Friday, April 30, 2010

Jang Keun Suk နဲ့တစ်ညတာ (သို့) Fan meeting Part 1

ရှေ့ ၂ရက်က ပင်ပန်းထားတာကြောင့် ကျမ အဲဒိနေ့က နောက်ကျမှ အိပ်ယာနိုးခဲ့ပါတယ်... ကျမတို့အိမ်သားတွေအားလုံး အိမ်ပြောင်းပြီး အလုပ်ရှုပ်နေကြချိန်မှာ ကျမကတော့ ဂျန်ဂမ်ဆွတ်နောက်လိုက်နေလို့ အားတော့နာမိပါတယ်... ဒါပေမဲ့လဲ သူကဒီအချိန်ပဲလာတော့လဲ နှစ်ချို့နေတဲ့ ရည်မှန်းချက်က ခုမှပဲဖြည့်ခွင့်ရတော့မှာကိုး... အမှန်တော့ နိုးတာနဲ့သွားမလို့ပဲ... ဒါပေမဲ့ အိမ်ပြောင်းတာကို တစ်ချီလောက်တော့ ကူလိုက်အုံးမှ ဆူခံရတာ သက်သာမယ်လေ... ဒါနဲ့ နည်းနည်းပါးပါးကူလိုက်တာပေါ့... ဒီ fan meeting က ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးလေ... ကိုယ့်အစ်မကိုပါ ဆွယ်ထားတော့ သူတော့ ကိုယ့်ဘက်မှာရှိတယ်... ဟိုမှာ သူများတွေက အွန်လိုင်းပေါ်မှာ ပြောနေကြတယ်.. ညအိပ်ပြီးတောင် နေရာကောင်းရအောင် သွားတန်းစီမယ်တဲ့... ပြောရမယ်ဆိုရင် လက်မှတ်က Free Seating လေ...

ပွဲက ညနေ ၆နာရီမှစမှာ... မဗေဒါလဲ နေ့လည် ၂နာရီခွဲလောက်ကျတော့ အမြန်ထွက်လာလိုက်တာပေါ့... ကားစီးမှာနဲ့ဆိုရင် ၁နာရီကျော်လောက်က ကြာအုံးမှာလေ... အစ်မကလဲ ကိုယ့်ကို အမြန်သွားစီထားနှင့်တဲ့... သူကိစ္စတွေပြီးရင်လိုက်လာခဲ့မယ်တဲ့.... ဒီလိုနဲ့ ကျမတစ်ယောက်တည်း ထုံးစံအတိုင်းထွက်လာခဲ့ပါတယ်... Sentac ကိုရောက်တော့ အစက IT show လုပ်နေကျ Conversion Center နားလို့ပဲထင်မိတာ... တကယ်တော့ ရှာလို့မတွေ့လို့ ... Information Counter မှာ သွားမေးတော့မှ... ရှေ့ကို ဆက်လျှောက်သွား G2000 ဆိုင်တွေ့ရင် အပေါ် ၃ထပ်ကို တက်သွားတဲ့... အဲဒါနဲ့ လျှောက်တယ်... လျှောက်တယ်... လျှောက်တယ်... အချိန်က ၃နာရီခွဲကျော်နေပြီ... ငါများ ဘိတ်ချီးဖြစ်နေပြီလားဆိုပြီး စိတ်တွေက ပူပန်လာတယ်... ခပ်သွပ်သွပ်လေးဆက်လျှောက်တယ်... နောက်တော့မတွေ့တာနဲ့... facebook Jang Keun Suk's Fan club မှာသိခဲ့တဲ့ မလေးမလေး ဖုန်းကို ဆက်ပြီးမေးတော့မှ ... Carrefour အပေါ်ထပ်မှာတဲ့... ဒီတော့မှ အမြန်တက်သွားတော့မှ Rock Auditorium ဆိုတာကို ရောက်တော့တယ်... သိသာပါတယ်... ကျူတန်းကြီးက ရှည်နေတာမှ တစ်ပတ်ပြည့်ဖို့ ၃ပုံ ၂ပုံလောက်ရှိနေပြီ... ဟိုကောင်မလေးတွေဆီသွားပြီးတော့လဲ ကျူတန်းမဖြတ်ချင်ဘူးလေ... ဒါနဲ့ပဲ နောက်ဆုံးကပဲ ဝင်စီလိုက်တယ်... ကိုယ်ဝင်တန်းစီပြီး သိပ်မကြာဘူး... ပြည်ကြီးတစ်ရုတ်မ တစ်ရောက်နောက်ကလာတန်းစီရင်း... ဒါ ဂျန်ဂမ်ဆပ်အတွက်စီနေတာလားတဲ့... ဒါနဲ့ဟုတ်တယ်လို့ပြောရင်း... သူလဲ တစ်ယောက်တည်းလာ... ကိုယ်လဲ တစ်ယောက်တည်းလာတာဆိုတော့ စကားပြောရင်း အတော်လေးရင်းနှီးသွားတယ်...

သူကလဲ မတ်လ ၁၃ရက် မနက် ၉နာရီ ၂၅ဝတန်လက်မှတ်တွေ ရောင်းတုန်းက သွားတန်းစီပြီး မရခဲ့တဲ့ အကြောင်းပြောတော့မှ... ကိုယ်အဲဒိတုန်းက အသိနောက်ကျပြီးမရခဲ့တာကို ဖြေသာသွားတယ်.. သူ့လိုသာ သွားတန်းစီပြီး နဲနဲလေး နောက်ကျလို့မရလိုက်တာဆို ပိုဖြေရခက်မယ်... ကျမတို့ရှေ့မှာတော့ ခန့်မှန်းခြေ လူအယောက် ၅ဝဝ လောက်ရောက်နေပြီ... သိပ်တောင်မကြာလိုက်ပါဘူး... အဲတရုတ်မနောက်ကို မလေးမလေးတစ်ယောက် သူ့အဖေနဲ့ ရောက်လာတယ်... နည်းနည်း တန်းစီပြီးတော့ အဲဒိမလေးမလေးကို မြင်ဖူးသလိုရှိတာနဲ့...

နင်ဟိုနေ့က လေယာဉ်ကွင်းလာကြိုသေးလား... မှန့်ထောင့်နားမှာ ရပ်နေတာမှတ်လားလို့... မေးလိုက်တော့... ဟုတ်တယ်တဲ့... ဒီလိုနဲ့ သူနဲ့လဲ ရင်းနှီးသွားပြန်ရော... သူ့အဖေကြီးလဲ သူ့သမီးအဖော်ရသွားတာတွေ့တော့မှ စိတ်ချပြီး ပြန်သွားတယ်... ဒီလိုနဲ့ ၃ယောက်သား ဂျန်ဂမ်ဆပ်အကြောင်း ပြောရင်း.... ပြောရင်းနဲ့... ရင်းနှီးသွားကြတာ ငယ်ပေါင်းတွေကျနေတာပဲ... ဟား.. ဟား... တခြား ကိုရီးယားကားအကြောင်းတွေနဲ့... အရင်က စကာင်္ပူကိုလာဖူးတဲ့ ကိုရီးယား Celeb တွေအကြောင်းရောက်တော့... ဟို မလေးမလေးက အတော်ကို ဝါသနာကြီးသကိုး... သူက ပွဲတိုင်းလိုလိုကို သွားတာ... ကျမကမှ ဒါ ပထမဆုံး... နောက် ကျမအစ်မလာတော့လဲ ပိုရင်းနှီးသွားတာပေါ့... ကျမရှေ့က စလုံး တရုတ်မအုပ်စုလေးက အစကတော့ ကြီးကျယ်တယ်... နောက်ပိုင်းကျတော့လဲ ကျမတို့ပြောနေတာတွေ စိတ်ဝင်စားလာပုံရတယ်... ဝါသနာတူတွေကိုး... နောက်တော့ အဲကောင်မလေးတွေနဲ့လဲ ရင်းနှီးသွားတယ်... ကင်မရာသမားက တန်းစီနေတဲ့ လူတွေကိုလိုက်ရိုက်ရင်း ကျမတို့နားရောက်လာတော့... အုပ်စုပေါင်းပြီး အော်ကြ တတ်တာတွေပြကြနဲ့... Oppaaaaaaa.... ဆိုပြီး.. အမှန်တော့ ဂျန်ဂမ်ဆပ်ကို ခေါ်တာပါ... အုပ်စုတောင့်လို့သောင်းကျန်းတာလဲ ပါတာပေါ့နော်... ကင်မရာမန်းတောင် နောက်တစ်ခေါက်ထပ်မလာတော့ဘူး...

ဒီလိုနဲ့ ၆နာရီလောက်ကျတော့ ကျူတန်းကြီးရွေ့ပါပြီ... ဖြည်းဖြည်း ဖြည်းဖြည်းနဲ့... ဝင်ရခါနီးမှာမှ ဘုတ်ကြီးနဲ့... Post it စာရွက်လေးတွေပေးပြီး မင်းသားကို မေးချင်တဲ့ မေးခွန်းတွေကို ရေးလို့ရတယ်တဲ့... မင်းသားက Random ဖြေပေးမယ်ပေါ့... ဒီတော့ ရှေ့ကအုပ်စုကလဲရေးကြတယ်... နောက်က မလေးမလေးကလဲရေးတယ်.. ကျမကတော့ အဲလိုမေးဆိုရင် ဘာမှ မေးစရာမရှိဘူး... ဘယ်တော့မှလဲ ကိုယ်က ဒါမျိုးဆိုကံကောင်းတဲ့သူမဟုတ်ဘူးဆိုတာလဲ ကိုယ့်ကိုကိုယ်သိတယ်... သူများတွေမေးတာနဲ့တင် ကျမသိချင်တာက လုံလောက်ပါတယ်... ဒါနဲ့ပဲ ဘာမှ မရေးတော့ဘူး.. အဝင်ဝရောက်တော့ ကဒ်သေးသေးလေးတွေ ကမ်းတယ်... ဘာမှန်းညာမှန်းမသိပဲ ယူထားလိုက်တယ်... ကဒ်လေးပေါ်မှာ...

"Soul of Asia - SEOUL"

"A City of Design and Culture"

ဆိုပြီး ရေးထားတယ်.. အားလုံးက အထဲမှာ နေရာကောင်းရဖို့ပဲ ဆိုင်းပြင်းနေတော့ ဘာမှန်းဂရုတောင်မစိုက်နိုင်ဘူး... ကျမအစ်မဖွင့်ကြည့်လိုက်တော့မှ.. အထဲမှာ ဂျန်ဂမ်ဆပ်ပုံလေး Print ထားတဲ့ Metal ပြားလေး... ပုံလေးဘေးမှာ... "Infinitely yours, SEOUL" လို့ရေးထားတယ်... အဲအောက်မှာတော့...

"This sticker may be used on a mobile phone, monitor or other electric equipment to protect against electromagnetic waves generated by electric devices."
"Caution: please handle with care as this sticker is made of very thin metal".

အော်... ဆိုလ်းစီးတီးရဲ့ Ambassador အဖြစ်လဲ ခန့်အပ်ခြင်းခံထားရတဲ့ မင်းသားလေးက သူ့ပရိတ်သတ်တွေကို electromagnetic waves ကလွတ်အောင် ဒီပစ္စည်းလေးကို ပေးဖို့ သူကိုယ်တိုင် ရွေးချယ်ခဲ့တယ်ဆိုပါတယ်... (ခုထက်ထိနောင်တရလို့မဆုံးတာ အဲဒိလက်ဆောင်လေး ပျောက်နေပါတယ်... I hate myself for losing it...) ဒီလိုနဲ့ အထဲရောက်တော့ ရှေ့က စလုံးမအုပ်စုနဲ့တော့ ကွဲသွားပါတယ်... ကျမတို့နဲ့ တူတူလိုက်လာတာကတော့ နောက်က တရုတ်မနဲ့ မလေးမလေးပါပဲ... ကျမတို့တွေ နေရာရွေးရင်း ဘယ်နေရာမှလဲ သိပ်မကျန်တော့တာနဲ့ နောက်ဆုံးတော့ အလယ်က ကင်မရာတွေနောက်မှာ နေရာယူလိုက်ပါတယ်.. အလယ်ခေါင်ဆိုတော့ ပိုမြင်ရမယ်ပေါ့.. အဲတုန်းက ကင်မရာတွေပဲ ထောင်ထားပြီး လူတွေမရှိတော့ စင်ကို ကောင်းကောင်းမြင်ရပါတယ်... ခဏစောင့်ပြီးတော့ ပွဲစပါပြီ...

ဒီဂျေ Ken အရင်ဆုံးထွက်လာပြီး ဟိုပြောဒီပြော ပြောပါတယ်... တရုတ်လိုပြောလို့ရလားလို့မေးလို့ ဝိုင်းအော်ရပါသေးတယ်... သူကပြောပါတယ်.. မင်းသားလေးက မပြောနိုင်ဘူး ပရိတ်သတ်ထဲက ပေါ်လာကောင်းပေါ်လာမယ်တဲ့... ကိုယ့်ဘေးကို ကိုယ်ကြည့်တဲ့.. မင်းသားလေးများ မတော်လို့ပေါ်လာခဲ့ရင်... စင်ပေါ်ကို အနည်းဆုံး ဘောင်းဘီလေးတော့ ပါလာတဲ့အထိ ချမ်းသာပေးပါတဲ့.. အရမ်း ဝိုင်းမဆွဲကြပါနဲ့တဲ့... နောက်တော့ အားလုံး အမှောင်ချပြီး... Projector မှာ မင်းသား ဆိုးလ်ကနေ စကာင်္ပူကို လာတဲ့ ခရီးစဉ်မှာ မဗေဒါရိုက်သလိုပဲ သူ့ကိုယ်သူရိုက်လာတဲ့ ဗွီဒီယိုကို ပြပါတယ်... ဆိုးလ်ကနေပါလာတဲ့ Fan တွေဆိုရင် လုံးဝ သူနောက်မှာပါပဲ.. နီးနီးလေးပါ... သူက အဲလောက်အထိ အကပ်ခံပါတယ်... ပြီးသွားတော့...

"Are You ready?"

"Are You Ready?"

"Are you sure?"

"Really?"

"Watch Your side"

ဆိုပြီး စာတမ်းတစ်ခုပြီးတစ်ခု ပေါ်လာ အပြီးမှာတော့ ဘေးပေါက်ကနေ ယုန်ဝတ်စုံလေး ခေါင်းစွတ်ထားတဲ့ လူတစ်ယောက်ပေါ်လာပြီး ခြင်းတောင်းထဲကနေ သကြားလုံးတွေ ကျဲပါတော့တယ်.. ကျမတို့ကတော့ အလယ်ရောက်နေတော့ သိပ်မနီးပါဘူး... နောက် သိပ်မကြာဘူး... တခြား ဘေးပေါက်ကနေ... ဘဲဝတ်စုံနဲ့ နောက်တစ်ယောက်ပေါ်လာပြီး အဲလိုပဲ သကြားလုံးတွေကျဲပါတယ်.. နောက် ၀က်ဝံရုပ်ဝတ်ထားတဲ့ လူကလဲ ကျဲပါတယ်... ဘယ်ဟာက မင်းသားမှန်းတော့ ခန့်မှန်းရခက်ပါတယ်.. ဒါပေမဲ့ စင်ပေါ်ကို ၃ယောက်လုံးရောက်ချိန်မှာတော့ မှန်းရလွယ်သွားပါတယ်... ဘာလို့လဲဆိုတော့ ယုန်က slim body အဖြစ်ဆုံးနဲ့ အိုင်တင်တွေ အကတွေ Act Cute လုပ်တာတွေ အတော်ဆုံးပါပဲ... ပရိတ်သတ်မိန်းကလေးတွေက ယုန်ဟာ မင်းသားမှန်းတန်းသိပါတယ်... (အဲဒါကို မင်းသားက ကိုရီးယားပြန်ရောက်တော့ သူ့ဝက်ဆိုဒ်မှာ ပရိတ်သတ်တွေ သူ့ကို မျက်နှာဖုန်းစွတ်ထားတာတောင် ဘယ်လိုသိလဲဆိုပြီး ရေးထားပါသေးတယ်တဲ့...) နောက်တော့ တစ်ရုပ်ပြီး တစ်ရုပ်ဝတ်စုံတွေချွတ်လိုက်ပြီး ယုန်လေးပဲ ကျန်တော့ ကောင်မလေးတွေ ၀ိုင်းအော်ကြပြန်ပါရော... ဘာလို့မှန်းတော့ မသိဘူး... ကျမလဲ အဲဒိ အချိန်မှာ ရင်တွေ အရမ်းကို ခုန်လို့... ဗွီဒီယိုရိုက်မလို့ဟာလဲ ရှေ့ကမိန်းမတွေက ကွယ်... နောက်က မိန်းမတွေက ကိုယ်မတ်တပ်ရပ်ရင်ကျတော့ ပြောချင်တယ်... ရှေ့က ကင်မရာမန်းကလဲ ကွယ်သေးတယ်... တော်သေးတယ်.. ကျမထိုင်တဲ့နေရာက မင်းသားရပ်တဲ့နေရာကို မြင်ရသေးလို့...

မင်းသားက ၀တ်ရုံလေးကို ချွတ်တော့မလို ချွတ်တော့မလိုနဲ့ မျက်နှာလေးအုပ်ပြီး ရှက်တဲ့ပုံလုပ်လိုက်နဲ့... အသဲတွေယားတာများ ဆွဲဆောင့်ပြစ်လိုက်ချင်တယ်... နောက်တော့မှ ဘေးကလူတွေ အကူအညီနဲ့ ၀တ်ရုံကို ချွတ်လိုက်ပါတယ်... မင်းသားက Skinny ဘောင်းဘီ ငွေရောင်နဲ့ အပေါ်က အကျီင်္အနက်ရောင် ပါးပါးလေးက တစ်ဖက်က လက်ပြတ် နောက်တစ်ဖက်က လက်နဲနဲလေးရှိပါတယ်... အကျီင်္ရဲ့ ရှေ့ အောက် အနားသားကလဲ ပြဲနေတဲ့ ပုံစံမျိုးပါ... အပြင်လူဝတ်ရင်တော့ အတော်လေးကို ကြည့်ရဆိုးမှာ... သူဝတ်တော့လဲ လှနေတာပဲ....

