Monday, April 27, 2009

နှုတ်ဆက်ပါတယ်.... (ပြန်လာမယ်. ပြန်ချစ်မယ်..)

ဒီနေ့ညမှ စ၍ ကိုရီးယား ရှန်ဟိုင်းခရီးစဉ် ထွက်ခွာရတော့မည်ဖြစ်ပါသောကြောင့် နောက်ထပ် ၁၀ရက်မျှ ဘလော့လေးနဲ့ ဘလော့ဂါသူငယ်ချင်းများ.. မဗေဒါဘလော့ကို စာလာဖတ်သော စာဖတ်သူများနဲ့ ခွဲခွာရအုံးမယ်ဖြစ်ပါတယ်..

မဗေဒါမရှိသော အချိန်အတောအတွင်း မဗေဒါဘလော့လေးကို ဆီဗုံးတွင် အစာကျွေးခြင်း.. ပိုစ့်အဟောင်းလေးများကို လှန်လှော ဖုန်ခါပေးခြင်းဖြင့် ကြည့်ရှု စောင့်ရှောက်ပေးကြပါရန် ယုံကြည်စိတ်ချစွာ အပ်ပါသည်..

မီးမီးကတော့ Hyun Bin oppa, Yoon Kye Sang Oppa, Won Bin Oppa, Jang Daung Gun Oppa, Jo In Sung Oppa.. တို့ ရှိတဲ့နေရာကို သွားပြီး သူတို့ အငွေ့အသက်လေးတွေခံစားလိုက်ပါအုံးမယ်.. ချဉ်ဖတ်စော်နံမဲ့အရေးတော့ အတော်လေး တွေးကြောက်နေရပါသည်..

tour package နဲ့ သွားတဲ့အတွက် သိပ်တော့ ကြောက်စိတ်မရှိတဲ့အတွက်.. ဂျပန်သွားတုန်းကလောက်တော့ စိတ်မလှုပ်ရှားပါ.. သိပ်မပျော်ပါ.. ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်ဘာသာကို သွားရတာတော့ ပိုသဘောကျတာပဲ.. ဒါပေမဲ့လဲ မကျွမ်းကျင်သေးတော့ ဒါက စိတ်ချရပါတယ်.. နောက်မှ ပဲ အကြောင်းစုံရှင်းပြတော့မယ်.. ပြန်လာရင် လက်ဆောင်တွေရော မုန့်တွေရော အများကြီးဝယ်လာခဲ့မယ်.. ကိုရီးယား.. ကောင်မလေးတွေ ကောင်လေးတွေကိုလဲ ဘလော့ပေါ် ခေါ်လာခဲ့မယ်..
ခုတော့ သွားခံနီးထိ ဘလော့ရေးနေလို့ အဖေဆူနေပြီ.. သွားတော့မယ်နော်..

Sa rang hae yo!!!!!!!!!!! Aja.. Aja.. Fighting...

ကိုရီးယား နှင့် ရှန်ဟိုင်း ဗီဇာ လျှောက်ခြင်း...

မတ်လ ၄ရက်နေ့က စကာင်္ပူ အခြေစိုက် တရုတ်သံရုံးမှာ ဗီဇာသွားလျှောက်ဖြစ်တယ်.. တရုတ်သံရုံးကို အရင်သွားဖြစ်တာကတော့ ကိုရီးယားသံရုံးက အလုပ်ထောက်ခံစာတွေဘာတွေ လိုတယ်ဆိုတော့ မစုံသေးလို့ သွားလို့ရသေးဘူး..

တရုတ်ပြည် ဗီဇာ..

တရုတ်သံရုံးက အော့ချက်အနီး တန်းကလင်းမောနားမှာ ရှိတယ်.. မြန်မာသံရုံးနဲ့လဲ နီးတယ်..
လိပ်စာက..

Embassy Address:

Embassy of P R China in Singapore
150 Tanglin Road
Singapore 247969


ဂိတ်ဝရောက်တော့ လူအတော်များတယ်.. အဆောက်အုံးက အတော်ကြီးပါတယ်.. ခြံဝန်းနဲ့ အပြည့်ဆောက်ထားတယ်.. ခြံထဲဝင်ပြီးတော့ အဆောက်အဦးထဲဝင်ဖို့တောင် တန်းစီရတယ်.. ကိုယ့်အလှည့်ရောက်တော့ ဗီဇာလျှောက်ဖို့လို့ပြောလိုက်တော့ ကောင်တာက မိန်းမက အပေါ်ထပ်ဘယ်ကောင်တာကို သွားလို့ပြောလိုက်တယ်.. ကိုယ်က ၀က်ဆိုဒ်ကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေကြည့်ပြီး ယူလာပြီးသားဆိုတော့ အားလုံး အဆင်ပြေတယ်..

တရုတ်ပြည်ကို အလည်သွားဖို့ ဗီဇာအတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့..

