Monday, December 05, 2011

လီဒေါင်ဝုနဲ့ ကင်ဆွန်အ ကိုတွေ့ချင်တယ်...............



ဒီပိုစ့်ကို ရေးနေတဲ့ အချိန်မှာ ကျွန်မအတွက်တော့ သိပ်နောက်ကျသွားပြီဆိုတာသိတယ်... လီဒေါင်ဝု နဲ့ ကင်ဆွန်အ တို့ ၂ယောက် စလုံးကို Scent of Woman ဇာတ်လမ်းတွဲအတွက် ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့လာမယ်ဆိုတာ သိတယ် ဘယ်နေ့မှန်း သေချာ မှတ်မထားလိုက်ဘူး... အလုပ်ရှိမှာပဲဆိုပြီးတော့...

ဒီနေ့သူတို့ပွဲစလုံးမှာရှိတယ် ဘယ်နေရာမှာလဲ မသိဘူး.. ဒါပေမဲ့ သူတို့ မနေ့က လေယာဉ်နဲ့ စလုံးကိုရောက်တယ်ကြားတယ်... အဟင့်... တွေ့ချင်လိုက်တာ... မနက်ဖြန် မနက် ၉နာရီ ၅၅ မိနစ်လေယာဉ်နဲ့ မလေးရှားပွဲအတွက် သွားမယ်ကြားတယ်... အဟင့်.... တွေ့ချင်တယ်ဗျို့.....

အဆိုတော် ငယ်ငယ်ချောချောလေးတွေထက်စာရင် မင်းသားမင်းသမီးတွေကို အပြင်မှာ ပိုတွေ့ချင်တယ်... အထူးသဖြင့် အဲဒိ မင်းသမီးရော မင်းသားရောကို သဘောကျလို့... မင်းသမီးက My lovely Samsoon ထဲက Hyun Bin နဲ့ တွဲခဲ့တဲ့ မင်းသမီးလေ.. အဲဒိကားထဲမှာ ဇာတ်ကောင်စရိုက်အရ သူ့ကိုယ်သူ တကယ်ဝအောင်လုပ်ခဲ့တာတဲ့... ခု Scent of Woman ကားမှာတော့ ပိန်ကပ်လှပနေတာပဲ... (မဗေဒါလဲ ၀ိတ်ကို အပီအပြင် ချချင်စိတ်ရှိအောင် မင်းသမီးလုပ်ရင်ကောင်းမလား.. ဟဲ... ဟဲ...)

မင်းသားကတော့ My Girl ကားထဲကလေ... မြန်မာပြည်မှာလဲ သူ့ကားတွေပြဖူးပါတယ်... အိမ်က အမေကတော့ မြန်မာပြည်မှာ ပြတဲ့ကားထဲက နာမည် စုန်ဖြိုး လို့ ပြောမှသိတယ်...

တော်ပြီ ပြောတော့ဘူး...

ဒါနဲ့ မဗေဒါ ကိုရီးယားကားတွေ ပြတ်နေတာ ၃ လလောက်ရှိပြီ... ခုပြန်ကြည့်နေတဲ့ ကား ၃ကား နဲ့ ဂျပန် Anime ၁ ကားရှိတယ်... ကိုရီးယားကား ၃ ကားက "Man of Honor" "Vampire Prosecutor" "Scent of Woman"... ဂျပန် anime ကတော့ "Vampire Knight Guilty (Vampire Knight Season 2)" ပေါ့...
ဇာတ်လမ်းတွေထဲမှာ ခု scent of woman ကို ဆွဲနေတယ်... ကျန်တဲ့ ၂ကားက Airing လုပ်နေတုန်းဆိုတော့ ၁ပတ် ၁ပတ် စောင့်ကြည့်နေရတယ်... Vampire တွေပဲကြည့်ဖြစ်နေတာ တိုက်ဆိုင်လို့ဖြစ်မှာပါ... ဒါပေမဲ့ ကြည့်နေတဲ့ ကိုရီးယားရော ဂျပန် ကာတွန်းရော အင်္ဂလိပ် Twilight အတွဲတွေရောမှာ သွေးစုပ်ဖုတ်ကောင်က မင်းသားတွေ ဖြစ်နေတော့ နောင်တစ်ခေတ် ကလေးတွေအတွက် သွေးစုတ်ဖုတ်ကောင်ဆိုတာ ကြောက်စရာလို့ မထင်တော့ပဲ ချစ်စရာလို့ထင်ပြီး သွေးစုတ်ဖုတ်ကောင်ဖြစ်ချင်တဲ့သူများလာတော့မယ်ထင်တယ်....

မဆိုင်တာတွေပြောမိပြန်ပြီ... ဒါပဲ... မတွေ့ရလို့ စိတ်ထဲ အောင့်သက်သက်နဲ့ ဒီမှာဖွင့်ပြောလိုက်တယ်.. မနက်ဖြန်မနက် ၉နာရီ ၅၅ မိနစ်အားတဲ့သူ သွားတွေ့လို့ရတယ်နော်... မလေးရှားသွားမဲ့လေယာဉ်...

ဒါနဲ့ မဗေဒါရဲ့ အွန်လိုင်းပေါ်က အိမ် ဘလော့လေးကို ခရစ်စမတ် Theme ပြောင်းလိုက်တယ်... ဒန်တန်တန်...




Tuesday, November 22, 2011

DIY Christmas snow flake deco

ခရစ်စမတ်ကိုရောက်ပြီဆိုရင် ကိုယ့်လူမျိုးဘာသာပွဲတော်မဟုတ်ပင်မဲ့ စိတ်ထဲမှာပျော်သလိုလိုဘာလိုလိုနဲ့ ခရစ်စမတ်သီချင်းတွေနားထောင်ချင်သလိုလို ခရစ်စမတ်အပြင်အဆင်လေးတွေပြောင်းချင်သလိုလို ကျွန်မ ဖြစ်တတ်ပါတယ်… အထူးသဖြင့် စကာင်္ပူကိုစရောက်ဖူးတဲ့အချိန်တုန်းက ခရစ်စမတ်အပြင်အဆင်တွေပြင်တဲ့ ဒီဇင်ဘာမှာဆိုတော့ ခရစ်စမတ်ကိုရောက်တိုင်း စကာင်္ပူစရောက်ခါစက အသားမကျဖြစ်နေတဲ့အချိန်မှာ စိတ်ပြေစရာဆိုလို့ အမြင်ဆန်း အပြင်ဆန်းတွေဖြစ်တဲ့ သွားလေရာခရစ်စမတ် ဒီကိုရေးရှင်းတွေ ခရစ်စမတ်တီးလုံးသဲ့သဲ့တွေဟာလဲ ရောက်စတုန်းက အသားမကျတဲ့ ဒုက္ခတွေ အခက်အခဲတွေ ဘာမဟုတ်တဲ့ အမှားအယွင်းလေးတွေရှိပင်မဲ့ ဒီအပြင်အဆင်လေးတွေကြောင့် စိတ်သက်သာခဲ့ရတဲ့ အဖြစ်လေးကို သတိရစေပြီး ပြုံးမိပါတယ်… (မှတ်ချက် ကျွန်မရောက်စ လွန်ခဲ့တဲ့ ၉နှစ်လောက်က မြန်မာပြည်မှာ ယခုလောက် ခရစ်စမတ်အပြင်အဆင်တွေ သိပ်မရှိသေးပါဘူး… “သိပ်” လို့သုံးထားတာ နည်းနည်းလေးတော့ရှိတယ်လို ဆိုလိုပါတယ်)
ကျွန်မစိတ်ထင် ခရစ်စမတ်ရောက်ရင် ပျော်သလိုလိုဖြစ်တယ်ဆိုတာ ဒီပွဲတော်ထက် ကိုယ်ငယ်ငယ်က Memory နဲ့ဆိုင်မယ်ထင်ပါတယ်… ဒီဇင်ဘာဆို ကျောင်းတွေပိတ် ရာသီဥတုကအေးအေးနဲ့ လမ်းထဲမှာ ဘတ်မင်တန်ရိုက်၊ မနက်ထွက်လမ်းလျှောက်၊ ကျောင်းပိတ်ရက်ရှည်ရရင် မိသားစုခရီးထွက် စတာတွေက ငယ်ငယ်ကတည်က ဒီဇင်ဘာ ခရစ်စမတ်ကျောင်းပိတ်ရက်ကို မျှော်စေခဲ့တာတွေပါ…
အင်း… အတိတ်တွေ ပြန်ပြောင်းအောင့်မေ့နေတာနဲ့ လိုရင်းကခုမှရောက်တော့မယ်… ဒီနှစ်ဒီဇင်ဘာမှာလဲ ကျွန်မ အလုပ်သစ် ရုံးသစ်က နေသားမကျသေးတဲ့ နေရာလေးကို ကျွန်မနေသားကျပြီး သက်တောင့်သက်သာဖြစ်အောင် အလှဆင်ချင်ပါတယ် ဒီလိုနဲ့ အင်တာနက်မှာ နှင်းပွင့်အတုလေးတွေကို လုပ်ဖို့ စာရွက်ဖြတ်နည်းလိုက်ရှာတော့ အောက်ပါပုံလေးတွေကို တွေ့ရင်း လိုက်လုပ်ဖြစ်ပါတယ်…
တွေ့တဲ့ ၀က်ပ်ဆိုက်ကတော့ http://www.instructables.com/id/Make-A-6-sided-snowflake/
ဓာတ်ပုံလေးတွေကို အဲဒိကယူပြီး အဆင့်လိုက်ပေါင်းပြီးတင်ပေးထားပါတယ်…

ထောင့်မှန်စတုဂံပုံ စာရွက်တစ်ရွက်ကိုယူပြီး အရှည်(အလျား) ဘက်မှ အလည်တည့်တည့်ကို ပုံမှာပြထားတဲ့အတိုင်းခေါက်ပါ…


ခေါက်ထားတဲ့ စာရွက်ရဲ့ နောက်ထပ်အလယ်ကို ခေါက်ပြီး အောက်နားလေးကိုပဲ အရာလေးထင်အောင်မှတ်လိုက်ပါ… အလယ်မှတ် မှန်အောင် အရာပေးပြီးမှတ်ရုံသာဖြစ်ပါတယ်..



