Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Tuesday, May 23, 2023

Adelaide မြို့ရဲ့ အမှိုက်ပစ် စနစ်

ဒီနေ့တော့ တောင်သြစတေးလျပြည်နယ် အက်ဒလေးမြို့လေးရဲ့ အမှိုက်သိမ်းစနစ်လေးအကြောင်း ပြောပြရင်း အက်ဒလေးရဲ့ ဆောင်းတွင်အလှ လမ်းလေးတွေကို ရိုက်ပြီးတင်ပေးထားတယ်။
ဒီနေ့မနက် လမ်းလျှောက်ထွက်တဲ့ လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ထုတ်ထားတာမြင်လို့ ဒီအကြောင်းလေးပြောပြဖို့ ခေါင်းထဲရောက်လာခဲ့တာ။ တနိုင်ငံနဲ့တစ်နိုင်ငံ အမှိုက်သိမ်းစနစ်တွေမတူကြဘူး။ အမှိုက်ဆိုတာ ပြောတော့သာတန်ဖိုးမရှိတာ အဲ့ဒိအမှိုက်သိမ်းစနစ်ကောင်းကောင်းမလုပ်နိုင်ရင် နိုင်ငံ image လဲ မကောင်းသလို ကျန်းမာရေး ကပ်ဘေး ၊ သဘာဝပတ်ဝန်းကျင် စတာတွေကို အတော်ထိခိုက်ပြီး လူမှုဂေဟစနစ်ကြီးအတွက် အန္တရာယ်ရှိနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ်။ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ကောင်းအောင် ကာကွယ်ရမှာကိုယ့်တာဝန်ဆိုတာကို အစိုးရက ပညာပေးတွေရော လိုအပ်တဲ့ အချက်အလက်တွေ အလွယ်တကူရှာနိုင်အောင်ရော လုပ်ပေးပြီး သူတို့နိုင်ငံသားတွေကို ရိုက်သွင်းထားတယ်ပြောရမယ်။ သြစီနိုင်ငံသားတွေက သဘာဝပတ်ဝန်းကျင်ကို အရမ်းအလေးထားကြသလို အဲ့လို သဘာဝဆန်နေတာကို သူတို့က သူတို့နိုင်ငံအတွက် ဂုဏ်ယူနေကြသေးတာ။ ပလပ်စတစ်အသုံးပြုမှုလျော့ချဖို့ ဆိုင်တွေက ကြွပ်ကြွပ်အိတ် အလကားမပေးဘူး။ ပေးတဲ့ဆိုင်လဲ သူတို့ကိုယ်တိုင်က မကြိုက်ချင်ကြသေးတာ။ အခုဆို အစိုးရက Disposible plastic ဗူးတွေကို ဥပဒေနဲ့တားမြစ်တဲ့အထိ လုပ်လာတော့ ပိုဆိုးတယ်။ (ကြွပ််ကြွပ် အိတ်အလကားပေးတာ ကု လား ဆိုင်ပဲ ကျန်တော့တယ်။ တ ရုတ် ဆိုင်တွေက သဘာဝပတ်ဝန်းကျင်ထက် တစ်အိတ် ၁၅ပြားနဲ့ရောင်းရတာကို ကြိုက်နေတာနေမှာ 😝)
စလုံးမှာနေတုန်းက HDB တိုက်ခန်းတွေရဲ့ အမှိုက်ပစ်စနစ်ကျတော့ ဆောက်ကတည်းက မီးဖိုချောင်မှာ ဖြစ်စေ တိုက်ရဲ့ သတ်မှတ်ထားတဲ့ တစ်နေရာမှာဖြစ်စေ အမှိုက်ပစ်တဲ့ ပိုက်လိုင်းတွေကနေ အောက်ကို တန်းပစ်ချလိုက်ယုံပဲ အမှိုက်သိမ်းရက်ရောက်ရင် သိမ်းတဲ့လူက အောက်က အပေါက်ကိုဖွင့်ပြီး ကားနဲ့ အမှိုက်ပုံးလိုက်ကော်ထိုးသိမ်းသွားပြီး empty bin ကို ပြန်အစားထိုးခဲ့တာပေါ့နော်။ လက်နဲ့ထိစရာမလိုပေမဲ့ နံတော့ နံတာပေါ့။ အက်ဒလေးမှာကျတော့ အိမ်တိုင်းမှာ အဝါ၊ အစိမ်း၊ အနီ တချို့ရပ်ကွက်တွေကျတော့ အဝါ၊ အစိမ်း၊ အပြာ ဆိုတဲ့ အမှိုက်ပုံးကြီး ၃ ပုံး အိမ်တိုင်း ခြံတိုင်းမှာရှိတယ်။ လမ်းအလိုက် ရပ်ကွက်အလိုက် တစ်ပတ်မှာ သတ်မှတ်ထားတဲ့ တစ်ရက်ကို သတ်မှတ်ထားတဲ့အမှိုက်ပုံးအရောင်ကို ပလက်ဖောင်းနားမှာ ထုတ်ထားရတယ်။ အခုပုံတွေထဲကလို ထုတ်ထားရတာ။ အမှိုက်ကားကြီးက ယာဥ်မောင်းတစ်ယောက်ပဲ ပါတယ်။ နောက်က ခေါင်းလောင်းလိုက်တီးတဲ့သူလဲ မပါဘူး။ အစိမ်းပုံး သိမ်းတဲ့ ကားက အစိမ်းပုံးကို ကားမှာ အော်တိုပါတဲ့ စက်ရုပ် ခွကြီးနဲ့ မပြီး သူ့ အမှိုက်ကားကြီးထဲ ပစ်ထည့်လိုက်တာပဲ။ အဝါပုံးသိမ်းတဲ့ကားကလဲ သူ့အချိန်နဲ့လာပြီး အဲ့လိုပဲ ခွကြီးနဲ့မပြီး အမှိုက်ကားထဲ လောင်းထည့်လိုက်ပြီး ပုံးကို ပြန်ချခဲ့တယ်။ အဝါရောင်ပုံးက Recycling Bin အစိမ်းရောင်ပုံက Organic Bin အနီရောင်ပုံး/အပြာရောင်ပုံး က Landfill general Waste Bin ဘယ်ပုံးမှာ ဘာထည့်ရမလဲက အကြမ်းဖျင်းတော့ နည်းနည်းမှန်းလို့ရကြမှာပါ။ ဒါပေမဲ့ မသေချာရင်လဲ တင်ပေးထားတဲ့ ပုံတွေထဲက နောက်ဆုံးပုံ ဇယားလေးကို ကြည့်နော်။ တကယ်တော့ အမှိုက်တွေကို စပစ်ကတည်းက အိမ်တွင်းအမှိုက်ပုံးအသေးတွေထဲကို စနစ်တကျ ခွဲပစ်ရင် ကိုယ့်အတွက် ဘယ်လောက်မှ မပင်ပန်းပေမဲ့ အမှိုက်သိမ်းစနစ်ကြီးရဲ့ process တစ်ခုလုံးကို အရမ်းအထောက်အကူပြုလို့ အမှိုက်မှန်မှန်ပစ်ပြီး ကြံဖန် ဂုဏ်ယူလို့ရနေသေးတာ။
အပတ်တိုင်း အနီပုံး General Waste က ထုတ်ရတယ်။ အစိမ်းနဲ့ အဝါကျတော့ တလှည့်စီထုတ်ရတယ်။ နွေရာသီမှာဆိုရင် အစိမ်းပုံးက ကိုယ့်အိမ်က ဟင်းအရမ်းချက်စားတော့ မီးဖိုချောင်အမှိုက်ကများ ရာသီဥတုပူတော့ အမှိုက်တွေက ပိုနံတယ်။ တစ်ခါက အဲ့ဒါကို သူများတွေ ဘယ်လိုလုပ်လဲ ရှာကြည့်တော့ Garden ထဲက သစ်ရွက်ခြောက်တို့ ဘာတို့ရှိတယ်ဆိုရင် မီးဖိုချောင်အမှိုက်အိတ်ပစ်ပြီးရင် အဲ့လို Garden အမှိုက်နဲ့ အုပ်ရင်အုပ်။ မဟုတ်ရင် သူတို့က စားစရာအမှိုက်တွေကို အမှိုက်ပုံးထဲ မထည့်သေးပဲ ရေခဲသေတ္တာထဲထည့်ခဲထားပြီး ပစ်ရမဲ့ရက်ကျမှ အမှိုက်ပုံးထဲ ထည့်တယ်ဆိုပဲ။ ကိုယ်က အဲ့လောက်ထိတော့ သဘာဝပတ်ဝန်းကျင် မစောင့်ထိန်းနိုင်ဘူး။ အိမ်က ရေခဲသေတ္တာက ကိုယ့်ဟာနဲ့ကိုယ့်မုန့်နဲ့ပြည့်နေတာ။ အမှိုက်တော့ ထည့်မသိမ်းနိုင်ဘူး။ အဲ့ဒါကြောင့် အစိမ်းပုံပစ်ရမဲ့ အပတ်ဆို မမေ့အောင် နေရတယ်။ မေ့သွားရင် နောက်တစ်ပတ်ကျော်မှပစ်လို့ရတော့မှာ။
တခြား ဓာတ်ခဲတို့ ဂတ်စ်ဗူးတို့ လျှပ်စစ်ပစ္စည်း တီဗွီတို့ ပန်ကာတို့ကျတော့ သတ်မှတ်ထားတဲ့ အနီးဆုံး Drop off point တွေမှာ သွားပစ်ရတယ်။ သူကလဲ ဖွင့်တာ အချိန်နဲ့ဆိုတော့ တစ်ခါတစ်လေ အဲ့ဒါတွေပစ်ဖို့ အားစိုက်ထုတ်ရတယ်။ 😁 တချို့ officework တို့လို စာရေးကရိယာဆိုင်အကြီးကြီးတွေ၊ လူနေမှုပစ္စည်းအစုံပလုံရောင်းတဲ့ Bunning wearhouse တို့လိုဆိုင်မျိုးတွေ အရှေ့မှာလဲ အီလက်ထရောနစ်ပစ္စည်းပစ်လို့ရတဲ့နေရာရှိတယ်။ ဒီမှာက ဂတ်စ်မီးဖို အသေးလေးအတွက်သုံးတဲ့ ဂတ်စ်ဗူးလေးတွေကို တစ်ခါသုံးပဲရတယ်။ မြန်မာပြည်တုန်းက သံချေးကိုက်နေလဲ ဂတ်စ်ဆိုင်မှာ ထပ်ကာထပ်ကာသွားသွားဖြည့်ပြီး သုံးနေကျဆိုတော့ ဒီမှာ အသစ်ကြီးတွေ ပစ်ရတာ အလကားနေ နှမြောတဲ့စိတ်က ဖြစ်သေးတာ။ ဒီကလူတွေကျတော့ အဲ့လို ပြန်သုံးတယ်များကြားရင် ဘယ်လို အန္တရာယ်ရှိကြောင်း အံ့သြချက်မနဲ့ ကိုယ့်ကို တောထဲကလာတဲ့သူ၊ ကိုယ့်အသက်မှ မနှမြော ဂတ်စ်ဘူး နှမြော တယ်ပြောလိမ့်မယ်။ တစ်ခါတစ်လေကျတော့ မြန်မာပြည်မှာ ကြီးပြင်းပြီး အဲ့လို အန္တရာယ်ရှိတာတွေကိုလဲ ရှားပါးစျေးကြီးမှုနဲ့ နေသားတကျရှိလာတော့ ခေါင်းထဲမှာ အန္တရာယ်ရှိတာ မရှိတာ မစဉ်းစားတော့ဘူး ဖြစ်ကာမှ ဖြစ်ရောဖြတ်သန်းရတာတွေများတယ်။ အိမ်မှာက ခဏခဏ hot pot နဲ့ Mookata လုပ်စားလေ့ရှိတော့ အခုထိတောင် အဲ့ ဘူးတွေ လွှတ်ပစ်ရတိုင်း လွှတ်ပစ်သင့်တယ်ဆိုတာသိတာတောင် နှမြောစိတ်ကြီးက တားမရနော် ဘာမှန်းမသိဘူး။ ဆိုဖာတို့ ပရိဘောဂတို့လို အကြီးကြီးတွေ ပစ်ချင်ရင်ကျတော့ ကိုယ့်ရပ်ကွက် ကောင်စီ website ကဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် pickup လုပ်ဖို့ request ရတယ်။ သူတို့ pickup မဲ့ ရက်မှာ ပလက်ဖောင်းပေါ်ထုတ်ထားယုံပဲ။ တချို့ လူတွေက အိမ်ပြောင်း ဘာပြောင်း မယူချင်လို့ ပစ်ခဲ့ပေမဲ့ ပစ္စည်းတွေက သုံးလို့ရသေးတာတွေဆိုရင် Facebook group တွေ Market place တွေမှာ ကောင်စီက ဘယ်နေ့ pickupမို့ လိုချင်သူရှိရင် ဘယ်နေ့ ဘယ်လမ်းပေါ်မှာ ထားထားတယ် လာယူသွားလို့ရတယ် တင်ကြတယ်။ ဒီမှာက Second hand သုံးတာတို့၊ အဟောင်းပြန်ရောင်း ပြန်ဝယ်တာတို့က ပုံမှန်ပဲ၊ ဆင်းရဲလို့ သူများသုံးပြီးသားယူသုံးတယ်လို့ မမြင်ပဲ အသုံးအဆောင်တစ်ခုကို အသုံးဝင်မဲ့လူတစ်ယောက်ကို ပေးလိုက်တာ၊ သုံးလို့ရသေးတာကို အလဟသအဖြစ်မခံပဲ သုံးတာကို သဘာဝပတ်ဝန်းကျင်ထိန်းတယ်ဆိုပြီး ဂုဏ်ယူတဲ့သူတွေတောင်ရှိတယ်။ အမှိုက်ပစ်တာနဲ့ ပတ်သတ်သမျှ အချက်အလက်တွေ သိချင်ရင်ဖြစ်စေ၊ အတိအကျ ဘာ item ဘယ်ပစ်ရမလဲ သိချင်ရင်ဖြစ်စေ၊ အမှိုက်အမျိုးအစားပေါ်မူတည်ပြီး မှန်အောင်ပစ်နိုင်တာ ဘယ်လောက် လောကကြီးကို အကျိုးဖြစ်စေလဲဆိုတဲ့ ပညာပေးတွေဖြစ်စေ သိချင်ရင် www.whichbin.sa.gov.au မှာ သွားဖတ်လို့ရပါတယ်။
နောက်ပြီး မြို့နယ် council တွေရှေ့မှာလဲ pay it forward ဆိုပြီး အမျိုးသမီးလစဉ်သုံး ပတ်ကင်းပိတ်ထားတာမျိုးတွေ၊ ကလေးအသုံးအဆောင် ကောင်းသေး သန့်သေးတာမျိုးတွေ၊ မီးဖိုချောင်သုံး အိုးခွက်ပန်းကန် အကောင်းတွေကို လာထားထာလို့ရတယ်။ လိုချင်တဲ့သူတွေလဲ လာယူလို့ရတယ်။ လာမယူရင်လဲ လူမှုကူညီရေးအသင်းတွေကနေ လိုအပ်တဲ့နေရာတွေကို လိုက်လှူပေးတယ်။ သိပ်သဘောကျတာပဲ။ မြန်မာပြည်မှာတုန်းက ကိုယ်ကြုံ ခဲ့တဲ့ ငယ်ငယ်က အမှိုက်သိမ်းစနစ်ကတော့ လမ်းထဲကို အမှိုက်ကားကြီး ခေါင်းလောင်းတီးပြီးဝင်လာတာကို လိုက်ပြီး ပေးရတာ၊ အမှိုက်ရေတွေတောက်တောက်ကျ ပုရွက်ဆိတ်တွေရှိရင် ကိုက်ခံရသေးတာ။ နောက်ပိုင်း စလုံးက အလည်ပြန်လာရင်ကျတော့ တော်တော်လေးမဆိုးတော့ဘူး။ အမယ် ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ထုတ်ပြီး လမ်းဘေးဓာတ်တိုင်နားတို့ ပလပ်ဖောင်းပေါ်တို့ ချထားကြတာ။ YCDC တွေက သူတို့လှည်းထဲ လာသိမ်း။ အဲ့ဒါကျ အောက်ထပ်အိမ်တွေအတွက် မကောင်းဘူး။ နံတာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံ မလှဘူးပေါ့။
နောက်ပိုင်းကျ မုန့်ဖိုးပေးရင် YCDC ကအိမ်ပေါ်ထိတက်ယူတာတွေ့တယ်။ ဒါမဲ့ နောက်ပိုင်းတွေပြန်တော့ ညဘက်ဆို လမ်းထိတ်ကြီးမှာ အမှိုက်တွေ လာပစ်ကြတာ အမှိုက်ပုံကြီးကို ဖြစ်လို့။ တခါတစ်လေ စဉ်းစားမရတာ အမှိုက်တွေ ကိုယ်လက်ကလွတ်ဗြွတ်လို့ မတွေးပဲ နည်းနည်း ရေရှည်တွေးကြည့်လို့ အဲ့အမှိုက်ပုံကြီး လမ်းထဲရှိနေလဲ ကိုယ့် ပတ်ဝန်းကျင်လေထုရော၊ ပိုးမွှားရော ထိခိုက်တာပဲ။ ဒါပေမဲ့ ဒါမျိုးက သေချာစဉ်းစားရင် တိုင်းပြည်ကို စီမံနေတဲ့ အုပ်စုညံ့လို့ပဲလေ။ နေရာယူချင်ပြီး တာဝန်မယူချင်တဲ့သူတွေ နေရာယူထားလို့ပေါ့။ ဆက်မပြောတော့ဘူး rant တွေ ဖြစ်ကုန်မယ်။
နောက်တစ်ခါ အခဲ မကြေတဲ့ အကြောင်းလေးပြောပြမယ်။ တစ်ခါ မြန်မာပြည်အလည်​ပြန်တော့ ရာသီလာတဲ့ pads ကို ဘယ်လိုပစ်ကြလဲလို့ သူငယ်ချင်းမလေးကိုမေးတော့ နောက်ဖေးလမ်းကြားကနေ ပစ်လိုက်တာပဲတဲ့... ဟဲ့... ပလုတ်တုတ်ကြီး... အဲ့ ပစ်လိုက်တဲ့ဟာက ကိုယ်မမြင်ရတော့တာပဲရှိတယ် ကမ္ဘာပေါ်ကပျောက်သွားတာမဟုတ်ဘူး။ အဝေးကြီးရောက်သွားတာမဟုတ်ဘူး။ ကိုယ့်နောက်ဖေးအိမ်အောက်မှာ ငုတ်တုတ်ကြီး... အောက်ထပ်အိမ်ကလူကို အားမနာဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကိုယ်ထောက်အုံးလို့ မပြောခဲ့ပါဘူး။ နောက်တစ်ယောက်ကကျတော့ အရမ်းအဆင့်မြင့်တာ ပြောလိုက်ရင် ဘယ်ဆယ်လီ ဘယ်ခရိုနီ သိတယ် ဆိုတာချည်းပဲ။ ပြီးကျတော့ အမှိုက်ကို ကားပေါ်ကနေ ပစ်ချတယ်။ ​သူက နိုင်ငံခြားပြန်ပဲဆိုတော့ စိတ်ထဲတော့ guilt ရှိပုံရတယ်။ ဘာပြောလဲဆိုတော့ ကိုယ်တစ်ယောက်တည်း မပစ်လဲ တနိုင်ငံလုံးပစ်နေကြတာ။ သူ့ဆယ်လီသူငယ်ချင်းကပြောတယ်တဲ့ (ဘယ်ဆယ်လီလဲ မပြောတော့ဘူး... ပြောပြချင်တာတော့အရမ်း) ဒါမြန်မာပြည်မို့ မြန်မာပြည်အထာပဲ လုပ်ရမှာပဲ။ ရောမရောက်ရက် ရောမလို့ ကျင့်ရမယ်တဲ့။ အော်... အဲ့လို အိတ်စ်ပတ်ထရိတ်တွေက နိုင်ငံကြီးကိုချစ်လို့ ပြန်အကျိုးပြုမလို့ ပြန်တာဆိုပြီး ဂုဏ်ယူနေသေးတာ။ 🤣 မြန်မာပြည် အမှိုက်ပစ်စနစ်ကို နှိမ်ချတာလဲ မဟုတ်ဘူး၊ လူတွေရဲ့ အမူအကျင့်ကို ရှုပ်ချချင်တာလဲ မဟုတ်ပေမဲ့... ကိုယ့်နိုင်ငံကို စီမံဖို့ နေရာဝင်ယူထားတဲ့ ငနဲတွေကဉာဏ်ရည်မှီလို့ ​​ော က် လုပ်ကောင်းကောင်းမလုပ်တာကို ပိုပြီး ခံပြင်းလေပဲ။ နိုင်ငံတစ်နိုင်ငံမှာ ဘာအဆင်မပြေပြေ ချီးက အစ အီးကအစ ဘာအဆင်မပြေပြေ မအလလို့သာ ကုန်းဆဲ.... အမှိုက်သေချာမပစ်နိုင်ရင်တောင် boycott လေးတော့ လုပ်ကြပေါ့။ 😁

Friday, August 19, 2016

Did you know that you can shop Duty Free in Changi Airport online?

