စင်္ကာပူမှာက သင်္ကြန်ကို April ပထမပတ် တနင်္ဂနွေနေ့က ဆန်ဘာဝမ်းဘုန်းကြီးကျောင်းဦးစီးတဲ့ သင်္ကြန်လုပ်တယ်။ အဲ့ဒါက မသွားဖြစ်လိုက်ဘူး။ ဒုတိယပတ် တနင်္ဂနွေကျတော့ နေရာတော်တော်များများမှာလုပ်တယ်။ နှစ်တိုင်း တိုပါးရိုးဘုန်းကြီးကျောင်းလုပ်တာကိုတော့ သွားဖြစ်တယ်။ အဲ့ဒိမှာ အပျော်ဆုံးပဲ။ ခပ်စောစောသွားရင် လူသိပ်တိုးစရာမလိုဘူး။ ဖျော်ဖြေရေးလဲ အေးဆေးကြည့်လို့ရတယ်။ ရေလဲ ကလေးတွေနဲ့ အလကားကစားလို့ရတယ်။ နေလဲ သိပ်မပူဘူး။ ကျွေးတဲ့ စတုဒီသာတွေလဲ များသောအားဖြင့်ကောင်းတယ်။ ဒီနှစ်ဆိုရင် ပိုပြီး အစီအစဉ်ကောင်းလာတယ်လို့ခံစားရတယ်။ အဝင်ကို ညာဘက်က ဝင်ပြီး ဘုန်းကြီးကျောင်းအနောက်က ပြန်ပတ်ပြီး တစ်ပတ်ပတ်ထွက်ရတော့ အဝင်အထွက်တွေ လမ်းမပိတ်တော့ဘူး။ ပြီးတော့ သူများတွေကို လင်ဗန်းအသေးစားလေးတွေ ထိပ်မှာဝေတာတွေ့တယ်။ မုန့်တွေက ဝေတာများတော့ လက်နှစ်ဖက်နဲ့ မနိုင်ဘူးလေ။ လင်ဗန်းလေးတွေနဲ့က အဆင်ပြေတယ်။ မဗေဒါကတော့ ဒီနှစ် အားမနာနိုင်တော့ဘူး။ မုန့် ဖြုန်းသလိုလဲ ဖြစ်မှာစိုးလို့ ကိုယ်တကယ်စားချင်တဲ့ဟာပဲ ယူတော့တယ်။ အတင်းပေးလဲ မယူတော့ဘူး။ ဒီနှစ် ခေါက်ဆွဲသုတ်လို့ စာတမ်းထိုးတာပေမဲ့ နန်းကြီးသုတ်ဖြစ်နေတာစားခဲ့တယ် (စားလို့တော့ကောင်းတယ်)။ နှစ်တိုင်းစားဖြစ်တာ ဝက်သာတုတ်ထိုး ကြာဇံကြော်၊ ဟိုးနောက်နားထိတိုးရတယ် (၁ပွဲပဲ စားရတာ မဝဘူး၊ နောက်တစ်ခေါက် စားဖို့ကျ ထပ်မတိုးနိုင်တော့ဘူး)။ ဆီချက်ခေါက်ဆွဲ။ အာ့ပဲစားဖြစ်တယ်။ စားသမျှ အကုန် အရသာလဲကောင်းတယ် အသားလဲ မြင်ရတယ်။ ဟုတ်တယ်လေ စင်္ကာပူက စတုဒီသာလာစားတဲ့သူတွေက စားရမဲ့ သောက်ရမဲ့ တစ်ယောက်မှ မပါဘူး။ အပျော်လာကြတာ။ စားမဲ့သူမရှိရင် သူတို့အလှူလဲ ဖြစ်မှာမဟုတ်ဘူးလေ။ ဒီတော့ စားတဲ့ ပရိတ်သတ်ကို ထည့်စဉ်းစားပေးတဲ့အနေနဲ့ ခုလို Quality ကောင်းကောင်းပဲ ကျွေးသင့်တယ်လို့ထင်တယ်။ မတတ်နိုင်ရင်တောင် Quantity နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်းလုပ်ပေါ့။ ဒီနှစ် ကလေးတွေနဲ့လဲ ရေကစားခဲ့တယ်။ မနှစ်က ရေမစိုသမျှ ဒီနှစ်တော့ တောက်တောက်ရွှဲပဲ။ ဖေ့ဘွတ် Friendlist ထဲက လူတွေ တွေ့တာနဲ့ ရေလာပက်ပြီမှတ်လို့ အစကတည်းက ကြေငြာထားတာ။ တစ်ချို့ကိုတော့ ပက်လိုက်ရတယ်။ ဟိ။ မဗေဒါကို မမှတ်မိတဲ့သူတောင်ရှိတယ်။ ကိုယ်ကလဲ ပက်ပြီး ထွက်ပြေးတာကိုး။ ရေပြွတ်သေနတ်လေးနဲ့က ဘယ်လောက်မှ မစိုပါဘူး။
ဒါတောင် Fort Canning Park နားမှာလုပ်တဲ့ စီးတီးဟော သင်္ကြန်က တချို့မိန်းကလေးတွေက ပက်ရတာ ခပ်လန့်လန့်ရယ်။ သူတို့ကို ရေပြွတ်လေးနဲ့ လှမ်းပက်လိုက်လို့ရှိရင် မျှော်လင့်ချက် အပြည့်မျက်လုံးတွေနဲ့ လှည့်ကြည့်လို့ ပက်တဲ့သူက မဗေဒါ (ဟောဒီက မိန်းမကြီး) ဖြစ်နေရင် မျက်နှာတွေက Disappointed ဖြစ်သွားတဲ့ရုပ်တွေလိုလို။ ကိုယ့်လှည့် မျက်စောင်းထိုးတာတောင်ရှိသေးတယ်။ ကိုယ်များ မနှစ်က အပက်ခံချင်လွန်းလို့ ကလေးတွေကိုယ့်လာပက်ရင်တောင် ကျေးဇူးတင်အုံးမှာ။ ကိုယ်ချင်းစာလို့ ပက်တာကို မိန်းမချင်းပက်လို့ စိတ်ပျက်သွားလဲ မပက်ရုံပေါ့။ ဒါနဲ့ ယောင်္ကျားတွေနဲ့ ကလေးတွေပဲ လိုက်ပက်နေတော့ Mr. Right က ဘာလို့ ယောင်္ကျားတွေချည်း ပက်နေတာလဲတဲ့။ အာ့နဲ့ သူ့ကို သက်သေပြလိုက်တယ်။ သူ့ကို ခေါ်ပြီး မိန်းကလေးတစ်ယောက်ကို ပက်ပြလိုက်တော့မှ ပြန်ကြည့်တဲ့ မျက်လုံးကို သူသဘောပေါက်သွားတယ်။ သင်္ကြန်မှာ ကိုယ့်ရေလာပက်တာ ယောင်္ကျားဖြစ်တော့ရော သူတို့ကို ရီးစားစကားလာပြောပြီး ချက်ချင်း Item ဖြစ်မှာကျနေတာပဲ။ နားကို မလည်နိုင်ဘူး။ ရေလာပက်တာနဲ့ စိတ်ဝင်စားလို့ လို့ ယူဆတယ်ထင်တယ်။ ကဲ ယောင်္ကျားလေးတွေရေ မိန်းကလေးတွေ ရေပက်မိရင် သူတို့ကို ကြိုက်လို့ သတ်မှတ်ခံရမယ် သတိနဲ့သာနေပါ။
