Friday, November 04, 2011

ထူးခြားတဲ့ သြစီပြန်လက်ဆောင်...

သိပြီးသားလူတွေအတွက်ကတော့ ထူးချင်မှထူးမယ်... မဗေဒါကတော့ တစ်ခါမှ မတွေ့ဖူးလို့ ထူးခြားတယ်လို့ပြောတာ... ဟိုရက်က အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် သြစတေးလျသွားပြီး အပြန်မှာ အားလုံးစားဖို့ ထူးခြားတဲ့ အသားတွေကို လက်ဆောင်အဖြစ်ဝယ်လာပါတယ်... ကျွန်မ တစ်သက်နဲ့တစ်ကိုယ်မှာ ဒီအသားတွေဟာ စားလို့သင့်တဲ့အရာလို့ မထင်ခဲ့ပါဘူး... ဒါတွေကတော့ သားပိုက်ကောင်သား၊ မိချောင်သား နဲ့ Emu (မြန်မာလို အဲငှက်ကို ဘယ်လိုခေါ်လဲ မသိပါ)လို့ခေါ်တဲ့ သြစတေးလျက ငှက်တစ်မျိုးရဲ့ အဆင်သင့်စားဖို့ထုတ်ပိုးထားတဲ့ အသားခြောက်တွေပါ...
Emu ငှက်

အစကတော့ အထုတ်တွေကိုကြည့်ပြီး မယုံသေးပါဘူး... အဖုံးပေါ်က မိချောင်းပုံကို မျက်လုံးနဲ့ တပ်အပ်မြင်တာတောင် အထဲက မိချောင်းသားမဟုတ်လောက်ပါဘူး... အထူးအဆန်းလုပ်ထားပင်မဲ့ အထဲက တစ်ခြားဟာဖြစ်မှာပါလို့ ထင်ခဲ့တယ်... သေချာအောင် နောက်က ပါဝင်ပစ္စည်းကို စစ်လိုက်တော့ မိချောင်းသား၊ သားပိုက်ကောင်သား၊ Emu သားဆိုပြီးတော့ကို ရေးထားတာ လန့်သွားတာပဲ...

ဂျပန်တွေကတော့ စားကြတယ်... စလုံးတွေနဲ့ ကျွန်မကတော့ မစားရဲပါဘူး... သူတို့စားတာကို ကိုယ်က ကြောက်တယ်ပြောတော့ သူတို့က သိပ်မကြိုက်ချင်ဘူး... စားကြည့်ပါ... မိချောင်းသားက အရမ်းကောင်းတယ်ပြောကြတယ်... ကိုယ်ကလဲ အသစ်ဆိုတော့ အထက်ကလူတွေနဲ့လဲ တည့်အောင် နေရမယ်လေ... ပြီးတော့ ကျွန်မက အရာရာ(ဆူရှီးတို့ ဆာရှီမီးတို့ smoke salmon တို့ လဲ လုံးဝမကြိုက်) အတော်လေး ဂျေးများဆိုတော့ မစားကြည့်ပဲနဲ့ မကြိုက်ဘူးပြောလို့မကောင်းဘူးလေ... ဒါနဲ့ ဟန်ဆောင်ပန်းဆောင် Emu အသားလေး သေးသေးတစ်ဖဲ့စားကြည့်တယ်... ကိုယ့်စိတ်ပဲ မသတီလို့လားမသိဘူး နဲနဲလေးညှီတယ်... ကိုယ့်ကို အဲဒိပုံမပြပဲ ဆပ်သားခြောက်လို့ပြောကျွေးရင်တော့ စားနိုင်ချင်စားနိုင်မယ်... ဒါပေမဲ့ ယူလိုက်တဲ့ အသေးဆုံး တစ်ဖဲ့တောင် မကုန်နိုင်လို့ ခပ်တည်တည် Pantry ထဲသွားပြီး သူတို့မမြင်အောင် လွှတ်ပြစ်လိုက်ရတယ်... ပြီးတော့ ရေတွေအများကြီးသောက်ချလိုက်တယ်...


