Showing posts with label New Zealand. Show all posts
Showing posts with label New Zealand. Show all posts

Wednesday, October 25, 2017

Honeymoon to New Zealand Day 12: Ziplining and Romantic Gondola Buffet

၁၃ရက် မေလ ၂၀၁၅

ပြန်ဖို့ရက်နီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကလဲ တဖြည်းဖြည်းနဲ့ နှေးလာပါတယ်။ နေရာတွေလုပ်ချင်တာတွေ အများကြီး အလျင်စလိုမလုပ်တော့ပဲ တစ်ရက်မှာ တစ်ခု ၂ခုပဲ ဖြေးဖြေးလုပ်ပါတယ်။ ပြီးတော့ ဟန်းနီးမွန်းဆိုတော့ ဂွန်ဒိုလာတောင်ထိပ်က ရိုမန်တစ် ဘူဖေးလေးဘာလေးစားရင်း တခြားနေ့တွေထက်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်သွားစားတော့ ဟန်းနီးမွန်းမဟုတ်လဲ Queenstown ရောက်ရင် Gondola ပေါ်က ဘူဖေးစားဖို့ တိုက်တွန်းချင်ပါတယ်။ ရှုခင်းလှလှ… အစားအသောက်ကောင်းကောင်းနဲ့ အတော်လေးကို စိတ်ကြည်နူးစေပါတယ်။


Let's go to Gondola with cable car

Ziplining Ride


Photo: EverythingQueenstown
မနက် ၉ကိုးနာရီခွဲ Cable ကားနဲ့ Queenstown တောင်ခြေ ကနေ Gondola တောင်ထိပ်ကိုတက်ခဲ့ပါတယ်။ မိုးတွေက ဖွဲဖွဲကျနေလို့ တောင်ပေါ်မှာ လူတောင် သိပ်မရှိပါဘူး။ ကိုယ်လဲ Zipline မှ လုပ်လို့ရပါ့မလားဆိုတဲ့ ကြောက်စိတ်နဲ့ပေါ့။ တောင်ပေါ်လဲတောင်ပေါ်သွားမှာ မိုးကလဲ ရွာနေတယ်ဆိုတော့ ရာသီဥတုအရမ်းအေးမှာကို ကြောက်ကြောက်နဲ့ ဟိုတယ်က ထွက်လာကတည်းက ဘောင်းဘီ ၃ထပ်၊ အင်္ကျီ ၄ထပ်ဝတ်လာမိတော့ လူက တကယ်ကို ပစ်တိုင်းထောင်လို လုံးနေတာပေါ့။ 

ရောက်ရောက်ချင်း zipline နေရာကို ရှာဖို့ အပြင်ထွက်လိုက်တော့ zipline စီးမဲ့ တခြား အုပ်စု တစ်စုနဲ့တွေ့ပါတယ်။ သူတို့နောက်လိုက်သွားရင်း စီးမဲ့နေရာရောက်တော့ ဘယ်သူမှ မရှိပါဘူး။ ဒါနဲ့ စောနေသေးတယ်ထင်တယ်ဆိုပြီး အဆောက်အဦးရှိတဲ့ဘက်ပြန်လျှောက်လာပါတယ်။ တချိန်တည်းမှာပဲ မိုးက အနည်းငယ်သည်းလာပါတယ်။ မိုးသာမရွာရင်တော့ အောက်က Queenstown မြို့ကို လှမ်းမြင်နေရမှာပါ။ ဒီလိုနဲ့ အဆောင်ထဲက စားသောက်ဆိုင်တစ်ခုမှာပဲ ကော်ဖီနဲ့ မုန့်စားရင် ထိုင်စောင့်နေလိုက်ပါတယ်။ နာရီဝက်လောက်နေမှ မိုးနည်းနည်းစဲသွားလို့ zipline နေရာပြန်ထွက်ကြည့်တော့မှ စီးလို့ရနေပါပြီတဲ့။ zipline 4 lines စီးတာ ကျွန်မနဲ့ သူ ၂ယောက်တည်းရှိတယ်။ တခြား လာလည်သူ ဘယ်သူမှ မရှိဘူး။ ကိုယ်တောင်မှ ဟုတ်ရဲ့လား။ ဒီရာသီဥတုနဲ့ စီးလို့ရရဲ့လား စိတ်ထဲ ဇဝေဇဝါ။ မိုးက တောအုပ်ထဲ ထင်းရှုးပင်တွေအုပ်နေတော့ မရွာသလောက်တော့ရှိပါတယ်။ သူတို့က Zipline 4 lines စီးတာ စုစုပေါင်းကြာချိန်က ၄၅ မိနစ် ၁နာရီလောက်ရှိတယ်ဆိုတော့ အစက ကိုယ်က ခပ်လန့်လန့်ဖြစ်နေတာ။ (ကိုရီးယား နာမီကျွန်းမှာစီးတုန်းက မြစ်ကိုဖြတ်ဆောက်ထားတဲ့ zipline တောင် ၅မိနစ်လောက်ပဲကြာတာလေ။ ဒါတောင် အသည်းအေးတာ ခုအကြာကြီးပဲလို့ ထင်မိလိုက်တာပေါ့)။ နောက်မှ သူက ၄ lines ဆိုတာ ziplines အတိုလေးတွေ ၄ခါဖြတ်ဖြတ်စီးရသလိုဖြစ်နေတာ။ တစ်လိုင်းစီးပြီးတိုင်း ကြိုးတွေတပ်ရ ပြန်ဖြုတ်ရ။ ပြီးတော့ သူတို့ Queenstown မြို့အကြောင်း ရှင်းပြလိုက်နဲ့ ကြာတာ။ စီးရတာက ဘယ်လောက်မှ မကြာဘူး။


မနက်စာ၀င်စားခဲ့တဲ့ Gondola ထိပ်က ကော်ဖီဆိုင်လေး


စစီးမယ်ဆိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံလိုဟာမျိုးတွေကိုလဲ ဝတ်ရသေးတယ်။ ပါလာတဲ့ အိတ်တွေ အထုတ်တွေ အကုန်ထားခဲ့ရတယ်။ လော့ကာလဲ မဟုတ်တော့ ပစ္စည်းတွေ သိပ်စိတ်မချချင်ဘူး။ ဒါပေမဲ့ သူတို့က စိတ်ချရပါတယ်ပြောတော့လဲ ပိုက်ဆံအိတ်နဲ့ Gopro ကင်မရာလေးတော့ ကိုယ်နဲ့ယူလာလိုက်တယ်။ ကိုယ် zipline စီးတာကို ရိုက်စေချင်တော့ Gopro ကင်မရာကို Mr.Right ရင်ဘတ်မှာ တပ်ပေးလိုက်မိတယ်။ (ဘဝမှာ ပြန်ပြင်လို့မရတဲ့ အမှားပဲ)။ ကိုယ်ကတော့ သူတို့ အတန်တန်ပစ္စည်းကျမယ်နော်ဘာညာပြောနေပေမဲ့ ကိုယ့်ဖုန်းကိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံ အပြင်အိတ်ထဲထည့်ထားလိုက်တယ်။ Mr.Right စီးတာကို ကိုယ်က ဖုန်းနဲ့ရိုက်ပေးလို့ရအောင်။ အာ့ကြောင့် ခု zipline စီးတဲ့ ကိုယ့်ဗွီဒီယို ဘာတစ်ခုမှ ကောင်းကောင်းမရခဲ့ဘူးလေ။

