ဒီပိုစ့်နဲ့ ဦးရဲထွဋ်လုပ်တယ်တော့ မထင်စေချင်ပါ… ဦးရဲထွဋ်လိုလဲ ဓာတ်ပုံသက်သေနဲ့တကွ ကောင်းမှုပြုခဲ့တာကို ပြစရာမရှိပါ… ယုံသည် မယုံသည်ကိုအပထား ကျွန်မခံစားချက်လေးကို မျှဝေချင်တဲ့ စိတ်ကလေးပဲရှိပါတယ်… ကိုယ်ကောင်းတာလုပ်တယ်ဆိုပြီးလဲ ကြွားခြင်းမဟုတ်ရပါ…
မြန်မာပြည်က Ramsay
မြန်မာပြည်ပြန်ရောက်တာနဲ့ ကျွန်မ မစားမနေစားဖြစ်တဲ့အရာကတော့ ကြေးအိုးပါ… အလှဓာတ်ပုံရိုက်ဖို့ရှိလို့ စလုံးမှာကတည်းက အစားလျော့စားလာပေမဲ့ ရွှေတောင်တန်းလမ်းက ကြေးအိုးဆိုင်ကိုတော့ တစ်ခေါက်လောက် စားရမှကို ကျေနပ်နိုင်မှာပါ… ဒီလိုနဲ့ ကျွန်မနဲ့ သူ စကားဝါကြေးအိုးဆိုင်အပြင်ဘက်မှာ စားပွဲရလို့ ထိုင်ဖြစ်ပါတယ်… ကြေးအိုးဆိုင်စားချင်လွန်းလို့သာ လာရတယ်… လျော့ထားတဲ့ ၀ိတ်လေးတွေ ပြန်တက်လာမှာကို စိတ်ထဲက ကြောက်နေလို့ စားရမှာ အပြစ်ရှိနေသလိုပါပဲ… ဒါပေမဲ့လဲ ကြာဇံလျော့စားပြီး အသားတွေများများစားမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဆင်ခြေလုပ် အားပေးမိပါတယ်…
မြန်မာပြည်က ကြေးအိုးတွေက စင်္ကာပူက စေတနာမပါ အဿပြာသာကြည့်တဲ့ Low Quality ကြေးအိုးတွေနဲ့ ယှဉ်တော့ အသားတွေ အရွက်တွေက တကယ့်ကို အားရစရာပါပဲ… အသားတွေများလို့ အုပ်နေတာ အောက်က ကြာဇံဖတ်တောင် မမြင်ရပါဘူး… အန့ံအရသာနဲ့ ပြီးပြည့်စုံတဲ့ အရာပါပဲ… သူနဲ့ ကျွန်မ တစ်ယောက်တစ်ပွဲမှာစားပါတယ်… မနှစ်က စားတုန်းက သူကြေးအိုးတစ်ပွဲကို မကုန်လို့ ကျွန်မက ကျွန်မပွဲရော သူ့ပွဲကျန်တာတွေရော အကုန်စားဖြစ်ခဲ့တာကိုသတိရပြီး သူ့ကို ဒီတစ်ခါမကုန်လို့ မရဘူးနော်လို့ပြောမိပါသေးတယ်… သူမကုန်လို့ ကိုယ် နှမြောပြီး ပိုစားမိမှာစိုးလို့ပါ… ကိုယ်ကတော့ ကြေးအိုးတစ်ပွဲ မကုန်ဘူးဆိုတာ ဖြစ်ခဲပါတယ်… ဒါပေမဲ့ ကိုယ်သတိမထားမိလိုက်တာက ၃လလောက် ညစာမစားပဲနေလာတာဆိုတော့ ဗိုက်ကကျင့်သားမရတာကိုပါ…
ကျွန်မတို့ ၂ယောက် စားနေရင်း တဖြည်းဖြည်း လက်နှေးလာပါပြီ… ကြေးအိုးတစ်ပွဲကို အားလုံးကုန်အောင်စားဖို့မပြောနဲ့ အသားတွေတောင် ကုန်အောင်မစားနိုင်တော့တဲ့ ကျွန်မကိုယ်ကျွန်မ အားမလိုအားမရဖြစ်ရမလို ဝမ်းပဲသာရမလိုပါပဲ… စိတ်ထဲကတော့ ကျန်နေသေးတဲ့ အသားလုံးတွေနဲ့ တမင်မစားပဲချန်ထားတဲ့ ငုံဥတွေကို နှမြောနေမိတာတော့ အမှန်ပါ… ဒါကိုတောင် နှမြောစိတ်နဲ့ ဇွတ် ဖိပြီးကျွန်မစားနေမိပါတယ်… ဗိုက်ပြည့်နေတာကလဲ ကိုယ့်ကိုကိုယ်သိတယ်… ပြည့်နေတာကို ထပ်ထည့်နေတာလဲ ၀ိတ်လျော့တဲ့သူတစ်ယောက်အတွက် အကြီးမားဆုံးအပြစ်ဆိုတာလဲ နားလည်တယ်… စိတ်ထဲက မဗေဒါနောက်တစ်ယောက်ကလဲ “နင်လျော့ထားတာတွေ အလကားဖြစ်တော့မယ်” လို့ သတိပေးနေတယ်… နှေးနှေးပဲ သွင်းနေရတဲ့ကျွန်မအတွက် စစထိုင်ချင်းကလို ကြေးအိုးပွဲမှာပဲ အာရုံမရှိတော့ပါဘူး… ဘေးဘီက ၀ိုင်းတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက် ဖြည်းဖြည်းချင်းစားလိုက်ပဲလုပ်နေပါတော့တယ်..
