Showing posts with label Myanmar Trip. Show all posts
Showing posts with label Myanmar Trip. Show all posts

Friday, February 28, 2025

​မပြည့်စုံ​သေးတဲ့ ဆန္ဒ​လေးတစ်ခု... ​မေ့မရတဲ့ ​နေ့​လေးတစ်​နေ့

အိပ်မက်တစ်ခုလိုလို တကယ်လိုလို အမှတ်တရရှိ​နေတဲ့ စိတ်ထဲမှာ အစမရှိ အဆုံးမရှိ အဆက်စပ်မရှိ fragment ​လေးတစ်ခုကိုပဲ စွဲစွဲမြဲမြဲ ထင်ကျန်​နေတဲ့ ငယ်ဘဝ memory မျိုး လူတိုင်းမှာရှိမယ်ထင်တယ်။

ကိုယ့်အတွက်က​တော့ ကိုယ့်အဖွား ​​မြေး ၃​ယောက် (ကိုယ်ရယ်၊ ​နောက် ဝမ်းကွဲ​မောင်နဲ့ ညီမတစ်​ယောက်ရယ်)ကို ​ခေါ်သွားတဲ့ ဂျက်ဆင်နားက Fun Fair  ​လေးတစ်ခုရဲ့ ပုံရိပ်က အ​ပျော်ဆုံး အမှတ်ရစရာ​လေးတစ်ခုအဖြစ် ပထမဆုံးနဲ့ ​နောက်​ဆုံး မြန်မာပြည်က Fun fair အ​တွေ့အကြုံ​လေးတစ်ခုအဖြစ်အမှတ်ရ​နေခဲ့တယ်။

အဲ့ဒိ ​နေ့က အဘွားက ဘာစိတ်ကူး​ပေါက်လဲ သူအဲ့ event ကို ဘယ်လိုသိလဲ ကိုယ်ဘာမှ မမှတ်မိဘူး။ ဒါ​ပေမဲ့ ကိုယ်​သေချာမှတ်မိတဲ့ မှတ်ဉာဏ်အရ လူငယ်အဖွဲ့အစည်းတစ်ခုက လုပ်တယ်ထင်တယ်။ သူက Temporary tent ​လေးတွေနဲ့ ဂိမ်းအလွယ်​လေး​တွေမျိုး မျှားပစ်၊ နို့ဆီဗူးပစ်၊ ဘဲရုပ်​လေး​တွေ ချိတ်နဲ့ဆယ်၊ ပြီး​တော့ တခြား snack ​လေး​တွေ ပူ​​ဖောင်းလေး​တွေလဲ ​ရောင်းတယ်။ ၁၉၉၄/၅ ဝန်းကျင်ကာလဖြစ်မယ်ထင်တယ်။ တစ်ခါမှ မ​ရောက်ဖူးတဲ့ ကိုယ်နဲ့ ကိုယ့်ရွယ်တူ cousin က အဲ့တုန်းက ၄/၅ တန်းအရွယ် အပျို/လူပျိုလဲ မဖြစ်​သေး​ပေမဲ့ တန်းဝင် ​ဘောင်ဝင်​ဆော့တတ် နားလည်​နေတဲ့အရွယ်ဖြစ်​နေပြီ။ ​ဆော့ချင်ရင် အဘွားက ပိုက်ဆံထုတ်ရ​တော့ အဘွားကိုလဲ ပူဆာရတာအားနာ​တော့ ကိုယ်​သေချာ​ပေါက်နိုင်​လောက်မဲ့ ဂိမ်း တစ်ခု ၂ ခုပဲ အဘွားကို ပူဆာတယ်။ ဂိမ်းနိုင်ရင် ပြန်​ပေးတဲ့ ပစ္စည်းလေး​တွေကလဲ ဘာမှ တန်ဖိုးရှိတာမဟုတ်​ပေမဲ့ တစ်ခါမှ အဲ့လိုပွဲမျိုး မသွားဖူးတဲ့ ကိုယ့်အတွက် limit နဲ့ ထိန်း​ဆော့ရ​ပေမဲ့ အစမ်း​ပျော်ခဲ့ရတယ်။

၂၀၁၅ ကိုယ့်စလုံးမှာ မင်္ဂလာပွဲလုပ်ပြီး​တော့ ၂ ဘက်မိဘက မြန်မာပြည်မှာ ပွဲလုပ်​စေချင်တာ သိတယ်။ ဒါ​ပေမဲ့ စလုံးမှာ လုပ်ဖူးပြီးသွားပြီး မင်္ဂလာပွဲဆိုတာလဲ ကိုယ့်အတွက်တကယ်​ပျော်​ပေးမဲ့ သူငယ်ချင်းဘာညာများများမရှိပဲ သမာရိုးကျ ဧည့်သည်​တွေဧည့်ခံ လမ်း​လျှောက် မုန့်စား နှုတ်ဆက်နဲ့ ပင်ပန်းပြီး ပိုက်ဆံကုန်တာပဲရှိတယ် ​ပျော်လဲ မ​ပျော်ရဘူး​​လေ။ For me, wedding is overrated. ဒါ​တောင် စလုံး မင်္ဂလာ​ဆောင်မှာ အလုပ်က ဂျပန်​တွေနဲ့ သူ​ဌေး​တွေဖိတ်ထား​တော့ လက်ဖွဲ့စတာ ​ပွဲလုပ်ခ ​​​ကျေတဲ့ အပြင် သူတို့လဲ စလုံးမှာ မင်္ဂလာ​ဆောင် မတက်ဖူးလို့ ​ပျော်ကြ ကိုယ့်မြန်မာ pre-wedding ပုံ​တွေနဲ့ မြန်မာပြည်ရဲ့ ​နေရာ​တွေနဲ့ ဝတ်စုံ​တွေ သူတို့အတွက်အထားအဆန်းမို့ မြန်မာပြည်ကို ခရီးသွား promote သလိုဖြစ်လို့ ​ကျေနပ်မိပါတယ်။ 




မြန်မာပြည်မှာ ပွဲလုပ်ဖို့ကျ​တော့ ကိုယ့်အသိလဲ ဘယ်​လောက်မှ မရှိ၊ ၂ ဘက်မိဘ​တွေ အသိချည်းပဲသူတို့ကဖိတ်ချင်တာ၊ ပိုက်​ဆံကျ ကိုယ်ကထုတ်၊ ဒါတင်မကဘူး၊ လက်ဖွဲ့ကျ ထမိန်တို့၊ ပုဆိုး​တို့၊ အယ်လဘမ်တို့၊ ထမင်း​ပေါင်အိုးတို့ လာမှာ။ ကိုယ့်အစ်မတုန်းက အာ့​တွေရတယ်​လေ။ ပြီး​တော့ အချင်းချင်း အကယ်ဒမီပွဲလိုအပြိုင်ဝတ်ကြ၊ ၂ ဘက်အမျိုး ဒရမ်မာ​တွေထိန်းရ၊ ဧည့်သည်​တွေရဲ့ အတင်းခုတ်ခြင်းခံရ၊ အိုးးး... ဒါ​တွေကြို​တွေးမိပြီး ​ခေါင်းထဲ scenerio run ပြီးတာနဲ့တင် လုပ်ချင်စိတ်ကုန်။

ဒါနဲ့ ပွဲလုပ်ပါလား ပါးစပ်တပြင်ပြင်ဖြစ်​နေတဲ့ မိဘ​တွေကို မိဘမဲ့​ကျောင်းမှာ သွားလှူမယ် အမျိုး​တွေဖိတ်လိုက်လို့ ​ပြောလိုက်​ရော။ (ဂွစာ​နော်...) ကိုယ့်အ​မေက​တော့ အဲ့လို​ပြောလိုက်တာနဲ့ ဘယ်သူ့မှ မဖိတ်​တော့ဘူးတဲ့။ 😂 သူ့အ​မေလဲ အ​ဒေါ်အရင်းချာ​တွေကလွဲ တခြားတစ်ရပ်ကွက်လုံး တစ်​ဆွေလုံးတမျိုးလုံးမပါ​တော့ဘူး။ 🤣 (တစ်ချက်ခုတ် ၃ ၄ ၅ ချက်ပြတ်) 




ကိုယ်က မိဘမဲ့​ဂေဟာအလှူ​လေးကို ဘယ်လိုမျိုး​လေးလုပ်ချင်တာလဲဆို​တော့ ကိုယ်ငယ်ငယ်က ​ပျော်ခဲ့ရတဲ့ Fun Fair ပုံမျိုး​လေးနဲ့ က​လေး​တွေကို ​ပျော်​စေချင်တာ။ ဒီဆန္ဒ​လေးက အဲ့​နေ့က ကိုယ့်စိတ်ကူးထဲကအတိုင်း မဖြစ်ခဲ့​ပေမဲ့ တဝက်​လောက်​တော့ ဖြစ်ခဲ့တယ်ဆိုရမယ်။ အဲ့ဆန္ဒ​လေးဖြစ်ဖို့ ကိုယ့်လိုအပ်ချက်က ဝန်းခပ်ကျယ်ကျယ်ရှိတဲ့ မိဘမဲ့​ကျောင်းဖြစ်ဖို့လိုတယ်။ ပြီး​တော့ ကိုယ်လုပ်ချင်တာလဲ ​ပေးလုပ်ဖို့ ခွင့်ပြုချက်​ပေးရမယ်​ပေါ့​နော်။ ​ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ချင်တဲ့ပုံစံမျိုး တတ်နိုင်တာကလဲ အ​ယောက် ၁၀၀/၁၅၀ ​ဝန်းကျင်​လောက်ပဲ limit ရှိတယ်။ ဖြစ်နိုင်ရင် ​ယောကျ်ား​လေး​ရော မိန်းက​လေး​ရောရှိတဲ့​ကျောင်းမျိုးဖြစ်​စေချင်တယ်။

အဲ့ဒိလိုအပ်ချက်​တွေနဲ့ကိုက်မဲ့​ကျောင်းကို ကိုယ် မြန်မာပြည်ပြန်တဲ့အချိန်တိုတွင်းရှာဖို့က အ​တော်ခက်တယ်။ ဒီမှာ ကိုယ်သိပ်​ကျေးဇူးအတင်ဆုံး ကိုယ့် ဘ​လော့ reader က​နေ အပြင်မှာပါခင်မင်ခဲ့တဲ့ ​မောင်တစ်​ယောက်လို အားကိုးရတဲ့အပြင် ​ပေါက်​ပေါက်​ရောက်​ရောက် ထက်ထက်မြတ်မြတ်နဲ့ Attention to detail ရှိတဲ့ Ye Wint Thu  ကို ပြန်မလာခင်ကတည်းက Messenger နဲ့ မိဘမဲ့​ဂေဟာ​တွေအ​ကြောင်းသွား​မေးတာ သူက အားတက်သ​ရော အပင်ပန်းခံပြီး​တော့ကို ကိုယ်လိုချင်တဲ့ပုံစံမျိုး ​ကျောင်း​တွေကို လိုက်ရှာ​ပေးတာ။ အဲ့လို လုပ်​ပေးလိမ့်မယ်လို့ကို မ​မျှော်လင့်ခဲ့တာ။ သူသိတဲ့​ကျောင်းရှိလား ရှိရင် ကိုယ်ပြန်​ရောက်မှ စိတ်ဝင်စားတဲ့​ကျောင်း​တွေကို သွားကြည့်စုံစမ်းလုပ်မလို့က ကိုယ့်ရဲ့ အစက အစီအစဉ်... သူက အခုလို ​သေချာ အပင်ပန်းခံ ကူညီ​တော့ စိတ်ထဲ ဘယ်လို ​ကျေးဇူးတင် ခင်မင်မိမှန်းမသိဘူး။ (သူသိမသိ မသိ​ပေမဲ့ သူ့ကို ​​မောင်တစ်​ယောက်လို့ ကိုယ်ယုံကြည်အားကိုးလို့ရတဲ့သူတစ်​ယောက်လို စိတ်ထဲ ရင်းနှီး မိတာ။) 



