Showing posts with label မင်းသား. Show all posts
Showing posts with label မင်းသား. Show all posts
Friday, March 04, 2016
Park Hae Jin ဇာတ်ကားသစ်နဲ့ ချက်ချင်းပြန်လာပြီ
Cheese in the Trap ဇာတ်ကားနောက်ကွယ်က ကိစ္စတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်ရဲ့ သနားခြင်းနဲ့ အားပေးခြင်းကို လက်တလောမှာ ရရှိနေတဲ့ Park Hae Jin တစ်ယောက် မနားတမ်းပဲ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ဖို့ လက်ခံလိုက်ပါပြီ။ ဇာတ်ကားနာမည်က လတ်တလောမှာ Man to Man လို့ အမည်ပေးထားပါပြီး JTBC က ထုတ်လွှင့်မှာဖြစ်ပါတယ်။ တခြား သရုပ်ဆောင်တွေ ဘယ်သူဖြစ်မလဲ မသိသေးပါဘူး။ ဇာတ်လမ်းက လောလောဆယ်မှာတော့ သူက နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ရဲ့ ကိုယ်ရံတော်အဖြစ် သရုပ်ဆောင်ရမှာပါ။ (ကိုယ်ရံတော်ဝတ်စုံ ကျော့ကျော့ကော့ကော့လေးနဲ့ ကြည့်ကောင်းမှာ)။ အားလုံးက ကိုယ်ရံတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်ဆိုရင် တခြားကားတွေလို့ပဲ သူ့စောင့်ရှောက်ရတဲ့ မင်းသမီးနဲ့ ပြန်ကြိုက်တဲ့ ဇာတ်လမ်းလို့ထင်ချင်စရာပါ။ ဒါပေမဲ့ ဇာတ်ကားနာမည်က Man to Man ဆိုတော့ သူစောင့်ရှောက်ရတဲ့ သူက ရုပ်ရှင်မင်းသားဖြစ်ပြီး Bromance ကို ဦးစားပေးဖို့များမယ်လို့ မီဒီယာတွေက ယူဆကြပါတယ်။ Bromance ဆိုရင်တော့ ကိုယ့်အကြိုက်ပါပဲ။ (အခြောက်ကားတော့ မဟုတ်လောက်ပါဘူး။ အခြောက်ကားဆိုလဲ ကောင်းရင် ကြည့်မှာပဲ)
လတ်တလော Cheese in the trap ဇာတ်ကားမှာ မတရာဆက်ဆံခံခဲ့ရတယ်လို့ နာမည်ထွက်နေတဲ့ မင်းသား Park Hae Jin ကို ပရိတ်သတ်နဲ့ အများပြည်သူတွေရဲ့ ဂရုနာပိုနေချိန်ဖြစ်ပြီး မင်းသားဘက်ကနေ အပြည့်အဝကာကွယ် ရပ်တည်မှုတွေ ရှိနေပါတယ်။ ဒီဇာတ်ကားသစ် Man to man မှာ သူ့ရဲ့ ပါဝင်မှုကို အရင်ကထက် ပိုစိတ်ဝင်စားနေကြတဲ့အတွက် သူ့ရဲ့ ဇာတ်ကားသစ်မှာ ပရိတ်သတ်ရဲ့ အချစ်တွေကို သိမ်းကြုံးရယူဖို့ အခွင့်အရေးတစ်ခုပါပဲ။
Man to Man ကို ဒီနှစ်ကုန်ပိုင်းလောက် ပြဖို့ ယာထားပါတယ်။ (ခုမှ လူရှာနေတုန်းဆိုတော့ တော်တော်စောင့်ရအုံးမယ်)။
Source: Osen
Monday, January 11, 2016
သင်မသိသေးတဲ့ “Cheese in the Trap” က မင်းသား Park Hae-Jin အကြောင်း
ခုပြနေတဲ့ Cheese In the Trap ဆိုတဲ့ ကားလေးကို ဘာမှ သိပ်မမျှော်လင့်ထားပဲ မင်းသားက မဆိုးပါဘူးထင်လို့ စမ်းကြည့်မိတယ်။ သာမာန်အားဖြင့်တော့ မဗေဒါ ကြိုက်မယ်ထင်တဲ့ကားတွေဆို မကြည့်သေးပဲ စုထားပြီး အပိုင်း တော်တော်များများပြပြီးမှ ဆက်တိုက်ကြည့်ချင်တယ်။ မဟုတ်ရင် တစ်ပတ် တစ်ပတ် ဆန့်တငင်ငင်နဲ့ အရသာပျက်လို့။ ဒါပေမဲ့ သိပ်မမျှော်လင့်ထားဘူး။ ဇာတ်လမ်းကလဲ သာမာန်လောက်ပဲထင်ရင်တော့ တစ်ပတ် တစ်ပတ်စောင့်ကြည့်ရလဲ ကိစ္စမရှိလို့ ကြည့်ဖြစ်တယ်။ ခု Cheese In the trap ကားကိုလဲ အဲလိုပဲ ထင်လို ၂ပိုင်းပဲ ပြပြီးပေမဲ့ စကြည့်ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မ မှားသွားပြီထင်တယ်။ ခု အပိုင်း ၂ပိုင်းအပြီးမှာ ဆက်ကြည့်ချင်လို့ နေမထိ ထိုင်မသာတွေကို ဖြစ်ရော။ ခု အပိုင်း ၂ပိုင်းအထိတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ဆောင်တွေကလဲ သူတို့ သရုပ်ဆောင်ရတဲ့ နေရာနဲ့ အံဝင်ဂွင်ကျရှိပါတယ်။ မဗေဒါ ဘလော့မှာ ကိုရီးယားကားတွေ မင်းသားတွေနဲ့ ပတ်သတ်ပြီး မတင်ဖြစ်တာ ကြာနေလို့ ဒီပိုစ့်လေးကို ဒီမှာတင်လိုက်ပါတယ်။ ခုနောက်ပိုင်း ဇာတ်လမ်းတွဲ၊ ရုပ်ရှင်နဲ့ ပတ်သတ်တာတွေက mabaydarpage ပေါ်မှာပဲ ရေးဖြစ်တာ များနေလို့။
ဒါနဲ့ အဲဒိကားထဲက မင်းသား Park Hae-Jin ကို အားလုံးလဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ နာမည်ကြီး My love from the stars ကားထဲက ဒုတိယမင်းသားပါ။ သူ့ကို အဲ့ဒိကားမှာကတည်းက သဘောကျခဲ့တာပါ။ (Kim Soo Hyun လောက်တော့ ခရေဇီမဖြစ်ခဲ့ဘူးပေါ့နော်။) နောက်တော့ Bad Guys ကားမှာ စိတ္တဇ Serial killer လူသတ်သမားကနေ ရဲတွေကို အမှုကူလိုက်ပေးတဲ့ ထောင်သားအဖြစ် သူ့ကို ပိုကြိုက်ခဲ့ပြန်တယ်။ နောက်ပိုင်းလဲ အမေကြည့်နေတဲ့ တီဗွီမှာပြတဲ့ကားထဲ မကြာခဏမြင်မိတယ်။ ခုတော့ Cheese in the Trap ကားမှာ ၂ပိုင်းပဲ ကြည့်ရသေးတယ် အတော်လေး သဘောကျသွားလို့ သူ့အကြောင်းတွေ ဖတ်မိတယ်။
၁။ anti-fan တွေနဲ့အတူ လူမှုရေးလိုက်လုပ်တဲ့ မင်းသား
မင်းသားချော Park Hae-Jin ဟာဆိုရင် သူ့ကိုမုန်းပြီး အင်တာနက်မှာ မဟုတ်တမ်းတရား ကောလဟာလလျှောက်ရေးတဲ့ anti-fan တွေကို နှစ်စဉ်နှစ်တိုင်း တရားစွဲပြီး သူ့ကိုတောင်းပန်တဲ့သူတွေကို သူနဲ့အတူ ပရဟိတ အလုပ်တွေ လိုက်လုပ်မယ်ဆိုရင် တရားရေးရာ ကျေအေးပေးခဲ့ပါတယ်။ သူ့ရဲ့ Fans တွေ၊ anti-fans တွေထဲက တောင်းပန်တဲ့သူတွေနဲ့ အတူ ပရဟိတလုပ်ခဲ့တာ ၂၀၁၅ အောက်တိုဘာဆိုရင် ၃နှစ်ဆက်တိုက်ရှိခဲ့ပါပြီ။ အလှူအနေနဲ့ လိုအပ်တဲ့ ရပ်ကွက်တွေမှာ အိမ်မီးဖိုဖို့ မီးသွေးတုန်းတွေ သွားရောက်လှူဒါန်းပါတယ်။ တခြား လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေလဲ လှူဒါန်းတယ်လို့ သိရပါတယ်။ အဲ့ဒိ အလှူအတောအတွင်းမှာလဲ သူက သူ့ Fan တွေ၊ သူ့ anti-fan တွေအားလုံးကို စတင်ချဉ်းကပ်စကားပြောပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်အားပေးခဲ့တယ်လို့ဆိုပါတယ်။
ကဲ… anti-fans တွေကို ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လောက်တော်တဲ့ မင်းသားလဲ။ ကိုယ်တောင် anti-fan ယောင်ဆောင်ပြီး သူ့အလှူမှာ လုပ်အားပေးချင်စိတ်ဖြစ်မိပါ့။
Source: http://www.soompi.com/2015/10/04/park-hae-jin-volunteers-with-anti-fans-for-the-third-year-running/
http://www.soompi.com/2014/11/04/park-hae-jin-keeps-his-promise-volunteers-with-his-anti-fans/
၂။ Fashion Designer တစ်ဖြစ်လဲ Park Hae-Jin
Park Hae-Jin ဟာ သရုပ်ဆောင်လောကမှာပါမက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့လဲ သူ့ကိုယ်ပိုင် Brand V-modern ဆိုတာကိုလဲ တရုတ်ပြည်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ My love from the stars ကားပြအပြီးမှာ သူ့ရဲ့ လွတ်လပ်ပေါ့ပါးပေမဲ့ စတိုင်မိုက်တဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ အရောင်စပ်ဆက်တတ်မှုတွေ၊ အပေါ်အောက် လိုက်ဖက်ညီအောင် တွဲဝတ်တတ်မှုတွေကြောင့် သူ့ဖက်ရှင်ဟာ တရုတ်ပြည်မှာ အတော်လေး နာမည်ကြီးခဲ့ပါတယ်။
Park Hae-Jin က “ကျွန်တော့ ဒီဇိုင်းတွေက ခုဈေးကွက်မှာ ခေတ်စားနေတဲ့ Trend နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ သက်တောင့်သက်သာရှိတဲ့ ဒီဇိုင်းတွေကို ကျွန်တော်က အားပေးပါတယ်။ သက်တောင့်သက်သာရှိခြင်းက အကောင်းဆုံး ဒီဇိုင်းပဲလေ” လို့ ရှင်းပြပါတယ်။
သူ့ရဲ့ ပထမဆုံး ဖက်ရှင်ရှိုးပွဲကို ဇူလိုင် ၁၇ရက် ၂၀၁၄ တုန်းက တရုတ်ပြည် ဘေဂျင်းမြို့မှာ ကျင်းပခဲ့ပြီး မင်းသားတစ်ယောက်အနေနဲ့ မဟုတ်ပဲ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့ပဲ ဧည့်ခံခြင်း၊ အင်တာဗျူးဖြေခြင်း၊ ပွဲအတွက် လိုအပ်တာတွေ စီစဉ်ခြင်းပြုလုပ်ပြီး ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။
Source: http://www.allkpop.com/article/2014/07/park-hae-jin-to-make-his-debut-as-a-designer-in-china
http://www.kpopstarz.com/articles/86067/20140401/park-hae-jin-brand-fashion-mark-jang.htm
၃။ Cheese in the Trap က Park Hae-Jin
Cheese in the Trap ဆိုတဲ့ ဇာတ်ကားက အွန်လိုင်းပေါ်က ပေါ်ပြူလာ ကာတွန်းဖြစ်တဲ့ Cheese In the Trap ကို ပြန်ပြီး အသက်သွင်းထားတာပါ။ အဲ့ဒိ ကာတွန်း အွန်လိုင်းမှာ စတင်ပြီး ခေတ်စားလာကတည်းက ပရိတ်သတ်တော်တော်များများက ဒီဇာတ်ကောင် Yoo Jung ဟာ Park Hae-Jin နဲ့ လိုက်ဖက်တယ်ဆိုပြီး လူပြောများခဲ့ပါတယ်။ အခု ရုပ်ရှင်ကိုလဲ မင်းသား Park Hae-Jin နဲ့ပဲ ရိုက်မယ်ဆိုတော့ ပရိတ်သတ်အားလုံးအတွက် ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ပါတယ်။
Star News နဲ့ အင်တာဗျူးတစ်ခုမှာ Park Hae-Jin က
“တကယ်တော့ ကျွန်တော် ကောင်းကောင်းမှ သရုပ်ဆောင်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်” လို့ သူ့ရဲ့ ဇာတ်ကောင်စရိုက်အတွက် ပြောပါတယ်။
“ကျွန်တော့်ထက် Yoo Jung ဇာတ်ကောင်နဲ့ ဆင်တူတဲ့ တခြားမင်းသားတွေလဲ အများကြီးရှိတော့ ဒီဇာတ်ကောင်ကို လက်ခံလိုက်ရတာ နည်းနည်းတော့ ရှက်မိပါတယ်။ အမှန်တိုင်း ဝန်ခံရရင်၊ ကျွန်တော် ဒီဇာတ်ကား ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါသေးတယ်”
အဲ့ဒိနောက် သူဘာလို့ ဒီဇာတ်ကောင်ကို လက်ခံဖြစ်ခဲ့သလဲဆိုတာကို ဆက်ပြောပါတယ်။
“ကျွန်တော်က ခုဆိုရင် အသက် ၃၀ကျော်ပြီလေ။ ဒီဇာတ်လမ်း အကျဉ်းကို ဖတ်ကြည့်တော့ စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါ ဇာတ်ကောင် စရိုက်တော်တော်များများကို သရုပ်ဆောင်ခဲ့ပြီးပြီ။ နောက်ထပ် ဇာတ်ကောင်တွေကိုလဲ အနာဂတ်မှာ သရုပ်ဆောင်ဖြစ်အုံးမှာပဲ။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်အဖြစ် သရုပ်ဆောင်ရဖို့ အခွင့်အရေးကတော့ ဒါနောက်ဆုံးဖြစ်နိုင်တယ်။
နောက်တော့ ဇာတ်ညွှန်းကို ဖတ်ကြည့်ဖြစ်တယ်။ အဲ့ဒိမှာတင် ဒီဇာတ်လမ်းဟာ အတော်လေး လက်ရာကောင်းမယ်လို့ ထင်ခဲ့တယ်။”
သူက ဆက်လက်ပြီး “ဇာတ်ကောင် စရိုက်တွေကလဲ ကောင်းတယ်လေ။ အဲဒါကြောင့် လက်ခံဖြစ်သွားတာ။ ပြီးတော့လဲ အခုအချိန် တက္ကသိုလ်ကျောင်းသားမလုပ်ရင် နောက်ဆို ကျောင်းသားဇာတ်ကောင် အဖြစ် ကမ်းလှမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ဘူးလေ”
သူက ထပ်ပြီး “ကျွန်တော်တို့ ဒါရိုက်တာကလဲ Yoo Jung ဇာတ်ကောင်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ပို့ပေးတယ်လေ။ အဲ့ဒါတွေကို ဖတ်ပြီး လေ့ကျင့်ဖြစ်တယ်။ ကျွန်တော့်ကိုယ်ပိုင် ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးဖြစ်တယ်။ ပရိတ်သတ်တွေ အမြင်မှာ ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်အောင် ကျွန်တော် တကယ်ကို ကြိုးစားနေပါတယ်။”
Source: http://www.soompi.com/2015/09/12/park-hae-jin-explains-why-he-accepted-the-lead-role-in-cheese-in-the-trap/