မြန်မာပြည်ထုံးစံအတိုင်း ပလက်ဖောင်းပေါ်ခင်းထားတဲ့ စားပွဲတွေဆီကို အလှူခံတွေ ခဏခဏလာတတ်ပါတယ်… တစ်ယောက်ကိုထည့်မိတာနဲ့ နောက်တစ်ယောက် နောက်တစ်ယောက်နဲ့ ကတီးကတီးလာတော့တာပါပဲ… ကိုယ့်မှာလဲ အလှူခံကို ထည့်စရာ ပိုက်ဆံက အတန်သေးမပါလာပါဘူး… ဖြစ်နိုင်ရင်တော့ အလှူခံပုဂ္ဂိုလ်တွေကို ပိုက်ဆံထက် သူတို့လိုအပ်တာကိုပိုလှူချင်ပါတယ်… ဥပမာ နေမကောင်းလို့ ဆေးဖိုးလေးပေးပါဆိုရင် အဆင်ပြေတယ် အချိန်ရှိတယ်ဆိုလို့ကတော့ ဆေးဆိုင်ထိ ဆေးလိုက်ဝယ်ပေးလိုက်ချင်ပါတယ်… ပိုက်ဆံပေးလိုက်ရင် အလကားအစားရချောင်တယ်ဆိုပြီး အလုပ်လုပ်ချင်စိတ်မရှိပဲ အကျင့်ပျက်မှာစိုးလို့ပါ… ကြားဖူးတာက မွေးကင်းစကလေးတွေကိုတောင် အချိန်ပိုင်း ငှားစားပြီး လုပ်စားတဲ့ စျေးကွက်ရှိတယ်ဆိုလို့ပါ…
ကုသိုလ်ဆိုတာ ပိုက်ဆံပေးလိုက်ရုံ အကုန်ကျခံလိုက်ရုံနဲ့ ရတယ်လို့မထင်ပါဘူး… ငါဟဲ့ ကုသိုလ်ရအောင်… ငါလူမြင်ကောင်းအောင် လုပ်လိုက်မယ်ဟဲ့ ကောင်းမှုကုသိုလ် စတဲ့ အမျိုးစုံသော ပြန်လည်ရလိုမှုကို ရည်စူးတဲ့ ကုသိုလ်မျိုးကိုလဲ သိပ်မလုပ်ချင်ပါဘူး… အဲဒါကြောင့်လဲ ညောင်စေ့လောက် လှူရုံနဲ့ ညောင်ပင်ကြီးလောက် ကုသိုလ်ရတယ်… ညောင်ပင်ကြီးလောက် လှူရုံနဲ့ ညောင်စေ့လောက်ပဲ ကုသိုလ်ရတယ် စသည်ဖြင့် စကားပုံတွေထွက်လာတာပါ… (အလှူလုပ်တယ်ဆိုတာ လောကီလောကုတ္တရာအရေးတွေအတွက် ရံဖန်ရံခါ ခန်းမတွေဘာတွေနဲ့ လုပ်ရတာမျိုးတွေရှိတယ်ဆိုတာ သဘောပေါက်ပါတယ်… ခု ကျွန်မပြောချင်တာက ဘယ်အလှူမဆို စိတ်ကလေးထားတတ်ဖို့က ပိုအရေးကြီးတယ် လို့ဆိုလိုချင်တာပါ… စိတ်ပြတ်မှ လှူပါ… ဇနိုးဇနောင့်စိတ်နဲ့ လူမြင်ကောင်းအောင် မလုပ်ပါနဲ့…)…
ကျွန်မအတွက်တော့ ကုသိုလ် အကျိုးထူးတယ်ဆိုတာ ထီသိန်းပေါင်းများစွားထပေါက်တာတို့၊ ပိုက်ဆံတွေအလကားရလိုက်တာတို့ မဟုတ်ပါဘူး… ကျွန်မအတွက် ကုသိုလ်အကျိုးပေးတယ်ဆိုတာ အဲဒိကောင်းမှုကိုလုပ်နေတဲ့ အချိန်မှာ ခံစားရတဲ့ ကြည်နူးမှု… အဲဒိကောင်းမှုအကြောင်းကို ပြန်တွေးလိုက်တိုင်းမှာ ကျေနပ်ရတဲ့ စိတ်နှလုံး… အဲဒိကောင်းမှုကြောင့် ကျွန်မစိတ်ဓာတ်ကြည်ရွှင်မှုကနေတဆင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ကိုယ့်ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မားတည်ကြည်လာမှု၊ ကောင်းမှုလုပ်ပြီး သူများကိုပေးလှူတဲ့အတွက် ကိုယ့်ပျော်ရွှင်မှုကို