နောက်ဆုံး ဗဟန်း ဝင်္ကပါလမ်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်​ရေးအသင်းဆိုတာက ကိုယ်လိုချင်သလို ​နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်။ သူက မိန်းက​လေးချည်းပဲ​ကျောင်း ပြီး​တော့ အရွယ်​ရောက်ပြီးသားအမျိုးသမီး​လေး​တွေကိုလဲ အသက်​မွေးဝမ်း​ကျောင်းပညာသင်​ပေးပြီး ဝင်​ငွေ​လေးရှာ ဆက်​နေခွင့်​ပေးတယ်။ ဒိထက် ချို့တဲ့တဲ့​နေရာ​တွေရှိ​ပေမဲ့ ​ဝေးတာ​ရော၊ တချို့ကျ က​လေးဦး​ရေအရမ်းများ​တော့ ကိုယ်မတတ်နိုင်တာ​ရော​ကြောင့်မ​ရွေးဖြစ်တာ၊ ပြီး​တော့ ဒီ​ကျောင်း​လေးက တိုက်နဲ့ ခြံနဲ့ဆို​​တော့ အလှူရှင်​တွေက ကိုယ့်လိုပဲ ပိုလိုအပ်တဲ့​နေရာကိုလှူမယ်ဆိုပြီး ကပ်​ကျော်ဖြစ်ဖြစ်ပြီး သိပ်လာမလှူကြဘူးဆိုတဲ့အချက်​လေးကို သူက​ပြောပြတယ်။ 



ပြီး​တော့ သူပြတာ ​ကျောင်း ၂ ​ကျောင်း တစ်​ကျောင်းက ​ယောကျာ်း​လေး​ကျောင်း ကုက္ကိုင်းပရဟိတ​ဂေဟာက  ​ကျောင်းသားဦး​ရေ ၃၀/၄၀ ဝန်းကျင်ပဲရှိတာ။ ဒီ​တော့ ကိုယ်လှူချင်တဲ့ ဦး​ရေထက်​တော်​တော်နည်း​နေတာ။ ဒါ​ပေမဲ့ က​လေး​တွေကို ​တွေ့​တော့လဲ ​​ပျော်​စေချင်တာ။ ကိုယ့်​မောင်က အားကိုးရတာ အစ်မ ​​ယောကျ်ား​လေးကျောင်းက က​လေး​တွေကို ကားနဲ့ ဒီဘက် အလှူလုပ်မဲ့ မိန်းက​လေး​ကျောင်းကို​ခေါ်လာ​ပေးမယ်တဲ့။ ကိုယ်ကလုပ်ချင်တာပဲသိတာ Detail က​လေးတပြုံကြီး တာဝန်ယူ​ခေါ်လာဖို့နဲ့ ထိန်းဖို့က ကိုယ်မလုပ်နိုင်ဘူး​လေ။ ဘာလို့လဲဆို​တော့ ကိုယ်က Fun Fair ပုံမျိုးလုပ်မယ်ဆိုရင် on the ground မှာ ကိုယ်ရှိ​နေမှ ရမှာ။ တက်ညီလက်ညီပဲ သူက အစ်မ ကားငှားလိုက် ကျွန်​တော် က​​​လေး​တွေ ကြိုပို့တာဝန်ယူ​ပေးမယ်တဲ့။ အ​တွေးထဲတင်​ပျော်တယ်။ ကုသိုလ်​ရေး​တွေ ကုသိုလ်ရတယ်​တွေ စကားကြီး စကားကျယ်မ​ပြောဘူး။ ကိုယ်က​လေး​​တွေနဲ့ ​ဆော့ချင်တာရယ်၊ ကိုယ့် Childhood memory ​လေးကို တခြားက​လေးနဲ့ အ​ကောင်ထည်​ဖော်ချင်လို့ လျှာရှည်ကြတယ်ပဲ ဆိုပါ​တော့။ 😜 ကိုယ့်ရဲ ရှည်​ကြောလန် idea ​တွေကို execute ​ပေးတဲ့ ​မောင်မင်းကြီးသားက​တော့ နိုင်ငံမတူလို့ အမြဲမ​တွေ့ဖြစ်ကြ​ပေမဲ့ ကိုယ့်ရဲ့  နည်းနည်းပဲရှိတဲ့ inner circle မိတ်​ဆွေသာရင်းထဲ ထိတ်ဆုံးကပါသင့်တာ​ပေါ့။ သူက အဲ့တုန်းက TV ထဲလဲ ပါ​​နေကျ ဆယ်လီဆို​တော့။ အပြန်အလှန် ဖန်း ​တွေ​လေ။

အစက​တော့ အမျိုးသမီး​ကျောင်းအုပ်ကြီးက ပစ္စည်း​တွေ​​ပေးချင်ရင် သူ့ကို​ပေးခဲ့ ​သူတို့က မိဘမဲ့​ကျောင်းဆို​တော့ ပစ္စည်း​တွေကို ဘုံလို​​ခြွေတာ အလှည့်ကျသုံးရတာမို့ သူက ပစ္စည်း​တွေ manage မယ်တဲ့။ ဒါ​ပေမဲ့ အဲ့ဒါကို ကိုယ်က လက်မခံနိုင်ဘူး။ သူတို့ကို ကိုယ်တိုင် တစ်​ယောက်ချင်းစီ လက်​ဆောင်​ပေးချင်တာ။ တသက်လုံး ဘုံသုံးခဲ့ရ​ကောင်း သုံးခဲ့ရမဲ့ သူ​တွေအတွက် သူတို့အပိုင်ပစ္စည်း ဘယ်သူနဲ့မှ ရှယ်စရာမလိုတဲ့ လက်​ဆောင်​ပေးချင်တာ။ ဒါနဲ့ ​နေ့လည်စာအလှူ အသားဟင်းအပြင် အလှူ​ငွေပါ ၃ သိန်းထပ်လှူ​တော့ ​ကျောင်းအုပ်ကြီးကလဲ ကိုယ်လုပ်ချင်တာသာလုပ်ဆိုပြီး တပြုံးပြုံး​ပေါ့။ လာမဲ့ ဧည့်သည်​တွေအတွက် ဆန်အ​ကောင်းနဲ့ ချက်​ပေးရမလားတဲ့။ က​လေး​တွေက ဆန်ကြမ်းစား​နေကျမို့ ဆန်အ​ကောင်းစား​လေ့မရှိဘူးတဲ့။ ကိုယ်လဲ သူတို့နဲ့​ပျော်ချင်ပါတယ်ဆိုမှ အဆင့်အတန်းကြီးခွဲသလို ကိုယ်​တွေအတွက် ဆန်​ကောင်းသက်သက်ထပ်ချက်​နေရမှာစိုးလို့ ရတယ် ဧည့်သည်​တွေလဲ သူတို့စားတဲ့ဆန်နဲ့ပဲစားမယ်လို့ စီစဉ်ခိုင်းလိုက်တယ်။ 🤣🤣

ဆန်ကြမ်းဆိုပဲ...




​နေရာ​သေချာသွား​တော့ ကိုယ်လုပ်ချင်တဲ့ ငယ်ဘဝ မုန့်​တွေ အရုပ်​တွေ လိုက်စုံစမ်း​ရော... ဒဂုံ ၁ ​ကျောင်း​ရှေ့မှာ ကြက်ဥ​ခေါက််မုန့် ကပ်​စေးနဲ နဲ့ အုန်းသီးနို့ဆီ​ဝေဖာညှပ် ​ရောင်းတဲ့ အန်တီကြီးကို ​တွေ့ထား​တော့ အဲ့ကိုသွား ​အလှူလုပ််မဲ့​နေ့အတွက် ချုပ်ပြီးဝယ်။ အလှူလုပ်မဲ့​နေ့ သူ့ကို ကားနဲ့သွား​ခေါ်တာ ကိုယ်​​တွေပဲ​ခေါ်လား ဘယ်သူသွား​ခေါ်​ပေးလဲမသိဘူး။ အဲ့ အန်တီကြီးကလဲ တကယ်အသွက်၊ သူကလဲ ​ပျော်၊ အလှူကို နို့စမ်း​ဝေဖာချုပ်ဝယ်ပြီး​ကျွေးတာ မမြင်ဖူးဘူးတဲ့။ 😅





​နောက်ပြီး အင်တာနက်​ပေါ်​တွေ့လို့ save ထားတဲ့ ဂျုံမင်းသား ဂျုံရုပ်သမားကို ဖုန်းဆက်ပြီး​မေး​တော့ သူက အရုပ် ၇၀ ​လောက်ပဲ အများဆုံးလုပ်​ပေးနိုင်မယ်တဲ့။ က​လေးက အ​ယောက် ၇၀ ​လောက်ပဲရှိမှာ​လေ။ ​ကောင်မ​လေးတချို့က အပျို​လေး​တွေဖြစ် ကြီး​နေပြီ။ ဂျုံရုပ်က ​​​​ဈေးကလဲ သိပ်​တော့ မ​ပေါ​ပေမဲ့ ကိုယ်လုပ်ချင်တာကိုး... အမှန် Party ​တွေမှာ​ခေါ်တဲ့ ပူ​ဖောင်းအလှဆင်ဂျိုကာတို့ဘာတို့ပါ ​ခေါ်ချင်တာ၊ အဲ့ဒါပါ​ခေါ်ရင် Out of budget ဖြစ်သွားတာ​ရော၊ လမ်း​ဘေး​ဈေးသည် လိုက်စုံစမ်းဖို့လဲ အချိန်မရ​တော့လို့။ 😁 ကိုယ်စိတ်ကူးထဲက လုပ်ချင်တဲ့ပုံစံက တစ်ကယ်​တော့ သူတို့ကို ကူပွန်​လေး​တွေ ​ဝေ​ပေးပြီး သူတို့လိုချင်တာ ​ဆော့ချင်တာကို ဝန်းထဲ​လျှောက်သွားကြည့်ပြီး ကူပွန်နဲ့ redeem လုပ်တာမျိုးကွာ။ Redeem ပြီးသွားတဲ့ဟာမျိုးကို Stamp ဖြစ်ဖြစ် အဲ့ station တာဝန်ယူသူရဲ့ လက်မှတ်ဖြစ်ဖြစ် ကူပွန်​ပေါ်ထိုးပြီး မှတ်ထားမယ်ကွာ။ စိတ်ကူးထဲရှိ​ပေမဲ့ ထုတ်​ပြောရမှာလဲရှက်တာ​ရော၊ နင်က ရှည်ပြန်ပြီဆိုပြီး အိမ်သား​တွေဝိုင်း​ပြောမှာစိုးလို့ ဘယ်သူ့ကိုမှ ထုတ်မ​ပြောဖြစ်ခဲ့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ကိုယ့်အ​တွေးထဲကဟာ​တွေကို တတ်နိုင်သ​လောက်လုပ်ခဲ့တယ်။ 







