Friday, July 31, 2015

Honeymoon to New Zealand Day3: Waiheke Island: A day to Remember for life

၄ရက် မေလ ၂၀၁၅

ကံကြမ္မာကို ခပ်ရွဲ့ရွဲ့နဲ့ မဖြစ်ဖြစ်အောင် မပျော်ပျော်အောင် နေပြမယ်ဆိုတဲ့ ကျွန်မရဲ့ စိန်ခေါ်မှုကို တုန်လှုပ်အောင် လုပ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဟာ ကျွန်မတို့ ခရီးစဉ် သုံးရက်မြောက်နေ့မှာ ဖြစ်ပျက်ခဲ့ပါတယ်။ ခုချိန် ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့လဲ ကျွန်မတို့ ၂ဦးရဲ့ ဘဝလမ်း စအဖွင့်ဖြစ်တဲ့ ပျားရည်ဆမ်းခရီးမှာတင် သူဟာ ကျွန်မအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို သဘောပေါက်အောင် ထင်ထင်ရှားရှားပြလိုက်တယ်လို့ ယူဆပါတယ်။

ဝိုင်ဟီကီကျွန်းလေး မိတ်ဆက်


Oneroa Beach

ကျွန်မတို့ အဖြစ်အပျက်တွေကို မပြောခင် သွားလည်ချင်တဲ့သူတွေအတွက် ဝိုင်ဟီကီကျွန်းလေးအကြောင်း တစေ့တစောင်း သိသလောက်ပြောပြပါ့မယ်။
ဝိုင်ဟီကီကျွန်းလေးဟာ နယူးဆီလန် မြောက်ပိုင်းကျွန်းရဲ့ အရှေ့ဘက်က ပင်လယ်အော်ထဲမှာ ဒုတိယအကြီးဆုံး ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးကျွန်းဆိုပေမဲ့ နေထိုင်သူ လူဦးရေး ၈၇၀၀ ကျော်နဲ့ တခြားမြို့မှာနေတဲ့သူတွေရဲ့ အပန်းဖြေအိမ်ဖြစ်စေ၊ နောက်ထပ် အိမ်တစ်လုံးဖြစ်စေ ဝယ်ထားတဲ့သူ ၃၄၀၀ ကျော် ရှိတဲ့အတွက် နယူးဇီလန်ရဲ့ တောင်မြောက် ကျွန်းကြီး ၂ကျွန်းပြီးရင် ၁ကီလိုမီတာစတုရန်းမှာ ၉၃ယောက်နှုန်းလူနေထိုင်မှု ရှိတဲ့အတွက် တတိယ လူနေသိပ်သည်းမှု အများဆုံးမြို့လေးလဲဖြစ်တယ်။

အော့ကလန်းမြို့ကနေ မိနစ်လေးဆယ်ခန့်မျှ သဘော်စီးရုံနဲ့ ရောက်တဲ့ ဝိုင်ဟီကီကျွန်းလေးဟာ သူ့ရဲ့ လှပတဲ့ သဲဖြူကမ်းခြေတွေ၊ ရှုခင်း၊ လက်မှုပစ္စည်းတွေ၊ စားသောက်ဆိုင်တွေ၊ ဝိုင်စိုက်ခင်းနဲ့ အရည်အသွေးမြင့် ဝိုင်ဆိုင်တွေကြောင့် လာလည်သူလဲ အတော်လေးများပြားတယ်လို့ သိရပါတယ်။ နွေရာသီမှာဆိုရင်တော့ ပင်လယ်ရေအားကစားဖြစ်တဲ့ ရေကူး၊ လှေလှော်၊ ပင်လယ်ကမ်းခြေ နေပူဆာလှုံစသည်ဖြင့် အပန်းဖြေလို့ရပါတယ်။ လမ်းလျှောက်ရတာ ကြိုက်နှစ်သက်သူတွေအတွက် တောလမ်းတွေ လျှောက်နိုင်သလို၊ ကျွန်းအရှေ့ခြမ်းမှာရှိတဲ့ Stony Batter လျှောက်လမ်းအဆုံးမှာ ဒုတိယကမ္ဘာစစ်က လက်နက်တွေတပ်ဆင်တဲ့နေရာနဲ့ မြေအောက်လှိုင်ခေါင်းတွေကို စွန့်စားခန်းကြိုက်နှစ်သက်တဲ့ လည်ပတ်သူတွေ ကြည့်ရှုနိုင်ပါတယ်။ မြေအောက်လှိုင်ခေါင်းထဲဝင်ဖို့ လက်နှိပ်ဓာတ်မီးတော့ ဆောင်ရန်လိုတာပေါ့နော်။

ဝိုင်ဟီကီ ကျွန်းလေးပေါ်မှာ အလည်လာသူတွေအတွက် နေထိုင်စရာနေရာတွေလဲ အများအပြားရှိပါတယ်။ တောင်ပေါ် ကမ်းစပ် အပန်းဖြေ အိမ်ပုံစံကနေအစ၊ တန်ဖိုးနည်းခရီးသွားတွေအတွက် တန်ဖိုးနည်းတည်းခိုခန်းတွေအဆုံး အမျိုးမျိုးရှိပါတယ်။

ဝိုင်ဟီကီကျွန်းကို သွားရတာလဲ အလွန်မှ လွယ်ကူပါတယ်။ အော့ကလန်းကနေ နေ့စဉ်အချိန်လိုက် ထွက်နေတဲ့ သဘော်ကုမ္ဗဏီ တွေရှိပါတယ်။ Fuller Auckland နဲ့ Sealink ကတော့ ဝိုင်ဟီကီ ဝက်ဆိုဒ်မှာရေးထားတဲ့ ကုမ္ဗဏီတွေပေါ့။ Explore ကတော့ နောက်မှ ပေါ်လာတဲ့ ဘုတ်လိုင်းပေါ့။ ကျွန်းပေါ်ရောက်ရင်လဲ ကျွန်းပတ်တဲ့ ဘတ်စ်ကားတွေရှိပါတယ်။ အစည်ကားဆုံးဖြစ်တဲ့ Oneroa မြို့လေးဆို သဘော်ဆိပ်ကနေ ကားတိုင်းနီးပါးရောက်ပါတယ်။ တိုက်စီတွေကလဲ ဈေးသိပ်မကြီးပါဘူး။ အသေးစိတ် ဈေးတွေသိချင်ရင်တော့ Ferry ဝက်ဆိုဒ်တွေမှာ ရှာကြည့်လို့ရပါတယ်။


Oneroa မြို့လေး

Let’s go to Waiheke with us

ဒီနေ့ မနက်မှာတော့ ကျွန်မတို့တွေ မနက်စာကို Auckland ဟိုတယ်နားမှာရှိတဲ့ ပေါင်မုန့်ဆိုင်လေးမှာပဲ စားဖြစ်လိုက်ပါတယ်။ ၁၀နာရီခွဲလောက် Crowne Plaza Hotel ကနေ ချက်အောက်လုပ်ပြီး သင်္ဘောဆိပ်ဘက်ကို အထုတ်အပိုးတွေနဲ့ လမ်းလျှောက်ဆင်းခဲ့ကြပါတယ်။ သင်္ဘောဆိပ်ရောက်တော့ ဟိုနေ့က မေးထားတဲ့အတိုင်း ဘတ်စ်ကားစီးတဲ့ AT HOP ကဒ်နဲ့ စီးလို့ရလားမေးတော့ အဲ့ဒိကဒ်နဲ့ စီးလို့ရတဲ့ Fuller Ferry က မထွက်သေးဘူး စောင့်ရအုံးမယ်။ မကြာခင်ထွက်မဲ့ Explore ferry က တစ်ယောက်ကို NZD 20 Cash နဲ့ ချက်ချင်းသွားလို့ရပြီတဲ့။ အဲ့ဒါနဲ့ အချိန်မကုန်ချင်လို့ Explore နဲ့ပဲ သွားလိုက်တယ်။ သင်္ဘောလေးက တော်တော်ကောင်းတယ်။ သင်္ဘောပေါ်မှာလဲ ကျွန်မတို့ရယ် နောက်ထပ် ၃ယောက်ရယ် ခရီးသွားစုစုပေါင်း ၅ယောက်ပဲ။ ထိုင်ချင်တဲ့နေရာထိုင် လုယက်တိုးဝှေ့နေရတာမရှိတာလဲ နယူးစီလန်နိုင်ငံကို လည်ပတ်ရမဲ့ ကောင်းချက်တစ်ခုပဲ။ သင်္ဘောကလဲ သူ့အချိန်ဒေါင်ဆိုတာနဲ့ ထွက်တာပဲ။ အပြင်မှာ ထွက်ရပ်ကြည့်သေးတယ် လေတိုးတော့ အေးတာ မခံနိုင်ဘူး။ Mr.Right အပြင်မှာ ထွက်ရပ်တဲ့အချိန်ကျမှ သင်္ဘောသားကလဲ အပြင်ထွက်တဲ့ တံခါးကြီးကို လာပိတ်သွားလို့ အပြင်မှာ ပိတ်မိနေသေးတယ်။ ကျွန်မကြိုးစားဖွင့်တော့လဲ မရဘူး အရမ်းကျပ်နေတယ်။ နောက်မှ သင်္ဘောသားပဲ ပြုံးစိစိနဲ့ လာပြန်ဖွင့်ပေးတယ်။ သူတောင် မနည်း ခြေနဲ့ ကန်ဖွင့်ရတယ်။ Mr. Right ကပဲ မတော်တဆဖြစ်မှုတွေကို ဖန်တီးသလား။ မတော်တဆဖြစ်မှုတွေကပဲ သူ့ကို လာရှာမယ်ဆိုတာ နမိတ်ပြနေသလားလို့ မတွေးမိခဲ့ပါဘူး။

တတိယနေ့မနက်စာ အော့ကလန်းက Hollywood ကော်ဖီဆိုင်

ဒီပုလင်းပုံ Red Bull ကို လိုချင်လို့ပါဆိုပြီး နယူးဇီလန်ပြန် လက်ဆောင်အဖြစ်သယ်လာတယ်လေ

Explore ferry ပေါ်မှာ

Ferry အတွင်းဘက် လူကအဲလိုရှင်းတယ်

အတွင်းကနေ အပြင်ကို မြင်ကွင်း

သဘောကျတာလေးက ဒီလိုဖုန်းအားသွင်းလို့ရလို့

သင်္ဘောက ၃၅ မိနစ်လောက်ပဲစီးရပါတယ်။ ဝိုင်ဟီကီကိုရောက်တော့မှနေဖို့ နေရာကို သင်္ဘောဆိပ်မှာပဲရှာကြပါတယ်။ ကျွန်မကတော့ flyer တွေယူကြည့်ပြီး မေးမြန်းကြည့်ဖို့စိတ်ကူးပါတယ်။ ဒါပေမဲ့ ရှေ့က အုပ်စုတစ်စုက မေးနေတာ မပြီးနိုင်တာနဲ့ Mr.Right က သူ့ laptop ကိုထုတ်ပြီးတော့ပဲ ဟော်တယ်ရှာပါတော့တယ်။ ကိုယ်တွေလဲ အမှန်တကယ် Backpacker မဖြစ်နိုင်သေးတာ အသေအချာပါပဲ။ အနီးဆုံးမြို့ကို အရင်သွားပြီး အားတဲ့ ဟော်တယ် တက်နေလိုက်လို့ရပေမဲ့။ တကယ်တန်း အထုတ်တွေ အပိုးတွေနဲ့ကျတော့ သိပ်မလွယ်လှဘူးလေ။ အထူးသဖြင့် သူတို့က တောင်ကုန်းတောင်တန်းတွေများတာကိုး။ Mr.Right က ခုမှ အင်တာနက်ကနေ တည်းခိုခန်း review တွေ ဖတ်ပြီး အစကပြန်လုပ်နေတယ်။ အမှန်တော့ အဲ့လိုအင်တာနက်က ဖတ်မှတော့ မနေ့ညကတည်းက ကျွန်မလုပ်ထားတော့မပေါ့။ တမင် မြို့ထဲထိသွားပြီး တွေ့တဲ့ ဟော်တည်ကို Walk-in လုပ်ချင်တာ။ ဒါပေမဲ့ သူ့ကိုလဲ အရမ်းမပြောရဲဘူးလေ တော်ကြာနေကျမှ ကျွန်မထင်သလို မဖြစ်ပဲ ၂ယောက်သား သောင်ပြင်လွှတ်တဲ့ နတ်သား/နတ်သမီးလေးတွေဖြစ်နေအုံးမယ်။

သူကိုယ်တိုင်လဲ ဘယ်ဟော်တယ်ဘွတ်ရမလဲ ဝေခွဲမရဖြစ်နေတုန်း ကျွန်မက Flyer လေးတစ်ခုမှာတွေတဲ့ The Oyster Inn ဆိုတာလေးကို သဘောကျမိတယ်။ ဈေးကြည့်ကြည့်တော့လဲ မဆိုးဘူး။ ပြီးတော့ ကမ်းခြေနဲ့လဲနီးတယ်။ စားသောက်ဆိုင်တွေနဲ့လဲ နီးတယ်။ မနက်စာလဲ ကျွေးတယ်။ သူက ပျဉ်ထောင်အိမ်ပုံစံမျိုးလေးဆိုပေမဲ့ ဘိုလဲဆန်တယ်။ စားသောက်ဆိုင်နဲ့ တွဲရက်။ သူကတော့ အဲ့ဒိအိမ်ပုံကြည့်ပြီး သိပ်သဘောမကျချင်ဘူး။ စုတ်တယ်ထင်တယ်ထင်ပါတယ်။ သူက ခန်းခန်းနားနားဟော်တယ်မျိုး စိတ်ကူးထားပုံရတယ်။ နည်းနည်းလေးများ Romantic ဆန်ဆန်ပုံစံ အပြင်အဆင်မျိုးဆိုလိုကတော့ ဈေးက ကွာတာမှ လွန်ရောပဲ။ ဒီလိုနဲ့ နောက်ဆုံး ကျွန်မပြောတဲ့ The Oyster Inn ကိုပဲ ဘွတ်လိုက်တယ်။ သင်္ဘောဆိပ်ကနေ ထွက်လိုက်တယ်ဆိုရင်ပဲ ဘတ်စ်ကားဂိတ်ရှိတယ်။ Oneroa beach ကိုကားတိုင်းရောက်တယ်လေ။ ဒါနဲ့ တက်စီးပြီး မိနစ် ၂၀လောက်နေတော့ ရောက်သွားရော။ တည်းခိုခန်းလေးက ရှာရတာလဲ မခက်ပါဘူး။ ဘတ်စ်ကားဂိတ်မရောက်ခင်ကတည်းက အဲ့တည်းခိုခန်းကို ဖြတ်သွားတာမြင်လိုက်တယ်။ ပြီးတော့ လူတော်တော်များများလဲ အဲ့ဂိတ်မှာ ဆင်းကြတယ်။ ဆင်းပြီး ဟိုဘက်ကားလမ်းကူး နည်းနည်းပြန်လျှောက်လိုက်ရင်ပဲ The Oyster inn ကိုရောက်ပါပြီ။ သူ့အောက်မှာ ရေကူးဝတ်စုံတို့ဘာတို့ရောင်းတဲ့ စတိုးဆိုင်လေးနဲ့ စက်ဘီးအငှားဆိုင်ရှိတော့ ပျော်သွားတာပဲ။ ကျွန်မတို့ရောက်တဲ့အချိန်မှာ ပလက်ဖောင်းအောက်က ရေပိုက်ပြင်နေသလား လမ်းပြင်နေသလားတော့မသိပါဘူး။ အဲ့ဒါကြောင့် တည်းခိုခန်းထဲကို ပတ်ပြီးတက်ရတယ်။

အရမ်းနေလို့ကောင်းပြီး ပေးရတာနဲ့တန်တဲ့ The Oyster Inn

The Oyster Inn ကိုတက်တဲ့ လမ်းလေး

တည်းခိုခန်းက သစ်သား Corridor လမ်းလေးမှာ ပန်းအိုးလေးတွေ တန်းလမ်းချိတ်ထားတယ်။ ဒါပေမဲ့ Reception ရယ်လို့ သီးသီးသန့်သန့်လဲ မတွေ့ရဘူး။ Corridor ရဲ့ ဘယ်ဘက်က စားသောက်ဆိုင်၊ ညာဘက်မှာတော့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးရှိတယ်။ ကျွန်မတို့လဲ အလယ်ခေါင်မှာပဲ ဘယ်သူ့ရှာရမှန်းမသိကြောင်နေတော့မှ လက်ဆောင်ပစ္စည်းရောင်းတဲ့အခန်းဘက်က မိန်းမတစ်ယောက်ထွက်လာပြီး စကားပြောဖြစ်တယ်။ စောနေသေးတော့ ချက်အင်လုပ်တဲ့ အချိန်မရောက်သေးဘူး။ ဒါနဲ့ အိတ်အပ်ပြီး နေ့လည်စာ စားဖို့ ထွက်ခဲ့ကြတယ်။ အဲ့ဒိ မြို့လေးတဝိုက် ဟိုကြည့်ဒီကြည့်နဲ့ ထိုင်းစားသောက်ဆိုင်ရှိတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ မှတ်ထားခဲ့တယ်။ တခြား စားစရာမရှိရင်တော့ ဒါစားမယ်ပေါ့။ လမ်းလျှောက်ရင် ပင်လယ်ကမ်းစပ်ဘက်အထိရောက်သွားတယ်။ ကမ်းခြေက ကျွန်မတို့အပြင် လူလေး ၂ယောက် ၃ယောက်လောက်ပဲရှိတယ်။ အဲ့ဒိမှာ ဆောင်းဦးမို့ထင်တယ် ရေကူးနေတဲ့သူ တစ်ယောက်မှမရှိဘူး။ နွေရာသီဆိုရင်တော့ ရေးကူးနေတဲ့သူတွေနဲ့ စည်ကားနေတဲ့ ဓာတ်ပုံတွေ မြင်ဖူးတယ်။ Oneroa ကမ်းခြေလေးက ချောင်းသာတို့ ငပလီတို့လို ပင်လယ်ကမ်းရိုးတမ်းအရှည်ကြီး မရှိဘူး။ နေရာလေးက ကျဉ်းပေမဲ့ သဲသောင်ဖြူလေးတွေနဲ့ ကမ်းခြေကနေတိုက်ခတ်တဲ့လေ၊ ရေလှိုင်းသံတွေကတော့ ကမ်းခြေရဲ့ လက္ခဏာနဲ့ ပြည့်စုံပါတယ်။ နေ့လည်ဘက်ဆိုတော့ နေထိုးတာနဲ့ ခဏပဲထိုင်ပြီး နေ့လည်စာစားဖို့ ပြန်တက်လာတယ်။ အရင်တွေ့ခဲ့တဲ့ ထိုင်းဆိုင်က ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ဝရံတာလေးနဲ့ဆိုတော့ ဈေးကြီးမယ်ဆိုပြီး ဝင်မစားဖြစ်ခဲ့တာ။ ခုမှ တခြားဘာစားရင်ကောင်းမလဲလိုက်ရှာတော့လဲ တခြားဘာမှ ထွေထွေထူးထူးမရှိဘူး။ ကိုယ်တွေက ပေါင်မုန့်ကို အစာပြေစားရုံလောက် သတ်မှတ်တာလေ။ ရှိတဲ့ဆိုင်တွေကလဲ ဘားတို့ Grill တို့ဆိုတော့ ကိုယ့်အတွက် တင်းတိမ်မဲ့အစားအစာမျိုး မရှိလောက်ဘူးလေ။

