Showing posts with label Travel Tips. Show all posts
Showing posts with label Travel Tips. Show all posts

Thursday, January 23, 2025

Reading Vs Experiencing

Blog reader တစ်ယောက်က လာမေးဖူးတယ်။
ခရီးတွေဘာလို့သွားနေမလဲ။ ပိုက်ဆံကုန်ပင်ပန်းတယ် သိချင်တဲ့နေရာတွေရဲ့ ဗဟုသုတတွေကို စာအုပ်တွေကနေဖတ်လို့ရနေတာပဲတဲ့...

ကိုယ့်အမြင်ကတော့ ဒီလိုပါ...

စာအုပ်တွေကနေ ခရီးသွားခြင်းအကြောင်းတွေနဲ့ ဒေသတွေအကြောင်းကို လေ့လာနိုင်တယ်ဆိုတာ မှန်တယ်။ တစ်ခါတစ်လေဆိုရင် တကယ့်ခရီးတိုသွားခဲ့တဲ့သူတွေထက်တောင် ပိုပြီးသိနိုင်တာတွေရှိတယ်။ ဥပမာ ပြည့်စုံတဲ့ သမိုင်းကြောင်း၊ ယဥ်ကျေးမှု၊ နေရာအလိုက်အတွေ့အကြုံတွေကို စာရေးသူရဲ့ အာဘော်ပေါ် မူတည်ပြီး အဲ့နေရာအကြောင်းတစ်စေ့တစ်စောင်းနားလည်နိုင်တယ်။ ဒါဟာ တစ်နေရာတည်းကို သွားလည်ပြီး မျက်စိနဲ့ကြည့်ခဲ့တဲ့အမြင်ထက် ပိုတဲ့နားလည်မှုတစ်ခုကိုပေးကောင်းပေးနိုင်မယ်။

ဒါပေမဲ့ တကယ်ခရီးသွားခဲ့တဲ့လူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့တော့ ကွဲပြားနေသေးတယ်။ ခရီးသွားခဲ့တဲ့သူက စာအုပ်ဖတ်ပြီး စာအုပ်ကစာရေးသူဖော်ပြတဲ့မှန်ပြောင်းတစ်ခုတည်းနဲ့မဟုတ်ပဲ သူရဲ့ ကိုယ်တွေ့အတွေ့အကြုံ ခံစားမှုတွေဖြစ်တဲ့ မြင်ကွင်းတွေ၊ အသံတွေ၊ စနစ်သစ်တွေ၊ အနံ့တွေကို အပေါ်ယံမဟုတ်ပဲ ကိုယ့်ရဲ့ အာရုံ ၅ပါး အကုန်ကနေ လက်ခံနိုင်သလောက် first hand အတွေ့အကြုံကိုပေးတယ်။ စာအုပ်ထုတ်တဲ့သူကျန်ခဲ့ကောင်းကျန်ခဲ့သွားနိုင်တဲ့ အသေးစိတ်ခံစားချက်လေးတွေကို ကိုယ်တိုင်ကြုံမှ သတိထားမိတာလေးတွေရှိမယ်။ တနည်းအားဖြင့်တော့ စာအုပ်ဖတ်တဲ့သူက အချက်အလက်ပိုင်းမှာ ဗဟုသုတပိုရှိခဲ့မယ်ဆိုရင်တောင် စာအုပ်ထဲမှာရေးထားသလောက်ထိပဲ သိနိုင်မယ်။ ကိုယ်တိုင်သွားပြီး တွေ့ကြုံခဲ့သူကတော့ စာအုပ်အသစ်တစ်အုပ်ကိုယ်တိုင်ရေးနိုင်လိမ့်မယ်။

စာဖတ်သူတို့ရော ဘယ်လိုထင်လဲ ပြောသွားပါအုံး။



Photo taken at Willunga Beach, South Australia

Friday, July 14, 2017

ဂရိနိုင်ငံ Zakynthos ကျွန်းပေါ်က အမှတ်ရနေမဲ့ စကားဝိုင်း


“We work for 7 months and rest for 5 months a year”

“ကျွန်တော်တို့ တစ်နှစ်မှာ ၇လအလုပ်လုပ်ပြီး ၅လ နားတယ်လေ” လို့ Zakynthos ကျွန်းပေါ်က Beijing Chinese Restaurant ဆိုင်ပိုင်ရှင်က ပြောလိုက်တော့ ကျွန်မတို့၂ယောက်လုံး အားကျလိုက်မိတယ်။



-------------------- ။ --------------------


DOTS ရိုက်ခဲ့တဲ့ သင်္ဘောပျက်ကမ်းခြေရှိတဲ့ ဂရိနိုင်ငံက Zakynthos ကျွန်းရဲ့မြို့ငယ်လေးပေါ်က Beijing Chinese Restaurant လို့ခေါ်တဲ့ စားသောက်ဆိုင်လေးကို ကျွန်မတို့ ပြန်မဲ့နေ့လေးမှာ သွားစားဖြစ်ခဲ့ပါတယ်။ ကျွန်မက အဲ့ဒိအချိန်တုန်းက ကိုယ်ဝန်နုသေးတော့ ကိုယ်စားချင်တာစားမှ အစာကောင်းကောင်းဝင်ပြီး အပင်ပန်းခံနိုင်မှာကိုး။ ဒီတော့ အဲ့ဒိခရီးစဉ်တစ်လျှောက် အာရှစာရောင်းတဲ့ဆိုင်တွေပဲ လိုက်စားဖြစ်တာများတယ်။ ခရီးသွားရင် လိုကယ်အစားအစာ စားသင့်တယ်ဆိုတာ လက်ခံပေမဲ့ ကိုယ့်အခြေအနေအရ အားရှိအောင် ဝင်တာစားရမယ်လေ။ ဒါတောင် လိုကယ်စာကို တစ်ရက်တစ်လေတော့ စားဖြစ်ခဲ့ပါသေးတယ်။ ဒါတွေ ထားပါလေ။

အဲ့ဒိကျွန်းပေါ်မှာ တရုတ်စားသောက်ဆိုင် ၂ဆိုင်ပဲရှိတယ် ပထမဆိုင်က အရင်နေ့တွေက စားပြီးသွားပြီ အရသာကောင်းတယ်။ (နောက်မှ အဲ့ဆိုင်အကြောင်းပြောပြမယ်နော်)။ အခုဆိုင်ထဲကို ဝင်တော့ ဆိုင်ရှင်တရုတ်လင်မယား ၂ယောက်က ဖော်ဖော်ရွေရွေ ကြိုဆိုပါတယ်။ အမျိုးသားကြီးက အင်္ဂလိပ်လို တော်တော်လေး မပြောတတ်ဘူး။ ဒါပေမဲ့ သူ့လောက် ကျွန်မတို့ကို စကားပြောချင်တာ ၂ယောက်မရှိဘူး။ အမျိုးသမီးကြီးကတော့ ဆက်သွယ်လို့ရရုံ နည်းနည်းပါးပါးပြောတတ်တယ်။ ကျွန်မတို့သွားတဲ့အချိန်က မေလဆိုတော့ ခရီးသွားများတဲ့အချိန်မဟုတ်သေးတော့ ဆိုင်ထဲမှာ ကာစတန်မာ တစ်ယောက်မှ မရှိဘူး။ သူတို့ပေးတဲ့ မန်နျူးမှာ ၂ ယောက်စာ Set meal က အသားဟင်း ၂မျိုး ဟင်းချိုတစ်ပွဲရတယ် အဲ့ဒါကို Euro 25 လောက်ရှိတယ်ဆိုတော့ ဒီတိုင်း တစ်ပွဲချင်းမှာတာထက် သက်သာလို့ တွဲထားတဲ့ ဟင်းတွေ ကိုယ့်အမြင်မှာ အစပ်အဟပ်သိပ်မတည့်ပေမဲ့ Set meal ပဲ မှာလိုက်တယ်။ ဒါတောင် ၂ခုလုံးက ဝက်သားချည်းပဲတွဲထားလို့ ချိုချဉ်ကြော်ကို ဝက်သား၊ ကာရီကို ကြက်သားနဲ့ရမလားဆိုတော့ ရတယ်ဆိုတာနဲ့ အဲ့လိုမှာလိုက်တယ်။



ကျွန်မအတွက်က ထမင်းကြော်လဲမှာလိုက်တယ်။ ဟင်းတွေရောက်လာပြီး စားကြည့်တော့ ကာရီဟင်းက အရသာအတော်ပြင်းတာနဲ့ တခြားဟင်းတွေနဲ့ ရောစားရင် တခြားဟင်းအရသာတွေပျောက်ကုန်မှာရော။ ဝက်သားချိုချဉ်ဟင်းကလဲ ကောင်းတာနဲ့ ဝက်သားချိုချဉ်နဲ့ပဲ ကျွန်မတို့ ၂ယောက်လုံး စားနေကြတာတွေ့တော့ ဆိုင်ရှင် လင်မယားက ...

