Wednesday, May 29, 2013

ကလေးတွေသာမြင်နိုင်တဲ့ လှို့ဝှက်စာသားနဲ့ ကြော်ငြာဆိုင်းဘုတ်...


ဒီဆန်းကြယ်တဲ့ ကြော်ငြာဆိုင်းဘုတ်လေးဟာ အိမ်တွင်းနှိပ်စက်ခံရတဲ့ ကလေးတွေအတွက်ဖြစ်ပါတယ်။ ဒီဆိုင်းဘုတ်လေးမှာ ကလေးတွေသာမြင်နိုင်တဲ့ message လေးတွေပါဝင်နေပါတယ်။

စပိန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Aid to Children and Adolescents at Risk Foundation (ANAR) အဖွဲ့က ဖန်တီးထားတဲ့ ဒီကြော်ငြာဆိုင်းဘုတ်လေးမှာ ကလေးနဲ့ လူကြီးတွေကို တချိန်ထဲမှာပဲ ကွဲပြားတဲ့ အချက်အလက်ကိုပေးနိုင်အောင်ပြုလုပ်ထားပါတယ်။

ဒီဆိုင်းဘုတ်ဟာ မှော်ပညာနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူး။ lenticular top layer ဆိုတဲ့ နည်းပညာနဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီး ပေါ်တဲ့ အချက်အလက်ကွာအောင်ပြုလုပ်ထားတာပါ။
အရပ် ၁.၃၄ မီတာအထက်ရှည်တဲ့သူတွေက ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ကလေးပုံလေးအပေါ်မှာ “တစ်ခါတစ်ရံ၊ ကလေးတွေ နှိပ်စက်မှုကို နှိပ်စက်ခံရတဲ့ကလေးကသာ မြင်နိုင်ပါတယ်” လို့ရေးထားတယ်။

ဒါပေမဲ့ အရပ် ၁.၃၄ မီတာအောက်မှာရှိတဲ့ ကလေးတွေ ဒီဆိုင်းဘုတ်ကိုကြည့်ရင်တော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကလေးမျက်နှာကို မြင်ရမှာဖြစ်ပြီး “ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို နှိပ်စက်နေရင်၊ ငါတို့ကို ဖုန်းခေါ်ပါ၊ ငါတို့သင့်ကို ကူညီပါ့မယ်” ဆိုပြီး အဲဒိ အဖွဲ့အစည်း ဖုန်းနံပါတ် ကို မြင်ရမှာဖြစ်ပါတယ်။



အရမ်းကို ကောင်းတဲ့ Idea နဲ့ Concept ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်လေးပါ။ ရောင်ပြေးပေတံလေးတွေ ငယ်ငယ်ကတည်းကမြင်ဖူးပင်မဲ့ ကြော်ငြာဆိုင်းဘုတ်ကို ဒီ Concept လေးသုံးပြီး ထိထိရောက်ရောက်လုပ်နိုင်တာကို တော်တော်လေး သဘောကျမိပါတယ်။ နှိပ်စက်သူနဲ့ ကလေးနဲ့တူတူလမ်းသွားနေရင်တောင် ကလေးတွေကိုပဲ အသိပေးနိုင်တဲ့ နည်းလမ်းလေးပါ။ ကလေးတွေအားလုံး နှိပ်စက်ခံရခြင်းမှ ကင်းဝေးကြပါစေ။





Monday, May 27, 2013

So So, Bad and Not watched Dramas of 2012


စာမေးပွဲမပြီးခင် ဒီဇာတ်လမ်းတွဲ Review တွေ အပြီးရေးချင်တာ။ မပြီးလိုက်ဘူး။ ခုတော့ စာဖတ်သူတွေကို ကတိရှိတဲ့အတိုင်း နောက်ထပ် ၁၀ကား ရေးပေးလိုက်ပြီ။ ဒရမ်မာ ချစ်သူမဟုတ်သူတွေကတော့ ပျင်းနေပြီထင်တယ်။ မပျင်းနဲ့နော် နောက်ပိုစ့်က ခရီးသွားပိုစ့်ဆက်ရေးမယ်။ သြစီပိုစ့်ပေါ့… ခုရေးမဲ့ ၁၀ကားကိုတော့ ၃မျိုးခွဲထားတယ် … So-So dramas ထဲမှာပဲရှိပင်မဲ့ မဗေဒါ အကြောင်းအမျိုးမျိုးကြောင့် အဆုံးထိမကြည့်ဖြစ်ခဲ့ဘူး… တစ်ချို့ကားတွေကျတော့ Bad-Dramas ကြည့်နေရင်းနဲ့ကိုး မကြိုက်တော့လို့ ဆက်မကြည့်ဖြစ်တော့ဘူး… နောက်တစ်မျိုးကတော့ Not watched မဗေဒါအကြိုက် ဇာတ်လမ်းမျိုးမဟုတ်လို့ မကြည့်ဖြစ်တာအပြင် အဓိကသရုပ်ဆောင်တွေကို မကြိုက်လို့ စမကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွေပေါ့… ဒါပေမဲ့ သင်ကြိုက်ရင်တော့ကြိုက်မှာပေါ့… တစ်ယောက်နဲ့တစ်ယောက်အကြိုက်မှ မတူပဲနော်…


၁၁။ To the beautiful you



Episodes: 16
Genre: Romance, comedy, youth
Cast
§  Choi Seol Ri as Goo Jae Hee
§  Min Ho as Kang Tae Joon
§  Lee Hyun Woo as Cha Eun Kyul
§  Kim Ji Won as Seol Han Na
§  Suh Joon Young as Ha Seung Ri
§  Kang Ha Neul as Joo Ji Chul
§  Hwang Kwang Hee as Song Jong Min
My Rating : 3.0/5

ဇာတ်လမ်းအကျဉ်း

အမေရိကားမှာ နေနေတဲ့ ကောင်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ တီဗွီထဲမှာတွေ့လိုက်တဲ့ အမြင့်ခုန်အားကစားသမားလေတစ်ယောက်ကြောင့် သူမရဲ့စိတ်ကျရောဂါပျောက်ခဲ့တယ်။ အဲဒိ အားကစားသမားလေးဟာ မတော်တဆထိခိုက်မှုတစ်ခုကြောင့် ဆက်ပြီးအားကစားမလုပ်တော့ဘူးဆိုတာကြားတဲ့အခါ သူမဟာ သူ့ကိုအားကစားပြန်လုပ်အောင်တိုက်တွန်းဖို့ ဆုံးဖြတ်ပြီး ကိုရီးယားကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ကောင်လေးတက်တဲ့ကျောင်းက ယောကျာင်္းလေးကျောင်းဖြစ်နေတာကြောင့် သူမဟာ ယောကျာင်္းလေးယောင်ဟန်ဆောင်ပြီး သူနဲ့ရင်းနှီးခွင့်ကိုယူခဲ့တယ်။ အဲဒိကျောင်းမှာပဲ သူ့ကိုအမြဲကူညီတတ်တဲ့ မိန်းကလေးမှန်းမသိသော်လည်း ချစ်နေတဲ့ကောင်လေးနောက်တစ်ယောက်နဲ့လဲတွေ့ခဲ့တယ်။ သူမရဲ့ လာရင်းရည်ရွယ်ချက်အောင်မြင်မလား၊ သူမရဲ့ လျှို့ဝှက်ချက်တွေဘယ်လိုပေါ်မလဲ၊ သူမက ချစ်ရတဲ့သူနဲ့ သူမကိုချစ်နေတဲ့သူ ဘယ်သူ့ကိုရွေးမလဲ။ စိတ်ဝင်စားရင် ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပါ…

ဝေဖန်ရေး

ဒီဇာတ်လမ်းလေးကို ဂျပန်ကား Hana Kimi စထွက်ကတည်းက အရမ်းကြိုက်ခဲ့တာပါ။ ထိုင်ဝမ် Version ကတော့ မင်းသမီး Ella ကို သေလောက်အောင် အမြင်ကပ်လို့ ဘယ်လိုမှကြည့်လို့မရခဲ့ပါဘူး။ (ကြိုးစားပြီးကြည့်သေးတယ်… မခံစားနိုင်ဘူး)။ ခုကိုရီးယား Version လဲ မဆိုးပါဘူး။ အဓိကက မင်းသမီးဆိုတော့ သူမုန်းဖို့မကောင်းဖို့လိုတာလေ။ တစ်ခါတစ်လေ မင်းသမီးတွေက မင်းသားချောချောလေးတွေ အများကြီးပါတဲ့ကားဆို အက်ကရု (Act Cute) လုပ်တာနဲ့ပဲ မုန်းစရာကောင်းသွားရော။ မထင်ထားပဲ F(x) အဆိုတော်အဖွဲ့ထဲက Sulli ကတော့ ချစ်စရာကောင်းပါတယ်။ အိုက်တင်လဲ မပိုဘူး။ ဂျပန်ကားမှာတုန်းက ဒုတိယမင်းသားကို အရမ်းကြိုက်ခဲ့တယ်။ အရူးအမူး ၃လလောက်ဖြစ်လိုက်တယ်။ မဗေဒါ ဘလော့ပေါ်မှာ ပထမဆုံးမြန်မာလိုရေးတဲ့ ရုပ်ရှင် ရီဗျူးက ဂျပန် Hana Kimi ထဲက ဒုတိယမင်းသားအကြောင်းပေါ့။ (http://mabaydar.blogspot.sg/2007/09/i-am-fun-of-toma.html) ဂျပန်ကားမှာက ဒုတိယမင်းသားအခန်းကတောင်ပိုများသလိုဖြစ်ပြီး ပထမမင်းသားက Act Cool လုပ်လွန်းလို့ သိပ်မကြိုက်တော့ဘူး… ဒါပေမဲ့ ကိုရီးယားကားမှာကျတော့ တင်ဆက်ပုံကောင်းတယ်ပဲပြောရမယ်။ သူ့ဇာတ်ကောင်နဲ့သူ အသားပေးပြတာချင်းကွာတယ်။ ဂျပန်ကားကြည့်တုန်းက ဒုမင်းသားကို အရမ်းကြိုက်ပြီး ပထမမင်းသားကိုပဲလိုက်ကြိုက်နေတဲ့ မင်းသမီးကို အမြင်တောင်ကပ်ချင်လာတယ်။ အဲလို ခံစားချက်မျိုး ကိုရီးယားကားတင်ဆက်ပုံက မပေးဘူး။ ဒီတော့ သူ့နေရာနဲ့သူကောင်းတယ်။

