Tuesday, March 17, 2015

စိတ်လှုပ်ရှားဖွယ် ကစားနည်း


စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ များများစားစားလုပ်စရာဆိုလို့ ပင်လယ်နား ဘာဘီကျူး၊ ကာရာအိုကေဆို၊ Steamboat ဘူဖေးစုစား စသည်ဖြင့် လောက်ပဲရှိပါတယ်။ တခြား activities တွေလုပ်မယ် လျှောက်သွားမယ်ဆိုရင် ရှိပေမဲ့ လူအရမ်းပင်ပန်းအချိန်ကုန်ပြီး ပိုက်ဆံကုန်ပါတယ်။ ဥပမာ ဆန်တိုဆာသွားတာတို့၊ Universal studio သွားတာတို့လိုမျိုးပေါ့။ ဒါပေမဲ့ ဟိုနေ့က မဗေဒါ သူငယ်ချင်းတွေနဲ့ သွားဖြစ်ပြီး ဆော့ဖြစ်တဲ့ နေရာလေးကတော့ ပိုက်ဆံလဲ ဒီလောက်ဈေးမကြီးသလို၊ စိတ်ဝင်စားဖို့လဲကောင်း၊ ပျော်စရာလဲကောင်း၊ ဉာဏ်စမ်းလဲဖြစ်၊ အချိန်ကလဲ ၁နာရီပဲ၊ ဘာမှလဲ ပြင်ဆင်စရာမလိုဘူး၊ နေရာကလဲ မြို့လယ်ခေါင် Bugis မှာပါ။ အဲ့ဒိ game ဆော့ပြီး သူငယ်ချင်းတွေအားလုံး အေးအေးဆေးဆေး ကြိုက်တဲ့ စားသောက်ဆိုင်သွားပြီး စကားပြောတာပဲဖြစ်ဖြစ်၊ ရှော့ပင်းပတ်တာပဲဖြစ်ဖြစ် လုပ်ချင် လုပ်လို့ရပါသေးတယ်။ စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားရမှန်းမသိရင် xcape room ကို recommend ပေးချင်ပါတယ်။


အသက်ကြီးလာလေ သရဲအိမ်လို့ကြားရင် အလကားနေ လန့်နေတတ်တော့ အစက ဖေ့ဘွတ်မှာ သူငယ်ချင်းတစ်ယောက်က လင်ခ့်ပေးပြီး Xcape Room သွားချင်တယ်ပြောတုန်းက ၀က်ဆိုဒ်က ပုံတွေကြည့်ပြီး လန့်ပြီး မသွားချင်ခဲ့မိပါဘူး။ ဒါပေမဲ့ လူ့စိတ်ဆိုတာကလဲ မျောက်စိတ်လိုပဲ ပြောင်းလဲတတ်တဲ့သဘောရှိတာက တစ်ကြောင်း၊ တိုက်တိုက်ဆိုင်ဆိုင် Mr. Right က သူ့အလုပ်ကလူတွေနဲ့ အဲ့ဒိကို သွားဖြစ်ခဲ့တဲ့အကြောင်းပြောတော့ သရဲအိမ်ရယ်လို့လဲ အတိအကျသဘော မဆောင်ပါဘူး။ သူက ဘယ်လိုပြောမလဲ ဉာဏ်စမ်းပေဟဠိ စုံထောက် စွန့်စားခန်းလို့ပဲပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ရှုံးရမှာ ကြောက်တဲ့ကျွန်မကတော့ ရှုံးမှာ ထပ်ကြောက်ပြန်ရော။ ဒါပေမဲ့လဲ သေချာပြန်စဉ်းစားကြည့်တော့ ရှုံးတာ နိုင်တာက အဓိကမကျပါဘူး။ အဲဒိအခန်းထဲမှာ ကစားနေတဲ့အချိန် ခံစားချက်က အမှတ်တရဖြစ်မယ်လို့ တွေးမိခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒိမှာ လူတွေကို ထိခိုက်စေမဲ့ ပစ္စည်းမျိုး ဘာမှ မရှိပါဘူးလို့ သူတို့ ဝက်ဆိုဒ်မှာ ရေးထားပြီးသားပဲ။ (ကိုယ့်ရဲ့ အလွန်တရာမှ ကောင်းလွန်းတဲ့စိတ်ကူးက တကယ်လို့များ စိတ်တဇလူသတ်သမားတစ်ယောက်ယောက် စိတ်မနှံ့ပဲ အခန်းထဲကျန်နေရင်တော့ ဒုက္ခဆိုပြီး တွေးကြောက်ပြန်ပါသေးတယ်။ ဒါပေမဲ့လဲ ဒါဟာ တကယ်လို့များဆိုတဲ့ အတွေးဆိုတော့ တကယ်မှ မဟုတ်တာ)