အဲဒိနောက်တော့ သူအတွက် ချထားပေးတဲ့ ဒီဂျေစက်မှာ သူ့ရဲ့ လက်ပတ်တွေ တပ်မိုက်ကို ကိုင်ပြီး
"You guys ready?" ဆိုပြီး သူ့နားလေးကို နားထောင်နေတဲ့ပုံလေး လက်နဲ့ လုပ်ပြတော့ ကောင်မလေးတွေက ပိုအော်ကြတော့တာပေါ့... သူက... ထပ်မေးပါတယ်... " Ready??" ပရိတ်သတ်ကလဲ "YES!!!" ပေါ့.... ဆိုတော့...

"It's show time!!!!!!!!!" ဆိုပြီး ဒီဂျေစပါတော့တယ်...သူကိုယ်တိုင်လုပ်တယ်တော့ မထင်ပါဘူး... အိုက်တင်လုပ်နေတာပဲ နေမှာပါ... ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့လဲကောင်းတယ် နားထောင်လို့လဲကောင်းနေတာပဲလေ...

ကဲ အပိုင်း ၁ ဗွီဒီယိုလေးကို အောက်မှာ ရှုစားကြပါ... မဗေဒါရဲ့ ဗွီဒီယိုတွေကို တင်တင်ပြီးချင်း ကြည့်ချင်တယ်ဆိုရင်တော့ www.youtube.com/mabaydar မှာ Subscribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်လို့...


Tuesday, April 27, 2010

ဒီဂျေ Ken ရဲ့ မသိစိတ်... Interview with Jang Keun Suk



အထက်ပါ ဗွီဒီယိုကတော့ JKS နဲ့ 1003FM က ဒီဂျေနဲ့ရဲ့ အင်တာဗျူးအရှည်ထဲက အပိုင်း ၁ပိုင်းပါ... အဲဒိ အင်တာဗျူးမှာ စလုံး ဒီဂျေရဲ့ မသင့်တော်တဲ့ ကွန်မန့်တစ်ခုကြောင့် သူ့ကို JKS ရဲ့ Fan တွေ ၀ိုင်းပြီး ပြစ်တင်ဝေဖန်ကြတာ ခံခဲ့ရပါတယ်... အဲဒိအတွက်လဲ 1003FM က သူမရည်ရွယ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရပါတယ်... ဗွီဒီယိုကို ကြည့်တဲ့သူတိုင်း အဲဒိနေရာကို သတိထားမိမှာပါ... အဲဒိနေရာကို တွေ့လိုက်ရင် လူတိုင်းက ဒီလိုပဲထင်မိမှာပါ... သူရည်ရွယ်ရွယ် မရည်ရွယ်ရွယ် အမှန်တော့ ကျမစိတ်ထင် သူ့မသိစိတ်ထဲမှာ ရှိတဲ့ မင်းသားကို လှောင်ချင်တဲ့ မနာလိုတဲ့ စိတ်ကြောင့် ခုလို ပါးစပ်ကထွက်သွားတယ်လို့ထင်ပါတယ်...

1:10 ကနေ 1:17 အချိန်လေးပါ... သူက မင်းသားကို "က" ရတာကြိုက်လားလို့မေးပါတယ်... (အဲဒိလူဟာ မင်းသားကို ခုမှသိတာသေချာပါတယ်... ဘာလို့လဲဆိုတော့ မင်းသားအကြောင်းနဲ့ မင်းသားရုပ်ရှင်တွေကို တစ်ကားမှ သူမသိပါဘူး... Fan meeting တုန်းက Emcee ကလဲ သူပါပဲ... အမှန်ဆို ဒီမင်းသားရဲ့ function ကို ကိုယ်က Emcee လုပ်ရမယ်ဆိုရင် Professional တစ်ယောက်ဟာ အဲဒိ မင်းသားအကြောင်းကိုတော့ အနည်းနဲ့ အများလေ့လာထားသင့်တယ်လို့ ထင်ပါတယ်) မင်းသားက "နည်းနည်းပါးပါးတော့ ကြိုက်ပါတယ်" လို့ပြောပါတယ်...

ဒီတော့ Emcee က "ဒီမှာရှိတဲ့သူတွေ သူ ကတာ မြင်ဖူးကြလား... မင်းသား က တာကြည့်ချင်လား... ဟား... ဟား... Just kidding" သူအဲဒိလိုမေးလိုက်တာက စမှားတာပါပဲ... Press Conference မှာ ဘယ်သူက က ပြမှာလဲ... ဟိုက အိနြေ္ဒရှိရှိတောင် formal ၀တ်လာတာ... အဲဒိလိုမျိုး စကားအပိုတွေဟာ အမှန်ဆို ပြောဖို့ မလိုအပ်ပါဘူး... ဒါကထားလိုက်ပါတော့ ခွင့်လွှတ်လို့ ရပါသေးတယ်...

ဒီတော့ မင်းသားက "မနက်ဖြန် Fan meeting ကျရင် ကျွန်တော် အားလုံးပြပါမယ်..." ဆိုပြီး အင်္ဂလိပ်လို ဟောဒီလိုလေး ပြောပါတယ်... "I will show you my EVERYTHING Tomorrow" လို့ပြောပါတယ်... မင်းသားဘာကိုဆိုလိုတယ်ဆိုတာလူတိုင်းသိမှာပါ... သူ့စာကြောင်းလေးက နဲနဲလေးပဲ မပြည့်စုံဖြစ်သွားတာပါ... အဲဒါကို ဒီဂျေက နှာတွေးတွေးတာက တစ်ကြောင်း မင်းသားရဲ့ အင်္ဂလိပ်စာ မပြည့်စုံမှုလေးကို သိသာထင်ရှားအောင်လုပ်ချင်တာက တစ်ကြောင်းကြောင့်ထင်ပါတယ်...

"Your Everything???" ဆိုပြီး ထောက်ပြထပ်ပြောပါတယ်... မင်းသားကတော့ ပုံမှန်ပါပဲ... သူ့ကို နှိပ်ကွက်တယ်ဆိုတာ သိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလဲ ဖြစ်နိုင်တယ်... တကယ်မသိလို့ ဘာမှ မဖြစ်တာလဲ ဖြစ်နိုင်တယ်...

မင်းသားကတော့ ခပ်မှန်မှန်ပဲ ပြန်ပြောပါတယ်... "ဟုတ်ပါတယ်... Everything ပါ" လို့ ဘာမှ မဖြစ်တဲ့ပုံနဲ့ ပြန်ဖြေပါတယ်...

အဲဒါကို အဲဒိ ဒီဂျေက "ဟား... ဟား... that's very funny" တဲ့... အမှန်ဆို မင်းသားက ရီစရာပြောနေတာမဟုတ်ပါဘူး... မနက်ဖြန်ကျမှ အကောင်းဆုံး ဖျော်ဖြေမယ်... သူ့အကြောင်းမှန်သမျှကို ပရိတ်သတ်ကို ပြောပြမယ်လို့ ဆိုလိုတယ်ဆိုတာ လူတိုင်းသိပါတယ်... အဲဒါကို ဟား... ဟား... ရီရတယ်ဆိုတဲ့ မသင့်တော်တဲ့ ကွန်မန့်က

၁) မင်းသားကို ပျက်ရယ်ပြုလိုက်တာ
၂) မင်းသားရဲ့ မပြည့်စုံတဲ့ အင်္ဂလိပ် စာကြောင်းကို သူက အုပ်မပေးတဲ့အပြင် သိသာထင်ရှားအောင် လှောင်လိုက်တာပါ...

စာဖတ်သူတွေတော့ ကြုံဖူးလားမသိပါဘူး... ကျမတော့ စလုံးမှာနေနေတော့ စလုံးတွေ အကျင့်ကို နည်းနည်းသိတယ်... သူတို့က သူတို့နိုင်ငံ အင်္ဂလိပ်လိုပြောတယ်ဆိုပြီး မြောက်နေကြတာ... တကယ်ပြောတတ်တဲ့လူတွေရှိသလို တော်တော်များများကတော့ တရုတ်သံဝဲ၀ဲ စင်းဂလိပ်ကိုပဲ ပြောကြတာပါ... ကျမတို့ စကာင်္ပူစရောက်ခါစကတောင် သူတို့လေသံတွေနဲ့ ကျင့်သားမရသေးတဲ့ အချိန် သူတို့ ပြောတာနားမလည်လို့ ထပ်မေးရင် "ဒါလေးတောင် နားမလည်ဘူးလား... အင်္ဂလိပ်လိုမတတ်ဘူးလား"ဆိုတဲ့ အကြည့်မျိုးတွေ လေသံမျိုးတွေနဲ့ ကြုံခဲ့ဖူးမှာပါ... အမှန်ဆို သူ့လို ရေဒီယို ဒီဂျေတစ်ယောက်အနေနဲ့ စင်းဂလိပ်မဟုတ်ပဲ အင်္ဂလိပ်အသံထွက်ကို ကောင်းကောင်းပြောတတ်ရမှာပါ... ခု နားထောင်ကြည့်ရင်လဲ သိသာပါတယ်... မင်းသားက အင်္ဂလိပ်စကားပြောနိုင်ငံက လာတာမဟုတ်လို့ စကားလုံးမကြွယ်ဝပင်မဲ့ အသံထွက်ကတော့ သူထက်ကောင်းပါတယ်... မင်းသားပြောတာကို အားလုံး ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားကြားရပါတယ်... ခုလဲ ဒီဂျေက အဲဒိ အချိုးမျိုးပါ... သူ့ မသိစိတ်ထဲမှာ မင်းသားက ကိုရီးယားကလာတာ အင်္ဂလိပ်လို သိပ်မတတ်ဘူး... သူမေးတဲ့ "what is your aim?" ဆိုတာကို စကားပြန်ကို ပြန်မေးရတယ်... ဒါတောင်မသိဘူး... အမှန်တော့ မင်းသားက "What my MISSION is to be no.1 in Asia." လို့ပြန်ဖြေသွားတာပါ... ဒါကြောင့် မင်းသားက "I will show my everything" ဆိုတာကို သူ မသိလိုက်ပဲ အတွင်းစိတ်ထဲမှာ ရှိတဲ့အတိုင်းလှောင်လိုက်တယ်လို့ထင်တာပါပဲ...ဟုတ်ချင်မှလဲ ဟုတ်မှာပါ... ကျမ အထင်ကိုပဲပြောတာပါ... ဟုတ်ဟုတ် မဟုတ်ဟုတ်တော့ ဒီလိုမျိုးမပြောသင့်ဘူးဆိုတာ Professional တစ်ယောက်အနေနဲ့ သတိထားသင့်ပါတယ်... အဲဒါကြောင့်လဲ သူ့ကို Youtube ပေါ်မှာ ပရိတ်သတ်ရဲ့ ၀ိုင်းဝန်းဝေဖန်တာကို ခံရတာပါ...

"That very funny" လို့ပြောပြီး သူရီလိုက်တော့... မင်းသားရီလိုက်တဲ့ အရီက အသက်သိပ်မပါတာကို ကျမသတိထားမိပါတယ်... ဒီလိုပဲ Follow လိုက်လိုက်တဲ့ ပုံမျိုးပါ...

ကြုံလို့ တစ်ခါတည်းပဲ သူ့ အင်တာဗျူး အပြည့်အစုံကို ကို ရေးလိုက်ပါအုံးမယ်... စိတ်ဝင်စားရင် ဖတ်သွားကြပါ...

စကာင်္ပူကို ရောက်ရောက်ချင်းညမှာ ည၁၂နာရီကနေ မနက် ၃နာရီအထိ ဟိုတယ်က ရေကူးကန်မှာ ရေကူးခဲ့ပါတယ်... ခု ကိုရီးယားမှာ Spring ဖြစ်တဲ့အတွက် နည်းနည်းတော့ အေးနေပင်မဲ့... စကာင်္ပူကိုရောက်တော့ နွေရာသီဖြစ်နေပါတယ်တဲ့... ဒါပေမဲ့ သူက နွေရာသီကိုကြိုက်ပါတယ်တဲ့... သူစကာင်္ပူလေဆိပ်ကို ရောက်တဲ့ အကြောင်းကို အပြောမှာတော့... သူက စကာင်္ပူက Fan တွေကို အလွန်မှ အကောင်းပြောခဲ့ပါတယ်... သူ Asia Tour ကို စနေချိန်မှာ သူ အဲလောက် အောင်မြင်ပါ့မလားလို့ စိတ်ပူခဲ့ပင်မဲ့... စကာင်္ပူကိုရောက်တော့ စကာင်္ပူလေဆိပ်မှာ သူ့ကို သောင်းသောင်းဖျဖျလာကြိုကြတော့ သူအရမ်းကို အံ့သြ၀မ်းသာဖြစ်ခဲ့ရကြောင်းကိုလဲ ပြောသွားပါတယ်...

သူ စကာင်္ပူကိုလာမယ်ဆိုတော့ သူ့ အပေါင်းသင်းထဲက စလုံးကို မကြာသေးခင်ကမှ ရောက်ဖူးတဲ့ You are beautiful ကားထဲက တွဲဖက် သရုပ်ဆောင် Lee Hong Ki (FT island)ကို စလုံးမှာ ဘာတွေလုပ်လို့ ကောင်းလဲ မေးတော့ Shopping ထွက်လို့ကောင်းတယ်လို့ပြောပါတယ်... တော်တော်များများကလဲ စလုံးမှာ Fashion ကောင်းတဲ့ အ၀တ်အစားတွေ ဈေးဝယ်လို့ကောင်းတယ်လို့ ပြောပါတယ်တဲ့... နောက် Hong Ki က စလုံးမှာ Club သွားလို့လဲ ကောင်းပါတယ်လို့ပြောလိုက်ပါတယ်... အဲဒိအခါမှာ DJ Ken က မင်းသားကို စလုံးမှာ Club တွေက Hot တယ်လို့ ပြောလိုက်တာတောင်မှ မင်းသားက Club မသွားပဲ အရင်ဆုံး ရေကူးတယ်ဆိုပြီး ရယ်စရာပြောလိုက်ပါသေးတယ်...

နောက်တော့ ရှေ့ပိုစ့်မှာပြောတဲ့အတိုင်း သူ့ ရည်မှန်းချက်ကိုမေးပါတယ်...

အင်တာဗျူး floor မှာ သတင်းထောက်တွေကို ကြိုက်တဲ့ မေးခွန်း မေးခွင့်ပြုထားတဲ့အတွက် Korea.com.sg မှ သတင်းထောက်က သူ့ကို ကိုရီးယားလို မေးခွန်းတစ်ခွန်း လှမ်းမေးလိုက်တဲ့အခါမှာတော့ မင်းသားက အားလုံးနားလည်သွားအောင် ဆိုပြီး သူ့ စကားပြန်ကို အင်္ဂလိပ်လို ထပ်ရှင်းခိုင်းပြီးတော့မှ သူကိုယ်တိုင်လဲ အဲဒိ မေးခွန်းကို အင်္ဂလိပ်လိုပဲ ပြန်ဖြေခဲ့ပါတယ်...

မေးခွန်းကတော့... လတ်တလောမှာ JKS ဟာ Seoul City ရဲ့ Ambassador တစ်ယောက်အနေနဲ့ တကယ်လို့များ စကာင်္ပူက ချစ်သူရခဲ့ရင် ဘယ်တွေကို ခေါ်သွားမလဲ... ဘာတွေကျွေးမလဲ လို့မေးတာပါ...

JKS။ ။ အချစ်မှာ နယ်မြေကန့်သတ်ထားတာ မရှိတဲ့အတွက်... စကာင်္ပူက ချစ်သူတစ်ယောက်လောက်ရမယ်ဆိုလဲ ရချင်ပါတယ်... တကယ်လို့ ကျွန်တော့ ချစ်သူကို ကိုရီးယားအလည်ခေါ်သွားရမယ်ဆိုရင်တော့ Namsan ကို ခေါ်သွားပြမယ်... အင်း... ပြီးတော့ .. ကျွန်တော့ အိမ်ကိုလဲ ခေါ်ပါမယ်... (ပြုံးတုံးတုံး အမူအရာနဲ့ ဖြေပါတယ်... ပြီးတော့မှ) ကျွန်တော် ကိုယ်တိုင် သူ့ကို ဟင်းချက်ကြွေးပါမယ်... ကျွန်တော်ကိုယ်တိုင်က ဟင်းချက်ရတာကို ၀ါသနာပါပါတယ်... လို့ ထပ်မံ ဖြည့်စွက်လိုက်ပါတယ်.... (တစ်ချို့မိန်းကလေးတွေက ဟင်းချက်တတ်တဲ့ ယောကျာင်္းကို မကြိုက်ကြဘူးဆိုပေမဲ့... မဗေဒါကတော့ Personally ဟင်းချက်တတ်တဲ့ ယောကျာင်္းလေးတွေဆိုရင် Caring ဖြစ်တယ်လို့ ခံစားရလို့ ကြိုက်ပါတယ်...)

DJ Ken က သူ့ကို နောက်မေးခွန်းတစ်ခွန်းဆက်မေးတော့မယ် အလုပ်မှာ မင်းသားက သတိရသွားတဲ့ပုံနဲ့... သူ့ မန်နေဂျာက သူ့ကို စကာင်္ပူမှာ Crab, Tiger Prawn နဲ့ Chicken rice က ကောင်းတယ်လို့ ပြောပါတယ်လို့ ပြောသွားပါသေးတယ်...

မင်းသားရဲ့ အပြင် Character နဲ့ You are beautiful ကားထဲက ဇာတ်ကောင် Hwan Tae Kyung ရဲ့ Character ဘယ်လောက်တူလဲ လို့မေးတော့...

JKS ။ ။ ကျွန်တော်နဲ့ Hwan Tae Kyaung နဲ့က perfectionist နေရာမှာတော့ အနည်းငယ် သွားဆင်ပါတယ်... ကျွန်တော့ရဲ့ အလုပ်အကိုင်ကြောင့် ကျွန်တော်ဟာ perfectionist ဖြစ်နေဖို့ အလွန်ကို အရေးကြီးပါတယ်... သရုပ်ဆောင်ခဲ့တဲ့ ကားတွေထဲမှာ You are Beautiful ကို သဘောကျပါတယ်... ဒီရုပ်ရှင်ကားကြောင့် ကျွန်တော့်ကို လူသိပိုများလာပြီး ခုလို Asia Tour ကို ပြုလုပ်ခွင့်ရပြီး အားပေးတဲ့ ပရိတ်သတ်တွေနဲ့ တွေ့ခွင့်ရခဲ့တာပါ... ပရိတ်သတ်တွေက အဲဒိကားကို ဇာတ်လမ်းကောင်းတာရော... မင်းသားတွေ ချောတာရော... နောက်ခံ သီချင်းတွေ ကောင်းတာရောကြောင့် ကြိုက်ကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...

