Showing posts with label Singapore. Show all posts
Showing posts with label Singapore. Show all posts

Tuesday, June 23, 2026

My Life Bucketlist!

ကိုယ့်ကို ဟိုးအရင်ကတည်းက follow ထားတဲ့အမာခံတွေဆိုရင်တော့ သိမှာပါ။ ပထမဆုံး F4 (Taiwanese) တွေက ကိုယ့်ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့လဲဆိုတာ။

ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်အပေါ် သူတို့ရဲ့ လွှမ်းမိုးမှုကြောင့် သူများတွေကတော့ ခပ်ပေါပေါ Reason လို့ လှောင်ကောင်းလှောင်မဲ့ ရွေးချယ်မှုကို လုပ်ခဲ့တယ်။ သူတို့ကို တွေ့ချင်လို့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 

သူတို့က ကိုယ့်အတွက် Idol မဟုတ်တော့ဘူး။ Icon ဖြစ်သွားပြီ၊ သူတို့ကို တွေ့ချင်တာ Fangirling လုပ်ချင်တာထက်ပိုတယ်။ အခု ပျောက်ဆုံးနေတဲ့ ကိုယ့် ငယ်ငယ်က Passion မျိုးကို ရှာချင်တာ၊ အသက်တွေကြီးမှ ခံယူချက် အမျိုးမျိုးကြောင့် အဆက်သွယ်မရှိတော့တဲ့ သူငယ်ချင်းတွေနဲ့ ငယ်ဘဝ တူတူ ကျောင်းမှာ သူတို့ CD ခိုးကြည့်ခဲ့တဲ့ ပျော်စရာအမှတ်တရတွေကို လွမ်းတာ၊ သင်္ကြန်တစ်တွင်းလုံး အိမ်ထဲက အိမ်ပြင် ထွက်ခွင့်မရလို့ Meteor Garden ခွေတွေငှား၊ သူတို့ သီချင်း VCD တွေ တစ်နေကုန်ထိုင်ဖွင့်လို့ အဖေတောင် သူတို့ နာမည်တွေအသိအမှတ်ပြု အရှုံးပေးခဲ့ရတဲ့ အမှတ်တရလေးတွေ၊ ကိုယ့်မှာ မရှိခဲ့တဲ့ Courage လေးတွေကို idol ကြိုက်လို့ ဘဝ တစ်ခုလုံးပြောင်းပစ်ခဲ့တာမျိုး၊ အခု လက်ရှိရောက်နေတဲ့ဘဝ၊ ကိုယ့်ရဲ ကြင်ယာဘက်ဆိုတာတွေကလဲ သူတို့ကို ကြိုက်ခဲ့လို့ နိုင်ငံခြားထွက်လာခဲ့တဲ့ အကျိုးဆက်တွေလို့ ခံယူတယ်။

ကိုယ် SG ရောက်တော့ ကျောင်းသူဘဝ part time တစ်ဖက်နဲ့ ကိုယ်လဲ Concert ဆိုတာ မတတ်နိုင်သေးတဲ့အရွယ်။၂၀၀၇ ကိုယ်ကျောင်းပြီး အလုပ်လုပ် ကိုယ်ပိုင်ငွေရှာနိုင်တဲ့အချိန်မှာ သူတို့ disband ဖြစ်သွားကြပြီ။ အခုလို အခြေအနေဆိုတာ ဘယ်တော့မှ ပြန်မလာတော့ဘူးထင်ခဲ့တာ။ ကိုယ့်ဘဝရဲ့ Bucketlist ထဲက ဘဝ အပြောင်းအလဲ မှတ်တိုင်တစ်ခုကို tick ဖြစ်တော့မယ် မထင်ခဲ့တာ။ AU ကိုပြောင်းလာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပဲ စိတ်လျော့ထားလိုက်ပြီ။ မနှစ်က Barbie Xu ဆုံးတော့ အရမ်း စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒီလိုအခြေအနေရောက်ဖို့ သူတို့ Fans တွေက အနှစ် ၂၀ စောင့်ခဲ့ရတာ။ ဟုတ်တယ်.... အနှစ် ၂၀ ... ဦးနှောက်ရဲ့ အတွင်းပိုင်းနေရာမှာ အမြဲရှိနေခဲ့တဲ့ မျှော်လင့်ချက်။ 

 အခု သူ့ Speech ထဲမှာဆိုလဲ အသက် ၄၀ ကျော် celebrity တစ်ယောက်ရဲ့ ရင့်ကျက်မှု၊ Humble ဖြစ်မှုတွေနဲ့အတူ လူတွေက သူသရုပ်ဆောင်ခဲ့တဲ့ Dao Mingsi ကို အမြဲ မပြောင်းမလဲ အမှတ်ရနေမယ်ဆိုတာ သူနားလည်တယ်။

ကိုယ့်အတွက်ကတော့ ဒီ Concert က တစ်ကယ် Once In a lifetime မို့ ဆယ်ကျော်သက် အရွယ် မဗေဒါရဲ့ ခွန်အားတွေ၊ ရိုးသားမှုတွေ၊ ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားရင်း AU ကနေ Fly လာခဲ့ပါမယ်။




