Thursday, November 26, 2015

Trip to Ngway Saung Beach, Myanmar (9th-11th Nov 2015)


၉ရက်၊ ၁၀ရက် နိုဝင်ဘာ ၂၀၁၅ ငွေဆောင်ခရီးစဉ်

နယူးဇီလန်ခရီးစဉ်ပိုစ့်မပြီးခင် ကြားဖြတ်အနေနဲ့ ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ကို မဲပေးဖို့ ပြန်ရင်း သွားဖြစ်ခဲ့တဲ့ ငွေဆောင်ခရီးစဉ်အကြောင်းလေး မမေ့ခင် လပ်လပ်ဆပ်ဆပ်ပြောပြချင်ပါတယ်။





ကျွန်မတို့နိုင်ငံရဲ့ သမိုင်းတွင်မဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို အားလုံးသိတဲ့အတိုင်း နိုဝင်ဘာ ၈ရက်မှာ ပြုလုပ်ပါတယ်။ မြန်မာပြည်မပြန်ခင်ကတည်းက တစ်နေရာရာကို ခရီးထွက်ဖို့ မိသားစုနဲ့တိုင်ပင်ဖြစ်ခဲ့ပါတယ်။ အစကတော့ မော်လမြိုင်ကို သွားလည်မလို့ပါပဲ။ နောက်တော့ အဲ့ရက်ပိုင်းမတိုင်ခင် မော်လမြိုင်မှာ သိပ်မငြိမ်သက်ဘူးကြားတာတစ်ကြောင်း၊ ရွေးကောက်ပွဲနီးလေ လူတွေက နိုင်ငံရေးအခြေအနေ မကောင်းဘူးဆိုပြီး တချို့သူငယ်ချင်းတွေဆို တွေ့ဖို့ ညစာတူတူစားဖို့တောင် အပြင်မထွက်ရဲတာနဲ့၊ ဆန်တွေ ဆီတွေစုနေတဲ့ သူတွေက စုနေတာနဲ့မို့ သွားမယ်ဆိုလဲ လုံးဝ Tourist destination လိုမျိုး၊ မြို့မဟုတ်တာမျိုးဆိုလို့ ငွေဆောင်ကမ်းခြေပဲရှိတော့တယ်လေ။ ကျွန်မကတော့ ကျိုက်ထီးရိုးသွားဖူးချင်ပေမဲ့ Mr. Right တစ်ယောက်ကလဲ ဟန်းနီးမွန်းကို ကမ်းခြေဆိုပြီး နာမည်တပ်မထွက်လိုက်ရလို့ ကမ်းခြေပဲ သွားချင်နေတာနဲ့ ငွေဆောင်ပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။

အစက ကျွန်မ မိသားစုနဲ့ သူ့မိသားစု တူတူသွားဖို့ပဲ။ တကယ်စီစဉ်တော့ မေမေက ဒူးနာ၊ ကျန်တဲ့သူတွေကလဲ ပင်ပန်းပြီး နေသိပ်မကောင်း၊ သူ့မိသားစုကလဲ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ကျွန်မတို့ ၂ယောက်ပဲ နောက်ဆုံးသွားဖြစ်တော့တယ်။ နိုဝင်ဘာ ၉ရက်နေ့ မနက်သွားမှာကို၊ နိုဝင်ဘာ ၈ရက်နေ့ ညကျမှ အောင်ဆန်းကွင်းဘက် ၂ယောက်သား လက်မှတ်ထွက်ဝယ်ကြတယ်။ သိကြတဲ့အတိုင်း နိုဝင်ဘာ ၈ရက်နေ့က မဲပေးတဲ့နေ့ ညနေပိုင်း လမ်းပေါ်မှာ ကားတွေလဲ ရှင်း၊ လူတွေလဲရှင်း နိုင်ငံခြားသားတွေကလွဲလို့ ကျန်တဲ့သူတွေ အပြင်သိပ်မထွက်ကြဘူး။ NLD ရုံးချုပ်ရှေ့တော့ လူတွေ စုနေမယ်ထင်တယ်။

အောင်ဆန်းကွင်းဘက်မှာလဲ ဘယ်ဆိုင်မှ မီးမလင်းလို့ စိတ်ဓာတ်ကျသွားပေမဲ့ အနီးနားထိလျှောက်ကြည့်လိုက်တယ်။ အဲ့ဒိနားမှာ ခရီးသွားကား အကြီးကြီးတွေပေါ် လူတွေတက်နေကြတာတွေ့တော့ အဲ့ဒိနားသွားတော့ လှေကားထောင့်လေးမှာ မီးလင်းနေတဲ့ တစ်ဆိုင်တွေ့တယ်။ ကိုယ်လဲ ဆိုင်က ဖွင့်သလား မဖွင့်လားမသေချာတော့ ရစ်သီရစ်သီလုပ်နေမှာ အဲ့ဒိက အမျိုးသမီးက ဘယ်သွားမလို့လဲ မေးလို့ ငွေဆောင်ဆိုတော့ ရွှေပြည်လွင်ရယ် နောက်တစ်ကားရယ်ပဲ ငွေဆောင် တိုက်ရိုက် ရှိတယ်တဲ့။ မနက်ဖြန် မနက်ပိုင်းကားဆိုရင်တော့ အောင်ဆန်းကွင်းလာမကြိုဘူး လှိုင်သာယာမှာအဝေးပြေးဂိတ်မှာ သွားစီးရမယ်တဲ့။ ဟိုးတစ်ခေါက်က ချောင်းသာကို မနက်ပိုင်းကားစီးတုန်းကလဲ အဲလိုပဲ လှိုင်သာယာမှာ သွားစီးရတယ်။ ညပိုင်းကား မစီးချင်တာက မနက်ရောက်သွားတဲ့အချိန်အစောကြီးမှာ ဟော်တယ်က ချက်အင်ဝင်လို့မရ ဘာမရနဲ့ မို့ အဆင်မပြေဘူးထင်လို့။ ဒါပေမဲ့ ငွေဆောင်ဆိုရင်တော့ လူနည်းတဲ့အချိန်ဆိုတော့ ရနိုင်လောက်ပါတယ်။ ညပိုင်းကားစီးရင်တော့ မြို့ထဲ လာခေါ်ပေးတယ်ထင်တယ်။ အဲကွန်းလဲ အေးမှာပေါ့။ မနက်ကားက အဲကွန်းလုံးဝမအေးတဲ့အပြင် လမ်းမှာလဲ လူတွေထပ်တင်ပြီး အလယ်ခုံထည့်တယ်။ ဒါပေမဲ့ မနက်ပိုင်းကားတွေက တိုးရစ်တွေပိုများတယ်ထင်တယ်။ ရွှေပြည်လွင် လက်မှတ် အသွားတစ်ကြောင်းတည်း တစ်စောင်ကို ၅၅၀၀ ကျပ် ပေးရတယ်။ အသွားတစ်ကြောင်းတည်းဝယ်တာက ကိုယ်ဘယ်လောက်ကြာကြာနေဖြစ်မယ်မသိလို့။ အစကတော့ ၃ညအိပ် ၄ရက်နေမလို့။ သူ့မိသားစုက နောက်မှ လိုက်လာမယ်ဆိုလို့။ နောက်တော့ မလိုက်လာဖြစ်တော့ ၂ယောက်တည်း ပျင်းလို့ ၂ညအိပ်ပဲ နေဖြစ်ခဲ့တယ်။