ခဏတာ တွေ့ဆုံခဲ့တဲ့ စတီဗင် ၂ဦး

စီးတဲ့တောက်လျှောက် လိုက်လုပ်ပေးတဲ့ လူ ၂ငယ် ၂ယောက်က ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူတို့ရဲ့ အလုပ်ကြောင့် တာဝန်အရ ကာစတန်မာ စိတ်ချမ်းသာအောင် ပျော်ပျော်ရွှင်ရွှင်ပဲ ဆက်ဆံ ဆက်ဆံ၊ တကယ်ပဲ သူတို့က ပျော်ပျော်နေတတ်တဲ့သူတွေပဲဖြစ်ဖြစ် ကာစတန်မာတစ်ယောက်အနေနဲ့တော့ သူတို service ကို ကျေနပ်တယ်။ သူတို့က ကျွန်မတို့ရဲ့ ဗွီဒီယိုကင်မရာကိုတော့ သိပ် သက်တောင့်သက်သာရှိပုံမရဘူး။ သူတို့ကို မရိုက်စေချင်ဘူးထင်တယ်။ ဒါကလဲ personal privacy protection အရတော့ မရိုက်စေချင်လဲ သူတို့ မလွန်ပါဘူးလေ။ ဒါပေမဲ့ ကိုယ်တွေကလဲ လာတုန်း အကုန်မှတ်တမ်းတင်ချင်တာကိုး။ တကယ်တန်းပိုက်ဆံပေးပြီး ရွေးရတဲ့ ပုံမှာတော့ သူတို့က မျက်နှာပြောင်တွေနဲ့ အိုက်တင်လုပ်ပေးရှာပါတယ်။ ပြီးတော့ သူတို့ ၂ယောက်ရဲ့ ဝန်ဆောင်မှုမှာ စီးတဲ့ zipline 4 လိုင်းမှာ တစ်လိုင်းနဲ့ တစ်လိုင်း ရိုးရိုးစီးတာမဟုတ်ပဲ ဇောက်ထိုးစီးနီးတို့ ဘာတို့ကို ပျော်အောင် သင်ပေးတယ်။ ဇောက်ထိုးစီးဖို့က ဇ နည်းနည်းရှိမှရတာ။ သင်ပေးနေတုန်းကတော့ ကိုယ်က ကြောက်ပြီး မလုပ်ရဲဘူးပြောတယ်။ Mr.Right က ဘာဖြစ်လဲ လုပ်ကြည့်တာပေါ့ ပျော်စရာကြီးဆိုပြီး တကယ်စီးတော့ ကိုယ်က တကယ်ဇောက်ထိုးလုပ်ပြီး ပျော်ပြီးစီးသွားတယ်။ သူက ဇ သိပ်မရှိတော့ ခြေပစ်လက်ပစ် ကိုယ်ကို နောက်ပြန်လှန်လိုက်ရမှာကို တကယ်တန်းကတော့ မလုပ်နိုင်ဘူး။ တဝက်လောက်ပဲရောက်ပြီး ပြီးတော့ ကြိုးလေးမှာ ငြိမ်ငြိမ်လေးပါလာလို့ ကိုယ်ကတော့ လှောင်တာပဲ မရဘူး။

With the Remarkable mountain rage

My baby Mr.Right

ခရီးတစ်ခုသွားတယ်ဆိုတာ ဘယ်လိုလှတဲ့ နေရာတွေရောက်ခဲ့သလဲ၊ ဘယ်လိုကောင်းတဲ့ လိုကယ်စာတွေစားခဲ့သလဲဆိုတာအပြင် ဘယ်လို လူတွေနဲ့ တွေ့ခဲ့လဲဆိုတဲ့ အတွေ့အကြုံက နှလုံးသားထဲ အစွဲကျန်ဆုံးလို့ထင်တယ်။ ကြားဖူးတာက ကိုယ့်ဘဝမှာ တွေ့ဆုံတဲ့သူတိုင်းက ကိုယ်နဲ့ အရင်ဘဝတွေတစ်ခုခုမှာ ရေစက် ပါလို့တွေ့ကြတာတဲ့။ လမ်းသွားရင်းဖြစ်စေ၊ ရထားစီးရင်းဖြစ်စေ ခဏတဖြုတ်လေးကြုံဆုံတာတောင် အဲ့လို ခဏတဖြုတ်ကြုံဆုံးဖို့ ရေစက်ပါလာလို့တဲ့။ အဲ့ဒါကြောင့် ဘယ်တော့မှ ပြန်မတွေ့တော့မဲသူတွေ၊ ဘယ်တော့မှလဲ အဆက်အသွယ်ရှိမှာမဟုတ်သူတွေရဲ့ Hospitability နဲ့ သူတို့ပြောတဲ့ သူတို့အကြောင်းဆိုတာ ကိုယ့်အတွက်တော့ မှန်းလို့မရတဲ့ ဝတ္ထုတစ်ပုဒ်ဖတ်နေရသလိုဖြစ်တဲ့အပြင် ဒီလူတွေနဲ့ ငါတို့နဲ့ ရှေးဘဝက ဘယ်လိုရေစက်ပါခဲ့လို့ ခုလို ကြုံဆုံကြသလဲလို့လဲ တွေးမိတယ်။

ခု ဒီပိုစ့်ကိုရေးနေတာ မဗေဒါတကယ်ခရီးသွားခဲ့တဲ့ရက်နဲ့ဆို ၂ နှစ်ခွဲကြာနေပေမဲ့ တွေ့ခဲ့တဲ့ လူတွေအကြောင်းကျတော့ စာအုပ်နဲ့ ချမှတ် မထားတာတောင်မှ ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတာသာကြည့်။ သူတို့အကြောင်း ထူးခြားတာလေးက သူတို့ ၂ယောက်လုံးနာမည်က စတီဗင်လေ။ ၂ယောက်စလုံးက နယူးဇီလန်နိုင်ငံက မဟုတ်ဘူး။ တစ်ယောက်က ယူအက်စ်က၊ နောက်တစ်ယောက်က သြစီက အလုပ်လာလုပ်ကြတာ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ၂ယောက်လုံးရဲ့ ကောင်မလေးတွေ နာမည်ကလဲ ဂျန်နီပဲတဲ့။ zipline စီးပြီး Gondola ထိပ်ကို ခြေကျင်ပြန်တက်တဲ့လမ်းမှာ ကိုယ်တို့ အတွဲကို ဓာတ်ပုံရိုက်ခိုင်းပြီး ဓာတ်ပုံပြန်ကြည့်တော့မှ ကိုယ်ဟာ ၄ထပ်လောက်ဝတ်လာလို့ ဘောလုံးဖြစ်နေတာ ကွကိုယ် သတိထားမိသွားတယ်။ Queenstown မြို့လေးက အေးတဲ့အပြင် မိုးကလဲ ရွာနေ ကိုယ်တွေကလဲ တောင်ထိပ်ကို ထပ်တက်လိုက်သေးတယ်ဆိုတော့ စာတွေထဲမှာ တောင်ထိပ်ကပိုအေးတယ်။ နွေးနွေးထွေးထွေးဝတ်သွားဆိုတော့ လန့်ပြီး ဝတ်လာလိုက်တာ လွန်သွားတယ်။

အဲ့ဒိမှာ ငှက်ကုလားအုပ်အကြီးကြီးတွေနဲ့ သိမ်းငှက် အကြီးကြီးတွေ ရှိခဲ့ဖူးတယ်။

ရှုခင်းအရမ်းလှ

ဒီစာတမ်းကို အသံထွက်မှန်မှန်နဲ့ ဖတ်တတ်လားတဲ့။ ကိုယ်ဖတ်တာ မှန်လို့ သူတို့တွေအံ့သြနေတယ်။ ဘိုတွေ မှန်အောင် မဖတ်တတ်ဖူးတဲ့...

Gondola ထိပ်က luge ride စီးတဲ့နေရာ...

