Wednesday, July 22, 2009
What I have been watching past two weeks
ခုတစ်လော (တော်တော်လေးတော့ကြာပါပြီ..) ကွန်ပြူတာရှေ့ရောက်တိုင်း ရုပ်ရှင်ပဲကြည့်ဖြစ်တယ်... အလုပ်အားရက်လဲ ဇာတ်လမ်းတွဲတွေပဲကြည့်ဖြစ်တယ်...အလုပ်က တရုတ်ကို အင်္ဂလိပ်ကားတွေ Download လုပ်ခိုင်းပြီး အားတဲ့အချိန် ကြည့်ဖြစ်တယ်... ဘာတွေကြည့်ဖြစ်လဲဆိုတာနဲ့ ပိုစ့်တစ်ပုဒ်လောက် ဆားချက်ပါရစေ...
ဘလော့လဲ ရေးချင်စိတ်သိပ်မရှိဘူး... အတိုက်အခိုက်တွေကများတယ်... အရေးလုပ်ပြီး လာတိုက်ခိုက်ကြတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ခုအချိန်မှာ ပြန်အရေးလုပ်ဖို့ ရုပ်ရှင်ကြည့်နေရတာနဲ့ မအားသေးဘူး... ဒီတော့ ဒီလောက်ပဲပြောတော့မယ်...
A Man's Story (ကိုရီယား)
ခုတစ်လော အချစ်ဟာသကားတွေပဲ ကြည့်ချင်စိတ်ဖြစ်နေလို့ ဒီကားကို မကြည့်ဖြစ်ဘူး... သူက Action ဆန်တယ်ဆိုတာ သိတယ်လေ... ဒါပေမဲ့ TommyGirl blog မှာ အဲဒိ ကားအကြောင်းရေးထားတာတွေ့တော့ စိတ်ဝင်စားလို့ သွားကြည့်မိတာ အဆုံးထိ ရပ်မရတော့ဘူး... အစတုန်းကတော့ Park Young Ha ပါလို့ကြည့်ဖြစ်တာလဲပါတယ်... မင်းသားကတော့ အကြိုက်ဆုံးတွေထဲက တစ်ယောက်ပဲ...
ဇာတ်လမ်းက ...
သိပ်အင်အားကြီးမားတဲ့ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုက Dumpling စက်ရုံကြီးတစ်ခုရဲ့ မြေနေရာကို လွယ်လွယ်နဲ့ ၀ယ်ချင်တာနဲ့... Dumpling မုန့်လုပ်တဲ့ လုပ်ငန်းကို မဟုတ်သတင်းတွေထုတ်ပြီး တိုက်ခိုက်ခဲ့တယ်... အဲဒိလိုနဲ့ အဲဒိ မုန့်လုပ်ငန်းအသေးစားစက်ရုံလေးကိုပိုင်တဲ့ မင်းသား (ကင်မ်ရှင်) ရဲ့ အစ်ကို့စက်ရုံ Bankrupt ဖြစ်သွားပြီး သူ့အစ်ကိုက သူ့ကိုသူသတ်သေတယ်... မင်းသားက ထောင်ကျတယ်... မင်းသားရဲ့ ချစ်သူက မင်းသားတို့ အကြွေးတွေ ကူဆပ်ပေးဖို့အတွက် ဘ၀ပျက်သွားတယ်... ဒါပေမဲ့ သူတို့ရဲ့ ရန်သူအစစ်မှန်က ဘယ်သူမှန်းတောင်မသိလိုက်ဘူး... သူ့ရန်သူအစစ်ဘယ်သူဆိုတာ သူသိသွားပြီးတော့ သူ ကလဲ့စားခြေဖို့ကြိုးစားခဲ့တယ်... ဒီလောက် အင်အားကြီးပြီး ဥာဏ်ကောင်းတဲ့ သူ့ရန်သူကို သူဘယ်လိုတိုက်ခိုက်သလဲ... နောက်ဆုံးမှာ သူအနိုင်ရသလားဆိုတာကိုတော့ စိတ်ဝင်စားရင်ကြည့်ကြည့်လိုက်ပေါ့နော်...
ထင်မြင်ချက်...
ဇာတ်လမ်းတည်ဆောက်ပုံ... သရုပ်ဆောင်တွေ... အားလုံးကောင်းတယ်... စိတ်ဝင်စားဖို့ကောင်းသလို ၀မ်းနည်းဖို့ နာကျည်းဖို့လဲကောင်းတယ်... ဇာတ်သိမ်းက သိပ်ပြီး အမှန်တရားဆန်လွန်းတယ်... အဲဒါကြောင့် ကျမအနေနဲ့ကတော့ အောင့်သက်သက်ကျန်ခဲ့တာပဲ... တခြားရုပ်ရှင်တွေထဲကလို Happily ever after မျိုးမဟုတ်ဘူး... ဘ၀ဆိုတာ တိုက်ပွဲပဲဆိုတာမျိုးကို ပေါ်လွင်အောင်ပြသွားတယ်... စီးပွားရေး အတိုက်အခိုက်တွေ Stock ဈေးကွက်တွေကို အခြေခံပြီးရိုက်ထားတဲ့အတွက် စိတ်ဝင်စားရင် ကြည့်ကြည့်ပါ... ကျမ recommend ပေးပါတယ်...
-------------------- ။ --------------------------
ဒါနဲ့ အပေါ်က ကားပြီးတော့ ထိုင်ဝမ် အချစ်ကားတစ်ကားကြည့်ဖြစ်တယ်... ထိုင်ဝမ်ကားတွေက ကိုရီးယားတို့ ဂျပန်တို့လိုဟုတ်ဘူးလေ... သူက ရုပ်ရှင်ဆန်တယ်... များသောအားဖြင့် မင်းသားနဲ့ မင်းသမီး ပျော်ရွှင်စွာ ပေါင်းကြလေသတည်းတွေများတယ်... အဲဒါကြောင့် ကြည့်ဖြစ်တာ... ကားနာမည်က My Queen တဲ့...
My Queen (ထိုင်ဝမ်)
ဇာတ်လမ်းက...
အလုပ်ပဲ ကြိုးစားလုပ်နေတဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရှန့်ဝူရွှမ်း ဆိုတဲ့ မိန်းကလေးနဲ့ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Lucus ဆိုတဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းဖြစ်တယ်... အသက် အရွယ် ၈နှစ်ကွာခြားမှုမှာ သူတို့တွေရဲ့ ချစ်ခရီးလမ်းဖြောင့်ဖြူးမှုရှိရဲ့လား... သူမရဲ့ ချစ်သူဟောင်း သက်တူရွယ်တူ အောင်မြင်တဲ့ ဓာတ်ပုံဆရာ ပြန်ရောက်အလာမှာ သူမ ဘယ်သူ့ကိုရွေးချယ်မလဲ...
ထင်မြင်ချက်...
ထိုင်ဝမ်ကားများထုံးစံအတိုင်း Corny ဖြစ်တယ်... မင်းသားကို Cool ဖြစ်အောင် ရိုက်တဲ့နေရာမှာ ထိုင်ဝမ်ကားတွေက အလွန်အမင်း သိသာအောင် အသားပေးရိုက်လေ့ရှိတယ်... ဒီကားမှာလဲ ဒီအတိုင်းပဲ... ဒါပေမဲ့ မဆိုးပါဘူး... ကြည့်ကောင်းပါတယ်... ကောင်မလေး ဒုက္ခရောက်တိုင်း သူရဲကောင်းလိုအမြဲ ကယ်တင်တဲ့ ကားမျိုးတွေ ကြည့်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်... မမနဲ့ မောင်လေး ဇာတ်လမ်းမျိုးတွေကို ကြိုက်တဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ်... ဒီကားက အပျင်းပြေကြည့်နိုင်ပါတယ်... အော်... နောက်တစ်ခုက... မင်းသားလေးကိုသဘောကျတယ်... ဒီကားလဲ သူ့ကြောင့်ပဲ ဆုံးခန်းတိုင်အောင် ကြည့်ဖြစ်တာ... ကျမစိတ်ထဲတော့ မင်းမောကွန်းနဲ့ နဲနဲဆင်တယ်... အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားကိုပြောတာတော့ မဟုတ်ဘူးပေါ့လေ...
------------------------- ။ ----------------------
နောက်ပြီးတော့ ကြည့်ဖြစ်တဲ့ကားက... Dal Ja's Spring ... ဒီကားကို အရင်က ကြည့်ပြီးသွားပြီ... တခြားဘာကားကြည့်ရမလဲ စိတ်တိုင်းကျကားမတွေ့တာနဲ့ ဒီကားကိုပဲ ကြိုက်လို့ ထပ်ကြည့်တာ... မင်းသားရော... မင်းသမီးရောကို အရမ်းကြိုက်တယ်... ဇာတ်လမ်းကိုလဲ အတော်လေးကြိုက်လို့ ထပ်ကြည့်ဖြစ်တာ... ဒီကားကတော့ အပြင်မှာ ရောင်းတာတွေ့ရင် ၀ယ်ဖြစ်မယ်ထင်တယ်...
Dal Ja's Spring (ကိုရီးယား)
ဇာတ်လမ်းက...
၃၃ နှစ်ရှိပြီဖြစ်တဲ့ အူဒယ်ဂျား ဆိုတဲ့ မိန်းကလေးဟာ Home shopping Channel မှာ MD အဖြစ်အလုပ်လုပ်တယ်... သူမရဲ့ ပထမရည်းစားက သူမကို တခြားမိန်းမတစ်ယောက်အတွက် ပစ်သွားတဲ့နေ့မှာပဲ မခံချင်စိတ်နဲ့ အသက် ၂၇ နှစ်အရွယ် ခန်ထယ်ဗုံး ဆိုတဲ့ ကောင်လေးကို ဟန်ဆောင်ရည်းစားအဖြစ် Contract နဲ့ ငှားခဲ့တယ်... မကြာမီအချိန်မှာပဲ သူမအသက်အရွယ်အတွက် သင့်တော်တဲ့ လူတစ်ယောက်ကိုတွေ့ခဲ့တယ်... ဒါပေမဲ့ အဲဒိလူရဲ့ မကွာရသေးတဲ့ (အတူတူတော့မနေတော့ပဲ ကွာရှင်းဖို့လုပ်နေတဲ့)မိန်းမရဲ့ နှောင့်ယှက်ခြင်းကို ခံရတယ်... သူမရဲ့ အထီးကျန်မှု... သူမရဲ့ ဒုက္ခ... သူမရဲ့ ချစ်စရာကောင်းတဲံ အချစ်ပေါ်မှာ ထားတဲ့ ခံယူချက်တွေကို အမြဲ အနီးကပ် တွေ့ကြုံနားလည်နေတဲ့ ခန်ထယ်ဗုံးဆိုတဲ့ ကောင်လေးနဲ့ တဖြည်းဖြည်း သံယောဇဉ်တွယ်လာခဲ့တယ်... တကယ်တမ်းကျတော့ ခန်ထယ်ဗုံးဟာ သူမထင်သလို အလုပ်အကိုင်မရှိတဲ့ အလကားလူမဟုတ်ပဲ အရမ်းထူးချွန်တဲ့ ရှေ့နေတစ်ယောက်ဖြစ်နေတယ်... သူမက သူ့ကို ၀င်ငွေကောင်းတဲ့ ရှေ့နေအလုပ်ကို ပြန်လုပ်စေချင်ပင်မဲ့ သူကတော့ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ထမင်းဆိုင်ပဲဖွင့်ချင်တယ်... သူတို့ ၂ယောက်ရဲ့ အသက်ရွယ်ကွားခြားမှု... အယူအဆကွာခြားမှု... မိသားစု အခြေအနေ တွေကို သူတို့ရဲ့ အချစ်နဲ့ ဘယ်လို ကျော်ဖြတ်ကြလဲဆိုတာကို ကြည့်ရှုကြပါ..
ထင်မြင်ချက်...
ဒီကားမှာ မိန်းမတစ်ယောက်ရဲ့ အသက်အရွယ်ကိုလိုက်ပြီး Relationship အပေါ်မှာ တွေးခေါ်ယူဆမှုပြောင်းလဲလာပုံကို ရိုက်ပြထားတာ ကျမအတွက်တော့ စိတ်ဝင်စားဖို့ကောင်းတယ်... မိန်းမမျိုးစုံတွေရဲ့ ဘ၀ကိုလဲ မင်းသမီးအကြောင်း တစ်ခုတည်းမဟုတ်ပဲနဲ့ ဇာတ်ပို့တွေနဲ့ပါ ပေါ်လွင်အောင်ရိုက်ပြထားတယ်... အိမ်ထောင်သည်... တစ်ခုလပ်... အပျိုကြီး.. workaholic အထက်အရာရှိမိန်းမကြီး... စသည်ဖြင့် အခြေအနေအမျိုမျိုးကို တွေ့ရှိနိုင်သလို ယောကျာင်္းမျိုးစုံရဲ့ အမူအကျင့်တွေကိုလဲ တွေ့နိုင်တယ်... ကားစစချင်းလေးမှာ နည်းနည်းလေးပျင်းဖို့ကောင်းပင်မဲ့ မင်းသားစပါလာတဲ့ အခန်းကနေစပြီး ဇာတ်လမ်းက ဇာတ်ရှိန်ကောင်းသွားတယ်... အော်... နောက်ပြီး... မင်းသားလေးက ကြည့်ရင်သိပ်မချောပင်မဲ့ စိုက်မကြည့်လိုက်နဲ့ စွဲသွားမယ်နော်.... ဟဲ.. ဟဲ.. super cute... မင်းသမီးကရော ဘယ်သူထင်လဲ... မြန်မာပြည်မှာပြသွားတဲ့ "ဆည်းဆာရင်ခုန်သံ" (All about eve) ထဲက မင်းသမီးချော ဆန်းမီလို့ လူသိများတဲ့ Chae Rim ... ဒီကားကိုတော့ အမျိုးသမီး ပရိတ်သတ်က ပိုကြိုက်ကြမယ်ထင်ပါတယ်... ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်... ဘာလို့လဲဆိုတော့ ကျမအရမ်းကြိုက်လို့... အဟီး...
--------------------- ။ ------------------
နောက်တစ်ကားကတော့ City Hall တဲ့ ခု ကိုရီးယားမှာ ပြနေတဲ့ကားပေါ့... Rating တော်တော်ကောင်းလို့ ကြည့်ဖြစ်လိုက်တယ်.... ခုထက်ထိတော့ ကြည့်လို့မပြီးသေးဘူး... တ၀က်မှာတင်ရပ်နေတယ်... ဒါပေမဲ့ ပြီးတဲ့အထိ ဆက်ကြည့်ဖြစ်မှာပါ...
City Hall (ကိုရီးယား)
ဇာတ်လမ်းက
အချစ်နဲ့ နိုင်ငံရေးနဲ့ ရောထွေးနေတယ်... ဘယ်လိုပြောပြရမှန်းတောင်မသိဘူး... မင်းသားရဲ့ ရည်မှန်းချက်က ကိုရီးယား သမ္မတဖြစ်ဖို့... မင်းသမီးကတော့ နယ်မြို့လေးတစ်မြို့က Mayor ရုံးခန်းက Secretory... မင်းသားက အဲဒိမြို့လေးကို လက်ထောက် Mayor အဖြစ်ပြောင်းလာတဲ့အခါမှာ သူတို့ ၂ဦး စတင်တွေ့ခဲ့ကြတယ်... မင်းသမီးရဲ့ ကြိုးစားအားထုတ်မှုကြောင့် အဲဒိမြို့မှာ သူမဟာ အငယ်ဆုံး Mayor တစ်ယောက်ဖြစ်လာခဲ့တယ်... သူတို့ နှစ်ဦးရဲ့ လမ်းကြေင်း ၂ခု ဆုံတဲ့အခါမှာ သူတို့တွေရဲ့ အဆင့်အတန်းတွေ... ကိုယ်ရေးကိုယ်တာတွေ... နိုင်ငံရေး အတိုက်အခိုက်တွေကြားမှာ သူတို့ ၂ဦး ဘယ်လိုအခက်ခဲတွေကို ကျော်ဖြတ်ကြသလဲဆိုတာဖြစ်တယ်...
ထင်မြင်ချက်...
ကြည့်လို့ကောင်းပါတယ်... အစပိုင်းမှာတော့ မင်းသမီး သရုပ်ဆောင်တာ စိတ်နဲနဲရှုပ်ဖို့ကောင်းတယ်... မင်းသားကလဲ အသက်ကြီးတယ်... မင်းသမီးလဲ အသက်ကြီးတယ်... ဒါပေမဲ့ ဇာတ်လမ်းကတော့ သူတို့ ၂ယောက်နဲ့ လိုက်ဖက်ပါတယ်... မင်းသမီးက အရင်က ကြည့်ဖူးတဲ့ My lovely Sam Soon ထဲက မင်းသမီးပဲ... အဆုံးထိမကြည့်ရသေးတော့ ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူး.. ဇာတ်သိမ်းကောင်းမကောင်းလဲမသိဘူး... ဒါပေမဲ့ ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပါပဲ... နိင်ငံရေးအတိုက်အခိုက်တွေ... စိတ်ပုတ်တွေနဲ့ အတော်လေးတော့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါတယ်... အော်... နိုင်ငံရေးဆိုပေမဲ့ ကျမအထင်တော့ အချစ်ဇာတ်လမ်းကပိုများပါတယ်... ဒီတော့ နိုင်ငံရေးစိတ်ဝင်စားတယ်ဆိုပြီးတော့တော့ သွားမကြည့်နဲ့... ဒါပေမဲ့ အချစ်ကို လက်သုတ်စုံဖြစ်နေတဲ့ ဇာတ်လမ်းတွေထဲမှာတော့ အသစ်အဆန်းဖြစ်ချင်တယ်ဆို နိုင်ငံရေးကို နောက်ခံထားရိုက်ထားတဲ့ ဒီကားကိုကြည့်...
