Sunday, August 31, 2014

Free & Easy Korea Trip Day 3 (Part 1): Korean Folk Village


၁၁ရက် ဂျူလိုင် ၂၀၁၄ (သောင်္ကြာနေ့)

ပေးထားတဲ့ သံပတ်တွေမြည်တော့ ထုံးစံအတိုင်း ပြန်ပိတ်ပြီး ခဏလောက်တော့ အိပ်လိုက်ပါသေးတယ်… နောက်တော့လဲ အပျင်းကြီးနေလို့ မဖြစ်ဘူးဆိုပြီး ပြင်ဆင်ကြပါတော့တယ်… မိန်းကလေး ၃ယောက်ဆိုတော့ ရေချိုးခန်းသုံးတာ ကြာမှာလေ… တစ်ယောက်မဟုတ်တစ်ယောက် စောစောထမှကို ဖြစ်မှာ… ပြီးတော့ မှန်ကလဲ မျှသုံးရအုံးမှာ… ရေချိုးခန်းက ဘေစင်မှာ မှန်တစ်ချပ် အခန်းထဲမှာ မှန်ဝိုင်းလေး တစ်ချပ်ပဲရှိတယ်… ရေမိုးချိုးပြီးတော့ ၈နာရီခွဲလောက်ရှိနေပြီဆိုတော့မှ တည်းခိုခန်းက ကျွေးတဲ့ မနက်စာသွားကြည့်လိုက်အုံးမယ်ဆိုပြီး သူငယ်ချင်းနဲ့ ၂ယောက် အပြင်ဘက်ထွက်လာကြတော့ မနက်စာစားတဲ့ စားပွဲနဲ့ မီးဖိုလေးမှာ ပေါင်မုန့်နဲ့ နွားနိုးကရားရယ်၊ Coffee Mix ထုတ်တွေရယ်၊ Corn Flakes ဘူးရယ်ကလွဲလို ဘာမှလဲမရှိဘူး… ကြက်ဥတွေနဲ့ မီးဖိုပေါ်မှာ အိုးရှိတယ်… မနေ့ညက ချက်အင်ဝင်တုန်းက ဘိုမ ကောင်တာမှာထိုင်နေပေမဲ့ ကျွန်မတို့ကို ဘာမှလဲ လာမပြောဘူး… သူ့ကိုပဲ ကြက်ဥကြော်ခိုင်းရမလား… ကိုယ့်ဘာသာကိုယ်ကြော်စားရမှာလား…


မနက်စာ အပြင်အဆင်လေးကတော့ သပ်သပ်ရပ်ရပ်ရှိပါတယ်...

ခွက်ကလေးတွေကလဲ ချစ်ဖို့ကောင်းပါတယ်...

ကြက်ဥကြော်ဖို့ ဒီတိုင်းချပေးထားတယ်...

ကိုယ်က ပေါင်းမုန့် ဂျင်သုတ် သူငယ်ချင်းက နွားနို့နဲ့ Corn flake စားဖြစ်တယ်...

ကိုယ့်ဟာကိုယ်ကြော်စားရတဲ့ တည်းခိုခန်းတွေ့ဖူးတာ ဒါပထမဆုံးပါ… ကြက်ဥမကြော်တတ်လို့ မဟုတ်ပါဘူး… ၁ အချက်က လုပ်ခွင့်ရှိမရှိမသိတာ…အဲ့ဒိမှာ ကြက်ဥကြော်တာ self service ပါ စာတမ်းထောင်ထားရင်တော့ တမျိုးပေါ့… ၂ အချက်က အပန်းဖြေဖို့လာတာ မနက်စာကအစ ကိုယ့်ဟာကိုယ်လုပ်ရမယ်ဆိုတော့ ဟုတ်သေးပါဘူး… ၃ အချက်ကတော့ အပင်ပန်းခံ ကြက်ဥကြော်ပြီးတော့ရော ကိုယ့်အတွက် ဖူလုံတင်းတိမ်တဲ့ မနက်စာဖြစ်မှာလား… ဝေခွဲမရအောင်ပဲ… အဲဒိအချိန်မှာပဲ Reception နောက်ခန်းမှာနေနေတဲ့ ပြည်ကြီး တရုတ်မ ၄ယောက်ကထွက်လာပြီး ကြက်ဥကို ကြော်ကြတော့တာ… သူတို့ကြော်တော့… “အင်း… ဒါဆို ငါတို့လဲ ကြော်ကြည့်မယ်လေ.. သူတို့က ၄ယောက်ဆိုတော့ ကြက်ဥ ၄လုံးကြော်တာ ဘယ်လောက်မှ မကြာပါဘူး” လို့တွေးမိတာပေါ့… ဒါပေမဲ့ ကြည့်နေတယ်… ၄လုံးကြော်ပြီးလဲ မပြီး ၅ လုံးကြော်ပြီးလဲ မပြီး… အဲလောက် ကြက်ဥကြော်ကြိုက်နေလဲ တစ်ခါတည်း ၂လုံး ပေါင်းကြော်ပေါ့… သိတဲ့အတိုင်း ပြည်ကြီးမတွေဆိုတော့ သူတို့လုပ်ချင်တိုင်းလုပ်ကြတာပေါ့… သူတို့မှာ သူများကို အားနာတယ်ဆိုတဲ့ ယဉ်ကျေးမှုမရှိဘူးလေ… ဒါနဲ့ ကျွန်မတို့လဲ စားချင်စိတ်မရှိတော့တာနဲ့ “တော်ပြီ အပြင်ရောက်မှ တွေ့တဲ့မုန့်ဆိုင်စားမယ်… တည်းခိုခန်းက စီစဉ်ထားတဲ့ မနက်စာဆိုတာကလဲ ဘာမှ အထူးအဆန်းမဟုတ်တော့ လိုကယ်စာပဲ စားတော့မယ်” ဆိုပြီး ကော်ဖီဖျော်ပြီးပဲ အခန်းထဲ ပြန်ဝင်နေလိုက်တယ်…

Getting to Korean Folk Village (Suwon Palace)

ကျွန်မတို့ တည်းခိုခန်းက ထွက်လာတဲ့အချိန်မှာ ဘာရယ်မဟုတ် အချိန်က ၁၁နာရီထိုးနေပါပြီ။ အခန်းထဲမှာ wifi သုံးလိုက် စကားများလိုက်နဲ့ အချိန်တွေဘယ်လိုကုန်သွားမှန်းမသိလိုက်ပါ… အချိန်က နေကျဲကျဲတောက်ပူနေတဲ့အချိန်အပြင်ထွက်ရတာပေါ့… မနေ့ညက တည်းခိုခန်းကို ၀င်လာတဲ့လမ်းအတိုင်း တည်းခိုခန်းခြံဝကနေ ညာဘက်ကိုချိုး၊ တောင်ကုန်းကိုတက်၊ အပေါ်လမ်းမပေါ်ရောက်တော့ ရထားဘူတာနဲ့ တူတာကို မတွေ့မချင်းလမ်းလျှောက်တော့တာပေါ့… တပတ်ကြီးလျှောက်ခဲ့ရတယ်… အဲဒါတင် အချိန်က မိနစ် ၂၀လောက်ကုန်၊ လူလဲပင်ပန်း၊ စိတ်ထဲတော့ ထင်နေတယ် review တွေထဲမှာ ရထားဘူတာနဲ့ရော Myeong Dong နဲ့ရော နီးနီးလေးလို့ သူများတွေရေးထားကြတယ်လေ… ခုကျ ဒီလောက်ဝေးနေတယ်ဆိုကတည်းက ကိုယ်တွေ လမ်းမသိလို့ပဲနေမယ်လို့ထင်နေတယ်… နောက်အချိန်ရမှ ထပ်ပြီး Explore ရမယ်လေ… ခုတော့ နောက်ကျလို့ နေ့ဝက်ကျိုးနေပြီ… ရထားဘူတာတွေ့တော့မှ Gangnam ဘူတာကို ရထားစီးကြတယ်… ဘူတာရုံတွေမှာ ပလက်ဖောင်းရှာရတာ နည်းနည်း ရှုပ်ပါတယ်… သူတို့ ဆိုင်းဘုတ်တွေက အင်္ဂလိပ်လိုရေးတယ်ဆိုပေမဲ့ ရေးပုံရေးနည်းက စကာင်္ပူဆိုင်းဘုတ်စတိုင်ပဲ ကြည့်နေကျ ကျွန်မတို့အတွက် သိပ်အဆင်မပြေပါဘူး… စကာင်္ပူမှာဆိုရင် ဂိတ်ဆုံး နှစ်ဖက်ကိုရေးထားတာပါ… ပြီးတော့ ပလက်ဖောင်းက အလယ်မှာဖြစ်ပြီး ရထား အသွားနဲ့ အပြန်က ပလက်ဖောင်းရဲ့ တစ်ဖက်တစ်ချက်မှာဆိုတော့ ရထားမှားစီးတာပဲဖြစ်ဖြစ် ပလက်ဖောင်းမှားဆင်းတာပဲဖြစ်ဖြစ် ဟိုဘက်ပလက်ဖောင်းကို ပြန်ပြောင်းစီးလိုက်ရုံပါပဲ… ဒါပေမဲ့ ကိုရီးယားကျတော့အဲလိုမဟုတ်ပါဘူး… သူတို့လိုင်းတွေက များလွန်းတော့ စလုံးလို လုပ်လိုမရတာလားတော့ ကျွန်မလဲ သေချာမပြောတတ်ပါဘူး… ဂျပန်တုန်းကလဲ လှေကားမှားဆင်းရင် ပြန်တက်ပြီး အမှန်ပလက်ဖောင်းကို ပြန်သွားရတယ်ဆိုပေမဲ့ ကိုရီးယား ဆိုင်းဘုတ်ရေးနည်းက ကျွန်မအတွက်တော့ ပိုစိတ်ရှုပ်ရတယ်ထင်တာပါပဲ…

ကိုရီးယား MRT ပလက်ဖောင်းတွေက ကိုယ်စီးရမဲ့ လိုင်းကို ပြတာမှာ ကိုယ်ရောက်နေတဲ့ ဘူတာရဲ့ ရှေ့တဂိတ် နောက်တစ်ဂိတ်ကို ရေးတာပါ… တစ်ခါတစ်လေ ရှုတ်တာက နောက်တစ်ဂိတ်က interchange လို ဂိတ်ဖြစ်နေရင် ဘယ်ဘက်ကို စီးရမလဲဆိုတာကို အရောင် (colour) အလိုက်ရော… တခြား စုံစိနေအောင်ရေးထားတဲ့ ဂိတ်နာမည်တွေရောကို သေသေချာချာလိုက်ဖတ်မှရမယ်… ပြီးတော့ ပလက်ဖောင်းမှားဆင်းမိလို့ကတော့ အဲဒိကနေ ဘယ်လိုပြန်သွားရမလဲ စဉ်းစားတာထက် အပေါ်အထိပြန်တက်ပြီး အစကနေ ဘယ်လိုသွားမလဲစဉ်းစားတာက ကျွန်မတို့ ခရီးသွားတွေအတွက် ပိုလွယ်လိမ့်မယ်ထင်တယ်… ပထမဆုံး ဆိုလ်းရထားစီးဖို့ အရှာ ကျွန်မတို့ ပလက်ဖောင်းမှားဆင်းကြသေးတယ် (ကျွန်မရဲ့ စိတ်မြန်တဲ့ အမှားတွေပေါ့… တိကျသေချာတဲ့ သူငယ်ချင်းက ဆိုင်းဘုတ်တွေကို သေချာကြည့်ပြီး ဖတ်နေတုန်းရှိသေးတယ်… ကျွန်မက ငါတို့သွားမဲ့ ဘက်က ဘူတာကိုတွေ့ပြီ အဲ့ဒါပဲဖြစ်မယ်ဆိုပြီး ကျန်တာနဲ့ မယှဉ်တော့ပဲ ဆင်းလိုက်လို့ မှားသွားတာပါ) ပြောမဲ့သာပြောတာ ကျွန်မခုထက်ထိ ကိုရီးယား ဘူတာတွေရဲ့ ပလက်ဖောင်းတွေနဲ့ ဆိုင်းဘုတ်တွေကို သေသေချာချာ မကြည့်တတ်ခဲ့ဘူး… ဘူတာရုံကြည့်တာကို အစ်မနဲ့ ကျွန်မသူငယ်ချင်း တာဝန်ပေးထားလိုက်တယ်… ကျွန်မတာဝန်က overall ဘယ်လိုသွားမလဲဆိုတာပဲ… အဲဒိနေ့က ကျွန်မတို့ရဲ့ T-Money card ကို နောက်ထပ် ပိုက်ဆံ ၀မ် ၁သောင်းထပ်ဖြည့်ခဲ့ဖြစ်တယ်...

Seoul ကို ကျွန်မ Reserch ကောင်းကောင်းမရှာဖြစ်ခဲ့ဘူး… တော်သေးတယ်… ကျွန်မသူငယ်ချင်းကတော့ သူသွားချင်တဲ့နေရာတွေကို အကြမ်းဖျင်း စာရင်းလုပ်လာတယ်… ကျွန်မသွားချင်တဲ့နေရာတွေကိုတော့ ခေါင်းထဲမှာ အကြမ်းဖျင်းသိတယ်… ကျွန်မကို ကိုဖေစစ်နိုင်က Suwon နန်းတော်နဲ့ Everland က လမ်းကြုံတယ်ဆိုလို့ အဲ့ဒိ ၂ခုကို တူတူသွားမယ်ဆိုပြီး စုလိုက်တာ… အဲ့ ၂ခုနဲ့တင် တစ်နေကုန်မှာ သိနေတယ်…

ကျွန်မတို့ရှာလာတဲ့ အင်ဖိုကတော့…
[Subway + Bus]
Take bus from either Gangnam Station (Seoul Subway Line 2), Exit 10 or Sinnonhyeon Station (DX Subway Line), Exit 6.
Take Bus 5001-1 or 1560 to Korean Folk Village.
*5001-1 (Red express bus)


GangNam ကိုရောက်ခဲ့တယ်ပေါ့...

ဒါပေမဲ့ Gangnam ဘူတာကနေ ထွက်လာပြီး ဘာ ဘတ်စ်ကားမှတ်တိုင်မှ မတွေ့လို့ လူက ဇဝေဇ၀ါဖြစ်ပြီး ဟိုရပ်ရှာ ဒီရပ်ရှာနဲ့ အချိန်နည်းနည်းထပ်ကုန်သွားပါသေးတယ်… အမှန်တော့ အဲဒိ အပေါက်ကနေ ထွက်လာပြီး မရပ်ပဲတည့်တည့် ကားဂိတ်မတွေ့မချင်းဆက်လျှောက်မယ်ဆိုရင် ၅ မိနစ်လောက်ပဲလျှောက်ရမယ်ထင်ပါတယ်… ဘတ်စ်ကားဂိတ်က သိသာပါတယ်… တိုးရစ်တွေတော်တော်များများလဲ တန်းစီနေတာတွေ့ရပါလိမ့်မယ်… အဲဒိမှာ Korean Folk Village ကိုသွားတဲ့ကား 5001-1 ရော၊ Everland နဲ့ CaribbeanBay ကို သွားတဲ့ကား 5002 ရော တွေ့ရပါလိမ့်မယ်… သွားတဲ့နည်းတွေက အများကြီးရှိပါတယ်… Suwon ဘူတာကနေ Free Shuttle Bus စီးလို့ရတယ်လို့လဲတွေ့ပါတယ်…

[Shuttle Bus 1] (Korean Folk Village ↔ Suwon Station)
*Operating hours
Suwon Station → Korean Folk Village: 10:30, 12:30, 14:30
Korean Folk Village → Suwon Station: 14:00, 15:30, 16:30
*Fair: Free of charge.
*Group passengers require reservation in advance.
*Tickets must be purchased prior to boarding. Inquiries regarding ticket purchase will be answered at the tourist information center.
ပိုသိချင်ရင်တော့ ဒီမှာ (Visitkorea website) သွားဖတ်ပါ…

Bus Stop က ကိုရီးယားလို ချည်းပဲ...

Gangnam မှတ်တိုင်က အစိမ်းရောင်လေးပြထားတယ်... ဒါပေမဲ့ ခက်တာက ကားက ဘယ်ဘက်ကို သွားနေတာလဲ မသိ...

ကားက Korean Folk Village ကိုရောက်ဖို့ ၁နာရီ လောက်တော့ စီးရမယ်ထင်ပါတယ်… ဘယ်ဂိတ်ဆင်းရမလဲတော့လဲ သေချာမသိပါ… ဘတ်စ်ကားပေါ်မှာပြထားတဲ့ မှတ်တိုင်နာမည်တွေက အင်္ဂလိပ်လိုရေးထားပေမဲ့ Gangnam မှတ်တိုင်က အလည်နားမှာဆိုတော့ ကားရဲ့ လားရာက ဘယ်ဘက်လဲ မသိပါဘူး… ဒီတော့ ဘယ်နှစ်ဂိတ်ဆိုတာရေတွက်လို့ မရပါဘူး… မှတ်တိုင်နာမည်တွေကလဲ ဆင်တူတွေပါ… တစ်ချို့မှတ်တိုင်ကျတော့ KoreanFolk တဲ့ တစ်ချို့မှတ်တိုင်ကျတော့ Suwon တဲ့… အဲ့ဒိမှတ်တိုင် ၂ခုကလဲ တစ်နေရာစီ… ဘာမှန်းကိုမသိ ယောင်ဝါးဝါးပေါ့… တော်တော်လေးစီးတာ ကြာတော့မှ ကားသမားကိုမေးတော့ သူပြောမယ်တဲ့… တနေရာရောက်တော့ ကျွန်မတို့ကို ချခဲ့ပါတယ်… နေပူကျဲတဲ လမ်းမတစ်ခုပေါ်မှာပါ… ဒါနဲ့ပဲ ကားလမ်းကူးပြီး 7/11 မှာ ရေ၀ယ်ပြီး ကိုယ်ထင်တဲ့ဘက်လျှောက်လာတော့ အ၀င်ဂိတ်ကို တန်းရောက်ပါတယ်…

ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်း ဂိတ်ကနေ မြင်ကွင်း...

ရေငတ်လွန်းလို့ ရေအရင်သောက်ပါရစေ...

ဝင်ကြေးက ပုံမှန် ၁ယောက်ကို ၀မ် ၁သောင်းခွဲပါ… ကျွန်မတို့က မလာခင် Discount Coupon (Discount coupon အကြောင်းဒီမှာဖတ်လို့ရပါတယ်) တွေ Print ထုတ်လာတော့ ၁ယောက်ကို ၀မ် ၁သောင်းနဲ့ ရပါတယ်… သူတို့ လူမျိုးတွေတောင် ၁သောင်းခွဲပေးတာတွေ့ပါတယ်…
UNESCO က ကမ္ဘာ့အမွေအနှစ် စာရင်းဝင် Suwon ခံတပ်တံတိုင်းကြီးနဲ့ Korean Folk Village က တိုက်စီနဲ့သွားရင် ၀မ် ၃၀၀၀လောက်ပဲကျတယ်လို့ အွန်လိုင်းမှာတွေ့ပါတယ်… ဒါပေမဲ့ မဗေဒါတို့တွေထွက်လာတာ နောက်ကျတာကြောင့် အချိန်မရလိုက်ပါဘူး… အဲဒါကြောင့် စာဖတ်သူတွေကို အထူးသတိပြုစေချင်တာက KFV, Suwon နန်းတော် (ခံတပ်တံတိုင်းဟောင်း), Everland ကိုသွားမယ်ဆိုရင် တည်းတဲ့နေရာကနေ မနက် ၈နာရီလောက် နောက်ဆုံးထားပြီး ထွက်မှရပါမယ်… လမ်းလဲ လျှောက်ရမှာဖြစ်တဲ့အတွက် လူကြီးတွေနဲ့ သွားမယ်ဆိုရင်တော့ ၁နေ့လုံးမှ ၁နေရာသွားဖို့ စီစဉ်ရမယ်ထင်ပါတယ်…

Discount Coupon တွေ ထုတ်လာတာ ဟန်ကျတယ်... ၀မ် ၁သောင်းပဲပေးရတယ်...

လက်ဆောင်ပစ္စည်းဆိုင်...

အစက အဲဒိ Korean Folk Village ကို သိပ်မကြီးဘူးထင်တာ… စုစုပေါင်း ၂၄၃ ဧကရှိပြီး ရိုးရာအိမ်ပေါင်း ၂၆၀ ကျော်တည်ဆောက်ထားတယ်လို့ သိရပါတယ်… Joseon ခေတ်မှာရှိတဲ့ လူတွေရဲ့ အနေအထိုင် အ၀တ်အစားနဲ့ အိမ်ပုံစံမျိုးစုံကိုဆောက်လုပ်ပြသထားပါတယ်… ဒါ့အပြင် လက်တွေ့ဝင်ရောက် လုပ်ဆောင်လို့ရမဲ့ Workshop တွေလဲရှိပါတယ်.. (ဥပမာ… အိုးလုပ်တာ၊ ၀ါးနဲ့ တောင်းယပ်တာ၊ ရိုးရာတူရိယာတွေလုပ်တာ ဘာညာပေါ့) အထဲမှာ တော်တော်လေးကျယ်ပြီး ဧရိယာတစ်ခုကို တစ်ကန့်နဲ့ အကန့်လိုက် အကန့်လိုက်ထားရှိထားပါတယ်… ညာဘက်ကိုကွေ့ရင်လဲ ကလေးတွေအကြိုက် ကစားကွင်းမျိုးနဲ့ ရောယှက်ထားတဲ့ ပုံစံမျိုးလဲတွေ့ပါတယ်… ဒါပေမဲ့ ကျွန်မတို့ ခရီးဖော်သုံးယောက်သားကလဲ ကလေးဆို ဝေးဝေးရှောင်တဲ့ ၃ယောက်ဆိုတော့ အဲ့ဒိဘက်ကို လုံးဝမသွားတော့ပါဘူး… ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ပေါင်းများစွာကို ရိုက်ခဲ့တယ်ဆိုတာ တစ်နေရာရောက်တိုင်း အဲဒိက ဇာတ်ဝင်ခန်းတွေကို ဆိုင်းဘုတ်ထောင်ထားတော့ အဲဒိမှာ ပျော်နေတော့တာပဲ…

အထဲရောက်တာနဲ့ ဓာတ်ပုံရိုက်ကြတာပေါ့...