ပြီးလျှင် အဲဒိ အလယ်အရာကို ဦးတည်ပြီး ပုံပါအတိုင်း အပိုင်း၃ပိုင်း ညီနေအောင်ခေါက်ပါ… အပိုင်း ၃ပိုင်း ညီနေဖို့ အရေးကြီးတဲ့အတွက် သေချာစွာညှိနှိုင်းပါ… အပိုင်း ၃ပိုင်းလုံးညီပြီဆိုမှ စာရွက်ကို သေချာစွာဖိပြီး ခေါက်ရာပေးလိုက်ပါ…




အပိုင်း ၃ပိုင်း မညီရင် ဘာဖြစ်မလဲလို ခေါက်ကြည့်တော့ ဟောဒီလိုဖြစ်ပါတယ်…



ပြီးလျှင် အဲဒိခေါက်ထားတဲ့ စာရွက်ကို အချွန်အတိုင်း နောက်ထပ် တ၀က်ထပ်ခေါက်ပါ… ဒီလိုမှ နှင်းပွင့်လေးက ၆ထောင့်ရှိမှာပါ… ခေါက်တဲ့အခါမှာ စာရွက်အတိုသားက အပြင်မှာရှိပါစေ… တခြားတစ်ဖက်မဖြစ်ပါစေနဲ့…
ပြီးလျှင် ပုံတွင် အမဲလိုင်းနှင့် ပြထားသည့်အတိုင်း စာရွက်ကို လိုက်ညှက်ပါ… ထိုပုံစံမျိုးမဟုတ်ပဲ ကိုယ်ကြိုက်သလိုလဲ ပုံဖော်ညှက်နိုင်ပါတယ်…


ညက်ပြီးသွားလျှင် ပုံပါအတိုင်း ဖြစ်သွားပါလိမ့်မယ်.. ညှက်နည်း ၂မျိုးကို ယှဉ်ပြထားတာပါ… မဗေဒါကတော့ ပထမညှက်နည်းလေးက ထွက်တဲ့ပုံကို ပိုကြိုက်ပါတယ်…


ဟောဒါကတော့ ဖြန့်လိုက်ရင် နောက်ဆုံးထွက်လာမဲ့ ပုံပါ…


မဗေဒါ ထိုင်တဲ့ ရုံက cubicle လေးကို စက္ကူနှင်းပွင့်လေးတွေနဲ့ ဒီလိုအလှဆင်ထားပါတယ်…


အပိုလေးပြချင်တာကတော့ (:D) ခုလောလောဆယ်မှာ ဆိုးထားတဲ့ နှင်းပွင့်ပုံလက်သည်းလေးပါ… G-market က ၀ယ်တဲ့ Stamp လေးတွေနဲ့ ဆိုးထားတာပါ… ဆိုးထားတာ ၃ရက်လောက်ရှိပြီဆိုတော့ ပြတ်တဲ့ဟာက ပြတ်နေပါပြီ… ဖုန်းကင်မရာနဲ့ ရိုက်ထားလို့ ပုံ အရည်အသွေးညံ့တာကို ခွင့်လွှတ်ပါ…




ဒီပုံလေးကတော့ ပြီးခဲ့တဲ့လက ခရစ်စမတ်ပိုး စောစီးစွာဝင်နေလို့ ဆိုးထားတဲ့ Christmas theme လက်သည်းလေးပါ.. အနီကို ထိပ်မှာဆိုးပြီး ရွှေရောင် အလက်လိုင်းလေး ၂ကြောင်းဖြတ်ထားတာပါ… ပြီးတော့ အစိမ်းရောင် အရွက်လေး၂ရွက် တစ်ဖက်စီက ကျနေတာပါ… Youtube က ဆိုးပြတာကို အရောင်ပြောင်းပြီး လိုက်လုပ်ထားတာပါ… ဒီပုံလဲ ဖုန်းကင်မရာနဲ့ ရိုက်လို့ ၀ါးနေတာ ခွင့်လွှတ်ပါ…



Friday, November 18, 2011

Work like in the game


အလုပ်လုပ်နေတဲ့ လူတွေအားလုံ နေ့စဉ်နဲ့အမျှ အလုပ်ကိုသွားပြီး တွေ့ကြုံနေရတဲ့ လုပ်ငန်းခွင်အခက်အခဲတွေ လူမှုရေးအခက်အခဲတွေ စသည်ဖြင့်ရှိကြမှာပါ… ဒီပိုစ့်လေးနဲ့အတူ နေ့စဉ်အလုပ်သွားရမှာ ပျင်းနေတဲ့အချိန် လုပ်ငန်းခွင် အဆင်မပြေမှုဖြစ်တဲ့အချိန် သူဋ္ဌေးကရော လုပ်ဖော်ကိုင်ဖက်တွေကရော ခိုင်းတာတွေတန်းစီပြီ စိတ်တိုလာတဲ့အခါမျိုးတွေမှာ မဗေဒါ စိတ်ထဲမှာ ခံယူတတ်တဲ့ စိတ်လေးတစ်ခုရှိတယ်… ဒါက ခုစာဖတ်သူတွေအတွက် အသုံးဝင်ချင်မှလဲဝင်မယ်… မဗေဒါအတွက်တော့ အဲလိုလေးစိတ်ထဲထားလိုက်ရင် အလုပ်တွေများလာလို့ စိတ်ရှုပ်စိတ်တိုပြီး လူမှုရေးပါတစ်ခါတစ်လေထိခိုက်တတ်တဲ့ အကျင့်ဆိုးကိုထိမ်းဖို့ တော်တော်လေးတိုးတက်လာတယ်…

ဒါကတော့ ဖေ့ဘွတ်ပေါ်က ဂိမ်းတွေကစားရင်းနဲ့ စရလာတဲ့ အတွေးလေးပေါ့…. (အလုပ်တွေများရင် ဖေ့ဘွတ်ပေါ်တက် ဂိမ်းကစားခိုင်းတာမဟုတ်ဘူးနော်)… ဖေ့ဘွတ်ဂိမ်းတွေကစားရင်တောင် Farmville တို့ Cityville တို့ Restaurant City တို့မှာ ကိုယ်က ကြိုးစားပမ်းစား စိုက်ထားတဲ့ အပင်တွေမပုတ်အောင် ကိုယ့်မြို့လေး စည်ပင်ဝပြောနေအောင် စသည်ဖြင့် ကျားကုတ်ကျားခဲ ဆော့တတ်ကြသေးပါတယ်…
ဒီလိုပါပဲ… အလုပ်တွေများလာရင် လာခိုင်းတာတွေများလို့ ပိနေရင်လဲ ဂိမ်းထဲက ဂိုလ်း(Goal) တွေလာပေးသလိုပဲမှတ်လိုက်ပါတယ်… ဂိမ်းထဲမှာ ဂိုလ်းတွေကုန်သွားရင်တောင် ဆော့ရတာနည်းနည်းပျင်းဖို့ကောင်းသွားတာ… ခုလဲ သူတို့ကို ဂိုလ်းတွေလာလုပ်ခိုင်းတာကိုလဲ ဒီလိုပဲသတ်မှတ်ပါတယ်… အဲဒိအခါမှာ ကိုယ့်ကို လာခိုင်းတဲ့သူကို ကိုယ်က မျက်နှာရိတ်နဲ့ မကြေနပ်တာပြမိတာတို့… အလုပ်ရှုပ်ရတဲ့အထဲ လာပြန်ပြီဆိုတဲ့ ကိုယ့်အတွင်းစိတ်လေးပေါ်သွားတာတို့ မဖြစ်တော့ပါဘူး… ဂိမ်းထဲက ဂိုလ်းလိုပဲ အပြုံးမပျက်လက်ခံလိုက်နိုင်ပါတယ်… ကိုယ်လုပ်ပေးရမှာ သေချာရင်ပေါ့လေ… ကိုယ်ငြင်းလို့ရရင်လဲ ဂိမ်းထဲက ပိုက်ဆံနဲ့လိုက်ဝယ်ခိုင်းနေတဲ့ ကြော်ငြာတွေကို အမှားလေးနှိပ်ပိတ်လိုက်သလိုပဲ အေးဆေးကောင်းမွန်စွာ ငြင်းလိုက်ပေါ့… ကိုယ်ငြင်းလို့မရမဲ့ အလုပ်မျိုးကို ကိုယ်က သွားညူစူပြလိုက်ရင် ကိုယ်က အလုပ်မကြိုးစားသူလို့ အမြင်ခံရမဲ့အပြင် ထိုသူကလဲ ကိုယ့်ကို စိတ်ကွက်သွားနိုင်တယ် (အထူးသဖြင့် အထက်အရာရှိတွေ)… လုပ်ပေးရမဲ့အတူတူ ကျေးဇူးတင်ခံလိုက်ပါ…

ဂိမ်းထဲက အကောင်လေး မမောနိုင် မပန်းနိုင် အပင်တွေစိုက်သလို… စားပွဲတွေထိုးသလိုပေါ့… ကိုယ့်ကိုကိုယ် အဲဂိမ်းထဲက အကောင်လေးလို သဘောထားလိုက်ပေါ့…
အလုပ်တွေပုံလာရင်လဲ အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးပြီး တစ်ခုပြီးတစ်ခုကိုလုပ်ပေး… အထူးသဖြင့် နေ့အကန့်အသတ်နဲ့ ပြီးရမယ်ဆိုတာမျိုးတွေကို Cityville က ခုနောက်ပိုင်းလာနေကျ Goal တွေလို အချိန်အကန့်အသတ်နဲ့လုပ်ရသလိုပေါ့… အဲလိုမှမဟုတ်ပဲ အားလုံးက ဒီအချိန်ပြီးရမယ်ဆိုပြီးလာရင်တော့ ကိုယ်တတ်နိုင်သလောက်အဆင်ပြေတာကို မခိုမကပ်ပဲ လုပ်ပေးလိုက်… မပြီးတော့လဲ ကိုယ်လုပ်နေတာပဲ ဘာကြောင့်မပြီးတာလဲ ပြနိုင်ရင်ရပြီ… ဂိမ်းတွေထဲက တစ်ချို့ ဂိုလ်းတွေ မပြီးသလိုပဲပေါ့… ကိုယ့်စိတ်ထဲမှာ ဆင်းရဲပြီး ကိုယ့်ကိုကိုယ် Stress ဖြစ်မနေသင့်ဘူး… “ကိုယ့်ကို Stress ပေးနိုင်တာ ကိုယ့်စိတ်ကလွဲလို့ ဘယ်သူဋ္ဌေးမှ မလုပ်နိုင်ဘူး”… ကိုယ့်ဘက်က အစွမ်းကုန်လုပ်ပေးထားတာကို အကောင်းမပြောလဲ သူတို့အပြစ်ပဲ… ကိုယ့်ကြိုးစားသလောက် သူတို့အသိအမှတ်မပြုလဲ ဒီလိုပဲနေလိုက်… ကိုယ်ပေးသလောက်မရရင် အလုပ်ပြောင်းဖို့ပဲရှိတယ်… ဒီကုပ္မဏီကိုယ်ပိုင်တာလဲမဟုတ်ဘူး… ကိုယ်မတတ်နိုင်တော့လို့ ဒီအလုပ်မပြီးလဲ အချိန်တန်ကိုယ်လခရမှာပဲ… Bonus matter တော့ရှိတာပေါ့လေ…

တစ်ကယ်လို့ ကိုယ်က Customer တို့ ဘာတို့နဲ့ ပတ်သတ်တဲ့အလုပ်မျိုးဖြစ်စေ… ဒီလူကူညီမှ ကိုယ့်အလုပ် အဆင်ပြေမယ်ဖြစ်စေ ဆိုရင်တော့ သူတို့ကျေနပ်အောင် ကိုယ့်ဘက်က ပေါင်းသင်းဆက်ဆံပြောဆိုရမယ်ဆိုရင်တော့ Pet society ကစားနေတယ်လို့ သဘောထားလို့ရပါတယ်… Pet Society ကစားတဲ့အခါမှာလဲ အထဲက အကောင်လေး ပျော်အောင် သန့်ရှင်းအောင် ကျန်းမာအောင် မျိုးစုံပြုစုပျိုးထောင်ပေးရတယ်မှတ်လား… ကိုယ်လုပ်ပေးနေတာတောင် မကျေနပ်နိုင်တဲ့သူဆိုတော့လဲ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မေတ္တာပို့ချင်သလောက်ပို့ပေါ့ သူမကြားစေနဲ့.. Pet Society ထဲက အကောင်လေးတွေကိုလဲ ကျွန်မစိတ်တိုလာရင် အပြင်မှာ အော်ဟစ်ဆူမိတာပဲ အမြင်ကပ်ရင် ပြစ်ထားလိုက်တာ ကိုယ်ဘယ်လောက်အော်အော်ဆူဆူ အဲဒိထဲက အကောင်လေးမကြားနိုင် နားမလည်နိုင် သလိုပေါ့… အဲဒိလူတွေကိုလဲ Pet Society ထဲက အကောင်လေးတွေလိုပဲ သဘောထားလိုက်ရင် ကိုယ့်စိတ်ထဲမှာ ဒေါသဖြစ်နေတာတွေပျောက်ပြီး သူတို့ကို တွေ့တာနဲ့တင် ကိုယ့်စိတ်ထဲမှာ ပြုံးချင်လာလိမ့်မယ်… ကိုယ့်စိတ်ရွှင်တော့ သူတို့နဲ့ ဆက်ဆံရ အဆင်ပြေတာပေါ့… အရမ်းကိုမှ ဆက်ဆံရခက်ခဲတဲ့ လူမျိုးဆိုရင်တော့ တစ်ချို့ဂိမ်းတွေမှာ အခန်း၁ခန်းအောင်တော့မယ်ဆိုရင် ဆရာကြီးနဲ့ ချရတယ်မှတ်လား… အဲဒိတုန်းကတောင် ကျားကုတ်ကျားခဲ မနိုင်မချင်း အကြိမ်ကြိမ် ချကြသေးတာ… အဲဒိလူမျိုးကိုလဲ ငါ့ဘဝရဲ့ Stage တစ်ခုကို အောင်ဖို့ ချနေတဲ့ အကောင်ကြီးပါလားလို့သတ်မှတ်လိုက်ရင် သူ့ကိုလဲ သိပ်မမုန်းတော့ပဲ ကိုယ့်ကိစ္စအောင်မြင်ဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကိုပဲ ဦးတည်ဖြစ်တော့မှာဖြစ်တယ်…

