ပတ်စပိုစ့်ရုံးကတော့ အရင်ကထက်စာရင်တော်တော်လေး အကောင်းဘက်ကိုပြောင်းလာတာတွေ့ရပါတယ်… လိုအပ်တာတွေတော့ရှိနေသေးတာပေါ့နော်… ဒီလောက်ဖြစ်လာတာပဲကံကောင်းလို့ အပြောမစောပါနဲ့နော်… ကြက်သားဟင်းကြွေးသင့်တဲ့ အခြေအနေမျိုးရှိရဲ့နဲ့ အငတ်ထားခံခဲ့ရပြီး ခုမှ ဆားနဲ့ ထမင်းစားရတာကို လုံလောက်ပြီလို့တော့ လက်မခံချင်သေးပါဘူး… ဒါပေမဲ့ ခုချက်ချင်းပြောင်း ခုချက်ချင်းကောင်းရမယ်လို့လဲ မဆိုလိုပါဘူး… အများကြီးတိုးတက်လာလို့ ဝမ်းသာတယ် ကျေးဇူးလဲတင်တယ်… ဒါပေမဲ့ နောက်ထပ်တော့ တဖြည်းဖြည်းဒိထက်ကောင်းအောင်လုပ်ဖို့ ကျန်သေးတယ်ပြောတာ… (သဘောက်ပေါမယ်ထင်တယ်နော်… မဟုတ်လဲ ရှင်းရတာနဲ့တင် ဒီပိုစ့်က ဒီကနေ တက်တော့မှာမဟုတ်ဘူး)…
ပတ်စပို့ရုံးက အရင်လို ပန်းဆိုးတန်းမှာမဟုတ်တော့ဘူး… တခြားနေရာဖြစ်သွားပြီ… တိုက်စီနဲ့သွားရင်ဘယ်လောက်ကျမလဲ အသိကိုမေးခဲ့ပြီး အဲဒိစျေးနဲ့သွားလိုက်တော့ ပတ်စပို့ရုံးက ခုဘယ်နေရာလဲ သေချာမသိဘူး… ဟီး… အဲလိုတော်တာ… မသွားမဖြစ်လို့သာသွားရတာလေ… စိတ်ပါလက်ပါသွားရတာမဟုတ်တော့ မမှတ်ထားမိဘူး… ဒီမှာကတည်းက ကိုဂျူလိုင်ဒရင်းရဲ့ ဖေ့ဘွတ်ပေါ်က ပတ်စပိုစ့်တိုးခဲ့တဲ့ အကြောင်းကိုဖတ်လဲဖတ်ခဲ့တယ် သေချာအောင် ဖုန်းနဲ့လဲ ဓာတ်ပုံရိုက်ယူလာခဲ့တယ်လေ… သူပြောတဲ့အတိုင်း တသွေမတိမ်းလိုက်လုပ်တာ အားလုံး အဆင်ပြေတယ်…
ရုံးကိုအသွား အမိုးအုပ်လမ်းက နံရံပေါ်မှာရေးထားတဲ့ လုပ်ရမဲ့ အဆင့်တွေ |
ရုံးကိုဝင်တဲ့ အမိုးလမ်းတစ်လျှောက် လျှောက်လာရင်း ရုံးထဲမဝင်ခင်စစ်ဆေးရေးနေရာမှာ ရဲမေတွေက မှတ်ပုံတင်တောင်းကြည့်ပါတယ်… ကျွန်မ မေမေက မပါလာတော့ နောက်ဆိုရင်တော့ မေ့မလာပါနဲ့လို့ ကောင်းကောင်းမွန်မွန် ချိုချိုသာသာပဲပြောပါတယ်… (ဟိုးအရင်ကဆိုရင်တော့ ရှစ်ခေါက်ချိုးပြောကောင်းပြောမယ်… မပါမဝင်ရတို့ ဘာတို့လဲ လုပ်ချင်လုပ်မှာပေါ့… ဒါပေမဲ့လဲ စင်ကာပူက ICA ကိုဝင်ဖို့ IC မဆစ်ပါဘူး… အဲဒါပြောတာ ကြက်သားနဲ့မကြွေးပဲ အငတ်ထားခံထားရတော့ ဆားနဲ့ထမင်းစားရတာကို ကျေနပ်မိနေတာ)… ဘယ်လိုပဲဖြစ်ဖြစ် စကာင်္ပူက မြန်မာသံရုံးက လူတွေထက်စာရင် မြန်မာပြည် ပတ်စပိုစ့်ရုံးက စစ်ဆေးရေးကအစ အပုံကြီးသာတယ်… စကာင်္ပူ-မြန်မာသံရုံးက ခြံစောင့် စလုံး အဘိုးကြီးတွေကအစ လူကို ငေါက်လားငမ်းလားနဲ့ အတုယူမှားနေတာ… တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုတာ ဒါမျိုးလားမသိ…