Note: မဗေဒါတို့များ သူ တက္ကသိုလ်ကျောင်းသားအသက်ရှိမရှိ သတိမထားမိလောက်အောင်ကို သူ့ကိုကြည့်ရင် ဇာတ်လမ်းထဲ မြောပါနေတာ။ မြန်မာပြည်က ကန်ဘောင်ပေါ်လျှောက်လိုက် စားသောက်ဆိုင်ထိုင်လိုက်နဲ့ တက္ကသိုလ်က ဆရာတွေထက်တောင် အသက်ကြီးလောက်တဲ့ သရုပ်ဆောင်တွေကို တက္ကသိုလ်ကျောင်းသားလုပ်တာ မြင်နေကျဆိုတော့ ကိုယ့်အတွက်က ဘာမှ ပြဿနာကို မရှိတာ။
Cheese In The Trap ဆိုတဲ့ ဇာတ်ကားလေးက ခု အပိုင်း ၂ကြည့်ပြီးတဲ့အထိတော့ မဗေဒါကို စွဲဆောင်နေသေးတဲ့အတွက် ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ အားလုံးပဲ ကိုယ့်လို Cheesy fever လေးတွေ တက်နိုင်ကြပါစေနော်…
Monday, March 16, 2015
Jang Keun Suk နဲ့ ဝင်ငွေခွန် ပြဿနာ
ဒီပိုစ့်ရေးလို့ ကြိုက်မဲ့သူ ကွန်မန့်မဲ့သူ နည်းမယ်ဆိုတာ သိပေမဲ့ ဂျန်ဂမ်ဆပ်ပရိတ်သတ်တွေအတွက် သူနဲ့ပတ်သတ်တဲ့ စိတ်မကောင်းစရာသတင်းလေးတစ်ခု ဖတ်လိုက်ရလို့ ပြန်ပြောပြချင်စိတ်ဖြစ်မိတယ်။ သတင်းလေးက ၂လလောက်တော့ ကြာပြီဆိုတော့ သတင်းအဟောင်းလေးတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ မဗေဒါကတော့ ခုမှတွေ့လို့ ရေးလိုက်တာပါ။
ဂျန်ဂမ်ဆပ်ပါ၀င်တဲ့ reality-variety program လေးတစ်ခုဖြစ်တဲ့ Three Meals a Day: Fishing Village လေးကနေ သူ့ကို ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ လောလောဆယ်ရိုက်ပြီးသား အပိုင်းတွေအတွက်တော့ လုံး၀ထုတ်လို့မရတဲ့အတွက် သူပါတဲ့ အခန်းတော်တော်များများကိုတတ်နိုင်သလောက် လျော့ချပစ်ခဲ့တာဖြစ်ပါတယ်။
အကြောင်းကတော့ အစိုးရကို ဝင်ငွေခွန် လိမ်လည် သတင်းပို့ခဲ့တဲ့အတွက်ဖြစ်ပါတယ်တဲ့။ ဖြစ်ပုံက မနှစ်ကမှ အသစ်တက်တဲ့ အခွန်ဝန်ကြီးက စစတတ်ချင်းဆိုတော့ အလုပ်တွေကြိုးစားပြပြီး ရှိသမျှ နိုင်ငံတကာစီးပွားရှာတဲ့သဌေးကုမ္ဗဏီတွေနဲ့ ဝင်ငွေကောင်းတဲ့ သူတွေရဲ့ အခွန်သတင်းပို့ ပေးဆောင်မှုကို စစ်ဆေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မင်းသားလေး ဂျန်ဂမ်ဆပ်ကလဲ ကိုရီးယားမှာ ဈေးကောင်းပြီး အချမ်းသာဆုံး အနုပညာသမား စာရင်း၀င် ဝင်ငွေရှိတဲ့ Hallyu Star ဆိုတော့ စစ်ခံရတဲ့ နာမည်ကျော်တွေထဲ သူလဲပါတာပေါ့။ အဲဒိမှာ သူ့တရုတ်ပြည်က ၀င်ငွေကို ဒေါ်လာ ၂မီလီယံ လျှိုပြီး စာရင်းသွင်းထားတာ သွားမိတယ်။ အစပိုင်းမှာတော့ သူ့အေးဂျင်စီက ဒါဟာ ဂျန်ဂမ်ဆပ်နဲ့ မပတ်သတ်ဘူး။ သူ့ကို စာချုပ်ချုပ်ထားတဲ့ အေးဂျင့်ကုမ္ဗဏီကိုစစ်ဆေးတာလို့ ထုတ်ပြန်ခဲ့တယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၃ရက်နေ့မှာ ဂျန်ဂမ်ဆပ်နာမည်နဲ့ ယူအက်စ်ဒေါ်လာ ၁၀မီလီယံတန်ဖိုးကို ဒဏ်ကြေးငွေရော အခွန်အဖြစ်ရော ပေးဆောင်ခဲ့တယ်။ ခုလိုမျိုးတွေ့တွေ့ချင်းမှာပဲ မင်းသားဟာ အမြန်ပေးဆောင်ခဲ့တယ်။ အဲ့ဒိအတွက် အခွန်ဌာနကလဲ သူ့ကို ဆက်လက်စစ်ဆေးမနေတော့ပဲ ကိစ္စက ပြီးသွားတယ်။ တစ်ချို့ကိစ္စတွေမှာဆိုရင် ဒီတင်မပြီးပဲ အခွန်ပြစ်မှုဆိုင်ရာဌာနတွေဘာတွေက ဆက်လက်စစ်ဆေးမယ်ဆိုရင် သူ့အိမ်တွေပါတွေ သိမ်းခံရတဲ့အထိ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ကုမ္ဗဏီက စာရင်းကိုင်မှားယွင်းတွက်ချက်ခဲ့လို့ မတော်တဆဖြစ်ခဲ့တယ်ဆိုတာကို အခွန်ဌာနက လက်ခံခဲ့တယ်။
စုံစမ်းမှုပြုလုပ်စဉ်က ဂျန်ဂမ်ဆပ်ရဲ့ ထွက်ချက် ဖြစ်တဲ့ “ကျွန်တော့မှာ ပြည်ပ activities အရမ်းများတယ်၊ ဒီတော့ ၀င်ငွေခွန်ကြေငြာရာမှာ အမှားအယွင်းတွေဖြစ်ခဲ့တယ်။ အဲ့ဒါတွေဟာ တမင်တကာ တိမ်းရှောင်ခဲ့တာမဟုတ်ပါဘူး” လို့ ရှင်းပြခဲ့တာကို The Korean National Tax Service က လက်ခံခဲ့တယ်။ ချက်ချင်းလဲ ပေးဆောင်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအမြင်ကတော့ မင်းသားမှာ အပြစ်မရှိပါဘူး။ သူကိုယ်တိုင်လဲ စာရင်းကိုင်နေတာမဟုတ်တော့ သူ့ကုမ္ဗဏီက စာရင်းကိုင်မှားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကိုယ်သာ အဲ့လောက် ဝင်ငွေတွေကောင်းပြီးနေရင်လဲ ဘယ်လိုလုပ် မှတ်မိမလဲ။ သတင်းတချို့မှာရေးတာကျပြန်တော့ သူ့ကုမ္ဗဏီ သူဌေးက ပိုက်ဆံတွေ ကုလားဖန်ထိုးပြီး တရုတ်ပြည်က ရတဲ့ ဝင်ငွေကို ဂျန်ဂမ်ဆပ်နာမည်အောက်ထည့်ထားတယ်လို့လဲ ကြားတယ်။ ဘာတွေလဲတော့ သေချာနားမလည်ပါ။ (ကိုယ်တွေက သူတို့လောက် ဝင်ငွေမကောင်းပဲ။ လေ့တော့ လေ့လာထားသင့်တယ်။ တချိန်ကိုယ်ဝင်ငွေကောင်းမလာဘူးလို့ မပြောနိုင်ဘူးလေ… ဟိ)။
မင်းသားဟာ ချက်ချင်း အခွန်ပေးဆောင်ခဲ့ပေမဲ့ အွန်လိုင်းသတင်းတွေမှာတော့ မင်းသားနဲ့ အခွန်ပြဿနာက တော်တော်လေးကို လူပြောများနေခဲ့တယ်။ အထူးသဖြင့် မင်းသားက အဲ့ဒိအတောအတွင်းမှာပဲ GangNam မှာ US$ 20 Million တန်တဲ့ တိုက်ခန်းတစ်ခုကို ဝယ်ယူခဲ့တဲ့အတွက် လူတွေရဲ့ အပြစ်တင်ခြင်းကို ပိုခံခဲ့ရပါတယ်။ အဲ့ဒိအတွက် သူလက်ရှိပါဝင်နေတဲ့ Three Meals a Day: Fishing Village ကို ထိခိုက်မှာစိုးလို့ဆိုပြီး အဲ့ဒိအစီအစဉ်ကနေ သူ့ကို ဖြုတ်ချခြင်းခံခဲ့ရတယ်။
သူ့ ကုမ္ဗဏီကတော့ ဂျန်ဂမ်ဆပ်အမှားမဟုတ်ကြောင်း၊ ကုမ္ဗဏီက စာရင်းကိုင်တွက်တာမှားတာဖြစ်ကြောင်း (စာရင်းကိုင်လဲ မြေဇာပင်ဖြစ်ရရှာတယ်။ မပြောနိုင်ဘူးလေ… သူတို့ပဲ အစက ဒီလို တွက်ခိုင်းခဲ့လားမှမသိတာ။ ဘယ်သူမှားတယ် မှန်တယ်ကတော့ ပြောရခက်တယ်)ကြေငြာပေမဲ့ ဂျန်ဂမ်ဆပ်ကတော့ ပရိတ်သတ်ကို တောင်းပန်ဖို့ သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူ့ရဲ့ တရား၀င်ဝက်ဆိုဒ်မှာ တောင်းပန်စာရေးခဲ့တယ်။
“Whatever the reason may be, my name was in the middle of the controversy and I wanted to say sorry for that. It was a challenge for me to shoot in the village and the time I spent there is valuable to me.”
ဘာသာပြန်။ ။ “ဘယ်လို အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ကျွန်တော့နာမည်ဟာ ခုလို ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့တဲ့အတွက် ကျွန်တော့ တောင်းပန်စကားဆိုချင်ပါတယ်။ အဲ့ဒိအစီအစဉ် ရိုက်ဖို့အတွက် ရွာမှာသွားနေပြီး အချိန်တူတူကုန်ဆုံးခဲ့ရတာဟာ ကျွန်တော့အတွက်တော့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။”
“I know you had high expectations for the show, so I feel so sorry for that and I feel so small. I will take the time and will visit Cha Seung Won, Yoo Hae Jin and all the production team to offer them my apologies.”
ဘာသာပြန်။ ။ “ဒီအစီအစဉ်လေးအတွက် အရမ်းကို မျှော်လင့်ခဲ့ကြတယ်ဆိုတာ သိပါတယ်။ အဲ့ဒိအတွက်ကြောင့် အရမ်းစိတ်မကောင်းဖြစ်ရသလို စိတ်အားလဲ ငယ်မိပါတယ်။ အချိန်ယူပြီး Cha Seung Won, Yoo Hae Jin (သူနဲ့အတူ အဲဒိအစီအစဉ်မှာပါတဲ့ တခြားသူများ) နဲ့ ထုတ်လုပ်ရိုက်ကူးရေးအဖွဲ့တွေကို သွားရောက်တောင်းပန်ပါအုံးမယ်”
သူရေးတဲ့စာကြည့်ရတာ မဗေဒါအနေနဲ့တော့ သူ့စိတ်နဲ့ ထွက်တာမဟုတ်ပဲ တမင်ကို အဖြုတ်ခံခဲ့ရတယ်ထင်ပါတယ်။ အမှန်တော့ ဒီလောက်ကြီးတဲ့ ပြဿနာလဲမဟုတ်တဲ့အပြင် မှားနေတာ သိတာနဲ့ ချက်ချင်း ပေးဆောင်ခဲ့တဲ့ သူတစ်ယောက်ကို အဲ့လောက်ကြီး ခါးခါးသီးသီး ဖြစ်စရာမလိုဘူးလို့ထင်ပါတယ်။ သူ့ဟာသူ အခွန်မှားမဆောင်မိတာ သူ့ရဲ့ မင်းသားတစ်ယောက်ဖြစ်တည်မှုနဲ့ မဆိုင်ဘူးလို့ထင်တာပဲ။ သူတို့ ကိုရီးယားမှာ ရုပ်ရှင်မင်းသား မင်းသမီးနဲ့ အဆိုတော် Idol တွေက အရမ်း စံပြအဖြစ်နေပြရတယ်ဆိုတာ သိပါတယ်။ အခွန်နဲ့ပတ်သတ်ရင်လဲ စပ်စပ်ထိမခံကြတာ ကြားဖူးပါတယ်။ ဒါပေမဲ့ Tax ဌာနကတောင် သူညာတာမဟုတ်ပဲ အမှန်တကယ် စာရင်းမှားတာကို လက်ခံလို့ ဒဏ်ငွေနဲ့တင်ပြီးစေခဲ့တာကို ဒီလို အကျယ်အကျယ်ဖြစ်တာတော့ မင်းသားကို သနားမိတယ်။ သူ့ပုံစံကြည့်ရတာလဲ ဝင်ငွေခွန်တွေဘာတွေ ဒီလောက် Serious ဖြစ်မှန်း သတိတောင်ထားမိရဲ့လား။ ကိုယ်သာ အဲ့လောက်ရှာနိုင်ရင်ရော ကိုယ်ရော အဲ့လို အမှားမျိုး မတော်တဆ မကျူးလွန်မိနိုင်ဘူးလား? စဉ်းစားစရာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားက မင်းသား၊မင်းသမီးတွေလဲ တဆိတ်ရှိ အပြောအဆိုခံရတိုင်း သူတို့ဟာ ပရိတ်သတ်ကို တောင်းပန်တယ်။ မထီမဲ့မြင်မပြုဘူး။ သူတို့စိတ်ထဲဘယ်လိုရှိရှိ၊ အပြင်ပန်းတော့ ပရိတ်သတ်ကို သူတို့ sincerely ပုံစံမျိုး တောင်းပန်ရတာပဲလေ။ မြန်မာပြည်က ဆယ်လီဗစ်တီဆိုတာတွေက ပရိတ်သတ် မတောင်းပန်တဲ့အပြင် ဖေ့ဘွတ်ပေါ်တောင် ပြန်တက်ဆဲနေတဲ့ဟာ။ ဘာပဲဖြစ်ဖြစ် ခုလို အမှားဖြစ်ရင် သူတို့ လုပ်ငန်း ချက်ချင်း ထိခိုက်မှုရှိတယ်။ မြန်မာပြည်က ဟိုတစ်လောက ဖေ့ဘွတ်မှာပြန့်လိုက်သေးတဲ့ အနုပညာသမားတွေ ဆေးခြောက်ကိစ္စကို သွားသတိရတယ်။ ဟို မမစိုးကြီးတို့ ဘာတို့ နာမည်တွေရောပါတဲ့ ဟာလေ။ ဒါပေမဲ့ မြန်မာပြည်ကတော့ အပြုံးမပျက်ပဲ။ ပရိတ်သတ်ကိုလဲ တောင်းပန်ဖို့မပြောနဲ့ သူတို့ကိုယ်သူတို့ ပရိတ်သတ်နဲ့တောင် မျိုးတူတယ်လို့ ထင်ကြပုံမရဘူး။ ဘယ် မူးယစ်စစ်ဆေးရေးအဖွဲ့ကမှလဲ မစစ်ဆေးဘူး။ အေးတာပဲ။ ပြီးကျရင် ကိုရီးယား အဆိုတော်တွေ မင်းသား မင်းသမီးတွေ ကြိုက်တဲ့ မြန်မာပရိတ်သတ်ကပဲ အဆင့်မရှိသလိုလို ပြောဆို ပြီး ဂျေဝင်ကြသေးတယ်။ တကယ်စဉ်းစားကြည့်ရင် တကယ်ပါ မြန်မာပြည်မှာ ဥပဒေကို မရှိဘူး။
အဲလေ။ ဥပဒေတော့ရှိတယ်။ တရားတဲ့ ဥပဒေ၊ “တရား ဥပဒေ” မရှိတာ။
ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်က စဉ်းစားမယ်ဆိုရင်တော့လဲ မင်းသားဟာ အဲ့အစီအစဉ်နဲ့ အလုပ်မများတော့ဘူးဆိုတော့။ သူ့ရဲ့ အချိန်တွေကို ဇာတ်လမ်းတွဲအတွက် ပိုပေးလာနိုင်မယ်လို့ မျှော်လင့်ရတဲ့အတွက် သူ့ကားအသစ်ကို စောင့်မျှော်လျက်…
News Sources:
http://seoulbeats.com/2015/01/jang-geun-suk-embroiled-tax-controversy/
http://www.koreaboo.com/news/jang-geun-suk-pays-10-million-fees-tax-evasion/
http://www.kdramastars.com/articles/69556/20150120/jang-geun-suk-apologizes-to-his-fans.htm
Thursday, September 04, 2014
ပိတ်ကားနောက်ကွယ်က ဘီလူးခေါင်းနဲ့ မင်းသားလေး Kim Hyung Joong
Boy Over flower ကားနဲ့ လူသိပိုများလာတဲ့ မင်းသား Kim Hyung Joong တစ်ယောက် သူ့တိတ်တိတ်ပုန်းချစ်သူကို ရိုက်နှက် နှိပ်စက်လို့ သူ့ချစ်သူကောင်မလေးက စခန်းမှာ အမှုဖွင့်တိုင်ကြားတဲ့ သတင်းကို တွေ့တော့ စိတ်ထဲမယုံချင်သလိုဖြစ်မိပေမဲ့ လူဆိုတာ ရုပ်ချောချော ရုပ်ဆိုးဆိုး မကောင်းမှုဆိုတာလုပ်ဖို့ ဖြစ်နိုင်တယ်လို့တွေးမိပြန်တော့ သတင်းတစ်ခုအနေနဲ့ပဲဖတ်ပြီး အံ့သြမိတယ်…
၂၀၁၄ သြဂုတ် ၂၂ရက်နေ့ လောက်မှာ သတင်းတွေစတင်ထွက်လာခဲ့တာကတော့….