နောက်ပြီးတော့ သူ့ နောက်ထွက်မဲ့ ကား You Are my Pet အကြောင်းကို ပြောတာကတော့ အရင်ပိုစ့်မှာ ရေးပြီးပါပြီ...

သတင်းထောက်တစ်ယောက်က သူ့ရဲ့ Claustrophobic (ကျဉ်းတဲ့ နေရာ အလုံပိတ်နေရာတွေကို ကြောက်တတ်တဲ့ အကျင့်)နဲ့ ခရီးတွေ သွားလေယာဉ်တွေ စီးရတာ အဆင်ပြေမပြေကို မေးတော့...

JKS ။ ။ အင်း.... ခရီးသွားလို့ လေယာဉ်စီးရတာက တော်ပါသေးတယ်... ဘာလို့လဲဆိုတော့ ကျွန်တော် လေယာဉ်ပေါ်မှာ ကျွန်တော့် မန်နေဂျာနဲ့ လမ်းလျှောက်နေတတ်ပါတယ်... ဒါပေမဲ့ အသံတွေ ဘာတွေသွင်းတဲ့ အခန်းကျဉ်းမျိုးတွေမှာဆိုရင်တော့ သူပိုပြီး နေရခက်ပြီး ကြောက်ရွံ့ပါတယ်.... လို့ ဖြေကြားသွားပါတယ်...


ဒီ အင်တာဗျူးအဆုံးမှာ သုံးသပ်လို့ရတာကတော့ မင်းသားဟာ အသက် ၂၃ နှစ်သာရှိပြီး ငယ်ရွယ်ပင်မဲ့... စလုံးက သူ့ထက်ကြီးတဲ့ ShowBiz ကလူတွေထက်တော့ ရင့်ကျပ်ပြီး Professional ပိုကျတယ်ဆိုတာကို မြင်နိုင်ပါတယ်... အဲဒါကြောင့်လဲ စလုံးရဲ့ အနုပညာ အဆင့်အတန်းနဲ့ ကိုရီးယားရဲ့ အနုပညာ အဆင့်အတန်းက မိုးနဲ့ မြေလိုကွားခြားနေတာပါ... အဲဒါကြောင့်ပဲ သူတို့နိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလောက် ကျော်ကြားတဲ့ International Star မရှိတာကြောင့် Star တွေကို ဘယ်လို respect ပေးရမလဲဆိုတာ ကို မသိကြတာထင်ပါရဲ့...


JKS press conference with Mediacorp and 1003FM

သူ့ရဲ့ ၂၃ရက် ၄လ ၂၀၁၀ Fan Signing Event အပြီးမှာတော့ မင်းသားပြောသွားတဲအတိုင်း Telok Ayer Road မှာရှိတဲ့ Manna ကိုရီးယားစားသောက်ဆိုင်မှာ (မင်းသားကတော့ ကိုရီးယားဆိုင်မှာ ပုဇွန်စားမယ်ပဲ ပြောသွားတာပါ.. ဒါပေမဲ့ မင်းသားနောက်ကို Stalk နေကြတဲ့ fan တစ်ချို့ ၀က်ဆိုဒ်ပေါ်မှာ ပြန်ပြောလို့ စားသောက်ဆိုင်နာမည်ကို သိတာပါ) စားပြီးတော့ ဟိုတယ်ကိုပြန် အ၀တ်အစားလဲပြီး နောက်ထပ်တစ်ကြိမ် Press Conference လုပ်ဖို့ ထပ်ထွက်ရပြန်ပါတယ်... ဒါကတော့ သူဟိုတယ်က ပြန်ထွက်လာတဲ့ ပုံကို သူ့နောက်တစ်ကောက်ကောက်လိုက်နေတဲ့ fan က ရိုက်ထားတာပါ...



အောက်မှာ ဖော်ပြပေးတဲ့ ဗွီဒီယိုမှာ ကိုရီးယားလိုပြောပြီးဖြေတာက MediaCorp ကိုဖြေတယ်လို့ထင်ပါတယ်... အင်္ဂလိပ်လိုဖြေတာကတော့ 1003FM က DJ မေးတဲ့ အင်တာဗျူးပါ... တစ်ခြားဘယ် ကိုရီးယားမင်းသားမှ သူ့လောက် Fan တွေနဲ့ ဖော်ဖော်ရွေရွေ အနီးကပ်နေတဲ့သူမရှိသလို အင်္ဂလိပ်လိုကြိုးစားပြောပြီး ဖြေတဲ့ ကိုရီးယားမင်းသားလဲ မရှိသေးပါဘူး... သူအင်္ဂလိပ်လိုပြောလိုက်ခြင်းအားဖြင့် သူပြောတဲ့ စကားကို ကိုယ်တိုက်ရိုက်နားလည်တဲ့ ခံစားမှုဟာ သူနဲ့ ပိုရင်းနှီးသွားတယ်လို့ ခံစားရပါတယ်... တစ်ခါတစ်လေ သူဆိုလိုချင်တာကို ထိထိမိမိပြောဖို့ စကားလုံးရှာမတွေ့တဲ့ အခါမှသာ သူကိုရီးယားလိုပြောပါတယ်... ကျမပြောတာ 1003FM အင်တာဗျူးကိုပြောတာပါ... သူ အင်္ဂလိပ်လိုပြောရတာကို စိတ်ဖိစီးမှန်း သူ ကိုရီးယားလိုပြောပြီးဖြေနေတဲ့အချိန်မှာ ဖြစ်နေတဲ့ သူ့မျက်နှာနဲ့ အင်္ဂလိပ်လိုပြောနေတဲ့ အချိန်မှာဖြစ်နေတဲ့ သူ့မျက်နှာကို သေချာကြည့်ရင် သိနိုင်ပါတယ်... ဒါပေမဲ့ သူ့ International fan တွေအတွက် သူ အတတ်နိုင်ဆုံးကြိုးစားခဲ့တဲ့အတွက် အချစ်ပိုရပြန်ပါတယ်...



အင်တာဗျူးကို ကြည့်လို့ မရတဲ့ သူတွေအတွက် စာနဲ့ ရေးပြပါ့မယ်... ဗွီဒီယိုက MediaCorp က အက်ဒစ်လုပ်ထားတာပါ... 1003FM နဲ့ အင်တာဗျူးအစအဆုံးလဲရှိပါတယ်... အဲဒိမှာ အင်တာဗျူရာ အပြောမှားလို့ မင်းသားရဲ့ အင်္ဂလိပ်ကို လှောင်သလိုဖြစ်သွားလို့ (အမှန် ကျမစိတ်ထင်လဲ သူ လှောင်လိုက်တာပါ... ) Fan girl တွေက အဲဒိ DJ ကောင်ကို အတော်လေး ပစ်တင်ဝေဖန်ခဲ့ပါသေးတယ်... အဲဒိအကြောင်းကို နောက်ပိုစ့်တစ်ပုဒ်မှာတင်ပါ့မယ်... ခုတော့ အင်တာဗျူး အနှစ်လေးကိုပဲ ဝေမျှလိုက်ပါတယ်...

"မင်္ဂလာပါ စကာင်္ပူ... ကျွန်တော်ကတော့ ကိုရီးယားက ဂျန်ဂမ်ဆွတ် ဖြစ်ပါတယ်... တွေ့ရတာ ၀မ်းသာပါတယ်... တကယ်တော့ ခုတစ်ခေါက်က စကာင်္ပူကို ပထမဆုံးရောက်ဖူးတာပါပဲ... ဒီကို တစ်ခါမှ မရောက်ဖူးပေမဲ့ မနေ့က လေဆိပ်မှာ ပရိတ်သတ်တွေ အများကြီးလာကြိုတာတွေ့တော့ ကျွန်တော့ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ... အခုထက်ထိတောင် ကိုယ့်ကိုကိုယ် မယုံနိုင်သေးပါဘူး... " ဆိုပြီး တကယ်ကိုပဲ အံ့သြ၀မ်းသာနေတဲ့ ပုံနဲ့ ပြောကြားသွားပါတယ်... အမြဲတမ်း သူ့ကိုယ်သူ နှိမ်ချပြီးပြောတတ်တာကလဲ ပရိတ်သတ်ချစ်မဲ့ အပြောအဆိုတစ်ခုပါပဲ... ဒါပေမဲ့ သူ့ပုံစံက တမင်လုပ်ပြောနေသလိုမဟုတ်ပါဘူး... သူတကယ်ကို မထင်ထားခဲ့တာပါ... ဘာလို့လဲဆိုတော့ သူအဲဒိစကားကို fan meeting မှာလဲ ပရိတ်သတ်တွေကို ပြောပါတယ်... ပြီးတော့ လေယာဉ်ကွင်းမှာ ကိုယ်ကိုတိုင် သူပျော်နေတဲ့ မျက်နှာလေးကို မြင်ခဲ့ရတော့ သူ့စိတ်ထဲမှာ Singapore မှာတော့ သူနာမည်သိပ်မကြီးလောက်ဖူးထင်ထားပုံရပါတယ်...

မေး ။ ။ အရင်က ကလေးသရုပ်ဆောင်အဖြစ်စခဲ့တယ်... ခုလဲ သရုပ်ဆောင်ပဲလုပ်တယ်... တခြားအနုပညာလုပ်ငန်းတွေဘာတွေလုပ်ဖို့ စိတ်ကူးရှိပါသေးလဲ?

JKS။ ။ ငယ်ငယ်တုန်းကတော့ ကျွန်တော်ဖြစ်ချင်ခဲ့တာတွေ တော်တော်များပါတယ်... တစ်ခါတစ်လေ ဆရာဝန်ဖြစ်ချင်တယ်... တစ်ခါတစ်လေ Automobile Engineer ဖြစ်ချင်တယ်... တစ်ခါတစ်လေဆို စားသောက်ဆိုင်ပိုင်ရှင်တောင်ဖြစ်ချင်ခဲ့ပါတယ်... ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲပဲဖြစ်ချင်ခဲ့တာတော့ သရုပ်ဆောင်ပါ... အဲဒါကြောင့် ဒီအိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကျွန်တော် အမြဲတမ်း ကြိုးစားခဲ့ပါတယ်...

မေး။ ။ ရည်မှန်းချက်က ဘာပါလဲ...
JKS။ ။ ကျွန်တော့ရည်မှန်းချက်ကတော့ အနာဂတ်မှာ အာရှ အကောင်းဆုံး No.1 မင်းသားဖြစ်ချင်ပါတယ်... (မေးတဲ့လူက အဲဒိစကားကို ထပ်ပြောတော့ မင်းသားက ရီပြီး ပြန်ပြောပါတယ်) ဒါ ကျွန်တော် ဖြစ်ချင်တာကိုပဲ ပြောတာပါ...

မေး။ ။ အာရှ No. 1 ဖြစ်ဖို့ ဘယ်လို လူမျိုးတွေကို စံထားပါသလဲ... (ဘယ်သူတွေကို ဖြတ်ကျော်ရမယ်လို့ထင်ပါသလဲ)
JKS။ ။ ခု ကိုရီးယားမှာဆိုရင်တော့ Rain ပါ... သူက သီချင်းလဲ ဆိုနိုင်တယ် သရုပ်လဲဆောင်နိုင်တယ်... လိုင်းစုံရပါတယ်... (full version of 1003FM မှာ သူအဲလိုဖြေပါတယ်)... ဂျပန်မှာတော့ Kimura Takuya ... ထိုင်ဝမ်နဲ့ တရုတ်ပြည်မှာတော့ Jay Chou... ကျွန်တော် သူ့ကားတွေ ကြိုက်ပါတယ်...

မေး။ ။ မင်းသားရဲ့ ခါးဆိုဒ်က ဘယ်လောက်ပါလဲ...

JKS။ ။ ခု ကျွန်တော် နောက်ရိုက်မဲ့ ကားအတွက် ၀ိတ်ချနေရပါတယ်... ခုလောလောဆယ် ကျွန်တော့ခါးဆိုဒ်က ၂၇ လက်မပါ... (လူတွေအားလုံး wow ဆိုပြီး အံ့သြကြပါတယ်... မင်းသားက ရီပြီး ဆက်ပြောပါတယ်) ဒါပေမဲ့ ကျွန်တော် ဒိထက် ဆက်ပြီး ချရအုံး... ကျွန်တော့ကိုယ်အလေးချိန်ကို ၆ ကီလိုဂရမ် ချရမှာပါ... နောက်ထပ် ၃ကီလို ကျဖို့ လိုပါသေးတယ်... (interview အပြည့်အစုံတွင် ဆက်ပြောပါသည်) ကျွန်တော့ ဇာတ်ကောင်က ဘဲလေးကတဲ့သူပါ... အဲဒါကြောင့် အဲဒိအလေးချိန်ထိချရမှာပါ...

မေး။ ။ ကိုယ်အလေးချိန်ချဖို့ မင်းသားအတွက် ခက်ပါသလား...
JKS။ ။ မခက်ပါဘူး... ကျွန်တော်က ၀ိတ်အတက်အကျ အရမ်းလွယ်ပါတယ်... အဲဒါကြောင့် ကျွန်တော့အတွက်တော့ ခက်ခဲတဲ့ ပြဿနာမဟုတ်ပါဘူး... ၀ိတ်ပြန်တက်ချင်ရင်လဲ ကျွန်တော့အတွက်က အတော်လေးလွယ်ပါတယ်... ခုဆို ကျွန်တော် ၀ိတ်ချနေတာ ၁လ ရှိပါပြီ... ၄ ၊ ၅ ကီလိုလောက်ကျသွားပါတယ်...

မေး။ ။ ကိုယ့်ကိုကိုယ် ပိန်နေတာကို နှစ်သက်ပါသလား...
JKS။ ။ ကားရိုက်မရှိတဲ့ အချိန်တွေမှာတော့ ကျွန်တော့ ၀ိတ်ကို သိပ်မထိမ်းပါဘူး... ကျွန်တော် စားချင်တာ စားတာပါပဲ... ကျွန်တော့ ဘ၀မှာ ပျော်ရွှင်မှု အပေးနိုင်ဆုံးကတော့ ကျွန်တော်ကြိုက်တဲ့ အစားအသောက်တွေကို ရှာဖွေစားသောက်နေရတာပါပဲ... ပြီးခဲ့တဲ့လကစပြီးတော့ ကျွန်တော့ အသီးအနှံပဲ စားဖြစ်ပါတယ်... စကာင်္ပူရောက်ပြီးမှ ကယ်လိုရီအများဆုံး စားတာဆိုလို့ ပုဇွန် pancake ပဲရှိပါသေးတယ်... tiger Prawn လဲ စားချင်ပါသေးတယ်...

မေး။ ။ ခုတစ်လော ဘာတွေ အလုပ်များနေပြီး နောက်ထပ် ဘာတွေများ စီစဉ်ထားတာ ရှိပါသေးလဲ...
JKS။ ။ You're Beautiful ကားရိုက်အပြီးမှာတော့ ကျွန်တော် ခရီးတွေထွက်ဖြစ်တာများပါတယ်... ပရိတ်သတ်တွေနဲ့ တွေ့ဖို့ Asia Tour ကို ဖေဖော်ဝါရီထဲက စခဲ့ပြီးတော့ နိုင်ငံအမျိုးမျိုးမှာ သွားရောက် ဖျော်ဖြေခဲ့ပါတယ်... အမှန်အတိုင်းဆိုရင်တော့ ကျွန်တော့ကို You're beautiful ကားထဲက Hwan Tae Kyaung ဆိုတဲ့ ဇာတ်ကောင်ကို အမြန်ဆုံး ဖယ်ရှားပြစ်လိုက်ချင်တာပဲ (လူတော်တော်များများက သူ့ကို Hwan Tae Kyaung လို ဇာတ်ကောင်ပဲ မြင်နေကြလို့ တခြားဇာတ်ကောင်စရိုက်ကိုလဲ ပြသချင်တယ်လို့ ပြောတဲ့ သဘောပါ)... နောက်လကနေစပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ "You're my pet" ထဲမှာ ပါတဲ့ ဇာတ်ကောင် အတွက် စတင်ပြီး ပြင်ဆင်ရတော့မှာပါ...

မေး။ ။ တကယ်လို့ မင်းသားက Pet ဖြစ်ရမယ်ဆိုရင် ဘယ်လို Pet မျိုး ဖြစ်ချင်ပါသလဲ...
JKS။ ။ တကယ်လို့ Pet ဖြစ်ရမယ်ဆိုရင် ကျွန်တော်က ယုန်ဖြစ်ချင်ပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော်က ယုန်နှစ်မှာမွေးလို့ပါ... ယုန်လေးတွေက မြက်ပဲစားတော့ သူတို့လေးတွေက ၀ိတ်ချစရာမလိုဘူးလေ...

လူတွေက ရယ်တော့ မင်းသားက ခပ်မြူးမြူးလေးပဲ ပြုံးပြပါတယ်... (မင်းသားလဲ တကယ်တော့ ၀ိတ်ချရတာကို စိတ်ညစ်ပုံရတယ်)
1003radio FM နဲ့ အင်တာဗြူး အရှည်ရှိပါသေးတယ်... ဒါပေမဲ့ ဒီဟာလေးက အတိုနဲ့ ထိထိမိမိရှိလို့ ဒါလေးပဲ ဘာသာပြန်လိုက်ပါတယ်... 

P.S... ခုရိုက်မဲ့ You are my Pet ဇာတ်လမ်းဟာ ဂျပန်ဇာတ်လမ်းတွဲ Kimi wa Petto ကို ဇာတ်လမ်းကို ပြုပြင်ပြီး ပြန်ရိုက်မှာပါ... ကိုရီးယားကတော့ ဇာတ်လမ်းတွဲမဟုတ်ပဲ ရုပ်ရှင်အနေနဲ့ပဲ ရိုက်မှာပါ... ထိုကားကို အစက Boy before flower ထဲက ဒုတိယမင်းသာ Kim Hyung Joon နဲ့ ရိုက်ဖို့ သတင်းထွက်ပြီးမှ ခု JKS နဲ့ ရိုက်ဖို့ သေချာသွားတာပါ... မင်းသမီးကတော့ ခုထက်ထိ မဆုံးဖြတ်ရသေးပါဘူး... မင်းသမီးဇာတ်ကောင်ဟာ ဇာတ်လမ်းအရ မင်းသားထက် အသက်ကြီးပြီး အရပ်လဲ မြင့်ရပါမယ်... JKS က ၁၈၂ စင်တီမီတာရှိတယ်ဆိုတော့ သူ့ထက်ရှည်တဲ့ မင်းသမီးရှာဖို့ကတော့ နည်းနည်းခက်ပါမယ်...

