "အော်.. ရပါတယ်... ကျွန်မသူငယ်ချင်းက ကားကြောင့်ဖြစ်တာမဟုတ်ပါဘူး... ကိစ္စမရှိပါဘူး... ကျွန်မတို့ပဲ ပေးလိုက်ပါ့မယ်..." လို့ အားနာစွာ သုတ်သုတ်ပြာပြာ ပြန်ပြောရှာသည်...
ရာဇာက လက်ကာလိုက်ကာ.. " မဟုတ်ဘူး... ကျွန်တော်ရှင်းပြီးသွားပြီ ခင်ဗျ..."
"ဟောဒီက အစ်မ....." ဆိုကာ လူနာကို လက်ညှိုးထိုးပြလိုက်တော့.. သီရိဖြူက... "သူက နွေနှင်းပါ... " ..
"ဒါဆို ဒီကရော..." ရာဇာက သီရိဖြူ မျက်လုံးကို အကြည့်နက်နက်များဖြင့် စိုက်ကြည့်ကာ ပြုံး၍ မေးလိုက်သည်... မိန်းကလေးတွေ့လျှင် ရှိရင်းစွဲ ဇ က သူ့အလိုလိုကို ပြချင်နေသည်...
"အော်.. ကျွန်မက သီရိဖြူပါ"... စိုက်ကြည့်နေသော မျက်လုံးများကို သီရိဖြူ ရှက်ရှက်နှင့် မျက်နှာလေး လွှဲကာ ဖြေလိုက်သည်...
"အော်... ဟုတ်ကဲ့... သူဋ္ဌေးက မနွေနှင်း သတိမရမချင်း စောင့်ပေးဖို့ မှာခဲ့ပါတယ်... ဆေးရုံမှာ မသီရိဖြူ မိန်းကလေးတစ်ယောက်တည်း မထားခဲ့သင့်ဘူးလို့လဲ ထင်တယ်လေ.. ကျွန်တော်စောင့်ပေးပါ့မယ်.. ကိစ္စမရှိပါဘူး... အားမနာပါနဲ့" မင်းထက်ပိုင် မှာခဲ့သမျှကို ရာဇာတစ်ယောက် မိန်းကလေးတွေမို့ လိုတာထက်ပိုပြီး တာဝန်ကျေချင်နေသည်...
---------------------------- ။ ------------------------------------
ရာဇာ၏ စမပ်ကျကျ ၀တ်စားဆင်ယင်တတ်မှု ကျော့ကော့နေအောင် Gel တင်ထားသော ဆံပင်ပုံဆံ... အရပ်အမောင်းကောင်းကောင်း အသားညိုညိုနှင့် ဆွဲဆောင်မှုရှိသော ယောကျာင်္းတစ်ယောက်မို့ မိန်းကလေးတိုင်းက သတိထားမိတတ်ကြ မျက်စပြစ်တတ်စမြဲဖြစ်သည်...
ဟိုဘက်လူနာကုတင်ကို ဒရစ်လာသွင်းပေးသော သူနာပြုဆရာမလေးနှင့် မျက်လုံးချင်းဆုံကာ သူနာပြုဆရာမလေးက ပြုံးပြ အထာပေးသွားသောကြောင့် ရာဇာတစ်ယောက် ခပ်တည်တည်ထိုင်နေသော်လည်း မျက်လုံးချင်းစကားပြောလိုက်သည်ကို သူငယ်ချင်းအတွက် အစိုးရိမ်ပိုနေသော သီရိဖြူကတော့ သတိမထားမိလိုက်ပါ...
တခဏကြာတော့ "အော်... ကျွန်တော် လူနာနိုးလာရင် သောက်ဖို့ မသီရိဖြူအတွက်ပါ အအေးလေး ဘာလေး သွားဝယ်လိုက်မယ်နော်... မသီရိဖြူ ဒီမှာတစ်ယောက်တည်း ဖြစ်တယ်မှတ်လား..."
"အော်.. ကိုရာဇာရယ်... အားနာစရာကြီး... ဒါပေမဲ့ သူနိုးလာရင် ရေတော့ တောင်းမယ်ထင်တယ်... ကျေးဇူးအများကြီးတင်ပါတယ်နော်..." သီရိဖြူ အားနာ ကျေးဇူးတင်စကားပြောလိုက်သည်... သူမစိတ်ထဲမှာတော့... "အော်... ကံကောင်းလိုက်တာ.. ဒီလို လူကောင်းတွေနဲ့ တွေ့လို့... တော်တော် စိတ်ထားပြည့်ဝတဲ့ သူပဲ..." လို့ ကြိတ်၍ ချီးကျူးမိလိုက်ရင်း စောစောက အကြည့်နက်နက်များကို သတိရကာ သူမ မျက်နှာပေါ်တွင် ရှက်ယောင်လေးသန်းသွားခဲ့သည်...
ရာဇာတစ်ယောက် ဆေးရုံဟောခန်းအတိုင်းလျှောက်လာရင်း စောစောက မျက်စပြစ်သွားသော သူနာပြုဆရာမနောက်ကို ခပ်သုတ်သုတ်လေး လိုက်သွားလေတော့သည်...
