Friday, March 19, 2010

My Millionaire Dream

ပထမဆုံး တပတ်တခါရေးမယ်လို့ပြောထားတဲ့ အခန်းဆက်ဝတ္တု ဒီတစ်ပတ် ကြာသပတေးနေ့က ပျက်သွားတဲ့ အတွက် တောင်းပန်ပါတယ်... ဘာလို့လဲ ဆိုတော့ ကိုရီးယားကားကိုက်နေတာရော... အလုပ်မသွားတော့ ဘယ်နေ့ရောက်နေမှန်းကိုယ့်ကိုကိုယ် သတိမထားမိဖြစ်သွားတာရောကြောင့်ပါ... နောက်ပြဿနာကတော့ ဟောဒီ ဗွီဒီယိုထဲမှာပေါ့...

TommyGal ဆီက ရတဲ့ Jang Geum Suk စကာင်္ပူလာမဲ့ သတင်းနဲ့ ပတ်သတ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်... သူနဲ့ အနီးကပ် လက်မှတ်ထိုးပွဲ VIP ticket ကတော့ အစောင် ၁၀၀ ပဲ ရှိပြီး တစ်စောင်ကို S$250 ဆိုတာတောင် အဲဒိ လက်မှတ်က မရှိတော့ဘူးတဲ့... သူနဲ့ လက်ဆွဲ နှုတ်ဆက်ချင်တဲ့ မဗေဒါရဲ့ မွေးနေ့ဆုတောင်းလေးတောင် မပြည့်တော့ဘူး... (သိပါတယ် အစတည်းကလဲ မပြည့်မှန်း)... ခုတော့ လူပေါင်း ၁၁၀၀ အတွက် သူ့ Concert တစ်စောင်ကို S$168 ကတော့ လက်မှတ်ကျန်သေးလား မကျန်သေးဘူးလား မသိဘူး... ကြည့်လဲ ကြည့်ချင်တယ်... ဒါပေမဲ့ ကိုယ်တစ်ယောက်ထဲဖြစ်နေတယ်... ကိုယ်နဲ့ ပြိုင်မိုက်မဲ့သူ မရှိဘူးဖြစ်နေတယ်... အဖော်လေးရှိရင်တော့ ကြည့်ဖြစ်မှာ သေချာတယ်... ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ မင်းသားဆိုတော့ သူကိုယ့်ကို သိသည် ဖြစ်စေ မသိသည်ဖြစ်စေ အားပေးချင်တယ်လေ... သူ့ကားတွေကို original ၀ယ်မကြည့်ပဲ online ကနေ အလကားကြည့်ပြီးနေတာတောင် လွန်လှပြီ... ဒီတော့ သူလာတုန်းလေး အားပေးချင်တယ်... ဒါပေမဲ့ လက်မှတ်ကလဲ သူများတွေပြောတော့ ဈေးကြီးလွန်းတယ်တဲ့... ဟုတ်တော့ ဟုတ်ပါတယ်... ၁၀၀ကျော်ပေးပြီး ဟိုးအဝေးကြိးကပဲ မြင်ရမှာ... အဲဒါ ဘာလုပ်ရမှန်းကို မသိဘူး... တကယ်လို့ သူ့ Concert ကို ကြည့်ချင်တဲ့ သူရှိရင် ပြောကြပါ... မဗေဒါလဲ ကြည့်ချင်လို့ပါ... ဒါတောင် ခု လက်မှတ်ကျန်သေးရဲ့လား မသိဘူး... ဒါမှ မဟုတ် သူ့ကို လေယာဉ်ကွင်းမှာပဲ သွားစောင့်ရင်ကောင်းမလား မသိဘူး... ကိုယ် စကာင်္ပူလာတဲ့ ရည်ရွယ်ချက်ကလဲ ခုထိမပြည့်သေးဘူးလေ.... အထူးသဖြင့် သူက ဗွီဒီယိုလေးထဲမှာ အင်္ဂလိပ်လိုလေးကို ကြိုးစား ပမ်းစားပြောထားတော့ အချစ်တွေပိုနေတာ... အဟိ.... SZA ရေ... လေယာဉ်ကွင်း သတင်းလေးကြားရင်တော့ အမြန်ပြောပါအုံးနော်... သွားစောင့်ရင်ကောင်းမလားလို့... အဟိ....

ဟင်း... မဗေဒါကို မီလျံနာဖြစ်ရင် ဘာလုပ်မလဲလို့ လာမေးရင်... ကိုယ်ကြိုက်တဲ့ အင်တာနေရှင်နယ် စတားတွေကို ဖိတ်ပြီး ကိုယ့်တစ်ယောက်တည်း သီးသန့်ဖျော်ဖြေခိုင်းလိုက်မယ်... ပိုက်ဆံမရှိလို့ သွားချင်ရက်နဲ့ မလိုက်ပေးနိုင်တဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ အဲဒိအခါကျရင် ဖိတ်မယ်... ဟွန့်... ခုတော့ အားပေးချင်တာတောင် ကိုယ့်ပိုက်ဆံကိုယ်ငဲ့ပြီး သက်ပြင်းပဲ ချနေရတာ... ရင်မောတယ်...

Thursday, March 18, 2010

Star falling from the sky (or) Wish upon a Star (k-drama)

ခုရက်ပိုင်း ဘာကားမှ ကြည့်ချင်စိတ်မရှိဖြစ်နေတာကြာပါပြီ... drama review ရေးဖို့ ဆီဗုံးမှာ လာအော်တာတောင် ရေးလောက်ချင်စရာ ဆွဲဆောင်အားကောင်းတဲ့ ကားကို မတွေ့တာနဲ့ မရေးဖြစ်ဖြစ်နေတာပါ... ဒါပေမဲ့ ဟိုတစ်နေ့က ကျမအစ်မ ကြည့်နေတဲ့ ကားတစ်ကားကို မထင်မှတ်ပဲ တစ်ကွက်နှစ်ကွက် ၀င်ကြည့်ပြီး စိတ်ဝင်စားလို့ နောက် ကိုယ့်ဘာကိုယ်ဖွင့်ကြည့်မိလိုက်တဲ့ အချိန်မှာ ဖြတ်လို့မရတော့ပဲ အဲဒိနေ့က အလုပ်ပါ ဖြတ်လိုက်ရတဲ့ အဆင့်ထိပါပဲ... အပိုင်း ၂၀ကို ၂ရက်ထဲနဲ့ အပြတ်ဖြတ်မိသွားတဲ့အထိပါပဲ...


ကားနာမည်လေးကတော့ Star Falling From the Sky တဲ့... တစ်ချို့ဝက်ဆိုဒ်တွေမှာတော့ Wish upon a Star လို့လဲ ခေါ်တာ တွေ့ရပါတယ်... အဲဒိကားကို တွေ့နေတာ ကြာပါပြီ... ဒါပေမဲ့ ကား ပိုစတာလေးကိုကြည့်ပြန်တော့လဲ ဘာမှ ရေရေရာရာ စိတ်ဝင်စားစရာမရှိတာရော ပါတဲ့ မင်းသမီး မင်းသားက ဘယ်သူမှန်းမသိတာရောကြောင့် မကြည့်ဖြစ်တာပါ... ဒါပေမဲ့ တကယ်တမ်းဖွင့်ကြည့်တော့ မင်းသားတွေကို သိပါတယ်... ခေါင်းဆောင်မင်းသားက Love and Marriage ထဲက မင်းသားပါ... ဒုတိယမင်းသားက Soulmate ထဲက မင်းသားပါ... အစကသူပါမှန်းမသိလို့ မကြည့်မိတာပါ... သူပါမှန်းသိရင်အစထဲက ကြည့်ပါတယ်...





ဇာတ်လမ်းအကျဉ်းကိုတော့ သူတို့ ဇာတ်ကောင်စရိုက်လေးတွေနဲ့ တစ်ယောက်ချင်းစီရှင်းပြချင်ပါတယ်...

Won Kang-Ha အဖြစ် Kim Ji-Hoon


သူဟာ Insurance Company တစ်ခုရဲ့ အလွန်ထူးချွန်တဲ့ ရှေ့နေတစ်ယောက်ပါ... သူဟာ ဥပဒေကြောင်းအရသာ အမြဲတိကျမှန်ကန်အောင်လုပ်ပြီး ဘယ်သူမျက်နှာမှ မထောက် မသနား မငှဲ့ညှာတတ်လို့ အသဲနှလုံးမရှိတဲ့ လူတစ်ယောက်အနေနဲ့ လူတိုင်းက သတ်မှတ်ထားကြပါတယ်... လူတွေနဲ့လဲ စကားများများမပြောဆိုတတ်ပါဘူး... ဒါပေမဲ့ သူဒီလိုဖြစ်ခဲ့တာဟာ ငယ်ငယ်က သူ့ကို ပြစ်သွားခဲ့တဲ့ မိခင်ကြောင့်ပါ... ငယ်ကံဆိုးခဲ့တဲ့ အတွက် သူဟာ ငယ်ငယ်ထဲက သူ့နှလုံးသားကို ချိတ်ပိတ်ခဲ့ပြီး... သူ့စိတ်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြခဲပါတယ်...

