Sunday, August 15, 2010

Trip to Sensoji Temple (Japan trip Day 5)

မရေးတာလဲ အတော်ကြာပါပြီ... ခရီးသွားခဲ့တာတောင် ၂ နှစ်ပြည့်ခါနီးပါပြီ... ခုမှ ဘာလို့ ထရေးလဲဆိုရင်တော့ ရေးချင်စိတ်ပေါက်လာလို့ ရေးပါတယ်လို့ပဲ ပြောရတော့မှာပါပဲ... ခရီးသွားပိုစ့်တွေကို ဗွီဒီယိုနှင့်တကွ တင်ချင်လို့ ဗွီဒီယိုပြီးမှ တင်မယ်တင်မယ်နဲ့ အဲဒိ ဗွီဒီယိုမလုပ်ဖြစ်တာနဲ့ပဲ ခရီးသွားပိုစ့်တွေလဲ မရေးဖြစ်တော့တာပါ... မရေးတော့ဘူးဆိုတဲ့ စိတ်ကူးတော့ လုံးဝမရှိပါဘူး... အချိန်တွေကြာပြီး up to date မဖြစ်တော့ရင်တောင်မှ ကိုယ်သွားခဲ့တဲ့ မှတ်တမ်းလေး အနေနဲ့ ရေးမှာပါ... ဗွီဒီယို အပင်ပန်းခံရိုက်ပြီး အက်ဒစ်မလုပ်ရင် ကိုယ်ကိုတိုင်လဲ မကြည့်ဖြစ်ပါဘူး... ဒီတော့ ဘလော့မှာတင်မယ်ဆိုတဲ့ စိတ်လေးနဲ့ဆိုတော့ အက်ဒစ်က လုပ်ဖြစ်သေးတယ်လေ... ဒါတွေထားလိုက်ပါတော့.... ခု ခရီးစဉ်အကြောင်းလေး ပြောရအောင်...

28 OCT 2008 (Day 5)

ကျွန်မ ဂျပန်ကို အလည်အပတ်ရောက်တာ 5 ရက်မြောက်တဲ့နေ့ပါ... သူငယ်ချင်းကလဲ အလုပ်သွားတော့ ဒီနေ့တော့ ကျွန်မတစ်ယောက်တည်း လျှောက်သွားရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေပါတယ်... မနက်အိပ်ရာနိုးတော့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားပါတယ်.. အင်တာနက်က ရှာလာတဲ့ နေရာတွေကို ကြည့်ပြီး သွားရလာရ အလွယ်ကူဆုံးဖြစ်မဲ့နေရာကိုရွေးလိုက်ပါတယ်.... ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကျွန်မတစ်ယောက်တည်းအပြင်ထွက်ဖို့ ပထမဆုံးနေ့ပါပဲ... ပျော်လည်းပျော် ကြောက်လဲကြောက်နဲ့ စိတ်လှုပ်ရှားစရာကောင်းပါတယ်...

ကျွန်မရွေးလိုက်တဲ့နေရာကတော့ Sensoji Temple ပါပဲ... မီးပုံးအနီရောင် အကြီးကြီး မုဒ်ဦးမှာချိတ်ထားတဲ့ ဘုရားကျောင်းကို ဂျပန်ကားတွေမှာ မြင်ဖူးသလို... ကိုရီးယားကားတွေ ဂျပန်မှာသွားရိုက်ရင်လဲ အဲဒိနေရာပါတတ်ပါတယ်... ဥပမာ (Time Between Dog and Wolf မှာ နောက်ဆုံးခန်း လီဂျွန်ကီး ဂျပန်ကို ထွက်သွားတဲ့ အခန်းမှာ အဲဒိနေရာပါပါတယ်..) ဂျပန်ကားတော်တော်များများမှာလဲ ပါပါတယ်...

