Thursday, October 31, 2013

K-Dramas Titles in English VS မြန်မာ

Photo Source : http://kdramafighting.blogspot.sg/2013_05_01_archive.html

မြန်မာပြည်မှာ ထွက်သမျှ ကိုရီးယားကို မြန်မာစာတမ်းထိုးနဲ့ နောက်ဆုံးပေါ်ကားတွေကို ပေါမှပေါဝယ်လို့ရလို့ အားကျမိပါတယ်… အဲဒိအတွက်ကြောင့် မြန်မာပြည်က သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ ညီမတစ်ဝမ်းကွဲတွေပဲဖြစ်ဖြစ် ကိုယ့်လောက်တော့ ကိုရီးယားကားကိုသိကြပါတယ်… ကိုယ့်ထက်တောင် သိရင်သိမှာပါ… တစ်ခါတစ်လေ ကြုံလို့ တီဗွီဝင်ကြည့်ရင်တောင် ကျွန်မ မသိတဲ့ကားတွေပြနေတတ်သေးပါတယ်… တစ်ခါတစ်လေ သူတို့မြန်မာနာမည်နဲ့ ကိုရီးယားကားကို ပြောရင် ကျွန်မ ဘယ်လိုမှ အစဖော်မရအောင်ဖြစ်မိပါတယ်… ကားကို ပြတော့မှ အော်… ဒါက အင်္ဂလိပ်လို …. ခေါင်းစဉ်ပါလား… ဘာသာပြန်ချက်က လန်ထွက်နေတော့ လုံးဝကို ဆက်စပ်လို့ မရတာပါ… ဒီတော့ ရုပ်ရှင်အကြောင်း ပြောဖို့တောင်မှ သူကြည့်ပြီးတဲ့ကားနဲ့ ကိုယ်ကြည့်ပြီးတဲ့ ကားကို ကိုက်ဖို့တောင်မှ အတော်ခက်ပါတယ်…. တစ်ခါတစ်လေ ကိုယ်ကြည့်ပြီးတဲ့ ကားကောင်းလေးတွေ recommend ပေးချင်ရင်တောင်မှ မြန်မာလို ခေါင်းစဉ်မသိတော့ ပြောပြလို့မရပါဘူး…

မြန်မာပြည်က ကားနာမည်တွေကို ဇာတ်လမ်းကို အခြေခံပြီး ပြန်ပုံရပါတယ်… ဘာသာပြန်ထားတာ တစ်ချို့ဟာလေးတွေဆို မူရင်းနာမည်ထက်တောင်ကောင်းပါသေးတယ်… ဒါပေမဲ့ မူရင်းနာမည်နဲ့ လုံးဝ ဆက်စပ်မှုမရှိတာတွေကျတော့ ဘယ်လောက်ကောင်းကောင်း Online မှာ အဲ့ကားနဲ့ပတ်သတ်တဲ့ သတင်းရှာဖို့တောင် လွယ်မယ်မထင်ပါဘူး… ဒါနဲ့ မဗေဒါရဲ့ ဖေ့ဘွတ် Page (https://www.facebook.com/mabaydarPage) မှာ အဲဒိအကြောင်းလေး status တင်ပြီး ကိုယ်သိသမျှ လစ်လုပ်မိပါတယ်… တခြားသူတွေကိုလဲ သိရင် list ထဲမှာ ပြောပြဖို့ အကူအညီတောင်းမိပါတယ်…
ခု အဲဒိ List ကို A to Z အစဉ်လိုက် စီပြီး ပေါင်းတင်ပေးလိုက်ပါတယ်… နောက်ဆို English title ပဲ သိတဲ့ ကျွန်မလို လူတွေ မြန်မာပြည်က လူတွေနဲ့ ဇာတ်လမ်းအကြောင်းပြောချင်ရင်ပဲဖြစ်ဖြစ်… 
ဇာတ်လမ်းရှာဝယ်ချင်ရင်ပဲဖြစ်ဖြစ် လွယ်ကူသွားမှာပါ… ဒီ list ထဲမှာ မပါသေးပဲ ထပ်ဖြည့်ချင်တယ်ဆိုရင်လဲ Comment မှာ ထပ်ဖြည့်ပေးသွားပါ… နောက်ထပ် ၅၀ ကျော်ရရင် ပေါင်းပြီး ထပ်တင်ပေးပါအုံးမယ်…
ဒီ List ကို အဓိက ကူညီ ပေးကြတဲ့ Thant Swe နဲ့ Mady June ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်…
(စာကြွင်း… ဒီ list ထဲက ကားတော်တော်များများတောင် မဗေဒါ မကြည့်ရသေးပါဘူး)