ဒီတစ်ခါရေးပေးချင်တာလေးကတော့ စင်္ကပူလေဆိပ်က Duty Free ဆိုင်တွေမှာ အပြင်ထက်စျေးသက်သာလို့ ရှော့ပင်းလဲ ထွက်ချင်တယ်။ လေဆိပ်လဲ အစောကြီးသွားဖို့ အချိန်မရှိဖြစ်နေတာမျိုးတို့။ အိမ်ပြန်လက်ဆောင် ၀ယ်ဖို့ အချိန်ကမရှိ လေဆိပ်မှာ ၀င်ဝယ်ဖို့လဲ အချိန်မလောက်ဖြစ်နေတာမျိုးတို့၊ Duty Free ဆိုင်တွေမှာ ရှော့ပင်းထွက်လွန်ပြီး အင်မီဂရေးရှင်းဖြတ်ပြီးမှ လေယာဉ်လွတ်သွားတဲ့ သူငယ်ချင်းတွေလိုမျိုး မဖြစ်ရလေအောင်...

Singapore Changi Airport duty free ဆိုင်တွေကို အွန်လိုင်းကနေ ကြိုဝယ်ထားလို့ရပြီး ကိုယ်လေဆိပ်ရောက်မှ collection counter မှာ သွားယူလိုက်လို့ရတယ်ဆိုတာ သင်သိပါသလား?
Duty Free online shopping website လေးကတော့
http://www.ishopchangi.com/ ဖြစ်ပါတယ်။

အောက်က ပုံလေးတွေမှာ တစ်ပုံချင်းရှင်းပြထားတယ်နော်။

သတိပြုရမှာက ကိုယ်မသွားခင် ၁၄ရက်ကနေ ၁၈နာရီ မတိုင်ခင်အတွင်းမှာပဲ ၀ယ်လို့ရတယ်။
လေယာဉ်မထွက်ခင် ကပ်ပြီးမှ ၀ယ်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကလဲ Processing time ရှိသေးတယ်လေ။

ကြိုက်ရာ ရွေးပြီး shopping cart ထဲ ထည့်၊ check out လုပ်ဖို့ Checkout Now ကိုနှိပ်...

နောက်တစ် page မှာ log in ၀င်ခိုင်းတယ်။ အကောင့်မရှိရင် Create Account ကို နှိပ်ပြီး ကိုယ့်အီးမေလ်းနဲ့ အကောင့်ဖွင့်။ အကောင့်ဖွင့်တာ လွယ်ပါတယ်။

အကောင့်ဖွင့်ပြီးရင် log in ၀င် check out လုပ်ရင် ဒီပေချ့်မှာ ကိုယ့်ရဲ့ Details တွေ ဖြည့်ခိုင်းတာတွေ ပတ်စပိုစ့်ထဲက အတိုင်းအမှန်ဖြည့်။

Details ဖြည့်ခိုင်းတာရဲ့အောက်မှာ တစ်ခါတည်း ကိုယ်ထွက်ခွာဆို ထွက်ခွာ။ ဆိုက်ရောက်ဆို ဆိုက်ရောက် လေယာဉ် နံပါတ်ထည့်။ နေ့စွဲထည့်။

အောက်က Terms and conditions ကို tick လုပ်ပြီးရင် အောက်ဆုံးက (ဒီပုံထဲမှာ မပါ) button ကိုနှိပ်လိုက်ရင် နောက်တစ်ပေချ့်မှာ ပိုက်ဆံပေးပြီးရင် ရဘီ။

ကိုယ်ပြန်တဲ့နေ့မှာ အင်မီဂရေးရှင်းဖြတ်ပြီးရင် အတွင်းထဲက Collection counter မှာ ပတ်စပိုစ့်ပြပြီး သွား ယူရုံပဲ။

Tuesday, July 26, 2016

Staying at Hotels VS Airbnb Apartment Pros and Cons


Airbnb ဆိုတာ ဘာလဲ သိပြီးတဲ့သူတွေကတော့ ဒီပထမဆုံးအပိုဒ်လေးကို ကျော်ဖတ်လို့ရပါတယ်။ မသိသေးတဲ့လူတွေကို တစ်ခါတည်းသိသွားအောင် ဒီအခွင့်အရေးကိုယူပြီးရှင်းပြ ပါရစေ။ ကျွန်မတို့ခရီးသွားတွေ အများစုက အရင်ကဆိုရင် ခရီးသွားတိုင်း ဟော်တယ်မှာပဲ တည်းဖြစ်တာများပါတယ်။ ခုနောက်ပိုင်းတော့ www.airbnb.com ဆိုတဲ့ အင်တာနက်စာမျက်နှာကနေ အဲ့ဒိသွားမဲ့နေရာက အိမ်ပိုင်ရှင်တွေရဲ့ အိမ်ခန်းတွေကို ရက်တွက်နဲ့ ငှားပြီး တည်းလို့ရပါတယ်။ တစ်အိမ်လုံးငှားတာတွေရှိသလို အခန်းပဲ ငှားတာတွေလဲရှိပါတယ်။ တည်းခိုချင်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ခန်း ရက်ပိုင်းနဲ့ ငှားချင်သူတွေပဲ ဖြစ်ဖြစ်က အဲ့ဒိ အင်တာနက်စာမျက်နှာမှာ အကောင့်ဖွင့်ရပါတယ်။ မိမိဓာတ်ပုံ အမှန်လဲ တင်ရပါတယ်။ ဒါမှ တည်းခိုမဲ့သူနဲ့ အိမ်ခန်းပိုင်ရှင်က တစ်ဦးနဲတစ်ဦး ဘယ်လိုပုံလဲ သိမှာပါ။ လူပုံမတင်ပဲ တခြားပုံတွေတင်ထားရင် မဗေဒါဆိုရင်တော့ မငှားပါဘူး။ ကိုယ်နဲ့ဆက်ဆံရမဲ့သူ ဘယ်လို ဥပတိရုပ်ရှိလဲဆိုတာလဲ အနည်းနဲ့ အများအကဲခတ်လို့ရတာပေါ့နော်။ ကဲ… ဒီလောက်ဆို airbnb apartment ငှားတယ်ဆိုတာ ဘာလဲ သဘောပေါက်လောက်ပြီဆိုတော့ ဟော်တယ်မှာနေတာနဲ့ Airbnb ကနေ အိမ်ခန်းငှားနေတာ ဘာတွေကောင်းတယ်ဆိုးတယ် ကိုယ်ပိုင်အတွေ့အကြုံအရ ပြောပြမယ်နော်။

၁။ ရောက်ရောက်ချင်းနေ့ ဆက်သွယ်ရခက်ခဲခြင်း

ဟော်တယ်ဆိုရင် အဲ့ဒိကိုအရောက်သွားနိုင်တာနဲ့ Reception ရှိနေတယ်လေ။
Airbnb apartment တွေကျတော့ အိမ်ရှင်က အဲ့ဒိ ငှားစားတဲ့အိမ်နားမှာနေတာမဟုတ်ဘူးဆိုရင် သူ့ကို ဆက်သွယ်ဖို့ အခက်ခဲရှိတယ်။ ကိုယ်က တိုင်းတပါးကို ခုမှ စစချင်းရောက်တာ။ ဖုန်းကဒ်က လွယ်လွယ်ကူကူဝယ်လို့မရတဲ့ တိုင်းပြည်ဆိုရင် သူ့ကိုဆက်သွယ်ဖို့က အတော်လေး ကသိကအောက်ဖြစ်ရတယ်။

ဥပမာ။ မဗေဒါတို့ ဂရိကိုစစရောက်ချင်းနေ့က လေဆိပ်မှာ ဖုန်းကဒ်ဝယ်ဖို့လုပ်ပေမဲ့ ရောင်းတဲ့နေရာမရှိဘူး။ လိုကယ်တွေကိုပဲရောင်းတာ နိုင်ငံခြားသားတွေကို မြို့ထဲက ဖုန်းဆိုင်တွေမှာပဲ ဝယ်လို့ရမယ်တဲ့။ ဒီလိုနဲ့ ကိုယ်တည်းမဲ့ အိမ်ရှေ့ရောက်တာတောင် ဖုန်းမရှိလို အိမ်ရှင်ကိုဆက်သွယ်လို့မရ။ အထုတ်အပိုးတွေနဲ့မို့ ဖုန်းကဒ်ဆိုင်ကို ၂ယောက်လုံးတူတူသွားရှာဖို့ကလဲ ပင်ပန်း။ ဒီလိုနဲ့ Mr.Right ပဲ သွားရှာ ကိုယ်က အထုတ်တွေနဲ့ လမ်းပေါ်တစ်ယောက်တည်းကျန်ခဲ့။ ဂရိဆိုတာကလဲ နိုင်ငံခြားသားတွေကို ခါးပိုက်နှိုက်လုယက်တာမျိုးတွေ ကြားထားတော့ အရမ်းသတိနဲ့နေနေရတာပေါ့။
မလေးရှားသွားတုန်းကကျတော့ အိမ်ရှင်က ရှေ့တစ်ရက်ကတည်းက မတ်စေ့ပို့ထားတယ်။ သူ့အိမ်နံပါတ်က ဘယ်လောက်ပေါ့။ ရောက်ရင် အစောင့်ဂိတ်ကနေ အိမ်နံပါတ်ပြောပြီး သော့တောင်းလိုက်ပါဆိုတော့ နည်းနည်းအဆင်ပြေသေးတယ်။ တစ်အိမ်နဲ့တစ်အိမ်တော့ အဲ့လိုကွာတာပေါ့။


၂။ Checking in - Checking out

ဟော်တယ်မှာက များသောအားဖြင့် ၂၄ နာရီ Reception Service ရှိတော့ Check-in အချိန်မဟုတ်သေးပဲ စောရောက်ရင်တောင် အိတ်တွေအပ်ခဲ့ပြီး ကိုယ်သွားချင်တဲ့နေရာ လျှောက်သွားလို့ရပါပြီ။

Airbnb apartment တွေကျတော့ သူတို့ ချက်အင်အချိန် ညနေ ၂နာရီမတိုင်ခင်စောရောက်နေလို့ကတော့ အိမ်ရှင်နဲ့ မတွေ့မချင်း အိတ်တွေတန်းလန်းနဲ့ လမ်းပေါ်စောင့်ပေတော့ပဲ။ အထုတ်အပိုးနည်းတဲ့ ရက်တိုခရီးဆိုရင် ကျောပိုးအိတ်နဲ့လျှောက်သွားနေလို့ရသေးပေမဲ့ အထုတ်များရင် ဘယ်မှသွားလို့မရပဲ အချိန်ကုန် လူပန်းပါပဲ။ မဗေဒါတို့ရဲ့ ပထမဆုံး Airbnb အတွေ့အကြုံဖြစ်တဲ့ Greece မှာတုန်းက ခရီးဝေးလို့ လူပင်ပန်းရတဲ့အထဲ ဒီလိုမျိုးတွေရှိပါလားလို့ ကြိုမသိခဲ့လို့ အတော်လေးအချိန်ပုတ် လူပန်းဖြစ်ရပါတယ်။

အဲ့ဒါမျိုးမဖြစ်အောင် ကာကွယ်ချင်ရင် ကိုယ်အခန်းမငှားခင်ကတည်းက အိမ်ရှင်ကို မတ်စေ့ပို့ပြီး Early Check in ကိုယ်ရောက်မဲ့အချိန်ကို ဝင်လို့ရမရ သေချာသဘောတူညီမှုရယူပါ။ Check out လဲ ဒီတိုင်းပဲ။ ကိုယ့်လေယာဉ်က ညမှထွက်မှာ သူတို့က ချက်အောက် ၁၂ နာရီဆိုရင် ကိုယ့်အထုတ်တွေနဲ့ ဘယ်သွားနေရမလဲ။ ဟော်တယ်ဆိုရင် အထုတ်တွေအပ်ခဲ့လို့ရသေးတယ်။

၃။ ပုံမှန် ဝန်ဆောင်မှုရရှိခြင်း ရှိမရှိ

ဟော်တယ်တွေမှာတည်းမယ်ဆိုရင် အနည်းနဲ့အများတော့ ဘယ်လိုဝန်ဆောင်မှုမျိုးရမယ်ဆိုတာကို ကိုယ်က သိနေပြီးသား။ အလည်လာတဲ့လူတစ်ယောက်အတွက် လိုအပ်မဲ့ ဝန်ဆောင်မှုမျိုးတွေအားလုံးနီးပါး ဟော်တယ်မှာ ရှိတယ်။
Airbnb လို homestay apartment တွေကျတော့ ကိုယ်ကထောင့်စေ့အောင် စဉ်းစားနိုင်ပြီး မငှားခင် မေးနိုင်မှတော်ကာကျတယ်။ ဒါတောင် စိတ်ထဲက တထင့်ထင့်စိုးရိမ်နေရတာမျိုးဖြစ်တတ်တယ်။ တစ်ခုနဲ့တစ်ခု ရရှိနိုင်တဲ့ ဝန်ဆောင်မှုက အိမ်ရှင်ပေါ်မူတည်ပြီး ဟော်တယ်ထက်ကောင်းသွားနိုင်သလို၊ လိုအပ်နေတာမျိုးတွေလဲ ဖြစ်နေနိုင်တယ်။

၄။ လွယ်ကူ သေချာတဲ့ ဘွတ်ကင်း ဖြစ်မဖြစ်

ဟော်တယ်တွေကို ဘွတ်ကင်းလုပ်တဲ့အခါမှာ အခန်းကျန်နေသမျှ ကိုယ်သေချာပေါက်ရရင် ရတယ်။ မရရင် မရဘူး ကွဲကွဲပြားပြားရှိတယ်။ ဟော်တယ်ဘွတ်ကင်းလုပ်ရတာ ပိုလွယ်ကူသလို နောက်ဆုံးအချိန်မှ ကောက်လုပ်လဲရတယ်။
Airbnb လို apartment ကျတော့ တစ်ခါတစ်လေမှာ အနီးကပ်မှ အိမ်ရှင်က မငှားတော့ပါဘူးဆိုပြီး ထဖြတ်လိုက်တာမျိုး ကြုံဖူးတဲ့သူရှိတယ်တဲ့။ ပြီးတော့ ဘွတ်ကင်လုပ်တဲ့အခါမှာ တခါတစ်လေ တိုက်ရိုက်ဘွတ်ကင်လိုက်ရတာမဟုတ်ပဲ။ Request to book ဆိုတဲ့ အဆင့်မှာ အိမ်ရှင်ကို လှမ်းခွင့်တောင်းရတာမျိုးအရင်လာတယ်။ သူတို့က လက်ခံမှ book လို့ရတာမျိုးတွေရှိတဲ့အတွက် ဟော်တယ်လို နောက်ဆုံးအချိန် ကောက်ဘွတ်လို့မရဘူး။

၅။ ဈေးနှုန်း (အခြား ကုန်ကျစားရိတ်)

ဟော်တယ်တွေကတော့ သူ့အတန်းအစားနဲ့သူ ဈေးအသီးသီးရှိတယ်။ နေရာအချက်အချာကျရင် ကျသလို ဈေးကြီးတာမျိုးရှိတယ်။

