Sunday, August 30, 2009

ကိုရီးယားခရီးစဉ် Day 2


ဟိုတယ်ကို Morning Call ၆နာရီခွဲပေးဖို့ ကျမတို့ ဂိုက်က ပြောထားပေမဲ့ အဲဒိနေ့က ဘာဖုန်းမှ မမြည်ပါဘူး... ကံကောင်းလို့ ကျမတို့ဘာသာ နာရီသံပတ်ပေးထားလို့ နောက်မကျတာပါ... ဒါတောင် ဟိုတယ်ကဖုန်းမခေါ်သေးတော့ စောသေးတယ်ပဲ မှတ်နေတာပါ... အဖွဲ့တိုင်း အတူတူပါပဲ... ဒါနဲ့ ၇နာရီကျတော့ ဟိုတယ် Lobby မှာ ကတ်သီနဲ့ ဆုံကြတော့ စလုံးအဖွဲ့တွေက ဘယ်အချိန်ထဲက ကွန်ပလိမ်းပြီးနေမှန်းတောင်မသိပါဘူး... ကတ်သီလဲ ဟိုတယ်ကို သွားပြီး ကွန်ပလိမ်းလိုက်ပုံရတယ်... အပြင်သွားဖို့ ကားပေါ်ရောက်နေမှ ဟိုတယ် မန်နေဂျာ(လို့ပြောတာပါပဲ)... အဲဒိလူတစ်ယောက်နဲ့ ကတ်သီနဲ့ ကားပေါ်ကိုလာပြီးတောင်းပန်တယ်...

ဟိုတယ်မန်နေဂျာဆိုတဲ့လူကြီးကလဲ သားသားနားနား လည်ပင်းမှာ ကြောင်လျှာသီးကြီးဆွဲထားပင်မဲ့ ကိုယ်တွေကို တလေးတစား ခါးတွေကုန်းပြီး လာတောင်းပန်တော့ စလုံးတွေရော ကျမတို့ရောက အားတွေနာလို့... ကိုယ်တို့နိုင်ငံမှာ အဲလိုတောင်းပန်တဲ့ ပုံစံမျိုးမှ မရှိတာ... ရုပ်ရှင်ထဲက အတိုင်းပဲ... အဟိ... ပြီးတော့ သူက တောင်းပန်တဲ့အနေနဲ့ ကျမတို့ရဲ့ အခန်းတိုင်းမှာ ရေသန့်ဗူး ၁ဗူးစီ အပိုလက်ဆောင်ပေးပါ့မယ်တဲ့... ကဲ... ဘယ်လောက် ၀န်ဆောင်မှုကောင်းသလဲ...

ဒီလိုနဲ့ စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ခရီးစခဲ့ကြတာပေါ့... အစီအစဉ် စာရွက်ထဲမှာ ပါတဲ့အတိုင်း မနက်စာကို Local Korean Restaurant မှာ လိုက်ကျွေးပါတယ်... ဆိုင်လေးက ကိုရီးယား အမြင့်ဆုံး တောင် ဟာလာတောင်နဲ့ နီးပါတယ်... အဲဒိကနေ မြင်နေရတယ်... အဲဒိတောင်ကိုတော့ မတက်တော့ပါဘူးလို့ ကတ်သီက ပြောပါတယ်... အတက် ၄ နာရီ အဆင်း ၄ နာရီကြာတယ်လို့ပြောပါတယ်...

မနက်စာကတော့ ဘူဖေးပါ... ဗွီဒီယိုထဲက ဆိုင်လေးပေါ့... လူအတော်များပါတယ်... ကိုရီးယားတွေလဲ အတော်လာစားကြပါတယ်... သူတို့က မနက်စာကိုလဲ ထမင်းပဲ စားတတ်တော့ ထမင်းဟင်းပိုများပါတယ်... ပေါင်မုန့်တို့ ဆန်ပြုတ်တို့လဲရှိပါတယ်... Seaweed ဆန်ပြုတ်ကတော့ အတော်ကောင်းတယ်လို့ပြောကြပါတယ်... ကျမကတော့ ဆန်ပြုတ်မကြိုက်တော့ မသောက်ဖြစ်ခဲ့ပါဘူး... ပေါင်မုန့်ကလဲ မစားချင်ပြန်ပါဘူး... ဒီတော့ ထမင်းနဲ့ ဟင်းပဲစားရတော့တာပေါ့... ဒါပေမဲ့ ဟင်းတွေကလဲ ချဉ်ဖတ်ပေါင်းမျိုးစုံက များပါတယ်... ဂေါ်ဖီထုပ်ချဉ်ဖတ်၊ မုန်လာဥ ချဉ်ဖတ်၊ သခွားသီးချဉ်ဖတ်၊ ပဲပင်ပေါက် ချဉ်ဖတ် စုံနေတာပဲ... ကျမက ချဉ်ဖတ်လဲ မကြိုက်တော့ အတော် အခက်တွေ့ရပါတယ်... တော်သေးတာက ၀က်သားဟင်းရှိပါတယ်... သူတို့ ကိုရီးယားချက်လေးပါ... ပုံကြည့်တော့ စပ်မလိုလိုနဲ့ တကယ်တန်းကျတော့ ချိုတိုတိုလေးတွေလေ... ပြီးတော့ ကြက်ဥမွှေကြော်လဲရှိတယ်... ချဉ်ဖတ်ကိုတော့ သူတို့နိုင်ငံရောက်တုန်း သူတို့ အစားအစာ မြည်းကြည့်သင့်တယ်ထင်လို့ စားကြည့်တော့... မုန်လာဥ ချဉ်ဖတ်(Kimchi) လေးတော့ စားလို့ရပါတယ်... သခွားသီးချဉ်ဖတ်(Kimchi) လဲ စားလို့ရပါတယ်... သူတို့ရဲ့ အဓိက မုန့်ညင်းလိုလို ဂေါ်ဖီထုပ်လိုလို ချဉ်ဖတ်ကတော့ အနံ့တောင် မခံနိုင်ပါဘူး...

Songsan Sunrise Peak

စားသောက်ပြီးတော့ ဆိုင်အောက်ဆင်းပြီး ဟိုကြည့်ဒီကြည့်လုပ်ဖြစ်ပါသေးတယ်... အနီးအနားမှာ ရေဗ၀ဲဖမ်းဖို့ ကွန်ယက်နေတဲ့ ကိုရီးယားကျေးလက် အဖိုးကြီးတွေကိုတွေ့ပါတယ်... ဒီလိုနဲ့ ခရီးဆက်ဖြစ်ကြပါတယ်... နောက်တစ်နေရာကတော့ Songsan Sunrise Peak ကိုသွားမှာဖြစ်ပါတယ်... နေမပူခင် အမြန်သွားမှ တောင်တက်ရင် သက်သာမှာပါ... အတော်လေး ကားပြန်စီးရပါတယ်... လမ်းမှာ ၁ရေးလောက်တောင်ရပါတယ်... ကျမအထင် ၂ နာရီလောက်တောင် ပြန်စီးရတယ်ထင်ပါတယ် (မသေချာပါ)...