သူနဲ့ တိတ်တိတ်လေးချစ်သူဖြစ်နေကြတဲ့ ကောင်မလေးက Songpa ရဲစခန်းမှာ သူ့ကို Kim Hyung Joong က ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လလည်လောက်အထိ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်ခဲ့တဲ့အကြောင်း တိုင်ကြားခဲ့ပါတယ်… ကောင်မလေးက သူနဲ့ ကင်ဟွန်ဂျွန်း ချစ်သူတွေဖြစ်ခဲ့ပါတယ်ဆိုတဲ့ သက်သေတွေနဲ့တကွ သူမ ရိုက်နှက်ခံရစဉ်က ဆေးမှတ်တမ်းတွေကိုပါ သက်သေအဖြစ် တင်ပြခဲ့ပါတယ်တဲ့…
သူမရဲ့ သူငယ်ချင်းတစ်ယောက်က ပြောကြားချက်အရ “သူတို့ ၂ယောက် စကြိုက်တာ ၂၀၁၂ကပေါ့။ မေလမှာ မိန်းမပြဿနာတစ်ခုစဖြစ်ပြီး ကင်ဟွန်ဂျွန်းက သူ့ကို စပြီး ရိုက်နှက် နှိပ်စက်တော့တာပဲ”
ကောင်မလေးဟာ ကင်ဟွန်ဂျွန်းနေထိုင်တဲ့ တိုက်ခန်းမှာ ထိုးခံ၊ ကန်ခံ ခဲ့ရပါတယ်။ သူမ မျက်နှာ၊ ရင်ဘတ်၊ လက်မောင်းနဲ့ တင်ပါးတွေမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ၂ပတ် ကျော် ဆေးကုသခံခဲ့ရတယ်လို ဆိုပါတယ်…
ဂျူလိုင်လမှာတော့ သူမရဲ့ နံရိုးတစ်ချောင်းကြိုးခဲ့ပြီး ၆ ပတ်ကြာ ဆေးကုသမှုခံယူခဲ့ရတယ်ဆိုပါတယ်…
ရဲက ကင်ဟွန်ဂျွန်းကို ခေါ်ယူစစ်ဆေးဖို့ ရှိတယ်လို့ပြောကြားခဲ့ပါတယ်…
(Above news is Translated from: Koreaboo )
သြဂုတ်လ ၂၃ရက်နေမှာတော့ ကင်ဟွန်ဂျွန်းရဲ့ အေးဂျင့်စီ KeyEast ကနေပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး ထုတ်ပြန်ချက်တစ်ခုချက်ချင်းထွက်လာပါတယ်…
“ပထမဆုံးအနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သေချာတိကျအောင် မေးမြန်းနေရလို့ ဒီထုတ်ပြန်ချက်ကို ထင်ထားတာထက် နောက်ကျပြီးမှ ကြေငြာတဲ့အတွက် တောင်းပန်ပါတယ်… ဘာမှ မပြောခင် ကင်ဟွန်ဂျွန်းကို ဂရုစိုက်ကြတဲ့ သူတွေကို တောင်းပန်တဲ့အနေနဲ့ ဦးညွန့်ပါတယ်… ကျွန်တော်တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီ။လုပ်ဖို့ ထွက်ခွာသွားတယ်လို့ဆိုပါတယ်။
သူနဲ့ အသေးစိတ်ကို မေးမြန်းအပြီးမှာ သူတို့ ၂ယောက် သိကျွမ်းခဲ့ကြတာ ၂၀၁၂ ကတည်းကဆိုပေမဲ့ သူတို့ ချစ်သူတွေဖြစ်တာတော့ လွန်ခဲ့တဲ့ လအနည်းငယ်မှပါ… ဒီအတောအတွင်းမှာ သူတို့ ၂ဦးဟာ အပြင်းအထန် စကားများခဲ့ကြပြီး တစ်ခါတစ်လေမှာ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြတဲ့အထိ ဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ၂လအတွင်းမှာ သူဟာ ကြိမ်ဖန်များစွာ ရိုက်နှက်ခဲ့တယ်ဆိုတာကတော့ မှားယွင်းတဲ့ စွဲချက်ဖြစ်ပါတယ်။
သူတို့ချင်း ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြပေမဲ့ နံရိုးကြိုးတာဟာ ရန်ဖြစ်ရာက ရတဲ့ ဒဏ်ရာမဟုတ်ပါဘူး။ အဲဒါဟာ ရန်မဖြစ်ခင်က သူတို့ ၂ယောက် စရင်းနောက်ရင်း ရတဲ့ ဒဏ်ရာပါ။ အဲဒါဖြစ်ပြီး နောက်နေ့မှာ သူမဟာ သူမ သူငယ်ချင်းတွေနဲ့တောင် အပြင်ကို ပုံမှန်ထွက်နေပါသေးတယ်။ သူမ ဒဏ်ရာရခဲ့တယ်ဆိုတာတောင် သူ သတိမထားမိခဲ့ပါဘူး။” လို့ ထုတ်ပြန်ခဲ့ပါတယ်…
KeyEast က သတင်းတွေနဲ့ပတ်သတ်လို့ ပုံကြီးချဲ့ကားပြီး ရေးနေကြတာကို စိတ်မကောင်းတဲ့အကြောင်းပြောပါတယ်။ သူတို့လဲ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို စိတ်ရောကိုယ်ပါ ကူညီသွားမယ်လို့ဆိုပါတယ်…
နောက်သတင်းတစ်ခုမှာတော့ ကင်ဟွန်ဂျွန်းဟာ အဲဒိနေ့မှာပဲ ဘန်ကောက်ကို သူ့စတိတ်ရှိုး 2014 Kim Hyung Joong World Tour – Fantasy in Bangkok”
(Above news is Translated from : Koreaboo)
ဘယ်သူက အမှန်ပြောနေတာလဲ?
သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ကိုရီးယား Dispatch မဂ္ဂဇင်းက သူတို့ ၂ယောက်ရဲ့ မတ်စေ့ တွေနဲ့ အပြန်အလှန်ပြောထားတဲ့ စာတွေကို ထုတ်ဖော်ခဲ့ပါတယ်။ အေးဂျင့်ကပြောတော့ ကြိုက်တာ လပိုင်းပဲရှိသေးတယ်။ ဒါပေမဲ့ ဟိုမိန်းကလေးကပြောတော့ ကြိုက်တာ ၂ နှစ်ရှိပြီတဲ့...
Dispatch က ထုတ်ဖော်လိုက်တဲ့ ကင်ဟွန်ဂျွန်းနဲ့ သူမကြားက ပြောထားတဲ့ စကားတွေနဲ့ သူမနဲ့ သူမသူငယ်ချင်းကြားပြောထားတဲ့ စကားတွေရဲ့ နေ့စွဲအရ သူတို့ ၂ယောက်ဟာ တကယ်ကိုပဲ ၂နှစ်ကြာ ချစ်ကြိုက်နေကြတာဖြစ်ပြီး သူမ ဒဏ်ရာရတာကိုလဲ ကင်ဟွန်ဂျွန်းဘက်က သိတယ်ဆိုတာ သိသာပါတယ်လို့ ဆိုပါတယ်။
(Above pic and news is Referred and translated from: Koreaboo)
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မင်းသား ကင်ဟွန်ဂျွန်းဟာ စက်တင်ဘာ ၂ရက်နေ့မှာ စစ်ဆေးခံဖို့ Songpa ရဲစခန်းကို ည ၉နာရီအချိန်မှာ ရောက်ရှိခဲ့ပါတယ်။
ရဲစခန်းကို အလာ မီဒီယာရဲ့ မေးခွန်းတွေအစုံနဲ့ မေးခွန်းထုတ်ခံခဲ့ရပြီး သူက မီဒီယာတွေကို “ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီစစ်ဆေးမှုကို ကျွန်တော် ရိုးသားစွာ ဖြေကြားမှာပါ” လို့ပဲ ပြောခဲ့ပါတယ်။
၎နာရီကြာ စစ်ဆေးမှုအတွင်းမှာ ကင်ဟွန်ဂျွန်း ပြောခဲ့တာကတော့
“သူနဲ့ ရန်ဖြစ်တဲ့အချိန်မှာ စိတ်လိုက်မာန်ပါ သူ့ကို ၁ခါ ရိုက်လိုက်ဖူးပေမဲ့ ကျန်တဲ့ စွဲချက်တွေကတော့ အမှားတွေပဲဖြစ်ပါတယ်” တဲ့။
ရဲတွေက မီဒီယာကိုပေးတဲ့ ကောက်ချက်ကတော့ --
“ကင်ဟွန်ဂျွန်းဟာ စွဲချက် ၄ခုမှာ ၁ချက်ကို ၀င်ခံပြီး ကျန်တာတွေကို ငြင်းဆိုခဲ့ပါတယ်။ နံရိုးကျိုးတာနဲ့ပတ်သတ်ပြီး သူတို့တွေ စရင်း နောက်ရင်းဖြစ်သွားခဲ့တဲ့အတွက် အဲဒိအချိန်က သူတို့တောင် သတိမထားမိလိုက်ပါဘူးလို့ပဲပြောသွားပါတယ်”
ရဲက ဆက်လက်ပြီးပြောကြားတာကတော့ “တရားလိုနဲ့ တရားခံရဲ့ ထွက်ချက်တွေက မညီညာတဲ့အတွက် လိုအပ်လျှင် အဆိုပါ မိန်းကလေးကိုလဲ ထပ်မံခေါ်ဆိုပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်” လို့ ဆိုပါတယ်။(Above news is Translated from: Allkpop)
နောက်ထပ်ရဲက ပြောကြားတာကတော့ “ကျွန်တော်တို့ ဒီကိစ္စကို စစ်ဆေးနေတုန်းပါပဲ။ တရားခံဟာ အပြစ်ရှိပါတယ်လို့ သုံးသပ်လို့ မရသေးပါဘူး” လို့ဆိုပါတယ်။
တကယ်လို့ သူဟာ အပြစ်ရှိတယ်ဆိုရင် ထောင်ကျနိုင်သလို $10,000 ဒဏ်ငွေဆောင်ရနိုင်ဖွယ်ရှိပါတယ်။
(Above news is Translated form : kdramastars)
Kim ကို စစ်ဆေးခဲ့တဲ့ ရဲအရာရှိ Chung က “ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြတာ ၂ဦးစလုံးပါ။ (မိန်းကလေးကလဲ ပြန်လုပ်တယ်ဆိုတဲ့ သဘော)။ ဒါပေမဲ့ သူက သူမကို ဘယ်နှကြိမ်ရိုက်မိလဲ ဘယ်ကိုရိုက်မိလဲဆိုတာတော့ မမှတ်မိတော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ တစ်ဦးတစ်ယောက်ထဲက ဒေါသအလျှောက် နောက်တစ်ယောက်ကို ရိုက်နှက်တာမျိုးမဟုတ်ပါဘူး။ ဒီအဖြစ်အပျက်က အဲဒိထက် ပြင်းထန်ပါတယ်” လို ဆိုပါတယ်။
Chung က ပြစ်မှုဆိုတာ ဖြစ်နိုင်ချေရှိတယ်ဆိုရင် Prosecutors တွေဆီကို ပို့သင့်မပို့သင့် မဆုံးဖြတ်ခင် Kim ရော ထိုအမျိုးသမီးရောကို ထပ်မံစစ်ဆေးမည် ဟုဆိုပါတယ်။
ကင်ဟွန်ဂျွန်းဟာ ၂၀၀၅ ခုနှစ်မှာစပြီး SS501 အဖွဲ့ဖြင့် နာမည်ကျော်ခဲ့ပြီး ၂၀၀၉ ခုနှစ် နာမည်ကြီး ဇာတ်လမ်းတွဲ “Boy Over Flowers” မှာလဲ (ဒုတိယမင်းသား အဖြစ်) ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ အာရှနိုင်ငံတွေမှာ နာမည်ရ မင်းသားတစ်လက်ဖြစ်ပါတယ်။
(Translated from : 680news )
ကျွန်မ အမြင်
သူ့ကို အစွဲလန်းကြီး ကြိုက်တဲ့အထဲမပါပေမဲ့ ရုပ်ရည်ချောပြီး သရုပ်ဆောင် မဆိုးတဲ့ မင်းသားတစ်ယောက်အနေနဲ့ လက်ခံထားပါတယ်။ သူသာ တကယ်အပြစ်ရှိတယ်ဆိုရင်တော့ သူကြိုးစားခဲ့သမျှနဲ့ သူ့ရဲ့ အရည်အချင်းတွေ သဲထဲရေသွန်ဖြစ်တော့မှာပေါ့။ ခုတောင် နာမည်ပြန်ရဖို့ဆိုတာ တော်တော်မလွယ်တော့ပါဘူး။ သရုပ်ဆောင်ကောင်းတာ မင်းသားတစ်ယောက်ရဲ့ အရည်အချင်းပြည့်စုံရင် မင်းသားဖြစ်ထိုက်တယ် အပြင်က သူဘာဖြစ်ဖြစ်နဲ့မှ မဆိုင်တာဆိုတာ ဟောလိဝုဒ်က မင်းသားမင်းသမီးတွေအတွက် မှန်ရင်မှန်မယ် အာရှက ပရိတ်သတ်တွေကတော့ သူတို့ အနုပညာသမားတွေကို ပိုပြီး တင်းကျပ်လေ့ရှိပါတယ် (မြန်မာပြည်က ပရိတ်သတ်ကလွဲလို့… :P)။ အဲ့ဒိအတွက်ကြောင့်လဲ သူတို့ကို ပရိတ်သတ်က အချစ်ပိုကြ လက်ဆောင်တွေပို့ကြလုပ်သလို သူတို့ကို အားကျ စံထားနေတဲ့ လူငယ်လေးတွေ အတုခိုးမှားမှာကိုလဲ စိုးကြတယ်ထင်ပါတယ်။ (it’s complicated) ။
ဒီကိစ္စမှာ စစချင်း သတင်းတွေ့တော့ မီးမရှိပဲ မီးခိုးထွက်မလာဘူး၊ မျက်နှာလေးချောနေ ဖန်သားပြင်ပေါ်မှာ ကြင်နာတတ်နေပေမဲ့ အပြင်မှာ နှိပ်စက်အနိုင်ကျင့်တတ်သူ ဖြစ်နိုင်တာပဲ ပြီးတော့ သူ့ကို စကာင်္ပူမှာ မြင်ဖူးတုန်းကတည်းက နည်းနည်းကြီးကျယ်တယ် ဆောင့်ကြွားကြွားနိုင်တယ်လို့ ကိုယ်ရော ကိုယ့်အမေရောက သုံးသပ်ခဲ့ကြတာလေ။ မေမေဆို သူ့ကို အစကတည်းက သိတာပဲရှိတော့ အပြင်မှာမြင်ပြီး မကြိုက်တော့ဘူး။
ဒါပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်တော့လဲ ခုနောက်ပိုင်း မီဒီယာတွေကလဲ သိပ်ယုံရတာမဟုတ်ဘူးလေ။ (ကိုယ့်နိုင်ငံ သတင်းတွေဖတ်ရင် ကိုယ်တွေ့ဆိုတော့) သေးသေးကို ကြီးကြီး လူစိတ်မ၀င်စား ၀င်စားအောင်လုပ်တတ်ကြသေးတာ။ ပြီးတော့ Kang Ji Hwan တုန်းကလို သူ့ဟာသူ ဖိလစ်ပင်းမှာ ဓာတ်ပုံရိုက်ပြီးအပြန် ပင်ပန်းလို့ အိပ်နေတာကို သူ့ တိုးဂိုက်အေးဂျင့်ရဲ့ မိန်းမက ဘေးကနေ ဓာတ်ပုံတူတူရိုက်ပြီး သူနဲ့ အိပ်နေပါတယ်ဆိုပြီးအထင်ခံရအောင် လုပ်သလိုလဲ ဖြစ်တတ်သေးတယ်။ နောက်ခုတစ်လောမှ Lee Byung Hoon လို စကားပြောတာကို အသံသွင်းပြီး ငွေညှစ်တာမျိုးပေါ့။ တစ်ခါတစ်လေ နာမည်ကြီးဖြစ်ရတာလဲ သူများထက် အနေအထိုင်ဆင်ချင်ရတယ်။ ဒါပေမဲ့ ဒါသူတို့ရွေးတဲ့လမ်းပဲ ဒါသူတို့ရဲ့ လုပ်ငန်းလိုအပ်ချက်ပဲလေ ခါးစည်းခံကြပေါ့လို့ ထင်တယ်။ လူတွေအားလုံးကိုတော့ သူတို့ကလဲ လူပါပဲ သူတို့ကိုလဲ လူလိုဆက်ဆံပါလို့ လိုက်ပြောလို့ဘယ်ရမလဲ။ သူတို့က သာမာန်လူတွေမရတဲ့ အခွင့်ထူးတွေကိုလဲ ခံစားရတယ်လေ။ အပေးအယူပေါ့။
ဒါပေမဲ့ ကင်ဟွန်ဂျွန်းက ၁ခါတော့ရိုက်မိပါတယ်ဝန်ခံကတည်းက ကိုယ်ကတော့ တော်တော် စိတ်ကုန်သွားတယ်။ ရန်ဖြစ်ရင် လက်ပါတာကိုးက မဟုတ်တာ။ ယောကျာင်္ပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ရန်ဖြစ်ရင် လက်ပါတာ မကောင်းဘူး။ ဒါပေမဲ့ မိန်းမနဲ့ ယောကျာင်္းဖြစ်ကြပြီဆို ယောကျာင်္းလက်ပါရင်ပို ကြည့်မရဘူး။ ဒီမှာပြောစရာဖြစ်လာတယ်။ “ဟင်… တန်းတူအခွင့်အရေးဆို? မိန်းမက လက်ပါတာ ရတယ်။ ယောကျာင်္းလက်ပါတာကျ မရဘူး ဟုတ်လား” လို့ပြောချင်ကြမယ်။ ဟုတ်တယ် ယောကျာင်္းနဲ့ မိန်းမ တန်းတူအခွင့်အရေးရှိသင့်တယ်လို့ ယုံကြည့်တယ်။ အဲ့ဒါကြောင့် မိန်းမကို နှိမ်ချပြီးသုံးနှုန်းတဲ့ စကားလုံးမျိုး “မိန်းမဖြစ်ပြီး” တို့၊ “မိန်းမလို မိန်းမရ” စတဲ့ အသုံးအနှုန်းမျိုးတွေကို ငယ်ငယ်က သုံးရင် သုံးဖူးမယ် ခုနောက်ပိုင်း နားလည်လာတော့ ဒါဟာ အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတာလို့ ယူဆလို့ ကျွန်မကလဲ မွေးလာကတည်းက ဘ၀ကပေးတဲ့အတိုင်း အမျိုးသမီးမို့ ကျွန်မကိုယ်တိုင်က မသုံးသင့်တဲ့ မှားယွင်းတဲ့ ခိုင်းနှိုင်းမှုလို့ထင်လို့ နောက်ပိုင်း မသုံးဘူး။