AirBnB ကျတော့ တစ်ခါတစ်လေ ဈေးအတော်ချိုတာမျိုးတွေရတတ်တယ်။ နေရာကောင်းကောင်းနဲ့ ဈေးချိုတာမျိုးတွေ ရနိုင်တယ်။ ပြီးတော့ တော်တော်များများမှာ မီးဖိုချောင်နဲ့ တစ်ခြားအသုံးအဆောင်ပစ္စည်းတွေပါတဲ့အတွက် ချက်ပြုတ်စားလို့ရတယ်။ အဲ့ဒိအတွက် အစားအသောက်ခ သက်သာစေသလို ကိုယ်နှစ်သက်တဲ့ အစားအစာလဲ စားနိုင်တယ်။ ဥပမာ။ မဗေဒါတို့ ဆန်တိုရိနီမှာဆို ဥရောပစာတွေ ဈေးကြီးပေးပြီး ကိုယ်မကြိုက်တော့ ကိုယ်စားချင်တာ ချက်စားပြီး ကျေနပ်မှုရတယ်။ (အချိန်တော့ ကုန်တာပေါ့နော်)။ နောက်ပြီး တစ်ချို့ Airbnb အိမ်ရှင်တွေက လာတောင် မကြည့်တဲ့အတွက် လူများများတည်းရင် ဈေးနှုန်း မျှဝေလိုက်တဲ့အတွက် သက်သာနိုင်တယ်။ (ဒါကတော့ သိပ်သေချာတဲ့အရာတော့ မဟုတ်ဘူးပေါ့)။ ဥပမာ မဗေဒါတို့ မလေးရှားက Cameron Highland က အိမ်ဆိုရင် ၈ယောက်အများဆုံးလို့ပြောပေမဲ့ တခြားဘေးက ငှားစားတဲ့အိမ်တွေမှာ သူငယ်ချင်း အုပ်စုလိုက် ၁၀ယောက်ထက်မနည်းလာတည်းနေတာတွေ့ခဲ့တယ်။
ရက်ရှည်နေမယ်ဆိုရင် Airbnb လို Apartment မျိုးက ပိုပြီး ဈေးသက်သာနိုင်တယ်။

၆။ လိုကယ်တွေရဲ့ နေမှုထိုင်မှုလို အနည်းငယ်ခံစားလို့ရ

ဟော်တယ်ကတော့ ဟော်တယ်လိုခံစားရမှာပေါ့နော်။

Airbnb လို Apartment ကျတော့ လိုကယ် ရပ်ကွက်ထဲမှာနေရတဲ့အတွက် ဧည့်သည်ဆိုလို့ ကိုယ်တစ်ယောက်တည်းဆိုတဲ့ ခံစားချက်မျိုးတော့ ရှိတာပေါ့။ လိုကယ်တွေနဲ့ ဘယ်လောက်ထိရောနှောနေနိုင်မလဲဆိုတာကတော့ ကိုယ်ရက်ဘယ်လောက်ကြာကြာနေလဲပေါ်လဲ မူတည်မယ်ထင်တယ်။ တစ်ချို့အိမ်ရှင်တွေကတော့ ပိုပြီး ရင်းရင်းနှီးနှီးခင်ခင်မင်မင်နဲ့ လိုအပ်ရင်သူတို့ကို ဖုန်းဆက်မေးလိုက်ရင် သေသေချာချာပြောပြကြတာမျိုးတွေရှိတယ်။
ရက်တိုနေရင်တော့ ဘာမှ သိပ်မသိသာဘူး။ ကိုယ်ကလဲ ပြန်အိပ်ဖို့လောက်ပဲပြန်လာတာလေ။ ဘေးအိမ်မှာ ဘယ်သူတွေနေမှန်းတောင်သိရမှာ မဟုတ်ဘူး။

၇။ လုံခြုံရေး

ဟော်တယ်တွေမှာက သူတို့ အဆင့်အတန်းနဲ့သူတို့ လိုက်နာရမဲ့ စည်းကမ်းနဲ့ လုံခြုံရေး ကိစ္စအဝဝ ရှိပြီးသား။ ပြီးတော့ အောက်က လော်ဘီအဝင်မှာ သူ့ဟာနဲ့သူ လုံခြုံရေးအလုပ်သမားတို့။ မီးလောင်ရင် ပြေးရမဲ့ ထွက်ပေါက်တို့။ အရေးအကြောင်းဆို ချက်ချင်း ဖုန်းခေါ်လိုက်ရင် ချက်ချင်းရောက်လာနိုင်တာတို့ရှိတယ်။

Apartment တွေကျတော့ အိမ်ရှင်ဆီက သော့ယူပြီးတာနဲ့ ကိုယ့်ဟာနဲ့ကိုယ်ဖြစ်သွားပြီ။ အရေးအကြောင်းဖုန်းခေါ်လဲ သူတို့က ချက်ချင်းမရောက်လာနိုင်ဘူး။ ပြီးတော့ အဲ့ဒိ အိမ်ရှင်ကိုယ်တိုင်ကို ဘယ်လောက် ယုံရလဲ မယုံရလဲဆိုတဲ့ သံသယရှိနေတဲ့အတွက် စိတ်လက်တော့ အရမ်းအေးချမ်းမနေဘူး။ မဗေဒါတို့ ဂရိမှာ နောက်ဆုံးနေခဲ့တဲ့အိမ်ဆိုရင် ရေချိုးတဲ့နေရာရဲ့ နောက်နားလေးမှာ ပြတင်းပေါက်လေးနဲ့ တံခါးလေးလိုမျိုးတစ်ခုရှိတယ်။ ကြည့်လိုက်ရင်တော့ ရေပိုက်လိုင်းတွေသွားတဲ့လမ်းလိုနဲ့ တကယ်တန်းလူက အဲ့ဒိက တက်လာနိုင်သလားဆိုတဲ့ ကြောက်စိတ်မျိုးရတယ်။ သူတို့အိမ်ထဲမှာ ကင်မရာတွေဘာတွေတပ်ခဲ့မလား စသဖြင့်ပေါ့။ ပြီးတော့ အိမ်သော့ဖွင့်ရင်ကအစ ဟော်တယ်ဆို လော်ဘီထဲဝင်ပြီးတာနဲ့ ကိုယ့်ပရဝုဒ်ထဲရောက်သလို ခံစားရပြီး အခန်းပေါ်တက်ဖွင့်ရတာ သိပ်မကြောက်ရဘူး။ Apartment ကျတော့ အိမ်ထဲမရောက်မချင်း နည်းနည်းစိတ်ပူတယ်။ (နည်းနည်းကြောက်တယ်)။ ဘေးအိမ်ကလူက လူကောင်းမှဟုတ်ရဲ့လား။ ရပ်ကွက်က ဂျလေဘီပုံစံမျိုးတွေရှိရင် ပိုကြောက်တယ်။ (အထူးသဖြင့် ဥရောပမှာတည်းတုန်းကပေါ့)။

ဒါပေမဲ့ အကြမ်းဖက်သမားရန်ကျတော့ ဟော်တယ်မှာက ပိုကြောက်ရတယ်။ ဒီခေတ်ကြီးကလဲ အသေခံဗုံးခွဲ ဘာညာဆိုတော့။ Apartment ကျတော့ လူနေရပ်ကွက်လိုပဲဆိုတော့ အကြမ်းဖက်သမားက သိပ် target ထားမယ်မထင်ဘူး။

၈။ လိပ်စာအတိအကျ မသိရခြင်း

ဟော်တယ်တွေဆိုရင် ဘွတ်ကင်းမလုပ်ခင်ကတည်းက လိပ်စာအတိအကျသိရတယ်လေ။ အဲ့တော့ ဘယ်လိုနေရာမျိုးလဲ Google map ကနေ အရင်ကြည့်လို့ရတာပေါ့။

Airbnb apartment တွေကျတော့ သူတို့ ရေးထားတဲ့ description ဖတ်။ အောက်က တည်းဖူးတဲ့သူတွေရဲ့ Review တွေဖတ်။ ဘယ်နားနဲ့နီးတယ်။ ဘယ်မြို့နယ်မှာရှိတယ်လောက်ပဲ။ မြေပုံမှာလဲ သူတို့အိမ်ရှိတဲ့ မြို့နယ်ကို ဝိုင်းပြထားတာပဲရှိတယ် အိမ်လိပ်စာအတိအကျမသိရဘူး။ အဲ့ဒိတော့ google map တို့ဘာတို့ကနေ ပတ်ဝန်းကျင်အခြေအနေဘယ်လိုရှိမလဲ မသိနိုင်ဘူး။ ဘွတ်ကင်းလုပ်ပြီးတော့မှ အိမ်ရှင်နဲ့ အဆက်အသွယ်ရပြီး အိမ်လိပ်စာရတာ။ ဘွတ်ကင်ပြန်ဖျက်လို့ရတယ်ဆိုပေမဲ့ ဟော်တယ်ဘွတ်ကင်းဖျက်သလောက် မလွယ်ဘူးထင်တယ်။ တစ်ခါမှ မဖျက်ဖူးသေးတော့ မသိဘူး။

ဥပမာ မလေးရှား Cameron Highland သွားတုန်းက Apartment ဆိုရင် မြေပုံလေးနဲ့ပဲ ပြထားတယ်။ လိပ်စာသိတာတောင် Google map က သူ့ Apartment ရှိတဲ့ လမ်းထဲ ဝင်ကြည့်လို့မရဘူး။ တကယ်သွားတဲ့နေ့ကျတော့မှ လမ်းထဲ အတော်ဝင်လျှောက်လိုက်ရတယ်။ လူငယ်အတွက် ဒီလောက်မဝေးပေမဲ့ လူကြီးတွေနဲ့ ကလေးတွေအတွက်တော့ လျှောက်ရတာ ဝေးထယ်ထင်ရတယ်။ ဒီတော့ အဲ့ဒိ Apartment ကိုရောက်ပြီးရင် ပြန်မထွက်ချင်ကြတော့ဘူး။

၉။ အိမ်ရဲ့ ပတ်ဝန်းကျင်နဲ့ အထပ်ကို သေချာမသိရခြင်း

ဟော်တယ်တည်းရင်လဲ ဘယ်အထပ်ရမယ်သေချာမသိရပါဘူး။ ပြတင်းပေါက်ခန်းရပါ့မလား၊ ရှုခင်းကောင်းပါ့မလား စသည်ဖြင့်တော့ ပူရတာပေါ့။ ဒါပေမဲ့ ပိုက်ဆံပိုပေးပြီး upgrade လုပ်ဖို့ ရွေးစရာရှိသလို၊ ချက်အင်ဝင်တဲ့အချိန်မှာ အခန်းကောင်းလေးပေးပါနော် ဘာညာပြောလို့ရတာသေးတယ်။

Airbnb apartment တွေကျတော့ သူတို့ အရှိအတိုင်းပဲလေ။ ခုနေဖူးသမျှအိမ်တွေအကုန်လုံးကတော့ အတွင်းဘက်အခန်းအပြင်အဆင်နဲ့ အသုံးအဆောင်တွေအကုန်လုံးက ပုံထဲကအတိုင်းရပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်အထပ်မှာရှိလဲဆိုတာ မရောက်ခင် မသိခဲ့ရဘူး။

ဥပမာ။ အာသန်ပထမဆုံးနေ့စတည်းတဲ့ အိမ်ဆိုရင် ဓာတ်ပုံထဲမှာပြထားတဲ့ အခန်းအပြင်အဆင်လေးအတိုင်း အိပ်ယာခင်းတွေ မီးဖိုချောင်လေးတွေ ချစ်စရာလေးတော့ ရပါတယ်။ တကယ်တန်းကျတော့ မြေအောက်ထပ်အခန်းကြီးဖြစ်နေတယ်။ ပြတင်းပေါက်မရှိဘာမရှိ။ အိမ်ထဲဝင်ဖို့ မြေအောက်ထဲ ဆင်းရတာတင် စိတ်ထဲ ကြောက်မိတယ်။ အထဲရောက်သွားရင်တော့ မကြောက်တော့ဘူးပေါ့နော်။
မလေးရှာ Cameron Highland တုန်းကလဲ သူက ဝရံတာက အပြင်ပုံကိုရိုက်ထားတာ တင်ထားပေမဲ့ အဲ့ဒါ ဘယ်နှထပ်လဲ မသိနိုင်ဘူး။ ဟိုရောက်တော့ ပထမထပ်ဖြစ်နေတယ်။ သူ့လဲ အပြစ်ပြောလို့မရဘူး။ သူ့ဓာတ်ပုံထဲကအတိုင်းတော့ ရှုခင်းကရတယ်။ အပြင်မှာ သိပ်မလှတာပဲရှိတယ်။ ကော်ရိုက်တာတစ်လျှောက်ကလဲ နည်းနည်းမှောင်ပြီး ဘေးခန်းတွေကလဲ အလုပ်သမားတွေစုနေတဲ့ အိမ်တွေလိုပဲ။ မိသားစုလိုက်သွားပြီး အုပ်စုတောင့်လို့ သိပ်မကြောက်တာ။
ဒီတော့ အဆုံးသတ်မှာပြောချင်တာက ဘယ်မှာပဲနေနေ သေသေချာချာ ထောင့်စေ့အောင် စစ်ဆေးမေးမြန်း။ Airbnb apartment ဆိုရင် Checkin- check out time နဲ့ ကိုယ့်လေယာဉ်ချိန်ကို သေချာ ညှိ… ကိုယ်ကတော့ ကိုယ်ကြုံခဲ့တာနဲ့ ကိုယ်မစဉ်းစားမိခဲ့လို့ ဖြစ်ခဲ့တာကို နောက်လူတွေထည့်စဉ်းစားနိုင်အောင် ရေးပေးတာ။

Airbnb apartment တွေကို မကောင်းဘူးလို့ မဆိုလိုဘူး ဒါပေမဲ့ ကိုယ့်ဘက်က တစ်ချက်မှ လွတ်လို့မရဘူး။ ဖြစ်နိုင်ရင်တော့ အကြံပေးချင်တာက ကိုယ်ရောက်ရောက်ချင်းနေ့နဲ့ ပြန်မဲ့နေ့တွေဆိုရင်တော့ ကိုယ့်ခရီးစဉ်ပေါ်မူတည်ပြီး ဟော်တယ်နေသင့်ရင်နေ။

Airbnb မှာနေမှ ဝါရင့် ခရီးသွားကြီးဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဟိုတယ်ထက်စာရင်တော့ လိုကယ်တွေရဲ့ နေ့စဉ်ဘဝတွေကို ပိုလေ့လာနိုင်သလို၊ သာမာန်ခရီးသွားတွေထက်တော့ ပိုအတွေ့အကြုံ ရနိုင်မယ်။ အိမ်ရှင်ဆီကနေ လိုကယ် tips တွေရနိုင်မယ်။ အဆင်ပြေမပြေ၊ ဈေးချိုမချိုစသဖြင့် တခြား အချက်အလက်တွေထည့်စဉ်းစား။ တစ်ခါတစ်လေတော့ နေရာကောင်းလေးတွေမှာ airbnb apartment တွေက ဟော်တယ်တွေထက် ဈေးတအားသက်သာတာမျိုးတွေရှိတတ်တာကျတော့ ကိုယ့်အတွက်ကောင်းတယ်လေ။ မဗေဒါအတွက်တော့ နောက်ဆိုရင် အုပ်စုမတောင့်ရင် ဟော်တယ်ပဲနေဖြစ်ဖို့များတယ်။
အောက်ကပုံလေးကတော့ အရိုးရှင်းဆုံး ရှင်းပြထားတာလေးပေါ့။ ကိုယ်လိုချင်တာ ကိုယ်ရွေးပေါ့နော်။

Friday, June 10, 2016

ဒညင်းသီးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး တစေ့တစောင်း


ဟိုးတစ်လောက ဖေ့ဘွတ်ပေါ်မှာ ဒညင်းသီးဟာ ဘာအဟာရမှ မပေးပဲ အဆိပ်အတောက်အသီးသာ ဖြစ်တယ်ဆိုတဲ့ ပိုစ့်တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးတယ်။ ကိုယ်လဲ ဒီပိုစ့်ကို ဖတ်တုန်းက ဒီလိုပဲ ဖတ်ပြီး ယုံလိုက်တာပါပဲ။ ဒါပေမဲ့ ကြိုက်တော့လဲ ရန်ဖန်ရန်ခါတော့ စားဖြစ်နေသေးတာပါပဲ။

ဟိုတစ်နေ့က မြန်မာပြည်ကနေ လူကြုံရလာတဲ့ ဒညင်းသီးတွေကို ကိုယ်ဝန်သည်မို့ မစားရဘူး။ အဲ့ဒါ ဘာအဟာရမှ မပေးပဲ အဆိပ်အတောက်တွေလို့ ဖေ့ဘွတ်မှာတွေ့ဖူးတယ်။ နင့်ကလေးပဲ ဒုက္ခရောက်မှာဆိုပြီး ပြောခံခဲ့ရပါတယ်။ ဒါနဲ့ ဟုတ်လား မဟုတ်လား ဘယ်လောက် ဒုက္ခရောက်နိုင်လဲ စသဖြင့် သိချင်တဲ့ စိတ်ကြောင့် အင်တာနက်မှာ ရှာဖွေကြည့်မိပါတယ်။ ဖေ့ဘွတ်ပေါ်က ပိုစ့်တိုင်းကလဲ ယုံလို့ရတာမဟုတ်ဘူးလေ။ အခုကျွန်မရေးတဲ့ ဒီပိုစ့်ကိုလဲ အဆုံးထိဖတ်ပြီးရင် ယုံသင့် မယုံသင့် မိမိဖာသာစဉ်းစားကြပါ။ ကိုယ်အင်တာနက်မှာတွေ့တာကို မျှဝေယုံသက်သက်ဖြစ်တဲ့အတွက် အင်တာနက်ပေါ်က ဟာတွေက ဘယ်လောက် မှန်မမှန်တော့ ကျွန်မလဲ မသိပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါ။

ဒညင်းသီးအကြောင်း အင်တာနက်မှာတွေ့သမျှ တစေ့တစောင်း

ဒညင်းသီးကို Jengkol, Jering Bean, Dogfruit လို့ ခေါ်ဆိုပါတယ်။ အဲ့ဒိ keywords တွေရိုက်ထည့်လိုက်ရင် အင်တာနက်မှာ ထွက်လာပါလိမ့်မယ်။ ဒညင်းသီးကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း တို့မှာ စားသုံးကြတယ်လို့ သိရပါတယ်။





၁) ဒညင်းသီးရဲ့ ပါ၀င်တဲ့ အဟာရ

wiki အရ (wiki ကဟာ အကုန် မှန်တယ်လို့ ပြောခြင်းမဟုတ်ပေမဲ့၊ ဒညင်းသီးဟာ အဆိပ်တောက်သီးလို့ ရေးတဲ့ လူရဲ့ ပိုစ့်မှာလဲ wiki က အဲ့ဒိလင်ခ့်ကိုပဲ ပေးထားလို့ အဲ့ဒိလင်ခ့်အောက်က Nutritional value ထဲက ကောက်နုတ်တာပါ)