Scenic international Buffet Lunch on Gondola

Photo: Shutterstock

နေ့လည်စာအတွက် Gondola ပေါ်မှာ Lunch စားဖို့ လက်မှတ်ကြိုဝယ်ထားခဲ့တယ်လေ။ ကိုယ်ရောက်သွားတဲ့အချိန် ဆိုင်မဖွင့်သေးလို့ နာရီဝက်လောက် ထိုင်စောင့်လိုက်ရသေးတယ်။ ကိုယ်ကလဲ ကိုယ်တို့ ပျားရည်စမ်းအဆုံးသတ်မဲ့နေ့တွေ နီးလာလေ အရာရာကို နှေးနှေးနဲ့ အေးဆေးပဲ ခံစားချင်တော့တယ်။ ခု ဆက်တိုက် ခရီးထွက်လာတာ ၂ပတ်ရှိပြီ။ စထွက်ကတည်းက မချောမွေ့ခဲ့တဲ့ ပျားရည်ဆမ်း၊ မတော်တဆ ထိခိုက်မှုတွေနဲ့ Thiller ကားလိုလို၊ Action ကားလိုလို စခဲ့တဲ့ ပျားရည်ဆမ်းကို ခုတော့ အေးအေးလူလူပဲ ဖြတ်သန်းချင်တော့တယ်။ Gondola ပေါ်မှာ ဘူဖေးစားဖို့ ဘွတ်ထားရင် တောင်ပေါ်တက်တဲ့ Cable car အသွားအပြန် Free လေ။ ဘူဖေးစားသောက်ဆိုင်က ခန်းခန်းနားနား အောက်က Queenstown တစ်မြို့လုံးကို အုံ့မိုးမြင်ရတဲ့အပြင် ဝါကာတီပူရေကန်ကြီးနဲ့ The Remarkable နှင်းတောင်တန်းကြီးတွေခြံရံထားတဲ့ရှုခင်းကိုပါ မြင်ရတယ်။ ကိုယ့်ကိုကိုယ် နတ်ပြည်ကနေ လှမ်းကြည့်နေတဲ့ ခံစားချက်မျိုးပေါ့။ ဒီ ဘူဖေးကို အစက ကပ်စီးနည်းပြီး မဝယ်ဖို့ စဉ်းစားပေမဲ့ ပျားရည်ဆမ်းခရီးပဲ ဒီလောက်တော့ သုံးသင့်တာပေါ့ဆိုပြီး ဝယ်လိုက်တာ တကယ်ကို မှန်သွားတယ်။ အမှန်တော့ ပျားရည်ဆမ်းခရီးမဟုတ်တောင် လုပ်ဖူး စားဖူး ခံစားဖူးသင့်တယ် အတွေ့အကြုံတစ်ခုပါ။ နယူးဇီလန်အထိ ရောက်အောင်လာပြီးမှတော့ Gondola ထိပ်က ဘူဖေး ဈေးကြီးလို့ မစားဖူးဆိုတာ မဖြစ်စေနဲ့နော်။ အမှန်တော့ အရမ်းတော့ ဈေးမကြီးပါဘူး။ ရှိတဲ့ မုန့်အမျိုးတွေရယ်။ ကိုယ်ခံစားရတဲ့ ခံစားချက်ရယ်နဲ့ဆို တန်ပါတယ်။ တစ်ခုပဲ မှာချင်တာက ကိုယ်တွေကတော့ စောစောစီးစီး မိုးထဲ လေထဲ zipline စီးပြီး ကြွက်စုတ်ရုပ်ဖြစ်နေတဲ့ အချိန်မို့ စားသောက်ဆိုင်က ခန်းနား ရိုမန်တစ်ဆန်ပေမဲ့ ကိုယ့်ရဲ့ ဝတ်ထားတာနဲ့ အပြင်အဆင်ကတော့ အမြင်မှာ ဖီးလ်နည်းနည်းငုတ်စေမယ်ထင်တယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာဦးပျားရည်ဆမ်းဆိုတော့ ကိုယ်ကတော့ စိတ်ချမ်းသာနေတာပါပဲ။

Waiting for buffet restaurant lunch  opening time

We sat nearby the glass window and the view of Queenstown is breathtaking

သူတို့ အဖြူတွေ ဘူဖေးစားတာကလဲ မြန်လိုက်ကြတာမပြောနဲ့။ ကိုယ်တွေက ဆိုင်ဖွင့်ကတည်းကရောက်နေပြီး စားလို့တောင် မဝသေးဘူး ဘေးခုံကလူတွေက ပြောင်းသွားပြီ။ ကိုယ်လဲ မဆန့်မပြဲသွပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်စားနေတာ စင်္ကာပူမှာ ဘူဖေးစားသလောက်အချိန်မရှိသေးပါဘူး။ ရှုခင်းလေးကြည့်လိုက် စားလိုက်နဲ့ အမှန်ဆို စားတာကြာသွားလို့သာ ဗိုက်ပြည့်တယ်ထင်ရတာ။ တကယ်တမ်း မုန့်ချည်း ထိုင်စားမယ်ဆိုရင် ဒီထက်တောင်စားနိုင်သေးတယ်။ နောက် ဘေးခုံက ၂ခါပြောင်းဖြစ်လာတော့ ကိုယ်တွေလဲ အားနာလာတာရော၊ ဗိုက်လဲပြည့်လာတာရောကြောင့် ထွက်လာလိုက်တယ်။ ဆိုင်က Service ကလဲ ကောင်းမှကောင်းပဲ။

အဲ့ဒိနေ့ နေ့လည်ပိုင်းကတော့ ၂ယောက်သား ကိုယ်တွေနေတဲ့ Backpacker တည်းခိုခန်းလေးပြန်ပြီး မိုးအေးအေးနဲ့ ကွေးအိပ်ပျော်သွားကြတယ်။ ၂ပတ်ဇာတ်တိုက် run လာတဲ့ ကိုယ့် body လဲ အတော်ပင်ပန်းနေပြီလေ။ ညနေ နိုးတော့မှ Queenstown မြို့ထဲမှာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့နဲ့ ကိုယ့်အတွက် ဘာဘာညာညာ shopping ထွက်ကြတာပေါ့။ ပူအိုက်တဲ့ နိုင်ငံကလာတော့ အနွေးထည်ကောင်းကောင်းဆိုလို အဖြူတစ်ထည်ပဲကိုယ့်မှာရှိတာ။ ဒီခရီးစဉ်တစ်လျှောက် ဒီတစ်ထည်တည်းနဲ့ချည်း ဓာတ်ပုံရိုက်နေရလို့ အနွေးထည်တစ်ထည် ထပ်ဝယ်လိုက်တယ်။ အဲ့ အနွေးထည်ကတော့ ခုဆို ၂နှစ်ခွဲရှိပြီး ဗီရိုထဲမှာငုတ်တုတ်ဖြစ်နေတာလေ။ ဒီအနွေးထည် ထပ်ဝတ်ဖြစ်မဲ့ နေ့တွေကို မျှော်နေပါသေးတယ်။










ညကျတော့မှ ကိုယ်တွေစားနေကျ အာရှစာရောင်းတဲ့ မောလေးက foodcourt မှာပဲ ကိုယ်က Tom Yum ထမင်းကြော်၊ သူကတော့ သူ့အကြိုက် lumb kebab စားတယ်။ ကိုယ့် အတွက်တော့ ညှီလို့ မကြိုက်ဘူး။ ဒီလိုနဲ့ပဲ ကိုယ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ် ၁၂ရက်မြောက်နေ့လေးပြီးဆုံးပါပြီ။



၁၃ ရက်မြောက်နေ့မှာ ဟယ်လီကော်ပတာနဲ့ ရေခဲတောင်ထိပ်တက်တာရယ်၊ ပုံပြင်ထဲက မြို့လေးလို့ တင်စားချင်တဲ့ Arrow Town ကို အလည်သွားခဲ့ပါသေးတယ်။
(စာကြွင်း။ ။ ၂၀၁၅ မေလကသွားထားတဲ့ ခရီးကို အပျင်းကြီးတာရယ်၊ အခွင့်ရေးမပေးတာရယ်ကြောင့် မရေးဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာ ပေးစရာအကြွေးကြီးကျန်နေတယ်လို့ ကိုယ့်ကိုကိုယ်ခံစားရတယ်။ ပြီးတော့ ကိုယ်ပြန်သွားဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ရေးထားတဲ့ အင်ဖိုတွေကပဲ ကိုယ့်ကိုပြန်အထောက်အကူဖြစ်စေတယ်ဆိုတာကို အသေအချာသက်သေပြခဲ့လို့ ရေးကိုရေးမှဖြစ်မှာပါ)


EXTRA PHOTOS SESSION

How I wish it was not raining at that time.

