Monday, July 28, 2014

Free & Easy Korea Day 1 (Part 2): Busan (Gamcheon Culture Village -> Jalgachi Fish Market)



Busan Station နဲ့ Gemcheon Culture Village တည်နေရာ

ဒါက Toasang ဘူတာကနေ Gencheom Culture village ကိုသွားဖို့ မြေပုံ

Taejongdae Park ရဲ့ ရှေ့မှာတင် တိုက်စီလေးတွေရှိတာနဲ့ အဲ့ဒိက တိုက်စီကိုပဲ ငှားလိုက်ပါတယ်… Gamcheon Culture Village လို့ပြောလိုက်တာနဲ့ “Gamcheon Gamcheon” ဆိုပြီး ခေါင်းညိမ့်ပြပါတယ်… ကားသမားကြီးက အင်္ဂလိပ်လို လုံးဝမပြောတတ်ပါဘူး… ဒါပေမဲ့ ကျွန်မတို့နဲ့ စကားပြောချင်ပုံတော့ ရပါတယ်… သူနားလည်တဲ့ ကိုရီးယားနေရာ တစ်လုံးတစ်လေများ ကျွန်မတို့ စကားထဲပါသွားရင် လက်ညိုးထိုးပြတော့တာပါပဲ… ကျွန်မတို့က ညကျရင် Plan ထားခဲ့တဲ့အထဲက (Optional place) Gwangalli Beach ကို မသွားတော့ပါဘူး… နောက်နေ့မနက်စောစောထရမယ်ဆိုတော့ ပြန်တာပဲကောင်းပါတယ်ပြောတာ… သူက Gwangalli Beach ကို လက်ညိုးထိုးပြပါတယ်… ပြီးတော့ ကျွန်မတို့ကို ဘယ်နိုင်ငံကလဲလို့ ကိုရီးယားလို့ မေးပါတယ်… ကျွန်မကလဲ ကိုရီးယားကားကြည့်ထားတဲ့အစွမ်းကြောင့် အားလုံးမဟုတ်ပေမဲ့ ဒီလိုအခြေအနေမျိုးမှာ လူတွေဘာမေးတတ်လဲဆိုတာရယ် နားရည်ဝနေတဲ့ စကားလုံးတစ်ချို့တစ်လေကို စပ်ဆက်ပြီး သူဘာမေးလဲ သဘောပေါက်ပါတယ်… ကျွန်မတို့က “မြန်မာ” လို့ဖြေတော့ သူသိပါတယ်… ကိုရီးယားမှာ တော်တော်များများ မြန်မာ လို့ပြောရင်သိကြပါတယ်… မြန်မာပဲ Open up ဖြစ်လာလို့လား… မြန်မာဆိုတာကို ကိုရီးယားတွေရင်းနှီးနေတာ အကြောင်းတစ်ခုခုရှိလို့လားတော့ မသိပါ… မြန်မာပြည်လာ တိုလ်းနဲ့လာလည်ကြတဲ့ ကိုရီးယားတွေလဲ မြန်မာပြည်ပြန်တုန်းက တွေ့ခဲ့တာ တပုံတပင်ပါပဲလေ… ပြီးတော့ ကျွန်မတို့ စကားဝိုင်းက ညိမ်သွားပြန်ရော… သူလဲ ဘာမှ မပြောတတ်တော့ ဒီလိုပဲ မောင်းနေလေရဲ့… တချို့နေရာတွေ ရောက်ရင်သာ လက်ညိုးထိုးထိုးပြီး နေရာနာမည်ပြောတယ်… တစ်ခါတစ်လေတော့ ကိုရီးယားလိုတွေ အများကြီးသူ့ဟာသူပြောနေတာ ကျွန်မတို့က နားမလည်တော့တော့ သူ့ကိုဒီလိုပဲ ပြူးကြည့်နေလိုက်တော ပြန်ညိမ်သွားပြန်ရော… ကိုယ်လဲ သူပြောတာနားမလည်တော့ စိတ်ထဲတော့ ကလိကလိအောင့်သက်သက်ပေါ့… အဲ့ဒိ အာဂျီရှီကိုပဲ ဆွဲကိုင်လှုပ်ပြီး ငါတို့နားမလည်တာကို ဘာလို့ ကိုရီးယားလိုချည်းပြောနေလဲ အင်္ဂလိပ်လို တစ်လုံးတစ်လေတောင် မသိဘူးလားဆိုပြီး အသည်းယားလာတယ်… ခွိ…



Gemcheon Culture Village from the view of Prance Prince

၆နာရီ၄၅လောက်ကျတော့ Gamcheon Culture Village ကိုရောက်တယ်… Taejongdae Park ကနေ Gamcheon ကို တိုက်စီခ Won 11,100 ကျတယ်… တစ်ယောက်ကို SGD 5 လောက်ပဲကျပါတယ်… Gamcheon Cultural village ကို Taegaukdo Village လို့လဲခေါ်ပါတယ်… နောက်ပိုင်းတော့ Korea’s Santorini, Korea’s Machu Picchu ဆိုပြီးလဲတင်စားပြီးခေါ်ဝေါ်ကြတယ်… သူက အမှန်တော့ ကိုရီးယားစစ်တွင်းကာလတုန်းက စစ်ဘေးဒုက္ခသည်တွေ စုဝေးနေထိုင်ခဲ့တဲ့ ရွာလေးပါပဲ… ဒါပေမဲ့ ဒိထက်ပိုတာကတော့ စစ်ဘေးဒုက္ခသည်တွေမနေထိုင်ခင် ၁၉၀၀ စုနှစ်လောက်ကတည်းက Taegeukdo ဘာသာကို ကိုးကွယ်ကြတဲ့သူတွေ စုပေါင်းနေထိုင်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်… Taegeukdo ဘာသာကလူသိနည်းတဲ့ ဘာသာလေးပါတဲ့… Yin and Yang concept ကို အခြေခံထားတဲ့ဘာသာလေးပါတဲ့… ကိုရီးယားအလံမှာပါတဲ့ အနီနဲ့ အပြာ အလုံးကြီးဟာ Taegeuk ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့အတွက် ကိုရီးယားသမိုင်းအတွက်တော့ အရေးပါခဲ့တဲ့ သင်္ကေတတစ်ခုဖြစ်မယ်လို့ ယုံကြည်ရပါတယ်…

ဒီနေရာလေးက အမှန်တော့ မြို့ပြက တိုက်မြင့်ကြီးတွေနဲ့ ကွာခြားစွာ တစ်ထပ်အိမ်လေးတွေကို တောင်ကုန်းမြင့်လေးတွေပေါ် ဆင့်ကဲဆောက်ထားတာပါပဲ… ရှေ့ကအိမ်ဟာ နောက်ကအိမ်ကို ကွယ်နေတာ တစ်အိမ်မှမရှိပါဘူးတဲ့… ဒါဟာလဲ Taegeukdo ယဉ်ကျေးမှုအရ အားလုံးကို ကောင်းခြင်း စီးပွားလာဘ်လာ မျှဝေတဲ့သဘောအတိုင်း သေချာစီမံဆောက်လုပ်ထားတာပါတဲ့… အရင်က လူသိသိပ်မများတဲ့ သာမာန်ရွာငယ်လေးဟာ ၂၀၀၉ ခုနှစ်မှာ Gancheon’s art-themed makeover ပွဲလုပ်ပြီး အနုပညာကျောင်းသားတွေကို ဖိတ်ကြားပြီး အဲဒိရွာလေးကို ပြင်ဆင်ရေးဆွဲခဲ့တဲ့နောက်မှတော့ ရွာလေးဟာ သက်တန့်ရောင်စုံအိမ်လေးတွေ အပြာရောင်၊ အစိမ်းနုရောင်၊ ပန်းနုရောင်၊ အ၀ါရောင်စတဲ့ လှပတဲ့ အရောင်လေးတွေပေါင်းစပ်တဲ့ အနုပညာလက်ရာမြောက်ရွာလေးအဖြစ် ဓာတ်ပုံဆရာတွေနဲ့ ရုပ်ရှင်ရိုက်ကွင်းနေရာတွေမှာ ခေတ်စားလာခဲ့ပါတယ်… ဒီကနေ တစ်စတစ်စ Tourist တွေကို ဆွဲဆောင်ပြီး အလည်အပတ်လာသူ ဓာတ်ပုံရိုက်သူအများအပြားဖြစ်လာပါတယ်…


ရွာဝင်လမ်းက အိမ်လေး လား Information house လေးလားတော့မသိဘူး...




အေးအေးဆေးဆေးနေရာလေး...

အလည်အပတ်လာသူတွေများလာတာနဲ့အမျှ အဲဒိရွာလေးမှာနေထိုင်နေတဲ့ တစ်ချို့ရွာသားတွေကတော့ သူတို့ ကိုယ်ရေးကိုယ်တာကို ထိခိုက်တယ်လို ခံစားရပါတယ်... အလိုက်မသိတဲ့ အလည်လာသူတွေရဲ့ အော်ဟစ်စကားပြောသံ... သူတို့ အိမ်အတွင်းတွေနဲ့ တခြား ဓာတ်ပုံမရိုက်သင့်တဲ့နေရာတွေကို ရိုက်ကြတာကြောင့် ရွာသား ၃၀၀ လောက်ကတော့ အိမ်တွေကို ဒီတိုင်းပိတ်ပြီး မြို့ပြဘက်ကိုပဲ ပြောင်းရွေ့သွားကြတယ်လို သိရပါတယ်... ဒါပေမဲ့ အဲဒိရပ်ကွက်အကြီးအကဲတွေနဲ့ပေါင်းပြီးတော့လဲ ရွာပိုင် ကော်ဖီဆိုင်၊ မုန့်ဆိုင်လေးတွေဖွင့်ပြီး တိုးရစ်တွေဝယ်ယူစားသုံးတဲ့ အမြတ်အစွန်းကို ရွာမှာနေတဲ့ ရွာသားတွေကို မျှဝေတယ်လို့သိရပါတယ်... အဲဒါကြောင့် နောက်ပိုင်းမှာ ညနေ ၆နာရီနောက်ပိုင်းဆိုရင် တိုးတွေနဲ့လာတဲ့ ဧည့်သည်တွေကို ပေးမ၀င်တော့ပဲ ရွာသားတွေ အေးချမ်းလွတ်လပ်စွာနေထိုင်ခွင့်ရအောင် စည်းကမ်းသတ်မှတ်လိုက်ပါတယ်တဲ့...

အပေါ်က ရွာလေးအကြောင်းက မဗေဒါ ခုစာရေးဖို့ ရှာရင်းမှတွေ့တဲ့အချက်တွေပေါ့... မဗေဒါတို့ ဟိုရောက်တုန်းက မသိဘူး... ကိုယ်ရောက်သွားတော့ ညနေ ၆နာရီ ၄၅မိနစ်... (တစ်ခုရှိတာက မဗေဒါတို့က တိုးနဲ့လာတာမဟုတ်ဘူးလေ)... အဲဒိရွာလေးကို Running Man episode 126 လာရိုက်သွားတာနဲ့ ဓာတ်ပုံထဲမှာ လှလို့ လာချင်တာပဲရှိတာ... အဲဒိရွာလေးမှာ လူတွေတကယ်နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုဆိုတာ အဲ့ဒိရောက်မှ သိတာ... ဒါပေမဲ့ ရွာထဲက တိုက်အိမ်ပုလေးတွေက နံရံဆေးရေးတွေနဲ့ တစ်ချို့တိုက်အိမ်ခေါင်မိုးလေးတွေပေါ်မှာ ငှက်ပေါင်းစုံ အရုပ်လေးတွေလုပ်ထားတာဆိုတော့ သူက တိုးရစ်တွေကို ဆွဲဆောင်တဲ့ ထူးခြားတဲ့အိမ်လေးတွေရှိတဲ့နေရာဆိုလဲ ဟုတ်နေပြန်ရော... အဲလိုအိမ်လေးတွေဆိုတော့လဲ ဘယ်သူက ဓာတ်ပုံမရိုက်ပဲနေနိုင်မလဲနော်... ဓာတ်ပုံရိုက်မယ်ဆိုလဲ သူများအိမ်ရဲ့ ကိုယ်ရေးကိုယ်တာမထိခိုက်အောင်ပဲရိုက်သင့်တာပေါ့...



ငှက်ရုပ်လေးတွေနဲ့ အိမ်...

Gemcheon Culture Village ကိုသွားရင်တော့ သက်တောင့်သက်သာရှိမဲ့ ဖိနပ်ပဲ ၀တ်သွားသင့်တယ်... သူက လမ်းသွယ်လေးတွေအများကြီးရှိသလို အားလုံးက မတ်စောက်တဲ့ လှေကားငယ်လေးတွေနဲ့ ဆက်နေတယ်... ရွာထဲမှာ မျက်စိလည်ဖို့လဲ သိပ်လွယ်တယ်တဲ့... အဲ့ဒါကြောင့် သူတို့ရဲ့ တိုးရစ်လမ်းပြအမှတ်အသားက သစ်သားငါ့ရောင်စုံလေးတွေနဲ့ လမ်းပြထားတယ်တဲ့... သစ်သားငါးရောင်စုံလေးတွေနောက်လိုက်ရင် တိုးရစ်တွေအဲဒိရွာမှာ မြင်သင့်သွားသင့်တဲ့နေရာတွေအားလုံးကို ရောက်မဲ့အပြင် လမ်းမပျောက်တော့ဘူးတဲ့... ကျွန်မတို့ကတော့ အဲဒိတုန်းက အဲဒါတွေ မသိခဲ့ပါဘူး... ဒီလိုပဲ တိုက်စီပေါ်က ဆင်းတာနဲ့ ခြေဦးတည့်ရာလျှောက်သွားတော့တာ.. တွေ့တဲ့လမ်းအတိုင်း အိမ်လေးတွေ ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက်ပြီး တည့်တည့်လျှောက်သွားတာ... Running Man banner နဲ့ ဆိုင်လိုလိုတစ်ခုတွေ့တယ်... Gemcheon Culture village ရဲ့ အမြဲဓာတ်ပုံအရိုက်ခံရတဲ့ ဘောင်းဘီဟောင်းတွေနဲ့အလှဆင်ထားတဲ့ ပန်းအိုးတွေတွေ့တယ်... အဲကနေ ဆက်တက်လိုက်တော့ လမ်းဆုံးသွားရော... အဆုံးမှာ လမ်းပြမြေပုံရှိလို့တော်သေးတယ်... လမ်းပြမြေပုံကလဲ "You Are Here" ဆိုတာတွေ့ဖို့ မနည်းလိုက်ရှာရတယ်... တွေ့တော့မှ ဘယ်ဆက်သွားရကောင်းမလဲရှာရင်းနဲ့... View Point Photospot ဆိုတာကိုတွေ့တော့ အချိန်လဲသိပ်မရတာနဲ့ အဲဒိကိုသွားဖို့ဆုံးဖြတ်လိုက်တယ်... အဲဒိကိုသွားဖို့က ဟိုးဘက်ကနေ ရွာတစ်ပတ်ကြီးပတ်ပြီးသွားလို့ရသလို... ကျွန်မတွေ့လိုက်တဲ့ ပြင်သစ်မင်းသားလေးရုပ်တုဘေးက အိမ်ကြိုအိမ်ကြားလမ်းကနေလဲ ဖြတ်လမ်းအတိုင်းဆင်းလို့ရတယ်... ဒါနဲ့ ကျွန်မတို့လဲ အဲဒိလမ်းကြားအတိုင်းဆင်းဖို့ ဆုံးဖြတ်လိုက်တယ်...


အဲဒိတောင်ကုန်းပေါ်ဆက်တက်သွားတော့ လမ်းဆုံးသွားရော...


လူတိုင်းဓာတ်ပုံရိုက်ကြတဲ့ ဘောင်းဘီဟောင်းတွေနဲ့ လုပ်တဲ့ ပန်းအိုး...


running man bunner နဲ့ ဆိုင်...