ပြောနေရင်လဲ ဆင်ခြေပေးသလိုဖြစ်မယ်။ အမှန်တော့ ကိုယ့်အတွက် အာသာပြေမဲ့ နေ့လည်စာကတော့ Red Crab ဆိုတဲ့ ကမ်းစပ်မျက်နှာမူထားတဲ့ ယိုးဒယားစားသောက်ဆိုင်လေးပါပဲ။ ဈေးကလဲ ကျွန်မတို့ စားဖူးတဲ့ တခြားဆိုင်တွေလောက်ပါပဲ။ အော့ကလန်းမှာစားခဲ့တဲ့ အာရှ Foodcourt လောက်တော့ မသက်သာဘူးပေါ့။ သူကတော့ စားသောက်ဆိုင်ကိုး။ ဒါပေမဲ့ ကျွန်မတို့ ထင်သလောက်တော့ ဈေးမကြီးပါဘူး။ သူ့ဈေးနဲ့ သူ့စားသောက်ဆိုင်အပြင်အဆင်ရယ်၊ ရှုခင်းရယ်နဲ့တင် တန်တယ်ထင်တာပါပဲ။ ၂ယောက်ပေါင်းမှ ၃၅ကျပ် ဝန်းကျင်ပဲကျပါတယ်။ သူက သူစားနေကျ တုမ်ယမ်းဟင်းချိုနဲ့ ကျွန်မကတော့ ထမင်းကြော်စားပါတယ်။ နယူးဇီလန်ရဲ့ နေရာတိုင်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ထိုင်းတွေ၊ တရုတ်တွေ၊ ကိုရီးယားတွေကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်မတို့တွေ စားရသောက်ရ အခက်ခဲ မဖြစ်ခဲ့ဘူး။ တစ်ဆိုင်မဟုတ်တစ်ဆိုင်တော့ ရှိတာပဲ။

The Oyster Inn ကနေ လမ်းကူးလိုက်ရင်ရောက်တဲ့နေရာ ထိုင်းစားသောက်ဆိုင်ရှိတဲ့လမ်း

ခုံနီလေးတွေနဲ့က Red Crab Thai Restaurent

Oneroa beach မြင်ကွင်း

လာသွားကြမယ်

ကမ်းခြေရောက်ပြီ

လူအရမ်းရှင်းတယ်။

ဒီနေ့ရာကို ရောက်ခဲ့ကြလေသတည်း

Waiheke Island's beautiful sky

Oneroa မြို့လေး

ခြံစည်းရိုးလေးက ချစ်စရာ

စားပြီး တည်းခိုခန်းပြန်တော့ အဲ့ဒိက အမျိုးသမီးက ကျွန်မတို့ကို Free Upgrade ဆိုပြီး ပိုကျယ်တဲ့အခန်းပေးပါတယ်။ သြစီနဲ့ နယူးဇီလန်က အဲ့လို မိသားစုပိုင် တည်းခိုခန်းတွေကို သဘောကျတာလေးတစ်ခုရှိတယ်။ သူတို့က လူနည်းနေတဲ့အချိန်ဆို အခန်းတွေ အလကားဖြစ်နေမဲ့အတူတူ လာတည်းတဲ့သူကို Free upgrade ပေးနေတယ်။ အခန်းလေးကို ဝင်လိုက်တာနဲ့ ကျွန်မ အခန်းလေးကို falling in love ဖြစ်သွားတယ်။ အိမ်ခန်းလေးလိုပဲ ချစ်စရာအရမ်းကောင်းတယ်။ အစက အိမ်ဟောင်းကြီးပုံစံဖြစ်မှာ Mr. Right က စိုးရိမ်နေတာ။ ခုကျတော့ အင်္ဂလိပ်ပုံစံ အိမ်အသစ်လေး။ အပေါ်က အမိုးကလေး ထုတ်တန်းလေးတွေမြင်နေရတော့ တောအိမ်လေးလိုပဲ။ တီဗွီထည့်တဲ့ ဘီဒိုကလည်း အရင်က သစ်သားဘီဒို ထူလဗြစ်ပုံ၊ ရေချိုးခန်းအိမ်သားကလဲ အကျယ်ကြီးပဲ။ ကတင်ဘေးမှာ လှဲအိပ်လို့ရတဲ့ ဆိုဖာရှိတယ်။ ပြတင်းပေါက်လဲရှိသလို အပြင်ထွက်လို့ရတဲ့ ဝရံတာလေးရဲ့ ရှုခင်းက စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေကြောင့် စိတ်တွေကြည်လင်ပြီး သဘောကျလိုက်တာ။ ၂ယောက်သား စားသောက်ပြီး ပင်ပန်းတာရော၊ နေ့လည်ဆိုတော့ နေပူသေးတာရော၊ ရာသီဥတုကအေးတော့ အိပ်ချင်လာတာရောကြောင့် ခဏနားမယ်ဆိုပြီး အိပ်ပျော်သွားတယ်။

စားကြမယ် သောက်ကြမယ်

ရှုခင်းလဲလှ စားလို့လဲကောင်း
၂ယောက်အတူ

တုမ်ယမ်းနဲ့ အမဲသားထင်တယ်

ထမင်းကြော်

ဗိုက်လဲတင်းပြီ... ရုပ်လဲ အလှမပြင်နိုင်ဘူး အချိန်မရလို့


ညနေ ၃နာရီလောက်ကျတော့မှ အောက်က ဘက်ထရီနဲ့ စက်ဘီးအငှားဆိုင်လေးမှာပဲ စက်ဘီးငှားဖို့ ဆင်းလာကြတယ်။ ဆိုင်က အမျိုးသားကြီးက သဘောတော့ကောင်းပါတယ်။ ဈေးဆစ်တာနဲ့ မျက်နှာကြီး တင်းသွားတာပဲ။ ဒါနဲ့ ဈေးမဆစ်ပဲ ၁စီး NZD 30 နဲ့ သူတို့ဆိုင်မပိတ်ခင် ညနေ ၆နာရီအထိ ငှားဖြစ်တယ်။ (တစ်နေ့လုံးငှားလဲ အမှန်တော့ အဲ့ဈေးပဲ) ကျွန်မစီးတဲ့စက်ဘီးက နည်းနည်းတော့ ပိုလေးပြီး စက်ဘီးအဟောင်း ဘာလို့လဲဆိုတော့ ကျွန်မက ရှေ့မှာ ခြင်းတတ်ခိုင်းသလို ခါးကုန်းမောင်းရတာကို သိပ်သဘောမကျဘူး၊ Mr. Right စက်ဘီးကတော့ မော်ဒယ်ပိုမြင့်တယ်။ ဂီယာကလဲ အော်တို၊ ကျွန်မစက်ဘီးကတော့ ဂီယာပြောင်းလို့ရတယ်။ ဆိုင်ထဲက စစထွက်ချင်းပဲ ၂ဘီးလောက်ပဲ လှိမ့်ရသေးတယ် Mr.Right ရဲ့ စက်ဘီးက ဘီးပေါက်လို့ ဆိုင်ကိုပြန်ပြောရတယ်။ ဒါတွေက နမိတ်တွေပဲလား၊ ကျွန်မတို့ကို စက်ဘီးမစီးဖိုးတားနေတာများလားလို့ စိတ်ထဲမတွေးမိခဲ့ဘူး။ အဲ့ဒိက E-bike ဘက်ထရီတွေက တော်တော်လေးကောင်းတယ်ပဲပြောရမလားမသိပါဘူး။ ပုဂံအီးဘိုက်တွေဆိုရင် ဆပ်ကပ်ထဲက မျောက်တွေလို အသေနင်းမှ နည်းနည်းလေးရွေ့တာ။ ဝိုင်ဟီကီက အီးဘိုက်ကျတော့ တစ်ချက် နင်းလိုက်တာနဲ့ ဝှီး ကနဲ အရမ်းအရှိန်တက်လို့ မနည်းအကျင့်ရအောင် လုပ်ယူရတယ်။ ဒါပေမဲ့ အဲ့ဒါက တောင်တက်တွေကျတော့ နင်းရ တော်တော်လေးသက်သာတယ်။ ကျွန်းတစ်ကျွန်းလုံးကတောင်တက်တွေဆိုတော့ သိပ်မပင်ပန်းဘူးပေါ့။ အဲ့ဒါကြောင့် စက်ဘီးဆိုင် ဆိုင်းဘုတ်လေးက “Flatten those Waiheke hills” (ဝိုင်ဟီကီတောင်ကုန်းတွေကို ပြန့်စေနိုင်တယ်) လို့ ရေးထားတာ။ ဘယ်တွေနင်းရမလဲ မသေချာတော့ အဲ့လူကြီးက အချိန်က သိပ်မရှိဘူးဆိုတော့ အရမ်းအဝေးကြီးတော့ သွားလို့မရဘူး။ Mudbrick ဝိုင်စိုက်ခင်းတွေ ဘာတွေဘက်ဆိုရင်တော့ အချိန်မှီလောက်တယ်တဲ့။ ရှုခင်းလှတယ်တဲ့။ ပြီးတော့ လိုရမယ်ရ မြေပုံပေးလိုက်တယ်။ အဲ့မြေပုံအောက်မှာ သူတို့ ဆိုင်ဖုန်းနံပါတ်ပါတယ်။ ဘီးပေါက် ဘတ်ထရီကုန်ဆို ဖုန်းဆက်ခေါ်လို့ရတယ်တဲ့။ ဒါနဲ့ အဲ့ဒိသွားမယ်။ မဟုတ်ရင်လဲ ဘီးဦးတည့်ရာလျှောက်သွားမယ်ဆိုပြီးထွက်လာလိုက်တယ်။

အိပ်ယာနဲ့ တီဗွီထားစင်

အိပ်ယာခေါင်းရင်းက ရေချိုးခန်း သန့်ပြန့်နေတာပဲ

သဘက် မသုံးဖြစ်ခဲ့ဘူး

အခန်းထဲက ဆိုဖာ ဖွထားပြီးပြီ

ပြတင်းပေါက် အပြင်ဖက် ဝရံတာက မြင်ကွင်း

စက်ဘီးစီးကြစို့ဟေ့

ရှုခင်းတွေက အသက်ရှုမှားလောက်တယ်။ 

စက်ဘီးကအတက်မှာ သက်သာတယ်ဆိုပေမဲ့ ကျွန်မဖြင့် တောင်ဆင်းတွေမှာ အရမ်းကိုသတိထားရပါတယ်။ လုံးဝ ခြေမနင်းတာတောင် အရှိန်က အသည်းအေးလောက်အောင် မြန်တယ်။ အရမ်း ကြောက်ပြီး ဘရိတ်မဖမ်းရဲဘူး အရှိန်နဲ့ စက်ဘီးရော လူရော ဒလိမ့်ကောက်ကွေးကျမှာစိုးလို့။ အဲ့ဒါကြောင့် ကုန်းဆင်းရင် ဘရိတ်ကို နည်းနည်းနည်းနည်းနဲ့ လက်ကဖမ်းပေးနေရတယ်။ လုံးဝမလွှတ်ဘူး။ နောက်တစ်ခု အန္တရာယ်ရှိနိုင်တာက တောင်ကုန်း တစ်ကုန်း အဆင်းအဆုံးနဲ့ နောက်တောင်ကုန်းအတက်အစ အနိမ့်ဆုံးနေရာမှာ တစ်ဖက်ကန့်လန့်ဖြတ်ကားလမ်းရှိနေရင် အရမ်းလန့်တယ်။ ကိုယ်က ဟိုဘက်တောင်ကုန်းကို တက်ဖို့ အရှိန်နဲ့ ဆင်းအလာ ကန့်လန့်ဖြတ်ကားကလဲ ကိုယ့်ကို မမြင်ပဲ ထွက်လာရင် တိုက်မိနိုင်တယ်။ လမ်းတွေက အရမ်းကားရှင်း လူရှင်းဆိုတော့ ကားတွေကလဲ အရှိန်ရှိသလို ဂရုတစိုက်ရော မောင်းနေကြရဲ့လားမသိ။ ကိုယ့်လို့ Tourists တွေ ကားငှားပြီး မောင်းနေတယ်ဆိုရင် လမ်းတွေကလဲ ကျွမ်းကျင်မှာ မဟုတ်ဘူးလေ။ ဒါတွေအားလုံးက စက်ဘီးစီးနေတဲ့ ကျွန်မခေါင်းထဲမှာရှိပါတယ်။ စက်ဘီးနဲ့ တောင်ကုန်းတွေကို ဆင်းတိုင်း စက်ဘီးငှားမိတာ မှားများမှားပြီလားလို့ဆိုတဲ့ အတွေးခေါင်းထဲရောက်တယ်။ ဒါပေမဲ့ လမ်းမှာ ရပ်ချင်တဲ့နေရာရပ်ပြီး ရှုခင်းတွေကိုကြည့်လို့ရ ဓာတ်ပုံရိုက်လို့ရတော့လဲ ပျော်နေတာပဲ။ Mr.Right ကတော့ ဘယ်လိုခံစားရသလဲဆိုတာ သူကိုယ်တိုင်ပဲသိမယ်ထင်တယ်။

Moment of Terror at Mudbrick lane

ဝိုင်စိုက်ခင်းတွေကလှသလို တစ်ဖက်ကမ်းက အော့ကလန်းမြို့ကြီးကိုလှမ်းမြင်နေရတဲ့ ဝိုင်ဟီကီ ကျွန်းအစွန်ဖျားအထိ ကျွန်မတို့တွေ စက်ဘီးနင်းခဲ့ကြပါတယ်။ Mudbrick ဝိုင်စိုက်ခင်းဆိုင်ကိုတောင် ဖြတ်ပြီး လုံးဝလမ်းဆုံး ဆက်သွားလို့မရတဲ့အထိ နင်းဖြစ်ခဲ့ပါတယ်။ လူရော ကားရော တစ်စီးတစ်လေမှမတွေ့ပဲ တစ်လောကလုံးမှာ ကျွန်မတို့ ၂ယောက်တည်းပါပဲ။ တခြားလူတွေနဲ့ တိုးဝှေ့နေရတဲ့ ခံစားချက်မျိုးကို မကြိုက်တဲ့သူတွေ နယူးဇီလန်ကို လာလည်သင့်ပါတယ်။ လမ်းဆုံးမှာ ခြံဝန်းတစ်ခုရဲ့ ဂိတ်ပေါက်မှာ လမ်းဆုံးသွားပါတယ်။ အဲဒိလမ်းက Mudbrick Lane လို့ခေါ်တယ်။

အရမ်းအရမ်းလှ (ရှုခင်း)

လေကောင်းလေသန့်လဲ ရှုရင်း ရာသီဥတုအေးအေး စက်ဘီးစီးရင်း

ရှေ့မှာဘာဖြစ်မယ်ဆိုတာ ကြိုမသိတဲ့ သဘာဝအတိုင်း လူဆိုတာ တစ်ခုခုဆို ကိုယ်မဖြစ်လောက်ပါဘူးလို့ပဲယူဆကြတာလေ။ သေချင်းတရားဆိုတာလဲ ကြီးတယ်ငယ်တယ်မရှိ အချိန်မရွေး ကိုယ့်ဘေးမှာ ယှဉ်လျက်ရှိနေတာပဲလေ။ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဘယ်အရာပဲဖြစ်ဖြစ် တရားရလောက်ပါတယ်။ ဒါပေမဲ့လဲ ဒီသံသရာထဲ ကိလေသာတွေ မပျက်နိုင်သေးတဲ့ လူထဲက လူတစ်ယောက်ပီပီ တောမထွက်နိုင်သေးတော့ ဒီအဖြစ်အပျက်လေးက ကျွန်မအတွက် သူဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မျက်ဝါးထင်ထင်ပြလိုက်တယ်လို့ပဲ ယူဆရတော့မှာပေါ့။ တချိန်တည်းမှာပဲ နောင်တစ်ချိန်မလွဲမသွေကြုံတွေ့ရမဲ့ ခွဲခွာခြင်းလောကဓံရဲ့ ပုံရိပ်ကို ကြိုမြင်ပြီး စိတ်ထဲ ကြိုပြင်ဆင်ထားဖို့ အတွေးဝင်မိတယ်။

သေခြင်းတရားကြောင့် ခွဲခွာကြရမယ်ဆိုရင် ကျန်ခဲ့တဲ့သူဖြစ်ရမှာကို ကျွန်မပိုကြောက်တယ်။ အဲလိုပြောရင် “ဖွဟဲ့ ဖွဟဲ့” ဆိုပြီး စိုးရိမ်တကြီး သူအမြဲ လုပ်တယ်။ တရားကို အပြည့် နက်နက်နဲနဲမသိသေးတော့လဲ ကိုယ့်ဘေးက ကိုယ်အလေးထားတဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ဒီလိုအချိန်မျိုးတွေကြုံတွေ့ရမယ်ဆိုရင်ဆိုတဲ့ အတွေး စိတ်ထဲရောက်လာတိုင်း မျက်ရည်လည်မိတုန်းပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ လူတိုင်းကြုံတွေ့ရမှာပဲလေ။ ပြောပြန်ရင်လဲ ကြီးကြီးကျယ်ကျယ်ပြောတယ်ဖြစ်မယ်။ ဒါပေမဲ့ သိဒ္ဓတ္ထမင်းသား အားလုံးကို သဘောပေါက်ပြီးတောထွက်သွားတုန်းက ခံစားချက်နဲ့ စိတ်ပြင်းအားကို မြူမှုံတစ်ဆလောက် သဘောပေါက်မိပြီး တကယ်အားကျ ကြည်ညိုမိတယ်။ ကိုယ်မှ မလုပ်နိုင်တာပဲ။