ဒါပေမဲ့ ကိုရီးယားကား မင်းသား Choi Min Ho (Shinee အဆိုတော်အဖွဲ့ ထဲက member) က ဒီကားထဲမှာ သိပ် Cool မဖြစ်သလိုပဲ။ သူ့ကို Shinee အဖွဲ့မှာမြင်ကတည်းက သဘောကျပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကောင်နဲ့ သိပ်မလိုက်သလိုခံစားရတယ်။ သူ့ပုံက အရမ်းသဘောကောင်းတဲ့ပုံပေါက်နေတာ။ ခပ်တည်တည်ဆို ပိုလိုက်မယ်။ လုံးဝမကောင်းတာတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ (မဗေဒါကလဲ ဂျပန်မင်းသားကျ Act Cool လုပ်လွန်းလို့ မကြိုက်၊ ကိုရီးယားမင်းသားကျ သိပ်မcool လို့ အားမရ၊ မဗေဒါအလိုကို မြန်မာမင်းသားပဲလိုက်နိုင်မယ်ထင်တယ်…. ဟတ်… ဟတ်…)… သူက ဂျပန်ဇာတ်လမ်းမှာရှိတဲ့ ဟာကွက်လေးတွေကို ဖြည့်သလို မလိုအပ်တဲ့ အပိုတွေကိုလဲ လျော့ချပြီးရိုက်ထားတာတွေ့ရတယ်။ ထိုင်ဝမ်တုန်းကတော့ ကြည့်လိုက်မိတဲ့ အစပိုင်းလေးမှာတောင် ဇာတ်ကောင်အားလုံးနီးပါးကို ဂျပန်ဆီက တိုက်ရိုက်ခိုးချထားတာတွေ့ရတယ်။
ဒီကားကို ဘာလို့ အဆုံးထိမကြည့်ဖြစ်ခဲ့တာလဲဆိုတော့… ဒီကားပြနေတုန်းမှာ မြန်မာပြည်ခဏပြန်ဖြစ်တယ်။ ပြန်ရောက်တော့လဲ ဒီကားက ဇာတ်လမ်းသိပြီးသားဆိုတော့ နောက်အားမှဆက်ကြည့်မယ် စဉ်းစားရင်း ဆက်မကြည့်ဖြစ်တော့တာ။ ဒါပေမဲ့ ဒီကားလေးကို Rating ၃ ပေးထားတယ်။ အစအဆုံးကြည့်ဖြစ်တဲ့ “Big” တို့ဘာတို့ထက်တော့ အမှတ်များများပေးထားတယ်ဆိုတော့ ကြည့်ချင်ကြည့်လို့ကောင်းတဲ့လူငယ်ကျောင်းသားကားလေး တစ်ကားဖြစ်လို့ပါပဲ။

၁၂။ I do, I do


Episode: 16
Genre: Romance, Comedy
Cast:
Kim Sun-a as Hwang Ji-ahn
Lee Jang-woo as Park Tae-kang 
Park Gun-hyung as Jo Eun-sung
Im Soo-hyang as Yeom Na-ri

My Rating: 2.7/5

ဇာတ်လမ်းအကျဉ်း

အသက် ၃၀ကျော် ၄၀ ၀န်းကျင် ရှိပြီး နာမည်ကြီးဖိနပ်ကုမ္ဗဏီမှာ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Hwang Ji-Ann ဟာ မမျှော်လင့်ဘဲ အထက်တန်းအောင် ပညာအရည်အချင်းပဲရှိတဲ့ ဒီဇိုင်နာဖိနပ်တွေကို ပုံစံတူခိုးပြီး အတုလုပ်တဲ့Park Tae-kang ဆိုတဲ့ ကောင်လေးနဲ့ တစ်ညတာအိပ်စက်ဖြစ်သွားတဲ့နောက်ပိုင်းမှာတော့ သူ့ဘ၀ဟာ မမျှော်လင့်ထားပဲပြောင်းလဲခဲ့တယ်… အိမ်ထောင်ပြုဖို့စိတ်ကူးမရှိပဲ ဘ၀မှာ အလုပ်ကိုသာဦးစားပေးတတ်တဲ့ မိန်းမတစ်ယောက်ဟာ တစ်ညတာမိုက်မဲမှုကြောင့် ကိုယ်ဝန်ရလာတဲ့အခါ သူဘယ်လိုဆုံးဖြတ်မလဲ။ အတိုက်အခံ အခက်တွေကြား ဘယ်လို ရှေ့ဆက်မလဲ။ သူနားမလည်သေးတဲ့ လူ့ဘ၀ရဲ့တန်ဖိုးဟာဘာလဲ။ စီစဉ်ထားတာတွေဖြစ်မလာပဲ ဘ၀ဆိုတာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာတဲ့အခါ လက်ခံရင်ဆိုင်းရင် ဘ၀ကိုအကောင်းဘက်ကနေမြင်တတ်ဖို့ ပြသသွားတဲ့ Heartwarming ဇာတ်လမ်းတွဲတစ်ပုဒ်ပါ။

ဝေဖန်ရေး

ဒီဇာတ်လမ်းကိုလဲ မဗေဒါ အဆုံးထိ မကြည့်ဖြစ်ပါဘူး… စာမေးပွဲတွင်းဖြစ်သွားတာက တစ်ကြောင်း စာမေးပွဲပြီးတော့လဲ တခြားပိုကောင်းတဲ့ကားတွေကိုပဲ ဆက်ကြည့်ဖြစ်တော့ ဒီကားကို မကြည့်ဖြစ်တော့ဘူး… တခြားလူတွေတော့မသိဘူး မဗေဒါအတွက် ဒီကားမှာ မင်းသားနဲ့ မင်းသမီးက သိပ် Chemistry မရှိသလိုခံစားရတယ်။ ဇွတ်အတင်းပေးစားနေသလိုပဲ။ သိပ်အလုပ်ကို ဦးစားပေးပြီး သံမဏိစိတ်ရှိတယ်လို့တောင် အောက်လက်ငယ်သားတွေကပြောခံရတဲ့ မိန်းမက ကိုယ်ဝန်ရှိတော့ ဒီကလေးကိုယူမယ်ဆိုပြီးဖြစ်တာက တစ်မျိုးပဲ။ ဒါပေမဲ့လဲ ဒီကားပြချင်တာက ကလေးကြောင့် သူ့ဘ၀ပြောင်းလဲလာတာကိုပြချင်တာဆိုတော့လဲ ပြောရခက်ပြန်ရော။ ပေးချင်တဲ့ massage က ကောင်းတယ်။ ဒါပေမဲ့ တစ်ချို့ပရိတ်သတ်တွေကိုလဲ အဓိပ္ပါယ်ကောက်လွဲအောင်လုပ်နိုင်တယ်လို့ထင်တယ်။ တော်ကြာနေကျမှ ဒီလို one night stand ပြီး ခလေးရလဲ ဘာအရေးလဲ မျက်နှာပြောင်တိုက်နေလိုက်ရုံပဲဆိုတဲ့ အတွေးမျိုးတွေဝင်သွားနိုင်တယ်။ မဗေဒါပြောချင်တာက ကိုယ်လုပ်ပြီးရင် ကိုယ်ခံရဲယုံတင်မကဘူး ကိုယ့်သွေးသား ကလေးအတွက် broken family မဖြစ်အောင်၊ အနာဂတ်အတွက် ကိုယ့်သားသမီး မျက်နှာမငယ်ရအောင် မလုပ်သင့်အလုပ်ထိုက် မဖြစ်သင့် မဖြစ်ထိုက်တာတွေကို မလုပ်ဖို့ ပဲ။ ကဲဒီလိုမှမဟုတ်ပဲ လုပ်မိသွားပြီဆိုရင်တော့ ဒီကားထဲကလို တာဝန်ယူနိုင်ဖို့ပဲ။ ပြီးတော့ လူ့ပတ်ဝန်းကျင်ဆိုတာလဲ သူတို့နဲ့ဘာမှမဆိုင်ပဲ ဒီလိုမျိုးဆို ကဲ့ရဲ့အပြစ်တင် အတင်းခုတ်တတ်ကြတယ်လေ။ အဲလိုလူမျိုးတွေလဲ အမြင်ကျယ်ပြီး နားလည်မှုရှိသင့်တယ်လို့ထင်တယ်။ သူ့ဘ၀နဲ့သူပဲဟာ ကိုယ့်လာထိခိုက်နေတာမှမဟုတ်ပဲ။ အားလုံးဟာ တဖက်စွန်းမရောက်တာအကောင်းဆုံးပဲပေါ့။ ဒီကားဟာ Rating ကောင်းကောင်းမရခဲ့ပါဘူး.. အကြောင်းကတော့ သူပြနေတဲ့အချိန်မှာ တခြား station တွေက Gaksital နဲ့ Ghost ပြနေတယ်ဆိုတော့ ဒီကားမယှဉ်နိုင်တာ မဆန်းပါဘူး… ဒါပေမဲ့ ဒီကားထဲက မင်းသမီးရဲ့ ဖက်ရှင်နဲ့ ဆံပင်ပုံစံကတော့ ပေါ်ပြူလာဖြစ်ခဲ့ပါတယ်တဲ့။

၁၃။ Kings of dramas


Episode : 18
Cast :
§  Kim Myung Min as Anthony Kim
§  Jung Ryu Won as Lee Go Eun
§  Choi Si Won as Kang Hyun Min
§  Jung Man Shik as Oh Jin Wan
§  Oh Ji Eun as Sung Min Ah

My rating : 3/5

ဇာတ်လမ်းအကျဉ်း

ကိုရီးယား ဒရမ်မာ ထုတ်လုပ်ရေးနဲ့ အနုပညာအသိုင်းအ၀ိုင်းအကြောင်းလေးကို အခြေခံပြီးရိုက်ထားတာပါ။

