Friday, September 30, 2011

Changes VS Thinking VS My LIFE

ဘ၀မှာ သေချာတဲ့ အရာကို ပြပါလို့ဆိုရင် ပြောင်းလဲခြင်းသဘောတရားကိုပဲ လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်... လူ့ဘ၀ဟာ တစ်သက်မတ်တည်းသွားနေတဲ့ လမ်းဖြောင့်တစ်ခုမဟုတ်ပါဘူး... အခြေအနေတွေ အချိန်အခါတွေအလိုက် ကျွန်မတို့တွေ ရွေးချယ်ရတယ်... ဆုံးဖြတ်ချက်တွေချရတယ်... လိုအပ်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ရပါတယ်... အပြောင်းအလဲဆိုတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကနေ ကျွန်မတို့တွေဟာ သင်ယူကြတယ် ညှိုနှိုင်းကြတယ် တွေးခေါ်နားလည်ကြပါတယ်...
ကျွန်မတို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲမှု
ကျွန်မတို့ရဲ့ အနေအထိုင် ပြောင်းလဲမှု
ကျွန်မတို့ရဲ့ ဘ၀အပေါ်ထားတဲ့ အမြင်နဲ့ ယုံကြည်မှုတွေပြောင်းလဲမှု
အဲဒိ အမြင်ပေါ်မူတည်ပြီး ကျွန်မတို့ရဲ့ အမူအကျင့်တုံ့ပြန်မှုတွေ ပြောင်းလဲမှု တွေဖြစ်ပေါ်နေတာပါ...

ယနေ့ ကျွန်မရောက်နေတဲ့ ကျွန်မရပ်တည်နေတဲ့ နေရာ အတွေးအခေါ် ယုံကြည်မှုဟာ လွန်ခဲ့တဲ့ ၁ နှစ်ကနဲ့ တူချင်မှတူတော့မယ်... ကောင်းလာတာလဲ ရှိမယ်... ဆိုးသွားတာလဲရှိမယ်.... ဒါပေမဲ့ ကောင်းတယ်ဆိုးတယ်ဆိုတာတွေကို ဘာပေတံနဲ့မှ အသေအချာတိုင်းလို့မရဘူး... အားလုံးက တစ်ယောက်စီရဲ့ အမြင်ပေါ်မှာမူတည်တယ်... (စာကြွင်း... များသောအားဖြင့်တော့ ကောင်းတယ်ဆိုတယ်ဆိုတာကို အများက လက်ခံထားတဲ့ စံနဲ့တိုင်းတတ်ကြတယ်... ဒါပေမဲ့ လူတစ်ယောက်ရဲ့ဘ၀ထဲက သူ့ရွေးချယ်မှုဟာ ဘယ်သူ့ကိုမှ မထိခိုက်ဖူးဆိုရင်တော့ သူ့စံနဲ့ပဲ တိုင်းသင့်တယ်လို့ ကျွန်မထင်တယ်... )...

လူတစ်ယောက်ဟာ ကိုယ့်ဘ၀မှာ ဘာတွေပြောင်းလဲသွားလဲ အဲဒိပြောင်းလဲမှုတွေက ကိုယ့်ကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတာကို သတိထားဆင်ခြင်နေသင့်တယ်... ဒီလိုမှ ကိုယ့်ကိုကိုယ် ပိုနားလည်လာစေနိုင်တယ်... ကျွန်မဘ၀ရဲ့ ပြောင်းလဲမှုတွေ အတွေးအခေါ်တွေကို ကျွန်မအတွေ့အကြုံပေါ်မူတည်ပြီး ဒီဘလော့ပေါ်မှာ ချရေးခြင်းဖြင့် မတွေ့ကြုံဖူးသေးတဲ့သူတွေကိုလဲ ကျွန်မ အတွေးတွေကို မျှဝေသလို စာဖတ်သူတွေရဲ့ ဘ၀အတွေ့အကြုံ အပြောင်းအလဲတွေကိုလဲ သတိထားဆင်ခြင်ဖြစ်အောင် အားပေးဖို့ ရည်ရွယ်တယ်...

နိဒါန်းတွေကို ရှည်ရှည်ဝေးဝေး ကြီးကြီးကျယ်ကျယ်ရေးနေတာ ဘာမှ မဟုတ်ပါဘူး... ကျွန်မဘ၀အတွက် အထိုက်အလျှောက်ကြီးမားတဲ့ အပြောင်းအလဲတွေကို ကျွန်မ ဒီနှစ်ထဲမှာ လုပ်ဖြစ်ခဲ့တယ်... ၁ ခုက ကျွန်မယခင်က တက်ခဲ့တဲ့ အင်ဂျင်းနီးယားရင်းမေဂျာကနေ ယခု ကျွန်မ စိတ်ပါဝင်စားတဲ့ Multimedia Technologies and Design ဆိုတဲ့ မေဂျာကို ကျွန်မရဲ့ ရှေ့ဆက်ပညာရေးအတွက် ရွေးချယ်လိုက်တယ်... နောက်တစ်ခုက ကျွန်မ ၄နှစ်နီးပါး အလုပ်လုပ်လာတဲ့ အလုပ်ကနေပြီး နောက်အလုပ်တစ်ခုပြောင်းလိုက်တယ်...ဒီလို အပြောင်းအလဲတစ်ခုကို ရွေးချယ်ဖို့ ကျွန်မအတွက် မလွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ... ယခင်က စိတ်နဲ့ဆိုရင်တော့ ဒီအပြောင်းအလဲကို လုပ်ဖြစ်မှာမဟုတ်ပါဘူး... ခုလို လုပ်ဖြစ်သွားဖို့ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အတွေးအခေါ်နဲ့ ယုံကြည်ချက်ပြောင်းလဲမှု တွေအများကြီးမူတည်ပါတယ်...