အချိန်အနည်းငယ်ကြာသည်အထိ ရာဇာကပြန်မလာ... ဖြူအပေါ့အပါးသွားချင်သောကြောင့် တလှည့် စောင့်ပေးဖို့ သူ့ကို မျှော်နေခြင်းဖြစ်သည်... သို့သော် မလာ မလာမို့... နောက်ဆုံး ဆရာမတစ်ယောက်ကို ခဏလေး အပ်ကာ အမြန်ပြန်လာပါ့မည်ဟုဆိုပြီး ဖြူ ပြေးထွက်လာခဲ့သည်... အပေါ့သွားပြီး ပြန်ထွက်အလာ သူနာပြုဆရာမနားနေခန်းက အဖြတ် ရယ်သံလွင့်လွင့်တွေကြားတော့ မတော်တဆ မျက်လုံးက ထိုနေရာရောက်သွားတော့မှ... အကြည်ဆိုက်သလိုလို ရိုးရိုးစကားပြောသလိုလို... ၂ယောက်သား လိုတာထက်ပိုမိုနီးကပ်စွာရပ်ပြီး ရယ်မောနေသော ရာဇာနှင့် သူနာပြုဆရာမလေးတစ်ယောက်ကို တွေ့လိုက်သည်...
"ဟင်... ဘယ်လိုလူပါလိမ့်........... ပုံစံကြည့်တော့ မထင်ရဘူး... လူရှုပ်လူပွေပဲ... " ဆိုပြီး ဖြူ့ စိတ်ထဲတွင် ကောက်ချက်ချမိသည်... သို့သော် ဘာအတွက် ဖြူ ဒေါသစိတ်ကလေးဖြစ်သွားမိသည်တော့ မသိ... "အော်.. ငါဘာဖြစ်နေတာပါလိမ့်... ငါနဲ့မှ မဆိုင်တာ..."....
------------------------------------- ။ ----------------------------------------
ဖြူပြန်ရောက်ပြီး မကြာမီပင် ရာဇာ အအေးများ စားစရာများဖြင့် ရောက်လာပြီး... "ဆော်ရီးဗျာ... အနီးနားကဆိုင်မှာ ပစ္စည်းမစုံလို့ အတော်လေး ဝေးဝေးသွားလိုက်ရတယ်.. ဟဲ.. ဟဲ.."
ဖြူမဲ့ပြုံးလေး တစ်ချက်ပြုံးကာ... "အော်... တော်တော်ပင်ပန်းသွားမှာပဲနော်..." ဟု စောင်းပြောလိုက်သည်...
"ရပါတယ်ဗျာ... ဒါက ကျွန်တော့်စေတနာပါ..."
ဖြူဟိုဘက်လှည့်ကာ ပစ္စည်းတွေကို ခုံပေါ်တင်ရင် မျက်နှာလေးကို မဲ့ကာရွဲ့ကာ ရာဇာ မမြင်အောင် မျက်စောင်းထိုးလိုက်သည်...
ထိုအချိန်မှာပင် ... " သမီး!!!!!!!!!!!!.... နွေနှင်း... သမီးဘာဖြစ်တာလဲ... ဘယ်လိုနေသေးလဲ..." ဆိုကာ နွေနှင်း၏ ဖေဖေနဲ့ မေမေ ထိပ်ထိပ်ပြာပြာရောက်လာကြသည်...
"ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်... သူစိတ်ကြောင့် ခုလိုဖြစ်သွားတာပါ... ခဏနေနိုးလာပြီးရင် သူ့ကို အနားယူဖို့ပဲ ပြောသွားပါတယ်..." ဟု ဖြူက စိတ်မပူစေရန် ပြောပြလိုက်သည်...
"စိတ်ကြောင့်?... ငါ့သမီးမှာ ငါမသိတာ ဘာများ ဒီလောက်စိတ်ညစ်စရာရှိလို့လဲ... ပြောပါအုံး ဖြူရယ်... " နွေနှင်းဖေဖေ ဦးမြမောင် ခုမှနောက်ထပ် စိုးရိမ်စရာအတွေးတစ်ခုနှင့် မေးလိုက်သည်...
သီရိဖြူလဲ ရာဇာရှိနေတာကိုပင် သတိမထားမိတော့... လူကြီးတွေကိုလဲ သိထားသင့်တယ်ထင်တဲ့အတွက်... အောင်ခန့်နှင့် ပတ်သတ်သမျှ ဖြစ်ကြောင်းကုန်စင်များကို ပြောပြလိုက်သည်...
"ဘာပဲဖြစ်ဖြစ်ပါ အန်ကယ်နဲ့ အန်တီရယ်... လောလောဆယ် နွေနှင်းကို သိပ်တော့ စိတ်ညစ်အောင် အတင်းမေးလား မြန်းလားတော့ မလုပ်ကြပါနဲ့... ဆူလဲ မဆူကြပါနဲ့နော်..."
"တောက်......... ခွေးမသား.... ဒင်းတို့ကများကွာ... ငါ့သမီးနဲ့တောင် တန်လို့လား... ဟွန်း... ဒီလောက် နှစ်တွေကြာတွဲလာပြီးမှ... ဒီလိုကောင်မျိုးကို စောစောသိရတာ ၀မ်းတောင် သာသေးတယ်... ဘာမှ ခံစားဖို့ မတန်တဲ့ကောင်အတွက် ခံစားနေသေးတယ်" ဟု ဒေါသတကြီး ပြောပြီးမှ တစ်စုံတစ်ခုကို စိုးရိမ်ဟန်ဖြင့်...