ဝေဖန်ရေး
ဒီကားကို အဆုံးထိမကြည့်ဖြစ်ပါဘူး… ကားပြီးခါနီး နောက် ၄ပိုင်းလောက်အလိုမှာ ရန်ကုန်ပြန်ဖြစ်သွားပြီး ပြန်လာတော့ ဇာတ်သိမ်းကိုလဲ သိသွားတာနဲ့ မကြည့်ဖြစ်တော့တာပါ။ အဓိက အကြောင်းပြချက်ကတော့ မင်းသားကြီးက အိုနေလို့ပါ။ အစကဆို ကြည့်တောင်မကြည့်ပါဘူး။ နောက်မှ ဖေ့ဘွတ်ပေါ်မှာ သူများက ကောင်းတယ်ပြောလို့ကြည့်ဖြစ်တာပါ။ မဆိုးပါဘူး… ကြည့်နေတုန်းတော့ ဆက်မကြည့်ချင်မဖြစ်ပါဘူး… ဆက်ကြည့်နေချင်ပါတယ်… ကြားမှာပြတ်သွားလို့သာ မကြည့်ဖြစ်တာပါ။ အဆုံးမှာ မင်းသားကြီးက အိုရတဲ့အထဲ မျက်စိကကန်းအုံးမယ်။ ဒါကိုတောင်မှ မင်းသမီး (ဇာတ်လမ်းထဲမှာ စာရေးဆရာမ ငယ်ငယ်လေး) က ကြိုက်ရအုံးမယ်ဆိုတော့ ပြန်ဖွင့်ကြည့်ဖို့ ဖီလ်းမလာတော့တဲ့အပြင် တခြားကောင်းတဲ့ကားတွေထပ်ထွက်လာတာကြောင့်လဲဖြစ်ပါတယ်… ပျင်းတယ် အချိန်ပိုနေတယ် ကိုရီးယားရုပ်ရှင်တစ်ကားထုတ်လုပ်တဲ့ အကြောင်းသိချင်ရင်တော့ ကြည့်ကြည့်ပေါ့နော်…

Bad and Not watched (not my type) dramas
ဒီကားတွေကို ဇာတ်လမ်းအကျဉ်း Detail မရေးတော့ပါဘူး…

၁၄။ School 2013 (unfinished)


My Rating : 2/5
ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအကြောင်းပေါ့။ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအကြောင်းကို ဂျပန်က ပိုပြီး ကောင်းအောင်ရိုက်နိုင်တယ်လို့ထင်ပါတယ်။ ကိုရီးယားက ဂျပန်ကားတွေလိုလဲ အရမ်းမပိုချင်တော့ Realistic အနည်းအကျဉ်းဖြစ်အောင်များလုပ်နေလို့လားမသိဘူး… ဇာတ်လမ်းကြီးက အီပြီး ဆွဲနေတာပါပဲ။ မင်းသမီးကလဲ Jang Na Ra (သိပ်အကြိုက်ကြီးမဟုတ်)…. မင်းသားကတော့ Danial Choi (Ghost ထဲက Park ki young အရင်က မျက်နှာလုပ်တဲ့မင်းသား)… တခြားကျောင်းသားလုပ်တဲ့ ကောင်လေးငယ်ငယ်ချောချောလေးတွေတော့ပါပါတယ်။ ဒါပေမဲ့ ဆွဲဆောင်မှုမရှိဘူး… ခုထက်ထိ တစ်ဝက်တစ်ပျက်ပဲကြည့်ရသေးတယ်။

၁၅။ Fashion King (unfinished)

My Rating: 2.5/5
ဒီကားကို rating တစ်ဝက်ပေးထားခဲ့တာက ဒီကားဟာ နောက်ဆုံးအပိုင်းကလွဲလို့ ကျန်တဲ့ အပိုင်းတွေမှာ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ ဇာတ်သိမ်းပိုင်းမှာ လုပ်ချလိုက်တာကြောင့် အမုန်းကြီးမုန်းမိသွားတာ။ မင်းသားက Yoon Ah in၊ သူ့ဇာတ်ကောင်နဲ့ သူနဲ့က လိုက်ဖက်တယ်၊ မင်းသမီးက Shin Se Kyung (ခုပြနေတဲ့ When a Man loves) ထဲက မင်းသမီး၊ ယောကျာင်္းနှစ်ယောက်ကြားမှာ မထုံတတ်တေးနဲ့ ဟိုပင်ဒီပင်ကူးတဲ့ဇာတ်ကောင်မျိုးဆို ပိုင်လို့လားတော့မသိဘူး သူ့ကို အဲလိုကားမျိုးတွေချည်းပဲတွေ့နေရတယ် (Fashion King မှာ ကိုယ်က သူများတွေပြောလို့ ဇာတ်သိမ်းပိုင်းကို မကြည့်ပဲနေလိုက်တော့ သူ့သိပ်မမုန်းဘူး ခုတော့ When a man loves မှာ တော်တော်လေးမုန်းနေပြီ) ကဲ… သူပဲ သရုပ်ဆောင်ကောင်းလို့လားတော့ မသိတော့ဘူး… သူ့မျက်နှာလေးကို မမုန်းပါဘူး ဒါပေမဲ့ ဒီလိုဇာတ်ကောင်တွေကို နောက်ပိုင်းမှာ သူရှောင်သင့်နေပြီ (မျက်လုံးထဲ ကလန့်နေပြီနော် ဒီမင်းသမီးတော့ အဟိ)။ အဆုံးပိုင်းမှာ ဘယ်လိုများ စိတ်ပျက်မိမလဲ လို့ သိချင်တယ်ဆိုရင် ကြည့်ကြည့်လိုက်။ :P

 ၁၆။ Time slip Dr. Jin (Unfinished)


My Rating: 1.5/5
မင်းသားက Song Seng Hun ( ဂျွန်စော) မင်းသမီးက Park Min Yong (SongKyunKwan Scandal နဲ့ City Hunter ထဲက မင်းသမီး) ။ အစပိုင်းတော့ ဟုတ်တော့မလိုလိုနဲ့ မဖြစ်နိုင်တာတွေက တရားလွန်လာသလိုပဲ။ အစကတည်းကတော့ အချိန်ခရီးသွားကားဆိုကတည်းက မဖြစ်နိုင်တာကိုရိုက်မှန်းသိပါတယ်။ ဒါပေမဲ့ လူဦးနှောက်ကိုခွဲတာ ဘယ်လောက်ပဲ တော်တဲ့ ခေတ်ဆရာဝန်ပဲဖြစ်ဖြစ် ဆောက်နဲ့ တူနဲ့ ထုပြီး ဦးခေါင်းကို ခွဲစိတ်တာလဲ ဖြစ်တာပဲလား။ ကဲပြော… (လွယ်သလား ခက်သလား ရာမ)… စလာကတည်းက သွေးသံရဲရဲနဲ့ သီးခံပြီးကြည့်နေသေးတယ်။ သူက ရှေးခေတ်ရောက်ပြီး သမိုင်းတွေကို လျှောက်ပြောင်းပြီးမှ အမှန်ပြန်ပြင်ရမယ်တွေဘာတွေနဲ့ ရှုပ်နေတာပဲ။ ရည်ရွယ်ချက်ပျောက်သွားတယ်။ မင်းသမီးကလဲ နည်းနည်းလေး annoying ဖြစ်လာတယ်။ နောက်ပြီး ဇာတ်လမ်းထဲမှာ မဗေဒါကို အကြီးအကျယ်စိတ်အနှောက်ယှက်ပေးတာကတော့ ဒုတိယမင်းသား JYJ အဆိုတော်အဖွဲ့ထဲက Jae Joong သရုပ်ဆောင်ချက်ပဲ။ ဟာခနဲ ဟင်ခနဲပဲ (ရွဲ့ပြောတာ) ။ အမြင်ကပ်ကပ်နဲ့ သူ့ Tweeter မှာတောင် Feedback ပေးမလို့ လိုက်ရှာမိသေးတယ်။ ဒါပေမဲ့ Tweeter ပေါ်က သူ့ပုံလေးတွေကြည့်ပြီး မပြောရက်တော့ဘူး။ ကိုယ်မကြိုက်ရင် မကြည့်တာပဲကောင်းပါတယ်လေ။ ကောင်လေးက ချောတောချောရှာသားဆိုပြီး။ အဲဒါနဲ့ပဲ စိတ်ကုန်ပြီး ဆက်မကြည့်တော့ဘူး။ ကြည့်ထားတာကြာနေတော့ ဘာတွေကို annoying ဖြစ်ခဲ့လဲ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ မကြိုက်ဘူးဆိုတာပဲသိတယ်။

၁၇။ Faith (not watched)


ဒီကားကို မကြည့်တော့ Rating မပေးတော့ဘူး။ ဘာလို့မကြည့်တာလဲ မင်းသား မင်းသမီး ဒီလောက်ကောင်းတာကိုးလို့ ပြောချင်ပြောမယ်။ မင်းသားက Lee Min Ho  မင်းသမီးက မြန်မာပြည်မှာ လီဟန်နီဆိုပြီး နာမည်ကြီးတဲ့ မင်းသမီး Kim Hee-Sun။ နှစ်ယောက်လုံးကို ကြိုက်တယ်။ ဒါပေမဲ့ အဲဒိအချိန်အတောအတွင်းမှာ အချိန်ခရီးသွားကားတွေကို အတော်လေး အီစိမ့်နေတာရော။ အချိန်ခရီးသွားကားတွေက အစပိုင်းတော်တော်လေးကောင်းပြီး အဆုံးပိုင်းချာတတ်တာကြောင့်ရော ကြည့်ဖို့ Mood မရှိတော့ဘူး။  မဗေဒါ အစ်မကြည့်ကြည့်နေတာတော့ တစ်ခါတစ်လေ ၀င်ကြည့်ဖြစ်တယ်။ အဲဒိမှာလဲ ဘာတွေ့လဲဆိုတော့ မင်းသားနဲ့ မင်းသမီးကြားမှာ Chemistry မရှိဘူး… လီမင်ဟိုက မင်းသမီးကို ဖီလ်းမလာသလိုဖြစ်နေတယ်။ မင်းသမီးကလဲ အသက်ကြီးတာကိုး။ City Hunter တုန်းက လီမင်ဟိုတစ်ယောက် ပတ်မင်ယောင်းနဲ့ သိပ်ကြည့်ကောင်းတယ်။ ကြည့်ကောင်းမှာပေါ့ ကားလဲပြီးရော သူတို့ ၂ယောက်လဲ အပြင်မှာကြိုက်သွားရောလေ။ (ခုတော့ ပြတ်သွားပြီတဲ့)။ ဘယ်လိုပဲဖြစ်ဖြစ် မကြည့်ချင်လို့ မကြည့်တော့ဘူး။

၁၈။ Queen In Hyun Man (Not Watched)