Won Jun-Ha အဖြစ် Shin Dong-Wook

သူကတော့ ပထမမင်းသား Won Kanh-Ha ရဲ့ ညီ အဖြစ် သရုပ်ဆောင်ရပါတယ်... သူ့ရဲ့ ဇာတ်ကောင်စရိုက်ကတော့ နုညံ့ သိမ်မွေ့ပြီး စိတ်ထားကောင်း သနားတတ် ကြင်နာတတ်တဲ့ သူပါ... သူ့အစ်ကို နဲ့ တစ်ခြားစီပေါ့... ဒါပေမဲ့ သူ့ကို စိတ်ဝင်စားချဉ်းကပ်တဲ့ ကောင်မလေးတွေဆိုရင်လဲ ဘယ်သူ့ကိုမှ မညင်းတတ်ပါဘူး... ဒါပေမဲ့ သူက သူ့ငယ်သူငယ်ချင်း Jung Jae-Young ကို တိတ်တိတ်လေး ချစ်နေတာပါ... သူဖွင့်မပြောတဲ့ အကြောင်းကတော့ အဲကောင်မလေးက သူ့အစ်ကိုကို အသေရရ အရှင်ရရ ကြိုက်နေလို့ပါပဲ.. သူဟာ မင်းသမီး ရဲ့ ကုမ္ဗဏီက Team Leader တစ်ယောက်လဲ ဖြစ်ပါတယ်... သူဟာ သူ့အကိုကို အလွန်ချစ်ပြီး သူ့အစ်ကိုအတွက်ဆိုရင် သူ့အချစ်ကိုတောင် စတေးရဲတဲ့သူပါ... သူ့ရဲ့ လက်စွဲစကားကတော့ "ကိုယ်ကချစ်ရပြီး သူကပြန်မချစ်တဲ့သူကို အကောင်းဆုံးချစ်တဲ့နည်းကတော့... အဲဒိလူကိုလဲ ပြန်မချစ်ဖို့ပဲ" တဲ့... သူဟာ အစပိုင်းမှာ သူတိတ်တခိုးချစ်ရတဲ့ Jae Young စိတ်ချမ်းသာဖို့ သူ့အစ်ကို စိတ်ဝင်စားချင်သလိုလိုဖြစ်နေတဲ့ Pal-Kang ကို ကြိုးစားပိုးခဲ့ပင်မဲ့ နောက်ပိုင်းမှာ Jae-Young ရဲ့ တစ်ဖက်သတ် အနိုင်ကျင့်မှုတွေကြောင့် Pal-Kang ကို ပိုသနားပြီး သနားချစ်လေးဖြစ်သွားခဲ့ပါတယ်...

Jin Pal-Kang အဖြစ် Choi Jeong-Won


သူကတော့ ဒီဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်ပေါ့... အသက် ၂၅ နှစ်ဖြစ်ပင်မဲ့ ရင့်ကျက်မှုမရှိပဲ သူတို့ ကုမ္ဗဏီရှေ့နေဖြစ်တဲ့ မင်းသားကို တစ်ဖက်သက် ချစ်ခဲ့တာ ၅နှစ်တိတိပါပဲ... သူကြိုက်တာကို အားလုံးနီးပါးသိပင်မဲ့ တခြားကိစ္စတွေစိတ်မ၀င်စားတဲ့ မင်းသားကတော့ သူမနာမည်ကိုတောင် မမှတ်မိပါဘူး... သူမ မိဘတွေဟာ ချို့တဲ့ပင်မဲ့ စိတ်ရင်းစေတနာကောင်းတဲ့ ဆရာဝန်ဖြစ်ပြီး မွေးစားထားတဲ့ ကလေးပေါင်း ၅ယောက်ရှိပါတယ်... သူမသာ သမီးအရင်းဖြစ်ပြီး ကျန်တာတွေက မွေးစားကလေး ၅ယောက်ပါ... သူမဟာ မိဘရှိစဉ်မှာ ဘာကိုမှ အလေးအနက်မထားပဲ နေခဲ့ပြီး ရုတ်တရက် သူမ မိဘ ၂ပါးဆုံးပါးသွားတဲ့အခါမှာ အငယ်မောင်နှမ ၅ယောက်ရဲ့တာဝန်ဟာ သူမအပေါ် အကုန်ပုံကျပြီး ကြမ်းတမ်းတဲ့ ဘ၀ဒဏ်ကို ရင်ဆိုင်ခဲ့ရင်း တဖြည်းဖြည်းရင့်ကျက်လာခဲ့ပါတယ်... သူမတို့ မောင်နှမတွေ နေစရာမရှိဖြစ်နေတဲ့ အချိန်မှာ... မင်းသားတို့ ညီအစ်ကိုတွေ အိမ်မှာ Live in housekeeper လုပ်ဖို့ သဘောတူဖြစ်ခဲ့ပါတယ်... အမှန်တော့ သူမဟာ သူ့မောင်နှမတွေကို မင်းသားတွေမသိအောင် သူမရဲ့ အခန်း မြေအောက်ခမ်းထဲမှာ ခိုး ခေါ်ယူနေထိုင်ခဲ့ပါတယ်... ဒီလိုနဲ့ပဲ အသဲနှလုံးမရှိတဲ့ ရှေ့နေကြီးရယ်... သနားကြင်နာတတ်တဲ့ Team Leader ရယ်... အိမ်မှုကိစ္စဘာတစ်ခုမှ မတတ်ပဲ အိမ်ဖော်ဝင်လုပ်တဲ့ မင်းသမီးရယ်... တီတီတာတာစကားလေးတွေ ပြောတတ်ပြီး သိပ်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ ပျော်ရွှင်ဖွယ် ရင်နှင့်ဖွယ် ဇာတ်လမ်းလေးကတော့ ကြည့်မိတဲ့ သူတိုင်း ရပ်လို့မရနိုင်အောင် ဖြစ်ပါလိမ့်မယ်....

Jong Jae-Young အဖြစ် Chae Yeong-In

သူကတော့ ကိုရီးယားကားတွေမှာ မပါမဖြစ်တဲ့ စိတ်ပုတ်မနေရာကပါ... သူက မင်းသား၂ယောက်နဲ့ ငယ်သူငယ်ချင်းဖြစ်သလို မိဘချင်းလဲ အရင်က ရင်းနှီးတယ် စီးပွားချင်းလဲ တူပါတယ်... မင်းသားတွေ အလုပ်လုပ်နေတဲ့ ကုမ္ဗဏီက သူ့အဖိုးပိုင်တဲ့ ကုမ္ဗဏီပါ... သူဟာ ရှေ့နေမင်းသား Kang-Ha ကို တစ်ဖက်သတ်ချစ်သလောက် Kang-Ha ကလဲ သူ့ကို ညီမတစ်ယောက်ထဲ မပိုပါဘူး... (ပြောရမယ်ဆိုရင် လုံးဝကို ကြည့်မရတာပါ... တစ်ခါတစ်ခါ မင်းသားသူ့ကို ပြစ်ပြစ်နှစ်နှစ်ပြောထည့်လိုက်ရင် အရမ်းအားရဖွယ်ကောင်းပါတယ်) အထူးသဖြင့် သူ့ညီ Jun Ha နှစ်သက်မှန်းသိလို့လဲ Kang-Ha ကလုံးဝ စိတ်မ၀င်စားတာပါ... သို့သော် သူက နည်းမျိုးစုံသုံးပြီး Kang-Ha ကို ရအောင်ယူဖို့ကြိုးစားပါတယ်... Jin Pal-Kang ကြောင့် တဖြည်းဖြည်း ပြောင်းလဲလာတဲ့ Kang-Ha ကို ကြည့်ပြီး Jin Pal-Kang ကိုမုန်းကာ အနိုင်ကျင့်တတ်တဲ့ သူလဲ ဖြစ်ပါတယ်... သို့သော်... သို့သော်.... Jin Pal-Kang နဲ့ သူနဲ့ဟာ ညီအစ်မ ၀မ်းကွဲတွေဆိုတာ သိလိုက်ရတဲ့ အချိန်မှာတော့ သူမပြောင်းလဲသွားခဲ့ပါတယ်....

ဒါကတော့ ဇာတ်လမ်းထဲက တစ်ချို့ပုံလေးတွေပါ...

(All the photo credits goes to www.dramabeans.com )

Monday, March 15, 2010

လီမင်ဟို ပြန်လာပြီ...

လီမင်ဟိုရဲ့ big fan ထဲမှာ ကျမ မပါပင်မဲ့... သူ့ကို အထိုက်အလျောက်တော့ ကြိုက်ပါတယ်... သူ့ကို F4 ကားမဟုတ်ပဲ တခြားကားမှာ ကြည့်ခဲ့ရတာ ဆိုရင်တော့ ပိုကြိုက်မှာပါ... ခုတော့ လီမင်ဟိုရဲ့ နောက်တစ်ကားလာပါပြီ...


ကားနာမည်လေးကတော့ Personal Taste ပါ... နောက်တစ်မျိုးအနေနဲ့ Personal Preference လို့ခေါ်ပါတယ်... မင်းသမီးက Sohn Ye-jin (April Snow, A Moment to Remember, summer scent)ကားတွေထဲက မင်းသမီးပါ... အစကတော့ အဲဒိမင်းသမီးကားတော်တော်များများက အေးတိအေးစက်နဲ့ ငိုနေရတတ်တော့ စိတ်ထဲတော့ ဘ၀င်မကျဖြစ်မိပါတယ်... ဒါပေမဲ့ ဇာတ်လမ်းနဲ့ ပိုစတာလေးတွေကို တွေ့လိုက်တော့ အတော်ကြည့်ချင်နေမိပါတယ်... ဒီကားကို MBC က ယခုပြနေတဲ့ Still, Marry Me ကားအပြီး March 31 ရက်နေ့မှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်...

ဒါကတော့ အဲဒိ ဇာတ်လမ်းတွဲ Trailer လေးပါ...




ဇာတ်လမ်းအကျဉ်း

အသက် ၃၀၀န်းကျင် Park Kae-in ဟာ ထင်ရှားတဲ့ ဗိသုကာ ဆရာကြီးတစ်ယောက်ရဲ့ သမီးဖြစ်ပြီး သူမကိုယ်ပိုင် တည်ထောင် ဒီဇိုင်း ထုတ်လုပ်တဲ့ ပရိဘောဂဆိုင်ရှိပါတယ်... သူမဟာ အောင်မြင်တယ်လို့ပြောနိုင်ပင်မဲ့... အမှားတွေကို မကြာခဏလုပ်မိနေတုန်းပါပဲ... အထူးသဖြင့် သူမရဲ့ စိတ်ထားကြောင့် လူတွေကို အလွယ်တကူယုံတတ်တယ်... မကြာခဏ သူမရဲ့ ယုံကြည်မှုကို အလိမ်ခံရဖန်များလာတဲ့ အခါမှာ သူမဟာ ယောကျာင်္းထက် တိုင်ပင်လို့လဲရမဲ့ Gay Male friend ကို လိုချင်ခဲ့ပါတယ်... အဲဒိ အချိန်မှာပဲ သူမနဲ့ Jin Ho (Lee Min Ho) တို့တွေ့ဖြစ်ခဲ့ပါတယ်... အကြောင်းအမျိုးမျိုးကြောင့် သူမဟာ Jin Ho ကို အခြောက်လို့ထင်ခဲ့ပါတယ်... ဒီမှာတင်ပဲ သူမဟာ Jin Ho ကို သူမ အခန်းဖော်အဖြစ်အတူနေဖို့ကမ်းလှမ်းခဲ့ပါတယ်... Jin Ho အနေနဲ့ လဲ သူတစ်သက်နဲ့ တစ်ကိုယ် ချစ်မိလိမ့်မယ်လို့ မထင်ခဲ့တဲ့ သူမရဲ့ပုံ့စံကို အတူနေဖြစ်တဲ့ အချိန်မှာတော့ အနေနီးစပ်ပြီး  မသိလိုက်ချိန်မှာပဲ ရင်ထဲက အချစ်တွေက တိုးတိုးလာခဲ့ပါတယ်... ဒါပေမဲ့ အကြိမ်ကြိမ် အလိမ်ခံခဲ့ရဖူးတဲ့ သူမအတွက် Jin Ho ဟာ အခြောက်မဟုတ်ပဲ ယောကျာင်္းတစ်ယောက်ဆိုတာကို မသိခဲ့လို့ သူမတို့ရဲ့ ပတ်သတ်မှုဟာ အစထဲက စစ်မှန်မှု မရှိခဲ့တဲ့ အခါ....... Source from www.viikii.net & www.dramabeans.com