-------------------------။ ---------------------
ဒီကားကတော့ အမှုကား... Majo Saiban တဲ့... ဂျပန်ကားပေါ့... Suspense အမျိုးအစားပေါ့... ဒီကားလဲ မင်းသားကြိုက်လို့ကြည့်ဖြစ်တာပဲ... Ikuta Toma လေ... Hana Kimi ထဲက Nakatsu နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား... အဆုံးထိမကြည့်ရသေးဘူး... ဂျပန်မှာ ပြနေတုန်းဆိုတော့ အွန်လိုင်းပေါ်ကို အဆုံးထိမရောက်လာသေးဘူး...
Majo SaiBan (ဂျပန်)
ဇာတ်လမ်းက...
လူသတ်မှုတစ်ခုအတွက် တရားစွဲခံထားရတဲ့ အမှုအတွက် တရားရုံး Lay Judge အနေနဲ့ သာမာန်လူတွေထဲက လူ ၆ယောက်ကိုရွေးခံခဲ့ရတယ်... ဒါက နိုင်ငံတော်ကပေးတဲ့ လူမှုရေးအလုပ်သက်သက်ပဲ... တရားခံအပြစ်ရှိမရှိကို တရားသူကြီး ၃ယောက်ရယ်... Lay Judge ၆ ယောက်ရယ်က မဲပေးဆုံးဖြတ်ရမယ်... အဲဒိထဲမှာ သာမာန် Part time အလုပ်လုပ်တဲ့ မင်းသားလဲပါတယ်... ဒါပေမဲ့ ဒီအမှုကို ရုံးတော်မှာ စစစ်တဲ့နေ့ကနေစပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ထောင်ချောက်ဆင် အကျပ်ကိုင်မှုတွေ Lay Judge ၆ ယောက်မှာ ဖြစ်ပေါ်ခဲ့တယ်... အဲဒိဖြစ်မှုတွေရဲ့ နောက်ကွယ်မှာ Jury ရဲ့ ဆုံးဖြတ်မှုကို ထိမ်းချုပ်ဖို့ ကြိုးစားနေတဲ့ ကြေးစား လှို့ဝှက်အဖွဲ့အစည်းတစ်ခုရှိနေတယ်... ဒီလို ကြိုးကိုင်မှုကနေ လွတ်မြောက်ဖို့ မင်းသားဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စိတ်ဝင်စားရင် ကြည့်ကြည့်ပါ...
ထင်မြင်ချက်...
တချို့တချို့သော ဂျပန် Suspense ကားတွေလောက် အရမ်းမကောင်းပင်မဲ့... မဆိုးဘူးလို့ ပြောလို့ရတယ်... ပြဿနာတွေက မထင်မှတ်တာတွေ ဖြစ်ဖြစ်လာတတ်တယ်... ခုထက်ထိ တရားခံဟာ တကယ်လူသတ်ခဲ့တာလား... မတရားစွပ်စွဲခံရတာလားဆိုတာ ပရိတ်သတ်ကို မသိအောင် မြုပ်ကွက်လုပ်ထားတယ်... ဂျပန်ကားများထုံးစံအတိုင်း effect အတော်သုံးထားတယ်... ပြီးတော့ တစ်ခါတစ်လေ တချို့နေရာတွေက တော်တော်လေးကို ကျိုးကြောင်းမဆပ်ပဲ မဖြစ်နိုင်တာတွေကိုရိုက်ပြထားတာတွေလဲပါတယ်... ကမ္ဘာပေါ်မှာ လူဆိုးတွေ တွေးခေါ်တာ အဲလောက် ကွက်တိဖြစ်နေရင် ကမ္ဘာပျက်တာကြာပြီ... ဒါပေမဲ့လဲ မင်းသားကိုကြိုက်တာက တစ်ကြောင်း... ဇာတ်လမ်းကလဲ လုံးဝလက်မခံနိုင်လောက်အောင် ဆိုးဆိုးဝါးဝါးမဟုတ်တာက တစ်ကြောင်း... ပြီးတော့ တရားခံဟာ တကယ်အပြစ်ရှိမရှိဆိုတာကို သိချင်အောင် ဆွဲဆောင်ထားနိုင်တာက တစ်ကြောင်းတို့ကြောင့် ဒီကားကို အဆုံးထိဆက်ကြည့်မှာပါ... တရားရုံးမှာ ရှိတဲ့ Lay Judge တွေကို ဒီဇာတ်လမ်းထဲကလို အပြင်မှာ ချိန်းခြောက်မှုတွေပြုလုပ်ရင် ဒဏ်ငွေအပြင် ထောင်ဒဏ် ၂ နှစ်အထိအပြစ်ပေးကြောင်းကို အပိုင်းတစ်ခုစတိုင်း စတိုင်း စာတမ်းထိုးပြီး သတိပေးလို့ ပြုံးမိပါသေးတယ်..
------------------ ။ --------------------
လွန်ခဲ့တဲ့ ၃ ၄ ရက်လောက်က စကြည့်ပြီး ဒီနေ့ပဲ ကြည့်လို့ပြီးသွားတဲ့ ကားကတော့ ကျမအကြိုက်ဆုံး စုံတွဲကားဖြစ်တဲ့ Love or Bread ပါပဲ...
Love Or Bread (ထိုင်ဝမ်)
ဇာတ်လမ်းက..
ဘ၀ကို ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အကြွေးပတ်လည်ဝိုင်းနေပင်မဲ့ သူဋ္ဌေးယောင်ဆောင်တတ်ပြီး အလွန်အပျင်းထူတဲ့ ကောင်လေး နဲ့ ဆင်းရဲပင်မဲ့ ရိုးသားကြိုးစားပြီး မိသားစုကို ထောက်ပံ့နေရတဲ့မိန်းကလေးတို့ ၂ယောက် မထင်မှတ်ပဲ ဈေးပေါပေါ အိမ်တစ်လုံးမှာ တစ်ယောက်တစ်ခန်း တူတူ ငှားမိကြရာကနေစပါတယ်... သူတို့ ၂ယောက်ရဲ့ ဆန့်ကျင်ဘက် အမူအကျင့်စရိုက်တွေကြားမှာ တူညီတဲ့ တစ်ချက်ကတော့ ၂ယောက်လုံးပိုက်ဆံကို အရမ်းလိုအပ်တယ်ဆိုတာပါပဲ... တွေ့တိုင်းရန်ဖြစ်ကြပင်မဲ့ သံယောဇဉ်တွေကြီးမားလာခဲ့တဲအချိန်မှာ ကောင်မလေးကို ချစ်တဲ့ ကုန်တိုက်ကြီး ပိုင်ရှင် သူဋ္ဌေးသားလေးပေါ်လာခဲ့ပါတယ်... အချစ်နဲ့ ပိုက်ဆံ... အချစ်နဲ့ ပေါင်မုန့် ကြားမှာ ကောင်မလေး ဘယ်သူ့ကိုရွေးချယ်ခဲ့သလဲ... အမြဲပဲ တာဝန်မယူတတ်တဲ့ မင်းသားရဲ့ အကျင့်ဆိုးတွေ ကောင်မလေးကို ချစ်မိချိန်မှာ ဘယ်လိုပြောင်းလဲခဲ့သလဲ ဆိုတာကို ကြည့်ရှုရမှာပါ...
ထင်မြင်ချက်...
မင်းသား မင်းသမီးအတွဲက... အားလုံး ချစ်ကြတဲ့ It started with a kiss ဆိုတဲ့ ကားထဲက အတွဲပါ... သူတို့ ၂ယောက်တွဲရင် အရမ်းလိုက်ဖက်ပါတယ်... ISWAK မှာ မင်းသားက Cool ဖြစ်တဲ့နေရာက သရုပ်ဆောင်ခဲ့သလောက်... ဒီကားမှာ အလွန်မှ ညံ့ဖျင်းတဲ့ ကောင်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်... ဒါပေမဲ့ တစ်ချက်တစ်ချက် သူသရုပ်ဆောင်တာ အခြောက်နဲ့ တူတယ်... တစ်ခါတစ်လေ ကောင်မလေးကို သူတအား အနိုင်ကျင့်ရင် စိတ်ထဲမှာ အားမရဘူး... အချစ်ကား ရိုးရိုးတွေကို ကြိုက်တယ်ဆိုရင်တော့ မဆိုးပါဘူး... ကြည့်ပျော်တဲ့ ကားလေးတစ်ခုပါ... ၁၂ ပိုင်းပဲရှိတော့ ဇာတ်လမ်းကလဲ တိုပါတယ်...
----------------- ။ --------------------
ဒီကားက စကြည့်ဖြစ်တာကြာပါပြီး ... ဒါပေမဲ့ ကြည့်ကြည့်ချင်းတုန်းက သူတို့နိုင်ငံမှာ ပြသနေချိန်ဆိုတော့ အွန်လိုင်းပေါ်ရောက်တာ ကြာလို့ ပျက်သွားတာပါ... ဒီပိုစ့်မရေးခင်လေးတင်ပဲ ဇာတ်သိမ်းပိုင်းကို ကြည့်ဖြစ်လိုက်ပါတယ်...
ToGetHer (ထိုင်ဝမ်)
ဇာတ်လမ်းက...
နာမည်ကျစပြုနေတဲ့ ရုပ်ရှင်မင်းသား Mars ဟာ သူ့ငွေရေးကြေးရေး အခြေအနေကြောင့် ဈေးပေါပေါအိမ်တစ်လုံးကို ငှားမိပါတယ်... အဲဒိအိမ်က သူ့ကျောင်းက အတန်းဖော် MoMo ဆိုတဲ့ ကောင်မလေး အိမ်ဖြစ်နေပါတယ်... မိုမိုမှာ သူမ ငယ်သူငယ်ချင်း ဥာဏ်ရည်မမှီတဲ့ ကျားဆန်း ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်... သူတို့ ၃ယောက်ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း... နာမည်ကြီး အနုပညာသမားရဲ့ ချစ်ခရီးလမ်း ဘယ်လိုရှိလဲ ဆိုတာ စိတ်ဝင်စားရင်ကြည့်ကြည့်ပါ... မင်းသားက Jiro Wong... မင်းသမီးက Rainie Yang... ၂ယောက်လုံး ကိုယ့်အကြိုက်မို့ ကြည့်ဖြစ်ခဲ့ပါတယ်...
ထင်မြင်ချက်...
ဒါလဲ တရုတ်ကားများ ထုံးစံအတိုင်းပါပဲ Corny ဖြစ်တယ်... Mushy ဖြစ်တယ်... ဒါပေမဲ့ ကြည့်ကောင်းပါတယ်... မင်းသမီးရဲ့ ဆံပင်ပုံစံက ရုပ်ဆိုးတာကလွဲလို့ ကျန်တာတော့ အားလုံး မဆိုးပါဘူး... ဘာကားကြည့်ရမှန်းမသိတဲ့သူတွေအတွက် အပျင်းပြေမဲ့ ကားလေးပါပဲ...
ကဲဒီလောက်ဆိုတော်ပြီနော်... ကြည့်ဖြစ်တဲ့ အင်္ဂလိပ်ကားတွေကို နောက်မှ ဆက်ရေးတော့မယ်...
Friday, July 17, 2009
Tokyo Disney Sea 2 (သို့) ဂျပန်ခရီးစဉ် Day 4
မေဖလားဝါးရဲ့ သတိပေး တောင်းဆိုချက်အရ ဇန်န၀ါရီလကတည်းက မရေးဖြစ်ပဲ တန်းလန်းဖြစ်နေသည့် ဂျပန်ခရီးစဉ် တိုကျို ဒစ်စနေစီး အပိုင်း (၂)ကို ဆက်လက် ရေးသားမှတ်တမ်းတင်ပါမည်… အပိုင်း(၁)ကို ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်… အပိုင်း(၁)တွင် ထိုနေ့အတွက် ဗွီဒီယိုကိုလဲ အတိုချုံး ဖော်ပြပေးခဲ့ဖူးပါသည်...
Mermaid lagoon က ထွက်ခွာပြီး ၄င်းနှင့် မျက်နှာချင်းဆိုင်မှာမြင်နေရသော ဗလီလိုလိုပုံစံမျိုး အဆောက်အအုံတွေဘက်ကို ဦးတည်ခဲ့ကြသည်… မြေပုံပါအရ Arabian Coast လို့ ခေါ်သည်… ထိုနေရာတွင်လဲ Fast Pass သုံးလို့ရသော Theater တစ်ခုရှိသည်… အပိုင်း(၁)တွင် ဖော်ပြခဲ့သည့်အတိုင်း Fast Pass သုံးရခြင်းမှာ လူကြိုက်များသော… လူကျပ်သော နေရာများဖြစ်သဖြင့် ကျူတန်းရှည်တတ်ခြင်းဖြစ်သည်… Theater ဆိုတော့ သည်းထိတ်ရင်ဖို စီးစရာမဟုတ်သော်ညား Mermaid Lagoon Theater တုန်းက အလွန်မှ စိတ်ကျေနပ်ခဲ့ရသောကြောင့် စဉ်းစားမနေတော့ပဲ ကြည့်မည်ဟုဆုံးဖြတ်ခဲ့သည်… Theater နာမည်ကတော့ Magic Lamp Theater ဖြစ်သည်… အာလာဒင်ရဲ့ တိုင်းပြည်ပုံစံမျိုးဆောက်ထားခြင်းဖြစ်သည်…
ထို အဆောက်အအုံများ ရှိသည့် ၀န်းထဲဝင်လိုက်သည်နှင့် Mermaid Lagoon မှာ ကားခဲ့သော ရေသူမကာတွန်းကားသီချင်းများ… ရေသံလေးများ မကြားရတော့ပဲ… ပုလွေလိုလို… ဘာလိုလိုနဲ့ အာလာဒင်ကာတွန်းကားထဲက သီချင်းသံမျိုးတွေကို ကြားရကာ ခံစားမှုက တကယ်ကို ပြောင်းလဲသွားသည်… အကြားအာရုံ… အမြင်အာရုံ… ဂီတနှင့် လူတွေရဲ့ စိတ်ကို ပြောင်းလဲအောင် ဖန်စားနိုင်လို့ Disney Land ဆိုတာ ကမ္ဘာမှာ နာမည်ကျော်ခြင်းဖြစ်မည်… ၀န်ထမ်းများ၏ ၀တ်စုံတွေကလဲ Mermaid Lagoon ကဲ့သို့ ရေသတ္တ၀ါများမဟုတ်တော့ပဲ အာရပ်နိုင်ငံသားများလို ၀တ်ဆင်ထားကြသည်…
ဝင်ပေါက်လက်ဝဲဘက်တွင် ရေသန့် အအေး ရေခဲမုန့် လှည်းနှင့်ရောင်းသော ဆိုင်လေးရှိပြီး.. အဲဒိနောက်က အဆောက်အအုံထဲမှာတော့ စားသောက်ဆိုင်ရှိသည်… မြေပုံထဲတွင်တော့ Sindbad’s Storybook Voyage လို့ ရေးသားထာပြီး အဆောက်အအုံထဲ အစပိုင်းလောက် အနည်းငယ်ဝင်ကြည့်တော့လဲ ဘာမှ သိပ်စိတ်ဝင်စားစရာမတွေ့…
လက်ယာဘက်အဆောက်အအုံတွင် ၂ထပ်ကွမ်း Ferry Wheel အဆောက်အအုံ ရှိသည်… မြေပုံထဲမှာတော့ Caravan Carousel ဆိုပြီးရေးထားလို့ အစကဘာများလဲလို့တောင်ထင်မိသည်… နောက်မှ Ferry Wheel ကို မြင်းပုံလေးတွေအစား ဂန္တာရတိရိစ္ဆာန်တွေပုံမျိုး အပြင်အဆင်ပြောင်းထားခြင်းသားဖြစ်သည်… Ferry Wheel ကတော့ ကလေးတွေစီးတာဖြစ်ပြီး သိပ်စိတ်လှုပ်ရှာဖို့ မကောင်းတာတစ်ကြောင်း မနေ့က Disney Land မှာလဲ စီးခဲ့ပြီးတာတစ်ကြောင်းတို့ကြောင့် ထပ်မစီးချင်တော့ပါ…
ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင်ပင် Magic Lamp Theater ဆိုသည့် ဆိုင်းဘုတ်တပ်ထားသည့် အတော်လေး ကြီးမား ခန့်ညားသည့်အဆောက်အအုံးကြီးကို တန်းတန်းမတ်မတ်တွေ့ပါသည်… ကြည့်လိုက်တော့ တန်းစီနေသောသူများကလည်းအတော်များသည်… ကံကောင်းချင်တော့ ကျမတို့ မနက်က သရဲအိမ်အတွက် Fast Pass ယူထားခဲ့သော အချိန်မှာ မနက် ၁၀နာရီခန့်ကဖြစ်ပြီး ယခု အချိန် နေ့လည် ၁နာရီခွဲလောက်ရှိပြီဖြစ်သဖြင့် ကျမတို့အတွက် Fast Pass နောက်တစ်ခု ယူမည်ဆိုလျှင် လည်းကောင်း … Magic Lamp အတွက် Fast Pass Available လဲ ဖြစ်သေး
သည်ဆိုလျှင်လည်းကောင်း ယူလို့ရသေးသောအခွင့်အရေးကို သွားသတိရမိကြသည် (Fast Pass rule ကို နားလည်စေရန် အပိုင်း (၁) တွင် ရှင်းပြပြီးဖြစ်သည်)… ထို့ကြောင့် သူငယ်ချင်း ၂ယောက် Fast Pass စက်တွင် အရင်ဦးဆုံးသွား ကြိုးစားကြည့်ကြသည်… ကံကောင်းထောက်မစွာပင် ကျမတို့ ၂ဦးအတွက် ပွဲချိန်၂နာရီ ၁၅မိနစ်အတွက် Fast Pass ရခဲ့သည်… ထိုအခါ ကျမတို့အတွက် အခက်တွေ့ရသည်မှာ ကြားတွင် ၄၅ မိနစ်ပိုနေပြီး… မနက်က ယူထားသော သရဲအိမ်အတွက် အချိန်မှာ ညနေ ၃နာရီမှ ၃နာရီခွဲကြား ဖြစ်သည်… Magic Lamp ပြပွဲက မည်မျှကြာမြင့်မည်ကို ကျမတို့ ၂ဦးမသိ… ထို့အပြင် Magic Lamp ရှိသောနေရာနှင့် Terror House (သရဲအိမ်) ရှိသောနေရာမှာ အတော်လေးဝေးသည်… သရဲအိမ်က ပန်းခြံဝင်ပေါက်အနားတွင်ဖြစ်သည်… လမ်းလျှောက်သွားလျှင် မိနစ် ၂၀မျှကြာမည်… Disney Land ဆိုတဲ့ကစားကွင်းကလည်း အတော်မှ ကျယ်သကိုး… (ပိုမို ပေါ်လွင်နားလည်စေရန်သော်လည်းကောင်း… ဂျပန်တိုကျို ဒစ်စနေစီးကို သွားမယ်သူများအတွက် အသုံးဝင်စေရန်လည်းကောင်း တိုကျိုဒစ်စနေစီးမြေပုံကို ဒီမှာ ဒေါင်းလုပ်ယူနိုင်ပါတယ်…)
လက်ယာဘက် မျှားအသေးပြထားသောနေရာမှ လက်ဝဲအောက်ထောင့်ရှိ သရဲအိမ်သို့ သွားရမှာဖြစ်ပါတယ်...