ခံစားရတဲ့အခါ ကောင်းမှုတွေပိုပိုလုပ်ချင်လာသလို ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလဲ ကိုယ့်စိတ် အကြည်ဓာတ်ကောင်းမွန်နေတဲ့အတွက် အစစ အရာရာ အဆင်ပြေလာမှာပါပဲ… အဲဒါဟာ ကျိုးကြောင်း ဆက်စပ်ပြီးကျွန်မ ထင်တဲ့ ကုသိုလ် အကျိုးပေးဆိုတာရဲ့ အဓိပ္ပါယ်လို့ပဲ ဆိုချင်ပါတယ်…
အပေါ်က ကြေးအိုးဆိုင်အကြောင်းဆက်ရရင်ဖြင့် အဲဒိ ဆိုင်နားမှာ ပိုက်ဆံတောင်းတဲ့ အလှူခံ ပုဂ္ဂိုလ်တွေရှိသလို ကျွတ်ကျွတ်အိတ်လေးနဲ့ လိုက်တောင်းနေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိပါတယ်… သူ့အသက်က ၈နှစ် ၉နှစ်လောက်ရှိမယ်ထင်ပါတယ်… ညစ်ပတ်ပေရေပြီး နွမ်းပါးနေပေမဲ့ သွပ်လပ်ပြီး မျက်လုံးအစုံကတော့ တောက်ပနေပါတယ်… မနက်ဖြန်အတွက် စဉ်းစားပြီး ဘာမှပူပန်မနေပဲ လက်ရှိအတွက်ပဲရသမျှကို ပျော်နေပုံရပါတယ်… သူက စားပွဲဝိုင်းတွေနားကပ်လာရင် စားသောက်နေတဲ့သူတချို့ကလဲ မကြိုက်တဲ့ပုံပြတာတွေလဲရှိပါတယ်… ဒါကြောင့် သူစားပွဲဝိုင်းတွေနားတော့ အရမ်းမကပ်ပါဘူး… (စာကြွင်း။ ၁၉လမ်းက ဘာဘီးကျူးဆိုင်တွေမှာ သူငယ်ချင်းတစ်ယောက်နဲ့ စားတုန်းက မိန်းကလေးဆိုပြီး ရှက်အောင်လား စိတ်ပျက်အောင်လား အန့ံကလဲ အတော်လေးနံနံစော်စော်နဲ့ လူအသားကို အတင်းကြီးကပ်ပြီး မပေးပေးအောင်လုပ်တဲ့သူမျိုးဆိုရင်တော့ ကျွန်မကလဲ အလွန်တရာမှ ခေါင်းမာတတ်တဲ့သူမျိုးပါ… ကျွန်မဆီက တစ်ပြားမှ ရမှာမဟုတ်ပါဘူး)… ခုဒီကောင်လေးကတော့ လူတွေနားသိပ်မကပ်ပဲ လူတွေဆီကလဲ ဇွတ်အတင်းလိုက်မတောင်းနေပဲ ရပ်ထားတဲ့ကားတစ်စီးကိုမှီပြီ ကျွတ်ကျွတ်အိတ်ခပ်ကြီးကြီးရဲ့ အောက်နားမှာသာရှိတဲ့ သူများစားပြီးသားစားပွဲတွေက ပိုတာတွေကို ထည့်ထားတဲ့ ကြာဇံဖတ် တွေကိုပဲ ညာဖက်လက်က ကျွတ်ကျွတ်အိတ်ကို ချိတ်ထားပြီး ဘယ်ဘက်လက်နဲ့ မမှီတမှီနှိုက်နှိုက်စားနေပါတယ်… အရေတွေ စက်လက်နဲ့ လက်ထဲပါလာတဲ့ ကြာဇံဖတ်တွေကိုစားနေရတာကိုပဲ Master Chef က Ramsay အရသာရှိတဲ့ ဟင်းခွက်တစ်ခုကို မြည်းနေတဲ့အလား အရသာအပြည့်အဝခံပြီး သူစားနေပါတယ်… (Ramsay တောင် သူ့လောက် အစားအစာကို Appreciate ဖြစ်ဖြစ် အရသာခံတတ်ပါ့မလားမသိဘူး… :P )