​နောက်ပြီးသိမ်ကြီး​ဈေး​ပြေး ကျွတ်ကျွတ်အိတ်လှလှ​လေး​​​တွေ၊ မိန်းက​လေး​တွေအတွက် ​ခေါင်းစည်းကြိုး၊ ကလစ်​တွေ၊ ​ယောကျ်ား​လေး​ကျောင်းက ကိုရင်​တွေ​ခေါင်းမှာ ဒက်​တွေ​ပေါက်တယ်ဆိုလို့ ​ဆေး​တွေ၊ ကိုယ်ငယ်ငယ်က ယိုးဒယားကလာတဲ့မုန့်​တွေ စားချင်​ပေမဲ့ ​ဈေးကြီးလို့ သိပ်ဝယ်မစားဖြစ်ခဲ့တဲ့ မုန့်မျိုးစုံ။ ​နောက်ပြီး ​ယောကျာ်း​လေး​ကျောင်းသွားကြည့်တုန်းက က​လေး​တွေက ​တော်​တော်​လေး မွဲမွဲ​လေး​တွေမို့ မိိန်းက​လေး​ကျောင်း​ခေါ်လာရင် တချို့ အကြီး​လေး​တွေက ရှက်​နေပုံရလို့ သိမ်ကြီး​ဈေးက​နေ က​လေး​တွေအတွက်​တော့ ဝမ်းစက်​လေး​တွေနဲ့ နည်းနည်းကြီးတဲ့ ​ကောင်​လေး​တွေအတွက်​တော့ စပို့ရှပ်​​ပြောင်​လေး​​တွေ အလှူ​နေ့ကျ ကိုယ့်ရဲ့ အထူးဧည့်သည်​တော်​တွေအတွက် ဝတ်ခဲ့ဖို့ ​ဝယ်လိုက်တယ်။ တကယ့်နေ့မှာ ရဲဝင့်သူသွား​ခေါ်​တော့ သူဘယ်လို Manage ခဲ့လဲ​တော့မသိဘူး က​လေး​တွေက အင်္ကျီအသစ် သနပ်ခါးအ​ဖွေးသားနဲ့ လှပ​နေ​ရော၊ အကြီး​ကောင်​လေး​တွေက ရှက်လို့ မလိုက်ဘူး။ ​ယောကျ်ား​လေး​ကျောင်းက က​လေး​တွေကို မိိန်းက​လေး​ကျောင်း​ခေါ်လာမယ်ဆို​တော့ မိန်းက​လေး​ကျောင်းက ​ကျောင်းအုပ်ကြီးက သိပ်မကြိုက်ချင်ဘူး။ သူ့တသက် ဒီ​လောက်လျှာရှည်တဲ့ အလှူရှင် မမြင်ဖူးတာရယ်၊ ဘာလို့များသူဒီလို လုပ်ချင်တာလဲဆိုတာကို သူနားမလည်နိုင်ဖြစ်​​နေတာ ကိုယ်သိတယ်။ 

ကိုယ်ကသူ့ကို​ပြောတာက အန်တီပဲ ဧည့်သည်ဖိတ်လို့ရတယ်ဆို? အဲ့​​ကျောင်းက က​လေး​တွေက ကျွန်မဧည့်သည်​တွေလို့ သတ်မှတ်ရင် သ​ဘောတရားတူတူပဲ မဟုတ်ဘူးလားလို့။ သူအင်တင်တင်ဖြစ်​နေလို့လဲ ​နေ့လည်စာအပြင် ​ငွေသားချည်း ၃ သိန်း ထပ်လှူလိုက်တာက​တော့ ကိုယ်လုပ်ချင်တာလုပ် ကြည်ဖြူသူ့အပြုံး​လေးရ​တော့ အားလုံးစိတ်ချမ်းသာရတယ်။ အဲ့တုန်းက ကိုယ့်စိတ်ထဲမှာ Trader ballroom ငှားခနဲ့ယှဉ်ပြီး ​ပေးရတာတန်​နေ​​ရော၊ Trader ballroom သွားစုံစမ်းဖြစ်​သေးတယ်​လေ customer service ကလဲ လခစား​ပေမို့ မသိရင် သူပိုင်တဲ့​ဟော်တယ်ကျ​နေ​ရော လူကိုဆက်ဆံတာက... အခု ၃ သိန်းလှူတာနဲ့ ကိုယ် VIP လို ဆက်ဆံခံရတာ၊ ပြီး​တော့ ဒီ ၃ သိန်းကလဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီ​ကျောင်းက မိန်းက​လေး​တွေအတွက် Good cause ကွာ ၁ ချက်ခုတ် ၂ ချက်ပြတ်ပြန်​ရော...

အထူးဧည့်သည်​တော်​တွေအတွက် အင်္ကျီအသစ်ဝမ်းဆက်



အဲ့အ​ကြောင်းနဲ့ ကိုယ်​ဈေး​တွေသွားဝယ်တဲ့ Process ကို ​ဖေ့ဘွတ်မှာကိုယ်ကတင်​တော့ Canada က​နေ အဲ့အချိန် မြန််မာပြည်ပြန်​ရောက်​နေတဲ့ Hollywood ရုပ်ရှင်​ (Star wars, X-Men, The Creator, Deadpool and wolverine စတဲ့ရုပ်ရှင် တွေမှာ) မြန်မာနိုင်ငံသား visual effects ပညာရှင် အ​နေနဲ့ ပါတဲ့ ကိုယ့်ငယ်ငယ်ကအတန်း​ဖော်တစ်​ယောက်ကလဲ သူလဲ ​စောင်​တွေ လာလှူချင်တယ်တဲ့။ ကိုယ်ကလဲ ရတယ်​လေ။ ​ကောင်တာတစ်ခုဖွင့်ရုံပဲဟာ။ 😄 The more, the merrier ပဲ။

လူချည်းလာရင်​တောင် ဂိမ်း​ကောင်တာဖွင့်ပြီး Game master လုပ်အား​ပေးလို့ရ​သေးတယ်။ သူကိုယ့်အလှူလာမယ်ဆိုတာလဲ ကြား​ရော တချို့ အတန်းထဲက သူနဲ့ ရင်းနှီးတဲ့ အတန်း​ဖော်​တွေကပါ လာလှူမယ်ဖြစ်ကုန်​ရော၊ ကိုယ့်အလှူက သူတို့ဆီက ပိုက်ဆံ​ကောက်တာလဲ မဟုတ်၊ သူတို့လှူချင်တဲ့ပစ္စည်း က​​​လေး​တွေလက်ထဲတန်းထည့်ရုံဆို​တော့ ဘယ်သူမဆို လာ join လို့ရတယ်။ က​လေးဘယ်နှ​ယောက် ဘယ်အရွယ်​တွေဆိုတဲ့ data ကိုယ်​ပေးလိုက်တာပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းအုပ်ထဲက ပိတ်စ​တွေ၊ မျက်နှာသုတ်ပဝါ​တွေအပြင် အဲ့​နေ့ကျမှ Dagon center မှာ Fashion ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းက သူ့ဆိုင်ရှင်းရင်း ရှူးဖိနပ်အသစ်​တွေအိတ်လိုက်ကြီး ဘယ်နှရံလဲ မသိ ဆိုဒ်စုံဆို​တော့ အဲ့ဒိ ဖိနပ်အသစ်အိတ်ကြီးက​တော့ ​ကျောင်းအုပ်ကြီးပဲ ကြည့်စီစဉ်ပြီး ဘုံသုံးဖို့ ​​ပေးခဲ့လိုက်တယ်။





​နောက်ပြီး ကိုယ့် ဘ​လော့ Reader ထဲက​နေ အပြင်မှာ ခင်​နေတဲ့ အစ််မ​တွေက အမျိုးသမီး လစဉ်သုံးဂွမ်းထုတ်​တွေ၊ ​ဖေ့ဘွတ်က​နေ သိတဲ့ မြန်မာအမျိုးသမီးနဲ့ အိမ်​ထောင်ကျ​နေတဲ့ အ​မေရိကန် (အဲ့​နေ့မှ ပထမဆုံး​တွေ့ဖူးတာ) ကလဲ စာ​အုပ်နဲ့ စာ​ရေးကိရိယာ​တွေ၊ ​​နောက် ​ဖေ့ဘွတ်သူငယ်ချင်းတစ်​ယောက်က ကိုင်စားလို့ရတဲ့ ​ဝေဖာနဲ့ ​ရေခဲမုန့် ​တွေ​ရော၊ ဘာ​တွေပါမှန်းကိုယ်​တောင် မမှတ်မိ​တော့ဘူး။ 

ဒါ​ပေမဲ့ ကိုယ့်စိတ်ကူးထဲကလို က​လေး​တွေ roaming around လုပ် လိုချင်တာ Redeem ဖို့ ကူပွန် system လုပ်ဖို့ အချိန်မရ​တော့ ​နောက်ဆုံး အလွယ်ပဲ ​ယောကျ်ား​လေး​တွေက ပြန်ပို့ရမှာဆို​တော့ စားပြီးတာနဲ့ တန်းစီပြီး လက်​​ဆောင်​တွေလိုက်​ကောက်တာ။ သူတို့က ဆွမ်းဆန်စိမ်း​လောင်းတာနဲ့ တူတယ်ဖြစ်​ရော။ 🤣🤣 တစ်ခုရှိတာက မြန်မာပြည်က က​လေး​တွေက အရှက်အ​​ကြောက်ကြီး​တော့ ကူပွန်စနစ်လုပ်လဲ သူတို့က လုပ်ရဲ မရဲ နားလည် မလည် မ​သေချာဘူး။ သူတို့ကို Encourage ဖို့က ပစ္စည်း​ကောင်တာက လူ​တွေအပြင် on the ground မှာ urshers ​တွေလိုမယ်။ ကိုယ့်အစီအစဉ်က ပစ္စည်း အလှူရှင်များပြီး လုပ်အားလှူသူနည်း​တော့ ကိုယ့်စိတ်ကူးထဲကလို လုပ်လို့မရဘူး။ အဲ့ဒါ​ကြောင့် ကိုယ့်ပွဲက တဝက်ပဲ အထ​​မြောက်တယ်လို့ ယူဆတာ။ မ​ကျေပွဲ နွှဲချင်​သေးတာ။ 😁






