ပြီးခဲ့တဲ့အပတ်က မထင်မှတ်ပဲ မလေးရှားနိုင်ငံ မလက္ကာ ရှေးဟောင်းမြို့ကို အလုပ်အားလပ်ရက်မှာ ၁ညအိပ်ခရီး အလည်ရောက်ဖြစ်ခဲ့ပါတယ်… Singapore Flyer မှာ ရှိတဲ့ WTS ခရီးသွားပို့ဆောင်ရေးရှေ့ကနေ မနက် ၈နာရီ ကားထွက်မယ်ပြောထားပေမဲ့ ၈နာရီခွဲလောက်မှ ထွက်ပါတယ်… စကာင်္ပူကနေ ၃နာရီခွဲလောက် ကားမောင်းရတယ်ဆိုပါတယ်… လမ်းမှာ ၂ကြိမ်ပေးနားပါတယ်… ထင်ထားတာ ၁၁ခွဲလောက်ရောက်မယ်ဆိုပေမဲ့… ၁၂ခွဲမှ မာကိုတာ ဟော်တယ်ကိုရောက်ပါတယ်…
Mahkota Hotel Review
ဟော်တယ်ကအတော်လေးတော့ကြီးပါတယ်… ကြာတော့ ကြာနေပုံရပါတယ်… ချက်အင်ဝင်တာကလဲ အတော်လေးတန်းစီပြီး စောင့်ရပါတယ်… မလေးရှားဆိုတော့ စကာင်္ပူလောက်တော့ service မမြန်ဘူးပေါ့…
ဟော်တယ်က အဆောင်တွေ အများကြီးရှိပါတယ်… Lobby ကနေ ထွက်ထွက်ချင်းမှာ ရေကူးကန်တစ်ခုရှိပါတယ်… အဲဒိ ရေကူးကန်ကနေ ရေပန်းလေးတွေလမ်းတစ်လျှောက်ထွက်နေတဲ့ ရေလမ်းကြောင်းလေးက အဆောင်တွေကို ခြားထားပါတယ်… သာသာယာယာနဲ့ လှပါတယ်… landscape ကတော့ အထင်ကြီးစရာပါ…
ရေကန်... |
Lobby ကနေ ထွက်ထွက်လာချင်း ရှိတဲ့ ရေကန်... |
အဆောင်တွေကို အလယ်ကနေ ခြားထားတဲ့ ရေပန်းနဲ့ ရေကန်၊ လှတယ်လို့ ထင်တယ်... |
ဧည့်ခန်း... |
မသုံးရတဲ့ မီးဖိုချောင်... ရေနွေးတော့ တည်လို့ရတယ်... |
ပြတင်းပေါက်က မြင်ကွင်း |
သွားမယ်၊ လာမယ်၊ စားမယ်၊ ကြည့်မယ်…
ဒီလိုနဲ့ အခန်းထဲမှာ အထုတ်တွေဘာတွေထားပြီးတော့ နေ့လည်စာစားဖို့ နာမည်ကြီး Jonker street ကို ထွက်လာခဲ့ကြပါတယ်… ကိုယ်အင်တာနက်ကနေ ရှာလာတဲ့ တစ်နေကုန် ခရီးစဉ်နဲ့ လည်ပတ်စရာအချိန်ဇယားလေးကို အလယ်ကနေဖောက်ပြီး စသွားရတော့တာပါပဲ… ကိုယ်ရောက်တဲ့အချိန်က နေ့ဝက်ကျိုးနေပြီကိုး… နာမည်ကြီး ကြက်သာနဲ့ထမင်းလုံးဆိုင် Chicken Rice Ball “Chung Wah” ကို သွားစားမလို့ပါပဲ… အဲဒိဆိုင်က တံတားကူးလိုက်တာနဲ့ ပထမဆုံးတွေ့တဲ့ဆိုင်ပါပဲ… အားပါးပါး နေပူပူမှာ တန်းစီနေကြတာမနည်းမနောပါပဲ… ကိုယ့်မှာရှိတဲ့အချိန်ရယ် ကိုယ့်ဆာနေတဲ့ ဗိုက်ရယ်ကြောင့် အဲဒိမှာ ၀င်တန်းစီဖို့ မသင့်ဘူးဆုံးဖြတ်ပြီး ရှေ့ဆက်လျှောက်ခဲ့ပါတယ်… Chicken Rice Ball ဆိုတာ မလကာမှာ မစားမဖြစ် စားသင့်တဲ့အရာလို့ လူတိုင်းကပြောလို့ ကိုယ်လဲစားရမဲ့ စာရင်း ထိပ်ဆုံးမှာတင်ထားတာပါ… အဲဒိ Jonker Street တစ်လျှောက် စားသောက်ဆိုင်တိုင်းလိုလို Chicken Rice Ball ရပါတယ်… စားသောက်ဆိုင်တော်တော်များများကလဲ လူတွေ တန်းစီနေကြပါတယ်…
Chicken Rice ball and Chendol (Signature Malacca dish and dessert) |
မလကာက Chendol က အရမ်းနာမည်ကြီးပေမဲ့ ဒီဆိုင်က Chendol ပဲ သိပ်မကောင်းလို့လား မသိ... အဲလောက်ကြီးလဲ မဟုတ်ပါဘူး... |
အရမ်း အရမ်းကောင်းသော ၀က်သားကင် ကျွတ်ရွရွ... |