သူက သွားရတာလဲ လွယ်ကူပါတယ်... တိုကျိုမြို့ရဲ့ အဓိက ရထားလိုင်းဖြစ်တဲ့ Yamanote line ပေါ်က Asakusa ဆိုတဲ့ မှတ်တိုင်မှာဆင်ပြီး Exit 3 ကထွက်လိုက်တာနဲ့ သိပ်တောင် မလျှောက်လိုက်ရဘူး ရောက်ပါတယ်... ရထားပေါ်မှာ အရင်က အီးမေးလ်တွေမှာ ရီစရာအဖြစ်တွေ့နေကျ အင်္ဂလိပ်စာ အသုံးအနှုန်းအမှားတွေကို ကပ်ထားတွေ့လို့ ဗွီဒီယိုရိုက်လာဖြစ်ပါသေးတယ်... ရေးထားတဲ့ စာတမ်းလေးကတော့ "Please take care that your hand does not get caught in the door pocket" တဲ့... အဟိ... ဒီစာတမ်းလေးက ဘာကိုဆိုလိုလဲဆိုတာတော့ သဘောပေါက်မယ်ထင်ပါတယ်... ဒါပေမဲ့ အသုံးအနှုန်းကတော့ တက်တက်ဆင်အောင် မှားနေတော့တာပါပဲ... မဗေဒါလဲ မြေပုံအားကိုးနဲ့ပဲ လာလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ပါတယ်... tourist attraction နေရာမို့ထင်တယ် Tourist တော်တော်များပါတယ်... အင်္ဂလိပ်... တရုတ် စုံလို့ပါပဲ... မုဒ်ဦးက မီးပုံးနီကြီးတွေကတော့ အားလုံးနဲ့ တူတူဓာတ်ပုံအရိုက်ခံနေရတဲ့ မော်ဒယ်ကြီးတွေပေါ့... မဗေဒါမှာတော့ ၁ယောက်တည်းလာတော့ စတန်းထောင်ရိုက်ဖို့ရာ လူတွေက တအားရှုပ်တော့ ဘယ်လိုမှ စတန်းထောင်ရိုက်မရတဲ့အဆုံး အင်္ဂလိပ်အတွဲတစ်တွဲကို အကူအညီတောင်းရိုက်ခိုင်းတော့ လှိုက်လှိုက်လှဲလှဲပဲ ရိုက်ပေးပါတယ်... တစ်ခါတစ်ခါရိုက်ဖို့လဲ လူရှင်းအောင်စောင့်ရတော့ ရိုက်ခိုင်းရတဲ့သူကိုလဲ အားနာပါတယ်... ဒီလိုနဲ့ ရိုက်လိုက်တော့ မဗေဒါလိုချင်သလို အပြည့်မပါပါဘူး.. ဒါပေမဲ့ ကူညီပေးတဲ့သူကို သွားချေးများလို့မရဘူးလေ... ဒီတော့လဲ ကျေးဇူးတင်ပါတယ်ပေါ့ဆိုပြီး အောင့်သက်သက်ပဲဖြစ်ခဲ့ရပါတယ်.... တစ်ယောက်တည်းခရီးသွားရတာ လွတ်လွတ်လပ်လပ်နဲ့ ညှိစရာမလိုလို့ ကောင်းပင်မဲ့ လူရှုပ်တဲ့နေရာ ဓာတ်ပုံရိုက်ဖို့တော့ သိပ်မလွယ်လှဘူး... အိမ်က မိသားစုကို သတိရတယ်... သူတို့ပါရင် အချင်းချင်း အားမနာတမ်း ဓာတ်ပုံရိုက်ဖြစ်မှာ....

အိတ်ကတစ်ဖက် ကင်မရာကတစ်ဖက် စတန်းကတစ်ဖက်နဲ့ ကင်မရာကိုင်ပြီးလဲ ရိုက်သေးတော့ တော်တော်လေးပင်ပန်းတယ်... ဒါတောင် အောက်တိုဘာဆိုတော့ ရာသီဥတုက အေးလို့ သိပ်မပင်ပန်းတာ... တစ်ယောက်တည်းဆိုတော့ တစ်နေရာရောက်ရင် ကျောက်ချထိုင်ပြီး ဟိုငေးဒီငေးလိုက် ကင်မရာနဲ့ စကားပြောလိုက်နဲ့ အချိန်တော်တော်စားတယ်... များများမရောက်ပင်မဲ့ အေးအေးဆေးဆေးရှိလို့ သဘောကျတယ်...