နည်းနည်း သတ္တိရှိလာတော့ ဝက်ဆိုဒ်(http://www.xcape.sg/) ကို ထပ်သွားကြည့်တော့ ပရိုမိုးရှင်းရှိနေပါတယ်။ ၇ယောက်စာပေးရင် တစ်ခန်းလုံး သူများနဲ့ မရောပဲ ဝင်လို့ရမယ်တဲ့။ ဒါနဲ့ အရင်က ပြောဖူးတဲ့ သူငယ်ချင်းနဲ့ မဗေဒါရဲ့ မင်္ဂလာဦးဆွမ်းကျွေးမှာ တွေ့ဖူးခဲ့တဲ့ မဗေဒါရဲ့ စာဖတ်သူ သူငယ်ချင်းတွေထဲက စိတ်ဝင်စားလောက်မယ်ထင်တဲ့ သူတွေကို Tagged ပြီး မေးလိုက်တော့ Response က ကောင်းပါတယ်။ (ဖေ့ဘွတ်မှာ လာအက်ထားတဲ့ ကိုယ့်ရဲ့ စင်္ကာပူက ပုံမှန်စာဖတ်သူတွေ ကို ကိုယ့် မင်္ဂလာဦးဆွမ်းကျွေးကို အကြောင်းပြပြီး အပြင်မှာ တွေ့ဖူးစကားပြောဖူးခဲ့တော့ သူငယ်ချင်းတွေထပ်တိုးတယ်လေ။ ) တစ်ခန်းကို ၁၀ယောက်က အများဆုံးပဲ ဝင်လို့ရလို့ တချို့ မလိုက်လိုက်ရတဲ့ Kpopper သူငယ်ချင်းတွေကို နောက်တစ်ခါ နောက်Theme တစ်မျိုး Try ရင် လိုက်ဖို့ပဲပြောနိုင်ခဲ့ လို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဂိမ်းရဲ့အဓိက ရည်ရွယ်ချက်က အဲ့ဒိ အမှောင်ခန်းထဲမှာ ကိုယ်တွေအုပ်စုဝင်သွားရပြီး ပြန်ထွက်ဖို့ လမ်းရှာရမှာဖြစ်ပါတယ်။ ပြန်ထွက်ဖို့ လမ်းရှာတဲ့အခါမှာ ပုံမှန်မဟုတ်ပဲ အဲ့အခန်းထဲမှာ ပေးထားတဲ့ သဲလွန်စတွေကနေ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ အခန်းက ကြည့်ရင် ဘာပစ္စည်းမှာ သိပ်မရှိသလိုထင်ရပေမဲ့ ပေးထားတဲ့ ပစ္စည်းတွေကနေ သေချာသဲလွန်စရှာရင် နောက်ထပ် လျှို့ဝှက်ခန်းတွေကို ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ Theme ပေါ်မူတည်ပြီး လျှို့ဝှက်ခန်း အရေအတွက်က ကွာမယ်ထင်ပါတယ်။