#MyDream
#MyBucklist
#MyLifeChangingIdols
#FForever

Monday, October 19, 2015

မဲတပြားအတွက် ဆီထမင်း


ဘလော့ပေါ် မရောက်တာ ၃ပတ်ကျော်သွားပြီ။ ကိုယ့်ဘာသာကိုယ် ဘာတွေ အလုပ်များနေမှန်းကို မသိတာ။ ခရီးသွားပိုစ့်ဆက်ရေးဖို့တော့ ခေါင်းထဲအမြဲရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကိုယ့်နိုင်ငံအပြောင်းအလဲ ခရီးစဉ်မှာ အထင်ကရဖြစ်လောက်တဲ့ ကြိုတင်မဲပေးပွဲအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တာလေးကို မှတ်တမ်းတင်ထားချင်မိတယ်။ ဖေ့ဘွတ်ပေါ်မှာတော့ ခုလို မြန်မာရွေးကောက်ပွဲအတွက် နိုင်ငံအသီးသီးမှာ ကြိုတင်မဲအကြောင်းတွေချည်းပြည့်နေပေမဲ့ Google ကနေရိုက်ရှာလိုက်ရင် ဘာမှ သိပ်မထွက်လာဘူး။ ဘလော့တွေ တိမ်ကောပြီး အသစ်တွေမတင်တော့တာကို စိတ်မကောင်းစွာတွေ့ရတယ်။ ဖေ့ဘွတ်မှာတင်တာတွေက Google ဖို့ မလွယ်ဘူးလေ။


All the ingredients and materials (first batch)

စင်္ကာပူက မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်မဲပေးကာလကို အောက်တိုဘာ ၁၅ရက် ကြာသပတေးနေ့ကစတယ်။ အဲ့နေ့ ပုံတွေတက်လာတော့ လူတွေအများကြီး တန်းစီနေရတာတွေ့တယ်။ ဒါပေမဲ့ ကြားရက်ဆိုတော့ နောက်ရက်တွေလောက် မများသေးဘူး။ သောင်္ကြာနေ့ နေ့လည်လောက်မှာ စေတနာရှင်တွေက ရေဗူးလိုက်ဝေနေတာတွေ့တော့ ကိုယ်လဲ မုန့်လိုက်ဝေချင်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဟိုးအရင်က ပတ်စပို့သက်တမ်းတိုးဖို့မနက် ၄နာရီလောက်သွားတန်းစီရတုန်းက မနက်စောစောဆို ဘယ် shopping mall မှ မဖွင့်လို့ အိမ်သာဘာညာအဆင်မပြေ။ မုန့်စားမယ်ဆိုရင်လဲ အနီးဆုံးက အော့ချက်လမ်းအထိ ပြန်လျှောက်ရမယ်။ အဲ့ဒိအချိန်က Q နံပါတ်ပေးတဲ့ စနစ်မဟုတ်သေးဘူး။ ဒီလို ကိုယ်တိုင် တန်းစီပဲလေ။ အဲလို့ဆိုတော့ အဝေးကြီးသွားပြီး မုန့်သွားစားဖို့ဆိုတာလဲ မလွယ်လှဘူး။ သံရုံးနေရာကိုက အဲ့လိုနေရာမျိုး။ ဒီတော့ ခုလို အစောကြီးသွားတန်းစီကြတဲ့သူတွေအတွက် မနက်စာလေးများ အစာပြေစားလိုက်ရရင် သိပ်အကျိုးပြုမှာပဲတွေးမိတယ်။ ဒီလိုနဲ့ နေ့လည် ထမင်စားချိန်မှာ အိမ်ပြန်ပြီး အဲ့ဒိအကြောင်းပြောမိတော့ အမေရော အစ်မရောက အားတက်သရော ဘာကျွေးရင်ကောင်းမလဲစဉ်းစားကြတယ်။


Soak the Glutinous Rice in the water

Mix with a few Turmeric powder, fill the water just to cover the Glutinous Rice surface almost about 1 inch and add a bit of cooking oil and put it on stove


အစကတော့ စိတ်ကူးသက်သက်ပဲ တကယ်အကောင်ထည်ဖော်မဖော်မသိဘူး။ နောက်တော့ အမေက ဆီထမင်းက လုပ်ရတာလဲ လွယ်တယ် ချက်ရတာလဲ အချိန်သိပ်မကြာသလို စားတဲ့သူတွေအတွက်လဲ ကယိကထသိပ်မများဘူး။ နောက်ပြီး မြန်မာမနက်စာ စစ်စစ်ဆိုတော့သူတို့အတွက်လဲ အာသာပြေတယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အမေက ခြေထောက်နာနေတော့ လမ်းလျှောက်ရင်တောင် ထော့နဲ့ထော့နဲ့ဖြစ်နေတော့ ရပါ့မလားဆိုပေမဲ့ ရတယ်တဲ့။ အဖေကတော့ ငါမပါဘူးနော်ဆိုပြီးပြောတယ်။ သိနေတယ်လေ ဒီသားအမိတွေ စကြ ပြီးရင် သူနဲ့ အဆုံးသတ်လေ။ ဟိဟိ… သူမပါလို့ကို မရတာ။ ဒီလောက်ပြောထားမှ တော်ကာကျမယ်ဆိုတော့ သူသိနေပြီ။ ခိခိ