တစ်နေရာရောက်တော့ တရုတ်ရိုးရာအိမ်ပုံစံလို အဆောက်အဦးရှေ့မှာ တန်းစီနေတာ ၃ အုပ်စုလောက်ပဲရှိတာနဲ့ ၀င်စီလိုက်ပါတယ်… Menu ကြည့်လိုက်တော့လဲ မစားမဖြစ်စားသင့်တဲ့ Chicken Rice Ball ရော၊ အချိုပွဲ Chendol (ထန်းညက် မုန့်လက်ဆောင်း) ရောရှိနေပါတယ်… ဘယ်လောက်တွေလဲတောင် သိပ်မမှတ်မိတော့ပါဘူး… မှတ်မိတာတော့ ထမင်းလုံး တစ်လုံးကို RM0.80 ဆိုတာပါပဲ… လူတစ်ဦးကို ပုံမှန် လေးလုံးကနေ ၅လုံးလောက် စားရတယ်ပြောပါတယ်… ကျွန်မတို့ ၀က်ခေါက်ကြော် အလယ်အလတ်တစ်ပွဲ၊ ကြက်ကင် အကြီးတစ်ပွဲ၊ ကိုက်လံကြော် အသေးတစ်ပွဲ၊ ထမင်းလုံး ၁၅ လုံး၊ Chendol ၃ခွက် မှာတာ စုစုပေါင်း RM 60 (စလုံး ၂၀ ၀န်းကျင်လောက်ပဲကျတယ် ထင်ပါတယ်)…
Rice Ball Making in progress |
Red Square (Dutch Square)၊
ဝမ်းစာဖြည့်ပြီးပြီဆိုတော့မှ တခြားလည်စရာတွေ ခေါင်းထဲရောက်ပါတယ်… အလာတုန်းက Red Square ကို ဖြတ်လာခဲ့တော့ အဲဒိနေရာကိုပဲ အရင်ဆုံးပြန်သွားမယ်ဆုံးဖြတ်လိုက်ပါတယ်… လာလမ်းအတိုင်း ပြန်လျှောက် တံတားလေးကိုဖြတ်၊ ကားလမ်းကူးလိုက်တာနဲ့ Red Square ခေါ် Dutch Square ကိုရောက်ပါပြီ… အဲဒိမှာ Victoria fountain၊ နာရီစင် နဲ့ Christ Church ရှိပါတယ်… ၁၇ ရာစုကတည်းက စတင်ခဲ့တဲ့ ဒီနေရာလေးမှာ မလကာရဲ့ သမိုင်းကြောင်းနဲ့ Dutch တွေရဲ့ ကိုလိုနီအရိပ်ယောင်တွေကိုတွေ့နိုင်ပါတယ်… လာရောက်လည်ပတ်တဲ့သူတွေများပြားပြီး လူအတော်လေးရှုပ်ပါတယ်… ဈေးဆိုင်တွေလဲရှိသလို၊ မဗေဒါကို ဒုတိယဆွဲဆောင်နိုင်ဆုံးကတော့ အလွန်အကျူး အလှဆင်ထားတဲ့ ဆိုက်ကားတွေပါ… ရီလဲရီချင်တယ်၊ စီးလဲ စီးကြည့်ချင်တယ်… ဒါပေမဲ့ စီးပြန်ရင်တောင် ဦးကျော်သူကားစီးနေတဲ့ ခံစားချက်မျိုးနဲ့ တူမလားမသိဘူး… ပန်းတွေ အရုပ်တွေ မီးလုံးတွေနဲ့ တော်တော်ကို ဝေေ၀ဆာဆာ အလှဆင်ထားတာ… သီချင်းတောင် ဖွင့်ပေးသေးတာ…
Clock Tower at Red Square |
Queen Victoria fountain
လူတွေအရမ်းများတယ်... |
Christ Church
၁၇၅၃ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဘုရားကျောင်းဖြစ်ပြီး အဲဒိကျောင်းကို ဆောက်တဲ့ အုတ်တွေက ဟော်လန်ကနေ ယူဆောင်လာခဲ့တာတဲ့… ဒီကျောင်းကို Dutch တွေ လက်ထပ်မှာ တည်ဆောက်ခဲ့တာပါ… ဘုရားကျောင်းက အနီရောင်ဆိုတော့ ဓာတ်ပုံရိုက်လို့လှသလို အနောက်တိုင်း ဥရောပ ပုံစံ ခံစားချက်မျိုးလဲရစေတာ အမှန်ပါပဲ… ကျွန်မတို့ရောက်တဲ့အချိန်က နေ့လည်ဆိုတော့ နေကလဲ အတော်လေးပူပါတယ်… လူတွေကလဲ တော်တော်ရှုတ်ပါတယ်… ဓာတ်ပုံရိုက်အပြီး ဘုရားကျောင်းထဲ ၀င်ကြည့်ဖြစ်ပါတယ်… ကျွန်မရှာထားတဲ့ research မှာတော့ ဘုရားကျောင်းထဲ ဓာတ်ပုံရိုက်ခွင့်မရှိဘူးရေးထားပေမဲ့… ကျွန်မ ရိုက်တော့ ဘယ်သူမှလဲ ဘာမှ လာမပြောပါဘူး… ဓာတ်ပုံမရိုက်ရ စာတမ်းလဲ မတွေ့ပါဘူး… ဘုရားကျောင်းထဲမှာ နေပူရှောင် ခဏထိုင်ပြီး ခရီးဆက်ပြန်ပါတယ်…