  1. 49 days = အသက်ဆက်မျက်ရည်
  2. All about eve = ဆည်းဆာ ရင်ခုန်သံ
  3. Alone in Love = အချစ်ပြီးတော့အချစ်
  4. Autumn tale = ဆောင်းဦးရွက်ကြွေ ချစ်သက်သေ 
  5. Beethoven Virus = သံစဉ်များနှင့်ကခုန်ခြင်း
  6. Behind the White Tower = ဖြူစင်ခြင်းနောက်ကွယ်
  7. Bodyguard = သက်တော်စောင့် (တော်သေးတာပေါ့ “အချစ်တွက် အသက်ပင်သေသေ” တို့ ဘာတို့ မပေးလို့)
  8. Chosun Police= လျှို့ဝှက်မှုရဲ့နောက်ကွယ်
  9. City Hunter= အချစ်တိုက်ပွဲ (ဒီခေါင်းစဉ်ကတော့ ဇာတ်လမ်းနဲ့ သိပ်မကိုက်ဘူးထင်တာပဲ)
  10. Dating Now= သံယောဇဉ်
  11. Delicious proposal = အချစ်ဆုံးအတွက် ဟင်းတမယ် 
  12. Dream = အိမ်မက်ကာရံ
  13. Four Gold Chasers = ရတနာသိုက်ရှာပုံတော်
  14. Freshion seventies = ဖက်ရှင်ချစ်သူ
  15. Full house = ချစ်စံအိမ် (ဒါက နည်းနည်း နီးစပ်သေးတယ်)
  16. Get Karl! Oh Soo-jung = ချစ်သူလှည့်စား
  17. Gourmet = စားတော်ကဲ
  18. Heartstrings= နှလုံးသားရဲ့ချစ်သံစဉ်
  19. Hero = ဂျာနယ်လစ်ကိုကို (သူရဲကောင်း ကနေ နာမည်ကို Journalist OPPA လို့ ပြောင်းရတော့မယ့်ပုံပဲ)
  20. Hometown Legends (2008) = ကိုရီးယားရိုးရာတစ္ဆေပုံပြင်များ
  21. Honourable Baek Dong-soo = ဘဝတမ်းချင်း
  22. Hotelier = ဟိုတယ်ချစ်သူ
  23. Hwang Jin Yi = ပျော်တော်ဆက်
  24. Il-Ji-Mae: The Phantom Thief = ဒဏ္ဍာရီထဲက ပုံပြင်လေးတပုဒ် (ကဗျာဆန်ချက်က ၉လောက်ရှိတယ်… )
  25. It's ok Daddy's girl= အနှိုင်းမဲ့
  26. Jejungwon= ဖြူစင်တဲ့အားမာန်.
  27. La Dolce Vita = အချစ်နွံ
  28. Legend = မြင့်မြတ်နှလုံးသား
  29. Lonely bird= ငှက်ကလေးရဲ့ကောင်းကင်
  30. Love & Marriage = အောင်သွယ်တော်မလေးရဲ့ ဖူးစာရှင် (အချစ်နဲ့ အိမ်ထောင်ရေးလို့ ဘာသာပြန်ရင် စိတ်ဝင်စားမှုနည်းမှာစိုးလို့ထင်တယ်)
  31. Love story in Harvard = တခါတုန်းက တက္ကသိုလ်
  32. Loving for a thousand year= ရင်ခုန်တိုင်းချစ်တယ်
  33. Loving you = ရေသူမလေး ချစ်ပုံပြင် (ဘယ်က ရေသူမပါလာလဲ မသိဘူး)
  34. Marry Me, Mary= ချစ်ခွန်းခြွေတဲ့ သံစဉ်ည (Picking Love in Melodious Night? Hee hee )
  35. Master's Sun = ဝိဥာဏ် သတို့သမီး (ghost bride? ဒွတ်ခ မင်းသမီးလဲ သရဲလုံးလုံးဖြစ်) 
  36. My Fair Lady = မမလေးရဲ့သက်တော်စောင့်
  37. My happy home= သုခရိပ်မြုံ
  38. Painter of the Wind = အလွမ်းပန်းချီ
  39. Pretty mom= အရိပ်စစ်
  40. Queen Seondok = ၇စင်ကြယ်နဲ့ အသက်ကယ်ဓား (ဘာသာပြန် အရမ်းတော်တာပဲ)
  41. Rock Rock Rock (Drama Special Series) = ရော့ခ်အင်ရိုးချစ်သူ
  42. Rude Women = ချစ်သူဝိုင်းဝိုင်းလည် (မိန်းမရိုင်းကနေ ချစ်သူဝိုင်းဝိုင်းလည်တဲ့… ဒါပေမဲ့ ဇာတ်လမ်းအရတော့ ချစ်သူဝိုင်းဝိုင်းလည်က ပိုလိုက်ဖက်မယ်ထင်တယ်)
  43. Sharing Inheritance = နှလုံးသားစေညွှန်ရာ
  44. Snow Queen = နှင်းပွင့်ဧကရီ (ဒါလေးကတော့ ဘာသာပြန်တာလေး လှတယ်)
  45. Soul/Spirit/Ghost = ၀ိညာဉ်ခေါ်သံ
  46. Summer Scent = ကျောက်မဖြစ်တဲ့ နှလုံးသား ရုပ်ကြွင်း (ဒီနာမည်ကို ပြောပြတဲ့ ချမ်းမြေ့ခိုင်က ဘာသာပြန်တာ ကြိုက်လွန်းလို့ မှတ်မိနေသတဲ့ :P)
  47. Swallow the Sun = ချစ်သူ့ရင်ခွင် (၂)
  48. Swallow the sun= မျှော်လင့်ခြင်းရောင်ခြည် ( ရုပ်ရှင်နာမည် ပြောပြတဲ့ ၂ယောက် ၀ယ်တဲ့ DVD ဆိုင် မတူဘူးထင်တယ် နာမည် ၂မျိုးရှိတယ်… မြန်မာပြည်အချင်းချင်းတောင် တစ်ယောက်နဲ့ တစ်ယောက် ဘာကားကြည့်ပြီးပြီလဲ ပြောပြဖို့ ခက်မယ်)
  49. Temptation of an angel = အဆိပ်သင့်နှင်းဆီ (Poisonous Rose ? ^_^)
  50. The Last Match = အသည်းစိမ်းသလားကွယ်၊ ပွဲသိမ်းကစားမယ် (ကာရံနဲ့တောင် နာမည်ပေးလိုက်သေးတယ်… “နောက်ဆုံးပြိုင်ပွဲ” လို့ နာမည်ပေးရင်တောင် Plain ဖြစ်နေမှာစိုးလို့ထင်တယ်)
  51. The Man Who Can't Get Married = လူပျိုကြီးမဖြစ်လိုပါ
  52. The woman who still wants to marry = အချစ်ကိုသိချိန်
  53. Three leave clover= သစ်ရွက်လေးရဲ့ ရင်ခုန်သံ
  54. Trio= ချစ်ခြင်းနှင့်အတူ
  55. Triple = ပန်းသုံးပွင့်ဒိုင်ယာရီ
  56. Who are you (2013) = ချစ်သူ့ဝိညာဉ်
  57. Will it snow at Christmas = နှင်းပွင့်သစ္စာ
  58. World Within = ရင်ထဲကအနုပညာ
  59. You are beautiful = အိမ်ဂျယ်ချစ်သူ
  60. Yunmugok= တပြည်သူအချစ်


Tuesday, October 29, 2013

Macau where Asia meet Europe - (Day 4 of HK trip)

၂၁ ရက် ၁လ ၂၀၁၂
ကမ္ဘာကြီးက စာအုပ်တစ်အုပ်လိုပဲ... ခရီးမသွားတဲ့သူတွေဟာ စာအုပ်ရဲ့ တစ်မျက်နှာတည်းကို ဖတ်တဲ့သူတွေလိုပါပဲ..