အလှူလုပ်ရင် အမြဲတမ်း ကောင်းတာတွေကိုပဲ လုပ်ချင်တယ် မဗေဒါ အစ်မရဲ့ logic က မကျွေးရင် လုံးဝမကျွေးဘူး။ ကျွေးရင်လဲ ကောင်းကောင်းကျွေးမယ်တဲ့။ ဆီထမင်းဆိုတော့ စားရင် လက်ပေမဲ့စိုးလို့ တစ်ရှူးလေးတွေ တစ်ခါတည်းကမ်းမယ်။ နောက်ပြီး ဇွန်းလဲတစ်ခါတည် တပ်ပေးမယ်တဲ့။ ပလတ်စတစ်အိတ်နဲ့ထုတ်ရင် မလှမှာစိုးလို့ ပလတ်စတစ်ဗူးလေးတွေဆို လှလဲလှတယ်။ စားရတာလဲ အဆင်ပြေတယ်ဆိုပြီး သူ့ဟာသူ သောင်္ကြာနေ့ နေ့လည်တင် သွားဝယ်တယ်။ အိမ်မှာ ပဲပြုတ်မရှိတော့ ပင်နီဆူလားက ဆိုင်တွေသွားဖို့ကျ ကျွန်မတို့က ဝေးတာနဲ့ သူ့ဟာသူနေတဲ့ Mr.Right ကို အလုပ်က အပြန် သွားဝယ်ပေးဖို့ နားပူနားဆာလုပ်ရတယ်။ သူက အနီးဆုံးလေ။ ပဲပြုတ် ၁၀ထုတ်၊ နှမ်းအကြီး ၂ထုတ်လို့ … ဟီး…


Wait till all the water gone and started to hear crispy sound... of course you need practice to make it perfect like that "Not burn, but still got ဂျိုးကပ်" I like that ဆီထမင်းဂျိုး the most

Starting to place it in the box, we had to cut those oil paper to put in the box as well...
ကျွန်မ ညနေအလုပ်ဆင်းတော့မှ ညီအစ်မ ၂ယောက် ကောက်ညှင်းနဲ့ ကျန်တဲ့ လိုအပ်တာတွေ ဝယ်ဖို့ ဈေးသွားကြတယ်။ အစက ကောက်ညှင်း ၁ကီလိုထုတ် ၆ထုတ်၊ ဆီတစ်ဗုံး ဆို တော်တော်များများရမယ်ထင်တာ အဲ့ဒါက ဗူး ၁၅၀လောက်မှာတင် ကုန်တော့မလိုဖြစ်တော့ Mr.Right နဲ့ ကျွန်မ ညဘက်ကျမှ နောက်ထပ် ကောက်ညှင်း ၆ထုတ် စုစုပေါင်း ၁၂ကီလိုဖြစ်သွားတယ်။ ဖေ့ဘွတ်ပေါ်မှာ တန်းစီနေတဲ့လူတွေအခြေအနေက တက်နေတာလေ။ အစက ည ၉နာရီလောက်မှာတင် လူ ၈၀၀ ရှိနေပြီဆိုတော့ ဟုတ်ကော ဟုတ်ရဲ့လား ထင်မိတယ်။ နောက်တော့ ၁၁နာရီလောက်ကျတော့ လူ ၂၀၀၀ ကျော်တန်းစီနေပြီတဲ့လေ။ ဒါပေမဲ့ ကိုယ်တွေ ညနေ ၆နာရီလောက်က စလုပ်တာ ဗူးထဲ ပဲပြုတ်က ပူပြီး ပိတ်လိုက်ရင် အောင်းသွားမှာစိုးလို့ အေးဆေး အအေးခံဘာညာ အစက လုပ်နေတာ ည ၉နာရီလောက်ထိမှ ဗူး၁၀၀ ထည့်ပြီးတယ်။ ဗူးပိတ် တစ်ရူးကို တစ်ဗူးချင်းစီမှာ မကပ်ရသေးဘူး။ ဒီလိုနဲ့ နောက်ပိုင်းတော့ အားလုံး ဇာတ်တိုက် လုပ်ရတော့တာပေါ့။ ဗူးထဲထည့်ပေမဲ့ ကျန်တဲ့ ကြက်သွန်ကြော်၊ နှမ်းထောင်း၊ မြေပဲ လိုက်ထည့်သေးတာဆိုတော့ ဗူးက ချက်ချင်းမပိတ်ဖြစ်ဖူးဆိုတော့ အေးဖို့အချိန်နည်းနည်းတော့ရပါတယ်လေ။ ဒီလိုနဲ့ သားအမိတွေ မနားတမ်းလုပ်လိုက်တာ ည ၂နာရီလောက်ကျတော့ အမေ့အလုပ် ဆီထမင်းထိုးတာ အားလုံးကုန်သွားတယ်။ လူကြီး ၂ယောက်ကိုတော့ ဝင်အိပ်တော့လို့ ပြောလိုက်တာပေါ့ သူတို့ ခံနိုင်မှာ မဟုတ်ဘူးလေ။ ကျွန်မရယ်၊ Mr.Right ရယ်၊ အစ်မရယ်ပဲ ။ သူတို့ ၂ယောက်က ဗူးပြင်၊ ကျွန်မက နောက်ဆုံးအဆင့် စစ်ဆေးပြီး ဗူးပိတ်၊ တစ်ရူးကပ်၊ မနက်ယူသွားမဲ့ အိတ်ထဲ စီစီရီရီထည့် အရေအတွက်ဘယ်လောက်ပြီးပြီလဲ မှတ်လုပ်နေတာ။ ၃နာရီလောက်ကျတော့ Mr.Right ကို ဝင်အိပ်ခိုင်းလိုက်တယ်။ သူက အအိပ်မက်တဲ့သူ။ သူအိပ်ရေးမဝရင် Dark Circle က အကြီးကြီးမြင်ရတယ်။ အလုပ်ပိတ်ရက် စနေနေ့ မနက် အစောကြီးထရမယ်ဆိုတာတင် သူ့အတွက်က တော်တော်လေး ခက်ခဲတဲ့ အလုပ်။ ၃နာရီသူဝင်အိပ်တဲ့အချိန် နောက်ဆုံး ၁ဒယ်လောက်ပဲထည့်ဖို့ကျန်ပါတော့တယ်။ ကျွန်မနဲ့ အစ်မလဲ လုပ်နေရင်းနဲ့ ဦးနှောက်တွေက နှေးလာပြီလေ။ နောက်ဖေးသွားပြီး ဘာသွားယူဖို့သွားမှန်း မေ့တာနဲ့။ ယောင်ဝါးဝါးတွေဖြစ်နေပြီ။ အတွေးထဲမှာ ဗူး ၅၀၀လောက်မှန်းထားတာ ဗူး ၁၀၀တင် ၂နာရီကျော်ကြာအောင် လုပ်ရတယ်။ ည ၂နာရီခွဲမှာ ဗူး ၂၀၀ ပြီးတယ်။ မနက် ၅နာရီခွဲမှာ အားလုံးပေါင်း အပြီးအစီး ဗူး ၃၆၀ ပြီးတယ်။ ၁၂ကီလိုလုပ်တာတောင် ဗူး ၅၀၀ မရဘူး။ ကိုယ်က ဗူးတွေကို တွန့်တိုပြီးထည့်ရင်တော့ရတာပေါ့လေ။ ဒါပေမဲ့ စားရတဲ့သူတွေ ကောင်းကောင်းစားရ၊ မစားရတဲ့သူကျတော့လဲ ဘယ်တတ်နိုင်မလဲ။ စားရပြီး အရေအသွေးညံ့နေတာနဲ့ မဝရေဆာဆို မကောင်းဘူးလေ။