ဟိုနေ့က အလုပ်ပြန်ခါနီးမှ ကိုယ့်အမှားကြောင့်မဟုတ်ပဲ သူ့အမှားကြောင့် အားလုံးပြန်ပြင်ရမှာကို ၁၅မိနစ်ပဲ အချိန်ပေးပြီးလာခိုင်းတဲ့ အရာရှိကို စိတ်ထဲတော်တော်လေး စိတ်တိုသွားတယ်… ဒါပေမဲ့ “အော်… ဒါ CityVille ထဲကလိုပဲ ငါ့ကို ဂိုလ်းလာပေးတာ ပြီးပြီးမပြီးပြီး ကွန်ပလိမ်းမများပဲ လုပ်ပေးလိုက်မယ်… မပြီးတော့လဲ မပြီးဘူးပေါ့ ဘာဖြစ်လဲ “ ဆိုပြီး လုပ်ပေးလိုက်တော့ ပျော်စရာတောင်ကောင်းသွားတယ်… သူပြောတဲ့အချိန်အတွင်းလဲ ပြီးသွားလို့ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားတယ်… ဒါတောင်သူစစချင်လာခိုင်းတုန်းက ဒေါသတစ်ချက်ထွက်သွားတာ နည်းနည်းပေါ်သွားတယ်… တော်သေးတယ်ဘာမှ မပြောလိုက်လို့… ဒါပေမဲ့ သူ့ကို အလုပ်ပြီးလို့ပြန်ပေးတော့ ကိုယ်က ရီရီပြုံးပြုံးပဲ ဂိမ်းတစ်ခုအောင်သွားတယ်သဘောထားပြီး ဆော့လိုက် (လုပ်လိုက်တော့) သူကတောင် ကျေးဇူးတွေတင်လို့… မဟုတ်ရင် လုပ်လဲပေးရအုံးမယ်… အမြင်လဲကပ်ခံရမယ်… ဒီတော့ ဆော့နေတယ်သဘောထားလိုက် (ဆော့ဖို့ဆို မဗေဒါက ဒီအရွယ်ထိ ထိပ်ဆုံးကပဲ)

ဒီနည်းလမ်းက ၁၀၀% ကောင်းပါတယ် အောင်မြင်ပါတယ်လို့တော့ မဗေဒါအာမ မခံပါဘူး.. ဒါပေမဲ့ စိတ်တိုတတ် ဆွာတတ်လွန်းတဲ့ ကျွန်မအတွက်တော့ ရန်သူနည်းသွားသလို လုပ်ငန်းခွင်မှာလဲ သာသာယာယာရှိလာပါတယ်… အထူးသဖြင့် အလုပ်မသွားချင်လောက်အောင် ပျင်းတဲ့နေ့တွေမှာဆိုရင် “အော်… ငါ ဂိမ်းတွေ နေ့တိုင်းကစားပြီး ဂိမ်းထဲမှာနေ့တိုင်းအလုပ်လုပ်နေသလိုပဲ… ခုလဲ ငါဘဝဂိမ်းကို ကိုယ်တိုင်ဝင်ကစားရမှာ ပျော်စရာကြီးပဲ” လို့တွေးပြီး အလုပ်သွားဖို့ ခြေလှမ်းတွေ ပြန်သွက်ခဲ့ပါတယ်…

အရင်က ကိုယ့်ကို အလုပ်ပိုတွေလာခိုင်းမှာလဲ ကြောက်တတ်တဲ့ကျွန်မ… ခုတော့ သူတို့လာခိုင်းတာကို ပြီးရင်လဲ လုပ်ပေးလိုက်တယ်… မပြီးတော့လဲ အရင်လို Stress ကြီးဖြစ်ပြီး ကိုယ့်တာဝန်ကြီးလို စိတ်လေးမနေတော့ပဲ ဘာလုပ်နေလို့ မပြီးဘူးလဲဆိုတာ သေချာရှင်းပြလိုက်တော့လဲ လူတွေက နားလည်ကြပါတယ်…

အလုပ်မှမဟုတ်ဘူး ဘဝရဲ့ အခက်အခဲတွေ အဆင်မပြေမှုလေးတွေကြုံလာရင်လဲ Level မတူတာပဲရှိမယ် သဘောတရားတူတူပဲ သဘောထားပြီး တဖြည်းဖြည်း ရင်ဆိုင်ကျော်လွှားနိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါပေမဲ့ မဗေဒါကိုယ်တိုင်တောင် ဒီလောက်ထိ ရင့်ကျက်လှနေတယ်မဟုတ်တော့လဲ ခပ်မြင့်မြင့်ကြီးတွေနဲ့ လေမကျယ်ချင်ပါဘူး... ကိုယ်လဲ ကြိုးစားဆဲပဲ... ဒါပေမဲ့ ဒီနည်းက မဗေဒါနဲ့တော့ ခုချိန်ထိကိုက်နေတုန်းပဲ... ဖေ့ဘွတ်က ဂိမ်းတွေကစားရင်းလဲ အကြိုးအမြတ်လေးတွေရှာလို့ရပါတယ်... (အဟိ)

ကဲ အားလုံးပဲ ဘဝဂိမ်းမှာ Stage တွေ အဆင့်ဆင်ကို ကျော်လွှားပြီး ထိပ်ဆုံးကို ရောက်နိုင်ကြပါတယ်… စိတ်ညစ်လို့ ကိုယ့်အသက်ကိုယ်အရှုံးပေးရင်တော့ Game Over ဆိုပြီး နောက်တစ်ခေါက်ကြိုးစားခွင့်တော့ မရှိဘူးကွယ်… ဒီဘဝဂိမ်းက တစ်သက်မှာ တစ်ခါပဲ မသေမချင်းတော့ ကစားလို့ရတယ်…

Wednesday, November 16, 2011

တောင်နံရံပေါ်က ဖန် လမ်းကြောင်း

ဒီနေ့ ဂူဂဲလ်ပလပ်စ်မှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတစ်ခုအကြောင်း သွားတွေ့ပါတယ်… အဲဒါကတော့ တရုတ်ပြည် Hunan မှာရှိတဲ့ The Zhangjiajie National Forest Park မှာရှိတဲ့ Tianman တောင်ထိပ်ပေါ်မှာ တောင်နံရံကို ကပ်ပြီး ဖန်နဲ့ဆောက်ထားတဲ့ လမ်းကြောင်း ဓာတ်ပုံတွေဖြစ်ပါတယ်…
ဒါနဲ့ သိချင်လို့ ထပ်ရှာကြည့်တော့ ဒီလမ်းကြောင်းကို ၇ရက် ၁၁လ ၂၀၁၁ ကမှ ခရီးသွားများအတွက် စတင်ဖွင့်လှစ်လိုက်တာပါ… ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၃၀ မီတာ (၄၇၀၀ ပေ) မြင့်ပါတယ်… ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တက်လမ်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်… စုစုပေါင်း လမ်းကြောင်း အရှည်က ၆၉မီတာ (၂၀၀ ပေ) ဖြစ်ပါတယ်… ဖန်သားအထူက ၃လက်မပါ… လာရောက်လည်ပတ်သူတွေကို ဖန်ပေါ်တွင် မချော်လဲစေရန် သင့်တော်တဲ့ဖိနပ်များကို စီးဖို့ အကြံပြုထားပါတယ်…














နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ ၂၀၁၀ ခုနှစ်က ထွက်တဲ့ “Avatar” ဇာတ်ကားထဲမှာပါတဲ့ ကောင်းကင်ပေါ်မှာ ပျံနေတဲ့တောင်တွေ “Hallelujah Mountain” ကို ဒီဇိုင်းဖော်တဲ့အခါမှာ ဒါရိုက်တာနဲ့ ဒီဇိုင်နာတွေရဲ့ အတွေးကို စတင် အခြေခံပေးလိုက်တဲ့ တောင်တွေလို့သိရပါတယ်… ဒီတောင်တွေထဲက တစ်တောင်ကို ယခုအခါမှာ “Avatar Hallelujah Mountain” လို့တောင် တရားဝင် နာမည်ပြောင်းပေးလိုက်ပြီလို့သိရပါတယ်…


Now name as Avatar Hallelujah Mountain

ဒီ သတင်းအချက်အလက်တွေရဖို့ ဟိုရှာဒီရှာလုပ်ရင်း အများသူငှာတွေရဲ့ အမြင်ကိုလဲ ဖတ်ခဲ့ရလို့ ကျွန်မသာဆိုရင်ရောလို့တွေးဖြစ်ပါတယ်… ဟုတ်ပါတယ်… ကျွန်မကတော့ လုံခြုံမှု အသက်အန္တရာယ်ကို မယုံကြည်တဲ့အတွက် အဲဒိ ဖန်လမ်ကြောင်းပေါ်ကို တက်မလျှောက်ရဲပါဘူး… အောက်ပါလူတစ်ချို့ တွေကလဲ ဒီလိုပြောထားကြပါတယ်… http://thecornfieldonline.com ဖိုရမ်မှာ ဆွေးနွေးထားကြတာကို ကောက်နုတ်ပါတယ်…

တစ်ယောက်က ဟောဒီလိုပြောပါတယ်…
The real fear is that it was built by the Chinese. it could come down any time.

I'll stick with the ledge at the Sears, er, Willis Tower in Shitcago.
(တကယ်ကြောက်စရာကောင်းတာက တရုတ်ပြည်က ဆောက်ထားလို့ပဲ… အချိန်မရွေးပြိုကျနိုင်တယ်…
ငါကတော့ ချီကာဂိုက Sears, Willis Tower တွေပဲသွားတော့မယ်…)

နောက်တစ်ယောက်က ဒီလိုပြောတယ်…
Who the hell knows what those bolts and fasteners are made from, how they were made, and even if they were tested.

No thanks. Track record and all that.
(ဒီလက်ရမ်းတွေ ဒီမူလီတွေ ဘယ်ကနေထုတ်တာလဲ၊ ဘယ်လိုထုတ်လုပ်ခဲ့တာလဲ၊ ဒါတွေက (လုံခြုံစိတ်ချရတဲ့) စမ်းသပ်မှုတွေပြုလုပ်ခဲ့ရဲ့လား ဆိုတာ ဘယ်သူသိလဲ…
ကျေးဇူးပဲ ဒါပေမဲ့ ကျွန်မအတွက်တော့ (ဒီခရီးက) မလိုအပ်ဘူး..)

နောက်တစ်ယောက်ကဖြေတယ်…
Made by China, following Chinese "regulations". See all pics.
Pass.
(တရုတ်ကလုပ်တာလေ… တရုတ်ပြည်စည်းကမ်းတွေအတိုင်းလိုက်နာပြီးလုပ်ထားတာပေါ့… ကျွန်တော်လဲ Pass ပဲဗျာ…)

နောက်တစ်ယောက်က…
..the railing/fasteners are stainless steel. it is very obvious. not going anywhere either.
(လမ်းကြောင်းကို ပတ်ထားတာတော့ stainless စတီးဆိုတာ အသိသာကြီး… ကျွန်တော်လဲ ဘယ်မှမသွားပါဘူး…)

နောက်တစ်ယောက်တော့…
Looks perfectly safe.