Wet and cold but scenery is still beautiful

It was not open that time.

Which country am I pointing?

Let me go shopping for the day.

Monday, May 16, 2016

Honeymoon to New Zealand Day 11: Magical Milford Sound


၁၂ရက် မေလ ၂၀၁၅ (အင်္ဂါနေ့)


ဒီပိုစ့်လေးကို Milford sound သွားထားတာ တစ်နှစ်တိတိပြည့်တဲ့နေ့လေးမှာ စရေးဖြစ်ပါတယ်။ ခုထက်ထိရေးလို့မပြီးသေးတော့ တစ်ခုခုတော့ မှားနေပြီလို့ ကိုယ့်ကိုကိုယ်လဲ စိတ်ဓာတ်ကျမိပါတယ်။ ထားပါတော့လေ။

Milford Sound သွားတဲ့အကြောင်းကို စောင့်မျှော်နေကြတဲ့သူတွေလဲ အတော်များမှာပါ။ သူက နယူးဇီလန်ရဲ့ နာမည်ကြီးနေရာကိုး။ ကိုယ်မြင်ခဲ့တဲ့အတိုင်းပြောရရင် သူက တောင်ထိပ်မှာ စုနေတဲ့ နှင်းတွေ အရည်ပျော်ပြီး ရေတံခွန်သေးသေးလေးတွေ အများကြီးအဖြစ် မတ်စောက်လှတဲ့ တောင်ကပါးရံတွေကနေ ပင်လယ်ထဲကို စီးကျနေတာလေ။ ကိုယ့်တုန်းကတော့ အရမ်းမှန်းသွားပြီး ရောက်သွားတော့ ဒီလောက်လဲ မဟုတ်ဘူးဆိုတဲ့ စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့လဲ ထူးခြားပြီး တခြားနေရာတွေနဲ့ မတူတာတော့ အမှန်ပါပဲ။ တစ်ခုရှိတာက ရိုက်လာတဲ့ ဓာတ်ပုံတွေက အပြင်က လှတာကို မမှီပါဘူး။ ရေတံခွန်တွေကို သင်္ဘောနဲ့ အနီးကပ်ဆိုတော့ အားလုံးပါအောင်ရိုက်ဖို့က မလွယ်ဘူးလေ။ Drone နဲ့ဆိုရင်တော့ လှမယ်ထင်တယ်။ ရေတွေစင်တော့လဲ ကင်မရာက သိပ်မထုတ်ရဲလှဘူး။ ဒီတော့ အဲ့ဒိနေရာကို ခံစားဖို့ဆိုရင် ကိုယ်တိုင်သွားကြည့်မှပဲ အတိအကျသိမှာပါ။ နယူးဇီလန် တစ်နိုင်ငံလုံးက မြို့တွေ Cover လုပ်ဖို့ အချိန်မရရင်တောင် Queenstown ကို တိုက်ရိုက် ပျံပြီး နေ့ချင်းပြန်ခရီးသွားလို့ရပါတယ်။


Milford Sound

Milford Sound သို့ တနေ့တာ

Queenstown ကနေ Milford Sound ကို ကား ၄နာရီမောင်းရပါတယ်။ အသွားအပြန်ဆိုတော့ ၈နာရီကြာပါတယ်။ ဒီတော့ သွားမယ်ဆိုရင် အဲ့တစ်နေရာတည်းကို ၁နေကုန်အချိန်ပေးရပါမယ်။

မနက် ၅နာရီခွဲ အိပ်ယာထ

မနက် ၆နာရီခွဲမှာ Heartland hotel ကို Check out လုပ် အထုတ်တွေတော့ သူတို့ဆီပဲ အပ်ထားခဲ့။

မနက် ၆နာရီ ၃၅မိနစ် ကားထွက်စောင့်။ isite မှာ လက်မှတ် ဝယ်တုန်းက သူတို့က ကိုယ်နဲ့ အဆင်ပြေပြီး အနီးဆုံး Pick up point ဟော်တယ်လမ်းထိပ်နားကို ၆နာရီ ၄၀ လောက် လာခေါ်မယ်လို့ပြောထားတော့ ကိုလဲ လိုရမယ်ရ စော ထွက်လာခဲ့ပါတယ်။

အဲ့ဒိနေ့မှာ ကံဆိုးချင်တော့ မိုးက ဖွဲဖွဲကျနေပါတယ်။ ရာသီဥတု ၁၀ ဒီဂရီအောက်မှာ ရွာနေတဲ့ မိုးဆိုတော့ ဘယ်လောက် အေးမလဲ စဉ်းစားသာကြည့်ပါတော့။ ကိုယ်တွေလဲ အသင့်ယူလာတဲ့ တစ်ခါသုံး မိုးကာအင်္ကျီလေးအပေါ်ကထပ်ဝတ်ပြီး ပေပေတေတေပဲ ဟိုသစ်ပင်အောက်ခို ဒီသစ်ပင်အောက်ခိုနဲ့ စောင့်နေမိပါတယ်။ မနက် ၆နာရီခွဲလောက်ဆို နေမထွက်သေးပါဘူး။ အဲ့ဂိတ်မှာ ကျွန်မတို့ အပြင် ဘယ်သူမှလဲ မတွေ့ပါဘူး။ ခဏကြာတော့ အသက်ကြီးကြီး အဖွားကြီး ၂ယောက်လောက် ရောက်လာပြီး ပြန်ပျောက်သွားတော့ ကိုယ်ပဲ နေရာမှားသလားလို့ စိုးရိမ်စိတ်ဖြစ်မိတယ်။ မိုးကလဲ ဖွဲလိုက် သဲလိုက်ဆိုတော့ မိုးကာအောက်က ဘောင်းဘီနဲ့ ဖိနပ်တွေဆိုတာ စိုရွဲနေပါပြီ။ ၆နာရီ ၄၀ ဆိုပြီး ၇ နာရီထိ မလာတော့ မဟုတ်သေးပါဘူးဆိုပြီး သံသယဖြစ်လာတယ်။

ဒါနဲ့ အနီးနားမှာ မီးလင်းနေတဲ့ ဟော်တယ်လော်ဘီတစ်ခုမှာ ကားတွေ ရပ်တာတွေ့တာနဲ့ သေချာအောင် သွားမေးပါတယ်။ ကျွန်မတို့ စီးရမဲ့ ကားမဟုတ်ပါဘူးတဲ့။ ဒါနဲ့ ဟော်တယ်က အလုပ်သမားကို ကားစောင့်ရမဲ့နေရာကို ထပ်မေးတော့ ကျွန်မတို့ စောစောက စောင့်နေတဲ့ နေရာက မှန်တယ်တဲ့။