တောင်အောက်ကိုရောက်တော့ ဂိုက်က တောင်ပေါ်ကို တက်ချင်ရင် အသွားအပြန်ကို နာရီဝက်လား ၄၅ မိနစ်လားမသိဘူးပေးပါတယ်... ကတ်သီက ပြောပါတယ် ဒေါက်ဖိနပ်နဲ့ ဖြစ်ရဲ့လားတဲ့... မရနိုင်လောက်ဘူးလို့ ပြောပါတယ်... မနက်က ဟိုတယ်မှာတည်းက သူပြောပါတယ်... ဒီနေ့ သွားရမယ့်နေရာတွေက ပင်ပန်းမယ်တဲ့ ဒေါက်ဖိနပ်နဲ့ ဖြစ်ရဲ့လားတဲ့... ဒါပေမဲ့လဲ လည်ရှည်ဖိနပ်ဆိုတာကလဲ စကာင်္ပူမှာ ၀တ်ဖို့ အခွင့်အရေးမရှိတဲ့ ဖိနပ်လေ... ဒီနေ့သွားမယ့်နေရာများတော့ ဓာတ်ပုံရိုက်လို့ကောင်းအောင် အဲဒိ ဖိနပ်လေးဝတ်လာတာပေါ့... ဂိုက်က တောင်ပေါ်မတက်ရင်လဲ မတက်ဖို့ပြောပါတယ်... ကျမကတော့ ရောက်နေမှတော့ တက်ကြည့်ချင်ပါတယ်... နောက်မှ နောင်တမရချင်ပါဘူး... ဂိုက်စိုးရိမ်တာက အချိန်မှီပြန်မရောက်မှာကိုပါ... ကျမလဲ ရတယ်... တက်မယ်ဆိုပြီး တက်ဖြစ်ခဲ့ပါတယ်... ကားပေါ်က လူကြီးတွေ မဗေဒါ့ မေမေအပါအ၀င်ကတော့ မတက်ကြပါဘူး... အစကတော့ ကလေးအမေတို့ သားအမိတွေ လိုက်တက်လာပါသေးတယ်... ၃ပုံ၁ပုံလောက်ရောက်တော့ သူတို့ နောက်ကြောင်းပြန်လှည့်သွားပါတယ်... ကျမတို့ သူငယ်ချင်း ၂ယောက်ရယ်... နုထွားတို့အတွဲရယ်ပဲ ဆက်တက်ဖြစ်ပါတယ်...

အနည်းငယ်ကြာတော့ နုထွားတို့အတွဲလဲ ပြတ်ကျန်ခဲ့ပါတယ်... စကာင်္ပူမှာ တောတောင်သိပ်မရှိတော့ ဒီလောက်တောင်ကို သိပ်မတက်နိုင်ကြဘူးထင်ပါတယ်... အဲဒိတောင်က လှေကားမတ်မတ်တွေပါ... ပုပ္ပါးတောင်လှေကားတွေလောက်တော့ မမတ်ပါဘူး... ကျိုက်ထီးရိုးက ဖိုးပြန်တောင်လောက်တောင် မပင်ပန်းပါဘူး... လူနဲနဲရှုပ်တာကလွဲလို့ ကျန်တာ တက်ရတာ မပင်ပန်းပါဘူး... ကျမက ဓာတ်ပုံရိုက်လိုက်... ဗွီဒီယိုကင်မရာ ရိုက်ရင်းတက်တော့ နဲနဲလေး ပိုပင်ပန်းတာပဲရှိပါတယ်... ထိပ်နားနဲနဲရောက်လာတော့ ခြေထောက်က နာချင်လာပါတယ်... ဒါပေမဲ့လဲ မပြောပလောက်ပါဘူး... ခံနိုင်ပါတယ်... ဂျပန်က ဒစ်စနေလမ်းတုန်းကလောက် အထိမခံနိုင်တဲ့အထိ မနာပါဘူး... အေးဆေးပါပဲ... ဒါပေမဲ့ ဒေါက်ဖိနပ်နဲ့ တောင်တက် နေတဲ့အထဲ ကိုယ့်ကိုကိုယ်လဲ ကင်မရာပြန်ရိုက်နေတော့ လူတော့ အကြည့်ခံရပါတယ်... (ရှက်လိုက်တဲ့ဖြစ်ခြင်း... ကိုယ့်ဝါသနာဆိုတော့လဲ မတတ်နိုင်ဘူး... ဒါတောင် အိုက်တင်လွှတ်မလုပ်ရဲဘူး... ဟဲ.. ဟဲ..)

အပေါ်ရောက်လာလေ လေကအေးလာလေပါပဲ... အောက်က တိုက်အိမ်လေးတွေကို သေးသေးလေးပဲမြင်ရပါတယ်... ရေကန်ကြီးတွေ... မြက်ခင်းစိမ်းတွေ အတော်လေး စိတ်ကြည်နူးစရာကောင်းပါတယ်... တောင်ထိပ်ကိုရောက်တော့ ကိုရီယား ကျောင်းသားလေးတွေ လေ့လာရေးခရီးထွက်လာကြတယ်ထင်ပါတယ်... တပြုံလိုက်ကြီး လမ်းပိတ်ပြီး ဓာတ်ပုံရိုက်နေကြသေးတယ်... ကျမတို့လဲ လေတ၀ကြီးရှု... ဓာတ်ပုံရိုက်... ဟိုကြည့်ဒီကြည့်လုပ်ပြီး ပြန်ဆင်းပါတော့တယ်... ကျမတို့ ပြန်ဆင်းတော့မှ နုထွားအတွဲ တောင်ထိပ်ကို ရောက်လာတာနဲ့ ဆုံလိုက်ပါတယ်... အစက သူတို့လဲ တပ်ခေါက်သွားပြီထင်ပြီး... ကျမတို့ ၂ယောက်ကို တစ်ကားလုံး စောင့်နေရမှာ စိုးနေတာ... ခုတော့ သူတို့ ၂ယောက်ခုမှ လာတာတွေ့တော့ အတော်လေး စိတ်အေးသွားပါတယ်... သိပ်လောစရာမလိုတော့ပါဘူး... အေးဆေးဆင်းပြီး တောင်ခြေရောက်တော့ ဟိုဘက် ဒီဘက်လျှောက်ကြည့်နေလိုက်ပါသေးတယ်... ဟိုးဘက်တောင်အောက်မှာ Speed Boat စီးလို့ရပါတယ်... အချိန်မရှိတာရော အတော်လေး လှမ်းနေတာရောကြောင့် မြင်သာမြင်ပြီး မကြင်ခဲ့ရပါဘူး... ဗွီဒီယိုလေးနဲ့ပဲ လှမ်းရိုက်ဖြစ်ခဲ့ပါတယ်...

ကျမတို့ ၂ယောက် တောင်ခြေမှာ အလေလိုက်တာ နဲနဲကြာသွားတယ်ထင်တယ်... ကားဆီပြန်ရောက်ပြီး အိမ်သာခဏ၀င်နေတုန်းရှိသေးတယ်... အိမ်သာကထွက်တော့ ကတ်သီ ကမန်းကတန်းလိုက်ရှာပြီးခေါ်တာတွေ့ပါတယ်... ဟိုနုထွားအတွဲက ကျမတို့ အိမ်သာဝင်နေတဲ့အချိန်ပြန်ရောက်လာလို့ပါ... နောက်ကျနေပြီးဆိုပြီး ဂိုက်က လိုက်လောနေတော့တာပါပဲ... တိုးနဲ့ သွားရခြင်းရဲ့ မကောင်းတဲ့အချက်က အဲဒါပါပဲ... ကိုယ့်စိတ်ကိုယ့်ကိုယ် မရှိရဘူးလေ... ဒါပေမဲ့ သူတို့ကိုလဲ နားလည်ပါတယ်... သူတို့သာ မလောရင်လဲ ပေးထားတဲ့ အချိန်စာရင်းအတိုင်း နေရာစုံဘယ်ရောက်ပါတော့မလဲ...