ခရီးသွားမယ်ဆို ကိုယ့်ဟာကိုယ်အေးဆေး အချိန်ယူသွားရတာ ကောင်းတယ်ဆိုပေမဲ့… အပျင်းကြီးပြီး အချိန်ဆွဲမှုကြောင့် ကိုယ့်ခရီး ရောက်သင့်သလောက်မရောက်တာမျိုးတော့ မဖြစ်သင့်ဘူးဆိုတာကို အဲဒိနေ့က ကောင်းကောင်းကြီး သင်ခန်းစာရလိုက်ပါတယ်… နောက်ပြီး မရောက်ဖူးတဲ့ တနယ်တကျေး ကို ဘာ သတင်းအချက်အလက်မှ မရှာပဲ “ဒီလိုပဲ ဖြစ်သွားမှာပါ”ဆိုပြီးသွားရင် ဘယ်နေရာမှာ အချိန်ဘယ်လောက်သုံးရမှန်း မသိပဲ လုပ်ဖြစ်သင့်တဲ့အရေအတွက် နေရာဒေသကို မလုပ်ဖြစ်မရောက် မဖြစ်ပဲ အစီအစဉ်ချရာမှာလဲ အမှာအယွင်းတွေရှိနိုင်တယ်ဆိုတဲ့ သင်ခန်းစာကိုလဲ အဲဒိနေ့မှာရရှိခဲ့ပါတယ်…
သို့သော်လည်း “ခရီးသွားချိန်ကြုံတွေ့ရတဲ့ အဆင်မပြေမှုဆိုတာဟာ၊ တချိန်ပြန်စဉ်းစားရင် အမှတ်ရစရာ ဟာသတစ်ခုဖြစ်တယ်” ဆိုတဲ့အတိုင်းပဲ… အဲဒိတုန်းက ကမောက်ကမနဲ့ စိတ်တိုခဲ့ရ စိုးရိမ်ခဲ့ရပေမဲ့ အဆုံးမှာတော့ ကိုယ့်အပြစ်နဲ့ကိုယ်ကြေနပ်နေနိုင်သလို ပြန်စဉ်းစားတိုင်းလဲ ရီဖြစ်နေမှာပါ…
၎ရက်မြောက်နေ့မှာတော့ ကျွန်မတို့ အိပ်ယာထနောက်ကျတဲ့အပြင် အေးအေးဆေးဆေးပြင်ဆင်နေတဲ့အတွက် ဟိုတယ်ကထွက်လာတာ နောက်ကျပြီး မနက်စာကို မနက် ၁၀နာရီခွဲလောက်မှ စားနေကျ ဟိုတယ်နားက Dim Sum ဆိုင်မှာစားဖြစ်ပါတယ်… အဲဒိဆိုင်က အရမ်းအသက်သာကြီးမဟုတ်ပေမဲ့ အရသာနဲ့ စားရတဲ့ ဆိုင်အနေအထားကို သဘောကျတာရော ဟိုတယ်နဲ့နီးတာရောကြောင့် အဲဒိမှာပဲ သွားစားဖြစ်ကြတာပါ…


စားနေကျ ဟိုတယ်နားက ဒင်းဆန်းနဲ့ ခေါက်ဆွဲရောင်းတဲ့ ဆိုင်လေး...

အရမ်းစားကောင်းတယ်... ၄ရက်မြောက်နေ့ ဒင်းဆန်း...

စားသောက်ပြီးမှ သဘောင်္ဆိပ်ကို လမ်းလျှောက်သွားကြပါတယ်… သဘောင်္ဆိပ်ကို ဘယ်လိုသွားရမလဲ ဟိုတယ်ဝန်ထမ်းကိုမေးခဲ့တော့ လမ်းလျှောက်ရုံနဲ့ရောက်တယ်လို့ သူကပြောတဲ့အတွက် မြေပုံကြည့်ရင်းလျှောက်ဖြစ်ကြပါတယ်… အဆောက်အဦးတွေ့တော့ လူတွေသိပ်မတွေ့တာနဲ့ မှားမျာနေလားလို့တွေးမိပေမဲ့ အထဲဝင်ပြီး ဆိုင်းဘုတ်အတိုင်းလျှောက်သွားတော့ သဘောင်္လက်မှတ်ရောင်းတဲ့ ဆိုင်တွေအများကြီးတွေ့ပါတယ် ဆိုင်တွေရှေ့ မရောက်ခင်ကတည်းက (ကျိုက်ထီးရိုးက ထမင်းဆိုင်တွေလိုပဲ) ထွက်ခေါ်ကြတာ… အဲလိုခေါ်ရင် နေရသိပ်ခက်တာပဲ… ဒါနဲ့ ဈေးကို အကြမ်းဖျင်းကြည့်လိုက်ပြီး သက်သာမယ် ကောင်းမယ်ထင်တဲ့ဆိုင်ကို ၀င်မေးလိုက်တယ်… အသွားအပြန် HKD 300 ဒါပေမဲ့ ည၁၀နာရီနောက်ဆုံးထားပြီးပြန်ရမယ်… တကယ်လို့ အပြန်လက်မှတ်သက်သက်ဝယ်မယ်ဆိုရင်တော့ တစ်ကြောင်းကို HKD 200 ဖြစ်သွားမယ်… ကိုယ်လဲ ည၁၀နာရီတော့ ပြန်ရောက်လောက်ပါတယ်ဆိုပြီး အသွားအပြန်ဝယ်လိုက်တယ်… သေချာတာပဲ လုပ်ရဲတယ်… တော်ကြာကျမှ မကာအိုဘက်က လက်မှတ်ဆိုင်ပိတ်သွားတယ်ဆို ဟိုမှာသောင်တင်နေမှာ…
သူငယ်ချင်းကတော့ သဘောင်္စောင့်နေရင်းနဲ့ အချိန်လောက်ပါ့မလားလို့ သတိပေးတယ်… ဒါပေမဲ့လဲ ကိုယ့်အပြစ်နဲ့ကိုယ် အိပ်ယာထနောက်ကျပြီး အေးဆေးလုပ်နေကြတာဆိုတော့ စိုးရိမ်နေလဲ အလကားပဲလေ… အချိန်မလောက်တော့လဲ ရသလောက်ပေါ့လို့ပဲ တွေးလိုက်ရတာပေါ့… ၁၁ခွဲမှ သဘောင်္စစီးတယ်… ၁၂ခွဲမှာ မကာအိုရောက်တယ်… သဘောင်္က သက်တောင့်သက်သာရှိတော့ သဘောင်္ပေါ်မှာ ၂ယောက်လုံး ၁ရေးရလိုက်သေးတယ်… ဟိ…


မကာအိုကို သဘောင်္နဲ့အပြင် ဟတ်လီကော်ပတာနဲ့လဲ လာလို့ရတယ်…. အဲဒိသဘောင်္လက်မှတ်ရောင်းတဲ့ဆိုင်တွေမှာပဲ ဟတ်လီကော်ပတာလက်မှတ်ဝယ်လို့ရတယ်… ဘယ်လောက်လဲတော့ မမှတ်မိဘူး… ဈေးကြီးတာပဲ မှတ်မိတယ်… (ကိုရီးယားကားထဲက သိပ်ချစ်တတ်တဲ့ ခပ်ချောချော CEO တစ်ယောက်လောက်ကိုယ့်ကြိုက်နေတယ်ဆိုရင်လဲကောင်းသား)…
အင်မီဂရေးရှင်းမှာ Visa upon arrival လျှောက်လို့ရတယ်… အရမ်းလွယ်တယ်… သူတို့ပြောတဲ့ Visa ကြေးပေးရုံပဲ… ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး… ကိုယ်တွေ ၂ယောက်ပဲ အဲ့ကောင်တာဘက်သွားရတယ်… သဘောင်္တစ်စင်းလုံးကလူတွေက ဗီဇာမလိုကြဘူးထင်ပါရဲ့…
သဘောင်္ဆိပ်ကထွက်လိုက်တာနဲ့ တိုက်စီသမားတွေက တိုက်စီငှားမလားဘာညာနဲ့ နောက်ကတစ်ကောက်ကောက်လိုက်မေးကြတာပဲ… ကျွန်မတို့လဲ မြေပုံတောင်းဖို့ နေရာလိုက်ရှာပြီး မြေပုံကြည့်လုပ်ငန်းစကြတယ်… အစပိုင်းက အူလည်လည်ဖြစ်နေသေးတယ်… နောက်တော့ မှားမှားမှန်မှန် မြေပုံထဲမှာကြည့်တာနဲ့ တူသလိုလိုရှိတဲ့ ဘယ်ဘက်ကိုကွေ့ပြီး လျှောက်ဖြစ်တယ်… ၁၀မိနစ်လောက်လျှောက်လိုက်တာနဲ့ Macau fisherman wharf ဆိုတဲ့ အသစ်ဖွင့်ထားတဲ့ tourist attraction နေရာကိုရောက်သွားတယ်… အဆောက်အဦးတွေက Rome ပုံစံတွေဆောက်ထားတယ်… Europe ကိုရောက်သွားတဲ့အတိုင်းပဲ… ဓာတ်ပုံရိုက် ဟိုကြည့်ဒီကြည့်ပေါ့… Dim Sum HKD 78 ဆိုတော့ ဟောင်ကောင်နဲ့ယှဉ်ရင် နည်းနည်းလေးသက်သာတယ်… ဆိုင်ကြော်ငြာဆိုင်းဘုတ်ကတော့ တွေ့တွေ့နေတယ်… ဆိုင်သာမတွေ့တာ… 