မနက် ၇နာရီ ၅မိနစ် - ဒါနဲ့ မိုးရေထဲ အဲ့နေရာကို ပြန်လာတော့ ကားက ရောက်နေပါတယ်။ ကျွန်မတို့ကိုပဲ သူက ပြန်စောင့်နေတဲ့ ပုံမျိုးပေါက်သွားလို့ စိတ်ထဲတော့ ဖြေရှင်းချက်ထုတ်ချင်ပါတယ်။ နောက်ကျတာက သူတို့လေ။ အဲ့လိုမှန်းသိ Queenstown မြို့ထဲ လမ်း ၁၅မိနစ်လောက်လျှောက်လိုက်တာနဲ့ ဂိတ်စ isite ကနေပဲ သွားစီးပါတယ်။ အဓိကက မိုးရွာလို့ သေချင်စော်ကို တော်တော်နံသွားတယ်။

The Remarkable နှင်းတောင်တန်းတွေနဲ့ နီးသတက်နီးလာသလို 

ကားပေါ်တက်တော့ စိုနေတဲ့ ဘောင်းဘီအောက်ပိုင်းနဲ့ ဖိနပ်၊ ခြေအိပ်တွေက အတော်လေး နေရခက်ပါတယ်။ အော်ငိုချင်စိတ်ပါပေါက်တယ်။ ချွတ်ထားလို့ အနံ့ထွက်မှာလဲ စိုးသေးတယ်လေ။ ကားမောင်းရင် မနက် ၉နာရီခွဲလောက်ကျတော့မှ kiwi country shop ဆိုတဲ့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်နဲ့ ကော်ဖီဆိုင်တွဲရက်နေရာလေးမှာ ကားခဏရပ်ပါတယ်။ အဲ့မှာတော့ မနေနိုင်လို့ ကျွန်မခြေအိတ် အသစ်ဝယ်လိုက်ပါတယ်။ Mr.Right ကိုလဲ မချမ်းဘူး မချမ်းဘူးနဲ့ ရှေ့ဆက် နှင်းတောင်ခြေသွားမှာဆိုတော့ ချမ်းမှာ သိတာနဲ့ လက်အိတ်ဝယ်ခိုင်းလိုက်ပါတယ်။ အဲ့ဒိဆိုင်မှာပဲ ကြုံတုန်း နယူးဇီလန်ရဲ့ နာမည်ကြီး ဆေးဘက်ဝင်တယ်လို့လဲ သူတို့ပြောတဲ့ Manuka (မနူကာ အပင်) နဲ့ ပျားရည်ဆပ်လုပ်ထားတဲ့ Moisturizer ဘူးလေးပါ ဝယ်လိုက်ပါတယ်။ လက်အိတ်၊ ခြေအိတ်၊ Moisturizer စုစုပေါင်း NZD 35.80 ကျပါတယ်။

မနက်စာကိုတော့ Hot chocolate နဲ့ muffin လိုဟာကို အောင့်အီးစားလိုက်ပါတယ်။ စိတ်ထဲမှာ Milford Sound ရောက်ရင်လဲ စားသောက်ဆိုင်တော့ ရှိလောက်ပါတယ် ထင်ထားခဲ့တာ။ အမှားကြီးမှားတာပဲ။ ကိုယ်တွေက လက်မှတ်ဝယ်တုန်းကလဲ ကိုယ်မကြိုက်တာတွေ ကျွေးမှာစိုးလို့ Lunch မပါတာဝယ်ခဲ့တာ။ Tourist attraction ဆိုတော့ စားသောက်ဆိုင်တော့ ရှိသင့်တာပေါ့နော်။ ဒါပေမဲ့ ဟိုမှာ snack ရောင်းတဲ့ Vending machine လေးပဲ တွေ့ခဲ့ရတယ်။

မနက် ၁၀နာရီ ၄၀ လောက်မှာ The Remarkable လို့ခေါ်တဲ့ နှင်းတောင်တန်းကြီးရဲ့ View point လို့ နေရာမျိုးမှာ ဓာတ်ပုံရိုက်ဖို့ ကားခဏရပ်ပေးတယ်။ ကားပေါ်ကလူတွေနဲ့လုရိုက်ရမှာရော၊ တောင်ကြီးတွေက အပြင်မှာ အရမ်းလှပေမဲ့ ဓာတ်ပုံထဲကျတော့ တိမ်တွေဖုံး ပြီး သိပ်မလှတာရော၊ အရမ်းအရမ်းချမ်းလွန်းလို့ ကြောက်ပါပြီ အော်နေရတာရော ကြောင့် ဓာတ်ပုံ ကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။ Mr.Right ကတော့ ကျွန်မကို အင်္ဂလန် လိုမျိုးမှာ နေရင်တော့ နင်ဖြစ်မှာ မဟုတ်ဘူးဆိုပြီး လှောင်သေးတယ်။ (နောက်နေ့ နှင်းတောင်ထိပ်တက်မှ သူ့အတင်းဆက်ခုတ်မယ်နော်)။ အမှန်တော့ မိုးရေစိုလို့ ချမ်းတယ်ထင်တာပဲ။ သူများတွေတော့ ဒီလောက်ချမ်းနေပုံမရဘူး ဘာလို့ ကိုယ်ပဲ ခိုက်ခိုက်တုန်းချမ်းနေသလဲ မသိတာ။ ချမ်းရင် အပေါ့သွားချင်မှာလဲ ကြောက်ရသေးတယ်။ သူတို့ကားက ရပ်ပေးတဲ့ အချိန်ပဲ သွားရတာကို။

The Remarkable တောင်တန်းတွေကို အနီးကပ်ကြည့်လို့ရတဲ့ view point တစ်နေရာ။ (အရမ်းချမ်းတယ်)

နှင်းတောင်ခြေ

မရမက တောင်တန်းနဲ့ ရိုက်ချင်တာ... အလင်းဗြောင်းဗြန်ဆိုတော့ ဒီလောက်ပဲရတယ်။

ချမ်းလွန်းလို့ ကားဆီ အမြန်ပြန်ပြေး

လမ်းတစ်လျှောက်လဲ ရေတံခွန်တွေ ရေခဲမြစ်/ချောင်းတွေ ဖြတ်လာတာ လှမှလှပါပဲ။ တကယ်ကိုပဲ ဓာတ်ပုံနဲ့ ဆုံးဖြတ်လို့ မရတဲ့ အလှတရားတွေပါ။

