Thursday, January 22, 2015

To be with My Mr.Right (1)

Fated to meet you


“ဟင်”
အနည်းငယ် စိတ်ပျက်စွာ အာမေဍိတ် သံတစ်ခု ကျွန်မပါးစပ်က လွှတ်ကနဲ ထွက်သွားသည်။


~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~

လူတိုင်းလူတိုင်းမှာ ငယ်ငယ်က အကြောင်းအမျိုးမျိုးကြောင့် ကိုယ် သတိထားမိခဲ့သော သူတွေရှိကြမည်။ ကိုယ်ဘက်ကသာ သိခဲ့ပြီး တဖက်သူက ပြန်မသိခဲ့သောသူများလဲရှိမည်။ သတိထားခဲ့မိတယ်ဆိုတဲ့စကားကို ဒီအဓိပ္ပါယ်လောက်အတိုင်းပဲ တွေးစေချင်သည်။ စိတ်ဝင်စားသည်၊ ကြိတ်ကြိုက်သည် စသည့် အပို အဓိပ္ပါယ်များထည့် မတွေးစေရန် ကြိုတင်မှာကြားချင်ပါသည်။ ဟုတ်ပါသည်။ ငယ်ငယ်က လမ်းထဲမှာ တခြားရွယ်တူ၊ ရွယ်မတူ သူငယ်ချင်းများစွာဖြင့် လက်လက်စင်အောင် ဆော့သော ကျွန်မ၊ အိမ်ထဲမှာသာနေပြီး ပုဆိုးလေးအမြဲဝတ်ကာ တစ်ခါတစ်လေမှ ကျွန်မတို့ အိမ်အောက်က ကာတွန်းစာအုပ်ဆိုင်မှာ စာအုပ်လာလာငှားတတ်သော သူ့ကို ကျွန်မ သတိထားမိခဲ့ပါသည်။ ကျွန်မနှင့် ဆော့နေကျ သူငယ်ချင်းနှင့် သူနှင့် သိသဖြင့် တစ်ခါတစ်လေ သူတို့ ၂ယောက် စကားပြောနေသဖြင့် ဆော့တာခဏရပ်ပြီး စောင့်ခဲ့ရသဖြင့်လဲ ကျွန်မသူ့ကို ကောင်းကောင်းသိသည်။ အဲဒိအချိန်တုန်းကတော့ သူဘာလို့ ငါတို့နဲ့ ဆင်းမကစားတာလဲဟု တွေးမိကောင်း တွေးမိခဲ့မည်။ အပေါင်းအသင်းမင်တဲ့ ကျွန်မကတော့ အနေအေးတဲ့သူနဲ့လဲ သူငယ်ချင်းဖြစ်ချင်ခဲ့မိသည်။


~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

The First Chapter




သူပြသော သူ့ ဖေ့ဘွတ်က ပုံကို ကြည့်ကာ ကျွန်မ အနည်းငယ်တော့ စိတ်ပျက်မိသည်။ တစ်ခါတစ်ရံမှာ ငယ်ငယ်က ချောတယ်ဟု ထင်ခဲ့သော သူတစ်ယောက်ကို ခုကြီးလို့ ပြန်တွေ့တော့မှ ချောလဲမချောပဲ ငယ်ငယ်က ငါဘာလို့ချောတယ်ထင်တာလဲဆိုတဲ့ အခြေအနေမျိုး ကြုံဖူးကြလိမ့်မည်ထင်သည်။ ခုလဲ ထိုနည်းလည်းကောင်းပင် ငယ်ငယ်က အသားဖြူဖြူ ပုဆိုးလေးသပ်သပ်ရပ်ရပ်ဖြင့် ချစ်စရာကောင်းသော ကလေးတစ်ယောက်ဟု ကျွန်မ ထင်ခဲ့သောသူသည် ခုတော့ ဓာတ်ပုံထဲတွင် နှုတ်ခမ်းမွှေးစစ၊ မုတ်ဆိတ် စစ၊ ဆံပင်ဘုတ်သိုက်၊ ဂျင်းဘောင်းဘီပွပွကြီးဖြင့်။