ကျွန်မကတော့ အသားတုန်းတွေကို ဗိုက်ပြည့်ရက်စားနေရတာ အပြစ်ကြီးရှိသလိုခံစားနေရပါတယ်… သူကတော့ မကုန်လဲ မစားနဲ့တော့ဆိုပြီး ပိုက်ဆံရှင်းဖို့ ခေါ်လိုက်ပါပြီ… ပိုက်ဆံရှင်းပြီးရင် ဒီအသားတွေက အမှိုက်ပုံးထဲပဲရောက်ပြီး အစားအစာ ဖြုန်းတီးသလိုဖြစ်နေမယ်ဆိုတာကိုလဲ စိတ်ထဲ ဇနိုးဇနောင့်ပါပဲ… အဲဒိအချိန်မှာ Win-Win situation (၂ဦး ၂ဘက်လုံးအကျိုးရှိတဲ့ အခြေအနေတစ်ခု) ကို ကျွန်မ အကြံရလိုက်ပါတယ်… ကောင်လေးက ကျွန်မတို့နဲ့ ခပ်လှမ်းလှမ်း ၂ ၀ိုင်းကျော်လောက်က ရပ်ထားတဲ့ကားနားမှာပါ… ကျွန်မ သူ့ကိုလှမ်းခေါ်ပါတယ်… သူကလဲ မကြား… ကျွန်မတို့ထွက်သွားပြီး ဆိုင်ကလူတွေသိမ်းသွားရင် သူ မရလိုက်မှာ စိုးရိမ်မိပါတယ်… သူဒီဘက်လှည့်လာတဲ့အချိန်ကို စောင့်ကြည့်နေပါတယ်… သူလှည့်လာတာနဲ့ ကျွန်မလဲ လက်ရက်ပြီးခေါ်လိုက်ပါတယ်… အနားရောက်လာတော့မှ အသားတွေလဲ ကျန်သေးတယ် ယူမလား လို့မေးတော့ ယူမယ်တဲ့… (သူ့ကြည့်ရတာ ထိုင်စားချင်ပုံတော့မရပါဘူး… သူ့အိမ်မှာ သူညစာနဲ့အတူပြန်အလာကို စောင့်နေမဲ့ မောင်နှမသားချင်းတွေ ဘယ်နှယောက်ရှိမလဲမှ မသိတာ)… ဒီလိုနဲ့ ကျွန်မ ဝမ်းပန်းတသာပဲ သူ့ကို ပေးလိုက်ပါတယ်… သူထွက်သွားပြီး နဂိုကားနားမှာ ပြန်ရပ်နေတဲ့အချိန်မှာ ပိုက်ဆံပြန်အမ်းတာရလို့ ထွက်လာဖို့လုပ်နေတုန်း ကျွန်မသူ့ကိုကြည့်လိုက်တော့ ဝက်သားလုံးကို လက်နဲ့ နှိုက်ပြီး အားပါးတရစားနေပါတယ်… ကျွန်မစိတ်ထဲက သူ့ကိုပေးလိုက်ရတာ တန်တယ်လို့ခံစားပြီး ဝမ်းသာမဆုံးဖြစ်ရပါတယ်… သူ့နားက ဖြတ်လျှောက်သွားတော့ ကျွန်မသူ့ကို “စားလို့ ကောင်းလား” လို့မေးတော့… မုန့်ဝါးနေရင်း ပြုံးပြ ခေါင်းညိမ့်ပြလိုက်ပါတယ်…
ဟုတ်ပါတယ်… ဒါဟာ တကယ်ကိုပဲ ကြွားပြောစရာ အလှူတစ်ခုမဟုတ်ပါဘူး… တချို့အမြင်မှာ အကြံကျွေးတာများ ရေးကြီးခွင်ကျယ်လုပ်နေတယ်လို့တောင် မြင်ချင်မြင်မှာပါ… ဒါပေမဲ့ ကျွန်မသူ့ကိုပေးလိုက်တာ ပုတ်သိုးနေတဲ့ စားစရာတွေမဟုတ်ပါဘူး… ပြီးတော့ သူ့ကိုပေးလိုက်ပြီး သူပျော်သွားတာကိုတွေ့ခဲ့ရတဲ့အတွက် ကျွန်မရဲ့ ပျော်ရွှင်မှု၊ ကျိုက်ထီးရိုးပေါ်က လူကို အလှူမထည့်ရင်ကြိမ်ဆဲနေတဲ့ အလှူခံတွေကို မခံချိမခံသာထည့်ခဲ့ရတဲ့ အလှူငွေတွေထက် ခုကြေးအိုးပေးခဲ့တဲ့ အကြောင်းလေးကို ကိုတွေးလိုက်တိုင်း ကျွန်မကိုယ်ကျွန်မဂုဏ်ယူမိသလို… ကိုယ်ပေးချင်နေတဲ့အချိန်မှာ လိုအပ်တဲ့ အလှူခံပုဂ္ဂိုလ်ကိုပေးလိုက်ရတဲ့ ပီတိကို ဝေမျှချင်ယုံသက်သက်ပါပဲ… ကျွန်မအတွက်တော့ ပိုက်ဆံအပိုမကုန်လိုက်တဲ့ ကောင်းမှုတစ်ခုဟာ ကျွန်မ အဆင်မပြေတဲ့အခါတိုင်း အဲဒါမျိုးအကြောင်းလေးတွေတွေးမိရင် စိတ်ကြည်လင်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပြန်ရစေနိုင်တဲ့ ကုသိုလ်အကျိုးပေးတစ်ခုပါပဲ…