Jewel in the Palace, Queen SongDeok, SongKyungKwan scandal, The King and I, HwanJinYi, The Moon embraced the Sun, My love from another stars စသည့်ဖြင့် အရင်ခေတ်ရုပ်ရှင်ကားတွေရိုက်ရင် သုံးတယ်ထင်ပါတယ်… နေ့လည် ၁၁နာရီကနေ စပြီး Show ပွဲမျိုးစုံကို အချိန်စာရင်းနဲ့ပြသပါတယ်… စိတ်ဝင်စားစရာကောင်းပါတယ်…
အဲ့ဒိနေရာကို ရောက်ရောက်ချင်း နေ့လည် ၁နာရီထိုးနေပြီ လူက မနက်စာလဲ ကောင်းကောင်းမစားခဲ့တော့ တော်တော်လေး ဗိုက်ဆာလာပါတယ်… ဒါနဲ့ အဲ့ဒိ ၀န်းထဲမှာရှိတဲ့ ရိုးရာစားသောက်ဆိုင်တွေကိုပဲ ၀င်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်… ခုလို Tourist Attraction နေရာလဲဖြစ် ရောင်းတဲ့သူတွေကလဲ ဟန်ဘုတ်တွေဘာတွေဝတ်ပြီး အကျအနရောင်းတယ်ဆိုတော့ ဈေးကြီးမယ်ထင်ခဲ့ပေမဲ့ ဈေးက ပုံမှန်ပါပဲ… 


ဝတ်စုံတွေ ၀တ်ချင်ရင် ရှိတယ်...

အရသာကလဲ ကိုရီးယားအရသာစစ်စစ်ကို စားရတယ်လို့ခံစားရပါတယ်… အဲဒိမှာ စားခဲ့တဲ့ Korean Pancake ကိုတော့ အကြိုက်ဆုံးပါပဲ… ၂၀၁၀ တုန်းကလဲ စားဖူးတယ်၊ စလုံးမှာလဲ စားဖြစ်တယ်… သိပ်မကြိုက်ခဲ့ဘူး… ဒါပေမဲ့ KFV ကဆိုင်မှာစားခဲ့တဲ့ Korean Pancake ကတော့ အတော်လေးကောင်းပါတယ်… ကျွန်မကတော့ Bibimbap ကြိုက်တဲ့သူပီပီ… အဲဒါကို တန်းမှာလိုက်တာပါပဲ… အစ်မနဲ့ သူငယ်ချင်းလဲ နောက်ဆုံးတော့ အဲဒါပဲလိုက်မှာပါတယ်… မြေအိုးပူနဲ့ တကယ့် ကိုရီးယားစတိုင်စစ်စစ်ပါပဲ… ဗိုက်ဆာနေလို့ပဲလားတော့ မသိဘူး စားကောင်းလိုက်တာ မပြောပါနဲ့… ကြက်သွန်မိတ်ကို ငရုတ်သီးမှုန့်နဲ့ နယ်ပြီးလုပ်ထားတဲ့ ချဉ်ဖတ်က ထုတ်ထုတ်ထုတ်ထုတ်နဲ့အတော်လေး စားကောင်းပါတယ်... လပ်ဆပ်တယ်ဆိုတာလဲ သိသာပါတယ်... တဖြည်းဖြည်းနဲ့ ကျွန်မ အရင်က မကြိုက်တဲ့ ကိုရီးယားနိုင်ငံလုံးကြိုက် ဂေါ်ဖီထုတ် ကင်ချီပြောရမလား... ကိုရီးယားမှာ ပေါ်ပြူလာအဖြစ်ဆုံး ကင်ချီကို တဖြည်းဖြည်းနဲ့ စားလို့ရလာပါတယ်... (ခုတော့ ကြိုက်တယ်လို့ ပြောလို့ရတဲ့ အဆင့်ဖြစ်နေပါပြီ)... Bibimbap ဆိုတာကို အားလုံးသိကြမှာပါ… သူက မြေအိုးပူထဲမှာ ထမင်းနဲ့ အရွက်တွေ အသားတွေ ငရုတ်သီးတွေနဲ့ ရောနယ်ပြီးစားရတာပါ… ကြက်ဥကြော်လဲပါပါတယ်… ဇာတ်လမ်းတွေထဲမှာဆို မင်းသမီးတွေ ညဘက် ဗိုက်ဆာရင် ထထစားတဲ့ အရာပေါ့ (အဲဒါတွေသာ တကယ် ညဘက် ထစားကြည့်ပါလား… လူက အိမ်ပေါက်ဝနဲ့တောင် ဆန့်မှာမဟုတ်ဘူး)… အဲဒိမှာ စားတာ တစ်ယောက်ကို ၀မ် ၁သောင်း ၂ထောင်ကျော်ပဲကျပါတယ်… Bibimbap ကတော့ တစ်ပွဲ ၀မ် ၈၀၀၀ ထောင်ပါ… အပြင်(Myeong Dong) မှာလဲ ဒီဈေးပဲ…

စားဖူးသမျှထဲမှာ အကောင်းဆုံး Korea Pan Cake

Bibimbap ကလဲ ကောင်းမှကောင်း...

ဗိုက်ဆာဆာနဲ့ စားကြတာ...

မစားခင်က ဗိုက်ဆာသည်၊ စားပြီးတော့ ပြည့်အင့်သည်နဲ့ ပျင်းရိခြင်း ၆ပါးမျိုးစုံဖြစ်နေတော့တာပါပဲ… ဒါပေမဲ့လဲ ခရီးဆက်ခဲ့ကြပါတယ်... ဈေးဆိုင်တန်း ထမင်းဆိုင် အကန့်တွေပြီးတော့ နောက် ခြံစည်းရိုးတစ်ခုထဲမှာကျတော့ ဟိုးအရင်က လူအတန်းအစား၊ နေရာဒေသကိုလိုက်ပြီးနေထိုင်တဲ့ အိမ်ပုံစံငယ်မျိုးစုံးကို ၀န်းခြံအလိုက်ပြသထားပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတွက် စိတ်အ၀င်စားဆုံးနေရာတွေကတော့ ရုပ်ရှင်ရိုက်ဖူးတဲ့နေရာတွေပါ... စစချင်း အဲ့ဒိဝန်းထဲ ၀င်လိုက်တာနဲ့ တွေ့တာက Jewel in the Palace (ချန်ဂင်) ကားရိုက်တဲ့နေရာပါလို့ ဆိုင်းဘုတ်ထောင်ထားတဲ့ နေရာကိုရောက်ပါတယ်... အဲဒိက ပိတ်စရောင်စုံတွေ သစ်ပင်ပေါ်ကနေတွဲလွဲကျနေတဲ့ တော်အုပ်လမ်းလေးက ရုပ်ရှင်တွေထဲမှာဆို မြင်းတွေစီးပြီး ရဲမက်တွေ လိုက်လာတဲ့ အခန်းမျိုးတွေနဲ့ တူပါတယ်...

စားသောက်ဆိုင်အကန့်ကနေ ဆက်ဝင်ရင် နောက်ထပ် စည်းရိုး အ၀င်ဂိတ်ရှိတယ်... (ကောင်တာမှာလဲ မြေပုံပေးတယ်)

အပေါ်က ဂိတ်ထဲကို ၀င်လိုက်တာနဲ့ စစတွေ့ရတာ ချန်ဂင် ရုပ်ရှင်ရိုက်ကွင်းဆိုတဲ့ နေရာ...


တိုင်လေးတွေရဲ့ အဓိပ္ပါယ် ဖတ်ကြည့်နော်... အတိုချုံးပြောရရင်တော့ အဲဒိရွာလေးရဲ့ ကျန်းမာရေး၊ စီးပွားရေးတွေ ကောင်းမွန်ပြီး မကောင်းဆိုးဝါးတွေရန်က ကာကွယ်အောင် ရွာအ၀င်ဝတွေမှာ ထောင်ထားလေ့ရှိပါတယ်တဲ့.. 

အောက်မှာတွေ့ရမှာကတော့ တောင်ပိုင်းမှာနေတဲ့ ဆင်းရဲသားလူတန်းစားတွေ နေတဲ့အိမ်ပေါ့... 

အလုပ်ခန်း၊ အိမ်သာ၊ အိပ်ခန်း၊ မီးဖိုချောင်၊ ဗိုင်းငင်... ထင်တာပဲ... အခန်းလေးတွေက အရမ်းကျဉ်းတယ်...

ရွာအိမ်လေး တစ်အိမ်နဲ့ အမှတ်တရ...

SungKyungKwan Scandal ရိုက်တဲ့ အိမ်နားမှာလဲ ကျွန်မတို့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့ကြသေးတယ်... အဲဒိမှာက lifesize ပိုစတာထောင်ထားပေးတယ်လေ... မင်းသားသုံးယောက်မှာ ဘယ်သူနား ရပ်ရိုက်ရမလဲ ဝေခွဲလို့မရအောင်ပဲ... ဒါပေမဲ့လဲ photospot က Yoo Chun နောက်မှာတက်ရပ်ဖို့ပဲရှိတော့ အဲ့ပေါ်ပဲ ရပ်ရိုက်ဖြစ်တာပေါ့... Yoon Chun မျက်နှာကတော့ ဘယ် Fan တွေ ဘယ်လောက် ကိုင်သလဲ မသိဘူး ပါးနားမှာ ဆေးတောင်ပျက်နေပြီ... ကိုယ်လဲဘယ်လို ပုံစံရိုက်ရင် စိတ်တိုင်းကျမလဲ ကြိုးစားရင်း ကြိုးစားရင်းနဲ့ နောက်ဆုံးတော့ ဒီလိုပဲရိုက်ခဲ့တာပေါ့...ခွိ.... (စိတ်ပုတ်တာလေ)...

Seonggyungwan Scandal ရိုက်တဲ့ နေရာရောက်ပြီ....

ဒီလိုပဲ တို့ကတော့...  မဗေဒါလက်ထဲက ဖိုင်က Discount coupon တွေ အထပ်လိုက်ထည့်ထားတာ...

ဒီနေရာက မင်းသားကို ဇာတ်လမ်းထဲမှာ လိုက်ကြိုက်တဲ့ သူဌေးသမီး ပန်းထိုးတဲ့နေရာ...

ဟုတ်မဟုတ်တော့မသိ... သူတို့နေတဲ့ အဆောင်နဲ့တူလို့ ရိုက်လာတာ... ဘာပဲပြောပြော ဒီတိုင်ကို Yoo Chun မှီဖူးရင် မှီဖူးခဲ့မှာ... ခွိ...ခွိ...

ဒီဖက်လုံးက တော်တော် ဖက်အိပ်လို့ကောင်းမဲ့ပုံပဲ...

The man from Stars မှာ မင်းသားအရင်ခေတ်က အခန်းတွေရိုက်တဲ့ အိမ်မှာတော့ အဖိုးအိုတစ်ယောက်က မြက်ဖိနပ်တွေ ယက်နေပါတယ်... ၁ယံကို ၀မ် ၁သောင်းနဲ့ရောင်းပါတယ်... အဖိုးအိုကို သနားပေမဲ့ ကိုယ့်အတွက်လဲ အသုံးမ၀င်တော့ မ၀ယ်ဖြစ်ခဲ့ပါဘူး... အဲဒိကနေ ဆက်လျှောက်ရင်တော့ မြို့ဝန်တွေ အကြီးအကဲတွေနေတဲ့ အိမ်လို့ရေးထားတဲ့ အိမ်ရှေ့ရောက်တော့ ကျွန်မကတောင် "ဒါက လူဆိုးတွေနေတဲ့အိမ်" ဆိုပြီး ပြောရုံပဲရှိသေးတယ်... နောက်မှ ရိုက်ဖူးတဲ့ရုပ်ရှင် အခန်းပုံတွေကပ်ထားတော့မှ မင်းသား မင်းသမီးပေါင်းစုံ နှိပ်စက်မတရာစွပ်စွဲခံရတဲ့ အခန်းမျိုးတွေရိုက်တာပေါ့... ခြံဝန်းထဲမှာလဲ စစ်ဆေးရင် ညှင်းပန်းတဲ့ ထိုင်ခုံတွေဘာတွေ ပြသထားပါတယ်... တခြား တိုးရစ်တွေရှိနေတာရော နေပူတာရောကြောင့် လူမပါပဲ ဟိုရိုက်ဒီရိုက် ခဏလုပ်ပြီး ထွက်လာလိုက်ပါတယ်...

Do Manager မပါရင် ဘယ်ပြီးမလဲနော်...

အဘိုးအို ယက်တဲ့ ဖိနပ်...

Kim Soo Hyun လေး ထိုင်ခဲ့တဲ့နေရာပေါ့နော်.... သူ့အငွေ့အသက်တွေ လတ်ဆပ်နေဆဲ...

လူဆိုးကြီးတွေနေရာပေါ့.... :P

အစိုးရ အမှုထမ်း မြို့ဝန်ကြီးတွေရဲ့ ရုံးပေါ့...

ဘာကားတွေလဲတော့ မသိ...

နေပူ၊ လူရှုပ်...

အဲ့ဒိရဲ့ ခပ်လှမ်းလှမ်းမှာတော့ ဖျော်ဖြေရေး နေရာရှိပါတယ်... တီးလုံးသံတွေ လက်ခုပ်သံတွေ ကြားနေရတာနဲ့ အဲ့ဒိဘက်ကို လျှောက်သွားကြည့်ပါတယ်.... မြင်းပေါ်ကနေ ဓားခုတ် လှံခုတ်... မြင်းကို ဇောက်ထိုးစီး၊ အတည့်စီး၊ ဘေးတိုက်စီး၊ ပက်လက်စီး၊ မတ်ရပ်စီး မျိုးစုံပဲ ဖျော်ဖြေပါတယ်... ကောင်မလေးတွေလဲဖျော်ဖြေသူတွေထဲပါပါတယ်... ၀င်ကြေး ၁သောင်းနဲ့ ဒီလိုဖျော်ဖြေရေးတွေပြတာ တန်တယ်လို့ ကျွန်မကတော့ ထင်ပါတယ်... ကြည့်တော့သာ အရမ်းမထူးဆန်းချင် မထူးဆန်းသလိုလို၊ ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေလို့ အမြင်မဆန်းဖူးဘူးဆိုရင်တောင် ဒါမျိုးကို လုပ်တတ်ဖို့ဆိုတာ သူတို့ အတော်လေး လေ့ကျင့်ထားရမှာဖြစ်သလို တစ်ခုခုဆို သူတို့ ထိခိုက်နစ်နာနိုင်ပါတယ်... အဲဒါကြောင့် သူတို့ Performace ကို ကျွန်မ တန်ဖိုးထားပါတယ်...

အဲဒါ ကောင်မလေးတွေ... အရမ်းတော်တယ်...

ကျွန်မတို့ အဖွဲ့လဲ ညနေ သုံးနာရီထိုးနေပြီမို့ Everland ကလဲ အချိန်ကြာအုံးမှာဆိုတော့ အချင်းချင်းလောပြီးတော့ပဲ ပြန်ဖို့ဆိုင်းပြင်းလိုက်ပါတယ်... ဖျော်ဖြေရေးလဲ အဆုံးထိမကြည့်တော့ပါဘူး... အဲဒိနားမှာပဲ The Kind and I ရိုက်သွားတဲ့ ကြိုးတန်းလျှောက် အစွမ်းပြတဲ့နေရာရှိပါတယ်... ကြိုးတန်းလျှောက် အစွမ်းပြဖျော်ဖြေရေးတွေလဲ အချိန်ဇယားအလိုက်ရှိတယ်လို့တွေ့ပါတယ်.. (ပြောရမယ်ဆိုရင် အဲဒိနေရာနဲ့ ပတ်ဝန်းကျင်ကို ၁ရက်ပေးပြီးတောင် သွားရင်တော့ အေးဆေးနဲ့ထောင့်စေ့မှာပါ)... ဒါနဲ့ အ၀င်ဘက်လမ်းက မထွက်ပဲ တစ်ပတ်ပြည့်အောင် တစ်ဖက်ကလမ်းကထွက်လာကြပါတယ်... အိမ်တော်တော်များများကိုတော့ အတန်အသင့်ပဲ အပြင်ကကြည့်လိုက်ပါတယ်... အိမ်တစ်အိမ်ရောက်တော့ အရင်ခေတ်က ခပ်ချမ်းချမ်းသာသာအသိုင်းအ၀ိုင်းမျိုးနေတဲ့ အိမ်မျိုး၊ ကိုယ်လဲ အဲဒိအိမ်ကို တရင်းတနှီးမြင်ဖူးသလိုဆိုတော့ ၀င်ကြည့်ဖြစ်တော့ ထင်တဲ့အတိုင်းပဲ အဲဒိအိမ်က Moon Embrace the sun က မင်းသမီးနေတဲ့အိမ်ဖြစ်သလို၊ Hwan Jin Yi မှာ Jang Keun Suk နေတဲ့ အိမ်ပါပဲ... အထဲမှာ အဲဒိအိမ်ရဲ့နေရာတွေမှာ ရိုက်သွားတဲ့ ဇာတ်ဝင်ခန်းတွေ ဆိုင်းဘုတ်ထောင်ထားပါတယ် (ဒါနဲ့ ဆိုင်းဘုတ်တွေက အားလုံး ကိုရီးယားလိုပဲရေးထားတာပါ... ကိုယ်ကသာ ကိုယ်ကြည့်ဖူးတဲ့ကားတွေမို့ ပုံကြည့်ပြီးသိတာပါ)...

The King and I က ကြိုးတန်းလျှောက် ပြပွဲရိုက်တဲ့နေရာ...

ဂျန်ဂမ်ဆပ်ကို သေးသေးလေးတွေ့လဲ မှတ်မိတယ်...

Han Ga In ပုံတော့ရှိတယ်... ဂျန်ဂမ်ဆပ်ပုံတော့ မရှိဘူး... :(

အဲဒိ ၀န်းခြံထဲက အိမ်တော်တော်များများက တော်တော်လေးရင်းနှီးပါတယ်... Tamna The Island ရိုက်တဲ့ အိမ်လဲတွေခဲ့ပါတယ်... ဘယ်ဝန်းထဲမှာတွေ့ခဲ့သလဲတော့ မမှတ်မိတော့ပါ... Tamna The Island ကို Jeju မှာရိုက်တယ်ထင်တာ တချို့အခန်းတွေကိုသာ အဲ့မှာရိုက်ပြီး ရွာခန်းတွေကို ဒီနေရာမှာ လာရိုက်တယ်ထင်ပါတယ်... အဲ့ဒိကားက ရှုခင်း၊ သီးချင်း နဲ့ သရုပ်ဆောင်တွေကို ကြိုက်ပါတယ်.. (ဇာတ်သိမ်းက အလျင်စလိုသိမ်းသွားလို့ သိပ်အားမရတာပဲရှိပေမဲ့ ကြည့်လို့ကောင်းပါတယ်... ဘာလို့ နာမည်သိပ်မကြီးလဲတော့ မသိပါ)... ဒီလိုနဲ့ပဲ ကျွန်မတို့ Korean Folk Village ကနေ ပြန်ထွက်လာပြီး Everland သွားဖို့ Shuttle Bus ရှိတယ်ထင်တယ်လို့ နယ်ခံသူငယ်ချင်းက ပြောထားတော့ Shuttle bus အင်ဖိုကို မေးဖို့ Tourist Information center ထဲ ၀င်မေးပါတယ်... စကားပြောရလွယ်ကူပါတယ်.. tourist information center ကိုးးး.... အဲဒိက အမျိုးသမီးကို မေးတော့ Shuttle Bus Service မရှိဘူးတဲ့... အမြန်ဆုံးဆိုရင်တော့ သူ Recommend တာ တိုက်စီနဲ့ပဲ သွားလိုက်ပါတဲ့... ၀မ် ၂သောင်းခွဲ ၃သောင်းလောက်ကျမယ်ထင်တယ်တဲ့...