ကျွန်မတို့အုပ်စုက ၁၀ယောက်ဆိုတော့ Theme ရွေးတဲ့အခါမှာ ၁၀ယောက်လက်ခံတဲ့ Theme ပဲ ရွေးလို့ရပါတယ်။ အဲ့ဒိထဲကမှ Tomb Raider က Fear factor အမြင့်ဆုံးမို့ အားလုံး သဘောတူညီချက်နဲ့ မရွေးခဲ့ပါဘူး။ Vampire Diary က ဘယ်သူမှ မဲမပေးလို့ မရွေးဖြစ်ပါဘူး။ Resident Evil က Zombie မုန်းတဲ့ ကျွန်မနဲ့ တခြားကောင်မလေးတစ်ယောက် မကြိုက်လို့ မရွေးဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ ကျန်တာ Chamber of Secret ပဲကျန်ပါတော့တယ်။ Fear Factor က ၁ ဆိုတော့ မဆိုးဘူးလေ။ လုံးဝကြောက်ဖို့မကောင်းရင်လဲ မသွားချင်ပြန်ဘူးကိုး။ အဲဒိ Theme ရွေးရင် အောက်မှာ လိုအပ်တဲ့ အရည်အချင်းအချက်အလက်လေးတွေ ပေးထားပါတယ်။ ဒါပေမဲ့လဲ သိပ်တော့လဲ stress စရာမလိုပါဘူး။ ဟိုရောက်တော့လဲ သူ့ဟာသူဖြစ်သွားတာပါပဲ။
Chief ရဲ့ ဗျူဟာတွေနားထောင်နေတာ...
၂ပတ်လောက် ကြိုတင် Book လုပ်ထားဖြစ်ပါတယ်။ Booking လုပ်တဲ့အချိန်မှာ ပိုက်ဆံရှင်းစရာမလိုပါဘူး။ ကိုယ်ဘွတ်ထားတဲ့ အချိန်ထက် ၁၅မိနစ်စောလာဖို့ ပြောပါတယ်။ မိန်းကလေးတွေဆိုရင် ဘောင်းဘီ၀တ်ခဲ့ဖို့နဲ့ ဒေါက်ချွန်ဖိနပ်တွေ မစီးခဲ့ဖို့တော့ မှာထားပါတယ်။ တကယ့်နေ့ရောက်တော့ အားလုံး Bugis MRT မှာပဲ စုံကြပြီး ထွက်ခဲ့ကြပါတယ်။ ဆိုင်က Bugis Street ဘေးက Mac donald ဆိုင်တိုက်ပါပဲ။ ဆိုင်ခန်းနံပါတ်နဲ့ရှာရတာ လွယ်ပါတယ်။ အပေါ်ထပ်ကို လှေကားကနေ တက်သွားရပါတယ်။ ဟိုရောက်တော့ ကိုယ်ရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ သူက ၁၀မိနစ်လောက်စောပြီး အခန်းထဲ ဝင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်တွေထင်တာက လျှို့ဝှက်ခန်းတွေ တစ်ခန်းပြီး တစ်ခန်းဝင်သွားရင် နောက်ကျမှ လာတဲ့သူ ၂ယောက် ပျက်ကျန်ခဲ့မှာ စိုးတာပါ။ ကိုယ်ကမှ အထဲမှာ ဘယ်လိုဖြစ်မလဲ မသိတာလေ။ သူငယ်ချင်းကို စောင့်မယ်လို့ပြောပြီး ၅ မိနစ်ထပ်စောင့်ပါတယ်။ ဒါပေမဲ့ ဆိုင်က ကောင်မလေးက အထဲဝင်နှင့် နောက်မှလာတဲ့သူက ထည့်ပေးမယ်တဲ့။ သူက အထဲမှာ လိုအပ်တာတွေ အကျဉ်းချုံး ကျွန်မတို့ကို ရှင်းပြရအုံးမှာတဲ့။ ပါသမျှ အိတ်တွေနဲ့ ဟန်းဖုန်းတွေအားလုံး အပြင်က ဘီဒိုထဲ သော့ခတ်ထားခဲ့ရတယ်။

