Showing posts with label ကိုရီးယား-ရှန်ဟိုင်းခရီးစဉ်. Show all posts
Showing posts with label ကိုရီးယား-ရှန်ဟိုင်းခရီးစဉ်. Show all posts

Thursday, July 09, 2015

၂၀၁၄ ကိုရီးယား ခရီးစဉ်ပိုစ့်များ ပေါင်းချုပ်

မနှစ်က ဒီလိုအချိန်ဆို ကိုရီးယားစစရောက်ပြီး ဘူဆန်းမြို့ကို သွားတဲ့ အမြန်ရထားပေါ်မှာ ပျော်နေတဲ့ ကိုယ်ရယ်။ ကိုယ့်အစ်မရယ်။ သူငယ်ချင်းရယ်ကို ပြန်တွေးမိရင်း ကိုယ့် ကိုရီးယားခရီးသွားပိုစ့်လေးတွ ကိုယ့် ဒါယာရီအဖြစ် ပြန်ဖတ်ချင်လာတယ်။
ခရီးစဉ်တွေကို Label နဲ့ မရှာတတ်တဲ့လူတွေ တစ်စုတစ်စီးတည်း တွေ့ရအောင် အောက်မှာ လင်ခ့်လေးတွေလုပ်ထားပေးချင်စိတ်ဖြစ်လာတယ်။ အဆင်ပြေမယ်ထင်တယ်။

၁။ How to travel smart to Korea (ဗီဇာလျှောက်ထားခြင်းနဲ့ ကိုရီးယားသွားလည်မဲ့သူများ သိကောင်းစရာလေးတွေအကြောင်း) 



၂။ Free & Easy Korea Day 1 (Part 1): (လေဆိပ် အမြန်ရထား၊ နယ်ဝေးအမြန်ရထား KTX train၊ ဘူဆန်းမြို့ Taejongdae ပန်းခြံ) 

၃။ Free & Easy Korea Day 1 (Part 2): Busan (Gamcheon Culture Village -> Jalgachi Fish Market) 

၄။ Free & Easy Korea trip Day 2: Busan (Haeundae Beach -> Damaji Hill -> Lunch -> Haedong Yonggungsa Temple -> Seoul)


၅။ Free & Easy Korea Trip Day 3 (Part 1): Korean Folk Village (ကိုရီးယား ရိုးရာ ကျေးရွာပန်းခြံ)

၆။ Free & Easy Korea Trip Day 3 (Part 2): Everland (အဲဗားလန်း အပျော်စီးယာဉ်နဲ့ ဖျော်ဖြေရေးပန်းခြံ) -> ဂန်နမ်မှာ လမ်းဘေးစာစားရင်း ဂန်နမ်စတိုင်တွေကို လေ့လာခဲ့တဲ့ ညတစ်ည


၇။ Free & Easy Korea Trip Day 4:
Petite France (ပြင်သစ်စတိုင် အဆောက်အဦးတွေနဲ့ နေရာလေး)
Nami Island (ကိုရီးယားကားတွေတော်တော်များများထဲ ပါဖူးတဲ့ အပင်တွေတန်းစီနေတဲ့ ကျွန်းလှလှလေး)
Sauna Experience (ကိုရီးယား ရေနွေးငွေ့ခန်းခေါ် ဆောင်နာ အတွေ့အကြုံ)


၈။ Free & Easy Korea Trip Day 5:
Free Hanbok photo taking (ကိုရီးယား ရိုးရာဝတ်စုံ ဟန်ဘုတ်ဖြင့် ဓာတ်ပုံ အလကားရိုက်လို့ရ),
Myeong Dong shopping (မြုံဒုံးမှာ ဈေးဝယ်ထွက်ကြ),
Namsangol Hanok village (ဆိုလ်းမြို့လည်ခေါင်က ဟနုတ်ရွာသို့ တစ်ခေါက်)
Cheongyecheong River (ရုပ်ရှင်တွေထဲပါနေကျ မြို့လည်ခေါင်က ချောင်းကလေးနား)


၉။ Free & Easy Korea Trip Day 6 :
Gyeongbukgung Palace(ဆိုလ်းမြို့လည်ခေါင်က အကြီးဆုံး ဂရုံဘုတ်ဂုံး နန်းတော်,
N Seoul Tower (ဆိုလ်းတာဝါ)
And back to reality (ကိုယ့်ဌာနေဆီသို့)

Wednesday, January 21, 2015

Free & Easy Korea Trip Day 6 - Gyeongbukgung Palace, N Seoul Tower and back to reality


Date: 14th July 2014, Monday
ကျွန်မတို့ စကာင်္ပူပြန်မဲ့လေယာဉ်ချိန်က ညနေ ၄နာရီလောက်မှဆိုတော့ မနက်ပိုင်းတစ်ပိုင်းကို သွားဖို့ ချန်ထားခဲ့တဲ့ မြို့ထဲက Gwanghwamun ဂိတ်နဲ့ Gyeongbukgung နန်းတော်၊ နောက်ပြီး ကျွန်မတို့ တည်းခိုခန်းဘေးမှာတင်ရှိတဲ့ နန့်ဆန်းတောင်ပေါ်က ဆိုလ်းတာဝါ စတဲ့ နေရာတွေ အလှည့်ပဲဖြစ်ပါတယ်။ တည်းခိုခန်းမှာ မနက် ၉နာရီလောက် ကိုဖေစစ်နိုင်လာခေါ်ပါတယ်။ တည်းခိုခန်းဝန်းထဲက ဥယျာဉ်လေးထဲမှာ ဓာတ်ပုံရိုက်လိုက်ပါသေးတယ်။


24 Namsam Guest house ၀န်းအတွင်းက ပန်းခြံလေး...


We were not happy with their service for not keeping their words... We will not stay there again.

Greeting to Gwanghwamun Gate


Gwanghwamun ဂိတ်ဆိုတာက Gyeongbukgung နန်းတော် ဝင်ပေါက်တွေထဲက အဓိက ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။ မူလ Gwanghwamun ဂိတ်ကို ၁၃၉၅ ခုနှစ် ဂျုံဆွန်းခေတ်မှာ Granite (နှမ်းဖတ်ကျောက်၊ လိပ်သည်းကျောက်) ကျောက်တုံးတွေ စတင်တည်ဆောက်ခဲ့တာဖြစ်တယ်။ Gwanghwamun ဂိတ်မှာ ကိုရီးယားလူမျိုးတွေအတွက် နာကျင်စရာ သမိုင်းကြောင်း တွေရှိခဲ့ပါတယ်။ ဂျပန် ကိုလိုနီခေတ်က ဂျပန်စစ်ဗိုလ်ချုပ်တစ်ယောက်ဟာ ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဓာတ်တွေကို ချိုးနှိမ်ဖို့အတွက် ဒီမူလ ဂိတ်ကြီးကို ဖြတ်ပြီး သူတို့ ဂျပန်အစိုးရအဆောက်အဦးကို ဆောက်လုပ်ခဲ့ပါတယ်။ လက်ရှိမြင်နေရတဲ့ ဂိတ်ကြီးက ၁၉၆၈ ခုနှစ်မှာ ကွန်ကရစ်ကို အသုံးပြုပြီး ပြန်လည်တည်ဆောက်ထားတာဖြစ်ပြီး မူလ ဂိတ်ထက် ၁၀ မီတာ နောက်ရောက်တယ်လို့ သိရပါတယ်။ အဲ့ဒိအတွက်ကြောင့် ရှိသမျှ နန်းတော်ဝင်ဂိတ် ၅ခုထဲမှာ Gwanghwamun ဂိတ်က အလှဆုံးပေမဲ့ ကိုရီးယားအစိုးရက တိုင်းပြည်ရဲ့ အမွေအနှစ် တစ်ခုအနေနဲ့ သတ်မှတ်ခြင်းမခံရပါဘူးတဲ့။

Gwanghwamun က မနေ့က ညနေက ကျွန်မတို့ရောက်ခဲ့တဲ့ ကျောက်ရုပ်ကြီးတွေနောက်က ဂိတ်ပဲဆိုတော့ ပြန်သွားရတာ မခက်ပါဘူး။ အဲ့ဒိဂိတ်ရှေ့မကူးခင် အဆောက်အဆုံတစ်ခုက ပိုစတာမှာ “Radio & TV change the world” လို့ရေးထားလို့ သူတို့လို ရုပ်ရှင်တွေ Kpop တွေနဲ့ အာရှစျေးကွက်ကိုဖောက်ခဲ့တဲ့ နိုင်ငံအတွက်တော့ ဟုတ်မှာပေါ့ဆိုပြီး သဘောကျမိတာနဲ့ အဲဒိစာသားကို ဓာတ်ပုံရိုက်ဖို့ အစ်မကိုပြောတော့ အစ်မနဲ့သူငယ်ချင်းနဲ့ ၂ယောက်က ဘာမှ မထူးဆန်းတဲ့ အဲဒိ အဆောက်အအုံကြီး ဓာတ်ပုံရိုက်ကျန်ခဲ့ကြရော။ ကိုဖေစစ်နိုင်ကြီးက အချိန်မမှီမှာစိုးလို့ ရှေ့က သုတ်သုတ်သွားနေတာ နောက်လှည့်ကြည့်တော့ ပါမလာကြဘူးဆိုတော့ ဘာလုပ်နေတာလဲတဲ့… ကိုယ်က အော် သူတို့ ဟိုမှာ ဓာတ်ပုံရိုက်နေတာဆိုတော့ သူက နားမလည်နိုင်တဲ့ပုံစံနဲ့ အဲ့မှာ ဘာရှိလို့လဲတဲ့။ ဘာထူးခြားလို့လဲတဲ့။ အမှန်တော့ ဘာမှလဲ မထူးခြားပါဘူး။ ဒီလိုပဲရိုက်ချင်လို့ရိုက်တာလို့ တိုးရစ်ဆိုတာအဲလိုပဲလို့ မဗေဒါကပြောတော့ သူနားမလည်နိုင်ဖြစ်နေတဲ့ပုံက တကယ်ရီစရာကောင်းတယ်။ အင်းပေါ့လေ… အမြဲနေနေတဲ့သူအတွက်က ဘာမှ မထူးဆန်းဘူးလေ။ ခဏလာတဲ့သူအတွက်ကတော့ ရောက်တုန်းလေး ရတာ အကုန်ရိုက်မှာပေါ့။ (ငယ်ငယ်ကတည်းက ရွှေတိဂုံဘုရားသွားရင် ဘာဓာတ်ပုံမှ မရိုက်ဖြစ်လို့ ခုမြန်မာပြည်ပြန်မှ တန်ဖိုးသိပြီး ခဏခဏရိုက်ဖြစ်သလိုပေါ့) အရမ်းနီးနေရင် မမြင်တတ်တော့တာ သဘာဝပဲ။

ဂိတ်ပေါက်မှတော့ လူများတယ် ပြီးတော့ အရမ်းနီးရင် ဓာတ်ပုံထဲ မပါတော့ဘူးလေ။ အဲဒါကြောင့် မနေ့က ကျောက်ရုပ်ကြီးတွေဆောက်ထားတဲ့ အလယ်ကြော ပလက်ဖောင်းဘက်ကရိုက်မယ်တဲ့… ကားလမ်းမအလယ်က ပလက်ဖောင်းအလယ်ကြော၊ နေတော့ပူတယ်၊ အရိပ်လဲမရှိဘူး။ ရှက်တော့ရှက်တာပေါ့။ ဒါပေမဲ့ ကိုယ်က တိုးရစ်ပဲ ရိုက်ရမှာပေါ့နော်။


Guanghwamum Gate နဲ႔အတူ...


