Monday, October 31, 2011

ဂျင် ကစားမလို့ (သို့) စကာင်္ပူရောက် အလွဲများ ၁၁

ကျွန်မ ဖေဖေက သားသမီးတွေနဲ့ ပျော်ပျေုာ်ပါးပါးနေတတ်ပြီး အလိုလိုက်တဲ့ အခါတွေရှိသလို သူပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ အရာတွေလဲ ရှိပါတယ်... ဥပမာ ဖဲရိုက်ခြင်း လောင်းကစားလုပ်ခြင်း အရက်သေစာ ဘီယာသောက်ခြင်း နဲ့ ငယ်ငယ်ကဆိုရင် အချစ်ဝတ္တုဖတ်ခြင်းစတာတွေပါ... အချစ်ဝတ္တုဆိုတာကို မဗေဒါ အစအဆုံး မနေ့တနေ့ကမှ ဖတ်ဖူးတာပါ... ဒါကြောင့် မဗေဒါကို အချစ်ဝတ္တုနဲ့ပတ်သတ်လို့ လာပြောရင် ဘာမှမသိသလို စာဖတ်လဲ နှေးလှပါတယ်... ငယ်ငယ်က ရှားလော့ဟုမ်းတို့ ရွှေဥဒေါင်းတို့တော့ဖတ်ပါတယ်... အချစ်ဝတ္တုတွေဖတ်ပြီး အတုယူမှား စိတ်ကစားမှာစိုးရိမ်လို့ပါတဲ့... ဒါပေမဲ့ ခုလိုရင့်ကျက်လာတဲ့အရွယ်မှာတော့ အချစ်ဝတ္တုဖတ်ခြင်းကို မတားမြစ်တော့ပါဘူး...

သို့သော် အရက်သေစာ ဘီယာ မူးယစ်စေတဲ့အရာမှန်သမျှ သောက်သုံးခြင်းနဲ့ ဖဲရိုက်ခြင်း လောင်းကစားခြင်းကိုတော့ ပြင်းပြင်းထန်ထန်တားမြစ်ထားပါသေးတယ်... ဥပမာဆိုရင် ခုခေတ်ကြီးမှာ မိန်းကလေးတွေ ဘီယာ အရက်သောက်တာနဲ့ပတ်သတ်လို့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်လို့ သောက်ကြတာကို ဘာမှ အပြစ်ပြောစရာမရှိဘူးလို့ အိမ်မှာပြောမိတာတောင်... ဖေဖေက ကျွန်မက ကိုရီးယားကား ဂျပန်ကားတွေကြည့်ပြီး မိန်းမအရက်သောက်တာကို အတုယူချင်လို့ သွေးထိုးဆန်းပြီး ပြောတယ်လို့ ထင်လိုထင်... ဒါနဲ့ ပတ်သတ်ရင် အဲဒီလောက် စပ်စပ်ထိမခံဘူး... ကျွန်မလို အသက်အရွယ်ရောက်နေသူအတွက် အရက် ဘီယာကို မိဘတားမြစ်ထားလို့ မသောက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး... ဘယ်ကမှလဲ အတုယူတာမဟုတ်ပါဘူး... တကယ်လို့ ကျွန်မသောက်ချင်စိတ်ရှိရင် ကိုယ့်လုပ်တာကို ကိုယ်တာဝန်ယူနိုင်ရင် သောက်ချင်သောက်မှာပါပဲ... သို့သော် ၁ အချက်က ဘာသာရေးအရတွေးလဲ ဘုရားကတောင်တားမြစ်ထားတဲ့အရာ အဲဒါသောက်မှ ပျော်ရရွှင်ရတယ်ဆိုတာကို လက်မခံပါဘူး... နောက်တစ်ချက်က ဒီလောက် ခါးတူးနံစော်နေတဲ့ အရည်တွေကို Coke တို့ Sprite တို့တောင် မသောက်နိုင်တဲ့ ကျွန်မက ဘယ့်နှယ့်လာ သောက်နိုင်မတုံး... ကိုယ်ကိုတိုင်ကိုက မကြိုက်လို့ မသောက်ဖြစ်ပါဘူး... ဒိအတွက် ဘယ်အပေါင်းအသင်း သူငယ်ချင်းမှကလဲ "ဒီအရွယ်ထိ အိမ်ကြောက်တုန်း" တို့ဘာတို့နဲမြှောက်ပင့်ပေးလို့ မရပါဘူး... သူငယ်ချင်းတွေထဲမှာ သောက်နေတဲ့သူတွေရှိလဲ ကျွန်မကတော့ အထင်သေးခြင်း ရှုံ့ချခြင်းရှိမှာ မဟုတ်ပါဘူး... အားလုံး ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ လူကြီးတွေပဲ...