I still wouldn't do it. (အမြင်အရတော့ လုံခြုံမှု အသေအချာ ရှိတယ်ဆိုတယ်လို့ ထင်ရတာပဲ… ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ မသွားဘူး)

Google+ က ဓာတ်ပုံတင်တဲ့သူမှာရတဲ့ ကွန်မန့်တွေမှာတော့ တချို့ကလဲ မိုက်တယ်… သွားချင်တယ်… လှလိုက်တာ … အံ့သြစရာကောင်းအောင်လှလိုက်တာ… အင်ဂျင်နီယာတွေရဲ့ အနုပညာပဲ စသည်ဖြင့် ချီးကျူးထားကြသူတွေရှိသလို တချို့သူတွေကလဲ အပေါ်က ဖိုရမ်ထဲကလူတွေလိုပဲသဘောမတူကြပါဘူး..

လူတစ်ယောက်ဟာ အတွေးအခေါ်တစ်မျိုးစီကွဲပြားကြပါတယ်… ကွဲပြားနိုင်ပါတယ်… ကျွန်မဒီဓာတ်ပုံတွေကို တွေ့တော့ ဘယ်နေရာလဲမသိဘူးဆိုပြီး ခရီးသွားဝါသနာပိုးအရ ရှာကြည့်မိပါတယ်… ဒါပေမဲ့ တရုတ်ပြည်ဆိုတာတွေ့ရတော့ ဘာကြောင့်မှန်းမသိ စိတ်ထဲအောင့်သက်သက်ကြီးဖြစ်သွားတယ်… ဒီပိုစ့်ကို ရေးဖို့ အချက်လိုက်ရှာတော့မှ သူများတွေကွန်မန့်တွေဖတ်ပြီး ကျွန်မစိတ်ထဲက အောင့်သက်သက်ဖြစ်တာကို ရှင်းသွားတော့တယ်… တရုတ်ပြည်ကဆောက်တဲ့ ၃လက်မအထူရှိ တောင်နံရံမှာကပ်ဆောက်ထားတဲ့ လမ်းကြောင်းကို လျှောက်ဖို့ဆိုတာ ယုံကြည်မှုနဲ့ အများကြီးဆိုင်ပါတယ်… ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ယုံကြည်လား၊ ဆောက်လုပ်သူတွေကို ယုံကြည်လား၊ ဒီလမ်းကြောင်းကို ထိမ်းသိမ်းစောင့်ရှောင့်ရေး ကို ယုံကြည်လား… နောက်ဆုံးကုန်အောင်ပြောမယ်… အတူတူလမ်းလျှောက်နေတဲ့ ဘေးက လူက အဲဒိပေါ်မှာ မခုံပါဘူး မအံပါဘူး လက်မကစားပါဘူး မဖျက်စီးပါဘူးလို့ယုံကြည်လား… ဒါတွေအားလုံးကတော့ သင့်ရဲ့ ခံယူချက်ပေါ်ပဲမူတည်တယ်…

ကျွန်မအတွက်ကတော့ မြန်မာပြည်မှာခေတ်စားနေတဲ့ စကားတစ်ခွန်းကို သွားသတိရတယ်… “တရုတ်စက်၊ တရက်စုတ်” တဲ့… တရုတ်ကထုတ်တဲ့စက် ၁ရက်ထဲနဲ့ စုတ်တယ်လို့တောင် တဘောင်ထွက်သတဲ့… ကိုယ်ကိုတိုင် တရုတ်ပြည် ရှန်ဟိုင်းကို အလည်အပတ်ရောက်တုန်းကလဲ တန်းစီရမဲ့နေရာတန်းမစီတာတို့ ကျော်တက်တာတို့… ဂိုက်ကလဲ ခရီးသည်ကို ဂရုမထားတဲ့အပြင် ငွေညှစ်ဖို့ပဲ ကြိုးစားနေတာတို့ စတဲ့စတဲ့ မကောင်းတဲ့ အတွေ့အကြုံတွေ ၀န်ဆောင်မှုတွေနဲ့ ကြုံခဲ့ရတော့ ကိုယ်သွားချင်တဲ့ တရုတ်ပြည် ဂရိတ်ဝေါလေးသွားဖို့တောင် ခုထိ ခြေတုံချတုံနဲ့ စိတ်ကို တော်တော်လေးပြင်ဆင်နေရတယ်….
ဒါ့အပြင် ဖြစ်သမျှကြည့်လိုက်… လူသားချင်းမစာနာမှုတွေ (ကလေးကို ကား ၂ဆင့်တက်ကြိတ်တာတောင် မသိချင်ယောင်ဆောင်နေတဲ့ သူတွေ)၊ အာဏာအလွဲသုံးစားလုပ်မှုတွေ (လူငယ် ၂ယောက်ကို ကားနဲ့တိုက်လို့ ၁ယောက်သေတာတောင် ဘေးကလူတွေကို “တိုင်ရဲရင်တိုင်လိုက် ငါ့အဖေက ဘယ်သူ” ဆိုပြီး စိန်ခေါ်သွားတာတွေ)၊ လူကို အန္တရာယ်ပြုမဲ့ စံချိန်မမှီတဲ့ အစားအသောက်တွေ (ကလေးနို့မုန့်တွေနဲ့ စားသုံးကုန်တွေမှာ မယ်လမင်းတွေထည့်ထုတ်တာ)၊ စတဲ့ တခြားသော ပြဿနာများကလဲ ဖြစ်လိုက်ရင် တရုတ်ကချည်းပဲ… လူမျိုးရေး နိုင်ငံရေး ပုတ်ခတ်ခြင်းမဟုတ်ရပါ… ကြောက်မယ်ဆိုရင်တော့ ကြောက်စရာတွေ အများကြီးလို့လဲ ကပ်ပြောနိုင်ပါတယ်… သို့သော် ကိုယ်သွားချင်တဲ့ နေရာတစ်ခုနဲ့ ပတ်ဝန်းကျင်ရဲ့ သမိုင်းနဲ့ အလေ့အထကိုတော့ ဆင်ခြင်သင့်တယ်ထင်လို့ပါ… ဖန်လမ်းကြောင်းခြင်းအတူတူ USA Grand Canyon ကိုပဲ ကျွန်မ သွားဖြစ်မယ်ထင်ပါတယ်…

ကဲ… စာဖတ်သူတို့ရော ဘယ်လိုသဘောရကြလဲ… လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်နော်…

Grand Canyon, USA
Glass walk at Grand Canyon, USA

Source : http://www.amusingplanet.com/2010/06/zhangjiajie-national-forest-park.html

http://www.echinacities.com/china-media/chinese-mountain-that-inspired-avatar-renamed-after-the.html

http://sightbywalk.blogspot.com/2011/11/worlds-highest-glass-trail-zhangjiajie.html

Monday, November 14, 2011

It's the day, a girl was born to be My MUM

ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။

ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။

အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။

ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။

ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။






A mother is she who can take the place of all others but whose place no one else can take. -Cardinal Mermillod
အမေဆိုတာ ကျန်တဲ့အရာတွေ အားလုံးနေရာဝင်ယူနိုင်တယ်…. ဒါပေမဲ့ ကျန်တဲ့ဘယ်အရာမှ အမေ့နေရာကို ၀င်မယူနိုင်ဘူးဆိုတဲ့ စာသားလေးက မေမေ့မွေးနေ့အတွက် ပိုစ့်ရေးဖို့ inspiration လိုက်ယူနေတဲ့ ကျွန်မအတွက်တော့ ကျွန်မ စိတ်ကို အထိမိဆုံးစကားလေးတစ်ခွန်းပါပဲ…

အပေါ်က တို့မေမေ ကဗျာထဲက အချက်တွေနဲ့ အားလုံးနဲ့ ကျွန်မမေမေ ညီတယ်ဆိုတာကတော့ အထူးတလည်ပင် ပြောနေစရာမလိုတော့ပါဘူး…

ဒါလောက်များ ပျင်းသေး… ဒိထက်တောင် ပိုသေးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်…
အပေါင်းအသင်း သူငယ်ချင်းတွေ ဘယ်လောက်ကောင်းကောင်း ကိုယ်လိုအပ်ချိန်မှာ အမြဲတမ်း အဖော်ရှိနေတတ်တာ ကျွန်မ မေမေပါ…
နှလုံးသားရေးရာ ကိစ္စတွေ အဆင်မပြေချိန်မှာ ကိုယ်စကားတစ်ခွန်းမှ မပြောပင်မဲ့ နားလည်ပေးနိုင်တာ ကျွန်မမေမေပါ…

သမီးတွေနဲ့ အဖေနဲ့ အကြိုက် အမြင်မတူတာတွေကြားမှာ ညှိနှိုင်းပေးနေတတ်တာ ကျွန်မမေမေပါ…

ဘုရားသိပ်မရှိခိုးဖြစ်တဲ့ ကျွန်မတို့အတွက် အရေးကြီးတဲ့ ရက်တွေမှာ လိုအပ်တဲ့ ရတြာတွေနဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအတွက် မမောနိုင်မပန်းနိုင် ဆုတောင်းပေးတတ်တာ ကျွန်မတို့မေမေပါ…

ကျွန်မတို့ သမီးတစ်ယောက်ချင်းဆီရဲ့ အကြိုက်နဲ့ အညီ လိုက်ဖက်အောင် ဟင်းစီစဉ်တတ်တာ ကျွန်မမေမေပါ…

ညီအစ်မလို တိုင်ပင်နိုင်ပြီး ရီစရာတွေပြောလို့ရတာ ကျွန်မတို့မေမေပါ…

အသုတ်အစုံ ရှယ်ကောင်းတာ ကျွန်မတို့ မေမေပါ…

အိမ်မှာ အလုပ်များနေလို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ရင်တောင် အိမ်သားတွေအချင်းချင်းအကြောင်း update ဖြစ်နိုင်တာ ကျွန်မတို့ အိမ်ရဲ့ အင်ထရာနက် မေမေရှိလို့ပါ…

စာဖတ်ရမှာ ပျင်းသော်လည်း (ကျွန်မနဲ့ တူတာ) ကျွန်မရေးသမျှ (မဖြစ်လောက်တဲ့) စာများကို Die hard fan အဖြစ် မှန်မှန်ဖတ်အားပေးတတ်တာ မေမေပါ…



အချိုအစိမ့်တွေ အချိုရည်တွေ မတည့်လို့ မစားပါနဲ့ လို့ အတန်တန်တားသော်လည်း သနားစရာမျက်နှာနှင့်တစ်မျိုး ကျွန်မတို့ မသိလိုက်ချိန်တမျိုး ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စား၍တစ်မျိုး ပြောလို့မရတာလဲ ကျွန်မတို့ မေမေပါ…

ပြောရမယ်ဆိုရင် ပြောမကုန်နိုင်ဖြစ်နေမှာစိုးလို့ အချုပ် တင်စားရရင် အိမ်မှာ ပျင်းခြောက်ခြောက်မဖြစ်စေပဲ eventful ဖြစ်နေနိုင်တဲ့ မေမေ့ကို အိမ်ရဲ့ ဆည်းလည်းလို့ချစ်စနိုးနဲ့ တစ်ဖန်ပြန်တင်စားချင်ပါတော့တယ်…

ဒီပိုစ့်လေးနဲ့အတူ မေမေ့မွေးနေ့အတွက် ဆုတောင်းပေးချင်တာကတော့ မေမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ ဒီလင် ဒီသမီးတွေနဲ့ အသက်ရာကျော်ရှည်နေနိုင်ပါစေ… မြေးတွေ ခုချက်ချင်း ဘယ်သမီးကမှ မပေးနိုင်သေးလို့ ကျန်းမာရေးကို အထူးသတိပြုလိုက်စားဖို့ ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ဖို့ မှာချင်ပါတယ်...



