Monday, January 19, 2009

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၆) (သို့) စကား

မြန်မာစကားပုံတစ်ခုရှိတယ်.. ရှေ့ ပြောနောက်ကြည့် ၊ ည ပြောအောက်ကြည့် တဲ့... စကာင်္ပူမှာပြောရင်တော့ သေသေချာချာကြည့် လို့သာ မှာချင်ပါတော့တယ်... ဒီတစ်ခါ မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများမှာ ပြောပြချင်တဲ့အကြောင်းလေးကတော့ လူတော်တော်များများလဲ ပုံစံမျိုးစုံနဲ့ ကြုံဖူးကြမှာပါ.. ကိုယ်က ပြောတဲ့သူပဲ ဖြစ်ဖြစ်.. အပြောခံရတဲ့သူပဲဖြစ်ဖြစ်ပေါ့.. မဗေဒါကတော့ စကားပြောရင် အသံကကျယ်ပြီး စိတ်ထဲရှိတာ လွှတ်ခနဲပြောတတ်တော့ ခဏခဏ ကြုံပါတယ်.. မဗေဒါ စကာင်္ပူစရောက်ခါစကဆိုရင် မြန်မာလူဦးရေကလဲ စလုံးမှာ ဒီလောက်မများသေးတော့ ငါ့စကားနားလည်တဲ့သူ သိပ်မရှိပါဘူးလေဆိုပြီး စိတ်ထဲရှိတာ ပြောတဲ့ အကျင့်ကပါနေတော့ပဲ.. (မှတ်ချက်.. ခုတော့ မြန်မာလူဦးရေများလာသောကြောင့်တစ်ကြောင်း မျက်နှာပူရဖန်များလာသောကြောင့်တစ်ကြောင်း ထိုအကျင့်လဲ ပျောက်နေပါပြီ)

စကာင်္ပူရောက်ပြီး ၁လလောက်ကြာတဲ့တစ်နေ့မှာ မဗေဒါနဲ့ မဗေဒါ့အစ်မနဲ့ အိမ်နားမှာရှိတဲ့ စူပါမတ်ကတ်လေးတစ်ခုများ တစ်ပတ်စာ ဟင်းချက်စရာ ဈေးထွက်ဝယ်ကြပါလေရော... စူပါမတ်ကတ်လေးကလဲ အဲဒိနေ့က လူအရှင်းသား.. ကျမတို့ ညီအစ်မရဲ့ စကားသံလောက်ပဲ ဆူညံသံရှိတာ.. အသားငါးတန်းလျှောက်ရင်း ဘာဟင်းချက်ရင်ကောင်းမလဲ.. ဘာစားချင်လဲ ညီအစ်မ ၂ယောက်တိုင်ပင်ရင်းနဲ့ ကျမအစ်မအကြီးက ..
" ငါကတော့ ဘောချိတ်ပုဇွန်သေးသေးလေးတွေကို ငရုတ်သီးနဲ့စပ်စပ်လေးကြော်စားချင်တယ် " တဲ့..
ကျမကလဲ စားချင်တာပေါ့.. ဒါနဲ့ " ဒါဆိုလဲ ၀ယ်လိုက်ပေါ့ " လို့ပြောတော့..
အစ်မက.... " ဒီနိုင်ငံမှာ ဘောချိတ်ပုဇွန် လို သေးသေးလေးတွေ မရှိဘူး.. ဒီက ပုဇွန်တွေက အကြီးကြီးတွေပဲရှိတယ် " တဲ့
ကျမကလဲ အလွန်တရာမှ ရစ်တတ်တဲ့ အကျင့်အတိုင်း.. " မေးကြည့်လိုက်ပါအုံး.. ရှိချင်ရှိမှာပါ " လို့ပြောတော့..
အစ်မက " ငါက ဘောချိတ်ပုဇွန်ကို ဘယ်လိုမေးရမှာလဲ " ဆိုပြီး အသံမြင့်မြင့်နဲ့ပြန်ပြောပါတယ်...
ကျမလဲ သူ့ကိုနောက်ချင်တာက တစ်ကြောင်း.. စိတ်ထဲမှာလဲ ရောက်စဆိုတော့ ဒီနိုင်ငံမှာ ကိုယ်ပြောတာကို ဘေးကလူတွေနားမလည်ဘူးဆိုပြီး ပြောချင်တာပြောပြီး ဟားတတ်တဲ့ အကျင့်လေးကြောင့်တစ်ကြောင်း ပြောင်စပ်စပ် မျက်နှာပေးနဲ့ ပြန်ပြောလိုက်ပါတယ်..