ကဲ... ခုတစ်လော ဘာကားကြည့်ရမှန်းမသိလို့ ကာတွန်းကားတွေချည်းပဲ ထိုင်ကြည့်ဖြစ်နေတဲ့ ကျမ အဲဒိကားကို ကြည့်ဖို့တော့ အတော်လေး အားတင်းထားပါတယ်... ဒါပေမဲ့ ကားက ကိုရီးယားမှာပြ အွန်လိုင်းပေါ်မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့ ရဖို့က တစ်ပတ်နောက်ကျပြီးစောင့်ရအုံးမယ်... ပြီးတော့ တစ်ပတ်ပြီး တစ်ပတ် ဆန့်တငင်ငင် ကြည့်ရမယ်ဆိုတော့ အရသာပျက်ပါတယ်... အဲဒါကြောင့် အားလုံးပြီးခါနီး မှ တစ်ခါတည်း အားလုံးကြည့်ပါမယ်... မသိသေးတဲ့ သူတွေကို ဒီသတင်းလေးဝေငှရင်း ပုံလေးတွေလဲ ဝေငှလိုက်ပါတယ်...





တစ်ကျွန်းရောက် ညဉ်းတွားခြင်း

သတိပေးကြေငြာချက် ။ ။ နားပူမည်... အဲလေ.. မျက်စိပူမည်... ညဉ်းတွားခြင်းဖြစ်သောကြောင့် စိတ်ပျော်ရွှင်ဖွယ်မရှိ... ညစ်နေသူများ အစထဲက မဖတ်ကြပါရန်...

တစ်ခါတစ်လေ ကိုယ်ရွေးချယ်ခဲ့လို့ရောက်နေတဲ့နေရာကို ကျေနပ်သလား... ငါမှားများ မှားခဲ့သလားလို့ တွေးမိဖူးသလား... ဟုတ်ကော ဟုတ်ရဲ့လားလို့ တွေဝေဖူးသလား... ဒီလောက်ရင်းနှီး ရုန်းကန်ရတာ တန်ရဲ့လားလို့ရော စိတ်ကူးမိဖူးလား... ဒါဆိုရင်လဲ ငါ ပြန်တာပဲကောင်းပါတယ်လို့တွေးလိုက်ချိန်ကျတော့လဲ ပြန်ရောက်ရင် ငါဘာလုပ်စားမလဲ... ဘယ်လိုရပ်တည်မလဲ... ဒီမှာလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပါ့မလား... သုံးလောက်မဲ့ ပုံမှန်ဝင်ငွေရှိပါ့မလား... ဒီလိုတွေ ဒီလိုတွေနဲ့ပဲ ဝေခွဲမရဖြစ်ဖူးသလား... ဒီမှာနေတာ ကြာနေတော့လဲ ဘာပဲပြောပြော ဒီက လူနေမှု အဆင့်ကို အသားကျနေပြီ... စိတ်ဖိစီးမှုများတာက လွဲလို့ သွားရေးလာရေး အဆင်ပြေတာ... ရေမီးအစုံအလင်ရှိတာ... သန့်ရှင်းသပ်ရပ်တာ... ဒါတွေကို ကျင့်သားရနေပြီ... ဒီလိုနဲ့ ဟိုမရောက် ဒီမရောက်လူသားအဖြစ် ရပ်တည်နေရသလို ခံစားဖူးသလား...

စိတ်အရင်းခံနဲ့ ခင်မင်တတ်တဲ့ နားလည်မှုရှိတဲ့ သူငယ်ချင်းတွေမရှိပဲ... အမုန်းကို ဟန်လုပ် မျက်နှာဖုံးစွပ်ထားတဲ့ အပေါင်းအသင်းတွေရော ခင်ဗျားမှာ များလာသလား... တစ်ခါတစ်လေ ခင်ဗျားကိုယ်တိုင်တောင် အဲဒိထဲက တစ်ယောက်ဖြစ်လိုက်သေးတတ်တယ် မဟုတ်လား... အသက်တွေပဲကြီးလားလို့ ဒီလိုမျိုးတွေဖြစ်လာသလား... ဒီနိုင်ငံရောက်လာလို့ပဲ ဒါမျိုးတွေ များလားသလားဆိုတာတော့ စဉ်းစားလို့မရနိုင်ဘူး... အမှန်တော့လဲ စဉ်းစားနေရလောက်အောင်လဲ အရေးတော့မပါပါဘူး... တချို့မိန်းကလေးတွေ အားငယ်လို့ အားကိုးရှာ ချစ်သူထားကြတယ်... သူတို့တွေရော မြင်နေရတဲ့အတိုင်း အပူအပင်တကယ်ကင်းကြရဲ့လား... နည်းနည်း အသုံးကျတာလေးကတော့... ကိုယ်အပြင်လေးဘာလေးသွားချင်ရင် ကိုယ့်ကို အချိန်ပေး အဖော်လုပ်ပေးဖို့ အပြန်အလှန် လိုင်စင်ယူလိုက်တဲ့သဘောပဲ... ဘော်ဒါတွေကလဲ ကိုယ့်ကိုအချိန်ပြည့် အဖော်မလုပ်နိုင်ကြဘူးလေ... ဒီတော့ ဒီလိုလေးတွေ လိုင်စင်ယူလိုက်ကြ တယ်ထင်ပါ့... 


မြန်မာပြည်မှာကျတော့ကောင်းတယ်... ဘော်ဒါတွေက တစ်ယောက်မဟုတ် တစ်ယောက်က အားနေတာပဲ... မြန်မာပြည်မှာကျတော့ ပုံမှန်အလုပ်ထက် ဂွင်စောင့်နေကြတာဆိုတော့ အားကြတယ်လေ... ဂွင်များဝင်လို့ကတော့ ထောချက်က အောချရမလောက်ပဲ... ပုံမှန်ရုံးလုပ်တဲ့ သူတွေကျတော့လဲ ရုံးချိန်က flexible ဖြစ်တယ်ပြောရမလား... ညနေဘက်လောက်ဆို အေးဆေးတွေ့ဖို့ ရသေးတယ်... တစ်ခါတစ်လေကျတော့လဲ ဘာမှ မစဉ်းစားပဲ အဲလိုပဲ ပြန်နေလိုက်ရကောင်းမလားလို့ အားကျမိတယ်... ဒါပေမဲ့ တကယ်တမ်းပြန်နေမလားဆိုတော့လဲ ကိုယ့်ဘ၀ရဲ့ ၁၀စုနှစ်လောက် ရပ်တည်အခြေကျနေတဲ့ ဒီတစ်ကျွန်းသူဘ၀ကို မစွန့်ရဲဘူး...

စာအုပ်ထဲမှာတော့ ဒီလိုအသက်အရွယ်အပိုင်းအခြား ၁၈ ကနေ ၂၆-၂၇ လောက်အထိပေါ့... ခုလိုပဲ ကိုယ်ဘာဆက်လုပ်ရင်ကောင်းမလဲ ကိုယ်လုပ်နေတာတွေမှန်မှ မှန်ရဲ့လားလို့ တွေဝေ စိတ်ဓာတ်ကျတတ်ကြတယ်လို့ဖတ်ဖူးတာပဲ... တကယ် တကယ်... ကိုယ်ဘာလုပ်ချင်လို့ ဘာဖြစ်ချင်မှန်းလဲ မသေချာ... ရောက်နေတာနဲ့လဲ မတင်းတိန်... ဒါပေမဲ့ ပူပန်စရာတွေကလဲ များ... တကယ်စဉ်းစားကြည့်တော့လဲ ဘာကို ပူပန်နေမှန်း သေချာမသိ... အရေးထဲ အခွန်ဆောင်ဖို့ ပတ်စပို့သက်တမ်းတိုးဖို့... တစ်ခါရှိ ကျသွားတယ်ကို မရှိဘူး... အဲဒိ သတင်းကို ကြားမိတိုင်း နှလုံးသွေးရပ်မတတ်ပဲ... စကာင်္ပူ အစိုးရကလဲ ထောင်း... သံရုံးကလဲ ဖွတ်... လူလဲ မွဲလိုက်တာမှ ဖွတ်မင်းကပင် အဖေခေါ်ရလောက်တယ်လို့ ရေသည်လို့ တင်စားရမလိုပဲ... ရတာလေးကလဲ ဟောသလို ဟောသလိုနဲ့ လုံးပါးပါး... ဘာမှ မယ်မယ်ရရမစုမိ... ဟင်း............ ဒီတော့လဲ လောကကြီးရေ... ကောလိပ်ဂျင်နေ၀င်း ပယင်းရောင် ရုပ်ရှင်ထဲမှာ ပြောသလိုပဲ... "ဖြစ်ချင်တာ မဖြစ်ရင်... ဖြစ်ချင်ရာသာ ဖြစ်စမ်းကွာ" လို့ ရေစုန်မျှောရမဲ့ပုံပေါက်နေတယ်...


