Friday, June 17, 2011

လိုက်ဖက်တဲ့ ဘ၀ နဲ့ မင်း (My first Project)

အရင်တစ်ခေါက်ကတည်းက သူငယ်ချင်း မင်္ဂလာမောင်နှံအတွက် မဗေဒါရိုက်တဲ့ MTV လေးကို ပြမယ်လို့ စာဖတ်သူတစ်ချို့ကိုပြောခဲ့တာ ခုမှပဲ Youtube ပေါ်တင်ဖြစ်ပါတော့တယ်... သူတို့ ဗွီဒီယိုလေးအတွက် ဘာသီချင်းသုံးရင် သင့်တော်မလဲ ဆိုတာကို သတို့သမီးနဲ့ ကျွန်မ အချိန်ယူ စဉ်းစားရင်းနောက်ဆုံးမှာ ဓာတ်ပုံ Slide show အတွက် အာဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ "လိုက်ဖက်တဲ့ ဘ၀" သီချင်းကို ရွေးချယ်ခဲ့ပြီး... သူတို့ ၂ယောက်သရုပ်ဆောင်မဲ့ MTV အတွက်ကတော့ ထူးအယ်လင်းနဲ့ မီးမီးခဲရဲ့ "မင်း" ဆိုတဲ့ သီချင်းလေးကို သတို့သမီးရဲ့ ရွေးချယ်မှုရယ် ကျွန်မရဲ့ သဘောတူညီမှုရယ်နဲ့ ရွေးချယ်ဖြစ်ခဲ့ပါတယ်...

သူတို့မင်္ဂလာဆောင်မှာ မဗေဒါလုပ်ပေးတဲ့ ဓာတ်ပုံ Slide Show လေးကို အရင်ပြပါတယ်... ဒီဓာတ်ပုံ Slide Show လေးကို ရိုးရိုးကြီးမဖြစ်အောင် မဗေဒါလုပ်ထားတဲ့ အိုင်ဒီယာလေးကတော့ သူတို့ ၂ယောက်ရဲ့ ဘ၀နဲ့ အချစ်ဇာတ်လမ်းအကျဉ်းချုပ်လေးကို ငယ်ရာကနေ ကြီးလာပြီး သူတို့ ၂ယောက်ရဲ့ ရည်းစားသက်တမ်းကပုံတွေကို အစဉ်လိုက်ထည့်ထားပြီး... အဆုံးမှာမှ Pre wedding photo shoot က ပုံလေးတွေနဲ့ ခုဆိုရင်တော့ မင်္ဂလာဆောင်တဲ့ အကြင်လင်မယားဖြစ်သွားတဲ့ Happy Ending ဇာတ်လမ်းလေးတစ်ပုဒ်လို ဆင်ပြီး ထည့်ထားပါတယ်... ဓာတ်ပုံတွေချည်းပဲ ပြနေရင် ကြည့်ရတဲ့သူတွေ ပျင်းသွားမှာစိုးလို့ သူတို့ ၂ယောက်ရဲ့ ချစ်ဇာတ်လမ်းနဲ့ လိုက်ဖက်မဲ့ Romantic ဆန်ဆန် စာလုံးလေးတွေကိုလဲ ဟိုနားဒီနားက Inspire ယူ... ကူးချတန်တာ ကူးချ... Modified လုပ်တန်လုပ်ပြီး ထည့်ပေးထားပါတယ်... ကဲ... မဗေဒါရဲ့ ပထမဆုံး မင်းသားနဲ့ မင်းသမီးရဲ့ ဖြစ်ရပ်မှန် ချစ်ဇာတ်လမ်း ဓာတ်ပုံ Slide show လေးကို ရှုစားသွားကြပါအုံးလို့....

သီချင်း - လိုက်ဖက်တဲ့ ဘဝ
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - အာဇာနည် ၊ ၀ိုင်းစုခိုင်သိန်း



"မင်း" သီချင်းနဲ့ ဗွီဒီယိုရိုက်ဖို့ ၃ယောက်လုံးအားရက်က ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် နောက်ဆုံး Weekend တစ်ခုမှာ သတို့သမီးက အလုပ်ကခွင့်ယူပြီး ရှားရှားပါးပါး ၁ရက်အတွက် Khatib ရေကန်ရှိတဲ့ ပန်းခြံမှာ သွားရိုက်ဖြစ်ကြပါတယ်... အဲဒိမတိုင်ခင် အချိန်ရရင် ရသလို သတို့သမီးနဲ့ ကျွန်မ အ၀တ်အစားအတွက် ရှော့ပင်းပတ်ဖြစ်ရင် ကျွန်မက သူလဲဝတ်ရဲပြီး အဆင်ပြေ ကျွန်မလိုချင်တဲ့ Theme နဲ့လဲ့ လိုက်ဖက်မဲ့ အကျီင်္ဒီဇိုင်းနဲ အရောင်ကို လိုက်လံရွေးချယ်ပြီး ၀ယ်ဖြစ်ပါတယ်... မဗေဒါကတော့ မင်္ဂလာဆောင် ဗွီဒီယိုအတွက် ဖြစ်နိုင်ရင် အဖြူစစ်စစ် ဂါဝန်လေးကို ၀တ်စေချင်တယ်... အဖြူစွတ်စွတ်ဂါဝန်ကို အဖြူပန်းပွင့်လေးတွေ ပုခုံးနားမှာ ရှိတဲ့ ဂါဝန်လေးတွေ့တော့ မဗေဒါရဲ့ အားပေးမှုနဲ့ သတို့သမီးလဲ ၀ယ်ရှာပါတယ်... သူက တာဇံအကျီင်္လို ပုခုံးတစ်ဖက်ပေါ်လေးပါ... (ကျွန်မမျက်လုံးထဲတော့ တကယ်လှတယ်...) ဒါပေမဲ့ အဖြူစွတ်စွတ်ဂါဝန်ကျတော့ ပါးတယ်လို့ထင်ရတာကတစ်ကြောင်း... အဲဒိသွားရိုက်တဲ့ နေ့က မိုးရွာနေတော့ အကျီင်္မလဲဖြစ်တော့တာက တစ်ကြောင်းကြောင့် ၀တ်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး...