" အော်.. ဒါများလွယ်လွယ်လေး.. ဘောချိတ်ပုဇွန်ဆိုတာ.............. "

ကျမပြောနေတဲ့ အချိန်မှာ ကျမတို့ ၂ယောက်လုံး ဘီစကစ်မုန့်တွေ ထားတဲ့ အတန်းဘက်ကို ချိုးဝင်လိုက်ပါတယ်.. အဲဒိမှာ တရုတ်ပုံလူငယ် ဆိုင်အလုပ်သမားတစ်ဦး ပစ္စည်းတွေ စီနေပါတယ်..

" ဘော မှာ ချိတ်ပြီး ပါလာတာလို့ ပြောလိုက်ပေါ့ " လို့.. လက်ညှိုးလေးကောက်ပြီးတော့ ချိတ်ပုံတောင် လုပ်ပြပြီး အသေအချာပြောလိုက်ပါတယ်..

အဲဒိစကားသံကြားတော့မှ ဆိုင်အလုပ်သမားတရုတ်က ဆက်ကနဲခေါင်းထောင်ကြည့်လိုက်တော့.. ကျမအစ်မလဲ နောက်ပြန်လှည့်ပြီး ပြေးတော့တာပါပဲ.. အဲဒိလူက တကယ်တော့ ကျမတို့ကျောင်းက မြန်မာတရုတ်ပါ.. နောက်မှ ကျမအစ်မပြောလို့သိရတာကတော့ အိမ်မှာ အတူနေတဲ့ ကောင်မလေးတွေနဲ့တောင်သိလို့ တခါတလေအိမ်တောင် လာလည်တတ်ပါတယ်တဲ့..

ကျမလဲ အတော်ရှက်သွားပါတယ်.. ကျမတို့ပြောနေတာက ပုဇွန်ဘောချိတ်အကြောင်းပါ.. ဒါပေမဲ့ သူက နားစွန်နားဖျားကြားပြီး တမျိုးထင်သွားပြီလားဆိုပြီး.. မျက်နှာတွေပူလိုက်တာ.. သွားပြီးရှင်းပြလို့လဲမရ ပိုတောင် အရှက်ကွဲအုံးမယ်.. ဒီလိုနဲ့ပဲ တအုံ့နွေးနွေးနဲ့ နေလာလိုက်တာ ယခုထိပါပဲ.. တကယ်လို့များ ထိုသူဒီပိုစ့်ကို ဖတ်ဖြစ်ပြီး ယခုထိလဲ အဲဒိအကြောင်းကို မှတ်မိနေအုံးမယ်ဆိုရင်တော့... ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့နော်....