Christ Church အတွင်းဘက် |
St.Paul Hill and Church
ဒီဘုရားကျောင်းကတော့ သမိုင်းဝင် အစိုးရ သုံးဆက်အတွက် ပုံစံအမျိုးမျိုးအသုံးပြုခဲ့တဲ့ကျောင်းပေါ့… ပေါ်တူဂီလက်ထပ် ၁၅၂၁ ခုနှစ်မှာ Virgin Mary ကို ရည်စူးပြီး သာမာန် ဘုရားဝတ်ပြုရာနေရာအဖြစ် စတင်တည်ဆောက်ခဲ့တယ်… ၁၅၄၈ ခုနှစ်မှာ St. Francis Xavier ခေါင်းဆောင်တဲ့ အပေါင်းအပါတွေဟာ ဘုရားကျောင်းဝန်းအတွင်းမှာပဲ St.Paul College ဆိုတဲ့ ကျောင်းအသေးစားလေးကို ဖွင့်လှစ်ခဲ့တယ်… အဲဒိကျောင်းဟာ မလေးတစ်ခုလုံးမှာ ပထမဆုံးသော ခေတ်ပညာကိုသင်ကြားပေးတဲ့ ကျောင်းဖြစ်ခဲ့တယ်… ၁၅၅၆ နဲ့ ၁၅၉၀ မှာ ဘုရားကျောင်းကို တိုးချဲ့ဆောက်လုပ်ခဲ့ပြီး Church of the Mother of God လို့ အမည်ပြောင်းလဲပေးအပ်ခဲ့တယ်…
၁၆၄၁ မှာ မလကာကို Dutch (ဒက်ရှ်) တွေ သိမ်းပိုက်အပြီး ဘုရားကျောင်းကို St.Paul ကျောင်း ခေါ် High Church လို့ နာမည်ပြန်လည်ပေးအပ်ကာ ၁၇၅၃ Christ Church မတည်ဆောက်ပြီးခင်အထိ အသုံးပြုခဲ့တယ်။ St.Paul ဘုရားကျောင်းကိုတော့ ခံတပ်အနေနဲ့ တပ်စခန်းချဖို့ အသုံးပြုခဲ့တယ်… ဘုရားကျောင်းအလည်ဗဟိုကိုတော့ အလောင်းမြုပ်နှံဖို့ churchyard အနေနဲ့ အသုံးပြုခဲ့တယ်…
၁၈၂၄ ခုနှစ်မှာ ဗြိတိန်က သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်းတော့ လက်နှက်သိုလှောင်ရာနေရာအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြန်တယ်…
(Source from: http://en.wikipedia.org/wiki/St._Paul's_Church,_Malacca )
St.Paul Church နားမှာနဲ့ လှေကားတစ်လျှောက်မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေရှိပါတယ်… ဘုရာကျောင်းရဲ့ အတွင်းဘက်မှာတော့ ပေါ်တူဂီဘာသာနဲ့ ကျောက်စာပြားတွေကို နံရံမှာမှီပြီးတည်ဆောက်ထားပါတယ်… အတွင်းဘက်ဆိုပေမဲ့ အမိုးမရှိတော့တဲ့ ဘုရားကျောင်းဟောင်းကြီးပါ… လူတွေလဲ များလို့ ဓာတ်ပုံတောင် သိပ်မရိုက်ဖြစ်လိုက်ပါဘူး… ဗွီဒီယိုတော့ ရိုက်လာတာရှိပါတယ်…
A Famosa Fortress (ခံတပ်ဟောင်း)
အပေါ်မှာပြောခဲ့သလိုပဲ ဘေးကလှေကားအတိုင်းဆင်းသွားရင် အောက်က A Famosa ခံတပ်ဝ ဟောင်းကိုရောက်ပါတယ်… အဲဒိခံတပ်ကလဲ ခေတ်အဆက်ဆက် ပေါ်တူဂီက စတင်ဆောက်၊ ဒက်ရှ်အလှည့်မှာ နည်းနည်းပြန်ပြင် သူတို့နာမည်နဲ့ စာတမ်းထိုး၊ အင်္ဂလိပ်လက်ထပ်အရောက်မှာတော့ အားလုံးကို ဖျက်ပြစ်ဖို့ အမိန့်ချပြီးကာမှ ရှေးဟောင်းအမွေအနှစ်တွေကို မြတ်နိုးတဲ့ အင်္ဂလိပ် Sir Stamford Raffles ရဲ့ ကြိုးပမ်းမှုကြောင့် ဒီ ခံတပ်ဝကိုတော့ ချန်ထားခံခဲ့ရပါတယ်… ဒါနဲ့ အဲဒိ Sir Stamford Raffles ဆိုတာ စကာင်္ပူမြို့ကို စတင်တည်ထောင်ခဲ့သူလို့လဲပြောလို့ရပါတယ်တဲ့… သူက စကာင်္ပူကို တွေ့ရှိပြီး ခု Raffles city ဖြစ်နေတဲ့ နေရာကို စတင်ပြီး စာသင်ကျောင်းတွေ ဘုရားကျောင်းတွေကို ဒေသခံဘာသာစကားနဲ့ တည်ဆောက်ပေးခဲ့တယ်ဆိုပဲ… သိချင်ရင်တော့ဆက် Google လိုက်နော်…
