Showing posts with label စကာၤပူေရာက္အလြဲမ်ား. Show all posts
Showing posts with label စကာၤပူေရာက္အလြဲမ်ား. Show all posts

Tuesday, February 15, 2022

တစေ္ဆညဉ်းသံ (သို့) မဗေဒါနှင့် စကာင်္ပူရောက် အလွဲများ (၅)

မဗေဒါရဲ့ အလွဲတွေထဲမှာ ယနေ့ထက်ထိ မိသားစုထဲမှာ ပြန်ပြန်ပြောပြီး အဟားခံနေရတဲ့ အကြောင်းလေးကို လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က ဖြစ်ပျက်ခဲ့ပါတယ်... အမှန်ဆိုရင်တော့ ရီကြကြေးဆိုရင် မဗေဒါတစ်ယောက်ထဲကို ရီရမှာမဟုတ်ပါဘူး.. အဲဒိညက သူတွေအားလုံးတူတူပါပဲ... 

 အဲဒိညမတိုင်ခင် ၄ ၅လ လောက်တုန်းက မဗေဒါရဲ့ အရင်အလုပ်က ၄ထပ်မှာ မန်နေဂျာကိုယ်တိုင် သရဲခြောက်ခံရတယ်လို့ သတင်းထွက်ပြီး မကြာမှီမှာပဲ ရုံးပိတ်ရက် စနေနေ့မှာ တရုတ်ဘုန်းကြီးတစ်ပါးကို ပင့်ပြီး ပရိတ်သဘောမျိုး ရွတ်ခိုင်းခဲ့တယ်လို့ စနေနေ့မှာ အချိန်ပို ပြန်လာခဲ့တဲ့ ဘော်ဒါတွေကပြောပါတယ်.. ဖြစ်ပျက်ပုံကိုလဲ အသေးစိတ်ပြောပါတယ်.. တရုတ်ဘုန်းကြီးဆိုတော့ အုန်းမုန့်ခွက်လိုဟာလေးကို တစ်ခေါက်ခေါက်နဲ့.. တောက် တောက် တောက် တောက် ခေါက်လိုက် ရွတ်လိုက်နဲ့ နေရာအနှံ့ကို လိုက်ရွတ်တယ်ဆိုပဲ... တရုတ်ဘုန်းကြီးတွေ အဲဒါလေးခေါက်တာကို မဗေဒါ ရုပ်ရှင်တွေထဲမှာ မြင်ဘူးပါတယ်..တရုတ် သရဲကားတွေထဲမှာလဲ ပါတတ်ပါတယ်... နောက်ပြီး အဲဒိည မရောက်ခင် ၂ ရက် ၃ရက် က မဗေဒါ နဲ့ မဗေဒါ အစ်မနဲ့ "Apartment" ဆိုတဲ့ ကိုရီးယားသရဲကားကို လတ်လတ်ဆတ်ဆတ်ကြည့်ထားပါတယ်.. အဲဒိ သရဲကားထဲမှာ ညရောက်ပြီဆိုရင် Apartment ရဲ့ ကော်ရက်တာမှာ ဆံပင်ရှည် အကျီင်္နက်ကြီးနဲ့ အမျိုးသမီးတစ်ယောက်က စင်္ကြလျှောက်ပြီး အိမ်တွေကို ဝင်ဝင်ပြီး သတ်ပြစ်တာပါ.. ကျမလဲ ကြောက်ကြောက်နဲ့ မကြည့်တစ်ချက် ကြည့်တစ်ချက် ကြည့်တာတစ်ကြောင်း.. ကိုရီးယားသရဲကားများ ထုံးစံအတိုင်း မရှင်း မရှင်း ရိုက်ပြတတ်တာကတစ်ကြောင်းကြောင့် ဇာတ်လမ်းသေချာနားမလည်ပေမဲ့.. သရဲမလာပြီဆိုရင်တော့ တုန်နေအောင်ကို ကြောက်တာပါ.. 

မဗေဒါရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်ပြီးရင် ပြန်ပြန်စဉ်းစားပြီး နေတတ်တော့ သရဲကားများဖြင့် ကြည့်ပြီးရင် သိပ်မကြောက်ရင် ၁ပတ်.. အရမ်းကြောက်တဲ့ "shutter" လိုကားမျိုးဆိုရင် ၁နှစ်တိတိကြောက်တာပါ.. (အဲဒါကြောင့် ရုံမှာ သရဲကားသွားကြည့်ရင် တန်တယ်ထင်တယ်.. ၁ခါကြည့်ပြီး ၁နှစ်လောက် သရဲကားကို မလွမ်းတော့ဘူး ထပ်ကာ ထပ်ကာလဲ တွေးပြီး ကြောက်ရတယ် - ဤကား စကားချက်) 

အကြောင်းပြချက်တွေကို ပျိုးနေရတာနဲ့ ခုမှ ဇာတ်လမ်းရဲ့ အဓိကနေရာကို ရောက်ပါပြီ.. ဒန် တန် တန်.... 

အဲဒိတုန်းက ကျမတို့ ယခုနေတဲ့ အိမ်လေးကို ပြောင်းလာတာသိပ်မကြာသေးပါဘူး.. ဖေဖေနဲ့ မေမေကလဲ မြန်မာပြည်ကနေ စကာင်္ပူရောက်တာ သိပ်မကြာသေးပါဘူး.. ထိုညဦးပိုင်းက ကောင်းကင်ကြီးက နီရဲလို့နေပင်မဲ့ အတော်လေညိမ်ပါတယ်.. ဒါနဲ့ ကျမတို့ မိသားစုလဲ ခါတိုင်းလိုပဲ ဝင်အိပ်ကြတာပေါ့.. အစ်မအကြီးဆုံးက ၁ယောက်ထဲ ၁ခန်းအိပ်ပါတယ်... ဖေဖေရယ် မေမေရယ် ကျမရယ် အစ်မအလတ်ရယ်က မာစတာဘက်ရွန်းမှာ တူတူအိပ်ပါတယ်.. အငယ်ဆုံးတော်တော်များများ၏ ထုံးစံအတိုင်း အဖေ အမေနဲ့အိပ်တဲ့ အကျင့်က မဗေဒါမှာရှိပါတယ်.. မာစတာဘက်ရွန်းမှာ လေအေးစက်ရှိလို့ု ကြိုက်တာလဲပါပါတယ်.. မဗေဒါတို့အိမ်လေးက ထောင့်ခန်းမို့ ပြတင်းပေါက်များပြီး အိမ်ပတ်ပတ်လည်နီးပါးဟာ ကော်ရက်တာရှိပါတယ်.. ကျမတို့ အိပ်ရင် ပြတင်းပေါက်တွေကိုပိတ် လေအေးစက်ဖွင့်ပြီးအိပ်တော့ အပြင်မှာ ဘာဖြစ်လို့ဖြစ်မှန်းလဲမသိနိုင်ပါဘူး.. ကျမတို့ အိပ်ယာရဲ့ ခြေရင်းမှာတော့ အခန်းတွင်း အိမ်သာရေချိုးခန်းနောက်တစ်လုံးရှိပါတယ်.. အိမ်သာမှာ တရုတ်ကပ်မှန်ပြတင်းလေးတွေလဲ ရှိပါတယ်.. အစွန်ဆုံးမှာ ဖေဖေ.. ပြီးတော့ မေမေ.. မေမေ့ဘေးမှာ မဗေဒါ.. မဗေဒါဘေးမှာ အစ်မအလတ်အိပ်ပါတယ်.. မဗေဒါအိပ်ရင် ဘယ်လောက်အိုက်အိုက် စောင်ခြုံအိပ်တတ်ပါတယ်.. အရမ်းအိုက်ရင် စောင်ပါးလေးခြုံအိပ်ပါတယ်.. (ခြေထောက်လွတ်နေရင် သရဲဆွဲမှာကြောက်လို့ပါ.. အဲလို စိတ်ကူးဉာဏ်ရွှင်တာ ဒါရိုက်တာလုပ်စားလို့တော့ ရပြီထင်တယ် ဇာတ်လမ်းဆင်ကောင်းလွန်းလို့ -- ဤကားစကားချက် ဟိဟိ) ညလယ်လောက်ရောက်တော့ အသံတစ်ခုကြောင့် မဗေဒါ ရုတ်တရက်လန့်နိုးသွားပါတယ်..... 


ဟင်းးးးးးးးးးးးးးးးးးးးးး... ဟင်းးးးးးးးးးးးးးးးးးးးးးး.... 

 မိန်းမတစ်ယောက် ပါးစပ်ကိုပိတ်ပြီး အာခေါင်သံနဲ့ ညဉ်းနေတဲ့ အသံမျိုးပါ... တစ်ခါတစ်လေကျတော့လဲ ကြောင် ၂ကောင် ကိုက်နေရင် မာန်ဖီတဲ့ အသံမျိုးနဲ့ တူပြန်ရော...သေချာတာတော့ တော်တော်ခြောက်ခြားဖို့ကောင်းတဲ့ ညဉ်းသံပါ.. အဲဒိညဉ်းသံကို တစ်ခါတစ်ခါ ခြေရင်းက ကြားနေတယ်လို့ ထင်ရပင်မဲ့ သေချာ အာရုံ စိုက်နားထောင်ကြည့်ရင် ခေါင်းရင်း ကော်ရက်တာဘက်က လာနေတဲ့ အသံပါ... 

ဟင်းးးးးးးးးး... ဟင်းးးးးးးးးးးးး... 

အဝေးကနေပြေးလာပြီး ကိုယ့်ခေါင်းရင်းကနေဖျတ်သွားတဲ့ အသံမျိုးပါ... မဗေဒါလဲ ကျောတွေချမ်းလာပြီး တုတ်တုတ်တောင်မလှုပ်ရဲပါဘူး.. မျက်လုံးလဲဖွင့်မကြည့်ရဲပါဘူး.. မဗေဒါအရမ်းကြောက်ရင် အဲလိုပဲ တုန့်ပြန်တတ်ပါတယ်.. သရဲဆိုရင်လဲ သတ်သွား.. ဇွန်ဘီဆိုရင်လဲ စားသွား.. သွေးစုတ်ဖုတ်ကောင်ဆိုရင်လဲ စုတ်သွား.. အလွန်ဆုံးမှ သေရုံပါပဲ... မသေခင် ခြောက်ခြားစရာကြီးတွေ မမြင်ချင်ပါ.. အသံတစ်ချက်ပျောက်သွားတုန်း မျက်လုံးလေးမှေးပြီး ဘေးဘီကို အသာဖွင့်ကြည့်ပြန်တော့လဲ အားလုံးက အိပ်မောကျနေပါတယ်.. 

"ဟုတ်နေပါပြီ.. ငါတစ်ယောက်ထဲ သရဲခြောက်ခံနေရပြီထင်တယ်" ဒီလိုနဲ့ပဲ ပြန်အိပ်လို့မရပေမဲ့.. သရဲကို အိပ်ချင်ယောင်ဆောင်ပြီး နားစွင့်နေလိုက်ပါတယ်.. ဒီတော့ ကျမနောက်အသံတစ်ခုကို ကြားရပါတယ်.. 

တောက် တောက်.. တောက်.. တောက်... 

"ဟာ.. ဘုန်းကြီးဘုရားစာရွတ်တဲ့အသံပါလား.. ကြည့်ရတာ တစ်နေရာရာမှာ သရဲသောင်းကျန်းလို့ ဘုန်းကြီးခေါ်ပြီးပရိတ်ရွတ်တာဖြစ်မယ်.. သရဲမက တော်တော်အားကြီးတဲ့ပုံပဲ.. ပရိတ်ရွတ်လိုက်လို့ သရဲမ နဂိုနေရာကနေ ငါတို့ ကော်ရိုက်တာကိုများ ပြေးလာပြီး ဘုံပြောင်းလာရင် ဒွတ်ခ..." 

 ဘုန်ကြီးရွတ်သံနဲနဲကြားတော့ အားကိုးရှိတော့ မျက်လုံးလေးအသာထပ်မှေးပြီး ကြည့်လိုက်ပါတယ်.. မေမေ့ဘက်လှည့်ပြီး ကြည့်လိုက်တော့ မေမေ မျက်လုံးပွင့်နေပါတယ်.. မေမေကလဲ မျက်လုံးကြီးပွင့်ပြီးဘာမှမပြောတော့ ကျမတောင် ကိုယ့်အမေကိုယ်ပြန်လန့်သွားပါသေးတယ်.. နောက်မှ ... 

"သမီး ကြားလား... " လို့ မေမေက လှမ်းမေးပါတယ်.. 

ကျမလဲ.. " အင်း.. ကြားတယ်" လို့လေသံလေးနဲ့ပဲ ပြောလိုက်ပါတယ်.. 

မေမေက " ဘာသံလဲ... " လို့ဆက်မေးပါတယ်.... 

ကျမလဲ အရင်က သိထားတဲ့ ဟာတွေရော စောစောက ကျမစဉ်းစားမိတာတွေရော အကြောင်းကြောင်းတွေကြောင့် " ဘာသံမှန်းတော့ မသိဘူးအမေ.. ဒါပေမဲ့ ဘုရားစာသာ ရွတ်နေပေတော့ " လို့ ပြောလိုက်ပါရော.... 

 မေမေက " ဘာလို့လဲ... " လို့ထပ်မေးပြန်ပါတယ်... 

ကျမလဲ မေမေတော့ သရဲမ ကိုက်ခံရတော့မယ်.. ကိုယ့်သမီးကိုယ်မယုံဘူး.. ရှင်းပြရအုံးမယ်ဆိုပြီး.. ကျမပုံစံကလဲ ကြောက်တော့ ပြူးတူးပြာတာနဲ့ တကယ့်ကို သရဲကားထဲက မင်းသမီးပုံအတိုင်းပါပဲ.. ဟဲ.. ဟဲ.. သရဲမ မကြားအောင် အသံကလဲ တိုးတိုးလေးနဲ့... " မေကြီး တောက်တောက် ခေါက်သံမကြားဘူးလား.. အဲဒါ ဘုန်းကြီးခေါ်ပြီး သရဲတွေကို ပရိတ်ရွတ်တဲ့ အသံ.. သရဲနှင်နေတဲ့ အသံ.. ဘာမှ ထပ်မမေးနဲ့တော့.. ဘုရားစာရွတ်တော့.." လို့ ပြောလိုက်ပါတယ်.. 

 ဒါနဲ့ မဗေဒါ မေမေလဲ သံဗုဒ္ဓေ သံဗုဒ္ဓေ ပေါ့နော်.. ရွတ်တာပေါ့.... ၂ခေါက် ၃ခေါက်လောက်ရွတ်ပြီးတော့မှ မေမေလဲ.. ဖေဖေ့ကို ဘယ်အချိန်က လက်တို့လိုက်လဲ မသိပါဘူး.. ဖေဖေနိုးသွားရော.. 

မေမေက " ရှင် အသံ ကြားလား.. " ဆိုတော့... ဖေဖေက ဘာမပြောညာမပြော... ဝုန်းဆိုထပြီး ကျမအစ်မအကြီးဆုံးတစ်ယောက်ထဲ အခန်းကို တန်းပြီး လျှောက်သွားတော့တာပါပဲ.. ကျမနဲ့ ကျမအမေလဲ ဖေဖေ ဘာဖြစ်သွားတာလဲလို့.. ၂ယောက်သား အကြောင်သားကျန်ခဲ့ပါတယ်.. သရဲများ ဝင်ပူးသွားသလားပေါ့... ကြောက်ပြီး ဘုရားစာကျိတ်ရွတ်နေတာပေါ့နော်... နောက်မှ ကျမ အစ်မအကြီး အခန်းဘက်ကနေ ဖေဖေနဲ့ အစ်မအကြီး စကားပြောသံကို ကြားရပါတော့တယ်.. 

" သမီး အိပ်သေးဘူးလား.. တစ်ယောက်ထဲ အဆင်ပြေလား" ဘာညာသာရကာပေါ့နော်.. ကျမအစ်မက စာကျက်နေလို့ အိပ်တောင်မအိပ်သေးပါဘူး... "အပြင်မှာ မိုးတွေရွာနေတယ်.. " လို့ အစ်မကြီးနဲ့ ဖေဖေပြောသံ သဲ့သဲ့ကိုလဲ ကြားလိုက်ပါတယ်... အဖေဒီဘက်ခန်းပြန်လာတော့မှ အပြင်မှာ မိုးကြီးလေကြီးချနေတာ သိပါတော့တယ်.. မိုးရောလေရောချတာ တိုက်အပြင်က အပင်တွေတောင် တော်တော် ညွန့်ညွန့်ကျနေပါတယ်.. ဖေဖေလဲ အဲကွန်းပိတ် ပြတင်းပေါက်တွေလဲ ဖွင့်လိုက်ရော.. စောစောက ညဉ်းသံကြီး ပျောက်သွားပြီး လေတွေ အခန်းထဲကို ဝင်လာပါတော့တယ်... နောက်မှ ဇာတ်ရည်လည်တာကတော့.. စောစောက ညဉ်းသံက အခန်းခြေရင်း အိမ်သာ တရုတ်ကပ်မှန်လေးတွေကြားကို လေပြင်းတိုးတဲ့ အခါမှာ .. ကျမတို့ က ဒီဘက်က အိမ်သာ တံခါးကို ပိတ်ထားတော့ လေက ထွက်စရာမရှိပဲ အဲဒိထဲမှာ လည်ပြီး လေချွန်တဲ့ သဘောတရားမျိုးဖြစ်နေတာပါ.. တောက်တောက် ကတော့ ဘယ်က မြည်တဲ့ အသံလဲ ယခုထိမသိရသေးပါ.. အကြောင်းတစ်စုံတစ်ရာကြောင့် မြည်တဲ့ အသံဖြစ်မယ်ထင်ပါသည်.. မိုးကြီးလေကြီးချတိုင်း အဲဒိအသံတွေကို ကျမတို့ ကြားရပါတယ်.. အဲလိုမျိုးများ ကြားရပြီဆိုရင် မဗေဒါကို အိမ်သားတွေ ၀ိုင်းဟားလို့ မဆုံးတော့ ပြီပေါ့ကွယ်......................... (ဘာပဲပြောပြော ကိုယ့်အိမ်သားတွေ ကိုယ့်ကြောင့်ပျော်ရတာ ဝမ်းသာပါဒယ်.. ဝမ်းသာပါဒယ်...) Photo Credit goes to http://www.ceticismoaberto.com/imagens3/corredor.gif

Tuesday, January 05, 2016

Flatmates (သို့) စင်္ကာပူရောက်အလွဲများ အပိုင်း ၁၅


ဒီအကြောင်းကို ပြောပြချင်ခဲ့ပေမဲ့ ဒီထဲမှာ ပါဝင်ပတ်သတ်နေတဲ့သူတွေကြောင့် ရေးသင့်မရေးသင့်စဉ်းစားရင်း မရေးဖြစ်တာပါ။ ဒါပေမဲ့ ခုတော့ ၁၀စုနှစ်တစ်ခုကျော်တောင် ခြားသွားပြီး ပါဝင်ပတ်သတ်နေသူ အတော်များများတောင် စင်္ကာပူမှာ မရှိကြတော့ဘူးဆိုတော့ တချိန်က စိတ်ရှုပ်ရတာတွေဟာ ဒီအချိန်မှာ ဟာသတွေအဖြစ်နဲ့ ပြန်ပြောမိတာကို မတော်တဆ ဒီဘလော့ကို လာဖတ်မိရင်တောင် စိတ်မဆိုးကြလောက်ဖူးလို့ မျှော်လင့်မိပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာထက် ဒီအဖြစ်အပျက်လေးက ဘယ်လိုဆိုတာကိုသာ စာဖတ်သူတွေကလဲ စိတ်ဝင်စားကြမှာပါ။

လူဆိုတာက အသက်တစ်ရာ မနေရ အမှုတစ်ရာ ပွေရဆိုတဲ့စကားအတိုင်းပဲ လူပေါင်းစုံနဲ့ ဘဝမှာ တွေ့ခဲ့ကြမှာပါ။ ကိုယ်ကြုံတွေ့ဆက်ဆံနေရတဲ့သူတွေကို အပြင်ဘန်းကလွဲလို့ သူ့ကိုတော့ ငါသိပါတယ်လို့ သေချာပေါက်ပြောရဲလား? ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လူတစ်ယောက်ဟာ ကိုယ်သိထား ထင်ထားတာနဲ့ တခြားစီဖြစ်နေတတ်လို့ပဲ။

စင်္ကာပူကို ကျောင်းစတက်ဖို့လာကြရင် များသောအားဖြင့်တော့ တစ်ခြားသူတွေနဲ့ အိမ်ငှားပြီးစုနေကြတာပါပဲ။ အားလုံးသိကြတဲ့ လူတစ်ကိုယ် စရိုက်တမျိုးဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်ကတော့ ဘယ်တူနိုင်ပါ့မလဲ။ အဲ့ဒိအိမ်မှာ နေတဲ့လူတွေအကြောင်းပြောရရင်လဲ ရီစရာပါ။



အကြွားသန်နဲ့ အစားမြန်

တစ်ယောက်က အကြွားသန်တယ် သူ့ကိုယ်သူ မင်းမျိုးမင်းနွယ်လို့ထင်ရလောက်အောင် စကားပြောတတ်တယ်။ သူလုပ်တာမှ အကောင်း သူလုပ်တာကလွဲ ကျန်တဲ့သူလုပ်တာဆို မကောင်းဘူး။ လူတိုင်းအနည်းနဲ့အများ အဲ့လိုပဲ ဆိုပေမဲ့ သူက အသေးအဖွဲကအစ ဥပမာ၊ သူက မျက်ခုံးမွှေးရိပ်လေ့မရှိဘူး၊ အာ့ဆို မျက်ခုံးမွှေးရိပ်တဲ့ တခြားမိန်းကလေးတွေက မျက်ခုံးမွှေးမရိပ်ပဲ မျက်ခုံးမွှေးကောင်းတဲ့မိန်းကလေးတွေလောက် မမြင့်မြတ်ဘူး စသည်ဖြင့်ပေါ့နော်။ (ခုတော့ သူ အမြင်ကျယ် လောက်ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ့ကို လမ်းမှာ တွေ့လိုက်တာ မျက်ခုံးမွှေးရိပ်ထားလေရဲ့။) ဒါပေမဲ့ သူ့ဆီလာလည်တဲ့ သူ့ဘဲကြီးကကျ ငတ်တီးတအားထချက်။ သူက အချက်အပြုတ်ကောင်းတယ် ဉာဏ်သိပ်မကောင်ဘူး၊ သူ့ဘဲက စာတော်တယ် ငတ်တီးထတယ်။ လိုက်လဲလိုက်တယ်ဟုတ်? သူ့ဘဲအိမ်လာလည်ရင် သူ့ခမျာ နောက်ဖေးက မထွက်တန်းကို ချက်ပြုတ်ရတာပါ။ ဒါတောင် သူချက်ပြုတ်နေတဲ့အချိန်အတွင်း ကျွန်မတို့တွေ ချက်ထားတာကို “ဘာတွေချက်စားလဲဟေ?”ဆိုပြီး ပြုံးဖြီးဖြီးနဲ့ အမြဲတောင်းစားတတ်သေးတာ။ တစ်ခါကဆို ကျွန်မအခန်းဖော် အစ်မကြီးချက်ထားတဲ့တစ်ယောက်စာဟင်းလေးကို နည်းနည်းဆိုပြီးတောင်းစားရင်း ကုန်ခါနီးဖြစ်တော့မှ “ဟယ်တော့… ငါစားလိုက်တာ လက်လွန်သွားတယ်”ဆိုပြီး စပ်ဖြီးဖြီးပြောမှတော့ ဟိုအစ်မကြီးလဲ အောင့်သက်သက်နဲ့ “ရပါတယ်” ဆိုပြီး မချိပြုံးနေရတော့တာပေါ့။ အဲ့ဒိကတည်းက သူလာပြီဆိုရင် ကိုယ်မကျွေးချင်ရင် သူမမြင်အောင်ထားရင်ထား၊ မဟုတ်ရင်လဲ ကိုယ်သာ အမြန်စားဖို့ပဲ ကျန်တဲ့သူတွေအားလုံး Heads up လုပ်ထားရတယ်။ သူ့ဆော် ကောင်မလေးကတော့ သူကြွားခဲ့သမျှ သူ့ဘဲလာရင် အရှက်ကိုကွဲရောပဲ။

