Showing posts with label Our Wedding. Show all posts
Showing posts with label Our Wedding. Show all posts

Sunday, August 16, 2015

Bridal Shop Checklist: မင်္ဂလာဆောင်ဆိုင် စုံစမ်းရင် မေးဖို့

ခုခေတ်မှာ မင်္ဂလာဆောင် စီစဉ်မယ်ဆိုရင် မင်္ဂလာဆောင်နေ့တစ်ခုတည်းအတွက် ခေါင်းစားရတဲ့ သတို့သမီးက ရှားပါးနေပါပြီ။ တော်တော်များများကတော့ Bridal shop နဲ့ Pre-wedding photography service ကို ယူလာကြပြီလေ။ ဒီတော့ အဲ့ဒိဆိုင်တွေ အများကြီးထဲက ဘယ်ဆိုင်ကို ကိုယ်ရွေးရမလဲ? ဘယ်လိုရွေးရမလဲ? ဆိုတာ အရေးပါလာပြီ။ လူတွေက တစ်သက်မှာ တစ်ခါဘဝအချိုးအကွေ့မို့ အားလုံး အမှတ်ရချင်ကြ၊ အကောင်းဆုံးဖြစ်ချင်ကြတာပဲလေ။ အနည်းဆုံး ကိုယ်စုံစမ်းရွေးချယ်ခဲ့တဲ့ ဆိုင်ဆီက ကိုယ်မျှော်လင့်သလောက်တော့ အနည်းနဲ့အများ သိပ်မကွာပဲ ရသင့်တယ်လေ။ အဲ့လို မှန်းချက်နဲ့ နှမ်းထွက် ကိုက်ဖို့က ကိုယ်က စေ့စေ့ပေါက်ပေါက်မေးနိုင်မှ။ ကိုယ်မေးဖို့မေ့သွားတာနဲ့ အသေးအဖွဲကအစ စိတ်အခန့်မသင့်ဖြစ်မိရင် ကိုယ်ကိုယ်တိုင်လဲ မပျော်ရပဲ အဓိပ္ပါယ်မရှိဖြစ်သွားလိမ့်မယ်။ အဓိကက ကိုယ်ရဲ့ အပျော်ဆုံးအချိန်၊ အလှဆုံးအချိန် စတာတွေကို မှတ်တမ်းတင်ချင်တာ။ တကယ်လို့ ကိုယ့်အတွက် မှတ်တမ်းတင်တာ အဓိကမကျဘူးဆိုလဲ ဘာမှ မလုပ်လဲ ကိစ္စမရှိဘူး။ အဓိက က ကိုယ်ဘာကို လိုချင်တာလဲ သေချာသိ။ ကိုယ်ဘာကို လိုချင်တာလဲ သေချာမသိရင် လိုက်မေး။ ဆိုင်သမားတွေကိုမေး။ အင်တာနက်မှာရှာကြည့်။ အဲ့ဒိကနေမှ တွေ့လာလိမ့်မယ်။



မဗေဒါအတွက် အတော်လေး ခေါင်းစားဆုံး လုပ်ခဲ့ရတာကတော့ Bridal shop ရွေးတာပါပဲ။ ကိုယ်က ကိုယ်ဆောင်ချင်တဲ့ ဟိုတယ်ကို Fixed ထားပြီးပြီဆိုတော့ ခေါင်းစားစရာ သိပ်မရှိဘူးလေ။ Bridal shop တွေရွေးတဲ့အခါ ပိုက်ဆံဈေးနှုန်းတစ်ခုတည်းကိုပဲ မကြည့်ရဘူး။ သူတို့ခေါ်တဲ့ ပိုက်ဆံနဲ့ သူတို့ပြန်ပေးတဲ့ ဝန်ဆောင်မှုတန်လား၊ ဆက်ဆံရေးပြေပြစ်လား စသည်ဖြင့် ချိန်ဆရတယ်။ မဟုတ်ရင်တော့ ဈေးပေါပေါယူရင် တစ်ဘဝလုံးစာ ဘယ်သူ့မှ ထုတ်မပြချင်လောက်တဲ့ ဈေးပေါပေါ Quality ဓာတ်ပုံတွေနဲ့ ကြေကွဲနေရမယ်။ အဲ… ဒါပေမဲ့ ဈေးကြီးတာပဲ ကောင်းမှာပါဆိုပြီးတော့လဲ မတွေးနဲ့။ ဈေးကြီးတိုင်းလဲ ကောင်းချင်မှကောင်းမယ်။ အဲ့တော့ ချိန်ဆပေါ့။

အဲ့လိုချိန်ဆတတ်ဖို့ လိုအပ်မဲ့ စံနှုန်းတွေကို ဒီပိုစ့်မှာ ရေးပေးမယ်။ ဘာတွေကို မေးပြီး ယှဉ်ရမယ်ဆိုတာပေါ့။
မှတ်ချက်။ ။ အောက်က အချက်အားလုံးက စဉ်းစားရသမျှ ထည့်ရေးထားတာပေါ့။ ဇယားထဲက အကုန် အစုံစေ့တော့ စာဖတ်သူ သတို့သမီးလောင်းညီမတွေ လိုချင်မှ လိုမယ်။ ဒီတော့ ကိုယ်မလိုတာကို မေးစရာမလိုဘူးပေါ့။ မလိုတာလေးတွေကို ကိုယ်လိုတာလေးတွေနဲ့ အစားထိုး လဲပေးဖို့ ပြောကြည့်လို့ရတယ်။ နောက်ပြီး ဒီမေးခွန်းတွေက စင်္ကာပူက ဆိုင်တွေကို အခြေခံထားတော့ မြန်မာပြည်က ဆိုင်တွေနဲ့ နည်းနည်းလေးကွဲမယ်။ ဒါပေမဲ့ အခြေခံတွေကတော့ အားလုံးတူတူပါပဲ။ စင်္ကာပူကဆိုင်တွေမှာ အောက်က မေးခွန်းတွေ မေးပြီး ဈေးဆစ်ရင်တော့ စိတ်မဆိုးတတ်ကြပါဘူး။ မြန်မာပြည်မှာတော့ မသိဘူး (Service တွေက ခပ်ကောင်းကောင်းဆိုတော့ အဲ့လောက်မေးရင် ကိုယ့်ကို ပြောချင်သလို မပြောချင်သလို၊ တကယ်မှ ဝယ်နိုင်လို့လားဆိုတဲ့ ပုံစံမျိုး ကြည့်မခံရဘူးဆို အဲ့ဆိုင်တော်တော် ကောင်းနေပြီ)။ စင်္ကာပူက သတို့သမီးလောင်းတွေကို ပြောချင်တာက Wedding show တွေမှာသွားဝယ်ရင် တော့ ဈေးဆစ်လို့ အရမ်းကောင်းတယ်။ အပြိုင်အဆိုင် တစ်နေရာတည်းမှာရောင်းကြတာဆိုတော့ သူတို့ချင်း ယှဉ်ယှဉ်ပြီးဆစ် ဒါပေမဲ့ ခက်တာက ဝတ်စုံတွေတော့ အပြင်မှာ ကြည့်လို့ရမှာ မဟုတ်ဘူး။ သူတို့ အစမ်းပြ ဓာတ်ပုံတွေထဲကလောက်ပဲ မြင်ရမယ်။ အဲ့ဒိနေ့ စကားပြော ဈေးဆစ်ပြီး ကိုယ်သဘောကျတဲ့ ဆိုင် ၂ဆိုင် လောက်ကို နောက်နေ့ သွားလည်ပြီး ဝတ်စုံတွေကြည့်။ (သူတို့ကလဲ Promotion က Wedding show အတွင်းပဲ အကျုံးဝင်တယ် ဘာညာတော့ လုပ်လိမ့်မယ်။ ဒါပေမဲ့ ဆိုင်သွားပြီးဆစ်လဲ ရလောက်မယ်ထင်တာပဲ။ ကိုယ်တော့ မလုပ်ဖူးဘူး)။(မဗေဒါအလှည့်တုန်းက Wedding show မှာဝယ်တော့ တခြားဆိုင်က ဒါပေးတယ်လို့ပြောလိုက်ရင် နောက်တစ်ဆိုင်ကလဲ လိုက်ပေးတော့တာပါပဲ။)။

အဲ နောက်တစ်ခုက အားလုံးမေးပြီး ဈေးစကားပြောရင်း ဟိုဟာလေး ထည့်ပေါင်း ဒီဟာလေးထည့်ပေါင်း။ တစ်ခါတစ်လေကျတော့ အားလုံးကို ဒီလောက်ထားပေးမယ်တို့ ဘာတို့ဆိုပြီး overall ပြတာတွေရှိတယ်။ ကိုယ်က စိတ်ထွေပြီး သင်္ချာ အမြန်မတွက်နိုင်ပဲ အဟုတ်သက်သာတယ်ထင်သွားတာမျိုးတွေရှိမယ်။ ဒီတော့ ဖုန်းက ဂဏန်းတွက်စက်ကို အသင့်ဖွင့်ပြီး အားမနာပဲ တွက်ကြည့်။ မဗေဒါတုန်းက ဘာလီမှာသွားရိုက်မယ်ဆို ဒီလောက်လျော့ပေးမယ်ဆိုပြီး တကယ်တမ်း သေချာတွက်ကြည့် အဲ့ဒါလျော့ထားတာ မဟုတ်ဘူး။ ကိုယ်က ထောက်ပြလိုက်တော့မှ သူတွက်တာ မှားသွားလို့ ဖြစ်သွားတယ်။
အောက်က Checklist ကို မရေးခင် စာဖတ်သူ အားလုံးကို ဖြစ်နိုင်ရင် လုပ်စေချင်တာက သူတို့ဆိုင်တွေမှာ ဝတ်စုံတွေကို အရင်ဝတ်ကြည့်ပြီးမှ သဘောကျတဲ့ ဆိုင်ကို ဝယ်ပါ။ ဟုတ်ပါတယ်။ နည်းနည်းတော့ အားနာဖို့ကောင်းပေမဲ့ စင်္ကာပူမှာတော့ တကယ် အရည်အသွေးကောင်းတဲ့ဆိုင်ကတော့ လုပ်ခွင့်ပြုပါတယ်။ မြန်မာပြည်မှာတော့ မသေချာပါ။ ခွင့်တောင်းကြည့်တာ မမှားပါဘူး။ ဝတ်ကြည့်လို့မရရင်တောင် ဝတ်စုံတွေကို သာမာန် Browse ကြည့်ပေါ့။


စုံစမ်းမေးမြန်းရမဲ့ Checklist ကို အပိုင်း ၅ပိုင်း ခွဲထားတယ်။ သေးသေးပေါက်ပေါက်သေချာခွဲထားလို့ များတယ်ထင်ရပေမဲ့ ကိုယ်ဆိုင်တွေသွားမေးရင် အချက်တော်တော်များများက ပါပြီးသားပါ။
၁။ အခြေခံ အသေးစိတ်မေးရမည့် အချက်များ
၂။ ဓာတ်ပုံရိုက်မည့်နေ့အတွက် ကြိုတင်သေချာအောင် မေးမြန်းရမည့် အချက်များ
၃။ ဓာတ်ပုံရိုက်သည့်နေ့ ဝတ်စုံအတွက် မေးမြန်းရမည့် အချက်များ
၄။ တကယ့် မင်္ဂလာနေ့ အတွက် မေးမြန်းရမည့်အချက်များ
၅။ တခြား မပြေးသော်ကာရံရှိ မေးမြန်းရမည့်အချက်များ

ဇယားပုံများ သေးနေလျှင် ကလစ်နှိပ်၍ အကြီးကြည့်ရှုနိုင်ပါတယ်။








Give him a reward for letting me do everything I want... :D

Friday, August 14, 2015

Pre-wedding Photography locations in Singapore


စင်္ကာပူမှာ Pre-wedding ရိုက်မဲ့သူတွေပဲဖြစ်ဖြစ် ဒီတိုင်း အလှဓာတ်ပုံရိုက်ချင်သူတွေပဲဖြစ်ဖြစ် လိုအပ်သလို သုံးနိုင်ပါတယ်။ အောက်ကပေးမဲ့ နေရာလေးတွေကတော့ စင်္ကာပူက မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်လေ့ရှိတဲ့ နေရာတွေပါ။ ကိုယ်နဲ့ ကိုက်မဲ့ နေရာလေးတွေ အလွယ်တကူရှာတွေ့နိုင်အောင်၊ မသိသေးတဲ့သူတွေလဲ သိရအောင် ၊ အလည်အပတ် လာမဲ့သူတွေလဲ တစ်ချို့နေရာတွေ သွားလည်လို့ရအောင် စုစည်းတင်ပြလိုက်ပါတယ်။

အောက်က နေရာ List ကတော့ www.perfectweddings.sg ကနေ ယူထားတာပါ။ ဒီထဲက နေရာတွေအပြင် တခြား ရိုက်လို့ကောင်းမဲ့နေရာလေးတွေကတော့ ကိုယ်တို့ ၂ယောက်ရဲ့ အမှတ်တရ ဖြစ်စေမဲ့ နေရာလေးတွေကိုလဲ ထည့်စဉ်းစားစေချင်ပါတယ်။ ဓာတ်ပုံတင်မကဘူး Memory ပါတစ်ခါတည်းပါတယ်လေ။ မဗေဒါတို့တုန်းကတော့ ...

