Showing posts with label အတုလ. Show all posts
Showing posts with label အတုလ. Show all posts

Sunday, October 23, 2011

တို့ဖေဖေ

တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။

"ဟာ... နေ့တိုင်း ထမင်းဗူးယူလာတယ်... ချွေတာလှချည်းလား..." အိမ်မှ အလုပ်ကို ထမင်းဗူးယူလေ့ရှိသော ကျွန်မကို အသိမြန်မာတစ်ယောက်ကကောက်ချက်ချ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်... ထိုသူကို ကျွန်မ အပြုံးတစ်ပွင့်သာပေးလိုက်သည်... ဘာမှဖြေရှင်းပြမနေချင်တော့ပါ... တချို့အရာများသည် ဖြေရှင်းပြနေစရာပင်မလိုတော့ပေ... လူတစ်ဦး၏ခံယူချက်ပေါ်တွင်သာ မူတည်ပေသည်...

အမှန်တော့ ထိုသူမမြင်လိုက်သည်မှာ ထမင်းဗူးထဲတွင် သေသပ်စွာထည့်ပေးထားသော ကျွန်မဖေဖေ၏ စေတနာနှင့် ထိုထမင်းဗူးကို စားသုံးခြင်းဖြင့် ကျွန်မရရှိသော စိတ်ဓာတ်ခွန်အား ပီတိ လုံခြုံမှုတို့ကို ထိုသူ မခံစားဖူးသောကြောင့် ထိုသို့ကောက်ချက်ချခြင်း သာဖြစ်ကြောင်း ကျွန်မယူဆလို့ရသည်... ကျွန်မသည် အိမ်ထမင်း အိမ်ဟင်းကို ခုံမင်သူဖြစ်သည်... အပြင်စာကို ၁ပတ်လောက် ဆက်တိုက်စားနေရလျှင်ပင် နောက်နေ့ အဲဒိ food court တို့ hawker center တို့ကို အကြိမ်ကြိမ်ပတ်သော်လည်း စားချင်တာ ရှာမတွေ့တတ်သော သူဖြစ်သည်... အလွန်တရာမှ အစားဂျီးများသော ကျွန်မအတွက် အိမ်မှ ကျွန်မအကြိုက် မေမေစီစဉ်ကာ ဖေဖေ ချက်ပြုတ်ပေးတတ်သောအိမ်ထမင်း အိမ်ဟင်းက အသင့်တော်ဆုံးဖြစ်သည်...

ထိုထမင်းဗူးကိုစားတိုင်း ကျွန်မဖေဖေ၏ ကျွန်မတို့ အပေါ်ထားသော မေတ္တာနှင့် စေတနာကို ခံစားလို့ရသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ မိသားစုဘ၀လေး မပြိုကွဲမပျက်စီးပဲ သိုက်သိုက်ဝန်းဝန်းရှိအောင် စောင့်ရှောက်ဖန်တီးပေးခဲ့သော ဖေဖေ့ကို လေးစားသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ သားသမီးတွေနှင့် ခင်ခင်မင်မင် ပျော်ပျော်ပါးပါးနေတတ်ကာ ပျော်ရွှင်တဲ့ မိသားစုလေးကို ထူထောင်ပေးခဲ့သော ဖေဖေ့ကို ကျေးဇူးတင်သည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ငယ်စဉ်အခါမှ စ၍ ယခုအချိန်အထိ ဖခင်တစ်ယောက်ရဲ့တာဝန်ကို ရရာနေရာကနေ အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ပေးနေတဲ့ ဖေဖေ့ကို အားကိုးသည်...
ထိုထမင်းဗူးသည် ကမ္ဘာပေါ်တွင် မည်သူ့အတွက်မှ ပိုက်ဆံမည်မျှနှင့်မှ အဖိုးဖြတ်လို့မရပဲ ကျွန်မအတွက်သီးသန့်ဖြင့်သာ စီမံထားသော အထူးစပ္ပါယ်ရှယ် ထမင်းဗူးဖြစ်သည်...
အထူးသဖြင့် ထိုထမင်းဗူးကို စားတိုင်း ကျွန်မ၏ မိဘနှစ်ပါးလုံး ကျန်းကျန်းမာမာဖြင့် သက်ရှိထင်ရှား မိသားစု တသိုက်တ၀န်းထဲရှိနေတဲ့ အဖြစ်ကို သိရတိုင်း ကျွန်မစိတ်အေးရသည်...
ယခုအချိန်အထိ ကျွန်မဘာသာ မည်မျှပင် ရပ်တည်ရှာဖွေနိုင်ပါစေ ကျွန်မ မိဘများမရှိတော့လျှင်ဆိုသည့်အတွေးသည် ကျွန်မကို တစ်ထိုင်တည်း မျက်ရည်ကျ ချောက်ချားကာ အားအငယ်ဆုံးခံစားချက်ကို ပေးနိုင်စွမ်းရှိသည်... ကျွန်မ အကြောက်ဆုံးဖြစ်သည်...