ဒီလိုနဲ့ပဲ ကျွန်မတို့ တိုက်စီနဲ့ပဲ Everland သွားဖို့ဆုံးဖြတ်လိုက်ပါတယ်... တိုက်စီသမားကို Everland လို့ တစ်လုံးပဲပြောလိုက်တာနဲ့ သိပါတယ်... သူကလဲ တိုက်စီပေါ်မှာ စကားတွေများလိုက်တာမပြောပါနဲ့... သဘောတော့ကောင်းပါတယ်... ဒါပေမဲ့ သူသဘောကောင်းတာကျတော့ ဘူဆန်းကလို ဘာမှပြန် မမျှော်လင့်ပဲ သဘောကောင်းတာမဟုတ်ဘူး... အပြန်လဲ Everland ကနေ ဆိုလ်းကို သူ့ကားငှားပါလားလို့ ကျွန်မတို့ကို မေးတယ်... သူ့မှာက App ကောင်းကောင်းလေးတစ်ခုရှိတယ်... အဲဒိ App က ကျွန်မ App လို one way မဟုတ်ဘူး...သူကိုရီးယားလိုပြောရင် အင်္ဂလိပ်လို Translate လုပ်ထားတဲ့ စာကြောင်းပေါ်တယ်... ကျွန်မတို့က အင်္ဂလိပ်လိုပြန်ပြောရင် ကိုရီးယားလို့ ဘာသာပြန်ထားတဲ့ စာကြောင်းပေါ်တယ်... ဘာ App လဲတောင် မမေးခဲ့ရဘူး... ဒါပေမဲ့ ရပါတယ် အပြန်ကို ကိုယ့်ဘာသာကိုယ်ပြန်ဖို့ စီစဉ်ထားတယ်လို့ သူ့ကိုပြောလိုက်တော့ သူကလဲ အေးဆေးပါပဲ... သဘောဆက်ကောင်းပါတယ်... သူ့ကားမငှားတော့ဘူးဆိုပြီး ကောင်းကောင်းမဆက်ဆံတော့တာတော့ မရှိပါဘူး... လမ်းမှာ ကျွန်မအစ်မက ဖုန်းနဲ့ ရှုခင်းပုံတွေရိုက်တော့ သူ့ကားကို နှေးပြီး မောင်းပေးတယ်... တိုက်စီ ငှားလိုက်တာ မှန်သွားပါတယ်... တော်တော်လေးဝေးဝေးမောင်းရတယ်... Everland Resort ဆိုတဲ့ ဆိုင်းဘုတ်တွေ့တာတောင် အထဲကို အကြာကြီးဆက်ဝင်ရပါသေးတယ်... ရောက်ခါနီးမှ ကားတစ်စီး ကို့လို့ကန့်လန့်လုပ်လို့ လမ်းပိတ်ပြီး ကြာသွားပါသေးတယ်... Korean Folk Village ကနေ Everland ဂိတ်ပေါက်တည့်တည့်ထိ တိုက်စီခ ၀မ် ၃ သောင်းကျပါတယ်...



ဒီဂိတ်ကိုတွေ့ပြီး နောက်ထပ် မိနစ် ၂၀လောက်တောင်ထပ်မောင်းရတယ်ထင်တာပဲ...

Everland အကြောင်းကို နောက်ပိုစ့်ကျမှ ဆက်ရေးပါတော့မယ်... ဒီပိုစ့်ကို August မကုန်ခင် တင်ချင်အမှီရေးလိုက်ရပါတယ်... အသုံးဝင်တယ်ဆို Like and share on FB, ကြိုက်ရင် ကွန်မန့်၊ မှန်တာ မှားတာတွေ၊ မဗေဒါကို ဒီပိုစ့်နဲ့ ပတ်သတ်ပြီး မေးချင်တာတွေရှိရင် ကွန်မန့်သွားနော်... အင်္ဂလိပ်လို ကွန်မန့်လဲရပါတယ်...

A Cute Tree at Everland ... (Stay Tuned for Part 2)

Friday, August 22, 2014

တစ်ခါက စာသင်ခန်း (သို့) စကာင်္ပူရောက်အလွဲများ (၁၃)

ဒီအလွဲကို ရေးရမှာရှက်လို့ မရေးပဲနေတာပါ… ဒါပေမဲ့ အဲ့ဒိအကြောင်းပြောရင် မဗေဒါအစ်မက သဘောကျလွန်းလို့ စကာင်္ပူရောက်အလွဲများပိုစ့်ရေးပါလားပြောလေ့ရှိပါတယ်… မဗေဒါတစ်ယောက် ပေါ်လီတက်တုန်းက ဘယ်လောက်တောင် အနီးကပ်မှစာလုပ်လဲ၊ စာထဲဘယ်လောက် စိတ်ဝင်စားလဲဆိုတာ ဒီပိုစ့်က ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေတော့မယ်ထင်ပါတယ်… ကိုယ့်ကိုကိုယ်လဲ ပေါ်လီကို တစ်နှစ်မှ မကျပဲ မှန်မှန်အောင်လာတာ မယုံ့တယုံပါပဲ… (ပေါ်လီကပဲ အောင်ဖို့ လွယ်တယ်ထင်ပါ့)…

ပုံပြင်လေးကတော့ ဒီလိုပါ…
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ၁၀တန်းအောင်ပြီးခါစ မိန်းကလေးတစ်ယောက်ဟာ စကာင်္ပူဆိုတဲ့ နိုင်ငံခြားကြီးမှာ ပေါ်လီဆိုတဲ့ ဘာအဓိပ္ပါယ်မှန်း ကောင်းကောင်းနားမလည်တဲ့ ကျောင်းကြီးတက်ရန်၊ ၀ါသနာပါလား မပါလားလဲသေချာမသိတဲ့ မေဂျာကို လူကြီးတွေလျှောက်ခိုင်းလို့ လျှောက်ပြီး ပထမဆုံးအကြိမ် မျက်စိသူငယ် နားသူငယ်နဲ့ရောက်ရှိလာခဲ့ပါတယ်…
အဲ့ဒိအချိန်အခါတုန်းက သူမဟာ အင်တာနက်မပြောနဲ့ ကွန်ပြူတာတောင် အဖွင့်အပိတ်ကောင်းကောင်းမလုပ်တတ်သေးတဲ့ သူတစ်ယောက်ပေါ့… သူ့ကို အင်တာနက်နဲ့ စတင်မိတ်ဆက်တုန်းက အလွဲကိုလဲ စကာင်္ပူရောက် အလွဲများ (၂)  မှာဖတ်ကြည့်လို့ရပါတယ်။


ကောင်မလေးနဲ့ လက်တွေ့စာမေးပွဲ

မြန်မာအများဆုံးရှိတဲ့ ပေါ်လီမှာတက်ရပေမဲ့ ကံဆိုးစွာပဲ ကျောင်းအပ်နောက်ကျလို့ မြန်မာတစ်ယောက်မှ မရှိတဲ့အတန်းကို ရောက်သွားပါတယ်… ကံက လုံးလုံးမဆိုးသေးတော့လဲ လက်တွေ့လုပ်ရတဲ့အတန်းတစ်တန်းမှာ ၂တန်းပေါင်းသင်တော့ တခြားအတန်းက မြန်မာအစ်မကြီးတွေနဲ့ ဆုံဖြစ်တယ်… ဒါပေမဲ့လဲ သူတို့က သူတို့အုပ်စုဖြစ်ပြီးသားဆိုတော့ ကိုယ်နဲ့တော့ မျက်မှန်းတန်းမိယုံလောက်ပဲ သိတာပေါ့… မြန်မာပြည်က နှုတ်တိုက်မှတ် အလွတ်ကျက် ဒါသင် ဒါမေး စပေါ့ရိုက် စနစ်နဲ့ကြီးပြင်းလာခဲ့တော့ ကောင်မလေး ဒုက္ခအရောက်ဆုံးအချိန်တွေကတော့ လက်တွေ့လုပ်ရတဲ့ Lab အချိန်တွေပေါ့… IC (integrated circuit) က ခြေထောက်တွေကို ဘယ်လို ရေတွက်ရမှန်းမသိ… resistor color code ကို ဘယ်လိုဖတ်ရမှန်းမသိ… ဘာသာစကားနေသားမကျတာအပြင် သင်ပုံသင်နည်းကိုလုံးဝကို လိုက်မမှီတာ… ဘယ်လောက်တောင်လဲဆို ကျောင်းစဖွင့်ပြီး ၂ပတ်လောက်တက်ပြီးတဲ့အထိ ဆရာတွေ ဘာမှ မသင်ပဲ အင်ထရို (intro) လုပ်နေတုန်းလို့ထင်ပြီး ဘာမှကို လိုက်မမှတ်တာ… သိဘူးလေ… မြန်မာပြည်မှာလို သင်ပုန်းပေါ်ရေးပြတာ လိုက်ကူးရင်ကူး မဟုတ်ရင် ဆရာမတွေ ၀ိုင်းဖွဲ့ လဖက်သုတ်စားနေတုန်း အတန်းခေါင်းဆောင် စာခေါ်တာကို လိုက်ရေး… စာမေးပွဲမှာလဲ အဲဒိထဲက မေးခွန်းအတိုင်း တသွေမတိမ်းပဲမေးတာလေ… ဒီလိုပဲ သိခဲ့တာ… 


Lab အတန်းထဲက ဆရာက ကျောင်းဖွင့်တာတော်တော်ကြာတဲ့အထိ IC မကြည့်တတ်၊ Resistor မသိသေးလို့ စိုးရိမ်ပြီး သီအိုရီ စာတွေ့အတန်းမှာရော လိုက်နိုင်ရဲ့လားလို့မေးတာခံရတယ်… (ကံကောင်းချင်တော့ အဲဒိဘာသာ စာတွေ့ Quiz မှာ ၂မှတ်ပဲရော့ပြီး အတန်းထဲက အမှတ်အများဆုံး ၂ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့လို့ စင်းဂလိပ်မတတ် တတတ်နဲ့ လက်တွေ့ဆရာကို သွားကြွားခဲ့ရသေး…)…


တစ်ရက်လဲကျရော မြန်မာအစ်မကြီးတွေနဲ့ တူတဲ့ လက်တွေ့အတန်းကို အရောက် အားလုံးက ဒီနေ့ Lab Test ရှိတယ်နော်တဲ့… (အဲဒိ Lab Test က သူမ ပေါ်လီကျောင်းသားဘ၀မှာ ပထမဆုံးဖြေရတဲ့ လက်တွေ့ စာမေးပွဲအသေးစားလေးပေါ့)… ဒါပေမဲ့ သူမအတွက် အဲဒိအချိန်မှာခံစားရတာက Time Machine ကြီးစီးလိုက်လို့ပဲ သူမ Lab Test ကိုစောရောက်သွားတာလား… အဲဒိနေ့မတိုင်ခင်ကလဲ အတန်းထဲကလူတွေရော၊ ဆရာတွေရောကလဲ ဒီနေ့ Lab Test ရှိတာကို ဘယ်သူ့ကိုမှ မပြောဘူး… (ငယ်ငယ်ကလို ဆရာမက ကျောက်သင်ပုန်းပေါ် စာမေးပွဲ အချိန်စာရင်းရေးပြီး ကိုယ်က လိုက်ကူး၊ မိဘလက်မှတ်ထိုး ယူခဲ့ ဆိုတာမျိုး မျှော်လင့်မိတယ်ထင်ပါ့)… တစ်တန်းလုံးက လူတွေသိတယ် ငါပဲမသိဘူးဆိုတော့ သူတို့အားလုံးငါ့ကို အနိုင်ကျင့်ကြတာလားဆိုပြီး သူများကို သွားသံသယ၀င်ဖြစ်ခဲ့သေး… နောက်တော့မှ မြန်မာအစ်မကြီးတွေကို အစ်မတို့က Lab Test ရှိမှန်းဘယ်လိုသိလဲလို့မေးတော့… နှစ်စကတည်းက စာအုပ်ရဲ့ရှေ့မှာ Quiz/ Lab Test/ Exam timetable တွေ ပေးပြီးသားလေတဲ့… 



ဘယ်လိုပဲဖြစ်ဖြစ် Lab Test က ၅မိနစ်ဆိုစပြီ… Test တစ်ခုကို ဘာဆို ဘာမှ မပြင်ဆင်ထားပဲ… ဘလိုင်းကြီးဖြေခဲ့ရတာ ဘ၀မှာ အဲဒိတစ်ကြိမ်ပဲရှိသေးတယ်…. (သိသိကြီးနဲ့ စာမကျက်လို့ မရတာ မပါဘူး)… တစ်ခါတစ်လေ ဘာမှန်းမသိ စာမေးပွဲဖြေရတယ်လို့ အိပ်မက် မက်ဖူးလား… အဲဒိ ခံစားချက်အတိုင်းပဲ… အိပ်မက်ဖြစ်မှာစိုးလို့ ကိုယ့်ကိုကိုယ် ဆိတ်ဆွဲကြည့်မိသေး… မှတ်မိသလောက်တော့ အဲဒိ Test က အရမ်းမခက်ဘူးထင်ပါတယ်… LED display ပေါ်မှာ နံပါတ် ၁ ကနေ ၀ အထိ run အောင် circuit ကို ဆင်ရမှာ… သူများတွေ တစ်ယောက်ပြီးတစ်ယောက်က ပြီးလို့ ထွက်သွားကြတယ်… ကိုယ်က ဘာမှကို မလုပ်တတ်တာ… နောက်တော့ မြန်မာအစ်မကြီးတွေလဲ ပြီးကုန်ကြတယ်… အဲဒိအချိန် တော်တော်များများလဲပြီးတော့ ဆရာတွေလဲ သူတို့ ဆာကစ်တွေကို သွားစမ်းနေရတော့ သိပ်မအားတော့ဘူး…. အဲဒါနဲ့ ကိုယ်လဲ ကြောက်ပြီး ငိုချလိုက်ရော… ဆရာတွေလဲ နည်းနည်းတော့ သနားသွားတာပဲလား ဘာလားတော့ မသိဘူး… မြန်မာအစ်မကြီးတွေကလဲ ဆရာ့ကို ငါတို့သူ့ကို ဘာမှ မပြောပြပါဘူး ၀ါယာလေးတွေ ကူညှပ်ပေးရုံလောက်ပါပဲပြောတော့ ခွင့်ပြုလိုက်တယ်… ပြီးတော့လဲ ဆရာလစ်ရင် လစ်သလို မြန်မာလိုတွေပြောပြီး ရရင် ရသလိုပြောပြကြတာပေါ့… လူလဲ ငိုလိုက် ရှိုက်လိုက်နဲ့ ကြားသလောက်လိုက်တပ်ပြီး အချိန်ပြည့်တော့ ပြလိုက်တော့ အပြည့်အလုပ်မလုပ်ပေမဲ့ နည်းနည်းတော့ အလုပ်လုပ်တော့ သုညတော့ မရခဲ့ဘူးပေါ့… 

နတ် ‘မ’ တဲ့ အလွဲ

နောက်ပြီး ပထမနှစ် ပထမ ဆန်မစ်စတာ စာမေးပွဲ အစဉ်ကြီးဖြေကာနီး အတန်းထဲက စလုံးတွေရယ် ပြည်ကြီးတွေရယ် ဗီယက်နမ်မတွေရယ် လူကိုစုံနေတာပဲ ကျောင်းက စာကြည့်တိုက်မှာ သချာင်္ကို စုပြီး လေ့ကျင့်မယ်ပေါ့... စလုံးတွေက သချာင်္ဆို အတော်လေးယောင်ဝါးဝါးဖြစ်တတ်ကြတော့ သူတို့က စုပြီး စာလုပ်ချင်တယ်… ကိုယ်ကတော့ စာစုလုပ်လဲ သူငယ်ချင်းရတာပေါ့ဆိုပြီး သွားဖြစ်တယ်… ကိုယ်တိုင်လဲ စာဒီလောက်မရပါဘူး… ဒါပေမဲ့လဲ စာကြည့်တိုက်က Study Room ထဲမှာ စကားတွေများ မုန့်တွေ ခိုးစားပြီး အချိန်ကုန်တာပဲရှိတယ်… ပြီးတော့ ပြန်ဖြစ်ကြတယ်… အဲဒါ စာမေးပွဲမတိုင်ခင် ၂ ပတ်လောက်အလိုပေါ့… အဲဒိနေ့ကတည်းက သချာင်္ကို တစ်စက်မှ မကြည့်တာ သချာင်္စာအုပ်ပျောက်နေမှန်း နောက်နေ့ သချာင်္ဖြေရမယ်ဆိုမှ သတိထားမိတယ်… ငယ်ငယ်ကတည်းက စာမေးပွဲနီးရင် စာအုပ်ပျောက်တတ်တာ အကျင့်ဆိုပေမဲ့ ဒီတစ်ခေါက်ကတော့ တော်တော်ဆိုးသွားပြီ… မနက်ဖြန်ဖြေမယ်ဆို ဒီနေ့မှစကြည့်ဖို့ စိတ်ကူးရုံတင်မကဘူး ကြည့်ဖို့စာအုပ်ပျောက်နေတာပါ ခုမှသိတယ်ဆိုတော့ ကိုယ်လွန်မှန်းလဲ သိပါတယ်… ဒါပေမဲ့ စာအုပ်ပျောက်တာ နတ်ကောင်းနတ်မြတ်မစတယ်လို့ ဆိုရမယ်… စာအုပ်ပျောက်တော့မှ ဟိုဘက်အတန်းက မြန်မာအစ်မကြီးဆီမှာ စာအုပ်လေးငှားဖို့ ဖုန်းဆက်မိတယ်… ဒါပေါ့ သူလဲ စာမေးပွဲဖြေရမဲ့သူ ဘယ်ငှားမလဲ… ဟီး… ဒါပေမဲ့ သူက သဘောထားကြီးစွာ သူ့အိမ်လာပြီး တူတူစာလုပ်လေတဲ့… သူနဲ့အဲ့ဒိတုန်းက သိပ်မရင်းနှီးပေမဲ့ သူ့အိမ်သွားစာလုပ်လိုက်တယ်… သူနဲ့စာတူတူလုပ်မှ ကိုယ်က သချာင်္မှာ ကြည့်စရာရှိတယ်ဆိုတာ ရှေ့ Chapter 3 ခုလောက်ထိပဲ ထင်တာ… အမှန်တော့ Chapter 6 ခုလောက်ရှိတာ… နောက် ၃ chapter က လုံးလုံးကို မကြားဖူးတာ… အဲ့လောက်ထိပဲ… စာလိုက်မလုပ်လို့မဟုတ်ဘူး… အတန်းထဲမှာ ဆရာဘာသင်နေမှန်းမသိတာနဲ့ ပြတ်ကျန်ခဲ့ရင်း အဲဒိစာတွေ ရှိတယ်မှန်းကို မသိတာ… အဲ့အစ်မကြီးက “ညီမလေး Vector တွေသိလား…” ဆိုတော့ အတန်းထဲက ဘယ် စလုံး Victor ကို လာမေးနေလဲ စဉ်းစားမိတဲ့အထိ… အဲဒါ ည ၉နာရီထိုးနေပြီး နောက်နေ့ နေ့လည် စာမေးပွဲဖြေရမဲ့လူတဲ့…


ကြွေးထူတဲ့သူ မပူ၊ သန်းထူတဲ့သူ မယား ဆိုသလိုပဲ ဘာမှ မသိတော့ ဘာမှ မစိုးရိမ်တဲ့ ကျွန်မကို အဲ့ဒိ အစ်မကြီးက အလန့်တကြား ကြောက်လန့်ပြီး စာတွေထိုင်သင်တော့တာ… သူနဲ့ ကိုယ်က ၁၀နှစ်ကွာတယ်… သူက မြန်မာပြည်မှာတုန်းက တက္ကသိုလ်မှာ ကျူတာလုပ်ခဲ့တာ… ဒါနဲ့ Chapter ၁ ခုပြီး ၁ခု ကျွန်မကို အကျဉ်းချုံးသင်လိုက် အရေးကြီးမယ်ထင်တဲ့ ပုစ္ဆာတွေ လေ့ကျင့်ခိုင်းလိုက်နဲ့ ၁၀တန်း အနီးကပ် ၁၀ရက်တက်သလိုဖြစ်မယ်ထင်တယ်… ရှေ့ရက်တွေမှာ Part Time အလုပ်တွေဆင်းထားတော့ လူက ကောင်းကောင်းမနားရဖြစ်နေတာ… ၁၁ နာရီလောက်ကျတော့ အိပ်ချင်လာရော… ဒါနဲ့ စာသင်ပေးတဲ့သူက ကော်ဖီတွေ ဖျော်တိုက်၊ လဘက်တွေသုတ်ကြွေး… (ပြန်စဉ်းစားရင် တကယ်ကို ကျေးဇူးတင်ပါတယ်)… “ဟဲ့… မအိပ်နဲ့ ဒီတစ်ပုဒ်တော့ တွက်လိုက်ပါအုံး” ဆိုပြီး သင်တာ… အဲ… စာတွေကို နည်းနည်းသိလာတော့ ၁၂နာရီလောက်ကျတော့ ကြောက်စိတ်ဝင်လာတယ်… 




“ဟာ… တကယ် ငါမသိတာတွေ အများကြီးပါလား… ငါဒီလောက်သိရုံနဲ့ အောင်ပါ့မလား” ဆိုပြီး မအိပ်ချင်တော့ဘူး… ကော်ဖီနဲ့ လဘက်သုတ် အစွမ်းတွေလဲ ပါမှာပေါ့… ဒီလိုနဲ့ အခန်း ၆ ခန်းလုံးကို အပြတ် မနက် ၄ နာရီမှာ ပြီးသွားတယ်… မနက် ၄နာရီမှာတော့ ခေါင်းက လုံးဝမရတော့ဘူး အိပ်ချင်တာ လူက ယိမ်းထိုးနေပြီ… တော်ရုံတန်ရုံမေးခွန်းဆို အောင်မှတ်လောက်လဲရလောက်ပြီလို့ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ကလေးကတီးတိုး နှစ်သိမ့်တော့ “အိပ်ချင်ပြီအစ်မရာ… အိပ်တော့မယ်” ဆိုပြီး သူ့အိပ်ယာပေါ်ပြစ်လဲသွားရော… ကိုယ့်အကြောင်းကိုယ်သိတယ်… ဆက်လုပ်နေရင် စိတ်လဲပါတော့မှာမဟုတ်ဘူး… ပြီးတော့ စာမေးပွဲခန်းထဲကျမှ ခေါင်းမူးတာတို့ အိပ်ပျော်သွားတာတို့ဖြစ်ရင် တစ်ညလုံး လေ့ကျင့်ထားတာလေးတွေပါ အလဟသ ဖြစ်မှာ… နောက်ပြီး မဗေဒါရဲ့ ယုံကြည်ချက်ကတော့ စာလုပ်တယ်ဆိုတာ အာရုံစိုက်မှုနဲ့အများကြီးဆိုင်တယ်… လုပ်တဲ့အချိန် ဘယ်လောက်ပဲ နည်းပါစေ လုပ်နေတဲ့အချိန် အာရုံစိုက်နိုင်ရင် စာတွေခေါင်းထဲဝင်တယ်… စာအုပ်ကြီး ၂၄နာရီရှေ့ချပြီး အာရုံမစိုက်ဘူး စိတ်မ၀င်စားဘူးဆိုရင် ဘာစာမှရမှာ မဟုတ်ဘူး… 


အဲဒိအစ်မကြီးကတော့ ဒိထက်ခက်တဲ့ ပုစ္ဆာတွေ ဆက်လေ့ကျင့်နေတယ်… ကျွန်မကတော့ အိပ်ပျော်သွားတယ်… ၁၀နာရီလောက် ကျွန်မနိုးတော့ သူလဲ နိုးနေပြီ… အစ်မ မအိပ်ဘူးလားဆိုတော့ သူခဏတော့ အိပ်လိုက်သေးတယ်တဲ့… စာမေးပွဲချိန်နီးပြီဆိုတော့ နောက်ဆုံးတစ်ခေါက် ကိုယ်မရဘူးထင်တာလေးကို မျက်လုံးနဲ့ တစ်ချက်ပြန်ကြည့်ပြီး စိတ်ဒုန်းဒုန်းချလိုက်တယ်… ရသလောက်ပေါ့… (All is well… All is well… ခွင် ချနာ… ခွင် ချနာ…)( ခေါင်းတောင် သိပ်မလှုပ်ရဲဘူး စာတွေ ထွက်ကျပြီး မေ့ကုန်မှာစိုးလို့...)