Seop Ji Ko Ji Coast (All In Drama Place)


နောက်ထပ် ၄၅မိနစ် ၁နာရီလောက် ကားထပ်စီးပြီးတော့ ALL IN ရုပ်ရှင်ကားထဲမှာ အွန်စော(ဆောင်းဟေကို) နေတဲ့ Church ရှိတဲ့ ကမ်းပါးကိုရောက်ပါတယ်... အဲဒိနေရာကို ရုပ်ရှင်ထဲမှာထဲက အတော်လှတယ်ဆိုတာ သိပါတယ်... အရမ်းကိုလဲ သွားချင်ခဲ့ပါတယ်... လေကလဲ အတော်တိုက်ပါတယ်... ဂိုက် ပြောပုံအရ ဒီနေရာက ဘာမှ ထွေထွေထူးထူးမရှိပါဘူးတဲ့... မီးပြတိုက် (Light House) ရှိတယ်... ဘုရားကျောင်းရှိတယ်... ရှုခင်းလှတယ်... အဲဒါပါပဲတဲ့... ဒါပေမဲ့ ရှုခင်းလှတာ တစ်ခုတည်းနဲ့တင် ကျမကို ဆွဲဆောင်နိုင်နေပါပြီ... ရုပ်ရှင်ထဲက နေရာမို့လို့လဲနာမည်ကြီးတာပါ... ဂိုက်ပြောပုံအရ အဲဒိနေရာက All In ရုပ်ရှင်ကားမရိုက်ခင်က လူသိပ်မသိပါဘူးတဲ့... အဲဒိ ရုပ်ရှင်ရိုက်ပြီးမှ နာမည်ကြီးပြီး Tourist Attraction နေရာဖြစ်လာတာတဲ့... ကဲ သူများနိုင်ငံတွေများ အနုပညာ ထွန်းကားတော့ တခြား စီးပွားရေးဖြစ်တဲ့ Tourism လုပ်ငန်းပါ မြင့်တက်လာတာလေ... ဘယ်လောက် အားကျဖို့ကောင်းလဲ... လူတွေက ဒီဇာတ်လမ်းတွေကို ဘယ်လောက်ရူးသွပ်ကြသလဲဆိုတာလေ... အတုယူစရာပဲ...

တကယ်တမ်းကျတော့ Church ကလဲ အစစ်မဟုတ်ဘူးထင်ပါတယ်... ဂိတ်ပေါက်မှာ ၀င်ကြေးကောက်တယ်... ဟဲ.. ဟဲ... မဗေဒါတော့ မ၀င်ခဲ့ဘူး... သေးသေးလေး... အထဲမှာလဲ ဘာမှရှိမှာမဟုတ်ဘူး... ရှုခင်းတွေတ၀ကြည့်... ဗွီဒီယိုရိုက်... ဓာတ်ပုံရိုက်လို့ဝတော့ ဘေးက လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို ၀င်ကြည့်ပြီး လိမ္မော်သီးကို ခေါက်မုန့်ပုံစံမျိုးလုပ်ထားတဲ မုန့်တစ်ထုပ် ထူးဆန်းလို့ဝယ်တယ်... နောက်တော့ ကိုရီးယားက ခရမ်းဆွဲပေါတယ်လေ... ခရမ်းဆွဲ နားကပ်လေးတစ်ရံလှလို့ ၀ယ်ဖြစ်တယ်... ကိုယ့်စိတ်နဲ့ ကိုယ် တစ်ယောက်ထဲသွားရင်တော့ ကပ်စီးနဲပြီး ၀ယ်ဖြစ်မှာ မဟုတ်ဘူး... ခုတော့ ဘေးမှာ မေမေပါနေတော့ မေမေက မဆိုးပါဘူး လှတယ်... တန်တယ်ပြောတာနဲ့ ၀ယ်ဖြစ်လိုက်တာ... ၀ယ်ပြီးတော့လဲ ပျော်ပါတယ်...

အဲဒိနေရာကနေပြီးတော့ အတော်လေးကားပြန်စီးရပြန်ရော... နေ့လည် ၁၂နာရီကျော်လို့ ၁ နာရီတောင် ထိုးခါနီးပြီထင်တာပဲ... နေ့လည်စာစားဖို့နေရာကို သွားဖြစ်ပါတယ်... အဲဒိနေရာက အစီအစဉ်စာရွက်ထဲမှာပါတဲ့ Korea Folk Village နဲ့ နီးပါတယ်... ဒါကြောင့်လဲ ဂိုက်က အဲဒိနေရာကို စီစဉ်ထားတာပါ... အဲဒိနေ့က နေ့လည်စာကတော့ ကိုရီးယားခရီးစဉ်မှာ ကျမ အကြိုက်ဆုံးထဲမှာ ဒုတိယလိုက်ပါတယ်... အတော်လည်း စားဖြစ်ခဲ့ပါတယ်... သူတို့ ရုပ်ရှင်ထဲမှာ စားနေကျလိုမျိုးပါ... ၀က်သား အစပ်အဟပ်နယ်ပြီးသားကို ဒယ်အိုးထဲထည့်ထားပြီး စားသူက မီးဖွင့် ကြော်ပြီး အရွက်တွေနဲ့ အားရပါးရစားရတာပါ... ကိုရီယားကားတွေထဲမှာ သူတို့ဘယ်လိုစားလဲဆိုတာမြင်ဖူးတော့ လိုက်လုပ်ကြည့်ချင်စိတ်ဖြစ်ပါတယ်... ဒီတိုင်း ထမင်းသပ်သပ် အသားသပ်သပ်မစားပဲ... ဆလပ်ရွက်ထဲ ၀က်သားတွေ ကြည်သွန်ဖြူတွေထည့်... အစာပလာပေါင်းစုံထည့်ပြီး အကုန်လုံးပါးစပ်ထဲသွင်းလိုက်တာပါ... အဲလိုလိုက်စားကြည့်တော့ အတော် စားကောင်းသဗျ... သူတို့ ရိုးရာ အစားအစာကို သူတို့လိုလိုက်စားတာ တကယ်အရသာရှိမှရှိ... တခြားလူအမြင်တော့ နဲနဲရုပ်ဆိုးမလားမသိ... ဒါပေမဲ့ အဲဒိမှာ လူတိုင်းအဲလိုပဲ စားနေကြတာပါ... ကိုရီးယားတွေက အဲလိုစားနေတော့ ကျမတို့အဖွဲ့က ကျမတို့နဲ့ ထမင်းအတူထိုင်စားတဲ့ အတွဲ ၂တွဲပါ အဲလိုလိုက်စားပါတယ်... အဖွားကြီးတွေကတော့ ကျောပေးထိုင်နေလို့ မမြင်ပါဘူး...

မဗေဒါ့မေမေက ၀က်သားမစားတော့ အတော်လေးတော့ အခက်တွေ့ရပါတယ်... ဒါပေမဲ့ ကိုရီးယားမှာက ဘေးထွက်ဟင်း (side dish)တွေက အတော်များတယ်လေ... ချဉ်ဖတ်မျိုးစုံတို့... ရေညှိတို့ပေါ့... Seaweed soup လဲပေးပါတယ်... ကျမကတော့ မကြိုက်လို့ မသောက်ဖြစ်ပါဘူး... (စကားချပ်-ကိုရီးယားကားတွေကြည့်ပြီး သိလာတာလေးကတော့ Seaweed soup ကို မွေးနေ့ရောက်ရင် မွေးနေ့ပိုင်ရှင်ကို တိုက်ကြပါတယ်... သူတို့ထုံးစံပါ... သာမာန်အချိန်လဲ စားချင်စားမှာပေါ့နော်... ဒါပေမဲ့ မွေးနေ့ရှင်ဆိုရင်တော့ မှတ်မှတ်ရရ ချက်ကျွေးတတ်ကြပါတယ်...)
တော်သေးတာက ကိုရီးယားက ထမင်းဆိုင်တွေက စကာင်္ပူကလို အပြင်စာမစားရလို့တော့ ကန့်သတ်မထားပါဘူး... ဒီတော့ အကြောင်းသိလို့ အိမ်ကယူလာတဲ့ ပုဇွန်ခြောက်ကြော်လေးနဲ့ ဆိုင်က ဘေးထွက်ဟင်းနဲ့ပဲ မေမေက ၂ပါးသွားရပါတယ်... အပြင်စာစားလို့လဲ ဆိုင်ရှင်လာပြောလို့မရဘူးထင်ပါတယ်... ဘာလို့လဲဆိုတော့ ကျမတို့ ဂိုက်က ၁၉ ယောက်လုံးဖိုးရှင်းပြီးနေမှတော့ စားစားမစားစား ဆိုင်ကို မထိခိုက်ဖူးဖြစ်မယ်ထင်ပါတယ်...