၁၁နာရီ ၅၀ လောက်မှာလဲ ရှုခင်းလှတဲ့ တစ်နေရာမှာ ခဏရပ်ပေးသေးတယ်။ တောင်ကြီး ၂လုံးကြားကနေ အဝေးက ရေခဲတောင်တွေကို မြင်နေရတဲ့ နေရာ။ ကားပေါ်မှာ အိန္ဒိယမိန်းမ ၃ယောက်ပါလာတယ်။ သိတဲ့အတိုင်း သူတို့ကလဲ ပြည်ကြီးတွေနဲ့ လူမှုရေးနာမလည်ရာမှာ နင်လားငါလားတွေလေ။ ဗျူးပွိုင့်ခဏရပ်ပေးတာ အလှည့်ကျ ဓာတ်ပုံရိုက်မယ်မရှိဘူး။ သူတို့ချည်းပဲ မပြီးတာ။ မတ်တပ်ရပ်ရိုက်၊ ခုန်ပျံရိုက်၊ ဖြစ်နိုင်ရင် ကင်းမီးဂေါက်ပါထောင်ရိုက်ချင်ပုံရတယ်။ ကိုင်ထားတော့ DSLR ပြီးတော့ အော်တိုမု ပဲ သုံးတတ်ပုံရတယ်။ Flash ကြီးက တဖျက်ဖျက်။ ကားပေါ်မှာ ရှုခင်းလှတဲ့ နေရာတွေရောက်ရင်လဲ Flash တဖျက်ဖျက်နဲ့ ကားထဲကနေရိုက်ရတာ အမော။ ထွက်လာမဲ့ ပုံတွေကို ကိုယ်က စိတ်ကူးကြည့်မိတယ်။ ကားမှန်က reflection နဲ့ဆိုရင် “အမီနာ Photography” က အတော်လေးကို လှတပတတွေရမှာ။ ကိုယ်နဲ့ Mr.Right ကတော့ အစက စိတ်တိုပေမဲ့ နောက်ပိုင်းတော့ တိတ်တိတ်လေးပဲ ရီနေရတယ်။ သူတို့နဲ့လဲ ပြိုင်တိုးပြီး မရိုက်တော့ဘူး။ အဝေးကရိုက်လဲ ရှုခင်းက ပါတာပါပဲ။ ရပ်ပေးတဲ့ အချိန်ကို ကျော်ပြီး မပြီးနိုင်မစီးနိုင်လုပ်နေကြလို့ ကားသမား ခေါ်တာလဲ မလာကြလို့ ထွက်တော့မယ်လုပ်တော့မှ ပြေးလာကြလို့ တစ်ကားလုံးက သူတို့ကို ဘယ်လိုဟာတွေလဲ ကြည့်တာ ခံလိုက်ရတယ်။

နောက်ထပ် ရပ်ပေးတဲ့ View Point တစ်နေရာ။ (အဲ့ဒိနေရာမှာ အနီနဲ့ မိန်းမ အုပ်စု သူများကို နေရာကို မဖယ်ပေးတာ)

ကိုယ်တောင် ကားပေါ်ပြန်ရောက်နေပြီး ခုန်ပြီး ရိုက်နေကြပြန်ပြီ။ (ကင်းမီးကောက်ထောင်ရိုက်ပါလား)

ကားဖြတ်သွားတဲ့ တံတားတဖက်က ချောင်းလေး။ (ကားရဲ့ ညာဘက်)

ကားရဲ့ ဘယ်ဘက် တောင်တန်းပေါ်က စီးကျလာတဲ့ ရေတံခွန် (ကားရဲ့ ဘယ်ဘက်က)

ဒီနှင်းတောင်ကြီးတွေက နှင်းတွေ ပျော်ကျတာပေါ့

ကိုယ့်ဘာသာကိုယ်ပဲ အလှတရားတွေ ခံစားတော့မယ်။ (တောင်ပေါ်က စီးကျနေတဲ့ ရေစီကြောင်းသေးသေးလေးတွေ)

နှင်းတောင်ကြီးတွေရှိတဲ့နေရာကို ကိုယ်ရောက်အောင် သွားဖူးတဲ့အတွက် ကျေနပ်တယ်။

ဆန်းကျယ်တဲ့ သဘာဝအလှ

ဒီခရီး နီးသလား..

နေ့လည် ၁၂နာရီ လောက်မှာ Milford Sound သင်္ဘောဆိပ်ကိုရောက်တယ်။ ခဏစောင့်ပြီးတော့ သွားရမဲ့ အပျော်စီး မော်တော်ဘုတ်အကြီးစားပေါ်ကို တက်ရတယ်။ Vending mechine က အာလူးကြော်အထုတ်သေးလေးကလွဲကို ဘာမှ စားစရာမပါဘူး။ ဘုတ်ပေါ်မှာတော့ လဘက်ရည်၊ ကော်ဖီက Free flow ကြိုက်သလောက် သောက်လို့ရတယ်။ စစချင်းတော့ အဲ့ဒိဘုတ်ရဲ့ အပေါ်ထပ်လေးကိုတက်ပြီး အပြင်မှာ ထိုင်ကြတာပေါ့။ အောက်က ထိုင်ခုံတွေနဲ့ အထဲက အခန်းထဲ ဘယ်သူမှ မနေချင်ဘူး။ တကယ်လဲ ဘုတ်ထွက်ရော၊ လေကအေး။ ရေငွေ့တွေက မျက်နှာလာရိုက်၊ ရေတံခွန်တွေနားရောက်ရင် ရေမှုန်တွေစင်လို့ ဘုတ်သေးသေးပေါ်မှာတောင် ဘယ်တွေ ပျောက်ကုန်ကြလဲ မသိဘူး။ ကိုယ်လဲ အပေါ်မှာ လူများလို့ စောစောစီးစီး အောက်ဆင်းလာလိုက်တယ်။ ဘုတ်အနောက်ပိုင်းလေးမှာတော့ အေးအေးဆေးဆေးရှိလို့ အဲ့မှာ ခဏထိုင်နေသေးတယ်။ နောက်တော့ ဘုတ်အရှေ့ပိုင်းဘက် သွားကြည့်ဖြစ်တယ်။ ဘုတ်အရှေ့ပိုင်းမှာက ရှုခင်းလှတယ်ဆိုပေမဲ့ လေတအားတိုက်တယ်လေ။ ဘယ်သူမှ ကြာကြာမနေနိုင်ကြတော့ ပြောစရာမလိုပဲ အလှည့်ကျလိုဖြစ်နေတယ်။

Milford Sound ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း မတ်စောက်တဲ့ တောင်ကြီးတွေပေါ်ကနေ ပျော်ကျလာတဲ့ နှင်းတွေကနေ ရေတံခွန်တွေ အများကြီး ပတ်ပတ်လည်စီးဆင်းနေတဲ့ နေရာပေါ့။ ကိုယ်က အစက ကနေဒါနဲ့ ယူအက်စ်နယ်စပ်က Niagara ရေတံခွန်လို ရေတွေများကြီးထင်တာ။ သူက ရေတံခွန်တွေတော့ အများကြီးဖြစ်နေပေမဲ့။ အားလုံးက ရေတံခွန် သေးသေးလေးတွေ။ စာထဲမှာဖတ်ရတာတော့ အဲ့ရေတံခွန်တွေကလဲ အမြဲတစ်နေရာတည်းမှာ ရှိနေတာမဟုတ်ဘူးတဲ့။ သူက အပေါ်က ရေခဲပျော်လို့ဖြစ်နေတာဆိုတော့ စီးချင်သလို စီးနေကြတာလေ။ တချို့တလေ နည်းနည်းကြီးတဲ့ ရေတံခွန်တွေလဲရှိပါတယ်။

Milford Sound သင်္ဘောဆိပ်ရောက်ပြီ

အာလူးကြော် တစ်ထုတ်ကို အဖော်ပြုလို့

တောင်နံရံရယ်၊ ရေတံခွန်ရယ်၊ ပင်လယ်ဝရယ် သဘာဝတရားကြီးက မရိုးရအောင် ဆက်စပ်ပေးတတ်တယ်

သင်္ဘောက ရေတံခွန်တွေနားနီးနီးထိ ကပ်ပေးတယ်။ (ကင်မရာရေစိုမှာစိုးလို့ ပုံကောင်းသိပ်မရ)

ဟိုအဝေးက ရေတံခွန်

သင်္ဘောအနောက်ဘက်မှာ လူလေးရှင်းနေတုန်း။ ကော်ဇီပူလေးတစ်ခွက်ကို အဖော်ပြုလို့ အအေးဒဏ်ကို အံတုနေတယ်။