ရိုက်ကွင်းနေရာက အားလုံးအဆင်ပြေမဲ့ နေရာဖြစ်အောင် ကျွန်မပဲရွေးတာပါ... အဲဒိက လူလဲရှင်းတော့ သရုပ်ဆောင်ရင်လဲ သိပ်ရှက်စရာမလိုဘူးပေါ့... ကိုယ်တွေက Pro တွေမှ မဟုတ်တာ... သတို့သမီးက သာမာန်အချိန်မှာ မိတ်ကပ်လိမ်းနေကျသူမဟုတ်တော့ မိတ်ကပ်ထူထူလေးလိမ်းဖို့ ကိုယ်က တောင်းဆိုရင်း နောက်ဆုံးကျွန်မပဲ တတ်သလောက်မှတ်သလောက်နဲ့ မင်းသမီးကို ပြင်ပေးလိုက်တယ်... (လက်ရာကတော့ မြင်တဲ့အတိုင်းပဲ... သတို့သမီးက ချောပြီးသားမို့ တော်တော့တယ်... ဟီး... ဟီး...)အိမ်က ထွက်လာတဲ့အထိရာသီဥတုက အကောင်း... ရိုက်ကွင်းနေရာရောက်တာနဲ့ မိုးက ရွာချပါလေရော... သဲကြီးမဲကြီး... မိုးရော လေရော... အဲဒါနဲ့မိုးခိုပြီး မိုးတိတ်တာကိုစောင့် ... မင်းသမီး မိတ်ကပ်ပျက်သွားမှာစိုးတာ..(ဒါတောင် ကိုယ်လိမ်းပေးတဲ့ မိတ်ကပ်က ကင်မရာထဲရောက်တော့ ပါးနေသေးတယ်) နောက်ဆုံး မိုးလေး ဖွဲဖွဲကျန်တဲ့အချိန်မှ မထူးဘူးဆိုပြီး ထီးနဲ့ ရိုက်ဖြစ်ကြတယ်...

သူတို့ ၂ယောက်လုံးလဲ ကိုယ်လုပ်ခိုင်းတာကို အတတ်နိုင်ဆုံး လုပ်ပေးကြပါတယ်... အဲဒိအတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့လဲ Pro တွေမှ မဟုတ်တာနော်... မင်းသား မင်းသမီးအစစ်တွေလို အရမ်းတော့ ဘယ်အိုက်တင်ထုတ်တတ်မလဲ... ကိုယ်လဲ ခိုင်းရတာအားတော့နာပါတယ်... ဒါတောင် တချို့ဟာတွေ ၂ ခါ ၃ခါပြန်လုပ်ခိုင်းရင် လုပ်ပေးကြပါတယ်... (ဒါပေမဲ့ နောက်တစ်ခါဆို နောက်လူတွေ ရိုက်ချင်ရင်တော့ နည်းနည်း စည်းကမ်းထပ်ကျပ်မှဖြစ်မယ်... မကြိုက်မချင်း ပြန်လုပ်ခိုင်းမှာနော်... ဒါရိုက်တာက နာမည်ရလာပြီဆိုတော့ နည်းနည်းဆိုးတယ်... ခစ်ခစ်.)... အမှန်တော့လဲ မကျေနပ်မချင်းပြန်ရိုက်တာ သရုပ်ဆောင်အတွက်လဲကောင်းတယ်... ဒါရိုက်တာက မြင်နေရလို့ လိုနေတာကို ပြင်ပေးတာ... ဖန်သားပြင်ပေါ်ရောက်ရင် ဒါရိုက်တာပုံပါတာမဟုတ်ဘူး... သရုပ်ဆောင်ပဲ ပရိတ်သတ်က မြင်တာ... ဟုတ်တယ်ဟုတ်...? ဟုတ် ဟုတ် မဟုတ် ဟုတ် ဟုတ်လိုက်နော်.... :D