ကိုရီးယားကို သွားမယ်ဆိုရင်တော့ ၀က်သားမစားတဲ့သူ အတော်လေး ဒုက္ခရောက်မယ်ထင်ပါတယ်... Tourist တွေအတွက် သူတို့ပြင်ဆင်ပေးတာက ၀က်သားများပါတယ်... ၀က်မစားလို့ အရွက်ကြော်တို့ဘာတို့ စီစဉ်ပေးလဲ မဆွံပါဘူး... အဲဒိအကြောင်းနောက်မှပဲ ပြောပါအုံးမယ်...
စားနေတုံးတော့ ဖေဖေသာပါရင်ဆိုပြီး အတော်သတိရပါတယ်... ဖေဖေနဲ့သာဆို ကိုရီးယားက ကိုက်မှာ ချဉ်ဖတ်လဲကြိုက်တယ်... ၀က်သားလဲကြိုက်တယ်... နောက်တစ်ခေါက် မိသားစုထပ်လာချင်ပါသေးတယ်... တစ်ယောက်ကျန် တစ်ယောက်ကျန်ဆို စိတ်ထဲ အပြည့်အ၀မပျော်ဘူး...

စားသောက်ပြီး ဆိုင်ပြင်ထွက် အမှတ်တရ ဆိုင်းဘုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီးတော့ ဆိုင်ရှေ့မှာ လှည်းလေးနဲ့ အသီးတွေရောင်းနေတာတွေ့ပါတယ်... တော်တော်လေးကြီးပြီး လတ်လတ်ဆတ်ဆတ်ရှိပါတယ်... တိုးဝှေ့ဝယ်နေတဲ့ လူတွေလဲတော်တော်များပါတယ်... ဆိုင်သမားကလဲ ဓားကြီးနဲ့ အခွံပါခွာပေးပါတယ်... ဒါနဲ့ ကျမတို့လဲ တိုးပြီး သစ်တော်သီး အကြီးကြီးတစ်လုံး အချိုတည်းရအောင် ၀ယ်ပါတယ်... ၁ လုံး ၃၀၀၀ ၀မ်ပေးရပါတယ်... စကာင်္ပူ ၄ ကျပ်နီးပါးလောက်ရှိပါတယ်... ကိုယ့်အသီးကို အခွံနွှာပေးဖို့ စောင့်အနေမှာပဲ ဂိုက်ကလာလောပြန်ပါတယ်... ကျမတို့က ပိုက်ဆံပေးပြီးပြီ အခွံနွှာဖို့စောင့်နေတာလို့ပြောတော့ ဂိုက်ရော ကျမတို့ရဲ့ Driver အာဂျီရှီကရော သစ်သီးရောင်းတဲ့သူကို လောပါတော့တယ်...

သစ်သီးရောင်းတဲ့သူက ဗလကောင်းကောင်း လက်မှာလဲ ချွန်ထက်နေတဲ့ဓာကြီးနဲ့... သူတို့ စကားပြောတဲ့ လေသံကလဲ ရုပ်ရှင်ထဲမှာ ကြားဖူးပြီးသားပင်မဲ့... အပြင်မှာကျတော့ နောက်နေတာလား ရန်တွေ့နေတာလား ဝေခွဲရ အတော်ခက်ပါတယ်...
ဂိုက်မိန်းမကလဲ "ပိုက်လိ.... ပိုက်လိ" ဆိုပြီး လောလိုက်တာ... အဲဒါတော့ ကျမသိတယ်.... မြန်မြန်လို့ပြောတာ... အဟီး... ကျမကတော့ ဈေးသည်လက်ထဲက ဓားကြီးကြည့်ပြီးကြောက်နေတာ... တော်သေးတယ် ကျမတို့ အသီးကို အမြန်နွှာပြီး စိပ်ပေးလိုက်လို့... ရတာနဲ့ တချိုးထည်း ကားပေါ်လစ်ပြေးတော့တာ... ဂျဲဂျူးက အသီးတွေကတော့ လတ်တယ်ဝေ့... အရည်ကလဲ ရွှမ်းတယ်... ဒါပေမဲ့ ဈေးကတော့ မချိုပါဘူး... ဒီလိုနဲ့ နောက်တစ်နေရာကို ဆက်ခဲ့ကြတယ်... ဗွီဒီယိုလဲ ဒီလောက်ထိပဲဆိုတော့... ပိုစ့်လဲ ဒီလောက်ပဲပေါ့နော်... To Be Continues...

ဗွီဒီယိုနဲ့ ပတ်သတ်၍...

ခုထက်ထိလဲ တခြား software သုံးရတာ အဆင်မပြေလို့ ကိုယ်ကျွမ်းကျင်တဲ့ WMM ကိုပဲ သုံးဖြစ်တယ်... ဒီဗွီဒီယိုကို ပိုစ့်တင်ချင်လွန်းလို့ အမြန်ပဲ အက်ဒစ်လုပ်ထားတော့ သိပ်တော့ စိတ်တိုင်းမကျလှဘူး... ကိုယ်ဘယ်နေရာတွေ အခြောင်ခိုထားတယ်ဆိုတာ ကိုယ်ပဲသိတယ်... ပြီးတော့ ကိုယ့်ကိုကိုယ်လဲ အားမရဘူး... တခါတလေ တီးလုံးသံကြားရင် မျက်လုံးထဲပေါ်လာတတ်တဲ့ အကွက်မျိုးက တကယ်တမ်းလိုက်လုပ်ဖို့ မလွယ်ဘူး... မတတ်ဘူး... ဒီတော့ ကိုယ့်ကိုကိုယ် တော်တော်လေး အားမရဘူး...

သီချင်းကလဲ ဘာထည့်ရမှန်းမသိဘူး... အင်္ဂလိပ်သီချင်းသုံးတော့လဲ Youtube တို့ Facebook တို့နဲ့ copyright ပြဿနာရှိတယ်... သူတို့က အားလုံးကိုတော့ Delete မလုပ်ပါဘူး... ဟိုဘက် ပိုင်ရှင်ဘက်က Copyright claim လာရင် ဖြတ်ပစ်တယ်... ၁ခါလဲ Warning mail ရပြီးပြီ... ဂျပန်သီချင်းနဲ့ ပတ်သတ်ပြီး... ဒီတော့ သိပ်ပြီး မလုပ်ချင်ဘူး... နောက်ထပ် ဒုတိယနေ့ အပိုင်း၂ကိုတော့ ခုထိ လောလောဆယ် ခေါင်းထဲမှာ စဉ်းစားထားတာမရှိသေးဘူး... ဒီတော့ ဗွီဒီယို နဲနဲကြာရင် ဗွေမယူကြပါနဲ့နော်... ဟဲ... ဟဲ...

ပိုမိုကောင်းမွန်တဲ့ ဗွီဒီယို အရည်အသွေးအတွက် Youtube မှာ HQ ဆိုတာလေးကို နှိပ်ပြီး ကြည်ကြည်လင်လင်ကြည့်ရှုနိုင်ပါတယ်...