Fullerton Hotel ထဲ (ကိုယ်မင်္ဂလာဆောင်မဲ့ ဟော်တယ်ဖြစ်တဲ့အပြင် ဟော်တယ်ခန်းတွင်းအပြင်အဆင်က တခြား ဆိုင် indoor တွေနဲ့ မတူပါဘူး။ ပြတင်းပေါက်ဝရံတာက ရှုခင်းကလဲ လှပါတယ်)


MBS & Helix Bridge နဲ့ (မြို့ပြရှုခင်းအနေနဲ့ ရွေးချယ်ဖြစ်တာပါ။ Fullerton Hotel နဲ့လဲ နီးတော့ သွားရတာ လမ်းကြုံပါတယ်)


Bedok Reservoir (ရေကန်၊ မြက်ခင်း ရှုခင်း နဲ့ ကိုယ်နဲ့ သူ သွားနေကျ နေရာအနေနဲ့ ရွေးတာပါ) ကို ရွေးချယ်ခဲ့ပါတယ်။











နေထွက်ချိန်
အတွက် ရိုက်လို့ကောင်းမဲ့နေရာ
(Sunrise)


၁။


Sembawang
Park


Road end
at Sembawang (ဆန်ဘာဝမ်းပန်းခြံ
လမ်းဆုံး)


၂။


Punggol
Beach


Alight at
the terminal station and take Bus 82 from Serangoon Bus Interchange to get to
Punggol Jetty


၃။


Lower
Seletar Reservoir Park


Yishun Ave
1, Lentor Ave


၄။


Changi
Coast Road


“Lampost
171”


နေ့လည်ဘက်အတွက်
ရိုက်လို့ကောင်းမဲ့နေရာ
(Mid Day)


၅။


Sungei
Buloh Wetland Reserve


Neo Tiew
Cresent


၆။


Kent Ridge
Park


Pasir
Panjang


၇။


HSBC Tree
Top Walk in MacRitchie Reservior


Upper
Thomson Road


၈။


Singapore
Botanic Gardens


Cluny Road


၉။


Pulau Ubin


Abandoned
quaries


၁၀။


Singapore
Zoological Gardens


Mandai
Road


မြို့ထဲ (City view)


၁၁။


Jurong
East


Jurong
East Central


၁၂။


Marina Bay


Along
Singapore River


၁၃။


Shaw Tower
Beach Road (Top Carpark)


Provides
views of Suntec, Bugis and CBD


၁၄။


Selegie
House


Next to
NAFA


၁၅။


Tampines
Central


 


၁၆။


Toa Payoh
Tall HDB Flats (40 stories)


Toa Payoh
Lorong 2


၁၇။


ZhuJiao
Complex


665
Buffalo Road


ခေတ်မှီ အဆောက်အအုံ
(The Modern City)


၁၈။


Esplanade


Esplanade
Drive


၁၉။


National
Library


North
Bridge Road


၂၀။


Fusionopolis


Beside
North Bouna Vista Road


၂၁။


Dover MRT


 


၂၂။


The
Gateway


Beach Road


The Classics


၂၃။


Old
Supreme Court


City Hall


၂၄။


Former MPH
Building


Stanford
Road


၂၅။


CHIJMES


North
Bridge Road


၂၆။


Raffles
Hotel


Beach Road


၂၇။


Pinnacle
at Duxton


Tanjong
Pagar


၂၈။


Shuang Lin
Monastery


Toa Payoh
Lorong 6


၂၉။


Tiong
Bahru SIT Flats


Tion Poh
Road

 


Thursday, March 12, 2015

စင်္ကာပူမှာ မင်္ဂလာလက်မှတ်ထိုးမယ်ဆိုရင်

စင်္ကာပူမှာ မင်္ဂလာလက်မှတ်ထိုးချင်တယ် ဘယ်လိုလုပ်ရမှန်းမသိသော စုံတွဲများအတွက် ဒီပိုစ့်လေးကို ရေးပေးပါတယ်။ ဒီပိုစ့်လေးကတော့ သာမာန် မင်္ဂလာဆောင်ခွင့်ရှိတဲ့သူများအတွက်ရည်ရွယ်ပါတယ်။ ဆိုလိုတာက အသက်၁၈နှစ်အောက်မဟုတ်ဘူး။ တခြားနိုင်ငံရဲ့ ဥပဒေအောက်မှာလဲ တခြား အိမ်ထောင်မရှိသူ စတဲ့သူတွေပေါ့။ (ဥပမာ မြန်မာပြည်မှာ တရား၀င်အိမ်ထောင်ဖက်ရှိပြီး ဒီမှာ နောက်တစ်ယောက်ထပ်ယူတာဟာ ဒီနိုင်ငံက ဥပဒေနဲ့ မညီပါဘူး။)
နောက်ပြီး အမျိုးအချင်းချင်း ဒီစာရင်းထဲကလို ပတ်သတ်မှုမျိုးတွေရှိနေရင်လဲ ယူလို့မရပါဘူး။ တရား၀င် အိမ်ထောင်ဖက်က နောက်တစ်ယောက်ယူခွင့်ပြုတယ်ဆိုရင်တောင် နောက်တစ်ယောက်ကို ထပ်ယူလို့မရတဲ့ တစ်လင်တစ်မယားစနစ် စစ်စစ်ပါ။
ကဲပါ… လက်ထပ်ဖို့အကြောင်းပြောမလို့ဟာ ယူလို့မရတဲ့ Category တွေအကြောင်းပြောတာ များသွားတယ်။

အဆင့့်် ၁: မင်္ဂလာလက်မှတ်ထိုးချင်တဲ့ ရက်နဲ့အချိန်

ကိုယ် မင်္ဂလာလက်မှတ်ထိုးချင်တဲ့ ရက်နဲ့အချိန်ကို အရင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သိထားရမှာက မင်္ဂလာတရားရုံး၀က်ဆိုဒ်မှာ စာရင်းသွင်းပြီး အနည်းဆုံး ၂၁ရက်နေမှ လက်မှတ်ထိုးလို့ရမှာဖြစ်ပါတယ်။ ချက်ချင်းမရပါဘူး။ ဆိုလိုတာက မင်္ဂလာလက်မှတ်ထိုးဖို့ ၀က်ဆိုဒ်မှာ စာရင်းသွင်းဖောင်တင်တဲ့နေ့က ၃၀ရက် ဇန်နဝါရီဆိုရင် သင်တကယ်လက်မှတ်ထိုးလို့ရမဲ့အစောဆုံးနေ့ က ၂၁ ဖေဖော်ရီ ပဲဖြစ်ပါတယ်။

စာရင်းသွင်းပြီး ၃လအတွင်း မင်္ဂလာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဆိုလိုတာက မင်္ဂလာလက်မှတ်ထိုးဖို့ စာရင်းသွင်းတဲ့ရက်က ၃၀ရက် ဇန်နဝါရီဆိုရင် ၊ ၃၀ရက် ဧပြီနောက်ဆုံးထားပြီး လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဒီတော့ အချုပ်ဆိုရရင် စာရင်းတင်ပြီး ၂၁ရက်ကနေ ၃လအတွင်း မင်္ဂလာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

အဆင့် ၂: လက်မှတ်ထိုးပွဲ နေရာ

ဘယ်မှာလက်မှတ်ထိုးပွဲလုပ်ချင်တာလဲ။ တကယ်လို့ Registry of Marriage (ROM) တရားရုံးမှာပဲ လက်မှတ်ထိုးချင်တယ်ဆိုရင်လဲ အဲဒိမှာရှိတဲ့ လိုင်စင်ရ တရားသူကြီးနဲ့ ရပါတယ်။ ဒါပေမဲ့ အချိန်နေရာ အားတဲ့အခါပဲရပါမယ်။ အဲ့ဒါကတော့ first come, first serve စနစ်နဲ့ပါ။
တကယ်လို့သင်ဟာ လက်မှတ်ထိုးပွဲကို တရားရုံးမှာ မလုပ်ချင်ပဲ တခြား သင့်မင်္ဂလာပွဲ နေရာမှာလုပ်ချင်တယ်ဆိုရင်တော့…
သင့်ကို လက်ထပ်ပေးမဲ့ လိုင်စင်ရ Solmonizer ကို ခွင့်တောင်းတဲ့စာကို ဒီနေရာမှာ  ဒေါင်းလုပ်လုပ်ပါ။ ဖောင်ဖြည့်ပြီးလျှင် ကိုယ် ရွေးချယ်ထားတဲ့ Solemnizer ကို လက်မှတ်ထိုးခိုင်းဖို့အတွက်ပါ။

အဆင့် ၃: လိုင်စင်ရ Solemnizer ရှာခြင်း

ROM မဟုတ်ပဲ မိမိတို့ ကြိုက်ရာနေရာမှာဆောင်ဖို့ Solemnizer ကို ရှာရပါမယ်။ ROM website က ဟောဒီနေရာမှာ လိုင်စင်ရ solemnizer တွေရဲ့ စာရင်းရှိပါတယ်။ ဘာသာရေးဆိုင်ရာ Solemnizer၊ ရပ်ကွက်ရေးရာဆိုင်ရာ နဲ့ တခြားတခြားသော solemnizer တွေအများကြီးရှိပါတယ်။ ကိုယ်လုပ်မဲ့ရက်ကို သူတို့အားမအား အရင်ဆက်သွယ်မေးမြန်းပါ အားတယ်ဆိုရင် အပေါ်က ဖောင်ကို ဖြည့်ပြီး သူတို့ကို Sign ထိုးခိုင်းပါ။ သူတို့က အီးမေလ်းနဲ့ ပြန်လဲ ရပါတယ်။ လူကိုယ်တိုင်သွားစရာမလိုပါဘူး။ သတိပြုရမှာက သူတို့ဟာ volunteer တွေဖြစ်တာကြောင့် အခကြေးငွေသတ်မှတ်မထားပေမဲ့ ယဉ်ကျေးမှုအရ သူတို့ကို မိမိတို့ သဒ္ဒါသလောက် သင့်လျှော်တဲ့ ငွေကြေးပေးရပါတယ်။ ပုံမှန်တော့ စင်္ကာပူငွေ ၈၀ ကနေ ၁၂၀ကြား ပေးပါတယ်။ သူတို့ တရုတ်တွေကတော့ ၈၈ ကျပ်တို့ ၁၀၈ ကျပ်တို့ ၈နဲ့ဆုံးတဲ့ ဂဏန်းပေးတာများပါတယ်။(ပိုပေးချင်လဲရတယ်)

အဆင့် ၄ : လက်ထပ်ခွင့်လျှောက်ထားခြင်း

အပေါ်က အချက်တွေ ပြီးပြီဆိုရင်တော့ ROM website ရဲ့ အွန်လိုင်း ဒီနေရာမှာ လက်ထပ်ခွင့်လျှောက်ထားရပါမယ်။ အဲ့ဒိအတွက် ဘာတွေလိုအပ်သလဲဆိုတော့
၁) Credit Card (cashcard/NETS ကတော့ ROM မှာပဲရပါတယ်)
(တကယ်လို့ စုံတွဲထဲက တစ်ယောက်က စလုံးနိုင်ငံသား ဒါမှမဟုတ် PR ဖြစ်ခဲ့ရင် လျှောက်လွှာ ကျသင့်ငွေ ဒေါ်လာ၂၆၊
တကယ်လို့ စလုံးနိုင်ငံသား၊ ပီအာ မဟုတ်တဲ့ နိုင်ငံခြားသားဆိုရင် လျှောက်လွှာကျသင့်ငွေ က
တနင်္လာကနေ ကြာသပတေးနေ့ဆောင်သူတွေအတွက် ဒေါ်လာ ၁၂၈၊
သောင်္ကြာ၊ စနေ၊ တနင်္ဂနွေဆောင်သူတွေအတွက် ဒေါ်လာ ၁၉၈၊
ပေါ်ပြူလာရက်တွေမှာဆောင်သူတွေအတွက် ဒေါ်လာ ၂၉၈၊ ပေးဆောင်ရမယ်။)

၂) သတို့သား၊ သတို့သမီးနဲ့ ၂၁နှစ်အထက် သက်သေ ၂ယောက်ရဲ့ NRIC (စလုံးနိုင်ငံသား နဲ့ PRများသာ) ဒါမှမဟုတ် Passport (နိုင်ငံခြားသားများ)

၃) အဆင့် ၂ မှာ ဒေါင်းပြီးဖြည့်ထားပြီး အဆင့် ၃မှာ Solemnizer ရဲ့ ကူညီဖို့ သဘောတူညီတဲ့ ဆိုင်းထိုးထားတဲ့ Consent Form (တကယ်လို့ လက်မှတ်ထိုးပွဲက ROM မဟုတ်တဲ့ နေရာမှာကျင်းပခဲ့ရင်)

၄) Printer (အားလုံးပြီးရင် “Summary of Notice of Marriage” ကို ပရင့်ထုတ်ရန်လိုအပ်သည်)။ Summary of Notice of Marriage မှာ ဘာလုပ်ရမယ် ဘယ်နေ့ဘယ်ရက်မှာ ROM ကို စာရွက်စာတမ်းစစ်ဆေးခံဖို့ သွားရမယ်။ ဘာစာရွက်စာတမ်းယူလာရမယ် စတာတွေအကုန် အစုံရေးထားပြီးသား။

ကိုယ့်ရဲ့ လျှောက်လွှာတင်တာ အောင်မြင်လာ မအောင်မြင်လာဘယ်လိုသိနိုင်သလဲဆိုတော့ ပေးလိုက်တဲ့ ပိုက်ဆံအတွက် ပြေစာရယ်၊ Summary of Marriage စာရွက်ရယ်က သက်သေပဲ။ ပြီးတော့ Search for marriage application  ဆိုတဲ့နေရာလေးကနေလဲ ရှာလို့ရတယ်။
ကဲ… ဒီတိုင်းဆိုရင်တော့ ရှုပ်တယ်လို့ထင်ရပေမဲ့။ တစ်ခုပြီးတစ်ခု အေးဆေးလုပ်သွားရင် ဒီလောက်မရှုပ်ပါဘူး။ အားလုံးပဲ ချစ်သောသူနဲ့ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေနော်။


အပေါ်ကပိုစ့် ဖတ်လို့မရဘူးဆိုတဲ့ စာဖတ်သူများအတွက်...

