ကျွန်မတို့တစ်တွေ ၈ရက်နေ့ည ၁ဝနာရီ၄ဝမိနစ် လေယာဉ်အတွက် ချက်အင်ကို ၉နာရီလောက်ဝင်ခဲ့ပါတယ်… အထုတ်တွေထည့်စဉ်က ၂၀၁၀ သွားတုန်းကလို ဝယ်တာတွေများပြီး အပြန်ဟိုမှာပါ Luggage အသစ်တစ်လုံးထပ်ဝယ်ခဲ့ရတာကို သတိရသွားပါတယ်… ခု အထုတ်ထည့်တော့လဲ ထိုးသိပ်ထည့်ရင်တော့ Luggage တစ်ခုထဲ ဆံ့ပေမဲ့ ဖိနပ်ကလဲ အကြိမ်ကြိမ်စဉ်းစားတာတောင် ၄ ရန်ယူဖို့ ဇကာတင်ကျန်နေတော့ တော်ပါပြီလေ အိတ် ၂လုံးယူပြီး ချောင်ချောင်ချိချိသယ်လိုက်မယ်ပေါ့… ကီလိုက ၂၃ ရတော့ ကီလိုမကျော်တာတော့ သေချာတယ်လေ… ဒါနဲ့ Luggage တစ်လုံး… ခရီးသွားအိတ် (ဘီးမပါ) တစ်လုံးစီ ခွဲထည့်လိုက်တယ်…
Korean Air
ချက်အင်လဲဝင်ရော ပြဿနာက စတော့တာပဲ… ကျွန်မတို့မလဲလေ ဒီချိုင်းနားတွေနဲ့ကို အကျိုးမပေးဘူးထင်ပါတယ်… ကိုယ်တွေနဲ့ပဲ culture မတူလို့ပဲလား… ပြောပုံဆိုပုံတွေက ကန့်လန့်… ချက်အင်ကောင်တာက အမျိုးသမီးက အသားခပ်ညိုညိုချိုင်းနား အမျိုးသမီး… ကျွန်မတို့ လေယာဉ်လက်မှတ်မှာ အစ်မက သက်သက်ဝယ်၊ ကျွန်မတို့ ၂ယောက်က သက်သက်ဝယ်ထားတော့ တူတူချက်အင်လို့ မရဘူးတဲ့… ဒါကထားပါတော့ သြစီသွားတုန်းက Scoot နဲ့လဲ ကြုံခဲ့တယ်ဆိုတော့ ဘာမှ မပြောလိုဘူး… သူက စကားပြောတာတော့ လေသံရော မျက်နှာပေးရောက ရင့်တယ်… နောက် ကျွန်မအလှည့်ရောက်တော့ ပထမ Luggage က ၈ကီလိုပဲရှိတယ်… ဒုတိယ ခရီးသွားအိတ်က ၆ကီလိုလောက်ပဲရှိတယ်… ဒါပေမဲ့ မရဘူး ၁လုံးပဲရမယ်တဲ့… ပြောတာကလဲ ဒါသူတို့ရဲ့ Policy မို့ပါလို့ မရှင်းပြဘူးနော်… အွန်လိုင်းမှာ ဘွတ်တုန်းကလဲ အွန်လိုင်းက ဝက်ဆိုဒ်မှာ ဘာမှ မရေးထားဘူး… သေချာ ရှိသမျှ လင်ခ့်တွေ ကလစ်လိုက်နှိပ်ပြီး တစ်ခုချင်းစီ Detail ဖတ်ရင်တော့ ရေးထားကောင်းရေးထားလိမ့်မယ်… (ကိုယ်ကလဲ အမြဲ fly နေတာ တစ်ခါမှ ဒါမျိုး Policy မကြားဖူးတော့ သူ့မျက်နှာပေးနဲ့ဆိုတော့ ကိုယ့်ကို လာဖောနေတယ်ပဲထင်တာပေါ့)… ဒီတော့ ကိုယ်ကလဲ ဘာလို့ မရတာလဲလို့ မေးတော့… သူက မရဘူးပဲ တွင်တွင်ပြောနေတယ်… နောက်မှ ကိုရီးယားမိန်းမကြီးတစ်ယောက်ရောက်လာပြီး ဒါသူတို့ Airline Policy တဲ့ ခရီးသည် တစ်ဦး အိတ်တစ်လုံးတဲ့… (အစကတည်းက သိခဲ့ရင် အိတ်အကြီးကြီးထဲ ၂၃ ကီလို အပြည့်ထည့်လာမှာပေါ့…) ဒါနဲ့ ကျွန်မတို့ကလဲ အဲဒိ Policy က ဘယ်မှာရေးထားလို့လဲ… Policy ဆိုရင် ပြပါပေါ့… သူထွက်သွားပြီး ဘယ်က စာရွက်လဲမသိဘူးယူလာပြီး One Luggage Policyဆိုတာကို ပြတယ်… သူကလဲ ဟို ချိုင်းနားမ လောက် Attitude က မရိုင်းပေမဲ့… စိတ်ရှည်ရှည်နဲ့ Served နေတဲ့ပုံစံတော့ မဟုတ်ဘူး… ကျွန်မတို့က booking confirmation မှာ ဘာမှမရေးထားဘူးဆိုတော့ သူက အဲ့ဒါတော့ Booking လုပ်တဲ့ Website ရဲ့ problem တဲ့… ဒီတော့လဲ ကျွန်မတို့ ဘာတတ်နိုင်မှာလဲ.. ကောင်းပြီရတယ်… ဒါဆို တစ်ဦး တစ်အိတ် ပေါ့… အိတ်တွေက ချောင်နေတာပဲ တစ်အိတ်ထဲ ပေါင်းထည့်ပြီး နောက်တစ်အိတ်ကို အလွတ်သယ်သွားတာပေါ့…
စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ သူတို့ Policy ဆိုတော့လဲ ဘာတတ်နိုင်မှာလဲ… မကြိုက်ရင် နောက်မစီးရုံပေါ့…
ဒါနဲ့ ဘီးပါတဲ့ Luggage က ဆွဲသွားရ အဆင်ပြေတော့ ဘီးမပါတဲ့ ခရီးသွားအိတ်ထဲကိုပဲ အားလုံးပေါင်းထည့်လိုက်တယ်… ဆွဲသွားမဲ့ Luggage အလွတ်ထဲကိုပဲ ကျွန်မ လွယ်ထားတဲ့ ကင်မရာထည့်တဲ့ ကျောပိုးအိတ်ကို ထည့်လိုက်တယ်… ဒီတော့ ကျွန်မ စလင်းဘတ်နဲ့ ဆွဲသွားမဲ့ Handcarry Luggage ရယ်ပဲကိုင်ရတော့မှာပေါ့…
ခရီးစသွားကတည်းက ဒီ Ahjumma ၃ယောက်က အဲ့လို ပြဿနာနဲ့စတာ… တစ်ယောက်သောသူကတောင် လိုက်ပို့ရင်း ငါတော့မြင်ယောင်သေးတယ်ဆိုပြီး ပြောနေတယ်… ၃ယောက် စပြီး Whatsapp ထဲမှာ Group ချက်နဲ့ ပြောကြကတည်းက တစ်ခါတစ်လေ တစ်ယောက်တစ်မျိုးနဲ့ အငြင်းပွားလိုက်ကြ ပြန်တည့်သွားလိုက်ကြနဲ့ဆိုတော့ စပ်စပ်ထိမခံသုံးယောက် သုံးမျိုး ဘယ်လိုတူတူခရီးသွားမလဲဆိုတာကတော့ ကျွန်မကိုယ်တိုင်တောင် အဖြေရှာမရပါ… ဒါပေမဲ့ ခရီးသွားဖော်တွေထဲမှာတော့ ဒီ ၂ယောက်ပဲ ကျွန်မအတွက် အကောင်းဆုံးပဲ… ကျွန်မတို့က အငြင်းပွားပေမဲ့ ကျိုးကြောင်းသင့်ပြောတယ်… ငွေရေးကြေးရေးဆိုရင်လဲ စာရင်းအင်းနဲ့ သေသေချာချာကင်းကင်းရှင်းရှင်း ဖြေရှင်းကြတယ်… သူများတွေအမြင်မှာတော့ ကပ်နေတယ်မြင်ချင်မြင်မယ်… ဒါပေမဲ့ ရေရှည်အတွက်ကျတော့ ကျွန်မတို့ကိုင်တွယ်ပုံက ရှင်းရှင်းလင်းလင်းရှိတယ်…
လေယာဉ်ပေါ်ရောက်တော့ လေယာဉ် Traffic Jam ဖြစ်နေလို့ဆိုလား ထွက်တာ ၄၅ မိနစ် Delay ဖြစ်တယ်… Korean Air သာပြောတယ် ကျွန်မတို့ နောက်ပိုင်းခုံတွေမှာတော့ ဘင်္ဂလာဒေရှ့်တွေ အုပ်စုလိုက်ပဲ… Transit ထင်ပါတယ်… စောင်ရယ်၊ ခေါင်းအုံးရယ်၊ နားကျပ်ရယ်၊ တစ်ခါသုံး ဖိနပ်ရယ် ရတယ်… လေယာဉ်က ၆နာရီလောက် စီးရမှာဆိုတော့ ဘွတ်ဖိနပ်ကြီး ချွတ်ထားချင်တာ အတော်ပဲဖြစ်သွားတယ်… Selfie monopod လေး ဒီခရီးအတွက်ဝယ်ထားတာနဲ့ လေယာဉ်ပေါ်ရိုက်ဖြစ်လိုက်သေးတယ်… သုံးယောက်သား တခွိခွိနဲ့ ဘာတွေ အူမြူးနေကြလဲတော့ မသိပေါ့… လေယာဉ်ထွက်တော့လဲ မြေပဲတို့ လက်သုတ်ဖို့ တာဝါတို့ ပေးပါတယ်… ကျွန်မလဲ ရုပ်ရှင် “Divergent” ကြည့်ဖြစ်တယ်… နောက် ထမင်းလာကျွေးတော့ Bibimbap မှ ပါပါ့မလားလို့… ပါလို့တော်သေး.. Korean Air ပေါ်က Bibimbap ကို Youtube ပေါ်က “Mark Wiens” (မြန်မာပြည်ရန်ကုန်မှာ လမ်းဘေးစာ Review တွေလုပ်တဲ့သူ) ရဲ့ review ကြည့်ပြီး စားချင်နေခဲ့တာ… မဆိုးပါဘူး… စားလို့လဲကောင်းတဲ့အပြင် ဗိုက်လဲပြည့်တယ်… လေယာဉ်ပေါ်က ကျွေးတာ ဗိုက်ပြည့်ပြည့်စားခဲ့တာ ဒီတစ်ခေါက်ပဲရှိတယ်… စားပြီးသောက်ပြီး မအိပ်ချင်လဲ ကြိုးစားအိပ်ရတာပဲ… မနက်ဖြန် တစ်နေကုန် Run ရတော့မှာလေ… အင်နာဂျီ စုထားမှဖြစ်မှာပေါ့…
ရောက်ခါနီးကျတော့ သွားတိုက်ဆေး သွားပွတ်တံ တစ်ခါသုံးလေးတွေ လာဝေပါတယ်… ဟိုရောက်တော့ မနက် ၆နာရီ ၄၅ မိနစ်… ကျွန်မရဲ့ Itinerary နဲ့ ကိုက်ဖို့ဟာလဲ စလာကတည်းက နောက်ကျတာ… ဒီလိုနဲ့ အပြင်ထွက်လာပြီး အိမ်သာမှာ မျက်နှာသစ် သွားတိုက်လုပ်ပြီးမှ KTX လို့ ပြထားတဲ့ ဆိုင်းဘုတ်နောက်လိုက်တာပေါ့… (ကျွန်မရဲ့ Busan 2Days Itinerary ကို ဒီနေရာမှာ လိုချင်ဒေါင်းသွားလို့ရတယ်… မဗေဒါရဲ့ ဖေ့ဘွတ်Page လေးကိုလဲ Like လုပ်ပြီး အားပေးသွားနိုင်ပါတယ်...)