အချိန်က ကွက်တိဖြစ်ပြီး အမြန်ပြေးနိုင်မှရမည်ဖြစ်သည်… သရဲအိမ် Fast Pass က ၃နာရီခွဲနောက်ဆုံးထားကာ သွားလို့ရသေးသည်… ထို့ကြောင့် ကသုတ်ကရိုက်အ
နည်းငယ်ဖြစ်ရုံကလွဲ၍ သိပ်စိတ်ပူစရာတော့ မလိုလှပေ…
Ariel’s Greeting Grotto
ပြပွဲမစမှီ ၄၅ မိနစ်လိုနေသေး၍ အနီးအနား ဓာတ်ပုံရိုက်ရင
်း လျှောက်ကြည့်ရာ Ariel’s Greeting Grotto ဆိုတဲ့ နေရာလေးတစ်ခုကို အမှတ်မထင်ရောက်သွားပါတယ်… တန်းစီနေတဲ့သူလဲ သိပ်မရှိတာရော… ဘယ်လောက်ကြာစောင့်ရမလဲလို့ ၀န်ထမ်းမိန်းမကိုမေးကြည့်တော့ ၂၅ မိနစ်ပဲတဲ့… ဒီလိုနဲ့ပဲ ကျမတို့လဲ အတော်ပဲဆိုပြီး ဘာမှန်းမသိပင်မဲ့ ၀င်တန်းစီလိုက်ပါတယ်… နောက်တော့ ရှေ့မှာတန်းစီနေတဲ့သူတွေနဲ့ နောက်မှာ လာတန်းစီတဲ့သူတွေကို အကဲခတ်လိုက်တော့ ၄ ၅ နှစ်အရွယ်ကလေးတွေနဲ့ သူတို့ မိဘတွေများသည်… သေချာတာတော့ ကလေးကြိုက်တစ်ခုခုဖြစ်မည်ဟု ယူဆမိသည်… မိနစ် ၂၅ ကြာမည်သာပြောသော်လည်း တကယ်တန်းတော့ ၃၅မိနစ် လောက် စောင့်လိုက်ရသည်… ကိုယ်ကလဲ တန်းစီနေတာ အတော်လေး ရှေ့ရောက်နေပြီဆိုတော့ စိတ်ထဲမှာ လောနေပင်မဲ့ ဆက်စောင့်လိုက်သည်… နောက်မှ သိသည်… Ariel’s Greeting Grotto ဆိုတာ ရေသူမ ကာတွန်းကားထဲက မင်းသမီး ရေသူမလေးပုံမျိုး ၀တ်ထားသော အနောက်တိုင်း အမျိုးသမီးတစ်ဦးနှင့် ဓာတ်ပုံတွဲရိုက်ခြင်းဖြစ်သည်… ကိုယ်ပိုင် ကင်မရာဖြင့် ၁ပုံရိုက်ခွင့်ရှိပြီး… သူတို့ ကင်မရာဖြင့်ရိုက်ကာ ပိုက်ဆံပေးရွေးနိုင်သည်… ထို့ကြောင့် ကျမသူငယ်ချင်း ကင်မရာဖြင့်သာ ကျမတို့ ၂ယောက်တူတူ ရိုက်ခဲ့သည်… (ယခုထက်ထိ အဲဒိ ဓာတ်ပုံကို ကျမဆီ သူ မပို့သေးပါ… ဟွန်း) ဘိုမက အတော်ချောသည်… စောစောက ကြည့်ခဲ့သော Mermaid Lagoon Theater က ဘိုမနဲ့ တစ်ယောက်ထဲလားထင်ရလောက်အောင် ဆင်တူသည်… ၁ယောက်ထဲတော့မဖြစ်နိုင်… တစ်ချိန်တည်းမှာ ဓာတ်ပုံလဲ အရိုက်ခံ ဂျွန်ဘားလဲ ပြနိုင်မည်တော့ မဟုတ်ချေ… ဆင်တူချင်းသာဖြစ်မည်… ချောလိုက်တာတော့ မှုန်နေအောင်ပင်ဖြစ်သည်… အဆင်ပြေသည်က သူနှင့် အင်္ဂလိပ်လို ပြောလို့ရသဖြင့် ကိုယ်နဲ့ ကောင်းကောင်း Communicate လုပ်လို့ရသူရှိလို့ အားတက်မိသည်… နောက်မို့ဆို “ဟိုင်း” နဲ့ “အီရဲ့” ၂ခုနဲ့တင် ရွာလည်နေသည်… ဒါပေမဲ့လဲ ကြာကြာ လေမရှည်ဖြစ်ခဲ့ပါ… ဓာတ်ပုံရိုက်ပြီးသည်နှင့် ကျမတို့ ၂ယောက်လဲ အမြန် Magic Lamp Theater ဘက်ကို ပြေးကြတော့သည်…
Magic Lamp Theater
Magic Lamp Theater ရှေ့ တန်းစီနေသောသူများနှင့်အတူ...
ဟိုရောက်တော့ လူတွေ ၀င်နေကြပြီ… ကျမတို့က အတော်ပင်… တန်းစီစရာမလိုပဲ ဘေးမှနေ၍ Fast Pass ပြကာ တန်းဝင်သွားလို့ရသည်… (အရသာရှိလိုက်လေခြင်း)… အထဲရောက်တော့ ပွဲဈေးတန်းက မျက်မှန်ပုံမျိုး ကော်မျက်မှန်တွေကန်းသည်… ဘာရယ်မှန်းတော့ မသိ… ပေးတော့လဲ ယူပြီး ကောက်တတ်ကြည့်လိုက်သည်… ဘာမှလဲ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိ… အတွင်းပိုင်း အပြင်အဆင်ကတော့ ရတနာ ဗုံးတွေလိုလိုဘာလိုလိုပုံထားပြီး အပုံရဲ့ အလယ်ထိပ်နားမှာ မြွေထည့်ထားတဲ့ အိုးလိုလို ပလိုင်းလိုလိုပုံလေးရှိသည်… ခဏနေ ရုံပိတ်ပြီးတော့ အဲဒိထဲက မြွေရုပ်ထွက်လာပြီး ပုံပြင်စပြောသည်… ဘာမှ သိပ်ထူးထူးခြားခြားမရှိလှ… မတ်တပ်ရပ်ပြီးကြည့်ရသေးသည်… ကိုယ့်ရှေ့က အရပ်ရှည်တဲ့သူလာပိတ်ရင် မမြင်ရသေး… မြွေကလဲ ဂျပန်စကားပြောနေတာဖြစ်သည်… တစ်လုံးမှ နားမလည်… တစ်ခါတစ်လေတော့ နံရံတွေပေါ်မှာ ပရိုဂျက်တာနဲ့ အာရပ်လူမျိုးကောင်လေးပုံစံနှင့် ကာတွန်းလေးတွေပြသည်… အဲဒိမြွေက အဲဒိ ကောင်လေးအကြောင်း ပြောနေပုံရသည်… သူတို့ကမ်းတဲ့ မျက်မှန်တပ်ကြည့်ရင်များထူးခြားမလားလို့ တပ်ကြည့်တော့လဲ ဘာမှ မထူးခြား… ပြေးလာရကျိုး မနပ်လေခြင်းဆိုပြီး နဲနဲလေးတော့ စိတ်ပျက်သွားသည်…
ဒါပေမဲ့ ၁၅ မိနစ်လောက်နေပြီးတော့ ပြီးသွားပြီထင်ထားပင်မဲ့… မထင်မှတ်ပဲ အတွင်းဘက်က နံရံကြီးက ပွင့်သွားကာ နောက်ထပ် ဇာတ်ရုံတစ်ရုံထဲကို ၀န်ထမ်းတွေက ဦးဆောင်ခေါ်သွားသည်… အတွင်းပိုင်း ဇာတ်ရုံက အတော်သားနားသည်… ငယ်ငယ်က မြန်မာပြည်မှာ အမျိုးသားဇာတ်ရုံသွားတုန်းက ခံစားချက်မျိုးဖြစ်သည်… အမျိုးသားဇာတ်ရုံလို ထိုင်ခုံနေရာချထားခြင်းဖြစ်သည်… ပြီးတော့ လူတွေကို စနစ်တကျ အတန်းအလိုက် ထိုင်စေသည်… ဘယ်သူမဆိုတော့ စင်နဲ့တည့်တည့်အလယ်မှာ ထိုင်ချင်မည်ဖြစ်သည်… ထိုအထဲတွင် ကျမတို့ သူငယ်ချင်း ၂ယောက်လဲပါသည်… ထို့ကြောင့် အတန်းတစ်တန်းအစတွင် အရင်ဆုံးဖြစ်ရန် ချိန်လျှောက်ပြီး ၀င်လိုက်သည်… သို့သော် ဒီမှာလဲ အထာမသိ၍ ထပ်ခံလိုက်ရပြန်သည်… ခုံတန်းစစချင်း ၀င်လိုက်သောကြောင့် ဟိုးဘက် အတွင်းဘက်အထိကိုယ်က ၀င်ပေးရသည်… သို့မှသာ နောက်လူများကလဲ လမ်းကိုပိတ်မိခြင်းမရှိပဲ ကိုယ့်နောက်ကနေ အစဉ်လိုက်နေရာယူနိုင်မည်ဖြစ်သည်… ကျမတို့ အနေနှင့် ကိုယ်က ရှေ့ကလူပဲ ငါကြိုက်တဲ့ အလယ်ခုံမှာပဲ ထိုင်လိုက်မှာပေါ့ဟု တယူသန် အတ္တကြီးလိုက်လို့ရပေမဲ့… တခြားမည်သူမှ အဲလိုလုပ်သည်ကိုမတွေ့သည့်အပြင်… အားလုံးက နိုင်ငံကြီးသားပီသစွာ အစဉ်လိုက်အတိုင်းသာ အေးဆေးထိုင်ကြသည်… ကျမတို့လဲ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာကျမည်စိုးသဖြင့် နိုင်ငံကြီးသား ပီသစွာ ဟိုးဘက် အတွင်းဘက် ထောင့်ခုံမှာ အောင့်သက်သက်နှင့် ထိုင်လိုက်ကြပါသည်… (အောင့်သက်သက်ဖြစ်ရခြင်းမှာ ကျမတို့ အတွက် အဲဒိနေရာကို နောက်ထပ်ရောက်ဖို့ ဆိုသည်မှာ မသေချာ… အသေချာဆုံးအချိန်တွင် ရသမျှကို ဖြစ်နိုင်လျှင် အကောင်းဆုံးလိုချင်သည်… သူတို့ ဂျပန်တွေအတွက်က ဘယ်အချိန်လာလာ လာလို့ရနေသောနေရာမဟုတ်ပါလား…)
တော်ကြာ ဒီလောက်နေရာလေးကိုတောင် အဆင့်မရှိလိုက်လုနေတယ်ဆိုလျှင် ဂျပန်လိုလဲ မပြောတတ်… မျက်နှာကလဲ ဘိုမ မဟုတ်တော့ ဘယ်နိုင်ငံကလဲဆိုရင် မြန်မာပြည် ကိုယ့်ကြောင့် သိက္ခာထပ်ကျနေမှာစိုးသဖြင့် ဘယ်သူမှ မပေးပေမဲ့ ကိုယ့်ကိုကိုယ် နိုင်ငံ့ဂုဏ်ဆောင်ဘွဲ့ပေးကာ စိတ်ဖြေသိမ့် ဂုဏ်ယူနိုင်ခဲ့သည်…
သို့သော်ပွဲစပြတော့ အရာရာမေ့ကာ ပွဲထဲမှာ မျောပါသွားသည်… စစချင်း အာလာဒင်မီးခွက်ပိုင်ရှင် မင်းသားလေးပုံ ၀တ်ထားတဲ့ ဂျပန်ကောင်လေးတစ်ယောက်စင်ပေါ်ကိုထွက်လာပြီး ဂျပန်လိုတွေ ဇာတ်ခင်းသည်… နောက်လူဆိုးတစ်ယောက်လဲပါသည်… နောက်ပြီး အပေါ်က ပိတ်ကားပေါ်က အာလာဒင်ကြီးပါသည်… ထူးခြားသည်က သူတို့ အ၀င်ဝမှာ ကမ်းသည့် မျက်မှန်ကို တပ်ကြည့်လျှင် တကယ်ပင် ပိတ်ကားပေါ်က အာလာဒင်က ကြွတက်နေသည်… အဲဒိအာလာဒင်ကြီး လက်ညှိုးထိုးလိုက်လျှင် တကယ်ပင် သူ့လက်ညှိုးကြီးက ကိုယ့်ရှေ့လာထိုးနေသလိုပင်… အာလာဒင်ကြီးက ပိုက်ဆံတွေ ကျဲလျှင် တကယ်ပင် ကိုယ့်ရှေ့မှာ ဒေါ်လာတွေ လွင့်နေသလိုပင်… ကျမတောင် မရနိုင်မှန်းသိပေမဲ့ ကြိုးစားပြီး ဖမ်းဆုတ်ကြည့်သေးသည်… မျက်မှန်ချွတ်ပြီး ဘေးကလူတွေကိုကြည့်တော့ သူတို့လဲ ပိုက်ဆံတွေကို မရမှန်းသိပင်မဲ့ လိုက်ဖမ်းနေကြသည်… အတော်ကြည့်ကောင်းသည်…