ကဲကဲ… အားလုံးလဲသိရအောင် ကိုဂျူလိုင်ဒရင်းဆီက ခွင့်တောင်းပြီး သူရေးပြီးသားလေး ကူးပြီ ဝေမျှလိုက်တယ်နော်… ကွင်းစကွင်းပိတ်ထဲက စာတွေကတော့ မဗေဒါရဲ့ထပ်မံဖြည့်စွက်တဲ့ အတွေးလေးတွေပေါ့…
၁။ ပထမဦးဆုံး ပုံစံ/ငွေသွင်းဆိုတဲ့ ကောင်တာမှာ မြန်မာငွေ ၃၅၀၀ ကျပ် သွင်းပြီး အစိမ်းနုရောင် ပြေစာတရွက် အရင်ထုတ်ရပါမယ်။ အဲဒီပြေစာက ဓါတ်ပုံရိုက်တဲ့နေရာမှာ ပြရမယ့် ပြေစာပါပဲ။
၂။ ဘေးကပ်ရက်(L ပုံစံ ထောင့်ချိုး)က ကောင်တာမှာ ငွေသွင်းထားတဲ့ ပြေစာကို ပြပြီး လျှောက်လွှာ ၃ စောင်တွဲကို ထုတ်ရပါမယ်။ ပြေစာပေါ်မှာ လျှောက်လွှာထုတ်ပြီးကြောင်း အမှတ်အသားတခု လုပ်ပေးပါလိမ့်မယ်။
၃။ လျှောက်လွှာကို နောက်မှ ဖြည့်ပါ။ ဓါတ်ပုံ အရင် သွားရိုက်ပါ။ ဓါတ်ပုံရိုက်တဲ့အခန်းက အမျိုးသားတခန်း အမျိုးသမီးတခန်း ရှိပါတယ်။ ၁၅ မိနစ်လောက် ကြာရင် ပထမဦးဆုံး ငွေသွင်းခဲ့တဲ့ ကောင်တာဘေးက ဓါတ်ပုံထုတ်ရန်ဆိုတဲ့ ကောင်တာမှာ ဓါတ်ပုံ ထုတ်လို့ ရပါပြီ။
၅။ ငွေသွင်းဖို့ ဘဏ်ဖွင့်ပြီဆိုရင်တော့ လျှောက်လွှာတွေကို နောက်မှဖြည့်ပါ။ ငွေသွင်းဖို့ အရင်တန်းစီလိုက်တာ ပိုကောင်းပါတယ်။ ဘဏ်က လျှောက်လွှာဝယ်ရတဲ့အခန်းကြီးရဲ့ မျက်နှာချင်းဆိုင် အခန်းမှာပါ။ အရင်ဦးဆုံး ငွေသွင်းပြေစာမှာ အမည် မှတ်ပုံတင် အစရှိတဲ့ အချက်အလက်တွေကို ဖြည့်ပါ။
(ငွေသွင်းပြေစာကို အဲဒိ ငွေသွင်းကောင်တာရဲ့ ဘေးမှာ အလကားပေးပါတယ်။ ဖောင်ဖြည့်ဖို့ပုံစံကိုလဲ နံရံတွေမှာကပ်ပြီး ဘယ်လိုဖြည့်ရမလဲ ပြထားပါတယ်) ပြီးရင် တန်းစီပြီး ငွေသွင်းပါ။ ကိုယ်နဲ့အတူ အဖေါ်ပါလာရင် ကိုယ်က အချက်အလက်တွေ ဖြည့်နေတုန်း သူ့ကို တန်းစီခိုင်းထားပါ။ ငွေသွင်းပြီးရင် ခဏစောင့်ရပါတယ်။ ဘဏ်က အမည်အော်ခေါ်ပြီး ငွေသွင်းပြေစာ ပြန်ထုတ်ပေးပါမယ်။ သက်တမ်းတိုးတာအတွက် မြန်မာငွေ ၂ သောင်းကျပ် ပေးသွင်းရပါမယ်။ အကယ်လို့ သက်တမ်းတိုးမယ့် ပတ်စ်ပို့စာအုပ်က ၁ နှစ်ကျော်လောက် သက်တမ်းကျန်နေသေးရင် ဒဏ်ကြေး ၄ သောင်းကျပ် ထပ်ဆောင်ရပါသေးတယ်။ (စောစောစီးစီး