လေယာဉ်ပေါ်က Bibimbap |
ကိုရီးယားရောက် ပထမဆုံး စားဖြစ်သော အရာ.. |
Incheon Airport<-> Busan KTX->
KTX ကောင်တာနားရောက်တော့ KTX ကောင်တာက မဖွင့်သေးဘူး… မြို့ထဲကို သွားတဲ့ သာမာန်ရထားနဲ့… Seoul Station ကိုသွားတဲ့ Express train ပဲရှိတယ်… အဲဒိ ကောင်တာကမိန်းမက KTX က လေဆိပ်ကနေ မသွားဘူး… Seoul Station ကို Express Train စီးပြီးသွားရမယ်… အဲဒိကမှ KTX စီးဖို့ပြောတယ်… ဒါနဲ့ကျွန်မကလဲ ကိုယ်ရှာလာတဲ့ Research မှားတာတော့မဖြစ်နိုင်ဘူး…. အဲဒိသတင်းကို သေသေချာချာကိုတွေ့ခဲ့တာမို့ ဟုတ်ဘူး Incheon Airport ကနေ ပြီးခဲ့တဲ့လကစပြီး Busan ကို KTX တိုက်ရိုက်ရောက်တယ်ဆို ဆိုတော့မှ… သူက ကွန်ပြူတာနဲ့ကြည့်ပြီး KTX ရထားက ၉နာရီ ရမိနစ်မှ ထွက်မှာတဲ့ ကျွန်မတို့ဝယ်လာတဲ့ KR Pass ကို KTX ကောင်တာဖွင့်မှ မေးကြည့်ပါတဲ့… KTX ကောင်တာက သူ့ကောင်တာနဲ့ မျက်နှာချင်းဆိုင်ပဲ ဒါပေမဲ့ မဖွင့်သေးဘူး… သူကတော့ပြောတယ်… အချိန်မကုန်ချင်ရင်တော့ Seoul Station ကို Express train စီးပြီး အဲ့ကမှ ပြောင်းတာ ပိုကောင်းတယ်တဲ့… ဒါပေမဲ့ ကျွန်မတို့အတွက်က Express Train ဖိုး ထပ်ကုန်နေအုံးမှာလေ… ဒါနဲ့ နာရီကြည့်တော့ ရနာရီ ၄၅လောက်ရှိပြီဆိုတော့ နောက်ထပ် ၁နာရီလောက်ကို မနက်စာစားရင်းစောင့်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်…
စောနေသေးတော့ လေဆိပ်ကဆိုင်တွေကလဲ သိပ်မဖွင့်သေးဘူး… A Twosome Place ဆိုတဲ့ ကော်ဖီဆိုင်ပဲဖွင့်တယ်… အဲဒိမှာပဲ ကော်ဖီမှာသောက်ရင်း သုံးယောက်သား အချိန်ဖြုန်းလိုက်တယ်…
၈နာရီ ၄၅မိနစ်လောက်ကျတော့ KTX ကောင်တာဆိုတာကို ကျွန်မထပ်သွားကြည့်တယ်… ဖွင့်နေတာနဲ့ ဝင်မေးတော့ KR Pass က သူတို့ဆီမှာလဲရမှာမဟုတ်ဘူးတဲ့… Information Center မှာ လဲရမှာတဲ့… ဒါနဲ့ အင်ဖိုမေးရှင်း စင်တာကိုလိုက်ရှာတော့ ကျွန်မတို့ ကော်ဖီဆိုင်ကနေ လှမ်းမြင်နေရတဲ့ ကောင်တာ… အဲဒိကောင်တာက မဖွင့်သေးပြန်ဘူး… ဒါနဲ့ ၉နာရီ ၂မိနစ်လောက်ကျတော့ သွားတော့ ဖွင့်နေပြီ… ကျွန်မတို့ရှေ့မှာ အဖြူစုံတွဲတစ်တွဲပဲရှိတယ်… ကျွန်မတို့အလှည့်ရောက်တော့ ဘေးကနေဘာလာမေးတဲ့ ကကြီးကောင်ကို အဲ့ကောင်တာက မိန်းမက စကားပြန်ပြောနေတယ်… ပြီးတော့မှ ကျွန်မတို့ကိုလုပ်ပေးတယ်… ကျွန်မက KTX စီးမယ်ဆိုတော့မှ သူက ရထားက ၉နာရီ ရမိနစ်က ထွက်သွားပြီတဲ့… မမှီတော့ဘူးတဲ့… ကျွန်မသိထားတာက ရထားတွေက မိနစ် ၂ဝခြားတစ်စီးထွက်တာဆိုတော့… ဒါဆို နောက်ရထားက ဘယ်တော့လဲဆိုတော့… သူက နေ့လည် ၁နာရီမှ နောက်တစ်စီးထပ်ထွက်မယ်တဲ့… ကျွန်မတို့ နေ့လည် ၁နာရီထိတော့ အချိန်ကုန်ခံ ထိုင်မစောင့်နိုင်တော့ဘူးလေ… ဒီတော့လဲ Seoul Station ကို Express Train စီးပြီး အဲဒိကမှ KTX ပြောင်းစီးရတော့မှာပေါ့… သူက အဝါရောင် တစ်ကဒ်လေးတစ်ခုထုတ်ပေးတယ်… အဲဒါကို KTX Counter မှာပြပြီး လက်မှတ်လဲယူချေလို့မှာလိုက်တယ်… ကျွန်မလဲ လက်မှတ်တွေခဏခဏလဲနေရတော့ အူကြောင်ကြောင်ပဲ… ဒါပေမဲ့ အဲဒိအတိုင်းပဲမှတ်ထားလိုက်တယ်… ကြည့်ရတာ ခုမှ စဖွင့်တာဆိုတော့ သူတို့ထွက်တဲ့ ရထားချိန်ကို လျော့ထားတယ်ထင်ပါတယ်… ဒါပေမဲ့ ရထားက ၉နာရီ ရမိနစ်ထွက်ရင် ကောင်တာကို ၈နာရီခွဲလောက်တော့ ဖွင့်သင့်တာပေါ့… ဒါမှမဟုတ်လဲ ရထားကို ၉နာရီခွဲ တစ်ချိန်လောက်တော့ ထားပေးသင့်တာပေါ့.. ခုဟာက ရမိနစ်နဲ့ စူပါမန်း တောင် မှီမှာမဟုတ်ဘူး…
KR Pass saver အဝါကဒ်လေး... အဲဒိကဒ်ကို ပြပြီး KTX လက်မှတ်နဲ့ လဲရတယ်... |
Airport Express Train... |
Express Train to Seoul Station
ဒီလိုနဲ့ အဲ့ဒိကောင်တာကနေ Express train Ticket နဲ့ T-Money Card ပေါင်းဝယ်ဖြစ်တယ်… T-Money Card က အထဲမှာ တန်ဖိုးမပါဘူး… ကိုယ့်ဟာကိုယ်ဖြည့်ရမယ်တဲ့… ကျွန်မလက်မှတ်ဝယ်ပြီးတော့ ခပ်သုတ်သုတ်ပဲ Express Train ဂိတ်ကိုသွားကြတယ်… အဲဒိမှာတင်ပဲ ကျွန်မရဲ့ ဒီခရီးအတွက်ဝယ်ထားတဲ့ Monopod လေး ပါမလာတော့တာပဲ… (ကော်ဖီဆိုင်မှာ ကျန်ခဲ့တယ်ထင်ပါတယ်… ဒီခရီးမှာ ပစ္စည်းက ခဏခဏပျောက်)… Express Train အတွင်းပိုင်းက တော်တော်လေးသားနားတယ်… အတွင်းပိုင်းက ဂျပန် Bullet Train လိုပဲ… Bullet Train လောက်တော့ မမြန်ဘူးပေါ့နော်… ရထားလတ်မှတ်စစ်ကောင်မလေးတွေကလဲ ပိန်သွယ်သွယ် ချောချောလေးတွေ… လှိုဏ်ခေါင်းကထွက်ပြီး တောင်တန်းတွေ လယ်ကွင်းတွေ စတွေ့ရတော့ “အော်… ငါတို့ တကယ်ပဲ ကိုရီးယားရောက်လာပြန်ပြီ” ဆိုပြီးတွေးမိတယ်… ရထားထဲက တီဗွီမှာလဲ မြန်မာအကြောင်း ကြော်ငြာနေတာတွေ့တယ်… သိပ်မကြာခင်ပဲ သုံးယောက်လုံးအိပ်ပျော်သွားတော့တာပါပဲ…