စာမေးပွဲမှာ နောက်ဆုံး ၁၅မှတ်တန် ဥာဏ်စမ်းအပုဒ်ကြီးကလွဲလို့ ကျန်တာ အကုန်ဖြေနိုင်တယ်… မေးခွန်းတစ်ခါဖတ်လိုက်တယ်… ၁ခါ ကြိုးစားကြည့်တယ်… ဘယ်လိုမှ မရတော့လဲ နေဟာ အောင်မှတ်ရနေပြီဆိုပြီး မဖြေပဲထားခဲ့တယ်… စာမေးပွဲပြီးတော့ ကျန်တဲ့သူတွေအားလုံးက အဖြေတွေတိုက်ကြ စာအကြောင်းတွေပြောကြပေါ့… အရင်ကတည်းက ပြောဖူးတယ်… မဗေဒါက ပြီးသွားတဲ့အရာတစ်ခု ပြန်လဲပြင်လို့မရတော့တဲ့အရာတစ်ခုကို တစ်နုတ်နုတ်သိပ်မဖြစ်ချင်လို့ အဲဒါတွေသိပ်မလုပ်ဘူး… အဖြေတိုက်ရင်တော့ နောက်ဆုံးထွက်တဲ့ အဖြေလောက်ပဲတိုက်လိုက်တယ်… မရတဲ့ ပုစ္ဆာကို အဲ့ဒါ ဘယ်လိုလုပ်ရသလဲတို့ဘာတို့ မေးရတာ စိတ်ကုန်လို့… (အဲ့ဒါဘယ်လိုတွက်ရသလဲဆိုတာက စာမေးပွဲမတိုင်ခင်ကတည်းက သိထားရမဲ့အလုပ်… စာမေးပွဲအောင်ဖို့တစ်ခုတည်းမဟုတ်ဘူး ဘ၀အတွက်မေးတာဆိုလဲ အိမ်ပြန်ရောက်မှ စာအုပ်ပြန်ဖတ်ပြီး ကိုယ့်ဟာကိုယ် ကြိုးစားကြည့်လိုက်ပေါ့)… အဲဒိအစ်မကြီးကလဲ ကိုယ့်ကို ဖြေနိုင်လား လာမေးတယ်… ကိုယ်ကလဲ “အစ်မ ကျေးဇူးကြောင့် အောင်မှာတော့ သေချာတယ်” လို့ တကယ် ကျေးဇူးတင်လို့ ပြန်ပြောလိုက်တယ်… 

“နောက်ဆုံး အပုဒ်ကြီး ဖြေတတ်လား” ဆိုတော့… ကိုယ်ကလဲ “မဖြေတတ်လို့ မဖြေဘူး” လို့ပြောလိုက်တာပေါ့… သူကလဲ ကိုယ့်ဆီက ဒီအဖြေကို မျှော်လင့်ထားပြီးသားဆိုတော့ ထပ်မမေးတော့ဘူး တစ်ခြားသူတွေနဲ့ပဲ စကားဆက်ပြောတာပေါ့…

ဒါပေမဲ့ စာမေးပွဲအောင်စာရင်းထွက်တော့ မယုံကြည်နိုင်စွာပဲ ကျွန်မ သချာင်္ကို A ရတယ်… ကျွန်မကို ဘာရလဲ မေးတော့ သူသင်ပေးတဲ့ သူ့တပည့်တစ်ယောက် အနေနဲ့ ဂုဏ်ယူလို့ A လို့ပြောလိုက်တော့… သူလဲ A ပဲဆိုပြီး (A+ ဆိုတာက ဂုဏ်ထူးပေါ့) မျက်နှာပျက်သွားတယ်လို့ ကျွန်မထင်တယ်… အမှန်ဆို သူစိတ်ချမ်းသာအောင် ကျွန်မက B ရတယ်လို့ ပြောခဲ့သင့်တာ… သူ့စိတ်ထဲမှာတော့ နဂန်းတလုံးမှ မသိတဲ့ ကျွန်မက A ရတယ်ဆိုတာ ကျွန်မ လျှိုထားလို့လို့ ထင်သွားလား ဒါမှမဟုတ် ကျွန်မ A မရပဲနဲ့ ဒီကောင်မလေး လာလိမ်နေတယ်လို့ ထင်သွားလား မသိပါ… ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ သေချာသိတာကတော့ သူ့ဆီသာ အဲ့ညက စာအုပ်ပျောက်ပြီး မရောက်သွားရင် ကျွန်မ ကျမယ်ထင်ပါတယ်… ပြီးတော့ စာတူတူလုပ်ခဲ့တဲ့ ကော်ဖီတူတူသောက်ခဲ့တဲ့ အမှတ်တရလေးတွေကလဲ ကျွန်မဘ၀ အကြမ်းတမ်းဆုံးအချိန်တွေမှာ ကူညီခဲ့တဲ့သူတစ်ယောက်အနေနဲ့ သတိရနေမှာပါ… စာမေးပွဲခန်းထဲက ထွက်လာတော့မှ ကျွန်မစာအုပ်ကို မှားယူသွားတဲ့ စလုံးကောင်က ပြန်လာပေးတယ်… 


“မျက်နှာပြောင်တိုက်ခဲ့ရတဲ့ Presentation” လေး အကြောင်းကိုတော့ နောက်ထပ် စကာင်္ပူရောက်အလွဲများ ၁၄ မှာ မျှော်….. :D

Friday, August 15, 2014

ကျွန်မချစ်သော CEO So Ji-Sub In Town!

မြန်မာပြည်မှာ ပထမဆုံးစပြတဲ့ ကိုရီးယားကား “အချစ်ဆုံးအတွက် ဟင်းတမယ်” (Delicious proposal) ကားမှာကတည်းက သူဟာ ဒုတိယမင်းသားအဖြစ်ပါဝင်ခဲ့ပါတယ်… ဒီတော့ မြန်မာပြည်မှာ ပထမဆုံး ကိုရီးယားကားရယ်လို စတင်မိတ်ဆက်ကတည်းက သူ့ကားနဲ့ မိတ်ဆက်ခံခဲ့ရတယ်ဆို မမှားပါဘူး… အဲ့ဒိအချိန်ကတည်းက ကျွန်မသူ့ကို မှတ်မှတ်ရရနဲ့ သဘောကျခဲ့ပါတယ်… အောက်မျက်ခွံက အတော်လေး မို့လို့ ဟို မျက်လုံးမို့မို့နဲ့ မင်းသားလေ ဆိုရင် တန်းသိတာပါပဲ…

စွဲစွဲလန်းလန်းကြီး ကြိုက်တာမဟုတ်ပေမဲ့ ကိုရီးယားကားရယ်လိုစကြည့်ဖူးကတည်းက ပထမမင်းသားထက် သူ့ကို ပိုကြိုက်ခဲ့တာကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး…
သူဟာ လီမင်ဟိုတို့လို တဟုန်ထိုး အောင်မြင်တာမဟုတ်ပေမဲ့… တဖြည်းဖြည်းနဲ့ အေးအေးနဲ့ တည်တည်ငြိမ်းငြိမ်အောင်မြင်လာတာပါ… ခုဆိုရင် အသက် ၃၇ နှစ်ရောက်မှ ပိုချောပြီး ပိုတောင် အောင်မြင်လာပါသေးတယ်… (အောက်မျက်ခွံလဲ အရင်လောက် မမို့တော့တာ ဆာဂျရီများလုပ်လိုက်သလားတော့ မသိပါ)… သူ့နောက်ဆုံးထွက်တဲ့ “Master’s Sun” ဆိုတဲ့ စိတ်နယ်လွန် အချစ်နဲ့ သရဲ အရောကားလေးက မဗေဒါရဲ့ အကြိုက်ဆုံးကားတွေထဲမှာ တစ်ကားအပါအ၀င်ဆိုတာ မဗေဒါရေးတဲ့ 2013 Best Drama Review Post ကို ဖတ်ဖူးတဲ့သူတွေသိမှာပါ…

ခုတော့ သူ အာရှတလွှားက ပရိတ်သတ်တွေကို ကိုယ်တိုင်တွေ့ဆုံဖျော်ဖြေရေး စတင်ပါပြီ… Sistic website မှာ ရေးထားတာအရတော့ ထိုင်ဝမ်မှာ သူ့ လက်မှတ်တွေ စစရောင်းချင်း ၃နာရီအတွင်းကုန်သွားလို့ နောက်ဆုံး Fan Meeting ကို ၂ရက်ခွဲပြီးတောင် လုပ်လိုက်ရတယ်ဆိုပါတယ်… ထိုင်ဝမ်အပြီး သူဟာ ဂျပန်က မြို့ ၂မြို့မှာ သွားရောက်ဖျော်ဖြေပြီး အဲ့ဒိနောက်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား၊ စကာင်္ပူကိုလာမယ်လို့ သိရပါတယ်…

သူ့ Fan meeting တွေ လက်မှတ်တွေကို ပြီးခဲ့တဲ့လကတည်းက စတင်ရောင်းချနေတာဆိုတော့ ခု လက်မှတ်ကျန်မကျန်တော့ မသေချာပါဘူး… မဗေဒါကတော့ အင်္ဂလိပ်စကားပြောတဲ့ မင်းသားတွေပဲ Fan meeting သွားချင်တော့တယ်… ဂျန်ဂမ်ဆပ်တုန်းက သွားရတာပျော်တယ်.. Hyun Bin တုန်းကကျတော့ စကားပြန်ကနေပဲ ကြားနေရတော့ သိပ်အားမရဘူး… အဲဒါကြောင့် ကိုယ်ကြိုက်တဲ့ မင်းသားလဲဖြစ်ရမယ်…. အင်္ဂလိပ်လိုလဲ ပြောနိုင်တယ်ဆိုရင်တော့ ပိုက်ဆံပေးရတာ ပိုတန်တယ်ထင်တာပေါ့… (Jo In-Sung လာရင်တော့ အင်္ဂလိပ်လို မပြောလဲ သွားဖြစ်မယ်ထင်တယ်… ခွိ… မနှစ်က သူလာတုန်းက ကိုယ်မြန်မာပြည်ပြန်တဲ့အချိန်ဖြစ်သွားလို့ မတွေ့လိုက်ရဘူး… :( )

ကဲ… ကြည့်ချင်တဲ့သူတွေအတွက် အင်ဖိုလေး မျှပေးလိုက်တယ်နော်… အောက်က နေ့စွဲ အချိန်၊ နေရာနဲ့ ထိုင်ခုံအစီအစဉ်ရယ်… ဈေးရယ်… အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ…



Sunday, August 10, 2014

Free & Easy Korea trip Day 2: Busan (Haeundae Beach -> Damaji Hill -> Lunch -> Haedong Yonggungsa Temple -> Seoul)


၁၀ရက် ဂျူလိုင် ၂၀၁၄ (ကြာသပတေးနေ့)


ခရီးသွားဖော်.... မေမေက ခရီးသွားတိုင်း ဒီဦးထုပ်ပဲ ဆောင်းနေလို့ သူများတွေက ပြောတော့မယ်တဲ့... ဒါပေမဲ့ ဒီဦးထုပ်လေးက မဗေဒါ ခရီးသွားပိုးစ၀င်တဲ့ ဂျပန်ခရီးစဉ်မှာ ၀ယ်ခဲ့တော့ သံယောဇဉ်ဖြစ်နေတာ...

ဒီနေ့အကြောင်းပြောရမယ်ဆိုရင်တော့ စီစဉ်ထားခဲ့တဲ့ မဗေဒါရဲ့ ဟောဒီက Itinerary အတိုင်း အစဉ်လိုက်မသွားဖြစ်ခဲ့ပါဘူး… ဒါပေမဲ့လဲ စိတ်တိုင်းတော့ကျပါတယ်… (မကျလို့လဲမဖြစ်ဘူးလေ… ကိုယ်ကြုံတွေ့ခဲ့ရတာကိုယ်အတွက် အမှတ်ရစရာတွေပဲပေါ့)… မနေ့က Busan Station ရဲ့ အနောက် တောင်ဘက်ပိုင်းကို လည်ခဲ့ပြီးတော့ ဒီနေ့တော့ အရှေ့မြောက်ဘက်ပိုင်းမှာရှိတဲ့နေရာတွေ သွားလည်ဖို့ စုထားတယ်...

မနက် ထဖြစ်တဲ့အချိန်ကိုက ၇နာရီလောက်ပေါ့… ရှေ့နေ့က အရမ်းပင်ပန်းထားတော့ တကယ်တမ်းကျတော့လဲ အင်ဂျင်ကို အဲ့လောက် ရက်ရက်စက်စက် Run လို့မဖြစ်ဘူးလေ… ၇နာရီလောက်ထတာတောင် လွန်လှပေါ့နော်… ရေမိုးချိုးပြင်ဆင်ပြီး မနက်စာဟော်တယ်က ကျွေးမှတော့ ဟိုတယ်မှာပဲစားလိုက်ဖို့ ကျန် ၂ယောက်က ပြောတော့ ကိုယ်လဲ ဗိုက်ဆာနေပြီဆိုတော့ ကိုယ့်အစီအစဉ်ထဲက မနက်စာ Damaji Hill မှာစားဖို့ကို မလုပ်တော့ပါဘူး…. နေ့လည်လောက်မှပဲ ကော်ဖီသွားသောက်တော့မယ်စိတ်ကူးလိုက်တယ်… ဒီတော့ အစီအစဉ်မှာ ဒုတိယတစ်ခုဖြစ်တဲ့ Haeundae Beach ကို အရင်သွားရတော့မှာပေါ့…

ဟော်တယ်က ကျွေးတဲ့ မနက်စာက ၂ထပ်မှာစားဖို့သွားဖြစ်တယ်… International buffet ကြီးကို မမျှော်လင့်ပေမဲ့ အထိုက်အလျှောက် ကြက်ဥကြော်လောက်တော့ ပါမယ်ထင်ထားမိတာပေါ့… တွေ့လိုက်ရတာက ထမင်းရယ်… ချဉ်ဖတ်၊ ချဉ်ဖတ်၊ ချဉ်ဖတ်၊ ချဉ်ဖတ်… အမျိုးကို စုံနေတဲ့ ချဉ်ဖတ် ၆ မျိုးလောက်နဲ့… ဟယ်… အသားတစ်ခုတစ်လေများတွေ့မလားကြည့်တော့ ချဉ်ဖတ်တွေအဆုံးမှာ တစ်ခုတည်းသော ငါးခြောက်သေးသေးလေးတွေ (မဗေဒါက အဲ့ငါးခြောက်လေးတွေဆို အနှံ့လုံးဝမရှိမှကြိုက်တာ… ဒါပေမဲ့ သူတို့ကတော့ ငါးနှံ့ပါမှ ကြိုက်တယ်ထင်တယ်)… အဲဒိ ချဉ်ဖတ်ပြီးတော့မှ အိုးကြီးနဲ့ ဆန်ပြုတ်လိုလိုတစ်အိုး၊ ရေညှိဟင်းချိုတစ်အိုး…. Buffet line က U ပုံသဏ္ဍာန်ဆိုတော့ ဒီဘက်ထောင့်ချိုးမှာကျတော့ ပေါင်မုန့်နဲ့ ဂျင်နဲ့ (ဗူးသေးသေးလေးတွေနဲ့တောင် မရှိဘူး…) ဒီတိုင်း ကော်ပြီးယူရမှာ… ကဲဒါနဲ့ပဲ ကိုရီးယားလာမှတော့ စားလိုက်အုံးဟဲ့ Local စာဆိုပြီး အားလုံးကို နည်းနည်းစီထည့်ခဲ့တာပေါ့…

တကယ်လဲစားကြည့်ရော အရသာက ကိုယ်ထင်ထားသလောက်တော့မဆိုးပါဘူး.. ကိုယ်ကလုံးဝတောင် စားလို့မရလောက်ဘူးမှတ်တာ… ဒါပေမဲ့ လက်ခံလို့ရတဲ့ အရသာထဲပါတယ်… ကိုယ့်ကိုကိုယ် ရုပ်ရှင်ထဲက ကိုရီးယားမင်းသမီးအမှတ်နဲ့ Role play ဆော့ပြီး စားရင်တော့ စားကောင်းသား… ပါးစပ်ထဲမှာ ကုန်ခါနီးဆိုရင်တောင် ထပ်စားချင်တဲ့စိတ်ကလေးဖြစ်မိတယ်… မဗေဒါ အစ်မကတော့ ဆန်ပြုတ်လိုဟာကို လုံးဝမကြိုက်ဘူး… ဒါပေမဲ့ မဗေဒါစားကြည့်တော့ အကြိုက်ကြီးမဟုတ်ပေမဲ့ စားလို့တော့ရပါတယ်… (တော်ရုံအိမ်မှာ အစားချေးများဆုံးက မဗေဒါဆိုတော့ သူမကြိုက်ဘူးပြောတော့ ကိုယ်မြည်းကြည့်ဖို့တောင် လက်တွန့်ခဲ့တာ)… သူငယ်ချင်းကတော့ ပိန်သာပိန်တာ သူက ထုံးစံအတိုင်း အစားချေးမများဘူး… နောက်မှ အစ်မက ပေါင်မုန့် (ပေါင်မုန့်က အပြားမဟုတ်ဘူးနော်… အလုံး… ပြီးတော့ Toaster လဲမရှိဘူး) ဂျင်သုတ်နဲ့ နောက်မှ ရှာဖွေတွေ့ရှိတဲ့ ကြက်ဥပြုတ်နဲ့ ဟန်ကျသွားတာပေါ့… မဗေဒါလဲ ချဉ်ဖတ်ပေါင်းစုံနဲ့ ထမင်းချည်းမဟုတ်တော့ပဲ ကြက်ဥပြုတ်လေးကယ်သွားတာပေါ့…


ချဉ်ဖတ် ချဉ်ဖတ် ချဉ်ဖတ် မျိုးစုံ၊ ဟင်းချိုနဲ့ ထမင်း...

ဒီလိုနဲ့ မနက်စာစားအပြီး အခန်းထဲက ပစ္စည်းတွေတစ်ခါတည်းသိမ်းဆည်းပြီး Check out လုပ်ရင်း ကိုယ့် အိတ်တွေ အပ်ခဲ့တာပေါ့… သူတို့ ချက်အောက်ချိန်ကလဲ မနက် ၁၀နာရီတဲ့လေ... စဉ်းစားကြည့်အုံး… ဟော်တယ်ကလဲ တစ်ညကို စလုံး ၁၀၀ ကျော်ပေးရပါတယ်… အရမ်းလဲ သက်သာလှတယ်တော့မဟုတ်ပါဘူး… ဒါပေမဲ့ ချက်အင် ညနေ ၄နာရီး ချက်အောက် မနက် ၁၀နာရီကတော့ တော်တော်လေး သဘောမတွေ့လှဘူး… ကျန်တာကတော့ အဲဒိ Toyoko inn Busan Station no.1 က အားလုံးအဆင်ပြေတယ်… ပြီးမှ အပြင်ထွက်မယ်ဆိုမှ T-Money Card အခန်းထဲကျန်ခဲ့လို့ သော့ပြန်တောင်းပြီး ပြန်သွားယူရတယ်… ဒီလောက်ပြန်ဆစ်ခဲ့တာတောင်မှ မဗေဒါရဲ့ Gopro ကင်မရာက Battary ထည့်တဲ့ နေရာက အဖုံးသေးသေးလေး အဲ့ဒိမှာ ကျန်ခဲ့တယ်… (ဒီခရီးက Day 1ကတည်းက Monopod ပျောက်တာ Day 2 လဲ ထပ်ပျောက်… ကိုယ့်ကိုကိုယ်လဲ ပေါ့ပေါ့ဆဆမို့ အပြစ်တင်ပါတယ်… ဒါပေမဲ့ ဖြစ်ပြီးမှ ပြန်လဲ ပြင်လို့မရတော့မှတော့ Let it go ပဲပေါ့နော်…) ... Haeundae Beach ကိုတော့ ဘူဆန်းဘူတာကနေ Haeundae ဘူတာကို ရထားစီးသွားတယ်...