“ဘာဖြစ်လို့လဲ? စားမကောင်းလို့လား? သူတို့ဟင်းမကြိုက်ရင်ပြောပါ ဘာလိုလဲ ပွင့်ပွင့်လင်းလင်းပြောပါ” ဆိုပြီး ကိုယ့်ကို အတင်းမေးတော့တာပဲ။ သူတို့ပုံစံက ရိုးသားပြီး ကျွန်မတို့ သူတို့ဟင်းကို မကြိုက်လို့တောင် သူတို့ဘက်က ပြန်အားနာနေတဲ့ ပုံစံမျိုး။ ကျွန်မတို့ကသာ ဟင်းအသစ်စားမယ်ဆိုရင် ပိုက်ဆံမယူပဲ ထပ်ချက်ပေးမဲ့ ပုံမျိုးမှာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ကလဲ ဗိုက်ပြည့်နေပြီ။ ထပ်လဲ မစားနိုင်တော့ဘူးလေ။





သူတို့ရဲ့ မျက်လုံးတွေကိုကြည့်တော့ ရိုးသားပြီး သူတို့ဟင်း စားမကောင်းတာကို စိတ်မကောင်းဖြစ်နေတဲ့ပုံမှာရှိတော့ စိတ်ထဲအားနာသနားလဲဖြစ်မိပါတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်ပဲပြောရမလား ကောင်းတဲ့ အကျင့်ပဲပြောရမလားက သူတို့ကို ခဏပဲတွေ့ရတဲ့သူတွေပဲဆိုပြီး စိတ်ချမ်းသာအောင် ဆင်ခြေတစ်ခုခုပေးပြီး ဖြေသိမ့်လိုက်လဲ ဖြစ်ပေမဲ့ သူတို့ဆိုင်တိုးတက်အောင် တကယ်ပဲ အကြံကောင်းဉာဏ်ကောင်း စိတ်ရင်းနဲ့ပေးချင်တာနဲ့ သူတို့ရဲ့ Set Menu က ဟင်းတွဲထားတာ အစပ်အဟပ်မတည့်ကြောင်း၊ ကာရီလို အရသာအရမ်းပျင်းတဲ့ဟင်းကို ချိုချဉ်ကြော်နဲ့ တွဲထားတာမလိုက်ဖက်ကြောင်း၊ အသားဟင်း ၂မျိုးပေးမဲ့အစား ဖြစ်နိုင်ရင် အရွက်ကြော်တစ်မျိုး၊ အသားဟင်းတစ်မျိုး၊ဟင်းချိုနဲ့ အတွဲဆိုရင် အစပ်အဟပ်လိုက်ဖက်ပြီး လူကြိုက်ပိုများနိုင်ကြောင်း မျက်နှာမကြည့်ပဲနဲ့ကို တရက်စပ်ပြောလိုက်မိတယ်။

မြန်မာပြည်မှာ အဲ့လိုသာ Feedback သွားပေးကြည့် ရိုက်ထုတ်ခံရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်မပြောတာတွေကို သေသေချာချာနားထောင်ပြီး အခု ကာရီဟင်းကို အရွက်ကြော်နဲ့ လဲပေးရမလားလို့ သူတို့ပြန်ပြောတော့ အတော်လေး အံ့အားသင့်သွားသလို စားနေတုန်းက Mr.Right နဲ့ ပြောဖြစ်တဲ့ “နောက်တဆိုင်က ပိုကောင်းတယ်၊ ဒီဆိုင်သိပ်မကြိုက်ဘူး၊ ပြန်ရောက်လို့ရှိရင် ဘလော့ပေါ်မှာရေးရမယ်” ဆိုတဲ့ ခံစားချက်တွေ ပျောက်သွားတယ်။ သေချာတာကတော့ ဒီဆိုင်က ဆိုင်ရှင်တွေမှာ စားသုံးသူကို စေတနာထားတယ်။ တိုးတက်ချင်စိတ်ရှိတယ်။ အဲ့ဒါက အဓိကမဟုတ်ဘူးလား? ကျွန်မတို့ ဗိုက်လဲပြည့်ပြီမို့ နောက်ထပ်ဟင်းလဲ ထပ်မစားနိုင်တော့တာနဲ့ ဟင်းအသစ်လဲ မယူတော့ပါဘူး။


ဒီလိုနဲ့ ကျွန်မတို့ စားပွဲနားတဝိုက်အရိပ်တကြည့်ကြည့်နဲ့ အလွန်တရာမှ စကားပြောချင်ဟန်ရှိသော ဆိုင်ရှင်တရုတ်ကြီးတဖြစ်လဲ စားဖိုမှူးကြီးကို အားနာနာနဲ့ စကားစမြည်စပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နဲ့ စကားဝိုင်းဟာ ၁နာရီခွဲလောက် အသာလေးကုန်သွားလိမ့်မယ်လို့ သတိတောင် မထားမိခဲ့ဘူး။

သူတို့ ဘဝအကြောင်းတွေ တရုတ်ပြည်မကြီးကနေ ဂရိကိုဘယ်လိုလာပြီး ဘယ်လိုရုံးကန်ခဲ့တယ်ဆိုတဲ့အကြောင်း ဘယ် နှနှစ်နေပြီး ဘယ်လိုစုဆောင်းခဲ့တယ်ဆိုတဲ့အကြောင်းတွေ မေးမြန်းရင်း ဗဟုသုတတွေ အများကြီးရခဲ့တယ်။
“ကျွန်တော်တို့ ဂရိမှာနေတာ နှစ် ၂၀ကျော်ပြီ။ ပထမ ၁၀နှစ်က သူများ စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်ရင်း ဂရိအစိုးရကို အခွန်မှန်မှန်ဆောင်ရတယ်။ အဲ့လို အခွန်မှန်မှန်ဆောင်လို့ ၁၀နှစ်ပြည့်ရင် အမြဲနေထိုင်ခွင့် ရတယ်။ နောက်ထပ် ၅နှစ် အလုပ်လုပ်ပြီး အခွန်မပျက်ဆောင်ရတယ်။ အဲ့ဒါပြီးရင် နိုင်ငံသားဖြစ်တယ်။ တကယ်လို့ အခွန်ဆောင်တာ ပျက်ကွပ်ခဲ့ရင်တော့ အစကနေ ပြန်ဆောင်ရမယ်။ အဲ့ဒါကြောင့် နိုင်ငံသားမဖြစ်ခင်တုန်းက အလုပ်ရှင်ကို အခွန်ဆောင်ပေးဖို့ အမြဲသတိပေးနေရတယ်။”

ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေကိုလဲ သူတို့က မေးတယ်။ ပြီးတော့ ပညာတတ်တာကောင်းတယ်။ သက်တောင့်သက်သာငွေရှာလို့ရတယ်တဲ့။ သူကတော့ ပညာမတတ်ဘူးတဲ့။ ဒါပေမဲ့ ဟင်းချက်ရတာကို ဝါသနာပါတယ်။ သူချက်နေတဲ့ဟင်းကို လူတွေကြိုက်တယ်ဆို ပီတိဖြစ်တယ်တဲ့။ ကျွန်မတွေးမိတယ် ပညာတတ်လို့ အလုပ်အကိုင်ကောင်းကောင်းရပေမဲ့ ကျွန်မတို့ဘဝက လခစား သူများအလုပ်သမားလေ။ သူက သူကိုယ်တိုင် စားဖိုမှူး သူကိုယ့်ပိုင်စီးပွားနဲ့ သူဝါသနာပါရာအလုပ်ကို လုပ်နေနိုင်တာ သူ့အိပ်မက်အတိုင်းနေနေရတဲ့ ဘဝမို့ ကျွန်မတို့ထက်သာပါတယ်။ အဲ့လို ကျွန်မက ပြောလိုက်တော့… သူက… ငယ်တုန်း ပိုက်ဆံကိုစုဖို့နဲ့ ကြီးလာတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ပေါ့လို့ အကြံပေးတယ်။ ပညာတတ်တော့ အဲလို စုဆောင်းဖို့ အချိန်တိုတို မပင်မပန်းပဲဖြစ်တယ်။ ပညာမတတ်တော့ ငါတို့လို နှစ်ရှည်လများ ပင်ပင်ပန်းပန်းအလုပ်လုပ် စုဆောင်းပြီးမှ ဖြစ်တာလေတဲ့။ အဓိကက ပိုက်ဆံစုဖို့ပဲတဲ့။


ဒါပေမဲ့ ကျွန်မက အထွန့်တက်ခဲ့သေးတယ်။ ကိုယ်အသုံးမကျတာ လူသိတာပေါ့နော်။ အန်ကယ်က ဟင်းချက်တတ်တော့ ခုလို ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး ဦးစီးနိုင်တဲ့ အရည်အချင်းရှိတယ်လေ။ ကိုယ်တွေက Electronic Engineer ဆိုပြီး အိမ်က မီးလုံးဘာလို့ပျက်မှန်းမသိတဲ့သူမို့ စက်ရုံကြီးထတည်ဖို့လဲ မဖြစ်နိုင်ဘူးလေလို့။ အန်ကယ့်လို လုပ်နိုင်ဖို့က ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုတတ်မှရမှာ။ ကိုယ့်ပညာကို သူများလခစားအလုပ်ကလွဲလို့ ကိုယ်ပိုင်စီးပွားရေး ဘယ်လိုလုပ်ရမှန်း အိုင်ဒီယာမရှိဘူးဆိုလဲ ခံရမှာပဲ။

“ငါတို့က ချမ်းသာဖို့မလိုဘူး။ ဒီဆိုင်ခန်းငှားခကြေပြီး နည်းနည်းပါးပါးနေလို့စားလို့ရရင် ကျေနပ်တယ်။ ငါတို့ ဘဝက ပျော်တယ်။ တစ်နှစ်မှာ လူလာများတဲ့ အချိန် ၇လပဲ ဆိုင်ဖွင့်ပြီး ၅လ ဘာအလုပ်မှ မလုပ်ပဲ တရုတ်ပြည်ပြန်နေတယ်။ ငါ့သမီးကတော့ ဒီမှာမွေးတော့ တရုတ်ပြည်ကို သိပ်မကြိုက်ဘူး”

ဥရောပနိုင်ငံတွေမှာ ဝင်ငွေခွန်ဆောင်ရတာ များတာကျတော့ရောဆိုတော့၊ ဂရိက အစိုးရသာ ဆင်းရဲတာ နိုင်ငံသားတွေက မဆင်းရဲဘူးတဲ့။ အခွန်မှ မှန်မှန်မဆောင်ကြတာတဲ့။ ဂရိမှာ အခွန်က လိမ်ပြလို့ရတယ်တဲ့။ သူတို့နိုင်ငံသားတွေဆို ပတ်ပြေးနေတာတဲ့။ 