Thursday, March 05, 2015

To Be with My Mr.Right (3) - Finding Comrade for Myanmar Pre-wedding photoshoot

Mr. Right ဆီကို သူ့ဘ၀လက်တွဲဖော် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တယ်လို့ ဆိုလို့ရပေမဲ့။ အဲ့ဒိ ဘ၀လက်တွဲဖော်ကို ရဖို့အတွက် ဖြတ်သန်းရမဲ့ လိုအပ်တဲ့ အဆင့် တွေကတော့ မနည်းမနောပါပဲ။ မိန်းကလေးတိုင်းကတော့ သူ့ဘ၀မှာ စိတ်ကူယဉ်ကြည့်ဖူးတဲ့ လိုချင်တဲ့ မင်္ဂလာဆောင်ဆိုတာမျိုးရှိကြမှာပါ။ ကျွန်မဆီမှာလဲ ရှိတာပေါ့။ ငယ်ငယ်က မင်္ဂလာဆောင်တွေသွားရင် မင်းသား၊ မင်းသမီးလို ၀တ်ထားတဲ့ စုံတွဲ ဖြတ်လျှောက်သွားမှ မုန့်တွေစားရလို့ သူတို့ကို မျှော်ရသလို၊ အဲ့မင်းသား မင်းသမီးလို လှလှလေးတွေ ၀တ်ထားတဲ့ စုံတွဲက ဘယ်လိုပုံစံဖြစ်မလဲဆိုတာလဲ ကိုယ်စိတ်၀င်စားတဲ့အရာတစ်ခုပါပဲ။ သူတို့ဖြတ်လျှောက်ချိန် လူတွေအားလုံးက ဝိုင်း၀န်းသြဘာပေးရင် ကျွန်မကတော့ ဘာမှန်းမသိ သူတို့ကို အားကျနေတာပဲ။ သူတို့ အင်္ကျီလှလှလေးတွေက ဘယ်လိုအရောင် ဘယ်လို ပုံစံ ဘယ်လို Detail ပုံလာမလဲဆိုတာ စိတ်၀င်စားသလို ကိုယ်လဲ သိပ်၀တ်ချင်ခဲ့တာပေါ့။

ခုခေတ်ကျတော့ အသစ်အဆန်းတွေကလဲ အရမ်းထွက်လာတယ်လေ။ အရင်က မလုပ်တဲ့ Pre-wedding photo, Save the date video, Pre-wedding video စသည် စသည်ဖြင့်အစုံပါပဲလား။ ကျွန်မအတွေးထဲမှာလဲ ခရီးသွားရတာ ဝါသနာပါသူလဲဖြစ်၊ မြန်မာပြည် ရှုခင်းလှလှတွေကိုသာ စင်္ကာပူက သူငယ်ချင်းတွေကို ပြရရင် သူတို့အတွက် အသစ်အဆန်းတစ်ခုဖြစ်မှာဖြစ်သလို ကိုယ့်နိုင်ငံဘယ်လောက်လှကြောင်း ကိုယ့်နိုင်ငံက ယဉ်ကျေးမှုဘယ်လောက် အဆင့်အတန်းရှိကြောင်း ဒီအခွင့်အရေးယူပြီး ပြလို့ရတယ်လေ။ ကိုယ်တိုင်လဲ ဓာတ်ပုံရိုက် ဝါသနာပါတာ ပါတာပေါ့။ အဲဒိ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခု မထင်မှတ်ပဲ စခဲ့တယ်။

ဓာတ်ပုံဆရာ ရှာဖွေတွေ့ရှိခြင်း

တစ်နေ့မှာ ဘာရယ်မဟုတ် စင်္ကာပူကနေ မြန်မာပြည်အပြီးပြန်ပြီး Cloud 9 studio ထောင်ကာ ဓာတ်ပုံတွေရိုက်နေတဲ့ ငယ်သူငယ်ချင်းနဲ့ စကားပြောဖြစ်ရင်း ကိုယ်ကတော့ သူ့ကို ပြောတုန်းက အကြီးအကျယ်ရိုက်ဖို့စိတ်ကူးမရှိပါဘူး ဒါပေမဲ့ သူငယ်ချင်းတွေ ခရီးအတူတူသွားရင်း ငါ့ကိုဓာတ်ပုံရိုက်ပေးပါလား လို့ပြောဖြစ်တယ်။ ပြောဖြစ်ဆို သူပထမဆုံးကိုင်ဖူးတဲ့ DSLR ကင်မရာက ကိုယ့်ကင်မရာ၊ သူပထမဆုံး DSLR နဲ့ ရိုက်ဖူးတဲ့ မော်ဒယ်က ကိုယ်ပဲလေ။ ဟိ… ကိုယ်ကသာ အဲ့ ဘိုးတော်ဘုရား DSLR ကင်မရာက မတက်တော့တာ၊ သူကတော့ ဓာတ်ပုံကို ပိုး၀င်ပြီး လိုက်စားလိုက်တာ ဓာတ်ပုံပြိုင်ပွဲတွေမှာ ဆုတွေဘာတွေရတာ တွေ့တယ်လေ။ သူ ဘားအံက Sadan ဂူထဲမှာရိုက်တဲ့ပုံဆို MPS Monthly Contest မှာ ပထမဆုတောင်ရတယ်လေ။ သူ့တခြား ရှုခင်းပုံတွေဆိုလဲ ကိုယ်သဘောကျ အားကျရတဲ့ ဓာတ်ပုံဆရာပေါ့။ သူနဲ့စကားပြောဖြစ်တာ ၂၀၁၃ နှစ်ဆန်းပိုင်းလောက်ကတည်းက။ သူကလဲ “အေး ရိုက်ပေးမယ်”တဲ့။ ပြီးတော့ ကြားမှာ မေ့မေ့ပျောက်ပျောက်ပဲ။ တစ်ရက် သူနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တော့ “နင် မိတ်ကပ်က ဘယ်သူ့ခေါ်မှာလဲ။ ၀တ်စုံရော စီစဉ်ပြီးပြီလား” တဲ့။ အဲ့ ဒိမှာ ကျွန်မနဲ့ သူ ရဲ့ မြန်မာပြည်မှာ စုံတွဲပုံရိုက်တယ်ဆိုတဲ့ အတွေးမတူတာ သဘောပေါက်သွားတယ်။ သူက တကယ် အတည် professional ဆန်ဆန်ရိုက်မယ်ဆိုတဲ့ သဘော နားလည်ထားတာ။ ကျွန်မက အမှန်တော့ Casual ခရီးသွားဟန်လဲွှ ရှုခင်းတွေနဲ့ သာမာန် ဓာတ်ပုံလှလှလေးတွေလောက် လိုချင်တာ။ ဒါပေမဲ့ သူက ကိုယ့်အတွက် Professional ဆန်ဆန် စဉ်းစားထားတာဆိုတော့ သူ့ စေတနာကို ကျွန်မလေးစားသွားတယ်။ ကျေးဇူးလဲတင်မိပါတယ်။ အဲဒိအတွက် ကျွန်မစဉ်းစားခဲ့တဲ့ ပုံစံမျိုးက Casual ဆန်ဆန်ပဲလို့ သူ့ကို ပြောမထွက်ခဲ့ဘူး။ ဘာပဲပြောပြော သူ့အချိန်ပေးရမှာလေ။ ကျွန်မက ပညာရှင်ကို လေးစားရမှာပေါ့။


သူဆုရခဲ့တာ ဒီပုံကို အဖြူအမည်းလုပ်ထားတဲ့ပုံ။ ဒီပုံက watermark ပါလို့ သူ့ facebook ကနေယူလာတာ


မိတ်ကပ်တွေ ၀တ်စုံတွေ ကိုယ်စီစဉ်ရမယ်ဆိုမှတော့ ကိုယ်လဲ get serious ဖြစ်သင့်တယ်လို့ထင်တယ်လေ။ ဒီလို ခွန်အားရော ငွေအားရော စိုက်ထုတ်ပြီးမှတော့ အပျော်မရိုက်ချင်တော့ဘူး။ ဒီတော့ သူငယ်ချင်းဓာတ်ပုံဆရာကိုလဲ ပညာခ၊ လုပ်အားခ ကျသင့်သလောက်ပေးမယ်လို့ ပြောလိုက်တယ်။ သူငယ်ချင်းကလဲ သူငယ်ချင်း အချင်းချင်းမို့ ၅၀% ကိုယ့်ကို လျော့ပေးလို့ ကျေးဇူးတင်ရတယ်။ တကယ်ပါ မြန်မာပြည်က ဓာတ်ပုံဆရာတွေ ဘယ်လောက် ယူသလဲ မသိပါ။ (ဈေးကြီးတာတော့ သိပါတယ်)။ အဲ Studio တွေမှာတော့ Package နဲ့မို့ ဈေးသိပ်မကြီးပဲ ပုံလှလှလေးတွေထွက်တယ်ဆိုပေမဲ့ လူတိုင်း ဒီနေရာ၊ ဒီ၀တ်စုံ ထပ်ကာ တလဲလဲဖြစ်နေပြန်တော့လဲ ကျွန်မ မရိုက်ချင်ပြန်ပါဘူး။ ကိုယ့်အတွက်ကတော့ Cloud 9 studio က ဓာတ်ပုံဆရာ “ပြည်အေးငြိမ်း” ဆိုတဲ့ သူဖြစ်မှရမှာပါ။ ဘာလို့လဲဆိုတော့ သူက စိတ်ရှည်တယ်။သဘောကောင်းတယ်။ ပြီးတော့ ကိုယ့်သူငယ်ချင်းဆိုတော့ ပြောမနာဆိုမနာတွေ။ မိသားစု အားလုံးနဲ့လဲ သိတယ်။ ဒီတော့ သွားရမဲ့ ခရီးမှာ သူရော ကိုယ်ရော စိတ်သက်သာမယ်။ ပြီးတော့ ငယ်သူငယ်ချင်းတွေနဲ့ ခရီးတူတူထွက်ချင်တယ်။

ကျွန်မက စိတ်ဆပ်တဲ့ သူဖြစ်တာတစ်ကြောင်း စင်္ကာပူပြန်ဖြစ်တာတစ်ကြောင်းဆိုတော့ ပိုက်ဆံလဲပေးရသေး နာမည်ကြီးတယ်ဆိုပြီး ကိုယ့်ကို အချိုးမပြေဆက်ဆံတဲ့ ဓာတ်ပုံဆရာတွေနဲ့ မရိုက်ချင်ဘူး။ သူတို့ ဘယ်လောက်ပဲ ကောင်းနေပါစေ။ ထွက်လာတဲ့ result တစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး။ လုပ်ရတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကိုယ့်ရဲ့ ပျော်စရာ ကြည်နူးစရာ အမှတ်ရစေမဲ့ memory လေးတွေ အတူဆောက်လုပ်ချင်တာ။ တချို့ဓာတ်ပုံဆရာတွေအကြောင်း ရိုက်ဖူးတဲ့သူတွေဆီက သတင်းပြန်ကြားတယ်လေ။ မင်းသမီး မင်းသား နဲ့ အာဏာရှင်အသိုင်းအဝိုင်း မဟုတ်ရင် အောက်ငေါက်ပြီး စိတ်မရှည်ဘူးတို့။ တချို့ဆို သူ့တပည့်တွေနဲ့ပဲ လွှတ်ထားတာတို့။ ခုလို ခရီးသွားတာဆို လက်ထောက်တွေကလဲ ဘယ်နှစ်ယောက်လိုက်လဲ မသိ။ ပြီးကျ သတို့သမီး သတို့သားက ပိုက်ဆံလဲပေးရသေး သူတို့ မျက်နှာကြည့်ပြီး ခရီးသွားရသေးဆိုတဲ့ ဇာတ်လမ်းတွေပြန်ကြားတော့ ကျွန်မ စိတ်နဲ့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူးလေ။ မြန်မာပြည်မှာက ဒီမှာလို အပြိုင်အဆိုင် သိပ်မရှိသေးတော့ မာနိုင်တာပေါ့။ အာ့ကြောင့် ကျွန်မတို့လို ကာစတန်မာတွေက တခြားလူတွေကိုလဲ အခွင့်အရေးပေးသင့်တယ်လို့ ထင်တယ်။ အမှန်တော့ ဓာတ်ပုံဆရာကောင်းတွေ အများကြီး မြန်မာနိုင်ငံမှာရှိပါတယ်။ ကာစတန်မာတွေက နာမည်ကြီးနောက် အပြိုင်အဆိုင်လိုက်နေလို့ တခြားသူတွေ အခွင့်ရေးမရဖြစ်နေတာ။ ဒီတော့ ကျွန်မရဲ့ အဓိက ဓာတ်ပုံဆရာက Cloud 9 studio က ပြေအေးငြိမ်း (မှတ်ထားနော်. သူနဲ့ ဆက်သွယ်ချင်ရင် မဗေဒါကိုPage မှာ မတ်စေ့ပို့ပြီး လာမေးလို့ရတယ်)။ သူက လက်ထောက်ကင်မရာဆရာတစ်ယောက်ခေါ်တယ် အဲဒါက ထိုင်၀မ်ပြန် Perceptive Studio က ကိုဘိုဘို။ Perceptive Studio က ပန်းဆိုးတန်း အောက်လမ်းမှာရှိတယ်။ သူလဲ အရမ်းသဘောကောင်းတယ်။ ကိုယ့်ကိုတောင် မုန့်တွေ ပြန်၀ယ်ကျွေးသေးတယ်။ ဟိ။ ဒီလို သဘောကောင်းတဲ့ ဓာတ်ပုံဆရာ ၂ယောက်နဲ့ သွားတော့ လူရော၊ စိတ်ရော ပင်ပန်မဲ့ခရီးက စိတ်မပင်ပန်းရပဲ စိတ်ရှုပ်စရာတွေ အများကြီးထဲက တော်တော်လျော့သွားတော့ ကိုယ်ဓာတ်ပုံရိုက်ရတာလဲ mood ကောင်းတယ်။