တန်ဖိုးကြီး အမှိုက်ပုံး


နောက်ထပ် ရှမ်းတရုတ်မတစ်ယောက်ကျတော့ သိပ်တော့ ဟင်းချက်စားလေးတော့မရှိပါဘူး။ အပြင်သွားရင်တော့ ရေမွှေးတစ်ပုလင်းလုံးမှောက်သလား လိုးရှင်း တစ်ဗူးလုံးပဲ သုံးသလားထင်ရလောက်အောင် မွှေးကြိုင်နေတတ်ပါတယ်။ ဟင်းချက်လေ့ရှိရှိ မရှိရှိ၊ လူဆိုတာ အမှိုက်တော့ ရှိတာပါပဲ။ ဥပမာ ခေါက်ဆွဲပြုတ်စားတာတို့ဘာတို့ပေါ့။ အရင်က အားလုံးဘုံပစ်တဲ့ အမှိုက်ပုံးထားပါတယ်။ ဒါပေမဲ့ အဲ့အမှိုက်ပုံးကိုပစ်ဖို့ကျ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အိမ်မှာ ဟင်းအများဆုံးချက်တဲ့ ကျွန်မတို့ အခန်းက ပစ်ရတာ များပါတယ်။ အဲ့လို ပစ်ပေးနေလေ ထန်းတက်လက်မှတ်ရပြီး အမှိုက်ပုံးပစ်တာပဲ ကိုယ့်တာဝန်လိုဖြစ်လာတော့ ကျွန်မတို့ အခန်းကလူတွေကလဲ အဲ့အမှိုက်ပုံးထဲ မထည့်တော့ပဲ ကိုယ့်အမှိုက်ကိုယ်ချက်ချင်းပစ်ပြီး အမှိုက်ပုံးနဲ့ ဝေးဝေးနေလိုက်ပါတယ်။ အမှန်ဆို အမှိုက်များတဲ့သူက ၅ခါအမှိုက်ပုံးရှင်းပေးရင် အမှိုက်နည်းသူက တစ်ခါလောက်တော့ အလိုက်တသိရှင်းပေါ့။ တူတူနေနေတာ မိသားစုမှ မဟုတ်တာပဲ။ အားလုံး မြန်မာပြည်မှာဆို ကိုယ်လုပ်စရာမလိုခဲ့တဲ့ သူတွေချည်းပဲလေ။ ကျွန်မတို့ ညီအစ်မကတော့ ကိုယ်ဟင်းချက်တဲ့အချိန် အမှိုက်ကို ကျွတ်ကျွတ်အိပ်နဲ့ တခါတည်းထည့်ပြီး ဟိုးအမှိုက်ပိုက်လိုင်းထဲကို တစ်ခါတည်း ပစ်ပါတယ်။ တစ်ခြားအစ်မကြီးတွေကတော့ ကိုယ်ပိုင် အမှိုက်ပုံးလေး သပ်သပ်ဝယ်ထားတာရှိပါတယ်။ အဲ့လိုလဲဖြစ်ရော အိမ်မှာ ခေါက်ဆွဲပြုတ်တွေ၊ သားရေစာတွေ အများဆုံးစားတဲ့ ရှမ်းတရုတ်မ အကျပ်ရိုက်ရပြီပေါ့။ သူ့အမှိုက်က ကျွန်မတို့ဟင်းချက်တဲ့သူတွေလို သိပ်မများတော့ အမြဲတမ်း သူလုပ်စရာမလိုဘူးဆိုပြီး အမှိုက်ပုံးမပစ်တာ။ ခုတော့ သူ့အမှိုက်လဲ ပစ်ပေးမဲ့သူမရှိတော့ဘူးလေ။ အဲ့ကျတော့ လူလစ်ရင် လစ်သလို သူ့ခေါက်ဆွဲပြုတ်အထုတ်တွေ ဘီစကွပ်ထုတ်တွေကို သူများအမှိုက်ပုံးထဲ လိုက်ထည့်ပါတော့တယ်။ အဲ့တုန်းက ဆိုရင် ကိစ္စလေးက သေးပေမဲ့ များလာတော့ အဆိုင်အခဲက နောက်ပိုင်းအတော်ကြီးလာပါတယ်။ နင့်အမှိုက် ငါ့ထဲလာမထည့်နဲ့ ပြောရင်လဲ ပြောတဲ့သူက အလွန်၊ ဒါပေမဲ့ Principle အရတော့လဲ အဲ့မိန်းကလေးက နားလည်မှုမရှိတာပါပဲ။ အဲ့တုန်းကဆို ကိုယ့်အမှိုက်ပုံးထဲ ရောက်နေတဲ့ အမှိုက်ကို ဘယ်သူ့အမှိုက်လဲ analyze လုပ်ကြ၊ အမှိုက်ပစ်သခိုးစောင့်ဖမ်းကြ၊ အမှိုက်ပုံးကို မီးခံသတ္တာလို လက်ဗွေနဲ့မှ ဖွင့်လို့ရတာတို့၊ သော့ခတ်ထားလို့ရတာတို့၊ ကိုယ့်အသံနဲ့မှ ဖွင့်လို့ရတာတို့ ဝယ်ရမဲ့ပုံပဲဆိုပြီး ကျန်တဲ့သူတွေ စောင်းမြောင်းပြောကြနဲ့ ဇာတ်လမ်းတွဲရိုက်ရင်တောင် Rating ကောင်းကောင်းရနိုင်ပါတယ်။ ခုချိန်စဉ်းစားကြည့်ရင်ရီချင်စရာ။

My Biggest Culture Shock

အဲ့ဒိ ရှမ်းတရုတ်မနဲ့ တစ်ခန်းထဲနေတဲ့ ပြည်ကြီးတရုတ်မတစ်ယောက်ရှိတယ်။ သူကတော့ လုံးဝ ထမင်းဟင်းချက်မစားပါဘူး။ သူ့ဟာသူလဲနေတတ်ပါတယ်။ မြန်မာတွေနဲ့နေတော့ မြန်မာအစားအစာတော့ အတော်ကြိုက်တယ်။ အဲ့ဒိတုန်းက ကျွန်မတို့ကျောင်း ကန်တီးက မြန်မာထမင်းဆိုင်ရှိတော့ သူက မုန့်ဟင်းခါးတို့ ကြာဇံချက်တို့ အဲ့ဒိက ဝယ်စားတယ်။ တစ်ခါတစ်လေ အိမ်မှာ ကိုယ်ချက်စားရင်တော့ သူ့ကို အားလုံးက ကျွေးဖြစ်ပါတယ်။ ကြာဇံချက်တော့ သူအတော်လေးကြိုက်တယ်။ တစ်ခါတစ်လေ ပစ္စည်းတွေ ဝယ်ပေးပြီးတောင် ချက်ခိုင်းတယ်။ လဘက်သုတ်ဆိုလဲ ကိုယ်စားသလို စားနိုင်တယ်။ မကျွေးရင်တော့ မစားပါဘူး။ အလိုက်သိပါတယ်။ ဒါပေမဲ့ တရုတ်မဆိုတော့ မြန်မာမိန်းကလေးတွေနဲ့ ယှဉ်ရင် နည်းနည်း အနေထိုင် ပက်စက်တယ်လို့ ခံစားရတယ်။ တစ်ရက် အိမ်က ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတုန်း နောက်ဖေးကနေ ဖြူဖြူကြီး လမ်းလျှောက်လာတာ မျက်လုံးထောင့်ကနေ ဖြတ်ကနည်းတွေ့လို့ ကြောက်ကြောက်နဲ့ မကြည့်ရဲကြည့်ရဲကြည့်လိုက်တော့မှ ရေချိုးခန်းထဲကနေ ကိုယ်လုံးတီး ဖင်ပြောင်ကြီးနဲ့ ထွက်လာတာ၊ ကိုယ်ကလဲ လန့်လဲ လန့် သူ့ကိုမြင်တော့လဲ သူ့အစားကိုယ်ကရှက်။ ဒါတောင် သူက ရီကျဲကျဲနဲ့ ရှင်းပြသေးတယ်။ သူ တာဝါယူဖို့ မေ့ကျန်ခဲ့လို့တဲ့။ ကိုယ်တွေသာဆို ဝင်သွားတဲ့ အင်္ကျီနဲ့ ပြန်ဝတ်ထွက်လာမှာပေါ့။ မြန်မာပြည်က ရောက်စ ကျွန်မအတွက်တော့ Culture Shock ပါပဲ။ ဒါပေမဲ့လဲ ခုတော့ ကိုရီးယား ဆောင်နာတွေဘာတွေသွား၊ သူတို့ တရုတ်ပြည်မှာ အိမ်သာက တံခါးတောင် မရှိဘူးကြားမိတော့ သူ့အနေနဲ့ မိန်းကလေးတွေချည်းပဲ ဆိုပြီး သိပ်ဂရုမစိုက်တာ ဖြစ်နိုင်တယ်။

စံပြ ချစ်သူ

နောက်အစ်မကြီးတစ်ယောက်ကျတော့ ကိုယ်တွေနဲ့ အတော်လေးကို ခင်ပါတယ်။ တစ်ခန်းထဲနေတာပေါ့။ သူ့ချစ်သူက အမေရိကားမှာဆိုတော့ သူက ၂၄နာရီနီးပါ ဖုန်းပြောတယ်။ လွန်ခဲ့တဲ့ ၁၃နှစ်လောက်က ဟန်းဖုန်းတွေက နည်းနည်း ဈေးကြီးသေးတော့ လိုင်းဖုန်းသုံးပြီး ဖုန်းကဒ်ဝယ်ပြောတာပေါ့နော်။ စင်္ကာပူနဲ့ အမေရိကားကျတော့ ဖုန်းကဒ်တစ်ကဒ်က ၃၊ ၄နာရီအပြောခံတယ်လေ။ ဟိုဘက်က ခေါ်တာတော့ များပါတယ်။ အဲ့ဒိတုန်းက မြန်မာပြည်ခေါ်ရင် ၁၀ဒေါ်လာကဒ်က ၈မိနစ် ကနေ ၁၀မိနစ်လောက်ပဲရတာ။ ဒီကြားထဲ လူကြီးမင်းနဲ့တွေ့ရင် ပိုက်ဆံက ဖြတ်ခံရသေးတယ်။ သူ့လိုင်းဖုန်းကြိုးကြီးက အရှည်ကြီးပဲ တစ်အိမ်လုံးသွားလေရာ ယူသွားလို့ရအောင်လေ။ တစ်ချိန်လုံး ဖုန်းပြောနေတဲ့သူဆိုတော့လဲ တစ်နေရာတည်းဘာမှ မလုပ်ပဲ နေလို့မရဘူးလေ။ အဲပြောချင်တာက သူဖုန်းပြောတဲ့ကိစ္စမဟုတ်ဘူး။

သူက သူ့ရည်းစားကို အရမ်းချစ်တာ။ ဒိအထိလဲ နားလည်ပေးလို့ရပါတယ်။ လူတိုင်းကိုယ့်ရည်းစားကို ချစ်ကြပါတယ်။ သူစကားပြောရင် “ကို ကလေ…” လို့ အစချီပြီး သူ့ရည်းစားအကြောင်းမပါတာ မရှိဘူး။ ဘယ်အကြောင်းအရာပြောနေနေ “ကို ကလေ…” ဆိုပြီး ဆက်စပ် ပလိုက်တာပါပဲ။ နည်းနည်းလေး စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ ခင်မင်မှုရှိနေတော့ သူ့အကျင့်လေးကို လက်ခံပြီး နားလည်ပေးပါတယ်။ အဲ! ဆိုးတာက… တီဗွီကြည့်တဲ့အချိန်… ကျွန်မက ကျွန်မကြိုက်တဲ့ ရုပ်ရှင်ကြည့်ရင် ကျွန်မကို လာနှောင့်ယှက်တာ စကားလာပြောတာ သိပ်မကြိုက်ပါဘူး။ ပြီးတော့ ရန်ကုန်အိမ်မှာတောင် တီဗွီစောင့်နတ်မင်းလို့ အမည်ရခဲ့တာနဲ့ အတူ စင်္ကာပူရောက်တော့လဲ တီဗွီရှေ့မှာ များသောအားဖြင့် ကျွန်မရှိတာများပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းတွဲက ည ၈နာရီပြမယ်ဆိုရင် အများနဲ့ နေတော့ ဦးသူစနစ်လေ။ ဦးတဲ့သူကြည့်နေတဲ့ Channel ကို လိုက်ကြည့်ရတာပါ။ မပြောင်းကြပါဘူး။ (ကိုယ့်က အိမ်ကသူတွေနဲ့ ဘာရှော့မှ မရှိခဲ့ပေမဲ့ ကိုယ့်ကိုလဲ အဲဒါနဲ့ပတ်သတ်ပြီး ဘာနာမည်ပေးထားကြမလဲတော့ မသိပါ။ ပေးထားလဲ စိတ်မဆိုးပါဘူး။ :P ကိုယ်တွေ တီဗွီကြည့်တာ စာမေးပွဲတွင်း တစ်အိမ်လုံး ဖင်ကုန်း စာကျက်နေချိန်တောင် တီဗွီရှေ့ စာအုပ်လေးနဲ့ ထိုင်နေတတ်လို့ အတူနေတဲ့ တစ်အိမ်လုံးက လူတွေက ကိုယ့်ကို စာမေးပွဲပြီးသွားပြီလားလို့ မေးခံရတဲ့အထိ)

အဲ အစောက ကိစ္စဆက်ရရင်ဖြင့် အဲလို ဇာတ်လမ်းတစ်ခုကို တလေးတစားနဲ့ အာရုံစိုက်ကြည့်၊ ဖီးလ်အပြည့်နဲ့ကြည့်တဲ့ကျွန်မဘေးကို အဲ့ဒိ အစ်မကြီးရောက်လာပြီဆိုရင် ပြဿနာက စတာပဲ။ သူက သူ့ရဲ့ “ကို” အကြောင်းစတော့တာပဲ။ သူ့ကို လှည့်ကြည့် ရီပြမိလို့ “ကို ကလေ…” ဆိုပြီး စမှာစိုးလို့ ရုပ်ရှင်ထဲ အရမ်းစိတ်ဝင်စားနေတဲ့ပုံစံမျိုးနဲ့ မသိချင်ယောင်ဆောင်နေရင်တောင် ရုပ်ရှင်ထဲက မင်းသားက မင်းသမီးကို ဂရုစိုက်တဲ့အခန်း၊ ချစ်ပြတဲ့အခန်း၊ ဂျေဝင်တဲ့အခန်း (ပုံမှန်အားဖြင့် ပရိတ်သတ်တွေ ရင်ခုန်တဲ့ အခန်းလေးတွေပေါ့) မျိုးတွေလာပြီဆိုရင်

“ဟယ်… ကို လဲ အဲ့အတိုင်းပဲသိလား။ အစ်မကို သိပ် ချစ်တာ”။
“ဟယ်… ကို ကလေ… အဲ့မင်းသားလိုပဲ သဝန်တိုတတ်တယ်သိလား။”
“ဟယ်… မင်းသား သနားပါတယ်။ ကို့ ကိုတော့ အစ်မက အဲ့လို မလုပ်ရက်ပါဘူး” ပြီးကျရင် ဘေးမှာ တရွှတ်ရွှတ် ငိုသေးတာ။


ကိုယ်လဲ ရုပ်ရှင်ကြည့်လို့ စိတ်ပါဝင်စားလာရင် ငိုတတ်ပါတယ်။ လူတွေရှေ့ဆိုရင်တော့ မငိုပဲ ထိန်းထားတာပေါ့။ အခုတော့ ရင်ခုန်ရမဲ့ အခန်းတွေ လာရင်တောင် “ကို ကလေ…” ဆိုတဲ့ အသံကြီးလာမှာကို ထိတ်လန့်စွာ စောင့်စားနေရတဲ့ ဘဝ၊ မင်းသားလေးကို သနားလို့ ငိုချင်နေရင်တောင် “ကို ကလေ…” ဆိုပြီး ရုပ်ရှင်ကြည့်ရင်း ကိုယ့်ဘေး တရွှတ်ရွှတ်လာငိုနေတော့ ကိုယ့်ဖီးလ်တွေပါငုတ်ရောပေါ့။
တစ်နေ့ တီဗွီကနေ King Kong (မျောက်ဝံ)ကြီး ကားပြနေတာ အားလုံးထိုင်ကြည့်နေကြတာပေါ့။ အဲ့ထဲမှာ မျောက်ဝံမကြီးကို ကျည်ဆံထိသွားတော့ မျောက်ဝံထီးကြီးက အသည်းတွေကွဲပြီး တိရိစ္ဆာန်ပင်ဖြစ်လင့်ကစား မျောက်ဝံမကြီးဘေး အသာထိုင်ဖက်ပြီး ဝမ်းနည်းနေတာပေါ့။ အဲ့ အစ်မကြီးကလဲ ထုံးစံအတိုင်းမျက်ရည် တရွှဲရွှဲပေါ့ ဒါပေမဲ့ လူမဟုတ်ပဲ မျောက်ဝံမည်းမည်းကြီးတွေဆိုတော့ “ကို နဲ့ အစ်မ အတိုင်းပဲ”လို့ ထွက်မလာဘူး။ အဲ့အချိန်မှာ သူ့ကို ဘယ်တုန်းကတည်းက အမြင်ကပ်နေမှန်းမသိတဲ့ တခြား အစ်မကြီးတစ်ယောက်က

“ဟယ်… မျောက်ဝံကြီးသူ့ ရည်းစားကို ချစ်တာ ငါနဲ့ ငါရည်းစားအတိုင်းပဲ”

ဆိုပြီး ရွှဲ့ပြောလိုက်တော့ အားလုံး ဘာကိုဆိုလိုလဲ သိပြီး ထရီကြပါလေရော။ မျက်ရည်ရွှဲလဲနဲ့ အစ်မကြီးကတော့ သူ့အကျင့်ကို သူသိလို့ပဲ ရှက်ပြီး လိုက်ရီသလား။ သူများပြောတာကို ပေါက်တတ်ကရဆိုပြီး ရီစရာတစ်ခုအဖြစ်နဲ့ပဲ နားလည်လို့ လိုက်ရီသလားဆိုတာတော့ သူပဲ သိမယ်ထင်ပါတယ်။


ကျွန်မ မဟုတ်သော ကျွန်မ

ဒီလိုနဲ့ လူအမျိုးမျိုး စိတ်အထွေထွေ နေလာပြီး အိမ်ပြောင်းသွားကြ နောက်ထပ် အခန်းငှားမဲ့သူအသစ်ရောက်လာလိုက်နဲ့ တွေ့ဆုံကြုံကွဲ ဓမ္မတာပါပဲ။ အသစ်ပြောင်းလာတဲ့ တစ်ခန်းမှာ ရန်ကုန်တုန်းက မော်ဒယ်လုပ်ဖူးပြီး ခု စလုံးရောက်တော့လဲ အချောအလှ သတင်းကြီးတဲ့ မော်ဒယ်မလေးတစ်ယောက်ရယ် နောက်တစ်ယောက်ကတော့ ကျောင်းပြီးခါနီး စီနီယာတစ်ယောက်ရယ် တစ်ခန်းတူတူနေပါတယ်။ မော်ဒယ်မလေးကတော့ သူ့ဟာသူ အေးဆေးပါပဲ ဘယ်သူနဲ့မှလဲ ပြဿနာမဖြစ်ဘူး။ သူ့အခန်းဖော် စီနီယာဆီကို အမြဲလာလည်တဲ့ သူငယ်ချင်း ဂျိုဂျို (နာမည်အရင်းမဟုတ်) ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ကောင်မလေးလာရင် သူကလဲ အခန်းထဲဝင်တော့ မော်ဒယ်မလေးလဲ စိတ်ရှုပ်လို့ထင်တယ် အပြင်ထွက်ထွက်သွားတယ်။ ကိုယ်တွေကတော့ တစ်ခန်းထဲ မဟုတ်တော့ ဘာမှ သိပ်မထိခိုက်ဘူးလေ။ အဲ့ဒိ ဂျိုဂျိုးဆိုတဲ့ ကောင်မလေးက ခေတ်ဆန်ဆန်ပိန်ပိန်ပါးပါးလေး။ သူဝတ်တဲ့ အဝတ်အစားလေးတွေဆို Floral အဆင်လေးတွေ ဇာလေးတွေနဲ့ အရမ်းလှတာပဲ။ အိမ်ရှေ့ဖိနပ်ချွတ်မှာ ဒေါက်ဖိနပ်အမြင့်ကြီး ချွတ်ထားတာတွေ့ရင် သူအိမ်ကိုအလည်ရောက်နေလို့ပဲ။ အမြဲလာလည်နေကျဆိုတော့ အိမ်က လူတွေအားလုံးနဲ့လဲ ရင်းနှီးပါတယ်။ သူကလဲ ခင်ခင်မင်မင်ရှိပါတယ်။

တစ်ရက် အိမ်မှာ တခြားလူတွေသိပ်မရှိကြဘူး။ အိမ်က စံပြချစ်သူအစ်မကြီးက ထုံးစံအတိုင်း ဖုန်းပြောရင်း အခန်းထဲကထွက်...နောက်ဖေးကို ချိုးအကွေ့၊ သူကလဲလက်ထဲမှာ ပန်းကန်ကိုင်ထားပြီး ဖုန်းကိုပုခုံးနဲ့ ညှပ်ပြောကြည်နူးနေတော့ ကြမ်းပြင်ပေါ်ပဲ မျက်လုံးက အရင်ရောက်တာပေါ့။ မီးဖိုရှေ့မှာ ခြေသလုံးမွှေးတွေနဲ့ ယောက်ျားခြေထောက်ကြီးကို စတွေ့တာပေါ့။ သူလဲ အလန့်ထညက်နဲ့ ခြေထောက်ကနေ တဖြည်းဖြည်း မော့ကြည့်တော့မှ ဂျိုဂျိုဖြစ်နေတယ်။ ခါတိုင်းဆို သူက အိမ်လာရင် အသာကပ်ခြေအိပ်ရှည်အမြဲဝတ်ထားတော့ သတိသိပ်မထားမိဘူးလေ။ အဲ့နေ့ကတော့ သူလဲ အိမ်မှာ လူမရှိဘူးဆိုပြီး နောက်ဖေးဝင် ဟင်းချက်နေတော့ ခြေအိတ်ချွတ်ထားလိုက်ပုံရတယ်။ စံပြချစ်သူအစ်မကြီးကလဲ အသည်းခတ်ငယ်ငယ်ဆိုတော့ စိတ္တဇလူသတ်သမားတွေ့တာကျနေတာပဲ သူ့ရှေ့တော့ ဟန်မပျက် ပြန်လှည့်လာပြီး အခန်းထဲဝင်လာတော့မှ