နောက်တစ်ခါလဲ ...
ကျမပထမနှစ်ပြီးတော့ ရန်ကုန်ပြန်ခါနီး ခရီးသွားအိတ်ဝယ်ဖို့ ဆိုင်တစ်ဆိုင်ကိုသွားပါတယ်.. အိတ်တွေက ကြိုးနဲ့ချည်ထားတော့ အိတ်ပြဖို့ ဆိုင်ကကောင်မလေးတွေကို ခေါ်တော့လဲ.. အားလုံးက အလုပ်များနေကြပါတယ်.. တကယ်ပဲများနေကြတာလား.. များချင်ယောင်ပဲ ဆောင်နေကြတာလားတော့မသိပါ.. ကျမအထင်တော့ များချင်ယောင်ဆောင်နေကြတာက ခပ်များများပါ.. ဒါပေမဲ့ သူတို့ကလဲ အိုက်တင်တွေခပ်ကောင်းကောင်းဆိုတော့ ဘယ်သူမှ ခေါ်လို့မရပါဘူး.. ကျမတို့ညီအစ်မလဲ နဲနဲတင်းလာတာပေါ့နော်.. ဒါနဲ့ ဘယ်သူအားနေလဲဆိုပြီး တစ်ယောက်ချင်းစီကြည့်လိုက်တော့ ဟိုဘက်ဒေါင့်နားလေးမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ဟိုပစ္စည်းလေးကိုင် ဒီပစ္စည်းလေးကိုင်နဲ့ အလုပ်များချင်ယောင်ဆောင်နေတဲ့ လူတစ်ယောက်ကိုတွေ့ပါရော.. ကျမနဲ့ ကျမအစ်မကလဲ ဆိုင်ထဲမှာ သွားရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်က နဲနဲဝေးနေပါတယ်.. ကျမအစ်မနဲ့ ကျမရဲ့ အကွာအဝေးက အဲဒိလူနဲ့ ကျမရဲ့ အကွာအဝေးလောက်ပါပဲ.. ကျမလဲ အားနေတဲ့သူတွေ့ပြီဆိုပြီး အစ်မကို အားရပါးရလှမ်းပြောလိုက်ပါတယ်... ကျမအစ်မတားချိန်တောင်မရလိုက်ပါဘူး...

" ဟိုမှာ ဟိုလူ ယောကျာင်္းဖြစ်ပြီး ဘာမှ လုပ်စရာလဲ မရှိပဲနဲ့ ခိုနေတယ်.. အဲဒိလူကိုခေါ် " လို့ ပြောလိုက်ပါတယ်.. ထိုလူလဲ ကြားပြီးထလာပါတယ်.. ကျမအစ်မကနောက်မှ မျက်နှာရိပ်နဲ့ အဲဒါမြန်မာလို့ လှမ်းပြောပါတယ်.. ဒါပေမဲ့ ပြောပြီးပြီဆိုတော့လဲ မျက်နှာပူပူ ကြောက်ကြောက်နဲ့ပဲ.. အဲဒိအိတ်ကို ချက်ချင်းဝယ်ပြီး ပြန်လာလိုက်ပါတယ်.. အဲလို ရိုက်ပေါက်....

ကိုယ်ကချည်းပဲ ပြောနေတာတော့ဟုတ်ပါဘူး.. ကိုယ့်ကိုပြောခံရတာလဲရှိပါတယ်..
အဲ.. မဗေဒါကို ပြောခံရတာတော့ ဟုတ်ပါဘူး.. ဖေဖေနဲ့ မေမေကို ပြောတာပါ..
မလေးရှား Genting သွားတုန်းက.. အပြန် ကားဂိတ်မရောက်ခင် ရှုခင်းကောင်းတဲ့ ပန်းခြံလေးတစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ ခဏစတည်းချလိုက်ပြီး.. ကျမတို့ ညီအစ်မတွေ ဓာတ်ပုံ လျှောက်ရိုက်ကြပါတယ်.. ဖေဖေနဲ့ မေမေကတော့ ပင်လဲပင်ပန်း ချမ်းလဲချမ်းတော့ အဲဒိပန်းခြံအလည်က ပန်းရုံတွေပတ်ပြီးစောက်ထားတဲ့ နေရောင်အောက်က ခုံမှာထိုင်ကျန်ခဲ့ပါတယ်.. အဲဒိနေရာလေးကလဲ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာလေးပါ.. ကျမတို့ ညီအမတွေ ထွက်သွားပြီး မကြာခင်မှာ ကောင်မလေးတွေရော ကောင်လေးတွေရောပါတဲ့ မြန်မာလူငယ်တစ်စုဝင်လာပြီး ဓာတ်ပုံရိုက်ကြပါတယ်.. အဲဒိထဲက ကောင်မလေးတစ်ယောက်က ကျမဖေဖေမေမေ ထိုင်နေတဲ့ အုတ်ခုံက ဓာတ်ပုံရိုက်ရင်လှကြောင်းပြောပါတယ်..
" ဟယ်.. ဟိုအုတ်ခုံပေါ်က ရိုက်ရင်လှမှာ.... "
နောက်ကောင်မလေးတစ်ယောက် ပြန်ပြောလိုက်ပုံက...