ငယ်ငယ်က ပစ္စည်းတစ်ခုလိုချင်လို့ မိဘက မ၀ယ်ပေးရင်... ငိုယိုပူဆာ... မရရင် မိဘကို စိတ်ကောက် အပြစ်တင်လို့ရသေးတယ်... ကြီးလာလို့ကတော့ လိုချင်တာတွေ ၀ယ်ပစ်မယ်ပေါ့... ခုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်လေးကိုထိန်း... Shopping Mall လေးရောက်ရင် ဟို အိတ်လေးကိုင်လိုက်... ဒီအကျီင်္လေး try လိုက်နဲ့... နောက်ဆုံးကျတော့လဲ စိတ်ထိန်း.. စိတ်ထိန်း... ဘယ်သူ့မှလဲ အပစ်တင်လို့မရ... တကယ့်ကို biggest task ပဲ... 

ခုတလောလဲ အလုပ်သွားရခါနီးဆိုရင် စိတ်ကြီးလေးထင့်ပြီး ပျင်းတာမှ... ကလေးသာဆိုရင် ခြေချင်းပွတ်ပြီး အဟင့်ဟင့်နဲ့ ဂျီကျမိမှာ... ဘာရယ်မဟုတ်ပါဘူး... ခုတစ်လော... ဘာာာာာာာမှ ကိုယ်စီစဉ်သလို... ကိုယ်ဖြစ်ချင်သလိုမဖြစ်လို့... ညစ်လို့ ဒီမှာ ရင်ဖွင့်လိုက်တာပါ... အပြင်မှာလဲ သူများတွေကို လျှောက်နားပူမခံစေချင်ဘူးလေ... ကိုယ်တစ်ယောက်ထဲ ဒီလိုမဟုတ်ဘူး... လူတိုင်း သူ့အပူနဲ့ သူရှိတယ်ဆိုတာလဲ သိသကိုး... ကိုယ့်အပူသွားပြောမှ ကိုယ့်ထက်ပူတဲ့သူနဲ့တွေ့နေအုံးမယ်... အဲလိုကျတော့ အားနာစရာကြီးလေ...

Thursday, March 11, 2010

ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၂)





 
အင်းလျားကန် ရေပြင်က ယခင်ကထက်ပို ငြိမ်သက်နေသယောင်... ကျယ်ပြန့်လှသော ကန်ရေပြင်ပေါ်တွင် ရွက်လှေတစ်စီးသာ ငြိမ်သက်စွာ လေ့ကျင့်ခရီးနှင်နေသည်... လေအဝေ့မှာ ကြွေကျလာတဲ့ သစ်ရွက်ခြောက်တစ်ချို့က ကုန်းပေါ် သို့တစ်ဝက်... ကန်ထဲသို့ တစ်ဝက် ကြွေလွင့်မျောပါနေကြသည်... ဥသြကလဲ ဆွေးဆွေးမြည့်မြည့် နွေဦးတေးကို တစ်ကိုယ်တည်း သီကြူးနေလေသည်... အရာရာဟာ ယခင်ထက်ပိုမို ငြိမ်သက်နေသယောင်... မောင့်မျက်လုံးတွေကတော့ ငြိမ်သက်ခြင်းမရှိ... ကန်ထဲက ရွက်လှေကို လှမ်းကြည့်သည်... တလွင့်လွင့်ကြွေနေသော သစ်ရွက်ခြောက်တွေကို ကြည့်သည်... ကျမနှင့် ဆန့်ကျင်ဘက်အရပ်ကို ရည်ရွယ်ချက်မဲ့ငေးကြည့်သည်... သေချာတာတော့ မောင့်မျက်လုံးတွေဟာ မောင်ပြောမည့်စကားကို အလေးတယူ စောင့်စားနေသော ကျမမျက်လုံးတွေနဲ့တော့ တစ်ချက်မှ မဆုံပါ...


"မောင် ဘာပြောစရာရှိလို့လဲ... ပြောလေ"...


မောင့်ဆီက တော်တော်ကြာကြာ စကားသံပြန်မလာ... မျက်လုံးအစုံကသာ အဝေးတစ်နေရာမှ မခွာတော့... ကျမ မောင့်မျက်လုံးတွေထဲကို သေချာကြည့်လိုက်တော့ မျက်ရည်ဥတို့ ဝဲကျမတတ်...


"ဟင်... မောင်... ဘာဖြစ်လို့လဲ... အို... စိတ်ပူလိုက်တာ... တစ်ခုခုဆိုလဲ ပြောပါမောင်ရယ်... Snow တို့တူတူ ဖြေရှင်းကြတာပေါ့..."


မောင်ဟာ အရင်ထဲက စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်မဟုတ်လှ... သူငယ်ချင်း အပေါင်းအသင်းအလိုက် အရောင်ပြောင်းတတ်သူ... သူ့အမေရဲ့ ချယ်လှယ်မှု လောင်းရိပ်အောက်က မလွတ်မြောက်နိုင်သူ... မောင့်စိတ်ကြိုက် အသေအချာ ရွေးချယ်ခဲ့တာ ဟူ၍ ကျမတစ်ယောက်ထည်းသာရှိသည်... ကျမလို ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုဖို့ ခွန်အားတွေပေးခဲ့တဲ့ မောင့်အချစ်ကို ကျမ အကြွင်းမဲ့ ယုံကြည်ခဲ့သည်...


သူ အသင့်ယူလာသော ဖိတ်စာလေး တစ်စောင်ကို ဖြေးညင်းစွာထုတ်ရင်း ကျမထံသို့ ပေးသည်...
"အဲဒါ ဘာလဲမောင်... ဘယ်သူ့ဖိတ်စာလဲ..." ကျမလဲ စိတ်လှုပ်ရှားစွာ ဖွင့်ဖတ်ကြည့်မိသည်...


နှစ်ဘက်သော မိဘများ အမှူးထား၍ စေ့စပ်ကြောင်းလမ်းခြင်း ဖိတ်ကြားလွှာ... ဦးအောင်သက်... ဒေါ်ဥမ္မာလွင်တို့၏ သား မောင်အောင်ခန့် နှင့် ဦးဗစ်တာ ဒေါ်ဘေဘီတို့ ၏ သမီး မရိုစီ........ ကျမ မျက်လုံးတွေကို ကျမ မယုံကြည်နိုင်အောင်ဖြစ်မိသည်... ရင်ထဲစို့နင့်လာတာနဲ့ အမျှ နှလုံးသားက စူးနစ်နေသည်.... ဒါ အမှန်မဟုတ်နိုင်ဘူး... မောင်နောက်နေတာဖြစ်မယ်...


"ဟင်... ဒါဘာလဲမောင်... နောက်နေတာလား... သတို့သမီး နာမည် မှားနေတယ်လေ... အဲလောက်တော့ မနောက်သင့်ဘူးမောင်... Snow စိတ်စိုးမိမယ်..."


မောင် မျက်လုံးများကို မှိတ်လိုက်စဉ် ပါးပြင်ပေါ်သို့ သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာသည်... ထို့နောက် မောင် ခေါင်းခါကာ....
"မဟုတ်ဘူး... Snow ... နောက်နေတာ မဟုတ်ဘူး... မောင့်ကို အိမ်က ရိုစီနဲ့ သဘောတူ ပေးစားတော့မယ်... "


" ဟာ... မောင်နဲ့ Snow နဲ့ ချစ်သူတွေ ဆိုတာ မောင့်အိမ်ကလဲ သိသလို... Snow အိမ်ကလဲ သိတယ်လေ... ၇ နှစ်လုံးလုံး အတူတူ မခွဲတွဲခဲ့ကြတာ... ပတ်ဝန်းကျင်ကလဲ အသိလေ... မောင့်မိဘတွေက ဘာလို့... ဘာလို့...."
မေးခွန်းပေါင်းများစွာခေါင်းထဲရောက်နေပင်မဲ့ နှုတ်ကတော့ ဆွံအနေခဲ့သည်... စကားလုံးတွေက ရင်ဘတ်တစ်နေရာအရောက်မှာ တစ်စုံတစ်ခုကြောင့် တစ်စို့နေရင်း အပြင်ထိ ပွင့်အံခွင့်မရနိုင်....


"မောင့် မိဘတွေ စီးပွားရေး အခြေအနေ သိပ်မကောင်းဘူး Snow... ရိုစီတို့ မိဘတွေဆီမှာလဲ အကြွေးမကင်းဘူး... စီးပွားရေးစပ်တူတွေမှာလဲ သူတို့ဆီက အကူအညီတွေ အများကြီးလိုတယ်... မောင့်မေမေက မောင့်ကို ရိုစီနဲ့ နေရာချပေးချင်တာ ကြာပြီ... ခုတော့ သူတို့ဘက်ကလဲ သဘောတူတော့ မောင်ဘယ်လိုမှ မတတ်နိုင်ဘူး... Snow တို့ မိဘတွေ စီးပွားရေး ကျလာတာလဲ မောင့် မိဘတွေက သတိထားမိတယ်... မောင်တို့ အိမ် ဆက်ပြီးရပ်တည်ဖို့က ရိုစီကို မောင်လက်ထပ်မှ ဖြစ်မယ်..."


"မောင်ရယ်... မောင်ပဲ Snow ကို ချစ်တယ်ဆို... Snow နဲ့ဆို ဒုက္ခတွေ အားလုံးကို ရင်ဆိုင်နိုင်တယ်ဆို... Snow တို့ ၂အိမ် စီးပွားရေး ကျတယ်ဆိုပင်မဲ့... စားစရာမရှိလောက်အောင် မဆင်းရဲသေးပါဘူး မောင်ရယ်... ဂုဏ်ပကာသနတွေ မလိုပါဘူး... အဓိကက ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်လျှောက်လက်တွဲဖို့ပဲ မှတ်လား... ဒါမှ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ထူထောင်နိုင်မှာပေါ့... ငွေရေးကြေးရေးအတွက်က မောင်နဲ့Snow တူတူကြိုးစား ရုန်းကန်ရင် ဖြစ်ပါတယ်... မောင် သတ္တိရှိစမ်းပါ..."
မျက်ရည်များကို အတတ်နိုင်ဆုံး မျက်တောင်ခတ်၍ထိန်းကာ အတတ်နိုင်ဆုံး ပြုံး၍ပြောနေသော်လည်း... ကျမ အသံကတော့ နာကျင် အက်ကွဲလျှက်...


