Thursday, May 28, 2015

Honeymoon to New Zealand: Day1- Adventure to Auckland Begin (A visit to Auckland Tower)

၁ရက် မေလ ၂၀၁၅ညနေ နှင့် ၂ရက် မေလ ၂၀၁၅

ရှေ့ပိုစ့်က နယူးဇီလန်ဗီဇာလျှောက်တာလေးဖတ်ပြီးရုံနဲ့တင် ရင်မမောကြပါနဲ့အုံး။ ဗီဇာကို မဗေဒါတို့လို အနီးကပ်မှ မလျှောက်ပဲ သူပြောသလို ၃လကြိုလျှောက်ထားရင် အဆင်ပြေမှာပါ။ စောစောလျှောက်လေ ပိုကောင်းလေလို့ပဲ ပြောပါရစေ။ ခုမှ ဖေ့ဘွတ်ပေ့ချ်မှာ စာဖတ်သူတွေ ကွန်မန့်အရ တော်တော်များများကိုလဲ ထပ်တိုးစာရွက်စာတမ်းတွေနဲ့ INZ1200 Form တောင်းတာ သိရတယ်။ ကိုယ်သူတို့ဆီသွားချင်တယ်ဆိုမှတော့လဲ ကိုယ်က မှန်မှန်ကန်ကန် သွားမဲ့သူပဲ သူတို့တောင်းသမျှ တင်ရုံပေါ့ ဟုတ်ဘူးလား။

ဒီခရီးမှာ အချစ်၊အကြမ်း၊ စွန့်စားခန်းတွေနဲ့ ရသစုံပေးဖို့ ဖြစ်ပျက်ခဲ့တဲ့ နောက်ထပ်ရင်မောစရာတွေ ဆက်တိုက်ရှိသေးတယ်။ ဒါပေမဲ့လဲ ခရီးတစ်ခုသွားလို့ လူအသက်အန္တရာယ်ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ဘူး။ ကူးစက်ရောဂါ၊ အကြမ်းဖက်သမား ဒါမျိုးတွေနဲ့ မတွေ့ခဲ့ရဘူးဆိုရင်တော့ ဖြစ်ပျက်သမျှ ပြဿနာတွေက တချိန် အမှတ်ရစရာ ရီစရာတွေအဖြစ်နဲ့ပဲ ပြန်ပြောပြနေဖြစ်တော့မှာပါ။
စာကြွင်း။ ။အိတ်ထည့်တဲ့ Tips and Tricks လေးတွေတော့ ခရီးသွားတဲ့အကြောင်းအားလုံးရေးပြီးမှပဲ ပိုစ့်တစ်ပုဒ်နေနဲ့ ရေးပါတော့မယ်။
ဒီတော့ ချန်ဂီလေဆိပ်မှာ ချက်အင်ဝင်တာကနေ စရေးပါပြီ။


Travelling - It leaves you speechless then turns you into Storyteller.


ပြဿနာ @ CheckIn ကောင်တာ


လေယာဉ်လက်မှတ်က မသွားခင် ၁ရက်ကမှ ကြိုဝယ်လိုက်တော့ အွန်လိုင်းချက်အင်တောင် လုပ်လို့ရနေပြီဆိုပြီး လုပ်ကြည့်တယ်။ ဒါပေမဲ့ မြန်မာပတ်စပိုစ့်ကိုင်ဆောင်သူဆိုတော့ ထုံးစံအတိုင်း သူများတန်းတူမရဘူး။ ဘာလို့လဲဆိုတော့ သွားမဲ့နိုင်ငံဗီဇာလိုတဲ့အတွက် ချက်အင်ကောင်တာမှာ သူတို့ လူတွေက တရားဝင်ဗီဇာရှိမရှိကို စစ်တယ်။ (အဲ့ဒိအကြောင်းအရင်းကြောင့်လို့တော့ ထင်တာပဲ။ မဟုတ်ဘူးဆိုရင် သိတဲ့သူပြောပြသွားနော်)

ပုံမှန်ဆိုရင်တော့ အမြဲတမ်း ကိုယ်သွားမဲ့ နိုင်ငံကို တိုက်ရိုက်ပျံရတာ ကြိုက်တယ်။ ဒါပေမဲ့ ကိုယ်ဝယ်တဲ့ရက်က အရမ်းကပ်နေတော့ ကိုယ်စစကြည့်ချင်းတုန်းက လေယာဉ်လက်မှတ်ဈေး စလုံး ၁၂၀၀ လောက်ပဲရှိရာကနေ ၂၉ရက်နေ့ ဝယ်မယ်ဆိုတော့ Air New Zealand ရော၊ Singapore Airline ရောက စလုံး ၂၁၀၀ အထိ ခုန်တက်သွားတော့ ကပ်စီးနည်းပြီး ဆစ်ဒနီမှာ Transit ၃နာရီ အချိန်အနည်းဆုံးဝင်မဲ့ လမ်းကို တစ်ယောက် စလုံးဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ ဝယ်လိုက်တယ်။ Emirate Airline ကနေ Qatar Airways ကို ပြောင်းစီးရမှာ။ ချက်အင်ကောင်တာကိုရောက်တော့ ကျွန်မတို့ကို ချက်အင်ပေးမဝင်ပါဘူး။ အကြောင်းကတော့ ကျွန်မတို့မှာ သြစီ Transit Visa မရှိလို့ပါပဲ။

ကျွန်မ သြစီ Transit Visa လိုမလို သြစီအင်မီဂရေးရှင်းဝက်ဆိုဒ်မှာ ဖတ်ခဲ့ပါသေးတယ်။ အဲ့ဒိမှာ ၈နာရီအောက်ဆိုရင် Destination country visa နဲ့ အထွက်လေယာဉ်လက်မှတ် ပြနိုင်တယ်၊ လေဆိပ်ထဲကလဲ မထွက်ဖူးဆိုရင် Transit visa မလိုဘူးလို့ ရေးထားတာ ဖတ်လိုက်ရပါတယ်။ အမှန်တော့ ကျွန်မ စာကို အသေးစိတ် သေချာမဖတ်ဖြစ်ခဲ့တာ ကျွန်မအမှားပါ။ အပေါ်ကဟာတွေက သူတို့ခွင့်ပြုထားတဲ့ နိုင်ငံတွေက ပတ်စပိုစ့်တွေကိုသာ အကြုံးဝင်ပါတယ်။ စလုံးတွေတောင် ၈နာရီကျော် Transit ဝင်မယ်ဆိုရင် Transit visa လိုပါတယ်။ သူတို့ Transit Visa ကတော့ အွန်လိုင်းကနေ အဖိုးအခနည်းနည်း၊ သက်သေစာရွက်စာတမ်း သိပ်မလိုနဲ့ လျှောက်လို့ရပါတယ်။ ကျွန်မတို့ရဲ့ ခေတ်မီဖွတ်ဖြိုးတဲ့နိုင်ငံ ပတ်စပိုစ့်တွေကသာ စာရွက်စာတမ်းတသီကြီးနဲ့ “မရှိခိုးနိုး မလှစုန်းမျိုး” ပုံစံမျိုး စစ်ဆေးခံရလေ့ရှိတာပါ။ (ကဲ… မြန်မာပတ်စပိုစ့်ကိုင်ရတာ ဂုဏ်ယူတဲ့သူတွေ ပြောကြပါအုံး။ ပြည်ဝင်ခွင့်ရတာ တစ်ခုတည်းနဲ့ မြန်မာပတ်စပိုစ့်ကိုင်ရတာကို ဂုဏ်ယူမနေနဲ့။ ပြည်ဝင်ခွင့်ကို နိုင်ငံတိုင်းလျှောက်ထားနေရတာကိုက အလုပ်မဟုတ်တာ ဆိုတာကို သိ)။

သူများနိုင်ငံသားတွေ ခုလို အေးအေးလူလူ အဆင့်အတန်းရှိရှိသွားလို့ရနေအောင် ဘယ်သူက လုပ်ပေးထားတာလဲ။ အစိုးရအားကိုးနေ အလကားပဲ အရာရာ ကိုယ်ထူကိုယ်ထ လုပ်ပေါ့ဟယ်လို့ပြောတဲ့သူတွေ ကိုယ့်ပတ်စပိုစ့်ကို ကမ္ဘာ့အလည်မှာ တန်ဖိုးရှိလာအောင် ခုလိုမျိုး ကန့်သက်ချက်တွေ အဆင်မပြေမှုတွေ လိုအပ်ချက်တွေ နည်းအောင် ကိုယ်ထူကိုယ်ထ လုပ်လို့ရလား?

ဥပမာပြောပြမယ်နော်။ “အမှိုက်တွေပွနေတာ အစိုးရအပြစ်မဟုတ်ဘူး။ လူတွေက စည်းကမ်းမရှိနဲ့ အဆင့်မရှိတာ။ ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းကြ၊ ကိုယ်တိုင်ကျတော့ မပြောင်းလဲ့ချင်ဘူး အစိုးရလိုက်အပြစ်တင်နေတယ်” လို့ ပြောတဲ့သူတွေ။ စည်ပင်မှာ တာဝန်ရှိတာ မသိဘူးလား? အမှိုက်မပြစ်ရပညာပေးတွေ၊ လိုအပ်တဲ့ အမှိုက်ပုံးတွေ အမှိုက်သိမ်း ဝန်ဆောင်မှုတွေ တစ်တိုင်းတစ်ပြည်လုံးအင်အားနဲ့ ဆော်အောရမှာဘယ်သူ့အလုပ်လဲ? Singapore သန့်ရှင်းတာ စလုံးတွေ အစကတည်းက စည်းကမ်းရှိခဲ့ကြလို့ထင်လား? ဒဏ်ကြေးတစ်ခုတည်းချည်းပဲကြောင့် အမှိုက်မပြစ်တော့တာ မဟုတ်ဘူး။ နိုင်ငံသားတွေရဲ့ အကျင့်စရိုက် အရိုးထဲစွဲသွားအောင် အစိုးရက လမ်းကြောင်းပေးခဲ့တာ။ ကိုယ်တွေ့မို့ပြောတာ။ ကိုယ်တောင် ဒီမှာအနေကြာတော့ အမှိုက်ကို စည်းကမ်းတကျပဲ ပြစ်တဲ့အကျင့်ပါနေပြီ။

“လမ်းတွေပျက်နေတာ ကိုယ်ထူကိုယ်ထပြင်ရမှာပဲလေ။ ကိုယ်မပြင်လို့ဘယ်သူလာပြင်ပေးမှာလဲ။ အစိုးရကို အပြစ်မပြောနဲ့” ဆိုတာတွေ။ ရန်ကုန်ကနေ တောင်ကြီးအထိသွားမဲ့ပြည်သူက လမ်းခွန်တွေတော့ ဆောင်ရပါရဲ့ ၁ခါဖျက်မဲ့လမ်းကို ၁နှစ်လောက် ကိုယ်ထူကိုယ်ထပြင်ရမှာလား။ ဆောင်ထားတဲ့ လမ်းခွန်တွေက ဘာလုပ်ဖို့လဲ။

ကဲ ခုကိစ္စ ဒီပတ်စပိုစ့်ကိုင်လို့ ဒီလိုတွေဆက်ဆံခံရ၊ ဒီလိုတွေ အခက်အခဲတွေတွေ့ရ၊ ဒီလိုတွေ လိုအပ်ချက်တွေများရ၊ “မသွားနဲ့လေ။ ဘယ်သူကလျှာရှည်ပြီး သွားခိုင်းနေလို့လဲ။ ကိုယ့်နိုင်ငံလဲ လှနေတာ ကိုယ့်နိုင်ငံတော့ ကိုယ်မလည်ပဲ လျှာရှည်တာ နည်းတောင် နည်းသေး” လို့ပြောကြအုံးမဲ့ဖင်နာတစ်စုကိုလေ ပြောတော့ ပြောပြချင်တယ်။ နားလည်မယ်တော့မထင်ပါဘူး။

“မြန်မာပြည်သာ အမှန်တကယ် သန့်စင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရင် ကြိုးစားသူတိုင်း ကိုယ်ရပိုင်ခွင့်နဲ့ ဘယ်သူ့ ထမိန်မှ လျှော်ပေးစရာမလိုပဲ၊ ဘောမလုပ်စရာမလို၊ ဘယ်ပြည်သူ့မေတ္တာပို့တာမှ ခံစရာမလိုပဲ ကြက်သားဟင်းနဲ့ စားလို့ရမဲ့ အခွင့်အရေး သူတို့လဲ ရနိုင်တယ်ဆိုတာကို နားလည်စေချင်တယ်။ ရေရှည်ကို မကြည့်ပဲ အရိုးအရင်းကိုက်နေရတဲ့ ဘဝကို ပျော်မွေ့နေတာလားလို့ပဲ မေးပါရစေ။”

ကဲပါ။ စိတ်ထဲက ခံစားချက်ကို ပြောတာ Lecture ရိုက်သလိုဖြစ်သွားရင် ဆောရီးပါ။ ချက်အင်ကောင်တာအကြောင်း ပြန်ဆက်မယ်။

ဒီတော့ ကျွန်မတို့က Refund ပြန်ရမှာလားဆိုတော့။ (သိပါတယ် မရဘူးဆိုတာ။ မေးကြည့်တာပါ)။ ဗီဇာလိုအပ်ချက်က ခရီးသည်မှာတာဝန်ရှိတာမို့ Refund ပြန်မပေးပါဘူးတဲ့။ စလုံး ၃၀၀၀ ပလုံ… (အဘရေ… အမျှ ၊ အမျှ)။ မျှော်လင့်ချက် အမျှင်တန်းလေးနောက်တစ်ခုကတော့ မသွားခင် မနက်ကမှ ထူးထူးဆန်းဆန်း Mr.Right က Initiative ဖြစ်ဖြစ်နဲ့ “ချစ်ရေ… ငါတို့ Travel Insurance (ခရီးသွားအာမခံ) ဝယ်ရင်ကောင်းမယ်ထင်တယ်။ ၂ယောက်လုံးကို cover တဲ့ဟာမှ စလုံး ၁၂၀ ဝန်းကျင်လောက်ပဲရှိတယ်” ဆိုတော့ ခါတိုင်း Insurance ဝယ်လေ့မရှိတဲ့ကိုယ်က ဒီခရီးမှာ Insurance ဝယ်ချင်စိတ်ဖြစ်မိတာနဲ့ “ဝယ်လိုက်လေ” ဆိုပြီး ဝယ်ဖြစ်ခဲ့တယ်။

ဒါနဲ့ ချက်အင်ကောင်တာက မိန်းမတွေကို အာမခံဝယ်ထားတာကို ရလို့ရငြား ပြန်တောင်းဖို့ မေးတော့လဲ လေကြောင်းလိုင်းအမှားမဟုတ်ရင် အာမခံရဖို့မရှိဘူးတဲ့။ အဲ့ဒိအချိန်မှာ ခံစားချက်က အိပ်မက်ဆိုးတစ်ခုလိုပဲ။ တစ်ခါတစ်လေ မက်တက်ကြတယ်လေ။ အိမ်မက်ထဲမှာ ဘယ်လောက်ပြေးပြေး မရွေ့တာတို့။ စာမေးပွဲအချိန် နောက်ကျပြီးမှရောက်သွားလို့ ဘာမှမတတ်နိုင်ပဲ ငိုချရတာတို့ စသည်ဖြင့်ပေါ့။ ခု ဟန်းနီးမွန်းကတော့ တကယ်ကို အိပ်မက်တွေ အကောင်အထည်ဖော်ရတာပါပဲ။ ကိုယ်က ဗီဇာ ကိစ္စအတွက် မနေ့ကအထိ စိတ်တထင့်ထင့်ဖြစ်ခဲ့ရပြီးအားလုံး အဆင်ပြေပြီ နောက်ဆုံးတော့ ငါတို့ သွားရပြီဆိုပြီ အိတ်တောင် ကမန်းကတန်းထည့်လာပေမဲ့ ခရီးထွက်ရမှာမို့ ပျော်နေတဲ့စိတ်ကလေးက နေ့တစ်ဝက်တောင် မခံဘူး ပျောက်သွားရတယ်။ ဒီတော့ ဘာလုပ်ရမလဲ ဝယ်ထားတဲ့ လေယာဉ်လက်မှတ် ၃၀၀၀ကျော်လဲ ဆုံး ဒီနေ့လဲ ခရီးထွက်လို့မရ။ ခရီးသွားရမဲ့ရက်က တစ်ရက်နောက်ဆုတ်ပြီးပြီ ထပ်နောက်ဆုတ်ရရင် ခွင့်ရက်တွေပဲ့ပါတော့မယ်။


တောင်ကုန်းတွေနဲ့ Auckland မြို့လေး

ဒါပေမဲ့ မဗေဒါရဲ့ စိတ်ကလဲ ခေါင်းတော့ အတော်မာတာ။ တဒင်္ဂတော့ စိတ်ညစ်သွားတယ်။ ဆုံးတော့မဲ့ ပိုက်ဆံရော ထပ်ဝယ်ရမဲ့ လေယာဉ်လက်မှတ်ရော စိတ်ထဲတွေးပြီး ရင်ထဲအောင့်ကနည်းတော့ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဒီလောက်တောင် ဘာလို့ အခက်အခဲတွေများနေရတာလဲ။ ကံကြမ္မာက ဘာလို့ လာစိန်ခေါ်နေတာလဲ။ အဖြေမရှိတာမဟုတ်ဘူး။ အဖြေရှိတယ်။ ဒီပြဿနာက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ပြဿနာ။ ငါ့ကို မသွားဖြစ်အောင် အနှောင့်အယှက်အမျိုးမျိုးပေးနေတဲ့ ကံကြမ္မာကို ငါကလဲ ပိုက်ဆံလက်နက်နဲ့ ပြန်တိုက်မယ်ဆိုပြီး ဖုန်းနဲ့ ဒီနေ့ထွက်မဲ့ Air New Zealand နဲ့ Singapore Air (SQ) ကို ရှာပါတယ်။ Air New Zealand က လက်မှတ်ကုန်သွားပြီ။ Singapore Air ကတော့ ကျန်သေးတယ်။ စလုံး ၂၅၀၀ နဲ့။ ည ၉နာရီခွဲလောက်ထွက်မှာ။ ကျွန်မတို့က ခုလေဆိပ်မှာ ၈နာရီထိုးခါနီးလောက်ဖြစ်နေပြီလေ။ အွန်လိုင်းကနေ ဝယ်လိုက်ရင်တော့ လက်မှတ် တစ်စောင် စလုံးငွေ ၂၅၀၀ လောက်နဲ့ ရမယ်ဆိုပေမဲ့ လေယာဉ်ချိန်က အရမ်းနီးနေတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်လေ။ ဒီတော့ SQ လက်မှတ်ရောင်းတဲ့ကောင်တာက ဘယ်မှာလဲဆိုတော့ တာမီနယ် ၂မှာတဲ့။ Emirate Airline က တာမီနယ် ၁ ဆိုတော့ တာမီနယ် ၂ကို လေဆိပ်တွင်း ရထားနဲ့ အမြန်ပြေး။ Singapore Airline Customer Service ကောင်တာကိုသွားပြီး ဒီနေ့ည ထွက်မဲ့လေယာဉ်အတွက် လေယာဉ်လက်မှတ် ၂စောင်ကျန်သေးလားလို့မေးတော့။ ကောင်တာက အမျိုးသမီးကြီးကချက်ချင်း စစ်ပေးတယ်။ လေယာဉ်ပေါ်တက်တဲ့ Gate တာဝန်ကျ အရာရှိကိုလဲ ဖုန်းဆက်ပြီး confirm လုပ်တယ်။ အကြောင်းကြားတယ်။ အရာရှိက ၂ခုံ ကျန်တယ်ဆိုမှ လက်မှတ်ရမယ်တဲ့ ခုသွားချင်တာ သေချာလားတဲ့။ ဒီကောင်တာမှာ တိုက်ရိုက်ဝယ်ရင် Service Charge SGD 80 ပိုပေးရမယ်နော်တဲ့။ လူက အဲ့ဒိအချိန် ခုံကျန်သေးတယ်ဆိုတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီလေ။ ဒီနေ့သွားရမှဆို သွားရမှပဲ။ စိတ်တောင် တိုချင်စိတ် မရှိတော့ဘူး။ လက်ဆုတ်လက်ကိုင်ပြလို့မရတဲ့ ကံကြမ္မာကိုသာ ဟားတိုက်ရီပလိုက်ချင်တာ။ ဒါနဲ့ ဝယ်မယ်လို့ပြောတော့။ အဲ့မိန်းမကြီးက ချက်ချင်းလုပ်ပေးတယ်။ ဟား ဟား… (ခုဒီပိုစ့်ကို အိမ်သားတွေဖတ်ရင်း ရင်ထုနေလောက်ပြီ။ ပိုက်ဆံက ပြန်ရှာ ပြန်စုလို့ရပါတယ်။)