ရွာလေးကတော့ တိတ်ဆိတ်ပြီး အဲဒိအချိန်မှာ လူသွားလူလာအတော်နည်းတယ်... ညနေခင်းလေလေးကလဲ တောင်ကုန်းလေးပေါ်ကို တစ်ချက် တစ်ချက်တိုက်တယ်... ကျွန်မတို့ မြေပုံကြည့်ခဲ့တဲ့အတိုင်း ပြင်သစ်မင်းသားလေးရုပ်ထုကိုတွေ့တော့ အဲဒိနားမှာ ဓာတ်ပုံခဏရိုက်ခဲ့သေးတယ်.... ရုပ်ထုလေးက တစ်ကယ်တော့ ရွာကအိမ်လေးတွေကို လှမ်းငေးနေတဲ့ပုံ... သူတို့ ပုံပြင်အရတော့ မင်းသားလေးက သူ့ပျောက်သွားတဲ့ မြေခွေးလေးကို ရှာနေတာတဲ့... (အဲဒိပုံပြင်တော့ အစအဆုံးဇာတ်လမ်းမသိ... ရှာဖို့လဲပျင်းတယ်... သိချင် Google လိုက်နော်)... အရုပ်က လမ်းဘက်ကို ကျောပေးထားတာ သူမျက်နှာပေးထားတဲ့ဘက်က ရိုက်လို့မရဘူး ရှေ့မှာ ရပ်စရာ မြေမရှိဘူး ဒီတော့ ဘေးကပဲရိုက်ရတယ်... သိတဲ့အတိုင်း လှတပတ ဘေးဘက်က ရိုက်တော့ အစကတည်းက မပိန်တဲ့ကျွန်မ တလုံးတခဲကြီးတွေထွက်လာတော့တာပေါ့...

မြေပုံထဲမှာ ကျွန်မ မှတ်မိခဲ့တဲ့အတိုင်းပဲ အဲဒိ အရုပ်ရှိတဲ့ ဘယ်ဘက်က လမ်းကျဉ်းလေးအတိုင်းဆင်းရမှာပါ... တကယ်ကို အိမ်ကြို အိမ်ကြား လှေကားလမ်းလေးပါ... လှေကားလေး စစဆင်းဖို့လုပ်တော့ လှေကားထစ်လေးမှာထိုင်နေတဲ့ ခွေးလေးသေးသေးလေးကို ၃ယောက်သား ကြောက်နေပါသေးတယ်... ဟောင်မှာစိုးရိမ်တာပါ... လူနေရပ်ကွက်ဆိုတာကို ကျွန်မတို့ ရိပ်စားမိနေပြီလေ... ကိုယ့်ကြောင့် အသံတွေ ဆူညံသွားမှာစိုးလို့ပါ... ဒါပေမဲ့ ခွေးလေးက ကျွန်မတို့ ဆင်းလာတော့ သူဖယ်ပေးပါတယ်... ဒီလိုနဲ့ အဲဒိလမ်းကျဉ်းလေးတစ်လျှောက် "ဒီလမ်းတွေက ရုပ်ရှင်တွေထဲမှာ မင်းသား/မင်းသမီး တွေကို လူဆိုးတွေလိုက်ရင် ပြေးကြတဲ့ နေရာလေးတွေနဲ့ တူတယ်" လို့ ကိုယ့်ဟာကိုယ် ဇွတ် စိတ်ကူးယဉ်လိုက်တာပေါ့... အိမ်လေးတွေက တစ်ကယ်ကို ကျပ်ကျပ်ညပ်ညပ်လေးရှိတာပါ... တချို့အိမ်လေးတွေရဲ့ အပြင်နံရံမှာလဲ ပန်းချီလေးတွေ ဆွဲထားကြတာတွေ့ပါတယ်... လမ်းသွယ်လေးတစ်ဆုံးဆင်းပြီး ရပ်ကွက်ထဲက ကားလမ်းပေါ်ပြန်ရောက်ပြီး နည်းနည်းဆက်ဆင်းတော့ Wriggling Village ဆိုတဲ့ သစ်သားတွေနဲ့ သရုပ်ဖော်ထားတဲ့နေရာကိုရောက်ပါတယ်... ဒီဇိုင်နာက ဒီရွာလေးဟာ ရုတ်တရက်ကြည့်ရင် ပြွတ်သိပ်ကျပ်ညက်ပြီး စိတ်ကျဉ်းကျပ်စရာကောင်းရင်ကောင်းနေပေမဲ့ တကယ်တော့ ဒီရွာထဲက အိမ်လေးတွေက တစ်ဦးကိုတစ်ဦး တရင်းတနှီး အမှီသဟဲပြုပြီး ထောက်ပံ့နေတဲ့အလား၊ အေးအတူပူအမျှ ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နေနေကြတယ်ဆိုတာကို သရုပ်ဖော်ဒီဇိုင်းထုတ်ထားခဲ့တာပါတဲ့... အဲဒိ Wriggling Village ဆိုတဲ့ သစ်သားသရုပ်ဖော်နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ Viewpoint ဆိုတဲ့ လသာဆောင်အပွင့်တိုက်လေးရှိတာပါ... အဲဒိတိုက်ပေါ်မှာ Running Man ရိုက်သွားတာပါ... မဗေဒါက Gemcheon Culture Village ကို Running Man လာသွားတာပဲသိတယ်.. အဲဒိ အပိုင်းကို အဲဒိတုန်းက မကြည့်ရသေးပါဘူး.. (ခုတော့ ကြည့်ပြီးပါပြီ) အဲဒိကနေ မော့ကြည့်ရင် အပေါ်က တိုက်အိမ်ပု အထပ်ထပ်လေးတွေကို ကောင်းကောင်းမြင်ရပါတယ်...


ဒီ ပန်းချီကားလေး နံရံမှာရေးထားတာ လှတယ်... ကြောင်လေးတွေလဲ အဲ့နားမှာ အိပ်နေတယ်...


အိမ်ကြို အိမ်ကြား ဖြတ်လမ်း...


နံရံ ဆေးရေးပန်းချီ


Wiggling Village Art work


Wiggling Village ကို ရှင်းပြထားတာ...

ကျွန်မတို့လဲ မှောင်ရီပြိုးပြလာတာနဲ့ ခရီဆက်ဖို့ ပြင်ပါတယ်... ဒီရွာထဲမှာ ကျွန်မတို့ ဘယ်လောက် ရွာလည်အုံးမယ်မသိဘူးလေ... အချိန်က မရှိဘူးဆို ၇နာရီခွဲနေလောက်ပြီ... ကိုရီးယားမှာ ၇နာရီဆို သိပ်မမှောင်သေးဘူး... ၇နာရီခွဲလောက်တောင် မှောင်ရီးပြိုးပြပဲရှိသေးတယ်... ဒီလိုနဲ့ ထွက်ဖို့ပြင်တော့ အပေါ်နားမှာ Bus Stop သို့ ၂၀၀ ကီလိုမီတာဆိုပြီး လှေကားလမ်းကျဉ်းလေးပြထားတယ်... ဒါပေမဲ့ ၂၀၀ ကီလိုမီတာကြီးတောင် လှေကားလဲ မတက်ချင်ပဲ အပျင်းကြီးတော့ ဒီကားလမ်းအတိုင်းလျှောက်လို့ လမ်းဆုံးရင် လမ်းမကြီးပေါ်ပြန်ရောက်မှာပဲဆိုတဲ့အတွေးနဲ့ အောက်ပဲ ဆက်ဆင်းဖြစ်ခဲ့ပါတယ်.... လမ်းမှာ အိမ်ထဲကနေ ထွက်ရပ်ပြီး ဆေးလိပ်သောက်နေတဲ့ အာဂျီရှီကို ဘတ်စ်ကားဂိတ် ဘယ်မှာလဲဆိုတာကို ဒေါင်းလုပ်ဆွဲလာတဲ့ Korean lite ဆိုတဲ့ App နဲ့ မေးဖြစ်ပါတယ်... ဒါပေမဲ့ ခက်တာက အဲ့ဒိ App က တစ်ဖက်ပဲရတယ်... သူက ကိုရီးယားလိုတွေလဲ ပြန်ပြောရော ကျွန်မတို့လဲ မျက်လုံးလေးတွေ ပြူးပြီး " . . . " ဖြစ်နေတာပေါ့.. ဘာမှမှ နားမလည်တာ... ဒါနဲ့ပဲ သူတို့ လက်ညိုးထိုးတဲ့ဘက်ကို ဆက်လျှောက်မယ်... ပြီမှ နောက်တစ်ယောက်ထပ်မေးမယ်ဆုံးဖြတ်ပြီး ကျေးဇူးတင်စကားပြောပြီး ထွက်လာဖြစ်တာပေါ့... လမ်းဆုံးတော့ လမ်းမပေါ်တော့ရောက်သွားတယ်.. ဘတ်စ်ကားမှတ်တိုင်သေးလေးတစ်ခုတွေ့တော့ ၀င်ကြည့်တယ်... သိနေသော်လည်း ရလို့ရညား မှတ်တိုင်က ဆိုင်းဘုတ်ကို သွားဖတ်တယ်... အားလုံး ကိုရီးယားလိုတွေချည်းပဲ... ဒါနဲ့ မှတ်တိုင်ဘေးက ဆေးဆိုင်ကို ၀င်မေးတယ်... ဆေးဆိုင်ဆိုတော့ အင်္ဂလိပ်လိုပြောတတ်တဲ့သူ ရှိကောင်းရှိညားပေါ့...( ဒေါက်တာ Park Hoon နဲ့တွေ့ရင်တော့ ပွဲပြီးပြီ... :P )...

လှေကားတက်ရမှာကြောက်လို့ အဲ့လမ်းက မသွားခဲ့ဘူး...

ကြယ်တာယာတွေ မြင်ချင်လား... 

Photo point (Running man လာရိုက်သွားတဲ့ နေရာကနေ ရိုက်ထားတာ)

Dr. Park Hoon နဲ့တော့ မတွေ့ဘူး... အာဂျီရှီနောက်တစ်ယောက်နဲ့ တွေ့တယ်... ဒါပေမဲ့ သူက Park Hoon ထက်တော့ ပိုအသုံးကျမယ်ထင်ပါတယ်... ကျွန်မတို့ဘာမေးလဲဆိုတာလဲ သိတယ်... ပြီးတော့ သူ့ဆေးခန်းထဲက Post it စာရွက်လေးနဲ့ စီးရမဲ့ ဘတ်စ်ကားနံပါတ်ကို အင်္ဂလိပ်လိုရေးပေးတယ်... 2-2 or 1-1 ကျွန်မတို့သွားချင်တဲ့ Jagalchi fish market ကို ၂ ဂိတ်ပဲတဲ့... ခြေဟန်လက်ဟန် မတောက်တစ်ခေါက် အင်္ဂလိပ်စာ ၁လုံး ၂လုံး... ကျွန်မတို့ မေးတာကို ခေါင်းခါ ခေါင်းညိမ့်နဲ့ တော်တော်လေး အဆင်ပြေသွားတယ်... ဘတ်စ်ကားမှတ်တိုင်က ဟိုဘက်အခြမ်းဘက်မှာ အဲဒိမှာက မှတ်တိုင်ပုံတောင် မပေါက်ဘူး... အမိုးအကာလဲ မရှိဘူး... အဲ့နားသွားတော့မှ ဆိုင်းဘုတ်လေးတွေ့တာ... ဒါနဲ့ စောင့်နေတုန်းရှိသေးတယ်... မိုးက ရွာတယ်... အစကတော့ ဖွဲဖွဲလေးပဲ.. ဒါပေမဲ့ တဖြည်းဖြည်းနည်းနည်းများလာတယ်.. သည်းသည်းမဲမဲတော့ မဟုတ်ပါဘူး... ဒါပေမဲ့ စိတ်ရှုပ်လာတာပေါ့... အစကတည်းက ရာသီဥတုချက်လာပါတယ်... အဲဒိနေ့ မိုးရွာမယ်ဆိုတာလဲ သိနေလို့ စကာင်္ပူကနေ တစ်ခါသုံးမိုးကာအကျီင်္တွေ ထည့်လာတယ်... ကင်မရာအိတ်စိုမှာကို ပိုစိုးရိမ်တာ... ဒါနဲ့ မိုးကာထုတ်ချုံလိုက်တယ်... ဘတ်စ်ကားကသာ မလာတာ... တိုက်စီအစိမ်းလေးတွေကတော့ ကိုယ့်ကို မျက်စပစ်ပြနေသလို ဖြတ်ဖြတ်သွားတယ်... နောက်ဆုံးတော့ ၂ဂိတ်ပဲဟာ... တိုက်စီပဲ စီးလိုက်ပါမယ်ဆိုပြီး တိုက်စီစီးဖြစ်တယ်...

ဘတ်စ်ကားဂိတ်

ဒီတစ်ခေါက် တိုက်စီသမားက ဟန်ကျတယ်... အင်္ဂလိပ်လို တော်တော်ပြောတတ်တယ်... သူ့မိန်းမက ဖိလစ်ပိုင်ကတဲ့... လက်ထပ်ထားတာ မကြာသေးဘူးတဲ့... ဓာတ်ပုံတောင် ပြလိုက်သေး... သူကတော့ အတော်အသက်ကြီးပြီ... ဖားမကတော့ ၂၀ ၀န်းကျင်လောက်ရှိမှာပေါ့... သူ့မိန်းမ လှတယ်မဟုတ်လားတဲ့... လှပါတယ်ပဲ ပြောတာပေါ့... ကျွန်မတို့ကို မြန်မာပြည်ကလာတာသိတော့... ဒေါ်အောင်ဆန်းစုကြည် ကို သူသိတယ်လဲပြောသေးတယ်... နောက်ပိုင်းတော့ ကိုယ့်အကြောင်းထက် သူ့အကြောင်းပဲ အရင်မေးပေးလိုက်တယ်... သူ့မိန်းမက ဗီဇာမရသေးလို့ ကိုရီးယားမှာ မဟုတ်ဘူး.. နောက်လလောက်ကျမှ ထပ်သွားခေါ်ရမယ်တဲ့... သူ့မိန်းမကို တော့ ချစ်ပုံရပါတယ်... ဟိုမိန်းကလေးကရော ကကြီးမို့ အထင်ကြီးပြီးယူတာလား... ဟိုမိန်းကလေးကရော တကယ်ချစ်ရဲ့လား... အေးဂျင့်တွေကနေ စပ်ပေးပြီးယူကြတာလား... ဒီလူကြီးကို သူ့ဘ၀ကောင်းစားဖို့ယူတယ်ဆိုရင် သူသစ္စာရှိရှိရော နေနိုင်ပါ့မလား... ကျွန်မအတွေးတွေက အဲဒိ အာဂျီရှီရဲ့ သူ့မိန်းမအကြောင်းပြောပြီး ပျော်နေတဲ့ မျက်လုံးတွေကြောင့် ရပ်တန့်သွားပါတယ်... အို... သူချစ်လို့ လက်ခံတာလဲဖြစ်မှာပါလေ... ဓာတ်ပုံထဲမှာတောင် အနောက်တိုင်းမင်္ဂလာဝတ်စုံနဲ့ ကောင်းကောင်းမွန်မွန်လက်ထပ်ထားသေးတာပဲ... မသိတဲ့သူတစ်ယောက်နဲ့ ကိုယ်မသိတဲ့ သူများ အိမ်ထောင်ရေးကို စိတ်ထဲကနေ မဝေဖန်တာပဲကောင်းပါတယ်ဆိုပြီး စိတ်ထဲက ဝေဖန်မိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်...