ရောက်တုန်းက နောက်က အဆောက်အအုံးကြီးက မဖွင့်သေးဘူး... နောက်တစ်ခေါက်လာတာပေါ့နော်...

ဒါကြီးက အသစ်ဆောက်လက်စ Tourist attraction တစ်ခု... ဘာဖြစ်မလဲတော့ မသိ....

Rome တို့ ပေါ်တူကီတို့ စတိုင်ဆောက်ထားတဲ့ shopping mall...

ဒီနေရာလေးကို snow city လို့ နာမည်ပေးချင်တယ်... အပင်လေးတွေကော အဆောက်အအုံလေးတွေရောက အဖြူရောင်လေးတွေများလို့....


Asia First Ice Sculpture gallery 


Welcome to Asia first Ice Sculpture gallery 

အဲဒိနားမှာရှိတဲ့ Aisa First Ice sculpture gallery ကို သွားဖြစ်တယ်… ကောင်တာထိုင်တာကတော့ Europe မိန်းကလေးထင်တယ်… လာတဲ့ဧည့်သည်ကလဲ ကျွန်မတို့ ၂ယောက်ပဲရှိတယ်… ၀င်ဖို့ အနွေးထည်အရှည် အထူကြီးတွေဝတ်ရတယ်… ဒါပေမဲ့ အနွေးထည်တွေကလဲ ရေစိုစိအနံ့တွေနဲ့ အနံ့အသက်က သိပ်မကောင်းဘူး… ကျွန်မက ကြိုးသိုင်းဖိနပ်စီးလာတော့ သူတို့ပေးတဲ့ Boot (လည်ရှည်ဖိနပ်) စီးခိုင်းတယ်… ကျွန်မသူငယ်ချင်းက အစကတည်းက ဒေါက်မြင့်လည်ရှည်ဖိနပ်စီးလာတော့ သူက ပေးတဲ့ ဖိနပ်စီးစရာမလိုဘူး… ဒါပေမဲ့သူက ဆိုင်ကပေးတဲ့ ဖိနပ်ကို ချစ်စရာကောင်းလို့ သူလဲစီးချင်တယ်ဆိုပြီး စီးတယ်… ပြီးတော့ ရေခဲသတ္တာအကြီးစား sliding တံခါးကြီးကို ကောင်တာက မိန်းမက နံရံကိုကန်ပြီးဖွင့်ပေးတယ်…
ရေခဲပြတိုက်တစ်ခုလုံးမှာ ကျွန်မတို့ ၂ယောက်ပဲရှိလို့ အစပိုင်းတော့ စိတ်ထဲနည်းနည်ခြောက်ချားသလိုဖြစ်မိပေမဲ့ နောက်ကျတော့လဲ ဓာတ်ပုံရိုက်ဘာရိုက်နဲ့နေသာကျသွားတယ်… ဒီလောက်အေးတဲ့အခန်းထဲမှာ အာငွေ့ပေးပြီး ရေခဲကိုပျော်အောင်လုပ်ရင် မပျော်ဘူးဆိုတာသိပေမဲ့ စမ်းကြည့်မိတယ်… ရေခဲက အငွေ့တောင် မထွက်ဘူး.. ခိခိ… အဲဒိထဲမှာ မိနစ် ၂၀လောက်ပဲ နေဖြစ်တယ်… အရမ်းလဲ မကျယ်ပါဘူး… ဒါပေမဲ့ ကြာလာတော့ လက်တွေထုံလာတယ်… တော်ကြာနေ ကိုယ်ပါခဲနေမှာစိုးလို့ ထွက်မယ်လုပ်တော့ တံခါးက ဘယ်လိုမှဖွင့်လို့မရဘူး… ၂ယောက်သားကြိုးစားကြည့်တယ်မရဘူး… ငါတို့ခဲပြီး အထဲမှာ ရေခဲရိုက်ပြီးသားဖြစ်သွားမယ်ဆိုတဲ့ အတွေးခေါင်းထဲရောက်လာတော့ ကြောက်စိတ်ကြောင့် ဟိုမိန်းမ တံခါးဖွင့်တုန်းက နံရံကို ကန်ဖွင့်တာမျက်လုံးထဲပြန်ပေါ်လာတာနဲ့ “ငါသေဖို့ အချိန်မတန်သေးဘူး… လာထား” ဆိုပြီး အတွင်းအားနဲ့ ခြေစုံကန်ဖွင့်မှပဲ တံခါးက ပွင့်တော့တယ်… 



ဒီဘက်က နန်းတော်ပုံ.. ဟိုးအတွင်းဘက်က တောရိုင်းတိရိစ္ဆာန်ပုံတွေ ထုထားတယ်..

ရေခဲ နန်းတော်...

အဲဒိကနေ ကျွန်မတို့က Ruin of St. Paul Church ကို သွားမလို့ပါပဲ… ဒါပေမဲ့ ဒီနေရာမှာ research ကိုသေသေချာချာ ကြိုမရှာလာတဲ့ အကျိုးကျေးဇူး (ရွဲ့ပြောတာ) တွေကို ခံစားရတော့တာပါပဲ… အဲဒိအချိန်အထိ Ruin Of St. Paul ရှိတဲ့နေရာကို မြို့ပြင်လိုနေရာမျိုးမှာ၊ တောင်ကုန်းတောင်တန်းတွေကြားမှာလို့ စိတ်ထဲက ထင်နေခဲ့မိတာပါ… နီးနီးနားနာ ဘာဆိုင်မှ သိပ်မရှိပဲ ရှိတဲ့ဆိုင်တွေကလဲ ရိတ်မဲ့ ဈေးတွေပဲဖြစ်မှာပဲလိုပဲ မှန်းထားတာပါ… (tourist အလာများတဲ့နေရာတွေက ရိတ်တဲ့နေရာတွေချည်းပဲကိုး…) ဒီတော့ ဗိုက်ကလဲ နည်းနည်းဆာလာတာနဲ့ ထမင်းစားမလားစဉ်းစားမိတော့… သူငယ်ချင်းက သူမဆာသေးဘူးတဲ့…

