Friday, April 11, 2014

Weekend trip to Malacca, Malaysia

ပြီးခဲ့တဲ့အပတ်က မထင်မှတ်ပဲ မလေးရှားနိုင်ငံ မလက္ကာ ရှေးဟောင်းမြို့ကို အလုပ်အားလပ်ရက်မှာ ၁ညအိပ်ခရီး အလည်ရောက်ဖြစ်ခဲ့ပါတယ်… Singapore Flyer မှာ ရှိတဲ့ WTS ခရီးသွားပို့ဆောင်ရေးရှေ့ကနေ မနက် ၈နာရီ ကားထွက်မယ်ပြောထားပေမဲ့ ၈နာရီခွဲလောက်မှ ထွက်ပါတယ်… စကာင်္ပူကနေ ၃နာရီခွဲလောက် ကားမောင်းရတယ်ဆိုပါတယ်… လမ်းမှာ ၂ကြိမ်ပေးနားပါတယ်… ထင်ထားတာ ၁၁ခွဲလောက်ရောက်မယ်ဆိုပေမဲ့… ၁၂ခွဲမှ မာကိုတာ ဟော်တယ်ကိုရောက်ပါတယ်… 

Mahkota Hotel Review
ဟော်တယ်ကအတော်လေးတော့ကြီးပါတယ်… ကြာတော့ ကြာနေပုံရပါတယ်… ချက်အင်ဝင်တာကလဲ အတော်လေးတန်းစီပြီး စောင့်ရပါတယ်… မလေးရှားဆိုတော့ စကာင်္ပူလောက်တော့ service မမြန်ဘူးပေါ့…

ဟော်တယ်က အဆောင်တွေ အများကြီးရှိပါတယ်… Lobby ကနေ ထွက်ထွက်ချင်းမှာ ရေကူးကန်တစ်ခုရှိပါတယ်… အဲဒိ ရေကူးကန်ကနေ ရေပန်းလေးတွေလမ်းတစ်လျှောက်ထွက်နေတဲ့ ရေလမ်းကြောင်းလေးက အဆောင်တွေကို ခြားထားပါတယ်… သာသာယာယာနဲ့ လှပါတယ်… landscape ကတော့ အထင်ကြီးစရာပါ…



ရေကန်...
Lobby ကနေ ထွက်ထွက်လာချင်း ရှိတဲ့ ရေကန်...


အဆောင်တွေကို အလယ်ကနေ ခြားထားတဲ့ ရေပန်းနဲ့ ရေကန်၊ လှတယ်လို့ ထင်တယ်...
အခန်းကလည်း မလေးရှားထုံးစံအတိုင်း ကျယ်ပါတယ်… ဧည့်ခန်းသပ်သပ်၊ အိပ်ခန်း သပ်သပ်၊ မီးဖိုချောင်လေးလဲပါပါတယ် (ကြာရှည်နေတဲ့သူမှလွဲပြီး ချက်ပြုတ်စားသောက်ခြင်းမပြုရလို့ ရေးထားပါတယ်)… ၀ရံတာလေးလဲ တော်တော်ကျယ်ကျယ်ပါပါတယ်… ၀ရံတာနဲ့ အခန်းပြတင်းပေါက်တွေကနေ မြင်ရတဲ့ ရှူခင်းကတော့ တစ်ဖက်က မြစ်နဲ့ မြစ်တစ်ဖက်ကမ်းက Masjid Mosque ကို မြင်ရပါတယ်… ကိုယ်သွားချင်တဲ့ စာရင်းထဲမှာ အဲဒါလဲပါပါတယ်… Trip advisor မှာ review တွေက သိပ်မကောင်းဘူးရေးထားလို့ နည်းနည်းတော့ စိုးရိမ်မိပေမဲ့ ကျွန်မကတော့ ဒီဟိုတယ်ကို ပေးတာနဲ့ ရတာနဲ့ တန်တယ်လို့ပဲပြောချင်ပါတယ်… ဟုတ်ပါတယ်… ရေချိုးခန်းကတော့ သိပ်မသားနားပါဘူး… ရေအားကလဲ နည်းသေးတယ်…. အိမ်သာရေဆို တော်တော်နဲ့တောင် ဆွဲချလို့မရဘူး… တစ်ခါတစ်လေ ရှိတဲ့ ရေခွက်နဲ့ပါ လောင်းရသေးတယ်… ဆပ်ပြာနဲ့ ခေါင်းလျှော်ရေပေးပေမဲ့ မျက်နှာသုတ်ပ၀ါတော့ မပေးပါဘူး… ရေချိုးဇလုံက အရမ်းမသန့် (အရမ်းတော့ ညစ်မပတ်ပါ) ပေမဲ့ ကျန်တာတော့ မဆိုးပါဘူး… အိမ်သာ စက္ကူလိပ်ကလဲ အသစ်မပေးထားဘူး… တစ်ဝက်လောက် ကုန်နေတာကိုပဲ ပေးထားတယ်… (ဒီတော့ ပုံမှန် update မလုပ်တဲ့ သဘောရှိတယ်)… ဒါပေမဲ့လဲ တစ်ရက်ကို တစ်ခန်းလုံး ၅၀၊ ၆၀ လောက်ပဲကျတယ်ဆိုတော့လဲ ဒီလောက်ပဲရတာကို ကျေနပ်ရမလား မပြောတတ်တော့ဘူး… ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်လိုက်တော့နော်…


ဧည့်ခန်း...


မသုံးရတဲ့ မီးဖိုချောင်... ရေနွေးတော့ တည်လို့ရတယ်...


ပြတင်းပေါက်က မြင်ကွင်း
ဟိုတယ် Lobby ကထွက်ပြီး ကားလမ်းကူး အဲဒိ လားရာအတိုင်း တည့်တည့်ပဲလျှောက် ၁ block လောက် ဆင်း… နောက်ထပ် ကားလမ်းတစ်ခုထပ်ကူး၊ shopping Mall ကိုဖြတ် လိုက်တာနဲ့ မလကာမြို့ရဲ့ လာလည်သူအများဆုံး လေ့လာစရာတွေ စုနေတဲ့ နေရာကို ရောက်ပါတယ်… လမ်းလျှောက်နှေးရင် မိနစ် ၂၀၊ မြန်ရင်တော့ ၁၅ မိနစ်လောက်ပဲလျှောက်ရမယ်ထင်ပါတယ်… Hatten Hotel တို့ Equatorial hotel တို့ကတော့ ဆင်းပြီး Shopping Mall ကို ဖြတ်လိုက်တာနဲ့ အဲဒိ tourist attraction နေရာတွေကို ရောက်ပါတယ်…. နောက်တစ်ခါ မိဘတွေနဲ့ သွားဖြစ်အုံးမယ်ဆိုရင်တော့ အဲဒိဟိုတယ်တွေမှာ တည်းကြည့်အုံးမယ်… ဒီတော့ Mahkota Hotel ကလဲ မလကာရဲ့ ဆွဲဆောင်မှုအရှိဆုံး ရှေးဟောင်းအဆောက်အဦးတွေရှိတဲ့ နေရာနဲ့ လမ်းလျှောက်သွားလို့ရတဲ့ အခြေအနေမှာရှိပါတယ်… 

ဟိုတယ်အကြောင်းပြောရင်းနဲ့ တစ်ခါတည်းပဲ ထည့်ပြောလိုက်ချင်တာကတော့ ဟိုတယ် မနက်စာ ပါ… International buffet ပါ… အခန်းခထဲမှာ ပါပြီးသားပါ… တော်တော်လေး စားကောင်းပြီး ရွေးချယ်စရာများတယ်လို့ ကျွန်မကတော့ ထင်ပါတယ်… မလကာက အစားအသောက် ကောင်းကင်ဘုံလို့ပဲဆိုရမလားဆိုတော့ ဒီဟိုတယ်ပဲ မနက်စာကောင်းသလား တစ်ခြားဟိုတယ်တွေလဲ ကောင်းသလားဆိုတာတော့ ကျွန်မလဲ အသေအချာ နှိုင်းယှဉ်လို့မရပါဘူး…. ကြက်သားဟင်း Redang နဲ့ အမဲသားဟင်း Redang က နူးအိပြီး အတော်လေးကို စားကောင်းပါတယ်… Nasi Lemak အတွက် ငရုတ်သီးအနှစ်ကလဲ စကာင်္ပူမှာနဲ့ မတူပဲ အရသာထူးကဲပါတယ်… စွပ်ပြုတ် cornerရှိသလို နွားနို့နဲ့ အအေး corner လဲရှိပါတယ်… ပေါင်မုန့်နဲ့ ကော်ဖီ၊ လဘက်ရည်ရှိသလို၊ ကျွန်မသိပ်ကြိုက်တဲ့ ပေါင်မုန့် ပူတင်းလဲရှိပါတယ်… ကြက်ဥကြော်ကောင်တာလဲရှိပါတယ်… ရှိသမျှ အကုန်စားချင်နေပေမဲ့ ဗိုက်ကလဲ တစ်ဗိုက်ပဲရှိတာကြောင့် ကိုယ်ပိုကြိုက်တာတွေ အသားပေးစားဖြစ်ပါတယ်… ရေသောက်ဖို့လိုက်ရှာတော့ ရေကရားတွေက အဖုံးပိတ်မထားပဲ အဲဒိ ကရားတွေတင်ထားတဲ့ စပွဲပေါ်မှာ စားပြီးသား ပန်းကန်အထပ်လိုက်ကြီးကို ကရားနဲ့ ကပ်ရက်ပဲတင်ထားလို့ ရေကို အပြင်ရောက်မှပဲ ၀ယ်သောက်မယ်ဆုံးဖြတ်လိုက်ပါတယ်… (အလုပ်သမားတွေရဲ့ ပေါ့ပေါ့တန်တန်လုပ်မှုက ဟော်တယ်အဆင့်ကို ကျစေပါတယ်… အဲဒါကို မန်နေဂျာတွေနဲ့ သေချာပြန်ထိန်းရပါမယ်… ဒါက သူများဆီကနေ သုံးသပ်သင်ယူတာပေါ့နော်… ကိုယ်တစ်နေ့ ဟော်တယ်မပိုင်ဘူးလို့ မပြောနိုင်ဘူးလေ…. ခိခိ… :P)






သွားမယ်၊ လာမယ်၊ စားမယ်၊ ကြည့်မယ်…

ဒီလိုနဲ့ အခန်းထဲမှာ အထုတ်တွေဘာတွေထားပြီးတော့ နေ့လည်စာစားဖို့ နာမည်ကြီး Jonker street ကို ထွက်လာခဲ့ကြပါတယ်… ကိုယ်အင်တာနက်ကနေ ရှာလာတဲ့ တစ်နေကုန် ခရီးစဉ်နဲ့ လည်ပတ်စရာအချိန်ဇယားလေးကို အလယ်ကနေဖောက်ပြီး စသွားရတော့တာပါပဲ… ကိုယ်ရောက်တဲ့အချိန်က နေ့ဝက်ကျိုးနေပြီကိုး… နာမည်ကြီး ကြက်သာနဲ့ထမင်းလုံးဆိုင် Chicken Rice Ball “Chung Wah” ကို သွားစားမလို့ပါပဲ… အဲဒိဆိုင်က တံတားကူးလိုက်တာနဲ့ ပထမဆုံးတွေ့တဲ့ဆိုင်ပါပဲ… အားပါးပါး နေပူပူမှာ တန်းစီနေကြတာမနည်းမနောပါပဲ… ကိုယ့်မှာရှိတဲ့အချိန်ရယ် ကိုယ့်ဆာနေတဲ့ ဗိုက်ရယ်ကြောင့် အဲဒိမှာ ၀င်တန်းစီဖို့ မသင့်ဘူးဆုံးဖြတ်ပြီး ရှေ့ဆက်လျှောက်ခဲ့ပါတယ်… Chicken Rice Ball ဆိုတာ မလကာမှာ မစားမဖြစ် စားသင့်တဲ့အရာလို့ လူတိုင်းကပြောလို့ ကိုယ်လဲစားရမဲ့ စာရင်း ထိပ်ဆုံးမှာတင်ထားတာပါ… အဲဒိ Jonker Street တစ်လျှောက် စားသောက်ဆိုင်တိုင်းလိုလို Chicken Rice Ball ရပါတယ်… စားသောက်ဆိုင်တော်တော်များများကလဲ လူတွေ တန်းစီနေကြပါတယ်… 



Chicken Rice ball and Chendol (Signature Malacca dish and dessert)

မလကာက Chendol က အရမ်းနာမည်ကြီးပေမဲ့ ဒီဆိုင်က Chendol ပဲ သိပ်မကောင်းလို့လား မသိ... အဲလောက်ကြီးလဲ မဟုတ်ပါဘူး...