ရေတံခွန်တွေနားမှာ သက်တံလေးတွေပေါ်နေတာ လှမှလှ

ကံကောင်းရင် အဲ့ ပင်လယ်ထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဝေလငါးတွေ၊ လင်းပိုင်တွေ၊ ပင်ကွင်း တွေကိုလဲတွေ့ရတတ်တယ်တဲ့။ ကိုယ့်တုန်းကတော့ ပင်လယ် ဖျံလေးတွေ ကျောက်ဆောင်တွေပေါ် အနားယူနေတာပဲ တွေ့ခဲ့တယ်။ တိရိစ္ဆာန်ရုံထဲမဟုတ်ပဲ သဘာဝအတိုင်းရှိနေတဲ့ လွတ်လပ်တဲ့ ဖျံအရိုင်းလေးတွေတွေ့ရတော့ စိတ်ထဲမှာ ကြည်နူးသလိုလို။ အစာမကျွေးဖို့တော့ အော်ထားတယ်။ သူ့စည်း ကိုယ့်စည်းနဲ့ နေကြတာ ကောင်းပါတယ်နော်။ ကိုယ်လဲ သင်္ဘောထိပ်အပြင်မှာ မှန်နားကပ်ပြီး နေရာလေးရတုန်း ပေထိုင်နေလိုက်သေးတယ်။ အချမ်းလွန်သွားရင် ထုံသွားပြီး မချမ်းတော့ဘူးလေ။ နောက်မှ Mr.Right က အထဲပြန်ဝင်မယ်ဆိုလို့ ဝင်လိုက်တော့ DSLR အိန္ဒိယအုပ်စုက အဲ့နေရာယူသွားတော့ ကိုယ်လဲ အထဲပဲ နေလိုက်တယ်။ အထဲမှာနေလဲ ဓာတ်ပုံရိုက်လို့ မရတာကလွဲလို့ အကုန်မြင်နေရတာပဲလေ။ ဓာတ်ပုံကလဲ ဘယ်လောက်ရိုက်ရိုက် အပြင်က အလှနဲ့ ခံစားချက်ကိုမှ မမှီတာ။ ဒီတော့ moment ကိုပဲ ကော်ဖီလေးသောက်ပြီး ခံစားနေလိုက်တယ်။ သင်္ဘောပေါ်မှာ နေ့လည်စာ ဝယ်ထားတဲ့သူတွေကို အသားညှပ် Sandwich တွေ လိုက်ဝေတယ် ကောင်းမဲ့ပုံပဲ။ ကိုယ်စားလို့ရလောက်တဲ့ အနေအထားရှိတယ်။ အဲ့ကျတော့ ကိုယ် နေ့လည်စာမယူဘူးပြောမိတာ နောင်တရသွားတယ်။ ဆိုင်တွေ မရှိတာလဲပါတယ်။ ဒီတော့ သင်ခန်းစာကတော့ Milford Sound သွားလို့ ကိုယ်စားစရာမယူသွားနိုင်ရင် နေ့လည်စာထည့်ဝယ်ကြပါလို့။

အပြန်ကျတော့ ဟယ်လီကော်ပတာနဲ့ ပတ်ပြပြီးလမ်းကျမှ ကားနဲ့ ပြန်ဆုံတာ လုပ်လို့ရတယ်။ အာ့က ဈေးတော့ ကြီးတယ်။ အဲ့တုန်းကတော့ ကပ်စေးနဲနေသေးတော့ မလုပ်တော့ပါဘူးဆိုပြီး ကားနဲ့ပဲ ပြန်လိုက်တယ်။ အဖွဲ့ထဲက အတွဲ ၂တွဲလောက်ကတော့ ဟတ်လီကော်ပတာနဲ့ ပြန်ကြတယ်။ အပြန်မှာလဲ အလာတုန်းက ခြေအိတ်ဝယ်တဲ့ဆိုင်လေးမှာပဲ ရပ်ပေးတယ်။ အဲ့ဒိကော်ဖီဆိုင်လေးက Asian ရောင်းတာထင်ပါတယ်။ သူက cup noodle လဲ ရောင်းတယ်။ ကိုယ်လဲ တခြား muffin တို့ cake တို့ထက်စာရင် လျှာထိအာထိ ရှူးရှူးရှဲရှဲပဲစားချင်တော့ Cup Noodle ဝယ်လိုက်တယ်။ ဖြစ်ချင်တော့ ကိုယ်ငွေရှင်းကလှည့်ကျမှ ဆိုင်က အလုပ်သမားလားဘာလားတော့ မသိဘူး အဖြူမနဲ့ကျတယ်။ တရုတ်မလေးက အလုပ်ရှုပ်နေတယ်။ အဲ့ဒါနဲ့ သူ့ကို ရေနွေးလေးထည့် ပေးပါလို့ပြောလိုက်တယ်။ အမှန်တော့ ဗူးဖောက် အထဲက အစာတွေ မလုပ်တတ်ရင်တောင် နောက်က သူတို့ ကော်ဖီဖျော်ရင်ထွက်တဲ့ ရေနွေးစက်ကနေ ရေနွေးလေးထည့်ပေးတာ ဘာခက်ခဲလဲတော့ မသိဘူး။ အဲ့ အဖြူမက ဗူးတောင် မဖောက်တတ်ရှာဘူး။ ဗူးမဖောက်တတ်တာက အဓိကမဟုတ်သေးဘူး။ သူ့မျက်နှာက ဒီလိုမျိုး မုန့်အစုတ်အပဲ့ကို အာရှသားတွေပဲ စားတယ်ဆိုတဲ့ လှောင်ချင်တဲ့ မျက်နှာမျိုးက လုပ်သေးတယ်။ အလုပ်ရှုပ်လိုက်တာလို့ ငြူစူချင်သလိုလို။ ပါးစပ်ကလဲ ဒါမျိုး ငါတစ်ခါမှ မစားဖူးဘူး၊ စားတဲ့သူရှိတယ်လား ဆိုပြီး ပြောသေးတယ်။ သူတို့ဆိုင်မှာပဲ ရောင်းနေပြီးတော့ မပြောချင်ဘူး။ နောက်တော့ တရုတ်မလေးပဲ လာလုပ်ပေးတယ်။ ဒီလောက်လွယ်တာကို မလုပ်တတ်တဲ့ အဖြူမ ဒူတယ်ပဲ ထင်တယ်။ ပြီးတော့ သူ့ဆိုင်မှာ ရောင်းတဲ့ပစ္စည်းကို မလုပ်တတ်တာ သူ့အပစ်။

အထဲမှာ Like a boss

သဘာဝအတိုင်း လွတ်လပ်တဲ့ ဖျံလေးတွေ

ဒီရေတံခွန်ကတော့ တော်တော်လေး ကြီးတယ်။

ပြန်အုံးမယ် Milford Sound ရေ။ ကံမကုန်ရင် ပြန်ဆုံမယ်။

ကိုယ့်ရဲ့ အဲ့ဒိနေ့က နေ့လည်စာကတော့ ခေါက်ဆွဲခြောက်ဗူးနဲ့ အားလူးကြော်ပေါ့နော်။ အဲ့ဒါ NZD 5.80 ကျတယ်။