သူလဲ အချိန်ခရီးသွားကားပဲ။ အဲဒိဇာတ်လမ်းတွေဇာတ်တိုက်ဖြစ်လာသလောက် အားလုံးနီးပါးက ကိုယ့်ကို စိတ်ပျက်စေခဲ့တယ်ဆိုတော့ မကြည့်ချင်တော့ဘူး။ အထူးသဖြင့် မင်းသားက ကိုယ်မကြိုက်တဲ့မင်းသားကြီး။ ဒီရုပ်ဒီရည်နဲ့ ဘယ်လိုမင်းသားဖြစ်မှန်းမသိ။ (အဟိ… သူများကိုနှိမ်တာ အမှန်တော့ အရမ်းလဲ ရုပ်မဆိုးပါဘူး)… ဒါပေမဲ့ ဟိုးအရင်က ကြည့်ဖူးတဲ့ အကကား “Over the Rainbow” ဆိုတာမှာကတည်းက သူက ပထမမင်းသားဖြစ်ပင်မဲ့ ဒုတိယမင်းသား လုပ်တဲ့ “Hwan Hee” ကို အပြတ်အသတ်အားသာပြီး ကြိုက်တာရော၊ ကံအကြောင်းအရ ဒီမင်းသားက သိပ်မချောတာရောကြောင့် သူ့ကို မကြိုက်တော့တာပဲ။ ပြောသာပြောတာ မဗေဒါလဲ ဇာတ်ကောင်နဲ့ သရုပ်ဆောင်ကို တစ်ချို့အရာတွေမှာ ခုချိန်ထိ ခွဲခြားစဉ်းစားပေးလို့ရသေးဝူး။ အဟိ…. (ဒါပေမဲ့ ကြိုးစားနေပါတယ်။ ကိုယ့်ကိုကိုယ်လဲသိပါတယ်)။ ဒါပေမဲ့ ဒီကားကြည့်တဲ့သူတွေကတော့ ဒီကားက ဇာတ်လမ်းမဆိုးဘူးလို့တော့ ပြောကြပါတယ်။ ကြည့်ချင်ရင်တော့ ကြည့်လိုက်နော်။ ဒီကားပြီးတော့ မင်းသားနဲ့ မင်းသမီး အပြင်မှာ ကြိုက်သွားကြတယ်တဲ့တော်…..

၁၉။ The King 2 Hearts (unfinished)


မင်းသားကလဲ Lee Sung Ki ပါ၊ မင်းသမီးကလဲ ကိုယ်ကြိုက်တဲ့ မင်းသမီး Ha Ji Won ပါ။ ၂ယောက်လုံးကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒိ မြောက်ကိုရီးယား တောင်ကိုရီးယားကားတွေလဲ အစပိုင်းဟုတ်သလိုလိုနဲ့ ပြီးရင် ချာချာသွားတယ်။ ရှေ့တစ်ကား ( Myung Wol The Spy) ဆိုလဲ နောက်ပိုင်းဇာတ်လမ်းက တော်တော်ဆိုးတယ်။ Ha Ji Won ကိုလဲ ကိုယ်ကြိုက်ပင်မဲ့ အားမနာတမ်းပြောရရင် ဒီ King 2 hearts ကားမှာ သူနည်းနည်းပိုတယ်လို့ ခံစားရတယ်။ အဲဒိမှာတင် ဆက်မကြည့်ချင်တော့တာပဲ။ သူများတွေကတော့ ကောင်းတယ်ပြောပါတယ်။ ဒီတော့ ကြည့်ချင်လဲကြည့်ပေါ့နော်။

၂၀။ Five Fingers (Not Watched)


ဒီကားကို မကြည့်ဖြစ်တဲ့ အဓိကအကြောင်းအရင်းများကတော့ အတော်လေးကို ခိုင်လုံပါတယ်။
၁အချက်။ မင်းသားများဟာ Not my favorite၊

၂အချက်။ မင်းသမီးဟာ Gaksital ထဲက မင်းသမီး (သရုပ်ဆောင်လုံးဝမကောင်းဟု မဗေဒါသတ်မှတ်ထားသလို သူ့ မျက်နှာပေါက်မျိုးကို မဗေဒါသဘောမကျ (မချောဟု မဆိုလို၊ အပြင်မှာသိတဲ့ အတွင်းပုတ်တစ်ယောက်နဲ့ ခပ်ဆင်ဆင်တူနေလို့ Personally မကြိုက်တာပါ… ) အဟိ… (ဒီလိုဆိုတော့လဲ မင်းသမီးသနားသား))

၃အချက်။ မယားကြီး မယားငယ်နဲ့ ပြီးရင် မယားငယ်က မွေးတဲ့သားက ပိုထူးချွန် ပိုတော် ပိုကောင်း ဒါမျိုးဇာတ်လမ်းကို လက်မခံချင်ဘူး။ ဘာအကြောင်းကြောင့်ပဲ မယားငယ်ဖြစ်ဖြစ် သူများယောကျာင်္းခိုးတာက ခိုးတာပဲ။ သူများအိမ်ထောင်ရေးကို ဖျက်စီးတာပဲ (နာမည်ကျော် ဇာတ်လမ်းတွဲ Baker King ကို စောင်းပြောခြင်းဖြစ်သည်)။ အဲလိုဇာတ်လမ်းမျိုးဆို သူများတွေဘယ်လောက်ပဲကြိုက်ကြိုက် ဘယ်လောက်ပဲ နာမည်ကြီးကြီး သေလောက်အောင်ပဲ ဆုတွေရရ မကြည့်ပါ။

မှတ်ချက်။        ။ အပြောတောမစောနဲ့အုံး ဒီ Five Fingers ကားက အဆုံးမှာ Twist လေးရှိတယ်တဲ့။ အမှန်တော့ မင်းသားက မယားငယ်က မွေးတာမဟုတ်ပါဘူးတဲ့။ အဲဒိ မိန်းမကပဲ အရင်ယောကျာင်္းနဲ့ရပြီးမွေးခဲ့တာ။ ဒါပေမဲ့ သူက သူ့ကလေးသူမမှတ်မိပဲ မယားငယ်က မွေးတဲ့ကလေးကို သူ့လက်ရှိယောကျာင်္းက အိမ်ပေါ်ခေါ်တင်လာတယ်ထင်ပြီး ကိုယ့်ကလေးကိုယ် နှိပ်စက်တာတဲ့။ သူ့လက်ရှိယောကျာင်္းက သူအရင်က တစ်ခြားယောကျာင်္းနဲ့ ဖြစ်ခဲ့တာကို သိလို့ တမင်လက်စားခြေတဲ့အနေနဲ့ သူ့ကလေးသူ ပြန်နှိပ်စက်ဖြစ်အောင် အကွက်ဆင်ခဲ့တာတဲ့။ ဒါပါပဲ လောကမှာ လူတိုင်းကို ကောင်းကောင်းဆက်ဆံသင့်တယ်ဆိုတဲ့ အသိလေးပေးချင်တယ်ထင်ပါ့။ ဒီကားကိုတော့ သူများပြောလို့ပဲသိတာ။ လုံးဝကို မကြည့်တာ။ တတိယအချက်က မဟုတ်ဘူးဆိုပင်မဲ့ ပထမ ၂ချက်ကြောင့် ကြည့်ချင်စိတ်မရှိပါ။

yayyy... yayyy... ကတိပေးခဲ့တဲ့အတိုင်း ကား ၂၀ ရေးလို့ပြီးပြီ။ ပထမဆုံးအကြိမ်ရေးမယ်ပြောပြီး ဆုံးခန်းတိုင်ရေးဖြစ်တာပဲ။ ခု နောက်ဆက်ပြီး သြစတေးလျ ခရီသွားပိုစ့်ကို စောင့်မျှော်ဖတ်ရှုကြပါလို့။။။။

Wednesday, May 15, 2013

Park Shi Hoo - Rape Scandal အမှု

အစက ဒီအကြောင်းကို သိတောင်မသိပါဘူး... ခုနောက်ပိုင်း ၀က်ဆိုဒ်တွေသိပ်လိုက်မဖတ်ဖြစ်တော့... နွေးနေခြည်ကွန်မန့်မှာပြောသွားမှသိတယ်... ဒါပေမဲ့ ခုတော့ Cbox မှာ marry က ရေးပါဆိုလို့ နားလည်သလောက်အတိုချုံးရေးဖို့ စိတ်ကူးတယ်...
မင်းသား Park Shi Ho


အမှူအကြောင်း


အမှူကြောရိုးလေးကို အားလုံးသဘောပေါက်အောင်အရင်ရှင်းရရင်ဖြင့်.... ဒီနှစ် ဖေဖော်ဝါရီ ၁၄ရက်ညမှာ မင်းသား Park Shi Ho ရယ်၊ Mr.Kim လို့ နာမည်ပေးထားတဲ့ Junior မင်းသားတစ်ယောက်ရယ်၊ နောက်ကောင်မလေးကိုတော့ A လို့ နာမည်ပေးထားတယ်... သူတို့ ၃ယောက် ဘားတစ်ခုမှာအရက်သောက်ပြီးတော့ မင်းသား Park Shi Ho နဲ့ အဲဒိ A ဆိုတဲ့ ကောင်မလေး အတူတူနေဖြစ်သွားတယ်... ပြီးတော့မှ အဲဒိ A ဆိုတဲ့ကောင်မလေးက သူ့သူငယ်ချင်း B ဆိုတဲ့ ကောင်မလေးကို မတ်စေ့ခ်ျပို့ပြီး သူ့ကို အရက်တိုက်ပြီး မင်းသား ၂ယောက်က သူ့အိမ်မှာ မတရားလုပ်ပါတယ်ဆိုပြီးပြောတယ်... သူ့သူငယ်ချင်း B ကလဲ ဒီလိုသာဆိုရင် လျော်ကြေး ၁ ဘီလီယံတောင်းဖို့နဲ့ တရားစွဲဖို့ ပြန်ပြောတယ်... ပြီးတော့ ဖေဖော်ဝါရီ ၁၈မှာ တရားစွဲဖြစ်ကြတယ်ပေါ့... ဒီအခါမှာ PSH ဘက်က အတူတူနေခဲ့တယ်ဆိုတာ မှန်တယ်... ဒါပေမဲ့ မတရားပြုကျင့်ခဲ့တာမဟုတ်ဘူးလို့ဆိုပြီး... (အသရည်ဖြတ်မှုတို့၊ လိမ်လည်မှု) စတာတွေနဲ့ A ရယ်၊ B ရယ်၊ A ရဲ့ လက်ရှိ Agency CEO Mr. C (C က အရင်က PSH ရဲ့ Agency ဟောင်း)ကို ပြန်တရားစွဲတယ်... ဘာလို့ CEO ကို တရားစွဲသလဲဆိုရင်၊ A တရားစွဲဖို့ CEO က ထောက်ပံ့ပေးပါတယ်လို့ ထင်လို့၊ သူ့သိက္ခာညှိုးနွမ်းအောင် တမင်လုပ်တယ်လို့ ထင်လို့ တရားစွဲတယ်... ဒီတော့လဲ C က PSH ကို သူ့ကို မတရားစွပ်စွဲတယ်ဆိုပြီး အသရေဖြတ်မှုနဲ့ ပြန်ဆွဲတယ်။