ပြန်ရောက်တာနဲ့ အမြန် အထုတ်ပြင်ရတယ်။ အမှန်တော့ စင်္ကာပူကပြင်လာတဲ့ အထုတ်ထဲက နည်းနည်းထုတ်ပြီး ၂ယောက်တစ်အိတ်ပေါင်းထည့်သွားတာပါ။ လိုရမယ်ရ မနက် ၅နာရီခွဲလောက်မြို့ထဲက ထွက်ရမယ်တဲ့။ ကားက ၇နာရီခွဲထွက်မှာဆိုပေမဲ့ ၇နာရီ အရောက်တဲ့။ ရန်ကုန်ကနေ ငွေဆောင်ကို ၂ယောက်ပေါင်းမှ ၁၁၀၀၀ ကျပ် ကျတယ်။ မြို့ထဲကနေ လှိုင်သာယာကားဂိတ်ကို တိုက်စီခက ၈၀၀၀ ကျပ် ကျတယ်။ ဒါတောင် မနက်အစောကြီး ကားရှင်းလို့။ ကားဂိတ်ကို ၆:၄၅ လောက်ရောက်သွားတော့ ရောက်ကြောင်း သတင်းပို့ပြီးတော့ ဘေးက လဘက်ရည်ဆိုင်မှာ မနက်စာစားဖို့ ထွက်လာတယ်။ ကားဂိတ်မှာ မြန်မာခရီးသည်ဆိုလို့ ကျွန်မတို့ ၂ယောက်ပဲရှိတယ်ထင်ရတယ်။ ကျန်တာအားလုံး တိုးရစ်တွေချည်းပဲ။ အင်း… ဒီအချိန်မှာ ဘယ်မြန်မာမှ အပြင်မထွက်ကြဘူးလေ။ ကားဂိတ်စာရေးက ဆက်ဆံရေး မကောင်းဘူး။ တစ်လောကလုံး သူ့လုပ်စာ စားနေတဲ့ရုပ်။ သူ့ရှေ့မှာ တိုးရစ်တွေရဲ့ အိတ်တွေ ပုံထားတဲ့ အပုံကြီးရှိတယ်။ ကျွန်မတို့က ဘေးကဆိုင်မှာ မနက်စာစားမလို့ ကျွန်မတို့ အိတ်ကိုလဲ အဲဒိ အိတ်ပုံဘေးမှာ ထားခဲ့လို့ရမလားဆိုတော့ ပုံစံက မိုက်ကမ်းကမ်းနဲ့ “ထားချင်ရင်တော့ ထားပေါ့” တဲ့။ အစ်မတို့နဲ့ ယူသွားတာ ပိုကောင်းပါတယ်။ ဒီမှာထားတာ ကျွန်တော်တို့ တာဝန်မယူပါဘူး စသဖြင့် ပြောလို့ရပါတယ်။ ဒါများ ယဉ်ကျေးတဲ့ ဗမာလူမျိုးဆိုပြီး ဂုဏ်လုပ်နေကြတယ် (မထင်)။ ကြည့်ရတာ တိုးရစ်အိတ်ပဲ တာဝန်ယူတယ်။ လိုကယ်ဆိုရင်တော့ ဂရုမစိုက်ဘူးဆိုတဲ့ အထှာနဲ့။ ဒါပေမဲ့ ကျွန်မတို့အိတ်ထဲမှာလဲ အင်္ကျီနဲ့ ရေချိုးခန်းဆိုင်ရာပစ္စည်းတွေကလွဲလို့ အဖိုးတန် သိပ်မပါတော့ ထားခဲ့လိုက်တယ်။

ဘေးကဆိုင်မှာ နန်းကြီးသုတ်စားဖြစ်တယ်။ ကျွန်မတို့ ဘေးဝိုင်းကို တိုးရစ်ကြီးတစ်ယောက်လာထိုင်တယ်။ သူလာထိုင်ကတည်းက သူငါတို့စားနေတဲ့ နန်းကြီးသုတ်ကိုမှ လက်ညိုးထိုးမှာပါ့မလားလို့ တွေးနေတုန်း ကိုယ်ထင်တဲ့အတိုင်းပဲ ကျွန်မတို့ နန်းကြီးသုတ်ကို လက်ညိုးထိုးပြီး “Same” ဆိုပြီး မှာတော့ ပြုံးမိတယ်။ ကိုယ်တွေလဲ သူများနိုင်ငံသွားလို့ မမှာတတ်ရင် ဒီလိုပဲ ကိုယ်စားလို့ရမယ်ထင်တဲ့ သူများစားတာကို လက်ညိုးထိုးမှာတာပဲလေ။ အဲ့ လဘက်ရည်ဆိုင်မှာက မန်နျူးကို အင်္ဂလိပ်လို မပြောနဲ့ မြန်မာလိုတောင် မရှိတာ။ အေးရော။ သူကတော့ ခပ်သုတ်သုတ်လေးစားနေတယ်။ လဘက်ရည်ဆိုင်ရှေ့က သိပ်မသားနားတဲ့ ကားပေါ်ကို အိတ်တွေတင်တော့ ကျွန်မတို့ ဘေးဝိုင်းက တိုးရစ်ကြီးကိုကျတော့ သူ့အိတ်ကို ဆွဲလာပြီး “This yours?? I will put inside the car” ဆိုပြီး လာမေးတယ်။ ကျွန်မတို့ကို လာမမေးဘူး။ ပြီးတော့ ငွေဆောင်သွားမဲ့ကားထွက်မယ် ဘာညာလဲ အော်သံမကြားဘူး။ ဒီတော့ တိုးရစ်ကြီးထသွားပြီးတဲ့အထိတောင် ကိုယ်တွေက ရေနွေးကြမ်းလေးသောက် ပိုက်ဆံအေးဆေးရှင်းပြီးမှထွက်လာတာ။ ဘေးဆိုင်တင်ကိုး… ပြန်ရောက်တော့ အထဲမှာ ကျွန်မတို့ အိတ်တစ်ခုပဲ ကျန်တယ်။ ဟိုအရိုင်းအစိုင်း စာရေးကောင်က ဟောက်လိုက်သေးတယ်။ ကိုယ့်အိတ်ကို ကိုယ်တာဝန်ယူပါ။ ခုလို ပစ်မထားပါနဲ့တဲ့။

ငွေဆောင်သွားမဲ့ကားရောက်ပြီလားမေးတော့မှ။ အဲ့ဒိကားတဲ့။ အော်… ကိုယ့်မှာ သူများနိုင်ငံသွားရင် ကိုယ့်နိုင်ငံမဟုတ်တော့ သူတို့ နိုင်ငံသားကို ဦးစားပေးရတယ်။ ကိုယ့်နိုင်ငံထဲ ကိုယ်ပြန်ရောက်တော့လဲ သူများနိုင်ငံသားတွေကိုပဲ ဖားကြတယ်။ အဲလိုဖားလိုက်လို့ သူတို့ကို ဟိုက ဘောက်ဆူးပေးသွားတာလဲ မဟုတ်။ တိုးရစ်နဲ့ ခင်မင်ပြီး သူတို့ကို နိုင်ငံခြားခေါ်သွားမှာလဲ မဟုတ်။ နိုင်ငံခြားသားဆိုရင် အထင်ကြီး၊ ဖား ပေါင်းတတ်တဲ့ ဉာဉ်လေးတွေ၊ အချင်းချင်းဆို ဟောက်စား အနိုင်ကျင့်ချင်တဲ့ စိတ်ကလေးတွေ ဘယ်တော့ တိုးတက်မလဲနော်။ ဒါပေမဲလဲ ကိုယ့်နိုင်ငံလာလည်တဲ့သူတွေကို ပုံမှန် အချင်းချင်း ရိုင်းပင်းချင်စိတ်မရှိတဲ့ လိုကယ်တွေက ရိုင်းပင်းလိုက်တော့လဲ အနည်းဆုံး တိုးရစ်တွေ စိတ်ထဲမှာတော့ မြန်မာပြည်က ဖော်ရွေရိုင်းပင်းတတ်တယ်ဆိုပြီး ထင်သွားမှာပဲလို့ စိတ်ဖြေရတယ်။ 





ကားပေါ်တက်ခါနီးကျမှ ရေသန့်ဗူး ဗူးသေးလေးတွေနဲ့ စနိုးတာဝါတွေဝေတယ်။ ကားခုံလေးတွေက ကျဉ်းတယ်။ မြန်မာပြည်မှာ အဝေးပြေးကား ကောင်းကောင်းဆိုရင် ရန်ကုန်၊ မန္တလေးဆွဲတဲ့ တချို့ကားတွေပဲ ရှိသေးတယ်ထင်တယ်။ လက်မှတ်ရောင်းကတည်းက သူတို့ပြတဲ့ ခုံနံပါတ်ထဲမှာ ကျွန်မတို့ ၂ယောက်ထိုင်ခုံက အတူတူမဟုတ်ဘူး အလယ်လမ်းခြားပြီး တခြားလူနဲ့ထိုင်ရမယ်ဆိုတာတွေ့လို့ ကျွန်မက မေးတော့ “မဟုတ်ဘူးညီမ၊ တကယ်တန်းက အတူတူထိုင်ရမှာ၊ ဒီပုံက မှားနေတာ” လို့ လိမ်ပြောပြီး လက်မှတ်ရောင်းတဲ့ စုံတွဲ တသက်လုံးကြီးပွားမှာမဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ ကျွန်မတို့ကားပေါ်ရောက်တော့ တစ်ခုံက စောစောက နန်းကြီးသုတ်စားတဲ့ တိုးရစ်ကြီးနဲ့ နောက်တစ်ခုံက မြန်မာအမျိုးသားတစ်ဦးနဲ့ ကျွန်မက အဲလိုမြင်တော့ စပြီးပွမ်တော့တာပေါ့။ ကားပေါ်မှာက တိုးရစ်များတော့ အင်္ဂလိပ်လိုရော မြန်လာလိုရော ပြောပြီး ပွစိပွစိလုပ်စလုပ်တော့တာ။ (လူကတော့ အပေါ့သွားရလွယ်အောင် ထမိန်နဲ့ အသားမဲမှာစိုးလို့ ပါးကွက်ကြားနဲ့ပါ။ အဲဒါကြောင့်လဲ မြန်မာအချင်းချင်း နှိမ်ခံရသလားတော့မသိ။ ဒါပေမဲ့ ဝတ်ထားတာ မစုတ်ပါဘူး။ သာမာန်ထမိန်တောင်မဟုတ်ဘူး Pre-wedding ရိုက်တုန်းက ထမိန်အနီလေးကို တခြားအချိန်လဲ မဝတ်ဖြစ်မဲ့အတူတူ ထုတ်ဝတ်ထားတာပါ။)