အခန်းကတော့ အလင်းထဲကနေ အမှောင်ထဲဝင်လိုက်တော့ မှောင်မဲနေတယ်ထင်ရပေမဲ့ မျက်လုံးအသားကျသွားတော့ သိပ်မကြောက်တော့ပါဘူး။ ကျွန်မတို့ ၁၀ယောက်အဖွဲ့အတွက် လက်နှိပ်ဓာတ်မီး အသေးလေး ၅လုံးလောက်တော့ ပေးပါတယ်။ အဲဒိ မီးအလင်းရောင်ကလွဲလို့ တခြားအလင်းရောင်ဘာမှမရှိပေမဲ့ နောက်မျက်လုံးအသားကျသွားတော့ အဲ့ဒိအလင်းရောင်းထဲမှာပဲ ခန့်မှန်းပြီးနေတတ်သွားပါတယ်။ (အထူးသဖြင့် မြန်မာပြည်က မီးပျက်ညတွေမှာတောင် နေခဲ့တဲ့ မြန်မာနိုင်ငံသားတွေချည်းပဲမို့ အမှောင်သိပ်မကြောက်ကြတာလားတော့ မသိပါ။ တစ်ဖွဲ့လုံး ကြောက်တဲ့သူတစ်ယောက်မှကို မရှိတာ)။

အခန်းတွင်းမှာတော့ လူသတ်မှုပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး ဆိုင်ကကောင်မလေးပြောပြချက်အရ၊ ကျွန်မတို့ဟာ Dr. Hachi က လွှတ်လိုက်တဲ့ အလွတ်စုံထောက်အဖွဲ့ဖြစ်ပြီး FBI ယောင်ဟန်ဆောင်ကာ လူသတ်မှုကို လာစုံစမ်းတာဖြစ်တယ်။ တကယ့် FBI တွေမလာခင်မှာ ဒီအခန်းထဲက ရအောင် ပြန်ထွက်ရမယ်။ တကယ့် FBIတွေက ၁နာရီကြာရင်လာမယ်လို့ပြောပါတယ်။ အကူအညီလိုရင် အခန်းထဲက xcape လို့ရေးထားတဲ့ ကဒ်လေးကို ကင်မရာဘက်လှည့် ထောင်ပြလို့ရပါတယ်။ သဲလွန်စထဲက ကြိုက်ရာ ၂ခုကို ပညာသားပါပါမေးလို့ရပါတယ်။ သူတို့ကတော့ ကျွန်မတို့တွေ ရူးပေါပေါ ဟိုဟာဒီဟာ စမ်းတဝါးဝါး လျှောက်လုပ်တာတွေကို အပြင်ကနေ ကင်မရာနဲ့ ကြည့်ပြီးများ ရီနေမလား မသိပါဘူး။

စစချင်းတော့ တကယ်ကိုပဲ ဘာလုပ်လို့ ဘာရှာရမှန်းကို မသိပါဘူး။ သူက ဘာကိုရှာပါလို့လဲ တစ်ခုမှ ပြောမသွားပါဘူး။ အခန်းထဲမှာလဲ ရှာစရာ ပစ္စည်းတောင် များများစားစားမရှိပါဘူး။ ဒါပေမဲ့ ရှာဆိုတော့လဲ ရှာရမှာပေါ့ တစ်ခုခုတော့ထွက်လာမှာပေါ့ဟုတ်? အခန်းထဲမှာ ဘာတွေရှိတယ် ဘာတွေတွေ့တယ် ဘယ်လိုရှာရတယ်ဆိုတာတော့ မဆော့ရသေးသူတွေ အရသာပျက်မှာမို့ မပြောပြတော့ဘူးနော်။