ချစ်အမျှ

မနက်ဖြန်မရှိတော့တဲ့အတိုင်း ဘဝကို ပျော်ပျော်နေပါ။ “Live like there is no tomorrow”
မနက်ဖြန်မရှိတော့တဲ့အတိုင်း ရီမောလိုက်ပါ။ “Laugh like there is no tomorrow”
မနက်ဖြန်မရှိတော့တဲ့အတိုင်း ချစ်ပါ။ “Love like there is no tomorrow”

ဆိုတဲ့စကားတွေက အချိန်တိုင်းကို တန်ဖိုးထားဖို့အတွက် သတိပေးတဲ့ ဆောင်ပုဒ်လေးတွေပဲ။ စိတ်ညစ်စရာတွေချည်းတွေးပြီး စိတ်ဖိစီး နေမဲ့အစား ကိုယ့်စိတ်ကိုကိုယ်ဖြေပြီး ပေါ့ပေါ့ပါးပါးနေပါ။ ကိုယ်ချစ်တဲ့သူတွေကို စိတ်ဆိုးနေရင်တောင်မှ လက်ရှိအတူရှိနေတဲ့အချိန်လေးကို တန်ဖိုးထားပြီး တစ်ဦးနဲ့တစ်ဦး ပြေလည်အောင် စိတ်ချမ်းသာအောင်ထားပါ။ အချိန်လွန်မှနောင်တရ တောင့်တနေတာထက် လက်ရှိအချိန်က အရေးကြီးဆုံးဖြစ်ကြောင်း ဖော်ညွှန်းတဲ့စာလေးတွေပေါ့။ အထူးသဖြင့် လူဆိုတာ ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်ဆိုတဲ့ ဆိုရိုးစကားလဲရှိတယ်ဟုတ်?
Mudbrick Lane အဆုံးလေးမှာ ခရီးတစ်ခုလုံး ကျွန်မအကြိုက်ဆုံးပုံလေးကို သူရိုက်ပေးတဲ့အချိန်အထိ နောက် ၅မိနစ်နေဖြစ်ပျက်မဲ့ ကံကြမ္မာကို ကျွန်မတို့ ဘယ်သိခဲ့မလဲ။ ဓာတ်ပုံရိုက်ပြီး အဲဒိ လမ်းဆုံး တောင်ကုန်းဆင်းလေးကနေ ကျွန်မတို့ ပြန်အဆင်း။ အဲ့ဒိလမ်းလေးက ကတ္တရာလမ်းဆိုပေမဲ့ ကတ္တရာလမ်းအောက်က ကျောက်ခဲသေးသေးလေးတွေအများကြီး လမ်းပေါ်မှာရှိတယ်။ ကျွန်မတောင် ကားဘီးရာလေးအတွင်းထဲပဲ စက်ဘီးကိုလိုက်မောင်းတယ်။ ဘေးဘက်တွေမှာ ကျောက်ခဲသေးသေးလေးတွေများလို့ ပြီးတော့ ကုန်းဆင်းကတော်တော်လေးမက်စောက်တော့ ဘရိတ်ကို လက်ကညစ်ညစ်ပြီး ဖြည်းဖြည်းပဲဆင်းတယ်။ ကျွန်မက ကြောက်တော့ ရှေ့က အရင်ဆင်းတယ်။

ဝါးဟားဟား... Here I am...

နောက် ၅ မိနစ်လောက်မှာ ဘာဖြစ်မယ် မသိခင် သူရိုက်ပေးတဲ့ အကြိုက်ဆုံးပုံ

ကျွန်မတောင်ကုန်းအောက်ရောက်လို့ မြေပြန့်လေးပေါ်စမောင်းတဲ့ အချိန်မှာ နောက်ကနေ ဝုန်းအုံးဆိုပြီး စက်ဘီးမှောက်တဲ့အသံကို ကျွန်မကြားလိုက်တော့တာပါပဲ။ ကျွန်မစက်ဘီးကလဲ တောင်ဆင်းခါစဆိုတော့ ချက်ချင်းတော့ ရပ်လို့မရသေးသလို ရိုးရိုးစက်ဘီးမှောက်ရုံလောက်ပဲ ဘယ်လောက်မှ ဆိုးဆိုးရွားရွား မဖြစ်လောက်ပါဘူးလို့ပဲ စိတ်ထဲ ထင်နေတယ်။ ချက်ချင်းနောက်လှည့်ကြည့်လို့ ကျွန်မပါမှောက်ပြီး ဒဏ်ရာပိုကြီးသွားအုံးမယ်။ “မှောက်ပြီ!!” ဆိုပြီးပဲ ရေရွတ်မိလိုက်တယ်။

စက်ဘီးကို ရပ်ပြီး လှည့်ကြည့်တော့ နောက်က တောင်ကုန်းခြေရင်းမှာ စက်ဘီးကတခြား လူကတစ်ခြား လူကတော့ ဒူးထောက်နေပြီး လက်မှာတော့ ပွန်းရာတွေတွေ့တယ်။ ပြီးတော့ ပါးစပ်တွေ နှာခေါင်းတွေက သွေးတွေအများကြီးထွက်နေတယ်။ မျက်နှာတစ်ခုလုံးသွေးတွေချည်းပဲတွေ့လိုက်ရတဲ့အချိန် ကျွန်မ ပူထူသွားပြီ။ စက်ဘီးကိုတောင် ဒေါက်မထောက်နိုင်တော့ပဲ ပြစ်ချပြီး သူ့ဆီအမြန်ပြေးသွားတယ်။ သူ့ဆီကို ပြေးသွားရတဲ့ ခြေလှမ်း ၁၀လောက်က ၁၀ကမ္ဘာလောက်ကြာတယ်ထင်ရတယ်။ အဲဒိစက္ကန့်ပိုင်းအတွင်း ကျွန်မခေါင်းထဲဖြတ်ပြေးသွားတဲ့ အတွေးတွေ စိုးရိမ်စိတ်တွေ Scenerio တွေက အများကြီးပဲ။ သွားတွေများ ပြုတ်ထွက်ကုန်ပြီလား။ သွေးတွေ ပါးစပ်နဲ့ နှာခေါင်းက အဲ့လောက်ထွက်နေတော့ အတွင်းက ကလီဆာတစ်ခုခုများဖြစ်သွားမလား။ မပြောကောင်းမဆိုကောင်း အဆိုးဆုံး အခြေအနေဖြစ်သွားရင် ငါဘယ်လိုလုပ်မလဲ။ ငါတစ်ယောက်တည်းကျန်ခဲ့တော့မှာလား။ ခုမှ ဟန်းနီးမွန်းပဲရှိသေးတယ် ငါမုဆိုးမဖြစ်တော့မလားဆိုတဲ့ အတွေးဆိုးကြီးအထိ ကျွန်မစိတ်ထဲခြောက်လှန့်ခဲ့တယ်။ ဒီနေရာမှာ ကျွန်မကို အတ္တကြီးတယ်ပဲဆိုဆို လောကမှာ လူတိုင်းက ကိုယ်ချစ်တဲ့သူတွေ ခွဲခွာသွားရင် ငိုကြ ဝမ်းနည်းကြတယ်ဆိုတာရဲ့ အခြေခံကျကျ ခံစားချက်ကဘာလဲ။ သေသွားတဲ့သူက ဘာမှ မှ မခံစားရတော့တာ။ သနားတယ်ဆိုတဲ့ ခံစားချက်ကို အသေအချာ ကိုယ့်စိတ်ကို စမ်းစစ်ပြီး အမှန်ကို လက်ခံမယ်ဆိုတရင် တကယ်တော့ လောကကြီးကို ကိုယ်တစ်ယောက်တည်း ဆက်လျှောက်ရတော့မယ့်၊ ကိုယ်အားကိုးတဲ့ ကိုယ်ချစ်တဲ့ ဆိုးအတူကောင်းဖက် တိုင်ပင်ပေါ်တိုင်ပင်ဖက် အရင်းနှီးဆုံးလူတစ်ယောက်ဆုံးရှုံးသွားလို့ ကိုယ့်အတွက် ကိုယ်ငိုနေကြတယ်လို့ပြောရင် မှန်သင့်သလောက်တော့မှန်မယ်။ အိမ်ထောင်ဖက်မှ မဟုတ်ဘူး ကိုယ့်မိသားစု အသိုင်းအဝိုင်းက လူတွေနဲ့ တစ်နေ့ကျ သေခွဲခွဲရမယ်ဆိုတာ သိရက်နဲ့ တကယ်ကြုံတဲ့အခါ ဝမ်းနည်းတာ ကိုယ့်အတွက် စိတ်အင်အားပေးနေတဲ့ ရပ်တည်မှု မရှိတော့လို့ ဝမ်းနည်းကြတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုလဲ ပါမယ်ထင်တယ်။

(အဲ့ဒါကြောင့် ကြားဖူးတာရှိတယ်။ ယောက်ျားသေလို့ လူးလှိမ့်ငိုတဲ့ မယား ၁ပတ်နဲ့ နောက်လင်ယူတယ်။ အသုဘမှာ တည်ငြိမ်တဲ့ မယားက တရားဘောင်ဝင်တယ်ဆိုတာလေ။ လူဆိုတာ သေမျိုးချည်းပဲကိုး) (ခုဒါတွေရေးထားတာ သူတွေ့ရင် “ဖွဟဲ့… ဖွဟဲ့” ဖတ်ရင်းနဲ့ လုပ်နေအုံးမှာ။ ခုကျွန်မလဲ ရေးသာရေးတယ် ကိလေသာမကုန်သေးလေတော့ ဖွဟဲ့ ဖွဟဲ့ လွဲစေ။ပယ်စေ ပါလို့ မပြေးသော်ကာရံရှိ လုပ်လိုက်ပါတယ်။)

ခံစားချက်တွေ ပေါင်းစုံနေပေမဲ့ မျက်ရည်ကျလို့ ဘာမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာတော့ ကျွန်မ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုတွေက သိနေတယ်။ ကိုယ်ငိုချင်ပါတယ်။ ဒါပေမဲ့ ငိုတာထက် တစ်ခုခုပိုအကျိုးရှိမှာကို လုပ်ရမယ်။ ဒီအချိန်မှာ ကျွန်မကပါ ချုံးပွဲချနေလို့ရတဲ့ အခြေအနေမဟုတ်ဘူး။ (ခု ဒီပိုစ့်ကိုပြန်ရေးနေရင်းနဲ့မှ စဉ်းစားမိပြီး မျက်ရည်ဝဲ ချိန်ရတော့မှ ဝဲမိပါတယ်။ ကျွန်မလောက် ကိုရီးယားကားကြည့်ပြီး တရွဲရွဲငို၊ တစ်ခါတစ်လေ အွန်လိုင်းပေါ်တွေ့တဲ့ ဗွီဒီယိုကြည့်ရင်းငိုတတ်တဲ့သူ အဲ့ဒိအချိန်က မျက်ရည်ထွက်လဲ ဘာမှ မထူးဘူးဆိုတာ သိပေမဲ့ တကယ်ပဲ မျက်ရည်ထွက် မလာတာကိုယ့်ကိုကိုယ် အံ့သြမိပါတယ်။) ကိုယ့်စိတ်ထဲ သိထားတာ ဒိထက် အခြေအနေမဆိုးအောင် ဘာလုပ်ရမလဲဆိုတာပဲ။




သူ့အနားရောက်တော့ မျက်နှာတစ်ခုလုံးသွေးတွေတွေ့တော့ ခြေတွေလက်တွေတုန်နေပေမဲ့ အရင်ဆုံး သွေးတိတ်အောင် တစ်ခုခုနဲ့ ဖိထားဖို့ပါပဲ။ ပြစ်ထားခဲ့တဲ့ စက်ဘီးခြင်းထဲမှာ ခရီးသွားရင် ဆောင်တတ်တဲ့ Wet Tissue ပါတော့ တခါ စက်ဘီးဘက်ကို ပြန်ပြေးပြီး ယူရပါတယ်။ ဟိုနဲ့ ဒီဘယ်လောက်မှ မဝေးတဲ့နေရာ ၂ခုကို ပြေးနေရတာ အိပ်မက်ထဲ ပြေးနေရတဲ့အတိုင်း မရောက်နိုင် နှေးလွန်းတယ် ထင်မိပါတယ်။ Wet tissue သူ့ကိုပေးပြီး မျက်နှာပေါ်က သွေးတွေရော ဖုန်တွေရောကို သုတ်တော့မှ သွေးက ပါးစပ်ထဲနဲ့ နှာခေါင်းထဲက ထွက်နေတာမဟုတ်ပဲ နှာခေါင်းပေါက်နဲ့ အပေါ်နှုတ်ခမ်းကြားက ကွဲနေတာပါ။ ပါးစပ်ထဲကထွက်တယ်ထင်ရတဲ့ သွေးက တကယ်တော့ မေးစေ့ကွဲတာပါ။ ကျတုန်းက လက်ထောက်လိုက်ချိန်မှာ လက်ကလဲ လမ်းပေါ်က ခဲသေးသေးလေးတွေဆိုတော့ ထပ်ချော်ပြီး လက်တွေလဲ ပွန်း မျက်နှာနဲ့ထပ်ကျတော့ မေးနဲ့ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားကွဲ ကုန်တော့တာပေါ့။ သူသွေးတွေသုတ်နေတဲ့အချိန် ကျွန်မခေါင်းထဲ ဘာဆက်လုပ်ရမလဲ စဉ်းစားနေမိပါတယ်။ ကျွန်မတို့ရောက်နေတဲ့ နေရာက လူမပြောနဲ့ နွားတွေ သိုးတွေလို သက်ရှိတောင် တစ်ကောင်လောက်ရှိရဲ့လားမသိပါဘူး။ ပြီးတော့ မြို့ထဲကနေ စက်ဘီးစီးထွက်လာတာ ၁နာရီကျော် နင်းလာပြီးပြီဆိုတော့ ပြန်နင်းရင်တောင် ၁နာရီကျော်ပြန်ကြာမှာပါ။ ဒါပေမဲ့ သူ့အခြေအနေကိုကြည့်တော့ သူက သတိလဲ မလစ်ဘူး။ စကားလဲပြောနိုင်တယ်။ မတ်တပ်လဲရပ်နိုင်ပါတယ်။ ဒီတော့ ဒဏ်ရာက အပြင်ပွန်းတာလောက်ပဲထင်ရပါတယ်။ ဒါပေမဲ့ သေချာ မစစ်ဆေးရသေးပဲတော့ စိတ်ပူရတာပါပဲ။ ဒါနဲ့ ကျွန်မတို့ အမြန် မြို့ကိုမပြန်နိုင်ရင်တောင် အနည်းဆုံး လူရှိမဲ့နေရာ MudBrick winery လောက်ကို ပြန်စက်ဘီးစီးပြီး အကူအညီတောင်းလို့ရရင် ရလောက်မယ်ပေါ့။ အဲဒိကို ပြန်မောင်းမယ်ဆိုရင်တောင် စက်ဘီးနဲ့ မိနစ် ၂၀လောက်တော့ ပြန်နင်းရမှာပါ။

အဲဒိအချိန်မှာ ပိုခက်တာက။ သူ့အရှေ့ဘီး လက်ကိုင်က လိမ်သွားပါတယ်။ စီးဖို့မပြောနဲ့ တွန်းလို့တောင် မရပါဘူး။ Alignment မမှန်တော့ ဘီးကြီးက ခွေပြီး တွန်းနေရတာ ခရီးမပေါက်ပါဘူး။ ၂ယောက်သား ဘက်ထရီနဲ့ ရွှီးကနဲ နင်းခဲ့တဲ့ တောင်ကုန်းတွေကို ဒါတွန်းပြီး လမ်းလျှောက်မယ်ဆို လမ်းမှာတင် ညမိုးချုပ်သွားဖို့ မြင်နေပါတယ်။ သူကတော့ သူလျှောက်နိုင်တယ်။ ရတယ် ကိစ္စမရှိဘူးပြောနေပေမဲ့ ဒီနေရာမှာ သူ့စကားကို သိပ်ယုံလို့မဖြစ်ဘူး။ သူနဲ့ ကျွန်မနဲ့က အဲ့ဒိမှာ Type မတူဘူး။ ကိုယ်ဖြစ်နေတာကို ကိုယ်အသိဆုံး အမှန်အတိုင်းပြောပေါ့။ အဲ့လိုပြောလိုက်လို့ ကျွန်မ စိတ်ပူသွားမှာစိုးလို့ ဟန်ဆောင်နေတာမျိုး သူလုပ်တတ်တယ်။ အခက်အခဲတစ်ခုခုရှိပြီဆို တစ်ဖက်လူစိတ်ပူမှာစိုးလို့ အားလုံးအဆင်ပြေနေသယောင် ကြိတ်နေတတ်တာ သူ့အကျင့်။ မေးလိုက်ရင် အားလုံးအဆင်ပြေတယ်လို့ပြောနေကျဆိုတာ ကိုယ့်ရှေ့မှာတင် မြင်နေကျ။ အားမရတာက သူဟန်ဆောင်နေတော့ရော ကျွန်မက စိတ်မပူနေရလို့လား။ အခြေအနေအမှန်ကို ပြောပြမှ ကျွန်မလဲ လုပ်သင့်တာကို လုပ်နိုင်မယ်။ စိတ်ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်မယ်လေ။ စိတ်ပူရတဲ့အထဲ သူ့မျက်နှာ အခြေအနေကိုပါ လိုက်ဖတ်နေရတာက ကျွန်မအတွက် ပိုစိတ်ပင်ပန်းစေတယ်။ ကူညီပါရစေဖုန်းခေါ်မလို့ဟာလဲ သူတို့နိုင်ငံ hotline နံပါတ်က မသိ။ ၉၁၁ လား ၁၁၉ လား ၉၉၉ လားမရေရာ။ အင်တာနက်ကရှာရင်တော့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျွန်မတောင်းထဲ လိုရမယ်ရထည့်ပေးလိုက်တဲ့ စက်ဘီးဆိုင်က မြေပုံအောက်ထောင့်က ဖုန်းနံပါတ်ကို သတိရသွားပြီး အဲ့ဒိကို ကျွန်မ ဖုန်းခေါ်လိုက်တယ်။ သူကတော့ စက်ဘီး ဟန်ဒယ်ကို ပြန်တည့်အောင် ကြိုးစားကြည့်နေတယ်။ သွေးက စစချင်းလောက် မများတော့ပေမဲ့ ထွက်တော့ထွက်နေတုန်း။ ကျွန်မလောက် ဖုန်းပေါ်က စကားပြောရတာကို မကြိုက်တာ ကျွန်မပဲ။ အထူးသဖြင့် အင်္ဂလိပ်လို ဖုန်းပေါ်ကပြောရတာကို ပိုမကြိုက်ဘူး။ ကွန်ပလိန်းတက်ချင်လို့တောင် တော်ရုံဖုန်းနဲ့ ကွန်ပလိန်းမတက်ဘူး။ အဲ့ဒါက ရှင်းပြလို့မရတဲ့ ကျွန်မရဲ့အကျင့်။ ဒါပေမဲ့ ခုက သေရေးရှင်ရေး သူ့အတွက်ဆိုတော့ ကျွန်မခေါ်ရပြီပေါ့။