ကျွန်မက ဆိုင်ခန်းငှားခဘယ်လောက်ပေးရပြီး ခုလိုအာရှအစားအစာကို အဖြူတွေလာမစားပုံနဲ့ ကိုက်ရဲ့လားဆိုတော့ ခရီးသွားရာသီဆို သူတို့ဆိုင်က လူပြည့်ပါတယ်တဲ့။ သူတို့ဆိုင်ခန်းငှားခကလဲ စင်္ကာပူတို့ မြန်မာတို့နဲ့ယှဉ်တော့ သက်သာတယ်။ ကိုယ်တွေတောင် အဲ့မှာပဲ ချက်ချင်း ဆိုင်တခန်းတောင် ဖွင့်ချင်သွားတယ်။ (ဒါမဲ့ နိုင်ငံသားဖြစ်မှ အဲ့ဒိဈေးနဲ့ရနိုင်မှာ)

ပြီးခဲ့တဲ့နှစ် ၂၀၁၅ အောက်တိုဘာတုန်းက ရုပ်ရှင်အဖွဲ့တွေ သူတို့ဆိုင်ကိုလာစားတာအများကြီးပဲတဲ့။

ကျွန်မတို့က အဲ့ဒိကားကြည့်ပြီး ဒီ သင်္ဘောပျက်ကမ်းခြေကို လာလည်တဲ့အကြောင်းပြောတော့မှ အခုနောက်ပိုင်း အာရှသားတွေကို တွေ့လာရတာ ဒါ့ကြောင့်ကိုးတဲ့။ သူတို့ကတော့ ကိုးရီးယားကားဘာမှန်းတောင် သိပုံမရဘူး။ ကိုယ်ကတော့ ဒီဆိုင်ရဲ့ ဘယ်စားပွဲမှာ Song-Song couple ထိုင်ခဲ့မလဲလို့ တွေးမိသွားတယ်။



ဒီလိုနဲ့ စကားပြောကောင်း၊ သူတို့ ဘဝအတွေ့အကြုံတွေကို ကိုယ်မေးသမျှ စိတ်မဆိုးပဲ မတတ်တခေါက် အင်္ဂလိပ်နဲ့ ခြေဟန်လက်ဟန်အစုံ၊ (တခါတရံ သူ့အမျိုးသမီးက သိသလောက်ဝင်ထောက်ပြရ၊) အကုန်လုံး ပွင့်ပွင့်လင်းလင်း ဝမ်းပန်းတသာ စကားပြောရလို့ ကျွန်မစိတ်ထဲ

“အော်… တခါတရံမှာ ခရီးသွားခြင်းဆိုတာ သူများတွေပြန်ပြဖို့ ဓာတ်ပုံတွေ လန်ထွက်နေအောင်ရိုက်၊ ဘယ်လောက်ပျော်နေကြောင်း၊ ဘယ်လို နေရာသစ်တွေကို ရောက်ခဲ့ကြောင်း Like တွေ Followers တွေများဖို့ ထက်ပိုကြောင်း၊
ဟန်းဖုန်းတွေကို ခဏလေး မေ့ပျောက်ပြီး လိုကယ်တွေနဲ့ ခုလို စကားပြောရတဲ့ အနှစ်သာရ၊ ရရှိတဲ့ ဗဟုသုတ၊ အွန်လိုင်းက မမြင်ရတဲ့ လူတွေရဲ့ Likes တွေ ကွန်မန့်တွေထက် ကိုယ့်ရှေ့မှာရှိနေတဲ့သူရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး စကားပြောရတဲ့ အရသာဆိုတာကို ခံစားသင့်ကြောင်း မဗေဒါရဲ့ စာဖတ်သူတွေကို ပြောပြရအုံးမယ်” လို့…

Friday, August 19, 2016

Did you know that you can shop Duty Free in Changi Airport online?

ဒီတစ်ခါရေးပေးချင်တာလေးကတော့ စင်္ကပူလေဆိပ်က Duty Free ဆိုင်တွေမှာ အပြင်ထက်စျေးသက်သာလို့ ရှော့ပင်းလဲ ထွက်ချင်တယ်။ လေဆိပ်လဲ အစောကြီးသွားဖို့ အချိန်မရှိဖြစ်နေတာမျိုးတို့။ အိမ်ပြန်လက်ဆောင် ၀ယ်ဖို့ အချိန်ကမရှိ လေဆိပ်မှာ ၀င်ဝယ်ဖို့လဲ အချိန်မလောက်ဖြစ်နေတာမျိုးတို့၊ Duty Free ဆိုင်တွေမှာ ရှော့ပင်းထွက်လွန်ပြီး အင်မီဂရေးရှင်းဖြတ်ပြီးမှ လေယာဉ်လွတ်သွားတဲ့ သူငယ်ချင်းတွေလိုမျိုး မဖြစ်ရလေအောင်...

Singapore Changi Airport duty free ဆိုင်တွေကို အွန်လိုင်းကနေ ကြိုဝယ်ထားလို့ရပြီး ကိုယ်လေဆိပ်ရောက်မှ collection counter မှာ သွားယူလိုက်လို့ရတယ်ဆိုတာ သင်သိပါသလား?
Duty Free online shopping website လေးကတော့
http://www.ishopchangi.com/ ဖြစ်ပါတယ်။

အောက်က ပုံလေးတွေမှာ တစ်ပုံချင်းရှင်းပြထားတယ်နော်။

သတိပြုရမှာက ကိုယ်မသွားခင် ၁၄ရက်ကနေ ၁၈နာရီ မတိုင်ခင်အတွင်းမှာပဲ ၀ယ်လို့ရတယ်။
လေယာဉ်မထွက်ခင် ကပ်ပြီးမှ ၀ယ်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကလဲ Processing time ရှိသေးတယ်လေ။

ကြိုက်ရာ ရွေးပြီး shopping cart ထဲ ထည့်၊ check out လုပ်ဖို့ Checkout Now ကိုနှိပ်...

နောက်တစ် page မှာ log in ၀င်ခိုင်းတယ်။ အကောင့်မရှိရင် Create Account ကို နှိပ်ပြီး ကိုယ့်အီးမေလ်းနဲ့ အကောင့်ဖွင့်။ အကောင့်ဖွင့်တာ လွယ်ပါတယ်။

အကောင့်ဖွင့်ပြီးရင် log in ၀င် check out လုပ်ရင် ဒီပေချ့်မှာ ကိုယ့်ရဲ့ Details တွေ ဖြည့်ခိုင်းတာတွေ ပတ်စပိုစ့်ထဲက အတိုင်းအမှန်ဖြည့်။

Details ဖြည့်ခိုင်းတာရဲ့အောက်မှာ တစ်ခါတည်း ကိုယ်ထွက်ခွာဆို ထွက်ခွာ။ ဆိုက်ရောက်ဆို ဆိုက်ရောက် လေယာဉ် နံပါတ်ထည့်။ နေ့စွဲထည့်။

အောက်က Terms and conditions ကို tick လုပ်ပြီးရင် အောက်ဆုံးက (ဒီပုံထဲမှာ မပါ) button ကိုနှိပ်လိုက်ရင် နောက်တစ်ပေချ့်မှာ ပိုက်ဆံပေးပြီးရင် ရဘီ။

ကိုယ်ပြန်တဲ့နေ့မှာ အင်မီဂရေးရှင်းဖြတ်ပြီးရင် အတွင်းထဲက Collection counter မှာ ပတ်စပိုစ့်ပြပြီး သွား ယူရုံပဲ။

Tuesday, July 26, 2016

Staying at Hotels VS Airbnb Apartment Pros and Cons


Airbnb ဆိုတာ ဘာလဲ သိပြီးတဲ့သူတွေကတော့ ဒီပထမဆုံးအပိုဒ်လေးကို ကျော်ဖတ်လို့ရပါတယ်။ မသိသေးတဲ့လူတွေကို တစ်ခါတည်းသိသွားအောင် ဒီအခွင့်အရေးကိုယူပြီးရှင်းပြ ပါရစေ။ ကျွန်မတို့ခရီးသွားတွေ အများစုက အရင်ကဆိုရင် ခရီးသွားတိုင်း ဟော်တယ်မှာပဲ တည်းဖြစ်တာများပါတယ်။ ခုနောက်ပိုင်းတော့ www.airbnb.com ဆိုတဲ့ အင်တာနက်စာမျက်နှာကနေ အဲ့ဒိသွားမဲ့နေရာက အိမ်ပိုင်ရှင်တွေရဲ့ အိမ်ခန်းတွေကို ရက်တွက်နဲ့ ငှားပြီး တည်းလို့ရပါတယ်။ တစ်အိမ်လုံးငှားတာတွေရှိသလို အခန်းပဲ ငှားတာတွေလဲရှိပါတယ်။ တည်းခိုချင်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ခန်း ရက်ပိုင်းနဲ့ ငှားချင်သူတွေပဲ ဖြစ်ဖြစ်က အဲ့ဒိ အင်တာနက်စာမျက်နှာမှာ အကောင့်ဖွင့်ရပါတယ်။ မိမိဓာတ်ပုံ အမှန်လဲ တင်ရပါတယ်။ ဒါမှ တည်းခိုမဲ့သူနဲ့ အိမ်ခန်းပိုင်ရှင်က တစ်ဦးနဲတစ်ဦး ဘယ်လိုပုံလဲ သိမှာပါ။ လူပုံမတင်ပဲ တခြားပုံတွေတင်ထားရင် မဗေဒါဆိုရင်တော့ မငှားပါဘူး။ ကိုယ်နဲ့ဆက်ဆံရမဲ့သူ ဘယ်လို ဥပတိရုပ်ရှိလဲဆိုတာလဲ အနည်းနဲ့ အများအကဲခတ်လို့ရတာပေါ့နော်။ ကဲ… ဒီလောက်ဆို airbnb apartment ငှားတယ်ဆိုတာ ဘာလဲ သဘောပေါက်လောက်ပြီဆိုတော့ ဟော်တယ်မှာနေတာနဲ့ Airbnb ကနေ အိမ်ခန်းငှားနေတာ ဘာတွေကောင်းတယ်ဆိုးတယ် ကိုယ်ပိုင်အတွေ့အကြုံအရ ပြောပြမယ်နော်။