“အမလေး… ဂျိုဂျိုက အခြောက်ကြီးလားမသိဘူး” ဆိုပြီး စပြောပါတော့တယ်။ ကိုယ်တွေလဲ အမြဲ မိန်းမလို့ သတ်မှတ်ပြောဆိုနေတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆိုတော့ ဘယ်လက်ခံနိုင်မလဲ။ သူက ယောက်ျားဆိုရင်တော့ လူကောင်သေးတဲ့အထဲ ပါမယ်။ အသံက မိန်းမအသံလို မညောင်ပေမဲ့ တချို့ သူ့ထက် အသံသြတဲ့ မိန်းမတွေတောင် ကိုယ်တွေ့ဖူးတော့ သူလဲ အသံသြတဲ့ မိန်းကလေးဖြစ်မယ်ပဲ ယူဆထားတာ။ ပြီးတော့ အခြောက်တွေနဲ့ မိန်းမတွေရဲ့ စကားပြောပုံကလဲ မတူပါဘူး။ အခြောက်တွေက တကယ့်မိန်းမတွေထက် ပိုနွဲ့နေတတ်တယ်လေ။ ဒါပေမဲ့ ဂျိုဂျိုးကတော့ ကျွန်မတို့မိန်းမတွေလိုပဲ ပွင့်ပွင့်လင်းလင်း စကားပြောလဲ “နင်ဟယ်… ငါဟယ်” နဲ့ အပိုတွေ သိပ်မရှိပါဘူး။ ဒီလိုနဲ့ အိမ်မှာရှိတဲ့ အခန်းဖော်တွေကြားလဲ ဟုတ်လားမသိဘူး။ မဟုတ်ပဲနဲ့ပဲ စွပ်စွဲမိတာလား။ ခြေသလုံးမွှေးရှည်တဲ့ မိန်းကလေး လဲရှိနိုင်တာပဲလေ။ ဒါပေမဲ့ စံပြချစ်သူမမကတော့ သူ့ခြေသလုံးမွှေးက မိန်းကလေး အမွှေးနဲ့ကို မတူဘူးတဲ့။ သူကတော့ သေချာတယ်တဲ့။ ဒါကြောင့်မို့ တစ်ခန်းထဲနေတဲ့ မော်ဒယ်မလေးက ရိပ်မိလို့ သူလာရင် အပြင်ထွက်ထွက်သွားတာကိုးလို့ တွေးမိကြတာပေါ့။

အဲ့ဒိအကြောင်းကို ကျွန်မအစ်မတွေနဲ့ ခင်တဲ့ မအေး ဆိုတဲ့ အစ်မကြီးကိုပြောပြတော့မှ “ဂျိုဂျိုးကို သိတာပေါ့။ သူ့အိမ်မှာ သူနဲ့ တစ်ခန်းထဲ နေသွားတာတောင် အခြောက်မှန်း တော်တော်နဲ့ မသိခဲ့ဖူး”တဲ့။ သူက အရမ်းသိုသိပ်တာတဲ့။ အင်္ကျီလဲရင်တောင် တစ်ခန်းထဲပေမဲ့ အိမ်သာထဲ ဝင်လဲလို့ အားလုံးက သိုသိပ်တဲ့ မိန်းကလေးပဲထင်တာ။ ကျောင်းမှာ “မအေး က ယောက်ျားနဲ့ အခန်းရှယ်နေတာဆိုပြီး သတင်းတွေထွက်တော့ သူက ငါယောက်ျားနဲ့ အခန်းမရှယ်ပါဘူး။ အိမ်တော့ရှယ်နေတယ်။ သူက အိမ်သူကြီးဆိုတော့ အိမ်က အိပ်ခန်းတစ်ခုမှာတော့ ယောက်ျားလေး ၂ယောက်နေတယ်။ ဒါကလဲ စင်္ကာပူမှာ ပုံမှန်လိုဖြစ်နေတာပဲလေ။ သူ့ကို ယောက်ျားနဲ့ တစ်ခန်းထဲ အိပ်တာဆိုတဲ့ သတင်းကြီးကြောင့် တစ်ရက် သူ့အသိကောင်လေးကို အတင်းပြောပြဆိုပြီးမေးတော့မှ ဂျိုဂျိုးက ယောက်ျားတဲ့။ သူကျောင်းကို ပထမဆုံးလာတက်တုန်းကတောင် ယောက်ျားလေးလို ဝတ်သေးတယ်တဲ့။ ဒါပေမဲ့ ခပ်နွဲ့နွဲ့ပဲပေါ့နော်။ ခုတော့ ကျောင်းတက်မမှန်လို့ ကျောင်းထုတ်ခံလိုက်ရပြီး လူကလဲ လုံးဝ မိန်းမလိုဖြစ်သွားတာတဲ့။ မြန်မာပြည်ပြန်ရင် သူ့မိဘတွေ သိမှာစိုးလို့ ဒီမှာ မိန်းမလို နေရတာ ပျော်တယ်ဆိုပြီး နေနေတာတဲ့။ သူ့ရည်မှန်းချက်ကတော့ ပိုက်ဆံစုပြီး ဖြတ်ဖောက်ချုပ်လုပ်မယ်ပေါ့။ အဲ့တော့မှ သူလဲ အားတော့နာတယ် ဒါပေမဲ့ တစ်ခန်းတည်းနေရတာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူးလေ။ ဒီတော့ အခြောက်လဲ ယောက်ျားပဲဆိုပြီး ဘေးက ယောက်ျားလေး ၂ယောက်ခန်းမှာ သွားအိပ်ဆိုပြီး ပို့လိုက်တော့။ ဟိုဘေးက ယောက်ျား ၂ယောက်လဲ စကပ်တွေ အတွင်းခံတွေနဲ့ဘယ်လိုလုပ် အခန်းရှယ်မတုန်း။ အဖြစ်ကိုတွေးပြီး ရီလဲရီရသလို ကာယကံရှင် ဂျိုဂျိုးကိုလဲ ဂရုဏာသက်မိပါတယ်။

ကိုယ်တွေလဲ စစချင်း သိသိချင်းတော့ နည်းနည်းဟန့်သွားပေမဲ့ နောက်ပိုင်းကျတော့ သူ့ဟာသူ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ပုံမှန်ပေါ့။ အိမ်မှာ တခြားလူတွေရဲ့ သူငယ်ချင်းတွေ ဘဲတွေ ယောက်ျားလေးတွေ လာလည်နေရင်တောင် ပုံမှန်နေနိုင်တာ။ သူ့ကိုလဲ နောက်ပိုင်းတော့ ပုံမှန်ပဲ အားလုံးက ဆက်ဆံဖြစ်သွားပါတော့တယ်။

အဲ့ဒါကြောင့် စင်္ကာပူရောက်တုန်း လွဲလိုက်တဲ့ အလွဲတွေကတော့ ကျွန်မ မဟုတ်သော ကျွန်မတွေနဲ့လဲ ခင်မင်ခွင့်ရခဲ့တာပါပဲ။


ဒီပိုစ်လေးနဲ့အတူ စကားလေးပါးချင်တာက တစိမ်းတွေနဲ့ နေတာ ကိုယ့်မိသားစုနဲ့နေတာနဲ့ မတူတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အလိုက်အထိုက် ညှိနေနိုင်ဖို့လိုပါတယ်။ မိသားစုချင်းတောင် အမှတ်မထားကြပေမဲ့ တစ်ခါတစ်ရံမှာ စကားများတတ်သေးတာ။ တစိမ်းနဲ့ စကားများရင်တော့ ပြန်ခေါ်ဖို့ခက်ပါတယ်။ နိုင်ငံခြားကိုလာပြီး ကျောင်းတက်တာပဲ ဖြစ်ဖြစ် အလုပ်လုပ်နေတာပဲ ဖြစ်ဖြစ်၊ အများစုကတော့ အလွယ်တကူ စခဲ့ကြ ဖြတ်သန်းခဲ့ကြတာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်က အိမ်ငှား၊ အခန်းငှားဆိုရင် အလိုက်သိပေး၊ အိမ်မှာရှိတဲ့ စည်းကမ်းတွေ အိမ်ပေါ်မတက်ခင်ကတည်းကမေးပြီး လိုက်နာနိုင်မှ အဲ့အိမ်မှာနေ၊ ကိုယ်က အိမ်ရှင်၊ အိမ်သူကြီး ဆိုရင်လဲ ကိုယ့်အိမ်မှာ လာငှားနေတဲ့သူဆိုတာ ကိုယ့် ကာစတန်မာပဲ သူတို့ကိုလဲ အထိုက်အလျောက် နားလည်ပေး၊ အိမ်မှာ အခန်းငှားနေတာ ကိုယ့်လုပ်စာလာထိုင်စားနေတာ မဟုတ်ဘူး။ ဒီတော့ သူ့တို့ကိုလဲ သူတို့ရသင့်တဲ့ လွတ်လပ်ခွင့်ပေး။ တချို့ မျက်စိမှိတ်ပေးလို့ရတဲ့ အမှားလေးတွေရှိခဲ့ရင်တောင် ကြီးကြီးမားမားမဟုတ်ရင် ခွင့်လွှတ်ပေးလိုက်။ နောက်မလုပ်စေချင်ရင် သတိပေးလိုက်။ သူတို့ဆီက ကိုယ်ပိုက်ဆံရနေတာပဲလေ။ ကိုယ့်ဟာကိုယ် တစိမ်းနဲ့ မနေနိုင်ရင် ကိုယ်လဲ ပိုက်ဆံရမှာမဟုတ်ဘူးလေ။ ဒီတော့ အပြန်အလှန် သိတတ်နားလည်ကြဖို့ ပြောချင်ပါတယ်။
မဗေဒါနှင့် စင်္ကာပူရောက်အလွဲများကို အားပေးကြတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်ပိုစ့်လေးကတော့ အလွဲအဖြစ်အပျက်လေးကတိုပေမဲ့ ကြုံတွေ့ခဲ့တဲ့ သူတွေအကြောင်းကို ဇာတ်လမ်းလေးတစ်ပုဒ်လို ဖတ်ကောင်းမယ်မျှော်လင့်ပါတယ်။ တကယ်လို့ ကာယကံရှင်တွေက ဖတ်မိခဲ့မယ်ဆိုရင်လဲ ကိုယ့်ကိုပြောတာ ဖြစ်ရမယ်လို့ ဒေါမပွပဲ၊ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ကောင်အကြောင်းလို့သာ သတ်မှတ်ပြီး ရယ်ပြုံးကြပါလို့ အကြံပြုပါရစေ။ မဟုတ်ရင် ကိုယ်က ဒီလိုပါဆိုတာ ဝန်ခံပြီးသွားဖြစ်သွားလိမ့်မယ်နော်။ :P ဒီတစ်ခေါက်အလွဲပိုစ့်လေးကိုရော ဘယ်လိုမြင်လဲ? သင်တို့ ကြုံခဲ့တဲ့ Flatmates လေးတွေအကြောင်းလဲ ပြောပြသွားကြလေ။

Monday, March 30, 2015

မျက်နှာပြောင်တိုက်ခဲ့တဲ့ Presentation (စင်္ကာပူရောက် အလွဲများ ၁၄)

လူတွေအားလုံးမှာ ချော်လဲ ရောထိုင်လုပ်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရှိကြမှာပေါ့။ တခါတစ်လေကျတော့လဲ ရောထိုင်လို့မရပဲ အရမ်းသိသာသွားရင်တော့ မျက်နှာပြောင်လေးတိုက်ပြီး စပ်ဖြီးဖြီး ပြုံးပြရတဲ့ ကလေးရှက်တော့ ငိုတယ်၊ လူကြီးရှက်တော့ ရီတယ်ဆိုတဲ့ အခြေအနေလေးတွေလဲ ကြုံတွေ့ဖူးမှာပေါ့။ တကယ်လို့ အဲ့လို မျက်နှာပြောင်တိုက်ခဲ့ရတာ တစ်ယောက်နှစ်ယောက်ရှေ့မှာမဟုတ်ပဲ၊ တစ်တန်းလုံးရဲ့ရှေ့၊ ကိုယ့်ကို အမှတ်ပေးနေတဲ့ ဆရာရဲ့ ရှေ့မှာ ဖြစ်နေတယ်ဆိုရင် သင်တို့ရော ဘယ်လိုဖြေရှင်းဖို့ စဉ်းစားလဲဟင်?

မဗေဒါတစ်ယောက် ပိုလီတက်ခဲ့တဲ့ကာလတွေမှာ ကျောင်းဆင်းတာနဲ့ Part time အလုပ်ကို ပြေး အိမ်ပြန်ရောက်ရင် ပင်ပန်းပြီးအိပ်… တစ်ခါတစ်လေလောက်လေးများအားရင်တော့ တီဗွီလေးဘာလေးကြည့်၊ ဘာညာနဲ့ စာကျက်ချိန်ကို မရတာပေါ့… (ဆင်ခြေနည်းနည်းလဲပါသည်)။ အဲ့ဒိအချိန်က စင်္ကာပူအိမ်ကလဲ Dial up internet လေးပဲရှိတာတောင် တစ်ခါတစ်ခါ ဘာမှန်းမသိ ပျက်ပျက်သွားသေးတယ်။ ကွန်ပြူတာက အစ်မကွန်ပြူတာဖြစ်သလို သူက အိုင်တီဆိုတော့ သူ့ကို ပိုဦးစားပေးဖြစ်တယ်။ ဒီတော့ ပရောဂျက်လုပ်ရင် ကျောင်းက စာကြည့်တိုက် ဒါမှမဟုတ် Lab အခန်းတွေမှာပဲ သွားလုပ်ဖြစ်တာများပါတယ်။ ပိုလီ ဒုတိယနှစ်မှာ specialized major တွေ ရွေးရတော့ ကိုယ်က Microelectronic ကိုရွေးတယ်။ Micro ဆိုတဲ့အတိုင်း အသေးငယ်ဆုံး သာမာန်လူမျက်စိနဲ့တောင် မြင်ဖို့ခက်တဲ့ အိုင်စီလေးတွေအကြောင်း သင်ရတာပေါ့။ ခုခေတ်မှာ အီလက်ထရောနစ်ပစ္စည်းတွေ သေးသေးလာတာ Microelectronic ရဲ့ကျေးဇူးတွေပေါ့။ တခါတည်း မျက်လုံးထဲပေါ်အောင်ပြောရရင်တော့ အဲ့ဒိ Lab အခန်းခေါ် Cleanroom ဆိုတာထဲမှာ အကြီးမားဆုံး အမှိုက်ဆိုတာ ဆံပင်ပဲ။ အဲဒိ ဝေဖာလို့ ခေါ်တဲ့ Chip ပြားလေးတွေပေါ်မှာ လက်ဗွေရာထင်တာကိုတောင် အမှိုက်လို့ သတ်မှတ်တယ်။

အပေါ်က Microelectronic အကြောင်းရှင်းပြနေတာ တခြားတော့မဟုတ်ဘူး အဲ့ဒိလောက် သေးငယ်တဲ့အရာလေးတွေအကြောင်းကို တလွဲ research ရှာပြီး လူရှေ့သူရှေ့ တလွဲ Presentation လုပ်ခဲ့တဲ့အလွန်တရာမှ ပြန်စဉ်းစားတိုင်း “ငါသေသင့်တယ်” (တကယ်တော့ မသေရဲပါဘူး) ဆိုတဲ့ အတွေးမျိုးပေးတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောမလို့။

မှတ်မိတာမမှားဘူးဆိုရင်တော့ Molding အကြောင်း presentation လုပ်ရတာထင်ပါတယ်။ (Presentation က စာမေးပွဲအစဉ်ကြီး မဟုတ်ပေမဲ့ အောင်ဖို့ ရာခိုင်နှုန်းဘယ်လောက်လဲမသိဘူး ရှိပါတယ်) ကိုယ့် Research report ကို Presentation ပြန်လုပ်ရတာပေါ့။ အဲ့ဆရာနာမည်ကိုတောင် ကောင်းကောင်းမှတ်မိနေပါသေးတယ် မစ်စတာ အန်ကီဝီ တဲ့ အသီးနာမည်နဲ့ ဆင်တယ်။ ကိုယ့်ကို ဘယ်လောက်များ စိတ်ကုန်လို့ နောက်နှစ်ထပ်မတွေ့ချင်လို့ အအောင်ပေးခဲ့လဲမသိ။ ဟိ…

ကိုယ်လဲ အဲ့တုန်းက အချိန်ပိုင်းအလုပ်ကို အသေလုပ်တော့ အနီးကပ်မှာ အလုပ်ကပြန်လာတဲ့ ညတစ်ညမှာ ပင်ပန်းပြီး အိပ်ချင်နေတဲ့ကြားက research လုပ်ပြီး စာလုံး molding process ဘာညာတွေ့တာနဲ့ တန်းပြီး ကော်ပီထည့်လိုက်တော့တာပါပဲ။ ကိုယ် copy လိုက်တဲ့ content ကို တောင် မဖက်ကြည့်ခဲ့တာလား နားပဲမလည်ခဲ့တာလား ကိုယ့်ကိုကိုယ်လဲ မသိပါဘူး။ ငါ့ report လဲ ဆရာတွေက သေချာဖတ်မှာမဟုတ်ပါဘူး။ အတန်းထဲမှာ Presentation လုပ်ရင်လဲ သူများလုပ်လဲ ကိုယ်အာရုံစိုက်ဖြစ်တာမဟုတ်ဘူး။ ကိုယ်လုပ်လဲ သူများတွေ နားထောင်နေမှာ မဟုတ်လောက်ပါဘူး။ ဆရာကလဲ အသင်အပြ သိပ်မကောင်းဘူး (ကန်တော့ပါရဲ့နော် စော်ကားတာမဟုတ်ရပါ အမှန်တိုင်းပြောတာပါ)။ ဒီတော့ ဆရာကိုယ်တိုင်လဲ နားထောင်မယ် မထင်မိဘူး။

မနက်ကျ သေချာလေး Print ထုတ်ပြီး အဲ့ဒိ ဘာသာ အချိန်ကျတော့ တစ်ယောက်ပြီး တစ်ယောက် Presentation လုပ်ကြတာပေါ့။ သူများတွေလုပ်သွားတာလဲ ဘယ်သူမှလဲ နားထောင်မနေပါဘူး။ စကားများမနေကြပေမဲ့။ ဖုန်းဆော့သူဆော့၊ နောက်တစ်ဘာသာရဲ့ ပရောဂျက်ကို ခုမှ ခိုးလုပ်နေသူလုပ်။ စာရေးပြီး စကားပြောသူပြော။ ဒါတောင် အဲ့ခေတ်က စမတ်ဖုန်းတွေ မပေါ်သေးဘူး။

ကိုယ့်အလှည့်ရောက်တော့ ကိုယ်လဲ အေးဆေးပဲ အတန်းရှေ့ထွက် Print လာတဲ့ စာရွက်ကို စာဖတ်သလို Presentation လုပ်တာပေါ့။ တမင်တကာ စာဖတ်သလို လုပ်တာ။ အဲ့ဒါမှ နားထောင်ရပျင်းပြီး ဘယ်သူမှ အာရုံမစိုက်အောင်လို့။ Molding measurement တွေအကြောင်းရောက်တော့လဲ အေးဆေးပဲ ဆက်ဖတ်နေတာပေါ့။ ရုတ်တရက်ကြီး ဆရာက ရပ်စမ်း။ နင်စောစောက ဖတ်လိုက်တဲ့ Measurement တွေက ဘယ်လောက်? ကိုယ်လဲ ပြန် repeat ပြတာပေါ့။ ဆရာက အဲ့လိုထောက်လိုက်တော့ အတန်းသားတွေကလဲ ကိုယ့်ကို ကြည့်ကြတာပေါ့။ ဆရာက ရှေ့လူတွေတုန်းက ဘာသံမှ မှ ထွက်မလာတာ။ ကိုယ် Repeat ပြတဲ့ measurement တွေက မီတာကျူ m3 တွေ၊ Units per gram တွေလေ။ ဆရာက နင့် Measurement တွေက တလွဲတွေချည်းပါလား။ ကိုယ့်ကိုကိုယ် ဘာ presentation လုပ်နေတာရော သိရဲ့လားတဲ့။ ကိုယ်လဲ သဘောပေါက်လိုက်တယ်။ ကိုယ် copy လာတဲ့ research တွေက တလွဲကြီးဖြစ်နေပြီဆိုတာ။ ဘာနဲ့ လွဲမှန်းသာ မသိတာ။ ဆရာက မေးတော့လဲ ပြန်ဖြေရတာပေါ့။ Molding လေလို့။ ဘာလွဲနေလဲ သိလားတဲ့။ ကိုယ်လဲ ဆရာကို မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်ပြီး လွဲတာတော့ လွဲနေမယ်။ ဘာလွဲမှန်းတော့ မသိဘူးလို့ပြောလိုက်တယ်။

အဲ့ဒိအချိန်မှာ ရှက်လဲရှက် ကြောက်လဲကြောက်နေပေမဲ့။ မျက်ရည်ထွက်လာရင် ကိုယ့်ကို အာရုံမရှိသေးတဲ့ တခြားကျောင်းသားတွေပါ သတိထားမိမှာစိုးတာရော။ သေချာတာကတော့ ကျွန်မ Presentation content ကို ကျောင်းသားထဲက တစ်ယောက်မှ သတိမထားမိဘူး။ ဆရာနဲ့ ကျွန်မပဲ သိတယ်။ ဆရာစကားစပြောလို့သာ တချို့ကျောင်းသားတွေက မော့ကြည့်တာပဲရှိတယ်။ ကိုယ်ငိုချလိုက်မှ “ဘာဖြစ်တာလဲ။ ဘာလို့လဲ။ နင့် report ကိုပြပါ” ဆိုမှ အားလုံးရဲ့ laughing stock ဖြစ်လိမ့်မယ်။ ဒီနိုင်ငံက ကျောင်းက အတန်းဖော်တွေဆိုတာ သူတို့အတွက် အကျိုးအမြတ်တစ်ခုခု မပေးနိုင်တဲ့သူဆို အပေါင်းအသင်းလုပ်ချင်ကြတာမဟုတ်ဘူး။

ဒီတော့ ဆရာက ဘာမှားလဲ သိလားလို့မေးတဲ့အချိန်။ တစ်ခုခုမှားနေမှာပေါ့ဆိုတာပဲ သိတယ် ဘာမှားလဲတောင်ကိုယ့်အဖြစ် ကိုယ်မသိဘူး။ အဲလို ပြောပြီးတော့ ဆရာက ဘာမှ ဆက်မပြောပဲ ခေါင်းတစ်ခါခါနဲ့ပေါ့။ ကိုယ်လဲ အတန်းရှေ့မှာ ဘာဆက်ပြောရမလဲ မသိတော့ဘူး။ ကိုယ့် report က တလွဲကြီးမှန်း ခုမှ သိတော့လဲ ဆက်ပြီး ဖတ်ရမှာ ကြောက်နေပြီ။ ဆက်ဖတ်လဲ အရှက်ပိုကွဲတော့မယ်။ အာ့နဲ့ပဲ မျက်နှာပြောင်ပဲတိုက်ပြီး စပ်ဖြီးဖြီးလုပ် ဆရာ့ကို မေးလိုက်တယ်…

“Do I still need to continue?” လို့ မေးလိုက်တော့…

ဆရာလဲ စိတ်ပျက်ပျက်နဲ့ လက်ခါပြီး “nevermind, Just go” ဆိုပြီး ဆူချင်စိတ်တောင် မရှိတော့တဲ့ပုံနဲ့ သူသင်ထားတဲ့ တပည့် ဒီလောက်တော်တာ သူ့အပြစ်တွေချည်းပါပဲဆိုတဲ့ ခံစားချက်ဖြစ်နေပုံမျိုးနဲ့ ကျွန်မကို ပြန်လွှတ်လိုက်တော့တယ်။