နောက် နေ့ကျတော့ သူတို့က မိချောင်းသားထုတ်ကို ဖောက်ပြီးစားနေပြန်ရော... ပြီးတော့ အားလုံးက မိချောင်းသားက အကောင်းဆုံးပဲလို့ပြောတယ်... ကျွန်မလဲ မစားရဲတော့လို့ မစားတော့ဘူး... ဒါပေမဲ့ အားလုံးက စမ်းစားကြည့်ပါ... Emu သားထက်ကောင်းတယ် ဘာညာနဲ့ သူတို့လဲစားရင် ၀ိုင်းပြောကြပြန်ရော... ဒါနဲ့ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ကထက် သေးတဲ့ အပိုင်း သေးသေးလေးကိုပဲလက်သည်းလေးနဲ့ စိတ်ပြီး စားကြည့်တော့... အမလေး... ညှီလိုက်တာ... ရေသတ္တ၀ါဆိုတော့ ရေနဲ့ညှီတာပေါ့... ကျွန်မက အစကတည်းက ငါးတို့ ပုဇွန်တို့တောင် အနံ့နည်းနည်းလေးကျန်တာနဲ့ မစားနိုင်တာ... ကျွန်မအတွက်တော့ တော်တော်လေး ညှီတယ်လို့ခံစားရတယ်... ဒါပေမဲ့ ငါးကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ သိပ်ညှီမယ်မထင်ပါဘူး... ကျွန်မလဲ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ ကိုယ့် စားပွဲဘေးက အမှိုက်ပုံးထဲကို ထွေးချလိုက်မိရော... ရေတွေသောက်ချလိုက်တယ်... စိတ်ထဲ မသန့်လို့ မျက်ရည်တောင်ဝဲချင်ချင် မနည်းပြန်ထိန်းရတယ်... ဒါလေး ကျွေးတာ ဖြစ်နေလိုက်တာလို့ ထင်ကြမှာစိုးလို့...



နောက်နေ့ကျတော့ သားပိုက်ကောင်သားထုတ်ကို ဖောက်ကြရော... ဒီတစ်ခါကျတော့ ၀ယ်လာတဲ့သူ ကိုယ်တိုင်က အနံ့နမ်းကြည့်ပြီး ဒီအသားက အနံ့ရှိတယ်တဲ့... ဒီကတည်းက ကျွန်မဒီနေ့တော့ လာမကျွေးနဲ့ လုံးဝမစားတော့ဘူးလို့ ပြင်လိုက်ပြီ... သူတို့လို့ လူအတွက်တောင် အနံ့ရှိတယ်ဆိုတော့ ကျွန်မအတွက်ဆိုရင်တော့ သေလောက်မယ်... ဘလောက်မှာရေးချင်လို့ အနံ့သွားရှုကြည့်တော့ အခြောက်မို့ပေပဲ... အသားစိမ်းအနံ့... ဈေးသွားလို့ သားသတ်ရုံတန်းရောက်ရင် အဲဒိမှာ ချိတ်ထားတဲ့ အသားစိမ်းတွေ အနံ့ကို သိလားတော့ မသိဘူး.... အဲဒိလို အနံ့မျိုး... မဗေဒါကိုတော့ စားကြည့်ပါလားလို့ သူတို့ မကျွေးတော့ပါဘူး... ဒီတစ်ခါကျွေးရင် ရုံးမှာ အန်ချမိလိမ့်မယ်ထင်တယ်...



ခုတော့ အဲဒိအသား ၃မျိုးမှာ မိချောင်းသားကတော့ ကုန်လုနီးပါးပဲ... သားပိုက်ကောင်သားက အများဆုံးကျန်တယ်... အဲဒိအထုတ်တွေကြည့်ပြီး ဘာကြောင့်မှန်းတော့ မသိဘူး ကျွန်မကတော့ သက်ပြင်းပဲချမိနေတယ်... နောက်ဆို ကျားသားတို့ ခြင်္သေ့သားတို့ ဆင်သားတို့ပါ လူတွေစားတော့မလားမသိဘူး... ဘုရားတားထားတဲ့ မစားအပ်တဲ့ အသား ဘယ်နှစ်မျိုးလဲ မသိဘူးရှိတယ်... အဲဒါပြန်ရှာရမှာ ပျင်းတာနဲ့ ဒီမှာပဲ မေးလိုက်တော့မယ်... သိရင် မဗေဒါကို သင်ပြသွားကြပါအုံး... ဆရာတင်တယ်နော့်...

18 comments :

khin oo may said...

စားရဲဘူး။ တူတူဘဲ

Anonymous said...