၁။ ရောက်ရောက်ချင်းနေ့ ဆက်သွယ်ရခက်ခဲခြင်း

ဟော်တယ်ဆိုရင် အဲ့ဒိကိုအရောက်သွားနိုင်တာနဲ့ Reception ရှိနေတယ်လေ။
Airbnb apartment တွေကျတော့ အိမ်ရှင်က အဲ့ဒိ ငှားစားတဲ့အိမ်နားမှာနေတာမဟုတ်ဘူးဆိုရင် သူ့ကို ဆက်သွယ်ဖို့ အခက်ခဲရှိတယ်။ ကိုယ်က တိုင်းတပါးကို ခုမှ စစချင်းရောက်တာ။ ဖုန်းကဒ်က လွယ်လွယ်ကူကူဝယ်လို့မရတဲ့ တိုင်းပြည်ဆိုရင် သူ့ကိုဆက်သွယ်ဖို့က အတော်လေး ကသိကအောက်ဖြစ်ရတယ်။

ဥပမာ။ မဗေဒါတို့ ဂရိကိုစစရောက်ချင်းနေ့က လေဆိပ်မှာ ဖုန်းကဒ်ဝယ်ဖို့လုပ်ပေမဲ့ ရောင်းတဲ့နေရာမရှိဘူး။ လိုကယ်တွေကိုပဲရောင်းတာ နိုင်ငံခြားသားတွေကို မြို့ထဲက ဖုန်းဆိုင်တွေမှာပဲ ဝယ်လို့ရမယ်တဲ့။ ဒီလိုနဲ့ ကိုယ်တည်းမဲ့ အိမ်ရှေ့ရောက်တာတောင် ဖုန်းမရှိလို အိမ်ရှင်ကိုဆက်သွယ်လို့မရ။ အထုတ်အပိုးတွေနဲ့မို့ ဖုန်းကဒ်ဆိုင်ကို ၂ယောက်လုံးတူတူသွားရှာဖို့ကလဲ ပင်ပန်း။ ဒီလိုနဲ့ Mr.Right ပဲ သွားရှာ ကိုယ်က အထုတ်တွေနဲ့ လမ်းပေါ်တစ်ယောက်တည်းကျန်ခဲ့။ ဂရိဆိုတာကလဲ နိုင်ငံခြားသားတွေကို ခါးပိုက်နှိုက်လုယက်တာမျိုးတွေ ကြားထားတော့ အရမ်းသတိနဲ့နေနေရတာပေါ့။
မလေးရှားသွားတုန်းကကျတော့ အိမ်ရှင်က ရှေ့တစ်ရက်ကတည်းက မတ်စေ့ပို့ထားတယ်။ သူ့အိမ်နံပါတ်က ဘယ်လောက်ပေါ့။ ရောက်ရင် အစောင့်ဂိတ်ကနေ အိမ်နံပါတ်ပြောပြီး သော့တောင်းလိုက်ပါဆိုတော့ နည်းနည်းအဆင်ပြေသေးတယ်။ တစ်အိမ်နဲ့တစ်အိမ်တော့ အဲ့လိုကွာတာပေါ့။


၂။ Checking in - Checking out

ဟော်တယ်မှာက များသောအားဖြင့် ၂၄ နာရီ Reception Service ရှိတော့ Check-in အချိန်မဟုတ်သေးပဲ စောရောက်ရင်တောင် အိတ်တွေအပ်ခဲ့ပြီး ကိုယ်သွားချင်တဲ့နေရာ လျှောက်သွားလို့ရပါပြီ။

Airbnb apartment တွေကျတော့ သူတို့ ချက်အင်အချိန် ညနေ ၂နာရီမတိုင်ခင်စောရောက်နေလို့ကတော့ အိမ်ရှင်နဲ့ မတွေ့မချင်း အိတ်တွေတန်းလန်းနဲ့ လမ်းပေါ်စောင့်ပေတော့ပဲ။ အထုတ်အပိုးနည်းတဲ့ ရက်တိုခရီးဆိုရင် ကျောပိုးအိတ်နဲ့လျှောက်သွားနေလို့ရသေးပေမဲ့ အထုတ်များရင် ဘယ်မှသွားလို့မရပဲ အချိန်ကုန် လူပန်းပါပဲ။ မဗေဒါတို့ရဲ့ ပထမဆုံး Airbnb အတွေ့အကြုံဖြစ်တဲ့ Greece မှာတုန်းက ခရီးဝေးလို့ လူပင်ပန်းရတဲ့အထဲ ဒီလိုမျိုးတွေရှိပါလားလို့ ကြိုမသိခဲ့လို့ အတော်လေးအချိန်ပုတ် လူပန်းဖြစ်ရပါတယ်။

အဲ့ဒါမျိုးမဖြစ်အောင် ကာကွယ်ချင်ရင် ကိုယ်အခန်းမငှားခင်ကတည်းက အိမ်ရှင်ကို မတ်စေ့ပို့ပြီး Early Check in ကိုယ်ရောက်မဲ့အချိန်ကို ဝင်လို့ရမရ သေချာသဘောတူညီမှုရယူပါ။ Check out လဲ ဒီတိုင်းပဲ။ ကိုယ့်လေယာဉ်က ညမှထွက်မှာ သူတို့က ချက်အောက် ၁၂ နာရီဆိုရင် ကိုယ့်အထုတ်တွေနဲ့ ဘယ်သွားနေရမလဲ။ ဟော်တယ်ဆိုရင် အထုတ်တွေအပ်ခဲ့လို့ရသေးတယ်။

၃။ ပုံမှန် ဝန်ဆောင်မှုရရှိခြင်း ရှိမရှိ

ဟော်တယ်တွေမှာတည်းမယ်ဆိုရင် အနည်းနဲ့အများတော့ ဘယ်လိုဝန်ဆောင်မှုမျိုးရမယ်ဆိုတာကို ကိုယ်က သိနေပြီးသား။ အလည်လာတဲ့လူတစ်ယောက်အတွက် လိုအပ်မဲ့ ဝန်ဆောင်မှုမျိုးတွေအားလုံးနီးပါး ဟော်တယ်မှာ ရှိတယ်။
Airbnb လို homestay apartment တွေကျတော့ ကိုယ်ကထောင့်စေ့အောင် စဉ်းစားနိုင်ပြီး မငှားခင် မေးနိုင်မှတော်ကာကျတယ်။ ဒါတောင် စိတ်ထဲက တထင့်ထင့်စိုးရိမ်နေရတာမျိုးဖြစ်တတ်တယ်။ တစ်ခုနဲ့တစ်ခု ရရှိနိုင်တဲ့ ဝန်ဆောင်မှုက အိမ်ရှင်ပေါ်မူတည်ပြီး ဟော်တယ်ထက်ကောင်းသွားနိုင်သလို၊ လိုအပ်နေတာမျိုးတွေလဲ ဖြစ်နေနိုင်တယ်။

၄။ လွယ်ကူ သေချာတဲ့ ဘွတ်ကင်း ဖြစ်မဖြစ်

ဟော်တယ်တွေကို ဘွတ်ကင်းလုပ်တဲ့အခါမှာ အခန်းကျန်နေသမျှ ကိုယ်သေချာပေါက်ရရင် ရတယ်။ မရရင် မရဘူး ကွဲကွဲပြားပြားရှိတယ်။ ဟော်တယ်ဘွတ်ကင်းလုပ်ရတာ ပိုလွယ်ကူသလို နောက်ဆုံးအချိန်မှ ကောက်လုပ်လဲရတယ်။
Airbnb လို apartment ကျတော့ တစ်ခါတစ်လေမှာ အနီးကပ်မှ အိမ်ရှင်က မငှားတော့ပါဘူးဆိုပြီး ထဖြတ်လိုက်တာမျိုး ကြုံဖူးတဲ့သူရှိတယ်တဲ့။ ပြီးတော့ ဘွတ်ကင်လုပ်တဲ့အခါမှာ တခါတစ်လေ တိုက်ရိုက်ဘွတ်ကင်လိုက်ရတာမဟုတ်ပဲ။ Request to book ဆိုတဲ့ အဆင့်မှာ အိမ်ရှင်ကို လှမ်းခွင့်တောင်းရတာမျိုးအရင်လာတယ်။ သူတို့က လက်ခံမှ book လို့ရတာမျိုးတွေရှိတဲ့အတွက် ဟော်တယ်လို နောက်ဆုံးအချိန် ကောက်ဘွတ်လို့မရဘူး။

၅။ ဈေးနှုန်း (အခြား ကုန်ကျစားရိတ်)

ဟော်တယ်တွေကတော့ သူ့အတန်းအစားနဲ့သူ ဈေးအသီးသီးရှိတယ်။ နေရာအချက်အချာကျရင် ကျသလို ဈေးကြီးတာမျိုးရှိတယ်။