လေယာဉ်လက်မှတ် Print Out စာရွက်ကတောင် အရမ်း ရက်နီးနေလို့ ၁ရက်နေ့ နေ့စွဲနဲ့ ထုတ်လို့မရတော့ဘူး။ ၂ရက်နေ့ ည နေ့စွဲနဲ့ထွက်လာတယ်။ ဒါပေမဲ့ ကောင်တာက အမျိုးသမီးက အဲ့ဒိ နေ့စွဲကို ဘောပင်နဲ့ ချစ်ပြီး နေ့စွဲက ၂ရက်နေ့ပေမဲ့ ငါ အရာရှိကို ဖုန်းဆက်ထားပြီးပြီ နင်တို့ ခုသွားလို့ရတယ်တဲ့။ ချက်အင်ကောင်တာက တာမီနယ် ၃ မှာတဲ့။ အဲ့ဒိ တစ်ရက်တည်းနဲ့ ချန်ကီက ပြည်ပထွက်ခွာ တာမီနယ် ၃ခုလုံးအစုံရောက်ခဲ့တာပေါ့။ ဒါနဲ့ လက်မှတ်ရတာနဲ့ တာမီနယ် ၃ Singapore Airline ချက်အင်ကောင်တာကို အမြန်ပြန်ပြေးရတာပေါ့။

Refund for NO SHOW AIRTICKET


မဗေဒါလေယာဉ်လက်မှတ်ဝယ်နေတဲ့ အချိန်မှာ Mr.Right က Emirate လေယာဉ်လက်မှတ် ဝယ်ခဲ့တဲ့ Online website CheapOair ကို ဖုန်းလှမ်းဆက်ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြပြီး Refund ရလို့ရငြား ကြိုးစားကြည့်နေတယ်။ ပထမ Customer service ကုလားက (ဖုန်းထဲကလေသံအရ ကုလားမှန်းသိ) မရဖူးချည်းပြောနေတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ သူသွားမေးပေးမယ် ဖုန်းခဏကိုင်ပြီးစောင့်ပါလုပ်နေတုန်း ဖုန်းက ကျသွားတယ်။ ဒါနဲ့ တာမီနယ် ၃ကို လမ်းလျှောက်နေတုန်း ထပ်ခေါ်လိုက်တော့ နောက်ထပ် Customer Service ကုလားတစ်ယောက်လာကိုင်တယ်။ အဖြစ်အပျက်ရော သူ့ရှေ့က ဝန်ထမ်းနဲ့ပြောခဲ့တာတွေရော ပြန်ရှင်းပြလိုက်တော့ ခုကုလားက ရတယ်ခုချက်ချင်း Cancel ပေးမယ်။ ဒါပေမဲ့ Service Charge ၁၅၂.၆၀ တော့ ဖြတ်မယ်တဲ့။ ၃၀၀၀ လုံးဆုံးတာထက်စာရင် ၁၀၀ လောက်ဆုံးတာက မတော်သေးဘူးလား။ ဒီလိုနဲ့ သူက ချက်ချင်း Cancel ပေးလိုက်တယ်။ တာမီနယ် ၃ရောက်လို့ ချက်အင်ဝင်တော့မှ ပထမကုလားက ဖုန်းပြန်ဆက်တော့ ရတယ် နင့်လုပ်ဖော်ကိုင်ဖက်က ငါတို့ကို Cancel ပေးလိုက်ပြီလို့ပြောထည့်လိုက်တယ်။

ဒီလိုနဲ့ အားလုံး ပြဿနာတွေ အေးဆေးသွားတော့ ချက်အင်ကောင်တာမှာ ဘယ်သူမှတောင်မရှိတော့ဘူး ကျွန်မတို့က နောက်အကျဆုံးပဲဖြစ်မယ်။ ချက်အင်ကောင်တာကလဲ ကုလားမပဲ။ ပြုံးပြုံးပြုံးပြုံးနဲ့ ပုံမှန်ဆိုရင်တော့ Service ချိုသာတယ်ပြောရမှာပေါ့။ Budget airline က လူတွေလိုတော့ မဟုတ်ပါဘူး။ ချက်အင်ဝင်ပြီး boarding pass ရတော့ သူက ထုံးစံအတိုင်း စစ်ခိုင်းပါတယ်။ နာမည် ထွက်မဲ့အချိန်။ ဒီလောက်ပဲ ကိုယ်လဲ ကြည့်ဖြစ်တာပေါ့။ နေ့စွဲက ၂ရက်နေ့ဖြစ်နေပေမဲ့ ကိုယ်က ဟိုဖြတ်ပိုင်းမှာကတည်းက ၂ရက်နေ့ပေမဲ့ ဒီနေ့သွားလို့ရတယ် အရာရှိနာမည်တောင် ရေးပေးထားတယ်ဆိုတော့ ဘာမှ မဖြစ်လောက်ဘူးဆိုပြီး ပြဿနာတွေပြီးဆုံးပြီဆိုပြီ ၂ယောက်သား အင်မီဂရေးရှင်းဖြတ်။ အစက လေဆိပ်မှာ SKII ဝင်ဝယ်မို့တောင် နောက်ကျနေလို့ ပြဿနာထပ်မဖြစ်ချင်တာနဲ့ ၂ယောက်သား ခပ်သုတ်သုတ်လေး Gate ကို သွားကြတယ်။

ဂိတ်ရောက်တော့မှ ကိုယ်နဲ့တူတူ ခရီးသွားဖော်တွေတွေ့တော့ စိတ်အေးရတယ်။ သေချာအောင်တောင် လေယာဉ်ဝန်ထမ်းတွေကို ကိုယ့်လေယာဉ် boarding မလုပ်ရသေးကြောင်း မေးလိုက်သေးတယ်။ Selfie ဓာတ်ပုံရိုက်ပြီး “ဘာတွေပဲဖြစ်ဖြစ် ငါတို့ဒီခရီးကို enjoy အုံးမှာ” ဆိုပြီး ဖေ့ဘွတ်မှာ တင်လိုက်သေးတယ်။ Mr.Right ကတော့ long face နဲ့ပဲ။ အိမ်သားတွေကတောင့် သူ့မျက်နှာကြည့်ပြီး တစ်ခုခုဖြစ်တာ စဉ်းစားလို့ရနေပြီ။

အားလုံးအဆင်ပြေနေပြီဆိုပေမဲ့ စိတ်ထဲတော့ ထင့်နေသေးတာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်ဖြေသိမ့်ပြီး ဘာမှ မဖြစ်တော့ပါဘူး။ ခုပဲ Boarding Gate တောင်ရောက်နေမှ ဘာပြဿနာမှ ထပ်မလာတော့ဘူးဆိုပြီး နေနေတာ။ လေယာဉ်ပေါ်တက်ဖို့ ထိုင်ခုံနံပါတ်အလိုက်ခေါ်ပြီး ကိုယ့်အလှည့် Boarding Pass ကိုလဲ scan လိုက်ရော မီးနီပြနေတယ်။ ဘာဖြစ်တာလဲဆိုတော့။ ကျွန်မတို့က ဒီနေ့လေယာဉ်မှာ ချက်အင်ထားတာ မဟုတ်ဘူးတဲ့။ ၂ရက်နေ့ ညလေယာဉ်မှာ ချက်အင်ထားတာတဲ့။

ပင်လယ်ကြီး ကိုယ်ဖြတ်သန်း...

“ဟမ်! … မဖြစ်နိုင်ဘူး။ ငါတို့စောစောကမှ ဒီညလေယာဉ်အတွက် နင်တို့ ကောင်တာကနေဝယ်ထားတာ။ နင်တို့ အရာရှိက နေရာကျန်တယ်လို့ ခွင်ပြုပြီးပြီ” ဆိုပြီးပြောတော့ သူတို့အရာရှိကို ဖုန်းဆက်မေးတယ်။ အရာရှိက ဟုတ်တယ်ပြောတော့ ပြဿနာက နင်တို့လိုက်ချင်ရင်တော့ လိုက်လို့ရမယ်။ ဒါပေမဲ့ နင်တို့အိတ်တွေကတော့ ဒီလေယာဉ်နဲ့ ပါလာမှာ မဟုတ်ဘူးတဲ့။ Boarding Gate ဝက ဝန်ထမ်းအကောင်က မရိုင်းစိုင်းပေမဲ့ အချိုးတော့ သိပ်မပြေဘူး စကားပြောပုံက။ မျက်နှာဘေး ကိုယ့်ကိုမပြပေမဲ့ Customer အခက်အခဲကို လိုလိုချင်ချင် ဖြေရှင်းပေးချင်တဲ့ပုံမရှိဘူး။ ပြီးတော့ပြောသေးတယ် “နင်တို့ကို Boarding Pass ပေးတုန်းက စစ်ခိုင်းသေးတယ်လေ။ ဒီတော့ နင်တို့မှာလဲ တာဝန်ရှိတယ်” တဲ့။ ပြောပုံက သိပ်တော့ အလုပ်မဟုတ်ဘူးလို့ ခံစားရတာပဲ။ “ငါတို့ကို စစ်ခိုင်းတာဟုတ်တယ်။ ဒါပေမဲ့ နင်တို့ဟာ service provider တစ်ယောက်အနေနဲ့ အစကတည်းက အမှားမလုပ်သင့်တာ မဟုတ်ဘူးလား” လို့ ကိုယ်လဲ ပြန်ပြော။ ဒါပေမဲ့ စိတ်ထဲမလဲ ပြဿနာတော့ အကျယ်အကျယ်မတက်ချင်တော့ဘူး။ ဒီဟန်းနီးမွန်းခရီးအတွက် ပြဿနာက ကျွန်မတို့အတွက် လုံလောက်နေပြီ။ တော်ကြာနေမှ အမြင်ကပ်ပုဒ်မနဲ့ ကိုယ့်ကို မနက်ဖြန်လေယာဉ်နဲ့ပဲ လိုက်ရမယ်ဆို ဒုက္ခ။ ဒါပေမဲ့ အဲ့လိုပြောလို့ကတော့ တစ်စောင် ၂၅၀၀ ကျော်ပေးဝယ်ထားရတာ ဒီနေ့သွားချင်လို့။ ရေဆုံးမြေဆုံး တိုက်ဖို့ အားတင်းထားတယ်။

ဒါပေမဲ့ သူတို့က “ဒီနေ့သွားချင်ရင် အိတ်ပါမှာ မဟုတ်ဘူး။ မနက်ဖြန်ညမှ အိတ်နဲ့တူတူသွားလဲရတယ်” လို့ပြောလာတယ်။ ဒါနဲ့ “ငါဒီနေ့သွားချင်လို့ ဈေးကြီးပေးပြီး ဝယ်ထားတာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါဒီနေ့သွားရမှ ဖြစ်မယ်” လို့ပြောလိုက်တယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ လေယာဉ်ပေါ်ကို နောက်ဆုံးမှ တက်ခဲ့ရတယ်။ နေရာကတော့ မဆိုးပါဘူး။ ရှေ့ဆုံးတန်း More Leg Room (ခြေကောင်းကောင်းဆန့်လို့ရတဲ့နေရာ) ရတယ်။ လေယာဉ်ပေါ်ရောက်တဲ့အထိတောင် စိတ်တော့ ဒုန်းဒုန်းမချရဲတော့ဘူး။ ဒီလောက်အခက်အခဲတွေများတာ တစ်ခုခုထပ်ဖြစ်မှာကြောက်နေရတယ်။ လေယာဉ်ကတော့ SQ ဆိုတော့ သိတဲ့အတိုင်းပဲ ဝန်ဆောင်မှု အတော်ကောင်းတယ်။ ကြွေးလိုက်တဲ့ မုန့်တွေကလဲ ခဏခဏပဲ။ စောင်၊ ခေါင်းအုံး၊ inflight entertainment ရုပ်ရှင်ကားကောင်းတွေနဲ့ ပေါ့။ လေယာဉ်ထွက်တော့မှ Mr.Right နဲ့ ကျွန်မ စိတ်တွေရှုတ်ပြီး ဖြစ်ခဲ့သမျှ ရယ်မိတော့တယ်။ ဟုတ်တယ်လေ။ ငိုနေဖို့တောင် အင်အားမရှိတော့ဘူး။

ကိုယ်လာပြီ မင်းဆီကို

“ဟေး… နိုင်ငံရပ်ခြား ဟန်းနီးမွန်းကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ဖူးပြီဟေ့။ ငါတို့ ဟန်းနီးမွန်းလောက် အမှတ်တရတွေ များတာ ရှိတော့မှာ မဟုတ်ဘူး။ ဖြစ်လာမှတော့ စိတ်ညစ်နေမဲ့အစား ရီပဲနေလိုက်တော့မယ်။ ” ဆိုပြီး ပြောပြော ရီနေကြတာ။ အဲ့ဒါကြောင့် လောကဓံကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့တဲ့သူတွေဟာ ဘာမှကို သိပ်ဂရုမစိုက် သိပ်မကြောက်ကြတော့တာကို သဘောပေါက်သွားတယ်။ နောက်ထပ်ထပ်ဖြစ်လာမဲ့ ပြဿနာတွေကို မကြောက်တာမဟုတ်ဘူး။ မဖြစ်ခင်စိုးရိမ်နေတာထက် ဖြစ်လာသမျှကို ရင်ဆိုင်လိုက်ရင် တစ်ချိန်တော့ ပြီးသွားမှာပဲဆိုတာကို လက်ခံလိုက်တဲ့ ခံစားချက်မျိုး။

တော်သေးတယ် ကျွန်မတို့ ၂ယောက်လုံးကိုယ်ပေါ်မှာတော့ အနွေးထည်လေးတွေ ဝတ်ထားမိလို့။ ဒီလိုနဲ့ စင်္ကာပူကနေ သြစတေးလျကိုဖြတ်ပြီး Auckland ကိုရောက်ဖို့ ၉နာရီလောက် စီးခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ Snack မြေပဲအရင်ကြွေးတယ်။ နောက်တော့ Dinner ကြွေးတယ်။ မနက်ကျတော့ Breakfast ထပ်ကြွေးတယ်။ လျောလျောရှူရှူပဲ Auckland အချိန် နေ့လည် ၁၁နာရီဝန်းကျင်မှာ ရောက်သွားပါတယ်။ (နယူးဇီလန်က စင်္ကာပူအချိန်ထက် ၄နာရီ ပိုစောတယ်)။ Auckland လေဆိပ်ရောက်ရင် အိတ်ပျောက်တွေကို သတင်းပို့တဲ့ ကောင်တာမှာ ကိုယ်က သတင်းသွားပို့ပါလို့ပြောလိုက်တော့။ အဲ့ဒိကောင်တာကိုသွားပါတယ်။ ကျွန်မတို့အပြင် Baggage delay ဖြစ်တဲ့သူ နောက်ထပ် ၂ယောက်လောက်တွေ့ရပေမဲ့ သူတို့အိတ်တွေက တကယ်တန်းတော့ ပါလာပါတယ်။ အဲ့ဒါကြောင့် အဲ့ဒိကောင်တာက Maori (New Zealand Native လူမျိုး) အမျိုးသမီးကြီးက အိတ်တွေကို စောင့်ကြည့်ပါအုံး ပါရင် ပါလာမှာပါဆိုလို့ ထိုင်စောင့်နေရသေးတယ်။ အစက ကိုယ်ထင်တာ ကိုယ်တွေကတော့ အိတ်ယူစရာမလိုပဲ Report လုပ်ပြီးတာနဲ့ တန်းထွက်လို့ရပြီမှတ်နေတာ။ ခုတော့ အိတ်တွေ အားလုံး ကုန်လို့ ကိုယ့်အိတ်မပါလာမှပဲ ထွက်ရတော့တယ်။

ဒါပေမဲ့ Auckland ဘက်ရောက်တော့ Service က ပိုဖော်ရွေတယ်ခံစားရတယ်။ သူက ကျွန်မတို့ အိတ်ကျန်ခဲ့လို့ စိတ်မကောင်းကြောင်းပြောပြီး NZD 200 ကို အလျှော်ထုတ်ပေးဖို့ ချလန်လေးတစ်ခုပေးတယ်။ လေဆိပ်ထဲက Money Changer တွေမှာ ဒီချလန်နဲ့ ငွေ ဒေါ်လာ၂၀၀ သွားထုတ်ပါတဲ့။ အဲ့ဒိအပြင် ဒီကြားထဲ ကျွန်မတို့ သုံးဖို့ အမျိုးသားသုံး Toiletries တစ်ထုတ်၊ အမျိုးသမီးသုံး Toiletries တစ်ထုတ် လက်ဆောင်ပေးတယ်။ အဲ့ဒိထဲမှာ မျက်နှာသစ်ဆေးရည်၊ သွားတိုက်ဆေး။သွားတိုက်တံ၊ မှန်ပါပါတဲ့ ဘီး၊ lotion၊ Deodorant၊ ခေါင်းလျှော်ရည် နဲ့ တီရှပ် အဖြူရောင် တစ်ထည်ပါတယ်။ တီရှပ်ဆိုဒ်ကတော့ XL ဆိုတော့ ကိုယ်ဝတ်ရင် ပြာကလောင်၊ ပြာလချောင်လိုဖြစ်နေပေမဲ့ ညဝတ်အိပ်လို့တော့ရတာပေါ့။ ဒါပေမဲ့ ကိုယ်က ရောက်ရောက်ချင်းတော့ ဟော်တယ်ကောင်းကောင်း ဘွတ်ထားတော့ အဲ့ဒိမှာ Bathrobe ပေးတော့ အဲဒါပဲ ဝတ်ဖြစ်တယ်။ အမျိုးသားသုံးအိတ်ထဲမှာဆိုရင်တော့ Shaving Cream နဲ့ မုတ်ဆိတ်ရိတ်တံတို့ဘာတို့ အစုံပါပါတယ်။