FT တစ်ယောက်ရဲ့ ဒါန
စကာင်္ပူနိုင်ငံသားတွေက သူတို့နိုင်ငံမှာ ပညာနဲ့လာအလုပ်လုပ်တဲ့သူတွေကို FT လို့ခေါ်ပါတယ်… စလုံးအစိုးရအတွက်တော့ FT ဆိုတာ Foreign Talent လို့အဓိပ္ပါယ် ဖွင့်ဆိုပေမဲ့ သူတို့ နိုင်ငံသားတချို့ကတော့ သူတို့အလုပ်အခွင့်အရေးတွေ လာလုတယ် ဘာညာနဲ့ FT ကို Foreign Trash လို့ အဓိပ္ပါယ်ဖွင့်ပါတယ်…
ဒီ Vending Machine လေးမှာပေါ့... ခုပဲ အလုပ်က ပြန်လာလို့ ရိုက်လာတာ... |
ကျွန်မ အလုပ်နဲ့ အိမ်က နီးတော့ ရက်တော်တော်များများ အိမ်ပြန်ပြီး နေ့လည်စာ စားဖြစ်တာများပါတယ်… အိမ်ပြန်ရင်လဲ Handphone နဲ့ ထီးကလွဲလို့ ပိုက်ဆံတပြားမှ သယ်မလာတတ်ပါဘူး… ခုလပိုင်း နေကလဲ သေလောက်အောင်ပူတာ အားလုံးသိကြတဲ့အတိုင်းပါပဲ… မေမေ့ကိုတောင် နေမြင့်နေတုန်း စျေးသွားရင် စိုးရိမ်မိပါတယ်… ပြီးခဲ့တဲ့အပတ် တစ်ရက်မှာ ကျွန်မအိမ်နားရောက်ခါနီး ဘလောက်တစ်ခုအလိုမှာ တရုတ်အဖွားကြီးတစ်ယောက်က “ ရှောင်မိန့်… ရှောင်မိန့်… ပန်းမန်ဝေါ်” ဆိုပြီး လှန်းခေါ်ပါတယ်…
အဲဒိတိုက်အောက်နားမှာ အလုပ်ကြမ်းလုပ်တဲ့ အလုပ်သမားတွေ နေ့လည် ၀ိုင်းဖွဲ့ထမင်းစား၊ တရေးတမော တိုက်အောက်မှာပဲ အိပ်ကြတဲ့သူတွေလဲရှိပါတယ်… အဲဒိနေ့ကတော့ သူတို့တွေက အဲဒိအဖွားကြီးရှိတဲ့ တိုက်အောက်က စားပွဲမှာပဲ ဝိုင်းဖွဲ့ထိုင်နေကြပါတယ်… (အလုပ်သမားတွေက များသောအားဖြင့် ဘင်္ဂလီတွေဖြစ်ပြီး၊ တစ်ခါတစ်လေတော့ မြန်မာအလုပ်သမားတွေလဲတွေ့တတ်ပါတယ်၊ တရုတ်လို မတတ်ကြပါဘူး)… တရုတ်အဘွားအိုက Vending Machine ကို သူမလုပ်တတ်လို့ သူ့ကို ကူလုပ်ပေးဖို့ တရုတ်လိုပြောပါတယ်… ကျွန်မ တရုတ်လို သိပ်မပြောတတ်သေးပေမဲ့ သူပြောတာတော့ နားလည်ပါတယ်… ဒါနဲ့ အဘွားအိုကို ကူဖို့ အဲ့ဒိနားကိုသွားလိုက်ပါတယ်… အလုပ်သမားတွေကလဲ ဘာဖြစ်မလဲဆိုပြီး ၀ိုင်းကြည့်နေပါတယ်… စက်နားရောက်တော့ အဖွားအိုကို ဘာသောက်ချင်လဲလို့ ကျွန်မက အင်္ဂလိပ်လိုမေးပါတယ်… ကျွန်မရုပ်က တရုတ်ပုံလဲ ခပ်ပေါက်ပေါက်ဆိုတော့ သူတို့ကတော့ ဘယ်လိုထင်မလဲမသိပါ… မကူညီချင်လို့ တမင်သက်သက် အင်္ဂလိပ်လိုပြောတယ်ထင်မှာလဲစိုးမိပါတယ်… (နောက်တစ်ချက်က ကျွန်မအသံက နဂိုကတည်းက မာပါတယ်… ပြင်လို့လဲမရပါ…) အဘွားအိုက နားမလည်တဲ့ပုံမျိုးလုပ်နေတော့ ကျွန်မလဲ ကြိုးစားပြီး တရုတ်လိုပြောကြည့်ပါတယ်…