မောင် မျက်ရည်များကို သုတ်လျက် ကျမကိုလှည့်ကြည့်ကာ ....
" ချစ်သူတွေ ဘယ်လောက်ပဲ ချစ်ချစ် ဖူးစာဆုံမှ ပေါင်းကြရတယ် Snow... မောင်နဲ့ စနိုးပေါင်းဖို့ ကံကြမ္မာက မျက်နှာသာမပေးဖူး... မောင့်မိဘရဲ့ သဘောကို လွန်ဆန်ပြီး လုပ်ဖို့ မောင့်မှာ သတ္တိမရှိတဲ့ အတွက် ခွင့်လွှတ်ပါ... မောင်မရှိလဲ စနိုး အဆင်ပြေမှာပါ..."


မောင်မရှိရင် ကျမ အဆင်ပြေမပြေဆိုတာ ကျမကိုယ်ကျမတောင် မသိတာ မောင်က ကြိုတင် ဆုံးဖြတ်ပေးပြီးလို့ရလား... မောင့်စိတ်ထဲမှာ ကျမနဲ့ပေါင်းစည်းဖို့ ကြိုးစားပေးချင်စိတ်လေးတောင် တစ်ကြိမ်တစ်ခါ စဉ်းစားပေးဖူးပုံမရ... ကျမဘာများ အမှားလုပ်ခဲ့မိသလဲ... မောင်နဲ့ မောင့်မိသားစုအပေါ် ဘာများ ပျက်ကွက်ခဲ့မိသလဲ... တစ်ခါတစ်လေ ပျော့ညံ့တတ်တဲ့ မောင့်ကို အားမရလို့ ပြောမိတာတွေက မောင့်အချစ်ကို လျော့စေခဲ့တာလား... ခုလဲ မောင့်ကို ရိုက်ပုတ်ပြီး အပြစ်တင် ငိုကျွေးလိုက်ချင်တယ်... ဒါပေမဲ့ ကျမအဲလို ဆိုးဖို့တောင် ခွန်အားမရှိတော့ဘူး... ဖူးစာဆုံမှ ပေါင်းရတယ်တဲ့လား... ကျမအတွက်တော့ ဖူးစာဆုံရုံနဲ့မလုံလောက်ဘူး... ဖူးစာလည်းဆုံ ရင်လဲခုန်မှ ပေါင်းချင်တယ်... ရင်ထဲက ရှိသမျှတွေ ပုံအောပြောလိုက်ချင်ပင်မဲ့ ဒီကိစ္စမျိုး အတွေ့အကြုံမရှိဘူးတဲ့ ကျမ... တစ်ခါမှ ကြုံလိမ့်မယ်လို့ မတွေးထားမိတဲ့ ကျမ... မျက်ရည်ကလွဲလို့ ဘာမှ မပွင့်အံရဲခဲ့ပါ...


အင်းယားကန်ရေပြင်ကြီးကလဲ ညိမ်သက်ဆဲ... ရွက်လှေလေးကလဲ ရွက်လွှင့်ဆဲ... ဥသြကလဲ တစာစာ သီကြူးဆဲ... ကျမရင်ထဲက နှလုံးသွေးတွေကတော့ မျက်ရည်အဖြစ် တသွင်သွင်စီးဆင်းဆဲ...


--------------------------------- ။ ----------------------------------


သုတ်သုတ်ပြာပြာဖြင့် ဖြူဆိုင်ထဲကို ၀င်လာသည်... ဟိုဟိုဒီဒီကို ကြည့်ကာ ကျမထိုင်နေသော ဆိုင်ထောင့်ရှိ စားပွဲသို့ စိုးရိမ်သော မျက်နှာဖြင့် လျှောက်လှမ်းလာသည်...


"သူငယ်ချင်း... ဘာတွေဖြစ်တာလဲ... ပြောစမ်းပါအုံးဟယ်... ငါစိတ်ပူလိုက်တာ..." မျက်ခုံးများကို ကြုံ့ ၍ စိုးရိမ်သော အမူအရာဖြင့် ကျမကို အကဲခပ်ကာမေးသည်...


"ဖြူ... ငါဘာလုပ်ရမလဲဟင်... ?" ဖြူရောက်လာမှ အတတ်နိုင်ဆုံး ထိမ်းထားသော မျက်ဝန်းမှ မျက်ရည်များ ဆည်ကျိုးသကဲ့သို့ ထိမ်းမနိုင် သိမ်းမရ ထွက်ကျလာသည်... အတွေးပေါင်းများစွာ စဉ်းစားခဲ့သော်လည်း... ဘာဆက်လုပ်ရမည်ကို ကျမတကယ်ပင် မသိတော့ပါ... ယခင်က ဆက်ရမဲ့ ကျမဘ၀ခရီးလမ်းတွေကို မောင်နဲ့အတူ ဖြတ်သန်းဖို့ အစီအစဉ်သေချာရေးဆွဲခဲ့သည်... နောင်ဆက်လုပ်မည့် ကျမဘ၀ခရီးစဉ်တိုင်းတွင် မောင်ပါသည်... မောင့်အတွက်ပါ ထည့်စဉ်းစားခဲ့သည်... ခုတော့ ကျမရဲ့စီမံကိန်းတွေအားလုံးကို ၁က ပြန်စရတော့မည်... တစ်ကြိမ်တစ်ခါမှ မောင်မရှိခဲ့လျှင်ဆိုပြီး မစဉ်းစားခဲ့သော ကျမအတွက် နောက်ထပ် Back up Plan ဆိုတာ အိမ်မက်တောင် မမက်ဖူးပါ... ယခုထက်ထိလဲ မောင်မရှိလျှင် ဘာလုပ်ရမလဲဟု စဉ်းစားမိနေခြင်းမဟုတ်ပါ... မောင်နဲ့ မခွဲရအောင် ဘာလုပ်ရမလဲဟု စဉ်းစားမိနေခြင်းသာဖြစ်ပါသည်...


"နွေနှင်းရယ်... ဘာတွေဖြစ်လို့လဲ... ငါ့ကို သေချာပြောပါ... မငိုနဲ့တော့နော်... မနက်ကမှ အကောင်းပါ... ငါ့ကို အေးအေးဆေးဆေးပြောပြနော်... အအေးသောက်လိုက်... "


ဖြူသည် ကျမဘာပြဿနာဖြစ်ဖြစ် နားထောင်ပေးနေကျ အကြံပေးနေကျ ကျမနဲ့ ထပ်တူခံစားပေးနေကျ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်... ကျမ တချို့ အိမ်သားများပါ တိုင်ပင်ဖို့ ခက်သော ကိစ္စများတွင် သူမကို ကျမ ဦးဆုံး သတိတယတိုင်ပင်တတ်သူ...


"မောင်... မောင်လေ... ဟင့်... ဟင့်..." ကျမအသံများတုန်ယင်နေသလို... မည်သို့သော စကားလုံးမျိုးကို ရှာကာ ဖြူ့ကို ပြောပြရမည်မသိ... စကားလုံးတိုင်းက ကျမ လက်မခံချင်သော ကျမနှုတ်က မထွက်ချင်သော စကားလုံးများပင်....


ဖြူ ကျမကို ကြည့်လျက် သက်ပြင်းတစ်ချက်ကို ပင့်သက်လိုက်သည်...
"ငါသဘောပေါက်ပြီ သူငယ်ချင်း... အမှန်တော့ ငါရိပ်မိနေပါတယ်... နင်စိတ်မကောင်းမှာစိုးလို့မပြောတာ... ဟိုနေ့က ငါတွေ့လိုက်တယ်ဆိုတာ သူတို့၂ယောက်ကို စာပုံနှိပ်တိုက်တစ်ခုကနေ လက်ချိတ်ပြီး ထွက်လာတာကို မြင်လိုက်တာ... ထားလိုက်ပါတော့... နင် သိပ်စိတ်မကောင်းဖြစ်မနေနဲ့... ဒီအချိန်မှာ နင်ခံစားရမယ်ဆိုတာ သိပေမဲ့ ငါလဲ ဘာလိုပြောရမှန်းမသိတော့ဘူး..." မျက်နှာကို ကျုံ့ကာ ဖြူလဲ သက်ပြင်းတစ်ချက်ကို ထပ်ချရင်း ကျမပုခုံးကို ကိုင်ကာ အားပေးသည်...


"ဖြူ... လူဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြတာပါပဲ... မောင်က နဲနဲပျော့လို့ သူ့မေမေကို မလွန်ဆန်နိုင်တာပါ... မောင်က နီးစပ်ရာ စကားကို နားထောင်တတ်တယ်... ငါမောင့်ကို ထပ်ပြောကြည့်မယ်... ငါသူ့ကို ခွင့်လွှတ်ပါတယ်... သူလဲ ငါ့ကို မခွဲချင်ပါဘူး... သူ့မိသားစုအရေးကြောင့် ဒီလိုလုပ်ရတာ... ငါသူနဲ့ သေချာ တိုင်ပင်ပြီး ရှေ့ဆက်ဖို့ ဘာတွေလုပ်မယ်ဆိုတာ ပြောမယ်... ငါ့ကို ပြောတုန်းက သူလဲ ငိုနေတယ်... သူငါ့ကို ချစ်ပါသေးတယ်... ငါပြောလို့ ရအုံးမှာပါ... ဟုတ်တယ်မှတ်လား ဖြူ... ဟုတ်တယ်မှတ်လား" ပြောပြောဆိုဆို ဖြူ့ဆီမှ ထောက်ခံစကားကို မျှော်လင့်တကြီး တောင့်တမိသည်... ဖြူ့မျက်လုံးများကို ကြည့်လိုက်တော့... စိတ်မကောင်းခြင်း... အားမရခြင်း... ဂရုဏာဒေါသောများဖြင့် ကျမကို စိတ်ပျက်လက်ပျက် ကြည့်လျက်...