AirBnB ကျတော့ တစ်ခါတစ်လေ ဈေးအတော်ချိုတာမျိုးတွေရတတ်တယ်။ နေရာကောင်းကောင်းနဲ့ ဈေးချိုတာမျိုးတွေ ရနိုင်တယ်။ ပြီးတော့ တော်တော်များများမှာ မီးဖိုချောင်နဲ့ တစ်ခြားအသုံးအဆောင်ပစ္စည်းတွေပါတဲ့အတွက် ချက်ပြုတ်စားလို့ရတယ်။ အဲ့ဒိအတွက် အစားအသောက်ခ သက်သာစေသလို ကိုယ်နှစ်သက်တဲ့ အစားအစာလဲ စားနိုင်တယ်။ ဥပမာ။ မဗေဒါတို့ ဆန်တိုရိနီမှာဆို ဥရောပစာတွေ ဈေးကြီးပေးပြီး ကိုယ်မကြိုက်တော့ ကိုယ်စားချင်တာ ချက်စားပြီး ကျေနပ်မှုရတယ်။ (အချိန်တော့ ကုန်တာပေါ့နော်)။ နောက်ပြီး တစ်ချို့ Airbnb အိမ်ရှင်တွေက လာတောင် မကြည့်တဲ့အတွက် လူများများတည်းရင် ဈေးနှုန်း မျှဝေလိုက်တဲ့အတွက် သက်သာနိုင်တယ်။ (ဒါကတော့ သိပ်သေချာတဲ့အရာတော့ မဟုတ်ဘူးပေါ့)။ ဥပမာ မဗေဒါတို့ မလေးရှားက Cameron Highland က အိမ်ဆိုရင် ၈ယောက်အများဆုံးလို့ပြောပေမဲ့ တခြားဘေးက ငှားစားတဲ့အိမ်တွေမှာ သူငယ်ချင်း အုပ်စုလိုက် ၁၀ယောက်ထက်မနည်းလာတည်းနေတာတွေ့ခဲ့တယ်။
ရက်ရှည်နေမယ်ဆိုရင် Airbnb လို Apartment မျိုးက ပိုပြီး ဈေးသက်သာနိုင်တယ်။

၆။ လိုကယ်တွေရဲ့ နေမှုထိုင်မှုလို အနည်းငယ်ခံစားလို့ရ

ဟော်တယ်ကတော့ ဟော်တယ်လိုခံစားရမှာပေါ့နော်။

Airbnb လို Apartment ကျတော့ လိုကယ် ရပ်ကွက်ထဲမှာနေရတဲ့အတွက် ဧည့်သည်ဆိုလို့ ကိုယ်တစ်ယောက်တည်းဆိုတဲ့ ခံစားချက်မျိုးတော့ ရှိတာပေါ့။ လိုကယ်တွေနဲ့ ဘယ်လောက်ထိရောနှောနေနိုင်မလဲဆိုတာကတော့ ကိုယ်ရက်ဘယ်လောက်ကြာကြာနေလဲပေါ်လဲ မူတည်မယ်ထင်တယ်။ တစ်ချို့အိမ်ရှင်တွေကတော့ ပိုပြီး ရင်းရင်းနှီးနှီးခင်ခင်မင်မင်နဲ့ လိုအပ်ရင်သူတို့ကို ဖုန်းဆက်မေးလိုက်ရင် သေသေချာချာပြောပြကြတာမျိုးတွေရှိတယ်။
ရက်တိုနေရင်တော့ ဘာမှ သိပ်မသိသာဘူး။ ကိုယ်ကလဲ ပြန်အိပ်ဖို့လောက်ပဲပြန်လာတာလေ။ ဘေးအိမ်မှာ ဘယ်သူတွေနေမှန်းတောင်သိရမှာ မဟုတ်ဘူး။

၇။ လုံခြုံရေး

ဟော်တယ်တွေမှာက သူတို့ အဆင့်အတန်းနဲ့သူတို့ လိုက်နာရမဲ့ စည်းကမ်းနဲ့ လုံခြုံရေး ကိစ္စအဝဝ ရှိပြီးသား။ ပြီးတော့ အောက်က လော်ဘီအဝင်မှာ သူ့ဟာနဲ့သူ လုံခြုံရေးအလုပ်သမားတို့။ မီးလောင်ရင် ပြေးရမဲ့ ထွက်ပေါက်တို့။ အရေးအကြောင်းဆို ချက်ချင်း ဖုန်းခေါ်လိုက်ရင် ချက်ချင်းရောက်လာနိုင်တာတို့ရှိတယ်။

Apartment တွေကျတော့ အိမ်ရှင်ဆီက သော့ယူပြီးတာနဲ့ ကိုယ့်ဟာနဲ့ကိုယ်ဖြစ်သွားပြီ။ အရေးအကြောင်းဖုန်းခေါ်လဲ သူတို့က ချက်ချင်းမရောက်လာနိုင်ဘူး။ ပြီးတော့ အဲ့ဒိ အိမ်ရှင်ကိုယ်တိုင်ကို ဘယ်လောက် ယုံရလဲ မယုံရလဲဆိုတဲ့ သံသယရှိနေတဲ့အတွက် စိတ်လက်တော့ အရမ်းအေးချမ်းမနေဘူး။ မဗေဒါတို့ ဂရိမှာ နောက်ဆုံးနေခဲ့တဲ့အိမ်ဆိုရင် ရေချိုးတဲ့နေရာရဲ့ နောက်နားလေးမှာ ပြတင်းပေါက်လေးနဲ့ တံခါးလေးလိုမျိုးတစ်ခုရှိတယ်။ ကြည့်လိုက်ရင်တော့ ရေပိုက်လိုင်းတွေသွားတဲ့လမ်းလိုနဲ့ တကယ်တန်းလူက အဲ့ဒိက တက်လာနိုင်သလားဆိုတဲ့ ကြောက်စိတ်မျိုးရတယ်။ သူတို့အိမ်ထဲမှာ ကင်မရာတွေဘာတွေတပ်ခဲ့မလား စသဖြင့်ပေါ့။ ပြီးတော့ အိမ်သော့ဖွင့်ရင်ကအစ ဟော်တယ်ဆို လော်ဘီထဲဝင်ပြီးတာနဲ့ ကိုယ့်ပရဝုဒ်ထဲရောက်သလို ခံစားရပြီး အခန်းပေါ်တက်ဖွင့်ရတာ သိပ်မကြောက်ရဘူး။ Apartment ကျတော့ အိမ်ထဲမရောက်မချင်း နည်းနည်းစိတ်ပူတယ်။ (နည်းနည်းကြောက်တယ်)။ ဘေးအိမ်ကလူက လူကောင်းမှဟုတ်ရဲ့လား။ ရပ်ကွက်က ဂျလေဘီပုံစံမျိုးတွေရှိရင် ပိုကြောက်တယ်။ (အထူးသဖြင့် ဥရောပမှာတည်းတုန်းကပေါ့)။

ဒါပေမဲ့ အကြမ်းဖက်သမားရန်ကျတော့ ဟော်တယ်မှာက ပိုကြောက်ရတယ်။ ဒီခေတ်ကြီးကလဲ အသေခံဗုံးခွဲ ဘာညာဆိုတော့။ Apartment ကျတော့ လူနေရပ်ကွက်လိုပဲဆိုတော့ အကြမ်းဖက်သမားက သိပ် target ထားမယ်မထင်ဘူး။

၈။ လိပ်စာအတိအကျ မသိရခြင်း

ဟော်တယ်တွေဆိုရင် ဘွတ်ကင်းမလုပ်ခင်ကတည်းက လိပ်စာအတိအကျသိရတယ်လေ။ အဲ့တော့ ဘယ်လိုနေရာမျိုးလဲ Google map ကနေ အရင်ကြည့်လို့ရတာပေါ့။

Airbnb apartment တွေကျတော့ သူတို့ ရေးထားတဲ့ description ဖတ်။ အောက်က တည်းဖူးတဲ့သူတွေရဲ့ Review တွေဖတ်။ ဘယ်နားနဲ့နီးတယ်။ ဘယ်မြို့နယ်မှာရှိတယ်လောက်ပဲ။ မြေပုံမှာလဲ သူတို့အိမ်ရှိတဲ့ မြို့နယ်ကို ဝိုင်းပြထားတာပဲရှိတယ် အိမ်လိပ်စာအတိအကျမသိရဘူး။ အဲ့ဒိတော့ google map တို့ဘာတို့ကနေ ပတ်ဝန်းကျင်အခြေအနေဘယ်လိုရှိမလဲ မသိနိုင်ဘူး။ ဘွတ်ကင်းလုပ်ပြီးတော့မှ အိမ်ရှင်နဲ့ အဆက်အသွယ်ရပြီး အိမ်လိပ်စာရတာ။ ဘွတ်ကင်ပြန်ဖျက်လို့ရတယ်ဆိုပေမဲ့ ဟော်တယ်ဘွတ်ကင်းဖျက်သလောက် မလွယ်ဘူးထင်တယ်။ တစ်ခါမှ မဖျက်ဖူးသေးတော့ မသိဘူး။

ဥပမာ မလေးရှား Cameron Highland သွားတုန်းက Apartment ဆိုရင် မြေပုံလေးနဲ့ပဲ ပြထားတယ်။ လိပ်စာသိတာတောင် Google map က သူ့ Apartment ရှိတဲ့ လမ်းထဲ ဝင်ကြည့်လို့မရဘူး။ တကယ်သွားတဲ့နေ့ကျတော့မှ လမ်းထဲ အတော်ဝင်လျှောက်လိုက်ရတယ်။ လူငယ်အတွက် ဒီလောက်မဝေးပေမဲ့ လူကြီးတွေနဲ့ ကလေးတွေအတွက်တော့ လျှောက်ရတာ ဝေးထယ်ထင်ရတယ်။ ဒီတော့ အဲ့ဒိ Apartment ကိုရောက်ပြီးရင် ပြန်မထွက်ချင်ကြတော့ဘူး။

၉။ အိမ်ရဲ့ ပတ်ဝန်းကျင်နဲ့ အထပ်ကို သေချာမသိရခြင်း

ဟော်တယ်တည်းရင်လဲ ဘယ်အထပ်ရမယ်သေချာမသိရပါဘူး။ ပြတင်းပေါက်ခန်းရပါ့မလား၊ ရှုခင်းကောင်းပါ့မလား စသည်ဖြင့်တော့ ပူရတာပေါ့။ ဒါပေမဲ့ ပိုက်ဆံပိုပေးပြီး upgrade လုပ်ဖို့ ရွေးစရာရှိသလို၊ ချက်အင်ဝင်တဲ့အချိန်မှာ အခန်းကောင်းလေးပေးပါနော် ဘာညာပြောလို့ရတာသေးတယ်။