ဦးမြမောင် ဖြူ့ဘက်ကိုလှည့်ကာ..."ဒါနဲ့သမီး... ဒီဇာတ်လမ်းက ဒီမှာတင်ရပ်တယ်မဟုတ်လား... သမီးလေးက ဒီလောက်စိတ်ထိခိုက်ရလောက်အောင် တစ်ခုခုများ............" စိုးရိမ်လွန်းနေသော အတွေးများဖြင့် မေးမိသည်...
"အို ဘုရား... ဘုရား..." ဟုပြောကာ နွေနှင်းမေမေကတော့ သူ့သမီးအတွက် စိတ်မကောင်းဖြစ်ကာ တရှုံ့ရှုံ့ ငိုသာနေတော့သည်...
"အို.... မဟုတ်ပါဘူး.. အန်ကယ်နဲ့ အန်တီရယ်... နွေနှင်းက ဒီလိုလူစားမျိုးမဟုတ်တာလဲ သိသားနဲ့... ခုဟာက ကားနဲ့ တိုက်မိမလိုဖြစ်သွားလို့ လန့်သွားတာလဲ ပါပါတယ်...." ဒီတော့မှ ရာဇာကို သတိရကာ.... "ဒီမှာလေ.. သူတို့ကားနဲ့ တိုက်မိမလိုဖြစ်တာ.." ဆိုပြီး ရာဇာ့ကို လက်ညိုးထိုးပြလိုက်သည်...
ရာဇာလဲ မိသားစုရေးရာများကိုပြောနေသည်မို့ အပြင်လူအနေနဲ့ အနေရခက်နေသော်လည်း တိတ်တိတ်လေး ငြိမ်ထိုင်နေရာမှ လူကြီး ၂ယောက်ကို ခေါင်းလေးညွတ်ပြီး နှုတ်ဆက်လိုက်သည်...
"ကျွန်တော်တို့ကားနဲ့ တိုက်မိမလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့မှာလဲ တာဝန်မကင်းလို့ ဆေးဖိုးကုန်ကျစရိတ်ကို ကျွန်တော်တို့ပဲ တာဝန်ယူပါတယ်... စိုးရိမ်စရာမရှိပါဘူး... သူ အိပ်ဆေးပေးထားလို့ အိပ်နေတာပါ... မေ့လဲတဲ့ ဒဏ်ကြောင့် အပေါ်ယံနည်းနည်းပွန်းယုံပါ... သတိရရင် ဆေးရုံဆင်းလို့ရပါပြီတဲ့..."
ရာဇာ့စကားအဆုံးမှာပင်.... နွေနှင်း ဆီမှ ရှိုက်သံတစ်ခုထွက်လာသည်... မျက်လုံးများပိတ်ထားသော်လည်း မျက်ရည်များကစည်းကျနေသည်... "သမီး... သမီးလေး.... နွေနှင်း... ဖေဖေတို့ မေမေတို့ရှိတယ်လေ..."
ခေါ်သံများကြား၍ နွေနှင်း မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ အမြင်တွေက မျက်ရည်တွေကြားမှာ မှုန်ဝါးဝါး.... ဘာကြောင့်မှန်းအသိမ၀င်သေးခင်ကပင် ရင်ဘတ်ထဲက မောဟိုက် ဆို့နစ်နေသည်.... တဖြည်းဖြည်း အမြင်တွေကြည်လာတော့ နွေနှင်းလက်ကို ကိုင်ထားသော မေမေ့ကို ဘေးမှာတွေလိုက်ရသည်... ဖေဖေကလဲ စိုးရိမ်တကြီးကြည့်နေသည်... နွေနှင်းဘာလို့မှန်းမသိ အားငယ်စိတ်... သိမ်ငယ်စိတ်များက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးနေသည်... မေမေနဲ့ဖေဖေကို တွေ့လိုက်ရတော့ အားကိုးရသွားသကဲ့သို့ ထိမ်းထားသမျှ စိတ်တွေကို လွှတ်ထုတ်ပြစ်ချင်လာသည်... နွေနှင်း အိပ်ရာမှ ဖြည်းဖြည်းထကာ မိခင် ဒေါ် ဝေနှင်းကိုဖက်ကာ ကလေးတစ်ယောက်ပမာ ငိုချလိုက်တော့သည်...
"အမေ့...... ဟင့်.. ဟင့်.... "
မိခင်ကတော့ စာနာသော အကြည့်များဖြင့် နွေနှင်းကို ဖက်ကာ ကျောပြင်ကို ပုတ်ခတ်အားပေးနေသည်... ကိုယ့်သမီး ခံစားနေရတာကိုမကြည့်ရက်တဲ့ ဦးမြမောင်ကတော့ မျက်နှာကို တစ်ဖက်လွှဲကာ လူမသိအောင် မျက်ရည်စတစ်ချို့ကို သုတ်ထုတ်ပစ်လိုက်သည်....
ထိုအခြေအနေကြား ဆားညက်နေသော ရာဇာကတော့ ဘာလုပ်ရမှန်းမသိ... နွေနှင်း သတိရပြီဖြစ်၍ ဆရာဝန်နှင့် စစ်ဆေးခိုင်းကာ ပြန်လို့ရလျှင်အကောင်းဆုံးဖြစ်မည်ဟု အကြံရပြီး... ဖြူ့အနားသို့ကပ်ကာ...