အတန်းပြီးတော့မှ ကိုယ် ကော်ပီလာတဲ့စာတွေကို အင်တာနက်မှာ ပြန်ရှာတော့ ဘာတွေ့လဲဆိုတော့ Building Molding အဆောက်အဦးဆောက်တဲ့နေရာမှာသုံးတဲ့ Molding Measurement တွေဖြစ်နေတယ်။ အမှားမရှိခဲ့ရင် အသစ်တွေဘယ်လို သင်ယူဖြစ်ခဲ့မလဲနော်။ ခုတော့ Building မှာလဲ Molding ရှိတယ်။ Building Molding ဆိုတာ ဘာ ဆိုတဲ့အကြောင်းလေးပါ ဖတ်ဖြစ်သွားတာပေါ့နော်။ (ခုထက်ထိ မျက်နှာပြောင်တိုက်မြဲပဲ။ မြန်မာနိုင်ငံသားဆိုတော့ ပြောင်ပြောင်ပဲ)

အဲ့ report ကတော့ ကျပါတယ်။ ဒါပေမဲ့ အာ့ကြောင့်ပဲ စာမေးပွဲမှာ ကိုယ်ပို ကျိုးစားလိုက်ဖြစ်တယ်ထင်တယ်။ အဲ့ဘာသာ အောင်တယ်။ ဆရာပဲ ကိုယ့်မမြင်ချင်တော့လို့လားမသိဘူး…
သူငယ်ချင်းတို့မှာရော ချော်လဲရောထိုင်းခဲ့ရတာတို့၊ ရှက်ရှက်နဲ့ မျက်နှာပြောင်တိုက်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ရှိလား? ကွန်မန့်မှာ ပျော်ပျော်ပါးပါး စိတ်ထဲပေါ့သွားအောင် မျှဝေသွားကြအုံးနော်…

ကဲ… ဒီပိုစ့်နဲ့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပြီးသကာလ… နားမယ်ကွယ်… တစ်ခါရယ်ရင် တစ်ရက်အသက်ပိုရှည်ပါစေနော်…

Friday, August 22, 2014

တစ်ခါက စာသင်ခန်း (သို့) စကာင်္ပူရောက်အလွဲများ (၁၃)

ဒီအလွဲကို ရေးရမှာရှက်လို့ မရေးပဲနေတာပါ… ဒါပေမဲ့ အဲ့ဒိအကြောင်းပြောရင် မဗေဒါအစ်မက သဘောကျလွန်းလို့ စကာင်္ပူရောက်အလွဲများပိုစ့်ရေးပါလားပြောလေ့ရှိပါတယ်… မဗေဒါတစ်ယောက် ပေါ်လီတက်တုန်းက ဘယ်လောက်တောင် အနီးကပ်မှစာလုပ်လဲ၊ စာထဲဘယ်လောက် စိတ်ဝင်စားလဲဆိုတာ ဒီပိုစ့်က ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေတော့မယ်ထင်ပါတယ်… ကိုယ့်ကိုကိုယ်လဲ ပေါ်လီကို တစ်နှစ်မှ မကျပဲ မှန်မှန်အောင်လာတာ မယုံ့တယုံပါပဲ… (ပေါ်လီကပဲ အောင်ဖို့ လွယ်တယ်ထင်ပါ့)…

ပုံပြင်လေးကတော့ ဒီလိုပါ…
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ၁ဝတန်းအောင်ပြီးခါစ မိန်းကလေးတစ်ယောက်ဟာ စကာင်္ပူဆိုတဲ့ နိုင်ငံခြားကြီးမှာ ပေါ်လီဆိုတဲ့ ဘာအဓိပ္ပါယ်မှန်း ကောင်းကောင်းနားမလည်တဲ့ ကျောင်းကြီးတက်ရန်၊ ၀ါသနာပါလား မပါလားလဲသေချာမသိတဲ့ မေဂျာကို လူကြီးတွေလျှောက်ခိုင်းလို့ လျှောက်ပြီး ပထမဆုံးအကြိမ် မျက်စိသူငယ် နားသူငယ်နဲ့ရောက်ရှိလာခဲ့ပါတယ်…
အဲ့ဒိအချိန်အခါတုန်းက သူမဟာ အင်တာနက်မပြောနဲ့ ကွန်ပြူတာတောင် အဖွင့်အပိတ်ကောင်းကောင်းမလုပ်တတ်သေးတဲ့ သူတစ်ယောက်ပေါ့… သူ့ကို အင်တာနက်နဲ့ စတင်မိတ်ဆက်တုန်းက အလွဲကိုလဲ စကာင်္ပူရောက် အလွဲများ (၂)  မှာဖတ်ကြည့်လို့ရပါတယ်။


ကောင်မလေးနဲ့ လက်တွေ့စာမေးပွဲ

မြန်မာအများဆုံးရှိတဲ့ ပေါ်လီမှာတက်ရပေမဲ့ ကံဆိုးစွာပဲ ကျောင်းအပ်နောက်ကျလို့ မြန်မာတစ်ယောက်မှ မရှိတဲ့အတန်းကို ရောက်သွားပါတယ်… ကံက လုံးလုံးမဆိုးသေးတော့လဲ လက်တွေ့လုပ်ရတဲ့အတန်းတစ်တန်းမှာ ၂တန်းပေါင်းသင်တော့ တခြားအတန်းက မြန်မာအစ်မကြီးတွေနဲ့ ဆုံဖြစ်တယ်… ဒါပေမဲ့လဲ သူတို့က သူတို့အုပ်စုဖြစ်ပြီးသားဆိုတော့ ကိုယ်နဲ့တော့ မျက်မှန်းတန်းမိယုံလောက်ပဲ သိတာပေါ့… မြန်မာပြည်က နှုတ်တိုက်မှတ် အလွတ်ကျက် ဒါသင် ဒါမေး စပေါ့ရိုက် စနစ်နဲ့ကြီးပြင်းလာခဲ့တော့ ကောင်မလေး ဒုက္ခအရောက်ဆုုံးအချိန်တွေကတော့ လက်တွေ့လုပ်ရတဲ့ Lab အချိန်တွေပေါ့… IC (integrated circuit) က ခြေထောက်တွေကို ဘယ်လို ရေတွက်ရမှန်းမသိ… resistor color code ကို ဘယ်လိုဖတ်ရမှန်းမသိ… ဘာသာစကားနေသားမကျတာအပြင် သင်ပုံသင်နည်းကိုလုံးဝကို လိုက်မမှီတာ… ဘယ်လောက်တောင်လဲဆို ကျောင်းစဖွင့်ပြီး ၂ပတ်လောက်တက်ပြီးတဲ့အထိ ဆရာတွေ ဘာမှ မသင်ပဲ အင်ထရို (intro) လုပ်နေတုန်းလို့ထင်ပြီး ဘာမှကို လိုက်မမှတ်တာ… သိဘူးလေ… မြန်မာပြည်မှာလို သင်ပုန်းပေါ်ရေးပြတာ လိုက်ကူးရင်ကူး မဟုတ်ရင် ဆရာမတွေ ၀ိုင်းဖွဲ့ လဖက်သုတ်စားနေတုန်း အတန်းခေါင်းဆောင် စာခေါ်တာကို လိုက်ရေး… စာမေးပွဲမှာလဲ အဲဒိထဲက မေးခွန်းအတိုင်း တသွေမတိမ်းပဲမေးတာလေ… ဒီလိုပဲ သိခဲ့တာ… 


Lab အတန်းထဲက ဆရာက ကျောင်းဖွင့်တာတော်တော်ကြာတဲ့အထိ IC မကြည့်တတ်၊ Resistor မသိသေးလို့ စိုးရိမ်ပြီး သီအိုရီ စာတွေ့အတန်းမှာရော လိုက်နိုင်ရဲ့လားလို့မေးတာခံရတယ်… (ကံကောင်းချင်တော့ အဲဒိဘာသာ စာတွေ့ Quiz မှာ ၂မှတ်ပဲရော့ပြီး အတန်းထဲက အမှတ်အများဆုံး ၂ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့လို့ စင်းဂလိပ်မတတ် တတတ်နဲ့ လက်တွေ့ဆရာကို သွားကြွားခဲ့ရသေး…)…


တစ်ရက်လဲကျရော မြန်မာအစ်မကြီးတွေနဲ့ တူတဲ့ လက်တွေ့အတန်းကို အရောက် အားလုံးက ဒီနေ့ Lab Test ရှိတယ်နော်တဲ့… (အဲဒိ Lab Test က သူမ ပေါ်လီကျောင်းသားဘဝမှာ ပထမဆုံးဖြေရတဲ့ လက်တွေ့ စာမေးပွဲအသေးစားလေးပေါ့)… ဒါပေမဲ့ သူမအတွက် အဲဒိအချိန်မှာခံစားရတာက Time Machine ကြီးစီးလိုက်လို့ပဲ သူမ Lab Test ကိုစောရောက်သွားတာလား… အဲဒိနေ့မတိုင်ခင်ကလဲ အတန်းထဲကလူတွေရော၊ ဆရာတွေရောကလဲ ဒီနေ့ Lab Test ရှိတာကို ဘယ်သူ့ကိုမှ မပြောဘူး… (ငယ်ငယ်ကလို ဆရာမက ကျောက်သင်ပုန်းပေါ် စာမေးပွဲ အချိန်စာရင်းရေးပြီး ကိုယ်က လိုက်ကူး၊ မိဘလက်မှတ်ထိုး ယူခဲ့ ဆိုတာမျိုး မျှော်လင့်မိတယ်ထင်ပါ့)… တစ်တန်းလုံးက လူတွေသိတယ် ငါပဲမသိဘူးဆိုတော့ သူတို့အားလုံးငါ့ကို အနိုင်ကျင့်ကြတာလားဆိုပြီး သူများကို သွားသံသယဝင်ဖြစ်ခဲ့သေး… နောက်တော့မှ မြန်မာအစ်မကြီးတွေကို အစ်မတို့က Lab Test ရှိမှန်းဘယ်လိုသိလဲလို့မေးတော့… နှစ်စကတည်းက စာအုပ်ရဲ့ရှေ့မှာ Quiz/ Lab Test/ Exam timetable တွေ ပေးပြီးသားလေတဲ့… 



ဘယ်လိုပဲဖြစ်ဖြစ် Lab Test က ၅မိနစ်ဆိုစပြီ… Test တစ်ခုကို ဘာဆို ဘာမှ မပြင်ဆင်ထားပဲ… ဘလိုင်းကြီးဖြေခဲ့ရတာ ဘဝမှာ အဲဒိတစ်ကြိမ်ပဲရှိသေးတယ်…. (သိသိကြီးနဲ့ စာမကျက်လို့ မရတာ မပါဘူး)… တစ်ခါတစ်လေ ဘာမှန်းမသိ စာမေးပွဲဖြေရတယ်လို့ အိပ်မက် မက်ဖူးလား… အဲဒိ ခံစားချက်အတိုင်းပဲ… အိပ်မက်ဖြစ်မှာစိုးလို့ ကိုယ့်ကိုကိုယ် ဆိတ်ဆွဲကြည့်မိသေး… မှတ်မိသလောက်တော့ အဲဒိ Test က အရမ်းမခက်ဘူးထင်ပါတယ်… LED display ပေါ်မှာ နံပါတ် ၁ ကနေ ၀ အထိ run အောင် circuit ကို ဆင်ရမှာ… သူများတွေ တစ်ယောက်ပြီးတစ်ယောက်က ပြီးလို့ ထွက်သွားကြတယ်… ကိုယ်က ဘာမှကို မလုပ်တတ်တာ… နောက်တော့ မြန်မာအစ်မကြီးတွေလဲ ပြီးကုန်ကြတယ်… အဲဒိအချိန် တော်တော်များများလဲဲပြီးတော့ ဆရာတွေလဲ သူတို့ ဆာကစ်တွေကို သွားစမ်းနေရတော့ သိပ်မအားတော့ဘူး…. အဲဒါနဲ့ ကိုယ်လဲ ကြောက်ပြီး ငိုချလိုက်ရော… ဆရာတွေလဲ နည်းနည်းတော့ သနားသွားတာပဲလား ဘာလားတော့ မသိဘူး… မြန်မာအစ်မကြီးတွေကလဲ ဆရာ့ကို ငါတို့သူ့ကို ဘာမှ မပြောပြပါဘူး ၀ါယာလေးတွေ ကူညှပ်ပေးရုံလောက်ပါပဲပြောတော့ ခွင့်ပြုလိုက်တယ်… ပြီးတော့လဲ ဆရာလစ်ရင် လစ်သလို မြန်မာလိုတွေပြောပြီး ရရင် ရသလိုပြောပြကြတာပေါ့… လူလဲ ငိုလိုက် ရှိုက်လိုက်နဲ့ ကြားသလောက်လိုက်တပ်ပြီး အချိန်ပြည့်တော့ ပြလိုက်တော့ အပြည့်အလုပ်မလုပ်ပေမဲ့ နည်းနည်းတော့ အလုပ်လုပ်တော့ သုညတော့ မရခဲ့ဘူးပေါ့… 

နတ် ‘မ’ တဲ့ အလွဲ

နောက်ပြီး ပထမနှစ် ပထမ ဆန်မစ်စတာ စာမေးပွဲ အစဉ်ကြီးဖြေကာနီး အတန်းထဲက စလုံးတွေရယ် ပြည်ကြီးတွေရယ် ဗီယက်နမ်မတွေရယ် လူကိုစုံနေတာပဲ ကျောင်းက စာကြည့်တိုက်မှာ သချာင်္ကို စုပြီး လေ့ကျင့်မယ်ပေါ့... စလုံးတွေက သချာင်္ဆို အတော်လေးယောင်ဝါးဝါးဖြစ်တတ်ကြတော့ သူတို့က စုပြီး စာလုပ်ချင်တယ်… ကိုယ်ကတော့ စာစုလုပ်လဲ သူငယ်ချင်းရတာပေါ့ဆိုပြီး သွားဖြစ်တယ်… ကိုယ်တိုင်လဲ စာဒီလောက်မရပါဘူး… ဒါပေမဲ့လဲ စာကြည့်တိုက်က Study Room ထဲမှာ စကားတွေများ မုန့်တွေ ခိုးစားပြီး အချိန်ကုန်တာပဲရှိတယ်… ပြီးတော့ ပြန်ဖြစ်ကြတယ်… အဲဒါ စာမေးပွဲမတိုင်ခင် ၂ ပတ်လောက်အလိုပေါ့… အဲဒိနေ့ကတည်းက သချာင်္ကို တစ်စက်မှ မကြည့်တာ သချာင်္စာအုပ်ပျောက်နေမှန်း နောက်နေ့ သချာင်္ဖြေရမယ်ဆိုမှ သတိထားမိတယ်… ငယ်ငယ်ကတည်းက စာမေးပွဲနီးရင် စာအုပ်ပျောက်တတ်တာ အကျင့်ဆိုပေမဲ့ ဒီတစ်ခေါက်ကတော့ တော်တော်ဆိုးသွားပြီ… မနက်ဖြန်ဖြေမယ်ဆို ဒီနေ့မှစကြည့်ဖို့ စိတ်ကူးရုံတင်မကဘူး ကြည့်ဖို့စာအုပ်ပျောက်နေတာပါ ခုမှသိတယ်ဆိုတော့ ကိုယ်လွန်မှန်းလဲ သိပါတယ်… ဒါပေမဲ့ စာအုပ်ပျောက်တာ နတ်ကောင်းနတ်မြတ်မစတယ်လို့ ဆိုရမယ်… စာအုပ်ပျောက်တော့မှ ဟိုဘက်အတန်းက မြန်မာအစ်မကြီးဆီမှာ စာအုပ်လေးငှားဖို့ ဖုန်းဆက်မိတယ်… ဒါပေါ့ သူလဲ စာမေးပွဲဖြေရမဲ့သူ ဘယ်ငှားမလဲ… ဟီး… ဒါပေမဲ့ သူက သဘောထားကြီးစွာ သူ့အိမ်လာပြီး တူတူစာလုပ်လေတဲ့… သူနဲ့အဲ့ဒိတုန်းက သိပ်မရင်းနှီးပေမဲ့ သူ့အိမ်သွားစာလုပ်လိုက်တယ်… သူနဲ့စာတူတူလုပ်မှ ကိုယ်က သချာင်္မှာ ကြည့်စရာရှိတယ်ဆိုတာ ရှေ့ Chapter 3 ခုလောက်ထိပဲ ထင်တာ… အမှန်တော့ Chapter 6 ခုလောက်ရှိတာ… နောက် ၃ chapter က လုံးလုံးကို မကြားဖူးတာ… အဲ့လောက်ထိပဲ… စာလိုက်မလုပ်လို့မဟုတ်ဘူး… အတန်းထဲမှာ ဆရာဘာသင်နေမှန်းမသိတာနဲ့ ပြတ်ကျန်ခဲ့ရင်း အဲဒိစာတွေ ရှိတယ်မှန်းကို မသိတာ… အဲ့အစ်မကြီးက “ညီမလေး Vector တွေသိလား…” ဆိုတော့ အတန်းထဲက ဘယ် စလုံး Victor ကို လာမေးနေလဲ စဉ်းစားမိတဲ့အထိ… အဲဒါ ည ၉နာရီထိုးနေပြီး နောက်နေ့ နေ့လည် စာမေးပွဲဖြေရမဲ့လူတဲ့…


ကြွေးထူတဲ့သူ မပူ၊ သန်းထူတဲ့သူ မယား ဆိုသလိုပဲ ဘာမှ မသိတော့ ဘာမှ မစိုးရိမ်တဲ့ ကျွန်မကို အဲ့ဒိ အစ်မကြီးက အလန့်တကြား ကြောက်လန့်ပြီး စာတွေထိုင်သင်တော့တာ… သူနဲ့ ကိုယ်က ၁ဝနှစ်ကွာတယ်… သူက မြန်မာပြည်မှာတုန်းက တက္ကသိုလ်မှာ ကျူတာလုပ်ခဲ့တာ… ဒါနဲ့ Chapter ၁ ခုပြီး ၁ခု ကျွန်မကို အကျဉ်းချုံးသင်လိုက် အရေးကြီးမယ်ထင်တဲ့ ပုစ္ဆာတွေ လေ့ကျင့်ခိုင်းလိုက်နဲ့ ၁ဝတန်း အနီးကပ် ၁ဝရက်တက်သလိုဖြစ်မယ်ထင်တယ်… ရှေ့ရက်တွေမှာ Part Time အလုပ်တွေဆင်းထားတော့ လူက ကောင်းကောင်းမနားရဖြစ်နေတာ… ၁၁ နာရီလောက်ကျတော့ အိပ်ချင်လာရော… ဒါနဲ့ စာသင်ပေးတဲ့သူက ကော်ဖီတွေ ဖျော်တိုက်၊ လဘက်တွေသုတ်ကြွေး… (ပြန်စဉ်းစားရင် တကယ်ကို ကျေးဇူးတင်ပါတယ်)… “ဟဲ့… မအိပ်နဲ့ ဒီတစ်ပုဒ်တော့ တွက်လိုက်ပါအုံး” ဆိုပြီး သင်တာ… အဲ… စာတွေကို နည်းနည်းသိလာတော့ ၁၂နာရီလောက်ကျတော့ ကြောက်စိတ်ဝင်လာတယ်… 




“ဟာ… တကယ် ငါမသိတာတွေ အများကြီးပါလား… ငါဒီလောက်သိရုံနဲ့ အောင်ပါ့မလား” ဆိုပြီး မအိပ်ချင်တော့ဘူး… ကော်ဖီနဲ့ လဘက်သုတ် အစွမ်းတွေလဲ ပါမှာပေါ့… ဒီလိုနဲ့ အခန်း ၆ ခန်းလုံးကို အပြတ် မနက် ၄ နာရီမှာ ပြီးသွားတယ်… မနက် ၄နာရီမှာတော့ ခေါင်းက လုံးဝမရတော့ဘူး အိပ်ချင်တာ လူက ယိမ်းထိုးနေပြီ… တော်ရုံတန်ရုံမေးခွန်းဆို အောင်မှတ်လောက်လဲရလောက်ပြီလို့ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ကလေးကတီးတိုး နှစ်သိမ့်တော့ “အိပ်ချင်ပြီအစ်မရာ… အိပ်တော့မယ်” ဆိုပြီး သူ့အိပ်ယာပေါ်ပြစ်လဲသွားရော… ကိုယ့်အကြောင်းကိုယ်သိတယ်… ဆက်လုပ်နေရင် စိတ်လဲပါတော့မှာမဟုတ်ဘူး… ပြီးတော့ စာမေးပွဲခန်းထဲကျမှ ခေါင်းမူးတာတို့ အိပ်ပျော်သွားတာတို့ဖြစ်ရင် တစ်ညလုံး လေ့ကျင့်ထားတာလေးတွေပါ အလဟသ ဖြစ်မှာ… နောက်ပြီး မဗေဒါရဲ့ ယုံကြည်ချက်ကတော့ စာလုပ်တယ်ဆိုတာ အာရုံစိုက်မှုနဲ့အများကြီးဆိုင်တယ်… လုပ်တဲ့အချိန် ဘယ်လောက်ပဲ နည်းပါစေ လုပ်နေတဲ့အချိန် အာရုံစိုက်နိုင်ရင် စာတွေခေါင်းထဲဝင်တယ်… စာအုပ်ကြီး ၂၄နာရီရှေ့ချပြီး အာရုံမစိုက်ဘူး စိတ်မဝင်စားဘူးဆိုရင် ဘာစာမှရမှာ မဟုတ်ဘူး… 


အဲဒိအစ်မကြီးကတော့ ဒိထက်ခက်တဲ့ ပုစ္ဆာတွေ ဆက်လေ့ကျင့်နေတယ်… ကျွန်မကတော့ အိပ်ပျော်သွားတယ်… ၁ဝနာရီလောက် ကျွန်မနိုးတော့ သူလဲ နိုးနေပြီ… အစ်မ မအိပ်ဘူးလားဆိုတော့ သူခဏတော့ အိပ်လိုက်သေးတယ်တဲ့… စာမေးပွဲချိန်နီးပြီဆိုတော့ နောက်ဆုံးတစ်ခေါက် ကိုယ်မရဘူးထင်တာလေးကို မျက်လုံးနဲ့ တစ်ချက်ပြန်ကြည့်ပြီး စိတ်ဒုန်းဒုန်းချလိုက်တယ်… ရသလောက်ပေါ့… (All is well… All is well… ခွင် ချနာ… ခွင် ချနာ…)( ခေါင်းတောင် သိပ်မလှုပ်ရဲဘူး စာတွေ ထွက်ကျပြီး မေ့ကုန်မှာစိုးလို့...)