Airbnb apartment တွေကျတော့ သူတို့ အရှိအတိုင်းပဲလေ။ ခုနေဖူးသမျှအိမ်တွေအကုန်လုံးကတော့ အတွင်းဘက်အခန်းအပြင်အဆင်နဲ့ အသုံးအဆောင်တွေအကုန်လုံးက ပုံထဲကအတိုင်းရပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်အထပ်မှာရှိလဲဆိုတာ မရောက်ခင် မသိခဲ့ရဘူး။

ဥပမာ။ အာသန်ပထမဆုံးနေ့စတည်းတဲ့ အိမ်ဆိုရင် ဓာတ်ပုံထဲမှာပြထားတဲ့ အခန်းအပြင်အဆင်လေးအတိုင်း အိပ်ယာခင်းတွေ မီးဖိုချောင်လေးတွေ ချစ်စရာလေးတော့ ရပါတယ်။ တကယ်တန်းကျတော့ မြေအောက်ထပ်အခန်းကြီးဖြစ်နေတယ်။ ပြတင်းပေါက်မရှိဘာမရှိ။ အိမ်ထဲဝင်ဖို့ မြေအောက်ထဲ ဆင်းရတာတင် စိတ်ထဲ ကြောက်မိတယ်။ အထဲရောက်သွားရင်တော့ မကြောက်တော့ဘူးပေါ့နော်။
မလေးရှာ Cameron Highland တုန်းကလဲ သူက ဝရံတာက အပြင်ပုံကိုရိုက်ထားတာ တင်ထားပေမဲ့ အဲ့ဒါ ဘယ်နှထပ်လဲ မသိနိုင်ဘူး။ ဟိုရောက်တော့ ပထမထပ်ဖြစ်နေတယ်။ သူ့လဲ အပြစ်ပြောလို့မရဘူး။ သူ့ဓာတ်ပုံထဲကအတိုင်းတော့ ရှုခင်းကရတယ်။ အပြင်မှာ သိပ်မလှတာပဲရှိတယ်။ ကော်ရိုက်တာတစ်လျှောက်ကလဲ နည်းနည်းမှောင်ပြီး ဘေးခန်းတွေကလဲ အလုပ်သမားတွေစုနေတဲ့ အိမ်တွေလိုပဲ။ မိသားစုလိုက်သွားပြီး အုပ်စုတောင့်လို့ သိပ်မကြောက်တာ။
ဒီတော့ အဆုံးသတ်မှာပြောချင်တာက ဘယ်မှာပဲနေနေ သေသေချာချာ ထောင့်စေ့အောင် စစ်ဆေးမေးမြန်း။ Airbnb apartment ဆိုရင် Checkin- check out time နဲ့ ကိုယ့်လေယာဉ်ချိန်ကို သေချာ ညှိ… ကိုယ်ကတော့ ကိုယ်ကြုံခဲ့တာနဲ့ ကိုယ်မစဉ်းစားမိခဲ့လို့ ဖြစ်ခဲ့တာကို နောက်လူတွေထည့်စဉ်းစားနိုင်အောင် ရေးပေးတာ။

Airbnb apartment တွေကို မကောင်းဘူးလို့ မဆိုလိုဘူး ဒါပေမဲ့ ကိုယ့်ဘက်က တစ်ချက်မှ လွတ်လို့မရဘူး။ ဖြစ်နိုင်ရင်တော့ အကြံပေးချင်တာက ကိုယ်ရောက်ရောက်ချင်းနေ့နဲ့ ပြန်မဲ့နေ့တွေဆိုရင်တော့ ကိုယ့်ခရီးစဉ်ပေါ်မူတည်ပြီး ဟော်တယ်နေသင့်ရင်နေ။

Airbnb မှာနေမှ ဝါရင့် ခရီးသွားကြီးဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဟိုတယ်ထက်စာရင်တော့ လိုကယ်တွေရဲ့ နေ့စဉ်ဘဝတွေကို ပိုလေ့လာနိုင်သလို၊ သာမာန်ခရီးသွားတွေထက်တော့ ပိုအတွေ့အကြုံ ရနိုင်မယ်။ အိမ်ရှင်ဆီကနေ လိုကယ် tips တွေရနိုင်မယ်။ အဆင်ပြေမပြေ၊ ဈေးချိုမချိုစသဖြင့် တခြား အချက်အလက်တွေထည့်စဉ်းစား။ တစ်ခါတစ်လေတော့ နေရာကောင်းလေးတွေမှာ airbnb apartment တွေက ဟော်တယ်တွေထက် ဈေးတအားသက်သာတာမျိုးတွေရှိတတ်တာကျတော့ ကိုယ့်အတွက်ကောင်းတယ်လေ။ မဗေဒါအတွက်တော့ နောက်ဆိုရင် အုပ်စုမတောင့်ရင် ဟော်တယ်ပဲနေဖြစ်ဖို့များတယ်။
အောက်ကပုံလေးကတော့ အရိုးရှင်းဆုံး ရှင်းပြထားတာလေးပေါ့။ ကိုယ်လိုချင်တာ ကိုယ်ရွေးပေါ့နော်။

Tuesday, July 19, 2016

ကိုယ်ဝန် ၃လအောက် မိခင်လောင်းများအတွက် ခရီးသွားခြင်း



၂၀၁၆ မေလက မဗေဒါရဲ့ ဂရိခရီးစဉ်မှာ မပြင်နိုင်မဆင်နိုင်နဲ့ မလှမပ မဗေဒါကို မလှဘူးလို့ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ (ကြည့်ရတာ မလှတဲ့သူတွေ သင်္ဘောပျက်ကျွန်းကို မသွားသင့်ဘူးလို့ သူတို့ ထင်ပုံရတယ်နော်။)

အကြောင်းကတော့ ဒီခရီးကို စတင်စီစဉ်တဲ့ မတ်လအတွင်းမှာ မဗေဒါကိုယ်ဝန်မရှိသေးပါဘူး။ ကိုယ်ဝန်ရှိနေပြီဆိုတာ သိရတဲ့အချိန်မှာ ခရီးက အားလုံးစီစဉ်ပြီးဖြစ်နေပါပြီ။ စာတွေဖတ်ကြည့်တော့လဲ ကိုယ်ဝန်နုစဉ် ပင်ပန်းမဲ့ ခရီးဝေးသွားတာကို အားမပေးပေမဲ့ အန္တရာယ်တော့ မရှိပါဘူးတဲ့။ ကိုယ်ပြတဲ့ ဆရာဝန်နဲ့လဲ မေးမြန်းပြီး ဆရာဝန်ခွင့်ပြုချက်ရမှ သွားခဲ့တာပါ။ စိုးရိမ်ရလို့ သွေးဆင်းတာ ဘာညာဖြစ်လို့ ဆရာဝန်က ခွင့်ပြုချက်မပေးရင်တော့ အဆုံးခံလိုက်ပြီး မသွားတာအကောင်းဆုံးပါ။ ဒီတော့ မဗေဒါလို ခရီးသွားဝါသနာတူ မဗိုက်တွေအတွက် ပြင်ဆင်သင့်တာလေးတွေကို ရေးပေးပါမယ်။

ကိုယ်ဝန် ၃လအောက်မိခင်လောင်းတွေက Morning Sickness လို့ခေါ်တဲ့ မူးဝေ အော့အန်တာဖြစ်တတ်ပါတယ်။ Morning Sickness သာ ဆိုတယ် သူက တစ်နေ့လုံး ဖြစ်ချင်တဲ့အချိန်ဖြစ်တာပါ။ ပြီးတော့ သွေးလည်ပတ်မှုကောင်းဖို့လဲ လိုပါတယ်။ လေယာဉ်ပေါ် အကြာကြီး ထိုင်နေရင် အညောင်းကိုင်ပြီး သွေးလည်ပတ်မှုမကောင်းဖြစ်တတ်ပါတယ်။ အဲ့ဒိအတွက် ပြင်ဆင်လုပ်ဆောင်ရမှာတွေကတော့။

(၁) လေယာဉ်လက်မှတ်ဝယ်ကတည်းက လူသွားလမ်းဘက် ထိုင်ခုံယူပါ။ အိမ်သာသွား လမ်းထလျှောက်အတွက် လွယ်ကူပါတယ်။

(၂) ထိုင်ခုံမရွေးမိဘူးဆိုရင် ဆရာဝန်ဆီက ကိုယ်ဝန်သည်ထောက်ခံစာတောင်းခဲ့ပါ။ ချက်အင်ကောင်တာမှာ ချက်အင်ဝင်တဲ့အခါ အကျိုးကြောင်းပြောပြီး ခြေထောက်ဆန့်လို့ရတဲ့ ခုံ၊ ဒါမှမဟုတ် အနည်းဆုံး လူသွားလမ်းဘက်ခုံကိုတောင်းပါ။

(၃) ဖတ်ရတဲ့အထဲမှာတော့ လေယာဉ်တောင်ပံ အလယ်နားက လေယာဉ်စီးရာမှာ အချောမွေ့ဆုံးဖြစ်တဲ့အတွက် အဲ့ဒိနားထိုင်ရင်လဲ ကောင်းတယ်ဆိုပါတယ်။ (မဗေဒါအတွက်ကတော့ သိပ်မထူးခြားနားပါဘူး)

(၄) ကိုယ့်ရဲ့ Morning Sickness က ဆိုးတယ်။ အန်လဲ အန်တယ်ဆိုရင်တော့ လေယာဉ်မယ်/မောင် တွေဆီကနေ အန်တဲ့ စက္ကူအိတ် စိတ်ချရအောင် ပိုတောင်းထားပါ။ (အိမ်သာက ကိုယ်အန်ချင်တဲ့အချိန် အားချင်မှ အားမှာလေ)။
(မဗေဒါတုန်းကတော့ ခေါင်းမူးတာကလွဲလို့ မအန်ချင်ပါဘူး။ အန်ချင်ပြီဆိုတာနဲ့ အစားတစ်ခုခုထည့်လိုက်ရင် မအန်ချင်တော့ပြန်ပါဘူး။ အဲ့ဒိအတွက် အဆက်မပြတ်စားနေတော့တာပါပဲ။ ဒါကတော့ နောက်တစ်ချက်နဲ့ ဆက်ပြီပေါ့နော်)