ဖုန်းဖြေတော့ အမျိုးသမီးတစ်ယောက်အသံ။ ကျွန်မတို့ စက်ဘီးငှားစီးတဲ့သူပါ။ ခု စက်ဘီးမှောက်တာ သွေးတွေအများကြီးထွက်နေတယ်။ ဆိုပြီး ကိုယ်လဲ ဘလုံးပထွေးတော့ ဖြစ်ပြီး ပြောမိတာပေါ့။ ဖုန်းဖြေတဲ့ အမျိုးသမီးက စိတ်အေးအေးထားပြီး ပြောပါ။ ခု ဘယ်မှာလဲတဲ့။ လမ်းဆုံးပဲ Mudbrick lane မှာလို့ပြောတော့။ သူက MudBrick Winery နဲ့ မှားပြီးနားလည်လိုက်မှန်း ကျွန်မသိတယ်။ ဒါပေမဲ့ ကိုယ့်အင်္ဂလိပ်အသံပဲ မကောင်းလို့လားမသိဘူး သူကလဲ Mudbrick lane ကို မသိဘူး။ ဒါနဲ့ပဲ ဝိုင်ဆိုင်ကိုပဲ လာခဲ့လို့ပြောလိုက်တယ်။ အဲဒိနားထိရောက်ရင်လျှောက်မယ်။ မရောက်ရင်လဲ သူဖုန်းဆက်တော့ ထပ်ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒိအမျိုးသမီးက သူကားနဲ့ ခုချက်ချင်းလာခေါ်မယ်လို့ပြောလိုက်တာ ကယ်တင်ရှင် မေခလာနတ်သမီးအသံကြားရသလိုပဲ။

ကျွန်မတို့လဲ အဲ့ဒိ လမ်းသွယ် အဆုံးကနေ ထွက်ပြီး လမ်းမပေါ်အတိုင်း Mudbrick Winery လားရာကို လျှောက်လာတယ်။ အဝေးကြီးလိုသေးတာကိုတော့သိပါတယ်။ အနည်းဆုံး လမ်းမပေါ်တော့ ရောက်လာသေးတာပေါ့။ သိပ်တောင် မကြာဘူး သူကဖုန်းဆက်တယ်။ Mudbrick ကိုရောက်နေပြီတဲ့။
ကျွန်မက “It’s not Mudbrick Winery.It’s Mudbrick lane. It is a dead end Road. The very end Road’ လို့ပြောတော့။ အင်း ဘယ်မှ မသွားနဲ့ သူလာခဲ့မယ်တဲ့။ ကျွန်မတို့လဲ အဲ့ဒိ Mudbrick lane နဲ့ လမ်းမနဲ့ ဆုံတဲ့ လမ်းဆုံမှာပဲ စောင့်နေလိုက်တယ်။ တော်ကြာ ဆက်သွားရင် လွဲသွားအုံးမယ်လေ။ ခဏနေတော့ Maori နဲ့ ဘိုနဲ့ အစပ်ထင်တယ် အသားခပ်ညိုညိုပေမဲ့ မျက်နှာကတော့ ဘိုရုပ်ပဲ အမျိုးသမီး ကားနဲ့ရောက်လာတယ်။ သူကားမှာ စက်ဘီးတွေတင်ဖို့ Stand နောက်မှာ ပါလာပြီးသား။ သူ့သားလေး ၅-၆နှစ် အရွယ် ကလေးတစ်ယောက်လဲပါတယ်။ သူက ဘာမှ မလုပ်ခင် Mr.Right မျက်နှာကို အရင် ဆေးနဲ့ သန့်စင်အောင် ပိုးသတ်ရမယ်ဆိုပြီး သူ့ရဲ့ First Aid kid ဗူးကို ထုတ်လာတယ်။ အမျိုးသမီးက တည်ကြည်ပြီး အေးဆေးတယ်။ အတွေ့အကြုံလဲ ရှိပုံရတယ်။ သူက မေးစေ့နဲ့ နှုတ်ခမ်းက ကွဲရာတွေကြည့်ပြီး ဘုရားတပြီး သနားပါတယ်။ ဖြစ်ရလေ လို့တော့ ပြောတယ်။ သူ့လက်ကို အရင် ဆေးနဲ့ သန့်စင်ပြီးအေးအေးဆေးဆေး သေသေချာချာ ဆေးထည့်ပေးတယ်။ သွေးသံရဲရဲလဲ ကြောက်ပုံမရဘူး။ ဒါက ဆေးခန်းမသွားခင် အရင် ကာကွယ်တာတဲ့။ ညနေ ၅နာရီခွဲလောက်ရှိပြီဆိုတော့ ဘယ်ဆေးခန်းဖွင့်လဲဆိုတာ သူ့သူငယ်ချင်းကို ဖုန်းဆက်မေးပေးမယ်ဆိုပြီး သူပဲ ဖုန်းခေါ်မေးတယ်။ ကျွန်မတို့ ဟော်တယ်နဲ့ နီးတဲ့ဆေးခန်းက ပိတ်လောက်ပြီမို့ တခြားဆေးခန်းဖွင့်တာရှိမရှိ သူ့သူငယ်ချင်းက ပြန်ဖုန်းခေါ်တာကို စောင့်ရင်း ဆေးထည့်။ ပြီးတော့ ကျွန်မတို့ စက်ဘီးတွေကို သူတစ်ယောက်ပဲ သေသေချာချာကားနောက်ဘက်က တန်းတွေပေါ်တင်။ ကြိုးနဲ့ သေသေချာချာတုတ်။ သူ့ကြည့်ရတာ ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသမီးလိုပဲ။

ကားပေါ်ရောက်တော့ သူ့သားလေးလဲ ဒီနေ့ စက်ဘီးမှောက်လို့ ဆေးခန်းသွားပြမလို့လုပ်တုန်း ကျွန်မတို့ ဖုန်းဝင်လာတာတဲ့။ သူက အော့ကလန်းကို မနက်ကသွားနေတာ။ ပြန်အလာ သူ့သား စက်ဘီးမှောက်တဲ့သတင်းရတာပဲတဲ့။ ဒီနေ့ စက်ဘီးတွေတော်တော်မှောက်ကြတာပဲတဲ့။ အမျိုးသမီးက ဖော်ရွေပြီး ဂရုဏာစိတ်ရှိတယ်လို့ ခံစားရတယ်။ ကျွန်မတို့က ဟန်းနီးမွန်းလာတာဆိုတော့ သူက သူ့နိုင်ငံမှာ ခုလို ဖြစ်ရတာ စိတ်မကောင်းကြောင်း တောင်းပန်နေသေးတယ်။ ကျွန်မက ရပါတယ် တစ်ခါတစ်လေ အဲ့လို ကမောက်ကမတွေက ပြန်တွေးတိုင်း ပိုပြီး အမှတ်ရစရာအဖြစ်အပျက်တွေ အဖြစ်ရှိနေတတ်ပါတယ်လို့။ သူ သတိမလစ် စကားပြောနိုင်နေသေးတာပဲ တော်လှပြီလေ။ အမှန်ဆို ကျွန်မတို့ ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းမှာတော့ ဒါ သူ တောင်းပန်စရာတောင် မလိုတဲ့ ကိစ္စလို့ သတ်မှတ်မယ်ထင်တာပဲ။ ဘာပဲပြောပြော သူတို့နိုင်ငံလာလည်တဲ့ ဧည့်သည်ကို ခုလို ပြူပြူငှာငှာနဲ့ လိုအပ်တဲ့ အကူအညီပေးတာပဲဖြစ်စေ၊ သူ့စက်ဘီးငှားစီးတဲ့ Customer မို့ Customer Service ကောင်းတာပဲဖြစ်စေ ဒါဟာ သူတို့တစ်နိုင်ငံလုံးကို တိုးရစ်တစ်ယောက်ရှေ့မှာ ဂုဏ်ဆောင်နေတာပဲလို့ ထင်တယ်။ ခု ကျွန်မကလဲ Kiwi တွေ သိပ်ဖော်ရွေတယ် ရိုးသားကူညီတယ်လို့ ဒီဘလော့ပေါ်ရေးမယ်။ တခြားနိုင်ငံက လာလည်တဲ့သူတွေကလဲ တစ်ဦးစကား တစ်ဦးကြား အဲလိုရေးမယ်ဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နယူးဇီလန်နိုင်ငံသားတွေက နိုင်ငံကြီးသားပီသတယ်ဆိုပြီး ကမ္ဘာမှာ ခေါင်းမော်နိုင်တယ်လေ။

၂၄နာရီဆေးခန်းကိုရောက်တော့ ဆရာဝန်က ၆နာရီမှ လာမယ်တဲ့။ Register အရင်လုပ်ပြီးစောင့်နေလိုက်တယ်။ အဲဒိ အမျိုးသမီးကြီးက စိတ်မပူနဲ့ သူ့သားကိုပြန်ပို့ပြီးရင် သူစောင့်ပေးမယ်တဲ့။ သူပျောက်သွားလို့ မစိုးရိမ်နဲ့နော်တဲ့။ ဟုတ်တယ်လေ သူ မစောင့်ပေးရင် ကျွန်မတို့ တည်းခိုခန်းဘယ်လိုပြန်မလဲ? အဲ့ဒိက ညနေ ၆နာရီကလဲ မိုးချုပ်နေပြီ။ လူကရှင်းသေး။ အဲ့ဒိအမျိုးသမီးကို အရမ်းအားနာသလို ကျေးဇူးလဲတင်တယ်။ အမှန်တော့ အားကိုးမိပါရဲ့။ ကိုယ်နဲ့ တစ်ခါမှ မသိ၊ ဘာမှ ကျေးဇူးခံကျေးဇူးသားမရှိ နောင်လဲ ဆက်ဆံရမဲ့သူတွေလဲ မဟုတ်တဲ့ ကျွန်မတို့ကို မညီးမငြူ စေတနာထား ကူညီပေးတာ ဒီလိုမျိုး ကိုယ်နဲ့ အပြင်မှာ သိပြီးသား အပေါင်းအသင်းတွေကို အတုံ့အလှည့် မယူပဲ ကူညီနိုင်မဲ့သူ ဘယ်နှစ်ယောက်ရှိမလဲ တွေးမိတယ်။

ဆေးခန်းက Nurse တွေကတောင် ကွဲရာကိုကြည့်ပြီး “Eww… တော်တော်ပြင်းတာပဲ” ဆိုပြီး သူ့ဝိုင်းသနားနေကြတယ်။ နောက်တော့ ဆရာဝန် မလာခင်ပဲ အနာကို ပိုးဝင်မှာစိုးရင် မေးခိုင်လို ပိုးသတ်ဆေးလားဘာလားတော့မသိပါဘူး။ ဒါပေမဲ့ အဲလို ပိုးကာကွယ်ဆေး ထိုးမလားမေးတော့ ထိုးမယ်ပြောလိုက်တယ်။ Travel Insurance ဝယ်လာတော့ ဆေးခန်းစရိတ်ဘာမှ စိတ်ပူစရာမလိုဘူးလေး။ ဆရာဝန်က ခပ်ငယ်ငယ် ဘိုပဲ။ တွန်ခရုလိုလိုဘာလိုလို။ (သူတို့အနောက်တိုင်းသားတွေ အရှေ့တိုင်းသားမြင်ရင် တစ်ပုံစံတည်းမခွဲတတ်ဘူးလို့ ပြောတတ်ကြသလို။ ကိုယ်တွေလဲ ဘိုပိန်ပိန်ချောချော စမတ်ကျကျဆို အကုန် တွန်ခရုနဲ့ တူတယ်လို့ပဲ ထင်မိတာပဲ)။ ဆရာဝန်သာပြောတယ် ဟိတ်ကြီးဟန်ကြီးမရှိဘူး။ ရွှတ်နောက်နောက်လိုပဲ။ ကိုယ်တွေကို ကလေးတွေများထင်နေလားမသိဘူး။ ကိုယ်တို့ အာရှတိုက်သားတွေက ရုပ်နုတာကိုး။ သူတောင် ကိုယ့်ထက်ငယ်ရင်ငယ်အုံးမယ်။ ဆရာဝန်လဲ အနာတွေ့ပြီး “တော်သေးတယ်။ အသက်ငယ်နေလို့ ဘာမှ မစိုးရိမ်ရတာ။ အသက်ကြီးတဲ့သူဆိုရင်တော့ စိုးရိမ်ရမှာ” တဲ့။




ကျွန်မက “ကွဲနေတဲ့ အနာချုပ်ဖို့ လိုလား?” မေးတော့။ သူက လူငယ်ဆိုတော့ ချုပ်စရာမလိုဘူး ဒီတိုင်းပဲ ဆေးထည့်ပြီး အုပ်ထားပေးလိုက်ရင် သူ့ဘာသာသူ အနာကျက်သွားလိမ့်မယ်တဲ့။ အမှန်တော့ ကျွန်မကြည့်တာ ကွဲရာက တော်တော်လေးနက်ပါတယ်။ ဒါပေမဲ့ ချုပ်ဖို့ မလိုအပ်ရင်တော့ မချုပ်တာ ပိုကောင်းတာပေါ့။ ချုပ်ရင် ချုပ်ရိုးဖြည်ရ ဘာရနဲ့ဆို ပိုကြာသွားမှာလေ။ မနက်ဖြန်တော့ ဆေးခန်းသွား Dressing လဲလိုက်ပါတဲ့။ တကယ်လို့ Waiheke ကနေ ခရီးဆက်မယ်ဆိုရင်လဲ ရောက်တဲ့နေရာက ဆေးခန်းမှာ Dressing လဲခိုင်းလို့ရတယ်တဲ့။ ဆရာဝန်ကို ဘာကျွေးရမလဲမေးခဲ့သေးတယ်။ သူတို့နိုင်ငံမှာ အဲလိုမေးတဲ့ လူနာမရှိဘူးလားမသိဘူး။ သူက အူကြောင်ကြောင်နဲ့ ခဏနေမှ ကြိုက်တာစားလို့ရတယ်တဲ့။ ဒီက တုမ်ယမ်းဟင်းချိုနဲ့ အစပ်တွေကြိုက်တာဆို သူဘာပြောမလဲ?