အဲ့​နေ့က က​လေး​တွေ ​ပျော်မ​ပျော်​တော့မသိဘူး။ ကိုယ့်ပွဲလာတဲ့ သူတိုင်း​တော့ ​ပျော်ကြတယ်။ ​ကျွေးတဲ့ ထမင်း​တောင် မစားပဲ နို့ဆမ်း​ဝေဖာ ကပ်​စေးနဲချည်း ဝိုင်းစားကြတာ။ 😅 ဂျုံရုပ်က ​ကျောင်းက က​လေး​တွေအတွက်ပဲ​နော်လို့ အမုန်းခံ​ပြောထားတာ​တောင် တချို့ ဧည့်သည်ကပါလာတဲ့ က​လေးတစ်​ယောက်တည်းကို ၂ ​ချောင်း ၃ ​ချောင်း ယူ​ပေးထားတာ​တွေ့​ပေမဲ့ မမြင်ချင်​ယောင်ပဲ ​ဆောင်​​​ပေးလိုက်​ပါတယ်။အော်.... လူဂုဏ်တန်အသိုင်းအဝိုင်းဆိုသူ​တွေရဲ့ အခွင့်ထူးခံလုပ်ပြချင်တဲ့ စရိုက်​​လေးပါလားဆိုပြီး အထင်ကို မကြီး​တော့တာ။ ကိုယ်​ပြောတာကကွာ က​လေးမို့ ကိုယ့်ကိုယ်တာနဲ့ကိုယ် ၁ ခု​လောက် ယူ​ပေါ့... အရုပ်သမားက ​ရွှေထွက်​တောင် အခု ၇၀ ထက် ပိုမလုပ်​ပေးဖူး​​ပြောထားတာ။ မ​ဆော့ဖူးတဲ့က​လေး​တွေ ​ပျော်ပါ​စေလား။ ​နောက်ရက် ၁၀ ခုလိုချင် လဲ သူ့မိဘ​တွေတတ်နိုင်​နေတာပဲ။ ဒါ​ပေမဲ့ တတ်နိုင်တာ မတတ်နိုင်တာထက် ငါတို့က အလှူရှင်နဲ့ အသိ​တွေ ငါတို့​တောင်းပိုင်ခွင့်ရှိတယ်ဆိုတာမျိုး လူကြီး​တွေကအစ လုပ်ပြချင်တာ။ 


က​လေးများဖြင့် အလုပ်ရှုပ်​နေ​သော ဂျာကြီး





ဆန်ကြမ်းလို့ မစားနိုင်ဘူးဆိုတဲ့ တချို့ ဧည့်သည်​တွေရဲ့ feedback လဲ ပြန်ကြားပါတယ်။ 🤣🤣 ​ဟော်တယ်မှာပွဲလုပ်ရင် မုန့်မ​ကောင်းဘူးအပြင် သတို့သမီးက လှလဲမလှဘူးတို့ ဘာတို့ပါပါမှာ။ အခုကျ ဆန်မ​ကောင်းတာအပြင် တခြားဟာ သူတို့အကုန်ကြိုက်။ လာသမျှ ဧည့်သည်အကုန်လဲ လုပ်အား​​ပေးရင်း​ပျော်ရ။ ကိုယ့်မင်္ဂလာပွဲ အထိန်းအမှတ်လုပ်တယ်လို့​တော့ ၂ဘက်မိဘ​တွေကိုကလွဲ ကျန်တဲ့သူ​တွေ မသိပါဘူး။ မြန်မာပြည်မှာ မင်္ဂလာပွဲ လုပ်​​စေချင်လွန်းတဲ့ မိဘ​တွေကလဲ ပွဲလုပ်​ပေး​တော့လဲ မင်္ဂလာပွဲဆိုပြီး နာမည်တပ်မဖိတ်ကြဘူး​လေ။ အစက​တော့ ဖိတ်ချင်သူ​တွေ list လိုက်ကြီးရှိကြတာကို... 😝

ဒီအလှူလုပ်တုန်းက ကိုယ်က ဟို​ပြေးဒီ​ပြေးဆို​တော့ ပုံသိပ်မရိုက်ဖြစ်ဘူး။ လာတဲ့ သူငယ်ချင်း​တွေရိုက်ထားတဲ့ပုံ​လေး​တွေပဲ ရှယ်ခိုင်းထားတာ။ facebook ပေါ် နဲ့ ဘ​လော့​ပေါ်အကျယ်တဝင့်စာမ​ရေးဖြစ်ခဲ့တာက အဲ့တုန်းက ပရဟိတဆိုပြီး က​လေးပုံ​တွေပြ အရမ်းလုပ်စားကြတယ်ကွာ။ အဲ့​တော့ လက်ယာသမား​တွေက က​လေး​တွေပုံရိုက်တာ မဖြစ်သင့်ဘူးတို့။ လူ​ကောင်း ဆိုတဲ့ နာမည်လိုချင်လို့ အားနည်းသူကို ခုတုံးလုပ်တယ်တို့ မျိုးစုံ ဒရမ်မာခင်း​ရေးသူ​တွေရှိ​တော့ ကိုယ်လဲ ​ရေးရမှာ ရှိန်ခဲ့တာ​ပေါ့။ page မှာက ကိုယ်မှန်းသိတဲ့ အမျိုး​ပေါင်းမျိုးစုံဘယ်သူဖတ်​နေမှန်းမသိလို့ မ​ရေးဖြစ်ခဲ့တာလဲပါတယ်။ အခု​တော့ နှစ်​တွေလဲ ကြာ​နေတာ​ရော၊ ဒါက အလှူဆိုတာထက် ကိုယ့်မင်္ဂလာပွဲကို တက်​ရောက်ကြတဲ့ ဧည့်သည်​တွေနဲ့ Door gifts ပြန်​ပေးတဲ့ Sponsors ​တွေလို့ သ​ဘောထားလိုက်ရင် ok တယ်ဟုတ်? 

​ပျော်​နေတဲ့ ဧည့်သည်​တွေ ပြန်ချိန်



ဘာရယ်မဟုတ်ဘူး ဖုန်းအသစ်​ပြောင်းလိုက်​တော့ ပုံ​တွေ Back up လုပ်ရင်း ဒီပုံ​​​လေးတွေပြန်​တွေ့​တော့ ပြန်​ပျော်ရတာ​ရော၊ ပြီး​တော့ ကိုယ့်ရဲ့ အပြည့်အဝ မလုပ်ရ​သေးတဲ့ Fun fair ​လေး​ရော မြန်မာပြည်ပြန်လို့ရတဲ့ တစ်ချိန် အားလုံးနဲ့တူတူ လုပ်ချင်ပါ​သေးတယ်လို့.....

စားချင်ထှာ... ကိုယ့်သားကို ​ကျွေးချင်မိ


Friday, February 05, 2016

ပြည်တော်ပြန် လှည့်စားမယ် (၂)

၅။ ဓနုဖြူ ဒေါ်စောရီ မြန်မာထမင်းဆိုင်

Date Visited: 4th Nov 2015
Taste: 4/5
Service: 4/5
Shop ambient: 3/5
Price: 3/5
Cleanliness: 4/5

မြန်မာထမင်းဆိုင်စားချင်တယ်ဆိုရင်တော့ နီးနီးနားနားလဲဖြစ်တဲ့ ၂၉လမ်း အလယ်လမ်းက ဓနုဖြူဒေါ်စောရီဆိုင် သွားစားဖြစ်တာပဲ။ တခြားနေရာမှာ ဆိုင်ခွဲတွေလဲ အများကြီးရှိတယ်။ ချဉ်ရည်ဟင်းနဲ့ ငပိရည်တို့စရာက Complementary ပေးတယ်။ ချဉ်ပေါင်ကြော်ကတော့ ဝယ်စားရတာ။ (အရင်ခေတ်ကဆိုရင် မြန်မာထမင်းဆိုင်တွေမှာ ချဉ်ပေါင်ကြော်ကို အလကားပေးတယ်။ ခုကျတော့ သိပ်မမိုက်တော့ဘူး)။ အဲ့ဆိုင်ရဲ့ တစ်ဆိုင်ကျော်နားမှာလဲ မြန်မာထမင်းဆိုင် အသစ်တစ်ခုတွေ့တယ်။ ကောင်းမဲ့ပုံပဲ မစားဖြစ်ခဲ့ဘူး။ မြန်မာထမင်းဟင်းဆိုတာကလဲ ဆီပြန်တွေ၊ အကြော်တွေဆိုတော့ ဆီစားများတဲ့ အစားအစာတွေချည်းပဲလေ။ ဒါဒါတွေချည်း ထပ်ပြီး နေ့တိုင်းမစားနိုင်ဘူး။ တစ်ခြားစားချင်တာလေးတွေလဲ မျှစားဖို့ အချိန်ချန်ရတယ်မဟုတ်လား။

မြန်မာထမင်းဆိုင်ဆိုရင် အမြဲစားဖြစ်တာ အမဲနှပ်။ ဝက်သားဟင်းကစားရင် အဆီက ခပ်များများ။ ဝက်ဆီဟင်းဖြစ်နေတော့ မစားချင်ဘူး။ အမဲနှပ်က ဟင်းအနှစ်လဲရှိတယ်။ ပါသမျှ အသားက အကုန်စားလို့ရတယ်လေ။ အမဲသားမစားတဲ့သူတွေအတွက်လဲ တစ်ခြားဟင်းတွေ တော်တော်လေးစုံပါတယ်။ သူက လာစားတဲ့သူများတော့ ဟင်းစုံချက်ထားတတ်တယ်။ နောက်ပြီး အသုတ်မျိုးစုံလဲမှာလို့ရတယ်။ ဖေဖေက ဝက်ခေါင်းသုတ်မှာစားဖြစ်တယ်။ ထမင်းက အဝစား။ ပုံမှန် ဟင်းတစ်ပွဲ ၃၀၀၀ ကျပ်။ ပုဇွန်ထုတ်တို့ဘာတို့ဆိုရင်တော့ ဈေးပိုကြီးမယ်ထင်တယ်။

၆။ Eugenia စားသောက်ဆိုင်

Date Visited: 8th Nov 2015
Taste: 4/5
Service: 2/5
Shop ambient: 3/5
Price: 3/5
Cleanliness: 4/5




အလုံ၊ ဗဟိုလမ်းပေါ်က Eugenia စားသောက်ဆိုင်ကို ဖွင့်တာလဲ ကြာပြီဆိုတော့ တော်တော်များများသိကြမှာပါ။ ဆိုင်က သန့်ပြန့်ပြီး အဲ့ကွန်းနဲ့ တရုတ်အစားအစာအစုံရပါတယ်။ ဒါပေမဲ့ မဗေဒါအတွက်တော့ အဲ့ဆိုင်ကိုသွားဖြစ်ရင် ကြေးအိုးပဲ စားဖြစ်တာများပါတယ်။ Eugenia မဟုတ်ရင်တော့ ရွှေတောင်တန်းလမ်းက အောင်မြင့်မိုရ်ဆိုင်မှာ စားဖြစ်တာများတယ်။ ရွှေတောင်တန်းကဆိုင်တွေကတော့ Eugenia လောက်တော့ အပြင်အဆင်မကောင်းဘူးပေါ့။ ဈေးလဲ Eugenia ထက်တော့ နည်းနည်းသက်သာမှာပေါ့။ အချိုမှုန့်သုံးတာလဲ ပိုများမယ်ထင်တယ်။ ဒါပေမဲ့ ရွှေတောင်တန်းလမ်းက ကြေးအိုးက Eugenia ထက် အသားများတယ်။ အရွက်လဲ များတယ်။

Eugenia ကို ဘာလို့ရွေးဖြစ်လဲဆိုရင် သန့်ပြန့်တဲ့ နေရာထိုင်ခင်းရယ်။ အချိုမှုန့် ရွှေတောင်တန်းက ဆိုင်တွေထက် နည်းတယ်လို့ ခံစားရလို့။ အရသာကလဲ မဆိုးဘူးလေ။ ဒါပေမဲ့ အသားနဲ့ အရွက်နည်းတာကိုတော့ သိပ်သဘောမကျလှဘူး။ အထူးသဖြင့် ကိုယ်က အရွက်ကြိုက်တော့ ဆလပ်ရွက်နည်းတာကို သဘောမကျဘူး။