Jagalchi Fish Market and Nampo (Busan International Flim Festival) 


Information သိချင် အကြီးချဲ့ကြည့်နော်...
ဒီလိုနဲ့ Jagalchi Fish Market လမ်းရှေ့ကိုရောက်တော့ သူက ချပေးပြီး... ညာဘက်ကတော့ Jagalchi Market အစားအသောက်နဲ့ ပင်လယ်စာတွေရတယ်... ဘယ်ဘက် ဟိုဘက်ကားလမ်းကတော့ Nampo ဈေးဝယ်ထွက်လို့ကောင်းတယ် စားသောက်စရာတွေလဲရှိတယ်တဲ့... သူအဲလိုပြောပြတာကို ကျေးဇူးတင်ပါတယ်... သူသာမပြောရင် ကျွန်မတို့ Nampo ကိုသွားဖို့ သိမှာမဟုတ်ပါဘူး... သူ့ကားခကတော့ Gemcheon Culture Village ကနေ Jagalchi Fish Market ကို Won 4200 ကျပါတယ်... ဒီလိုနဲ့ Jagalchi Fish Market လမ်းထဲကို ၀င်လိုက်တော့ လမ်းတစ်လျှောက်ဆိုင်တွေမှာလဲ Live Seafood တွေရောင်းကြပါတယ်... ဒါပေမဲ့ Fish Market ကိုပဲ ဦးတည်သွားလိုက်ပါတယ်... အချိန်ကတော့ မရှိဘူးဆိုရင် ည ၈နာရီခွဲလောက်ဖြစ်မယ်ထင်ပါတယ်...

ဈေးအောက်ဆုံးထပ်ကတော့ ပိတ်နေပါပြီ... ကျွန်မစိတ်ထဲမှာ ဆိုင်တွေပိတ်သွားရင်တော့ ဒီည ညစာ ဘယ်မှာစားရပါ့တွေးနေရသလို ကိုယ့် ခရီးသွားအစီအစဉ်ထဲမှာပါတဲ့ နေရာတစ်ခု မဖြည့်စီးလိုက်ရသလိုဖြစ်တော့မှာမို့ စိုးရိမ်းစိတ်အနည်းငယ်တော့ ဖြစ်မိပါတယ်... ပင်လယ်စာရောင်းတဲ့ Wet Market လိုဈေးဆိုတော့ ငါးညှီနံ့တွေကတော့ နံပါတယ်... ငါးညှီနံ့မကြိုက်လို့ ငါးတောင် အနံ့လုံးလုံးပျောက်အောင်ချက်မှ စားတဲ့ကျွန်မအတွက်တော့ မကိုက်ပေမဲ့ ခရီးသွားကောင်းတစ်ယောက်ဖြစ်ချင်တာနဲ့ သူတို့ ဒေသစာကို ငါကြိုးစားပြီးစားမှဖြစ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဖိအားပေးပြီးလာခဲ့တာပါ... ဓာတ်လှေကားစီးဖို့ကြည့်တော့ ၅ထပ်မှာ စားသောက်ဆိုင်တွေရှိတယ်ဆိုလို့ ၅ထပ်တက်သွားတာ အပေါ်ရောက်တော့ ဂိုဒေါင်လိုလို ရုံးခန်းလိုလိုတွေနဲ့ လူခြေလဲပြတ်တာနဲ့ ၁ထပ်ကိုပြန်ဆင်းလာကြပါတယ်... အဲဒိက အစောင့်ကလဲ ဘာမှ တတ်တဲ့ပုံလဲမပေါ်တာနဲ့ မမေးတော့ပါဘူး... တော်သေးတာက အဆောက်အဦးလမ်းညွှန်က အင်္ဂလိပ်လိုရှိနေပါတယ်... ဒီတော့ ၂ထပ်မှာတော့ ဈေးနဲ့ တွဲရက်စားသောက်ဆိုင်တွေရှိတယ်လို့ရေးထားတာနဲ့ ကျွန်မရဲ့ စေ့စပ်သေချာတဲ့ သူငယ်ချင်း ခရီသွားဖော်က တက်ကြည့်ရအောင်ဆိုတာနဲ့ တက်ကြည့်တော့ ကျွန်မ ခရီးမသွားခင် သူများ Blog ပေါ်မှာ ဖတ်ဖူးတဲ့ ဆိုင်လေးတွေပါပဲ... ကျွန်မတို့ ၀င်ဝင်ချင်းဆိုင်တစ်ဆိုင်ပဲ လူ ၂၀ိုင်းလောက်ရှိပြီး အဲဒိက အာဂျူမာတွေကလဲ ခေါ်တာနဲ့ ရှုပ်ပါတယ် အားလုံးတူတူပဲဖြစ်မှာပါဆိုပြီး အဲ့ဆိုင်ပဲဝင်စားလိုက်တယ်... ဆိုင်တော်တော်များများကတောင် ပိတ်နေကြပြီလေ...

ကျွန်မတို့အတွက် အင်္ဂလိပ် လိုပါတဲ့ Menu တစ်ခု သက်သက်ပေးပါတယ်... (အဲဒိ Menu ထဲက ဈေးတွေက သူတို့ Local Menu ထဲက ဈေးတွေထက် ဘယ်လောက်ပိုများလဲတော့ မသေချာပါ)... ဒါပေမဲ့ ဒီမလာခင် အလုပ်က ကိုရီးယားသူငယ်ချင်းတစ်ယောက်က အဲဒိဈေးသွားရင် ဈေးဆစ်နော်လို့ သေချာပြောလိုက်တော့ သူတို့ခေါ်ဈေး menu ထဲက ဈေးရဲ့ ထက်ဝက်ကို ဆစ်တာ သိပ်တောင် မဆစ်လိုက်ရဘူး ရပါတယ်.. ငါးဟင်းချိုကို ၃သောင်းခေါ်တာ ၁သောင်းခွဲနဲ့ရပါတယ်... ငါးကင်လဲ ထက်ဝက်ဈေးရပါတယ်.. (ချက်ချင်းပေးတယ်ဆိုတော့ ကျွန်မတို့ ဆစ်လိုက်တဲ့ ဈေးက များများ သွားသလားတော့မသိပါ)... ဒါပေမဲ့လဲ ကိုယ့်အတွက်တန်ရင် ကိုယ်ကြေနပ်တဲ့ဈေးဆိုရင် ဈေးအဆစ်ဘယ်လောက်ဖြစ်လဲ သိစရာမလိုအပ်တော့ပါဘူး.. ကိုယ့်အတွက် တန်နေတယ်ထင်ပြီးတာပါပဲ... အဲဒိမှာက ငါးအစိမ်း Sashimi နဲ့ Oysters တို့ ဘာတို့ တခြား ပင်လယ်စာ အစိမ်းတွေ ရေဘ၀ဲ အရှင်တွေက နာမည်ပိုကြီးပါတယ်... ဒါပေမဲ့ ကျွန်မလဲ ဘယ်လောက်ပဲ ခရီးသွားကောင်းလုပ်ချင် လုပ်ချင် ကိုယ် ငါးဟင်းစားမယ်ဆိုတာတောင် အတော်လေး လွန်လှပါပြီ... ကျွန်မတို့ ၃ယောက်လုံးလဲ အစိမ်းမကြိုက်ကြပါဘူး... ဒါနဲ့ Rockfish Soup ရယ် (Running Man ထဲမှာတော့ Rockfish Soup ဆို သူတို့တွေ အားရပါးရ စားနေကြတာတွေ့တာပဲလေ)... နောက် ပုဇွန်ကင်ရယ်မှာတာ... ပုဇွန်က မရတော့ဘူး ငါးကင်ပဲ ယူမလားဆိုတော့ ရတာပဲ ယူလိုက်ပါတယ်... အဲဒိဆိုင်က အာဂျူမာ က ကျွန်မတို့ကို "ဇဘိုင်း ဇီး? ဇဘိုင်း ဇီး?" လို့ လာပြောတော့ ကျွန်မတို့လဲ ဘာမှန်းနားမလည်လို့ လက်တွေဇွတ်ခါဖြစ်တယ်... တော်တော်လေး ဒုက္ခများတယ်... နောက်မှ အဲဒိ အာဂျူမာက Menu ကြီးယူလာပြီး ဟင်းချို အချိုချက်နဲ့ အစပ်ချက်ကိုပြတော့မှ သူ Spicy ကိုပြောနေမှန်းသိတယ်... ကျွန်မတို့က အစပ်ကြိုက်တဲ့သူဆိုတော့ "Yes... We want Spicy" လို့ပြောတာကို သူက သိပ်နားမလည်သေးတဲ့ပုံပေါက်တာနဲ့... ဂျပန်မှာသုံးခဲ့တဲ့ အလွယ်ကူဆုံးနဲ့ သူတို့အနားလည်ဆုံး စကားလုံးကို ထုတ်သုံးလိုက်တယ် "OK... Spicy" လို့ ကျွန်မပြောလိုက်တော့မှ အာဂျူမာ သဘောပေါက်သွားတဲ့ပုံဖြစ်သွားတယ်... ကျွန်မတို့နားမှာလဲ အသက်ကြီးကြီး ဟယ်မိုနီး တစ်ယောက်ကလဲ လာထိုင်နေပြီး ကိုရီးယားလိုတွေထိုင်စကားပြောနေတယ်... ဟုတ်မဟုတ်တော့ မသိဘူး ကျွန်မတို့ နားလည်သလောက်တော့ သူတို့ဆီက လူငယ်တွေက ဆာဂျူရီတွေလုပ်ကြလို့ လူနဲ့ မတူတော့ဘူး ကျွန်မတို့ မျက်နှာလေးတွေက ကျက်သရေရှိတယ်လို့ ပြောချင်တယ်ထင်တယ်... ပြီးတော့ ကျွန်မတို့ရဲ့ နှာခေါင်းလုံးလုံးတွေကို ပြပြီး လက်မထောင်ပြလိုက် ပြီးတော့ သူ့ ပိုက်ဆံတွေကို ပြလိုက်နဲ့ ဒီလို နှာခေါင်းလုံးပိုင်ရှင်တွေက ချမ်းသာမယ်လို့ပြောချင်တာလားတော့မသိ... ကိုယ်လဲ ကိုယ်လိုချင်တာ ဆွဲတွေးတာပေါ့နော်... ခွိ... အဲဒါကြောင့် ဘူဆန်းက လူတွေကို ပိုခင်တာ... ဆိုလ်းကတော့ တကယ်ကို အပေါ်ယံအရေပြားတစ်ထောက်စာကို ပိုဦးစားပေးကြတာများတယ်...


Rockfish Soup and BBQ fish... 

တကယ်တမ်း Rockfish soup ရောက်လာတော့ ငါးညှီနံ့က တော်တော်လေးပြင်းပါတယ်... ကျွန်မ ငါးမကြိုက်တဲ့သူမပြောနဲ့ ကျွန်မအစ်မနဲ့ သူငယ်ချင်းလို ငါးစားတဲ့သူတွေအတွက်တောင် အတော်လေး ညှီပါတယ်... ဒါတောင် ကြိုးစားပြီး ကျိတ်မှိတ်စားသေးတယ်... ဗိုက်ကလဲ အတော်ဆာနေပြီကိုး... နောက်ဆုံးကျတော့ Side Dish အဖြစ်ချပေးတဲ့ အာလူးပြုတ်ကယ်သွားပါတယ်... (စာကြွင်း... တစ်ခါက မြန်မာပြည်ခရီးသွားတုန်းက မြန်မာ ထမင်း၊ဟင်း Main Dish ထက် ဘေးက အပိုပေးတဲ့ ဘာဂျီကြော် ဂေါ်ဘီကြော်တွေနဲ့ပဲ ထမင်းစားနေကြတဲ့ တိုးရစ်တွေ အဖြစ်နဲ့ ငါတို့တူနေပါလားလို့တွေးမိပါသေးတယ်)... ငါးကင်လာချတော့ သိပ်တောင် လက်မရဲဘူး ညှီမှာစိုးလို့... ဒါပေမဲ့ မထင်မှတ်ထားစွာပဲ ငါးကင်က လုံးဝမညှီပါဘူး... အသားတွေကလဲ ကြက်သားစားရသလို အ၀ါးခံပါတယ်... ငါးကင်ကတော့ တကယ်ကို လက်မထောင်ပါတယ်... (စကာင်္ပူက ကိုရီးယား Set တွေမှာတောင် ကျွန်မ အဲ့ငါးမကြိုက်လို့ စားနေကျမဟုတ်ပေမဲ့ အဲဒိဈေးက ငါးကင်ကိုတော့ အတော်လေးကြိုက်ပါတယ်)... ကျွန်မလောက် အစားအသောက် ချေးမများတဲ့ ကျွန်မသူငယ်ချင်းကတော့ ငါးဟင်းကို နှမြောပြီး သူအတော်လေး စားလိုက်ပါတယ်... တကယ်ကိုပဲ ချီးကျူးပါတယ်... အစားအသောက်ချေးများတဲ့ ကိုယ့်ကိုကိုယ်လဲ တကယ်ကို စိတ်ပျက်မိပါတယ်... အဲဒိမှာစားတာ Won ၃သောင်းခွဲလောက် ကျပါတယ်...


Jagalchi Fish Market First floor

အဲဒိကနေထွက်လာတော့ အပြင်မှာ မိုးလေး စွတ်စွတ်ရွာနေသေးတာနဲ့ မိုးကာပြန်ဝတ်ဖြစ်ပါတယ်... ကားသမားပြသွားတဲ့ Nampo ဘက်ကို ကူးပြီး လမ်းတစ်လျှောက်ကြည့်တော့ Busan International flim festival လမ်းထင်ပါတယ်... အဲလိုရေးထားတာပဲလေ... လမ်းပေါ်မှာလဲ နိုင်ငံတကာက ဒါရိုက်တာတွေရဲ့ လက်ဝါးရာတွေ ရှိပါတယ်... အဲဒိလမ်းတစ်လျှောက်တော့ လမ်းဘေးလှည်းစားသောက်ဆိုင်တွေ တောက်လျှောက်ရှိပါတယ်... ကျွန်မတို့လဲ မမှာတတ်တာနဲ့ ၀င်မစားခဲ့တော့ဘာပါ... ရေဘ၀ဲတွေကိုတော့ ဆိုင်တိုင်းလိုလိုမှာတွေ့ပါတယ်... ဒီလိုနဲ့ ဟိုကြည့်ဒီကြည့်ဓာတ်ပုံရိုက်ပြီး Nampo ဘူတာကနေ ရထားစီးပြီး Busan ဘူတာကိုပြန်လာဖြစ်ကြပါတယ်... အဲဒိတော့မှ ဟော်တယ်မှာ ချက်အင်ဝင် အခန်းသော့ယူပြီး ကိုယ့်အခန်းကိုယ်သွား ရေမိုးချိုးပြီး မနေ့ညကတည်းက စလုံးကထွက်လာကတည်းက မနားရတဲ့ ခန္ဓာကိုယ်ကို အပြည့်အ၀ အနားပေးလိုက်ပါတယ်... အနားမပေးခင် ကိုယ့်ဆီမှာပါလာသမျှ အီလက်ထရောနစ်ပစ္စည်းတွေကိုလဲ အာဟာရ ကောင်းကောင်းဖြည့်ပေးရသေးတာပေါ့... နောက်နေ့ သူတို့ကို ထပ်ခိုင်းရအုံးမှာလေ... တီဗွီဖွင့်ကြည့်တော့ You are all surrounded ပြနေပါတယ်...

Nampo

Let's go and explore there

Many Many Street shops



But we have eaten dinner.
Let's take our first Subway in Korea

Toyoko Inn Busan Station No.1 Room
ကိုရီးယား ပထမဆုံးနေ့ ဒီတင်ပြီးဆုံးပါပြီ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေရှင်....

PS. ဒီထဲက ရှုခင်းပုံတော်တော်များများကို ထောင့်စေ့အောင် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တဲ့ ကျွန်မခရီသွားဖော် ၂ယောက်လုံးကို အများကြီး ကျေးဇူးတင်ပါတယ်...