ကျွန်မစာဖတ်ပျင်းသော်လည်း ယခုကဲ့သို့ စာတွေ အနည်းနဲ့ အများရေးနိုင်နေခြင်းသည် ကျွန်မ ဖေဖေ ဖတ်သောစာများကို ပြန်လည် ဝေငှပြောပြတတ်သောကြောင့်ဖြစ်သည်...
သူငယ်ချင်းများအလည်တွင် အရင်ခေတ်က သမိုင်းကြောင်းများ အထ္တုပတ္တိများနှင့် ပတ်သတ်၍ အသိရှိကာပြောနိုင်နေခြင်းမှာလဲ ဖေဖေစာဖတ်ကာ ပြန်ပြောပြလေ့ရှိသောကြောင့်ဖြစ်သည်...
မြန်မာပြည်အတွင်း နေရာဒေသတော်တော်များများနှင့် ပတ်သတ်၍ ခရီးသွားနှင့်ပတ်သတ်၍ ကျွန်မတွင် ဝေငှစရာများရှိနေခြင်းမှာလဲ ငယ်ငယ်ကတည်းက နေရာတော်တော်များများကို ဖေဖေနှင့်မေမေတို့ လိုက်ပို့ပေးခဲ့ကြ၍ဖြစ်သည်...
ကျွန်မ ရှေးသီချင်းတွေ (တွံတေးသိန်းတန်၊ ပြည်လှဖေ၊ မေရှင်၊ မမြရင်၊ သုမောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ စသည်ဖြင့်)သီချင်းတွေကို ထန်ကတိုင်းကျကျ သီဆိုတတ်ခြင်းသည်လည်း ကျွန်မဖေဖေ၏ အလွန်အကျူး သီချင်းကြိုက်တတ်ကာ တနေကုန်ဖွင့်ထားသော (တနည်းအားဖြင့်) ကျွန်မတို့အား နားဒုက္ခပေးတတ်သော သီချင်းများကို ကြိမ်ဖန်များစွာကြားနေရခြင်းကြောင့်ဖြစ်သည်...

ကျွန်မရံဖန်ရံခါ ဖေဖေနှင့် သဘောထားကွဲလွဲသော အချိန်များရှိသော်လည်း ကျွန်မဘ၀ရဲ့ အဓိက အရေးကြီးဆုံး နေ့စဉ်လည်ပတ်မှုများတွင် ကျွန်မ ဖေဖေနှင့် မေမေက မရှိမဖြစ်သာဖြစ်သည်... သူတို့ မြန်မာပြည် ခေတ္တပြန်သွားလျှင်ပင် အိမ်ပြန်လာတိုင်း ကြိုသူမရှိသောကြောင့် ကိုယ့်ဘာသာကိုယ် တံခါးဖွင့်ဝင်ရကာ တိတ်ဆိတ် မှောင်မဲနေသော အိမ်ထဲကို ၀င်ရတာပင် ကျွန်မအတွက် လစ်ဟာချက်တစ်ခုပင်... နေ့တိုင်း နားဒုက္ခမခံနိုင်၍ ငြူစူဖြစ်သော ဖေဖေ့၏ သီချင်းကြီး သီချင်းခံ အသံများမကြားတော့လဲ အိမ်ကြီးက ခြောက်သွေ့လွန်းလှသည်... နေ့တိုင်း မြန်မာပြည်နှင့်ပတ်သတ်သော သတင်းများကို ဖွင့်မည့်သူမရှိတော့ ကျွန်မတို့ မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် သတင်းများ အဆက်ပျက်ရသည်...

ဒီနေ့ဟာ ကျွန်မချစ်လှစွာသော ဖေဖေရဲ့ မွေးနေ့ဖြစ်တယ်... ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားသိပ်မရှိတဲ့ ကျွန်မ ဖေဖေအတွက် ကျန်းမာရေးကို အနည်းနဲ့ အများလိုက်စားဖြစ်အောင် သူ့အတွက် Wii game စက်လေး မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တယ်... စက်ပစ္စည်းအသစ်အဆန်းပဲဖြစ်ဖြစ် ဂိမ်းပဲဖြစ်ဖြစ် ၀ါသနာပါတတ်တဲ့ ဖေဖေ့အတွက် ကျန်းမာရေးအရလဲ လှုပ်ရှားဖြစ်အောင်တစ်ကြောင်း စင်္ကာပူရောက်ကာ ပျင်းနေသော ဖေဖေအတွက် အပျင်းပြေစရာ အသစ်တစ်ခုရသွားစေရန် ကျွန်မ စီစဉ်ဝယ်ပေးခဲ့တာဖြစ်တယ်... နောက်တစ်ချက်ကတော့ အလုပ်က ပြန်လာတာနဲ့ အခန်းထဲဝင် ရတဲ့အချိန်ကို ကွန်ပြူတာရှေ့ထိုင်တတ်တဲ့ ကျွန်မတို့တွေလဲ ဖေဖေနဲ့ အနည်းနဲ့ အများအချိန်တူတူသုံးကာ မိသားစုကြိုးပိုမိုခိုင်မြဲစေရန်ဖြစ်သည်... ဒါပေမဲ့ ခုဝယ်လာတဲ့ ဂိမ်းခွေက Mario sport Mix ထဲမှာ ကျွန်မထင်သလောက် ကိုယ်လက်လှုပ်ရှားစရာသိပ်မလိုဘူးဖြစ်နေတယ်... လက်ထဲက wii remote လေး နည်းနည်းလှုပ်ရုံနဲ့တင်လုံလောက်နေတယ်... အဲဒါ ဘာဂိမ်းက ကောင်းလဲ သိရင် အကြံပေးသွားကြပါအုံး...