၁) ပညာရေးလမ်းကြောင်း အပြောင်းအလဲ

ဒါဆို ဘယ်လို အတွေးအခေါ်တွေ ပြောင်းလဲမှုက ကျွန်မကို ဒီလိုင်းကို ရွေးစေခဲ့တာလဲ... လူငယ်တော်တော်များများရဲ့ ရွေးချယ်မှုကို သူတို့ရဲ့ အုပ်ထိန်းသူတွေ ပတ်ဝန်းကျင်တွေ လူတွေသတ်မှတ်ထားတဲ့ ကောင်းတယ် မကောင်းဘူးဆိုတာတွေက ဘောင်ခတ်ထားလေ့ရှိတယ်... ဒါကလဲ လုံးလုံးမှားတယ်လို မဆိုနိုင်ပါဘူး... ကိုယ်ဘာလုပ်ချင်မှန်း ရေရေရာရာ ဘာကို စိတ်ဝင်စားမှန်း မသိသေးခင်မှာ လူကြီးတွေရဲ့ လမ်းပြမှုနဲ့ လမ်းမှန်ပေါ်ရောက်သွားတဲ့သူတွေလဲ အများကြီးပါပဲ... ကျွန်မလဲ လူကြီးတွေရဲ့ စီမံလမ်းပြမှုကြောင့် ယနေ့ရောက်နေတဲ့ နေရာကို ရောက်လာတဲ့အတွက် အင်ဂျင်နီးယားရင်းရွေးချယ်ခဲ့ရမှုကို နောင်တတော့ မရပါဘူး... (အဲဒိအချိန်က အခြေအနေနဲ့ အချိန်အခါက ဒီလမ်းက အကောင်းဆုံးဖြစ်နေတာတစ်ကြောင်း ကျွန်မကိုယ်တိုင်လဲ ဘာကို စိတ်ဝင်စားမှန်း သေသေချာချာမသိတာကတစ်ကြောင်း ကြောင့်ပါ)...

အင်ဂျင်နီးယားရင်းကို မမုန်းဘူးဆိုပေမဲ့ ကျွန်မ စိတ်ဝင်တစားနဲ့ အားတက်သရော ဖြစ်လှတယ်တော့ မဟုတ်လှပါဘူး... (personally... ဆရာဝန်ထက်စာရင်တော်ပါသေးတယ်... ကျွန်မအတွက်ကိုပြောတာနော်)... အချိန်တန်စာမေးပွဲအောင် လူတန်းစေ့ အလုပ်ရ၊ ပိုက်ဆံရှာ ဒါတွေအားလုံးကို သူများတန်းတူ ကျွန်မလိုက်လုပ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်မဘာကို သွားသတိထားမိလဲဆိုတော့ ကျွန်မ အလုပ်လုပ်နေတာ ပိုက်ဆံရရုံသက်သက်ပါပဲ... အလုပ်အတွက် ဘာခံစားချက်မှမရှိပါဘူး... ရှင်းရှင်းပြောရရင် စိတ်ဝင်စားမှုလဲမရှိဘူး... ကြိုးစားချင်စိတ်လဲမရှိဘူး... ငါ့ ရာထူးနဲ့ ဒီလောက်လခနဲ့ ကျေနပ်တယ်... ပိုခိုင်းရင်လဲမကြိုက်ဘူး... အလုပ်ဆင်းချိန် ဒေါင်ဆိုတာနဲ့ ပြန်ချင်တယ်... အလုပ်ထဲက လူတွေကိုလဲ ခင်လှတယ်မရှိပါဘူး... ဒါတွေက ကျွန်မကျောင်းပြီးစ အသက် ၂၁ အရွယ်က ခံယူချက်တွေပါ...

အချိန်နဲ့ ဒီရေဟာလူကို မစောင့်ဆိုတဲ့အတိုင်းပဲ အဲဒိစီးကြောင်းထဲ မျောနေလိုက်တာ ၁နှစ်ပြီး ၁နှစ် သတိမထားမိလိုက်ခင်မှာပဲ ကုန်ဆုံးသွားတယ်... ဒီအချိန်မှာ ကျွန်မ ပတ်ဝန်းကျင်က သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက ပညာရေးတွေ ရှေ့ဆက်ရင်း ကျောင်းပြီးတဲ့သူကပြီး ကိုယ့်နောက်မှ စကာင်္ပူမှာ ကျောင်းတက်တဲ့သူက ခုဆို ဆက်လုပ်ရင်းနဲ့ ကျောင်းပြီးခါနီးတွေဖြစ်လာ... ဒီတော့ ကျွန်မ ရှေ့ဆက်ဖို့ စစဉ်းစားရပြီ... ဒီတစ်ခါတော့ ကျွန်မအချိန်ပေးပြီး စဉ်းစားတယ်... အဲဒိအချိန်မှာ ကျွန်မ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းနဲ့ တွေ့ကြုံခဲ့ရတာတွေကို ပြန်သုံးသပ်ကြည့်တယ်... ကိုယ့်ကိုကိုယ်အားမရဘူး.... ဟိုယောင်ဝါးဝါး ဒီယောင်ဝါးဝါး... ဘယ်အရာမှ အညံ့စာရင်းထဲ မပါခဲ့ပင်မဲ့ ထူးချွန်တဲ့ စာရင်းထဲလဲ မပါခဲ့ဘူး... သူများတွေ ရွေးလို့ သူများတွေလုပ်လို့... ဒါကတော့ ကျောင်းပြီးရင် အလုပ်ပေါလို့ လခကောင်းလို့... ဆိုတဲ့ သူများတွေတိုင်းတဲ့ စံနဲ့ ကျွန်မဘ၀ကိုလိုက်တိုင်းတယ်... ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင် အများပဲလေ... အားလုံး ဒီလိုလုပ်မှတော့ ကိုယ်လိုက်မလုပ်ရင် ကျန်ခဲ့မှာပေါ့ဆိုတဲ့ ကြောက်စိတ်နဲ့ ပဲ ဘ၀ကို လျှောက်လှမ်းခဲ့တယ်...

သူများစံနဲ့ ကိုယ်ရွေးတဲ့လမ်း...