Busan Station ၀င်ပေါက်... Stairs everywhere in Korea...

Haeundae Beach

Haeundae Beach က ကိုရီးယားရဲ့ နာမည်အကြီးဆုံး ကမ်းခြေတစ်ခုဖြစ်တယ်… Ha Ji Won ပါဝင်သရုပ်ဆောင်ထားတဲ့ ဆူနာမီကား "Tidal Wave" က အဲဒိ beach ကို အခြေခံဇာတ်လမ်းတည်ထားတာလေ... (မဆီမဆိုင်ပြောအုံးမယ်... အဲ့ကားမှာ အချစ်လေး Lee Min Ki ကို မသေသင့်ပဲ သတ်လိုက်တာ ဒါရိုက်တာကို လုံးဝမကျေနပ်ဘူး)... သူက ဘူဆမ်းရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ ကမ်းခြေပေါ့… ရွှေအိုရောင်ပင်လယ်သဲတွေက Chuncheon ချောင်းက အနယ်အနှစ်တွေနဲ့ ပင်လယ်သတ္တ၀ါအခွံတွေ ပျက်ယွင်းရာကနေဖြစ်တည်လာတာတွေပေါ့… ရထားဂိတ်ကနေ ဆိုင်းဘုတ်အတိုင်း Haeundae Beach ပြထားတဲ့ အပေါက်ကနေ ထွက်လိုက်တယ်ဆိုရင်ပဲ မြေပုံရှိပါတယ်… ဒါပေမဲ့ မြေပုံတောင်ကြည့်စရာမလိုပဲ တည့်တည့်အဆုံးထိလျှောက်သွားရင်လဲ Haeundae Beach ကို ရောက်မှာဖြစ်ပါတယ်… သူ့ပုံစံက Gold Coast က Cavill Avenue နဲ့ ဖွဲ့စည်းပုံခြင်းနည်းနည်းဆင်မှာပေါ့… ဟိုမှာတုန်းကလဲ Cavill Avenue တလျှောက်တည့်တည့်လျှောက်ရင် Beach ကိုရောက်သွားသလိုပေါ့… ကွာတာကတော့ ပတ်ဝန်းကျင်အပြင်အဆင်ပေါ့… Haeundae ကမ်းခြေကိုသွားတဲ့လမ်းတစ်လျှောက်လဲ စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေ ဟော်တယ်တွေ Pub တွေရှိပါတယ်… ကျွန်မတို့က မနက်စောစောရောက်သွားလို့ သိပ်မစည်သေးတာရော Haeundae Beach က နောက်လလောက်မှ ဖွင့်ပွဲလုပ်မှာရောကြောင့် လူသိပ်မများပါဘူး… စကားစပ်တုန်း တဆက်တည်းသိတာလေး ပြောရရင် Haeundae ကမ်းခြေဖွင့်ပွဲက အတော်လေး စည်စည်ကားကားကြီးကြီးကျယ်ကျယ်လုပ်တယ်လို့ သိရပါတယ်… လူတွေလဲအရမ်းလာကြလို့ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ပင်လယ်ကမ်းခြေသုံး ထီးအများဆုံးကမ်းခြေတစ်ခုအနေနဲ့ ကမ္ဘာ့ Guinness Book မှာ မှတ်တမ်းတင်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်… ဘယ်လောက်တောင် လူများလဲဆိုရင်တော့ Google သာလုပ်ကြည့်လိုက်ကြပါတော့… မဗေဒါကတော့ season မဟုတ်လဲနေပါ အဲလောက်လူများရင်တော့ စိတ်အနှောင့်အယှက်ဖြစ်မှာ အသေအချာပါပဲ.. အဲဒါကြောင့် ခုအချိန်လေး ရောက်သွားတာကိုပဲ ကျေနပ်ပါတယ်…


Famous Haeundae Beach

လမ်းဆုံးကိုလျှောက်ပြီး Beach ကိုရောက်သွားတော့ ရေကူးနေတဲ့သူ အနည်းအကျဉ်းတော့ရှိပါတယ်… နေက နည်းနည်းပူလာတော့ သစ်ပင်တန်းအရိပ်အောက်ကိုဝင်ထိုင်ပြီး လုပ်နေကျ ဓာတ်ပုံရိုက်တဲ့လုပ်ငန်းကို စတင်ကြတာပေါ့… ပင်လယ်လှိုင်းကတော့ အတော်လေးကြီးတယ်… ရေကူးလို့ကောင်းမဲ့ပုံပါပဲ… ဒါပေမဲ့ ကျွန်မတို့ စလာကတည်းက ရေကူးဖို့ အစီအစဉ်မရှိပါဘူး… (ကျွန်မဆို ကိုရီးယားသွားပြီး နေပူထဲလျှောက်သွားတာ မဖြူတဲ့အသားက ပိုမဲသွားတာ ခုထက်ထိကို ခြေထောက် နဲ့ လက်မောင်း မှာ အသားက ၂ရောင်ဖြစ်နေတုန်း - ဤကား စကားချပ်) … ကျွန်မတို့ ဓာတ်ပုံရိုက်နေတုန်းမှာပဲ ရေကူးနေတဲ့သူတွေကို ရေတက်လာတဲ့အတွက် ရေဆက်မကူးတော့ပဲ ကမ်းခြေကိုပြန်တက်ဖို့ ကြေငြာတာကို ကြားလိုက်ပါတယ်…


With golden Sandy beach...

ကျွန်မတို့လဲ အနီးအနားနည်းနည်းလျှောက်ကြည့်ပြီး ဟိုတယ်ကတည်းက ထွက်လာတဲ့အချိန်က Plan ထားတာထက် နောက်ကျတော့ ကျွန်မကပဲ တိုးလ်ဂိုက်ကြီးလုပ်ပြီး ဆက်လက်ရွေ့လျားဖို့ ဆော်အော်တာပေါ့… နောက်တစ်ခုက နေကလည်း နည်းနည်းပူတော့ လူက အလကားနေ ပင်ပန်းပြီး ၃ယောက်လုံး လမ်းမလျှောက်ချင်ဖြစ်နေတယ်… ပိုဆိုးတာက ဒုတိယနေ့မှာတင် ဘယ်ဘက်လက်ခလည်က လက်သည်းရှည် ကင်မရာအိတ်ကို လှမ်းအယူမှာ အရင်းကနေ ကျိုးတော့တာပဲ... ဒီတော့ စိတ်က ပိုမကြည့်တော့ဘူး... လူက ကော်ဖီလေးဘာလေးသောက်လိုက်ရင် လန်းဆန်းသွားမယ်ဆိုတာသိနေတယ်… ကျွန်မရော ကျွန်မသူငယ်ချင်းရော ကော်ဖီဆိုင်လေး အေးဆေးထိုင်ချင်တယ်… အဲ့ဒိတော့ ဒီလိုကော်ဖီသောက်ချင်နေတဲ့ စိတ်နဲ့ မနက်က ကျွန်မတို့ Skip ခဲ့တဲ့ Damaji Hill လေးမှာ ရှူခင်းလေးကြည့်ရင်း အေးဆေးသောက်လိုက်ရရင် ကောင်းမှာပဲလို့တွေးမိတာပေါ့…


Haeundae Beach မှာတွေ့ခဲ့တာပဲ...


အပေါ်က ပုံထဲက ဟာတွေထဲ ၀င်ရိုက်ထားတာ...


Haeundae Beach ကားလမ်းပေါ်က မြောင်းဖုံး...

Let’s have a cup of Coffee & Cheese Cake at Damaji Hill

Haeundae Beach ကိုယ့်မျက်စိရှေ့တည့်တည့်မှာ "The Coffee Bean and Tea leaf" ဆိုင် ကြီးတွေ့နေသော်လည်… Damaji Hill က ကော်ဖီဆိုင်လေးမှာပဲ ကော်ဖီသောက်မယ်ဟဲ့ဆိုတဲ့ အတွေးနဲ့ မ၀င်ခဲ့တော့ပါဘူး… Damaji Hill မှာက ချယ်ရီပန်းပွင့်ချိန်ဆို တစ်လမ်းလုံး ချယ်ရီပန်းတွေနဲ့ လှတယ်ဆိုပေမဲ့ ကျွန်မတို့ ခုရောက်တဲ့အချိန်က ချယ်ရီပန်းပွင့်ချိန်မဟုတ်တော့ ဘာမှ ထွေထွေထူးထူးရှိမှာမဟုတ်ဘူးလေ… အဲ့ဒိသွားပြီး ကော်ဖီထိုင်သောက်ဖို့ပဲရှိတာကိုး…

ဒီလိုနဲ့ ကော်ဖီသောက်ဖို့စိတ်ကို ဆွဲဆန့်ပြီး Damaji Hill သွားဖို့ လုပ်ငန်းစကြပါတယ်… ကျွန်မတို့ ရှာလာတဲ့ Research အရ ဟောသလိုပြောထားပါတယ်…


In front of exit 1 of Haeundae station (Busan Subway Line 2), take city bus No. 100 and get off at Yeongnam Apt. Then walk 10-15 min along the sign (totally takes 50 min).

ဘတ်စ်ကား ဘယ်ဘက်ကားလမ်းက စီးရမလဲကအစ ကားသမားနဲ့ ပြန် Confirm လုပ်ပါ… “Damaji?” လို့ပြောတာနဲ့ သူတို့သိပါတယ်… တကယ်တော့ Damaji သွားတဲ့ဘက်က Haeundae Beach ရှိတဲ့ ကျွန်မတို့ထွက်လာတဲ့ ဘူတာပေါက် ဘက်က ကားလမ်းပါ… ဟိုဘက် ကားလမ်းကူးစရာမလိုပါဘူး… ကျွန်မတို့လဲ ကားနံပါတ် ၁၀၀ လာတော့ ကားသမားကို “Damaji?” လို့ ထပ်ပြောတော့ ခေါင်းညိမ့်ပြတာနဲ့ တက်စီးကြပါတယ်… ဒီတစ်ခါတော့ လူက အတင့်ရဲပြီး ဟိုးနောက်ဆုံးခုံရှည်မှာသွားထိုင်ပါတယ်…


ဒါက Damaji Hill သွားဖို့ စီးရတဲ့ ဘတ်စ်ကားမှတ်တိုင် နဲ့ ၀န်းကျင်...


ဇာတ်လမ်းတွေမှာဆို မင်းသမီး မင်းသားပေါ် အိပ်ငိုက်လေ့ရှိတဲ့ ခုံတမ်းပေါ့… ဒါမှမဟုတ် မင်းသမီးက ထွက်သွား မင်းသားက နောက်က ပြေးလိုက်ရင် မင်းသမီးက အဲဒိနောက်ဆုံးခုံမှာထိုင်တတ်တာပေါ့… :P … မိနစ် ၅၀လောက်စီးရမယ်ဆိုတော့ ၃ယောက်သား အေးဆေးပေါ့… Selfie တွေဘာတွေတောင်ရိုက်ပြီး လမ်းမှာနည်းနည်းတောင် အိပ်ငိုက်လိုက်သေးတယ်… နည်းနည်းပြန်သတိဝင်တော့ အချိန်ကိုကြည့်တော့ မိနစ် ၃၀လောက်ပဲစီးရသေးတယ်… ဘတ်စ်ကားမှတ်တိုင်တွေကိုလဲ အဲ့ဒိအချိန်ကစပြီး သေချာကြည့်တာပါပဲ… တကယ်တမ်းကျတော့ ကျွန်မတို့ Yeongnam Apt. ဆိုတဲ့ မှတ်တိုင်ကို ရှာမတွေ့ပါဘူး… တခြား Apt. ဆိုတဲ့ မှတ်တိုင်လေးတွေတော့ တွေ့ပါတယ်… ကားမှတ်တိုင်မှာ အင်္ဂလိပ်လိုတော့ မှတ်တိုင်နာမည်ရေးထားလို့ အဆင်ပြေပါတယ်… ဒီလိုနဲ့ စီးလာလိုက်တာ ဘတ်စ်ကားပေါ်မှာ ကျွန်မတို့ ၃ယောက်ပဲကျန်တော့တယ်...


နောက်ဆုံးတန်းမှာ ထိုင်မယ်ကွယ်...

တစ်နေရာရောက်တော့မှ ကားသမားက ကျွန်မတို့ကို လှမ်းအော်ပြီး… Damaji Hill မှတ်တိုင်က ကျော်သွားပြီလို့ ပြောပါတယ် (Body language ရယ် သူပြောတဲ့ ကိုရီးယားစကားထဲက ကျွန်မရဲ့ ရုပ်ရှင်တွေထဲကနေ ကြားဖူးတဲ့ စကားတစ်လုံး ၂လုံးပေါင်းပြီး နားလည်တာပါ)… ဒီတော့ ကျွန်မတို့လဲ မျက်ကလူးဆန်ပြာနဲ့ သေချာတာကတော့ Yeongnam Apt. ဆိုတာကို မတွေ့ခဲ့ပါဘူး… “Yeongnam?” ကျွန်မတို့က မေးတော့… “အာနီး… အာနီး…. မီပို… မီပို… blah blah Yo” …. ပြဿနာပဲဆိုပြီး စိတ်ထဲဖြစ်မိပါတယ်… ဟိုဘက်မှတ်တိုင်က ပြန်စီးရင်ရော မှန်ပါ့မလား… ဘတ်စ်ကားမောင်းတဲ့သူကတော့ သူတတ်သလောက် ကျွန်မတို့ကို ပြောပြကူညီပါတယ်… ဟိုဘက်ကားလမ်းကနေ ဘတ်စ်ကား နံပါတ် ၂၀၀ ပြန်စီးဖို့ပြောပါတယ်… အစက ၂၀၀ ကို ကိုရီးယားလိုပြောနေပြီး ကျွန်မတို့က နားမလည်တော့ 2 hundreds ကို မပြောတတ်တာကို တော်တော်လေး စဉ်းစားပြီးတော့မှ… တူး ဇီးရိုး ဇီးရိုး ဆိုပြီးပြောတော့မှ ကျွန်မတို့ သဘောပေါက်သွားပါတယ်… နောက်မို့ဆို ဟိုဘက်ကားလမ်းက ပြန်စီးလို့ရမရတောင် ကျွန်မတို့ သေချာမသိပဲ နောက်ဆုံးတော့ တိုက်စီပဲစီးဖြစ်မှာ မြင်ယောင်ပါတယ်… သူ တူး ဇီးရိုး ဇီးရိုးပြောတတ်တာကိုပဲ ကျွန်မတို့မှာ ၀မ်းသာအားရဖြစ်ရပါတယ်… ဘယ်လောက်ကြာကြာစီးရမလဲဆိုတော့ ကိုရီးယားလိုပြန်ပြောပါတယ်… ထင်တာမမှားရင်တော့ ၁၅ မိနစ်လို့ပြောတာထင်တာပဲ… ရမလားလို့ မေးကြည့်တာ သူက ပြန်မပြောတတ်ဘူးဆိုတော့လဲ ကိစ္စမရှိပါဘူး…

ဒီလိုနဲ့ ဘတ်စ်ကားနံပါတ် ၂၀၀ ကို ပြန်စောင့်ပါတယ်… သူဘာလို့ ၂၀၀ ပြောလဲတော့မသိပါ… ဟိုဘက်ကားလမ်းက မှတ်တိုင်မှာ ဘတ်စ်ကားနံပါတ် ၁၀၀ လဲရှိပါတယ်… အမှန်တော့ ဘတ်စ်ကားနံပါတ် ၁၀၀ ပြန်စီးလဲ ဖြစ်တယ်ထင်တာပါပဲ… ဒါပေမဲ့ လျှာမရှည်ပဲ သူ့စကားနားထောင်ပြီး ၂၀၀ စီးတာကောင်းပါတယ်… ဘတ်စ်ကားမောင်းတဲ့သူပုံက သဘောကောင်းတဲ့ပုံပေါက်ပါတယ်…

ကျွန်မတို့စောင့်ရတဲ့နေရာကြီးကလဲ ဟိုင်းဝေးလိုလို မြို့ပြင်လိုလို နေကလဲ ပူပါ့… ကားတွေအများကြီးတော့ သွားလာနေကြပေမဲ့ ရိုးရိုးလမ်းတော့မဟုတ်ဘူး… ဘယ်ကားမှလဲ မရပ်ပါဘူး… တော်သေးတယ် ၂၀၀ ဘတ်စ်ကားရောက်လာလို့… “Damaji?” လို့ မေးတော့ ခေါင်းညိမ့်တယ်… ဒီတစ်ခါတော့ အတင့်မရဲတော့ဘူး ဘတ်စ်ကားမောင်းတဲ့သူနောက်က ခုံပဲ တစ်ယောက်တစ်ခုံဝင်ထိုင်နေလိုက်တယ်… ကားကလဲ အတော်လေးတောင် ပြန်စီးရတယ်… မိနစ် ၂၀လောက်တောင် စီးရမလားပဲ… မှားပါတယ် ကော်ဖီလေးသောက်ချင်တာကို… Haeundae က ကော်ဖီဆိုင် မှာသောက်ခဲ့ကောင်းသားတွေးမိပေမဲ့ တစ်ဖက်က ပြန်စဉ်းစားတော့လဲ Damaji Hill က သွားမယ်ဆိုတဲ့ စာရင်းထဲက တစ်ခုဆိုတော့ သွားရင်းနဲ့ ကော်ဖီသောက်ရင် အချိန်ကုန်သက်သာစေတယ်လေ… ဒီတော့လဲ နောင်တတော့ သိပ်မရတော့ပါဘူး…

မှတ်တိုင်တစ်ခုရောက်တော့ ဘတ်စ်ကားမောင်းတဲ့သူက ကျွန်မတို့ကို လှမ်းအော်ပြောတယ်… သူလဲ သဘောကောင်းပါတယ်… အဲ့ဒိနေ့ တစ်နေ့လုံး သဘောကောင်းတဲ့ ဘတ်စ်ကားဆရာတွေနဲ့တွေ့နေလို့ ကျေးဇူးတင်ရသလို… ဘူဆန်မြို့ခံတွေကိုလဲ စိတ်ထဲမှာ ရင်းနှီးခင်မင်မိတယ်… (အဲဒါပဲ… တိုးရစ်တစ်ယောက်ရဲ့ local အပေါ်ထင်မြင်ချက်က သူတွေ့ကြုံခဲ့ရတဲ့ လူလေး ၁ယောက် ၂ယောက်ပေါ်အခြေခံပြီး ဆုံးဖြတ်တယ်… အဲ့ဒိ တိုးရစ်ကနေ သူ့အပေါင်းသင်းတွေကို ပြန်ပြောတယ်… အဲ့ဒါကြောင့် တိုးရစ်တွေနဲ့ အများဆုံးထိတွေ့ရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကလူတွေအတတ်နိုင်ဆုံး ရိုးသားကြပြီး တစ်ခါစားမဟုတ်ပဲ ဒိထက်ပိုကောင်းတဲ့ စီးပွားရေးအမြင်မျိုးရှိစေချင်တယ်… ဖြစ်နိုင်ရင်တော့ တိုးရစ်တွေနဲ့ ထိတွေ့ရတဲ့ လုပ်ငန်းခွင်တွင်မကဘူး အားလုံးက နိုင်ငံကြီးသားပီသကြရင်ကောင်းတာပေါ့ - ဤကားစကားချပ်)…


ကျွန်မတို့ ဆင်းခဲ့တဲ့ Haeundae Seongsim Hospital မှတ်တိုင်နဲ့ ၀န်းကျင် (ဒီဘက်ကားလမ်းကနေ လှမ်းရိုက်ထားတာ)


ဘတ်ကားမှားစီးလာလို့ ဒီမှတ်တိုင်မှာ ဆင်းတယ်...