အော်… အဲ့ စီးတီးဟောသင်္ကြန်ကတော့ တော်တော်စိတ်ပျက်မိပါတယ်။ သူက ဘုန်းကြီး ဦးစီးတာမဟုတ်တော့ စီးပွားရေသင်္ကြန်လိုဖြစ်နေသလား မသိ။ ဘီယာ Booth က ဟီးနေတာပဲ။ အဲ့တော့ အမူးသမားလဲ များတာပေါ့။ ထားပါတော့ အမူးသမားများတာ။ ဘယ်သူမှတော့ ပုံပျက်ပန်းပျက် စည်းပျက် ကမ်းပျက် သိပ်မရှိပါဘူး။ စတုဒီသာ စင်က ၄ခုလောက်ရှိတယ်။ ကျွေးတာက မစွတ်မပွတ်။ တစ်ခါတစ်ခါ ပျက်ပျက်သွားသေးတယ်။ အဲ့က နန်းကြီးသုတ် (အသားမြင်ရတယ် အရသာကောင်းတယ်) နဲ့ မုန့်ဘိုင်းတောင့်၊ ကျောက်ကျော(နေပူထဲဆိုတော့ ရေငတ်နေတဲ့အချိန်သောက်ရကောင်းတယ်) အာ့တွေကကောင်းတယ်။ အဲ တခြားဟာတွေကတော့ ချာတူးလန်တယ်ပဲ ပြောပရစေ။ နယ်တာ ပြုတာက မနှံ့။ ဘာတွေလဲတော့ မပြောတော့ပါဘူး။ ဟုတ်ပါတယ် စတုဒီသာဆိုတာ စေတနာနဲ့ အလကားကျွေးတာပါ။ အဲ့ဒါကို complaint နေတော့ မဗေဒါ အလွန်ပေါ့နော်။ ဒါပေမဲ့လဲ အစကတည်းက စေတနာရှိလို့လုပ်တာပဲ ဝေတနာမဖြစ်စေနဲ့ပေါ့။ ကိုယ့်အလှူခံ ပုဂ္ဂိုလ်တွေကို ကိုယ်လဲ သိနေတာပဲ။ ကောင်းကောင်းမလုပ်နိုင်ရင်တော့ မလုပ်တာ အကောင်းဆုံးပဲ။ ထားပါတော့လေ။ အားလုံးက အပျော်သဘောပဲ။ အပြစ်ပြောတာ မဟုတ်ပါဘူး။ နောက်နှစ်ပိုကောင်းအောင် Feedback ပေးတဲ့သဘောပါ။
ပြီးတော့ ဘယ်လိုစီစဉ်ထားတာလဲတော့ မသိဘူး။ မစွတ်မပွတ်ကျွေးလိုက် ရပ်သွားလိုက်။ မစွတ်မပွတ်ထပ်ကျွေးလိုက် ရပ်သွားလိုက်နဲ့။ ကိုယ့်အဖြစ်တောင် ကိုယ်သနားလာတယ်။ ကြည့်ရတာ သူတို့က တနေကုန် ခံအောင်အချိန်ဆွဲကျွေးလားတော့ မသိပါ။ ဒါပေမဲ့လဲ အဆက်မပြတ်အောင်တော့ လုပ်ပေါ့။ ကုန်သွားတော့လဲ ကုန်ပြီပေါ့ ဘယ်တတ်နိုင်မလဲဟုတ်။ အဆိုးဆုံးကတော့ အုန်းထမင်းနဲ့ ကြက်တောင်ပဲကြော်ဝေတဲ့အချိန်ပဲ။ ထမင်းစားချိန်ရောက်ပြီဆိုတော့ သူတို့ဟာကို အားလုံးက စောင့်နေကြတာပေါ့။ သူတို့က ကောင်တာပေါ်တင် ဖော့ဗူးတွေထည့်နေတော့ ဝေတော့မယ်ထင်ပြီး အားလုံးက နေပူကြီးထဲ တန်းစီကြတယ်။ မဗေဒါလဲ ပျော်ပျော်ပါးပါးဝင်တန်းစီတာပေါ့။ ဒါပေမဲ့ တန်းက မရွေ့ဘူး။ ကြည့်တော့ သူတို့က ဖော့ဘူးတွေထဲထည့်ပြီး ဗုံးလိုက် ဗုံးလိုက်နဲ့ သက်ဆိုင်ရာတွေကို အရင်ဝေနေတယ်။ လူတွေကို မဝေသေးဘူး။ ဟုတ်ပါတယ်။ လုပ်အားပေးတွေ အစောင့်တွေ သက်ဆိုင်ရာတွေကို အရင်ဝေတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ လူတွေမဝေသေးဘူးဆိုလဲ တန်းစီနေတဲ့သူတွေကို အဆင်သင့်မဖြစ်သေးလို့ နောက်မှ ပြန်လာပါပြောရင်ပြော။ အမှန်ဆို အဲ့ ဖော့ဘူးတွေက မုန့်ဝေတဲ့ ကောင်တာပေါ်မှာမှ လုပ်မနေသင့်ဘူး ထင်တာပဲ။ ကဲပါလေ။ သူတို့လဲ No Choice ဖြစ်မှာပေါ့။ အခြေအနေမှန် ကိုယ်လဲ မသိပါဘူး။ ဒါပေမဲ့ လာစားတဲ့ သူတစ်ယောက်အနေနဲ့ ခံစားရတာလေး ပြောပြယုံပါပဲ။
အဲ့ဒိအချိန်မှာ ဖြစ်ချင်တော့ ဒေါသကို လာစွတဲ့ သာမီး တစ်ယောက်ပေါ်လာတယ်။ အဲ့ဒိ သာမီးက မဗေဒါက တန်းစီဖို့ လျှောက်အလာ နေရာနားရောက်ခါနီးလေးကျမှ သူက နောက်ကနေ ပြေးပြီး ကျော်တက်ပြီး ၁စက္ကန့်လောက်စောပြီး ကိုယ့်ရှေ့ဝင်စီတယ်။ ပြီးတော့ သူ့ကိုယ်သူ လည်လှပြီဟဲ့ဆိုတဲ့ ပုံစံလိုလို၊ ခံလိုက်ရပြီဆိုတဲ့ပုံစံလိုလို၊ ကလေးလိုလို ဟိုဟာလိုလိုနဲ့ ပခုံးတွန့်ပြီး “ဟိ… ဟိ” ဆိုပြီး ရီလိုက်သေးတယ်။ ဒါပေမဲ့ မပြောပါဘူး။ လူတစ်ယောက်စာ ရှေ့ရောက်သွားလို့လဲ ဘာမှ မဖြစ်သွားဘူး။ ဒုက္ခသည်စခန်း ထမင်းထုတ်ဝေနေတာမှ မဟုတ်တာ။ သူပြေးလိုက်လို့ သူကိုယ့်ရှေ့ရောက်သွားတယ်။ ဒါကို လက်ခံတယ်။ ဒါနဲ့ သူ့နောက်ဝင်စီနေလိုက်တယ်။ ဟောဒီ အောက်က အဖြစ်အပျက်လေးကို ဆက်ဖတ်ကြည့်နော်။ အဲ့နေ့က စိတ်တိုတိုနဲ့ ဖေ့ဘွတ်ပေါ်တင်မိတဲ့ Status လေးပေါ့။
“ကျူတန်းရှေ့ဝင်ရပ်တဲ့ ညီမလေးတစ်ယောက်ကို manner ဆိုတာလေး နည်းနည်းသင်ပေးချင်တယ်... nasi lamak ဝေမဲ့ မဏ္ဍပ်က မဝေသေးဘူး လူတိုင်းနေပူထဲမှာ ဒုက္ခသည် ထမင်းထုတ်ယူသလို နေပူလှမ်းခံထားရတယ်... သူက ရှေ့ကနေ...
"ဒါသမီးနေရာနော် အစ်မ" (လူကလဲ ငါ့သမီး ဖြစ်နိုင်တဲ့ အရွယ်တော့မဟုတ်ဘူး... )
အဲလိုပြောပြီး သူက နေရိပ်တဲ့ မဏ္ဍပ်အောက်သွား လဘက်သုတ်စားနေတယ်...