ဒါပေမဲ့ ကျောင်းပြီးတော့ အလုပ်ရှာတော့လဲ ကိုယ်တစ်ယောက်တည်းပဲ... လခကောင်းသလား မကောင်းဘူးလားဆိုတော့လဲ တစ်ယောက်ချင်းစီရဲ့ ရတဲ့ အလုပ်ပေါ်ပဲ မူတည်တာပဲ... ကိုယ်ယူခဲ့တဲ့ မေဂျာနဲ့ တစ်ထပ်တည်းကျတဲ့ အလုပ် မရလဲ ၀င်လုပ်ရတာပဲ... လုပ်ငန်းခွင်ဝင်တော့ ထိတွေ့ရတာလဲ ကိုယ်ပဲ... လုပ်ငန်းမှာ ကိုယ်ပျော်လား မပျော်လားဆိုတာလဲ ကိုယ့်ရဲ့ ခံစားချက်ပဲ... ပြသနာဖြစ်လဲ ကိုယ်ပဲရှင်းရတာပဲ... ဘယ်အရာမဆို ဘ၀ဆိုတဲ့ လမ်းမကြီးပေါ်မှာ သူများသတ်မှတ်ခဲ့တဲ့ စံတွေနဲ့ ကိုယ်တစ်ယောက်ထဲ ခါးစည်းခံရတာပဲ.... သူများတွေ စံနောက်လိုက်လဲ ကိုယ်က ရွေးချယ်ခဲ့တဲ့သူမို့ ဒီတာဝန်ဟာ ကိုယ့်ပေါ်မှာပဲရှိတယ်... မိဘတွေက ဒါကောင်းတယ်ဆိုပြီး ဒါလိုက်လုပ်ပင်မဲ့ ကိုယ့်ဘ၀ဖြစ်တဲ့အတွက် ကိုယ်ပဲ ရင်ဆိုင်ရမှာပဲ... တစ်ကယ်တမ်းကျတော့ မိဘတွေ အပေါင်းအသင်းတွေဆိုတာ ဘေးကနေ စိတ်ပိုင်းဆိုင်ရာ အားပေးဖော်ပဲရှိတာ... ကိုယ်ကသာ ကိုယ့်ဘ၀ကို ရင်ဆိုင်နေရတာ... အဲဒိအခါမှာ သူများစံနဲ့ ကိုယ်ရွေးခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မ နောင်တရတယ်... နောင်တဆိုတာ နောင်မှရတယ်ဆိုပေမဲ့ နောက်ဖြစ်မဲ့အတွက်တော့ ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်... ပြောင်းလဲဖို့ဆိုတာ နောက်ကျတယ်မရှိဘူး....


စိတ်ဝင်စားမှုကို ရှာဖွေခြင်း...

လူတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ကိုင်တဲ့အခါမှာ ပိုပြီး ထိထိရောက်ရောက် အကျိုးရှိရှိလုပ်ဆောင်နိုင်တယ်... ကျွန်မ၀ါသနာပါတာ... ကျွန်မကြိုက်တာ ငယ်ငယ်က ဘာဖြစ်ချင်လဲဆိုရင် သေသေချာချာ မသိဘူး... ဒါပေမဲ့ အိမ်မှာ တီဗွီစောင့်နတ်လို့ နာမည်ရလောက်အောင် ငယ်ငယ်ကတည်းက ကြည့်တယ်... စကာင်္ပူစရောက်ပြီး ကျောင်းတက်တော့လဲ စာကျက်ရင်တောင် တီဗွီဖွင့်ပြီး တီဗွီရှေ့ထိုင်ကျက်လို့ အိမ်မှာအတူနေတဲ့ အခန်းဖော်တွေက စာမေးပွဲမရှိဘူးလားလို့ မေးခံရတဲ့ အထိပဲ... ရုပ်ရှင်တွေကြည့်ရင်း Behind the scene တွေပြရင် "အော် ဒီလိုရိုက်တာပါလား... လုပ်တာပါလား" ဆိုပြီး ကျွန်မစိတ်ဝင်စားတယ် သဘောကျတယ်... အဲဒိထိလဲ ကျွန်မဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲဆိုတာကို ထုတ်ပြောရမှာ ရှက်တယ်... မဖြစ်နိုင်တာကို ပြောတယ်ဆိုပြီး ၀ိုင်းလှောင်ကြမှာ ၀ိုင်းရီကြမှာကို ကြောက်တယ်...

ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒါရိုက်တာ အလုပ်က မဖြစ်နိုင်ပါဘူးလို့ လူတွေကထင်နေရင် ခု ဒါရိုက်တာဖြစ်နေတဲ့ သူတွေက မွေးကတည်းက တံဆိပ်တပ်ခံထားလို့လား... ဥပမာ ကိုရီးယားက အဆိုတော် မင်းသား Rain ဟာ စစချင်းမှာ ရုပ်ဆိုးလို့ မဖြစ်နိုင်ပါဘူးဆိုပြီး ဘယ် Entertainment agency ကမှ လက်မခံခဲ့ပင်မဲ့ ခုတော့ ကမ္ဘာအဆင့်ထိတက်နိုင်တဲ့ ကိုရီးယား ဂုဏ်ဆောင်မင်းသားဖြစ်နေတာပဲ... ကိုယ်ဖြစ်ချင်တာ ၀ါသနာပါတာကို လုပ်ဖို့တော့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုတော့လိုတယ်...

ကြောက်စိတ်...

ဒီအခါကျပြန်တော့ ကျွန်မမှာ နောက်ထပ်ကြောက်စိတ်တစ်ခုဝင်လာတယ်... ငါ့မှာ အဲလောက် ပြင်းပြတဲ့ ဆန္ဒနဲ့ ကြိုးစားအားထုတ်ချင်စိတ်ရှိရဲ့လား... အလုပ်တစ်ခုကို စပြီးရင် အဆုံးမသတ်တတ်တဲ့ အကျင့်ဆိုးတစ်ခု ကျွန်မမှာရှိနေတာကိုလဲ ကိုယ့်ကိုကိုယ်သေချာသိပါတယ်... (ဒါပေမဲ့ ပြင်နိုင်အောင် ကြိုးစားနေပါတယ်...) ကိုယ်တစ်ခါမှ မလုပ်ကြည့်ဖူးတော့ ဒီလိုင်းဟာ ကိုယ်နဲ့ ကိုက်လား မကိုက်လား... ကိုယ့်အတွက် တကယ် အဆင်ပြေတဲ့ အလုပ်ဖြစ်ပါ့မလား... သေချာတာကတော့ ဒီလိုင်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ရင်ဆိုင်ရမှာက ကိုယ့်မိဘတွေကို... ပြီးတော့ ကိုယ်ရောက်နေတဲ့ အသိုင်းအ၀ိုင်းကို... ပြီးတော့ မမြင်တွေ့ရသေးတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း... အပြိုင်အဆိုင်များတဲ့ အချိန်နဲ့အမျှ အမြဲနီးပါး အလောတကြီးလုပ်ကိုင်ရတဲ့ လုပ်ငန်း သဘာဝ... အချိန်အတိအကျ သတ်မှတ်မှုမရှိတဲ့ လုပ်ငန်းသဘာဝ... စစချင်း ၀င်လာသူအတွက် လခလုပ်စားနည်းပြီး အလုပ်အခွင့်အလန်းနည်းတဲ့ သဘောသဘာဝရှိတဲ့ လုပ်ငန်းတစ်ခုနောက်ကို လိုက်ဖို့ ကျွန်မကြောက်မိပြန်တယ်...