(၅) ကိုယ်ဝန်သည်တွေဟာ ဂလူးကိုစ့်လည်ဗယ် မှန်နေရင် အန်ချင်တာ မူးဝေတာကို အနည်းနဲ့အများထိန်းထားလို့ရပါတယ်။ အဲ့ဒိအတွက်ကြောင့် ကိုယ့်အိတ်ထဲမှာ ကိုယ်ကြိုက်တဲ့ သားရည်စာတွေ အားဖြစ်မဲ့ energy bar လိုဟာမျိုးတွေကို ဆောင်ထားသင့်ပါတယ်။ လေယာဉ်အဆင်းအတက်တွေမှာလဲ လေဖိအားကြောင့် နားမနာရအောင် သကြားလုံးစုပ်/ ပီကေဝါး နေတာ အထောက်အကူဖြစ်ပါတယ်။ (ဒီတစ်ခေါက်ခရီးမှာ မဗေဒါရဲ့ အိတ်ထဲ မိတ်ကပ်ပစ္စည်းတွေအစား ကွတ်ကီးမျိုးစုံ၊ ဂျယ်လီ၊ Gummy မျိုးစုံ၊ သကြားလုံး၊ စတာတွေကို သွားလေရာဆောင်ထားပြီး မူးလာပြီဆိုတာနဲ့ ထုတ်စားရတော့တာပါပဲ။)

(၆) ဖတ်ဖြစ်တဲ့စာတွေရော၊ ဆရာဝန်က ပြောတာရောကြောင့် သွေးလည်ပတ်မှုကောင်းအောင် Compression Stocking (ဖိအားများတဲ့ ခြေအိတ်) ၀တ်ပါတဲ့။ (အဲ့ဒိခြေအိတ်က အရမ်းကျပ်တဲ့ ခြေအိတ်ဖြစ်ပြီး မဗေဒါ၀တ်တာတော့ မသက်မသာနဲဲ့ ခြေထောက်တအားအိုက်တဲ့အတွက် လေယာဉ်တက်ပြီး ၂နာရီလောက်နေတော့ ချွတ်လိုက်ပါတယ်။ သွေးလည်ပတ်မှုကောင်းအောင် လမ်းထလျှောက်ပေးလို့ရပါတယ်။ နောက်တစ်ချက်ကို ဆက်ဖတ်ပါ)

(၇) ဆရာဝန်ကတော့ ၁၅ မိနစ်ခြားတစ်ခါ လမ်းထလျှောက်ပေးဖို့ပြောပါတယ်။ ကိုယ်ကတော့ နာရီဝက် ၄၅ မိနစ်ခြားတစ်ခါလောက် ထလျှောက်ဖြစ်ပါတယ်။ ထိုင်နေတုန်းလဲ ခြေကျင်းဝတ်ကို လှည့်ပေးပြီး ထိုင်ရက် ခြေထောက်အားကစားလုပ်ပေးလို့ရပါတယ်။ ဒါဆိုရင်လဲ သွေးလည်ပတ်မှုကောင်းစေပါတယ်။

(၈) နောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အနံ့အသက်ကိုလဲ Sensitive ဖြစ်တတ်တဲ့အတွက်။ လေယာဉ်အတွင်းက ရနိုင်လောက်တဲ့ မကောင်းတဲ့အန့ံဖြစ်စေ၊ ကိုယ်မကြိုက်တဲ့ ရေမွှေးနံ့ဖြစ်စေ စတာတွေကို ကာကွယ်ဖို့ သံပရာနံ့၊ လာဗန်ဒါနံ့ပါတဲ့ တစ်ခုခုကိုဆောင်ထားဖို့ဖတ်ရပါတယ်။ အဲ့ဒိအနံ့မျိုးတွေက Morning Sickness ကို လျော့ကျစေတယ်လို့ဆိုပါတယ်။ (မဗေဒါတုန်းကတော့ ပရုတ်ရှူဆေးရယ်၊ နှင်းဆီန့ံ ရေမွှေးဗူးသေးသေးလေးရယ်ပဲ ဆောင်တာပါ။ အနံ့မကောင်းရင် ရှူဆေးနဲ့ အဆင်ပြေပါတယ်။)

(၉) ရေဓာတ် မခြောက်ခမ်းပါစေနဲ့။ ကိုယ်ဝန်သယ်မိခင်လောင်းရဲ့ ခန္ဓာကိုယ်ဟာ ကလေးအတွက် ရေဓာတ်ကိုပေးနေရပါတယ်။ ကလေးအတွက် ရေဓာတ်ပြည့်မှ မိခင်ဆီရောက်တာပါ။ အဲ့ဒိအတွက် ရေဓာတ်ရှိအောင် ရေသောက်ပေးရပါမယ်။ အထူးသဖြင့် လေယာဉ်ပေါ်ဆိုရင် ခြောက်သွေ့တဲ့အတွက် ရေပိုလိုပါတယ်။ ဒါပေမဲ့ ရေသောက်တဲ့အခါ တစ်ချီတည်းနဲ့ ရေတွေအများကြီးသောက်တာထက်၊ နည်းနည်းနည်းနည်းစီ အာစွတ်ရုံသောက်တာကောင်းပါတယ်။ ရေတွေဝမ်းထဲအရမ်းများနေပြန်ရင်လဲ အန်ချင်မှာစိုးလို့ပါ။

(မဗေဒါတုန်းကတော့ ရေဗူးအလွတ်တစ်ဗူးယူသွားပြီး အင်မီဂရေးရှင်းနဲ့ ကာစတန်ဖြတ်ပြီး လေယာဉ်ပေါ်တက်ခါနီးကျမှ ရေထည့်ယူသွားလိုက်တယ်။ လေယာဉ်ပေါ်မှာ လေယာဉ်မယ်တွေ ရေတောင်းရင် တစ်ခွက်တစ်ခွက်နဲ့ ခဏခဏ မခေါ်ချင်လို့။)

(၁၀) ခရီးသွားရင် လမ်းလျှောက်ရတာများပါတယ်။ ဖြည်းဖြည်းပုံမှန်နဲ့ ကိုယ်ခန္ဓာကိုယ်အခြေအနေကိုယ်အသိဆုံး ချိန်ဆလျှောက်ပါ။ အဲ့ဒိအတွက် ကိုယ့်ခရီးသွားဖော်က နားလည်မှုပေးနိုင်တဲ့သူဖြစ်ရပါမယ်။

(၁၁) ကိုယ်ဝန်ရှိစဉ်မှာ အစားအသောက်ဝင်ဖို့က အဓိကဖြစ်တဲ့အတွက်။ လိုကယ်အစားအစာတွေ မစားနိုင်ဘူးဆိုရင်၊ ကိုယ်ကြိုက်တာပဲ ရွေးပြီး ရှာစားပါ။ ပိုက်ဆံပိုကုန်မှာ၊ အချိန်ကုန်မှာနဲ့ ခရီးသွားကောင်းမပီသပဲ ဒေသခံစာမစားတာတွေ ခေါင်းထဲမထည့်ပါနဲ့။ အဓိကက ကိုယ်အစားဝင်ပြီး အားအင်ပြည့်ဖို့ပါ။

(မဗေဒါတုန်းကတော့ ဂရိဆိုတော့ သူတို့အစားအစာထဲက Gyros ကလွဲလို့ ကျန်တဲ့ သူတို့အစာတွေ သိပ်မစားနိုင်လို့။ အစားဝင်ဖို့အရေးကြီးတော့ အာရှဆိုင် တရုတ်အစားအစာ၊ အန္ဒိယစားသောက်ဆိုင် စသည်ဖြင့် ပတ်ရှာစားခဲ့တာပါပဲ။)

(၁၂) မိမိကိုယ်ကိုယ် ညှာလျှင် ပိုက်ဆံအိတ်ကို ညှာလို့မရပါ။ အရင်ကဆို လေဆိပ်ရောက်တာနဲ့ ကိုယ့်အထုတ်ကိုယ်ဆွဲပြီး သူတို့နိုင်ငံက အများသုံး ကူးသန်းသွားလာရေးနဲ့ ဟော်တယ်ကိုသွားတာပါပဲ။ ဥပမာ ဘတ်စ်ကား ရထားပေါ့။ ခုကိုယ်ဝန်နဲ့ဆိုတော့ အထုတ်တွေနဲ့ သွားသွားလာလာ မလုပ်တာအကောင်းဆုံးမို့ တိုက်စီစီးဖြစ်တာများပါတယ်။ ကိုယ့်ရဲ့ အင်နာဂျီထဲက ၆၀ရာနှုန်းလောက်သာ အများဆုံးသုံးပါ။ ၄၀ရာနှုန်းအမြဲ အပိုဆောင်ထားပါ။ ဒါတောင် တစ်ခါတစ်လေ ဗိုက်နည်းနည်းစဆာတဲ့အချိန်မှ ထမင်းဆိုင်ရှာဖြစ်လို့ ကိုယ်စားချင်တဲ့ ဆိုင်မတွေ့ရင် ချက်ချင်းမူးလာတတ်သေးတယ်။

(၁၃) အချိန်မှန် စားပါ။ အချိန်မှန် အိပ်ပါ။ ဒီအချက်ကတော့ ကမ္ဘာအရှေ့ခြမ်း၊ အနောက်ခြမ်းမတူတာကို သွားရင် ပိုခက်ခဲပါတယ်။ အာရှကနေ ဥရောပရောက်သွားတော့ နေ့နဲ့ည အချိန်အပြောင်းအလဲတွေမှာ Jet lag ဖြစ်တဲ့အတွက် အချိန်ကို ညှိပြီး တဖြည်းဖြည်းပြောင်းယူပါ။ (မဗေဒါတို့ဆို ညနေလောက်ဆို အိပ်ချင်နေပြီး မနက်အစောကြီးတွေ နိုးနိုးနေတာမျိုးတွေဖြစ်ပါတယ်။ တဖြည်းဖြည်းညှိယူရတာပေါ့။ ၁၀ရက်ခရီးမှာ နောက်ဆုံး ၃ရက်လောက်ကျမှ နေသားကျသွားတာ။ နေသားကျသွားတော့ ပြန်ရရောလေ)