ကျွန်မကြိုက်တဲ့ သူရိုက်တဲ့ ပုဂံရှုခင်းပုံ

သူဆုဒုတိယဆုရခဲ့တဲ့ ချင်းအဘွားအိုပုံ

Cloud 9 က ကျွန်မဓာတ်ပုံဆရာကြီး ပြေအေးငြိမ်း (ဝဲ) နဲ့ လက်ထောက် ဓာတ်ပုံဆရာ Perceptive studio က ကိုဘိုဘို (ယာ)

မိတ်ကပ်အလှဖန်တီးရှင် ရှာပုံတော်

မန္တလေးက မိတ်ကပ်တောက်တောက်



ဒီလိုနဲ့ ကျွန်မ မိတ်ကပ်ဆရာ ရှာပုံတော်ဖွင့်တော့ ရန်ကုန်က နာမည်ရ မိတ်ကပ်ဆရာဈေးတွေက မိုးမျှော်နေတာပါကလား။ အထူးသဖြင့် နယ်ကိုခေါ်ရမယ်ဆိုရင် သွားစားရိတ် နေစားရိတ်ပါရှိသေးတယ်။ တကယ်ပါ စင်္ကာပူက မိတ်ကပ်ဆရာတွေတောင် ရန်ကုန်က နာမည်ရ မိတ်ကပ်ဆရာတွေလောက် ဈေးမကြီးဘူး။ ဒါပေမဲ့ ကိုယ်က လုပ်ချင်တာ မြန်မာပုံစံဖြစ်တာရော၊ စင်္ကာပူက မိတ်ကပ်ဆရာကို ခေါ်ရမဲ့ ကယိကထကို မလုပ်ချင်တာရောကြောင့် မြန်မာပြည်က မိတ်ကပ်ဆရာကိုပဲ လိုချင်တာ။ ပြီးတော့ ကျွန်မလိုချင်တဲ့ ပုံစံကို ကျွန်မ အသေအချာသိတယ်။ ကျွန်မက Retro Theme မန္တလေးအပြင်အဆင်စစ်စစ်လိုချင်တာ။ သင်္ကြန်မိုးက ခင်သန်းနု အပြင်အဆင်ပုံစံမျိုးလေးတွေ သဘောကျတာ။ 


ဒီတော့ အတိုချုံးပြောရရင် နောက်ဆုံး ခေါင်းထဲ အိုင်ဒီယာတစ်ခု၀င်လာတယ် မန္တလေးဆိုတာလဲ မြို့ကြီးပဲ မိတ်ကပ်ဆရာရှိမှာပဲ။ ပြီးတော့ ကိုယ်လိုချင်တာ မန္တလေး ပုံစံဆိုတော့ မန္တလေးသူဆိုရင် ပိုလို့တောင် အပြင်အဆင် ပိုင်အုံးမယ် ဒါပေမဲ့ ကျွန်မ မသိတာက မန္တလေးက ဘယ်မိတ်ကပ်ဆရာကောင်းလဲဆိုတာလေ။ ကိုယ်က စင်္ကာပူကဆိုတော့ သွားစုံစမ်းလို့မှ မရတာ။ ဒါပေမဲ့ အိုင်တီခေတ်ဖြစ်နေတာက တစ်ကြောင်း စိတ်ကောင်း စေတနာကောင်းနဲ့ မိတ်ကောင်း အဆက်အပေါက်ကောင်းတွေရှိနေတာက တစ်ကြောင်းကြောင့် ဖေ့ဘွတ်ပေါ်မှာ စတေးတပ်တင်ပြီး မိတ်ကပ်ဆရာမေးလိုက်တာ Friendlist ထဲက မဗေဒါရဲ့ စာဖတ်သူတစ်ယောက်ဖြစ်တဲ့ မနွယ်ဦး (Mandalay Thu) က ချက်ဘောက်ကနေ ဖုန်းနံပါတ်ပေးလာတယ်။ သူပြင်တာ ကောင်းလား မကောင်းလားတော့ ကိုယ်လဲ မမြင်ရတော့ ဘာမှ မသိဘူး။ ဒါပေမဲ့ ဖုန်းပြောကြည့်တော့ အသံက ရိုးသားတယ်။ ယုံကြည့်မှုရှိတယ်။ ဒီလိုနဲ့ပဲ မန္တလေးက မိတ်ကပ်တောက်တောက် ကို ဖုန်းခေါ် ဈေးပြောပြီး လိမ်းဖြစ်သွားတယ်။
(ဖုန်းခေါ်စကားပြောတာကတော့ ၂၀၁၃ နို၀င်ဘာလောက်ကပေါ့)။ သူလဲအတော်လေးတော့ ကြောင်မယ်။ ကျွန်မက သူ့ကို ဖုန်းစဆက်တုန်းက ကျွန်မ ဘယ်ကမှန်းမပြောဖြစ်ခဲ့ဘူး။ သူကတော့ သူ့ဘာသာသူ ရန်ကုန်ကလို့ မှတ်သွားပုံရတယ်။ ဒါပေမဲ့ ကိုယ်က ဘယ်နေ့ မြန်မာပြည်ပြန်ဖြစ်မလဲ မသေချာ။ မြန်မာပြည်ပြန်ဖြစ်ရင်တောင် ဘယ်နေ့ စပြီး ခရီးသွား ဓာတ်ပုံရိုက်ဖြစ်မလဲ မသေချာလေ။ ဒီတော့ သူ့ကို ရက်ကို ဒီဇင်ဘာရောက်ရင် confirm လုပ်မယ်လို့ပြောရတာပေါ့။ သူတို့ကလဲ ဒီဇင်ဘာဆို ပွဲများတော့ ကိုယ်မရမှာလဲ ခပ်ကြောက်ကြောက်ပေါ့။ ဒါပေမဲ့ သူက ဒီဇင်ဘာဖုန်းပြန်ခေါ်တာ စောင့်ပေးမယ်တဲ့။

My mom and Me went on short trip to meet with our Makeup artist

ဒီဇင်ဘာကျမှ ဓာတ်ပုံဆရာကို ခရီးသွားဖို့ နေ့ချိန်း ရက်အတိအကျလောက် သိရတော့မှ သူ့ကို ဖုန်းပြန်ခေါ်ပြီး ရက်ကို ပြောတယ်။ ကျွန်မက ၃ရက်ယူမယ်။ ပထမ ၁ရက်က ပုဂံကိုလာရမယ်။ နောက် ၂ရက်ကတော့ မန္တလေးမှာပဲရိုက်ဖြစ်မှာလို့ ပြောခဲ့တယ်။ ဓာတ်ပုံစရိုက်မှာက ၂၅ရက် ဒီဇင်ဘာ (၂၀၁၃ ခရစ်စမတ်နေ့) ပုဂံမှာ ချိန်းထားတော့ သူ့ကို ဒီဇင်ဘာ ၁၈ရက်နေ့ စရံငွေ သေချာပေါက်လာပေးမယ် ဘယ်သူ့ကိုမှ လက်မခံပါနဲ့ လို့ပြောထားတယ်။ (အင်း မြန်မာပြည်မှာ အင်တာနက် ဘဏ်ကင်းမရှိတော့လဲ ခက်သားလား) ဒီမှာ လွယ်လွယ်ပြီးတာတွေကို အဲ့မှာ ခက်ခက်လုပ်ရုံတင်မကဘူး မန္တလေးထိ မေမေနဲ့ ကျွန်မ သားအမိ ၂ယောက် ၂၄နာရီ အတွင်း ခရီးတစ်ခေါက် နှင်ခဲ့ရသကိုး။ ၁၇ရက်ညကားနဲ့ထွက် မန္တလေးကို ၁၈ရက်မနက်စောစောရောက်။ မိတ်ကပ်တောက်တောက်နဲ့ တွေ့။ သူ့ကိုတွေ့တာနဲ့ ကျွန်မစိတ်ချသွားရတာ ဘာလို့လဲဆိုတော့ သူက တိုးတက်ချင်စိတ်ရှိတယ်။ နာမည်ရ မိတ်ကပ်ဆရာတစ်ယောက်ဖြစ်လာချင်တယ်။ အဲ့လိုလူမျိုးက ရေရှည်ကိုကြည့်တယ်။ ဘယ်တော့မှ တစ်ခါစား မလုပ်ဘူး။ ကိုယ်ကလဲ သူကောင်းရင် နောက်ထပ် ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြောပြပေးမယ်လို့ ပြောခဲ့တယ်။

သူ့ကို ကိုယ်လိုချင်တဲ့ပုံစံတွေ စကားပြောတော့ ကိုယ်ကတောင် အပေါ်ယံပဲ ဒေါင်းဘယက်လောက်ပဲ သိတာ သူက မန္တလေးကဆိုတော့ အသေးစိတ် ရွှေခြေကျင်းတွေ၊ ရွှေဒင်းဂါး ခါးပတ်တွေ ပါပါရမယ်တဲ့။ ကိုယ်က ပုသိမ်ထီးလို့ မှားပြောတော့ သူက မန္တလေးသူက ပုသိမ်ထီးမစောင်းဘူး အိမ်တော်ယာထီးစောင်းတာတဲ့။ အဲ့ဒိမှ ကိုယ်လဲ ဗဟုသုတတိုးတော့တယ်။ ရန်ကုန်က မိတ်ကပ်ဆရာတွေနဲ့ဆို ပုသိမ်ထီးနဲ့ပဲ ကိုယ် ၂ပါးသွားဖြစ်လိုက်မယ်ထင်ပါတယ်။ လိုအပ်တဲ့ ပုံတော်ဖိနပ်တွေကအစ ၀တ်မဲ့ အင်္ကျီ အရောင်တွေသာပြော သူအားလုံး ၀ယ်ပေးမယ်တဲ့။ ကိုယ်တောင် မစဉ်းစားမိတဲ့ အသေးစိတ်တွေ သူကအကုန် တစ်ထိုင်တည်းပြောပြီး အကုန် သူလုပ်ပေးမယ်ဆိုတော့ တကယ်ကို ၀မ်းသာမိပါတယ်။

မိတ်ကပ်တောက်တောက် (ဝဲ)၊ ကျွန်မ နဲ့ မိတ်ကပ်အကူ နွေဦး (ယာ)



အင်းလေး မိတ်ကပ်ကိုသားငယ်

ကိုယ်က အင်းလေးမှာလဲ ရိုက်ဖို့စိတ်ကူးတော့ ဖေ့ဘွတ်ပေါ်ပဲ စတေးတပ်တင် မေးလိုက်တာ YUFL တုန်းက သူငယ်ချင်းက အင်းသားနဲ့ အိမ်ထောင်ကျနေတော့ သူ့ မင်္ဂလာဆောင်တုန်းက ပြင်ပေးတဲ့ အင်းသားမိတ်ကပ်ဆရာကိုသားငယ်ကို ဖုန်းနံပါတ်ပေးတယ်။ ကိုသားငယ်ကိုလဲ ဖုန်းခေါ်စကားပြောပြီး ကျွန်မတို့ ဓာတ်ပုံလာရိုက်မဲ့ နေ့ကိုချိန်းလိုက်တယ်။ ဒါပေမဲ့ သူ့အတွက် ပို Challenge ဖြစ်တာက သူက ကျွန်မကို ပြင်ရမဲ့နေ့ကျမှ တွေ့ဖူးမှာ။ ကျွန်မဘက်ကလဲ သူပေါ်မလာရင်တော့ မိတ်ကပ်ဆရာမရှိပဲ အင်းလေးမှာ ကိုယ့်ဘာသာကိုယ်ပဲ မိတ်ကပ်ပြင်ရတော့မယ်ပဲ စိတ်ကို ပြင်ဆင်ထားရတယ်။ ဒါပေမဲ့ ဖုန်းပြောကတည်းက အသံက ရိုးသားတယ်။ လူမြင်တော့ တကယ့်ကို ရိုးသားတဲ့ အဖြူထည် အင်းသားပဲ။ အေးလိုက်တာမှ စကားတောင် လိုတာထက် ပိုမပြောဘူး။ ကျွန်မတို့ လိုအပ်တဲ့ လှေတွေလဲ ဈေးမှန်နဲ့ လိုက်ငှားပေးတယ်။ ဓာတ်ပုံရိုက်နေရင်း ဓာတ်ပုံဆရာက အင်းသား၊အင်းသူ ပင်နီ၀တ်စုံနဲ့ဆို ပိုကောင်းမယ်ဆိုလို့ ဖောင်တော်ဦးဘုရားပေါ်က ဆိုင်တွေမှာ ချုပ်ပြီးသားသွား၀ယ်တာကိုလဲ သူက နယ်ခံဆိုတော့ ဈေးလိုက်ဆစ်ပေးတယ်။ ဒါတွေက နယ်ခံမိတ်ကပ်ဆရာကို ခေါ်တဲ့ အားသာချက်တွေပဲ။ ကိုယ်က သူ့ကို တစ်နေကုန်ခေါ်ကတည်းက ထမင်းကြွေးဖို့ စိတ်ကူးထဲ ထည့်တွက်ပြီးသား။ အဲ့ဒါ ထမင်းစားချိန်ရောက်တော့ ဖောင်တော်ဦးရှေ့က Tourist Attraction စားသောက်ဆိုင်တစ်ခုမှာ ကျွန်မတို့စားရင်း သူတို့ကို ခေါ်ကြွေးတာ။ ဆရာရော လက်ထောက်ရော မစားဘူးချည်း အကြောက်အကန်ငြင်းနေကြလို့ ဘာဖြစ်လို့လဲတွေးတာ နောက်မှ သူတို့က ကိုယ့်ကို ထမင်းဖိုး ထည့်မယူထားတဲ့သဘောမျိုး။ သူတို့ဘာသာ၀ယ်စားမယ်ဆိုတဲ့ အတွေး။ ကိုယ်ကလဲ ကိုယ်ကြွေးမယ်ဆိုတဲ့ အတွေးနဲ့ဆိုတော့ “ကျွန်မကြွေးပါ့မယ်” လို့ မပြောမိဘူးလေ။ နောက်မှ အတင်ခေါ်ပြီး ကျွန်မတို့ ကြွေးမှာ ကြိုက်တာမှာစားဆိုပြီး တောင်းတောင်းပန်ပန်ပြောရတယ်။ ဟား ဟား။ အဲလိုရိုးတာ။