KTX Experience from Seoul Station to Busan
အိပ်လိုက်နိုးလိုက်နဲ့ Seoul Station ရောက်တော့ တံခါးတွေဖွင့်တော့မှ ရထားလက်မှတ်စစ် ကကြီးမလေးကိုမေးတော့ ဟုတ်တယ် ဒီဘူတာပဲဆိုတော့ ဆင်းပြီး KTX ကောင်တာကို ရှာပုံတော်ဖွင့်… ကောင်တာရောက်တော့မှ လေဆိပ် အင်ဖိုမေးရှင်းကောင်တာကပေးလိုက်တဲ့ Ticket အဝါလေးထုတ်ပေးတော့ ဒီနေ့စီးမှာလား… ဟုတ်တယ် ခုရထားနဲ့လို့ပြောတော့ လက်မှတ် ၃ဆောင်ထပ်ထုတ်ပေးတယ်… အဝါကဒ်လေးကိုလဲ ပြန်ပေးပြီး အပြန်ကျရင်လဲ အဲဒိ အဝါကဒ်လေးနဲ့ လက်မှတ်ထပ်လဲစီးပါတဲ့… နောက်ရထားထွက်ဖို့ ၁၅ မိနစ်လောက်ပဲလိုတော့တယ်ဆိုတော့ လွတ်မှာကြောက်လို့ အမြန်သွားရတယ်… သူက ရထားတွဲနံပါတ် (Car no. ပြထားတယ်)၊ ခုံနံပါတ် လက်မှတ်မှာ ပါပြီးသား… တွဲက ထိပ်ဆုံးတွဲမို့ အတော်လေးလျှောက်လိုက်ရတယ်…
Queing for KTX ticket at Seoul Station |
ရထားခုံလေးတွေက အတော်ကျဉ်းတယ်… ကျွန်မတို့ Luggage တွေထားလိုက်ရင် ခြေထောက်ချစရာနေရာမရှိတော့ဘူး… Luggage တွေ အပေါ်တင်ဖို့ကျပြန်တော့လဲ Shelf လေးတွေက အဲလောက်လဲ မကြီးဘူး… သူများဆွဲသွားမှာလဲကြောက်သေးတယ်… ဒီတော့လဲ ခြေထောက်ကျဉ်းလဲကျဉ်း.. အိတ်တွေကို ခုံထဲပဲထည့်… ခြေထောက်တင်ပြီးနေလိုက်တယ်… ဒါပေမဲ့ ရထားက လူမပြည့်ပါဘူး… နေရာလွတ်တွေ ရှိတယ်… တွဲအလယ်နားလောက်မှာကျတော့ မျက်နှာချင်းဆို ထိုင်ခုံနေရာမှာ အရှေ့ဘက် Legroom နည်းနည်းကျယ်တာရှိတယ်… ရထားထွက်တော့ အဲဒိမှာ လူမရှိတာနဲ့ အထုတ်တွေ ကိုယ့်နေရာမှာထားပြီး လူတွေချည်း အဲ့မှာသွားထိုင်ကြတယ်… KTX ရထားရဲ့ ကောင်းချက်တစ်ခုက Free Wifi ရတယ်… ကွန်နက်ရှင်လဲကောင်းတယ်… Seoul ကနေ Busan ကို ရထားစီးဖို့ ကြာချိန်က ၂နာရီ ၅၅မိနစ်… အဲဒိအတောအတွင်း Wifi ရှိတော့ မပျင်းရဘူးပေါ့… ဓာတ်ပုံရိုက်ပြီး ချက်ချင်း ဖေ့ဘွတ်ပေါ်တင်ဖြစ်တယ်… ကိုဖေစစ်နိုင်နဲ့လဲ အဆက်သွယ်ရတယ်… သူကလဲ ကျွန်မတို့ အဆင်မပြေမှာစိုးလို့လားသိဘူး မေးရှာပါတယ်… ဖြစ်ရဲ့လား အဆင်ပြေရဲ့လားနဲ့… ကျွန်မတို့ကလဲ အဲဒိ ဘာသာစကားဆက်သွယ်မှုခက်ခဲတဲ့ကြားက သွားနေလာနေရတာကိုပဲ ချောချောခြူခြူမဟုတ်ပေမဲ့ သူ့ဟာနဲ့သူဖြစ်သွားတာကို ခံစားရတာကို ပိုပျော်နေတာ…
Busan ကို ကိုယ့် Itinerary ထဲမှာရောက်ဖို့ လျာထားတာက မနက် ၁ဝနာရီ… တကယ်တန်းရောက်သွားတော့ နေ့လည် ၁၂နာရီ ၁ဝမိနစ်… ကျွန်မတို့ ဟော်တယ်က ရထားဘူတာက ထွက်လိုက်တာနဲ့ တန်းမြင်ရတယ်… Research ရှာတုန်းက ထွက်ပေါက် ၆ က ထွက်ရမယ်ဆိုပြီး တကယ်တန်းကျတော့ ထွက်ပေါက် ၁ နဲ့ အနီးဆုံးပဲ…
Toyoko Inn Busan Station No.1
အင်တာနက်ပေါ်မှာ သူများတွေပြောထားတဲ့အတိုင်းပဲ နေရာက ဘူတာနဲ့နီးပြီး တိုးရစ်ဘတ်စ်ကားဂိတ်လဲရှိသလို မြို့တွင်းစီး ဘတ်စ်ကားဂိတ်နဲ့လဲ နီးပါတယ်… ပေးတဲ့စျေးနဲ့ ရတဲ့အခန်းနဲ့လဲ သူ့ဟာနဲ့သူတန်တဲ့အတွက် မစိုးဘူးလို့ပြောလို့ရတဲ့ ဧည့်ရိပ်သာလေးပါပဲ… ဒါပေမဲ့ ကျွန်မတို့ သဘောမကျတာကတော့ ချက်အင်က ညနေ ၄နာရီမှဝင်လို့ရပြီး ချက်အောက်ကျပြန်တော့လဲ သူများဟော်တယ်တွေထက်စောပြီး မနက် ၁ဝနာရီ ချက်အောက်ရမယ်ပြောပါတယ်… စောစောချက်အောက်ခိုင်းရင်လဲ ချက်အင်အချိန်ကို စောပေးထားပါရော့လား… အဲဒိတည်းခိုခန်းက အခန်းထဲမှာနေခဲ့ရတာဆိုလို့ တကယ်ကိုပဲ ကျောခင်းတဲ့အချိန်တစ်ခုပဲရှိတယ်…
ချက်အင်ဝင်ဖို့အချိန်မဟုတ်သေးဘူးဆိုတော့ အခန်းထဲဝင်လို့မရသေးဘူးပေါ့… Lobby က အိမ်သာမှာပဲ မျက်နှာသစ် အကျီင်္လဲပြီး အထုတ်တွေကို Reception မှာအပ်ပြီး ကျွန်မတို့ရဲ့ ခရီးစဉ်ကို စခဲ့ကြပါတယ်…
First day Lunch with NaengMyun (Cold Noodle)
ပထမဆုံး နေ့လည်စာဝင်စားဖြစ်တဲ့ Busan Station က ခေါက်ဆွဲဆိုင်လေး... |
