Showing posts with label သူငယ်ချင်းများ. Show all posts
Showing posts with label သူငယ်ချင်းများ. Show all posts
Tuesday, March 17, 2015
စိတ်လှုပ်ရှားဖွယ် ကစားနည်း
စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ များများစားစားလုပ်စရာဆိုလို့ ပင်လယ်နား ဘာဘီကျူး၊ ကာရာအိုကေဆို၊ Steamboat ဘူဖေးစုစား စသည်ဖြင့် လောက်ပဲရှိပါတယ်။ တခြား activities တွေလုပ်မယ် လျှောက်သွားမယ်ဆိုရင် ရှိပေမဲ့ လူအရမ်းပင်ပန်းအချိန်ကုန်ပြီး ပိုက်ဆံကုန်ပါတယ်။ ဥပမာ ဆန်တိုဆာသွားတာတို့၊ Universal studio သွားတာတို့လိုမျိုးပေါ့။ ဒါပေမဲ့ ဟိုနေ့က မဗေဒါ သူငယ်ချင်းတွေနဲ့ သွားဖြစ်ပြီး ဆော့ဖြစ်တဲ့ နေရာလေးကတော့ ပိုက်ဆံလဲ ဒီလောက်ဈေးမကြီးသလို၊ စိတ်ဝင်စားဖို့လဲကောင်း၊ ပျော်စရာလဲကောင်း၊ ဉာဏ်စမ်းလဲဖြစ်၊ အချိန်ကလဲ ၁နာရီပဲ၊ ဘာမှလဲ ပြင်ဆင်စရာမလိုဘူး၊ နေရာကလဲ မြို့လယ်ခေါင် Bugis မှာပါ။ အဲ့ဒိ game ဆော့ပြီး သူငယ်ချင်းတွေအားလုံး အေးအေးဆေးဆေး ကြိုက်တဲ့ စားသောက်ဆိုင်သွားပြီး စကားပြောတာပဲဖြစ်ဖြစ်၊ ရှော့ပင်းပတ်တာပဲဖြစ်ဖြစ် လုပ်ချင် လုပ်လို့ရပါသေးတယ်။ စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားရမှန်းမသိရင် xcape room ကို recommend ပေးချင်ပါတယ်။
အသက်ကြီးလာလေ သရဲအိမ်လို့ကြားရင် အလကားနေ လန့်နေတတ်တော့ အစက ဖေ့ဘွတ်မှာ သူငယ်ချင်းတစ်ယောက်က လင်ခ့်ပေးပြီး Xcape Room သွားချင်တယ်ပြောတုန်းက ၀က်ဆိုဒ်က ပုံတွေကြည့်ပြီး လန့်ပြီး မသွားချင်ခဲ့မိပါဘူး။ ဒါပေမဲ့ လူ့စိတ်ဆိုတာကလဲ မျောက်စိတ်လိုပဲ ပြောင်းလဲတတ်တဲ့သဘောရှိတာက တစ်ကြောင်း၊ တိုက်တိုက်ဆိုင်ဆိုင် Mr. Right က သူ့အလုပ်ကလူတွေနဲ့ အဲ့ဒိကို သွားဖြစ်ခဲ့တဲ့အကြောင်းပြောတော့ သရဲအိမ်ရယ်လို့လဲ အတိအကျသဘော မဆောင်ပါဘူး။ သူက ဘယ်လိုပြောမလဲ ဉာဏ်စမ်းပေဟဠိ စုံထောက် စွန့်စားခန်းလို့ပဲပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ရှုံးရမှာ ကြောက်တဲ့ကျွန်မကတော့ ရှုံးမှာ ထပ်ကြောက်ပြန်ရော။ ဒါပေမဲ့လဲ သေချာပြန်စဉ်းစားကြည့်တော့ ရှုံးတာ နိုင်တာက အဓိကမကျပါဘူး။ အဲဒိအခန်းထဲမှာ ကစားနေတဲ့အချိန် ခံစားချက်က အမှတ်တရဖြစ်မယ်လို့ တွေးမိခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒိမှာ လူတွေကို ထိခိုက်စေမဲ့ ပစ္စည်းမျိုး ဘာမှ မရှိပါဘူးလို့ သူတို့ ဝက်ဆိုဒ်မှာ ရေးထားပြီးသားပဲ။ (ကိုယ့်ရဲ့ အလွန်တရာမှ ကောင်းလွန်းတဲ့စိတ်ကူးက တကယ်လို့များ စိတ်တဇလူသတ်သမားတစ်ယောက်ယောက် စိတ်မနှံ့ပဲ အခန်းထဲကျန်နေရင်တော့ ဒုက္ခဆိုပြီး တွေးကြောက်ပြန်ပါသေးတယ်။ ဒါပေမဲ့လဲ ဒါဟာ တကယ်လို့များဆိုတဲ့ အတွေးဆိုတော့ တကယ်မှ မဟုတ်တာ)
နည်းနည်း သတ္တိရှိလာတော့ ဝက်ဆိုဒ်(http://www.xcape.sg/) ကို ထပ်သွားကြည့်တော့ ပရိုမိုးရှင်းရှိနေပါတယ်။ ၇ယောက်စာပေးရင် တစ်ခန်းလုံး သူများနဲ့ မရောပဲ ဝင်လို့ရမယ်တဲ့။ ဒါနဲ့ အရင်က ပြောဖူးတဲ့ သူငယ်ချင်းနဲ့ မဗေဒါရဲ့ မင်္ဂလာဦးဆွမ်းကျွေးမှာ တွေ့ဖူးခဲ့တဲ့ မဗေဒါရဲ့ စာဖတ်သူ သူငယ်ချင်းတွေထဲက စိတ်ဝင်စားလောက်မယ်ထင်တဲ့ သူတွေကို Tagged ပြီး မေးလိုက်တော့ Response က ကောင်းပါတယ်။ (ဖေ့ဘွတ်မှာ လာအက်ထားတဲ့ ကိုယ့်ရဲ့ စင်္ကာပူက ပုံမှန်စာဖတ်သူတွေ ကို ကိုယ့် မင်္ဂလာဦးဆွမ်းကျွေးကို အကြောင်းပြပြီး အပြင်မှာ တွေ့ဖူးစကားပြောဖူးခဲ့တော့ သူငယ်ချင်းတွေထပ်တိုးတယ်လေ။ ) တစ်ခန်းကို ၁၀ယောက်က အများဆုံးပဲ ဝင်လို့ရလို့ တချို့ မလိုက်လိုက်ရတဲ့ Kpopper သူငယ်ချင်းတွေကို နောက်တစ်ခါ နောက်Theme တစ်မျိုး Try ရင် လိုက်ဖို့ပဲပြောနိုင်ခဲ့ လို့ စိတ်မကောင်းဖြစ်ရပါတယ်။
ဂိမ်းရဲ့အဓိက ရည်ရွယ်ချက်က အဲ့ဒိ အမှောင်ခန်းထဲမှာ ကိုယ်တွေအုပ်စုဝင်သွားရပြီး ပြန်ထွက်ဖို့ လမ်းရှာရမှာဖြစ်ပါတယ်။ ပြန်ထွက်ဖို့ လမ်းရှာတဲ့အခါမှာ ပုံမှန်မဟုတ်ပဲ အဲ့အခန်းထဲမှာ ပေးထားတဲ့ သဲလွန်စတွေကနေ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ အခန်းက ကြည့်ရင် ဘာပစ္စည်းမှာ သိပ်မရှိသလိုထင်ရပေမဲ့ ပေးထားတဲ့ ပစ္စည်းတွေကနေ သေချာသဲလွန်စရှာရင် နောက်ထပ် လျှို့ဝှက်ခန်းတွေကို ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ Theme ပေါ်မူတည်ပြီး လျှို့ဝှက်ခန်း အရေအတွက်က ကွာမယ်ထင်ပါတယ်။
ကျွန်မတို့အုပ်စုက ၁၀ယောက်ဆိုတော့ Theme ရွေးတဲ့အခါမှာ ၁၀ယောက်လက်ခံတဲ့ Theme ပဲ ရွေးလို့ရပါတယ်။ အဲ့ဒိထဲကမှ Tomb Raider က Fear factor အမြင့်ဆုံးမို့ အားလုံး သဘောတူညီချက်နဲ့ မရွေးခဲ့ပါဘူး။ Vampire Diary က ဘယ်သူမှ မဲမပေးလို့ မရွေးဖြစ်ပါဘူး။ Resident Evil က Zombie မုန်းတဲ့ ကျွန်မနဲ့ တခြားကောင်မလေးတစ်ယောက် မကြိုက်လို့ မရွေးဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ ကျန်တာ Chamber of Secret ပဲကျန်ပါတော့တယ်။ Fear Factor က ၁ ဆိုတော့ မဆိုးဘူးလေ။ လုံးဝကြောက်ဖို့မကောင်းရင်လဲ မသွားချင်ပြန်ဘူးကိုး။ အဲဒိ Theme ရွေးရင် အောက်မှာ လိုအပ်တဲ့ အရည်အချင်းအချက်အလက်လေးတွေ ပေးထားပါတယ်။ ဒါပေမဲ့လဲ သိပ်တော့လဲ stress စရာမလိုပါဘူး။ ဟိုရောက်တော့လဲ သူ့ဟာသူဖြစ်သွားတာပါပဲ။
Chief ရဲ့ ဗျူဟာတွေနားထောင်နေတာ...
၂ပတ်လောက် ကြိုတင် Book လုပ်ထားဖြစ်ပါတယ်။ Booking လုပ်တဲ့အချိန်မှာ ပိုက်ဆံရှင်းစရာမလိုပါဘူး။ ကိုယ်ဘွတ်ထားတဲ့ အချိန်ထက် ၁၅မိနစ်စောလာဖို့ ပြောပါတယ်။ မိန်းကလေးတွေဆိုရင် ဘောင်းဘီ၀တ်ခဲ့ဖို့နဲ့ ဒေါက်ချွန်ဖိနပ်တွေ မစီးခဲ့ဖို့တော့ မှာထားပါတယ်။ တကယ့်နေ့ရောက်တော့ အားလုံး Bugis MRT မှာပဲ စုံကြပြီး ထွက်ခဲ့ကြပါတယ်။ ဆိုင်က Bugis Street ဘေးက Mac donald ဆိုင်တိုက်ပါပဲ။ ဆိုင်ခန်းနံပါတ်နဲ့ရှာရတာ လွယ်ပါတယ်။ အပေါ်ထပ်ကို လှေကားကနေ တက်သွားရပါတယ်။ ဟိုရောက်တော့ ကိုယ်ရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ သူက ၁၀မိနစ်လောက်စောပြီး အခန်းထဲ ဝင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်တွေထင်တာက လျှို့ဝှက်ခန်းတွေ တစ်ခန်းပြီး တစ်ခန်းဝင်သွားရင် နောက်ကျမှ လာတဲ့သူ ၂ယောက် ပျက်ကျန်ခဲ့မှာ စိုးတာပါ။ ကိုယ်ကမှ အထဲမှာ ဘယ်လိုဖြစ်မလဲ မသိတာလေ။ သူငယ်ချင်းကို စောင့်မယ်လို့ပြောပြီး ၅ မိနစ်ထပ်စောင့်ပါတယ်။ ဒါပေမဲ့ ဆိုင်က ကောင်မလေးက အထဲဝင်နှင့် နောက်မှလာတဲ့သူက ထည့်ပေးမယ်တဲ့။ သူက အထဲမှာ လိုအပ်တာတွေ အကျဉ်းချုံး ကျွန်မတို့ကို ရှင်းပြရအုံးမှာတဲ့။ ပါသမျှ အိတ်တွေနဲ့ ဟန်းဖုန်းတွေအားလုံး အပြင်က ဘီဒိုထဲ သော့ခတ်ထားခဲ့ရတယ်။
အခန်းကတော့ အလင်းထဲကနေ အမှောင်ထဲဝင်လိုက်တော့ မှောင်မဲနေတယ်ထင်ရပေမဲ့ မျက်လုံးအသားကျသွားတော့ သိပ်မကြောက်တော့ပါဘူး။ ကျွန်မတို့ ၁၀ယောက်အဖွဲ့အတွက် လက်နှိပ်ဓာတ်မီး အသေးလေး ၅လုံးလောက်တော့ ပေးပါတယ်။ အဲဒိ မီးအလင်းရောင်ကလွဲလို့ တခြားအလင်းရောင်ဘာမှမရှိပေမဲ့ နောက်မျက်လုံးအသားကျသွားတော့ အဲ့ဒိအလင်းရောင်းထဲမှာပဲ ခန့်မှန်းပြီးနေတတ်သွားပါတယ်။ (အထူးသဖြင့် မြန်မာပြည်က မီးပျက်ညတွေမှာတောင် နေခဲ့တဲ့ မြန်မာနိုင်ငံသားတွေချည်းပဲမို့ အမှောင်သိပ်မကြောက်ကြတာလားတော့ မသိပါ။ တစ်ဖွဲ့လုံး ကြောက်တဲ့သူတစ်ယောက်မှကို မရှိတာ)။
အခန်းတွင်းမှာတော့ လူသတ်မှုပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး ဆိုင်ကကောင်မလေးပြောပြချက်အရ၊ ကျွန်မတို့ဟာ Dr. Hachi က လွှတ်လိုက်တဲ့ အလွတ်စုံထောက်အဖွဲ့ဖြစ်ပြီး FBI ယောင်ဟန်ဆောင်ကာ လူသတ်မှုကို လာစုံစမ်းတာဖြစ်တယ်။ တကယ့် FBI တွေမလာခင်မှာ ဒီအခန်းထဲက ရအောင် ပြန်ထွက်ရမယ်။ တကယ့် FBIတွေက ၁နာရီကြာရင်လာမယ်လို့ပြောပါတယ်။ အကူအညီလိုရင် အခန်းထဲက xcape လို့ရေးထားတဲ့ ကဒ်လေးကို ကင်မရာဘက်လှည့် ထောင်ပြလို့ရပါတယ်။ သဲလွန်စထဲက ကြိုက်ရာ ၂ခုကို ပညာသားပါပါမေးလို့ရပါတယ်။ သူတို့ကတော့ ကျွန်မတို့တွေ ရူးပေါပေါ ဟိုဟာဒီဟာ စမ်းတဝါးဝါး လျှောက်လုပ်တာတွေကို အပြင်ကနေ ကင်မရာနဲ့ ကြည့်ပြီးများ ရီနေမလား မသိပါဘူး။
စစချင်းတော့ တကယ်ကိုပဲ ဘာလုပ်လို့ ဘာရှာရမှန်းကို မသိပါဘူး။ သူက ဘာကိုရှာပါလို့လဲ တစ်ခုမှ ပြောမသွားပါဘူး။ အခန်းထဲမှာလဲ ရှာစရာ ပစ္စည်းတောင် များများစားစားမရှိပါဘူး။ ဒါပေမဲ့ ရှာဆိုတော့လဲ ရှာရမှာပေါ့ တစ်ခုခုတော့ထွက်လာမှာပေါ့ဟုတ်? အခန်းထဲမှာ ဘာတွေရှိတယ် ဘာတွေတွေ့တယ် ဘယ်လိုရှာရတယ်ဆိုတာတော့ မဆော့ရသေးသူတွေ အရသာပျက်မှာမို့ မပြောပြတော့ဘူးနော်။
အနည်းဆုံးပြောပြနိုင်တာ နည်းနည်းကတော့ အဲ့ဂိမ်းဆော့တဲ့အခါမှာ…
၁) ရှိသမျှနေရာ အနှံ့ကို ချောင်ဂျို ချောင်ကြားမကျန်ရှာပါ။
၂) တစ်နေရာတည်းမှာပဲ အားလုံး စုမနေပဲ လူစုခွဲ ဖြန့်ရှာပါ။
၃) ပေးထားတဲ့ Clue တွေက သင်္ချာအခြေခံ၊ ဓာတုဗေဒ အခြေခံ ဘာမှ သိစရာမလိုတဲ့အတွက် ဝေးဝေးလံလံ သိပ်မစဉ်းစားပဲ တစ်ခုနဲ့တစ်ခု ကိုသာ ပေးထားတဲ့အတိုင်း သေချာစဉ်းစားပါ။
၄) တစ်ချို့ သဲလွန်စတွေကတော့ တစ်ခုထဲနဲ့ မရပဲ ဆက်စပ်နေတာလေးတွေရှိတဲ့အတွက် တူညီနေတဲ့ အချက်တွေရှိရင် အသေးစိတ် ဆက်စပ်ကြည့်သင့်တယ်။
၅) သူတို့က သဲလွန်စမဟုတ်ဘူးလို့ သေချာရေးထားရင် အဲ့နေရာကို ရှာစရာမလိုဘူး။
၆) တစ်ချို့ အရင် ရှာတွေ့တဲ့ သဲလွန်စတွေက လတ်တလော သုံးလို့မရသေးပေမဲ့ အဲ့ဒိကရတဲ့ အဖြေကို နောက်သုံးဖို့ မှတ်ထားသင့်တယ်။ (တစ်နေရာမှာ သုံးပြီးသွားပြီဆိုရင်တော့ နောက်ထပ် ထပ်သုံးစရာမလိုတော့တဲ့အတွက် မှတ်စရာမလိုတော့ဘူး)
၇) တစ်ယောက်ယောက်က တစ်ခုခုရှာတွေ့ပြီဆိုရင် ကျန်တဲ့အဖွဲ့သားတွေအားလုံးကို အသိပေးပါ။ လျှိုထားတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါဟာ အဖွဲ့လိုက်ကစားတဲ့ ဉာဏ်စမ်းပါ။
Special team
လောလောဆယ် စဉ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲ။ ကျွန်မတို့လဲ အကူအညီ ၂ခါလုံး ကုန်အောင်တောင်းရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုတည်းမှာပဲ Stuck နေပြီတာ ကြာပြီဆိုရင်တော့ တောင်းကိုတောင်းရတော့မှာပါ။ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ သူလာပြောပြသွားတဲ့ ပထမ အကူအညီဆိုရင် ကျွန်မတို့ ဘယ်လိုမှ သိနိုင်မဲ့အရာမျိုးမဟုတ်ပါဘူး။
ကျွန်မတို့ အဖွဲ့က လူညီကြပါတယ်။ ၃ယောက် တစ်အုပ်စုလောက်သူ့အလိုလိုဖြစ်သွားပြီး ခွဲရှာကြပါတယ်။ အဲ့ဒိမှာ လူ့သဘောတစ်ခု သွားသတိထားမိပါတယ်။ တော်ရုံတန်ရုံ လူတစ်ယောက်ဟာ တစ်ခုတည်းမှာ အာရုံကြာကြာမစိုက်နိုင်ပါဘူး။ နည်းနည်းစဉ်းစားပြီးလို့ အဖြေမထွက်တော့ရင် အဲ့မှာ မနေချင်တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒါကလဲ လုံးလုံးတော့ ဆိုးတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မရနိုင်တဲ့ အဖြေတစ်ခုကို အဲ့မှာပဲ ပေကပ်နေရင် ကိုယ်ရနိုင်တဲ့ အဖြေတွေအတွက် အချိန်ကုန်နိုင်လို့ပါပဲ။ ကိုယ်အစွမ်းကုန် စဉ်းစားလို့ မရရင် တခြားတစ်ယောက်ယောက်ကို စဉ်းစားကြည့်ခိုင်းပါ။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ စဉ်းစားနိုင်ပါတယ်။
နောက်ပြီး တစ်ခုခုကို စဉ်းစားနေတုန်း ဟိုဖက်က တွေ့ပြီတွေ့ပြီဆိုရင် အာရုံလွဲသွားပြီး အဲ့ဒိမှာ ဝိုင်းအုံသွားကြတော့တာပါပဲ။ ဒါကလဲ လူ့သဘာဝ ကိုယ်လွတ်သွားမှာကြောက်တာကိုး။ အုံပြီးရင် မြန်မြန်လေး လူစုပြန်ခွဲ လုပ်စရာဆက်လုပ်ပါ။ အဲ့ဒိအခန်းထဲမှာ ၁နာရီဆိုတာ တကယ်ကို ခဏလေးပါပဲ။ ကိုယ်ထင်တာကို ပြောဖို့ ဝန်မလေးပါနဲ့။ ဘယ်သူ့ အတွေးမှ ပေါတောတောအတွေးမရှိပါဘူး။ အားလုံးဟာ စမ်းတဝါးဝါးလုပ်နေကြတာဆိုတော့ ကိုယ့်အတွေးကို ထုတ်ပြောဖို့ စမ်းဖို့ ဝန်မလေးပါနဲ့။ (မှတ်ချက်။ တစ်ချို့ပစ္စည်းတွေကတော့ limited ပဲရှိတာမျိုးမို့ ကိုယ်ထင်တာ မလုပ်ခင် အဖွဲ့သားတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်)
Really win or not is mystery... But we all are WINNERS!
