Wednesday, June 25, 2014

နှုတ်ဆက်ပါတယ် ဟောင်ကောင်ရယ် (Hong Kong Last day – Day 6)




အဲဒိနေ့မှာတော့ ကျွန်မတို့ဘာအစီအစဉ်မှ ထွေထွေထူးထူးမရှိပါဘူး… မနက်ကို စားနေကျ ဒင်းဆန်းဆိုင်လေးမှာပဲ ဝက်သားကင်နဲ့ ခေါက်ဆွဲ ၊ အီကြာကွေးနဲ့ ဆန်ပြုတ်၊ ဒင်းဆန်းနည်းနည်း စာဖြစ်ကြတယ်… ဗိုက်ကို ပြည့်တင်းသွားတာပဲ… အောက်က ပုံထဲမှာ ကျငွေရှိတယ်ကြည့်လိုက်နော်…






စားပြီးသောက်ပြီးတော့ ကျွန်မတို့တွေ ခြေဦးတည့်ရာ လမ်းလျှောက်ရင်း Tim Sha Tsui နားမှာရှိတဲ့ (လမ်းမကြီးပေါ်မှာတင် ဝင်ပေါက်ရှိတယ်) ပန်းခြံတစ်ခုတည်းကို ဝင်ဖြစ်တယ်… အဲဒိ ပန်းခြံဘေးလမ်းကနေ ကျွန်မတို့ ခရီးတစ်လျှောက်လုံး ဖြတ်သန်းသွားလာခဲ့တာ… ပန်းခြံထဲတော့ ခုမှ ပထမဆုံး ဝင်ဖြစ်တာပေါ့… တကယ်တော့ အဲ့ဒိပန်းခြံကလဲ Kowloon Park လို့ခေါ်တဲ့ Tourist Attraction တစ်ခုပါပဲ… Running Man ဟောင်ကောင် Episode မှာ Ha Ha Mission လုပ်ရတဲ့နေရာပေါ့… အဲဒိတုန်းက Running Man အဲဒိအပိုင်းကို မကြည့်ရသေးတော့ မသိခဲ့ဘူးရယ်… ပန်းခြံထဲမှာတော့ မနက်ဖက်လမ်းလျှောက်သူ အနည်းငယ်နဲ့ အုပ်စုလိုက် အုပ်စုလိုက် လမ်းဘေးမှာ ၀ိုင်းဖွဲ့ထိုင်ပြီး စားသောက်နေကြတဲ့ ဖိလစ်ပိုင် အမျိုးသမီးတွေ ပျော်ပွဲစားထွက်တဲ့သူထွက် ရည်းစားချိန်းတွေ့သူတွေ့ပေါ့… ပန်းခြံက အရမ်းလဲ ထွေထွေထူးထူးကြီးတော့ ဘာမှ သိပ်မရှိသလိုပါပဲ… ကိုယ်ပဲ နေရာအနှ့ံမလျှောက်ခဲ့လို့လားတော့ မသိဘူး… ဒါပေမဲ့ ဆူညံတဲ့ မြို့ပြအလည်မှာတော့ သူက အေးဆေးတိတ်ဆိတ်ပြီး လမ်းအေးဆေးလျှောက်လို့ကောင်းတဲ့နေရာလေးပေါ့… ရေကန်လဲတွေ့တယ်… 



Nathan Road ပေါ်က ၀င်ပေါက်

The statue in front of Entrance of Kowloon Park on Nathan Road

အဆုံးထိလျှောက်ကြည့်တော့ ပန်းခင်းအဝိုင်းပတ်ကြီးကိုတွေ့တယ်… အဲဒိ ပန်းခင်းရဲ့အနားက အဆောက်အအုံထဲမှာတော့ ဓာတ်ပုံပြပွဲလိုလို (လူလဲသိပ်မရှိပါဘူး) ခင်းကျင်းထားတာတွေ့တယ်… ဆက်သွားရင်တော့ ရေကူးကန်ရှိတယ်ဆိုလား သိပ်မမှတ်မိတော့ဘူး… ကျွန်မတို့လဲ ဆက်မသွားပဲပြန်လာဖြစ်လိုက်တယ်…