Friday, July 25, 2014

Song Seng Heon (ဂျွန်စော) Arrival to Singapore - 24/07/2014


His Facebook update photo at Korea Airport
အစကတော့ ခရီးသွားပိုစ့်တွေကြားမှာမို့ မရေးတော့ဘူးစဉ်းစားထားတာ… မနေ့ညက Song Seng Heon (ဂျွန်စော) ကိုလေဆိပ်မှာတွေ့ပြီး ရေးချင်လာလို့ ပိုစ့်အတိုလေးတစ်ပုဒ်တော့ ရေးပါရစေ… သူ စကာင်္ပူလာပြီး သူ့ရဲ့ နောက်ဆုံးထွက်ရုပ်ရှင် “Obsessed” Movie Screening ကို တက်ရောက်မှာပါ… Public အတွက်တော့ ရုပ်ရှင်က နောက်လမှာ ရုံတင်မှာပါ… ဒီကားက သူ့ရဲ့ ပထမဆုံး R21 ကားပါ… ဒီတော့ ၂၁ နှစ်အောက်တွေ ကြည့်လို့မရပါဘူး… အမှန်တော့ သူ့ကို Autumn Tale (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ကြည့်တုန်းက Won Bin (ထယ်စောက်) လောက် မကြိုက်ပါဘူး… သူချောတာတော့ လက်ခံပါတယ်… အဲဒိတုန်းက ကိုရီးယား ကားပါး မ၀သေးတော့ ဒုတိယမင်းသားတွေ သနားစရာကောင်းရင် မခံစားနိုင်လို့ပါ… ပြီးတော့ Won Bin ကိုး… စဉ်းစားသာကြည့်တော့…

သူ့ကို ခု သူထွက်ထားတဲ့ “When a man loves” ဆိုတဲ့ကားမှာတော့ တော်တော်လေးကြိုက်မိပါတယ်… သူ့ကိုကြိုက်တာကျတော့ ၁၅၀၀ နဲ့မဟုတ်ဘူး… အစ်ကိုတော်ချင်တာ… ငါ့မှာသာ သူ့လို အကိုရှိရင်….. ဆိုပြီး အတွေးနဲ့ ပျော်နေတာ… (တော်တော် လာဘ်ရွှင်မှာပဲ) ဆိုပြီး… ခွိ… အိမ်မှာ မဗေဒါ့ အစ်မကတော့ သူ့ကို ကြိုက်တယ် ကြိုက်တယ်နဲ့ပြောနေတာ… အသက်ကြီးပေမဲ့ မပျက်စီးပဲ အရမ်းမိုက်တဲ့ မင်းသားကိုး…..

သူ့ကို ဒီနေ့ည City Square Mall မှာ Event ရှိတာကို သွားမယ်တော့ ဆုံးဖြတ်ထားတယ် ဒါပေမဲ့ သူ ဘယ်အချိန်လာမလဲဆိုတာတော့ မသိဘူး… ဒါပေမဲ့ သူ့ Facebook Official Page ကို Like လုပ်ထားတော့ သူတင်ထားတဲ့ “See you soon Singapore” ဆိုပြီး ကိုရီးယားလေဆိပ်မှာ Selfie ပုံရိုက်ထားတာတွေ့တော့ အချိန်တွက်ပြီး လေယာဉ်ကိုစစ်လိုက်တာပေါ့… သူတို့မင်းသားတွေက လာရင် Korean Air နဲ့ပဲ လာကြတာလေ… Korean Air တွေ ဆိုက်ချိန်က ရုံးချိန်တွင်းမဟုတ်လို့ ၀မ်းသားထှာ…

ရုံးဆင်းတော့ အိမ်ပြန် ကင်မရာယူပြီး လစ်တာပေါ့… Flight info detail ကိုလဲ facebook ပေါ်တင်လိုက်ပါသေးတယ်… လာချင်တဲ့သူ လာလို့ရအောင်… ကျွန်မရောက်တဲ့အချိန်က ၆နာရီ ၅၀လောက်ရှိနေပြီ… အလုပ်က ကျွန်မနဲ့ ၀ါသနာတူ စလုံးမလေးကိုလဲ ခေါ်ထားတော့ သူက အလုပ်ကနေတန်းသွားတော့ ရောက်နှင့်နေပြီ… သူ့အတွက်ကတော့ ပထမဆုံး ဒါမျိုးလာဖူးတာပဲ… ကိုယ်က အတွေ့အကြုံအရဆိုတော့ ဆရာလုပ်ရတာပေါ့… ဒါပေမဲ့ လူသိပ်မများတော့ စိတ်တော့ သိပ်မပူရဘူး… ရဲတွေက အကာတွေ ကာလိုက်တော့ လူတွေက… “ဘယ်သူလာမှာလဲ … ဘယ်သူလာမှာလဲ” နဲ့ လာမေးကြတာ သိပ်စိတ်မရှည်ဘူး.. အဲ့မှာလဲ ပိုစတာအကြီးကြီး သူ့ Fan တွေ ယူလာတာ မတွေ့ကြဘူးလားမသိ… မပြောချင်တာက သူတို့က တကယ်ကြိုက်လို့လာတာမဟုတ်ပဲ ခရီးသွားဟန်လွှဲ ကြုံလို့ ၀င်ကြည့်မဲ့ဟာတွေလေ… လာရတဲ့လူတွေ နေရာ ၀င်ယူမဲ့ဟာတွေ…. မကြိုက်ရင်လဲ ကြည့်မနေနဲ့ပေါ့… တကတည်း… ၄ ခါလောက်မေးခံရတယ်…

Flight landed လို့ပြတဲ့အထိ Belt က မလည်သေးတော့ဘာများလဲလို့… ကျွန်မတို့က ဒီတစ်ခါကျတော့ မှန်နားမှာ မစောင့်ပဲ ကာထားတဲ့ လမ်းဘေးမှာ စောင့်တာလေ… ဒါမှ မှန်မခြားပဲ သူ့ကိုမြင်ရမှာပေါ့… ဒါပေမဲ့ လူတွေ အိတ်စောင့်နေပြီဆိုတော့ မသကာင်္တာနဲ့ ကျွန်မလဲ သူငယ်ချင်း စလုံးမကို နင်ဒီမှာ ခဏနေရာယူထား ငါသွားကြည့်လိုက်အုံးမယ်ဆိုပြီး မှန်နားသွားတော့ ထင်တဲ့အတိုင်းပဲ သူထွက်လာနေပြီ… သူ့ဆီလာတဲ့ သူ့ပရိတ်သတ်တွေက ဆယ်ကျော်သက်ကလေးတွေ နည်းတော့ သိပ်မအော်ကြဘူး… လူနည်းလို့ ဘယ်သူမှ မအော်လို့ တစ်ယောက်မှ စမအော်တာထင်တယ်… ကျွန်မလဲ အမိအရ Video ရိုက်တာပေါ့… ပြီးတော့သူက တခြားမင်းသားတွေလိုမဟုတ်ဘူး… Belt မှာ အိတ်စောင့်ရင် ငုတ်တုတ်လေးထိုင်နေတယ်… အတွင်းထဲမှာ သူ့ Fan တွေက သူ့ကို sign ထိုးခိုင်းတာ ထိုင်ထိုးပေးနေတယ်… ဒါနဲ့ ကျွန်မလဲ ကျွန်မသူငယ်ချင်းကို မတ်စေ့ အမြန်ပို့ပြီး ကျွန်မနားခေါ်လိုက်တယ်… “ရောက်နေပြီ” လို့… ဘယ်သူမှ မအော်တော့ အဲဒိနားက လူတွေက သိမှာမဟုတ်ဘူးလေ… သူငယ်ချင်းရောက်လာတော့လဲ အေးဆေးပဲ ကြည့်လို့ရတယ်… သူထွက်လာတော့ မှန်ခန်းထဲကနေ ပရိတ်သတ်တွေကို ပြုံးပြ တာ့တာ ပြတယ်… ထွက်လာပြီဆိုတော့ ကိုယ့်အရင်နေရာ ပြန်ပြေးရတာပေါ့… ဒါတောင် အပေါက်ဝက Fan တွေကို နှုတ်ဆက်နေတယ်ထင်တယ် တော်တော်နဲ့ ထွက်မလာဘူး…

ပြီးတော့ ဘေးဘီ လမ်းတစ်လျှောက်က ဟိုဘက် ဒီဘက် Fan တွေအားလုံးကို လိုက်နှုတ်ဆက်တယ်… စာအုပ်ပေးရင် လက်မှတ်ထိုးပေးတယ်… အစက ဘေးမှာ အလွတ်ကြီးက အဲ့ဒိတော့မှ ပြောင်းကိုင်ထားတဲ့ ကကြီးကောင်တစ်ကောင်က လာတိုးသေး… သူကလဲ ကိုယ်တွေထက်တောင်ဆိုးသေး… သူ့သူငယ်ချင်းဆီက စာအုပ်ယူပြီး လက်မှတ်ထိုးခိုင်းနေတာ… သူလုပ်တော့လဲ ကောင်းတာပေါ့… Song Seng Heon အိုပါးက ကျွန်မ ရှေ့မှာ ကြာကြာရပ်နေတာပေါ့… ကျွန်မလဲ ပေးစရာ စာအုပ်မရှိတော့ ဘာလုပ်ရင်ကောင်းမလဲ ကြံရာမရဖြစ်နေတာ… ဒါနဲ့ ကင်မရာကိုင်ထားတဲ့ ညာလက်ကို အမြန်အားအောင်လုပ်…. ဘယ်လက်နဲ့ ကင်မရာကိုင်ပြီး… သူလာတော့ လက်ပဲ ထုတ်ပေးလိုက်တာ ကျွန်မလက်ကို (အိုမိုင်ရှိသမျှ ဘုရားသခင်….) လက်ဆွဲနှုတ်ဆက်သွားတာ… ဓာတ်လိုက်သွားတဲ့အတိုင်းပဲ…
ဦးနှောက်က Blank ဖြစ်သွားတယ်… ဒူးတွေလဲ တုန်… သူ့လက်က ယောကျာင်္းပီပီသသ ခပ်ကြမ်းကြမ်းပဲ (အလုပ်ကြမ်းလုပ်တဲ့ လက်လောက်တော့ ဘယ်ကြမ်းမလဲ) ဒါပေမဲ့ ခပ် နွေးနွေးလေး... ခြွေးတွေဘာတွေလဲ မရှိဘူး… ချောက်ချောက်လေး… အချိန်ယန္ဒယား (စာလုံးပေါင်းသည်းခံပါ) ကြီး ခဏလောက် ရပ်ထားပေးလို့ရမလား… ဒါမှမဟုတ် ပြန်ရစ်လို့ရမလဲဟင်?

He is right in front of me. (photo credit to my friend Leng Leng)

ကျွန်မကိုလက်နှုတ်ဆက်ပြီးတော့ ဘေးက ကောင်မလေးက ဇွတ်တိုးပြီး သူ့ကို စာအုပ်ထိုးပေးတော့ သူက ယူပြီး လက်မှတ်ထိုးတယ်… ဒီတော့ ကျွန်မနားမှာ သူတော်တော်ကြာတယ်ပြောရမယ်… သူထွက်သွားမယ်လုပ်ပြီးမှ ဘေးက လူဆီက သူ့ ပိုစ့်စကဒ်ပုံလေးတွေယူပြီး စောစောက စာအုပ်ထိုးပေးတဲ့ကောင်မလေးကို ပြန်လှည့်လာပေးတယ်… ကိုယ်ကတော့ မရလိုက်ဘူး… သူလဲ Random ပေးသွားတာဆိုတော့… သူကျော်သွားပြီဆိုတော့ ကိုယ်လဲ ဘေးကနေ လိုက်ပြေးတာပေါ့… လူက တခြားလူငယ်မင်းသားတွေလောက် မများဘူးဆိုတော့ နေရာတွေက ကျန်တယ်လေ… ရှေ့ရောက်တော့လဲ ဘာမှ ပေးစရာမရှိတော့ လက်ပဲ ထပ်ထုတ်ပေးတော့ သူလဲ ထပ်နှုတ်ဆက်သွားပြန်ရော… သူကလဲ မှတ်မိပုံမရပါဘူး… လက်မထုတ်ပေးလို့ နှဖူးလှန်ပြပြီး ဒီမှာ အော်တိုထိုးပေးပါပြောလို့မှ မရတာ… ဒီလိုနဲ့ သူ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ကားနဲ့ထွက်သွားတယ်… အသက်ကြီးတဲ့ မင်းသားတွေက ပရိတ်သတ်ကို မကြောက်သလို လုံခြုံရေးနဲ့ သူ့ အေးဂျင့်တွေကိုလဲ သိပ်မကြောက်ဘူး… သူ့ဟာသူ တည်တည်ငြိမ်ငြိမ်လေး အားလုံးကို လုပ်ပေးသွားတယ်… Hyun Bin ကတော့ VIP ပေါက်က ပြန်တယ်ဆိုပေမဲ့ သူ့ Fan meeting တုန်းကလဲ သူက သိပ်ပြီး ပရိတ်သတ်ကို ကြောက်နေတာတို့ မာန်တက်နေတဲ့ပုံတို့မရှိဘူး… သိပ်ချစ်ပြနေတာတော့ မဟုတ်ဘူးပေါ့… ပုံမှန်ပဲ… Song Seng Heon ကတော့ Hyun Bin ထက် အများကြီး ပိုပြီး Fan Service ကောင်းတယ်… ခုမှ Youtube က တခြားဗွီဒီယိုတွေကြည့်တော့ သူက ဘယ်နိုင်ငံသွားသွားလေဆိပ်မှာ အဲလို ဆိုင်းထိုးပေးနေကျ… ကိုယ်မသိခဲ့တာ နောက်ကျ… ကိစ္စမရှိဘူး ဒီနေ့ည City Square Mall 7:30PM မှာ ထပ်သွားမယ်… ကံကောင်းရင်တော့ အိုပါးနဲ့ ထပ်နီးစပ်ရမှာပေါ့…

သူဘယ်အချိန်ပြန်မလဲ ခန့်မှန်းနေတယ်… သာမာန်တော့ သူတို့ မင်းသားတွေက အစီအစဉ်ပြီးတာနဲ့ ည ၁နာရီလေယာဉ်နဲ့ပြန်တတ်တယ်… သူလဲ အဲဒါနဲ့ ပြန်မလားမသိဘူး… ဒါပေမဲ့ သူက ခုတောင်စောလာတာဆိုတော့ ၁ရက်လောက်တော့ အေးဆေးနေအုံးမလားမသိဘူး… ဒီနေ့ပြန်မယ်ဆိုရင်တော့ ည ၁၀နာရီခွဲ လေယာဉ်တစ်စီးရှိတယ်.. နောက် ည ၁နာရီ တစ်စီးရှိတယ်… ၁၀နာရီခွဲကတော့ မပြန်လောက်ဘူးထင်တယ်… သူ့ Movie Screening ကမှ ၉နာရီခွဲစမှာဆိုတော့… ၁နာရီပဲ လေဆိပ်သွားစောင့်ရကောင်းမလား… ခွိ…. (ရောဂါတက်နေတာ)…
ဒါပဲနော်… မနေ့က ရိုက်လာတဲ့ Video ကို အက်ဒစ်လုပ်၊ Upload လုပ်နေတာနဲ့ မနက် ၂နာရီကမှ အိပ်ဖြစ်တယ်… အိပ်ရေးမ၀လို့ ခေါင်းမူးပြီး စိတ်မကြည်ဘူး… ရေးချင်လွန်းလို့သာရေးရတာ… မဗေဒါ ပထမဆုံး လက်ဆွဲနှုတ်ဆက်ဖူးတဲ့ ကိုရီးယားမင်းသား OPPA Song Seng Heon ကို မဗေဒါ ဘယ်တော့မှ မမေ့တော့ဘူး အမြဲလဲ အားပေးတော့မယ်….