ကျမဟာ တော်ရုံတန်ရုံ 3D ပုံတွေ မကြည့်တတ်ပါ… မလေးရှားတို့ မြန်မာပြည်တို့မှာ 3D ရှိုးပွဲ တွေ ကျမ၀င်ကြည့်ခဲ့ဖူးသည်… ကျမအတွက် ဘာမှ ထူးထူးခြားခြားမမြင်ရသည့်အပြင် ခေါင်းမူးပြီးသာ ပြန်ထွက်လာရတတ်သည်… ဒီဂျပန် အာလာဒင်က 3D ဟုတ်မဟုတ်တော့ ကျမ မသေချာပါ… ဒါပေမဲ့ မျက်မှန်တပ်ထားလျှင်တော့ ကားချပ်ပေါ်က အာလာဒင်က အမှန်ပင် ကြွတက်နေပြီး ကိုယ့်ရှေ့မှာ စကားလာပြောနေသယောင်ပင်ရှိသည်… ကားချပ်ထဲက အာလာဒင်က အပြင်က မီးခွက်ပိုင်ရှင်ကောင်လေးကို ခေါင်းခေါက်လိုက်လို့ အပြင်က ကောင်လေးကနာသွားတဲ့ ပုံစံလုပ်တာမျိုး… အပြင်ကကောင်လေးက ကားချပ်ကို ကျောပေးထားရက်နဲ့တောင် အနောက်က Virtual world ကားချပ်ထဲက အာလာဒင်နဲ့ အချိတ်ဆက်ရှိရှိ သရုပ်ဆောင်နိုင်သည်… အတော်ပင်လေ့ကျင့်ထားပုံလဲရသည်… မျက်မှန်တပ်ကြည့်လျှင်တော့ တကယ် ခေါင်းခေါက်လိုက်သည်ထင်ရပင်မဲ့ မျက်မှန်ချွတ်ကြည့်လျှင်တော့ သိပ်သရုပ်မပေါ်သည့်အပြင် ကောင်လေးသရုပ်ဆောင်နေတာ ကြောင်တောင်တောင်နိုင်လှသည်… ကျမတို့ ပရိတ်သတ်တွေအတွက် သတိမထားလိုက်မိကြပေမဲ့… Performance ကောင်းကောင်းတစ်ခုရဖို့အတွက် အသေးစိတ်လေးက အစပိုင်နိုင်မှ လူ့စိတ်ကို ညှို့ယူနိုင်မည်ဖြစ်သည်လို့ ကျမစိတ်ထဲ စဉ်းစားမိသည်… ထိုသို့ အချိတ်အဆက် ကောင်းနေအောင် သူ အကြိမ်ပေါင်း ရာထောင်မက လေ့ကျင့်ထားရမည်ထင်သည်… ထို့အတွက် ကျမတို့လို ဂျပန်လို နားမလည်သောပရိတ်သတ်များတောင် သူတို့ရဲ့ ဖျော်ဖြေမှုမှာ မျောပါသွားရသဖြင့် သူတို့ကို အတော်လေး လေးစားမိသည်… ပြပွဲက ၁၅ မိနစ် လောက်သာ ကြာမြင့်သည်… ပြီးဆုံးတော့ ဖော်ရွေသော ၀န်ထမ်းများ၏ နှုတ်ဆက်သံနှင့်အတူ ရုံထဲမှ အမြန်ထွက်ခဲ့ကြပြီး… Terror House (သရဲအိမ်) သို့ သူငယ်ချင်း ၂ယောက် သုတ်ခြေတင်ပြေးခဲ့ကြသည်…
သွားရင်းလမ်းတွင် ရေသူမကာတွန်းကားထဲက မင်းသားလေးလိုဝတ်ထားသော ၀န်ထမ်း ဘိုတစ်ယောက်နှင့် ထိုကားတွန်းကားထဲမှ စားဖိုမှူးပုံ အရုပ်ကြီးစွတ်ထားသော သူများကို တွေ့သဖြင့် ဓာတ်ပုံတူတူ ၀င်ရိုက်ဖြစ်ခဲ့သေးသည်… မင်းသားလိုဝတ်ထားသောဘိုက အလှပြနေတုန်း သူ့ကို သီးသန့်ရိုက်ဖြစ်သေးသည်… ဂျပန်မတွေကလဲ တစ်ယောက်မှ မပြောရဲ သဖြင့် (မပြောတတ်တာလဲ ဖြစ်နိုင်သည်) သူ့တစ်ယောက်တည်းကိုပဲ ဓာတ်ပုံတွေဝိုင်းရိုက်နေသည်… စားဖိုမှူးပုံ အရုပ်ကြီးကတော့ မအား… လူတွေက ဓာတ်ပုံတွဲရိုက်နေသည်… ဒါနဲ့ ကျမလဲ မင်းသားလေးနားသွားပြီး ဓာတ်ပုံတူတူရိုက်လို့ရမလားလို့ မေးတော့ ဟိုက အားရ၀မ်းသာပြုံးရွှင်လျက် ရပါတယ်ဆိုလို့ သူငယ်ချင်း ၂ယောက်တူတူတွဲရိုက်ဖြစ်ခဲ့ကြသေးသည်… ပန်းခြံဝန်းထမ်းမိန်းမတစ်ယောက်က ရိုက်ပေးသည်… စေတနာနဲ့ အကူအညီပေးမှုကို အသိအမှတ်ပြုပေမဲ့… သူရိုက်ပေးသည့်ပုံကို သိပ်စိတ်တိုင်းမကျလှပါ… သူက ကိုယ်တစ်ပိုင်းပဲရိုက်ပေးသည်… ကိုယ်တစ်ပိုင်းပဲ မင်းသားလေးရဲ့ ၀တ်စုံပြည့်မပါတော့ တခြားလူတွေကိုပြလျှင် ဒစ်စနေစီးက ရေသူမကားတွန်းကားထဲက မင်းသားလေးဆိုတာ ဘယ်သူမှ မမှတ်မိနိုင်ပေ… အဓိကက လူထက် ၀တ်စုံကိုပိုဦးစားပေးရိုက်သင့်သည်ဟုထင်သည်…
သို့သော် ရိုက်ပြီးတာနှင့် မင်းသားလေးရော စားဖိုမှူးအရုပ်ပါ အတွင်းဘက်သို့ ပြန်ဝင်သွားကြသည်… မင်းသားလေး လုပ်တဲ့ ဘိုကတော့ ညနေ ဘယ်နှစ်နာရီမှာ သူပြန်ထွက်လာပါမယ်ဆိုတာကို အင်္ဂလိပ်လိုပြောသွားသည်… သို့သော် ကျမတို့မှာ ပြန်လာဖို့ အချိန်မရဘူးဆိုတာတော့ သူမသိရှာလေရော့သလား…
Terror House (သရဲအိမ်)
သူတို့တွေ ဘယ်လို Technology တွေ သုံးထားသလဲတော့မသိ… ကျမစိတ်ထင်တော့ လူတွေရဲ့ အမြင်ကို လှည့်စားခြင်းဖြစ်မည်… အစထဲက ထိုလူရိုင်းရုပ်သည် မီးစလိုက်နှင့်သာ အမြင်အာရုံအရသာ ရှိခြင်းဖြစ်မည်… တကယ်ရုပ်ထုကြိး ရှိနေခြင်းမဖြစ်နိုင်… ကျမအထင်ပြောခြင်းဖြစ်သည်… ဟုတ်မဟုတ်မသိပါ… တကယ်ဖြစ်နေတာမဟုတ်ဘူး… တမင် အသံတွေ မီးတွေနဲ့ လူ့စိတ်ကို ဖမ်းစားနေတာမှန်းသိပင်မဲ့ ဘာမဆိုင်ညာမဆိုင် နဲနဲတော့ ကြောက်သည်… ကျမတွေ့ဖူးသည့် Genting (Malaysia), Happy world (Myanmar) သရဲအိမ်တော်တော်များများက အဲလို ခြောက်ခြင်းမဟုတ်… သူက လူတွေ အများကြီးရှိရက်နှင့်ပင် ဖြစ်ရပ်မှန်ဆန်လွန်းသည်က တစ်ကြောင်း… သူတို့သုံးသော Effect တွေက ကောင်းသည်ကတစ်ကြောင်းကြောင့် ထိုသို့ ခံစားရခြင်းဖြစ်မည်…
အရုပ်ကြီးရီသံနက်နက်ကြီးနဲ့အတူ အရုပ်ကြီး ပျောက်သွားပြီးနောက် အတွင်းဘက်ဧည့်ခန်း တံခါးကြီး ပွင့်လာကာ နောက်ထပ်ဝန်ထမ်းတစ်ယောက်၏ လမ်းညွှန်ရာကို ဆက်လိုက်သွားရသည်… အိမ်ကြီးအတွင်း၌ ရှေးဟောင်းပစ္စည်းပုံစံများ စုံလှသည်… အီဂျစ်က ရုပ်ထုကြီးတွေလဲရှိသည်… ကျမ ဗွီဒီယိုတောင်ရိုက်လိုက်သေးသည်… နောက်တော့ ၀န်ထမ်းက မရိုက်ရဟုလာပြောသောကြောင့် ပြန်သိမ်းလိုက်သည်… အထဲမှာလဲ ထပ်ပြီး တန်းစီနေသောသူတွေတော်တော်များသည်… သရဲအိမ်အပြင်မှာတုန်းကတော့ လူတွေ ငယ်သံပါအောင်အော်နေကြသည်ကို ကြားနေရသည်… ယခုထက်ထိတော့ ငယ်သံပါအောင် အော်စရာ ကျမတို့မတွေ့သေး… လူတွေ တန်းစီနေတာသာတွေ့သည်…
မိနစ် ၂၀ လောက် တန်းစီပြီးနောက် ကျမတို့ကို အပေါ်ထပ်များကို ဆက်သွားရန် ဓာတ်လှေကားကို လိုက်ပို့ပေးသည်… ဓာတ်လှေကားကြီးက Cargo Lift ပုံစံမျိုး အကြီးကြီး… ထိုင်ခုံတွေနှင့် ခါးပတ်တွေပါသည်… ဓာတ်လှေခါးတစ်စီးကို အယောက် ၂၀ ခန့် ဆန့်မည်ထင်သည်… ၀န်ထမ်းများက ခါးပတ်တွေ သေချာစွာပတ်ရန် လိုက်စစ်ဆေးသည်… ထို့နောက် ၀န်ထမ်းများက မလိုက်တော့… ဓာတ်လှေကားတံခါးကြီး ဖြေးညှင်းစွာပိတ်သွားတော့ ပြုံးပြုံးလေးလက်ပြနေတဲ့ ၀န်ထမ်းမပါတော့ နည်းနည်းတော့ အားငယ်သွားသည်… တစ်ခုခုတော့ ဖြစ်တော့မည်ဆိုတာ သိလိုက်သည်… တံခါးကြီးပိတ်သွားသည်နှင့် အရာရာ ပိန်းပိတ်အောင် မှောင်သွားသည်… တော်ရုံတန်ရုံ မြန်မာပြည်က မီးပျက်ထဲမှာ နေဖူးသော အတွေ့အကြုံရှိသည့် ကျမနှင့် ကျမသူငယ်ချင်းတောင် အနဲငယ် တုန်လှုပ်မိလို့ တစ်ယောက်နဲ့တစ်ယောက်လက်ကိုင်ထားရသည်… (မြန်မာပြည်မှာ လရောင်ရှိသေးသည်မဟုတ်ပါလား…)
ထို့နောက် အမှောင်ထဲမှာပင် ဓာတ်လှေကားကြီး ဖြေးညှင်းစွာတက်သွားသည်… ကျမစိတ်ထင် ၃ ၄ ထပ်လောက်ရောက်တော့ ဓာတ်လှေကားကြီးရပ်သွားသည်… ကျမတို့ရှေ့က Screen မှာ ဟောခန်းကြီးလိုလို အခန်းကြီးထဲတွင် စောစောက အင်္ဂလိပ် သူဋ္ဌေးကြီးနှင့် လူရိုင်းရုပ်ကြီး စကားတွေပြောပြီး အင်္ဂလိပ်ကြီးက အတော်လေးကို စိတ်ဆိုးနေတဲ့ပုံတွေမြင်ရသည်… ထို့နောက် အရုပ်ကြီးမျက်လုံးက အစိမ်းရောင် မီးများထွက်လာပြီး အဖိုးကြီးကို ထိကာ အဖိုးကြီးသေဆုံးသွားသည်… ကြည့်နေရင် တဖြည်းဖြည်းနှင့် လူရိုင်းရုပ်ကြီးက ကျမတို့ဘက်လှည့်ကာ သူ့မျက်လုံး စိမ်းစိမ်းကြီးတွေနှင့်ကြည့်ကာ ဂျပန်လိုတွေပြောပြီး ရီသံနက်နက်ကြီးနှင့်ရီသည်… ကျမကိုယ်ဘာသာကိုယ်ဘာသာပြန်လိုက်တာတော့ “မင်းတို့ကိုလဲ ငါကြိမ်စာတိုက်လိုက်ပြီ… ငါ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ… တိုက်ပေါ်က ပြုတ်ကျပြီးသေတော့မယ်” လို့ ပြောလိုက်တာဖြစ်မည်…ပြောရင်း ပျောက်သွားသည်… ပြီးတော့ Screen ထဲမှာ ကျမတို့ အားလုံးပုံတွေ reflect ဖြစ်ပြီးပေါ်သည်… ကိုယ့်ပုံကိုယ်ကြည့်ကောင်းရင်း နောက်ဘာဖြစ်အုံးမလဲတွေးနေတဲ့ အချိန်မှာပင်… ကျမတို့ ဓာတ်လှေကားကြီးက အရှိန်နဲ့ အပေါ်ကို ထိုးတက်သွားသည်… စပါပြီ…
ဒါပေမဲ့ အဲဒိထိလဲ သိပ်တော့ ကြောက်ဖို့မကောင်းသေးပါ… ဘာဆက်ဖြစ်မလဲဆိုတာတော့ ခန့်မှန်းလို့ရနေပါပြီ… အပေါ်ဆုံးထပ်ရောက်တော့ ပြတင်ပေါက်မှန်အကွဲကြီးကနေ အပြင် Disney Sea ကြီးကို လှမ်းမြင်နေရသည်… အတော်လေး ရှူခင်းလှသည်… အပြင်ရာသီဥတု လေအေးအေးလေးကလဲ တိုက်နေသည်… စောစောက မှောင်မှောင်ထဲမှာ နေခဲ့ရသဖြင့်… ခုတော့ စိတ်က အနည်းငယ် Fresh ဖြစ်သွားသည်… နောက်ထပ်ဖြစ်မှာကိုလဲ သတိနဲ့ နေရသည်… ၁၅ စက္ကန့်လောက် ပြတင်းပေါက်မှာပြပြီးတော့ ဓာတ်လှေကားကြီး ရုတ်တရက် နည်းနည်းပြန်ကျသည်… တော်တော်လေး ကျပြီထင်ပင်မဲ့ အရမ်းတော့ မဟုတ်… အနည်းငယ် တုန့်သွားခြင်းသာဖြစ်သည်… (နောက်တော့မှသိသည်… အဲဒိနေရာမှာ ဓာတ်ပုံလှမ်းရိုက်ခြင်းဖြစ်သည်)…
အဲဒိအချိန်တုန်းကတော့ ဓာတ်ပုံလှမ်းရိုက်လိုက်မှန်း မသိလိုက်ဘူး...