နိုင်ငံခြားသားနဲ့ ယဉ်ကျေးတဲ့ တို့မြန်မာဆိုပြီး ပါးစပ်ကအော်သော်ညားအလုပ်နဲ့ သက်သေမပြတတ်တဲ့ မြန်မာလူမျိုး ယှဉ်တော့ နန်းကြီးသုတ်စားတဲ့ တိုးရစ်ကြီးက ချက်ချင်းပဲထပြီး သူခုံလဲပေးမယ်တဲ့။ သူတို့က ၁ယောက်တည်းသမားဆိုတော့ ဘယ်သူနဲ့ထိုင်ထိုင်ရတယ်လေ။ ကျွန်မသာ သူ့နေရာဆိုရင်လဲ ကျွန်မခုံကို လဲပေးမှာပါပဲ။ (MRT ရထားပေါ်မှာ ကိုယ့်ဘေးတစ်ဖက်တစ်ချက်က နေရာလွတ်နေပြီး ကိုယ့်ရှေ့မှာက အတွဲရပ်နေတယ်ဆိုရင် အလိုက်သိသိ ဘေးတစ်ခုံကပ်ပေးတဲ့ အပြုအမူမျိုးကမှ ယဉ်ကျေးတယ်လို့ထင်တယ်။) ယဉ်ကျေးတဲ့ မြန်မာလူမျိုးဆိုတာ ပရဟိတတွေကို ဖေ့ဘွတ်ပေါ်တင်ရုံလုပ်ပြပြီး လေးစားပါတယ်၊ ဂုဏ်ယူပါတယ်ဆိုတဲ့ ကွန်မန့်တွေနဲ့ Like & Share များရုံ Follower များရုံလုပ်နေပြီး ကျန်တဲ့သူတွေကို သူ့လောက်မှ လူမထင်တဲ့ စိတ်ဓာတ်မျိုးလို တလွဲဆံပင်ကောင်းနေတတ်ကြတဲ့ Superficial ယဉ်ကျေးမှုကြီးတစ်ခုလိုဖြစ်နေတယ်။

ကားခုံ ကျပ်ကျပ်မှာ၊ လမ်းတွေက အလွန်ကောင်းတော့ ကားက ခုန်တယ်။ ရှေ့တစ်ခုံကျော်က ဘိုမကြီးတွေက ကားခုန်တာကို လှောင်ရီရီနေကြတာ သတိထားမိတယ်။ တကယ်ပါ ငယ်ငယ်ကတည်းက တခြားနိုင်ငံတွေကို ခရီးမထွက်ဖူးခင်အချိန်အထိ။ အဝေးပြေးလမ်းဆိုတာ ချောမွေ့နေအောင်ဘယ်လုပ်လို့ရမလဲ။ ဒီလောက် လူသူပြက်လပ်တဲ့ နေရာပေါ်က လမ်းတွေကို ဘယ်သူက အချိန်ပြည့် ကြည့်ရှုထိန်းသိမ်းနိုင်မှာလဲ။ အဝေးပြေးလမ်းဆိုတာ ဒီလိုပဲ ရှိမှာပဲလို ထင်ခဲ့မိတာ။ ကိုယ့်ကိုကိုယ် Brain Wash ခံထားရတဲ့ မျိုးဆက်စာရင်းထဲ ပါမှန်းမသိပါနေတာ သတိထားမိသွားတယ်။ တကယ်တမ်း တခြားနိုင်ငံတွေက အဝေးပြေးလမ်းတွေ အဝေးပြေးကားတွေစီးဖူးတော့မှ အဝေးပြေးလမ်းဆိုတာ ဒီလိုလုပ်လို့ရပါလား။ ကိုယ်ပေးနေတဲ့ အခွန်တွေ၊ ဘီးခွန်တွေ၊ မြို့ဝင်ကြေးတွေ စတာတွေက သူတို့ ဒီတိုင်းထိုင်ကောက်နေဖို့မဟုတ်ပဲ ဒါတွေကို ပြုပြင်ထိမ်းသိမ်းဖို့တွေပါလားဆိုတာ ကွက်ကွက်ကွင်းကွင်းသိလာတာ။ ညံ့တယ်ပဲပြောပြော ကိုယ်ကတော့ ကိုယ်တိုင်တွေ့ကြုံဖူးမှ မှတ်မိတယ် ကွဲပြားတာတွေက သိသာမြင်သာတယ် အဲ့ဒါကိုယ့်အတွက်တော့ ခရီးသွားခြင်းကရတဲ့ ဗဟုသုတတွေပဲ။

ကားက မနက် ၇နာရီခွဲထွက်ပြီး လမ်းမှာ လူထပ်တင်လူချတာက လွဲလို့ လုံးဝမရပဲ တောက်လျှောက်မောင်းပါတယ်။ နေ့လည် ၁၁နာရီလောက် ပုသိမ်နားရောက်မှ နေ့လည်စာစားဖို့ ရပ်ပေးပါတယ်။ အဲ့ဒိကျမှ အပေါ့အပါးသွား သူတို့နဲ့ချိတ်ထားတဲ့ ဆိုင်မှာ ထမင်းစားပေါ့လေ။ ကိုယ်တွေကတော့ ဗိုက်သိပ်မစာသေးပေမဲ့ နေ့လည်စာထမင်းစားဖြစ်တယ်။ ထမင်းအဝစား အသားဟင်း ၁ပွဲ နဲ့က ၁၅၀၀ ကျပ်ထင်တယ်။ ဟင်းရွက်ကြော်က (ကြော်ပြီးသား) က တစ်ပွဲ ၅၀၀ ကျပ် (ဆွမ်းတော်တင်တဲ့ Standard ပန်းကန်ဖြင့်)။ ကားပေါ်က ပြင်သစ်သူတွေထင်တယ် ယောင်ဝါးဝါးဖြစ်နေလို့။ အကူအညီလိုလားလို့မေးတော့ ဝမ်းသာအားရ နဲ့ သူတို့ ဘယ်လိုမှာရမှန်းမသိလို့တဲ့။ ကိုယ်ကစောစောကလို ပြောတာပေါ့။ ကြိုက်ရာဟင်းလက်ညိုးထိုး ထမင်းနဲ့က ဘယ်လောက်ပေါ့။ ဟင်းရွက်ကြော်က ၅၀၀ လို့ပြောနေတာ။ ဆိုင်က အမျိုးသမီးက ဘေးကနေ သူတို့ဆို အရွက်နဲ့စားရင်လဲ ၁၅၀၀ ပဲတဲ့ မြန်မာလို လှမ်းပြောတော့ ကိုယ်လဲ ၁၅၀၀ လို့ ပြောပေးလိုက်ပါတယ်။ ကိုယ်လဲ သူများနိုင်ငံသွားရင် ဒီလိုပဲ ပေးနေရတာပဲလေ။ ပြီးတော့ ၁၅၀၀ ဆိုတာလဲ သူတို့အတွက် ၁ဒေါ်လာကျော်လောက်ပဲရှိတာဆိုတော့။ မတန်တဆ ညာရောင်းတာမှ မဟုတ်တာ။ လိုကယ်နဲ့ ဈေးမတူတာပဲရှိတာလို့ပဲ စိတ်ဖြေလိုက်ပါတယ်။ သူတို့ကလဲ အဆီတဝင်းဝင်းမြန်မာအသားဟင်းတွေ မစားပါဘူး။ အရွက်ကြော်လောက်ပဲစားတာဆိုတော့။