Tuesday, July 22, 2014

Free & Easy Korea Day 1 (Part 1): Airport Express train, KTX and Busan (Taejongdae Park)

ကျွန်မတို့တစ်တွေ ၈ရက်နေ့ည ၁ဝနာရီ၄ဝမိနစ် လေယာဉ်အတွက် ချက်အင်ကို ၉နာရီလောက်ဝင်ခဲ့ပါတယ်… အထုတ်တွေထည့်စဉ်က ၂၀၁၀ သွားတုန်းကလို ဝယ်တာတွေများပြီး အပြန်ဟိုမှာပါ Luggage အသစ်တစ်လုံးထပ်ဝယ်ခဲ့ရတာကို သတိရသွားပါတယ်… ခု အထုတ်ထည့်တော့လဲ ထိုးသိပ်ထည့်ရင်တော့ Luggage တစ်ခုထဲ ဆံ့ပေမဲ့ ဖိနပ်ကလဲ အကြိမ်ကြိမ်စဉ်းစားတာတောင် ၄ ရန်ယူဖို့ ဇကာတင်ကျန်နေတော့ တော်ပါပြီလေ အိတ် ၂လုံးယူပြီး ချောင်ချောင်ချိချိသယ်လိုက်မယ်ပေါ့… ကီလိုက ၂၃ ရတော့ ကီလိုမကျော်တာတော့ သေချာတယ်လေ… ဒါနဲ့ Luggage တစ်လုံး… ခရီးသွားအိတ် (ဘီးမပါ) တစ်လုံးစီ ခွဲထည့်လိုက်တယ်… 

Korean Air
ချက်အင်လဲဝင်ရော ပြဿနာက စတော့တာပဲ… ကျွန်မတို့မလဲလေ ဒီချိုင်းနားတွေနဲ့ကို အကျိုးမပေးဘူးထင်ပါတယ်… ကိုယ်တွေနဲ့ပဲ culture မတူလို့ပဲလား… ပြောပုံဆိုပုံတွေက ကန့်လန့်… ချက်အင်ကောင်တာက အမျိုးသမီးက အသားခပ်ညိုညိုချိုင်းနား အမျိုးသမီး… ကျွန်မတို့ လေယာဉ်လက်မှတ်မှာ အစ်မက သက်သက်ဝယ်၊ ကျွန်မတို့ ၂ယောက်က သက်သက်ဝယ်ထားတော့ တူတူချက်အင်လို့ မရဘူးတဲ့… ဒါကထားပါတော့ သြစီသွားတုန်းက Scoot နဲ့လဲ ကြုံခဲ့တယ်ဆိုတော့ ဘာမှ မပြောလိုဘူး… သူက စကားပြောတာတော့ လေသံရော မျက်နှာပေးရောက ရင့်တယ်… နောက် ကျွန်မအလှည့်ရောက်တော့ ပထမ Luggage က ၈ကီလိုပဲရှိတယ်… ဒုတိယ ခရီးသွားအိတ်က ၆ကီလိုလောက်ပဲရှိတယ်… ဒါပေမဲ့ မရဘူး ၁လုံးပဲရမယ်တဲ့… ပြောတာကလဲ ဒါသူတို့ရဲ့ Policy မို့ပါလို့ မရှင်းပြဘူးနော်… အွန်လိုင်းမှာ ဘွတ်တုန်းကလဲ အွန်လိုင်းက ဝက်ဆိုဒ်မှာ ဘာမှ မရေးထားဘူး… သေချာ ရှိသမျှ လင်ခ့်တွေ ကလစ်လိုက်နှိပ်ပြီး တစ်ခုချင်းစီ Detail ဖတ်ရင်တော့ ရေးထားကောင်းရေးထားလိမ့်မယ်… (ကိုယ်ကလဲ အမြဲ fly နေတာ တစ်ခါမှ ဒါမျိုး Policy မကြားဖူးတော့ သူ့မျက်နှာပေးနဲ့ဆိုတော့ ကိုယ့်ကို လာဖောနေတယ်ပဲထင်တာပေါ့)… ဒီတော့ ကိုယ်ကလဲ ဘာလို့ မရတာလဲလို့ မေးတော့… သူက မရဘူးပဲ တွင်တွင်ပြောနေတယ်… နောက်မှ ကိုရီးယားမိန်းမကြီးတစ်ယောက်ရောက်လာပြီး ဒါသူတို့ Airline Policy တဲ့ ခရီးသည် တစ်ဦး အိတ်တစ်လုံးတဲ့… (အစကတည်းက သိခဲ့ရင် အိတ်အကြီးကြီးထဲ ၂၃ ကီလို အပြည့်ထည့်လာမှာပေါ့…) ဒါနဲ့ ကျွန်မတို့ကလဲ အဲဒိ Policy က ဘယ်မှာရေးထားလို့လဲ… Policy ဆိုရင် ပြပါပေါ့… သူထွက်သွားပြီး ဘယ်က စာရွက်လဲမသိဘူးယူလာပြီး One Luggage Policyဆိုတာကို ပြတယ်… သူကလဲ ဟို ချိုင်းနားမ လောက် Attitude က မရိုင်းပေမဲ့… စိတ်ရှည်ရှည်နဲ့ Served နေတဲ့ပုံစံတော့ မဟုတ်ဘူး… ကျွန်မတို့က booking confirmation မှာ ဘာမှမရေးထားဘူးဆိုတော့ သူက အဲ့ဒါတော့ Booking လုပ်တဲ့ Website ရဲ့ problem တဲ့… ဒီတော့လဲ ကျွန်မတို့ ဘာတတ်နိုင်မှာလဲ.. ကောင်းပြီရတယ်… ဒါဆို တစ်ဦး တစ်အိတ် ပေါ့… အိတ်တွေက ချောင်နေတာပဲ တစ်အိတ်ထဲ ပေါင်းထည့်ပြီး နောက်တစ်အိတ်ကို အလွတ်သယ်သွားတာပေါ့…

စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ သူတို့ Policy ဆိုတော့လဲ ဘာတတ်နိုင်မှာလဲ… မကြိုက်ရင် နောက်မစီးရုံပေါ့…
ဒါနဲ့ ဘီးပါတဲ့ Luggage က ဆွဲသွားရ အဆင်ပြေတော့ ဘီးမပါတဲ့ ခရီးသွားအိတ်ထဲကိုပဲ အားလုံးပေါင်းထည့်လိုက်တယ်… ဆွဲသွားမဲ့ Luggage အလွတ်ထဲကိုပဲ ကျွန်မ လွယ်ထားတဲ့ ကင်မရာထည့်တဲ့ ကျောပိုးအိတ်ကို ထည့်လိုက်တယ်… ဒီတော့ ကျွန်မ စလင်းဘတ်နဲ့ ဆွဲသွားမဲ့ Handcarry Luggage ရယ်ပဲကိုင်ရတော့မှာပေါ့…


ခရီးစသွားကတည်းက ဒီ Ahjumma ၃ယောက်က အဲ့လို ပြဿနာနဲ့စတာ… တစ်ယောက်သောသူကတောင် လိုက်ပို့ရင်း ငါတော့မြင်ယောင်သေးတယ်ဆိုပြီး ပြောနေတယ်… ၃ယောက် စပြီး Whatsapp ထဲမှာ Group ချက်နဲ့ ပြောကြကတည်းက တစ်ခါတစ်လေ တစ်ယောက်တစ်မျိုးနဲ့ အငြင်းပွားလိုက်ကြ ပြန်တည့်သွားလိုက်ကြနဲ့ဆိုတော့ စပ်စပ်ထိမခံသုံးယောက် သုံးမျိုး ဘယ်လိုတူတူခရီးသွားမလဲဆိုတာကတော့ ကျွန်မကိုယ်တိုင်တောင် အဖြေရှာမရပါ… ဒါပေမဲ့ ခရီးသွားဖော်တွေထဲမှာတော့ ဒီ ၂ယောက်ပဲ ကျွန်မအတွက် အကောင်းဆုံးပဲ… ကျွန်မတို့က အငြင်းပွားပေမဲ့ ကျိုးကြောင်းသင့်ပြောတယ်… ငွေရေးကြေးရေးဆိုရင်လဲ စာရင်းအင်းနဲ့ သေသေချာချာကင်းကင်းရှင်းရှင်း ဖြေရှင်းကြတယ်… သူများတွေအမြင်မှာတော့ ကပ်နေတယ်မြင်ချင်မြင်မယ်… ဒါပေမဲ့ ရေရှည်အတွက်ကျတော့ ကျွန်မတို့ကိုင်တွယ်ပုံက ရှင်းရှင်းလင်းလင်းရှိတယ်…

လေယာဉ်ပေါ်ရောက်တော့ လေယာဉ် Traffic Jam ဖြစ်နေလို့ဆိုလား ထွက်တာ ၄၅ မိနစ် Delay ဖြစ်တယ်… Korean Air သာပြောတယ် ကျွန်မတို့ နောက်ပိုင်းခုံတွေမှာတော့ ဘင်္ဂလာဒေရှ့်တွေ အုပ်စုလိုက်ပဲ… Transit ထင်ပါတယ်… စောင်ရယ်၊ ခေါင်းအုံးရယ်၊ နားကျပ်ရယ်၊ တစ်ခါသုံး ဖိနပ်ရယ် ရတယ်… လေယာဉ်က ၆နာရီလောက် စီးရမှာဆိုတော့ ဘွတ်ဖိနပ်ကြီး ချွတ်ထားချင်တာ အတော်ပဲဖြစ်သွားတယ်… Selfie monopod လေး ဒီခရီးအတွက်ဝယ်ထားတာနဲ့ လေယာဉ်ပေါ်ရိုက်ဖြစ်လိုက်သေးတယ်… သုံးယောက်သား တခွိခွိနဲ့ ဘာတွေ အူမြူးနေကြလဲတော့ မသိပေါ့… လေယာဉ်ထွက်တော့လဲ မြေပဲတို့ လက်သုတ်ဖို့ တာဝါတို့ ပေးပါတယ်… ကျွန်မလဲ ရုပ်ရှင် “Divergent” ကြည့်ဖြစ်တယ်… နောက် ထမင်းလာကျွေးတော့ Bibimbap မှ ပါပါ့မလားလို့… ပါလို့တော်သေး.. Korean Air ပေါ်က Bibimbap ကို Youtube ပေါ်က “Mark Wiens” (မြန်မာပြည်ရန်ကုန်မှာ လမ်းဘေးစာ Review တွေလုပ်တဲ့သူ) ရဲ့ review ကြည့်ပြီး စားချင်နေခဲ့တာ… မဆိုးပါဘူး… စားလို့လဲကောင်းတဲ့အပြင် ဗိုက်လဲပြည့်တယ်… လေယာဉ်ပေါ်က ကျွေးတာ ဗိုက်ပြည့်ပြည့်စားခဲ့တာ ဒီတစ်ခေါက်ပဲရှိတယ်… စားပြီးသောက်ပြီး မအိပ်ချင်လဲ ကြိုးစားအိပ်ရတာပဲ… မနက်ဖြန် တစ်နေကုန် Run ရတော့မှာလေ… အင်နာဂျီ စုထားမှဖြစ်မှာပေါ့…
ရောက်ခါနီးကျတော့ သွားတိုက်ဆေး သွားပွတ်တံ တစ်ခါသုံးလေးတွေ လာဝေပါတယ်… ဟိုရောက်တော့ မနက် ၆နာရီ ၄၅ မိနစ်… ကျွန်မရဲ့ Itinerary နဲ့ ကိုက်ဖို့ဟာလဲ စလာကတည်းက နောက်ကျတာ… ဒီလိုနဲ့ အပြင်ထွက်လာပြီး အိမ်သာမှာ မျက်နှာသစ် သွားတိုက်လုပ်ပြီးမှ KTX လို့ ပြထားတဲ့ ဆိုင်းဘုတ်နောက်လိုက်တာပေါ့… (ကျွန်မရဲ့ Busan 2Days Itinerary ကို ဒီနေရာမှာ လိုချင်ဒေါင်းသွားလို့ရတယ်…  မဗေဒါရဲ့ ဖေ့ဘွတ်Page လေးကိုလဲ Like လုပ်ပြီး အားပေးသွားနိုင်ပါတယ်...)


လေယာဉ်ပေါ်က Bibimbap
ကိုရီးယားရောက် ပထမဆုံး စားဖြစ်သော အရာ..

Incheon Airport<-> Busan KTX
KTX ကောင်တာနားရောက်တော့ KTX ကောင်တာက မဖွင့်သေးဘူး… မြို့ထဲကို သွားတဲ့ သာမာန်ရထားနဲ့… Seoul Station ကိုသွားတဲ့ Express train ပဲရှိတယ်… အဲဒိ ကောင်တာကမိန်းမက KTX က လေဆိပ်ကနေ မသွားဘူး… Seoul Station ကို Express Train စီးပြီးသွားရမယ်… အဲဒိကမှ KTX စီးဖို့ပြောတယ်… ဒါနဲ့ကျွန်မကလဲ ကိုယ်ရှာလာတဲ့ Research မှားတာတော့မဖြစ်နိုင်ဘူး…. အဲဒိသတင်းကို သေသေချာချာကိုတွေ့ခဲ့တာမို့ ဟုတ်ဘူး Incheon Airport ကနေ ပြီးခဲ့တဲ့လကစပြီး Busan ကို KTX တိုက်ရိုက်ရောက်တယ်ဆို ဆိုတော့မှ… သူက ကွန်ပြူတာနဲ့ကြည့်ပြီး KTX ရထားက ၉နာရီ ရမိနစ်မှ ထွက်မှာတဲ့ ကျွန်မတို့ဝယ်လာတဲ့ KR Pass ကို KTX ကောင်တာဖွင့်မှ မေးကြည့်ပါတဲ့… KTX ကောင်တာက သူ့ကောင်တာနဲ့ မျက်နှာချင်းဆိုင်ပဲ ဒါပေမဲ့ မဖွင့်သေးဘူး… သူကတော့ပြောတယ်… အချိန်မကုန်ချင်ရင်တော့ Seoul Station ကို Express train စီးပြီး အဲ့ကမှ ပြောင်းတာ ပိုကောင်းတယ်တဲ့… ဒါပေမဲ့ ကျွန်မတို့အတွက်က Express Train ဖိုး ထပ်ကုန်နေအုံးမှာလေ… ဒါနဲ့ နာရီကြည့်တော့ ရနာရီ ၄၅လောက်ရှိပြီဆိုတော့ နောက်ထပ် ၁နာရီလောက်ကို မနက်စာစားရင်းစောင့်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်…



စောနေသေးတော့ လေဆိပ်ကဆိုင်တွေကလဲ သိပ်မဖွင့်သေးဘူး… A Twosome Place ဆိုတဲ့ ကော်ဖီဆိုင်ပဲဖွင့်တယ်… အဲဒိမှာပဲ ကော်ဖီမှာသောက်ရင်း သုံးယောက်သား အချိန်ဖြုန်းလိုက်တယ်…
၈နာရီ ၄၅မိနစ်လောက်ကျတော့ KTX ကောင်တာဆိုတာကို ကျွန်မထပ်သွားကြည့်တယ်… ဖွင့်နေတာနဲ့ ဝင်မေးတော့ KR Pass က သူတို့ဆီမှာလဲရမှာမဟုတ်ဘူးတဲ့… Information Center မှာ လဲရမှာတဲ့… ဒါနဲ့ အင်ဖိုမေးရှင်း စင်တာကိုလိုက်ရှာတော့ ကျွန်မတို့ ကော်ဖီဆိုင်ကနေ လှမ်းမြင်နေရတဲ့ ကောင်တာ… အဲဒိကောင်တာက မဖွင့်သေးပြန်ဘူး… ဒါနဲ့ ၉နာရီ ၂မိနစ်လောက်ကျတော့ သွားတော့ ဖွင့်နေပြီ… ကျွန်မတို့ရှေ့မှာ အဖြူစုံတွဲတစ်တွဲပဲရှိတယ်… ကျွန်မတို့အလှည့်ရောက်တော့ ဘေးကနေဘာလာမေးတဲ့ ကကြီးကောင်ကို အဲ့ကောင်တာက မိန်းမက စကားပြန်ပြောနေတယ်… ပြီးတော့မှ ကျွန်မတို့ကိုလုပ်ပေးတယ်… ကျွန်မက KTX စီးမယ်ဆိုတော့မှ သူက ရထားက ၉နာရီ ရမိနစ်က ထွက်သွားပြီတဲ့… မမှီတော့ဘူးတဲ့… ကျွန်မသိထားတာက ရထားတွေက မိနစ် ၂ဝခြားတစ်စီးထွက်တာဆိုတော့… ဒါဆို နောက်ရထားက ဘယ်တော့လဲဆိုတော့… သူက နေ့လည် ၁နာရီမှ နောက်တစ်စီးထပ်ထွက်မယ်တဲ့… ကျွန်မတို့ နေ့လည် ၁နာရီထိတော့ အချိန်ကုန်ခံ ထိုင်မစောင့်နိုင်တော့ဘူးလေ… ဒီတော့လဲ Seoul Station ကို Express Train စီးပြီး အဲဒိကမှ KTX ပြောင်းစီးရတော့မှာပေါ့… သူက အဝါရောင် တစ်ကဒ်လေးတစ်ခုထုတ်ပေးတယ်… အဲဒါကို KTX Counter မှာပြပြီး လက်မှတ်လဲယူချေလို့မှာလိုက်တယ်… ကျွန်မလဲ လက်မှတ်တွေခဏခဏလဲနေရတော့ အူကြောင်ကြောင်ပဲ… ဒါပေမဲ့ အဲဒိအတိုင်းပဲမှတ်ထားလိုက်တယ်… ကြည့်ရတာ ခုမှ စဖွင့်တာဆိုတော့ သူတို့ထွက်တဲ့ ရထားချိန်ကို လျော့ထားတယ်ထင်ပါတယ်… ဒါပေမဲ့ ရထားက ၉နာရီ ရမိနစ်ထွက်ရင် ကောင်တာကို ၈နာရီခွဲလောက်တော့ ဖွင့်သင့်တာပေါ့… ဒါမှမဟုတ်လဲ ရထားကို ၉နာရီခွဲ တစ်ချိန်လောက်တော့ ထားပေးသင့်တာပေါ့.. ခုဟာက ရမိနစ်နဲ့ စူပါမန်း တောင် မှီမှာမဟုတ်ဘူး…


KR Pass saver အဝါကဒ်လေး... အဲဒိကဒ်ကို ပြပြီး KTX လက်မှတ်နဲ့ လဲရတယ်... 
Airport Express Train...