အင်းလေးက မိတ်ကပ် ကိုသားငယ်

ကိုသားငယ် (ယာ) နဲ့ လက်ထောက် မိတ်ကပ်ဆရာ

သတို့သမီး ၀တ်စုံ နှင့် လက်၀တ်ရတနာ အငှားဆိုင်

မန္တလေးက မိတ်ကပ်တောက်တောက်ကလဲ စေတနာကောင်းတော့ ကျွန်မတို့ကို ၀တ်စုံတွေ လက်၀တ်လက်စားတွေ ငှားတဲ့ဆိုင်ကို ခေါ်သွားပြီး တခါတည်း ၀တ်စုံရွေး ရန်ကုန်နဲ့ယှဉ်ရင် ဈေးချိုပြီး အရည်အသွေးကောင်းတဲ့ ၀တ်စုံတွေမို့ ဘာရွေးရမှန်းကို မသိဘူး။ အရောင်ကတော့ ရွေးစရာ သိပ်မများဘူး။ ဒါပေမဲ့ ရှိတာတွေကတော့ လှပါတယ်။ ဒီလိုနဲ့ အစက ၂စုံပဲ ငှားဖို့ စိတ်ကူးတာ နောက်ဆုံး မဆုံးဖြတ်နိုင်တော့ အဝါရယ်၊ အစိမ်းနုရယ်၊ ပုဇွန်ဆီရောင်ရယ် ၃စုံငှားဖြစ်သွားရော။ ၀တ်စုံနဲ့ လက်၀တ်လက်စားဆိုင်ကတော့ “ရောင်ခြည်ဦး” တဲ့။ ဆိုင်ရှင် အစ်မကြီးက ရန်ကုန်သူပဲ မန္တလေးသားနဲ့ အကြောင်းပါလို့ မန္တလေးရောက်နေတာ။ စကားပြောရတာ အဆင်ပြေတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေက ရိုးသားပြီး သဘောကောင်းတဲ့သူတွေပဲမို့ ကိုယ်ကံကောင်းတယ်လို့ ခံစားရတယ်။ ဒါလဲ မြန်မာပြည်ရဲ့ ရိုးသားတဲ့ ဓလေ့ပဲ မဟုတ်လား။ ၂ဦး ၂ဘက် ယုံကြည်လေးစားပေးရမှာပေါ့။ ၀တ်စုံရွေးပြီးတာနဲ့ သားအမိ ၂ယောက် အဝေးပြေးဂိတ်ကိုပြန်ပြီး ရန်ကုန် ချက်ချင်းထွက်မဲ့ကားလက်မှတ်၀ယ်တော့ ကံကောင်းစွာပဲ Special coach မှာ ၂ခုံပဲကျန်တော့တယ်တဲ့။ ဈေးပိုပေးရပေမဲ့ သက်တောင့်သက်သာနဲ့ ခြေထောက်ကောင်းကောင်းဆန့်လို့ရတဲ့ ကားပါပဲ။ ကားပေါ်မှာလဲ ခဏခဏ မုန့်တွေကျွေးလွန်းလို့ မစားနိုင်လို့ ရန်ကုန်ထိ သယ်လာရတယ်။ သားအမိ ၂ယောက်ကတော့ မနေ့ညကလဲ ကားပေါ်အိပ်၊ အပြန်လဲ ကားပေါ်အိပ်လိုက်ပေါ့နော်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်အတွက် အားကိုးလို့ရတာကတော့ ကိုယ့်အမေပဲရှိတယ်။ အဲဒိအတွက်လဲ လိုက်လာပေးတဲ့ အမေ့ကို စိတ်ထဲက ကျိတ်ကျေးဇူးတင်နေရတာပေါ့။



အဝါရောင်လေး လှမှလှ

အစိမ်းနဲ့ စိန်ရောင်

ဒီ၀တ်စုံလေးကြိုက်တယ် ၀တ်ရတာ ပိန်တယ်ထင်ရတယ်

ဒီလို Detail တွေနဲ့၀တ်စုံဆို ရန်ကုန်က ဆိုင်မှာ ခုလို နယ် outdoor ယူသွားဖို့ငှားရင် ဘယ်လောက်လဲတော့ မသိဘူး 

Retro style မြန်မာ၀တ်စုံများ

ကိုယ်က သတို့သမီး၀တ်စုံထက် အမှန်တော့ Retro Theme ကို ပိုရိုက်ချင်တာဆိုတော့ အဲဒိ အင်္ကျီပုံစံမျိုးတွေချုပ်ဖို့ အွန်လိုင်းမှာ လိုက်ရှာရတာပေါ့။ မြန်မာအင်္ကျီပုံစံ ရိုးရိုးကို အင်တာနက်မှာရှာရခက်ပါ့။ ခုနောက်ပိုင်းထွက်တဲ့ ဒီဇိုင်းအစမ်းကြီးတွေပဲ တွေ့တယ်။ တစ်ခု ၂ခု နီးစပ်တာတော့ တွေ့တယ်။ အနီးစပ်ဆုံးကတော့ ဆုပန်ထွာပုံတစ်ပုံတွေ့တယ်။ ခင်သန်းနုပုံတွေ ရှာတာလဲ ကောင်းတာ မတွေ့ဘူး။ တွေ့တာတွေပဲ ဖုန်းထဲ သိမ်းထားရတယ်။ တစ်ရက်တော့ ဘာရယ်ညာရယ်မဟုတ် စင်္ကာပူ Bugis မှာရှိတဲ့ Arab Street ကို အမေနဲ့သွားဖြစ်တယ်။ အဲ့ဒိအကြောင်း ဒီပိုစ့်မှာ ရေးထားတယ်။ (http://mabaydar.blogspot.sg/2013/11/arab-street.html)

My Reference Burmese dress design photo of Su Pan Htwar


အဲဒိတုန်းက ကိုယ့်အတွေးကတော့ ငါလိုချင်တဲ့ပုံစံကို ခု ချုပ်ထားမှရမယ်လို့ မြန်မာပြည် ပြန်မှ ချုပ်ရင် အချိန်မမှီလောက်ဘူးလေ။ အဝါရောင် ချိတ်ထမီ ကိုယ့်မှာရှိပြီးသားဆိုတော့ အဲ့ဒါနဲ့၀တ်ဖို့ အဝါရောင်ရင်စည်းအခံနဲ့ အပေါ်က ချင်ထောင်ဇာလို အပျော့လေးနဲ့ ရင်ဖုံးချုပ်မယ်ပေါ့။ အဲ့ဒိအင်္ကျီကို Cityhall အပေါ်ဆုံးထပ်က ဆိုင်မှာ အပ်ဖြစ်တယ်။ ဒါပေမဲ့ ရမယ်ပြောတဲ့နေ့မရတာနဲ့ ပုံမကျတာနဲ့ အဲ့ဆိုင်နဲ့ စကားများလိုက်ရလို့ ဈေးကြီးပေးချုပ်ပြီး စိတ်တော့ မချမ်းသာခဲ့ပါဘူး။ ဓာတ်ပုံထဲမှာတော့ လှသလိုထင်ရပေမဲ့ ၀တ်ရတာ ပုံလုံး၀မကျပါဘူး။ ချိုင်းပေါက်ကြီး ကျယ်လို့ ပင်အပ်တွေနဲ့ ပြန်ထိုးခဲ့ရသေးတယ်။ ပြီးတော့ အပေါ်က ဇာက လိပ်လိပ်ပြီးတက်လာပါတယ်။ ကိုယ်က ဒီဇိုင်းလေးသေချာစဉ်းစားပြီး စိတ်ကြိုက်ချုပ်လို့သာ အင်္ကျီလေးက လှသလိုဖြစ်နေတာ။ ချုပ်သူကိုယ်တိုင်ကတော့ ပြောပါတယ်။ ရန်ကုန်မှာ ချုပ်ရင်ပိုကောင်းတယ်တဲ့။ ဒါပေမဲ့ ကိုယ့်က အချိန်မမှီမှာ စိုးတာကိုး။ (နောက်ဆိုရင်တော့ ရန်ကုန်မှာပဲ ချုပ်တော့မယ်)
ဒီလိုနဲ့ ကျန်တဲ့ ၀တ်စုံတွေအတွက်ကိုတော့ မချုပ်ဖြစ်တော့ဘူး ရန်ကုန်ကိုသာ ၁ပတ်လောက်စောပြန်ပြီး အမြန်ကြေးပေးချုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲ့ဒါကတော့ အချိန်မမှီရင်ဒုက္ခဆိုတာတော့ ရှိသေးတယ်လေ။

၀တ်လို့မကောင်းပေမဲ့ သေချာစဉ်းစားခဲ့တဲ့ ဒီဇိုင်းမို့ ဓာတ်ပုံထဲ လှတဲ့ ၀တ်စုံ

မိုးသဇင် အပ်ချုပ်ဆိုင်(အနက်ရောင် နဲ့ ရှမ်းအင်္ကျီ)

ရန်ကုန်ရောက်တော့ ကျွန်မသူငယ်ချင်း ချုပ်နေကျ တာမွေက “မိုးသဇင်” ဆိုတဲ့ ဆိုင်က လက်ရာတော်တော်ကောင်းတယ်တဲ့။ သူတို့က ချုပ်နေကျ ပုံမှန်လူတွေဆိုတော့ ၁၀ရက်အတွင်းရအောင်ချုပ်ဖို့ သူတို့ပြောပေးလို့ရတယ်တဲ့။ ဟိုရောက်တော့ အင်္ကျီချုပ်ပေးတဲ့ ဗမာ-တရုတ် အမျိုးသမီးက စကားပြော ပွင့်ပွင့်လင်းလင်းနဲ့ သဘောကောင်းပါတယ်။ သူ့ဆိုင်က ချုပ်ဖို့လိုအပ်တဲ့ ကျယ်သီး ဖဲကြိုးစတဲ့ တိုလီမုတ်စတွေအကုန်ရောင်းတော့ ချုပ်ဖို့ တစ်ခါတည်းကြည့်လို့ရတယ်။ မဗေဒါအင်္ကျီကိုတော့ ရိုးရိုး ရင်ဖုံးလက်ရှည်ပဲ ဘာမှ အပိုမပါဘူးဆိုလို့ ၁၀ရက်နဲ့ အမြန်ချုပ်ပေးဖို့ လက်ခံလိုက်တယ်။ ၂ထည်။ ၁ထည်က Arab Street က ၀ယ်လာတဲ့ ရွှေနဲ့အနက်ရောင် ခြင်ထောင်ဇာ၊ နောက်တစ်ထည်ကတော့ ၂၀၁၂တုန်းက စစ်ကိုင်းဘုရားတစ်ခုကနေ ၀ယ်လာတဲ့ ကျီးဥရောင် ရှမ်းထမိန်လေးနဲ့၀တ်ဖို့ဆိုပြီး ရောက်ရောက်ချင်းနေ့မနက်ပဲ ဗိုလ်ချုပ်ဈေးမှာ အဲ့လုံချည်နဲ့ကိုက်၀ယ်လာတဲ့ ပိတ်စကို ရှမ်အင်္ကျီစတိုင် ခါးတင် ရင်ဖုံး အစောင်းလေးမှာ တိုက်ပုံကျယ်သီး ပန်းရောင်လေးတွေတပ်မယ်ပေါ့။ ဒါကလဲ ဘာမှ ပန်းထိုးတာဘာညာမပါဘူးဆိုတော့ ရတယ်တဲ့။ ကျွန်မတို့က ၂၄ရက်နေ့ည ခရီးထွက်မှာဆိုတော့ ၂၄ရက်နေ့ နေ့လည်ကို လာယူတဲ့။၂၄ ရက်နေ့ သွားယူတော့ အဲ့အန်တီက နေမကောင်းဖြစ်နေလို့ အချောမကိုင်ရသေးဘူးတဲ့။ ကိုယ်ကလဲ ဘယ်ဖြစ်မလဲ ညကျ ခရီးသွားတော့မှာ ခုရမှ ဖြစ်မှာလို့ဆိုတော့ ကျယ်သီးတပ်ဘာညာကို အဲ့က အလုပ်သမလေးတွေလုပ်ပေးတယ်။ အန်တီကြီးကတော့ မငြိုမငြင် သေချာလုပ်ပေးပါတယ်။ ကျွန်မက ခါးကော့လို့ မြန်မာအင်္ကျီကို ရှေ့ဆိုက်ချုပ်ပေးထားတယ်တဲ့။ သူချုပ်ပေးတဲ့ အင်္ကျီတွေက ပုံကျလွန်းလို့ ကျွန်မအကြိုက်ဆုံးပဲ။ ၀တ်ရတာလဲ ကောင်း။ ပုံလဲကျ။ အန်တီကြီးရဲ့ သမီးကတော့ သူ့အမေနေမကောင်းတာကို လာလောရမလားဆိုတဲ့ပုံစံနဲ့ ကိုယ့်ကို စောင့်အောင့်တယ်။ ကိုယ်မှ မမှားတာလေ။ အစကတည်းက ၁၀ရက်နေရင်ရမယ်ဆိုလို့ သဘောတူပြီး အပ်ခဲ့တာ။ ကိုယ့်အခြေအနေကလဲ လိမ်ပြောတာမှ မဟုတ်တာ။ ကျွန်မနဲ့ ကျွန်မဖေဖေ နေ့လည်ကတည်းက အင်္ကျီရွေးဖို့ထွက်သွားတာ ညနေထိပြန်မရောက်လို့ အမေက စိတ်ပူနေပြီ။ ဒါပေမဲ့ အချိန်မှီရလိုက်ပါတယ်။ ချုပ်ခကလဲ အမြန်ကြေးပေမဲ့ ဈေးချိုတယ်လို့ ဆိုရမယ်။ နောက်ဆို အဲ့ဒိမှာပဲ သွားချုပ်မယ်။ အဲ့ အန်တီကြီးကိုတော့ ခင်ပါတယ်။ အဲ့အပ်ချုပ်ဆိုင်လိပ်စာသိချင်ရင်တော့ မဗေဒါရဲ့ Facebook page လေးကို Like လုပ်ပြီး မတ်စေ့ပို့ပြီးမေးနော်။