ထို့နောက်တော့ ငရဲခန်းစပါပြီ… ၀ှီးကနဲ ဓာတ်လှေကားကြီးက အရှိန်နှင့် ကျသွားလိုက်တာ… ထိုင်ခုံနှင့် တင်ပါး မထိ… ခါးပတ်နှင့်သာ ထိန်းထားရသည်… အမှောင်ထုထဲကို ကျသွားသဖြင့် ဘေးကလူများကိုလဲ မမြင်ရ… အဲဒိအချိန်မှာတော့ တကယ်ကို ကိုယ်တစ်ယောက်ထဲလိုခံစားရသည်… ဘာမှလဲမမြင်ရ… ကိုယ်ဘယ်အမြင့်ကိုရောက်နေသည်ဆိုတာလဲ ခန့်မှန်းလို့မရ… အမှန်တော့ ကျန်တဲ့သူတွေလဲ ကျမလို ခံစားနေရမည်ပင်… အနည်းဆုံး ကျမ သူငယ်ချင်းလဲ ကျမနဲ့ ထပ်တူခံစားနေရမည်ဖြစ်သည်… ဓာတ်လှေကားကြီးက ပြန်တက်သွားလိုက်… ၀ှီးခနဲ ပြန်ကျလိုက်နှင့်… စိတ်ထဲတွင် အကယ်၍များ ရုပ်ရှင်တွေထဲကလို အဲဒိ အရုပ်ကြီးက တကယ့် ကျိန်စာသင့်တဲ့ အရုပ်ကြီးဖြစ်ပြီ ဒါစီးရင်းနဲ့ ငါတကယ်သေသွားမှ ဒုက္ခဆိုပြီး အဓိပ္ပါယ်မရှိ တွေးကြောက်လိုက်သေးသည်… တစ်ချက် တစ်ချက် ဟိုးအပေါ်ဆုံးက ပြတင်ပေါက်အထိ ခဏလေးတက်သွားသည်… အဲလိုဆိုလျှင် ကျမတို့ အမြင့်ဆုံးအထပ်ကိုရောက်နေတာ ခန့်မှန်းနိုင်သည်… ထို့နောက်ပြန်ကျသွားပြန်သည်… ကျမကတော့ အဲဒါတွေစီးရင် မအော်ပဲ မနေနိုင်… အသံကုန်ကို အော်ပြစ်လိုက်သည်… ၄ ၅ ခါလောက် အတက်အကျဖြစ်ပြီးတော့ ဓာတ်လှေကားရပ်သွားပြီး… တံခါးပွင့်လာကာ ၀န်ထမ်းများ၏ အပြုံးမျက်နှာများကို ပြန်မြင်ရသည်… ထို့နောက် ကျမလဲ အမှတ်တရ ဓာတ်ပုံကို ယမ်း ၂၀၀၀ နှင့် ရွေးကာ နောက်တစ်နေရာသို့ ဆက်ခဲ့ကြသည်…
နောက်ထပ်ဘယ်နေရာသွားရင်ကောင်းမလဲ ကြည့်လိုက်တော့ Fast pass လိုသော နေရာတွေထဲတွင် ၄ နေရာသာ ကျန်တော့သည်… အချိန်က ညနေ ၃နာရီ ၄၅ မိနစ် ခန့်သာရှိသေး၍ ပထမနေ့ တိုကျိုဒစ်စနေလမ်းတုန်းကထက်စာလျှင် ကိုယ့်ကိုကိုယ် အချိန် စီမံခန့်ခွဲမှု တိုးတက်လာတယ်လို့ သူငယ်ချင်း ၂ယောက် အပြိုင်အဆိုင် တစ်ယောက်ကို တစ်ယောက် ချီးကျူးကျေနပ်မိကြသေးသည်…
နေလေး မ၀င်ခင် လမ်းမှာ ကြုံတဲ့နေရာလေးတွေ ဓာတ်ပုံရိုက်ကြသည်… မြေပုံထဲက Columbia သဘောင်္ကြီးရှိရာဘက်အခြမ်းက လျှောက်ရင် သူငယ်ချင်း ၂ယောက် ဓာတ်ပုံတွေ တ၀ကြီးရိုက်ဖြစ်ကြသည်… စောစောက ဟိုပြေးဒီပြေးလိုက်စီးထားရသဖြင့် အနည်းငယ် အင်ဂျင်ကို အရှိန်သတ်ထားခြင်းဖြစ်သည်… ထို့နောက် ဖြေးဖြေးချင်း မီးတောင်ကြီးရှိရာ Mysterious Island ဘက်ကို ချီတက်ခဲ့ကြသည်…
ဓာတ်ပုံရိုက်ရန် photospot ဟုပြထားသော နေရာများမှ ရိုက်လျှင် အကွက်အကွင်းကောင်းသော ရှုခင်းများကိုရနိုင်သည်... သရဲအိမ်နှင့် Columbia သဘောင်္
Journey to the Center of the Earth
အပိုင်း (၁)မှာ ရေးခဲ့သည့်အတိုင်း ကျမတို့ ၂ယောက် အစီးချင်ဆုံးဖြစ်သော မီးတောင်တွင်းရှိ Journey to the Center of the Earth ဆိုတာကို စက်ချို့ယွင်းမှုကြောင့် မစီးခဲ့ရသေးသဖြင့် … ယခုအခါတွင် စက်ပြန်ကောင်း၍ လူများ စီးနေသည်ကို သိသဖြင့် ထပ်မံသွားရောက်ခဲ့ကြသည်…
ကံအားလျော်စွာ ၄၅ မိနစ်သာစောင့်ရမည်ဟု ပြောသဖြင့် ၀မ်းသာအားရ ၀င်တန်းစီဖြစ်ကြသည်… တန်းစီသော တန်းများကပင် မီးတောင် ဂူကြီး အတွင်းပိုင်းပုံစံမျိုးဆောက်ထားခြင်းဖြစ်ပြီး သတိပေးကြေညာချက်များကိုလဲ တွေ့နိုင်သည်… ၄၅ မိနစ်ကြာ စောင့်ဆိုင်း တန်းစီပြီးနောက် ကျမတို့ မျှော်လင့်ခဲ့ရသော ယာဉ်ကြီးကိုရှေ့ဆုံးကနေ စီးခွင့်ရပါသည်… ၂ယောက်တစ်တွဲထိုင်ရခြင်းဖြစ်ပြီး ယာဉ်တစ်စီးတွင် ၈ ယောက် (သို့) ၁၀ ယောက်ခန့်ပါမည်ထင်သည်… (သိပ်မမှတ်မိတော့ပါ)… ရထားတွဲ အသေးစားပုံစံမျိုးလေးဆိုပေမဲ့ ဘေးမှာ တံခါးမပါပါ… ရှေ့မှာလဲ မှန်မပါပါ… ခါးပတ်သာ ပတ်ထားရပါသည်… ရှေ့ဆုံးကထိုင်ချင်လို့ တကူးတက တောင်းဆိုခဲ့သော်လည်း တကယ်တမ်းစီးကြည့်တော့ ဘယ်နေရာထိုင်ထိုင် တူတူပဲပင်ဖြစ်သည်ကို တွေ့ရှိရသည်… ဘာလို့လဲဆိုတော့ ယာဉ်စထွက်တာနှင့် ပိန်းပိတ်အောင် မှောင်နေသော လှိုင်ဂူကြီးအတွင်းသို့ ၀င်သွားသောကြောင့်ဖြစ်သည်… ဘေးပတ်ဝန်းကျင်ကိုဘာမှ မမြင်ရ… သို့သော် ခံစားကြည့်လို့ရသည်… ဂူထဲဝင်သွားသည်နှင့် အနည်းငယ်ပူလာသည်… လုံးဝမှောင်ကျမသွားခင်ကတော့ မီးတောင် ချော်ရည်လိုလိုတွေကို မြင်ခဲ့ရသည်… ထို့နောက်တော့ ပူတာမှ လွဲ၍ ဘာမှ မခံစားရ… အသံတွေကလဲ မီးတောင်အတွင်းပိုင်းက အသံမျိုးတွေ… (ကျမလဲ မပြောပြတတ်… ဒါပေမဲ့ ခံစားနေရတာတော့ ကျမတကယ်ကို မီးတောင်ထဲရောက်နေသလိုပင်)… နောက်တော့ ရေငွေ့တွေကိုလဲ ခံစားရသေးသည်…
နောက်တော့ တစ်ဟုန်ထိုး အတက်တွေ အကျတွေဖြစ်သည်… အားလုံးက ပိန်းပိတ်အောင် မှောင်နေသဖြင့်… ရှေ့တွင် အတက်လား… အကျလားခန့်မှန်းလို့မရ… ဤအခါကျမှ အမှောင်ထုထဲမှာ ယာဉ်စီးရခြင်းသည်… ယခင်ကလို outdoor အလင်းထဲမှာ စီးရခြင်းထက်ပိုကြောက်ဖို့ကောင်းသည်ဆိုသည်ကို သိရှိသွားသည်… အရင်က Roller coaster စီးလျှင် အရှေ့ကို မြင်နေရသဖြင့် အောက်နိမ့်တော့မည်ဆိုလျှင် ကြိုတင် စိတ်ပြင်ဆင်ကာ ကိုင်ထားလို့ရသည်… ယခုအခါမှာတော့ လုံးဝ လက်ကို မလျှော့လိုက်ရဲ… လုံးဝ စိတ်ကို မလျှော့လိုက်ရဲ… ဘယ်အချိန် ၀ှီးခနဲ အောက်ပြုတ်ကျသွားမည်.. ဘယ်အချိန် အင့်ခနဲ အပေါ်တက်သွားမည်ကို ဘာမှ ကြိုမသိနိုင်သောကြောင့်… လက်ကို ကြပ်ကြပ်ကိုင်ကာ ခေါင်းကို ငုံ့၍ စီးနေရသည်… လှိုင်ခေါင်းအတွင်းမှာလဲ ပူလိုက် အေးလိုက်နှင့်… တစ်ခါတစ်လေတော့ ဟိုးအပေါ်နားလောက်ကျမှ လှိုင်ခေါင်းကို ခဏဟထားသော နေရာကို ယာဉ်က ဖြတ်သွားမှ ကျမတို့ အတော်လေး မြင့်တဲ့နေရာကို ရောက်နေမှန်းခန့်မှန်းလို့ရသည်… တစ်ခဏလေး အပြင်လောကကို မြင်ခွင့်ရတတ်သည်… အမှောင်ထုရဲ့ မွန်းကြပ်မှုနဲ့ မခန့်မှန်းနိုင်မှုကို အဲဒါစီးအပြီးမှာ အတော်လေး နားလည်သွားသည်… ဘာပဲပြောပြော အခွင့်အရေးရမည်ဆိုလျှင် နောက်တစ်ခေါက်တော့ ထပ်စီးကြည့်ချင်သေးသည်…
(အမှန်တော့ ဒစ်စနေစီး အကြောင်းကို အပိုင်း ၂ နှင့် အပြီးရေးမည် စိတ်ကူးထားသော်လည်း… အကျွန်ုပ်၏ လေရှည်မှုများကြောင့် အပိုင်း ၃ဆက် ရပါမည်… ယခုတော့ ပိုစ့်လဲ အလွန်ရှည်နေပြီဖြစ်သဖြင့်… နားမယ်ကွယ်…)
Tuesday, July 14, 2009
Meteor Garden Vs Hana Yori Dango Vs Boys Before Flowers
ပုံမှန်အတိုင်းတော့ ကျမ ရုပ်ရှင်တွေ ပြန်ရိုက်ကားတွေကို သိပ်သဘောမကျပါဘူး… ဒါပေမဲ့ ခုပြောမဲ့ကားတွေကတော့ ပြန်ရိုက်တာကိုမှ တစ်ဦးနဲ့ တစ်ဦးမတူအောင်… သူ့ထက်သူသာအောင် ပြိုင်ဆိုင်ပြီး ရိုက်ထားတာကတစ်ကြောင်း… ကျမကို Drama Fever တွေ စပြီးပေးခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့်တစ်ကြောင်း တို့ကြောင့်… အဲဒိ သုံးကားလုံးကို နှိုင်းယှဉ်ချင်လို့ အချိန်ကုန်ခံပြီးတော့ကို ၃ကားလုံးကို ကြည့်ဖြစ်ခဲ့ပါတယ်… ၃ကားလို့သာပြောတာပါ… အမှန်တော့ ဇာတ်လမ်းက တစ်ခုတည်းပဲ… ဂျပန်က Comic ကာတွန်းကို ရုပ်ရှင်ပြန်ရိုက်ထားတာ…
၂၀၀၁ ခုနှစ်မှာ ထိုင်ဝမ်က Meteor Garden ဆိုတဲ့အမည်နဲ့ အရင်ဆုံး ဇာတ်လမ်းတွဲရိုက်တယ်….
Photobucket
၂၀၀၈ ခုနှစ်မှာ ဂျပန်က Hana Yori Dango ဆိုပြီး အဲဒိဇာတ်လမ်းကိုပဲ ပြန်ရိုက်တယ်…
Photobucket
၂၀၀၉ခုနှစ်မှာတော့ Boys Before Flowers ဆိုပြီးတော့ ကိုရီးယားက လတ်တလော နာမည်ကြီးနေတဲ့ ဇာတ်လမ်းအနေနဲ့ တွေ့နိုင်တယ်…
Photobucket
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဇာတ်လမ်းက အနည်းကျဉ်းလောက်ပဲ ကွာတယ်… ပင်မ ဇာတ်လမ်းကျောရိုးက တူတူပဲ…
အဲ… အားလုံး တူညီတဲ့အချက်ကတော့ မင်းသား ၄ယောက် ပါတယ်… မင်းသမီး ၁ယောက်ပဲ… မင်းသား ၄ယောက်လုံးက အရမ်းမိုက်…အရမ်းချောတဲ့ကောင်လေးတွေဖြစ်ရတယ်… ပြီးတော့… အဲဒိကားကို ဘယ်နိုင်ငံကပဲ ရိုက်ရိုက် လူကြိုက်များပြီး အောင်မြင်တယ်… အဲဒိကားရိုက်တဲ့ မင်းသားတွေ မင်းသမီးတွေဟာ အဲဒိကားရိုက်ပြီးရင် တဟုန်ထိုးအောင်မြင်သွားတတ်ကြတယ်… ဒီပိုစ့်လေးမှာ သူတို့ ၃နိုင်ငံက ကျမအကြိုက်နဲ့ မကြိုက်တာလေးတွေကို ယှဉ်ပြီး ပြောပြချင်တယ်…
ဇာတ်လမ်းအကျဉ်း
တစ်နိုင်ငံလုံးက ချမ်းသာပြီး လူကုံတန်အသိုင်းအ၀ိုင်းတွေချည်းပဲ တက်တဲ့ ကျောင်းမှာ သာမာန် လက်လုပ်လက်စား(ချို့ချို့တဲ့တဲ့) မိသားစုထဲက မိန်းကလေးတစ်ယောက်လဲ တက်တယ်… သူတို့မိသားစုအတွက်တော့ ဒီသမီးလေး ဒီလိုကျောင်းမျိုးမှာတက်ခွင့်ရတာကိုက အရမ်းကို ဂုဏ်ယူ ပီတိဖြစ်ရတယ်… မင်းသမီးကိုယ်တိုင်ကတော့ သူ့မိသားစု ၀င်ငွေအခြေအနေကြောင့် သိပ်မတက်ချင်ပေမဲ့… သူ့မိဘတွေ စိတ်ချမ်းသာဖို့အတွက် ကျောင်းမှာ အနှိမ်ခံရပင်မဲ့ ဂရုမစိုက်ပဲ တက်တယ်…
အဲဒိကျောင်းမှာ တစ်နိုင်ငံလုံး အချမ်းသာဆုံးဖြစ်တဲ့ မိသားစုကလာတဲ့ ကောင်လေး ၄ယောက်အဖွဲ့က ဗိုလ်ပဲ… သူတို့ထဲက ခေါင်းဆောင်ကောင်လေးရဲ့ မိသားစုက ဒီကျောင်းကို မ တည်ထားတဲ့သူပေါ့… ဒါကြောင့်သူတို့က ဘယ်သူ့ကိုမှ လူမထင်ပဲ ကျောင်းမှာ ဆိုးချင်တိုင်းဆိုးတယ်… သူတို့အဖွဲ့နာမည်က F4 တဲ့… ဘယ်သူမှ F4 နဲ့ ပြဿနာမတက်ရဲကြဘူး… သူတို့မကျေနပ်တဲ့သူကို အနီရောင် စာလေးကပ်ခံရပြီဆိုရင်တော့ အဲဒိလူကို တစ်ကျောင်းလုံးက F4 ကို မျက်နှာလုပ်ချင်ဇောနဲ့ ၀ိုင်းပြီး အနိုင်ကျင့် နှိပ်စက်ကြတယ်… F4 က ချမ်းသာသလို… သူတို့က အရမ်းလဲ ချောတယ်… မိန်းကလေးတွေအားလုံးရဲ့ အိပ်မက်မက်ချင်စရာ ယောကျာင်္းလေးတွေပေါ့…
ဒါပေမဲ့ မင်းသမီးကတော့ သတင်းကြားတာနဲ့ကို တစ်စက်ကလေးမှ သူတို့အဖွဲ့ကို ကြည့်မရခဲ့ဘူး… သို့သော် အားမတန် မာန်လျော့ဆိုတဲ့စကားအတိုင်းပဲ အများထဲက တစ်ယောက်ဆိုပြီးတော့ပဲ မပတ်သတ်ပဲနေတယ်…