သက်တမ်းလာတိုးတာကို ဒဏ်ကြေးရိုက်တာကတော့ ဘာကြောင့်လဲ နားမလည်နိုင်ပါ… အော်.. ဆားနဲထမင်း… ဆားနဲ့ထမင်း)၆။ ဓါတ်ပုံလည်း ရပြီ။ ဘဏ်ငွေသွင်းပြေစာလည်း ရပြီ။ အဲဒါဆို လျှောက်လွှာ ၃ စောင်ကို ဓါတ်ပုံ ၁ ပုံစီကပ်ပြီး ဖြည့်ပေတော့။ ဓါတ်ပုံကပ်ဖို့ ကော်ဗူး၊ မှားရေးတာ ရှိရင် ဖျက်ဖို့ မင်ဖျက်ဆေးဖြူတွေ အိမ်ကနေ တပါတည်း ယူလာပါ။ (မယူလာရင်တော့ ပတ်စပိုစ့်ရုံးမဝင်ခင်မှာ အဲဒိ set လိုက် လိုက်ရောင်းတဲ့ စျေးသည်တွေရှိပါတယ်… ၁၀၀၀ လား ၁၅၀၀ လားပေးရပါတယ်) ပြီးရင် ပုံစံစီတယ် ဆိုလား လျှောက်လွှာစီတယ် ဆိုလား... သွားလုပ်ရပါတယ်။ မိတ္တူကူးပေးတဲ့ အခန်းထဲမှာပဲ အဲဒီကောင်တာ ရှိပါတယ်။ အဲဒါက ဘာမှတော့ မဟုတ်ပါ။ ကိုယ်တွေ ဖြည့်ထားတဲ့ လျှောက်လွှာတွေ၊ မိတ္တူတွေကို အစီအစဉ်တကျ ဖြစ်အောင် စီပေးတာပါ၊ အဲဒီမှာ ဓါတ်ပုံ ၁ ပုံ ထပ်ပေးရပါတယ်။ (အမှန်တော့ အဲဒိကောင်တာက ရဲကြီးဆီမှာလဲ ကော်ဗူးတွေ့ခဲ့ပါတယ်…. ကော်ဗူးမပါတဲ့သူတွေကို သူကပ်ပေးပါတယ်… ကိုဂျူလိုင်သွားတုန်းကထက် တိုးတက်လာတယ်.. အဟိ)
၇။ ပြီးရင် လျှောက်လွှာသွားတင်လို့ ရပါပြီ။ ကွန်ပျူတာဌာနမှာ ကိုယ့်အချက်အလက်တွေကို ကွန်ပျူတာနဲ့ ဖြည့်ပါမယ်။ ဓါတ်ပုံကို စကန်ဖတ်ပါတယ်။ အဲဒီမှာပဲ လက်ဗွေနှိပ်ရပါတယ်။ ပြီးရင်တော့ ပတ်စ်ပို့ထုတ်ရမယ့် နေ့စွဲပါတဲ့ စလစ်လေး ထွက်လာပါမယ်။ အဲဒီ စလစ်မှာ ပါတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ အမည်၊ မွေးနေ့ စတဲ့ အချက်အလက်တွေကို သေချာ ပြန်စစ်ပါ။ အမည် စာလုံးပေါင်း မတူတာ ရှိရင် ချက်ချင်း ပြန်ပြောဖို့ လိုပါတယ်။ ၁၀ ရက်အကြာမှာ အဲဒီစလစ်ကို ယူပြီး ပတ်စ်ပို့ ထုတ်လို့ရပါပြီ။
ကဲ... ရန်ကုန်မှာ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာ ဒါပါပဲကွယ်။ ကြားထဲမှာတော့ လိုအပ်သလို မိတ္တူကူးခိုင်းတာတွေ ရှိပါတယ်။ မိတ္တူကူးခက တမျက်နှာကို မြန်မာငွေ ၁၀၀ ကျပ်ပါ။ ၁၀၀ တန် ၂၀၀ တန်တွေ ဆောင်ထားဖို့ လိုပါမယ်။ အိမ်က လျှောက်လွှာတွေ ကြိုဝယ်ပေးထားနိုင်ရင်တော့ လျှောက်လွှာကို ကြိုဝယ်ထားပြီး အိမ်မှာ အေးအေးဆေးဆေး အချိန်ယူ ဖြည့်ပါလို့လည်း အကြံပေးချင်ပါတယ်။