ဟုတ်ပါသည်။ ကျွန်မနှင့်သူ အွန်လိုင်းကနေ သူငယ်ချင်းဖြစ်တာ ၁နှစ်လောက်ရှိခဲ့ပါပြီ။ သူက အင်္ဂလန်မှာ တက္ကသိုလ်တက်နေသည်ဟု သူငယ်ချင်းဆီက သိရသောကြောင့် ဂျီမေးလ်တော့ သုံးတတ်မှာပေါ့ဟု ဆိုကာ သူ့အီးမေလ်းလိပ်စာကို ငယ်သူငယ်ချင်းဆီက နောက်ချင် ဇောဖြင့် တောင်းဖြစ်သွားခြင်းဖြစ်သည်။ ငယ်ငယ်က စကားမပြောဖြစ်ခဲ့လို့ ခုလူကြီးဖြစ်ပြီဆိုတော့ ကျွန်မ စကားပြောရဲသွားတာလဲပါမည်။ အဓိက သူနဲ့ စကားပြောဖြစ်ရတဲ့ အကြောင်းရင်းကလဲ ကျွန်မက ညဘက်အလုပ်ဆင်းရသည်။ သူ့ဆီမှာက နေ့ဘက်ဆိုတော့ ကျွန်မအလုပ်ထဲမှာ အိပ်မငိုက်အောင် Chat စရာ အွန်လိုင်းကလဲ သူတစ်ယောက်တည်းရှိနေတာလဲ ပါသည်။

ညတိုင်းမချက်ဖြစ်ပေမဲ့ ဒီလိုပဲ မေးထူးခေါ်ပြော ချက်ဖြစ်ခဲ့သည်။ ကျွန်မက သူ့ကို သိတယ်ဆိုတာနဲ့ သူ့ကိုယ်သူ မာန်တက်နေသလားတော့မသိ တစ်ခါတစ်လေ reply က မလာ။ ကိစ္စမရှိပါ။ ကိုယ်ကလဲ အလုပ်ထဲမှာ ပျင်းလို့ ချက်နေခြင်းသာ။ သူကျွန်မကို ထင်ချင်သလိုထင်နိုင်တယ်။ သူက ကျွန်မအတွက် အရေးပါသူမှ မဟုတ်သေးတာ။ ပေါ့ပေါ့ပါးပါး ရင်းရင်းနှီးနှီးပဲ စကားပြောတယ်။ ရင်းနှီးဆို ကျွန်မ မျက်စိရှေ့တင် သူကြီးလာတာကိုး (အတူတူကြီးပြင်း လာတာကိုပြောတာ ခွိ)…

~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

First Meeting (February 2011)




ဘယ်တော့မှ တွေ့မှာ မဟုတ်ဟုထင်နေသော သူ စကာင်္ပူကိုရောက်နေတယ်ဆိုတာ သိရတော့ ကျွန်မ စိတ်ထဲတော့ တမျိုးကြီးဖြစ်သွားသည်။ ဒါ့အပြင် သူက ကျွန်မနှင့် တွေ့ချင်သည်ဟုဆိုသည်။ စိတ်ထဲတွင်တော့ တွေ့ချင်စိတ် တစ်ဝက်၊ မတွေ့ချင်စိတ် တစ်ဝက်။

ငယ်ငယ်ကချစ်စရာကောင်းတယ်ဟုထင်ခဲ့သော ကလေးလေးက ခုလူကြီးဓာတ်ပုံကြီးကြည့်တော့ ကျွန်မ Type မဟုတ်တာသေချာသည်။ အပြင်မှာတွေ့မှ ပိုဆိုးနေမှာ စိုးသည်။ တော်ကြာကျမှ စကားပြောရင် တံတွေးတွေထွက်တတ်တဲ့ သူလား၊ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့ သူလား၊ အပြင်သွားရင် တွက်ကပ်တတ် တဲ့သူများ ဖြစ်နေမလား၊ Personality ကရော ပုံမှန်ဟုတ်ပါ့မလား၊ ငါ့အတွက်နဲ့ စကာင်္ပူထိလာတယ်ဆိုရင်တော့ Psycho ကြီးပဲ ဖြစ်မှာပဲ (မဟုတ်လောက်ပါဘူး) စသည်ဖြင့် စိတ်တထင့်ထင့်။

ဒါပေမဲ့ ဘဝကပေးထားတဲ့ သင်ခန်းစာတွေအရ လူတိုင်းကို အခွင့်အရေးတစ်ခါတော့ ပေးသင့်တယ်လို့ ယူဆခဲ့တယ်။ ငယ်ငယ်က ကိုယ့်ကို စိတ်ဝင်စားလို့ ချစ်ရေးဆိုတဲ့သူတွေကို ခါးခါးသီးသီးငြင်းခဲ့တာတွေရှိခဲ့တယ်။ အဲဒါ မကောင်းဘူး ရန်များတယ် အမြင်ကပ်ခံရတယ်။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာ မကောင်းဘူးဆိုပေမဲ့ ယောကျာင်္းတစ်ယောက်ရဲ့ မာနနဲ့ သိက္ခာအတွက် ပစ်ပစ်ခါခါတော့ မငြင်းသင့်ဘူးလေ။ အမှန်တော့ သူက ကိုယ့်ကို ချစ်တာပဲ မုန်းလို့ ရန်လိုက်ရှာနေတာမှ မဟုတ်တာ။ ကိုယ်မကြိုက်ရင် မကြိုက်ဘူး ကောင်းကောင်းမွန်မွန်ပြောပေါ့ မျှော်လင့်ချက်တော့ မပေးနဲ့ပေါ့။ တစ်ခါတစ်လေ မိတ်ဆွေကောင်းတစ်ယောက်တောင် တိုးပါသေးတယ်။