ငှက်ကြီးဝံပိုလို.ထင်ပါတယ်(ဒန်ဒန်- တစ်မှတ်)

mabaydar said...

ငှက်ကြီးဝံပိုက ပါးစပ်အောက်မှာ အိတ်ကြီးလိုမျိုးပါတာပါ... မောင်လေးလား ညီမလေးလားတော့ သိဘူး... အဖြေမှားပါတယ်... မိုင်းနက်စ် ၀မ်း... :P

Vista said...

ခုတင် ငှက်ကြီးဝံပို မဟုတ်ဖူးပြောမလို့ 
emu ကို မြန်မာလို ခေါ်တာမှ မရှိတာ

Anonymous said...

မိစံက.ခြေလေးချောင်းဆို..ကုတင်ပဲရှောင်တာ
အစ်မပို့စ်မြင်မှ..လန့်တွားပီဗျို့း)
(ကိုယ့်ထက်ဆိုးတဲ့သူတွေ.လာတွေ့နေပီကိုး)
ဘုရားတားထားတဲ့..
မစားရတဲ့အသားတွေကတော့...
ညီမလည်း..မသိဘူးရှင့် :P
ဇာတ်တူသား..မစားကောင်းတာတော့..
မှတ်သားဖူးပါတယ်
ကမ္ဘာပေါ်က.လူသားတွေ.တဖြေးဖြေး
ထူးဆန်းလာကြပီနော်..အစ်မးP
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်

Anonymous said...

မစားအပ်တဲ့ အသားတွေထဲမှာ မြေအောင်းသား (ဖွတ်သား) ပါသလိုပဲ...
သိပ်တော့ မသေချာဘူး..ရေးတေးတေးပဲ မှတ်မိတယ်..
-m

N3 said...

ရဟန်းတွေမစားအပ်တဲ့အသား ၁၀ မျိုး ..
'' လူ ခွေး မြင်း ဆင်၊ သစ် ကျား ခြင်၊ ၀ံလျှင် အောင်း မြွေမျိုး၊
ရိုး ရေ သား သွေး၊ အမွေး တို့ပါ၊ မသုံးရာ၊ ဆယ်ဖြာအသားမျိုး''

နဲ့ 

မြင်သား၊ ကြားသား၊ ယုံမှားသား...

ရဟန်းကို ကပ်လှူဖို့ ရည်ရွယ်ပြီး သတ်ဖြတ်နေတာကို ရဟန်းကိုယ်တိုင် မျက်စိနဲ့ မြင်တဲ့ မြင်သား၊ နားနဲ့ ကြားရတဲ့ ကြားသား၊ ကပ်လှူဖို့ ရည်ရွယ်ပြီး သတ်တာ ဖြစ်မှာပါလို့ ယုံမှားသံသယရှိတဲ့ ယုံမှားသား။
အဲဒီ သုံးမျိုးကိုလဲ ရဟန်းတွေ မစားအပ်ဘူး။

http://shanviews.com/archives/661

mabaydar said...

ခုလို ပြောပြသွားတဲ့ N3 ကို ကျေးဇူးတင်ပါတယ်...
ဒါနဲ့ လူ ခွေး မြင်း ဆင် ကျား ခြင် မြွေ... ပြီးတော့ သစ် ၀ံလျှင် အောင်း၊ ရိုး ရေသား သွေး အမွေး.. အဲဒါတွေကို လဲရှင်းပါအုံး.. ဟီး..

Anonymous said...