စာမေးပွဲမှာ နောက်ဆုံး ၁၅မှတ်တန် ဉာဏ်စမ်းအပုဒ်ကြီးကလွဲလို့ ကျန်တာ အကုန်ဖြေနိုင်တယ်… မေးခွန်းတစ်ခါဖတ်လိုက်တယ်… ၁ခါ ကြိုးစားကြည့်တယ်… ဘယ်လိုမှ မရတော့လဲ နေဟာ အောင်မှတ်ရနေပြီဆိုပြီး မဖြေပဲထားခဲ့တယ်… စာမေးပွဲပြီးတော့ ကျန်တဲ့သူတွေအားလုံးက အဖြေတွေတိုက်ကြ စာအကြောင်းတွေပြောကြပေါ့… အရင်ကတည်းက ပြောဖူးတယ်… မဗေဒါက ပြီးသွားတဲ့အရာတစ်ခု ပြန်လဲပြင်လို့မရတော့တဲ့အရာတစ်ခုကို တစ်နုတ်နုတ်သိပ်မဖြစ်ချင်လို့ အဲဒါတွေသိပ်မလုပ်ဘူး… အဖြေတိုက်ရင်တော့ နောက်ဆုံးထွက်တဲ့ အဖြေလောက်ပဲတိုက်လိုက်တယ်… မရတဲ့ ပုစ္ဆာကို အဲ့ဒါ ဘယ်လိုလုပ်ရသလဲတို့ဘာတို့ မေးရတာ စိတ်ကုန်လို့… (အဲ့ဒါဘယ်လိုတွက်ရသလဲဆိုတာက စာမေးပွဲမတိုင်ခင်ကတည်းက သိထားရမဲ့အလုပ်… စာမေးပွဲအောင်ဖို့တစ်ခုတည်းမဟုတ်ဘူး ဘဝအတွက်မေးတာဆိုလဲ အိမ်ပြန်ရောက်မှ စာအုပ်ပြန်ဖတ်ပြီး ကိုယ့်ဟာကိုယ် ကြိုးစားကြည့်လိုက်ပေါ့)… အဲဒိအစ်မကြီးကလဲ ကိုယ့်ကို ဖြေနိုင်လား လာမေးတယ်… ကိုယ်ကလဲ “အစ်မ ကျေးဇူးကြောင့် အောင်မှာတော့ သေချာတယ်” လို့ တကယ် ကျေးဇူးတင်လို့ ပြန်ပြောလိုက်တယ်… 

“နောက်ဆုံး အပုဒ်ကြီး ဖြေတတ်လား” ဆိုတော့… ကိုယ်ကလဲ “မဖြေတတ်လို့ မဖြေဘူး” လို့ပြောလိုက်တာပေါ့… သူကလဲ ကိုယ့်ဆီက ဒီအဖြေကို မျှော်လင့်ထားပြီးသားဆိုတော့ ထပ်မမေးတော့ဘူး တစ်ခြားသူတွေနဲ့ပဲ စကားဆက်ပြောတာပေါ့…

ဒါပေမဲ့ စာမေးပွဲအောင်စာရင်းထွက်တော့ မယုံကြည်နိုင်စွာပဲ ကျွန်မ သချာင်္ကို A ရတယ်… ကျွန်မကို ဘာရလဲ မေးတော့ သူသင်ပေးတဲ့ သူ့တပည့်တစ်ယောက် အနေနဲ့ ဂုဏ်ယူလို့ A လို့ပြောလိုက်တော့… သူလဲ A ပဲဆိုပြီး (A+ ဆိုတာက ဂုဏ်ထူးပေါ့) မျက်နှာပျက်သွားတယ်လို့ ကျွန်မထင်တယ်… အမှန်ဆို သူစိတ်ချမ်းသာအောင် ကျွန်မက B ရတယ်လို့ ပြောခဲ့သင့်တာ… သူ့စိတ်ထဲမှာတော့ နဂန်းတလုံးမှ မသိတဲ့ ကျွန်မက A ရတယ်ဆိုတာ ကျွန်မ လျှိုထားလို့လို့ ထင်သွားလား ဒါမှမဟုတ် ကျွန်မ A မရပဲနဲ့ ဒီကောင်မလေး လာလိမ်နေတယ်လို့ ထင်သွားလား မသိပါ… ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ သေချာသိတာကတော့ သူ့ဆီသာ အဲ့ညက စာအုပ်ပျောက်ပြီး မရောက်သွားရင် ကျွန်မ ကျမယ်ထင်ပါတယ်… ပြီးတော့ စာတူတူလုပ်ခဲ့တဲ့ ကော်ဖီတူတူသောက်ခဲ့တဲ့ အမှတ်တရလေးတွေကလဲ ကျွန်မဘဝ အကြမ်းတမ်းဆုံးအချိန်တွေမှာ ကူညီခဲ့တဲ့သူတစ်ယောက်အနေနဲ့ သတိရနေမှာပါ… စာမေးပွဲခန်းထဲက ထွက်လာတော့မှ ကျွန်မစာအုပ်ကို မှားယူသွားတဲ့ စလုံးကောင်က ပြန်လာပေးတယ်… 


“မျက်နှာပြောင်တိုက်ခဲ့ရတဲ့ Presentation” လေး အကြောင်းကိုတော့ နောက်ထပ် စကာင်္ပူရောက်အလွဲများ ၁၄ မှာ မျှော်….. :D

Monday, April 09, 2012

ခင်မင်မှု ကံခေသူ… (သို့) စကာင်္ပူရောက်အလွဲများ (၁၂)

သင်နဲ့ သိပ်အဆက်အသွယ်မရှိတာကြာနေတဲ့ မိတ်ဆွေပဲဖြစ်စေ… အရမ်းတရင်းတနှီးမရှိခဲ့ပင်မဲ့ စကားပြောရအဆင်ပြေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်စေ… ပြောရရင်တော့ အဆက်အသွယ်ပြတ်နေတာကြာတဲ့ အသိမိတ်ဆွေမျိုးက ရုတ်တရက်ကြီး တွေ့ချင်လှချည့်ရဲ့ သတိရလို့ပါ ဆိုပြီး ဖုန်းခေါ်လာရင် သင်ဘယ်လိုခံစားရလဲ?
မဗေဒါကတော့ ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးတတ်တယ်ပဲပြောရမလား… ယုံလွယ်တယ်ပဲပြောရမလား… “အော်… သူတို့ ငါ့ကို ခင်ရှာသားပဲ” လို့တွေးပြီး ဝမ်းသာတတ်ပါတယ်… ကိုယ်က အားတယ်ဆိုလို့ကတော့ ငြင်းပြစ်ရမှာ အားနာတတ်ပါတယ်…
ဒီလိုနဲ့ပဲ ဟောဒီလို ခံခဲ့ရတဲ့ မှန်းချက်နဲ့ နှမ်းထွက်လွဲခဲ့ရတဲ့ ဇာတ်လမ်းလေးတွေများနေပါပြီ…
ဒီပိုစ့်ဟာ အရင်အလွဲတွေလို ရီစရာဖြစ်ချင်မှဖြစ်မယ်… ဒါပေမဲ့ စကာင်္ပူရောက်မှ ကျွန်မတွေ့ရတဲ့ ခင်မင်မှုနဲ့ ပတ်သတ်ပြီး (မြန်မာပြည်တုန်းကတော့ ငယ်သေးလို့ ဒါမျိုး တွေ့ မကြုံခဲ့ရတာလဲ ဖြစ်မယ်) ဖြစ်တတ်တာလေးမို့ အလွဲထဲ ထည့်လိုက်တာပါ…





သတိရလို့ပါတဲ့...


ခုတစ်လော အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့တဲ့ အရင့်အရင် အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ မလေးရှန်း တရုတ် မိန်းမတစ်ယောက်က ရုတ်တရက်ကြီးတွေ့ချင်ရဲ့ဆိုပြီး ဆက်သွယ်လာပါတယ်… လွန်ခဲ့တဲ့ ၂နှစ်လောက်က သူတစ်ခါကိုယ့်ကို ဆက်သွယ်ဖူးပါတယ်… အဲဒိတုန်းက ကိုယ်လဲ ကိုယ့်ကိုခင်တယ်လေဆိုပြီး ဝမ်းသာအားရနဲ့ Night shift အပြန် အိပ်ငိုက်နေသော်လည်း သူ့အိမ်ထိတောင်သွားတွေ့ပါတယ်… ကိုယ့်အိမ်ဘက်ဆို သူအဝေးကြီးလာရမယ်လေဆိုတဲ့ အတွေးနဲ့ပါ… ဒါပေမဲ့ ဟိုရောက်တော့ သူသုံးတဲ့ ပိန်ဆေး Package ကို ဝယ်ဖို့ ဆွယ်တာဖြစ်နေပါတယ်… ဇွတ်အတင်းတော့ မရောင်းပင်မဲ့ သူတွေ့ချင်တဲ့ ရည်ရွယ်ချက်ကတော့ ပေါ်လွင်သလို ကိုယ့်ရဲ့ တစ်သက်လုံး မပိန်ဖူးခဲ့တဲ့ ခန္ဓာကိုယ်ကိုလဲ ရောဂါမျိုးစုံဖိတ်ခေါ်နေတဲ့အတွက်စိုးရိမ်လို့ သတိပေးတာဆိုတဲ့ စကားအသုံးအနှုန်းလှလှလေးတွေကို ရင်ခံစွာကြားခဲ့ရပါတယ် … “အော်… ငါ့ကို တွေ့ချင်တာထက် ဒီဟာကို ရောင်းချင်လို့ကိုး” ဆိုတဲ့ ခံစားချက်လေးက ကိုယ့်ခင်မင်မှုလေးကို အလွဲသုံးစားအခွင့်ကောင်းယူတယ်လို့ ထင်မိပါတယ်… ဥပမာ… သူနဲ့သွားလည်တုန်း စကားစပ်မိလို့ ပိန်ဆေးအကြောင်းပြောရင်း ကောင်းတယ်ဆိုပြီး ရောင်းရင် ဘာမှ မပြောလိုပါဘူး… ဒါပေမဲ့ အကြာကြီး မဆက်သွယ်ပဲ ရုတ်တရက်ထ ဆက်သွယ်ပြီး ရည်ရွယ်ချက်ရှိရှိတွေ့ချင်ခဲ့တာကို ခင်လို့ လွမ်းလို့ တွေ့ချင်ရုံ သပ်သပ်ပါလို့ပြောပြီး ခေါ်ထုတ်ထာ မကောင်းဘူးလို့ထင်တာပါ…

ခုလဲ ကျွန်မကို တွေ့ချင်ပြန်ပါပြီတဲ့… ၂နှစ်ကျော်အဆက်အသွယ်မလုပ်ဖြတ်တာတောင် ဖေ့ဘွတ်ကနေ တကူးတက မတ်ဆေ့ပို့ပြီး ဖုန်းနံပါတ်ကိုတောင်းပါတယ်… သူက လတ်တလောလဲ အလုပ်ထွက်ထားတာ အတော်လေးကြာနေပြီလို့ ကျွန်မသိရပါတယ်… ကျွန်မကိုလဲ ဘယ်အချိန်တွေ့မလဲ… ကြိုက်တဲ့နေရာပြော ငါလာခဲ့မယ်… စသည်ဖြင့် အလွန်တရာမှ ဖော်ရွေစွာ ကတီးကတီးလည်း ဆက်သွယ်ပါတယ်… စိတ်ထဲမှာ အားနာမိတယ်… ဒါပေမဲ့လဲ သူ့ရည်ရွယ်ချက်ကိုလဲ ကိုယ်က ရိပ်စားမိတယ်…. တချိန်တည်းမှာလဲ ခင်မင်မှုဆိုတာကို အလွဲသုံးစားလုပ်သလိုခံစားရလို့ စိတ်မကောင်းဖြစ်ရတယ်… ပထမဆုံးအကြိမ် အဲလိုဖိတ်ခေါ်မှုတွေကိုကျွန်မ မတွေ့တော့ဖူးလို့ ဆုံးဖြတ်ချက်ချလိုက်နိုင်ခဲ့တယ်…
ဒီလိုဆုံးဖြတ်ဖို့အတွက် သင်ခန်းစာရခဲ့တဲ့ တခြားအဖြစ်အပျက်လေးတွေရှိတယ်…


ဇွန်ဘီ Marketing


၂၀၀၅ ကျောင်းပြီးခါစ လုပ်ငန်းခွင်ဝင်ခါစအချိန်တုန်းက ဟိုးအရင် Part time အလုပ်က လုပ်ဖော်ကိုင်ဖက် မြန်မာကောင်လေးတစ်ယောက်က ဖုန်းဆက်ပြီး အပြင်မှာတွေ့ဖို့ ဖိတ်ပါတယ်… သတိရလို့ပါဆိုတဲ့ အကြောင်းပြချက်ပါပဲ… ဖုန်းထဲမှာလဲ ငယ်ပေါင်းသူငယ်ချင်းတွေလို သိပ်ဖော်ရွေတဲ့ အသံနဲ့ပါ… ပြောရမယ်ဆိုရင် ကိုယ်က သူ အလုပ်ကိုဝင်လာတဲ့အချိန် သိပ်မကြာခင်မှာပဲ ကျောင်းပြီးလို့ အဲမှာမလုပ်ဖြစ်တော့တာပါ… တွေ့လိုက် ခင်မင်လိုက်တဲ့အချိန်လေးက တိုတိုလေးပါ… ဒါပေမဲ့ မဗေဒါယုံလွယ်မိပြန်ရဲ့… “အော်… ငါ့ကိုခင်သားပဲ” ဆိုတဲ့ အတွေးဝင်လာသလို “မိတ်ဆွေဆိုတာ ဒီလိုမှမဖွဲ့… ဘယ်လိုဖွဲ့မလဲ” ဆိုပြီး တွေ့ဖို့ သဘောတူလိုက်ပါတယ်…
တကယ်တမ်းတွေ့တဲ့နေ့ကျတော့ သူနဲ့အတူ အသက် ၄၀ ဝန်းကျင် မိန်းမကြီး ၂ယောက်ပါလာတယ်… ပြီးတော့ ကျွန်မကို seminar တစ်ခုကို ခေါ်သွားတယ်… ပြီးတော့ သူတို့ ပစ္စည်းတွေကိုရောင်းတော့တာပါပဲ… သူတို့ပစ္စည်းရောင်းရုံမကဘူး ကိုယ်က မန်ဘာဝင်ထားပြီး တခြားသူတွေကိုပါ ထပ်ဆွယ်လာရင် အဲဒိအတွက် ကော်မရှင်နဲ့ရသလို ကိုယ်ဆွယ်တဲ့သူက ထပ်ဆွယ်လာရင် ကိုယ်ကဘာမှမလုပ်ပဲ ကော်မရှင်ထပ်ရအုံးမှာဆိုတဲ့ မဆန်းသောမရိုးသော network marketing ပဲခေါ်သလား အဲလိုအထာတွေပြောပါတယ်… အဲလိုမျိုး Talk show တွေ Seminar တွေကို အရင်ကလဲ ရောက်ဖူးနားထောင်ဖူးတဲ့ ကျွန်မ လုံးဝစိတ်ဝင်စားမှုမရှိပါဘူး… အဆုံးမှာ ကိုယ့်ကိုတောင် စင်ပေါ်ကပြောနေတဲ့သူက လက်ညှိုးထိုး မေးမြန်းပြီး ကိုယ်ထင်တဲ့အတိုင်းပြောတော့ လူထူးလူဆန်းလိုလို လူ့ငတုံးလိုလိုနဲ့ ဆက်ဆံခံခဲ့ရပါတယ်… တကယ်ချမ်းသာမဲ့ နည်းလမ်းဆိုရင်တောင် ကျွန်မ မကြိုက်ရင် မလုပ်ပဲနေပိုင်ခွင့်ရှိပါတယ်… ဒါပေမဲ့ အမြင်မတူတဲ့လူတစ်ယောက်ကို အထင်သေးသလိုလို ငတုံးပဲဆိုတဲ့ ပုံစံမျိုးနဲ့ ပြတ်ရယ်ပြုသလိုလုပ်ရင် အလွန်တရာမှ အရွဲ့တိုက်တတ်သောကျွန်မကလဲ ရှက်ရှက်နဲ့ Sign up လုပ််တတ်တဲ့ လူစားမျိုးမဟုတ်ပဲ မျက်နှာပြောင်တိုက်ထိုင်နေမှာပါပဲ… အဲဒိလို Seminar ခန်းထဲမှာ ကျွန်မထိုင်နေတဲ့အချိန်မှာ ကျွန်မကို သတိရလို့ တွေ့ချင်တယ်ဆိုတဲ့ ကောင်လေး ဘယ်ရောက်နေလဲ မသိပါ…

ပွဲပြီးတော့ ဘူဂစ်က Food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မုန့်စားရင်း သူနဲ့ပါလာတဲ့ မိန်းမကြီး နှစ်ယောက် (တစ်ယောက်က သူ့ကိုယ်သူ ဆရာဝန်ပြောတာပဲ) ရဲ့ နားမုဒိန်းကျင့်ခြင်းကို ကိုယ့်ထမင်းကိုယ်စားခံရပြန်ပါတယ်… ဒါပေမဲ့ ကျွန်မကလဲ သူတို့ ပြောချင်ရာပြော ကိုယ်မကြိုက်တာ ကြိုက်တာထက် သူများကို နားမုဒိန်းကျင့်ပြီးမှ ရမဲ့လုပ်ငန်းမျိုးက ကျွန်မနဲ့ မကိုက်ဘူးဆိုတာ ရှင်းရှင်းကြီး သိထားလို့ပါပဲ… ဒီလုပ်ငန်းမျိုးကို ကျွန်မက ဇွန်ဘီ Marketing လို့ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားပါတယ်… ကိုယ်ကိုက်ခံရပြီးရင် သူများကို ဆက်ကိုက်ဖို့ပဲရှိပါတယ်… ကျွန်မအမြင်ကို ဥပမာပေးတာသပ်သပ်ပါ… ဒီလုပ်ငန်းမှားတယ် မှန်တယ် မပြောလိုပါဘူး… တချို့တကယ်အပြောကောင်းသူတွေအတွက်တော့ အလုပ်ဖြစ်ရင်ဖြစ်မှာပါ…

ကိုယ့်ကိုပြောမရတဲ့အဆုံး အဖတ်တောင်မလုပ်ပဲ ကျောက်ခဲရေညစ်တောင် ထွက်အုံးမယ်… ဒီဟာမ ဘာအဆံမှ မရှိပါဘူးလေဆိုတဲ့ ပုံစံမျိုးနဲ့ အကြည့်ခံပြီး လမ်းခွဲခဲ့ပါတယ်… ကျွန်မစိတ်ထဲမှာလဲ အဲဒိကောင်လေးကို မိတ်ဆွေစာရင်းထဲမှ Shit+Delete လုပ်လိုက်ပါတယ်… သူလဲ ကျွန်မလို ကျောက်ခဲရေညစ်ကို ထပ်မဆက်သွယ်တော့ပါဘူး…





ကြွေးယူပြုံးပြုံး ကြွေးတောင်မုန်း


ဒီစကားပုံလေးကို ရင်းနှီးပြီးသားဖြစ်မှာပါ… ကျွန်မ သူများဆီက ပိုက်ဆံချေးရမှာ အလွန်တရာမှ ဝန်လေးပါတယ်… ချေးခဲ့ရင်တောင် ပြန်ပေးနိုင်မဲ့ အခြေအနေမျိုးရှိမှ ပြန်ပေးမဲ့ရက်ကို အသေအချာပြောပြီး ချေးပါတယ်… ထိုနည်းတူစွာ ကိုယ့်ဆီက ပိုက်ဆံလာချေးတဲ့သူရှိရင်လဲ ဘယ်တော့ ပြန်ဆပ်မှာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မပွင့်ပွင့်လင်းလင်းမေးလေ့ရှိပါတယ်… ဒီလိုမှပဲ ကိုယ့်အတွက်လဲ အဆင်ပြေမယ့် ပမာဏ ဖြစ်သလို သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်နဲ့ကိုက်ပြီး ကိုယ့်ပေးစရာရှိတာတွေကိုလဲ စီစဉ်လို့ရအောင် ငွေလည်ပတ်မှု အခက်မတွေ့အောင် ပြင်ဆင်လို့ရမှာပါ… (နှစ်နဲ့ချီပြီးကြာမယ်ဆိုရင်တော့ ငွေတန်ဖိုးကိုပါ ထည့်တွက်ရတော့မှာပေါ့… ခင်မင်မှုနဲ့ ယုံကြည်မှုပေါ်လဲ မူတည်တာပေါ့နော်..) ထားပါတော့…

ကျွန်မနဲ့ ရင်းနှီးတာ အတော်လေးကြာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… ၂၀၀၃ လောက်ကတည်းကပါ… ဒါပေမဲ့ ကျောင်းသားဘဝကတည်းကလဲ အပြင်မှာတော့ သိပ်မတွေ့ဖြစ်ကြပါဘူး…. မြန်မာသင်္ကြံန်တို့ ကျွန်မအိမ်မှာ အလှူလုပ်မှတို့ တွေ့ဖြစ်ပါတယ်… ၂၀၀၆ အကုန် လောက်မှာ သူလဲ သူ့ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေပါပြီ… အဆက်အသွယ်လဲ အတော်ပြတ်နေခဲ့တာပါ… သူရုတ်တရက်ဖုန်းခေါ်ပြီး တွေ့ချင်တယ်ပြောတော့ မတွေ့တာကြာပြီလေဆိုပြီး တွေ့ဖြစ်ခဲ့ပါတယ်… ညစာတူတူစားရင် စကားတွေဖောင်ဖွဲ့ဖြစ်ခဲ့ပါတယ်… ဒီလိုနဲ့ ၂ခါလောက်တွေ့ဖြစ်ပါတယ်… ထိန်းမရတဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမှုက “အော်…. ငါ့ကိုခင်ရှာသားပဲ” ဆိုတာကြီးပါပဲ…


ဒီလိုတွေ့ပြီး ၁ပတ်လောက်ကြာတော့… ဖုန်းဆက်ပြီး ပိုက်ဆံ ၃၀၀ ချေးပါတယ်… ကိုယ်မမေးခင်ပဲ လကုန်ရင်ပြန်ဆပ်မယ်လို့လဲပြောပါတယ်… ဒီလိုနဲ့ကိုယ်လဲ လွှဲပေးလိုက်ပါတယ်… အဲဒိအချိန်ကစပြီး အဆက်အသွယ် ပြန်ပြတ်သွားပါတယ်… ပိုက်ဆံကို စိုးရိမ်လို့မဟုတ်ပါ… သူအရင်ရက်တွေက တွေ့ချင်ခဲ့တယ်ဆိုတဲ့ Motive က ပိုက်ဆံချေးချင်လို့များလားဆိုတဲ့ အတွေးမျိုး တွေးမိခဲ့တဲ့ ကျွန်မကပဲ သူငယ်ချင်း စိတ်ဓာတ်မရှိတာလား… “အော်… သူငယ်ချင်းဆိုတာ အရေးကြုံရင် ကူညီရမှာပဲလေ” ဆိုပြီး ကိုုယ့်စိတ်ကိုယ် ပြန်ဆုံးမဖြစ်ခဲ့တယ်…
ဒါပေမဲ့ သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်မှာ ပြန်မဆပ်ပါဘူး… ၁လတိတိထပ်စောင့်ပါတယ်… ပြန်မဆပ်သလို ဘာ့ကြောင့်ပြန်မဆပ်ဖြစ်ကြောင်း… ဒါမှမဟုတ် “သူငယ်ချင်းရယ် နင့်ပိုက်ဆံငါသတိရပါတယ်… အဆင်မပြေသေးလို့ နောက်ပြန်ဆပ်မယ်နော်” ဆိုတဲ့ စကားမျိုးတောင် မလာပါဘူး… ခုတော့ လုံးလုံး အမေ့ခံသလိုဖြစ်နေတော့ ကိုယ်က ထုတ်တောင်းရပါတော့တယ်… ပိုက်ဆံကို ပြန်မဆပ်ချင်ရင် အစကတည်းက ချေးတယ်လို့ မသုံးနှုန်းပါနဲ့… ပေးပါ လို့သုံးနှုန်းပါ… ဒီလိုဆို ကိုယ်စေတနာရှိသလောက် ကူညီနိုင်သလောက် ပေးပါမယ်… ချေးတယ် ပြန်ဆပ်မယ်ဆိုပြီး အမေ့ခံတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါ…