ကျွန်မက အရမ်းမဆာသေးပေမဲ့ ညနေ ၃နာရီထိုးနေတာရော ရှေ့ဆက်သွားမဲ့ နေရာမှာ စားသောက်ဆိုင်မရှိမှာ စိုးတာရောကြောင့် (research သေချာမလုပ်ခဲ့တဲ့ အပြစ်တွေ) စားမယ်ပြောတာပါ… ဒါပေမဲ့ သူငယ်ချင်းက ကျွန်မ ဗိုက်ဆာရင် စိတ်တိုမှာစိုးတာနဲ့ စားမယ်ဆိုပြီး ဆုံဖြတ်လိုက်တယ်… ဒါနဲ့ တွေ့ခဲ့တဲ့ ဆိုင်းဘုတ်ကို ပြန်သွားရှာတယ်… အဲဒိ ရောမပုံ အဆောက်အအုံ shopping mall ထဲမှာရှိမယ်ထင်တာ… တကယ်တော့ မရှိဘူး… အဲဒိ fisherman wharf ကို နှံ့နေအောင် မနည်းရှာပြီးတော့မှာ… ဟိုးနောက်ဘက်က လှေကားပေါ်ကိုတက်လိုက်မှ အပေါ်ထပ်မှာ စားသောက်ဆိုင်တွေ့တယ်… ကျွန်မတို့ရောက်သွားတဲ့အချိန်က ၃နာရီ ၁၅မိနစ်လောက်ဖြစ်နေပြီ… ပရိုမိုရှင်းပြထားတဲ့ ဒင်းဆန်းကိုမေးတော့ ၃နာရီထိပဲတဲ့… သူ့ဆိုင်ရှာနေတာနဲ့ ၁၅ မိနစ်နောက်ကျပြီး မစားရဘူး… ဒါနဲ့ မြန်မြန်ရနိုင်မယ်ထင်တဲ့ Beef Claypot rice ပဲ မှာလိုက်တယ်… စကာင်္ပူက တစ်ချို့ Food court တွေကို Claypot rice ကို ကိုယ့်ရှေ့မှာတင်ချက်တာ ၁၀မိနစ်လောက်ပဲ အများဆုံးစောင့်ရတာ… ဒါပေမဲ့ ပေါ်မလာ… ပေါ်မလာ… စောင့်…. စောင့်… စောင့်ပြီးရင်းစောင့်… အဲဒိမှာတင် အချိန်တွေတော်တော်ကုန်သွားတယ်… လူက အတော်လေး စိတ်တိုတယ်…
စားစရာရောက်လာတော့ အရသာကလဲ ပေါ့ပျက်ပျက်နဲ့ စားလို့လဲ ဒီလောက်မကောင်းပါဘူး… ဆိုင်ကတော့ အဆင့်မြင့်စားသောက်ဆိုင်ပါပဲ ဈေးကလဲ သိပ်တော့ မချိုလှပါဘူး… အချိန်မလောက်မှာစိုးတာနဲ့ အမြန်စားပြီး လစ်ကြပါလေရော…


A Journey to Ruin of St. Paul



Ruin of St. Paul's church... မကာအိုရဲ့ နာမည်အကြီးဆုံး tourist attraction
မရောက်မဖြစ် အဓိကသွားချင်တဲ့နေရာက Ruin of St. Paul ဘုရားကျောင်းဆိုတော့ အဲဒိကို အရင်သွားပြီး အချိန်ပိုမှ ကျန်တာသွားဖို့ ဆုံးဖြတ်လိုက်တယ်… ခက်တာက ဘယ်လိုသွားရမှန်း နကန်းတစ်လုံးမှ မသိတာ…

သူငယ်ချင်းက သူ့သူငယ်ချင်း စလုံးမကို မေးခဲ့တာတော့… မကာအို သဘောင်္ဆိပ်ကထွက်လိုက်တာနဲ့ အဲဒိက Casino and Hotels တွေက သူတို့ ဟိုတယ်ကို အလကားဆွဲပေးတဲ့ Free Shuttle bus တွေ ရှိတယ်တဲ့ အဲဒိ ကိုယ်သွားချင်တဲ့ နေရာနဲ့ နီးတဲ့ ဟိုတယ်ကိုသွားတဲ့ ဘတ်စ်ကားကို တက်စီးလိုက်ရုံပဲတဲ့…. (ပြောတော့လွယ်တယ်)… ဒါပေမဲ့ ကိုယ်သွားချင်တဲ့ နေရာနဲ့ ဘယ်ဟော်တယ်နီးမှန်းမှ မသိတာ… သူ့သူငယ်ချင်းကပြောတော့ V နဲ့စတဲ့ ဟိုတယ်တဲ့… ဒါနဲ့ Venetian hotel ကိုသွားတဲ့ ကားပေါ် ခပ်တည်တည်ဝင်ထိုင်လိုက်တယ်… ကားသမားတွေကိုလဲ မမေးချင်ဘူး… မေးစရာမှ မလိုတာ ဒီကားဘယ်သွားလဲဆိုရင် ဟိုတယ်ပဲ သွားမှာလေ… ကားက အတော်ကြာကြာစီးလိုက်ရတယ်… ကျွန်မစိတ်ထင် နာရီဝက်လောက်တောင်ကြာမယ်ထင်တယ်… လမ်းမှာ အဝေးက တောင်ထိပ်ပေါ်မှာ မှုန်ပြပြမြင်ရတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုတွေ့တော့ မြင်ဖူးသလိုလို Dejavu ဖြစ်နေတာ နောက်မှ ခေါင်းထဲကို Jerry Yan ပုံ ဖြတ်ကနဲ့ ရောက်လာတော့မှ ဟာ… အဲဒါ Meteor Garden 2 ကားမှာ မင်းသားက မင်းသမီးကို လက်ထပ်ခွင့်တောင်းဖို့ စောင့်ခိုင်းထားတဲ့ ဘုရားကျောင်းဖြစ်နေတယ်… (အဲလို ဥာဏ်ကောင်းတာ… စာ ဆိုအဲလိုမမှတ်မိဘူး)… အဲတော့မှ စိတ်ထဲမှာ မရိုးမရွနဲ့ သွားချင်မိတာ… မကာအိုကို နောက်တစ်ခေါက်များ ပြန်ရောက်ဖြစ်မယ်ဆိုရင်တော့ ဒီဘုရားကျောင်းကို မရောက်ရောက်အောင်သွားမယ်… ဒါပေမဲ့ သူကလဲ တော်တော်လေး သွားရခက်တဲ့နေရာမျိုးမှာရှိနေသလိုပဲ… 