ထမင်းစားပြီး ၁၁နာရီခွဲလောက်ကနေ ထွက်လာတာ ငွေဆောင်ကို ၁၂နာရီ ၄၅မိနစ်လောက်မှာ ရောက်သွားတယ်။ ကားပေါ်ကဆင်းတာနဲ့ အောက်မှာ ဆိုင်ကယ် ကယ်ရီတွေက ဘယ်သွားမလဲ ဘာညာဆိုပြီး ဝိုင်းအုံနေကြတာ အတော် စိတ်ရှုပ်ဖို့ကောင်းတယ်။ အထုပ်ယူပြီးတော့မှ ကိုယ့်နားကပ် အေးဆေးလာမေးတဲ့သူကို ဟော်တယ်က လိုက်ကြည့်ရအုံးမယ်။ ဘယ်မှာ မှ ဘွတ်ကင်းမလုပ်ထားဘူးဆိုတော့ မကြိုက်မချင်း သူတို့ လိုက်ပြမယ်တဲ့။ ကိုယ်က တကယ်မကြိုက်မချင်း နော်လို့ပြောတော့။ သူတို့က ၃၊ ၄နေရာလောက်လို့ ပြောင်းပြောတယ်။ တစ်စီးကို ၁၀၀၀ ကျပ်နဲ့ ၂စီးငှားရတယ်။ ကိုယ့်အထုတ်လဲ သူတို့ ပေါင်ကြားညှပ်မောင်းတယ်။ သူတို့နဲ့ စီးရတာလဲ ခပ်ကြောက်ကြောက်။ သရဲထက် လူကိုပိုကြောက်တယ်။ ရိုးသားတဲ့သူတွေကို သံသယဝင်တာမဟုတ်ပေမဲ့ သတိဆိုတာတော့ ပိုတယ်မရှိဘူး။ Mr.Right စီးတဲ့ ဆိုင်ကယ်နဲ့ မပျောက်အောင် ကြည့်နေရတယ်။ ပျောက်တော့ မပျောက်ပါဘူး ဟိုတယ်တွေဘက်သွားတဲ့ လမ်းကလဲ တစ်ဖြောင့်တည်း ဒီတစ်လမ်းပဲရှိတာဆိုတော့။

Grand Ngway Saung Hotel






လမ်းမှာတွေ့တဲ့ Resort ၃ ခုလောက်ကို ဖြတ်လာပြီးတော့ Grand Ngway Saung ဆိုတဲ့ Hotel ဝန်းထဲကို ဝင်လိုက်တယ်။ lobby က ဝန်ထမ်းတွေက ဆက်ဆံရေးပြေပြစ်ပါတယ်။ ပထမဆုံး Beach Front (ကမ်းခြေရှူခင်း) ရှိတဲ့ အခန်းကို ပြခိုင်းတော့ လိုက်ပြတယ်။ အခန်းက အတော်ကြီးကို ကျယ်တာ။ Flat screen LCD TV နဲ့။ အိမ်သာရေချိုးခန်းလဲ ကျယ်တယ်။ ရေချိုးခန်းက စိမ်ချိုးတာရော၊ ရေပန်းနဲ့ ချိုးတာရော ၂ခုလုံးရှိတယ်။ မှန်တင်ခုံနဲ့ ဗီဒို၊ မီးခံသေတ္တာ လဲ ရှိတယ်။ ရှေ့နားမှာ ကမ်းခြေရှုခင်းကြည့်ရင်း ရေကူးလို့ရတဲ့ ရေကူးကန်လှလှလေးရှိတယ်။ အခန်းခကတော့ တစ်ညကို ၁သိန်း ၂သောင်းတဲ့။


Beach front view မဟုတ်ပဲ နောက်ဘက်တစ်တန်း။ လုံးချင်း ဘန်ဂလိုတွေပဲ။ အဲဒါကျတော့ တစ်ညကို ၁သိန်းတဲ့။ အထဲက ပါဝင်တာတွေနဲ့ အခန်းပုံစံကတော့ တူတူပဲ။ လုံးဝအတွင်းဘက်မှာ ၂ထပ်တန်းလျားဆောင်လို လုပ်ထားတဲ့ အခန်းတွေကျတော့ တစ်ညကို ၇သောင်းတဲ့။ ၇သောင်းအခန်းတွေကျတော့ တီဗွီက Flatscreen မဟုတ်တော့ဘူး။ အခန်းလဲ နည်းနည်းကျဉ်းသွားတယ်။ ကျွန်မတို့လဲ လာမှတော့ Beach front view အခန်းပဲ ယူဖြစ်လိုက်တယ်။









အခြေခံလိုအပ်ချက် လျှပ်စစ်မီးပေးချိန်

အဲမြန်မာပြည်ကဟော်တယ်တွေတည်းတဲ့အခါ ဘာကို အသည်းပေါက်ဆုံးလဲ ဆိုတော့ တစ်ညကို ဒေါ်လာ ၁၀၀ ဝန်းကျင်ပေးနေပေမဲ့ ရေ၊မီး၊ အဲကွန်း က အချိန်သတ်မှတ်ပြီးပဲ ရတာကိုပဲ။ ကျွန်မက ပေးရတော့ ကမ္ဘာ့ဟော်တယ်ဈေးတွေနဲ့ တန်းတူဖြစ်ပြီး ကမ္ဘာ့စံချိန်မှီ အခြေခံရေ၊မီးလေးတောင် အပြည့်မပေးနိုင်ဘူးနော်လို့ ခပ်အေးအေးပဲပြောတော့။ ဟော်တယ်ဝန်ထမ်းလေးကလဲ ကောင်းကောင်းပြန်ဖြေပါတယ်။ အကြောင်းကတော့ အစိုးရက Resort တွေကိုသာ ပါမစ်တွေရောင်းစားလုပ်စားထားပြီး အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊မီးကျတော့ မလုပ်ပေးထားဘူးတဲ့။ အဲ့ဒိအတွက် သူတို့က သူတို့ရဲ့ မီးစက်နဲ့ မီးပေးရတာဖြစ်လို့ ဈေးကကြီးရတာပါတဲ့။ ဒီလိုဆိုတော့ ဟော်တယ်ဝန်ထမ်းကိုလဲ ဆက်မရစ်ချင်ဘူး။ ဟော်တယ်တွေကို ကွန်ပလိန်းမလုပ်ချင်ဘူး။ ဘယ်သူ့အပြစ်လဲ။ လုပ်ပိုင်ခွင့် ပါမစ်တွေကို ရောင်းစားပြီး အဲ့ပိုက်ဆံတွေနဲ့ ဒီနေရာတွေကို ဖွံ့ဖြိုးအောင်လဲ မလုပ်ဘူးဆိုတော့ အဲ့ပိုက်ဆံတွေက ဘယ်ရောက်သွားလဲ။ ဒီနှစ်စ ချောင်းသာသွားတုန်းကလဲ အဲ့လိုပဲလေ မီးအမြဲမရဘူး။

ဒီ Grand Ngway Saung hotel ကတော့ အသစ်ဖွင့်တာ မကြာသေးဘူးတဲ့။ အထဲမှာလဲ နောက်ထပ် ၇သောင်းတန်အခန်းမျိုးတွေ ဆောက်လက်စ အဆောင်တွေ့ရတယ်။ မီးရတဲ့ အချိန်က နေ့လည် ၁နာရီကနေ ညနေ ၄နာရီ တစ်ကြိမ်။ ညနေ ၆နာရီကနေ မနက် ၆နာရီတစ်ကြိမ်ပေါ့။ အဲ့ဒိတော့မှ တီဗွီရမယ်၊ အဲကွန်းအလုပ်လုပ်မယ်၊ ရေနွေးနဲ့ ရေချိုးလို့ရမယ် စဉ်းစားသာကြည့်တော့။



ဟိုတယ် စားသောက်ဆိုင်




ဟိုးရွာထဲထိ ပြန်သွားရမှာ ပျင်းတယ်ဆိုရင် ဟော်တယ်က စားသောက်ဆိုင်မှာ မှာစားလို့ရတယ်။ ဟော်တယ် စားသောက်ဆိုင် မန်နျူးမှာတော့ အပြင်မှာ စားတဲ့ ဈေးထက် ဟင်းတစ်ပွဲကို ပျမ်းမျှ ၂၀၀၀ ကျပ်လောက် ပိုများတာပဲရှိတယ်။ တစ်ပွဲ ၂၀၀၀ လောက်ဈေးများတယ် ၊ ကိုယ်က ဟင်းတစ်ပွဲပဲ စားမဲ့သူမဟုတ်ဘူးလေ။ အနည်းဆုံးတော့ ဟင်းချိုတစ်ပွဲ၊ ဟင်းတစ်ပွဲဆို ဘာရယ်မဟုတ် စုစုပေါင်း ၄၀၀၀ ကျော်လောက် အပြင်ထက်ပိုကျပြီလေ။ Finger food တွေလို အာလူးကြော်တို့ ဘာတို့ကျတော့ ဈေးအတော်ကြီးတာတွေ့ရတယ်။ ဒုတိယရက်တော့ အပြင်ထွက်ရမှာ နေတအားပူတာနဲ့ ထမင်းကြော်ရယ် တုန်ယမ်းဟင်းချိုရယ် ထမင်းဖြူတစ်ပွဲရယ် မှာစားဖြစ်တယ်။ အရသာကတော့ စားလို့ကောင်းပါတယ်။