Gyeongbukgung နန်းတော် ကို အလည်တစ်ခေါက်



Gwanhuamun Gate ကနေ ဝင်လိုက်ရင် Gyeongbukgung နန်းတော်ထဲထပ်ဝင်ဖို့ အုတ်တံတိုင်း

အထဲကို ဝင်တော့ ဝင်ကြေး တစ်ယောက်ကို ဝမ် ၃၀၀၀ ပေးရတယ်။ ဝင်ကြေးပေးတဲ့ အပေါက်ရှေ့မှာပဲ ကိုရီးယားတွေတီးတဲ့ ဗုံကြီးချထားတယ်။
နန်းတော်အကြောင်း ဗဟုသုတအနေနဲ့ နည်းနည်းပြောရရင်တော့ ဒီနန်းတော်ကို ၁၃၉၅ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး “မြောက်ဘက်နန်းတော်” (Northern Palace) လို့လဲ ခေါ်တယ်။ နန်းတော် ၅ခုရှိတဲ့အထဲမှာ အလှပဆုံးနဲ့ အခန်းနားဆုံး နန်းတော်ဖြစ်တယ်။ ၁၅၀၀ ခုနှစ်တွေမှာ နန်းတော် မီးလောင်တာရယ်၊ ဂျပန်တွေနဲ့ စစ်ဖြစ် ခဲ့တာတွေရယ်ကြောင့် နန်းတော်ရဲ့ တချို့နေရာတွေ ပျက်စီးခဲ့ပေမဲ့ ၁၈၆၄ ခုနှစ် Heungseon Daewongun နန်းတက်တဲ့အခါမှာ ဟိုး King Sejong ခေတ်က ရှိခဲ့တဲ့ နန်းတော်ခန်း ၇၇၀၀ အတိုင်း ပြန်ပြီး restore လုပ်ခဲ့တယ်။ Joseon ခေတ်ကတည်းက မူလအတိုင်းရှိနေတဲ့ အဆောက်အဦးဆိုလို့ နန်းတော်ထဲက ရေကန်ရယ် (Hyangwonjeong Pond)၊ အဲ့ရေကန်ထဲမှာဆောက်ထားတဲ့ ဇရပ်ရယ် (Gyeonghoe-ru Pavilion) ပဲရှိပြီး ရှေးဟောင်း လက်ရာတွေကို တွေ့နိုင်တယ်။


ဝန်းထဲက ကိုရီးယား ဗုံနဲ့...

General Tourist Information
Closed on Tuesdays (အင်္ဂါနေ့ပိတ်သည်)
Operating Hours (ဖွင့်ချိန်)
January-February 09:00-17:00 / March-May 09:00-18:00
June-August 09:00-18:30 / September-October 09:00-18:00
November-December 09:00-17:00
* Last admission: 1 hr before closing.
* Operating hours are subject to change depending on circumstances.

[Summer special operating hours (7.30-8.11.2014)]
19:00~22:00 (last admission at 21:00)
※ Ticket box will close 1hr before closing time.
※ Times are subject to change.

Admission Fees (ဝင်ကြေး)
Adults (ages 19-64): 3,000 won / Group (over 10): 2,400 won
Children (ages 7-18): 1,500 won / Group (over 10): 1,200 won

Directions (လမ်းညွှန်)
Gyeongbokgung Palace Station (Seoul Subway Line 3), Exit 5.
OR,
Gwanghwamun Station (Seoul Subway Line 5), Exit 2.

ပိုသိချင်ရင် ဒီမှာဖတ် http://english.visitkorea.or.kr/enu/SI/SI_EN_3_1_1_1.jsp?cid=264337 .

ဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ တန်းတွေ့တာကတော့ အဆောင်အကြီးကြီးတစ်ခုပေါ့။ အဲ့သွားတဲ့သူတိုင်းတော့ အဲ့မှာ ဓာတ်ပုံရိုက်ကြမှာပါ။ ရုပ်ရှင်တွေထဲကလိုပဲ တံတိုင်းနဲ့ ကပ်ရပ်မှာတော့ လူသွားစင်္ကြန် အမိုးတွေရှိတယ်။ အဆောင်ကြီးကသာ အလည်မှာထီးထီး။ ဘုရင်တွေ ပွဲလုပ်ရင် အဲဒိ ကွင်းပြင်ကြီးမှာ မူးကြီးမတ်ရာတွေ စစ်သည်တွေ တန်းစီရပ်ရတာ ရုပ်ရှင်ထဲမှာ မြင်ဖူးတယ်ဟုတ်? အဲ့ဒိနန်းတော်ထဲမှာလဲ ရုပ်ရှင်တော်တော်များများရိုက်ဖူးတယ်။ ခုလောလောဆယ်မှတ်မိနေတာတော့ Rooftop Prince ရိုက်ဖူးတာတော့ သေချာတယ်။


နန်းတော်ဝန်းထဲ ဝင်ခါနီး...


Snap shot by my friend...


Over there!!

Photograph by Phay Sitt Naing

နန်းတော်ဝန်းက အတော်ကြီးတယ် တခြားဘက်မှာဘာတွေရှိလဲတော့မသိဘူး။ ကိုယ်တွေလဲ အပေါ်ယံပဲကြည့်ဖြစ်တယ်။ တခြား တိုးရစ်တွေအရမ်းများလို့။ ပြီးတော့ ကိုယ့်နိုင်ငံက နန်းတော်ကို ပိုခမ်းနားတယ်လို့ထင်လို့ (ရှူးတိုးတိုး…. ကိုရီးယားတွေကိုတော့ မပြောနဲ့နော်)… နောက်တစ်ချက်က အချိန်မလောက်မှာစိုးလို့… Seoul Tower သွားဖို့ ကျန်သေးတယ်လေ။ ရေကန်နဲ့ ဇရပ်ဘက်ကိုတော့ ရောက်ဖြစ်တယ်။ ဓာတ်ပုံရိုက်ဘာရိုက်ပေါ့။ ၂၀၀၉ တုန်းက လာတုန်းက ဂိုက်ရှင်းပြထားတဲ့ အဲဒိ Pavilion အမိုးဒေါင့်က မျောက်ရုပ်ထုတွေဘာတွေကိုတော့ မှတ်မိနေပါသေးတယ်။ အကြောင်းအရာတော့ ခပ်မေ့မေ့ပေါ့။

အဲဒိနေ့ ဓာတ်ပုံရိုက်ရတာ ကိုယ့်ကိုကိုယ် စိတ်တိုင်း မကျလှပါဘူး။ ဝတ်လာမိတဲ့ အကျီင်္က ခါးအောက်ပိုင်းကို အစည်းဖြစ်နေတော့ ဓာတ်ပုံထဲမှာ နဂိုထက် ပိုဝတယ်လို့ထင်ရတယ်။ လူက အစကတည်းက ဝပါတယ်ဆိုမှ။ မျက်နှာကပ်ရိုက်တော့လဲ မျက်နှာကပြဲ… ဟီး… ဓာတ်ပုံဆရာကတော့ မနေ့ကထက် အတော်တိုးတက်လာတယ်။ ကျွန်မတို့ ဘယ်လိုပုံလိုချင်လဲ သဘောပေါက်လာတယ်။

ဘေးဘက်က လမ်းလျှောက်တဲ့ ကော်ရီဒါ...

ဖိုတိုဂရက်ဖာ သူငယ်ချင်းရှိတာ Group photo လှလှရိုက်ဖို့ အဆင်အရမ်းပြေ... :P

နန်းတော်ထဲက ရေကန်... Roof top prince ဒီမှာလာရိုက်သလား မသိ...

Another group photo...

My sis လက္ရာ...

Photograph by my friend...

Yay.... Group selfie with my Gopro...