အလှူရှင်စီမံခန့်ခွဲမှု ညံ့လို့ ချထားပြီး မဝေသေးလို့ လူတွေအားလုံး နေပူထဲ ကိုယ့်အသိစိတ်နဲ့ကိုယ် တန်းစီနေတယ်... သူ့လိုသာ သမီးနေရာနော် ပြောထားလို့ရရင် အားလုံး အဲလိုလုပ်နေလိုက်ပြီ... စနစ်ကရှင်းရှင်းလေး.. တန်းတူ တန်းမစီနိုင်ရင် မစားနဲ့... simple as that...
ပထမတစ်ခါ ကိုယ်ဘာမှ မပြောသေးဘူး... အာ့ကို ဒုတိယတစ်ခါ..မဏ္ဍပ်အောက်ကထွက်လာပြီး "အစ်မ ဒါသမီးနေရာနော်... ဟိုဘက်ခဏသွား အအေးယူမလို့" တဲ့...
လူက သူ့အတွက်နေရာယူပေးရတဲ့ လက်ထောက်လား... ဘာလဲဟ... အဲ့တာ မယဉ်ကျေးဘူးဆိုတာတောင် သူမသိလေရော့သလား? တစ်ခြားနိုင်ငံက လူတွေနဲ့ တန်းစီရင်ရော သူ အဲ့လို လုပ်နေကျလား စိုးရိမ်မိတယ်...
ကိုယ်လဲ "သွားချင်ရင်တော့သွား... မသိဘူးနော်" လို့ ပြောတော့...
သူကပဲ ဘယ်လိုဟာလဲဆိုတဲ့ ပုံနဲ့ ကိုယ့်ပြန်ပြောတယ်...
"မဟုတ်ဘူးလေ... ဒါသမီးနေရာလို့ပြောတာလေ" တဲ့...
ကိုယ်ကလဲ ပြန်ပြောလိုက်တယ်.. "အေး.. ဟုတ်တယ်လေ... သွားချင်သွားပေါ့... နင့်နေရာ ဟုတ်မဟုတ်ငါလဲ မသိဘူး လို့ ပြောနေတာ" meaning I have no obligation to reserve a place for her...
အဲ့လိုကျတော့ သူကပဲ စိတ်ဆိုးမာန်ဆိုး သူ့သူငယ်ချင်းလှမ်းဖုန်းဆက်ပြီး... နင်စားချင်ရင် နင်လာစီ.. ငါမစီချင်တော့ဘူးတဲ့...
အစကတည်းက အဲ့လို ဖြစ်နေရမှာ ညီမရေလို့ ...ပြောချင်ထှာ
သမီးအရွယ်မဟုတ်တဲ့ သမီးရေ... ဒီစတေးတပ်ကိုများမြင်ခဲ့မယ်ဆိုရင်... သူများတွေအားလုံး တန်းစီနေတဲ့အချိန် ခုလို နောက်ကလူကို နေရာချန်ခိုင်းတာ ရိုင်းတယ်ဆိုတာ သိစေချင်တယ်...
ပြီးတော့ ဒီအသက်ရွယ်ရောက်နေရင် ကိုယ့ကိုကိုယ် သမီးလို့ပြောတာကို ပြင်သင့်ပြီနော်... ဒီလိုအရွယ်တွေက ဘယ်သူငယ်တယ် ကြီးတယ် သိပ်ကွဲပြားတော့တာ မဟုတ်ဘူး...
တန်းစီတယ်ဆိုတာ အများ တန်းတူ စီ တာကိုပြောတယ်ဆိုတာ သဘောပေါက်စေချင်တယ်ကွယ်... နောက်ပြီး ခုလိုလုပ်လို့ စိတ်ရှည်သည်းခံတဲ့လူနဲ့တွေ့လို့ လုပ်ပေးကောင်းလုပ်ပေးမယ်... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်လှပြီ ဟုတ်လှပြီ မထင်နဲ့ကွယ့်... အဲ့ ဒါရှက်စရာကောင်းတယ်နော်... သမီးအရွယ် မဟုတ်တဲ့ သမီးရေ...”