ဟော်တယ်က ပြန်ထွက်လာတဲ့အချိန်မှာ နေ့လည် ၂နာရီလောက်ဖြစ်နေပြီမို့ နေ့လည်စာတစ်ခုခုစားဖို့ လိုက်ရှာခဲ့ကြပါတယ်… ဒါနဲ့ ဘူတာရှေ့ကဆိုင်မှာပဲ ခေါက်ဆွဲဆိုင်တွေ့တာနဲ့ အဲ့ဒိပဲဝင်ဖြစ်ခဲ့ပါတယ်… ဆိုင်က တစ်ယောက်မှ အင်္ဂလိပ်လိုလဲမပြောတတ်ကြပါဘူး… တစ် နှစ် သုံး လေး တောင် အင်္ဂလိပ်လို မရပါဘူး… မုန့်မှာဖို့လဲ အင်္ဂလိပ် မန်နူးမရှိပါဘူး… ဒါနဲ့ ဆိုင်ရှေ့မှာ သူတို့ Display ထားတဲ့ ခေါက်ဆွဲပန်းကန်းကြီးတွေဆီခေါ်သွားပြီး ခေါက်ဆွဲက ၈၀၀၀ နောက် Set နဲ့ ဝက်နံရိုးဟင်းလိုလိုနဲ့က ၁သောင်းခွဲလို့ပြောပါတယ်… ကျွန်မလဲ ဝက်နံရိုးဟင်းစားချင်ပေမဲ့ ၃ ဆက်မှာလဲ ကုန်မှာမဟုတ်တာ သေချာသိနေတော့ ၁ဆက်တင် ဟင်းက တော်တော်လေးများပါတယ်… ဟင်းတစ်ပွဲနဲ့ ထမင်း ၃ခွက်ရမလားပြောတော့ နားလည်ပုံမရပါဘူး… ၃ ဆက်မှာတယ်ထင်သွားလို့ မနည်းလိုက်ပြန်တားလိုက်ရတယ်… နောက်ဆုံးတော့ စိတ်ရှုပ်လာတာနဲ့ ကဲပါ Local တွေစားနေတာပဲ မှာရလွယ်တာ မှာမယ်ဆိုပြီး အဲဒိ NaengMyun ဆိုတဲ့ အမဲသားခေါက်ဆွဲကို မှာလိုက်ပါတယ်…
NaengMyun ဆိုတာ Cold Noodle မှန်း ပန်းကန်ရောက်လာတော့မှပဲ သိပါတယ်… အေးစက်တောက်နေတာပါပဲ… ရှေ့က Display မှာ ဆိုင်ရှင် Recommend တာက ဘေးက ရေခဲတွေပါအိုင်နေတဲ့ ခေါက်ဆွဲကိုပါ… ကျွန်မတို့က ခေါက်ဆွဲ အေးအေးကြီး မစားချင်လို့ ဘေးက တစ်ခုမှာတာ ဒီဟာကြီးကလဲ အေးအေးကြီးပါပဲ… ကပ်ကြေးတစ်ခုလဲ လာပေးပါတယ်… ခေါက်ဆွဲကလဲ တကယ်ကို ဘုရားစူး သွားနဲ့ဖြတ်ဖို့ ပါးစပ်ထဲ လျှောက်ပြေးနေတယ်ပဲပြောရမလား… လုံးထွေးနေတာပါပဲ… တကယ်ကိုပဲ ကပ်ကြေးဆိုတာကို လိုအပ်လို့ သူတို့လာပေးတာပါ… တစ်လုပ်စားမယ်ဆိုတိုင်း ကပ်ကြေးနဲ့ ဖြတ်ဖြတ်ပြီးမှ စားရပါတယ်….
သူတို့က အစပ်ခံနိုင်ပါ့မလားဆိုတဲ့ပုံမျိုးပြောပါတယ်… ကျွန်မတို့ အစပ် Level က မိုးမျှော်နေတာ သူတို့မသိရှာဘူး… ကျွန်မတို့လို အသားစားသတ္တဝါလူသားတွေအတွက် ပါတဲ့ အမဲသားလေးက တစ်ရှူးစလို ပါးလွှာပြီး တစ်ကယ်ကို ၃ဖတ်ပဲပါပါတယ်… ကြက်ဥ တစ်ခြမ်းလဲပါပါတယ်… ခေါက်ဆွဲတွေနဲ့ Sauce ကတော့ တစ်ပုံတစ်ပင်ပါပဲ… ကိုယ်က ရှမ်းခေါက်ဆွဲတောင် အသားကုန်တာနဲ့ ဆက်မစားတတ်တော့တဲ့သူဆိုတော့ ဒီခေါက်ဆွဲအေးအေးကြီးတွေကို ပိုဆိုးတော့တာပေါ့… (ဒီမှာတစ်ခုပြောချင်တာက သူများနိုင်ငံက အစားအစာ မကောင်းဘူးလို့ ပြောနေတာ မဟုတ်ရပါ… ကျွန်မပါးစပ်နဲ့ မကိုက်လို့၊ ကျွန်မ ခရီးသွားကောင်းတစ်ယောက်မဟုတ်သေးလို့သာ ကျွန်မအမြင်တစ်ခုတည်းနဲ့ရေးခြင်းဖြစ်ပါတယ်)…
အရသာက ဘယ်လိုအရသာလဲ ပြောရမယ်ဆိုရင်တော့… ငရုတ်သီးအစိမ်းမှုန့်ကို သူတို့ ကိုရီးယား ငရုတ်ရည် ခပ်ချိုချိုအရသာနဲ့ ရောစပ်ထားတဲ့အတိုင်းပါပဲ… ကျွန်မတို့က နိုင်ငံခြားသား ဧည့်သည်တွေသူတို့ အစားအစာကို စားနေတာဆိုတော့ ဆိုင်ထဲက ahjumma တွေကလဲ တကြည့်ကြည့်နဲ့ အကဲခပ်နေကြတာပေါ့… Local တွေအရှေ့မှာ သူတို့မုန့်ကို ကိုယ်မကြိုက်ပေမဲ့ မကြိုက်တဲ့ မျက်နှာပြရင် ရိုင်းရာကျမယ်လေ… ပြဿနာက ကိုယ့်ပြဿနာလေ… သူတို့ မုန့်ပြဿနာမှမဟုတ်တာ… ကိုယ်မစားနိုင်တာလေ… ကျွန်မတို့ ၃ယောက်လုံးမကြိုက်ပေမဲ့ မျက်နှာတစ်ချက်မပျက်ပဲ အားပါးတရစားခဲ့ပါတယ်… ကျွန်မကတော့ ပါလာတဲ့ အသားဖတ်လေးတွေလဲကုန်ရော ခေါက်ဆွဲအလွတ်ကို ၃ဇွန်းလောက်စားအပြီးမှာတော့ ဘယ်လိုမှ မစားနိုင်တော့ပါဘူး… ဒါနဲ့ပဲ ရပ်လိုက်ပါတယ်…
NaengMyun (Korean Cold Noodle) |
စားသောက်ပြီးတော့ T-Money Card ကိုဖြည့်ဖို့ စက်လိုက်ရှာပါတယ်… ထွက်လာတဲ့ KTX ဘူတာကို ပြန်တက်ရှာတော့ စက်မတွေ့ပါဘူး… ဟိုမေးဒီမေးနဲ့ C.U ဆိုတဲ့ စတိုးဆိုင်မှာဖြည့်လို့ရတယ်ပြောပါတယ်… CU ကို အတော်လေးရှာအပြီးမှာတော့ CU Convenience Store က ကျွန်မတို့ ဟိုတယ်နဲ့ ဘေးကပ်ရပ်မှာပဲဖြစ်နေပါတယ်… ဆိုင်ထဲမှာ ဆယ်ကျော်သက်အရွယ် ကောင်လေး ၂ယောက် ဆိုင်ထိုင်နေပါတယ်… လူငယ်ကလေးတွေဆိုတော့ အင်္ဂလိပ်လို မဆိုသလောက်လေး ပြောတတ်တာရယ်... သိပ်လဲပြောစရာမလိုတာရယ်ကြောင့် အေးအေးဆေးဆေးပဲပြီးပါတယ်... ကိုယ်က Tourists မို့ သူတို့ကတောင် ပိုစကားပြောချင် လုပ်ပေးချင်တဲ့ပုံပေါက်ပါတယ်..