Storyboard အစထဲက ချမဆွဲပဲ ဦးနှောက်ထဲမှာ စဉ်းစားထားတာလောက် မြင်ဖူးတာလောက်နဲ့ အကြံပေါ်ရင်ပေါ်သလို ရိုက်တော့ သိပ်တော့ ကျွန်မရဲ့ အစီအစဉ်က မကျနလှဘူး... အမှန်ဆို ရိုက်ကွင်းနေရာကိုလဲ မရိုက်ခင်ကတည်းက သွား လေ့လာထားသင့်တယ်... ပြီးတော့ ဘာရိုက်မယ် ဘယ်ရှုထောင့်ကရိုက်မယ်ဆိုတာကိုလဲ သေချာ Storyboard နဲ့ plan ချသွားရင် သရုပ်ဆောင်တွေလဲ သိပ်မပင်ပန်းတော့ဘူး... ဒါကတော့ ကျွန်မဘက်က လိုတဲ့အပိုင်းတွေ... သင်ခန်းစာရတာပေါ့... ခုတော့ တချို့တွေကို သရုပ်ဆောင်ခိုင်းပြီး ဗွီဒိယိုထဲမှာ သိပ်ကြည့်မကောင်းလို့ မထည့်ဖြစ်လိုက်တာတွေလဲရှိတယ်... ကျွန်မရဲ့ မင်းသမီး မင်းသားက အမှန်ဆို တော်တောင် တော်သေးတယ်... သူတို့ကို သရုပ်ဆောင်ခိုင်းတဲ့အချိန်မှာ နောက်က သီချင်းလဲ ဖွင့်မပေးထားဘူး... ဘလိုင်းကြီးသက်သက် ကျွန်မလုပ်ခိုင်းတာကို လုပ်ပေးရရှာတာ... သူတို့ ဒီလိုလုပ်ပေးလို့ မဗေဒါ ၀မ်းသာရတယ်...

သူတို့ ၂ယောက်ရဲ့ တကယ့် မင်္ဂလာနေ့မှာ ကျွန်မရိုက်ထားတဲ့ ဗွီဒီယိုလေးကို ပရိတ်သတ် (ဧည့်သည်)တွေက ပြုံးပြီး စိတ်ဝင်တစားကြည့်ကြတော့ ကျွန်မပျော်တယ်... ဖြစ်နိုင်ရင် ဒိထက် စက်ကောင်းကောင်း အစီအစဉ်ကျကျနဲ့ စနစ်တကျရိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်... ကျွန်မရဲ့ ၀ါသနာနဲ့ ဘာမဟုတ်တဲ့ လက်စွမ်းကို အတည်တကျ အသုံးချပြီး သူတို့ မင်္ဂလာပွဲပရိတ်သတ်တွေရှေ့မှာ ချပြခွင့်ပေးခဲ့တဲ့ မထူးထူးနဲ့ ကိုဗစ်တာကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်... (စိတ်ကူးနည်းနည်းယဉ်ပြီး ပြောပါရစေ... မဗေဒါ တချိန် နာမည်ကြီး ဒါရိုက်တာ ဖြစ်လာရင် မဗေဒါရဲ့ ဦးဆုံး မင်းသမီးနဲ့ မင်းသားက ဒီစုံတွဲအနေနဲ့ မှတ်မှတ်ရရရှိနေမှာပါ... ခစ်ခစ်.. (ပြောရတာ အရသာလဲရှိ... ရှက်လဲရှက်ပါတယ်... အဟိ)

အဲဒိ ဗွီဒီယိုကို အက်ဒစ်လုပ်တော့ ကိုယ့်ကင်မရာကိုယ်အားမရဘူး... HD ပဲဖြစ်ဖြစ်... ဒါမှ မဟုတ် Pro camera တစ်လုံးလောက်တော့ လိုချင်တယ်... ပိုက်ပိုက်ကလဲ မရှိတော့ ခက်တာပဲ... ( အဲဒါကြောင့် အောက်က "မဲပေးကြပါအုံးရှင်" ပိုစ့်ထဲက Canon ပိုစတာပြိုင်ပွဲဝင်ပြိုင်တာ... နိုင်တဲ့သူက မဗေဒါလိုချင်တဲ့ ဗွီဒီယိုကင်မရာရမှာလေ... ခုကြည့်ရတာ ဒီပုံအတိုင်းဆို နိုင်မဲ့ပုံတော့ မပေါ်ပါဘူး... ဒါပေမဲ့ မဲပေးသွားကြတဲ့ စာဖတ်သူတွေနဲ့ သူငယ်ချင်းပေါင်း ၂၀၀ နီးပါးရှိတယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာတယ် ကျေးဇူးလဲတင်တယ်... ဆုရရ မရရ ခုလို အားပေးတဲ့သူတွေရှိတယ်ဆိုတဲ့ အတွေးနဲ့ တင်ကျေနပ်တယ်... ဤကား စကားချက်)... လိုချင်တာတော့ အများကြီး ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာဖို့ အခွင့်မရသေးတော့ ဘာပစ္စည်းလိုလို့ လိုမှန်းတောင် မသိ... ဒါပေမဲ့ သတင်းကောင်းအနေနဲ့ (သတင်းကောင်းပဲပြောရမလားတော့ မသိ) ကတော့ မဗေဒါ ခုဆို Multimedia Design and Technology ဘာသာနဲ့ ကျောင်းရသွားပြီဆိုတဲ့ အကြောင်းပါပဲ... ကိုယ်ရွေးချယ်ထားတဲ့လမ်း အောင်မြင်မလား ရှုံးနိမ့်မလား... ရေစုံပဲ မျောမလားကတော့ ကျွန်မကိုယ်တိုင်လဲ မသိသေးပါဘူး... စာဖတ်သူ သူငယ်ချင်းတွေရဲ့ အားပေးမှုကတော့ ကျွန်မအတွက် ရှေ့ဆက်တိုးနိုင်မဲ့ အားဆေးတွေပါပဲ... ကဲ... မဆိုင်တာတွေပြောတာလဲ များပြီ... မဗေဒါရဲ့ လက်စွမ်းလေးကို ဖြစ်နိုင်ရင် HD 720 လေးနဲ့ ကြည့်ပြီး လိုအပ်တာလေးတွေကို အပြုသဘော နားလည်မှုရှိစွာ ဝေဖန်ပေးသွားကြပါအုံးလို့ ....