ဂိမ်းတွေကို အရမ်း စိတ်မ၀င်စားခဲ့တဲ့ ကျွန်မ ဒီနေ့ဝယ်လာပြီးမှ ဟိုကြည့်ဒီကြည့်တော့ Wii က Function

အတော်လေးစုံသဗျို့.... လတ်တလော Wii Channels ပါပြီးသားတွေက Wii နဲ့ Nintendo GameCube games တွေ ကစားလို့ရတယ်... Mii channel ဆိုတာမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို Customize လုပ်လို့ရတယ်... Photo Channel ဆိုတာမှာ SD card က ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို တီဗွီမှာ တခါတည်းကြည့်လို့ရတယ်... အင်တာနက်နဲ့ ဆက်လိုက်ရင် Wii Shop Channel မှာ channel အသစ်တွေနဲ့ တခြားဟာတွေ Download လုပ်လုပ် ရှော့ပင်းပဲလုပ်လုပ်ရတယ်... Forecast Channel မှာ ကမ္ဘာအနှံ့က ရာသီဥတု အခြေအနေတွေကို ကြည့်လို့ရတယ်... News channel မှာ ကမ္ဘာအနှံ့က သတင်းတွေကြည့်လို့ရတယ်... function တွေကတော့ အများကြီးပဲ ဒါပေမဲ့ အကုန်တော့လုပ်မကြည့်ရသေးဘူး... သိပ်မလုပ်တတ်သေးတာလဲပါတယ်... သိတဲ့သူများ အကြံပေးသွားကြပါအုံး...

ဒါနဲ့ လိုရင်းကိုပြန်သွားရရင်... ဒီနှစ် ဖေဖေ့မွေးနေ့အတွက် သမီးစိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်တာကတော့ ဖေဖေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ချစ်မေမေရယ် သမီးတွေရယ်နဲ့အတူ နှစ်ပေါင်းများစွာနေထိုင်နိုင်ပါစေလို့...

Monday, April 27, 2009

တော်ပါသေးရဲ့

ရေးသားသူ - အတုလ
စာရိုက်သူ - မဗေဒါ
တော်သေးတာပေါ့ဗျာ...

လူတိုင်းကြားဖူးတယ်.. လူတိုင်းလဲ ပြောဖူးတယ်.. ဟုတ်တယ်.. အဲဒိစကားဘယ်အခါမှာ ပြောကြသလဲ?

မိမိထင်ထားသလောက် ဆုံးရှုံးမှု၊ နစ်နာမှုမရှိတဲ့အခါ၊ ကိစ္စတစ်ခုခုတွင် မှီအောင် အလျင်မှီအုပ်နိုင်သောအခါ၊ စိုးရိမ်စရာ အခြေအနေတခုမှ မစိုးရိမ်ရသောအခါ၊ မှန်းထားသလောက် မဖြစ်၍ ထိုက်သင့်သလောက်သာ ဖြစ်သောအခါ စသည်အားဖြင့် တော်သေးတာပေါ့ဗျာ.. တော်ပါသေးတယ်ရှင် ဟုပြောတတ်ဆိုတတ်ကြပါသည်.. မှန်ပါသည်.. ကိုယ်ထင်ထားသလောက်မှ မဖြစ်တော့လည်း ဒီလိုဘဲပြောရမှာပေါ့.. ဒါများ အဆန်းလုပ်လို့ ဆိုပြီး ပြောချင်လည်း ပြောကြအုံးမှာပါ...

ဆန်းတော့ မဆန်းပါဘူး ဆိုပေမဲ့လည်း ပြောသူမှာရော အပြောခံရသူမှာပါ အကျိုးမရှိဘဲ အပြောခံရသူများ မအီမသာဖြစ်ပြီး ပြောသူမှာလည်း တပါးသူ၏ စိတ်ကွက်ခြင်းကို ခံရတတ်ပါသေးတယ်ဆိုတဲ့ အကြောင်း အောက်တွင် ဆက်လက်ဖော်ပြသွားမှာပါ...