Source: https://en.wikipedia.org/wiki/Archidendron_pauciflorum#cite_note-1

wiki အရ ဒညင်းသီးဟာ ကာဘိုဟိုက်ဒရိတ် ၂၆ရာခိုင်နှုန်းပဲ ပါ၀င်ပါတယ်။ တခြား ပဲအမျိုးအစားတွေဖြစ်တဲ့ ပဲလိပ်ပြာ၊ ကုလားပဲ စတာတွေနဲ့ ယှဉ်ရင် ကာဘိုဟိုက်ဒရိတ် (Carb) ပါ၀င်မှု အတော်နည်းပါတယ်။ ဒါပေမဲ့ လူကို အကျိုးပြုတဲ့ ပရိုတင်းဓာတ်ကျတော့ ၁၄.၂ရာခိုင်နှုန်းတောင်ပါ၀င်ပါတယ်။ ထမင်း မှာ (၇%) ၊ဂျုံ မှာ (13%) ပဲ ပရိုတင်းပါ၀င်တဲ့အတွက် အဲ့ဒါတွေထက်တောင် ပရိုတင်းပါ၀င်မှု များတာတွေ့ရပါတယ်။ လူကို ဝ စေတဲ့ ကာဘိုဟိုက်ဒရိတ်နည်းပြီး အားဖြစ်စေတဲ့ ပရိုတင်းများတယ်ဆိုတော့ ဒညင်းသီးဟာအမှန်တော့ စားသင့်တဲ့ အသီး ဖြစ်ကောင်းဖြစ်မယ်လို့ ယူဆလို့ရတယ်လို့ ရေးထားပါတယ်။



၂) ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ဒညင်းသီး

Thealthbenefitsof.com, vegetafruit.com နဲ့ allbeautyjournal.com (အောက်တွင်းလင်ခ့်အတိအကျပေးမည်) တို့က ဆောင်းပါးတွေအရ ဒညင်းသီးဟာ စားသုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်ကိုသာမက သူ့ဝမ်းတွင်းက ကလေးငယ်ရဲ့ အရိုးဖွံ့ဖြိုးမှုနဲ့ သွားဖွံ့ဖြိုးမှု ကိုပါ အထောက်အပံ့ဖြစ်စေတယ်လို့ ရေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် ဒညင်းသီးဟာ fiber ပါ၀င်မှုများတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်လို့ ဆိုထားပါတယ်။

Sources:
http://www.thealthbenefitsof.com/jengkol-health-benefits-for-diabetes/
http://www.vegetafruit.com/2015/06/health-benefits-of-jengkol-jering-bean.html
http://www.allbeautyjournal.com/2014/09/benefits-jengkol.html

နောက်ပြီး ကိုယ်ဝန်သည်တွေ ဖြစ်လေ့ရှိတဲ့ anemia ကိုလဲ ကာကွယ်ပေးတယ်ဆိုပါတယ်။
Anemia ဆိုတာ နားလည်သလောက်တော့ လူတစ်ယောက်ရဲ့ သွေးနီဥမလောက်ငှမှု ကိုပြောချင်တာပါ။ Anemia ဖြစ်တဲ့လူဟာ ဖြူဖတ်ဖြူရော်၊ အားအင် နည်းပါး၊ ပင်ပန်းနွမ်းနယ်၊ မူးဝေမောပန်း မှု လက္ခဏာတွေရှိပါတယ်။ အထူးသဖြင့် တချို့ မိခင်လောင်းတွေမှာ အတွေ့များပါတယ်။ သွေးနီဥလည်ပတ်မှုကောင်းစေဖို့ သံဓာတ်လိုအပ်ပါတယ်။ ဒညင်းသီး ၁၀၀ ဂရမ်မှာ သံဓာတ် ၄.၇ ဂရမ်ပါတယ်လို့ ဆိုပါတယ်။ သံဓာတ်များတဲ့ ဒညင်းသီးကြောင့် Anemia လျော့နည်းအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်ရတယ်လို့ အောက်ပါ ၀က်ဆိုဒ်မှာ ဖတ်ရပါတယ်။

Source: http://www.lapazdeldial.com/?tag/jengkol%20for%20pregnant%20mother

ဒါ့အပြင် ဒညင်းသီးဟာ ဆီးချိုရှိတဲ့သူတွေ စားလျှင် ဆီးချိုကို လျော့ကျစေတယ်လို့ အပေါ်က ၀က်ဆိုဒ်တွေ အကုန်လုံးမှာ ရေးထားပါသေးတယ်။





၃) ဒညင်းသီးနဲ့ အဆိပ်

ဟုတ်ပြီ။ ဒါဆိုရင် ဒညင်းသီးဟာ အဆိပ်သီးပါလို့ ဘာလို့ရေးကြတာလဲ။ သူတို့လဲ လုံးလုံးမမှားပါဘူး။ ဒါပေမဲ့ ပြောချင်တဲ့ တစ်စိတ်တစ်ပိုင်းကိုပြောပြီး အပြည့်မပြောပဲ ချန်ထားသလိုဖြစ်နေတာပါ။ Drkokogyi.wordpress.com မှာ ဒညင်းသီးဟာ ကျောက်ကပ်အတွက် အဆိပ်အတောက်ဖြစ်တယ်ဆိုတဲ့ ဆောင်းပါးလေးကိုတွေ့ရပါတယ်။ သူ့ပိုစ့်ထဲမှာ ပေးထားတဲ့ ဖတ်လို့ရတဲ့ လင်ခ့်တွေကိုလဲ လိုက်ဖတ်ကြည့်ခဲ့ပါသေးတယ်။ ဥပမာ၊ သူပေးထားတဲ့ wiki ပေါ့။ 


Source: https://drkokogyi.wordpress.com/2011/06/26/da-nyin-thee-or-jengkol-or-dogfruit-or-buah-jering-has-no-medicinal-properties-but-toxic-to-kidney/

ဒညင်းသီးမှာ djenkolic acid, an amino acid ဆိုတဲ့ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တဲ့ အက်ဆစ်တစ်မျိုးပါပါတယ်။ အဲ့ဒါကို အင်္ဂလိပ်လို jengkol bean poisoning လို့လဲခေါ်ပါတယ်။





ဒါပေမဲ့ ဒညင်းသီးကြိုက်သူများ စိတ်မပူကြပါနဲ့တဲ့ Jengkolat acid များတာကို bicarbonate of soda (သို့) ရေများများသောက်ခြင်းဖြင့် လျော့ကျစေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ဒညင်းသီး (အပါအဝင် ဘယ်အရာမဆို) ကို အလွန်အကျွံ မစားကြဖို့ Dr.Parlindungan Siregar, Sp.PD, from the kidney and hypertension, the department of internal medicine, School of Medicine, in the event media seminar in the framework of the World Kidney Day in Jakarta (06/03/12) မှာ ပြောကြားသွားပါတယ်တဲ့။

Source: http://restauranteuno.blogspot.sg/2012/03/excess-of-jengkol-risk-of-kidney-stones.html

၄) ဒညင်းသီးနဲ့ စမ်းသပ် တွေ့ရှိချက်

နောက်ပြီး ဒညင်းသီးကို မလေးရှား စမ်းသပ်ခန်းထဲက ဆီးချိုဖြစ်နေတဲ့ ကြွက်နဲ့ ရိုးရိုးကြွက် ၂မျိုးနဲ့ စမ်းသပ်ချက်တွေအရ ဆီးချိုရှိနေတဲ့ ကြွက်တွေကို ဒညင်းသီးကျွေးပြီး ၁၂ပတ်အကြာမှာ ဆီးချို သူတို့ရဲ့ သွေးထဲက ဆီးချိုရာနှုန်းတွေ ကျသွားတာ သိသိသာသာတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သာမာန်ကြွက်တွေကို ဒညင်းသီး ၁၅ပတ် ဆက်တိုက် ကျွေးအပြီးမှာတော့ အဲ့ဒိ သာမာန်ကြွက်လေးတွေရဲ့ ကြွက်သားတွေ ကြီးထွားဖောယောင်လာခြင်းနဲ့ နှလုံး၊ ကျောက်ကပ်၊ အသည်းတို့ရဲ့ တစ်ရှူးတွေ ယောင်လာပြီး ပျက်စီးလာတာတွေ့ရတယ်လို့ ရေးထားပါတယ်။ (ဆရာဝန်မဟုတ်တဲ့အတွက် ဘာသာပြန်တာ အလွဲအချော်အမှားရှိနိုင်လို့ စိတ်ဝင်စားရင် အောက်က လင်ခ့်က US National Library of Medicine နဲ့ National Institutes of Health ၀က်ဆိုဒ်မှာ သေချာအောင် သွားဖတ်စေချင်ပါတယ်)။

http://www.ncbi.nlm.nih.gov/pubmed/21744354

မိခင်လောင်းတစ်ယောက်ဟာ အရာတိုင်း စားချင်နေတာမဟုတ်ပါဘူး။ သူစားချင်စိတ်ရှိတဲ့ အရာမှသာ စားဝင်တာပါ။ ဒီလိုအချိန် ခံတွင်းပျက်တဲ့အချိန်မှာ ကြိုက်တာကို မစားရရင် ထမင်းစားဝင်မှာမဟုတ်ပါဘူး။ ဒီတော့ ကျွန်မအမြင်မှာ ဘယ်အရာမဆို တန်ရင်ဆေး လွန်ရင်ဘေးဆိုတဲ့အတိုင်း ဒညင်းသီးချစ်တဲ့ မိခင်လောင်းတွေလဲ အလွန်အကျွံမဟုတ်ပဲ စားချင်ရင် စိတ်သန့်သန့်နဲ့ စားလို့ရပါတယ်။ ဒညင်းသီးအနံ့ဆိုးတာကတော့ လူတိုင်းသိပြီးဖြစ်လို့ ထည့်မပြောတော့ပါဘူးနော်။

Friday, February 19, 2016

မြန်မာပြည်လာပြီး ပိုက်ဆံတောင်းနေတဲ့ British Tourist နဲ့ ပတ်သတ် ၍

ဒီနေ့ Yangon Coconuts မှာ ဖတ်လိုက်ရတဲ့ မြန်မာပြည်ကို အလည်လာတဲ့ ဗြိတိသျှအမျိုးသမီးတစ်ယောက်က မန္တလေးမှာ အန္ဒိယကိုဆက်သွားဖို့ လေယာဉ်ခ အလှူလိုက်ခံနေတာတွေ့လို့ မန္တလေးရဲက သူ့ကို ရန်ကုန်ကိုပြန်ပို့ပြီး ဗြိတိသျှသံရုံးနဲ့ ဆက်သွယ်စေခဲ့တယ်တဲ့။ ဒါပေမဲ့ အဲ့ဒိအမျိုးသမီးက သံရုံးကလဲ သူ့ကို ကူညီမှာမဟုတ်တဲ့အကြောင်းပြောခဲ့တယ်။ အဲ့ဒိအကြောင်းကို မြန်မာပြည်ရဲ ဖေ့ဘွတ်ပေ့ချ်မှာ လူအများပြောစရာဖြစ်လာခဲ့လို့ coconuts အဖွဲ့သားတစ်ယောက်က လိုက်လံ စုံစမ်းပြီး အဲ့ဒိအမျိုးသမီးနဲ့ စကားပြောဖြစ်ခဲ့တယ်တဲ့။ သူက အင်္ဂလန်မှာ ကျောင်းဆရာမ အဖြစ်အလုပ်လုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများကိုလဲ ရောက်ဖူးကြောင်း ခု မြန်မာပြည်ကနေ အန္ဒိယကိုသွားပြီး တရားထိုင်ဖို့ဖြစ်ကြောင်း။ သူ့ကိုယ်သူ သန့်ရှင်းစင်ကျယ်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ရင်း သူ့ရဲ့ စိတ်စွမ်းအားတွေကို တရားထိုင်ရင် မြှင့်တင်ချင်ကြောင်း၊ အဲ့ဒိရည်ရွယ်ချက်နဲ့ပဲ အန္ဒိယကို ဆက်မှာဖြစ်ကြောင်း၊ ပိုက်ဆံရှာတဲ့ အလုပ်ကို လုပ်နေရင် သူ့ကိုယ်သူ စင်ကျယ်အောင် စိတ်ထားနိုင်မှာ မဟုတ်လို့ အလုပ်မလုပ်ပဲ ခုလို ပိုက်ဆံလိုက်တောင်းနေခြင်းဖြစ်ကြောင်း၊ တကယ်လို့ အကူအညီမရခဲ့ရင် ဘာလုပ်မလဲလို့ coconuts အဖွဲ့သားက မေးတော့ ဘုရားသခင်က သူနဲ့အတူရှိပြီး သူလိုချင်တာတွေကို ဖြည့်စည်းပေးနေတာကို ယုံကြည်ကြောင်းပြောတယ်တဲ့။


Spiritual Growth အတွက် တရားဘာဝနာထိုင်ချင်တဲ့ ဆိုပြီး အလှူလိုက်ခံနေတဲ့ ဗြိတိန်အမျိုးသမီး Adele Hannah Groom, 31

အဲ့ဒိပိုစ့်နဲ့ ပတ်သတ်ပြီး အောက်မှာ မတူညီတဲ့ ကွန်မန့်တွေ တွေ့တယ်။ စိတ်ဝင်စားစရာကောင်းတာက မြန်မာလိုကယ်တွေက အဲ့ဒိ အလှူခံ ဘိုမဘက်က ပြောနေကြပြီးတော့၊ တခြားနိုင်ငံခြားသားတွေက အဲ့ဒိဘိုမကို ကျွန်မတို့လို ဆင်းရဲတဲ့ တတိယနိုင်ငံက လူတွေဆီကနေ လိမ်စားနေတယ်လို့ ပြောရင်း ရှုံ့ချကြတယ်။ ကျွန်မက မြန်မာလူမျိုးတစ်ယောက်အနေနဲ့ရော၊ သူများနိုင်ငံတွေကို အလည်အပတ်သွားဖူးတဲ့ လူတစ်ယောက်အနေနဲ့ရော သူတို့ ၂ဦး ၂ဘက်လုံးပြောတာတွေကို အသေအချာ စဉ်းစားကြည့်တယ်။

မြန်မာလူမျိုးတွေက အလှူခံနဲ့ နေသားတကျရှိနေတာရော၊ အလှူအတန်းရက်ရောတဲ့နေရာမှာ ရှေ့ပြေးရတာကို ဂုဏ်ယူတတ်ကြတဲ့ သဘောရှိတယ်လေ။ တစ်ခါတစ်လေဆို တကယ်စေတနာပါသလား ဘာလားဆိုတဲ့ အဓိက အချက်ကို မေ့ပျောက်ပြီး အပြိုင်အဆိုင် သူ့ထက်ငါသာအောင် လှူပြမယ်ဆိုတာက ရှိသေးလို့ ထင်မိတာပဲ။ အထူးသဖြင့် ခုလို ချမ်းသာတဲ့ နိုင်ငံက လာတဲ့ နိုင်ငံခြားသူက ကိုယ်တို့ ဆင်းရဲပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တတိယနိုင်ငံသားတွေဆီမှာ ပိုက်ဆံလိုက်တောင်းနေတာကို မသိစိတ်ကနေ ကျေနပ်ပြီး ဒီလိုလူမျိုးကို လှူရတာကို ဂုဏ်ယူချင်တဲ့ စိတ်လဲ ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။ နောက်ပြီးတော့ အဲ့ဒိ ကွန်မန့်တွေထဲက မြန်မာတစ်ယောက် ရေးတဲ့ ကွန်မန့်မှာ “သူက ခိုးနေ လိမ်နေ လူသတ်နေ ဓားပြတိုက်နေ တာမဟုတ်ဘူး။ ကိုယ်ကူညီပေးနိုင်ရင် ကူညီပေးလိုက်၊ သူ့ခရီးသူသွားနေတာ၊ သူ့ရွေးချယ်ခွင့်နဲ့သူပဲ”တဲ့။ 



မြန်မာပြည်က တာဝန်ရှိသူရဲက သူ့ကို ခုလို စစ်ဆေးပြီး သူ့သံရုံးကို ပို့ပေးလိုက်တဲ့အတွက် ချီးကျူးပါတယ်။ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ သက်ဆိုင်တဲ့ ဋ္ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး Follow up လုပ်ရပါမယ်။ သူ့မှာ ပိုက်ဆံမရှိဘူးဆိုရင် ချက်ချင်း ပြန်လွှတ်ပါ။ နိုင်ငံထဲက လူတွေဆီက လိုက်တောင်းနေတာ နည်းမကျပါဘူး။

ဟုတ်ပါတယ်။ မြန်မာတွေမှာက ဘာသာရေးအရ ကြီးပျင်းလာတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်လှူတာက ကိုယ့်ကုသိုလ်၊ ကိုယ်လှူတာကို လိမ်စားတဲ့သူက သူ့ငရဲ သူသွားလိမ့်မယ် စတဲ့ အပြောမျိုး အတွေးမျိုးနဲ့ပဲ စိတ်ဖြေတတ်ကြပါတယ်။ ဘုန်းကြီးအတုယောင်တွေ၊ သီလရှင် အတုယောင်တွေ၊ အလှူခံ အတုယောင်တွေ၊ ကန်ထရိုက်ပေးလုပ်စားနေတဲ့ ကျိုက်ထီးရိုးက အလှူခံတွေ စသည်ဖြင့် အမြဲတွေ့ကြုံနေရတဲ့ ကျွန်မတို့တွေ အဲ့လိုမှ မတွေးလဲ တကယ့်အစစ် လိုအပ်နေတဲ့ သာသနာ့ဝန်ထမ်းတွေ၊ လိုအပ်နေတဲ့ ဒုက္ခသည်ပြည်သူတွေ မရလိုက်မှာစိုးရိမ်စရာပါ။ လူလိမ်မှာ ချိုမှ မပါပဲ။ ဒါပေမဲ့ အနည်းဆုံး အဲ့ဒါတွေကမှ ကိုယ်နိုင်ငံသားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး မပြေလည်လို့ဖြစ်စေ၊ အလုပ်အကိုင်မရှိလို့ဖြစ်စေ၊ တစ်ခုမဟုတ်တစ်ခုခုကြောင့် နေ့စဉ်ရှင်သန်ရေးအတွက် အလွယ်ရလို့ ဒီလိုလုပ်နေကြတာ။ တောင်းစားလို့ရတဲ့ ပိုက်ဆံနဲ့ ဘယ်သူမှ နိုင်ငံခြား အပန်းဖြေခရီးထွက်နေနိုင်ကြတာမဟုတ်ဘူး။ ဒီလိုပြောလို့လဲ တောင်းစားနေတဲ့သူတွေကို အားပေးအားမြှောက်လုပ်နေတာမဟုတ်ရပါဘူး။ ခုဒီတိုးရစ်နဲ့ နောက်ခံဘက်ဂရောင်းမတူတာကိုပဲ ပြောပြတာပါ။