ဒါပေမဲ့ သူမ သူငယ်ချင်းတစ်ယောက် မတော်တဆ ချော်လဲလို့ အညစ်အကြေးတွေ F4 ခေါင်းဆောင် ကောင်လေးကို ပေသွားရာက စပြီး… တောင်းပန်ပေမဲ့ မကျေနပ်နိုင်ပဲ အနိုင်ကျင့်တဲ့အတွက်…. မဟုတ်မခံပဲ အမြဲ သူငယ်ချင်းဘက်က ရပ်တည်တတ်တဲ့ မင်းသမီးနဲ့ ထိပ်တိုက် ရန်ဖြစ်ကြတယ်… နောက်နေ့မှာပဲ မင်းသမီး အနီရောင်စာရပါလေတော့တယ်… တစ်ကြောင်းလုံးက ဘယ်လောက်ပဲ ၀ိုင်းနှိပ်စက်စက် မင်းသမီးက ရင်ဆိုင်တယ်… စိတ်ဓာတ်မကျတဲ့အပြင် နောက်ဆုံး ခေါင်းဆောင်ကောင်လေးကို သူမကိုယ်တိုင် သွားစိန်ခေါ်လိုက်တဲ့အခါမှာတော့… သူ့ဘ၀တစ်လျှောက်လုံး ဒီလို အားနွဲ့တဲ့ မိန်းကလေးမပြောနဲ့ ယောကျာင်္းချင်တောင် စိန်ခေါ်မခံရဘူးတဲ့ ခေါင်းဆောင်ကောင်လေးအတွက် ကောင်မလေးကို စိတ်ဝင်စားဖွယ်ဖြစ်ခဲ့တယ်… ဒါပေမဲ့ ကောင်မလေးကတော့ သူ ဒုက္ခရောက်တိုင်းသူ့ကို အမြဲ ကူညီခဲ့တဲ့ အေးဆပ်ဆပ်ကောင်လေး ဖြစ်တဲ့ F4 ထဲက ဒုတိယကောင်လေးကို စိတ်ဝင်စားခဲ့တယ်…
သို့သော်… မာနကြီးပြီး ကလေးဆန်တဲ့ သူဋ္ဌေးသားခေါင်းဆောင်ကောင်လေးရဲ့ အနစ်နာခံပြီး စစ်မှန်တဲ့အချစ်ကြောင့် နောက်ဆုံးကောင်မလေးလဲ သူ့ကိုပဲ ချစ်မိသွားတယ်…
ဒါပေမဲ့ သူတို့ ၂ယောက်ရဲ့ ချစ်ဇာတ်လမ်းက ပတ်ဝန်းကျင်ရဲ့ မနာလိုသွေးထိုးမှုတွေ ကြောင့် အထင်လွဲမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်… ပြဿနာတွေကို ကျန်တဲ့ F4 အပေါင်းအပါသူငယ်ချင်းတွေရဲ့ အကူအညီနဲ့ စည်းစည်းလုံးလုံးဖြေရှင်းနိုင်ခဲ့ပင်မဲ့… သူတို့ ၂ယောက်အချစ်ဇာတ်လမ်းမှာ အကြီးမားဆုံး ရန်သူကတော့ အားလုံးက ကြောက်ရတဲ့ကောင်လေးရဲ့ အမေ သူဋ္ဌေးမကြီးဖြစ်နေတယ်…
ဒီလိုအခက်အခဲတွေကြားမှာ ကလေးဆန်ဆန်ဆိုးတတ်ပေမဲ့ ကောင်မလေးကိုသိပ်ချစ်ပြီး ကောင်မလေးနဲ့ ပတ်သတ်ရင် အမြဲရှိနေတတ်တဲ့ သူဋ္ဌေးသားလေးနဲ့ ဆင်းရဲပင်မဲ့ မာနရှိပြီး ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးပဲ အမှန်တရားဘက်က အမြဲရပ်တည်တတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပျော်စရာ… ငိုစရာ... လွမ်းစရာ… ရင်ခုန်စရာ… အားကျစရာများစွာနဲ့… ကြည့်ရှုရမှာဖြစ်ပါတယ်…
နှိုင်းယှဉ်ချက်…
မှတ်ချက်။ ။ ဤ နှိုင်းယှဉ်ချက်သည် ကျမတစ်ယောက်တည်း၏ အမြင်ဖြင့်သာ ဆုံးဖြတ်ရေးသားထားချင်းဖြစ်၍ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါသည်…
ဇာတ်လမ်းနှိုင်းယှဉ်ချက်…
ကျောရိုးအခြေခံဇာတ်လမ်းက အရမ်းကောင်းပြီး ၃နိုင်ငံစလုံးက အဓိက အချက်တွေကို တူညီစွာရိုက်ထားသော်ညား တချို့သော ဇာတ်လမ်းအချိတ်အဆက်လေးတွေနဲ့ ဇာတ်ဝင်ခန်း အစီအစဉ်လေးတွေကတော့ ကွာခြားပါတယ်… အဲဒါလေးတွေကို ကျမသတိထားမိသလောက် နှိုင်းယှဉ်ပြောပြပါရစေ…
တရုတ်ကား (Meteor Garden)
ဇာတ်လမ်းအစပိုင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းတယ်… တင်ပြပုံလဲ ကောင်းတယ်… ဒါပေမဲ့ အလယ်လောက်မှာ တရုတ်ကားများထုံးစံအတိုင်း အရမ်းစွဲလွန်းတယ်… အထူးသဖြင့် မင်းသမီး သူ့မိဘတွေနေတဲ့ တောကို ပြန်သွားတဲ့ အပိုင်း က ဇာတ်အေးသွားတယ်… ဇာတ်ဝင်တေးကောင်းတယ်… ပထမ မင်းသားကလွဲလို့ ကျန်တဲ့ မင်းသား ၃ယောက်လုံးက လူသစ်တွေကို သုံးထားတယ်… သူကတော့ ၂၀၀၀ ခုနှစ်က ရိုက်တဲ့ကားဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းရိုက်တာတွေလို သိပ်ပြီး
နောက်ဆုံးပေါ်ပစ္စည်းသုံးမှုကတော့ ဘယ်လိုက်မှီနိုင်မလဲ… ဥပမာ ဇာတ်လမ်းထဲမှာ မင်သားတွေသုံးတဲ့ဖုန်းတို့ ဘာတို့ အဲဒိခေတ်ကဖုန်းတွေဆိုတော့ နောက်မှ ပြန်ရိုက်တဲ့ကားတွေနဲ့ ယှဉ်စရာမလိုဘူးလို့ထင်တယ်… အဲဒိအချက်ကတော့ နောက်မှ ရိုက်တဲ့ ဂျပန်နဲ့ ကိုရီးယားနဲ့ လိုက်ယှဉ်မနေသင့်ဘူးလို့ထင်တယ်… တချို့ ဖိုရမ်တွေမှာ အဲဒိအချက်ကို ထိုင်ဝမ်ကားကို အပြစ်ပြောကြတာတွေ့တယ်… ဒါက ခေတ်နဲ့ပဲဆိုင်တယ်… သူတို့ မသုံးနိုင်တာမဟုတ်ဘူး… ပြီးတော့ သူက ပထမဆုံးရိုက်ရတဲ့သူ… ဒီဇာတ်လမ်းက ဘယ်လောက်ထိပေါက်မယ်မပေါက်ဘူး မသေချာပဲနဲ့ ဒီရုပ်ရှင်ရိုက်ဖို့ ကမ္ဘာမပတ်နိုင်ဘူးလို့ထင်တယ်… (ဂျပန်နဲ့ ကိုရီးယား ပြန်ရိုက်ရာမှာ ကမ္ဘာတလွှားကနေရာတော်တော်များများပါတယ်…)
Photobucket
ဂျပန်ကား ဇာတ်လမ်း (Hana Yori Dango)
သူက တရုတ်ကားရဲ့ Season 1 ကိုပဲ ၂ပိုင်းခွဲပြီး ရိုက်ထားတယ်… Hana Yori Dango 1 နဲ့ 2 ဆိုပြီး ရှိတယ်… သူကတော့ စ လာတာနဲ့ မင်းသားတွေ ကျောင်းလာတာ ဟတ်လီကော်ပတာနဲ့… အတော်လေးကို သားသားနားနားလဲရိုက်ထားတယ်… လူတွေက ဂျပန်ကားကမှ ပိုသုံးနိုင်တယ်လို့ ပြောကြတယ်… ဒါပေမဲ့ ဒါက မနှိုင်းယှဉ်သင့်ဘူးလို့ထင်တယ်… ဇာတ်ဝင်တေးက သာမာန်ပဲ… သိပ်ထူးထူးခြားခြားမရှိဘူး… ဆိုလိုတာက မကောင်းဘူးလို့ပြောတာမဟုတ်ဘူး… ဒီလိုကားမျိုးအတွက် ဇာတ်ဝင်တေးဆိုတာကလဲ အဓိကနေရာမှာပါတယ်လေ…. ဒါပေမဲ့ ကျမနားထဲမှာ မစွဲဘူး… (တရုတ်ကားနဲ့ ကိုရီးယား ဇာတ်ဝင်တေးက စွဲတယ်…) တချို့ကျောင်းက အခန်းတွေဆိုရင် ဟယ်ရီပေါ်တာကားက ဇာတ်ဝင်တီးလုံးမျိုးတောင်
သုံးထားတယ်… သူတို့ မူရင်း ဂျပန် ၀တ္တုကိုပဲ ဂျပန်ကားရိုက်တဲ့ စတိုင်အတိုင်းရိုက်ထားပေမဲ့… ပြိုင်ဘက်နိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အနည်းငယ် အားနည်းနေတယ်… ပထမ မင်းသားနဲ့ ဒုတိယမင်းသားက နာမည်ကြီးပြီးသားတွေကိုပဲ သုံးထားတယ်… ဒါပေမဲ့ ပထမမင်းသားက ညှက်လွန်းတယ် (နောက်မှ တစ်ယောက်ချင်း နှိုင်းယှဉ်အုံးမယ်..)
ဇာတ်လမ်းက လိုရင်းတိုရှင်း ချုံ့ထားပေမဲ့… Season 1 အဆုံးပိုင်းနားမှာ မင်းသမီးက Beauty Contestant ၀င်ပြိုင်ရတာကြီးက သဘာဝသိပ်မကျဘူး… ဇာတ်လမ်းနဲ့ မလိုက်ဖက်ဘူးလို့ ခံစားရတယ်… သူလဲ မင်းသားတွေ လျှောက်လည်တဲ့ အခန်းတွေအတွက် တခြားနိုင်ငံတွေမှာ သွားရိုက်တယ်…
Photobucket
ကိုရီးယားဇာတ်လမ်း (Boys Before Flowers)
ကိုရီးယားကားက ဇာတ်အိမ်ဖွဲ့စည်းမှုမှာ သဘာဝကျကျ ဖွဲ့စည်းထားတယ်… ဥပမာ… မင်းသမီးက ဒီလောက်ဈေးကြီးတဲ့ ကျောင်းကို ဘာကြောင့်တက်ခွင့်ရလဲဆိုတာ… (ကျန်တဲ့ ၂ကားမှာ မပါဘူး.. ဒီကားမှာတော့ ရှင်းပြထားတယ်… ) တရုတ်ကားမှာ စွဲ လွန်းတဲ့အခန်းတွေကို သူက လိုအပ်သလို ဖြတ်ညှက်ကပ် ပေါင်းခြုံ့လိုက်တယ်… တခါတလေ တရုတ်ကားမှာ သပ်သပ်စီဖြစ်တဲ့ ကိစ္စ ၂ခုကို ကိုရီးယားက တစ်ပြိုင်တည်းရှင်းလိုက်တာတွေရှိတယ်… (ဥပမာ ပြောပြမလို့ပဲ ဒါပေမဲ့ မေ့နေတယ်…) ဇာတ်ဝင်တေးတွေက အတော်လေးကောင်းတယ်… ပေါက်လဲပေါက်တယ်… နိုင်ငံပေါင်းစုံက Beach တွေနဲ့ လှတဲ့ ရှုခင်းတွေ အများဆုံးပါတယ်… နိုင်ငံလဲ တော်တော်စုံတယ်… ပိုက်ဆံလဲ အတော်လေး အကုန်ကျခံပြီး ရိုက်ထားတယ်လို့သိရတယ်… သူက နောက်ဆုံးမှ ရိုက်တဲ့ကားဆိုတော့ အရှေ့လူတွေရဲ့ လိုအပ်ချက်တွေကို အတော်လေးဖြည့်ထားတယ်လို့ ထင်တယ်… မင်းသားလေးယောက်လုံးကလဲ အားလုံး တစ်ပြေးညီသူ့ဟာနဲ့သူ အတော်လေးကို ချောကြတယ်… Over All ဇာတ်လမ်းကိုခြုံကြည့်ရင်တော့ ကိုရီးယားကို အကြိုက်ဆုံးလို့ ပြောလို့ရတယ်…
Photobucket
ပါဝင်သူများကို နှိုင်းယှဉ်ချက်…
ခေါင်းဆောင် မင်းသမီး
သူ့ရဲ့ Character ကတော့ အမှန်တရားဘက်ကရပ်တယ်… အားနွဲ့တဲ့သူဘက်က ရပ်တည်တယ်… ခွံအားသုံးပြီး အနိုင်ကျင့်တာကို မကြိုက်ဘူး… မာနရှိတယ်… မိန်းကလေးပင်မဲ့ နွဲ့နွဲ့နှောင်းနှောင်း အိညောင်အိညောင်မရှိဘူး… သူငယ်ချင်းတွေ အနိုင်ကျင့်ခံရတိုင်းလဲ ကယ်တင်တယ်… ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးတတ်ဘူး…
အသွင်အပြင်အရတော့ ဇာတ်လမ်းအရ သူက ချောတယ်… ဘယ်လောက်ပဲ ဂုဏ်ဒြပ်ကြီးတဲ့သူတွေကိုပဲဖြစ်ဖြစ် မဟုတ်ရင် မခံဘူး… မကြောက်ဘူး… ထိုင်ဝမ်ကားနဲ့ ဂျပန်ကားမှာတော့ မင်းသမီးက ချောတယ်… အဲဒိအတွက် သူ့မိဘတွေက သူ့သမီး ချမ်းသာတဲ့ သူနဲ့ ရအောင် ကျောင်းကောင်းမှာထားတာ… ကိုရီးယားကားမှာတော့ မင်းသမီးက မချောဘူး သာမာန်ရုပ်ရည်အနေနဲ့ပဲ သရုပ်ဆောင်ရတယ်… အစကတော့ မင်းသမီးက ဒုတိယမင်းသားကို ကြိုက်ပင်မဲ့ တကယ်တမ်း ဒုတိယမင်းသားနဲ့ တွဲတော့ ပထမမင်းသားနဲ့ ရန်ဖြစ်ခဲ့ရတဲ့ အကြောင်းလေးတွေ သူနဲ့ သွားခဲ့တဲ နေရာလေးတွေကိုပဲ မြင်နေပြီး ပထမမင်းသားဆီကိုပဲ ပြန်ရောက်သွားတယ်… (အဲဒိတစ်ချက်လေးပါပဲ… နောက်ပိုင်းတော့ ပထမ မင်းသားနဲ့ အရူးအမူးချစ်သွားတာပါ)
ဆန်းချိုင့် (ထိုင်ဝမ်)။ ။
ချစ်စရာကောင်းတယ်… အ၀တ်အစားနဲ့ ပြင်ဆင်မှုက သူမ Character နဲ့လိုက်ဖက်တယ်… မာနရှိတာ… မဟုတ်မခံတတ်တာ… ခွန်အားခြင်းမမျှပင်မဲ့ သတ္တိရှိရှိ စိန်ခေါ်ရဲတာကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တယ်… ကောင်လေးအမေ သူဋ္ဌေးမကြီး အိမ်လိုက်လာပြီး သူမကို စော်ကားတဲ့ စကားတွေပြောတုန်းက မခံပဲ အိမ်ပေါ်က နှင်ချခဲ့တဲ့ အခန်းကို အားအရဆုံးပဲ… သူမ သရုပ်ဆောင်တာ အပိုအလိုမရှိဘူးလို့ခံစားရတယ်… ၃နိုင်ငံစလုံးက မင်းသမီးတွေယှဉ်လိုက်ရင် သူမကို အကြိုက်ဆုံးပဲ… ဒီကားဟာ သူမကြောင့် ကျမကို ပိုပြီးဆွဲဆောင်မှုအားကောင်းခဲ့တယ်…
မကီနို(ဂျပန်)။ ။
သူမလဲ ချစ်စရာကောင်းပါတယ်… ဒါပေမဲ့ အနည်းငယ် Act Cute လုပ်တယ်… ဒီဇာတ်လမ်း Character အရ မင်းသမီးဟာ Act Cute… Act weak လုပ်ပြနေစရာမလိုဘူး… ဒါပေမဲ့ ချို့တဲ့တဲ့ မိန်းကလေးဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအရ သူ့အလိုလို Weak ဖြစ်တဲ့ပုံစံရှိရမယ်လို့ ကျမထင်တယ်… ဘာလို့လဲဆိုတော့ သူမဟာ သူ့သဘာဝ ဘ၀ပေးအရ Weak ဖြစ်ပေမဲ့ ဘယ်တော့မှ Weak ဖြစ်တာကို ပြတာမဟုတ်ဘူး… အမြဲ ကြံ့ကြံ့ခိုင်နေတတ်တယ်..အဲဒါကို သိသာထင်ရှားအောင်လုပ်ပြနေစရာမလိုဘူး… မသိမသာပဲ ပရိတ်သတ်က သနားအောင်လုပ်နိုင်မှ သရုပ်ဆောင်ကောင်းတယ်လို့ ကျမထင်တယ်… ဒါပေမဲ့ ဂျပန်မင်းသမီးလဲ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းပါသေးတယ်…