(ဒီတင်ပဲ ကိုဂျူလိုင်ဒရင်းရဲ့ ပတ်စပိုစ့်သက်တမ်းတိုး အဆင့်ပြီးဆုံးပြီး မဗေဒါရဲ့ “ရေးမယ် မန့်မယ် ဖတ်ကွယ်” အစီအစဉ်ကို ဆက်လက်တင်ပြပါမည်… ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ… (ဦးကျော်စိုးဦး အသံဖြင့်ဖတ်ရန်)…
အောက်ဆုံးနံပါတ် ၁၁ က လုပ်စရာမလိုဘူးတဲ့... ကောင်တာက ဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းကို သေချာအောင် သွားမေးခဲ့တယ် |
ခုလိုမျိုး ဝန်ထမ်းတွေကလဲ ဖော်ဖော်ရွေရွေ အစစအရာရာလဲ အဆင်ပြေပြေ… ငေါက်ငမ်းခြင်းမရှိ၊ တရားဝင်ပြထားသော Reasonable ပေးရတဲ့ငွေကလွဲလို့ တခြားဘာမှကောက်ခံခြင်းမရှိတော့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်… ဒါပေမဲ့ ဂုဏ်မယူနိုင်သေးတာကတော့ လူတွေတန်းမစီတတ်သေးတာကိုပါ…
ခုဆို အစိုးရဝန်ထမ်းတွေဘက်က စတင်ပြီး အကောင်းပြောင်းလဲလာနေပြီဆိုတော့ ပြည်သူဖြစ်တဲ့ကိုယ်တွေဘက်ကလဲ စတင်ပြီး စည်းရှိကမ်းရှိနေဖို့လိုလာပြီလို့ထင်ပါတယ်… ဘယ်နေရာမှာ အဆိုးဆုံးလဲဆိုရင် ဘဏ်သွင်းတဲ့နေရာမှာပါ… တကယ်လို့သာ လာတဲ့သူတွေအားလုံး ခုလို တိုးမဝှေ့မနေပဲ တန်းစီပြီးကိုယ့်အလှည့်ကိုယ်အေးအေးဆေးဆေးစောင့်မယ်ဆို မလိုအပ်တဲ့ပြဿနာတွေနဲ့ စိတ်ဆင်းရဲမှုတွေဖြစ်မလာတော့ဘူးပေါ့… မြန်မာပြည်မှာက အဆင့်မြင့် လျှပ်စစ်တန်းစီစနစ် (ကျူနံပါတ်ထုတ်ပေးတဲ့) စက်တွေမရှိသေးတော့ ကိုယ်က အနည်းဆုံးစည်းကမ်းရှိပေးလိုက်တာ မကောင်းဘူးလား… တန်းစီနေတဲ့သူက အများစုဆိုရင် တန်းမစီပဲ ကြားဖြတ်တဲ့သူကလဲ ရဲမှာမဟုတ်တော့ဘူး… အရှက်မရှိပဲ ကြားဖြတ်ခဲ့တယ်ထားအုံး တန်းစီနေတဲ့သူအများစုက သတိပေးလိုက်လို့ရတယ်… တကယ်လို့ လုပ်ပေးနေတဲ့ ဝန်ထမ်းကပါ အပိုဆောင်းပြီးဂရုစိုက်မယ်ဆိုရင်ဖြင့် ကြားဖြတ်တဲ့သူကို ဝန်ဆောင်မှုမပေးပဲ တန်းစီနေတဲ့သူကိုပဲ လုပ်ပေးနိုင်တယ်… ဒါပေမဲ့ ခုကျတော့ တန်းစီဖို့ စိတ်ကူးနေတဲ့သူဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး… အားလုံးက ပြုံတိုးနေကြတာကိုး… ဒါဆိုတချို့ကပြောတယ် “ရောမရောက်ရင် ရောမလိုကျင့်” တို့… “အများမိုးခါးရေသောက်ရင် ကိုယ်လဲသောက်ရမှာပဲ” တို့… “ဒါမြန်မာပြည် ခုမှ -ျီးကြီး မနေပါနဲ့”တို့… စတဲ့စကားတွေဟာ သိမ်ငယ်နေလို့၊ ကျွန်မတို့ မြန်မာလူမျိုးနဲ့ စည်းကမ်းဆိုတာ မတန်ဘူးလို့ ခံယူထားသူတွေပြောတဲ့စကားလို့ထင်ပါတယ်…