လူက ကြီးတောင် ကြီးမားနဲ့ ကိုယ့်ကိုယ်ကိုယ် သမီးပြောတာ ရပ်သင့်ပြီလို့ထင်တယ်။ မဗေဒါလဲ ကိုယ့်ကိုယ်ကိုယ် သမီးပြောတဲ့ အကျင့် ငယ်ငယ်က ရှိပါတယ်။ ဒါပေမဲ့ အသက်လေးရလာတာနဲ့ ကိုယ့်နာမည် နာမ်စားသုံးပြီးပြောတယ်။ သမီးလို့ပြောတာ မသင့်တော်တော်ဘူး။ ကြားရတဲ့သူအတွက်ရော၊ ပြောတဲ့သူအတွက်ပါ မသင့်တော်ဘူး။ မဗေဒါ Status အောက်က ကွန်မန့်လေးတွေပါ Screenshoot ပေးမယ်နော်။ ပြန်ရေးရမှာ ပျင်းလို့။
တန်းစီတဲ့စနစ်နဲ့ပတ်သတ်ပြီး ကိုယ်လက်ခံထားတဲ့ အချက်အလက်တွေ၊ အဲ့လို့အခွင့်အရေးယူချင်တဲ့သူတွေပေါ် ကိုယ့်အမြင်တွေအားလုံး ကွန်မန့်မှာ ဖတ်ကြည့်လိုက်နော်။ ခုတော့ ရုံးဆင်းပြီဆိုတော့ ပြန်တော့မယ်။
ကွန်မန့်ပေးတာ ကိုယ့်စာဖတ်သူတွေပါပဲ။ မကြိုက်မှာစိုးလို့ နာမည်လေးတွေတော့ အုတ်ပေးထားတယ်။ Profile pic တော့ ဖော်ထားတာ စိတ်မဆိုးလောက်ပါဘူးနော်...
ဒါနဲ့ သမီးအရွယ်မဟုတ်တဲ့ သာမီးတို့ရေ… အပေါ်က Comment မှာ မဗေဒါရဲ့ စာဖတ်သူ ကောင်လေးတစ်ယောက်မေးထားသလိုပဲ ကိုယ်ကြိတ်ကြိုက်နေမိတဲ့ မိန်းကလေးက ကိုယ့်ကို သမီးလာပြောရင် ယောင်္ကျားလေးတွေခမျာလဲ အခက်တွေ့ရတယ်ကွဲ့။ အဲ့ဒါ Cute ဖြစ်တယ် ထင်မနေကြနဲ့နော်။ ကိုယ့်ဘာသာကိုယ် လာဘ်ပိတ်နေအုံးမယ်။
မဗေဒါရဲ့ စာဖတ်သူညီမငယ်တွေမှာလဲ သမီးပြောတဲ့ အကျင့်ရှိနေတယ်ဆိုရင်တော့ မဗေဒါက ဒီအခွင့်အရေးယူပြီး စေတနာနဲ့ အကြံပေးလိုက်ပါရစေ။ အဲ့ဒါလေးကို ပြင်နိုင်ရင် အများကြီး အကျိုးရှိမှာပါ။ ဒါပေါ့ ကိုယ့်စာဖတ်သူညီမတွေက မဗေဒါကို သမီးလို့ လာပြောရင်တော့ မဗေဒါက စိတ်မဆိုးပါဘူး။ အာ့ကြောင့်ပြောတာလေ သမီးဆိုတဲ့အသုံးအနှုန်းက အခြေအနေတွေအပေါ် အရမ်းမူတည်တဲ့အတွက် မသုံးတာ အကောင်းဆုံးပဲ။ ဒါပဲနော်… တာ့တာ…
ပုံ ။
သာမီး မဗေဒါ
မေတ္တာဖြင့် ရေးချင်ရာရေးထားသည်။
6 comments :
သာမီးလာဖတ်သွားတယ်နော် ��
သာမီးလဲ လာဖတ်သွားပါတယ်..... :D
သန့်
ဒါပေမဲ့လေ စတုဒီသာ ဆိုတာနဲ့အားကျ သွားပါတယ်။ ဂျပန်မှာက အကုန်ပိုက်ဆံနဲ့ရောင်းတာဆိုတော့။ မုန့်လုံးရေပေါ်တပွဲ Yen500. မုန့်လက်ဆောင်းက Yen300, ရွှေရင်အေးက Yen 500, ဒန်ပေါက်က Yen850, ဒီကြားထဲရန်ဖြစ်လို့ရဲတွေရောက်လာသေးတယ်တဲ့။ မောလိုက်တာနော်။
မ Swant ရေ...