"ကျွန်တော်ဆရာဝန်သွားခေါ်လိုက်အုံးမယ်..."
"အော်.. ဟုတ်.. ဟုတ်... ကိုရာဇာပြန်ချင်လဲ ပြန်လိုက်ပါတော့... ဒီမှာ သူ့မိဘတွေလဲရောက်ပြီ... သူလဲသတိရပြီဆိုတော့..." သီရိဖြူ၏ အလိုက်သိစွာပြောလိုက်သော စကားကြောင့် ရာဇာ့စိတ်ထဲ အလွန်ဝမ်းသာသွားသည်...
"အော်.. ရပါတယ်ဗျာ.. ဒါပေမဲ့ ကျွန်တော်လဲ အလုပ်ကိစ္စလေးက ရှိနေသေးလို့ပါ... ဒါဆို ကျွန်တော် အထွက်မှာ ဆရာဝန်ကို တစ်ခါတည်းပြောရင်းလွှတ်လိုက်မယ်နော်... သွားလိုက်ပါအုံးမယ်နော်..."
မှုန်ကုတ်ကုတ်ဖြင့် စိတ်မကြည်သာစွာရပ်နေသော ဦးမြမောင်ကိုလဲ ခေါင်းလေးညွတ်ကာ...
"သွားလိုက်ပါအုံးမယ်... အန်ကယ်" တိုးတိုးညင်သာစွာ နှုတ်ဆက်လိုက်တော့ ဦးမြမောင်က သေချာပင် ပြန်မကြည့် ခေါင်းတစ်ချက်ညိတ်ပြကာ လက်ပြလိုက်သည်... ဒေါ်ဝေနှင်းကတော့ ရှိုက်ကြီးတငင်ငိုနေသော သူ့သမီးကို ဖတ်၍ အားပေးနေသဖြင့် အခြေအနေကို ကြည့်ကာ မနှုတ်ဆက်တော့...
------------------------------------------------------ ။ -----------------------------------
ပြတင်းပေါက်မှ တဆင့် မြင်နေရသော သစ်ပင်အိုက ကျွန်မလိုပင် ခြောက်သွေ့တဲ့ဘ၀တူတွေပဲလို့ ပြောနေသယောင်... ဒါပေမဲ့လဲ မိုးလေး တစ်ပေါက် နှစ်ပေါက်ရွာလိုက်ရင် သစ်ပင်အိုမှာ အညှာလေးတွေထွက်ပြီး ရွက်သစ်ဝေဖို့ အခွင့်ရှိသေးတယ်... ကျွန်မအတွက်ကတော့ တစ်ယောက်တည်းပါပဲ... ကောင်းကင်ကိုမော့်ကြည့်လိုက်တော့ လမင်းကြီးကတော့ ထိန်ထိန်သာပြီး ကျွန်မကိုလဲ သနားတဲ့အကြည့်တွေနဲ့ ပြန်ငုံ့ကြည့်နေသယောင်... ခေါင်းထဲကို မဆီမဆိုင်ရောက်လာတဲ့ သီချင်းတစ်ပုဒ်ထဲကလို မိုးကောင်းကင်က လမင်းကြီးကတော့ တစ်ယောက်တည်းမို့ မပျော်နိုင်ဘူး မမော်နိုင်ဘူးတဲ့... ဒါပေမဲ့လဲ ခု ဒီလမင်းကြီးလိုပဲ တစ်ကိုယ်တည်းဖြစ်နေတဲ့ ကျွန်မအတွက်တော့ သူ အဖော်ပြုပေးနေနိုင်တယ်လေ... သစ်ကိုင်းပေါ်က ငှက်ကလေးတွေ အဖော်နဲ့ မြူးနေတာကိုကြည့်ရတာလဲ ကျွန်မအတွက် ကြည်နူးဖို့မကောင်းဘူး...
တစ်ပင်တည်းမှာ ပွင့်နေတဲ့ ပန်းကလေးတွေကလဲ မလှပနိုင်ဘူး... ကောင်းကင်ပေါ်က များပြားလှတဲ့ ကြယ်တွေကလဲ ကျွန်မအတွက် မတောက်ပနိုင်ဘူး... အရာရာတိုင်းဟာ ကျွန်မကို စိတ်အားငယ်နေစေတယ်... လှောင်ပြောင်နေကြသလိုခံစားရတယ်... ခုချိန်မှာ ကျွန်မကို နားလည်မှု အပေးနိုင်ဆုံးကတော့ သီချင်းထဲမှာ လှောင်ပြောင်ခံခဲ့ရတဲ့ လမင်းကြီးပဲ ရှိတော့တယ်.... တစ်သက်နဲ့ တစ်ကိုယ် လမင်းကြီးကို တစ်ခါမှ မသနားဖူးပင်မဲ့ ဒီညတော့ ပြတင်းပေါက်က မြင်နေရတဲ့ ဘ၀တူ လမင်းကြီးကို ကြည့်ရင်း ကျွန်မ အိပ်ယာပေါ်မှာ ကြိတ် ငိုမိပြန်တယ်...