အဆုံးမှာ Making of Video လေးကို bonus အဖြစ်ထည့်ထားပါတယ်...

သီချင်း - မင်း
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - ထူးအယ်လင်း + မီးမီးခဲ



Feel like sharing my sis wedding dinner and their MTV again here which is done by ME..

Wednesday, June 15, 2011

မြန်မာ သရဲမ ပါတဲ့ Thai Horror Movie - Laddaland

ယိုဒယားတွေဟာ သရဲကားထုတ်လုပ် ရိုက်ကူးရာမှာ hollywood ထက်ပင် ကြောက်စရာ ကောင်းအောင်ရိုက်တတ်တယ်လို့ ကျွန်မအတွက်တော့ သတ်မှတ်ယူဆတယ်... ကျွန်မအတွက် ထပ်တိုးအထူးကြောက်ရတာကတော့ ယိုးဒယားသရဲကားတွေရဲ့ အယူအဆ၊ ယုံကြည့်မှုနဲ့ ပါဝင်တဲ့ လူမျိုး စရိုက် အနည်းကျဉ်း၊ ဘုန်းကြီး ၀တ်စားဆင်ယင်မှုနဲ့ ဘုရားစာအသံ စတာတွေက မြန်မာနဲ့ အတော်နီးစပ်တဲ့အတွက် ကြည့်နေရင်း စိတ်ပါပြီး ကြောက်ရပြန်ပါတယ်...

ခုလတ်တလောမှာမှ ရုံတင်ပြသနေတဲ့ "Laddaland" ဆိုတဲ့ ယိုးဒယားသရဲကားမှာ Burmese maid ကို သတ်ခံရလို့ ခြောက်တယ်ဆိုတော့ ပိုစိတ်ဝင်စားမိပါတယ်... ဇာတ်ကားနာမည်ကလဲ အမှတ်မထင် မြန်မာလိုပြန်မိရင်လဲ "လဒ လမ်း" ဆိုတော့ ကျောချမ်းချင်စရာ... ခုတစ်လော အလွန်တရာမှ ကြောက်တတ်လွန်းနေတဲ့ ကျွန်မအတွက် ယိုးဒယားသရဲကားကို ရုံမှာသွားကြည့်ဖို့ အတော်လေး ခြေတုန်ချတုန်ဖြစ်ခဲ့ရပါတယ်... လူတွေဟာ အသက်ကြီးလေ ကြောက်တတ်လေထင်ပါတယ်... ငယ်ငယ်က သရဲကားတွေကို ကြည့်ရဲသလောက် ခုကြီးလာတော့ အရင်လောက် မကြည့်ရဲတော့ပါဘူး... ကြည့်ပြီး စိတ်ထဲစွဲနေပြီး ဟုတ်တာလဲမဟုတ်ပဲနဲ့ ကြောက်စိတ်ပိုနေတော့ အလုပ်မပြီးတတ်ပါဘူး... အဲလိုနဲ့ မကြည့်ဖြစ်တော့တာ ကြာပါပြီ... ဒါပေမဲ့ ဒီကားလေးကို ဘလော့မှာ review ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာဖတ်သူများအတွက် အားခဲပြီး သွားကြည့်ခဲ့ပါတယ်...

ဇာတ်လမ်း...