မေမေ့ မွေးနေ့အတွက် ဘာလက်ဆောင် ပေးရင်ကောင်းမလဲ စဉ်းစားရင်း ကျွန်မတို့ကိုယ်တိုင် ကိတ်မုန့်ကို decoration ဆင်လို့ရတဲ့ ဆိုင်လေးကနေ ဒုတိယအသေးဆုံး ကိတ်မုန့် ၆လက်မအကျယ်ကိတ်မုန့်လေးကို ၀ယ်ပြီး surprise လုပ်ခဲ့တယ်... ကိုယ်တိုင် ပုံဖော်တော့ သိပ်တော့မလှဘူး... ဒါပေမဲ့ လုပ်ဆောင်ချက်သာ အဓိကပဲလေ... ပြီးတော့ မေမေ့ မွေးနေ့အတွက် ဗွီဒီယိုလေး လုပ်ပေးဖြစ်တယ်... ဗွီဒီယို ကြည့်လို့မရင် ကိတ်မုန့်ကို ဓာတ်ပုံကြည့်သွားနော်... (ခု ရေးနေတဲ့ အချိန်မှာ ဗွီဒီယိုက upload လုပ်တုန်း) ပြီးရင်တင်မယ်...





Friday, November 04, 2011

ထူးခြားတဲ့ သြစီပြန်လက်ဆောင်...

သိပြီးသားလူတွေအတွက်ကတော့ ထူးချင်မှထူးမယ်... မဗေဒါကတော့ တစ်ခါမှ မတွေ့ဖူးလို့ ထူးခြားတယ်လို့ပြောတာ... ဟိုရက်က အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် သြစတေးလျသွားပြီး အပြန်မှာ အားလုံးစားဖို့ ထူးခြားတဲ့ အသားတွေကို လက်ဆောင်အဖြစ်ဝယ်လာပါတယ်... ကျွန်မ တစ်သက်နဲ့တစ်ကိုယ်မှာ ဒီအသားတွေဟာ စားလို့သင့်တဲ့အရာလို့ မထင်ခဲ့ပါဘူး... ဒါတွေကတော့ သားပိုက်ကောင်သား၊ မိချောင်သား နဲ့ Emu (မြန်မာလို အဲငှက်ကို ဘယ်လိုခေါ်လဲ မသိပါ)လို့ခေါ်တဲ့ သြစတေးလျက ငှက်တစ်မျိုးရဲ့ အဆင်သင့်စားဖို့ထုတ်ပိုးထားတဲ့ အသားခြောက်တွေပါ...
Emu ငှက်

အစကတော့ အထုတ်တွေကိုကြည့်ပြီး မယုံသေးပါဘူး... အဖုံးပေါ်က မိချောင်းပုံကို မျက်လုံးနဲ့ တပ်အပ်မြင်တာတောင် အထဲက မိချောင်းသားမဟုတ်လောက်ပါဘူး... အထူးအဆန်းလုပ်ထားပင်မဲ့ အထဲက တစ်ခြားဟာဖြစ်မှာပါလို့ ထင်ခဲ့တယ်... သေချာအောင် နောက်က ပါဝင်ပစ္စည်းကို စစ်လိုက်တော့ မိချောင်းသား၊ သားပိုက်ကောင်သား၊ Emu သားဆိုပြီးတော့ကို ရေးထားတာ လန့်သွားတာပဲ...

ဂျပန်တွေကတော့ စားကြတယ်... စလုံးတွေနဲ့ ကျွန်မကတော့ မစားရဲပါဘူး... သူတို့စားတာကို ကိုယ်က ကြောက်တယ်ပြောတော့ သူတို့က သိပ်မကြိုက်ချင်ဘူး... စားကြည့်ပါ... မိချောင်းသားက အရမ်းကောင်းတယ်ပြောကြတယ်... ကိုယ်ကလဲ အသစ်ဆိုတော့ အထက်ကလူတွေနဲ့လဲ တည့်အောင် နေရမယ်လေ... ပြီးတော့ ကျွန်မက အရာရာ(ဆူရှီးတို့ ဆာရှီမီးတို့ smoke salmon တို့ လဲ လုံးဝမကြိုက်) အတော်လေး ဂျေးများဆိုတော့ မစားကြည့်ပဲနဲ့ မကြိုက်ဘူးပြောလို့မကောင်းဘူးလေ... ဒါနဲ့ ဟန်ဆောင်ပန်းဆောင် Emu အသားလေး သေးသေးတစ်ဖဲ့စားကြည့်တယ်... ကိုယ့်စိတ်ပဲ မသတီလို့လားမသိဘူး နဲနဲလေးညှီတယ်... ကိုယ့်ကို အဲဒိပုံမပြပဲ ဆပ်သားခြောက်လို့ပြောကျွေးရင်တော့ စားနိုင်ချင်စားနိုင်မယ်... ဒါပေမဲ့ ယူလိုက်တဲ့ အသေးဆုံး တစ်ဖဲ့တောင် မကုန်နိုင်လို့ ခပ်တည်တည် Pantry ထဲသွားပြီး သူတို့မမြင်အောင် လွှတ်ပြစ်လိုက်ရတယ်... ပြီးတော့ ရေတွေအများကြီးသောက်ချလိုက်တယ်...


နောက် နေ့ကျတော့ သူတို့က မိချောင်းသားထုတ်ကို ဖောက်ပြီးစားနေပြန်ရော... ပြီးတော့ အားလုံးက မိချောင်းသားက အကောင်းဆုံးပဲလို့ပြောတယ်... ကျွန်မလဲ မစားရဲတော့လို့ မစားတော့ဘူး... ဒါပေမဲ့ အားလုံးက စမ်းစားကြည့်ပါ... Emu သားထက်ကောင်းတယ် ဘာညာနဲ့ သူတို့လဲစားရင် ၀ိုင်းပြောကြပြန်ရော... ဒါနဲ့ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ကထက် သေးတဲ့ အပိုင်း သေးသေးလေးကိုပဲလက်သည်းလေးနဲ့ စိတ်ပြီး စားကြည့်တော့... အမလေး... ညှီလိုက်တာ... ရေသတ္တ၀ါဆိုတော့ ရေနဲ့ညှီတာပေါ့... ကျွန်မက အစကတည်းက ငါးတို့ ပုဇွန်တို့တောင် အနံ့နည်းနည်းလေးကျန်တာနဲ့ မစားနိုင်တာ... ကျွန်မအတွက်တော့ တော်တော်လေး ညှီတယ်လို့ခံစားရတယ်... ဒါပေမဲ့ ငါးကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ သိပ်ညှီမယ်မထင်ပါဘူး... ကျွန်မလဲ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ ကိုယ့် စားပွဲဘေးက အမှိုက်ပုံးထဲကို ထွေးချလိုက်မိရော... ရေတွေသောက်ချလိုက်တယ်... စိတ်ထဲ မသန့်လို့ မျက်ရည်တောင်ဝဲချင်ချင် မနည်းပြန်ထိန်းရတယ်... ဒါလေး ကျွေးတာ ဖြစ်နေလိုက်တာလို့ ထင်ကြမှာစိုးလို့...



နောက်နေ့ကျတော့ သားပိုက်ကောင်သားထုတ်ကို ဖောက်ကြရော... ဒီတစ်ခါကျတော့ ၀ယ်လာတဲ့သူ ကိုယ်တိုင်က အနံ့နမ်းကြည့်ပြီး ဒီအသားက အနံ့ရှိတယ်တဲ့... ဒီကတည်းက ကျွန်မဒီနေ့တော့ လာမကျွေးနဲ့ လုံးဝမစားတော့ဘူးလို့ ပြင်လိုက်ပြီ... သူတို့လို့ လူအတွက်တောင် အနံ့ရှိတယ်ဆိုတော့ ကျွန်မအတွက်ဆိုရင်တော့ သေလောက်မယ်... ဘလောက်မှာရေးချင်လို့ အနံ့သွားရှုကြည့်တော့ အခြောက်မို့ပေပဲ... အသားစိမ်းအနံ့... ဈေးသွားလို့ သားသတ်ရုံတန်းရောက်ရင် အဲဒိမှာ ချိတ်ထားတဲ့ အသားစိမ်းတွေ အနံ့ကို သိလားတော့ မသိဘူး.... အဲဒိလို အနံ့မျိုး... မဗေဒါကိုတော့ စားကြည့်ပါလားလို့ သူတို့ မကျွေးတော့ပါဘူး... ဒီတစ်ခါကျွေးရင် ရုံးမှာ အန်ချမိလိမ့်မယ်ထင်တယ်...



ခုတော့ အဲဒိအသား ၃မျိုးမှာ မိချောင်းသားကတော့ ကုန်လုနီးပါးပဲ... သားပိုက်ကောင်သားက အများဆုံးကျန်တယ်... အဲဒိအထုတ်တွေကြည့်ပြီး ဘာကြောင့်မှန်းတော့ မသိဘူး ကျွန်မကတော့ သက်ပြင်းပဲချမိနေတယ်... နောက်ဆို ကျားသားတို့ ခြင်္သေ့သားတို့ ဆင်သားတို့ပါ လူတွေစားတော့မလားမသိဘူး... ဘုရားတားထားတဲ့ မစားအပ်တဲ့ အသား ဘယ်နှစ်မျိုးလဲ မသိဘူးရှိတယ်... အဲဒါပြန်ရှာရမှာ ပျင်းတာနဲ့ ဒီမှာပဲ မေးလိုက်တော့မယ်... သိရင် မဗေဒါကို သင်ပြသွားကြပါအုံး... ဆရာတင်တယ်နော့်...

Wednesday, November 02, 2011

Cute and nice idea for photoshoot in bed

ဘယ်အရာမဆို အိုင်ဒီယာကောင်းဖို့က အရေးကြီးပါတယ်... တချို့အရာလေးတွေကို ကိုယ်ဘယ်လောက်စဉ်းစား စဉ်းစား ဘယ်လို အကုန်ကျခံထား ခံထား နောက်ဆုံးကျရင် အိုင်ဒီယာကောင်းတဲ့သူကပဲ ကုန်ကျစရိတ်နည်းနည်းနဲ့ပဲရိုက်အုံး လူကြိုက်ပိုများတတ်ကြပါတယ်... မဗေဒါလဲ ကျောင်းက ဓာတ်ပုံ assignment တွေလုပ်မှ ကိုယ်တော်တော် အိုင်ဒီယာမထွက်လို့ အတော်လေးစိတ်ပျက်ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းမှာ references တွေရှာကြည့်ရင် သူများတွေလုပ်ထားတွေတွေ့မှ အော် ဒါလေးက ဒီလိုလုပ်ရင် လွယ်လွယ်လေးပဲဆိုပြီး ဖြစ်ရတဲ့အခါတိုင်း "ဒါကိုဘာလို့ ငါ့ဘာသာငါမသိပဲ သူများလုပ်တာကြည့်ပြီးမှ နားလည်တာလဲ" ဆိုပြီး မခံချိ မခံသာနဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်ရပါတယ်...



ပရိုဂရမ်းမင်း ဘာသာကို မဗေဒါ အရင်က လက်လျှော့လိုက်တဲ့ အထဲမှာ အဲဒိပြဿနာကြောင့်လဲပါပါတယ်... ကိုယ့်ဘာကိုယ်ရေးဆိုရင် concept တွေ command တွေ အားလုံးသိပါရဲ့ ဘယ်က စရေးရမှန်းကို မသိဘူး... သူများရေးပြီးသွားရင်တော့ ဖတ်ကြည့်ရင် နားလည်တယ်... စိတ်ဓာတ်ကို ကျရော... မဗေဒါလို ခံစားဖူးတဲ့သူရှိကြလားတော့ မသိဘူး... ဒါပေမဲ့ ပရိုဂရမ်းမင်းကို ကြိုက်တဲ့သူတွေကျတော့လဲ အဲလို ထိုင်စဉ်းစားနေရင်း အဖြေကို နည်းအမျိုးမျိုးနဲ့ကြိုးစားရတာကို ကြိုက်တာတဲ့... အင်းပေါ့လေ... အဖြေရသွားရင်တော့ အရမ်းကို ပျော်ရတာသိပါတယ်... မဗေဒါမှာ ပါရမီမပါလို့လားတော့ မသိပါဘူး... ကျောင်းမှာ နောက် semester ကျရင် C++ ယူရတော့မယ်... ညစ်တယ်... ဆီပရိုဂရမ်းမင်း တတ်တဲ့သူတွေရှိရင် ဆရာတင်ပါတယ်နော်... ကူညီကြပါ...