အပြင် မုဒ်ဦးကနေ တကယ့် ဘုရားကျောင်းကို သွားတဲ့ လမ်းတောက်လျှောက်မှာ ဘုရား ပွဲဈေးတန်းလိုမျိုးရှိတယ်... မြန်မာပြည်က ဘုရားစောင်းတန်းတွေလိုပဲ.. ကျိုက်ထီးရိုးကလို လက်ဆောင်ပစ္စည်းလေးတွေလဲရောင်းတယ်... ဟိုကြည့်ဒီကြည့် ဟိုငေးဒီတွေးနဲ့ လျှောက်တော့ ၄၅ မိနစ်လောက်ကြာတယ်... ဂျပန်မှာက ချစ်စရာကောင်းတဲ့ အသည်းယားစရာ လက်ဆောင်ပစ္စည်း သေးသေးကွေးကွေးလေးတွေ သိပ်များတာပဲ... များသာများတာ ဈေးကမပေါဘူး... သူ့နိုင်ငံမှာနေပြီး ရှာနေတဲ့သူဆိုရင်တော့ သုံးနိုင်မှာပေါ့... စင်္ကာပူအနေနဲ့ဆို ဈေးကြီးတယ်.. ဘာမှ မဟုတ်တဲ့ အ၀တ်သော့ချိတ်လေးကို ယမ်း၅၀၀ = စကာင်္ပူဒေါ်လာ ၇ ဒေါ်လာ (အဲဒိအချိန်က ငွေလဲနှုန်း) ရှိတယ်... မဗေဒါကလဲ ကပ်စေးဆိုတော့ ပြန်ရင် အမှိုက်ရှုပ်မဲ့ ပစ္စည်းမျိုးလဲ မ၀ယ်ချင်တော့ဘူးလေ... ဒါပေမဲ့ အဲဒိတုန်းက ဂျပန် ကီမိုနိုမ၀ယ်ခဲ့တာတော့ နောင်တရတယ်.. အဲဒိအချိန်က ငါဝယ်ပြီးလဲ ၀တ်မှာမဟုတ်ပါဘူး... ဈေးကလဲ ကြီးတော့ မ၀ယ်ဖြစ်ခဲ့ဘူး.. ဒါပေမဲ့ ကီမိုနိုလေးတွေလှတော့ လိုတော့ လိုချင်တယ်... ဂျပန်မ ဆံပင်တုကြီးလဲ လိုချင်တယ်... အကျင့်က အဲလို အသုံးမလိုပဲ ဈေးကြီး တာတွေ သိပ်လိုချင်တယ်... ဒါပေမဲ့လဲ ကိုယ့်ဘာကိုယ် သယ်ရတဲ့ ပစ္စည်းတွေ များနေတာနဲ့တင် ဘာမှ ထပ်မ၀ယ်ဖြစ်ခဲ့ဘူး... (အိမ်မှာ တရုတ်မ ပိုင်ဟွေ့အကျီင်္လို တရုတ်ရိုးရာ အင်္ကျီတစ်တည်ဈေးကြီးပေးဝယ်တယ်.. ပြီးတော့ အပြင်ဝတ်ရမှာရှက်လို့မ၀တ်ဘူး.. အိမ်မှာဝတ်လဲ နှမြောလို့ ဒီတိုင်း ဗီဒိုထဲမှာထားတယ်... မုစတာဖာသွားလို့ ကုလားမ ဆာလီလှလှလေးတွေ တွေ့ရင် ၀ယ်ချင်စိတ်ကို မနည်းထိန်းထားရတယ် ပြီးရင် ၀တ်မှာလဲ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိတယ်... ဟိုနေ့ကလဲ ရှာရှည်ပြီး ဆံပင်တုကြီးတစ်ခုဝယ်တယ်... ပြီးတော့ အိုက်လဲအိုက်တယ် ရှက်လဲရှက်လို့ မ၀တ်ဘူး... အဲဒါတွေဝယ်ရင် ပျော်တယ်... အိမ်မှာဝတ်ကြည့်တယ် ဒါပေမဲ့ အပြင်မ၀တ်ရဲဘူး... ဂျပန်ကီမိုနိုလဲ လှတာလေးတွေ အများကြီး... ဒီဇိုင်းလုပ်ချုပ်ချင်တာမဟုတ်ဘူး.. ဂျပန်မတွေဝတ်သလို ခါးမှာ အ၀တ်ကြီးပတ်ပြီးဝတ်ချင်တာ... ဟီး...:D...) ကဲ... ကဲ.. ဆော်ရီး အကျင့်ကောင်းတွေ ပြောတာနဲ့ ခရီးသွားပိုစ့်က လမ်းချော်သွားပြီ... ချောတီး....

ဘယ်ရောက်သွားပြီလဲ ရေးနေတာ... အော်.. သိပြီ.... ဈေးတန်းလေးကို အတော်ကြာလျှောက်ရတယ်.. ဈေးတန်းလေးက လူလဲ အတော်ရှုပ်တယ်... တော်တော်လျှောက်ပြီးရင်တော့ နောက်ထပ် မီးဗုံးအနီကြီးရှိတဲ့ အတွင်းမုဒ်ဦးလို နေရာကိုရောက်တယ်... အဲဒိအ၀မှာ မီးပုံးအဖြူတွေ အများကြီး တန်းစီချိတ်ထားတာ ဗွီဒီယိုထဲမှာလဲ တွေ့လိမ့်မယ်... အဲဒိနေရာမှာတော့ "ငါတကယ် ဂျပန်ရောက်နေတာပါလား" လို့ သိသိသာသာခံစား လိုက်ရတယ်... မုဒ်ဦးထဲဝင်လိုက်တော့ ဘေးဘက်တွေမှာလဲ ကျောင်းဆောင်တွေတော့ အများကြီးရှိတယ်... ဒါပေမဲ့ ပင်မကျောင်းဆောင်ကိုပဲ ဦးတည်လိုက်တယ်... ကျောင်းဆောင်ပေါ်မတက်ခင် အ၀မှာ အမွှေးတိုင်ထွန်းတဲ့နေရာရှိတယ်... အဲဒိမှာ လူတွေအုံပြီး အမွှေးတိုင်ငွေ့တွေကို မျက်နှာဖက်ယူပြီးသပ်နေတော့ ကိုယ်လဲ ဘာမှန်းညာမှန်းမသိ လိုက်လုပ်ချင်တာနဲ့ လိုက်လုပ်ဖြစ်တယ်... မြန်မာပြည်က ဘုရားခြေတော်ရာထဲက ရေကို ခေါင်းမှာ ဆွတ်သလိုမျိုး ကံကောင်းတယ် ဥာဏ်တက်တယ်ဆိုတဲ့ အယူတွေပဲဖြစ်မှာပေါ့... ကိုယ်လဲ ကံလေးဘာလေးတက်အောင် မီးခိုးရိုက်လိုက်တာ လွန်သွားပြီး မွှန်တောင်သွားတယ်...