မိန်းမနဲ့ ကလေးတွေအတွက် တစ်အိုးတစ်အိမ် မထူထောင်ပေးနိုင်လို့ ယောက္ခမ နဲ့ အတူနေခဲ့ရတဲ့ Thee တစ်ယောက်ဟာ ယောက္ခမရဲ့ အငြိုငြင်ကို ခံခဲ့ရပါတယ်... သို့သော် သူ့အလုပ်သစ်စလုပ်ပြီး မကြာခင်မှာပဲ ချင်းမိုင်က Laddaland ဆိုတဲ့ ရပ်ကွက်မှာ အိမ်နဲ့ ခြံလေးတစ်လုံးဝယ်လာနိုင်တဲ့အခါ အလွန်ကိုမှ ပျော်ရွှင်နေပါတယ်... သူ့မိန်းမနဲ့ ကလေး ၂ယောက်ပြောင်းလာပြီး မိသားစုအတူပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးခဲ့ပါတယ်... သို့သော် သူ့ရဲ့ ပြင်းပျတဲ့ အိမ်ပိုင်နဲ့ မိသားစုအတူနေရေးစိတ်လေးဟာ တစ်မိသားစုလုံးကို စိတ်ချောက်ချားဖွယ် ဒုက္ခတွင်းကို မသိလိုက်ပဲ ခေါ်ယူခဲ့သလိုဖြစ်သွားတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ပါဘူး...

ဝေဖန်ချက်...

ဒီဇာတ်ကားဟာ အခြားသော ပေါချာချာသရဲကားများထက်ဆာလျှင် ကြောက်စရာကောင်းပြီး ကြည့်ထိုက်တဲ့ကားတစ်ကားဖြစ်သော်လည်း... ယခင်က နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ Shutter (ကြည့်ပြီး ၁နှစ်ကြာကြာ ကြောက်ခဲ့ရပါတယ်), Alone (ကြည့်ပြီး ကြောက်ခဲ့ရပါတယ်), Coming Soon (မကြည့်ရဲလို့ မကြည့်ဖြစ်ခဲ့ပါ) တွေလောက် ဇာတ်အိမ်ဖွဲ့စည်းမှု အားမကောင်းပါဘူး... သရုပ်ဆောင်နဲ့ ခြောက်ခြားမှုကတော့ အားမနည်းပါဘူး... လူတွေကို ကြောက်အောင် ခြောက်နိုင်သလို... လန့်သွားအောင်လဲ လှန့်နိုင်ပါတယ်... အစက မြန်မာသရဲမကို တကားလုံးရဲ့ အဓိကသရဲဖြစ်မယ်လို့ ထင်ခဲ့တာ... သူက ကားတစ်ဝက်လောက်ထိပဲ အဓိကသရဲဖြစ်ခဲ့ပါတယ်... Makin (မာကင်) ဆိုလို့ ဘာများလဲလို့... နောက်မှ မြန်မာမှုပြုမယ်ဆိုရင်တော့ မခင် လို့ ဆိုလိုတယ်လို့ထင်ပါတယ်... အဲဒိ မခင်သရဲမ ညစောင့်ကို ခြောက်တဲ့အခန်းမှာ ရှားရှားပါးပါး မြန်မာလိုပြောတာပါပါတယ်... အဲဒိအချိန်မှာ အောက်က အင်္ဂလိပ်စာတမ်းမထိုးပါဘူး... ဒီတော့ တခြားလူမျိုးတွေ နားလည်မှာမဟုတ်ပါဘူး... ကျွန်မတို့လို မြန်မာစကားနားလည်သူများအတွက် အပိုဆု ကြောက်စရာလေးတစ်ခုပေါ့နော်...

သရဲသံလုပ်ရာမှာလဲ ယိုးဒယားက creepy ဖြစ်ဖြစ် လုပ်နိုင်ပါတယ်... ရိုးရိုးလေးနဲ့ တိုးတိုးလေးပဲ မိန်းကလေး တစ်ယောက်ညဉ်းနေတဲ့ပုံစံမျိုးပါ... မြန်မာလိုပြောတာပါ... အသံလေးက သဲ့သဲ့တိုးတိုးလေးဆိုတော့ နောက်စကားလုံးကို အတော်တောင် အားစိုက်နားထောင်လိုက်ရတယ်... ဒါပေမဲ့ မြန်မာမိန်းကလေးစစ်စစ်နောက်ခံပြောတယ်ဆိုတာ သေချာပါတယ်... (အဲဒါမကြည့်ခင် နေ့လည်က မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဆိုတာကို ကြောက်ဖို့ကောင်းတယ်ဆိုလို့ ကြည့်ဖြစ်ပါတယ်... အဲဒိမှာ ကျွန်မကို ကြောက်စရာတွေအစား ရီစရာတွေ ပေးတာကတော့ သရဲမက ပါးစပ်ကြီးဟလိုက်ရင် ခြင်္သေ့ဟိန်းသံကြီးထွက်လာတယ်ရှင့်) အဲဒိကားအကြောင်းကိုတော့ နောက်မှ အချိန်ရရင်ပဲဖြစ်ဖြစ်... ဝေဖန်ချင်စိတ်ရှိရင်ပဲဖြစ်ဖြစ် ထပ်ဝေဖန်ပေးပါအုံးမယ်... (သိပ်လဲ မပြောချင်တာက သူတို့ခမျာလဲ ကြိုးစားနေရှာတာပါပဲ... စည်းဘောင်အတွင်းက ကြိုးစားနေရရှာတော့ လစ်ဟာနေတာလေးတွေကို ကိုယ်က ပိုးစိုးပက်စက် စိတ်ရှိတိုင်း မပြောချင်လို့ပါ)... ပြီးတော့ စေတနာနဲ့ ဝေဖန်တာကို ကိုယ့်လူမျိုးကို အထင်အမြင်သေးတယ်လို့ အထင်လွဲမှာ စိုးလို့ပါ...