အဲဒိမှာ ခဏပဲနေပြီး Seoul Tower သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ နန်းတော် ကနေ တိုက်စီနဲ့ပဲသွားဖြစ်တယ်။ Cable car ရှိတဲ့နေရာ ဒုတ်ဒုတ်ရောက်။ ကိုဖေစစ်နိုင်က တိုက်စီခတွေရော နန်းတော်ဝင်ကြေးတွေရော ပိုက်ဆံတွေ ဇွတ်ရှင်းလို့ တိုက်စီခတော့ မနည်းလုပေးရတယ်။ လူက တစ်နေရာရောက်တိုင်း ပိုက်ဆံလုရှင်းနေရတော့ စိတ်ရှုပ်လာလို့ သူ့ကို အော်လိုက်မိတယ်။ ရှင်းပြလဲ မရဘူး။ မဟုတ်ဘူး ဧည့်သည်က မပေးနဲ့ အိမ်ရှင်ကပဲ ပေးမယ်ဆိုတာချည်း ဇွတ်။ မဗေဒါက အစကတည်းက အသံက ကျယ်ကျယ်ဆိုတော့ သူငယ်ချင်းနဲ့ အစ်မက အားတွေနာပြီး ကျွန်မကို ဆူတယ်။ အဲ့လို အော်မှပဲ မျက်လုံးလေးပြူးပြီး ရှင်းပြတာကို နားထောင်တော့တယ်။ ကိုယ်တွေက ကိုရီးယားပိုက်ဆံတွေပိုနေတာ။ အကြွေတွေကိုလဲ ရှင်းထုတ်ချင်နေတာ။ သူချည်းပေးနေတော့ ကိုယ့်မှာရှင်းထုတ်ဖို့ အခွင့်မရဖြစ်နေတယ်။ (မဗေဒါအကျင့်ကလဲ ၂ခါထပ် ပိုပြောရရင် သိပ်စိတ်မရှည်ချင်ဘူးလေ။ ကိုယ်တကယ်မပေးချင်ပဲ မကောင်းတတ်လို့ ဟန်လုပ်ပေးတာဆိုရင် ၂ခါပဲ offer လုပ်တယ်။ အဲလိုမှ မဟုတ်ပဲ ကိုယ်က တကယ်ပေးချင်နေတာကို ခုလို အာပေါက်အောင် လုပြောနေရရင် စိတ်မရှည်တော့ဘူး။ )

Local အနေနဲ့ ရောက်တဲ့နေ့က ညစာကြွေးပြီးပြီ တော်ပြီပေါ့။ ခုလို လျှောက်လိုက်ပို့နေရတာတောင် အချိန်ရော ပိုက်ဆံရော ကိုယ်နဲ့အတူလိုက် ကုန်တာကို ကျေးဇူးတင်လှပြီ။ လူတစ်ယောက်ကို အကောင်းဆုံး ပေးနိုင်တဲ့လက်ဆောင်က ကိုယ့်အချိန်ပဲတဲ့။ အဲဒိအတွက် သူကျွန်မတို့ကို ခုလို အချိန်ပေးတာကို ဝမ်းသာတယ်။ ပြီးတော့ ဘာမှ ပြန်မမျှော်လင့်ပဲ ခုလို လိုက်ပို့ ကူညီတာကို အသိအမှတ်တကယ်ပြုတယ်။ အမှန်ဆို ကိုယ်က သူရိုက်တဲ့ Short flim “Parkku” ဆိုတာကိုကြည့်ပြီး သူ့ပရိတ်သတ်ဖြစ်နေတာ။ ခုတော့ မိတ်ဆွေပါဖြစ်ရလို့ ကျေနပ်နေတာ။ ဒါပေမဲ့ သူကလဲ မဗေဒါတို့ကို မိန်းကလေးတွေပေမဲ့ လည်လည်ဝယ်ဝယ် ထက်ထက်မြက်မြက်နဲ့ ခရီးတွေသွား၊ စာတွေလဲရေးတယ်ဆိုပြီး ခင်နေတာ။ သူကပဲ ကိုယ်ကိုပြန် admire လုပ်လိုက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်မလိုချင်တဲ့ ဘာဟန်ဆောင်မှုမှလဲမရှိ၊ ဘာအကျိုးအမြတ်မှလဲ ကိုယ့်ဆီကမကြည့်၊ awkward လဲ မဖြစ်၊ ရိုးသားတဲ့ သူငယ်ချင်းလို အစ်ကိုလို ခင်ရတဲ့ သူတစ်ယောက်ရလိုက်တယ်လို့ပဲ ခံစားရတယ်။ သူကျွန်မနိုင်ငံကို ပြန်လာလည်ဖြစ်မယ်ဆိုလဲ သူတာဝန်ကျေခဲ့သလောက် ကိုယ်ကလုပ်မှ လုပ်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျွန်မအခြေအနေပေးသလောက် သူ့ကို တာဝန်ကျေကျေ ဧည့်ခံဖို့ ဆုံးဖြတ်ထားတယ်။

Seoul Tower


Holding the Pudding treated by Ko Phay Sist Naing

တိုက်စီပေါ် ပိုက်ဆံလုရှင်းပြီးတော့ တစ်ခါ တာဝါပေါ်တက်ဖို့ လက်မှတ်အမြန်ပြေးဝယ်ရသေးတယ်။ ကျွန်မတို့ ၃ယောက်ဆို အားလုံး go Dutch သွားနေတာ။ ကိုယ့်ဟာကို စာရင်းမှတ်လို့ရတယ်။ အဲ့နောက်ဆုံးနေ့တော့ ပိုက်ဆံလုရှင်းနေရတာနဲ့ စာရင်းလဲ မှတ်ချိန်မရလို့ ဝင်ကြေးတွေ ခုမှ အင်တာနက်က ရှာရေးရတယ်။ ဒါတောင်ခုတစ်ခေါက်တော့ သိပ်လုမရှင်းရဘူး။ အောက်မှာ visit korea website က အင်ဖို ကော်ပီပေးမယ်။

Closed
N/A (Open all year round)
Operating Hours
Sunday-Thursday
Observatory: 10:00-23:00
Restaurant: 11:00-23:00
Alive Museum: 10:00-22:00 (Last entry: 21:00)

Friday-Saturday
Observatory: 10:00-24:00
Restaurants (n.GRILL/Hancook): 11:00-23:00
The place dining: 11:00-24:00 (Last seating: 23:00)
Alive Museum: 10:00-22:00

Admission Fees
[Observatory]
Adults 9,000 won / Children 7,000 won
[Alive Museum]
Adults 12,000 won / Children 6,000 won

※ Free admission to observatory for visitors using N Grill if they make a reservation in advance.
※ Free admission: Infants (ages under 36 month): limited to one guide per one baby, groups fee applies to group of kindergarten.

အပေါ်တက်ကြမယ်

ဝင်ပေါက်....

အပေါ်ကို Cable Car နဲ့ တက်ရတယ်။ Boy Over Flower မှာ လီမင်ဟိုနဲ့ မင်းသမီးစီးတဲ့ဟာပေါ့နော်။ မြင့်လာလေ အောက်က မြို့ကို Aerial view မြင်ရတာပေါ့။ အပေါ်ရောက်တော့ သစ်သားလှေကားလေးကို လမ်းလျှောက်တက်ရတယ်။ အဲဒိသစ်သား လက်ရမ်းတွေမှာ သူများတွေ စာတွေရေးထားတာတွေ့လို့ ကိုယ်တွေတောင် ကိုယ်ရောက်ခဲ့တဲ့ နေ့လေးနဲ့ ကိုယ့်နာမည်တွေရေးခဲ့သေးတယ်။ ကိုဖေစစ်နိုင်ကြီးကိုတော့ ဗွီဒီယိုကင်မရာပေးပြီး ရိုက်ချင်သလောက် ရိုက်ခွင့်ပေးထားတာ။ သူက ပရိုကြီးဆိုတော့ ကောင်းကောင်းရိုက်တတ်တာ သံသယဝင်စရာမရှိ။ သူရိုက်နေလို့တောင် ငါတို့ကို ပြူးပြူးပြဲပြဲကြီးဖြစ်အောင် မရိုက်နဲ့နော်ဆိုတော့။ “ကျွန်တော် အထူအပါးနားလည်သွားပြီ” လို့ ပြန်ပြောလို့ ရီရသေးတယ်။ သူ့ကိုပညာစမ်းတဲ့ မော်ဒယ် ၃ယောက်ရဲ့ Test အောင်သွားပြီ။ ဟီး….

တောင်ပေါ်ရောက်တော့ N Seoul Tower ရဲ့ အောက်ခြေမှာ Love padlocks တွေရှိတဲ့နေရာကိုရောက်တယ်။ နေတော့ အတော်ပူတယ်။ မဗေဒါက ခရီးထွက်လို့ နေနဲ့ လေထိတာနဲ့ မျက်နှာကအရင်ဆုံးမဲတယ်။ အသားညိုတဲ့သူဆိုတော့ မဲပြီးရင် တော်တော်နဲ့ ပြန်မဖြူတော့ဘူး။ ခုကိုရီးယားခရီးစဉ်က ပြန်လာတော့ အဝတ်ရှိတဲ့နေရာနဲ့ မရှိတဲ့နေရာတွေရဲ့ အသားရောင်ကွာတာက ရေကူးတဲ့သူတွေအတိုင်းပဲ။ ကိုယ်က ဒီခရီးစဉ် ဘောင်းဘီတိုတွေဝတ်တာများတော့ ပိုဆိုး။



Cable car ကထွက်လာရင် သစ်သားလှေကားလေး နည်းနည်းတက်ရတယ်... အဲ့မှာ သူများတွေလဲ ရေးထားလို့ လိုက်ရေးတာ..

နာမည်တွေ မြန်မာလိုထိုးခဲ့တယ်... နာမည်အရင်းတွေ သိချင် အဲ့မှာ သွားရှာ...

Love padlocks တွေနေရာမှာ ခဏပဲ ဓာတ်ပုံရိုက်ပြီး နေပူလို့ Seoul Tower ပေါ်ပဲတက်ဖြစ်ခဲ့တယ်။ လူက နေပူပြီး ပင်ပန်းလာတော့ ကော်ဖီဆိုင်လို အအေးဆိုင်လိုရှိရင် ဝင်ထိုင်ချင်မိတယ်။ အချိန်မလောက်မှာစိုးလို့။ အပေါ်မှာလဲ စားသောက်ဆိုင်ရှိတယ်ဆိုတာသိတယ်လေ။ (You who come from stars မှာလဲ ပါတယ်။ ဒါပေမဲ့ ဆိုင်ကလဲ ဖွင့်ကာစ လူလဲ သိပ်မရှိတာရော Menu လဲ ဒီလောက်မကြိုက်တာရော၊ ကိုရီးယား ကြက်ကြော်စားမယ်ဆုံးဖြတ်ထားတာရောကြောင့် မစားဖြစ်ခဲ့ဘူး)။

ချစ်သူတွေခတ်ကြတယ်ဆိုလား....

နေကပူပူ...