အရမ်း အရမ်းကောင်းသော ၀က်သားကင် ကျွတ်ရွရွ...

တစ်နေရာရောက်တော့ တရုတ်ရိုးရာအိမ်ပုံစံလို အဆောက်အဦးရှေ့မှာ တန်းစီနေတာ ၃ အုပ်စုလောက်ပဲရှိတာနဲ့ ၀င်စီလိုက်ပါတယ်… Menu ကြည့်လိုက်တော့လဲ မစားမဖြစ်စားသင့်တဲ့ Chicken Rice Ball ရော၊ အချိုပွဲ Chendol (ထန်းညက် မုန့်လက်ဆောင်း) ရောရှိနေပါတယ်… ဘယ်လောက်တွေလဲတောင် သိပ်မမှတ်မိတော့ပါဘူး… မှတ်မိတာတော့ ထမင်းလုံး တစ်လုံးကို RM0.80 ဆိုတာပါပဲ… လူတစ်ဦးကို ပုံမှန် လေးလုံးကနေ ၅လုံးလောက် စားရတယ်ပြောပါတယ်… ကျွန်မတို့ ၀က်ခေါက်ကြော် အလယ်အလတ်တစ်ပွဲ၊ ကြက်ကင် အကြီးတစ်ပွဲ၊ ကိုက်လံကြော် အသေးတစ်ပွဲ၊ ထမင်းလုံး ၁၅ လုံး၊ Chendol ၃ခွက် မှာတာ စုစုပေါင်း RM 60 (စလုံး ၂၀ ၀န်းကျင်လောက်ပဲကျတယ် ထင်ပါတယ်)…

Rice Ball Making in progress

Red Square (Dutch Square)၊ 

ဝမ်းစာဖြည့်ပြီးပြီဆိုတော့မှ တခြားလည်စရာတွေ ခေါင်းထဲရောက်ပါတယ်… အလာတုန်းက Red Square ကို ဖြတ်လာခဲ့တော့ အဲဒိနေရာကိုပဲ အရင်ဆုံးပြန်သွားမယ်ဆုံးဖြတ်လိုက်ပါတယ်… လာလမ်းအတိုင်း ပြန်လျှောက် တံတားလေးကိုဖြတ်၊ ကားလမ်းကူးလိုက်တာနဲ့ Red Square ခေါ် Dutch Square ကိုရောက်ပါပြီ… အဲဒိမှာ Victoria fountain၊ နာရီစင် နဲ့ Christ Church ရှိပါတယ်… ၁၇ ရာစုကတည်းက စတင်ခဲ့တဲ့ ဒီနေရာလေးမှာ မလကာရဲ့ သမိုင်းကြောင်းနဲ့ Dutch တွေရဲ့ ကိုလိုနီအရိပ်ယောင်တွေကိုတွေ့နိုင်ပါတယ်… လာရောက်လည်ပတ်တဲ့သူတွေများပြားပြီး လူအတော်လေးရှုပ်ပါတယ်… ဈေးဆိုင်တွေလဲရှိသလို၊ မဗေဒါကို ဒုတိယဆွဲဆောင်နိုင်ဆုံးကတော့ အလွန်အကျူး အလှဆင်ထားတဲ့ ဆိုက်ကားတွေပါ… ရီလဲရီချင်တယ်၊ စီးလဲ စီးကြည့်ချင်တယ်… ဒါပေမဲ့ စီးပြန်ရင်တောင် ဦးကျော်သူကားစီးနေတဲ့ ခံစားချက်မျိုးနဲ့ တူမလားမသိဘူး… ပန်းတွေ အရုပ်တွေ မီးလုံးတွေနဲ့ တော်တော်ကို ဝေေ၀ဆာဆာ အလှဆင်ထားတာ… သီချင်းတောင် ဖွင့်ပေးသေးတာ…



Clock Tower at Red Square


Queen Victoria fountain

လူတွေအရမ်းများတယ်...
ဒီရေပန်း ကျောက်တိုင်ကို ၁၉၀၄ ခုနှစ် ဗြိတိန် ဘုရင်မ ၀ိတိုရိယကို အမှတ်တရအနေနဲ့ စိုက်ထူခဲ့တာပါ… Christ Church ရဲ့ ရှေ့နားလေးမှာပဲရှိလို့ မရောက်ပဲ ကျန်ခဲ့မှာ မပူရပါဘူး… ရှေးဟောင်း မှတ်တိုင် တစ်ခုအနေနဲ့ သေသေချာချာ ထိမ်းသိမ်းထားသလို ခုထက်ထိလဲ အလုပ်လုပ်တုန်းပါပဲ… အဲဒိမြို့မှာ ဓာတ်ပုံ အရိုက်ခံရဆုံး ရေပန်းပေါ့နော်…


Christ Church

၁၇၅၃ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဘုရားကျောင်းဖြစ်ပြီး အဲဒိကျောင်းကို ဆောက်တဲ့ အုတ်တွေက ဟော်လန်ကနေ ယူဆောင်လာခဲ့တာတဲ့… ဒီကျောင်းကို Dutch တွေ လက်ထပ်မှာ တည်ဆောက်ခဲ့တာပါ… ဘုရားကျောင်းက အနီရောင်ဆိုတော့ ဓာတ်ပုံရိုက်လို့လှသလို အနောက်တိုင်း ဥရောပ ပုံစံ ခံစားချက်မျိုးလဲရစေတာ အမှန်ပါပဲ… ကျွန်မတို့ရောက်တဲ့အချိန်က နေ့လည်ဆိုတော့ နေကလဲ အတော်လေးပူပါတယ်… လူတွေကလဲ တော်တော်ရှုတ်ပါတယ်… ဓာတ်ပုံရိုက်အပြီး ဘုရားကျောင်းထဲ ၀င်ကြည့်ဖြစ်ပါတယ်… ကျွန်မရှာထားတဲ့ research မှာတော့ ဘုရားကျောင်းထဲ ဓာတ်ပုံရိုက်ခွင့်မရှိဘူးရေးထားပေမဲ့… ကျွန်မ ရိုက်တော့ ဘယ်သူမှလဲ ဘာမှ လာမပြောပါဘူး… ဓာတ်ပုံမရိုက်ရ စာတမ်းလဲ မတွေ့ပါဘူး… ဘုရားကျောင်းထဲမှာ နေပူရှောင် ခဏထိုင်ပြီး ခရီးဆက်ပြန်ပါတယ်…


Christ Church အတွင်းဘက်



St.Paul Hill and Church

ဒီဘုရားကျောင်းကတော့ သမိုင်းဝင် အစိုးရ သုံးဆက်အတွက် ပုံစံအမျိုးမျိုးအသုံးပြုခဲ့တဲ့ကျောင်းပေါ့… ပေါ်တူဂီလက်ထပ် ၁၅၂၁ ခုနှစ်မှာ Virgin Mary ကို ရည်စူးပြီး သာမာန် ဘုရားဝတ်ပြုရာနေရာအဖြစ် စတင်တည်ဆောက်ခဲ့တယ်… ၁၅၄၈ ခုနှစ်မှာ St. Francis Xavier ခေါင်းဆောင်တဲ့ အပေါင်းအပါတွေဟာ ဘုရားကျောင်းဝန်းအတွင်းမှာပဲ St.Paul College ဆိုတဲ့ ကျောင်းအသေးစားလေးကို ဖွင့်လှစ်ခဲ့တယ်… အဲဒိကျောင်းဟာ မလေးတစ်ခုလုံးမှာ ပထမဆုံးသော ခေတ်ပညာကိုသင်ကြားပေးတဲ့ ကျောင်းဖြစ်ခဲ့တယ်… ၁၅၅၆ နဲ့ ၁၅၉၀ မှာ ဘုရားကျောင်းကို တိုးချဲ့ဆောက်လုပ်ခဲ့ပြီး Church of the Mother of God လို့ အမည်ပြောင်းလဲပေးအပ်ခဲ့တယ်… 




၁၆၄၁ မှာ မလကာကို Dutch (ဒက်ရှ်) တွေ သိမ်းပိုက်အပြီး ဘုရားကျောင်းကို St.Paul ကျောင်း ခေါ် High Church လို့ နာမည်ပြန်လည်ပေးအပ်ကာ ၁၇၅၃ Christ Church မတည်ဆောက်ပြီးခင်အထိ အသုံးပြုခဲ့တယ်။ St.Paul ဘုရားကျောင်းကိုတော့ ခံတပ်အနေနဲ့ တပ်စခန်းချဖို့ အသုံးပြုခဲ့တယ်… ဘုရားကျောင်းအလည်ဗဟိုကိုတော့ အလောင်းမြုပ်နှံဖို့ churchyard အနေနဲ့ အသုံးပြုခဲ့တယ်…
၁၈၂၄ ခုနှစ်မှာ ဗြိတိန်က သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်းတော့ လက်နှက်သိုလှောင်ရာနေရာအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြန်တယ်… 

(Source from: http://en.wikipedia.org/wiki/St._Paul's_Church,_Malacca )





သမိုင်းတွေပြောလို့ ပျင်းနေတော့မလားမသိဘူး… အဲဒိတောင်ကုန်းက Christ Church ရဲ့ဘေးက တောင်ကုန်းပဲ… Christ Church ဘက်ကနေတက်ရင် တောင်ကုန်းပေါ်ဖောက်ထားတဲ့ ကားလမ်းအတိုင်းတက်ရပြီးတော့ အဲဒိလမ်းရဲ့ ဆန့်ကျင်ဘက်အခြမ်းတောင်က ဆိုရင်တော့ လှေကားလေးနဲ့ တိုက်ရိုက်တက်လို့ရပါတယ်… (အဆင်းမှ အဲဒိ လှေကားကိုတွေ့လို့ အတက်ကို တောင်ပေါ်ပဲတက်လိုက်ပါတယ်)… တောင်က သိပ်မကြီးပါဘူး… မလကာမြို့ကို အပေါ်စီးကနေ မြင်နိုင်ပါတယ်… အဲဒိတောင်ကုန်းက မတက်ပဲ ဆန့်ကျင်ဘက် လှေကားရဲ့ အဆုံး တောင်အောက်ခြေမှာတော့ ရှေးဟောင်း A Famosa ခံတပ်အ၀ ရှိပါတယ်…

St.Paul Church နားမှာနဲ့ လှေကားတစ်လျှောက်မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေရှိပါတယ်… ဘုရာကျောင်းရဲ့ အတွင်းဘက်မှာတော့ ပေါ်တူဂီဘာသာနဲ့ ကျောက်စာပြားတွေကို နံရံမှာမှီပြီးတည်ဆောက်ထားပါတယ်… အတွင်းဘက်ဆိုပေမဲ့ အမိုးမရှိတော့တဲ့ ဘုရားကျောင်းဟောင်းကြီးပါ… လူတွေလဲ များလို့ ဓာတ်ပုံတောင် သိပ်မရိုက်ဖြစ်လိုက်ပါဘူး… ဗွီဒီယိုတော့ ရိုက်လာတာရှိပါတယ်…

A Famosa Fortress (ခံတပ်ဟောင်း)