ဝန်ဆောင်မှုကို ဘာလို ၂ပဲ ပေးထားလဲဆိုတော့။ ဆိုင်ထဲဝင်လာရင် ခရီးဦးကြိုပြု စားပွဲစီစဉ်ပေးမဲ့သူမရှိဘူး။ စင်္ကာပူက ဟော့ကာဆန်တာကျနေတာပဲ ဘယ်သူစားလို့ပြီးခါနီးပလဲ အဲ့ဝိုင်းလေးနားသွားရပ်နေရတယ်။ စားပွဲရှာရတာ စစ်မြေပြင် တိုက်စစ်ထိုးနေရသလိုပဲ။ ကိုယ့်လိုပဲ ရှာနေတဲ့သူတွေလဲရှိတာကိုး။ Restaurant ဖြစ်ပြီး အဲ့လို မစီစဉ်ပေးတာ လာစားသူတွေကို မကြိုဆိုရာကျတယ်လို့ ခံစားရတယ်။ အမှန်ဆို အပြင်မှာ ဧည့်ကြိုတစ်ယောက်ထား။ ဆိုင်ထဲမှာပြည့်နေရင် အပြင်မှာ တန်းစီစောင့်ခိုင်း အထဲက စားပြီးတဲ့ ဝိုင်းတွေ ရှင်းပြီးမှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ကို လွှတ်။ အဲ့ဒါ နိုင်ငံတိုင်းက စားသောက်ဆိုင်တွေရဲ့ စနစ်ပဲဟာ။ ခုတော့ ကိုယ့်စားပွဲကိုယ်ဦးနေရတော့ စားပွဲဦးတဲ့သူကလဲ ရှေ့အဖွဲ့မထခင် အမြန်ဝင်ရမယ်။ ပြိုင်ဘက်ဦးနေသူကလဲ ရှိတာကိုး။ ဒီတော့ waiter တွေကလဲ Served လုပ်ဖို့ဟာကို စားပွဲစောင့်နေတဲ့သူတွေနဲ့ တိုးဝှေ့နေရတယ်။ ထွက်မဲ့သူကလဲ ပိတ်ထားသလိုဖြစ်တော့ အားလုံး ကျပ်ပိတ်သိပ်ပြီး ဘယ်သူမှ စိတ်မချမ်းသာရဘူး။ Restaurant နော်။ ရိုးရိုးဆိုင်ဆို မပြောသေးဘူး။

နောက်ပြီး မှာဖို့ စားပွဲထိုးကို လည်ပင်းရှည်အောင်စောင့်ရတယ်။ လက်တွေလှမ်းပြ။ မတ်တပ်တွေရပ်ပြ။ မျက်စတွေပြစ်ပြ (အဲလေ… ယောင်ကုန်ပြီ။ မြန်မာပြည်က စားပွဲထိုး သတိထားမိအောင် ကြံရာမရ လုပ်မိတာဖြစ်မယ်)။ သူတို့ မျက်လုံးကြီးတွေက Selective Vision များရှိသလားမသိဘူး။ တစ်ခါတစ်လေ တည့်တည့်ကြီးကြည့်နေလဲ မမြင်ကြဘူးဗျာ။ ကိုယ်များ စားပွဲလုနေတုန်း ဘဝပြောင်းပြီး ဝိဉာဉ်ဖြစ်သွားသလားလို့။

စားပွဲထိုးလာတော့ အောင်မြင်စွာအော်ဒါမှာလိုက်တာပေါ့နော်။ အမေက ဗိုက်ဆာနေတာ။ ဒါပေမဲ့ ကျွန်မတို့ဟာအရင်ရောက်လာတာပေါ့နော်။ ထားပါ ဘယ်သူ့ဟာအရင်ရောက်ရောက်ပါ။ ဒါပေမဲ့ တစ်ပွဲနဲ့တစ်ပွဲ အချိန်အဲလောက် မကွာသင့်ဘူးလေ။ ခုတော့ ကျွန်မတို့တောင် စားလို့ကုန်တော့မယ်။ အမေ့ဟာက မလာ မလာ။ သူများကုန်ခါနီးမှပဲ အကြိမ်ကြိမ်မေးမှ ရောက်လာတယ်။ အဆင်မပြေဘူးရော…။ အတူတူလာတဲ့သူတွေ… အတူတူမစားရတဲ့သဘောကြီး။ ဒါနဲ့ နောက်တစ်ပွဲထပ်စားဖို့ ထပ်မှာလိုက်တယ်။ အမေတောင် စားပြီးသွားတယ်။ နောက်တစ်ပွဲက MIA (Missing in Action) ဖြစ်နေတယ်။ စောင့်တယ်… သတိပေးတယ်။ မလာဘူး။ ဒါနဲ့တော်ပြီ မစောင့်တော့ဘူးဆိုပြီး ပိုက်ဆံရှင်းမယ်ခေါ်တော့လဲ ဝိဉာဉ်ဘဝပြန်ရောက်ပြန်ရော။ ဒါနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ကောင်တာမှာထရှင်းရတယ်။ မရောက်လာတဲ့ ပွဲအတွက် ထည့်ယူထားမှာစိုးလို့ ကြည့်ရသေးတယ်။ ဘေလ်ဆိုတာ စစ်တာအကောင်းဆုံးပဲ။ မယူတော့ မယူထားဘူး။ အဲ့ဒါတွေကြောင့် Service ကို 2 ပဲပေးထားတာ။ စားပွဲထိုးတွေကို အပြစ်မပြောဘူးနော်။ အဲ့ဒါ ဆိုင်ရဲ့ ကြီးကျပ်မှု အစီအစဉ်ညံ့ဖျင်းလို့။ Management ညံ့လို့။ ဆိုင်ရှင်တစ်ခုခုလုပ်သင့်တယ်။

၇။ ရှမ်းရိုးရာ စားသောက်ဆိုင်

Date Visited: 12th Nov 2015
Taste: 4/5
Service: 5/5
Shop ambient: 5/5
Price: 4/5
Cleanliness: 4/5




မပြန်ခင်တစ်ရက် စားချင်တာတွေကများပြီး အချိန်ကမရှိတော့ ။ အလုပ်က ဂျပန်မက သူမြန်မာပြည်လာလည်တုန်းက သူ့ သြစတြေးလျ အဖြူရည်းစားနဲ့ ရှမ်းရိုးရာမှာ စားခဲ့တာ အရမ်းကောင်းလို့ ကိုယ့်ကို ပြန်ပြီး ညွှန်းထားတော့ ကိုယ်လဲ သွားစားကြည့်မယ်ပေါ့။ ကိုယ်ကတော့ ရှမ်းခေါက်ဆွဲဆို အိမ်က အဖေချက်တာကလွဲလို့ ကျန်တဲ့ ရှမ်းခေါက်ဆွဲတွေ သိပ်ကြိုက်တာမဟုတ်ဘူး။ ဒါပေမဲ့ တခြားရှမ်း စားစရာတွေတော့ အစုံရှိတယ်ကြားမိတယ်လေ။ သူက ဝါးတန်းလမ်းမှာရှိတာ။ ဗဟိုစည်အိမ်ရာနဲ့ မျက်နှာချင်းဆိုင်နားလောက်။ အနော်ရထားလမ်းဘက်ကလာရင် တစ်ဘလောက်ထပ်တက်၊ ဗိုလ်ချုပ်လမ်းကို ထပ်ကားလမ်းကူး။ အဲ့ဒိဘလောက်မှာရှိတာ။ အနော်ရထားလမ်းဘက်ကနေလာရင် Feel စားသောက်ဆိုင်တွေဘာတွေ ကျော်သွားရတယ်။ အဲ့နားရောက်ရင်တော့ ရှမ်းရိုးရာဆိုင်းဘုတ်ကြီးက အကြီးကြီးပါ။ သူက ခြံနဲ့ဝန်းနဲ့။ ရှေ့ခေတ်သစ်သားအိမ်ပုံစံမျိုးကြီး။

ဆိုင်က ဝန်ထမ်းတွေက ရှမ်းရိုးရာဝတ်စုံတွေနဲ့ အားလုံးလှပ သန့်ပြန့်။ အဝင်ဝရောက်တာနဲ့ ရှမ်းဝတ်စုံနဲ့ကောင်မလေးတွေက ခရီးဦးကြိုပြု၊ ကိုယ်ထိုင်မဲ့စားပွဲကို တလေးတစားလိုက်ပြ။ အဲ့လောက်ကြီး တစ်ခန်းတစ်နားလို့ (ကိုယ်က ရိုးရိုးစားသောက်ဆိုင် ရွှေဘဲတို့လို ပုံစံမျိုးလို့ ထင်ထားခဲ့လို့ တစ်ခန်းတနားလို့ သုံးနှုန်းမိတာပါ။) ဆိုင်ရဲ့ အောက်ထပ်ကို ဖြတ်လျှောက်တုန်း မျက်လုံးဝှေ့ကြည့်လိုက်တော့ နိုင်ငံခြားသားလိုလိုတွေ၊ Business dinner လိုလို အုပ်စုမျိုးတွေ တွေ့တယ်။ မိသားစုတွေလဲ ပါချင်ပါမှာပေါ့။ ကျွန်မတို့က အပေါ်ထပ် လှေကားထိပ်က ၂ယောက်ခုံမှာ သီးသန့်နေရာလေးရတယ်။ ဆိုင်က ဝန်ဆောင်မှုရယ်၊ ဝန်ထမ်းတွေဝတ်စုံ၊ ဆိုင်အခင်းအကျင်းကြည့်ပြီး ရင်တော့ခုန်တာပေါ့။ ဘယ်လောက်တွေ ကျတော့မလဲပေါ့။ လာမိတာ မှားပြီလားပေါ့။ ဂျပန်မ ဆေးထိုးလိုက်တာများလားပေါ့။

အင်း… မန်နျူးကြည့်တော့ ၅၀၀၀ ကျပ်အောက် စားစရာကတော့ ခပ်ရှားရှားပေါ့။ ရှမ်းခေါက်ဆွဲကတော့ ၃၀၀၀ ကျပ်ထင်တယ် (မသေချာဘူး)။ ကိုယ်က အဲ့ဒိညအတွက် စားချင်တဲ့ စာရင်းက တခြားဟာတွေရှိသေးတော့ သိပ်အများကြီး စားလို့မဖြစ်ပြန်ဘူးလေ။ မြည်းကလဲ မြည်းကြည့်ချင်တော့ သူက ရှမ်းခေါက်ဆွဲဆန်စီး၊ ကျွန်မက ငါးထမင်းနယ်၊ တို့ဟူးကြော်တစ်ပွဲမှာလိုက်တယ်။ မန်နျူးကလဲ တကယ်ကို အထင်ကြီးစရာပါ။ ရှမ်းစာပေါင်းစုံ ကိုယ်မကြားဖူးတာတွေ အများကြီးရှိတယ်။ ရှမ်းစာကို ဝေးဝေးသွားစရာမလိုပဲ အစုံစားလို့ရတဲ့ နေရာမို့ အဲ့ဒိအတွက် အမှတ်ပေးတယ်။
စားပွဲထိုးတွေ ဝတ်စုံနဲ့ ဝန်ဆောင်မှု၊ နောက်ဖေးမီးဖိုချောင် သန့်ရှင်းမှု (ကျွန်မထိုင်တဲ့ခုံ ပြတင်းပေါက်ကနေ သူတို့ နောက်ဖေးမီးဖိုချောင်အဆောင်ကို လှမ်းမြင်နေရတယ်၊) စားဖိုမှုးတွေကလဲ သပ်သပ်ရပ်ရပ်ဝတ်စုံတွေနဲ့ပဲ။ အဲ့ဒိအတွက် သူတို့ဆိုင် ဝန်ဆောင်မှုကို အမှတ်ပြည့်ပေးထားတယ်။ ဆိုင်ရဲ့အခင်းအကျင်း၊ အပြင်အဆင်၊ ရိုးရာပုံစံလဲ သိပ်မပျောက်ပဲ ခေတ်မီတဲ့ ပုံစံလဲပေါက်အောင် ပြင်ဆင်ထားတဲ့အတွက် စိတ်လက် ကြည်သာစေလို့ ဆိုင်ရဲ့ ခံစားချက်ကိုလဲ အမှတ်ပြည့်ပေးထားတယ်။