N Seoul Tower အကြောင်း ပြောရရင်တော့ သူ့ကို ၁၉၈၀ အောက်တိုဘာလမှာ public ကို ဖွင့်ပေးခဲ့တယ်။ အစကတော့့ Seoul Tower ပဲ ၂၀၀၅ ဒီဇင်ဘာလမှ ယခုလို ပိုကောင်းတဲ့ မီးစနစ်တွေ ဆေးရောင်တွေနဲ့ ပြုပြင်လိုက်တဲ့အတွက် N ဆိုတာ “New” ဆိုတဲ့ အဓိပ္ပါယ် Seoul Tower အသစ်ဆိုပြီး ထည့်ခဲ့တာ။ ၂၃၆.၇ မီတာမြင့်တဲ့ ဆိုလ်းတာဝါက ၂၄၃ မီတာမြင့်တဲ့ နမ်ဆမ်းတောင်ထိပ် (Namsan Mountain) ပေါ်မှာ ဆောက်ထားတော့ ဘေးပတ်ပတ်လည် ဧရိယာကို ၃၆၀ ဒီဂရီ မြင်ရတယ်လေ။ ရှူခင်းလှတာပေါ့။ Visit Korea website မှာတော့ အာရှမှာ ရှုခင်းအလှဆုံးလို့တောင် တင်စားခေါ်တယ်တဲ့။ (ဒါပေမဲ့ မဗေဒါအမြင်တော့ တာဝါတွေအားလုံး မတိမ်းမယိမ်းတွေချည်းပါပဲ။ ဂျပန်က တိုကျိုတာဝါဆို ဖူဂျီတောင်ကိုတောင် မြင်ရသေး။ ရှန်ဟိုင်းက တာဝါဆိုလဲ အမြင့်ကနေ မြင်ရတာပဲ။ ဟောင်ကောင်က The peak ဆိုရင် မှန်ခန်းမဟုတ်ပဲ outdoor ဆိုတော့ တမျိုးလေး ကြိုက်တာပဲ။ အားလုံးကတော့ မြို့ကို အပေါ်စီးကကြည့်တာချည်းပဲ။ မှတ်မှတ်ရရ တော်တော်လှတာကတော့ Gold Coast က Observatory deck ပဲ။ ကမ်းခြေကြီး တောက်လျှောက်မြင်ရတယ်။ သူကတော့ အာရှမှ မဟုတ်ပဲနော်)။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်ခဲ့တယ်ဆိုတာကို လိုချင်တာပဲလေ။ အဲ့ပေါ်ရောက်တော့ မဗေဒါတို့ ၃ယောက်ကတော့ တစ်ပတ်ပတ်ပြီး ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက်။ လိုကယ်ကြီးကတော့ တစ်နေရာမှာပဲ ပင်ပန်းပြီး ငုတ်တုတ်ထိုင် ကျန်ခဲ့တယ်။ သူ့ကင်မရာအိတ်ကလဲ လေးတာကိုး။ ပြီးတော့မေးသေးတယ် ကျွန်မတို့ကို ဘာတွေထူးလို့ ကြည့်တာလဲတဲ့။ ဟီး…. မြို့ကို အပေါ်က မြင်ရတယ်လေလို့။ ဆိုင်လေးတွေလျှောက်ကြည့်တယ်။ လူတွေကြည့်တယ်လေ။ အဲဒါကိုက အရသာပဲဟုတ်ဘူးလား။ တိုးရစ်လေ လို့။ သူဘာမေးမေး “တိုးရစ်လေ” လို့ ပြန်ဖြေတာထက် ဘာထက်ပြောရမှန်းမသိတော့ဘူး။ သိချင် ခရီးထွက်လို့တောင် ပြောရမလား။ တိုးရစ်ချင်းတူရင်တောင် စိတ်ဝင်စားမှုက ကွဲသေးတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း ခံစားမှုချင်းက တူချင်မှတူမှာ။ ကိုယ်တွေကတော့ ပျော်နေတာပဲ။
N Seoul Tower ကနေ နေပြည်တော် အကွာအဝေး...
တာဝါပေါ်က သကြားလုံးဆိုင်...

လက်ဆောင်ပစ္စည်း ၀ယ်ကြအုံးမလား...

အဲ့မှာ ရေးထားတဲ့အတိုင်းပဲ...

ဓာတ်ပုံတွေ ရွေးချင်ရင်..

ဒါကတော့ ဘာလဲ မသိ... ကြွေပြားကပ်တာပဲ...

အပေါ်က မြင်ကွင်း...

ညနေ ၂နာရီ ခွဲလောက်ကျတော့မှ Seoul Tower က ဆင်းလာကြတယ်။ Tower အောက်က Love Lock တွေနားမှာ စတိုးဆိုင်လေးတစ်ခုရှေ့မှာ ပူတင်း ကြော်ငြာစာရွက်တွေ့တာနဲ့ ကိုရီးယား ပူတင်းစားချင်သွားပြီး ဝင်ဝယ်ဖြစ်တယ်။ ပူတင်းကတော့ ဘယ်လောက်မှ စျေးမကြီးတော့ လုမရှင်းတော့ဘူး ပူတင်းဗူးလေးတွေ ကြိုက်တာယူပြီး ဆိုင်ထဲက ထွက်လာလိုက်တယ်။ (ဟီး…. မိုက်တယ်နော် ဒီလို နယ်ခံသူငယ်ချင်းရှိတာ။) အဲဒိကနေ တိုက်စီနဲ့ တောင်ခြေက ကျွန်မတို့ တည်းခိုခန်းရှိတဲ့ ရပ်ကွက်ဘက်ပြန်ဆင်းလာပြီး ကိုရီးယား ကြက်ကြော်ရောင်းတဲ့ဆိုင်ကို မောင်းလို့ တိုက်စီသမားပြောတော့ သူလဲ သေချာမသိဘူး… အဲ့နားမှာ စားသောက်ဆိုင်တွေများတော့ တဆိုင်ဆိုင်တော့ရှိမယ်ဆိုတာသိတယ်။ ဘယ်ဆိုင်လဲသာ သေချာမသိကြတာ။ တော်သေးတယ် မဗေဒါ မျက်လုံးရှင်ရှင်နဲ့ တွေ့လိုက်လို့။ တွေ့လိုက်တဲ့ဆိုင်မှာပဲ ကားရပ်ခိုင်းပြီး ဝင်စားဖြစ်တယ်။ တည်းခိုခန်းနဲ့လဲ သိပ်မဝေးဘူးလေ။

ကြက်ကြော်လိုက်ကျွေးဖို့ ဆုံးဖြတ်ဖြစ်တာကလဲ ဒီလို…. ကျွန်မတို့နဲ့ ပထမဆုံး ဆိုလ်းကိုရောက်တဲ့နေ့ကလဲ အသားတွေစားတာများပြီး ထမင်းမကုန်ကြဘူး။ မနေ့က မြုံဒုံးမှာ ညစာတူတူစားတော့လဲ အသားတွေပဲစားပြီး ထမင်းမကုန်ကြဘူး။ အဲဒါကြောင့် ကျွန်မတို့ပုံစံကို သူတော်တော်လေး သဘောပေါက်ပြီး “ညီမတို့တွေ ထမင်းမစားကြမှတော့ ကိုရီးယား ကြက်ကြော်ချည်းစားကြမလား” လို့ သူမေးတော့ ၃ယောက်လုံးက မျက်လုံးတွေလက်ပြီး သဘောတူလိုက်တာ။ ဟီး… ကိုယ်ဘာစားချင်လဲဆိုတာ ကိုယ်တောင် မသိဘူး နယ်ခံက မှန်းတတ်နေပြီ။

ကြက်ကြော် အချိုရယ် အစပ်ရယ်စားဖြစ်တယ်။ အကုန်စားကောင်းပါတယ်။ ကြက်ကြော်တွေလာချတာနဲ့ ကိုဖေစစ်နိုင်က စားမယ်အလုပ်။ ဒီကသုံးယောက်က ကင်မရာကြီးတွေနဲ့ ချိန်ကြလို့ သူ့ခမျာ မစားသေးပဲ စောင့်ရသေး။ ခွိ ခွိ… သူတို့ ကြက်ကြော်နဲ့ မုန်လာဥဖြူအတုံးလေးတွေလုပ်ထားတဲ့ ချဉ်ဖတ်က အတော်လေးလိုက်တယ်။ စားလို့ကောင်းလို့ ထပ်ထပ်တောင်းရတယ်။ ရုပ်ရှင်တွေထဲမှာတော့ မင်းသမီးတွေ ကြက်ကြော်နဲ့ ဘီယာဆိုပြီး တွဲဖက်စားနေကြတာပဲလေ။ ကိုယ်တွေကတော့ ဘီယာမပါလဲ စားကောင်းနေတာပဲ။


လွမ်းတယ် ကြက်ရယ်...

သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး...

စားသောက်ပြီးမှ တည်းခိုခန်းပြန် အထုတ်တွေယူပြီး တိုက်စီနဲ့ ဆိုလ်းဘူတာကိုသွား၊ အဲဒိကနေမှ Express Train နဲ့ လေဆိပ်ကိုဆင်းမှာလေ။ အပြန် Express Train ကတော့ အလာတုန်းကထက် နည်းနည်းလေး လူပိုတွေ့ရတယ်။ ဒါပေမဲ့ တကယ်ရထားထွက်တော့လဲ တစ်တွဲလုံး ကိုယ်တွေချည်းပါပဲ။ ရထားပေါ်မှာ ရီလိုက်မောလိုက် ဗွီဒီယိုရိုက်လိုက်ပါပဲ။

စိတ်ထဲမှာတော့ ၆ရက်ဆက်တိုက် သိပ်အနားမပေးထားတဲ့ ခန္ဓာကိုယ်ကို အိမ်ရောက်ရင် အနားယူရတော့မယ်။ ဒီခရီးကို လိုက်မယ်ဆိုပြီး နောက်မှ မလိုက်ဖြစ်တော့တဲ့ တစ်ယောက်သောသူလဲ တစ်ယောက်တည်း ပျင်းနေမှာပဲ၊ သူနဲ့လဲ ပြန်တွေ့ရတော့မယ်ဆိုပြီး အမြန်ပြန်ရောက်ချင်သလိုပေမဲ့။ အလုပ်လုပ်စရာမလို သွားလိုက်စားလိုက် Stress မရှိပဲ အသစ်သစ်ပတ်ဝန်းကျင်တွေ ထိတွေ့ ခံစားပြီး သူငယ်ချင်းတွေနဲ့ ရီလိုက်မောလိုက် နဲ့ ခရီးစဉ်ကြီး ပြီးဆုံးတော့မယ်၊ ဋ္ဌာနေပြန်ပြီး နေ့စဉ်အလုပ်တွေလုပ်ရတော့မယ်၊ ၁ပတ်လောက် ပြစ်ထားခဲ့တဲ့ အလုပ်တွေကို ဘယ်လို ပြန်အရှိန်ရအောင် ပြန်လုပ်ရမလဲ၊ ဘာတွေရော ထပ်စောင့်နေသေးလဲဆိုတဲ့ အတွေးနဲ့ စိတ်တွေက ခပ်လေးလေး လေးလဲ ဖြစ်နေပါတယ်။ ရထားက တော်တော်ကြာကြာလေးစီးရသေးတော့ အတွေးပေါင်းစုံပေါ့နော်။


ပြန်ရတော့မယ်ကွယ်...