"သူငယ်ချင်းရယ်... စိတ်ကို ငြိမ်ငြိမ်ထားပြီး သေချာစဉ်းစားပါအုံး... ဒီအမှန်တရားက နင့်အတွက်လက်ခံရခက်မှန်းသိတယ်... ဒါပေမဲ့ နင့်မာနတွေဘယ်ရောက်ကုန်ပြီလဲ... နင့် အိမ်သားတွေရော သိပြီးပြီလား... ဦးနဲ့ အန်တီ သိရင်တော့ ဒေါသလဲထွက် စိတ်မကောင်းလဲဖြစ်မှာ... "


"ဟင့်အင်း... ငါ့ အိမ်သားတွေကို မပြောပြနဲ့အုံးနော်.. ငါ့ဖေဖေသိရင် မိုးမီးလောင်မှာ... သူနဲ့ငါနဲ့ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး... ငါ ကြိုးစားကြည့်ချင်သေးတယ်... အဲဒါမှ နောက်ပြန်စဉ်းစားတိုင်း ငါဘယ်တော့မှ နောင်တမရမှာ... အနည်းဆုံးငါ့ကို နင်ဒါလေးတော့ အားပေးပါဟာ နော်..." ဟုတ်ပါတယ်... ကျမ စခဲ့တဲ့ relationship တစ်ခုကို ကျမ ဒီလို လွယ်လွယ်နဲ့တော့ အပြတ်မခံချင်ပါ... မောင်ကလဲ ကျမကို ချစ်နေသေးသည်ဆိုတာကို ကျမ ယုံကြည်သည်... ချစ်သူ ၂ဦး ချစ်လျက်နှင့် ဝေးကွာရမည်ဆိုသည်ကို ကျမဘယ်လိုမှ လက်မခံနိုင်... ဒီတစ်ခေါက်တော့ ကျမ မာနတွေကို ဘေးချိတ်ကာ ထပ်ကြိုးစားကြည့်ချင်သည်... ကျမ အစွမ်းကုန်မကြိုးစားခဲ့ပဲ နောင်တစ်ချိန်မှ နောင်တမရချင်...


ဖြူ သက်ပြင်းတစ်ချက်ကိုသာ ထပ်ချလျက် " အင်း... ဒါဆိုရင်လဲ နင့်သဘောပါဟာ... ဒါပေမဲ့ ဖြစ်မလာခဲ့ရင်လဲ နင် အရမ်းမခံစားနဲ့နော်... ကဲပါ လောလောဆယ်တော့ နင်လဲ ပင်ပန်းနေပြီ... နင့်ကို အိမ်လိုက်ပို့ပေးမယ်... နားလိုက်တော့ နောက်နေ့မှ သူနဲ့တွေ့... ငါလဲ အဖော်လိုက်ပေးမယ်..."


ဆိုင်ထဲကထွက်လာကာ တိုက်စီများရပ်ထားရာ နေရာသို့ ဖြူ ကျမရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်... ကျမအတွက်ကတော့ ခြေလှမ်းတိုင်းဟာ လေးလံလွန်းလှပါတယ်... ဖြူကားသမားများနှင့် စကားပြောရာဘက်ကို လှမ်းအကြည့်... တဘက်ကားလမ်းပေါ်သို့ မတော်တဆ ကျမ မျက်လုံးများ ဖြတ်ပြေးသွားသည်...


ရုပ်ပုံလွှာတစ်ခု... ကျမ အရင်းနှီးဆုံး ရုပ်ပုံလွှာပိုင်ရှင်... သူ့မျက်နှာပေါ်မှာတော့ ကြည်ရွှင်တဲ့ အပြုံးတွေ... မသေချာမှာစိုးလို့ မျက်ရည်ဝိုင်းတွေနဲ့ေ၀၀ါးနေတဲ့ အကြည့်ကို ပွတ်ကြည့်မိတယ်... သူရယ်လေ... မနက်က အ၀တ်အစားအတိုင်းပါပဲ... ပြောင်းသွားတာကတော့ သူ့နံဘေးက မိန်းကလေးနဲ့ သူ့မျက်နှာပေါ်က အပြုံးတွေပေါ့... လက်ထဲတွင်လဲ ထိုမိန်းကလေးရဲ့အထုတ်အပိုးတွေ ကို ကိုင်ပေးလို့...


"မောင်.... " ကျမ နှုတ်ခမ်းမှ ခပ်တိုးတိုး စတင်ရေရွတ်မိသည်... ထို့နောက် ...


"မောင်.... !!!!!!!!!!!" ကျမ မောင့်ကို လှမ်းခေါ်သော်လည်း မောင်မကြား... ထိုမိန်းကလေးနှင့် လက်ချင်းယှက်ကာ ကြည်နူးနေသည်... ကျမ တခြားဘာကိုမှ မမြင်တော့ မောင့်ကို မျက်နှာချင်းဆိုင်၍သာ မေးလိုက်ချင်သည်... ခြေလှမ်းတွေက မောင့်ဘက်ကို အလိုလို ဆွဲခေါ်နေသည်...


"နွေနှင်း... သတိထား... ကားလာနေတယ်!!!!!!!...." အဝေးမှ စိုးရိမ်တကြီး သတိပေးသံအဆုံးတွင်တော့...


ကျွိ............


ကားဆက်ကို အရှိန်မှီသတ်လိုက်နိုင်သော်လည်း နွေနှင်း ကားရှေ့တွင် ပုံလျက်သားကျသွားသည်... ဖြူ စိုးရိမ်တကြီး ပြေးလာပြီး ကျမကိုစကားတွေပြောနေသည်... ကျမဘာဖြစ်သွားသေးလဲ မေးတာဖြစ်မည်... ကျမဘာမှ မဖြစ်ပါဘူး... ကားပေါ်မှ ကားမောင်းသူလဲ အတော်လေး လန့်သွားပုံရသည်... နောက်မှ တဖြည်းဖြည်း ကားပေါ်မှ အံ့သြသည့် အကြည့်ဖြင့် ဆင်းလာသည့် သန့်သန့်ပြန့်ပြန့်လူရွယ်တစ်ဦး...


ကျမဦးခေါင်းကတော့ တဘက်ကားလမ်းရှိ မောင့်ကို ရှာကြည့်နေဆဲ... ကျမ မောင့်ဆီသွားရမည်... မောင်....
"ဖြူ ငါမောင့်ကိုတွေ့လိုက်တယ်.. ငါ မောင့်ဆီသွားမလို့..." ကျမ ကြိုးစားပြီးထလိုက်စဉ် ကမ္ဘာကြီး တစ်ခုလုံး ခြာခြာလည်ကာ အမှောင်အတိဖုံးသွားသည်....


မောင်ရေ... ကျမပြန်နိုးထလာတဲ့ အချိန်မှာ ဒါတွေဟာ အိပ်မက်တွေသာ ဖြစ်ပါစေနော်...


--------------------------------- ။ ----------------------------------------
 ဆက်ရန်/....



P.S ... တပတ်တခါရေးမယ်ဆိုပြီးပြောထားလို့ ခုရေးနေရပြီ... တကယ်ရေးတော့ အတော်ခက်သဗျ... ဘယ်လိုနေလဲတော့ မသိဘူး... ခုတော့ ဒီတစ်ပတ်အတွက် ရေးလိုက်ပြန်ပြီ... နောက်ပိုင်းမှ ခုရေးထားတာတွေကို ကိုက်အောင် ဘယ်လို ဆက်ရေးအုံးမလဲတော့ သိသေးဘူး... I will just go with the flow... အဟီး....

Thursday, March 04, 2010

ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင်

အမှာစာ

ဝတ္တုဆိုတာကို အစအဆုံးဖတ်ဖူးတာ မနေ့တနေ့ကမှပါ… ဒါပေမဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်တိုင်းပဲဖြစ်ဖြစ် တခါတလေ စိတ်ကူးယဉ်ဖူးတဲ့ ဇာတ်လမ်းလေးတွေ ခေါင်းထဲမှာရှိနေခဲ့ပါတယ်… ၀တ္တုတစ်ပုဒ်အဖြစ် ချရေးဖို့ကတော့ အလွန်မှခက်လှပါတယ်… တကယ်တမ်းရေးပြီဆိုမှ စကားလုံးထောက်တာနဲ့ သင့်လျှော်တဲ့ နေရာမှာ ဘာစာလုံးသုံးရမှန်းမသေချာတာနဲ့… စာဖတ်သူ မျက်လုံးထဲပေါ်အောင် ဘယ်လို ချပြရပါ့ဆိုတာနဲ့… ငါ့ဝတ္တုက သူများတွေလို အကွန့်အညွန့် စကားလုံးလှလှ မသုံးတတ်လို့ ပျင်းစရာကောင်းမှာနဲ့… မရေးဖြစ် မရေးဖြစ်ရှိခဲ့ပါတယ်… အရင်က စမ်းရေးကြည့်ဖူးခဲ့တဲ့ ၀တ္တုတိုလေးတွေကို အားပေးတဲ့သူတွေလဲရှိသလို…. ကျမကို ၀တ္တုတွေဆက်ရေးပါလို့ တိုက်တွန်းနေတဲ့ သူငယ်ချင်းတွေနဲ့ စာဖတ်သူတွေလဲရှိပါတယ်… တချို့ဆို ကျမ၀တ္တုမရေးတော့ကတည်းက ကျမဘလော့ကို ရောက်မလာကြတော့တာပါ… ၀တ္တုရေးမယ်ကြံလိုက်… ကိုယ်ကလိုပါသေးတယ် လေ့လာလိုက်ပါအုံးမယ်ဆိုပြီး မရေးလိုက်… စာရေးဆရာတွေရေးတဲ့ ၀တ္တုတွေကို လိုက်ဖတ်လိုက်နဲ့… ရေးတဲ့ စခန်းမရောက်ခဲ့ပါဘူး… ဘယ်ပညာမဆို “စု တု ပြု” ရမယ်လို့ငယ်ငယ်က ဆရာမသင်ခဲ့ဖူးတဲ့အတိုင်း.. အချက်အလက်တွေ စုဆောင်းရမယ်… ကိုယ့်ထက်ဆရာကျတဲ့သူတွေဆီက အတုယူ သင်ယူရမယ်… ပြီးရင် ကိုယ်ပိုင်အစွမ်းအစနဲ့ ပြုလုပ်ရမယ်ဆိုတဲ့အတိုင်းပဲ… ကျမလဲ သူများရေးတာတွေ လိုက်တော့ဖတ်ပါရဲ့… ဖတ်ပြီးရင် စာရေးဖို့ ပိုပိုသိမ်ငယ်လာတယ်… သူများတွေက ရေးတတ်လိုက်တာ… ငါရေးရင် သူတို့လောက်ကောင်းမှာ မဟုတ်ဘူးဆိုပြီး ပြု တဲ့ အဆင့်ကို မရောက်လာတော့ပါဘူး… သူတို့အတိုင်း တိုက်ရိုက်လဲ မကူးချင်ပါဘူး… တကယ်တော့ စာရေးဆရာတိုင်းမှာ သူ့ရေးဟန်နဲ့ သူရှိပါတယ်… တာယာမင်းဝေဆိုတစ်မျိုး… ဂျူးဆိုတစ်မျိုး… ပုညခင်ဆိုတစ်မျိုး… လွန်းထားထားဆို တစ်မျိုးပေါ့… အဲဒိစာရေးဆရာ ကောင်းတယ်မကောင်းဘူးဆိုတာ စာဖတ်တဲ့သူအတွက်တော့ စာရေးသူရဲ့အရေးအသား ရေးနည်းရေးဟန်ကို ကြိုက်မကြိုက်ပေါ်မှာလဲ မူတည်ပါတယ်… လူများများကြိုက်အောင် ရေးနိုင်တဲ့သူကတော့ စာရေးဆရာကောင်းပေါ့နော်… ခုကျမ ဒီဝတ္တုကို ပထမဆုံး ကြိုးစားပြီး ပုံဖော်ကြည့်တာပါ… ရေးဖြစ်သွားတဲ့ အကြောင်းကတော့ ၂ချက်ရှိပါတယ်… ၁ချက်ကတော့ ရှေ့မှာပြောသွားတဲ့အတိုင်း မဗေဒါရဲ့ဝတ္တုကိုမှ စောင့်ဖတ်နေပါတယ်ဆိုတဲ့ သူတွေအတွက်ပါ… နောက်တစ်ချက်ကတော့ မဗေဒါကို မာတီပလိုင်းက သူငယ်ချင်းတချို့က သူတို့ မဂ္ဂဇင်းမှာ စာမူပို့စေချင်ကြောင်းလာကမ်းလှမ်းတဲ့အတွက် ကြိုးစားပြီးရေးကြည့်တဲ့သဘောပါ…