သတ္တ၀ါတိုင်း ဒုက္ခနှင့် ကြုံလျှင်သောက၊ ပရိဝေဒ၊ ကြိတ်မနိုင်ခဲမရ နှင့် ရင်မှာ မချိတင်ကဲ ခံစားရတတ်ပါတယ်.. ဒုက္ခဝေဒနာပါ မည်သူမျှမကြိုက်ပါဘူး.. မခံစားချင်ကြပါဘူး... ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားကြီး ကျော်ဟိန်းတို့ ဒွေးတို့ဇာတ်ဝင်ခန်းတွေမှာ နံရံကိုမျက်နှာ မှောက်ပြီးလက်သီး ဆုပ်ဖြင့်နံရံကို ထုခါ ထုခါ ပါးစပ်ကလည်း ဟာကွာ.. ဟာကွာ နှင့် မြင်ဘူးကြည့်ဘူးကြမည်ထင်ပါသည်.. ကြိတ်မနိုင်ခဲမရ ဖြစ်နေပုံကို သရုပ်ဆောင်တာပါ.. သရုပ်ဆောင်ရာတွင်တောင် Mood ၀င်ဖို့ ဈာန်ဝင်ဖို့ စိတ်ကို ဈာန်သွင်းရပါသေးသည်.. လက်တွေ့လောကတွင်တော့ ဈာန်သွင်းစရာမလိုပါ.. တနုံ့နုံ့ဖြင့် အတွင်းစိတ်ထဲကကို ကြိတ်ခဲမရဘဲ ခံစားမရလို့ ဟန်များတောင် မပြနိုင်ပါဘူး.. အဲဒိအခါမှာ လူတွေက ဖြေတယ် ခင်ဗျာ့... ဘယ်လိုဖြေသလဲဆိုတော့... တော်ပါသေးရဲ့ ဒီလောက်ဘဲမို့၊ ဟိုလိုမဖြစ်တာတော်ပါသေးတယ်လေ.. ဒါတောင် သတိဝင်၊ အသိဝင်လို့ ဖြေတာ သတိမ၀င် အသိမ၀င်ရင်တော့ အချို့ဆိုလျှင် ရှူးသွတ်သွားသည်အထိ မိမိကိုယ်မိမိ အဆုံးစီရင်သွားသည် အထိ အဖြစ်တွေလည်း လောကမှာ အများကြီးတွေ့ခဲ့ ကြားခဲ့ရဘူးပါသည်...

အဲသဟာကြောင့် မခံစားနိုင်သည့် ဝေဒနာဖြစ်လာလျှင် ဖြေရမှာဘဲ.. မဖြေလို့တော့ မရဘူး.. ဟုတ်ကဲ့ ဖြေပါ.. မခံစားနိုင်လျှင် ဖြေရမှာပါ.. ဖြေတဲ့နေရာမှာ မိမိနှင့် သက်ဆိုင်သည့် အရာများ၊ မိမိ၏ကဲတရားများနှင့်သာ ယှဉ်၍ဖြေပါ.. ကိုယ့်ဝေဒနာကို ကြော်ငြာပြီး အခြားသူနှင့် ယှဉ်၍ဖြေလျှင်တော့ အထက်မှာရေးခဲ့သလို မအီမသာ နှင့် စိတ်ကွတ်ခြင်းဆိုတဲ့ မတော်သေးတာတွေ ဖြစ်လာတတ်ပါတယ်...

ကြားခဲ့ဖူးသမျှတွေထဲက မှတ်မှတ်ရရ ဖြစ်နေတာ တခုကတော့လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်လောက်က လူကြီးစကားဝိုင်းတစ်ခုတွင် ဝေဒနာနှိုင်းယှဉ်ခံရသူ ကာယကံရှင် ကိုယ်တိုင်ပြောနေတာကို ဘေးမှနားထောင်မိ၍ ကြားခဲ့ရဘူးပါတယ်.. ထိုအချိန်မတိုင်မှီလောက်က ဧရာဝတီတိုင်း အသုတ်မြို့တွင် မီးလောင်ရာ အိမ်ချေ အတော်များများ မီးထဲပါသွားပါသည်.. ထိုအထဲတွင် ထိုသူ၏အသစ်စက်စက် ဆောက်ထားသော တိုက်မှာလည်းမီးထဲပါသွားပါသည်.. အိမ်တက်မင်္ဂလာပင်မလုပ်ရသေးပါ.. လုပ်ခါနီးဆဲဆဲ အချိန်ဖြစ်ပါသည်.. ထိုသူမှာ ၀၀ထောင်ထောင်မောင်းမောင်း နှင့် စိတ်နေစိတ်ထားမှာလည်း ဖြောင့်မတ်တည်ကြည်သူ ဖြစ်ပြီး ရွှေကုန်သည် ဦးအောင်ဆန်း အမည်ရှိပါတယ်.. နယ်မြို့တို့၏ ထုံးစံအတိုင်း ရွှေကုန်သည်ဦးအောင်ဆန်းဆိုလျှင် အသုတ်တမြို့လုံး သိလောက်ပါတယ်..