woo hoo... Final products with full packaging, 200 packets at 2:33AM

All done at 5:30AM.. Ready to deliver
အမှန်တော့ အစ်မနဲ့ ကျွန်မက တစ်ခါတည်းပဲ သွားဝေလိုက်ချင်စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ လူကြီးတွေနဲ့ Mr. Right ကို နှိုးဖို့ကလဲ ကိုးလို့ကန့်လန့်ဖြစ်နေတာနဲ့ ကိုယ်လဲ ၁နာရီခွဲလောက်တော့ အိပ်ချိန်ရပါတယ်ဆိုပြီး ဝင်အိပ်လိုက်တယ်။ စိုးရိမ်တာက ပြန်မနိုးမှာကို။ ပြီးတော့ ကိုယ့်ကို volunteer လုပ်ပေးမယ်ဆိုပြီး ပြောထားတဲ့ သူငယ်ချင်း ၂ယောက်ကို မနက် ၈နာရီခွဲအရောက်လို့ပြောထားတယ်။ ဒါပေမဲ့ ခုတော့ နည်းနည်းစောသွားမယ်ဆိုပြီး ၈နာရီအရောက်လို့ မတ်စေ့ပြန်ပို့လိုက်တယ်။ စိတ်ကြောင့်ပဲလားတော့မသိပါဘူး သံပတ်တောင် မမြည်သေးခင် ၆နာရီခွဲပြန်နိုးလာတယ်။ ဒါနဲ့ ရေမိုးချိုး လိုက်နှိုးပြီး သွားဖို့ ပြင်ဆင်တယ်။ တိုက်စီကိုတော့ on call ၂စီးခေါ်ရတာပေါ့။ ကိုယ့် ဆီထမင်းတွေက နည်းမှ မနည်းပဲ။ ကျွန်မနဲ့ Mr.Right က တစ်စီး။ အဖေ၊အမေ၊ အစ်မက တစ်စီး။ အသွားတိုက်စီသမားကတော့ သူတို့နိုင်ငံမှာလာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ကြိုက်ပုံမရဘူး။ စကားပြောကြည့်တာနဲ့သိတယ်။ ကိုယ့်ကိုတော့ ရိုင်းရိုင်းဘာမှ မပြောပါဘူး။ ဒီနိုင်ငံမှာ အလုပ်လုပ်နေရတဲ့နင်တို့လူမျိုးတွေက ကံကောင်းတဲ့သူတွေတဲ့။ ပြီးတော့ သံရုံးနားက လူတန်းကြီးကို သူက သိတယ်။ ဘာလုပ်နေလဲမေးလို့ ရှင်းပြလိုက်တယ်။ ခု ငါက အဲ့လူတန်းကြီးကို မုန့်အလကားသွာကျွေးမလို့လို့။ နင်ရော မပေးဘူးလားတဲ့။ ငါက မြန်မာပြည်မှာ ပေးမှာလို့ပြောလိုက်တော့ သူက နင်က ဒီကို အလည်လာတာလားတဲ့။ ဒီမှာအလုပ်လုပ်နေတာလို့ပြောရင် ဂျေက ဝင်အုံးမှာမို့ ရှုပ်လို့ အေးဟုတ်တယ်။ အလည်လာတာ။ ဒီမှာတန်းစီနေတဲ့သူတွေကို မုန့်ကျွေးချင်လို့ကို ဒီကို ပျံလာတာလို့ပြောလိုက်တယ်။