Hotel Breakfast

ဟိုတယ်မှာ ဧည့်သည် အယောက် ၂၀ပြည့်မှ ဘူဖေးမနက်စာ ခင်းပေးတယ်လို့ဆိုတယ်။ မဟုတ်ရင်တော့ အခန်းကိုပဲ မနက်စာလာပို့ပေးတယ်တဲ့။ ဘယ်လိုမျိုးတွေ ကျွေးလဲ ဆိုတာတော့ အောက်က ပုံတွေမှာကြည့်လိုက်နော်။ ပထမနေ့ အုန်းနို့ခေါက်ဆွဲကတော့ သိပ်မကောင်းဘူး။ အုန်းနို့ခေါက်ဆွဲကို မြန်မာပြည်က ဟော်တယ်တွေက ဘာလို့ အဲဒိခေါက်ဆွဲပြားကြီးတွေနဲ့ ချက်ကြလဲ နားမလည်ဘူး။ ကိုယ်ငယ်ငယ်တည်းက စားနေကျကတော့ ခေါက်ဆွဲသုတ်စားတဲ့ ခေါက်ဆွဲလုံးပဲ။ ဒုတိယနေ့ကတော့ ကြာဇံကြော်ပေါ့။ ကျန်တာတွေကတော့ နိုင်ငံခြားသားတွေလဲ စားလို့ရအောင် လုပ်ပေးထားတယ်ထင်ပါတယ်။ ဘာပဲပြောပြော မနက်စာလေးစားရဖို့အရေး ဗိုက်ဟောင်းလောင်းနဲ့ ရွာထဲ ထွက်စရာမလိုတော့ဘူးပေါ့။ ဒါနဲ့ ကြုံလို့ ပြောရအုံးမယ်။ ငွေဆောင်မှာ လဘက်ရည်ဆိုင်ဆိုလို့ "ကိုးနိုင်းနိုင်း" ဆိုတဲ့ တစ်ဆိုင်ပဲရှိတယ်သိလား။ 














For your Safety (ရေကူးလျှင် သတိပြုပါ)

ငွေဆောင်ကမ်းခြေမှာရေကူးရင် သတိလေးနဲ့တော့ ကူးဖို့တိုက်တွန်းချင်တယ်။ အရင်ကလဲ ငွေဆောင်ကမ်းခြေက RIP tide ကြောင့် ရေနစ်သေတဲ့သူတွေမနည်းမနောရှိခဲ့လို့ ငွေဆောင်လာကတည်းက ပင်လယ်ထဲ ဆင်းကူးရမှာ တွန်းဆုတ်ခဲ့တယ်။ ဒါပေမဲ့ လှိုင်းလုံးတွေက အတော်လေးကြီးပြီး ကမ်းခြေကလဲ သန့်တော့ ရောက်ရင် ကူးချင်စိတ်ဖြစ်ကြမှာပဲ။

Internet ပေါ်မှာ ဘယ်လိုပုံစံမျိုး ဘာညာပြထားတာ တွေ့ပေမဲ့ တကယ့်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်တော့ ဘယ်ဟာ RIP tide လဲ မသိတော့ဘူး။ နေရာတိုင်း RIP tide ဖြစ်နေတယ်လို့ ထင်မိနေတာပဲ။ လှိုင်းပြတ်တောင်းပြတ်တောင်းတွေက ဟိုနားဒီနား ခပ်စိတ်စိတ်တွေ့နေရတာကိုး။ ကိုယ်ရေဆင်းကူးဖို့ စိတ်ကူးထားကာမှ ဒုတိယနေ့ နေ့လည်မှာ ဘေးဘန်ဂလိုက အုပ်စု ရေဆင်းကူးရင်း ကမ်းနဲ့ တစ်ဖြည်းဖြည်းဝေးပြီး ပြန်ကပ်လို့မရတော့လို့ ဟိုတယ်က ဝန်ထမ်းတွေအားလုံးပြေးလွှားပြီး သွားကယ်ရတဲ့ အဖြစ်တစ်ခုနဲ့ ကြုံခဲ့သေးတယ်။



ကိုယ့်အခန်းထဲကနေ လူတွေအများကြီး ပြေးလွှားပြီး ဝရုန်းသုန်းကားအသံတွေကြားလို့ ထွက်ကြည့်မိတော့မှ ကမ်းနဲ့ဝေးနေတဲ့ ဧည့်သည်တွေကို ကြိုးနဲ့ ပြန်ဆွဲကယ်ဖို့ လုပ်နေတဲ့ အဖြစ်ကိုတွေ့တယ်။ မသေကောင်းမပျောက်ကောင်း တော်သေးတာက ဟိုတယ်က ဘောတွေကို ဧည့်သည်တွေအတွက် အလကားသုံးလို့ရအောင် ချထားပေးတယ်လေ။ သူတို့က ၇ယောက်လောက်တော့ရှိမယ်ထင်တယ်။ ဘောကွင်းကတော့ ၄ကွင်းပါသွားလို့ ရေမနစ်တာ။ ဟိုတယ်မှာ ကမ်းခြေကို စောင့်ကြည့်နေတဲ့ ဝတ်စုံဝတ် လုံခြုံရေးတစ်ယောက်တော့ ကမ်းခြေမှာ ရှိတာတွေ့ရပါတယ်။ အသက်ကယ်တဲ့ Guard ပုံမျိုးတော့ မဟုတ်ဘူး။ သူက လူတွေ ကမ်းနဲ့ ဝေးသွားပြီလို့ သိတာနဲ့ Walkie Talkie နဲ့ လှမ်းအကြောင်းကြားလို့ ချက်ချင်းပြေးထွက်ပြီး ကယ်ကြတာတဲ့။ နယ်ခံတွေတောင် ရေဆန်ပြန်မကူးနိုင်လို့ ကြိုးနဲ့ ဆွဲရတယ်။ ကျွန်မက ဟိုမေးဒီမေးလုပ်တော့ ဝန်ထမ်းတွေက ဟိုတယ်ရှေ့တည့်တည့်ကူးပါတဲ့။ အဲ့ဘက်က ရေကြောရှိတယ်တဲ့။ ကျွန်မတို့ကတော့ အဲ့အဖြစ်ကြည့်ပြီး အဲ့နေ့က ပင်လယ်ထဲ မဆင်းဖြစ်တော့ပြန်ဘူး။ မပြန်ခင် မနက်ပိုင်းကျမှ လှိုင်းကလဲ တအားကူးကောင်းမဲ့ပုံရှိတာနဲ့ ခဏလေး ဆင်းကူးဖြစ်တယ်။

ကိုယ်ဆင်းကူးတော့မှ နည်းနည်းသဘောပေါက်တယ်။ ကိုယ်က ဟိုတယ်အပေါက်ကို စံထားပြီး အဲ့အပေါက်နဲ့ တန်းရက်နေရာမှာ ကူးတယ်။ ဒါပေမဲ့ လှိုင်းပုတ်ပြီးတာနဲ့ ကိုယ့်ကိုကိုယ်ကြည့်လိုက်ရင် အဲ့ဒိ ဟိုတယ်ရဲ့ညာဘက်ခြမ်းကိုရွေ့ရွေ့သွားတယ်။ အမြဲသတိထားပြီး ပြန်တည့်အောင် ချိန်နေရတယ်။ ပြီးတော့ ပေါင်ရင်းလောက် ရေမြုပ်တဲ့အထိနားမှာပဲ ဒူးကွေး ကိုယ်ဖော့ လှိုင်းစီးနေလိုက်တယ်။ အချိန်မရွေး မတ်တပ်ထရပ်လိုက်ရင် ပေါင်ရင်းလောက်ရေအမြင့်ပဲထားတယ်။ Mr. Right ဆို ကိုယ့်လောက်တောင် မြုပ်တဲ့အထိမလာဘူး။ မလာတာပဲကောင်းပါတယ်။ ကိုယ်က ခုချိန်ထိ ဘယ်တော့မှ မဖြစ်ဘူး။ ဖြစ်လိုက်ရင် သူချည်းပဲလေ။ သိတယ်ဟုတ်။

ဒီတော့ပြောချင်တာက ငွေဆောင်မှာ ရေကူးမယ်ဆို သတိလေးအမြဲထားပြီး အတင့်မရဲကြဖို့ မှာချင်ပါတယ်။



Getting Around in Ngway Saung 



သွားချင်လာချင်ရင် ဆိုင်ကယ်တွေငှားလို့ရတယ်။ ဟော်တယ်ကိုပြောလိုက်ရင် ခေါ်ပေးတယ်။ သိပ်တော့ မပေးရပါဘူး။ ကိုယ်တန်တယ်ထင်ရင်လိုက်ပေါ့။ ဒါပေမဲ့ အဲ့လို ဆိုင်ကယ်သမားနဲ့ ၂ယောက်တည်းစီးရမှာ မစီးချင်လို့ မငှားဖြစ်ဘူး။ (ချောင်းသာတုန်းကတော့ မောင်းတဲ့သူရယ် ကိုယ်တို့ ၂ယောက်ရယ် ၃ယောက်စီးတယ်) ကိုယ်တိုင်မောင်းတတ်ရင် ဆိုင်ကယ်ချည်းပဲလဲ ငှားလို့ရမယ်ထင်တယ်။ ဈေးတော့ မသိဘူး။