Spoiler Alert From now On...


တချို့ အခန်းတွေမှာ အရင်က သုံးပြီးသား သရဲ Trick မျိုးကို ပြန်သုံးထားတာတွေ့ရပါတယ်... ဥပမာ... ရေခဲသေတ္တာ တခါးကြီး လှုပ်တဲ့ အခန်းမှာ သူက သူ့သားလေး ဆော့ရင်း သရဲခြောက်တဲ့ အိမ်ထဲက ရေခဲသေတ္တာထဲများဝင်ပုံးနေလားဆိုပြီးသံသယဖြစ်နေတုံး သူ့မိန်းမဖုန်းခေါ်ပြီး သူတို့ သားလေး အိမ်ပြန်ရောက်နေပြီလို့ ပြောတာမျိုးတွေ (ဒါဆိုစောစောက ရေခဲသေတ္တာ တံခါးလှုပ်တာ ဘယ်သူ့ကြောင့်လဲ ဆိုတဲ့ အတွေးမျိုး)... Shutter မှာဆိုရင်တော့ သူဓာတ်ပုံဆေးနေတုန်း ဘေးမှာ သူ့ရည်းစားကလာရပ်နေပြီး နောက်တော့ ဖုန်းလာတော့ သူ့ရည်းစားက ခုမှ လမ်းမှာ လာနေတုန်းဆိုတဲ့ ပုံစံနဲ့တူပါတယ်... Trick ကတူပင်မဲ့ ကြောက်ဖို့ကတော့ ကောင်းမြဲပါပဲ... အဲဒိ ရေခဲသေတ္တာအခန်းမှာဆိုရင် ကျက်သီးတောင်ထပါတယ်... ဇာတ်လမ်းအရ အဲဒိ အိမ်က မြန်မာအိမ်ဖော်မလေးကို သတ်ပြီးတော့ ရေခဲသေတ္တာထဲ အလောင်းကို ထည့်ခဲ့တာပါ... ရေခဲသတ္တာတံခါးကြီး ၀ုန်းကနဲဖြစ်သွားတဲ့အချိန်မှာ ကျွန်မလဲ မျက်စိမှိတ်လိုက်လို့ ဘာထွက်လာလဲဆိုတာတော့ ခုထိ မဟေဋ္ဌိပါပဲ... ဟဲ.. ဟဲ... ထင်တာတော့ ဘာမှ ထွက်လာတာ မပြဘူးထင်ပါတယ်... မင်းသားထွက်ပြေးသွားတယ်ထင်ပါတယ်... (ဒါနဲ့ မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဇာတ်ကားထဲမှာလဲ အဲဒိလို Trick မျိုးသုံးထားပါတယ်... ကားပေါ်ကို မိန်းမနဲ့ကလေးတစ်ယောက် တက်သွားတာတွေ့လိုက်လို့ မင်းအုပ်စိုးက ကားပေါ်တက်အကြည့်မှာ ကားပေါ်က ခရီးသည်မိန်းမတစ်ယောက်ကိုသာတွေ့ပြီး နောက်မှ ထိုမိန်းမက တစ်ချိန်လုံးကားအောက်မှာသာရှိကြောင်းကို ရိုက်ပြသွားပါတယ်... Trick ချင်းတူပင်မဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်... အသံ... တီးလုံးရွေးချယ်မှုကွာခြားလို့ထင်တယ်... မြန်မာကားက Trick က ကျက်သီးမပြောနဲ့ အစားတောင် မပျက်ခဲ့ပါဘူး..)... (ရေးရင်းနဲ့ကို မြန်မာကားကို ဝေဖန်စရာတွေ ပေါ်ပေါ်လာတယ်... ယိုးဒယားကားကို ပြန် Focus မှပဲ)...

ပြီးတော့ ယိုဒယား သရဲကားများ ထုံးစံအတိုင်း လူကို အငိုက်ဖမ်းပြီး လှန့်တတ်ပါသေးတယ်... ညစောင့်ကို ခြောက်တဲ့အခန်းမှာပဲ မိန်းကလေးတစ်ယောက် ညဘက် လမ်းမအမှောင်ပေါ်မှာ ကွေးကွေးလေးထိုင်နေတာတွေ့လို့ ညစောင့်က မီးနဲ့ ထိုးကြည့်နေတော့ ကျွန်မလဲကြောက်ပြီး မျက်လုံးကို မှိတ်လိုက်ပါတယ်... တော်တော်လေး မှိတ်ပြီးတဲ့အထိ ဘာသံမှလဲ ဆက်မကြားရ... ပြီးတော့ သရဲမ ပျောက်သွားတယ်ဆိုတော့ ထပြီး ပြန်ကြည့်လိုက်ကာမှ... ဘွားကနဲ မျက်နှာရှေ့မှ ကပ်ပြီးပေါ်လာတာ... လန့်လို့ ထအော်မိပါရော... ရုံထဲမှာလဲ ကိုယ်နဲ့ အော်ဖော်တွေအတော်များပါတယ်... ယိုဒယား သရဲကားကြည့်ရင် ပျော်စရာကောင်းတာတစ်ခုကတော့ သရဲခြောက်ရင် အော်ကြတာပါပဲ.. ပြီးရင်တော့ ရုံထဲမှာ အရှက်ပြေ ရယ်သံလေးတွေ ပြန်ထွက်လာတတ်ပါတယ်... ဒီကားက NC16 ပါ... ဒါပေမဲ့ အသက်ငယ်တဲ့သူတွေက ပိုသတ္တိကောင်းတယ်ထင်တယ်... လာကြည့်တာ လူငယ်တွေများတယ်... သူငယ်ချင်းအုပ်လိုက်တွေ... လူကြီးတွေ လုံးဝမရှိသလောက်ပဲ (ကျွန်မတော့ လုံးဝမတွေ့ခဲ့ဘူး)...