အပေါ်မှာပြောခဲ့သလိုပဲ ဘေးကလှေကားအတိုင်းဆင်းသွားရင် အောက်က A Famosa ခံတပ်ဝ ဟောင်းကိုရောက်ပါတယ်… အဲဒိခံတပ်ကလဲ ခေတ်အဆက်ဆက် ပေါ်တူဂီက စတင်ဆောက်၊ ဒက်ရှ်အလှည့်မှာ နည်းနည်းပြန်ပြင် သူတို့နာမည်နဲ့ စာတမ်းထိုး၊ အင်္ဂလိပ်လက်ထပ်အရောက်မှာတော့ အားလုံးကို ဖျက်ပြစ်ဖို့ အမိန့်ချပြီးကာမှ ရှေးဟောင်းအမွေအနှစ်တွေကို မြတ်နိုးတဲ့ အင်္ဂလိပ် Sir Stamford Raffles ရဲ့ ကြိုးပမ်းမှုကြောင့် ဒီ ခံတပ်ဝကိုတော့ ချန်ထားခံခဲ့ရပါတယ်… ဒါနဲ့ အဲဒိ Sir Stamford Raffles ဆိုတာ စကာင်္ပူမြို့ကို စတင်တည်ထောင်ခဲ့သူလို့လဲပြောလို့ရပါတယ်တဲ့… သူက စကာင်္ပူကို တွေ့ရှိပြီး ခု Raffles city ဖြစ်နေတဲ့ နေရာကို စတင်ပြီး စာသင်ကျောင်းတွေ ဘုရားကျောင်းတွေကို ဒေသခံဘာသာစကားနဲ့ တည်ဆောက်ပေးခဲ့တယ်ဆိုပဲ… သိချင်ရင်တော့ဆက် Google လိုက်နော်…







အဲဒိနားမှာတော့ နေပူတာရော၊ ချီးစော်နံတာရော၊ ကိုယ်မြန်မာပြည်မှာနေတဲ့အိမ်ကိုက ကိုလိုနီခေတ်ဟောင်းက ဆောက်ထားတဲ့ မြို့ထဲတိုက်တွေဆိုတော့ ကြာကြာမနေပဲထွက်လာဖြစ်တယ်… လူတွေလဲ နေပူလို့ တော်တော်ပင်ပန်းနေပြီ… အင်တာနက်မှာရှာတုန်းက ထီးယူဖို့ မှာထားလို့ စကာင်္ပူကနေ ထီးယူလာပေမဲ့… နေ့လည်ထွက်လာတုန်းက ကင်မရာတွေယူလာတာရောကြောင့် ထီးမသယ်ချင်လို့ အခန်းထဲထားခဲ့တာ မှားတာပဲ… ဒါပေမဲ့လဲ အချိန်က ညနေ ၄နာရီလောက်ပဲရှိသေးတာဆိုတော့ ရောက်မှတော့ ဘယ်နေရာတွေ ကျန်သေးလဲ ဟော်တယ်ကပေးလိုက်တဲ့ မြေပုံကြည့်ပြီးတော့ မဗေဒါ ယူလာတဲ့ research ခရီးစဉ်က Stadthuys ဆိုတဲ့ နေရာသွားမယ်ဆိုပြီး ပြန်လျှောက်ရပြန်ပါတယ်… အဲဒါက မြေပုံထဲမှာ St.Paul Hill နဲ့ Christ Church ကြားမှာပါ… ပြန်လျှောက်လို့ Christ Church ရောက်သွားတော့… ဘယ်မလဲ Stadthuys ဆိုပြီး မနည်းပြန်ရှာရပါတယ်… အမှန်တော့ Christ Church ဘေးက ဈေးတန်းလေးနောက်က အနီရောင် တံတိုင်းကြီးထဲမှာပါ… ဒါပေမဲ့ အဲဒိနေရာကပြင်နေလို့ ပိတ်ထားပါတယ်… မ၀င်ခဲ့ပါဘူး…

အဲဒါပြီးတော့ အဲဒိနေရာတွေနဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ အနီရောင်အိမ်တန်းလေးတွေရှိတဲ့ လမ်းအတိုင်း လျှောက်ကြည့်ပါတယ်… အဲဒိလမ်းမှာ Church အဖြူရောင်ကြီးတစ်ခုကိုတွေ့ပါတယ်… မ၀င်ခဲ့တဲ့အတွက် သမိုင်းမရေးတော့ပါဘူး… မြန်မာပြည်က စိန်မေရီတို့ ၀န်ကြီးများရုံးနားက ဘုရားကျောင်းကြီးတွေလဲ သူ့လောက်တော့ လှပါတယ်…





Scents & Senses Thai Massage

အဲဒိနောက်မှာတော့ ကျွန်မတို့လဲ ပင်ပန်းလာတာနဲ့ ဟော်တယ်ပြန် ခဏနားပြီးမှ ညစာထွက်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်… ဒါပေမဲ့ ညောင်းနေတဲ့ ခြေထောက်အတွက် အနှိပ်ခံချင်လို့ အွန်လိုင်းမှာ လူတော်တော်များများက ကောင်းတယ်ပြောတဲ့ Scents & Senses ထိုင်းအနှိပ်ဆိုင်ကို ရှာကြပါတယ်… ဟော်တယ် Hatten နားမှာရှိတယ်ဆိုလို့ အဲဒိဘက်ကိုပြန်သွားရင်း တွေ့တဲ့လူတွေကို တစ်ယောက်ပြီး တစ်ယောက်မေးရပါတယ်… ဟော်တယ် Hatten ကို အကျော်ပြီး လမ်းစုံ ကားလမ်းတစ်ခုကို ထပ်ဖြတ်ရပါတယ်.. အဲဒိမှာတော့ လမ်းရဲ့ ဘယ်ဘက် ပလက်ဖောင်းဘက်မှာရှိတာပါ… ဆိုင်ရှေ့မှာ လူတွေတွေ့လို့ လူများမယ်ဆိုတာတော့ ခံစားမိပါတယ်… ဒါပေမဲ့ ချက်ချင်းမရလဲညအတွက် ဘွတ်ခဲ့မယ်ဆိုပြီးဝင်လိုက်ပါတယ်… ထင်ထားတဲ့အတိုင်းပဲ ချက်ချင်းမရပါဘူး… ဒါနဲ့ ည ၉နာရီလောက်ဆိုတော့ ၂ယောက်ပဲရမယ် နောက် ၂ယောက်က နောက် အချိန်မှရမယ်ဆိုလို့ နောက်ဆုံးတော့ ၁၁နာရီအချိန်ကို ယူလိုက်ပါတယ်… အနှိပ်ခံချိန် ၁နာရီ၊ ဆိုင်ပိတ်ချိန် ည၁၂နာရီဆိုတော့ အေးဆေးမှ လာလို့ရတာပေါ့… ၁နာရီ Full Body Oil Massage ကို မလေးရှားငွေ ၇၈ RM ပေးရပါတယ်… စလုံးထက်တော့ တန်ပါတယ်… နှိပ်ပေးတဲ့သူတွေက ယိုးဒယား အမျိုးသမီး စစ်စစ်တွေပါပဲ…

ဒီအကြောင်းရေးရင်း နှိပ်တာကိုပါပြောလိုက်ပါတော့မယ်... ဆိုင် ဆက်ဆံရေးက ကောင်းပါတယ်… အပြင်အဆင်ကလဲ သန့်သန့်ပြန့်ပြန့်ရှိပါတယ်… အနှိပ်သည်တွေကလဲ ကိုယ့်ကို စကားလိုတာထက် ပိုမပြောပါဘူး… နှိပ်တာမှာတော့ ကျောကိုပဲ ဦးစားပေးနှိပ်တာပိုများပါတယ်… ကိုယ်က ညကျ အနှိပ်ခံမယ်ဟဲ့ဆိုပြီး လမ်းတွေ တစ်နေကုန်လျှောက်ထားတာ ခြေတွေညောင်းနေတာ ခြေထောက်တွေကို သိပ်မနှိပ်လို့ အညောင်းမပြေပါဘူး… ဒါပေမဲ့လဲ သက်တောင့်သက်သာနဲ့ အေးဆေးတော့ ဇိမ်ခံလို့ရပါတယ်… အမှန်တော့ မနှိပ်ခင်ကတည်းက ကိုယ်က တောင်းဆိုထားရင်တော့ ရမယ်ထင်ပါတယ်…

လိပ်စာကတော့

106, 106A, Jalan Melaka Raya,
75000 Melaka.
Telephone:+606 - 286 1186
E-mail:info@scentsnsenses.com

နှိပ်ဖို့ အချိန်ကြိုတင်ယူပြီးမှ ဟော်တယ်ပြန်ရောက်တော့ ညနေ ၅နာရီလောက်ရှိပါပြီ။ ခဏနားပြီး ညနေ ၆နာရီခွဲလောက်မှ ပြန်ထွက်ဖို့ စိတ်ကူးလိုက်ပါတယ်… အခန်းမှာ ခဏနားပြီးတော့ ဟော်တယ်ရဲ့ ရေကူးကန်ကြီးကို စမ်းကြည့်ချင်မိတာနဲ့ နေနည်းနည်းအေးသွားတော့ Lobby နားက မဟုတ်တဲ့ အနောက်ဘက်က ရေကူးကန်မှာ ရေဆင်းကူးဖြစ်ပါတယ်… ရေကူးတဲ့သူများပါတယ်… ရေကူးကန်နားမှာ မျက်နှာသုတ်ပ၀ါတောင်းလို့ရပါတယ်… သွားတောင်းလို့ပေးတော့ မျက်နှာသုတ်ပ၀ါက လျှော်ထားဖန်များလို့တော်တော်တောင် ဟောင်းနေတဲ့ပုံပါ… သုံးချင်စိတ်တောင် မရှိလို့ ရေကူးပြီးကိုယ်ပတ်ရုံလောက်ပဲ သုံးပြီး ပါလာတဲ့ သဘက်နဲ့ပဲ သုတ်ဖြစ်ပါတယ်… ရေကူးကန်ကလဲ အရမ်းကြီး မညစ်ပတ်ပေမဲ့ ဒါပေါ့ စလုံး ရေကူးကန်တွေလောက်တော့ ဘယ်သန့်မလဲ… ကြမ်းပြင်မှာ အမှိုက်နည်းနည်းတွေ့ရတယ်… ကလေးတွေဘက်ပိုင်း ရေနိမ့်ပိုင်းမှာဆို ပိုညစ်ပတ်တယ်လို့ခံစားရတယ်… အရမ်းအဆိုးရွားကြီးတော့ ညစ်မပတ်ပါဘူး… နာရီဝက်လောက်ပဲကူးဖြစ်ခဲ့ပါတယ်…

တစ်ဆက်တည်း ဆောင်နာ (ရေနွေးငွေ့လှုံ အခန်း) ရှိတယ်ဆိုလို့ စပ်စုချင်မိတာနဲ့ အဲဒိဘက်သွားတော့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ပေါ်လာပြီး ဆောင်နာသုံးချင်ရင် စာရင်းပေးရမယ်တဲ့… ဒါပေမဲ့ ယောကျာင်္းဆောင်နာတော့ မရဘူး မိန်းမဆောင်နာပဲရမယ်တဲ့… ဒါနဲ့ စာရင်းပေးလိုက်ပါတယ်… နောက်တော့ အမျိုးသမီး အ၀တ်လဲခန်းထဲက ဆောင်နာခန်းကို ကိုယ့်ဟာကိုယ် ခလုပ်ဖွင့်ခိုင်းပါတယ်… ခလုပ်ဖွင့်ပေမဲ့ အခန်းက မှောင်မဲနေတုန်းပါပဲ… အဲ့နားယောင်လည်လည်လုပ်နေတော့ အမျိုးသမီးဝန်ထမ်းတစ်ဦးဖြတ်အလျှောက်မှာမှ ကျွန်မကို မေးပြီး ဆောင်နာထဲက မီးဖိုကို ခလုပ်တွေထပ်ဖွင့်နေပါတယ်… ခက်ခဲလိုက်တဲ့ဖြစ်ချင်း… အဲဒါတွေခုမှဖွင့်တော့ ပူဖို့ကို ဘယ်လောက်ထိ ကျွန်မက ထပ်စောင့်ရအုံးမှာလဲ… ညနေပြန်ထွက်ဖို့ရှိသေးတယ်လေ… ကိုယ်ကလဲ ဆောင်နာဝင်ချင်တာထက် ပေးထားတဲ့ ၀န်ဆောင်မှုကို စပ်စုချင်တာဆိုတော့ ဒီလောက်နဲ့တင် လုံလောက်သွားပြီ… ဒါနဲ့ အဲ့မိန်းမကို တော်ပါပြီ… မလုပ်နဲ့တော့ မ၀င်တော့ဘူးဆိုပြီး ထွက်လာခဲ့လိုက်တယ်…