ခုလိုမျိုး လူတွေအားလုံးက အစာကျွေးခါနီးလှောင်အိမ်ထဲက တိရိစ္ဆာန်တွေလို အပေါက်ဝမှာ ပြုံနေကြတော့ ဝန်ဆောင်မှုပေးတဲ့သူလဲ ဝေခွဲရခက်သလို စိတ်ကြည်လင်တော့မှာလဲ မဟုတ်ပါဘူး… သူစိတ် မကြည်လို့ အော်ငေါက်မယ်ဆိုရင် လူတွေကပဲ အစိုးရဝန်ထမ်းတွေ အပေါက်ဆိုးတယ်ဖြစ်အုံးမယ်… တိုးဝှေ့နေတဲ့ ကျွန်မတို့ ကိုယ်တိုင်ရော စိတ်က ကြည်နေမလား… အဲဒိမှာတင် “ချိတ် ချိတ်ချင်း ချိတ်” ကြတာပဲ… ကိုယ်လဲ တိုးနေတဲ့ လူအချင်းချင်းနဲ့ပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းနဲ့ပဲဖြစ်ဖြစ် စကားများရရင် ကိုယ့်နေ့က သာယာပါတော့မလား… ကိုယ်နဲ့တောက်လျောက်နောက်တွေ့မဲ့သူတွေကိုလဲ အဲဒိ စိတ်မချမ်းမြေ့မှုက အကျိုးသက်ရောက်နိုင်တယ်… ဒီလိုပဲ အဲဒိ ဝန်ထမ်းအတွက်လဲ တစ်ယောက်နဲ့ စကားများလိုက်ရင် နောက်သူထပ်ဝန်ဆောင်မှုပေးမဲ့ လူတွေအပေါ် ခြေငံနိုင်ပါတော့မလား… အဲဒိဝန်ထမ်းက စိတ်မကြည်လို့ ငေါက်ထည့်လိုက်တဲ့ နောက်လူတစ်ယောက်၊ အဲဒိနောက်လူနဲ့ အဲဒိနေ့မှာထပ်တွေ့မဲ့ နောက်လူတွေ….. အများကြီး… အများကြီး…. အဲ့ဒိတစ်နေ့တာလုံးအတွက် ပျော်ရွှင်မှုတွေ ညစ်ညမ်းမှုတွေဟာ တန်းစီပြီး အေးဆေးစောင့်လိုက်ရုံနဲ့ ဖေ့ဘွတ်က newsfeed လို့ ဆင့်ကဲဆင့်ကဲ ပြန့်နှ့ံသွားနိုင်တဲ့ အရာ… ပြောချင်တာက သူ့ဘက်ကိုယ့်ဘက် နားလည် စဉ်းစားပေးပေါ့… သူတို့ဘက်က တဆင့်တိုးပြီး အဆင်ပြေအောင်လုပ်ပေးနေရင် ကိုယ့်ဘက်ကလဲ တစ်ဆင့်တိုးပြီး စည်းကမ်းရှိပေးလိုက်… ဒါတောင် သူတို့အတွက်မဟုတ်ဘူးနော် ကိုယ့်အတွက်ကိုယ်ပြောတာ… (by the way, ဒီငွေသွင်းတဲ့နေရာမှာကျတော့ ကျွန်မတို့နိုင်ငံက Gender Discrimination မရှိဘူးသိလား… ယောကျာင်္းမိန်းမ ရင်ဘောင်တန်းတိုးလေရော့ပဲ… ဘယ်သူမှတော့ ဘာမှမလုပ်ပေမဲ့ မိန်းကလေးများ အထိမခံနိုင်ရင် သံချပ်ကာသာဝတ်သွားဖို့ မှာချင်တော့တယ်… )
ဒါက နောက်ဆုံး ချလန်ပြန်ထွက်မဲ့ ကောင်တာနဲ့ လက်ဗွေနှိပ်ရတဲ့ ကောင်တာနားက စာသား... ကျက်သရေကိုရှိနေတာပဲ... |