အစကတော့ ဒီဇာတ်လမ်းအကုန်ရေးပြီမှ ဘလော့ပေါ်တင်မလို့ပါပဲ… ဒါပေမဲ့ ဇာတ်လမ်းက ဘယ်တော့ပြီးမလဲ ကျမကိုယ်တိုင်လဲ မသိပါဘူး… နောက်က တွန်းအားမရှိရင်လဲ ကျမကိုယ်တိုင်လဲ နေ့ရွှေ့ညရွှေ့နဲ့ ရေးဖြစ်မှာ မဟုတ်ပါဘူး… ခုတောင် ၁မျက်နှာရေးပြီး ဆက်မရေးဖြစ်တာ ၃လလောက်ရှိခဲ့ပါတယ်… ခုတော့ ပြီးသလောက်နဲ့ တီဗွီက ကိုရီးယားကားပြသလို ၁ပတ်မှာ ၁ပိုင်းတင်ပေးဖို့ စဉ်းစားမိပါတယ်… အားလုံးပြီးရင်တော့ အကုန်လုံးကို စုစည်းပြီး ebook လိုမျိုးလုပ်ထားပေးပါ့မယ်… ခုလောလောဆယ်တော့ ဒီဇာတ်လမ်း ဇာတ်သိမ်းကို အကြမ်းပျင်း စဉ်းစားပြီးပင်မဲ့… အလည်မှာ ဘာတွေဖြစ်မလဲ သေသေချာချာမစဉ်းစားရသေးပဲ ကိုယ့်ဒုက္ခကိုယ်ရှာကာ ချရေးလိုက်မိပြန်ပါပြီ… ပထမဆုံးရေးတာမို့ လိုတာ ပိုတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့... မဗေဒါရဲ့ ၀တ္တုဇာတ်လမ်းကို နှစ်သက်သဘောကျ အားပေးတယ်ဆိုရင် မဗေဒါနောက်ဆက်လှမ်းမဲ့ ခြေလှမ်းတွေမှာ မျှော်လင့်ချက်တွေရှိလာမှာ အမှန်ပါပဲ…




ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင်…



ကောင်းကင်ကြီးရယ်…
မကြည်လင်လိုက်ပါနဲ့…
အုံ့မိုးထားတဲ့ တိမ်တိုက်အိုတွေကို…
အသားကျနေလို့…
အမှောင်ထုအောက်မှာ…
ကျမ နေပျော်ပါတယ်လေ…





ဖတ်… !


သတိထားနေရက်နဲ့ ရုတ်တရက်ကြားလိုက် မြင်လိုက်ရသော အဖြစ်ကြောင့် ကျမ ဒေါသ အထွတ်အထိပ်သို့ ရောက်သွားသည်…


“ရှင်…. ရှင်… ဒါဘာလုပ်တာလဲ…”


နံနက်ခင်း၏ ဆိတ်ငြိမ်မှုကို စူးရှရှ ကျမအသံက မမျှော်လင့်ပဲ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်…
ထိပ်ထား Supermarket ကြီး၏ ဘီစကွတ်များထားရာ အတန်းအတွင်း မနက်စောစော သူငယ်ချင်း ၂ယောက် မုန့်ဝင်ဝယ်စဉ် မသင်္ကာဖွယ် အသက်၅၀ ၀န်းကျင်လူကြီးတစ်ယောက် ခပ်လှမ်းလှမ်းမှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကြည့်ကြည့်နေသဖြင့် ကျမသတိထားမိနေသည်မှာ ဆိုင်ထဲ စ၀င်ချင်းကတည်းကပင်…


ယခုတော့ သတိထားပြီး အဝေးက နေနေရက်နဲ့ ထိုသူက တမင်ဝင်တိုးကာ ကျမသူငယ်ချင်းကို အသားယူ လက်ကစားလိုက်သဖြင့် ကျမအတွက် စောစောစီးစီး တိုက်ပွဲတစ်ခု ခင်းရပြန်ပါပြီ…


ကျမဘေး၌ ကျမကို ဆွဲကာ စိုးရိမ်ထိတ်လန့်သော မျက်ဝန်းများဖြင့် ရပ်နေသော ကျမအချစ်ဆုံးသူငယ်ချင်း သီရိဖြူ… သူ့အကြောင်းကို ငယ်ငယ်တည်းက သိသော ကျမ… ပြဿနာဖြစ်လျှင် ခေါင်းငုံ သည်းခံတတ်… အလွန်ကြောက်တတ်သော သူ့ကို ကျမပဲ ကာကွယ်ပေးနေကျပင်…


“ကျုပ်ဘာလုပ်လို့လဲ! ”
ထို လူက မခိုးမခန့် အမူအရာဖြင့် မသိသလို ခပ်ဆပ်ဆပ် ပြန်ဖြေသည်…


“ ရှင်လုပ်တာ ရှင်မသိဘူးလား… ရှင် သူ့ပေါင်ကို လှမ်းပုတ်လိုက်တာ ကျမကိုယ်တိုင်မြင်လိုက်တယ်”


“ တော်ပါတော့… နွေနှင်းရယ် ထားလိုက်ပါတော့ ရှက်စရာကြီး…”


“မထားနိုင်ဘူး မိဖြူ… ဒါငါတို့ရှက်စရာမဟုတ်ဘူး… သူ မဟုတ်တာလုပ်တာ… သူရှက်ရမှာ… ဒါမျိုးကိစ္စတွေမှာ ငါတို့မိန်းကလေးတွေ ငုံ့ခံနေမယ်ဆိုရင် ဒီလိုလူမျိုးတွေက အသားယူနေအုံးမှာပဲ… ငါတို့ကို ဟိုနားလောက်ထဲက ကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ ငါမသင်္ကာဖြစ်နေတာ… အဲဒါကြောင့် သေချာသတိထားနေတာ… ဒါတောင် သူက လုပ်လိုက်သေးတယ်”…


“ကျုပ်ဘာမှ မလုပ်ဘူး… စွတ်စွတ်စွဲစွဲ… ကျုပ်မတော်တဆထိမိတာပဲ… ခင်ဗျားက ဘာဖြစ်နေတာလဲ…”
မခန့်လေးစားဟန်ဖြင့် ထိုသူကထပ်ပြောသည်…


“မတော်တဆဆိုရင် ရှင်ခုချက်ချင်း ကျမသူငယ်ချင်းကို တောင်းပန်ပါ… “
“မင်းက ဘာပြဿနာရှာတာလဲကွ… ငါလူကြီးပါ… မတော်တဆဖြစ်တာဆိုကွာ…”


“ရှင်က ဒီလောက် ပေါ်တင်မိတာတောင် ငြင်းချင်သေးတယ်… ဟုတ်လား… ဟိုမှာ CCTV ကင်မရာရှိတယ်… တာဝန်ရှိတဲ့သူကိုခွင့်တောင်းပြီး ဒီကိစ္စကို သက်သေပြမယ်… “
ကျမ ပြောပြောဆိုဆိုဖြင့် ငွေရှင်းကောင်တာရှိရာ ဆိုင်ဝန်ထမ်းတွေဘက်ကို ဦးတည်လိုက်သည်…
ဖြူကတော့ ကျမနောက်မှ ကုတ်ကုတ်လေးလိုက်လာသည်…


“ ဒီမှာရှင့် ဘီစကွတ်တန်းဖတ်က ကင်မရာသွင်းထားတာရှိရင် ပြန်ပြစေချင်ပါတယ်… ဒီလူ ကျမသူငယ်ချင်းကို အရှက်ရအောင် နှောင့်ယှက်တဲ့ အတွက် အရေးယူဖို့ပါ… “


ဆိုင်သမားတွေလဲ ပြူးတူးပြာတာ လှုပ်လှုပ်သဲသဲဖြစ်သွားပြီး… တအုအု တအအဖြင့်…


“ဘာလို့လဲ… အဲဒိကင်မရာတွေက record မလုပ်ထားဘူးလား… ပြထားရုံသက်သက်မို့လို့လား”


“ဟို… အဲဒိကင်မရာက ကျမတို့အဆင့်နဲ့ မသိဘူးရှင့် ကွန်ထရိုးခန်းထဲက တာဝန်ရှိသူကို ခွင့်တောင်းရမှာ… “


“ဒါဆိုလဲ ဒီဆိုင်က တာဝန်ရှိသူနဲ့ တွေ့ချင်တယ်… ခေါ်ပေးပါ… “


“ဟို… အဲ… “


ထိုအချိန်မှာ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော လူရွယ်တစ်ယောက်ရောက်လာပြီး…


“ဘာဖြစ်နေကြတာလဲ ဆူဆူညံညံနဲ့… ဟိုမှာ Boss ကရောက်နေတယ်…”


“ကိုရာဇာ ဒီမှာ ကင်မရာ ဖွင့်ခိုင်းနေလို့….”