Singapore Airline က ပေးတဲ့အမျိုးသမီး အသုံးအဆောင်အိတ်

New Zealand Custom ဖြတ်ခြင်း


ဒီလိုနဲ့ ၂ယောက်သား ကျွန်မလက်ထဲဆွဲလာတဲ့ ဖိနပ်အပိုနဲ့ Snack လေးနည်နည်းပါတဲ့အထုတ်ရယ်။ Sling bag ရယ်။ သူ့ laptop ကျောပိုးအိတ်ရယ်၊ သူလွယ်လာတဲ့ ကင်မရာအိတ်ရယ်၊ ခရီးသွားရင် အိတ်တဲ့ ဂငယ်ပုံ ခေါင်းအုံးလေးရယ်နဲ့ပဲ နယူးဇီလန်မြေကြီးကို ခြေချခဲ့ကြပြီပေါ့။ အိတ်တွေမပါလာတာလဲ ခပ်ကောင်းကောင်းပါ။ ပါလာရင် သူတို့ရဲ့ တင်းကျပ်လှတဲ့ Custom က ဘာစစ်အုံးမလဲမသိ။ ကြည့်တော့ မြန်မာပတ်စပိုစ့်ဆိုတော့ သိတဲ့အတိုင်းပဲ အထူးဆက်ဆံခံရတာပေါ့။ အိတ်တွေ မပါလာတာတောင်မှ သည်းသန့်လုပ်ထားတဲ့ လမ်းထဲဝင်ရတာပေါ့။ အဲ့ဒိလမ်းထဲကို ပြည်ကြီးတရုတ်မတစ်ယောက်နဲ့ ကျွန်မတို့ ၂ယောက် သွားရတယ်။ ကောင်တာမှာ အရာရှိမိန်းမက သဘောတော့ကောင်းပါတယ်။ သြစီတုန်းက ကာစတန်က မိန်းမလိုပဲ။ အလာဘ သလာဘ ပြောသလိုလိုနဲ့ ကျွန်မတို့အကြောင်းတွေကို မေးတာ မေးတာဆိုတာ ရစရာကိုး မရှိဘူး။ ဒီခရီးစဉ်နဲ့ ပတ်သတ်တာတွေလဲ မေးတယ်။ ဘယ်တွေသွားဖို့ စီစဉ်ထားလဲဆိုတော့ ငါတို့က မြို့အားလုံးသွားမယ်။ ဒါပေမဲ့ itinerary အတိအကျတော့ ငါတို့ မစဉ်းစားရသေးဘူးဆိုတော့ သူက ဒါဆို Research ရှာလာတာတော့ ရှိမှာပေါ့တဲ့။ ရှိတယ် ကြည့်မလားဆိုတော့ ပြဆိုလို့ ကိုယ်ရှာလာတဲ့ ၁၈ မျက်နှာ Research Table ကြီး ထုတ်ပြလိုက်တော့ သူ နည်းနည်းပါးပါးဖတ်ပြီး မျက်ခုံးပင့်သွားတယ်။ အသေအချာကို ရှာလာတာဟွန့်။ ဘယ်သူရှာတာလဲတဲ့။ ငါရှာတာလို့ပြောတော။ ဒါဆို အမျိုးသမီးက Research ရှာ၊ အမျိုးသားက ပိုက်ဆံထုတ်ရုံပဲလားတဲ့။ ဟုတ်တယ်လို့ပြောလိုက်တယ်။

ကိုယ့် Research စာရွက်လဲ Mr.Right က စိတ်ဝင်တစားဖတ်နေတာမဟုတ်တော့ သူ့မေးလဲ သိမှာဟုတ်ဘူးလေ။ သူက Research ရှာပါဆို App တွေပဲ ဒေါင်းလုပ်လုပ်ပြီး ဒီ App ကောင်းတယ် ဟိုApp ကောင်းတယ်နဲ့ ဘာမှ ချမရေးဘူး။ ကျွန်မအမြင်ကတော့ ချမရေးပဲ စိတ်ထဲမှတ်ထားရင် ပြန်မေ့မှာပဲ။ ပြီးတော့ လည်စရာနေရာတစ်ခုတည်းရှာရတာမဟုတ်ဘူး။ အဲ့ဒိနေရာ ဘယ်လိုသွားရမလဲ။ ဘယ်လောက်ကြာမလဲ။ အဲ့ဒိနေရာနဲ့ တစ်လမ်းကြောထဲ တစ်ခြားဘယ်တွေရှိသေးလဲ။ ဘယ်လောက်ကုန်မလဲ။ စသည်ဖြင့် အချက်အလက်အကုန် ရှာမှ အဆင်ပြေမှာလေ။ ထားပါတော့လေ။ Custom officer က Mr.Right ကို ဘာအလုပ်လုပ်လဲ။ လခဘယ်လောက်ရသလဲကအစ အကုန်မေးတာ။ နောက်ဆုံး သူစိတ်ကျေနပ်တော့မှ ကျွန်မတို့ကို ဒီလမ်းအတိုင်းသွားလို့ရပြီဆိုပြီး လွှတ်လိုက်တယ်။

Auckland လေဆိပ်သို့ ဆိုက်ရောက်

ဘေးကောင်တာမှာ ပြည်ကြီးတရုတ်မကို စစ်နေတဲ့ အရာရှိဝတုတ်ကြီးနဲ့ အဲ့တရုတ်မ တိုင်ပတ်နေတဲ့ ရီစရာပြောပြအုံးမယ်။ အဲ့တရုတ်မက အင်္ဂလိပ်စာလုံး Visa နဲ့ Passport ကို ကွဲပုံမရဘူး။ Officer က သူ့ကို ဘာနဲ့ပတ်သတ်ပြီးတော့လဲမသိဘူး “So do you have Australia Visa? Where is it?” လို့ မေးတော့ အဲ့တရုတ်မက “Yes, I am going to get Australia Passport. But I haven’t get Australia Passport” ဆိုပြီးဖြေတယ်။ အစက သူ Visa နဲ့ Passport ကို မသဲကွဲမှန်း ဘယ်သူက သိမလဲ။

ဒါနဲ့ Officer က “So are you going to be Australia’s Citizen?” လို့ ထပ်မေးတော့။

သူက “No, My friend is Australia Citizen. She will apply Australia passport for me” တဲ့… အဲ့လိုတိုင်ပတ်နေတာ။ Officer ကြီးက သူ့ခုံကထွက်သွားသေးတယ်။ နောက်တော့ ပြုံးစိစိနဲ့ ပြန်လာတယ်။ သူ့ပုံစံက ငါနဲ့ တရုတ်မတော့ ဟုတ်နေပြီဆိုတဲ့ ပုံစံမျိုး။ သူတရုတ်မ Visa နဲ့ Passport မသဲကွဲတာကို ကျွန်မလိုပဲ သဘောပေါက်လို့ ပြုံးစိစိလုပ်နေသလားတော့ ကျွန်မလဲ မပြောတတ်ဘူး။ ဘာလို့လဲဆိုတော့ တရုတ်မက မှားနေတာကိုလဲ သူက မရှင်းပြဘူး။ ပြုံးစိစိနဲ့ပဲ စောစောက မေးခွန်းတွေ ပြန်မေးပြီး ချာလည်ရိုက်နေကြတာ။ ကျွန်မတို့ Officer က စစ်ဆေးပြီးသွားခွင့်ပြုလိုက်တော့ ဘာဆက်ဖြစ်ကျန်ခဲ့လဲတော့ မသိဘူး။ ကိုယ်လဲ သူတို့ နားလည်မှုလွဲနေကြတာကို သိပေမဲ့ ဝင်လျှာမရှည်ရဲဘူးလေ။ ကိုယ့်ကံကလဲ သိပ်ကောင်းနေတာမဟုတ်တော့ အေးအေးဆေးဆေးနေတာကောင်းတယ်။

အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဟန်းနီးမွန်း အောင်မြင်စွာ စတင်


ဒီလိုနဲ့ အပြင်ရောက်မှ Money Changer မှာ အလျော်ပေးလိုက်တဲ့ ဒေါ်လာ ၂၀၀ ထုတ်။ Vodafone ဖုန်းကဒ်ဝယ်။ 3GB plan 300 mins free ကို ၄၉ကျပ်နဲ့ဝယ်။ Mr.Right က 2GB plan ကိုဝယ်တယ်။ သြစီသွားတုန်းက ဖုန်းမိနစ်တွေကို အင်တာနက်အဖြစ် ပြောင်းလို့ရတယ်။ ဒါပေမဲ့ ဒီမှာက မရဘူး။ အမှန်တော့ 3GB က စလုံးမှာ အတော်သုံးရပါတယ်။ ခုက ၂ပတ်ပဲနေမှာ လောက်သင့်တာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ၅ရက်နဲ့ ကုန်သွားတယ်ရှင့်။ အံ့သြကုန်နိုင်ဖွယ်ပဲ။ အချဉ်မိသွားတာလားတော့မသိ။

i-site ရဲ့ တံဆိပ်လေးလေ... အရမ်းတော့ လင်းနေတယ်.. ဒါပေမဲ့ i-site ဆိုတာကို ပြတာ

နယူးဇီလန်မှာ တိုးရစ်တွေကို ဝန်ဆောင်မှုပေးတဲ့ isite information desk လေးတွေ မြို့တိုင်းမှာရှိတယ်။ အဲ့ဒိမှာ အချက်အလက်တွေမေးလို့ရသလို။ တိုးလ်ပတ်ကေ့တွေဘာတွေလဲ ဝယ်လို့ရတယ်။ အစိုးရက ဝန်ဆောင်မှုအနေနဲ့ ဘွတ်ပေးတာဆိုတော့ အချဉ်မမိဘူးပေါ့။ လေဆိပ်က isite ကနေ Airport Transfer လက်မှတ်ဝယ်တယ်။ လေဆိပ်ကနေ Auckland ကို NZD 16ကျပ်။ ကျွန်မတို့ ဟော်တယ်ကိုပြောတော့ ဆင်းရမဲ့ မှတ်တိုင်က Queenstreet ပေါ်ရောက်ရင် No.3 gate ကို ဆင်းတဲ့။ ကားမောင်းတဲ့သူက အသိပေးလိမ့်မယ်တဲ့။ လေဆိပ်ကထွက်လာဖြစ်တော့ နေ့လည် ၁၂ခွဲလောက်ရှိပြီ။ လေဆိပ်ကနေ မြို့ထဲကို ၄၅မိနစ်ကနေ ၁နာရီလောက်တော့ စီးရတယ်။
အရာရာတိုင်းက မျက်လုံးထဲ စိမ်းလန်းစိုပြေပြီး လှပနေတယ်။ လေဆိပ်ကနေ အထုတ်အပိုးအများကြီး ပင်ပင်ပန်းပန်းသယ်စရာမလိုပဲ ခုလိုရောက်လာရတော့လဲ ကောင်းတော့ ကောင်းသား။ ပိုက်ဆံရှိနေရင် ဝယ်ဝတ်လို့ရတာပဲ။ အိတ်က အလွန်ဆုံးနောက်ကျမှ ၂ရက်ပေါ့။ အားလုံးကို စိတ်လျော့ထားလိုက်တယ်။ ကံကြမ္မာကိုတောင် စိန်ခေါ်ချင်စိတ်မရှိတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ စိတ်ကြည်ကြည်ရွှင်ရွှင်ဖြစ်နေတယ်။

ဟော်တယ်က Crowne Plaza Auckland ဆိုတော့ လူတိုင်းသိကြတယ်။ ကားမောင်းတဲ့သူက ကျွန်မတို့ကို ဘယ်လိုသွားရလဲတောင် သေချာရှင်းပြနေသေးတယ်။ Queenstreet ကနေ တစ် ဘလောက်တက်လိုက်ရုံပါပဲ Albert St ပေါ်မှာ။ သူတို့လမ်းတွေက မြန်မာပြည် မြို့ထဲကလိုပဲ လမ်းမကြီးတွေက အပြိုင်ရှိနေတော့ ကိုယ်နဲ့ သွားရလာရတဲ့လမ်းအနေအထားက မစိမ်းဘူး။ တစ်ခုပဲ တက်လိုက်ရတဲ့ တောင်ကုန်းတွေ။ Queenstreet တစ်ခုပဲ မြေနည်းနည်းပြန့်တယ်ထင်ရတယ်။ Queenstreet ကနေ Albert St ကိုသွားမယ်ဆိုတောင်ကုန်းတက်ရတယ်။ မြို့ထဲမှာ တောင်ကုန်းတွေနဲ့ဆိုတော့ ကိုယ့်အတွက်တော့ အဆန်းပဲ။ Local တွေအတွက် သာမာန် သတိမထားမိတဲ့ နေ့စဉ်အဖြစ်အပျက်တွေက Tourist တွေအတွက်တော့ အသစ်အဆန်းတွေချည်းပဲဟုတ်? အဲ့ဒါကိုကလဲ ခရီးတွေသွားရတာကို ကြိုက်တဲ့အချက်တွေပဲလေ။ အိတ်တွေမပါလာတော့ တောင်ကုန်းတက်ရတာ သက်သာပါတယ်။

ဟော်တယ်ခန်းထဲက စာကြည့်စားပွဲ

အခန်းထောင့်မျိုးစုံက ရိုက်ထားတာ။ ရှန်ပိန်က ၁ခွက်ပဲသောက်ပြီး မသောက်ဖြစ်တော့ဘူး။ အဲ့ဒိနေ့က အမေများနေ့လေ။

ကော်ဖီ၊လဘက်ရည်၊ hot chocolate တွေကတော့ complementary but I am not sure about WINE 

Crowne Plaza Auckland hotel ရဲ့ ရေချိုးခန်း

ဟော်တယ်က ရေချိုးခန်းအသုံးအဆောင်

ဟော်တယ်က နာမည်ရှိပေမဲ့ Lobby ကတော့ ဒီလောက် အထင်ကြီးစရာ သားသားနားနား သိပ်မရှိဘူး။ ချက်အင်ဝင်တုန်းက Honeymoon လို့ပြောတော့ ကျွန်မတို့ကို အထပ်မြင့်ရှုခင်းကောင်းအခန်းပေးပါတယ်။ ပြီးတော့ အခန်းထဲကို ရှန်ပိန် တစ်ပုလင်းလက်ဆောင်လာပို့တယ်။ ဒါပေမဲ့ ခက်တာက ရှန်ပိန်ကိုယ်ကမှ မကြိုက်တာ။ Mr.Right ကလဲ ဒီလောက် Heavy Drinker မဟုတ်တော့ သိပ်အသုံးမဝင်ဘူး။ အဲ့ဒိအစား Complimentary Breakfast ဆိုရင်မှ အသုံးဝင်အုံးမယ်။ ဒီကဟော်တယ်တွေက မနက်စာနဲ့ အင်တာနက် မပါတာများတယ်။ Backpacker နေရာတွေကမှ အင်တာနက် အလကားပေးကြသေးတယ်။ အခန်းထဲမှာ ခဏနားပြီး ညနေ ၄နာရီလောက်ကျမှ နေ့လည်စာထွက်စားမယ်ဆိုပြီး ပြန်ထွက်ခဲ့ကြတယ်။ ဟုတ်တယ်လေ Auckland မှာ ၄နာရီဆိုမှ စလုံး နေ့လည် ၁၂နာရီဆိုတော့ ဗိုက်တွေက နေနိုင်နေတယ်။

Kebab ဆိုင် အပြင်ကို လှမ်းရိုက်ထားတာ

Lamb Kebab, Meat and chips (Mr.Right's favourite)

အပြင်ထွက်ပြီး ပတ်ဝန်းကျင်တဝိုက် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ Auckland Tower ပေါ်တက်မယ်ဆိုပြီး သွားကြည့်ဖြစ်သေးတယ်။ ဘယ်အချိန်ထိဖွင့်လဲဆိုတော့ ည ၁၀နာရီ ထိဖွင့်တယ်ဆိုတာနဲ့ လက်မှတ်ဝယ်ပြီး တစ်ခုခုစားပြီးမှပဲ အေးဆေးလာတက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မြို့ထဲဘက် လမ်းလျှောက်ကြမယ်ဆိုတော့ လမ်းမှာတွေ့ခဲ့တဲ့ ကုလားတွေရောင်းတဲ့ Kebab အစာပြေ စားချင်တယ်ဆိုလို့ ဝင်စားဖြစ်တယ်။ Lamb (သိုးသား) Kabab နဲ့ အာလူးချောင်းကြော် သူသိပ်ကြိုက်တယ်။ မဗေဒါက စားဆိုရင်တော့ စားနိုင်ပေမဲ့ အကြိုက်ကြီးတော့ မဟုတ်ဘူး။ နည်းနည်းလေး ညှီတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ဗိုက်ဆာနေတော့ စားလို့ဝင်တယ်။ အစာပြေသာပြောတယ် စားစရိတ်က Auckland မှာ အတော်ကြီးတယ်။ အဲဒါလေးကိုတောင် NZD 8 လာမသိဘူးပေးရတယ်။ ရေသောက်ချင်လို့ ရေသန့်ဗူးဝယ်တော့ တစ်ဗူး NZD 3.5 ဆိုလို့ မျက်လုံးပြူးရတယ်။ အဲ့ဒါစားပြီး Albert Street တစ်လျှောက် လမ်းလျှောက်ရင်း Brito Mart ဘက်ကိုသွားကြတယ်။ Brito Mart က မြန်မာပြည်က ကမ်းနားလမ်းလိုပေါ့။ (မြန်မာပြည်ထက်တော့ ပိုသန့်တာပေါ့နော်)။ သူက သင်္ဘောဆိပ်လေ။ အဲ့ဒိကနေ Rangitoto Volcano ရှိတဲ့ ကျွန်းတို့၊ Waiheke ကျွန်းတို့ကို သင်္ဘောစီးရတာ။ ရထားဘူတာရုံလဲ အဲ့မှာရှိတယ်ဆိုပေမဲ့ ရှာလို့ မတွေ့ခဲ့ဘူး။ ကိုယ် အားစိုက်ထုတ်ပြီး မရှာခဲ့တာလဲ ပါတာပေါ့နော်။ ဘတ်စ်ကားအားလုံးနီးပါးလဲ Brito Mart ကို ရောက်တော့ အချက်အချာတော့ ကျတာပေါ့။ မဗေဒါတို့အတွက်ကတော့ ဟော်တယ်နဲ့ လမ်းလျှောက်သွားလို့ရနေတဲ့ အကွာအဝေးဆိုတော့ ဘာမှ မစီးဖြစ်ဘူး။

Brito Mart ရောက်တုန်း သင်္ဘောဆိပ်ကိုဝင်ပြီး Waiheke သွားဖို့ သင်္ဘောအကြောင်း နည်းနည်းစုံစမ်းခဲ့သေးတယ်။ ညနေ ၆နာရီလောက်ထိုးသွားတော့ မြို့ကမှောင်လာပြီ ဒါနဲ့ Queenstreet အတိုင်း ပြန်တက်လာကြတယ်။ Mr.Right က Sport Shoe ဝယ်ချင်တယ်ဆိုလို့ Queenstreet က စင်္ကာပူ Orchard Road လိုဆိုတော့ ဆိုင်တွေရှိတော့ တက်လာတာ။ တစ်ဆိုင်ဝင်ကြည့်တယ် ကြိုက်တာမတွေ့တာ နဲ့ ပြန်ထွက်ပြီး ဟိုဓာတ်ပုံရိုက် ဒီဓာတ်ပုံရိုက်လုပ်ရုံရှိသေးတယ်။ ညနေ ၆နာရီခွဲလောက် ဆိုင်တွေအကုန် ပိတ်ကုန်ရော။ လမ်းပေါ်မှာတော့ သွားလာနေတဲ့ လူတွေရှိသေးပေမဲ့ ဈေးဆိုင်တွေကတော့ ပိတ်ကုန်ပြီ။ လမ်းပေါ်က လူတွေရှိသေးတယ်ဆိုတာကလဲ စင်္ကာပူက တိုပါးရိုးအင်တာချိန်းလောက်တောင် လူမများဘူး။ ပုံထဲသာကြည့်လိုက်တော့ အခြေအနေကို။ လူကနေ့လည်စာနဲ့ ညစာပေါင်းစားရပါမယ်ဆိုမှ ခု ညစာပါ ငတ်ကိန်းဆိုဒ်နေတယ်။

Britomart က သင်္ဘောဆိပ်

အဲ့ဒိမှာ မီးအနီ Blink Blink ဖြစ်နေတာက လမ်းကူးလို့ရသေးတယ် (စလုံးက မီးစိမ်း Blink နေတာတဲ့ အဓိပ္ပါယ်တူတူပဲ) ရောက်ရောက်ချင်း တော်တော် ကြောင်တယ်။

Waiheke သွားဖို့ သင်္ဘောဆိပ်

Queenstreet လမ်းထိပ်

ဘာရယ်မဟုတ် လှလို့ရိုက်သည်

ဟင်... ဘယ်အချိန်ရှိပြီမို့လဲ? အာ... ၆နာရီခွဲပဲရှိသေးတာဟ...