ပြီးတော့ ကျွန်မတို့ ဘယ်ဆက်သွားရမှန်းမသိတာနဲ့ Avenue of Stars ကို လေညင်းခံရင်း မနက်ဖက်တစ်ခေါက်ထပ်သွားကြည့်ဖို့စိတ်ကူးလိုက်တယ်… လမ်းလျှောက်သွားရင် နှေးနှေးလျှောက် မိနစ် ၂ဝလောက်တော့ကြာမယ်… Tim Sha Tsui MTR Exit R ကနေ ဆင်းပြီး Tim Sha Tsui MTR Exit J ကနေထွက်လိုက်ရင် Avenue of Stars ကိုရောက်တယ်… မနက်ပိုင်းဆိုတော့ ပထမတစ်ခေါက်သွားတုန်းက ညပိုင်းလောက် လူမများဘူး… ညပိုင်းကျတော့ Phantom of Light show ရှိတော့ လူများတယ်)… မြစ်ကမ်းဘေးဆိုတော့ လေအေးက တဖြူးဖြူးတိုက်နေတော့ ချမ်းစိမ့်နေတယ်… စကာင်္ပူပြန်ရင် ပူတော့မှာဆိုတော့ အဲဒိ အချမ်းဒဏ်ကို အပြည့်အဝ မေးရိုက်ပြီးခံစားကြတယ်… နောက်တော့ ချမ်းလာတာနဲ့ ပါလာတဲ့ ကျွန်မလက်အိတ်တစ်စုံကို တစ်ယောက်တစ်ဖက်ဝတ်ကြရပြန်တာပေါ့… ပြည်ကြီးတွေ အရမ်းမများပေမဲ့ ရှိတော့ရှိတယ်… 

သူတို့ကိုတော့ စိတ်ကုန်လွန်းလို့ အတတ်နိုင်ဆုံးရှောင်ပဲနေလိုက်တယ်… ဟိုနေ့ညက ဘရုစလီရုပ်နားမှာ လူများနေလို့ ဓာတ်ပုံမရိုက်လိုက်ရတာ ဒီတစ်ခေါက်တော့ ကျွန်မတို့ ဘရုစလီရုပ်နားရောက်တော့ လူမရှိလို့ ရိုက်မယ်လုပ်မှ ဖားမတွေ (ဖိလစ်ပင်းမတွေ) ရောက်လာပြီး ပြည်ကြီးမအထာတွေ လူ့အလိုက်ကန်းဆိုးမသိ တန်းမစီတတ်တဲ့ အကျင့်လာလုပ်တယ်… ၂ ခါသုံးခါလောက် သူတို့ကိုရှောင်ပြီး ရိုက်ကြည့်တယ် တစ်ပုံမှလဲ စိတ်တိုင်းကျကျ ကောင်းကောင်းကန်းကန်းမရတာနဲ့ တော်ပြီ မရိုက်တော့ဘူး ရတာပဲယူလိုက်တော့မယ် ပြန်ရတော့မှာမို့ စိတ်တွေလေးနေရတဲ့အထဲ စိတ်လဲမတိုချင်ဘူး ရန်လဲမဖြစ်ချင်တော့ဘူး… ပြန်ရောက်လို့ အလုပ်ပြန်ဝင်ရင် Holiday after affects Mood တွေက လာအုံးမှာ… အဲဒါနဲ့ပဲ အေးအေးဆေးဆေးလမ်းလျှောက်ရင်းပြန်လာလိုက်တယ်… အပြန်ကျတော့ MTR လမ်းကနေမပြန်ပဲ အပြင်ကနေပြန်ဖြစ်တယ်…











အဲဒိကအပြန်တော့ Nathan Road ပေါ်မှာရှိတဲ့ SaSa Store မှာ သူငယ်ချင်းက သူ့သူငယ်ချင်းမှာလိုက်တဲ့ အလှပြင်ပစ္စည်းဝင်ဝယ်တယ်… Face Mask တွေက ဟောင်ကောင်မှာ စလုံးထက်ပိုပေါတယ်ပြောတာပဲ… SaSa Store တွေက နေရာတိုင်းမှာရှိတယ်… အလှပြင်ပစ္စည်းတွေနဲ့ လူအသုံးအဆောင်ပစ္စည်းတွေကို အတော်စုံစုံလင်လင်တင်ထားပါတယ်…