ဒါဆိုရင် ရန်ဖြစ်ကြတဲ့အခါ ယောကျာင်္းတွေ လက်ပါသင့်ဘူးဆိုတာက သဘာဝအားဖြင့် ယောကျာင်္းတွေဟာ မိန်းမတွေထက် အားကြီးတယ်။ မိန်းမတစ်ယောက် ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုရင်တော့ ယောကျာင်္းခွန်အားနဲ့ ဟန့်တားလို့ရတယ်။ ပုံမှန်အားဖြင့် ယောကျာင်္းတစ်ယောက်ရဲ့ အားကို မိန်းမတစ်ယောက်က မယှဉ်နှိုင်ဘူး။ အဲ့ဒါကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မနှိမ်ချသင့်သလို အနှိုင်မယူသင့်ဘူးလို့ထင်တယ်။ ယူချင်လဲယူပေါ့ “ဒါဟာ ယောကျာင်္းမပီသဘူး” လို့ မသုံးနှုန်းဘူး “ဒါဟာ လူမဆန်ဘူး။ အားနည်းသူကို အနိုင်ကျင့်လိုစိတ်ရှိတယ်။” လို့ပဲ သုံးနှုန်းရင် ပိုမှန်မယ်။ ဒီလိုလူမျိုးက မိန်းကလေးကိုမှ မဟုတ်ဘူး သူ့ထက်အားနည်းတဲ့ လူတိုင်းကို အနိုင်ကျင့်မှာပဲလေ။ ဒါဟာ ယောကျာင်္းမိန်းမနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အကျင့်နဲ့ပဲဆိုင်ပါတယ်။
ကဲပါလေ… ကင်ဟွန်ဂျွန်းကိစ္စကနေ ယောကျာင်္း၊ မိန်းမ အခွင့်အရေးကိစ္စကို ရွေ့သွားပြန်ပြီ။ (အဲ့ဒါပဲ မဗေဒါ စာက လေကြောရှည်တယ်ဆိုတာ… သည်းခံပါရှင်) ဘာဆက်ဖြစ်ကြမလဲဆိုတာတော့ စောင့်ကြည့်ကြတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားကတော့ မင်းသား အနေနဲ့ ဆက်လက် ရပ်တည်ဖို့တောင် တော်တော်ခက်ခဲသွားပြီ။ ဒါပေမဲ့ သူ့ပရိတ်သတ်တစ်ချို့ကလဲ အစကတော့ သူ့ဘက်က ယုံကြည်တယ်တို့ ဘာတို့ပြောနေကြပြီး နောက် သူက၁ခါလုပ်တာဝန်ခံတော့လဲ အနုပညာတွေ နှမြောစရာမို့ နားလည်ခွင့်လွှတ်နေသေးကြတဲ့ အမာခံတွေလဲရှိပါသေးတယ်။ (ကျွန်မလဲ အနုပညာတော့ နှမြောပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါဘာလုပ်လုပ် ပရိတ်သတ်က လက်ခံပါတယ်။ လူတွေက ချစ်ကြပါတယ်ဆိုတဲ့ အတွေးမျိုးဖြစ်သွားမှာတော့ မလိုလားဘူး)။ ယိုးဒယား ပရိတ်သတ်တွေကဆို ကင်ဟွန်ဂျွန်းဘက်က အားပေးနေတုန်းဆိုတာ သတင်းထဲတောင် ပါပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ကင်ဟွန်ဂျွန်းတစ်ယောက်ထဲရဲ့ အမှားချည်းပဲတော့ မဟုတ်ဘူး။ လက်ခုတ်ဆိုတာ ၂ဘက်တီးမှ မြည်တာလေ။ ဒီလို နာမည်ကြီးတဲ့ မင်းသားကို ရည်းစားတော်မိရင် အနည်းနဲ့အများတော့ သည်းခံရမယ်။ သ၀န်တိုလို့မရဘူး။ ဖောက်ပြန်ဖို့ အခွင့်အလန်းကလဲ များတယ်။ သူက ဖောက်ပြန်သွားလဲ ခံရမှာပဲ။ (ဒါကတော့ မင်းသားမှ မဟုတ်ဘူး ဘယ်စုံတွဲမဆိုပဲ။ ကိုယ့်မချစ်တော့ဘူးဆိုလဲ ဘာတတ်နိုင်မလဲ)။ Relationship တစ်ခုမှာ အရေးကြီးတာက ကိုယ့်စိတ်ကိုယ်ကိုယ်နိုင်ဖို့ပဲ။ Self-confidence ရှိပြီး ကိုယ့်ကိုကိုယ်ပိုချစ်ဖို့ပဲ။ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတာမှာ အတ္တကြီးပြီး “သူဟာ ငါ့ဟာ ငါလုပ်ချင်တိုင်းလုပ်မယ်” ဆိုတဲ့ စိတ်ဓာတ်မျိုးမဟုတ်ပဲ။ သူလဲ သူ့လွတ်လပ်ခွင့် နဲ့သူ အတိုင်းတာ တစ်ခုထိပေး။ သူမရှိလဲ ကိုယ့်ဟာကိုယ် ရပ်တည်တတ်တဲ့ စိတ်ကို မွေး။ သူက ကိုယ့်ရည်းစားဆိုတာနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုလို သတ်မှတ်လို့မရဘူး။ သူက အပျော်အပါး အပေါင်းအသင်းကြိုက်တယ်၊ အလုပ်ကို ဦးစားပေးတယ်၊ ဂိမ်းမက်တယ်၊ စတာတွေကို အစကတည်းက လက်ခံနိုင်ရင် ကြိုက်။ မကြိုက်တာရှိရင်တော့ ကောင်းကောင်းမွန်မွန်ပြောကြည့်။ ကိုယ့်ကို ချစ်တဲ့သူက ကိုယ်စိတ်ညစ်တယ်၊ ကိုယ်မကြိုက်ဘူးဆို သူ့ဟာသူ ပြင်လာလိမ့်မယ်။ သွားပြင်ခိုင်းလို့မရဘူး။ မပြင်ဘူးဆိုရင်တော့ ရှင်းရှင်းလေးပဲ သူလုပ်နေတာတွေလောက် ကိုယ့်ကို မချစ်လို့ပဲ။ နောက်ထပ် ရွေးစရာ ၂ခုရှိမယ်။ ကိုယ်သည်းခံနိုင်မလား။ ခံနိုင်ရင် သူ့အဲ့ဒိအကျင့်ကို လက်ခံပြီး ဆက်ချစ်။ လက်မခံနိုင်ရင်တော့ Say Goodbye ပေါ့။
ပြောရင်းနဲ့ Relationship အကြံပေးဖြစ်သွားပြန်ပြီ။ ဒါနဲ့ အိမ်တွင်းအကြမ်းဖက်မှုလုပ်တဲ့သူတွေက သူတို့လုပ်ပြီးရင်လဲ တောင်းပန်ဖို့ ၀န်မလေးတတ်ဘူးဆိုတာ ရုပ်ရှင်တွေထဲမှာတွေ့ဖူးတယ်။ ခု ကင်ဟွန်ဂျွန်းရဲ့ မတ်စေ့တွေကို ဖတ်ရတော့ သူ့ရဲ့ အပြောအဆို အပြုအမူက အဲဒါနဲ့ ကိုက်တယ်။ သူလုပ်ချင်တိုင်းလုပ်ပြီးမှ “ကိုယ်ဘာလို့ လုပ်လိုက်မိမှန်းမသိဘူးကွာ။ သိပ်လွမ်းတာပဲ။ ကိုယ့်ကို မပြစ်သွားပါနဲ့” စသည်ဖြင့် ကူလီကူမာလုပ်တတ်ကြတယ်။ သူတို့က စိတ်ရောဂါလို့တောင် ပြောရမလိုပဲ။ သူတို့လုပ်ပြီးလဲ သူတို့ကို စွန့်ခွာထားခံရမှာကြောက်ကြတယ်။ အဲလိုလူမျိုးတွေက အမှန်တော့ ကိုယ်နဲ့အရမ်းမပတ်သတ်ခင် မြန်မြန်ခွာတာကောင်းတယ်။ နောက်မို့ဆို လူသတ်တဲ့အထိတောင်ဖြစ်ရင်ဖြစ်မှာ။ မဗေဒါအရင်က ရေးဖူးတဲ့ “Last Friend” ဂျပန်ကားလိုပေါ့။ ချစ်တာ မဟုတ်တော့ဘူး ရူးသွပ်စွာစွဲလန်းခြင်း (Obsessed) ဖြစ်သွားတာ။
အဲဒါကြောင့် တစ်ခါတစ်လေ ရုပ်ရှင်တွေထဲမှာ အမေက နောက်အိမ်ထောင်ပြုလိုက်လို့ အရင်အိမ်ထောင်က ကလေးတွေကို ပထွေးက နှိပ်စက်တယ်။ သူ့အမေကိုလဲ ရိုက်နှက်နှိပ်စက်တယ် (ဥပမာ ခုပြနေတဲ့ It’s okay, It’s love) ကားထဲကလိုပေါ့။ အဲလိုမျိုးတွေတွေ့ရင် အမေလုပ်တဲ့ သူကို မဗေဒါက အပြစ်တင်မိတယ်။ သူ့ဟာသူ တစ်ပင်လဲလို တစ်ပင်ပဲထူထူ။ ကိုယ်လုပ်တဲ့ကိစ္စကြောင့် ကိုယ့်ကို မှီခိုနေတဲ့ သားသမီးတွေပါ ဒုက္ခရောက်တယ်။ ရှာကြွေးနေလို့။ ဒီလူဟာ ကိုယ့်မိသားစုရပ်တည်ဖို့ လိုအပ်နေလို့ဆိုတစ်မျိုး (ဒါတောင် ဒီလူရှာမကြွေးလဲ ကိုယ့်ဘာသာကိုယ် ရှာမစားတတ်ဘူးဆိုတာကိုးက မဟုတ်သေးတာ)။ အိမ်ထောင်ထပ်ပြုတယ်ဆိုတာ ချစ်လို့လဲပါချင်ပါမယ်။ အားကိုးရှာချင်တာလဲဖြစ်ချင်ဖြစ်မယ်။ ချစ်လို့ယူတယ်ဆို ဒီလူက ကိုယ့်ကို ရိုက်နှက်နေပါတယ်ဆိုမှ ချစ်သေးလို့ရသလား။ ဒီလူကရော ကိုယ့်ကိုချစ်လို့လား။ အားကိုးရှာချင်တယ်ဆိုရအောင်လဲ အားမကိုးရတဲ့အပြင် တစ်ပူပေါ်နှစ်ပူဆင့်။ ကိုယ့်ကို ရပ်တည်နေရင်တောင် ပိုက်ဆံရှာရတဲ့ အပူပဲရှိမယ်။ ခုတော့ ကိုယ်လဲရိုက်ခံရ။ ကိုယ့်သားသမီးလဲ ရိုက်ခံရ။ It’s okay, It’s love မှာဆို ရူးတောင်နေတာ (သနားပါတယ် နာ့ Jo In Sung လေး… အာ့လာပြောတာ)…
ရောက်သွားပြန်ပြီ တလွဲ… မဗေဒါကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကိုယ့်အတွေးတွေကို ပုံကြီးချဲ့ ရောက်တတ်ရာရာတွေးဖြစ်တာပါ။
ဒါနဲ့ စာဖတ်သူရော ဘယ်လိုမြင်လဲ။ တကယ်လို့ ကင်ဟွန်ဂျွန်းပြောသလို ၁ခါပဲရိုက်တာပါဆိုရင်တောင် သူ့ကို မင်းသားအဖြစ် လက်ခံနိုင်မလား? (သူ့အနုပညာ အရည်အချင်းကတော့ နှမြောစရာကိုး) ဒါပေမဲ့လဲ ခုလို အပြင်မှာ ရုပ်လေး နုပြီးချောတဲ့သူက အကြမ်းဖက်တတ်တယ်ဆိုတာကြီးသိထားတော့ ရုပ်ရှင်ထဲမှာ မင်းသမီးတွေကို ကြင်နာသနား တန်ဖိုးထား သဘောကောင်းဆိုတဲ့ ဇာတ်ကောင်ကိုကြည့်ရင် လက်ခံနိုင်ပါ့မလား (ဒါတွေ မသိခဲ့ရင်တော့ တစ်မျိုးပေါ့)... ဘယ်လိုပဲဖြစ်ဖြစ် အနုပညာလမ်းကို ဆက်လျှောက်မယ်ဆိုရင်တော့ သူယခင်ထက် ၁၀ဆတိုးပြီး ကြိုးစားရတော့မယ်။
ထင်မြင်ယူဆချက်လေးတွေပြောသွားအုံး… မဗေဒါရဲ့ အတွေးတွေနဲ့ပတ်သတ်ပြီး စာဖတ်သူကရော ဘယ်လိုထင်သလဲ မဗေဒါလိုပဲ လေရှည်ရှည်နဲ့ ဖလှယ်သွားကြနော်…
ကွန်မန့်မှာ မြန်မာလိုရိုက်ရင် စာလုံးအမှားကြီးတွေဖြစ်နေတာ သိတယ်… ဒါပေမဲ့ မလုပ်တတ်ဘူး… ဒါပေမဲ့ မန့်ချင်တဲ့သူအတွက်ကတော့ Force နေစရာမလိုပါဘူးနော်… မဗေဒါစာကို တကယ်ကြိုက်တယ် (မဗေဒါလေးကို ချစ်ကြတယ်) ဆိုရင် မြန်ဂလိပ်နဲ့ပဲဖြစ်ဖြစ် အင်္ဂလိပ်လိုပဲဖြစ်ဖြစ် Microsoft word မှာစာရိုက်ပြီးပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရေးပေးသွားကြမှာပဲလေ… ကွန်မန့်မရှိလဲ ကိုယ့်ဘလော့လေးကို ဆက်ရပ်တည်နေနိုင်အောင် ခွန်အားတွေ မွေးနေပါတယ်လေ….
ကွန်မန့်မှာ မြန်မာလိုရိုက်ရင် စာလုံးအမှားကြီးတွေဖြစ်နေတာ သိတယ်… ဒါပေမဲ့ မလုပ်တတ်ဘူး… ဒါပေမဲ့ မန့်ချင်တဲ့သူအတွက်ကတော့ Force နေစရာမလိုပါဘူးနော်… မဗေဒါစာကို တကယ်ကြိုက်တယ် (မဗေဒါလေးကို ချစ်ကြတယ်) ဆိုရင် မြန်ဂလိပ်နဲ့ပဲဖြစ်ဖြစ် အင်္ဂလိပ်လိုပဲဖြစ်ဖြစ် Microsoft word မှာစာရိုက်ပြီးပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရေးပေးသွားကြမှာပဲလေ… ကွန်မန့်မရှိလဲ ကိုယ့်ဘလော့လေးကို ဆက်ရပ်တည်နေနိုင်အောင် ခွန်အားတွေ မွေးနေပါတယ်လေ….
Friday, August 15, 2014
ကျွန်မချစ်သော CEO So Ji-Sub In Town!
မြန်မာပြည်မှာ ပထမဆုံးစပြတဲ့ ကိုရီးယားကား “အချစ်ဆုံးအတွက် ဟင်းတမယ်” (Delicious proposal) ကားမှာကတည်းက သူဟာ ဒုတိယမင်းသားအဖြစ်ပါဝင်ခဲ့ပါတယ်… ဒီတော့ မြန်မာပြည်မှာ ပထမဆုံး ကိုရီးယားကားရယ်လို စတင်မိတ်ဆက်ကတည်းက သူ့ကားနဲ့ မိတ်ဆက်ခံခဲ့ရတယ်ဆို မမှားပါဘူး… အဲ့ဒိအချိန်ကတည်းက ကျွန်မသူ့ကို မှတ်မှတ်ရရနဲ့ သဘောကျခဲ့ပါတယ်… အောက်မျက်ခွံက အတော်လေး မို့လို့ ဟို မျက်လုံးမို့မို့နဲ့ မင်းသားလေ ဆိုရင် တန်းသိတာပါပဲ…
စွဲစွဲလန်းလန်းကြီး ကြိုက်တာမဟုတ်ပေမဲ့ ကိုရီးယားကားရယ်လိုစကြည့်ဖူးကတည်းက ပထမမင်းသားထက် သူ့ကို ပိုကြိုက်ခဲ့တာကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး…
သူဟာ လီမင်ဟိုတို့လို တဟုန်ထိုး အောင်မြင်တာမဟုတ်ပေမဲ့… တဖြည်းဖြည်းနဲ့ အေးအေးနဲ့ တည်တည်ငြိမ်းငြိမ်အောင်မြင်လာတာပါ… ခုဆိုရင် အသက် ၃၇ နှစ်ရောက်မှ ပိုချောပြီး ပိုတောင် အောင်မြင်လာပါသေးတယ်… (အောက်မျက်ခွံလဲ အရင်လောက် မမို့တော့တာ ဆာဂျရီများလုပ်လိုက်သလားတော့ မသိပါ)… သူ့နောက်ဆုံးထွက်တဲ့ “Master’s Sun” ဆိုတဲ့ စိတ်နယ်လွန် အချစ်နဲ့ သရဲ အရောကားလေးက မဗေဒါရဲ့ အကြိုက်ဆုံးကားတွေထဲမှာ တစ်ကားအပါအ၀င်ဆိုတာ မဗေဒါရေးတဲ့ 2013 Best Drama Review Post ကို ဖတ်ဖူးတဲ့သူတွေသိမှာပါ…
ခုတော့ သူ အာရှတလွှားက ပရိတ်သတ်တွေကို ကိုယ်တိုင်တွေ့ဆုံဖျော်ဖြေရေး စတင်ပါပြီ… Sistic website မှာ ရေးထားတာအရတော့ ထိုင်ဝမ်မှာ သူ့ လက်မှတ်တွေ စစရောင်းချင်း ၃နာရီအတွင်းကုန်သွားလို့ နောက်ဆုံး Fan Meeting ကို ၂ရက်ခွဲပြီးတောင် လုပ်လိုက်ရတယ်ဆိုပါတယ်… ထိုင်ဝမ်အပြီး သူဟာ ဂျပန်က မြို့ ၂မြို့မှာ သွားရောက်ဖျော်ဖြေပြီး အဲ့ဒိနောက်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား၊ စကာင်္ပူကိုလာမယ်လို့ သိရပါတယ်…
သူ့ Fan meeting တွေ လက်မှတ်တွေကို ပြီးခဲ့တဲ့လကတည်းက စတင်ရောင်းချနေတာဆိုတော့ ခု လက်မှတ်ကျန်မကျန်တော့ မသေချာပါဘူး… မဗေဒါကတော့ အင်္ဂလိပ်စကားပြောတဲ့ မင်းသားတွေပဲ Fan meeting သွားချင်တော့တယ်… ဂျန်ဂမ်ဆပ်တုန်းက သွားရတာပျော်တယ်.. Hyun Bin တုန်းကကျတော့ စကားပြန်ကနေပဲ ကြားနေရတော့ သိပ်အားမရဘူး… အဲဒါကြောင့် ကိုယ်ကြိုက်တဲ့ မင်းသားလဲဖြစ်ရမယ်…. အင်္ဂလိပ်လိုလဲ ပြောနိုင်တယ်ဆိုရင်တော့ ပိုက်ဆံပေးရတာ ပိုတန်တယ်ထင်တာပေါ့… (Jo In-Sung လာရင်တော့ အင်္ဂလိပ်လို မပြောလဲ သွားဖြစ်မယ်ထင်တယ်… ခွိ… မနှစ်က သူလာတုန်းက ကိုယ်မြန်မာပြည်ပြန်တဲ့အချိန်ဖြစ်သွားလို့ မတွေ့လိုက်ရဘူး… :( )
ကဲ… ကြည့်ချင်တဲ့သူတွေအတွက် အင်ဖိုလေး မျှပေးလိုက်တယ်နော်… အောက်က နေ့စွဲ အချိန်၊ နေရာနဲ့ ထိုင်ခုံအစီအစဉ်ရယ်… ဈေးရယ်… အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ…