"နင်လုပ်နိုင်ပါ့မလား" လို့ ဘယ်သူမှမမေးခင် "ငါလုပ်နိုင်ပါ့မလား" လို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရင်တောင် ကျောထဲ ချမ်းစိမ့်သွားတယ်... ဒီလိုင်းကို ယူပြီး ဖြစ်သမျှ အကျိုးအပြစ်အတွက် တစ်ယောက်တည်း ခေါင်းညိမ့်တာဝန်ယူဖို့ အသင့်ဖြစ်ပြီလား... ဘာမှ ဖြစ်မလာတဲ့အခါ မိဘတွေက အပြစ်တင်ရင်ပဲ ဖြစ်ဖြစ်... ပတ်ဝန်းကျင်က လက်ညှိုးထိုး လှောင်ပြောင်တာတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ကျွန်မခံနိုင်မှာလား... ကျွန်မ မချင့်မရဲပါပဲ...

စဉ်းစားနေတုန်းမှာပဲ အချိန်တွေကလဲ ကုန်နေတယ်... နေရမဲ့ လူ့သက်တန်းပျမ်းမျှ ၇၀-၈၀ လောက်မှာ သူများတိုင်းတဲ့ စံနဲ့ပဲ ကျွန်မဘ၀ကိုဖတ်နေတာ တစ်စိတ်ကြိုးသွားပြီ... မကြိုးစားကြည့်ပဲနဲ့ "ငါလုပ်ခဲ့လိုက်ရင် ဖြစ်မှာ" "လုပ်ကြည့်ခဲ့ရင်ကောင်းသား" ဆိုတဲ့ စကားတွေနဲ့ ဘ၀တစ်လျှောက်လုံး ဒွိဟပွား လိပ်ခဲတည်းလည်း ဖြစ်နေမဲ့အစား ကြိုးစားကြည့်လိုက်တာက ပိုပြီး အဓိပ္ပါယ်ရှိရှိ စိတ်ကျေနပ်နပ်နေရမယ်လို့ ကျွန်မထင်တယ်... ဖြစ်မလာခဲ့ရင်တောင် အနည်းဆုံး ကိုယ်ကြိုးစားခဲ့ပြီးပြီပဲဆိုပြီး စိတ်ဒုံးဒုံးချလိုက်နိုင်တယ်...

ဆုံးဖြတ်ချက်ချပြီး ကျောင်းတွေ လျှောက်ကြည့်တယ်... Entrance project တွေ လုပ်ဖို့လိုတော့ လုပ်ပြီးတင်တယ်... ပန်းချီတွေ ဒီဇိုင်းတွေ ၀တ္တုတွေရေးခိုင်း ဆွဲခိုင်းပြီးတင်ရတယ်... ဒါပေမဲ့ reject တွေထိတယ်... ကိုယ်တက်ချင်တဲ့ မေဂျာကို ခေါ်တဲ့ အချိန်စောင့်ရ... တင်ပြီး reject ထိလို့ ထပ်စောင့်ရနဲ့ အချိန်တွေဖြုန်းနေသလိုများဖြစ်နေလားလို့ တွေးမိသလို... reject ထိလိုက်တိုင်းမှာ ငါဟာ ဒီလိုင်းနဲ့ သင့်တော်ရဲ့လား ငါ့မှာ ဒီလိုင်းနဲ့ ပတ်သတ်တဲ့ ပါရမီရောရှိရဲ့လားဆိုတဲ့ အတွေးတွေဝင်မိတယ်... မိဘတွေက ကျောင်းတက်ခိုင်းနေတာရော၊ သူများတွေကျောင်းဆက်တက်နေကြပြီ ကိုယ်ကတော့ ကျန်ခဲ့ပြီဆို တဲ့ဖိအားတွေရှိနေပင်မဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်က "ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ တစ်ခုကို စောင့်နေတာဟာ အချိန်ဖြုန်းနေတယ်လို့ မခေါ်ဘူး" ဆိုတဲ့ အားပေးစကားကြောင့် စိတ်ဖြေသာခဲ့တယ်... ကျွန်မ မိဘတွေကလဲ နောက်ပိုင်းမှာ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ အားပေး ပံ့ပိုးခဲ့တယ်... အဲဒိအတွက်လဲ ကျွန်မ အများကြီး စိတ်သက်သာရာရသွားတယ်...

ဆုံးဖြတ်ချက်ကို ရင်ဆိုင်ချိန်...

ခုဆိုရင် ကျွန်မ စိတ်ဝင်စားတဲ့ ပညာရပ်ကို သင်ယူဖို့ ကျောင်းစတင်တက်နေပြီ... ပထမဆုံးပဲ ကျွန်မရင်ဆိုင်ရတာက ကျွန်မ သိပ်ညံ့တဲ့ ပန်းချီပညာ... ပန်းချီဆိုတာ Multimedia ရဲ့ အခြေခံပဲ... ဂိမ်းပဲဖြစ်ဖြစ်.... ကြော်ငြာပဲဖြစ်ဖြစ်... ရုပ်ရှင်ပဲဖြစ်ဖြစ်... Storyboarding လို့ခေါ်တဲ့ တကယ်ပုံမပေါ်ခင် အားလုံးကို မြင်အောင် ဆွဲပြရတဲ့ အကြမ်းပန်းချီဆိုတာ မရှိမဖြစ်ပဲ... အဲဒိမှာတင် ကျွန်မ စတင်ပြီး ရုန်းကန်ရပြီ... ခဲတံတွေ ရောင်စုံခဲတံတွေနဲ့ လက်မှာလဲ ခဲတွေပေပွပြီး... အတန်းထဲမှာ ဆွဲဆိုတာနဲ့ ကိုယ်က ဘယ်က စဆွဲရမှန်းမသိ... ဘယ်လိုဆွဲရမှန်းမသိ... တစ်ချို့တွေကျတော့လဲ ဘယ်တုန်းကတည်းက တတ်ထားလဲမသိ တော်လိုက်တာ... ဒါပေမဲ့ အတန်းထဲမှာ ကိုယ်တစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး... တခြားလူတွေလဲ မပြောရင်သာရှိမယ် သူ့ဟာနဲ့ သူ ရုန်းကန်နေကြတာတွေရှိပါတယ်... ဆွဲတတ်တဲ့သူဆိုတာ အနည်းအကျဉ်းပါ... အတန်းထဲမှာ အသက် ၄၀ ကျော်အရွယ် ကျောင်းသားကျောင်းသူ အနည်းစုကိုလဲတွေ့ရတော့"အော် သူတို့လဲ သူတို့လိုချင်တာ လုပ်ချင်တာကို ခုလုပ်တာပဲ ... နောက်ကျတယ်ဆိုတာ မရှိဘူး" ဆိုတဲ့ ကျွန်မအတွေးလိုပဲ သူတို့တွေးကြလို့ နေမယ်... ကျွန်မကတော့ အဲဒိအတွေးကို သူတို့ အရွယ်မရောက်ခင်မှာ အကောင်အထည်ဖော်ဖြစ်ခဲ့လို့ အားပိုရှိသွားပါတယ်...