ဟော်တယ်ချက်အောက်လုပ်အပြီး မနက်စာ အများကြီးစားထားတော့ ဗိုက်ကသိပ်မဆာပေမဲ့ နေ့လည်ထမင်းစားချိန်ရောက်နေတာရော ၃နာရီကျ လေဆိပ်သွားဖို့ကား လာခေါ်တော့မှာရောကြောင့် ဟော်တယ်ရှေ့က ဟောင်ကောင်စရောက်တဲ့နေ့က ပထမဆုံးစားဖြစ်တဲ့ ဆိုင်ကိုပဲ သွားလိုက်တယ်… ဗိုက်ပြည့်နေတော့ ထမင်းမစားချင်တာနဲ့ ပါမုန့်ပဲ မှာလိုက်တယ်… ပေါင်မုန့်က ကျွန်မတို့ ငယ်ငယ်ကတော့ ကြက်ဥပေါင်မုန့်လို့ခေါ်တယ်… အမှန်တော့ အဲဒါ ဟောင်ကောင်နာမည်ကြီး Bolo Bun ပေါ့… Plain Bolo Bun ဆိုရင် ပေါင်မုန့်အလယ်မှာ ထောပတ်ခဲလေညှပ်ပြီးလာတယ်…. Pork Chop Bun လဲရှိတော့ ထပ်စားချင်တာနဲ့မှာလိုက်တယ်… ပေါင်မုန့်က လတ်ဆတ်ပြီး နူးညံ့နေတာရော ၀က်သားကလဲ တော်တော်လေးကောင်းတယ်… စားလို့ကလဲတော်တော်ကောင်းတာနဲ့ တစ်လုံးပြီး တစ်လုံးထပ်မှာစားဖြစ်တယ်… ကျွန်မတို့ ၂ယောက်ပေါင်း ၅လုံးလောက်စားဖြစ်ခဲ့မယ်ထင်တယ်… 







ကျွန်မတို့လဲ အချိန်နည်းနည်းလိုသေးတော့ အေးဆေး ဗွီဒီယိုရိုက်လိုက် စကားပြောလိုက် ပေါင်မုန့်တစ်လုံးပြီးမှ စားချင်သေးရင် နောက်တစ်လုံးထပ်မှာလိုက်နဲ့ ခဏခဏမှာနေလို့ ဆိုင်ကလူတွေတောင် အူကြောင်ကြောင်တွေဖြစ်ကုန်သလို ကျွန်မတို့ ရှေ့ဝိုင်းက ဟောင်ကောင်သားလေးတွေကလည်း ဘယ်နိုင်ငံကလဲဆိုပြီး အထူးတလည်စိတ်ဝင်စားနေကြပုံပါပဲ… (ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်း ကျွန်မက ကျောပေးထိုင်ထားပြီး သူငယ်ချင်းက သူတို့ဘက် မျက်နှာပေးထိုင်ထားတော့ အနောက်ကနေ လှမ်းနောက်နေကြပါတယ်)… ကျွန်မတို့ရဲ့ အရွယ်တော် တစ်စိတ်ပိုင်းကျော်သွားပြီးကတည်းက အဲလို ကောင်လေးတွေစနောက်ဖို့မပြောနဲ့ Lan Kwai Fong သွားတုန်းက ကျွန်မတို့ရဲ့ ဖြစ်တည်မှုကိုတောင် သံသယဝင်ရလောက်အောင် လူတွေရဲ့ ဂရုစိုက်မှုမရှိခဲ့တော့ ခုလို အရေးတယူလုပ် စနောက်တဲ့သူရှိသေးတော့ ဝမ်းသာပါ၏၊ ဒါပေမဲ့လဲ ဆယ်ကျော်သက်လေးတွေလိုတော့ ရှက်သွေးမဖြာတတ်တော့တာ အသက်ကြီးလာတဲ့ အမျိုးသမီးတွေဆိုတဲ့ လက္ခဏာများလား?