စွဲစွဲလန်းလန်းကြီး ကြိုက်တာမဟုတ်ပေမဲ့ ကိုရီးယားကားရယ်လိုစကြည့်ဖူးကတည်းက ပထမမင်းသားထက် သူ့ကို ပိုကြိုက်ခဲ့တာကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး…
သူဟာ လီမင်ဟိုတို့လို တဟုန်ထိုး အောင်မြင်တာမဟုတ်ပေမဲ့… တဖြည်းဖြည်းနဲ့ အေးအေးနဲ့ တည်တည်ငြိမ်းငြိမ်အောင်မြင်လာတာပါ… ခုဆိုရင် အသက် ၃၇ နှစ်ရောက်မှ ပိုချောပြီး ပိုတောင် အောင်မြင်လာပါသေးတယ်… (အောက်မျက်ခွံလဲ အရင်လောက် မမို့တော့တာ ဆာဂျရီများလုပ်လိုက်သလားတော့ မသိပါ)… သူ့နောက်ဆုံးထွက်တဲ့ “Master’s Sun” ဆိုတဲ့ စိတ်နယ်လွန် အချစ်နဲ့ သရဲ အရောကားလေးက မဗေဒါရဲ့ အကြိုက်ဆုံးကားတွေထဲမှာ တစ်ကားအပါအ၀င်ဆိုတာ မဗေဒါရေးတဲ့ 2013 Best Drama Review Post ကို ဖတ်ဖူးတဲ့သူတွေသိမှာပါ…
ခုတော့ သူ အာရှတလွှားက ပရိတ်သတ်တွေကို ကိုယ်တိုင်တွေ့ဆုံဖျော်ဖြေရေး စတင်ပါပြီ… Sistic website မှာ ရေးထားတာအရတော့ ထိုင်ဝမ်မှာ သူ့ လက်မှတ်တွေ စစရောင်းချင်း ၃နာရီအတွင်းကုန်သွားလို့ နောက်ဆုံး Fan Meeting ကို ၂ရက်ခွဲပြီးတောင် လုပ်လိုက်ရတယ်ဆိုပါတယ်… ထိုင်ဝမ်အပြီး သူဟာ ဂျပန်က မြို့ ၂မြို့မှာ သွားရောက်ဖျော်ဖြေပြီး အဲ့ဒိနောက်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား၊ စကာင်္ပူကိုလာမယ်လို့ သိရပါတယ်…
သူ့ Fan meeting တွေ လက်မှတ်တွေကို ပြီးခဲ့တဲ့လကတည်းက စတင်ရောင်းချနေတာဆိုတော့ ခု လက်မှတ်ကျန်မကျန်တော့ မသေချာပါဘူး… မဗေဒါကတော့ အင်္ဂလိပ်စကားပြောတဲ့ မင်းသားတွေပဲ Fan meeting သွားချင်တော့တယ်… ဂျန်ဂမ်ဆပ်တုန်းက သွားရတာပျော်တယ်.. Hyun Bin တုန်းကကျတော့ စကားပြန်ကနေပဲ ကြားနေရတော့ သိပ်အားမရဘူး… အဲဒါကြောင့် ကိုယ်ကြိုက်တဲ့ မင်းသားလဲဖြစ်ရမယ်…. အင်္ဂလိပ်လိုလဲ ပြောနိုင်တယ်ဆိုရင်တော့ ပိုက်ဆံပေးရတာ ပိုတန်တယ်ထင်တာပေါ့… (Jo In-Sung လာရင်တော့ အင်္ဂလိပ်လို မပြောလဲ သွားဖြစ်မယ်ထင်တယ်… ခွိ… မနှစ်က သူလာတုန်းက ကိုယ်မြန်မာပြည်ပြန်တဲ့အချိန်ဖြစ်သွားလို့ မတွေ့လိုက်ရဘူး… :( )
ကဲ… ကြည့်ချင်တဲ့သူတွေအတွက် အင်ဖိုလေး မျှပေးလိုက်တယ်နော်… အောက်က နေ့စွဲ အချိန်၊ နေရာနဲ့ ထိုင်ခုံအစီအစဉ်ရယ်… ဈေးရယ်… အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ…
Friday, July 25, 2014
Song Seng Heon (ဂျွန်စော) Arrival to Singapore - 24/07/2014
![]() |
| His Facebook update photo at Korea Airport |
အစကတော့ ခရီးသွားပိုစ့်တွေကြားမှာမို့ မရေးတော့ဘူးစဉ်းစားထားတာ… မနေ့ညက Song Seng Heon (ဂျွန်စော) ကိုလေဆိပ်မှာတွေ့ပြီး ရေးချင်လာလို့ ပိုစ့်အတိုလေးတစ်ပုဒ်တော့ ရေးပါရစေ… သူ စကာင်္ပူလာပြီး သူ့ရဲ့ နောက်ဆုံးထွက်ရုပ်ရှင် “Obsessed” Movie Screening ကို တက်ရောက်မှာပါ… Public အတွက်တော့ ရုပ်ရှင်က နောက်လမှာ ရုံတင်မှာပါ… ဒီကားက သူ့ရဲ့ ပထမဆုံး R21 ကားပါ… ဒီတော့ ၂၁ နှစ်အောက်တွေ ကြည့်လို့မရပါဘူး… အမှန်တော့ သူ့ကို Autumn Tale (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ကြည့်တုန်းက Won Bin (ထယ်စောက်) လောက် မကြိုက်ပါဘူး… သူချောတာတော့ လက်ခံပါတယ်… အဲဒိတုန်းက ကိုရီးယား ကားပါး မ၀သေးတော့ ဒုတိယမင်းသားတွေ သနားစရာကောင်းရင် မခံစားနိုင်လို့ပါ… ပြီးတော့ Won Bin ကိုး… စဉ်းစားသာကြည့်တော့…
သူ့ကို ခု သူထွက်ထားတဲ့ “When a man loves” ဆိုတဲ့ကားမှာတော့ တော်တော်လေးကြိုက်မိပါတယ်… သူ့ကိုကြိုက်တာကျတော့ ၁၅၀၀ နဲ့မဟုတ်ဘူး… အစ်ကိုတော်ချင်တာ… ငါ့မှာသာ သူ့လို အကိုရှိရင်….. ဆိုပြီး အတွေးနဲ့ ပျော်နေတာ… (တော်တော် လာဘ်ရွှင်မှာပဲ) ဆိုပြီး… ခွိ… အိမ်မှာ မဗေဒါ့ အစ်မကတော့ သူ့ကို ကြိုက်တယ် ကြိုက်တယ်နဲ့ပြောနေတာ… အသက်ကြီးပေမဲ့ မပျက်စီးပဲ အရမ်းမိုက်တဲ့ မင်းသားကိုး…..
သူ့ကို ဒီနေ့ည City Square Mall မှာ Event ရှိတာကို သွားမယ်တော့ ဆုံးဖြတ်ထားတယ် ဒါပေမဲ့ သူ ဘယ်အချိန်လာမလဲဆိုတာတော့ မသိဘူး… ဒါပေမဲ့ သူ့ Facebook Official Page ကို Like လုပ်ထားတော့ သူတင်ထားတဲ့ “See you soon Singapore” ဆိုပြီး ကိုရီးယားလေဆိပ်မှာ Selfie ပုံရိုက်ထားတာတွေ့တော့ အချိန်တွက်ပြီး လေယာဉ်ကိုစစ်လိုက်တာပေါ့… သူတို့မင်းသားတွေက လာရင် Korean Air နဲ့ပဲ လာကြတာလေ… Korean Air တွေ ဆိုက်ချိန်က ရုံးချိန်တွင်းမဟုတ်လို့ ၀မ်းသားထှာ…
ရုံးဆင်းတော့ အိမ်ပြန် ကင်မရာယူပြီး လစ်တာပေါ့… Flight info detail ကိုလဲ facebook ပေါ်တင်လိုက်ပါသေးတယ်… လာချင်တဲ့သူ လာလို့ရအောင်… ကျွန်မရောက်တဲ့အချိန်က ၆နာရီ ၅၀လောက်ရှိနေပြီ… အလုပ်က ကျွန်မနဲ့ ၀ါသနာတူ စလုံးမလေးကိုလဲ ခေါ်ထားတော့ သူက အလုပ်ကနေတန်းသွားတော့ ရောက်နှင့်နေပြီ… သူ့အတွက်ကတော့ ပထမဆုံး ဒါမျိုးလာဖူးတာပဲ… ကိုယ်က အတွေ့အကြုံအရဆိုတော့ ဆရာလုပ်ရတာပေါ့… ဒါပေမဲ့ လူသိပ်မများတော့ စိတ်တော့ သိပ်မပူရဘူး… ရဲတွေက အကာတွေ ကာလိုက်တော့ လူတွေက… “ဘယ်သူလာမှာလဲ … ဘယ်သူလာမှာလဲ” နဲ့ လာမေးကြတာ သိပ်စိတ်မရှည်ဘူး.. အဲ့မှာလဲ ပိုစတာအကြီးကြီး သူ့ Fan တွေ ယူလာတာ မတွေ့ကြဘူးလားမသိ… မပြောချင်တာက သူတို့က တကယ်ကြိုက်လို့လာတာမဟုတ်ပဲ ခရီးသွားဟန်လွှဲ ကြုံလို့ ၀င်ကြည့်မဲ့ဟာတွေလေ… လာရတဲ့လူတွေ နေရာ ၀င်ယူမဲ့ဟာတွေ…. မကြိုက်ရင်လဲ ကြည့်မနေနဲ့ပေါ့… တကတည်း… ၄ ခါလောက်မေးခံရတယ်…
Flight landed လို့ပြတဲ့အထိ Belt က မလည်သေးတော့ဘာများလဲလို့… ကျွန်မတို့က ဒီတစ်ခါကျတော့ မှန်နားမှာ မစောင့်ပဲ ကာထားတဲ့ လမ်းဘေးမှာ စောင့်တာလေ… ဒါမှ မှန်မခြားပဲ သူ့ကိုမြင်ရမှာပေါ့… ဒါပေမဲ့ လူတွေ အိတ်စောင့်နေပြီဆိုတော့ မသကာင်္တာနဲ့ ကျွန်မလဲ သူငယ်ချင်း စလုံးမကို နင်ဒီမှာ ခဏနေရာယူထား ငါသွားကြည့်လိုက်အုံးမယ်ဆိုပြီး မှန်နားသွားတော့ ထင်တဲ့အတိုင်းပဲ သူထွက်လာနေပြီ… သူ့ဆီလာတဲ့ သူ့ပရိတ်သတ်တွေက ဆယ်ကျော်သက်ကလေးတွေ နည်းတော့ သိပ်မအော်ကြဘူး… လူနည်းလို့ ဘယ်သူမှ မအော်လို့ တစ်ယောက်မှ စမအော်တာထင်တယ်… ကျွန်မလဲ အမိအရ Video ရိုက်တာပေါ့… ပြီးတော့သူက တခြားမင်းသားတွေလိုမဟုတ်ဘူး… Belt မှာ အိတ်စောင့်ရင် ငုတ်တုတ်လေးထိုင်နေတယ်… အတွင်းထဲမှာ သူ့ Fan တွေက သူ့ကို sign ထိုးခိုင်းတာ ထိုင်ထိုးပေးနေတယ်… ဒါနဲ့ ကျွန်မလဲ ကျွန်မသူငယ်ချင်းကို မတ်စေ့ အမြန်ပို့ပြီး ကျွန်မနားခေါ်လိုက်တယ်… “ရောက်နေပြီ” လို့… ဘယ်သူမှ မအော်တော့ အဲဒိနားက လူတွေက သိမှာမဟုတ်ဘူးလေ… သူငယ်ချင်းရောက်လာတော့လဲ အေးဆေးပဲ ကြည့်လို့ရတယ်… သူထွက်လာတော့ မှန်ခန်းထဲကနေ ပရိတ်သတ်တွေကို ပြုံးပြ တာ့တာ ပြတယ်… ထွက်လာပြီဆိုတော့ ကိုယ့်အရင်နေရာ ပြန်ပြေးရတာပေါ့… ဒါတောင် အပေါက်ဝက Fan တွေကို နှုတ်ဆက်နေတယ်ထင်တယ် တော်တော်နဲ့ ထွက်မလာဘူး…
ပြီးတော့ ဘေးဘီ လမ်းတစ်လျှောက်က ဟိုဘက် ဒီဘက် Fan တွေအားလုံးကို လိုက်နှုတ်ဆက်တယ်… စာအုပ်ပေးရင် လက်မှတ်ထိုးပေးတယ်… အစက ဘေးမှာ အလွတ်ကြီးက အဲ့ဒိတော့မှ ပြောင်းကိုင်ထားတဲ့ ကကြီးကောင်တစ်ကောင်က လာတိုးသေး… သူကလဲ ကိုယ်တွေထက်တောင်ဆိုးသေး… သူ့သူငယ်ချင်းဆီက စာအုပ်ယူပြီး လက်မှတ်ထိုးခိုင်းနေတာ… သူလုပ်တော့လဲ ကောင်းတာပေါ့… Song Seng Heon အိုပါးက ကျွန်မ ရှေ့မှာ ကြာကြာရပ်နေတာပေါ့… ကျွန်မလဲ ပေးစရာ စာအုပ်မရှိတော့ ဘာလုပ်ရင်ကောင်းမလဲ ကြံရာမရဖြစ်နေတာ… ဒါနဲ့ ကင်မရာကိုင်ထားတဲ့ ညာလက်ကို အမြန်အားအောင်လုပ်…. ဘယ်လက်နဲ့ ကင်မရာကိုင်ပြီး… သူလာတော့ လက်ပဲ ထုတ်ပေးလိုက်တာ ကျွန်မလက်ကို (အိုမိုင်ရှိသမျှ ဘုရားသခင်….) လက်ဆွဲနှုတ်ဆက်သွားတာ… ဓာတ်လိုက်သွားတဲ့အတိုင်းပဲ…
ဦးနှောက်က Blank ဖြစ်သွားတယ်… ဒူးတွေလဲ တုန်… သူ့လက်က ယောကျာင်္းပီပီသသ ခပ်ကြမ်းကြမ်းပဲ (အလုပ်ကြမ်းလုပ်တဲ့ လက်လောက်တော့ ဘယ်ကြမ်းမလဲ) ဒါပေမဲ့ ခပ် နွေးနွေးလေး... ခြွေးတွေဘာတွေလဲ မရှိဘူး… ချောက်ချောက်လေး… အချိန်ယန္ဒယား (စာလုံးပေါင်းသည်းခံပါ) ကြီး ခဏလောက် ရပ်ထားပေးလို့ရမလား… ဒါမှမဟုတ် ပြန်ရစ်လို့ရမလဲဟင်?
![]() |
| He is right in front of me. (photo credit to my friend Leng Leng) |
ကျွန်မကိုလက်နှုတ်ဆက်ပြီးတော့ ဘေးက ကောင်မလေးက ဇွတ်တိုးပြီး သူ့ကို စာအုပ်ထိုးပေးတော့ သူက ယူပြီး လက်မှတ်ထိုးတယ်… ဒီတော့ ကျွန်မနားမှာ သူတော်တော်ကြာတယ်ပြောရမယ်… သူထွက်သွားမယ်လုပ်ပြီးမှ ဘေးက လူဆီက သူ့ ပိုစ့်စကဒ်ပုံလေးတွေယူပြီး စောစောက စာအုပ်ထိုးပေးတဲ့ကောင်မလေးကို ပြန်လှည့်လာပေးတယ်… ကိုယ်ကတော့ မရလိုက်ဘူး… သူလဲ Random ပေးသွားတာဆိုတော့… သူကျော်သွားပြီဆိုတော့ ကိုယ်လဲ ဘေးကနေ လိုက်ပြေးတာပေါ့… လူက တခြားလူငယ်မင်းသားတွေလောက် မများဘူးဆိုတော့ နေရာတွေက ကျန်တယ်လေ… ရှေ့ရောက်တော့လဲ ဘာမှ ပေးစရာမရှိတော့ လက်ပဲ ထပ်ထုတ်ပေးတော့ သူလဲ ထပ်နှုတ်ဆက်သွားပြန်ရော… သူကလဲ မှတ်မိပုံမရပါဘူး… လက်မထုတ်ပေးလို့ နှဖူးလှန်ပြပြီး ဒီမှာ အော်တိုထိုးပေးပါပြောလို့မှ မရတာ… ဒီလိုနဲ့ သူ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ကားနဲ့ထွက်သွားတယ်… အသက်ကြီးတဲ့ မင်းသားတွေက ပရိတ်သတ်ကို မကြောက်သလို လုံခြုံရေးနဲ့ သူ့ အေးဂျင့်တွေကိုလဲ သိပ်မကြောက်ဘူး… သူ့ဟာသူ တည်တည်ငြိမ်ငြိမ်လေး အားလုံးကို လုပ်ပေးသွားတယ်… Hyun Bin ကတော့ VIP ပေါက်က ပြန်တယ်ဆိုပေမဲ့ သူ့ Fan meeting တုန်းကလဲ သူက သိပ်ပြီး ပရိတ်သတ်ကို ကြောက်နေတာတို့ မာန်တက်နေတဲ့ပုံတို့မရှိဘူး… သိပ်ချစ်ပြနေတာတော့ မဟုတ်ဘူးပေါ့… ပုံမှန်ပဲ… Song Seng Heon ကတော့ Hyun Bin ထက် အများကြီး ပိုပြီး Fan Service ကောင်းတယ်… ခုမှ Youtube က တခြားဗွီဒီယိုတွေကြည့်တော့ သူက ဘယ်နိုင်ငံသွားသွားလေဆိပ်မှာ အဲလို ဆိုင်းထိုးပေးနေကျ… ကိုယ်မသိခဲ့တာ နောက်ကျ… ကိစ္စမရှိဘူး ဒီနေ့ည City Square Mall 7:30PM မှာ ထပ်သွားမယ်… ကံကောင်းရင်တော့ အိုပါးနဲ့ ထပ်နီးစပ်ရမှာပေါ့…
သူဘယ်အချိန်ပြန်မလဲ ခန့်မှန်းနေတယ်… သာမာန်တော့ သူတို့ မင်းသားတွေက အစီအစဉ်ပြီးတာနဲ့ ည ၁နာရီလေယာဉ်နဲ့ပြန်တတ်တယ်… သူလဲ အဲဒါနဲ့ ပြန်မလားမသိဘူး… ဒါပေမဲ့ သူက ခုတောင်စောလာတာဆိုတော့ ၁ရက်လောက်တော့ အေးဆေးနေအုံးမလားမသိဘူး… ဒီနေ့ပြန်မယ်ဆိုရင်တော့ ည ၁၀နာရီခွဲ လေယာဉ်တစ်စီးရှိတယ်.. နောက် ည ၁နာရီ တစ်စီးရှိတယ်… ၁၀နာရီခွဲကတော့ မပြန်လောက်ဘူးထင်တယ်… သူ့ Movie Screening ကမှ ၉နာရီခွဲစမှာဆိုတော့… ၁နာရီပဲ လေဆိပ်သွားစောင့်ရကောင်းမလား… ခွိ…. (ရောဂါတက်နေတာ)…
ဒါပဲနော်… မနေ့က ရိုက်လာတဲ့ Video ကို အက်ဒစ်လုပ်၊ Upload လုပ်နေတာနဲ့ မနက် ၂နာရီကမှ အိပ်ဖြစ်တယ်… အိပ်ရေးမ၀လို့ ခေါင်းမူးပြီး စိတ်မကြည်ဘူး… ရေးချင်လွန်းလို့သာရေးရတာ… မဗေဒါ ပထမဆုံး လက်ဆွဲနှုတ်ဆက်ဖူးတဲ့ ကိုရီးယားမင်းသား OPPA Song Seng Heon ကို မဗေဒါ ဘယ်တော့မှ မမေ့တော့ဘူး အမြဲလဲ အားပေးတော့မယ်….