Express Train to Seoul Station

ဒီလိုနဲ့ အဲ့ဒိကောင်တာကနေ Express train Ticket နဲ့ T-Money Card ပေါင်းဝယ်ဖြစ်တယ်… T-Money Card က အထဲမှာ တန်ဖိုးမပါဘူး… ကိုယ့်ဟာကိုယ်ဖြည့်ရမယ်တဲ့… ကျွန်မလက်မှတ်ဝယ်ပြီးတော့ ခပ်သုတ်သုတ်ပဲ Express Train ဂိတ်ကိုသွားကြတယ်… အဲဒိမှာတင်ပဲ ကျွန်မရဲ့ ဒီခရီးအတွက်ဝယ်ထားတဲ့ Monopod လေး ပါမလာတော့တာပဲ… (ကော်ဖီဆိုင်မှာ ကျန်ခဲ့တယ်ထင်ပါတယ်… ဒီခရီးမှာ ပစ္စည်းက ခဏခဏပျောက်)… Express Train အတွင်းပိုင်းက တော်တော်လေးသားနားတယ်… အတွင်းပိုင်းက ဂျပန် Bullet Train လိုပဲ… Bullet Train လောက်တော့ မမြန်ဘူးပေါ့နော်… ရထားလတ်မှတ်စစ်ကောင်မလေးတွေကလဲ ပိန်သွယ်သွယ် ချောချောလေးတွေ… လှိုဏ်ခေါင်းကထွက်ပြီး တောင်တန်းတွေ လယ်ကွင်းတွေ စတွေ့ရတော့ “အော်… ငါတို့ တကယ်ပဲ ကိုရီးယားရောက်လာပြန်ပြီ” ဆိုပြီးတွေးမိတယ်… ရထားထဲက တီဗွီမှာလဲ မြန်မာအကြောင်း ကြော်ငြာနေတာတွေ့တယ်… သိပ်မကြာခင်ပဲ သုံးယောက်လုံးအိပ်ပျော်သွားတော့တာပါပဲ…



KTX Experience from Seoul Station to Busan

အိပ်လိုက်နိုးလိုက်နဲ့ Seoul Station ရောက်တော့ တံခါးတွေဖွင့်တော့မှ ရထားလက်မှတ်စစ် ကကြီးမလေးကိုမေးတော့ ဟုတ်တယ် ဒီဘူတာပဲဆိုတော့ ဆင်းပြီး KTX ကောင်တာကို ရှာပုံတော်ဖွင့်… ကောင်တာရောက်တော့မှ လေဆိပ် အင်ဖိုမေးရှင်းကောင်တာကပေးလိုက်တဲ့ Ticket အဝါလေးထုတ်ပေးတော့ ဒီနေ့စီးမှာလား… ဟုတ်တယ် ခုရထားနဲ့လို့ပြောတော့ လက်မှတ် ၃ဆောင်ထပ်ထုတ်ပေးတယ်… အဝါကဒ်လေးကိုလဲ ပြန်ပေးပြီး အပြန်ကျရင်လဲ အဲဒိ အဝါကဒ်လေးနဲ့ လက်မှတ်ထပ်လဲစီးပါတဲ့… နောက်ရထားထွက်ဖို့ ၁၅ မိနစ်လောက်ပဲလိုတော့တယ်ဆိုတော့ လွတ်မှာကြောက်လို့ အမြန်သွားရတယ်… သူက ရထားတွဲနံပါတ် (Car no. ပြထားတယ်)၊ ခုံနံပါတ် လက်မှတ်မှာ ပါပြီးသား… တွဲက ထိပ်ဆုံးတွဲမို့ အတော်လေးလျှောက်လိုက်ရတယ်…


Queing for KTX ticket at Seoul Station

ရထားခုံလေးတွေက အတော်ကျဉ်းတယ်… ကျွန်မတို့ Luggage တွေထားလိုက်ရင် ခြေထောက်ချစရာနေရာမရှိတော့ဘူး… Luggage တွေ အပေါ်တင်ဖို့ကျပြန်တော့လဲ Shelf လေးတွေက အဲလောက်လဲ မကြီးဘူး… သူများဆွဲသွားမှာလဲကြောက်သေးတယ်… ဒီတော့လဲ ခြေထောက်ကျဉ်းလဲကျဉ်း.. အိတ်တွေကို ခုံထဲပဲထည့်… ခြေထောက်တင်ပြီးနေလိုက်တယ်… ဒါပေမဲ့ ရထားက လူမပြည့်ပါဘူး… နေရာလွတ်တွေ ရှိတယ်… တွဲအလယ်နားလောက်မှာကျတော့ မျက်နှာချင်းဆို ထိုင်ခုံနေရာမှာ အရှေ့ဘက် Legroom နည်းနည်းကျယ်တာရှိတယ်… ရထားထွက်တော့ အဲဒိမှာ လူမရှိတာနဲ့ အထုတ်တွေ ကိုယ့်နေရာမှာထားပြီး လူတွေချည်း အဲ့မှာသွားထိုင်ကြတယ်… KTX ရထားရဲ့ ကောင်းချက်တစ်ခုက Free Wifi ရတယ်… ကွန်နက်ရှင်လဲကောင်းတယ်… Seoul ကနေ Busan ကို ရထားစီးဖို့ ကြာချိန်က ၂နာရီ ၅၅မိနစ်… အဲဒိအတောအတွင်း Wifi ရှိတော့ မပျင်းရဘူးပေါ့… ဓာတ်ပုံရိုက်ပြီး ချက်ချင်း ဖေ့ဘွတ်ပေါ်တင်ဖြစ်တယ်… ကိုဖေစစ်နိုင်နဲ့လဲ အဆက်သွယ်ရတယ်… သူကလဲ ကျွန်မတို့ အဆင်မပြေမှာစိုးလို့လားသိဘူး မေးရှာပါတယ်… ဖြစ်ရဲ့လား အဆင်ပြေရဲ့လားနဲ့… ကျွန်မတို့ကလဲ အဲဒိ ဘာသာစကားဆက်သွယ်မှုခက်ခဲတဲ့ကြားက သွားနေလာနေရတာကိုပဲ ချောချောခြူခြူမဟုတ်ပေမဲ့ သူ့ဟာနဲ့သူဖြစ်သွားတာကို ခံစားရတာကို ပိုပျော်နေတာ…



Busan ကို ကိုယ့် Itinerary ထဲမှာရောက်ဖို့ လျာထားတာက မနက် ၁ဝနာရီ… တကယ်တန်းရောက်သွားတော့ နေ့လည် ၁၂နာရီ ၁ဝမိနစ်… ကျွန်မတို့ ဟော်တယ်က ရထားဘူတာက ထွက်လိုက်တာနဲ့ တန်းမြင်ရတယ်… Research ရှာတုန်းက ထွက်ပေါက် ၆ က ထွက်ရမယ်ဆိုပြီး တကယ်တန်းကျတော့ ထွက်ပေါက် ၁ နဲ့ အနီးဆုံးပဲ…

Toyoko Inn Busan Station No.1

အင်တာနက်ပေါ်မှာ သူများတွေပြောထားတဲ့အတိုင်းပဲ နေရာက ဘူတာနဲ့နီးပြီး တိုးရစ်ဘတ်စ်ကားဂိတ်လဲရှိသလို မြို့တွင်းစီး ဘတ်စ်ကားဂိတ်နဲ့လဲ နီးပါတယ်… ပေးတဲ့စျေးနဲ့ ရတဲ့အခန်းနဲ့လဲ သူ့ဟာနဲ့သူတန်တဲ့အတွက် မစိုးဘူးလို့ပြောလို့ရတဲ့ ဧည့်ရိပ်သာလေးပါပဲ… ဒါပေမဲ့ ကျွန်မတို့ သဘောမကျတာကတော့ ချက်အင်က ညနေ ၄နာရီမှဝင်လို့ရပြီး ချက်အောက်ကျပြန်တော့လဲ သူများဟော်တယ်တွေထက်စောပြီး မနက် ၁ဝနာရီ ချက်အောက်ရမယ်ပြောပါတယ်… စောစောချက်အောက်ခိုင်းရင်လဲ ချက်အင်အချိန်ကို စောပေးထားပါရော့လား… အဲဒိတည်းခိုခန်းက အခန်းထဲမှာနေခဲ့ရတာဆိုလို့ တကယ်ကိုပဲ ကျောခင်းတဲ့အချိန်တစ်ခုပဲရှိတယ်…

ချက်အင်ဝင်ဖို့အချိန်မဟုတ်သေးဘူးဆိုတော့ အခန်းထဲဝင်လို့မရသေးဘူးပေါ့… Lobby က အိမ်သာမှာပဲ မျက်နှာသစ် အကျီင်္လဲပြီး အထုတ်တွေကို Reception မှာအပ်ပြီး ကျွန်မတို့ရဲ့ ခရီးစဉ်ကို စခဲ့ကြပါတယ်…

First day Lunch with NaengMyun (Cold Noodle)
ပထမဆုံး နေ့လည်စာဝင်စားဖြစ်တဲ့ Busan Station က ခေါက်ဆွဲဆိုင်လေး...

ဟော်တယ်က ပြန်ထွက်လာတဲ့အချိန်မှာ နေ့လည် ၂နာရီလောက်ဖြစ်နေပြီမို့ နေ့လည်စာတစ်ခုခုစားဖို့ လိုက်ရှာခဲ့ကြပါတယ်… ဒါနဲ့ ဘူတာရှေ့ကဆိုင်မှာပဲ ခေါက်ဆွဲဆိုင်တွေ့တာနဲ့ အဲ့ဒိပဲဝင်ဖြစ်ခဲ့ပါတယ်… ဆိုင်က တစ်ယောက်မှ အင်္ဂလိပ်လိုလဲမပြောတတ်ကြပါဘူး… တစ် နှစ် သုံး လေး တောင် အင်္ဂလိပ်လို မရပါဘူး… မုန့်မှာဖို့လဲ အင်္ဂလိပ် မန်နူးမရှိပါဘူး… ဒါနဲ့ ဆိုင်ရှေ့မှာ သူတို့ Display ထားတဲ့ ခေါက်ဆွဲပန်းကန်းကြီးတွေဆီခေါ်သွားပြီး ခေါက်ဆွဲက ၈၀၀၀ နောက် Set နဲ့ ဝက်နံရိုးဟင်းလိုလိုနဲ့က ၁သောင်းခွဲလို့ပြောပါတယ်… ကျွန်မလဲ ဝက်နံရိုးဟင်းစားချင်ပေမဲ့ ၃ ဆက်မှာလဲ ကုန်မှာမဟုတ်တာ သေချာသိနေတော့ ၁ဆက်တင် ဟင်းက တော်တော်လေးများပါတယ်… ဟင်းတစ်ပွဲနဲ့ ထမင်း ၃ခွက်ရမလားပြောတော့ နားလည်ပုံမရပါဘူး… ၃ ဆက်မှာတယ်ထင်သွားလို့ မနည်းလိုက်ပြန်တားလိုက်ရတယ်… နောက်ဆုံးတော့ စိတ်ရှုပ်လာတာနဲ့ ကဲပါ Local တွေစားနေတာပဲ မှာရလွယ်တာ မှာမယ်ဆိုပြီး အဲဒိ NaengMyun ဆိုတဲ့ အမဲသားခေါက်ဆွဲကို မှာလိုက်ပါတယ်…

NaengMyun ဆိုတာ Cold Noodle မှန်း ပန်းကန်ရောက်လာတော့မှပဲ သိပါတယ်… အေးစက်တောက်နေတာပါပဲ… ရှေ့က Display မှာ ဆိုင်ရှင် Recommend တာက ဘေးက ရေခဲတွေပါအိုင်နေတဲ့ ခေါက်ဆွဲကိုပါ… ကျွန်မတို့က ခေါက်ဆွဲ အေးအေးကြီး မစားချင်လို့ ဘေးက တစ်ခုမှာတာ ဒီဟာကြီးကလဲ အေးအေးကြီးပါပဲ… ကပ်ကြေးတစ်ခုလဲ လာပေးပါတယ်… ခေါက်ဆွဲကလဲ တကယ်ကို ဘုရားစူး သွားနဲ့ဖြတ်ဖို့ ပါးစပ်ထဲ လျှောက်ပြေးနေတယ်ပဲပြောရမလား… လုံးထွေးနေတာပါပဲ… တကယ်ကိုပဲ ကပ်ကြေးဆိုတာကို လိုအပ်လို့ သူတို့လာပေးတာပါ… တစ်လုပ်စားမယ်ဆိုတိုင်း ကပ်ကြေးနဲ့ ဖြတ်ဖြတ်ပြီးမှ စားရပါတယ်….