Monday, April 26, 2010

JKS နှင့် ဒုတိယမြောက် ရင်ခုန်သံ (၂)

သူ ဆိုင်းထိုးလို့ပြီးတော့ Emcee ၂ကောင်ဆီ ပြန်ရောက်လာပါတယ်... ဟို ၂ကောင်နဲ့ စကားနည်းနည်းပါးပါးပြောပါတယ်...

Emcee က ခုလို ပရိတ်သတ်က အားပေးတာ ဘယ်လိုခံစားရပါသလဲလို့ မေးတယ်ထင်တယ်... သူတို့ပြောတာက သေချာမကြားရဘူး...
မင်းသားက အင်္ဂလိပ်လိုပဲ ပြန်ဖြေပါတယ်... "ဟုတ်ကဲ့... ကျွန်တော် အရမ်း အရမ်းကို ၀မ်းသာပါတယ်... ခုလိုမျိုး အာရှနိုင်ငံပေါင်းစုံကနေ စကာင်္ပူကိုလာပြီး အားပေးကြတဲ့အတွက်... ထိုင်ဝမ်... ဟောင်ကောင်.. တရုတ်ပြည်... နဲ့ တခြား နိုင်ငံပေါင်းစုံကနေ လာပြီး ကျွန်တော့်ကို အားပေးကြတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်... It was great"

ဒီတော့ Emcee ၂ယောက်က... " မင်းက ငါ့တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အရောင်းမြှင့်တင်ဖို့ ကူညီလိုက်တဲ့ အတိုင်းပါပဲ" တဲ့...
ဒီတော့ မင်းသားက ရီပါတယ်... ဒါနဲ့ နောက် တစ်ယောက်က...
"မင်းသား ပင်ပန်းနေပြီလား" လို့ မေးပါတယ်... သူ့ရဲ့ စင်းဂလိပ် ကြောင့် မင်းသားက ပထမနားမလည်လို့ ထပ်နားထောင်တော့.. အဲလူက ထပ်ပြီး မေးရပြန်ပါတယ်... "Are you tired?"

ဒီတော့မှ မင်းသားက ... "ဟုတ်ကဲ့.. နည်းနည်းလေးပဲပင်ပန်းပါတယ်... ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး... " ဆိုပြီး လက်ဟန်လေးနဲ့ ရွှင်ရွှင်ပြပြပဲ ပြန်ဖြေပါတယ်...

နောက် emcee က "Are You Hungry?" လို့မေးတော့... သူက ဗိုက်လေးကို ပွတ်ပြီး ရီပြီးတော့ "Yes.... I am hungry" လို့ပြန်ဖြေပါတယ်... အောက်က ကောင်မလေးတွေက အော်ကြပြန်ပါရော... အော်လဲ အော်ချင်စရာ... မင်းသားက အတော်ချစ်ဖို့ကောင်းနေတာ...

ဒါနဲ့ နောက်တစ်ယောက်က ထပ်မေးတယ်... "ဒီနေ့ညစာအတွက် ဘာစားမှာလဲ?" တဲ့...
မင်းသားက "ကိုရီးယားစာပါပဲ... Some Prawn??... uh... tiger prawn???" စားမယ်တဲ့...
ဒီတော့ အန်မ်စီက... "ပင်လယ်စာတွေကို နှစ်သက်လား"လို့ထပ်မေးပါတယ်...
မင်းသားက "ကြိုက်ပါတယ်ပေါ့..."

နောက်တော့ သူတို့လဲ စင်ပေါ်မှာ ကြောင်တောင်တောင်နဲ့ပါ ... Pro တွေဖြစ်ပြီး အစီအစဉ်ကြေငြာတဲ့သူတွေက မြန်မာပြည်က လူရွှင်တော် မေတ္တာလောက်တောင် အစီအစဉ်ကို အချိတ်ဆက်မိမိမလုပ်တတ်သလိုပဲ... ပြောစရာမရှိတဲ့ စကားကို ရှာပြောနေရသလိုပဲ... အောက်က ပရိတ်သတ်က မင်းသားကို ကြည့်ချင်လို့သာ သည်းခံနေရတာ...

အဲဒိနောက်တော့ သူတို့ Emcee ၂ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ပါတယ်... အောက်က ကောင်မလေးတွေက ထပ်အော်ကြပါရော... သူတို့က အလကားရိုက်ရတာလေ... ကိုယ်တွေက ၂၅၀ပေးရိုက်ချင်ပါတယ်ဆိုတောင် အခွင့်ရေးမှ မရတာ... ရိုက်ပြီးတော့မှ Emcee တစ်ယောက်က "မင်းသားကို ကိုရီးယားဘာသာစကားသုံးပြီး မေးစရာရှိပါတယ်.."ဆိုတော့ မင်းသားက မျက်လုံးလေးပင့်ရီပြီ...
"တကယ်? ကိုရီးယားလိုမေးမယ်? ရပါတယ် မေးပါ"
ဒီတော့ အဲဒိလူက သူစောစောက ပရိတ်သတ် ကိုရီးယားမလေးတွေကို မေးထားတဲ့ စကားကို ပြောပါတယ်... အဓိပ္ပါယ်ကတော့ "Am I handsome?" လို့ မေးတာပါ... ဒီတော့ မင်းသားက ရီပြီးတော့ ကိုရီးယားလိုပြန်ဖြေပါတယ်...
"အင်း... ခင်ဗျားက ချောပါတယ်တဲ့.. ဒါပေမဲ့ ကျွန်တော့လောက်တော့ မချောဘူးတဲ့" နောက်မှ စကားပြန်က အင်္ဂလိပ်လိုပြန်ပြောပါတယ်...

နောက် Emcee တစ်ယောက်က ကိုရီးယားလို အဲဒိမေးခွန်းကိုပဲ ထပ်မေးပါတယ်... ဒီတော့မင်းသားက ကိုရီးယားလို ထပ်ပြောပါတယ်...
"ခင်ဗျားလဲ ချောပါတယ်... ခင်ဗျားက သူ့ထက်ချောတယ်" ဆိုပြီး ပထမတစ်ယောက်ကို လက်ညှိုးထိုးပြီးပြောပါတယ်.. နောက် စကားပြန်က ဘာသာပြန်လိုက်တော့ ပထမတစ်ယောက်က ခံရခက်တဲ့ပုံဖြစ်သွားတော့...

မင်းသားက တအားရီပြီး "I'm just kidding... ခင်ဗျားတို့ ၂ယောက်လုံး ချောပါတယ်" လို့ပြောပါတယ်...

ဒါပေမဲ့ ကြည့်ရတာ အဲဒိ Emcee ၂ကောင်လုံးက မင်းသားကို ကြိတ်ပြီးတော့ မနာလိုဖြစ်နေသလိုပဲ ခံစားရပါတယ်... "ဒီကောင်က ဘာမို့လို့ ကောင်မလေးတွေက ဒီလောက်ကြိုက်ရတာလဲ... မျက်နှာက မိန်းမနဲ့တောင် ခက်ဆင်ဆင်" ဆိုပြီး စိတ်ထဲကတောင် ပြစ်မှားနေကြလား မသိပါဘူး... ကြည့်နေရင်တော့ ရီနေကြပင်မဲ့... အဲဒိ Emcee ၂ကောင်စိတ်ထဲမှာ Sincere မဖြစ်ဘူးဆိုတာကို ခံစားလို့ရပါတယ်...

ဒီတော့ သိပ်မချောဘူးလို့ပြောခံလိုက်ရတဲ့ ပထမကောင်က မင်းသားကို ပြောပါတယ်...
"သူကမင်းကို ချောတယ်လို့ပြောမှတော့..." ဆိုတော့...
မင်းသားက အားနာတဲ့ အပြုံးနဲ့.... " NOOO..." လို့ပြောပါတယ်...
ဟိုလူက ဆက်ပြောပါတယ် "ငါတို့က အလောင်းအစားလုပ်ထားခဲ့တာ... မင်းသားကပိုချောတယ်လို့ ပြောခံရတဲ့သူက မင်းသားဆီက အနမ်းတစ်ချက်လက်ခံရမယ်လို့ လောင်းထားခဲ့တာ" လို့ပြောပြီး မင်းသားကို အကျပ်ကိုင်ပါတယ်... အမှန်တော့ မင်းသားကို မင်းက မိန်းမနဲ့ တူတဲ့ကောင်ပါကွာလို့ ပြောလိုက်သလိုပါပဲ... ကျမစိတ်ထဲတော့ အဲလိုခံစားရတယ်... ယောကျာင်္းချင်းနမ်းခိုင်းဖို့ မင်းသားကို လူလယ်ခေါင်မှာတောင်းဆိုတယ်... ငြင်းရလဲ အခက်... လက်ခံရလဲ အခက်... မင်းသားအတွက် ဖြေရခက်မဲ့ အခြေအနေကို သူလို Emcee တစ်ယောက်အနေနဲ့ မပြောသင့်ဘူးလို့ထင်ပါတယ်...

မင်းသားလဲ သူတို့ တောင်းဆိုမှုကို နားလည်ရခက်သွားပုံတောင်ရတယ်... သူနားလည်တာ သေချာအောင် နောက်က စကားပြန်ကို လှည့်မေးပါတယ်... ပြီးလဲ ပြီးရော ရီပြီး "
ok... Kiss my ass" ဆိုပြီး ပြောလိုက်ပါတယ်... အမှန်တော့ Emcee က မင်းသားက Kiss ရမယ်လို့ပြောတာပါ... ဒါပေမဲ့ မင်းသားက နားမလည်ချင်ယောင်ပဲ ဆောင်လိုက်တာလား... တကယ်ပဲ နားမလည်တာလားတော့ မသိပါဘူး... ခုလိုပြန်ပြောလိုက်တာ ဟို စလုံး ဂျေကောင် ၂ကောင်လုံးထိသွားပါတယ်... မင်းသားကလဲ ပြောပြီးမှ အောချရီပြီး... ကျွန်တော် စတာပါ... စတာပါဆိုပြီး ရောချလိုက်ပါတယ်... မင်းသားမျက်နှာကတော့ ဟန်ဆောင်မှုကင်းပြီး ဖြူစင်နေသလိုထင်ရပင်မဲ့... ကျမစိတ်ထင်တော့ သူလဲ စိတ်ထဲကတော့ နဲနဲလေးတင်းလို့ ဒီလိုပြောလိုက်ပြီး... နောက်တာဆိုပြီး ရောချလိုက်ပုံရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ်... ခုဆို ဖိုရမ်တွေထဲမှာ မင်းသားရဲ့ ဖြတ်ထိုးဥာဏ်နဲ့ ဖြေလိုက်တဲ့ Kiss MY ASS ဆိုတာလေးကို ကောင်မလေးတွေက ပြောမဆုံးပါပဲ... သူတို့စလုံးမတွေကိုယ်တိုင်က အဲဒိ စလုံး ၂ကောင်ခံလိုက်ရတာကို ကျေနပ်စွာပြောနေကြတာပါ...

အဲလို Kiss My Ass ဆိုပြီးပြောလိုက်တော့ အောက်က ကောင်မလေးတွေက ၀ိုင်းအော်ကြတော့တာပါပဲ... ကျမကတော့ မင်းသားပစ်လိုက်တဲ့ မြှား ဟို၂ကောင်ကို ထိသွားလို့ အတော်သဘောကျခဲ့ပါတယ်... ဒါပေမဲ့ မင်းသားက ချော်လဲရောထိုင်နဲ့ မသိချင်ယောင်ဆောင်ပြီး ပရိတ်သတ် ကောင်မလေးတွေကို "မစိုးရိမ်ပါနဲ့... ကျွန်တော် အခြောက်မဟုတ်ပါဘူး... ကျွန်တော်နောက်တာပါ"လို့ အင်္ဂလိပ်လိုပြောပါတယ်...

ဒီတော့မှပဲ ဟို၂ကောင်လဲ ဒီမင်းသားကို မြန်မြန်ပြန်ပို့မှဆိုပြီး... "ညစာမသွားခင် ဒီအနောက်က ဆိုင်းဘုတ်မှာ အမှတ်တရလက်မှတ်လေး ထိုးပေးခဲ့ဖို့ခွင့်တောင်းပါတယ်" ဒါနဲ့ပဲ မင်းသားလဲ ဆိုင်းထိုးပါတယ်... "To Singapore Lady..." ဆိုပြီး ဆိုင်းမှာ အသဲလေးနဲ့ပါ...

လက်မှတ်ထိုးပြီးတော့ Emcee တွေက မင်းသား ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးလဲ... ဆိုတော့...

"ကျွန်တောပြောချင်တာကတော့ ကျေးဇူး အရမ်းအရမ်းကို တင်ပါတယ်... စကာင်္ပူကိုလာတာ ဒါပထမဆုံးအကြိမ်ပါ... ဒါပေမဲ့... ကျွန်တော့်ကို ပရိတ်သတ်တွေ အများကြီးက လေယာဉ်ကွင်းမှာ လာရောက် ကြိုဆို အားပေးကြတာ အရမ်းကို ၀မ်းသာမိပါတယ်... အရမ်းကို အံ့သြလွန်းလို့... ကျွန်တော့ကိုယ်ကျွန်တော်တောင် မယုံနိုင်လောက်အောင်ပါပဲ"

ဒီအခါမှာတော့ သိပ်မချောဘူးပြောခံရတဲ့ Emcee က... "မင်းသားလဲ ပရိတ်သတ်ကြီးကို မမေ့သလို... ဒီပရိတ်သတ်ကြီးကလဲ မင်းသားရဲ့ အကောင်းဆုံး Fan တွေဖြစ်နေမှာပါ" လို့ ပြောပြီး.... မင်းသာလဲ "Ok... Thank you so much... see you tomorrow " ဆိုပြီး... လက်ပြနှုတ်ဆက်ပါတော့တယ်...

အစက မိုးတွေရွာနေတော့ မင်းသားကို အမိုးအောက်ဖြစ်တဲ့ ပရိတ်သတ်အုပ်ကြီးအလယ်ကနေပဲ ခေါ်ဖို့ ပရိတ်သတ်ကို မင်းသားလက်မှတ်ထိုးနေစဉ်ထဲက Emcee တွေက တောင်းဆိုပါတယ်... ပြီးတော့ security တွေက ပရိတ်သတ်ကို ၂ခြမ်းခွဲပြီး သံတန်းတွေကာပါတော့တယ်... ဒီတော့ ကျမနောက်မှာ ရပ်နေတဲ့ ကောင်မလေးတော်တော်များများက အလယ်ကို သွားတိုးကြပါတော့တယ်... ကျမကြည့်လိုက်တော့ ကျပ်ပိတ်သိပ်နေတာနဲ့ နေပါစေတော့.. ငါ့ဟာငါ ရှေ့ဆုံးမှာပဲ နေခဲ့ပြီး ရသလောက်ရိုက်တော့မယ်ဆိုပြီး နေခဲ့ပါတယ်... ဒါပေမဲ့ ဆိုင်းထိုးပွဲမပြီးခင်ပဲ မိုးက စဲသွားတော့ ဘေးက JKS ရဲ့ မန်နေဂျာတွေနဲ့ ပါလာတဲ့ ကိုရီးယားမတွေက security တွေနဲ့ စကားပြောနေတာ ကျမသတိထားမိပါတယ်... သူတို့ပြောတာ မကြားရပေမဲ့... လက်ဟန်ခြေဟန်တွေက... ခုအလယ်မှာလူတွေပြုံနေပြီ... မိုးလဲစဲပြီဆိုတော့ မင်းသားကို ဘေးကပဲ ထုတ်မယ်ဆိုပြီးပြောနေတာပါ... ဒီတော့ ကျမလဲ ကျမရပ်နေတဲ့နေရာမှာပဲ အေးဆေးရပ်နေလိုက်ပါတယ်...

တကယ်လဲ မင်းသားလက်မှတ်ထိုးပြီးတော့ ပြန်တော့... အလယ်မှာစောင့်နေတဲ့သူတွေ ညာခံလိုက်ရပါတယ်... အလယ်ကမထွက်ပဲ မင်းသားကို security တွေက ဘေးက ပထုတ်သွားပါတယ်... ဒါပေမဲ့ မဗေဒါကံဆိုးချင်တော့ မဗေဒါဘက်ကမဟုတ်ပဲ... တစ်ခြားတစ်ဖက်ကနေ ထုတ်သွားတာပါ... ဒီလိုနဲ့ပဲ လိုက်မနေတော့ပဲ... သူလက်မှတ်ထိုးသွားတဲ့ စင်နဲ့ပဲ ဓာတ်ပုံရိုက်တော့မယ်ဆိုပြီးနေခဲ့ပါတယ်... ပွဲခင်းထဲမှာ လူတွေလျော့သွားတော့မှ ကိုယ့်အသိ မြန်မာကောင်မလေးတွေကိုတောင် ထပ်တွေ့လိုက်ပါသေးတယ်... မဗေဒါအသိ ကောင်မလေးတစ်ယောက်ကတော့ နောက်ကျလို့ မင်းသားပြန်သွားမှပဲ ရောက်လာပါတော့တယ်... သူရောက်တဲ့ အချိန်မှာ garden plaza ရဲ့ ၀င်ပေါက်ကို ပိတ်ထားလို့ ၀င်လို့မရဖြစ်ခဲ့ပါတယ်တဲ့... ၀မ်းသာစရာတစ်ခုကတော့... အားလုံးက ဟောဒီ မဗေဒါဘလော့ပေါ်က Information ကြောင့် ရောက်လာကြတာပါပဲ...