ကိုယ်သိချင်တဲ့ လိုင်းကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ခဲ့လို့ ကျောင်းသွားရမှာ အတန်းတက်ရမှာကို ကျွန်မ မပျင်းပါဘူး... အတန်းထဲမှာလဲ ကျွန်မ အိပ်မငိုက်တာ ကိုယ့်ကိုကိုယ်ထူးထူခြားခြား သတိထားမိပါတယ်... အတန်းထဲမှာ ငိုက်တတ်တယ်ဆိုတာ အမြဲတမ်း အမှန်တရားလို့ အရင်က ထင်ခဲ့တာပါ... ခုမှ အတန်းထဲမှာ အိပ်ငိုက်တယ်ဆိုတာ ကိုယ်စိတ်ဝင်စားမှု နည်းလို့ဆိုတာ သဘောပေါက်သွားပါတယ်... အဲဒိကျောင်းက ဆရာတွေ ဆရာမတွေပြောသလို ပညာရပ်တစ်ခုမှာ ပါရမီရှိရင် အဲဒိလူက သင်ယူရလွယ်ကူပြီး ထူးချွန်တယ်... ဒါပေမဲ့ ပါရမီမရှိတဲ့သူက မဖြစ်မြောက်ဖူးဆိုတာတော့ မဟုတ်ပါဘူးတဲ့... ပါရမီဆိုတာမှာ အကြိမ်ကြိမ် အဖန်ဖန်လေ့ကျင့်မှုဆိုတာလဲ ပါပါတယ်တဲ့... အဲဒိအတွက် အားလုံးဟာ ဖြစ်နိုင်ပါတယ်တဲ့...

ခု ကျောင်းမှာလဲ ကျွန်မဟာ အတော်ကြီးထဲမပါပါဘူး... တစ်ချို့ကလဲ တတ်ပြီးသား တစ်ချို့ကလဲ ပါရမီရှိပြီးသားတွေ ကိုယ့်ရှေ့မှာတစ်ပုံကြီးပါ... ကျောင်း result မှာ ကျွန်မဟာ ကောင်းချင်မှကောင်းမယ်... ဒါပေမဲ့ ကျွန်မ အဓိပ္ပါယ်ရှိရှိဖြတ်သန်းနေတယ်လို့ ထင်တယ်... ကျွန်မရဲ့စံဟာ တစ်ချို့တွေရဲ့ စံမှာ တိုးတက်မှုမရှိတဲ့ လမ်းကို တိုးနေသလိုဖြစ်ကောင်းဖြစ်မယ်... ဒီအသက်ရောက်မှ ရူးရူးမိုက်မိုက် လုပ်ချင်တာ လုပ်နေတယ်တယ်လို့ မြင်ကောင်းမြင်မယ်... ဒါပေမဲ့ သူများစံနဲ့ ရွေးတဲ့လမ်းလျှောက်ပြီး တစ်ခုခုဖြစ်တော့လဲ ကိုယ်ပဲ ရင်ဆိုင်ရမဲ့အတူတူ ကိုယ်ရွေးတဲ့လမ်းကို ကိုယ်ပဲရင်ဆိုင်ပြီး တာဝန်ယူ ရင်ဆိုင်ရတာက ပိုပြီး အဓိပ္ပါယ်နဲ့ ပြည့်စုံတယ်လို့ ကျွန်မအတွေးတွေ ပြောင်းလဲခဲ့ပါတယ်...

၂) အလုပ်အကိုင်အပေါ် အမြင် အပြောင်းအလဲ

လုပ်ငန်းခွင်ဟာ အိမ်မဟုတ်ဘူး...
ကျွန်မ အပေါ်မှာပြောခဲ့တဲ့အတိုင်း လုပ်ငန်းခွင်ကို စတင်ဝင်ချိန်က ကျွန်မရဲ့ စိတ်ဓာတ်ဟာ သူများတွေတန်းတူ အလုပ်အကိုင်လေးရပြီး လခလေးယူနေဖို့ပါပဲ... ရာထူးတိုးဖို့လဲ မတောင့်တသလို ကြိုးစားချင်စိတ်လဲမရှိပါဘူး... အဓိက ကျွန်မရဲ့ ပြဿနာနောက်တစ်ခုကတော့ အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ အတိုင်း လုပ်ငန်းခွင်စ၀င်တုန်းကလဲ အလုပ်ထဲမှာ အငယ်ဆုံး ဖြစ်တာကြောင့် အိမ်က မိသားစုတွေလိုပဲ ကိုယ့်ကို ငှဲ့ညှာမယ်လို့ ထင်တဲ့ စိတ်က အမှားကြီးမှားတာပါပဲ... လုပ်ငန်းခွင်မှာ အသက်ငယ်တယ် ကြီးတယ် မရှိပါဘူး... အားလုံးက လခစားအလုပ်လုပ်နေတဲ့ လူကြီးတွေလို့ပဲ သတ်မှတ်ပါတယ်...

လုပ်ငန်းခွင်မှာ အသစ်တွေကို အထားမကျသေးခင် အဟောင်းတွေ လှည့်သမျှ ခံရတတ်တာလဲ အလုပ်လုပ်ဖူးတဲ့ လူတိုင်း တွေ့ကြုံခံစားဖူးမှာပါ... လုပ်ငန်းခွင်မှာ လူတိုင်းက စိတ်ကောင်းရှိ သဘောကောင်း ခွင့်လွှတ်နားလည်နေမှာ မဟုတ်ပါဘူး... စိတ်ကောင်းရှိ နားလည်တဲ့သူရှိအုံး သူကလဲ သူ့အလုပ်နဲ့ သူပါ... ကိုယ်တကယ် ပြဿနာဖြစ်ပြီဆိုရင် ဘယ်သူမှ ကိုယ့်ဘက်က ရပ်တည်ပေးမှာ မဟုတ်ပါဘူး... အလွန်ဆုံး သူတို့ ကူညီနိုင်ရင် ထမင်းတူတူထွက်စားတုံး "နင့်အတွက် ငါစိတ်မကောင်းပါဘူး" ဆိုပြီး အားပေးစကားပြောနိုင်ရုံပါ... တစ်ခုခုဖြစ်လို့ ကိုယ်မတရားအပြောအဆို ခံရတာပဲဖြစ်ဖြစ် စွပ်စွဲခံရတာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကဘာမှ အဖြူအမဲ သက်သေမရှိပဲ သူကတော့ သိနေတယ်ဆိုပြီး... သူ့ကို ကိုယ့်ဘက်ပါမယ်ထင်ပြီး ရှေ့နေသွားငှားလို့မရပါဘူး... အားလုံးက နှာစေးနေကြတာပါ...