တစ်လောကလုံးမှာ ဘာကြောင့် ကျွန်မဒီလောက် ချစ်ကံခေရတာလဲ... ဘာလို့ ကျွန်မဒီလောက် ကံဆိုးရတာလဲ... မောင်နဲ့ ချစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်မ ဘာအမှားများလုပ်ခဲ့မိလို့လဲ... တစ်ခါတစ်လေ မောင့်ကို သ၀န်တိုတတ်တာ... မောင့်ကို ဆရာလုပ်တတ်တာ... ဒါတွေအားလုံးက မောင့်ကို ချစ်လို့ဆိုတာ မောင်မသိတာလား... ဒါမှမဟုတ်ဒါတွေက မောင့်အချစ်ကို လျော့စေခဲ့တာလား... ဒါပေမဲ့ မောင်နဲ့ ချစ်ခဲ့တဲ့ ဒီအချိန်ကာလအတောအတွင်းမှာ ကျွန်မတို့ တူတူ ပျော်စရာတွေ ဝေမျှရင်း ကြည်နူးခဲ့ရတာတွေဟာ ခဏလေးမဟုတ်ပါဘူး... ကျွန်မခေါင်းထဲမှာ အတွေးပေါင်းစုံနဲ့ ပြည့်နှက်နေခဲ့တဲ့ ညတွေမှာ မျက်ရည်တွေနဲ့ နစ်နေတဲ့ ကျွန်မခေါင်းအုံးလေးသာ အသက်ရှိမယ်ဆိုရင် သူလဲ မောင့်လိုပဲ ကျွန်မကို ထားသွားလောက်ပြီ... အတွေးတွေနဲ့ အိပ်မပျော်နိုင်ပေမဲ့ အငိုဝပြီး မျက်လုံးတွေ ပင်ပန်းလာရင်တော့ သူ့အလိုလိုအိပ်ပျော်သွားရတဲ့ ညတွေတိုင်း မနက်နိုးထလာရင် အိပ်မက်တွေသာဖြစ်ပါစေတော့လို့ မသိစိတ်က မျှော်လင့်မိတယ်....
မောင်နဲ့ အတူ လျှောက်ခဲ့ဖူးတဲ့လမ်းဟောင်းတွေ... တစ်ခါတစ်လေ မပြောမဆို ကျွန်မအလုပ်ကို လာကြိုရင် မောင်ထိုင်နေတတ်တဲ့ လက်ဘက်ရည်ဆိုင်က ခုံလေး... မောင်သောက်နေကျ လက်ဘက်ရည် ချိုချို... ငရုတ်သီးစပ်စပ် စားတိုင်း သီးတတ်တဲ့ ကျွန်မအတွက် ရေဗူးနဲ့ စောင့်နေပေးတတ်တဲ့ မောင့်ပုံရိပ်တွေ... အပူမစားနိုင်တဲ့ ကျွန်မအတွက် တစ်ခုခုစားတိုင်း မွှေပေး မှုတ်ပေးတတ်တဲ့ မောင့်ရဲ့ ဂရုစိုက်တတ်တဲ့ အကျင့်... ကျွန်မပတ်ဝန်းကျင်ရဲ့ နေရာတိုင်းမှာ မောင့်ပုံရိပ်တွေချည်းပါပဲ... အရင်ကတည်းကလဲ ရုပ်ရှင်တွေထဲကလို Romantic ဆန်ဆန်တွေ ကျွန်မ မတောင့်တခဲ့ဖူးပါဘူး... မမျှော်လင့်ခဲ့ပါဘူး... သာမာန် မောင်နဲ့ ရှိနေတဲ့ အချိန်လေးတွေ တစ်ဘ၀လုံး ပုံမှန်ရှိသွားပါစေလို့ပဲ ကျွန်မ မျှော်လင့်ခဲ့မိတာ သိပ်များ လောဘကြီးသွားသလား... အဖြစ်အပျက်တွေက မနေ့တနေ့ကအတိုင်း ကျွန်မရဲ့ မှတ်ဥာဏ်တွေထဲမှာ ထင်ထင်ရှားရှားရှိနေဆဲ... မောင့်ကို တမ်းတမိတိုင်း ဘာကြောင့် ကျွန်မတို့ ဝေးရတယ်ဆိုတာကို အကြိမ်ကြိမ်စဉ်းစားမိပင်မဲ့ အဖြေမရခဲ့ဘူး... ရှိနေတဲ့ အဖြေကိုပဲ ကျွန်မ သိစိတ်က လက်မခံချင်ခဲ့တာလား...
မောင်ရော... ခုချိန်မှာ ကျွန်မကို သတိရနေမလား... ကျွန်မလိုပဲ ခံစားနေရမလား... ကျွန်မကို တစ်ခါတစ်လေများ တမ်းတနေမလား... ဘယ်လိုပဲဖြစ်ဖြစ် မောင့်ကိုတော့ ကျွန်မနဲ့ တူတူ သွားလာခဲ့ဖူးတဲ့ နေရာတွေမှာ မတွေ့ရတော့... ဒီနေရာတွေလာရင် မောင်လဲ ကျွန်မလိုပဲ ခံစားရမှာမို့ သူမလာတာများလား... တစ်နေရာရာ အကွယ်ကနေများ မောင် ကျွန်မကို ကြည့်နေမလားလို့ ရှာကြည့်မိတယ်... အတ္တကြီးတယ်ပဲ ဆိုဆို... အမှန်အတိုင်း ၀န်ခံရရင် မောင့်ကိုလဲ ကျွန်မခံစားရသလို ခံစားနေရပါစေလို့ မျှော်လင့်မိတယ်...