ဘုန်းကြီးတွေ ဘုရားစာရွတ်တဲ့အခန်းမှာလဲ မြန်မာဘုရားစာနဲ့ တူတူပဲမို့ ရုပ်ရှင်ထဲ အတော်လေး ဈာန်ပါခဲ့တယ်... ဆုံးခါနီး သမီးကြီးလုပ်တဲ့ ကောင်မလေးက အ၀တ်ဟိုဘက်ခြံထဲကျသွားလို့ ၀င်ကောက်တဲ့အခန်းကလဲ ကြောက်စရာပါ... ဇာတ်လမ်းအရ မြန်မာသရဲမခြောက်ခံရပြီးနောက်မှာ အဲဒိကောင်မလေးက သူငယ်ချင်းတွေနဲ့ စာကျက်မယ်ဆိုပြီး သွားနေပါတယ်... ဒီကြားထဲမှာ သူတို့ ဘေးခြံက တစ်မိသားစုလုံး ကိုယ့်ကိုကိုယ်သတ်သေသွားတာ သူမသိလိုက်ဘူးလို့ ကျွန်မကတော့ နားလည်ပါတယ်... အဲဒါကြောင့်လဲ အ၀တ်ကျသွားတော့ သူက ဟိုဘက်ခြံကို ကျော်ဝင်ပြီးကောက်တာပါ... အ၀တ်တွေကြားထဲက သရဲမ လမ်းလျှောက်လာတာ... ပြီးတော့ အစမှာတော့ မျက်လုံးပဲတွေ့တော့ ဘာမှ မဖြစ်သလိုနဲ့ နောက်မှ ပါးစပ်ကြီးပေါက်နေတာ... အမလေး... ကျွန်မသာအဲဒိနေရာမှာဆိုရင် အော်ဖို့ အသံတောင်ထွက်ပါ့မလားမသိဘူး... အဆုံးခန်းမှာလဲ ကလေးသရဲလေးနဲ့ တွေ့တဲ့အခန်းမှာ မကြည့်ရဲလို့ ပန်းချီကားလေးနဲ့ ကားထားတာကို အလည်ကနေ တဖြည်းဖြည်းဆွဲစုတ်တဲ့အခန်းကလဲ အူယားစရာပါ... (အဟိ.. သတ္တိခဲကျွန်မ အဲဒါလဲ မျက်လုံးမှိတ်ထားပါတယ်.. ကြည့်တဲ့သူကပြောတာတော့ မျက်နှာက ပေါက်နေတယ်လို့ပြောပါတယ်)... နောက်ပိုင်းအခန်းတွေတော်တော်များများ စိတ်မောလာလို့ စိတ်ပေါက်ပေါက်နဲ့ ဖုန်းထုတ်ပြီး ဂိမ်း ၁ဂိမ်းလောက်ဆော့နေလိုက်ပါတယ်.. အဟိ....အဲဒိကားမှာ ကျွန်မအသည်းယားဆုံးနဲ့ အမြင်ကပ်ဆုံးက သူတို့ အဖေလုပ်တဲ့သူပါ... သရဲခြောက်တယ်လို့ပြောတဲ့ကလေးကို ပြောရမလားဆိုပြီးဆုံးမတာ သရဲခြောက်တဲ့ အိမ်ထဲကို ခေါ်သွားစရာလား... ကျွန်မသာဆိုလဲ အတော်လေး စိတ်ဆိုးမှာပါ.. ဒါဟာ သားသမီးကို ဆုံးမတဲ့ နည်းမဟုတ်ပါဘူး... အဟီး... ပြောရင်းနဲ့ ရုပ်ရှင်ကို အဟုတ်မှတ်ပြီး မဆိုင်တာတွေ ဝေဖန်မိပြန်ပြီ.. (မဗေဒါ စိတ်ထိန်း.. စိတ်ထိန်း)...