ယခုလိုမီးလောက်မှု ဖြစ်တော့ သူသူကိုယ်ကိုယ် မီးဘေးဒုက္ခသည်တွေအထဲမှာ ဦးအောင်ဆန်းလည်းပါတယ်ပေါ့.. မီးဘေးဒုက္ခသည် အချင်းချင်း ဦးအောင်ဆန်း ဝေဒနာကို အယှဉ်ခံရပုံကို ရန်ကုန်မြို့ ရွှေဘုံသာလမ်း(မဂိုလမ်း) ရတနာရွှေဆိုင်မှ ၄င်း၏မိတ်ဆွေများနှင့် တွေ့၍ ပြောပြရာမှာ...

လူတွေက အခက်သားလားဗျာ.. အခု အသုတ်မြို့မှာ မီးလောင်ရာမှာ ကျွန်တော်တိုက်လဲ မီးထဲပါသွားတာ ဦးဘိုလေးတို့ ဦးမောင်ဦးတို့လည်းကြားမှာပါ.. မီးဘေး ဒုက္ခသည်အချင်းချင်းဗျာ.. လူတွေက ကျွန်တော်နဲ့ ယှဉ်ယှဉ်ပြီး သူတို့ခံစားနေရတဲ့ ဝေဒနာကို သက်သာရာ သက်သာကြောင်းလုပ်ကြတယ်ဗျာ.. သူတို့က သက်သာပေမဲ့ ကျွန်တော့်မှာ ပိုခံစားရတာပေါ့၊
"ငါတို့ကတော်ပါသေးတယ် ဦအောင်ဆန်းကြီးက ပိုဆိုးတာပေါ့ သူ့တိုက်က ဆောက်ပြီးခါစ နေတောင် မနေရသေးဘူး.. ငါတို့ အိမ်မီးထဲပါသွားပေမဲ့ တို့က အနှစ် သုံးဆယ်လောက်နေခဲ့တာဆိုတော့ တန်ပါသေးတယ်.."


အဖိုးအဖွားလက်ထက်ကနေခဲ့သူနဲ့ ဆယ်နှစ် ဆယ့်ငါးနှစ်နေခဲ့သူနဲ့ ယှဉ်လိုက်ကြတာ... ဦးအောင်ဆန်းခမျာ မခံစားနိုင်လို့ ရင်ဖွင့်ရတဲ့ အထိဖြစ်သွားရပါတယ်.. ပြောတဲ့သူတွေကိုလည်း ဦးအောင်ဆန်းက စိတ်ကွက်သွားနိုင်သလို ဦးအောင်ဆန်းကိုယ်တိုင်လည်းပို ခံစားရပါတယ်.. ဒီလိုဖြစ်ရတာဟာ ကိုယ့်ဝေဒနာကို သူများနဲ့သွားယှဉ်လို့ပါ.. ဒီနေရာမှာ .....
"တော်ပါသေးတယ်.. အိမ်မီးထဲပါသွားပေမဲ့ အတွင်းပစ္စည်းလေးရလိုက်လို့၊ " "တော်ပါသေးတယ် အသေအပျောက်မရှိလို့ ဘယ်သူမှ ဘာမှ မဖြစ်လို့ ၊" "သံ၊ သွပ်၊ သစ် အထူးလျော့ဈေးနဲ့ ရောင်းချပေးမယ်ဆိုလို့.." ဖြေလို့ရပါတယ်.. ဘယ်သူမှ မထိခိုက်ပါဘူး...
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့သော တရားတော်များထဲမှ မှတ်သားမိသော ဒေသနာတစ်ခုမှာ လူအယောက်တစ်ရာ ချစ်ခြင်းသည် နည်းသေး၏ လူတစ်ယောက်မုန်းခြင်းကား များလွန်း၏ ဟု မှတ်သားဖူးပါသည်.. သို့ပါ၍ လူမုန်းမများအောင် ဘ၀အသိ၊ အတွေ့အကြုံ အသိများနှင့် ယှဉ်၍ စေတနာရှေ့ထား၍ ရေးသားလိုက်ရပေသည်..

Sunday, October 12, 2008

လူသားဂေဟ

ရှင်တော်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဒုလ္လဘတရားငါးပါးတွင် မနုဿတဘာဝဒုလ္လဘဟုဆိုသော ရခဲကြီးငါးခုထဲမှ မနုဿလူသားအဖြစ်ကိုတော့ ရရှိခဲ့ကြပါပြီ..ထိုရခဲလှသော လူ့ဘဝကို လူရယ်လို့ထိုက်တန်အောင် နေထိုင်ပြုမူဖို့ရန်မှာ သမ္မာဒိဋ္ဌိ(အမြင်မှန်အသိမှန်) ဖြစ်ဖို့ရာ အလွန်အရေးကြီးလှပါ၏.. မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် နေထိုင်မည်ဆိုပါက လူ့ဘဝဆိုသည်မှာ မပြည့်စုံခြင်းများ မကျေနပ်ခြင်းများ မျှော်လင့်နေရခြင်းများ စသည်ဖြင့် ပျော်ရွှင်တခဏ သောကအပြဲ နေထိုင်ဆဲဟုပင်ဆိုရပါလိမ့်မည်...