Friday, August 28, 2009

Santa Claus လေလား (သို့) စကာင်္ပူရောက် အလွဲများ (၈)


Photobucket
မဗေဒါတို့ စကာင်္ပူမရောက်ခင်ထဲက ကြားဖူးထားတာတွေရှိတယ်လေ... နိုင်ငံခြားမှာ ဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဟိုဟာလေး လက်ဆောင်ပေး... ဒီဟာလေး လက်ဆောင်ပေး တတ်တယ်... ငယ်ငယ်တုန်းကဆိုရင် ခရစ်စမတ်နီးပြီဆိုရင် ရုပ်ရှင်တွေထဲကလို ဆန်တာကလော့ ၀တ်စုံကြီးနဲ့ တွေ့ရာလူ လက်ဆောင်လိုက်ပေးတတ်တာတို့... Free Gift ဆိုတာတွေရှိတယ်လို့ ကြားဖူးတာကိုး... အဲဒိတုန်းကတော့ Free Gift တွေရဲ့ နောက်ဆက်တွဲမှာ Terms and Conditions တွေ ပါတတ်တယ်မှန်း ဘယ်သိခဲ့မတုန်း...

မဗေဒါ စကာင်္ပူကို ပထမဆုံးစရောက်တာက ဒီဇင်ဘာ လလယ်လောက်ပေါ့... ခရစ်စမတ်နီးနေတဲ့ ရာသီပေါ့... ရောက်ပြီး ၃ ၄ ရက်လောက်နေတော့ မဗေဒါ့ အစ်မက KFC လိုက်ကျွေးတယ်လေ... နိုင်ငံတကာမှာရှိပေမဲ့ ကိုယ့်နိုင်ငံမှာ မရှိတဲ့ KFC ဆိုတော့ ကိုယ်က မမှာတတ် မပြုတတ်နဲ့ အစ်မက ထိုင်ဆိုတဲ့ နေရာလေးမှာပဲ မျက်လုံးလေး ကလည် ကလည်နဲ့ ဘယ်တစိမ်းကများ ငါ့ကို အင်္ဂလိပ်လိုလာပြောမလဲဆိုပြီး အလကားတွေးကြောက်နေတာ (ကိုယ်က အိမ်မှာသာကျယ်ရဲတာ... မြန်မာပြည်ကရောက်စဆိုတော့ သူတို့ရဲ့ စင်းဂလိပ်ကို နားမလည်သေးတာကတစ်ကြောင်း... အင်္ဂလိပ်လို စကားလာပြောမှာကို ကြောက်နေတာ... အဲလို သတ္တိကောင်းတာ)... ဒီလိုနဲ့ ဟိုကြည့် ဒီကြည့်နဲ့ ကိုယ့်ကိုကိုယ် မကြောက်တဲ့ပုံဖမ်းပြီး ခပ်တည်တည်နေတာပေါ့...

ဒီလိုနဲ့ ဆိုင်ထဲကို လျှောက်ကြည့်တော့... အင်္ဂလိပ်လူမျိုးတစ်ယောက် အိပ်လေးနဲ့ တစ်စားပွဲပြီး တစ်စားပွဲ ၀က်ဝံရုပ်သော့ချိတ်လေးတွေနဲ့ အတူ ခရစ်စမတ်ကဒ်လိုမျိုးလေးတွေကို ရိုရိုကျိုးကျိုး လိုက်ပေးနေတာကို တွေ့ရော... တချို့ဝိုင်းတွေကလဲ ယူတယ်... တချို့ဝိုင်းတွေကတော့ ကြည့်တောင် မကြည့်ဘူး လုံးဝ ခေါင်းခါပြီးတော့ကို ညင်းလွှတ်ကြတယ်...
ဒီတော့ ကျမတွေးမိတယ်... ခရစ်စမတ်မို့လို့ လက်ဆောင်လိုက်ပေးနေတာ ဖြစ်မယ်ပေါ့... ဒါတောင် တချို့လူတွေက မယူချင်ကြဘူး... မယူချင်လဲနေပေါ့ ဒီလောက်တော့လဲ အကြောက်အကန်ညင်းလွှတ်စရာလိုပါဘူး... နိုင်ငံခြားများ ကောင်းလိုက်တာ အလကား လက်ဆောင်ပေးတာတောင် ရိုရိုကျိုးကျိုးလေးနဲ့... ငါ့ကို လာပေးလို့ကတော့ ငါလဲ ယဉ်ယဉ်ကျေးကျေးနဲ့ Thank You လို့ ပြောပြီးကို ယူပြစ်လိုက်မယ်...

တွေးနေတုန်းပဲရှိသေးတယ်... အဲဒိ ဘိုက ကျမထိုင်နေတဲ့နေရာလာပြီးတော့ ၀က်ဝံရုပ်သော့ချိတ်လေးရယ် ခရစ်စမတ်ကဒ်လေးရယ် ထုတ်ပေးပါတယ်... ကျမလဲ စိတ်ထဲမှာ အကြိမ် ၁၀၀ လောက်လေ့ကျင့်ထားတဲ့ Thank You တစ်လုံးကို မထွက် ထွက်အောင် ရင်ခုန်စွာပြောလိုက်ပြီး ယူထားလိုက်တာပေါ့... အဲဒိလူက ကျမကိုပေးပြီးတော့ တခြားဝိုင်းတွေဘက်ကို ဆက်ထွက်သွားပြီး လိုက်ပေးတယ်... ၀က်ဝံရုပ်လေးကလဲ ချစ်စရာလေးပေါ့... အလကားရတာဆိုတော့ နဲနဲသေးပင်မဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီဆိုပြီး ပျော်လို့...

နောက်တော့မှ သူပေးတဲ့ ခရစ်စမတ်ကဒ်လေးဘက်ကို ဖတ်ကြည့်လိုက်တော့... သူက ဆွံ့အ နားမကြားသူတစ်ယောက်ဖြစ်ကြောင်း... သူ့ကို ကူညီချင်ရင် အဲဒိ ၀က်ဝံရုပ် သော့ချိတ်သေးသေးလေးကို ၁ခု $5 နဲ့ ၀ယ်ယူအားပေးဖို့ ရေးထားပါလေရော... အဲဒိ အချိန်တုန်းက ၅ဒေါ်လာဆိုတာ အတော်သုံးရပါတယ်... KFC ၁ set ကိုတောင် ၃ ဒေါ်လာကျော်ကျော်လောက်ပဲ ရှိသေးတဲ့ အချိန်ပါ... နောက်ပြီး မြန်မာပြည်က ရောက်တာ ၂ရက် ၃ရက်ပဲ ရှိသေးတဲ့ ကျမအတွက် အရာရာကို ဈေးမေးပြီးတာနဲ့ မြန်မာငွေ ပြန်ပြန် တွက်တတ်တဲ့ အကျင့်ကရှိနေသေးတာက တစ်ကြောင်း... နောက်ပြီး စကာင်္ပူရောက်စ ကျမရဲ့ Financial ကိုလဲ ကျမအစ်မကသာ ဦးစီးထားတဲ့အတွက်လဲ ကျမမှာ ငွေပို ငွေလျှံမရှိပါဘူး... ဒီလိုနဲ့ပဲ ဆန်တာကလော့ကြီးလို့ ထင်ခဲ့မိတဲ့ ဘိုကြီးရဲ့ Free Gift လေးဟာ... တကယ်တော့ ဗြဟ္မာကြီးဦးခေါင်းလို ကျမလက်ထဲကို ရောက်ရှိနေပါပြီ... လွှတ်ချလိုက်ရလဲ အခက်... ကိုင်ထားတော့လဲ မရနဲ့ဆိုသလို... ပြန်ပေးလိုက်ရမှာ ရှက်လဲရှက်တယ် ဘိုကြီးကိုလဲ ဆွံ့အ နားမကြားဆိုတော့ သနားလဲသနားတယ်... ကျမရဲ့လက်ထဲမှာလဲ ပိုက်ဆံမရှိ... အစ်မလာလို့ သိရင် ဘာလို့ယူထားလဲဆိုပြီး ဆူခံရအုံးမယ်... အခက်ကိုတွေ့ရော...