ဘတ်စ်ကားဂိတ်ဘယ်နားမှာရှိလဲလို့ မေးတော့လဲ အားတက်သရော လက်ညှိုးထိုးပြကြပါတယ်... သူတို့ လက်ညှိုးက ဆိုင်ပြင်ထိုးပြတာပဲရှိတယ် အဖြေတော့လဲ ကျွန်မတို့ သေသေချာချာမရပါ... ဒါပေမဲ့ နားလည်ချင်ယောင်ဆောင်ပြီးတော့ပဲ ကျေးဇူးပဲ ပြောပြီး ထွက်လာလိုက်ပါတယ်... လမ်းရောက်မှ ရှာမတွေ့ထပ်မေးတာပေါ့... ဒီလိုနဲ့ ထင်တဲ့အတိုင်းလမ်းမဘက်အတိုင်းလျှောက်လာရင်း ဘတ်စ်ကားမှတ်တိုင်ကို ရောက်ပါတယ်... အဲဒိကနေ ဘတ်စ်ကား 88-A or 88-B or 101 စီးရင်ရောက်တယ်လို့ ရှာထားတုန်းကရေးထားတာကိုး... ဘတ်စ်ကားဂိတ်က ဆိုင်းဘုတ်ကတော့ အားလုံး ကိုရီးယားလိုတွေပဲရေးထားတော့ ဘာမှ မထူးပါဘူး... ဘတ်စ်ကား ၁၀၁ လာတော့ ကားသမားကို Taejongdae လို့ပြောတော့ ဟိုဘက်ကားလမ်းဆိုတဲ့ပုံမျိုးလက်ညှိုးထိုးပြပါတယ်... ကျွန်မတို့လဲ ကားပေါ်က ပြန်ဆင်းလာတော့ အဲဒိဂိတ်မှာစောင့်နေတဲ့ လူငယ်တစ်ယောက်က အင်္ဂလိပ်လိုစပြောပြီးမေးပါတယ်... ဘာကူညီပေးရမလဲ... ဘယ်သွားမလို့လဲဆိုတော့ Taejongdae ကိုသွားချင်တာဆိုတော့ ဟိုဘက်ကားလမ်းက စီးရမှာဖြစ်ကြောင်း၊ ကားလမ်းကလဲ အလယ်က ကာထားတော့ ဘယ်ကကူးရမလဲမေးတော့ Underground လို့သူကပြောတယ်... ဒါပေမဲ့ ကျွန်မတို့လျှောက်သွားတော့ အပေါ်မှာပဲ မျဉ်ကျားတွေ့တာနဲ့ အပေါ်ကပဲ ကူးဖြစ်သွားတယ်... သူကတော့ အတော်လေး ကူညီချင်တဲ့ပုံပေါက်သလို အင်္ဂလိပ်စကားလဲ အတော်လေးပြောချင်ပုံရပါတယ်... ဘတ်စ်ကားဂိတ်က ကျန်တဲ့သူတွေကတော့ ကျွန်မတို့နဲ့ သူပြောတာကို အားလုံးဝိုင်းကြည့်နေကြလေရဲ့... ဘာပဲပြောပြော အင်္ဂလိပ်လိုပြောတတ်တဲ့လူတစ်ယောက်တွေ့တာ ကိုရီးယားကားထဲက CEO တွေ့တာထက်တောင် အဆင်ပြေသွားပါသေးတယ်...
The road filled with eatery between Bus stop and Taejongdae Park Gate |
ဒီတော့ စာဖတ်သူအားလုံးသိထားရမှာက Taejongdae ပန်းခြံကိုသွားတဲ့ ဘတ်စ်ကားဂိတ်က ရထားဘူတာဘက်ခြမ်းမဟုတ်ဘူး... သူနဲ့ မျက်နှာချင်းဆိုင်ဘက် ကားဂိတ်ဖြစ်တယ်ဆိုတာပါပဲ... ကား ၁၀၁ လာတော့ Taejongdae? လို့ထပ်မေးတော့ ကားသမား ခေါင်းညှိမ့်ပြတာနဲ့ တက်စီးခဲ့ကြတယ်... ကျွန်မတို့လဲကားသမားနောက်ခုံလေးတွေမှာပဲ တစ်ယောက်တစ်ခုံထိုင်ဖြစ်ကြတာပေါ့... မေးရပြုရလွယ်အောင်လေ... ရှာထားတဲ့အထဲမှာ မိနစ် ၄ဝလောက်ကားစီးရတယ်ဆိုတော့ စိတ်အေးအေးနဲ့ စီးနေလိုက်တယ်... နာရီဝက်လောက်ကြာတော့မှ ကားသမားကို တစ်ခါ Taejongdae? ဆိုထပ်မေးတော့... လက်ပြပြီး ကိုရီးယားလိုပြန်ပြောတယ်... ကျွန်မတို့နားလည်လိုက်တာတော့ ရောက်ရင် သူပြောမယ်လို့ပြောတယ်ထင်တာပဲ... ဒါနဲ့ အေးဆေးထပ်ထိုင်နေလိုက်တယ်... ထင်တဲ့အတိုင်းပဲ Taejongdae ရောက်တော့ ကားသမားကြီးက ကျွန်မတို့ကို လှမ်းအော်တယ်... အဲဒိမှာပဲ ဂိတ်ဆုံးပဲထင်ပါတယ်... လူတွေအားလုံးလဲ ဆင်းကြတယ်ဆိုတော့...
ဘတ်စ်ကားကဆင်းလာပြီး ပန်းခြံဘက်လျှောက်တဲ့လမ်းပေါ်က မုန့်ဆိုင်... |
ဒါနဲ့ ကျွန်မတို့ဆင်းလိုက်တာနဲ့ပဲ ပန်းခြံဂိတ်ကြီးကို တောင်ကုံးပေါ်မှာတွေ့ပါတယ်... အဲဒိဂိတ်ကိုတက်ဖို့ သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ကိုရီးယားစားသောက်ဆိုင်တွေအများကြီးပါပဲ... လမ်းဘေးဆိုင်လေးတွေလဲရှိတယ်... လမ်းဘေးမှာ တုတ်နဲ့ထိုးပြီးရောင်းတဲ့ မုန့်တွေလဲရှိတယ်... ရုပ်ရှင်တွေထဲမှာကတည်းက တုတ်ထိုးထားတာတွေ ဘာအရသာရှိလဲ စမ်းကြည့်ချင်တာရော... ခရီးထွက်မှတော့ ဟိုစားဒီစား စားသင့်တော့ အစ်မက ပုံထဲမှာပြထားတဲ့ အလယ်က ဖောင်းဖောင်းဒုတ်ထိုးထားတာကိုဝယ်တယ်... မဗေဒါကတော့ ရှမ်းပြောင်းလိုပဲ ပြောင်းဖူးအမဲဆိုတော့ သူငယ်ချင်းနဲ့ တစ်ယောက်တစ်ဝက်စားမယ်ဆိုပြီး ဝယ်ဖြစ်တယ်... အစ်မဝယ်တဲ့ တုတ်ထိုးထားတဲ့ အလုံးကြီးက တကယ်ကျတော့ အထဲက Hotdog... အပြင်က မုန့်နှစ်ပုံစံမျိုးက ကျတော့ ကိတ်မုန့်လိုလိုကြီး စားရတာ တမျိုးကြီးပဲ... (ဟင်း... ဒီနေ့အတွက်စားရတာ ဘာမှ အဆင်မပြေ)... ကျွန်မတို့ရဲ့ ပြောင်းဖူးပြုတ်ကတော့ စားလို့ရပါတယ်... မြန်မာပြည်က ရှမ်းပြောင်းတွေလို စေးစေးလေးတော့ မဟုတ်ဘူး... မာမာကြီး တစ်စေ့ချင်းစီပဲ... (မြန်မာပြည်က နွားစားပြောင်းတွေလို မာတယ်)...
Beautiful Taejongdae Park
ပန်းခြံဝင်ခါစ Danubi Train ticket booth ကို မရောက်ခင်လမ်း |
ဒီလိုနဲ့ Taejongdae Park ထဲကို ဝင်ခဲ့ကြတယ်... ပန်းခြံဝင်ခ ပေးစရာမလိုဘူး ဒါပေမဲ့ ပန်းခြံကြီးက ကြီးလွန်းတော့ ပန်းခြံတွင်းလမ်းလျှောက်သွားမယ်ဆို တစ်နေကုန်လိမ့်မယ်လို့ ကြားထားတော့ အဲဒိ ပန်းခြံအတွင်းပြေးတဲ့ ကားတွဲလေးရှိတယ်... အဲဒါကို Danubi Train လို့ ခေါ်တယ်...
Danubi Train က March - Oct: 9:30 - 20:00 နဲ့ Nov - Feb: 9:30-19:00 ထိဖွင့်တယ်.
လက်မှတ်က လူကြီး ၂,၀၀၀ won/ အယောက် ၃၀ အထက်အုပ်စုဆိုရင် တစ်ယောက် ၁,၂၀၀ won
ရပ်တဲ့ မှတ်တိုင်တွေက...
Platform -> Taewon Jagal Madang -> Gumyeongsa Temple -> Observatory -> Yeongdo Lighthouse -> Taejongsa Temple -> Platform ဆိုပြီး ပတ်နေတာ...
လက်မှတ်က တစ်နေကုန် ကြိုက်သလောက်စီးလို့ရတယ်...
Danubi Train at Taejongdae Park |
Taejongdae ပန်းခြံအကြောင်း အကျဉ်းခြုံးပြောပြရရင် ဒီပန်းခြံဟာ Busan ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တယ်... အထူးသဖြင့် ကျောက်ဆောင်တွေနဲ့ ကမ်းခြေ၊ ချောက်ကမ်းပါးတွေနဲ့ ပင်လယ်တွေဆုံတဲ့နေရာအဖြစ် နာမည်ကြီးတယ်... အမြင့်ဆုံးအမှတ်က မီတာ ၂၅ဝထိရှိပြီး ထင်းရှူးပင်တွေ နဲ့ တခြားအပင်အမျိုးအစားပေါင်း ၂၀၀ ကျော်ရှိတယ်... ဒီပန်းခြံရဲ့ နာမည်ကို Silla မင်းဆက်(BC57-AD 935) ရဲ့ ၂၉ယောက်မြောက်မင်း နာမည် King TaeJong Mu-Yeol (604-661) ကို အမှီပြုပေးထားတာဖြစ်တယ်... ဘာလို့လဲဆိုတော့ အဲဒိဘုရင်ဟာ ခရီးသွားရတာကို ၀ါသနာထုံသူဖြစ်ပြီး ဒီ Taejongdae Park နေရာဟာ သူမြှားပစ် ရအကြိုက်ဆုံးနေရာတစ်ခုဖြစ်ခဲ့လို့ပါပဲ...