Jonker Street (ညဈေးတန်း)


Jonker Street Night Market
ညစာစားဖို့ မနက်က စားခဲ့တဲ့ Jonker Street ဘက်ကိုပဲ လျှောက်ခဲ့တယ်… ညဘက်ရောက်တော့ လမ်းပိတ်ပြီးတော့ ညဈေးတန်းဖြစ်သွားရော… မနက်က Restaurant တွေကလဲ မဖွင့်တဲ့ဆိုင် မဖွင့်တော့ပေမဲ့ လမ်းဘေးဈေးတန်းမှာတော့ ၀ယ်စားလို့ရတဲ့ သရေစာမုန့်တွေအများကြီးပါပဲ… ကျွန်မက ဖြစ်နိုင်ရင် Nyonya စားသောက်ဆိုင်ဝင်ပြီး Nyonya အစားအစာတွေစားချင်တာပါ… ဒါပေမဲ့ စားချင်စရာကောင်းလောက်တဲ့ဆိုင်မတွေ့ပါဘူး…. လမ်းဆုံးခါနီးမှာ တစ်ဆိုင်တွေ့လို့ ၀င်စားဖို့လုပ်ပြီးကာမှ အဲဆိုင်ရှေ့နားက လမ်းဘေး ချာကွေ့တျောက် (တရုတ်ကပ်ကြေးကိုက်) ဆိုင်က အနံ့လဲ မွှေးနေ၊ ဈေးလဲချိုနေတဲ့အပြင် လမ်းပေါ်မှာ စားပွဲလေးတွေချထားတော့ ထိုင်ချင်စရာလေးပါ… အဲ့ဒိနားက လမ်းစုံမှာ စင်အကြီးကြီးဆောက်ပြီး ၀ါသနာရှင်တွေဖျော်ဖြေပွဲရှိပါတယ်… အဖွားကြီးတွေအုပ်စု Wonder Girls သီချင်းနဲ့ကသွားတာတောင် ဗွီဒီယိုရိုက်ထားလိုက်သေးတယ်… တစ်ဖက်က အအေးဆိုင် တစ်ဖက်က ကွေ့တျောက်ဆိုင် ရှေ့မှာက ဆာတေး ဆိုင် စင်တင်ဖျော်ဖြေမှုကိုလဲ မြင်ရတယ်… ဒီတော့ အကောင်းဆုံးနေရာလို့ထင်ပါတယ်… ကွေ့တျောက်က အသားမပါလို့ ဆာတေးမှာစားပါတယ်… ဆာတေး အချောင်း ၂၀ ကို RM16၊ ကွေ့တျောက် အလတ်စား တစ်ပွဲ RM5၊ သဘာဝသရက်သီးဖျော်ရည်စစ်စစ်ကိုမှ RM4 … ကောင်းမှကောင်း ဗိုက်တင်းကားသွားတာပဲ… လမ်းတစ်လျှောက်တွေ့ခဲ့တဲ့ အပြန်ကျရင် စားမယ်ဆိုတဲ့ မုန့်တွေထပ်ထည့်ဖို့တောင် နေရာမကျန်တော့ဘူး… လမ်းမှာလဲ အသားလုံးတွေ ပေါက်စီတွေ၊ ထိုင်ဝမ်ဘိန်းမုန့်တွေ၊ ပြီးတော့ တိုလီမုတ်စ လူသုံးကုန် အလှကုန်၊ လက်ဆောင်ပစ္စည်း… အို… စုံလို့စုံလို့… ပြောရင်းနဲ့ မကျေပွဲထပ်သွားနွှဲဖို့ ဆုံးဖြတ်လိုက်တယ်…







လမ်းထိပ်နားက Lok Lok လို့ခေါ်တဲ့ အသားတွေ၊ အသီးအနှံတွေကို တုတ်နဲ့ထိုးထားပြီး မြန်မာပြည်က ၀က်သားဒုတ်ထိုးဆိုင်တွေလိုပဲ ထားပေးထားတဲ့ ဆာတေးဆော့တွေနဲ့ ပေးထားတဲ့ ဟင်းပူတွေထဲ နှစ်ပြီးစားရတာကို စားချင်တာ၊ ကိုယ်လဲ ဗိုက်ပြည့်နေတာရော (ဗိုက်ပြည့်ပေမဲ့ ထည့်မယ်ဆို ထည့်နိုင်တယ်)၊ ဒါပေမဲ့ ကိုယ်နဲ့အတူသွားတဲ့သူတွေကတော့ တော်တော်ပြည့်နေတဲ့ပုံပေါက်လို့ ထပ်မစားဖြစ်တော့ဘူး…

အချိန်က ၉နာရီလောက်ပဲရှိသေးတော့ တော်တော်လေးစောနေသေးတာနဲ့ Jonker Street လမ်းထိပ်က San Shu Gong တရုတ်မုန့်တွေရောင်းတဲ့ Shopping Mall ကိုဝင်ကြည့်ခဲ့သေးတယ်… ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး… မုန့်တွေရောင်းတဲ့ဆိုင်ပေါ့နော်… မဗေဒါက လမ်းထဲက ဆိုင်မှာ လက်ဆောင်နဲ့ အိမ်မှာစားဖို့မုန့်တွေ ၀ယ်လာပြီးပြီဆိုတော့ ထပ်မ၀ယ်တော့ဘူး… ဒီလိုနဲ့ အနှိပ်ဆိုင်နားက Starbuck မှာပဲ ထိုင်တော့မယ်ဆိုပြီး ထွက်လာဖြစ်တယ်… ဒါပေမဲ့ လမ်းမှာ St.Paul Hill အောက်က Bamboo Hut Bistro ဆိုတဲ့ ဆိုင်လေးမှာ ဘောလုံးပွဲလဲပြနေ၊ wifi လဲရှိတယ်၊ Live band ဖျော်ဖြေနေတာနဲ့ ၀င်ထိုင်ဖြစ်တယ်… အော်ဒါလာယူတဲ့ကောင်လေးက မြန်မာဖြစ်နေလို့ သူကကိုယ်တွေကို မသိပဲ အင်္ဂလိပ်လိုပြောနေတာ… နောက်မှ အချင်းချင်း မြန်မာလိုပြောတာကြားပြီး သူထရီတော့တယ်… သူပြောတဲ့ အသံကိုတော့ မြန်မာလို့ သံသယဖြစ်ခဲ့ပေမဲ့ မသေချာလို့ အင်္ဂလိပ်လိုပဲဆက်ပြောနေခဲ့တာ…

Jonker Street ကို စတင်တည်ထောင်ခဲ့သူ

ကျွန်မ မေမေက မလေးရှားသွားလို့ စိတ်ပူနေတာ… မလေးရှားမှာ မြန်မာတွေကို သတ်နေတယ်ဆိုပြီးတော့… အဲဒါကြောင့် မြန်မာလို့ မပြောဖို့နဲ့ ဖြစ်နိုင်ရင် မြန်မာစကားမပြောဖို့ မှာထားတာ… အဲ့ဒိဆိုင်က ကောင်လေးမေးကြည့်တော့ မလကာမှာတော့ အေးဆေးပါပဲတဲ့… ကွာလာလမ်ပူမှာပဲ ဆိုးတာတဲ့… သူကတော့ မြန်မာဧည့်သည်တွေတွေ့ရတာ ပျော်နေပုံပဲ… စကားလဲ ပြောချင်ပုံရတယ်… Haagen daz ရေခဲမုန့် ၁ဇွန်းမှာတာ ၂ဇွန်းထည့်လာပေးတယ်…. ကိုယ်ကလဲ မစားနိုင်တော့လို့ ထိုင်ချင်ရုံသက်သက် ၁ဇွန်းပဲမှာတာကို… (မှတ်ချက်၊ ရေခဲမုန့်က Haagen Daz မစစ်ဘူးလို့ ထင်တာပဲ… စလုံးကနဲ့ အရသာ မတူဘူး)
အဲဒိမှာထိုင်ပြီး ၁၀ခွဲလောက်မှ Scents and Senses ဆိုင်ကိုထွက်ကြတယ်… ဟိုရောက်တော့ ခဏစောင့်ပြီး ၁နာရီအနှိပ်ခံ ပြီးတော့ ဟော်တယ်ကို ပြန်လာကြရင်း ပြန်ရောက်တာနဲ့ ချက်ချင်းကို အိပ်ပျော်သွားတော့တာပဲ…


Masjid Mosque


Shot with my beloved gopro hero3+

နောက်နေ့မနက်တော့ မနက်စာစားပြီး မဗေဒါတို့ အခန်းကနေ မြင်နေရတဲ့ မဗေဒါသွားချင်တဲ့ Masjid Mosque ကို သွားဖို့ဆုံးဖြတ်လိုက်တယ်… သူက ညနေစောင်းသွားရင် မီးထွန်းတော့ ပိုလှပေမဲ့ ကိုယ်က အချိန်မရှိတော့လဲ ရှိတဲ့အချိန်သွားရတာပေါ့… သူက ၂၀၀၆ ခုနှစ်ကမှ ဖွင့်လိုက်တဲ့ ဗလီအသစ်ပေါ့… ရေတက်ချိန်ဆိုရင် ရေပေါ်မှာပေါလောပေါ်နေသလိုမျိုး ဒီဇိုင်းပေါ့… အဲဒိကို ဘယ်လိုသွားရလဲ ဟော်တယ်မေးတော့ လမ်းလျှောက်သွားရင်တော့ ဝေးတယ်တဲ့ ကားငှားမှရမယ်ဆိုတော့ ကားသမားကလဲ အဆင်သင့်ရှိနေတယ်… မေးလိုက်တော့ RM15 ပဲ… စလုံးငွေပြောင်းတော့ တစ်ယောက်မှ စလုံး $1 လောက်ပဲကျမှာဆိုတော့ သွားမယ်ပြောလိုက်တယ်… အဲဒိဘက်က လူရှင်း ကားရှင်းပဲ… ပင်လယ်ဘက် မျက်နှာမူထားတယ်… ဘယ်သူမှ မနေသေးတဲ့ မြို့သစ်လိုပုံစံ တိုက်တွေရှိတယ်…