အမှု နောက်ဆက်တွဲ

အမှုတွေစစ်ကြတော့ ကောင်မလေးရဲ့ သွေး၊ဆံပင်နဲ့ ဆီးတွေကို ဆေးစစ်ချက်အရ မင်းသား PSH ရဲ့ DNA ကိုတွေ့တယ်။ ဒါပေမဲ့ K ရဲ့ DNA မပါဘူး။ ဒီတော့ မင်းသားတွေဘက်က ထွက်ဆိုချက်အတိုင်း မင်းသား PSH တစ်ယောက်ထဲနဲ့ပဲဖြစ်တာသေချာတယ်။ သူတို့ ထိုင်ခဲ့တဲ့ ဘားက CCTV ကင်မရာကိုစစ်တော့လဲ ကောင်မလေးဆိုင်ကထွက်သွားတုန်းက အကောင်းကြီး အလွန်အကျွံမူးနေတဲ့ပုံမပေါက်ဘူး... B ကိုစစ်ဆေးတဲ့အခါကျတော့ သူ့ကို A က မတရားပြုကျင့်ခံရပါတယ်လို့ မတ်စေ့ခ်ျပို့တော့ သူကလဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ရော၊ မိန်းကလေးတစ်ယောက်အနေနဲ့ရော ပြောမိတာဖြစ်ကြောင်း၊ A ညာပြောလိမ့်မယ်လို့ သူ မထင်ခဲ့ကြောင်း၊ PSH ကိုလဲ တောင်းပန်ကြောင်း၊ ဒိကိစ္စမှာ သူကလဲ မတရားခံရတဲ့ သားကောင်ဖြစ်ကြောင်းပြောပါတယ်။
မေလ ၉ရက်နေ့မှာ PSH ဘက်ရော၊ A ဘက်ကရော တရားစွဲတာကို ပြန်ရုပ်သိမ်းခဲ့တယ်။ ဒါပေမဲ့ CEO ဘက်ကတော့ မယုတ်သိမ်းပဲ၊ မင်းသားကိုယ်တိုင်သူတို့ဆီလာပြီး ၀န်ချတောင်းပန်ရင်စဉ်းစားမယ်လို့ ပြောခဲ့တဲ့အတွက် မင်းသားကတော့ ခု အရင် Agency CEO နဲ့ ဆက်လက်တရားဆိုင်နေရတုန်းပါပဲ။


ထပ်မံဖြည့်စွက်ချက်။ ။ ခုလို အမှုနဲ့ ရင်ဆိုင်ရတဲ့အတွက် ၄၉ကြိမ်မြောက်ကျင်းပတဲ့ ကိုရီးယား Baeksang Arts Awards (Hollywood က golden globe award နဲ့ တူတူလောက်ရှိတဲ့ပွဲ) ကို မင်းသား PSH တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်... မင်းသားရဲ့ Agency ကလဲ ဒီအမှုကိစ္စအားလုံးပြီးတဲ့အထိ မင်းသားကို ပွဲတွေတက်ခြင်းမှ ခေတ္တရပ်နားထားဖို့ သဘောတူခဲ့ပါတယ်... မင်းသားဟာ အစက “Confession of Murder” ဆိုတဲ့ကားနဲ့ ဆုရဖို့ ၄၉ရာခိုင်နှုန်းမဲရခဲ့သော်လည်း ဒီကိစ္စဖြစ်ပြီးနောက်မှာ သူ့နာမည် list ကပျောက်သွားပြီး Kim Dong Wan ဆိုသူကို ၅၅% နဲ့ သူ့နေရာမှာတွေ့ရပါတယ်.... (မြန်မာပြည်နဲ့ကွာပါ့... မြန်မာပြည်မှာ မိုးဟေကိုလို လိုးရှင်းလိမ်းပြလိုက်မှ ပရိတ်သတ်တွေလက်ခံပြီး နာမည်ကိုကြီးရော... သင်ဇာဝင့်ကျော်လေးလို MBS က ရေကူးကန်ပေါ်သွားကဲပြမှ မင်းသမီးတန်းကို ၀င်လို့... မြန်မာပရိတ်သတ်တွေက အရမ်း သဘောထားကြီးတဲ့အပြင်... အနုပညာနဲ့ အနုပညာသမားကို ခွဲခြားပြီး ကြည့်ပေးနိုင်တယ်... ဂုဏ်ယူတယ်) 

A, B နဲ့ K က ဘယ်သူတွေလဲ
အင်တာနက်အသုံးပြုသူတွေ ရှာဖွေတွေ့ရှိချက်အရ A ဆိုတဲ့ မိန်းကလေးဟာ Trainee ပဲရှိသေးတဲ့ လီရီဂျီ ဆိုသူဖြစ်ပြီး၊ B ကတော့ Trainee ဂျန်ဒဟဲ ဖြစ်တယ်၊ K ကတော့ မင်းသားသစ် ကင်ဟီဂျွန် လို့ သိရပါတယ်...


မတရားပြုခံရပါတယ်ဆိုတဲ့ ကောင်မလေး A လီရီဂျီ

A ရဲ့ သူငယ်ချင်း B ဂျန်ဒဟဲ




အဲဒိညက အရက်တူတူသောက်ခဲ့တဲ့ မင်းသားသစ် K ကင်ဟီဂျွန်
New Source : http://www.vingle.net/posts/117261-Park-Shi-Hoo-Scandal-Update-Trainee-A-s-friend-%E2%80%98B%E2%80%99-apologizes-Iyagi-Entertainment-sues-Park-Si-Hoo-a
Photos source: http://netizenbuzz.blogspot.sg/2013/03/rumor-netizens-discover-identities-of-b.html





Thursday, May 02, 2013

2012 So So Dramas - (Drama I watched till the end)

ခုရေးမဲ့ကားတွေကတော့ အရမ်းအကောင်းကြီးမဟုတ်ပင်မဲ့ အချိန်လဲရှိမယ် ကောင်းတဲ့ကားတွေအားလုံးကလဲ ကြည့်ပြီးသွားလို့ ဘာကြည့်ရင်ကောင်းမလဲမသိဖြစ်နေရင် အပျင်းပြေကြည့်ချင် ကြည့်နိုင်တဲ့ကားလေးတွေပါပဲ…
ဒီ list ထဲမှာပါတဲ့ တချို့ကားတွေကို အကြောင်းအမျိုးမျိုးကြောင့် အဆုံးထိမကြည့်ဖြစ်ခဲ့တဲ့ကားတွေရှိပါတယ်…  ဘာလို့မကြည့်ဖြစ်တော့လဲဆိုတာကိုလဲ ဖော်ပြပေးမှာပါ။ လောလောဆယ် So So Dramas List ပထမပိုစ့်အနေနဲ့ အစအဆုံးကြည့်ဖြစ်တဲ့ကားတွေကို အရင်ရေးပါ့မယ်... ဒီကားထဲက ကိုယ်သဘောကျမယ်ထင်တာလေးတွေ ရွေးကြည့်ပေါ့နော်…

၈။ Cheongdam-dong Alice


Episode : 16
Genre: Romance, Drama
Cast:
·         Moon Geun Young as Han Se Kyung (27)
·         Park Shi Hoo as Cha Seung Jo/ Jean Thierry Cha (33)
·         So Yi Hyun as Seo Yoon Joo (27)
·         Kim Ji Suk as Tommy Hong (35)
·         Kim Yoo Ri as Shin In Hwa (29)
My Rating: 3.5/5

ဇာတ်လမ်းအကျဉ်း

“လိုချင်တာတွေကို အကောင်းဆုံးကြိုးစားပြီး ရယူမယ်” ဆိုတဲ့ အကောင်းမြင်ဝါဒရှိတဲ့ Han Se Kyung တစ်ယောက် ဖက်ရှင်ပြိုင်ပွဲတွေမှာ ဆုတွေဘယ်လောက်ပဲရထားရထား အလုပ်ရှာမရဖြစ်ခဲ့တယ်။ အကြောင်းရင်းကတော့ နိုင်ငံခြားမှာ ပညာမသင်နိုင်တာလဲ တစ်ခုအပါအ၀င်ပေါ့။ သူနောက်ဆုံးဝင်တဲ့ အင်တာဗျူးမှာ အင်တာဗျူဝါက သူ့ကို “နင့် resume ဘယ်လောက်ကောင်းကောင်း၊ နင့် Taste က ညံ့လို့မရွေးတာ၊ Taste ကိုအဓိပ္ပါယ်ဖွင့်ရာမှာ မွေးကတည်းက မြင်ခဲ့တွေ့ခဲ့ ထိတွေ့ခဲ့တာတွေပေါင်းစပ်ထားတဲ့အပေါ်မှာ ရှိတဲ့ အတွေးကိုဆိုလိုတယ်” လို့ ပြောခံခဲ့ရတယ်။ (သဘောကတော့ Background ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်လို့ ချမ်းသာတဲ့သူတွေတွေးသလိုမတွေးတတ်ပဲ Cheapskate လိုပဲတွေးတယ်လို့ နှိမ်ပြောပြောတာပေါ့)။ ဒါပေမဲ့ အဲဒိကုမ္ဗဏီမှာ တောက်တိုမယ်ရအတွက်အလုပ်ရခဲ့တယ်။ တကယ်တော့ ကုမ္ဗဏီပိုင်ရှင် သူဋ္ဌေးရဲ့ မိန်းမခိုင်းသမျှလိုက်လုပ်ပေးရတဲ့အလုပ်ပေါ့။ နောက်မှသူသိလိုက်ရတာက သူဋ္ဌေးရဲ့မိန်းမက သူနဲ့ငယ်ငယ်က တစ်ခန်တည်းကျောင်းတက်ခဲ့တဲ့ ရည်းစားလုဖက်၊ ငယ်ငယ်ကတည်းက ကိုယ်တိုင်မကြိုးစားပဲ ယောကျာင်္းတွေကိုပဲအားကိုးပြီး နေလို့ Han Se Kyung ကိုယ်တိုင်က ခွေးနဲ့နှိုင်းပြီး ပြောခံခဲ့ရတဲ့သူဖြစ်နေတယ်။ ဒီအချိန်မှာပဲ နှစ်ပေါင်းများစွာတွဲလာတဲ့ သူ့ချစ်သူကလဲ ငွေကြေးမပြေလည်မှုကြောင့် လမ်းခွဲခဲ့ရတဲ့အပြင် သူမစုဆောင်းထားတဲ့ငွေတွေကိုပါယူသွားခဲ့တယ်။ ဒီအချိန်မှာပဲ ဖြူစင်ပြီးအမြဲကြိုးစားခဲ့တဲ့ Han Se Kyung တစ်ယောက် ဘ၀အပေါ်အမြင်တွေပြောင်းခဲ့တယ်။ သူဋ္ဌေးကတော်လက်ရှဖြစ်နေတဲ့ Soo Yoon-Joo ဆီကနေ Cheongdam-dong  ဧရိယာမှာနေနိုင်တဲ့ သူဋ္ဌေးယောကျာင်္း  ရနည်းကိုသူ စတင်သင်ယူတော့တယ်။