သူတို့က အစပ်ခံနိုင်ပါ့မလားဆိုတဲ့ပုံမျိုးပြောပါတယ်… ကျွန်မတို့ အစပ် Level က မိုးမျှော်နေတာ သူတို့မသိရှာဘူး… ကျွန်မတို့လို အသားစားသတ္တဝါလူသားတွေအတွက် ပါတဲ့ အမဲသားလေးက တစ်ရှူးစလို ပါးလွှာပြီး တစ်ကယ်ကို ၃ဖတ်ပဲပါပါတယ်… ကြက်ဥ တစ်ခြမ်းလဲပါပါတယ်… ခေါက်ဆွဲတွေနဲ့ Sauce ကတော့ တစ်ပုံတစ်ပင်ပါပဲ… ကိုယ်က ရှမ်းခေါက်ဆွဲတောင် အသားကုန်တာနဲ့ ဆက်မစားတတ်တော့တဲ့သူဆိုတော့ ဒီခေါက်ဆွဲအေးအေးကြီးတွေကို ပိုဆိုးတော့တာပေါ့… (ဒီမှာတစ်ခုပြောချင်တာက သူများနိုင်ငံက အစားအစာ မကောင်းဘူးလို့ ပြောနေတာ မဟုတ်ရပါ… ကျွန်မပါးစပ်နဲ့ မကိုက်လို့၊ ကျွန်မ ခရီးသွားကောင်းတစ်ယောက်မဟုတ်သေးလို့သာ ကျွန်မအမြင်တစ်ခုတည်းနဲ့ရေးခြင်းဖြစ်ပါတယ်)…

အရသာက ဘယ်လိုအရသာလဲ ပြောရမယ်ဆိုရင်တော့… ငရုတ်သီးအစိမ်းမှုန့်ကို သူတို့ ကိုရီးယား ငရုတ်ရည် ခပ်ချိုချိုအရသာနဲ့ ရောစပ်ထားတဲ့အတိုင်းပါပဲ… ကျွန်မတို့က နိုင်ငံခြားသား ဧည့်သည်တွေသူတို့ အစားအစာကို စားနေတာဆိုတော့ ဆိုင်ထဲက ahjumma တွေကလဲ တကြည့်ကြည့်နဲ့ အကဲခပ်နေကြတာပေါ့… Local တွေအရှေ့မှာ သူတို့မုန့်ကို ကိုယ်မကြိုက်ပေမဲ့ မကြိုက်တဲ့ မျက်နှာပြရင် ရိုင်းရာကျမယ်လေ… ပြဿနာက ကိုယ့်ပြဿနာလေ… သူတို့ မုန့်ပြဿနာမှမဟုတ်တာ… ကိုယ်မစားနိုင်တာလေ… ကျွန်မတို့ ၃ယောက်လုံးမကြိုက်ပေမဲ့ မျက်နှာတစ်ချက်မပျက်ပဲ အားပါးတရစားခဲ့ပါတယ်… ကျွန်မကတော့ ပါလာတဲ့ အသားဖတ်လေးတွေလဲကုန်ရော ခေါက်ဆွဲအလွတ်ကို ၃ဇွန်းလောက်စားအပြီးမှာတော့ ဘယ်လိုမှ မစားနိုင်တော့ပါဘူး… ဒါနဲ့ပဲ ရပ်လိုက်ပါတယ်…



NaengMyun (Korean Cold Noodle)


First Destination: TaeJongDae Park

စားသောက်ပြီးတော့ T-Money Card ကိုဖြည့်ဖို့ စက်လိုက်ရှာပါတယ်… ထွက်လာတဲ့ KTX ဘူတာကို ပြန်တက်ရှာတော့ စက်မတွေ့ပါဘူး… ဟိုမေးဒီမေးနဲ့ C.U ဆိုတဲ့ စတိုးဆိုင်မှာဖြည့်လို့ရတယ်ပြောပါတယ်… CU ကို အတော်လေးရှာအပြီးမှာတော့ CU Convenience Store က ကျွန်မတို့ ဟိုတယ်နဲ့ ဘေးကပ်ရပ်မှာပဲဖြစ်နေပါတယ်… ဆိုင်ထဲမှာ ဆယ်ကျော်သက်အရွယ် ကောင်လေး ၂ယောက် ဆိုင်ထိုင်နေပါတယ်… လူငယ်ကလေးတွေဆိုတော့ အင်္ဂလိပ်လို မဆိုသလောက်လေး ပြောတတ်တာရယ်... သိပ်လဲပြောစရာမလိုတာရယ်ကြောင့် အေးအေးဆေးဆေးပဲပြီးပါတယ်... ကိုယ်က Tourists မို့ သူတို့ကတောင် ပိုစကားပြောချင် လုပ်ပေးချင်တဲ့ပုံပေါက်ပါတယ်..


ဘတ်စ်ကားဂိတ်ဘယ်နားမှာရှိလဲလို့ မေးတော့လဲ အားတက်သရော လက်ညှိုးထိုးပြကြပါတယ်... သူတို့ လက်ညှိုးက ဆိုင်ပြင်ထိုးပြတာပဲရှိတယ် အဖြေတော့လဲ ကျွန်မတို့ သေသေချာချာမရပါ... ဒါပေမဲ့ နားလည်ချင်ယောင်ဆောင်ပြီးတော့ပဲ ကျေးဇူးပဲ ပြောပြီး ထွက်လာလိုက်ပါတယ်... လမ်းရောက်မှ ရှာမတွေ့ထပ်မေးတာပေါ့... ဒီလိုနဲ့ ထင်တဲ့အတိုင်းလမ်းမဘက်အတိုင်းလျှောက်လာရင်း ဘတ်စ်ကားမှတ်တိုင်ကို ရောက်ပါတယ်... အဲဒိကနေ ဘတ်စ်ကား 88-A or 88-B or 101 စီးရင်ရောက်တယ်လို့ ရှာထားတုန်းကရေးထားတာကိုး... ဘတ်စ်ကားဂိတ်က ဆိုင်းဘုတ်ကတော့ အားလုံး ကိုရီးယားလိုတွေပဲရေးထားတော့ ဘာမှ မထူးပါဘူး... ဘတ်စ်ကား ၁၀၁ လာတော့ ကားသမားကို Taejongdae လို့ပြောတော့ ဟိုဘက်ကားလမ်းဆိုတဲ့ပုံမျိုးလက်ညှိုးထိုးပြပါတယ်... ကျွန်မတို့လဲ ကားပေါ်က ပြန်ဆင်းလာတော့ အဲဒိဂိတ်မှာစောင့်နေတဲ့ လူငယ်တစ်ယောက်က အင်္ဂလိပ်လိုစပြောပြီးမေးပါတယ်... ဘာကူညီပေးရမလဲ... ဘယ်သွားမလို့လဲဆိုတော့ Taejongdae ကိုသွားချင်တာဆိုတော့ ဟိုဘက်ကားလမ်းက စီးရမှာဖြစ်ကြောင်း၊ ကားလမ်းကလဲ အလယ်က ကာထားတော့ ဘယ်ကကူးရမလဲမေးတော့ Underground လို့သူကပြောတယ်... ဒါပေမဲ့ ကျွန်မတို့လျှောက်သွားတော့ အပေါ်မှာပဲ မျဉ်ကျားတွေ့တာနဲ့ အပေါ်ကပဲ ကူးဖြစ်သွားတယ်... သူကတော့ အတော်လေး ကူညီချင်တဲ့ပုံပေါက်သလို အင်္ဂလိပ်စကားလဲ အတော်လေးပြောချင်ပုံရပါတယ်... ဘတ်စ်ကားဂိတ်က ကျန်တဲ့သူတွေကတော့ ကျွန်မတို့နဲ့ သူပြောတာကို အားလုံးဝိုင်းကြည့်နေကြလေရဲ့... ဘာပဲပြောပြော အင်္ဂလိပ်လိုပြောတတ်တဲ့လူတစ်ယောက်တွေ့တာ ကိုရီးယားကားထဲက CEO တွေ့တာထက်တောင် အဆင်ပြေသွားပါသေးတယ်...



The road filled with eatery between Bus stop and Taejongdae Park Gate

ဒီတော့ စာဖတ်သူအားလုံးသိထားရမှာက Taejongdae ပန်းခြံကိုသွားတဲ့ ဘတ်စ်ကားဂိတ်က ရထားဘူတာဘက်ခြမ်းမဟုတ်ဘူး... သူနဲ့ မျက်နှာချင်းဆိုင်ဘက် ကားဂိတ်ဖြစ်တယ်ဆိုတာပါပဲ... ကား ၁၀၁ လာတော့ Taejongdae? လို့ထပ်မေးတော့ ကားသမား ခေါင်းညှိမ့်ပြတာနဲ့ တက်စီးခဲ့ကြတယ်... ကျွန်မတို့လဲကားသမားနောက်ခုံလေးတွေမှာပဲ တစ်ယောက်တစ်ခုံထိုင်ဖြစ်ကြတာပေါ့... မေးရပြုရလွယ်အောင်လေ... ရှာထားတဲ့အထဲမှာ မိနစ် ၄ဝလောက်ကားစီးရတယ်ဆိုတော့ စိတ်အေးအေးနဲ့ စီးနေလိုက်တယ်... နာရီဝက်လောက်ကြာတော့မှ ကားသမားကို တစ်ခါ Taejongdae? ဆိုထပ်မေးတော့... လက်ပြပြီး ကိုရီးယားလိုပြန်ပြောတယ်... ကျွန်မတို့နားလည်လိုက်တာတော့ ရောက်ရင် သူပြောမယ်လို့ပြောတယ်ထင်တာပဲ... ဒါနဲ့ အေးဆေးထပ်ထိုင်နေလိုက်တယ်... ထင်တဲ့အတိုင်းပဲ Taejongdae ရောက်တော့ ကားသမားကြီးက ကျွန်မတို့ကို လှမ်းအော်တယ်... အဲဒိမှာပဲ ဂိတ်ဆုံးပဲထင်ပါတယ်... လူတွေအားလုံးလဲ ဆင်းကြတယ်ဆိုတော့...


ဘတ်စ်ကားကဆင်းလာပြီး ပန်းခြံဘက်လျှောက်တဲ့လမ်းပေါ်က မုန့်ဆိုင်...

ဒါနဲ့ ကျွန်မတို့ဆင်းလိုက်တာနဲ့ပဲ ပန်းခြံဂိတ်ကြီးကို တောင်ကုံးပေါ်မှာတွေ့ပါတယ်... အဲဒိဂိတ်ကိုတက်ဖို့ သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ကိုရီးယားစားသောက်ဆိုင်တွေအများကြီးပါပဲ... လမ်းဘေးဆိုင်လေးတွေလဲရှိတယ်... လမ်းဘေးမှာ တုတ်နဲ့ထိုးပြီးရောင်းတဲ့ မုန့်တွေလဲရှိတယ်... ရုပ်ရှင်တွေထဲမှာကတည်းက တုတ်ထိုးထားတာတွေ ဘာအရသာရှိလဲ စမ်းကြည့်ချင်တာရော... ခရီးထွက်မှတော့ ဟိုစားဒီစား စားသင့်တော့ အစ်မက ပုံထဲမှာပြထားတဲ့ အလယ်က ဖောင်းဖောင်းဒုတ်ထိုးထားတာကိုဝယ်တယ်... မဗေဒါကတော့ ရှမ်းပြောင်းလိုပဲ ပြောင်းဖူးအမဲဆိုတော့ သူငယ်ချင်းနဲ့ တစ်ယောက်တစ်ဝက်စားမယ်ဆိုပြီး ဝယ်ဖြစ်တယ်... အစ်မဝယ်တဲ့ တုတ်ထိုးထားတဲ့ အလုံးကြီးက တကယ်ကျတော့ အထဲက Hotdog... အပြင်က မုန့်နှစ်ပုံစံမျိုးက ကျတော့ ကိတ်မုန့်လိုလိုကြီး စားရတာ တမျိုးကြီးပဲ... (ဟင်း... ဒီနေ့အတွက်စားရတာ ဘာမှ အဆင်မပြေ)... ကျွန်မတို့ရဲ့ ပြောင်းဖူးပြုတ်ကတော့ စားလို့ရပါတယ်... မြန်မာပြည်က ရှမ်းပြောင်းတွေလို စေးစေးလေးတော့ မဟုတ်ဘူး... မာမာကြီး တစ်စေ့ချင်းစီပဲ... (မြန်မာပြည်က နွားစားပြောင်းတွေလို မာတယ်)...

Beautiful Taejongdae Park


ပန်းခြံဝင်ခါစ Danubi Train ticket booth ကို မရောက်ခင်လမ်း

ဒီလိုနဲ့ Taejongdae Park ထဲကို ဝင်ခဲ့ကြတယ်... ပန်းခြံဝင်ခ ပေးစရာမလိုဘူး ဒါပေမဲ့ ပန်းခြံကြီးက ကြီးလွန်းတော့ ပန်းခြံတွင်းလမ်းလျှောက်သွားမယ်ဆို တစ်နေကုန်လိမ့်မယ်လို့ ကြားထားတော့ အဲဒိ ပန်းခြံအတွင်းပြေးတဲ့ ကားတွဲလေးရှိတယ်... အဲဒါကို Danubi Train လို့ ခေါ်တယ်...
Danubi Train က March - Oct: 9:30 - 20:00 နဲ့ Nov - Feb: 9:30-19:00 ထိဖွင့်တယ်.
လက်မှတ်က လူကြီး ၂,၀၀၀ won/ အယောက် ၃၀ အထက်အုပ်စုဆိုရင် တစ်ယောက် ၁,၂၀၀ won
ရပ်တဲ့ မှတ်တိုင်တွေက...
Platform -> Taewon Jagal Madang -> Gumyeongsa Temple -> Observatory -> Yeongdo Lighthouse -> Taejongsa Temple -> Platform ဆိုပြီး ပတ်နေတာ...
လက်မှတ်က တစ်နေကုန် ကြိုက်သလောက်စီးလို့ရတယ်... 


Danubi Train at Taejongdae Park

Taejongdae ပန်းခြံအကြောင်း အကျဉ်းခြုံးပြောပြရရင် ဒီပန်းခြံဟာ Busan ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တယ်... အထူးသဖြင့် ကျောက်ဆောင်တွေနဲ့ ကမ်းခြေ၊ ချောက်ကမ်းပါးတွေနဲ့ ပင်လယ်တွေဆုံတဲ့နေရာအဖြစ် နာမည်ကြီးတယ်... အမြင့်ဆုံးအမှတ်က မီတာ ၂၅ဝထိရှိပြီး ထင်းရှူးပင်တွေ နဲ့ တခြားအပင်အမျိုးအစားပေါင်း ၂၀၀ ကျော်ရှိတယ်... ဒီပန်းခြံရဲ့ နာမည်ကို Silla မင်းဆက်(BC57-AD 935) ရဲ့ ၂၉ယောက်မြောက်မင်း နာမည် King TaeJong Mu-Yeol (604-661) ကို အမှီပြုပေးထားတာဖြစ်တယ်... ဘာလို့လဲဆိုတော့ အဲဒိဘုရင်ဟာ ခရီးသွားရတာကို ၀ါသနာထုံသူဖြစ်ပြီး ဒီ Taejongdae Park နေရာဟာ သူမြှားပစ် ရအကြိုက်ဆုံးနေရာတစ်ခုဖြစ်ခဲ့လို့ပါပဲ... 


Danubi Train Rate

Taejongdae Park - Ovservatory Deck


View from Observatory Deck... Very Very Windy place...
ကျွန်မတို့တွေ Danubi Train တက်စီးပြီး ရှေ့က ၂မှတ်တိုင်ကို ကျော်လာလို့ မဆင်းဖြစ်ပါဘူး... Observatory ရောက်မှ လူတွေတော်တော်များများဆင်းတာတွေ့လို့ လိုက်ဆင်းတော့မှ ရှေ့ ၂မှတ်တိုင် လွတ်သွားတာကို သိတယ်... ဒါပေမဲ့ ပြန်မလှည့်ချင်တော့ဘူး အချိန်ပိုရင်တော့ ပြန်သွားမယ်ပေါ့... ဒါပေမဲ့ မနက်ကတည်းက ကိုယ်က Behind schedule ဖြစ်နေတော့ ရောက်တဲ့နေရာကနေပဲ ဆက်လိုက်တယ်... observatory deck က လေအတော်ကို ပြင်းပါတယ်... လူတောင် ယိုင်တိုင်တိုင်လျှောက်နေရတယ်... အဲဒိနေ့က မိုးလဲ ကွက်ကြားရွာတယ်... အဲဒိကိုရောက်တဲ့အချိန်က မိုးအုံ့ပြီး လေကလဲ တိုက်နေပါတယ်... ကင်မရာနဲ့ ဓာတ်ပုံရိုက်ရင်းတောင် ကင်မရာ လွင့်ပြီး လွတ်ကျသွားမှာ အသည်းတစ်အေးအေးရယ်ပါ... ဦးထုတ်စောင်းထားတော့ ဦးထုတ်လွင့်မှာစိုးလို့ထိမ်းရ ကင်မရာလွင့်မှာထိန်းရနဲ့ အလုပ်အတော်ကို များပါတယ်... ဒါတောင် ဓာတ်ပုံတော့ ရအောင်ရိုက်ခဲ့သေးတာပါပဲ... ရှူခင်းကတော့ တကယ်ကို တမေ့တမောကြည့်ချင်စရာပါ... ကျောက်သားနံရံတောင်ကြီးတွေကို လှိုင်းကြမ်းကြမ်းတွေပုတ်ခတ်နေတာ တစ်နေ့လုံးထိုင်ကြည့်ရင်တောင် ရိုးမယ်မထင်ပါဘူး... စိတ်ထဲမှာ ကြောက်သလိုလို၊ လမ်းဆန်းသလို၊ ခွန်အားပဲပြည့်သလိုလိုနဲ့ မျိုးစုံခံစားရပါတယ်... ကောင်းကင်ကြည်လင်ပြတ်သားတဲ့နေ့တွေဆိုရင် ဂျပန် Tsushima ကျွန်းကို လှမ်းမြင်ရတယ်လို့ဆိုပါတယ်... ကျွန်မတို့လဲ ဒီနေ့အတွက် Plan ထားတဲ့နေရာထဲမှာ ခုမှ ပထမနေရာရောက်တုန်း ညနေက ၃နာရီကျော်နေပြီဆိုတော့ အီးလေးစွဲနေလို့တော့ မဖြစ်ဘူးပေါ့... ဓာတ်ပုံရိုက်ဘာညာပြီးတော့ Danubi Train ကို ထပ်သွားစီကြပြန်ပါတယ်...