Si-Hta-Min Yu kya own ma lar?
ဟိုရောက်တော့ ကူပေးမဲ့ ညီမတစ်ယောက်က ရောက်နေပြီ။ သူက အမြဲအချိန်မှန်တယ်။ မဗေဒါ မင်္ဂလာဦးဆွမ်းကျွေးတုန်းကလဲ အစောဆုံးရောက်တဲ့သူထဲမှာ ပါတယ်။ ဒီလိုနဲ့ သံရုံးပေါက်ရှေ့တည့်တည့်မှာပဲ ဆင်းတော့ ကျူက ၂လိုင်း။ ဘယ်ဘက်က ပိုရှည်တဲ့လိုင်းက ညကတည်းကစီတဲ့သူတွေ။ ညာဘက်က နည်းနည်းတိုတဲ့လိုင်းက ဦးစားပေး ကလေးတွေ၊ ဗိုက်ကြီးသည်တွေနဲ့ သက်ကြီးရွယ်အိုတွေလိုင်း။ ဘယ်လိုပေးရမှန်းမသိတော့ဘူး လူအုပ်များမှန်းကြိုသိနေလို့ ကိုယ်တစ်ညလုံး မအိပ်ပဲ လုပ်လာတဲ့ ဆီထမင်းက အဲ့လူအားလုံးကို မလောက်မှန်းသိနေလို့ လာကတည်းက စိတ်မကောင်းဖြစ်နေတာ။ ကိုယ်တတ်နိုင်သလောက် ကိုယ်စွမ်းသလောက်တော့ လုပ်ခဲ့တာပဲလေ။ ဒါပေမဲ့ ပိုဇွဲကောင်းလို့ ရှေ့ရောက်တဲ့သူ စားပေါ့ ဘယ်တတ်နိုင်မလဲ။ ကိုယ့်ဖေ့ဘွတ်က သူငယ်ချင်းတွေကလဲ ညက ဓာတ်ပုံတင်ကတည်းက သူတို့နေရာတွေပြောကြပေမဲ့။ အရမ်းနောက်ရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ ရှေ့မှာလို့ပြောတဲ့ သူငယ်ချင်းရှိရင် ကိုယ်က ဝမ်းသာတယ်။ သူတို့စားရမယ်ပေါ့။ ဟိုရောက်လို့ဝေမယ်လုပ်တော့ G&C မှာရင်းနှီးတဲ့ ညီမတစ်ယောက်က ဖေ့ဘွတ်ထဲမှာ လာမယ်ဆိုတာကြိုသိနေတယ်လေ။ သူကလဲ သံရုံးပေါက်ဝနားမှာ တန်းစီနေတာ။ အဲဒိ ရှေ့ကလူတွေအားလုံးက နောက်ကလူတွေကို ဝေပါ။ သူတို့ကို လာပေးတဲ့သူတွေရှိပါတယ်။ စောစောကပဲ လိမ်မော်သီးလာပေးသွားသေးတယ်တဲ့။ အားလုံးက နောက်ကိုလွှတ်ကြပါတယ်။ ဒါပေမဲ့ စားချင်တဲ့သူတွေက ရှက်ပြီး မယူရဲမှာစိုးလို့။ နောက်ဘက်ကို လျှောက်ရင်နဲ့ လိုချင်ရင် စားရအောင် အော်မေးသွားလိုက်တယ်။

ဆီထမင်း စားကြအုံးမလား။
ဆီထမင်း ယူကြအုံးမလား။ ဆိုပြီး (ကိုယ့်အသံက ခပ်အောင်အောင်ဆိုတော့ တချို့က လှူတယ်မထင်ပဲ လာရောင်းနေတယ်ထင်လားမသိ၊ ပြူးကြည့်နေတာတွေရှိတယ်။ ကိုယ်က အလကားပေးတာပါ ပြောရတယ်)


arr pay kya par
ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်
ကိုယ်လာကျွေးတာကို လှိုက်လှိုက်လှဲလှဲ ပျော်ပျော်ပါးပါးလက်ခံတာ အားပါးတရစားတာဆို သိပ်ပျော်တယ်။ ယူချင်သလို မယူချင်သလို ရှက်သလိုလို ရွံ့သလိုလိုလုပ်နေရင်၊ သိပ်စဉ်းစားနေရရင် မယူပါနဲ့လို့ ပြောလိုက်ချင်တယ် (မကောင်းတတ်လို့ မပြောခဲ့ပါဘူး)။ ဘာလို့လဲဆိုတော့ သူတို့က သိပ်မလိုချင်ပဲ ယူထားပြီး နောက်က သူတို့ထပ် လိုအပ်တဲ့သူ မစားရမှာစိုးလို့။ ဒါပေမဲ့ ကိုယ်က အလှူရှင်ဆိုတော့ ဘယ်သူ့ကိုမဆိုတော့ ကျွေးချင်စိတ်ရှိပါတယ်။

တချို့ကလဲ “Facebook ပေါ်က ဆီထမင်းလာပြီဟေ့” ဆိုပြီး ပျော်ပျော်ပါးပါး ယူတော့ ကိုယ်လဲ ပျော်။ တန်းစီနေတဲ့ အထဲမှာ ကိုယ်တို့ မိသားစုနဲ့ သိတဲ့ အစ်မတစ်ယောက်ကလဲ မထင်မှတ်ပဲ လိုက်လုပ်အားပေးပြီး ဝေပေးတယ်။