ကိုယ်တွေကတော့ စက်ဘီးငှားစီးတယ်။ ရောက်ရောက်ချင်းနေ့က ညနေပိုင်း ၅နာရီလောက်ကနေ ညအထိငှားတာ တစ်စီး ၅၀၀ကျပ်လား ၁၀၀၀ကျပ်လားမသိဘူး ပေးရတယ်။ နောက်နေ့ကျတော့ မနက်ကနေ ညအထိ တစ်နေကုန်ယူထားတာကျတော့ တစ်စီးကို ၁၅၀၀ ကျပ်ပေးရတယ်။ စက်ဘီး ဘီးပေါက်ဘာညာ ဘယ်လိုလုပ်မလဲဆိုတော့ ဟော်တယ်ကိုပဲ ဆက်သွယ်လိုက်ပါလို့ပြောတယ်။

ရေတက်နေတဲ့အချိန်ဆို ကမ်းခြေသဲသောင်ပေါ် နင်းလို့မရဘူး။ ရေကျချိန်မှ နင်းလို့ရတယ်။ ကမ်းခြေပေါ်ကမသွားလဲ ဟော်တယ်တွေနောက်ဖက်က ကားလမ်းကနေ နင်းလို့ရတယ်။ ညဘက် ထမင်းထွက်စားတာတို့ ရွာဘက်နင်းတာတို့ဆိုရင် လက်နှိပ်ဓာတ်မီး ဒါမှမဟုတ် ဖုန်းက ဓာတ်မီး app လေးတော့ ဆောင်ထား။ အပြန်လမ်းက လူတစ်ယောက်စ ၂ယောက်စတွေ့တယ် ဆိုင်ကယ်လေး ၁စီး ၂စီးလမ်းမှာတွေ့ရပေမဲ့ ကျန်တဲ့အချိန် မှောင်မဲနေတယ်။ ကိုယ်ကတော့ ခရီးသွားတိုင်း အိတ်ထဲအမြဲ ဓာတ်မီးပါတယ်။


Places to visit around Ngway Saung

၁။ ချစ်သူကျွန်း (ရေကျချိန် လမ်းလျှောက်သွားလို့ရတယ်ပြောတယ်။ ဒါပေမဲ့ အလယ်ရောက်မှ ရေတက်လာရင်တော့ ကိုယ့်အသက် ဖက်နဲ့ထုတ်ထားပေါ့။ :P … ကျွန်မတို့ မသွားဖြစ်ခဲ့ဘူး)

၂။ မြွေကျွန်း (ဘုရားနဲ့ မြေွှတွေ အများကြီးရှိတယ်ဆိုတယ်။ နတ်ကြီးတယ်။ မြွေတွေက ဘာမှ မလုပ်ဘူးလို့ ပြောတာပဲ။ စက်ဘီးနင်းရင်တော့ ၁နာရီလောက်ကြာမယ်ဆိုလို့ မသွားဖြစ်ခဲ့ဘူး။ နေပူလို့)

၃။ သဲဖြူကျွန်း (ချောင်းသာဘက်ကနေလဲ လာလို့ရတယ်။ မော်တော်ငှားရမယ်။ မော်တော်စင်းလုံးငှားပြီး တစ်နေကုန် ကျွန်းတွေလိုက်ပို့ပေးတယ်။ တစ်နေကုန်ငှား ၆သောင်းကျပ် တဲ့။ ချောင်းသာကို ဇန်နဝါရီသွားတုန်းက တစ်နေကုန်ငှား ၄သောင်းကျပ်ပဲ ပေးရတယ်။ ပြီးတော့ စင်းလုံးမငှားချင်တဲ့သူတွေအတွက် အယောက် ၂၀ လူပြည့်ထိစောင့်နိုင်ရင် တစ်ယောက်ကို ၂၀၀၀ကျပ်ပဲ။ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း လိုက်ပို့ပေးတယ်)

၄။ ငှက်ကျွန်း (ငှက်သိုက်ထုတ်တဲ့ ငှက်တွေရှိတဲ့ ကျွန်းလို့ပြောတယ်)

၅။ ရေသူမကျွန်း(ထွေထူးတော့ မဟုတ်ပါဘူး။ ရေသူမရုပ်ရှိတယ်။ ရှုခင်းလှတယ်တော့ ပြောတာပဲ။ ကုန်းလမ်းကနေပဲ ဆိုင်ကယ်ဖြစ်ဖြစ် စက်ဘီးဖြစ်ဖြစ် စီးသွားလို့ရတယ်။ သူက မြွေကျွန်းနဲ့ ဆန့်ကျင်ဘက်လားရာမှာရှိတယ်။ သူလဲ ကျွန်မတို့ ဟော်တယ်ကနေ စက်ဘီးစီးရင် ၁နာရီလောက်မောင်းရမယ်ပြောတယ်။ ဆိုင်ကယ်ဆိုရင်တော့ မြန်တာပေါ့) မရောက်ခဲ့ဘူး။ နာရီဝက်လောက် မောင်းပြီး ချစ်သူကျွန်းသွားတဲ့ လမ်းခွဲနားရောက်တော့ နေပူလွန်းလို့ အဲ့က ဆိုင်လေးမှာပဲ အအေးသောက်ပြီး အခန်းပြန်အိပ်ဖြစ်တယ်။

၆။ ချောင်းသာကိုလဲ မော်တော်ဘုတ်နဲ့ နေ့ချင်းပြန်သွားလို့ရတယ်တဲ့။
ကိုယ်မေးခဲ့သလောက် သိခဲ့သလောက် ငွေဆောင်ရောက်ရင် ဘယ်နားတွေ သွားလို့ရသေးလဲ ကတော့ အဲ့ဒါပဲ။

Food and restaurants review in Ngway Saung

ပထမ ညကတော့ ငွေဆောင်ရွာ (သို့မဟုတ် မြို့… သူတို့ကတော့ ရွာလို့ပဲ ခေါ်ကြတယ်ထင်တာပဲ)ဘက်ကို စက်ဘီးစီးပြီး အဲ့မှာများ အစားအသောက်ဈေးပိုသက်သာညား ရှာတယ်။ ချောင်းသာလိုတော့ ဈေးလဲချို ဆိုင်လဲ အထိုက်အလျှောက်ကောင်းတဲ့ဆိုင်မျိုးတွေမရှိဘူး။ ငွေဆောင်ဆိုတဲ့အတိုင်း လာလည်တဲ့သူတွေ ငွေဆောင်လာမှဖြစ်မယ်။ သူတို့ စီးပွားက ဒီခရီးသွားကိုပဲ အဓိကထားသလားတော့မသိပါ။ စားသောက်ဆိုင်တိုင်းက မန်နျူးလဲ ဆင်တူသလို၊ ဈေးတွေကလဲ မတိမ်းမယိမ်းပါပဲ။ ရှေ့မှာပြောခဲ့သလို ဟော်တယ်နဲ့ယှဉ်ရင် ၂၀၀၀လောက် သက်သာတာပဲရှိတယ်။

ပျံ့သင်းစားသောက်ဆိုင်




ဒီတော့ ကျွန်မကြိုက်တဲ့ ဆိုင်အပြင်အဆင်မျိုးဖြစ်တဲ့ လင်းလင်ထင်းထင်းလဲဖြစ်၊ ဝရံတာလေးလဲရှိတဲ့ ပျံ့သင်းဆိုတဲ့ဆိုင်မှာ အပေါ်ထပ် ဝရံတာနားထိုင်စားဖြစ်တယ်။ ကျွန်မတို့ စားတဲ့အချိန်က နည်းနည်းစောသေးတော့ ဆိုင်ထဲမှာ တခြား ဘယ်စားနေသူမှမရှိဘူး။ မန်နျူးတွေဘာတွေနဲ့ သပ်သပ်ရပ်ရပ်လဲရှိပါတယ်။ အစားအသောက်ရတာလဲ အတန်အသင့်မြန်ပါတယ်။ အပေါ်ထပ်ဆိုတော့ ကျွန်မတို့ကို လိုအပ်တာလုပ်ပေးဖို့ ထိုင်စောင့်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ ဘေးခုံမှာ ကိုယ်စားနေတုန်း မှိုင်မှိုင်တွေတွေနဲ့ ငုတ်တုတ်လာထိုင်နေတော့ စားရတာ မလွတ်လပ်သလိုဖြစ်တယ်။ သူတို့ တီဗွီကြည့်နေတာ မကြည့်ရတော့လို့ပဲ မှိုင်နေသလိုလို။ အမှန်တော့ ခပ်လှမ်းလှမ်း ခေါ်ရင် ကြားလောက်တဲ့ နေရာနားလောက်မှာ နေရင် ပိုအဆင်ပြေမယ်။ သူ့ အလဘ သလဘ ပြောရင်း မဲပေးလားလို့မေးတော့ သူဘာမှ မသိတဲ့ပုံစံ။ စိတ်လဲ ဝင်စားတဲ့ပုံမပေါ်တာနဲ့ ဆက်မပြောဖြစ်တော့ဘူး။ ကိုယ့်ကို ဘာထပ်မှာမလဲဆိုတာပဲ စောင့်နေတဲ့ပုံ။ ကိုယ်လဲ မမှာနိုင်တော့ဘူး ၂ယောက်တည်းနဲ့ မှာထားတာတွေတောင် မနည်းကုန်အောင် စားရမှာ။