နောက်တော့ အီဂျစ်က နန်းတော်ကြီးလိုလို ဘာလို စိတ်ထဲခံစားရတဲ့ ခန်းခန်းနားနား ဆောက်ထားတဲ့ Galaxy hotel and casino ကိုဖြတ်သွားပြီး လူအတော်စည်ကားတဲ့ ဟော်တယ်တစ်ခုဝန်းထဲမှာ ကားရပ်သွားတယ်… Ruin of St.Paul အရိပ်ရောင်တောင် မတွေ့ဘူး… နောက်တော့မှ သိလိုက်တာက Ruin of St.Paul နဲ့ လမ်းက တခြားစီတဲ့… ဒီဟော်တယ်ကလဲ အမှန်တော့ Macau ရဲ့ tourist attraction တွေထဲမှာ အထင်ကရပါတဲ့ အဆောက်အဆုံထဲမှာ ဗင်းနစ်မြို့က မြစ်ပုံမျိုး ပုံစံငယ်ဆောက်ထားတာ… ဒီနေရာမှာ ကျွန်မ ရွေးရတော့မယ်… အချိန်က ၄နာရီကျော်နေပြီ ကျွန်မတို့ အချိန်ဆိုတာကို ဘာလုပ်လုပ်ထည့်စဉ်းစားရတော့မယ်… ဟိုကနေကားစီးလာတာတောင် နာရီဝက်လောက်ကြာတာ ပြန်စီးရင် နောက်ထပ်နာရီဝက်ကြာမယ်… အဲဒိမှာ ငါတို့သာ စောစောထရင်ကောင်းသားတို့၊ Fisherman Wharf မှာ အချိန်အများကြီး မဖြုန်းမိရင်ကောင်းသားတို့၊ စသည်ဖြင့် တဗျစ်တောက်တောက် နောက်တရနေချိန်မရှိတော့ဘူး… ကျွန်မကတော့ ဟိုတယ်ထဲကို မ၀င်ပဲ Ruin of St.Paul ကိုပဲ သွားဖို့ဆုံးဖြတ်လိုက်တယ်… သိတယ်… ဒီဘက်ကို ပြန်လာဖို့ ဘယ်လိုမှ အချိန်မရှိတော့ဘူးဆိုပေမဲ့လဲ… မကာအိုရဲ့ သမိုင်းနဲ့အတူ တကယ်ရှိနေတာက Ruin of St.Paul … လူလုပ်ထားတဲ့ ဗင်းနစ်မြို့က အတုက အတုပဲ (Boy over flower – Korean version) မှာ ပါတဲ့ နေရာမို့ ၀င်ကြည့်ချင်ပေမဲ့ အဓိကကို ဦးစားပေးရွေးချယ်ရမှာပဲ… ဒါပေမဲ့ မမေးလို့ မဖြစ်တော့တဲ့ အခါကျတော့လဲ မေးရပါတော့တယ်… ကျွန်မသူငယ်ချင်း ချောချောလှလှလေးကိုပဲ ရှေ့တန်းတင်ပြီး အဲဒိက ဟိုတယ်တာဝန်ကျ လူငယ်တစ်ယောက်ကို မေးခိုင်းလိုက်ပါတယ်… အဲ့လူငယ်ကလဲ ဘာလို့ ပြုံးစိစိဖြစ်နေသလဲတော့ မသိပါ ကောင်းကောင်းမွန်မွန်တော့ စိတ်ရှည်ရှည်ဖြေပေးပါတယ်… ပုံမှန်အားဖြင့်တော့ သူတို့ဟိုတယ် Service အနေနဲ့ Ruin of St.Paul ကို တန်းပို့ပေးတဲ့ Free shuttle bus service ရှိပေမဲ့ အဲဒိနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် မရှိပါဘူး… (ကျွန်မတို့ ကံဆိုးသထက် ဆိုးချက်ပေါ့)… ဒါနဲ့ Ruin of St. Paul နဲ့ အနီးဆုံး ဟိုတယ်က ဘယ်ဟိုတယ်လဲလို့ ရှေ့မျက်နှာ နောက်ထားပြီးမေးရပါတော့တယ်… ဒါပေမဲ့လဲ သူတို့က ရိုးနေတဲ့ပုံပေါက်ပါတယ်… သူတို့အတွက် တွက်ချေကိုက်လို့ Free Shuttle bus တွေထားပေးထားတာပေါ့… Grand Lisboa ဟိုတယ်ကိုသွားတဲ့ ကားက Ruin of St.Paul နဲ့ အနီးဆုံးပဲလို့ဆိုပါတယ်… ဒါနဲ့ သဘောင်္ဆိပ်ကို နာရီဝက်လောက် ပြန်ကားစီး… အဲဒိကနေ Grand Lisboa ဟိုတယ်ကားပေါ်ကိုတက်… စိတ်ထဲမတော့ ဒီကားက ဘယ်လောက်ကြာကြာ စီးရမလဲစိုးရိမ်နေမိပါတယ်…
ဒါပေမဲ့ ၁၀မိနစ်လောက်ပဲစီးလိုက်ရတယ် မြို့ထဲမှာပါပဲ… အဲဒိဟိုတယ်ကိုရောက်သွားတယ်.. အဲဒိကနေ ဘယ်လို ဘယ်လို ဆက်သွားရမှန်းမသိပါဘူး… ဘယ်သူ့နောက်လိုက်ရမှန်းမသိလိုက်ခင်မှာပဲ ကားပေါ်က လူတွေလဲ ဘယ်ရောက်သွားမှန်းမသိပါ… ဒီလိုနဲ့ ဟိုလူ့မေး ဒီလူ့မေးနဲ့ Senado Square ကို သွားရမယ်လို့ သိလိုက်ပါတယ်… အဲဒိမြို့ကလူတွေကလဲ ချဉ်းကပ်ရတာ အရမ်းခပ်ပါတယ်… မေးဖို့ဆို အလုပ်များချင်ယောင်ဆောင်နေကြတယ်… ဆက်သွယ်စကားပြောရလဲ ခက်… ဒါတောင် မြေပုံနဲ့ ထောက်ပြပြီး အလည်လာသူအများဆုံးနေရာကို မေးတာ လည်လည်ဝယ်ဝယ်လဲ မပြောတတ်ကြဘူး… နောက်ဆုံးတော့ ကိုယ့်ရဲ့ မြေပုံကြည့်အစွမ်းရယ်၊ စိတ် အစွမ်းရယ်နဲ့ ထင်တဲ့နေရာကို လျှောက်ရင်း လျှောက်ရင်း Senado Square ကိုရောက်သွားပါတော့တယ်… 

1835 မှာ ဘုရားကျောင်းမီးလောင်သွားတာ ခုလို မျက်နှာစာပဲကျန်ခဲ့တယ်...
တရုတ်နှစ်ကူးနီးလို့ တရုတ်နှစ်ကူးအတွက် ပြင်ဆင်ထားပါတယ်… အဲဒိရောက်တော့မှ စပြီး ဆိုင်းဘုတ်တွေတွေ့ပါတယ်… Ruin of St.Paul သို့ဆိုပြီးတော့… ရှာရတာလွယ်သွားပါတယ်… Dasanba Street မှာ မုန့်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေပေါမှပေါပါပဲ… အဲဒိအချိန်မှာ Claypot Rice ဆိုင်ကို ရှာခဲ့ရတဲ့အချိန်တွေနဲ့ စားဖို့စောင့်ခဲ့ရတာကို အတော်နောင်တရပါတယ်… ငါ့စာဖတ်သူတွေကို ဒီအချက်ကို သေချာပေါက်ပြန်ပြောပြရမယ်လို့ စိတ်ထဲ မှတ်ထားခဲ့ပါတယ်…