အသစ်ဖြစ်ရခြင်း... အငယ်ဆုံးဖြစ်ရခြင်း အတွက် လုပ်ငန်းခွင်မှာ ညှာတာခြင်းမခံရပေမဲ့... အဟောင်းသမားတွေရဲ့ အသေးအဖွဲ သူတို့အတွက် မိတ္တုကူးပေးရခြင်း သူတို့ အကြိုက်လိုက် စကားပြောရခြင်း... သူ့တို့အလုပ်ကို ကိုယ့်အလုပ်လိုလိုနဲ့ ဘောလီဘောပုတ်ခံရခြင်း... စတာတွေကို သိသိကြီးနဲ့ ခံနေရတဲ့အခါမှာ မခံချင်စိတ်နဲ့ကိုယ်က အမူအယာအားဖြင့်သော်လည်းကောင်း နှုတ်အားဖြင့်သော်လည်းကောင်း ပြမိလို့သူတို့နဲ့ လူမှုရေး အဆင်မပြေတွေဖြစ်ခြင်း... တိုင်းတပါးမှာ အလုပ်လုပ်နေသူတွေ ရင်ဆိုင်ရတဲ့ လူမျိုးရေးခွဲခြားမှု ဘက်လိုက်မှုတွေကိုလဲ ရင်ဆိုင်ရပါတော့တယ်... (ကျွန်မအတွေ့အကြုံအရ လူမျိုးရေးခွဲခြားသူဆိုရာဝယ် စလုံးများကို ပြောခြင်းမဟုတ်ပါ... များသောအားဖြင့် ဘက်လိုက် လူမျိုးရေးခွဲခြားသူများမှာ တခြားနိုင်ငံမှ စကာင်္ပူမှာ လာရောက်လုပ်ကိုင်တဲ့ အထက်လူကြီးနဲ့ လူမျိုးချင်းတူတဲ့သူက ဦးစားပေးခံရတာပါ... သူတို့ချင်းပြန်ကြည့်တဲ့သဘောပေါ့... )...

အဆင်မပြေမှုတွေရှိရင် ကိုယ့်ကိုကိုယ် အရင်သုံးသပ်ကြည့်သင့်တယ်...
ခုချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်လည်သုံးသပ်ကြည့်မိတော့... သူများဘက်ကချည်းမှားပြီး ကိုယ့်ဘက်ကချည်း မှန်နေတယ်ဆိုတာတော့ မဖြစ်နိုင်ပါ... ကိုယ့်မှာ စပ်စပ်ထိမခံတတ်တဲ့ အကျင့်ရှိနေတာကိုတော့ သတိထားမိပါသည်... ကျန်တဲ့သူတွေအားလုံးက သည်းခံနိုင်ပြီး ကျွန်မကဘာကြောင့် သည်းမခံနိုင်ပဲ အဆင်မပြေဖြစ်သနည်း... ထိုအခါတွင် လူတွေမှာ သူတို့အကျင့် သူတို့စရိုက်ရှိကြပြီး အလုပ်လုပ်ရာတွင် အထိုက်အလျောက် မသိချင်ယောင်ဆောင်တန်ဆောင် လျစ်လျှူရှူတန်ရှူဖြင့်နေသင့်ကြောင်း သဘောပေါက်ခဲ့သည်...

Work Smart နဲ့ Interpersonal Skills ဆိုတဲ့အထဲမှာ သူဋ္ဌေးရှေ့ပဲ အလုပ်လုပ်ပြတာ ပါလား...

ကျွန်မမှာ အကျင့်တစ်ခုရှိတာက အလုပ်တစ်ခုကို ကျွန်မအတတ်နိုင်ဆုံး သူဋ္ဌေးရှေ့ရော နောက်ကွယ်ပါ ပုံစံတူလုပ်ပါတယ်... အဓိကက ကျွန်မလုပ်ရတဲ့ တာဝန်ပြီးဖို့ပါ... ဆိုလိုတာက သူဋ္ဌေးရှေ့မို့ ပိုမကြိုးစားပြသလို နောက်ကွယ်မို့ အချောင်ခိုမနေပါဘူး... အလုပ်ရှိရင် ရှိသလိုလုပ်ပါတယ်... သို့သော် တော်တော်များများကတော့ သူဋ္ဌေးရှေ့တွင် အလုပ်လုပ်ပြကြပြီး သူဋ္ဌေးနောက်ကွယ်တွင် လုပ်ချင်ရာလုပ်ကာ ခိုနေကြသူတွေလဲ တွေ့ကြုံခဲ့ပါတယ်... အလုပ်လုပ်လျှင် အလုပ်လုပ်တဲ့သူကို ပိုခိုင်းသည်... လုပ်နေကျအတိုင်း မလုပ်တော့လျှင် ထိုသူအမှား... အစထဲက ခိုသောသူကိုတော့ ခွင့်လွှတ်သည်... စနစ်ကျသော ကြီးကျပ်အုပ်ချုပ်မှုမျိုးမရှိသော အလုပ်မျိုးကို ရောက်လျှင် ကိုယ်ကြိုးစားသမျှအရာမထင်သလို... အထက်ဖား အောက်ဖိပတ်ဝန်းကျင်တွင် အလုပ်လုပ်နေရသူများအတွက် ဖြောင့်မတ်ခြင်းဟာလဲ အရေးမပါလှသော်လည်း လိုက်လျောညီထွေနေတတ်ခြင်း တနည်းအားဖြင့် ဖားတတ်ခြင်းဟာလဲ Interpersonal Skill လို့ သတ်မှတ်လို့ ရသလိုလို ကျွန်မသဘောပေါက်ခဲ့ပါတယ်...

ရီမောနေသူတိုင်း လူကောင်းမဟုတ်...