သူတို့တွေ မဗေဒါဘလော့ကို ဖတ်နေမှန်းတောင် မသိပါဘူး... ဘာပဲပြောပြော JKS ကို ကြောင့် မတွေ့ဖြစ်တဲ့ သူတွေနဲ့ တွေ့ဖြစ်လိုက်တာကိုပဲ ကြံဖန် ကျေးဇူးတင်လိုက်ချင်သေးတယ်... ဒါပေမဲ့ အတွေးထဲရောက်လာတာတစ်ခုကလဲ... "အော်... ငါ့ဘလော့ကို ပုံမှန်ဖတ်တဲ့သူတွေထဲမှာ ငါနဲ့ အပြင်မှာ မသိတဲ့သူများရှိရဲ့လားမသိဘူး" လို့တွေးမိတယ်... ကိုယ့်ကိုသိတဲ့ သူငယ်ချင်းတွေကတော့ ကိုယ့်ဘလော့ပေါ်ကနေ ကိုယ့်အကြောင်းတွေကို သိနိုင်လို့ လာဖတ်ကြတယ်... မသိတဲ့သူတွေကတော့ ဘယ်လာမလဲ...ငါဘလော့က မသိတဲ့လူတွေပုံမှန်အားပေးရလောက်အောင် အရည်အသွေးမကောင်းဘူးထင်ပါတယ်... ကိုယ့်ကိုကိုယ်လဲသိပါတယ်... ကိုယ်က ရေးလိုက် မရေးလိုက်နဲ့ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတော့ အားလဲနာပါတယ်... ဒီတော့လဲ ကျေနပ်ပါတယ်... ကဲ ကဲ... IMM Mall fan sign Part 2 video လေးကို ကြည့်လိုက်ပါအုံး...

Sunday, April 25, 2010

JKS နှင့် ဒုတိယမြောက် ရင်ခုန်သံ (၁)

၂၃ရက်နေ့ ညနေ၅နာရီခွဲမှာတော့ Jurong East IMM Mall က Garden Plaza မှာ သူ့ရဲ့ ၂၅၀တန်လက်မှတ် ၀ယ်လို့ရခဲ့တဲ့ VIP ticket သမားတွေကို sign ထိုးပွဲလုပ်ပါတယ်... ဒါပေမဲ့ Open to public ဖြစ်တဲ့အတွက် အလကားကြည့်လို့ရပါတယ်... ကျမရောက်သွားတဲ့အချိန်က ညနေ၃နာရီလောက်မှာပါ... လူသိပ်မများသေးပါဘူး... အယောက်၈၀ ၉၀လောက်ပဲ ရှိပါအုံးမယ်... စင်ရှေ့မှာတော့ နေရာယူထားကြပါတယ်... လွတ်တဲ့နေရာတွေရှိနေသေးပင်မဲ့ တစ်ချို့က ရှိန်လို့ ရှေ့ကို တက်မထိုင်ရဲကြဘူးထင်ပါတယ်... ကျမကတော့ စင်ရဲ့ ဘယ်ဘက်နားလောက် view အလယ်နဲ့လဲ သိပ်မဝေးတဲ့ နေရာ ဒုတိယတန်း ရှေ့ဆုံးက လူတန်းနောက်မှာ ခပ်တည်တည်နဲ့ ထိုင်နေလိုက်ပါတယ်... မနက်ကတော့ ကြာဇံကြော်စားထားတော့ ဗိုက်က အဲဒိအချိန်က မစာပါဘူး... ရေငတ်မှာစိုးလို့ ရေဗူးတစ်ဗုးနဲ့ ကျောက်ချထိုင်နေလိုက်ပါတယ်... ရေလဲ များများတော့ မသောက်ရဲပါဘူး... အပေါ့သွားချင်ရင် ကိုယ့်နေရာကို ကြည့်ပေးမဲ့ သူမရှိပဲ ပျောက်သွားမှာစိုးလို့ပါ...

Mall ထဲမှာတော့ သူ့ရဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းနေပါတယ်... T-Shirt, calender, postcard, autograph Photo, Paper bag with his photo on it, Puzzle စသည်ဖြင့်ပေါ့နော်... ဒါပေမဲ့ ဈေးတွေကို ကြည့်လိုက်တော့ နည်းတာမဟုတ်ပါဘူး.. ရိုးရိုး တီရှပ်လေးကို ၃၅ဒေါ်လာ... စက္ကူအိတ်ရိုး ရိုးကို ၁၀ဒေါ်လာ... Autograph photos ဆိုရင် ၇၀ဒေါ်လာထင်ပါတယ်... ဘာမှ ပေါတာမရှိပါဘူး... အဲဒိအချိန်မှာခေါင်းထဲ ရောက်လာတာက... သူ့ပုံနဲ့ တီရှပ်များ မြန်မာပြည်မှာသာ ပြန်ပြီး ကိုယ့်ဘာကိုယ် print လုပ်ရင် ဘယ်လောက်မှတောင် ကျမှာ မဟုတ်ပါဘူး... ကိုယ်ကြိုက်တဲ့ ပုံလှလှလေးနဲ့ တောင် လုပ်လို့ရသေးတယ်... သူ့ဓာတ်ပုံတွေဆိုလဲ အင်တာနက်မှာ ရှိနေတာပဲ...(ဒါပေမဲ့ ရောင်းသွားတဲ့ပုံတွေကို တော့ အင်တာနက်မှာ မတွေ့ဘူးသေးဘူး.. ဒါလဲ နောက်ရောက်လာမှာပါ)...ကပ်စီးနဲနေတာရော... တစ်ယောက်တည်းလာတော့ အဲဒိ လက်ဆောင်ပစ္စည်းဝယ်ဖို့တမ်းစီနေရင် စင်ရှေ့မှာ နေရာမရမှာစိုးလို့... ဘာမှ ၀ယ်ဘူး...

နောက်တော့ စင်ရှေ့တည့်တည့်မှာ ထိုင်ပြီး စတည်းချနေတဲ့ ကောင်မလေးအုပ်စုကလဲ မြန်မာမလေးတွေဆိုတာ သတိထားမိလိုက်တယ်... ဒါပေမဲ့ ကိုယ်ကလဲ မသိပဲနဲ့ ဘာမှလဲ သွားပြောစရာမရှိတာနဲ့ တစ်ယောက်တည်းပဲ နေလိုက်တယ်... နောက်တော့ security တွေရောက်လာပြီး VIP သမားတမ်းစီဖို့အတွက် သံလက်ရမ်းတွေ လာချတော့ ရှေ့မှာထိုင်နေတဲ့သူတွေကို နောက်ဆုံးခိုင်းရော... အမှန်ဆိုရင်တော့ ရှေ့ကလူနောက်ဆုတ်ရရင် ကျမဒုတိယတန်းကလဲ လိုက်ဆုတ်ရမယ်ဆိုတဲ့သဘောကို ရှေ့တန်းကလူတွေက လက်ခံထားမှာပဲ... ဒါပေမဲ့ ဒါဟာလဲ ကျမအခွင့်အရေးပဲလေ... သူတို့ကံဆိုးလို့ သူတို့ဆုတ်ရတာ... ဆုတ်ပေါ့... ကျမက ဒါတွေကို လေယာဉ်ကွင်းမှာတဲက ခံခဲ့ရလို့ သိနေပြီ... အဲဒါကြောင့် ရှေ့ဆုံးမှာ နေရာလွတ်ရှိရက်နဲ့ တက်မထိုင်တာ... ကျမက ကျမနေရာပဲ ထိုင်နေလိုက်တော့ သံတန်းလဲကာလိုက်ရော အလိုလိုနေရင် ကျမက ရှေ့ဆုံးရောက်သွားတော့တာပါပဲ... ကျမရှေ့မှာ VIP သမားပဲ ကျန်မှာပေါ့နော်... အဆောက်အဦးအပြင်ဘက်က နေရာမှာလုပ်တော့ အမိုးအကာက နည်းနည်းပဲရှိတယ်.. တော်သေးတယ် ကိုယ်ယူမိတဲ့နေရာက အမိုးအောက်ရောက်နေလို့.. နောက်လူတွေလာတော့ နေပူထဲတွေထိုင်ရတယ်... ကိုယ်က အကြောင်းသိလို့ ကင်မရာရယ် ပိုက်ဆံအိတ်ကို ဘောင်းဘီထဲထည့်ပြီး တစ်ကိုယ်ရေလာတာ... တီးတွေဘာတွေ ပါတာမဟုတ်ဘူး... နေပူထဲကျရင်သေပြီ...

ဒါပေမဲ့ အစက ချစ်ချစ်တောက်ပူနေတဲ့ နေက... အဲဒိ ပွဲစခါနီးအချိန် ၅နာရီခွဲလောက်မှာ စကာင်္ပူထုံးစံအတိုင်း မိုးက အညှိုးတကြီးရွာချပါတော့တယ်... အမိုးအောက်မရောက်နေတဲ့သူတွေကို security တွေက အမိုးအောက်သွားဖို့ အထဲကလူတွေ တိုးပေးဖို့ပြောလို့ နည်းနည်းတော့ကျပ်သွားပင်မဲ့ ရပါတယ်... သူများတွေလဲ ကြည့်ချင်ရှာမှာပေါ့... ကိုယ်တောင် ထီးမပါလို့ မိုးရွာတော့ အတော်လန့်သွားတယ်... ဒါပေမဲ့ ယူထားတဲ့နေရာလေးကောင်းနေလို့တော်သေးတယ်... ဒါတောင် လေတိုက်ရင် မိုးကပက်တယ်.... ဒီလိုနဲ့ သူလေးလဲ မိုးမိပြီး ကားပိတ်နေတယ်ထင်ပါရဲ့... နည်းနည်းနောက်ကျမှရောက်လာတယ်... သူလေး စကာင်္ပူကို လာတည်းက နေသိပ်မကောင်းဘူးဆိုတာ ကြားပါတယ်... ခုလဲ ချောင်းလေးက တချက်ချက်တော့ ထထဆိုးတယ်...

အရေးထဲမှာ သူလဲလာရော ကိုယ်က အမှန်အကန် ဗွီဒီယိုရိုက်မလို့ဟာကို... ရှေ့က တရုတ်မလိုလို ကိုရီးယားမလိုလို ကောင်မလေးက သူယူလာတဲ့ ဆိုင်းဘုတ်ကြီးကို မြှောက်ပါလေရော... နောက်ကလူတွေဘာမှ မမြင်ရတော့ဘူး... ကျမကလဲ သူလာတော့ မမြင်ရတော့ ရှေ့ကကာထားတဲ့ တန်းပေါ်ကို ခြေတင်ရပ်နေတာ လူက သက်သာတာမဟုတ်ဘူး... ကိုယ်က ရှေ့ကတန်းပေါ်တက်လိုက်တာနဲ့ ကိုယ့်နောက်ကလူက ကိုယ့်နေရာကို ယူပြီးသားပဲ ပြန်ဆင်းဖို့ သိပ်လွယ်တာမဟုတ်ဘူး... တန်းပေါ်မှာ Balance ညီအောင် ကိုယ့်ကိုကိုယ်ထိမ်းနေရတာရော... တစ်ဖက်ကလဲ ကင်မရာကို ကိုင်ပြီးရိုက်ရသေးတယ်... Zoom ဆွဲပြီးရိုက်တော့ နဲနဲလေး လှုပ်ရင်တောင် ကင်မရာက တော်တော်တုန်နေပြီ... အရေးထဲ သူက ဘုတ်ထောင်တော့ ကိုယ့်မှာ ခါးကို ကုန်းလိုက်ရသေးတယ်.. စဉ်းစားသာကြည့်ပေတော့... ဘယ်လောက် ကိုယ့်ယိုးကားယားလဲလို့... တော်သေးတယ်နောက်ကလူတွေက အဲကောင်မလေးကို ၀ိုင်းအော်ကြလို့... ကိုယ်လဲ အစကတော့ မအော်ပါဘူး... ဒါပေမဲ့ သူက တစ်ကိုယ်ကောင်းဆန်လွန်းတာပေါ့... ပြီးတော့ မင်းသားကဖြင့် သူ့ဘုတ်ကို လှမ်းတောင် မကြည့်ဘူး...ဒါနဲ့ ကိုယ်လဲ နဲနဲတောင် အော်လိုက်တာပေါ့... တော်တော်အော်ကြတော့မှပဲ ပြန်ချလိုက်တော့တယ်... မချရင်လဲ အော်ရကနေ ဆော်တဲ့ အဆင့်ရောက်သွားမယ်... ဟဟ...


သူရောက်လာတော့ Emcee စလုံး ယောကျာင်္း၂ယောက်က ဟိုဟာဒီဟာမေးပေါ့... မေးနေကျတွေပေါ့...
ရည်းစားရှိလားပေါ့... ဒီတော့ သူက ရှိတယ်တဲ့... ဟောဒီရှေ့က ကောင်မလေးတွေပဲတဲ့... မင်းတို့ပဲတဲ့...
ဒါပေမဲ့ Emcee တွေကလဲ အင်္ဂလိပ်လိုထက် တရုတ်လို ပြောရတာကို ပိုအားသာနေကြတယ်... ဘာတွေမှန်းမသိဘူး... ပြီးတော့ မိုးကရွာနေတာရော နောက်က ကောင်မလေးတွေက တအားအော်ကြတာရော မိုက်ကလဲ အသံတိုးတာရောဆိုတော့ သူတို့ဘာတွေပြောနေမှန်းတောင် ကောင်းကောင်းမကြားမိလိုက်ပါဘူး... ဒါပေမဲ့ You are beautiful ထဲက ဂူမီနမ်ရဲ့ နှာခေါင်းလေး ကိုင်တာလေး လုပ်ပြတယ်.... ချစ်ချာလေး... ပြီးတော့ သူ့ကို Act cute လုပ်ခိုင်းတော့ လုပ်တော့လုပ်ပြတယ်... ပြီးလဲ ပြီးရော စင်နောက်ကိုပြေးပြီး...
"So disgusting" တဲ့... ရှက်နေသေးတယ်...

မင်းသားက အတော်လေးကြိုးစားပြီး အင်္ဂလိပ်လိုပြောတယ်... သူနားမလည်တဲ့ ၁လုံး ၂လုံးလောက်ပဲ စကားပြန်ကို လှမ်းလှမ်းမေးတယ်... ဒါပေမဲ့ သူ့ English Pronunciation ကတော့ မဆိုးဘူးကောင်းတယ်... ဟို စင်းဂလိပ်ကို မွတ်နေအောင်ပြောပြီး သူတို့ကိုယ်သူတို့ မင်းသားထက် အင်္ဂလိပ်ကောင်းတယ်ဆိုပြီး မြောက်နေတဲ့ Emcee ၂ကောင်ထက်တော့ သာတယ်...

ဲပီးတော့ ဘယ်တုန်းက ဘယ်လို ကံစမ်းမဲပေါက်သွားတဲ့ ကောင်မလေး(မိန်းမ) ၅ယောက်ကို မင်းသားက ဖက်ပြီး ဓာတ်ပုံအရိုက်ခံတယ်... ကံကောင်းလိုက်လေချင်း... ဘာကုသိုလ်တွေများပြုထားပါလိမ့်နော်... ဘာပဲပြောပြောပါ တစ်ခါမှ ကံမကောင်းဘူးတဲ့ မဗေဒါအတွက်ကတော့ ဒီလိုပဲ ဖြေသာပါတယ်... နောက်ပြီး Emcee က ပရိတ်သတ်တွေအားလုံးနဲ့ ဓာတ်ပုံရိုက်ဖို့ မင်းသားကို ပရိတ်သတ်ဘက် ကျောပေးခိုင်းတော့... ကိုယ့်ပုံလေး သေးသေးကွေးကွေးလဲ ပါပါစေတော့ဆိုပြီဲးပုံဲးပုံးလေးနေနေကာမှ ရှေ့က ဒေါ်အတ္တက သူ့ဆိုင်းဘုတ်ကြီးကို ထောင်ပါလေရော... အတော်လေးလဲ လူ့မေတ္တာခံချင်တဲ့ မိန်းမ... သူကတော့ ရှေ့ကနေ သူလုပ်ချင်တာ လုပ်လိုက်ရပါတယ်... နောက်ကလူတွေကတော့ ပါတော့မှာ ဟုတ်ဘူး... ဒါလဲ ဘယ်တတ်နိုင်မလဲ... ပါလဲ ကိုယ့်ပုံက သေးသေးလေးပဲ နေမှာ...

နောက်တော့ လက်မှတ်ထိုးပွဲစပါတော့တယ်... VIP ticket ကို ၂၅၀နဲ့ ၀ယ်ထားတဲ့ အယောက် ၁၀၀ အတွက်ပါ... တစ်ယောက်ပြီး တစ်ယောက်ကို လုံးဝ မပြောင်းလဲတဲ့ အပြုံးနဲ့ အယောက်၁၀၀လုံးကို ပြုံးပြနိုင်တာလဲ မင်းသားရဲ့ သိပ်ကောင်းတဲ့ Fan service ပါပဲ... တစ်ကယ်ပါ.. မပြောကောင်း ပြောကောင်း... ကိုယ်သာ မင်းသမီးဖြစ်ရင် အဲလို ပြုံးပြလိုက် လက်ဆွဲလိုက် လက်မှတ်ထိုးလိုက်ကို တသတ်မှတ်တည်း အလိုအပိုမရှိလုပ်နိုင်ပါ့မလား... စိတ်ထဲက JKS ကို အတော်လေးတော့ ချီးကျူးမိတယ်...

မင်းသား Sign ထိုးနေတုန်း Emcee ၂ယောက်က ဟိုပြောဒီပြောပေါ့ ပြောနေပါတယ်... နောက်တော့ သူတို့က ဘယ်နိုင်ငံက Fan တွေပါလဲလို့မေးပါတယ်... Thailand က Fan တွေက Cri-J Thailand ဆိုတဲ့ ဆိုင်းဘုတ်ကြီးယူလာပါတယ်... နောက်တော့ မေးရင်းမေးရင်းနဲ့ China, Indonesia, Malaysia, Vietnam, Japan, Korea ဆိုပြီး လက်ထောင်ခိုင်းပါတယ်... အာရှတိုက်နိုင်ငံတွေ ကုန်သလောက်ရှိလာတယ် မြန်မာကိုတော့ မခေါ်ပါဘူး... ဒါပေမဲ့ သူတို့က နောက်ဘယ်နိုင်ငံတွေ ကျန်သေးလဲလို့ မေးလိုက်တော့ ကိုယ်လဲ တစ်ယောက်တည်းမဟုတ်ဘူးလေ.. ဒီပွဲခင်းထဲမှာ တခြားမြန်မာကောင်မလေးတွေရှိတယ်ဆိုတဲ့ အားကိုးနဲ့... တစ်ယောက်ထဲ ထအော်လိုက်တာ အားရပါးရ... "မြန်မာာာာာ..." ဆိုပြီးတော့... ပြီးတော့ နောက်က ဘူမှလဲ လိုက်မလာကြဘူး... ရှေ့တက်တဲ့ကောင် ခံပဲ... ကိုယ်ရလိုက်တာကတော့ ကိုယ့်ဘေးမှာရပ်နေတဲ့ တခြားနိုင်ငံသားတွေရဲ့ မျက်စောင်းလိုလို... အထင်သေးသလိုလို... နင်တို့က ဒါမျိုးဝင်ဆန့်စရာလားဆိုတဲ့ မျက်နှာပေးတွေနဲ့ အကြည့်ခံလိုက်ရတော့... ကိုယ်လဲ ကိုယ်မအော်သလို ခပ်တည်တည်ပြန်နေလိုက်တာပေါ့... ဒါပေမဲ့ ကံတရားက ကိုယ့်ကို မျက်နှာသာပေးချင်တော့ မဗေဒါရဲ့ အသံအောင်အောင်လေးကို စင်ပေါ်ကနေကြားသွားတယ်... Myanmar ဆိုပြီးပြောတယ်... လက်ထောင်ပါတဲ့... အဲ့ကျတော့မှပဲ ဘေးတစ်အုပ်ကျော်က မြန်မာမလေးတွေလက်ထောင်တာတွေ့တယ်... ကိုယ်လဲ ရမ်းသမ်းမထောင်ရဲတော့ဘူး... သူတို့ထောင်တာတွေ့မှ မရဲတရဲလေး ထောင်ပြရတော့တယ်...