ဒါပေမဲ့ ကျွန်မသူ့ကို မကျေနပ်တာ တစ်ခုရှိသည်။ သူ့ စကာင်္ပူ ဖုန်းနံပါတ် အမှားကြီး ကျွန်မကို ပေးခဲ့တာကိုပေါ့။ အဲ့ဒိညက မကြာသေးခင်ကမှ Online မှာ Chat ထားတော့ မအိပ်လောက်သေးဘူးထင်ပြီး အလုပ်က ကျွန်မ Tea Break အချိန်မှာ ဖုန်းလှမ်းခေါ်လိုက်တော့ တခြား မြန်မာတစ်ယောက်ဆီရောက်သွားပြီး အချိန်မတော်ကြီး ဖုန်းခေါ်လို့ အအော်ခံလိုက်ရသည်။ သူပဲ သူ့ကို ဖုန်းဆက်ပါဆိုပြီး ဖုန်းနံပါတ်ပေးပြီး နံပါတ်အမှားကြီးလာပေးတာ ဘာအထာလဲဟု တော်တော် ဘုသွားသည်။ (နောက်နေ့ အွန်လိုင်းမှာ ပြန်တွေ့လို့ အဲ့ကိစ္စကို ပြောတော့ သူ့ဖုန်းနံပါတ်ကို သူကိုယ်တိုင် တကယ်ပဲ အဲ့ နံပါတ်ထင်နေတာ သူ့ဖုန်းနံပါတ် သူမှား မှတ်ထားမိတာလို့ ပြန်ဖြေပါတယ်။ ဘယ်လောက် အူကြောင်ကြောင်နိုင်လိုက်သလဲ။)…

~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~



Vivo တွင်တွေ့ဖို့ ချိန်းထားပေမဲ့ နေရာ အတိအကျမပြောထား။ ဖုန်းတွေရှိနေတော့ ရောက်မှဖုန်းဆက်လိုက်မယ်ပေါ့။ ကျွန်မကလဲ သူ အူကြောင်ကြောင်လူတစ်ယောက် ဖြစ်လိမ့်မယ်ထင်တယ်လို့ပဲ စိတ်ကို ပြင်ဆင်ထားတယ်။

“ငါ စိတ်လျော့ထားမှ”

မိန်းကလေးတို့ထုံးစံအတိုင်း နောက်ကျမှ အိမ်ကထွက်လာဖြစ်တယ်။ တိုက်စီပေါ်မှာ ဖုန်းကြည့်ရင် ခေါင်းမူးတတ်တဲ့ အကျင့် ကျွန်မမှာရှိတယ်။ သူက အချိန်တော့မှန်သား နောက်မကျဘူး။ သူရောက်နှင့်နေပြီ ဘယ်မှာစောင့်ရမလဲလာမေးတယ်။ Vivo ကြီးဒီလောက်ကြီးတာ သူဘယ်နားရောက်နေမလဲ ကျွန်မဘယ်လိုလုပ်သိလို့ ဘယ်နားမှာစောင့်နေလို့ ကျွန်မက ပြောရမှာလဲ။ သူရောက်နေတဲ့ နေရာကိုပြော ကျွန်မလာခဲ့မယ်လို့ ပြောလိုက်တယ်။ သူကလဲ ဘယ်နားစောင့်နေရမလဲ ထပ်မေးတယ်။ ဒါနဲ့ Starbuck မှာစောင့်လို့ ဒီကနေ ခွင့်ပြုချက်ရမှပဲ Starbuck မှာ စောင့်တယ်။ ကျွန်မကလဲ ကားပိတ်လို့ တော်တော်လေး နောက်ကျသွားတယ်။ ကျွန်မရောက်တော့ သူ့ကို ဘယ်မှာလဲမေးတော့ Starbuck မှာ မဟုတ်တော့ဘူးလို့ပြောတယ်။ ကျွန်မကလဲ သူ့ကို ဘယ်လို အူကြောင်ကြောင်လဲလို့ စိတ်ထဲသတ်မှတ်ထားတော့ နဂိုကတည်းက စိတ်တိုတတ်တဲ့ အကျင့်အတိုင်း အော်လိုက်မိရော…