ငါးလာဖမ်းနေတဲ့သူတွေရှိတယ်… ဒါပဲ… ကျွန်မလဲ သံသယတော့ နည်းနည်းရှိပေမဲ့ ကားတော့ လာမှာပါဆိုပြီး… တိုက်စီဆရာကို ကားလာလားမေးတော့ သူက ဒီလိုပဲ ပြုံးပြတယ်… ဒါပေမဲ့ ကိုယ်က အဲဒိမှာ ဘယ်လောက် ကြာမယ်မှန်းမသိတော့ ကားဆရာကို မစောင့်ခိုင်းတော့ဘူး… ဒီလိုနဲ့ အဲဒိမှာ ဓာတ်ပုံတွေဘာတွေ လွှတ်ရိုက်… ပြီးတော့ အမျိုးသမီးတစ်ယောက် ကို အဲ့ ဗလီထဲတွေ့လိုက်တာနဲ့ ကိုယ်လဲ ရောက်တုန်း လေ့လာတဲ့အနေနဲ့ ၀င်ကြည့်လိုက်အုံးမယ်ဆိုပြီး ၀င်ဖြစ်ခဲ့တယ်… ကျွန်မ၀င်မယ်ဆိုတော့ ဗလီစောင့်ကလဲ မျက်ကလူးဆန်ပြာနဲ့ ခေါင်းစွပ်စွတ်ရမယ်လာပြောတယ်… စိတ်ထဲတော့ မစွပ်ချင်ပေမဲ့လဲ… အော်… သူများဘာသာရေးအဆောက်အုံ ထဲဝင်မှတော့ သူတို့ရဲ့ စည်းကမ်းကို လိုက်နာသင့်တာပေါ့ဆိုပြီး စွပ်လိုက်တယ်… တစ်သက်နဲ့တစ်ကိုယ်မှာ ဒါပထမဆုံး ဗလီထဲဝင်ကြည့်ဖူးခြင်းပဲ… ဘာမှလဲ ထွေထွေထူးထူးမရှိပါဘူး… ဟောခန်းကြီးပဲ… တစ်ခုပိုသာတာကတော့ ဗလီကနေ ပင်လယ်ဘက်ထုတ်ထားတဲ့ ၀ရံတာပုံလေးက အာလာဒင်တို့ခေတ်က အဆောက်အဦးလိုလို ရှုခင်းက ခံစားရတယ်… ရှုခင်းလေးတော့ ကြိုက်တယ်… ဒါပါပဲ…



တစ်ယောက်တည်းလား မေးတော့ ငါလေ........... ပါ... :P
ပြဿနာက ပြန်မယ်ဆိုတဲ့အချိန်မှာ စတော့တာပဲ… တိုက်စီမပြောနဲ့ ခွေးတစ်ကောင် ကြောင်တမှီးမှ လမ်းပေါ်မှာမတွေ့ဘူး… တွေ့လို့ တွေ့ညား ဆက်လျှောက်တာလဲမတွေ့ပါဘူး... သူက အဲဒိ မြို့သစ်ဘက်နဲ့ မြို့ဘက်ကို ခြားထားတဲ့ မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားက နေတော်တော်လေးပူသလို လမ်းလျှောက်စရာ လမ်းလဲမရှိပါဘူး... ကျွန်မတို့လဲ ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ ငါးဖမ်းသမားတွေငါးဖမ်းနေတဲ့နေရာမှာ ကားစောင့်နေပါတယ်... ကားမလာလို့ အဲဒိ ငါးဖမ်းနေတဲ့သူတွေဆီက ဖုန်းငှားပြီး ဟိုတယ်ကိုဖုန်းဆက်ပြီး တိုက်စီလွှတ်ခိုင်းပါတယ်... လွှတ်မယ်လို့သာပြောတယ် မသေချာပါဘူး... တော်တော်နဲ့လဲ ရောက်မလာပါဘူး... တိုက်စီသမားဘက်က စဉ်းစားရင်လဲ သူလာလို့မှ ကျွန်မတို့မရှိတာပဲဖြစ်ဖြစ် ပိုက်ဆံဈေးမတည့်တာပဲဖြစ်ဖြစ် သူမကိုက်မှာ စိုးလို့ထင်ပါတယ်... နောက်ဆုံး ငါးဖမ်းပြီး ပြန်ထွက်လာတဲ့ လူကြီး ၂ယောက်က သူတို့ပါလာတဲ့ကားဘက်လျှောက်နေတာမြင်တော့ ကျွန်မလဲ သွားမေးကြည့်ရင်ကောင်းမယ်ထင်တယ်ဆိုပြီး မေးကြည့်တော့ သူတို့နဲ့ ကားကြုံလိုက်ခွင့်ပြုပါတယ်... ကျေးဇူးအတော်လေးတင်မိပါတယ်.. 



Nice view...

Inner Prayer Hall

ဒီလိုနဲ့ နောက်ခုံမှာ လေးယောက်ပြုံထိုင်ပြီး လိုက်ခဲ့ပါတယ်... မြို့ထဲပြန်ရောက်ရင် အဆင်ပြေတဲ့နေရာချဖို့ပြောပေမဲ့ သူတို့ကလဲ အင်္ဂလိပ်လို အရမ်းနားအလည်ကြီးမဟုတ်ပါဘူး... ဟိုတယ်နာမည်မေးတော့ မာကိုတာလို့ပြောတော့ ဟော်တယ်ကိုလိုက်ပို့မယ့်ပုံရှိပါတယ်.. ဒါပေမဲ့ ကျွန်မတို့ စီစဉ်ထားတာက Baba-Nyonya Museum ကိုသွားချင်တာဆိုတော့ အဲဒါနဲ့ အနီးဆုံးမှာ ချပေးခဲ့လို့လဲရတယ်လို့ဆိုတော့ သူတို့က အဲဒိ ပြတိုက်ကိုလိုက်ပို့ပါတယ်... သူတို့ငါးမျှားတာ ငါးတစ်ကောင်မှ မရပဲ၊ နိုင်ငံခြားသား ၄ယောက်ပဲ ပါလာတယ်ဆိုပြီး ရီနေကြပါတယ်... အဲလို ကူညီတတ်တဲ့သူတွေတွေ့တော့ အဲဒိနိုင်ငံကို ချီးကျူးမိသလို... ပျော်စရာအမှတ်တရလေးတွေလဲရပါတယ်... Malacca မှာလဲ လူကောင်းတွေချည်းရှိနေသလို စိတ်ထဲခံစားမိပါတယ်... အဲလိုဆိုတော့ ကိုယ့်နိုင်ငံမှာလဲ နယ်ခံ မြန်မာတွေက လာလည်တဲ့ နိုင်ငံခြားသားတွေကို ဖြူဖြူစင်စင်ကူညီကြတာ စဉ်းစားမိပြီး အဲဒိ ဓလေ့လေးနောက်ပိုင်း ပျောက်သွားပြီး ယိုးဒယားလို အလည်လာသူတွေကို ရရင် ရသလို နွှာမဲ့ စိတ်မျိုးဖြစ်လာမှာ စိုးရိမ်မိပါတယ်...

Baba-Nyonya Museum




အဲဒိရောက်တော့ နေ့လည် ၁၁နာရီထိုးနေပြီး နောက်ထပ် tour session က ၁၁နာရီ ၁၅မှ စမယ်ဆိုလို့ စောင့်နေရတယ်...  သူက လူကြီးဆို RM15ပေးရတယ်... အတွင်းထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး... ပြတိုက်သာပြောပါတယ်... အမှန်တော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က နေခဲ့တဲ့ တရုတ်သူဋ္ဌေးအိမ် ၃ခန်းတွဲကို အရင်ခေတ်က အသုံးအဆောင်တွေ သေသေချာချာခင်းကျင်းပြသထားတာပေါ့နော်... သူတို့ရှင်းပြတဲ့အထဲမှာ သူတို့အိမ်က အဖိုးရဲ့အဖေ အဘိုးကပဲ ပထမဆုံး တရုတ်ပြည်ကနေ မလကာကို စရောက်ပြီး Baba Nyonya ယဉ်ကျေးမှုကို စခဲ့သလိုလိုနဲ့ ၀ီကီမှာကျတော့ ဒိထက်အရင်ကတည်းက Baba Nyonya ယဉ်ကျေးမှုက ထွန်းကားခဲ့တာပါ... အခု ပြတိုက်လုပ်ထားတဲ့အိမ်က နှစ် ၁၀၀ ကျော်လောက်ပဲရှိပါသေးတယ်... ခုမှ မျိုးစက် ၄ဆက်အထိပဲရှိပါသေးတယ်... အိမ်ထဲမှာတော့ သာမာန်ဧည့်သည် ဧည့်ခံခန်း၊ ဆွေမျိုးတွေဆို ဧည့်ခံတဲ့အခန်းက တစ်ခန်း... အတွင်းဘက်မှာဆိုလဲ အမိုးက အပေါက်နဲ့ နေရောင်ရအောင် ဘယ်လိုလုပ်ထားတဲ့အကြောင်း... အပေါ်ထပ်တက်တဲ့လှေကားဆိုလဲ သစ်သားတံခါးနဲ့ ပိတ်ထားရတဲ့ ရည်ရွယ်ချက် စသည်ဖြင့်ပေါ့လေ... နောက်ဖေးမီးဖိုးချောင်မှာဆိုလဲ ငရုတ်ဆုံ ငါးရုတ်ကျည်ပွေ့တွေ ရေခဲဗုံးတွေ၊ မီးသွေးမီးပူတွေကို အထူးတလည်ပြသထားတာပေါ့လေ... အဲဒိထဲက တစ်ချို့ပစ္စည်းတွေဆို မြန်မာပြည်မှာ ခုလက်ရှိအချိန်ထိ တစ်ချို့လူတွေသုံးနေရတုန်းပါပဲ... အဲဒါကြောင့် မြန်မာပြည်က စကားထဲမှာ စာဖတ်သူတွေ ပြောလေ့ရှိမရှိမသိပေမဲ့ ကျွန်မတို့အမျိုးထဲမှာဆိုရင်တော့ အိုဟောင်းလွန်းလို့ ပြတိုက်ပို့ထားလို့ရပြီလို နောက်ပြောတတ်တဲ့ စကားရှိပါတယ်... အဲဒိစကားကို ပြန်စဉ်းစားမိတော့ Baba-Nyonya ပြတိုက်မှာ ပြုံးမိပါသေးတယ်... အော်... ဒါနဲ့ Baba Nyonya ဆိုတာကတော့ မလေးရှားနဲ့ အရှေ့တောင်အာရှကို ပြည်ကြီးက တရုတ်တွေလာရောက်အခြေချတုန်း နယ်ခံအမျိုးသမီးတွေနဲ့ဖြစ်စေ၊ တရုတ်မဟုတ်တဲ့ တခြားနိုင်ငံခြားသားတွေနဲ့ဖြစ်စေ အကြောင်းပါ အိမ်ထောင်ကျပြီး အဲဒိနယ်ရဲ့ ယဉ်ကျေးမှုတ၀က် သူတို့ တရုတ်ယဉ်ကျေးမှုတစ်ဝက် ဆက်ခံတဲ့သူတွေပါ... အဲလို လူမျိုးတွေရဲ့ မျိုးဆက်ကို ယောကျာင်္းလေးဆို Baba ၊ မိန်းကလေးဆို Nyonya လို့ ခေါ်ကြပါသတဲ့... အသေးစိတ်သိချင်ရင်တော့ ၀ီကီမှာ ဖတ်ကြည့်နော်....


For your info
ဒီလိုနဲ့ အပြီးမှာ ဟော်တယ်ချက်အောက်လုပ်ဖို့ တိုက်စီနဲ့ အမြန်ပြန်ကြပါတယ်... တိုက်စီကလဲ RM 15 ပဲပေးရပါတယ်... ဟိုတယ် Lobby မှာ ခဏထိုင်ရင်း ဗိုက်ဆာတော့မှ ဟော်တယ်မှာပဲ နေ့လည်စာစားဖို့ ဆုံးဖြတ်လိုက်ပါတယ်... ကိုယ့်အထုတ်က နည်းပေမဲ့ နေပူထဲလဲ သယ်မသွားနိုင် ဟော်တယ်မှာထားခဲ့ရမှာလဲ စိတ်မချပါဘူး... ပစ္စည်းပျောက်မှာထက် ကိုယ်အိပ်ထဲကို မဟုတ်တရုတ်တွေ ထည့်ပေးလိုက်မှာကို စိုးရိမ်တာပါ... ဟော်တယ်မှာ buffet lunch ရှိပေမဲ့ သိပ်လဲ စားနိုင်မှာမဟုတ်တာနဲ့ တစ်ပွဲစီမှာစားတာပဲ မှာဖြစ်ပါတယ်...
ကျွန်မကတော့ Nyonya Laksa စားချင်ပေမဲ့ အဲဒိမှာ မရှိပါဘူး... အဲဒါကြောင့် မလကာမှာ ဘာကာကိုလဲ ပြောကြလွန်းလို့ Mahkota homemade burger ကို မှာဖြစ်ပါတယ်... အဖော်တွေကတော့ ထမင်းကြော်နဲ့ Ayam Pandang ဆိုလားဘာလား အသီးသီးမှာစားကြပါတယ်... စားလို့ကောင်းမဲ့ပုံပါပဲ...
အပြန်ကျတော့မှ ဟော်တယ်က မြန်မာအလုပ်သမားတစ်ယောက်က ကျေးဇူးတင်ပါတယ်လှမ်းပြောတော့မှ မြန်မာမှန်းသိပါတယ်... 