Hospital မှတ်တိုင်နဲ့ မျက်နှာချင်းဆိုင်က ကျွန်မတို့ ကျော်လာတဲ့ Mipo မှတ်တိုင်

အဲ့ဒိမှတ်တိုင်က မီပိုလို့တော့ ရေးမထားဘူး… Haeundae Seongsim Hospital လို့ရေးထားတယ်... ဟိုဘက်ကားလမ်းက ကျွန်မတို့ ကျော်လာခဲ့တဲ့ မှတ်တိုင်ကတော့ သွားကြည့်တော့ Mipo-Moontan Road လို့ရေးထားတယ်… ဒါနဲ့ Damaji Hill ဆိုတာကို ယောင်ဝါးဝါးရောက်လာတာပေါ့… ကိုယ် research ရှာတဲ့အထဲမှာတော့ တစ်လမ်းလုံး ချယ်ရီပန်းတွေနဲ့မို့ ထင်သာမြင်သာရှိနေပေမဲ့ ကိုယ်ရောက်တဲ့အချိန်က ချယ်ရီပန်းတွေမရှိတော့ ရိုးရိုး တောင်ကုန်းပေါ်က ရပ်ကွက်လေးတစ်ခုပဲဖြစ်နေတာပေါ့… လူလဲ မသေချာပေမဲ့ ဘတ်စ်ကားဆရာ လက်ညှိုးထိုးပြလိုက်တဲ့ တောင်ကုန်းလေးဘက်ကို ကားလမ်းဖြတ်ကူးဖို့ ဦးတည်လိုက်တာပေါ့… နေ့လည်ဖြစ်နေတာရော ရာသီချိန်မဟုတ်တာရောကြောင့် တိုးရစ်တွေလဲတစ်ယောက်မှ မတွေ့သလို လိုကယ်တွေလဲ သိပ်မတွေ့ပါဘူး… ကုန်းမြင့်ပေါ်တက်တဲ့ လမ်းလေးက လူရှင်းနေပေမဲ့ နေတော့အဲဒိအချိန်မှာ အတော်ပူတယ်…
Damiji Hill က Mt.Wausan ရဲ့ အခြေစွန်းဖျားတောင်ကုန်းလေးတစ်ခုပေါ့… အဲဒိမှာ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ ပုံစံတညီတညာတည်းမဟုတ်တဲ့ အဆောက်အဦးလေးတွေရှိတယ်… လူငယ်တွေအလာများတယ်လို့ကြားမိတယ်… အဲဒိက ဇရပ်လေးတစ်ခုကနေ မိုးလေကင်းတဲ့နေ့မှာ လှမ်းကြည့်ရင် ဂျပန်က Tsushima ကျွန်းကို လှမ်းမြင်ရတယ်ဆိုပဲ… (ဟုတ်မဟုတ်တော့မသိ… ကျွန်မတို့လဲ အဲဒိ အထိ မရောက်ခဲ့…)


Hospital မှတ်တိုင်ကနေ လှမ်းမြင်ရတဲ့ Damaji Hill ကုန်းတက် လမ်းအစ... (ဆိုင်ကယ်ထွက်လာတဲ့ လမ်း)

ဒီလိုနဲ့ကုန်းမြင့်ပေါ်တက်ရင် နေကပူ လူကမော… အအေးဖြစ်ဖြစ် တစ်ခုခုသောက်ရမှာကိုဖြစ်တော့မယ်ဆိုတော့ တွေ့တဲ့ဆိုင်ဝင်မယ်ဆုံးဖြတ်လိုက်တယ်… လှလှပပနဲ့ ကျွန်းအိမ်ဆိုင်လေးပုံစံလုပ်ထားတဲ့ကော်ဖီဆိုင်တွေ့တော့ ၃ယောက်လုံး သဘောတူညီစွာဝင်မယ်လုပ်တော့မှ ဆိုင်က “Closed” တဲ့… အဲ့ဒိအချိန်မရှိဘူးဆိုရင် နေ့လည် ၁၁နာရီကျော်လောက်ရှိရောပေါ့… ဆိုင်လေးလှလို့ ၀င်ချင်ပေမဲ့ မဖွင့်တော့လဲ ရှေ့ဆက်လျှောက်လာရင်း Coffee & Brunch ဆိုတဲ့ အိမ်ကော်ဖီဆိုင်လေးတွေ့တာနဲ့ အဲ့ဒိဆိုင်ထဲပဲ ၀င်လိုက်တယ်… ဆိုင်လေးက ခပ်သေးသေးအိမ်ခန်း size လေးပါ… အထဲမှာ စားပွဲခုံတောင် ၂ လုံးပဲရှိတယ်… ကိုရီးယားမလေး ၂ယောက်ရောင်းနေတာ… သူတို့ပဲ ပိုင်ရှင်ထင်ပါတယ်… အင်္ဂလိပ်လိုလဲ အရမ်းအတော်ကြီးမဟုတ်ပေမဲ့ ကျွန်မတို့ပြောတာကို ကောင်းကောင်းနားလည်ပြီး ဆက်သွယ်ရ အဆင်ပြေလောက်တဲ့အဆင့်ထိ ပြောနိုင်တယ်… ကျွန်မက Cappuccino၊ သူငယ်ချင်းက Ice Blended Green tea ဆိုလား၊ ကျွန်မအစ်မကတော့ ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ထောင်ထားတဲ့ Iced Green Plum ဆိုတာနဲ့ Cheese Cake မှာစားတယ်… Cheese Cake ကိုတော့ ၃ယောက် ကယ်လိုရီမျှဝေလိုက်ကြတယ်… အဲ့ဒိဆိုင်မှာ စားခဲ့ရတဲ့ Cheese Cake ကတော့ မဗေဒါ စားဖူးသမျှ Cheese Cake တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောချင်တယ်… အပျော့အမာကလဲ အနေတော်… အရမ်းကြီး အီပြီး Cheesy ဖြစ်မနေပေမဲ့ Cheese ရဲ့ အရသာကိုလဲခံစားလို့ရနေတယ်… စားလိုက်ရင် ပါးစပ်ထဲမှာ ပြစ်ချွဲမသွားပဲ သူ့ဟာနဲ့ သူစားရတာ အပြစ်ရှိတယ်လို့ မခံစားရဘူး... (ဆင်ခြေ ဆင်လက် :P ) ... လူက ကော်ဖီလေးသောက် မုန့်လေးစား အဲကွန်းခန်းလေးထဲထိုင်လိုက်မှ နည်းနည်းပြန်လန်းသွားတယ်... သူ့ဆိုင်လေးက တော်တော်လေး အေးချမ်းတယ်... ကျွန်မတို့လဲ ဒီနေ့အတွက် ဘာဆက်လုပ်မလဲနဲ့ Seoul ကို ဘယ်အချိန်ထွက်မယ်ဆိုတာကို ကြိုဆုံးဖြတ်ရမယ်... မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာစိုးလို့... စလုံးကနေ research ရှာတုန်းက Seoul ကနေ Busan ကို KTX က မိနစ် ၂၀ ခြားတစ်စီးထွက်တယ်ဆိုပေမဲ့ Busan ဘက်ကနေ ဘယ်အချိန်တွေထွက်လဲ ရှာလို့ မတွေ့ခဲ့ဘူးလေ... အတူတူပဲဖြစ်လောက်တယ် ထင်ပေမဲ့ သေချာချင်တယ်လေ.... ဒါနဲ့ ဆိုင်ရှင်ကောင်မလေးကို မေးကြည့်တော့ သူကလဲ ညနေ ၄နာရီနောက်ဆုံးထင်တယ်တဲ့... အော် ဒုက္ခပဲ နေ့လည်စာမစားရသေးဘူး... နောက်ကိုယ်သွားချင်တဲ့ ပင်လယ်နားက ဘုရားကျောင်းမသွားလိုက်ရမှာလဲ စိုးသွားတယ်... သူ့ဆိုင်မှာက wifi လေးရှိတော့ သေချာချင်တဲ့ ကျွန်မ အစ်မနဲ့ သူငယ်ချင်းက အင်တာနက်ပေါ်တက်ရှာကြတော့တာပေါ့... ကျွန်မ အစ်မကရှာတွေ့သွားတယ် ရထားချိန်တွေက Seoul ကအတိုင်းပဲ တော်တော်လေး ညမိုးချုပ်တဲ့ အထိရှိပါတယ်... အဲ့ဒိတော့မှ စိတ်အေးသွားတယ်... ကျွန်မတို့ ပြန်ထွက်ခါနီးကျတော့မှ ဆိုင်ရှင်ကောင်မလေးက ဖုန်းလေးနဲ့ထွက်လာပြီး ပြတယ်... ရထားချိန်တွေရှိတယ်ဆိုတာ... သူနဲ့ အင်္ဂလိပ်လို လွယ်လွယ်ကူကူဆက်သွယ်လို့ရတာ ငယ်ငယ်က ကွဲသွားတဲ့သူငယ်ချင်းကို ပြန်တွေ့ရတဲ့အတိုင်းပဲ သူ့စကားပြောရတာ တော်တော်စိတ်ချမ်းသာတယ် (အဲ့ဒါကြောင့် တစ်ချို့ အနောက်တိုင်းမှာနေတဲ့သူတွေ မြန်မာချင်းချင်းတွေ့ရင်မပြောနဲ့ Asian ချင်းချင်းတွေ့ရင်တောင် တော်တော်ရင်းနှီးကြတယ်ဆိုတဲ့ ခံစားချက်ကို နည်းနည်းတော့ Relate လုပ်လို့ရတယ်)...


ဝင်မိတဲ့ ကော်ဖီဆိုင် ရှေ့က ဆိုင်းဘုတ်


Cheese Cake အရမ်းစားကောင်းသလို ဆိုင်လေးက အေးဆေးသပ်ရပ်တယ်... ဆိုင်ရှင်ကောင်မလေးတွေလဲ သဘောကောင်းတယ်...

ဒီဆိုင်လေးမှာ နေရတာ သက်တောင့်သက်သာရှိတယ်ဆိုပေမဲ့ ခရီးဆက်ဖို့တွေရှိနေတော့ နေ့လည် ထမင်းစားချိန်လဲရောက်နေပြီဆိုပြီး ကျွန်မ research ရှာလာတဲ့ GUKBAP Alley ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်... ဒါပေမဲ့ မနက်ကတည်းက မှားလာတဲ့ Itinerary က ခုကျတော့ ကမောက်ကမတော့ နည်းနည်းဖြစ်သွားတာပေါ့... အမှန်တော့ Gukbap Alley က Haeundae Beach နားမှာပဲရှိတာလေ... ဒါပေမဲ့ စောစောက ရောက်တုန်းက ဗိုက်မှ မဆာသေးတာ... ဒါနဲ့ပဲ မထူးပါဘူး Haeundae Beach ပြန်သွားပြီး Gukbap Alley ကိုပြန်ရှာကြတာပေါ့... ဒီတစ်ခါတော့ လမ်းမှားစရာ အကြောင်းလဲ မရှိတော့ဘူး ကိုယ်လာခဲ့တဲ့နေရာပြန်သွားမှာပဲလေ... ဆိုင်လေးက ထွက်ပြီး ကျွန်မတို့ မရောက်သေးတဲ့ အောက်ဖက်က လမ်းလေးကို ၀င်ကြည့်တယ်... ဓာတ်ပုံလေး ဘာလေးရိုက်ပြီး ဆက်မလျှောက်ဖြစ်တော့ဘူး အချိန်မရှိဘူး လောလောဆယ် ချယ်ရီပန်းလဲမရှိတော့ ဘာမှ ထူးထူးခြားခြားမရှိဘူးလေ... အထဲဆက်လျှောက်ရင်တော့ ဘာတွေ ထူးထူးခြားခြားရှိမလဲ မသိဘူးပေါ့ (လျှောက်ဖူးတဲ့သူရှိရင် မဗေဒါကို ပြောသွားကြနော်)...


Damaji Hill... ချယ်ရီတွေသာရှိလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...


လမ်းပြင်ဘက်ကို ပြန်ရိုက်တာ...

ဒုတိယမြောက် နေ့လည်စာ Pork Galbi (ကိုဂယ်လ်ဘီ)...

ဒါနဲ့ အလာတုန်းက ဆင်းခဲ့တဲ့ မှတ်တိုင်ကနေပဲ ဆက်စီးရတာပေါ့နော်... ဆေးရုံဘက်ခြမ်းပလက်ဖောင်းကပေါ့... ချောချောချူချူပဲ Haeundae Beach ဘူတာကို ပြန်ရောက်တယ်... ဒီလိုနဲ့ Gukbap Alley ကိုလဲ ဘယ်လိုရှာရမှန်းမသိ… လမ်းသွယ်တွေကလဲ နာမည်လဲ မထိုးထား… ကိုယ့် research ထဲမှာကျတော့လဲ Haeundae Beach ကနေ ၄မိနစ် လမ်းလျှောက်ရတယ်ပဲရေးထားတာ ကျန်တာဘာမှမရေးထားဘူး… ဒီလိုနဲ့ လမ်းမတန်းပေါ်က ကိုရီးယားအသားကင်ဆိုင်လေးတွေကို ဖြတ်လျှောက်နေတုန်း ဆိုင်တစ်ဆိုင်က အလုပ်သမားကောင်လေးတစ်ယောက်က ကျွန်မတို့ကို သူ့ဆိုင်မှာဝင်စားဖို့ခေါ်တယ်… သူက အင်္ဂလိပ်လို တော်တော်လေးပြောတတ်တယ်… သူ့ဆိုင်က ဘာရောင်းလဲ ကြည့်လိုက်တော့ Galbi (ကိုရီးယားအသားကင်လို့ ပြောလို့ရမယ်ထင်တယ်)… ဈေးမေးကြည့်တော့ တစ်ပွဲ ၅ထောင် ၁သောင်း လောက်ပဲရှိတယ်… ဘယ်လိုလုပ်မလဲ တိုင်ပင်ကြတော့

၁ အချက် ဘယ်မှာမှန်းမသိတဲ့ Gukbap Alley ကို ရှာဖို့ အချိန်သိပ်မရှိဘူး…
၂ အချက် ဒီကောင်လေးက အင်္ဂလိပ်လိုလဲပြောတတ်တယ် မျက်နှာလဲရွှင်တယ် သွက်သွက်လပ်လပ်ရှိတယ်ဆိုတော့ မှာရပြုရ အဆင်ပြေပြီး ဗိုက်ဆာနေတဲ့အချိန် အမှားအယွင်းသိပ်မဖြစ်ပဲ ကိုယ်လိုချင်တာရမယ်…
၃ အချက် ကျွန်မတို့ ၃ယောက်လုံးက အသားစား သတ္တ၀ါတွေလေ… ( ဟိ…. ကိုရီးယား ၀က်သားကင်ဆိုတာနဲ့တင် စိတ်မခိုင်ချင်တော့ဘူး… မနေ့က တစ်နေ့လုံးစားရတာတွေ တစ်ခုမှကိုယ့်ပါးစပ်နဲ့မတွေ့တော့ ဒီနေ့တော့ အသားကင်ကို စိတ်မထိန်းနိုင်တော့ဘူး)…

ဒါနဲ့ အဲ့ဒိကောင်လေးဆိုင်ကိုပဲ ၀င်စားဖြစ်လိုက်တယ်.. ဆိုင်ထဲမှာလဲ ကျွန်မတို့အပြင် နောက်ထပ် ၁၀ိုင်း ၂ ၀ိုင်းလောက်ပဲရှိတယ်... ကျွန်မတို့ ၀ိုင်းကိုတော့ အင်္ဂလိပ်လိုပြောတတ်တဲ့ ကောင်လေးပဲ Served တယ်… ကျန်တဲ့ကောင်လေးတွေကတော့ အင်္ဂလိပ်လိုပြောတတ်တဲ့ကောင်လေးကို ပြုံးစိစိနဲ့ အားကျသလိုလိုကြည့်နေကြတယ်... ကောင်လေးတွေက ကလေးတွေပါ အသက်မေးကြည့်တော့ အဲ့ကောင်လေးကတော့ ၂၂တဲ့... ကျွန်မတို့ Menu ပေါ်က ဟာတွေ မေးသမျှကိုလဲ သေသေချာချာရှင်းပြတယ်... မီးသွေးလာချတော့ နေ့လည်ခင်းပူပူ အသားကင်ပူပူနဲ့တော့ ဟုတ်နေပါပြီလို့တွေးမိတယ်... မျက်နှာတွေပူတက်လာတာ... အလည်က အပူစုပ်တဲ့ ခေါင်းတိုင်လေးရှိတာတောင် အပူက မျက်နှာကိုလာဟပ်တယ်... ဒါပေမဲ့ အသားရောက်လာပြီး အပေါ်ကိုတင်လိုက်တော့ သိပ်မပူတော့ဘူး... အသားလာချပေးတော့လဲ သူပဲကင်ပေးတယ်... ဘယ်လိုစားရတယ်ဆိုတာတောင် သေချာသင်ပေးနေသေးတယ်... သူကလဲ ကစ်ကစ်လေးဆိုတော့ အစားအသောက်ကို ကောင်းကောင်းစားတတ်ပုံရတယ်...


ဒါမျိုးမြင်ရင် သားရေကျတယ်... Lower Left corner က ချဉ်စုတ်စုတ် အရွက်လေးက အအီပြေတယ်...

Salad ၂မျိုးနဲ့ တခြား ကင်ချီရယ် အရွက်တွေရယ်လဲချပေးတယ်... အရွက်ပေးတာတော့ နည်းတယ်... Free ထပ်တောင်းလို့ ရမရမသေချာတာနဲ့ ၁ခါပဲ ထပ်တောင်းဖြစ်တယ်... ဒါတောင် မလောက်ချင်ဘူး... (ကျွန်မထင်တာတော့ Free ပေးတယ်ထင်တာပဲ)... အရွက်တွေထဲမှာ ဆလပ်ရွက်ရယ် နောက် ညောင်ရွက်တော့မဟုတ်ဘူး ဒါပေမဲ့ ညောင်ရွက်လိုပုံစံမျိုးရှိတယ် သူကတော့ အနားတွေက တွန့်တွန့်လေးတွေဖြစ်နေတယ်.. (ဘာအရွက်လဲတော့ မသိ... ပုံထဲမှာကြည့်)... အဲဒိအရွက်ကတော့ အနံ့တစ်မျိုးရှိတယ်... အနံ့က အရမ်းမပြင်းပေမဲ့ ကျွန်မက အနံ့ Sensitive ဖြစ်တဲ့သူဆိုတော့ သိပ်တော့ မကြိုက်ဘူး... (ကြိုက်တဲ့သူကျတော့လဲ အဲ့အနံ့လေးကိုမှ ကြိုက်တာလို့ပြောလောက်တဲ့ အရွက်ပေါ့နော်... စားပါများရင်တော့ ကျွန်မလဲ ကြိုက်ချင်ကြိုက်သွားမှာပေါ့)... အဲ့ဒိအရွက်ကိုပဲ Kimchi လုပ်ထားတာထင်တယ်... အချဉ်ဖောက်ထားတာပေါ့... အဲ့ဒါကျတော့ ကြိုက်တယ်... အနံ့မရှိဘူး... ချဉ်ပေါင်ရွက်လိုပဲ စားလိုက်ရင် ချဉ်စုပ်စုပ်နဲ့မို့ အအီပြေတယ်... လူက ပင်ပန်းနေလို့ထင်တယ်... ခရီးတစ်လျှောက်လုံး ထမင်းတော့ သိပ်မစားနိုင်ဘူး... (အသားကျတော့ ကြောက်စရာကောင်းလောက်အောင်စားတယ်... ခွိ... ခွိ)... အဲဒိ Lunch မှာ စုစုပေါင်း ၃သောင်းခွဲလောက်ကျတယ်...

စားပြီးတော့ အဲ့ဒိကောင်လေးကို tips ၁သောင်းပေးခဲ့ပါတယ် (နည်းလား များလားတော့မသိဘူး၊ သူက ကျွန်မတို့စားနေတုန်းကနောက်သလိုလိုနဲ့ tips တောင်းပြီး တကယ်တန်းသူ့ကို တိတ်တိတ်လေး tips ပေးတော့ တော်တော်လေးပေးယူရတယ်) ... ကိုယ်တွေ ဖုန်း ဘက်ထရီလဲ ဖြည့်ပေးရှာတာကိုး... ပြီးတော့ Service လဲအဆင်ပြေတယ်... သူက အင်္ဂလိပ်စာကို ဖိလစ်ပိုင်မှာကျောင်းတက်လို့ ရတာတဲ့... ဘူဆန်ဇာတိမဟုတ်ဘူးတဲ့... ကျောင်းပိတ်လို့ အလုပ်လာလုပ်တာတဲ့... ကျန်မာရေးမကောင်းလို့ စစ်မှုမထမ်းရဘူးတဲ့... သီချင်းဆို ၀ါသနာပါလို့ Kpop Audition ၀င်ချင်တယ်တဲ့... ကျွန်မတို့ကလဲ လုပ်သာလုပ်ဆိုပြီး အားပေးခဲ့တယ်... ပြီးတော့ သူ့ကိုလဲ နင် နာမည်ကြီးမလာခင် ငါတို့ကို Autograph လေးပေးခဲ့အုံးလို့ နောက်နေသေးတယ်... TOP တို့လို အရင်က ၀၀ကစ်ကစ်လေးကနေ ခုကျတော့ အရမ်းချောသွားတာမျိုးတွေရှိတယ်လေ... သူနဲ့လဲ အမှတ်တရဓာတ်ပုံရိုက်ဖြစ်တယ်.. ပထမတစ်ပုံက ၀ါးလို့ နောက်တစ်ပုံထပ်ရိုက်ရတယ်... ဒါပေမဲ့ ဘလော့ပေါ်တော့ အ၀ါးပုံလေးပဲတင်လိုက်မယ်နော်... လူက စားသောက်ပြီး အဆီတ၀င်းဝင်းဖြစ်နေလို့... :P

စားပြီးသောက်ပြီး မျက်နှာတွေ အဆီပြန်နေလို့ ၀ါးဝါးလေးပဲကောင်းပါတယ်... :P

Haedong Yonggungsa Temple



ကျွန်မတို့ နောက်သွားချင်တဲ့ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ဘုရားကျောင်းကို ဘတ်စ်ကား နံပါတ် ၁၈၁ စီးရင် ရောက်တယ်လို့ သိထားပေမဲ့ သေချာအောင် အဲ့ဒိဆိုင်က ကောင်လေးကိုမေးတော့ သူက အဲ့ဒိဘုရားကျောင်းကို သိတောင်မသိဘူး... သူက ဘူဆမ်းက မဟုတ်ဘူးဆိုပြီး ဆိုင်က တခြားကောင်လေးတစ်ယောက်ကိုမေးတယ်... ပြီးတော့ ဆိုင်ပြင်မှာ ရပ်နေတဲ့ သူတို့ထက် အသက်ကြီးမဲ့ပုံစံ ကောင်လေးတစ်ယောက်ကို ထပ်မေးတယ်... ပြန်ဝင်လာပြီး ရတဲ့အဖြေက တိုက်စီနဲ့သွားပါလားတဲ့... သူကားခေါ်ပေးပါ့မယ်တဲ့... ခွိ... နေပါစေတော့ ငါတို့ဘာသာပဲသွားတော့မယ်ဆိုပြီး ဆိုင်ပြင်ထွက်လာခဲ့လိုက်တယ်... ဆိုင်ပြင်ရောက်မှ တော်ကြာ ဘတ်စ်ကားမှားစီးနေမှ ညနေ Seoul သွားဖို့ မမှီလိုက်ပဲနေမှာစိုးလို့ တိုက်စီပဲစီးတော့မယ် စိတ်ပြောင်းသွားတယ်... ဒါပေမဲ့ ကိုယ်ပြောနေရင် ဒုက္ခများမှာစိုးတာနဲ့... ဆိုင်ထဲပြန်ဝင်ပြီးတော့ ဟိုကောင်လေးကိုပဲ ငါတို့ကို တိုက်စီငှားပေးပါဆိုတော့ သူက လိုလိုလားလားပဲ... ကျွန်မ Print ထုတ်လာတဲ့ ဘုရားကျောင်းနာမည်နဲ့ မြေပုံနဲ့ယူပြီး ကားလိုက်ငှားပေးတယ်... (သူကိုယ်တိုင်တောင် အဲ့ဒိနေရာမသိတော့ ကျွန်မတို့ကို လမ်းပျောက်မှာစိုးနေပုံပဲ... ကျွန်မတို့ပဲ အကြောက်တရားပျောက် လာလားတော့မသိဘူး...) ကားဆရာကြီးကိုလဲ သေသေချာချာပြောပေးတယ်... (bu ta kae yo တွေဘာတွေကြားလိုက်တယ်)... ကားခ ဘယ်လောက်လောက်ပဲကျမယ်ဆိုတာလဲ ကျွန်မတို့ကို ခန့်မှန်းခြေပြောပြတယ်... အားလုံးအဆင်ပြေတယ်... ကားဆရာကလဲ ရိုးသားပါတယ်... Haeundae Beach ကနေ ဘုရားကျောင်းတည့်တည့်ရောက်တဲ့ထိ ၀မ် ၇၈၀၀ ပဲကျတယ်...
အဲဒိကိုသွားတဲ့ လမ်းမှာ ရုပ်ရှင်တွေထဲမှာ အရမ်းပါတတ်တဲ့ မီးပြတိုက် အနီရောင်နဲ့ အဖြူရောင်ကြီးကို ဖြတ်လာရတယ်... ကျွန်မ အစ်မနဲ့ သူငယ်ချင်းက အဲ့ဒိကို သွားချင်သေးတာ... အပြန် အချိန်ရရင် အဲ့ဒိဝင်မယ်ပေါ့... သူက tourist attraction မဟုတ်ပေမဲ့ သွား ဓာတ်ပုံရိုက်ချင်သေးတာ... (ဒါပေမဲ့ အပြန် အချိန်မလောက်မှာကြောက်လို့ မ၀င်ဖြစ်ခဲ့ဘူး...)