ဒီလိုနဲ့ကိုယ်က တောင်းတော့ “ဘယ်လိုဖြစ်နေလဲ ပေးမှာပေါ့… ဒီပိုက်ဆံလောက်လေးနဲ့များ… ငါ့ဦးလေးတွေက ဒီမှာ သူဋ္ဌေးတွေပါ… နင့်ပိုက်ဆံကို စိတ်မပူပါနဲ့” ဆိုပြီး စိတ်မရှည်သလိုလို ပြန်တောင်းတဲ့သူကပဲ အလွန်လိုလေသံမျိုးနဲ့ပြောပါတယ်… နောက်ဆုံးတော့ ကျွန်မရဲ့ ခေါင်းမာမာနဲ့ ပြန်တောင်းမှုကြောင့် ပြန်ရလိုက်ပါတယ်… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ “ငါတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံလိုက်ရပြီ… သူငယ်ချင်းတစ်ယောက်တော့ ဆုံးပြန်ပြီ” ဆိုပြီး ခုလုခုလုနဲ့ စိတ်မကောင်းဖြစ်ရပါတယ်… 




ကြားမှာအဆက်အသွယ် ပြန်ပြတ်သွားပေမဲ့ ၂၀၁၀ လောက်မှာ သူဆက်သွယ်လာပြန်ရော… ဒီလိုပဲ တွေ့ရအောင် သူကျွေးမယ်ဆိုပြီး ခေါ်ပါတယ်… သူလဲ တော်တော်လေး အဆင်ပြေနေလို့ အရင်က ကိစ္စကိုလဲ သင်ပုန်းချေချင်လို့ခေါ်တယ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ မိတ်ဆွေမဆုံးဘူးဆိုတဲ့ အပျော်နဲ့ပေါ့… မတွေ့ဘူးငြင်းရင် ကိုယ်က အရင်ကိစ္စအတွက် စိတ်ထဲထားပြီး မခေါ်မပြောဖြစ်တယ်ဖြစ်မှာစိုးလို့ တွေ့ဖြစ်ပြန်ပါတယ်…
အင်းလေးမှာ ကျွန်မကို ရှမ်းခေါက်ဆွဲနဲ့ အကြော်စုံတစ်ပွဲကျွေးပါတယ်… သူအဆင်ပြေနေကြောင်း… အလုပ်က Bonus တွေ အရမ်းရကြောင်း… မကြာခင်လဲ ရာထူးတက်တော့မဲ့အကြောင်းပြောပါတယ်… ကြားရတာ ဝမ်းသာသလို အားလဲကျပါတယ်… နောက်ရက်ထပ်တွေ့တော့လဲ အော့ချက်က food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားပြီး ပြောဖြစ်တာတွေက သူရန်ကုန်မှာ အိမ် ဝယ်နိုင်ပြီဆိုတဲ့အကြောင်း မှတ်မှတ်ရရပြောလို့… ကိုယ်က သူ့ထက် အရင်ကျောင်းပြီးပြီး ရန်ကုန်က ရွှေပုန်းညက်တို့လို အိမ်ယာတွေမှာ ဝယ်ဖို့မပြောနဲ့ ကျောင်းသားဘဝ ချေးထားတဲ့ bank Loan တွေ ကြေခါစပဲရှိလို့ အားကျမိပြန်ရော… နောက်ပြီး သူ့အလုပ်က စပွန်ဆာပြီး ဒီဂရီဆက်တက်မှာဖြစ်သလို လီကွမ်ယုရဲ့ ပညာတော်သင်ဆုကိုလဲ သူလျှောက်ထားတာ ရတော့မည်ဖြစ်ကြောင်း… သူစာတော်သည်ကိုလဲ သိပါသည်... ဒီတော့လဲ ဟုတ်ရင်လဲ ဟုတ်မှာပါလေလို့ပဲ စိတ်ထဲက ယုံလိုက်ပါသည်… သူ့ကုမ္ပဏီက Bonus တွေ အများကြီးရတယ်ဆိုတာလဲ အဲဒိမှာလုပ်နေတဲ့ တခြားမြန်မာအသိတွေဆီကသိတော့ သူလိမ်တာမဟုတ်ဘူးဆိုတာသိပါတယ်… ကိုယ်ကတော့ မျက်လုံးလေး အဝိုင်းသားနဲ့ အားကျစွာနားထောင်ခဲ့ပါတယ်… 


သိပ်မကြာပါဘူး နောက် ၃ ၄ရက်လောက်ကြာတော့ ပိုက်ဆံ ၂၀၀ လောက်ချေးဖို့ မတ်စေ့ရောက်လာပါတယ်… သူငယ်ချင်းတစ်ယောက်နဲ့ ဖိလစ်ပိုင်ကို အလည်သွားမလို့ ၂၀၀ လောက်လိုနေလို့တဲ့… ဒီတော့ ကျွန်မက ဘယ်တော့ ဆပ်မှာလဲလို့ မေးသလို… ဆပ်မယ်ပြောတဲ့နေ့ ပြန်ဆပ်မှာ သေချာလားလို့မေးပါတယ်… ကျွန်မပိုက်ဆံကို ခင်မင်မှုတစ်ခုတည်းကြောင့် ဒီလိုပဲ ပေးလိုက်ရမှာ ဒီမေးခွန်းတော့ ကျွန်မမှာ မေးပိုင်ခွင့်ရှိတယ်လို့ထင်ပါတယ်… ဘဏ်တွေမှာ ချေးရင်တောင် မဆုံးနိုင်သော အထောက်အထားနဲ့ သပ်သေတွေပေးရပါသေးတယ်… အပေါင်တွေထားရပါသေးတယ်… သူ့ဘက်ကပြောတော့ “၂ဝဝလောက်လေးနဲ့ဟာ” တဲ့… ဒီကိစ္စမှာ ပိုက်ဆံထက်… ကျွန်မဘက်က ခံစားရတာက ချေးလိုက်လို့ ဟိုတစ်ခေါက်ကလိုဖြစ်ရင် ဒီတစ်ခါတော့ မိတ်ပျက်မယ် (အချိန်တန်လို့ မဆပ်ရင် ပြန်တော့တောင်းရမှာပဲလေ… ခင်မင်မှုကြောင့် ဒီတိုင်း အလွတ်ချေးပြီး အတိုးတောင်မှ မယူတာ… ပိုက်ဆံချေးပြီးရင်တော့ ပြန်ဆပ်သင့်တယ်လို့ထင်တယ်...) နောက်တစ်ခုကတော့ ခင်မင်မှုကို အယောင်ပြ အလွဲသုံးစားလုပ်တယ်လို့ ခံစားရတာပါ…

ကျွန်မမှာလဲ မလွယ်သေးဘူးလို့ပြန်လိုက်တော့… “နင်က ဘာတွေကုန်နေလို့လဲ… နင်မချေးချင်တာ ငါသိပါတယ်… သူငယ်ချင်းလိုသဘောထားလို့ ချေးတာ” ဆိုတဲ့ မတ်စေ့နဲ့ အဆုံးသတ်သွားပါတယ်… ကျွန်မ စိတ်မကောင်းဖြစ်ပါတယ်… ဒါပေမဲ့ ပိုက်ဆံမချေးခင် ၁ပတ်လောက်အလိုမှ သတိတရတွေ့ချင်တဲ့ သူငယ်ချင်းမှာ ကျွန်မထင်နေတဲ့ ခင်မင်မှုမျိုး မရှိဘူးဆိုတာတော့ သိလိုက်ပါတယ်…

ကျွန်မ ဝေခွဲလို့မရတာတစ်ခုက ခုလိုမျိုး မိတ်ဆွေက နက်ဝေါ့မားကဒ်တင်းဝယ်ခိုင်းတာပဲဖြစ်စေ… ပိုက်ဆံချေးပြီး ကတိမတည်တတတ်တဲ့ သူငယ်ချင်းမျိုးတွေကို ကျွန်မငြင်းလိုက်မိတာ ကျွန်မသူငယ်ချင်းကောင်း မပီသရာကျသလား… သဘောထားသေးသိမ်ရာကျလား… သေချာတာကတော့ ကျွန်မမိတ်ဆွေတွေလိုသမျှအားလုံးကို ကျွန်မမှာလဲ အပိုမရှိပါပဲနဲ့ လိုက်ကူနေတာဟာလဲ ၂ဦးလုံးအတွက် မှန်ကန်တဲ့ ကူညီမှုမျိုးမဟုတ်ဘူးဆိုတာကိုပဲ…
ဒါမှမဟုတ် ခင်မင်မှုမှာ ကံခေပြီး အဖြည့်ခံ လိုမှပဲကိုယ့်ကို ခေါ်ပြောချင်တာဟာ ကျွန်မကပဲ ခင်စရာမကောင်းသူတစ်ယောက် ဖြစ်ကောင်းဖြစ်နေလိမ့်မလားလို့ သံသယဝင်မိပါတော့တယ်…



All Photos get from Google

Monday, October 31, 2011

ဂျင် ကစားမလို့ (သို့) စကာင်္ပူရောက် အလွဲများ ၁၁

ကျွန်မ ဖေဖေက သားသမီးတွေနဲ့ ပျော်ပျေုာ်ပါးပါးနေတတ်ပြီး အလိုလိုက်တဲ့ အခါတွေရှိသလို သူပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ အရာတွေလဲ ရှိပါတယ်... ဥပမာ ဖဲရိုက်ခြင်း လောင်းကစားလုပ်ခြင်း အရက်သေစာ ဘီယာသောက်ခြင်း နဲ့ ငယ်ငယ်ကဆိုရင် အချစ်ဝတ္တုဖတ်ခြင်းစတာတွေပါ... အချစ်ဝတ္တုဆိုတာကို မဗေဒါ အစအဆုံး မနေ့တနေ့ကမှ ဖတ်ဖူးတာပါ... ဒါကြောင့် မဗေဒါကို အချစ်ဝတ္တုနဲ့ပတ်သတ်လို့ လာပြောရင် ဘာမှမသိသလို စာဖတ်လဲ နှေးလှပါတယ်... ငယ်ငယ်က ရှားလော့ဟုမ်းတို့ ရွှေဥဒေါင်းတို့တော့ဖတ်ပါတယ်... အချစ်ဝတ္တုတွေဖတ်ပြီး အတုယူမှား စိတ်ကစားမှာစိုးရိမ်လို့ပါတဲ့... ဒါပေမဲ့ ခုလိုရင့်ကျက်လာတဲ့အရွယ်မှာတော့ အချစ်ဝတ္တုဖတ်ခြင်းကို မတားမြစ်တော့ပါဘူး...

သို့သော် အရက်သေစာ ဘီယာ မူးယစ်စေတဲ့အရာမှန်သမျှ သောက်သုံးခြင်းနဲ့ ဖဲရိုက်ခြင်း လောင်းကစားခြင်းကိုတော့ ပြင်းပြင်းထန်ထန်တားမြစ်ထားပါသေးတယ်... ဥပမာဆိုရင် ခုခေတ်ကြီးမှာ မိန်းကလေးတွေ ဘီယာ အရက်သောက်တာနဲ့ပတ်သတ်လို့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်လို့ သောက်ကြတာကို ဘာမှ အပြစ်ပြောစရာမရှိဘူးလို့ အိမ်မှာပြောမိတာတောင်... ဖေဖေက ကျွန်မက ကိုရီးယားကား ဂျပန်ကားတွေကြည့်ပြီး မိန်းမအရက်သောက်တာကို အတုယူချင်လို့ သွေးထိုးဆန်းပြီး ပြောတယ်လို့ ထင်လိုထင်... ဒါနဲ့ ပတ်သတ်ရင် အဲဒီလောက် စပ်စပ်ထိမခံဘူး... ကျွန်မလို အသက်အရွယ်ရောက်နေသူအတွက် အရက် ဘီယာကို မိဘတားမြစ်ထားလို့ မသောက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး... ဘယ်ကမှလဲ အတုယူတာမဟုတ်ပါဘူး... တကယ်လို့ ကျွန်မသောက်ချင်စိတ်ရှိရင် ကိုယ့်လုပ်တာကို ကိုယ်တာဝန်ယူနိုင်ရင် သောက်ချင်သောက်မှာပါပဲ... သို့သော် ၁ အချက်က ဘာသာရေးအရတွေးလဲ ဘုရားကတောင်တားမြစ်ထားတဲ့အရာ အဲဒါသောက်မှ ပျော်ရရွှင်ရတယ်ဆိုတာကို လက်မခံပါဘူး... နောက်တစ်ချက်က ဒီလောက် ခါးတူးနံစော်နေတဲ့ အရည်တွေကို Coke တို့ Sprite တို့တောင် မသောက်နိုင်တဲ့ ကျွန်မက ဘယ့်နှယ့်လာ သောက်နိုင်မတုံး... ကိုယ်ကိုတိုင်ကိုက မကြိုက်လို့ မသောက်ဖြစ်ပါဘူး... ဒိအတွက် ဘယ်အပေါင်းအသင်း သူငယ်ချင်းမှကလဲ "ဒီအရွယ်ထိ အိမ်ကြောက်တုန်း" တို့ဘာတို့နဲမြှောက်ပင့်ပေးလို့ မရပါဘူး... သူငယ်ချင်းတွေထဲမှာ သောက်နေတဲ့သူတွေရှိလဲ ကျွန်မကတော့ အထင်သေးခြင်း ရှုံ့ချခြင်းရှိမှာ မဟုတ်ပါဘူး... အားလုံး ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ လူကြီးတွေပဲ...


ထိုနည်းလည်းကောင်းပါပဲ... အိမ်မှာ ကလေးကစားစရာ ကဒ်ဂိမ်းလေးတွေနဲ့ ကစားရင်တောင် တစ်ချို့ ဂိမ်းလေးတွေက ဖဲနဲ့ ကစားပုံခြင်းတူတယ်လို့ ဆိုပြီး တစ်ခါတစ်လေ စိတ်တိုင်းမကျတတ်ပြန်ပါဘူး... သို့သော် မဆော့ရဟုတော့မတားပါ... ဖဲဆိုလျှင်လဲ ဖဲထုတ်ကိုသာ မြင်ဖူးပြီး ဖဲရိုက်နည်းဆို၍ ယခုချိန်ထိ တစ်နည်းမျှပင်မတတ်ပါလေ... ထိုသို့သော ကျွန်မနှင့် ကျွန်မ၏ဖေဖေတို့ ၁ရက် လွဲကြပုံကတော့ဖြင့်....

ကျွန်မဟာ အလုပ်ပြီးရင် တစ်ခါတစ်လေ အလုပ်က Gym မှာ အားကစားသွားလုပ်လေ့ရှိပါတယ်... အဲလိုလုပ်မယ်ဆို အိမ်ပြန်နောက်ကျတတ်တော့ အိမ်ကို အလုပ်မသွားခင်ကြိုပြောသွားပါတယ်... ပုံမှန်ဆိုရင်တော့ ကျွန်မက "အလုပ်ပြီးရင် အားကစားလုပ်မလို့ နောက်ကျမယ်" လို့ပဲ ပြောလေ့ရှိလား... "အလုပ်ပြီးရင် Gym သွားကစားမယ်" လို့ပဲ ပြောလေ့ရှိလား ကျွန်မလဲ သတိမထားမိပါဘူး... များသောအားဖြင့်တော့ မေမေ့ကိုပဲ ပြောသွားလေ့ရှိတယ်ထင်ပါတယ်...

၁ရက်တော့ ကျွန်မက အလုပ်သွားဖို့ ပြင်ဆင်ရင်း ဖေဖေက ဧည့်ခန်းမှာထမင်းစားနေတာတွေ့တော့ "သမီး အလုပ်ပြီးရင် အလုပ်ကလူတွေနဲ့ ဂျင်သွားကစားမယ်" လို့ ခါတိုင်းလိုပဲ ပြောလိုက်ပါတယ်...

အဲဒါကိုလဲ ကြားရော ကျွန်မဖေဖေက ဒေါသအမြတ်ထွက်နေတဲ့ မျက်လုံးတွေနဲ့ လေသံကလဲ မာပြီး ကျွန်မကို ပြန်ပြောတယ်... "ဘာပြောတယ်! ဘာသွားကစားမယ်?!"
ကျွန်မကလဲ အစထဲက အသံက ကျယ်ကျယ် ပြီးတော့ ကိုယ့်အဖေက ကိုယ်လဲ ဘာမှအမှားမလုပ်ပဲနဲ့ အသားလွတ်ကြီး လာအော်တော့ နည်းနည်းလေးတင်းသွားပြီး...
"ဂျင်သွားကစားမယ် ပြောတာလေ... ဘာဖြစ်လို့လဲ" လို့ခပ်စပ်စပ်မေးမိတာပေါ့... ကျွန်မစိတ်ထဲ ဖေဖေ ဘယ်ကိစ္စနဲ့ ကျွန်မကို အမြင်မကြည်ဖြစ်နေလဲလို့ပဲထင်တာပေါ့...
ဖေဖေက ပိုဒေါသထွက်လာပြီး ထမင်းပန်းကန်တွေပါတွေ စားပွဲပေါ်တင်ပြီး "ဘာပြောတယ်?!" ဆိုပြီး အခြေတင်ဖြစ်ခါနည်း ဆဲဆဲမှ မေမေက နောက်ဖေးကထွက်လာပြီး ကျွန်မတို့ရဲ့ ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုက်ပါတော့တယ်...


"မဟုတ်ဘူး... သူက အလုပ်ပြီးရင် အားကစားသွားလုပ်မယ်ပြောတာ... လောင်းကစား လေးကောင်ဂျင်တို့ဘာတို့ သွားကစားမှာ မဟုတ်ဘူး..."
ကျွန်မဘက်ကိုလှည့်ကာ "နင့်အဖေက Gym ဆိုတာကို လေးကောင်ဂျင်တို့ဘာတို့ စတဲ့ လောင်းကစားသွား ကစားမယ်ထင်နေတာ" လို့ ဖြေရှင်းလိုက်မှပဲ ကျွန်မလဲ ရယ်မိပါတော့တယ်... နောက်မို့ဆို Gym ကစားမယ်ပြောမိလို့ အရိုက်ခံရမဲ့ အပေါက် လွဲချက်က...

ဒိထက်ရီရတာရှိသေးတယ်... ဖေဖေက မေမေ့ကို မင်းက ဘယ်လိုသိလဲလို့မေးတော့... ကျွန်မမေမေက သူ့ရဲ့ Story ကို ပြောပြတော့ ပို၍ပင် ရီချင်စရာကောင်းနေပါတော့တယ်...

လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မတို့ အိမ်မှာ ကျောင်းသူ အိမ်ငှားကောင်မလေးတစ်ယောက်ရှိပါတယ်... မေမေတို့က မိဘနဲ့ဝေးပြီး ကျောင်းလာတက်နေတဲ့ ကလေးတွေကို သနားတတ်တော့ အိမ်မှာနေတဲ့သူလဲ ကိုယ့်သားသမီးလိုပဲ ကိုယ်ချက်တဲ့ ထမင်းကျွေးပါတယ်...

တစ်ရက် အဲဒိကောင်မလေးက ညနေပိုင်း အပြင်ထွက်ဖို့ ဖိနပ်စီးနေတဲ့ အချိန်မှာ မေမေက...

"သမီး ဘယ်သွားမလို့လဲ... ထမင်းစားသွားအုံးလေ" လို့ပြောတော့

သူက "သမီး ကျောင်းမှာ ဂျင် "Gym" သွားဆော့မလို့ " လို့ဖြေတော့...

မေမေက ထမင်းတောင်မစားနိုင်ပဲ လောင်းကစားသွားလုပ်မဲ့ ကလေးတစ်ယောက်အတွက် စိတ်ပူပြီး ဆုံးမပါတော့တယ်...
"ကလေးရယ် လောင်းကစားဆိုတာ မကောင်းပါဘူး... သမီးတို့ကျောင်းမှာ လောင်းကစားလုပ်လို့ရတယ်ဟုတ်လား? ဒုက္ခပါပဲ... "

အဲဒိတော့မှ အိမ်ငှားကောင်မလေးလဲ ခေါင်းထဲက Question mark မျိုးစုံထွက်သွားပုံရတယ်...

"အန်တီ သမီးပြောတာ အားကစားသွားလုပ်မလို့... Gymnasium ကိုပြောတာ" ဆိုတော့မှ

ကျွန်မမေမေလဲ... "အော် သိပါဘူးကွယ်... လေးကောင်ဂျင်တို့ဘာတို့ လောင်းကစားသွားလုပ်မယ်ထင်လို့ပါ" ဆိုပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရဖူးတော့ Gym ဆိုတာ လောင်းကစားမဟုတ်မှန်း အဲဒိကတည်းက ကောင်းကောင်းကြီးသိသလို ကျွန်မနဲ့ ကျွန်မဖေဖေကြားက နားလည်မှု လွဲမှားခြင်းကိုလဲ ဘာဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့သကိုး...

Saturday, July 03, 2010

ဖြစ်တတ်ပါတယ် (သို့) စကာင်္ပူရောက် အလွဲများ 10

စိတ်ညစ်စရာသတင်းတွေ တင်နေလို့ လာလည်တဲ့ စာဖတ်သူတွေလဲ စိတ်တွေလေးလံကုန်ကြပြီထင်တယ်... စိတ်ညစ်စရာရှိရင် ခဏတဖြုတ်ညစ်လိုက်... ကိုယ်ဘာမှ မတတ်နိုင်တဲ့ စိတ်ညစ်စရာဆိုရင် မြန်မြန် စိတ်လျော့ပြီး ကိုယ့်စိတ်ကို ကိုယ်ပျော်အောင် ပြန်ထားလိုက်... ဒီလိုပြောလို့ မဗေဒါလဲ အမြဲဒီလို လုပ်နိုင်နေတယ်လို့ မထင်ပါနဲ့... တစ်ခါတစ်လေတော့ ကိစ္စ အကြီးအသေးပေါ်မူတည်ပြီး မဗေဒါ မြန်မြန် let go မလုပ်နိုင်တာတွေ ရှိပါတယ်... ခု မဗေဒါလဲ ကိုယ်ကြိုက်တဲ့ ကိုရီးယားမင်းသားအကြောင်း ဝေမျှရင်း အားလုံးကို စိတ်ညစ်အောင် လုပ်မိလိုက်ပြီ... ဒီတော့ မဗေဒါရဲ့ ပေါ်မလာ အတော်ကြာနေတဲ့ အလွဲအခန်းဆက်လေးနဲ့ ပြန်ဖြေသိမ့် ရပါအုံးတော့မယ်...

--------------------------- ။ --------------------------------

မဗေဒါလဲ အလွန်မှကို လွဲတတ်သကိုး... စကာင်္ပူရောက်စက မြန်မာပြည်မှာ မမြင်ဘူးတာ မစားဘူးတာ မကြားဘူးတာတွေ မြင်ရကြားရပြီး ခဏ ခဏလွဲနေတော့တာ... တချို့ အလွဲတွေဆို ပြန်ပြောပြဖို့ ရှက်လို့ မရေးတာပဲကောင်းမယ်ဆိုပြီး လျှိုထားတာလေးတွေတောင်ရှိသေး... လျှိုရင်း လျှိုရင်းနဲ့ အလွဲတွေ မရေးဖြစ်တာ ကြာပေါ့... ဒီတော့ ကိုယ်ပေါင် ကိုယ်လှန်မထောင်းတော့ပဲ ဒီတစ်ခါတော့ သူများလွဲတာလေး ပြောပြချင်တယ်... ဟဲ... ဟဲ... ဒါပေမဲ့ သူများလွဲတာက ကိုယ်လွဲတာလောက်တော့ မဆိုးပါဘူး...