အဲဒါလဲပြီးရော... နောက်က Secondary ကောင်မလေးတစ်ယောက်က... "Excuse me" ဆိုပြီး ပုခုံးလာပုတ်လို့ ဘာများလဲလို့ ရင်ခုန်သွားတာပဲ... နောက်တော့မှ မဗေဒါရဲ့ ရိုက်ချက်တွေကို သူတို့က နောက်ကနေကြည့်ပြီး အဲဒိ ဗွီဒီယိုလေး ငါတို့ကို ပို့ပေးလို့ရမလားတဲ့... ဒီတော့မှပဲ စိတ်ကို ဟင်းလုံးချပြီး... အင်းပေးမယ်... ဒါပေမဲ့ ၂ရက် ၃ရက်တော့ စောင့်ရမယ်လို့... မပေးဖူးလဲ မပြောရဲဘူးလေ... တော်ကြာ ကိုယ်က ရှေ့ကနေပြီး ကာနေတော့... နောက်ကနေ ကိုယ့်ကို ပြောင်းဖူးရိုးနဲ့ ပေါက်ခံနေရအုံးမယ်.. အဟိ...

ဗွီဒီယို ကြိုးစားပြီး ရိုက်နေပါတယ် ဆိုမှ အရေးထဲ ဒီ security guard က မင်းသားရှေ့ကနေလာလာကွယ်နေလို့ ဗွီဒီယိုရိုက်ရတာ အတော်အနှောင့်အယှက်ဖြစ်မိသေးတယ်... သူလစ်မဲ့အချိန်ကို ကင်မရာကြီး ကိုင်ပြီးစောင့်နေရတယ်... လစ်တာနဲ့ ရိုက်... ဒါတောင် ပြန်ကြည့်တော့ သူ့ တင်ပါးချည်းပဲပါတာက များနေတယ်... မင်းသားကို ကြိုက်လို့လာတဲ့သူတွေက ဘာလုပ်မှာကျနေတာပဲ... လုပ်ချင်လုပ် သူ့ကိုသာ ပြောင်းဖူးရိုးနဲ့ နောက်ကဆော်ချင်တာ... လူက ဗိုက်ဆာပါတယ်ဆိုမှ သူကဒေါသကို လာဆွနေတယ်... သူလေးကို မြင်နေရရင် ဗိုက်ဆာတာက မေ့နေသေးတယ်...

ဒီပိုစ့်ကိုတော့ ဒီမှာ ရပ်ထားလိုက်အုံးမယ်... ကောင်းကောင်းမအိပ်ရတာ သူရောက်တည်းကပဲ... ခုလဲ မနက် ၆နာရီထိုးတော့မယ်... ဗွီဒီယိုလဲ အဲထိပဲ အက်ဒစ်လုပ်ထားသေးတော့ အဲထိပဲ ကြည့်လိုက်နော်... မနက်ဖြန်ဆက်ရေးမယ်... ၀ါသနာတူတွေအတွက် အပျော်လေးတွေ မျှဝေလိုက်တယ်... သူလေးကိုလဲ မျှဝေလိုက်တယ်...


P.S. currently video is still being process. You can watch it at Youtube but there is an error on my blog. Double click on the video and watch it on Youtube.




Friday, April 23, 2010

အိပ်မက်မင်းသားလေးနဲ့ တွေ့ဆုံချိန်လေး...

ကျမစကာင်္ပူ လေဆိပ်ကို ၇နာရီ ခွဲမှာရောက်သွားပါတယ်... ဒီလိုပဲ တစ်ယောက်ထဲ ယောင်တောင်တောင်ပါပဲ... ကျမရောက်တဲ့အချိန်မှာ Balt no. 33 ဆိုတာ ပြနေလို့ အဲဒိအပေါက်နားကို ကြည့်တော့ အပေါက်တည့်တည့်မှာကို ကောင်မလေးပေါင်း အယောက် ၂၀လောက်က ငုတ်တုတ်ထိုင်ချပြီးတော့ကို မုန့်ဘူးတွေနဲ့ စားသောက် camp နေကြပါပြီ... ဒီတော့ ကျမလဲ မသိမသာ သူတို့အုပ်စုဘေးလွတ်တဲ့နေရာလေး သွားရပ်နေလိုက်ပါတယ်... ၁ယောက်ထဲဆိုတော့ ဘယ်ကို တိုးတိုးရတယ်လေ... ဟိုဘက် မှန်ကာထားတဲ့ဘက်မှာလဲ နေရာယူထားတဲ့ မိန်းကလေးတွေရှိပါတယ်... အယောက် ၅၀လောက်ပေါ့... သူတို့ View ကတော့ အင်မီဂရေးရှင်းကနေထွက်လာတာနဲ့ မြင်ရမှာပါ... ဒါပေမဲ့ သူတို့က အလွန်ဆုံးမြင်ရရင် ပြတ်ပြတ်သားသားမြင်ရမယ်ဆိုပင်မဲ့ မှန်ကာပြီးပဲ မြင်ရမှာပါ...

နောက်တော့ လေယဉ်ကွင်းဝန်ထမ်းကုလားတွေရောက်လာပြီး ထိုင်နေတဲ့သူတွေကိုလဲ နည်းနည်းဖယ်ခိုင်းပြီး အကာတွေကာပါတော့တယ်... သံတန်းတွေပေါ့... အဲဒိ မှန်ခန်းထွက်ပေါက်ကနေ အပြင်ကားပေါ်ရောက်တဲ့ထိပါ... ဘေးတစ်ဖက်တစ်ချက်ဆီမှာ Fans တွေက နေရာယူကြပါတယ်... တဖြည်းဖြည်းနဲ့ လူကများများလာပါတယ်... ကျမလဲ ကျမရက်နေတဲ့နေရာထက် spot ကောင်းမဲ့နေရာကို တွေ့ပင်မဲ့ မရွေ့ရဲပါဘူး... လောဘကြီးလိုက်လို့ ရထားတဲ့ နေရာလေးပျောက်သွားမှာစိုးရသေးတယ်... ကျမ ပိုးသွင်းပေးထားပြီး ကျမကို ever support လုပ်တဲ့ ကျမအစ်မကတော့ ၈နာရီ ၄၅လောက်မှ ရောက်လာပါတယ်... သူလာတော့ တစ်ခုအဆင်ပြေတာပေါ့... မင်းသားလာရင် သူက ဓာတ်ပုံရိုက် ကိုယ်က ဗွီဒီယိုရိုက်မယ်ပေါ့...
အစက ဒီနေ့ တစ်ယောက်ထဲ ဖြစ်ချင်ဖြစ်မှာမို့ online fan club ကနေ သိတဲ့ Malay မနဲ့ သူ့သူငယ်ချင်း ကို တွေ့ဖို့ ချိန်းထားတော့ သူတို့က ၈နာရီခွဲလောက်မှာ ရောက်လာပါတယ်...

ကျမ ပထမ တစ်ယောက်ထည်းရောက်ရောက်ချင်းက ကျမဘေးမှာ အသက် ၃၅ နဲ့ ၄၀ ကြား မိန်းမ ၂ယောက်က ရီပြပြီး...
"တစ်ယောက်ထဲလား" ဆိုပြီး စပြီး မိတ်ဖွဲ့ပါတယ်... ဒီလိုနဲ့ စကားပြောရင်း... သူက "ဒီနေ့လာမှာ ဘယ်သူလဲတဲ့... "
ကျမက "မသိဘူးလား... Jung Keum Suk လေ... You are beautiful တို့ Hong Gil Dong, Hwan Jin Yi တို့ထဲက မင်းသားလေးလေ" လို့ဖြေလိုက်တော့ သူတို့သိသွားတဲ့ ပုံလုပ်ပါတယ်...
ဒါနဲ့ ကျမလဲ "မသိပဲနဲ့ ဒီကိုလာဖို့ကျတော့ ဘယ်လိုသိလဲ" လို့မေးတော့ သူတို့က... "မသိဘူးတဲ့... လူတွေစောင့်နေတာတွေ့လို ၀င်စပ်စုယုံ သက်သက်ပါတဲ့" ပြောတော့ဒီလို...

ကျမစိတ်ထဲမတော့ သူတို့ မကြိုက်ရင်လဲ ဘာလို့ အပင်ပန်းခံပြီး ၇နာရီခွဲလောက်ထဲက လာစောင့်နေသေးလဲ... ကြိုက်တဲ့သူတွေ နေရာရပါစေလား လို့ စိတ်ထဲက တွေးမိပါတယ်... စပ်စုချင်ယုံဆိုပြီး သူက အဲလောက် ၃ ၄ နာရီလောက် ရပ်စောင့်မယ်ဆိုတည်းက ထူးဆန်းနေတာပါ... မကြာပါဘူး... ခဏနေကျတော့ သူတို့အိပ်ထဲက Pro ကင်မရာ နီးပါးလောက်ရှိတာကြီးထုတ်လိုက်တော့မှ... "အော်... ကြိုက်ရင်လဲ ကြိုက်တယ်ပေါ့... လာညာနေသေးတယ်... မတော်တဆတွေ့လို့ရောက်လာတဲ့သူက ကင်မရာတွေဘာတွေ ပြင်ဆင်လာသေးတယ်" ထားလိုက်ပါတော့... အသက်ကြီးလို့ ရှက်လို့လဲဖြစ်ပါလိမ့်မယ်... နားလည်ပေးလို့ရပါတယ်...

ဒါပေမဲ့ သူတို့ထက် အသက်ကြီးတဲ့ အသက် ၅၀လောက်ရှိတဲ့ မိန်းမကြီး ၃ယောက်ဆိုရင် ကျမနဲ့ မျက်နှာချင်းဆိုင် ဟိုဘက် သံတန်းနောက်မှာ စောင့်နေတာ... အမယ်လေး... JKS ရဲ့ ပုံလေးတောင် လက်မှာကိုင်ထားသေးတယ်... သေချာလဲကြည့်လိုက်ရော... ပိုစတာမှာ JKS ကတစ်ဖက်... သူ့ပုံက တစ်ဖက်... မှတ်ကရော... အချစ်မှာ အသက်အရွယ်အပိုင်းအခြားမရှိဘူး... ကိုယ်တို့ကတော့ Don't care ပဲပေါ့.. အဟိ... ဓာတ်ပုံရိုက်ခဲ့ချင်တာ... သူတို့ကို ချိန်ပြီးရိုက်ရင် အရမ်းသိသာနေလို့ မရိုက်ခဲ့ဘူး... အဖွားကြီးတွေက တစ်ခုခုဆို ဖြဲမဲ့ပုံ...

ကိုရီးယားလေယဉ်မစိုက်ခင် မြန်မာပြည်ကနေလာတဲ့ Silkair လေယဉ်စိုက်ပြီး Balt ၃၁ မှာပဲ မြန်မာတွေထွက်လာကြသေးတယ်... အဲဒိလူတွေထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် မထွက်ပဲ JKS ကို စောင့်လိုက်အုံးမှာလို့... ထွက်လာတဲ့လူတွေထဲမှာ အလုပ်က သင်္ကြန်တွင်းပြန်သွားတဲ့ ယောကျာင်္းလေးတွေတောင်ပါတယ်... တကယ်ပါ... မြန်မာလေယဉ်နဲ့ ကိုရီးယားလေယဉ် ဘယ်လောက်မှ မကွာလိုက်ဘူး... မိနစ် ၂၀လောက်ပဲ... အဲမတိုင်ခင်လဲ ဆိုက်သမျှလေယဉ်ကထွက်လာတဲ့ လူတွေဆိုရင် လူအုပ်ကြီးကို ကြည့်ပြီး စကာင်္ပူလဲ ယိုးဒယားလိုများ လေယဉ်ကွင်းမှာ ဆန္ဒပြနေကြပြီလားဆိုတဲ့ ပုံစံလေးတွေနဲ့ မျက်လုံးလေးတွေ ပေကလပ် ပေကလပ်နဲ့...
တချို့ ဘိုတွေဆို ဖြတ်သွားရင်းနဲ့ ပြောတာကြားလိုက်တယ်... "Someone must be coming" ဆိုပြီးတော့...

ဒီလိုနဲ့ လိုရင်းပြောရရင် ၉နာရီမိနစ်၂၀မှာ လေယာဉ်ဆိုက်ပင်မဲ့ အပြင်ထွက်လာတဲ့အချိန်ကျတော့ ၁၀နာရီလောက်ရှိနေပါပြီ... မှန်နားတွေမှာ နေရာယူတဲ့ မိန်းကလေးတွေ အသံကုန် အားးးးးးးး... လို့စအော်ထဲက ကျမတို့ဒီဘက် အပေါက်ဘက်မှာ စောင့်နေတဲ့သူတွေ ဂဏာမညိမ်ဖြစ်နေပါပြီ... သူတို့ကတော့ အင်မီဂရေးရှင်းဖြတ်တာကအစ မြင်နေရမှာပါ... ကျမလဲ ရနိုးနဲ့ လက်ကိုမြှောက် ဇွန်းဆွဲပြီးရိုက်ကြည့်ပါသေးတယ်... သူ့ကို မမြင်ရပါဘူး... သူတို့အော်သံတွေကျယ်လာလေ... ကျမရင်တွေခုန်လာလေပါပဲ... သူရောက်နေပြီ... သူငါနဲ့ မှန်အကာလေးမှာပဲ ရှိနေပြီဆိုတာ သိတော့ ဗွီဒီယိုလဲရိုက်ချင် သူ့ကိုလဲ အပြင်မှာတွေ့ချင်နဲ့ အသက်ရှုတောင် မမှန်တာ ကိုယ့်ကိုကိုယ်သတိထားမိပါတယ်... လက်တွေလဲတုန်နေပါတယ်... ကင်မရာဆိုတာ လုံးဝမညိမ်ပါဘူး... ဒါနဲ့ နောက်တော့ ဆုံးဖြတ်လိုက်တယ်... လောဘမကြီးတော့ဘူး ငါမြင်နိုင်တဲ့ နေရာကနေပဲ အမိအရရိုက်တော့မယ်ဆိုပြီး ကိုယ့်ရှေ့တည့်တည့်က မှန်ကို ချိန်ပြီး စောင့်နေလိုက်ပါတယ်....

မကြာလိုက်ပါဘူး..... သူလေးးးးးးးးးးးး.... အားးးးးးးးးးးးးးးးးးးးးးး...... မှန်နောက်မှာ သူလေးကို စတွေ့ရပါတယ်... သူကထွက်လာတာနဲ့ ကျမတို့ဘက်ကို သူကလဲ ကင်မရာတစ်လုံးနဲ့ ပြန်ရိုက်နေပါတယ်... သေချာပါတယ်.. သူ့ကင်မရာထဲမှာ ကျမပုံပါသွားတယ်ဆိုတာ... အဟိ... ကျမကင်မရာထဲမှာလဲ သူကျမကိုရိုက်နေတဲ့ပုံပါလာတယ်လေ... အဟဲ... အမှန်တော့ ကျမကိုရယ်လို့မဟုတ်ပါဘူး... သူ့ပရိတ်သတ်တွေအားလုံးကို သူသိချင်ပုံရတယ်... သူကလဲ ကိုယ်တွေကို ပြန်ရိုက်နေတယ်... သူ့ကို ချိန်ထားကြတဲ့ကင်မရာက အလုံး ၅၀၀လောက်ကို သူကလဲ သူ့ကင်မရာတစ်လုံးနဲ့ ပြန်အံတုနေပါတယ်...

သူ့ကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ အသက်ရှုမှားတာကို မပြောနဲ့... ကျမအဲဒိအချိန်တုန်းက အသက်တောင်ရှုနေရဲ့လားဆိုတာ သတိမထားမိလိုက်ပါဘူး... Oh My God... လှရက် ချောရက်လိုက်တာ လွန်ရော.... သူ့ကို ၀ိုင်းပြီး အော်ဟစ်အားပေးနေတဲ့ ပရိတ်သတ်တွေကို ပြုံးပြီး လက်ပြန်ပြနေတာ... ရဲတွေက သူ့ကို ဆွဲနေရတယ်... သူက လီမင်ဟိုလိုတောင် မဟုတ်ဘူး... ၂လှမ်းလောက်လျှောက်ပြီးရင် ၁စက္ကန့်လောက်ရပ်ပြီး ပရိတ်သတ်ကို လက်ပြတယ်... လမ်းလျှောက်နေတုန်းလဲ ရီ ပြုံးပြီး ပြတယ်... တသက်နဲ့တစ်ကိုယ် ကိုယ်ကြိုက်တဲ့ ကိုရီးယားမင်းသားကို အရှင်လတ်လတ် မြင်တွေ့ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး... သူ့ကို Hwang Jin Yi ကြည့်နေတုန်းကလဲ ငါတစ်နေ့ကျရင် သူ့ကို တစ်ပေလောက်အကွာလေးကနေ တွေ့ရမှာပါလားလို့ မထင်ခဲ့မိဘူး...