ကဲ... ပြောချင်တာကတခြား ရောက်သွားတာက ပရိုဂရမ်းမင်းအကြောင်း... လိုရင်းကို ပြန်ဆွဲရရင်... ဒီနေ့ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်နဲ့ ကောင်မလေးတစ်ယောက် ရှိတဲ့ ခန်းတွင်းပစ္စည်းတွေနဲ့ပဲ တန်ဆာဆင်ပြီး အိပ်ယာပေါ်မှာ အိုက်တင်အမျိုးမျိုးနဲ့ ရိုက်ထားတာလေးက စိတ်ဝင်စားစရာကောင်းနေလို့ပါ... ပြီးတော့ အိုင်ဒီယာလေးကောင်းလိုက်တာဆိုပြီး သဘောကျလို့ အားလုံးကြည့်ရအောင် ဝေမျှလိုက်ပါတယ်...








Monday, October 31, 2011

ဂျင် ကစားမလို့ (သို့) စကာင်္ပူရောက် အလွဲများ ၁၁

ကျွန်မ ဖေဖေက သားသမီးတွေနဲ့ ပျော်ပျေုာ်ပါးပါးနေတတ်ပြီး အလိုလိုက်တဲ့ အခါတွေရှိသလို သူပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ အရာတွေလဲ ရှိပါတယ်... ဥပမာ ဖဲရိုက်ခြင်း လောင်းကစားလုပ်ခြင်း အရက်သေစာ ဘီယာသောက်ခြင်း နဲ့ ငယ်ငယ်ကဆိုရင် အချစ်ဝတ္တုဖတ်ခြင်းစတာတွေပါ... အချစ်ဝတ္တုဆိုတာကို မဗေဒါ အစအဆုံး မနေ့တနေ့ကမှ ဖတ်ဖူးတာပါ... ဒါကြောင့် မဗေဒါကို အချစ်ဝတ္တုနဲ့ပတ်သတ်လို့ လာပြောရင် ဘာမှမသိသလို စာဖတ်လဲ နှေးလှပါတယ်... ငယ်ငယ်က ရှားလော့ဟုမ်းတို့ ရွှေဥဒေါင်းတို့တော့ဖတ်ပါတယ်... အချစ်ဝတ္တုတွေဖတ်ပြီး အတုယူမှား စိတ်ကစားမှာစိုးရိမ်လို့ပါတဲ့... ဒါပေမဲ့ ခုလိုရင့်ကျက်လာတဲ့အရွယ်မှာတော့ အချစ်ဝတ္တုဖတ်ခြင်းကို မတားမြစ်တော့ပါဘူး...

သို့သော် အရက်သေစာ ဘီယာ မူးယစ်စေတဲ့အရာမှန်သမျှ သောက်သုံးခြင်းနဲ့ ဖဲရိုက်ခြင်း လောင်းကစားခြင်းကိုတော့ ပြင်းပြင်းထန်ထန်တားမြစ်ထားပါသေးတယ်... ဥပမာဆိုရင် ခုခေတ်ကြီးမှာ မိန်းကလေးတွေ ဘီယာ အရက်သောက်တာနဲ့ပတ်သတ်လို့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်လို့ သောက်ကြတာကို ဘာမှ အပြစ်ပြောစရာမရှိဘူးလို့ အိမ်မှာပြောမိတာတောင်... ဖေဖေက ကျွန်မက ကိုရီးယားကား ဂျပန်ကားတွေကြည့်ပြီး မိန်းမအရက်သောက်တာကို အတုယူချင်လို့ သွေးထိုးဆန်းပြီး ပြောတယ်လို့ ထင်လိုထင်... ဒါနဲ့ ပတ်သတ်ရင် အဲဒီလောက် စပ်စပ်ထိမခံဘူး... ကျွန်မလို အသက်အရွယ်ရောက်နေသူအတွက် အရက် ဘီယာကို မိဘတားမြစ်ထားလို့ မသောက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး... ဘယ်ကမှလဲ အတုယူတာမဟုတ်ပါဘူး... တကယ်လို့ ကျွန်မသောက်ချင်စိတ်ရှိရင် ကိုယ့်လုပ်တာကို ကိုယ်တာဝန်ယူနိုင်ရင် သောက်ချင်သောက်မှာပါပဲ... သို့သော် ၁ အချက်က ဘာသာရေးအရတွေးလဲ ဘုရားကတောင်တားမြစ်ထားတဲ့အရာ အဲဒါသောက်မှ ပျော်ရရွှင်ရတယ်ဆိုတာကို လက်မခံပါဘူး... နောက်တစ်ချက်က ဒီလောက် ခါးတူးနံစော်နေတဲ့ အရည်တွေကို Coke တို့ Sprite တို့တောင် မသောက်နိုင်တဲ့ ကျွန်မက ဘယ့်နှယ့်လာ သောက်နိုင်မတုံး... ကိုယ်ကိုတိုင်ကိုက မကြိုက်လို့ မသောက်ဖြစ်ပါဘူး... ဒိအတွက် ဘယ်အပေါင်းအသင်း သူငယ်ချင်းမှကလဲ "ဒီအရွယ်ထိ အိမ်ကြောက်တုန်း" တို့ဘာတို့နဲမြှောက်ပင့်ပေးလို့ မရပါဘူး... သူငယ်ချင်းတွေထဲမှာ သောက်နေတဲ့သူတွေရှိလဲ ကျွန်မကတော့ အထင်သေးခြင်း ရှုံ့ချခြင်းရှိမှာ မဟုတ်ပါဘူး... အားလုံး ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ လူကြီးတွေပဲ...


ထိုနည်းလည်းကောင်းပါပဲ... အိမ်မှာ ကလေးကစားစရာ ကဒ်ဂိမ်းလေးတွေနဲ့ ကစားရင်တောင် တစ်ချို့ ဂိမ်းလေးတွေက ဖဲနဲ့ ကစားပုံခြင်းတူတယ်လို့ ဆိုပြီး တစ်ခါတစ်လေ စိတ်တိုင်းမကျတတ်ပြန်ပါဘူး... သို့သော် မဆော့ရဟုတော့မတားပါ... ဖဲဆိုလျှင်လဲ ဖဲထုတ်ကိုသာ မြင်ဖူးပြီး ဖဲရိုက်နည်းဆို၍ ယခုချိန်ထိ တစ်နည်းမျှပင်မတတ်ပါလေ... ထိုသို့သော ကျွန်မနှင့် ကျွန်မ၏ဖေဖေတို့ ၁ရက် လွဲကြပုံကတော့ဖြင့်....

ကျွန်မဟာ အလုပ်ပြီးရင် တစ်ခါတစ်လေ အလုပ်က Gym မှာ အားကစားသွားလုပ်လေ့ရှိပါတယ်... အဲလိုလုပ်မယ်ဆို အိမ်ပြန်နောက်ကျတတ်တော့ အိမ်ကို အလုပ်မသွားခင်ကြိုပြောသွားပါတယ်... ပုံမှန်ဆိုရင်တော့ ကျွန်မက "အလုပ်ပြီးရင် အားကစားလုပ်မလို့ နောက်ကျမယ်" လို့ပဲ ပြောလေ့ရှိလား... "အလုပ်ပြီးရင် Gym သွားကစားမယ်" လို့ပဲ ပြောလေ့ရှိလား ကျွန်မလဲ သတိမထားမိပါဘူး... များသောအားဖြင့်တော့ မေမေ့ကိုပဲ ပြောသွားလေ့ရှိတယ်ထင်ပါတယ်...

၁ရက်တော့ ကျွန်မက အလုပ်သွားဖို့ ပြင်ဆင်ရင်း ဖေဖေက ဧည့်ခန်းမှာထမင်းစားနေတာတွေ့တော့ "သမီး အလုပ်ပြီးရင် အလုပ်ကလူတွေနဲ့ ဂျင်သွားကစားမယ်" လို့ ခါတိုင်းလိုပဲ ပြောလိုက်ပါတယ်...

အဲဒါကိုလဲ ကြားရော ကျွန်မဖေဖေက ဒေါသအမြတ်ထွက်နေတဲ့ မျက်လုံးတွေနဲ့ လေသံကလဲ မာပြီး ကျွန်မကို ပြန်ပြောတယ်... "ဘာပြောတယ်! ဘာသွားကစားမယ်?!"
ကျွန်မကလဲ အစထဲက အသံက ကျယ်ကျယ် ပြီးတော့ ကိုယ့်အဖေက ကိုယ်လဲ ဘာမှအမှားမလုပ်ပဲနဲ့ အသားလွတ်ကြီး လာအော်တော့ နည်းနည်းလေးတင်းသွားပြီး...
"ဂျင်သွားကစားမယ် ပြောတာလေ... ဘာဖြစ်လို့လဲ" လို့ခပ်စပ်စပ်မေးမိတာပေါ့... ကျွန်မစိတ်ထဲ ဖေဖေ ဘယ်ကိစ္စနဲ့ ကျွန်မကို အမြင်မကြည်ဖြစ်နေလဲလို့ပဲထင်တာပေါ့...
ဖေဖေက ပိုဒေါသထွက်လာပြီး ထမင်းပန်းကန်တွေပါတွေ စားပွဲပေါ်တင်ပြီး "ဘာပြောတယ်?!" ဆိုပြီး အခြေတင်ဖြစ်ခါနည်း ဆဲဆဲမှ မေမေက နောက်ဖေးကထွက်လာပြီး ကျွန်မတို့ရဲ့ ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုက်ပါတော့တယ်...


"မဟုတ်ဘူး... သူက အလုပ်ပြီးရင် အားကစားသွားလုပ်မယ်ပြောတာ... လောင်းကစား လေးကောင်ဂျင်တို့ဘာတို့ သွားကစားမှာ မဟုတ်ဘူး..."
ကျွန်မဘက်ကိုလှည့်ကာ "နင့်အဖေက Gym ဆိုတာကို လေးကောင်ဂျင်တို့ဘာတို့ စတဲ့ လောင်းကစားသွား ကစားမယ်ထင်နေတာ" လို့ ဖြေရှင်းလိုက်မှပဲ ကျွန်မလဲ ရယ်မိပါတော့တယ်... နောက်မို့ဆို Gym ကစားမယ်ပြောမိလို့ အရိုက်ခံရမဲ့ အပေါက် လွဲချက်က...

ဒိထက်ရီရတာရှိသေးတယ်... ဖေဖေက မေမေ့ကို မင်းက ဘယ်လိုသိလဲလို့မေးတော့... ကျွန်မမေမေက သူ့ရဲ့ Story ကို ပြောပြတော့ ပို၍ပင် ရီချင်စရာကောင်းနေပါတော့တယ်...

လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မတို့ အိမ်မှာ ကျောင်းသူ အိမ်ငှားကောင်မလေးတစ်ယောက်ရှိပါတယ်... မေမေတို့က မိဘနဲ့ဝေးပြီး ကျောင်းလာတက်နေတဲ့ ကလေးတွေကို သနားတတ်တော့ အိမ်မှာနေတဲ့သူလဲ ကိုယ့်သားသမီးလိုပဲ ကိုယ်ချက်တဲ့ ထမင်းကျွေးပါတယ်...

တစ်ရက် အဲဒိကောင်မလေးက ညနေပိုင်း အပြင်ထွက်ဖို့ ဖိနပ်စီးနေတဲ့ အချိန်မှာ မေမေက...

"သမီး ဘယ်သွားမလို့လဲ... ထမင်းစားသွားအုံးလေ" လို့ပြောတော့

သူက "သမီး ကျောင်းမှာ ဂျင် "Gym" သွားဆော့မလို့ " လို့ဖြေတော့...