ထိုနည်းလည်းကောင်းပါပဲ... အိမ်မှာ ကလေးကစားစရာ ကဒ်ဂိမ်းလေးတွေနဲ့ ကစားရင်တောင် တစ်ချို့ ဂိမ်းလေးတွေက ဖဲနဲ့ ကစားပုံခြင်းတူတယ်လို့ ဆိုပြီး တစ်ခါတစ်လေ စိတ်တိုင်းမကျတတ်ပြန်ပါဘူး... သို့သော် မဆော့ရဟုတော့မတားပါ... ဖဲဆိုလျှင်လဲ ဖဲထုတ်ကိုသာ မြင်ဖူးပြီး ဖဲရိုက်နည်းဆို၍ ယခုချိန်ထိ တစ်နည်းမျှပင်မတတ်ပါလေ... ထိုသို့သော ကျွန်မနှင့် ကျွန်မ၏ဖေဖေတို့ ၁ရက် လွဲကြပုံကတော့ဖြင့်....

ကျွန်မဟာ အလုပ်ပြီးရင် တစ်ခါတစ်လေ အလုပ်က Gym မှာ အားကစားသွားလုပ်လေ့ရှိပါတယ်... အဲလိုလုပ်မယ်ဆို အိမ်ပြန်နောက်ကျတတ်တော့ အိမ်ကို အလုပ်မသွားခင်ကြိုပြောသွားပါတယ်... ပုံမှန်ဆိုရင်တော့ ကျွန်မက "အလုပ်ပြီးရင် အားကစားလုပ်မလို့ နောက်ကျမယ်" လို့ပဲ ပြောလေ့ရှိလား... "အလုပ်ပြီးရင် Gym သွားကစားမယ်" လို့ပဲ ပြောလေ့ရှိလား ကျွန်မလဲ သတိမထားမိပါဘူး... များသောအားဖြင့်တော့ မေမေ့ကိုပဲ ပြောသွားလေ့ရှိတယ်ထင်ပါတယ်...

၁ရက်တော့ ကျွန်မက အလုပ်သွားဖို့ ပြင်ဆင်ရင်း ဖေဖေက ဧည့်ခန်းမှာထမင်းစားနေတာတွေ့တော့ "သမီး အလုပ်ပြီးရင် အလုပ်ကလူတွေနဲ့ ဂျင်သွားကစားမယ်" လို့ ခါတိုင်းလိုပဲ ပြောလိုက်ပါတယ်...

အဲဒါကိုလဲ ကြားရော ကျွန်မဖေဖေက ဒေါသအမြတ်ထွက်နေတဲ့ မျက်လုံးတွေနဲ့ လေသံကလဲ မာပြီး ကျွန်မကို ပြန်ပြောတယ်... "ဘာပြောတယ်! ဘာသွားကစားမယ်?!"
ကျွန်မကလဲ အစထဲက အသံက ကျယ်ကျယ် ပြီးတော့ ကိုယ့်အဖေက ကိုယ်လဲ ဘာမှအမှားမလုပ်ပဲနဲ့ အသားလွတ်ကြီး လာအော်တော့ နည်းနည်းလေးတင်းသွားပြီး...
"ဂျင်သွားကစားမယ် ပြောတာလေ... ဘာဖြစ်လို့လဲ" လို့ခပ်စပ်စပ်မေးမိတာပေါ့... ကျွန်မစိတ်ထဲ ဖေဖေ ဘယ်ကိစ္စနဲ့ ကျွန်မကို အမြင်မကြည်ဖြစ်နေလဲလို့ပဲထင်တာပေါ့...
ဖေဖေက ပိုဒေါသထွက်လာပြီး ထမင်းပန်းကန်တွေပါတွေ စားပွဲပေါ်တင်ပြီး "ဘာပြောတယ်?!" ဆိုပြီး အခြေတင်ဖြစ်ခါနည်း ဆဲဆဲမှ မေမေက နောက်ဖေးကထွက်လာပြီး ကျွန်မတို့ရဲ့ ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုက်ပါတော့တယ်...