ကျွန်မရဲ့ မို့မောက်နေတဲ့ မျက်ဝန်းတွေကို မြင်တိုင်း... အစားအသောက် အရင်လို မစားနိုင်တာကို သိတိုင်း မျက်နှာမကောင်းတဲ့ ဖေဖေနဲ့ မေမေအတွက်လဲ ကျွန်မ ၀မ်းနည်းရပြန်တယ်...
တစ်ခါတစ်လေတော့ ဖေဖေ မခံနိုင်လွန်းလို့...
"သမီးရယ်... ဒီလို အသိုင်းအ၀ိုင်းမျိုး ဒီလိုကောင်စားမျိုးကို မေ့ပြစ်လိုက်စမ်းပါ... ဖေဖေတို့ကလဲ အစကတည်းက သိပ်ပျော့ညံ့လွန်းတဲ့ ဒီလိုကောင်မျိုးကို သဘောကျလှတယ်မဟုတ်ပါဘူး... ငါ့သမီးစုံမက်လို့သာ ခွင့်ပြုခဲ့တာပါ... ရိုင်းရိုင်းနှိုင်းရရင် သူ့ကိုကိုယ်စွန့်ပစ်လိုက်တဲ့ မစင်လိုပဲ သဘောထားစမ်းပါ... မစင်ဆိုတာ ကိုယ်ခုံမင်လို့ စားခဲ့တဲ့ အစာကနေ ဖြစ်တာဆိုပင်မဲ့ ကိုယ့်ဝမ်းထဲကထွက်သွားပြီးတဲ့အချိန်ဆို ဘယ်သူမှ ပြန်လှည့်ကြည့်ချင်တာမဟုတ်ဘူး... မစင်နဲ့ ထိတွေ့ရမှာတောင် ရွံရှာကြတယ်.... ခု ဒီကောင်နဲ့ သူ့အသိုင်းအ၀ိုင်းကလဲ မစင်လိုပဲ... သူတို့နဲ့ မပတ်သတ်ရတာ သမီးအတွက် အများကြီးကောင်းတယ်... ဒီတော့ မတန်ဘူး... ငိုမနေနဲ့တော့... " ကျွန်မကြောင့် စိတ်ထိခိုက်နေတဲ့ ဖေဖေ့မျက်နှာနဲ့ တုန်ရီတဲ့ ဖေဖေ့ရဲ့ ဒေါသနှောတဲ့အသံ... မေမေ့ရဲ့ အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်တဲ့ အကြည့်တွေ... ကျွန်မအတွက် ၀မ်းနည်းစွာ ကြိတ်ငိုထားတဲ့ မေမေ့ရဲ့ နီမြန်းနေတဲ့ မျက်လုံးတွေ... သူငယ်ချင်းဖြူရဲ့ အားပေးမှုတွေ...
"တလောကလုံးမှာ နင်မှ ကံအဆိုးဆုံးလို့ ထင်နေတယ်မှတ်လား... နင်မှ သနားစရာအကောင်းဆုံးလို့ ခံစားနေရတယ်မှတ်လား... ဒီမှာ အဲဒါ နင်တစ်ယောက်ထည်းမဟုတ်ဘူး... နင်ခုခံစားနေရတာတွေက အသည်းကွဲတဲ့သူတွေရဲ့ဖြစ်စဉ်တွေပဲ... လောကမှာ ဒီထက်ဆိုးတာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူတွေအများကြီး... ငါကိုယ်တိုင် အသည်းမ့ကွဲဖူးပဲနဲ့ နင့်ကို ဆရာလုပ်နေလို့ ငါနင့်ကို နားမလည်ပါဘူးလို့မထင်နဲ့... ဒါပေမဲ့ အချိန်က အားလုံးကို ကုစားသွားမယ်... ဒါပေမဲ့ နင့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်လဲ မူတည်တယ်... ဘာမှ အားငယ်စရာလဲ မလိုဘူး.. နင့်ဘေးမှာ နင့်ကို ချစ်တဲ့ ဂရုစိုက်တဲ့ ငါတို့တွေရှိနေတယ်ဆိုတာကိုပဲ စိတ်ထဲမှာ ထည့်ထား... " ဟု ဖြူ မချိတင်ကဲ ကျွန်မကို ပြောခဲ့သည်...