Danubi Train Rate |
Taejongdae Park - Ovservatory Deck
View from Observatory Deck... Very Very Windy place... |
Observatory Deck က မြင်ကွင်း |
Observatory Deck အရှေ့က အမေနဲ့ သားများရုပ်ထု |
အဲဒိ Observatory Deck ရဲ့ ရှေ့မှာ အမေနဲ့ သားများ ကျောက်ရုပ်ထုရှိပါတယ်... အဲဒိ Taejongdae ချောက်ကမ်းပါးကနေ စိတ်ညစ်ညစ်နဲ့ ခုန်ချသေကြောင်းကြံမဲ့သူတွေကိုု လောကမှာ ကိုယ့်ကို ဘယ်လိုအခြေအနေမျိုးမဆို ချစ်တဲ့ မိဘရှိတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ထုလုပ်ထားတယ်လို့ ဆိုပါတယ်... ရည်ရွယ်ချက်ကောင်းပါတယ်... (ကပ်တွေးတတ်တဲ့အတွေးကြောင့်... မိဘစွန့်ပစ်ခံရတဲ့ လူတစ်ယောက်အတွက်တော့ ဒီအရုပ်ကြီးမြင်ပြီး ပိုဝမ်းနည်းပြီး ခုန်ချချင်သွား ဘယ်နှယ့်လုပ်မတုန်း... မဗေဒါကိုက လူ့ဂွစာပါ... သူများအကောင်းလုပ်ထားတာကို)... စတာပါ...
မဗေဒါ မဖောပါဘူး... ဒီမှာ တကယ်ရေးထားတာ... |
Taejongdae Park - Yeongdo Lighthouse
အောက်က ကျောက်ဆောင်ကို ဆက်ဆင်းမလို့... |
ဒီနေရာကတော့ ကျွန်မအကြိုက်ဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ပါပဲ... ပြောရရင် ဒီခရီးတစ်ခုလုံးမှာ အကြိုက်ဆုံးနေရာလို့ ပြောလို့ရပါတယ်... အချိန်တွေသာရမယ်ဆိုရင် အကြာကြီးထိုင်နေချင်ပါတယ်...
ဒီမီးပြတိုက်ကို ၁၉၀၆ ခုနှစ်မှာ ဘူဆန်းတစ်ဝိုက်လာတဲ့ သဘောင်္တွေကို လမ်းပြဖို့ ဆောက်လုပ်ခဲ့တာပါ... ၂၀၀၄ ခုနှစ်မှာ ခုမြင်နေရတဲ့ အသစ်နဲ့ အစားထိုးဆောက်လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ခရီးသွားတွေ အလာများတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်... ဒီ မီးပြတိုက်အပြင် အနုပညာပြခန်းတွေနဲ့ သဘာဝသမိုင်းပြတိုက်တွေလဲရှိပါတယ်... (ကျွန်မတို့ ဝင်မကြည့်ဖြစ်ခဲ့ပါဘူး)... ၃၅ မီတာမြင့်တဲ့ ဒီမီးပြတိုက်က မီးအလင်းဟာ ၄၀ ကီလိုမီတာ အကွာအဝေးထိ မြင်နိုင်ပါတယ်...
မြင်နိုင်ပါတယ် မီးပြတိုက်ပေါ့ ကိုယ့်ရဲ့ဘ၀... |
မီးပြတိုက်ရဲ့ ဘေးဘက် အောက်နားမှာရှိတဲ့ ကျောက်ဆောင်ကြီးကတော့ ဆင်းရတာ ရင်ခုန်စရာ ခြေယားစရာလဲကောင်း ပျော်စရာလဲကောင်းလို့ ကျွန်မအကြိုက်ဆုံးနေရာပါပဲ... (ဆင်းခဲ့သမျှကို ပြန်အတက်ကျတော့ သိပ်မကြိုက်ချင်တော့ဘူးပေါ... :P ) ... အဲဒိ ကျောက်ဆောင်ကြီးနာမည်က Sinseon Rock လို့ ခေါ်ပါတယ်... နတ်သားတွေ နတ်သမီးတွေ လာရောက်အပန်းဖြေလေ့ရှိတဲ့ ကျောက်ဆောင်ကြီးလို့ သတ်မှတ်ခေါ်တွင်တာဖြစ်ပါတယ်... ပိုစိတ်ဝင်စားဖို့ကောင်းတာက ဒီကျောက်ဆောင်ကြီးကနေ ဟိုးအရင်က ဒိုင်နိုဆော ခြေယာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်... အဲဒိ ဒိုင်နိုင်ဆောခြေယာနဲ့ တခြား ရှေးဟောင်းပစ္စည်းတွေကိုတော့ သဘာဝသမိုင်းပြတိုက်ထဲမှ ပြသထားတယ်လို့ သိရပါတယ်...
Danubi Train မီးပြတိုက် မှတ်တိုင်... (ရှေ့က လှေကားအတိုင်းဆင်းသွားရမှာ) |
ဆင်းလိုက်ကြစို့ သူငယ်ချင်း... |
ဒါ Lighthouse ကိုဆင်းတဲ့ လမ်း... |
Lighthouse မရောက်ခင် ဒီနေရာလေး အရင်ရောက်တယ်... |
ကိုရီးယား သဘောင်္သားတွေ ရုပ်ထု... |
လှိုင်းက မောင်.... ကျောက်ဆောင်က ကျွန်မ ဘ၀ချင်းက နီးလေသော်ညား... (ချိုပြုံးသီချင်းကို စာသားနည်းနည်းပြောင်းထားသည်) |
Lighthouse ကနေ ဆက်ဆင်းတဲ့ လမ်းကနေ ပြန်ရိုက်ထားတာ... |
လမ်းမှာ မြင်ရတဲ့ ဟိုဘက်က ရှုခင်း... |
ဆင်းမှာလား တက်မှာလား ပြော... |
Sinseon Rock ကျောက်ဆောင်ကြီးပေါ်ရောက်ပြီ...
|
တောင်စွယ်များ ၀ိုင်းကာ ကာရံထား... အတွေးနဲ့ ၀င်ရောက်ခဲ့မယ်... |
ဟိုဘက်သွားရင် ဟိုရောက်မယ်... ဒီဘက်သွားရင် ဒီရောက်မယ်... |
Taejongsa ဘုရားကျောင်း က ရုပ်ထုတော်... ဘုရားဖူးသွားကြပါအုံး... |
ဒီကျောင်းဆောင်ထဲမှာ ဘုရားရဲ့ ဓာတ်တော်တွေရှိတယ်တဲ့... ဒီထဲက ဘုန်းကြီးတွေ ရွတ်နေတဲ့ ဘုရားစာတွေက မြန်မာ ဘုရားစာတွေနဲ့ ဆင်တယ်... |
ဘုရား ကန်တော့နေသည်... မနှောင့်ယှက်ရ... |
ဘုရားကျောင်းနှင် အမှတ်တရ... |
ဒီဘုရားကျောင်းက အရှေ့မှာပြောခဲ့တဲ့ ဒီကိုလာပြီး မြှားပစ်ရတာ ကြိုက်တယ်ဆိုတဲ့ King TaeJong ရဲ့ နာမည်ကို အစွဲပြုပေးထားတာပါပဲ... ရှေ့မှာပြောဖို့ကျန်ခဲ့တာက ဒီ TaeJong ဘုရင်ဟာ ကိုရီးယားစာကို တီထွင်ခဲ့တဲ့ King Sejong ရဲ့ အဖေပါတဲ့... (ဒါဆို King Taejong ခေတ်က ဘာစာ ဘာစကားသုံးလဲ သိဘူးနော်)... ဘာပဲပြောပြော သူရှိလို့ သူ့သား Sejong ဖြစ်လာတာ... Sejong ဖြစ်လာလို့ ကိုရီးယားစကားဆိုတာ ဖြစ်လာတာ... သူမွေးတဲ့သားက Seoul မြို့လည်ခေါင်မှာ ရုပ်ထုကြီးလုပ်ပြီး မိန့်မိန့်ကြီး ခုထက်ထိထိုင်ပြီး ဓာတ်ပုံအရိုက်ခံ (အဲလေ) ဂုဏ်ပြုခံနေရတာ သူသိရင် သူ့သားအတွက်များ ဂုဏ်ယူမလား သိဘူးနော်... :D ...
ပန်းတွေပွင့်နေပြီ.... |
Hydrangeas ပန်လေးတွေ... (မြန်မာလို ဘယ်လိုခေါ်လဲ မသိ) |
Taejongsa Tample ၀င်ပေါက် |
အပြန်ကျမှ ဂိတ်ပေါက်မှာ ဓာတ်ပုံရိုက်ဖြစ်တယ်... |
ဝင်ပေါက် / ထွက်ပေါက် |
ဒီလိုနဲ့ပဲ Taejongtae ပန်းခြံထဲကနေ Danubi Train စီးပြီး ပြန်ထွက်လာဖြစ်ပါတယ်... ကျွန်မတို့ရဲ့ Itinerary အတိုင်းဆို ညနေ ၄နာရီခွဲ အပြီးပြန်ရမှာ... ခုတော့ မနက်က လေယာဉ်နောက်ကျတာရော KTX ကထင်သလိုမဖြစ်တာရောကြောင့် စီစဉ်လာတာထက်နောက်ကျနေလို့ ညနေ ၅နာရီ ၄၅ မိနစ်လောက်ရှိနေပြီထင်ပါတယ်... ကျွန်မတို့နောက်တစ်နေရာကို ၅နာရီခွဲ ယာထားတာပါ... နောက်တစ်နေရာကတော့ Running Man episode 126 မှာ သွားခဲ့တဲ့ ကိုရီးယား Santorini လို့ တင်စားခေါ်ဝေါ်ကြတဲ့ Gamcheon Culture Village ဖြစ်ပါတယ်...