၀တ်လို့ကောင်းတဲ့ အင်္ကျီ

ရှမ်းအင်္ကျီ ခုတော့ ပျောက်နေတယ်

စကော့ဈေး အပ်ချုပ်ဆိုင် (အနီရောင် ရင်ဖုံး လက်ရှည်)

နောက်ထပ် အနီရောင်လုံချည် (အမေ အမရပူရက ၀ယ်လာပြီး ကျွန်မကိုပေးထားတာကြာပြီ မ၀တ်ဖြစ်တဲ့ ထမိန်) နဲ့၀တ်ဖို့ အင်္ကျီကိုကျတော့ စကော့ဈေးက အမေချုပ်နေကျ ဆိုင်မှာ အပ်ဖြစ်တယ်။ စကော့ဈေးဆိုင်အမြန်ကြေး ဆိုတော့ ဈေးတော့ကြီးတာပေါ့။ ပုံကျမှုနဲ့ ၀တ်လိုက်ရင် သက်တောင့်သက်သာရှိမှုကတော့ တာမွေကဆိုင်လောက်မကောင်းဘူး။ ဒါပေမဲ့ စင်္ကာပူက ဆိုင်ထက်တော့ အများကြီးသာပါသေးတယ်။ အဲ့ဆိုင်မှာ သွားချုပ်တာကျတော့ လုံချည်ပြပြီး ကိုယ်ချုပ်ချင်တဲ့ပုံစံပြောတယ် ပိတ်စဘယ်လောက်လိုမလဲမေးတယ်။ ပြီးမှ အဲ့ အပ်ချုပ်ဆိုင်ရှေ့က ပိတ်စဆိုင်ကပဲ လိုသလောက်ပိတ်စဖြတ်၀ယ်လိုက်တယ်။ ကျွန်မလိုချင်တဲ့ပုံကလဲ အောက်က အနီရောင် ဖဲရင်စီးကို အပေါ်ကလည်ထောင် ပန်းနုရောင်ဇာ လက်ရှည်ရင်ဖုံး ရိုးရိုးပဲ။ သူ့ကိုလဲ ၁၀ရက်အချိန်ပေးထားတော့ ၂၄ရက် နေ့လည်ရမယ်တဲ့။ သူ့ဆီကို သွားရွေးပြီးမှ တာမွေကိုသွားရွေးဖြစ်လို့တော်သေးတယ်။ သိတဲ့အတိုင်း အင်္ကျီချုပ်ရင်က ကိုယ်လာရွေးမှ ၀တ်ကြည့်ခိုင်းပြီး မကောင်းတာတွေ ထပ်သေချာချုပ်ကြတာဆိုတော့။ သွားရွေးတဲ့အခါကျတော့ အင်္ကျီကရနေပြီ ကိုယ့်ကို ၀တ်ကြည့်ခိုင်းပြီး လိုတာလေးနည်းနည်ထပ်သီနေလို့ ခဏစောင့်ရတယ်။ ဒါပေမဲ့ ခု အဲ့အင်္ကျီကို ၀တ်တော့ အတွင်းက ရင်စီးက ၀တ်ရတာ သိပ်မကောင်းဘူး။ အနောက်ဘက်ကချိတ်က နည်းနည်းအပေါစားပစ္စည်းများသုံးသလားမသိပါဘူး။ ၀တ်ရင်လဲ အပေါ်ချိတ်တပ်နေရင် အောက်ချိတ်ပြုတ်၊ အောက်ချိတ်တပ်နေရင် အပေါ်ချိတ်ပြုတ် မာမာတင်းတင်းမရှိဘူး။ ကိုယ်ထိုင်လိုက်လို ခါးကိုင်းပြီး ခါးပြန်ဆန့်လိုက်ရင်လဲ အတွင်းကရင်ခံချိတ်က ပြုတ်ပြန်ရော။ ဇစ်နဲ့လုပ်ပေးရင်ကျတော့ ခေါက်ပြီးဖောင်းနေမှာဆိုးလို့တဲ့။ ဒါပေမဲ့ ဇစ်နဲ့ကတောင် ပိုအဆင်ပြေအုံးမယ်ထင်တယ်။ နေအုံးနောက်တစ်ခါရန်ကုန်ပြန်မှ အဲ့ ချိတ်တွေကို တစ်ခုခုလုပ်ရမယ်။ စကော့ဈေးက အပ်ချုပ်ဆိုင်နာမည်ရော သိချင်ကြသေးလားတော့မသိဘူး။ လောလောဆယ်တော့ မေ့နေတယ်။ သိချင်တယ်ဆို မဗေဒါ Facebook page ကနေ မတ်စေ့ပို့ပြီးမေးနော် ။ အမေ့ကို မေးပေးမယ်။

ပန်းတွေနဲ့ဝေ

တခြား ၀တ်စုံများ

ငှားထားတာက မင်းသမီး၀တ်စုံ ၃စုံ ချုပ်ထားတာက ၄စုံဆိုတော့ လိုတာထက်တော့ ပိုရနေပါပြီ။ အော်… မေ့တော့မလို့ အွန်လိုင်းရှော့ပင်းကနေပြီး ကိုရီးယားကနေ ကိုယ်ကြိုက်တဲ့ ရှေ့တိုနောက်ရှည် သတို့သမီး၀တ်စုံဂါ၀န်လေး ခုနောက်ပိုင်း ခေတ်စားနေတာတစ်ကြောင်း၊ စင်္ကာပူက Bridal shop မှာ ၀တ်စုံတွေ စမ်း၀တ်ကြည့်တုန်းက (အစက ဘာလီမှာ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးတာဆိုတော့… နောက်မှ စင်္ကာပူ ဓာတ်ပုံရိုက်တဲ့အကြောင်းသပ်သပ်ပြောပြမယ်) ခရီးသွားရမှာမို့ ဆိုင်က မိတ်ကပ် artist က လမ်းလျှောက်ရလွယ်ပြီး အလေးချိန် သိပ်မစီးတဲ့ ရှေ့တိုနောက်ရှည် ဂါ၀န်ကို တိုက်တွန်းတာ သွားသတိရပြီး အဲ့ဒါလေး ၀ယ်ဖြစ်သွားတာ။ ဈေးက သိပ်မကြီးဘူးလေး စလုံး ၂၀၀ နီးပါးလောက်ပဲပေးရတယ်။ ရတော့လဲ ပုံကျတယ် အရည်အသွေးလဲ ကောင်းတယ်။ စီးတီးဟောမှာ အဝါ၀တ်စုံ အပေါ်ပိုင်းလေးချုပ်တာတောင် ဈေးက အဲ့လောက်နီးနီးကျတယ်လေ။ အဲ့ဂါ၀န်ကို Bugis Street အပေါ်ထပ်က ဆိုင်မှာတွေ့တယ်။ ဈေးက စလုံး ၃၀၀ လောက်ခေါ်တယ်။

ကိုရီးယားက မှာလိုက်တဲ့ ၀တ်စုံ

နောက်ထပ် လိုရမယ်ရထည့်လာတာကတော့ ချစ်သူစစဖြစ်ချင်းကတည်းက ၀ယ်ထားပေမဲ့ သူမ၀တ်ချင်လို့ တစ်ခါမှမ၀တ်ဖြစ်တဲ့ Couple Tshirt။ ဒီအချိန်ပဲ Mr.Right ကို ၀တ်ခိုင်းရမှာ။ Converse ဖိနပ်ဆင်တူ၀ယ်မို့ပဲ နောက်ကျတော့ အချိန်မရတာရော၊ သယ်ရမဲ့ ပစ္စည်းများတာရော၊ Mr.Right က အလွန်တရာမှ ဖိနပ်ဂျီးများတာရောကြောင့် မ၀ယ်ဖြစ် မ၀ယ်ဖြစ်နဲ့ မပါလာတော့တာ။ ဓာတ်ပုံဆရာက အင်္ကျီဆင်တူပြီး ဖိနပ်မဆင်တူလို့ ဆူတာခံလိုက်ရတယ်။ ဟိ။

မေမြို့ ရုက္ခဗေဒဥယျာဉ်မှာ

ဒီတော့ ၀တ်စုံတွေကို ကိုယ့်ဘာသာကိုယ်ပဲ ရေတွက်ကြည့်လိုက်တော့နော်။ မြန်မာပြည် ၁၅ရက် ဒီဇင်ဘာ ၂၀၁၃မှာ ပြန်ရောက်တယ်။နေ့လည်ကျတော့ မေမေရယ်၊ ကျွန်မရယ်၊ Mr. Right ရယ် ၃ယောက် စကော့ဈေးပတ်ပြီး လိုအပ်တဲ့ ပိတ်စတွေသွား၀ယ်။ အင်္ကျီအပ်။ ညကျတော့ သူငယ်ချင်းနဲ့ တာမွေသွား အင်္ကျီအပ်ပေါ့။ အင်္ကျီက ခုလို ခွဲအပ်တော့မှ ၁၀ရက်အတွင်း ၃စုံရမှာလေ။ ယောင်္ကျား၀တ် ပုဆိုး၊ တိုက်ပုံတွေက ခုဆို Ready made ရတာတစ်ကြောင်း Mr.Right ရဲ့ မော်ဒယ်ဘွိုင်းခန္ဓာကိုယ်ဖြစ်တာတစ်ကြောင်း (ကိုယ့်ငါးချဉ် ကိုယ်ချဉ်သည်) ကြောင့် သူ့ဟာရှာရတာ မခက်ဘူး။ စကော့ဈေးပတ်တော့မှ Arab Street က ဇာမျိုးတွေ တစ်ပုံစံတည်းတွေ့ပါ့။ မြန်မာပြည်က ဈေး ထက်၀က်သက်သာတယ်ဗျ။ နောက်ဆို မြန်မာပြည်ပြန်ဖို့ရှိတယ်ဆိုလိုကတော့ Arab Street က မ၀ယ်နဲ့။( အဲ… ရွှေရောင်အနက် ခြင်ထောင်ဇာလေးတော့ မြန်မာပြည်မှာ မတွေ့မိဘူး။) မေမေ၀ယ်လိုက်တဲ့ Arab Street က စလုံး ၅၀လောက်ပေးရတဲ့ဟာက မြန်မာပြည်မှာ ၀မ်းဆက်ကို ၂သောင်းခွဲ ၃သောင်းလောက်နဲ့ ရလို့ အမေ ရင်ခံသွားတယ်။ ခုနောက်ပိုင်း မြန်မာပြည်မှာလဲ ချိတ်ထမိန်မဟုတ်တဲ့ ချိတ်ထမိန် ဒီဇိုင်းလုံချည်လေးတွေ အနားလေးတွေ လှလှလေးတွေနဲ့ ဈေးလဲ ချိတ်ထမိန်အစစ်လောက်မကြီးဘူး။ အရောင်တွေကလဲ စုံမှစုံ။ ၀ယ်ချင်တာ လက်ယားနေတာ။ များနေလို့ တရားမှတ်ပြီး နေခဲ့ရတယ်။ ချိတ်ထမိန်အစစ်က ရေလျှော်လို့ မရ ဘာမရနဲ့ ဈေးလဲကြီးသေးတယ်။ (ကိုယ့်ချိတ်ထမိန် ပန်းရောင်ကြီး ၀ယ်တုံးက ၃သိန်းလောက်ပေးရတာကြီး မနေနိုင်လို့ လျှော်ကြည့်လိုက်တာ ခုတော့ ဘက်လက်ကြီးနဲ့ ကြေမွနေတာပဲ ဘာမှ လုပ်လို့မရတော့ဘူး) ဒီတော့ ချိတ်ထမိန် အစစ်မဟုတ်တဲ့ အာ့မျိုး လှလှလေးတွေပဲ ၀တ်တော့မပေါ့။