Thursday, June 05, 2014
2013 Best Korean Dramas list - Review (Part 2)
3. Master's sun
Name : Master's Sun
Episode : 17
Genre: Horror, fantasy, romance, comedy
Broadcast period: 2013-Aug-07 to 2013-Oct-03
So Ji Sub as Joo Joong Won / Joo-goon
L as young Joong Won
Gong Hyo Jin as Tae Gong Shil / Tae-yang
Seo In Guk as Kang Woo
Kim Yoo Ri as Tae Yi Ryung
Director: Jin Hyuk
Screenwriter: Hong Mi Ran, Hong Jung Eun (Hong Sisters)
Rating : 5/5
ဇာတ်လမ်းအကျဉ်း
Tae Gong Shi ဟာ ပြင်းထန်တဲ့ မတော်တဆမှုတစ်ခုကြောင့် ၃နှစ်ကြာ မေ့မြောနေခဲ့ရာက သတိပြန်ရလာပြီးနောက်ပိုင်းမှာ သရဲတွေကို မြင်တွေ့နိုင်တဲ့ အစွမ်းကို ရရှိခဲ့ပါတယ်… မြင်တွေ့ယုံတင်မကပဲ သူမ သတိလက်လွတ်ဖြစ်တဲ့အချိန်တွေမှာ သရဲတွေက သူမခန္ဓာကိုယ်ကို ၀င်ပူးလို့တောင်ရတဲ့အဆင့်ထိပါပဲ… အဲဒိအတွက်ကြောင့် သူမဟာ အမြဲ အကြောက်တရားနဲ့နေနေရပြီး… ညဘက်တွေဆိုရင် လုံးဝမအိပ်ရတဲ့အထိပါပဲ… သူမဟာ ကောင်းမွန်တဲ့ တက္ကသိုလ်က ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ သူမလုပ်ငန်းခွင်တွေထဲထိ သရဲတွေမြင်နေရတဲ့အတွက် အလုပ်လက်မဲ့ဘ၀ဖြစ်ပြီး သရဲတွေ အကူအညီတောင်းသမျှကိုပဲ လိုက်ကူနေရတဲ့သူတစ်ယောက်ပေါ့… သူမရဲ့ အဲဒိလိုဘ၀ကို ကယ်တင်နိုင်မဲ့ Joo Jong Won ဆိုတဲ့ ဟော်တယ်နဲ့ ရှော့ပင်းမောကြီးတွေရဲ့ ပိုင်ရှင် သူဋ္ဌေးတစ်ယောက်နဲ့ မမျှော်လင့်ပဲဆုံတွေ့ခဲ့ပါတယ်… Joo Jong Won နဲ့ သူမထိတွေ့လိုက်တဲ့အခါတိုင်းမှာ သူမနောက်ကိုလိုက်နေတဲ့ သရဲတွေဟာ လွင့်ပျောက်သွားလို့ပါပဲ… သူမဟာ ပျော်လွန်းလို့ Joo Jong Won အနားမှာပဲ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နေဖို့ ကြိုးစားပါတော့တယ်…
![]() |
| မင်းသားရော မင်းသမီးရော မျက်နှာပေး သဘောကျလို့ Screen cap လုပ်သည်... |
Joo Jong Won ရဲ့အနားမှာလဲ သရဲမလေးတစ်ယောက်ကို သူတွေ့တယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ Joo Jong Won ဟာ သေဆုံးသွားပြီဖြစ်တဲ့ သူ့ချစ်သူဟောင်းနဲ့ မဖြေရှင်းနိုင်ဖြစ်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းဖို့အတွက် နောက်တစ်ခါ အဲဒိသရဲမလေးကိုတွေ့ရင် မေးပေးဖို့ Tae Gong Shi ကို သူ့အနားမှာ အလုပ်ခန့်အပ်ထားလိုက်ပါတော့တယ်… ဒီလိုနဲ့ တခြားသော သရဲပေါင်းများစွာကို သူတို့ ၂ဦးဘယ်လိုကူညီကြသလဲ၊ Joo Jong Won ရဲ့ အချစ်ဟောင်းက လူဆိုးလား လူကောင်းလား၊ Tae Gong Shi ရဲ့ သရဲမြင်ရတဲ့ အစွမ်းက ဘယ်လိုရရှိခဲ့တာလဲ၊ ဘယ်လိုလုပ်မှ ပျောက်ဆုံးသွားမလဲ၊ ပိုက်ဆံပဲ စိတ်ဝင်စားတဲ့ သူဋ္ဌေး Joo Jong Won နဲ့ ထိနေရရင်ပြီးရော ဘာမှ မမျှော်လင့်ပါဘူး အဆင့်အတန်းချင်းမတူလို့ မဖြစ်နိုင်တာလဲ သိပါတယ်လို့ပြောပြီး သူ့နားမှာနေခဲ့တဲ့ Tae Gong Shi တို့ရဲ့ Bittersweet အချစ်ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတာကို ဖန်သားပြင်ပေါ်မှာ ကြည့်ဖြစ်အောင် ကြည့်ဖို့တိုက်တွန်းပါတယ်နော်…
ဝေဖန်ရေး
ဒီကားကို သူ့အသံလွှင့်ဋ္ဌာန SBS ကပေးတဲ့ဆုကလွဲလို့ ကျန်တဲ့ Drama award တွေမှာ ဘာဆုမှ မရတာကို ကျွန်မကတော့ မကျေမနပ်ဖြစ်မိပါတယ်… ဘာလို့လဲဆိုတော့ ၂၀၁၃ အတွက် ကျွန်မအကြိုက်ဆုံးကား ၂ကားမှာ ဒီကားလဲပါလို့ပါပဲ…
အရင်က မင်းသမီး Gong Hyo Jin ကို ရုပ်သိပ်မချောတာရော၊ သူ့ရဲ့ အရင် Drama “Hello! My Teacher” မှာ သိပ်မကြိုက်တာကြောင့်ရော ဒီကားကို စစချင်းတောင် မကြည့်ဖြစ်ပါဘူး… ဒါပေမဲ့ ဒီကားကို ကြည့်ဖြစ်တဲ့အချိန်မှာတော့ သူသရုပ်ဆောင်ကောင်းတာရော ဇာတ်လမ်းကောင်းတာရောကြောင့် သူ့ကိုအခု ကြိုက်တဲ့ မင်းသမီးစာရင်းထဲ ထည့်ထားပါတယ်… (နောက်ဆို သူ့ကားတွေကို သူ့မကြိုက်လို့ဆိုတဲ့ reason နဲ့ မရှောင်တော့ပါဘူးလို့ ဆိုလိုတာပါ)
မင်းသား So Ji Sub ကလဲ ဒါဟာသူ့ရဲ့ ပထမဆုံး romantic Comedy ဇာတ်လမ်းတွဲပါ… အရင်က သူ ခေါင်းဆောင်အဖြစ် ရိုက်ဖူးတာတွေက Crime တို့ melodrama တို့ပဲရှိတယ်လို့ပြောပါတယ်… သူက ခုနောက်ပိုင်းရိုက်တဲ့ကားတွေမှာ ဟိုးးးးး အရင်ကလို့ အောက်မျက်ခမ်းကြီး မို့မနေတော့ပါဘူး… ကျွန်မမျက်လုံးထဲတော့ ပိုချောလာတယ်လို့ထင်မိပါတယ်… “၂၀၁၂ အကြိုက်ဆုံးကားတွေထဲမှာလဲ သူ့ကား Ghost” ပါပါတယ်… (မသိရင် ကျွန်မကပဲ သူ့ crazy ဖြစ်တဲ့ပုံပေါက်နေလားမသိ… အထင်မလွဲပါနဲ့ တိုက်ဆိုင်မှုပါ)… ဒါပေမဲ့ So Ji Sub ကို အရင်က သိပ်မကြိုက်တဲ့မင်းသားအဖြစ်ကနေ ခုဆိုရင် သူ့ကားတွေကို စောင့်မျှော်ရတဲ့သူတစ်ယောက်ဖြစ်နေပါပြီ…
ဒါပေမဲ့ ဒီ Master’s sun ကားထဲမှာတော့ သူတို့ ၂ယောက်လုံးကို သဘောကျ နှစ်သက်မိသလို၊ ဇာတ်ကောင်ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်တယ်လို့ ထင်ပါတယ်… ဒုတိယမင်းသမီး Kim Yoo Ri လဲ သူ့ဇာတ်ကောင်နဲ့သူလိုက်ပါတယ်… မုန်းစရာလဲ မကောင်းဘူး… ဒုတိယမင်းသား Security Guard လုပ်တဲ့ မင်းသား Seo In Guk ကိုတော့ သူတို့ကိုရီးယားတွေက ဘာလို့ အရမ်းချောတယ်လို့ ပြောကြသလဲ နားမလည်ပါ… အရပ်အမောင်းနဲ့ ခန္ဓာကိုယ်က လှပေမဲ့ ရုပ်ကတော့ မဗေဒါအတွက် မချောဘူးထင်တာပဲ… သူ့ကို မမုန်းပါဘူး ချစ်လဲမချစ်ပါဘူး… Neutral ပါပဲ… ကိုရီးယားတွေက သူ့ကို သိပ်ချောတယ် ဇမ်းတင်လွန်းလို့နားမလည်တာပဲရှိပါတယ်…
ဒီကားနဲ့ တပြိုင်တည်းပြတဲ့ နောက်ထပ် သရဲမြင်ရတဲ့ ကား “Who are you?” ကို အရင်ကြည့်ဖြစ်တာပါ (ဒါပေမဲ့ အဲဒိကားကိုတော့ အချိန်ဖြုန်းမနေပါနဲ့… နောက်မှ Bad Drama list ထဲမှာ အကျယ်ရေးပါမယ်)… Who are you နဲ့ ယှဉ်ရင် ဒီ Master’s Sun ဇာတ်လမ်းက သရဲတွေရဲ့ ဇာတ်လမ်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းသလို တစ်ခုနဲ့တစ်ခုလဲ မထပ်ပါဘူး… သရုပ်ဆောင်အားကောင်းတာရော ဇာတ်လမ်း သီချင်းစတာတွေအားလုံးက Who Are You ထက် အပြတ်အသတ်သာပါတယ်…
သရဲကြောက်တတ်တဲ့သူများအတွက်တော့ ပထမ အပိုင်း ၃ ပိုင်းလောက်ပဲ ကြောက်ဖို့ကောင်းတာပါ… နောက်ပိုင်းကျတော့ ကယ်တင်ရှင်မင်းသားတွေရှိလာတာရော အချစ်ဇာတ်လမ်းကို ပိုဦးစားပေးလာတာရောမို့ သိပ်မကြောက်တော့ပါဘူး (ကြောက်ရင်တောင် မင်းသားရှိရင် သရဲတွေအားလုံးပျောက်ဆိုတဲ့အတွေးနဲ့ ကိုယ်ကပါ Joo Jong Won ကြီးကို ပြေးပြေးဖက်ချင်နေမိတာ)… သူအဲ့ကားမှာ ပြောပြောနေကျ “ကောကျော်” (Get Lost!) ဆိုတဲ့စကားတောင် အဲ့တုန်းက တော်တော်ပြောဖြစ်နေသေးတာ…
![]() |
| ပါသမျှ သရဲဇာတ်လမ်းမှာ ဒီအခန်းအကြောက်ဆုံးပဲ... |
ဒီကား ဆုရရ မရရ မဗေဒါအတွက်တော့ ၂၀၁၃ ပြသွားတဲ့ကားတွေထဲမှာ အကြိုက်ဆုံးကားတစ်ကားပါပဲ… ကိုရီးယားကားကြိုက် ဘော်ဘော်တို့ရော ဘယ်လိုထင်သလဲ သိချင်စမ်းပါဘိ….
4. Secret
Genre: Melodrama, romance, suspense, crime, mystery
Episodes: 16
Broadcast network: KBS2
Broadcast period: 2013-Sep-25 to 2013-Nov-14
Air time: Wednesday & Thursday 22:00
Main Cast ;
Ji Sung as Jo Min Hyuk (27→31)
Hwang Jung Eum as Kang Yoo Jung (26→30)
Bae Soo Bin as Ahn Do Hoon (28→32)
Lee Da Hee as Shin Se Yeon (26→30)
My Rating: 4/5
ဇာတ်လမ်းအကျဉ်း
အချစ်ဆိုတာကို မယုံကြည်တော့တဲ့ယောကျာင်္းတစ်ယောက်နဲ့ အချစ်ကိုယုံကြည့်လို့ အရာရာပေးဆပ်ပြီး နောက်ဆုံးမှာ သစ္စာဖောက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပေါ့... Min Hyuk ဟာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသားတစ်ယောက်... သူဟာအားလုံးပြည့်စုံပေမဲ့ Good personality တော့ သိပ်မရှိဘူး... သူ့ရဲ့ ချစ်သူဟောင်းကို ကားတိုက်ပြီးထွက်ပြေးသွားတဲ့ သူကို သေတာထက်ဆိုးတဲ့နည်းနဲ့ ကလဲ့စားချေဖို့ အလွန်မှ စိတ်ပြင်းထန်နေတဲ့သူတစ်ယောက်... Yoo Jung ဟာ သူ့ချစ်သူ ရှေ့ရေးအတွက် ကားတိုက်မှုအပြစ်တွေအားလုံးကို အစားထိုးဝန်ခံပြီး ထောင်ကျခံခဲ့တဲ့ အမျိုးသမီးတစ်ယောက် ဒါပေမဲ့ အဆုံးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်မှုအပြင် အကြိမ်ကြိမ်ဒုက္ခပေးခြင်းကိုခံခဲ့ရတယ်... သူသိပ်ချစ်တဲ့မိန်းကလေးကို သတ်သွားတဲ့ သူမုန်းလွန်းတဲ့မိန်းကလေးတစ်ယောက်ကို ကလဲ့စားချေဖို့ချင်းကပ်ရင်း လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းသိလာတဲ့အခါ Min Hyuk ဟာ Yoo Jung ကို သနားချစ်ချစ်လာခဲ့တယ်…
ဝေဖန်ရေး...
အပိုင်း ၁ နဲ့ ၂လောက်က နည်းနည်းလေးပျင်းဖို့ကောင်းတယ်... အသေးစိတ် ဆွဲပြီးပြတယ်.. မင်းသမီးဘယ်လောက် သနားစရာကောင်းကြောင်းပေါ့လေ... ပျင်းလို့ နည်းနည်တောင် ကျော်ကြည့်လိုက်တယ်.. ကျော်ကြည့်တာတောင် ဇာတ်လမ်းသိပ်မထိခိုက်ပါဘူး... (နည်းနည်းပါးပါးကျော်ကြည့်တာပေါ့နော်)...
ဒါပေမဲ့ အပိုင်း ၃လောက်ကနေစပြီးတော့ ဇာတ်ရှိန်တော်တော်လေးတက်လာတယ်... သရုပ်ဆောင်တွေအားလုံးလဲကောင်းတယ်... သူ့အရင်ရီးစားလုပ်တဲ့ကောင်ဆိုလဲ မုန်းစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ကောင်းပါတယ်...