“ကောင်းလိုက်တာ” “မွှေးနေတာပဲ” “ဗူးလေးတွေကလဲ သပ်သပ်ရပ်ရပ်နဲ့” လို့ပြောတဲ့သူတွေ၊ ဆုတောင်းပေးတဲ့သူတွေရဲ့ အသံတွေကြားရတော့ ငါညက ၅ခွဲမအိပ်ပဲ နောက် ၁ကီလိုလောက်ဝယ်ပြီး ၆နာရီခွဲထိ မအိပ်ပဲလုပ်ရမှာဆိုပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်မိသေး။ ဒါမှမဟုတ် ပြင်ဆင်တာကို လာကူညီမဲ့ Volunteer သူငယ်ချင်းတွေရှိရင်တော့ ဒိထက်များများလုပ်နိုင်မှာပေါ့နော်။ မဗေဒါတို့ ဆီထမင်းက one of the first အလှူရှင်ပဲလေ။ အဲ့မတိုင်ခင်ကတော့ သိပ် ကရိကထမများတဲ့ အသီးအနှံ၊ အအေး၊ ရေဗူး၊ ဘီစကစ် စတာတွေ ဝေတာတော့တွေ့တယ်။ သူတို့ဝေလို့လဲ ကိုယ်က လုပ်ချင်သွားတာပါတယ်။ ကောင်းမှုဆိုတာ အဲလိုကူးစက်တတ်တယ်လေ။ ခုလဲ မဗေဒါရဲ့ ဆီထမင်းပုံတင်လိုက်တာ ဖေ့ဘွတ်ပေါ်မှာ လူတွေ ရှယ်ကြ Like ကြတာ Facebook ဝန်ကြီး ဦးရဲထွတ်ကတောင် လာ Like သွားသေး။ ဒီတော့ သူများတွေကိုပါ ကူးစက်ပြီး ခုနောက်ပိုင်းတော့ ကိုယ်မလုပ်နိုင်တဲ့ နေ့လည်စာတွေ ဘာတွေတောင် အများကြီးလှူလာကြတော့ အရမ်းဝမ်းသာတာပဲ။ ပြောသာပြောတာ အဲ့ဒိ ဆီထမင်း ကိုယ်တစ်လုတ်တောင် မစားလိုက်ရဘူး။ ကိုယ်မစားရင် တစ်ဗူးပိုရတာနဲ့ တူတူပဲလေ။ ကိုယ်က ဘယ်အချိန်စားစားရတယ်။ အဲဒါကြောင့် ပေးဆပ်ခြင်းက ရတဲ့ ပျော်ရွှင်မှု (The joy of giving) က ဘယ်လို ခံစားချက်မျိုးနဲ့မှ မယှဉ်နိုင်ဘူး။


အားလုံးကြိုက်တဲ့ ဆီထမင်းလာပြီ
လှူတဲ့လူတွေကြည့်ပြီး ကြည်နူးရသလို မဲပေးတဲ့သူတွေအကြောင်းနဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာတွေ့ရတော့ စိတ်ထဲလဲ မကျေမချမ်းဖြစ်ရပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဘယ်လို မဲလိမ်တယ်၊ ဘယ်လို ခက်ခဲအောင်လုပ်တယ်။ စသည်ဖြင့်ပေါ့။ ငိုတဲ့သူတွေ မူးလဲတဲ့သူတွေ။ စသည်ဖြင့် ဒေါသဖြစ်ရသလို၊ နိုဝင်ဘာ ၈ရက်နေ့အတွက်လဲ ရင်မောရပါတယ်။ သူများတွေပြောသလိုပဲ။ ထည့်လဲ အစိုးရက ကလိမ်ကျမှာပဲဆိုတာ ဟုတ်သလိုလိုရှိပေမဲ့။ ခုလို ထည့်တဲ့သူတွေရှိတယ် သူတို့ကလိမ်ကျတာကို ဖော်ထုတ်တယ်။ ပိုပြီး media attention ရအောင်လုပ်တယ်။ ကမ္ဘာက သူတို့ ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို သိအောင် လုပ်နိုင်တယ်။ မဟုတ်ရင် သူတို့က သူတို့ကိုယ်သူတို့ ကောင်းလာပြီ ဟန်ဆောင်နေတာ။ ကိုယ်တွေကသာ မဟုတ်ဘူးဆိုတာသိတာ။ တကယ်တန်း နိုင်ငံခြားသားတွေကို မေးကြည့်။ အားလုံးက နင်တို့ သမ္မတသစ်က အရင်ထက်စာရင် မဆိုးဘူးမှတ်လားပဲ ထင်နေကြတာ။ ဘာသာရေး အဓိကရုန်းတွေ၊ မဘသ တွေဆိုတာ အစိုးရက မီးထိုးနေတဲ့ လှည့်ကွက်ဆိုတာ သိပ်သိကြတာမဟုတ်ဘူး။ ဒီတော့ Voice out ကြပါ။ ဟုတ်တယ်။ သူတို့ အကျင့်ဘယ်လောက်ယုတ်ယုတ်၊ ကိုယ့်ဘက်က တာဝန်က မဲပေးရမဲ့တာဝန် ကိုယ်မဲပေးမှ သူတို့ အကျင့်ယုတ်တာကို ဖော်ထုတ်နိုင်မှာ။ မဲမပေးရင် သူတို့ကို လက်ခံနေတာနဲ့ အတူတူပဲ။ ရုပ်ရှင်မင်းသား လူမင်းပြောသလို “ကိုယ့်ဘက်က မဲပေးဖို့တာဝန်လေးတောင် နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေပွန်အောင် မလုပ်ချင်ရင်၊ တာဝန်ကျေတဲ့ အစိုးရရဖို့ဆိုတာကိုလဲ မျှော်လင့်နေလို့မရဘူး” ဆိုတာလိုပေါ့။