အရင်က စိတ်ထဲထင်ထားတဲ့ Ruin of St.Paul ဆိုတာ မြို့ပြင်က တောင်ကုန်းပေါ်မှာ ထီးထီးကြီးရှိတယ်ထင်ထားတာနဲ့ တက်တက်ဆင်အောင်လွဲနေတော့ စိတ်ထဲက ငါသွားနေတဲ့ လမ်းမှန်ရဲ့လားလို့တောင် ထင်မိပါတယ်… မထင်ထားတဲ့ပုံမျိုးဆိုတော့ တကယ်ကို Surprised တစ်ခုပါပဲ… Dasanba Street ရဲ့ အဆုံးရောက်တော့မှ ကုန်းမြင့်လေးပေါ်က Ruin of St.Paul ကို တွေ့ပါတော့တယ်… ရောက်သွားတဲ့အချိန်က ၅ခွဲလောက်ရှိနေပါပြီ… အဲဒိမှာ ဓာတ်ပုံတွေဘာတွေခဏရိုက်နေတုန်း သူငယ်ချင်းက အစောင့်လူကြီးပြောနေသံကြားလိုက်လို့ ၆နာရီပိတ်မယ်ဆိုလို့ အမြန် အဲဒိ တံခါးပေါက်ထဲကိုဝင်လိုက်ပါတယ်… တံခါးပေါက်ထဲဝင်လဲ ဘာမှမထူးပါဘူး… ငယ်ငယ်က ရွှေတံခါးကြီးဖွင့်ပါအုံးကစားသလိုပါပဲ… သူက အဆောက်အအုံးမှမရှိတာ… အဲဒိ ပြားလိုက်ကြီးကျန်တာဆိုတော့ အထဲဝင်လဲ ဘာမှ မထူးပါဘူး… ဒါပေမဲ့လဲ ဘာများထူးမလဲဆိုပြီး ၀င်ကြည့်တာပေါ့… အနောက်ဘက်မှာတော့ အပေါ်တက်လို့ရတဲ့ လှေကားလေးရှိတာနဲ့ အပေါ်တက်ပြီး ပြတင်းပေါက်ကနေ Busy Dasanba Street ရယ်.. အဝေးက Grand Lisboa ဟိုတယ်ရယ်ရှုခင်းကိုတွေ့နိုင်ပါတယ်… (အောက်က Video မှာကြည့်ရင်တော့ ကျွန်မဆိုလိုတဲ့ အထဲဝင်လဲ ဘာမှမထူးဘူးဆိုတာနဲ့ မြင်ရတဲ့ မြင်ကွင်းကို ပိုသိသာစေမှာပါ)… 



1582ခုနှစ်ကနေ 1602 ထိ ဆောက်လုပ်ချိန်ကြာမြင့်ခဲ့တယ်... အဲဒိအချိန်က အာရှမှာ အကြီးဆုံး Church တစ်ခုဖြစ်တယ်..


ဒါက Church ဘက်က နေ ဈေးတန်းဘက်ကို ရိုက်တာ..
ခဏနေလိုက်တာနဲ့ မှောင်သွားပါပြီ… ၆နာရီကျော် ၇နာရီလောက်ရှိ ပြီဆိုတော့… အလာတုန်းက မမှီမှာစိုးလို့ သုတ်ခြေတင်ပြေးခဲ့ရတာဆိုတော့ ခုမှ စိတ်ကို ဒုန်းဒုန်းချပြီး တော်ပြီး တခြားနေရာသွားဖို့လဲ အချိန်မကျန်တော့ဘူး ဒီတော့ လက်ရှိအခြေအနေကိုပဲ ပျော်ပျော်ကြီးခံစားလိုက်တော့မယ်လို့… 

ကျွန်မသုတ်ခြေတင်ပြေးတော့ နောက်ကလိုက်ရတဲ့ ဒေါက်မြင့်ဘွတ်စီးလာတဲ့ ကျွန်မသူငယ်ချင်းခြေထောက်တွေလဲ စားသာမှာမဟုတ်ပါဘူး… ဒီလိုနဲ့ပဲ ၂ယောက်သား အဲဒိက အုတ်ခုံတွေပေါ်ခဏထိုင်ရင် ရာသီဥတု ချမ်းစိမ့်စိမ့်ကို ခံစားကြပါတယ်… အဲဒိနားမှာ အလာကတည်းက ဆိုင်းဘုတ်ကိုကိုင်ပြီး ကြော်ငြာနဲ့တဲ့ Pork Chop Bum ဆိုင်ရှိပါတယ်… သူငယ်ချင်းကလဲ သူ့သူငယ်ချင်းက Pork Chop Bum ကောင်းတယ်ပြောလိုက်တယ်ဆိုတော့ အဲဒါကိုပဲ ညစာအဖြစ်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်… အဲဒိဆိုင်က Take away ပဲရတယ်… ပေါင်မုန့်ဆိုင်က ကောင်မလေးက Macau ပိုက်ဆံတွေပြန်အမ်းတဲ့အခါ ကျွန်မတို့က ပြန်တော့မဲ့သူဖြစ်နေတော့ HKD အမ်းဖို့ မေးကြည့်တော့ မငြီးမငြူပါပဲ သူလိုက်ရှာပြီး အမ်းပေးပါတယ်… ပိုက်ဆံအမ်းဖို့ စောင့်နေတဲ့ အချိန်မှာ မကာအိုက ကောင်လေးတွေလား ဟောင်ကောင်သားလေးတွေလားတော့ မသိဘူး ကျွန်မတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပါတယ်… သူတို့ကြည့်ရတာ ကျွန်မတို့ကို ဘယ်နိုင်ငံက လာမှန်း ဝေခွဲလို့မရဖြစ်နေသလို… သူတို့နဲ့များ သက်တူရွယ်တူလို့ ထင်နေသလားတော့မသိပါ… ဒါပေမဲ့ ကိုယ်တွေအသက်က အာဂျူမာ(Ajumma) နား နီးနေတော့ ကောင်လေးတွေကြည့်တာလောက်တော့ ရှက်သွေးမဖြန်းတတ်တော့ပါ… (ကြည့်မဲ့သူရှိသေးတာပဲ ကျေးဇူးတင်ရမယ်… ခိ… ခိ)… ဒါပေမဲ့ ကိုယ့်ဆီကနေ ရိုက်လုမှာလဲ ကြောက်ရသေးတယ်… လူဆိုးမှန်းမသိ လူကောင်းမှန်းမသိလေ… ကြည်နူးနေလို့ မဖြစ်ဘူး… 


အဲဒိ Pork Chop Bun ကို စားဖြစ်အောင် စားခဲ့ကြပါ... အရမ်း အရမ်း ကောင်းပါတယ်...