ဂိမ်းလေးပြီးသွားတော့ ကျွန်မတို့ အားလုံးကို သူတို့ ဓာတ်ပုံရိုက်ပေးပါတယ်။ ဒီဂိမ်းလေးဆော့ပြီး ကျွန်မတို့ အားလုံး သိသွားတာက Fear Factor level 1 က မီးပျက်တဲ့နိုင်ငံကလာတဲ့ ကျွန်မတို့အတွက် သိပ်ကြောက်ဖို့မကောင်းပါဘူး။ ပြီးတော့ CSI ထဲက စုံထောက်တွေ မကြောက်သလိုပဲထင်တယ်။ နေတာကြာသွားတော့ လူသတ်မှုဖြစ်တဲ့ အခန်းပုံလုပ်ထားပေမဲ့ မကြောက်တော့ပါဘူး။ နောက်တစ်ခါဆိုရင်တော့ ကြောက်စရာ အကောင်းဆုံးဆိုတဲ့ Tomb Rider ကို စမ်းကြည့်ဖို့ အားလုံး တက်ကြွနေကြပါတယ်။ (ကိုယ့် ကြောက်စိတ်ကို အောင်နိုင်ဖို့ Resident Evil ပါ Try ချင်ပါသေးတယ်) တစ်ယောက်ကို ပုံမှန် Weekend တွေမျာ စင်္ကာပူဒေါ်လာ ၂၈ကျပ်ကျပါတယ်။ ဒါပေမဲ့ ၁၀ယောက်ဝင်တာ ၇ ယောက်စာပဲပေးရတဲ့ ပရိုမိုးရှင်းရှိတာကြောင့် တစ်ယောက်ကို ဒေါ်လာ ၂၀ လောက်ပဲသွားကျပါတယ်။
အဲ့ဒါပြီးတော့ စကားလဲပြောလို့ရ၊ ဗိုက်မဆာတဲ့သူတွေကလဲ ကော်ဖီလောက်သောက်၊ ဗိုက်ဆာတဲ့ သူတွေကလဲ ညစာစားလို့ရမဲ့နေရာ Bugis က TCC မှာ တစ်ဖွဲ့လုံး သွားစားကြပြီး ကိုယ့်ကိုကိုယ် ဂုဏ်ပြုကြပါတယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေတွေ့ဆုံပွဲလေးတစ်ခုဖြစ်ခဲ့လို့ xcape room Singapore ကိုသွားခဲ့ရတာဟာ အမှတ်ရစရာ ကြည်နူးစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။
ရေဗူးကြီး ဘာလို့ ကိုင်ထားမိပါလိမ့်
Tuesday, September 30, 2014
Introduction to Helping Hands of TP Myanmar & BPP Challenges
ဒီတစ်ခေါက်တော့ ရေးမယ်ရေးမယ်နဲ့ ဒီပိုစ့်မတင်ဖြစ်တာနဲ့ ကိုရီးယား ခရီးသွားပိုစ့်ပါမတက်လာဖြစ်နေတော့တာပါပဲ… အကြောင်းကတော့ သူကြီးမင်း တုံးဖလား ဘလော့ပိုင်ရှင် ကိုကိုမောင်UK က ဘလော့ဒေးအမှတ်တရအနေနဲ့ ဘလော့တွေ ပြန်လည်စည်ကားလာစေရန် ရည်ရွယ်ပြီး Ice-bucket Challenge လိုမျိုး Blog Post Publish Challenge (BPP challenge) ကိုစခဲ့တာပါပဲ…
ဘလော့ပိုစ့် challenge ခေါ်ခံရပြီး ၂ပတ်အတွင်း ကိုယ့်ဘလော့မှာပိုစ့်တင်ရင်တင် မတင်ရင် နှစ်သက်ရာ ပရဟိတအဖွဲ့ကို မြန်မာငွေ ၅၀၀၀ နှင့်အထက် ကြိုက်သလောက်လှူဖို့ပါ… Ice-Bucket challenge နဲ့ မတူတာကတော့ မရေးမှ လှူရမှာဖြစ်ပြီး ရေးရင်တော့ မလှူချင်လဲရပါတယ်တဲ့… သူကြီးမင်း(တုံးဖလား)ရေးထားတဲ့ အဆင့်တွေကို အောက်မှာ ဖော်ပြပေးပါအုံးမယ်…
အဲဒါနဲ့ တစ်ဆက်တည်း ပြောပြချင်တဲ့အကြောင်းလေးကတော့ မဗေဒါ လစဉ်အလှူငွေထည့်ဝင်သူတစ်ယောက်အနေနဲ့ ပါဝင်ထားတဲ့ TP Myanmar Helping Hands အဖွဲ့လေးအကြောင်းပဲဖြစ်ပါတယ်…
TP Myanmar Helping Hands ရဲ့ ဖြစ်တည်မှုအကျဉ်း
မင်္ဂလာရှိတဲ့နေ့တစ်နေ့ (၁၀ စက်တင်ဘာ ၂၀၁၁) မှာ TP ကျောင်းသူကျောင်းသား(ဟောင်း/သစ်)များ စုဝေးပြီး မြန်မာနိုင်ငံမှာ ချို့တဲ့စွာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကို တတ်နိုင်သမျှ ထောက်ပံ့ဖို့ ကြိုးစားကြမယ်လို့ သဘောတူညီခဲ့ကြပါတယ်။
မြန်မာပြည်က ချို့တဲ့ကြတဲ့ ကျောင်းသားလေးတွေ အတွက် တစ်စုံတစ်ရာ ထိရောက်တဲ့ အထောက်အပံ့ဖြစ်မယ်လို့ လက်ခံယုံကြည်မှု အပြည့်နဲ့ပါ။
(တီပီမြန်မာကျောင်းသားဟောင်းတွေနဲ့ စတင်တည်ထောင်ခဲ့ပေမဲ့ တီပီကျောင်းသားမဟုတ်တဲ့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်… မဗေဒါ မေမေတောင် လစဉ်လှူဒါန်းသူအနေနဲ့ပါဝင်ထားပါတယ်…)
အဖွဲ့ရဲ့ ရည်ရွယ်ချက် (Helping Hands of TP Myanmar Public group မှ ကူးယူဖော်ပြသည်)
• နိုင်ငံခြားတွင် ပညာသင်ကြား (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် ပြည်တွင်းမှ ချို့ချို့တဲ့တဲ့နှင့် ကျောင်းတက်နေရရှာသော ကျောင်းသားလေးများ၏ ဘဝလေးများ လှပစေဖို့ ဝိုင်းဝန်းကူညီရန်၊
• ပညာရေးဖွံ့ဖြိုးမှုကို ဦးစားပေးသော အလှူများကို အလှူငွေရရှိမှုပေါ်မူတည်၍ လူမျိုးမရွေး ဘာသာမရွေး တတ်နိုင်သလောက် လှူဒါန်းသွားရန်၊
• TPmyanmar ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ၏ လစဉ်ထည့်ဝင် လှူဒါန်းငွေများကို လက်ခံရန်နှင့် ရေတိုရေရှည်လှူဒါန်းမှုများကို စည်းစနစ်တကျ စီမံဆောင်ရွက်သွားရန်၊
• လှူဒါန်းမှူများ ထိရောက်မှုရှိစေရန်နှင့် အလှူရှင်များ စိတ်ကျေနပ်မှုရစေရန် အတွက် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားရန်၊
မဗေဒါဘာလို့ လှူဖို့ဆုံးဖြတ်လဲ
မဗေဒါဟာ တီပီကျောင်းသူဟောင်းမို့ လှူတယ်လို့ ဆုံးဖြတ်တာထက်
၁။ တီပီမြန်မာကူညီသောလက်များအဖွဲ့ရဲ့ ပွင့်လင်းမြင်သာစွာ Manage လုပ်တာကို သဘောကျလို့ လစဉ်လှူဖြစ်တာပါ။
နောက်ပြီး ဒီအဖွဲ့ဟာ တီပီက ကျွန်မတို့ လေးစားခင်မင်ရတဲ့ မြန်မာဆရာမ ဒေါ်ခင်အမ်းမွန် ကိုယ်တိုင် ကျောင်းသားဟောင်းတွေကို ကြီးကျပ်ပြီးလုပ်ပေးတဲ့အတွက် စည်းကမ်းကျနပြီး စေ့စပ်ပါတယ်။
၂။ အဖွဲ့အစည်းထဲက လူတွေအားလုံးကလဲ ကိုယ့်လိုပဲ စကာင်္ပူမှာ အခြေခိုင်နေပြီး ကိုယ့်အလုပ်နဲ့ကိုယ် ဒီအဖွဲ့ကို community အလုပ်တစ်ခုအနေနဲ့ရော သူငယ်ချင်းဟောင်းတွေ၊ သူငယ်ချင်း အသစ်တွေနဲ့ အဆက်အသွယ်ရှိနေဖို့အတွက်ရော ၀ိုင်းဝန်းပံ့ပိုးကြတဲ့သူတွေဆိုတော့ ပရဟိတဗန်းပြပြီး လုပ်စားမဲ့သူတစ်ယောက်မှ မပါဘူးဆိုတာ ယုံကြည်မှုရှိလို့ပါ။
၃။ ပြီးတော့ မိဘမဲ့ကျောင်းတစ်ခုကို လှူဖို့ရွေးတော့မယ်ဆိုရင် မိဘမဲ့ကျောင်း ၃၊ ၄ကျောင်းကို ရန်ကုန်က တီပီကျောင်းသား၊ကျောင်းသူဟောင်းတွေက အသေအချာရှာဖွေပေးပြီး အဖွဲ့ဝင်တွေအားလုံးရဲ့ မဲဆန္ဒနဲ့ မဲအများဆုံးရတဲ့ ကျောင်းတွေကို လှူတာပါ။ အဲဒိအတွက် ဒီမိုကရေစီကျကျ ကိုယ့်ရွေးချယ်မှုကို ပါဝင်စေတဲ့အတွက် သဘောကျပါတယ်။
၄။ အလှူငွေစာရင်းကောက်ခံရရှိငွေအားလုံးကို ၃လတစ်ကြိမ်စုစည်း လှူဒါန်းပြီး လှူဒါန်းသမျှစာရင်း အပြည့်အစုံကို ဖေ့ဘွတ်အဖွဲ့မှာ ပွင့်လင်းမြင်သာစွာ ပြန်လည်မျှဝေ အသိပေးပါတယ်။ (ကျွန်မသိသလောက်တော့ တစ်ခါလှူရင် အပိုငွေမထားပဲ လိုနေရင်တောင် ကမကထ လုပ်သူတွေက သူတို့ အိတ်ထဲက ထပ်စိုက်ပြီး အပြည့်အဝ လှူတာပါ)။
၅။ သွားလှူတဲ့နေရာက ကလေးတွေကို သူတို့ပြောချင်တာလေးတွေ အမှတ်တရ စာရေးခိုင်းပြီး ဖေ့ဘွတ်ပေါ်တင်ပေးပါတယ်။ ကိုယ်တိုင် ရန်ကုန်မှာမရှိလို့ မပါဝင်လိုက်နိုင်တဲ့ အလှူရှင်တွေလဲ စာလေးတွေဖတ်ပြီး ပီတိဖြစ်လို့ရပါတယ်။ (သူတို့ ရေးတဲ့ တချို့စာလေးတွေဆို ဖတ်ရကောင်းလွန်းလို့ မျက်ရည်တောင် ကျမိတာတွေရှိတယ်)။
၆။ မဗေဒါ တစ်ကြိမ်တော့ ဒလက ဘုန်းကြီးကျောင်းသွားလှူတာကို ၂၀၁၂ ဒီဇင်ဘာမှာ လိုက်ဖူးပါတယ်။ အဲကွန်းဘတ်စ်ကြီး အကြီးကြီး ငှားပြီး အားလုံး စုပေါင်းသွားကြ။ ဟိုမှာ ကလေးတွေနဲ့ ဆော့ကြနဲ့ အရမ်းကို ပျော်စရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။
ဒီတော့ BPP-challenge နဲ့ ပြန်ဆက်ရရင်တော့။ ဘယ်မှာ လှူရမှန်းမသိဘူးဆိုရင် တီပီမြန်မာကူညီသောလက်များအဖွဲ့မှာ လစဉ်အလှူရှင်မလုပ်ချင်လဲ One time အလှူအနေနဲ့ လှူဒါန်းလို့ရကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ထမင်းတွေလဲ အများကြီးစားတယ်၊ ဓာတ်ပုံမရိုက်ခင် ခပ်တည်တည်နေပြီး ဖုန်းထုတ်ဓာတ်ပုံရိုက်တော့မှ ဟောသလို ချစ်စရာရုပ်လုပ်တယ်...
အားလုံးကို အအေးဗူးနဲ့ ဗလာစာအုပ်တွေ ဝေတယ်...
စောင်တွေနဲ့ တခြားလိုအပ်မဲ့ အသုံးအဆောင်တွေကို ကျောင်းကိုလှူတယ်...
ဘုန်းဘုန်းတွေကို ဆွမ်းကပ်
ကလေးတွေ ထမင်းစားနေတုန်းလေး...
သူတို့နဲ့တူတူဆော့ကြတယ်...
နှုတ်ဆက်တာကို သီချင်းလေးနဲ့နှုတ်ဆက်ကြတယ်...
သူတို့ဆီက ပေးစာ... တချို့...
Very Touching Letter from one of them...
This is one of the Heart warming letter from them...
မဗေဒါ ဒီပိုစ့်လေးနဲ့ ပြန် Challenge လုပ်လိုသူများကတော့…
၁။ Fan Fic တွေကို ဖေ့ဘွတ်မှာပဲ ရေးပြီး ဘလော့လေး လူမလာလို့ ဘလော့မှာ မတင်ဖြစ်တော့ဘူးဆိုတဲ့ ညီမလေး ယမမင်းလေး ဘလော့ပိုင်ရှင်
http://yaminohmar.blogspot.sg/ )
၂။ သူများတွေ Challenge လုပ်ပြီးပေမဲ့ ကိုယ်မလုပ်ရသေးလို့ ထပ်လုပ်လိုက်တဲ့ မဗေဒါ ဘလော့ကို အမြဲအားပေးတဲ့ HsuMyat (http://hsumyatmoe88.blogspot.sg/)
၃။ မဗေဒါကို Challenge ခေါ်ခဲ့တဲ့ ဝတ္တုတိုတွေအရေးကောင်းတဲ့ မဆွေလေးမွန် (www.whitewhitemind.blogspot.com)
၄။ BPP challenge ကို စခဲ့ပြီး မဗေဒါကို Challenge ခေါ်ခဲ့တဲ့ သူကြီးမင်း (http://kokomaunguk.blogspot.co.uk/)
၅။ မြန်မာ့ ပထဝီတွေ ပြန်လည်လေ့လာရင်း ဖေ့ဘွတ်မှာရော ဘလော့ပေါ်မှာပါ ပျောက်နေတဲ့ မေဖလားဝါးပိုး (http://33poepoe.blogspot.sg/) (မြန်မာဖောင့်မရှိရင် ခုဒေါင်းပြီးရေးပါ (သို့) မဗေဒါ sidebar က ဘားကလစ် keyboard (http://burglish.my-mm.org/latest/trunk/web/testarea.htm) နဲ့ တစ်လုံးချင်းရိုက်ရေးပါ)
၆။ တိတ်တိတ်လေး ဘလော့ရေးနေပြီး စာရေးကောင်းတဲ့ မရွှန်းမီ (http://present-of-lifetime.blogspot.sg/) (အင်္ဂလိပ်လိုရေးရေး မြန်မာလိုရေးရေး ရေးရင်ရဘီ)
၇။ ခုထက်ထိလဲ ဘလော့ရေးနေစဲ ဖေ့ဘွတ်မှာလဲ active ဖြစ်တဲ့ ကိုလင်းဦး (စိတ်ပညာ) (http://www.linoo.asia/)
၈။ ဖေ့ဘွတ်ပေါ်မှာ မုန့်တွေနဲ့ အဖြူရောင်ကြောင်ပုံပဲတင်နေတဲ့ စာရေးကောင်းတဲ့ (ခုလောလောဆယ် မမဗိုက်) ဗစ်စတာအောင် (http://vistazplanet.blogspot.sg/)
၉။ ယူနီကုတ်နဲ့ သပ်သပ်ရပ်ရပ်လေး လှနေတဲ့ ဘလော့ပိုင်ရှင် သယ်ရင်း မင်းယွန်းသစ် (http://minnyoonthit.net/)
၁၀။ ကိုယ် Challenge လုပ်လုပ် မလုပ်လုပ် စိတ်ဝင်စားစရာပိုစ့်တွေ လောလောဆယ် ကိုယ်ဝန်ဆောင်မှတ်တမ်းပိုစ့်တွေရေးနေတဲ့ နန်းညီ (http://nangnyi.blogspot.sg/)
ခုလို Challenge ခေါ်ခံရလို့ Stress လဲ မဖြစ်စေချင်သလို၊ စိတ်လဲ မဆိုးကြစေချင်ပါ။ ဟီး…. ခင်မင်ရတဲ့သူတွေလဲဖြစ်၊ စာရေးကောင်းမှန်းသိထားသူတွေလဲဖြစ်လို့ ဘလေ့ာလေးပေါ် active ဖြစ်စေချင်လို့ သတိတရ Challenge ရခြင်းသာဖြစ်ပါတယ်ရှန်….
(အောက်ပါ BPP-Challenge အဆင့်များကို သူကြီးမင်း(တုံးဖလား) ဆီမှ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်)
သတ်မှတ်ချက်များကိုု အောက်ပါအတိုုင်း အကြမ်းဖျင်း ပြုလုုပ်ထားပါသည်။ လုုိအပ်သည်များကိုု ထပ်ဖြည့်ပေးကြရန်လည်း တောင်းခံပါသည်။
၁။ ဘလော့ဂါတစ်ယောက် တစ်ခါ BPP-Challenge လုုပ်လျှင် ဆယ်ယောက်ထက် ပုုိပြီး မလုုပ်ရ။
၂။ BPP-Challenge လုုပ်ထားကြောင်း အချိန်မီ အကြောင်းကြား၍ ရနုုိင်သည့် ဘလော့ဂါတုုိ့ကုုိသာ BPP-Challenge လုုပ်ရမည်။
၂။ BPP-Challenge အလုပ်ခံရသူသည် BPP-Challenge လုုပ်ပြီး နှစ်ပတ်အတွင်း ဘလော့ပေါ်၌ ပိုု့စ်တစ်ပုုဒ် တင်ရမည်။
၃။ BPP-Challenge အလုပ်ခံရသူသည် မိမိနှစ်သက်ရာ ခေါင်းစဉ်၊ မိမိနှစ်သက်ရာ အကြောင်းအရာတုုိ့ကိုု ရေးနိုုင်သည်။
၄။ နှစ်ပတ်ကျော်လွန်ပြီး ပုုိ့စ် မတင်နိုုင်ပါက မိမိနှစ်သက်ရာ ပညာရေးလုုပ်ငန်းသုုိ့ မြန်မာကျပ်ငွေ ၅၀၀၀ နှင့် ညီမျှသော သက်ဆုုိင်ရာငွေကြေး အလှူငွေကုုိ ပေးလှူရမည်။ (ထုုိထက်ပုုိ၍ ပေးလှူလုုိပါကလည်း လက်ခံပါသည်)။ (TP မြန်မာ Helping Hands အဖွဲ့ရဲ့လစဉ်အလှူရှင်ဝင်ပီပီ ဦးစွာအနေဖြင့် တီပီမြန်မာကူညီသောလက်များကို ပေးလှူရန်ဟုု အကြံပြုချင်သည်။)။ း)
၅။ လှူဒါန်းမှု ပြုလုုပ်ပြီးသော ဘလော့ဂါများကိုုလည်း နှစ်ပတ်ကျော်လွန်ပါက ထပ်မံ၍ BPP-Challenge လုုပ်နုုိင်သည်။
၆။-BPP-Challenge လုုပ်ခြင်းကိုု တစ်ခုုမက များစွာ ပြိုင်တူ ခံရလျှင် အားလုုံးအတွက် ပုုိ့စ်တစ်ပုုဒ် ရေးပြီးတုုန့်ပြန်ပါက အလုုပ်ပြီးမြောက်သည်ဟုု မှတ်ယူပါမည်။
၇။-မိမိ BPP-Challenge လုုပ်ထားသူများကိုု အသိပေးရာ၌ တဂ်(Tag) လုုပ်ထားသည်ဟုု မသုုံးဘဲ ချဲလင့် (Challenge) လုုပ်ထားသည်ဟုု အသုုံးပြုရန် ဖြစ်ပါသည်။
၈။ ပုုိ့စ်တင်ပြီးကြောင်း အသိပေးရာ၌ ပိုုမုုိမြန်ဆန်စွာ စာဖတ်သူထံ အချိန်နဲ့ တပြေးညီ ရောက်ရှိစေရန်https://www.facebook.com/groups/mbcdays/ သုုိ့ သွားရောက်ပြီး အသိပေးစေလုုိပါသည်။ ထုုိဖေ့စ်ဘုုတ်ကိုုလည်း မိမိတုုိ့ကိုုယ်ပိုုင် ဖေ့စ်ဘုုတ်နဲ့ ချိတ်ဆက်ထားစေလုုိပါသည်။
၉။ မိမိကတဖန် ပြန်ပြီး ချဲလင့်ပြန်လုုပ်ရာတွင် ချဲလင့်လုုပ်ခံထားရသူများ အချိန်မီ သိရှိစေနုုိင်ရန်အတွက် အထက်ပါ ဖေ့စ်ဘုုတ်၌သော်လည်းကောင်း၊ ထုုိသူတုုိ့၏ ဘလော့စီဘောက်စ်၌သော်လည်းကောင်း၊ ထုုိသူတုုိ့၏ ဘလော့နောက်ဆုုံးပုုိ့စ်၌ ကွန်မင့်ပေး၍သော်လည်းကောင်း အသိပေးကြစေလုုိပါသည်။
၁၀။=Ice-Bucket-Challenge နှင့်BPP-Challenge တုုိ့၏ ကွာခြားချက်မှာ Ice-Bucket-Challenge အလုုပ်ခံရသူသည် ပြန်လည်တုုန့်ပြန်နုုိင်လျှင် ၁၀ ဒေါ်လာ၊ မတုုန့်ပြန်နုုိင်လျှင် ဒေါ်လာ ၁၀၀ ပေးလှူရမည်ဖြစ်သော်လည်း BPP-Challenge အလုုပ်ခံရသူမှာ ပြန်လည်တုုန့်ပြန်နိုုင်လျှင် အလှူငွေ ပေးလှူရန် မလုုိပေ။ မတုုန့်ပြန်နုုိင်မှသာ ၅၀၀၀ ကျပ် ပေးလှူရန် ဖြစ်ပါသည်။
၁၁ ။ လုုိအပ်ပါက အများစုု သဘောတူညီမှုဖြင့် စည်းကမ်း အလျော့အတင်း ပြုလုုပ်နိုုင်သည်။
.....
Monday, September 01, 2014
Blog Day 2014: I love All my Readers
ဒီနေ့က Blog Day လို့ ဖေ့ဘွတ်ပေါ်မှာ သူများတွေပြောတာတွေ့လို့ အမှတ်တရပိုစ့်လေး တစ်ပုဒ်ရေးဖို့ စိတ်ကူးပေါ်မိပါတယ်… 2008 တုန်းကတော့ စကာင်္ပူမှာရှိတဲ့ မြန်မာဘလော့ဂါတွေ Pasir Ris မှာ BBQ လုပ်စားကြတာ မှတ်မိသေးတယ်… အဲဒိတုန်းကတော့ ဘလော့တွေ စခေတ်စားခါစ ဘလော့ဂါ ပထမ Batch လို့တောင် ပြောရမဲ့သူတွေပေါ့… ဒါပေမဲ့ မဗေဒါက နေ့စွဲတွေဆို မမှတ်မိတတ်လွန်းလို့ (ကိုယ့်မွေးနေ့တောင် ရက်နဲ့ လနဲ့ကို ငယ်ငယ်က သိပ်ကွဲတာမဟုတ်ဘူး… :P ) Blog Day ဆိုတာကိုလဲ အမှတ်မဲ့ပါပဲ…
ဖေ့ဘွတ်ပေါ်မှာ ဘလော့ဂါတစ်ချို့နဲ့ ဘလော့တွေ ဖတ်နေကျသူတစ်ချို့က Blog Day အထိမ်းအမှတ်နဲ့ ဟိုတစ်ချိန် ဘလော့ခေတ်စားစဉ်အချိန်တွေကို ပြန်ပြောကြ၊ သူတို့ကြိုက်တဲ့ ဘလော့တွေ လူသိများ စာရေးကောင်းတဲ့ ဘလော့တွေအကြောင်းပြောကြတော့ ကိုယ်လဲပြောချင်လာတယ်… ဒါပေမဲ့ သိတဲ့အတိုင်းပဲ စာဖတ်ပျင်းသလို ဘလော့လည်လဲ ပျင်းတဲ့ မဗေဒါအတွက် ဘယ်ဘလော့ကို အမြဲလည်ဖြစ်တယ်ဆိုတာ ရှားပါတယ်… တစ်ခါတစ်လေလောက် သွားလည်ဖြစ်တယ်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရေးတဲ့ ဘလော့တွေဆို ပိုစ့်တွေ အများကြီး တစ်ခါတည်းဖတ်လေ့ရှိပါတယ်… ဘလော့ဂါအစွဲနဲ့ ကြိုက်တာထပ် ရေးတဲ့ အကြောင်းအရာပေါ်မူတည်ပြီး ကြိုက်တယ် မကြိုက်ဘူးကို ဆုံးဖြတ်လေ့ရှိပါတယ်… (ဒါပေ့ါ ကိုယ်ကြိုက်တဲ့ ပုံစံမျိုး အမြဲရေးတတ်တဲ့ ဘလော့ဂါဆိုရင်တော့ ဦးစားပေးလည်ဖြစ်တာရှိတာပေါ့)….
ဘလော့ဂါဒေးမှာ တခြား ဘလော့တွေကို သိပ်မလည်ဖြစ်တဲ့ ကျွန်မ ဘာလို့များပိုစ့်ရေးနေသေးလဲလို့ မေးမယ်ဆိုရင်တော့… ဘလော့ဂါဆိုတာ ကနဦးမှာ ဖတ်သူရှိရှိမရှိရှိ ကိုယ်ဝါသနာပါလို့ စပြီး စာရေးကြတယ်ဆိုပေမဲ့… ငါ့ဘလော့လေးနဲ့ ငါ့စာလေးကို ဖတ်နေတဲ့သူရှိနေပါလားဆိုတဲ့ အတွေးနဲ့ ပျော်ရွှင်မှုကြောင့်သာ ဆက်လက်တည်ရှိနေတာများတယ်… အွန်လိုင်းပေါ်မှာ ချက်တင်တက်ရင်း ASL please ဆိုတာတွေနဲ့ စခဲ့တဲ့ Friendship တွေဟာ နောက်ပိုင်းကျရင် ပြောစရာမရှိ ပျင်းပြီး ရေရှည်ခင်မင်ဖြစ်တယ်ဆိုတဲ့ မိတ်ဆွေက ရှားတယ်… ဒါပေမဲ့ ဘလော့ကျတော့ အဲ့လိုမဟုတ်ဘူး… ကိုယ်ရေးထားတဲ့ စာတွေကို ဖတ်တဲ့သူကလဲ လာဖတ်ပြီး သူတို့ အမြင်တွေကို ပြန်ပြောတဲ့အတွက် အမြဲ မရိုးတဲ့ စကားဝိုင်းတစ်ခုရတယ်။ အဲဒိအတွက် စာရေးသူကလဲ စာဖတ်သူနဲ့ ဆက်နွယ်နေတယ်လို့ခံစားရတယ်… စာဖတ်သူဘက်ကလဲ၊ ရေးတဲ့သူရဲ့ စာတွေ (ဆိုပါတော့ ကိုယ်ရေးကိုယ်တာပဲရေးရေး၊ အတွေးအခေါ် ရသပဲရေးရေး) စာရေးသူရဲ့ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မှု အရေးအသားစတိုင် စတာတွေကို တနည်းနည်းနဲ့တော့ ရင်းနှီးမှုရှိနေတော့ လူမမြင်ဖူးပေမဲ့ သူ့အကြောင်းသိနေသလိုခံစားရတော့ ရင်းနှီးမှုက ပိုလေးနက်တယ်လို့ထင်တယ်…
အရင်က ပြောဖူးပါတယ်… မဗေဒါ ဘလော့စရေးတုန်းက ကိုယ့်ဘလော့ကို လူတွေဒီလို လာဖတ်လို့ရမှန်း မသိခဲ့ဘူး… ဒါပေမဲ့ မဗေဒါရဲ့ ဘလော့လေးဟာ မဗေဒါကို အမာခံအားပေးနေတဲ့ သူတွေမရှိရင် ဒီနေ့ထိတောင် ရှင်သန်နေအုံးမှာ မဟုတ်ဘူး… ဘလော့လေးကနေ ပတ်သတ်ပြီး ကိုယ့်မှာ စာပေ အသိုင်းအဝိုင်း မိတ်ဆွေ နယ်ပယ်တစ်ခုရတယ်… အဲ့ဒါလေးကလဲ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အရာလေးတစ်ခုပဲ… အဖေကပြောတယ် အပေါင်းအသင်း မိတ်ဆွေဆိုတာ အုပ်တစ်ချပ်ချင်းစီ ထပ်ထပ်ပြီး အချိန်နဲ့ တပြေးညီ တဖြေးဖြေးတည်ဆောက်ရတဲ့ နန်းတော်တစ်ခုလိုပဲတဲ့… တစ်ရက်ထဲနဲ့ လိုချင်တယ်ဟေ့ဆိုပြီး ကိုယ့်ကို အပြိုင် နန်းတော်ကြီးတစ်ခု မတည်ဆောက်နိုင်ဘူးတဲ့…ဟုတ်ပါတယ်… မိတ်ဆွေဆိုတာ အချိန်၊ ခွန်အားနဲ့ စိတ်ထား စတာတွေ အရင်းတည်ပြီး အချိန်ကြာလာတာနဲ့အမျှ မမျှော်လင့်လေ အမြတ်ရလေဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ကျွန်မသဘောပေါက်လာတယ်…
ကျွန်မကို တစ်ချို့ အပြင်က လူတွေက သိပ်ပြီး အသိမိတ်ဆွေများတယ်နော်တဲ့… (ကျွန်မကတော့ အဲ့လိုမထင်ပါဘူး) ဒါပေမဲ့ သူတို့ပြောတော့လဲ ဟုတ်နေသလိုလို… ဘယ်ခရီးသွားသွား ဒေသခံ သူငယ်ချင်းတစ်ယောက်ရှိရှိနေတော့ သူတို့ဒီလိုထင်မှာပေါ့… အမှန်တော့ အဲဒိ ခင်မင်မှုတွေက သူတို့ဆီက ဘာမှ မမျှော်လင့်ပဲ စိတ်ရင်းနဲ့ ခင်လို့ သူတို့မေတ္တာ ယောင်ပြန်တယ်ပဲမှတ်ပါတယ်… ဒါဟာလဲ ဒီဘလော့လေးရဲ့ ကျေးဇူးတွေပါပဲ… သူတို့ကလဲ ကိုယ့်အကြောင်းသိချင် ဘလော့ဖတ်လိုက်တာနဲ့ ကိုယ်ဘာလဲဆိုတာ အနည်းနဲ့အများ သိထားတော့ တစ်ဦးနဲ့တစ်ဦး သံသယပွားနေစရာသိပ်မရှိဘူးလေ…
ဒီနေ့ Blog Day မှာ သူများတွေက သူတို့ စစချင်းဖတ်ဖြစ်တဲ့ အမှတ်ရတဲ့ အထင်ကရဘလော့ တွေအကြောင်းပြောကြတယ်။ မဗေဒါကလဲ ဘလော့ဒေးမှာ မဗေဒါ ဘလော့ပေါ်က အမှတ်တရ စာဖတ်သူတွေအကြောင်းရေးရမယ်...