ကြား သား ၊ မြင်သား ၊ အားနာသား ၊ နှမြောသား လို့ အလွယ် မှတ်ထားဖူးပါတယ် ။ ကျမ်းဂန်ထဲမှာတော့ ပိုတိကျတဲ့ အဖြေရှိပါတယ် ။ အဓိပ္ပါယ် ကောင်းကောင်း နဲ့ ပိုပြီး အချက်အလက်ကျကျ ရှိပါတယ် ။ အခုကတော့ အတို ချုပ်ပဲ မှတ်မိတာကို ပြောတာပါ ။ (ပိုတိကျအောင် ပြောနိုင်သူများ ပြောပေးစေချင်ပါတယ်)
ကြားသား - ဆိုတာကတော့ အဆိုပါ အသားကို သတ်တဲ့အကြောင်း ကြားထားရက်နဲ့ သနား ကရုဏာမဖြစ်ပဲ စားတာကို ပြောတာလို့ မှတ်ဖူးပါတယ် ။ (ဥပမာ - ရွာထဲက မောင်လှတို့ အိမ်ကတော့ ၀က်(သို့) အမဲ ပေါ်တယ် ။ ငါ့ကို ၁ပိသာလောက် ရောင်းကွာ ဆိုတာမျိုး ) မစားကောင်းပါ ။ ကုတ်ကတ်ပီး ဒီနေ့ ရောင်းတဲ့ အသားကတော့ မနေ့က သတ်မှာပဲလေ လို့တော့ တွေးရင်အဆင်မပြေဘူးပေါ့ ။ ဒါတွေကတော့ ကိုယ့်အသက်မွေးမှုနဲ့ ကိုယ်ပဲကိုး ။ ပေးထားတဲ့ ဥပမာလောက်ကိုသာ ဆိုတာပါ ။

မြင်သား - ဆိုတာကတော့ ကိုယ့်ရှေ့မှာ သတ်တာ ဖြတ်တာတွေ မြင်နေရတဲ့ အသားကို မစားအပ်ဘူး လို့ ဆိုပါတယ် ။ (တကယ်က အဲလိုမြင်နေရင် တရားနဲ့ ဆင်ခြင်သင့်တာပေါ့လေ) ဥပမာ ဘန်ကောက်မှာဆို ပုဇွန်ဆိတ်လေးတွေကို အရှင်လတ်လတ် အစိမ်းသုပ်စားတာမျိုး ။

အားနာသား - ဆိုတာကတော့ ကိုယ်က သွေးတိုးရှိတယ် ။ ဧည့်သည်ဖြစ်လို့ သူများက ငါးသလောက်ပေါင်းနဲ့ ကျွေးလို့ အားနာပြီး စားလိုက်တော့ ဒုက္ခ ဖြစ်တာပေါ့ ။ အဲဒါမျိုးပါ ။

နှမြောသား - ဆိုတာကတော့ နှမြောပီး မပစ်ရက် မသွန်ရက်ပဲ မှိုတက်နေတာ ချဉ်နေတာကို စားလိုက်တော့ ဒုက္ခဖြစ်မှာ စိုးလို့ပါ ။

အကျဉ်းပေါ့ဗျာ ။ ဘုရားရှင်ကတော့ မစားအပ် ( မစားသင့်) လို့ပဲ ဟောပါတယ် ။ လုံးဝ မစားရဘူးလို့ မဟောခဲ့ပါဘူး ။ အခု မဗေဒါ ပို့စ်က အသားတွေကတော့ မြည်းစမ်းတာမို့ ဘာမှမဖြစ်ပါဘူး ။ အပေါ်က အချက်တွေနဲ့လည်း လွတ်ပါတယ် ။ အမြဲစားရင်တော့ ကျန်းမာရေးအရ ညီမညီ ဆိုတာ ရှိမှာပေါ့ ။

နောက် တချို့အစားအသောက်တွေကတော့ အပေါ်က အချက်တွေနဲ့လွတ်ပေမယ့် ယဉ်ကျေးမှု ကျင့်ဝတ် ဆိုတာတွေ လိုက်နာတဲ့အခါ မစားသင့်တာတွေပေါ့ ။ (ဒါက တယုတ် လူမျိုးအချို့ရဲ့ အစားကျူးတာတွေကို ဆိုလိုပါတယ် ) ။ အာဟာရလိုအပ်ချက်ရှိရင်တော့ စားကြမှာပါပဲ ။ လိုအပ်ချက်မရှိပဲနဲ့ ပေါက်ကရတွေ ထွင်စားတာမျိုးသာ အပြစ်ဖြစ်နိုင်ပါတယ်လို့ ယူဆရင်း အထက်ပါ အသားများကိုလည်း အဆင်ပြေရင် မြည်းကြည့်ချင်ပါကြောင်း ။း)

မှတ်ချက် ။ Emu ကို မြန်မာလို နာမည်မတွေ့ပါဘူး ။ (သာလွန် E-M အဘိဓာတ် ကတော့ သြစတေးလျနိုင်ငံရှိ ငှက်ကုလားအုတ်လို့ ရေးပါတယ် ။ ) တခြားတစ်ခုကတော့ တိုက်ရိုက်ပဲ = အီမျူးငှက်တဲ့

အဆင်ပြေပါစေ ။

mabaydar said...