အဲဒိ အမွှေးတိုင်းထွန်းတဲ့ဘေးမှာ ရေပန်းလေးနဲ့ အုပ်ရေကန်လေးရှိတယ်... ဂျပန်က ဘုရားကျောင်းတိုင်းလိုလိုရဲ့ရှေ့မှာ အုပ်ရေကန်လေးတွေရှိပါတယ်... အဲဒိမှာလဲ ရေကို လက်စွပ်လိုက် ပလုပ်ကျင်းလိုက်နဲ့ ဘာလုပ်နေမှန်းမသိဘူး... တစ်ချို့ကလဲ သောက်တယ်.. တချို့ကလဲ ပြန်ထွေးတယ်... အဲဒိနားက တိုးလ်နဲ့လာတဲ့သူတွေရဲ့ တိုးလ်ဂိုက်ရှင်းပြသွားတာတော့ ရေကို လက်ဖနောင့်ဘက်ကနေလောင်းပြီး လက်ဖ၀ါးကို ဆေး... ပြီးရင် ပလုပ်ကျင်း.. ကျန်တဲ့ရေကို ရိုးရိုးမသွန်ပဲ ရေခွက်ကို ဒေါင်လိုက်ထားပြီးသွန်တဲ့... ဗွီဒီယိုထဲမှာလဲ ပြောထားတယ်...

နောက်တော့ ကျောင်းဆောင်ပေါ်ခုထိမရောက်သေးတာနဲ့ ကျောင်းဆောင်ပေါ်တက်တယ်.. လူတွေအများကြီးပဲ ပိုက်ဆံတွေပစ်ပြီးတော့လဲ ဆုတောင်းနေကြတယ်... အသက်ကြီးတဲ့သူတွေများတယ်.. ဘုရား အာရုံခံအခန်းထဲမှာတော့ ပြည့်ကျပ်နေလို့ မ၀င်တော့ဘူး... လူကလဲ နည်းနည်းပင်ပန်းနေတော့... ဟိုကြည့်ဒီကြည့်နဲ့ သူများတွေစာချနေတာတွေ့တော့ အစကတော့ ဂျပန်လိုပဲ ရေးတယ်မှတ်လို့ ဒါပေမဲ့ နောက်မှ အင်္ဂလိပ်လိုပါမှန်းတွေ့တာနဲ့ သူများဘယ်လိုလုပ်လဲ ခိုးကြည့်ပြီး နောက်လိုက်လုပ်တယ်...

ကံကလဲ အတော်ဆိုးတယ်ထင်ပါ့... အဆိုးက ခက်များများ.. ရောဂါဖြစ်မယ်... အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်... ကိုယ်လျှောက်တဲ့လမ်းမပေါက်ဘူး... ပျောက်တဲ့ပစ္စည်းပြန်မတွေ့ဘူး... စောင့်တဲ့သူရောက်မလာဘူး... တောင်းတဲ့ဆုနဲ့ မပြည့်ဘူးတဲ့... ကောင်းတာဆိုလို့ အိမ်အပြောင်းအရွေ့နဲ့ ခရီးသွားဖို့ကောင်းတယ်တဲ့... ခရီးသွားလို့ပဲ ဂျပန်ရောက်လာပြီးစာချနေတာပေါ့... အဲဒါကို မှန်တယ်ဆိုရမလား.. ဒါပေမဲ့ အဆိုးကများတော့ မမှန်စေချင်ဘူး...