စတုဒီသာက ဒီမှာ ကျွေးတဲ့သူများလွန်းလို့ အတင်းတောင် ထိုးပေးနေရတာ။ အာ့ကြောင့် တကယ်စားချင်တာလေးတွေအတွက် ဗိုက်ချန်စားနေရတယ်။ အာ့ကြောင့် ဒီမှာက စားတဲ့သူတွေကိုတောင် ဝမ်းပန်းတသာ ပြန်ကျွေးနေကြတာဆိုတော့ အခြေအနေက မတူဘူးအစ်မရ။
လာစားတဲ့သူတွေကလဲ အားလုံးတော့ ဝယ်စားနိုင်ကြတယ်။ ဒီမှာကလဲ မြန်မာမုန့်တော်တော်များများ ကွကိုယ်လဲ လုပ်စားလို့ရနေတာပဲလေ။ အလှူလုပ်တယ်ဆိုရင်လဲ အစကတည်းက စေတနာထားပြီး အကောင်းဆုံးစီစဉ်တာ အကောင်းဆုံးလို့ ထင်တာပဲလေ။ ထားပါတော့လေ။ လှူတဲ့သူကို အပစ်မပြောလိုပါဘူး။ အပြစ်ပြောလို့လဲ မသင့်ပါဘူး။ သူလဲ သူတတ်နိုင်သလောက်ပေါ့။
ဒါပေမဲ့ ကိုယ်တွေလို စားတဲ့သူရှိမှလဲ အလှူက ပျော်ပျော်ပါးပါးဖြစ်မြောက်မှာလေ။ ဒီတော့ မဗေဒါကတော့ သဘောမကျလို့ မစားဘူး။ ဟုတ်ပါတယ် မဗေဒါ တစ်ယောက်မစားလို့ ဘာမှ မဖြစ်ဘူး ကျန်တဲ့သူတွေ စားကြပါတယ်။ ကိုယ်ကလဲ ပိုကောင်းအောင် Feedback ပေးတဲ့သဘောပေါ့။ ဒါပေမဲ့ နောက်ဆို အဲ့လိုနေရာမျိုးထက်။ အလျှံအမယ် ကိုယ့်ကို စေတနာထား ဆက်ဆံတဲ့နေရာတွေပဲ သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒီက သင်္ကြန်မှာတော့ စတုဒီသာက မလောက်ပါဘူးကွယ် တစ်နှစ်ထက် တစ်နှစ် လူပိုများလားတယ်..
ကောင်းလိုက်တာ။ အားကျလိုက်တာ မဗေဒါရယ်။ Singapore ပြောင်းလာချင်မိ သွားပီ။ ဒီမှာ Event ဝင် ခွင့် တောင် တယောက် Yen ငါးရာ ပေးရ သေးတယ်။ အကုန် စီးပွါးရေး ဆန်တော့ စိတ်ညစ်မိတယ်။ ဒါပေမဲ့ မဗေဒါ ရေးတာကိုလုံးဝ ထောက်ခံပါတယ်။ ဒီ အခြေအနေ မှာ ဒီလို feedback ပေးမှ improve ဖြစ်လာမှာပေါ့။ ထပ်ပြောလိုက်အုန်းမယ်။ အားကျလိုက်တာ။ :D
Post a Comment