အလုပ်တစ်ခုတွင် ရီမောပျော်ရွှင်နေသူတိုင်း စိတ်ကောင်းမရှိပါ... ခင်ဖို့မကောင်းပါ... အစက ကိုယ်ကကောင်းတယ်ထင်ပြီး ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း အားကိုးလောက်မည်ထင်၍ အဆင်မပြေမှုများကို တင်ပြလျှင် အိုကေ အိုကေ ငါကြည့်လုပ်ပေးမယ်ဟု ပြောကာ ဘာမှမလုပ်သော အုပ်ချုပ်သူ... သူတို့ပါးစပ်ထဲမှာပင် အမျိုးမျိုးပြောင်းနေသော စည်းကမ်းချက်များနှင့် ခွင့်လွှတ်ခြင်းခံထားရသော စည်းကမ်းဖောက်ဖျက်သူများ... မကျေနပ်လျှင်လာရောက် ပြောကြားနိုင်သည်ဟုဆိုကာ တကယ်တမ်းလာရောက်ပြောကြားသူကို အတိုင်အတောထူသူဟု သတ်မှတ်ခံခဲ့ရခြင်များ... စတာတွေကို တွေ့ကြုံလာတဲ့အခါမှာ ကျွန်မ သင်ခန်းစာရခဲ့သည်... လူတွေသည် အပေါ်ယံချည်းများသည်... သူတို့ အကျိုးမရှိပဲ သူတို့တာဝန်ဖြစ်စေကာမူ ကိုယ့်အတွက်ဖြင့် တဖက်လူအမုန်းမခံ... ကိုယ့်ဘက်က မည်မျှမှန်မှန် မှားသောသူများသောနေရာရောက်နေသောအခါ ကိုယ်လိုက်မမှားချင်လျှင်တောင် မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ကာ တတ်နိုင်သမျှ သည်းခံ ကိုယ့်အလုပ်ကိုယ်လုပ် သူများက သူတို့အလုပ်လာပေးလဲ ပါးစပ်လေး ချိုချိုဖြင့် "လုပ်ပေးမယ် လုပ်ပေးမယ်... " ဟုဆိုကာ နောက်မှ "ငါလဲ ဒါလေးနဲ့ အလုပ်များနေလို့ မလုပ်ပေးနိုင်ဘူးဟယ်" ဟု အသာလေး အချိုသွေးပြန်ငြင်းထုတ်ခြင်းများ စတဲ့ အခြေခံလူမှုရေးမျိုး အရင်က ကျွန်မမှာ မရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် ကျင့်ယူခဲ့ရသည်...

ကျွန်မအရင်က အတွေးကတော့ လာပေးလို့ ကိုယ်လက်ခံလိုက်လျှင် ကိုယ့်တာဝန်ဖြစ်သွားသည့်အပြင် ကိုယ်လုပ်မပေးနိုင်ပဲ လုပ်ပေးမယ်ဆိုပြီး သူများရဲ့အချိန်တွေကို မယူချင်တာကြောင့်ဖြစ်သည်... အစပိုင်းတွင် တော်တော်လေး ဟန်မဆောင်နိုင်သေးတဲ့အတွက် လူမှုရေးအခက်ခဲလေးတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ မပတ်သတ်လို့ရရင် မပတ်သတ်ဘူး (ခုထက်ထိတော့ ကိုယ် မနှစ်မျို့သူများကို ရီမောပြီး လောကွတ်မချော်တတ်သေးပါ)... ပတ်သတ်ရမယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ပုံမှန် ကောင်းကောင်းမွန်မွန် ချိုသာတန်သလောက်ချိုသာပြီး အပေါ်ယံသုံးတတ်လာတဲ့အခါ ဘ၀က အတော်ချောင်လည်ခဲ့ပါတယ်...

မောင်နှမလို ခင်တာပါတဲ့..

ရိုးသားသော သွေးမတော် သားမစပ် ယောကျာင်္း မိန်းမ ၂ယောက်၏ခင်မင်မှုတွင် Minimum distance (personal space) ရှိရှိ ဆက်ဆံကြသည်...  စကားပြောတိုင်း ခါးတို့လိုက် ပခုံးပေါ်လက်ကာ သားပြောမယားပြော ဟာသများပြောဆိုနေခြင်းသည် မောင်နှမလို့ခင်မင်၍ဖြစ်သည်ဆိုခြင်းကို လိုက်လျောသော မိန်းကလေးများက လိုက်လျောနေသော်လည်း ကျွန်မမည်သို့မျှ လက်မခံနိုင်သေးပါ... အထူးသဖြင့် အိမ်ထောင်သည်ယောကျာင်္းများနှင့် ပို၍ပင် ဆင်ခြင်သင့်သည်... (မောင်နှမအစစ်များ တစ်ယောက်နှင့်တစ်ယောက် ပုခုံးပေါ်လက်တင်​၍သော်လည်းကောင်း ခါးဖက်၍သော်လည်းကောင်း စကားမပြောကြဟု ကျွန်မကတော့ယုံကြည်သည်)

မနာလိုခြင်း = အတိုင်းထက်အလွန် အားကျခြင်း

ကိုယ့်အပေါ် မနာလိုသူများနှင့် ကြုံတွေ့လျှင်တော့ အရင်ကလို ရန်ပြိုင်မလုပ်ချင်တော့ပါ... ကိုယ့်ကိုကိုယ် အပင်ပန်းမခံပါ... ထိုသူအတွက်သာ စိတ်မကောင်းဖြစ်မိသလို သနားမိသည်... ကျွန်မအလွန်မှ စိတ်ပျက်သောသူကို ဥပက္ခောနည်းဖြင့် ဖြေရှင်းတတ်သည်... သနားမိခြင်းဆိုတာကတော့ မနာလိုဖြစ်ခြင်းဆိုသည်မှာ ကျွန်မနားလည်သလောက် "ကိုယ့်မှာမရှိတာ... သို့မဟုတ် ကိုယ်လိုချင်တဲ့အရာကို သူတစ်ပါးကရရှိနေသဖြင့် မသိစိတ်မှ အားကျကာ သိစိတ်မှမလိုမုန်းထားခံစားရသော စိတ်ဖြစ်သည်" ဟုအဓိပ္ပါယ်ပြန်သည်... မနာလိုဖြစ်ခံရပြီဆိုပင်လျှင် သူ့တို့ကို ရန်ပြိုင်မလုပ်ပဲ "အော်... ငါ့မှာ သူများ အားကျ လိုချင်စရာအချက်တွေရှိနေတာပဲ" ဆိုပြီးသာ ကျေနပ်နေလိုက်တာ ကိုယ့်အတွက် ယုံကြည့်မှုလဲတိုးသလို သက်လဲသက်သာပါတယ်...