ဒီလိုနဲ့ Ruin of St.Paul နား အုတ်ခုံလေးတွေမှာထိုင်စားဖြစ်တယ်… ကောင်လေးတွေကလဲ မလှမ်းမကမ်းလေးမှာ ထိုင်စားတယ်… ဒီဘ၀မှာ ကြုံတွေ့ရတဲ့ လူတွေဟာ သံသရာတစ်ကွေ့မှာ အနည်းနဲ့အများတော့ ရေစက်ရှိလို့တဲ့… ခဏပဲကြုံတွေ့ရင် ခဏစာလောက်ပဲရေစက်ရှိလို့တဲ့… ဒီတော့ ကျွန်မတို့နဲ့ ရေစက်ရှိခဲ့တဲ့ ခရီးသွားတုန်း ကြုံခဲ့တဲ့ သူလေးတွေကိုလဲ ကျွန်မသူငယ်ချင်းက မိမိရရမှတ်တမ်းတင်ခဲ့ပါတယ်… (ကောင်လေးတွေက သူ့ကိုကြည့်တာဖြစ်မှာ…  ) ဒါမျိုးကလဲ ဒီအသက်အရွယ်ရောက်မှ လုပ်ရဲတာလေ… Moment and Memory ဆိုတာ အမိအရဖမ်းဆုတ်သင့်တဲ့အရာလေ… ရှက်စရာမှ မဟုတ်တာ… တချိန်ပြန်ကြည့်ရင် အမှတ်ရစရာပေါ့…
စားပြီးတော့မှ ကျွန်မတို့ Dasanba Street ဆိုင်လေးတွေဝင်ကြည့်ပြီး စားစရာတွေ လက်ဆောင်ပစ္စည်းတွေဝယ်ဖြစ်ပါတယ်… ၀က်သားမှုန့်နဲ့ ကြက်ဥခေါက်မုန့်တို့… ၀က်သားပြားတို့… စသည်ဖြင့်ပေါ့… အရမ်းအများကြီးလဲ မ၀ယ်နိုင်ဘူး မသယ်နိုင်လို့… လက်တစ်ဆွဲစာပဲဝယ်ဖြစ်တယ်… (ကပ်စေးကလဲ ခပ်နည်းနည်းလေ.. ဟိ)… ဒီလိုနဲ့ သဘောင်္ဆိပ်ကိုပြန်ဖို့ Grand Lisboa ဟိုတယ်ဘက်ကို ပြန်လျှောက်ရင်း လမ်းမှာတွေ့တဲ့ ဟော်တယ်တွေထဲဝင်ကြည့်… အိမ်သာဝင်တက်… (ခွိ… ခွိ…) ပြီးတော့ အဲဒိက ကားနဲ့ သဘောင်္ဆိပ်ကိုပြန်လာ ပြီး ဟောင်ကောင်ကို ပြန်ခဲ့ကြပါတယ်… ဟောင်ကောင်ဘက်က အင်မီဂရေးရှင်းက သိပ်တောင် မကျပ်ပါဘူး… မှတ်မိသလောက် စစ်တောင်စစ်ရဲ့လားမသိ…



မုန့်တွေဝယ်လာတယ်.. စားကြပါအုံး....

Grand Lisboa Hotel ရဲ့ lobby

ဒါက လမ်းမှာတွေ့တဲ့ ဟိုတယ်တစ်ခုထဲ... ဟိုတယ် အထဲက အပြင်အဆင်တွေက လန်ထွက်နေတယ်...

Wynn နဲ့ Grand Lisboa က မျက်နှာချင်းဆိုင်

ဟောင်ကောင် သဘောင်္ဆိပ်မှာ အင်တာနက် အလကားသုံးလို့ရလို့ ဖေ့ဘွတ်ဝင်ကြည့် အီးမေးလ်ပို့ လုပ်ဖြစ်ပါတယ်… အဲဒိကနေ ဟိုတယ်ကို ပြန်လမ်းလျှောက်တဲ့ လမ်းမှာ Kowloon ပန်းခြံဘေးလမ်း Haiphong Rd နဲ့ Lock Rd ထောင့်က ၀က်အူတုတ်ထိုးဆိုင်မှာ လူတွေ တိုးဝှေ့နေတာနဲ့ ဘာဆိုင်လဲ ၀င်ကြည့်ရင်း HK Street Food ကို အမိအရ မြည်းစမ်းကြည့်မိပါတယ်… ၀က်သားဒုတ်ထိုးကြိုက်တဲ့ သူတစ်ယောက်အနေနဲ့တော့ ကောင်းမှကောင်း ၀က်အူတုတ်ထိုး… အူမကြီးတုတ်ထိုးနဲ့ ကလီစာမျိုးစုံပါပဲ.. အရမ်းရမ်းကောင်းပါတယ်… အဲဒိဆိုင်ကို Google map မှာ ကြည့်လို့ရပါတယ်…


ဝက်သားဒုတ်ထိုး.... ကောင်းမှကောင်း....
ဒီလိုနဲ့ပဲ Macau နေ့ချင်းပြန်ခရီးကို အဆုံးသတ်ခဲ့ရပါတယ်... လွတ်သွားတဲ့နေရာတွေ အများကြီးရှိသော်လည်း... ခရီးတစ်ခုနဲ့ အတွေ့အကြုံတွေကို အပြည့်အ၀ခံစားခဲ့ရတဲ့အတွက် ကြေနပ်ပါတယ်... သို့သော် လွတ်သွားတဲ့နေရာတွေကို အခြေပြုပြီး နောက်ထပ် ပြန်လာသင့်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်မရဲ့ မှတ်စုထဲမှာ တေးမှတ်ထားမိနေတော့မှာပါ...

PS... Macau မှာ တစ်နေရာနဲ့ တစ်နေရာသွားတဲ့ Transportation ခ တစ်ပြားမှ မကုန်ခဲ့ပါဘူး...

အောက်က ဗွီဒီယိုလေးကတော့ မဗေဒါ မကာအို ခရီးစဉ် Vlog လေးပါ... ကြည့်ပြီး လိုအပ်ချက်လေးတွေကိုလဲ ပြောပြပေးသွားပါအုံး... ဖေ့ဘွတ်ပေါ်မှာတော့ သူငယ်ချင်း တစ်ယောက်က ကိုယ့်ပုံတွေချည်းများနေလို့ နောက်ဆို ရှုခင်းပိုရိုက်ဖို့ပြောသွားပါတယ်... စကားပြောနေတာတွေများတာရယ်... ပြီးတော့ ဗွီဒီယို တအားရှည်သွားမှာ စိုးတာရယ်၊ လမ်းသွားရင်းရိုက်ရင် ကင်မရာမငြိမ်တာရယ်ကြောင့်ပါ.. နောက်ထပ် ကြိုးစားပါအုံးမယ်...