ကိုကာကိုလာ လက်ညှိုးထောက်ပြီး “Coke”
Ice lemon Tea လက်ညှိုးထောက်ပြီး “ချာ”
Green Tea လက်ညှိုးထောက်ပြီး “ချာ” … ၂မျိုးကွဲတာတောင် ကောင်းကောင်းမပြောတတ်ဘူး… ညံ့ချက်…
ဘယ်ဘက်အောက်ထောင့်က Green Tea |
အဘွားအိုက Green Tea ယူမယ်ပြောပါတယ်… ကျွန်မမှာလဲ ပိုက်ဆံက တပြားမှပါမလာတော့ သူ့ဆီကတောင်းရတော့တာပေါ့…
“ယိခွိုင့် ယိမောင်း…… ချန်?” ဆိုပြီး ကျွန်မမေးလိုက်ပါတယ်…
ကိုယ်က တရုတ်လို မပြောတတ်တော့ ရိုင်းသလိုဖြစ်နေသလားတော့ မသိပါ… အဘွားအိုက သူ့လက်ထဲက အကြွေစေ့တွေပြပါတယ်… အားလုံးပေါင်းမှ 65 cents ပဲရှိပါတယ်… အအေးက ၁ကျပ်၁ဝပြား ဆိုတော့ မလောက်ပါဘူး… ကျွန်မမှာ ပိုက်ဆံပါလာရင်တော့ သူ့ကို ဝယ်ပေးလိုက်ပါတယ်… အမှန်တော့ အဘွားအိုပုံစံကြည့်ရတာလဲ သူပိုက်ဆံမလောက်တာကို သူသိပုံရပါတယ်… ပိုက်ဆံတောင်းရမှာရှက်လို့ စက်ကို လုပ်ပေးပါလို့ စပြောပုံရပါတယ်… တကယ်ပဲ အအေးသောက်ချင်တာဖြစ်ပြီး ပိုက်ဆံလိုချင်လို့ အကြံအဖန်လုပ်တဲ့ပံံုံမျိုးမဟုတ်ပါ… ပိုက်ဆံလိုချင်လို့ အကြံအဖန်လုပ်တဲ့သူကလဲ ဒိလောက် ပမာဏနည်းနည်းကို မတောင်းပါဘူး (Little India မှာ ဘတ်စ်ကားစောင့်နေတုန်းက သားသားနားနားဝတ်ထားတဲ့ ကုလားမိသားစုတစ်စုက သူတို့ စလုံးကို အလည်လာရင်း ပိုက်ဆံပြတ်သွားလို့ လမ်းစားရိတ်ပေးပါဆိုပြီး အကြံအဖန်လာတောင်းတာခံရဖူးပါတယ်… အကြံအဖန်လို့ထင်တာပါပဲ… တကယ့်ခရီးသွားက ပိုက်ဆံပြတ်ရင် သူစိမ်းဆီက လိုက်မတောင်းပါဘူး… ဘဏ်ကဒ်မရှိရင်တောင် ပါလာတာ ပေါင်နှံရောင်းစားပြီး Survived လုပ်မှာပါ)…
ကျွန်မလဲ အဘွားအိုကို “ပုကုန့် ချန်” (ပိုက်ဆံမလောက်ဘူး) ပြောတော့…
သူက “မိန်းယိုချန်” တဲ့ (သူ့မှာလဲ ပိုက်ဆံမရှိဘူးတဲ့)… ကျွန်မလဲ ပိုက်ဆံယူမလာမိလို့ ဘာလိုလုပ်ရမှန်းမသိပါဘူး…
ဒါနဲ့ပဲ “ဝေါ်ရယ် မိန်းယိုချန်” ဆိုပြီးထွက်လာခဲ့ပါတယ်…