ဂန်ဂျန်ဒီ(ကိုရီးယား)။ ။
ဒီပိုစ့်တစ်ပုဒ်လုံးမှာ အရေးချင်ဆုံးက သူမအကြောင်းပဲ… တမျိုးတော့မထင်လိုက်နဲ့… ကြိုက်လွန်းလို့တော့မဟုတ်ဘူး.. မုန်းလွန်းလို့… ကိုရီးယား Boy Before Flower ကို သူမကြောင့် ပြီးဆုံးတိုင်အောင် မနည်း သည်းခံပြီးကြည့်ခဲ့ရတယ်… Too much Act cute … too much act innocent …. ကျမအပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ မင်းသမီးဟာ သူ့သဘာဝအတိုင်း Cute တယ်… innocent ဖြစ်တယ်… ဒါပေမဲ့ အဲဒါကို တကူးတက လုပ်ပြနေစရာမလိုဘူး… သူမရဲ့ ရိုးသားပါတယ်ဆိုတဲ့ အမူအယာမျိုးလုပ်ပြနေတာဟာ တုံးတုံးအအ မိန်းမပုံစံမျိုးပေါက်နေတယ်လို့ ကျမထင်တယ်… ထိုင်ဝမ်ရော ဂျပန်ရောက မင်းသမီးတွေ သရုပ်ဆောင်သွားတာ တစ်ယောက်မှ ငတုံးမပုံစံမပေါက်ဘူး… အဲဒါအချက်က ကျမကို စိတ်အနှောက်အယှက် အပေးဆုံးအချက်ပဲ… မင်းသမီး ၃ယောက်လုံးကို ယှဉ်ကြည့်မယ်ဆိုရင်လည်း သူမဟာ ရုပ်အဆိုးဆုံးဖြစ်တယ်… ဇာတ်လမ်းအရ မင်းသမီးဟာ မင်းသား၎ယောက်ရဲ့ Junior အဖြစ်သရုပ်ဆောင်ရပင်မဲ့… သူ့အသက်ဟာ ပါတဲ့ မင်းသား ၄ယောက်လုံးထက် ကြီးတယ်ဆိုတာ သိသာစေတယ်…
အ၀တ်အစားကလဲ တကယ့်ပွဲနေ့ပွဲထိုင်တွေမှာ ကောင်းကောင်းကန်းကန်းဝတ်ရမဲ့နေရာဆိုရင် ဂါဝန်အတိုကြီး အမြဲဝတ်တယ်… သူမခြေထောက်တုတ်တုတ်တွေနဲ့ လုံးဝကြည့်မကောင်းဘူး… Costume Designer ကိုပဲ အပြစ်ပြောရမလား… သတိထားပြီးကြည့်မိတယ်… ပွဲလုပ်တိုင်း ဂါဝန်အတိုကြီးဝတ်တယ်…
ကျန်တဲ့အချိန်တွေမှာတော့ ကျောင်းသူဝတ်စုံ စကပ်အတိုလေးတွေဝတ်တာများတယ်…
ပြီးတော့ မင်းသားအမေ သူ့အိမ်လိုက်လာပြီး စော်ကားတဲ့ စကားတွေပြောတော့လဲ ငတုံးမကြီးလို ပါးစပ်ကြီး ဟပြီးနားထောင်နေတယ်… ဘာတစ်လုံးမှ ပြန်မပြောဘူး… ကိုရီးယားကားက မင်းသားအမေက မင်းသမီးကို စော်စော်ကားကား မှိုချိုးမျှစ်ချိုးအပြောဆုံးပဲ… ဒါပေမဲ့ ငြိမ်ခံနေတယ်… သူ့ဘက်ကနာလို့ပြောတာမဟုတ်ပါဘူး… ဇာတ်လမ်းထဲက ဇာတ်ကောင်မင်းသမီးဘက်က နာလို့ပြောတာပါ… တခြားကားတွေမှာ မင်းသားနဲ့ မင်းသမီးတွေ့ရင် ကိုယ်ကလဲလိုက်ပြီး ကြည်နှုး ရင်ခုန်နေတတ်ပင်မဲ့… သူ့ကြောင့် မင်းသားနဲ့ သူနဲ့တွေ့ရင် ရင်ခုန်ဖို့နေနေသာသာ မင်းသားဘက်ကနေ နာနေရတယ်… ဒီဇာတ်လမ်းကို မင်းသမီးလုပ်ရဖို့အတွက်များ ပိုက်ဆံပေးပြီးလိုက်ထားသလားလို့ စိတ်ထဲမှာ မှတ်ထင်မိတယ်… ကျမအတွက်တော့ ဒီဇာတ်လမ်းမှာ သူမကို ဇာတ်ကောင်အဖြစ်ရွေးထားတာဟာ ကျန်တဲ့ သူအားလုံးကို ဆွဲချသွားတယ်လို့ထင်မိတယ်… မင်းသားတွေခမျာ ကျန်တဲ့နိုင်ငံတွေက မင်းသားတွေထက်ချောပင်မဲ့ သူမကိုဝိုင်းချစ်နေကြရတဲ့အတွက် ကျမစိတ်ထဲသူတို့ကိုပါရောပြီး ကြိုက်ချင်စိတ်ကုန်သွားတယ်… ကျမအနေနဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုကို စော်ကားတာတော့မဟုတ်ပါဘူး… သူမလဲ အနည်းနဲ့အများတော့ ကြိုးစားထားမှာပါ… သူမကို ခုလိုပြောနေဖို့လဲ ကျမကဘာကောင်မှ မဟုတ်ပါဘူး… ဒါပေမဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ထဲရှိတာကို ဝေဖန်ရုံသတ်သတ်ပါ… ဒီဘလောက်ပေါ်မှာ မြန်မာလိုရေးနေတဲ့အတွက်လဲ သူမအတွက် ဘာမှ မထိခိုက်ဘူးလို့ထင်ပါတယ်…
ခေါင်းဆောင်မင်းသား…
သူ့အသွင်အပြင်ကတော့ ဆံပင်ကောက်တယ်… အရပ်ရှည်တယ်… ချောတယ်…
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် ခန္ခာကိုယ်ဖွင့်ထွားသင့်တယ်လို့ကျမထင်တယ်…
သူဟာ… ကောင်မလေးနဲ့မတွေ့ခင်အထိဆိုးတယ်… ဒါပေမဲ့ သူဆိုးတာက ကလေးဆိုးသလိုပဲ… စိတ်ထားမကောင်းလို့ သူများနစ်နာပါစေဆိုပြီးဆိုးတာမဟုတ်ပင်မဲ့… တခါတလေ သူတို့လုပ်လိုက်လို့ သူတို့မသိလိုက်ချိန်မှာပဲ ဘ၀ပျက်သွားတဲ့ သူတွေရှိတယ်… ဇွတ်တရွတ်ဆန်တယ်… စကားပြောရင် မောက်မာတယ်… နုနုညံ့ညံ့မပြောတတ်ဘူး… ဘယ်တော့မှ တဘက်သားကို မတောင်းပန်တတ်ဘူး…
သူ့ရဲ့ လက်သုံးစကားကတော့ “လောကကြီးမှာ တောင်းပန်တိုင်းသာ ပြဿနာတွေ ပြေငြိမ်းနေမယ်ဆိုရင်… ရဲတွေရှိနေဖို့ မလိုအပ်တော့ဘူး” တဲ့….
ချစ်စရာကောင်းတဲ့အကျင့်လေးက စကားပုံတွေဘာတွေပြောရင် အမြဲမှားပြောတတ်တယ်… မိန်းမလုံးဝစိတ်မ၀င်စားဘူး… သူ့ကိုဘယ်လောက်ပဲ လိုချင်တဲ့မိန်းမတွေများများ ဖွဲ ဇကွဲလိုပဲ ဆက်ဆံတယ်… ဒါပေမဲ့ မင်းသမီးနဲ့ကျမှ ငွေနဲ့လဲ ပေါက်လို့မရ… သူသိပ်ချစ်ရတဲ့ သူ့အစ်မနဲ့လဲ Character တူနေတဲ့ ကောင်မလေးမို့ အရမ်းချစ်သွားတဲ့နောက်ပိုင်းမှာ သူအတော်လေးပြောင်းလဲခဲ့တယ်..
ကြမ်းတမ်းတဲ့သူ့စရိုက်ကြောင့် မင်းသမီးနားကပ်တဲ့ ကောင်မှန်သမျှကို လက်သီးနဲ့ ဖြေရှင်းမယ်ဆိုတာချည်းပဲ… မင်းသမီးကို သဲသဲလှုပ်ချစ်ပြီး မင်းသမီးလိုအပ်ချိန်တိုင်းမှာ အမြဲရှိတယ်… သူ သ၀န်အတိုဆုံးသူကတော့ မင်းသမီး အရင်က စိတ်ဝင်စားခဲ့တဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဒုတိယမင်းသားနဲ့ပဲ…
သောက်မိန်စွတ် (ထိုင်ဝမ်)။ ။
အသွင်အပြင်မှာ မူရင်း ၀တ္တုထဲက မင်းသားက ဆံပင်ကောက်ပင်မဲ့.. ဒီထိုင်ဝမ်မင်းသားက မကောက်ဘူး… Spiky hair နဲ့… ထောင်ထောင်မောင်းမောင်းလဲရှိတယ်…
စစလာချင်းအတော်အမြင်ကပ်စရာကောင်းပင်မဲ့… နောက်ပိုင်းအရမ်းကို ရင်ခုန်ချင်စရာ ချစ်ချင်စရာကောင်းအောင် သရုပ်ဆောင်နိုင်ခဲ့တယ်… တကယ့် ဒီဇာတ်လမ်းမှာ လိုအပ်နေတဲ့ သူဋ္ဌေးသားရဲ့ Character ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တယ်လို့ထင်တယ်…
၃နိုင်ငံစလုံးက မင်းသားတွေက ချောကြပင်မဲ့ ဒီမင်းသားရဲ့ အကြည့်… အသံ… လှုပ်ရှားမှု… သ၀န်တိုပုံ စတာတွေက ကြည့်နေရင်း စိတ်ထဲအသဲထဲ အေးခနဲ လှုပ်ရှားတဲ့အထိ ကျမကို ပြုစားနိုင်တယ်… ကျမအမြင်မှာတော့ ဒီဇာတ်လမ်းကိုရိုက်တဲ့ ၃နိုင်ငံစလုံးကမင်းသားတွေထဲမှာ သူက အသင့်တော်ဆုံးနဲ့ အကောင်းဆုံးလို့ထင်တယ်….
ဒိုမီရိုဂျီ (ဂျပန်)။ ။
အသွင်အပြင်အရ ကျန်တဲ့ F4 ၃ယောက်နဲ့ ယှဉ်ရင် သူက ခေါင်းဆောင်ဖြစ်ပြီး ညှပ်နေတယ်… အရမ်းပိန်လွန်းတယ်… ဒီမင်းသားကို တခြားကားတွေမှာ အရမ်းကြိုက်ပင်မဲ့… သူဟာလဲ ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဆိုတာ လက်ခံပင်မဲ့ ဒီဇာတ်ကောင်နဲ့တော့လုံးဝမလိုက်ဖက်ဘူးလို့ထင်တယ်… ၀တ္တုထဲက ဇာတ်ကောင်အတိုင်း ဆံပင်တော့ ကောက်တယ်… ဂျပန်တွေရဲ့ စကားပြောတဲ့အကျင့်ပဲလား ဒါမှမဟုတ်သူကိုယ်တိုင်က လိုတာထက်ပိုသရုပ်ဆောင်နေသလားတော့မသိဘူး… စကားပြောရင် အော်လွန်းတယ်… (တခြားနိုင်ငံကမင်းသားတွေလဲ အော်ပါတယ်… ဇာတ်ကောင်စရိုက်ကိုက စကားကို ညင်ညင်သာသာမပြောတတ်ဘူးဆိုပင်မဲ့… ဂျပန်မင်းသားက ပိုလွန်းတယ်လို့ထင်တယ်…) ၃နိုင်ငံယှဉ်ရင်တော့ ဂျပန်မင်းသားက ဒီဇာတ်ကောင်နဲ့ မလိုက်ဖက်ဆုံးလို့ထင်တယ်…
ဂူဂျွန်ပြို (ကိုရီးယား) ။ ။
အရပ်ရှည်တယ် ဆံပင်ကောက်တယ်… ဂျပန်မင်းသားလောက်မပိန်ပင်မဲ့ အနည်းငယ်တော့ပိန်တယ်… သို့သော် သူ့မှာလဲ သူ့ Character နဲ့လိုက်ဖက်တဲ့ ရုပ်ရည်ရှိတယ်… သရုပ်ဆောင်လဲ အပိုအလိုမရှိဆောင်နိုင်တယ်… ဒါပေမဲ့ ထိုင်ဝမ်မင်းသားကိုတော့ မမှီဘူး… (ဒါရိုက်တာကပဲ အဲလိုလောက်ပဲ သရုပ်ဆောင်ခိုင်းလို့လားတော့မသိ)… သူကတော့ ကျမစိတ်ထဲမှာ ဒုတိယလိုက်တယ်…
ဒုတိယမင်းသား…
သူ့အသွင်အပြင်ကတော့ ဆံပင်က ရွှေအိုရောင်လေးနဲ့ မိန်းကလေးဆန်ဆန် နုနုညံ့ညံ့လေးချောတယ်…
သူ့ရဲ့ Character ကတော့ တိတ်ဆိတ်တာကို ကြိုက်တယ်… အေးဆေးသမားဖြစ်တယ်… သူအကြိုက်နှစ်သက်ဆုံးအလုပ်က အိပ်နေရတာကိုပါပဲ… အားလပ်ချိန်မှာ လူရှင်းတဲ့ ကျောင်လှေကားထစ်တစ်ခုမှာ တစ်ယောက်ထဲ ထိုင်နေတတ်တယ်… တခါတလေလဲ ဂီတခန်းမှာ တယောထိုးနေတတ်တယ်… သူက ငယ်ငယ်ထဲက သူ့ကို အားပေးခဲ့တဲ့ မမတစ်ယောက်ကို တဖက်သတ်ချစ်နေတယ်… အဲဒိ မမ က ခုချိန်မှာ အရမ်းကို အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်ဖြစ်နေတယ်… ဒါပေမဲ့ မမ နဲ့ ဇာတ်လမ်း ပြီးသွားတဲ့နောက်မှာတော့ သူ့အနားမှာ အမြဲရှိနေတဲ့ မင်းသမီးကို ချစ်သွားတယ်… သို့သော် သူ့သူငယ်ချင်း အရမ်းချစ်မှန်းသိလို့ နောက်ဆုတ်ပေးခဲ့တယ်… ဒုတိယမင်းသားများထုံးစံအတိုင်း မင်းသမီးလိုအပ်ချိန်တိုင်းမှာလဲ သူက အမြဲရှိနေတတ်တယ်…
ဝှားကျယ်လေ့ (ထိုင်ဝမ်) ။ ။
ဇာတ်ကောင်စရိုက်နဲ့ အတော်လေးလိုက်ဖက်တယ်… အဲဒိမင်းသားရဲ့ အပြင်က Character ကိုကလဲ အိပ်နေရတာကို အကြိုက်ဆုံးပဲတဲ့… ရုပ်ရည်ကလဲ အတော်လေး ချောတယ်.. သူချောတဲ့ ပုံနဲ့ ပထမ မင်းသားချောတဲ့ပုံက အစောက ရှင်းပြပြီးသားအတိုင်း မတူဘူး.. ဟိုက ယောကျာင်္းဆန်ဆန် မာမာကျောကျောချောတာ… သူက မှုန်နေအောင်ချောတာ… ထားပါတော့… ကြောငြာဝင်သလိုဖြစ်နေပြီ…
ဒါပေမဲ့ သူက ပိန်လွန်းတယ်… ပိန်ရှည်ကြီးလိုဖြစ်နေတယ်… ရှည်တော့ လက်ပြင်က ကုန်းတယ်… ကျန်တဲ့အချိန်ချောသလောက် သူပြေးရင်လုံးဝ ကြည့်မကောင်းဘူး… လိန်ပိန်နေတာပဲ… အင်း… ၃နိုင်ငံစလုံး ယှဉ်ရင်တော့ အားလုံးက သူမသာ ကိုယ်မသာပင်မဲ့… ကျမကတော့ personally ထိုင်ဝမ်မင်းသားကို အကြိုက်ဆုံးပဲ… ဘာလို့လဲဆိုတော့ အဲဒိ ကြည့်တဲ့အချိန်မှာ ကိုယ်က Teenager အရွယ်ဆိုတော့…. အဲဒိမင်းသားတွေကို စွဲလမ်းလွန်းလို့ အိပ်မက်တောင် ခဏခဏမက်တယ်…
(တပါတည်း ကြော်ငြာဝင်လိုက်အုံးမယ်… စကာင်္ပူကို မိဘတွေပို့တုန်းက လုံးဝမလာချင်ဘူး… တငိုငိုပဲ… ဒါပေမဲ့ နောက်ဆုံး စိတ်အားတက်သွားတာလေးက စကာင်္ပူကို ထိုင်ဝမ် F4 အဖွဲ့လာပြီး ဖျော်ဖြေလေ့ရှိတယ်ဆိုတာသိသွားတာကလဲ တစ်ကြောင်းပါတယ်…)
ဟာနာဇာဝါ ရူရိ, rui (ဂျပန်) ။ ။