ဂျပန်ကားထဲမှာကြည့်ဖူးတာတော့ (ဟုတ်မဟုတ်တော့မသေချာဘူး) အဲလို စာချလို့ ဗေဒင်က မကောင်းဘူးဆိုရင် အဲဒိ ရှေ့ကတန်းလေးတွေမှာပဲ ပြန်ချည်ပြီး လှူခဲ့ရတယ်တဲ့... အပျော်စာချတယ်ဆိုပေမဲ့လဲ ဥပါတ်ဒဏ်ကြောင့် ဥပါတ်ရောက် (စာလုံးပေါင်း သည်းခံပါ) တတ်တယ်ဆိုတော့လဲ ချည်ခဲ့လိုက်တယ်... (ဇရပ် ၂ကောင်တွေ့တာ ... ၁ကောင်တွေ့တာကို တချို့မိန်းကလေးတွေ အတိတ်ယူကြသလိုပေါ့)

အဲဒိ ဘုရားကျောင်းပေါ်က ဆင်းလာပြီး ဘေးဘက်က ဈေးတန်းတွေအများကြီးရှိသေးတယ်.. ဘေးမှာလဲ ဘုရားကျောင်းတွေ အများကြီးရှိတယ်.. လျှောက်ကြည့်... နေရာလှရင် ဓာတ်ပုံလေးဘာလေး ကိုယ့်ဘာကိုယ် စတန်းထောင်ပြီးရိုက်... မဗေဒါဓာတ်ပုံရိုက်ခဲ့တဲ့ ဂျပန်စတိုင် တံတားလေးမှာ ခဏနေတော့ မော်ဒယ်ဘွိုင်းလိုလိုဘာလိုတွေ ဓာတ်ပုံလာရိုက်ကြတယ်... ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲ... ဂျပန်ရိုးရာဝတ်စုံနဲ့ anime ထဲက ဆံပင်စုတ်ဖွား အ၀ါရောင်နဲ့... လူကလဲ ပိန်ညောင်နေတာပဲ... တီဗွီထဲမှာကြည့်ရင်တော့ အဲလိုပုံလေးတွေကို သဘောကျတယ်ထင်ခဲ့တာ... (Nishikido Ryo (One liter of tear) တို့... Ikuta Toma (Hana Kimi) တို့ကလဲ အပြင်မှာ အဲလောက်ပိန်ပိန်လေးတွေပဲ ဖြစ်မယ်ထင်တယ်) သိတဲ့အတိုင်း ဂျပန်မင်းသားတွေက ကိုရီးယားမင်းသားတွေလိုဟုတ်ဘူး.. ပိန်တာ ခေတ်စားတယ်လေ... အဲဒိဆံပင်ပုံလေးတွေကလဲ တီဗွီထဲမှာတော့ လှတယ်... အပြင်မှာကျတော့ အဲဒိလို ရှုပ်ပွနေအောင် သူတို့မှာ ခဏခဏ သ နေရတာ မိန်းကလေးထက်တောင်ဆိုးသေးတယ်... ကိုယ်သာ ဒီလို ယောကျာင်္းရရင် မှန်တင်ခုံလုနေရမဲ့ပုံရှိတယ်... လှတာပဲရှိတယ် အားကိုးလောက်ပါ့မလား... Nishikido Ryo လေးကို အပြင်မှာတွေ့ရမယ်ဆိုရင်ရော... အဲဒိ မော်ဒယ်ဘွိုင်း ခန္ဓာကိုယ်လောက်ပဲ ရှိမှာလားလို့တွေးမိတယ်... ဒါပေမဲ့ Hayami Mokomichi (Absolute Boyfriend) လေးကတော့ ထွားထွားကြိုင်းကြိုင်းရှိပါတယ်... ဟတ်ဟတ်....

အဲဒိ မော်ဒယ်ဘွိုင်းကတော့ ဘယ်သူလဲမသိဘူး.. ဒါပေမဲ့ နာမည်တော့ သိပ်မကြီးဘူးထင်တာပဲ... ဘယ်သူမှတောင် အုံမနေဘူး... သနားပါတယ်... ဒါပေမဲ့ ပဲကများတော့ ကိုယ်တောင် မကြည့်ချင်တော့ဘူး.. နောက်တစ်ယောက်လဲပါသေးတယ်... လယ်သာ ကုတ်အကျီင်္အနက်နဲ့ အဲလို ထိုးထိုးထောင်ထောင်ဆံပင်ပဲ... ဟိုလျှောက်ဒီလျှောက်ဟန်ရေးပြနေတယ်... သူ့ကို ဗွီဒီယိုရိုက်တာ သိရင် အရမ်း မြောက်သွားမှာစိုးလို့ တိုက်ရိုက်တော့ မရိုက်ခဲ့ဘူး...