ပြောရမယ်ဆိုရင်တော့ အများကြီးပဲ... အဲဒိရုပ်ရှင်ရဲ့ ရှေ့ပိုင်း ၁၅ မိနစ်လောက်ပဲ အေးအေးချမ်းချမ်းကြည့်ရမယ်.. ပြီးရင်တော့ တကားလုံး ဆက်တိုက်ပဲ အော်ပေတော့... ကျန်တာတွေရှိသေးတယ်... မပြောနိုင်တော့ဘူး... ကိုယ်ပါကိုယ်ပဲကြည့်လိုက်တော့.... အော်.. ဟောဒီမှာ အမြည်းအနေနဲ့ Trailer လေးကြည့်သွား... Trailer ကို သိပ်မကြောက်ဖူးဆိုရင်တော့ ရုံမှာသွားကြည့်ဖို့ အခြေအနေကောင်းတယ်... ကြောက်ချင်ရင်သွားကြည့်... ကြောက်တတ်ရင်တော့ ကိုယ့်ဒုက္ခကိုယ်မရှာနဲ့နော်...

Wednesday, June 08, 2011

မဲပေးကြပါအုံးရှင်...

ချစ်ခင်ရပါသော မဗေဒါ့ စာဖတ်သူများရှင့်...

စာမှန်မှန်မရေးသောကြောင့် အလွန်တရာမှ မျက်နှာပူ အားနာရသော်လည်း.. နာတဲ့ မျက်နှာ နောက်ထားပြီး နောက်ထပ် အကူအညီတောင်းဆိုချင်တာလေးတစ်ခုရှိပါသေးတယ်... မဗေဒါခုလောလောဆယ်မှာ Canon-asia.com က ရုပ်ရှင်ပိုစတာပြိုင်ပွဲလေးတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ထားပါတယ်... စုစုပေါင်း ပိုစတာ ၃ခုတင်ထားပါတယ်... အားလုံးထဲမှာ ရွှေတိဂုံဘုရားပေါ်က ဖယောင်းတိုင်တွေနဲ့ ရိုက်တဲ့ပုံလေးက ခုဆိုရင် ထိပ်ဆုံးအဆင့်ကနေ တဖြည်းဖြည်းနဲ့ လောလောဆယ်အထိ နံပါတ် ၆ အဆင့်ကို ကျနေပါတယ်... ဖေ့ဘွတ် အကောင့်ရှိတဲ့ မိတ်ဆွေတို့ရဲ့ မဲလိုအပ်နေပါတယ်... ဒီလကုန် ၃၀ရက်နေ့ကျရင် မဲပေးတဲ့ ရက်ကုန်ဆုံးမှာဖြစ်ပါတယ်... ကျေးဇူးပြုပြီး မဗေဒါရဲ့ပိုစတာလေးကို မဲပေးပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်...
မဲပေးပုံ အဆင့်ဆင့်ကတော့...

၁) အောက်ပါလင်ခ့်ကိုသွားပါ...
http://www.canon-asia.com/Legria/contest/gallery.php?id=465
၂) ပိုစတာရဲ့ဘေးမှာ "Vote" ဆိုတဲ့ button လေးကို နှိပ်ပါ...

၃) pop up window တစ်ခုမှာ facebook app ကို allow လုပ်လိုက်ပါ... (log in မ၀င်ရသေးရင် အရင်ဝင်ပြီးမှ allow လုပ်လို့ရပါတယ်)

၎) ပြီးလျှင် စောစောက ပွင့်နေတဲ့ ဓာတ်ပုံကို ပြန်ပိတ်လိုက်ပါ... (Thank you for voting) လို့ပြနေပေမဲ့ အဲဒါ တစ်ကယ်မဗို့ရသေးပါဘူး... အပေါ်က ပေးထားတဲ့လင့်ခ်ကို ပြန်ဖွင့်ပြီး "vote" ကိုပြန်နှိပ်ပါ...

၅) "voted" လို့ပြပြီး မဲအရေအတွက် တက်သွားမှ တကယ် မဲပေးပြီးတာပါ... ကျေးဇူးအများကြီးတင်ပါတယ်... အထက်ပါ လုပ်ရိုးအတိုင်း ကျန် ၂ပုံကိုလဲပေးပေးပါ...

ကျန် ၂ပုံကိုပေးတဲ့အခါမှာတော့ allow ထပ်လုပ်စရာမလိုပါဘူး.. လင်ခ့်ကိုသွားပြီး vote ကို နှိပ်လိုက်ရုံပါပဲ...
http://www.canon-asia.com/Legria/contest/gallery.php?id=460

http://www.canon-asia.com/Legria/contest/gallery.php?id=461

"Share on facebook" ဆိုတဲ့ စာသားလေးကို နှိပ်ပြီးတော့လဲ သင်တို့ရဲ့ ဖေ့ဘွတ် wall မှာ မျှဝေပြီး မဗေဒါကို တဖက်တလှမ်းက မဲရအောင် ကူညီပေးမယ်ဆိုလျှင်လဲ အတိုင်းမသိဝမ်းသာမိမှာပါ... အကြံကုန် ဗေဒါ ပိုစ့်တင်ကာ စာဖတ်သူများကို နားပူနားဆာ ပူဆာလိုက်ပါတယ်....
ကျေးဇူးအထူးတင်ရှိလျက်...
မဗေဒါ..