ရထားပေါ်က ဆင်းပြီး Check in counter ရှာတော့မှ အတော်လေး စိတ်ညစ်ရပါတယ်။ ဆိုင်းဘုတ်ပြတဲ့နေရာမှာ စကာင်္ပူလောက် တိကျပြီး ရှင်းလင်းတာမရှိဘူး။ ကိုယ့် Flight က ဘယ်ချက်အင်ကောင်တာမှန်းကို သေချာမရေးထားတာ။ ရေးထားတဲ့ကောင်တာကိုသွားကြည့်တော့လဲ အဲဒိကောင်တာမှာပြနေတဲ့ Flight က ကိုယ့် Flight မဟုတ်ဘူး။ ကိုယ့် airline လဲ မဟုတ်ဘူး။ ကိုယ်သွားမဲ့ နိုင်ငံလဲ မဟုတ်ဘူး။ Board မှာပြနေတော့ ဒီကောင်တာပဲ။ ဒါနဲ့ အဲ့မှာပဲ ဝင်စီပြီး ကိုယ့်အလှည့်ရောက်ဖို့အတော် စောင့်လိုက်ရသေးတယ်။ ကိုယ့်အလှည့်ရောက်လို့ မေးတော့ ဒီကောင်တာမဟုတ်ဘူး ဟိုဘက် Roll က ကောင်တာတဲ့။ လေယာဉ်က Gate open ဖြစ်နေပြီ။ ဟိုဘက် Roll ကို ချက်အင်ဝင်ဖို့ပြေးတော့ တန်းစီနေတာက အရှည်ကြီးပဲ။ နောက်က လေယာဉ်ကဟာတောင် ချက်အင်ခေါ်နေပြီ။ ကိုယ့်လေယာဉ်က ပြီးလုဖြစ်နေပြီ။ တော်တော်လေးကို ယောက်ယက်ခပ်နေတာ။

ဒီလေယာဉ်ကြီးနဲ့ပေါ့...

တာ့တာ...

လေယာဉ်ပေါ်လဲ ထပ်စားတာပဲ... ကောင်းမှကောင်း... အမဲသားထင်တယ်...

နောက်မှ တာဝန်ရှိသူကို အခြေအနေပြောပြလိုက်တော့မှ ဒီဘက်ကောင်တာဖွင့်ပြီး လုပ်ပေးလိုက်တယ်။ လေယာဉ်ချိန်နီးနေတယ်ဆိုပေမဲ့ မဗေဒါတို့ လေဆိပ်ရောက်တာ ဒီလောက်တော့ နောက်မကျပါဘူး။ ဘာလို့ အဲ့လိုဖြစ်လဲတော့မသိဘူး။ ဒီခရီးစဉ်မှာ Korea Airline စျေးကြီးပေးစီးပြီး ချက်အင်လုပ်ရတာ အသွားရော အပြန်ရော အဆင်မပြေလို့ သဘောမကျဘူး။ ချက်အင်ပြီးတော့မှ အင်တာနက်မှာတွေ့ခဲ့တဲ့ Tax refund ကောင်တာရှာလို့မတွေ့တာနဲ့ ကောင်တာတစ်ခုက အစောင့်လိုလို ရဲလိုလိုလူတွေကို receipt ပြပြီးမေးတာ ကိုယ်ဘာမေးလဲ သူတို့နားလည်တယ်။ ပြန်ပြောတာကို ဘယ်လိုမှ နားမလည်ဘူး။ ဘာတွေပြောနေမှန်းလဲမသိဘူး။ သွားသွား ဝင်သွားလိုက်ဆိုတာချည်းပဲ။ အင်မီဂရေးရှင်းကို ဖြတ်ခိုင်းတယ်။ ဖြတ်ပြီး ဘယ်လိုယူရမယ်မှန်းလဲ သေချာမပြော။ သူတို့ကတော့ ပုံမှန်စကားပြောသလိုပဲထင်ပါတယ်။ ကိုယ့်အတွက်တော့ နည်းနည်းရိုင်းတယ်ထင်ရတယ်။ နောက်ဆုံးတော့ ကိုဖေစစ်နိုင်ကိုပဲ ကိုရီးယားလို မေးပေးဖို့ပြောလိုက်တော့မှ အင်မီဂရေးရှင်းဖြတ်ပြီး ဂိတ်ဘယ်လောက်မှာဆိုလဲမမှတ်မိတော့ဘူး အဲဒိမှာ သွားထုတ်ရမှာတဲ့။ ဒါနဲ့ ခပ်သုတ်သုတ်ပဲ နှုတ်ဆက်ပြီးဝင်လာလိုက်တယ်။ မဗေဒါထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ ခွဲရရင် Scene လုပ်ပြီး နှုတ်မဆက်တတ်ဘူး။ ကိုဖေစစ်နိုင်နဲ့က ကိုယ်နောက်တစ်ခေါက် ကိုရီးယားသွားမှဖြစ်စေ (၄၊ ၅ နှစ်အတွင်းတော့ ထပ်သွားဖို့ မရှိသေး)၊ သူ စကာင်္ပူလာလည်မှဖြစ်စေ (ဒါလဲ သူ့ plan ထဲရှိပုံမမြင်)၊ မြန်မာပြည် ပြန်တဲ့အချိန် တိုက်ဆိုင်မှဖြစ်စေ (ဖြစ်ခဲမယ်ထင်ပါတယ်) မှ ပြန်တွေ့မယ်ဆိုပေမဲ့လဲ အွန်လိုင်းမှာလဲ အမြဲ update တွေသိနေမယ်။ သူငယ်ချင်းဆိုတာ စိတ်သာ ပဒါနဖြစ်တဲ့အတွက် သဘောကောင်းတဲ့ အစ်ကိုတစ်ယောက်လို ခင်ရတဲ့ ဒါရိုက်တာ သူငယ်ချင်း ကိုဖေစစ်နိုင်ကိုလဲ မှတ်မှတ်ရရ ကျေးဇူးမိရင်း............. မဗေဒါရဲ့ ကိုရီးယား Free & Easy ခရီးစဉ် ဒီတင်ပဲပြီးဆုံးပါပြီ။ ကိုယ်စိတ် ၂ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေရှင်။....

အမှာစာ...

မဗေဒါရဲ့ ခရီးသွားပိုစ့်များတွေ စာလုံးပေါင်းမှားခြင်း၊ အချက်အလက် မှားခြင်းရှိလျှင်ထောက်ပြနိုင်ပါသည်။
သို့သော် မဗေဒါ၏ ခရီးသွားပိုစ့်များသည် မဗေဒါ ကြုံတွေ့ခဲ့ရသော အခြေအနေပေါ်မူတည်ပြီး ရေးခြင်းဖြစ်သလို၊ Tourist တစ်ယောက်၏ အမြင်ဖြင့်သာရေးခြင်းဖြစ်သဖြင့် Local များအတွက် တချို့အရာများ လွဲကောင်းလွဲနေနိုင်သည်ကို သတိပြုစေချင်ပါသည်။
စာဖတ်သူ သူငယ်ချင်းများဆီမှ အကျိုးကြောင်း အဆိုးကောင်း ဘယ်ဟာကို ဖတ်ရတာ စိတ်ဝင်စားတယ်၊ ဘယ်အချက်ကတော့ အသုံးဝင်တယ်၊ ဘယ်ဟာကတော့ သိပ်မကောင်းဘူး စသည်ဖြင့် အကြံပြုချက်များကို မျှော်လင့်လျက်.....

အပိုဆု ဓာတ်ပုံတွေ... Bonus Photos!!

N Seoul Tower မှာ အပြန် Cable car စောင့်နေတုန်း... Energy level: Red

ရှေ့ကလဲ ရိုက် နောက်ကလဲ ရိုက်...

We are best Travel companions!! 

Wednesday, September 10, 2014

Free & Easy Korea Trip Day 3 (Part 2): Everland -> Eating Street Foods and Exploring Gangnam


P.S ဒီ ပိုစ့်လေးကတော့ မဆွေလေးမွန် (www.whitewhitemind.blogspot.com) နဲ့ သူကြီးမင်း(တုံးဖလား) (http://kokomaunguk.blogspot.co.uk/) တို့ရဲ့ BPP Challenge မှာ nominate လုပ်ခံထားရလို့ ရေးလိုက်ပါတယ်... ပိုက်ဆံကိုလဲ TP Myanmar Helping Hand Organization ရဲ့ လစဉ် Contributor အဖြစ် အစကတည်းက လှူလာတာ ခုဆိုရင် နှစ်နဲ့ချီနေပါပြီ... နောက်မှ အဲဒိအကြောင်းကို သေသေချာချာရေးရင်း ထပ် Challenge မဲ့လူတွေကို ပြောပါအုံးမယ်...