အဲဒိပိုစ့်အောက်က ဆွေးနွေးမှုတွေကို ဖတ်ပြီး ကျွန်မတွေးမိတာတစ်ခုရှိတယ်။ ဒီအမျိုးသမီး လုပ်တာ မှန်တယ်မှားတယ်။ လိမ်စားတယ် မလိမ်စားဘူး။ ကိုယ့်ပိုက်ဆံမို့ လှူချင်တဲ့လူ လှူမယ်၊ မလှူချင်တဲ့သူမလှူဘူး စတာတွေကို ကျွန်မ မဝေဖန်လိုဘူး။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ အဲ့ဒိနိုင်ငံရဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်၊ အင်မီဂရေးရှင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ စသည်ဖြင့် အသေအချာ နက်နက်နဲနဲစဉ်းစားကြည့်လိုက်ပါ။ ကျွန်မတို့ တခြားနိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားချင်ရင် မစိမ်းပေမဲ့ စိတ်အပျက်ဆုံးလုပ်ရတာ ပြည်ဝင်ခွင့်လျှောက်ထားရခြင်းပါ။ အဲ့ဒိအခါမှာ များသောအားဖြင့် သူတို့နိုင်ငံကို အလည်သာလာပြီး ပြန်ထွက်မှာသေချာတယ်၊ သူတို့နိုင်ငံကိုလာပြီး ခရီးသွားလုပ်ငန်းမှာ ပိုက်ဆံသုံးနိုင်မှာသေချာတယ်၊ ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အခြေအမြစ်ခိုင်မြဲတယ် စသည်ဖြင့် သက်သေတွေ တစီတတန်းကြီး ပြခိုင်းပြီးတော့မှ သူတို့ စီစစ်ပြီး ပေးတယ်။ အဲ့ဒါကို စိတ်ပျက်တယ်ဆိုပေမဲ့ သူတို့နိုင်ငံအတွက် အကျိုးပြုမဲ့သူကိုပဲ သူတို့ပေးဝင်တယ်ဆိုတာ သူတို့ လုပ်သင့်တဲ့အရာမို့ ကိုယ့်ဘက်က ညဉ်းတွားရုံကလွဲလို့ ဘာမှ စောတကတက် ပိုင်ခွင့်မရှိဘူးလေ။ နိုင်ငံတစ်နိုင်ငံမှာ အဓိကကျတာ ကိုယ့်နိုင်ငံသားပါ။ ကိုယ့်နိုင်ငံသားကို တနည်းမဟုတ်တနည်းနဲ့ အကျိုးပြုမဲ့သူကိုသာ ဝင်ခွင့်ပေးမယ်ဆိုတာ အခြေခံကျတဲ့အချက်ပါ။ အရိုးရှင်းဆုံးပဲ စဉ်းစားကြည့် ကိုယ့်အိမ်ထဲ ဝင်ချင်တယ်လို့ ပြောတဲ့ လူတိုင်းကို ကိုယ်တံခါးဖွင့်ပေးပြီး အဝင်ခံသလား? ကိုယ့်အိမ်ကိုလာတဲ့သူက အကြောင်းတစ်ခုခုတော့ ကိုယ်နဲ့ ပတ်သတ်ရင် ပတ်သတ်၊ မပတ်သတ်ရင်တောင် ကိုယ့်ကို အကျိုးပြုမဲ့သူပဲ ဝင်ခွင့်ပေးမှာပဲလေ။ ကိုယ့်အိမ်ထဲအလည်လာဖို့ ဝင်လာပြီး နောက်ဖေးက ထမင်းအိုး ခပ်တည်တည်ဖွင့်စားတဲ့ ဧည့်သည်မျိုးကို လက်ခံချင်လား။

ဒါပေမဲ့ ခုကိစ္စဖြစ်တော့ ကျွန်မတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ဝင်ခွင့်အတွက်လျှောက်ထားပိုင်ခွင့် လိုအပ်ချက် စည်းမျဉ်းတွေရဲ့ ထိရောက်မှုကို သံသယဝင်မိတယ်။ ဗီဇာလျှောက်ထားခိုင်းတယ်ဆိုတာရဲ့ ရည်ရွယ်ချက်ကို အသေအချာပြန်စဉ်းစားရင် ဒီလူတစ်ယောက်ဟာ နိုင်ငံကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ၊ အလည်လာတာဆိုရင် အလည်လာဖို့အတွက် သူတတ်နိုင်လားဆိုတာကို စစ်ရမယ်မဟုတ်ဘူးလား။ မဟုတ်ရင် အလည်လာတယ်ဆိုပြီး နိုင်ငံတွင်းမှာ ခိုးနေနေမယ်ဆိုရင် ခု မြန်မာပြည် ရခိုင်နယ်စပ်မှာ ကျူးကျော်သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာမျိုး ဖြစ်မလာနိုင်ဘူးလား။ တခြားနိုင်ငံက ရာဇဝတ်မှုသမိုင်းကြောင်း record ရှိတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်က ကိုယ့်နိုင်ငံထဲဝင်လာပြီး လိုကယ်တွေကို လိုက်သတ်မှာမျိုး မဖြစ်နိုင်ဘူးလား။ ဗီဇာစီစစ်ရေးဆိုတာ ဖောင်ဖြည့်ခိုင်း၊ သူတို့အစိုးရရဲ့ နိုင်ငံရေး blacklist ဟုတ်မဟုတ်လောက်စစ်၊ ဗီဇာကြေးယူရုံ အလုပ်လုပ်နေကြတာလား?

အဲ့လိုအတွေးတွေ တန်းစီဝင်လာတော့ မမေးစဖူး အဲ့ဒိ ပိုစ့်အောက်မှာ မေးမိတယ်။ မြန်မာပြည်ရဲ့ ဗီဇာလိုအပ်ချက်တွေကဘာလဲ? လို့… ဒီလူတစ်ယောက်က အလည်လာတယ်လို့ပြောတာနဲ့ ကျန်တဲ့ လေယာဉ်အထွက်လက်မှတ်၊ ဟော်တယ်ဘွတ်ကင်း စတဲ့ အခြေခံအချက်တွေကိုတောင်မှ မစစ်ဆေးဘူးလားလို့ဆိုတော့ နိုင်ငံခြားသားတော်တော်များများက ကိုယ့်ကို ပြန်ဖြေကြတယ်။

“ငါလျှောက်တုန်းကတော့ အပြန်လက်မှတ်ကို မစစ်ဘူး။ ဗီဇာက ၂ပတ်ပေးပေမဲ့ နေချင်သလောက်နေလို့တောင်ရမယ်။ ဘယ်သူမှ မစစ်ဘူး။ မြန်မာတွေ ရက်ရောတာ ကူညီတတ်တာ ငါလက်ခံတယ်။ ငါ့ဖုန်း ကားပေါ်မှာ ကျန်ခံလို့ ပြန်မရတော့ဘူးမှတ်တာ ပြန်ရတယ်။ အဲ့လိုမျိုးက နေရာတိုင်းမှာ မရှိဘူး”

နောက်တစ်ယောက်ကပြောတော့ “ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာတော့ လိုအပ်ချက်ထဲမှာပါတယ်။ သူလိမ်ပြခဲ့တယ်ထင်တယ်။ ဒါပေမဲ့ တချို့လေယာဉ်လိုင်းတွေကတော့ ဆက်သွားမဲ့ လေယာဉ်လက်မှတ်ကို ပြခိုင်းတယ်။ မဟုတ်လို့ ပြည်ဝင်ခွင့်မပေးရင် သူတို့က ပြန်သယ်လာရမှာစိုးလို့” တဲ့။

အဲ့ဒိ ပိုစ့်အောက်က တခြားနိုင်ငံက တိုးရစ်တစ်ချို့ရဲ့ကွန်မန့်တွေမှာ ခုလို ပိုက်ဆံလိုက်တောင်းစားမဲ့အစား အဲ့ဒိ နိုင်ငံကို အကျိုးပြုမဲ့ အလုပ်တစ်ခုခုလုပ်ပေးပေါ့။ သူက သူ့စိတ်တွေကို သန့်စင်ချင်တယ်ဆိုရင် ပိုက်ဆံလိုက်တောင်းတာထက် စာလိုက်သင်ပေးတာတို့၊ ပရဟိတတို့ လိုက်လုပ်ပါလားလို့လဲ အမျိုးမျိုး ပြောထားကြတယ်။

ကိုယ်နဲ့ ခင်မင်တဲ့ အမေရိကန်နိုင်ငံသား မြန်မာအိမ်သူနဲ့ အကြောင်းပါနေတဲ့ Tom ကတော့…

“ငါ ၁၅နှစ်လုံးလုံး ပြည်ဝင်ခွင့်နဲ့ နေထိုင်ခွင့် ပုံစံ ၄မျိုးလောက် လျှောက်ခဲ့ဖူးတဲ့အထဲမှာ ဘယ်ရုံးကမှ ငါဘယ်က ဝင်ငွေနဲ့ မြန်မာနိုင်ငံမှာ နေနေတာလဲလို့ မေးခဲ့တာ (သက်သေပြခိုင်းတာ) မရှိဘူး။

ခု ဒီဗြိတိန်အမျိုးသမီးနဲ့ ပတ်သတ်လို့ပြောရရင်တော့… မြန်မာပြည်မှာ စားဝတ်နေရေးနဲ့ မိသားစုရပ်တည်ဖို့ကိုတောင် အကူအညီလိုအပ်နေတဲ့သူတွေအများကြီးပဲ။ ဘယ်သူ့မှ သူ့လို တရားထိုင်ဖို့ လိုက်ရှာနိုင်တဲ့ အခြေအနေမရှိဘူး။ မြန်မာပြည်မှာ နိုင်ငံခြားသားတစ်ယောက်လာပြီး လမ်းပေါ်မှာ တောင်းစားနေတယ်ဆိုတဲ့ အဖြစ်ကိုက လုံးဝ လက်ခံနိုင်စရာမရှိဘူး။ သူက ပတ်ဝန်းကျင်ကလူတွေကို အလိုက်ကမ်းဆိုးမသိ၊ စိတ်ဓာတ်အောက်တန်းကျတဲ့သူဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ စိတ်ရောဂါရှိတဲ့သူပဲ ဖြစ်ရမယ်။ တနည်းအားဖြင့်လဲ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ လိုအပ်နေတဲ့ သူ့ကို ဗြိတိန်သံရုံးက ကူညီပေးသင့်ခဲ့တယ်။ တဖက်ကပြောမယ်ဆိုရင်လဲ သူ့လို အလည်လာသူမျိုးက ဒီနိုင်ငံအတွက် မလိုအပ်သလို မလိုလားတဲ့ ဧည့်သည်ဖြစ်တဲ့အတွက် နိုင်ငံထဲက ထွက်သွားခိုင်းသင့်တယ်။

ကွန်မန့်ထဲက တချို့တွေပြောသလို နိုင်ငံခြားသားတွေက လိုကယ်တွေရဲ့ လိုအပ်ချက်ကို ကူညီရမယ်ဆိုတာကို တာဝန်ကြီးတစ်ရပ်လိုပြောနေကြတာကိုလဲ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်တယ်။ တခြားတစ်ဖက်ကပြောမယ်ဆိုရင်လဲ လိုကယ်တွေဆီကနေ ပိုက်ဆံလိုက်တောင်းပြီး အလှူငွေလက်ခံနေတာကလဲ လုံးဝလက်ခံနိုင်စရာမရှိဘူး။”


(အဲဒိပိုစ့်အောက်က ကွန်မန့်တွေကို ဒီလင်ခ့်ကိုနှိပ်ပြီး coconuts yangon ရဲ့ ပိုစ့်အောက်မှာ ဖတ်နိုင်တယ်။)

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ မြန်မာလူမျိုးတွေ ပေးကမ်းရက်ရောတယ်ဆိုတာကို ဂုဏ်ယူချင် ယူလို့ရပါတယ်။ ဒါပေမဲ့ အလှူခံရှိတယ်၊ လှူတဲ့သူက သူ့ဟာသူ ကြေနပ်လို့ လှူတယ် ဒီလောက်ပဲ မကြည့်စေချင်ဘူး။ ဒီလိုကိစ္စမျိုးမှာကျတော့ အပေါ်ယံလေးပဲ မကြည့်ပဲ ဖြစ်သင့်တဲ့အရာ ကျိုးကြောင်းဆက်စပ်စဉ်းစားသင့်တယ်။ စည်းကမ်းနဲ့ ဆိုင်တယ်။ ၁ယောက်က အဲ့လိုလုပ်လို့ရတယ်ဆိုရင် နောက်လူတွေကလဲ ထပ်လုပ်လာလိမ့်မယ်။ အဲ့ဒိအောက်က ကွန်မန့်တွေမှာတောင် တချို့တိုးရစ်တွေက ခပ်ရွဲ့ရွဲ့နဲ့ “နောက်ဆိုငါတို့လဲ ဒီလိုလုပ်ဖို့ သူ့ဆီက သင်ထားမှ” တို့ဘာတို့ ကွန်မန့်တွေကို တွေ့နိုင်တယ်။ ဒဿနက ခရီးတစ်ခုရဲ့ အခြေခံလိုအပ်ချက်ပေးရလောက်အောင်တောင် ပိုက်ဆံမရှိရင် ခရီးမသွားနဲ့။ ဒီဘက် နိုင်ငံ လက်ခံတဲ့ဘက်အစိုးရကလဲ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်စီးပွားတက်အောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေများလာအောင်၊ ကိုယ့်ယဉ်ကျေးမှုကို နိုင်ငံတကာက တဆင့်စကား တဆင့်ကြားပြီး သိလာအောင် သေသေချာချာ make sure ပြီးမှ လက်ခံသင့်တယ်။ ပြောရမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ တံခါးပေါက်ဖြစ်တဲ့ ပြည်ဝင်ခွင့်စစ်ဆေးရေးသမားတွေ အလုပ်သေချာမလုပ်လို့ဖြစ်စေ၊ ကိုယ့်တိုင်းပြည်ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲက မယောင်ရာ ဆီလူး (တချို့ လွယ်နေတာကို ကျတော့ ခက်အောင်လုပ်တတ်တဲ့) စည်းကမ်းလေးတွေကို ပြင်ဆင်ပြီး တကယ့် အရေးပါတဲ့ အဓိပ္ပါယ်ရှိတဲ့ စည်းကမ်းတွေကို တင်းကြပ်သင့်တယ်လို့ ထင်တယ်။


ဆိုလိုတာက ဒီအမျိုးသမီး ပိုက်ဆံလိုက်တောင်းနေတာ ဘယ်သူ့ကိုမှလဲ မထိခိုက်ပါဘူးဆိုတာ အကျယ်တဝံ့ကြည့်မယ်ဆိုရင် မှားတယ်။ သူလုပ်နေတာ Principle အရ မှားတယ်။ ဒါမျိုးကို ခွင့်ပြုလိုက်လို့ နောက်ပိုင်း များလာရင် ဘယ်လို ထိမ်းချုပ်မလဲ။ သူပိုက်ဆံလိုက်တောင်းတာ ကိုယ့်ကို မထိခိုက်ဘူးမထင်နဲ့  ဒဿနအရတော့ တစ်တိုင်းတစ်ပြည်လုံးရဲ့ စီးပွားရေးကို ထိခိုက်တယ်လို့ မြင်တယ်။ အဲလိုမျိုး ကိုယ့်နိုင်ငံကို စီးပွားတက်အောင်မလုပ်တဲ့အပြင် ကိုယ့်နိုင်ငံထဲက တခြား မရှိဆင်းရဲ အလှူခံတစ်ယောက်ရမဲ့ ဝေစုကို လိုက်လုနေတဲ့ တိုးရစ်မျိုးတွေကို ဝင်မလာနိုင်အောင် သေချာစီစစ်ပြီး အဓိပ္ပါယ်ရှိတဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်တွေ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။

သင်တို့ရဲ့  သဘောထားလေးတွေ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကွန်မန့်မှာ ဆွေးနွေးသွားလို့ရပါတယ်။

Thursday, April 16, 2015

ရောက်တတ်ရာရာနဲ့ စင်္ကာပူ သင်္ကြန် ၂၀၁၅ သာမီးနဲ့ အတွေ့အကြုံ

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟန်းနီးမွန်းခရီးအတွက် Research ရှာရင်း ပျင်းလာတာနဲ့ ဟိုဟာ ဒီဟာလေး ဘလော့ပေါ်ရေးတာကမှ ကောင်းပါတယ်ဆိုပြီး ရေးဖြစ်တာ။

စင်္ကာပူမှာက သင်္ကြန်ကို April ပထမပတ် တနင်္ဂနွေနေ့က ဆန်ဘာဝမ်းဘုန်းကြီးကျောင်းဦးစီးတဲ့ သင်္ကြန်လုပ်တယ်။ အဲ့ဒါက မသွားဖြစ်လိုက်ဘူး။ ဒုတိယပတ် တနင်္ဂနွေကျတော့ နေရာတော်တော်များများမှာလုပ်တယ်။ နှစ်တိုင်း တိုပါးရိုးဘုန်းကြီးကျောင်းလုပ်တာကိုတော့ သွားဖြစ်တယ်။ အဲ့ဒိမှာ အပျော်ဆုံးပဲ။ ခပ်စောစောသွားရင် လူသိပ်တိုးစရာမလိုဘူး။ ဖျော်ဖြေရေးလဲ အေးဆေးကြည့်လို့ရတယ်။ ရေလဲ ကလေးတွေနဲ့ အလကားကစားလို့ရတယ်။ နေလဲ သိပ်မပူဘူး။ ကျွေးတဲ့ စတုဒီသာတွေလဲ များသောအားဖြင့်ကောင်းတယ်။ ဒီနှစ်ဆိုရင် ပိုပြီး အစီအစဉ်ကောင်းလာတယ်လို့ခံစားရတယ်။ အဝင်ကို ညာဘက်က ဝင်ပြီး ဘုန်းကြီးကျောင်းအနောက်က ပြန်ပတ်ပြီး တစ်ပတ်ပတ်ထွက်ရတော့ အဝင်အထွက်တွေ လမ်းမပိတ်တော့ဘူး။ ပြီးတော့ သူများတွေကို လင်ဗန်းအသေးစားလေးတွေ ထိပ်မှာဝေတာတွေ့တယ်။ မုန့်တွေက ဝေတာများတော့ လက်နှစ်ဖက်နဲ့ မနိုင်ဘူးလေ။ လင်ဗန်းလေးတွေနဲ့က အဆင်ပြေတယ်။ မဗေဒါကတော့ ဒီနှစ် အားမနာနိုင်တော့ဘူး။ မုန့် ဖြုန်းသလိုလဲ ဖြစ်မှာစိုးလို့ ကိုယ်တကယ်စားချင်တဲ့ဟာပဲ ယူတော့တယ်။ အတင်းပေးလဲ မယူတော့ဘူး။ ဒီနှစ် ခေါက်ဆွဲသုတ်လို့ စာတမ်းထိုးတာပေမဲ့ နန်းကြီးသုတ်ဖြစ်နေတာစားခဲ့တယ် (စားလို့တော့ကောင်းတယ်)။ နှစ်တိုင်းစားဖြစ်တာ ဝက်သာတုတ်ထိုး ကြာဇံကြော်၊ ဟိုးနောက်နားထိတိုးရတယ် (၁ပွဲပဲ စားရတာ မဝဘူး၊ နောက်တစ်ခေါက် စားဖို့ကျ ထပ်မတိုးနိုင်တော့ဘူး)။ ဆီချက်ခေါက်ဆွဲ။ အာ့ပဲစားဖြစ်တယ်။ စားသမျှ အကုန် အရသာလဲကောင်းတယ် အသားလဲ မြင်ရတယ်။ ဟုတ်တယ်လေ စင်္ကာပူက စတုဒီသာလာစားတဲ့သူတွေက စားရမဲ့ သောက်ရမဲ့ တစ်ယောက်မှ မပါဘူး။ အပျော်လာကြတာ။ စားမဲ့သူမရှိရင် သူတို့အလှူလဲ ဖြစ်မှာမဟုတ်ဘူးလေ။ ဒီတော့ စားတဲ့ ပရိတ်သတ်ကို ထည့်စဉ်းစားပေးတဲ့အနေနဲ့ ခုလို Quality ကောင်းကောင်းပဲ ကျွေးသင့်တယ်လို့ထင်တယ်။ မတတ်နိုင်ရင်တောင် Quantity နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်းလုပ်ပေါ့။ ဒီနှစ် ကလေးတွေနဲ့လဲ ရေကစားခဲ့တယ်။ မနှစ်က ရေမစိုသမျှ ဒီနှစ်တော့ တောက်တောက်ရွှဲပဲ။ ဖေ့ဘွတ် Friendlist ထဲက လူတွေ တွေ့တာနဲ့ ရေလာပက်ပြီမှတ်လို့ အစကတည်းက ကြေငြာထားတာ။ တစ်ချို့ကိုတော့ ပက်လိုက်ရတယ်။ ဟိ။ မဗေဒါကို မမှတ်မိတဲ့သူတောင်ရှိတယ်။ ကိုယ်ကလဲ ပက်ပြီး ထွက်ပြေးတာကိုး။ ရေပြွတ်သေနတ်လေးနဲ့က ဘယ်လောက်မှ မစိုပါဘူး။