အဲဒါပြီးတော့ အဲဒိနေရာတွေနဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ အနီရောင်အိမ်တန်းလေးတွေရှိတဲ့ လမ်းအတိုင်း လျှောက်ကြည့်ပါတယ်… အဲဒိလမ်းမှာ Church အဖြူရောင်ကြီးတစ်ခုကိုတွေ့ပါတယ်… မ၀င်ခဲ့တဲ့အတွက် သမိုင်းမရေးတော့ပါဘူး… မြန်မာပြည်က စိန်မေရီတို့ ၀န်ကြီးများရုံးနားက ဘုရားကျောင်းကြီးတွေလဲ သူ့လောက်တော့ လှပါတယ်…
Scents & Senses Thai Massage
အဲဒိနောက်မှာတော့ ကျွန်မတို့လဲ ပင်ပန်းလာတာနဲ့ ဟော်တယ်ပြန် ခဏနားပြီးမှ ညစာထွက်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်… ဒါပေမဲ့ ညောင်းနေတဲ့ ခြေထောက်အတွက် အနှိပ်ခံချင်လို့ အွန်လိုင်းမှာ လူတော်တော်များများက ကောင်းတယ်ပြောတဲ့ Scents & Senses ထိုင်းအနှိပ်ဆိုင်ကို ရှာကြပါတယ်… ဟော်တယ် Hatten နားမှာရှိတယ်ဆိုလို့ အဲဒိဘက်ကိုပြန်သွားရင်း တွေ့တဲ့လူတွေကို တစ်ယောက်ပြီး တစ်ယောက်မေးရပါတယ်… ဟော်တယ် Hatten ကို အကျော်ပြီး လမ်းစုံ ကားလမ်းတစ်ခုကို ထပ်ဖြတ်ရပါတယ်.. အဲဒိမှာတော့ လမ်းရဲ့ ဘယ်ဘက် ပလက်ဖောင်းဘက်မှာရှိတာပါ… ဆိုင်ရှေ့မှာ လူတွေတွေ့လို့ လူများမယ်ဆိုတာတော့ ခံစားမိပါတယ်… ဒါပေမဲ့ ချက်ချင်းမရလဲညအတွက် ဘွတ်ခဲ့မယ်ဆိုပြီးဝင်လိုက်ပါတယ်… ထင်ထားတဲ့အတိုင်းပဲ ချက်ချင်းမရပါဘူး… ဒါနဲ့ ည ၉နာရီလောက်ဆိုတော့ ၂ယောက်ပဲရမယ် နောက် ၂ယောက်က နောက် အချိန်မှရမယ်ဆိုလို့ နောက်ဆုံးတော့ ၁၁နာရီအချိန်ကို ယူလိုက်ပါတယ်… အနှိပ်ခံချိန် ၁နာရီ၊ ဆိုင်ပိတ်ချိန် ည၁၂နာရီဆိုတော့ အေးဆေးမှ လာလို့ရတာပေါ့… ၁နာရီ Full Body Oil Massage ကို မလေးရှားငွေ ၇၈ RM ပေးရပါတယ်… စလုံးထက်တော့ တန်ပါတယ်… နှိပ်ပေးတဲ့သူတွေက ယိုးဒယား အမျိုးသမီး စစ်စစ်တွေပါပဲ…
ဒီအကြောင်းရေးရင်း နှိပ်တာကိုပါပြောလိုက်ပါတော့မယ်... ဆိုင် ဆက်ဆံရေးက ကောင်းပါတယ်… အပြင်အဆင်ကလဲ သန့်သန့်ပြန့်ပြန့်ရှိပါတယ်… အနှိပ်သည်တွေကလဲ ကိုယ့်ကို စကားလိုတာထက် ပိုမပြောပါဘူး… နှိပ်တာမှာတော့ ကျောကိုပဲ ဦးစားပေးနှိပ်တာပိုများပါတယ်… ကိုယ်က ညကျ အနှိပ်ခံမယ်ဟဲ့ဆိုပြီး လမ်းတွေ တစ်နေကုန်လျှောက်ထားတာ ခြေတွေညောင်းနေတာ ခြေထောက်တွေကို သိပ်မနှိပ်လို့ အညောင်းမပြေပါဘူး… ဒါပေမဲ့လဲ သက်တောင့်သက်သာနဲ့ အေးဆေးတော့ ဇိမ်ခံလို့ရပါတယ်… အမှန်တော့ မနှိပ်ခင်ကတည်းက ကိုယ်က တောင်းဆိုထားရင်တော့ ရမယ်ထင်ပါတယ်…