၁၁ရက် ဇူလိုင်လ ၂၀၁၄ (သောင်္ကြာနေ့)
ကံမကုန်လို့ ပြန်ဆုံခဲ့တဲ့ EVERLAND



Going to Normal Ticket Counter

Everland ဂိတ်ဝကိုရောက်တော့ သာမာန်သူများတွေ လက်မှတ်ဝယ်တဲ့ကောင်တာကိုသွားရင်း ကိုယ်ထုတ်လာတဲ့ Discount Coupon ကိုပြတော့ သူတို့ဆီမှာ ဝယ်ရမှာ မဟုတ်ဘူးတဲ့… တိုးရစ်ကောင်တာ သက်သက်ရှိတယ်တဲ့ ဟိုဘက်နားအဆောင်ကို ပြတယ်… သူကလဲ အင်္ဂလိပ်လိုသိပ်မပြောတတ်ဘူး… ကိုယ်တွေလဲ ကြောင်တောင်တောင်နဲ့ သူပြတဲ့ဘက်ကို လျှောက်သွားလိုက်တယ်… တိုးရစ်ကောင်တာက အဆောင်လေးသပ်သပ်ပေါ့… အဲ့ဒိက ကောင်မလေးတွေကတော့ အင်္ဂလိပ်လို ပြောတတ်ကြတယ်… ကောင်မလေးက သဘောကောင်းတယ်… ကျွန်မတို့ ရောက်သွားတဲ့အချိန်က ၄နာရီ ၁ဝမိနစ်လောက်ရှိနေပြီဆိုတော့ သူက ၄နာရီခွဲဆိုရင် ပန်းခြံဝင်ခကို စျေးပိုချပေးတယ်တဲ့… စောင့်မလားဆိုတော့ ကိုယ်လဲ မိနစ် ၂ဝနဲ့ ဝမ်၈၀၀၀ လောက်သက်သာမယ်ဆိုတော့ Bibimbap တစ်ပွဲဖိုးလောက်ရှိတော့ စောင့်ဖို့ဆုံးဖြတ်လိုက်တယ်… မဗေဒါအစ်မကလဲ သက်တောင့်သက်သာရှိမဲ့ အကျီင်္တစ်ထည်ဝယ်ဖြစ်တယ်… မဗေဒါကလဲ အသက်ကြီးလာတော့ အဲ့ဒိ Ride တွေ ဒီလောက်မစီးနိုင်တော့ဘူး… အထူးသဖြင့် ပင်ပန်းရင်ပိုမစီးနိုင်ဘူး… နေကလဲ ပူနေတော့ ရေခဲမုန့်စားချင်စိတ်ဖြစ်သွားတယ်… ဒါနဲ့ ဟိုဘက်နားက စူပါမတ်ကတ်ဝင်ကြည့်ရင်း ရုပ်ရှင်ထဲမှာ သူတို့တွေစားနေကျ ပလပ်စတစ်ချောင်းထဲမှာ အဲဒိ ပလက်စတစ်ချောင်းခေါင်းကို ချိုးပြီးစုတ်စားရတဲ့ ရေခဲချောင်းဝယ်စားဖြစ်တယ်… အရသာက ထင်ထားတာထက် တော်တော်ကောင်းတယ်… စျေးကလဲ ချိုပါ့… ဝမ် ၃၀၀ ပဲပေးရတယ်... ကျန်တဲ့ ၂ယောက်တောင် ကြိုက်သွားလို့ လိုက်ဝယ်စားကြတယ်… ရေခဲချောင်းလေးစားလိုက်မှ လန်းဆန်းသွားတော့တယ်…



Gangnam ကိုသွားတဲ့ကား ဟုတ်လားလို့ မေးတာကိုပါ ကိုရီးယားလို ရေးပေးထားတယ်...


၄နာရီခွဲမှ ကောင်တာမှာ သွားဝယ်တော့ ကျွန်မတို့ ၁ယောက်ကို ဝင်ကြေး ဝမ် ၃သောင်းစီပဲ ပေးရတယ်… ၄နာရီခွဲ Discount ရော၊ Coupon ရော ၂ခုလုံးရတယ်… အစက မူရင်းစျေး ဝမ် ၄သောင်း ၆ထောင်ကို Discount coupon သုံးရင် ဝမ် ၃သောင်း ရထောင်နဲ့ရမှာ။ ခုတော့ ၃သောင်းပဲ။ (ခုရေးနေရင်းနဲ့မှ Everland website မှာ ထပ်သွားကြည့်တော့ Double Discount မရဘူးလို့ရေးထားတယ်… ကျွန်မတို့ ဘာလို့ရခဲ့လဲတော့ မသိ)… အဲဒါနဲ့ တစ်ခါတည်း အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေ့တုန်း အပြန်ဘယ်လိုပြန်ရမလဲပါတစ်ခါတည်းမေးလိုက်တာပေါ့… ကောင်မလေးက သဘောကောင်းပါတယ်… ကျွန်မတို့က သူပြောတာတောင် ယောင်လည်လည်ဖြစ်နေလို့ စာနဲ့ပါ သေချာရေးပြတယ်… အမှန်တော့ Seoul ကို bus 5007 ပြန်စီးရမယ်ဆိုပေမဲ့ အဲဒိ 5007 ရပ်တဲ့ နေရာကိုသွားဖို့ Everland ထွက်ပေါက်ကနေ Carpark 5 က Shuttle bus ကို စီးရမှာ… ၂ဆင့်စီးရမယ်ဆိုတော့ ကျွန်မတို့က မျက်စိလည်သွားတာ… သူရေးပေးတဲ့ စာရွက်ပျောက်မှာစိုးလို့ တစ်ခါတည်း ဓာတ်ပုံရိုက်ထားလိုက်တယ်… ပြီးရော….


ဒီနေရာကို ထပ်ရောက်ခဲ့ပြန်ပေါ့...


ဒီအပင်ကြီးကို ထပ်ရိုက်ခဲ့ပြန်ပေါ့...


ချစ်စရာ Decoration လေးတွေ...

Everland ကတော့ ကျွန်မအတွက်ဒုတိယအကြိမ်ထပ်ရောက်ခဲ့တဲ့ နေရာပေါ့… ပထမတစ်ခေါက်ရောက်ခဲ့တာတောင် မနေ့တနေ့လိုပဲ အဲ့ဒိနေရာကိုလဲ ရင်းနှီးနေတုန်းပဲ… ဝင်ပြီး စီးစရာတွေ့တာနဲ့ ကဲ စီးကြမယ်ပေါ့… ကျွန်မအစ်မက အဲ့ဒါတွေစီးရတာ သိပ်ကြိုက်တာ… ကျွန်မသူငယ်ချင်းကတော့ ရောက်တာတန်အောင် အကုန်လုပ်တယ်… ငြင်းတာကိုးမရှိဘူး… သူက ကျွန်မထက်ခံနိုင်ရည်ရှိတယ်… ဒီတော့လဲ ကောင်းပါတယ် သူတို့ ၂ယောက်စီးကြပေါ့… ကျွန်မကတော့ နောက်ရက်တွေအတွက်ပါ ကိုယ့်ကိုကိုယ်ထိန်းရမယ်… ဒါတောင် ပထမ Ride ကို သူတို့ အဆွယ်ကောင်းလို့ တက်စီးလိုက်သေးတယ်… ဗွီဒီယိုတောင် စီးနေရင်း ရိုက်လာဖြစ်သေး… မဗေဒါက အမြင့်ကို မကြောက်ပါဘူး… ဒါပေမဲ့ လည်ရင်တော့ မူးတာကို မကြိုက်ဘူး… သူတို့ Ride တော်တော်များများက လူကို လှည့်ပြီး ဇောက်ထိုးမိုးမျှော်တာတွေက များတယ်… ခုတက်စီးတဲ့ဟာဆိုလဲ လည်လဲလည် လွှဲလဲလွှဲပေါ့… အဲဒါစီးပြီး လူက အရမ်းမဟုတ်ပေမဲ့ နည်းနည်းတော့ မူးချင်ချင်ဖြစ်သွားတယ်… နောက်တစ်ခု ထပ်စီးရင် သေချာပေါက်မူးပြီ… ကိုယ့်ကိုကိုယ်လဲ အားမရပါဘူး…


အဲဒိကနေ ရေပန်းတွေလွှတ်တယ်


T-Express ဆီက အပြန် ရေပန်း show လုပ်သွားတဲ့ နေရာ...

သူတို့ကတော့ T-Express ကို ဆီကိုသွားတဲ့လမ်းမှာ Roller Coaster တစ်ခု ဝင်စီးလိုက်သေးတယ်… သူတို့စီးတဲ့အချိန်ကိုယ်လဲ စောင့်ရင်းနားရတာပေါ့… နောက်တစ်ခု သူတို့စီးတဲ့ Double Rock Spin ဆို လူတွေက အသားကင် (kebab) ကျနေတာပဲ ထိုင်ခိုင်းထားပြီးတော့ လှည့်တာ လှည့်တာဆိုတာ ပြောမနေနဲ့တော့… ကိုယ်မစီးပဲ ကြည့်တာနဲ့တင် အဲဒါကြီး မစီးချင်တာ… ကိုယ်လဲ ငယ်ငယ်က အားလုံးနီးပါး စီးဖူးပြီးပြီဆိုတော့ အရသာသိနေပြီ… အဲဒါစီးပြီးတော့ သူတို့ ၂ယောက် နည်းနည်းတော့ မူးသွားပုံရတယ်… T-Express Wooden Roller Coaster ဘက်အသွားမှာ Parade လိုမျိုး ဝတ်စုံတွေနဲ့ အလှပြယာဉ်တွေနဲ့ ကပြနေတာတွေ့လိုဝင်ကြည့်လိုက်တော့မှ သူတို့က ရေတွေနဲ့ပါ ပရိတ်သတ်ကိုတကယ်ပက်တာ… တချို့တွေကတော့ မိုးကာအကျီဝတ်ထားပြီးသားတွေ… ကိုယ်ကတော့ ကိုယ်စိုတာ ကိစ္စမရှိ… ရိုက်နေတဲ့ ကင်မရာကို ကာကွယ်ရတယ်… ဒါပေမဲ့ ရေနဲ့ပက်ခံလိုက်ရတော့မှ ခေါင်းမူးပြီး အီလည်လည် နုံးတုန်းတုန်း ဖြစ်နေတာ ပျောက်ပြီး ပြန်လန်းသွားတယ်… ပြီးတော့ သူတို့ ၂ယောက်စီးတဲ့ T-Express မှာ ထပ်စောင့်ရပြန်ရော တော်တော်ကြာကြာစောင့်ရတယ်… Everland က ဟိုဘက်မှာ အကျယ်ကြီးရှိသေးတယ်… တိရိစ္ဆာန်ရုံလို ဟာမျိုးလဲရှိတယ်ဆိုတာသိပေမဲ့ ကိုယ်ရောက်တဲ့အချိန်ကလဲ နောက်ကျနေတော့၊ သူတို့ စီးချင်တာတွေပဲ ပေးစီးလိုက်တော့တယ်… အနှံ့တော့ မရောက်မှာ သေချာနေပြီလေ…. အနှံ့သွားချင်ရင်တော့ မနက်ကတည်းကလာပြီး တစ်နေကုန်နေမှရမယ်ထင်တယ်… အဲဒါပြီးတော့မှ စောစောကလာလမ်းအတိုင်းပြန်လျှောက်ပြီး စောစောက ရေဖြန်းတဲ့နေရာရဲ့ တစ်ဖက်မှာတော့ ပန်းခင်းကြီးရှိတယ်… Running man episode 65-66 မှာ သူတို့ လူတွေကို စုပြီးခေါ်လာရတဲ့ နေရာပေါ့… အဲဒိမှာ ပန်းတွေက ရာသီလိုက် အမြဲပြောင်းစိုက်တယ်ထင်တယ်… အရမ်းလဲ လှတယ်… ကာတွန်း ရုပ်လေးတွေကို ပန်းနဲ့ပုံဖော်ထားတာတွေလဲရှိတယ်… အစုံပါပဲ… Amusement Park ကိုတော့ လူတိုင်းရောက်ဖူးကြမယ်ဆိုတော့ အသေးစိတ်ပြောမနေတော့ပါဘူး… ဒါပေမဲ့ Amusement Park ရောက်တိုင်း ဘယ်သွားသွားကြားနေရတဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ တီးလုံးလေးတွေနဲ့ ပျော်စရာပတ်ဝန်းကျင်လေး ဖန်တီးပေးထားတော့ ကလေးဆန်တယ်ပဲဆိုဆို ကိုယ့်ကိုကိုယ် Fairy Tale ထဲရောက်သွားသလိုပဲ ခံစားရတဲ့ ခံစားချက်ကိုကြိုက်တယ်… ကိုယ်သာ ၁ဝကျော်သက်အရွယ်ဆို ကိုယ့်ဖူးစာရှင် မင်းသားလေးကို တွေ့လို့တွေ့ညား လိုက်ရှာကြည့်ချင်မိမှာပဲ…