သူလဲ သူ့ဇာတ်ကောင်နဲ့ သူလိုက်ဖက်တယ်… ၀တ်ပုံစားပုံ ပြင်ပုံဆင်ပုံ အားလုံး ကောင်းတယ်… သွားထပ်ကလေးတွေရှိတယ်… ဒါပေမဲ့ သူက ပထမ မင်းသားထက် အရပ်ရှည်နေတယ်… သူ့လဲ ကြိုက်တာပဲ…
ဂျီဟူး (ကိုရီးယား)။ ။
သူလဲ ဆံပင်အရောင်လေးနဲ့ ရုပ်လေးကလဲ မိန်းမဆန်ဆန်လေးချောတာပဲ… စစချင်းကြည့်တုန်းက သူက ၃နိုင်ငံစလုံးက ဒုတိယမင်းသားထဲမှာ အချောဆုံးလို့ထင်ရပင်မဲ့ သူက သေချာကြည့်လေ ကြည့်လေ မချောတော့လေပဲ… အပေါ်က ထိုင်ဝမ်နဲ့ ဂျပန်မင်းသားတွေက အကြည့်ခံတယ်… နောက်ပြီး ကိုရီးယားဇာတ်လမ်းက သူနဲ့ မင်းသမီးနဲ့ အခန်းက ပိုများနေတယ်… မင်းသားအခန်းတောင် သူ့လောက်များမယ်မထင်ဘူး… အဲဒါကတော့ ဒါရိုက်တာတို့ ဇာတ်ညွန်းတို့နဲ့ ဆိုင်မယ်ထင်ပါတယ်… ဒါပေမဲ့ အဲလို ဖြစ်နေတာကြီးကို မကြိုက်ဘူး… ဒုတိယမင်းသားတွေထုံးစံအတိုင်း မင်းသမီး ဒုက္ခရောက်တိုင်း သူတို့က ကူညီရပင်မဲ့ ကိုရီးယားကတော့ အလွန်အကျွံဖြစ်နေသလိုပဲ… အဲလောက်ကြီး ရိုက်ပြနေတော့ ပထမ မင်းသားတောင် သူ့လောက် Cool မဖြစ်တော့သလိုဖြစ်လာရော… နောက်ပြီး ဒီမင်းသား သရုပ်ဆောင်တာလဲ နဲနဲပေါ့သလိုပဲ… သူကိုယ်တိုင်လဲ အင်တာဗျူးတစ်ခုမှာ ဖြေထားတာ ဖတ်လိုက်ရတယ်… သူသရုပ်ဆောင်ရတဲ့ Character ကို သိပ်သဘောမကျဘူးတဲ့… အဲဒိ Character ရှိတဲ့သူက Strange ဖြစ်တယ်… သူ့ကို တခြားဇာတ်လမ်းမှာ ကြိုက်ကောင်းကြိုက်မယ်ဆိုပင်မဲ့… ဒီဇာတ်ကောင်အရတော့ မကြိုက်ဘူး…
ကျန်တဲ့ F4 နှစ်ယောက်
သူတို့ ၂ယောက်က ဇာတ်လမ်းထဲမှာ ဇာတ်ပို့သဘောလောက်ပါပဲ… သူငယ်ချင်းလေးယောက် အားလုံးက မင်းသားချောတွေဖြစ်မှ ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်ဆိုလို့ ထည့်ထားသလားအောင့်မေ့ရတယ်… သူတို့ရဲ့ Character က ရည်းစားများတယ်… မိန်းမတွေကို အထည်လဲတွဲတယ်… တချိန်မှာ သူဋ္ဌေးသားများ ထုံးစံအတိုင်း မိဘပေးစားတာကို ယူ… မိဘ လုပ်ငန်းကို ဆက်ရမဲ့အတူတူ လတ်တလောမှာ ဆော်တွေနဲ့ပဲ ပျော်ပျော်နေတယ်… သူတို့ ၂ယောက်ရဲ့ အခန်း ကဏ္ဍက ပထမ မင်းသားနဲ့ ဒုတိယမင်းသား မင်းသမီးကိုလုတုန်းက ရန်ဖြစ်ရင် သူတို့က ၀င်ဖြန်ဖြေတယ်… ရန်ဖြစ်ရင် ၄ယောက်ဆိုတော့ နိုင်တယ်… အဲဒိ ၂ယောက်ထဲမှာမှ ၁ယောက်ကတော့ မင်းသမီး ငယ်သူငယ်ချင်းလုပ်တဲ့ ကောင်မလေးနဲ့ တွဲရတယ်… သူကတော့ တတိယမင်းသားလို့ဆိုလဲ မမှားနိုင်ဘူးပေါ့လေ… သူ့ဇာတ်လမ်းက နောက်တစ်ယောက်ထက်စာရင် ပိုပါတယ်ဆိုတော့… ဒါပေမဲ့ ပို့ရှည်နေလို့ သူတို့အကြောင်းကိုတော့ တစ်ယောက်ချင်း မပြောတော့ပါဘူး… ပေါင်းပြောလိုက်မယ်…
တတိယမင်းသားနဲ့ မင်းသမီးငယ်သူငယ်ချင်းအတွဲ
ထိုင်ဝမ်။ ။
သိပ်စွဲဆောင်မှုမရှိဘူး… မင်းသမီးသူငယ်ချင်းလုပ်တဲ့ ကောင်မလေးက လတ်တလောမှာတော့ နာမည်ကြီးမင်းသမီး (Rainie Yang) ဖြစ်နေပင်မဲ့… အဲဒိကားထဲမှာတော့ စာကလေး အမွေးနှုတ်ထားတဲ့ပုံစံနဲ့ ကလေးသာသာ အရွယ်လောက်ပဲရှိတယ်… ကြည့်မကောင်းဘူး… သူတို့ ၂ယောက်ဇာတ်လမ်းကို ရင်မခုန်ဘူး… ဟိုမင်းသား သရုပ်ဆောင်ညံ့တာလဲ ပါမှာပေါ့နော်…
ဂျပန်။ ။
အဲဒိမင်းသားကို သိပ်မကြိုက်ဘူး… သူ့ပုံစံကို မကြိုက်တာ… မင်းသမီး သူငယ်ချင်းလုပ်တဲ့ ကောင်မလေးကိုလဲ မကြိုက်ဘူး… သရုပ်ဆောင် ၂ယောက်လုံးကို မကြိုက်မှာတော့ သူတို့ အချစ်ဇာတ်လမ်းကိုလဲ စိတ်မ၀င်စားဘူး… အချိန်ပြည့် ရိုးရာလက်ဖက်ရည်ဖျော်ပြီး ပျင်းစရာကောင်းတယ်…
ကိုရီးယား။ ။
ရှေ့မှာပြောခဲ့တဲ့အတိုင်း ကိုရီးယား F4 လေးယောက်စလုံးက အကုန်ချောတယ်… ဒီတော့ ဒီကောင်လေးလဲ ချောတယ်… မင်းသမီးသူငယ်ချင်းလုပ်တဲ့ကောင်မလေးကလဲ ချစ်စရာလေး… မင်းသမီးနဲ့ ယှဉ်လိုက်လို့လားမသိဘူး… သူကပိုတောင်ချောနေသေးတယ်… သူတို့ ၂ယောက်ရဲ့ ဇာတ်လမ်းဆင်ပုံလေးကလဲ အစပိုင်းလေးက တခြားနိုင်ငံတွေနဲ့ အနည်းငယ်ကွဲတယ်… သူတို့ ၂ယောက်အတွဲကို ကြိုက်တယ်…
Photobucket
နောက်ဆုံး F4 ထဲက စတုတ္ထမင်းသားကတော့ တိုတိုပဲပြောတော့မယ်….
ထိုင်ဝမ်ကမင်းသားက ဆံပင်ရှည်နဲ့ အခြောက်ကြီးအတိုင်းပဲ… တော်တော်များများက အမြင်ကပ်ကြတယ်… ထိုင်ဝမ် F4 ကို အခြောက်တွေလို့ လူတွေပြောကြတဲ့ အကြောင်းရင်းက သူ့ကြောင့် အတော်လေးဆိုင်မယ်… ဒါပေမဲ့ ခုတော့ အဲဒိမင်းသားလဲ ဆံပင်ညှပ် မုတ်ဆိတ်တွေဘာတွေထားပြီး သိုင်းကားတွေဘာတွေရိုက်တော့ ကြည့်လို့ကောင်းသား…
Photobucket
ဂျပန်က မင်းသားက အားတော့နာပါတယ်… သိပ်တောင် သတိမထားမိဘူး… သာမာန်ပဲ…
Photobucket
ကိုရီးယားက တဖန် သူကအချောဆုံးပဲပေါ့ကွယ်…. Best Best… ပါပဲ… နောက်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် မျှော်လင့်ပါတယ်...
Photobucket
မင်းသားအမေ
ဒီမိန်းမကြီးက အတ္တကြီးကြီး သူဋ္ဌေးမကြီး… သားသမီးတွေကို စီးပွါးရေအရ သူအကျိုးအမြတ်ရှိမဲ့သူတွေနဲ့ပဲ ပေးစားချင်တဲ့သူ… ခံစားချက်တွေ အချစ်တွေနဲ့ မိခင်ရဲ့ နွေးထွေးမှုလုံးဝမရှိဘူး…
ထိုင်ဝမ်အမေ။ ။
ပုံစံက ခန့်ညားတယ်… ချောတယ်… အဆင့်ရှိတယ်… တချိန်တည်းမှာပဲ မောက်မာတယ်… ရက်စက်တယ်… ၃နိုင်ငံလုံးက အမေတွေယှဉ်လိုက်ရင် သူက အချောဆုံးနဲ့ ကျမအကြိုက်ဆုံးပဲ… (ဓာတ်ပုံက အဲကားထဲက ပုံမဟုတ်ပါဘူး... မင်းသမီးမဟုတ်တော့ သူ့ပုံက ရှာရခက်လို့ ဒီပုံပဲတင်လိုက်တာပါ... ရုပ်ရှင်ထဲမှာတော့ အပြင်အဆင်အရ ပိုချောပါတယ်...)
ဂျပန် အမေ။ ။
အရပ်က ပုတက်တက်နဲ့ဆိုတော့ သူ့အခန်းလာရင် မကြောက်တဲ့အပြင် ရီတောင်ရီချင်နေသေးတယ်… တစ်ကားလုံးမှာတော့ သူ့ကိုကြောက်ပြလိုက်ကြတာ တုန်လို့… သူ့ရဲ့ အသွင်အပြင်နဲ့တင် ဒီဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ကျမကတော့ ထင်တယ်….
ကိုရီးယားအမေ။ ။
ရုပ်ဆိုးတယ်…. မျက်လုံးက အတော်လေး ကောက်ကျစ်တဲ့ ပုံစံပေါက်တယ်… သူဋ္ဌေးမကြီးတွေရဲ့ ဥပတိရုပ်မရှိဘူး… ဇာတ်လမ်းအရ သူဟာ လူဆိုးလုပ်ရပင်မဲ့ သူဋ္ဌေးမကြီးတွေရဲ့ ခန့်ညားတဲ့ဥပတိရုပ်တော့ ရှိသင့်တယ်လို့ ကျမထင်တယ်… ပြီးတော့ သူက ကျန်တဲ့ ၂နိုင်ငံက အမေတွေထက်ပိုပြီးတောင် ရက်စက်သလိုပဲ… (ဒါပေမဲ့ မင်းသမီးကို မကြိုက်တော့ ကျမစိတ်ထဲ သူရက်စက်တာဘာမှ မပြောပလောက်တော့ပါဘူး…)
မင်းသမီး မိသားစု
ဆင်းဆင်းရဲရဲ ပျော်ပျော်ပါးပါးနေတတ်တယ်… ငွေကို အလွန်အမင်းမက်တယ်… သူ့သမီးကို ဘယ်သူနဲ့ရရ ချမ်းသာတယ်ဆိုပြီးရော… သူဋ္ဌေးသားနဲ့များ အပြင်ထွက်သွားရင် ညအိပ်ညနေ အိမ်ပြန်မလာလဲ စိတ်မဆိုးဘူး… ဒါပေမဲ့ သမီးကို ချစ်တဲ့စိတ်တော့ အပြည့်အ၀ရှိတယ်… သူ့သမီးကို သူဋ္ဌေးမကြီးက ငွေနဲ့ ပေါက်ပြီး သူ့သားနဲ့ ဖြတ်ခိုင်းတော့ သူ့အမေက စိတ်ဆိုးပြီး ဆားအိုးနဲ့ ခေါင်းပေါ်က လောင်းချခဲ့တယ်… ဒါပေမဲ့ သူဋ္ဌေးမကြီးပြန်သွားတော့ “ဖြတ်ဖို့ကိုတောင် ဒီလောက်များများပေးနိုင်တာ… သူ့သားကိုရရင် ပိုပြီးတော့တောင်ချမ်းသားအုံးမှာ သူ့သားကို ရအောင်ယူ”လို့ သူ့သမီးကိုပြောခဲ့တယ်… ကျမအတွက်တော့ အဲဒိ မိဘနှစ်ပါးရဲ့ Character က Annoying ဖြစ်တယ်… ထိုင်ဝမ်ကားမှာတော့ မိဘ၂ပါးပဲပါပေမဲ့… ဂျပန်နဲ့ ကိုရီးယားမှာတော့ မောင်လေးတစ်ယောက်ပါပါတယ်…
ထိုင်ဝမ်မိသားစု။ ။
အထူးသဖြင့်တော့ ထိုင်ဝမ်မှာ မင်းသမီး မိဘတွေလုပ်တဲ့ ၂ယောက်က အတော်လေး စိတ်ရှုတ်စရာကောင်းတယ်… အားလုံးထဲမှာ စိတ်ရှုတ်စရာအကောင်းဆုံးပဲ… စကားကလဲ အလွန်များတယ်… သရုပ်ဆောင်လဲ ပိုတယ်… သူတို့အခန်းလာရင် ရစ်တောင်ကြည့်တယ်…
ဂျပန်မိသားစု။ ။
ဂျပန် မိဘတွေလဲ စိတ်ရှုတ်စရာကောင်းတာပါပဲ… ဒါပေမဲ့ ထိုင်ဝမ်နဲ့ ကိုရီးယားလောက်မဆိုးဘူး…
ကိုရီယားမိသားစု။ ။
အားလုံးတူတူတွေချည်းပါပဲ… ဒါပေမဲ့ အဲဒိမိဘလုပ်တဲ့ သူတွေကို တခြားကားတွေမှာလဲ မြင်ဘူးနေတော့ သိနေတယ်… ဒီလောက်တော့ စိတ်မရှုတ်ဘူး… မကြိုက်တော့လဲ ကျော်ကြည့်လိုက်တာပေါ့…
နှိုင်းယှဉ်မယ်ဆိုရင် ကျန်တဲ့သူတွေအများကြီးကျန်ပါသေးတယ်… မင်းသားအစ်မ… ဒုတိယမင်းသားကြိုက်တဲ့ မမ လုပ်တဲ့ မင်းသမီး… ဒါပေမဲ့ ပိုစ့်လဲ အတော်လေးရှည်နေပြီ… တခြားလူတွေ စိတ်ဝင်စားလား မ၀င်စားလားတော့ မသိပါဘူး… ဒါပေမဲ့ ကျမလိုပဲ Drama ကြိုက်တဲ့ ပိုးတူသူများကတော့ စိတ်ဝင်စားမှာပါ… ဒီကား၃ကားလုံးကို ကြည့်ပြီးတာကြာပါပြီ… ဒါပေမဲ့ ရေးရင် ပိုစ့်ရှည်မယ်ဆိုတာ သိလို့ မရေးပဲနေတာပါ… ဒါပေမဲ့ တချို့တွေက ကိုရီးယား ကားကိုပဲ ကြည့်ပြီး… ကိုရီးယားကမှ အကောင်းဆုံး… ကိုရီးယားမင်းသားကိုမှ အကြိုက်ဆုံးလို့ပြောနေကြပြီး… ကျမက အများနဲ့ တစ်ယောက်ဖြစ်နေလို့ ၃ကားလုံးကြည့်ဖူးတဲ့ ကျမက ကျမ အမြင်ကို နှိုင်းယှဉ်ပြတာပါ… ကျမကိုယ်တိုင်လဲ ကိုရီးယားမင်းသားကို ကြိုက်ပါတယ်… ဒါပေမဲ့ ဒီဇာတ်လမ်းနဲ့ ဒီဇာတ်ကောင်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူကတော့ ထိုင်ဝမ်မင်းသားနဲ့ ထိုင်ဝမ်မင်းသမီးပါ… ကျမလို Drama Addicted မဟုတ်တဲ့သူတွေအတွက် ၃ကားလုံးကို ကြည့်ခိုင်းပြီး နှိုင်းယှဉ်ဖို့ ကျမ မပြောသာပါဘူး… ၁ကားပဲကြည့်ပြီး ကိုရီးယားက အကောင်းဆုံးလို့လဲ ထင်ချင်ထင်နေကြမှာပါ… အဲဒိအတွက်ကြောင့် ကျမကလဲ ကျမရဲ့ ထင်မြင်သုံးသပ်ချက်ကို တင်ပြလိုက်တာပါ… လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကျမကြိုက်တာမှ အကောင်းလို့ ကျမကလဲ ထင်ပင်မဲ့… သူများကြိုက်တာကို မကြိုက်ရဘူးလို့တော့ ကျမ မပြောပါဘူး… အဲဒိအတွက်လဲ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်… ပိုစ့်အရှည်ကြီးကို အဆုံးထိဖတ်သွားတဲ့ သင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်… ရုပ်ရှင်ကားတွေကို www.mysoju.com www.viikii.net တွေမှာ အင်္ဂလိပ်စာတမ်းထိုးတွေနဲ့ သွားရောက်ကြည့်ရှုနိုင်ပါတယ်…