ဆေးခန်းခက NZD80 ကျပါတယ်။ အာမခံကြေးပြန်တောင်းဖို့ စာရွက်စာတန်းတွေ သေချာလုပ်ပေးပါတယ်။ အပြန်ကို စက်ဘီးဆိုင်က အမျိုးသမီးကြီးကားနဲ့ပဲ လိုက်ပို့ပေးပါတယ်။ Mr.Right ကတော့ အားနာလို့ ဘီးလိမ်သွားတဲ့အတွက် အလျော်ပေးပါ့မယ်လို့ ပြောပေမဲ့ အဲ့ဒိအမျိုးသမီးကြီးက ရပါတယ်တဲ့။ (နောက်ထပ်ပြဿနာမဖြစ်ရင်တော်ပါပြီလို့များ တွေးနေလားမသိ)။ ကျွန်မတို့ကိုချ နှုတ်ဆက်လမ်းခွဲအပြီးမှာတော့ သူမနဲ့ နောက်တစ်ခါထပ်မတွေ့ဖြစ်တော့ပါဘူး။ တဒင်္ဂတွေ့ဆုံခဲ့ဖူးပေမဲ့ ကျွန်မတို့ရဲ့ ဘဝအမှတ်တရတွေထဲမှာ တစ်သက်လုံး တခုတ်တရပါဝင်နေမဲ့ အမျိုးသမီးကြီးတစ်ယောက်ပါပဲ။

ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ နှုတ်ခမ်းကြီးတစ်ခုလုံးယောင်ပြီး ပြန်လာတဲ့သူ့ကို ကျွန်မလဲ ဘယ်လိုပြုစုရမှန်းတောင် မသိတော့ပါဘူး။ ကျွန်မအတွက် မကိုက်ဆုံးအလုပ်က Nursing ဖြစ်မယ်ထင်တယ်။ စိတ်ထဲက ဂရုမစိုက်တာ မစိုးရိမ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြုစုတဲ့အလုပ်မှာတော့ ကျွန်မက အတော်အားနည်းတတ်ပါတယ်။ လိုချင်တာကိုပြောရင်တော့ မငြီးမငြူလုပ်ပေးဖို့ အသင့်ပေမဲ့ အရိပ်တကြည့်ကြည့်နဲ့ သူဘာလိုမလဲဆိုပြီး ပြုစုရတာ အတော်လေ စိတ်ဖိစီးတဲ့ ကိစ္စပါ။ ညစာစားဖို့ စားသောက်ဆိုင်တွေလဲ မသွားနိုင်တော့ဘူး။ သူကြိုက်တဲ့ အစပ်ပြင်းတဲ့ တုမ်ရမ်းတွေဘာတွေလဲ မစားသင့်ဘူးထင်တော့။ ကျွန်မတို့နေတဲ့ The Oyster Inn က စားသောက်ဆိုင်နဲ့တွဲရက်လေးဆိုတော့ In Room Dining ပဲ မှာဖို့ဆုံးဖြတ်လိုက်တယ်။ လွယ်လွယ်ကူကူ ဝါးလို့ရမှာက Fish & Chips ပဲ ကိုယ်လဲ သိတော့ အဲ့ဒါပဲ မှာလိုက်တယ်။ ပြီးတော့ အစက Waiheke မှာ ၁ညပဲ အိပ်ဖို့ အစီအစဉ်ကို နောက်ထပ် တစ်ရက် စိတ်ချရအောင်တိုးနေဖို့ဆုံးဖြတ်လိုက်တယ်။ အိမ်က အစ်မတွေဆီကို Viber ကနေ ဖြစ်ကြောင်းလှန်းပြောတော့ သူတို့လဲ စိတ်တော့ပူနေကြပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းယောင်ကြီးနဲ့ Fish & Chips ကို ဖြည်းဖြည်းချင်းသွင်းနိုင်သေးတယ်ဆိုတဲ့ ဓာတ်ပုံပို့လိုက်တော့ သူတို့လဲ နည်းနည်းတော့ စိတ်အေးရတာပေါ့။ မေမေက ဗေဒင်ဟောတတ်တော့ ကျွန်မတို့ ကံကြမ္မာလေးကြည့်ပြီး လိုအပ်တဲ့ ယတြာလေးလုပ်ပြီး ဆုတောင်းပေးဖို့ ပြောလိုက်တယ်။


ခရီးသွားဝါသနာတူ သူငယ်ချင်းတွေနဲ့ Google hang out Group chat ကနေ ဒီခရီးစဉ်မှာလဲ ဖြစ်လိုက်တဲ့ပြဿနာတွေ တစ်ခုခုတော့ မှားနေပြီလို့ ညစ်ညစ်နဲ့ပြောတော့ သူငယ်ချင်းတွေက မေတ္တာသုတ်လေးဘာလေး ရွတ်လေတဲ့။ ကိုယ်က မေတ္တာသုတ်ကို သူများတွေနဲ့ လိုက်ဆိုရင်တော့ရတယ်။ ကိုယ့်ဟာကိုယ်ဆို အပိုဒ်တွေမှားတတ်တယ်။ တစ်ပိုဒ်ဆုံးရင် နောက်တစ်ပိုဒ်အစကို သိမှ လိုက်ရွတ်နိုင်တာ။ ဒီတော့ သူငယ်ချင်းတွေက ဘုရားစာ App DhammaDriod link ပေးတာနဲ့ ဖုန်းထဲ ဒေါင်းလုပ်ဆွဲပြီး မေတ္တာသုတ်၊ မင်္ဂလသုတ်၊ (မကောင်းဆိုးဝါးအနှောင့်အယှက်ရှိနေမှာစိုးလို့) အာဋာနာဋိယသုတ် သုံးခုကို ဒေါင်းပြီး Looping ပတ် ဖွင့်ထားလိုက်တယ်။ App က ဘုန်းကြီး အသံဖိုင်လဲပါတယ် ကိုယ်လဲ လိုက်ဆိုလို့ရတဲ့ စာလဲပါတော့ အတော် အဆင်ပြေတယ်။

အမှန်တော့ ဘုရား၊တရားဆိုတာကို စိတ်ထဲ အကြွင်းမဲ့ သက်ဝင်ယုံကြည်ပေမဲ့ ဘုရားတွေ ထိုင်ရှိခိုးပြ၊ လူမြင်ကောင်းအောင် သီလယူပြီး အတ္တကြီးနေတဲ့ လူတချို့ထက်စာရင် ကိုယ့်စိတ်ကို ကောင်းအောင်ထား၊ ဘုရားဟောခဲ့တဲ့ တရားထဲက ကိုယ်သိသလောက်ကို လိုက်နာကျင့်သုံးတာ ဓမ္မဓိဋ္ဌာန်ကျတယ်လို့ယူဆတယ်။ ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ်၊ သံဃာတော်တွေဆွမ်းကပ်ရင် ကုသိုလ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘုရားရှိခိုးနေစဉ်နဲ့ ရှိခိုးအပြီး၊ ဆွမ်းလောင်းလှုနေစဉ်နဲ့ လောင်းလှူအပြီးဖြစ်တဲ့ ကိုယ်စိတ် ချမ်းသာနေတဲ့ အခိုက်အတန့်ကို ကုသိုလ်လို့ ယူဆတယ်။ ဘုရားရှိခိုးရင် နတ်ပြည်ရောက်မယ်။ ထီပေါက်မယ်။ ဘုန်းကြီးတန်ခိုးကြီးလို့ ပိုလျှံနေပြီးသားကိုလဲ ဇွတ်အတင်းလှူကြ စတဲ့ အယူတွေကို ကျွန်မအမြင်မှာတော့ အကျိုးလိုလို့ ညောင်ရေလောင်းတယ်လို့ထင်တယ်။ ဘုရားဆီမှာ ဆုတောင်းတယ်ဆိုတာကလဲ လက်တွေ့ကျကျဆိုရင်တော့ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ထပ်တလဲလဲ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ပန်းတိုင်ရောက်အောင်လုပ်တဲ့ စိတ်ပညာတစ်ခုပဲလို့ထင်တယ်။ ထိုင်ဆုတောင်းနေပြီး ဘာမှ ထမလုပ်တဲ့သူဘယ်နှစ်ယောက် အောင်မြင်နေတာရှိလဲ။ အနည်းဆုံး ထီပေါက်ပါစေ ဆုတောင်းတဲ့သူအတွက် ထီထိုးမှုဆိုတဲ့ အားထုတ်မှုတော့ လုပ်ရမှာပဲလေ။ နိုင်ငံခြားသွားရပါစေ ဆုတောင်းတဲ့သူအတွက် ပြင်းပြတဲ့ နိုင်ငံခြားသွားစိတ် ထပ်ခါတစ်လဲလဲရှိလာရင် သူသွားရမဲ့ နည်းလမ်းကို ရှာလာမှာပဲလေ။ ဒါက ကိုယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာကို ပြောပြတာပါ။ ကိုယ်လဲ တရားစခန်းတောင် မဝင်ဖူးတဲ့သူဆိုတော့ အများကြီးတော့ မသိပါဘူး။ ဒါပေမဲ့ တရားစခန်းတွေ အမြဲဝင်ပြ ယောဂီဝတ်စုံနဲ့ဓာတ်ပုံရိုက် ဖေ့ဘွတ်ပေါ်တင်၊ ဘုရားစာတွေ တရားစာတွေပဲ အွန်လိုင်းပေါ်ရှယ်ပြီး တကယ့်အပြုအမူကျ တမျိုးလုပ်နေတဲ့ တချို့ အပေါင်းအသင်းတွေထဲက လူတွေနဲ့ယှဉ်ရင် ကိုယ့်ကမှ ဘုရားတရားကို ခုတုံးမလုပ်ပဲ လေးစားသေးတယ်လို့ ထင်မိတယ်။

ကဲပါ ကိုယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအကြောင်းပြောတာများသွားပြီ။ ဒါပေမဲ့ ခုလိုမျိုး ပြဿနာတွေ ဒီခရီးစဉ်မှာ တစ်ခုပြီးတစ်ခု ကြုံရပြန်တော့လဲ မမြင်နိုင်တဲ့ စွမ်းအားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မကျကျ ကျွန်မလက်မလွှတ်ချင်ပြန်ပါဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အားလုံးလုပ်ထားတာ ကောင်းပါတယ်။ အမေ့ကိုလဲ ယတြာချေပြီး ဆုတောင်းဖို့ပြောတယ်။ သူငယ်ချင်းတွေပြောတဲ့ ဘုရားစာတွေလဲ ဒေါင်းပြီးရွတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ အဘက်ဘက် ထောင့်မျိုးစုံကနေ ကိုယ်က စတင်ကာကွယ် သတိထားရတော့မယ်ဆိုတော့ အသင့်ပြင်ရတာပေါ့။ ကိုယ်က သိပ္ပံကျကျမှ ကြိုက်ပေမဲ့ မြင်အပ် မမြင်အပ်သတ္တဝါတွေရှိတယ်ဆိုတာကတော့ ဘုရားလဲဟောထားခဲ့တော့ လက်ခံတယ်လေ။

အားလုံးစိတ်ချရပြီဆိုမှ သူ့ကို ကျွန်မ ဆူချိန်ရောက်လို့ “ငါကမဖြစ်ရဘူး။ ဖြစ်လိုက်ရင် သူချည်းပဲ” ဆိုပြီး ဂရုဏာဒေါသောနဲ့ ပြောလိုက်တော့ ရီလို့မရတဲ့ နှုတ်ခမ်းယောင်ကြီးနဲ့ Fish & Chips စားပြီး ဖြီးပြတော့ ကျွန်မလဲ သူ့ရုပ်ကြီးကြည့်ပြီး မရီပဲ မနေနိုင်ဖြစ်ရပါတော့တယ်။ သေချာတာတစ်ခုကတော့ ကျွန်မ ဒီတစ်ကြိမ်တော့ ကံကြမ္မာကို ဘာထပ်ဖြစ်အုံးမလဲဆိုပြီး စိန်မခေါ်ဝံ့ခဲ့ပါဘူး။



Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)


Thursday, July 09, 2015

၂၀၁၄ ကိုရီးယား ခရီးစဉ်ပိုစ့်များ ပေါင်းချုပ်

မနှစ်က ဒီလိုအချိန်ဆို ကိုရီးယားစစရောက်ပြီး ဘူဆန်းမြို့ကို သွားတဲ့ အမြန်ရထားပေါ်မှာ ပျော်နေတဲ့ ကိုယ်ရယ်။ ကိုယ့်အစ်မရယ်။ သူငယ်ချင်းရယ်ကို ပြန်တွေးမိရင်း ကိုယ့် ကိုရီးယားခရီးသွားပိုစ့်လေးတွ ကိုယ့် ဒါယာရီအဖြစ် ပြန်ဖတ်ချင်လာတယ်။
ခရီးစဉ်တွေကို Label နဲ့ မရှာတတ်တဲ့လူတွေ တစ်စုတစ်စီးတည်း တွေ့ရအောင် အောက်မှာ လင်ခ့်လေးတွေလုပ်ထားပေးချင်စိတ်ဖြစ်လာတယ်။ အဆင်ပြေမယ်ထင်တယ်။

၁။ How to travel smart to Korea (ဗီဇာလျှောက်ထားခြင်းနဲ့ ကိုရီးယားသွားလည်မဲ့သူများ သိကောင်းစရာလေးတွေအကြောင်း) 



၂။ Free & Easy Korea Day 1 (Part 1): (လေဆိပ် အမြန်ရထား၊ နယ်ဝေးအမြန်ရထား KTX train၊ ဘူဆန်းမြို့ Taejongdae ပန်းခြံ) 

၃။ Free & Easy Korea Day 1 (Part 2): Busan (Gamcheon Culture Village -> Jalgachi Fish Market) 

၄။ Free & Easy Korea trip Day 2: Busan (Haeundae Beach -> Damaji Hill -> Lunch -> Haedong Yonggungsa Temple -> Seoul)


၅။ Free & Easy Korea Trip Day 3 (Part 1): Korean Folk Village (ကိုရီးယား ရိုးရာ ကျေးရွာပန်းခြံ)

၆။ Free & Easy Korea Trip Day 3 (Part 2): Everland (အဲဗားလန်း အပျော်စီးယာဉ်နဲ့ ဖျော်ဖြေရေးပန်းခြံ) -> ဂန်နမ်မှာ လမ်းဘေးစာစားရင်း ဂန်နမ်စတိုင်တွေကို လေ့လာခဲ့တဲ့ ညတစ်ည


၇။ Free & Easy Korea Trip Day 4:
Petite France (ပြင်သစ်စတိုင် အဆောက်အဦးတွေနဲ့ နေရာလေး)
Nami Island (ကိုရီးယားကားတွေတော်တော်များများထဲ ပါဖူးတဲ့ အပင်တွေတန်းစီနေတဲ့ ကျွန်းလှလှလေး)
Sauna Experience (ကိုရီးယား ရေနွေးငွေ့ခန်းခေါ် ဆောင်နာ အတွေ့အကြုံ)


၈။ Free & Easy Korea Trip Day 5:
Free Hanbok photo taking (ကိုရီးယား ရိုးရာဝတ်စုံ ဟန်ဘုတ်ဖြင့် ဓာတ်ပုံ အလကားရိုက်လို့ရ),
Myeong Dong shopping (မြုံဒုံးမှာ ဈေးဝယ်ထွက်ကြ),
Namsangol Hanok village (ဆိုလ်းမြို့လည်ခေါင်က ဟနုတ်ရွာသို့ တစ်ခေါက်)
Cheongyecheong River (ရုပ်ရှင်တွေထဲပါနေကျ မြို့လည်ခေါင်က ချောင်းကလေးနား)


၉။ Free & Easy Korea Trip Day 6 :
Gyeongbukgung Palace(ဆိုလ်းမြို့လည်ခေါင်က အကြီးဆုံး ဂရုံဘုတ်ဂုံး နန်းတော်,
N Seoul Tower (ဆိုလ်းတာဝါ)
And back to reality (ကိုယ့်ဌာနေဆီသို့)

Monday, June 29, 2015

Honeymoon to New Zealand: Day2- Paihia(Bay of Islands)> A visit to Russell


၃ရက် မေလ ၂၀၁၅



Lovely Scenery of Russell, Bay Of Islands
ဟန်းနီးမွန်းဆိုတာ လူ၂ဦး ဘဝကို အတူတူဖြတ်သန်းဖို့အတွက် စတင်ပေးတဲ့ ခရီးတစ်ခုလို့ယူဆမယ်ဆိုရင် ထင်သလို မဖြစ်တတ်တဲ့ ဘဝခရီးလမ်းမှာ ဖြစ်လာသမျှကို ၂ဦးသားအတူတူပျော်ပျော်ပါးပါး ဖြေရှင်းဖြတ်သန်းဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့များ ကျွန်မတို့ရဲ့ ပျားရည်ဆမ်းခရီးဟာ အရာအားလုံး ချောမွေ့မနေတာထင်ပါရဲ့။ ခက်တာက ဘယ်လိုပဲ စိတ်ဇနိုးဇနောင့်တွေနဲ့ ကြုံကြုံ ကျွန်မတို့ ၂ယောက်ကလဲ မညိုးလုံး အတူတူဆုံးဖြတ်ပြီး ပျော်နေခဲ့တာပါပဲ။ တစ်ခုဖြစ်မလာမှတော့ တန်ဖိုးရှိတဲ့အချိန်တွေကို နှမြောတသပြီးကုန်မဲ့အစား ရတာကိုပဲ ပျော်ပျော်ပါးပါးလုပ်ရတာ ကောင်းပါတယ်။ ဒီလောက် ကြီးတဲ့နိုင်ငံကို ၂ပတ်ထဲနဲ့ မြို့အကုန်စုံအောင်လည်ဖို့ဆိုတာတင် သူများတွေအတွက် တော်တော်လေး ခက်ခဲတဲ့အရာဆိုတော့ ခုကိုယ် အစုံ မရောက်ဖြစ်ခဲ့တဲ့နေရာတွေကို နှမြောမိတာလဲ ကိုယ့်ရဲ့ လောဘသက်သက်ဖြစ်တာမို့ လွတ်တဲ့နေရာလဲ လွတ်စေတော့လို့ စိတ်ထားလိုက်တော့လဲ သက်သာပါတယ်လေ။

ဒုတိယနေ့မှာတော့ ကျွန်မတို့တွေ Paihia လို့ခေါ်တဲ့ Auckland အရှေ့မြောက်ဘက်က မြို့လေးကိုသွားပြီး Tourist Attraction ဖြစ်တဲ့ Hole in the Rock ကျောက်ဆောင်ဆီကို Cruise စီးဖို့ Intercity bus ကနေ လက်မှတ်ဝယ်ထားပါတယ်။ ဒီနေရာမှာ ကျွန်မကြုံတုန်း နယူးဇီလန်မှာ ကိုယ်တိုင်ကားမောင်းစရာမလိုပဲ တစ်နိုင်ငံလုံးသွားလို့ရတဲ့ နည်းဖြစ်တဲ့ Public Transportaiton စနစ်ကို တစ်ခါတည်းပဲ ရှင်းပြလိုက်ပါတော့မယ်။

You can travel around New Zealand without Driving

US နဲ့ နယူးဇီလန်ရွေးဖို့ အားပြိုင်ကြရင်း နယူးဇီလန်အားသာသွားတဲ့ အချက်ထဲမှာ ကားမောင်းတတ်စရာမလိုပဲ တစ်နိုင်ငံလုံးပတ်လို့ရတဲ့ နည်းရှိနေလို့ပါပဲ။ အမှန်ပြောရရင် မဗေဒါလဲ နယူးဇီလန်ရဲ့ မြို့တွေ နေရာတွေဆိုတာကို စပြီး ကြားဖူးတာ ဒီခရီးထွက်မယ်ဆိုပြီး Research ရှာတော့မှပါပဲ။ ဗဟုသုတတွေ အရမ်းရှိနေလို့ ခရီးတွေထွက်နေတာမဟုတ်ပါဘူး။ ခရီးတွေထွက်ရင်းနဲ့မှ ဗဟုသုတတွေကို စုဆောင်းနေတာပါ။ အဲ့ဒါကြောင့် ငါကတော့ ဘာမှ မသိလို့ ဘယ်မှ မသွားတတ်ဘူးဆိုတဲ့သူတွေကို မသွားချင်လို့ကိုး သိအောင်မလုပ်တာလို့ယူဆပါတယ်။ ထားပါတော့လေ။ New Zealand လမ်းပန်းဆက်သွယ်ရေးအကြောင်းပြောရမှာ။