ကျမတို့တွေ ဒီမှာ တခါတလေ တခြားနိုင်ငံကလူတွေနဲ့ အလောတကြီးစကားပြော ဆက်ဆံရတဲ့အခါပဲဖြစ်ဖြစ်၊ သိပ်ရင်းနှီးတဲ့ တခြားနိုင်ငံကသူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ယောင်ယောင်ပြီး မြန်မာလိုသွားသွားပြောတတ်တယ်... သူတို့လဲ ဒီအတိုင်းပဲ ကိုယ့်ကို သူတို့နဲ့ တူတူထင်ပြီး တရုတ်လိုတွေ လာပြောတတ်တယ်... နောက်မှ အော် သူတို့က ငါနဲ့မှ နိုင်ငံမတူ ဘာသာစကားချင်းမှ မတူတာဆိုပြီး သတိရသွားတာရှိတယ်... ဒါပေမဲ့ မဗေဒါ မေမေယောင်တာကျတော့ တစ်မျိုးရှင့်... မြန်မာလိုနဲ့ အင်္ဂလိပ်လိုကို ရောပြီးယောင်တာ... ဟဲ... ဟဲ... (ဒီပိုစ့်ကိုရေးပြီး အိမ်ပြန်ရင်တော့ ဒုတ်ကောက်သွားရမယ်ထင်တယ်... )

မေမေက အိမ်မှာ အမြဲ စျေးသွားဝယ်နေကျလေ... သူ့ဟာနဲ့ သူတော့ စျေးရောင်းတဲ့ တရုတ်မကြီးတွေ မလေးမကြီးတွေနဲ့ communicate လုပ်တာ ဖြောင့်လို့... တနေ့တော့ Wet Market မှာ... (အော်.. စကာင်္ပူမှာက စျေးဝယ်ရင် Super Market နဲ့ Wet Market ဆိုတာရှိတယ်... Wet Market ဆိုတာ မြန်မာပြည်က စျေးတွေလို အလေးချိန်နဲ့ရောင်းတာ super market တွေလို ပတ်ကင်ထုတ်ထားပြီးရောင်းတာမဟုတ်ဘူး... မနက်ပိုင်းပဲ ဖွင့်တယ်... )

အသားဝယ်တော့ မလေးမကြီးကမေးတယ်.... Cut? Cut? (ခုတ်မှာလား ပေါ့)... (ဒီမှာက အခြေခံ အတန်းအစားက လူတွေကလဲ အင်္ဂလိပ်လို ကောင်းကောင်းမတတ်ကြတော့ Verb တစ်လုံးတည်းပြောပြီး အလုပ်ဖြစ်နေတတ်တယ်လေ...)...

မေမေကလဲ သေချာမကြားလိုက်တော့ ခေါင်းညိတ်ပြလိုက်မိတယ်... နောက်မှ ဓားမကြီးမလိုက်တော့မှ ခုတ်မှာလားမေးတာသိပြီး... အမြန်ပြန်ပြီး ယောင် ပြောလိုက်မိတာက....

" မ Cut !!!! မ Cut !!!!" တဲ့...

ဒီတော့ မလေး မိန်းမကြီးလဲ အူကြောင်ကြောင်ဖြစ်ပြီး အမေ့ကို ကြည့်နေတာပေါ့... နောက်မှ "No Cut... No Cut" ဆိုပြီး အလုပ်ဖြစ်သွားတယ်...
အင်္ဂလိပ်လို ဆက်သွယ်နေကြတာ ဖြောင့်နေတာပဲနော်... အင်္ဂလန်က အင်္ဂလိပ်အစစ်တောင် အဲဒိစျေးမှာ စျေးဝယ်တတ်မှာမဟုတ်ဘူး .. ဟား... ဟား...

အဲလိုစကားပြော အသုံးအနှုန်းတွေနဲ့ ပတ်သတ်ပြီး ရီစရာလေး တစ်ခုရှိသေးတယ်... ကျွန်မတို့နဲ့ အရင်က အတူနေတဲ့ အစ်မကြီးက တရုတ်စပ်တယ်... ပုံမှန်တော့ အိမ်မှာ ချက်စားတတ်တယ်... ဒါပေမဲ့ ကြာတော့လဲ ညဉ်းငွေ့မှာပေါ့... အပြောင်းအလဲ စားချင်မှာပေါ့... အိမ်နားမှာ ကျွန်မတို့ မိသားစု သွားသွားစားနေကျ ကုလားမုန့်တွေရောင်းတဲ့ဆိုင်ရှိတယ်... တနေ့ စကားစပ်မိတော့ အဲဒိ အစ်မကြီးက သူလဲ အဲဒိ ကုလားဆိုင်မှာ တစ်ခါတစ်လေစားချင်ကြောင်း... ဒါပေမဲ့ သူက ကုလားမုန့်တွေကို ဘယ်လိုပြောပြီး မှာရမှန်းမသိကြောင်းပြောတော့... ကျွန်မတို့တွေကလဲ ဝမ်းသားအားရပြောပြတာပေါ့...

"ဘာမှ မစိုးရိမ်နဲ့ ကုလားမုန့်တွေကို မြန်မာပြည်မှာ ခေါ်တဲ့ နာမည်အတိုင်းပဲ ခေါ်တယ်... တိုရှည်ဆို ဒီမှာလဲ တိုရှည်ပဲ... စမူဆာဆိုရင် ဒီမှာလဲ စမူဆာပဲ... ပလာတာဆိုရင် ဒီမှာလဲ ပလာတာလို့ပဲခေါ်တယ်..."ပြောတော့..

သူက "ဒါဆိုရင် အာလူးပူရီကိုရော" တဲ့... ကျွန်မတို့လဲ သူ့ကို ပြန်ဖြေလိုက်တာပေါ့... "အဲဒါလဲ အတူတူပဲ ပူရီကို လဲ ပူရီလို့ပဲခေါ်တယ်" လို့....

ဒီလိုနဲ့ နောက်နေ့ သူ အဲဒိဆိုင်မှာ စားမယ်ဆိုပြီး ဆင်းသွားရော.... သူပြန်လာတော့ ကျွန်မတို့က "ဘယ်လိုလဲ... စားလို့ကောင်းခဲ့ရဲ့လား" လို့မေးတော့...
သူပြောတာကို ဆိုင်က လူတွေက နားမလည်ပဲ အူကြောင်ကြောင်ကြည့်နေကြလို့ မစားဖြစ်ခဲ့ဖူးတဲ့... ဒီလိုနဲ့ ကျွန်မတို့လဲ မဟုတ်သေးပါဘူး... နားမလည်စရာမရှိဘူး... ခါတိုင်း ကျွန်မတို့လဲ ဒီလိုပဲ ပြောစားနေကြပါ... အဲဒိဆိုင်က လူတွေ သိပါတယ်... ဒါနဲ့ သေချာအောင် ထပ်မေးလိုက်တယ်..

"ဘာမှာစားလို့လဲ... ဘယ်လိုပြောလိုက်လို့လဲ" ဆိုတော့...
"ကျွန်မက အာလူးပူရီစားချင်လို့... သူတို့ကို အာလူးပူရီလို့ ပြောပြီး မှာလိုက်တာလေ" တဲ့....

မှတ်ကရော..... ဒီတော့မှ ကျွန်မတို့လဲ နှဖူးနဲ့ လက်နဲ့သာ ရိုက်လိုက်ချင်တော့တယ်... ကျွန်မတို့တွေက မြန်မာပြည်မှာ အာလူးပူရီလိုခေါ်နေကြလေ... ဒါပေမဲ့ အဲဒိ မုန့်က တကယ်တမ်းတော့ ပူရီလို့ပဲခေါ်တာပေါ့... အာလူးပူရီလို့ သွားပြောတော့ ဆိုင်ကလူတွေက ကြောင်တောင်တောင်ဖြစ်နေတော့မပေါ့... အမှန်ဆိုရင် "Puri with Potato" လို့ မှာရမှာပေါ့... အင်း... သေသေချာချာ စေ့စေ့စပ်စပ် မပြောပြမိလိုက်တဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ချင်ပါတော့တယ်... ကိုယ့် လစ်ဟာမှုကြောင့် သူလဲ ပူရီ မစားခဲ့ရတော့သလိုဖြစ်သွားတယ်... ဒါပေမဲ့ ဘယ်သူကလဲ အဲလို လွဲတတ်လိမ့်မယ်လို့ ထင်မလဲ... မဗေဒါကလဲ ကိုယ်တစ်ယောက်ပဲ လွဲတတ်တယ်မှတ်နေတာကိုးးးး... ခုတော့..............................


စာကြွင်း... အောက်က ပထမဆုံး ကွန်မန့်အရ အာလူးဟာလဲ ကုလားစကားဖြစ်ကြောင်း သိရှိရပါတယ်... ဒါပေမဲ့ ကျွန်မအိမ်နားက စကာင်္ပူ ကုလားတွေကတော့ အာလူးကို မသိပါဘူး... Potato လို့ပြောမှ သိပါတယ်...


Sunday, November 29, 2009

စကာင်္ပူရောက် အလွဲများ ၉ (သို့) ရင်ခုန်ရ လွန်းလို့


တစ်ခါတစ်လေ အလုပ်မသွားချင်တဲ့ ရက်တွေ ဒါမှမဟုတ် တခြားလုပ်စရာရှိတဲ့ ရက်တွေ... ဒါပေမဲ့ ကိုယ့် ခွင့်ရက်ကလဲ မလောက်ဖြစ်နေရင် MC (medical Certificate so called Sick leave) ယူလေ့ရှိကြမှာပါ... မဗေဒါအတွက်တော့ MC ယူလို့ ကိုယ့်ခွင့်ရက်တွေ မရော့သွားတာကို ကြိုက်ပင်မဲ့ တစ်ခါတစ်ခါ ယူလို့ ဆရာဝန်ရှေ့မှာ မရှိတဲ့ရောဂါကို အရှိလုပ်ပြီး လိမ်ရမှာကတော့ အတော်ခက်ခဲတဲ့ကိစ္စပါ... ခေါင်းကိုက်တယ်.. ခေါင်းမူးတယ်... ဗိုက်အောင့်တယ်... ဝမ်းလျှောတယ်ဆိုတာတွေက MC ရောဂါလို့ပြောရလောက်အောင် ရေပမ်းစားတဲ့ ရောဂါတွေပါ... အဲဒါတွေပြောရင်လဲ ဆရာဝန်တွေက နေကောင်းရက်နဲ့ MC လိုချင်လို့ လာမှန်း သိနေကြတော့ ကျောမလုံးပါဘူး... MC သွားယူတိုင်း အဲဒိ လိမ်ရမှာကို စဉ်းစားပြီး စိတ်လှုပ်ရှားတာလဲ MC ယူတဲ့ အခေါက်တိုင်းဖြစ်ပါတယ်... ဆေးခန်းမှာ တန်းစီပြီး ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေတဲ့ အချိန်ထိ "ငါဘာရောဂါပြောရင်ကောင်းမလဲ... ခေါင်းကိုက်တာက ဟိုတစ်ခေါက်က ပြောပြီးလို့ ထပ်မပြောတော့ဘူး... ဝမ်းလျှောတယ်ပြောရင်ကောင်းမလား... ဘယ်နှခေါက်ဝမ်းသွားလဲ မေးရင် ဘယ်လိုဖြေရင်ကောင်းမလဲ... ရောဂါက သိပ်မပြင်းရင်လဲ MC မပေးမှာ စိုးရသေးတယ်... ရောဂါတွေ အများကြီးပြောလိုက်တော့လဲ ပိုက်ဆံအများကြီးကျမှာ စိုးရသေးတယ်..." အဲဒါတွေစဉ်းစားရတာ အတော်လေး စိတ်ဖိစီးပါတယ်... အထူးသဖြင့် ကိုယ်က ကပ်စီးနည်းတော့ ကုမ္ပဏီဆေးခန်းမှာပဲ သွားပြလေ့ရှိပါတယ် (ကုမ္ပဏီဆေးခန်းက ပိုက်ဆံပေးစရာမလိုဘူးလေ)... အဲလိုဆေးခန်းဆိုရင် ဆရာဝန်ကနည်းနည်းရစ်ချင်ပါတယ်... ပေးလဲ ၁ရက်အလွန်ဆုံးပါပဲ...

အဲလို အဲလို စိတ်လှုပ်ရှားမှုတွေနဲ့ ဟိုးတစ်လောက MC သွားယူတော့ ဖြစ်ပုံက... ကိုယ့်အလှည့်ရောက်ခါနီးထိ ဘာရောဂါပြောရမှန်းကမသိဘူး... ပြီးတော့ နှစ်ကုန်ခါနီးပြီဆိုတော့ ကိုယ်ကလဲ ကျန်နေသေးသော များပြားလှတဲ့ MC ရက်ကလေးတွေ အလဟသတ်မဖြစ်အောင် မကြာသေးခင်ကမှ MC ယူထားသေးတော့ ဆရာဝန်က ကိုယ့်ကို မှတ်မိကောင်းမှတ်မိနေမှာ... မမှတ်မိရင်တောင် ကိုယ့်ရဲ့ Medical မှတ်တမ်းစာအုပ်ထဲမှာ မှတ်တမ်းက ရှိနေတာ... ဒီကောင်မလေး အပျင်းကြီးပြီး ဆေးခွင့်ပဲလာလာယူနေတယ် ဆိုပြီး အမြင်ကပ်ပြီး မပေးမှာလဲ ကြောက်ရသေးတယ်...

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ဆရာဝန်ခန်းထဲဝင် ကိုယ့်ကိုကိုယ်လဲ သိပ်ပြီး အားနည်းပျော့ချိနေတဲ့ ပုံစံလေးနဲ့ပေါ့... (အဲဒိအချိန်မှာ ကိုယ့်ကိုကိုယ် ရုပ်ရှင် သရုပ်ဆောင်နေတယ်လို့ သဘောထားလိုက်တယ်... နောက်မို့ဆို လိမ်ရတာ စိတ်မလုံဘူး... ဟတ် ဟတ်...)
ဆရာဝန်ရှေ့ရောက်တော့ စိတ်ကလဲ နည်းနည်းတော့ မလုံမလဲပါဘဲ... သိပ်ပြီး အားနည်းချင်ယောင်ဆောင်ပြီး ပြောလိုက်မိတာက...

" I am having a HEARTACHE " (ကျမ နှလုံးသားတွေ နာကျင်နေတယ်)

အမှန်တော့ ပြောချင်တာက " I am having a HEAD Ache" (ကျမ ခေါင်းကိုက်နေတယ်)

အိုက်တင်ပိုသွားတာ တစ်ခါတည်း အဓိပ္ပါယ်ပါလွဲရော (သရုပ်ဆောင်လုပ်စားရင် ရုပ်ရှင်ကားမထွက်ခင် အကယ်ဒမီရမဲ့ လူစားမျိုး ခစ်... ခစ်).. ဆရာဝန်ကလဲ သိပ်အသက်မကြီးသေးတော့ မျက်လုံးပြူးပြီး...
" HEARTACHE???
ဆိုပြီး သူ့ ရင်ဘတ်နားကို ကိုင်ပြလိုက်တယ်...
ပါးစပ်က ထွက်သွားတည်းက မှားသွားမှန်းသိပါတယ်... ဒါပေမဲ့ ဆရာဝန်ကများ မသိချင်ယောင်ဆောင်ပေးမလားလို့ Heartache မှတော့ ဆေးရုံပဲသွားတော့မှာပေါ့... ပိန်းလိုက်တာ...
သူကအဲလိုပြောတော့မှ ကျမလဲ ရှက်လိုက်တာပြောမနေပါနဲ့... 

" No!! No !!... I mean Head Ache" လို့ ပြန်ဖြေလိုက်တာများ စောစောက ဟန်ဆောင်နေတာတွေ ပျောက်ပြီး ဒေါင် ဒေါင်ကို မြည်နေတာ ပေါ်သွားရော... (သေသာ သေလိုက်ချင်တယ်... ရှက်လိုက်တာ လွန်ရော)

မသိရင် ဆရာဝန်ကို လာပြီး ရှိတ်နေတာ ကျနေတာပဲ... သူ့ကို မြင်တော့မှ Heartache ဆို မှားထွက်ရတယ်လို့... တကယ်ပါ သူ့မြင်ရင်တော့ လိမ်ရမှာရော MC မရမှာကိုရော စိတ်ပူပြီး ရင်ခုန်တာတော့ အမှန်...

ဒီတော့ ဆရာဝန်က ပြုံးပြီး... ကိုယ့်ရဲ့ Batch ကို ကြည့်ပြီး အလုပ်အဆင်ပြေရဲ့လားတဲ့... ဟိုတစ်လောက မင်းတို့အလုပ်မှာ လူတွေ ဖြုတ်တယ်ဆိုတဲ့...

ဒါနဲ့ ကျမလဲ မထူးတော့ပါဆိုပြီး ဟန်မဆောင်တော့ပဲ ပုံမှန်ပဲ ပြောတော့တယ်...
" ဟုတ်ကဲ့... အဲဒိ လူတွေဖြုတ်လိုက်လို့ ခု ကျန်တဲ့သူတွေက အလုပ်တွေ အများကြီးလုပ်နေရတယ်... ဇာတ်တိုက်လုပ်နေရလို့ ခုလို့ ခေါင်းကိုက်သွားတာ... " လို့...

သူက " အလုပ်မှာ ပင်ပန်းလို့လား " တဲ့...

ကျမလဲ နဲနဲတော့ ပိုပြောရတာပေါ့... အရမ်းပင်ပန်းတာပေါ့... အဲဒါကြောင့် တစ်ရက်တစ်လေ နားချင်လို့လို့... ခေါင်းကလဲ နည်းနည်းကိုက်တယ်ပေါ့...

ဒီတော့ ဆရာဝန်က ပြုံးစိစိနဲ့ ဘာမှတောင် မစမ်းဘူး... MC တစ်ရက်ကောက်ပေးလိုက်တယ်... ခါတိုင်းဆို ကိုယ်လိမ်နေမှန်းသိပင်မဲ့ အာသီးလေးကြည့်... နားကျပ်လေးနဲ့ ဟိုစမ်းဒီစမ်းလုပ်သေးတယ်... ဒီနေ့တော့ Heartache ဆိုတဲ့ ရောဂါကို အတော်သဘောကျသွားတယ်ထင်တယ်... MC တန်းပေးလိုက်တယ်... အမြဲတမ်း Heartache ဆိုရင်တော့ ပေးမယ်မထင်ဘူး...

ဒါပေမဲ့ အဲနေ့ကစပြီး ဆရာဝန်ကို မျက်နှာပူလို့ ဟိုနေ့က MC ယူတာတောင် တခြားဆေးခန်းမှာ ပိုက်ဆံပေးပြီးပဲ သွားပြလိုက်တယ်... အင်း... နောက်တစ်ခါ ယူမယ်ဆိုရင်တော့ သူ့ဆီပြန်သွားလို့ ရတန်ကောင်းပါရဲ့... မေ့လောက်ရောပေါ့နော်... နောက်တစ်ခါ ဘာရောဂါပြောရင်ကောင်းပါ့... အကြံဉာဏ်လေးများပေးကြပါအုံး... MC ၂ရက်ရမဲ့ ရောဂါမျိုးဆို ပိုကောင်း... ဟတ် .. ဟတ်... ဒီဇင်ဘာဆိုရင် လူက Holiday mood ဖြစ်ပြီး အလုပ်လုပ်ချင်စိတ်ကို မရှိဖြစ်နေတာ... ခရီးသွားဖို့ပဲ စိတ်ရောက်နေတယ်...


Friday, August 28, 2009

Santa Claus လေလား (သို့) စကာင်္ပူရောက် အလွဲများ (၈)


Photobucket
မဗေဒါတို့ စကာင်္ပူမရောက်ခင်ထဲက ကြားဖူးထားတာတွေရှိတယ်လေ... နိုင်ငံခြားမှာ ဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဟိုဟာလေး လက်ဆောင်ပေး... ဒီဟာလေး လက်ဆောင်ပေး တတ်တယ်... ငယ်ငယ်တုန်းကဆိုရင် ခရစ်စမတ်နီးပြီဆိုရင် ရုပ်ရှင်တွေထဲကလို ဆန်တာကလော့ ဝတ်စုံကြီးနဲ့ တွေ့ရာလူ လက်ဆောင်လိုက်ပေးတတ်တာတို့... Free Gift ဆိုတာတွေရှိတယ်လို့ ကြားဖူးတာကိုး... အဲဒိတုန်းကတော့ Free Gift တွေရဲ့ နောက်ဆက်တွဲမှာ Terms and Conditions တွေ ပါတတ်တယ်မှန်း ဘယ်သိခဲ့မတုန်း...

မဗေဒါ စကာင်္ပူကို ပထမဆုံးစရောက်တာက ဒီဇင်ဘာ လလယ်လောက်ပေါ့... ခရစ်စမတ်နီးနေတဲ့ ရာသီပေါ့... ရောက်ပြီး ၃ ၄ ရက်လောက်နေတော့ မဗေဒါ့ အစ်မက KFC လိုက်ကျွေးတယ်လေ... နိုင်ငံတကာမှာရှိပေမဲ့ ကိုယ့်နိုင်ငံမှာ မရှိတဲ့ KFC ဆိုတော့ ကိုယ်က မမှာတတ် မပြုတတ်နဲ့ အစ်မက ထိုင်ဆိုတဲ့ နေရာလေးမှာပဲ မျက်လုံးလေး ကလည် ကလည်နဲ့ ဘယ်တစိမ်းကများ ငါ့ကို အင်္ဂလိပ်လိုလာပြောမလဲဆိုပြီး အလကားတွေးကြောက်နေတာ (ကိုယ်က အိမ်မှာသာကျယ်ရဲတာ... မြန်မာပြည်ကရောက်စဆိုတော့ သူတို့ရဲ့ စင်းဂလိပ်ကို နားမလည်သေးတာကတစ်ကြောင်း... အင်္ဂလိပ်လို စကားလာပြောမှာကို ကြောက်နေတာ... အဲလို သတ္တိကောင်းတာ)... ဒီလိုနဲ့ ဟိုကြည့် ဒီကြည့်နဲ့ ကိုယ့်ကိုကိုယ် မကြောက်တဲ့ပုံဖမ်းပြီး ခပ်တည်တည်နေတာပေါ့...

ဒီလိုနဲ့ ဆိုင်ထဲကို လျှောက်ကြည့်တော့... အင်္ဂလိပ်လူမျိုးတစ်ယောက် အိပ်လေးနဲ့ တစ်စားပွဲပြီး တစ်စားပွဲ ဝက်ဝံရုပ်သော့ချိတ်လေးတွေနဲ့ အတူ ခရစ်စမတ်ကဒ်လိုမျိုးလေးတွေကို ရိုရိုကျိုးကျိုး လိုက်ပေးနေတာကို တွေ့ရော... တချို့ဝိုင်းတွေကလဲ ယူတယ်... တချို့ဝိုင်းတွေကတော့ ကြည့်တောင် မကြည့်ဘူး လုံးဝ ခေါင်းခါပြီးတော့ကို ညင်းလွှတ်ကြတယ်...
ဒီတော့ ကျမတွေးမိတယ်... ခရစ်စမတ်မို့လို့ လက်ဆောင်လိုက်ပေးနေတာ ဖြစ်မယ်ပေါ့... ဒါတောင် တချို့လူတွေက မယူချင်ကြဘူး... မယူချင်လဲနေပေါ့ ဒီလောက်တော့လဲ အကြောက်အကန်ညင်းလွှတ်စရာလိုပါဘူး... နိုင်ငံခြားများ ကောင်းလိုက်တာ အလကား လက်ဆောင်ပေးတာတောင် ရိုရိုကျိုးကျိုးလေးနဲ့... ငါ့ကို လာပေးလို့ကတော့ ငါလဲ ယဉ်ယဉ်ကျေးကျေးနဲ့ Thank You လို့ ပြောပြီးကို ယူပြစ်လိုက်မယ်...