ညနေ ၄နာရီခွဲလောက်ရှိပြီ... မနက်စာစားပြီးထဲက ဘာမှ မစားရသေးပင်မဲ့ ထူးထူးဆန်းဆန်းဗိုက်ကမဆာဘူး... စိတ်လှုပ်ရှားနေလို့ ဗိုက်မဆာတာလားတော့ မသိဘူး... ဒါပေမဲ့ အဲဒိ အနီးနားက ဈေးတန်းလေးတွေ ထပ်လျှောက်တော့ လက်မှုပစ္စည်းမျိုးစုံဆိုင်တွေတွေ့တယ်... လက်နဲ့ သွေးတဲ့ ဖန်ခွက်လေးတွေက တော်တော်လှတယ်... ဒါပေမဲ့ ဈေးကလဲ အတော်ကြီးတယ်... လက်မှုမို့ထင်တယ်... အဲဒိ ဈေးတန်းမှာကျတော့ မုန့်ဆိုင်လေးတွေပါ တွေ့လာတယ်... Banto Set လေးတွေချထားပြီး ဈေးကပ်ထားတာလဲ ကပ်ထားတယ်.. မဗေဒါက ငါးဆို အကျက်ချက်ရင်တောင် သိပ်မကြိုက်တော့ ဂျပန်စာမှာ ငါးအစိမ်းဆို ပိုဆိုမှာစိုးလို့ Menu တွေကို သေချာလိုက်ကြည့်ရတယ်... အားလုံးကလဲ ဂျပန်လိုချည်းပဲ... ငါးတော့ လုံးဝမစားနိုင်ဘူးလေ.. တခြားဟာဆိုရင်တော့ စားကြည့်ချင်တယ်...

နောက်မှ သတိရသွားတယ်... လေဆိပ်ကနေ တောင်းလာတဲ့ Booklet လေးတွေထဲမှာ အသုံးဝင်မဲ့ စာလုံးလေးတွေ စကားပြောလေးတွေကို လက်ထောက်ပြီး ပြောလို့ရတဲ့ စာမျက်နှာလေးပါတယ်... အဲဒိမှာ ဒီမုန့်က ဘာနဲ့လုပ်တာလဲ... ငါး... ပုဇွန်.. ၀က်... အမဲ... ကြက်.. စသည်ဖြင့် လက်ထောက်ပြလို့ရတယ်... အဲဒါသတိရပြီးမှ သုံးချင်စိတ်ပေါ်လာတာနဲ့... ငါးမဟုတ်လောက်ဘူးထင်တဲ့ ဆိုင်ကိုဝင်ပြီး အဲဒါ Beef လားလို့လက်ထောက်ပြတော့... ဆိုင်က ကောင်မလေးက ခေါင်းညိတ်ပြတယ်... ဘယ်လောက်လဲမေးတော့... ၀မ်း တူး သရီးတောင် မရဘူးထင်တယ်... ichi zero go zero တဲ့.. တော်သေးတယ်... ဂျပန်လို ၁ ၂ ၃ ၄ တော့ ကိုယ်ကနည်းနည်းတတ်လို့... အလုပ်ဖြစ်တယ်... ပိုက်ဆံကြိုရှင်းရတယ်... ဆိုင်လေးက မြန်မာပြည်က ဘူးသီးကြော်ဆိုင်လေးလိုပဲ.. ရာသီဥတုလေးက အေးအေး... ဆိုင်ရှင်ကောင်မလေးကလဲ ဂျပန်ဝတ်စုံနဲ့ ကပိုကယိုလေးချစ်ဖို့ကောင်းတယ်... တစ်ယောက်တည်းပင်မဲ့ စိတ်ထဲ ကြည်လင်ပြီးနေလို့ကောင်းတယ်...

မှာထားတဲ့ Set ရောက်လာတော့ ဂျပန် ထမင်းဘူးပုံလေးနဲ့ စားချင်စရာလေးပါ... သူတို့ အစားအစာတွေက ချိုတိုတိုနဲ့... မဗေဒါက ချဉ်ငံစပ်ကြိုက်တာ... ဂျပန် ဆန် စေးကပ်ကပ်ကိုလဲ စားရတာတော့ အသားမကျသေးဘူး... ဒါပေမဲ့ စားလို့တော့ကောင်းပါတယ်... အတော် တော့ အီတယ်...
လေဆိပ်ကယူလာတဲ့ Booklet တွေမှာ Tourist တွေအတွက် Tips and trick , Japan culture and habit Tips လေးတွေရေးထားတဲ့အထဲမှာ... ဂျပန်စားသောက်ဆိုင်တွေက သူတို့ အစားအစာကို ကုန်အောင်စားမှကြိုက်တယ်တဲ့.. မကုန်ရင် သူတို့အစားအစာကို စော်ကားတယ်လို့ ခံယူတတ်ကြတယ်တဲ့... တနည်းအားဖြင့်တော့ ရိုင်းတယ်ပေါ့.. အစထဲက မစားနိုင်ရင် နည်းနည်းပဲပေးဖို့ ပြောရမယ်တဲ့... ဒါပေမဲ့ မဗေဒါလဲ တ၀က်လောက်ပဲကုန်တယ်.. နောက်တော့ အီလို့ မစားနိုင်တော့ဘူး... ဆိုင်ရှင်ကို အားလဲနား ကြောက်လဲကြောက် ထမင်းကလဲ မကုန်... နောက်တော့ ဘာမှ မဟုတ်ပဲ ဆိုင်ရှင်အလစ်မှာမှ ထမင်းဘူးလေးကို ပြန်အုပ်ထားပြီး ခပ်သုတ်သုတ်ထွက်လာရတယ်... ဟီး... ဟီး.. ဘာမှမဟုတ်တာကျတော့ ကြောက်တတ်တာ...