“ ကျတော်ဘာများ အကူအညီပေးရမလဲ ခင်ဗျာ…” ထိုသူက ယဉ်ကျေးစွာ မေးပါသည်…


“ဘီစကွတ်တန်းဘက်က CCTV ကင်မရာကို စောစောက မိနစ် ၃၀ စာလောက်ပြန်ကြည့်ချင်လို့ပါ… ဒီလူ ကျမသူငယ်ချင်းကို molest လုပ်တာ မတောင်းပန်တဲ့ အပြင် ၀န်မခံလို့ စခန်းမှာ အမှုဖွင့်မလို့ပါ”…


ကိုရာဇာဆိုသူကတော့ ထိုသူဘက်လှည့်ကာ…
“ကဲပါဗျာ… ကြီးတဲ့ အမှုသေးအောင်… သေးတဲ့အမှု ပပျောက်အောင်… ခင်ဗျားတောင်းပန်လိုက်ပါဗျာ… မဟုတ်ရင် စခန်းရောက်ဘာရောက်နဲ့ အားလုံး အလုပ်ပျက်အကိုင်ပျက် ဖြစ်ကုန်မယ်”


အမှုဖွင့်မယ်ဆိုတဲ့ အသံကိုကြားတော့ ထိုသူ အတော်လန့်သွားပုံရသည်… မျက်နှာကို တဖက်သို့လွှဲကာ…


“Sorry… Sorry… “ သူ မပြောချင်ပြောချင်ဖြင့် တောင်းပန်သည်… ပြီးတော့ “မတော်တဆလေး ထိတာဖြစ်နေလိုက်တာ” ဆိုပြီး ပါးစပ်က ပွစိပွစိပြောသည်…
ထိုသူက ငြင်းနေသေးသည်ကို စိတ်ထဲတွင်မကျေနပ်ဖြစ်မိနေသေးသည်…


“ရှင်… မတော်တဆလား တမင်လား အားလုံးသိတယ်… မနက်စောစော လူက အရှင်းကြီး… လမ်းက အကျယ်ကြီး… မယုံရင် ကင်မရာထဲမှာ ပြန်ကြည့်ကြမယ်လေ…”


“ကဲပါ.. နွေနှင်းရယ်… ထားလိုက်ပါတော့… သူလဲတောင်းပန်ပြီးပြီပဲ…” ဖြူက အားနာစိတ် ရှက်စိတ်ဖြင့် ကျမလက်ကို ဆွဲကာ တားသည်…


မန်နေဂျာလိုလို ကိုရာဇာ ဆိုသူကလဲ “ဟုတ်ပါတယ်ဗျာ… ကျနော်လဲ ကြားထဲက တောင်းပန်ပါတယ်… ကင်မရာက ပြလို့တော့ရပါတယ်… အားလုံး အလုပ်တွေ ရှုပ်ကုန်မှာစိုးလို့ပါ… ခင်ဗျားကလဲ သေချာတောင်းပန်လိုက်… ပြီးဘာမှ မပြောနဲ့တော့ သွားတော့… စခန်းရောက်ရင် ခင်ဗျားပဲ ဒုက္ခရောက်မှာ…”


ကျမလဲ နာရီကို ကြည့်မိတော့ မောင်တို့အိမ်ကိုသွားရအုံးမည်… မောင်ပြောစရာရှိသည်ဆိုသောကြောင့် စိတ်လောနေသောနေ့မှ ဒီလိုဖြစ်ရသည်… အချိန်သိပ်မရှိတော့သဖြင့် ထိုသူ သက်သာရာရသွားသည်…


“ဒီတစ်ခေါက်တော့ ထားလိုက်ပါတော့… နောက်တစ်ခါဆို ရှင်မလွယ်ဘူးမှတ်”…


ထိုအချိန်က ရုံးခန်းတွင်းမှ ကျမတို့ ပြဿနာကို အကဲခပ်နေသော လူတစ်ယောက်ကိုတော့ ကျမ သတိမထားခဲ့မိပါ…


------------------------------ ။ --------------------------------------


ဖြူနှင့်လမ်းခွဲပြီး မောင်တို့အိမ်ဘက်သို့ ထွက်လာခဲ့သော်လည်း… ဖြူ့ဆီမှာ ကြားခဲ့ရသော စကားများကြောင့် စိုးထိတ် နေမိသည်…


“နွေနှင်း… နင်နဲ့ ငါက အခင်ဆုံးသူငယ်ချင်းတွေမို့ ငါပြောပြတာနော်… ငါ့ကို စိတ်တော့မဆိုးနဲ့… ဟိုနေ့က အောင်ခန့်ကို ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်တယ်… ရီလို့မောလို့… စာပုံနှိပ်တိုက်တစ်ခုက ထွက်လာတာ… ကောင်မလေးက ဟော့ရှော့လေး… အောင်ခန့် နင်နဲ့ မတွေ့တာလဲ ကြာပြီမှတ်လား… ဖွ.. လွဲပါစေနော်… မတော်….”
ဖြူ့အသံလေး တိမ်ဝင်သွားပြီး မျက်လုံး ပုတ်ခပ်ပုတ်ခပ်ဖြင့် ကျမကို အကဲခပ်ကြည့်နေသည်…


“အဟား… အဲဒါ သူ့ညီမ၀မ်းကွဲဖြစ်မှာပါ… နင်ကလဲ စိုးရိမ်တတ်လိုက်တာ… ငါနဲ့ မောင်က တက္ကသိုလ် စတတ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာ… တက္ကသိုလ်တလျှောက်လဲ တွဲလာတာ ၇ နှစ်တောင် ရှိတော့မှာ… သူငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး… “


အပြုံးဖြင့် ဘာမှ မဖြစ်သလို ဖြူ့ကိုပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ လေးပင်နေမိသည်…
“ဟုတ်ပါတယ်… မောင် ငါ့ကိုဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး… မောင့်ကို ငါမှ မယုံရင် ဘယ်သူယုံမလဲ”
ကိုယ့်ကိုကိုယ်အားပေးရင် ဖြူမသိအောင် သက်ပြင်းတစ်ခု ခိုးချလိုက်မိသည်…


မောင်တို့အိမ်ကိုရောက်တော့ မောင့်မေမေဆီက မလှိုက်လှဲသောအပြုံးတစ်ချက် ပစ်လွှတ်လိုက်သည်… မောင့်ဖေဖေကတော့ ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်မှ ထကာ အိပ်ခန်းထဲဝင်သွားသည်… မောင့်မေမေက အေးစက်စက်လေသံနဲ့
“ခဏထိုင်အုံး… သားရေချိုးနေတယ်…”


“ဟုတ်ကဲ့… ဒီမှာ အန်တီတို့စားဖို့ ၀ယ်လာတာပါ”


“အော်… ရပါတယ်အေ… ဒီလိုမုန့်ဗုံးမျိုးက အန်တီတို့အိမ်မှာမစားဘူးကွဲ့… နောက်မ၀ယ်လာနဲ့…ခုတော့ ကိစ္စမရှိပါဘူး… ဒေါ်ညိုတို့ စားဖို့ပေးလိုက်မယ်”... ပြောပြောဆိုဆို… “ဒေါ်ညိုရေ… ဒီမုန့်ဗုံးကို ရှင်တို့စားဖို့ယူသွားလိုက်”… ဒေါ်ကြီးညိုကတော့ ကျမမျက်နှာကြည့်လိုက် မောင့်မေမေမျက်နှာကြည့်လိုက်နှင့် ခါးလေးကျုံ့ကာ လာယူသွားလေသည်...


ယခု လပိုင်းအတွင်း ဆက်ဆံရေး တဟုန်ချင်းပြောင်းလဲသွားတဲ့ မောင့်မေမေရဲ့ အမူအရာတွေကို ကျမ နားမလည်နိုင်ဖြစ်ခဲ့ရတာ ကြာခဲ့ပါပြီ… ယခင်က ကျမအိမ်လာလျှင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်သော မောင့်မေမေ၏ ဆက်ဆံရေးစတင် တင်းမာနေခဲ့သည်မှာ လွန်ခဲ့သော ၆လလောက်ထည်းကပင်… ထိုစဉ်ထဲက မောင့်အိမ်သားများနှင့် မျက်နှာချင်းဆိုင်ခဲခဲ့သလို မောင်တို့အိမ်ကို ကျမအရောက်ကျဲဖြစ်ခဲ့သည်… မည်သည့်အကြောင်းပြချက်ကြောင့် မောင်တို့ အိမ်သားတွေ ကျမအပေါ်ဆက်ဆံရေး ပြောင်းလဲနေခြင်းကို ကျမသိချင်လှသော်လည်း မောင်စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မောင့်ကို မမေးဖြစ်ခဲ့ပါ… မောင့်ကို ချစ်လျှင် မောင့်ကို မွေးထုတ်ခဲ့သော မိဘ၂ပါးကို မေတ္တာထားကာ ရိုသေရမည်ဟုသာ စိတ်ထဲတွင် ယူဆထားသည်…


မောင်အခန်းထဲကထွက်လာတော့ ကျမကိုတစ်ချက် သူ့မေမေကိုတစ်ချက်ကြည့်ကာ…


“လာ… Snow သွားကြရအောင်… မေမေ ကျတော်တို့ သွားတော့မယ်နော်”


“အေး… သား… မေမေမှာထားတဲ့ကိစ္စမမေ့နဲ့နော်… ခု ရှုပ်မှ နောင်ရှင်း… အမြန်ရှင်းခဲ့” လေသံခပ်မာမာနှင့် ပြောရင်း ကျမကို တစ်ချက်လှမ်းကြည့်သည်…


မောင်လဲ သက်ပြင်းတစ်ခု သဲ့သဲ့ချကာ ကျမကို မျက်လုံးပင့်ကြည့်ရင်း… “လာ… သွားကြရအောင်…”


ကျမလဲ မောင့်နောက်ကို ဘုမသိဘမသိဆင်းလိုက်ခဲ့မိသည်… မောင့်မေမေ ဘာကိစ္စခိုင်းထားသလဲ ဆိုတာကိုတော့ နောက်မောင်ပြောပြမှာပဲ ဆိုကာ ရှည်ရှည်ဝေးဝေးမေးမနေတော့…


--------------------------- ၊ ---------------------------


ဆက်ရန်/---