နယူးဇီလန်မှာ မြို့ကြီးတွေ တစ်မြို့နဲ့ တစ်မြို့ကိုစွဲတဲ့ အဝေးပြေးကားတွေရှိပါတယ်။ အထင်ရှားဆုံး ကားဝန်ဆောင်မှုကုမ္ဗဏီ၂ခုကတော့ Intercity နဲ့ Naked (နာမည်တွေကို နှိပ်ကာ သူတို့ ဝက်ဆိုဒ်ကို ကြည့်ပါ) ဆိုတဲ့ ကုမ္ဗဏီ ၂ခုပါ။


Intercity Bus

ကျွန်မတို့ခရီးစဉ်တစ်လျှောက်သုံးဖြစ်ခဲ့တဲ့ ကားကတော့ Intercity ပါ။ ဘာလို့ Intercity ကိုရွေးခဲ့တာလဲဆိုတော့ သူက ကုမ္ဗဏီပိုကြီးပြီး ပြေးဆွဲတဲ့ နေရာပိုများသလို ပြေးဆွဲတဲ့ အချိန်လဲ ပိုများပါတယ်။ နောက်တစ်ခု အားသာချက်က Intercity ကားတွေပေါ်မှာ Free Wifi ရပါတယ်။ (နယူးဇီလန်က သွားခဲ့ဖူးတဲ့ နိုင်ငံတွေမှာ အင်တာနက် အတော်လေးဈေးကြီးပြီး Free wifi ဆိုတာကလဲ ရှားပါတယ်) ဒါပေမဲ့ wifi က တစ်ချို့ Intercity ကားတွေပေါ်မှာ Signal သိပ်မကောင်းပြန်ပါဘူး။ ဒါပေမဲ့ မရှိတာထက်ဆာရင် တော်သေးတာပေါ့နော်။ Intercity ရဲ့ အားနည်းချက်ကတော့ သူများတွေထက် ဈေးတော်တော်လေး ကြီးပါတယ်။

Intercity မှာ ခရီးသည်တွေကို Flexible ဖြစ်အောင် လုပ်ပေးထားတာတွေတော့ရှိတယ်။ အဲဒါက Intercity Flexipass နဲ့ Interciy travelpass ဆိုပြီး ၂မျိုးရှိတယ်။
Interciy Flexipass ဆိုတာက သူတို့ ဘတ်စ်ကားကို နာရီနဲ့ ကြာချိန်ပုတ်ဖြတ်ဝယ်ထားတာ။ ဥပမာ Auckland ကနေ Rotorua ကို ၄နာရီကြာမယ်။ Auckland ကနေ Paihia ကိုလဲ ၄နာရီပဲထား။ အဲဒါကို ဝယ်တဲ့အချိန်မှာ ဘယ်နေရာသွားမယ်ဆိုတာကို ကြိုပြောစရာမလိုဘူး။ ကိုယ်ဝယ်ထားတဲ့အချိန်အတိုင်းအတာအတွင်း သူတို့ကားကို စီးလို့ရတယ်။ ဒါပေမဲ့ မစီးခင်တော့ ကြိုဘွတ်ရမှာပေါ့နော်။ ကားစီချိန်ကို ဝယ်တဲ့သဘောပေါ့။

Intercity travelpass ကကျတော့ ကိုယ်သွားမဲ့မြို့တွေကို ကြိုဝယ်ထားတာ။ တကယ်သွားမဲ့နေ့ကျမှ ဝယ်ထားတဲ့ လက်မှတ် ကူပွန်နဲ့ ဘွတ်ကင်းလုပ်ရတယ်။ ၂မျိုးလုံးကတော့ Flexible ဖြစ်ပါတယ်။ (အောက်မှာ မဗေဒါတို့အတွေ့အကြုံကို ပြောပြမယ်)



Inside the Intercity Bus


Naked Bus

Naked ရဲ့ ကောင်းချက်ကတော့ ဈေးတော်တော်လေးကို သက်သာပါတယ်။ Intercity နဲ့ ဈေးကွာချက်က မယုံနိုင်လောက်အောင်ပါပဲ။ အားနည်းချက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ သူက မြို့ကြီးတွေကိုပဲ ပြေးဆွဲပါတယ်။ ပြီးတော့ ကားထွက်တဲ့ ကြိမ်ရည်နည်းတဲ့အတွက် ကိုယ်လိုချင်တဲ့အချိန်ရဖို့ ခက်ပါတယ်။ wifi မပါဘူးပေါ့နော်။ ကိုယ်သွားချင်တဲ့အချိန်နဲ့လဲ ကိုက်တယ်။ wifi ကလဲ ကိုယ့်အတွက် အရေးမကြီးဘူးဆိုရင်တော့ naked ဘတ်စ်ကားက ဈေးချိုတာနဲ့တင် တော်တော်လေး တန်နေပါပြီ။ ဒါပေမဲ့ အင်တာနက်ပေါ်က ဝေဖန်ရေးတွေအရ တချို့ကျတော့လဲ naked ဘတ်စ်ကားမောင်းတဲ့သူတွေက ထားခဲ့တယ်တို့ ဘာတို့ တော်တော်များများကရေးကြတယ်။ Intercity bus လဲ ထွက်မယ်ဆိုတဲ့ အချိန် အတိအကျထွက်တယ် ၁မိနစ်တောင် မစောင့်ဘူး။ ကိုယ်က အချိန်မှီသွားတော့ ကိုယ့်ကိုယ်ထားခဲ့တာတော့ မကြုံဖူးဘူး။ review တွေကတော့ mixed တွေပဲ။


Booking Intercity Travel Pass

ပထမနေ့ညက ကျွန်မတို့ Intercity bus ကို သူတို့ website ကနေ ဝယ်ကြည့်ပါတယ်။ ကျွန်မတို့ ဝယ်လိုက်တဲ့ Pass ကတော့ Bay Escape Travelpass (လင့်ခ်ကိုနှိပ်ပါ)  ပဲဖြစ်ပါတယ်။ အဲ့ဒိ Pass ထဲမှာ ဘာပါလဲဆိုတော့

Auckland > Paihia (ပိုင်ဟိရ လို့ အသံထွက်ပါတယ်) > Hole in the Rock (Half day cruise) > Paihia > Auckland ပဲဖြစ်ပါတယ်။ သူက minimum 1 day of travel လို့ရေးထားတော့ နေ့ချင်းပြန်လုပ်လို့ရတဲ့သဘောပါပဲ။ ကျွန်မတို့ အဲဒိ Pass ဝယ်ပြီးတော့မှ နောက်တစ်ဆင့်က ဘယ်နေ့သွားမလဲဆိုတာ ဘွတ်ရတာပါ။ လုပ်ရတဲ့ ပုံစံက နည်းနည်းရှုပ်ပါတယ်။ အမှန်ဆို Pass ဝယ်တဲ့အချိန်မှာ တစ်ခါတည်း ရက်ရွေးခိုင်းလိုက်ရင် ပြီးနေပေမဲ့ သူက ရက်အသေအချာ မစီစဉ်ရသေးတဲ့သူတွေအတွက် ပို Flexible ဖြစ်အောင် လုပ်ထားတယ်ထင်ပါရဲ့။ ဒီတော့ အကောင့်ဖွင့် Pass ဝယ်ပြီး Login ဝင်ပြီးတော့မှ အီးမေလ်းက code နဲ့ သွားမဲ့ နေ့ရယ်၊ သွားမဲ့ပြန်မဲ့ ကားအချိန်ရယ်ကို ရွေးရပါတယ်။ အဲ့ဒိမှာ တစ်ခုရှိတာက သူက Auckland ကနေ Paihia ကိုကားစီးရမဲ့ ကြာချိန်က ၄နာရီလို့ ရေးထားပါတယ်။ ၂၂၇.၃ ကီလိုမီတာ ဝေးပါတယ်။ မြန်မာပြည်နဲ့ဆိုရင်တော့ ရန်ကုန်-ပြည်က ၂၈၁.၅ ကီလိုမီတာရှိတယ်ဆိုတော့ ပြည် မရောက်ခင် ပေါင်းတည်မြို့ (၂၂၅ ကီလိုမီတာ) လောက် အကွာအဝေးဖြစ်မယ်ထင်ပါတယ်။ ပြဿနာက အဲ့ဒိဝက်ဆိုဒ်မှာ ကားမောင်းတဲ့ ကြာချိန်ကိုသာရေးထားပြီး Cruise စီးတဲ့ ကြာချိန်ကို ရေးမထားပါဘူး။ သူက Pass ဝယ်တုန်းက နေ့ချင်းပြန်သွားလို့ရတယ်လို့ရေးထားပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် နေ့ချင်းမပြန်ပဲ အဲ့မှာ တစ်ညအိပ်ပြီး နောက်နေ့ မှပြန်မယ်ဆိုလဲ ဝယ်ထားတဲ့ကားလက်မှတ်က ကိုယ် ရက်ရယ်၊ အချိန်ရယ် Book မလုပ်ခင်အထိတော့ Flexible ဖြစ်ပါတယ်။ Intercity bus website မှာ ရက်ရယ်အချိန်ရက် Booking လုပ်တော့ ကိုယ်လဲနေ့ချင်းပြန်ဖို့ပဲစဉ်းစားတာပေါ့။ ကိုယ့်အိတ်တွေမှ ရောက်မလာသေးတာလေ။ မနက်အစောဆုံးထွက်တဲ့ ၇နာရီ ၄၅မိနစ်ကားကို အသွားအတွက် ဘွတ်လိုက်ပါတယ်။ အပြန်အတွက် နောက်အကျဆုံးကားက ညနေ ၄နာရီခွဲပါ။ ဒါပေမဲ့ ၄နာရီခွဲပြန်ထွက်တဲ့ကားက ပြည့်နေပါပြီ။ ၄နာရီကားပဲကျန်တော့ မိနစ် ၃၀လောက်နဲ့တော့ Cruise ကနေ ပြန်ရောက်လောက်ပါတယ်ဆိုပြီး အဲ့ဒိအချိန်ကားပဲ Book လိုက်ပါတယ်။ စိတ်ထဲတော့ ပြန်မရောက်ရင်တော့ ဒုက္ခဆိုတဲ့ စိတ်တထင့်ထင့်ဖြစ်နေပေမဲ့လဲ ရောက်ရင်လဲရောက်မှာပါလို့ပဲ ဖြေလိုက်မိတယ်။

Day 2 Beginning

မနက် အိပ်ယာနိုးတော့ ရေမိုးချိုးပြီး ရှိတဲ့ တစ်စုံတည်းသော ဝတ်စုံကို ပြန်ဝတ် ပါလာတဲ့ အိတ်ဆောင် Moisturizer လိမ်းပြီးတာနဲ့ အဆင်သင့်ကိုဖြစ်နေတာပါပဲ။ ဘာမှ ခက်ခက်ခဲခဲ မိတ်ကပ်လိမ်းစရာ အချိန်ပေးမနေရတော့လဲ အဆင်သင့်ဖြစ်တာ မြန်မှမြန်။ အဲ့ဒိက ကားတွေက နောက်ကျရင် မစောင့်ဘူးဆိုတာ အွန်လိုင်းမှာ ဖတ်ထားရတော့ စောစောစီးစီးသွားတာ ကောင်းပါတယ်လေ။ ကိုယ်လဲ သေချာမှ မသိပဲကိုး။ ကားဂိတ်က ကျွန်မတို့တည်းတဲ့ Crowne Plaza Hotel ကနေ လမ်းလျှောက်သွားလို့ရပါတယ်။ Auckland sky tower ရဲ့နောက်လေးမှာပါပဲ။ အဝေးပြေးဂိတ်ပုံစံမျိုးဆိုတော့ သိတော့ သိသာပါတယ်။ ၁၅မိနစ်စောလာပြီး သတင်းပို့ပါလို့ ပြောထားတော့ အဲဒိ Service counter ကိုသွားပြီး သတင်းပို့ ကိုယ်က ပထမဆုံးအကြိမ် သိပ်မသိသေးတော့ ဟိုမေးဒီမေးလုပ်ကြည့်တော့ အားလုံးအဆင်ပြေပါတယ်။ ပိုင်ဟိရကိုသွားမှာက No.3 ဂိတ်ဆိုလားအဲလိုပြန်ပြောပါတယ်။ အမှန်တော့ သွားမဲ့နေရာတွေကို အဲ့ မှတ်တိုင်လေးတွေအောက်မှာလဲ ရေးထားပါတယ်။ ဒါပေမဲ့ မှတ်တိုင်တစ်ခုမှာ ၂နေရာ ၃နေရာသွားတာလဲ ရှိနိုင်တဲ့အတွက် အချိန်ပေါ်မူတည်ပြီး ကားတက်မမှားဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ ကားပေါ်မတက်ခင် Driver ကို အကြောင်းကြားပါ။ Driver မှာလဲ နာမည်စာရင်းရှိပါတယ်။ နောက်ပိုင်းခရီးစဉ်တစ်လျှောက်လုံး ကျွန်မတို့ Driver ကိုပဲ ပြောပြီးတက်ဖြစ်သွားတာပါ။

ကားကြာကြာမစီးခင် လုပ်ထားသင့်တဲ့ အပေါ့သွားတာကို လုပ်ဖို့ Driver ကို အချိန်ရမလားဆိုတော့ သူက ရသေးတယ် လို့ပြောတော့မှ ကားဂိတ်က အိမ်သာကိုပြေး အိမ်သာရောက်မှ ကိုယ့်မျက်နှာပြောင်ကိုမှန်ထဲတွေ့ပြီး ကရင်ဖတ်လေး နှုတ်ခမ်းနီလေး ကောက်လိမ်းရတယ်။ အိမ်သာက ထွက်တော့မှာ ကားဂိတ်နားမှာတရုတ်တွေရောင်းနေတဲ့ ကော်ဖီဆိုင်လေးမှာ မနက်စာ အမြန်ဝယ်စားတယ်။ ကိုယ်က Toast နဲ့ သူက Cup noodle စားတယ်။ ရာသီဥတုအေးအေးဆိုတော့ အရည်သောက် ပူပူလေးက စားကောင်းတော့ သူစားတာကို ဝင်ရှုတ်လိုက်တယ်။ Toast က အမှန်တော့ ထိုင်စားရင် အချိန်မရမှာစိုးလို့ လွယ်တာမှာတာ။ သိပ်ကြိုက်လှတယ်တော့မဟုတ်ဘူး။ ကားပေါ်ယူသွားပေမဲ့ ကားပေါ်စားလို့ရမရ မသေချာလို့ မစားတော့ဘူး။ (နောက်မှသိတာက အမှိုက်မပွမဲ့ မပေကျန်မဲ့ Finger tips အစားအစာတွေတော့ စားလို့ရပါတယ်တဲ့)။ သူတို့ကားက မြန်မာပြည်က အမြန်ယာဉ်တွေလို ရေသန့်လေးတောင် မတိုက်ဘူး။ ကားကတော့ Free seating။ လူလဲ မပြည့်ပါဘူး။ ၇နာရီ၄၅မိနစ် ဒေါင်ဆိုတာနဲ့ ဘယ်သူ့မှမစောင့်ဘူး ထွက်တယ်။ သူကလမ်းမှာ စောင့်နေတဲ့သူတွေကိုလဲ လိုက်ခေါ်ရသေးတာဆိုတော့ အချိန်တိကျတယ်။ အဲ့ဒါလေးတစ်ခုကို သဘောကျတယ်။ အားနာပြီး ၅မိနစ်စောင့် ၁၀မိနစ်စောင့်နဲ့ဆို အချိန်မှန်တဲ့သူတွေအတွက် နစ်နာတယ်လေ။ ခုကျတော့ စည်းထဲကအတိုင်းလုပ်တာပဲ။ အချိန်ကို အရမ်းလေးစားကြတာကို သဘောကျတယ်။ 



Auckland က ထွက်လာကာစ လမ်းပေါ်ရှုခင်း

ဟိုးပြပြက သိုးကလေးတွေ

သူတို့ဆီက mega grocery mall ကြီးတွေက မြို့ပြင်တွေမှာ ကားနဲ့ သွားဝယ်ကြရတာ။ဈေးက မြို့ထဲမှာ ဝယ်တာထက် သက်သာလားတော့ မသိ

Aucland မြို့ပြင်နားက အိမ်လေးတွေ

Auckland နဲ့ တော်တော်ဝေးလာတဲ့ လမ်းတစ်နေရာ။ အပင်ကြီးလှလို့ အမြန်ရိုက်လာတာ

လမ်းမှာ တစ်ထောက်နားတဲ့ ကော်ဖီဆိုင်လေး


၂နာရီလောက် ကားစီးပြီးတော့ မနက်စာနဲ့ အပေါ့အပါးသွားဖို့ လမ်းက ကော်ဖီဆိုင်လေးမှာရပ်တယ်။ ကော်ဖီဆိုင်လေးက ချစ်စရာ အိမ်အဖြူရောင်လေး။ သူတို့ တစ်ဆိုင်ပဲရှိတယ်။ ကိုယ့်ပါးစပ်နဲ့ ကိုက်မဲ့ မုန့်တွေတော့ သိပ်မရှိပါဘူး။ ပုံမှန် အနောက်တိုင်းစာတွေပေါ့။ Sandwich တို့။ Pie တို့၊ Muffin တို့ပေါ့။ လူကလဲ အကျင့်ကို မကောင်းဘူး။ ကိုယ်အရှေ့တိုင်းမှာနေရင်တော့ အနောက်တိုင်းစာစားချင်တယ်။ အနောက်တိုင်းရောက်တော့ သူတို့ မုန့်အကြီးကြီးတွေကို ကြည့်ပြီးတော့ကို ရင်ပြည့်နေဘီ။ ကော်ဖီပဲ ၂ယောက် ၁ခွက်မှာသောက်ပြီးနေဖြစ်တယ်။ အဲ့ဒိနေရာမှာ ကားပေါ်က လူတစ်ချို့က နောက်ထပ် Minibus လေးပေါ်ပြောင်းသွားကြတယ်။ ကားသမားက မစိုးရိမ်ပါနဲ့ သူတို့က မြန်မြန်ရောက်ချင်လို့ ပြောင်းကြတာတဲ့၊ ဘာကို ဆိုလိုမှန်းနားတော့မလည်ဘူး။ ဒါပေမဲ့ သွားမဲ့နေရာ မတူလို့ ပြောင်းကြတာလဲ ဖြစ်မယ်ထင်တယ်။ အဲ့ဒိကနေ ပြန်ထွက်တော့ ကျွန်မတို့ ကားကြီးပေါ်မှာ ၁၀ယောက်တောင် မပြည့်လောက်ဘူးထင်တယ်။ 