“စောစောကတော့ ဘယ်မှာစောင့်ရမလဲမေးတယ်။ Starbuck မှာစောင့်ဆိုတော့ Starbuck မှာ မစောင့်ဘူး! အာ့ဆို ဘာလို့မေးနေသေးလဲ!! ” ဆိုပြီးတော့။
(အဲဒိအချိန်ကစပြီး ကျွန်မကို အပျော့နည်းနဲ့ စိတ်တိုအောင် အနိုင်ကျင့်ခဲ့တာ ခုထက်ထိလဲ အဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်နေတုန်းပဲ။ ခုတော့ လူတွေက အသံကျယ်တဲ့ ကျွန်မ character ကိုပဲတွေ့ပြီး သူ့ပဲ ၀ိုင်းသနားနေကြတာတွေ့တော့ ရီတောင် ရီလိုက်ချင်သေး။ ကျွန်မက မိအေးသာ။ သူက ဂဏန်း)

လူချင်းမတွေ့ခင်ကတည်းက အွန်လိုင်းမှာ ပွင့်ပွင့်လင်းလင်းပဲကြိုပြောထားခဲ့တယ်။ ကျွန်မနဲ့လာတွေ့ရင် လူကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ကောင်းမွန် သပ်ရပ်စွာ ဝတ်လာပါလို့။ ဓာတ်ပုံထဲက ပုံစံနဲ့လာရင်တော့ အတွေ့မခံပဲ လှည့်ပြန်မှာလို့။ ဖုန်းနံပါတ် အမှားကြီးပေးကတည်းက အမှတ်တော်တော်ရှော့ထားတာဆိုတော့ သူ စိတ်ပျက်သွားလဲ ပြီးတာပဲဆိုပြီး ပေါ်တင်ပြောလိုက်တာ။ အပြင်မှာတွေ့တော့ ဓာတ်ပုံထဲကထက် အတော်လေး ကြည့်ကောင်းတယ်။ သပ်သပ်ရပ်ရပ်လဲရှိတယ်။ ကျွန်မတွေးထားခဲ့တဲ့ Personality ပြဿနာတွေ တစ်ခုမှမရှိဘူး။ ကျွန်မရဲ့ အခွင့်အရေး တစ်ခါတော့ ပေးသင့်တယ်ဆိုတဲ့ နိယာမက မှန်သွားတယ်ပေါ့။

17 comments :

Unknown said...

I'm waiting part 2~~ cheers

shin said...

မဗေဒါပဲ အရေးကောင်းလို့လားမသိ။ ဖတ်လို့ကောင်းလိုက်တာ။ ကိုယ်သာဆိုရင် အဲ့လိုကောင်းအောင် ရေးတတ်မှာမဟုတ်။ :P

Anonymous said...

ဆက်ရန်မျှော်နေသည် :)

Anonymous said...

အိုင်းးးးးစ် နောက်တော့ဘာဖြစ်လဲ ဆက်ပြောပြလို့ တန်းလန်းကြီးဖြစ်နေဘီ စိတ်ဝင်တွေစားနေတယ်နော် ဟွင်းးး

Wine

Anonymous said...

မြန်မြန် မြန်မြန်

yum

Anonymous said...

is that your personal account?
or just another novel?
-m

mabaydar said...

It is opened for your imagination -m. It is either novel or personal. :D . thanks for your interest.

mabaydar said...

ရေးပါ့မယ်... ဒါပေမဲ့ နောက်အပတ် မြန်မာပြည် ခဏပြန်အုံးမှာ... :(

mabaydar said...

အရမ်းတန်းလန်းကြီးတော့ မဖြစ်ပါဘူး... တစ်ခန်းရပ် ပေါ့... :D

mabaydar said...

ဆက်လက် ကြိုးစားပါမည်... :)

mabaydar said...

Everyone is the lead of their love story. You should write your love story with "U Lay Gyi"... it must be a good one.

mabaydar said...

သယ်ရင်းကြီး မြန်ချက်... ငါ့ဘလော့ မဖတ်တော့ဘူးတောင် ထင်တာ...

ဆွေလေးမွန် said...

ဆက်လက် မျှော်လင့်စောင့်စားနေပါတယ်ရှင့်..

Thu said...

အင့် ဆန့်ငင်ဆန့်ငင်နဲ့.. အပိုင်း(၂)မျှော် :)
P.S. commentမချန်ဘူးပြောပြောနေလို့ ကြိုးစားပန်းစားချန်ခဲ့ပါတယ်
@Ahthu

ငြိမ်းမိန်းကလေး said...

အရေးအသားလေးကမိုက်လိုက်တာ ပွင့်ပွင့်လင်းလင်းလေး။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်း။ ပြုံးစိစိနဲ့ ဖတ်နေတာသာကြည့်။ ဒုတိယပိုင်းမြန်မြန်လာပါ။

Ashley Myat said...

မမဗေဒါရေ အပိုင်း ၂ ကို မျှော်နေမယ်နော် :)

Anonymous said...

ဒုတိယပိုင်း မြန်မြန် ပါးလီပါးလီ
AMT :)