အဘွားအိုကိုလဲ လူရွေးမှားလေခြင်း… ငါ့လို ပိုက်ဆံမပါတဲ့သူကိုမှ ရွေးရလေခြင်း… ငါ့ကို ပိုက်ဆံမပေးချင်ဘူးများထင်သွားမလားဟု စိုးရိမ်ရင်း သူပိုက်ဆံပါတဲ့ နောက်တစ်ယောက်တွေ့ပြီး ကူညီသွားပါစေလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ အဲလိုဖြေတွေးနေလဲ ကျွန်မစိတ်ထဲက အောင့်သက်သက်ဖြစ်နေတယ်… ဒီ နေအောက်မှာ ရေဆာနေတဲ့ စလုံးအဘွားအိုတစ်ယောက် ပိုက်ဆံပါတဲ့ နောက်တစ်ယောက်ကို မတွေ့ရင်ဘယ်လိုလုပ်မလဲလို့ စဉ်းစားမိလိုက်တော့ ကျွန်မအိမ်ကို အမြန်သုတ်ခြေတင်ပြန်လိုက်တယ်… အိမ်ပေါက်ရောက်တာနဲ့ အဖေ့ဆီက ပိုက်ဆံ ၁ကျပ်၁ဝပြား အမြန်တောင်းပြီး ပြန်ပြေးဆင်းလာမိတယ်… စိတ်ထဲမှာ အဘွားအိုမှ ရှိပါအုံးမလား… ပြန်မှတွေ့ပါ့မလားလို့ တွေးနေမိတယ်…
ကျွန်မ အဲဒိတိုက်အောက်နားပြန်ရောက်တော့ အဘွားအိုက ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ လျှောက်နေတာ ဟိုဘက်တိုက်နားလောက်ရောက်နေတာ လှမ်းမြင်လိုက်ပါတယ်… သူ့ကို တစ်ခါပြေးခေါ်ပြီး Vending Machine ဘက် ပြန်လျှောက်လာတာထက်စာရင် ကျွန်မပဲ အမြန်ဝယ်ပြီး သူ့နောက်ပြေးလိုက်ရင် မှီအုံးမယ်ထင်တာနဲ့ စက်မှာအရင် အအေးဝယ်လိုက်ပါတယ်… ပြီးမှ အမြန်သူ့နောက်ပြေးလိုက်တော့ အဘွားအိုကို မတွေ့တော့ပါဘူး… စိတ်ထဲ “ဟာ… သွားပါပြီ… စောစောကမှတွေ့လိုက်သေးတယ်” ဆိုပြီး နောက်ဆုံးတွေ့လိုက်တဲ့ဘက်ကိုပဲ ဆက်ပြေးလိုက်ပါတယ်… အဲဒိနားရောက်တော့မှ အဘွားအိုက ဟိုဘက်တိုက်ဘက်ကို လျှောက်နေတာတွေ့ပါတယ်… ကျွန်မလဲ သူ့ကို ဘယ်လိုလှမ်းခေါ်ရမှန်းမသိပါဘူး… တရုတ်ကားတွေထဲမှာတော့ “နိုင်းနိုင်း” လို့ပဲခေါ်ရမလား… ဒါနဲ့ပဲ ဆက်ပြေးရင်း ခပ်တိုးတိုး “အမ်းမ… အမ်းမ” လို့ခေါ်လိုက်ပါတယ်… မှန်မမှန်တော့ မသိပါ… ပါးစပ်က ထွက်သွားတာကို အသံပေးလိုက်တာပါ…
အဘွားအိုလှည့်ကြည့်တော့မှ သူ့ကို ကျွန်မက အအေးဗူးလှမ်းပေးလိုက်ပါတယ်… အဘွားအိုလဲအတော်လေး ဝမ်းသာသွားတဲ့ပုံရပြီး တရုတ်လိုတွေ ဆုတောင်းပေးပါတယ်… “ကျုနီ ခွိုင့်လာ့… ရှောင်မိန့်” ဆိုပြီးပြောတာတော့ နားလည်ပါတယ်… သူ့အသက် ၈၀ ရှိပြီလို့ပြောတာလဲ ကြားလိုက်ပါတယ်… အဲလိုကြီး ဆုတောင်းပေးတော့ ကျွန်မလဲ မနေတတ်တော့ပါဘူး… ရုံးက Breaktime အချိန်အမှီပြန်ရမှာမို့ အဘွားအိုကို လက်ပြပြီး အိမ်ဘက်ကိုပဲ လှည့်ထွက်လာလိုက်ပါတယ်… အဘွားအိုရဲ့ တရုတ်လို ဆုတောင်းသံတွေကတော့ ကျွန်မလှည့်ထွက်လိုက်တဲ့အထိကြားနေရတုန်းပါပဲ… ဒါပေမဲ့ ကျွန်မအတွက်တော့ အအေးပေးလိုက်တုန်းက ဖြစ်သွားတဲ့ အဘွားအိုရဲ့ မျက်နှာကတင် လုံလောက်သွားပါပြီ…