ဆိုင်ထဲက မုန့်တွေ

ဒီမြင်းတွေရဖို့ ကားပေါ်ကနေ မနည်းမနော ရိုက်ယူရတယ်။

နွားပုံ ကြည်ကြည်လင်လင်ရဖို့ ကားပေါ်မအိပ်ပဲ ထိုင်စောင့်ပြီး ပုံ ၁၀၀ လောက်ရိုက်ယူရတယ်
Mr.Right က ဂိမ်းဆော့၊ ကလေးက စာဖတ်... ပြောချင်ဘူး


Paihia ကို နေ့လည် ၁၂နာရီလောက် ရောက်တော့ ဘေးက အင်ဖိုမေးရှင်းကောင်တာကို Cruise အကြောင်းဝင်မေးတော့ အပြန်ကားက 4:10PM ကို ဘွတ်ထားတာဆိုတော့ အဲ့မိန်းမကြီးက အပြန်ကားကို မမှီလောက်ဘူးတဲ့။ ၄နာရီခွဲကားဆိုရင် မှီလောက်ပေမဲ့ ၄နာရီ ၁၀မိနစ်ကားဆိုရင်တော့ မမှီလောက်ဖူးတဲ့။ ကျွန်မတို့ မြန်မာအတွေးနဲ့ကတော့ မိနစ်လေး ၂၀လောက် ကွာလို့ မှီလောက်မယ်လို့ စိတ်ထဲက ဖြစ်နေပေမဲ့။ သူတို့တွေ အချိန်တိကျတာ ပြီးတော့ နောက်ကျရင် မစောင့်တာကို သဘောပေါက်လေတော့ သူမမှီလောက်ဘူးဆိုတော့လဲ မမှီလောက်ဖူးပေါ့။ ဒီတော့ Dolphin viewing and hole in the Rock Cruise က ပိုက်ဆံသာပေးပြီး အလကားဖြစ်လေသတည်းပေါ့။ တကယ်လို့ ကိုယ်သာ အော့ကလန်းမှာ ဟော်တယ်မဘွတ်ထားရင်ပဲဖြစ်ဖြစ်၊ အထုတ်တွေတပါတည်း သွားလေရာသယ်လာပြီး Backpacker စစ်စစ်ဆိုရင်တော့ Paihia မှာ တစ်ညအိပ်မယ်ဆိုရင်တော့ နောက်နေ့မနက်ကားနဲ့ ပြန်လာလို့ရတာပေါ့လေ။ ကား ဘွတ်ကင်ချိန်ကို ပြောင်းလိုက်ရုံပဲကိုး။ အဲ့ဒိ ကား system က အဲလိုတော့ flexible တော့ဖြစ်ပေမဲ့။ Flexible အဖြစ်လွန်နေတယ်ပဲ ပြောရမလားတောင်မသိတော့ပါဘူး။ 



Paihia ကားဂိတ်နားက သင်္ဘောဆိပ်နားနဲ့နီးပြီး စားသောက်ဆိုင်လေးလဲရှိပါတယ်

ကားဂိတ်နားမှာ isite လဲရှိပါတယ်။ isite က တိုးရစ်တွေကို လိုအပ်တဲ့ အင်ဖိုတွေအားလုံး အကူအညီပေးနိုင်တဲ့ နေရာပါ။



Unexpected journey to Russell

ကောင်တာက အမျိုးသမီးကြီးက ကျွန်မတို့ သွားချင်ရင် ဒီနားက မော်တော်စီးပြီးသွားရတဲ့ Russell မြို့လေးကိုသွားဖို့တိုက်တွန်းပါတယ်။ ကျွန်မက Paihia ထဲမှာရော ဘာရှိမလဲ မြို့ထဲလျှောက်ပတ်လို့ရောမရဘူးလားဆိုတော့ သူက Russell ကပိုကောင်းမယ်ထင်တယ်။ ဒီမှာက ထွေထွေထူးထူးသိပ်မရှိသလို ထွေထွေထူးထူးရှိတဲ့အထိသွားချင်ရင်လဲ အပြန် ကားမမှီဘူးတဲ့ Russell က နီးနီးနားနားနဲ့ မော်တော်လဲစီးရမယ်။ ကြည့်စရာလည်စရာနဲ့ စားသောက်ဆိုင်တွေလဲရှိတယ်ဆိုတော့ ကျွန်မတို့လဲ သူပြောတာနားထောင်လိုက်ပါတယ်။ သူကလဲ ယိုးဒယားတို့ ဘာတို့ သွားလည်တုန်းကလို ကိုယ့်ကို ရိတ်ချင်လို့ အကြံဖန်ပုံစံမဟုတ်ပဲ စေတနာနဲ့ အကြံပေးနေတဲ့ပုံပါပဲ။ မော်တော်ခက အသွားအပြန် တစ်ယောက်ကို NZD 12 ကျပါတယ်။

ကျွန်မတို့ရဲ့ တိုးဆိုင် အင်ဖိုကောင်တာပါ
သင်္ဘောဆိပ်ကို အမှီလေးပြေးမှ


မော်တော်က မိနစ် ၃၀ခြားတစ်ခါထွက်ပါတယ်။ ကျွန်မတို့ကို ညနေ ၃နာရီခွဲထွက်တဲ့ မော်တော်နဲ့ပြန်လာဖို့ မှာလိုက်ပါတယ်။ မော်တော်စီးတာက ၁၅ မိနစ်လောက်ပဲကြာပါတယ်။ ဒါပေမဲ့ တစ်စီးကို မိနစ် ၃၀ခြားထွက်တယ်ဆိုတော့ ၄နာရီမော်တော်နဲ့ ပြန်လာရင် ကားကို ကပ်လွတ်နိုင်တယ်လေ။ မော်တော်ဆိပ်ကို ဆင်းတော့ Russell ကိုသွားမဲ့ မော်တော်က အဆင်သင့်ပါပဲ။ တက်လို့ရပြီတဲ့။ ကိုယ်က ခုမှ စစရောက်ချင်းဆိုတော့ Kiwi တွေ (New Zealand နိုင်ငံသားတွေကို Kiwi လို့ ခေါ်ကြပါတယ်) ရဲ့ အင်္ဂလိပ်လေသံကို သိပ်မဖမ်းမိသေးပါဘူး။ ဒီမှာတော့ ကိုယ့်ထက် Listening Skill ကောင်းတဲ့ Mr. Right က သူတို့ ဘာပြောပြော သူနားလည်တယ်။ ကျွန်မက တော်တော်လေး အာရုံစိုက်မှ နားလည်တယ်။ သူတို့ စကားပြောတာပဲ ဝဲတာလား (ဟဲဟဲ ကိုယ်က နေးတစ်စပီကာဆိုတော့ ခွိ) ကိုယ်ပဲ အကျင့်မရသေးတာလားတော့ မသိပါဘူး။ Singapore မှာ က This one, That one, Yes, No, Can.. Can ဆိုတာနဲ့တင် မေးခွန်းကို လိုရင်းသိနေပြီ။ ဟိုရောက်တော့ ဒါက Russell သွားမဲ့ မော်တော်လား။ တက်လို့ရပြီလားမေးရင်။ “Absolutely Darling blah blah blah” ဆိုတော့ကာ ကိုယ်က သူပြောလိုက်တဲ့ စာကြောင်းအရှည်ကြီးကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ခွိ… နောက်ဆုံးတော့လဲ စင်္ကာပူအသုံးအနှုံးနဲ့သာဆိုရင် “Yes, Can Can” လို့ ဖြေလိုက်ရင် ပြီးသွားမှာ။ Mr.Right က သူတို့ ဘာပြောပြောကြားတော့ ကိုယ့်ယောက်ျားကိုယ် အထင်နည်းနည်းကြီးသွားသလိုလို မနာလိုသလိုလိုပေါ့။ ကိုယ်မကြားလိုက်တဲ့ စကားလုံးကို သူ့ကို ဇွတ်အတင်း ပြန်မေးတော့တာ။ သူတကယ်ကြားတာလား မှန်းပြောတာလား စမ်းတာလေ။ 

Yay... We catch the boat

Russell မြို့လေးအကြောင်း နည်းနည်းပြောပြရရင်ဖြင့် ကြည့်တော့သာ ကျွန်းသေးသေးလေးပေါ်က ဘာမှထွေထွေထူးထူးမရှိ လူခြေတိတ်တိတ်မြို့လေးပေမဲ့ နယူးဇီလန်ရဲ့ သမိုင်းမှာတော့ ဒီမြို့လေးဟာ အထင်ကရရှိခဲ့ပါတယ်။ နယူးဇီလန်ကို ဥရောပသားနဲ့ အမေရိကန်သားတွေ စတင်ရောက်ရှိလာခဲ့တဲ့ နေရာဟာ Russell မြို့လေးဖြစ်လာမဲ့ Kororareka လို့ အရင်က ခေါ်တွင်တဲ့ မြို့လေးကိုပေါ့။ ၁၈၀၀ ခုနှစ် အစောပိုင်းလောက်က အနောက်တိုင်းသားသင်္ဘောတွေဟာ Kororareka မြို့လေးကို စတင်စိုက်ကပ်ပြီး အဲ့ဒိကနယ်ခံတွေဖြစ်တဲ့ Maori (မာအိုရီ) လူမျိုးတွေနဲ့ ကုန်သွယ်စီးပွားလုပ်ခဲ့ကြတယ်။ နယ်ခံ မာအိုရီတွေဟာ အနောက်တိုင်းသားတွေနဲ့ ခုလို ကုန်သွယ်လဲလှယ်အလုပ်ကို လုပ်ကိုင်ရေးကို သဘောကျတဲ့အတွက် သူတို့ဆီ သင်္ဘောတွေ ကမ်းဆိုက်စေရန် အစားအစာနဲ့ ကြေးနီတွေကို ရောင်းချခဲ့တယ်။ သူတို့ ပြန်လိုချင်ခဲ့တာက ကုန်သည်တွေဆီက လေးစားမှု၊ လက်နက်၊ နိုင်ငံခြား ယမကာနဲ့ တခြား ဥရောပထွက်ပစ္စည်းတွေဖြစ်တယ်။

ဒီလိုစီးပွားဖြစ်တဲ့မြို့လေးရဲ့ အေးချမ်းမှုက မကြာခင်ပဲပျက်စီးခဲ့တယ်။ ဥပဒေ မစိုးမိုးတဲ့ဒီမြို့လေးမှာ ပြည့်တန်ဆာလုပ်ငန်းတွေ ပေါများလာခဲ့တယ်။ ဥရောပဥပဒေလဲ မရှိသေး၊ နယ်ခံ မာအိုရီဥပဒေကလဲ မထိန်းချုပ်နိုင်ဖြစ်ပြီး ပတ်စိဖိတ်ရဲ့ ငရဲပေါက် "Hell Hole of the Pacific" တောင် အမည်ပေးခံခဲ့ရတယ်။ မတ်လ ၁၈၃၀ မှာဆိုရင် အဲဒိ ပင်လယ်ကမ်းစပ်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို Girl’s War လို့တောင် ခေါ်တယ်လို့ သိရတယ်။ နောက်ပိုင်း နယူးဇီလန်ကို ကိုလိုနီပြုလိုက်တဲ့အချိန်မှာ နယ်ပိုင် Gobson က Kororareka မြို့ရဲ့ နာမည်ဆိုးတွေကြောင့် မြို့တော်အဖြစ် လုပ်ရမှာစိုးရိမ်ခဲ့တယ်။ ပြီးတော့နောက်ပိုင်းမှာ Kororareka မြို့လေးရဲ့ နာမည်ကို ကိုလိုနီအတွင်းရေးမှူး အရာရှိ Lord John Russell ကို အမှတ်ထားပြီး အဲ့ဒိမြို့လေးကို Russell လို့ ပြောင်းလဲ ခေါ်တွင်စေခဲ့တယ်။ 





Romantic Russell 


Russell မြို့လေးကို ကမ်းကပ်တော့မယ်...

ခုလို သမိုင်းကြောင်းတွေရှိခဲ့တဲ့ Russell မြို့လေးဟာ ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာတော့ အေးချမ်းပြီး စိတ်နှလုံးကြည်ရွှင်စေတဲ့ တိုးရစ်မြို့လေးတစ်မြို့လိုဖြစ်နေလေရဲ့။ မော်တော်ကမ်းနားနီးလာတာနဲ့ ကမ်းတောက်လျှောက်က ဥရောပစတိုင် လုံးချင်းအိမ်ပုံစံ စားသောက်ဆိုင်လေးတွေတန်းစီပြီးတွေ့ရသလို Fish & Chips အနံ့ကလဲ မွှေးပျံ့ပြီးနေတာပါပဲ။ စားသောက်ဆိုင်တွေမှာ ရောင်းနေတဲ့ သူတွေရယ် သင်္ဘောမောင်းတဲ့သူတွေရယ်ကလွဲလို့ ကျန်တာအကုန်က တိုးရစ်တွေချည်းပဲလို့ ထင်မိတယ်။ တိုးရစ်တော်တော်များများက Hole in the Rock cruise ကိုပဲ သွားကြလို့ Russell မှာ လူသိပ်မများတာလား၊ နယူးဇီလန်က နဂိုကတည်းက လူနည်းလို့ ဘယ်သွားသွား လူနည်းတာလားတော့ မဝေခွဲတတ်ပါ။ ဒါပေမဲ့ သစ်ပင်လေးတွေနဲ့ ကားလမ်းလေးဘေးမှာ ခင်းကျင်းထားတဲ့ စားပွဲခုံလှလှလေးတွေနဲ့ Fish and chips အနံ့ မွှေးမွှေးကတော့ နေ့လည်စာ မစားရသေးတဲ့ ကျွန်မတို့ကို ဆိုင်ဝင်ထိုင်ချင်စိတ်ဖြစ်မိပါတယ်။ ဆိုင်တန်း အဆုံးထိ ကောင်းနိုးရာရာ ကျွန်မတို့ ကြိုက်မဲ့အစားအစာရောင်းတဲ့ဆိုင်ရှိမရှိ အရင်ကြည့်ပြီး အားလုံးက ဥရောပစာရောင်းတဲ့ဆိုင်တွေချည်းတူတူပဲဆိုတော့ ရှေ့ဆုံးက အလှဆုံးနဲ့ လူတွေလဲ အများဆုံးဖြစ်တဲ့ “Sally’s” ဆိုတဲ့ ဆိုင်ကိုပဲ ဝင်ထိုင်ဖြစ်ပါတယ်။ သူတို့ဆိုင်က တခြားဆိုင်နဲ့ယှဉ်ရင် လူများတာလဲမပြောနဲ့လေ။ တခြားဆိုင်ရှေ့မှာ ဝင်စားမလို့ ရပ်ကြည့်ဖြစ်သေးတယ်။ ဆိုင်ထဲက ဘယ်သူမှလဲ မရှိ ဖွင့်လား မဖွင့်လားတောင် မသေချာ။ Sally’s ကို ဝင်တော့ ဆိုင်ရှင်လို့ထင်ရတဲ့ အမျိုးသမီးက ချက်ချင်းကိုယ့်ကို ဘာစားမလဲ ဘာညာ လာမေးတယ်လေ။ အဲ့ဒါ စီးပွားဖြစ်တဲ့ဆိုင်နဲ့ စီးပွားမဖြစ်တဲ့ဆိုင်ရဲ့ ကွာခြားချက်ပဲ။ 



First, We Just Passed by Sally's

Sally's yummy Fish and Chips... I love fresh vegetables and dressing.

Everything seems peaceful and plasent in Russell...

My all time favourite travel partner since 2008

ကျွန်မတို့လဲ ဖြစ်ချင်တာမဖြစ်တဲ့ လောကကြီးမှာ ဖြစ်နေတာကိုပဲ ၂ယောက်အတူ ခံစားတော့မယ်ဆိုတဲ့ Honeymoon စုံတွဲပီပီ Romantic ဆန်တဲ့ဒီဆိုင်လေးမှာ အေးအေးဆေးဆေး ထိုင်စားနေလိုက်ပါတယ်။ လေညင်းခံရင်း ပြာလဲနေတဲ့ ပင်လယ်ပြင်ကိုငေးရင်းနဲ့ပေါ့။ နေ့လည် ၁နာရီမိနစ်၂၀လောက်ကျမှ ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့ ထွက်လာကြပါတယ်။ အင်ဖိုမေးရှင်းကောင်တာက ယူလာတဲ့ စာရွက်ထဲက အနီးစပ်ဆုံးနဲ့ သိပ်မဝေးမဲ့နေရာတွေကို ဦးတည်သွားလိုက်ပါတယ်။ နယူးဇီလန်ရဲ့ ပထမဆုံး ဘုရားကျောင်းဖြစ်တဲ့ Christ Church ကို ရှုခင်းကြည့်ရင်း ဓာတ်ပုံရိုက်ရင်း လိုက်ရှာကြပါတယ်။ သူတို့ပြောတဲ့ သမိုင်းဝင် ပြတိုက်ကိုလဲတွေ့ပါတယ်။ Russell မြို့ရဲ့ သမိုင်းဝင်ပြတိုက်ဆိုတာ တကယ်တော့ အပြင်ကကြည့်ရင် လုံးချင်းအိမ်လေး တစ်လုံးလောက်ပဲရှိပါတယ်။ ကိုယ်တွေလဲ ရှုခင်းကြည့်ချင်တာက များတော့ ပြတိုက်ဝင်မကြည့်ဖြစ်ခဲ့ပါဘူး။ 

အဲ့ဒိ ပြတိုက်နားမှာပဲ Christ Church ရှိပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ဒီဘုရားကျောင်းဟာ နယူးဇီလန်မှာ သက်တန်းအရင့်ဆုံးဘုရားကျောင်းပါ။ နယူးဇီလန်စစ်တွင်းက ကျည်ဆန်ပေါက်တွေတောင် ခုချိန်ထိ တွေ့နိုင်သေးတယ်လို့ဆိုပါတယ်။ ဘုရားကျောင်းဝန်းအတွင်းမှာတော့ အုတ်ဂူတွေကို တွေ့မြင်နိုင်ပါတယ်။ ၁၈၄၅ ခုနှစ် စစ်တွင်းကျဆုံးခဲ့တဲ့ စစ်သည်တွေကို အမှတ်တရအထိမ်းအမှတ် အဖြစ် စိုက်ထူးထားတဲ့ ကျောက်တိုင်လဲ ရှိပါတယ်။ လူသူရှင်းပြီး တခြားဘယ်တိုးရစ်တစ်ယောက်မှ မရှိလို့ အဲ့ဒိ အေးချမ်းတဲ့ နေရာလေးကို သူနဲ့ ကျွန်မ ၂ယောက်တည်းအတွက်ရထားပါတယ်။ ဘုရားကျောင်းနာက အပင်လေးအောက်မှာ ခုံတန်းလေးရှိပြီး လေက တဖြူးဖြူးတိုက်နေတော့ အဲ့ဒိကနေထချင်စိတ်တောင် မရှိဖြစ်မိတယ်။ ဘုရားကျောင်းထဲဝင်ကြည့်မလို့ပဲ။ ဘယ်သူမှလဲ မရှိ။ ဝင်လို့ ရမရလဲ မသေချာတော့ အပေါက်ဝကပဲ ကြည့်ခဲ့တယ်။ ပြီးတော့ Russell Trail 2 လျှောက်လမ်းပေါ်က အလံတိုင်ရှိတဲ့နေရာကို ခရီးဆက်ခဲ့ကြတယ်။ အချိန်က ၂နာရီ မိနစ် ၂၀ရှိပြီ။

ပြတိုက် အပြင်က ဆိုင်းဘုတ်နဲ့

ဒီလမ်းမကြီးရဲ့ အလယ် တို့တွေ ချစ်သက်သေ တိုင်တည်။ ခိခိ

သမိုင်းဝင် နယူးဇီလန် သက်တမ်းအရင့်ဆုံး ဘုရားကျောင်း

ဘုရားကျောင်းထဲက အုတ်ဂူများ

အေးချမ်းတဲ့ အပင်ရိပ်

ဘုရားကျောင်းအတွင်းဘက်...