သူတို့မရှိရင် မဗေဒါဘလော့ဆိုတာ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တဲ့အတွက် ဒီပိုစ့်မှာ မဗေဒါဘလော့ကို အားပေးကြတဲ့ ချစ်တဲ့ စာဖတ်သူ သူငယ်ချင်းတွေကို တန်းစီကျေးဇူးတင်ဖို့ ဒီပိုစ့်ကို ရေးပါတယ်…
(မှတ်ချက်။ မဗေဒါရဲ့ ကျေးဇူးတင်တဲ့ List မှာ နာမည်နဲ့ တကွ မပါလာခဲ့ရင်လဲ မဗေဒါကို နားလည်ခွင့်လွှတ် ဗွေမယူကြပါနဲ့လို့ တောင်းပန်ပါရစေ…. မဗေဒါလဲလူသားပဲ ပေမို့ အမှားအယွင်း မေ့လျော့မှုဆိုတာက မလွှဲရှောင်နိုင်ဘူးလေ)
ပထမဆုံး ကိုယ့်ရဲ့ Biggest Silent Readers အဖေနဲ့ အမေကို ကျေးဇူးတင်ပါတယ်… ဟိုးအရင်ကတော့ ဖေဖေက ကျွန်မ ရုပ်ရှင်မင်းသားတွေအကြောင်းရေးရင် သိပ်မကြိုက်ခဲ့ပေမဲ့ ခုတော့
 ဒီပိုစ့်ရေးလိုက်ပြီးရှင်းပြတယ်  ကျွန်မရဲ့ အမြင်ကို သေချာပြောပြတော့ သူနားလည်သွားပါပြီ… သူမကြိုက်တော့လဲ အဲ့ပိုစ့်တွေ မဖတ်နဲ့ပေါ့နော်… ပြောရရင် ဘလော့စရေးတုန်းက အိမ်ကလူတွေ၊ ကိုယ်နဲ့ အပြင်မှာ သိတဲ့သူတွေတစ်ယောက်မှကို အသိပေးခဲ့တာမဟုတ်ဘူး… အဲဒါကြောင့် မဗေဒါ ဘလော့ရဲ့ နာမည်က အစက မဗေဒါရဲ့ လျှို့ဝှက်ချက်လို့ပေးခဲ့တာ။ အဖေက နောက်မှ သူဖတ်နေကျ သတင်းဝက်ဆိုဒ်မှာ ကျွန်မဘလော့ကိုတွေ့လို့ စဖတ်ဖြစ်တာ… အဲ့တုန်းက ကိုယ်က ဘလော့လိပ်စာတောင် သူ့ကို မပေးလို့ သူ့ခမျာဖတ်ချင်ရင် အဲ့ဝက်ဆိုဒ်ကို သွားပြီး ကျွန်မလင်ခ့်ကို ရှာဖတ်ရတယ်… ခုတော့ သူလဲ အင်တာနက်ကျွမ်းသွားပြီဆိုတော့ လိပ်စာသိသွားပြီ… :P ။ မေမေဆို ကျွန်မလိုပဲ စာဖတ်သိပ်ပျင်းတာ။ ဗေဒင်စာအုပ်ကလွဲလို့ သူက သိပ်ဖတ်တာမဟုတ်ဘူး… ဖေဖေဖတ်ပြတာပဲ နားထောင်တာ… ဒါပေမဲ့ ကျွန်မဘလော့ကိုတော့ ဒိုင်ခံအားပေးတာ… အရင်က သူတို့ဖတ်တယ်ဆိုတော့ နည်းနည်းလေး စိတ်ကျဉ်းကျပ်သလိုလို၊ ရှက်သလိုလိုဖြစ်လို့ အရေးကျဲသွားသေးတယ်… ခုတော့ သူတို့ ၂ယောက်လုံးက ဖတ်ဖြစ်နေရင်တောင် ကျွန်မရှေ့ဆို မဖတ်သယောင် မသိချင်ယောင်ဆောင်နေကြသေးတာ… ခုတော့ ကျွန်မလဲ ရိုးသွားပါပြီ… သူတို့ကို အရင်က မဖတ်စေချင်တာကလဲ ဘလော့ပေါ်မှာ ဘာမဆိုင်ညာမဆိုင် အပြောခံရရင် မိဘဆိုတော့ ကိုယ့်သားသမီးပြောခံရတယ်ဆိုပြီး သူတို့က စိတ်မကောင်းတွေဖြစ်၊ ကျွန်မကိုလဲ တစ်ခါတစ်လေ ဆူချင်သေးတာ။ အိမ်မှာဆို အပြင်မှာ ရန်မဖြစ်ရလို့ အွန်လိုင်းပေါ်တက် ရန်ဖြစ်တယ်လို့ သတ်မှတ်ခံရသေး… ဖေဖေတောင် စာရေးချင်စိတ်တွေပေါ်ပြီး ကျွန်မဘလော့မှာ Contributor အနေနဲ့ လက်ငင်း နဲ့ လူသားဂေဟ မဗေဒါဘလော့ စစချင်းဖြစ်တည်လာတုန်းက မြန်မာဘလော့ရေးတဲ့သူမဟုတ်ပဲ အင်္ဂလိပ်ဘလော့ဖြစ်စေ၊ တစ်ချို့ကျတော့လဲ မဗေဒါ Identity တောင် လိုက်ရှာလို့မရပေမဲ့ ကိုယ့်ဘလော့တွေကို အမြဲလာအားပေးတယ်ဆိုတာသတိထားမိတဲ့စာဖတ်သူတွေကို သတိတရဖြစ်မိတယ်… ဒီစာရင်းထဲက လူတစ်ချို့က ခုနောက်ပိုင်းတော့ လာဖတ်သေးလာ မဖတ်သေးလားတော့မသိဘူး… ကွန်မန့်တွေ မတွေ့တော့လို့… ဒါပေမဲ့ မဗေဒါက ကွန်မန့်တွေပုံမှန်ပေးဖူးလို့ မှတ်မှတ်ရရ သိနေတဲ့သူတွေပေါ့နော်… အမြဲ ကနဦးကတည်းက မဗေဒါဘက်ကနေ အားပေးတတ်တဲ့ စာဖတ်သူတွေကတော့… FFOX, Kiwi, :P , Life is for success, (သူတို့တွေ လာမဖတ်တော့ဘူးထင်တယ်)။ ဟိုးအရင်ကတည်းက မဗေဒါ ဘလော့ပေါ်မှာ အားပေးစကားတွေလဲပြောခဲ့ အမြဲလဲရပ်တည်ပေးခဲ့ ခုထက်ထိလဲ ဖေ့ဘွတ်ပေါ်မှာ အဆက်အသွယ်ရှိနေတဲ့ မ Shwun Mi, မဗေဒါရဲ့ မဆုံးသော ဇာတ်လမ်းတွဲဝတ္တုကြီးကို စိတ်မဆိုးပဲ နှစ်ပေါက်အောင် ထိုင်စောင့်နေတဲ့ Than Yaw Zin, ခရီးသွားပိုစ့်တွေ ရေးပါဟဲ့ ရေးပါဟဲ့ဆိုပြီး မဗေဒါကို အစဉ်မြဲ အားပေးနေတဲ့ (သူနောက်က မီးမထိုးရင် မဗေဒါရဲ့ ဟောင်ကောင်နဲ့ သြစီပိုစ့်တွေ ပြီးခဲ့ပါ့မလားမသိ) Mayflower poe, စကားနည်းပေမဲ့ အမြဲ အားပေးနေတယ်ဆိုတာကို ခံစားလို့ရတဲ့ Khine Su Hlaing (Sweet Sweet), facebook ပေါ်မှာလဲ အမြဲ Active ဖြစ်တယ် စာတွေလဲ အများကြီး ဖတ်နိုင်တဲ့ Thant Swe, ဂျပန်က မဗေဒါဘလော့ကို တောက်လျှောက်အားပေးလာတဲ့ စာဖတ်သူ စစ်စစ် မSwe Swe Thant (ဆုံတွေ့ဖို့ ကံပါတော့ မနှစ် ဒီဇင်ဘာလတုန်းက ပြင်ဦးလွင်က ကန်တော်ကြီးပန်းခြံထဲမှာ ဆုံဖြစ်ကြတယ်၊ What a surprise, right? We are fated to meet), ခရီးသွားပိုစ့်တွေမှာရော ကိုရီးယားရုပ်ရှင်တွေကို အမြင်တွေရော ဖလှယ်တတ်တဲ့ မLotus Phyu, အမြဲအားပေးနေတာ သေချာတဲ့ Nang YN Yumm … blog စရေးကတည်းက သူတို့ ၂ယောက်ချစ်သူမဖြစ်ခင်ကတည်းက ကိုTin Maung Htay blog နဲ့ ရင်းနှီးခဲ့ပြီး နောက်ပိုင်း လင်မယား ၂ယောက်လုံးနဲ့လဲ ဘလော့ကနေ ရင်းနှီးကာ သူတို့ မင်္ဂလာဆောင်အထိပါ Emcee လုပ်ပေးခွင့်ရခဲ့တဲ့ Naychi Maung နဲ့ Tin Maung Htay...  နောက်ပြီး အများကြီးကျန်ပါသေးတယ်…
ခု တစ်ခေါက်တော့ မဗေဒါကို ကွန်မန့်တွေ အမြဲမပေးပေမဲ့ (တချို့ဆို Silent Readers စစ်စစ်ကြီးတွေပေမဲ့) မဗေဒါကို ဖေ့ဘွတ်မှာ လာအက်တော့ မဗေဒါက ကိုယ့်ဘလော့ reader တွေကိုပဲ လက်ခံချင်တော့ မတ်စေ့ပို့ပြီးမေးလိုက်ရင် မဗေဒါရဲ့ ဘလော့ကို လာဖတ်လေ့ရှိပါတယ်လို့ သူတို့က ပြောပြကြတာ… ခုလို အသိပေးကြတဲ့ ချစ်လှစွာသော စာဖတ်သူ သူငယ်ချင်းတွေပါ… တစ်ချို့ဆို သူတို့ ဘယ်ပိုစ့်ကိုတော့ မှတ်မှတ်ရရ ကြိုက်ပါတယ်လို့တောင်ပြောတယ်… အဲ့လိုဆို ကိုယ့်မှာ ကြည်နူးရတာ မပြောပါနဲ့တော့… သူတို့တွေကတော့…
မဗေဒါရဲ့ ဘလော့ကို Subscribe ထားတယ်ဆိုတဲ့ Kyaw San Win, Kyaw Zaw Khant, I hear Your voice Drama Review ကတည်းက ကြိုက်လို့ ဖေ့ဘွတ်ပေါ်မှာ လာအက်တဲ့ Moh Moh Htay Aung, စကာင်္ပူရောက်အလွဲများမှာ မcut ကို မှတ်မှတ်ရရရှိနေတဲ့ Soe Yu New, “Even though your writing style is not catchy but the story line itself is quite interesting.” ဆိုပြီး သေသေချာချာ ဝေဖန်ပေးတဲ့ Hinthar ဟင်္သာ, ကိုယ်ဘလော့ပေါ်မှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုမှာ ကိုယ့်ဘက်ကနေ စိတ်တိုပေးခဲ့တဲ့ Aye MyaThandar Swe, ဘောင်ဘင်ခတ်တဲ့ဖားကို ကြိုက်လို့ facebook ပေါ် ရှယ်ဖြစ်တယ်ဆိုတဲ့ Phyo Thu, သူ့ဖေ့ဘွတ်အကောင့်ကတော့ Deactivated ဖြစ်သွားပေမဲ့ အရင်က မတ်စေ့ပို့ပြီး ပြောခဲ့တဲ့ Na HNa, ကိုရီးယား မင်းသားတွေအကြောင်းနဲ့ မဗေဒါရဲ့ Emcee အတွေ့အကြုံလေးကို ဖတ်တယ်ဆိုတဲ့ Aye Nyein Aung, ဘလော့မှာရေးထားတာတွေကို ဖေ့ဘွတ်မှာ ပြန်တင်ပါလား ရှယ်ဖို့လွယ်တာပေါ့လို့ အကြံပေးတဲ့ Win Min Oo Comet, ခရီးသွားပိုစ့်တွေနဲ့ ရုပ်ရှင် review တွေကြိုက်တယ် မဗေဒါထပ် ၈လ ငယ်တယ်ဆိုတဲ့ Ayenb Ae'ae', ဘလော့လဲဖတ်တယ် မဗေဒါလုပ်တဲ့ ဗွီဒီယိုတွေလဲ အားပေးတယ်ဆိုတဲ့ ကို Mya Soe, Videos နဲ့ ဟော်တယ် ရီဗျူးတွေကို ကြည့်ရတာကြိုက်တယ်၊ ခရီးသွား ၀ါသနာတူတဲ့ Yan Paing Oo, မဗေဒါဘလော့ဖတ်တယ်လို့ အသိပေးတဲ့ Sandar Hlaing, Phu Ngone, Yin Min Htwe, Yamin Ohmar, 心王 နဲ့ မဗေဒါ ဖေ့ဘွတ်လစ်ထဲမှာ ရှိနေတဲ့ Silent Readers တွေအားလုံးကို ကျေးဇူးတင်ပါတယ်…
အမှန်အတိုင်း မရှက်တန်းဝန်ခံရရင် ဒီနေ့ Blog Day မှာ သူများတွေက သူတို့ ဖတ်တဲ့ ဘလော့တွေအကြောင်းပြောတော့ ကိုယ့်ဘလော့ကိုများ တစ်ဦးတစ်ယောက်က မှတ်မှတ်ရရရှိလေမလားလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ ကိုယ့်ဘလော့က First Class Blog တွေလို တန်းမဝင်သေးဘူးထင်ပါတယ်… မဗေဒါဘလော့ကို အမှတ်တရဖြစ်တဲ့သူ မရှိပါဘူး… ဒါဟာ ကိုယ်လိုနေသေးလို့ပဲ… ကိုယ့်အရေးအသား တိုးတက်ဖို့ လိုနေသေးလို့ပဲလို့ ယူဆပါတယ်… ဒါပေမဲ့ ဘယ်သူမှ ကိုယ့်ဘလော့ကို အရင်ဆုံးသတိမရလဲ ဖတ်ဖြစ်နေသေးတဲ့ ကိုယ့်စာဖတ်သူတွေရှိနေသေးတယ်လေ… ဒါနဲ့ ဗြောင်ဗြောင်ပဲ ဒီစတေးတပ်လေးကို ဖေ့ဘွတ်မှာ တင်မိတယ်…
“blog day တဲ့ မဗေဒါရဲ့ တန်းမဝင်တဲ့ ဘလော့လေးကို သတိရဖြစ်တယ်ဆို လက်ညိုးထောင်။” ဆိုပြီးပေါ့…
ဒီလိုဆိုတော့ သတိတရ အသိပေးတဲ့ ကျွန်မရဲ့ အပျံစား အမာခံစာဖတ်သူတွေက လာအားပေးကြပါတယ်…
ပထမဆုံး စတေးတပ်ကို Like လုပ်တဲ့ မြန်မာပြည်က နာမည်ကျော် Presenter, Producer Ye Wint Thu (သူကဟိုးတုန်းကတည်းက မဗေဒါဘလော့ကို ဖတ်တာ သိတယ်), မဗေဒါကို စိတ်ပျော်အောင်ပြောပြီး တန်းဝင်တဲ့ ဘလော့ပါလို့ ပြောသွားတဲ့ ကိုလင်းဦး စိတ်ပညာ, ဗေဒါပန်းပုံတွေ ရိုက်လာပြီး ပို့ပေးတဲ့ May Thwe Khin, တကယ်ဖတ်ဖြစ် မဖတ်ဖြစ်တော့ မသိဘူး တခြားစတေးတပ်တွေ Like လုပ်ခဲတယ် ဒါပေမဲ့ ဒီစတေးတပ်ကိုတော့ Like လုပ်သွားတဲ့ ကျွန်မ အချစ်ဆုံးသူငယ်ချင်းရဲ့ မောင်လေး Tin Htut Win Naing, တကယ်ဖတ်မဖတ်တော့ မသိ (ဖတ်ရင်တောင် ကိုရီးယားခရီးပိုစ့်လောက်ပဲဖတ်မယ်ထင်တယ်) ကိုရီးယားက အရမ်းဧည့်ဝတ်ကျေပြီး အရမ်း ဗွီဒီယိုရိုက်တာ တော်တဲ့ ကိုPhay Sist Naing, ဟောင်ကောင်က ဝတ္တုတိုလေးတွေ သူ့ဘလော့မှာရေးလေးရှိတဲ့ မSwe Lay Mon, ဟိုးအရင်ကတည်းက မဗေဒါ ဘလော့ပေါ်မှာ ကွန်မန့်တွေပေးဖူးတဲ့ April PuuTay, ကွန်မန့်မှာ လက်ညှိုးတကယ်ထောင်သွားတဲ့Thiri Han, မဗေဒါ စာတွေကို တကယ်ဖတ်တယ်လို့ စိတ်ထဲက ခံစားရတဲ့ Kyawthetlatt Maung, မဗေဒါဘလော့ကို တစိုက်မတ်မတ် အားပေးလာတာ သေချာတဲ့ ကိုAung Myo Kyaw, ခရီးသွားဗဟုသုတတွေနဲ့ movies review တွေကို မဗေဒါရဲ့ BLOG မှာ အခုထိ သတိတရ ရှာဖတ်နေရတုန်းပဲလေ ဆိုတဲ့ New Ni, ဖေ့ဘွတ်ပေါ်မှာတော့ အမြဲ interact ဖြစ်တဲ့ မစုစုအေး, မKhine Phyu Zaw, မAye Phyo, Hnin Nu, Phyu Phyu, Mar Mar Thet, Vista Aung, Hmwe Ma, Moe MyatMon Win, Mady June (Thida Linn), Waing Sunny, May Zin, Myo Min Tun, Naw Phaw, Bo Bo, Warso aung, Nu War Hsan, Pyi Phyo Sei, Min Win Kyaw Kyaw, Duwun Duwun, Ei Ei cho, Htike Htike Aung… ဒီပိုစ့်ကို ရေးပြီးမှ ထို Status ကို Like လုပ်ပြီး အားပေးဖြစ်သော သူငယ်ချင်းများအားလုံးကို အရမ်းအရမ်း ကျေးဇူးတင်မိပါတယ်… (ကျန်ခဲ့တယ်ဆိုရင်လဲ ကျေးဇူးမတင်လို့မဟုတ်ပဲ လူသားတစ်ဦးရဲ့ အမှားမကင်းတဲ့ အဖြစ်ကြောင့်သာဖြစ်ပါတယ်…)
ကွန်မန့်ရေးတဲ့သူတွေပဲ ကျေးဇူးတင်သလား? Silent Readers တွေလဲရှိပါတယ်နော်လို့ ဆိုတဲ့ Khin Sandar Ko, မဗေဒါရဲ့ ဆုတောင်းကဗျာက Heart ထိတယ်ဆိုတဲ့ Taw Thu Ma, ဖေ့ဘွတ်ပေါ်မှာ မဗေဒါဘလော့ Reader တစ်ယောက်လို့ မဗေဒါ ယူဆတဲ့ Feng Yun, ကိုရီးယားကားတွေအကြောင်းနဲ့ ကျန်ခဲ့လို့မဖြစ် Facebook ပေါ်မှာလဲ အမြဲ ဆက်သွယ်ဖြစ်တဲ့ SandaKuu Kuu, မှတ်မှတ်ရရ သိနေတဲ့ Nandar Myo Lwin, ခင်မီမီသိန်း, Daw Soe Sandy Lin, KuKu Dosmin, May Oo, Soe Yu Htet, Avo Ca Do, ကိုရီးယား အဆိုတော်တွေ Idols တွေကို ကိုယ့်ထက်တောင် မှန်မှန်ကန်ကန်အားပေးတဲ့ Si Mon, Htay Thu Lwin, ကိုရီးယားဇာတ်လမ်းတွဲ Review တွေ ဒိုင်ခံအားပေးလို့ ကိုယ်က ယောကျာင်္းလေးနာမည်နဲ့ မိန်းကလေးသုံးနေတာလို့ ထင်မိလို့ မေးမိတော့ သူလဲ အားရင် ကိုရီးယားကားကြည့်ပါတယ်ဗျာ ဆိုတဲ့ ကိုZayar Kyaw, သူ့ Movie Review လေးတွေလဲ ကိုယ်ဖတ်ဖြစ် ကိုယ့် Movie Review တွေဆိုလဲ အမြဲ Like နေကျ Zwel Lwin, အရင်ကတည်းက မဗေဒါဘလော့ကို ဖတ်တဲ့ Ya Min Nwe, စကားပြောရင် ခင်ဖို့လဲကောင်းတယ် ပြီးတော့ မဗေဒါက တစ်ခါတစ်လေ စိတ်တိုလို့ ပြောမှားဆိုမှားရှိလဲ ဗွေမယူတတ်တဲ့ အလွန်တရာမှ လျှို့ဝှက်တတ်သော မဗေဒါရဲ့ ခရီးသွားပိုစ့်တွေဖတ်တယ်ဆိုတဲ့ Silent Readers စစ်စစ် Nay Phyo Aung, Page မှာရော Friendlist မှာရော အားပေးတဲ့ Lavender WM, ဟိုးအရင်ကတည်းက ဖတ်တဲ့ SweetPo Dinn, မဗေဒါရဲ့ Drama Review တွေဖတ်တာ ၂နှစ်လောက်ရှိပြီ မဗေဒါ Recommend တာတွေပဲ လိုက်ကြည့်တာလို့ ချစ်စရာကောင်းအောင်ပြောတဲ့ Mya Thinzar Kyaw, ဖေ့ဘွတ်ပေါ်မှာလဲ interactive ဖြစ်တဲ့ Amy You, Ar Thin Zi, Khine Nyein, Thinzar Khaing, Aye Thet Maw Win, Jang Keun Suk ရဲ့ fan တွေမို့ သူ့အကြောင်းရေးထားတဲ့ မြန်မာဘလော့ရှိတာကို ဝမ်းသာပြီး ပိုစ့်လေးတွေ ရှယ်ပေးတဲ့ Khine Yin Mon, Mya Thandar Htay, Yin Min Htwe.