ခြေထောက်နှစ်ချောင်းပေါ်တွင် ရပ်၍ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရုံဖြင့် လူဟူ၍ပီပီသသမဆိုထိုက်ပါ..လူဟူ၍ခေါ်ဆိုထိုက်ရန်မှာ လူသည်လူသားဆန်မှုရှိရပါမည်.. အဘယ့်ကြောင့်ဟူမူ သတ္တဝါထဲတွင် လူသားသည် အသိဥာဏ်အမြင့်ဆုံးဖြစ်သောကြောင့်တည်း..ထိုအသိဥာဏ်အမြင့်ဆုံးပါဆိုသော လူသားသည် တိရိစ္ဆာန်တို့ကဲ့သို့ ကြီးနိုင်ငယ်ညှင်းခွန်အားကြီးသူက နိုင်စတန်းဆိုသော တောတွင်းအလေ့အထများအတိုင်း ပြုမူလုပ်ကိုင်ပါက လူသားဆန်မှုမှ လျော့ကျပြီး အသွင်သဏ္ဍန်အားဖြင့်သာ ကျန်ရှိ၍လူပီသမှု မရှိတော့ပါ...

သတ္တဝါတိုင်းတွင် အတ္တဆိုသည်ရှိ၏ ထို့ကြောင့် လူသားတွင်လည်း အတ္တရှိသည်.. ထိုအတ္တသည် မိမိ၏အကျိုစီးပွားကို ရှေ့တန်းတင်သည်.. အပြစ်မဆိုလိုပါ.. နိယာမတရားတစ်ခုသာဖြစ်ပါသည်.. သို့ရာတွင် မိမိ၏အတ္တကို သတိတရားဖြင့် ဆင်ခြင်ပြုလုပ်သင့်ပါသည်.. တပါးသူများအား မထိခိုက်သင့်ပါ. ပုထုဇဉ် ပုဂ္ဂိုလ်တိုင်း လောဘ၊ ဒေါသ၊ မောဟ မကင်းကြပါ ဘာသာရေး အဆုံးအမနှင့် ယဉ်ကျေးမှုရှိသော သူတို့တွင်လည်း မကင်းကြပါ.. သို့ပါသော်လည်း ထိုသူများသည် လောဘဖြစ်လျှင်လည်း အတောမသတ်မဖြစ်ပါ။ သင့်တင့်လျှောက်ပတ်မှုရလျှင် ကျေနပ်သွားကြသည်။ ဒေါသဖြစ်လျှင်လည်း အသိနှင့် သတိတရားဝင်လာလျှင် ထိုဒေါသကိုလျော့ချပြစ်ကြသည်..ပြုလုပ်ဖွယ်ကိစ္စများတွင်လည်း တွေဝေမှုမရှိဘဲ အကြောင်းနှင့် အကျိုးတရားကို ဆင်ခြင်၍ပြုလုပ်တတ်ကြသည်.. ထိုသို့သော စိတ်နေစိတ်ထားရှိသူတွေများလာပါက လောကကြီး ဒိထက်ပို၍သာယာလာလိမ့်မည်ဟု ယူဆမိပါသည်..

သို့ပါသော်လည်း သေမြေကြီး အပြီးဘဲဆိုသူများနှင့် နောင်ဘဝ နောက်ကိုယ်နဲ့ ဘာဖြစ်ဖြစ်ဆိုသူများလည်းရှိကြပါသေးသည်.. ထိုသူတို့၏ ယုံကြည်မှုကို မည်သို့မျှဝေဖန်ရေးသားခြင်းမပြုလိုသော်လည်း လူနှင့်လူ့ပတ်ဝန်းကျင်တွင် သင့်တင့်မျှတစွာနေထိုင်မှု ပြုရန်လိုအပ်ပါသည်.. ကိုယ့်ကြောင့် သူတပါး၏ ရှင်သန်ခြင်းကိစ္စ၌ အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း ရှင်သန်ခြင်းကိုရပ်တန့်သွားစေလျှင်သော် လည်းကောင်းဖြစ်ခဲ့လျှင် နှစ်ဦးစလုံးမကောင်းပါ.. အဘယ်နည်းဟူမူ တဘက်သူများသည်လည်း တုံ့ပြန်တတ်သော၊ တုံ့ပြန်နိုင်သော ပုထုဇဉ်များဖြစ်သောကြောင့် ဖြစ်သည်... ထိုသို့ဖြစ်ခဲ့လျှင် ငြိမ်းအေးစွာအတူယှဉ်တွဲ နေထိုင်ရေးမှု ပျက်သုန်းသွားပြီး ဘဝတလျှောက် ပူလောင်မှု စိတ်သောကဖိစီးမှုများဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိဖြစ်စေ သေဆုံးသည့်အချိန်ထိဖြစ်စေ ခံစားသွားရနိုင်ပါသည်..မလုပ်ခဲ့ဘူးလို့ သဘောထားလိုက်ပါ၊ မပြောဆိုခဲ့ဘူးလို့ သဘောထားလိုက်ပါဟုဆို၍မရတော့ပါ..