ဒါတောင် Fort Canning Park နားမှာလုပ်တဲ့ စီးတီးဟော သင်္ကြန်က တချို့မိန်းကလေးတွေက ပက်ရတာ ခပ်လန့်လန့်ရယ်။ သူတို့ကို ရေပြွတ်လေးနဲ့ လှမ်းပက်လိုက်လို့ရှိရင် မျှော်လင့်ချက် အပြည့်မျက်လုံးတွေနဲ့ လှည့်ကြည့်လို့ ပက်တဲ့သူက မဗေဒါ (ဟောဒီက မိန်းမကြီး) ဖြစ်နေရင် မျက်နှာတွေက Disappointed ဖြစ်သွားတဲ့ရုပ်တွေလိုလို။ ကိုယ့်လှည့် မျက်စောင်းထိုးတာတောင်ရှိသေးတယ်။ ကိုယ်များ မနှစ်က အပက်ခံချင်လွန်းလို့ ကလေးတွေကိုယ့်လာပက်ရင်တောင် ကျေးဇူးတင်အုံးမှာ။ ကိုယ်ချင်းစာလို့ ပက်တာကို မိန်းမချင်းပက်လို့ စိတ်ပျက်သွားလဲ မပက်ရုံပေါ့။ ဒါနဲ့ ယောင်္ကျားတွေနဲ့ ကလေးတွေပဲ လိုက်ပက်နေတော့ Mr. Right က ဘာလို့ ယောင်္ကျားတွေချည်း ပက်နေတာလဲတဲ့။ အာ့နဲ့ သူ့ကို သက်သေပြလိုက်တယ်။ သူ့ကို ခေါ်ပြီး မိန်းကလေးတစ်ယောက်ကို ပက်ပြလိုက်တော့မှ ပြန်ကြည့်တဲ့ မျက်လုံးကို သူသဘောပေါက်သွားတယ်။ သင်္ကြန်မှာ ကိုယ့်ရေလာပက်တာ ယောင်္ကျားဖြစ်တော့ရော သူတို့ကို ရီးစားစကားလာပြောပြီး ချက်ချင်း Item ဖြစ်မှာကျနေတာပဲ။ နားကို မလည်နိုင်ဘူး။ ရေလာပက်တာနဲ့ စိတ်ဝင်စားလို့ လို့ ယူဆတယ်ထင်တယ်။ ကဲ ယောင်္ကျားလေးတွေရေ မိန်းကလေးတွေ ရေပက်မိရင် သူတို့ကို ကြိုက်လို့ သတ်မှတ်ခံရမယ် သတိနဲ့သာနေပါ။

အော်… အဲ့ စီးတီးဟောသင်္ကြန်ကတော့ တော်တော်စိတ်ပျက်မိပါတယ်။ သူက ဘုန်းကြီး ဦးစီးတာမဟုတ်တော့ စီးပွားရေသင်္ကြန်လိုဖြစ်နေသလား မသိ။ ဘီယာ Booth က ဟီးနေတာပဲ။ အဲ့တော့ အမူးသမားလဲ များတာပေါ့။ ထားပါတော့ အမူးသမားများတာ။ ဘယ်သူမှတော့ ပုံပျက်ပန်းပျက် စည်းပျက် ကမ်းပျက် သိပ်မရှိပါဘူး။ စတုဒီသာ စင်က ၄ခုလောက်ရှိတယ်။ ကျွေးတာက မစွတ်မပွတ်။ တစ်ခါတစ်ခါ ပျက်ပျက်သွားသေးတယ်။ အဲ့က နန်းကြီးသုတ် (အသားမြင်ရတယ် အရသာကောင်းတယ်) နဲ့ မုန့်ဘိုင်းတောင့်၊ ကျောက်ကျော(နေပူထဲဆိုတော့ ရေငတ်နေတဲ့အချိန်သောက်ရကောင်းတယ်) အာ့တွေကကောင်းတယ်။ အဲ တခြားဟာတွေကတော့ ချာတူးလန်တယ်ပဲ ပြောပရစေ။ နယ်တာ ပြုတာက မနှံ့။ ဘာတွေလဲတော့ မပြောတော့ပါဘူး။ ဟုတ်ပါတယ် စတုဒီသာဆိုတာ စေတနာနဲ့ အလကားကျွေးတာပါ။ အဲ့ဒါကို complaint နေတော့ မဗေဒါ အလွန်ပေါ့နော်။ ဒါပေမဲ့လဲ အစကတည်းက စေတနာရှိလို့လုပ်တာပဲ ဝေတနာမဖြစ်စေနဲ့ပေါ့။ ကိုယ့်အလှူခံ ပုဂ္ဂိုလ်တွေကို ကိုယ်လဲ သိနေတာပဲ။ ကောင်းကောင်းမလုပ်နိုင်ရင်တော့ မလုပ်တာ အကောင်းဆုံးပဲ။ ထားပါတော့လေ။ အားလုံးက အပျော်သဘောပဲ။ အပြစ်ပြောတာ မဟုတ်ပါဘူး။ နောက်နှစ်ပိုကောင်းအောင် Feedback ပေးတဲ့သဘောပါ။

ပြီးတော့ ဘယ်လိုစီစဉ်ထားတာလဲတော့ မသိဘူး။ မစွတ်မပွတ်ကျွေးလိုက် ရပ်သွားလိုက်။ မစွတ်မပွတ်ထပ်ကျွေးလိုက် ရပ်သွားလိုက်နဲ့။ ကိုယ့်အဖြစ်တောင် ကိုယ်သနားလာတယ်။ ကြည့်ရတာ သူတို့က တနေကုန် ခံအောင်အချိန်ဆွဲကျွေးလားတော့ မသိပါ။ ဒါပေမဲ့လဲ အဆက်မပြတ်အောင်တော့ လုပ်ပေါ့။ ကုန်သွားတော့လဲ ကုန်ပြီပေါ့ ဘယ်တတ်နိုင်မလဲဟုတ်။ အဆိုးဆုံးကတော့ အုန်းထမင်းနဲ့ ကြက်တောင်ပဲကြော်ဝေတဲ့အချိန်ပဲ။ ထမင်းစားချိန်ရောက်ပြီဆိုတော့ သူတို့ဟာကို အားလုံးက စောင့်နေကြတာပေါ့။ သူတို့က ကောင်တာပေါ်တင် ဖော့ဗူးတွေထည့်နေတော့ ဝေတော့မယ်ထင်ပြီး အားလုံးက နေပူကြီးထဲ တန်းစီကြတယ်။ မဗေဒါလဲ ပျော်ပျော်ပါးပါးဝင်တန်းစီတာပေါ့။ ဒါပေမဲ့ တန်းက မရွေ့ဘူး။ ကြည့်တော့ သူတို့က ဖော့ဘူးတွေထဲထည့်ပြီး ဗုံးလိုက် ဗုံးလိုက်နဲ့ သက်ဆိုင်ရာတွေကို အရင်ဝေနေတယ်။ လူတွေကို မဝေသေးဘူး။ ဟုတ်ပါတယ်။ လုပ်အားပေးတွေ အစောင့်တွေ သက်ဆိုင်ရာတွေကို အရင်ဝေတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ လူတွေမဝေသေးဘူးဆိုလဲ တန်းစီနေတဲ့သူတွေကို အဆင်သင့်မဖြစ်သေးလို့ နောက်မှ ပြန်လာပါပြောရင်ပြော။ အမှန်ဆို အဲ့ ဖော့ဘူးတွေက မုန့်ဝေတဲ့ ကောင်တာပေါ်မှာမှ လုပ်မနေသင့်ဘူး ထင်တာပဲ။ ကဲပါလေ။ သူတို့လဲ No Choice ဖြစ်မှာပေါ့။ အခြေအနေမှန် ကိုယ်လဲ မသိပါဘူး။ ဒါပေမဲ့ လာစားတဲ့ သူတစ်ယောက်အနေနဲ့ ခံစားရတာလေး ပြောပြယုံပါပဲ။

အဲ့ဒိအချိန်မှာ ဖြစ်ချင်တော့ ဒေါသကို လာစွတဲ့ သာမီး တစ်ယောက်ပေါ်လာတယ်။ အဲ့ဒိ သာမီးက မဗေဒါက တန်းစီဖို့ လျှောက်အလာ နေရာနားရောက်ခါနီးလေးကျမှ သူက နောက်ကနေ ပြေးပြီး ကျော်တက်ပြီး ၁စက္ကန့်လောက်စောပြီး ကိုယ့်ရှေ့ဝင်စီတယ်။ ပြီးတော့ သူ့ကိုယ်သူ လည်လှပြီဟဲ့ဆိုတဲ့ ပုံစံလိုလို၊ ခံလိုက်ရပြီဆိုတဲ့ပုံစံလိုလို၊ ကလေးလိုလို ဟိုဟာလိုလိုနဲ့ ပခုံးတွန့်ပြီး “ဟိ… ဟိ” ဆိုပြီး ရီလိုက်သေးတယ်။ ဒါပေမဲ့ မပြောပါဘူး။ လူတစ်ယောက်စာ ရှေ့ရောက်သွားလို့လဲ ဘာမှ မဖြစ်သွားဘူး။ ဒုက္ခသည်စခန်း ထမင်းထုတ်ဝေနေတာမှ မဟုတ်တာ။ သူပြေးလိုက်လို့ သူကိုယ့်ရှေ့ရောက်သွားတယ်။ ဒါကို လက်ခံတယ်။ ဒါနဲ့ သူ့နောက်ဝင်စီနေလိုက်တယ်။ ဟောဒီ အောက်က အဖြစ်အပျက်လေးကို ဆက်ဖတ်ကြည့်နော်။ အဲ့နေ့က စိတ်တိုတိုနဲ့ ဖေ့ဘွတ်ပေါ်တင်မိတဲ့ Status လေးပေါ့။

“ကျူတန်းရှေ့ဝင်ရပ်တဲ့ ညီမလေးတစ်ယောက်ကို manner ဆိုတာလေး နည်းနည်းသင်ပေးချင်တယ်... nasi lamak ဝေမဲ့ မဏ္ဍပ်က မဝေသေးဘူး လူတိုင်းနေပူထဲမှာ ဒုက္ခသည် ထမင်းထုတ်ယူသလို နေပူလှမ်းခံထားရတယ်... သူက ရှေ့ကနေ...

"ဒါသမီးနေရာနော် အစ်မ" (လူကလဲ ငါ့သမီး ဖြစ်နိုင်တဲ့ အရွယ်တော့မဟုတ်ဘူး... )
အဲလိုပြောပြီး သူက နေရိပ်တဲ့ မဏ္ဍပ်အောက်သွား လဘက်သုတ်စားနေတယ်...

အလှူရှင်စီမံခန့်ခွဲမှု ညံ့လို့ ချထားပြီး မဝေသေးလို့ လူတွေအားလုံး နေပူထဲ ကိုယ့်အသိစိတ်နဲ့ကိုယ် တန်းစီနေတယ်... သူ့လိုသာ သမီးနေရာနော် ပြောထားလို့ရရင် အားလုံး အဲလိုလုပ်နေလိုက်ပြီ... စနစ်ကရှင်းရှင်းလေး.. တန်းတူ တန်းမစီနိုင်ရင် မစားနဲ့... simple as that...

ပထမတစ်ခါ ကိုယ်ဘာမှ မပြောသေးဘူး... အာ့ကို ဒုတိယတစ်ခါ..မဏ္ဍပ်အောက်ကထွက်လာပြီး "အစ်မ ဒါသမီးနေရာနော်... ဟိုဘက်ခဏသွား အအေးယူမလို့" တဲ့...
လူက သူ့အတွက်နေရာယူပေးရတဲ့ လက်ထောက်လား... ဘာလဲဟ... အဲ့တာ မယဉ်ကျေးဘူးဆိုတာတောင် သူမသိလေရော့သလား? တစ်ခြားနိုင်ငံက လူတွေနဲ့ တန်းစီရင်ရော သူ အဲ့လို လုပ်နေကျလား စိုးရိမ်မိတယ်...
ကိုယ်လဲ "သွားချင်ရင်တော့သွား... မသိဘူးနော်" လို့ ပြောတော့...

သူကပဲ ဘယ်လိုဟာလဲဆိုတဲ့ ပုံနဲ့ ကိုယ့်ပြန်ပြောတယ်...
"မဟုတ်ဘူးလေ... ဒါသမီးနေရာလို့ပြောတာလေ" တဲ့...

ကိုယ်ကလဲ ပြန်ပြောလိုက်တယ်.. "အေး.. ဟုတ်တယ်လေ... သွားချင်သွားပေါ့... နင့်နေရာ ဟုတ်မဟုတ်ငါလဲ မသိဘူး လို့ ပြောနေတာ" meaning I have no obligation to reserve a place for her...
အဲ့လိုကျတော့ သူကပဲ စိတ်ဆိုးမာန်ဆိုး သူ့သူငယ်ချင်းလှမ်းဖုန်းဆက်ပြီး... နင်စားချင်ရင် နင်လာစီ.. ငါမစီချင်တော့ဘူးတဲ့...
အစကတည်းက အဲ့လို ဖြစ်နေရမှာ ညီမရေလို့ ...ပြောချင်ထှာ

သမီးအရွယ်မဟုတ်တဲ့ သမီးရေ... ဒီစတေးတပ်ကိုများမြင်ခဲ့မယ်ဆိုရင်... သူများတွေအားလုံး တန်းစီနေတဲ့အချိန် ခုလို နောက်ကလူကို နေရာချန်ခိုင်းတာ ရိုင်းတယ်ဆိုတာ သိစေချင်တယ်...
ပြီးတော့ ဒီအသက်ရွယ်ရောက်နေရင် ကိုယ့ကိုကိုယ် သမီးလို့ပြောတာကို ပြင်သင့်ပြီနော်... ဒီလိုအရွယ်တွေက ဘယ်သူငယ်တယ် ကြီးတယ် သိပ်ကွဲပြားတော့တာ မဟုတ်ဘူး...
တန်းစီတယ်ဆိုတာ အများ တန်းတူ စီ တာကိုပြောတယ်ဆိုတာ သဘောပေါက်စေချင်တယ်ကွယ်... နောက်ပြီး ခုလိုလုပ်လို့ စိတ်ရှည်သည်းခံတဲ့လူနဲ့တွေ့လို့ လုပ်ပေးကောင်းလုပ်ပေးမယ်... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်လှပြီ ဟုတ်လှပြီ မထင်နဲ့ကွယ့်... အဲ့ ဒါရှက်စရာကောင်းတယ်နော်... သမီးအရွယ် မဟုတ်တဲ့ သမီးရေ...”

လူက ကြီးတောင် ကြီးမားနဲ့ ကိုယ့်ကိုယ်ကိုယ် သမီးပြောတာ ရပ်သင့်ပြီလို့ထင်တယ်။ မဗေဒါလဲ ကိုယ့်ကိုယ်ကိုယ် သမီးပြောတဲ့ အကျင့် ငယ်ငယ်က ရှိပါတယ်။ ဒါပေမဲ့ အသက်လေးရလာတာနဲ့ ကိုယ့်နာမည် နာမ်စားသုံးပြီးပြောတယ်။ သမီးလို့ပြောတာ မသင့်တော်တော်ဘူး။ ကြားရတဲ့သူအတွက်ရော၊ ပြောတဲ့သူအတွက်ပါ မသင့်တော်ဘူး။ မဗေဒါ Status အောက်က ကွန်မန့်လေးတွေပါ Screenshoot ပေးမယ်နော်။ ပြန်ရေးရမှာ ပျင်းလို့။
တန်းစီတဲ့စနစ်နဲ့ပတ်သတ်ပြီး ကိုယ်လက်ခံထားတဲ့ အချက်အလက်တွေ၊ အဲ့လို့အခွင့်အရေးယူချင်တဲ့သူတွေပေါ် ကိုယ့်အမြင်တွေအားလုံး ကွန်မန့်မှာ ဖတ်ကြည့်လိုက်နော်။ ခုတော့ ရုံးဆင်းပြီဆိုတော့ ပြန်တော့မယ်။

ကွန်မန့်ပေးတာ ကိုယ့်စာဖတ်သူတွေပါပဲ။ မကြိုက်မှာစိုးလို့ နာမည်လေးတွေတော့ အုတ်ပေးထားတယ်။ Profile pic တော့ ဖော်ထားတာ စိတ်မဆိုးလောက်ပါဘူးနော်...