ရေထိလိုက်တော့ လန်းဆန်းသွားတယ်...


Running Man ပြိုင်တဲ့ ပန်းခင်းကြီး

အားလုံးက ကာတွန်းကမ္ဘာထဲရောက်နေ သလို...

My Secret Garden... Will I meet with Hyun Bin?

ကိုယ်မရိုက်ခင်က ဘယ်သူမှ မရှိဘူး ကိုယ်ရိုက်မယ်လဲဆိုရော လုယက်ရောက်လာကြတယ်... မနည်းအမြန်ရိုက်ခဲ့ရတယ်...
Young at our heart... We enjoyed fullest...

အဲဒိနေရာရောက်တော့ ညမှောင်သွားပြီ… အဲဒိကနေ ညဘက် မီးရှူးမီးပန်းဖောက်တာကို မစောင့်တော့ပဲ ပြန်မယ်အလုပ်မှာပဲ ညဘက် အလှပြ မီးတွေဆင်ထားတဲ့ ကားကြီးတွေနဲ့ Parade စတော့တာပဲ… အဲဒါရပ်ကြည့်ဖြစ်သေးတယ်… မဗေဒါအစ်မက အဲဒါမျိုးတွေ သိပ်ကြိုက်တာ… မဗေဒါက နိုင်ငံခြားလာတာ နိုင်ငံတကာက မင်းသားတွေအပြင်မှာ မြင်ဖူးချင်တဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိသလို… သူနိုင်ငံခြားလာတာလဲ Amusement Park ကောင်းကောင်းကို လျှောက်လည်ချင်တဲ့ ရည်ရွယ်ချက်လဲပါတယ်… ဒါပေမဲ့ သူစကာင်္ပူကို ရောက်ခါစက Amusement Park ဆိုလို့ ကချောက်ကြီး ကချောက်ချက် Escape Theme Park ဆိုတဲ့ သေးသေးလေးပဲရှိတာ။ ခုနောက်ပိုင်းမှသာ Universal Studio ပေါ်လာတာလေ… သူအဲဒိ အလှပြကားတွေကြည့်နေတာတောင် ဗွီဒီယိုရိုက်ထားသေးတယ်… ခွိ…
သြစီသွားတုန်းကလဲ Gold Coast က Movie World မှာလဲ Parade ကြုံခဲ့ပါသေးတယ်… ဒါပေမဲ့ သိတဲ့အတိုင်း သြစီက မိုးမချုပ်ခင် ပန်းခြံပိတ်တာလေ…

Fairy Tale come true..

ကားကြီးတွေ လှတယ်... မီးဝတ်စုံလေးတွေ ကလေးလေးတွေက ကြိုက်ပြီး ချစ်စရာကောင်းပေမဲ့ ဝတ်ထားရပြီး ကနေရတဲ့ ဝန်ထမ်းတွေကတော့ အတော်ပူမယ်...

ဒီလိုနဲ့ ကျွန်မတို့ ပြန်တော့ ချောချောချူချူပါပဲ… ပထမ ဘတ်စ်ကားက ကျပ်ပြီးနေရာမရတော့ ကျွန်မတို့ မလိုက်တော့ပဲ နောက်ကားပဲစောင့်စီးလိုက်တယ်… တိုက်စီနဲ့ Korean Folk Village ကလာတောင် တော်တော်စီးရတာ ဘတ်စ်ကားနဲ့ Gangnam အထိရပ်စီးရမယ်ဆို စဉ်းစားသာကြည့်တော့လေ… နောက်ကားလာတော့မှ နေရာအေးဆေးရတယ်…

Everland ရဲ့ Discout Coupon Print ထုတ်ချင်ရင်ပဲဖြစ်ဖြစ်၊ Everland ကို ဘယ်လိုသွားရမလဲ၊ Everland မှာ ဘာတွေစီးစရာ လုပ်စရာတွေရှိလဲ၊ ဘယ်အချိန်ထိဖွင့်လဲ ပိတ်လဲဆိုတဲ့ အချက်အလက်တွေအားလုံးကို
 Everland website  မှာ တွေ့ရှိနိုင်ပါတယ်နော်…

Bus Timetable

ဒီဗီြဒီယိုေလးကေတာ့ Everland မွာ စီးခဲ့တာကို ရုိက္ထားတာပါ...


Eating Dukbokki at Gangnam

Bus 5002 က ကျွန်မတို့ မနက်က Korean Folk Village ကိုစီးတဲ့ ကားမှတ်တိုင်ကိုပဲ ပြန်ရောက်တာပါ။ Gangnam က မနက်ကလဲ လူရှုပ်သလို ညဘက်ကျတော့လဲ လူက စည်ကားနေတာပါပဲ… စကာင်္ပူက Orchard လိုမျိုးပေါ့။ လမ်းတစ်ခုကို ဖြတ်အလျှောက် လမ်းဘေးစျေးသည်လှည်းတန်းတွေတွေ့တာနဲ့ ဝင်မြည်းချင်စိတ်ပေါက်သွားတယ်.. ကိုရီးယားရောက်မှတော့ လမ်းဘေး Dukbokki (Korean Rick Cake) ကို စားခဲ့ရမှာပေါ့… လှည်းပေါ်က တုတ်နဲ့ ထိုးထိုးထောင်ထောင်တွေလဲ စားရမယ်လေ… ဘူဆန်းမှာတုန်းကမစားဖြစ်ခဲ့ဘူး… ဒီနေ့တော့ အခြေအနေပေးတယ်.. ကိုယ်တွေလဲ ဒစ်နာမစားရသေးတော့ အစာပြေဒါအရင်စားမယ်ပေါ့။ Gangnam မို့လို့ထင်တယ် လမ်းဘေးဆိုင်တွေက တခြားနေရာတွေထက် ပိုသားနားတယ်…. ကျွန်မတို့ လူရှင်းတဲ့ ဆိုင်ပဲဝင်လိုက်တယ်… ဆိုင်ရှင်အမျိုးသမီးက အင်္ဂလိပ်လို မဆိုးဘူး ပြောတတ်တယ်… ဝမ်း တူး သရီးဖိုး ပြောတတ်ရင်ကို တော်တော်အလုပ်ဖြစ်နေပြီလေ…

ကောင်းမှကောင်း

ကိုရီးယားမှာ Dukbokki စားကြည့်တော့ စကာင်္ပူက ထက်ပိုစားလို့ကောင်းတယ်။ စကာင်္ပူမှာ စားဖူးသမျှက မကောင်းတော့ Dukbokki ဆိုတာ ကိုရီးယားမှာလဲ ဒီလို အရသာမျိုးပဲဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တန်းကျတော့ စားကောင်းနေတယ်။ စကာင်္ပူက Dukbokki နဲ့ ကိုရီးယားက Dukbokki အရသာကွာတာကဘာလဲဆိုတော့ အနှစ်အရသာက အဲဒိ Rice Cake ထဲကို ထဲထဲဝင်ဝင်ဖြစ်နေတယ်။ စကာင်္ပူက Dukbokki တွေက ပါးစပ်ထဲရောက်လိုက်တာနဲ့ ဆန်လုံးကတခြား ဟင်းနှစ်က တခြားဖြစ်ပြီး ပါးစပ်ထဲမှာ ထမင်းချည်းစားနေရသလိုဖြစ်နေတာ။ နောက်ပြီး တုတ်နဲ့ထိုးထားတဲ့ ဝက်အူလိုလိုဘာလိုလိုကြီးက တကယ်တော့ ပဲလိပ်ထင်တယ်။ သူက စျေးလဲတော်တော်ပေါတယ်။ စားလို့လဲ ကောင်းတယ်… ၀ါးလို့ကောင်းတယ်ဆိုပိုမှန်မယ်… Dukbokki တစ်ပွဲနဲ့ အဲဒိ ပဲလိပ်ချောင်းတွေဘာတွေ သုံးယောက် ဗိုက်အဆာပြေဆိုပြီးစားတာ စုစုပေါင်း ဝမ် ၄၄၀၀ ပဲကျပါတယ်... ဒါပေမဲ့ ကျွန်မတို့နောက်ထပ် ညစာထပ်မစားဖြစ်တော့ပါဘူး... အပြည့်အတင်းမဟုတ်ပေမဲ့ အနေတော်လေး ဗိုက်ပြည့်သွားပါတယ်...