"မဟုတ်ဘူး... သူက အလုပ်ပြီးရင် အားကစားသွားလုပ်မယ်ပြောတာ... လောင်းကစား လေးကောင်ဂျင်တို့ဘာတို့ သွားကစားမှာ မဟုတ်ဘူး..."
ကျွန်မဘက်ကိုလှည့်ကာ "နင့်အဖေက Gym ဆိုတာကို လေးကောင်ဂျင်တို့ဘာတို့ စတဲ့ လောင်းကစားသွား ကစားမယ်ထင်နေတာ" လို့ ဖြေရှင်းလိုက်မှပဲ ကျွန်မလဲ ရယ်မိပါတော့တယ်... နောက်မို့ဆို Gym ကစားမယ်ပြောမိလို့ အရိုက်ခံရမဲ့ အပေါက် လွဲချက်က...

ဒိထက်ရီရတာရှိသေးတယ်... ဖေဖေက မေမေ့ကို မင်းက ဘယ်လိုသိလဲလို့မေးတော့... ကျွန်မမေမေက သူ့ရဲ့ Story ကို ပြောပြတော့ ပို၍ပင် ရီချင်စရာကောင်းနေပါတော့တယ်...

လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မတို့ အိမ်မှာ ကျောင်းသူ အိမ်ငှားကောင်မလေးတစ်ယောက်ရှိပါတယ်... မေမေတို့က မိဘနဲ့ဝေးပြီး ကျောင်းလာတက်နေတဲ့ ကလေးတွေကို သနားတတ်တော့ အိမ်မှာနေတဲ့သူလဲ ကိုယ့်သားသမီးလိုပဲ ကိုယ်ချက်တဲ့ ထမင်းကျွေးပါတယ်...

တစ်ရက် အဲဒိကောင်မလေးက ညနေပိုင်း အပြင်ထွက်ဖို့ ဖိနပ်စီးနေတဲ့ အချိန်မှာ မေမေက...

"သမီး ဘယ်သွားမလို့လဲ... ထမင်းစားသွားအုံးလေ" လို့ပြောတော့

သူက "သမီး ကျောင်းမှာ ဂျင် "Gym" သွားဆော့မလို့ " လို့ဖြေတော့...

မေမေက ထမင်းတောင်မစားနိုင်ပဲ လောင်းကစားသွားလုပ်မဲ့ ကလေးတစ်ယောက်အတွက် စိတ်ပူပြီး ဆုံးမပါတော့တယ်...
"ကလေးရယ် လောင်းကစားဆိုတာ မကောင်းပါဘူး... သမီးတို့ကျောင်းမှာ လောင်းကစားလုပ်လို့ရတယ်ဟုတ်လား? ဒုက္ခပါပဲ... "

အဲဒိတော့မှ အိမ်ငှားကောင်မလေးလဲ ခေါင်းထဲက Question mark မျိုးစုံထွက်သွားပုံရတယ်...

"အန်တီ သမီးပြောတာ အားကစားသွားလုပ်မလို့... Gymnasium ကိုပြောတာ" ဆိုတော့မှ

ကျွန်မမေမေလဲ... "အော် သိပါဘူးကွယ်... လေးကောင်ဂျင်တို့ဘာတို့ လောင်းကစားသွားလုပ်မယ်ထင်လို့ပါ" ဆိုပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရဖူးတော့ Gym ဆိုတာ လောင်းကစားမဟုတ်မှန်း အဲဒိကတည်းက ကောင်းကောင်းကြီးသိသလို ကျွန်မနဲ့ ကျွန်မဖေဖေကြားက နားလည်မှု လွဲမှားခြင်းကိုလဲ ဘာဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့သကိုး...

2 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး ရယ်လိုက်မိတယ် အသံထွက်ပြီးတော့ပေါ့။
လွဲလည်းလွဲတတ်တယ်နော်.. တော်သေးတာပေါ့ မဟုတ်ရင် အဆူခံရတော့မယ်ထင်ရဲ့း)

Anonymous said...

ကဲ..ကဲ..အစ်မရေ..
အန်ကယ်လည်းနားလည်သွားပြီဆိုတော့
ညီမတို့ ဂျင်.သွားကစားရအောင်နော်းP
အစ်မရဲ့.အလွဲလေးကြောင့်
တစ်ရက်အသက်ပိုရှည်သွားပါပီရှင်း)
ချစ်ခင်စွာဖြင့်
မိစံ