ဒါနဲ့ သမီးအရွယ်မဟုတ်တဲ့ သာမီးတို့ရေ… အပေါ်က Comment မှာ မဗေဒါရဲ့ စာဖတ်သူ ကောင်လေးတစ်ယောက်မေးထားသလိုပဲ ကိုယ်ကြိတ်ကြိုက်နေမိတဲ့ မိန်းကလေးက ကိုယ့်ကို သမီးလာပြောရင် ယောင်္ကျားလေးတွေခမျာလဲ အခက်တွေ့ရတယ်ကွဲ့။ အဲ့ဒါ Cute ဖြစ်တယ် ထင်မနေကြနဲ့နော်။ ကိုယ့်ဘာသာကိုယ် လာဘ်ပိတ်နေအုံးမယ်။

မဗေဒါရဲ့ စာဖတ်သူညီမငယ်တွေမှာလဲ သမီးပြောတဲ့ အကျင့်ရှိနေတယ်ဆိုရင်တော့ မဗေဒါက ဒီအခွင့်အရေးယူပြီး စေတနာနဲ့ အကြံပေးလိုက်ပါရစေ။ အဲ့ဒါလေးကို ပြင်နိုင်ရင် အများကြီး အကျိုးရှိမှာပါ။ ဒါပေါ့ ကိုယ့်စာဖတ်သူညီမတွေက မဗေဒါကို သမီးလို့ လာပြောရင်တော့ မဗေဒါက စိတ်မဆိုးပါဘူး။ အာ့ကြောင့်ပြောတာလေ သမီးဆိုတဲ့အသုံးအနှုန်းက အခြေအနေတွေအပေါ် အရမ်းမူတည်တဲ့အတွက် မသုံးတာ အကောင်းဆုံးပဲ။ ဒါပဲနော်… တာ့တာ…

ပုံ ။
သာမီး မဗေဒါ
မေတ္တာဖြင့် ရေးချင်ရာရေးထားသည်။

Tuesday, September 30, 2014

Introduction to Helping Hands of TP Myanmar & BPP Challenges

ဒီတစ်ခေါက်တော့ ရေးမယ်ရေးမယ်နဲ့ ဒီပိုစ့်မတင်ဖြစ်တာနဲ့ ကိုရီးယား ခရီးသွားပိုစ့်ပါမတက်လာဖြစ်နေတော့တာပါပဲ… အကြောင်းကတော့ သူကြီးမင်း တုံးဖလား ဘလော့ပိုင်ရှင် ကိုကိုမောင်UK က ဘလော့ဒေးအမှတ်တရအနေနဲ့ ဘလော့တွေ ပြန်လည်စည်ကားလာစေရန် ရည်ရွယ်ပြီး Ice-bucket Challenge လိုမျိုး Blog Post Publish Challenge (BPP challenge) ကိုစခဲ့တာပါပဲ…
ဘလော့ပိုစ့် challenge ခေါ်ခံရပြီး ၂ပတ်အတွင်း ကိုယ့်ဘလော့မှာပိုစ့်တင်ရင်တင် မတင်ရင် နှစ်သက်ရာ ပရဟိတအဖွဲ့ကို မြန်မာငွေ ၅၀၀၀ နှင့်အထက် ကြိုက်သလောက်လှူဖို့ပါ… Ice-Bucket challenge နဲ့ မတူတာကတော့ မရေးမှ လှူရမှာဖြစ်ပြီး ရေးရင်တော့ မလှူချင်လဲရပါတယ်တဲ့… သူကြီးမင်း(တုံးဖလား)ရေးထားတဲ့ အဆင့်တွေကို အောက်မှာ ဖော်ပြပေးပါအုံးမယ်…

အဲဒါနဲ့ တစ်ဆက်တည်း ပြောပြချင်တဲ့အကြောင်းလေးကတော့ မဗေဒါ လစဉ်အလှူငွေထည့်ဝင်သူတစ်ယောက်အနေနဲ့ ပါဝင်ထားတဲ့ TP Myanmar Helping Hands အဖွဲ့လေးအကြောင်းပဲဖြစ်ပါတယ်…

TP Myanmar Helping Hands ရဲ့ ဖြစ်တည်မှုအကျဉ်း



မင်္ဂလာရှိတဲ့နေ့တစ်နေ့ (၁၀ စက်တင်ဘာ ၂၀၁၁) မှာ TP ကျောင်းသူကျောင်းသား(ဟောင်း/သစ်)များ စုဝေးပြီး မြန်မာနိုင်ငံမှာ ချို့တဲ့စွာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကို တတ်နိုင်သမျှ ထောက်ပံ့ဖို့ ကြိုးစားကြမယ်လို့ သဘောတူညီခဲ့ကြပါတယ်။
မြန်မာပြည်က ချို့တဲ့ကြတဲ့ ကျောင်းသားလေးတွေ အတွက် တစ်စုံတစ်ရာ ထိရောက်တဲ့ အထောက်အပံ့ဖြစ်မယ်လို့ လက်ခံယုံကြည်မှု အပြည့်နဲ့ပါ။
(တီပီမြန်မာကျောင်းသားဟောင်းတွေနဲ့ စတင်တည်ထောင်ခဲ့ပေမဲ့ တီပီကျောင်းသားမဟုတ်တဲ့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်… မဗေဒါ မေမေတောင် လစဉ်လှူဒါန်းသူအနေနဲ့ပါဝင်ထားပါတယ်…)

အဖွဲ့ရဲ့ ရည်ရွယ်ချက် (Helping Hands of TP Myanmar Public group မှ ကူးယူဖော်ပြသည်)

• နိုင်ငံခြားတွင် ပညာသင်ကြား (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် ပြည်တွင်းမှ ချို့ချို့တဲ့တဲ့နှင့် ကျောင်းတက်နေရရှာသော ကျောင်းသားလေးများ၏ ဘဝလေးများ လှပစေဖို့ ဝိုင်းဝန်းကူညီရန်၊
• ပညာရေးဖွံ့ဖြိုးမှုကို ဦးစားပေးသော အလှူများကို အလှူငွေရရှိမှုပေါ်မူတည်၍ လူမျိုးမရွေး ဘာသာမရွေး တတ်နိုင်သလောက် လှူဒါန်းသွားရန်၊
• TPmyanmar ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ၏ လစဉ်ထည့်ဝင် လှူဒါန်းငွေများကို လက်ခံရန်နှင့် ရေတိုရေရှည်လှူဒါန်းမှုများကို စည်းစနစ်တကျ စီမံဆောင်ရွက်သွားရန်၊
• လှူဒါန်းမှူများ ထိရောက်မှုရှိစေရန်နှင့် အလှူရှင်များ စိတ်ကျေနပ်မှုရစေရန် အတွက် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားရန်၊

မဗေဒါဘာလို့ လှူဖို့ဆုံးဖြတ်လဲ

မဗေဒါဟာ တီပီကျောင်းသူဟောင်းမို့ လှူတယ်လို့ ဆုံးဖြတ်တာထက်
၁။ တီပီမြန်မာကူညီသောလက်များအဖွဲ့ရဲ့ ပွင့်လင်းမြင်သာစွာ Manage လုပ်တာကို သဘောကျလို့ လစဉ်လှူဖြစ်တာပါ။
နောက်ပြီး ဒီအဖွဲ့ဟာ တီပီက ကျွန်မတို့ လေးစားခင်မင်ရတဲ့ မြန်မာဆရာမ ဒေါ်ခင်အမ်းမွန် ကိုယ်တိုင် ကျောင်းသားဟောင်းတွေကို ကြီးကျပ်ပြီးလုပ်ပေးတဲ့အတွက် စည်းကမ်းကျနပြီး စေ့စပ်ပါတယ်။

၂။ အဖွဲ့အစည်းထဲက လူတွေအားလုံးကလဲ ကိုယ့်လိုပဲ စကာင်္ပူမှာ အခြေခိုင်နေပြီး ကိုယ့်အလုပ်နဲ့ကိုယ် ဒီအဖွဲ့ကို community အလုပ်တစ်ခုအနေနဲ့ရော သူငယ်ချင်းဟောင်းတွေ၊ သူငယ်ချင်း အသစ်တွေနဲ့ အဆက်အသွယ်ရှိနေဖို့အတွက်ရော ၀ိုင်းဝန်းပံ့ပိုးကြတဲ့သူတွေဆိုတော့ ပရဟိတဗန်းပြပြီး လုပ်စားမဲ့သူတစ်ယောက်မှ မပါဘူးဆိုတာ ယုံကြည်မှုရှိလို့ပါ။

၃။ ပြီးတော့ မိဘမဲ့ကျောင်းတစ်ခုကို လှူဖို့ရွေးတော့မယ်ဆိုရင် မိဘမဲ့ကျောင်း ၃၊ ၄ကျောင်းကို ရန်ကုန်က တီပီကျောင်းသား၊ကျောင်းသူဟောင်းတွေက အသေအချာရှာဖွေပေးပြီး အဖွဲ့ဝင်တွေအားလုံးရဲ့ မဲဆန္ဒနဲ့ မဲအများဆုံးရတဲ့ ကျောင်းတွေကို လှူတာပါ။ အဲဒိအတွက် ဒီမိုကရေစီကျကျ ကိုယ့်ရွေးချယ်မှုကို ပါဝင်စေတဲ့အတွက် သဘောကျပါတယ်။



၄။ အလှူငွေစာရင်းကောက်ခံရရှိငွေအားလုံးကို ၃လတစ်ကြိမ်စုစည်း လှူဒါန်းပြီး လှူဒါန်းသမျှစာရင်း အပြည့်အစုံကို ဖေ့ဘွတ်အဖွဲ့မှာ ပွင့်လင်းမြင်သာစွာ ပြန်လည်မျှဝေ အသိပေးပါတယ်။ (ကျွန်မသိသလောက်တော့ တစ်ခါလှူရင် အပိုငွေမထားပဲ လိုနေရင်တောင် ကမကထ လုပ်သူတွေက သူတို့ အိတ်ထဲက ထပ်စိုက်ပြီး အပြည့်အဝ လှူတာပါ)။

၅။ သွားလှူတဲ့နေရာက ကလေးတွေကို သူတို့ပြောချင်တာလေးတွေ အမှတ်တရ စာရေးခိုင်းပြီး ဖေ့ဘွတ်ပေါ်တင်ပေးပါတယ်။ ကိုယ်တိုင် ရန်ကုန်မှာမရှိလို့ မပါဝင်လိုက်နိုင်တဲ့ အလှူရှင်တွေလဲ စာလေးတွေဖတ်ပြီး ပီတိဖြစ်လို့ရပါတယ်။ (သူတို့ ရေးတဲ့ တချို့စာလေးတွေဆို ဖတ်ရကောင်းလွန်းလို့ မျက်ရည်တောင် ကျမိတာတွေရှိတယ်)။

၆။ မဗေဒါ တစ်ကြိမ်တော့ ဒလက ဘုန်းကြီးကျောင်းသွားလှူတာကို ၂၀၁၂ ဒီဇင်ဘာမှာ လိုက်ဖူးပါတယ်။ အဲကွန်းဘတ်စ်ကြီး အကြီးကြီး ငှားပြီး အားလုံး စုပေါင်းသွားကြ။ ဟိုမှာ ကလေးတွေနဲ့ ဆော့ကြနဲ့ အရမ်းကို ပျော်စရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။
ဒီတော့ BPP-challenge နဲ့ ပြန်ဆက်ရရင်တော့။ ဘယ်မှာ လှူရမှန်းမသိဘူးဆိုရင် တီပီမြန်မာကူညီသောလက်များအဖွဲ့မှာ လစဉ်အလှူရှင်မလုပ်ချင်လဲ One time အလှူအနေနဲ့ လှူဒါန်းလို့ရကြောင်း သတင်းကောင်းပါးအပ်ပါတယ်။



ထမင်းတွေလဲ အများကြီးစားတယ်၊ ဓာတ်ပုံမရိုက်ခင် ခပ်တည်တည်နေပြီး ဖုန်းထုတ်ဓာတ်ပုံရိုက်တော့မှ ဟောသလို ချစ်စရာရုပ်လုပ်တယ်...

အားလုံးကို အအေးဗူးနဲ့ ဗလာစာအုပ်တွေ ဝေတယ်...

စောင်တွေနဲ့ တခြားလိုအပ်မဲ့ အသုံးအဆောင်တွေကို ကျောင်းကိုလှူတယ်...
ဘုန်းဘုန်းတွေကို ဆွမ်းကပ်

ကလေးတွေ ထမင်းစားနေတုန်းလေး...

သူတို့နဲ့တူတူဆော့ကြတယ်...

နှုတ်ဆက်တာကို သီချင်းလေးနဲ့နှုတ်ဆက်ကြတယ်...

သူတို့ဆီက ပေးစာ... တချို့...

Very Touching Letter from one of them...

This is one of the Heart warming letter from them...

မဗေဒါ ဒီပိုစ့်လေးနဲ့ ပြန် Challenge လုပ်လိုသူများကတော့…

၁။ Fan Fic တွေကို ဖေ့ဘွတ်မှာပဲ ရေးပြီး ဘလော့လေး လူမလာလို့ ဘလော့မှာ မတင်ဖြစ်တော့ဘူးဆိုတဲ့ ညီမလေး ယမမင်းလေး ဘလော့ပိုင်ရှင်
http://yaminohmar.blogspot.sg/ )

၂။ သူများတွေ Challenge လုပ်ပြီးပေမဲ့ ကိုယ်မလုပ်ရသေးလို့ ထပ်လုပ်လိုက်တဲ့ မဗေဒါ ဘလော့ကို အမြဲအားပေးတဲ့ HsuMyat (http://hsumyatmoe88.blogspot.sg/)

၃။ မဗေဒါကို Challenge ခေါ်ခဲ့တဲ့ ဝတ္တုတိုတွေအရေးကောင်းတဲ့ မဆွေလေးမွန် (www.whitewhitemind.blogspot.com)

၄။ BPP challenge ကို စခဲ့ပြီး မဗေဒါကို Challenge ခေါ်ခဲ့တဲ့ သူကြီးမင်း (http://kokomaunguk.blogspot.co.uk/)

၅။ မြန်မာ့ ပထဝီတွေ ပြန်လည်လေ့လာရင်း ဖေ့ဘွတ်မှာရော ဘလော့ပေါ်မှာပါ ပျောက်နေတဲ့ မေဖလားဝါးပိုး (http://33poepoe.blogspot.sg/) (မြန်မာဖောင့်မရှိရင် ခုဒေါင်းပြီးရေးပါ (သို့) မဗေဒါ sidebar က ဘားကလစ် keyboard (http://burglish.my-mm.org/latest/trunk/web/testarea.htm) နဲ့ တစ်လုံးချင်းရိုက်ရေးပါ)

၆။ တိတ်တိတ်လေး ဘလော့ရေးနေပြီး စာရေးကောင်းတဲ့ မရွှန်းမီ (http://present-of-lifetime.blogspot.sg/) (အင်္ဂလိပ်လိုရေးရေး မြန်မာလိုရေးရေး ရေးရင်ရဘီ)

၇။ ခုထက်ထိလဲ ဘလော့ရေးနေစဲ ဖေ့ဘွတ်မှာလဲ active ဖြစ်တဲ့ ကိုလင်းဦး (စိတ်ပညာ) (http://www.linoo.asia/)

၈။ ဖေ့ဘွတ်ပေါ်မှာ မုန့်တွေနဲ့ အဖြူရောင်ကြောင်ပုံပဲတင်နေတဲ့ စာရေးကောင်းတဲ့ (ခုလောလောဆယ် မမဗိုက်) ဗစ်စတာအောင် (http://vistazplanet.blogspot.sg/)

၉။ ယူနီကုတ်နဲ့ သပ်သပ်ရပ်ရပ်လေး လှနေတဲ့ ဘလော့ပိုင်ရှင် သယ်ရင်း မင်းယွန်းသစ် (http://minnyoonthit.net/)

၁၀။ ကိုယ် Challenge လုပ်လုပ် မလုပ်လုပ် စိတ်ဝင်စားစရာပိုစ့်တွေ လောလောဆယ် ကိုယ်ဝန်ဆောင်မှတ်တမ်းပိုစ့်တွေရေးနေတဲ့ နန်းညီ (http://nangnyi.blogspot.sg/)

ခုလို Challenge ခေါ်ခံရလို့ Stress လဲ မဖြစ်စေချင်သလို၊ စိတ်လဲ မဆိုးကြစေချင်ပါ။ ဟီး…. ခင်မင်ရတဲ့သူတွေလဲဖြစ်၊ စာရေးကောင်းမှန်းသိထားသူတွေလဲဖြစ်လို့ ဘလေ့ာလေးပေါ် active ဖြစ်စေချင်လို့ သတိတရ Challenge ရခြင်းသာဖြစ်ပါတယ်ရှန်….