" ဘယ်လိုရိုက်မလဲ.. နင့်ဟာကြီး ၂ယောက်က ငုတ်တုတ်ကြီးထိုင်နေတာ.. " ဆိုတော့..


ကျမဖေဖေနဲ့ မေမေလဲ... " သမီးတို့ ရိုက်ချင်ရင် အန်တီတို့ ဖယ်ပေးပါ့မယ်.. လာရိုက်.. လာ.. လာ" လို့လဲ ပြောလိုက်ရော.. အဲဒိကောင်မလေး.. မျက်နှာပူလွန်းလို့.. ထွက်ပြေးပါလေရော..
နောက်မှ သူတို့အုပ်စုထဲက ကောင်လေးတွေက ဖေဖေနဲ့ မေမေကို ပြန်လာတောင်းပန်ပါတယ်..
ကျမတို့လဲ ကိုယ်တောင်ဖြစ်နေကျဆိုတော့ သူများကို နားလည်ပေးလိုက်ပါတယ်.. ကိုယ်ကိုတိုင်လဲ သင်ခန်းစာယူခဲ့တယ်...

ကဲ မောင်ညီမလေးတို့ရေ.. ဒီတစ်လအတွက် မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများ ဒီတင်ပဲ ရပ်နားလိုက်မယ်ကွယ်..

စာရေးပျင်းနေတဲ့ မဗေဒါတစ်ယောက်.. ခုတစ်လော ရုပ်ရှင်ပဲ ထိုင်ကြည့်ဖြစ်နေပါတယ်.. စာရေးပျင်းတာထက် ရေးဖို့ ဈာန်မ၀င်ဘူးပဲပြောရမလားသိပါဘူး.. ရုပ်ရှင် ဗွီဒီယိုဘက်ကို ပိုအားသန်နေတယ်.. အဟီးး.. အချိန်ယူ စောင့်မျှော်ဖတ်ရှုနေတဲ့ သူတွေကို အလွန်ပဲ အားနာမိပါတယ်..

14 comments :

ရွှေဂျမ်း said...

လာဖတ်ပြီး ရီသွားတယ်။ လွန်ခဲ့တဲ့ ၇နှစ်လောက်က စင်ကာပူလာတုန်းက လမ်းပေါ်မှာ မြန်မာလို စကားပြောသံတွေ ကြားရတာ အံ့သြမိတယ်။ ခုတော့ အဆန်းမဟုတ်တော့ဘူး ထင်ပါရဲ့။ မြန်မာများတဲ့အရပ်ဆိုတော့လည်း အဲဒါမျိုးတွေ သတိတော်တော်ထားရမယ်ထင်တယ်နော်။

Anonymous said...

သားရေ၊သမီးရေ၊မိန်းမရေနဲ့အော်ကြီးဟစ်ကျယ် MRT ပေါ်မှာမြန်မာပြည်ကိုဖုန်းပြောနေတာကတော့တမျိုးဘဲဗျာ။သူကတော့ပတ်ဝန်းကျင်ကိုမေ့နေပုံရတယ်။

မီးတောင် said...

ဟီးဟီး
ကျွန်မလည်း တစ်ခါတစ်လေ အဲလို ဖြစ်ပါတယ် ။
သူတို့ နှဖူးမှာ စင်္ကာပူရောက်မြန်မာလူမျိုး လို့မှရေးမထားတာ ။
ဘယ်သိမှာလဲလို့ ။

Moe Cho Thinn said...