အထူးသဖြင့် မဗေဒါနဲ့ Friend မအက်ထားပေမဲ့ Personally မဗေဒါနဲ့ မသိပေမဲ့ Page ကို Like လုပ်ပြီး အမှန်အကန် အားပေးသူများဖြစ်ကြလို့ အရမ်းအရမ်းကို တန်ဖိုးထားတဲ့ Khine Lin, ZuZu May, Monday July, Pyae Phyo Aye, Mae Lwin, Hsu Mon, Khine Thinzar Soe, Khin Cho Lwin, May Tun, Kyaw Bo, Khin Khin Ei, Moe Thu Kha နဲ့ Page ကို Like ထားသူများ အားလုံးကို ကျေးဇူးတင်ပါတယ်…
နောက်ပြီး မဗေဒါဘလော့မှာ ကွန်မန့်ချန်သွားတတ်သော Anonymous များ၊ မဗေဒါဘလော့ကို အလိုလို ရှာဖွေတွေ့ရှိပြီး အားပေးကြသော အပြင်မှ သူငယ်ချင်းများ၊ အပြင်မှာ နောက်ပိုင်း သိရင်းမှ မဗေဒါဘလော့ကို ခင်လို့မင်လို့ အားပေးကြသော သူငယ်ချင်းများ၊ မဗေဒါကို ခင်လို့ မင်လို့ပဲဖြစ်စေ၊ စပ်စုဖို့ စောင့်ကြည့်ဖို့ပဲဖြစ်စေ၊ ချီးကျူးဖို့ အတင်းခုပ်ဖို့ပဲဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိလည် လမ်းမှားရောက်လာတဲ့သူပဲဖြစ်စေ… ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် မဗေဒါဘလော့ကို ဖတ်ရှုနေသူအားလုံး အားလုံးကို Blog Day ပိုစ့်ကို အခွင့်ကောင်းယူပြီး ကျေးဇူးတင်လိုက်ပါတယ်…
မှတ်ချက်။ တကယ်လို့များ မဗေဒါက နာမည်တပ်ဖို့ ကျန်ခဲ့သူများလဲ စိတ်မဆိုးကြပဲ မဗေဒါကို အောက်က ကွန်မန့်မှာ မေ့ကျန်ခဲ့ရကောင်းလားဆိုပြီး ရန်တွေ့သွားကြပါလို့…. Love you all and appreciate it.
Monday, April 09, 2012
ခင်မင်မှု ကံခေသူ… (သို့) စကာင်္ပူရောက်အလွဲများ (၁၂)
သင်နဲ့ သိပ်အဆက်အသွယ်မရှိတာကြာနေတဲ့ မိတ်ဆွေပဲဖြစ်စေ… အရမ်းတရင်းတနှီးမရှိခဲ့ပင်မဲ့ စကားပြောရအဆင်ပြေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်စေ… ပြောရရင်တော့ အဆက်အသွယ်ပြတ်နေတာကြာတဲ့ အသိမိတ်ဆွေမျိုးက ရုတ်တရက်ကြီး တွေ့ချင်လှချည့်ရဲ့ သတိရလို့ပါ ဆိုပြီး ဖုန်းခေါ်လာရင် သင်ဘယ်လိုခံစားရလဲ?
မဗေဒါကတော့ ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးတတ်တယ်ပဲပြောရမလား… ယုံလွယ်တယ်ပဲပြောရမလား… “အော်… သူတို့ ငါ့ကို ခင်ရှာသားပဲ” လို့တွေးပြီး ဝမ်းသာတတ်ပါတယ်… ကိုယ်က အားတယ်ဆိုလို့ကတော့ ငြင်းပြစ်ရမှာ အားနာတတ်ပါတယ်…
ဒီလိုနဲ့ပဲ ဟောဒီလို ခံခဲ့ရတဲ့ မှန်းချက်နဲ့ နှမ်းထွက်လွဲခဲ့ရတဲ့ ဇာတ်လမ်းလေးတွေများနေပါပြီ…
ဒီပိုစ့်ဟာ အရင်အလွဲတွေလို ရီစရာဖြစ်ချင်မှဖြစ်မယ်… ဒါပေမဲ့ စကာင်္ပူရောက်မှ ကျွန်မတွေ့ရတဲ့ ခင်မင်မှုနဲ့ ပတ်သတ်ပြီး (မြန်မာပြည်တုန်းကတော့ ငယ်သေးလို့ ဒါမျိုး တွေ့ မကြုံခဲ့ရတာလဲ ဖြစ်မယ်) ဖြစ်တတ်တာလေးမို့ အလွဲထဲ ထည့်လိုက်တာပါ…
သတိရလို့ပါတဲ့...
ခုတစ်လော အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့တဲ့ အရင့်အရင် အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ မလေးရှန်း တရုတ် မိန်းမတစ်ယောက်က ရုတ်တရက်ကြီးတွေ့ချင်ရဲ့ဆိုပြီး ဆက်သွယ်လာပါတယ်… လွန်ခဲ့တဲ့ ၂နှစ်လောက်က သူတစ်ခါကိုယ့်ကို ဆက်သွယ်ဖူးပါတယ်… အဲဒိတုန်းက ကိုယ်လဲ ကိုယ့်ကိုခင်တယ်လေဆိုပြီး ဝမ်းသာအားရနဲ့ Night shift အပြန် အိပ်ငိုက်နေသော်လည်း သူ့အိမ်ထိတောင်သွားတွေ့ပါတယ်… ကိုယ့်အိမ်ဘက်ဆို သူအဝေးကြီးလာရမယ်လေဆိုတဲ့ အတွေးနဲ့ပါ… ဒါပေမဲ့ ဟိုရောက်တော့ သူသုံးတဲ့ ပိန်ဆေး Package ကို ဝယ်ဖို့ ဆွယ်တာဖြစ်နေပါတယ်… ဇွတ်အတင်းတော့ မရောင်းပင်မဲ့ သူတွေ့ချင်တဲ့ ရည်ရွယ်ချက်ကတော့ ပေါ်လွင်သလို ကိုယ့်ရဲ့ တစ်သက်လုံး မပိန်ဖူးခဲ့တဲ့ ခန္ဓာကိုယ်ကိုလဲ ရောဂါမျိုးစုံဖိတ်ခေါ်နေတဲ့အတွက်စိုးရိမ်လို့ သတိပေးတာဆိုတဲ့ စကားအသုံးအနှုန်းလှလှလေးတွေကို ရင်ခံစွာကြားခဲ့ရပါတယ် … “အော်… ငါ့ကို တွေ့ချင်တာထက် ဒီဟာကို ရောင်းချင်လို့ကိုး” ဆိုတဲ့ ခံစားချက်လေးက ကိုယ့်ခင်မင်မှုလေးကို အလွဲသုံးစားအခွင့်ကောင်းယူတယ်လို့ ထင်မိပါတယ်… ဥပမာ… သူနဲ့သွားလည်တုန်း စကားစပ်မိလို့ ပိန်ဆေးအကြောင်းပြောရင်း ကောင်းတယ်ဆိုပြီး ရောင်းရင် ဘာမှ မပြောလိုပါဘူး… ဒါပေမဲ့ အကြာကြီး မဆက်သွယ်ပဲ ရုတ်တရက်ထ ဆက်သွယ်ပြီး ရည်ရွယ်ချက်ရှိရှိတွေ့ချင်ခဲ့တာကို ခင်လို့ လွမ်းလို့ တွေ့ချင်ရုံ သပ်သပ်ပါလို့ပြောပြီး ခေါ်ထုတ်ထာ မကောင်းဘူးလို့ထင်တာပါ…
ခုလဲ ကျွန်မကို တွေ့ချင်ပြန်ပါပြီတဲ့… ၂နှစ်ကျော်အဆက်အသွယ်မလုပ်ဖြတ်တာတောင် ဖေ့ဘွတ်ကနေ တကူးတက မတ်ဆေ့ပို့ပြီး ဖုန်းနံပါတ်ကိုတောင်းပါတယ်… သူက လတ်တလောလဲ အလုပ်ထွက်ထားတာ အတော်လေးကြာနေပြီလို့ ကျွန်မသိရပါတယ်… ကျွန်မကိုလဲ ဘယ်အချိန်တွေ့မလဲ… ကြိုက်တဲ့နေရာပြော ငါလာခဲ့မယ်… စသည်ဖြင့် အလွန်တရာမှ ဖော်ရွေစွာ ကတီးကတီးလည်း ဆက်သွယ်ပါတယ်… စိတ်ထဲမှာ အားနာမိတယ်… ဒါပေမဲ့လဲ သူ့ရည်ရွယ်ချက်ကိုလဲ ကိုယ်က ရိပ်စားမိတယ်…. တချိန်တည်းမှာလဲ ခင်မင်မှုဆိုတာကို အလွဲသုံးစားလုပ်သလိုခံစားရလို့ စိတ်မကောင်းဖြစ်ရတယ်… ပထမဆုံးအကြိမ် အဲလိုဖိတ်ခေါ်မှုတွေကိုကျွန်မ မတွေ့တော့ဖူးလို့ ဆုံးဖြတ်ချက်ချလိုက်နိုင်ခဲ့တယ်…
ဒီလိုဆုံးဖြတ်ဖို့အတွက် သင်ခန်းစာရခဲ့တဲ့ တခြားအဖြစ်အပျက်လေးတွေရှိတယ်…
ဇွန်ဘီ Marketing
၂၀၀၅ ကျောင်းပြီးခါစ လုပ်ငန်းခွင်ဝင်ခါစအချိန်တုန်းက ဟိုးအရင် Part time အလုပ်က လုပ်ဖော်ကိုင်ဖက် မြန်မာကောင်လေးတစ်ယောက်က ဖုန်းဆက်ပြီး အပြင်မှာတွေ့ဖို့ ဖိတ်ပါတယ်… သတိရလို့ပါဆိုတဲ့ အကြောင်းပြချက်ပါပဲ… ဖုန်းထဲမှာလဲ ငယ်ပေါင်းသူငယ်ချင်းတွေလို သိပ်ဖော်ရွေတဲ့ အသံနဲ့ပါ… ပြောရမယ်ဆိုရင် ကိုယ်က သူ အလုပ်ကိုဝင်လာတဲ့အချိန် သိပ်မကြာခင်မှာပဲ ကျောင်းပြီးလို့ အဲမှာမလုပ်ဖြစ်တော့တာပါ… တွေ့လိုက် ခင်မင်လိုက်တဲ့အချိန်လေးက တိုတိုလေးပါ… ဒါပေမဲ့ မဗေဒါယုံလွယ်မိပြန်ရဲ့… “အော်… ငါ့ကိုခင်သားပဲ” ဆိုတဲ့ အတွေးဝင်လာသလို “မိတ်ဆွေဆိုတာ ဒီလိုမှမဖွဲ့… ဘယ်လိုဖွဲ့မလဲ” ဆိုပြီး တွေ့ဖို့ သဘောတူလိုက်ပါတယ်…
တကယ်တမ်းတွေ့တဲ့နေ့ကျတော့ သူနဲ့အတူ အသက် ၄၀ ဝန်းကျင် မိန်းမကြီး ၂ယောက်ပါလာတယ်… ပြီးတော့ ကျွန်မကို seminar တစ်ခုကို ခေါ်သွားတယ်… ပြီးတော့ သူတို့ ပစ္စည်းတွေကိုရောင်းတော့တာပါပဲ… သူတို့ပစ္စည်းရောင်းရုံမကဘူး ကိုယ်က မန်ဘာဝင်ထားပြီး တခြားသူတွေကိုပါ ထပ်ဆွယ်လာရင် အဲဒိအတွက် ကော်မရှင်နဲ့ရသလို ကိုယ်ဆွယ်တဲ့သူက ထပ်ဆွယ်လာရင် ကိုယ်ကဘာမှမလုပ်ပဲ ကော်မရှင်ထပ်ရအုံးမှာဆိုတဲ့ မဆန်းသောမရိုးသော network marketing ပဲခေါ်သလား အဲလိုအထာတွေပြောပါတယ်… အဲလိုမျိုး Talk show တွေ Seminar တွေကို အရင်ကလဲ ရောက်ဖူးနားထောင်ဖူးတဲ့ ကျွန်မ လုံးဝစိတ်ဝင်စားမှုမရှိပါဘူး… အဆုံးမှာ ကိုယ့်ကိုတောင် စင်ပေါ်ကပြောနေတဲ့သူက လက်ညှိုးထိုး မေးမြန်းပြီး ကိုယ်ထင်တဲ့အတိုင်းပြောတော့ လူထူးလူဆန်းလိုလို လူ့ငတုံးလိုလိုနဲ့ ဆက်ဆံခံခဲ့ရပါတယ်… တကယ်ချမ်းသာမဲ့ နည်းလမ်းဆိုရင်တောင် ကျွန်မ မကြိုက်ရင် မလုပ်ပဲနေပိုင်ခွင့်ရှိပါတယ်… ဒါပေမဲ့ အမြင်မတူတဲ့လူတစ်ယောက်ကို အထင်သေးသလိုလို ငတုံးပဲဆိုတဲ့ ပုံစံမျိုးနဲ့ ပြတ်ရယ်ပြုသလိုလုပ်ရင် အလွန်တရာမှ အရွဲ့တိုက်တတ်သောကျွန်မကလဲ ရှက်ရှက်နဲ့ Sign up လုပ််တတ်တဲ့ လူစားမျိုးမဟုတ်ပဲ မျက်နှာပြောင်တိုက်ထိုင်နေမှာပါပဲ… အဲဒိလို Seminar ခန်းထဲမှာ ကျွန်မထိုင်နေတဲ့အချိန်မှာ ကျွန်မကို သတိရလို့ တွေ့ချင်တယ်ဆိုတဲ့ ကောင်လေး ဘယ်ရောက်နေလဲ မသိပါ…
ပွဲပြီးတော့ ဘူဂစ်က Food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မုန့်စားရင်း သူနဲ့ပါလာတဲ့ မိန်းမကြီး နှစ်ယောက် (တစ်ယောက်က သူ့ကိုယ်သူ ဆရာဝန်ပြောတာပဲ) ရဲ့ နားမုဒိန်းကျင့်ခြင်းကို ကိုယ့်ထမင်းကိုယ်စားခံရပြန်ပါတယ်… ဒါပေမဲ့ ကျွန်မကလဲ သူတို့ ပြောချင်ရာပြော ကိုယ်မကြိုက်တာ ကြိုက်တာထက် သူများကို နားမုဒိန်းကျင့်ပြီးမှ ရမဲ့လုပ်ငန်းမျိုးက ကျွန်မနဲ့ မကိုက်ဘူးဆိုတာ ရှင်းရှင်းကြီး သိထားလို့ပါပဲ… ဒီလုပ်ငန်းမျိုးကို ကျွန်မက ဇွန်ဘီ Marketing လို့ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားပါတယ်… ကိုယ်ကိုက်ခံရပြီးရင် သူများကို ဆက်ကိုက်ဖို့ပဲရှိပါတယ်… ကျွန်မအမြင်ကို ဥပမာပေးတာသပ်သပ်ပါ… ဒီလုပ်ငန်းမှားတယ် မှန်တယ် မပြောလိုပါဘူး… တချို့တကယ်အပြောကောင်းသူတွေအတွက်တော့ အလုပ်ဖြစ်ရင်ဖြစ်မှာပါ…
ကိုယ့်ကိုပြောမရတဲ့အဆုံး အဖတ်တောင်မလုပ်ပဲ ကျောက်ခဲရေညစ်တောင် ထွက်အုံးမယ်… ဒီဟာမ ဘာအဆံမှ မရှိပါဘူးလေဆိုတဲ့ ပုံစံမျိုးနဲ့ အကြည့်ခံပြီး လမ်းခွဲခဲ့ပါတယ်… ကျွန်မစိတ်ထဲမှာလဲ အဲဒိကောင်လေးကို မိတ်ဆွေစာရင်းထဲမှ Shit+Delete လုပ်လိုက်ပါတယ်… သူလဲ ကျွန်မလို ကျောက်ခဲရေညစ်ကို ထပ်မဆက်သွယ်တော့ပါဘူး…
ကြွေးယူပြုံးပြုံး ကြွေးတောင်မုန်း
ဒီစကားပုံလေးကို ရင်းနှီးပြီးသားဖြစ်မှာပါ… ကျွန်မ သူများဆီက ပိုက်ဆံချေးရမှာ အလွန်တရာမှ ဝန်လေးပါတယ်… ချေးခဲ့ရင်တောင် ပြန်ပေးနိုင်မဲ့ အခြေအနေမျိုးရှိမှ ပြန်ပေးမဲ့ရက်ကို အသေအချာပြောပြီး ချေးပါတယ်… ထိုနည်းတူစွာ ကိုယ့်ဆီက ပိုက်ဆံလာချေးတဲ့သူရှိရင်လဲ ဘယ်တော့ ပြန်ဆပ်မှာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မပွင့်ပွင့်လင်းလင်းမေးလေ့ရှိပါတယ်… ဒီလိုမှပဲ ကိုယ့်အတွက်လဲ အဆင်ပြေမယ့် ပမာဏ ဖြစ်သလို သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်နဲ့ကိုက်ပြီး ကိုယ့်ပေးစရာရှိတာတွေကိုလဲ စီစဉ်လို့ရအောင် ငွေလည်ပတ်မှု အခက်မတွေ့အောင် ပြင်ဆင်လို့ရမှာပါ… (နှစ်နဲ့ချီပြီးကြာမယ်ဆိုရင်တော့ ငွေတန်ဖိုးကိုပါ ထည့်တွက်ရတော့မှာပေါ့… ခင်မင်မှုနဲ့ ယုံကြည်မှုပေါ်လဲ မူတည်တာပေါ့နော်..) ထားပါတော့…
ကျွန်မနဲ့ ရင်းနှီးတာ အတော်လေးကြာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… ၂၀၀၃ လောက်ကတည်းကပါ… ဒါပေမဲ့ ကျောင်းသားဘဝကတည်းကလဲ အပြင်မှာတော့ သိပ်မတွေ့ဖြစ်ကြပါဘူး…. မြန်မာသင်္ကြံန်တို့ ကျွန်မအိမ်မှာ အလှူလုပ်မှတို့ တွေ့ဖြစ်ပါတယ်… ၂၀၀၆ အကုန် လောက်မှာ သူလဲ သူ့ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေပါပြီ… အဆက်အသွယ်လဲ အတော်ပြတ်နေခဲ့တာပါ… သူရုတ်တရက်ဖုန်းခေါ်ပြီး တွေ့ချင်တယ်ပြောတော့ မတွေ့တာကြာပြီလေဆိုပြီး တွေ့ဖြစ်ခဲ့ပါတယ်… ညစာတူတူစားရင် စကားတွေဖောင်ဖွဲ့ဖြစ်ခဲ့ပါတယ်… ဒီလိုနဲ့ ၂ခါလောက်တွေ့ဖြစ်ပါတယ်… ထိန်းမရတဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမှုက “အော်…. ငါ့ကိုခင်ရှာသားပဲ” ဆိုတာကြီးပါပဲ…
ဒီလိုတွေ့ပြီး ၁ပတ်လောက်ကြာတော့… ဖုန်းဆက်ပြီး ပိုက်ဆံ ၃၀၀ ချေးပါတယ်… ကိုယ်မမေးခင်ပဲ လကုန်ရင်ပြန်ဆပ်မယ်လို့လဲပြောပါတယ်… ဒီလိုနဲ့ကိုယ်လဲ လွှဲပေးလိုက်ပါတယ်… အဲဒိအချိန်ကစပြီး အဆက်အသွယ် ပြန်ပြတ်သွားပါတယ်… ပိုက်ဆံကို စိုးရိမ်လို့မဟုတ်ပါ… သူအရင်ရက်တွေက တွေ့ချင်ခဲ့တယ်ဆိုတဲ့ Motive က ပိုက်ဆံချေးချင်လို့များလားဆိုတဲ့ အတွေးမျိုး တွေးမိခဲ့တဲ့ ကျွန်မကပဲ သူငယ်ချင်း စိတ်ဓာတ်မရှိတာလား… “အော်… သူငယ်ချင်းဆိုတာ အရေးကြုံရင် ကူညီရမှာပဲလေ” ဆိုပြီး ကိုုယ့်စိတ်ကိုယ် ပြန်ဆုံးမဖြစ်ခဲ့တယ်…
ဒါပေမဲ့ သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်မှာ ပြန်မဆပ်ပါဘူး… ၁လတိတိထပ်စောင့်ပါတယ်… ပြန်မဆပ်သလို ဘာ့ကြောင့်ပြန်မဆပ်ဖြစ်ကြောင်း… ဒါမှမဟုတ် “သူငယ်ချင်းရယ် နင့်ပိုက်ဆံငါသတိရပါတယ်… အဆင်မပြေသေးလို့ နောက်ပြန်ဆပ်မယ်နော်” ဆိုတဲ့ စကားမျိုးတောင် မလာပါဘူး… ခုတော့ လုံးလုံး အမေ့ခံသလိုဖြစ်နေတော့ ကိုယ်က ထုတ်တောင်းရပါတော့တယ်… ပိုက်ဆံကို ပြန်မဆပ်ချင်ရင် အစကတည်းက ချေးတယ်လို့ မသုံးနှုန်းပါနဲ့… ပေးပါ လို့သုံးနှုန်းပါ… ဒီလိုဆို ကိုယ်စေတနာရှိသလောက် ကူညီနိုင်သလောက် ပေးပါမယ်… ချေးတယ် ပြန်ဆပ်မယ်ဆိုပြီး အမေ့ခံတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါ…
ဒီလိုနဲ့ကိုယ်က တောင်းတော့ “ဘယ်လိုဖြစ်နေလဲ ပေးမှာပေါ့… ဒီပိုက်ဆံလောက်လေးနဲ့များ… ငါ့ဦးလေးတွေက ဒီမှာ သူဋ္ဌေးတွေပါ… နင့်ပိုက်ဆံကို စိတ်မပူပါနဲ့” ဆိုပြီး စိတ်မရှည်သလိုလို ပြန်တောင်းတဲ့သူကပဲ အလွန်လိုလေသံမျိုးနဲ့ပြောပါတယ်… နောက်ဆုံးတော့ ကျွန်မရဲ့ ခေါင်းမာမာနဲ့ ပြန်တောင်းမှုကြောင့် ပြန်ရလိုက်ပါတယ်… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ “ငါတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံလိုက်ရပြီ… သူငယ်ချင်းတစ်ယောက်တော့ ဆုံးပြန်ပြီ” ဆိုပြီး ခုလုခုလုနဲ့ စိတ်မကောင်းဖြစ်ရပါတယ်… 
ကြားမှာအဆက်အသွယ် ပြန်ပြတ်သွားပေမဲ့ ၂၀၁၀ လောက်မှာ သူဆက်သွယ်လာပြန်ရော… ဒီလိုပဲ တွေ့ရအောင် သူကျွေးမယ်ဆိုပြီး ခေါ်ပါတယ်… သူလဲ တော်တော်လေး အဆင်ပြေနေလို့ အရင်က ကိစ္စကိုလဲ သင်ပုန်းချေချင်လို့ခေါ်တယ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ မိတ်ဆွေမဆုံးဘူးဆိုတဲ့ အပျော်နဲ့ပေါ့… မတွေ့ဘူးငြင်းရင် ကိုယ်က အရင်ကိစ္စအတွက် စိတ်ထဲထားပြီး မခေါ်မပြောဖြစ်တယ်ဖြစ်မှာစိုးလို့ တွေ့ဖြစ်ပြန်ပါတယ်…
အင်းလေးမှာ ကျွန်မကို ရှမ်းခေါက်ဆွဲနဲ့ အကြော်စုံတစ်ပွဲကျွေးပါတယ်… သူအဆင်ပြေနေကြောင်း… အလုပ်က Bonus တွေ အရမ်းရကြောင်း… မကြာခင်လဲ ရာထူးတက်တော့မဲ့အကြောင်းပြောပါတယ်… ကြားရတာ ဝမ်းသာသလို အားလဲကျပါတယ်… နောက်ရက်ထပ်တွေ့တော့လဲ အော့ချက်က food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားပြီး ပြောဖြစ်တာတွေက သူရန်ကုန်မှာ အိမ် ဝယ်နိုင်ပြီဆိုတဲ့အကြောင်း မှတ်မှတ်ရရပြောလို့… ကိုယ်က သူ့ထက် အရင်ကျောင်းပြီးပြီး ရန်ကုန်က ရွှေပုန်းညက်တို့လို အိမ်ယာတွေမှာ ဝယ်ဖို့မပြောနဲ့ ကျောင်းသားဘဝ ချေးထားတဲ့ bank Loan တွေ ကြေခါစပဲရှိလို့ အားကျမိပြန်ရော… နောက်ပြီး သူ့အလုပ်က စပွန်ဆာပြီး ဒီဂရီဆက်တက်မှာဖြစ်သလို လီကွမ်ယုရဲ့ ပညာတော်သင်ဆုကိုလဲ သူလျှောက်ထားတာ ရတော့မည်ဖြစ်ကြောင်း… သူစာတော်သည်ကိုလဲ သိပါသည်... ဒီတော့လဲ ဟုတ်ရင်လဲ ဟုတ်မှာပါလေလို့ပဲ စိတ်ထဲက ယုံလိုက်ပါသည်… သူ့ကုမ္ပဏီက Bonus တွေ အများကြီးရတယ်ဆိုတာလဲ အဲဒိမှာလုပ်နေတဲ့ တခြားမြန်မာအသိတွေဆီကသိတော့ သူလိမ်တာမဟုတ်ဘူးဆိုတာသိပါတယ်… ကိုယ်ကတော့ မျက်လုံးလေး အဝိုင်းသားနဲ့ အားကျစွာနားထောင်ခဲ့ပါတယ်… 
သိပ်မကြာပါဘူး နောက် ၃ ၄ရက်လောက်ကြာတော့ ပိုက်ဆံ ၂၀၀ လောက်ချေးဖို့ မတ်စေ့ရောက်လာပါတယ်… သူငယ်ချင်းတစ်ယောက်နဲ့ ဖိလစ်ပိုင်ကို အလည်သွားမလို့ ၂၀၀ လောက်လိုနေလို့တဲ့… ဒီတော့ ကျွန်မက ဘယ်တော့ ဆပ်မှာလဲလို့ မေးသလို… ဆပ်မယ်ပြောတဲ့နေ့ ပြန်ဆပ်မှာ သေချာလားလို့မေးပါတယ်… ကျွန်မပိုက်ဆံကို ခင်မင်မှုတစ်ခုတည်းကြောင့် ဒီလိုပဲ ပေးလိုက်ရမှာ ဒီမေးခွန်းတော့ ကျွန်မမှာ မေးပိုင်ခွင့်ရှိတယ်လို့ထင်ပါတယ်… ဘဏ်တွေမှာ ချေးရင်တောင် မဆုံးနိုင်သော အထောက်အထားနဲ့ သပ်သေတွေပေးရပါသေးတယ်… အပေါင်တွေထားရပါသေးတယ်… သူ့ဘက်ကပြောတော့ “၂ဝဝလောက်လေးနဲ့ဟာ” တဲ့… ဒီကိစ္စမှာ ပိုက်ဆံထက်… ကျွန်မဘက်က ခံစားရတာက ချေးလိုက်လို့ ဟိုတစ်ခေါက်ကလိုဖြစ်ရင် ဒီတစ်ခါတော့ မိတ်ပျက်မယ် (အချိန်တန်လို့ မဆပ်ရင် ပြန်တော့တောင်းရမှာပဲလေ… ခင်မင်မှုကြောင့် ဒီတိုင်း အလွတ်ချေးပြီး အတိုးတောင်မှ မယူတာ… ပိုက်ဆံချေးပြီးရင်တော့ ပြန်ဆပ်သင့်တယ်လို့ထင်တယ်...) နောက်တစ်ခုကတော့ ခင်မင်မှုကို အယောင်ပြ အလွဲသုံးစားလုပ်တယ်လို့ ခံစားရတာပါ…
ကျွန်မမှာလဲ မလွယ်သေးဘူးလို့ပြန်လိုက်တော့… “နင်က ဘာတွေကုန်နေလို့လဲ… နင်မချေးချင်တာ ငါသိပါတယ်… သူငယ်ချင်းလိုသဘောထားလို့ ချေးတာ” ဆိုတဲ့ မတ်စေ့နဲ့ အဆုံးသတ်သွားပါတယ်… ကျွန်မ စိတ်မကောင်းဖြစ်ပါတယ်… ဒါပေမဲ့ ပိုက်ဆံမချေးခင် ၁ပတ်လောက်အလိုမှ သတိတရတွေ့ချင်တဲ့ သူငယ်ချင်းမှာ ကျွန်မထင်နေတဲ့ ခင်မင်မှုမျိုး မရှိဘူးဆိုတာတော့ သိလိုက်ပါတယ်…
ကျွန်မ ဝေခွဲလို့မရတာတစ်ခုက ခုလိုမျိုး မိတ်ဆွေက နက်ဝေါ့မားကဒ်တင်းဝယ်ခိုင်းတာပဲဖြစ်စေ… ပိုက်ဆံချေးပြီး ကတိမတည်တတတ်တဲ့ သူငယ်ချင်းမျိုးတွေကို ကျွန်မငြင်းလိုက်မိတာ ကျွန်မသူငယ်ချင်းကောင်း မပီသရာကျသလား… သဘောထားသေးသိမ်ရာကျလား… သေချာတာကတော့ ကျွန်မမိတ်ဆွေတွေလိုသမျှအားလုံးကို ကျွန်မမှာလဲ အပိုမရှိပါပဲနဲ့ လိုက်ကူနေတာဟာလဲ ၂ဦးလုံးအတွက် မှန်ကန်တဲ့ ကူညီမှုမျိုးမဟုတ်ဘူးဆိုတာကိုပဲ…
ဒါမှမဟုတ် ခင်မင်မှုမှာ ကံခေပြီး အဖြည့်ခံ လိုမှပဲကိုယ့်ကို ခေါ်ပြောချင်တာဟာ ကျွန်မကပဲ ခင်စရာမကောင်းသူတစ်ယောက် ဖြစ်ကောင်းဖြစ်နေလိမ့်မလားလို့ သံသယဝင်မိပါတော့တယ်…
All Photos get from Google
Friday, May 07, 2010
အချစ်ဆုံး သူငယ်ချင်း...