ကျွန်မစားတဲ့ ငါးထမင်းနယ်ကတော့ ဘာမှ ထွေထွေထူးထူးအရသာမရှိဘူး။ အင်းလေးဖောင်တော်ဦးက လမ်းဘေးငါးထမင်းနယ်ကတောင် အရသာရှိသေးတယ်။ ဒါပေမဲ့ တို့ဟူးကြော်နဲ့ ရှမ်းဆန်စီးသုတ်ကတော့ အတော်လေးကောင်းတယ်။ ရှမ်းခေါက်ဆွဲကို အိမ်မှာချက်တာကလွဲလို့ တခြားမကြိုက်တဲ့ ကျွန်မတောင် မြည်းကြည့်တော့ ကြိုက်သွားတယ်။
ဈေးနှုန်းအရဆိုရင်တော့ ဒီဆိုင်က ကျွန်မအတွက် နေ့တိုင်းအပျင်းပြေလာစားရမဲ့ ဆိုင်မျိုးမဟုတ်ပေမဲ့။ ရန်ဖန်ရံခါ၊ မွေးနေ့တို့၊ ဘာတို့ဆိုရင်တော့ ပိုက်ဆံပိုပေးပြီး ခုလို ဝန်ဆောင်မှုကောင်းကောင်းအစားအသောက်ကောင်းကောင်းမှာ လာစားရတာမဆိုးဘူး။ ပြီးတော့ နိုင်ငံခြားသားသူငယ်ချင်းတွေဘာတွေနဲ့ လာစားရမယ်၊ မြန်မာပြည်သွားလည်မလို့ ဘယ်ဆိုင်ကောင်းလဲလို့မေးရင်တော့ ဒီဆိုင်ကို ညွှန်းဖြစ်မှာ သေချာတယ်။ သူက မြန်မာပြည်ကသာမာန်လူတွေဝင်ငွေနဲ့ ယှဉ်တော့သာ ဈေးကြီးသလိုဖြစ်နေတာလေ။ တိုးရစ်အတွက်ကတော့ သူတို့နိုင်ငံအနေနဲ့ ဈေးအတူတူလောက်ပဲရှိပါတယ်။ သုံးပျော်ပါတယ်။ အထူးသဖြင့် မန်နျူးစုံလင်တဲ့အတွက် တစ်နေရာတည်းမှာ ရှမ်းစားစရာမျိုးစုံ စားလို့ရတာကို သဘောကျတယ်။

ကဲ… ရန်ကုန်မှာ ရှမ်းစာကောင်းကောင်းစားချင်ရင် ရှမ်းရိုးရာစားသောက်ဆိုင်ကို သွားနော်။ အဲ့ဒိကနေ နောက်တစ်နေရာ ဆက်ကြရအောင်…




၈။ စမိုင်လီ ဝက်သားတုတ်ထိုး (Junction Mawtin branch)

Date Visited: 12th Nov 2015
Taste : 3/5 (လမ်းဘေးဈေးသည်တွေကတော့ သူတို့ထက် အရသာပိုရှိတယ်။ ဒါပေမဲ့ သူတို့အရသာကလဲ မဆိုးပါဘူး)
Cleanliness: 4/5
Service: 4/5
Price: 200 kyat per stick


ရှမ်းရိုးရာမှာ စားပြီးတော့ ကျွန်မရဲ့ မစားရသေးတဲ့ စာရင်းထဲက ဝက်သားတုတ်ထိုးကိုရှာပါတယ်။ ဒါပေမဲ့ သန့်တဲ့ဆိုင်ပဲစားချင်တယ်။ ဟိုးအရင်တစ်ခေါက်က မနက်ပိုင်း စကော့ဈေးက ဇီးယိုရယ်၊ ညပိုင်း ဒိန်ချဉ်ရယ်၊ ဝက်သားတုတ်ထိုးရယ် တစ်ရက်တည်းမှာ စားလိုက်တာ ည ၁၂နာရီ အထက်လန်အောက်လျောဖြစ်ပြီး အေးဆေးခန်းရောက်သွားတယ်။ နောက်နေ့ဘာမှ မစားရတော့ဘူး။ အဲ့ကတည်းက အတတ်နိုင်ဆုံး သန့်မယ်ထင်တာကို ဆင်ခြင်စားတယ်။

ခုလည်း ဝက်သားဒုတ်ထိုး သန့်သန့်စားချင်တယ်ဖေ့ဘွတ်မှာ အော်မိတော့ သူငယ်ချင်းတစ်ယောက်က Smiley ကို ညွှန်တာနဲ့ သွားစမ်းစားကြည့်တယ်။ ဆိုင်လေးက Junction Mawtin အပေါ်ဆုံးထပ်မှာရှိတယ်။ သန့်သန့်ပြန့်ပြန့်လေးပဲ။ သူက ကြာဇံကြော်နဲ့ ဝက်သားဒုတ်ထိုးတို့ ဘာတို့ အဲ့လို တွဲစားလို့ရတဲ့ အစားအစာတွေလဲရောင်းပုံရတယ်။ ကျွန်မတို့ကတော့တစ်ညနေတည်းနဲ့ နောက်စားချင်တာတွေကျန်သေးတော့ ကိုယ်အဓိကစားချင်တဲ့ ဝက်သားဒုတ်ထိုးပဲ မှာဖြစ်တယ်။ လမ်းဘေးဆိုင်လို အများကြီး လှီးမထားပေမဲ့ ကိုယ်စားချင်တာရှိရင် ထပ်လှီးခိုင်းလို့ရတယ်။ အချဉ်ခွက်ကလဲ တစ်ယောက်တစ်ခွက် သီးသန့်လေးဆိုတော့ လမ်းဘေးဆိုင်လို အားလုံးပေါင်းပြီး နှစ်တာမျိုးမဟုတ်ဘူးလေ။ ဟို ဝက်သားဒုတ်ထိုးအလယ်က ဝက်ပြုတ်ရည်လိုလို ဝက်ဆီလိုလို အရည်ကတော့ ကိုယ့်ရှေ့မှာ စတီးမြောင်းလေးလို မျိုးထားပေးထားတယ်။ ကြိုက်ရင်တို့လို့ရတယ်။ အဲ့ဒါကတော့ ထိုင်နေတဲ့ တစ်တန်းက လူတွေ တူတူတို့စားရတာမျိုးပေါ့။



အရသာက လမ်းဘေးဆိုင်တွေလောက် မကောင်းပေမဲ့ ဝက်သားဒုတ်ထိုး ရှိသင့်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံပါတယ်။ အနံ့အရသာ သူဟာနဲ့ သူတော့ ကောင်းပါတယ်။ ဆိုင်က ဝန်ထမ်းလေးတွေကလဲ ဆက်ဆံရေးကောင်းပါတယ်။ ဆိုင်ခွဲတွေလဲ တခြားနေရာတွေမှာ ရှိတယ်လို့ပြောပါတယ်။ ဈေးကလဲ တစ်ချောင်း ၂၀၀ ကျပ်ဆိုတော့ အပြင်က လမ်းဘေးဗန်းနဲ့ ဈေးတူတူပါပဲ။ ကြက်သွန်ဖြူ၊ ငရုတ်သီးလဲ ကိုက်စားလို့ရအောင် ပေးပါတယ်။ ဟင်းချိုခွက်လေးတစ်ခွက်တောင် အဆစ် ပေးပါသေးတယ်။ နောက်ဆိုရင်လဲ မဗေဒါ ထပ်သွားစားဖြစ်မဲ့ ဆိုင်လေးပါပဲ။

၉။ ရွှေပုဇွန် (လမ်းမတော်ဆိုင်ခွဲ)

Date Visited: 12th Nov 2015


ရွှေပုဇွန်ကတော့ အားလုံးသိပြီးနေကျမို့ ထွေထွေထူးထူး မပြောတော့ပါဘူး။ ကိုယ့်အနေနဲ့ကတော့ ဖာလူဒါသွားသောက်ရတာကြိုက်ပါတယ်။ ဒါပေမဲ့ ရွှေပုဇွန်က ကူလ်ဖီမလိုင်ကို သဘောမကျပါဘူး။ ရေခဲမုန့်နဲ့ သိပ်မထူးခြားပါဘူး။ ရောက်သွားတော့ ပူတင်စားရကောင်းမလား ဖာလူဒါသောက်ရကောင်းမလား ဝေခွဲမရဖြစ်နေပေမဲ့ ဖာလူဒါထဲမှာ ပူတင်းပါတယ်ဆိုတော့ ဖာလူဒါပဲ သောက်ဖြစ်ပါတယ်။ အဲ့ဒိနေ့ညနေက မိုးကဖွဲဖွဲကျနေတာရော ရှေ့မှာ ရှမ်းရိုးရာနဲ့ စမိုင်လီဝက်သားဒုတ်ထိုးရော စားပြီးတာရောကြောင့် ဗိုက်က သိပ်မဆန့်တော့ပါဘူး။ ဖာလူဒါကလဲ စိတ်ထဲသာ စားချင်နေတာ စားတော့ အရမ်းချိုလွန်းတယ်။ မြန်မာတွေက အဆီ၊ အငံ၊ အချို အလွန်အကဲသုံးတယ်လို့ ထင်တယ်။ ငယ်ငယ်ကတော့ ဒါတွေပဲ စားပြီးကြီးလာတော့ ဒါတွေကို ချိုလွန်းတယ်။ ငံလွန်းတယ်၊ ဆီများလွန်းတယ်လို့ မထင်မိဘူး။ အထူးသဖြင့် လဘက်ရည်ဆို ချိုဆိမ့်သောက်တာ။ ဟင်းတွေ ဆီများလွန်းလို့ ကွန်ပလိမ်းတဲ့သူတွေ အရင်က နားမလည်ခဲ့ဘူး။ ကိုယ်က ဒါတွေ စားနေကျ အထှာကျနေတာကိုး။ ဒါပေမဲ့ အဲ့ဒါတွေဟာ ကျန်းမာရေးအတွက် မကောင်းသလို၊ အစားအစာတစ်ခုရဲ့ မူလအရသာကို ပျက်စေတယ်ဆိုတာ ခု စလုံးမှာ အနေကြာတော့သိလာတယ်။