Checking into Backpacker Place, Blacksheep Hostel

အပေါ်ထပ်တက်တဲ့ လှေကားနားက ဆိုင်းဘုတ်နဲ့

ညနေ ၆နာရီလောက် Queenstown ပြန်ရောက်တော့မှ Heartland hotel ကနေ အထုတ်တွေသွားယူပြီး Blacksheep backpacker တည်းခိုခန်းလေးကို check in ဝင်ကြတယ်။ ဝင်းထဲက ၂ထပ်တိုက် တန်းလျားလို့ အဆောက်အဦးမှာ အောက်ထပ်က ၂ထပ်ကုတင်တွေနဲ့ အထဲမှာ မရှိဘူးဆို ၆ယောက်လောက်ရှိမယ်။ စုပေါင်း ဘုံသုံး မီးဖိုချောင်မှာလဲ ချက်ပြုတ်စားနေကြတာတွေ့တယ်။ အပေါ်ထပ်ကတော့ ၄ယောက်ခန်းနဲ့ ၂ယောက်ခန်းပေါ့။ ကိုယ်တွေက special Deluxe Room (သူတို့ဆီမှာ ရှိသမျှမှာ အကောင်းဆုံး) ယူထားတော့ အနည်းဆုံး အိမ်သာ ရေချိုးခန်း ပါပြီးသားမှတ်တာ။ တကယ်တန်းကျတော့ အိမ်သာ၊ရေချိုးခန်းက နောက်ခန်း ၂ခန်းလောက်နဲ့ မျှသုံးရတယ်။ ကျွန်မတို့ အခန်းနဲ့တော့ မဝေးပါဘူး။ ပြီးတော့ အောက်ထပ်ကလူတွေလဲ လာမသုံးပါဘူး။ ဒါပေမဲ့ Blacksheep ကို အပေါစားဆိုပြီး အစကတည်းက မနေချင်တဲ့ Mr.Right တစ်ယောက်က သိပ်မကျေနပ်တော့ဘူးပေါ့။ ဒါပေမဲ့ ပိုက်ဆံပေးပြီးနေပြီလေ ဘာတတ်နိုင်မှာလဲ။ ကိုယ်လဲ ကိုယ်နေချင်တယ်ဆိုပြီး ကိုယ်ကြိုက်လို့ ခေါ်လာပြီး ထင်သလို မဖြစ်တော့ အပြစ်ရှိသလို ခံစားနေရပါတယ်ဆိုမှ သူ့ရုပ်က အင်းမလုပ် အဲမလုပ် စိတ်တိုင်းမကျတဲ့ ပုံလုပ်နေတော့ ကိုယ့်မှာ ပိုစိတ်ညစ်ရတာပေါ့။ အမှန်တော့ သူက ကိုယ် အပြင်ထွက်ရေချိုးရမှာကို စိတ်မချတာ။ ကိုယ်လဲ အစပိုင်းတော့ တမျိုးကြီးလိုဖြစ်ပေမဲ့ နောက်ရက်တွေကျတော့ နေသားကျသွားတော့လဲ အဆင်ပြေပါတယ်။ ဘိုမတွေတောင် ဒီလိုပဲ ချိုးနေကြတာ။

ဒါ ကျွန်မတို့ နေခဲ့တဲ့ အခန်း (ပုံကတော့ internet က ယူထားတာ) ရိုက်ဖို့ မေ့လာလို့

အခန်းလေးကတော့ အခြေခံ အိပ်ယာခေါင်းအုံး၊ တီဗွီ၊ ဗီဒို၊ အပူစက် အကုန်ရှိပါတယ်။ ပုတင်းပေါက်လေးကနေ The Remarkable နှင်းတောင်တန်းကြီးကိုလဲ လှမ်းမြင်နေရသေးတယ်။ အဲ့ဒါကတော့ Heartland Hotel ကြီးထက်သာပါတယ်။ နောက်ထပ်သာတာက သူက Unlimited Free Wifi ရတယ်။ New Zealand က ဘယ်ဟော်တယ်ကြီးတွေမှာမှ အင်တာနက် အလကားမရခဲ့ဘူး။ နေခဲ့တဲ့ Rotorua က လမ်းဘေးဟော်တယ်နဲ့ ခု ဒီ Backpacker နေရာမှာပဲ အင်တာနက် အလကားရတယ်။ အဲဒါ ဘာလဲတော့ မသိဘူး။ ၂ခုလုံး ဒေါ်လာ ၁၀၀အောက်တွေချည်းပဲ။

အဲ့ဒိ backpacker hostel မှာ အာရှသားဆိုလို့ သူနဲ့ ကိုယ် ၂ယောက်ပဲရှိတယ်။ ကျန်တာတွေအကုန် အနောက်တိုင်းသားတွေချည်းပဲ။ တချို့က လချီပြီး ရက်ရှည်နေကြတယ်လို့လဲ ကြားတယ်။ တနင်္ဂနွေနေ့ဆို တစ်ယောက်က ခွေငှားလာရင် Reception ရှိတဲ့ ဧည့်ခန်းထဲမှာ စုပြီး Movie night လုပ်ကြသေးတယ်။ သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေတာပဲ။ သူတို့အခန်းထဲနေတာထက် အဲ့ Reception ရှိတဲ့ ဧည့်ခန်းထဲက ဆိုဖာတွေပေါ်မှာ သူတို့အိမ်ကျနေတာပဲ laptop ကိုယ်စီနဲ့ ထိုင်နေကြတယ်။

နောက်ဖေးမီးဖိုချောင်က ဗီဒိုတွေထဲဆိုရင်လဲ ပစ္စည်းတွေကို နာမည်တွေနဲ့ သူတို့ Check Out ရက်တွေပါ တပ်ထားရတယ်။ ညဘက် ဟင်းဝင်ချက်ဖို့ မစဉ်းစားနဲ့ သူတို့ချက်နေတာနဲ့ ပြည့်နေတာပဲ။ စစချင်းတော့ Backpacker နေရာမျိုးမှာ ကိုယ်က ပထမဆုံးနေဖူးတာဆိုတော့ တမျိုးတော့ ဖြစ်သွားပေမဲ့ (ဒါတောင် ကိုယ်က သီးသန့်ခန်းငှားနေလို့) နောက်ပိုင်းကျတော့လဲ သူ့ဈေးလေးနဲ့သူ ရှုခင်းဘာညာမြင်ရပြီး နေပျော်တဲ့ နေရာလေးတစ်ခုဖြစ်တဲ့အတွက် Blacksheep ကို သူ့ဈေးနဲ့သူ သဘောကျတဲနေရာအဖြစ် သတ်မှတ်ပါတယ်။

Blacksheep ရှေ့က Black cat လေး အချွဲပို၊ သူလေး ချမ်းနေမလား...

အောက်ထပ်က မီးဖိုချောင်

စုပေါင်း မီးဖိုချောင်

ဟောဒီလို စာတွေကပ်ထား

နေမဲ့သူတွေလဲ ကိုယ့်ပစ္စည်းကိုယ် စာတမ်းထိုးထား

spa ရှိတယ်ဆိုပြီး book ပေမဲ့ spa က ပိတ်လို့ မသုံးဖြစ်၊ ဖွင့်လဲ သုံးဖြစ်မယ်မထင်၊ သေးသေးလေးမို့ (Mr.Right ကလဲ ကြိုက်မှာ မဟုတ်)

ဟိုးနောက်က ကန်သေးသေးလေးက spa pool တဲ့.. ဟီး (ဒါမဲ့ view တော့ ကောင်းတယ်)

အဲ့ဒိညလဲ Asia Food court မှာပဲ ယိုးဒယားဆိုင်က ထမင်းမှာစားဖြစ်ခဲ့တယ်။ ညစာ ပုံထဲက ထမင်း ၂ပွဲ ဟင်း ၂ပွဲကို NZD 27.80 ကျတယ်။

ယိုးဒယားစာနဲ့ ၂ပါးထပ်သွား (ငရုတ်ကောင်းစေ့တွေများလွန်းလို့ မနည်းဖယ်စားရ)

သူ့အကြိုက် တုန်ရမ်းဟင်းချို

နောက်နေ့တော့ Gondola ပေါ်မှာ zipline သွားစီးတဲ့ အကြောင်းပေါ့။

Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day7
Honeymoon to New Zealand: Day8
Honeymoon to New Zealand Day9 (Part -1): Experiencing Bluebridge Ferry
Honeymoon to New Zealand Day9 (Part -2): To Christchruch
Honeymoon to New Zealand Day10: To Queenstown