လိပ်စာကတော့
106, 106A, Jalan Melaka Raya,
75000 Melaka.
Telephone:+606 - 286 1186
E-mail:info@scentsnsenses.com
နှိပ်ဖို့ အချိန်ကြိုတင်ယူပြီးမှ ဟော်တယ်ပြန်ရောက်တော့ ညနေ ၅နာရီလောက်ရှိပါပြီ။ ခဏနားပြီး ညနေ ၆နာရီခွဲလောက်မှ ပြန်ထွက်ဖို့ စိတ်ကူးလိုက်ပါတယ်… အခန်းမှာ ခဏနားပြီးတော့ ဟော်တယ်ရဲ့ ရေကူးကန်ကြီးကို စမ်းကြည့်ချင်မိတာနဲ့ နေနည်းနည်းအေးသွားတော့ Lobby နားက မဟုတ်တဲ့ အနောက်ဘက်က ရေကူးကန်မှာ ရေဆင်းကူးဖြစ်ပါတယ်… ရေကူးတဲ့သူများပါတယ်… ရေကူးကန်နားမှာ မျက်နှာသုတ်ပ၀ါတောင်းလို့ရပါတယ်… သွားတောင်းလို့ပေးတော့ မျက်နှာသုတ်ပ၀ါက လျှော်ထားဖန်များလို့တော်တော်တောင် ဟောင်းနေတဲ့ပုံပါ… သုံးချင်စိတ်တောင် မရှိလို့ ရေကူးပြီးကိုယ်ပတ်ရုံလောက်ပဲ သုံးပြီး ပါလာတဲ့ သဘက်နဲ့ပဲ သုတ်ဖြစ်ပါတယ်… ရေကူးကန်ကလဲ အရမ်းကြီး မညစ်ပတ်ပေမဲ့ ဒါပေါ့ စလုံး ရေကူးကန်တွေလောက်တော့ ဘယ်သန့်မလဲ… ကြမ်းပြင်မှာ အမှိုက်နည်းနည်းတွေ့ရတယ်… ကလေးတွေဘက်ပိုင်း ရေနိမ့်ပိုင်းမှာဆို ပိုညစ်ပတ်တယ်လို့ခံစားရတယ်… အရမ်းအဆိုးရွားကြီးတော့ ညစ်မပတ်ပါဘူး… နာရီဝက်လောက်ပဲကူးဖြစ်ခဲ့ပါတယ်…
တစ်ဆက်တည်း ဆောင်နာ (ရေနွေးငွေ့လှုံ အခန်း) ရှိတယ်ဆိုလို့ စပ်စုချင်မိတာနဲ့ အဲဒိဘက်သွားတော့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ပေါ်လာပြီး ဆောင်နာသုံးချင်ရင် စာရင်းပေးရမယ်တဲ့… ဒါပေမဲ့ ယောကျာင်္းဆောင်နာတော့ မရဘူး မိန်းမဆောင်နာပဲရမယ်တဲ့… ဒါနဲ့ စာရင်းပေးလိုက်ပါတယ်… နောက်တော့ အမျိုးသမီး အ၀တ်လဲခန်းထဲက ဆောင်နာခန်းကို ကိုယ့်ဟာကိုယ် ခလုပ်ဖွင့်ခိုင်းပါတယ်… ခလုပ်ဖွင့်ပေမဲ့ အခန်းက မှောင်မဲနေတုန်းပါပဲ… အဲ့နားယောင်လည်လည်လုပ်နေတော့ အမျိုးသမီးဝန်ထမ်းတစ်ဦးဖြတ်အလျှောက်မှာမှ ကျွန်မကို မေးပြီး ဆောင်နာထဲက မီးဖိုကို ခလုပ်တွေထပ်ဖွင့်နေပါတယ်… ခက်ခဲလိုက်တဲ့ဖြစ်ချင်း… အဲဒါတွေခုမှဖွင့်တော့ ပူဖို့ကို ဘယ်လောက်ထိ ကျွန်မက ထပ်စောင့်ရအုံးမှာလဲ… ညနေပြန်ထွက်ဖို့ရှိသေးတယ်လေ… ကိုယ်ကလဲ ဆောင်နာဝင်ချင်တာထက် ပေးထားတဲ့ ၀န်ဆောင်မှုကို စပ်စုချင်တာဆိုတော့ ဒီလောက်နဲ့တင် လုံလောက်သွားပြီ… ဒါနဲ့ အဲ့မိန်းမကို တော်ပါပြီ… မလုပ်နဲ့တော့ မ၀င်တော့ဘူးဆိုပြီး ထွက်လာခဲ့လိုက်တယ်…
Jonker Street (ညဈေးတန်း)
Jonker Street Night Market |