ရှာလာတဲ့အင်ဖိုအရတော့ Busan Station ကနေ Toseong Station ကို ရထားစီးပါဆိုတော့ ဘူဆန်းဘူတာတစ်ခါထပ်သွားအုံး... ပြီးရင် ပြန်လာအုံးနဲ့ အချိန်မမှီမှာ သေချာသလောက်ဖြစ်နေပါတယ်... ကျွန်မရှာလာတဲ့ မြေပုံထဲမှာဆိုရင် ဘူဆန်းဘူတာအထိ ပြန်သွားနေစရာမလိုပါဘူး... လမ်းသင့်ပါတယ်... ဒီတော့ အချိန်ကို ပိုက်ဆံနဲ့ ဝယ်လိုက်ပြီး တိုက်စီ စီးဖို့ပဲ အားလုံး သဘောတူလိုက်ပါတယ်... ဒီလိုနဲ့ ကျွန်မတို့ရဲ့ Itinerary ကို ဆက်လက် ထိမ်းသိမ်းထားနိုင်ခဲ့ပါတယ်...
Gemcheon Cultural Village နဲ့ Dinner at Famous Jagalchi Fish Market ကိုတော့ နောက်ပိုစ့်တစ်ပုဒ်နဲ့ Day 1 (Part 2) ခွဲလိုက်ပါမယ်... အဆုံးထိ လက်ညောင်းခံ မျက်စိညောင်းခံ ဓာတ်ပုံတွေ တစ်ပုံတစ်ပင်ကြီးကို Scroll လုပ်ပြီး ဖတ်ပေးတဲ့ စာဖတ်သူများအားလုံးကို ဒီက.... အာဘွားးးးးးးးးးးးးးးးးးးး ပါ.....
25 comments :
ကြိုက်တယ် စိတ်ဝင်စားတယ် ဆက်လက်အားပေးနေပါတယ် ချစ်သောမဗေဒါ။
NYN Yum
ကျေးဇူး အများကြီး တင်ပါတယ်... ချစ်သော Yum ... :D
စိတ်ရှည်စွာ အပင်ပန်းခံရေးပေးလို့ အားပါးတရဖတ်လို့ကောင်းလိုက်တာ မဗေဒါရေ အဲဒီ KTX ရထားစီးဖို့ရာက ကောင်တာကလူတွေအလုပ်မဟုတ်တာဖတ်ရတော့ဒေါသထွက်တယ် အဲလိုစစချင်းအဆင်မပြေဖြစ်ရင် ဝိုင်းဆိုစိတ်ရှုပ်သွားပြီး ခရီးထွက်တာ မပြုံးနိုင်မရယ်နိုင်တွေဖြစ်ကုန်ရော ခု Express စီးတုန်းပြုံးပြုံးလေးဓာတ်ပုံရိုက်ထားတာတွေ့တော့ချီးကျူးပါတယ် ကိုယ့်ကိုယ်ကိုလဲ ပြန်ဆုံးမမိတယ် တကယ်တော့ခရီးသွားတယ်ဆိုတာ အခက်အခဲတော့ရှိတာပေါ့နော် အဲဒါကိုတနုံ့နုံ့နဲ့စိတ်ထဲကမထုတ်နိုင်ရင် ခရီးသွားရတာမတန်ဘူး နောက်ဆိုဆင်ခြင်မှ.. Light house မှာရိုက်ထားတဲ့ပုံက နောက်ကပင်လယ်နဲ့ကောင်းကင်ထိနေတာအရမ်းလှတာပဲကွယ် .. မဗေဒါလည်လည်သွားတိုင်း တောလမ်းလျှောက်တာတို့ အခုလိုကမ်းပါးအောက်ထိဆင်းတာတို့တွေ့ရတော့ အားကျတယ် ဝိုင်းက အဲလိုကုန်းဆင်းအလျှောတွေဆို အရမ်းကြောက်တယ် သာမန်လူထက်ကိုပိုကြောက်လို့ အတက်ဆိုအကုန်ရတယ် အဆင်းဆို အမျိုးသားက အဖွားကြီးကိုတွဲသလိုတွဲဆင်းရတယ် ကြာတော့ခရီးသွားတိုင်းအဲလိုနေရာတွေကိုရှောင်လာရတယ် နောက်ကဆင်းတဲ့လူပါရင် ဝိုင်းကြောင့်အကုန်အနှောက်အယှက်ဖြစ်ရလို့.. အဲလိုလူမျိုးခရီးသွားရင်းတွေ့ဖူးလား .. Local ဆိုင်မှာ လက်ဟန်ခြေဟန်နဲ့ဘယ်လိုများမှာစားလဲ ကြည့်တောင်ကြည့်ချင်တယ် .. London မှာ ကိုရီးယားအသိတွေရှိတာတော့ လူငယ်တွေက အမြင်ကျယ်ပြီး ပေါင်းရလွယ်တယ် .. အာဂျီးမားတွေက စပ်စုပြီး အာကျယ်တယ် ရိုင်းသလိုပဲ .. သိပ်လဲလှချင်ကြတယ် .. အဲမှာရော အဲလိုပဲလား
ခင်တဲ့
Wine
ခရီးတွေသွားတာ အရမ်းအားကျတာပဲ ။ဖတ်လို.လဲကောင်း စိတ်ဝင်စားဖို.လဲကောင်း ကိုရီးယားတောင်သွားချင်သွားပီ
အချိန်တွေပေးပီး ရေးလို.ကျေးဇူးပါ မဗေဒါေ၇ :)
အပိုင်း2မြန်မြန်တင်နော်၊
Thank You.. .ပါ...ဆက်ဖတ်ဖို့စောင့်နေမယ်နော်...
အခုလို အသေးစိတ် ပုံပေါ်လာအောင်ရေးပေးထားလို့ ကျေးဇူးပါပဲ..ကိုယ်တိုင်သွားနေရသလိုပါပဲ ....(Y)
ဒီ post လေးကို မှတ်ထား မယ်နောက်လဲ ဖတ်လို့ရအောင်ပါ..(MaTz) ☺
While reading your post, I feel like I am going together with you. It is very nice. Love your travel posts. Keep it up. Waiting for the rest.