ကျွန်မတို့ ပြန်မယ်ဆိုပြီး မတ်တပ်ရပ်လိုက်တော့မှ ဘာပစ္စည်းလဲမသိဘူးပြုတ်ကျလို့ သူတို့ကကောက်ပေးရင်း စကားပြောကြပါတယ်… သာမာန် ခရီးသွားတွေကို မေးနေကြစကားမျိုးပါပဲ… ဘယ်နိုင်ငံကလာတာလဲ? (ကိုယ့်နိုင်ငံကို Promote လုပ်ခဲ့တယ်… ဒါပေမဲ့ သူတို့ထဲက တချို့ပဲ သိမယ်ထင်တယ်… တချို့မျက်နှာက ယောင်ဝါးဝါး မြန်မာဆိုတာ သိပုံမရ) … ဘယ်လောက်ကြာမှာလဲ? ဟောင်ကောင်ကို ကြိုက်လား? ပေါ့… ထူးထူးခြားခြားမေးခွန်းကတော့ သူတို့အားလုံးသိချင်နေကြတာကတော့ ကျွန်မသူငယ်ချင်းကို မျက်ကပ်မှန်တပ်ထားတာလား၊ မျက်လုံးအရောင်အစစ်လားတဲ့… မျက်ကပ်မှန်လို့ပြောလိုက်တော့မှ… သူတို့အားလုံးက အော်ာ်ာ်ာ်ာ်…ဆိုပြီးဖြစ်သွားတယ်… မေးခွန်းတစ်ခွန်းနှစ်ခွန်းနဲ့ ကျွန်မတို့ စကားပြောတာ ခဏပါပဲ… ကျွန်မတို့လဲ ဟိုတယ်ကိုပြန်ထွက်လာခဲ့ပါတယ်…ကျွန်မသူငယ်ချင်းကြီးကတော့ ဒီနေ့သူမျက်ကပ်မှန်တပ်လာတာ မှန်သွားပြီဆိုပြီး ပျော်နေလေရဲ့… :D

အဲဒိနောက်ပိုင်းကတော့ ဗွီဒီိယိုထဲကအတိုင်း လေဆိပ်ဆင်းတဲ့ လမ်းတစ်လျှောက် ဟောင်ကောင်နိုင်ငံကြီးကို ငေးရင်း အတွေးပေါင်းမျိုးစုံ၊ အမှတ်ရစရာပေါင်းမျိုးစုံနဲ့ ပြန်ရောက်ရင်စောင့်ကြိုနေမဲ့ အလုပ်တွေ စဉ်းစားရင်းပဲ တွေ့ကြုံဆုံကွဲ ဓမ္မဒါ (စာလုံးပေါင်းမှန်လားမသိ) အတိုင်း ဟောင်ကောင်နိုင်ငံကြီးကို တဆို့နစ်နစ် ခွဲခွာရပြန်ပါတယ်… အဲလို ပြန်ရတဲ့အချိန်မှာ ခံစားချက်က အမြဲ ၂ခွဖြစ်ဖြစ်နေတတ်တယ်… ကိုယ့်အိမ်ပြန်ရတော့မယ် အိမ်သားတွေနဲ့တွေ့ပြီး ကိုယ့်အိပ်ယာပေါ် သက်တောင့်သက်သာလှဲနေရတော့မယ်… ပုံမှန် အချိန်ဇယားအတိုင်းပြန်လည်ပတ်တော့မယ်ဆိုတော့လဲ စိတ်သက်သာသလို… ရောက်ခဲ့တဲ့ နေရာ အသစ်အဆန်းတွေ၊ အတွေ့အကြုံ ဗဟုသုတ အသစ်တွေ၊ ခံစားလေ့လာခဲ့ရတာတွေကတော့ ဘဝအတွေ့အကြုံစာအုပ်ရဲ့ စာမျက်နှာတစ်ခုလို ထင်ဟပ်နေမှာပါ…

ဟောင်ကောင် ခရီးသွားကို အချုပ်ပြန်ပြောရရင် မလေးရှား၊ ယိုးဒယား စတဲ့နိုင်ငံတွေကို လည်ပတ်ရတာရိုးသွားပြီဆိုရင်တော့ စျေးလဲ သိပ်မကြီး တောတောင်ရေမြေသဘာဝလဲခံစားရင်း အစားကောင်းတွေစားလို့ရသလို ဘုရားလဲဖူးလို့ရတဲ့ဟောင်ကောင်ဟာ နောက်ထပ်သွားစရာအကောင်းဆုံးနေရာလို့ ဆိုပါရစေ… ပြီးတော့ ခရီးသွားတွေအတွက်လဲ အန္တရာယ်မများပါဘူး… အခြေခံ သတိရှိရင်လုံလောက်ပါတယ်… ဟောင်ကောင်ခရီးသွားဖို့ အချက်အလက်ကို အင်တာနက်ကနေရှာဖွေရတာလဲ လွယ်ကူပါတယ်… ကျွန်မကတော့ အောက်ပိုင်းမှာကျွန်မကြုံခဲ့သလောက် သိသလောက် အချက်အလက်မျှလိုက်ပါတယ်…