အချို့သူများလည်းရှိပါသေးသည်.. မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ အလုပ်ဋ္ဌာန စသည်တို့တွင် မလိုမုန်းထား၍ ချေထိုးခြင်း၊ ဂုံးချောခြင်း၊ တိုက်တွန်းခြင်းတို့ကို ပြုမူတတ်ကြပါသည်.. ထိုသူများကို အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကိုမေးကြည့်ပါက များသောအားဖြင့် ကြည့်မရ၍ဟုဖြေဆိုတတ်ကြပါသည်.. ကြည့်မရတိုင်း ဤသို့ပြုမူနေပါက မိမိ၌လူမုန်းများလာခြင်းသာ ဖြစ်လာပါလိမ့်မည်...
အချုပ်အားဖြင့်ဆိုရသော် လူရယ်လို့ဖြစ်တည်ခိုက်မှာ လူပီသရန်နှင့် အဓိပ္ပါယ်ရှိသော လူသားဘဝကိုရယူရန်ဖြစ်ပါသည်.. လူ့ဘဝတွင် ငွေရှာရန်တစ်ခုထဲအတွက် မဟုတ်ပါ.. စီးစိမ်းခံစားရန်တစ်ခုထဲအတွက်လည်း မဟုတ်ပါ.. သို့ဆိုလျှင် ရှင်တော်မြတ်ဗုဒ္ဓသည် လူ့ဘဝကို ဒုလ္လဘတရားတစ်ခုအဖြစ် ထည့်သွင်းဟောကြားခဲ့မည် မဟုတ်ပါ.. လူတိုင်းလူတိုင်းသည် ဘယ်အရာသည်ကောင်းမှု ဘယ်အရာသည် မကောင်းမှုဟု သိကြသည်သာဖြစ်၏.. မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ကာ ဤသတ္တလောကကြီးတွင် ငြိမ်းအေးချမ်းသာစွာ အတူယှဉ်တွဲနေထိုင်ကြပြီး အဓိပ္ပါယ်ရှိ၍ လူပီသသောသူများဖြစ်နိုင်ကြစေရန် စေတနာရှေ့ထားရေးသားပေးလိုက်ရပေသည်..

Wednesday, October 01, 2008

လက်ငင်း

ဘ၀တစ်လျှောက် အသက်ရှင်ရပ်တည်လာရာဝယ် လူတစ်ယောက်အနေဖြင့် မိမိအတွက် ဘာတွေ ဘယ်လောက်လုပ်ကိုင်ပြီးသလဲ... အများအကျိုးစီးပွားအတွက် ဘယ်လောက်လုပ်ဖူးပြီလဲလို့ ပြန်စဉ်းစားကြည့်ဖူးကြပါသလား.. စဉ်းစားဖူးကြသူများလဲ ရှိမယ်.. မစဉ်းစားမိသေးသူများလဲ ရှိမယ်ထင်ပါတယ်.. ဒီနေရာမှာ မိမိအကျိုးဆိုကတော့ရှင်းပါတယ်... ပညာရေး စီးပွားရေး ကုသိုလ်ရေးတွေ ရနိုင်သလောက်လုပ်ကြတာပါ... အများအကျိုးဆိုတာကတော့ လူမှုရေး အသင်းအဖွဲ့တွေမှာ ၀င်ရောက်လုပ်ကိုင်မှု ရပ်ရွာအရေးတွေမှာ ပြုမူဆောင်ရွက်မှု လူသားမျိုးနွယ်အတွက် တီထွင်ဖန်တီးမှု စသည်တို့ဖြစ်ပါတယ်...

အများအကျိုးစီးပွားအတွက် လုပ်ဆောင်ရာမှာ ကြီးကြီးကျယ်ကျယ်မြို့ရွာသိ နိုင်ငံသိ ကမ္ဘာသိလုပ်နိုင်ကြသူများရှိကြသလို တစ်နိုင်တပိုင်အများသိစရာမလိုဘဲ လုပ်ကြသူများလဲရှိကြပါတယ်...
ဥပမာ ရထား ကားပေါ်မှာ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်မိခင်များအတွက်နေရာ ဖယ်ပေးတာတို့၊ မနိုင်မနင်းဖြစ်လာသူကို ၀ိုင်းကူသယ်ပေးတာတို့ ငွေကြေး အဆင်အပြေ၍ အကူအညီတောင်းလာသူကို ကိုယ်နိုင်သလောက်ပေးကမ်းကူညီတာတို့ ပြုလုပ်ခြင်း စသည်ဖြင့်ပါ....