မင်းသားရော မင်းသမီးရောလဲတော်တယ်... ဒါပေမဲ့ အစပိုင်းမှာ မင်းသားက သိပ်အစွမ်းထက်နေပြီးတော့ နောက်ပိုင်းကျတော့ သိပ်မထက်တော့ဘူး.. စိတ်ပုတ်ကောင်လုပ်တာကို ခံနေရတယ်... နားကိုမလည်ဘူး... ဒါပေမဲ့ပေါ့လေ... ဇာတ်လမ်းကသူ့ဟာနဲ့သူတော့ ချိတ်ဆက်မိပြီး ဆက်ကြည့်ချင်နေအောင်လုပ်နိုင်တယ်.... Melodrama ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းတစ်ခုပါပဲ... (Melodrama ဆိုတော့ တစ်ရှူးလေးတော့ ဆောင်ထားပေါ့နော်) Romantic Comedy ကြိုက်တဲ့သူတွေကတော့ သိပ်ကြိုက်မယ်မထင်ဘူး... ဒီကားက ဖြစ်နိုင်တာ မဖြစ်နိုင်တာဆိုတဲ့ ဇာတ်လမ်း Flaw ထက် ခံစားချက် (emotional payoff) တွေနဲ့ ပြန်လည်ထိန်းနိုင်ခဲ့တော့ ကြည့်ရတာ သူ့ဟာနဲ့သူဆွဲဆောင်မှုရှိနေတယ်…
ပြီးတော့ ဒီကားမှာ စိတ်ပုတ်က မိန်းမမဟုတ်ဘူး… ယောင်္ကျား character… ဒုတိယမင်းသမီးက I hear your voice က ဒုတိယမင်းသမီးပဲ… ဒီကားထဲမှာ သူ့ဇာတ်ကောင်က အရမ်းစိတ်ထားအကောင်းကြီးမဟုတ်ပေမဲ့ သူ့ဇာတ်ကောင်နေရာကနေ သူဘာလို့ ဒီလိုလုပ်တယ်ဆိုတာကို နားလည်ပေးလို့ရတယ်… သူ့ကို ဆည်းဆာရင်ခုန်သံ “All About Eve” ကားထဲက ယွန်မီ လုပ်ခဲ့တဲ့ (Kim So-yeon) နဲ့ ဆင်တယ်လို့ထင်တယ်…
ဒီကားက ဇာတ်သိမ်းလေးလဲကောင်းတယ်… ဟိုစိတ်ပုတ်ကောင် (မင်းသမီးရည်းစားဟောင်း) ဇာတ်ကောင်ထက် အဲဒိကောင်ရဲ့ အမေ၊ သူ့သားမှ သူ့သား၊ သူ့သားကို လမ်းမှားရောက်လောက်အောင် အတ္တကြီးတဲ့ သူ့အမေ ဇာတ်ကောင်ကို ပိုအမြင်ကပ်တယ်…
ဒီကားလေးဟာ နောက်ဘာဆက်ဖြစ်မလဲ? ဘယ်သူတွေက မဟာမိတ်ပြု ကြပြီး ဘယ်သူတွေကို ဘယ်လိုတိုက်ခိုက်မှာလဲ? ဒါမှမဟုတ် အချစ်ကသာအရာရာဆိုပြီး ပြီးမှာလား? အဲဒိလို မေးခွန်းများစွာနဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် ကိုရီးယားမှာတောင် Viewer rating ကောင်းတဲ့ကားတစ်ကားဖြစ်ခဲ့ပါတယ်… မဗေဒါအနေနဲ့ ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကို အကြိုက်ကြီးမဟုတ်ပေမဲ့ (Neutral ပဲ) ဒီကားကိုတော့ အဆုံးထိဆက်တိုက် ကြည့်ဖြစ်ခဲပါတယ်…
5. The Heirs
Genre: Romance, youth, school, melodrama, comedy
Episodes: 20
Broadcast network: SBS
Broadcast period: 2013-Oct-09 to 2013-Dec-12
Air time: Wednesday & Thursday 22:00
Main Cast
Lee Min Ho as Kim Tan (18, heir of Jeguk Group)
Park Shin Hye as Cha Eun Sang (18, heir of "poverty")
Kim Woo Bin as Choi Young Do (18, heir of Zeus Hotel)
Krystal Jung as Lee Bo Na (18, heir of Mega Entertainment)
Kim Ji Won as Yoo Rachel/Yoo Ra Hel (18, heir of RS International)
Kang Min Hyuk as Yoon Chan Young (18)
My Rating: 3.5/5
ဇာတ်လမ်းအကျဉ်း
ဒီကားကတော့ အားလုံးနီးပါးကြည့်ပြီးလောက်မယ်ထင်လို့ ဇာတ်လမ်းရေးရမှာတောင် လိုအပ်ပါ့မလားထင်မိပါတယ်… ဒီတော့လဲ လုံးဝအတိုချုပ်ရေးရရင်တော့ Boy over flower လိုမျိုးပါပဲ ဆင်းရဲတဲ့ကောင်မလေးက အထက်တန်းစားသူဋ္ဌေးသားသမီးတွေတက်တဲ့ကျောင်းမှာ တက်ခွင့်ရရင်း သူဋ္ဌေးသား ရုပ်ချော ဥစ္စာပေါတွေက ကြိုက်ကြလေသတည်းပေါ့…
ဝေဖန်ရေး
ဇာတ်လမ်းက ထွေထွေထူးထူးရယ်လို့ဘာမှ သိပ်မရှိလှဘူးလို့ထင်တယ်… ဒါဆိုဘာလို့ ၂၀၁၃ အကောင်းဆုံးစာရင်းဝင်သလဲဆိုရင်တော့ နတ်ဘုံလားလို့အောင့်မေ့ရတဲ့ ချမ်းသာတဲ့ သားသမီးတော်တော်များများ (အကြောင်းတိုက်ဆိုင်စွာ ပိန်ပါးလှပကြတဲ့) အဖြစ် သရုပ်ဆောင်ရတဲ့ Kpop Idol တွေနဲ့ ပြည်သူ့အချစ်တော် မင်းသားချော Lee Min Ho ပါနေလို့ပါပဲ… ဒီဇာတ်လမ်းရဲ့ အဓိက ဆွဲအားက Lee Min Ho နဲ့ Kim Woo Bin ပေါ့… ဒါပေါ့တခြားကျောင်းသားတွေအဖြစ်ပါတဲ့ Kpop idol မင်းသားသစ်တွေ မင်းသမီးသစ်တွေ၊ မင်းသားငယ်ချောတွေ အများကြီးနဲ့ လန်းဆန်းသစ်လွင်နေမှတော့ ဒီကားဟာ မျက်စိပသာဒအရ စိတ်ချမ်းသာစရာချည်းပဲ…. မင်းသား မင်းသမီးအကောင်းတွေသာ သုံးမထားရင် ဒီဇာတ်လမ်းဟာ နလန်တောင်မထူနိုင်အောင်ဖြစ်နေမယ်လို့ ခန့်မှန်းရတာပါပဲ…
ရုပ်ရှင်သဘောအရ မင်းသားနဲ့ မင်းသမီး အချစ်လမ်းက လူနေမှုအဆင့်အတန်းကွာဟမှုကြောင့် မဖြောင့်ဖြူးပေမဲ့ သာမာန်မိန်းကလေးတိုင်းရဲ့ မြင်းဖြူစီးလာတဲ့ မင်းသားလေးကိုစိတ်ကူးယဉ်တဲ့ ဇာတ်လမ်းမျိုးဖြစ်အောင် တမင်စီမံထားတာပေါ့… မင်းသမီးတခုခုဖြစ်ပြီဆို ကူညီချင်လိုက်ကြတဲ့ အလန်းလေးတွေ ပုံလို့… သူ့ကြိုက်လို့ကူညီယုံမကဘူး ငယ်သူငယ်ချင်းကလဲ ခင်လို့ ကူတာရှိသေး… (လွန်လွန်းတာပေါ့)… ဒီမင်းသမီး character လောက် မိန်းကလေးတွေ ကိုယ့်ကိုကိုယ် အစားထိုး စိတ်ကူးယဉ်လို့ကောင်းတာမရှိ… ( မဗေဒါကတော့ အဲလောက်တော့ မဆင်းရဲချင်ဘူးပေါ့နော်.. :P) …
ထိုသို့သော Reason တွေကြောင့် ဒီကားက ရှေ့ဘာဖြစ်မယ် ကြိုတင်ခန့်မှန်းလို့ရနေပြီး ဘာမှ စိတ်ဝင်တစားနဲ့ ဇာတ်လမ်း ဦးတည်ချက်ကောင်းကောင်းမရှိဘူးလို့ထင်ပါတယ်…
ကိုရီးယားကားတွေထဲမှာဖြစ်နေကျ (အပြင်မှာဖြစ်ခဲသော) ရင်ကို စွဲငြိတုန်စေတဲ့ အကွက်မှန်သမျှ မပါလိုက်ရ မရှိရလေအောင်ထည့်သွင်းထားလေတော့ပေါ့… ဘယ်သူမကြိုက်ပဲရှိနိုင်မလဲ… ပြောရမယ်ဆိုရင်တော့ ကိုရီးယား Romatic Action ပေါင်းချုပ်ကြီးလို့တောင်ပြောနိုင်တာပေါ့နော်… တကယ့်ကို ပုံပြင်ဟောင်းကြီးတစ်ပုဒ်လို ဇာတ်လမ်းဆင်ထားပြီး ထူးထူးချွန်ချွန်လဲ ပြမသွားနိုင်ဘူး… တချို့အခန်းတွေဆို စကားပြောတွေအရမ်းများပြီး အဲဒိစကားပြောတွေက ဇာတ်လမ်းအတွက် ဘာရည်ရွယ်ချက်နဲ့ပြောပြီး အကျိုးသက်ရောက်မှုကလဲ မရှိလှပါဘူး…
အကောင်း ပြောစရာလေးရှိတာကတော့ ဇာတ်ဝင်တေးတွေကိုလဲ အတော်လေး ကောင်းကောင်းသုံးထားတယ်ပေါ့လေ…
Lee Min Ho က ဇာတ်လမ်းရွေးတာတော်တယ်ပြောရမယ်… ဒီက character နဲ့ BOF က ဇာတ်ကောင်နဲ့ ဆင်တယ်ပဲထားအုံး အဲလို ဇာတ်ကောင်တွေက ပရိတ်သတ်အများစုကို အော်တိုငုတ်တုတ်သူ့ကြိုက်သွားစေတယ်လေ… ချောချက်ကတော့ လန်ထွက်နေတာ I can’t even handle it… :P
ကိုရီးယားမင်းသမီးထဲမှာ ရည်းစားလုဖက်လို မနာလိုအဖြစ်ဆုံး မင်းသမီးကိုပြောပါဆို Park Shin Hye လို့ပဲပြောရတော့မယ်… ခွိ…(မဗေဒါကို နှာဘူးမ ပြောချင်လို့ လက်ယားနေကြပြီလား… :P ) … သူက တခြားကိုရီးယား မင်းသမီးတော်တော်များများလောက်တောင် မှုန်နေအောင်မချောပဲနဲ့ (မင်းသမီးဆိုမှတော့ ကိုယ့်ထက် အဆပေါင်းများစွာချောတာကိုသိတယ်… ဒါပေမဲ့ (မှန်တာပြော လီမင်ဟို အာဘွားလာပေးပါစေ) တခြားသူ့ထက်ချောပြီး သူထက်သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတွေ အပုံကြီး… ဒါပေမဲ့ သူပဲ မင်းသား အငယ်အချော အလန်းမှန်သမျှနဲ့ တွဲနေရတာ)… အထူးသဖြင့် ငါကြိုက်တဲ့ မင်းသားတော်တော်များများ သူချည်းပဲတွဲနေရတယ်… တခြားမင်းသမီးတွေလဲ မျှပါအုံး… တစ်ခါတစ်လေလောက်လေး အသက်ကြီးကြီး အရုပ်ဆိုးဆိုး မင်းသားတစ်ယောက်လောက်နဲ့များတွဲပါအုံးလား… (ဟွင့်… ဟွင့်)… (အိုင် ဆင်းပလီး ဂျဲလက်စ်အော့ဖ် ဟာ.. ပါ… ခွိ … ခွိ)… သူ့ကို မုန်းတော့ မမုန်းသေးပါဘူး… (နောက်တစ်ခေါက် ဘယ်မင်းသားနဲ့ တွဲမလဲ ပေါ်မူတည်တယ်) ဒါပေမဲ့ ချစ်လာစေချင်တယ်ဆိုရင်တော့ သူ သရုပ်ဆောင် အရည်အသွေးလေး နည်းနည်းတိုးတက်စေချင်တယ်… လက်ခံလားတော့မသိဘူး Act Cute၊ Act Innocent လုပ်တာ Over ဖြစ်တယ်လို့ထင်တယ်…
အဲ့ကားမှာပါတဲ့ Krystal နဲ့ SNSD ထဲက Yoona ကို အမြဲမှားတယ်… ကိုယ်က Kpopper အရမ်းမဟုတ်တော့ နည်းနည်း ရောနေတာ… (စာဖတ်သူတွေရော သူတို့ ၂ယောက်ကို ဆင်တယ်ထင်ကြဘူးလား?) Krystal က Yoona ထက် ပိုထွားတယ်… ပြီးတော့ Krystal က သရုပ်ဆောင်ပိုကောင်းတယ်လို့ထင်တယ်… Yoona က over-rated ဖြစ်နေသလိုပဲ… (သရုပ်ဆောင်လဲ မကောင်းဘူးထင်တယ်…) SNSD နဲ့ Yoona ရဲ့ ပရိတ်သတ်တွေရှိနေရင် ဆောရီးနော်… သရုပ်ဆောင်ပိုင်းကိုပြောတာ… သီချင်းဆိုမတော်ဘူး မကောင်းဘူး ဘာမှ မပြောဘူး… (ကောင်းတယ်လဲ မပြောဘူး… သေချာလဲ မသိဘူး)…
Min Hyuk လေးကိုတော့ Heartstring ထဲကထက်စာရင် Heirs ထဲက ဇာတ်ကောင်လိုမျိုးလေး တည်တည်တံ့တံ့လေးပိုကြိုက်တယ်…. ဟို Yoo Ra Hel လုပ်တဲ့ မင်းသမီးက သူ့ဇာတ်ကောင်နဲ့ လိုက်တယ်လို့ မဗေဒါအစ်မက ပြောတယ်… မဗေဒါအစ်မက သူ့ကို “What’s up?” မှာကြည့်ဖူးတယ်တဲ့… အဲ့ကားက ဇာတ်ကောင်နဲ့ မလိုက်ဖူးတဲ့…
ဒီကားကို မင်းသား မင်းသမီးကြည့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ ဖက်ရှင်စတိုင်တွေနဲ့ တင်ကျေနပ်တယ်ဆိုရင်တော့ ကြည့်သင့်ပါတယ်… ဒီဇာတ်ကားနဲ့ သရုပ်ဆောင်တော်တော်များများကတော့ ဆုတစ်ခုမဟုတ်တစ်ခု ချိတ်ကြတာပေါ့လေ… ၀မ်းသာပါတယ်… လီမင်ဟိုဆိုရင် Best dress ဆုတို့ ဘာတို့တောင်ရလိုက်သေး… စာရေးဆရာရဲ့ ရေးချင်ရာလျှောက်ရေးထားတဲ့ Script ကို အတည်ကြီးအမှန်အကန် သရုပ်ဆောင်ခဲ့တဲ့ မင်းသားတွေ မင်းသမီးတွေအားလုံးကိုတော့ အားပေးလျက်ပါ…
ထပ်ပြောလိုက်ပါအုံးမယ်… မင်းသား လီမင်ဟို နဲ့ ကင်ဝူးဘင်း သာမဟုတ်ရင် စာရေးဆရာရေးထားတဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း က ပြောင်းဖူးရိုး ငှက်ပျောခွံစာ မိလောက်တယ်နော်…
6. You Who came from stars
Episodes: 21
Broadcast network: SBS
Broadcast period: 2013-Dec-18 to 2014-Feb-27
Air time: Wednesday & Thursday 22:00
Main Cast:
Jun Ji Hyun as Chun Song Yi (28, top actress/university student)
Kim Hyun Soo as young Chun Song Yi / Seo Yi Hwa
Kim Soo Hyun as Do Min Joon (alien/university professor)
Park Hae Jin as Lee Hwi Kyung (28, youngest son of S&C Group)
Jo Seung Hyun as young Lee Hwi Kyung
Yoo In Na as Yoo Se Mi (28, supporting actress)
Kim Hye Won (김혜원) as young Yoo Se Mi
My Rating : 4/5
ဇာတ်လမ်းအကျဉ်း
Do Min Joon က ကမ္ဘာပေါ်ကို ၁၆၀၉ ခုနှစ် ဂျိုဆုံးခေတ်ကာလကတည်းက ရောက်နေတဲ့ ဂြိုလ်သားတစ်ဦးပေါ့… (ကိုရီးယားပေါ်ရောက်တော့ ဂြိုလ်သားက ကိုရီးယားရုပ်စစ်စစ်ထွက်တယ်)… ရီဟွာဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ရင်း သူ့ဂြိုလ်ပြန်ဖို့ ယဉ်လွတ်ပြီး ကမ္ဘာပေါ်မှာသောင်တင်နေတဲ့သူပေါ့… ဒီလိုနဲ့ နှစ်လေးရာလောက်ကြာ ယခုခေတ်ရောက်တော့ တက္ကသိုလ်က ပါမောက္ခအနေနဲ့ အလုပ်လုပ်နေရင်း နာမည်ကျော်မင်းသမီး Choong Song Yi နဲ့ အိမ်ဘေးချင်းကပ်နေမိရာကနေ မင်းသမီးကို လုပ်ကြံဖို့ကြံစည်နေတဲ့ လူတွေလက်ကနေ ကာကွယ်ရင်း သူတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပေါ်ခဲ့တော့သည်ပေါ့…
ဂြိုလ်သားနဲ့လူသားရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ၊ မင်းသမီးကို ဘယ်လိုကာကွယ်မလဲ၊ စသည် စသည်ဖြင့် ဖန်သားပြင်ပေါ်ကြည့်ရှုကြပါကုန်။
ဝေဖန်ရေး..
ကြည့်ပြီးကြတဲ့ K-drama ချစ် ဘော်ဘော်တွေကို တစ်ခုမေးမယ်နော်... အဆုံးသတ်ကို Happy Ending လို့ထင်လား? ကျေနပ်လား? ဘယ်လို ထင်လဲ?
မဗေဒါကတော့ သူတို့ပေးချင်တာကို သဘောပေါက်ပေမဲ့ ဇာတ်လမ်းကို Happy ending လို့ မထင်ဘူး... သူတို့ပေးချင်တဲ့ massage လေးကတော့ Love like there is no tomorrow. Treasure every moment with your loved one. ကိုယ်ချစ်တဲ့သူနဲ့ ရှိရတဲ့ အချိန်မှာ အချိန်တိုင်းကို တန်ဖိုးထားတတ်ဖို့... အထူးတလည်တွေလုပ်နေမှ ချစ်နေရတာမဟုတ်ဘူး... တစ်ယောက်နဲ့တစ်ယောက် အိမ်ထဲက ကုလားထိုင်ပေါ်မှာ ဘေးချဉ်းယှဉ်ထိုင်နေရတာလေးကိုက တန်ဖိုးထားသင့်တဲ့အရာ... အဲလိုသဘောမျိုးလေးပေါ့... တနည်းအားဖြင့်တော့ ပေးချင်တဲ့ အကြောင်းရာလေးက လှပါတယ်...
ဒါပေမဲ့ ဇာတ်လမ်းအရတော့ မင်းသားနဲ့ မင်းသမီးရဲ့ ဘ၀က ဆိုးလွန်းတယ်လို့ထင်တယ်... သေသွားရင်တောင် ဖြေသာအုံးမလား မသိဘူး... သေသောသူကြာရင်မေ့ဆိုတဲ့အတိုင်း Choong Song Yi လဲ သူ့သူငယ်ချင်း သူဋ္ဌေးသားလေးနဲ့ပဲ အကြောင်းပါချင်လဲပါ... မပါချင်လဲ ပရိတ်သတ်တွေးချင်သလိုတွေးလို့ရအောင် ၂ ခွထားလိုက်...
ခုတော့ သူတို့ဘ၀က Do Ming Joo ပျောက်သွားလဲ အဲဒိ warmhole ဆိုတာကြီးထဲမှာ ပြန်လာဖို့ကြိုးစားရမယ်... မြန်မာအယူဆိုရင် အသူရကယ်ဘုံသားလိုပဲပေါ့... warmhole ဆိုတာကြီးကရော ဘယ်ကရောက်လာတာလဲ... မင်းသမီးခမျာလဲ သူ့ဘ၀နဲ့သူ ရှေ့ဆက်လို့မရ ဖြစ်မယ်... သူက ကြာရင် အသက်ကြီးလာမှာ သူ့ရှေ့ရေးအတွက် လုံးဝမကောင်းဘူး... မင်းသားကို လူဖြစ်ပေးလိုက်ပြီး ညားပေးချင်လဲ ညားပေးလိုက်... ပြီးတော့ ဒီလောက် မီဒီယာတွေရှေ့မှာ ဟိုးလေးတကြော်ဖြစ်ပြီးမှ... မင်းသားရဲ့ identity ကို ဟို စုံထောက် ၂ယောက်အုပ်ပေးလိုက်ရုံနဲ့ ပြီးသလား... မပြတ်သားတဲ့ အရာတွေ အများကြီးပဲ...