>
အကောင်ဆုံး သူငယ်ချင်း ဆိုတာကို သင်တို့ ဘယ်လိုသတ်မှတ်ကြလဲ... ကျွန်မအတွက်တော့ အကောင်းဆုံးသူငယ်ချင်းဆိုတာကို သတ်မှတ်ပါဆိုရင် သူမကိုပဲလက်ညှိုးထိုးပြလိုက်မယ်... သူမနဲ့ ကျွန်မ စတင်ခင်မင်ခဲ့တာ ခုဆိုရင် ၁၈ နှစ်ရှိပြီ... မွေးကာစ ကလေးတစ်ယောက်တောင် လူကြီးတန်းဝင်တဲ့ အချိန်အတိုင်းအတာ အတောအတွင်း ကျွန်မတို့ ၂ယောက်ရဲ့ ခင်မင်မှု အချိန်အတိုင်းအတာ တလျှောက်မှာ ကြုံခဲ့ရ ဖြတ်သန်းခဲ့ရတာတွေလဲ မနည်းပါဘူး... သူမနဲ့ ကျွန်မက အခင်ဆုံးသူငယ်ချင်းသာဖြစ်တာ ပင်ကိုယ်စရိုက်ချင်းတော့ သိပ်မတူဘူး...
သူမက စကားတောင် လေးလုံးကွဲအောင်မပြောသူ... ကျွန်မက စကားအရမ်းများတဲ့သူ... သူမက ဘယ်အရာမဆို အေးတိအေးဆက်နေတတ်သူ... ကျွန်မက ဝုန်းဒိုင်းကျဲတတ်သူ... သူမက နှေးတုံ့နှေးတုံ့လုပ်တတ်သူ... ကျွန်မက စိတ်မြန်လက်မြန်ရှိသူ... သူမက စာတစ်ပုဒ်သင်ပြီးတိုင်း မှန်မှန်ကျက်ရမှ ကျေနပ်သူ... ကျွန်မက အကြွေးတွေထားပြီ အနီးကပ်မှ တစ်ပွဲထိုးကျက်တတ်သူ... စာမေးပွဲပြီးလို့ ဖြေလွှာစာရွက်ရလာလျှင် သူမက အမှားကို ကြည့်လိုက် တခြားလူနဲ့တိုက်လိုက် တနု့ံနုံ့နဲ့ ဖြစ်နေတတ်သူ... ကျွန်မကတော့ ကိုယ်ရတာ ကိုယ်ဖြေသလောက်ပဲပေါ့ ပြန်ပြင်လို့လဲ မရတော့တဲ့အရာတစ်ခုအတွက် ဘာမှ စိတ်ထဲ မထားတတ်တဲ့ အပြင် တနုံ့နုံ့နဲ့ အဖြစ်သဲနေတတ်သော သူမနဲ့ တကွ အုပ်စုတွင်းမှ တခြားသူငယ်ချင်းများကို စိတ်မရှည်တတ်သူ... ထမင်းစားချိန်ဆင်းလျှင် သူမက ကိုယ့်စားပွဲကိုယ်ထိုင် စားပြီးတာနဲ့ စာအုပ်ထုတ်ကျက်တတ်သူ... ကျွန်မကတော့ သူထမင်းကုန်လို့ စာအုပ်ထုတ်ပြီးဆိုတာနဲ့ အတန်းတွင်းလှည့်လည်ကာ တစ်ခြားသူငယ်ချင်းအုပ်စုများနဲ့ ဟင်းလဲစားတတ်သူ... သူငယ်ချင်း အချင်းချင်းစကားများလျှင်လဲ ကျွန်မက ဒေါသထွက်လို့ အော်ငေါက်တတ်သူ... သူမကတော့ ဘာမှ ပြန်မပြော နားမထောင် သူလုပ်ချင်ရာလုပ်သူ... ရန်ဖြစ်လို့ မခေါ်မပြောလဲ အဆုံးမှာတော့ ကျွန်မကပဲ မသိလိုက် မသိဖာသာ စပြီး စကားပြောရသူ... ကျွန်မစကားပြောရင်တော့ သူက စတယ်ကြီးနဲ့ မနေပဲ ဘာမှ မဖြစ်ခဲ့သလိုပုံစံမျိုးနဲ့ ကျွန်မကို ပြန်လက်ခံစကားပြောပြီး ခင်မင်မှု မပျက်ခဲ့သူ...
ကျွန်မက သူမကို အခင်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ခဲ့ပင်မဲ့... ထိုအချိန်က "ငါ့မှာ အခင်ဆုံးသူငယ်ချင်းမရှိဘူး" လို့ သူမက သတ်မှတ်ခဲ့ဖူးသူ... အဲဒိအချိန်တုန်းကတော့ ကျွန်မအတော်လေး ဒေါသထွက် စိတ်ဆိုးခဲ့ပြီး သူမကို ကျွန်မ လအတန်ကြာ ခပ်တန်းတန်းဆက်ဆံခဲ့တယ်... အဲဒိအချိန်ကတော့ သူမက သူမနဲ့ စရိုက်တူတဲ့ အုပ်စုထဲက တခြားသူငယ်ချင်းတွေနဲ့ နေပျော်နေတာပေါ့... ဒါပေမဲ့လဲ လူဆိုတာ ရေစက်ဆုံချင်တော့ သူမနဲ့ ကျွန်မက အိမ်ပြန် ကျောင်းကားချင်းလဲတူတယ်... ကျွန်မ သူမကို ကျောင်းခန်းထဲမှာ တခြားသူငယ်ချင်းတွေနဲ့ ပေါင်းလို့ ကြည့်မရပင်မဲ့... မနက်ကျောင်းလာချိန်နဲ့ ညနေကျောင်းပြန်ချိန်ကတော့ ကျွန်မတစ်ယောက်ထည်း သူမဘေးရှိနိုင်လို့ ကျောင်းကားစီးချိန်ဆို ပျော်ခဲ့ရသူ... သူငယ်ချင်းအုပ်စုထဲမှာ သူမ မောင်နှမတွေနဲ့ လဲ ကျွန်မကသိသူ... သူမအစ်ကိုနဲ့ ကျွန်မအစ်မနဲ့ ကမ္ဘာရန်သူလို မုန်းကြပင်မဲ့ (သူတို့ ရန်ဖြစ်ရခြင်းအကြောင်းရင်းကလဲ ကျွန်မတို့ ၂ယောက်နဲ့ ပတ်သတ်ပြီး အကြီး ၂ယောက် ရန်ဖြစ်ကြတာပါ)... ကျွန်မရယ် သူမရယ် သူမမောင်လေးရယ်ကတော့ အမြဲ ခင်မင်နေတတ်မြဲ... ဒီလောက် စရိုက်ချင်းမတူတဲ့ သူမနဲ့ ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို သူငယ်ချင်းဖြစ်လာလဲဆိုတာ ကျွန်မ မိသားစုက နားမလည်နိုင်သလို... ကျွန်မကိုယ်တိုင်လဲ သိပ်တော့ နားမလည်နိုင်... ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူမနဲ့ ရှိနေတဲ့ အချိန်မှာ ကျွန်မဟာ ကျွန်မအတိုင်းပဲရှိနေစရာလိုပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်...
ဒီလိုနဲ့ မူလတန်း... အလယ်တန်း... အထက်တန်း အတူတူ... ဒါပေမဲ့ အထက်တန်းပြီးတဲ့ အချိန်မှာတော့ ဘယ်သူဟာ သူမကို တကယ်စိတ်ရင်းနဲ့ ခင်လဲ... ဘယ်သူဟာ သူမကို သူငယ်ချင်းစိတ်မရှိပဲ ကိုယ့်ထက်သာ မနာလိုရှိလဲ ဆိုတာကို သူမ ကောင်းကောင်းသဘောပေါက်သွားခဲ့တယ်... ၁ဝတန်းပြီး သင်တန်းတွေ တက်တော့လဲ အိမ်က သူမနဲ့ဆို စိတ်ချတယ်... ဘာလို့လဲဆိုတော့ ကျွန်မက တစ်ခါတစ်လေ အိမ်ကို ညာပြီး သင်တန်းက တခြား သူငယ်ချင်းတွေနဲ့ အပြင်သွားရင် အိမ်က သူမဆီကို ဖုန်းဆက်လိုက်တာနဲ့ အမှန်အားလုံးကို အစ်မေးစရာတောင် မလိုသူ... နောက်ပိုင်း တက္ကသိုလ်တွေဖွင့်တော့ သူမက ဆေးကျောင်းတက်... ကျွန်မကတော့ စကာင်္ပူမှာ ကျောင်းတက်ဖို့ ရွေးချယ်ခဲ့တော့ တခါတလေ ကျွန်မသူ့အိမ်သွားမှသာ တွေ့ဖြစ်တော့သည်... သူလဲ သူ့ဆေးကျောင်းက သူငယ်ချင်း အသစ်တွေရ... ကျွန်မလဲ ကျွန်မ သင်တန်းက သူငယ်ချင်း အသစ်တွေရ... ဘယ်လိုပဲဖြစ်ဖြစ်... မတွေ့ဖြစ်တာသာရှိမယ်... ကျွန်မတို့ ၂ယောက်ရဲ့ ခင်မင်မှုက ပြန်တွေ့ရင် စိမ်းနေတာတို့... ပြောစရာစကားမရှိတာတို့ ဘယ်တော့မှ မဖြစ်ပါဘူး...
သူမနဲ့ တွေ့ရင် ကျွန်မ မိသားစုနဲ့ တွေ့သလိုပဲ ဘာမှ ထွေထွေထူးထူးပြောနေစရာမလိုလဲ သက်တောင့်သက်သာရှိနေတာပါပဲ... များသောအားဖြင့် သူမအိမ်မှာ အိမ်မကပ်တဲ့ ယောကျာင်္းသားတွေချည်းပဲမို့ အိမ်မှာ သူမ တစ်ယောက်ထဲ ရှိနေတတ်လို့ ကျွန်မက သူမအိမ်ကို သွားလည်တာ ပိုများပါတယ်... အဲလို သူမအိမ်ရောက်လို့ ဘာလုပ်နေလဲဆို... သူမကလဲ ဧည့်ထောက်ခံနေစရာမလိုသလို... ကျွန်မနဲ့ လဲ အချိန်ပြည့်စကားလာပြောနေစရာမလိုပါဘူး... ကျွန်မကလဲ သူမအိမ် သွားလည်တယ်... သူမရေခဲသေတ္တာဖွင့် စားချင်တာရှိရင် စားချင်တာစား... အိပ်ချင်ရင် သူမအိပ်ယာပေါ်အိပ်... ကိုယ့်အိမ်လိုပဲ လုပ်ချင်ရာ လုပ်ခွင့်ရထားပါတယ်... ကိုယ်မလုပ်တတ်ရင် "ငါ ကော်ဖီသောက်ချင်တယ်... ငါ ဗိုက်ဆာတယ် ထမင်းစားချင်တယ်" ဆိုပြီး သူမကို ခိုင်းတာပါပဲ... များသောအားဖြင့်တော့ ယောကျာင်္လေးတွေ များတော့ သူမအိမ်မှာ ချက်မစားကြဘူး... ညနေစောင်းလောက်ဆိုမှ သူ့မောင်လေးက သူ့အစ်မစားဖို့ ကြေးအိုးဆီချက်တို့ ထမင်းပေါင်းတို့ အထုပ်ကလေးဆွဲလာပြီး ကျွေးပါတယ်...
သူမအကြောင်းပြောရင် သူ့မောင်လေးအကြောင်းပါ နည်းနည်းပြောချင်လာတယ်... သူ့မောင်လေးနဲ့လဲ ငယ်ငယ်ကတည်းက ကျောင်းကားတူတော့ ခင်ခဲ့ရတဲ့ ကလေးပါ... သူတို့ မောင်နှမ ၂ယောက်က အရမ်းချစ်ကြတယ်... သူ့မောင်ကလဲ သူ့အစ်မကို ဂရုစိုက်တယ်... အိမ်မှာ ယောကျာင်္းလေးတွေနဲ့ ချည်းနေပင်မဲ့ ကျွန်မသူငယ်ချင်းက ဘာ အိမ်မှုကိစ္စမှ သိပ်လုပ်စရာမလိုဘူး... သူ့မောင်နဲ့ အဖေနဲ့က လုပ်တာများတယ်... ဒါပေမဲ့ သူ့မောင်နဲ့ သူနဲ့ကကျတော့ အကြိုက်ချင်း စရိုက်ချင်း သိပ်မတူဘူး... သူ့မောင်နဲ့ ကျွန်မနဲ့ က အကြိုက်ချင်း စရိုက်ချင်းတူတယ်... ဥပမာ... စကားများတာ... ဝေဖန်လေကန်ရေးလုပ်တာ.. ရုပ်ရှင်ကြိုက်တာ... အဆုံးစွန်ဆုံး ကျွန်မတို့ ၃ယောက်ကို စာစီစာကုံး ခေါင်းစဉ် ၃ပုဒ်ပေးရင် သူ့မောင်နဲ့ ကျွန်မနဲ့ ဖြေမယ့် ခေါင်းစဉ်က အတူတူပဲ... (အဲဒါကို စမ်းကြည့်ပြီးပြီ)... သူနဲ့ ခင်ရတာ ကျွန်မအတွက် မောင်တစ်ယောက်ပါ ထပ်ဆောင်းတိုးရသေးတယ်... သူကလဲ ပြောတယ်... နင်တို့ ၂ယောက်က မောင်နှမဖြစ်ရမှာတဲ့...
သူမအိမ်သွားလည်လို့ သူမက ဆေးကျောင်းက စာကုန်းကျက်နေတဲ့အချိန်... သူ့မောင်နဲ့ ကျွန်မက တီဗွီရှေ့ထိုင်ပြီး ကြည့်နေတဲ့ ဗွီစီဒီတွေ ဘာတွေကို ဝေဖန်လေကန်ရေးလုပ်နေတတ်ကြတယ်... တခါတလေ ဂိမ်းတွေ ဘာတွေဆော့ရင်လဲ ကျွန်မတို့ အငြင်းသန် ၂ယောက် ပြောသမျှကို သူမက ကြားကနေ ရီနေတတ်သေးတယ်...
လွန်ခဲ့တဲ့ ၄နှစ်လောက် တုန်းက စကာင်္ပူကနေ ကျွန်မ တစ်ယောက်တည်း မြန်မာပြည် ပြန်တုန်းက (ကျွန်မ တစ်မိသားစုလုံး စကာင်္ပူမှာ ကျန်ခဲ့တယ်) သူတို့ မောင်နှမ ၂ယောက်က ကျွန်မလုပ်ချင်တာ စားချင်တာ မှန်သမျှကို ဖြည့်စည်းပေးခဲ့တယ်... ကျွန်မ သူတို့ နဲ့ ကျိုက်ထီးရိုးသွားခဲ့တယ်... ကျွန်မဘဝမှာ ပထမဆုံးလူကြီးမပါပဲ.. ကျွန်မခေါင်းဆောင်လုပ်ပြီး သွားခဲ့တဲ့ ခရီးက သူတို့နဲ့ အကောင်အထည်ပေါ်ခဲ့တယ်... အဲဒိတုန်းက ကျွန်မက မြန်မာအမဲနှပ်ဟင်းစားချင်တယ်ဆိုလို့ သူတို့ တော့ ချက်မစားတတ်လို့.. ကျွန်မကို မြန်မာအမဲနှပ်စစ်စစ်ရတဲ့ ၁၅လမ်းထိပ်က ညဘက်မှဖွင့်တဲ့ လမ်းဘေးဆိုင်ကို ခေါ်သွားပြီး ကျွေးခဲ့တယ်... ဆိုင်အကောင်းစားကြီးမဟုတ်ပင်မဲ့ ကျွန်မစားချင်တဲ့ အရသာနဲ့ တစ်ထပ်တည်းကျပြီး စားကောင်းခဲ့လို့ သူတို့ မောင်နှမ ၂ယောက်လုံးကို ကျေးဇူးတင်တယ်...
ကျွန်မ သူမကို ခင်တယ်ဆိုပင်မဲ့ ငယ်ငယ်က "ငါ့မှာ အခင်ဆုံးသူငယ်ချင်းမရှိဘူး" လို့ သူပြောခဲ့တဲ့ အချိန်က စပြီး ကျွန်မ ပါးစပ်က ဘယ်တော့မှ မပြောတော့ဘူး... ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သူမကို ခင်တယ်... ဘာအကျိုးအမြတ်မှ မလိုချင်ပဲ ခင်တယ်... သူမ ဆရာဝန်မကြီး မဟုတ်လဲ ခင်တယ်... သူမ သူဋ္ဌေးသမီးမဟုတ်လဲ ခင်တယ်... သူမ ဘာကောင် ဖြစ်လာမလဲ မသိခင်ကတည်းက ကျွန်မခင်ခဲ့တယ်... အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့ အမျှ ကျွန်မရဲ့ ခင်မင်မှုက တန်ပြန်မှု ရှိတယ်ဆိုတာ ကျွန်မ သတိထားမိလာတယ်... သူမ ကျွန်မကို ခင်တယ် မခင်ဘူးဆိုတာကို ပါးစပ်ကနေလဲ စကားချိုချိုတွေနဲ့ ထုပ်ပြောနေစရာမလိုဘူး...ကျွန်မ ခံစားလို့ရတယ်...
ကျွန်မ စိတ်ညစ်နေတဲ့ အချိန်တွေမှာ လောကွတ်ချော်ပြီး ဘာတွေ စိတ်ညစ်နေတာလဲလို့ မမေးဘူး... ကျွန်မ စိတ်ညစ်တာတွေကို မေ့သွားအောင် တခြား အကြောင်းအရာတွေကို မသိချင်ယောင်ဆောင်ပြီး ပြောတယ်... ကျွန်မစိတ်ကြိုက်လိုက်လုပ်ပေးတတ်တယ်... ကျွန်မမြန်မာပြည်တစ်ယောက်တည်းပြန်လာတုန်းက အထီးကျန်ဆန်ပြီး ပျင်းနေမှာစိုးလို့ (သူမပါးစပ်ကတော့ မပြောပါ... ဒါပေမဲ့ ကျွန်မသိနေတာ) သူမ ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ခေါ်ပြီး မုန့်လုပ်စားဖို့ စီစဉ်ခဲ့သူ... သူမ ဟောက်စ်ဆင်းနေတဲ့ ဆေးရုံကို သူမနဲ့ ရောပြီး ဆရာဝန်ယောင်ဆောင်ပြီး ဆရာဝန်များနားနေခန်းမှာ တခြား ဆရာဝန်သူငယ်ချင်းတွေ (ငယ်ငယ်က အတန်းထဲက ဆေးကျောင်းဝင်တဲ့ သူတွေလဲရှိတော့ ကျွန်မနဲ့ သိပြီးသား သူငယ်ချင်းဟောင်းတွေ )နဲ့ လဲ ပြန်တွေ့ခွင့်ရခဲ့တယ်... သူမ မှာ ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးလိုက်လို့ မဗေဒါကတော့ ကျော်ခင်သွားတော့မှာပဲလို့ တွက်ချက်မနေတတ်ဘူး... (ဒါမှမဟုတ် ကျွန်မက သူမကို ကျော်ပြီး ဘယ်သူ့ကိုမှ ပိုမခင်ဘူးဆိုတာ သိနေလို့များလား... ဒါမှမဟုတ် ကျွန်မ ကျော်ခင်ချင်လဲ ခင် သူက ဂရုမစိုက်ဘူးဆိုတာများလား)... ကျွန်မရဲ့ တခြားသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလဲ ခုထက်ထိတော့ သူမက ကျွန်မကို ကျော်ပြီး ခင်တာ မရှိခဲ့ဘူး... ကျွန်မစိတ်ထဲမှာလဲ အဲဒါတော့ သူ့ကို ယုံနေတယ်... နောက်ပြီး ကျွန်မ ကြည့်မရတဲ့သူကိုလဲ သူကြည့်မရဘူး (ကြည့်မရဘူးလို့ ပါးစပ်က ထုတ်မပြောပင်မဲ့ သူ့စိတ်ထဲမှာ ကျွန်မဘက်က လုံးဝရပ်တည်တယ်ဆိုတာ အကြွင်းမဲ့ ယုံလို့ရတယ်)... ကျွန်မရန်သူဆိုရင်လဲ သူက မိတ်ဆွေမဖွဲ့မှာသေချာတယ်... သူ့မောင်လေးပါ အဲလိုပဲ... ကျွန်မ မကျေနပ်တဲ့သူတစ်ယောက်အကြောင်းပြောရင် သူက ကျွန်မဘက်ကနေ အဲလူကို ဝေဖန်ပေးနေတာ အားရစရာ... ဟိုလူကို ဘာမှ မထိခိုက်ပင်မဲ့ ကျွန်မစိတ်ထဲတော့ "အော်... သူတို့ ငါ့ဘက်မှာ ရှိပါလား " ဆိုပြီး အားတက်သွားတယ်လေ...