စားလဲစား ရိုက်လဲရိုက်

Let’s explore Gangnam

အဲဒိဆိုင်မှာ စားသောက်နေတုန်းကတော့ ဘေးက ဖြတ်သွားဖြတ်လာလူတွေကို အရမ်းကြီး သတိမထားမိပါဘူး... စကာင်္ပူက အော့ချက်လိုပဲ သားသားနားနားတွေဝတ်စားပြီးသွားလာနေကြတယ်ဆိုတာလောက်ပဲ စိတ်ထဲရှိပါတယ်... စားပြီးသောက်ပြီးတော့လဲ ဖုန်းကိုကြည့်လိုက်တော့ Wifi မိနေတာနဲ့ တစ်နေကုန် အဆက်ပြတ်ခဲ့သမျှတွေကို ပြန်ကြည့် ဓာတ်ပုံရိုက်လာတာ တစ်ပုံ နှစ်ပုံ ဖေ့ဘွတ်ပေါ်ကောက်တင်... သုံးယောက်သား လှည်းနဲ့ဆိုင်တွေအဆုံးနားလေးမှာ လမ်းဘေးလေးကပ်ပြီး wifi ကိုသုံးတာ သုံးတာဆိုတာ... သုံးလို့ နည်းနည်းဝပြီး သတိလေးပြန်ဝင်တော့မှ ကိုယ်တွေရပ်နေတာ အမှိုက်အိတ်တွေစုထားတဲ့ အမှိုက်ပုံဘေးဖြစ်နေတယ်... (သေချာထုတ်ထားတော့ အန့ံက မရဘူးလေ)... အင်တာနက်ကလဲ ဂန်နမ်မှာ မြန်သလားမမေးနဲ့... ဒါတောင် Free Public wifi နော်... စကာင်္ပူကတော့ အော့ချက်မှာ အဲလို ၀ိုင်ဖိုင်ပေးနိုင်ဖို့ အတော်လိုက်ယူရအုံးမယ်...

ဒါနဲ့ ကဲပါလေ အင်တာနက်သုံးတာရပ်ပြီး ဂန်နမ်လေးကို ပတ်လိုက်ဖို့ ပြင်ဆင်လိုက်တာပေါ့... ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် Psy ပြောသလို Gangnam Style ဆိုတာ "Dress Classy, dance cheesy" ပဲထင်တယ်... သူတို့ Dance တာတော့ ကလပ်ဝင်ကြည့်မှ တွေ့မှပဲ... ဒါပေမဲ့ လမ်းပေါ်မှာ ဝတ်ထားကြတာတွေကတော့ အလန်းတွေချည်းပဲ... လူငယ်တွေချည်းပဲ လူကြီးတောင် မတွေ့ခဲ့ဘူး... ကောင်မလေးတွေ ကောင်လေးတွေဆိုတာလဲ ပိန်ပါး သန့်ပြန့် လန်ထွက်ပေါ့... ကျွန်မတို့သုံးယောက်ကတော့ မနက်ကတည်းက လက်လက်စင်အောင် လျှောက်သွားထားတော့ ကြောင်ချီးရုပ်နဲ့ သုံးယောက်ဖြစ်နေတာ... မတတ်နိုင်ဘူးလေ သူတို့ အဲလောက်လန်အောင်ဝတ်ပြီးမှ ဂန်နမ်လာမှန်း ကိုယ်မှ မသိတာ.. ကိုယ်လဲ ကိုယ့်ကိုကိုယ် သတိမထားမိခင်မှာတောင် ကိုရီးယား ကောင်လေးတွေ ကောင်မလေးတွေ လန်ထွက်ချောမောနေတာတွေကို လိုက် ငမ်း (အဲလေ) လိုက်ငေးရင်း လျှောက်နေမိသေးတာ... နောက်မှ ကိုယ့်ကိုကိုယ် ၀ိဉာဏ်ကောင်လိုပဲ လူတွေက ကိုယ့်ကိုရှိမှန်းတောင် သိရဲ့လားမသိဘူး.. (ဟောင်ကောင် Lang Kwai Fong သွားတုန်းကလိုပဲ) ... အသိဝင်တော့မှ သုံးယောက်သား အချင်းချင်းကြည့်ပြီး ရီမိကြတယ်... ဒါနဲ့ပဲ ဒီမှာကြာကြာနေရင် Depression ပါဖြစ်သွားနိုင်တယ်... ကိုယ့်လောက်ခန္ဓာကိုယ်တောင် တစ်ယောက်မှမရှိဘူး.. ပိန်လှပ်နေကြတာ... Gangnam ဆိုတာ ဒါပါလားသိသွားပြီဆိုတော့ တော်သေးပြီပေါ့... ဒီလိုနဲ့ပဲ Myeongdong ကို ရထားပြန်စီးပြီး မနက်ကလာတဲ့ လမ်းအတိုင်း တမျှော်တစ်ခေါ်ကြီး ကုန်းပေါ်ပြန်တက်... တည်းခိုခန်းရှိတဲ့ ကုန်းအောက်ပြန်ဆင်းပြီး တည်းတဲ့နေရာကို သွားဖြစ်ခဲ့ကြတယ်... အဲဒိနေ့ကတောင် လမ်းမှာ ဖြတ်လမ်းတွေ့လို့တွေ့ညားဆိုပြီး လမ်းတစ်ခုကို ဝင်ကြည့်သေးတယ်... ဒါပေမဲ့ လမ်းက မှောင်ပြီး လမ်းဆုံးက အပိတ်ကြီးဖြစ်နေလို့ ပြန်လျှောက်လာရတယ်... (PS. နောက်မှ ကိုရီးယားက စက်ရုံကထုတ်တဲ့အတိုင်း ဆရာဝန်တစ်ယောက်ထဲလက်က ထွက်တဲ့အတိုင်း တူနေတဲ့ရုပ်လေးတွေနဲ့ ကောင်မလေးတိုင်းလိုလိုရဲ့ မျက်ခွံပေါ်က အမာရွတ်လေးတွေအကြောင်းပြောပြအုံးမယ်)

Gangnam က လမ်းတစ်ခု... လူတွေကိုကျ ဓာတ်ပုံလျှောက်ရိုက်လို့မကောင်းတော့ မရိုက်ခဲ့မိဘူး...

တည်းခိုခန်းပြန်ရောက်တော့ ရေမိုးချိုး တစ်နေ့ကုန်သွားပြန်ပါပေါ့လေ... ဒါနဲ့ ညကျတော့ ကိုဖေစစ်နိုင်က ဖုန်းဆက်ပြီးနောက်နေ့ အစီအစဉ်ကိုမေးပါရော... သူနဲ့ စနေနေ့တွေ့မယ်ချိန်းထားတာကိုး... ဒါပေမဲ့ ကိုယ်ကလဲ Seoul အတွက်ကျတော့ သေချာ Itinerary ဆွဲမလာခဲ့မိတော့ ဘယ်သွားမလဲ မစဉ်းစားရသေးဘူး... ဒါပေမဲ့ သူဖုန်းခေါ်မေးတာကို ကျေးဇူးတင်ရမယ်... မစဉ်းစားချင်လဲ စဉ်းစားရတော့မယ်လေ... မဗေဒါက အဲလို့ မီးထိုးပေးနေမှ အိမ်စာလုပ်တာ... ဟဲ... ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မတို့ ကိုရီးယားရောက်နေတာ ဖေ့ဘွတ်ကနေ ကျွန်မတို့နဲ့ စကာင်္ပူမှာသိခဲ့တဲ့ အစ်မကြီးတစ်ယောက်ကတွေ့ပြီး တွေ့ဖို့လဲဆက်သွယ်ထားတော့ သူနဲ့ မနက်ဖြန်တွေ့ဖို့ချိန်းထားသေးတယ်... Schedule တွေ တိုက်ကုန်တော့မယ်... ဟိ... ဒါပေမဲ့ အဲ့အစ်မကြီးကတော့ မနက်ပိုင်းပဲ တည်းခိုခန်းကိုလာတွေ့မယ် စကားလေးဘာလေးပြောမယ်တဲ့... မဗေဒါ အစ်မကလဲ သူနဲ့ ဖုန်းပြောရင်းချိန်နေတာ... ကိုဖေစစ်နိုင်က သွားချင်တဲ့နေရာတွေကဘာတွေလဲပြောကြည့်ဆိုတော့... ကိုယ်က Petite France နဲ့ Nami Island လဲ တစ်ရက်အချိန်ပေးသွားရမယ်... မြို့လယ်ခေါင်မှာ ချောင်းလိုလို မြောင်းလိုလို ရုပ်ရှင်တွေထဲပါတတ်တဲ့နေရာလဲ (Cheongyecheong stream) သွားချင်တယ်၊ မြို့လည်ခေါင်မှာ ထိုင်နေတဲ့ ဘုရင်ရုပ်ကြီးနေရာကိုကျတော့ မဗေဒါအစ်မရဲ့ Must go စာရင်းထဲပါနေတော့သွားချင်တယ်၊ Dongdaemung တို့ တခြား မြို့ထဲကနေရာတွေလဲ သွားချင်တယ်ဆိုတော့... အစ်ကိုက မြို့ထဲက သူလိုက်ပို့ပေးမယ်တဲ့... Petite France နဲ့ Nami Island (Winter Sonata ရိုက်တဲ့ ကျွန်း) ကိုတော့ သူ မလိုက်တော့ဘူးတဲ့... ဒါဆို မနက်ဖြန်ကို တခြားချိန်းထားတဲ့ အသိအစ်မကြီးလဲ လာမယ်ဆိုတော့ သူမလာတော့ဘူးတဲ့ မနက်ဖြန်ကို Nami Island ဘက်သွားလို့ သူက ဆုံးဖြတ်ပေးလိုက်တယ်... အဲ့ကျမှပဲ အိမ်စာပြီးသွားတော့တယ်... လူတောင် စဉ်းစားလိုက်ရတာ ခေါင်းတော်တော်မူးသွားတယ်။ ဒီလိုနဲ့ မနက်ဖြန် ဆက်ရမဲ့ ခရီးကိုလဲ ဆုံးဖြတ်ပြီးပြီဆိုတော့ စိတ်ချလက်ချ အိပ်လို့ရသွားတာပေါ့...

အောက်က ဗွီဒီယိုလေးကတော့ Bonus အနေနဲ့ပေါ့နော်.... Double Rock Spin သူတို့ စီးနေတုန်းရိုက်ထားတာ... ပြီးတော့ အဲ့ဒိနေ့က Vlog လေးပေါ့...

Bonus Video of a ride at Double Rock Spin