Albert Street ကနေ ဆင်းလာတုန်းက Food Alley ဆိုပြီး အာရှအစားအစာတွေရောင်းတဲ့ Food court တစ်ခုကို တွေ့ခဲ့တော့ အဲ့ဒိကို ပြန်သွားကြည့်ကြတယ်။ အာရှအစားအစာတွေရောင်းတဲ့ဆိုင်ကတော့ ညဘက်ထိဖွင့်တယ်ရှင့်။ တရုတ်စာ၊ ထိုင်းစာ၊ ဗီယက်နက်စာ၊ ကိုရီးယားစာ၊ ဂျပန်စာ၊ အင်ဒိုစာ စုံလို့ပါပဲ။ ကိုယ်တွေအကြိုက် ထိုင်းစာကို မှာဖြစ်တာပေါ့။ Mr.Right က အမဲသားယိုးဒယားချက်နဲ့ ထမင်း၊ ကိုယ်ကတော့ ကြက်သားနဲ့သီဟိုဠ်စေ့ကြော်စားတယ်။ အရည်သောက်ရအောင် တုန်ယမ်းဟင်းချိုပါ မှာလိုက်တာ လာတော့ တုန်ရမ်းအတွက် ထမင်းတွေပါ ပါလာလို့ ၃ပွဲဖြစ်သွားတယ်။ Food Alley မှာ အဲဒိ ထမင်းဟင်း 1 set ကို ပျမ်းမျှ NZD 11 လောက်ရှိတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ Portion က များတယ်။ ဟင်းတွေလဲ အများကြီးပေးတယ်။ ခု ၃ပွဲဖြစ်သွားတော့ လုံးဝ မကုန်တော့ဘူး။

လူကဘာဖြစ်မှန်းမသိဘူး အနောက်တိုင်းသားတွေရှိတဲ့ နေရာမျိုးသွားတိုင်း ထမင်းပဲစားချင်တဲ့စိတ်ဖြစ်တယ်။ ခရီးသွားကောင်းမဟုတ်ဘူးလို့ပြောလဲ ခံရမှာပဲ။ ဒါပေမဲ့ ကျန်တာတွေ အပင်ပန်းခံနိုင်တယ်။ အဲလို ခံနိုင်ဖို့ကလဲ ကိုယ့်အတွက် တင်းတိမ်မဲ့ အစားအစာပဲစားချင်တယ်။ အနောက်တိုင်းစာတွေက အီတာပဲရှိတယ်။ ဗိုက်တော့ပြည့်ပါတယ်။ စိတ်က မတင်းတိမ်တော့ မူးသလိုလို မောသလိုလိုနဲ့။ ပေါင်မုန့်ကြီးတွေဆိုလဲ မာသေးတယ်။ Sandwich လိုဟာတွေဆိုလဲ အကြီးကြီးတွေ ကိုက်ရတာ ပါးစပ်နဲ့တောင် မဆံ့ဘူး။ နောက်တစ်ချက်ကတော့ သူတို့ အနောက်တိုင်း စားသောက်ဆိုင်တွေကလဲ ပိတ်တာမြန်ပါ့။ ညထိဖွင့်တဲ့ တော်ရုံတန်ရုံဆိုင်လေးတွေဆိုလို့ ဒီအာရှဆိုင်တွေပဲရှိတယ်။ နယူးဇီလန်မှာ သြစီထက်တော့ အာရှစာ ရှာရတာ လွယ်တယ်။ နေရာတိုင်းမှာ ရှိတယ်။ မြို့သေးလေးတွေမှာတောင် ထိုင်းဆိုင်ရှိလို့ ထိုင်းတွေ ကျိတ်ကျေးဇူးတင်နေရတယ်။ ကိုရီးယားဆိုင်၊ ဂျပန်ဆိုင်၊ တရုတ်ဆိုင်တွေလဲ လွယ်လွယ်ရှာလို့ရတယ်။

ကောင်းမှကောင်း... တုမ်ယမ်းကတော့ စပါးလင်နံ့သိပ်မရတော့ တစ်ခုခုလိုနေသလိုပဲ။ မှိုတွေကလဲ ပီဇာထဲထည့်စားတဲ့ မှိုမျိုးတွေ

Black pepper Beef 

အာရှစာ စားချင်ရင် Albert St ပေါ်မှာ ဒီဆိုင်းဘုတ်ကိုရှာ 

Food court entrance

သူ့နိုင်ငံဈေးနဲ့ဆို ဒီဆိုင်တွေက ဈေးတော့ သိပ်မကြီးပါဘူး

Auckland Sky Tower



ညစာစားပြီး ၇နာရီလောက်ကျတော့မှ Auckland tower ကိုသွားကြတယ်။ Auckland တာဝါအောက်မှာတော့ စည်ကားနေတယ်။ Free Show တွေလဲရှိတယ်။ မျက်လှည့်တို့၊ မီးနဲ့ ကစားပြတာတို့၊ ကောင်မလေးတွေ ဂွေဝိုင်းနဲ့ကပြတာတို့ စုံနေတာပဲ။ အဲ့လိုမျိုး မြေဝိုင်း free show လေးတွေတွေ့တိုင်း မြန်မာပြည်မှာလဲ မြေဝိုင်းအကတို့ ဘာတို့ မတိမ်ကောသွားရင်ကောင်းမယ်လို့တွေးမိတယ်။ ဒီအကအဖွဲ့ဆိုရင် Auckland Tower က ပဲ ပိုက်ဆံပေးပြီးငှားထားတာလားဘာလားတော့ မသိဘူးပေါ့နော်။ ဘာပဲပြောပြော ခုလို ကြေးစားအကအဖွဲ့လေးတွေအတွက် လုပ်စားရှင်သန်နေလို့ရသေးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာလဲ နယ်ဖက်တွေမှာတော့ အငြိမ့်ပွဲလေးတွေဘာလေးတွေ ဘုရားပွဲတွေမှာရှိအုံးမယ်ထင်ပါတယ်နော်။ သို့သော်ညားလည်း အရည်အသွေးမှီ ပြပွဲတွေ ဟုတ်သေး မဟုတ်သေးတော့ မသေချာဘူး။ သဘင်ဆိုတာမြန်မာပြည်မှာ တိမ်ကောနေပြီလားလို့ အတွေးနယ်ချဲ့မိတယ်။


မျက်လှည့်ဆရာ 

ချမ်းချမ်းအေးအေးပေမဲ့ ကနေတော့ မချမ်းဘူးထင်ပါ့

သူလေးလှလား?

တာဝါအကြောင်းပြောရရင်တော့ တာဝါပေါ်တက်တဲ့ကြေးက တစ်ယောက်ကို NZD 28 ကျပါတယ်။ ဓာတ်လှေကားတွေက ဖန်တံခါးတွေဖြစ်တဲ့အပြင် ကြမ်းပြင်ကပါ ဖန်ကြမ်းပြင်ဖြစ်တဲ့အတွက် မြင့်လာနဲ့အမျှ အောက်ကို မြင်နေရတာ ကျောချမ်းချင်စရာပါ။ Observatory level အထိရောက်ဖို့ စက္ကန့် ၄၀ ပဲကြာပါတယ်။ တာဝါရဲ့ အမြင့်ပေက ၃၂၈ မီတာရှိပြီး နယူးဇီလန်တစ်နိုင်ငံလုံးမှာ လူတွေဆောက်ထားတဲ့အထဲက အမြင့်ဆုံး အဆောက်အဦးဖြစ်ပါတယ်။ တာဝါဟာ သဘာဝလေဒဏ်ကို တော်တော်လေးခံနိုင်အောင်လုပ်ထားပြီး၊ မီးဘေးအန္တရာယ်အတွက်လဲ ပြင်ဆင်မှုတွေရှိပါတယ်၊ ပြင်းအား ၈.၀ ရှိတဲ့ ငလျင် ၂၀ကီလိုမီတာအတွင်းဖြစ်ခဲ့မယ်ဆိုရင်တောင် Sky tower ကိုမပြိုကျအောင် စမ်းသပ်ချက်တွေ ပြုလုပ်ပြီး နှစ်ပေါင်းများစွာ ကြာရှည်ခံအောင် ဆောက်လုပ်ထားတာပါ။


ဒါက Sky Jump လုပ်တဲ့သူတွေ ကျလာတဲ့ စင်

SkyTower ကနေ ပတ်ပတ်လည် ၈၀ကီလိုမီတာအထိ ၃၆၀ ရှုခင်းကို မြင်နိုင်မှာဖြစ်ပြီး။ စားသောက်ဆိုင်တွေဖြစ်တဲ့ The Sugar Club, Orbit တို့မှာ စားနိုင်သလို (ဈေးကတော့ ဘယ်ဈေးလဲ မသိ)၊ Sky Lounge မှာလဲ ကော်ဖီသောက်နိုင်ပါတယ်။ ပိုပြီး စွန့်စွန့်စားစားလုပ်ချင်တယ်ဆိုရင်တော့ Skywalk တို့ sky jump တို့ လုပ်လို့ရပါတယ်။ အဲဒါကတော့ ရာကျော်တယ်ထင်ပါတယ်။ ဒါပေမဲ့ မဗေဒါတို့ မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်မြို့တွေမှာလဲ တခြား စွန့်စားတဲ့ Activities တွေကျန်နေသေးတယ်ဆိုတော့ ချန်ထားတာပါ။ အဲဒိပေါ်က ကော်ဖီဆိုင်က တစ်နာရီတစ်ကြိမ် ၃၆၀ ဒီဂရီ လှည့်တယ်ဆိုလို့ ကော်ဖီသောက်အုံးမလို့ပဲ။ ဒါပေမဲ့ ဗိုက်တွေလဲ ပြည့်နေတာတစ်ကြောင်း၊ ညဘက်ဆိုရင် ကော်ဖီဆိုင်ထက် Bar သဘောမျိုးဖြစ်သွားတော့ ကိုယ်နဲ့ သိပ်မကိုက်တော့တာရယ်၊ ကောင်းကင်ပေါ်ဆိုတော့ အနည်းနဲ့ အများတော့ ဈေးကြီးမှာပဲ ဆိုပြီး Mr.Right ကလဲ မဝင်ချင်တော့တာနဲ့ မဝင်ဖြစ်ခဲ့တော့ဘူး။ တာဝါပေါ်မှာတော့ တခြားနိုင်ငံတွေက တာဝါတွေလို လူတွေအများကြီးနဲ့ လုယက် ဓာတ်ပုံရိုက်နေစရာမလိုဘူး။ ညပိုင်းမို့ လူရှင်းတာလား။ နယူးဇီလန်မို့ ဒီလူလောက်က ပုံမှန်ပဲလား မပြောတတ်တော့ပါဘူး။

ဘယ်တာဝါပေါ်ကကြည့်ကြည့် မြို့ပြရဲ့ အလှနဲ့ အပေါ်မြင်ရတဲ့ ပုံစံတွေက တူတူပါပဲ။ သို့သော်ညားလည်း Auckland က တာဝါပေါ် ငါခြေချဖူးတဲ့ တာဝါတစ်ခုတိုးသွားပြီး ရောက်ဖူးသွားပြီဆိုတာကိုက ကိုယ့်အတွက်တော့ ပျော်စရာကောင်းနေပါပြီ။ အဲဒိကနေ ၈နာရီကျော်ကျော်လောက် ဟော်တယ်ပြန်လာပြီး နောက်နေ့အတွက် ကိုယ်လုပ်မဲ့ အစီအစဉ်ကို စီစဉ်ရပါတယ်။

Been There!

Seen that!

View of Harbour from Sky Tower 

It is possible to go New Zealand without driving (ဝေးပြေးကားတွေအကြောင်း တစ်စေ့တစ်စောင်း)

New Zealand မှာ မြို့တစ်မြို့နဲ့တစ်မြို့ကို ဆွဲတဲ့ Express car တွေလိုမျိုး ကုမ္ဗဏီရှိပါတယ်။ နာမည်ရ ၂ခုကတော့ Intercity နဲ့ Naked Bus ပါ။ Review တွေအရ Intercity က ဈေးတော်တော်လေးပိုကြီးပေမဲ့ ပိုကောင်းတယ်ပြောတာရော၊ ကားပေါ်မှာ အင်တာနက် ဝိုင်ဖိုင်ပါတာကြောင့်ရော ပြီးတော့ ထွက်တဲ့ကားများတာကြောင့် ကိုယ်လိုချင်တဲ့ အချိန်ကို Flexible ဖြစ်တာကြောင့်ရော Intercity ကိုပဲ ဝယ်ဖြစ်ပါတယ်။ Naked Bus က ဈေးအတော်ချိုပေမဲ့ ထွက်တဲ့အကြိမ်ရေနည်းတော့ အချိန် Flexible မဖြစ်သလို၊ Intercity လောက်တော့ နေရာများများမသွားပါဘူး။ အဓိက မြို့ကြီးတွေလောက်ပဲ သွားပါတယ်။

နောက်နေ့အတွက် Auckland ရဲ့ မြောက်ဘက်မှာရှိတဲ့ Paihia ဆိုတဲ့ မြို့ကလေးကနေ Hole in the Rock ကျောက်ဆောင်ကို Cruise နဲ့သွားဖို့ ဝယ်လိုက်ပါတယ်။ အစောဆုံးထွက်တဲ့ မနက် ၈နာရီကားကို ဘွတ်လိုက်ပြီး နောက်အကျဆုံးထွက်တဲ့ ညနေ ၄နာရီခွဲကားကို ဘွတ်တာ မကျန်တော့တာနဲ့ ၄နာရီကားပဲရပါတယ်။ ဒါနဲ့ ရလောက်ပါတယ်လေ။ Auckland to Paihia က ၄နာရီလောက်မောင်းရတာ သိပေမဲ့ Cruise က အချိန်ဘယ်လောက်ကြာလဲတော့ ဝက်ဆိုဒ်မှာ မရေးထားပါဘူး။ ဒါပေမဲ့ နေ့ချင်းပြန်တော့ ရတဲ့ပုံစံမျိုးမို့ အဲဒိ အချိန် ၂ခုကို ဘွတ်လိုက်ပါတယ်။ မနက်ဖြန်ရော ဘယ်လိုအကြောင်းအရာတွေ ကြုံတွေ့ရမလဲဆိုတာ မဗေဒါနဲ့အတူ ခရီးသွားရင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်ဖတ်ရှုကြပါနော်…

အဝေးပြေးကားတွေအကြောင်း နောက်ပိုစ့်တွေကျမှပဲ သေချာ ထပ်ရှင်းပြပါတော့မယ်။ ခုတော့ ဂလောက်ပဲ တော်သေးပြီ...

အဝတ်တစ်ထည် ကိုယ်တစ်ခု မျက်နှာပြောင်နဲ့ Auckland မြို့လယ်လျှောက်သွားခဲ့တဲ့ ကျွန်မ

တက်လိုက်ကြစို့ တောင်ကုန်းတွေ


Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)


Monday, May 25, 2015

My Honeymoon No.1 - New Zealand Visa Application for Myanmar passport holder



It's not easy to for Me to visit to Mr.Biblo


တစ်ခြားနိုင်ငံတစ်ခုသွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မြန်မာပတ်စပိုစ့်ကိုင်ဆောင်သူများအတွက် မထူးဆန်းသော ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်ကို စတင်ရပါတော့တယ်။ (အဲ့ဒါကြောင့်ပြောတာ မြန်မာလူမျိုးတွေခရီးသွားတယ်ဆိုတာ တခြားနိုင်ငံကလူတွေထက် ချမ်းသာမှပဲ သွားနိုင်တယ်လို့။ (စိတ်တိုလို့ ရွဲ့ပြောသည်))

ဖေဖော်ဝါရီလထဲအထိ ယူအက်စ်သွားရင်ကောင်းမလား၊ နယူးဇီလန်ပဲသွားရင်ကောင်းမလား မသဲကွဲသေးလို့ ယူအက်စ်အတွက် Research တွေတောင် တော်တော်ရှာဖြစ်ခဲ့တာ။ ဖြစ်ချင်တော့ ကိုယ် New Zealand သွားဖို့ စိတ်ဒုံးဒုံး ဆုံးဖြတ်လိုက်တဲ့အချိန်က မတ်လလောက်ကမှ ပြီးတော့ အကြောင်းကြောင်းကြောင့် စာရွက်စာတမ်းမစုံသေးလို့ ဧပြီ ၂ရက်နေ့မှ ဗီဇာကို လျှောက်ဖြစ်လိုက်တယ်။ ကိုယ်သွားမှာက ဧပြီ၃၀ရက်နေ့ ညမှ ယာထားတော့ ၁လကြီးတောင် အချိန်ရပါတယ်ပေါ့။ New Zealand immigration ဝက်ဆိုဒ်မှာတော့ ရေးထားပါရဲ့ဗီဇာလျှောက်ရင် အနည်းဆုံး ၁၀ရက်ကနေ ၂၁ရက် (အလုပ်လုပ်ရက်) ကြာတဲ့အတွက် စောစောလျှောက်ဖို့ပေါ့။ ပြီးတော့ လေယာဉ်လက်မှတ်တွေ ဟော်တယ်တွေ ကြိုမဝယ်ဖို့လဲ မှာထားတယ်။ ဗီဇာပေးတာ ခက်လို့လားတော့မသိ။ ထားပါတော့ ဖြစ်ကြောင်းကုန်စင်ကို စလည်ဆုံး မဲ့ကာရွဲ့ကာရေးပြပါ့မယ်။ ဖတ်တဲ့သူတွေလဲ မဲ့ကာရွဲ့ကာသာ ဖတ်သွားကြပါတော့နော်။


နယူးဇီလန် အလည်သွားရန် ဗီဇာလျှောက်ထားလျှင်


နယူးဇီလန်ဗီဇာ စီစစ်ရေးရုံးက စင်္ကာပူမှာ မရှိပါဘူး။ သံရုံးရှိမရှိတော့ မသေချာပါ။ ဒါပေမဲ့ ဗီဇာစီစစ်ရေးအတွက် စင်္ကာပူမှာ မလုပ်ပါ။ အဲ့ဒိအတွက် သူတို့ရဲ့ တရားဝင်ဗီဇာလျှောက်ထားပေးတဲ့ အေးဂျင့်ကနေတစ်ဆင့်လျှောက်ရပါတယ်။ အဲဒိအေးဂျင့်ရဲ့ ဝက်ဆိုဒ်ကတော့ http://www.vfsglobal.com/newzealand/singapore/ ပါ။ အဲဒိ ဝက်ဆိုဒ်မှာလဲ သိသင့်တဲ့ လိုအပ်တဲ့အချက်အလက်တွေ အားလုံးရှိတဲ့အတွက် ဖတ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ အလည်အပတ်ဗီဇာအတွက် လိုအပ်တာတွေကို မဗေဒါက List down လုပ်လိုက်ပါတယ်။ (သတိပြုရန်။ အလည်အပတ်ဗီဇာအတွက်သာ)