အနည်းဆုံးပြောပြနိုင်တာ နည်းနည်းကတော့ အဲ့ဂိမ်းဆော့တဲ့အခါမှာ…
၁) ရှိသမျှနေရာ အနှံ့ကို ချောင်ဂျို ချောင်ကြားမကျန်ရှာပါ။
၂) တစ်နေရာတည်းမှာပဲ အားလုံး စုမနေပဲ လူစုခွဲ ဖြန့်ရှာပါ။
၃) ပေးထားတဲ့ Clue တွေက သင်္ချာအခြေခံ၊ ဓာတုဗေဒ အခြေခံ ဘာမှ သိစရာမလိုတဲ့အတွက် ဝေးဝေးလံလံ သိပ်မစဉ်းစားပဲ တစ်ခုနဲ့တစ်ခု ကိုသာ ပေးထားတဲ့အတိုင်း သေချာစဉ်းစားပါ။
၄) တစ်ချို့ သဲလွန်စတွေကတော့ တစ်ခုထဲနဲ့ မရပဲ ဆက်စပ်နေတာလေးတွေရှိတဲ့အတွက် တူညီနေတဲ့ အချက်တွေရှိရင် အသေးစိတ် ဆက်စပ်ကြည့်သင့်တယ်။
၅) သူတို့က သဲလွန်စမဟုတ်ဘူးလို့ သေချာရေးထားရင် အဲ့နေရာကို ရှာစရာမလိုဘူး။
၆) တစ်ချို့ အရင် ရှာတွေ့တဲ့ သဲလွန်စတွေက လတ်တလော သုံးလို့မရသေးပေမဲ့ အဲ့ဒိကရတဲ့ အဖြေကို နောက်သုံးဖို့ မှတ်ထားသင့်တယ်။ (တစ်နေရာမှာ သုံးပြီးသွားပြီဆိုရင်တော့ နောက်ထပ် ထပ်သုံးစရာမလိုတော့တဲ့အတွက် မှတ်စရာမလိုတော့ဘူး)
၇) တစ်ယောက်ယောက်က တစ်ခုခုရှာတွေ့ပြီဆိုရင် ကျန်တဲ့အဖွဲ့သားတွေအားလုံးကို အသိပေးပါ။ လျှိုထားတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါဟာ အဖွဲ့လိုက်ကစားတဲ့ ဉာဏ်စမ်းပါ။


Special team

လောလောဆယ် စဉ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲ။ ကျွန်မတို့လဲ အကူအညီ ၂ခါလုံး ကုန်အောင်တောင်းရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုတည်းမှာပဲ Stuck နေပြီတာ ကြာပြီဆိုရင်တော့ တောင်းကိုတောင်းရတော့မှာပါ။ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ သူလာပြောပြသွားတဲ့ ပထမ အကူအညီဆိုရင် ကျွန်မတို့ ဘယ်လိုမှ သိနိုင်မဲ့အရာမျိုးမဟုတ်ပါဘူး။
ကျွန်မတို့ အဖွဲ့က လူညီကြပါတယ်။ ၃ယောက် တစ်အုပ်စုလောက်သူ့အလိုလိုဖြစ်သွားပြီး ခွဲရှာကြပါတယ်။ အဲ့ဒိမှာ လူ့သဘောတစ်ခု သွားသတိထားမိပါတယ်။ တော်ရုံတန်ရုံ လူတစ်ယောက်ဟာ တစ်ခုတည်းမှာ အာရုံကြာကြာမစိုက်နိုင်ပါဘူး။ နည်းနည်းစဉ်းစားပြီးလို့ အဖြေမထွက်တော့ရင် အဲ့မှာ မနေချင်တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒါကလဲ လုံးလုံးတော့ ဆိုးတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မရနိုင်တဲ့ အဖြေတစ်ခုကို အဲ့မှာပဲ ပေကပ်နေရင် ကိုယ်ရနိုင်တဲ့ အဖြေတွေအတွက် အချိန်ကုန်နိုင်လို့ပါပဲ။ ကိုယ်အစွမ်းကုန် စဉ်းစားလို့ မရရင် တခြားတစ်ယောက်ယောက်ကို စဉ်းစားကြည့်ခိုင်းပါ။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ စဉ်းစားနိုင်ပါတယ်။