ဈေးဆိုင်တန်းလေး...

ဘုရားကျောင်းအ၀င်ဝမှာ ဈေးဆိုင်တန်းလေးတွေရှိတယ်... မြန်မာပြည်လိုပဲ... ဆိုင်တန်းလေးတွေကို ကျော်လာပြီးရင်တော့ တရုတ် ၁၂လရာသီ ကိုယ်စားပြု Zodiac Character တွေကို အရင်ခေတ် စစ်ဝတ်စုံတွေနဲ့ လူကိုယ်နဲ့ အဲ့ဒိ အကောင်တွေခေါင်းပါရှိတဲ့ ကျောက်ရုပ်ထုတွေကို လမ်းတစ်လျှောက်တွေ့ရမှာပါ... ကျောက်ရုပ်ထုတွေရဲ့ မျက်နှာချင်းဆိုင်မှာတော့ ချယ်ရီပင်တွေရှိပါတယ်... ချယ်ရီပန်းပွင့်ချိန်ဆို အတော်လေး လှမဲ့ နေရာလေးပါပဲ... ကျောက်ရုပ်ထုတန်းအစရဲ့ ညာဘက်ခြမ်းမှာတော့ ဘတ်စ်ကားအချိန်စာရင်းတွေကိုပြတဲ့ ဆိုင်းဘုတ်ကိုတွေ့ပါတယ်... ကျောက်ရုပ်ထုတွေ အဆုံးမှာတော့ ကွမ်ရင်မယ်တော် ရုပ်ထုထွင်းထားတဲ့ ကျောက်ခွက် ပန်းပုအကြီးကြီးကိုတွေ့ပါတယ်... အဲဒိရုပ်ထုတွေ့ရဲ့လမ်းဆုံးမှာ Round about ပုံစံမျိုးအ၀ိုင်းထဲမှာ တရုတ်ဘုံကျောင်းပုံစံ ကျောက်ထွင်းထားတဲ့ ကျောက်ရုပ်ထုရှိပါတယ်... ပြီးရင်တော့ လှေကားထစ်ပေါင်း ၁၀၈ ထစ်ကိုစတင်ဆင်းဖို့အတွက် မုဒ်ဦးကိုတွေ့ပါလိမ့်မယ်... လှေကားထစ် ၁၀၈ ဆိုတာ ( စောစောက Google လိုက်တော့ (Source from http://sankooo.blogspot.sg/2011/01/blog-post_01.html ) လောဘတဏှာ ၁၀၈ ပါးကို ကိုယ်စားပြု ပြီး လှေကား ၁၀၈ထစ် ဆောက်လုပ်ထားတာလို့ဆိုပါတယ်... အင်္ဂလိပ်လိုတော့ (108 causes of suffering) လို့ခေါ်ပါတယ်... တကယ်လဲ အဲ့လှေကားတွေပြန်တက်ရတာ အတော်မောပါတယ်... ဟီး...

သေချာမြင်ရချင်ရင် ဒေါင်းပြီးသာကြည့်နော်.... I hope it is useful for you...



12 Chinese Zodiac statue...


ကွမ်ရင် မယ်တော် ကျောက်ခွက် ပန်းပု...




ဘာရေးထားလဲတော့ မသိ...


လှေကားထစ် ၁၀၈ ထစ် ဆင်းရပါမယ်...

အဲဒိလှေကားစစဆင်းချင်းမှာပဲ "Buddha of Giving Son" ဆိုတဲ့ ဦးတိပွားရုပ်တစ်ခုရှိပါတယ်.. စာတမ်းကို တွေ့တွေ့ကြီးနဲ့တောင် ဟောင်ကောင်က Wealth Goddess ကို သွားသတိရပြီး လောဘနဲ့ ဗိုက်ကြီးသွားပွတ်ပြီး ဒီနှစ် D&D လဲ ကံစမ်းမဲ ကိုယ်လိုချင်တဲ့ ဆုကြီးပေါက်ပါစေ သွားဆုတောင်းမိတယ်... နောက်မှ အစ်မက "ဟဲ့... Buddha of giving son တဲ့ ကလေး လိုချင်နေလို့လား" ဆိုပြီးပြောတော့မှ လန့်သွားပါတယ်... ဒီလိုနဲ့ တန်ခိုးရှိတဲ့သူပဲ ငါဘာလိုချင်လဲ သဘောပေါက်မှာပါဆိုပြီး စိတ်ဖြေလိုက်ရပါတယ်...


အဲ့ ဓာတ်ပုံရိုက်နေတဲ့ သူ ကိုင်ထားတာ Buddha of granting a Son လေ...


ကိုယ်ကတော့ ကံစမ်းမဲပေါက်ပါစေ သွားဆုတောင်းမိနေတာ...

နောက် ကျောက်လှိုင်ခေါင်းတစ်ခုကို ဖြတ်အပြီးမှာတော့ လှေကားထစ်တွေဆက်ဆင်းရပါတော့တယ်... လှေကားထစ် လက်ရမ်းတွေက တရုတ် မီးအိမ်ပုံစံလေးတွေဆိုတော့ လှတော့ အတော်လှပါတယ်... ဆင်းပြီးတော့ ညာဘက်ကိုကွေ့ရင်တော့ ဘုရားကျောင်းဘက်ကို ရောက်ပါတယ်... ဘယ်ဘက်ကိုကွေ့ရင် ပင်လယ်စောင့်နတ်လို့ ကျွန်မယူဆတဲ့ ရွှေရောင်နတ်ရုပ်ဘက်ကို ရောက်ပါတယ်... အဲ့ဒိဘက်ကို ဆက်သွားပြီး တံတားအနီလေးကိုဖြတ်လိုက်ရင်တော့ Fisheries Science Museum ကိုရောက်မယ်ထင်ပါတယ်... ကျွန်မတို့လဲဆိုင်းဘုတ်အထိပဲသွားပြီး မ၀င်တော့ပါဘူး... ကျွန်မအစ်မက ပင်ပန်းနေလို့ ဘုရားကျောင်းဘက်ကို တဖြည်းဖြည်း အရင်လျှောက်နှင့်ပြီဆိုတော့ ကျွန်မတို့ ၂ယောက်လဲ ဆက်လိုက်သွားပါတယ်...



လှေကားတွေ ထပ်ဆင်းမယ်... ဒါပေမဲ့ ရှုခင်းက လှတယ်...



အောက်ဘက်ကနေ ပြန်အတက်ကျ ဒီလိုပေါ့...



ဘုရားရုပ်ထု သေးသေးလေးတွေ...




ပင်လယ်စောင့်နတ်လို့ ထင်တာပဲ... (မသေချာ)... 


ဒီဘက် နတ်ရုပ်ဘက်နေ မြင်ရတဲ့ ဘုရားကျောင်းဘက် မြင်ကွင်း... အရမ်းလှတယ်ဟုတ်? လှိုင်းတွေကလဲ လှတယ်...


ဘုရားကျောင်းဘက် သွားကြမယ်...

ကြွေစေ့ထည့်ပြီး ဆုတောင်နိုင်တယ်.. (ကိုယ်တော့ မလုပ်ခဲ့ဘူး...)


ဘုရားကျောင်းဘက်ကိုသွားဖို့ တံတားအဖြူလေးဖြတ်ရပါတယ်... တံတားရဲ့ဘယ်ဘက်ကတော့ ပင်လယ်ဘက်ဖြစ်ပြီး ညာဘက်ကတော့ ကြွေစေ့ပြစ်ဆုတောင်းလို့ရတဲ့ ရုပ်ထုလေးတွေရှိပါတယ်... ဆက်လျှောက်သွားရင်တော့ ဘုရားကျောင်း ပရ၀ုဏ်အတွင်းဘက် မုဒ်ဦးကို ရောက်ပါတယ်... ၀င်လိုက်တာနဲ့ နဂါးရုပ်ထုကြီးအောက်မှာ ဘုန်းကြီး အရုပ် သေးသေးလေးတွေအများကြီးကိုတွေ့ရတာ အတော်လေး အသည်းယားဖို့ကောင်းသလို ချစ်ဖို့လဲကောင်းပါတယ်... ဘုရားမွေးကာစက ကြာပွင့်ပေါ်မတ်တပ်ရပ်နေတဲ့ ရုပ်ထုလေးကိုလဲ ကျောင်းဆောင်အသေးလေးထားရှိပေးထားပြီး ရေသပ္ပါယ်လို့ရပါတယ်... လှေကား ၃၊ ၄ထစ်လောက်ဆက်တက်လိုက်ရင်တော့ ဘုရားကျောင်းကိုရောက်ပါတယ်... ဘုရားကျောင်းဘေးမှာတော့ ရွှေရောင် ဦးတိပွားရုပ်ကြီးရှိပါတယ်... ဘုရားကျောင်းဝန်းထဲမှာ လာရောက်လည်ပတ်သူတွေများပေမဲ့ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝတ်ပြုသူကတော့ အနည်းငယ်ပဲရှိပါတယ်... ကျွန်မတို့လဲ ဘုရားကန်တော့ပြီး ဓာတ်ပုံ အနည်းငယ်ရိုက်ပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... အစက Plan မှာ ညနေ ၃နာရီခွဲရထားနဲ့ပြန်ဖို့ စိတ်ကူးခဲ့တာဆိုတော့ ခုပဲ ညနေ ၄နာရီရှိပြီဆိုပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... နောက်တစ်မြို့ကိုကူးမှာဆိုတော့ တော်ကြာနေရာတွေဘာတွေရှာမတွေ့ဖြစ်မှာစိုးလို့ အချိန်တော့ ပေးမှဖြစ်မယ်လေ... ဘုရားကျောင်း ပရ၀ုဏ်က အတော်လေးကြီးပါတယ်... နေရာစုံမှာ အေးဆေးနေမယ်ဆိုရင်တော့ အချိန်ယူရပါမယ်... အပေါ်ဘက်နားက ကွမ်ရင်ရုပ်ထုကြီးအထိတောင် ကျွန်မတို့ မတက်တော့ပါဘူး... ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်... ဘုရားကျောင်းကနေ Toyoko inn ကို တိုက်စီခ ၂သောင်း ၅၀၀ ကျပါတယ်... ဒီလိုနဲ့ ကျွန်မတို့ ၅နာရီရထားနဲ့ ဘူဆမ်းကနေ ဆိုးလ်ကို KTX ပြန်စီးခဲ့ကြပါတယ်...




အရုပ်သေးသေးလေးတွေ အသည်းယားတယ်...


ချစ်စရာလဲကောင်းတယ်...


ဘုရားကျောင်းပေါ်တက်မဲ့ လှေကားထစ်က သစ်ပင် 


ဘုရားကျောင်းထဲက ဘုရားတွေလဲ ဖူးသွားပါနော်....


ဘုရားကျောင်းထဲကနေ မြင်ရတဲ့ ရှုခင်းပေါ့...


အပေါ်က ကွမ်ရင် မယ်တော်ရုပ်... 


ဘုရားကျောင်းဘေးကပ်ရပ်က ဦးတိပွားရုပ်


အပြန် တိုက်စီပေါ်ါ်ကနေ အမြန်ရိုက်လိုက်တဲ့ ရုပ်ရှင်တွေထဲပါတဲ့ မီးပြတိုက်


Let's go to Seoul...

Google showed like this... from Busan to Sejong City (Seoul)...

ဆိုလ်း ပထမညနှင့် ဧည့်ဝတ်ကျေသော သူငယ်ချင်း...

KTX ရထားပေါ်မှာ အစပိုင်းတော့ စကားတစ်ပြောပြောနဲ့ ရီနေကြလို့ နောက်တစ်ခုံကျော်က ကိုရီးယားမက ကျွန်မတို့ကို မဆူညံဖို့ အင်္ဂလိပ်လို လာပြောပါတယ်... အမှန်တော့ ကျွန်မတို့ နောက်ခုံက ကိုရီးယားလင်မယား စကားပြောနေတာ ကျွန်မတို့ထက်တောင် ကျယ် ပါတယ်... ကြည့်ရတာ သူအင်္ဂလိပ်လိုပြောတတ်ကြောင်း လာကြွားသွားသလားတော့မသိပါ... ဒါပေမဲ့လဲ သူများနိုင်ငံလာတယ်ဆိုတော့လဲ ဘာမှ မပြောလိုပါ.. ကိုယ်မသိတဲ့ ဘာသာစကားတစ်ခုကို အဆက်မပြတ်ကြားနေရတာလဲ ဆူညံကောင်းဆူညံမှာပေါ့... စကားမပြောဖြစ်တော့တော့ ၃ယောက်လုံးအိပ်ပျော်သွားကြတာ လမ်းမှာစားမယ်ဆိုပြီး ၀ယ်လာတဲ့ Sandwich တောင် စားဖို့အချိန်မရလိုက်ပါဘူး... နိုးလာတော့ ဖုန်းကိုကြည့်လိုက်တော့ ကိုဖေစစ်နိုင် Miss called တွေနဲ့ မတ်စေ့ကို Viber မှာတွေ့တာနဲ့ ရထားနံပါတ် Reply လုပ်ပြီး ဆိုက်မဲ့အချိန်တောင် ပြောလိုက်ပါသေးတယ်... အဲ့ဒိ အစ်ကိုကို လာကြိုမယ်လို့ မမျှော်လင့်ထားခဲ့ပေမဲ့ သူလာကြိုမယ်ဆိုတော့လဲ တည်းခိုခန်းနေရာ ရှာရပြုရ စိတ်အေးရတာပေါ့... သူက ဘူတာတောင်ရောက်နေပြီဆိုတော့ ဖုန်းက နာရီ စကာင်္ပူအချိန်ကို အိပ်ချင်မူးတူးနဲ့ ကြည့်ပြီး "ဟာ... အစောကြီးပဲ..." ဆိုပြီးတောင် ပြန်လိုက်သေးတယ်... ကိုယ်က ရောက်ဖို့ ၁နာရီလိုသေးတယ်ပဲ စိတ်ထဲထင်နေတာ... ပြီးတော့ ၂ မိနစ်လောက်လဲနေရော ရထားက Seoul ဘူတာဆိုပြီး ကြေငြာတော့ ဦးနှောက်က အတော်လေးကြောင်နေသေးတယ်... ဘေးက ၂ယောက်ကိုလဲ နှိုးပြီး "ရောက်ပြီထင်တယ်" ဆိုတော့မှ မသေမချာ ဆင်းလာကြပါတယ်... အဲ့နားမှာ ဓာတ်ပုံလေးဘာလေးရိုက်... ပြီးတော့ ဟော်တယ်ဘွတ်ကင် စာရွက်က Luggage အိတ်ထဲမှာမို့ အိတ်ဖွင့်ပြီး ရှာနေလို့ အပြင်မထွက်ဖြစ်သေးပါဘူး... အဲဒိအချိန်မှာ wifi လဲ ရထားထဲက ထွက်လိုက်တော့ လိုင်းသိပ်မကောင်းတော့ပါဘူး... ကိုဖေစစ်နိုင်စောင့်နေတာသိပေမဲ့ ဆက်သွယ်လို့ကလဲမရ... အတော်လေးကြာမှ ဘူတာအပြင်ကို ထွက်လိုက်တော့ ကိုဖေစစ်နိုင်ကိုလဲ မတွေ့ ဖုန်းကလဲ wifi မမိနဲ့ ဒုက္ခနဲ့ လှလှတွေ့တော့တာပဲ...

သိပ်တော့ မကြာလိုက်ဘူး wifi လေး နည်နည်းတက်လာတော့ ဖုန်းချက်ချင်းဝင်လာတယ်... ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်မှာလဲမေးတော့ သူကလဲ လူတွေထိုင်နေတဲ့ ခုံတန်းတွေနားမှာတဲ့... ညီမတို့လဲ အဲ့မှာပဲလို့ပြောတော့... သူက ခု ဟိုဘက် အပေါက်ဘက်ကို လျှောက်ကြည့်နေတာတဲ့... အဲဒါနဲ့ ကျွန်မလဲ ဟိုဘက်ထွက်ပေါက်ဘက်ကိုလျှောက်ကြည့်တာပေါ့... တစ်ယောက်နဲ့တစ်ယောက်ကလဲ ဖေ့ဘွတ်ပေါ်က ဓာတ်ပုံနဲ့ Youtube Video ပဲ မြင်ဖူးကြတာလေ... (အဲ... ဒါပေမဲ့ ၀ါသနာတူတော့ ဖေ့ဘွတ်မှာ ဗွီဒီယို အက်ဒီတင်းအကြောင်းတွေ ဘာတွေစကားပြောဖူးကတည်းက ရိုးသားပြီး သဘောကောင်းမှန်းတော့ သိတယ်... ပြီးတော့ မဗေဒါသာ သတို့သားလောင်းနဲ့ တူတူလာရင် Pre-Wedding video တောင် မဗေဒါ စိတ်တိုင်းကျ အလကားရိုက်ပေးအုံးမှာတဲ့... မဗေဒါထက် ဗွီဒီယိုရိုက်တဲ့ ၀ါသနာအိုး ပိုကြီးတယ်... သတို့သားလောင်း မလိုက်လာနိုင်တာ စိတ်တိုစရာ... ဤကား စကားချပ်... ) အမှန်တော့ ၂ ယောက်သား ဖုန်းပြောရင်း တစ်ယောက်ကို တစ်ယောက် ဟိုဘက် ဒီဘက် ဖြတ်လျှောက်သွားတာ... နည်းနည်းကျော်သွားမှ မဗေဒါအသံကျယ်တာ ဒီတစ်ခေါက်တော့ အသုံးဝင်သွားတယ်... စကားပြောလိုက်တဲ့အသံကို သူက ဖုန်းထဲကမဟုတ်ပဲ အပြင်က ကြားတော့မှ "မဗေဒါကို တွေ့ပြီ" ဆိုပြီး ၂ယောက်သားတွေ့သွားတယ်... လူချင်းတွေ့ဖူးတာ ပထမဆုံးပေမဲ့ ဟိုးအရင်ကတည်းက ခင်ခဲ့တဲ့သူငယ်ချင်း အတိုင်းပဲ... သူက အစ်ကိုတစ်ယောက်လို ခင်ခင်မင်မင် ပွင့်ပွင့်လင်းလင်းရှိတယ်... တစ်ချို့ အွန်လိုင်းမှာခင်တဲ့သူတွေက အွန်လိုင်းမှာဘယ်လောက်ခင်ခင် အပြင်ရောက်ရင် ရှက်ကိုးရှက်ကန်းလိုလို၊ ဆရာကြီး အထာလိုလိုနဲ့ Awkward ဖြစ်တတ်တယ်လေ... ဒါပေမဲ့ ကိုဖေစစ်နိုင်ကတော့ ရင့်ရင့်ကျက်ကျက်ပဲ... တွေ့တော့မှ ဘယ်သွားမှာလဲဆိုတော့ ကိုယ်တွေနေမဲ့ လိပ်စာကို သူ့ကိုပေးလိုက်တယ်... သူကလဲ မသေချာ... ကိုယ်ကလဲ အားကိုးရတာနဲ့ကိုးးးး ဘာမှ မလုပ်တော့တာ... အားကိုးကိုပဲ ဘွတ်ကင်စာရွက်က လိပ်စာပေးပြီး လုံးဝစိတ်ချယုံကြည်လိုက်တာ... ဟီး... အထုတ်တွေလဲ ကူသယ်ပေးတော့ အတော်လေးသက်သာသွားတယ်... အထုတ်သယ်ရတာကလဲ အင်နာဂျီတော်တော်လျော့တာ... ဟီး... (ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့ ကျေးဇူးတွေက ထပ်တင်စရာတွေများနေတော့ ခရီးအဆုံးမှာမှ ကျေးဇူးအကြီးကြီးထပ်တင်ပါတော့မယ်...)