နေထိုင်ရေး (Accommodation)

ဟိုတယ်တွေအများကြီးရှိပါတယ်… ဒါပေမဲ့ နေရာကောင်းရင် စျေးနည်းနည်းတော့ပိုပေးရပါတယ်… ဟောင်ကောင်ဟိုတယ်တွေဟာ စျေးသိပ်မသက်သာပါဘူး… အခန်းတွေကလည်း ကျဉ်းပါတယ်… ကျွန်မတို့ရဲ့ ဟိုတယ်တစ်ခုကိုရွေးရင် အဓိကအချက်က နေရာပါ၊ ဆက်သွယ်ရလွယ်ကူပြီး လူမပျက်တဲ့နေရာကိုပိုကြိုက်ပါတယ်… အထူးသဖြင့် တမနက်လုံးတခြားနေရာတွေလျှောက်သွားပြီး ညဘက်ကျမှ ဟိုတယ်နားတဝိုက်ကို လျှောက်ကြည့်လို့ရ မုန့်စားလို့ရမဲ့နေရာမျိုးကို ကြိုက်ပါတယ်… မိန်းကလေးတွေချည်းပဲဆိုတော့ လူသန့်တဲ့ဟိုတယ်လဲဖြစ်ရပါမယ်… အဲဒါကြောင့် ကျွန်မတို့ရဲ့ ဟိုတယ်ကို Tim Sha Tsui နားမှာရွေးလိုက်ပြီး တစ်ညကို နှစ်ယောက်ခန်း Twin S$150 ကျပါတယ်… အထူးသတိပေးရမဲ့အချက်ကတော့ ဟိုတယ်ချက်အင်ဝင်ရင် Deposit HKS 1000 ပေးထားရပြီး ချက်အောက်လုပ်တဲ့ရက်ကျမှ ပြန်ရပါတယ်… အဲဒိအတွက် ထည့်စဉ်းစားပြီး ပိုက်ဆံဆောင်လာဖို့ ပြောချင်ပါတယ်… ကျွန်မတို့တုန်းက မသိလိုက်လို့ ပိုက်ဆံမလောက်မှာ စိုးရိမ်ခဲ့ရပါတယ်…

စျေးဝယ်၊ ပိုက်ဆံ (Shopping & Money)

ဘယ်အရာမဆိုတော့ တန်ရာတန်ကြေးတော့ရှိတာပါပဲ။ ကောင်းတာလိုချင်ရင်တော့ များများပေးရမယ်။ စျေးပေါတာလိုချင်ရင်တော့ အရည်အသွေးညံ့တာကို မျှော်လင့်ထားရမှာပေါ့… ဒီတော့ ဆုံးဖြတ်ရမှာက ပစ္စည်းတစ်ခုကို ဘယ်စျေးပေးရင် ကိုယ့်အတွက်တန်မလဲဆိုတာပေါ်မူတည်ပြီးဆုံးဖြတ်ပေါ့… ကိုယ်က အလည်လာသူဆိုတော့ စျေးမှန်ကိုလဲ သိမှာမဟုတ်ဘူး ဝယ်ပြီးမှ စျေးမှန်သိရင်လဲ စိတ်ညစ်ရတာမျိုးတွေမဖြစ်ရအောင် ကိုယ့်အတွက် တန်တယ်ထင်ရင်ဝယ် ပြီးရင်တော့ နောင်တမရနဲ့တော့။ Ladies Market မှာ မိန်းကလေး အဝတ်အစားတွေ၊ အနွေးထည်တွေကတော့ စျေးတော်တော်ပေါပါတယ် (စလုံးရာသီဥတုနဲ့ ဝတ်လို့မရသလို၊ သယ်ရမဲ့ ဝန်ကြီးတယ်)၊ မိန်ကလေးအဝတ်အစားတွေ ဒီဇိုင်းက စလုံးနဲ့ကွဲပြားပေမဲ့ ကျွန်မအတွက်ပြဿနာကတော့ ဆိုဒ်မရှိတာပါပဲ… (ဟောင်ကောင်သူတိုင်းက မော်ဒယ်လို ပိန်ပုံရတယ်)၊