အစ်မပြန်လာတော့ ကျမလဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တာပေါ့... ထင်တဲ့အတိုင်းပဲ နဲနဲတော့ အပြောခံရတာပေါ့... ဒါပေမဲ့ ကျမကလဲ "ဆန်တာကလော့ ထင်လို့" လို့ပြောလိုက်တော့ သူလဲ ရီချင်တာကို ကျိတ်နေလိုက်ပုံရပါတယ်... ဆက်တော့မဆူတော့ဘူး... အဲဒိဘိုက သူပေးခဲ့ စားပွဲတွေက အရုပ်တွေကို ၀ယ်တဲ့သူကိုလဲ ရောင်း... မ၀ယ်တဲ့သူတွေကိုလဲ ပြန်လိုက်သိမ်းလုပ်နေပါပြီ... ကျမလဲ ပြန်ပေးလိုက်ရမှာလဲ အလွန်မှ မျက်နှာပူပါတယ်... သနားလဲ သနားပါတယ်... ဒါနဲ့ ကျမအစ်မကို ၀ယ်ချင်လဲဝယ်... မ၀ယ်လဲ သူပဲ ပြန်ပေးလိုက်ဖို့ပြောပါတယ်... အမှန်တော့ တခြားဝိုင်းတွေလဲ ၀ယ်တဲ့ဝိုင်းက တော်တော်ရှားပါတယ်... ကျမတို့ဝိုင်းရောက်လာတော့ ကျမအစ်မလဲ ကျမကို အနည်းငယ် ညိုညင်ပြီး အဲဒိဘိုကို "Sorry..." ပေါ့... ဆိုပြီး ပြန်ပေးလိုက်ပါတယ်... ကျမလဲ အားတွေနာပြီး... သူ့နောက်က သံယောင်လိုက်ပြီး... ဆောရီး... ဆောရီး...တွေ ဘယ်နှစ်ခါလောက် ပြောလိုက်မိမှန်းတောင် မသိပါဘူး... ဆွံအ နားမကြားဆိုတော့ ကျမပြောတာလဲ သူကြားရဲ့လားတောင် မသိပါဘူး... ကျမကတော့ အဲဒိလူ မျက်နှာတောင် မကြည့်ရဲဘူး... ဖြစ်နိုင်ရင်လေ ငါ့မှာ ၀ယ်စရာ ၅ဒေါ်လာ တော့မရှိဘူး.. ငါ့ KFC ကြက်ကြော် ၁တုံးယူစားလို့သာ ပြောလိုက်ချင်ပါတယ်... ဒါပေမဲ့လဲ အဲဒိဘိုလဲ သော့ချိတ်နဲ့ ကဒ်လေးပြန်ပေးလိုက်တာနဲ့ ဒီလိုပဲ ရိုရိုကျိုးကျိုးလေး ပြန်ယူပြီး ထွက်သွားပါတော့တယ်...

မဗေဒါရဲ့ အမှားကို သင်ခန်းစာယူပြီး နောင် စကာင်္ပူလာမဲ့ မောင်ညီမလေးတို့ရေ... တကယ်တန်းကျတော့ စကာင်္ပူမှာ ဆန်တာကလော့ မရှိပါဘူးကွယ်....


Tuesday, August 25, 2009

Haters = One kind of loyal fans

Hate Me

၁လကျော်သွားခဲ့ပြီ... ဘလော့မရေးတာ ၁လတောင်ကျော်သွားခဲ့မှန်း ဆီဗုံးမှာ လာသတိပေးသွားမှပဲ သတိထားမိတော့တယ်... ဒီ ၁လအတွင်း စာရေးဖို့ ၀န်လေးနေတာတွေရှိတယ်... ရေးချပြစ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေခဲ့တာတွေရှိတယ်... ဒီဘလော့နဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နေမိတာတွေ ရှိတယ်... ရေးသင့် မရေးသင့်စဉ်းစားနေတာတွေရှိတယ်... ဒီပိုစ့်ကို မရေးပဲ တခြားကိုယ်ရေးချင်တာတွေပဲ ဆက်ရေးဖို့ စိတ်ကူးခဲ့ပင်မဲ့... ကျမဘယ်လိုမှ ရေးချလို့မရခဲ့ဘူး... ကျမဒီပိုစ့်ကို ရေးမှ ဘလော့ဆက်ရေးနိုင်လိမ့်မယ်... ဒီကိစ္စ ၁ခုထဲကြောင့်တော့ ကျမဘလော့မရေးဖြစ်တာမဟုတ်ပါဘူး... တခြားအကြောင်းတွေ အများကြီးရှိပါတယ်... မအားတာလဲပါတာပေါ့နော်... ဒါပေမဲ့ ဒီကိစ္စကိုရေးတာ ဒါ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ...

အရ
င်ကတော့ ကျမပိုစ့်တွေကို negative feedback ပေးတာပဲဖြစ်ဖြစ်... Negative meaning comment မျိုးပေးတာပဲဖြစ်ဖြစ်... အပြစ်ရှာပြီး ပြောသွားတာပဲဖြစ်ဖြစ်... အကျိုးအကြောင်းသင့်တာတွေကို ကွန်မန့်မှာပဲ ကျမပြန်ဖြေရှင်းခဲ့ပါတယ်... တချို့ တချို့ မိုက်မိုက်ရိုင်းရိုင်းပြောသွားတာတွေ... အထူးသဖြင့် Personal Attack တွေကိုတော့ ပြန်ပြောနေဖို့တောင် အရေးလုပ်စရာမလိုဘူးလို့ ကျမသဘောထားလို့ ဒီတိုင်းပဲထားပါတယ်... ဖြတ်လဲ မဖြတ်ပါဘူး... သူ့ဟာသူ အမည်မသိနဲ့ပဲရေးရေး... အမည်ဖော်ပြီးပဲရေးရေး... သူများဘလော့ပေါ်မှာ အကျည်းတန်တဲ့ စာသားတွေရေးသွားတာ တခြားလူမသိရင်တောင် သူ့ကိုယ်သူတော့ သိပါတယ်... အွန်လိုင်းပေါ်မှာပဲ ငါ့ကိုဘယ်သူမှ မသိပါဘူးဆိုတဲ့အတွေးနဲ့ လုပ်ချင်တာလုပ် ပြောချင်တာပြောနေတာ ကိုယ့်ရဲ့ စိတ်ဓာတ် ကို ကိုယ့်ကိုကိုယ်ဖြတ်စီးနေတာပါ... ဘာရယ်တော့မဟုတ်ပါဘူး... ကိုမင်းထက်ရေးထားတဲ့ သူ့ဂုဏ်ကိုဖျက်၊ ကိုယ့်ဂုဏ်ပျက်၏ ဆိုတဲ့ ပိုစ့်လေးကို အဲဒိလူတွေကို ဖတ်စေချင်ပါတယ်...