ခြံလေးတွေထဲက လုံးချင်းတစ်ထပ်အိမ်လေးတွေရှိတဲ့ ရပ်ကွက်အတိုင်းလမ်းလျှောက်လာပေမဲ့ ရံဖန်ရံခါ ဖြတ်မောင်းသွားတဲ့ ကားတစ်စီး နှစ်စီးကလွဲလို့ ကျွန်မတို့ချည်းပဲ လမ်းပေါ်မှာရှိပါတယ်။ လူအလွန်ရှုပ်တဲ့ မြို့က လာတဲ့ သူတွေမို့ လူအလွန်ရှင်းတဲ့ အရသာကို ခံစားရတာ တမျိုးကြီးဖြစ်နေပါတယ်။ ဒါက ပုံမှန်ရော ဟုတ်ရဲ့လား။ ဇွန်ဘီတွေများဖြစ်နေကြပြီလား။ I am legend ထဲက Will Smith ရဲ့ ခံစားချက်က ဒါမျိုးထင်တယ်။ အဲဒါကြောင့် သူနဲ့ ကျန်ခဲ့တဲ့ သူ့ခွေးလေးကို သူသိပ်ချစ်တာနေမှာ။

ရပ်ကွက်လမ်းက မြက်ခင်းများပြီး အရိပ်ရအပင်မရှိတော့ နေရှိန်လို့ ကျွန်မခရီးသွားတိုင်း အမြဲပါတဲ့ ဂျပန်ခရီးစဉ်ကတည်းက ဝယ်ထားတဲ့ ဦးထုပ်လေးကို ဆောင်းထားလိုက်မှ နေပူသက်သာသွားတယ်။ ရပ်ကွက်လမ်းဆုံးတော့မှ တောင်ကုန်းကို စတက်ရတော့တယ်။ တောင်ကုန်းတက်တော့ အပင်တွေရှိလာပြီ။ တည်းခိုခန်းတွေလဲတွေ့ပါတယ်။ တောင်ပေါ်ကို ကားတွေနဲ့ တက်တာ တွေ့တယ်။ (ဒါပေမဲ့ အလံတိုင်ရောက်တော့ ကားတွေမတွေ့ဘူး။ သူတို့ ဘယ်အထိသွားလဲတော့ မသိ) တောင်ကုန်းက အတော်တက်ရတယ်။ ညနေ ၃နာရီထိုးတော့ ကျွန်မတို့သွားချင်တဲ့ Maiki Hill (Flagstaff Hill) ကိုရောက်တယ်။ အဲ့မှာ စုံတွဲ တစ်တွဲက လွဲလို့ တခြားဘယ်သူမှ မရှိဘူး။ အမျိုးသားက အပေါ်ပိုင်း ဗလာနဲ့ မျက်ခင်းပေါ်နေပူဆာလှုံနေတယ် (ပူပြီးသားနေကို ထပ်လှုံနေတာ)။ အမျိုးသမီးကတော့ ကျွန်မတို့ တက်လာတဲ့အချိန်မှာ အလံတိုင်နားရပ်နေတာပဲ။ ဒါပေမဲ့ သူတို့ပုံစံက သိပ်တော့ Friendly ဖြစ်လှပုံမရဘူး။ ရန်ပဲဖြစ်ထားတာလား။ ကျွန်မတို့လာလို့ပဲ အနှောင့်အယှက်ဖြစ်လို့လားတော့မသိဘူး။ ကျွန်မတို့ကလဲ ၃နာရီခွဲ မော်တော်ဘုတ်နဲ့ ပြန်ရမှာဆိုတော့ အချိန်သိပ်မရလှတာတစ်ကြောင်း၊ Mr.Right ကလဲ အလကားနေ အဲ့စုံတွဲကို အားနာပြီး မြန်မြန်လုပ် မြန်မြန်လုပ် လိုက်လောနေတာက တစ်ကြောင်းကြောင့် ဓာတ်ပုံရိုက် ခဏရှုခင်းကြည့်ပြီး ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ရှူခင်းကတော့ အတော်လှပါတယ်။ ကမ်းခြေတစ်လျှောက်ရယ်၊ အဲဒိအနားက ခြုံတွေက Frame လိုဖြစ်နေတယ်။ ကြားတာတော့ အဲ့ဒိ ခြုံတွေထဲမှာ Kiwi ငှက်လေးတွေနေတယ်လို့ပြောတယ်။ ငှက်လေးတွေက လူကြောက်လို့ တွေ့ရဖို့တော့ သိပ်မလွယ်လှဘူးတဲ့။



ကားမောင်းတတ်ရင် အိမ်ကားကြီးနဲ့ လျှောက်လည်တာ ကောင်းမလား

I AM LEGEND မဗေဒါ's Version

အပြန်ဆင်းတော့ ဒီဘက် Beach ရှုခင်းရှိတဲ့ တောလမ်း ဘက်က ဆင်းရင် လမ်းက နည်းနည်းမတ်စောက်ပေမဲ့ အချိန်က နည်းနည်းပိုမြန်မယ်ဆိုတော့ အဲဒိလမ်းဘက်ကနေ ဆင်းခဲ့တယ်။ အစပိုင်းတော့ တောလမ်းခပ်မတ်မတ်ပဲ ဒါပေမဲ့ လျှောက်လို့ကောင်းပါတယ်။ နောက်ပိုင်းကျတော့ ကတ္တရာလမ်းနဲ့ ဆုံသွားတယ်။ အဲဒိကားလမ်းတောင်ဆင်းကနေ ပင်လမ်းကမ်းစပ်ရှုခင်းကို အပေါ်စီးကမြင်နေရတယ်။ မဗေဒါအကြိုက်ဆုံးကတော့ တောင်စောင်းတစ်လျှောက် တစ်ခါတစ်လေတွေ့ရတဲ့ လုံးချင်းအိမ် ခြံဝန်းလေးတွေ။ သူတို့က ကျနေကြီးထိုးနေတယ်ဆိုပေမဲ့ Sunset view နဲ့ ပင်လယ်နဲ့ တော်တော်လှမှာ။ တချို့အိမ်လေးတွေက မှန်ပြတင်းပေါက်တွေဆိုတော့ လှတယ်။ အဲလိုအိမ်လေးတွေ နေချင်လိုက်တာလို့ စိတ်ထဲက ဖြစ်မိပေမဲ့ တကယ်တမ်းနေဆိုရင်ကျပြန်တော့ ပျင်းလို့သေမှာပဲ။ ခိ ခိ။ ပိုက်ဆံသာရှိလို့ကတော့ အဲ့လိုအိမ်မျိုးကို အပန်းဖြေအိမ်လုပ်ဖို့ ဝယ်ပစ်မယ်။ ပြီးရင် မဗေဒါရဲ့ စာဖတ်သူတွေတည်းချင်ရင်လဲ ပေးတည်းမှာပေါ့နော်။ ငှဲ ငှဲ…



အလံတိုင်တောင်ထိပ် ရှုခင်းကိုရောက်တော့ Selfie stick နဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်မကို Mr.Right ရဲ့ ရိုက်ချက်

တောင်အောက်အမြန်ပြန်ဆင်းပါမယ်ဆိုမှ သူက နောက်က ဓာတ်ပုံရိုက်လို့ မပြီး

ဟယ်... ဘေးက အိမ်လေးတွေလှလိုက်တာ...

ရိုက်ထားအုံးမှ

တောင်ကုန်းပေါ်က ကမ်းစပ်ကို မျက်နှာမူထားတဲ့ အိမ်လေးတွေ

တောင်ဆင်းကနေ သင်္ဘောဆိပ်မှာ မော်တော်လေး ဆိုက်နေတာတွေ့တော့ သုတ်ခြေတင် အမြန်ပြေးကြတယ်။ ကမ်းစပ်နားက အပင်လေးမှာ ဒန်းလေးလုပ်ထားတော့ မနေနိုင် မထိုင်နိုင် ဝင်စီးလိုက်သေးတယ်။ ၁၀မိနစ်လောက် လိုသေးတယ်လေ။ ပြီးကျ အသေပြန်ပြေးကြပြန်ရော။ မြင်နေရပေမဲ့ ဝေးသေးတာကိုး။ သင်္ဘောဆိပ်နားရောက်လေ သင်္ဘောလွတ်သွားမှာကြောက်လေပဲ။ သူတို့က ၁မိနစ်နောက်ကျတောင် စောင့်တာတွေ မဟုတ်ဘူးလေ။ အထူးသဖြင့် သင်္ဘောပေါ် တခြားဧည့်သည်တွေရောက်နှင့်နေတော့ အားနာတယ်။ တော်သေးတယ် ကျွန်မတို့ မှီလိုက်တယ်။ ဒီလိုနဲ့ Paihia ဘက်ကို ပြန်ခဲ့ကြတယ်။



ဒန်းစီး လေဒီ

Paihia ကို ၃နာရီ ၄၅မိနစ်လောက်ရောက်သွားတော့ ၂၅ မိနစ်လောက် အချိန်ရသေးတာနဲ့ အိမ်သာလေးဘာလေးရှာရင်း အဲ့မြို့လေးနားက ဈေးတန်းလေးကို လျှောက်ကြည့်လိုက်သေးတယ်။ တိုးရစ်လက်ဆောင်ပစ္စည်းတွေနဲ့ စားသောက်ဆိုင်တန်းလေးတွေပါ။ ရေခဲမုန့်တော့ စားချင်စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ်က ထိုင်စားချင်တာ။ အေးဆေးထိုင်စားဖို့တော့ အချိန်သိပ်မကျန်ဘူးလေ။ ဒီလိုနဲ့ပဲ ကားဂိတ်ကို ပြန်လာပြီး စောင့်နေလိုက်တယ်။ ကိုယ့်လိုပဲ စောင့်နေတဲ့ လူငယ် ၂ယောက်လောက်ရှိတယ်။ ကားလာခါနီးကျတော့ နောက်ထပ် အုပ်စုတစ်စုရောက်လာတယ်။ ဒါပဲ။ ၄နာရီ ၂၀လောက်မှာ ကားရောက်လာတယ်။ ရောက်တာနဲ့ စောင့်နေတဲ့ လူတွေ တက်ပြီးတာနဲ့ တန်းထွက်တော့တာပဲ။ အဝေးပြေးကားသာပြောတယ် တစ်စက်ကလေးမှ မစောင့်ဘူး။




အပြန်လဲ အလာတုန်းက ကော်ဖီဆိုဒ်လေးမှာ ရပ်တယ်။ ကော်ဖီဆိုင်က အလုပ်သမားတွေက ပျော်ပျော်ရွှင်ရွှင် စစနောက်နောက်နဲ့ သူတို့ကိုကြည့်နေရတာ မပျင်းဘူး။ ကိုယ် Muffin နဲ့ Hot chocolate သွားဝယ်တော့ ကိုယ့်ကိုတောင် နောက်လိုက်လို့ ကိုယ်လို အာရှတိုက်သူ စစ်စစ်ပီပီ ကြောင်အမ်းအမ်းဖြစ်ရတယ်။ ကိုယ်တွေက မသိတဲ့သူနောက်မှ မနောက်ပဲကိုး။ ပြီးတော့ သူတို့ အဖြူတွေနောက်ရင်လဲ သူတို့ဘာပြောလဲဆိုတာ နားလည်ပေမဲ့ သူတို့ ဘာကိုဆိုလိုလဲဆိုတာကို အတော်တွေးရတယ်။ Culture ကွဲရုံမကဘူး တစ်ချို့ Joke တွေကလဲ သူတို့နဲ့ ကိုယ်က ကွဲတာကိုး။ အပြင်မှာသာ ကြောင်အမ်းအမ်းဖြစ်တာ အင်္ဂလိပ်ကားတွေကြည့်ရင်ကျတော့ သူတို့ Joke တွေကို နားလည်တယ်။ အပြင်မှာကျတော့ သူတို့ Joke ကို သိရင်တောင် ကိုယ်က ဘယ်လို တုံ့ပြန်ရမလဲ မသိဘူး။ ဒီလောက် ခရီးတွေသွားနေလဲ ခုထက်ထိ အနည်းနဲ့ အများလူကြောက်နေသေးတဲ့ ကိုယ့်ကိုကိုယ် အားမရဘူး။ ဒါဟာ ကိုယ်တိုးတက်ရမဲ့ အရည်အချင်းတစ်ခုပဲဆိုတာကို ကောင်းကောင်း သတိထားမိတယ်။

Auckland ကို ည ၈နာရီလောက်ပြန်ရောက်တော့မှ ညစာကို သူကြိုက်တဲ့ Kebab ဆိုင်မှာပဲ သွားစားဖြစ်တယ်။ တချို့တွေက ပြောတာကြားဖူးတယ် ယောင်္ကျားဆိုတာ နေ့တိုင်း ကြက်သားဟင်းနဲ့ စားနေရရင် ငြီးငွေ့ပြီး ငပိရည်လေးလဲ တစ်ခါတစ်လေပြောင်းစားချင်တတ်ကြတယ်တဲ့။ (ယောင်္ကျားတွေ ဖောက်ပြန်တတ်တဲ့ စိတ်သဘောလေးကို တင်စားတာပေါ့လေ)။ ဒါပေမဲ့ ကျွန်မ Mr.Right ကတော့ သူကြိုက်ပြီလာဟေ့ဆို အဲ့တစ်ခုပဲ စွဲစားတော့တာ။ ခုချိန်ထိ သူကြိုက်တဲ့ အစားအစာ အမျိုးအစား အနည်းကျဉ်းကိုပဲ လှည့်ပတ် ထပ်ကာထပ်ကာစားနေတာ။ ဒါတောင် ကျွန်မနဲ့ အကြောင်းပါပြီးမှ သူကြိုက်တဲ့ အစားအစာ အသစ်တွေ နည်းနည်းထပ်တိုးလာတာ။ အသစ်အဆန်း မြည်းစမ်းစားကြည့်ရမှာလဲ အလွန်တရာမှ တွန့်ဆုတ်တာ။ ခုလဲ ရောက်တဲ့ နေ့က Kebab၊ ဒီနေ့လဲ Kebab ကျွန်မလဲ ၁ရက် ၂ရက်တော့ လိုက်စားနိုင်သေးတယ်။ (နောက်ပိုင်းရက်တွေကျတော့ Kebab ချည်းစားချင်နေတဲ့သူ့ကို လိုက်မစားပေးနိုင်တော့ဘူး။ နောက်ပိုစ့်ကျမှ ပြောပြရအုံမယ် အကြောင်းတွေ) ဒီတစ်ခေါက်တော့ ကျွန်မက Kebab ဆိုင်ကရောင်းတဲ့ ဘာဂါကို စားတယ်။ Kebab စားရတာ မမုန်းပါဘူး။ ဒါပေမဲ့ Lamb အသားက အရမ်းအညှီကြီး မဟုတ်ပေမဲ့ အနံ့တော့ရှိတယ်။ အစက ကိုယ်က အဲ့ဒိအနံ့ကို ခံနိုင်ပေမဲ့ နေ့တိုင်းကြီး Lamb meat and chips ကြီးပဲကျတော့ မခံနိုင်ဘူး။ 


Burger နဲ့ပဲ ကျေနပ်ရတဲ့ ဘဝ

Mr.Right သိပ်သိပ်ကြိုက်တဲ့ Lamb meat and chips


ဟော်တယ်ကို ပြန်ရောက်တော့ အောက်က အိတ်သိမ်းတဲ့နေရာမှာ ငါတို့ရဲ့ အိတ်တွေရောက်လားဆိုတော့ အဲ့ဒိက မသိဘူး။ ဒါနဲ့ မရောက်သေးဘူးထင်ပြီး စိတ်ပျက်ပျက်နဲ့ အခန်းပေါ်တက်ခဲ့ကြတယ်။ အထဲဝင်လိုက်တော့ အိတ်လေးတွေ နေရာတကျရောက်နေပြီ။ ပျော်လိုက်တာ။ ခုမှပဲ ရောက်ကတည်းက ဝတ်နေရတဲ့ အင်္ကျီလဲရတော့မယ်။
နောက်နေ့ Waiheke သွားရင်း ခရီးဆက်လို့ရပြီဆိုပြီး စိတ်အေးရတယ်။ ဒီလိုနဲ့ ဟန်နီးမွန်းအိပ်မက် Day 2 ကို အဆုံးသတ်လိုက်ပါပြီ။


Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)