ဤသို့ပြုလုပ်ရာဝယ် ထိုသူများ၏ ကျေးဇူးတုံ့ပြန်မှုကို မျှော်လင့်လို့မရပါဘူး... အဘယ်ကြောင့်ဆိုသော် ထိုသူများထဲတွင် ကျေးဇူးပြန်ဆပ်သူများရှိသလို မဆပ်သူများလဲရှိပါတယ်.. မိမိအခက်အခဲရှိ၍ ပြန်လည်အကူအညီ တောင်းခံရာတွင် ပြန်ပေးနိုင်သော အခြေအနေရှိနေပါရက်နှင့် အဆင်မပြေသေးလို့ပါ.. မလွယ်သေးလို့ပါဆိုသော စကားများဖြင့် ကျေးဆွတ်မှုများလဲရှိတတ်ပါတယ်.. ပြန်ရရန် မသေချာပါ.. ထို့ကြောင့် အများအကျိုး အတွက် ဒုက္ခရောက်နေသူများအတွက် ကူညီလုပ်ဆောင်ရာတွင် ပြန်လည်တုံ့ပြန်မှုကို မမျှော်လင့်အပ်ပါ.. နောင်တစ်ချိန်မှပြန်ရမည့် အကျိုးကို မျှော်လင့်တာထက် ယခုချက်ခြင်းလက်ငင်းအကျိုးရမှုကိုသာ လက်မလွတ်အောင် ယူထိုက်ပါသည်... ရခဲ့ရင်တော့ မိမိအတွက်ပေါ့..

လက်ငင်းအကျိုး ဆိုရာဝယ်.. ဘယ်လိုရမှာလဲ၊ ဘယ်လိုယူရမှာလဲ..... ဒီနေရာမှာ ကျွန်တော်ကြုံခဲ့ဖူးတဲ့ အကြောင်းလေးတစ်ခုကို ဥပမာပေးတင်ပြချင်ပါတယ်..
ကျွန်တော့်အိမ်နီးချင်း အရက်သမားတစ်ယောက်နှင့် စကားပြောခဲ့ကြစဉ်ကပါ....
ထိုသူမှာ တိရိစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ပြီး ဘာသာမဲ့တစ်ယောက်လဲဖြစ်ပါတယ်.. ၎င်း၏ဇနီးသည်က ဘုရားစင်တွင် ပန်းကပ်လှူခြင်း ဆွမ်းတော်တင်ခြင်းပြုလုပ်သည်ကို ကုန်တယ်.. ခမ်းတယ်.. အလကား အလုပ်ရှုပ်တယ်ဆိုပြီး အိမ်ဘုရားစင်တွင် ဘုရားဆင်းတုတော်ထီးထီးကြီးသားလျှင်ရှိပါတယ်.. တစ်နေ့ ၎င်းနှင့်စကားပြောဆိုနေစဉ် ....

ထိုသူမှ ကျွန်တော့်အား " ဒီမှာဗျ.. ခင်ဗျားတို့ဘုရားရှိခိုးနေတာ ကုသိုလ်ရဖို့ မဟုတ်လား.. တကယ်လို့ ကုသိုလ်ရတယ်ဆိုရင် ကုသိုလ် ဘယ်လိုရသလဲ" ဟု ကျွန်တော့်ကို မေးပါတယ်...

ထိုသူမျိုးကဲ့သို့ အမေးကို ဖြေဖို့ရာလက်ငင်းအကျိုးပြနိုင်မှလက်ခံလိမ့်မယ်လို့ယူဆမိသည့် အတွက် လက်ငင်း အကျိုးတရားကိုသာလျှင်ပြန်လည်ဖြေကြားခဲ့ပါသည်...

" ဦး...... အနေနှင့် ဒေါသဖြစ်နေလျှင် ဘုရားရှိခိုးနိုင်ပါသလား.. သောကဗျားပါဒတောက်လောင်နေချိန်မှာ ဘုရားရှိခိုးနိုင်ပါသလား... " ဟုမေးသောအခါ.. မည်သို့မျှပြန်မဖြေပါ...
ကျွန်တော်က ဆက်၍ " အေးအေးချမ်းချမ်းဖြင့် ဘုရားရှိခိုးနေသူ၏ နှလုံးစိတ်ဝမ်းသည် ငြိမ်းအေးချမ်းသာမှုကိုဆောင်သော အကျိုးကို လက်ငင်းခံစားရမည်.. ကိလေသာမီး လောင်မြိုက်၍ လောဘ၊ ဒေါသဖြစ်နေသူသည် ပူလောင်မှုကိုသာခံစားရမည်.. ကုသိုလ်ရသည် မရသည်မှာ မိမိ အလုပ်မဟုတ်.. ကုသိုလ်အလုပ်သာဖြစ်ပါတယ်.. " ဟု ဖြေဆိုခဲ့ပါသည်..

ထိုကဲ့သို့ပင် မည်သည့်အလုပ်ကိုပြုသည်ဖြစ်စေ နောင်အကျိုးကို မျှော်လင့်ခြင်းထက် ယခုချက်ခြင်းရမည့်အကျိုးကို လက်မလွှတ်မိစေဖို့လိုပါသည်.. သူတပါးကို ကူညီလိုက်၍ စိတ်၏ပျော်ရွှင်မှု၊ ပီတိ၊ အေးငြိမ်းချမ်းသာမှုတို့ကို လက်ငင်းခံစား၍ မိမိအကျိုးကို အရယူနိုင်ကြပါစေ....