နောက်ပြီး တစ်ခုခုကို စဉ်းစားနေတုန်း ဟိုဖက်က တွေ့ပြီတွေ့ပြီဆိုရင် အာရုံလွဲသွားပြီး အဲ့ဒိမှာ ဝိုင်းအုံသွားကြတော့တာပါပဲ။ ဒါကလဲ လူ့သဘာဝ ကိုယ်လွတ်သွားမှာကြောက်တာကိုး။ အုံပြီးရင် မြန်မြန်လေး လူစုပြန်ခွဲ လုပ်စရာဆက်လုပ်ပါ။ အဲ့ဒိအခန်းထဲမှာ ၁နာရီဆိုတာ တကယ်ကို ခဏလေးပါပဲ။ ကိုယ်ထင်တာကို ပြောဖို့ ဝန်မလေးပါနဲ့။ ဘယ်သူ့ အတွေးမှ ပေါတောတောအတွေးမရှိပါဘူး။ အားလုံးဟာ စမ်းတဝါးဝါးလုပ်နေကြတာဆိုတော့ ကိုယ့်အတွေးကို ထုတ်ပြောဖို့ စမ်းဖို့ ဝန်မလေးပါနဲ့။ (မှတ်ချက်။ တစ်ချို့ပစ္စည်းတွေကတော့ limited ပဲရှိတာမျိုးမို့ ကိုယ်ထင်တာ မလုပ်ခင် အဖွဲ့သားတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်)


Really win or not is mystery... But we all are WINNERS!

ဂိမ်းလေးပြီးသွားတော့ ကျွန်မတို့ အားလုံးကို သူတို့ ဓာတ်ပုံရိုက်ပေးပါတယ်။ ဒီဂိမ်းလေးဆော့ပြီး ကျွန်မတို့ အားလုံး သိသွားတာက Fear Factor level 1 က မီးပျက်တဲ့နိုင်ငံကလာတဲ့ ကျွန်မတို့အတွက် သိပ်ကြောက်ဖို့မကောင်းပါဘူး။ ပြီးတော့ CSI ထဲက စုံထောက်တွေ မကြောက်သလိုပဲထင်တယ်။ နေတာကြာသွားတော့ လူသတ်မှုဖြစ်တဲ့ အခန်းပုံလုပ်ထားပေမဲ့ မကြောက်တော့ပါဘူး။ နောက်တစ်ခါဆိုရင်တော့ ကြောက်စရာ အကောင်းဆုံးဆိုတဲ့ Tomb Rider ကို စမ်းကြည့်ဖို့ အားလုံး တက်ကြွနေကြပါတယ်။ (ကိုယ့် ကြောက်စိတ်ကို အောင်နိုင်ဖို့ Resident Evil ပါ Try ချင်ပါသေးတယ်) တစ်ယောက်ကို ပုံမှန် Weekend တွေမျာ စင်္ကာပူဒေါ်လာ ၂၈ကျပ်ကျပါတယ်။ ဒါပေမဲ့ ၁၀ယောက်ဝင်တာ ၇ ယောက်စာပဲပေးရတဲ့ ပရိုမိုးရှင်းရှိတာကြောင့် တစ်ယောက်ကို ဒေါ်လာ ၂၀ လောက်ပဲသွားကျပါတယ်။
အဲ့ဒါပြီးတော့ စကားလဲပြောလို့ရ၊ ဗိုက်မဆာတဲ့သူတွေကလဲ ကော်ဖီလောက်သောက်၊ ဗိုက်ဆာတဲ့ သူတွေကလဲ ညစာစားလို့ရမဲ့နေရာ Bugis က TCC မှာ တစ်ဖွဲ့လုံး သွားစားကြပြီး ကိုယ့်ကိုကိုယ် ဂုဏ်ပြုကြပါတယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေတွေ့ဆုံပွဲလေးတစ်ခုဖြစ်ခဲ့လို့ xcape room Singapore ကိုသွားခဲ့ရတာဟာ အမှတ်ရစရာ ကြည်နူးစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။

ရေဗူးကြီး ဘာလို့ ကိုင်ထားမိပါလိမ့်

4 comments :

Anonymous said...