အစားအသောက်က လမ်းဘေး ဒင်းဆန်းဆိုင်စျေးပေါတယ်ဆိုပေမဲ့ လမ်းဘေးဒင်းဆန်းဆိုင်ရှာပုံတော်ဖွင့်ရင်း တန်ဖိုးရှိတဲ့ အချိန်နဲ့အင်အားကို အကုန်မခံပါနဲ့… တွေ့တဲ့ ဆိုင်နဲ့ကနားနဲ့ ဒင်းဆန်းကိုသာဝင်စားလိုက်ပါ… ကိုယ်ထင်ထားသလို စလုံး ၄၊၅ကျပ်နဲ့ အဝစားလို့ရတဲ့စျေးတော့မဟုတ်ဘူးပေါ့… ဒါပေမဲ့ စလုံးထက်စာရင်တော့ အရသာပိုကောင်းသလို စျေးလဲ နည်းနည်းပိုသက်သာပါတယ်… ဒီတော့ တန်တယ်ထင်ပါတယ်… လမ်းဘေး ဒင်းဆန်းဆိုင် ၁ဆိုင်တွေ့တော့ ဝင်ဝယ်ဖြစ်ခဲ့ပါတယ်… ၂ယောက်စာ တော်တော်များများကို စလုံးငွေ ၄၊၅ကျပ်လောက်နဲ့ရပါတယ်… ဒါပေမဲ့ ထိုင်စားစရာနေရာမရှိတော့ အဆင်တော့သိပ်မပြေပါဘူး၊ ဒုက္ခများပါတယ်… အဲဒိအတွက်ကြောင့် ကိုယ့်နဲ့ကိုက်မယ် ကိုယ်တန်မယ်ထင်တာကိုလုပ်ပါ…

လမ်းပန်းဆက်သွယ် ပို့ဆောင်ရေး (Transportation)

နေရာတော်တော်များများကို သွားရလွယ်ကူပါတယ်… ရထားစီးရတာလဲ သက်တောင့်သက်သာရှိပါတယ်… ဘတ်စ်ကားစီးရတာလဲ သိပ်မခက်ခဲပါဘူး… ကိုယ်ကသာ Research သေချာလုပ်ပြီး အိမ်စာကျေညက်ဖို့ပဲလိုပါတယ်… (ဘတ်စ် ကားမောင်းသမားတွေက အင်္ဂလိပ်လိုလဲ သိပ်မပြောတတ်သလို Mandarin လိုပြောလဲ သိသလိုလို မသိသလိုလိုပါ… ဒါပေမဲ့ သူတို့နားလည်ရင်တော့ တတ်နိုင်သလောက် ကူညီပါတယ်… Mandarin လိုပြောရင် သူတို့က ကိုယ့်ကို ပြည်ကြီးကလာတယ်ထင်ပြီး ချဉ်ဖက်အဖြစ်ခံနေရပါမယ်… ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လိုပဲပြောတာ အကောင်းဆုံးပဲ…) သူတို့ရထားဘူတာရုံ Interchange တွေက တစ်နေရာနဲ့တစ်နေရာ တော်တော်လေးဝေးပြီး တော်တော်လေးလျှောက်ရပါတယ်… စိတ်မပူပါနဲ့ လျှောက်သာလျှောက်ပါ… စကာင်္ပူမှာ Ez-link card လို့ခေါ်သလို သူတို့ဆီမှာလဲ Octopus Card လို့ခေါ်တဲ့ ကဒ်လေးရှိပါတယ်… ရထား၊ဘတ်စ်ကားနဲ့ 7-11 တို့လို့ convenience stores ၊ Vending Machines လေးတွေမှာစျေးဝယ်ရင်တောင် သုံးလို့ရပါတယ်…
Tourist တွေအတွက် On-loan Octopus Card က အဆင်ပြေဆုံးဖြစ်မယ်ထင်ပါတယ်၊ ကဒ် Deposit HKD50 နဲ့ ကဒ် Value HKD100 ၊ စုစုပေါင်း HKD150 နဲ့ ဘူတာရုံတွေနဲ့ လေဆိပ်မှာ ဝယ်လို့ရပါတယ်။ Deposit HKD50 ရဲ့ ရည်ရွယ်ချက်က ကဒ်တန်ဖိုး ၃၀ အပြင် ကဒ်အထဲကပိုက်ဆံကုန်သွားရင်လဲ အရေးပေါ်အချိန်မှာ သုံးလို့ရအောင် ၂၀ ရှိနေမှာပါ၊ အဲဒိကဒ်ကိုတော့ အပြန်ကျ လေဆိပ်မှာ ပြန်အပ်ရင် Deposit ၅၀ ပြန်ရပါတယ်၊