လမ်းထိပ်နားက Lok Lok လို့ခေါ်တဲ့ အသားတွေ၊ အသီးအနှံတွေကို တုတ်နဲ့ထိုးထားပြီး မြန်မာပြည်က ၀က်သားဒုတ်ထိုးဆိုင်တွေလိုပဲ ထားပေးထားတဲ့ ဆာတေးဆော့တွေနဲ့ ပေးထားတဲ့ ဟင်းပူတွေထဲ နှစ်ပြီးစားရတာကို စားချင်တာ၊ ကိုယ်လဲ ဗိုက်ပြည့်နေတာရော (ဗိုက်ပြည့်ပေမဲ့ ထည့်မယ်ဆို ထည့်နိုင်တယ်)၊ ဒါပေမဲ့ ကိုယ်နဲ့အတူသွားတဲ့သူတွေကတော့ တော်တော်ပြည့်နေတဲ့ပုံပေါက်လို့ ထပ်မစားဖြစ်တော့ဘူး…
အချိန်က ၉နာရီလောက်ပဲရှိသေးတော့ တော်တော်လေးစောနေသေးတာနဲ့ Jonker Street လမ်းထိပ်က San Shu Gong တရုတ်မုန့်တွေရောင်းတဲ့ Shopping Mall ကိုဝင်ကြည့်ခဲ့သေးတယ်… ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး… မုန့်တွေရောင်းတဲ့ဆိုင်ပေါ့နော်… မဗေဒါက လမ်းထဲက ဆိုင်မှာ လက်ဆောင်နဲ့ အိမ်မှာစားဖို့မုန့်တွေ ၀ယ်လာပြီးပြီဆိုတော့ ထပ်မ၀ယ်တော့ဘူး… ဒီလိုနဲ့ အနှိပ်ဆိုင်နားက Starbuck မှာပဲ ထိုင်တော့မယ်ဆိုပြီး ထွက်လာဖြစ်တယ်… ဒါပေမဲ့ လမ်းမှာ St.Paul Hill အောက်က Bamboo Hut Bistro ဆိုတဲ့ ဆိုင်လေးမှာ ဘောလုံးပွဲလဲပြနေ၊ wifi လဲရှိတယ်၊ Live band ဖျော်ဖြေနေတာနဲ့ ၀င်ထိုင်ဖြစ်တယ်… အော်ဒါလာယူတဲ့ကောင်လေးက မြန်မာဖြစ်နေလို့ သူကကိုယ်တွေကို မသိပဲ အင်္ဂလိပ်လိုပြောနေတာ… နောက်မှ အချင်းချင်း မြန်မာလိုပြောတာကြားပြီး သူထရီတော့တယ်… သူပြောတဲ့ အသံကိုတော့ မြန်မာလို့ သံသယဖြစ်ခဲ့ပေမဲ့ မသေချာလို့ အင်္ဂလိပ်လိုပဲဆက်ပြောနေခဲ့တာ…
Jonker Street ကို စတင်တည်ထောင်ခဲ့သူ |
ကျွန်မ မေမေက မလေးရှားသွားလို့ စိတ်ပူနေတာ… မလေးရှားမှာ မြန်မာတွေကို သတ်နေတယ်ဆိုပြီးတော့… အဲဒါကြောင့် မြန်မာလို့ မပြောဖို့နဲ့ ဖြစ်နိုင်ရင် မြန်မာစကားမပြောဖို့ မှာထားတာ… အဲ့ဒိဆိုင်က ကောင်လေးမေးကြည့်တော့ မလကာမှာတော့ အေးဆေးပါပဲတဲ့… ကွာလာလမ်ပူမှာပဲ ဆိုးတာတဲ့… သူကတော့ မြန်မာဧည့်သည်တွေတွေ့ရတာ ပျော်နေပုံပဲ… စကားလဲ ပြောချင်ပုံရတယ်… Haagen daz ရေခဲမုန့် ၁ဇွန်းမှာတာ ၂ဇွန်းထည့်လာပေးတယ်…. ကိုယ်ကလဲ မစားနိုင်တော့လို့ ထိုင်ချင်ရုံသက်သက် ၁ဇွန်းပဲမှာတာကို… (မှတ်ချက်၊ ရေခဲမုန့်က Haagen Daz မစစ်ဘူးလို့ ထင်တာပဲ… စလုံးကနဲ့ အရသာ မတူဘူး)
အဲဒိမှာထိုင်ပြီး ၁၀ခွဲလောက်မှ Scents and Senses ဆိုင်ကိုထွက်ကြတယ်… ဟိုရောက်တော့ ခဏစောင့်ပြီး ၁နာရီအနှိပ်ခံ ပြီးတော့ ဟော်တယ်ကို ပြန်လာကြရင်း ပြန်ရောက်တာနဲ့ ချက်ချင်းကို အိပ်ပျော်သွားတော့တာပဲ…
Masjid Mosque