မေမေက ထမင်းတောင်မစားနိုင်ပဲ လောင်းကစားသွားလုပ်မဲ့ ကလေးတစ်ယောက်အတွက် စိတ်ပူပြီး ဆုံးမပါတော့တယ်...
"ကလေးရယ် လောင်းကစားဆိုတာ မကောင်းပါဘူး... သမီးတို့ကျောင်းမှာ လောင်းကစားလုပ်လို့ရတယ်ဟုတ်လား? ဒုက္ခပါပဲ... "

အဲဒိတော့မှ အိမ်ငှားကောင်မလေးလဲ ခေါင်းထဲက Question mark မျိုးစုံထွက်သွားပုံရတယ်...

"အန်တီ သမီးပြောတာ အားကစားသွားလုပ်မလို့... Gymnasium ကိုပြောတာ" ဆိုတော့မှ

ကျွန်မမေမေလဲ... "အော် သိပါဘူးကွယ်... လေးကောင်ဂျင်တို့ဘာတို့ လောင်းကစားသွားလုပ်မယ်ထင်လို့ပါ" ဆိုပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရဖူးတော့ Gym ဆိုတာ လောင်းကစားမဟုတ်မှန်း အဲဒိကတည်းက ကောင်းကောင်းကြီးသိသလို ကျွန်မနဲ့ ကျွန်မဖေဖေကြားက နားလည်မှု လွဲမှားခြင်းကိုလဲ ဘာဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့သကိုး...

Friday, October 28, 2011

David Archuleta ပရိတ်သတ်တွေအတွက်



American Idol runner-up David Archuleta တစ်ယောက် နောက်လထဲမှာ ဆန်တိုဇာ Resorts world မှာရှိတဲ့ Hard Rock hotel မှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်...

၂၀၀၈ ခုနှစ် အမေရိကန်အိုင်ဒိုးမှာ ဒုတိယနေရာနဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ အသံအားကောင်းကောင်း ကောင်လေးဟာ နိုဝင်ဘာ ၁၉ရက်နေ့မှာ Hotel ရဲ့ "The Coliseum" စင်မြင့်ပေါ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်....

အမေရိကန် အိုင်ဒိုးပြိုင်ပွဲအပြီး ထုတ်လုပ်ခဲ့တဲ့ သူနာမည်ကြီးခဲ့တဲ့ Crush သီချင်းဟာ ခွေပေါင်း ၂,၀၀၀,၀၀၀ (၂သန်း) နီးပါးရောင်းရခဲ့ပါတယ်...

၂၀၁၀ခုနှစ် သူ့နောက်ဆုံးထွက် စီးရီး "The Other Side of Down" မှာ သူ့ရဲ့ သီချင်းရေး အရေအချင်းကို စီးရီးတစ်ဝက်စာလောက် ပူးပေါင်းရေးပြီး ပြသခဲ့ပါတယ်...

ခု သူ့ရှိုးပွဲလက်မှတ် တန်ဖိုးတွေကတော့ ရိုးရိုးတန်း $၁၀၈ နဲ့ VIP $၁၄၈ (ပထမ အစောင် ၂၀၀ သာ၊ အနီးကပ် နှုတ်ဆက်ခွင့်ရမည်) တို့ဖြစ်ပါတယ်...

ဝယ်ယူချင်ရင်တော့ www.gatecrash.com.sg, TicketCube နဲ့ စကာင်္ပူစာတိုက်များ... SAM စက်များမှ ၀ယ်ယူနိုင်ပါတယ်... မနေ့က ဖေ့ဘွတ်မှာတွေ့တဲ့အထိတော့ VIP ticket အနည်းငယ်ကျန်သေးတယ်လို့တွေ့ပါတယ်...

ကဲ David Archuleta ရဲ့ ပရိတ်သတ်တွေ မသိလိုက်ရ မရှိရလေအောင် ဒီကနေ ဝေမျှလိုက်ပါတယ်...

Source from AsiaOne Sunday, Oct 23, 2011.

Thursday, October 27, 2011

ရုံး cubical လေးကို Jang Keun Suk calender နဲ့ အလှဆင်မယ်...

ရုံးမှာ meeting အတွက်ပဲဖြစ်ဖြစ်... ကိုယ်မှာထားတဲ့ ပစ္စည်းရောက်မဲ့နေ့ပဲဖြစ်ဖြစ်... သူဋ္ဌေးရဲ့ အချိန်ဇယားပဲဖြစ်ဖြစ်... ကိုယ့်ကျောင်း စာမေးပွဲ၊ assignment dead line နေ့ပဲဖြစ်ဖြစ် မှတ်ဖို့လိုနေပါတယ်... ရုံးသုံး ပြက္ခဒိန်ရှိပင်မဲ့ ကိုယ်ထိုင်တဲ့ cubical လေးကို ကိုယ့်စိတ်ကြိုက်လေးလဲ ပြင်ဆင်ချင်ပါတယ်... ဒါမှလဲ အလုပ်မှာ စိတ်သက်တောင့်သက်သာရှိမှာပါ... ကျွန်မတို့တွေ တော်တော်များများဟာ အိမ်မှာနေရတဲ့ အချိန်ထက် ရုံးမှာနေရတဲ့အချိန်က ပိုများနေတတ်တဲ့အတွက် ကိုယ်ထိုင်တဲ့ နေရာကို ကိုယ့်အတွက် စိတ်ရွှင်လန်းစေမယ့် အပြင်အဆင်မျိုးထားသင့်ပါတယ်... ရာသီချိန်အလိုက် decoration ပြောင်းပေးခြင်းမျိုးလုပ်ပေးခြင်းဖြင့်လည်း ကိုယ်နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကြား ပြောစရာစကားပိုမိုများပြားလာပြီး ရင်းနှီးမှုကို ပိုစေပါတယ်... (မှတ်ချက် ကိုယ့်ရုံးရဲ့ စည်းကမ်းချက်တွေမှာ အတိုင်းအတာဘယ်လောက်ထိ ခွင့်ပြုလဲဆိုတာ ကြိုတင်လေ့လာရန် လိုအပ်ပါတယ်)...

မဗေဒါရဲ့ ခုရုံးအသစ်မှာ ကိုယ်ပိုင် Cubicalလေး ပထမဆုံးအကြိမ်ရဖူးတော့ လှလှလေးပြင်ချင်ပင်မဲ့ ဘယ်လိုပြင်ရမလဲ စဉ်းစားမရသေးပါဘူး... ခုတော့ အိမ်က မဗေဒါမွေးနေ့အတွက် အစ်မအလတ် လုပ်ပေးထားတဲ့ scrapbook လေးကို တင်ထားပါတယ်... ဓာတ်ပုံတွေအဲဒိထဲ ကပ်ရအုံးမယ်...

ဒီနေ့တော့ ကိုယ့်စာမေးပွဲအချိန်ဇယားတွေ မေ့တတ်တာတစ်ကြောင်း... သူဋ္ဌေးက ဟိုကိစ္စ ဒီကိစ္စ မေးရင် ဘယ်နေ့လဲဆိုတာကို မေးလ်ထဲမှာ ပြန်ပြန်စစ်နေရတာ ရှုပ်တာတစ်ကြောင်းကြောင့် နေ့တွေကို အမြဲမေ့တတ်တဲ့ ကျွန်မအတွက် အမြဲကြည့်ဖို့ မှတ်ဖို့ ပြက္ခဒိန်လေးလိုလာပါတယ်... ကုမ္ဗဏီကပေးတဲ့ ပြက္ခဒိန်က ရုံးပိတ်ရက် public holiday တွေပါပေမဲ့ ရိုးရိုးကြီး ဖြစ်နေတာကြောင့် ပြက္ခဒိန်လှလှလေး လိုချင်လာပါတယ်... ဒါပေမဲ့လဲ နှစ်က ကုန်ခါနီးပြီဆိုတော့ အသစ်လဲ မ၀ယ်ချင်ပြန်ပါဘူး... ဘာပုံလေး ယူရင်ကောင်းမလဲစဉ်းစားတော့ ခေါင်းထဲကို ဘာရယ်ညာရယ်မဟုတ် အရင်ဆုံး သူက ရောက်လာပါတယ်... ဒါနဲ့ ရိုက်ရှုာလိုက်တော့ ပထမ ၂၀၁၁ အတွက် သူ့ပုံနဲ့ ၁နှစ်စာ ပြက္ခဒိန် ၃ခုထွက်လာပါတယ်... သူအရင်က ဆံပင်တိုနဲ့ပုံရယ်... ခုတစ်လောက ဆံပင်ရှည်နဲ့ပုံရယ်... နောက်တစ်ပုံက မျက်မှန်နဲ့ ကလေးလိုလို မျက်လုံးကို ပွတ်နေတဲ့ ပုံရယ်ပါ... မဗေဒါ အကြိုက်ဆုံး အလယ်ပုံကို ရွေးပြီး colour printer နဲ့ စာမျက်နှာ ၁မျက်နှာလောက် အလွဲသုံးစားလုပ်လိုက်တယ်... (အမှန်တော့လဲ လိုအပ်လို့ထုတ်တာပါ... ပြက္ခဒိန်က ကိုယ်အမြဲကြည့်ပြီး မှတ်မိနေဖို့ ကိုယ်ကြည့်ချင်မဲ့ ဆွဲဆောင်မှုတစ်ခုရှိဖို့ အရေးကြီးတယ်မှတ်လား... ဟတ်... ဟတ်)...

ဟောဒီမှာ မဗေဒါထုတ်လိုက်တဲ့ ပြက္ခဒိန်လေးကို ဒီလို ချိတ်ထားတယ်... ဒီပြက္ခဒိန်က ၁၂လလုံးပါတယ်... (ချိတ်ပြီးတာနဲ့ ရုံးက မန်နေဂျာက လာမေးတယ်... အဲဒါ ယောကျာင်္းလား မိန်းမလားတဲ့.... ဗြဲ.... JKS လေးကို လှောင်တယ်... အဟင့်... အော် မိန်းမနဲ့ တူလဲ ကိစ္စမရှိပါဘူး... ကိုယ်ကြိုက်ရင်ပြီးတာပါပဲ... သူတို့အတွက်လဲ ကောင်မလေးလို့ သဘောထားပြီးကြည့်လို့ရတာပေါ့...)


JKS ပြက္ခဒိန် နဲ့ my scrapbook and mirror (mirror to watch who's coming from behind :P)

ဒါနဲ့ ၂၀၁၂ အတွက် ဟိုရှာဒီရှာထပ်ရှာတော့ ပြက္ခဒိန်က မထွက်သေးဘူး... ပိုက်ဆံနဲ့ရောင်းတာတွေပဲ တွေ့တယ်... ဒါပေမဲ့ ၂၀၁၁ အတွက် လအလိုက် သူ့ပုံလေးတွေနဲ့ ပြက္ခဒိန်ကို နှစ်လဲကုန်ခါနီးပြီဆိုတော့ ဝေငှထားတာလေးတွေရှိတယ်... အဲဒိပုံလေးတွေလဲလှတယ်... ဒါနဲ့ပဲ ဒေါင်းလုပ်လုပ်ပြီး laptop monitor wallpaper အဖြစ်ထားလိုက်တယ်.... ကျွန်မလိုပဲ JKS fan တွေအတွက် ကွန်ပြူတာဖွင့်လိုက်တာနဲ့ အထီးကျန်မဆန်ရအောင် နေ့ရက်တွေနဲ့ လုပ်စရာတွေကို မှတ်မိနေအောင် စောင့်ကြပ်ပေးမဲ့ မင်းသားလေး JKS ပြက္ခဒိန် wallpaper Nov နဲ့ Dec ကို ဝေမျှလိုက်ပါတယ်...