ပြောင်းလဲမှုကို မကြောက်သင့်...
သို့သော် ကျွန်မ ကျောင်းတက်ဖို့ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် အလုပ်ကိုကျောင်းတက်ခွင့်လျှောက်သည်... အလုပ်ထဲတွင်တော်တော်များများကျောင်းတက်နေကြသည်... ထို့ကြောင့် quater မကျန်တော့ဟုဆိုသောကြောင့် ၁နှစ်တိတိ နောက်ရွှေ့ခဲ့သည်... သို့သော် ၁ နှစ်ပြည့်ပြီးလို့ ထပ်ပြောသောအခါတွင်လည်း နောက်ထပ် ၆လလောက်ထပ်စောင့်ခိုင်းသည်... ၂၀၁၂ ဇန်န၀ါရီကျလျှင်ပေးတတ်မည်ဟုဆိုသည်...

ဒီအချိန်တွင် ကျွန်မတွေးမိသည်က ထိုအလုပ်သည် သက်သာသည်... stress နည်းသည်... ဘလော့ရေးနေလို့ရသည်... youtube ကြည့်နေလို့ရသည်... Fb game ကစားနေလို့ရသည်... အရင်အတွေးနှင့်ဆိုလျှင် ကျွန်မ ပျော်ပျော်ကြီးလုပ်နေအုံးမည် ဖြစ်သည်... သို့သော် ကျွန်မရဲ့အတွေးအခေါ်တွေ အချိန်နဲ့အလိုက်ပြောင်းလဲလာခဲ့သည်... ထိုအလုပ်တွင် အနာဂါတ်အတွက် တိုးတက်မှုမရှိသည့်အပြင် စိတ်ဓာတ်ရေးရာအရလဲ လူဖျင်းလူညံ့ဖြစ်လာနိုင်သည်... ကြိုးစားချင်စိတ်မရှိဖြစ်ကာ ဘယ်လို အချောင်ခိုရလျှင်ကောင်းမလဲကိုသာ စဉ်းစားနေမိမည်... ထိုသို့သော စိတ်ထားမျိုး တစ်စတစ်စဖြစ်လာနေသော personality ကို ကျွန်မသဘောမကျ... stress များသောငြား လူမှုပတ်ဝန်းကျင်ကောင်းကာ အနာဂတ်အတွက် ပညာရပ်များ သို့မဟုတ် အတွေ့အကြုံကောင်းများ သို့မဟုတ် ကျွန်မစိတ်ဝင်စားသော အလုပ်ဖြစ်ခြင်း စတဲ့ အချက်တွေနဲ့ကိုက်ညီလျှင် ကျွန်မလုပ်ချင်သည်...

ကျောင်းတက်မည်ဖြစ်သဖြင့် သာမာန်ရုံးချိန်နှင့် အိမ်နှင့်နီးသော အလုပ်ကိုသာ ကျွန်မရှာသည်... ပြောင်းလဲမှုကိုလဲ ကျွန်မကြောက်သည်... ပတ်ဝန်းကျင်အသစ် လူအသစ် အလုပ်အသစ်များနှင့်ရော ကျွန်မ အဆင်ပြေ ၀င်ဆံ့ပါ့မလားဆိုတာကလဲ ၅၀-၅၀ရာခိုင်နှုန်းသာဖြစ်သည်... "တရွာမပြောင်း သူကောင်းမဖြစ်" ဆိုတဲ့ စကားပုံရှိသလို "သေချင်တဲ့ ကျားတောပြောင်း" ဆိုတာလဲရှိသည်... လူတော်တော်များများ ကိုယ်တော်တော်ကြာကြာလုပ်လာသော အလုပ်တစ်ခုမှ အလုပ်ပြောင်းရမည်ဆိုလျှင် တွန့်ဆုတ်တတ်ကြသည်... ကျွန်မလည်းထိုနည်းလည်းကောင်းဖြစ်ခဲ့သည်... အရင်က ရုံးအလုပ်ကို အရှုံးပေး ထွက်ပြေးခဲ့သဖြင့် အရှုံးသမားကဲ့သို့ ကိုယ့်ကိုကိုယ်ခံစားနေရသော စိတ်ကိုလဲ ပြန်လည် စိန်ခေါ်ချင်သည်... ခုတော့ ကျွန်မအလုပ်သစ်မှာ ၁ လပြည့်ပါပြီ... ကျွန်မကြောက်ရွံ့စိုးရိမ်ခဲ့တာတွေကို ယခုထက်ထိတော့ မကြုံတွေ့ရသေးပါ... အလုပ်ပြောင်းမည်ဆိုတုန်းက ဘေးက အကြံပေးခဲ့ကြသော အမျိုးမျိုးသော အကြံများက ကျွန်မကို ဒွိဟဖြစ်စေခဲ့သည်... တယောက်ကအားပေးသလို တစ်ယောက်က "ဟုတ်မှလဲလုပ်နော်" ဟုပြောသည်... မည်သို့ပင်ဆိုစေ အားလုံးက ကျွန်မအတွက် စေတနာထားသူများဟု သတ်မှတ်သည်...

ထို့အတွက် ကျွန်မပေးခြင်းတဲ့ အကြံလေးကတော့ အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် information နဲ့ consequences အတွက်သာ ကိုယ့်ပတ်ဝန်ကျင်က အရေးပါသူတွေနဲ့တိုင်ပင်ပြီး... ဆုံးဖြတ်ချက်ကတော့ ကိုယ့်ခံယူချက် ကိုယ့်ခံစားချက် ကိုယ့်အတွေး ကိုယ့်စိန်ခေါ်မှုနဲ့ သာ ပြုလုပ်သင့်ပေသည်... အဘယ်ကြောင့်ဆိုသော် သူများရွေးပေးသော လမ်းကို ကိုယ်လျှောက်လို့ လဲကျလျှင်လဲ မည်သူမျှလာထူပေး နိုင်မည်မဟုတ်... ကိုယ့်စိတ်ကြိုက်လမ်းကို ကိုယ်ရွေးလျှောက်သော် မှားခဲ့ရင်တောင် နောင်တမရ အချိန်မရွေး ပြန်လည်စတင်ဖို့ စိတ်ဓာတ်ခွန်အားများ ရှိနေသေးပေသည်...

မှတ်ချက်။   ။ မဗေဒါ အတွေးနှင့် တိုက်ဆိုင်မှုမရှိပါက ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်ရှင်...