စလုံး ရောက်စက စလုံးလဘက်ရည်တွေကို အရသာပေါ့လိုက်တာ၊ ကျလိုက်တာ ထင်ခဲ့တာ။ ခုဆို မြန်မာပြည်က လဘက်ရည်သောက်ပြန်တော့ နို့ဆီဗူးလိုက် သောက်နေရသလိုဖြစ်နေတယ်။ လဘက်ရည်သောက်မှတော့ လဘက်ခြောက်အရသာလေး အနံ့လေးရတာ မကောင်းဘူးလား။ ကိုယ့်အထင်တော့ အရမ်းကြီးချိုတူးနေမဲ့အစား မူလအရသာလေး မခံစားသင့်ဘူးလား။ မြန်မာပြည်က ဆီဆိုလဲ နေရာတော်တော်များများမှာ ဆီမသန့်တာ ခံစားလို့ရတယ်။ အရင်က ဆီမသန့်ဘူးဆိုတာ ဘာလဲ မသိဘူး။ ခုတော့ ကိုယ်ခံစားရလို့ ကွာမှန်းသိတာ။ ဆီမသန့်ဘူးဆိုတာ စားလိုက်ရင် ပါးစပ်ထဲ ချွဲကျိပြီးကျန်တာ။ ပါးစပ်ထဲက တံတွေးကအစ ချွဲကျိကုန်တာ။ အများကြီးစားရင် အာသီးတောင် နာတယ်။ ဆီပဲ ချွဲမှာပေါ့လို့ အရင်က ထင်ခဲ့တာ။ မတူဘူး။ ဆီသန့် ဆိုရင် အဲ့လို ပါးစပ်ထဲ ချွဲမကျန်ဘူး။ ဟိုးအရင်တစ်ခေါက်က လမ်းဘေးထမင်းဆိုင်တစ်ခုက အမဲနှပ်ဝယ်ပြီး အခန်းအပူချိန်မှာပဲ စားပွဲပေါ်တင်ထားတာ (ရာသီဥတုကတော့ အဲ့နေ့က နည်းနည်းလေး အေးတယ်။ ရန်ကုန်အေးပါ)။ နောက် ၃၊ ၄ နာရီအကြာ အဲ့ဒိအထုတ်ကို ကြည့်လိုက်တော့ ဆီတွေက ခဲနေပြီ။ ကြားဖူးတာတော့ စားအုန်းဆီတွေက အဲ့လို ခဲတာ မြန်တယ်တဲ့။ ဟုတ်မဟုတ်တော့ မသိ။ ခုလို ပြောတာ နိုင်ငံခြားရောက်မှ ကြီးကျယ်လိုက်တာ တသက်လုံး ဒါတွေစားနေခဲ့ပြီးတော့ဆိုတဲ့ ပုံစံမျိုးနဲ့ မြန်မာပြည်က ကိုယ့်အမျိုးတွေက အစ ကြည့်တာ ခံရဖူးပါတယ်။ ကြီးကျယ်တာမဟုတ်ပါ။ ကွဲပြားတာကို အရင်က မသိခဲ့ဘူး။ ခုမှ သိလို့ မသိသေးတဲ့ ကိုယ့်မိသားစုတွေကို ပြောပြတာပါ။ ဆရာလုပ်ချင်တာ သွေးကြီးသွားတာမဟုတ်ပါ။ လူတန်းစေ့ ကျန်းကျန်းမာမာ အစားကောင်းစားစေချင်တာပါ။


ရွှေပုဇွန် ဖာလူဒါ ကနေ ဘယ်တွေရောက်ကုန်ပြီလဲ မသိ။ ရွှေပုဇွန်က ဖာလူဒါလဲ မကုန်ခဲ့ပါဘူး။ အာ့စားပြီး ချိုလွန်းလို့ ချောင်းတောင် စဆိုးလားတယ်။ စားရတာတော့ ကြိုက်ပါတယ်။ အာ့ပြီးတော့ ဘေးက ရွှေပုဇွန် မုန့်တိုက်မှာ စလုံးပြန်လက်ဆောင်ဝင်ဝယ်ပါတယ်။ အရင်တုန်းက ကိုယ်တွေမြန်မာ စိတ်နဲ့ဆိုတော့ ဒီမုန့်ကိုပဲ ပတ်ကင်လှလှလေးပတ်ထားပြီး ဈေး ၃ဆလောက် တက်သွားရင် နှမြောပြီး မဝယ်ပဲ ပတ်ကင်းပုံမှန်နဲ့ ဈေးချိုတာကိုပဲ ရွေးရွေးဝယ်တတ်ခဲ့တယ်။ အလုပ်က နိုင်ငံခြားသားတစ်ယောက် မြန်မာပြည် အလုပ်ကိစ္စခရီးထွက်ပြီး ပြန်လာတော့ ရွှေပုဇွန်က နံကထိုင်ကို လှလှလေးထုတ်ထားတဲ့ ဗူးဝယ်လာတော့ ကိုယ်က ပြန်မေးရတယ်။ ကိုယ်တောင် တစ်ခါမှ မမြင်ဖူးလို့။ အလုပ်မှာ ကိုယ်အရင်က ဝယ်လာတဲ့မုန့်တွေဆို တင်ထားရင် ပတ်ကင်းက မလှတော့ သူတို့က သိပ်မစားချင်လှဘူးရယ်။ ခု အဲ့လူဝယ်လာတဲ့ နံကထိုင်ကျတော့ တစ်ကိုက်စာ သေးသေးလေးတွေကို အထုတ်လေးတွေတစ်ထုတ်စီ သီးသန့်လေးဆိုတော့ အားလုံးက သန့်သန့်ပြန့်ပြန့်နဲ့ဆိုတော့ ဝိုင်းစားကြတယ်။ ကိုယ်မြည်းကြည့်တော့ အဲ့ဒိ special Nan ka Htaing ဆိုတာက သာမာန်ထက်တော့ အရည်အသွေး အရသာ ပိုကောင်းတယ်။ အဲ့ဒါကို မှတ်ထားပြီး ကိုယ်က အလုပ်က နိုင်ငံခြားသားတွေအတွက်တော့ အဲ့ဒိ ဗူးကို ဝယ်တယ်။ ကိုယ့်အိမ်သားတွေ စားဖို့ကတော့ သာမန်အထုတ်ပေါ့။ အရသာက ဟိုဟာက ပိုကောင်းတယ်ဆိုပေမဲ့ မဆိုသလောက်လေးပါပဲ။ Mr.Right ကိုပြောပြတော့ သူလဲ သူ့အလုပ်က လူတွေအတွက် အဲ့ဒိ စပါယ်ရှယ် နံကထိုင်ဗူးကို ဝယ်တယ်။ ဒီပြန်ရောက်တော့ သူ့အလုပ်က လူတွေက ကြိုက်လိုက်ကြတာ မပြောနဲ့။ သူတို့ မစားဖူးဘူးဆိုပဲ။ ပေးရတာ မျက်နှာပန်းလှတယ်လေ။ နိုင်ငံခြားသား ဘာလက်ဆောင်ပေးရမှန်း မသိရင် အဲဒါလေးကို ညွှန်းချင်တယ်။



၁၀။ ရွှေဘုံသာလမ်း အလယ်လမ်းထိပ်က ကူလ်ဖီလ်မလိုင်


ကူလ်ဖီလ်မလိုင်ဆိုရင်တော့ ရွှေဘုံသာအလယ်လမ်းထိပ်က ရေခဲမုန့်ဆိုင်ကဟာကြိုက်တယ်။ အကြိုက်ဆုံးကတော့ ငယ်ငယ်က လှည်းလေးတွန်းပြီး လမ်းတွေထဲ “ကူလ်ဖီလ် မလိုင်” ဆိုပြီး ညဘက်မှာ လာလာရောင်းတဲ့ ဦးလေးကြီး ကူလ်ဖီလ်မလိုင်ကို ကြိုက်တယ်။ ဒါပေမဲ့ ခုတော့ မရှိတော့ဘူးဆိုတော့ ဒီဆိုင်က ကူလ်ဖီလ်မလိုင်ကိုကြိုက်တယ်။ နို့နံ့လေးရော မလိုင်ဖက်လေးရောစားလိုက်ရင် ချိုအေးမွှေးပဲ။ ဈေးလဲ မကြီးဘူး။ ညဘက်ပျင်းလို့ အပြင်ထွက်ထိုင်ချင်တယ်။ လဘက်ရည်ဆိုင်တွေလဲ မထိုင်ချင်ဘူးဆို အဲ့လို ရေခဲမုန့်ဆိုင်လေးတွေကလဲ ပလက်ဖောင်းပေါ် ခုံခင်းထားတာဆိုတော့ လဘက်ရည်ဆိုင်နဲ့ ခံစားချက်ချင်းတူတူပါပဲလေ။ အဲ… တချိန် လမ်းဘေး ပလက်ဖောင်းစားပွဲခင်းတာတွေ စည်းကမ်းတကျလုပ်လာမယ်ဆိုရင်တော့ ဒါမျိုး ရှိချင်မှ ရှိတော့မပေါ့။

၁၁။ ရွှေဘဲ စားတော်ဆက်


ရွှေဘဲကတော့ ပြန်တိုင်း အနည်းဆုံး ၁ကြိမ်တော့ စားဖြစ်ပါတယ်။ ခုတစ်ခေါက်ကတော့ ၂ကြိမ်စားဖြစ်တယ်။ ၂ကြိမ်လုံး မိတ်ဆွေတွေက လိုက်ကျွေးတာချည်းပဲ။ ရွှေဘဲကတော့ အားလုံးလဲ စားဖူးနေမယ်ဆိုတော့ ထွေထူးပြောမနေတော့ပါဘူး။ သူက ဘဲကင်နာမည်ကြီးတယ်။ ကိုယ်ကတော့ ဘဲကင်ထက် ငါးချိုချဉ်ကြော်၊ ဂဏန်းပျော့ကြော်၊ ပြည်လုံးချမ်းသာ တွေကို ပိုကြိုက်တယ်။ အဲ့ဟင်းတွေကတော့ Recommended ပဲ။ ဘဲကင်က အချဉ်ကို ကြိုက်တယ်။ အချဉ်ကောင်းလို့ ကောင်းနေသလိုပဲ။

ထမင်းဖိတ်ကျွေးရင် ကိုယ်ရင်းနှီးတဲ့သူ၊ ကိုယ်နဲ့သူရဲ့ ခင်မင်မှုကို အလေးထားတဲ့သူ၊ သူ့ဘက်ကလဲ ကိုယ့်ကို sincere ဖြစ်ဖြစ် တွေ့ချင်လို့ ထမင်းဖိတ်ကျွေးတဲ့သူတွေကိုပဲ လိုက်စားချင်တယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်လဲ အေးအေးဆေးဆေး ဝယ်စားနိုင်ရဲ့နဲ့ မသက်မသာ ဟန်ဆောင်ပြီး စားရတာ မျိုမကျဘူး။