ပရိတ်သတ်တွေက မင်းသားနဲ့ မင်းသမီးကြည့်ကောင်းတာနဲ့ မြောပြီး ကြိုက်နေကြတာပဲရှိတယ်... အဲဒိမင်းသား မင်းသမီးသားမဟုတ်ရင် အဲ့ကား ပြောခံရမဲ့ဖြစ်ခြင်း...
![]() |
| ခုကျ သူ့ကို ပြောရက်ပါ့မလား... ကြည့်.... :P |
ကဲ... မဗေဒါနဲ့ အမြင်တူမတူ... ကွန်မန့်မှာ ဝေဖန်လေကန် ဆန့်ကျင် သဘောတူ အားမနာပ (အဲ ပုဂ္ဂိုလ်ရေးတော့ လာမထိခိုက်နဲ့ပေါ့) objectively ငြင်းခုန် အကြံပြုကြလော့.... K-Drama Land တိုင်းသူပြည်သား လူအပေါင်းတို့....
![]() |
| Because if you kill me, this drama will stopped... :P |
Tuesday, March 26, 2013
Hyun Bin နဲ့ ကြုံလာဖို့ အကြောင်းဖန်တော့...
သူ့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ "My lovely Sam Soon" ကတည်းက သူ့ Character က အရမ်းမကောင်းခဲ့ပင်မဲ့ လှရက်နိုင်လွန်းတဲ့ မင်းသားမို့ အဲဒိကားကို ၃၊ ၄ခေါက်ပြန်ကြည့်ဖြစ်တယ်... Character မကောင်းဘူးဆိုတာ လုံးလုံးမကြိုက်တာတော့မဟုတ်ဘူး... ဒါမျိုးက အပြင်က ယောကျာင်္းတွေမှာလဲ ဖြစ်တတ်တယ်... ဟိုပင်လဲ မလွှတ်ချင် ဒီပင်လဲ မလွှတ်ချင်ဖြစ်တာကိုပြောတာ... ဒါပေမဲ့ အကြိမ်ကြိမ်ပြန်ကြည့်တော့လဲ Character အားလုံးကို နားလည်ပေးနိုင်ပါတယ်... သူက သူ့စိတ်ကိုသူမသိဖြစ်နေတာ... ဒါတွေထားတော့ သူ့ရဲ့ ပက်ပက်စက်စက်ချောလှချက်နဲ့ Heart attack ရလောက်တဲ့ ရင်ခုန်စရာသရုပ်ဆောင်ချက်တွေကြောင့် ရင်ကိုစွဲငြိစေသူ မင်းသားတစ်ယောက်ဖြစ်ခဲ့တယ်...
သူ့ရဲ့ Movie "Millionaire first love" နဲ့ "Daddy Long Legs" , တခြား Drama တွေဖြစ်တဲ့ "Snow Queen" နဲ့ "World within (aka) The world they live in" တွေမှာလဲ ဘယ်လိုဆံပင်ပုံစံ... ဘယ်လို Character မျိုးသရုပ်ဆောင်ပါစေ မကြိုက်ပဲ မနေနိုင်တဲ့ ဆုနဲ့ပြည့်တဲ့မင်းသားတစ်ယောက်ပါ... Snow Queen မှာလဲ မင်းသမီးသေမှာသိနေတော့ မင်းသမီးကို သနားတာထက် မင်းသားလေးဆွေးကျန်တော့မှာတွေးပြီး သူ့ထက်ငိုခဲ့ရသေး... (ငိုတာမကြိုက်ရင် အဲကား မကြည့်နဲ့) ဒါပေမဲ့ အဲကားမှာ မင်းသမီးကလဲ Song Yuri ဆိုတော့ ချောမှချော... "World Within" အပြီးမှာ အဲဒိထဲက မင်းသမီး ဆောင်းဟေကို (အွန်စောလို့ လူသိများတဲ့ မင်းသမီး) နဲ့ ငြိသွားကြတယ်ဆိုတော့ သိပ်တော့ သဘောမတူချင်ဘူး... မင်းသမီးကို မကြိုက်လို့ မဟုတ်... အဲမင်းသမီးက အရင်ကလဲ "All In" အပြီးမှာ "Lee Byung Hun" နဲ့လဲ ကြိုက်ပြီး အစကဆို ယူထားတယ်တောင် သတင်းထွက်တယ်... နောက်ကွဲသွားမှ ယူတာမဟုတ်ဘူး ရည်းစားပဲလို့ပြောတော့ (Anyway, သူတို့အတွက်ကတော့ ယူယူမယူယူ အတူတူပါပဲ)... ဒါပေမဲ့လဲ သူနဲ့ သဘောမတူလို့ ကိုယ်ရမှာလဲ မဟုတ်တော့ မင်းသားကြိုက်ချင်တဲ့သူကြိုက် ကိုယ်နဲ့လဲ ဆိုင်မှမဆိုင်တာ... မင်းသားရည်းစားရလို့ အဲမင်းသားမကြိုက်တော့ဘူးဆိုတဲ့ မရင့်ကျက်တဲ့ ပရိတ်သတ်ထဲ မဗေဒါမပါ... ဒီတော့လဲ "I wish for them to happy"... ထင်တော့ထင်သား အဲ့ကားမှာ အရမ်း အဖက်၊ အနမ်းတွေကြမ်းနေကြတော့ တစ်မျိုးကြီးတောင်ထင်တယ်... Viewer Instinct က ဖြစ်တော့မယ် ဖြစ်တော့မယ် ထင်သား.. (မဲ့ကာရွဲ့ကာရေးသည် :P ) ... ဒါပေမဲ့ ကိုယ်သာ ယောကျာင်္းဆိုလဲ ဆောင်းဟေကိုလို လှတဲ့ မင်းသမီး မကြိုက်ပဲ မနေနိုင်ပေါင် (ခုလဲ Jo In Sung နဲ့ "That winter the wind blow" မှာ အသံမထွက်လာပါစေနဲ့ ထပ်ဆုတောင်းတယ်... ဆောင်းဟေကို ကိုကြိုက်လို့ (Ha Ji Won) လို Professional ဆန်တဲ့ မင်းသမီးပဲဖြစ်စေချင်တယ်... Jo In Sung ရဲ့ Professional ဆန်မှုကိုယုံထားတယ်...)... အော်... ငါ့နှယ်... ဟရွန်ဘင်း အကြောင်းပြောမို့ဟာ ...
![]() |
| Hyun Bin in "My Lovely Sam Soon" |
![]() |
| Hyun Bin in "Snow Queen" |
![]() |
| Hyun Bin in "World Within" with Song Hye Kyo |
ဆက်ရရင်ဖြင့်... မဗေဒါဘလော့ကို ပုံမှန်ဖတ်တဲ့ ကိုရီးယားရုပ်ရှင်
ကြိုက်ပရိတ်သတ်ဆိုရင်တော့ မဗေဒါ အရမ်းကြိုက်ခဲ့ပြီး အရေးများခဲ့တဲ့ "Secret Garden" Hyun Bin စစ်ထဲမဝင်ခင် နောက်ဆုံးရိုက်သွားတဲ့ ဇာတ်လမ်းတွဲအကြောင်းကို သိလိမ့်မယ်... (မသိရင်လဲ သိအောင်ဖတ်လိုက် ဒါပဲ) ... Ha Ji Won နဲ့ Hyun Bin အတွဲကလဲ မင်းသမီး၊ မင်းသားနာမည်ကြားတာနဲ့ ဝမ်းပန်းတသာဖြစ်ပြီး "ငါဒီကားကို ကြည့်မှဖြစ်မယ်" လို့ ခံစားရတဲ့ ဖန်သားပြင်ပေါ်က စုံတွဲပေါ့... အဲဒိထဲက ဇာတ်ဝင်တေးတွေကလဲကောင်း... ဟရွန်ဘင်းကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သားလိုချော... အဟိ... (မဗေဒါ အရူးထခြင်းကို သည်းမခံနိုင်လျှင် ဆက်မဖတ်ပဲနေနိုင်သည်... ၀ါသနာတူများသာ ဆက်ပါလေ)... တော်ပါဘီ Secret Garden အကြောင်းတော့ ပြောတော့ဘူး... အိမ်ရောက်မှ ကိုယ့်ဘာကိုယ် နောက်တစ်ခေါက်ထပ်ကြည့်တော့မယ်...
![]() |
| Hyun Bin in "Secret Garden" with Ha Ji Won... |
![]() |
| Hyun Bin as Joo Won in Secret Garden |
ခုမှ ဒီပိုစ့်ရေးရတဲ့ အဓိကအကြောင်းလာဘီ... ဒါနဲ့ အဲဒါမပြောခင် ပြောစရာရှိတယ်... လူတစ်ယောက်နဲ့ တစ်ယောက် ဒီဘဝမှာတွေ့ရတာ အရင့် အရင်ဘဝတွေက ပတ်သတ်ခဲ့ရမှု ကုသိုလ် အကုသိုလ်အတူလုပ်ခဲ့မှု စတဲ့ ရေစက်တွေနဲ့ ဆိုင်တယ်တဲ့... ကိုယ်ကြိုက်တဲ့ မင်းသားတွေ စကာင်္ပူကိုလာမယ်ဆိုတိုင်း အဲဒိအတွေးဝင်လာရင် ငါသွားတွေ့မှဖြစ်မယ်ဆိုတဲ့ ရူးပေါပေါအတွေးဝင်တတ်တယ်... ဟုတ်ဟုတ် မဟုတ်ဟုတ်... သူ့ Fan meeting သွားလို့ သူက ကိုယ့်ကို မသိပေမဲ့ ကိုယ်က သူ့ကို ကိုယ်ရှူနေတဲ့ လေကို တစ်ခန်းထဲမှာ သူလဲရှူနေတယ်... (တင်တင်စီးစီး အထက်စီးက ပြောရရင်) ကိုယ်ပေးထားတဲ့ ပိုက်ဆံကြောင့် သူဖျော်ဖြေနေတယ် ဆိုရင် ကိုယ်နဲ့ သူနဲ့ အရင်ဘဝက နည်းနည်းတော့ ရှေးရေစက်ရှိခဲ့လို့ပဲ... (အဲလိုတွေးမှ အရသာရှိတာလေ).... ဒါပေမဲ့ အဲလိုမျိုးအတွေးက ကိုယ်မကြိုက်တဲ့ မင်းသားကိုဆို မဖြစ်ဘူးနော်... ကိုယ်တကယ်ကြိုက်မှအဲလို ရင်ခုန်တာ... မဗေဒါ နောက်ဆုံးတစ်ခေါက် Kpop show ( 2PM, Beast, Miss A နဲ့ တခြားအဖွဲ့တွေပါတုန်းက)သွားကြည့်ဖြစ်တဲ့ ပွဲမှာ လူပိပြီး သေပြီမှတ်ခဲ့ရကတည်းက အဲဒိပွဲတွေသွားမကြည့်ဖြစ်တော့ဘူး... ပြီးတော့ အဲပွဲမှာ လူသာပိခဲ့တယ်... တကယ်ကျတော့ ကိုယ်အရမ်းကြိုက်တဲ့သူတွေမဟုတ်လှတော့ ရင်မခုန်ဘူး... ဒီတော့ ထင်ခဲ့တာက ဂျန်ဂမ်ဆပ်တုန်းက ပထမဆုံးမို့ ရင်ခုန်တာဖြစ်မယ်.... ခုတော့ ရိုးသွားပြီ ရင်မခုန်တော့ဘူး... ဒီတော့ မသွားတော့ပါဘူး ဆုံးဖြတ်ခဲ့တာ... ခုတော့ ဟရွန်ဘင်း လာမယ်ဆိုတော့ ဒွိဟတော့ နည်းနည်းပွားလိုက်သေးပင်မဲ့ ခုသွားကြည့်ဖို့ အဖော်လဲရှိတော့ ဆုံးဖြတ်လိုက်ပြီးတဲ့အခါမှာတော့ ပျော်သွားဘီ... သူကတော့ "Secret Garden" ထဲက "That Woman" သီချင်းဆိုမှာပဲ... ကြိုးစားပမ်းစား အလွတ်ကျက်သွားမှ... (စာသာဒီလိုကျက်ရင်တော့ဖြင့်)...
သူရဲ့ Fan Meeting Ticket တွေ ခု sistic website မှာဝယ်လို့ရဘီ... Special တန်းဝယ်ပြီး ဓာတ်ပုံတွဲရိုက်ချင်ရင်တော့ အဲဒိ အော်ဂနိုက်စာ website မှာဝယ်လို့ရတယ်... ဒါပေမဲ့ ဓာတ်ပုံက Group ပုံပဲရမှာ တစ်ယောက်ချင်းစီတော့ မဖြစ်နိုင်ဘူး... မဗေဒါကတော့ ရိုးရိုးတန်းပဲကြည့်ပြီး Hyun Bin ကို "OPPA" လို့ အကျယ်ကြီး အော်ပစ်မယ်... (ဂျန်ဂမ်ဆပ်တုန်းက ကိုယ့်ထက် ငယ်နေတော့ OPPA လို့ မအော်ဖြစ်ခဲ့ဖူး)...
Tuesday, January 15, 2013
Kim Tae Hee နဲ့ Rain၊ Agencies မသိပဲ ချစ်သူတွေ ဖြစ်?
Love story in Harvard, Iris နဲ့ My Princess ဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ မင်းသမီးချော Kim Tae Hee နဲ့ လူတိုင်းနီးပါးသိတဲ့ "Full house" (ချစ်စံအိမ်) ဇာတ်ကားထဲက မင်းသား Rain တို့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းက ကိုရီးယားနိုင်ငံကို ၂၀၁၃ ရဲ့ ပထမဆုံးနေ့မှာ ရိုက်ခတ်လိုက်ပါတယ်...
ကင်ထဲဟီးနဲ့ ရိန်းတို့ ၂ယောက် ချိန်းတွေ့တဲ့ ပုံဟာ ဇန်န၀ါရီ ၁ရက်နေ့ ၂၀၁၃ မှာ သူတို့ ၂ယောက် ချစ်သူတွေဖြစ်နေပါတယ်ဆိုတဲ့ ကောလဟာလနဲ့အတူ ထွက်ပေါ်လာပါတယ်... ပုံထဲမှာ ကင်ထဲဟီးနဲ့ ရိန်းဟာ ဦးခေါင်းက ခြေဆုံး အသေအချာ ဖုံးအုပ်ထားပြီး ခိုးတွေ့ကြတဲ့ သဘောရှိပါတယ်... သူတို့ ၂ယောက်ဟာ အောက်တိုဘာ ၂၀၁၁ မှာ ကြော်ငြာတစ်ခုရိုက်ရင်း စတွေ့ခဲ့ကြတာပါ... ၂၀၁၂ မတ်လ ရိန်း စစ်မှုစထမ်းတဲ့ အချိန် လောက်ကနေစပြီး သူတို့ ၂ယောက် ပိုမိုရင်းနှီးခဲ့ကြပါတယ်... ခုသူတို့ ချစ်သူတွေဖြစ်တာ ၃လလောက်ရှိပါပြီ...
၃လဆိုတာ တိုတောင်းတဲ့အချိန်ဖြစ်တဲ့အတွက် ကင်ထဲဟီး နဲ့ ရိန်း ရဲ့ ကုပ္မဏီ ၂ခုလုံးက ဒီအကြောင်းကို မသိပါဘူး၊ ခင်မင်တဲ့ မိတ်ဆွေတွေ အနေနဲ့ပဲ သူတို့ သိထားကြောင်း ပြောပါတယ်... ပထမတော့ သူတို့ ကုမ္ပဏီတွေက ငြင်းပါသေးတယ်... ကင်ထဲဟီး agency က "ဒီ သတင်းဟာ မမှန်ပါဘူး... သူဟာခု သူ့ရုပ်ရှင် ဇာတ်လမ်းတွဲကို အာရုံစိုက်နေပါတယ်... ဘယ်သူနဲ့မှ ချစ်သူဖြစ်မနေပါဘူး" ရိန်း Agency ကတော့ "ကျွန်တော်တို့ အဲဒါနဲ့ ပတ်သတ်ပြီး ဘာမှ မကြားမိပါဘူး" လို့ ပြောကြားသွားပါတယ်...
အင်တာနက်အသုံးပြုသူ ပရိတ်သတ်တွေကတော့ ဒီသတင်းကိုတွေ့တဲ့အခါ
"This is so epic," "They got caught by the paparazzi," "They don't really look that good together," "It's hard to date someone in the army," စသည်ဖြင့် ကွန်မန့်ကြပါတယ်...
မဗေဒါအတွက်ကတော့ သူတို့ ၂ယောက်လုံးဟာ ချစ်သူရည်းစားထားသင့်တဲ့ အရွယ်ကိုတောင် ကျော်လွန်ပြီး အိမ်ထောင်တောင်ပြုဖို့ အရွယ်ရောက်နေတဲ့အတွက် ဘယ်လိုမှ မထင်ပါဘူး...
ပြီးတော့ ကင်ထဲဟီးရော ရိန်းရောက ကိုရီယားမှာ နာမည်အရမ်းကြီးတဲ့ မင်းသမီး မင်းသားတွေဖြစ်သော်လည်း ကျွန်မ အရမ်းကြိုက်တဲ့ထဲ မပါတဲ့အတွက် သိပ်ကွန်မန့်စရာမရှိပါဘူး... ဂုဏ်ရည်ချင်းတူတဲ့သူတွေ ဆိုတော့ တကယ်ဆိုရင်လဲ လိုက်ဖက်တဲ့အတွဲလို့ပဲ ထင်ပါတယ်...
စာဖတ်သူတွေရော ဘယ်လိုထင်ပါသလဲ?
Photo Credit: Newsen
News source : http://www.kpopstarz.com/articles/18750/20130101/kim-tae-hee-rain-scandal.htm
Subscribe to:
Posts
(
Atom
)

