SLY
Wow what's a nice post with so many nice photos. You look great too :)
- MK -
ဟမ်မလေး။ မပင်ပန်းဘူးလား။ မဗေဒါတို့ရယ်။ တညလုံးလေယဉ်စီးထားပြီးတဲ့ အပြင် မနက် Seoul ရောက်တာနဲ့ ချက်ချင်းရထားစီးပြီး နောက်တမြို့သွားရတာ တော်ရုံဇွဲနဲ့ တော့ မလွယ်။ မဗေဒါအမကိုတော့ ပိုတောင်လေးစားတယ်။ မနက်လေယဉ်စီး ညလေယဉ်ထပ်စီး ရောက်တာနဲ့ မနားတန်းလည်။ ဟူး။ ကိုယ်သာဆိုရင်အဲ့လောက် အပင်ပန်းခံနိုင်ပါ့မလား မသိဘူး။ မဗေဒါတို့ ၃ယောက်ကတော့ ဓတ်ပုံထဲမှာ လန်းဆန်းပြီး ပျော်ရွှင်နေတာပဲ။ Busan က ရှုခင်းတွေကလဲ အရမ်းလှ။ Btw, ဒီ Post ထဲက မဗေဒါရဲ့ Photo Caption လေးတွေမိုက်တယ်။ :)
နောက်ပြီး မဗေဒါရဲ့ Itinerary တွေက အချိန်အတိအကျနဲ့ တနေရာနဲ့ တနေရာ ပေးထားတဲ့ အချိန်ကလဲ ကွက်တိနော်။ ကိုယ်သာဆိုရင် အဲ့လောက်ထိ အသေးစိပ် စီစဉ်နိုင်မယ် မထင်ဘူး။ ဟီးဟီး။ သွားချင်တဲ့နေရာလေးတွေကို List လုပ်ထားပြီး ဘယ်နေရာ ဘယ်နေရာကို သွားမယ်ဆိုတာလောက်ပဲ။ နေရာတခုမှာ ဘယ်လောက်ကြာကြာ အချိန်ဖြုန်းရမယ်ဆိုတာနဲ့ အဲ့နေရာကို ဘယ်လိုသွားရလဲလောက်သိရင်ပဲ ကိုယ့်အတွက်တော်တော် လုံလောက်နေပြီ။ နောက်ပြီး မဗေဒါတို့က ဘယ်နေရာမှာ ဘာသွားစားမယ်ဆိုတာပါ စီစဉ်သေးတယ်။ တကယ်ပါ။ ရှယ်ပါပဲ။ ကိုယ်ကတော့ အဲ့ဒါတွေကို အိမ်က ဦးလေးကြီးကိုပဲ တာဝန်ပေးထားတယ်။ ဟီး။ အပိုင်း ၂ နဲ့ Seoul အကြောင်း စောင့်ဖတ်နေ မယ်နော်။
I love your travel post as your always share your experiences that will be useful for others like us. And yes, Korean air allows only one luggage but they have service like 2 luggage allowance with double weight, here in Japan, we can ask our traveling agency for that service., especially if we are going back Myanmar. And for Hydrangeas flowers, I don't know them in Burmese but they are called Ajisai in Japan. I am waiting for the rest and I do wish to visit Korea in near future, actually in August. :D
SST
အမြဲပဲ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၀ိုင်းရေ... KTX ကောင်တာက မိန်းမ နှေးတာကတော့လဲ မပြောချင်တော့ပါဘူး... တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလုပ်လုပ်ပုံချင်းက ကွဲတယ်လေ... သူတို့ Culture နဲ့ သူတို့ပေါ့... မြန်မာပြည်ဆို ပိုလို့တောင်ဆိုးသေး... စိတ်ကတော့ Korean Air One Luggage policy ကတည်းက တနုံ့နုံ့ ဖြစ်နေတာ… ဒါပေမဲ့ စိတ်ကို အမြန်ဖြေရတာပေါ့… ကိုယ်ပိုက်ဆံကုန်လာတာ ကိုယ်ပဲ မတန်မှာလေ…
မဗေဒါက အမြင့်တော့ သိပ်မကြောက်ဘူး… ပြီးတော့ အဲလို adventure (တကယ့် adventure သမားတွေကြားရင်တော့ ရယ်လိမ့်မပေါ့) လုပ်ရတာကြိုက်တယ်… အမြင့်မကြောက်ပေမဲ့ ခုနောက်ပိုင်းတော့ amusement park သွားရင် မစီးနိုင်တော့ဘူး မူးတယ်... မြင့်လို့မကြောက်ဘူး လှည့်နေတာကို မုန်းတယ်…
တုန်တုန်ချိချိဆင်းနေတဲ့သူတွေ တခါတစ်လေ လောက်ပဲတွေ့ဖူးတယ်… ဘာလို့လဲဆိုတော့ ၀ိုင်းပြောသလိုပဲ တော်တော်များများက ကြောက်ရင် အစကတည်းက ရှောင်တယ်လေ… အဲဒါလဲကောင်းပါတယ်.. ကိုယ့်ကြောင့်နဲ့ တခြားသူတွေ အနှောင့်အယှက်မဖြစ်ဘူးပေါ့… မလိုအပ်တဲ့ မတော်တဆမှုတွေလဲ မဖြစ်ဘူးပေါ့… ဒါပေမဲ့ ကိုယ်လုပ်ချင်တယ် သွားချင်တယ်ဆိုရင်တော့ အဲဒိကြောက်စိတ်ကို ရအောင် အနိုင်ယူရမှာပေါ့… Freedom from fear ပေါ့… :D
Local ဆိုင်မှာ ခေါက်ဆွဲဈေးပြောတော့ ဖုန်းက ဂဏန်းပေါင်းစက်နဲ့ နှိပ်ပြီး ပြောတာပေါ့… ဟီး… အဲဒိတော့မှ Communication အရမ်းအရေးကြီးမှန်းစ သတိထားမိတာပဲ… သဘောပေါက်သွားရင် အရမ်းပျော်ရတယ်… နားမလည်ရင်လဲ အရမ်း ကလိကလိဖြစ်တယ်… ကိုရီးယား အာဂျီမားတွေအကြောင်း နောက်ပိုစ့်တွေမှာ ပါလိမ့်မယ်… မျှော်… :P
ကျေးဇူးပါ… သွားချင်ရင် အချိန်ပေး ပိုက်ဆံစုပြီး အခြေအနေပေးရင် ဖြစ်အောင်သာသွားပါ…
အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပါ့မယ်.... ကျေးဇူး...
ခုလို ဖတ်ပြီး အသိပေးသွားတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်… နောက်လဲ အမြဲလာဖတ်ပါ… တခြားခရီးသွားပိုစ့်တွေ မဖတ်ရသေးရင်လဲ ဖတ်သွားလို့ရပါတယ်… အသုံးဝင်တယ်ဆိုရင် ကျေနပ်ပါတယ်…
Thank you for reading SLY. I am glad that you are virtually going together with me. I will try to write part 2 by this week. Hope you will visit my blog again.
Thank you so much for your comment. I look fat and dark. I went to Korea and my skin darker... :D ...
လေယာဉ်က အဆင့်နဲ့ အတက်လောက်ပဲ နေရခက်တာပါ…. ကျန်တာကတော့ ရသလို အိပ်လိုက်ရတာပေါ့.. ကအိပ်ယာပေါ်အိပ်သလိုတော့ သက်တောင့်သက်သာမရှိဘူးပေါ့… ဒါပေမဲ့လဲ တစ်ရက်တစ်လေဆိုတော့ ကိုယ့်အင်ဂျင်ကို အပြတ် Run ထားရတာပေါ့… မဗေဒါ အစ်မက ခရီး ၂ခုဆက်နေလို့ ဒီတစ်ခေါက်ခရီးမှာ သူခါတိုင်းလောက် အပင်ပန်းမခံနိုင်ဘူးဖြစ်နေတာ… ခါတိုင်း သူ့ Energy က မဗေဒါထက် ၁၀ ဆလောက်ကောင်းတယ်… ဓာတ်ပုံထဲမှာတော့ လန်းဆန်းပျော်ရွှင်နေတဲ့ အချိန်ရိုက်တာပေါ့… အပြင်မှာတော့ ပင်ပန်းနွမ်းလျ အိပ်ငိုက်နေတဲ့ အချိန်တွေလဲ ရှိပါတယ်… ဘူဆန်းက ရှုခင်းလဲလှတယ်၊ မြို့ခံတွေလဲ ပိုပြီးရိုးသားသဘောကောင်းကြတယ်… ရုပ်ရှင်တွေထဲက လေသံနဲ့ စကားပြောတာကို Danubi Train စပ္ပါယ်ယာမိန်းမ စကားပြောသံမှာ ကြားမိတယ်…
Itinerary က Plan တုန်းကသာ အဲလို အတိအကျ Plan တာ မဟုတ်ရင် တစ်နေရာရောက်ပြီး စီးမြော အချိန်ဖြုန်းတတ်တဲ့ ကိုယ့်အကြောင်းကိုယ်သိလို့… ဒါပေမဲ့ တကယ်တမ်းကျတော့လဲ Strictly တော့ follow မလုပ်ဖြစ်ပါဘူး… ကိုယ့်ဘာသာကိုယ် လိုတိုးပိုလျော့ပြန်လုပ်ရတာပေါ့… စားသောက်မဲ့နေရာတွေကတော့ ကိုယ်ရှာတွေ့တဲ့အထဲက မစားမနေရနေရာတွေဆိုရင်တော့ သေချာ Plan ထဲ ထည့်ရေးထားရတာပေါ့… ပြီးတော့ Damaji Hill လို ဘာမှ လုပ်စရာမရှိတဲ့နေရာကျတော့ ဆိုင်ထိုင်ကို ထိုင်ရမှာဆိုတော့ ပိုက်ဆံအပိုမကုန်အောင် ကြိုပြီး စားမဲ့ Meal တစ်ခုထည့်တွက်လိုက်တာပေါ့.. အဲဒါက Day 2 ကျရင်လာမယ်.. အဲ့နေ့ကလဲ Plan တဲ့အတိုင်းမဟုတ်ပါဘူး…
What does it mean by 2 luggages allowance with double weight??? We booked via website, so noone we can ask for. That's the disadvantage of booking via online... Yeah... I don't think Myanmar have name for this flower? Not sure... you are going there in August? Sound cools.... which city? Busan & Seoul or Seoul only? or Jeju and Seoul? Enjoy your trip... August is pretty near, I am sure I can finish all my travel posts by August... I must faster write...
But anyway, they are more fluent in Japanese language then English....
ကိုယ်တိုင်ပဲရောက်သွားသလိုလို။
စိတ်ရှည်လက်ရှည် မျှဝေတဲ့အတွက်ကျေးဇူးပါရှင့်။
though i don.t really like to read about Korean Movies/Dramas and Celebrities. I like your korea trip travel post. i am your fan of traveling posts waiting to read another days too. I wish I have good traveling partners like your sis and friend. So envy u :D
There are many people who like to read about Korean Movies/Dramas and Celebrities. So I will keep writing about them too. And I know there are a lot of people who doesn't like to read about them. So they can skip them. I am really glad to know you like reading my travel post. My blog is for those who like to read Movies/Drama reviews and talk about Celebrities I like and My Travelling report. I am aware of two difference group of readers for my blog.
All are my readers and I thanks everyone. And I enjoy writing what I am writing. Thank you so much for your honest comment.
လာရောက်ဖတ်ရှု ကွန်မန့်ပေးမှုအတွက် ကျေးဇူးပါရှင့်...
Thanks for sharing, sis!!!
I mean 2 luggage x 23kilo so you can take 46kilo I guess. My friend got such service and it was great as she could carry as much as she want. Take your time for writing the post as my hubby said he is busy in August. :( Anyway, will go one day. Determined. :D I wish I could go both Busan and Seoul. But at least Seoul.
Post a Comment