မဗေဒါသူငယ်ချင်းက ညနေ ၆နာရီလောက်ဆို အလုပ်ဆင်းတော့ အဲဒိအချိန်လောက်မှန်းပြီး မဗေဒါက အိမ်ပြန်တယ်.. ညကျလို့ သူအပြင်ထွက်ချင်သေးရင် တူတူသွားရအောင်လို့ပေါ့... ဒီလိုနဲ့ ပြန်လာလိုက်တယ်... ဂျပန်မှာ ညမိုးချုပ်တာ သိပ်မြန်တာပဲ...ညနေ ၅ နာရီခွဲလောက်ပဲ ရှိသေးတယ် မှောင်သွားပြီ.. ဆောင်းရာသီရောက်ခါနီးမို့လားတော့ မသိဘူး... ပြီးတော့ သူ့ Night life ကလဲ စကာင်္ပူလောက်မကြာဘူး... ကိုယ်ပဲ မရောက်ခဲ့တာလားတော့မသိဘူး.. ည ၈နာရီ ၉နာရီလောက်ဆိုရင်တောင် အရက်ဆိုင်ကလွဲလို့ တခြားဆိုင်တွေက ပိတ်ကုန်ပြီ... shopping mall တွေ ပိတ်တာလဲ စောသလိုပဲ...သိဘူး... ကိုယ်က လာလည်တုန်းမို့လို့ စိတ်ထင်တာလားတော့မသိဘူး... အဲဒိညကတော့ မဗေဒါလဲ တစ်နေကုန်ပင်ပန်းလာတာရော... ညစာစားအပြီး အချိန်လဲ နှောင်းသွားတာရော... ရာသီဥတုအေးအေးနဲ့ စောင်ထူထူချုံရင်း အိပ်ယာထဲမှာ သူငယ်ချင်း ၂ယောက် စကားများရတာလဲ အရသာတစ်မျိုးကောင်းတော့ ... စကားတစ်ပြောပြောနဲ့ နောက်ဆုံး အိပ်ပျော်သွားလိုက်တာ... တုတ်တုတ်တောင် မလှုပ်ဘူး... နောက်နေ့ မနက်မိုးလင်းတဲ့ အထိပဲ...

ဗွီဒီယိုနှင့် ပတ်သတ်၍

ဗွီဒီယိုထဲမှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့ သုံးသပ်ချက်တွေက အဲဒိအချိန်တုန်းက အခြေအနေပေါ်မူတည်ပြီး... မဗေဒါတစ်ဦးတစ်ယောက်တည်းရဲ့ အမြင် အကြိုက်ပေါ်မှာမူတည်ပါတယ်... ဒီအတွက် ကွဲလွဲနေတာလေးတွေရှိရင် နားလည်ပေးကြပါ... ဘုရားကျောင်းသမိုင်းတွေပြောထားတာလဲ.. အနားယူရင်း ပျင်းပျင်းရှိလို့ အင်တာနက်ပေါ်မှာ ရှာတွေ့တာကို ပြန်ပြောတာပဲရှိပါတယ်... အင်ဖို မှန်မမှန်တော့ အာမ မခံပါ... ဒီတော့ ချင့်ယုံ လို့ပဲ ပြောချင်ပါတယ်..

တခြား အရင် ဗွီဒီယိုတွေထက် အသစ်တစ်ခု သုံးထားတာကတော့ စစချင်းက intro background ကမ္ဘာလုံးလေး လည်နေတာကိုပါ... အစီအစဉ်တစ်ခု အစမှာ Intro လုပ်သလို လိုက်လုပ်ကြည့်ထားတာပါ... MV ပုံစံမျိုးမဟုတ်ပဲ ... ကျမစကားပြောတာတွေ ထည့်ထည့်ထားတော့ ပျင်းစရာများ ကောင်းနေမလားတော့ မသိပါဘူး... ဒါပေမဲ့ ခု အချိန်ကြာလာတာနဲ့ အမျှ အဲဒိအချိန်က ဖြစ်ပျက်ခဲ့တာလေးတွေကို မှတ်တမ်းလေး အနေနဲ့ထားချင်တာကြောင့် သီချင်းချည်းပဲ မထည့်ပဲ စကားပြောလေးတွေကိုပါ မဖျက်ပဲ ထည့်ထားဖြစ်ခဲ့တာပါ...