Mahkota Homemade burger

Ayam Pandang
ဒီလိုနဲ့ စကာင်္ပူကို ပြန်ဖို့ ကားလာကြို တာနဲ့ အတော်ပဲဖြစ်ပြီးနှစ်ရက်တာ အလုပ်ပိတ်ရက်လေးကို ကုန်ဆုံးခဲ့ပါတော့တယ်...

လှမ်းခေါ်လို့ ၀င်ကြည့်ဖြစ်ခဲ့တဲ့ ပြတိုက်က မလကာခံတပ် သမိုင်းကြောင်း...







(မဗေဒါရှာဖွေပြုစုခဲ့တဲ့ ခရီးစဉ် မှတ်စုလေးကို မဗေဒါရဲ့Facebook Page လေးကို Like ပြီး Note လေးမှာ အသေးစိတ် သွားရောက်ကြည့်နိုင်ပါတယ်)….

Thursday, April 03, 2014

ပြောပြရအုံးမယ် (၃) - ကုသိုလ်


ဒီပိုစ့်နဲ့ ဦးရဲထွဋ်လုပ်တယ်တော့ မထင်စေချင်ပါ… ဦးရဲထွဋ်လိုလဲ ဓာတ်ပုံသက်သေနဲ့တကွ ကောင်းမှုပြုခဲ့တာကို ပြစရာမရှိပါ… ယုံသည် မယုံသည်ကိုအပထား ကျွန်မခံစားချက်လေးကို မျှဝေချင်တဲ့ စိတ်ကလေးပဲရှိပါတယ်… ကိုယ်ကောင်းတာလုပ်တယ်ဆိုပြီးလဲ ကြွားခြင်းမဟုတ်ရပါ…


မြန်မာပြည်က Ramsay

မြန်မာပြည်ပြန်ရောက်တာနဲ့ ကျွန်မ မစားမနေစားဖြစ်တဲ့အရာကတော့ ကြေးအိုးပါ… အလှဓာတ်ပုံရိုက်ဖို့ရှိလို့ စလုံးမှာကတည်းက အစားလျော့စားလာပေမဲ့ ရွှေတောင်တန်းလမ်းက ကြေးအိုးဆိုင်ကိုတော့ တစ်ခေါက်လောက် စားရမှကို ကျေနပ်နိုင်မှာပါ… ဒီလိုနဲ့ ကျွန်မနဲ့ သူ စကားဝါကြေးအိုးဆိုင်အပြင်ဘက်မှာ စားပွဲရလို့ ထိုင်ဖြစ်ပါတယ်… ကြေးအိုးဆိုင်စားချင်လွန်းလို့သာ လာရတယ်… လျော့ထားတဲ့ ၀ိတ်လေးတွေ ပြန်တက်လာမှာကို စိတ်ထဲက ကြောက်နေလို့ စားရမှာ အပြစ်ရှိနေသလိုပါပဲ… ဒါပေမဲ့လဲ ကြာဇံလျော့စားပြီး အသားတွေများများစားမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဆင်ခြေလုပ် အားပေးမိပါတယ်…

မြန်မာပြည်က ကြေးအိုးတွေက စင်္ကာပူက စေတနာမပါ အဿပြာသာကြည့်တဲ့ Low Quality ကြေးအိုးတွေနဲ့ ယှဉ်တော့ အသားတွေ အရွက်တွေက တကယ့်ကို အားရစရာပါပဲ… အသားတွေများလို့ အုပ်နေတာ အောက်က ကြာဇံဖတ်တောင် မမြင်ရပါဘူး… အန့ံအရသာနဲ့ ပြီးပြည့်စုံတဲ့ အရာပါပဲ… သူနဲ့ ကျွန်မ တစ်ယောက်တစ်ပွဲမှာစားပါတယ်… မနှစ်က စားတုန်းက သူကြေးအိုးတစ်ပွဲကို မကုန်လို့ ကျွန်မက ကျွန်မပွဲရော သူ့ပွဲကျန်တာတွေရော အကုန်စားဖြစ်ခဲ့တာကိုသတိရပြီး သူ့ကို ဒီတစ်ခါမကုန်လို့ မရဘူးနော်လို့ပြောမိပါသေးတယ်… သူမကုန်လို့ ကိုယ် နှမြောပြီး ပိုစားမိမှာစိုးလို့ပါ… ကိုယ်ကတော့ ကြေးအိုးတစ်ပွဲ မကုန်ဘူးဆိုတာ ဖြစ်ခဲပါတယ်… ဒါပေမဲ့ ကိုယ်သတိမထားမိလိုက်တာက ၃လလောက် ညစာမစားပဲနေလာတာဆိုတော့ ဗိုက်ကကျင့်သားမရတာကိုပါ…



ကျွန်မတို့ ၂ယောက် စားနေရင်း တဖြည်းဖြည်း လက်နှေးလာပါပြီ… ကြေးအိုးတစ်ပွဲကို အားလုံးကုန်အောင်စားဖို့မပြောနဲ့ အသားတွေတောင် ကုန်အောင်မစားနိုင်တော့တဲ့ ကျွန်မကိုယ်ကျွန်မ အားမလိုအားမရဖြစ်ရမလို ဝမ်းပဲသာရမလိုပါပဲ… စိတ်ထဲကတော့ ကျန်နေသေးတဲ့ အသားလုံးတွေနဲ့ တမင်မစားပဲချန်ထားတဲ့ ငုံဥတွေကို နှမြောနေမိတာတော့ အမှန်ပါ… ဒါကိုတောင် နှမြောစိတ်နဲ့ ဇွတ် ဖိပြီးကျွန်မစားနေမိပါတယ်… ဗိုက်ပြည့်နေတာကလဲ ကိုယ့်ကိုကိုယ်သိတယ်… ပြည့်နေတာကို ထပ်ထည့်နေတာလဲ ၀ိတ်လျော့တဲ့သူတစ်ယောက်အတွက် အကြီးမားဆုံးအပြစ်ဆိုတာလဲ နားလည်တယ်… စိတ်ထဲက မဗေဒါနောက်တစ်ယောက်ကလဲ “နင်လျော့ထားတာတွေ အလကားဖြစ်တော့မယ်” လို့ သတိပေးနေတယ်… နှေးနှေးပဲ သွင်းနေရတဲ့ကျွန်မအတွက် စစထိုင်ချင်းကလို ကြေးအိုးပွဲမှာပဲ အာရုံမရှိတော့ပါဘူး… ဘေးဘီက ၀ိုင်းတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက် ဖြည်းဖြည်းချင်းစားလိုက်ပဲလုပ်နေပါတော့တယ်..

မြန်မာပြည်ထုံးစံအတိုင်း ပလက်ဖောင်းပေါ်ခင်းထားတဲ့ စားပွဲတွေဆီကို အလှူခံတွေ ခဏခဏလာတတ်ပါတယ်… တစ်ယောက်ကိုထည့်မိတာနဲ့ နောက်တစ်ယောက် နောက်တစ်ယောက်နဲ့ ကတီးကတီးလာတော့တာပါပဲ… ကိုယ့်မှာလဲ အလှူခံကို ထည့်စရာ ပိုက်ဆံက အတန်သေးမပါလာပါဘူး… ဖြစ်နိုင်ရင်တော့ အလှူခံပုဂ္ဂိုလ်တွေကို ပိုက်ဆံထက် သူတို့လိုအပ်တာကိုပိုလှူချင်ပါတယ်… ဥပမာ နေမကောင်းလို့ ဆေးဖိုးလေးပေးပါဆိုရင် အဆင်ပြေတယ် အချိန်ရှိတယ်ဆိုလို့ကတော့ ဆေးဆိုင်ထိ ဆေးလိုက်ဝယ်ပေးလိုက်ချင်ပါတယ်… ပိုက်ဆံပေးလိုက်ရင် အလကားအစားရချောင်တယ်ဆိုပြီး အလုပ်လုပ်ချင်စိတ်မရှိပဲ အကျင့်ပျက်မှာစိုးလို့ပါ… ကြားဖူးတာက မွေးကင်းစကလေးတွေကိုတောင် အချိန်ပိုင်း ငှားစားပြီး လုပ်စားတဲ့ စျေးကွက်ရှိတယ်ဆိုလို့ပါ…

ကုသိုလ်ဆိုတာ ပိုက်ဆံပေးလိုက်ရုံ အကုန်ကျခံလိုက်ရုံနဲ့ ရတယ်လို့မထင်ပါဘူး… ငါဟဲ့ ကုသိုလ်ရအောင်… ငါလူမြင်ကောင်းအောင် လုပ်လိုက်မယ်ဟဲ့ ကောင်းမှုကုသိုလ် စတဲ့ အမျိုးစုံသော ပြန်လည်ရလိုမှုကို ရည်စူးတဲ့ ကုသိုလ်မျိုးကိုလဲ သိပ်မလုပ်ချင်ပါဘူး… အဲဒါကြောင့်လဲ ညောင်စေ့လောက် လှူရုံနဲ့ ညောင်ပင်ကြီးလောက် ကုသိုလ်ရတယ်… ညောင်ပင်ကြီးလောက် လှူရုံနဲ့ ညောင်စေ့လောက်ပဲ ကုသိုလ်ရတယ် စသည်ဖြင့် စကားပုံတွေထွက်လာတာပါ… (အလှူလုပ်တယ်ဆိုတာ လောကီလောကုတ္တရာအရေးတွေအတွက် ရံဖန်ရံခါ ခန်းမတွေဘာတွေနဲ့ လုပ်ရတာမျိုးတွေရှိတယ်ဆိုတာ သဘောပေါက်ပါတယ်… ခု ကျွန်မပြောချင်တာက ဘယ်အလှူမဆို စိတ်ကလေးထားတတ်ဖို့က ပိုအရေးကြီးတယ် လို့ဆိုလိုချင်တာပါ… စိတ်ပြတ်မှ လှူပါ… ဇနိုးဇနောင့်စိတ်နဲ့ လူမြင်ကောင်းအောင် မလုပ်ပါနဲ့…)…

ကျွန်မအတွက်တော့ ကုသိုလ် အကျိုးထူးတယ်ဆိုတာ ထီသိန်းပေါင်းများစွားထပေါက်တာတို့၊ ပိုက်ဆံတွေအလကားရလိုက်တာတို့ မဟုတ်ပါဘူး… ကျွန်မအတွက် ကုသိုလ်အကျိုးပေးတယ်ဆိုတာ အဲဒိကောင်းမှုကိုလုပ်နေတဲ့ အချိန်မှာ ခံစားရတဲ့ ကြည်နူးမှု… အဲဒိကောင်းမှုအကြောင်းကို ပြန်တွေးလိုက်တိုင်းမှာ ကျေနပ်ရတဲ့ စိတ်နှလုံး… အဲဒိကောင်းမှုကြောင့် ကျွန်မစိတ်ဓာတ်ကြည်ရွှင်မှုကနေတဆင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ကိုယ့်ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မားတည်ကြည်လာမှု၊ ကောင်းမှုလုပ်ပြီး သူများကိုပေးလှူတဲ့အတွက် ကိုယ့်ပျော်ရွှင်မှုကို ခံစားရတဲ့အခါ ကောင်းမှုတွေပိုပိုလုပ်ချင်လာသလို ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလဲ ကိုယ့်စိတ် အကြည်ဓာတ်ကောင်းမွန်နေတဲ့အတွက် အစစ အရာရာ အဆင်ပြေလာမှာပါပဲ… အဲဒါဟာ ကျိုးကြောင်း ဆက်စပ်ပြီးကျွန်မ ထင်တဲ့ ကုသိုလ် အကျိုးပေးဆိုတာရဲ့ အဓိပ္ပါယ်လို့ပဲ ဆိုချင်ပါတယ်…