လိုအပ်သော စာရွက်စာတမ်းများ


၁) ဗီဇာ လျှောက်လွှာဖောင်ကို နယူးဇီလန် လူဝန်မှုကြီးကြပ်ရေးဆိုဒ်ကနေ (http://www.immigration.govt.nz/migrant/general/formsandfees/formsandguides/visit.htm) ဒေါင်းပြီး ဖြည့်ပါ။
(အလည်သက်သက်သွားမည့်သူများအတွက် Form 1017 or 1018 ၂ခုထဲက တစ်ခုခုဆိုရင် ရပါတယ်)

၂) ၂လအတွင်းရိုက်ထားသော ပတ်စ်စပိုစ့်ဆိုဒ် ဓာတ်ပုံ ၂ပုံ

၃) တကယ်လို့ သင်က မဗေဒါလိုပဲ စာတိုက်ကနေတစ်ဆင့် ဖောင်တင်တာဆိုရင်တော့ VAC credit card Authorization form (ကျသင့်ငွေကိုယ့်ဟာကိုယ်တွက်ပြီး ထည့်ထားတဲ့ ဖောင်) လိုအပ်ပါတယ်။
သင်ကိုယ်တိုင် အဲဒိ VFS မှာသွားပြီး ဖောင်တင်ရင်တော့ အဲ့ဒိမှာ ပေးရုံပါပဲ။

လိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်စာရွက်စာတမ်းများဖြစ်တဲ့---

၄) လျှောက်ထားသူရဲ့ ပတ်စပိုစ့်

၅) အိုင်စီ မိတ္တူ (စင်္ကာပူမှာနေထိုင်နေသာ Pass တစ်ခုခု)

၆) တကယ်လို့ ဖောင်တစ်ခုထဲမှာ လျှောက်ထားသူ ၁ယောက်အထက်ပါတယ်ဆိုရင် ထိုသူတွေနဲ့ ပတ်သတ်မှုအတွက် သက်သေ စာရွက်စာတမ်း (မှတ်ချက်။ နယူးဇီလန်ဗီဇာက တခြားနိုင်ငံတွေလို တစ်ဦးချင်းလျှောက်စရာမလိုပဲ မိသားစုအတူတူလျှောက်ပြီး လျှောက်လွှာ၁ခုအတွက် ၁ခါပဲ ပေးစရာလိုပါတယ်။ ဥပမာ မဗေဒါတို့ဆို ဖောင်တစ်ခုထဲမှာ မဗေဒါရော အမျိုးသားပါ ၂ယောက်တူတူလျှောက်တဲ့အတွက် လက်ထပ်စာချုပ်ကို သက်သေအဖြစ် ထည့်ပေးရပါတယ်)

၇) လေယာဉ်လက်မှတ်မဝယ်နဲ့သာပြောပေမဲ့ လေယာဉ်လက်မှတ် ဘွတ်ကင်းစာရွက်တော့ တောင်းပါတယ်။ (သွားဖူးသမျှ တခြားနိုင်ငံတွေတောင်းတာ မကြုံခဲ့ဖူးပါဘူး)။ အဲဒိဘွတ်ကင်းစာရွက်အတွက် စီးတီးဟောကို တစ်ခါပြေးပြီး အပေါ်ဆုံးထပ်က ပြည့်ဝဆိုင်မှာ လုပ်ရပါတယ်။ ၅ဒေါ်လာပဲ ဝန်ဆောင်မှုပေးရပါတယ်။ အမြဲတမ်း ခရီးသွားရင် ကိုယ့်ဘာသာကိုယ်အွန်လိုင်းကပဲ ဝယ်တာများပါတယ်။ ဒါပေမဲ့ အွန်လိုင်းကကျတော့ ဘွတ်ကင်းလုပ်လို့မရတဲ့အတွက် အေးဂျင့်ကိုသွားရတာပါ။ (ကိုယ့်ဟာကိုယ်လဲ ဘွတ်ကင်းလုပ်လို့ရတယ်ဆိုရင် ကွန်မန့်မှာပြောပြခဲ့ပါ)။

၈) ခရီးသွားမဲ့ လူတစ်ယောက်စီအတွက် ပိုက်ဆံ တစ်လကို နယူးဇီလန်ဒေါ်လာ ၁၀၀၀ နှုန်းပြရပါမယ်။ မဗေဒါတို့က ၂ယောက်ဆိုတော့ အနည်းဆုံး ဒေါ်လာ ၂၀၀၀ ပြရပါမယ်။ တကယ်လို့ ဟိုမှာနေဖို့ စီစဉ်ပြီးသားဆိုတဲ့ သက်သေပြနိုင်ရင်တော့ လူတစ်ယောက်အတွက် တစ်လကို နယူးဇီလန် ၄၀၀ ပြနိုင်ရင် ရပါပြီတဲ့။
(ရေးထားတာတော့ အဲ့အတိုင်းပဲ ဒါပေမဲ့ တကယ်ပဲ ၂၀၀၀ ပြရင် ဗီဇာရပါ့မလားတောင်မသိ) မဗေဒါတို့မှာ စုထားတဲ့ ဘဏ်အကောင့်က သပ်သပ်မို့ ကိုယ့်ဘဏ်အကောင့်ထဲကို ဒေါ်လာ ၅၀၀၀ ထည့်ပြီး အရင်တင်လိုက်ပါတယ်။ (ဒါတောင် နောက်ထပ် ထပ်တောင်းတာတွေလာပါလိမ့်အုံးမယ်)
အဲဒိ Show Money အတွက်ကတော့ ကိုယ့်ဘဏ်အကောင့်ရဲ့ ၃လစာ statement ကို ကော်ပီပေးပြီး ပြရတာပါ။

၉) တကယ်လို့ ၆လအထက်နေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးစစ်ချက်တွေပါ တောင်းထားတာတွေ့ပါတယ်။ မဗေဒါတို့က ၁၆ရက်ပဲနေမှာမို့ တင်စရာမလိုတော့ ထည့်မရေးတော့ပါဘူး။ သိချင်ရင် သူတို့ရဲ့ Document checklist ဆိုတဲ့ စာရွက်လေးကို ဝက်ဆိုဒ်ပေါ်က ဒေါင်းပြီး ဖတ်ပါ။

၁၀) အလုပ်က ထောက်ခံစာ (ရာထူး၊ လခ၊ အလုပ်စဝင်တဲ့နေ့စွဲ နဲ့ အလုပ်ခွင့်ရက် ခွင့်ပြုကြောင်း စတာတွေ ပါဝင်ရပါမယ်)


ဗီဇာကြေး


ဖောင်တစ်ခုကို အလည်အပတ်ဗီဇာကြေးက စင်္ကာပူဒေါ်လာ ၁၇၉ ပါ။
Vfs အေးဂျင့်ရဲ့ ဝန်ဆောင်မှုက စင်္ကာပူဒေါ်လာ ၄၀ ပါ။
(ဒါနဲ့ ခု U20 အတွက် သွားမဲ့သူတွေကို ဗီဇာလျှောက်ထားတဲ့ ဝန်ဆောင်ခကို မြန်မာ ခရီးသွားအေးဂျင့်တစ်ခုရဲ့ ကြော်ငြာမှာ ယူအက်စ်ဒေါ်လာ ၁၀၀၀ လို့ ရေးထားတဲ့ တွေ့ရတယ်။ ပြောပြတာပါ။ တကယ်လို့ တန်တယ်ထင်ရင်တော့ လုပ်ကြလို့ရပါတယ်)
မဗေဒါတို့က အလုပ်က ခွင့်တစ်ရက်ယူပြီး မသွားချင်တာနဲ့ အိမ်တိုင်ရာရောက် ပို့တဲ့ courier service ကိုယူတဲ့အတွက် စင်္ကာပူမြို့တွင်းကို စင်္ကာပူဒေါ်လာ ၁၅ ပါ။
စုစုပေါင်း ဗီဇာလျှောက်ထားမှု ၂ယောက်လုံးအတွက် စင်္ကာပူ ဒေါ်လာ ၂၃၄ ကျပ်ပါ။

( အဲတာကတော့ အားလုံးအဆင်ပြေပြေဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်။ နောက်ထပ် အပို စာရွက်စာတမ်းတွေထပ်တောင်းခံရတော့ ပြင်ဆင်ပြီး တိုက်စီနဲ့ အေးဂျင့်ကို ပြေးပြီး ထပ်ပေးရတဲ့ တိုက်စီဖိုးမပါသေးဘူး။)

ကြည့်လိုက်ရင်တော့ အပေါ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေက တခြားနိုင်ငံတွေတုန်းက တောင်းသလိုပါပဲ သိပ်တော့လဲ ထွေထွေထူးထူးမရှိပါဘူး။ သူက မိသားစုပါ ပေါင်းလျှောက်လို့ရလို့သာ ပေါင်းလျှောက်တဲ့သူတွေရဲ့ ပတ်သတ်မှု သက်သေပြ စာရွက်လိုတာပဲရှိပါတယ်။


မဗေဒါတို့ နယူးဇီလန်ဗီဇာလျှောက်တဲ့ ဖြစ်ကြောင်းကုန်စင် (Personal experience)


အဲဒိလိုနဲ့ ဧပြီ ၂ရက်နေ့က ပို့လိုက်တဲ့ စာရွက်စာတမ်းတွေက ၃၊ ၄၊ ၅ ရက် ပိတ်ရက်ခံတော့ ၆ရက်နေ့ တနင်္လာနေ့လဲ ဘာအသံမှ မကြားလေတော့ အင်္ဂါနေ့မှာ Singapore Agent ကို ဖုန်းဆက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒီတော့ သူတို့ လက်ခံရရှိပြီး ဗီဇာ စီစစ်ရေးကို ပို့လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ ဘယ်လောက်လောက်ကြာမလဲလို့မေးတော့ ဘာမှ ထပ်မလိုအပ်ရင်တော့ ၁၀ရက်အတွင်းလောက်ရလောက်ပါတယ်ဆိုလို့ ကိုယ်လဲ စိတ်အေးအေးပဲနေခဲ့တယ်။ ဒီကြားမှာတော့ လေယာဉ်လက်မှတ်ခတွေ ကြည့်လိုက်တိုင်း ၁ရက်ပြီးတစ်ရက် နီးလာလေ ဈေးတက်လာလေမို့ ဗီဇာ အမြန်ရပါစေပဲ ဆုတောင်းနေမိပါတယ်။ ရမရ မသိသေးတော့ အလုပ်ကိုလဲ ခွင့်မတင်ရသေးပါဘူး။ (HR letter က နယူးဇီလန်သွားမဲ့ နေ့ကို ထည့်ရေးထားတာပါ။ system ထဲမှာ ခွင့်တော့ မလျှောက်ရသေးပါ)။ တကယ်လို့ အရမ်းအနီးကပ်ရင်တော့ ခရီးကို နောက်ဆုတ်ဖို့ပဲ ရှိတော့တာပေါ့နော်။ ကိုယ်က ဒီမှာ အရမ်းပူနေလို့ အေးတဲ့နေရာ အမြန်သွားချင်ပါတယ်ဆိုမှ။

ဒီလိုနဲ့ Research လေးဘာလေးရှာပြီး စောင့်နေရင်း ဧပြီ ၂၀ရက်နေ့မှာ ယိုးဒယားကနေ အီးမေးလ်းရောက်လာပါတယ်။ သူဟာ ကျွန်မတို့ရဲ့ ဗီဇာစီစစ်ရေး အရာရှိဖြစ်ပြီးအောက်ပါ လိုအပ်တဲ့ အပို သက်သေစာရွက်စာတမ်းများကို ၂၃ရက်နေ့ အမှီ အေးဂျင့်ကို ပြန်ပို့ပေးဖို့ ရေးထားပါတယ်။ စဉ်းစားကြည့်နော် သူ့အီးမေလ်းကို ရတဲ့အချိန်က နေလည် ၁၂နာရီ အလုပ်ထဲမှာ ဒီတော့ ကိုယ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ၂၀ရက် ညနေ အလုပ်ပြန်မှ လုပ်နိုင်မယ်။ ဖောင်ထဲမှာလဲ ကိုယ် ၃၀ရက်နေ့သွားမယ်ဆိုတာ ဖြည့်ထားပြီးသား။ ဘာပဲပြောပြော Mr.Right ကို ၂၁ ညမှပြောရင် သူ့အလုပ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေက ၂၂ကျမှ သူက ထုတ်လာပြီး ၂၃ ရက်တည့်တည့် မှပဲ အေးဂျင့်ကိုသွားပေးနိုင်မှာပဲ။ စာတိုက်ကတော့ ထည့်လို့ မမှီဘူး။ ဒါနဲ့ softcopy တောင်းတာလား hardcopy ရော တင်ရမှာလားလို့ ပြန်မေးတော့ hardcopy ပါတင်ရမယ်တဲ့။


သူထပ်တောင်းတဲ့ စာရွက်စာတမ်းတွေကတော့…


၁) ကျွန်မနဲ့ Mr. Right ရဲ့ ချစ်ကျွမ်းဝင်ခါစအချိန်ကနေစပြီး မတူညီတဲ့ လူမှုရေးပွဲအခြေအနေတွေမှာ တခြား သူငယ်ချင်းတွေ တခြား မိသားစုဝင်တွေပါ ပါတဲ့ ဓာတ်ပုံ၊ မင်္ဂလာဆောင်တုန်းကဓာတ်ပုံနှင့် တခြားခရီးတူတူသွားဖူးသော ပုံများ၊

(ဒါတောင် လက်ထပ်စာချုပ်က စင်္ကာပူက စာချုပ်မို့ပေပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ရိုက်ထားသမျှ ဓာတ်ပုံတွေနဲ့ Pre-wedding ပုံတွေ အားလုံးပို့လိုက်မှ ယိုးဒယား အရာရှိမ ခေါင်းတောင်မူးသွားအုံးမယ်။ မြန်မာပတ်စပိုစ့်ကိုင်လို့ အနှိမ်မခံရဘူးလို့ပြောတဲ့သူများ သိစေချင်စမ်းပါဘိ။ ကိုယ်သာ စလုံးပတ်စပိုစ့်ကိုင်သူဆို ခုလိုမေးခံရမလား စဉ်းစား။)

၂) ယခုလက်ရှိမှာ အတူတူနေထိုင်ပါတယ်ဆိုတဲ့ လိပ်စာနဲ့ စာချုပ်

(လက်ထပ်စာချုပ်က တရားဝင်တူတူနေဖို့ ထိုးထားတာ ဟုတ်ဘူးလား? အင်းပေါ့လေ ကိုယ်တွေလို ခေတ်မှီဖွတ်ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီက လူတွေဆိုတော့ တစ်ချို့က လက်ထပ်စာချုပ်လဲ အတုလုပ် လိမ်ညာပြီးသွားကြရတယ်ဆိုတော့ အားလုံး သိမ်းကြုံး အယုံအကြည်မရှိဘူးပေါ့)

၃) ၂ယောက်ပေါင်းနာမည်နဲ့ ဘဏ်အကောင့် (တစ်ယောက်နဲ့တစ်ယောက် ငွေရေးကြေးရေး ပတ်သတ်မှုရှိကြောင်း)

Joint account က လုပ်မလို့ပဲ အဲ့နေ့က ဘဏ်အကောင့်သွားဖွင့်တော့ သူက အိုင်စီမေ့ကျန်ခဲ့တာနဲ့ ကိုယ့်နာမည်နဲ့ပဲ ဖွင့်ခဲ့တာ။ အဲ့ထဲမှာက စုတဲ့ ပိုက်ဆံတွေထည့်ထားတာ။ ဗီဇာလျှောက်တုန်းက ကိုယ့်ကိုယ်ပိုင်ဘဏ်အကောင့်နဲ့ တင်လိုက်တာ။ ဒါပေမဲ့ Joint bank account ကလဲ ကိုယ့်နာမည်နဲ့ပဲ။ သူ့ရှင်းပြရမှာ ရှုတ်တာနဲ့ အမြင်ကပ်ကပ်နဲ့ reply လိုက်တယ်။ ငါတို့ဟာ တစ်ဦးကိုတစ်ဦး အကြင်လင်မယားပီသစွာ ယုံကြည်တဲ့အတွက် တာဝန်ကြေပွန်သော မိန်းမတစ်ယောက်အဖြစ် ငွေရေးကြေးရေးကို ကျွန်မကသာ စီမံခန့်ခွဲတဲ့အတွက် ၂ယောက်ပေါင်းနာမည်နဲ့ မရှိကြောင်း။ ငါတို့ဘဏ်ထဲမှာ နယူးဇီလန်ကို သွားလည်ဖို့ လုံလောက်တာထက်တောင် ပိုတဲ့ ငွေ အရည်အတွက်ရှိကြောင်း အဲ့ဒိဘဏ်အကောင့်က ပိုက်ဆံတွေပါ ထပ်ပြလိုက်တယ်။

၄) ကျွန်မတို့ ၂ယောက်လုံးရဲ့ အလုပ်က ၃လကနေ ၆လ လခ လက်ခံပြေစာ (Payslip)
အစကတည်းက လိုအပ်တယ်ဆိုရင်လဲ တခြားသံရုံးတွေလို ထည့်တောင်းပေါ့ ခုမှ သက်သက်ထပ်တောင်းတာ အလုပ်ပိုတယ်။

၅) Mr.Right ရဲ့ သူ့အလုပ် လခဝင်တဲ့ ဘဏ်အကောင့်
အဲ့ စိစစ်တဲ့ အရာရှိလဲ တာဝန်ရှိလို့တောင်းတာလား။ ငါတို့ ပိုင်ဆိုင်တာတွေ စပ်စုချင်လို့တောင်းတာလားတောင် သံသယဖြစ်မိတယ်။ အဲလောက်တောင်းထားပြီး ဗီဇာ မရလို့ကတော့ အဲ့ အရာရှိကို Assessment Fairness မရှိမှုနဲ့ ပြန်တိုင်ဖို့ စိတ်ကူးထားပြီးသား။

၆) တခြားသော ကိုယ်ပြချင်သော စာရွက်စာတမ်းများ စသည်ဖြင့်ဖြစ်ပါတယ်။
ကိုယ်လဲ ဓာတ်ပုံတွေရော စာရွက်စာတမ်းတွေရောကို Print ထုတ်တဲ့အပြင် အမြင်ကပ်ကပ်နဲ့ CD ပါ ထပ် Burn ပေးလိုက်တယ်။ ကျန်တဲ့ စာရွက်စာတမ်းတွေကတော့ Fullerton Hotel မှာ မင်္ဂလာဆောင်ထားတဲ့ Banquet Order form နဲ့ အဲ့ဒိက ပေးတဲ့ Congratulation certificate တွေ (နယူးဇီလန်လေးသွားဖို့အတွက် ဟန်ဆောင်လင်မယားလုပ်မဲ့သူက စင်္ကာပူက 6 stars ဟော်တယ်ထိ ထက်ပြီးတော့ မင်္ဂလာဆောင်ပြစရာမလိုဘူးထင်ပါတယ်နော်)။