သီချင်းရွေးချယ်ရာမှာ အစက Cranberrie ရဲ့ Dream သီချင်းကို သုံးထားပြီးမှ Youtube ပေါ်လဲ တင်ရော Copyright ကြောင့် audio disable လုပ်ခံရလို့ သီချင်းပြောင်းပြီး ပြန်အက်ဒစ်လုပ်ရတော့ အတော်လေးကို အချိန်ပုတ်ပြီး ပင်ပန်းလှပါတယ်... ရှိတဲ့ မြန်မာ သီချင်းတစ်ပုဒ်ကောက်ထည့်လိုက်မိတာက တင်ဇာမော်ရဲ့ "ပထမခြေလှမ်း" သီချင်းပါ... သီချင်း အဓိပ္ပါယ်လေးကို သဘောကျလို့ တချိန်ချိန်သုံးမယ်လို့ စိတ်ကူးခဲ့ပင်မဲ့ ဒီဗွီဒီယိုမှာသုံးဖို့တော့ အစီအစဉ်မရှိခဲ့ပါဘူး... အစက Dream သီချင်းပေါ်မူတည်ပြီး အက်ဒစ်လုပ်ထားတော့ ဗွီဒီယို ပြကွက်တွေနဲ့ ပထမခြေလှမ်းသီချင်းနဲ့က သိပ်တော့ မလိုက်ဖက်သလိုဖြစ်နေပါတယ်.. ကျွန်မလဲ အစအဆုံးတော့ အသေးစိတ်ပြန်လိုက်မလုပ်နိုင်တော့တာနဲ့ တတ်နိုင်သလောက်ပဲ လိုက်ပြင်ခဲ့တော့ စိတ်တိုင်းသိပ်မကျပါဘူး... ဒီတော့ Youtube ပေါ်က ဗွီဒီယိုမှာ တင်ဇာမော်သီချင်း "ပထမခြေလှမ်း" နဲ့ တင်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ မြန်မာသီချင်းက တီးလုံးတွေ အသံသွင်းတွေညံ့တော့ သိပ်နားထောင်မကောင်းလို့ စိတ်တိုင်းမကျတာနဲ့ Dailymotion မှာ Dream သီချင်းနဲ့ ထပ်ပြီး တင်နေလို့ ပိုစ့်တက်ဖို့ ၁ရက်နောက်ကျသွားတာပါ... Version ၂ခုကို ယှဉ်ကြည့်ချင်ရင်တော့ အောက်က ဗွီဒီယို ၂ခုလုံးကို ကြည့်သွားပါ... content က တူတူပါပဲ.. သီချင်းပဲ ကွဲသွားတာပါ.. အချိန်မရှိဘူး ၁ ခုပဲ ကြည့်မယ်ဆိုရင်တော့ အပေါ်က Dailymotion မှာတင်တဲ့ ဗွီဒီယိုကို ကြည့်ပါ...

Dailymotion Song with Dream


Trip to Sensoji Temple
Uploaded by mabaydar. - Discover new destinations and travel videos.


Youtube with တင်ဇာမော် - ပထမခြေလှမ်း

3 comments :

Phyo Evergreen said...

ဗီဒီယိုကြည့်ပြီး ရယ်သွားတယ်..။ တစ်ယောက်တည်းသွားတာ တစ်ခါတစ်လေကျလည်းကောင်းလည်းကောင်းတယ် ကောင်းလည်းမကောင်းဘူး..။ စာချပြီးလို့ ဖတ်နေတာကိုကြည့်ပြီး ရယ်သွားတယ်..။

Anonymous said...

မျှော်နေတဲ့ မင်းသမီး video အခုမှပဲ ပြတော့တယ်။:D
camera ရိုက်တာ သိသိသာသာ လက်ငြိမ်လာတာ သတိထားမိတယ်။ stand နဲ့ ရိုက်တာတွေလဲ ကောင်းတယ်။ စကားမစပ် မဗေဒါ ဂျပန်က စစ်ရာဇဝတ်သား ခေါင်းဆောင်တွေနဲ့ စစ်အတွင်းကျဆုံးတဲ့ စစ်သားတွေရဲ့ အရိုးပြာ မြှုပ်ထားတဲ့ ယာစုကုနိ ဘုရားကျောင်းကော သွားဖြစ် ရောက်ဖြစ်သေးလား ရောက်ဖြစ်ရင် လုပ်စမ်းပါအုံး ဗဟုသုတ ရအောင် လင်းစမ်း ပြစမ်းပါအုံး......

mabaydar said...

ကိုဟတ်ရေ..
ကင်မရာရိုက်တာ လက်ငြိမ်လာတယ်ဆိုတော့... ဒီဗွီဒီယိုက လွန်ခဲ့တဲ့ ၂နှစ် မဗေဒါ ဂျပန်သွားကတည်းက ရိုက်ခဲ့တာပါ... ခုမှ အက်ဒစ်လုပ်ဖြစ်လို့ပါ... ကိုဟတ်ပြောတဲ့ ဘုရားကျောင်းတော့ မရောက်ဖြစ်ခဲ့ဘူး...