My Laptop wallpaper



November Calender

December Calender


Sunday, October 23, 2011

တို့ဖေဖေ

တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။

"ဟာ... နေ့တိုင်း ထမင်းဗူးယူလာတယ်... ချွေတာလှချည်းလား..." အိမ်မှ အလုပ်ကို ထမင်းဗူးယူလေ့ရှိသော ကျွန်မကို အသိမြန်မာတစ်ယောက်ကကောက်ချက်ချ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်... ထိုသူကို ကျွန်မ အပြုံးတစ်ပွင့်သာပေးလိုက်သည်... ဘာမှဖြေရှင်းပြမနေချင်တော့ပါ... တချို့အရာများသည် ဖြေရှင်းပြနေစရာပင်မလိုတော့ပေ... လူတစ်ဦး၏ခံယူချက်ပေါ်တွင်သာ မူတည်ပေသည်...

အမှန်တော့ ထိုသူမမြင်လိုက်သည်မှာ ထမင်းဗူးထဲတွင် သေသပ်စွာထည့်ပေးထားသော ကျွန်မဖေဖေ၏ စေတနာနှင့် ထိုထမင်းဗူးကို စားသုံးခြင်းဖြင့် ကျွန်မရရှိသော စိတ်ဓာတ်ခွန်အား ပီတိ လုံခြုံမှုတို့ကို ထိုသူ မခံစားဖူးသောကြောင့် ထိုသို့ကောက်ချက်ချခြင်း သာဖြစ်ကြောင်း ကျွန်မယူဆလို့ရသည်... ကျွန်မသည် အိမ်ထမင်း အိမ်ဟင်းကို ခုံမင်သူဖြစ်သည်... အပြင်စာကို ၁ပတ်လောက် ဆက်တိုက်စားနေရလျှင်ပင် နောက်နေ့ အဲဒိ food court တို့ hawker center တို့ကို အကြိမ်ကြိမ်ပတ်သော်လည်း စားချင်တာ ရှာမတွေ့တတ်သော သူဖြစ်သည်... အလွန်တရာမှ အစားဂျီးများသော ကျွန်မအတွက် အိမ်မှ ကျွန်မအကြိုက် မေမေစီစဉ်ကာ ဖေဖေ ချက်ပြုတ်ပေးတတ်သောအိမ်ထမင်း အိမ်ဟင်းက အသင့်တော်ဆုံးဖြစ်သည်...

ထိုထမင်းဗူးကိုစားတိုင်း ကျွန်မဖေဖေ၏ ကျွန်မတို့ အပေါ်ထားသော မေတ္တာနှင့် စေတနာကို ခံစားလို့ရသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ မိသားစုဘ၀လေး မပြိုကွဲမပျက်စီးပဲ သိုက်သိုက်ဝန်းဝန်းရှိအောင် စောင့်ရှောက်ဖန်တီးပေးခဲ့သော ဖေဖေ့ကို လေးစားသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ သားသမီးတွေနှင့် ခင်ခင်မင်မင် ပျော်ပျော်ပါးပါးနေတတ်ကာ ပျော်ရွှင်တဲ့ မိသားစုလေးကို ထူထောင်ပေးခဲ့သော ဖေဖေ့ကို ကျေးဇူးတင်သည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ငယ်စဉ်အခါမှ စ၍ ယခုအချိန်အထိ ဖခင်တစ်ယောက်ရဲ့တာဝန်ကို ရရာနေရာကနေ အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ပေးနေတဲ့ ဖေဖေ့ကို အားကိုးသည်...
ထိုထမင်းဗူးသည် ကမ္ဘာပေါ်တွင် မည်သူ့အတွက်မှ ပိုက်ဆံမည်မျှနှင့်မှ အဖိုးဖြတ်လို့မရပဲ ကျွန်မအတွက်သီးသန့်ဖြင့်သာ စီမံထားသော အထူးစပ္ပါယ်ရှယ် ထမင်းဗူးဖြစ်သည်...
အထူးသဖြင့် ထိုထမင်းဗူးကို စားတိုင်း ကျွန်မ၏ မိဘနှစ်ပါးလုံး ကျန်းကျန်းမာမာဖြင့် သက်ရှိထင်ရှား မိသားစု တသိုက်တ၀န်းထဲရှိနေတဲ့ အဖြစ်ကို သိရတိုင်း ကျွန်မစိတ်အေးရသည်...
ယခုအချိန်အထိ ကျွန်မဘာသာ မည်မျှပင် ရပ်တည်ရှာဖွေနိုင်ပါစေ ကျွန်မ မိဘများမရှိတော့လျှင်ဆိုသည့်အတွေးသည် ကျွန်မကို တစ်ထိုင်တည်း မျက်ရည်ကျ ချောက်ချားကာ အားအငယ်ဆုံးခံစားချက်ကို ပေးနိုင်စွမ်းရှိသည်... ကျွန်မ အကြောက်ဆုံးဖြစ်သည်...

ကျွန်မစာဖတ်ပျင်းသော်လည်း ယခုကဲ့သို့ စာတွေ အနည်းနဲ့ အများရေးနိုင်နေခြင်းသည် ကျွန်မ ဖေဖေ ဖတ်သောစာများကို ပြန်လည် ဝေငှပြောပြတတ်သောကြောင့်ဖြစ်သည်...
သူငယ်ချင်းများအလည်တွင် အရင်ခေတ်က သမိုင်းကြောင်းများ အထ္တုပတ္တိများနှင့် ပတ်သတ်၍ အသိရှိကာပြောနိုင်နေခြင်းမှာလဲ ဖေဖေစာဖတ်ကာ ပြန်ပြောပြလေ့ရှိသောကြောင့်ဖြစ်သည်...
မြန်မာပြည်အတွင်း နေရာဒေသတော်တော်များများနှင့် ပတ်သတ်၍ ခရီးသွားနှင့်ပတ်သတ်၍ ကျွန်မတွင် ဝေငှစရာများရှိနေခြင်းမှာလဲ ငယ်ငယ်ကတည်းက နေရာတော်တော်များများကို ဖေဖေနှင့်မေမေတို့ လိုက်ပို့ပေးခဲ့ကြ၍ဖြစ်သည်...
ကျွန်မ ရှေးသီချင်းတွေ (တွံတေးသိန်းတန်၊ ပြည်လှဖေ၊ မေရှင်၊ မမြရင်၊ သုမောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ စသည်ဖြင့်)သီချင်းတွေကို ထန်ကတိုင်းကျကျ သီဆိုတတ်ခြင်းသည်လည်း ကျွန်မဖေဖေ၏ အလွန်အကျူး သီချင်းကြိုက်တတ်ကာ တနေကုန်ဖွင့်ထားသော (တနည်းအားဖြင့်) ကျွန်မတို့အား နားဒုက္ခပေးတတ်သော သီချင်းများကို ကြိမ်ဖန်များစွာကြားနေရခြင်းကြောင့်ဖြစ်သည်...

ကျွန်မရံဖန်ရံခါ ဖေဖေနှင့် သဘောထားကွဲလွဲသော အချိန်များရှိသော်လည်း ကျွန်မဘ၀ရဲ့ အဓိက အရေးကြီးဆုံး နေ့စဉ်လည်ပတ်မှုများတွင် ကျွန်မ ဖေဖေနှင့် မေမေက မရှိမဖြစ်သာဖြစ်သည်... သူတို့ မြန်မာပြည် ခေတ္တပြန်သွားလျှင်ပင် အိမ်ပြန်လာတိုင်း ကြိုသူမရှိသောကြောင့် ကိုယ့်ဘာသာကိုယ် တံခါးဖွင့်ဝင်ရကာ တိတ်ဆိတ် မှောင်မဲနေသော အိမ်ထဲကို ၀င်ရတာပင် ကျွန်မအတွက် လစ်ဟာချက်တစ်ခုပင်... နေ့တိုင်း နားဒုက္ခမခံနိုင်၍ ငြူစူဖြစ်သော ဖေဖေ့၏ သီချင်းကြီး သီချင်းခံ အသံများမကြားတော့လဲ အိမ်ကြီးက ခြောက်သွေ့လွန်းလှသည်... နေ့တိုင်း မြန်မာပြည်နှင့်ပတ်သတ်သော သတင်းများကို ဖွင့်မည့်သူမရှိတော့ ကျွန်မတို့ မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် သတင်းများ အဆက်ပျက်ရသည်...

ဒီနေ့ဟာ ကျွန်မချစ်လှစွာသော ဖေဖေရဲ့ မွေးနေ့ဖြစ်တယ်... ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားသိပ်မရှိတဲ့ ကျွန်မ ဖေဖေအတွက် ကျန်းမာရေးကို အနည်းနဲ့ အများလိုက်စားဖြစ်အောင် သူ့အတွက် Wii game စက်လေး မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တယ်... စက်ပစ္စည်းအသစ်အဆန်းပဲဖြစ်ဖြစ် ဂိမ်းပဲဖြစ်ဖြစ် ၀ါသနာပါတတ်တဲ့ ဖေဖေ့အတွက် ကျန်းမာရေးအရလဲ လှုပ်ရှားဖြစ်အောင်တစ်ကြောင်း စင်္ကာပူရောက်ကာ ပျင်းနေသော ဖေဖေအတွက် အပျင်းပြေစရာ အသစ်တစ်ခုရသွားစေရန် ကျွန်မ စီစဉ်ဝယ်ပေးခဲ့တာဖြစ်တယ်... နောက်တစ်ချက်ကတော့ အလုပ်က ပြန်လာတာနဲ့ အခန်းထဲဝင် ရတဲ့အချိန်ကို ကွန်ပြူတာရှေ့ထိုင်တတ်တဲ့ ကျွန်မတို့တွေလဲ ဖေဖေနဲ့ အနည်းနဲ့ အများအချိန်တူတူသုံးကာ မိသားစုကြိုးပိုမိုခိုင်မြဲစေရန်ဖြစ်သည်... ဒါပေမဲ့ ခုဝယ်လာတဲ့ ဂိမ်းခွေက Mario sport Mix ထဲမှာ ကျွန်မထင်သလောက် ကိုယ်လက်လှုပ်ရှားစရာသိပ်မလိုဘူးဖြစ်နေတယ်... လက်ထဲက wii remote လေး နည်းနည်းလှုပ်ရုံနဲ့တင်လုံလောက်နေတယ်... အဲဒါ ဘာဂိမ်းက ကောင်းလဲ သိရင် အကြံပေးသွားကြပါအုံး...

ဂိမ်းတွေကို အရမ်း စိတ်မ၀င်စားခဲ့တဲ့ ကျွန်မ ဒီနေ့ဝယ်လာပြီးမှ ဟိုကြည့်ဒီကြည့်တော့ Wii က Function

အတော်လေးစုံသဗျို့.... လတ်တလော Wii Channels ပါပြီးသားတွေက Wii နဲ့ Nintendo GameCube games တွေ ကစားလို့ရတယ်... Mii channel ဆိုတာမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို Customize လုပ်လို့ရတယ်... Photo Channel ဆိုတာမှာ SD card က ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို တီဗွီမှာ တခါတည်းကြည့်လို့ရတယ်... အင်တာနက်နဲ့ ဆက်လိုက်ရင် Wii Shop Channel မှာ channel အသစ်တွေနဲ့ တခြားဟာတွေ Download လုပ်လုပ် ရှော့ပင်းပဲလုပ်လုပ်ရတယ်... Forecast Channel မှာ ကမ္ဘာအနှံ့က ရာသီဥတု အခြေအနေတွေကို ကြည့်လို့ရတယ်... News channel မှာ ကမ္ဘာအနှံ့က သတင်းတွေကြည့်လို့ရတယ်... function တွေကတော့ အများကြီးပဲ ဒါပေမဲ့ အကုန်တော့လုပ်မကြည့်ရသေးဘူး... သိပ်မလုပ်တတ်သေးတာလဲပါတယ်... သိတဲ့သူများ အကြံပေးသွားကြပါအုံး...

ဒါနဲ့ လိုရင်းကိုပြန်သွားရရင်... ဒီနှစ် ဖေဖေ့မွေးနေ့အတွက် သမီးစိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်တာကတော့ ဖေဖေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ချစ်မေမေရယ် သမီးတွေရယ်နဲ့အတူ နှစ်ပေါင်းများစွာနေထိုင်နိုင်ပါစေလို့...