ကျမ အမြင်မှာတော့ အဲဒိ Haters တွေဟာ တနည်းအားဖြင့်တော့ ဘလော့တစ်ခုရဲ့ သစ္စာရှိစာဖတ်ပရိတ်သတ်တွေပါပဲ... ရိုးရိုးစာဖတ်သူတွေဟာဘလော့တစ်ခုကို ပုံမှန်မဖတ်ဖြစ်ရင်တောင် သူတို့ကတော့ ပုံမှန်ကိုဖတ်ဖြစ်ပြီး ထိုဘလော့ပိုင်ရှင်ကို ဘယ်လို Attack လုပ်ရမလဲ စဉ်းစားနေတတ်တဲ့သူတွေပါ... အပြစ်ရှာဖို့အတွက်လဲ သူတို့ အသေးစိတ်လိုက်ဖတ်ဖြစ်ရင် ဖတ်ဖြစ်နေမှာပါ... အကြိမ်ကြိမ်ဖတ်ဖြစ်ရင်လဲ ဖတ်ဖြစ်မှာပါ... အဲဒါကြောင့်မို့ သူတို့က တနည်းအားဖြင့်တော့ အမာခံစာဖတ်ပရိတ်သတ်တွေထဲမှာ ထိပ်ဆုံးကပါနေတော့တာပါပဲလို့ ထင်မိပါတယ်...
ကျမကို မုန်းတဲ့ Haters တွေဟာ ကျမနဲ့ အပြင်မှာသိတဲ့သူတွေလဲ ဖြစ်နိုင်တယ်... နီးစပ်သူတွေထဲကလဲဖြစ်နိုင်တယ်... ဝေးနေတဲ့သူတွေထဲကလဲဖြစ်နိုင်တယ်... ဘလော့ဂါအချင်းချင်းလဲဖြစ်နိုင်တယ်... ဘယ်သူပဲဖြစ်ဖြစ်ပါ... ကျမကတော့ အဲဒိ Haters တွေကို ကြံဖန်ပြီး ကျေးဇူးတင်နေချင်တာပါပဲ... ဒါတောင် ကျမမှာ ပုံမှန် ကျမကို စောင့်ကြည့်ပြီး မုန်းတီးနေတဲ့ Haters မရှိ သလောက်ပဲလို့ထင်တာပါပဲ...

ခုလိုရေးရတာက ဘလော့ရေးနေတဲ့သူတိုင်း ဒီလိုမျိုး Negative Comments တွေ၊ Personal Attack တွေနဲ့ တွေ့ကြုံဖူးမှာပါ... ဒါကြောင့် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေရော... ဘလော့ကိုခုမှ စရေးတဲ့ ဘလော့ဂါပေါက်စလေးတွေအတွက်ရော ကျမရဲ့ ယုံကြည်ချက်ကို ဝေမျှတာပါ...

ကျမအတွက်ကတော့ ဖတ်ကြည့်လိုက်တယ်... ကြိုက်တဲ့ စာတွေဆိုရင် ကွန်မန့်ပေးခဲ့တယ်... တချို့စာတွေက သိပ်မကောင်းပင်မဲ့ အဆုံးထိဖတ်လောက်တဲ့အထိတော့ ဆွဲဆောင်မှုရှိတယ်ဆိုရင် အဆုံးထိဖတ်လိုက်တယ်... တချို့စာတွေလုံးဝ ကျမစိတ်တိုင်းမကျတဲ့စာတွေ... ကျမစိတ်ထဲမှာ မကောင်ဘူးထင်တဲ့စာတွေ... ကျမနဲ့ မပတ်သတ်ဘူးထင်တဲ့စာတွေဆိုရင်တော့ ကွန်မန့်မှာရေးပြီး Attack လုပ်ဖို့မပြောနဲ့... ရောက်တဲ့နေရာမှာတင်ရပ်ပြီး အဲဒါကို ဆက်မဖတ်တော့ပါဘူး...

ဘာလို့လဲဆိုတော့ ဘလော့ဆိုတာ ၀ါသနာရှင်တွေက ကြိုက်သလို Free account ဖွင့်ပြီး သူတို့စိတ်ထဲရှိတာ ရေးချင်တာရေးလို့ရပါတယ်... ရေးပိုင်ခွင့်လဲရှိပါတယ်... ဘလော့ကနေ နိုင်ငံရေးတွေ စီးပွာရေးတွေ စတဲ့ ကြီးမားတဲ့ ကိစ္စတွေ ရေးပိုင်ခွင့်ရှိသလို... ကိုယ့်ရဲ့ Personal လေးတွေ... တစ်နေ့တစ်နေ့ဘာလုပ်လဲဆိုတာလေးတွေ ဥပမာ.. ဘာနဲ့ ထမင်းစားတယ်ဆိုတာကအစ ဒိုင်ယာရီသဘောမျိုး ရေးချင်တာလဲ ရေးပိုင်ခွင့်ရှိပါတယ်... တစ်ခုပဲရှိပါတယ်... ဘလော့တစ်ခုရဲ့ အရည်အသွေး တကယ်ကောင်းတယ်ဆိုရင် သူ့အလိုလို လူသိများလာပါလိမ့်မယ်... သူ့အလိုလို ကွဲပြားသွားပါလိမ့်မယ်... စာဖတ်တဲ့သူပိုများလာပါလိမ့်မယ်... အဲဒါကို Personal ရေးလို့ ကြွားလိုက်တာ... ဘာညာလိုက်ပြီး ကွန်မန့်နေတာတွေဟာ... အမှန်တော့ ကွန်မန့်လို့ ယူဆလို့မရပါဘူး...

ဆိုလိုချင်တာ ရှင်းရှင်းလေးပါ... ကိုယ်နဲ့မဆိုင်ဘူး... ကိုယ့်အတွက် အသုံးမ၀င်ဘူးထင်ရင် ဆက်ဖတ်နေစရာတောင်မလိုပါဘူး... အချိန်ကုန်ပါတယ်... ဒါမှမဟုတ် ထိုသူများက အချိန်တွေပိုနေလို့ သူများတွေကို လိုက်တိုက်ခိုက်နေရတာ ကျေနပ်နေလို့ဆိုရင်တော့ ကျမဘာမှ မပြောလိုပါဘူး... ဒါပေမဲ့ အဲဒိလို ကွန်မန့်တွေကိုလဲ ကျမတို့ မျက်လုံးထဲလုံးဝထားမှာ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်ပါတယ်...

ဒီတစ်လအတွင်း တစ်ခါတစ်ခါ စဉ်းစားမိတယ်... ကျမရဲ့ ခရီးသွားပိုစ့်နဲ့ ပတ်သတ်ပြီး ပေးသွားတဲ့ တချို့ကွန်မန့်လေးတွေအကြောင်းပေါ့... တချို့တွေကလဲ ကောင်းတယ် ဆက်ရေးပါ... ကျေးဇူးတင်ပါတယ်... တချို့တွေကတော့ ဒစ်စနေလမ်း Promotion လားတဲ့... ကြွားလိုက်တာတဲ့... သူတို့ပေးခဲ့တဲ့ ကွန်မန့်တွေကြောင့် တစ်ခုတည်းနဲ့တော့ ဘလော့မရေးဖြစ်တာ မဟုတ်ပေမဲ့... ဒီအတောအတွင်းမှာတော့ ကိုယ့်ပိုစ့်ကို အကြိမ်ကြိမ်ပြန်သုံးသပ်မိပါတယ်...