တွေးနေတုန်းပဲရှိသေးတယ်... အဲဒိ ဘိုက ကျမထိုင်နေတဲ့နေရာလာပြီးတော့ ဝက်ဝံရုပ်သော့ချိတ်လေးရယ် ခရစ်စမတ်ကဒ်လေးရယ် ထုတ်ပေးပါတယ်... ကျမလဲ စိတ်ထဲမှာ အကြိမ် ၁၀၀ လောက်လေ့ကျင့်ထားတဲ့ Thank You တစ်လုံးကို မထွက် ထွက်အောင် ရင်ခုန်စွာပြောလိုက်ပြီး ယူထားလိုက်တာပေါ့... အဲဒိလူက ကျမကိုပေးပြီးတော့ တခြားဝိုင်းတွေဘက်ကို ဆက်ထွက်သွားပြီး လိုက်ပေးတယ်... ဝက်ဝံရုပ်လေးကလဲ ချစ်စရာလေးပေါ့... အလကားရတာဆိုတော့ နဲနဲသေးပင်မဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီဆိုပြီး ပျော်လို့...

နောက်တော့မှ သူပေးတဲ့ ခရစ်စမတ်ကဒ်လေးဘက်ကို ဖတ်ကြည့်လိုက်တော့... သူက ဆွံ့အ နားမကြားသူတစ်ယောက်ဖြစ်ကြောင်း... သူ့ကို ကူညီချင်ရင် အဲဒိ ဝက်ဝံရုပ် သော့ချိတ်သေးသေးလေးကို ၁ခု $5 နဲ့ ဝယ်ယူအားပေးဖို့ ရေးထားပါလေရော... အဲဒိ အချိန်တုန်းက ၅ဒေါ်လာဆိုတာ အတော်သုံးရပါတယ်... KFC ၁ set ကိုတောင် ၃ ဒေါ်လာကျော်ကျော်လောက်ပဲ ရှိသေးတဲ့ အချိန်ပါ... နောက်ပြီး မြန်မာပြည်က ရောက်တာ ၂ရက် ၃ရက်ပဲ ရှိသေးတဲ့ ကျမအတွက် အရာရာကို စျေးမေးပြီးတာနဲ့ မြန်မာငွေ ပြန်ပြန် တွက်တတ်တဲ့ အကျင့်ကရှိနေသေးတာက တစ်ကြောင်း... နောက်ပြီး စကာင်္ပူရောက်စ ကျမရဲ့ Financial ကိုလဲ ကျမအစ်မကသာ ဦးစီးထားတဲ့အတွက်လဲ ကျမမှာ ငွေပို ငွေလျှံမရှိပါဘူး... ဒီလိုနဲ့ပဲ ဆန်တာကလော့ကြီးလို့ ထင်ခဲ့မိတဲ့ ဘိုကြီးရဲ့ Free Gift လေးဟာ... တကယ်တော့ ဗြဟ္မာကြီးဦးခေါင်းလို ကျမလက်ထဲကို ရောက်ရှိနေပါပြီ... လွှတ်ချလိုက်ရလဲ အခက်... ကိုင်ထားတော့လဲ မရနဲ့ဆိုသလို... ပြန်ပေးလိုက်ရမှာ ရှက်လဲရှက်တယ် ဘိုကြီးကိုလဲ ဆွံ့အ နားမကြားဆိုတော့ သနားလဲသနားတယ်... ကျမရဲ့လက်ထဲမှာလဲ ပိုက်ဆံမရှိ... အစ်မလာလို့ သိရင် ဘာလို့ယူထားလဲဆိုပြီး ဆူခံရအုံးမယ်... အခက်ကိုတွေ့ရော...

အစ်မပြန်လာတော့ ကျမလဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တာပေါ့... ထင်တဲ့အတိုင်းပဲ နဲနဲတော့ အပြောခံရတာပေါ့... ဒါပေမဲ့ ကျမကလဲ "ဆန်တာကလော့ ထင်လို့" လို့ပြောလိုက်တော့ သူလဲ ရီချင်တာကို ကျိတ်နေလိုက်ပုံရပါတယ်... ဆက်တော့မဆူတော့ဘူး... အဲဒိဘိုက သူပေးခဲ့ စားပွဲတွေက အရုပ်တွေကို ဝယ်တဲ့သူကိုလဲ ရောင်း... မဝယ်တဲ့သူတွေကိုလဲ ပြန်လိုက်သိမ်းလုပ်နေပါပြီ... ကျမလဲ ပြန်ပေးလိုက်ရမှာလဲ အလွန်မှ မျက်နှာပူပါတယ်... သနားလဲ သနားပါတယ်... ဒါနဲ့ ကျမအစ်မကို ဝယ်ချင်လဲဝယ်... မဝယ်လဲ သူပဲ ပြန်ပေးလိုက်ဖို့ပြောပါတယ်... အမှန်တော့ တခြားဝိုင်းတွေလဲ ဝယ်တဲ့ဝိုင်းက တော်တော်ရှားပါတယ်... ကျမတို့ဝိုင်းရောက်လာတော့ ကျမအစ်မလဲ ကျမကို အနည်းငယ် ညိုညင်ပြီး အဲဒိဘိုကို "Sorry..." ပေါ့... ဆိုပြီး ပြန်ပေးလိုက်ပါတယ်... ကျမလဲ အားတွေနာပြီး... သူ့နောက်က သံယောင်လိုက်ပြီး... ဆောရီး... ဆောရီး...တွေ ဘယ်နှစ်ခါလောက် ပြောလိုက်မိမှန်းတောင် မသိပါဘူး... ဆွံအ နားမကြားဆိုတော့ ကျမပြောတာလဲ သူကြားရဲ့လားတောင် မသိပါဘူး... ကျမကတော့ အဲဒိလူ မျက်နှာတောင် မကြည့်ရဲဘူး... ဖြစ်နိုင်ရင်လေ ငါ့မှာ ဝယ်စရာ ၅ဒေါ်လာ တော့မရှိဘူး.. ငါ့ KFC ကြက်ကြော် ၁တုံးယူစားလို့သာ ပြောလိုက်ချင်ပါတယ်... ဒါပေမဲ့လဲ အဲဒိဘိုလဲ သော့ချိတ်နဲ့ ကဒ်လေးပြန်ပေးလိုက်တာနဲ့ ဒီလိုပဲ ရိုရိုကျိုးကျိုးလေး ပြန်ယူပြီး ထွက်သွားပါတော့တယ်...

မဗေဒါရဲ့ အမှားကို သင်ခန်းစာယူပြီး နောင် စကာင်္ပူလာမဲ့ မောင်ညီမလေးတို့ရေ... တကယ်တန်းကျတော့ စကာင်္ပူမှာ ဆန်တာကလော့ မရှိပါဘူးကွယ်....


Thursday, March 26, 2009

ငိုက်မရှက် (သို့) စကာင်္ပူရောက် အလွဲများ (၇)

ကြိုက်မရှက် ငိုက်မရှက်တဲ့... အားလုံးကြားဖူးကြမှာပါ.. မဗေဒါအတွက်တော့ ငိုက်မိတာ ရှက်စရာတစ်ခုဖြစ်ခဲ့လို့ ပြန်တွေးတိုင်းကိုယ့်ဘာသာကိုယ်မျက်နှာပူနေရပါတယ်..

စကာင်္ပူက အများသုံး ဘတ်စ်ကားတွေ ရထားတွေပေါ်မှာ ခါးပိုက်နှိုက်သတိပြုစရာ.. မိန်းကလေးမို့ အသားယူခံရမှာကို သိပ်စိတ်ပူစရာမလိုပါဘူး.. နောက်ပြီး အမြဲရုန်းကန်လှုပ်ရှားသွားလာနေရတဲ့ အတွက် လူတွေဟာ ဘတ်စ်ကားစီး ရထားစီးအချိန်လေးတွေမှာ.. နေရာရရင် လေအေးစက်အေးအေးနဲ့ မှေးတက်တဲ့ အကျင့်လေးတွေရှိပါတယ်...

အထူသဖြင့်တော့ မဗေဒါလို အလုပ်နဲ့ အိမ်နဲ့ ဝေးတဲ့သူအဖို့ အဲဒိ လမ်းသွားရင်း ဘတ်စ်ကားပေါ် ရထားပေါ်မှာ ရတဲ့အချိန်လေး မှေးတတ်တာလဲ အကျင့်လေးကို ပါနေပါပြီ... ဒီလိုမှပဲ အိပ်ရေးက ၀ သလိုရှိတာကိုး..

အဲဒိအချိန်တုန်းက မဗေဒါအလုပ်က Night shift လုပ်ရတာပါ.. ညဘက်အလုပ်ဆင်းရတော့.. အိပ်ချိန်ကပိုနည်းပါတယ်.. နေ့ဘက်မှာ အိပ်မပျော်တာနဲ့.. နေ့ဘက် လင်းနေတော့ အိပ်ပစ်လိုက်ရမှာက နှမြောတာနဲ့.. သွားစရာရှိတဲ့ ရုံးကနားတွေ လူမှုရေးကိစ္စတွေကို မအိပ်တော့ပဲ သွားတာနဲ့... ဟုတ်နေတာပါပဲ..

အဲဒိနေ့ကတော့ သောင်္ကြာနေ့ညအလုပ်ဆင်းပြီး စနေနေ့ မနက်ဖက် သူငယ်ချင်းတစ်ယောက်က မွေးနေ့ဖိတ်တာနဲ့ ကိုယ်လဲ အလုပ်ကပြန်ရောက်တာနဲ့ အိပ်လိုက်ရင် ပြန်မနိုးမှာ စိုးတာနဲ့ ရေမိုးချိုး အလှပြင်.. သူငယ်ချင်းတွေနဲ့လဲ အလုပ်ရပြီးထဲက မတွေ့ဖြစ်သေးဘူးဆိုတော့ အပျံစားဝတ်ပြီး ထွက်လာခဲ့ပါတယ်..

သူတို့က စားသောက်ပြီးရင် ဆန်တိုဆာ ဆက်သွားမယ်လို့ ကျမကို ပြောထားပါတယ်.. ဒါပေမဲ့ ကျမစိတ်ကူးထဲမှာတော့ ငါခဏသွားပြီး စားသောက်ဆိုင်မှာ စားသောက်ပြီးတာနဲ့ ပြန်မယ်ပေါ့.. ပြီးရင် အိပ်ရအုံးမယ်ပေါ့.. အဲဒါကြောင့် ပိုပြီး အကြောင်းပြလို့ကောင်းအောင် စကပ်အတိုတောင် ရွေးဝတ်သွားပါသေးတယ်.. ဒါမှ အဲဒိသွားရင် မလွတ်မလပ်နဲ့ မလိုက်တော့ပါဘူးဟယ်လို့ ငြင်းကောင်းအောင်လေ.. နောက်သူငယ်ချင်းတစ်ယောက်နဲ့တောင် တိုင်ပင်ပြီး ဆန်တိုဆာမလိုက်ဘူး.. ငါတော့ တမင်စကပ်အတိုဝတ်လာမယ်ဆိုတော့ အဲဒိသူငယ်ချင်းကလဲ သူလဲ ဝတ်လာမယ်တဲ့..

ဒီလိုနဲ့ ရှိုးစမိုးအပြည့်နဲ့ ထွက်လာလိုက်တာ.. အင်းလေးမှာ အားလုံးစုံပြီး ထမင်းစားကြ စကားတွေပြောကြရင်း သူ့သူငယ်ချင်းတွေနဲ့လဲ အတန်အသင့် ရင်းနှီးသွားပါတယ်.. နောက်တော့ သူတို့က ဆန်တိုဆာကို လိုက်ခဲ့ဖို့ခေါ်ပါလေရော.. ဘယ်လိုပဲ ငြင်းငြင်း အတင်းကိုခေါ်ကြတာ..
အားလုံးကဝိုင်းခေါ်ကြတယ်.. ပြီးတော့ သူငယ်ချင်းအရင်းခေါက်ခက်လဲဖြစ်.. မွေးနေ့ရှင်လဲဖြစ်.. စနေနေ့ညလဲ အလုပ်မရှိတော့.. သူတို့က ညကျမှအိပ်ပေါ့တဲ့.. ကိုယ်ကိုတိုင်ကလဲ နေ့ဘက်ကြီးကို အိပ်အိပ်ပြစ်လိုက်ရတာကို နှမြောတဲ့သူ.. အပေါင်းအသင်းကလဲ မက်... ပြီးတော့ အဲဒိအချိန်ကတော့ အပေါင်းအသင်းဇောကြောင့်ထင်တယ်.. လုံးဝကို မအိပ်ချင်ဘူး.. ပြီးတော့ ကိုယ်နဲ့ တိုင်ပင်လာတဲ့သူငယ်ချင်းကလဲ လိုက်မယ်ပြောလိုက်တော့.. မငြင်းသာတော့တာရောကြောင့် လိုက်ဖြစ်ခဲ့ပါတယ်..

သိတဲ့အတိုင်း.. ဆန်တိုဆာဆိုတော့လမ်းကလဲ လျှောက်ရတယ်.. နောက် ပါလာဝမ်ကမ်းခြေမှာ စတည်းချမိတော့ ... မဗေဒါတို့က ဆော့ရမယ်ဆို ၂ခါအဖော်စပ်စရာမလိုတဲ့သူကလဲဖြစ် ဆိုတော့.. ဆော့လိုက်တာ လက်လက်ကို စင်နေတာပေါ့.. စိတ်များစွမ်းတာ ဘော်ဒါတွေနဲ့ဆိုတော့ လုံးဝကို မအိပ်ချင်ဘူး..

ဒီလိုနဲ့ ညဘက် ရေပန်းရှိုးကြည့်ပြီးမှ ပြန်ဖြစ်ကြတာပေါ့.. အဲဒိအချိန်မှာ မဗေဒါ မအိပ်တာ ၂၄နာရီ ကျော်သွားပြီ.. လူကလဲ တနေ့လုံးသောင်းကျန်းထားတာ နုံးချိနေတာပဲ.. အိမ်ပြန်ချိန် အလျှိုလျှိုပြန်ကြတော့.. ကိုယ်နေတဲ့ စကာင်္ပူ အရှေ့ပိုင်းမှာ နေတဲ့အဖော်က တစ်ယောက်မှ မပါတော့ ကိုယ်တစ်ယောက်ထဲ ပြန်ရမယ်.. လူက စိတ်နဲနဲလျှော့လိုက်တော့ ခေါင်းကလဲ မူးနောက်နောက်နဲ့ ဖြစ်နေပြီ..

သူငယ်ချင်းတွေက ဖြစ်ရဲ့လားဆိုပေမဲ့လဲ ဘယ်သူမှကို အပူမကပ်ချင်.. တိုက်စီငှားဖို့ဆိုပြန်တော့လဲ အလုပ်စလုပ်ခါစ စုမိဆောင်းမိထားတဲ့ အပိုငွေကလဲ မရှိတာရော.. တစ်ယောက်ထဲလဲ ညဘက်ကြီး တိုက်စီမစီးချင်တာကြောင့်ရော.. အရိုးခံ ကပ်စီးနဲစိတ်ကြောင့်ရော.. ညဘက်ဆိုတော့ ရထားတွေလဲ ချောင်တယ်.. ခါတိုင်းလိုပဲ ရထားပေါ်မှာ မှေးလိုက်သွားမယ်ဆိုတဲ့ အကြံနဲ့ရော ရထားနဲ့ပဲ တစ်ယောက်ထဲပြန်လာမိလိုက်တယ်..

ရထားပေါ်ရောက်တော့ ထောင့်ခုံမရဘူး.. ထောင့်ခုံလေးရရင် အေးဆေး မှီအိပ်လို့ရတယ်လေ.. ထောင့်ခုံမှာ အကျင်္ီအဖြူနဲ့ တရုတ်ခပ်ချောချောတစ်ကောင်ထိုင်နေတယ်.. ဒီလို့နဲ့ သူ့ဘေးက လွတ်နေတဲ့ခုံမှာထိုင်လိုက်တယ်.. တကယ်လို့ ဒီကောင်ဆင်းရင်း ဟိုဘက်တိုးလိုက်ရုံပဲပေါ့... ဒီလိုတွေးတာ.. အကြံက ပိုင်ပါ့..

ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး.. မျက်လုံးက တဖြည်းဖြည်းစဉ်းလာပြီ မှေးရုံတင်မကဘူး.. အိပ်ပျော်သွားလိုက်တာ.. လောကကြီးနဲ့ အဆက်အသွယ်ကို ပျက်ရော... ကိုယ့်ကိုကိုယ်လဲ ဘယ်မှာ အိပ်နေမှန်းမသိတော့ဘူး.. ဘယ်လိုပုံသဏ္ဍန်နဲ့ ငုတ်တုတ်အိပ်နေလဲတော့မသိ.. တော်တော်လေးကို အသိမရှိတော့တာ... ဒီလိုနဲ့ ဘယ်လောက်ကြာ လိုက်လဲတော့မသိဘူး..

ခဏနေတော့ ကျမအတွေ့တစ်ခုကို ခံစားရတယ်.. ကောင်းလိုက်တာ... ကျမရဲ့ ငိုက်ကျပြီး နေစရာမရှိတဲ့ ဦးခေါင်း မှီတွယ်စရာ နေရာတစ်ခုရသွားတယ်.. အိစက်ညက်ညောနေတာပဲ.. ဒီလောက် အိပ်ကောင်းတဲ့ အရာဘာအရာလဲမသိဘူး.. ငါ တစ်ချက်လောက် မျက်လုံးလေးဖွင့်ကြည့်လိုက်မှပဲ..

ဒီလိုနဲ့ အိပ်ချင်မူတူးဖြစ်နေတဲ့ ရီဝေဝေမျက်လုံးလေးနဲ့ မပွင့်တပွင့်ဖွင့်ကြည့်လိုက်တော့ အဝါရောင် အကျီင်္လက်ရှည်ဝတ်ထားတဲ့ လက်မောင်းတစ်ခု.... ဦးနှောက်က ချက်ချင်းအလုပ်မလုပ်သေးဘူး.. ခဏနေမှ ဒီထက်ပိုပြီး ကြည်ကြည်လင်လင်ဖြစ်လာတော့မှ.. ငါဘယ်ရောက်နေတာလဲပေါ့... အဲ.. Flash back လုပ်ပြီး နောက်ထပ် ၅ စက္ကန့်လောက် အကြာကျမှ ဦးနှောက်က အသိပေးလိုက်တာက....

"ဟာ.... ငါရထားပေါ်မှာတစ်ယောက်ထဲပဲ.. ဒါဆို အဲဒိ၀ါ၀ါကြီးကဘယ်သူလဲ.. စစချင်းငါထိုင်တုန်းက တရုတ်ပါ.. ခုမြင်နေရတဲ့လက်က မဲမဲကြီး... ... ဟာ... ဒါဆို ခု ငါ့ခေါင်းက.... ငါ့ခေါင်းက.. အဲဒိ၀ါ၀ါကြီး.. ပုခုံးပေါ်မှာ..... !!!!!!!!!"

စက္ကန့်ပိုင်းအတွင်း ကျမအတွေးတွေ အလုပ်လုပ်သွားပုံက အဲဒိလို တစ်ဆင့်ချင်း မြန်ဆန်လွန်းလှတယ်.. အသိဝင်ပြီးတပြိုင်နက်.. ကျမ ခေါင်းကို ဆက်ခနဲပြန်မတ်လိုက်ပြီး တချက် ကြည့်လိုက်တော့.. လက်ရှည်အကျီင်္အဝါဝတ်ထားတဲ့ အိန္ဒိယလူမျိုးကုလားတစ်ယောက်.. တော်သေးတာက နဲနဲတော့ သားသားနားနားကုလားပါပဲ.. မျက်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်တော့ အရှေ့ကလူတွေက ရီကျဲရီကျဲနဲ့ လုပ်နေကြတယ်.. ညဘက် ရထားချောင်တော့ လူတွေကြည့်စရာမရှိ ကိုယ့်ရှေ့ကလူထိုင်ကြည့်နေမှာပေါ့.. ဘယ်အချိန်ထဲက ရထားပေါ်ကလူတွေရဲ့ entertainer ဖြစ်နေလဲမသိဘူး..

ကျမလဲ ရှက်လိုက်တာ ဘာဆက်လုပ်ရမှန်းကို မသိဘူး... ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့ အိပ်ချင်စိတ်ကို ပျောက်ရော.. သေချာတာကတော့ အဲဒိလူတွေနဲ့ မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူး.. ကိုယ်ဆင်းရမဲ့ ဂိတ်မရောက်မချင်းဘယ်မျက်နှာနဲ့ နေရမလဲ.. အို....... ရှက်နေမှန်းသိရင် ပိုအရှက်ကွဲတယ်.. ဒီလူတွေ နောက်တွေ့ရမှာလဲ မဟုတ်ဘူး.. လောလောဆယ် အိပ်ချင်ယောင်ပဲ ပြန်ဆောင်နေလိုက်တော့မယ်.. အဲဒါအကောင်းဆုံးပဲ.. ရှက်ရှက်နဲ့ မရှက်ချင်ယောင်ဆောင်ပြီး မျက်လုံးဆက်မှိတ်ထားလိုက်တာ ငါ့အတွက် အသက်သာဆုံးပဲ....

ဒါပေမဲ့ လူကသာ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေရတာ.. ခေါင်းထဲမှာတော့ အတွေးက ပေါင်းစုံ... ငါစကပ်အတိုကြီးဝတ်ပြီး အိပ်ပျော်နေတာ အောက်စများလွတ်သွားသလား.. ဘယ်အချိန်တုန်းက တရုတ်ဆင်းသွားပြီး ကုလားကြီးဖြစ်နေတာလဲသိလိုက်ဘူး... အံမယ်လေးတော်ပါသေးတယ်.. တရုတ်ကောင်သာဆို သူချောလို့ ငါကဇာတ်လမ်းလုပ်တယ်ထင်နေအုံးမယ်.. ကုလားကြီးဖြစ်နေတာပဲ ကံကောင်းလို့.. ငါတကယ်အိပ်ငိုက်တယ်ဆိုတာ လူတိုင်းသိမှာပါ.. အို.. စဉ်းစားရင်းမှ... ဟိုတရုတ်က ငါငိုက်နေလို့ သူပုခုံးပေါ်မှီမှာစိုးလို့ဆင်းသွားတာလား.. အမယ်လေး လေးနော်... ဘယ်တုန်းထဲက စပြီး အရှက်ကွဲနေလဲမသိ... ကုလားကိုပဲ သူ့ပုခုံးပေါ်ကြည်ကြည်ဖြူဖြူပေးအိပ်လို့ ကျေးဇူးကြံဖန်တင်ရမလိုလို.. မှတ်တိုင်ကလဲ မရောက်နိုင်သေးဘူး.. စိတ်ညစ်လိုက်တာနော်...

နောက်ဆုံးတော့ ဘယ်လိုမှ ဆက်မနေချင်တော့တဲ့အဆုံး.. ကျမဆင်းရမဲ့မှတ်တိုင်မရောက်ခင် ၃ဂိတ်လောက်အလိုက မှတ်တိုင်မှာဆင်းပြီး ကားပြောင်းစီးရင်လဲ ကျမအိမ်ကိုရောက်ပါတယ်.. ဘတ်စ်ကားဂိတ်နဲ့ အိမ်နဲ့ လမ်းနဲနဲပြန်လျှောက်ရတာပဲ ရှိပါတယ်.. အဲဒိဂိတ်ရောက်ပြီး.. တံခါးကပွင့်တော့မှပဲ.. ချက်ချင်းနိုးတဲ့ပုံစံမျိုးနဲ့.. ဘေးလူတွေလဲ မကြည့်ရဲတော့ပဲ တချိုးထဲလစ်ပြေးပါတော့တယ်..

အော်.. ကြိုက်မရှက်.. ငိုက်မရှက်.. သေချာတာတော့... ငိုက်တုန်းမရှက်ပေမဲ့.. ငိုက်ပြီးသွားတော့ တော်တော် ရှက်ရတာပါလားနော်....