ဂျပန်မှာလဲ သူမက ၁လလဲ စောရောက်တယ် လူခံလဲရှိတယ်ဆိုပင်မဲ့... သူမ မေမေကလဲ အလုပ်နဲ့ဆိုတော့ အချိန်ပြည့်လိုက်မပို့နိုင်ဘူး.. သူမကလဲ အိမ်ထဲက အိမ်ပြင်တစ်ယောက်တည်း ထွက်တာမဟုတ်တော့ ဘာမှ လည်လည်ဝယ်ဝယ်မသိတာရော.. အဓိကနေရာတွေကိုလဲ ကျွန်မနဲ့ ကျမှ သွားမယ်ဆိုပြီး ချန်ထားတော့ သူလဲ ဘယ်မှ မရောက်ဖြစ်ဘူး.. ကျွန်မရောက်တော့ ကျွန်မက အင်တာနက်က ရှာလာတဲ့ ဒေတာတွေနဲ့ လည်တော့တာပေါ့... လေဆိပ်ကတောင်းလာတဲ့ မြေပုံရှိရင် ခြေစကြာင်္တပ်ထားတဲ့ အတိုင်းပဲ...
 အပြင်သွားရင် ကျွန်မကပဲ ဒီနေ့ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ရတာများတယ်... ကျွန်မတို့ ၂ယောက်တည်းပင်မဲ့ ပျော်နေကြတာပဲ... လူတွေ အများကြီးသွားတာထက်ပိုပျော်တယ်... စိတ်လွတ်လက်လွတ်နဲ့ ညှိစရာလဲ ၂ယောက်ပဲ ရှိတယ်... ဒါတောင် သူမက ကျွန်မလုပ်ချင်တာကို လိုက်လျောတာ များတယ်.. ကျွန်မက ၁ဝရက်ပဲ လာလည်တာကိုး... ကျွန်မ yakinuku စားချင်တယ်ဆိုလဲ သူမသိပင်မဲ့ ဖြစ်အောင် ဆိုင်ကို ခေါ်သွားပြီး ကျွေးတယ်... သူနဲ့ ကျွန်မနဲ့ Harajuku က ဦးထုတ်ဆိုင်မှာ အကြိုက်ချင်းတူနေလို့ မထူးပါဘူးဆိုပြီး ဆင်တူဝယ်ဖြစ်တဲ့ ပန်းရောင် ကပ်ဦးထုတ်လေးလဲ ရှိတယ်...
ဒါတောင် ဖူဂျီတောင်ကို တစ်ညအိပ်သွားမယ်ဆိုတော့ သူမက လက်မခံဘူး... သူက ယိုကိုဟားမားက Sea paradise သွားချင်တယ်တဲ့... ကျွန်မက စကာင်္ပူက underwarter world ကို မြင်ဖူးနေတော့ မသွားချင်ဘူး... ဒီလိုနဲ့ သဘောထားမတိုက်ဆိုင်ဖြစ်သေးတယ်... တစ်လျှောက်လုံး သူမက ကျွန်မလုပ်ချင်တာကို လိုက်လျောခဲ့တယ်ဆိုပေမဲ့... သူမ လုပ်ချင်တာ တစ်ခုရှိလာရင်တော့ သိတဲ့အတိုင်း ပြန်မပြောနားမထောင် အလွန်ခေါင်းမာတာ... နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်မပဲ အရင် လျော့လိုက်ရတယ်လေ... မလျော့ရင်လဲ ဒီခရီးက ဘယ်ပျော်ဖို့ကောင်းတော့မလဲ... ဖူဂျီတောင်ကို တစ်ညမအိပ်တော့ပင်မဲ့ ကျွန်မစီစဉ်တဲ့ Tour အဖွဲ့နဲ့ ၁ရက်စာ Package ဝယ်ပြီး သွားဖို့တော့ သူမ သဘောတူလိုက်ရတယ်... ကျွန်မကလဲ သူမနဲ့ တူတူ သူသွားချင်တဲ့ Sea Paradise သွားဖို့ ကို သဘောတူလိုက်တယ်... အဲဒိနေ့က Sea Paradise သူမကြောင့် ရောက်သွားတာ မှန်သွားတယ်... စကာင်္ပူကဟာနဲ့ မတူဘူး... သူက အကြီးကြီး ပြီးတော့လဲ လင်းပိုင်ရှိုး.. ဖျံ... ပင်ဂွင်းရှိုးလေးတွေက အစ ၁၀၀ သာတယ်.. သေချာ train ထားတာ... ပြီးတော့ လင်းပိုင်တွေ ဖျံတွေကိုလဲ ကိုင်လို့ရတယ်.. ဓာတ်ပုံ တူတူရိုက်လို့ရတယ်... နောက်ပြီး ကျွန်မအတွက် အတန်ဆုံးလို့ ထင်တာကတော့... ဂျပန်ကားတော်တော်များများက အဲဒိမှာ ရိုက်ဖူးတာ ရောက်တော့မှ သိနေတယ်.. ( Absolute Boyfriend, One Liter of tear, Brother beat , and many more) မင်းသမီး မင်းသား လျှောက်လည်တဲ့ အခန်းတွေဆို အဲဒိမှာရိုက်တာများတယ်...
တကယ်တော့ ကျွန်မအတွက် သူငယ်ချင်းဆိုတာ ထွေထွေထူးထူးတွေ ဘာမှ လုပ်ပြနေစရာမလို... ပါးစပ်က သကာလူးထားတဲ့ စကားချိုချိုတွေနဲ့ လောကွတ်လုပ်နေစရာမလို... အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ သူ့ရှေ့မှာ ဟန်လုပ်နေစရာမလိုသူ... ကိုယ်နဲ့နေ့တိုင်း သွားအတူ လာအတူမရှိနိုင်ပေမဲ့ လိုအပ်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာကအစ အထောက်အပံ့ပေးနိုင်သူ... သူပျော်နေတာကို ကြည့်ပြီး ကိုယ်လဲ လိုက်ပျော်နေအောင် လုပ်ပေးနိုင်တဲ့သူ လို့ပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတော့တယ်...
စကာင်္ပူမှာ သကာလူးထားတဲ့ စကားလုံးတွေနဲ့ အဆိပ်အတောက်တွေ ပေးတတ်တဲ့ သူငယ်ချင်းတွေကြောင့် စိတ်ညစ်ရတိုင်း ငါ့မှာ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိသေးပါလားဆိုပြီး တွေးတိုင်း အားပြည့်ခဲ့ရတယ်.... ကိုယ့်ဆီက တချိန်မှာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုပေါင်းနေတဲ့ ပတ်ဝန်းကျင်က အပေါင်းအသင်း အယောက် ၁၀၀ ထက် ကျွန်မ ရဲ့ အချစ်ဆုံး သူငယ်ချင်း ဒေါက်တာ နှင်း နဲ့ လုံးဝ မလဲနိုင်ပါဘူး....
အောက်က ဗွီဒီယိုလေးကတော့ ကျွန်မနဲ့ သူမရဲ့ သူငယ်ချင်း သက်တမ်း ၁၈ နှစ်ပြည့်အတွက် ဂျပန်တုန်းက လျှောက်သွားခဲ့တာလေးကို အက်ဒစ်လုပ်ထားတာပါ... သူမကို ခင်မင်တဲ့ စိတ်ကြောင့် မိုင်ပေါင်းထောင်ချီဝေးလဲ ကျွန်မ သူမနဲ့ တွေ့ချင်ခဲ့ပါတယ်... သီချင်းလေးကတော့ A Thousand Mile တဲ့.... 
Monday, October 19, 2009
သူငယ်ချင်းသည် လေပြေ
မြစ်လို့သာခေါ်တယ် ရေငံတွေနဲ့ ပြည့်နေတဲ့ ရေသေမြစ်ကြီးကို ငေးမောရင်း မရည်ရွယ်ပဲ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်မိတယ်... သြော် စဉ်းစားကြည့်တော့လဲ... ဒီကိုရောက်လာကတည်းက အချိန်အခါမရှိပဲ ရွာတတ်တဲ့ ကွက်ကြားမိုးရယ်... ကမ္ဘာစစ်ဖြစ်နေသလားလို့ ထင်ရလောက်တဲ့ မိုးခြိမ်းသံတွေရယ်... အနှစ်သာရမရှိတဲ့ မြှောက်ပင့်စကားတွေရယ်... မျက်နှာဖုံးပေါ်က ခပ်ပေါ့ပေါ့အပြုံးတွေရယ်... သူဘယ်သူလဲဆိုတာထက် သူဘာကောင်လဲ သူ့ဆီကဘာအကျိုးအမြတ်ရနိုင်လဲ ဆိုတဲ့ အကြည့်တွေရယ်... အို.. နောက်ဆုံး သစ္စာရှိပါတယ်ဆိုတဲ့ ပိတောက်တွေတောင် မိုးရွာပြီးတိုင်း တစ်နှစ်ပတ်လုံး ပွင့်နေကြလေရဲ့... ဒီလိုနဲ့ ကိုယ့်ကိုကိုယ်တောင် ပျောက်ဆုံးနေခဲ့တာ အတော်ကြာပြီပေါ့... ဟန်ဆောင်မျက်နှာဖုံးတွေ တတ်ထားတဲ့ အပေါင်းအသင်းတွေဟာ အကောင်းဆုံး သရုပ်ဆောင်ဆုရသွားတဲ့ မင်းသမီးထက်တောင် သရုပ်ဆောင်ပိုကောင်းလွန်းနေတော့ ကျမဝေခွဲရခက်ခဲ့တယ်... ဘယ်သူအစစ်လဲ ဘယ်သူအတုလဲလို့ ဝေခွဲရအောင် ကျမကိုယ်တိုင်ရော စစ်သေးရဲ့လား...
~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~
"ကျန်းမာရွှင်လန်းပါစေ ဆရာမ"
ဘယ်ကျောင်းနဲ့မှ မတူတဲ့ နှုတ်ခွန်းဆက်သံဟာ ကျမတို့ ကျောင်းသားချင်းတွေအတွက်တော့ စကားဝှက်လေးတစ်ခုလို ကွဲပြားနေစေခဲ့ပါတယ်... ဒီနှုတ်ဆက်သံလေးကို ကြားတာနဲ့ ဒါငါတို့ကျောင်းက ကျောင်းသားပဲလို့ သိသာထင်ရှားစေပါတယ်... နောက်ပြီး တခြားကျောင်းတွေလို အတော် အညံ့မခွဲပဲ နှစ်စဉ်နှစ်တိုင်း ဒီအတိုင်း ဒီသူငယ်ချင်းတွေနဲ့ သူငယ်တန်းက ၁၀ တန်းထိ ၁၁ နှစ်လုံးလုံးပြန်တွေ့ခွင့်ရတာလဲ ကျမတို့ကျောင်းပဲရှိမယ်ထင်ပါတယ်... ရည်ရွယ်ချက်ကတော့ စာပေမှာ အားနည်းတဲ့လူနဲ့ အားကောင်းတဲ့ သူကို ခွဲထားလိုက်ရင် အားနည်းသူက နည်းသထက်နည်းလာမှာ စိုးတဲ့အတွက်ပါ... ဒါကြောင့် တော်တဲ့သူက ညံ့တဲ့သူကို တပါတည်းဆွဲခေါ်နိုင်စေရန်အတွက် ရောထားခြင်းဖြစ်မယ်လို့ ကျမထင်ပါတယ်...
ယောကျာင်္းလေး မိန်းကလေးရောတဲ့ တစ်နေကုန်ကျောင်းဖြစ်တာကြောင့် နှစ်တွေ ကြာလာတာနဲ့ အမျှ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး တကယ်ကို မောင်နှမတွေလိုပဲ ရင်းနှီးမှုတွေလဲ ပိုခဲ့ကြပါတယ်... မနက် ကိုးနာရီ ၁၅ ကျောင်းခေါင်းလောင်းထိုးချိန်မှာ တူတူဘုရားရှိခိုးခဲ့ကြတယ်... စာသင်ချိန်မှာ တူတူ စာသင်ခဲ့ကြတယ်... စာမေးချိန်မှာ တူတူရင်ခုန်ခဲ့ကြတယ်... ထမင်းစားချိန်မှာ တူတူထမင်းစားခဲ့ကြတယ်... ညနေ ကျောင်းဆင်းချိန် ၃နာရီ ၁၅ မှာ တူတူ အိမ်ပြန်ခဲ့ကြတယ်.. (ဒီနေရာမှာ တူတူဆိုတာ သတ်မှတ်ထားတဲ့ အချိန်မှာ လုပ်ဆောင်ချက်တူတာကို ပြောတာဖြစ်ပြီး... တစ်စားပွဲတည်း ထမင်းစားတယ်... တစ်စားပွဲတည်းစာကျက်တယ်... တစ်လမ်းတည်း အိမ်ပြန်တယ်ကို ဆိုလိုခြင်းမဟုတ်ပါ...)
လူပေါင်း ၈၀ ကျော်ရှိတဲ့ ကျမတို့ အတန်းထဲမှာ လူတိုင်းနဲ့ ရင်းနှီးပေါင်းသင်းမနေဖြစ်ခဲ့ပင်မဲ့ ဘယ်သူဟာ ဘယ်လိုအကျင့်ရှိလဲ ဆိုတာ ငယ်ငယ်ထဲက တူတူကြီးပြင်းလာတဲ့အတွက် ဘယ်သူနဲ့မှ စိမ်းတယ်ရယ်လို့မရှိခဲ့ပါဘူး... ကျမတို့ စာသင်နှစ်မှာ ကျမတို့က ထိပ်ဆုံးတန်း အေခန်းဆိုပေမဲ့... တခြားအတန်းတွေနဲ့ ယှဉ်လိုက်ရင် အမြဲ ဘိတ်ရလို့ ဆရာမတိုင်းအော့ကျောလန်အတန်းလဲ ဖြစ်ခဲ့ပါတယ်... ရန်ဖြစ်ပြီလားဟေ့ဆိုလဲ ကျမတို့အတန်းပဲ... စာမေးပွဲအမှတ်ထွက်လို့ အမှတ်ပေါင်းတွေ ယှဉ်လိုက်လဲ ကျမတို့အတန်းက အနည်းဆုံးပဲ... ညနေသူများအတန်းတွေ ကျောင်းဆင်းလို့ တစ်တန်းလုံး ခုံပေါ်တက်လက်မြှောက်နေရတယ်ဆိုလဲ ကျမတို့အတန်းပါပဲ... ဒါပေမဲ့လေ ပြန်စဉ်းစားလိုက်တိုင်း ဒီအတန်းထဲမှာနေခဲ့ရလို့ ကျမဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး... ဒီသူငယ်ချင်းတွေနဲ့ ဆုံခဲ့ရတဲ့ ဒီကျောင်းခန်းဟာ ကျမအတွက်တော့ အမှတ်ရစရာတွေ အများကြီးပဲပေါ့...
ဘာပဲပြောပြော ဒီအတန်းထဲမှာ မျက်နှာဖုံးပေါ်က အပြုံးတွေမရှိခဲ့ဘူး... မုသားတွေနဲ့ တန်ဆာဆင်ထားတဲ့ မြှောက်ပင့်စကားတွေ မရှိခဲ့ဘူး... ပကတိရိုးသားတဲ့ ခင်မင်မှုတွေပဲ ရှိခဲ့တယ်... အော်... လွန်ခဲ့တဲ့ ၈နှစ်ကာလ တုန်းကအထိပေါ့...................
~~~~~~~~~~~~~ ။ ~~~~~~~~~~~~
Facebook က inbox ထဲမှာ message ရောက်နေတာတွေ့တော့ နည်းနည်းအံ့သြသွားတယ်... ဒါနဲ့ အမြန်ဖွင့်ဖတ်ကြည့်မိတယ်... ငယ်ငယ်က အတန်းထဲက သူငယ်ချင်း xxxxxx ဖြစ်နေတယ်... သူက ကိုယ်ပိုင် website ရှိလို့ ရှားရှားပါးပါး အဆက်သွယ်ပြန်ရထားတဲ့ ငယ်ငယ်က သူငယ်ချင်းပေါ့... ရန်ကုန်က ဆေးကျောင်းရသွားတဲ့ သူငယ်ချင်းတချို့နဲ့တော့ အွန်လိုင်းမှာ ပြန်တွေ့ပင်မဲ့ ကိုယ့်အလုပ်နဲ့ကိုယ်မအားကြတာနဲ့ အွန်လိုင်းရှိတယ်သာ ကြည့်ပြီး မချက်ဖြစ်ကြပါဘူး...
ဒီတစ်ခါတော့ Message ထဲမှာ သူငယ်ချင်းက သူ အင်္ဂလန်ကိုအပြန်မှာ စကာင်္ပူကို ဝင်ပြီး အေ ခန်းက စကာင်္ပူရောက်နေတဲ့ သူငယ်ချင်းအားလုံးကို စုပြီး Gathering လေးလုပ်မယ်လို့ပြောထားတယ်... ကျမအပြင် သူနဲ့ အဆက်အသွယ်ရနေတဲ့ တခြား အေ ခန်းက ယောကျာင်္းလေးတွေရှိတယ်တဲ့... ကျမလဲ သိတဲ့သူရှိရင် ခေါ်ခဲ့ပါတဲ့... ဒါဟာ ၈နှစ်အတွင်းမှာ ပထမဆုံး ကျမတို့ ပြန်ဆုံရခြင်းပေါ့....
အဲဒိနေ့က ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရမှာမို့ အတိုင်းမသိဝမ်းသာနေမိတယ်... ငယ်ငယ်က အတန်းထဲမှာ စကားလေးလုံးကွဲအောင်တောင် မပြောဖူးပေမဲ့ ဘယ်သူက ဘာအကျင့်ရှိတယ်... ဘယ်လိုဆိုတာတော့ မေ့လို့မရခဲ့ပါဘူး... ပြန်တွေ့ရင် မှတ်မိပါ့မလားလို့လဲ စိုးရိမ်စိတ်ပိုခဲ့မိပါတယ်... ဖုန်းစကားပြောကြည့်တော့ ဖုန်းထဲက အသံတွေကတော့ ဟန်ဆောင်မှုကင်းပြီး ရင်းရင်းနှီးနှီးရှိလှပါတယ်... အေ ခန်းက မိန်းကလေး ၂ယောက်ဖြစ်တဲ့ ကျမနဲ့ ကျမရဲ့သူငယ်ချင်း ချိန်းပြီး သူတို့နဲ့ ချိန်းထားတဲ့ Raffle city က Starbuck ကော်ဖီဆိုင်ကို ရောက်တော့ ထင်မထားတဲ့ အတန်းဖော်တွေကိုပါ တွေ့လိုက်ရပါတယ်... တချို့လဲ ဝလာတယ်... တချို့လဲ အရပ်တွေရှည်လာတယ်... ဘယ်လိုပဲဖြစ်ဖြစ် မပြောင်းလဲတာကတော့ အားလုံးရဲ့ ပကတိရိုးသားတဲ့ အပြုံးတွေပါပဲ...
အဲဒိနေ့က ထူးထူးခြားခြား စကာင်္ပူမှာ နေတာသာ ကြာတယ် ကျမတစ်ခါမှ မလုပ်ဖြစ်ခဲ့တာတွေ လုပ်ဖြစ်ခဲ့တယ်... ပထမဆုံး ကျမတို့နေ့လည်စာစားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတယ်... လတ်တလော အခြေအနေတွေကို မေးကြတယ်... ငယ်ငယ်ကလို ဘာစာတွေရပြီလဲဆိုတဲ့ topic ကနေ ခုတော့ ဘာအလုပ်လုပ်နေလဲ... ဘယ်သူတွေကတော့ အိမ်ထောင်ကျသွားပြီလဲ ဆိုတဲ့ Topic တွေဖြစ်လာလို့ ကိုယ့်ကိုကိုယ် အသက်ကြီးလာပြီဆိုတာတော့ သတိထားလိုက်မိသေးတယ်... နောက်တော့ explanade ဘက်သွားမယ်ဆိုပြီး တိုက်စီပေါ်ရောက်မှ အင်္ဂလန်သားက Singapore Flyer ကြီး စီးရအောင်ဆိုလို့ အားလုံး စိတ်တူကိုယ်တူ စီးဖြစ်ခဲ့ကြတယ်... စကာင်္ပူမှာ နေနေတဲ့ ကျမတို့အားလုံးကိုမေးကြည့်တော့ ကျမအပါအဝင် တစ်ယောက်မှ မစီးဖူးကြဘူး... ဒီလိုနဲ့ Singpore flyer ရဲ့ ပထမဆုံး အတွေ့အကြုံကို ၈နှစ်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ဖန်တီးဖြစ်ခဲ့တယ်...
နောက်... explanade ဘက်ကို လမ်းလျှောက်ရင်း တခါမှ ထိုင်မကြည့်ဖူးတဲ့ အဲဒိက evening Free show ကိုလဲ သူတို့နဲ့ ထိုင်ကြည့်ဖြစ်ခဲ့တယ်... အမှတ်အရဆုံးကတော့ တစ်ခါမှ မစီးဖူးတဲ့... စီးဖို့လဲ စိတ်ကူးမရှိခဲ့ဖူးတဲ့... Singapore River ထဲက မော်တော်ဘုတ်ကို အင်္ဂလန်သားရဲ့ ဆန္ဒကို ဖြည့်စည်းရင်း အားလုံး တပျော်တပါးစည်းဖြစ်ခဲ့ကြတယ်... စီးကြည့်တော့လဲ မဆိုးပါဘူး... မော်တော်ထဲက အမြင်ကတော့ ခါတိုင်း မြင်နေကျထက် တစ်မျိုးတော့ ဆန်းပါတယ်... ဘာပဲပြောပြော ကျမ ဒီအရာတွေကို တစ်ခါမှမလုပ်ဖူးတာ သူတို့နဲ့ အမှတ်တရဖြစ်ဖို့ တမင်ချန်ထားသလိုဖြစ်နေတဲ့အတွက် ကျမရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရ ထင်ကျန်နေအုံးတော့မှာပါ...
အချိန်မလောက်တဲ့အတွက် ဆန်တိုဇာ East Coast လိုက်ပို့ပေးချင်ပင်မဲ့ ဒီမှာတင်ရပ်ပြီး အားလုံး စီးတီးဟော ပင်နီဇူလာပလာဇာရှေ့မှာ လမ်းခွဲခဲ့ကြတယ်... ထမင်းဘယ်မှာစားမလဲ တိုင်ပင်နေတာနဲ့တင် အင်္ဂလန်က သူငယ်ချင်းကိုတောင် ကောင်းကောင်းမွန်မွန် goodbye မပြောနိုင်ခဲ့ဘူး... ဒါလဲကောင်းပါတယ်... Goodbye ဆိုပြီး နှုတ်ဆက်လိုက်လို့ နောက်ပြန်မတွေ့မဲ့သူတွေမှ မဟုတ်တာ... ဒီလိုပဲ ယုံကြည်ထားတယ်... ကျမတို့ အမှတ်ရနေသ၍ အမြဲနီးစပ်နေမဲ့ ပတ်သတ်မှုတစ်ခုပဲမဟုတ်လား...
ဒီလိုနဲ့ နောက်ရက်တွေမှာ ကိုယ့်အလုပ်ကိုယ်လုပ်... ကိုယ့်ဆိုင်ရာ ကိုယ်ပြန်သွားကြပင်မဲ့... လွန်ခဲ့တဲ့ ၈နှစ်ကလို အဆက်သွယ် မပြတ်ရလေအောင် Facebook မှာ ကျမတို့ အတန်းအတွက် သီးသန့် Group လေးတစ်ခုဖွဲ့ပြီး နိုင်ငံပေါင်းစုံမှာရောက်နေတဲ့ အေခန်းက သူငယ်ချင်းတွေအတွက် စုံစည်းရာလေးတစ်ခုကို ဖန်တီးခဲ့တယ်... Facebook ကျေးဇူးကြောင့်ပဲ နောက်ထပ် နောက်ထပ် အဆက်သွယ်ပြတ်နေခဲ့တဲ့ ငယ်သူငယ်ချင်းတွေအများကြီးနဲ့ အဆက်သွယ်ပြန်ရခဲ့တယ်... ခုဆို မန်ဘာ ၃၄ ယောက်ရှိတဲ့ ကျမတို့ အဖွဲ့လေးဟာ အတော်လေးစိုပြေနေလေရဲ့... ဘယ်သူမှ မသိအောင် ဖွင့်ထားတဲ့ ကျမရဲ့ မဗေဒါဘလော့လေးကိုလဲ ခုဆို အားလုံးသိကုန်ကြလေရဲ့... စကာင်္ပူရောက် အေတန်းသူငယ်ချင်းတွေနဲ့ တော့ ခဏခဏတွေ့ဖြစ်သေးလေရဲ့...