သူအပေါက်ကထွက်လာပြီး တဖြည်းဖြည်းလျှောက်လာတာ ကိုယ့်နားကို ရောက်လာတယ်... ကျမ မအော်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ကျမတစ်ကယ်မအော်ပါဘူး... ဒါပေမဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေတယ်... အဲဒိအချိန်အတောအတွင်းမှာ ဘေးမှာ လူတွေရှိတာလဲမသိတော့ဘူး... သူ့ဘေးမှာ ရဲတွေရှိတာလဲ မမြင်တော့ဘူး... တကယ်ကို သူနဲ့ ကိုယ် ၂ယောက်ထဲလို့ပဲ ခံစားနေရတယ်... သူကိုယ့်ရှေ့မှာရောက်လာတဲ့ တခဏမှာ ကျမ ဘာလုပ်ရမှန်းမသိတော့ဘူး... ဗွီဒီယိုရိုက်ရမယ်ဆိုတာသိတယ်... ဒါပေမဲ့ သူ့ကို အပြင်မှာလဲ ကိုယ့်မျက်လုံးနဲ့ ကြည့်ချင်တယ်... တစ်ခုခုလဲ အော်ချင်တယ်... ဘာအော်ရမှန်းလဲမသိဘူး... နောက်တော့ မအော်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အတွေးဝင်လာတော့ မအော်ဖြစ်တော့ဘူး...

သူဟာ သူ့ပရိတ်သတ်ကို အလွန်အလေးထားတဲ့ အနုပညာသမားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်... ဟန်ဆောင်ပဲကောင်းတာလား တကယ်ပဲလားတော့မသိဘူး... သူ့ကိုကြည့်ရတာ ပရိတ်သတ်တွေနဲ့ တွေ့ရတာကို ပျော်နေတဲ့ပုံပါပဲ... ပိုသဲကဲပြီး ဆရာကြီးအထာပြချင်တဲ့ စလုံးရဲတွေက ကာလိုက်ဆွဲလိုက်လုပ်တာတောင် သူက လက်ကာပြီး "ရတယ်... ရတယ်" ဆိုတဲ့ ပုံမျိုးနဲ့ ပရိတ်သတ်ကို နှုတ်ဆက်ပါတယ်... မှန်နားကပ်စောင့်တဲ့သူတွေရိုက်လာတဲ့ ဗွီဒီယိုထဲမှာဆိုရင် မှန်နားအထိကပ်လာပြီး လက်မထောင်ပြလိုက် လက်ပြနှုတ်ဆက်လိုက်နဲ့ ပရိတ်သတ်ကို နောက်နေပါသေးတယ်... သူ့ပရိတ်သတ်ဟာ သူ့ထမင်းရှင်ဆိုတာကို သူကောင်းကောင်းကြီး သဘောပေါက်ပြီး ပရိတ်သတ်နဲ့လဲ ရင်းနှီးချင်စိတ်ရှိပုံရပါတယ်...

သူအဲလိုအစောင့်တွေကို ခေါင်းမာပြီး ပရိတ်သတ်ကို ဦးစားပေးတတ်တာကို သူ တရုတ်ပြည် fan meeting သွားတုန်းက တရုတ်ပြည်လေဆိပ်က ဗွီဒီယိုထဲမှာလဲ တွေ့နိုင်ပါတယ်... အဲဒိမှာ သူ့ကို လှမ်းအော်ပြီး နောက်ထပ်လာပါအုံးဆိုလား အော်လိုက်တဲ့ မိန်းမအသံကို ... သူ "I will be there" ဆိုပြီး အကျယ်ကြီး ပြန်အော်ဖြေတည်းက သူဟာ ပရိတ်သတ်နဲ့ interact လုပ်ရတာကို သဘောကျတဲ့ မင်းသားတစ်ယောက်ဆိုတာ သိပါတယ်...

သူ့လက်ထဲမှာ သူအမြဲတမ်း ဘယ်သွားသွားကိုင်လေ့ရှိတဲ့ Gucci အိတ်အကြီးကြီးကိုလဲ စတိုင်ကျကျမဟုတ်ပဲ ဘယ်ဘက်လက်မှာ ချိတ်လာပြီး... တစ်ဖက်ကလဲ ကင်မရာလေးနဲ့ ပရိတ်သတ်ကို ရီပြီးရိုက်ပါတယ်... အပြင်ရောက်တော့ ကင်မရာမရိုက်တော့ပဲ လက်ပဲ လိုက်ပြပါတယ်...


သူကိုယ့်ရှေ့မှာ လက်လှမ်းရင်တောင် မှီနိုင်လောက်တဲ့ အနီးထိရောက်ခဲ့တဲ့ အချိန်လေးက ၃စက္ကန့်လောက်ပဲ ကြာလိုက်မှာပါ သူကိုယ့်ရှေ့ကနေဖြတ်သွားပါပြီ.... သူ့နောက်ကျောကို မှီတဲ့အထိ လှမ်းရိုက်လိုက်တယ်... အဲဒိအချိန်မှာ သူက ကိုယ်နဲ့ ၃ပေလောက်အကွာကို ရောက်နေပြီ.... ကျမ စိတ်ထဲမှာ အရမ်းမွမ်းကျပ်လာတယ်... အားမရဘူး.... ဒါပဲလား... ပြီးသွားပြီလား... သိမ်ငယ်သလိုလို... ၀မ်းနည်းသလိုလို... ဒီလိုပဲဖြစ်မှာပဲဆိုတာလဲ အစတည်းက သိတယ်... သိသိနဲ့လဲ လာခဲ့တယ်... ဒါပေမဲ့ သူ့နောက်ကျောလေးကိုပဲ မြင်နေရတယ်... နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒိနောက်ကျောလေးကလဲ ပျောက်ကွယ်သွားတော့မယ်လို့ သိနေတယ်... ကျမစိတ်ထဲက သူ့ကို ကျမဘက်လှည့်ကြည့်ပါ... ပြန်လှည့်ကြည့်ပါအုံးလို့အော်နေတယ်... ငါဒီမှာလေ... (ပြောရရင်တော့ ရှက်ပါတယ်... ကိုယ်ကလဲ ဘာမှမဟုတ်ပါဘူး.. ဒါပေမဲ့ သူ့ကို ကိုယ့်ရှေ့လေးမှာတင် တွေ့လိုက်ရတော့ လူ့လောဘအတိုင်း ပိုလိုချင်မိတယ်... )

အဲဒါနဲ့ ပါးစပ်က အလိုလိုနေရင်း ထွက်သွားတယ်... "Here... Here... Here" လို့... သူကတော့ ကိုယ့်ကို ကျော်သွားပါပြီ... ဒါပေမဲ့ ကျမအော်တာတော့ သူကြားပုံရတယ်... ကျမဘက်နောက်ဘက်လုံးလုံးကို ပြန်မလှည့်ပင်မဲ့ ၄၅ဒီဂရီလောက်တော့ နောက်ပြန်လှည့်ပြီး ကျမတို့ဘက်ခြမ်း ဘယ်ဘက်ခြမ်းကို လက်ပြန်ပြတယ်... အဲဒိအချိန်မှာပဲ ကျမဘေးက ကောင်မလေးတွေက ၀ုန်းဝုန်းနဲ့ပြေးပြီး သူသွားနေတဲ့ Direction ဘက်ကို တန်းတွေအပြင်ကနေလိုက်ကြတယ်... လူစီးကြောင်းကြီးပေါ့... သူဖြတ်သွားတဲ့နေရာက လူစီးကြောင်းကြီးဖြစ်သွားတယ်... အစက ကျမမလိုက်တော့ပါဘူး... ဒီလောက်ပဲတော်ပါပြီလို့ စိတ်မ၀ံ့မရဲနဲ့ ဖြစ်နေတယ်... နောက်သူက နောက်လေးကို Here Here အော်လိုက်တာကို လက်လေးပြန်ပြတယ်ဆိုတော့ (ကိုယ့်ကိုတော့ မကြည့်ပါဘူး... ကိုယ်အော်မှန်းလဲ သူသိမှာမဟုတ်ပါဘူး..) ဒါပေမဲ့ ရတဲ့အချိန်လေးမှာ ရသလောက်လေးတော့ ကြိုးစားကြည့်ချင်တယ်... ဒီလိုနဲ့ ကျမလဲ လူစီးကြောင်းနောက်ကို ပြေးလိုက်ပါလေရော... အစထဲက သိလို့ ဒေါက်ဖိနပ်တောင် မစီးသွားဘူး... Sport Shoe နဲ့ကိုသွားတာ... တက်နင်းခံရရင်လဲ မနာအောင်လို့... ဒါပေမဲ့ စလုံးတွေက စည်းကမ်းရှိပြီး တစ်ယောက်ကို တစ်ယောက်နားလည်ပေးတယ်တော့ပြောရမယ်... ဘာပြဿနာမှ သိပ်မရှိဘူး...

အဲဒိအချိန်မှာ ကျမအစ်မနဲ့ လူချင်းကွဲသွားတယ်... သူလဲအစက ကျမနောက်လိုက်လာတာ နောက်တော့ သူ့ကိုလဲ မတွေ့တော့ဘူး... JKS ကို ငွေရောင် မာစီတီးကားလေးကို လူတွေဝိုင်းအုံနေတာ ကားခေါင်မိုးပဲမြင်ရတယ်... သူ့ကို မတွေ့ရဘူး... ကောင်မလေး ၃ ၄ယောက်လောက်ကလဲ ကားရှေ့ကနေကို ကာထားကြတာ... နောက်တော့ ရဲတွေက ကားဘေးကလူတွေအကုန်လုံးကို လက်နဲ့ ရိုက်တော့မဲ့ ဟန်နဲ့ မောင်းထုတ်လို့ လူနဲနဲရှဲသွားတယ်ဆိုရင်ပဲ... မာစီးတီးကားလေးက အရှိန်ပြင်းစွာနဲ့ လေဆိပ်ကနေ မောင်းထွက်သွားတော့တယ်...

နောက်မှ ကိုယ့်အစ်မကို ဖုန်းခေါ်ပြီး ညီအစ်မ ၂ယောက်တွေ့တော့မှ... သူကလဲ လူစီးကြောင်းနောက်ပါသွားတာ.. ကားရှေ့တည့်တည့်အရောက် အဲဒိအချိန်မှာ ရဲက ကားဘေးကလူတွေကို လက်နဲ့ ရိုက်နေတော့ သူ့ရှေ့ကလူတွေက နောက်အဆုတ်သွား.. သူက တစ်ယောက်တည်း ကျန်နေတဲ့ အချိန်မှာ... JKS ကကားပေါ်ကို ထိုင်အပြီးမို့ ပြန်လှည့်အကြည့်မှာ သူ့ကို တွေ့ပြီး ကားထဲကနေ လက်ပြသွားတယ်တဲ့...

ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး... အရင်က အဲလို နိုင်ငံခြားက နာမည်ကြီး အနုပညာသမားတွေကို ကောင်မလေးတွေ တွေ့ရင် ငိုကြ အော်ကြတာကို ပိုတယ်ထင်ခဲ့တာ... စိတ်ဓာတ်ပျော့တဲ့သူတွေဆိုရင်တော့ အဲဒါ ပိုတာမဟုတ်ဘူး... သူတို့ စိတ်ကို မနိုင်တာ... မင်းသားတွေကို တွေ့ရင် ကောင်မလေးတွေ အော်ကြတာ... အစက နားမလည်ခဲ့ဘူး... အမှန်တော့ သူတို့ရင်ထဲမှာ မွန်းကြပ်လာတာရော... ခဏလေးပဲ တွေ့ရမဲ့သူမို့ အားမရတာရောကြောင့် စိတ်လွတ်ပြီး အားးးးးးးးးးး ဆိုတာကိုပဲ အော်ကြတာဖြစ်မယ်ထင်တယ်... ကျမကတော့ အားးးး ထက်... ငါဒီမှာ... ငါဒီမှာလို့ စိတ်ထဲမှာ အကြိမ်ကြိမ်ရေရွတ်မိနေတော့တယ်... နောက်နေ့ Fan Sign မှာရောဘာတွေဖြစ်အုံးမလဲ...

P.S... ကျမအစ်မကို ဓာတ်ပုံတာဝန်ပေးထားတာ မင်းသားလဲလာရော သူလဲ မေ့ပြီး မရိုက်ခဲ့ပါဘူး.. ဒီဗတာ့ web ပေါ်က သူများရိုက်ထားတာတွေပဲ ပြန်ဝေမျှလိုက်ပါတယ်... ဗွီဒီယိုတော့ ကျမနည်းနည်းရိုက်လာပါတယ်... ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ မရိုက်တော့ပါဘူး... ကျမလဲ အပြင်မှာပဲ အ၀ကြည့်ပါတော့မယ်... အောက်က ဓာတ်ပုံနဲ့ ဗွီဒိယိုကတော့ သူများတွေရိုက်လာတာပါ... ကျမဗွီဒီယိုတော့ နောက်မှပဲ တင်တော့မယ်... မနက်ဖြန်လူတိုးဖို့ အားစုရင် အိပ်လိုက်အုံးမယ်ကွယ်...




ဒါကတော့ မဗေဒါ ရိုက်ခဲ့တာပါ... သူ့ကားအထိ လိုက်ရိုက်ထားပင်မဲ့ အမြန်တင်ချင်တာရော... နောက်ပုံတွေမှာ သူ့ပုံမပါတော့တာရောကြောင့် ဒါကိုပဲ အရင်တင်လိုက်ပါတယ်... သူများတွေရိုက်သလောက်တော့မကောင်းဘူးကွယ်... အတွေ့အကြုံမှ မရှိတာ... သူစစထွက်လာချင်း ပရိတ်သတ်ကို ဗွီဒီယိုရိုက်နေတယ်... နောက်တော့ သူ့ကိုယ်သူလဲ ပြန်ရိုက်တယ်... ချစ်စရာလေး...


ဒါကတော့ သူများတွေရိုက်ထားတာပါ....





Thursday, April 22, 2010

ဂျန်ဂမ်ဆွတ် Flight detail & FM Event in SG

ခက်ရခက်စစ် ဒီရက်ပိုင်း ၀က်ဆိုဒ်ပေါင်းစုံ ဖိုရမ်ပေါင်းစုံဝင်ပြီး ရထားတဲ့သတင်းလေးကို ကိုယ်နဲ့ ၀ါသနာတူ ညီအစ်မတွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်... မဗေဒါကတော့ ဒီတစ်ခေါက်မသွားလိုက်ရင် စိတ်ထဲ ဇနိုး ဇနောင့်နဲ့ နောင်တရနေမှာ သေချာတဲ့အတွက်... သွားဖြစ်အောင်ကို သွားလိုက်ပါအုံးမယ်... ကဲ စကားရှည်မနေတော့ပါဘူး... အဓိက အကြောင်းလေးပဲ ပြောတာပေါ့...

Jang Keun Suk's flight details in Singapore:

Arrival:KE641
22 Apr 2010(Thu)9.20pm

Departure:KE642 25 Apr 2010 (Sunday)10.50pm

ဒါတင်ဘယ်ကအုံးမလဲ... ၂၃ ရက်နေ့ကျရင် IMM Mall မှာ fan Sign ရှိတယ်... VIP ticket ကို ၂၅၀ နဲ့ ၀ယ်လို့ ရခဲ့တဲ့ ကံထူးရှင်တွေကတော့ သူလေးနားကပ်ပြီး ဓာတ်ပုံရိုက်ခွင့်ရမယ်... ကျန်တဲ့သူတွေကတော့ သူလေးကို ကြည့်လို့ရမဲ့ Free Event ဖြစ်တယ်... ဒီတော့ မလွတ်စေနဲ့နော်...

Fan Sign
23rd April, 5:30pm at IMM Garden Plaza (3rd Level)

ဟောဒါကတော့ သူလေးရဲ့ စကာင်္ပူ
Fan meeting ၁၆၈နဲ့ ၀ယ်ထားတဲ့ ကိုယ်တို့လက်မှတ်....
24th April, 6pm at Rock Auditorium (Suntec)

သူပြန်တဲ့နေ့တော့ လေယဉ်ကွင်းမသွားတော့ဘူး... ကျောခိုင်းထွက်သွားမှာကို မကြည့်ချင်လို့... ကျန်တဲ့ ၃ရက်တော့ သွားမယ်... လေယဉ်ကွင်းရယ်... IMM ရယ်... FM ရယ်... လီမင်ဟိုတုန်းကလို လူများလွန်းလို့ Event cancel ဖြစ်သွားတာတော့ ဖြစ်မယ်မထင်ဘူး... ဘာလို့လဲဆိုတော့ သူလေးပွဲက ပိုက်ဆံယူထားတယ်... ဖြစ်ကို ဖြစ်ရမယ်... လူတော့ အသေတိုးရမှာ သေချာတယ်... ဘာတွေဖြစ်မလဲမသိပင်မဲ့ အတွေ့အကြုံသစ်ပေါ့... ဒါမျိုးတွေ့ကြုံချင်လို့ စကာင်္ပူလာတာဆိုတော့ ဖြစ်အောင်တော့လုပ်မယ်... တွေ့တာ မတွေ့တာထက် ကိုယ်သွားတာက အဓိက...

သူလေးမသိပင်မဲ့ သူလေးကို ပေးချင်တဲ့ ကတိတွေ...
သူလေးကို တွေ့ရင် အော်လဲမအော်ဘူး (သူလေး နားညဉ်းပြီး စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့)
သူလေးကို လက်လှမ်းပေးပြီး ထိဖို့ကြိုးစားတာတို့ မတော်တဆ သူလေးအနားလာကပ်လို့ လက်နဲ့ ဆွဲထားတာတို့ လုံးဝမလုပ်ဘူး (သူလေး အထင်သေးပြီး ကိုယ့်ကို မုန်းမှာစိုးလို့ သူလေး ကိုယ့်ကို သတိမထားမိချင်နေပါစေ.. ကိုယိ့ကို မနှစ်မြို့တာတော့ မခံစားနိုင်ပါဘူး...)...
သူလေးကို ကြည့်ပြီး မျက်ရည်တွေကျ ငိုယိုပြီး မူးမေ့လဲတာလဲ မလုပ်ဘူး (မျက်ရည်တွေနဲ့ အမြင်ေ၀၀ါးပြိး ကြည်ကြည်လင်လင် မမြင်ရမှာစိုးလို့... မေ့လဲသွားရင် ၁၆၈အလကားဖြစ်မှာစိုးလို့)...
သူလေးကို မြင်သာတဲ့ တနေရာကနေပဲ အေးအေးဆေးဆေးလေး ဗွီဒီယိုရိုက်နေချင်တယ်... အဲဒိ ဆန္ဒလေး ပြည့်ရရင်တော်ပါပြီ သူရယ်...