ဒါနဲ့ အဲဒိ ဘဏ်ငွေသွင်းတာကို တိုးဝှေ့လုပ်ပြီး ချလန်ပြန်ထွက်ဖို့ စောင့်နေတော့… ထွက်လာတဲ့ချလန်တွေကို ကောင်တာကနေပြန်မပေးနိုင်ဘူး… ဘာလို့လဲဆိုတော့ ငွေသွင်းတဲ့လူတွေတိုးနေတာနဲ့ပဲ အဲလိုပြန်ပေးလို့မရတာပေါ့…ဒါနဲ့ ရဲဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းတစ်ယောက်က အခန်းထဲက ပြေစာတွေကိုယူထုတ်ပြီး နာမည်ခေါ်ပြီးဝေရတယ်… လူတွေကလဲ အဲဒိရဲနောက်ကို သကြားလုံးဝေဖို့ စောင့်နေတဲ့ခလေးတွေလို လိုက်အုံနေတာပေါ့…
အဲဒိရဲက တစ်ချိန်မှာတော့ “မြန်မာပြည်မှာကို မနေချင် လုပ်မစားချင်ကြတော့ဘူး… ဟုတ်လား… အားလုံးပဲ နိုင်ငံခြားထွက်နေကြတော့…” ဆိုပြီး ပတ်စပိုစ့်လာလုပ်တဲ့သူတွေကို ခင်ရာခင်ကြောင်းပုံစံမျိုးနဲ့ဖြစ်စေ၊ တိုင်းပြည်ကို မချစ်ကြဘူး၊ သူကမှ ချစ်တာဆိုတဲ့ပုံစံမျိုး ပြလိုလို့ဖြစ်စေ၊ ဆရာလိုလိုနဲ့ သြဝါဒချွေတဲ့ပုံစံမျိုး ပဏာဝင်ယူချင်တာဖြစ်စေ စတဲ့ စတဲ့ အမျိုးမျိုးသောရည်ရွယ်ချက်ကြောင့်ဖြစ်နိုင်တဲ့ စတိုင်မျိုးနဲ့ လူတွေကိုပြောပါတယ်… ငေါက်ငမ်းတဲ့ပုံမျိုးတော့ မဟုတ်ပါဘူး… ဒါပေမဲ့ ကျွန်မတွေးမိလိုက်တာကတော့ “အော်… သူ့အတွေးထဲမှာ ပတ်စပိုစ့်လုပ်တယ်ဆိုတာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့၊ နိုင်ငံခြားမှာအပြီးနေချင်လို့ ဆိုတဲ့ အတွေး ပဲရှိပါလား… ဒါဟာ သေချာစဉ်းစားရင် တိုင်းပြည်အစိုးရကို အရှက်ခွဲတဲ့စကားပဲ… တိုင်းပြည်မကောင်းတော့ ပတ်စပိုစ့်လုပ်တဲ့ ပြည်သူပြည်သားတွေဟာ နိုင်ငံခြားကို အပြီးသွားချင်တဲ့သူတွေ၊ တိုင်းပြည်မှာ ပညာတတ်တွေ၊ လုပ်အားခတွေကို စားလောက်အောင်မပေးနိုင်တော့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ရတယ် လို့ သူ့စကားအဓိပ္ပါယ်က ရောက်တယ်… တခြားနိုင်ငံတွေက နိုင်ငံသားအများစုမှာလဲ ပတ်စပိုစ့်ဆိုတာ မှတ်ပုံတင်လိုပဲ အားလုံးနီးပါးမှာရှိနေတတ်ကြပါတယ်… ကိုယ်နေတဲ့ စကာင်္ပူမှာတင် သူတို့ နိုင်ငံသားတိုင်း ပတ်စပိုစ့်ရှိပါတယ်… နိုင်ငံကူးလက်မှတ်ဆိုတာ တခြားနိုင်ငံကို အပြီးနေထိုင်ဖို့ဖြစ်စေ၊ တခြားနိုင်ငံကို အလုပ်သွားလုပ်ဖို့ဖြစ်စေ အဲဒိရည်ရွယ်ချက်နဲ့ပဲ ထုတ်ပေးတဲ့ လက်မှတ်မဟုတ်ပါဘူး…. တခြားနိုင်ငံကို အလည်အပတ်ဖြစ်စေ၊ စျေးဝယ်ဖြစ်စေ၊ စီးပွားရေးတွေ့ဆုံဆွေးနွေးဖို့ဖြစ်စေ တခြားနိုင်ငံကို သွားဖို့ လိုအပ်တဲ့ အထောက်အထားစာအုပ်တစ်ခုဆိုတာ အဲဒိ ပတ်စပိုစ့်ရုံး ငွေသွင်းကောင်တာကို ကူနေတဲ့ ရဲ မသိလေရော့သလား… အော်… သူလုပ်နေတဲ့ ရုံးက ထုတ်ပေးတဲ့ စာရွက်စာတမ်းရဲ့ အဓိပ္ပါယ်ကိုတောင် မသိပါလား….” ဆိုပြီး သူ့ကို ဂရုဏာသက်မိပါတယ်….