အပေါ်က ကြေးအိုးဆိုင်အကြောင်းဆက်ရရင်ဖြင့် အဲဒိ ဆိုင်နားမှာ ပိုက်ဆံတောင်းတဲ့ အလှူခံ ပုဂ္ဂိုလ်တွေရှိသလို ကျွတ်ကျွတ်အိတ်လေးနဲ့ လိုက်တောင်းနေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိပါတယ်… သူ့အသက်က ၈နှစ် ၉နှစ်လောက်ရှိမယ်ထင်ပါတယ်… ညစ်ပတ်ပေရေပြီး နွမ်းပါးနေပေမဲ့ သွပ်လပ်ပြီး မျက်လုံးအစုံကတော့ တောက်ပနေပါတယ်… မနက်ဖြန်အတွက် စဉ်းစားပြီး ဘာမှပူပန်မနေပဲ လက်ရှိအတွက်ပဲရသမျှကို ပျော်နေပုံရပါတယ်… သူက စားပွဲဝိုင်းတွေနားကပ်လာရင် စားသောက်နေတဲ့သူတချို့ကလဲ မကြိုက်တဲ့ပုံပြတာတွေလဲရှိပါတယ်… ဒါကြောင့် သူစားပွဲဝိုင်းတွေနားတော့ အရမ်းမကပ်ပါဘူး… (စာကြွင်း။ ၁၉လမ်းက ဘာဘီးကျူးဆိုင်တွေမှာ သူငယ်ချင်းတစ်ယောက်နဲ့ စားတုန်းက မိန်းကလေးဆိုပြီး ရှက်အောင်လား စိတ်ပျက်အောင်လား အန့ံကလဲ အတော်လေးနံနံစော်စော်နဲ့ လူအသားကို အတင်းကြီးကပ်ပြီး မပေးပေးအောင်လုပ်တဲ့သူမျိုးဆိုရင်တော့ ကျွန်မကလဲ အလွန်တရာမှ ခေါင်းမာတတ်တဲ့သူမျိုးပါ… ကျွန်မဆီက တစ်ပြားမှ ရမှာမဟုတ်ပါဘူး)… ခုဒီကောင်လေးကတော့ လူတွေနားသိပ်မကပ်ပဲ လူတွေဆီကလဲ ဇွတ်အတင်းလိုက်မတောင်းနေပဲ ရပ်ထားတဲ့ကားတစ်စီးကိုမှီပြီ ကျွတ်ကျွတ်အိတ်ခပ်ကြီးကြီးရဲ့ အောက်နားမှာသာရှိတဲ့ သူများစားပြီးသားစားပွဲတွေက ပိုတာတွေကို ထည့်ထားတဲ့ ကြာဇံဖတ် တွေကိုပဲ ညာဖက်လက်က ကျွတ်ကျွတ်အိတ်ကို ချိတ်ထားပြီး ဘယ်ဘက်လက်နဲ့ မမှီတမှီနှိုက်နှိုက်စားနေပါတယ်… အရေတွေ စက်လက်နဲ့ လက်ထဲပါလာတဲ့ ကြာဇံဖတ်တွေကိုစားနေရတာကိုပဲ Master Chef က Ramsay အရသာရှိတဲ့ ဟင်းခွက်တစ်ခုကို မြည်းနေတဲ့အလား အရသာအပြည့်အဝခံပြီး သူစားနေပါတယ်… (Ramsay တောင် သူ့လောက် အစားအစာကို Appreciate ဖြစ်ဖြစ် အရသာခံတတ်ပါ့မလားမသိဘူး… :P )

ကျွန်မကတော့ အသားတုန်းတွေကို ဗိုက်ပြည့်ရက်စားနေရတာ အပြစ်ကြီးရှိသလိုခံစားနေရပါတယ်… သူကတော့ မကုန်လဲ မစားနဲ့တော့ဆိုပြီး ပိုက်ဆံရှင်းဖို့ ခေါ်လိုက်ပါပြီ… ပိုက်ဆံရှင်းပြီးရင် ဒီအသားတွေက အမှိုက်ပုံးထဲပဲရောက်ပြီး အစားအစာ ဖြုန်းတီးသလိုဖြစ်နေမယ်ဆိုတာကိုလဲ စိတ်ထဲ ဇနိုးဇနောင့်ပါပဲ… အဲဒိအချိန်မှာ Win-Win situation (၂ဦး ၂ဘက်လုံးအကျိုးရှိတဲ့ အခြေအနေတစ်ခု) ကို ကျွန်မ အကြံရလိုက်ပါတယ်… ကောင်လေးက ကျွန်မတို့နဲ့ ခပ်လှမ်းလှမ်း ၂ ၀ိုင်းကျော်လောက်က ရပ်ထားတဲ့ကားနားမှာပါ… ကျွန်မ သူ့ကိုလှမ်းခေါ်ပါတယ်… သူကလဲ မကြား… ကျွန်မတို့ထွက်သွားပြီး ဆိုင်ကလူတွေသိမ်းသွားရင် သူ မရလိုက်မှာ စိုးရိမ်မိပါတယ်… သူဒီဘက်လှည့်လာတဲ့အချိန်ကို စောင့်ကြည့်နေပါတယ်… သူလှည့်လာတာနဲ့ ကျွန်မလဲ လက်ရက်ပြီးခေါ်လိုက်ပါတယ်… အနားရောက်လာတော့မှ အသားတွေလဲ ကျန်သေးတယ် ယူမလား လို့မေးတော့ ယူမယ်တဲ့… (သူ့ကြည့်ရတာ ထိုင်စားချင်ပုံတော့မရပါဘူး… သူ့အိမ်မှာ သူညစာနဲ့အတူပြန်အလာကို စောင့်နေမဲ့ မောင်နှမသားချင်းတွေ ဘယ်နှယောက်ရှိမလဲမှ မသိတာ)… ဒီလိုနဲ့ ကျွန်မ ဝမ်းပန်းတသာပဲ သူ့ကို ပေးလိုက်ပါတယ်… သူထွက်သွားပြီး နဂိုကားနားမှာ ပြန်ရပ်နေတဲ့အချိန်မှာ ပိုက်ဆံပြန်အမ်းတာရလို့ ထွက်လာဖို့လုပ်နေတုန်း ကျွန်မသူ့ကိုကြည့်လိုက်တော့ ဝက်သားလုံးကို လက်နဲ့ နှိုက်ပြီး အားပါးတရစားနေပါတယ်… ကျွန်မစိတ်ထဲက သူ့ကိုပေးလိုက်ရတာ တန်တယ်လို့ခံစားပြီး ဝမ်းသာမဆုံးဖြစ်ရပါတယ်… သူ့နားက ဖြတ်လျှောက်သွားတော့ ကျွန်မသူ့ကို “စားလို့ ကောင်းလား” လို့မေးတော့… မုန့်ဝါးနေရင်း ပြုံးပြ ခေါင်းညိမ့်ပြလိုက်ပါတယ်…

ဟုတ်ပါတယ်… ဒါဟာ တကယ်ကိုပဲ ကြွားပြောစရာ အလှူတစ်ခုမဟုတ်ပါဘူး… တချို့အမြင်မှာ အကြံကျွေးတာများ ရေးကြီးခွင်ကျယ်လုပ်နေတယ်လို့တောင် မြင်ချင်မြင်မှာပါ… ဒါပေမဲ့ ကျွန်မသူ့ကိုပေးလိုက်တာ ပုတ်သိုးနေတဲ့ စားစရာတွေမဟုတ်ပါဘူး… ပြီးတော့ သူ့ကိုပေးလိုက်ပြီး သူပျော်သွားတာကိုတွေ့ခဲ့ရတဲ့အတွက် ကျွန်မရဲ့ ပျော်ရွှင်မှု၊ ကျိုက်ထီးရိုးပေါ်က လူကို အလှူမထည့်ရင်ကြိမ်ဆဲနေတဲ့ အလှူခံတွေကို မခံချိမခံသာထည့်ခဲ့ရတဲ့ အလှူငွေတွေထက် ခုကြေးအိုးပေးခဲ့တဲ့ အကြောင်းလေးကို ကိုတွေးလိုက်တိုင်း ကျွန်မကိုယ်ကျွန်မဂုဏ်ယူမိသလို… ကိုယ်ပေးချင်နေတဲ့အချိန်မှာ လိုအပ်တဲ့ အလှူခံပုဂ္ဂိုလ်ကိုပေးလိုက်ရတဲ့ ပီတိကို ဝေမျှချင်ယုံသက်သက်ပါပဲ… ကျွန်မအတွက်တော့ ပိုက်ဆံအပိုမကုန်လိုက်တဲ့ ကောင်းမှုတစ်ခုဟာ ကျွန်မ အဆင်မပြေတဲ့အခါတိုင်း အဲဒါမျိုးအကြောင်းလေးတွေတွေးမိရင် စိတ်ကြည်လင်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပြန်ရစေနိုင်တဲ့ ကုသိုလ်အကျိုးပေးတစ်ခုပါပဲ…


FT တစ်ယောက်ရဲ့ ဒါန


စကာင်္ပူနိုင်ငံသားတွေက သူတို့နိုင်ငံမှာ ပညာနဲ့လာအလုပ်လုပ်တဲ့သူတွေကို FT လို့ခေါ်ပါတယ်… စလုံးအစိုးရအတွက်တော့ FT ဆိုတာ Foreign Talent လို့အဓိပ္ပါယ် ဖွင့်ဆိုပေမဲ့ သူတို့ နိုင်ငံသားတချို့ကတော့ သူတို့အလုပ်အခွင့်အရေးတွေ လာလုတယ် ဘာညာနဲ့ FT ကို Foreign Trash လို့ အဓိပ္ပါယ်ဖွင့်ပါတယ်…


ဒီ Vending Machine လေးမှာပေါ့... ခုပဲ အလုပ်က ပြန်လာလို့ ရိုက်လာတာ...


ကျွန်မ အလုပ်နဲ့ အိမ်က နီးတော့ ရက်တော်တော်များများ အိမ်ပြန်ပြီး နေ့လည်စာ စားဖြစ်တာများပါတယ်… အိမ်ပြန်ရင်လဲ Handphone နဲ့ ထီးကလွဲလို့ ပိုက်ဆံတပြားမှ သယ်မလာတတ်ပါဘူး… ခုလပိုင်း နေကလဲ သေလောက်အောင်ပူတာ အားလုံးသိကြတဲ့အတိုင်းပါပဲ… မေမေ့ကိုတောင် နေမြင့်နေတုန်း စျေးသွားရင် စိုးရိမ်မိပါတယ်… ပြီးခဲ့တဲ့အပတ် တစ်ရက်မှာ ကျွန်မအိမ်နားရောက်ခါနီး ဘလောက်တစ်ခုအလိုမှာ တရုတ်အဖွားကြီးတစ်ယောက်က “ ရှောင်မိန့်… ရှောင်မိန့်… ပန်းမန်ဝေါ်” ဆိုပြီး လှန်းခေါ်ပါတယ်… 