Luxury-brand တွေပိုင်တဲ့ CEO  Jean Thierry Cha ဟာ အရင်က ငွေမက်တဲ့အချစ်ဟောင်းက ငွေကြောင့်သူ့ကိုထားခဲ့တဲ့အတွက် ငွေမက်တဲ့မိန်းမတွေကိုမုန်းသလို သူ့ကိုမကောင်းခဲ့တဲ့သူတွေနဲ့ သူ့ချစ်ခြင်းကို ငွေနဲ့ခွဲခဲ့တဲ့ သူအဖေကိုပါ နောင်တရအောင် သက်သေပြချင်ခဲ့တယ်…  အကြောင်းအမျိုးမျိုးကြောင့် Jean Thierry Cha ဟာ Han Se Kyung ကို တွေ့ပြီး သူမရဲ့ ရိုးသား ကြိုးစားပြီး အချစ်ကိုတန်ဖိုးထားတတ်ပုံကိုတွေ့ခဲ့တဲ့အတွက် စိတ်ဝင်စားပြီး ကူညီခဲ့တယ်။ သူ သူဋ္ဌေးဆိုတာကို Han Se Kyung ကတော့ မသိရှာခဲ့ဘူး။ Han Se Kyung ရဲ့ စိတ်ပြောင်းလဲလာမှုကိုလဲ Jean Thierry Cha သတိမထားမိခဲ့ဘူး။

တစ်နေ့မှာ Han Se Kyung ဟာ သူ့ဘေးမှာအမြဲရှိတဲ့ မန်နေဂျာအယောင်ဆောင် Cha Seung-jo ဟာ တစ်ကယ်တော့ သူ့ကိုအမြဲကူညီနေတဲ့ သူဋ္ဌေးကြီး Jean Thierry Cha ဆိုတာ သိသွားတဲ့အခါ သူမ လိုချင်တဲ့ သူဋ္ဌေးကို ဘယ်လိုနည်းနဲ့အရယူမလဲ၊ ရိုးသားတဲ့ အချစ်ကိုသိပ်တန်ဖိုးထားရူးသွပ်တဲ့ သူဋ္ဌေး Jean Thierry Cha တစ်ယောက် သူအမျိုးမျိုး စမ်းသပ်ပြီးမှ သေသေချာချာချစ်မိတဲ့ ဒုတိယမိန်းကလေးဟာ လဲ သူ့ပထမရည်းစားလို့ပဲ ငွေမက်လို့သူ့ကိုရွေးတာဆိုတာ သိသွားတဲ့အပြင် သူ့ပထမရည်းစားနဲ့ သူငယ်ချင်းတွေဆိုတာသိသွားတဲ့အခါ၊ ချစ်သူ ၂ဦး တစ်ဦးကိုတစ်ဦး တကယ်ချစ်ပါလျှက် မာနတွေ၊ သံသယတွေနဲ့ ဘ၀အပေါ်မှာ ထားရှိတဲ့ အမြင်တွေကွဲလွဲတဲ့အခါ၊ သူတို့ ၂ဦး ရဲ့ ချစ်ခရီးဖြောင့်ဖြူးမလား၊ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုကြပေါ့နော်….

ဝေဖန်ရေး

ဒီကားကို မဗေဒါ အစအဆုံးကြည့်ဖြစ်တဲ့အပြင် အပတ်တိုင်းစောင့်ကြည့်ဖြစ်ခဲ့တယ်။ သူက အစပိုင်းမှာ လုံးဝလုံးဝ Fairy Tale type မျိုးပဲ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ ကောင်မလေးကို အရမ်းချမ်းသာတဲ့ မင်းသားလေက ကူညီပြီး ချစ်မိသွားတာမျိုး။ (ဒီလိုဇာတ်လမ်းမျိုးကလဲ ခဏခဏထပ်နေပင်မဲ့ ဘယ်တော့မှလဲ မရိုးနိုင်ဘူးကိုး….. အပြင်မှာလဲ မဖြစ်ပင်မဲ့ မိန်းကလေးတိုင်းလိုချင်တဲ့ အချစ်ဇာတ်လမ်းမျိုးမှတ်လား … ခိခိ)… ဒါပေမဲ့ ဇာတ်လမ်းက နောက်ပိုင်းမှာ Twist သွားတယ်။ မင်းသမီးက ထင်သလောက်တော့ မရိုးသားဘူး။ ပြီးတော့ မင်းသားဇာတ်ကောင်ကလဲ အရင်ရည်းစားကြောင့် ဂေါက်တောက်တောက်နည်းနည်းဖြစ်နေတယ်။
ဒီကားမှာ မဗေဒါဘာကို စိတ်ဝင်စားလဲဆိုတော့ သူဋ္ဌေးလိုချင်လို့ သူဋ္ဌေးတွေနဲ့ နည်းစပ်ရေးလုပ်တဲ့အခါမှ သုံးတဲ့ နည်းလမ်းတွေ။ (ဟုတ်သော်ရှ မဟုတ်သော်ရှိ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်) ရုပ်ရှင်ကတော့ အနည်းငယ်ပိုပြထားကောင်းလဲ ပြမယ်။ ဒါပေမဲ့ အပြင်မှာလဲ သူဋ္ဌေးလိုချင်တဲ့ မိန်းမတွေ ဒီလိုလုပ်မှာ ဟုတ်လောက်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်လောက်ကြိုးစားကြိုးစား အဆက်အပေါက်ကောင်းရှိမှလဲ အောင်မြင်မှုလမ်းပွင့်တယ်ဆိုတာကိုလဲ ပြသသွားတယ်။
(Spoiler Alert !!!!! ) မင်းသားက ပထမရည်းစားနဲ့ သူ့အဖေသဘောမတူလို့ အိမ်ပေါ်ကဆင်းပြီး ဘ၀ကို ၁ကပြန်စရင်း အောင်မြင်ခဲ့တယ်လို့ သူ့ကိုယ်သူထင်နေတယ်။ အဲဒိအတွက် သူက အဖြစ်မှန်တွေကိုသိသွားတဲ့အခါ မင်းသမီးကို ခွင့်မလွှတ်နိုင်ဘူး။ သူဆင်းရဲပြီး စားစရာမရှိတဲ့အချိန်မှာ သူဆွဲတဲ့ ပန်းချီကားဈေးကောင်းရသွားတာကြောင့် သူ့ကြိုးစားမှုကြောင့် သူချမ်းသာခဲ့တယ်လို ထင်နေတယ်။ ဒါပေမဲ့ မင်းသမီးက ပြေးမကြည့်ပဲသိတယ်။ အဲဒိပန်းချီကားကို နင်သိပ်မုန်းတဲ့ နင့်အဖေက ဒီဈေးပေးပြီးဝယ်ခဲ့တာ။ နင်ဟာ ကံကောင်းခြင်းတွေကို မွေးကတည်းကရခဲ့တဲ့အတွက် ကျွန်မတို့လို လူဆင်းရဲတွေ ကြုံရတဲ့ အဆက်အပေါက်မရှိလို့ ကြိုးစားပါရက် အောင်မြင်ခွင့်မရနိုင်တာကို နားမလည်နိုင်တာလို့ပြောခဲ့တယ်။

အဲဒိအခန်းမှာ မင်းသမီးပြောတာကို ရာနှုန်းပြည့်မဟုတ်သော်ငြား တော်တော်လေးတော့ လက်ခံပါတယ်။ နောက်ပြီးတော့ ၃ပိုင်းမြောက်မှာလားမသိဘူး မင်းသမီးကို မကောင်းတဲ့မိန်းမထင်ပြီးပွဲမှာ ခေါ်ခံရလို့ ရန်ဖြစ်ပြီး ငံပြာရည်နဲ့ လောင်းခဲ့တုန်းက အဆုံးမှာ မင်းသမီးက သူ့သူငယ်ချင်းရည်းစားလုဖက်ကို ဖုန်းခေါ်တဲ့ အခန်းမှာ ပြောတဲ့ စကားကလဲ မဗေဒါကို အတွေးတစ်ချို့တော့ ပေးတယ် “အရင်က နင်ယောကျာင်္းတွေကိုပဲ အားကိုးပြီး အရည်အချင်းမရှိတဲ့ မိန်းမတစ်ယောက်လို့ ငါပြောခဲ့တာကို ငါယုတ်သိမ်းတယ်။ တကယ်တော့ နင့်လိုမျိုး ချမ်းသာတဲ့ယောကျာင်္းကိုရဖို့ သွားရတဲ့ လမ်းက မလွယ်ပါဘူး။ ဒါဟာလဲ ငါ နင့်လောက်မကျွမ်းကျင်တဲ့ ပညာတစ်ရပ်ပဲ” လို့ပြောခဲ့တယ်။ ဟုတ်တော့လဲ ဟုတ်တယ် သေချာစဉ်းစားကြည့်ရင် ကိုယ်လဲ ချမ်းသာတဲ့ယောကျာင်္း ချောတဲ့ယောကျာင်္းလိုချင်တာပဲ။ ဒါပေမဲ့ အဲဒါတွေနဲ့တွဲပါလာမဲ့ဟာတွေက အပြင်လောကမှာဆို မတွေးဝင့်စရာပဲ။ ကိုရီးယားကားထဲကလို ဥစ္စာပေါ၊ ရုပ်ချော၊ သစ္စာရှိဆိုတာ သချိုင်းမှာတောင်မရှိလောက်ဘူးလေ။ ဒီတော့ မဗေဒါအတွက်ကတော့ အရမ်းမချမ်းသာလဲနေပါ။ ရုပ်မချောလဲနေပါ။ ကိုယ်စိတ်ချမ်းသာမယ်ထင်တဲ့သူကိုပဲ လိုချင်ပါတယ်။ သူဋ္ဌေးကတော်လုပ်ပြီး မယားငယ်တွေလိုက်ရှင်းနေရတဲ့ ဘ၀နဲ့ နေနိုင်တဲ့သူတွေလဲ ဒါသူတို့ရဲ့ ကိုယ်မလုပ်နိုင်တဲ့ effort ပဲလေဆိုပြီး အကောင်းမြင်ပေးနိုင်လာတယ်။