ကိုယ့်စိတ်ထဲမလဲ တကယ့်နယူးဇီလန်က အရာရှိစစ်ရင်တောင် ကိုယ့်ကို ဒီလောက် နှိမ်မယ်မထင်ဘူး။ ယိုးဒယားက အရာရှိမ မို့ ကိုယ်တွေ မြန်မာတွေကို နင်တို့က ဘယ်လောက်ချမ်းသာလို့ အဲ့ဒိသွားနိုင်ရတာလဲလို့ အထင်မကြီးတဲ့ပုံစံနဲ့ တောင်းနေတယ်လို့ ခံစားမိတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ သူက တာဝန်အရတောင်းတာဆိုပေမဲ့ ကိုယ်တွေလို Third World Country နိုင်ငံကဆိုတော့ အလကားနေ သိမ်ငယ်စိတ်နဲ့ စွတ်စွဲချင်မိတာပေါ့။ ကိုယ်ကသာ ကမ္ဘာ အဆင့်မှီ ပတ်စပိုစ့်ကိုင်ထားတဲ့သူဆိုရင် သူတောင်းလဲ တာဝန်အရတောင်းတာပဲ ဆိုပြီး ပေးလိုက်မှာပဲ။ ခုတော့ ကိုယ့်ပတ်စပိုစ့်က ဘယ်နိုင်ငံသွားသွား သူများထက် စာရွက်စာတမ်းပိုပြရ ပိုက်ဆံပြရ မသင်္ကာသလို စစ်ဆေးခံရတော့ နောက်ပိုင်းဝင်ခွင့်ရတယ်ဆိုပေမဲ့လဲ နှိမ်တယ်ထင်မိတာပေါ့နော်။ (အဲ့ဒါမှ ကိုယ့်ပတ်စပိုစ့်ကို နှိမ်တယ်လို့ မပြောရင် ဘယ်ဟာနှိမ်တယ်လို့ထင်ရမလဲ)

ဒီလိုနဲ့ ၂၂ရက်နေ့ မနက်ကို အေးဂျင့်က မနက် ၈နာရီစဖွင့်တယ်ဆိုတော့ ရုံးမသွားခင် ၂ယောက်သား အမြန်တိုက်စီနဲ့ ပြေးပြီးတင်ရပါတယ်။ အမလေး … ပြောချင်ဘူး။ အေးဂျင့်ကလဲ သြစီသံရုံးသွားတာထက်တောင် လုံခြုံရေးက ကျပ်သေးတယ်။ အဲဒိထဲဝင်ဖို့ကို ကိုယ့်ဖုန်းတောင် သူတို့ လုံခြုံရေးရှေ့မှာ ပိတ်ပြရသေးတယ်။ ပိုလွန်းတာက။ အဲဒိမှာ တခြားနိုင်ငံ ဗီဇာတွေ လျှောက်ပေးတဲ့ ဝန်ဆောင်မှုလဲရှိတယ်။ သြစီဗီဇာကို အဲ့မှာ လာလျှောက်နေတဲ့ ပြည်ကြီးတရုတ်တွေလဲ တွေ့တယ်။ အမှန် သြစီဗီဇာ သြစီသံရုံးမှာ သွားလျှောက်တာတောင် ပိုလွယ်သေး။

ဒီလိုနဲ့ တင်လိုက်တာ ၂၇ ရက်နေ့ကျတော့ အဲ့ဒိ ယိုးဒယားမဆီက အီးမေလ်းထပ်လာတယ်။ INZ1200 ဖောင်ကို ဖြည့်ပြီး ၂၈ရက်နေ့ မနက်သူ့ဆီ အီးမေလ်းပြန်ပို့ပေးရင် ၂၈ရက်နေ့ နေ့လည် ကျွန်မတို့ ပတ်စပိုစ့်တွေကို ပြန်ပို့ပေးမယ်တဲ့။ လောမိတဲ့အတွက် တောင်းပန်ပါတယ်ဆိုတာက မေလ်းထဲ ပါသေးတယ်။ INZ1200 ဖောင်က Additional Information form တဲ့။ အဲ့ဒိထဲမှာ အသေးစိတ်ဖြည့်ရမယ့်အပြင် တချို့ဟာတွေက လိုအပ်ရင် ထောက်ပံ့စာရွက်စာတမ်းတွေကို သက်သေအနေနဲ့ ထပ်ပို့ပေးရမယ်လို့ရေးထားသေးတယ်။ ဒါပေမဲ့ မဗေဒါတို့ကတော့ နောက်ထပ် လိုအပ်တဲ့စာတမ်းတွေ ထပ်ပို့စရာ မလိုအပ်ခဲ့ပါဘူး။ အဲဒိဖောင်ပဲဖြည့်ပြီး ပြန်ပို့ခဲ့တယ်။

အဲဒိဖောင်ဖြည့်ရချက်ကတော့ မြန်မာသံရုံးမှာ ပတ်စပိုစ့်သက်တမ်းတိုးရင် ဖြည့်ရတဲ့ ဖောင်သွားသတိရတယ်။

Session A မှာ ရှိသမျှ မိသားစုဒေတာတွေ ပါ အကုန်ဖြည့်ရသေးတယ်။ ကိုယ့်နာမည် မြန်မာလိုနဲ့ မြန်မာနိုင်ငံ မှတ်ပုံတင်နံပတ်ပါဖြည့်ရသေးတယ်။

Session B မှာက ကိုယ်လုပ်ခဲ့သမျှ အလုပ်တွေနဲ့ လုပ်ခဲ့တဲ့ သက်တမ်း နဲ့ တက်ခဲ့တဲ့ ကျောင်းနဲ့ တက်ရောက်ခဲ့တဲ့ နေ့စွဲ တကယ်လို့ ကျောင်းလဲမတက်ဘူး အလုပ်လဲမလုပ်တဲ့ အချိန်တွေရှိခဲ့ရင် အဲဒိကြားမှာ ဘာလုပ်နေလဲဆိုတာက ထည့်ရေးရအုံးမယ်။ မိဘပိုက်ဆံထိုင်စားနေတဲ့သူတွေဆို ဘယ်လိုဖြည့်မလဲတော့ မသိ။
နောက်ပြီး သွားခဲ့ဖူးသမျှနိုင်ငံတွေ နဲ့ နေ့စွဲတွေ (ပတ်စ်စပို့လှန်ပြီး ပြန်ကြည့်၊ ကိုယ့်ဘလော့ကိုယ်ပြန်ဖတ်ရ)
တကယ်လို့များ အလုပ်လဲမလုပ် ကျောင်းလဲ မတက်နေတဲ့ ကာလတွေရှိခဲ့ရင် အဲ့ဒိအချိန်ဘာလုပ်နေလဲ ဘာနဲ့ စားနေလဲဆိုတာပါ ဖြေရသေး။

Session C အစိုးရအလုပ် လုပ်ဖူးသလားနဲ့ နိုင်ငံရေးမှာ ပါဝင်မှုရှိမရှိ မေးခွန်းများ

Session D စစ်မှုထမ်းဖို့ လိုမလို၊ ရှိမရှိ

Session E ပိုမို လိုအပ်သော အချက်အလက်များ (Further Information) ဆိုပြီး မေးထားလိုက်တဲ့ မေးခွန်းတွေ
အဲဒိ Session E ကိုဖြေရတာ စိတ်အတိုဆုံးပဲ။ ငါတို့နိုင်ငံမှာ Civil war တွေဖြစ်နေတာ၊ Civil Conflict တွေဖြစ်နေတာ၊ 969 တို့လို အမုန်းတရားပွားစေတဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ၊ အားလုံးကို ခြုံငုံပြောရရင် ငါတို့နိုင်ငံကြီးရဲ့ နိုင်ငံရေးဆိုတာ နိုင်ငံသားတစ်ယောက်အနေနဲ့ သက်ဆိုင်နေတာ ဒီ ဖောင်ဖြည့်တဲ့အခါမှာ အော်အော်ပြီးတော့ကို ပြောချင်မိတယ်။

ဒေါ်စုပြောတဲ့ “နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့စကားကို နားထဲ အကြိမ်ကြိမ်ပြန်ကြားယောင်မိတယ်။” ဒိထက်ကောင်းတဲ့ ဥပမာ မဗေဒါတော့ ကိုယ်တိုင်မကြုံဖူးတော့ဘူး။ တချို့ပြောတာကြားဖူးတယ်လေ “ဘယ်သူတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပါ” လို့ ပြောတဲ့သူတွေကို
“တွေ့ပြီလား။ ငါ့ထမင်းငါရှာစားနေပေမဲ့ မြန်မာနိုင်ငံပတ်စပိုစ့်ကိုင်လို သူများနိုင်ငံတွေ ဗီဇာလျှောက်စရာမလိုတဲ့အချိန် ကိုယ်လျှောက်နေရတယ်။”

“တွေ့ပြီလား။ ငါ့ထမင်းငါရှာစားနေပေမဲ့ မြန်မာနိုင်ငံပတ်စပိုစ့်ကိုင်လို့ သူများထက်ပိုတဲ့ ဖောင်တွေဖြည့် မသင်္ကာသလို မေးခွန်းတွေ မေးခံနေရတယ်”

“တွေ့ပြီလား။ ငါ့ပိုက်ဆံနဲ့ငါခရီးသွားနိုင်တာတောင် ဒီဖောင်ထဲကမေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့ “How old were you when the armed conflict in your home country ended? ဟာကို အောင့်သက်သက်နဲ့ အမှန်ကို ဘယ်လိုဖြည့်ခဲ့ရသလဲ” (တစ်ခါမှ ပြည်တွင်းလက်နက်ကိုင် စစ်ပွဲတွေကို ကိုယ်နဲ့ တိုက်ရိုက်ပတ်သတ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး)

Thank you to whom-it-may-concern

အဲဒါကိုမှ မြန်မာပတ်စပိုစ့်ကိုင်ရတာကို ကျန်ဖန် ဂုဏ်ယူနေတယ်ဆိုရင်တော့ အဲဒိလူရဲ့ ဦးနှောက်ကို သူသေရင် ပြတိုက်မှာ သိမ်းထားသင့်ပြီလို့ပဲ ပြောတော့မယ်။

ဖောင်တွေဖြည့်နေရတဲ့ အချိန်မှာ သူတို့နိုင်ငံမှာ ပိုက်ဆံလာဖြုန်းမှာကိုပဲ မယုံသင်္ကာနဲ့ မတရားစာရွက်စာတမ်းတွေတောင်းတာကိုပဲ စိတ်တိုရမလား၊ ကြားက ယိုးဒယားမ အရာရှိက ကိုယ့်ကို မြန်မာမို့ နှိမ်နေတယ်ခံစားရလို့ သူ့ဒေါကန်ရမလား ဖြစ်နေပေမဲ့ အရင်းစစ်လို့ အမြစ်လှန်စဉ်းစားလိုက်ရင် ကိုယ့်ပတ်စ်စပိုစ့်ကို ကမ္ဘာ့အလည်မှာ ဘာကြောင့် ဒီလောက် မျက်နှာငယ်ရတာလဲ။ စင်္ကာပူလို နိုင်ငံသေးလေးက လူတွေက နိုင်ငံတော်တော်များများသွားလည်ရင် အားလုံးက welcome ဖြစ်ခံရတဲ့အချိန်၊ သယံဇာတပေါပါတယ်၊ ယဉ်ကျေးမှုကြွယ်ပါတယ်ဆိုတဲ့ ကိုယ့်နိုင်ငံကို ခုလို ဆက်ဆံခံရတာ ဘာ့ကြောင့်လဲ? ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီသို့ဆိုတဲ့ ဆိုင်းဘုတ်ကြီးတောင် သံကြေးလိုက်နေပြီ ဘာလို့ ခုထက်ထိ ဘာမှ မတိုးတက်လာတဲ့အပြင် ပိုပိုဆိုးလာတာလဲ? အဲ့ဒိ တရားခံကို ကျွန်မ နာမည်တပ်စရာမလိုပါဘူး။ စာဖတ်သူတွေ ကိုယ့်ဟာကိုယ်သိမယ်ထင်ပါတယ်။ ဒီပိုစ့်ဟာ နိုင်ငံရေးပိုစ့်လဲ မဟုတ်ပါဘူး။ မဗေဒါဘလော့ပေါ် နိုင်ငံရေး မရေးပါဘူး။ ဒါဟာ ခရီးသွားရ နှစ်သက်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဗီဇာလျှောက်တိုင်း အခြေခံကျကျစဉ်းစားမိတဲ့ ယောက်တက်ရာရာတွေပါပဲ။ ကျွန်မခုလိုပြောလို့ ဖင်နာကြမဲ့သူများရှိရင် ဘယ်သူတက်တက်ပါ နိုင်ငံတိုးတက်လာအောင် ကောင်းအောင် အလုပ်နဲ့သက်သေပြနိုင်အောင် လုပ်ကြပါ။ လောလောဆယ်တက်နေတဲ့သူတွေကတော့ သူတို့ အလုပ်နဲ့ ဟောသလို မျက်နှာငယ်ရအောင် သက်သေပြထားပြီးသွားပြီလေ။

ကျွန်မတို့ အဲ့ဒိဖောင်ကို အမြန်ဖြည့်ပြီး ၂၈ရက်နေ့ မနက်မှာ အီးမေလ်းပြန်ပို့လိုက်ပါတယ်။ ဗီဇာ ရမရ အီးမေးလ်နဲ့ အကြောင်းပြန်ပေးပါ။ ပတ်စပိုစ့်မရသေးပေမဲ့ ရတယ်ဆိုတာနဲ့ ငါတို့က ၃၀ရက်နေ့သွားဖို့ လေယာဉ်လက်မှတ်နဲ့ ဟော်တယ်ဘွတ်ကင် လုပ်ရမှာမို့ပါပြောပေမဲ့ အဲ့ ယပလက်မက အကြောင်းမပြန်ပါဘူး။

ဒါနဲ့ ၂၉ရက်နေ့ ထပ်ပြီး အီးမေးလ်းပို့ပြီးမေးပါတယ် (တဖက်မှာလဲ ဗီဇာမရလို့ကတော့ သူ့ကို ကွန်ပလိန်းဖို့ အင်တာနက်မှာ ဗီဇာ Assessment rules တွေ Fairness ကို ရှာထားပြီးပါပြီ။ ကိုယ့်စာဖတ်သူ မြန်မာနိုင်ငံသားတွေကို သိထားစေချင်တာပါ။ သူများနိုင်ငံတွေမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ ဝန်ဆောင်မှုတွေကို မတရားဘူးဆိုရင် တိုင်ပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ ကျွန်မတို့က အားလုံး တင်ပါလျှက် သူကသာ ဗီဇာကို မပေးခဲ့ဘူးဆိုရင် ကျွန်မတို့မှာ ဗီဇာကို ဘာကြောင့် reject ရလဲဆိုတဲ့ အကြောင်းအရာ မေးပိုင်ခွင့်ရှိပါတယ်။ သူ့အကြောင်းပြချက်ပေါ်မူတည်ပြီး ကျွန်မတို့ တင်ခဲ့ရတဲ့ စာရွက်စာတမ်းတွေပေါ်မူတည်ပြီး သူ့ကို တိုင်လို့ရပါတယ်။ အဲဒိ ကွန်ပလိန်းလုပ်ပုံတွေကိုလဲ နယူးဇီလန် လူဝန်မှုကြီးကြပ်ရေးဝက်ဆိုဒ်မှာ ရှာပြီး ဖတ်ကြည့်နိုင်ပါတယ်။)

Don't just end your fate in others' mouth, find it out. Fight for your rights.

ယပလက်မက Reply လုပ်ပါတယ်။ သူ ၂၈ရက်နေ့ကတည်းက ပို့လိုက်ပါပြီတဲ့။ ဒါနဲ့ VFS ကို ဖုန်းဆက်ပြီး မေးပါတယ်။ သူတို့ဆီ မရောက်သေးဘူးပြောပါတယ်။ ၂၉ရက်နေ့ နေ့လည်စာစားပြီးချိန် ဖုန်းပြန်ဆက်ပြီးမေးပါတဲ့။ ဒါနဲ့ကျွန်မက ၂၉ရက်နေ့ ကျွန်မတို့ဆီပို့ရင် ၃၀ရက်နေ့ ကျွန်မတို့ဆီ ပတ်စပိုစ့်တွေရောက်ပါ့မလား။ ပို့ခ ပိုက်ဆံပေးပြီးပေမဲ့ ကိုယ်တိုင်လာယူရမလားဆိုတော့ သူတို့က ၃၀ရက်နေ့ ရပါတယ်လို့ အာမခံတာနဲ့ သူတို့ပြောတာကိုပဲ ယုံလိုက်တယ်။ ၂၉ရက်နေ့ အေးဂျင့်နဲ့ Confirm ပြီးတာနဲ့ မဗေဒါလဲ အလုပ်မှာ ခွင့် ၂ပတ် အမြန်လျှောက်ရပါတော့တယ်။ အမှန်တော့ စောစောစီးစီးကြိုလျှောက်ထားရမှာ။ တော်သေးတယ် သူဌေးက ဘာမှ မပြောလို့။ ၂ပတ်တောင်ဆိုပြီး နည်းနည်းတော့ လန့်သွားတဲ့ပုံပဲပြတယ်။ နောက်တော့ Honeymoon ဆိုတော့ သူက အိုကေ အိုကေ ဆိုပြီးပဲ ပေးလိုက်တယ်။

ဒီလိုနဲ့ ၂၉ရက်ညမှာ လေယာဉ်လက်မှတ်ဝယ်။ Auckland မှာ ရောက်ရောက်ချင်းနေဖို့ ၂ညအတွက် ဟော်တယ်ကောင်းကောင်းကို ဘွတ်လိုက်ပါတယ်။ ၃၀ရက်နေ့က သိပ်နီးနေတော့ ၁ရက်နေ့ညထွက်တဲ့ လေယာဉ်ကို ပဲ ဘွတ်လိုက်ပါတယ်။ မဗေဒါကတော့ နောက်ထပ် ၂ပတ်လောက်ကို ထပ်ဆုတ်ချင်ပေမဲ့ Mr.Right က သူ့သူဌေးဆီမှာ ခွင့်လျှောက်ပြီးလို့ သူဌေးက သူမရှိတဲ့ရက်မှာ outsource တောင် ခေါ်ထားရလို့ သူဌေးကို အားနာပြီး ရက်မချိန်းချင်တော့လို့ ဒီရက်ပဲသွားပါဆိုတော့ ခုလို အနီးကပ်တွေ ဖြစ်ကုန်တာ။

ဘဲအုပ်က တစ်ရာနှစ်ရာရှိလဲ မဗေဒါတို့ တိမ်တွေကို စီးပြီး အရောက်လာမယ်။ (Photo taken by Me at Lake Wakatipu, Queenstown)
နောက်ပိုစ့်ကျမှပဲ လေဆိပ်ဆင်းတော့ တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြောပြရအုံးမယ် အကြောင်းတွေ…

Other Related Posts
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)

Tuesday, May 19, 2015

My Honeymoon No.1- Unexpected Journey to Middle Earth


HONEYMOON လို့ ဆိုလာရင် လူတိုင်းမှာ စိတ်ကူးထားတဲ့ နေရာပုံစံလေးတွေတော့ ရှိကြမှာပေါ့နော်။ ဘာလို့ လက်ထပ်ခါစ စုံတွဲတွေ Honeymoon ထွက်ကြသလဲ။ အဓိက ကတော့ စိတ်ရှုတ်စရာကောင်းတဲ့ မင်္ဂလာပွဲအတွက် ပင်ပင်ပန်းပန်း ကျော်ဖြတ်ပြီး ၂ဦးတည်း အေးအေးဆေးဆေး ကျင်ကျင်နာနာ ယုယုယယနဲ့ တစ်ယောက်နဲ့တစ်ယောက် မင်္ဂလာဦးမှာ ပိုပြီး နီးစပ်နားလည်စေချင်တဲ့ သဘောနဲ့ လူတွေက သွားကြတာပေါ့နော်။ နောက်တစ်ခုကလဲ ကလေးတွေဘာတွေ မရသေးခင် ၂ယောက်တည်းရှိတုန်း သွားရလာရ စီစဉ်ရတာ ပိုလွယ်ကူတယ်လေ။ မိသားစုဖြစ်လာရင်ကျတော့ သိပ်မလွယ်ကူတော့ဘူး။ ကျွန်မအတွက်ကတော့ မင်္ဂလာဆောင်ပြီး သူနဲ့တူတူခရီးသွားရတဲ့ ခရီးတိုင်းက ဟန်းနီးမွန်းလို့ သတ်မှတ်နေမိမှာပဲ။ အဲဒါကြောင့် ခု ဟန်းနီးမွန်းက ဟန်းနီးမွန်း နံပါတ် တစ်။