ရီလိုက်ရတာ။
တို့လဲ ဒါမျိုး ခဏခဏ ကြုံဖူးတယ်။ အိတ်ရောင်းတဲ့ဆိုင်မှာပဲ။ “ဈေးကို ရအောင်ဆစ်၊ အဲဒီကုလားကို ရအောင်ဆစ်” လို့ အမျိုးသားကို ပြောမိလို့ အဲဒီရောင်းတဲ့ ကုလားဆင်ကောင်လေးက ဒါ နောက်ဆုံးဈေးပါ အမရယ် တဲ့။ ဗမာချင်းမို့ ပိုမပြောပါဘူး တဲ့။ အားနာလိုက်တာ မပြောပါနဲ့တော့.. :D

ဇနိ said...

ရီရတယ်ဗျ..

MrDBA said...

လာပြီးရီသွားတယ်ဗျ။ ကျွန်တော်ဆို လမ်းထွက်ရင် ပါးစပ်ပိတ်ထားတယ်။ ဟိဟိ။

TZA said...

မဗေဒါက မပြောင်းလဲပါဘူး၊ အသံကျယ်တုန်းပါနော်.. :p

mabaydar said...

အသံကျယ်တာက မဗေဒါရဲ့ signature တစ်ခုလိုဖြစ်နေပါပြီ.. ပြောင်းတယ်ဆိုတာက မြန်မာပြည်မှာနေတုန်းကလိုပဲ အတင်းခုတ်ရင် တိုးတိုးခုတ်တာကိုပြောတာပါ.. အဟီး..

megumi said...

လုပ်ပြီ မဗေဒါကတော့။ ဟ ဟား။
ငါလည်း ကြုံဖူးတယ်။ ငါ့ကို ဂျပန်လို ထင်ပြီး အတင်းပြောတာလေ။ ငါလည်းမသိချင်ယောင်ဆောင်ပြီး နေပေးလိုက်ပါတယ်။ အတင်းပြောတဲ့လူတွေ စိတ်ချမ်းသာအောင်လို့။ :P :P :P

koswan said...

အော် တစ်ကယ်ပါပဲ မဗေဒါရယ် ဟားဟား...ဖတ်ပြီးအသည်းယားတယ်

လင်းထက် said...

ဟိ ဟိ မြန်မာချင်းမို့ အဲလို ရှက်ရတာက တော်သေးတယ် ကိုယ်တို့ သင်္ဘော ပေါ်က တစ်ယောက်ဆို People Park ကစားသောက်ဆိုင်မှာ စားပွဲထိုး စလုံးတရုတ်မ က ဘာစားမလဲ မေးတာကို မြန်မာလို သွားပြီး နင့်ကို စားချင်တယ် သွားပြောတာ ဟိုကလဲ မြန်မာလိုပဲ ငါ့ကို မစားနဲ့ ဈေးကြီးတယ် ဟိုမှာ ဖိလစ်ပင်း မတွေ သွားစားဆိုပြီး မပီကလာ ပီကလာ ပြန်ပြောလို့ ဟီး ဟီး မျက်နှာ ပူလိုက်တာ..။

Ei Wai Phyo said...

ဟား ဟား ရီရတယ်။ ကောမန့်တွေကလည်း ရီရတယ်..

ခရေဖြူ said...

ဟားဟား ရယ်ရတယ်၊ (ခုသာ ရယ်တာပါ၊ ကြုံရရင် တကယ် မျက်နာ ပူရတာ

masumon said...

ထိုင်းမှာလဲ အဲ့အတိုင်းပဲ မြေအောက်ရထားပေါ်မှာ ကိုယ့်ရှေ့မှာတင် ကောင်လေးတွေ ကျောင်းက ကောင်မလေးတွေအကြောင်း အတင်းအသေချနေတာ ကိုယ်က ဘယ်ပြေးရမှန်းမသိ နောက် ဖုန်းမလာပါစေနဲ့ ဆုတောင်းနေတုန်း ဖုန်းလာလို့ မြန်မာလိုလဲ ပြောလိုက်တော့ နောက်ဘူတာလဲရောက်ရော သကောင့်သားတွေ ဆင်းပြေးရော..ဘန်ကောက်မှာလဲ ခလုတ်တိုက်ရင် အဲ့တာ ဗမာပဲ ခိခိ