ပေါက်ပြီ ပေးတဲ့ လင်ခ့်မှာ သွားဖတ်လိုက်တယ်... အောင်းသားကိုတော့ သေချာ မရှင်းသေးဘူး... အဲမှာလဲ သေချာတော့ မရှင်းထားဘူး...

mabaydar said...

ဖြေပေးသွားတဲ့ Anonymous ကို အရမ်းကျေးဇူးတင်ပါတယ်...
လာဖတ်တဲ့အတွက်ရော မဗေဒါ မသေချာတာတွေကို သေချာရှင်းသွားတဲ့အတွက် ထပ်ကျေးဇူးတင်ပါတယ်... အပေါ်က N3 ပြောတဲ့ အသား ၁၀မျိုးကလဲ မစားအပ်တဲ့ အသားတွေပဲပေါ့နော်...

Mrs. Bagel said...

အောင်းသားဆိုတာ၊ မြေထဲမှာအောင်းတဲ့အကောင်ရဲ့ အသားကိုပြောတာနေမယ်။ ဥပမာ။ ။ မြွေ၊ ပုရစ်။ ယူရစ် အက်ဆစ်များတယ် ကြားဖူးတာပဲ။

ခိုင် said...

ညီမလေးရေ ငှက်ကုလားအုတ်လို့ခေါ်ပါတယ်

mabaydar said...

ခိုင်ရေ ငှက်ကုလားအုတ်က အင်္ဂလိပ်လို Ostrich လို့ခေါ်တာထင်ပါတယ်... Emu က ငှက်ကုလားအုတ် အမျိုးဝင်ဆိုပင်မဲ့ မြန်မာလို တိတိကျကျပေးထားတာတော့ မရှိဘူးထင်တယ်....

Anonymous said...

EMU ဆိုတာငှက်ကုလားအုပ်လိုငှက်ပါ ။ မျိုးစိတ်ကွဲတယ်။ မိကျောင်းသားက ကြက်သားနဲ့ အတော်လေးအရသာတူတယ်။ jerkyတွေ ကတော့အနံ့ ရှိတယ်။ burger လုပ်ထားတာစားဘူးတယ်။ မယု

Anonymous said...

emu ကို မြန်မာလို တိုက်ရိုက်ပြန်ထားတဲ့ နာမည် မရှိဘူးလို့ ထင်ပါတယ်...
သေချာတာကတော့ အမြီး မပါတဲ့ သြစတြေးလျ ငှက်ကုလားအုတ် ဆိုရင်တော့ မမှားနိုင်ပါဘူး...
my two cents' worth
-m

ချော(အစိမ်းရောင်လွင်ပြင်) said...

နယ်တွေဘက်မှာတော့ ကျားသား၊ ဆင်သားလည်း စားကြတယ် .. မဗေဒါရဲ့..
တောတွေဘက်မှာပေါ့လေ။ ခြင်္သေ့လဲ စားကြမှာပါဘဲ.. မြန်မာပြည်ကျတော့ခြင်္သေ့က တောတွေမှာ သိပ်မတွေ့ရဘူးကိုး..
အောင်းသားဆိုတာတော့ မြွှေအပါအဝင် မြေတွင်းအောင်းတဲ့အသားတွေကို ပြောတာဟုတ်ပါတယ်.. ဟိုးအရင်က ဖြစ်ပြီးမှပျောက်သွားတဲ့ အနာရောဂါတွေတောင် အဲဒီ မြေအောင်းသားကိုစားလိုက်ရင် ပြန်ပေါ်တယ်လို့ ဆိုကြတယ်... သာမန်လူတွေတောင် စားပြီးရင်လည်း တက်တယ်လို့ ပြောကြတာ ကြားဖူးတယ်... မဗေဒါရဲ့ ပုံတွေထဲက အကောင်တွေလည်း မစားရဲပါဘူး။ စားနေကျမဟုတ်လို့လားမသိ စားရမှာ လန့်သလိုလို ဘာလိုလို..

ကြယ်စင်အလင်း said...

မြည်းတော့မြည်းကြည့်ချင်တယ်.. ဒါပေမယ့် မကောင်းရင်နောက်တခေါက် မစားတော့ဘူး..း)