~~~~~~~~~~~ ။ ~~~~~~~~~
ရေငံတွေပြည့်နေတဲ့ ရေသေစကာင်္ပူမြစ်ကြီးကို ငေးကြည့်ရင်း ကျမမျက်နှာပေါ် အပြုံး တစ်ချက်ပွင့်သွားခဲ့တယ်... ဘေးလူတွေ မမြင်အောင် အမြန်ပြန်သိမ်းလိုက်ပင်မဲ့ စိတ်ထဲမှာတော့ ပေ့ါပါးလန်းဆန်းနေတယ်... သရုပ်ဆောင်ကောင်းတဲ့ အသိုင်းအဝိုင်းကြား လူမှုရေးဆိုတာအတွက် ကျမလဲ လိုက်သရုပ်ဆောင်နေရပင်မဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်... အရင်က ငါများတစ်ခုခုမှားနေလို့ လူတွေကငါ့ကို အစစ်အမှန်မဆက်ဆံကြတာလားဆိုပြီး လောကကြီးနဲ့ အံချော်နေခဲ့ပင်မဲ့... ဒီငယ်သူငယ်ချင်းတွေနဲ့ တွေ့တိုင်းတော့ ကျမအစစ်ကို ကျမရှာတွေ့ခဲ့တယ်...
၈နှစ်ကျော်ကြာခဲ့ပင်မဲ့ ကျမကို မှတ်မိပေးနေတဲ့ အတွက် သူငယ်ချင်းတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ချင်တယ်...
တကယ်တော့ သူငယ်ချင်းဆိုတာ လေပြေလိုပါပဲ... လေကို အမြဲရှူသွင်းနေချိန်မှာ သတိမထားမိခဲ့ပင်မဲ့ လေမရှိတော့တဲ့အခါမှ အသက်ဆက်ရှင်သန်နိုင်စွမ်းမရှိသလိုပါပဲ... ငယ်ငယ်က သူတို့နဲ့ တူတူရှိခဲ့တဲ့ အချိန်မှာ တန်ဖိုးမထားမိပင်မဲ့ သူတို့နဲ့ ဝေးခဲ့ပြီး ဘဝလမ်းကို တစ်ယောက်ထဲ လျှောက်နေချိန်မှာတော့ သူတို့ရဲ့ တည်ရှိမှုဟာ အဖိုးမဖြတ်နိုင်ဘူးဆိုတာကို ကျမ စတင် သဘောပေါက်သွားတဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ဟာ အမှတ်ရစရာနေ့လေးတစ်ခုဖြစ်ခဲ့ပါတယ်...
(Friends are like the air. You didn't notice when they are around but you can't live without them. So Value every moment and enjoy when you are with your friends. Grab every chances to meet with them)
P.S မမယ်ကိုး အကြံပေးချက်အရ သူငယ်ချင်းသည်လေပြေ လို့ ပိုစ့်လေးကို နာမည်တတ်ပေးလိုက်ပါတယ်...
Friday, July 17, 2009
Tokyo Disney Sea 2 (သို့) ဂျပန်ခရီးစဉ် Day 4
မေဖလားဝါးရဲ့ သတိပေး တောင်းဆိုချက်အရ ဇန်န၀ါရီလကတည်းက မရေးဖြစ်ပဲ တန်းလန်းဖြစ်နေသည့် ဂျပန်ခရီးစဉ် တိုကျို ဒစ်စနေစီး အပိုင်း (၂)ကို ဆက်လက် ရေးသားမှတ်တမ်းတင်ပါမည်… အပိုင်း(၁)ကို ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်… အပိုင်း(၁)တွင် ထိုနေ့အတွက် ဗွီဒီယိုကိုလဲ အတိုချုံး ဖော်ပြပေးခဲ့ဖူးပါသည်...
Mermaid lagoon က ထွက်ခွာပြီး ၄င်းနှင့် မျက်နှာချင်းဆိုင်မှာမြင်နေရသော ဗလီလိုလိုပုံစံမျိုး အဆောက်အအုံတွေဘက်ကို ဦးတည်ခဲ့ကြသည်… မြေပုံပါအရ Arabian Coast လို့ ခေါ်သည်… ထိုနေရာတွင်လဲ Fast Pass သုံးလို့ရသော Theater တစ်ခုရှိသည်… အပိုင်း(၁)တွင် ဖော်ပြခဲ့သည့်အတိုင်း Fast Pass သုံးရခြင်းမှာ လူကြိုက်များသော… လူကျပ်သော နေရာများဖြစ်သဖြင့် ကျူတန်းရှည်တတ်ခြင်းဖြစ်သည်… Theater ဆိုတော့ သည်းထိတ်ရင်ဖို စီးစရာမဟုတ်သော်ညား Mermaid Lagoon Theater တုန်းက အလွန်မှ စိတ်ကျေနပ်ခဲ့ရသောကြောင့် စဉ်းစားမနေတော့ပဲ ကြည့်မည်ဟုဆုံးဖြတ်ခဲ့သည်… Theater နာမည်ကတော့ Magic Lamp Theater ဖြစ်သည်… အာလာဒင်ရဲ့ တိုင်းပြည်ပုံစံမျိုးဆောက်ထားခြင်းဖြစ်သည်…
ထို အဆောက်အအုံများ ရှိသည့် ၀န်းထဲဝင်လိုက်သည်နှင့် Mermaid Lagoon မှာ ကားခဲ့သော ရေသူမကာတွန်းကားသီချင်းများ… ရေသံလေးများ မကြားရတော့ပဲ… ပုလွေလိုလို… ဘာလိုလိုနဲ့ အာလာဒင်ကာတွန်းကားထဲက သီချင်းသံမျိုးတွေကို ကြားရကာ ခံစားမှုက တကယ်ကို ပြောင်းလဲသွားသည်… အကြားအာရုံ… အမြင်အာရုံ… ဂီတနှင့် လူတွေရဲ့ စိတ်ကို ပြောင်းလဲအောင် ဖန်စားနိုင်လို့ Disney Land ဆိုတာ ကမ္ဘာမှာ နာမည်ကျော်ခြင်းဖြစ်မည်… ၀န်ထမ်းများ၏ ၀တ်စုံတွေကလဲ Mermaid Lagoon ကဲ့သို့ ရေသတ္တ၀ါများမဟုတ်တော့ပဲ အာရပ်နိုင်ငံသားများလို ၀တ်ဆင်ထားကြသည်…
ဝင်ပေါက်လက်ဝဲဘက်တွင် ရေသန့် အအေး ရေခဲမုန့် လှည်းနှင့်ရောင်းသော ဆိုင်လေးရှိပြီး.. အဲဒိနောက်က အဆောက်အအုံထဲမှာတော့ စားသောက်ဆိုင်ရှိသည်… မြေပုံထဲတွင်တော့ Sindbad’s Storybook Voyage လို့ ရေးသားထာပြီး အဆောက်အအုံထဲ အစပိုင်းလောက် အနည်းငယ်ဝင်ကြည့်တော့လဲ ဘာမှ သိပ်စိတ်ဝင်စားစရာမတွေ့…
လက်ယာဘက်အဆောက်အအုံတွင် ၂ထပ်ကွမ်း Ferry Wheel အဆောက်အအုံ ရှိသည်… မြေပုံထဲမှာတော့ Caravan Carousel ဆိုပြီးရေးထားလို့ အစကဘာများလဲလို့တောင်ထင်မိသည်… နောက်မှ Ferry Wheel ကို မြင်းပုံလေးတွေအစား ဂန္တာရတိရိစ္ဆာန်တွေပုံမျိုး အပြင်အဆင်ပြောင်းထားခြင်းသားဖြစ်သည်… Ferry Wheel ကတော့ ကလေးတွေစီးတာဖြစ်ပြီး သိပ်စိတ်လှုပ်ရှာဖို့ မကောင်းတာတစ်ကြောင်း မနေ့က Disney Land မှာလဲ စီးခဲ့ပြီးတာတစ်ကြောင်းတို့ကြောင့် ထပ်မစီးချင်တော့ပါ…
ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင်ပင် Magic Lamp Theater ဆိုသည့် ဆိုင်းဘုတ်တပ်ထားသည့် အတော်လေး ကြီးမား ခန့်ညားသည့်အဆောက်အအုံးကြီးကို တန်းတန်းမတ်မတ်တွေ့ပါသည်… ကြည့်လိုက်တော့ တန်းစီနေသောသူများကလည်းအတော်များသည်… ကံကောင်းချင်တော့ ကျမတို့ မနက်က သရဲအိမ်အတွက် Fast Pass ယူထားခဲ့သော အချိန်မှာ မနက် ၁၀နာရီခန့်ကဖြစ်ပြီး ယခု အချိန် နေ့လည် ၁နာရီခွဲလောက်ရှိပြီဖြစ်သဖြင့် ကျမတို့အတွက် Fast Pass နောက်တစ်ခု ယူမည်ဆိုလျှင် လည်းကောင်း … Magic Lamp အတွက် Fast Pass Available လဲ ဖြစ်သေး
သည်ဆိုလျှင်လည်းကောင်း ယူလို့ရသေးသောအခွင့်အရေးကို သွားသတိရမိကြသည် (Fast Pass rule ကို နားလည်စေရန် အပိုင်း (၁) တွင် ရှင်းပြပြီးဖြစ်သည်)… ထို့ကြောင့် သူငယ်ချင်း ၂ယောက် Fast Pass စက်တွင် အရင်ဦးဆုံးသွား ကြိုးစားကြည့်ကြသည်… ကံကောင်းထောက်မစွာပင် ကျမတို့ ၂ဦးအတွက် ပွဲချိန်၂နာရီ ၁၅မိနစ်အတွက် Fast Pass ရခဲ့သည်… ထိုအခါ ကျမတို့အတွက် အခက်တွေ့ရသည်မှာ ကြားတွင် ၄၅ မိနစ်ပိုနေပြီး… မနက်က ယူထားသော သရဲအိမ်အတွက် အချိန်မှာ ညနေ ၃နာရီမှ ၃နာရီခွဲကြား ဖြစ်သည်… Magic Lamp ပြပွဲက မည်မျှကြာမြင့်မည်ကို ကျမတို့ ၂ဦးမသိ… ထို့အပြင် Magic Lamp ရှိသောနေရာနှင့် Terror House (သရဲအိမ်) ရှိသောနေရာမှာ အတော်လေးဝေးသည်… သရဲအိမ်က ပန်းခြံဝင်ပေါက်အနားတွင်ဖြစ်သည်… လမ်းလျှောက်သွားလျှင် မိနစ် ၂၀မျှကြာမည်… Disney Land ဆိုတဲ့ကစားကွင်းကလည်း အတော်မှ ကျယ်သကိုး… (ပိုမို ပေါ်လွင်နားလည်စေရန်သော်လည်းကောင်း… ဂျပန်တိုကျို ဒစ်စနေစီးကို သွားမယ်သူများအတွက် အသုံးဝင်စေရန်လည်းကောင်း တိုကျိုဒစ်စနေစီးမြေပုံကို ဒီမှာ ဒေါင်းလုပ်ယူနိုင်ပါတယ်…)
လက်ယာဘက် မျှားအသေးပြထားသောနေရာမှ လက်ဝဲအောက်ထောင့်ရှိ သရဲအိမ်သို့ သွားရမှာဖြစ်ပါတယ်...
အချိန်က ကွက်တိဖြစ်ပြီး အမြန်ပြေးနိုင်မှရမည်ဖြစ်သည်… သရဲအိမ် Fast Pass က ၃နာရီခွဲနောက်ဆုံးထားကာ သွားလို့ရသေးသည်… ထို့ကြောင့် ကသုတ်ကရိုက်အ
နည်းငယ်ဖြစ်ရုံကလွဲ၍ သိပ်စိတ်ပူစရာတော့ မလိုလှပေ…
Ariel’s Greeting Grotto
ပြပွဲမစမှီ ၄၅ မိနစ်လိုနေသေး၍ အနီးအနား ဓာတ်ပုံရိုက်ရင
်း လျှောက်ကြည့်ရာ Ariel’s Greeting Grotto ဆိုတဲ့ နေရာလေးတစ်ခုကို အမှတ်မထင်ရောက်သွားပါတယ်… တန်းစီနေတဲ့သူလဲ သိပ်မရှိတာရော… ဘယ်လောက်ကြာစောင့်ရမလဲလို့ ၀န်ထမ်းမိန်းမကိုမေးကြည့်တော့ ၂၅ မိနစ်ပဲတဲ့… ဒီလိုနဲ့ပဲ ကျမတို့လဲ အတော်ပဲဆိုပြီး ဘာမှန်းမသိပင်မဲ့ ၀င်တန်းစီလိုက်ပါတယ်… နောက်တော့ ရှေ့မှာတန်းစီနေတဲ့သူတွေနဲ့ နောက်မှာ လာတန်းစီတဲ့သူတွေကို အကဲခတ်လိုက်တော့ ၄ ၅ နှစ်အရွယ်ကလေးတွေနဲ့ သူတို့ မိဘတွေများသည်… သေချာတာတော့ ကလေးကြိုက်တစ်ခုခုဖြစ်မည်ဟု ယူဆမိသည်… မိနစ် ၂၅ ကြာမည်သာပြောသော်လည်း တကယ်တန်းတော့ ၃၅မိနစ် လောက် စောင့်လိုက်ရသည်… ကိုယ်ကလဲ တန်းစီနေတာ အတော်လေး ရှေ့ရောက်နေပြီဆိုတော့ စိတ်ထဲမှာ လောနေပင်မဲ့ ဆက်စောင့်လိုက်သည်… နောက်မှ သိသည်… Ariel’s Greeting Grotto ဆိုတာ ရေသူမ ကာတွန်းကားထဲက မင်းသမီး ရေသူမလေးပုံမျိုး ၀တ်ထားသော အနောက်တိုင်း အမျိုးသမီးတစ်ဦးနှင့် ဓာတ်ပုံတွဲရိုက်ခြင်းဖြစ်သည်… ကိုယ်ပိုင် ကင်မရာဖြင့် ၁ပုံရိုက်ခွင့်ရှိပြီး… သူတို့ ကင်မရာဖြင့်ရိုက်ကာ ပိုက်ဆံပေးရွေးနိုင်သည်… ထို့ကြောင့် ကျမသူငယ်ချင်း ကင်မရာဖြင့်သာ ကျမတို့ ၂ယောက်တူတူ ရိုက်ခဲ့သည်… (ယခုထက်ထိ အဲဒိ ဓာတ်ပုံကို ကျမဆီ သူ မပို့သေးပါ… ဟွန်း) ဘိုမက အတော်ချောသည်… စောစောက ကြည့်ခဲ့သော Mermaid Lagoon Theater က ဘိုမနဲ့ တစ်ယောက်ထဲလားထင်ရလောက်အောင် ဆင်တူသည်… ၁ယောက်ထဲတော့မဖြစ်နိုင်… တစ်ချိန်တည်းမှာ ဓာတ်ပုံလဲ အရိုက်ခံ ဂျွန်ဘားလဲ ပြနိုင်မည်တော့ မဟုတ်ချေ… ဆင်တူချင်းသာဖြစ်မည်… ချောလိုက်တာတော့ မှုန်နေအောင်ပင်ဖြစ်သည်… အဆင်ပြေသည်က သူနှင့် အင်္ဂလိပ်လို ပြောလို့ရသဖြင့် ကိုယ်နဲ့ ကောင်းကောင်း Communicate လုပ်လို့ရသူရှိလို့ အားတက်မိသည်… နောက်မို့ဆို “ဟိုင်း” နဲ့ “အီရဲ့” ၂ခုနဲ့တင် ရွာလည်နေသည်… ဒါပေမဲ့လဲ ကြာကြာ လေမရှည်ဖြစ်ခဲ့ပါ… ဓာတ်ပုံရိုက်ပြီးသည်နှင့် ကျမတို့ ၂ယောက်လဲ အမြန် Magic Lamp Theater ဘက်ကို ပြေးကြတော့သည်…
Magic Lamp Theater
Magic Lamp Theater ရှေ့ တန်းစီနေသောသူများနှင့်အတူ...
ဟိုရောက်တော့ လူတွေ ၀င်နေကြပြီ… ကျမတို့က အတော်ပင်… တန်းစီစရာမလိုပဲ ဘေးမှနေ၍ Fast Pass ပြကာ တန်းဝင်သွားလို့ရသည်… (အရသာရှိလိုက်လေခြင်း)… အထဲရောက်တော့ ပွဲဈေးတန်းက မျက်မှန်ပုံမျိုး ကော်မျက်မှန်တွေကန်းသည်… ဘာရယ်မှန်းတော့ မသိ… ပေးတော့လဲ ယူပြီး ကောက်တတ်ကြည့်လိုက်သည်… ဘာမှလဲ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိ… အတွင်းပိုင်း အပြင်အဆင်ကတော့ ရတနာ ဗုံးတွေလိုလိုဘာလိုလိုပုံထားပြီး အပုံရဲ့ အလယ်ထိပ်နားမှာ မြွေထည့်ထားတဲ့ အိုးလိုလို ပလိုင်းလိုလိုပုံလေးရှိသည်… ခဏနေ ရုံပိတ်ပြီးတော့ အဲဒိထဲက မြွေရုပ်ထွက်လာပြီး ပုံပြင်စပြောသည်… ဘာမှ သိပ်ထူးထူးခြားခြားမရှိလှ… မတ်တပ်ရပ်ပြီးကြည့်ရသေးသည်… ကိုယ့်ရှေ့က အရပ်ရှည်တဲ့သူလာပိတ်ရင် မမြင်ရသေး… မြွေကလဲ ဂျပန်စကားပြောနေတာဖြစ်သည်… တစ်လုံးမှ နားမလည်… တစ်ခါတစ်လေတော့ နံရံတွေပေါ်မှာ ပရိုဂျက်တာနဲ့ အာရပ်လူမျိုးကောင်လေးပုံစံနှင့် ကာတွန်းလေးတွေပြသည်… အဲဒိမြွေက အဲဒိ ကောင်လေးအကြောင်း ပြောနေပုံရသည်… သူတို့ကမ်းတဲ့ မျက်မှန်တပ်ကြည့်ရင်များထူးခြားမလားလို့ တပ်ကြည့်တော့လဲ ဘာမှ မထူးခြား… ပြေးလာရကျိုး မနပ်လေခြင်းဆိုပြီး နဲနဲလေးတော့ စိတ်ပျက်သွားသည်…
ဒါပေမဲ့ ၁၅ မိနစ်လောက်နေပြီးတော့ ပြီးသွားပြီထင်ထားပင်မဲ့… မထင်မှတ်ပဲ အတွင်းဘက်က နံရံကြီးက ပွင့်သွားကာ နောက်ထပ် ဇာတ်ရုံတစ်ရုံထဲကို ၀န်ထမ်းတွေက ဦးဆောင်ခေါ်သွားသည်… အတွင်းပိုင်း ဇာတ်ရုံက အတော်သားနားသည်… ငယ်ငယ်က မြန်မာပြည်မှာ အမျိုးသားဇာတ်ရုံသွားတုန်းက ခံစားချက်မျိုးဖြစ်သည်… အမျိုးသားဇာတ်ရုံလို ထိုင်ခုံနေရာချထားခြင်းဖြစ်သည်… ပြီးတော့ လူတွေကို စနစ်တကျ အတန်းအလိုက် ထိုင်စေသည်… ဘယ်သူမဆိုတော့ စင်နဲ့တည့်တည့်အလယ်မှာ ထိုင်ချင်မည်ဖြစ်သည်… ထိုအထဲတွင် ကျမတို့ သူငယ်ချင်း ၂ယောက်လဲပါသည်… ထို့ကြောင့် အတန်းတစ်တန်းအစတွင် အရင်ဆုံးဖြစ်ရန် ချိန်လျှောက်ပြီး ၀င်လိုက်သည်… သို့သော် ဒီမှာလဲ အထာမသိ၍ ထပ်ခံလိုက်ရပြန်သည်… ခုံတန်းစစချင်း ၀င်လိုက်သောကြောင့် ဟိုးဘက် အတွင်းဘက်အထိကိုယ်က ၀င်ပေးရသည်… သို့မှသာ နောက်လူများကလဲ လမ်းကိုပိတ်မိခြင်းမရှိပဲ ကိုယ့်နောက်ကနေ အစဉ်လိုက်နေရာယူနိုင်မည်ဖြစ်သည်… ကျမတို့ အနေနှင့် ကိုယ်က ရှေ့ကလူပဲ ငါကြိုက်တဲ့ အလယ်ခုံမှာပဲ ထိုင်လိုက်မှာပေါ့ဟု တယူသန် အတ္တကြီးလိုက်လို့ရပေမဲ့… တခြားမည်သူမှ အဲလိုလုပ်သည်ကိုမတွေ့သည့်အပြင်… အားလုံးက နိုင်ငံကြီးသားပီသစွာ အစဉ်လိုက်အတိုင်းသာ အေးဆေးထိုင်ကြသည်… ကျမတို့လဲ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာကျမည်စိုးသဖြင့် နိုင်ငံကြီးသား ပီသစွာ ဟိုးဘက် အတွင်းဘက် ထောင့်ခုံမှာ အောင့်သက်သက်နှင့် ထိုင်လိုက်ကြပါသည်… (အောင့်သက်သက်ဖြစ်ရခြင်းမှာ ကျမတို့ အတွက် အဲဒိနေရာကို နောက်ထပ်ရောက်ဖို့ ဆိုသည်မှာ မသေချာ… အသေချာဆုံးအချိန်တွင် ရသမျှကို ဖြစ်နိုင်လျှင် အကောင်းဆုံးလိုချင်သည်… သူတို့ ဂျပန်တွေအတွက်က ဘယ်အချိန်လာလာ လာလို့ရနေသောနေရာမဟုတ်ပါလား…)
တော်ကြာ ဒီလောက်နေရာလေးကိုတောင် အဆင့်မရှိလိုက်လုနေတယ်ဆိုလျှင် ဂျပန်လိုလဲ မပြောတတ်… မျက်နှာကလဲ ဘိုမ မဟုတ်တော့ ဘယ်နိုင်ငံကလဲဆိုရင် မြန်မာပြည် ကိုယ့်ကြောင့် သိက္ခာထပ်ကျနေမှာစိုးသဖြင့် ဘယ်သူမှ မပေးပေမဲ့ ကိုယ့်ကိုကိုယ် နိုင်ငံ့ဂုဏ်ဆောင်ဘွဲ့ပေးကာ စိတ်ဖြေသိမ့် ဂုဏ်ယူနိုင်ခဲ့သည်…
သို့သော်ပွဲစပြတော့ အရာရာမေ့ကာ ပွဲထဲမှာ မျောပါသွားသည်… စစချင်း အာလာဒင်မီးခွက်ပိုင်ရှင် မင်းသားလေးပုံ ၀တ်ထားတဲ့ ဂျပန်ကောင်လေးတစ်ယောက်စင်ပေါ်ကိုထွက်လာပြီး ဂျပန်လိုတွေ ဇာတ်ခင်းသည်… နောက်လူဆိုးတစ်ယောက်လဲပါသည်… နောက်ပြီး အပေါ်က ပိတ်ကားပေါ်က အာလာဒင်ကြီးပါသည်… ထူးခြားသည်က သူတို့ အ၀င်ဝမှာ ကမ်းသည့် မျက်မှန်ကို တပ်ကြည့်လျှင် တကယ်ပင် ပိတ်ကားပေါ်က အာလာဒင်က ကြွတက်နေသည်… အဲဒိအာလာဒင်ကြီး လက်ညှိုးထိုးလိုက်လျှင် တကယ်ပင် သူ့လက်ညှိုးကြီးက ကိုယ့်ရှေ့လာထိုးနေသလိုပင်… အာလာဒင်ကြီးက ပိုက်ဆံတွေ ကျဲလျှင် တကယ်ပင် ကိုယ့်ရှေ့မှာ ဒေါ်လာတွေ လွင့်နေသလိုပင်… ကျမတောင် မရနိုင်မှန်းသိပေမဲ့ ကြိုးစားပြီး ဖမ်းဆုတ်ကြည့်သေးသည်… မျက်မှန်ချွတ်ပြီး ဘေးကလူတွေကိုကြည့်တော့ သူတို့လဲ ပိုက်ဆံတွေကို မရမှန်းသိပင်မဲ့ လိုက်ဖမ်းနေကြသည်… အတော်ကြည့်ကောင်းသည်…