သိပ် မရင်းနှီးတဲ့သူပဲဖြစ်စေ၊ စိတ်ရင်းနဲ့ ခင်မင်လို့မဟုတ်ပဲ နောက်ကွယ်မှာ အကြောင်းရာတစ်ခုခုပါနေတဲ့ သူတွေကျရင် အဆင်မပြေဘူး။ တချို့ကျတော့ လိုက်မစားချင်ပေမဲ့ မျက်နှာ နာရမှာစိုးလို့ လိုက်စားရတာတွေလဲ ရှိတယ်လေ။ အဲ့လို အားနာရတဲ့ လူတွေကျတော့ သူတို့က ဆိုင်မှာကျွေးမယ်ကျပြန်တော့လဲ ကိုယ်စားချင်တဲ့ ဆိုင်ဖြစ်အုံးမှ။ တစ်ခါတစ်လေ ကိုယ်က ရတဲ့ အချိန်လေးမှာ ကိုယ်စားချင်တဲ့ ဆိုင်တွေကို စာရင်းလုပ်လာတယ်။ ကျွေးမဲ့သူက အားနာရတဲ့ ရင်းနှီးမှုလောက်ပဲ ရှိတဲ့သူဆိုတော့ အရမ်းကုန်မှာစိုးလို့ မပြောချင်။ တစ်ခါတစ်လေကျတော့ ကိုယ် စာရင်းထဲက လမ်းဘေးဆိုင်မစားရသေးလို့ စားချင်တယ်။ ကျွေးမဲ့သူက လမ်းဘေးဆိုင်ဆို ကျွေးရတာ မတင့်တယ်ဘူးလို့ထင်တယ်။ အဲ့လိုမျိုးလွဲနေတတ်တယ်။


ကိုယ့်အနေနဲ့ကလဲ သိပ်မရင်းနှီးရင် (ဥပမာ အမျိုးတွေလို ပတ်သတ်မှုမျိုး၊ ကိုယ့် သူငယ်ချင်းအပေါင်းအသင်းက ပွင့်ပွင့်လင်းလင်းပြောလို့ရသေးတယ်) ကျွေးမဲ့သူစိတ်ကြိုက်ဆိုင်ပဲ ရွေးခိုင်းဖြစ်တယ်လေ။ နောက်တစ်ခုကျတော့ ကိုယ်ကလဲ ဆိုင်သစ်တွေ ဘာတွေ ထပ်ပေါ်နေမှန်း ကိုယ်မှ မသိတာကိုး… ဖြစ်နိုင်ရင်တော့ ကိုယ်ဘာမျိုးစားချင်လဲ ဘယ်အချိန်အားလဲ ကြိုတင်ဘွတ်ကင်လုပ်ပြီး ဖိတ်တာကောင်းမယ်ထင်တယ်။ ဟီး… ကြီးကျယ်တယ်လို့ မထင်စေချင်ဘူး။ တစ်ခါက ကြုံဖူးတယ် ကိုယ်မပြန်ခင် နောက်ဆုံးနေ့ နေ့လည်စာကို သူတို့အိမ်လာစားပါဖိတ်ထားတယ်။ အမှန်တော့ နောက်ဆုံးနေ့ဆိုရင် ဘော်ဒါတွေနဲ့ အသားကုန်လျှောက်သွား ကိုယ်စားချင်တဲ့ထဲက မစားရသေးတာတွေ အမြန်လျှောက်စားရတဲ့နေ့။ ဒါပေမဲ့ မျက်နှာနာစရာ အမျိုးဖြစ်နေလို့ မသွားပြန်ရင်လဲ တခြားလူတွေကို လျှောက်ပြောအုံးမယ် “အဲ့ကောင်မလေး ကြီးကျယ်တယ်”ဆိုပြီး။ အဲဒါနဲ့ ဘော်ဒါတွေနဲ့ သွားဖို့ကိုတောင်ဖြတ်ပြီး စိတ်ပျက်ပျက်နဲ့ သူတို့အိမ်ကို တက်သွားတာ။ ဟိုရောက်တော့ ဘဲလ်တောင်မနည်းတီးရတယ်။ ပြီးတော့ သူတို့ ထမင်းစားဖိတ်ထားမှန်းတောင် မမှတ်မိဘူးတဲ့။ တိုက်ဆိုင်လိုက်တာများ တမင်လုပ်သလားထင်ရတယ် (တမင်လုပ်တာတော့ မဟုတ်လောက်ဘူးထင်တာပဲ၊ လုပ်ရလောက်အောင် ကိုယ်ဘာမကြိုက်လဲ သူတို့သိရလောက်အောင် မရင်းနှီးဘူး၊ မိဘမျက်နှာထောက်လို့ သွားပေးရတာ)။ ငါးဟင်းချက်ထားတယ်။ ကိုယ်က ငါးဆို ငယ်ငယ်က ငါးညှီနံ့နံလို့ လုံးဝမစားဘူး။ ခုကြီးလာတော့ နည်းနည်းတော့ စားတယ်။ ဟင်းထက် ငါးကြော်ကို ပိုစားလို့ရတယ်။ အဲ့ဒိကတည်းက စိတ်ထဲက ဆုံးဖြတ်လိုက်တယ်။ အဲ့ဒိအိမ်က ထမင်းစားဖိတ်ရင် နောက်ဘယ်တော့မှ မသွားတော့ဘူးလို့။

ရွှေဘဲအကြောင်းနည်းနည်းရေးပြီး ကိုယ့်အကြောင်းပြောတာ များသွားတယ်။ ဆော်တီး…


၁၂။ Lucky Seven Tea Shop

Date Visited: 13th Nov 2015
Food: 4/5
Cleanliness: 3/5
Service: 3/5


၄၉လမ်းက Lucky Seven လဘက်ရည်ဆိုင်ကိုတော့ စလုံးကို မပြန်ခင် မနက်စာသွားစားဖြစ်တယ်။ မဗေဒါရဲ့ စာဖတ်သူ ရဲဝင့်သူက မပြန်ခင်တော့ သူလိုက်ကျွေးချင်သေးတယ်ပြောထားတာကြာပြီ။ ကိုယ့်ကိုလဲ ဖမ်းမမိ။ သူကလဲ အလုပ်တစ်ဖက်ဆိုတော့ သူအားတဲ့ အချိန်နဲ့ ကိုက်လို့မရဖြစ်နေတာ။ စစချင်း ပြန်ရောက်ကတည်းက သူကျွေးမယ်ပြောနေတာ။ ကချင်အစားအစာဆိုလား၊ စကောထမင်းဆိုလား၊ စုံနေတာပါပဲ။ ဟိုးနှစ်က ပြန်လာတုန်းကလဲ သူခေါ်သွားလို့ ရေကြော်က ငါးကင်နဲ့ မာလာဟင်း စားဖြစ်သေးတယ်။ အာ့လဲ တော်တော်စားကောင်းတယ်။ ငါးမကြိုက်တဲ့ ကိုယ်တောင် စားနိုင်တယ်ဆိုတော့။ အဲ့တုန်းကလဲ သူမကျွေးလိုက်ရဘူး။ ဒီတစ်ခါတော့ သူက ဆိုင်သစ်ကောင်းကောင်းလေးတွေ ကိုယ့်ကို လိုက်ပြရင်း ကျွေးချင်တယ်တဲ့။ သူက အသံလွှင့် ဋ္ဌာနက စားသောက်ဆိုင် ရီဗျူးလုပ်တဲ့ အစီအစဉ်မှာ Host လုပ်ဖူးတော့ မြန်မာပြည်က ဆိုင်အသစ်တွေ အဆန်းအပြားတွေကိုယ့်ထက်ပိုသိမှာလေ။ ကိုယ်ကလဲ ဖေ့ဘွတ်ပေါ် သူများတွေ နေရာသစ် ဆိုင်သစ်တွေတင်ရင် သွားချင်နေတာ။

လေယာဉ်ကွင်းဆင်းမဲ့ မနက်ကျတော့မှ သူလဲ မအားတဲ့ကြားက အလုပ်မသွားခင် လိုက်ကျွေးမယ်တဲ့။ ဘာစားချင်လဲဆိုတော့။ ကိုယ်လဲ မစားရသေးတဲ့အထဲက မလိုင်၊နံပြား မစားရသေးတော့ အဲ့ဒါစားချင်တယ်လို့။ သူက ဒိထက် ကောင်းတဲ့ ဆိုင်မှာ ကျွေးချင်ပုံရတယ်။ ဒါပေမဲ့ ကိုယ်ကလဲ ဘာစားစား ကိစ္စရှိတာမဟုတ်ဘူး။ သူကျွေးချင်တယ်ဆိုလို့သာ ခင်လို့ မင်လို့ စကားဘာညာပြော မပြန်ခင် နှုတ်ဆက်ဖို့ တွေ့ချင်တာ။ ဒါနဲ့ ကိုယ်လဲ အဲ့ဒါပဲ စားချင်တယ် ဆိုင်ကြီးဆိုင်ကောင်းတွေ နောက်တစ်ခေါက်ပေါ့လို့ပဲ ဖြေပြောရတယ်။

ဒါနဲ့ ကိုယ်နဲ့ Mr.Right ၂ယောက်သားနဲ့ ၄၉လမ်းက လပ်ကီးဆဲလ်ဗင်းလဘက်ရည်ဆိုင်က မုန့်စုံတယ်။ အဲ့ဒိမှာ လိုက်ကျွေးမယ်ဆိုပြီး သွားဖြစ်တယ်။ ဖြစ်ချင်တော့ အဲ့ဒိနေ့မှာမှ မလိုင်နံပြားက မရဘူး။ သူကတော့ ကြက်သား ပလာတာ ကောင်းတယ်ဆိုပြီး မှာစားတယ်။ ကိုယ်ကတော့ နောက်မှ မြည်းကြည့်တော့ ကောင်းလို့ လိုက်မှာစားရတယ်။ မဗေဒါတိုပ သွားစားတုန်းကတော့ တကယ်ကောင်းတယ်သိလား။ recommended နော်။ နောက် ကြက်လက်မောင်းကို အလုံးလေးပုံစံမျိုး ကြော်ထားတာ။ နာမည်တောင် မေ့နေပြီ အဲ့ဒါလဲ မဆိုးပါဘူး။ မန္တလေးစတိုင် ပဲကြွပ်ကြော်လဲ မှာစားဖြစ်တယ်။ ငယ်ငယ်က ပဲကြွပ်ကြော်အရမ်းကြိုက်တယ်။ ခုနောက်ပိုင်းတော့ စားလိုက်ရင် ဆီများလွန်းလို့ သိပ်မကြိုက်တော့ဘူး။ သိတဲ့အတိုင်း ကိုယ်ကလဲ ရင်းနှီးတဲ့သူ ကျွေးမယ်ဆိုလို့ကတော့ အပီစားတာ။



အဲ့ဒိမှာစားပြီး သူလဲ အလုပ်သွား။ ကိုယ်လဲ မလိုင်နံပြား မကျေပွဲနွဲဖို့ အဲ့နားက မောင်အေး ကဖေးကို Mr.Right နဲ့ ဆက်ချီတက်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ မလိုင်နံပြားလဲ မပြန်ခင်စားဖြစ်ခဲ့တယ်။


ဒီတစ်ခေါက် ပြန်တဲ့အချိန် အားလုံးမပါပေမဲ့ ဓာတ်ပုံရိုက်ဖြစ်ခဲ့ စားဖြစ်ခဲ့တာလေးတစ်ချို့ပေါ့။ ခုတော့ နားမယ်ကွယ်။
နောက်မှ ရှေ့ပိုစ့်အောက်က ကွန်မန့်မှာ ဝိုင်းတောင်းဆိုထားတဲ့ စင်္ကာပူက အစားအစာတွေအကြောင်း ရေးဖြစ်အောင် ကြိုးစားမယ်နော်။ လောလောဆယ်တော့ ကုန်ကြမ်းစုလိုက်အုံးမယ်။