ဒါပေမဲ့လဲ ကားက အဆုံးမှာတော့ လမ်းမလွဲရအောင် သိမ်းပေးနိုင်ခဲ့ပါတယ်။ သူ့သူငယ်ချင်းမိန်းမလဲ သူလိမ်ထားတာတွေပေါ်ပြီး သူ့ယောကျာင်္းနဲ့ ကွဲပြီး လမ်းဘေးပြန်ရောက်သွားတယ်။ မင်းသမီးက ပထမတော့ သူ မင်းသားကို သူဋ္ဌေးမှန်းသိမှ လက်ခံခဲ့တယ်ဆိုပင်မဲ့ သူဋ္ဌေးမှန်းမသိခင်ကတည်းက ချစ်ခဲ့တယ်ဆိုတော့ သူ့မှာ ၁ ပစ်ပဲရှိတယ်လေ။ သူဋ္ဌေးမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး ရိုးသားသလိုလုပ်ခဲ့တဲ့အတွက် သူလဲ မင်းသားနဲ့ ဒီပြဿနာကိုအတော်လေးရှင်းလိုက်ရသေးတယ်လေ။
Anyway, ဒီကားမှာ မင်းသား Park Shi Hoo ပေါတောတောသရုပ်ဆောင်တာလေးက ရီရပါတယ်။ ဒီကားရဲ့ Story line က Heavy မဟုတ်ပဲ သာမာန်အချစ်ဇာတ်လမ်းမျိုးဖြစ်တာရော။ ကိုရီးယားကား Standard နဲ့ယှဉ်ရင် နည်းနည်း Cheesy ဖြစ်တယ်လို့ထင်တာရော။ နောက်ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းလို့ရတာရောကြောင့် So So drama list ထဲရောက်ပါတယ်။ ကိုယ်ကြိုက်မယ်ထင်ရင်တော့ ကြည့်လိုက်ပေါ့နော်….

၉။ Rooftop Prince



Episode : 20

Genre : Historical, Romance, Comedy, Fantasy

Main Cast
My Rating: 2.5/5

ဇာတ်လမ်းအကျဉ်း


အိမ်ရှေ့မင်းသား Lee Gak ဟာ သူ့ကိုယ်ရံတော် ၄ယောက်နဲ့အတူ နှစ်ပေါင်း ၃၀၀ကျော်(ယနေ့ခေတ်) ကို အချိန်ခရီးသည်အဖြစ်ရောက်ရှိလာတဲ့အခါ သူတို့ဟာ အိမ်ရှေ့စံရဲ့ ဇနီးသေဆုံးမှုကို ကံကြမ္မာက ဖော်ထုတ်စေချင်လို့ပို့လိုက်တာလို့ ယုံကြည်ကြတယ်။

သူတို့ ၄ယောက် ယနေ့ခေတ်မှာပေါ်လာတဲ့နေရာကတော့ Park Ha ဆိုတဲ့ အသက် နှစ်ဆယ်ကျော်ကောင်မလေးရဲ့ခေါင်းမိုးပေါ်မှာကပ်ဆောက်ထားတဲ့ အိမ်လေးထဲမှာပေါ့။ ဒီလိုနဲ့ပဲ Park Ha ဟာ သူတို့ရဲ့အကြောင်းကို သိပြီး ၂၁ရာစုမှာနေပုံထိုင်ပုံတွေကို သင်ပြပေးတဲ့ သူတို့ ၄ယောက်ရဲ့ အုပ်ထိန်းသူဖြစ်ခဲ့တယ်။ Park Ha နဲ့ နေစဉ်အတွင်းမှာပဲ Hong Se Na ဆိုတဲ့ Park Ha အဖေရဲ့ နောက်အိမ်ထောင်ကပါလာတဲ့ အစ်မနဲ့ Lee Gak တွေ့တဲ့အခါ သေသွားတဲ့ သူ့မိဘုရားဝင်စားတဲ့သူဆိုပြီး ယူဆခဲ့တယ်။ ယနေ့ခေတ်မှာ Lee Gak နဲ့ရုပ်ချင်း တစ်ထေရာထဲတူတဲ့ Yong Tae Yong(Lee Gak လူဝင်စား)ရဲ့ နေရာကို အစားထိုးဝင်ရောက်ဟန်ဆောင်ရင်း Yong Tae Yong ပျောက်ဆုံးမှုအပြင် အရင်ခေတ်က Lee Gak ရဲ့ မိဘုရားသေဆုံးမှု ပဟေဠိကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်။
အဲဒိတစ်လျှောက် ရှေးရေစက်ရှိခဲ့တဲ့ အရင်ခေတ်က Lee Gak နဲ့ ဒီခေတ်က Park Ha တို့ဟာ တစ်နေ့ပြန်ရမယ်မှန်းသိသော်လည်း ချစ်သူတွေဖြစ်ခဲ့ကြတယ်။ သူတို့ ၂ယောက်ချစ်ဇာတ်လမ်းဘယ်လိုသိမ်းမလဲ။ Park Ha နဲ့ Lee Gak ဟာ ဘယ်လိုရေစက်တွေရှိခဲ့လို့ ဒီခေတ်မှာ Park Ha အိမ်ပေါ်မှာ လာပေါ်တာလဲ။ အိမ်ရှေ့မင်းသမီးကို သတ်တာဘယ်သူလဲ။ ဆိုတာကိုတော့ သိချင်ရင် ကြည့်ပေါ့နော်…

ဝေဖန်ရေး

ဒီကားဟာ မလိုအပ်ပဲ အပိုင်း ၂၀ကို မရမက ဆွဲထားတယ်လို့ ထင်တယ်။ အပိုင်း ၁ကနေ ၄လောက်အထိ အရမ်းရီရပြီး စိတ်ဝင်စားစရာကောင်းတယ်။ ရီလိုက်ရတာလဲ မျက်ရည်တောင်ကျတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေမှာ ဆွဲလိုက်တာမှ တစ်သက်နဲ့တစ်ကိုယ် ကိုရီးယားကားကြည့်ရင်း မပြီးနိုင်တော့ဘူးလားလို့ စိတ်ထဲဖြစ်မိတာ ဒီကားရယ်။ အမှန်ဆို ၁၆ ပိုင်းလောက်နဲ့ပဲ ဖြတ်လိုက်ရင်တောင် ကောင်းအုံးမယ်။
မင်းသမီးကိုတော့ တခြားကားတွေမှာ ပါဖူးလားဆိုတာ စဉ်းစားလို့မရပေမဲ့ သူ့မျက်နှာကတော့ တရင်းတနှီးရှိနေသလိုခံစားရတယ် (ပြောရင်းနဲ့သိပြီ သူက Capital Scandal ထဲကမင်းသမီး အဲဒိကားမကြည့်ရသေးဘူး ဒါပေမဲ့ သိတယ်) Micky Yoo Chun ရဲ့ အမာခံပရိတ်သတ်တွေရှိတော့ ဒီကားက အောင်မြင်တယ်လို့တော့ပြောလို့ရပါတယ်။ အဲဒိကားနောက်ပိုင်းလဲ ပြီးရော time Travel ကားတွေ ဇာတ်တိုက်ထွက်တော့တာ Time slip Dr.Jin, Queen In Hyun’s Man, Faith တွေပေါ့…. လူတောင် Time Travel တွေကို အတော်အီစိမ့်သွားတယ်… အီတာမှ လုံးဝကိုမကြည့်တော့တာ…

ဒီကားရိုက်နေတဲ့ အတောအတွင်း မတ်လ ၁၃ရက် ၂၀၁၂ မှာ မင်းသား Micky Yoo Chon ရဲ့ ဖေဖေကွယ်လွန်သွားလို့ ရိုက်ကွင်းကို ခေတ္တရပ်ဆိုင်းခဲ့တယ်။ ဒါပေမဲ့ မတ်လ ၁၇ ရက်နေ့မှာပဲ မင်းသားဟာ ရိုက်ကွင်းကိုပြန်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ မတ်လ ၂၁ ရက်နေ့မှာ ပထမဆုံးအပိုင်းကို စပြမှာဖြစ်တဲ့အတွက် နောက်ကျလို့ မရတာကြောင့်တဲ့။ ခုလိုကြားရတော့ Yoo Chun ပရိတ်သတ်တစ်ယောက် အနေနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သေချာတာက ရုပ်ရှင်အစပိုင်းတွေမှာ ဟာသခန်းတွေများတော့ သူ့အဖေဆုံးထားတာနဲ့ သူဒီလိုသရုပ်ဆောင်ရတာ စဉ်းစားရင်း သနားတောင် သနားလာတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကားကို ၂.၅ ပဲပေးရခြင်းက သရုပ်ဆောင်တွေညံ့လို့မဟုတ်။ ဇာတ်လမ်းကို အားလုံးခြုံကြည့်ရင် ဇာတ်လမ်းညံ့လို့ပဲ ပြောရမှာပဲ။ သရုပ်ဆောင်တွေအားလုံးကောင်းကြပါတယ်။ မင်းသားလဲကောင်းတယ်။ မင်းသမီးလဲကောင်းတယ်။ မင်းသားနောက်လိုက် ၃ယောက်လဲ ရီရတယ်။ အရီရဆုံးကတော့ ရုပ်ခပ်တည်တည်နဲ့ ပေါတဲ့ လူကြီးပဲ။ ဒီကားကို SBS ကပေးတာမဟုတ်ပဲ တစ်ခြားကရတဲ့ ဆုတွေကတော့….