ဟန်းနီးမွန်းကို အမှန်တော့ မင်္ဂလာမဆောင်ခင် တော်တော်ဝေးဝေးအလိုကတည်းက ကြိုစီစဉ်ထားသင့်တယ်လို့ သူများတွေရေးတာ ဖတ်ရသလို ကိုယ်လဲ လက်ခံတယ်။ ဒါပေမဲ့ ကိုယ်ကတော့ မလုပ်မိဘူး။ မင်္ဂလာဆောင်အတွက် ပြင်ဆင်နေရတာနဲ့တင် မဆောင်ခင် ၃လလောက်အလိုမှာ ဟန်းနီးမွန်းဆိုတာကို မတွေးမိတော့ဘူး။ မင်္ဂလာဆောင်ပြီးမှ အေးဆေး အစီအစဉ်ဆွဲလဲ ရတာပဲလို့ မှတ်ခဲ့တယ်။ အဲ့ဒါကြောင့် မဗေဒါတို့ ဟန်းနီးမွန်းက တော်တော်လေးကို ကမောက်ကမ တော့ နိုင်ခဲ့တယ်။

ပုံမှန်အားဖြင့်တော့ ဟန်းနီးမွန်းကို မင်္ဂလာဆောင်ပြီး ၁လအတွင်း ထွက်ကြတယ်လို့ သိရပါတယ်။ စင်္ကာပူမှာတော့ ဟန်နီးမွန်းကို ပျမ်းမျှ ၁ပတ်လောက်သွားကြတယ်လို့ သိရတယ်။ သွားတဲ့နေရာ၊ သူတို့ရဲ့ ပိုက်ဆံအခြေအနေနဲ့ အလုပ်က ခွင့်ရက် စတာတွေပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ကြတာပေါ့နော်။

ဟန်းနီးမွန်းသွားဖို့ နေရာကို ဆုံးဖြတ်တဲ့အခါမှာ တချို့ကတော့ သွားချင်တဲ့ စိတ်ထဲရှိတဲ့ နေရာတွေကို ချရေးပြီးတော့မှ ကိုယ့်ပိုက်ဆံရယ်၊ အလုပ်ခွင့်ရယ်နဲ့ ပြန်ချိန်ပြီး သင့်တော်တဲ့ နေရာကို ရွေးကြသလို၊ တချို့ကျတော့လဲ ပိုက်ဆံကိုဘတ်ဂျက်ထားလိုက်ပြီး အဲ့ဒိပမာဏနဲ့ ကိုက်မဲ့နေရာကို သွားဖို့ ဆုံးဖြတ်ကြတယ်။ မဗေဒါကတော့ ခရီးသွားရတာကိုလဲ ကြိုက်တယ် ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို စိတ်ထဲပြင်းပြသွားပြီဆိုရင်တော့ အနည်းနဲ့ အများတော့ ဘတ်ဂျက်ကို ရအောင် လိုတိုးပိုလျော့ လုပ်လို့ရတယ်ဆိုတော့ နေရာကို အရင်ရွေးတယ်။ Mr. Right က ပင်လယ်ကမ်းခြေသွားချင်တယ်။ မဗေဒါကတော့ သဘာဝရှုခင်းနဲ့ စွန့်စားတဲ့ အတွေ့အကြုံမျိုးပိုလုပ်ချင်တယ်။ ဒါပေမဲ့ သူသွားချင်တဲ့ ပင်လယ်ကမ်းခြေကို ဦးစားပေးလိုက်တယ်။

ပထမအနေနဲ့ မဗေဒါတို့ ရွေးတဲ့ နေရာက Bora Bora ပေါ့။ တော်တော်များများတော့ မကြားဖူးကြဘူး။ (သိတဲ့သူတွေလဲ ရှိပါတယ်)။ သူကတော့ တကယ့်ကို ဈေးကြီးပြီး ဟန်းနီးမွန်းသမားတွေအတွက် Romantic ဖြစ်မဲ့ နေရာလေးပေါ့။ သူက French Polynesian ကျွန်းတွေထဲက တစ်ခုပေါ့။ Maldives ကျတော့ လူတိုင်း သွားနေကြတော့ အသစ်အဆန်းဖြစ်တဲ့ နေရာလေးသွားချင်တယ်။ သူက Maldives ထက်တော့ ဈေးကြီးတယ်။ ကိုယ်ကလဲ ဟန်းနီးမွန်း အဲ့ထိသွားမှတော့ ရေပေါ်ဘန်ဂလိုပဲ တည်းချင်တယ်။ အဲ့ထိသွားပြီး garden view တည်းတော့လဲ တခြား ကမ်းစပ်တွေနဲ့ သိပ်ထူးတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့သွားမယ်ဆို US ကနေ လေယာဉ်ပြောင်းရမယ်ဆိုတော့ US အထိ လေယာဉ်စီးပြီးမှတော့ US ပါဝင်မယ်ကွာလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ US ကျတော့ နေရာတွေ အများကြီးသွားရမှာဆိုတော့ အချိန်ပြဿနာတက်တယ်။ ဒါနဲ့ Mr.Right ကိုဖြောင်းဖြပြီး Bora Bora မသွားပါနဲ့တော့ US မှာလဲ ကမ်းခြေတွေရှိတာပဲဆိုပြီး ကိုယ်လိုတဲ့ဘက် ဆွဲပြောတာပေါ့။ ပြီးတော့ မြန်မာပြည် ခဏပြန်တုန်းက သူနဲ့ချောင်းသာသွားလိုက်တော့ သူ ကမ်းခြေမရောက်ဖူးဘူးဆိုတာကလဲ ကျေသွားပြီလေ။ ခွိ…

ခက်တာက US မှာက ကားမောင်းတတ်မှ ကားငှားပြီးသွားရတာ အဆင်ပြေမယ်။ Public transport က သိပ်အားကိုးလို့ မရဘူးလေ။ လိုကယ် သူငယ်ချင်းတွေနဲ့ အမျိုးတွေရှိတယ်ဆိုပေမဲ့လဲ ကိုယ်လာလည်မဲ့ ရက်အပြည့်ကို သူတို့ကို ဒုက္ခပေးလို့မဖြစ်ဘူးလေ။ ပြီးတော့ ကိုယ်က တစ်နေရာတည်းနေမှာမဟုတ်ဘူး ဟိုမြို့ဒီမြို့လျှောက်သွားနေမှာ။ ဒါနဲ့ပဲ အဲ့ဒိနေရာ US ကို ကားမောင်းလိုင်စင်ရမှပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ (ကျွန်မတို့ရဲ့ ဟန်းနီးမွန်း နံပါတ် ၂ပေါ့နော်)

ဒါနဲ့ နောက်သွားချင်တဲ့ နေရာက သြစီ ဒါမှမဟုတ် နယူးဇီလန်။ သြစီက ကျွန်မ မရောက်ခဲ့တဲ့ မြို့တွေ ထပ်သွားမလား။ လုံးဝမရောက်ဖူးတဲ့ နယူးဇီလန်သွားမလားပေါ့။ သြစီကတော့ နယူးဇီလန်ထပ် သက်သာတယ်။ ကိုယ်လဲ နည်းနည်းပါးပါး ပိုသိတယ်။ ဒါပေမဲ့ နယူးဇီလန် အကြောင်းနည်းနည်းပါးပါးရှာတော့ ရှုခင်းတွေ တအားလှတာရော။ Hobbit နဲ့ The Lord of the Ring ရိုက်သွားတဲ့ Middle earth ဆိုတော့ ရုပ်ရှင်ရူးကျွန်မ ပိုသွားချင်သွားတယ်။

ဒါနဲ့ နောက်ဆုံးတော့ ဟန်းနီးမွန်းကို နယူးဇီလန်ရွေးလိုက်တယ်ပေါ့။ ဒါကတော့ မဗေဒါရဲ့ Honeymoon No.1 – Beginning of the Journey to Middle Earth ပေါ့။

Friday, April 24, 2015

Problem with Being Straightforward


မဗေဒါဘလော့ကိုဖတ်ရတာ ပွင့်ပွင့်လင်းလင်းရှိတယ်။ အဲ့ဒါကြောင့် ဖတ်ရတာကောင်းတယ်လို့ ပြောလာတဲ့ စာဖတ်သူတွေရှိရင် မဗေဒါ စိတ်ထဲ စိုးရိမ်စိတ်လေးဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ အပြင်လောကမှာတော့ မဗေဒါရဲ့ တည့်ထိုးအိုးပေါက် ပွင့်လင်းပြောဆိုမှုကြောင့် ပိဿလေးနဲ့ ဘေးပစ်သလိုဖြစ်သွားတဲ့ အဖြစ်အပျက်မျိုးတွေရှိသလို။ မဗေဒါကို တဖြည်းဖြည်း ချဉ်သွားကြတဲ့ အပေါင်းအသင်းတွေလဲ ရှိပါတယ်။ အထူးသဖြင့် မဗေဒါစိတ်ထဲက ရင်းနှီးလေ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောလေဖြစ်တာကြောင့် မဗေဒါနဲ့ ကြာကြာပေါင်းဖြစ်နေသေးတဲ့သူဆိုတာ လက်ချိုးရေလို့ရပါတယ်။ အဲ့ဒိလူတွေလဲ မဗေဒါကို ချဉ်ခဲ့တဲ့ အခါတွေရှိကောင်းရှိပေမဲ့ စိတ်ထဲမထားပဲ အချိန်တော်တော်ကြာပေါင်းဖြစ်တဲ့အတွက် ထိုသူတွေကို ကျေးဇူးတင်ပါတယ်။ (သတိထားမိသလောက် မဗေဒါရဲ့ လက်ချိုးရေလို့ရတဲ့ အခင်ဆုံးသူငယ်ချင်းတွေအကုန်လုံးနီးပါးက သူတို့အကြောင်း အလွန်မှ လျှိုကြတဲ့သူတွေများပါတယ်။)

အဲ့ဒါကြောင့် မဗေဒါနဲ့သာ စာဖတ်သူတွေ အပြင်မှာ ခင်မင်ခွင့်ရမယ်ဆိုရင် မဗေဒါရဲ့ ပွင့်လင်းမှုကို သည်းခံနိုင်ကြပါ့မလားလို့ စိုးရိမ်မိရင်း အောက်က ဆောင်းပါးလေးကို ရေးချင်လာမိတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင်ပဲ စိတ်ထဲရှိတဲ့အတိုင်း နေတတ်၊ပြောတတ်တဲ့ သူတစ်ယောက်အတွက် ကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဟန်ဆောင်စရာမလိုအပ်ပဲ ကိုယ့်စိတ်ရင်းအတိုင်းပြောဆိုတဲ့အတွက် စိတ်မလုံမလဲဖြစ်မနေတတ်ပါဘူး။ ဖုံးအုပ် ဟန်ဆောင်နေစရာ သိပ်မရှိတဲ့အတွက် တစ်လိမ်ပေါ် နှစ်လိမ်ဆင့်ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတော်တော်များများ မရှိပါဘူး။ ကိုယ်ဘာလိုချင်လဲဆိုတာကို အသေအချာသိတဲ့အပြင် အဲ့ဒိ ကိုယ်လိုချင်တာကိုလဲ သွယ်ဝိုက်ပြီး လျှောက်မပြောနေပဲ တခြားလူတွေ သိအောင် တည့်တည့်ပြောရမှာလဲ ဝန်မလေးတဲ့သူတွေပေါ့။ သူတို့ဟာ ဆုံးဖြတ်ချက်ကို အသေအချာချဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတွေဖြစ်ပြီး ဆုံးဖြတ်ချက်မှားသွားခဲ့ရင်လဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတဲ့အတွက် နောင်တသိပ်မရှိတတ်ပါဘူး။ သူတို့ဟာ သူငယ်ချင်းအပေါင်းအသင်းတွေကိုလဲ စိတ်ရင်းအတိုင်း (Sincere) ဖြစ်ဖြစ်ပေါင်းလေ့ရှိတဲ့အတွက် သူတို့ စိတ်ထဲမှာ အထီးကျန်ဆန်မှုဆိုတာ သိပ်မရှိပါဘူး။ ၂မျိုးပဲရှိမယ်။ သူတို့ ခင်ရင်ပေါင်းမယ်၊ မခင်ရင် မပေါင်းဘူး။ မခင်ပဲနဲ့ ဟန်လုပ်ပေါင်းနေရင် ဘယ်လောက် အပေါင်းအသင်းများများ ကိုယ့်စိတ်ထဲက သူငယ်ချင်းအပေါင်းအသင်းရဲ့ နွေးထွေးမှုကို မခံစားနိုင်တဲ့အပြင် ကိုယ့်စိတ်နဲ့နှိုင်းပြီး အားလုံးကို လိုက်သံသယဝင်နေတဲ့အတွက် အမြဲပဲ အထီးကျန်သလိုဖြစ်နေတတ်တယ်လို့ ထင်ပါတယ်။

သူတို့ဟာ သူတို့ကိုယ်တိုင်လဲ စိတ်ထဲရှိတာတွေကိုပြောတတ်သလို။ သူများတွေကိုလဲ အဲ့လိုပဲ ပြောဖို့ မျှော်လင့်တတ်ကြတယ်။ ကံဆိုးစွာပဲ လူတော်တော်များများက သူတို့လို မဟုတ်တဲ့အတွက် အသိုင်းအဝိုင်းကြားမှာ အရိုင်းအစိုင်း၊ စကားပြောလို့မကောင်းသူ၊ ကိုယ်ချင်းမစာတတ်သူ စသည်ဖြင့် နာမည်တပ်ခံရလေ့ရှိပါတယ်။ တစ်ခါတစ်လေ ပွင့်လင်းမှုဆိုတာ တစ်ချို့လူတွေအမြင်မှာ ရိုင်းနေတတ်သေးတယ်လေ။ ဒီတော့ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတွေ ကြုံတွေ့နေကျ အချက်လေးတွေကို အင်တာနက်မှာတွေ့သလောက် ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်လေးတွေကို ရေးချပါရစေ။

၁။ သူတို့ရဲ့ စိတ်ရင်းအတိုင်း ပြုမူခြင်း၊ ဖွင့်ပြောခြင်းဟာ တစ်ခါတစ်လေမှာ ရိုင်းစိုင်းမှုအဖြစ်ထင်မြင်ခံရတယ်။



သူတို့ဟာ သူတို့ စိတ်ထဲမှာတွေးတဲ့အတိုင်း ပါးစပ်က ထွက်လာတတ်တယ်။ တစ်ယောက်ယောက်ကများ ကိုယ်မကြိုက်တာလုပ်နေရင် အဲ့ဒိလူ နာကျင်ပါစေဆိုတဲ့ စိတ်ထားမရှိပေမဲ့ သူတို့ ပါးစပ်က အလိုလို ပြောမိလိုက်ရောပဲ။

ဖြစ်စဉ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့စိတ်ထဲရှိတာကို မပြောပဲ သွယ်ဝိုက်ပြောနေရင် တည့်တည့်ပြောဖို့ ဒဲ့မေးထည့်လိုက်တာမျိုး။ ရထားပေါ်မှာ ရေမွှေးပုလင်းမှောက်အောင် စွတ်လာတဲ့ လူဘေးလာရပ်ရင် ပေါ်တင်ပဲ နှာခေါင်းပိတ်နေတာမျိုး။

၂။ သူတို့ပြောလိုက်တဲ့စကားကြောင့် တစ်ချို့လူတွေခံရခက်ခက်ဖြစ်တတ်တယ်။ (တစ်ခါတစ်လေ စိတ်ဆိုးသွားတဲ့အထိပဲ)


သူတို့က သူတို့အတွေးနဲ့ နာကျင်လိုစိတ်မပါပဲ ပြောလိုက်တဲ့ စကားတွေကြောင့် လူတွေ စိတ်ဆိုးသွားတဲ့ အခါတွေနဲ့ အများကြီး ကြုံရတယ်။ လူတော်တော်များများက စကားကို အထအနကောက်တတ်ကြတဲ့အတွက် လူတော်တော်များများဟာ သူတို့မရည်ရွယ်တဲ့ အဓိပ္ပါယ်တွေကောက်ပြီး ဖင်နာသွားတတ်ကြတယ်။ ဒါပေမဲ့ အဲ့လို ဖင်နာတွေကိုလဲ သူတို့ဟာ သိပ်လဲ ဂရုစိုက်မနေတတ်တဲ့အတွက်ကြောင့် သူတို့ရဲ့အကျင့်ကိုလဲ ပြင်ဖို့ စိတ်ကူးမရှိဘူး။

တစ်ခုတော့ရှိတယ်။ အဲ့လိုဖင်နာတွေများလာပြီး စုမိသွားရင်တော့ သူတို့ရဲ့လူမှုအသိုင်းအဝိုင်းပွဲတွေမှာ ကိုယ့်ကို မဖိတ်တော့တာတို့။ Gathering လုပ်ရင်တောင် ကိုယ့်ကိုချန်ခဲ့တာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး သူတို့ကလဲ အဲလို ဟန်ဆောင်ပေါင်းသင်းရမဲ့ နေရာမျိုးတွေကို အပင်ပန်းခံပြီးမှ မသွားချင်တာ။

ဖြစ်စဉ်။
လူ၁။ ။ ငါဗီယက်နမ်ကော်ဖီသောက်ချင်လို့ ဘယ်မှာဝယ်ရမလဲ မသိဘူး။
လူ၂။ ။ ငါ့ဆီမှာ တစ်ထုတ်ရှိတယ်။ ဖောက်တော့ဖောက်ပြီးသားပဲ ဒါပေမဲ့ နင်လိုချင်ရင်ပေးမယ်။
မဗေဒါ။ ။ (စိတ်ကောင်းစေတနာကောင်းနဲ့ လူ၁ ယူရမှာ အားနာနေမှာစိုးတဲ့ အတွေးနဲ့ ဝင်ပြော)နင်အားမနာနဲ့နော်။ လူ၂ က ဝယ်ပြီးမှ မကြိုက်လို့ မသောက်ချင်တော့လို့ နင်စိတ်အေးအေးနဲ့ ယူလို့ရတယ်။
လူ၁။ ။(တော်သေးသည်။ စိတ်တော့မဆိုးသွားပေမဲ့ ခံရခက်သွားသော ပုံစံဖြင့် ရီကာပြန်ပြောသည်) နင်ကတော်တော် တည့်ထိုးပြောတတ်တာပဲ။ အရောင်းဝန်ထမ်းလုပ်လို့တော့ ဖြစ်မှာမဟုတ်ဘူး။