Sold Octopus ကဒ်ဆိုတာကတော့ အပိုင်ရောင်းတာဖြစ်ပြီး HKD48 ပါ၊ အထဲမှာ ဘာ Value မှ မပါပါဘူး…

နိဂုန်းချုပ်ရရင်တော့ အင်္ဂလိပ်စကားပုံ “It’s not about the destination, It’s the journey that matter”… လမ်းဆုံးကိုရောက်ဖို့ထက် လမ်းတစ်လျှောက်ကို ခံစားဖို့က အဓိကကျတယ်လို့ထင်ပါတယ်… ကိုယ့်အတွေ့အကြုံတွေ တပွေ့တပိုက်ဟာ ဘဝတစ်ကွေ့ကွေ့မှာ အသုံးဝင်မယ်လို့ မျှော်လင့်သလို… မဗေဒါရဲ့ ခရီးသွားပိုစ့်တွေဖတ်တဲ့ စာဖတ် ပရိတ်သတ်တွေအတွက်လဲ ဒီပိုစ့်တွေက တစ်ခုခုအထောက်အကူပြုတယ်ဆိုတာ သိရရင် ကျေနပ်ပီတိဖြစ်မိမှာပါပဲ…
နောက်လဲ ဒိထက်ဒိထက် အသုံးဝင်မယ်ထင်တဲ့ ပိုစ့်လေးတွေကို ကြိုးစားပြီး ရေးသွားပါအုံးမယ်….


5 comments :

shin said...

ဟုတ်တယ်။ ဟောင်ကောင်က ကောင်မလေးတွေက ပြားချပ်ချပ်လေးတွေ။ (ထပ်ဆင့် ထောက်ခံ)... :P

ကိုယ် ဟောင်ကောင်ကိုသွားတုန်းက ခရီးသွားအတွေ့အကြုံသိတ်မရှိသေးဘူး။ (မလေးရှားကလွှဲလို့ပေါ့)။ အဲ့ဒီတော့ ဘယ်လိုသွားရမယ်။ ဘယ်လိုအိမ်စာကြိုလုပ်ရမယ်လဲ မသိခဲ့ဘူး။ အခုတော့ ထပ်သွားရင်ကောင်းမလားလို့ ပြန်စဉ်းစားတော့လဲ ပိုက်ဆံဒီလောက်ကုန်မဲ့ အတူတူ မရောက်ဖူးတဲ့နေရာသွားချင်ပြန်ရော။ ဟီး။ မဗေဒါ ရေးထားတာဖတ်ပြီး Dim Sum တွေကိုပြန်လွမ်းသွားတယ်။ Polo Bun တွေ တွေ့သားနဲ့ မစားခဲ့ရတာပဲ နာတယ်ကွာ။

Anonymous said...

ခရီးသွားပို့စ်ကို တဝကြီး ဖတ်သွားပါတယ် အစ်မရေ လိုင်းကောင်းနေတုန်းလေး
အကြံပေးတဲ့အချက်လေးတွေထည့်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
AMT

mabaydar said...

ဟတ်ြတော့ ဟုတ်တယ်... သွားပြီးသားအစား မသွားဖုးတာသွားချင်တယ်ဆိုတာ... ဒါပေမဲ့ ခုနောက်ပိုင်းတော့ HK က promotion တွေရှိတော့ သက်သာလာပါပြီ။ ... ဖြစ်နိုင်ရင်တော့ မိဘတွေကို ထပ်ပို့ပေးချင်တယ်...

mabaydar said...

AMT ရေ ရေးပေးရတာ ခုလိုကြားရတော့ အားရှိတယ်... thank you...

Mrs. Bagel said...

ဟောင်ကောင်၊ မကာအို နောက်နှစ် တစ်လပိုင်း သွားမလားလို့း)