Observatory Deck က မြင်ကွင်း


Observatory Deck အရှေ့က အမေနဲ့ သားများရုပ်ထု

အဲဒိ Observatory Deck ရဲ့ ရှေ့မှာ အမေနဲ့ သားများ ကျောက်ရုပ်ထုရှိပါတယ်... အဲဒိ Taejongdae ချောက်ကမ်းပါးကနေ စိတ်ညစ်ညစ်နဲ့ ခုန်ချသေကြောင်းကြံမဲ့သူတွေကိုု လောကမှာ ကိုယ့်ကို ဘယ်လိုအခြေအနေမျိုးမဆို ချစ်တဲ့ မိဘရှိတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ထုလုပ်ထားတယ်လို့ ဆိုပါတယ်... ရည်ရွယ်ချက်ကောင်းပါတယ်... (ကပ်တွေးတတ်တဲ့အတွေးကြောင့်... မိဘစွန့်ပစ်ခံရတဲ့ လူတစ်ယောက်အတွက်တော့ ဒီအရုပ်ကြီးမြင်ပြီး ပိုဝမ်းနည်းပြီး ခုန်ချချင်သွား ဘယ်နှယ့်လုပ်မတုန်း... မဗေဒါကိုက လူ့ဂွစာပါ... သူများအကောင်းလုပ်ထားတာကို)... စတာပါ... 


မဗေဒါ မဖောပါဘူး... ဒီမှာ တကယ်ရေးထားတာ...

Taejongdae Park - Yeongdo Lighthouse


အောက်က ကျောက်ဆောင်ကို ဆက်ဆင်းမလို့...

ဒီနေရာကတော့ ကျွန်မအကြိုက်ဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ပါပဲ... ပြောရရင် ဒီခရီးတစ်ခုလုံးမှာ အကြိုက်ဆုံးနေရာလို့ ပြောလို့ရပါတယ်... အချိန်တွေသာရမယ်ဆိုရင် အကြာကြီးထိုင်နေချင်ပါတယ်...

ဒီမီးပြတိုက်ကို ၁၉၀၆ ခုနှစ်မှာ ဘူဆန်းတစ်ဝိုက်လာတဲ့ သဘောင်္တွေကို လမ်းပြဖို့ ဆောက်လုပ်ခဲ့တာပါ...  ၂၀၀၄ ခုနှစ်မှာ ခုမြင်နေရတဲ့ အသစ်နဲ့ အစားထိုးဆောက်လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ခရီးသွားတွေ အလာများတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်... ဒီ မီးပြတိုက်အပြင် အနုပညာပြခန်းတွေနဲ့ သဘာဝသမိုင်းပြတိုက်တွေလဲရှိပါတယ်... (ကျွန်မတို့ ဝင်မကြည့်ဖြစ်ခဲ့ပါဘူး)... ၃၅ မီတာမြင့်တဲ့ ဒီမီးပြတိုက်က မီးအလင်းဟာ ၄၀ ကီလိုမီတာ အကွာအဝေးထိ မြင်နိုင်ပါတယ်... 


မြင်နိုင်ပါတယ် မီးပြတိုက်ပေါ့ ကိုယ့်ရဲ့ဘ၀...

မီးပြတိုက်ရဲ့ ဘေးဘက် အောက်နားမှာရှိတဲ့ ကျောက်ဆောင်ကြီးကတော့ ဆင်းရတာ ရင်ခုန်စရာ ခြေယားစရာလဲကောင်း ပျော်စရာလဲကောင်းလို့ ကျွန်မအကြိုက်ဆုံးနေရာပါပဲ... (ဆင်းခဲ့သမျှကို ပြန်အတက်ကျတော့ သိပ်မကြိုက်ချင်တော့ဘူးပေါ... :P ) ... အဲဒိ ကျောက်ဆောင်ကြီးနာမည်က Sinseon Rock လို့ ခေါ်ပါတယ်... နတ်သားတွေ နတ်သမီးတွေ လာရောက်အပန်းဖြေလေ့ရှိတဲ့ ကျောက်ဆောင်ကြီးလို့ သတ်မှတ်ခေါ်တွင်တာဖြစ်ပါတယ်... ပိုစိတ်ဝင်စားဖို့ကောင်းတာက ဒီကျောက်ဆောင်ကြီးကနေ ဟိုးအရင်က ဒိုင်နိုဆော ခြေယာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်... အဲဒိ ဒိုင်နိုင်ဆောခြေယာနဲ့ တခြား ရှေးဟောင်းပစ္စည်းတွေကိုတော့ သဘာဝသမိုင်းပြတိုက်ထဲမှ ပြသထားတယ်လို့ သိရပါတယ်... 


Danubi Train မီးပြတိုက် မှတ်တိုင်... (ရှေ့က လှေကားအတိုင်းဆင်းသွားရမှာ)
ဆင်းလိုက်ကြစို့ သူငယ်ချင်း...
ဒါ Lighthouse ကိုဆင်းတဲ့ လမ်း...
Lighthouse မရောက်ခင် ဒီနေရာလေး အရင်ရောက်တယ်...

ကိုရီးယား သဘောင်္သားတွေ ရုပ်ထု...
လှိုင်းက မောင်.... ကျောက်ဆောင်က ကျွန်မ ဘ၀ချင်းက နီးလေသော်ညား... (ချိုပြုံးသီချင်းကို စာသားနည်းနည်းပြောင်းထားသည်)

Lighthouse ကနေ ဆက်ဆင်းတဲ့ လမ်းကနေ ပြန်ရိုက်ထားတာ...
လမ်းမှာ မြင်ရတဲ့ ဟိုဘက်က ရှုခင်း...
ဆင်းမှာလား တက်မှာလား ပြော...
Sinseon Rock ကျောက်ဆောင်ကြီးပေါ်ရောက်ပြီ...

ပင်လယ်ကြီး ကိုယ်ဖြတ်သန်း... အကြင်နာခွန်အားတွေ...
တောင်စွယ်များ ၀ိုင်းကာ ကာရံထား... အတွေးနဲ့ ၀င်ရောက်ခဲ့မယ်...

ဟိုဘက်သွားရင် ဟိုရောက်မယ်... ဒီဘက်သွားရင် ဒီရောက်မယ်...
Taejongsa Tample


Taejongsa ဘုရားကျောင်း က ရုပ်ထုတော်... ဘုရားဖူးသွားကြပါအုံး...

နောက်ဆုံးဂိတ်အနေနဲ့ Taejongsa ဗုဒ္ဓဘာသာ ဘုရားကျောင်းကို ရောက်ရှိခဲ့ပါတယ်... ကျွန်မတို့ ရောက်တဲ့အချိန်က ဘုရားကျောင်းမှာ Hydrangeas ပန်းပွဲတော် ရှိနေပါတယ်... ဇူလိုင်လ ၅ရက်ကနေ ၁၃ရက်အထိ ရှိပါတယ်တဲ့... ကျွန်မတို့ကတော့ ကြိုမသိခဲ့ပါဘူး... ဒီလိုပဲ ကြုံသွားတာပါ... ဘုရားကျောင်းရောက်တော့ စကာင်္ပူက ထွက်လာတုန်းက ဘုရား မ ကန်တော့ဖြစ်ခဲ့လို့ စိတ်ထဲ သိပ်မကောင်းဖြစ်နေတာနဲ့ ခု ဘုရားဖူးရတော့ စိတ်ထဲ အတော်လေးကြည်လင်သွားပါတယ်... ဘုရားကျောင်းလေးက တောအုပ်လေးထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိလှပါတယ်... ဘုရားကန်တော့နေစဉ်အတွင်း ဘယ်အလှူခံ ဘယ်ဂေါပက၊ ဘယ်ဘုန်းကြီးကမှ အလှူခံလိုတဲ့ စိတ်နဲ့ ကြည့်မနေပါဘူး... အလှူငွေထည့်ချင်တာတောင် အလှူခံဗုံးမတွေ့လို့ မထည့်ဖြစ်ခဲ့ပါဘူး... အရမ်းကို  ငြိမ်းချမ်းတဲ့ ဘုရားရိတ် တရားရိတ် ကျောင်းလေးပါ... ပန်းပွဲတော်သာမရှိရင် ပိုပြီး တိတ်ဆိတ်လူနည်းတဲ့ နေရာလေးတစ်ခုဖြစ်မယ်ထင်ပါတယ်... အပြင်မှာ ပန်းတွေနဲ့ ဓာတ်ပုံရိုက်နေသူတွေသာ များတာ... ဘုရားလာ ကန်တော့တဲ့သူကတော့ ၁ယောက်စ ၂ယောက်စ Ahjumma တွေလောက်ပါပဲ... လူငယ်ဘုရားဝင် ကန်တော့တာ ကျွန်မတို့ပဲရှိပါတယ်... (လိမ္မာတယ်ဟုတ်?:P) 
ဒီကျောင်းဆောင်ထဲမှာ ဘုရားရဲ့ ဓာတ်တော်တွေရှိတယ်တဲ့... ဒီထဲက ဘုန်းကြီးတွေ ရွတ်နေတဲ့ ဘုရားစာတွေက မြန်မာ ဘုရားစာတွေနဲ့ ဆင်တယ်...


ဘုရား ကန်တော့နေသည်... မနှောင့်ယှက်ရ...
ဘုရားကျောင်းနှင် အမှတ်တရ...

ဒီဘုရားကျောင်းက အရှေ့မှာပြောခဲ့တဲ့ ဒီကိုလာပြီး မြှားပစ်ရတာ ကြိုက်တယ်ဆိုတဲ့ King TaeJong ရဲ့ နာမည်ကို အစွဲပြုပေးထားတာပါပဲ... ရှေ့မှာပြောဖို့ကျန်ခဲ့တာက ဒီ TaeJong ဘုရင်ဟာ ကိုရီးယားစာကို တီထွင်ခဲ့တဲ့ King Sejong ရဲ့ အဖေပါတဲ့... (ဒါဆို King Taejong ခေတ်က ဘာစာ ဘာစကားသုံးလဲ သိဘူးနော်)... ဘာပဲပြောပြော သူရှိလို့ သူ့သား Sejong ဖြစ်လာတာ... Sejong ဖြစ်လာလို့ ကိုရီးယားစကားဆိုတာ ဖြစ်လာတာ... သူမွေးတဲ့သားက Seoul မြို့လည်ခေါင်မှာ ရုပ်ထုကြီးလုပ်ပြီး မိန့်မိန့်ကြီး ခုထက်ထိထိုင်ပြီး ဓာတ်ပုံအရိုက်ခံ (အဲလေ) ဂုဏ်ပြုခံနေရတာ သူသိရင် သူ့သားအတွက်များ ဂုဏ်ယူမလား သိဘူးနော်... :D ...

ပန်းတွေပွင့်နေပြီ....

ဘုရားကျောင်းအကြောင်းပြန်ဆက်ရရင်ဖြင့် ဒီ Taejongsa ဘုရားကျောင်းက ဘုရားရဲ့ ဓာတ်တော်အစစ်တွေလဲ ရှိတယ်လို့ဆိုပါတယ်... အပေါ်ကပုံမှာ ဘုန်းဘုန်းခေါင်းလောင်းတီးနေတဲ့ ကျောင်းဆောင်ထဲမှာပါ.. ဝင်ကြည့်မလို့ပဲ ဘုန်းကြီးတွေ ဘုရားရှိခိုးနေကြလို့ အပြင်ကနေပဲ ခဏ ဗွီဒီယိုရိုက်ဖြစ်ခဲ့တယ်... အထဲမှာတော့ ဘုရားဆင်းတုတော်တွေ အများကြီးပဲ... ကိုရီးယားပုံစံ ဘုရားရုပ်ထုတွေရော၊ အရှေ့တောင်အာရှဘုရားရုပ်ထုတွေရော... မြန်မာဘုရားရုပ်ထု ပုံစံမျိုးတွေလဲရှိတယ်... 
Hydrangeas ပန်လေးတွေ... (မြန်မာလို ဘယ်လိုခေါ်လဲ မသိ)


Taejongsa Tample ၀င်ပေါက်



အပြန်ကျမှ ဂိတ်ပေါက်မှာ ဓာတ်ပုံရိုက်ဖြစ်တယ်...

ဝင်ပေါက် / ထွက်ပေါက်

ဒီလိုနဲ့ပဲ Taejongtae ပန်းခြံထဲကနေ Danubi Train စီးပြီး ပြန်ထွက်လာဖြစ်ပါတယ်... ကျွန်မတို့ရဲ့ Itinerary အတိုင်းဆို ညနေ ၄နာရီခွဲ အပြီးပြန်ရမှာ... ခုတော့ မနက်က လေယာဉ်နောက်ကျတာရော KTX ကထင်သလိုမဖြစ်တာရောကြောင့် စီစဉ်လာတာထက်နောက်ကျနေလို့ ညနေ ၅နာရီ ၄၅ မိနစ်လောက်ရှိနေပြီထင်ပါတယ်... ကျွန်မတို့နောက်တစ်နေရာကို ၅နာရီခွဲ ယာထားတာပါ... နောက်တစ်နေရာကတော့ Running Man episode 126 မှာ သွားခဲ့တဲ့ ကိုရီးယား Santorini လို့ တင်စားခေါ်ဝေါ်ကြတဲ့ Gamcheon Culture Village ဖြစ်ပါတယ်...

ရှာလာတဲ့အင်ဖိုအရတော့ Busan Station ကနေ Toseong Station ကို ရထားစီးပါဆိုတော့ ဘူဆန်းဘူတာတစ်ခါထပ်သွားအုံး... ပြီးရင် ပြန်လာအုံးနဲ့ အချိန်မမှီမှာ သေချာသလောက်ဖြစ်နေပါတယ်... ကျွန်မရှာလာတဲ့ မြေပုံထဲမှာဆိုရင် ဘူဆန်းဘူတာအထိ ပြန်သွားနေစရာမလိုပါဘူး... လမ်းသင့်ပါတယ်... ဒီတော့ အချိန်ကို ပိုက်ဆံနဲ့ ဝယ်လိုက်ပြီး တိုက်စီ စီးဖို့ပဲ အားလုံး သဘောတူလိုက်ပါတယ်... ဒီလိုနဲ့ ကျွန်မတို့ရဲ့ Itinerary ကို ဆက်လက် ထိမ်းသိမ်းထားနိုင်ခဲ့ပါတယ်...

Gemcheon Cultural Village နဲ့ Dinner at Famous Jagalchi Fish Market ကိုတော့ နောက်ပိုစ့်တစ်ပုဒ်နဲ့ Day 1 (Part 2) ခွဲလိုက်ပါမယ်... အဆုံးထိ လက်ညောင်းခံ မျက်စိညောင်းခံ ဓာတ်ပုံတွေ တစ်ပုံတစ်ပင်ကြီးကို Scroll လုပ်ပြီး ဖတ်ပေးတဲ့ စာဖတ်သူများအားလုံးကို ဒီက.... အာဘွားးးးးးးးးးးးးးးးးးးး ပါ.....