အဲဒိလို ကိုယ်ရောက်နေတဲ့ နေရာ ကိုယ်လုပ်နေတဲ့အလုပ်ကို သေချာမသိပဲ အလုပ်လုပ်နေတဲ့သူတွေ၊ ကိုယ်ရှိသင့်တဲ့နေရာနဲ့ နေရာမှားကိုရောက်နေတဲ့သူတွေ၊ ကိုယ့်ပညာနဲ့မသက်ဆိုင်တဲ့ နေရာမှာ လုပ်နေရတဲ့သူတွေသာ သူကျွမ်းကျင်တဲ့ သူသက်ဆိုင်တဲ့ နေရာတွေ အတည်တကျပြန်ရမယ်ဆိုရင် ကျွန်မတို့နိုင်ငံကြီး တိုးတက်နှုန်းက ၁ဝဆမက မြန်သွားမယ်လို့ ကျွန်မထင်မိပါတော့တယ်…
8 comments :
ကြက်သားဟင်းနဲ့ဆား ဥပမာတော့ကြိုက်သွားပြီ လူတွေပြောင်းလဲမှုအပေါ် appreciate လုပ်ရင်းနဲ့ ၁၀၀%right ကိုတောင်းဆိုဖို့မသိစိတ်က အားနာနေတာ ပေါ်လွင်စေတယ် ဒါနဲ့ အစစာလုံး ပတ်စပို့စ်လို့ရေးထားတာ စ်မထည့်ရဘူးလားလို့ passport ဆိုတော့ စ် မပါဘူးထင်တယ် ပြောပြရဦးမယ် ၁ရော ၂ပါ ဖတ်ရတာအရသာရှိလွန်းလို့ ၃မြန်မြန်ရေးပါလို့ အားမနာတမ်းတောင်းဆိုသွားပါတယ်
Wine
မြန်မာပြည်မှာ စည်းကမ်းတကျ တန်းစီကြတဲ့စနစ်မျိုး ဘယ်တော့မှ ပေါ်လာမယ်မသိဘူးနော်... ။တန်းစီနေတာမြင်ရဲ့သားနဲ့လဲ အရှေ့ကနေ စွတ်ဆိုပြီး ၀င်ချသွားတာ... အားနာဖို့နေနေသာသာ အဲ့လို သူဦးသူ ငါဦးငါ လုပ်ပြီး အရင်ဝင်ရတာကို ငါဟဲ့ဆိုပြီး ဂုဏ်ယူနေသလားတောင် ထင်ရတယ်........ ။
နောက်ဆုံး ၂ ပိုဒ် ရေးထားတာ လေးကို အရမ်း သဘောကျတယ်။ အကောင်းဘက်က မြင်ရင်တော့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။
ပထမ ဆုံး passport လုပ်တုန်း က ပန်းဆိုးတန်းက ၁၇ ရုံးလား၊ ၁၉ ရုံးလား မသိ၊ အဲ့ form ရဖို့ အတွက် ည ၇ နာရီ ၈ နာရီ လောက်ထိ စောင့်ခဲ့ဖူးတယ်။
၁၀၀% right ကို တောင်းဆိုဖို့ မသိစိတ်က အားနာနေတယ် ဆိုတာတော့ မဟုတ်ဘူး Wine... မဗေဒါဆိုလိုချင်တာက ခုလို အကောင်းဘက်ကို ပြောင်းလဲလာတာကို ကြိုဆိုတယ်... ချီးကျူးတယ်... ဒါပေမြ့ ဒီလောက်နဲ့ တော့ မကျေနပ်နိုင်သေးဘူး... ကြက်သားဟင်းနဲ့ကျွေးလို့ရရဲ့သားနဲ့ ဆားနဲ့ထမင်းလောက် ကျွေးတာကို မကျေနပ်နိုင်ဘူးပြောတာ...