စာကြွင်း။ ။ ပြီးခဲ့တဲ့အပတ်ကမှ အဲ့ကိစ္စဖြစ်သွားလို့ ဒီပိုစ့်ရေးချင်သွားမိတာဖြစ်သည်။ ထိုသူက စိတ်ထဲမှတ်ပြီး စိတ်ဆိုးတတ်သည့် လူမျိုးမဟုတ်ပဲ မဗေဒါကို နားလည်သောကြောင့် တော်သေးသည်။ မဗေဒါမှာ အဲ့လိုမျိုး အဖြစ်အပျက်တွေ အများအပြားရှိသည်။ ကိုယ်ကတော့ ကိုယ့်စိတ်နဲ့ ယှဉ်ပြီးပြောချင်းဖြစ်သည်။ သူယူရမှာ အားနာနေမှာစိုးသဖြင့် တစ်ဖက်လူအတွက်လဲ အလကားဖြစ်နေမဲ့အတူတူ တစ်ဦးတစ်ယောက်အတွက် အသုံးဝင်သွားတာ ပိုတောင်ကောင်းသေးသည် ဆိုသည့်အတွေးဖြင့်ပြောခြင်းဖြစ်သည်။ ကိုယ့်ကို ခုလိုပြောလျှင်လဲ စိတ်ဆိုးမည်မဟုတ်။ သူများပစ္စည်းဟူသည် အလကားရသည်မရှိ။ ကိုယ့်ကို အလကားတစ်ခုခုလာပေးနေလျှင် နောက်တွင် ရည်ရွယ်ချက် တစ်ခုခုရှိသည်ချည်း။ အဲ့ဒါကြောင့် ခုလို ပိုနေလို့၊ မလိုချင်တော့လို့၊ မကုန်လို့ ပေးသည်ဆိုသည့် အကြောင်းပြချက်သည် မဗေဒါအတွက်တော့ စိတ်သန့်သန့်လက်ခံချင်သော အကြောင်းပြချက်များဖြစ်သည်။ ဒါကို တော်တော်များများကတော့ အကျန်မို့ပေးသည်။ သူများမလိုချင်တာယူရတာ အောက်ကျသည်။ စသည်ဖြင့် ဘာလို့အတွေးချော်ကြမှန်းတော့ နားမလည်နိုင်။ သူများမလိုချင်လို့ပေးသည်ဆိုလျှင်တောင်မှ ကိုယ့်အတွက် အသုံးဝင်နေဖို့က အဓိက မဟုတ်ပါလား။ အကြောင်းပြချက်သိတော့ စိတ်အေးလက်အေးတောင် ယူလို့ရသေးတယ် မဟုတ်ပါလား။ မဗေဒါအတွက်တော့ လူတစ်ယောက်က ကိုယ့်ကို တမင်တကာ နှိမ်ချင်လို့ ထိုသို့အကြောင်းပြချက်များဖြင့် ကိုယ်လိုအပ်နေသည့်အရာတစ်ခုကို လာပေးလျှင်တောင် နှိမ်သည်ဟု ထင်မိမှာ မဟုတ်သည့်အတွက် သိမ်ငယ်သွားမှာ မဟုတ်တဲ့အပြင် ထိုသူ၏ နှိမ်ရန် ကြိုးပမ်းမှုသည် အချည်းနှီးသာဖြစ်သွားပေလိမ့်မည်။

၃။ သူများအတွက် နာကျင်နေလျှင်တောင် အမှန်တွေချည်း မြင်တဲ့အတိုင်းပြောတတ်သည်


လူတော်တော်များများက အမှန်ကို အမှန်အတိုင်းလက်ခံနိုင်ကြသူ ရှားသည်။ သို့သော် သူတို့ကတော့ အမှန်အတိုင်းပင်ပြောအုံးမှာပဲဖြစ်သည်။ တခဏတာ အနာကျက်အောင် ဖြေသိမ့်ပေးလိုက်ခြင်းသည် နောက်ပိုင်းတွင် အနာပုတ်သိုးသွားပြီး ကုရာနတ္ထိဆေးမရှိသည်အထိကြီးသွားနိုင်သည်ဟု သူတို့ ယုံကြည်သည်။ ထိုသို့ အဖြစ်ခံမည့်အစား အရှိကို အရှိအတိုင်း ကောက်ချက်ချ အကြံပေးတတ်ကြသည်။
အသည်းကွဲသူများအတွက်တော့ သူတို့ကို ရင်ဖွင့်အကြံဉာဏ်တောင်းရန် ရှောင်သင့်သည်။ သူတို့က သင့်ခံစားချက်ကို နားလည်ပေးနိုင်သော်လည်း အခြေအနေ အမှန်အတိုင်းကိုသုံးသပ်ဖွင့်ပြောမည်ဖြစ်သဖြင့် တဖက်လူကြားချင်သော၊ တစ်ဖက်သား လိုချင်သော စကားလုံးများ အကြံဉာဏ်များကို ပေးချင်မှ ပေးလိမ့်မည်။

ဖြစ်စဉ်။ ။ အကြီးအကျယ်အသည်းကွဲနေသော ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်က သူ့ကို ပက်ပက်စက်စက် ညာချကာ ပစ်သွားသော သူ့ချစ်သူကောင်မလေးကို လက်ဆောင်ပစ္စည်းများထပ်ပေးလျှင် ပြန်ရနိုင်မည်ထင်ပါသည်ဟု ရှိုက်ကြီးတငင်ငိုကာပြောနေသည်။ သူဘယ်လောက် အနစ်နာခံချစ်ခဲ့ပေမဲ့ ထိုကောင်မလေးက သူ့ကိုထားသွားကြောင်း။ ဒါပေမဲ့ ထိုကောင်မလေးက ပြန်လက်ခံမည်ဆိုလျှင် ပြန်ဆက်ချင်ကြောင်းပြောနေသည်။ သူပြောသမျှ မဗေဒါ နားထောင်ပေးသည်။ အသည်းကွဲသည်ဆိုသည်ကို မဗေဒါလဲ ခံစားဖူးသဖြင့် ထိုသူကို အကြွင်းမဲ့ ကိုယ်ချင်းစာသည်။ ဒီတစ်ဒင်္ဂ အချိန်လေးကိုသာ ကျော်ဖြတ်နိုင်လျှင် သူ့အတွက် ထိုက်တန်သူနောက်တစ်ယောက်နှင့် ထပ်တွေ့နိုင်သေးသည်ဟု ယုံကြည်သည်။ ထိုအချိန်တွင်သူက

အသည်းကွဲသူ။ ။ ငါဘာဆက်လုပ်ရမလဲ? သူငါ့ကို သံယောဇဉ်တော့ ရှိအုံးမှာ ဟုတ်တယ်မဟုတ်လား?

မဗေဒါ။ ။ (အလွန်တရာမှ ကိုယ်ချင်းစာသော မျက်နှာဖြင့်)။ ငါ့အမြင်တော့ နင့်အဖြစ်က တော်တော်နွားကျနေပြီ။

ထိုသူ ‘အင်’ကနည်းတော့ ဖြစ်သွားသည်။ ကိုယ်အပြင်လူအနေနဲ့ အမြင်အရတော့ ထိုကောင်မလေးကို ပြန်ရလျှင်ရော သူတို့ Relationship က အရင်အတိုင်း အက်ရာမရှိပြန်ကောင်းမည်ဆိုသည်မှာ မဖြစ်နိုင်။ ကောင်မလေးနဲ့ ပြန်ဖြစ်နိုင်ပါသေးတယ်ဆိုပြီး မဟုတ်တာကို ယာယီနှစ်သိမ့်မှုပေးကာ ရောဂါလဲ မရှည်ကြာစေချင်။ အသည်းကွဲသူအတွက် ပထမအဆင့်က ပြတ်သွားပြီဆိုတာကို အသိအမှတ်ပြုဖို့ပဲ မဟုတ်ပါလား။ သူပြောသမျှ နားထောင်ပေးရင်း ကိုယ်ပြောချင်နေတာတွေကို မပြောပဲ ပါးစပ်ပိတ် ထားနိုင်သေးသည်။ ခုလို မဗေဒါရဲ့ အမြင်ကို သူမေးတော့လဲ အမှန်အတိုင်းဖြေရမည်ပင်။

၄။ တပါးသူကို မျှော်လင့်ချက်အတုအယောင်ပေးခြင်းသည် တစ်ခါတည်း ရှင်းရှင်းလင်းလင်းပြောလိုက်ခြင်းထက် ပိုရက်စက်သည်ဟု ထင်သည်။


သူတစ်ပါး ခံစားချက်ကို နာကျင်သွားမည်စိုးသည်ကို သိပ်မစဉ်းစားတတ်။ အဲ့လိုအတွေးမျိုးကိုး လုံးဝခေါင်းထဲမရှိသူ။
တချို့သူတွေအထင်မှာ “ငါဒါမျိုးတိုက်ရိုက် ပြောလိုက်ရင် ဘယ်သူ့ကတော့ နာကျင်သွားလိမ့်မယ်” ဆိုတဲ့ အခြေအနေမျိုးတွေမှာ သူတို့ကတော့ သူတို့ စိတ်ထဲတွေးတဲ့အတိုင်း ဘယ်အချိန်မေးမေးပြောမည်သာ။

ဖြစ်စဉ်။ ငယ်ငယ်က စကားလိုက်ပြောသော လူတစ်ယောက်ကို သူ့ထက် သူ့ညီကို ခင်ချင်တာဖြစ်ကြောင်း၊ သူအထင်လွဲပြီး ရောဂါပိုရင့်သွားမှာစိုးလို့ ရှင်းပြလိုက်သည်။ သူပဲ ချစ်ပါသည် အရင်ကတော့ လိုက်ပြောပြီးတော့ နောက်ပိုင်း လမ်းတွေ့လျှင်တောင် ထိုသူက ကိုယ့်ကို မျက်စောင်းစထိုးသည်။ ခက်ပါရောလား။ အဲ့လိုမပြောပဲ ကြိုးရှည်ရှည်နှင့် လှန်ပြီး သူ့ကို အသုံးချမည့် မိန်းမမျိုးက ပိုမရက်စက်ပေဘူးလား?

၅။ သူဌေးအစရှိတဲ့ အကြီးအကဲများလဲ သိပ်မကြောက်တတ်။ ဒါပေမဲ့ ကိုယ့်အကျင့်ကိုယ်သိသဖြင့် အတတ်နိုင်ဆုံး ခပ်ဝေးဝေးနေသည်။


တခြား လုပ်ဖော်ကိုင်ဖက်တွေက အကြီးအကဲမို့ ကပ်ဖားကာ အကြိုက်လိုက်ပြော၊ လိုက်လုပ်နေတတ်ပေမဲ့ သူတို့ကတော့ အဲလိုမဟုတ်။ ကိုယ့်ထက်ရာထူးကြီးလို့ လေးစားသမှုပေးသလို သူ့ရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြု အလေးထားသော်လည်း လူလူချင်းတန်းတူဟုသာမြင်သည်။

သူတို့ကိုပေးသမျှ အလုပ်တွေကို တာဝန်ကျေအောင်လုပ်ပေးတတ်ကြသော်လည်း သူတို့ကို နှိမ်ချိုးပြီးပြုမှုခိုင်းစေသည့်ကိစ္စများကိုတော့ သူတို့ လက်ခံမည်မဟုတ်ချေ။ ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်လုပ်စာကိုယ်စားနေသူချင်းအတူတူ သူတို့သည်လဲ လေးစားမှုခံယူထိုက်သူဟု ယုံကြည်သည်။

ထို့ကြောင့်သူတို့သည် သဘောကောင်းသော သူဌေးများဖြင့်သာ သင့်တော်တတ်သည်။ အမြှောက်ကြိုက် ဘက်လိုက်သော သူဌေးများ မျက်မုန်းကျိုးသည်။ လစာဘယ်လောက်ကောင်းကောင်း အခွင့်ရေးဘယ်လောက်ရရ “Devil wear prada” ကားထဲက သူဌေးမျိုးကိုဆိုလျှင်တော့ အလုပ်မထွက်ခင်ကို အသေအချာ စိတ်ထဲရှိတာ ပြောပြီးမှ ထွက်မည့်သူစား။ (Back stub တော့ လုပ်မည်မဟုတ်)။

ဖြစ်စဉ်။ ။ GM က မဗေဒါကို report တစ်ခု ပြင်ဆင်ခိုင်းသည်။ မဗေဒါပြင်ထားသမျှကို အကြိမ်ကြိမ် perfect မဖြစ်သရွေ့ ပြင်ခိုင်းသည်။ သူထောက်ပြသမျှ အကြောင်းပြချက်တွေခိုင်လုံနေသည်ဟု လက်ခံသဖြင့် မညီးမငြူ ပြင်ပေးခဲ့သည်။ နောက်ဆုံးတစ်ခေါက်တွင်တော့ သူပြောသည့်အကြောင်းပြချက်သည် သိပ်မခိုင်လုံဟုထင်သဖြင့် Department တစ်ခုလုံး၏ GM ကို ကိုယ့်အမြင်လေး ပြန်ပြောမိတော့သည်။

GM။ ။ ဒီမှာကြည့် ဒီလိုင်းလေးကို ဟောဒီလိုလေး နည်းနည်းလေး ကျဉ်းလိုက်ရင် ပိုကြည့်မကောင်းသွားဘူးလား။

မဗေဒါ။ ။ (ကိုယ့်အမြင်အရတော့ ပိုကြည့်မကောင်းသွားပါ ဒီတော့…) ဒါကတော့ တစ်ဦးတစ်ယောက်ရဲ့ အကြိုက်နဲ့ပဲ ဆိုင်မယ်ထင်တယ် သူဌေး။ ဒါပေမဲ့ သူဌေးလိုချင်သလို ပြင်ပေးပါ့မယ်။ ကျွန်မကတော့ စောစောကဟာ ပိုကြည့်ကောင်းတယ်လို့ ထင်ပါတယ်။

သူဌေးကလဲ သူ့ဟာ မကောင်းဘူးပြောရင် မကြိုက်တဲ့သူဆိုတော့ သူ့အကျင့်အတိုင်း “ No… No. No No” ဆိုပြီး ပြန်ညင်းနေသေးတယ်။ မဗေဒါလဲ “ဟုတ်။ ပြင်ပေးမယ်” စိတ်ထဲကတော့ နင့်အကြိုက် ဆိုတာလေး ရှေ့ကထည့်ပြောလိုက်တာပေါ့။

၆။ ဒုံးဝေးတဲ့ သူတွေ၊ အလိုက်ကန်းဆိုး မသိတဲ့သူတွေ၊ ငကြွားတွေ အတွက် သည်းခံနိုင်စွမ်း သိပ်မရှိဘူး။


ငတုံးတွေနဲ့ ပတ်သတ်ရပြီဆိုရင် သူတို့ကို နားလည်သည်းခံ စိတ်ရှည်ဖို့ထက် ကိုယ့်မျက်လုံးသာ ကိုယ် အက်ဆစ်နဲ့ပက်လိုက်ချင်သလို သူတို့ ခံစားရတယ်။
ငတုံးတွေ ငကြွားတွေအတွက် သင့်အချိန်ကိုပေးနေရတယ်လို့ ထင်လာရင် သူတို့အရင်ဆုံးအဲ့ဒိနေရာကနေ ထထွက်သွားဖို့ လိုလာပြီလို့ထင်တယ်။ အဲလိုမှပဲ သူတို့ကို မအော်မိ၊ မျက်နှာပေး မပေးမိမှာလေ။
ဖြစ်စဉ်။ ။ အလုပ်ထဲမှာ ကိုယ်နဲ့အလုပ်အတူဝင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ကိုယ့်အဖေအရွယ်လောက်ဆိုတော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ သူလုပ်ထားပြီး ပြဿနာကြီးပြီဆိုမှ ခွင့်တွေကောက်ယူပြီး ကိုယ်က သူ့ပြဿနာတွေကို urgent ဆိုပြီး ဒိုင်ခံဖြေရှင်းရတယ်။ ကိုယ်ဖြေရှင်းပြီးတော့ သူခွင့်ကပြန်လာပြီး။ I know, I know လုပ်တယ်။ ဘာတွေလုပ်ဖို့ လိုအပ်သေးတယ်။ မသိရင်မေးပါပြောလဲ I know, I know လုပ်တယ်။ နောက်ပိုင်း အလုပ်တွေအကုန် ကိုယ်ပဲ ဒိုင်ခံလုပ်တယ်။ သူလုပ်လို့ ပြဿနာကြီးလာလို့ ဖြေရှင်းရတာထက် ကိုယ့်ဟာကိုယ်တစ်ကြိမ်ပဲ လုပ်ရတာ ပိုအဆင်ပြေတယ်။ သူကတော့ လူကြီးကို မလေးစားဘူးလို့စွပ်စွဲတယ်။

ငကြွားတွေနဲ့တွေ့ရင်တော့ စိတ်ရှိရင် မသိချင်ယောင်ဆောင်ပြီးပဲ နားထောင်တယ်။ အပျင်းပြေပေါ့။ ဘယ်လောက်များကြွားနိုင်မလဲလို့။ စိတ်မရှိရင်တော့ ထထွက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေနဲ့ပြောတာ လူတိုင်းပြောနိုင်တယ်။ အနောက်က အလုပ်နဲ့သက်သေမပြနိုင်ရင်တော့ ငကြွား၊ ငပေါကြီးတွေပဲ ဖြစ်ကြမှာပဲ။

၇။ သူတို့လို ပွင့်ပွင့်လင်းလင်း မနေနိုင်တဲ့သူတွေက သူတို့ကို မျက်မုန်းကျိုးလာကြတယ်။


သူတို့က သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံသလောက် ဟန်ဆောင်ပန်ဆောင်လုပ်သူတွေ မနာလိုတိုရှည်ဖြစ်နေတဲ့ သူငယ်ချင်းတွေကို သိတာနဲ့ သူတို့ဘဝထဲက ထုတ်ပြစ်ဖို့ ဝန်မလေးကြဘူး။ သူတို့က အမြဲ တည့်တည့်မတ်မတ်ပဲနေတတ်တဲ့သူတွေလေ။ ကွေ့ကောက်နေတဲ့ အပေါင်းအသင်းပေါင်းပြီး ၂ဦး ၂ဘက်ဘာအကျိုးရှိမှာလဲ လို့ တွေးတတ်ကြတယ်။
ဖြစ်စဉ်။ ။ တော်တော်လေး ရင်းနှီးပြီးမှ ကိုယ့်အပေါ် စိတ်ရင်းမမှန်၊ နောက်ကျောဓားနဲ့ထိုးတဲ့ သူငယ်ချင်း ၂ယောက်ကို ဘဝထဲက လုံးဝမေ့ထားတယ်။ ဒေါသထွက်တယ် စိတ်ဆိုးတယ်ဆိုတာတွေနဲ့တောင် မထိုက်တန်ဘူးလို့ထင်တယ်။

ဘာရယ်မဟုတ်ပါဘူး။ ဘလော့လေးကို ပုံမှန် Update လေးလုပ်ချင်တာနဲ့ ရေးလိုက်တာပါ။
မဗေဒါ စာဖတ်သူတွေမှာရော ခုလိုမျိုး Straightforward လူမျိုးတွေရှိလား? ဘယ်အချက်တွေတိုက်ဆိုင်လဲ?
မဗေဒါလို လူ့ဂွစာနဲ့ အပြင်မှာတွေ့ရင်ရော စိတ်မဆိုးပဲ ဘယ်လောက်ကြာကြာနေနိုင်မယ်ထင်လဲ?
သိပ်တော့ မလန့်ပါနဲ့။ ခုမှ စတွေ့တဲ့သူကို တန်းပြီး Straightforward အရမ်းဖြစ်တဲ့အထိတော့ မဗေဒါ အခြေအနေက မဆိုးသေးပါဘူး။ :P