(အောက်ပါ BPP-Challenge အဆင့်များကို သူကြီးမင်း(တုံးဖလား) ဆီမှ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်)

သတ်မှတ်ချက်များကိုု အောက်ပါအတိုုင်း အကြမ်းဖျင်း ပြုလုုပ်ထားပါသည်။ လုုိအပ်သည်များကိုု ထပ်ဖြည့်ပေးကြရန်လည်း တောင်းခံပါသည်။


၁။ ဘလော့ဂါတစ်ယောက် တစ်ခါ BPP-Challenge လုုပ်လျှင် ဆယ်ယောက်ထက် ပုုိပြီး မလုုပ်ရ။

၂။ BPP-Challenge လုုပ်ထားကြောင်း အချိန်မီ အကြောင်းကြား၍ ရနုုိင်သည့် ဘလော့ဂါတုုိ့ကုုိသာ BPP-Challenge လုုပ်ရမည်။

၂။ BPP-Challenge အလုပ်ခံရသူသည် BPP-Challenge လုုပ်ပြီး နှစ်ပတ်အတွင်း ဘလော့ပေါ်၌ ပိုု့စ်တစ်ပုုဒ် တင်ရမည်။

၃။ BPP-Challenge အလုပ်ခံရသူသည် မိမိနှစ်သက်ရာ ခေါင်းစဉ်၊ မိမိနှစ်သက်ရာ အကြောင်းအရာတုုိ့ကိုု ရေးနိုုင်သည်။

၄။ နှစ်ပတ်ကျော်လွန်ပြီး ပုုိ့စ် မတင်နိုုင်ပါက မိမိနှစ်သက်ရာ ပညာရေးလုုပ်ငန်းသုုိ့ မြန်မာကျပ်ငွေ ၅၀၀၀ နှင့် ညီမျှသော သက်ဆုုိင်ရာငွေကြေး အလှူငွေကုုိ ပေးလှူရမည်။ (ထုုိထက်ပုုိ၍ ပေးလှူလုုိပါကလည်း လက်ခံပါသည်)။ (TP မြန်မာ Helping Hands အဖွဲ့ရဲ့လစဉ်အလှူရှင်ဝင်ပီပီ ဦးစွာအနေဖြင့် တီပီမြန်မာကူညီသောလက်များကို ပေးလှူရန်ဟုု အကြံပြုချင်သည်။)။ း)

၅။ လှူဒါန်းမှု ပြုလုုပ်ပြီးသော ဘလော့ဂါများကိုုလည်း နှစ်ပတ်ကျော်လွန်ပါက ထပ်မံ၍ BPP-Challenge လုုပ်နုုိင်သည်။

၆။-BPP-Challenge လုုပ်ခြင်းကိုု တစ်ခုုမက များစွာ ပြိုင်တူ ခံရလျှင် အားလုုံးအတွက် ပုုိ့စ်တစ်ပုုဒ် ရေးပြီးတုုန့်ပြန်ပါက အလုုပ်ပြီးမြောက်သည်ဟုု မှတ်ယူပါမည်။

၇။-မိမိ BPP-Challenge လုုပ်ထားသူများကိုု အသိပေးရာ၌ တဂ်(Tag) လုုပ်ထားသည်ဟုု မသုုံးဘဲ ချဲလင့် (Challenge) လုုပ်ထားသည်ဟုု အသုုံးပြုရန် ဖြစ်ပါသည်။

၈။ ပုုိ့စ်တင်ပြီးကြောင်း အသိပေးရာ၌ ပိုုမုုိမြန်ဆန်စွာ စာဖတ်သူထံ အချိန်နဲ့ တပြေးညီ ရောက်ရှိစေရန်https://www.facebook.com/groups/mbcdays/ သုုိ့ သွားရောက်ပြီး အသိပေးစေလုုိပါသည်။ ထုုိဖေ့စ်ဘုုတ်ကိုုလည်း မိမိတုုိ့ကိုုယ်ပိုုင် ဖေ့စ်ဘုုတ်နဲ့ ချိတ်ဆက်ထားစေလုုိပါသည်။

၉။ မိမိကတဖန် ပြန်ပြီး ချဲလင့်ပြန်လုုပ်ရာတွင် ချဲလင့်လုုပ်ခံထားရသူများ အချိန်မီ သိရှိစေနုုိင်ရန်အတွက် အထက်ပါ ဖေ့စ်ဘုုတ်၌သော်လည်းကောင်း၊ ထုုိသူတုုိ့၏ ဘလော့စီဘောက်စ်၌သော်လည်းကောင်း၊ ထုုိသူတုုိ့၏ ဘလော့နောက်ဆုုံးပုုိ့စ်၌ ကွန်မင့်ပေး၍သော်လည်းကောင်း အသိပေးကြစေလုုိပါသည်။
၁၀။=Ice-Bucket-Challenge နှင့်BPP-Challenge တုုိ့၏ ကွာခြားချက်မှာ Ice-Bucket-Challenge အလုုပ်ခံရသူသည် ပြန်လည်တုုန့်ပြန်နုုိင်လျှင် ၁၀ ဒေါ်လာ၊ မတုုန့်ပြန်နုုိင်လျှင် ဒေါ်လာ ၁၀၀ ပေးလှူရမည်ဖြစ်သော်လည်း BPP-Challenge အလုုပ်ခံရသူမှာ ပြန်လည်တုုန့်ပြန်နိုုင်လျှင် အလှူငွေ ပေးလှူရန် မလုုိပေ။ မတုုန့်ပြန်နုုိင်မှသာ ၅၀၀၀ ကျပ် ပေးလှူရန် ဖြစ်ပါသည်။

၁၁ ။ လုုိအပ်ပါက အများစုု သဘောတူညီမှုဖြင့် စည်းကမ်း အလျော့အတင်း ပြုလုုပ်နိုုင်သည်။
.....

Wednesday, May 29, 2013

ကလေးတွေသာမြင်နိုင်တဲ့ လှို့ဝှက်စာသားနဲ့ ကြော်ငြာဆိုင်းဘုတ်...


ဒီဆန်းကြယ်တဲ့ ကြော်ငြာဆိုင်းဘုတ်လေးဟာ အိမ်တွင်းနှိပ်စက်ခံရတဲ့ ကလေးတွေအတွက်ဖြစ်ပါတယ်။ ဒီဆိုင်းဘုတ်လေးမှာ ကလေးတွေသာမြင်နိုင်တဲ့ message လေးတွေပါဝင်နေပါတယ်။

စပိန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Aid to Children and Adolescents at Risk Foundation (ANAR) အဖွဲ့က ဖန်တီးထားတဲ့ ဒီကြော်ငြာဆိုင်းဘုတ်လေးမှာ ကလေးနဲ့ လူကြီးတွေကို တချိန်ထဲမှာပဲ ကွဲပြားတဲ့ အချက်အလက်ကိုပေးနိုင်အောင်ပြုလုပ်ထားပါတယ်။

ဒီဆိုင်းဘုတ်ဟာ မှော်ပညာနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူး။ lenticular top layer ဆိုတဲ့ နည်းပညာနဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီး ပေါ်တဲ့ အချက်အလက်ကွာအောင်ပြုလုပ်ထားတာပါ။
အရပ် ၁.၃၄ မီတာအထက်ရှည်တဲ့သူတွေက ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ကလေးပုံလေးအပေါ်မှာ “တစ်ခါတစ်ရံ၊ ကလေးတွေ နှိပ်စက်မှုကို နှိပ်စက်ခံရတဲ့ကလေးကသာ မြင်နိုင်ပါတယ်” လို့ရေးထားတယ်။

ဒါပေမဲ့ အရပ် ၁.၃၄ မီတာအောက်မှာရှိတဲ့ ကလေးတွေ ဒီဆိုင်းဘုတ်ကိုကြည့်ရင်တော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကလေးမျက်နှာကို မြင်ရမှာဖြစ်ပြီး “ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို နှိပ်စက်နေရင်၊ ငါတို့ကို ဖုန်းခေါ်ပါ၊ ငါတို့သင့်ကို ကူညီပါ့မယ်” ဆိုပြီး အဲဒိ အဖွဲ့အစည်း ဖုန်းနံပါတ် ကို မြင်ရမှာဖြစ်ပါတယ်။



အရမ်းကို ကောင်းတဲ့ Idea နဲ့ Concept ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်လေးပါ။ ရောင်ပြေးပေတံလေးတွေ ငယ်ငယ်ကတည်းကမြင်ဖူးပင်မဲ့ ကြော်ငြာဆိုင်းဘုတ်ကို ဒီ Concept လေးသုံးပြီး ထိထိရောက်ရောက်လုပ်နိုင်တာကို တော်တော်လေး သဘောကျမိပါတယ်။ နှိပ်စက်သူနဲ့ ကလေးနဲ့တူတူလမ်းသွားနေရင်တောင် ကလေးတွေကိုပဲ အသိပေးနိုင်တဲ့ နည်းလမ်းလေးပါ။ ကလေးတွေအားလုံး နှိပ်စက်ခံရခြင်းမှ ကင်းဝေးကြပါစေ။





Thursday, November 29, 2012

အွန်လိုင်းမှာ အဝတ်အထည်ဝယ်ချင်ရင်...

မဗေဒါ အွန်လိုင်းကနေ ပစ္စည်းဝယ်ရတာ သဘောကျတာကို အရင်ကလဲ ပြောပြဖူးပါတယ်... ဒါပေမဲ့ မဗေဒါတစ်ယောက် အွန်လိုင်းကနေ အဝတ်အစားတစ်ခါမှ မဝယ်ဖူးပါဘူး... ဘာလို့လဲဆိုတော့ ၂ချက်ရှိပါတယ်... ၁ချက်က ဝယ်ပြီးမှ ကိုယ်နဲ့ မတော်မှာစိုးလို့ပါ... တကယ်တော့ အွန်လိုင်းမှာ အဝတ်အစားရောင်းတဲ့ဆိုင်တွေက ကိုယ်တိုင်းတွေကို ပေးထားပြီးသားပါ... ကိုယ့်ကိုကိုယ်တိုင်းရင် မှားမှာစိုးလို့လဲပါပါတယ်... နောက်တစ်ချက်ကတော့ တစ်ခါတစ်လေမှာ ပုံပြထားတုန်းကကိုယ်ထင်တဲ့ ပစ္စည်းအရည်အသွေးကတစ်မျိုး ရလာတဲ့ ပစ္စည်းအရည်အသွေးကတစ်မျိုးလဲဖြစ်နေမှာစိုးလို့ပါ... ဒါပေမဲ့ ခုတော့ ဘယ်လိုဝယ်ရမလဲ ကိုယ့်ဘက်က သေသေချာချာဖတ်ပြီး သိရင် အွန်လိုင်းမှာ အကျီင်္ဝယ်ရတာက စျေးပိုသက်သာတဲ့အပြင် ကိုယ့်အကျီင်္လေးရလာမဲ့နေ့ကို ရင်ခုန်စွာစောင့်ရတဲ့ အရသာကိုလဲ သဘောကျပါတယ်... ပြီးခဲ့တဲ့လက ဂျီမားကတ်က စကတ်တစ်ထည်ဝယ်ပထမဆုံးဝယ်ဖြစ်တယ်... ကိုယ်က စျေးကြီးကြီးမပေးချင်ဘူးဆိုရင်တော့ နံပါတ်တစ် အရည်အသွေးမျိုးကို မှန်းထားရင်မှားလိမ့်မယ်... ခု Dress လေးကတော့ စျေးမဆိုးပဲ ဝတ်ရတာလဲ တော်တယ် အဆင်ပြေတယ်ဆိုတော့ အကြိုက်ပါပဲ... နောက်မှ ဓာတ်ပုံရိုက်ပြီး တင်ပေးပါအုံးမယ်...

ဒီတော့ အွန်လိုင်းမှာ အဝတ်အစားဝယ်ချင်ပင်မဲ့ မသေချာတဲ့သူတွေအတွက် သတိထားသင့်တာလေးတွေနဲ့ ကိုယ်အတိုင်းဘယ်လိုတိုင်းလဲဆိုတာ ဒီပိုစ့်လေးနဲ့ ပြောပြမယ်နော်...

ကိုယ်တိုင်းမတိုင်းခင် သတိပြုရမဲ့ အချက်တွေကိုအရင်ပြောပြပါမယ်...
၁) ပြုလုပ်တဲ့ပစ္စည်း
၂) ဒီဇိုင်း 
၃) အတိုင်းအထွာ Cutting (သို့) တခြားဝယ်သူများရဲ့ ကွန်မန့်
၄) မိမိကိုယ်ကို သိပါ

၁) ပြုလုပ်တဲ့ ပစ္စည်း

ဝယ်မဲ့ အဝတ်အစားဘာအသားနဲ့ ချုပ်လဲဆိုတာ ဆိုင်က ပေးထားတဲ့ အင်ဖော်မေးရှင်းမှာ ပါပြီးသားပါ... မပါရင်လဲ ဆိုင်ကိုမတ်စေ့ဖြစ်စေ အီးမေးလ်ဖြစ်စေနဲ့ မေးမြန်းနိုင်ပါတယ်... ဆွဲသားလား၊ ချီဖွန်(ကြော်ချက်)သားလား၊ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်... ဆွဲသားဆိုရင်လဲ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဆွဲနိုင်တဲ့ Range ကိုလဲ ဆိုင် တော်တော်များများက ပေးထားတတ်ပါတယ်... ချည်သားဆိုရင် လျှော်ပြီးရင်း ရှုံ့သွားတတ်ပါသေးတယ်... ဒီတော့ အတိုင်းအထွာကို စဉ်းစားတဲ့အခါ ဘာပစ္စည်းနဲ့လုပ်လဲဆိုတာက အနည်းနဲ့အများ အကြမ်းဖျင်းလောက်တော့ သိရင်လုံလောက်ပါတယ်...

၂) ဒီဇိုင်း

ဒီဇိုင်းပေါ်မူတည်ပြီးလဲ အတိုင်းအထွာကို ချင့်ချိန်ရပါမယ်... တချို့ Dress တွေရဲ့ အကျီင်္လက်က ကိုယ်ဝတ်နေကျ အိမ်နေရင်းတွေထက် သေးပြီးယူထားတတ်ပါတယ်... ကိုယ်က ကိုယ်ဝတ်နေကျ ညအိပ်အကျီင်္က ပခုံးအတိုင်း တိုင်းပြီးယူမယ်ဆိုရင် ကိုယ့် size ကိုကြီးနေတယ်ထင်ပြီး ကိုယ်နဲ့ ဝယ်ချင်တဲ့ Dress နဲ့ မတော်ဘူးလို့ထင်နိုင်ပါတယ်... နောက်ဥပမာတစ်ခုကတော့ ကုတ်အကျီင်္တွေဝယ်ရင် ရင်ဘတ်အတိုင်းကို စိုးရိမ်ရပါတယ်... မြန်မာမိန်းကလေးတွေက ရင်ဖွံ့ထွားသူတွေဆိုတော့ ငါနဲ့ မတော်လောက်ဘူးထင်တတ်ပါတယ်... ဒါပေမဲ့ တစ်ချို့ ကုတ်အကျင်္ီတွေက ရင်စေ့ပြီး ကြယ်သီးတတ်ပြီး ဝတ်စရာမလိုပါဘူး... ဒီဇိုင်းကိုက အပေါ်ကအထပ်အနေနဲ့ပဲဆိုရင် ရင်စေ့ဝတ်စရာမလိုတဲ့အတွက် ရင်ဆိုဒ်က သေးတတ်ပါတယ်... အဓိက ကတော့ ပုခုံးနဲ့ ရင်အတိုင်းအဆင်ပြေရင် အားကျန်တာက အဆင်ပြေတတ်ပါတယ်... ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးရွေးတတ်ဖို့လဲလိုတာပေါ့နော်...

၃) အတိုင်းအထွာ Cutting (သို့) တခြားဝယ်သူများရဲ့ ကွန်မန့်

များသောအားဖြင့် Small, Medium, Large နဲ့ ရေးတဲ့ဆိုင်တွေက Small ဆို ဘာဆိုဒ်ဆိုပြီး Table လေးနဲ့ ပြထားတဲ့ အင်ဖိုအမြဲရှိပါတယ်... မရှိရင် မေးပါ... နောက်ပြီး တခြား ဝယ်သူတွေရဲ့ ကွန်မန့်တွေလဲရှိတတ်ပါတယ်... တစ်ဆိုင်နဲ့ တစ်ဆိုင် Small, Medium, Large အတိုင်းတွေက တူချင်မှတူပါတယ်... ကိုယ်က Small ဝတ်နေကျဆိုပေမဲ့ တစ်ခါတစ်လေ အဲဒိဆိုင်က Medium ကမှ ကိုယ့်ဆိုဒ်ဖြစ်နေတတ်ပါတယ်... ၁ဆိုဒ်ကြီးဝယ်ဖို့ ၁ဆိုဒ်သေးဝယ်ဖို့ အရင်ဝယ်ဖူးတဲ့သူတွေရေးတဲ့ ကွန်မန့်တွေကနေသိနိုင်ပါတယ်... ကွန်မန့်တွေမရှိရင်တော့ အတိုင်းအထွာကို သေချာတိုင်းပြီးဝယ်ပါ... စိတ်မချရင်တော့ စျေးသိပ်မကြီးတာကိုအရင် စမ်းဝယ်ကြည့်လို့ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းက အဝတ်အထည်ဝယ်ယူတဲ့အခါ ကိုယ့်ကွန်ပြူတာ Screen ပေါ်မှာ မြင်တဲ့ အရောင်နဲ့ တကယ့်အရောင်နဲ့ အနည်းငယ်ကွဲလွဲတတ်ပါတယ်... ထိုအချက်ကိုလဲ နားလည်ထားဖို့လိုပါတယ်...

၄) မိမိကိုယ်ကို သိပါ...

ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်အသိဆုံးပါ... ဥပမာ ဗိုက်ပူတဲ့သူက ခါးကိုတိုင်းတဲ့အခါ ကိုယ့်ရှိတဲ့ ခါးထက် ၂လက်မလောက်ပိုယူပါ... ဒါမှ ထမင်းစားပြီးချိန်တို့ဘာတို့ဆို နေသာထိုင်သာရှိမှာပါ... ခါးသေးပြီး တင်ကားတဲ့မိန်းကလေးတွေအတွက်လဲ အကျီင်္ဒီဇိုင်းကိုလဲ သတိပြုပြီး ဝတ်တဲ့အခါ တင်မှာကျပ်နေတာမျိုးမဖြစ်အောင် ပိုယူသင့်ယူ... ဒါမှမဟုတ် အကျီင်္ဒီဇိုင်းက နောက်က ဇစ်က အောက်ထိဆွဲလို့ရတဲ့ပုံမျိုးဆိုရင်တော့ ပိုယူစရာမလိုဘူးပေါ့... ကိုယ့်ပင်ကိုယ်ဉာဏ်နဲ့ ဆုံးဖြတ်လို့ရတဲ့ အရာတွေပါ...

ခု ကိုယ်တိုင်းနည်းကို ပြောပါမယ်..
How to take your body measurements

1. Shoulder

ဘေးက ပုံမှာ ပြထားတဲ့အတိုင်းပဲ တစ်ဖက် ပုခုံးအစွန်းကနေ နောက်ပုခုံးအစွန်းထိ တိုင်းပါ...

2. Burst

ရင်ကိုတိုင်းတာပါ။ တိုင်းတဲ့ကြိုးကို ချိုင်းအောက်ကနေ ကိုယ်ကိုပတ်ပါ။ ရင်သားရဲ့ အပြည့်မောက်ဆုံးနေရာကနေတိုင်းရပါမယ်။ ဘေးမှာ လက်နှလုံးလောက် ခြောင်ခြောင်ထားပါ။ ပြီးလျှင်အတိုင်းကို မှတ်သားပါ...

3. Natural Waist

ခါးကိုတိုင်းတဲ့အခါမှာ ကျွန်မတို့မိန်းကလေးတွေက မသိမသာပဲဖြစ်စေ၊ သတိတောင်မထားလိုက်မိချိန်မှာ အသက်အောင့်တတ်ကြပါတယ်။ အဲလိုမဖြစ်ပါစေနဲ့။ တိကျတဲ့အတိုင်းအတာကိုရဖို့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး အနေအထားကိုတိုင်းပါ။ 


4 and 6. Inseam

ဘောင်းဘီ ဝယ်သူတွေအတွက် အရှည်ကိုတိုင်းတာပါ...


5. Hip

ခြေကိုစုပြီး ကိုယ့်တင်ပါးရဲ့ အကျယ်ဆုံးနေရာကို ပတ်ပြီးတိုင်းပါ။ ပုံမှန်အားဖြင့် တင်းပါးရိုးရှိတဲ့နေရာကိုတိုင်းပါတယ်။


အောက်ကပုံလေးမှာပြထားတဲ့အတိုင်းလဲ ကြည့်နိုင်ပါတယ်...