ကျွန်မကြောင့် ကျွန်မ ပတ်ဝန်းကျင်က ကျွန်မကို ချစ်တဲ့ ခင်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ စိတ်ညစ်နေရတော့ ကျွန်မစိတ်မကောင်းပါ... တဖြည်းဖြည်းနှင့် ကျွန်မတတ်နိုင်သလောက် သူတို့ရှေ့မှာ ကြိုးစားပြီး ပုံမှန်နေသည်... ပုံမှန်စားသည်... ပုံမှန် လှုပ်ရှားသည်... အတတ်နိုင်ဆုံး သူတို့ မရိပ်မိအောင် ပုံမှန်နေသည်... အရီအပြုံးနည်းသွားတဲ့ ကျွန်မကိုတော့ သူတို့ဘက်ကလဲ နားလည်ပေးတယ်ထင်သည်... အားလုံးလဲ မသိချင်ယောင်ဆောင်ကာ မောင့်အကြောင်းကို မစတော့... ကျွန်မစိတ်ပျော်အောင်သာ ထားကြသည်... သိစိတ်က မေ့ပြစ်လိုက်ဖို့ နာကျဉ်းပြစ်လိုက်ဖို့ ပြောနေပင်မဲ့ မသိစိတ်ထဲမှာတော့ မောင်တစ်နေရာရာကနေ ပေါ်လာမှာကို မျှော်နေမိတယ်... မောင်မရှိတော့တဲ့ ကျွန်မရဲ့ ခြောက်သွေ့တဲ့ ဘ၀ကို ဘယ်သူမှတော့ နားလည်နိုင်မှာမဟုတ်ပါဘူး...
ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၅)…
မင်းထက်ပိုင် ရုံးခန်းရှေ့ကို ရောက်တယ်ဆိုရင်ပဲ အတွင်းရေးမှူး မလေးက မျက်လုံးပေကလပ် ပေကလပ်နှင့်.....
"ဆရာ ဧည့်သည်ရောက်နေတယ်... ဆရာမရှိဘူးဆိုတာလဲ စောင့်မယ်ဆိုပြီး အတင်းတိုးဝင်သွားတယ်..."
"ဘယ်သူလဲ..." လို့ သူ မေးတော့... အတွင်းရေးမှူးမလေးက မျက်ခုံးလေးကျူံ့ကာ မ၀င့်မရဲဖြင့် "ရိုစီ"...
သူ သက်ပြင်းတစ်ချက် ခပ်ဖျော့ဖျော့ချလိုက်ပြီး... "အင်း.... ဟုတ်ပြီ... ဟုတ်ပြီ... ဒါနဲ့ မခင်လေး အလုပ်ထွက်ဖို့ တင်ထားတဲ့ နေရာမှာ လူစားရပြီလား..."
အတွင်းရေးမှူးမလေးက " မရသေးဘူးဆရာ... ကိုရာဇာနဲ့ ကျွန်မလဲ အင်တာဗျူးတွေခေါ်ပါတယ်... ဆရာ့စိတ်တိုင်းကျဖြစ်လောက်စရာ မတွေ့သေးလို့..."
သူ ခဏစဉ်းစားလိုက်ပြီး... "မခင်လေးက ဘယ်တော့ မွေးမှာလဲ... ခွင့်လိုချင်တယ်ဆိုလဲ ကျွန်တော်ပေးလို့ရပါတယ်.. ထွက်ဖို့မလိုပါဘူး... လူသစ်ဆိုတော့ လုပ်ပုံကိုင်ပုံတွေ အထာမကျမှာ စိုးလို့..."
"ကျွန်မခင်ပွန်းက ကလေးမွေးပြီးရင် အိမ်ကိစ္စရော ကလေးကိုရော စောင့်ရှောက်စေချင်လို့ အလုပ်မလုပ်စေချင်ဘူးတဲ့ ဆရာ... စိတ်မပူပါနဲ့ ဆရာ... လူသစ်ရရင် ကျွန်မ လာ Train ပေးပြီး... လိုအပ်တာတွေ ပြောပေးမှာပါ..."
"အင်း... ကျေးဇူးပဲဗျာ... ကျန်းမာရေးလဲ ဂရုစိုက်ပါ... ရိုစီနောက်လာရင်လဲ တားလို့ မရရင် မတားနဲ့ ကျွန်တော့ကိုသာ ဖုန်းကြိုဆက်လိုက်..."
သို့မှသာ ရှောင်ချင် ရှောင်လို့ရမည်ဖြစ်သည် ဆိုတာကိုတော့ ထည့်ပြောနေစရာမလိုတော့ပေ...
ရိုစီဖေဖေက ကုမ္ပဏီ အစုရှယ်ယာဝင်တစ်ယောက်ဖြစ်တဲ့အပြင် တခြားစီးပွားရေးလုပ်ငန်းများတွင်လည်း ပတ်သတ်မှုရှိနေသဖြင့် သူ အထိုက်အလျောက်တော့ ဆက်ဆံလေ့ရှိသော်လည်း အရာရာကို တဇွတ်ထိုး ကလေးဆန်ကာ အနေအထိုင်ရဲတင်းသော ရိုစီကြောင့် သူ စိတ်ရှုပ်ရသည်မှာ အမြဲ... ရိုစီတို့ဖက်မှ သူ့မေမေကို သားသမီးချင်း ကမ်းလှမ်းဖို့ အရိပ်အမြွတ်ပေး ပြောကြာဖူးသော်လည်း မင်းထက်ပိုင် စိတ်မ၀င်စားခဲ့သလို ဒေါ်ထိပ်ထားခင် ကိုယ်တိုင်ကလဲ ရိုစီကဲ့သို့ အပျော်အပါးမက်သော မိန်းကလေးမျိုးကို သဘောမကျခဲ့ပေ...