အန်စာတုံးကား ငှားခြင်း

အံစာတုန်းကား ခြေမြန်တော်

အငှားကားကိုလဲ ၂နေရာက စုံစမ်းဖြစ်တယ်။ တစ်ခုက ဖေ့ဘွတ်က အရင်က စာဖတ်သူ ခုတော့ သူငယ်ချင်းဖြစ်နေတဲ့ အစ်မတစ်ယောက်ဆီက။ သူ့အမျိုးသားက မြန်မာပြည်မှာ Tour company ရှိတယ်လေ။ ဒါပေမဲ့ ကားငှားတာကတော့ သူတို့မလုပ်ပါဘူး။ ကိုယ့်ကိုစေတနာနဲ့ ကူညီတာ။ ၉ယောက်စီး အန်စာတုံးကား သွားမဲ့နေရာတွေနဲ့ ၇ရက် ခရီးစဉ်ကို ၁၄သိန်းခေါ်တယ်။ ကားငှားတဲ့ အမျိုးသမီးနဲ့ ဖုန်းပြောတာ ဖော်ဖော်ရွေရွေနဲ့ follow up လဲရှိတယ်ဆိုတော့ responsible ရှိတယ်လို့တော့ ခံစားရပါတယ်။ သူတို့နေရာ ကားသွားကြည့်တော့လဲ ဖော်ဖော်ရွေရွေပဲ ပြပါတယ်။ ကားက နယ်က ပြန်လာတော့ နည်းနည်းဖုန်တက်နေတာပေါ့နော်။ ကားကျတော့ ဖေဖေ့ကိုပဲ ပေးဆုံးဖြတ်ရတာပေါ့။ ဖေဖေက ဒုတိယ ကုမ္ဗဏီက ကားကို ကြည့်အုံးမယ်တဲ့။

နောက်ကုမ္ဗဏီက ကား ကျတော့ Mr.Right အဒေါ်မေးပေးတာ။ အဲ့လူကတော့ ကျွန်မတို့ အိမ်အထိ သူ့ကားကိုလာပြတယ်။ ကားကတော့ တော်တော်လေး သန့်တယ်။ ပြီးတော့ ဟိုဘက်က ကားနဲ့ယှဉ်ရင် သူက ဘယ်မောင်း စတီယာတိုင်ဆိုတော့ ကျွန်မဖေဖေက သဘောကျတယ်။ လူဆင်းတဲ့အပေါက်ကလဲ ညာဘက်မှာဆိုတော့ လမ်းမှာ အဆင်းအတက်လုပ်ရတာ အန္တရယ်မများဘူးပေါ့။ အဲ့နေ့က ကားလာပြတဲ့သူကတော့ စကားပြော ရွှန်းရွှန်းကို ဝေနေတာပါပဲ။ ကျွန်မ မှတ်မှတ်ရရ အဲ့ဘက်လမ်းတွေ ကျွမ်းကျင်ရဲ့လားလို့မေးတော့ သူက “စိတ်ချ ကျွန်တော်တို့က တိုးရစ်တွေလာတိုင်း အဲ့လမ်းတွေမောင်းနေကျ” တဲ့။ သူက လာပြတဲ့အချိန်မှာလဲ ကားကို အဲကွန်းဖွင့်ထားပြီးသားဆိုတော့ နေပူပူကလာတဲ့ ကိုယ့်စိတ်ထဲ အဲ့ကားထဲကတောင် ပြန်မထွက်ချင်တော့ဘူးပေါ့။ သူကိုယ်တိုင်မောင်းမှာလားဆိုတော့ အဲ့ဒါတော့ မသေချာသေးဘူးတဲ့။ (တကယ့်နေ့ကျတော့ သူကိုယ်တိုင်မောင်းပါတယ်။ The one who gave me biggest unhappiness)။ ဈေးကတော့ ၂ဆိုင်လုံး တူတူပဲ။ ဒီလိုနဲ့ သူ့ကားကို ယူလိုက်တယ်။

ဘာလို့ ကားစင်းလုံးငှားသွားသလဲဆိုတဲ့မေးခွန်းကို ဘယ်သူ့မေးမေး။ ကိုယ်သွားချင်တဲ့နေရာ ကိုယ်သွားချင်သလိုသွားမှာမို့ နေ့ပေးနဲ့ ကိုယ်သုံးချင်သလို သုံးမှာမို့ပါပဲ။ အစကတည်းက ၁နေ့မှာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ သုံးရမယ်လို့ သပ်မှတ်ခဲ့ရင်တော့ တစ်မျိုးပေါ့။ ကျွန်မတို့ကလဲ သူ့ကို မအိပ်ခိုင်းပဲ မမောင်းခိုင်းပါဘူး ဒါပေမဲ့ အဲ့ဒိလူက ညနေ ၆နာရီလောက်ရှိပြီး ကျွန်မတို့ ဓာတ်ပုံရိုက်လို့ မပြီးသေးဘူးဆိုရင် သူက တခြားကားသမားတွေကို ဖုန်းပြောသလိုနဲ့ ရွဲ့စောင်းပြောတယ်။ “သိပါဘူးကွာ။ ဘယ်အချိန်ကျမှ ပြီးမယ်မှန်း” စသည်ဖြင့်ပေါ့။ ကျွန်မတို့ အဲ့ကားကိုသုံးချင်ရင် ည၉နာရီလောက်အထိတော့ အေးဆေးသုံးပိုင်ခွင့်ရှိတယ်လို့ထင်တယ်။ ပြီးတော့ ကျွန်မတို့ ဓာတ်ပုံရိုက်ရင် တစ်နေရာမှာ အနည်းဆုံး ၂နာရီလောက်တော့ကြာတာ သူမောင်းနေရတာလဲ မဟုတ်ဘူး။ အိပ်နေလို့တောင်ရတယ်။ ညဘက် စောစော ကျွန်မတို့ကို ဟော်တယ်ပို့ပြီး အောက်ဆိုဒ်ရှာချင်တာလားတော့မသိ။ ပြီးကျရင် ဟိုင်းဝေးမောင်းနေလို့ ကားပေါ်မှာ ကျွန်မတို့အားလုံးအိပ်နေရင် ဘယ်လိုမောင်းလဲတော့မသိဘူး တော်တော်နဲ့မရောက်ဘူး။ ကားကို လိပ်လိုမောင်းတယ်။ တနေရာရောက်လို့ စောနေရင် နောက်တစ်နေရာမောင်းခိုင်းမှာ စိုးလို့လားတော့ မသိဘူး။ ကျွန်မတို့က ဘုရားဖူးလာတာမဟုတ်ဘူး ကိုယ်ကြိုက်တဲ့နေရာ ရှုခင်းလှတဲ့နေရာ ဓာတ်ပုံဆရာပြောတဲ့နေရာ စတာတွေကို ရပ်ခိုင်းမှာပဲ သွားခိုင်းမှာပဲ။ အစကတည်းက ဓာတ်ပုံရိုက်ဖို့ဆိုတာ သေသေချာချာပြောပြီးသား။ သူ့ပုံစံက မိတ်ကပ်ဆရာတွေကို ကြည့်မရတာနဲ့၊ ဓာတ်ပုံဆရာက ပုဂံမှာ ဓမရံကြီးဘုရား နောက်ခံထားရိုက်ချင်လို့ နည်းနည်းလေး off the track လေးမောင်းခိုင်းတာကို ရွဲ့ရတာနဲ့။

ပြီးရင် ခရီးပင်မကြီးသွားရမဲ့ လမ်းလဲ မသိဘူး (မသိချင်ယောင်ဆောင်တာလားတော့ မသိ)။ မန္တလေးကနေ အင်းလေးသွားတဲ့လမ်းကို သူ့သူငယ်ချင်းကို ဖုန်းဆက်မေးတယ်။ သူ့လူက ကျွန်မတို့ ဘယ်သောင်ဘယ်ကမ်းရောက်နေမှန်းမှ သေချာမသိတာ။ တလွဲတွေပြောတာပေါ့။ အဲ့ဒိအချိန်တော့ ကျွန်မလဲ ပြောထည့်လိုက်တယ် ရှေ့မှာဒေါသတွေတော်တော်စုနေပြီဆိုတော့။ လမ်းမသိရင် လမ်းပေါ်ကလူကိုမေး။ ရှင့်ဖုန်းထဲကလူက တလွဲတွေချည်းပြောနေတာဆိုပြီးတော့။ ကျွန်မအတွက် ဒီခရီးစဉ်မှာ စိတ်အတိုဆုံး ချုံးပွဲချ တစ်ခါငိုဖြစ်လိုက်တာကတော့ ပုဂံကနေအထွက် အင်း၀ မယ်နုအုတ်ကျောင်းကို ညနေ နေမ၀င်ခင် ၀င်ဓာတ်ပုံရိုက်မယ်။ ပြီးမှ မန္တလေးကိုသွားပြီး ဟော်တယ်ချက်အင်၀င်မယ်။ အဲလို အကိုက်ကျွန်မ အကွက်ချထားပြီးသား။ လိုတာထက်ပိုမဲ့ ကားမောင်းချိန်ကို ကျွန်မပေးထားပြီးသား။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မဖေဖေသွားချင်တဲ့ ထန်းရည်စစ်စစ်ရောင်းတဲ့ဆိုင်က ကားသမားမောင်းထွက်တဲ့ ပုဂံအပေါက်ဘက်မဟုတ်ဘူးဖြစ်နေတော့။ တစ်ခါ ပြန်လှည့်ပြီး ကျွန်မဖေဖေထွက်ခိုင်းတဲ့ဘက်ကနေ ထွက်ရတယ်။ ထန်းရည်ဆိုင်မှာ အဖေ ၀င်၀ယ်နေတုန်း ကျွန်မလဲ ရသလို ဓာတ်ပုံရိုက်ရသေးတာပေါ့။ ပုဂံကတည်းက မိတ်ကပ်အပြည့်နဲ့ဆံပင်တုကြီးနဲ့ ထွက်လာရတာ။ လူက စိတ်မညစ်အောင်အတတ်နိုင်ဆုံးနေတယ်။ သူများတွေကားပေါ်မှာ အိပ်နေတဲ့အချိန်တောင် ကျွန်မက ဆံပင်ပျက်၊ မိတ်ကပ်ပျက်မှာစိုးတာရော၊ မြန်မာအင်္ကျီနဲ့ ဗိုက်စည်းနဲ့မို့ ခါးမတ်မတ်ထိုင်နေတာရောနဲ့ အိပ်လို့ရတာတောင် အလှပျက်မှာစိုးလို့ အိပ်ဖြစ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ လူပင်ပန်းတာက ခံနိုင်တယ်။ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ သိပ်မပင်ပန်းဘူး။ ကားကလဲ ကောင်းတော့ ခရီးက ထင်သလောက်မပင်ပန်းပါဘူး။ ကိုယ့် Schedule အတိုင်းမဖြစ်မှာကို အစိုးရိမ်ဆုံးပဲ။