ဖေ့ဘွတ်မှာ ဆီထမင်းကြောင့် လာလိုက်တဲ့ friend Request တွေ၊ ဆီထမင်းတစ်ခုတည်းအတွက်နဲ့တော့ ပေါ်ပင်လာအက်နေစရာမလိုပါဘူး။ ၁ရက်နေ အားလုံးမေ့ကုန်မှာပါ။ ကိုယ့်သိတယ်ဆိုရင် တစ်မျိုးပေါ့။ အထူးသဖြင့် ကိုယ့်စာဖတ်သူဆိုရင်တော့ အမြဲတမ်း ကြိုဆိုလျက်ပဲ။ လာအက်တဲ့ သူတွေထဲမှာ အန်ကယ်တစ်ယောက်ကတော့ မတ်စေ့ပို့ပြီး သူအလှူငွေထည့်ချင်တယ်ပြောလာတယ်။ ကိုယ်ကလဲ အလှူက ပြီးသွားပြီး နောက်ပြီး မိသားစုအလှူသက်သက်ပဲဆိုတော့ မယူတော့ကြောင်း ပြောလိုက်တယ်။ သူက မပြီးသေးဘူးလေ။ နောက် ၄ရက်ကျန်သေးတယ်တဲ့။ ဟီး…

လုပ်အားသားရှိရင် လုပ်ပေးချင်တာပေါ့။ နောက် ၄ရက်ဆက်တိုက်တော့ မအိပ်မနေလုပ်ရင် မဗေဒါတို့ သားအမိတွေ ဗုံးဗုံးလဲသွားလိမ့်မယ်။ ဒါနဲ့ပဲ ခုနောက်ပိုင်း အလှူရှင်တွေလဲ များပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်သူတွေလဲရှိပါတယ်။ သူတို့ကို ဆက်သွယ်လှူဒါန်းဖို့ အကြံပေးလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ကို ယုံကြည်လို့၊ ကိုယ့်ဆီထမင်း သပ်သပ်ရပ်ရပ်လေးတွေကို သူ သဘောကျလို့ မသိပေမဲ့ လာပြီးအဲ့လိုပြောတဲ့အတွက် တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျေးဇူးလဲတင်ပါတယ်လို့ပဲ ဒီကနေ ပြောချင်ပါတယ်။



Tuesday, April 21, 2015

Where to buy Myanmar Groceries in Singapore


စင်္ကာပူမှာနေပြီး စင်္ကာပူရဲ့ နေထိုင်မှုအကြောင်းကျတော့ သိပ်မရေးဖြစ်ဘူး။ ကိုယ်နဲ့အနီးဆုံးနေရာဆိုရင် အထူးတလည်လုပ် ပြောဖို့ မေ့နေတာလေ။ ရန်ကုန်မှာနေတုန်းက ရွှေတိဂုံဘုရားပေါ် ဘယ်တော့မှ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သလိုပေါ့။

ခုတော့ မဗေဒါ ဘလော့ဖတ်သူတွေထဲမှာ စင်္ကာပူကမဟုတ်တဲ့သူတွေ၊ စင်္ကာပူ မလာဖူးပေမဲ့ နောက်လာဖို့ စိတ်ကူးရှိသူတွေအတွက် အသုံးဝင်မယ်ထင်လို့ ပြောပြချင်လာတယ်။ စင်္ကာပူမှာနေနေတဲ့သူတွေအတွက်ကတော့ မသိသေးဘူးဆိုရင် တိုက်ရိုက်တော်တော်လေး အသုံးဝင်မယ်လို့ မျှော်လင့်တယ်။ သိနေပြီးသားဆိုရင်တော့ မဗေဒါ ကျန်ခဲ့တဲ့ အင်ဖိုများရှိရင် ကွန်မန့်မှာ ဖြည့်စွက်ပေးသွားပေါ့နော်။
ဘာရယ်တော့မဟုတ်ပါဘူး ဟိုနေ့က အင်ဥနဲ့ ကန်စွန်းရွက်ကြော် စားချင်လာတာနဲ့ အင်ဥသွားဝယ်ဖြစ်တယ်။ မြန်မာပြည်မှာတောင် တစ်ခါတစ်လေ ရာသီပေါ်မှ စားရတဲ့ အင်ဥက စင်္ကာပူက ယိုးဒယားဈေးလို့ မြန်မာတွေ အသိများတဲ့ Golden Mile Complex မှာ ဆီသွပ်ဘူး ပုံစံမျိုးနဲ့ ရာသီတိုင်းဝယ်လို့ရတယ်။

ပြီးတော့ မြန်မာဆိုင်တွေရှိတဲ့ ပင်နီဆူလာ ပလာဇာမှာ ဈေးကြီးပေးရတဲ့ အစားအစာတွေကို အဲ့မှာ ဈေးချိုချိုနဲ့ရတယ်။ ဥပမာ သရက်သီး အစိမ်းတို့၊ ဒညင်းသီးတို့ (ဒညင်းသီးဆိုရင် ပင်နီဆူလာမှာ ၅လုံးကို ၂ဒေါ်လာနဲ့ရောင်းတယ်။ ယိုးဒယားဈေးမှာ ၁၀လုံးကို ၁ဒေါ်လာပြား ၂၀နဲ့ ရတယ်။ အင်း မြန်မာဒညင်းသီးကတော့ ပိုကြီးပြီး ပိုစီးတာပေါ့နော်။ ဒါပေမဲ့ ယိုးဒယားဈေးက ဒညင်းသီးလဲ မြန်မာဒညင်းသီးလောက် မရင့်ပေမဲ့ စားလို့ကောင်းပါတယ်)။