မင်းထက်ပိုင် ရုံးခန်းအတွင်းသို့ဝင်လိုက်သည်… ရိုစီထိုင်နေရာမှ ထပြီး …
“ကို ကလဲ ဒီမှာစောင့်လိုက်ရတာ… တစ်ခုခုသွားစားရအောင်… နေ့တိုင်း ရုံးခန်းထဲမှာ အလုပ်တစ်ဖက်နဲ့ ထမင်းစားနေတာ ပျင်းစရာကြီး”
“အစ်ကို စားပြီသွားပြီ ရိုစီ…” သူ အကောင်းဆုံး အကြောင်းပြချက်ဖြင့် အပြတ်ငြင်းလိုက်သည်…
“ဒါဆိုလဲ တစ်ခုခုသွားသောက်ကြမယ်လေ…” သူ့လက်ကိုကိုင်ကာ လှုပ်ရမ်းရင်း ရိုစီကပြောသည်…
“ဆောရီး ရိုစီ… အစ်ကိုလုပ်စရာလေးတွေရှိသေးလို့… ဒါနဲ့ ဘာကိစ္စရှိလို့လာတာလဲ”… လုပ်ငန်းခွင်က လူကြီးတစ်ယောက်အနေဖြင့် လူကြီးတစ်ယောက်လိုသာ သူတုန့်ပြန်ချင်သည်… သူ မရိုင်းချင်…
“ဟွန်း… ပြောလိုက်ရင် ဒီတိုင်းချည်းပဲ… ကို နဲ့ တွေ့ချင်လို့ ပေါ့… ဟတ်… ဟတ်…” ပြောရင်း နှုတ်ခမ်းသွေးနီရဲရဲနှင့် ပုခုံးများလှုပ်ကာရယ်သည်… ထို့နောက် စကပ်တိုတိုဝတ်ထားသော သွယ်လျတဲ့ ခြေတံတွေကို လျက်ထိုင်လိုက်ပြီး…
“ရိုစီနဲ့တွေ့ရင် ဘယ်သူမှ မခံနိုင်ပါဘူး… သူက ခက်ခဲချင်ယောင်ဆောင်နေတယ်… ဒီတော့ ကျန်ရစ်ကြီးဖြစ်ခဲ့တော့မပေါ့…”
သူ စားပွဲဘက်ကိုသာ စိုက်ကြည့်ကာ မသိကျေးကျွန်ပြုလိုက်သည်…
ရိုစီ သူမ အိတ်ထဲမှ ဖိတ်စာတစ်စောင်ကို ထုတ်လိုက်ပြီး…
“ဟား… ဟား… ဒီလောက်လဲ အနေခက်မနေပါနဲ့… ဒီမှာလေ… ရိုစီ စေ့စပ်တော့မလို့ ဖိတ်စာလာပေးတာ… ကို့ အတွက် ကန့်ကွက်ဖို့ အချိန်ရှိသေးတယ်နော်… ရိုစီက ကို့ အတွက်ဆို အမြဲ အဆင်သင့်…” ခါးကို ညွတ်ကိုင်းလိုက်ရင်း သူ့ကို စိုက်ကြည့်ကာပြောလိုက်သည်…
ခေတ်ကြီးကပဲ ဒီလိုဖြစ်နေသလား… ရိုစီ ဆိုသည့် မိန်းကလေးကပဲ ပွင့်လင်းလွန်းသည်လားဆိုတာတွေကို အချိန်ကုန်ခံခေါင်းထဲ ထည့်မထားချင်ပါ… အဘယ့်ကြောင့်ဆိုသော် မင်းထက်ပိုင်အတွက်တော့ မသိမသာတစ်မျိုး သိသိသာသာတစ်ဖုံချဉ်းကပ် သွေးဆောင်မှုတွေက အရေးတယူ တုန့်ပြန်နေစရာမလိုလှပေ…
“လာပါ တစ်ခုခုသွားသောက်ရအောင်… ဒါပဲနော်… မလိုက်ရင် ဒီနေ့ ရုံးခန်းထဲမှာပဲနေပြစ်မှာ”…
ထိုအချိန်တွင်…
“တီ… တီ… တီ”
“ဟလို… ဟင်… မင်းတို့ကလဲကွာ သေချာကြည့်ခိုင်းထားရက်နဲ့ မေမေ့ကို တစ်ယောက်တည်းမလွှတ်လိုက်ပါနဲ့ဆို… အေး… ဒေါ်လေးမေရော ပါသွားလား… ဟုတ်ပြီ… တွေ့ရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ”
သူဖုန်းကို ချလိုက်ပြီး ရိုစီဘက်လှည့်ကာ…
“အစ်ကို အရေးကြီးကိစ္စသွားစရာရှိလို့ သွားတော့မယ်…”
“အန်တီထား ဘာဖြစ်လို့လဲ?”
သူ ရိုစီအမေးကို ပြန်မဖြေတော့ပါ… ရုံးခန်းတံခါးကိုဖွင့်ကာထွက်သွားပါတော့သည်…
“အသက်ကြီးတဲ့သူတွေ သိပ်စိတ်ရှုပ်ဖို့ကောင်းတာပဲ” ရိုစီ မကျေနပ်ဖြင့် မျက်နှာရှုံ့ကာ ပြောရင်း သူမ စလင်းဘက်ကိုကောက်ယူလိုက်သည်…
~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~
အပိုင်း ၆ ကိုဖတ်ရန် ဒီကို နှိပ်ပါ...