အဲ့ဒိ စိုးရိမ်စိတ်ကို အကောင်အထည်လိုက် ကားသမားနဲ့ ကျွန်မ ဖေဖေဆီက လက်ဆောင်ရတာပဲ။ ကျွန်မဖေဖေက ထန်းရည်လား ဘာလားတော့ မသိ။ အဲဒိက သောက်စရာတစ်ခုခုပေါ့။ ၀င်၀ယ်ချင်လို့ သူ့ကို တခြားလမ်းက ထွက်ခိုင်းတော့ သူကလဲ ဆင်ခြေရသွားတာပေါ့။ သူလမ်းမသိဘူးဆိုပြီး။ မောင်းတယ် မောင်းတယ်။ မောင်းရင်းနဲ့ ရေနံချောင်းမြို့ထဲ ရောက်သွားတယ်။ ကျွန်မကလဲ အဲလောက်တော့ မြန်မာပြည်မြေပုံ အာငုံမဆောင်နိုင်တော့ သူ့ပဲ ယုံနေတာပေါ့။ နောက်မှ အဖေနိုးလာတော့မှ။ မှားနေပြီထင်တယ်ဆိုပြီး လမ်းကလူကိုမေးတော့။ ရှေ့ဆက်သွားရင် ပုဂံပြန်ရောက်ပြီတဲ့။ ကားသမားကလဲ သူ့အပြစ်ကို ဖုံးချင်တော့ ဖေဖေ့က သူမသိတဲ့ လမ်းကမောင်းခိုင်းလို့ဖြစ်တာပေါ့။ ဖေဖေကလဲ ကားသမားဆိုတာ လမ်းသိရမှာပဲပေါ့။ ညနေ ၅နာရီလောက်မှ မိတ္ထီလာက Feel စားသောက်ဆိုင်တွေကိုရောက်တော့ ကျွန်မလဲ အင်း၀ကို မမှီနိုင်လောက်ဘူးဆိုတာ သိလာတော့ ငိုချလိုက်ရော။ ကျွန်မကတော့ ငွေကုန်၊ လူပင်ပန်းပြီး သေချာစီစဉ်တဲ့ခရီး ခုလို စိတ်အနှောင့်အယှက်ဖြစ်ရတာ သူတို့ ၂ဦးလုံးမှာ တာ၀န်ရှိတယ်လို့ကို ထင်တယ်။ ခုထက်ထိတော့ ဖေဖေက သူ့အပြစ်မဟုတ်ဘူးချည်းပဲယူဆနေတာပဲ။ ဒါပေမဲ့ ဘယ်လောက်မှ အရေးမကြီးတဲ့ ဈေးလေးနည်းနည်းပါးပါးကွာတာကလွဲလို့ ဘယ်မှာ၀ယ်၀ယ်ရတဲ့အရာတစ်ခုကို ခုလို ကျွန်မခရီး ဇနိုးဇနောင့်ဖြစ်စေတဲ့ အကြောင်းရင်းကြီးတစ်ခုအနေနဲ့ ဖြစ်သွားတော့ စိတ်တိုမိတယ်။ ကိုယ့်အဖေဆိုတော့ ဘာမှ မပြောချင်ဘူး။ ကားသမားကို ကောဖို့ရာကလဲ သူ့အပြစ်ကြီးပဲလဲ လုံးလုံးတော့ မဟုတ်ပြန်ဘူး။ ဘယ်တတ်နိုင်မလဲ ကျွန်မနဲ့ တစ်ခရီးတဲသွားတဲ့ သူတွေက ဒီလိုဖြစ်နေမှတော့ အရာအားလုံး ကျွန်မခါးစည်းခံရုံပေါ့ ငိုတာကလွဲလို့ဘာတတ်နိုင်မှာလဲ။ အားလုံးက ကျွန်မစီစဉ်တဲ့အတိုင်းဆို သူ့အချိန်နဲ့ သူအကိုက်။ တစ်နေရာ အချိန်မှီမရောက်လို့ အချိန်ပိုမရှိဘူး။ တစ်ရက်တိုးရင် ကားခ တစ်ရက် ၂သိန်း၊ ဓာတ်ပုံဆရာနဲ့ မိတ်ကပ်ဆရာကလဲ ရက်တွက်နဲ့ပေးရတာ နည်းတဲ့ပမာဏမဟုတ်ဘူး၊ တည်းခိုခန်းခကလဲ တစ်ရပ်ထပ်တိုးမယ်။ ပြီးတော့ နောက်ရက်တွေအတွက် ကြို book ထားတဲ့ ဟိုတယ်တွေနဲ့၊ အင်းလေးက မိတ်ကပ်ဆရာ အားလုံး တိုင်ပင်တွေလွဲကုန်မှာလေ။ ဓာတ်ပုံရိုက်တာလဲ မင်္ဂလာဆောင်လိုပဲ နည်းနည်းမှားတာနဲ့ ဘာမှ ပြန်လုပ်လို့မရဘူး။ ဒီတော့ ကျွန်မ အပြစ်တင်ချင်တာကတော့ အဲ့ဒိ လူကို မူးယစ်စွဲလန်း စေတဲ့ ယမကာကိုပဲ မုန်းတီး ရွံရှာမိတော့တာပဲ။

မုန်းစရာကောင်းတဲ့ ထန်းရည်ဆိုင်

ကျွန်မငိုတော့ ဓာတ်ပုံဆရာသူငယ်ချင်းတွေလဲ ဘယ်ပျောက်မှန်းမသိ။ အိမ်ကလူတွေကတော့ တစ်ယောက်နဲ့တစ်ယောက်က ချော့တတ်ကြတာမဟုတ်ဘူး။ ဟီး။ တော်သေးတယ်။ မိတ်ကပ်တောက်တောက်နဲ့ သူ့လက်ထောက် နွေဦးကပဲ ကျွန်မကို အလှတွေပျက်တော့မယ် အစ်မရယ်။ မငိုပါနဲ့။ စိတ်လျော့ပါလာပြောလို့။ မဟုတ် ဘယ်သူမှ မပြောရင် ကိုယ့်မှာ ဆက်ငိုနေရမဲ့ပုံ။ ရီရတယ်။ မိတ္တီလား Feel မှာ ကားတံခါးဖွင့်တော့ ဆင်းလာတာက မိတ်ကပ်အပြည့်နဲ့ ဂုဏ်ကြီးရှင်မမပုံ ကျွန်မ (Mr.Right အဖေကတော့ အဲ့အင်္ကျီနဲ့ပုံက မာမာအေးနဲ့တူတယ်ဆိုပဲ။ compliment လို့ပဲ မှတ်ပါတယ်) ဈေးသည်ကလေးတွေက ကိုယ့်ကို သူဌေးမပေါ့။ ဒီလိုလူကို ဝိုင်းရောင်းရင် စိတ်ရှုပ်လို့ အမြန်၀ယ်မှာပဲထင်နေလားတော့မသိဘူး ကိုယ့်နားအုံပြီး တစ်ကောက်ကောက်လိုက်လာတာ။ ကိုယ်လဲ သူတို့ကို “နေအုံးဟယ်။ ငါဒီမှာ စိတ်ရှုပ်နေတဲ့အထဲ။ နင်တို့ဆီက ငါဘာမှ၀ယ်မှာမဟုတ်ဘူး” ပြောပြီး ပလက်ဖောင်းပေါ်ငုတ်တုတ်ထိုင် ငိုချပလိုက်တာပဲ။ သူများတွေကြည့်လဲကြည့်။ အမှန်ဆို ကျွန်မခရီးစဉ်ကို ခုလို သာသာနာနာလေး အမှတ်တရဖြစ်အောင် လုပ်ပေးကြတဲ့သူအပေါင်းကို ရှစ်ကြီးခိုးပြီး ကျေးဇူးတင်ပါတယ်လို့ အော်အော်ငိုချင်တာ။ နောက်မှ ဓာတ်ပုံဆရာကလဲ နင် နင်လိုချင်ရင် ငါ ဖိုတိုရှော့နဲ့ နေလုံးအကြီးကြီး ထည့်ပေးပါ့မယ်။ ဖြစ်အောင် ရိုက်ပေးပါ့မယ်ဆိုပြီး ချော့တာရော၊ ကျွန်မလဲ မဖြစ်နိုင်တော့တဲ့အရာအတွက် ကိုယ့်စိတ်ကို တနုံနုံဖြစ်နေရင် လုပ်ဖို့ကျန်တာတွေ အလကားဖြစ်ကုန်လိမ့်မယ်။ အထူးသဖြင့် စိတ်မကြည်ရင် ဓာတ်ပုံထဲမှာ မျက်နှာက ဘယ်လိုမှ Mood ကောင်းမှာ မဟုတ်ဘူးလေ။ ထင်တဲ့အတိုင်းပဲ မယ်နုအုတ်ကျောင်းကို ညနေမှောင်ရီပျိုးပြမှာ ရောက်သွားတယ်။ မိတ်ကပ်ဆရာက ပြန်ပြီး touchup လုပ် ၀တ်စုံလဲနဲ့ ကျွန်မတို့ ဓာတ်ပုံရိုက်တော့ မှောင်နေပြီ။ အဲ့နေရာကလဲ မီးလင်းလင်းချင်းချင်းတောင်မရှိဘူး။ စိတ်ထဲတော့ တမျိုးကြီးဖြစ်ပြီး ကျက်သီးတွေထနေတယ်။ ကားသမားက မန္တလေးရောက်မှ သူ့ဘာသာသူ အပြစ်ရှိတဲ့ရုပ်နဲ့ နောက်နေ့ ကျွန်တော် ပြန်လိုက်ပို့ပေးပါ့မယ်လာပြောတယ်။ သူနဲ့ စကားပြောချင်စိတ်ကိုမရှိတော့တာ။

ကားသမားက နောက်ဆုံးရက်လဲ အင်းလေးကနေရန်ကုန်အပြန် ကလောလမ်းမှာ ဓာတ်ပုံရိုက်အုံးမယ်ဆိုတာကို ပြောတဲ့ပုံက ရန်ကုန်ကို ည ၁၂နာရီကျော်မှ ပြန်ရောက်ရင် နောက်ထပ် ၁ရက်စာထပ်ပေးရမယ်ဘာညာနဲ့လာပြောတော့ လူကို လာခြိမ်းခြောက်သလိုပဲ။ အင်းလေးမှာကလဲ အင်းထဲသွားနေတာ တစ်နေကုန် သူ့ကားသုံးတာမဟုတ်ဘူး။ သွားတဲ့တစ်လျှောက်လဲ ကိုယ်ကျွေးစရာမလိုပေမဲ့ စိတ်ချမ်းသာပါစေဆိုပြီး သူ့ကို မုန့်ကျွေး ထမင်းကျွေး ဆေးလိပ်တိုက်လုပ်နေတာ။ (အရေးမပါတာ။) သူ့ပုံစံက ကျွန်မတို့က အချိန်ကွက်တိလောက်လုပ်ရင်တောင် သူက ကားဖြေးဖြေးမောင်းပြီး နောက်နေ့မကူးကူးအောင် လုပ်မယ်လို့ ပြောလိုက်သလိုပဲ။ ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့ မပြန်ခင်ညမှာ အင်းလေးကနေ ကျွန်မတို့ ကားငှားတုန်းက ဆက်သွယ်တဲ့ လူဆီကို ဖုန်းဆက်ပြီး တိုင်လိုက်ရော။ ပြီးတော့ အင်းလေးကနေ ရန်ကုန်ကို ပုံမှန် ဘယ်လောက်ကြာမောင်းရသလဲလို့ ကျွန်မက မေးထားပြီး ကျွန်မသူ့ကို အဲဒိအချိန် လောက်လောက်ငှငှပေးမယ်။ ဒါပေမဲ့ အချိန်ကျော်ရင် ၁ရက်စာမပေးနိုင်ဘူးလို့။ ကျွန်မလဲ ရေပက်မ၀င် ကွန်ပလိန်းတက်လိုက်တော့ အဲ့ဖုန်းထဲကလူကလဲ အမှန်တော့ အဲ့ကားက သူတို့ ကုမ္ဗဏီက ကားမဟုတ်ဘူး။ သူတို့ကုမ္ဗဏီကကားမရှိလို့ တခြားက ငှားပေးလိုက်တာပါတဲ့။ ကျွန်မလဲပြောလိုက်တယ် “ရှင်တို့ ကုမ္ဗဏီက ကားဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်မတို့ ငှားတာ ရှင့်ဆီကငှားတာ ဒီတော့ အဲ့ကုမ္ဗဏီကို ဆက် ကွန်ပလိန်းတာက ရှင့်အပိုင်းဖြစ်သွားပြီ” လို့။ ခုမှ လာခေါင်းရှောင်လို့မရဘူးလေ။ ဒါပေမဲ့ အဲ့ဒိ ကားသမား ကားလာပြတုန်းက ပေးတဲ့ လိပ်စာကဒ်တော့ ကျွန်မဆီမှာရှိတယ်။ ဒီပိုစ့်ရေးရင် ထည့်ရေးချင်လွန်းလို့ ၁နှစ်ကျော် သိမ်းထားတာ။ “Toe Transportation Services” တဲ့။ အောက်မှာ ဓာတ်ပုံမှာ လိပ်စာပါပါတယ်။ အဲ့ကုမ္ဗဏီကို နာမည်ဖြတ်ချင်တာမဟုတ်ပါဘူး။ ကားသမားတိုင်းကတော့ ကားသမာအထာ ပညာပြတာတွေရှိပါတယ်။ ကိုယ့် Staff ကိုယ်ထိမ်းနိုင်ဖို့ပြောတာပါ။ ကျွန်မတို့ ကားသမားနာမည်တော့ မမှတ်ဘူး နာမည်က ၃လုံးပဲ။ ဓာတ်ပုံလဲ မရိုက်ဖြစ်လိုက်တော့ သူ့ပုံကမရှိ။ သူကံကောင်းသွားတာလား။ အစကတည်းက အတွေ့အကြုံရင့်လို့ ပညာပြနေကျလားတော့ မသိ။ လုံး၀မရိုးသားဘူး။ ဒါပေမဲ့ သူနဲ့ ထိပ်တိုက် စကားများရမယ်ဆိုရင်တော့ မများဘူး။ သူ့ဘက်က လျော့တယ်။ ပြီးမှ ပညာပြတာ။

ဒီကား ကုမ္ဗဏီ

ကဲပါလေ… ဒီပိုစ့်က ကွန်ပလိမ်းပိုစ့်ဖြစ်တော့မယ်။ ခုလောက်ဆိုရင်လဲ မဗေဒါရဲ့ မြန်မာပြည် Pre-Wedding photo ရိုက် ခရီးစဉ် စီစဉ်ပုံကို စိတ်၀င်တစားစောင့်စား စပ်စု (အဲလေ…) နေကြတဲ့ မဗေဒါရဲ့ စာဖတ်သူစစ်စစ်များ၊ မဗေဒါရဲ့ အပြင်က အသိများ အားလုံးဖတ်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်။ နောက်နေ့များမှ အချိန်ရရင်တော့ အဲ့ဒိခရီးစဉ်အကြောင်း ဆက်လက် အောချပါအုံးမယ်။ ခုတော့ အတော်လဲ စုံသွားပြီထင်လို့ နားမယ်ကွယ်။

Photo taking in process... a lot of Tourists took my photos.

Let the journey begin...