Shot with my beloved gopro hero3+ |
ငါးလာဖမ်းနေတဲ့သူတွေရှိတယ်… ဒါပဲ… ကျွန်မလဲ သံသယတော့ နည်းနည်းရှိပေမဲ့ ကားတော့ လာမှာပါဆိုပြီး… တိုက်စီဆရာကို ကားလာလားမေးတော့ သူက ဒီလိုပဲ ပြုံးပြတယ်… ဒါပေမဲ့ ကိုယ်က အဲဒိမှာ ဘယ်လောက် ကြာမယ်မှန်းမသိတော့ ကားဆရာကို မစောင့်ခိုင်းတော့ဘူး… ဒီလိုနဲ့ အဲဒိမှာ ဓာတ်ပုံတွေဘာတွေ လွှတ်ရိုက်… ပြီးတော့ အမျိုးသမီးတစ်ယောက် ကို အဲ့ ဗလီထဲတွေ့လိုက်တာနဲ့ ကိုယ်လဲ ရောက်တုန်း လေ့လာတဲ့အနေနဲ့ ၀င်ကြည့်လိုက်အုံးမယ်ဆိုပြီး ၀င်ဖြစ်ခဲ့တယ်… ကျွန်မ၀င်မယ်ဆိုတော့ ဗလီစောင့်ကလဲ မျက်ကလူးဆန်ပြာနဲ့ ခေါင်းစွပ်စွတ်ရမယ်လာပြောတယ်… စိတ်ထဲတော့ မစွပ်ချင်ပေမဲ့လဲ… အော်… သူများဘာသာရေးအဆောက်အုံ ထဲဝင်မှတော့ သူတို့ရဲ့ စည်းကမ်းကို လိုက်နာသင့်တာပေါ့ဆိုပြီး စွပ်လိုက်တယ်… တစ်သက်နဲ့တစ်ကိုယ်မှာ ဒါပထမဆုံး ဗလီထဲဝင်ကြည့်ဖူးခြင်းပဲ… ဘာမှလဲ ထွေထွေထူးထူးမရှိပါဘူး… ဟောခန်းကြီးပဲ… တစ်ခုပိုသာတာကတော့ ဗလီကနေ ပင်လယ်ဘက်ထုတ်ထားတဲ့ ၀ရံတာပုံလေးက အာလာဒင်တို့ခေတ်က အဆောက်အဦးလိုလို ရှုခင်းက ခံစားရတယ်… ရှုခင်းလေးတော့ ကြိုက်တယ်… ဒါပါပဲ…
တစ်ယောက်တည်းလား မေးတော့ ငါလေ........... ပါ... :P |
Nice view... |
Inner Prayer Hall |
ဒီလိုနဲ့ နောက်ခုံမှာ လေးယောက်ပြုံထိုင်ပြီး လိုက်ခဲ့ပါတယ်... မြို့ထဲပြန်ရောက်ရင် အဆင်ပြေတဲ့နေရာချဖို့ပြောပေမဲ့ သူတို့ကလဲ အင်္ဂလိပ်လို အရမ်းနားအလည်ကြီးမဟုတ်ပါဘူး... ဟိုတယ်နာမည်မေးတော့ မာကိုတာလို့ပြောတော့ ဟော်တယ်ကိုလိုက်ပို့မယ့်ပုံရှိပါတယ်.. ဒါပေမဲ့ ကျွန်မတို့ စီစဉ်ထားတာက Baba-Nyonya Museum ကိုသွားချင်တာဆိုတော့ အဲဒါနဲ့ အနီးဆုံးမှာ ချပေးခဲ့လို့လဲရတယ်လို့ဆိုတော့ သူတို့က အဲဒိ ပြတိုက်ကိုလိုက်ပို့ပါတယ်... သူတို့ငါးမျှားတာ ငါးတစ်ကောင်မှ မရပဲ၊ နိုင်ငံခြားသား ၄ယောက်ပဲ ပါလာတယ်ဆိုပြီး ရီနေကြပါတယ်... အဲလို ကူညီတတ်တဲ့သူတွေတွေ့တော့ အဲဒိနိုင်ငံကို ချီးကျူးမိသလို... ပျော်စရာအမှတ်တရလေးတွေလဲရပါတယ်... Malacca မှာလဲ လူကောင်းတွေချည်းရှိနေသလို စိတ်ထဲခံစားမိပါတယ်... အဲလိုဆိုတော့ ကိုယ့်နိုင်ငံမှာလဲ နယ်ခံ မြန်မာတွေက လာလည်တဲ့ နိုင်ငံခြားသားတွေကို ဖြူဖြူစင်စင်ကူညီကြတာ စဉ်းစားမိပြီး အဲဒိ ဓလေ့လေးနောက်ပိုင်း ပျောက်သွားပြီး ယိုးဒယားလို အလည်လာသူတွေကို ရရင် ရသလို နွှာမဲ့ စိတ်မျိုးဖြစ်လာမှာ စိုးရိမ်မိပါတယ်...