ယိုးဒယားဈေးကို မရောက်တာ အတော်ကြာပြီဆိုတော့ မြန်မာတွေစားတဲ့ အသီးအနှံတွေ၊ သုံးတဲ့ ပစ္စည်းပစ္စရာတွေ ရမှန်းသိပေမဲ့ အရေးရယ်အကြောင်းရယ်ဆို အဲ့မှာဝယ်ဖို့ သတိမရဘူး။ အာ့ကြောင့် မဗေဒါရဲ့ မင်္ဂလာဆွမ်းကြွေးနေ့မှာ သုံးဖို့ ငွေကရားနဲ့ ဖလားကို မြန်မာပြည်ကနေ ခက်ခက်ခဲခဲ ပတ်ဝယ်ပြီး သယ်လာရတယ်။

ဘယ်လိုသွားရလဲဆိုတော့ Lavender Mrt မှာဆင်း။ ICA building ကြီးနောက်ဘက်က မြောင်းကြီးရှိတဲ့ဘက်ကို တည့်တည့် လျှောက်လာ။ နောက်ထပ် လမ်းမကြီးတစ်ခုကို ကူး။ တိုက်တွေအောက်က တည့်တည့်ပဲဆက်လျှောက် နောက်ထပ် လမ်းမကြီးတစ်ခုရောက်လို့ ကုန်းကျော်တံတားနဲ့ကူးလိုက်တာနဲ့ ယိုးဒယားဈေးထဲတန်းရောက်သွားရော။ တံတားနဲ့ ဝင်ပေါက်က ဆက်ထားတယ်။ (ကိုယ်သွားတဲ့ပုံစံကိုပြောပြတာ။ ဘတ်စ်ကားတွေလဲ ရောက်တယ်။) Golden Mile ဆို မသိသူ မရှိပါဘူး။ အရင်ကဆို မလေးရှားခရီးသွားကားတွေက အဲ့မှာဂိတ်ပဲ။
အောက်မှာ ပုံလေးတွေနဲ့တကွ Golden Mile Complex ကို ဈေးဝယ်ထွက်ကြမယ်နော်။



ပုံ ၁. အဲ့ဒိ Thai Supermarket ထဲမှာ အစုံရှိတယ်


ပုံ ၂. ဟောဒိမှာ အင်ဥ ဆီသွပ်ဗူးလေးတွေ (အင်ဥကို Puff Ball Mushroom လို့ ခေါ်တယ်တဲ့)


ပုံ ၃. သရက်သီးစိမ်း တို့စားချင်ရင် (အရင်ကဆို ငါးခူးတွေ ငါးရှဉ့်တွေ အရှင်တွေလဲ ရောင်းတယ်။ ခုမတွေ့တော့ဘူး)



ပုံ ၄. ငွေဖလားတွေနဲ့ ရွှေကလပ် ငွေကလပ်တွေ စုံနေတာပဲ


ပုံ ၅. ငွေဖလားဈေး (ကိုင်ကြည့်တာတော့ မြန်မာပြည်လို ကော်ကို ငွေရောင်သုတ်ထားတာမဟုတ်ဘူး။ သတ္တုတော့ သတ္တုပဲ)



ပုံ ၆.ဘုရားသောက်တော်ရေခွက်လေးတွေ လိုချင်လား


ပုံ ၇. ရွှေလင်ဗန်း၊ ငွေလင်ဗန်းတွေလဲ ရှိတယ်နော်


ပုံ ၈. သတ္ထု ငရုတ်ဆုံလိုချင်လား


ပုံ ၉. သစ်သား ငရုတ်ဆုံလိုချင်လား


ပုံ ၁၀. ကျောက် ငရုတ်ဆုံလိုချင်လား (မြန်မာပြည်က သယ်လာစရာမလိုဘူးနော်)


ပုံ ၁၁. ကျောက် ငရုတ်ဆုံ ဆိုဒ်စုံရှိတယ်နော်


ပုံ ၁၂. ဒီဆိုင်ထဲမှာ ဟင်းခတ် အမွှေးအကြိုင်မျိုးစုံနဲ့ ငရုတ်သီးပေါင်းစုံလဲရှိတယ် (ငရုတ်သီးအကျက်မှုန့်လဲ တွေ့ခဲ့တယ်)


ပုံ ၁၃. အင်ဥ ဗူးလေး ဖွင့်လိုက်သောအခါ သဲမစင်မှာလဲ မပူရဘူး။ အားလုံး သန့်စင်ပြီးသား


ပုံ ၁၄. နည်းနည်းကြီးတဲ့ အင်ဥလေးတွေကို တစ်ဝက်စီ ကပ်ကြေးနဲ့ညှပ်ခွဲ


ပုံ ၁၅. အိုးထဲမှာ အင်ဥလေးတွေ စပြီးကြော်နေပြီ (ဘေးကနေ သွားရည်ကျနေပြီ)


ပုံ ၁၆. အင်ဥ ကန်စွန်းရွက်ကြော်လေးနဲ့ ထမင်းနဲ့စားစား၊ ဒီတိုင်းထိုင်စားစား ကောင်းမှကောင်း

နောက်ပိုစ့်ကျရင် ချဉ်ပေါင်ရွက်၊ မျှစ်၊ မျှစ်ချဉ်၊ ငှက်ပျောအူ စတာတွေ ဈေးချိုချိုနဲ့ ရောင်းတဲ့ ကုလားဈေးအကြောင်း ပြောပြမယ်နော်။ ခုတော့ အဲ့ဈေးသွားပြီး ဓာတ်ပုံမရိုက်ရသေးလို့…