ကန်စွန်းရွက်မှိုကြော် 


မြန်မာပြည်က ကောက်ရိုးမှိုစစ်စစ်လေးတွေ စားချင်လို့မှာပါတယ်။ သူတို့က နိုင်ငံခြား သံဗူးတွေထဲက မှိုမျိုးနဲ့ ကြော်တယ်။ အဲ့လို သံဗူးတွေက မလပ်ဆပ်ဘူးဆိုတာ သူတို့ မသိဘူး။ နိုင်ငံခြားကလာလို့ ပိုကောင်းတယ်ထင်ကြတယ်။ (ကိုယ်လဲ ငယ်ငယ်က အဲလိုထင်ခဲ့ပါတယ်)။ နိုင်ငံခြားကလာလို့ ပိုလဲ ဈေးကြီးတယ်။ အမှန်တော့ အရသာလဲ ပိုညံ့တယ် ပိုလဲ မလပ်ဆပ်ဘူးဆိုတာ သိသင့်တယ်။ အဲ့ဒါတွေကြောင့် ကန်စွန်းရွက်မှိုကြော်က ၂၀၀၀လား၊ ၃၀၀၀လား မသိဘူးကျနေတာ။

ဂဏန်းမဆလာ



Mr.Right ရဲ့ ကမ်းခြေလာချင်တဲ့ Ultimate Goal က ဂဏန်းဟင်းကောင်းကောင်း ဈေးချိုချိုစားချင်တာကြောင့်ပဲ။ ဇန်နဝါရီချောင်းသာသွားတုန်းက သီရိဟော်တယ်မှာ ဂဏန်းမဆလာတစ်ပွဲ ၆၀၀၀ ကျတယ်။ ဂဏန်းကြီးတွေက ကောင်းမှကောင်း ၂ယောက် ကုန်အောင် မနည်းစားရတယ်။ ရွာထဲက အသည်တွေဆို ဘယ်လောက် ဈေးချိုမလဲတော့ မသိဘူး။ ခု ငွေဆောင်က ဂဏန်းမဆလာကိုလဲ တော်တော် မျှော်လင့်ခဲ့တယ်။

တစ်ပွဲမှာ ၄ကောင်ပါတယ်လို့ပြောတယ်။ ဒါပေမဲ့ အကောင်လေးတွေက သေးတယ်ဆိုရမယ်။ အရသာက မဆလာကို ကြိုက်လို့ မှာတယ်ဆိုရင်တော့ အတော် စိတ်ပျက်မယ်။ မဆလာအရသာ လုံးဝမရဘူး။ ရိုးရိုး ကြက်သွန်နီနဲ့ ဆီသက်ထားတဲ့ ဂဏန်းအချိုချက် ဟင်းဆို ပိုမှန်မယ်။ ဒါပေမဲ့ အရသာကတော့ ကောင်းပါတယ်။ မှာလိုက်တဲ့ ဟင်းနာမည်နဲ့ လာချတဲ့ ဟင်း အရသာ မကိုက်တာပဲရှိမယ်။ ငွေဆောင်မှာကျတော့ အဲ့ဒိ ဂဏန်းဟင်းက ဟော်တယ်မဟုတ်ပဲ ရိုးရိုးစားသောက်ဆိုင်မှာစားတာတောင် ၈၀၀၀ ကျပ်ပေးရတယ်။


ကျောက်ပွင့်သုတ်



ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အိမ်မှာ သုတ်တဲ့အတိုင်း စားကောင်းပါတယ်။ သူတို့ကို ဘယ်အသုတ် recommend လဲမေးတော့ ကျောက်ပွင့်သုတ်လို့ပြောလို့ အဲဒါပဲ မှာလိုက်တာ။ ဒါပေမဲ့ ထူးခြားပြီးကောင်းမနေပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတော်တော်များများက ကျောက်ပွင့်သုတ်ကြိုက်ကြတယ်လို့ သိရတယ်။ ကိုယ်ကတော့ စားနေကျဖြစ်နေတာကိုး။ ပြီးတော့ စင်္ကာပူမှာ ကျောက်ပွင့်က မြန်မာပြည်ထက် ဈေးချိုတယ်။ မြန်မာပြည်မှာ ကျောက်ပွင့်သုတ်က ဈေးကြီးတယ်။ ဘယ်လောက်ပေးခဲ့ရလဲတော့ မေ့သွားပြီ။ မှာမိတာကိုက ကိုယ့်ရဲ့ ရွေးချယ်မှု သိပ်မကောင်းဖြစ်သွားတာ။

ပြီးတော့ ဟင်းချိုနဲ့ ငါးပိရေ တို့စရာအသီးအရွက်တွေ လာချပေးပါတယ်။ ဒါကုန်အောင်တောင် ထမင်းလျော့ပြီး ဟင်းတွေချည်းဦးစားပေးစားလိုက်ရတယ်။ ကျွန်မတို့ စားနေတုန်း နိုင်ငံခြားသား ၂ယောက်တက်လာတယ်။ မန်နျူးက ဈေးတွေကြည့်ပြီးတော့ပဲလားမသိဘူး ပြန်ဆင်းသွားတယ်။ နောက်ထပ် နိုင်ငံခြားသား ၂ယောက်တက်လာတယ်။ ဘီယာလေးနဲ့ အာလူးကြော်လေးမှာစားတာတွေ့တယ်။ ဝရံတာလေးနဲ့ ဆိုတော့ ဆိုင်က ထိုင်ချင်စရာကောင်းအောင် တမျိုးဆွဲဆောင်နေတာကိုး။


Garden Breeze Restaurent


ဒုတိယနေ့ညမှာ Garden Breeze Restaurent မှာ စားဖြစ်တယ်။ သူက ဟိုတယ်တွေဘက်ကလမ်းက ထွက်လာတာနဲ့ မြို့ထဲဘက်မဟုတ်ပဲ ညာဘက်ကို နည်းနည်းလေးကွေ့လိုက်တာနဲ့ တွေ့ရလိမ့်မယ်။ သူ့တစ်ဆိုင်တည်း သီးသန့်လိုဖြစ်နေတာ။ ဆိုင်လေးက ကြည့်တာနဲ့ထိုင်ချင်စရာလေး။ နိုင်ငံခြားသားတွေလဲ သဘောကျလို့ လာထိုင်ကြတယ်ထင်တယ်။ ဒါ့အပြင် ဆိုင်ရှင်ကိုယ်တိုင်က ကြီးကြီးကျပ်ကျပ်ရှိတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကိုရော ကိုယ့်လို မြန်မာဧည့်သည်တွေကိုရော မခွဲမခြားပဲ လိုက်စကားပြော ဧည့်ခံတယ်။ လိုအပ်တာတွေကို သူ့အလုပ်သမားတွေကို ခိုင်းတယ်။ ဝန်ဆောင်မှုဆိုတဲ့ အဲ့လိုဖြစ်နေရမယ်။ ပိုင်ရှင်ကိုယ်တိုင် ကြိုးစားမှလဲ အလုပ်သမားဆိုတာမျိုးက နောက်ကလိုက်လုပ်မှာ။ ကျွန်မတို့ဆို ငါးကောင်လုံးကင်မှာတယ် အချဉ်မချပေးဘူး။ အချဉ်ရှိမရှိ ကျွန်မတို့က ဘယ်လိုသိမလဲနော်။ ဆိုင်ရှင်က လာကြည့်ပြီး အလုပ်သမားတွေကို အချဉ် ၂မျိုးချခိုင်းတယ်။ အချဉ်လေးနဲ့ စားတော့ တော်တော် အရသာရှိတယ်။ ငါးကင်ကို မမှာခင် အကောင်အကြီးအသေး သူတို့လာပြပြီး ဈေးပြောတယ်။ ကိုယ်ကျေနပ်မှ ကင်တာ။ ၅ထောင်၊ ၆ထောင်၊ ၇ထောင်တန်ရှိတယ်လို့ မန်နျူးမှာရေးထားပေမဲ့ တကယ်တန်းလာပြတော့ ၆ထောင်တန် နဲ့ အထက် ပဲရှိလို့ အဲ့ဒါပဲ စားခဲ့တယ်။