Baba-Nyonya Museum
အဲဒိရောက်တော့ နေ့လည် ၁၁နာရီထိုးနေပြီး နောက်ထပ် tour session က ၁၁နာရီ ၁၅မှ စမယ်ဆိုလို့ စောင့်နေရတယ်... သူက လူကြီးဆို RM15ပေးရတယ်... အတွင်းထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး... ပြတိုက်သာပြောပါတယ်... အမှန်တော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က နေခဲ့တဲ့ တရုတ်သူဋ္ဌေးအိမ် ၃ခန်းတွဲကို အရင်ခေတ်က အသုံးအဆောင်တွေ သေသေချာချာခင်းကျင်းပြသထားတာပေါ့နော်... သူတို့ရှင်းပြတဲ့အထဲမှာ သူတို့အိမ်က အဖိုးရဲ့အဖေ အဘိုးကပဲ ပထမဆုံး တရုတ်ပြည်ကနေ မလကာကို စရောက်ပြီး Baba Nyonya ယဉ်ကျေးမှုကို စခဲ့သလိုလိုနဲ့ ၀ီကီမှာကျတော့ ဒိထက်အရင်ကတည်းက Baba Nyonya ယဉ်ကျေးမှုက ထွန်းကားခဲ့တာပါ... အခု ပြတိုက်လုပ်ထားတဲ့အိမ်က နှစ် ၁၀၀ ကျော်လောက်ပဲရှိပါသေးတယ်... ခုမှ မျိုးစက် ၄ဆက်အထိပဲရှိပါသေးတယ်... အိမ်ထဲမှာတော့ သာမာန်ဧည့်သည် ဧည့်ခံခန်း၊ ဆွေမျိုးတွေဆို ဧည့်ခံတဲ့အခန်းက တစ်ခန်း... အတွင်းဘက်မှာဆိုလဲ အမိုးက အပေါက်နဲ့ နေရောင်ရအောင် ဘယ်လိုလုပ်ထားတဲ့အကြောင်း... အပေါ်ထပ်တက်တဲ့လှေကားဆိုလဲ သစ်သားတံခါးနဲ့ ပိတ်ထားရတဲ့ ရည်ရွယ်ချက် စသည်ဖြင့်ပေါ့လေ... နောက်ဖေးမီးဖိုးချောင်မှာဆိုလဲ ငရုတ်ဆုံ ငါးရုတ်ကျည်ပွေ့တွေ ရေခဲဗုံးတွေ၊ မီးသွေးမီးပူတွေကို အထူးတလည်ပြသထားတာပေါ့လေ... အဲဒိထဲက တစ်ချို့ပစ္စည်းတွေဆို မြန်မာပြည်မှာ ခုလက်ရှိအချိန်ထိ တစ်ချို့လူတွေသုံးနေရတုန်းပါပဲ... အဲဒါကြောင့် မြန်မာပြည်က စကားထဲမှာ စာဖတ်သူတွေ ပြောလေ့ရှိမရှိမသိပေမဲ့ ကျွန်မတို့အမျိုးထဲမှာဆိုရင်တော့ အိုဟောင်းလွန်းလို့ ပြတိုက်ပို့ထားလို့ရပြီလို နောက်ပြောတတ်တဲ့ စကားရှိပါတယ်... အဲဒိစကားကို ပြန်စဉ်းစားမိတော့ Baba-Nyonya ပြတိုက်မှာ ပြုံးမိပါသေးတယ်... အော်... ဒါနဲ့ Baba Nyonya ဆိုတာကတော့ မလေးရှားနဲ့ အရှေ့တောင်အာရှကို ပြည်ကြီးက တရုတ်တွေလာရောက်အခြေချတုန်း နယ်ခံအမျိုးသမီးတွေနဲ့ဖြစ်စေ၊ တရုတ်မဟုတ်တဲ့ တခြားနိုင်ငံခြားသားတွေနဲ့ဖြစ်စေ အကြောင်းပါ အိမ်ထောင်ကျပြီး အဲဒိနယ်ရဲ့ ယဉ်ကျေးမှုတ၀က် သူတို့ တရုတ်ယဉ်ကျေးမှုတစ်ဝက် ဆက်ခံတဲ့သူတွေပါ... အဲလို လူမျိုးတွေရဲ့ မျိုးဆက်ကို ယောကျာင်္းလေးဆို Baba ၊ မိန်းကလေးဆို Nyonya လို့ ခေါ်ကြပါသတဲ့... အသေးစိတ်သိချင်ရင်တော့ ၀ီကီမှာ ဖတ်ကြည့်နော်....
For your info |
ကျွန်မကတော့ Nyonya Laksa စားချင်ပေမဲ့ အဲဒိမှာ မရှိပါဘူး... အဲဒါကြောင့် မလကာမှာ ဘာကာကိုလဲ ပြောကြလွန်းလို့ Mahkota homemade burger ကို မှာဖြစ်ပါတယ်... အဖော်တွေကတော့ ထမင်းကြော်နဲ့ Ayam Pandang ဆိုလားဘာလား အသီးသီးမှာစားကြပါတယ်... စားလို့ကောင်းမဲ့ပုံပါပဲ...
အပြန်ကျတော့မှ ဟော်တယ်က မြန်မာအလုပ်သမားတစ်ယောက်က ကျေးဇူးတင်ပါတယ်လှမ်းပြောတော့မှ မြန်မာမှန်းသိပါတယ်...
Mahkota Homemade burger |
Ayam Pandang |
လှမ်းခေါ်လို့ ၀င်ကြည့်ဖြစ်ခဲ့တဲ့ ပြတိုက်က မလကာခံတပ် သမိုင်းကြောင်း...