Seoul Station ကြီးကိုတော့ အမိအရ ရိုက်လိုက်အုံးမှ... 

သူကလဲ ရှာ... ကိုယ်ကလဲ တာဝန်တွေအကုန်ပေးပြီး အေးဆေး ဓာတ်ပုံရိုက်နေတာ... :P

ဟော်တယ်ဘယ်လိုသွားရမလဲဆိုတာ ကိုယ့်တာဝန်မဟုတ်တော့တဲ့အတိုင်း အပူအပင်ကင်းစွာပဲ လုပ်နေကျအလုပ် ဓာတ်ပုံရိုက်ခြင်းကို ဟိုရိုက်ဒီရိုက်လုပ်ကြပါတယ်... တိုက်စီနဲ့ပဲ သွားမယ်လို့ အားကိုးက ဆုံးဖြတ်လိုက်တော့ သူ့သဘောပေါ့... ကျွန်မတို့က ခုချိန်ကစပြီး အားလုံးကို တာဝန်လွှဲအပ်လိုက်ပြီလေ... ဟီး.... သူနဲ့ တိုက်စီမောင်းတဲ့ အာဂျီရှီနဲ့ ကိုရီးယားလိုတွေပြောကြပြီး ကားဆရာက GPS မှာ လိပ်စာရိုက်ထည့်ပြီး မောင်းလာလိုက်တာ... လမ်းကျဉ်းတစ်နေရာလဲရောက်ရော သူ့ GPS မှာ ပြထားတဲ့နေရာရောက်ပြီ ဆင်းတော့ဆိုပြီး ကျွန်မတို့ကို ချသွားပါလေရော... "ဟောတော့... တမျိုးကြီးပဲ" ဆိုပြီး ခံစားရတော့တာပေါ့... ဘူဆမ်းက ဘတ်စ်ကားသမားတွေရော တိုက်စီသမားတွေရော တွေ့ခဲ့သမျှ အားလုံး သဘောကောင်းပြီး ကူညီပေးကြတယ်... ဆိုလ်းရောက်တော့ မြို့ကြီးမို့ Tourists တွေလဲ မျက်လုံးထဲ မထားဘူးထင်ပါတယ်... သူချပေးခဲ့တဲ့ လမ်းသွယ်မှာ ကျွန်မတို့ Guesthouse ကို အရိပ်ရောင် ဆိုင်းဘုတ်တောင် မမြင်ရပါဘူး... ဒါနဲ့ အားကိုးက သူ လျှောက်မေးကြည့်အုံးမယ် ညီမတို့တော့ အိတ်တွေနဲ့မို့ ဒီမှာပဲစောင့်ကျန်ခဲ့တော့တဲ့... လမ်းက ကုန်းတက်ကြီးဆိုတော့ အထုတ်တွေသယ်ရ မလွယ်ဘူးလေ... သူထွက်ပြီး လူတွေကို မေးနေတဲ့အချိန် ကိုယ်တွေလဲ လူက တစ်နေကုန် ပင်ပန်း စုတ်ပြတ်နေပေမဲ့ ဓာတ်ပုံကရိုက်လိုက်သေးတယ်... 

Taxi သမား ထားသွားခံရတဲ့ ရုပ်...:P

နည်းနည်းကြာတော့မှ ဖုန်းကိုကြည့်တော့ wifi မိနေတာနဲ့ မဗေဒါ သူငယ်ချင်းနဲ့ အစ်မက Google map ကနေရှာလိုက်တာ ဘယ်လိုသွားရမလဲ ထွက်လာပါတယ်... သိပ်မဝေးပါဘူး ကျွန်မတို့ ရောက်နေတဲ့ လမ်းရဲ့ အနောက်ကလမ်းပါ... ဒါပေမဲ့ ဟိုအစ်ကို ပြန်မလာသေးတာနဲ့ သူ့ကို လိုက်ခေါ်မယ်ပြင်လိုက်တော့ သူကလဲ ဘယ်မှာလဲ သိပြီး ပြန်လာပါတယ်... သူက ကျွန်မတို့ Guesthouse ရှေ့ကိုတောင် ရောက်ခဲ့ပြီးပါပြီ... ရွဲ့တာလား အတည်လားတော့မသိဘူး "မဗေဒါတို့ Guesthouse ရှာတာ သိပ်တော်တာပဲဗျာ" တဲ့.... ဟီး ... ဟီး... ဘယ်လိုကနေ ဘယ်လို လမ်းကြိုလမ်းကြားက Guesthouse ရှာတွေ့လဲလို့ သူပြောချင်တာလားတော့မသိ... :P ... အမှန်တော့ ကိုယ်လဲ Website ပေါ်က Review တွေဖတ်ပြီးမှ Book တာပါ... သူက Seoul ရဲ့ Shopping District ဖြစ်တဲ့ Myeong Dong ထဲမှာပဲရှိတာ... Tourist attraction ဖြစ်တဲ့ Namsan တောင်ခြေ... Seoul Tower နဲ့ နီးနီးလေးမှာရှိတာပါ... Namsam တောင်ခြေက အဲဒိ လမ်းလေးတွေထဲမှာ Guesthouse တွေမှ အများကြီးပဲ... ကျွန်မတို့ Guesthouse က "24 Guesthouse Namsan Garden" လို့ ခေါ်ပါတယ်... 24 Guesthouse တွေက အခွဲတွေအများကြီးရှိပါတယ်... ဒီ Guesthouse လေးက သူ့ ခြံဝန်းလေးနဲ့ ဓာတ်ပုံထဲမှာ သာသာယာယာရှိတာကြောင့် နေချင်ခဲ့တာလဲပါပါတယ်...

Guesthouse ကိုချက်အင်ဝင်တော့ Receptionist က ဘိုမလေးတစ်ယောက်ပါ... သူကျွန်မတို့ကို ပြတဲ့အခန်းက ၂ယောက်အိပ် (Queen Size) တစ်လုံး တစ်ယောက်အိပ်ကတင်တစ်လုံးပါပြီး သီးသန့်အိမ်သာရေချိုးခန်းလဲ မပါပါဘူး... ကျွန်မတို့ အွန်လိုင်းမှာ ဘွတ်တုန်းက သီးသန့်အိမ်သာရေချိုခန်းပါတယ်ဆိုလို ဘွတ်ခဲ့တာပါ... ပြီးတော့ အိပ်ယာကလဲ ၂ထပ်ကုတင်တစ်လုံးနဲ့ ရိုးရိုးတစ်ယောက်အိပ်တစ်လုံးပါတဲ့အခန်းကို ဘွတ်တာပါ... သူကအဲဒါကို မသိသလို အရူးကားရိုက်နေပါတယ်... ကျွန်မတို့က ဘယ်လိုဖြစ်တာလဲ ဒီအခန်းမကြိုက်ဘူးဆိုတော့ ဟိုဘက်မှာ တစ်ခန်းရှိကြောင်း အဲဒိအခန်းက ၂ရက်ပဲအားကြောင်း ကျွန်မတို့က ၄ညအိပ်မှာဆိုရင် နောက် ၂ညကိုတော့ ဟိုဘက်အဆောင်က တခြားအခန်းကို ပြောင်းရမယ်ဖြစ်ကြောင်းပြောပါတယ်... ပြီးတော့ upgrade လုပ်ခ ၁သိန်းကျော်ထပ်ပေးရမယ်လို့လဲပြောပါတယ်... တည်းခိုခန်းလေးက သန့်သန့်ပြန့်ပြန့် မိသားစုပုံစံလေးရှိပေမဲ့ ခုလို စကားမတည်တာကိုတော့ တော်တော်လေးသဘောမကျပါဘူး... ဒါပေမဲ့ ညကလဲ ၉နာရီထိုးနေတာရော... ကိုယ်တွေလဲ အရမ်းပင်ပန်းတာရော... ဟိုအစ်ကိုလဲ အပြင်မှာ စောင့်နေတာရောကြောင့် အားနာတာနဲ့ တခြား Guesthouse ကို မပြောင်းချင်တော့ပါဘူး... ပေးဆိုတော့လဲ ထပ်ပေးတာပေါ့ဆိုပြီး ဟိုဘက်အပြင်ဆောင်က အခန်းကိုလိုက်ကြည့်ပါတယ်... အပြင်ဆောင်အခန်းက သီးသန့်ရေချိုးခန်းအိမ်သာပါပြီး ၂ထပ်ကုတင်နဲ့ဆိုပေမဲ့ ဒီဘက်က ၂ညပဲအားတယ်ဆိုတဲ့ အခန်းနဲ့ယှဉ်ရင် အတော်လေးသေးပါတယ်... ဒါနဲ့ပဲ ပထမ ၂ညကို ဟိုဘက် ကျယ်တဲ့အခန်းမှာနေပြီး နောက် ၂ညကို ဒီဘက်အခန်းပြောင်းမယ်... Queen Size မွှေ့ယာနဲ့တော့ ၂ယောက်ဘယ်လိုမှ မအိပ်နိုင်ပါ... Shared Bathroom လဲ လုံးဝမသုံးနိုင်ပါ... ကိုယ်သေချာဖတ်ပြီး သေချာဘွတ်ရဲ့သားနဲ့ ကိုယ်ဘွတ်တဲ့အတိုင်းမရတာကိုတော့ ယခုထက်ထိ စဉ်းစားတိုင်းခံပြင်းနေတုန်းပါ... (ပိုဆိုးတာက ပထမညအိပ်အပြီးမှာပဲ ကျွန်မတို့ကို အခန်းပြောင်းခိုင်းတာကို နောက်နေ့မှာကြုံရပါသေးတယ်... နောက်ပိုစ့်မှာ ထပ်ရေးပါ့မယ်... အဲဒိ တည်းခိုခန်းကို သန့်သော်လည်း စကားမတည်တဲ့အတွက်ကြောင့် နောက်နောင် လုံးဝ လုံးဝမတည်းပါ... သူငယ်ချင်းတွေကိုလဲ Not recommended ပါ)...











ဒီဘက်အခန်းကျယ်မှာ မျက်နှာသစ်ပြီးတော့ ညစာစားဖို့ထွက်လာကြပါတယ်... ဘာစားချင်လဲမေးတော့ ကိုယ်လဲ ဘာမှမပြောတတ်ပါဘူး... အသားကင်ကတော့ ဘယ်အချိန်စားစားကိုယ်စားချင်နေတာပဲလေ... အသားကင်ပဲ စားမယ်ဆိုတော့ လမ်းမပေါ်တက်လိုက်တာ ဘာဆိုင်မှ သိပ်မတွေ့တော့လို့ လမ်းမှာ ဖြတ်လာတုန်းကတွေ့လိုက်တဲ့ အိမ်ဆိုင်လေးကိုပဲ ၀င်စားဖို့ဆုံးဖြတ်လိုက်ပါတယ်... အမှန်တိုင်းဆို ကျွန်မတို့လဲ သိပ်ပင်ပန်းနေလို့ အဝေးကြီးမသွားချင်တော့ပါ... အဲဒိဆိုင်မှာလဲ မှာတာပြုတာ အကုန် အားကိုးရှိနေတော့ ကိုယ်တွေ ဘာမှပူစရာမလိုပါ... သူဘာတွေမှာလိုက်မှန်းမသိပေမဲ့ အသားတွေ အများကြီးလာချတော့မှ အမလေး အများကြီးပဲ ကုန်ပါ့မလားဆိုပြီး လန့်တောင်လန့်သွားပါတယ်... သူကတော့ ကုန်ပါတယ် အေးဆေးပါ စားသာစားဆိုပြီး ကျွေးတော့တာပဲ... ကြက်ဥပေါင်းကလဲ မှာတာ တော်တော်နဲ့ လာမချလို့ မနည်းသတိပေးရတယ်... စားလို့ကတော့ အတော်ကောင်းပါတယ်... ကိုရီးယားအသားကင် စားမကောင်းတာ ဘယ်ရှိမလဲနော်... ဟဲ ဟဲ... စကားပြောလိုက် ရီလိုက် စားလိုက်နဲ့ ဟုတ်နေတာပဲ... ပိုက်ဆံရှင်းမယ်ဆိုတော့ တိုက်ပွဲတိုက်ရသလိုပဲ မောစရာဖြစ်ရပါတယ်... အစ်ကိုက သူကျွေးမယ်ဆိုပြီး ဇွတ်ပြောတော့တာပါပဲ... ကျွန်မကလဲ အဲဒါတွေသိနေလို့ သူ့ကို အထဲထိုင်ခိုင်းထားတာ... မကျွေးနဲ့ရတယ် ညီမတို့ကျွေးပါ့မယ်ဆိုပြီး... ဒါပေမဲ့ ဆိုင်သမားကလဲ အင်္ဂလိပ်လိုမပြောတတ်... ဒီမှာကလဲ သူရှင်းမယ်ကိုယ်ရှင်းမယ်လုပ်နေကြတော့ ဆိုင်သမားဘာလုပ်ရမှန်းမသိတဲ့ပုံနဲ့... နောက်တော့ အစ်ကိုက ကိုရီးယားလိုတွေပြောလိုက်ပြီး ကျွန်မကိုပါ တွန်းသွားလိုက်တာ... တွန်းတဲ့အားကိုကြည့်တာနဲ့တင် သူရှင်းဖို့ ဆုံးဖြတ်ပြီးသားဆိုတာ နားလည်တယ်... ပြီးတော့ သူက ကျွန်မတို့လာမယ်ဆိုကတည်းက သူလိုက်ကျွေးမယ်လို့ အွန်လိုင်းမှာပြောထားခဲ့တော့ သူ့စကားကိုတည်တယ်ဆိုပြီးလဲ အသိမှတ်ပြုမိတယ်... ဒါပေမဲ့ ဘူတာလာကြိုတာပဲ ကျေးဇူးတင်လှပြီ အထုတ်တွေလဲသယ်ပေးရ တည်းခိုခန်းလဲရှာပေးရတဲ့အပြင် ညစာပါကျွေးသေးတယ်ဆိုတော့ ကဲ အားနားစရာမကောင်းဘူးလားပြော...



ပထမနေ့က စားမကောင်းခဲ့သမျှ ဒုတိယနေ့မှ အသားကင်တွေချည်း တမုန်းစားခဲ့တာ... :P


သာဓု... သာဓု... သာဓု... မောင်မင်းကြီးသား ဘုန်းကြီး သက်ရှည် နောက်လဲ များများကျွေးနိုင်စေသော်...

အမှန်အတိုင်းဝန်ခံရရင် မဗေဒါက အဲလိုမျိုး လုရှင်းရတာကို သိပ်မကြိုက်ဘူး... အားလဲ သိပ်မနာတတ်ဘူး... ကိုယ်တကယ်စားချင်နေတာပဲဖြစ်ဖြစ် သိပ်ရင်းနှီးနေရင်ပဲဖြစ်ဖြစ် ရှင်းမယ်ဆိုလို့ကတော့ သိပ်ပြိုင်မငြင်းဘူး... ပြိုင်ငြင်းရတာ စိတ်ရှုတ်တယ်... မဗေဒါ အားနာလို့ငြင်းရင် ၂ခါပဲ... အဲဒိ ၂ခါမှ တစ်ဖက်ကလူက ပေးအုံးမယ်ဆို ပြိုင်မငြင်းတော့ဘူး လက်ခံလိုက်တယ်... "သူကျွေးမယ်လို့ပြောထားတယ်လေ" ဆိုပြီးပြောတော့ ကျွန်မလဲ ဒီတစ်ခေါက်တော့လက်ခံလိုက်တယ်... ဆိုင်သမားတွေနဲ့ ရီရင်းမောရင်း ဆိုင်ရှင်လူကြီးကို ကျွန်မက အာဂျီရှိမခေါ်ပဲ "အိုပါး" လို့ခေါ်လိုက်တာ အရမ်းသဘောတွေကျပြီး "ဘာသောက်မလဲ... ဘီယာသောက်မလား... အလကားတိုက်မယ်" ဆိုပြီး ဇွတ်မေးတာ... ကျွန်မတို့က မသောက်တတ်တော့ မသောက်တော့ဘူးပြောတော့ Cider တော့ သောက်ပါတဲ့... အဲဒါနဲ့ အားနာလို့ ၁ လုံးတော့ပေးပြောတာ ၂လုံးယူချလာတယ်... ကိုယ်ကလဲ စားထားတာ ဗိုက်တွေ ပြည့်တင်းနေတော့ အဲဒိ အအေး ၂လုံးတောင် မကုန်တော့ဘူး... ဒါပေမဲ့ ကိုဖေစစ်နိုင်က မကုန်ရင်တော့ အားနာစရာကြီး သူက စေတနာရှိလို့ပေးတဲ့ဟာကို ဆိုတော့ အကြံကုန် ဂလုန်ဆားချက် Mr.Bean နည်းသုံးခဲ့လိုက်တယ်... ပုလင်းဝက်လောက်ကျန်နေတဲ့ Cider တွေကို ကြက်ဥပေါင်း ခွက်ထဲ လောင်းထည့်ပြီး လက်စဖျောက်လိုက်တာပေါ့... ဘယ်ရမလဲ မဗေဒါပဲ... အအေးက အမြုပ်တွေနဲ့ ကြက်ဥတွေနဲ့ရောပြီး အဲ့ဆိုင်ကလူတွေကတော့ ဘာထင်မလဲတော့ သိဘူး... ခိခိ... ကိုယ်လဲ ဘာတွေ အူမြူးနေမှန်းမသိတာ... ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေတွေ့ရသလိုပဲ... တရင်းတနှီး စကားတွေပြောလိုက်ကြ... ဟားလိုက်ကြနဲ့...

ပြန်မယ်လုပ်တော့ အဲ့ဒိဆိုင်က အူနီးတွေ အိုပါးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သေးတယ်... ကျွန်မတို့စားပြီးထွက်လာတော့ လမ်းမက လူခြေတောင် အတော်တိတ်နေပြီ... Professional cameraman တစ်ယောက်လုံးပါပြီဆိုတော့ သူ့ကိုပဲ Video camera ပေးပြီး ကိုယ်တွေရဲ့ မလှမပ ပင်ပန်းစုတ်ပြတ်နေတဲ့ပုံတွေရိုက်ဖို့ အကူအညီတောင်းရတာပေါ့... ဟိ... ဒါမှ သုံးယောက်လုံးပါမှာ... နောက်မို့ဆို ကိုယ့်ဘာသာကိုယ်ကိုင်ပြီးရိုက်ရင် မျက်နှာကြီး ပြူးပြဲနေအောင် ပါတာလေ... အဲ့ဒိနေ့က မသောက်ပဲ လမ်းမလည်မှာ မူးခဲ့ကြတယ်... တောင်ကုန်းလေးကို ဆင်းရင်း ကိုရီးယားကားတွေမှာဆို မင်းသမီး မူးလာရင် မင်းသားကျောပိုးပြီး တက်ရတဲ့ လမ်းလေးနဲ့တူလိုက်တာ... ဒါပေမဲ့ တောင်ကုန်းကလဲ ကြည့်တော့သာလှတာ တကယ်တမ်း တက်ရတော့ မောတယ်... ကိုယ့်ကို ကျောပိုးမဲ့ CEO ဘယ်ရှိမလဲ သူတို့ ပြားသွားလိမ့်မယ်လေ... :P အဲလိုကိုယ့်အသက်ကိုယ် ခဏမေ့ဘာမဟုတ်တဲ့ ကလေးကလားစကားတွေပြောပြီး ပျော်နေမိခဲ့တယ်... ဟိုအစ်ကိုကတော့ တပြုံးပြုံးပဲ... စကာင်္ပူကနေလာတဲ့ ကိုရီးယားကားအရူးမလေးတွေဆိုပြီး တွေးပြုံးနေသလားတော့မသိ... ခွိ... တည်းခိုခန်းပြန်ရောက်တော့ စနေနေ့မှတွေ့မယ်ဆိုပြီး လမ်းခွဲလိုက်ကြတယ်... ကျွန်မတို့လဲ အခန်းရောက်တော့ ရေမိုးချိုး နောက်နေ့ဘယ်သွားမလဲဆိုတာ တိုင်ပင်ပြီး အိပ်ပျော်သွားကြပါလေရော... အိပ်လို့ ကောင်းလိုက်တာ စာဖွဲ့လို့တောင် မမှီနိုင်ပါဘူး...

အူနီးတို့ အိုပါးတို့နဲ့ အတူ... :P

မှတ်ချက်။ ။ ဤ ပိုစ့်သည် အလည်အပတ်လာ ခရီးသွားတစ်ယောက်၏ အမြင်သက်သက်ဖြင့်ရေးခြင်းဖြစ်သဖြင့် အလွဲများပါလျှင် သည်းခံခွင့်လွှတ်ပေးကြစေချင်ပါသည်... (ကိုရီးယားက လာဖတ်တဲ့သူတွေရှိနေလို့ စကားကြိုကန်ထားတာ... :P )