အဲ့ဒိဆိုင်မှာတော့ ဂဏန်းထပ်မစားဖြစ်တော့ဘူး။ Mr. Right အကြိုက် ဝက်ကုန်းဘောင်နဲ့ ကန်စွန်းရွက်ကြော်ပဲ ထပ်မှာဖြစ်တယ်။ Mr.Right က ကန်စွန်းရွက်ကြော်ကြိုက်တော့ ကိုယ်က ဘာဖြစ်ဖြစ် စာကောင်းတဲ့သူဆိုတော့ ကန်စွန်းရွက်ကြော်ပဲမှာဖြစ်တာ။ ဒီတစ်ခါတော့ မှိုမပါတော့ဘူး။ အပြန် လဖက်သုတ် ညဘက် Balcony မှာစားရအောင် ဝယ်လာလိုက်တယ်။ လဘက်သုတ် တစ်ပွဲ ၁၅၀၀ ကျပ်။ ဟိုး မြို့ထဲဘက်ကို ဝင်ပြီး မြေကြီးလမ်းဖြစ်တဲ့အထိ တော်တော်လေးစက်ဘီးနင်းသွားတဲ့ ဆိုင်မှာတော့ လဘက်သုတ်တစ်ပွဲ ၁၀၀၀ လို့ပြောတယ်။ ဒါပေမဲ့ ပြန်မနင်းနိုင်တော့ဘူး။

Garden Breeze ရဲ့ ဈေးကလဲ တခြားဆိုင်တွေနဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိပါတယ်။ Garden Breeze ဆိုင်လေးကိုတော့ ဆိုင်အပြင်အဆင်အတွက်ရော၊ ဆိုင်ရှင်ရဲ့ ဝန်ဆောင်မှုအတွက်ရော အမှတ်ပိုပေးထားတယ်။ အစားအသောက်နဲ့ ဈေးနှုန်းကတော့ သူများတွေနဲ့ တူတူလောက်ပါပဲ။ ဒါပေမဲ့ ပျမ်းမျှချလိုက်ရင်တော့ ဒီဆိုင်လေးက အသာရသွားတာပေါ့။ Recommended နော်။






အပြန်ကားလက်မှတ်ကို ဟော်တယ်ကိုပဲ ဖြတ်ခိုင်းလိုက်တယ်။ အစက ၃ညအိပ်မလို့ ၂ယောက်တည်း ဘာမှ လုပ်စရာမရှိ ပျင်းလာတာနဲ့ ၂ညပဲ အိပ်ဖြစ်တယ်။ ရန်ကုန်မှာမှ ကိုယ်လုပ်ချင်တာတွေ စားချင်တာတွေ ရှိသေးတယ်လေ။ ကိုယ်က မနက် ၁၀နာရီထွက်တဲ့ကားကို ယူမယ်ပြောတော့ “ကံထူးအောင်” တစ်ကားပဲ အဲ့အချိန်ထွက်တာတဲ့။ ရွာထဲက ကားဂိတ်မှာ သွားစီးရမယ်တဲ့။ အပြန်ကားလက်မှတ်က တစ်ယောက်ကို ၅ထောင်ကျပ် ကျတယ်။ (အသွားတုန်းက ၅ထောင့်၅ရာဆိုတာ ဟို ကလိမ် လင်မယားပိုယူတာထင်တာပဲ) ဘေးချင်းကပ်လဲ ရတယ်။ ကားဂိတ်ကိုလဲ ဆိုင်ကယ်နဲ့ တစ်ယောက် ၁၀၀၀ ပေးပြီး သွားလိုက်တယ်။ ဟိုရောက်တော့ အလွန်မှ ကံဆုံတဲ့ နန်းကြီးသုတ် ဘိုကြီးနဲ့ ပြန်တွေ့တယ်။ အပြန်မှာ ကျွန်မက ဘောင်းဘီနဲ့ မိတ်ကပ်နည်းနည်းလိမ်းထားတော့ အလာတုန်းကပုံနဲ့ မတူတော့ သူမမှတ်မိဘူး။ ကျွန်မက စကားစမြည်စပြောတော့မှ သူက ဂျာမနီက ပန်းချီဆရာတဲ့။ မြန်မာပြည်ကို ပထမဆုံးရောက်ဖူးတုန်းက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အချိန်တဲ့။ သူကတော့ အဲ့အချိန်တုန်းက ပုဂံမှာပါ။ ခုလဲ ပန်းချီပြပွဲအတွက်လာရင်းနဲ့ လျှောက်သွားနေတာတဲ့။ မြန်မာပြည်အကြောင်းကို ဘယ်ကကြားဖူးပြီးရောက်လာတာလဲဆိုတော့ သူက ဗီယက်နမ်မှာ အခြေဆိုက်တဲ့ ပန်းချီဆရာတဲ့။ အရှေ့တောင် အာရှနိုင်ငံတွေကို လည်ဖြစ်တယ်တဲ့။ ငွေဆောင်မှာ ဘယ်မှာတည်းလဲဆိုတော့ ကားဂိတ်ရှေ့က တိုက်တစ်ခုကို လက်ညှိုးထိုးပြတယ်။ ဟော်တယ်ရယ်၊ တည်းခိုခန်းရယ်တော့ ဘာမှ မရေးထားဘူး။ အဲ့ဒါက ပင်လယ်မြင်ရလားလို့ မေးတော့ မမြင်ရဘူးတဲ့။ တစ်ည ဒေါ်လာ ၃၀ ပေးရတယ်တဲ့ (အကြမ်းပျင်းတွက်ရင် ၃သောင်းဝန်းကျင်ပေးရတာပေါ့)။ သူက ပုသိမ်ကို သွားမလို့တဲ့။ သူ ပုသိမ်ပြောတာ ကျွန်မ နားမလည်လို့ သူ့လမ်းညွှန်စာအုပ်မှာ ရေးထားတာကို ပြတယ်။ သူလဲ ဂျာမန်ဆိုတော့ အင်္ဂလိပ်အရမ်းမကောင်းပါဘူး။ ဂျာမန် မလေး ၂ယောက် ကား ဂိတ်မှာ အထုတ်လာထားပြီး မြေပုံ ပြုတ်ကျ ကျန်ခဲ့လို့ သူက ကောက်ထားပြီး သူတို့က ဂျာမန်တွေတဲ့။ သူပဲ အဲ့မြေပုံပြန်ပေးလိုက်မယ်တဲ့။ မြေပုံက ဂျာမန်လိုရေးထားတယ်။

ကားစီးရင်း လမ်းမှာ လူတင်လိုက် ချလိုက် နဲ့ အပေါ့သွားဖို့တော့ မရပ်ပေးပါဘူး။ ပုသိမ် အဝေးပြေးဂိတ်ရောက်တော့ ကားသမားက “ပုသိမ်။ ပုသိမ်ရောက်ပြီ။ ဆင်းထားကြ” ဆိုပြီး ကွမ်းရောတဲ့ လေသံနဲ့ မြန်မာလိုပြောတယ်။ နန်းကြီးသုတ် ဘိုကြီးနဲ့ ကျွန်မ မျက်လုံးချင်းဆုံသွားတော့ ကျွန်မက ခေါင်းညိတ်ပြလိုက်တော့မှ သူလဲ အထုတ်ဆွဲပြီး ဆင်းသွားတယ်။

ရန်ကုန်ရောက်တော့လဲ လှိုင်သာယာကားဂိတ်မှာပဲ ရပ်တယ်။ မြို့ထဲကို ကားပြန်ငှားတာ ၈၀၀၀ ကျတယ်။ ငွေဆောင်-ရန်ကုန် ၅နာရီမောင်းတာတောင် ၁၀၀၀၀။ အင်း တိုက်စီနဲ့ အဝေးပြေးကားတော့ ကွာတာပေါ့လေ။ အဲအဝေးပြေးဂိတ်ကနေ မြို့ထဲကို အရောက်သွားရတဲ့လမ်းကမှ ဖင်တညောင်းကြာတယ်ထင်ရတာ။ ကားတွေက ပိတ်တာ သောက်သောက်လဲပဲ။ မရောက်နိုင်ဘူး။ ညနေ ၆ခွဲ ၇ နာရီလောက်မှ ရန်ကုန်က ကျွန်မတို့တည်းတဲ့ ရွှေဘုံသာအလယ်လမ်းထိပ်က Sunflower Hotel ကို ပြန်ရောက်တော့တယ်။ ငွေဆောင်ကလဲ ပြန်ရောက်ရော ၂ယောက်သားလဲ ရန်ကုန်ရောက်ကတည်းက မနားလို့ထင်တယ်။ နှာစေးချောင်းဆိုးတွေဖြစ်ပြီး ဖျားချင်သလိုစဖြစ်တာ စင်္ကာပူအထိ (ခုရေးနေတဲ့အချိန်ထိ) မပျောက်တော့ဘူး။ မြန်မာပြန် လက်ဆောင်ပေါ့။ ဒီလိုနဲ့ပဲ ငွေဆောင်ခရီးစဉ် အဆုံးသတ်…