မိုးနတ်မင်းကြီးရယ် ၂၅နှစ်ပြည့်မိန်းမတစ်ယောက်ရဲ့ ရူးသွပ်မှုကို မစပါ... ငယ်ငယ်က စာပဲကျက်နေရတာရော ပိုက်ဆံမရှိတာရော... ခုမှပဲ ကိုယ်ရူးချင်တာ ရုးခွင့်ရလို့ပါ... (ကလေးတွေနဲ့ သွားတိုးနေရမှာတော့ ရှက်ပါတယ်... တော်သေးတယ်... ၀က်ဆိုဒ်ပေါ်က တချို့ Fan တွေက ကိုယ့်ထက် အသက်အများကြီး ကြီးတာတွေတောင် ရှိသေးတယ်)

Wednesday, April 21, 2010

ကိုရိးယား ကားကြိုက်တာ ကိုရီးယားကို အထင်ကြီးတာလား?

မဗေဒါတစ်ယောက် ပျောက်ချင်းမလှ ပျောက်ချက်သားကောင်းနေတာလဲ အတော်ကြာပြီဆိုတာ ကိုယ့်ကိုကိုယ်သိပါတယ်... အဲဒိအတွက် တစ်ချို့ကလဲ စိတ်ဆိုးတယ်... တစ်ချို့ကလဲ အားမရဘူး... အမျိုးမျိုးပေါ့နော်... မဗေဒါလဲ တချို့တချို့သော အကြောင်းလေးတွေကြောင့် စာမရေးဖြစ်တာပါ... တချို့တချို့သော ကိစ္စများကြောင့်... တချို့တချို့သော အလုပ်များကြောင့်... တချို့တချို့သော စိတ်ဖိစီးမှုများကြောင့်... တချို့တချို့သော သူများကြောင့်... (ကဲပါလေ... ထားလိုက်ပါတော့ ဒါတွေအားလုံးကလဲ ဆင်ခြေဆင်လက် ဆင်နားရွက်တွေပေးနေတာပါပဲ... ဟဲ... ဟဲ...)

အမှန်တော့ ကိုယ်စထားတဲ့ ၀တ္တုကိုကိုယ်ဆက်ဖို့ inspiration ယူနေရင်းနဲ့ ကိုရီးယား... ဂျပန်... ထိုင်ဝမ် ဇာတ်လမ်းတွဲတွေထဲရောက်လိုက်... Facebook ပေါ်က Game လေးတွေဘက်လှည့်လိုက်... Facebook ပေါ်မှာ ကိုယ့်စီးပွားတွေက ခပ်များများလေ... စိုက်ပျိုးမွေးမြူရေးရော... စားသောက်ဆိုင်ရော... ဟိုတယ်ရော... Resort ရော ဆိုတော့ အလုပ်က အတော်များသကိုး...

နောက်ပြီး... မဗေဒါ ခုတစ်လော ၁ရက်ကို အနည်းဆုံး ၂ခါလောက်ကြည့်ဖြစ်တဲ့ MV လေးရှိတယ်... အဲဒိထဲက အဆိုတော်လေးလိုလဲ လိုက်ကချင်တယ်... သူလေးကို obsessed ဖြစ်နေလို့ မအားနိုင်ဘူး...

ဒီအတောအတွင်းလဲ Jung Keum Suk စကာင်္ပူလာဖို့ ရက်က နီးနီးလာတော့ သူ့ Flight info လေးကို ၀က်ဆိုဒ်ပေါင်းစုံမှာ လိုက်စနည်းနာနေရသေးတယ်လေ.... ကိုရီးယားမင်းသားကိုများ အဲလောက်ရူးရသလားလို့ ပြောချင် ကောင်းပြောချင်မယ်... အဓိပ္ပါယ်မရှိတဲ့ ရူးသွပ်မှုလို့ နာမည်တပ်ချင်တပ်မယ်... အမှန်တော့ သူ့ကို ရူးသွပ်တာထက် မဗေဒါ လုပ်ချင်ခဲ့တဲ့ ကိုယ်သဘောကျတဲ့ International Star ကို ခုလို အပြင်မှာ သွားတွေ့ခွင့်ရတာကို လုပ်ချင်လို့ သူ စကာင်္ပူလာမှာနဲ့ တိုက်ဆိုင်နေလို့ ကိုယ့်ရဲ့ Life time wish လေးတစ်ခုကို ဖြည့်စည်းရုံ သက်သက်ပါပဲ...

ဒါပေမဲ့ ဟိုတစ်လောက လူတစ်ယောက်က ဆီဗုံးထဲမှာအော်သွားသေးတယ်... ကိုရီးယားတွေကို ဒီလောက် အထင်ကြီးမနေနဲ့တဲ့... မဗေဒါကတစ်ခြားသူတွေကို လမ်းမှားရောက်အောင် လုပ်နေတဲ့ သဘောမျိုးတွေ... ကိုရီးယားတွေတာဝန်မယူလို့ မြန်မာမိန်းကလေးတွေ အဆုံးမှာ ဒူးနဲ့ မျက်ရည် သုတ်ခဲ့ရတဲ့ အဖြစ်တွေ အများကြီးပဲတဲ့... (အစကတော့ ဒီအကြောင်းပြောမလို့ ပိုစ့်ရေးတာ မဟုတ်ပါဘူး... ခုတော့ စကားစပ်မိလို့ ဒီအကြောင်းကိုပဲ ဆက်ရေးလိုက်ပါတော့မယ်...)

အမှန်တော့ ကျမကြည့်တဲ့ ဇာတ်လမ်းတွဲတွေက ကိုရီးယားတစ်မျိုးတည်းမဟုတ်ပါဘူး... အစောကပြောခဲ့တဲ့အတိုင်း... လိုင်းပေါင်းစုံပါပဲ... အမှန်ဆိုရင် ဇာတ်လမ်းကောင်းရင် ကုလားကားကြည့်ရတာတောင် ကြိုက်ပါတယ်... ဒါပေမဲ့ ခုနောက်ပိုင်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာတဲ့ ကိုရီးယား... ဂျပန်... ထိုင်ဝမ်ဇာတ်ကားတွေကိုတော့ ခုနောက်ပိုင်း ကျမပိုပြီး ကြည့်ဖြစ်ပါတယ်... အဲဒိလို ကြည့်တဲ့အခါမှာ ကျမ နှစ်သက်တဲ့ မင်းသားတွေရှိမယ်... မင်းသမီးတွေရှိမယ်... ဇာတ်လမ်းရှိမယ်... သူတို့တွေရဲ့ သရုပ်ဆောင်အားကောင်းတာ... ဇာတ်လမ်းဖွဲ့စည်းပုံ စိတ်ဝင်စားမှုကောင်းတာ... အဆင့်မြင့်မြင့် တင်ဆက်ပြသနိုင်တာတွေကို ကျမ တကယ်အထင်ကြီးတယ်... ဒါတွေဟာလဲ တကယ် အထင်ကြီးစရာလို့ ကျမယုံကြည့်တယ်... ဒါပေမဲ့ ကိုရီးယားလူမျိုးကြီးတစ်မျိုးလုံးကို အထင်ကြီးသလား... တွေ့သမျှကိုရီးယားတွေကို လူကောင်းတွေဆိုပြီး အထင်ကြီးတယ်လို့ ပြောမိသလား... ထင်မိသလား... တစက်ကလေးမှ မထင်မိဘူး... မပြောမိဘူး...

ရုပ်ရှင်ဆိုတာ ယူတတ်ရင် ရတာတွေ အများကြီးပါ... လူငယ်တွေကို လမ်းမှားလိုက်အောင်ပို့နိုင်သလို ဗဟုသုတရအောင်လဲ လုပ်ပေးနိုင်ပါတယ်... (အဓိကအားဖြင့် ကျမအတွက်တော့ Entertaining ဖြစ်တယ်)... သူတို့ရုပ်ရှင်တွေထဲမှာလဲ ပြထားတာပါပဲ... ဥပမာ... စကပ်အတိုလေးတွေဝတ်ရင် လူကြီးတွေက ဆူတာ.. မကြိုက်တာ... စသည်ဖြင့်ပေါ့... ဒါက စဉ်းစားမိတဲ့ အသေးအဖွဲကိုပြောတာပါ...

ကိုရီးယားကားတွေမှာ စိတ်ပုတ်တဲ့ စိတ်ကောင်းမရှိတဲ့ အဆင့်အတန်းမရှိတဲ့ ဇာတ်ကောင်တွေလဲ ပါတာပါပဲ... အဲဒိအတွက်ကြောင့် ကိုရီးယားလူမျိုးဆိုတာကို အထင်ကြီးစရာမရှိပါဘူး... အထူးသဖြင့် တစ်ခုခုဆိုရင် ခြေထောက်နဲ့ကန်ပြီးပြောတတ်တာ... ခိုင်းတတ်တာ... စတဲ့ အပြုအမူမျိုးတွေ... ဒါတွေဟာ အထင်ကြီးစရာမကောင်းပါဘူး... ဒါပေမဲ့ ဒါဟာလဲ သူ့ယဉ်ကျေးမှု သူ့လူနေမှုစရိုက်နဲ့ သူမို့ နားလည်ပေးပြီး ဇာတ်လမ်းသဘောအရ ကြည့်တာပဲ ရှိပါတယ်... ဒီလိုမျိုးတွေကနေလဲ ကိုရီးယားလူမျိုးရဲ့ စရိုက်တွေကို ကျမခန့်မှန်းလေ့လာ သိရှိခွင့်ရပါတယ်... "အော်... သူတို့လူမျိုးက ဒီလိုရှိပါလား... ဘယ်လိုရှိပါလား.." အဲလိုတွေ သိရတာလဲ ဗဟုသုတတမျိုးပါပဲ... ဒါဟာ အားကျခြင်း အထင်ကြီးချင်းမဟုတ်ပါဘူး...

ကိုရီးယားမင်းသားလေးတွေကို ကြိုက်တာနဲ့ ကိုရီးယားလူမျိုး ယောကျာင်္းတွေကို ကြိုက်တယ်လို့ ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းပြီး စွပ်စွဲသွားတဲ့ ထိုသူကို ကျမဘယ်လိုနားလည်ရမှန်းမသိဖြစ်မိပါတယ်... မင်းသားတွေ ချောတယ်.. ရုပ်ရှင်ထဲမှာ သူတို့က အရာရာစွမ်းဆောင်နိုင်တယ်... ယောကျာင်္းကောင်းတွေဖြစ်တယ်... သူရဲကောင်းတွေဖြစ်တယ်... သူတို့ အပြင်မှာ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်... တိတ်တိတ်ပုန်း အိမ်ထောင်ကျနေတာတွေ... မိန်းမရှုပ်တဲ့ ဟာတွေ... သူတို့ရဲ့ ချောတဲ့ မိတ်ကပ်မျက်နှာနဲ့ ဖန်သားပြင်နောက်က သူတို့ဇာတ်လမ်းတွေကို ကျမ အထင်မကြီးပါဘူး... ဒါပေမဲ့ ကျမအထင်ကြီးတာ တစ်ခုတော့ ရှိတယ်... ဘာလဲဆိုတော့... သူတို့ရဲ့ အလုပ်အပေါ်မှာ ထားတဲ့ ကြိုးစားအားထုတ်မှု... သူတို့ရဲ့ Talent နဲ့...သူတို့ရဲ့ သရုပ်ဆောင်ပညာ... အဲဒါကို ကျမအထင်ကြီးတယ်...

မင်းသမီး မင်းသားဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး... ရုပ်ရည်ချောရတဲ့အပြင် သရုပ်ဆောင် အက လိုအပ်ရင် အဆိုပါကောင်းရတယ်... လူတစ်ယောက်ချစ်ဖို့လုပ်ရတာ မလွယ်ပါဘူး... ဒါပေမဲ့ သူတို့ရဲ့ အလုပ်အကိုင်က လူတွေများများချစ်အောင်နေရတယ်... လုပ်ရတယ်... ရိုက်ကွင်းဇာတ်လမ်းအရ နေ့မအိပ် ညမအိပ်ရိုက်ရတာတွေရှိတယ်... ဒီအတောအတွင်း သူတို့ ရုပ်ရည်ကိုလဲ ထိမ်းရတယ်... တကယ်တော့ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး... ဒါပေမဲ့ သရုပ်ဆောင်ပိုင်းမှာ အားကောင်းလွန်းတော့ ပရိတ်သတ်ရဲ့ ရင်ကိုဖမ်းစားတယ်... ပရိတ်သတ်ကို သူတို့ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်သဘောကျသွားအောင် ဖမ်းစားနိုင်တဲ့ သူတို့ရဲ့ အရည်အချင်းကို ကျမအထင်ကြီးတယ်... ဥပမာ... Kimbum ဘယ်လောက်ချောချော သူသရုပ်ဆောင် သိပ်မကောင်းတဲ့အတွက် Still,Marry Me ဇာတ်ကားကို ဆက်ကြည့်ချင်စိတ်ကုန်ခဲ့ပါတယ်...
Who are You ထဲက မင်းသားကို အစက သိပ်မချောဘူးလို့ ထင်ခဲ့ပင်မဲ့ အဲဒိကားထဲမှာ သူသရုပ်ဆောင်ပိုင်နိုင်လို့ သူ့ကို စပြီး နှစ်သက်ခဲ့မိတယ်... မင်းသမီးတွေလဲ ဒီအတိုင်းပါပဲ... သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးဆိုရင် ကြိုက်တယ်...

နောက်ပြီး ဆီဗုံးထဲမှာပြောသွားတဲ့ ကိုရီးယားတွေကို အထင်ကြီးပြီး ပုံအပ်မိလို့ အဆုံးမှာ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ မြန်မာမိန်းကလေးတွေ အများကြီးရှိတာ ကျမ မသိဘူးလားတဲ့... ထို မိန်းကလေးတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း အရင်ဆုံးပြောလိုပါတယ်... ဒါပေမဲ့ အဖြေက ရိုးရိုးရှင်းရှင်းလေးပါ... ထိုမိန်းကလေးတွေကို ကိုရီးယားမင်းသားတွေက တာဝန်မယူတာ မဟုတ်သလို... ထိုမိန်းကလေးတွေဟာ သူတို့ ပုံအပ်မိတဲ့သူဟာ ကိုရီးယားမင်းသားတွေလို စိတ်ထားမျိုးနဲ့ ရုပ်ရည်မျိုး မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်လဲ သိကြမှာပါ... မိန်းကလေးဆိုတာ ကိုယ့်ကိုကိုယ် ထိမ်းသိမ်းရမဲ့ လူသားပါ... ကိုယ်ယုံမှားမိလို့ဆိုရင်လဲ ကိုယ်ဆင်ချင်တုံတရား နည်းခဲ့လို့ပဲ ပြောချင်ပါတယ်... ဒီကိစ္စ ၂ခုက ကျမဘယ်လိုပဲ စဉ်းစား.. စဉ်းစား မတူညီတဲ့ အကြောင်းရာ ၂ခုပါ... ဘာကြောင့်များ ထိုသူ ကျမ ဆီဗုံးမှာ လာပေါက်ကွဲသွားပါသနည်း... ပြီးတော့ (ကိုရီးယားဘက်က ကာပြောတာ မဟုတ်ပါ...) မိန်းကလေးတွေကို လွန်ကြူးပြီး တာဝန်မယူတာ ကိုရီးယားယောကျာင်္းတွေမှ လုပ်တာ မဟုတ်ပါဘူး... မြန်မာယောကျာင်္းတွေ မြန်မာမိန်းကလေးတွေကို တာဝန်မယူပဲ ကလေးနဲ့ Single Mother ဖြစ်နေတာတွေလဲ အများကြီးပါပဲ... အဲဒိအတွက်ကြောင့် တစ်ဦးတစ်ယောက်မကောင်းတာကို မဆိုင်တဲ့ အပေါက် ဂလိုင်နဲ့ ရမ်းသမ်းမခေါက်ပဲ... ဆိုင်ရာ ဆိုင်ရာတွေကိုသာ လာရောက်အကြံပြုဝေဖန်မယ်ဆိုရင်ဖြင့် ၀မ်းသာမိမှာပါ...

ထိုရေးသွားတဲ့ သူက ကိုရီးယားနိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့သူဆိုတာကိုလဲ ပြောသွားတဲ့ စကားများအရကျမခန့်မှန်းလို့ရပါတယ်... တစ်ခါတစ်လေ ကျမတို့လဲ သူများနိုင်ငံမှာ နေထိုင်လုပ်ကိုင်စားသောက်နေတော့ ခံစားချက်ကို သိပါတယ်... စကာင်္ပူမှာနေတော့ စလုံးတွေဘယ်လို စိတ်ပုတ်ကြောင်း ဘယ်အရာမဆို အလကားလိုချင်ကြောင်း စသည်ဖြင့်ပေါ့ သူတို့ မကောင်းတာတွေကို ပြောလေ့ရှိပါတယ်... ဂျပန်မှာနေတဲ့ ကျမသူငယ်ချင်းတစ်ယောက်ဆိုရင်လဲ ဂျပန်တွေက အရူးတွေများကြောင်း... ဂေါက်နေကြကြောင်း လာလာပြောလေ့ရှိပါတယ်... ဒီလိုပဲ စိတ်တိုင်းမကျမှုလေးတွေရှိတတ်ပါတယ်... ဒါပေမဲ့ ကျမတို့ အားလုံးလဲ အသိပါ... လူတိုင်းအဲလိုမဟုတ်ဘူး... ကောင်းတဲ့သူတွေလဲ ရှိတယ်ဆိုတာကို လက်ခံကြမှာပါ... မြန်မာလို့ပြောလိုက်ရင် သိမ်းကြုံး အထင်သေးတတ်တဲ့ တခြားနိုင်ငံသားတွေနဲ့ ကျမတို့ကိုယ်တိုင်လဲ ကြုံဖူးပါတယ်... အဲဒိလိုကြုံရင် ကိုယ်လဲ ခံရခက်ပါတယ်... ဒိအတွက်ကြောင့် ကိုယ်လဲ တစ်ချို့နေရာလေးတွေကို နားလည်ပေးလိုက်မယ်ဆိုရင်ဖြင့် ဒေါသစိတ်တွေ ပြေလျော့သွားပါလိမ့်မယ်လို့ ထိုသူ့ကို အကြံပေးလိုပါတယ်... ဘာပဲဖြစ်ဖြစ် ကျမတို့က သူတို့ နိုင်ငံမှာ နေထိုင်စားသောက်နေကြတာပဲမဟုတ်လား...

P.S ပြောနေကျ စကားလေး ပြောလိုက်ပါအုံးမယ်... ဒီပိုစ့်ဟာ မဗေဒါ တစ်ဦးတစ်ယောက်ထည်းရဲ့ ခံယူချက်နဲ့ ရေးသားထားခြင်းဖြစ်သဖြင့်... ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...