ဟုတ်တယ် တချို့တွေက အဲဒါကိြု့ သူတို့က လူနပ်မို့လို့ထင်နေကြတယ်... ရှက်ရကောင်းမှန်းမသိဘူး... အဲဒိ mindset ကို ပြောင်းပေးရမှာ... အများက စည်းကမ်းရှိလာရင် နောက်ဆို ဒီလိုလူတွေလဲ ရှက်ရကောင်းမှန်းသိလာမှာပါ...
ဟုတ်ပါတယ်... အစစ်အမှန်တော့ ကောင်းလာတာမဟုတ်ဘူး... အပေါ်ယံလေးတင် ကောင်းပြနေသေးတာဆိုပေမဲ့လဲ... ကောင်းလာတာကိုတော့ ကောင်းတယ်ပြောပေးသင့်တယ်လေ... ခုလို အကောင်းဘက်ကိုပြောင်းလာတာ တော်တော်လေး အဆင်ပြေသွားတယ်... စကာင်္ပူက မြန်မာ သံရုံးလဲ ခြားနားခွန်တို့ လက်ကျန်ခွန်တို့ ကောက်တာ ရပ်သင့်ပြီ...
တို့လဲဒါကိုပဲဆိုလိုတာလေ ကြက်သားက 100%ဆိုပါစို့ အရင်က အငတ်ထားတာက zero ပေါ့ အခုဆားနဲ့စားရလို့ 30%လောက်ဖြစ်လာတာကို ကျေနပ်တယ် အချိန်အတိုင်းအတာတခုမှာ zero ကနေပြောင်းလဲလာတော့ကျေးဇူးတင်တယ် ဒါပေမယ့် post ထဲမှာရေးထားသလိုဒီလောက်ဖြစ်လာတာပဲကံကောင်းလို့ အတွေးရှိနေတော့ 'ဒီလောက်အချိန်မှာ ဆားနဲ့စားရတာပဲ ကျေးဇူးတင်ပါဦး အရင်ကလိုအငတ်မနေရတာပဲတော်လှပြီ ကြက်သားနဲ့များမျှော်နေသေးတယ်' ဆိုတဲ့မသိစိတ်ကဖြစ်စေ သိစိတ်နဲ့ဖြစ်စေ ဖြေတွေးတွေရှိနေသေးတယ် တကယ်က ကိုယ်.တွေနဲ့ထိုက်တန်တဲ့ ကြက်သားစားရမှကျေနပ်ရမှာ ဒါကိုပြောချင်တာ
ဟုတ်တယ်... အဲဒါပြောတာ... :D ... youtube မှာလဲ reply ထားတယ်... သြစီက မိတ်ကပ် look က ဘယ်နေ့ကဟာပြောတာလဲ? eyeshadow အရောင်ပဲပြောင်းတာ လိမ်းတာက တော့ တူတူပဲ... ဟီး... အဲဒါပဲ လိမ်းတတ်တာ... ဒါတောင် Pro ဟုတ်ဘူး...
Post a Comment