စိတ်ဝင်စားတယ် ဒီမှာရှိလားမသိဘူး ရှာကြည့်ဦးမယ် ဝိုင်းဆို Resident Evil ရွေးမိမယ်ထင်တယ် ဝိုင်းကပြောင်းပြန် zombie obsession လေ အရမ်းကိုတွေ့ချင်တီးချင်တာ အဲ့zombieကို ဘယ်လိုဖြစ်နေမှန်းမသိဘူး တကယ်လို့တော်တော်ကြောက်ဖို့ကောင်းပြီး အကောင်လိုက်ကြီးထွက်လာတာမျိုးဆိုရင်တော့ တီးချင်စိတ်များပြီး တကယ်တွေလုပ်မိမလားမသိဘူး ဒါပေမယ့် သူကအာ့မျိုးမပါလောက်ဘူးထင်တယ် အခန်းအပြင်အဆင်နဲ့ပဲ ကြောက်အောင်လုပ်ထားတာမျိုးမလား ကျန်တာကလူကိုအလုပ်ပေးတာမျိုးထင်တယ်နော် သူငယ်ချင်းအများကြီးနဲ့သွားရင်ပျော်ဖို့ကောင်းမှာ ဒီက EUတွေ အဖြူတွေနဲ့တော့ မကစားချင်ဘူးကွယ် သူတို့ personality ကကိုယ်တွေလိုမဟုတ်ဘူး ကိုယ်တွေလောက် ဆက်စပ်တွေးတောနိုင်စွမ်းမရှိပဲနဲ့ အဲဒါအားနည်းနေမှန်းလဲ သူတို့ကိုယ်သူတို့မသိပဲနဲ့ သူတို့ဟာသူတို့ဟုတ်လှပြီထင်နေတာမျိုး ခပ်တုံးတုံးနဲ့ ဆရာလုပ်ဖို့အသားကုန်ကြိုးစားကြတာ ကိုယ်နဲ့မကိုက် .. စိတ်ထဲအောင့်သီးအောင့်သက်ကြီးဖြစ်ဖြစ်သွားလို့ သူတို့နဲ့ ဂလို activity မျိုးဆို တူတူမလုပ်ချင်ဘူး အာ့မျိုးလူတွေနဲ့ကြုံဖူးလား ဝိုင်းပြောတာကို သဘောပေါက်လားတော့မသိဘူး

Wine

shin said...

စိတ်ဝင်စားတယ်။ ဆော့ချင်တာ။ ဒါပေမဲ့ လူစုဖို့ကတော့ တော်တော်မလွယ်ဘူး။

mabaydar said...

Wine ပြောတာကို နားလည်တယ်။ ကိုယ်ဆိုလဲ သူတို့ အဖြူတွေနဲ့ စကားပြောရင် ဘာကို ဆိုလိုမှန်းနားမလည်ဘူး။ အင်္ဂလိပ်ကို နားမလည်တာမဟုတ်ဘူး။ တခါတစ်လေ စကားလုံးလှလှလေးတွေနဲ့ လူကို ထေ့နေသလိုလို ရွဲ့နေသလိုလိုနဲ့။ ဘာစဉ်းစားနေမှန်းမသိတာ။ Culture difference ဖြစ်နေတာ ထင်တာပဲ။ Wine လိုသာ အဲ့မှာလာနေရင်လဲ မဗေဒါလဲ သူတို့နဲ့ ဘယ်လိုဆက်ဆံရမလဲ သိပါ့မလားမသိ။

Shin နောက်တစ်ခါသွားဖြစ်ရင် လိုက်ခဲ့လေ။

Thu said...

ဆော့ကြည့်ချင်တယ်။ စင်ကာပူလာလည်ဖြစ်ရင် သွားကစားကြည့်အုန်းမယ်
@Ahthu