အားလုံးပဲ တကယ်ရောက်ချင် တကယ်သွား အဟုတ်ရောက်ရမည်လို့ အမှာပါးချင်ပါတယ်။


ဆန်တိုရိနီတဖက်ကျွန်းက မီးတောင်အရှင်ထိပ်ကို ရင်သွေးလေးနဲ့အတူ ရောက်ခဲ့တဲ့ အမှတ်တရပါ။ တောင်ထိပ်မရောက်ခင်အထိ အရှုံးပေးလိုက်ဖို့ အကြိမ်ကြိမ်စဉ်းစားမိပေမဲ့ ဗိုက်ထဲက ကလေးလေးက ဒိလောက်ပျော့တဲ့သူမဟုတ်ပါဘူး။ တနေ့ကျရင် သူ့ကိုလွယ်ပြီးတောင်ထိပ်တူတူရောက်ခဲ့တဲ့အကြောင်းပြန်ပြောပြဖို့ အားတင်းတက်ခဲ့တဲ့ အမှတ်တရပါ

Saturday, March 12, 2016

အမျိုးသမီးများအတွက် အကောင်းဆုံး ခရီးသွားပိုက်ဆံအိတ် ဒီဇိုင်း: Crossbody bag



ခုတစ်လော ခရီးသွားရင် ဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေအကြောင်း စိတ်ဝင်စားနေမိတယ်။ ခရီးသွားရင် လွယ်တဲ့ မိန်းကလေးပိုက်ဆံအိတ် ဒီဇိုင်းတွေထဲမှာ စလွယ်သိုင်းလွယ်လို့ရတဲ့ စလင်းဘတ်အိတ်အမျိုးအစားဟာ အကောင်းဆုံးပဲလို့ travel fashion ဘလောက်တစ်ခုမှာဖတ်လိုက်ရတော့ သူ့ပိုစ့်ကို ချက်ချင်း သဘောတူမိတယ်။ အသေအချာ ပြန်စဉ်းစားကြည့်တော့ ကိုယ်လဲ များသောအားဖြင့် ခရီးသွားရင် စလွယ်သိုင်းလို့ရတဲ့ အိတ်ဒီဇိုင်းမျိုးကို သုံးရတာ အဆင်အပြေဆုံးမို့ အဲ့ဒိလို အိတ်မျိုးတွေပဲ လွယ်ဖြစ်တယ်။

စလွယ်သိုင်းလို့ရတဲ့ ပိုက်ဆံအိတ်တွေက ကိုယ်ဝတ်တဲ့ အဝတ်အစားဒီဇိုင်းအတော်များများ (အားလုံးနီးပါး) နဲ့ လိုက်ဖက်တယ်။ တခါတစ်လေ အရမ်းမထူးခြားတဲ့ ဝတ်စုံဒီဇိုင်းမျိုးကိုတောင် စလွယ်သိုင်းအိတ် လှလှလေးနဲ့ လွယ်လိုက်ရင် Chic style ဖြစ်သွားတတ်တယ်။ ခရီးသွားတုန်း အိတ်ပုံစံမျိုးစုံ ယူသွားဖို့ အဆင်မပြေတဲ့အခါ ဝတ်စုံတွေနဲ့ လိုက်ဖက်တဲ့ စလွယ်သိုင်းအိတ်လေး တစ်လုံးတည်းနဲ့ အလုပ်ဖြစ်တယ်လေ။ စလွယ်သိုင်းလွယ်တဲ့ ပိုတ်ဆံအိတ်ဒီဇိုင်းတွေကလဲ အစုံရှိတယ်။ ကိုယ်သွားမဲ့နေရာနဲ့ လိုက်ဖက်မဲ့ စလွယ်သိုင်း စလင်းဘတ်အိတ်မျိုးကို ရွေးချယ် ယူဆောင်သွားသင့်တယ်။ ဥပမာ မြို့ပြရှော့ပင်းလိုနေရာမျိုးကို သားရည် စလင်းဘတ်လေးလွယ်လို့ရသလို၊ တောရွာတို့ အကြမ်းပဒန်းနေရာတွေသွားဖို့ဆိုရင်ကျတော့ အလွယ်တကူလျှော်ဖွတ်လို့ရတဲ့ နိုင်လွန် စလွယ်သိုင်းအိတ်တွေက သင့်တော်တယ်လေ။

လွယ်ရတာ လှတာတင်မကဘူး။ စလွယ်သိုင်းအိတ်တော်တော်များများက အထဲမှာ အိတ်အခန်းလေးတွေလဲ ပါတတ်တယ်။ အဲ့ဒိအတွက် ကိုယ့်ပစ္စည်းတွေကိုလဲ စနစ်တကျ ကန့်ကန့်သတ်သတ် ထည့်ထားလို့ရတယ်။ ဘယ်အိတ်ဒီဇိုင်းကမှတော့ ရာနှုန်းပြည့် သူခိုး၊ ခါးပိုက်နှိုက်၊ လုယက်တာကို ခံနိုင်တယ်မရှိပေမဲ့ ပိုက်ဆံအိတ်ကို စလွယ်သိုင်းလွယ်ထားရင်တော့ ပုခုံးတင် ချိုင်းညှပ် ပိုက်ဆံအိတ်တွေနဲ့ ယှဉ်ရင် တော်ရုံတန်ရုံ လုပြေးဖို့ ခက်ခဲတယ်။ တစ်ခုအကြံပေးချင်တာကတော့ အိတ်ကြိုးကို ထူတာလေး ရွေးသင့်ပါတယ်။ အဲ့ဒိတော့ လုယက်မဲ့သူလဲ အလွယ်တကူ ဖြတ်လို့မရတဲ့အတွက် ကိုယ့်ကို လာလုဖို့ မကြိုးစားတော့ပါဘူး။ နောက်တစ်ခုက ခရီးသွားတုန်း အလွယ်တကူ ကိုယ့်အိတ်ထဲကို ပစ္စည်းတွေ အစုံပလုံ ဆန့်သလောက် ထည့်လေ့ရှိတော့ အိတ်ကြိုးသေးရင် ကြိုးပြတ်လွယ်ပါတယ်။ (ဟောင်ကောင်သွားတုန်းက ဘတ်စ်ကားပေါ်အတက်မှာမှ အိတ်ကြိုးပြတ်ပြီး ပစ္စည်းတွေ အကုန်ထွက်ကျခဲ့တာ မှတ်မိသေးတယ်။ အဲ့ဒိတုန်းက ပုခုံးတင် ချိုင်းညှပ် ပိုက်ဆံအိတ်။)

စလွယ်သိုင်း ပိုက်ဆံအိတ်လေးတွေကို ခရီးသွားရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း စလွယ်သိုင်းလွယ်တာ အကောင်းဆုံးပါပဲ။ သူက ပုံခုံးတင်လဲ လွယ်လို့ရပါတယ်။ ဒါပေမဲ့ စလွယ်သိုင်းရင်ကျတော့ ပုခုံးက လုံးဝ ပြုတ်မကျတော့တဲ့အပြင် ကိုယ့်ကျန် လက် ၂ဖက်ကလဲ သူ့ကို ထိန်းထားစရာမလိုတော့တဲ့အတွက် အားပြီး ဓာတ်ပုံရိုက်တဲ့ ကင်မရာ ကိုင်တာ၊ Selfie stick ကိုင်တာ၊ ဖုန်းကိုင်တာ၊ လမ်းသွားရင်း မုန့်စားတာ စသည်ဖြင့် လုပ်လို့ရပါတယ်။

အောက်ကပုံလေးတွေကတော့ မဗေဒါ ခရီးသွားရင် လွယ်ဖြစ်တဲ့ အိတ်လေးတွေနဲ့ပုံပါ။ (စလွယ်သိုင်းသိပ်မလွယ်ဖြစ်တဲ့ အကြောင်းရင်းက Mr.Right က စလွယ်သိုင်းလွယ်လို့ ရင်ဘတ်ကြား အိတ်ကြိုးရောက်ရင် မကြိုက်ပါဘူး။ ဒါပေမဲ့ တကယ် လိုအပ်လာရင်တော့ စလွယ်သိုင်းတာပါပဲ။ ဥပမာ လေဆိပ်ဆင်းလို့ တခြား luggage တွေသယ်ရတော့မယ်ဆိုရင်ပေါ့။)


ခု အဲ့ဒိ အိတ် ပန်းရောင်လေးက တော်တော်လေး ရွဲနေလို့ မကိုင်ဖြစ်တော့ဘူး။ ဒါပေမဲ့ အရမ်းလွယ်လိုကောင်းတယ်။ အရွယ်အစားရော ဒီဇိုင်းရော အနေတော်ပဲ

Queenstown လေဆိပ်ဆင်းတုန်းမို့ စလွယ်သိုင်းလွယ်ထားတာ

Cebu သွားတုန်းက

အပေါ်က မလှတဲ့ မော်ဒယ် မဗေဒါရဲ့ လက်တွေ့ ခရီးသွား ပုံတွေကြည့်ပြီး ခု အောက်က လှတပတ မော်ဒယ်လေးတွေရဲ့ စလွယ်သိုင်းအိတ်နဲ့ လိုက်ဖက်အောင် တွဲဝတ်လို့ရတဲ့ ဝတ်စုံ အိုင်ဒီယာလေးတွေကို ရှယ်ပေးလိုက်ပါတယ်။ (ပုံတွေက တချို့ အွန်လိုင်းဆိုင်တွေနဲ့ တချို့ အင်တာနက်က မင်းသမီးပုံတွေပါ)