ကျမဟာ တော်ရုံတန်ရုံ 3D ပုံတွေ မကြည့်တတ်ပါ… မလေးရှားတို့ မြန်မာပြည်တို့မှာ 3D ရှိုးပွဲ တွေ ကျမ၀င်ကြည့်ခဲ့ဖူးသည်… ကျမအတွက် ဘာမှ ထူးထူးခြားခြားမမြင်ရသည့်အပြင် ခေါင်းမူးပြီးသာ ပြန်ထွက်လာရတတ်သည်… ဒီဂျပန် အာလာဒင်က 3D ဟုတ်မဟုတ်တော့ ကျမ မသေချာပါ… ဒါပေမဲ့ မျက်မှန်တပ်ထားလျှင်တော့ ကားချပ်ပေါ်က အာလာဒင်က အမှန်ပင် ကြွတက်နေပြီး ကိုယ့်ရှေ့မှာ စကားလာပြောနေသယောင်ပင်ရှိသည်… ကားချပ်ထဲက အာလာဒင်က အပြင်က မီးခွက်ပိုင်ရှင်ကောင်လေးကို ခေါင်းခေါက်လိုက်လို့ အပြင်က ကောင်လေးကနာသွားတဲ့ ပုံစံလုပ်တာမျိုး… အပြင်ကကောင်လေးက ကားချပ်ကို ကျောပေးထားရက်နဲ့တောင် အနောက်က Virtual world ကားချပ်ထဲက အာလာဒင်နဲ့ အချိတ်ဆက်ရှိရှိ သရုပ်ဆောင်နိုင်သည်… အတော်ပင်လေ့ကျင့်ထားပုံလဲရသည်… မျက်မှန်တပ်ကြည့်လျှင်တော့ တကယ် ခေါင်းခေါက်လိုက်သည်ထင်ရပင်မဲ့ မျက်မှန်ချွတ်ကြည့်လျှင်တော့ သိပ်သရုပ်မပေါ်သည့်အပြင် ကောင်လေးသရုပ်ဆောင်နေတာ ကြောင်တောင်တောင်နိုင်လှသည်… ကျမတို့ ပရိတ်သတ်တွေအတွက် သတိမထားလိုက်မိကြပေမဲ့… Performance ကောင်းကောင်းတစ်ခုရဖို့အတွက် အသေးစိတ်လေးက အစပိုင်နိုင်မှ လူ့စိတ်ကို ညှို့ယူနိုင်မည်ဖြစ်သည်လို့ ကျမစိတ်ထဲ စဉ်းစားမိသည်… ထိုသို့ အချိတ်အဆက် ကောင်းနေအောင် သူ အကြိမ်ပေါင်း ရာထောင်မက လေ့ကျင့်ထားရမည်ထင်သည်… ထို့အတွက် ကျမတို့လို ဂျပန်လို နားမလည်သောပရိတ်သတ်များတောင် သူတို့ရဲ့ ဖျော်ဖြေမှုမှာ မျောပါသွားရသဖြင့် သူတို့ကို အတော်လေး လေးစားမိသည်… ပြပွဲက ၁၅ မိနစ် လောက်သာ ကြာမြင့်သည်… ပြီးဆုံးတော့ ဖော်ရွေသော ၀န်ထမ်းများ၏ နှုတ်ဆက်သံနှင့်အတူ ရုံထဲမှ အမြန်ထွက်ခဲ့ကြပြီး… Terror House (သရဲအိမ်) သို့ သူငယ်ချင်း ၂ယောက် သုတ်ခြေတင်ပြေးခဲ့ကြသည်…
သွားရင်းလမ်းတွင် ရေသူမကာတွန်းကားထဲက မင်းသားလေးလိုဝတ်ထားသော ၀န်ထမ်း ဘိုတစ်ယောက်နှင့် ထိုကားတွန်းကားထဲမှ စားဖိုမှူးပုံ အရုပ်ကြီးစွတ်ထားသော သူများကို တွေ့သဖြင့် ဓာတ်ပုံတူတူ ၀င်ရိုက်ဖြစ်ခဲ့သေးသည်… မင်းသားလိုဝတ်ထားသောဘိုက အလှပြနေတုန်း သူ့ကို သီးသန့်ရိုက်ဖြစ်သေးသည်… ဂျပန်မတွေကလဲ တစ်ယောက်မှ မပြောရဲ သဖြင့် (မပြောတတ်တာလဲ ဖြစ်နိုင်သည်) သူ့တစ်ယောက်တည်းကိုပဲ ဓာတ်ပုံတွေဝိုင်းရိုက်နေသည်… စားဖိုမှူးပုံ အရုပ်ကြီးကတော့ မအား… လူတွေက ဓာတ်ပုံတွဲရိုက်နေသည်… ဒါနဲ့ ကျမလဲ မင်းသားလေးနားသွားပြီး ဓာတ်ပုံတူတူရိုက်လို့ရမလားလို့ မေးတော့ ဟိုက အားရ၀မ်းသာပြုံးရွှင်လျက် ရပါတယ်ဆိုလို့ သူငယ်ချင်း ၂ယောက်တူတူတွဲရိုက်ဖြစ်ခဲ့ကြသေးသည်… ပန်းခြံဝန်းထမ်းမိန်းမတစ်ယောက်က ရိုက်ပေးသည်… စေတနာနဲ့ အကူအညီပေးမှုကို အသိအမှတ်ပြုပေမဲ့… သူရိုက်ပေးသည့်ပုံကို သိပ်စိတ်တိုင်းမကျလှပါ… သူက ကိုယ်တစ်ပိုင်းပဲရိုက်ပေးသည်… ကိုယ်တစ်ပိုင်းပဲ မင်းသားလေးရဲ့ ၀တ်စုံပြည့်မပါတော့ တခြားလူတွေကိုပြလျှင် ဒစ်စနေစီးက ရေသူမကားတွန်းကားထဲက မင်းသားလေးဆိုတာ ဘယ်သူမှ မမှတ်မိနိုင်ပေ… အဓိကက လူထက် ၀တ်စုံကိုပိုဦးစားပေးရိုက်သင့်သည်ဟုထင်သည်…
သို့သော် ရိုက်ပြီးတာနှင့် မင်းသားလေးရော စားဖိုမှူးအရုပ်ပါ အတွင်းဘက်သို့ ပြန်ဝင်သွားကြသည်… မင်းသားလေး လုပ်တဲ့ ဘိုကတော့ ညနေ ဘယ်နှစ်နာရီမှာ သူပြန်ထွက်လာပါမယ်ဆိုတာကို အင်္ဂလိပ်လိုပြောသွားသည်… သို့သော် ကျမတို့မှာ ပြန်လာဖို့ အချိန်မရဘူးဆိုတာတော့ သူမသိရှာလေရော့သလား…
Terror House (သရဲအိမ်)
သူတို့တွေ ဘယ်လို Technology တွေ သုံးထားသလဲတော့မသိ… ကျမစိတ်ထင်တော့ လူတွေရဲ့ အမြင်ကို လှည့်စားခြင်းဖြစ်မည်… အစထဲက ထိုလူရိုင်းရုပ်သည် မီးစလိုက်နှင့်သာ အမြင်အာရုံအရသာ ရှိခြင်းဖြစ်မည်… တကယ်ရုပ်ထုကြိး ရှိနေခြင်းမဖြစ်နိုင်… ကျမအထင်ပြောခြင်းဖြစ်သည်… ဟုတ်မဟုတ်မသိပါ… တကယ်ဖြစ်နေတာမဟုတ်ဘူး… တမင် အသံတွေ မီးတွေနဲ့ လူ့စိတ်ကို ဖမ်းစားနေတာမှန်းသိပင်မဲ့ ဘာမဆိုင်ညာမဆိုင် နဲနဲတော့ ကြောက်သည်… ကျမတွေ့ဖူးသည့် Genting (Malaysia), Happy world (Myanmar) သရဲအိမ်တော်တော်များများက အဲလို ခြောက်ခြင်းမဟုတ်… သူက လူတွေ အများကြီးရှိရက်နှင့်ပင် ဖြစ်ရပ်မှန်ဆန်လွန်းသည်က တစ်ကြောင်း… သူတို့သုံးသော Effect တွေက ကောင်းသည်ကတစ်ကြောင်းကြောင့် ထိုသို့ ခံစားရခြင်းဖြစ်မည်…
အရုပ်ကြီးရီသံနက်နက်ကြီးနဲ့အတူ အရုပ်ကြီး ပျောက်သွားပြီးနောက် အတွင်းဘက်ဧည့်ခန်း တံခါးကြီး ပွင့်လာကာ နောက်ထပ်ဝန်ထမ်းတစ်ယောက်၏ လမ်းညွှန်ရာကို ဆက်လိုက်သွားရသည်… အိမ်ကြီးအတွင်း၌ ရှေးဟောင်းပစ္စည်းပုံစံများ စုံလှသည်… အီဂျစ်က ရုပ်ထုကြီးတွေလဲရှိသည်… ကျမ ဗွီဒီယိုတောင်ရိုက်လိုက်သေးသည်… နောက်တော့ ၀န်ထမ်းက မရိုက်ရဟုလာပြောသောကြောင့် ပြန်သိမ်းလိုက်သည်… အထဲမှာလဲ ထပ်ပြီး တန်းစီနေသောသူတွေတော်တော်များသည်… သရဲအိမ်အပြင်မှာတုန်းကတော့ လူတွေ ငယ်သံပါအောင်အော်နေကြသည်ကို ကြားနေရသည်… ယခုထက်ထိတော့ ငယ်သံပါအောင် အော်စရာ ကျမတို့မတွေ့သေး… လူတွေ တန်းစီနေတာသာတွေ့သည်…
မိနစ် ၂၀ လောက် တန်းစီပြီးနောက် ကျမတို့ကို အပေါ်ထပ်များကို ဆက်သွားရန် ဓာတ်လှေကားကို လိုက်ပို့ပေးသည်… ဓာတ်လှေကားကြီးက Cargo Lift ပုံစံမျိုး အကြီးကြီး… ထိုင်ခုံတွေနှင့် ခါးပတ်တွေပါသည်… ဓာတ်လှေခါးတစ်စီးကို အယောက် ၂၀ ခန့် ဆန့်မည်ထင်သည်… ၀န်ထမ်းများက ခါးပတ်တွေ သေချာစွာပတ်ရန် လိုက်စစ်ဆေးသည်… ထို့နောက် ၀န်ထမ်းများက မလိုက်တော့… ဓာတ်လှေကားတံခါးကြီး ဖြေးညှင်းစွာပိတ်သွားတော့ ပြုံးပြုံးလေးလက်ပြနေတဲ့ ၀န်ထမ်းမပါတော့ နည်းနည်းတော့ အားငယ်သွားသည်… တစ်ခုခုတော့ ဖြစ်တော့မည်ဆိုတာ သိလိုက်သည်… တံခါးကြီးပိတ်သွားသည်နှင့် အရာရာ ပိန်းပိတ်အောင် မှောင်သွားသည်… တော်ရုံတန်ရုံ မြန်မာပြည်က မီးပျက်ထဲမှာ နေဖူးသော အတွေ့အကြုံရှိသည့် ကျမနှင့် ကျမသူငယ်ချင်းတောင် အနဲငယ် တုန်လှုပ်မိလို့ တစ်ယောက်နဲ့တစ်ယောက်လက်ကိုင်ထားရသည်… (မြန်မာပြည်မှာ လရောင်ရှိသေးသည်မဟုတ်ပါလား…)
ထို့နောက် အမှောင်ထဲမှာပင် ဓာတ်လှေကားကြီး ဖြေးညှင်းစွာတက်သွားသည်… ကျမစိတ်ထင် ၃ ၄ ထပ်လောက်ရောက်တော့ ဓာတ်လှေကားကြီးရပ်သွားသည်… ကျမတို့ရှေ့က Screen မှာ ဟောခန်းကြီးလိုလို အခန်းကြီးထဲတွင် စောစောက အင်္ဂလိပ် သူဋ္ဌေးကြီးနှင့် လူရိုင်းရုပ်ကြီး စကားတွေပြောပြီး အင်္ဂလိပ်ကြီးက အတော်လေးကို စိတ်ဆိုးနေတဲ့ပုံတွေမြင်ရသည်… ထို့နောက် အရုပ်ကြီးမျက်လုံးက အစိမ်းရောင် မီးများထွက်လာပြီး အဖိုးကြီးကို ထိကာ အဖိုးကြီးသေဆုံးသွားသည်… ကြည့်နေရင် တဖြည်းဖြည်းနှင့် လူရိုင်းရုပ်ကြီးက ကျမတို့ဘက်လှည့်ကာ သူ့မျက်လုံး စိမ်းစိမ်းကြီးတွေနှင့်ကြည့်ကာ ဂျပန်လိုတွေပြောပြီး ရီသံနက်နက်ကြီးနှင့်ရီသည်… ကျမကိုယ်ဘာသာကိုယ်ဘာသာပြန်လိုက်တာတော့ “မင်းတို့ကိုလဲ ငါကြိမ်စာတိုက်လိုက်ပြီ… ငါ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ… တိုက်ပေါ်က ပြုတ်ကျပြီးသေတော့မယ်” လို့ ပြောလိုက်တာဖြစ်မည်…ပြောရင်း ပျောက်သွားသည်… ပြီးတော့ Screen ထဲမှာ ကျမတို့ အားလုံးပုံတွေ reflect ဖြစ်ပြီးပေါ်သည်… ကိုယ့်ပုံကိုယ်ကြည့်ကောင်းရင်း နောက်ဘာဖြစ်အုံးမလဲတွေးနေတဲ့ အချိန်မှာပင်… ကျမတို့ ဓာတ်လှေကားကြီးက အရှိန်နဲ့ အပေါ်ကို ထိုးတက်သွားသည်… စပါပြီ…
ဒါပေမဲ့ အဲဒိထိလဲ သိပ်တော့ ကြောက်ဖို့မကောင်းသေးပါ… ဘာဆက်ဖြစ်မလဲဆိုတာတော့ ခန့်မှန်းလို့ရနေပါပြီ… အပေါ်ဆုံးထပ်ရောက်တော့ ပြတင်ပေါက်မှန်အကွဲကြီးကနေ အပြင် Disney Sea ကြီးကို လှမ်းမြင်နေရသည်… အတော်လေး ရှူခင်းလှသည်… အပြင်ရာသီဥတု လေအေးအေးလေးကလဲ တိုက်နေသည်… စောစောက မှောင်မှောင်ထဲမှာ နေခဲ့ရသဖြင့်… ခုတော့ စိတ်က အနည်းငယ် Fresh ဖြစ်သွားသည်… နောက်ထပ်ဖြစ်မှာကိုလဲ သတိနဲ့ နေရသည်… ၁၅ စက္ကန့်လောက် ပြတင်းပေါက်မှာပြပြီးတော့ ဓာတ်လှေကားကြီး ရုတ်တရက် နည်းနည်းပြန်ကျသည်… တော်တော်လေး ကျပြီထင်ပင်မဲ့ အရမ်းတော့ မဟုတ်… အနည်းငယ် တုန့်သွားခြင်းသာဖြစ်သည်… (နောက်တော့မှသိသည်… အဲဒိနေရာမှာ ဓာတ်ပုံလှမ်းရိုက်ခြင်းဖြစ်သည်)…
အဲဒိအချိန်တုန်းကတော့ ဓာတ်ပုံလှမ်းရိုက်လိုက်မှန်း မသိလိုက်ဘူး...
ထို့နောက်တော့ ငရဲခန်းစပါပြီ… ၀ှီးကနဲ ဓာတ်လှေကားကြီးက အရှိန်နှင့် ကျသွားလိုက်တာ… ထိုင်ခုံနှင့် တင်ပါး မထိ… ခါးပတ်နှင့်သာ ထိန်းထားရသည်… အမှောင်ထုထဲကို ကျသွားသဖြင့် ဘေးကလူများကိုလဲ မမြင်ရ… အဲဒိအချိန်မှာတော့ တကယ်ကို ကိုယ်တစ်ယောက်ထဲလိုခံစားရသည်… ဘာမှလဲမမြင်ရ… ကိုယ်ဘယ်အမြင့်ကိုရောက်နေသည်ဆိုတာလဲ ခန့်မှန်းလို့မရ… အမှန်တော့ ကျန်တဲ့သူတွေလဲ ကျမလို ခံစားနေရမည်ပင်… အနည်းဆုံး ကျမ သူငယ်ချင်းလဲ ကျမနဲ့ ထပ်တူခံစားနေရမည်ဖြစ်သည်… ဓာတ်လှေကားကြီးက ပြန်တက်သွားလိုက်… ၀ှီးခနဲ ပြန်ကျလိုက်နှင့်… စိတ်ထဲတွင် အကယ်၍များ ရုပ်ရှင်တွေထဲကလို အဲဒိ အရုပ်ကြီးက တကယ့် ကျိန်စာသင့်တဲ့ အရုပ်ကြီးဖြစ်ပြီ ဒါစီးရင်းနဲ့ ငါတကယ်သေသွားမှ ဒုက္ခဆိုပြီး အဓိပ္ပါယ်မရှိ တွေးကြောက်လိုက်သေးသည်… တစ်ချက် တစ်ချက် ဟိုးအပေါ်ဆုံးက ပြတင်ပေါက်အထိ ခဏလေးတက်သွားသည်… အဲလိုဆိုလျှင် ကျမတို့ အမြင့်ဆုံးအထပ်ကိုရောက်နေတာ ခန့်မှန်းနိုင်သည်… ထို့နောက်ပြန်ကျသွားပြန်သည်… ကျမကတော့ အဲဒါတွေစီးရင် မအော်ပဲ မနေနိုင်… အသံကုန်ကို အော်ပြစ်လိုက်သည်… ၄ ၅ ခါလောက် အတက်အကျဖြစ်ပြီးတော့ ဓာတ်လှေကားရပ်သွားပြီး… တံခါးပွင့်လာကာ ၀န်ထမ်းများ၏ အပြုံးမျက်နှာများကို ပြန်မြင်ရသည်… ထို့နောက် ကျမလဲ အမှတ်တရ ဓာတ်ပုံကို ယမ်း ၂၀၀၀ နှင့် ရွေးကာ နောက်တစ်နေရာသို့ ဆက်ခဲ့ကြသည်…
နောက်ထပ်ဘယ်နေရာသွားရင်ကောင်းမလဲ ကြည့်လိုက်တော့ Fast pass လိုသော နေရာတွေထဲတွင် ၄ နေရာသာ ကျန်တော့သည်… အချိန်က ညနေ ၃နာရီ ၄၅ မိနစ် ခန့်သာရှိသေး၍ ပထမနေ့ တိုကျိုဒစ်စနေလမ်းတုန်းကထက်စာလျှင် ကိုယ့်ကိုကိုယ် အချိန် စီမံခန့်ခွဲမှု တိုးတက်လာတယ်လို့ သူငယ်ချင်း ၂ယောက် အပြိုင်အဆိုင် တစ်ယောက်ကို တစ်ယောက် ချီးကျူးကျေနပ်မိကြသေးသည်…
နေလေး မ၀င်ခင် လမ်းမှာ ကြုံတဲ့နေရာလေးတွေ ဓာတ်ပုံရိုက်ကြသည်… မြေပုံထဲက Columbia သဘောင်္ကြီးရှိရာဘက်အခြမ်းက လျှောက်ရင် သူငယ်ချင်း ၂ယောက် ဓာတ်ပုံတွေ တ၀ကြီးရိုက်ဖြစ်ကြသည်… စောစောက ဟိုပြေးဒီပြေးလိုက်စီးထားရသဖြင့် အနည်းငယ် အင်ဂျင်ကို အရှိန်သတ်ထားခြင်းဖြစ်သည်… ထို့နောက် ဖြေးဖြေးချင်း မီးတောင်ကြီးရှိရာ Mysterious Island ဘက်ကို ချီတက်ခဲ့ကြသည်…
ဓာတ်ပုံရိုက်ရန် photospot ဟုပြထားသော နေရာများမှ ရိုက်လျှင် အကွက်အကွင်းကောင်းသော ရှုခင်းများကိုရနိုင်သည်... သရဲအိမ်နှင့် Columbia သဘောင်္
Journey to the Center of the Earth
အပိုင်း (၁)မှာ ရေးခဲ့သည့်အတိုင်း ကျမတို့ ၂ယောက် အစီးချင်ဆုံးဖြစ်သော မီးတောင်တွင်းရှိ Journey to the Center of the Earth ဆိုတာကို စက်ချို့ယွင်းမှုကြောင့် မစီးခဲ့ရသေးသဖြင့် … ယခုအခါတွင် စက်ပြန်ကောင်း၍ လူများ စီးနေသည်ကို သိသဖြင့် ထပ်မံသွားရောက်ခဲ့ကြသည်…
ကံအားလျော်စွာ ၄၅ မိနစ်သာစောင့်ရမည်ဟု ပြောသဖြင့် ၀မ်းသာအားရ ၀င်တန်းစီဖြစ်ကြသည်… တန်းစီသော တန်းများကပင် မီးတောင် ဂူကြီး အတွင်းပိုင်းပုံစံမျိုးဆောက်ထားခြင်းဖြစ်ပြီး သတိပေးကြေညာချက်များကိုလဲ တွေ့နိုင်သည်… ၄၅ မိနစ်ကြာ စောင့်ဆိုင်း တန်းစီပြီးနောက် ကျမတို့ မျှော်လင့်ခဲ့ရသော ယာဉ်ကြီးကိုရှေ့ဆုံးကနေ စီးခွင့်ရပါသည်… ၂ယောက်တစ်တွဲထိုင်ရခြင်းဖြစ်ပြီး ယာဉ်တစ်စီးတွင် ၈ ယောက် (သို့) ၁၀ ယောက်ခန့်ပါမည်ထင်သည်… (သိပ်မမှတ်မိတော့ပါ)… ရထားတွဲ အသေးစားပုံစံမျိုးလေးဆိုပေမဲ့ ဘေးမှာ တံခါးမပါပါ… ရှေ့မှာလဲ မှန်မပါပါ… ခါးပတ်သာ ပတ်ထားရပါသည်… ရှေ့ဆုံးကထိုင်ချင်လို့ တကူးတက တောင်းဆိုခဲ့သော်လည်း တကယ်တမ်းစီးကြည့်တော့ ဘယ်နေရာထိုင်ထိုင် တူတူပဲပင်ဖြစ်သည်ကို တွေ့ရှိရသည်… ဘာလို့လဲဆိုတော့ ယာဉ်စထွက်တာနှင့် ပိန်းပိတ်အောင် မှောင်နေသော လှိုင်ဂူကြီးအတွင်းသို့ ၀င်သွားသောကြောင့်ဖြစ်သည်… ဘေးပတ်ဝန်းကျင်ကိုဘာမှ မမြင်ရ… သို့သော် ခံစားကြည့်လို့ရသည်… ဂူထဲဝင်သွားသည်နှင့် အနည်းငယ်ပူလာသည်… လုံးဝမှောင်ကျမသွားခင်ကတော့ မီးတောင် ချော်ရည်လိုလိုတွေကို မြင်ခဲ့ရသည်… ထို့နောက်တော့ ပူတာမှ လွဲ၍ ဘာမှ မခံစားရ… အသံတွေကလဲ မီးတောင်အတွင်းပိုင်းက အသံမျိုးတွေ… (ကျမလဲ မပြောပြတတ်… ဒါပေမဲ့ ခံစားနေရတာတော့ ကျမတကယ်ကို မီးတောင်ထဲရောက်နေသလိုပင်)… နောက်တော့ ရေငွေ့တွေကိုလဲ ခံစားရသေးသည်…
နောက်တော့ တစ်ဟုန်ထိုး အတက်တွေ အကျတွေဖြစ်သည်… အားလုံးက ပိန်းပိတ်အောင် မှောင်နေသဖြင့်… ရှေ့တွင် အတက်လား… အကျလားခန့်မှန်းလို့မရ… ဤအခါကျမှ အမှောင်ထုထဲမှာ ယာဉ်စီးရခြင်းသည်… ယခင်ကလို outdoor အလင်းထဲမှာ စီးရခြင်းထက်ပိုကြောက်ဖို့ကောင်းသည်ဆိုသည်ကို သိရှိသွားသည်… အရင်က Roller coaster စီးလျှင် အရှေ့ကို မြင်နေရသဖြင့် အောက်နိမ့်တော့မည်ဆိုလျှင် ကြိုတင် စိတ်ပြင်ဆင်ကာ ကိုင်ထားလို့ရသည်… ယခုအခါမှာတော့ လုံးဝ လက်ကို မလျှော့လိုက်ရဲ… လုံးဝ စိတ်ကို မလျှော့လိုက်ရဲ… ဘယ်အချိန် ၀ှီးခနဲ အောက်ပြုတ်ကျသွားမည်.. ဘယ်အချိန် အင့်ခနဲ အပေါ်တက်သွားမည်ကို ဘာမှ ကြိုမသိနိုင်သောကြောင့်… လက်ကို ကြပ်ကြပ်ကိုင်ကာ ခေါင်းကို ငုံ့၍ စီးနေရသည်… လှိုင်ခေါင်းအတွင်းမှာလဲ ပူလိုက် အေးလိုက်နှင့်… တစ်ခါတစ်လေတော့ ဟိုးအပေါ်နားလောက်ကျမှ လှိုင်ခေါင်းကို ခဏဟထားသော နေရာကို ယာဉ်က ဖြတ်သွားမှ ကျမတို့ အတော်လေး မြင့်တဲ့နေရာကို ရောက်နေမှန်းခန့်မှန်းလို့ရသည်… တစ်ခဏလေး အပြင်လောကကို မြင်ခွင့်ရတတ်သည်… အမှောင်ထုရဲ့ မွန်းကြပ်မှုနဲ့ မခန့်မှန်းနိုင်မှုကို အဲဒါစီးအပြီးမှာ အတော်လေး နားလည်သွားသည်… ဘာပဲပြောပြော အခွင့်အရေးရမည်ဆိုလျှင် နောက်တစ်ခေါက်တော့ ထပ်စီးကြည့်ချင်သေးသည်…
(အမှန်တော့ ဒစ်စနေစီး အကြောင်းကို အပိုင်း ၂ နှင့် အပြီးရေးမည် စိတ်ကူးထားသော်လည်း… အကျွန်ုပ်၏ လေရှည်မှုများကြောင့် အပိုင်း ၃ဆက် ရပါမည်… ယခုတော့ ပိုစ့်လဲ အလွန်ရှည်နေပြီဖြစ်သဖြင့်… နားမယ်ကွယ်…)