အဲဒိတိုက်အောက်နားမှာ အလုပ်ကြမ်းလုပ်တဲ့ အလုပ်သမားတွေ နေ့လည် ၀ိုင်းဖွဲ့ထမင်းစား၊ တရေးတမော တိုက်အောက်မှာပဲ အိပ်ကြတဲ့သူတွေလဲရှိပါတယ်… အဲဒိနေ့ကတော့ သူတို့တွေက အဲဒိအဖွားကြီးရှိတဲ့ တိုက်အောက်က စားပွဲမှာပဲ ဝိုင်းဖွဲ့ထိုင်နေကြပါတယ်… (အလုပ်သမားတွေက များသောအားဖြင့် ဘင်္ဂလီတွေဖြစ်ပြီး၊ တစ်ခါတစ်လေတော့ မြန်မာအလုပ်သမားတွေလဲတွေ့တတ်ပါတယ်၊ တရုတ်လို မတတ်ကြပါဘူး)… တရုတ်အဘွားအိုက Vending Machine ကို သူမလုပ်တတ်လို့ သူ့ကို ကူလုပ်ပေးဖို့ တရုတ်လိုပြောပါတယ်… ကျွန်မ တရုတ်လို သိပ်မပြောတတ်သေးပေမဲ့ သူပြောတာတော့ နားလည်ပါတယ်… ဒါနဲ့ အဘွားအိုကို ကူဖို့ အဲ့ဒိနားကိုသွားလိုက်ပါတယ်… အလုပ်သမားတွေကလဲ ဘာဖြစ်မလဲဆိုပြီး ၀ိုင်းကြည့်နေပါတယ်… စက်နားရောက်တော့ အဖွားအိုကို ဘာသောက်ချင်လဲလို့ ကျွန်မက အင်္ဂလိပ်လိုမေးပါတယ်… ကျွန်မရုပ်က တရုတ်ပုံလဲ ခပ်ပေါက်ပေါက်ဆိုတော့ သူတို့ကတော့ ဘယ်လိုထင်မလဲမသိပါ… မကူညီချင်လို့ တမင်သက်သက် အင်္ဂလိပ်လိုပြောတယ်ထင်မှာလဲစိုးမိပါတယ်… (နောက်တစ်ချက်က ကျွန်မအသံက နဂိုကတည်းက မာပါတယ်… ပြင်လို့လဲမရပါ…) အဘွားအိုက နားမလည်တဲ့ပုံမျိုးလုပ်နေတော့ ကျွန်မလဲ ကြိုးစားပြီး တရုတ်လိုပြောကြည့်ပါတယ်…

ကိုကာကိုလာ လက်ညှိုးထောက်ပြီး “Coke”

Ice lemon Tea လက်ညှိုးထောက်ပြီး “ချာ”

Green Tea လက်ညှိုးထောက်ပြီး “ချာ” … ၂မျိုးကွဲတာတောင် ကောင်းကောင်းမပြောတတ်ဘူး… ညံ့ချက်…

ဘယ်ဘက်အောက်ထောင့်က Green Tea

အဘွားအိုက Green Tea ယူမယ်ပြောပါတယ်… ကျွန်မမှာလဲ ပိုက်ဆံက တပြားမှပါမလာတော့ သူ့ဆီကတောင်းရတော့တာပေါ့… 
“ယိခွိုင့် ယိမောင်း…… ချန်?” ဆိုပြီး ကျွန်မမေးလိုက်ပါတယ်… 
ကိုယ်က တရုတ်လို မပြောတတ်တော့ ရိုင်းသလိုဖြစ်နေသလားတော့ မသိပါ… အဘွားအိုက သူ့လက်ထဲက အကြွေစေ့တွေပြပါတယ်… အားလုံးပေါင်းမှ 65 cents ပဲရှိပါတယ်… အအေးက ၁ကျပ်၁ဝပြား ဆိုတော့ မလောက်ပါဘူး… ကျွန်မမှာ ပိုက်ဆံပါလာရင်တော့ သူ့ကို ဝယ်ပေးလိုက်ပါတယ်… အမှန်တော့ အဘွားအိုပုံစံကြည့်ရတာလဲ သူပိုက်ဆံမလောက်တာကို သူသိပုံရပါတယ်… ပိုက်ဆံတောင်းရမှာရှက်လို့ စက်ကို လုပ်ပေးပါလို့ စပြောပုံရပါတယ်… တကယ်ပဲ အအေးသောက်ချင်တာဖြစ်ပြီး ပိုက်ဆံလိုချင်လို့ အကြံအဖန်လုပ်တဲ့ပံံုံမျိုးမဟုတ်ပါ… ပိုက်ဆံလိုချင်လို့ အကြံအဖန်လုပ်တဲ့သူကလဲ ဒိလောက် ပမာဏနည်းနည်းကို မတောင်းပါဘူး (Little India မှာ ဘတ်စ်ကားစောင့်နေတုန်းက သားသားနားနားဝတ်ထားတဲ့ ကုလားမိသားစုတစ်စုက သူတို့ စလုံးကို အလည်လာရင်း ပိုက်ဆံပြတ်သွားလို့ လမ်းစားရိတ်ပေးပါဆိုပြီး အကြံအဖန်လာတောင်းတာခံရဖူးပါတယ်… အကြံအဖန်လို့ထင်တာပါပဲ… တကယ့်ခရီးသွားက ပိုက်ဆံပြတ်ရင် သူစိမ်းဆီက လိုက်မတောင်းပါဘူး… ဘဏ်ကဒ်မရှိရင်တောင် ပါလာတာ ပေါင်နှံရောင်းစားပြီး Survived လုပ်မှာပါ)…

ကျွန်မလဲ အဘွားအိုကို “ပုကုန့် ချန်” (ပိုက်ဆံမလောက်ဘူး) ပြောတော့… 
သူက “မိန်းယိုချန်” တဲ့ (သူ့မှာလဲ ပိုက်ဆံမရှိဘူးတဲ့)… ကျွန်မလဲ ပိုက်ဆံယူမလာမိလို့ ဘာလိုလုပ်ရမှန်းမသိပါဘူး… 
ဒါနဲ့ပဲ “ဝေါ်ရယ် မိန်းယိုချန်” ဆိုပြီးထွက်လာခဲ့ပါတယ်… 
အဘွားအိုကိုလဲ လူရွေးမှားလေခြင်း… ငါ့လို ပိုက်ဆံမပါတဲ့သူကိုမှ ရွေးရလေခြင်း… ငါ့ကို ပိုက်ဆံမပေးချင်ဘူးများထင်သွားမလားဟု စိုးရိမ်ရင်း သူပိုက်ဆံပါတဲ့ နောက်တစ်ယောက်တွေ့ပြီး ကူညီသွားပါစေလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ အဲလိုဖြေတွေးနေလဲ ကျွန်မစိတ်ထဲက အောင့်သက်သက်ဖြစ်နေတယ်… ဒီ နေအောက်မှာ ရေဆာနေတဲ့ စလုံးအဘွားအိုတစ်ယောက် ပိုက်ဆံပါတဲ့ နောက်တစ်ယောက်ကို မတွေ့ရင်ဘယ်လိုလုပ်မလဲလို့ စဉ်းစားမိလိုက်တော့ ကျွန်မအိမ်ကို အမြန်သုတ်ခြေတင်ပြန်လိုက်တယ်… အိမ်ပေါက်ရောက်တာနဲ့ အဖေ့ဆီက ပိုက်ဆံ ၁ကျပ်၁ဝပြား အမြန်တောင်းပြီး ပြန်ပြေးဆင်းလာမိတယ်… စိတ်ထဲမှာ အဘွားအိုမှ ရှိပါအုံးမလား… ပြန်မှတွေ့ပါ့မလားလို့ တွေးနေမိတယ်…

ကျွန်မ အဲဒိတိုက်အောက်နားပြန်ရောက်တော့ အဘွားအိုက ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ လျှောက်နေတာ ဟိုဘက်တိုက်နားလောက်ရောက်နေတာ လှမ်းမြင်လိုက်ပါတယ်… သူ့ကို တစ်ခါပြေးခေါ်ပြီး Vending Machine ဘက် ပြန်လျှောက်လာတာထက်စာရင် ကျွန်မပဲ အမြန်ဝယ်ပြီး သူ့နောက်ပြေးလိုက်ရင် မှီအုံးမယ်ထင်တာနဲ့ စက်မှာအရင် အအေးဝယ်လိုက်ပါတယ်… ပြီးမှ အမြန်သူ့နောက်ပြေးလိုက်တော့ အဘွားအိုကို မတွေ့တော့ပါဘူး… စိတ်ထဲ “ဟာ… သွားပါပြီ… စောစောကမှတွေ့လိုက်သေးတယ်” ဆိုပြီး နောက်ဆုံးတွေ့လိုက်တဲ့ဘက်ကိုပဲ ဆက်ပြေးလိုက်ပါတယ်… အဲဒိနားရောက်တော့မှ အဘွားအိုက ဟိုဘက်တိုက်ဘက်ကို လျှောက်နေတာတွေ့ပါတယ်… ကျွန်မလဲ သူ့ကို ဘယ်လိုလှမ်းခေါ်ရမှန်းမသိပါဘူး… တရုတ်ကားတွေထဲမှာတော့ “နိုင်းနိုင်း” လို့ပဲခေါ်ရမလား… ဒါနဲ့ပဲ ဆက်ပြေးရင်း ခပ်တိုးတိုး “အမ်းမ… အမ်းမ” လို့ခေါ်လိုက်ပါတယ်… မှန်မမှန်တော့ မသိပါ… ပါးစပ်က ထွက်သွားတာကို အသံပေးလိုက်တာပါ…

အဘွားအိုလှည့်ကြည့်တော့မှ သူ့ကို ကျွန်မက အအေးဗူးလှမ်းပေးလိုက်ပါတယ်… အဘွားအိုလဲအတော်လေး ဝမ်းသာသွားတဲ့ပုံရပြီး တရုတ်လိုတွေ ဆုတောင်းပေးပါတယ်… “ကျုနီ ခွိုင့်လာ့… ရှောင်မိန့်” ဆိုပြီးပြောတာတော့ နားလည်ပါတယ်… သူ့အသက် ၈၀ ရှိပြီလို့ပြောတာလဲ ကြားလိုက်ပါတယ်… အဲလိုကြီး ဆုတောင်းပေးတော့ ကျွန်မလဲ မနေတတ်တော့ပါဘူး… ရုံးက Breaktime အချိန်အမှီပြန်ရမှာမို့ အဘွားအိုကို လက်ပြပြီး အိမ်ဘက်ကိုပဲ လှည့်ထွက်လာလိုက်ပါတယ်… အဘွားအိုရဲ့ တရုတ်လို ဆုတောင်းသံတွေကတော့ ကျွန်မလှည့်ထွက်လိုက်တဲ့အထိကြားနေရတုန်းပါပဲ… ဒါပေမဲ့ ကျွန်မအတွက်တော့ အအေးပေးလိုက်တုန်းက ဖြစ်သွားတဲ့ အဘွားအိုရဲ့ မျက်နှာကတင် လုံလောက်သွားပါပြီ…

အိမ်ကို ပြန်လျှောက်တဲ့လမ်းမှာ တစ်ယောက်တည်း တွေးပြီး စလုံးတွေကို စိတ်ထဲက ပြောမိတာက… နင်တို့ စလုံးလူငယ်တွေ ကိုယ့်မိဘတောင် ကိုယ်ပြန်မကြည့်လို့ အအေးတောင် ဝယ်မသောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် ငါတို့လို FT တွေ ရှိနေလို့ ခံသာနေတယ်မှတ်ပါ ဆိုပြီး… သူများပိုက်ဆံနဲ့ လှူလိုက်တဲ့ ကိုယ့်ရဲ့ ညောင်စေ့လောက်အလှူကို ညောင်ပင်ကြီးလောက် ဂုဏ်ယူရင်း ချွေးသံရဲရဲနဲ့ အိမ်ကို ပြန်လာခဲ့ပါတော့တယ်…

မဗေဒါရဲ့ စာဖတ်သူအပေါင်းလဲ ကိုယ်ပြန်စဉ်းစားလိုက်တိုင်း ကိုယ့်မျက်နှာပေါ်အပြုံးတစ်ခုတင်ပေးတဲ့… ကိုယ်ဂုဏ်ယူတဲ့ အလှူအတန်းမျိုးနဲ့ ကုသိုလ်အကျိုးကို လက်ငင်းခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်း…..

(မှတ်ချက်.... ဦးရဲထွဋ်လိုတော့ ကလေးတွေကားပေါ်တင်ပြီး ဓာတ်ပုံရိုက် သက်သေနဲ့တကွ ပြလို့မရပါ)....