§  2012 5th Korea Drama Awards: Best Actress Award (Han Ji Min)
§  2012 1st K-Drama Star Awards: Excellence Actress Award (Han Ji Min)
§  2012 7th Seoul International Drama Awards: Excellent Korean Drama
§  2012 7th Seoul International Drama Awards: People's Choice Award (Korea) (Park Yoochun)
§  2012 7th Seoul International Drama Awards: Outstanding Korean Actor (Park Yoochun)
§  2012 7th Seoul International Drama Awards: Outstanding Korean Actress (Han Ji Min)
§  2012 Mnet 20's Choice Awards: 20's Drama Star (Female) (Han Ji Min)

၁၀။ Big

Episode : 16
Genre: Romantic Comedy
Cast:
·         Gong Yoo as Seo Yoon-jae / Kang Kyung-joon
·         Lee Min-jung as Gil Da-ran
·         Suzy as Jang Mari
·         Shin Won-ho as Kang Kyung-joon
My Rating: 2.5/5

ဇာတ်လမ်းအကျဉ်း

Gil Da-ran ဟာ ဆရာမလက်မှတ်ရဖို့ ကြိုးစားနေတဲ့ (အလုပ်သင်ဆရာမ သဘောမျိုးထင်တယ်) Substitute Teacher တစ်ယောက်ဖြစ်ပြီး ဆရာဝန်ချောချောတစ်ယောက်ဖြစ်တဲ့ Seo Yoon-jae နဲ့ စေ့စပ်ထားတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လက်ထပ်ဖို့ ၁လလောက်အလိုမှာပဲ သူ့ချစ်သူဟာ သူနဲ့ ခပ်ခွာခွာနေလာတာကို သတိထားမိလာတယ်။ သူ့ကျောင်းကို Kang Kyung-joon ဆိုတဲ့ ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတယ်။ အဲဒိကျောင်းသားက Da-Ran ရဲ့ နမောနမဲ့နိုင်မှုကြောင့်သူ့ကို ဆရာမလို မဆက်ဆံဘူး။ တစ်ရက်မှာ ကျောင်းသားသစ် Kang Kyung-joon နဲ့ Da-ran ရဲ့ ချစ်သူ Yoon-Jae တို့ ကား အက်ဆီဒန့်ဖြစ်ပြီး ရေထဲကို ၂ယောက်လုံးကျသွားခဲ့တယ်။ Kang Kyung-joon ကို Yoon Jae က ရေထဲကယ်တင်ခဲ့ပင်မဲ့ Kang Kyung-joon ကတော့ သတိမေ့မြောနေခဲ့ပြီး Yoon Jae ကိုတော့ သေဆုံးသွားတယ်လို့ယူဆပြီး ရေခဲတိုက်ကိုပို့ခဲ့တယ်။ Kang Kyung-joon ပြန်သတိရလာတဲ့အချိန်မှာ သူဟာရေခဲတိုက်ထဲကိုရောက်နေပြီး Yoon Jae ခန္ဓာကိုယ်ထဲကိုရောက်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ…..
သူတို့ ၂ဦးဘာလို့ စိတ်ချင်းလဲသွားသလဲ။ ဘယ်လိုပတ်သတ်သလဲ။ Yoon Jae အစစ်က Da-Ran အပေါ်ထားတဲ့ စိတ်ထား။ Kang Kyung-joon စိတ်နဲ့ Yoon Jae ကိုယ်ဖြစ်နေတဲ့ Da-Ran လက်ထပ်ရမဲ့ သတို့သားလောင်း…. စတာတွေကို သိချင်ရင်ကြည့်ပေါ့နော်… မကြည့်ခင် အောက်က ဝေဖန်ရေးကို နည်းနည်းဖက်ပြီးမှ ကြည့်ချင်ရင်ကြည့်ပေါ့နော်…

ဝေဖန်ရေး...

ဒီကားအကြောင်းရှာကြည့်ရင်တော့ ပရိတ်သတ်တော်တော်များများဟာ ဇာတ်သိမ်းခန်းနဲ့ပတ်သတ်ပြီ နားမလည်နိုင်ပဲ မကျေမနပ်ဖြစ်နေကြတာတွေ့မှာပါ။ ဒရမ်မာ Review တွေရေးလေ့ရှိတဲ့ Dramabean မှာလဲ ကျွန်မခံစားရတဲ့အတိုင်း သူရေးထားတာတွေ့ပါတယ်။ မဗေဒါကြည့်တုန်းကလဲ အောင့်သက်သက်နဲ့ ဟင်ဘယ်လိုကြီးလဲဆိုပြီးခံစားရပါတယ်။ ပရိတ်သတ်တွေမှာ Yoon Jae အစစ်နေရာက သရုပ်ဆောင်တဲ့ မင်းသားကြီး Gong Yoo နဲ့ငြားစေချင်တဲ့သူရှိမယ်။ ဇာတ်လမ်းအရ မင်းသမီးကို တကယ်ချစ်တဲ့ Kang Kyung Joon နေရာမှာသရုပ်ဆောင်သွားတဲ့ မင်းသားငယ် နဲ့ ငြားစေချင်တဲ့သူလဲရှိမယ်။ (မဗေဒါကတော့ အစကတည်းကလဲ Gong Yoo ကို မကြိုက်တာရော၊ ဇာတ်လမ်းအရလဲ မင်းသားငယ်နဲ့ပဲ ရသင့်တာကြောင့်ရောမို့ အငယ်နဲ့ပဲ သဘောတူတယ်)။ ဒါပေမဲ့ အဆုံးမှာ စာရေးဆရာ Hong Sisters ပဲ တရားခံလား၊ ဒါရိုက်တာပဲ တရားခံလားတော့မသိဘူး လုပ်ချသွားတာက ဘာကြီးမှန်းမသိပဲ အီလည်လည်ကြီးပေါ့။ ကိုယ့်ဟာကိုယ်တွေးချင်တာတွေးပြီး ငြားပေးချင်တဲ့သူနဲ့ငြားပေးလို့ရသလိုလို။ ဒါပေမဲ့လဲ မဗေဒါအတွက်တော့ ဘယ်လိုပဲစဉ်းစားစဉ်းစား မင်းသမီးနဲ့ ငြားတာ အငယ်မင်းသားလို့ပဲထင်တယ်။ ဒါပင်မဲ့ ဘာလို့ Gong Yoo လိုလိုရိုက်ပြသေးလဲ။

တချို့ကပြောတော့လဲ ၁နှစ်ကြာပြီးနောက် မင်းသားငယ်လေးက ကြီးသွားပြီး Gong Yoo ဖြစ်သွားတာတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားငယ်နေရာမှာ သရုပ်ဆောင်တဲ့ကောင်လေးအတွက် မတရားလွန်းဘူးလို့ထင်ပါတယ်။ အဲဒိ ကောင်လေးက နာမည်ကြီးမဟုတ်သေးတော့ နှိမ်တာများ ဇာတ်လမ်းမှာ သူ့ဇာတ်ကောင်နဲ့ညားတာတောင် သူ့မျက်နှာမပါရှာဘူး။ ရက်စက်တာ။ တစ်ကားလုံးလဲ မြောနေတယ်ဆိုပြီး အိပ်ယာပေါ်မှာပဲနေရတယ်။ Gong Yoo ကပဲ သူ့ ၀ိဥာဏ်ဝင်နေတယ်ဆိုပြီး မင်းသမီးနဲ့ သရုပ်ဆောင်ရတယ်။ အော်… အဆုံးကျရင်တော့ ဟိုကောင်လေးပြန်ဖြစ်တော့မှာပဲဆိုတဲ့ အတွေးနဲ့အဆုံးထိ စိတ်ရှည်စွာကြည့်ပြီး ရင်ဝစောင့်ကန်ခံရတော့တာပဲ။

Gil Da-Ran နေရာမှာ သူရုပ်ဆောင်တဲ့ မင်းသမီး  Lee Min-jung ကိုလဲ အရင်က မကြိုက်တဲ့ စာရင်းထဲမပါဘူး။ ဒီကားကြည့်ပြီး သူ့ကားနောက်တစ်ကားကြည့်ဖို့ တော်တော်စဉ်းစားရတော့မယ် (ခုသူ့ကားနောက်တစ်ကား ဇာတ်မင်းသားပုံစံမင်းသားကြီးနဲ့ ထွက်နေတယ်.. ကြည့်ချင်စိတ်ရှိဘူး)… မင်းသမီးက Act Cute လုပ်တာလွန်ရော။ ဘယ်လိုစကားလုံးနဲ့ပြောရမှန်းသိတော့ဘူး။ အပိုင်း ၁၀နောက်ပိုင်းမှာလဲ ဇာတ်လမ်းက မလိုအပ်ပဲ ဆွဲပြနေတာ။ ပျင်းဖို့တောင် ကောင်းတယ်။ Suzy ဇာတ်ကောင်ကလဲ မလိုအပ်ပဲထည့်ထားသလို။ Suzy ကို ဒိထက်ကောင်းတဲ့ ဇာတ်ကောင်မျိုးပေးသင့်တယ်။ ဒါတောင်သူက ချစ်ဖို့ကောင်းလို့ ဒီလောက်မုန်းစရာမကောင်းတာ။ သိတော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်။ ဒီကားက မဗေဒါကိုတော့ အဆုံးထိကြည့်ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့အတွက်။ (အဆုံးရောက်မှသာ ကိုယ်မျှော်လင့်သလိုဖြစ်ခဲ့သော်ငြား စိတ်တိုင်းကျ မပြခဲ့တဲ့အတွက်)။ မင်းသမီးရယ် ဇာတ်သိမ်းရယ်ကို စိတ်ထဲသိပ်ဘ၀င်မကျလို့ သူ့ကို ၅မှတ်မှာ ၂.၅ မှတ်ပေးထားတယ်။

၁၀ ကားတော့ ပြီးပြီ... ကျန်တဲ့ကားတွေကတော့ မဗေဒါ အစကြည့်ပြီး အဆုံးထိပြီးအောင် မကြည့်ဖြစ်တဲ့ကားတွေရယ်။ လုံးလုံးစိတ်မ၀င်စားလို့ မကြည့်ဖြစ်တဲ့ ကားတွေရယ်ပဲကျန်တော့တယ်...