ဘာကြောင့်ဒီလိုပြောတာလဲ... ငါပြင်သင့်လား... ဘယ်လိုပဲ စဉ်းစား စဉ်းစား အဖြေက အမြဲ ၁ခုပဲထွက်ပါတယ်... ကျမရေးတာ ခရီးသွားမှတ်တမ်းပါ... ခရီးသွားဆောင်းပါးရေးနေတာမဟုတ်ပါဘူး... ကျမရဲ့ မှတ်တမ်းဖြစ်တဲ့အတွက် ကျမသွားတဲ့ တောက်လျှောက် ပျော်တာ ၀မ်းသာတာ စိတ်ညစ်တာ ရင်ခုန်တာ အကုန်လုံးကို ကျမ အမှတ်တရနဲ့ ရေးမှတ်ထားချင်တာပါ... ဒီခရီးသွားမှတ်တမ်းကိုရေးတာ အမှန်တော့ သူများအတွက်ထက် ကျမအတွက်ကို ကျမရေးတာဆို ပိုမှန်ပါမယ်... နောက်ဆုံး ကျမရေးတဲ့ ဂျပန်ခရီးစဉ် Day 4 ကိုရေးတုန်းက ကျမအဲဒိနေ့က အဖြစ်အပျက်တွေကို မေ့လုမေ့ခင်ဖြစ်နေလို့ ရိုက်လာတဲ့ ဗွီဒီယိုတွေပြန်ကြည့်ရပါတယ်... အဲဒိမှာ ကျမစဉ်းစားမိတာက ကျမရဲ့ ခံစားချက်လေးတွေကို မေ့သွားမှာကိုပါ... အဲဒိအတွက် ကျမ အသေးစိတ်မှတ်တမ်းတင်ထားချင်တဲ့ စိတ်ကလေးဖြစ်ပေါ်ခဲ့ပါတယ်... အဲဒိအတွက် ကျမ အသေးစိတ်ရေးခဲ့မိပါတယ်... ဒါကို စာဖတ်သူအနေနဲ့ ကြွားတယ်လို့ ခံစားသွားရသလား...

ဒီလိုဆိုတော့ကာ... ဘာလို့ တခြားလူတွေက ကြွားတယ်လို့မခံစားရပဲ ထိုသူတစ်ယောက်တည်းကသာ ကြွားတယ်လို့ခံစားရတာလဲ... ရှင်းပါတယ်... ကိုမင်းထက်ရဲ့ပိုစ့်ထဲကလို ဣဿာ မစ္ဆရိယ စိတ်ဖြစ်လို့သာ ဖတ်နေရင်း မုဒိတာမပွားနိုင်ပဲ ယခုလို ခံစားသွားရတယ်လို့ ကျမကတော့ယူဆပါတယ်... အဲဒိအတွက် တစ်ခုတော့ အကြံပေးချင်ပါတယ်... ကျမရဲ့ပိုစ့်တွေထဲက ကိုယ့်အတွက် လိုမယ်ထင်တာကိုပဲ ရွေးဖတ်ပါ... မလိုဘူးထင်ရင်ပဲဖြစ်ဖြစ်... အလကား ကြွားနေတာပါလို့ ထင်ရင်ပဲဖြစ်ဖြစ် အချိန်မရွေး လိပ်စာပြောင်းရိုက်လိုက်ရနေတာပါပဲ... ကိုယ့်ကိုကိုယ် မညင်းဆဲပါနဲ့...

အဲ တစ်ယောက်ကလဲ ဒစ်စနေလမ်းကို အရောင်းမြှင့်တင်နေတာလားတဲ့... ဒစ်စနေလမ်းကို ရောက်ဖူးတဲ့သူတိုင်း အဲဒိထဲက စက်တစ်ခုကို စီးရဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရတာ အသိပါ... ဒီတော့ ကျမအတွက် အထူးတလည် အရောင်းမြှင့်တင်နေစရာ လိုမလိုကို ထိုသူ မရောက်ဖူးတဲ့အတွက် မည်သို့ မည်ပုံ ပြန်လည်ရှင်းပြရမလဲတော့ မသိပါ...

ထို့အတွက် ကျမရဲ့ဘလော့ပေါ်မှာ ရှိတဲ့ ပိုစ့်တွေကို ကျမရဲ့ စာရေးချင်စိတ် Mood ပေါ်မှာ မူတည်ပြီး ကျမကြိုက်သလို ချယ်သပိုင်ခွင့်ရှိပါတယ်... ကျမဟာ စာပေပညာရှင်ကြီးမဟုတ်ပါဘူး... နာမည်ကြီးချင်လို့ စာရေးနေတာလဲမဟုတ်ပါဘူး... စာရေးပြီး ပိုက်ဆံရှာစားနေတာလဲ မဟုတ်ပါဘူး...
ကျမစိတ်ပျော်ရွှင်မှုအတွက် ကျမဘလော့ကိုရေးနေတာပါ... ကျမဘလော့ကစာတွေကို နှစ်သက်လို့ လာဖတ်ကြတဲ့သူတွေရှိရင် ကျမပျော်တယ်... ကွန်မန့်လေးတွေပေးသွားရင် ကျေနပ်တယ်... ကျမတွေ့ကြုံခဲ့ရတာတွေကို ဝေမျှရာမှာ တခြားသူတွေအတွက် အသုံးဝင်သွားမယ်ဆိုရင် ကြည်နူးတယ်... ဒါပေမဲ့ ကျမဘလော့ရေးတဲ့ရည်ရွယ်ချက်အတိုင်းပဲ ဆက်လက်ရေးနေမှာပါပဲ... ကျမကို အားပေးနေတဲ့ မိသားစု၊ သူငယ်ချင်းနဲ့ စာဖတ်ပရိတ်သတ်တွေအတွက်လဲ ဆက်ရေးနေအုံးမှာပါပဲ...

ကျမ ဘလော့ပေါ်က ခရီးသွားအချက်အလက်တွေဟာ ကျမတွေ့ကြုံခဲ့တာတွေပဲဖြစ်တဲ့အတွက် လူတိုင်း ဒီလိုတွေ့ကြုံလိမ့်မယ်လို့လဲ မဆိုလိုပါဘူး... ဒါပေမဲ့ ဒီအချက်အလက်တွေက ကျမအတွေ့အကြုံပေါ်မူတည်ပြီး အမှန်တွေပါပဲ... ကျမရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်တဲ့အရာတွေကတော့ မှန်တာတွေလဲပါချင်ပါမယ်... ကိုယ့်ဘာသာကိုယ် ဖတ်ကောင်းအောင် လုပ်ကြံရေးတာတွေလဲ ပါချင်ပါမယ်... ကျမဘာသာ ကျမ Character တွေဖန်တီးချင်ဖန်တီးမယ်... ကျမဘာသာကျမ ပေးချင်တဲ့ နာမည်ပေးမယ်... အဲဒိအတွက် မည်သူ့ကိုမှ မထိခိုက်ဖူးလို့လဲထင်ပါတယ်... ဒီတော့ ကျမအကြောင်းရေးတာတွေကို ဒါတွေဟာ ကျမအကြောင်းအမှန် ဟုတ်မဟုတ်ဆိုတာကတော့ ချင့်ယုံကြပေါ့နော်...

ထပ်မှာချင်ပါတယ်... ဘလော့ဆိုတာ လူတိုင်းဖွင့်လို့ရတဲ့ Free Account ပါ... ဘလော့ဂါတွေမှာ သူတို့သိသလောက်နဲ့ ရေးချင်တာရေးမယ်ဆိုလဲ ရေးလို့ရပါတယ်... အဲ... သတင်းအချက်အလက်မှန်မမှန်ဆိုတာကိုတော့ ကိုယ့်အသိ ကိုယ့်ဦးနှောက်နဲ့ ချင့်ယုံကြပါလို့....

P.S ဒီပိုစ့်နဲ့ ပတ်သတ်ပြီး Haters တွေရှိလာခဲ့မယ်ဆိုရင်ပဲဖြစ်ဖြစ်... ယခုပိုစ့်အောက်မှာ Negative Comments တွေ Personal Attack တွေရှိလာခဲ့မယ်ဆိုရင်ပဲဖြစ်ဖြစ်... လုံးဝ လုံးဝ စိတ်ထဲထားမှာ မဟုတ်တဲ့အပြင်... ထိုသူများကို မဗေဒါမှ အမာခံစာဖတ်ပရိတ်သတ်တဖြစ်လဲ ကျေးဇူးတင်ရှိနေမည်ဖြစ်ကြောင်း...