အိမ်ကို ပြန်လျှောက်တဲ့လမ်းမှာ တစ်ယောက်တည်း တွေးပြီး စလုံးတွေကို စိတ်ထဲက ပြောမိတာက… နင်တို့ စလုံးလူငယ်တွေ ကိုယ့်မိဘတောင် ကိုယ်ပြန်မကြည့်လို့ အအေးတောင် ဝယ်မသောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် ငါတို့လို FT တွေ ရှိနေလို့ ခံသာနေတယ်မှတ်ပါ ဆိုပြီး… သူများပိုက်ဆံနဲ့ လှူလိုက်တဲ့ ကိုယ့်ရဲ့ ညောင်စေ့လောက်အလှူကို ညောင်ပင်ကြီးလောက် ဂုဏ်ယူရင်း ချွေးသံရဲရဲနဲ့ အိမ်ကို ပြန်လာခဲ့ပါတော့တယ်…
မဗေဒါရဲ့ စာဖတ်သူအပေါင်းလဲ ကိုယ်ပြန်စဉ်းစားလိုက်တိုင်း ကိုယ့်မျက်နှာပေါ်အပြုံးတစ်ခုတင်ပေးတဲ့… ကိုယ်ဂုဏ်ယူတဲ့ အလှူအတန်းမျိုးနဲ့ ကုသိုလ်အကျိုးကို လက်ငင်းခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်း…..
(မှတ်ချက်.... ဦးရဲထွဋ်လိုတော့ ကလေးတွေကားပေါ်တင်ပြီး ဓာတ်ပုံရိုက် သက်သေနဲ့တကွ ပြလို့မရပါ)....
18 comments :
သာဓု 3 ပါနော်Sis..I agree with you .
good job :)
Thank you so much for your visit and kind comment... :D
Thanks... ခြေရာ ချန်ခဲ့လို့ အာဝါး....
Doing great! Sadu Sadu Sadu!
ကုသိုလ်လေးအတွက်ကို ဖတ်နေရင်းပီတိဖြာမိတယ် ညီမလေးရေ
သာဓု သာဓု သာဓု နောက်လည်း များများ ကူညီနိင်ပါစေ။ စကားမစပ် အမေက Ramsay Gordan ရဲ့ အမာခံ။
အအေးဘူးလိုက်ပေးတာ လေးစားပါတယ်ကွယ် တကယ် နေပူထဲ ထမင်းစားချိန် အပြေးလိုက်ပေးတာ .လုံးဝမလွယ်တာပါ ညောင်ပင်ကြီးထက်ကြီးတဲ့ effort ပါ မဗေဒါရေ
ခင်မင်လျက်
Wine
သာဓုပါ မဗေဒါရယ်... <3
အမျှ အမျှ အမျှ sis ရေ.... ကွန်မန့်ချန်ခဲ့တာ ကျေးဇူးနော်...
ကျေးဇူးပါ အစ်မရေ.... စကာင်္ပူကိုလဲ လာလည်ပါအုံး...
ဟား ဟား... မဗေဒါလဲ Ramsay ကို ကြိုက်ပါတယ်... ကိုယ်ချက်တဲ့ဟင်း သူစားရင်တော့ ဘယ်လောက်တောင် ပြောခံရမလဲ မသိဘူး... ကြောက်တယ်... :D
Wine ပြောမှ ပိုတောင် ကျေနပ်သွားပြီ... ကျေးဇူးတင်ပါတယ်... မလွယ်ပေမဲ့ မခက်ပါဘူး... စိတ်ကြည်နူးရတာနဲ့တင် တန်ပါတယ်...
အဲမဲ လာအားပေးတဲ့ ဆုမြတ်မိုး ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်...
အမြဲလို့ ရိုက်တာ အမဲ ဖြစ်သွားတယ်... sorry
ဖတ်ြပီး ထပ်တူ၀မ်းသာမိရပါတရ်(ရပလက်ရှာမရလို့)
sadu sadu sadu
သာဓု သာဓု သာဓု sis
Post a Comment