၁) ဗီဇာ လျှောက်လွှာဖောင်
၂) လတ်တလောရိုက်ထားတဲ့ ပတ်စပို့ ဓာတ်ပုံ
၃) IC (မိတ္တူ မူရင်း)
၎) လေယာဉ်လက်မှတ် နဲ့ ဟိုတယ် ဘွတ်ကင်း မိတ္တူ
၅) တရုတ်ပြည်က မိသားစုကို သွားလည်ချင်သူများအတွက်ကတော့ မိသားစုဖြစ်ကြောင်း စာရွက်စာတမ်းတစ်ခုခုပြရမယ်.. ဟိုတယ်ဘွတ်ကင်းတို့ဘာတို့ မလိုဘူး
၆) ပတ်စပို့ အသစ်ကိုင်ထားတဲ့သူက အဟောင်းကိုပါ တင်ရမယ်တဲ့.. (အဲဒါတော့ နားမလည်ဘူး.. ပတ်စပို့စာအုပ်ကုန်ရင် မြန်မာသံရုံးက ပြန်သိမ်းတယ်မှတ်လား.. သေချာသိဘူး)

အတိအကျ သိချင်သူများရှိရင်တော့ ဒီနေရာမှာ ဘာတွေလိုလဲ.. ကိုယ်က ဘာအတွက် သွားမှာလဲပေါ်မူတည်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေလေ့လာနိုင်တယ်..

သံရုံးပေါ်တက်တက်ချင်းပဲ ပိုက်ဆံ ကြွေစေ့ထည်း မိတ္တူစက်သုံးစက်နဲ့ တူလို့ ပေါက်ဖော်ကြီးရဲ့ ဘော်ဘော်တယောက်ကို သွားသတိရမိတယ်.. ကိုယ်သွားလေ့ရှိတဲ့နေရာနဲ့ ခပ်ဆင်ဆင်တူလို့.. ဟတ်.. ဟတ်.. ဘာလို့လဲဆိုတော့ တွေ့ဖူးတဲ့ သွားဖူးတဲ့ ရုံးတွေပဲ ဖြစ်ဖြစ် ကျောင်းတွေပဲ ဖြစ်ဖြစ် သံရုံးတွေပဲဖြစ်ဖြစ် မိတ္တူလိုတယ်ဆိုရင် သူ့ဟာသူကူးပေးကြတာပဲ.. ခု တရုတ်သံရုံးရယ် အဲဒိနောက်တစ်နေရာရယ်မှာပဲ ဈေးကွက်စီးပွားရေနဲ့ အကြွေစေ့ထည့်မိတ္တူစက်ကို တွေ့ဖူးတယ်..
နောက်ပြီး သူကလဲ မတ်တပ်ရပ်ပြီး ကျူတမ်းမှာ ၀င်စီရတယ်.. ဒစ်ဂျစ်တယ်နံပါတ်လေးတွေနဲ့ ကျူစီတဲ့ စစ်စတန်မရှိဘူး.. ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး မိုးတိုးမတ်တပ်စီရတာပဲ.. ဒါလဲ သူ့ ဘော်ဒါကြီး နဲ့ အတော်တူတာနော်..

ကောင်တာရောက်တော့ စာရွက်စာတမ်းကြည့်ပြီး လက်ခံတယ်.. စလစ်ပေးတယ်... နောက် လေးရက်ကြာပြန်လာယူရမယ်တဲ့.. နောက်လေးရက်နေတော့ သွားရွေးတော့ ရှိတဲ့ စလစ်နဲ့ ပိုက်ဆံရှင်းတဲ့ ကောင်တာမှာ သွားပေးရတယ်.. အဲဒိကောင်တာက သံရုံးရဲ့ ဘယ်ဝန်ဆောင်မှုပဲဖြစ်ဖြစ် အဲမှာပဲ ရှင်းရတာ.. တစ်ယောက်ကို စကာင်္ပူ ဒေါ်လာ ၅၀ နဲ့ ၂ယောက် ၁၀၀ အတော်ထိတာပဲ.. နေမှာက ၂ညအိပ်.. ဒါတောင် အေးဂျင့်က လက်ဆောင်ပေးလို့ သွားရမှာ.. လက်ဆောင်ယူဖို့တောင် ကိုယ့်မှာ အဲလို ဒုက္ခများတာ.. နောက်တော့ ပတ်စပို့ထုတ်တဲ့ကောင်တာမှာ သွားထုတ်ပြီး ကြည့်လိုက်တော့.. Single Entry ကို ၃လ ဗီဇာ ရတယ်.. ပေါက်ဖော်ကြီးကလဲ သူ့ဘော်ဒါကြီးကို အတော်လေးမှ အကျိုးပြုတယ်.. ဗီဇာကို ပတ်စပို့ စာမျက်နှာ ၂ မျက်နှာကျော်ပြီး ကပ်ပေးလိုက်တယ်.. ကြားက ၂မျက်နှာက အလကားဖြစ်သွားပြီ.. မြန်မာ ပတ်စပို့ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မသိဘူးလားသိဘူး.. ဟင်းးးးးး.. (သက်ပြင်းချသံ)..

ကိုရီးယား ဗီဇာ...


နောက် တစ်ပတ်လောက်နေတော့ ကိုရီးယားသံရုံးကို သွားဖြစ်တယ်.. ကိုရီးယားသံရုံး ၀က်ဆိုဒ်ကို ရှာမတွေ့လို့.. တခြား တွေ့တဲ့ ၀က်ဆိုဒ်က ကိုရီးယားသံရုံးအီးမေးလ်လိပ်စာကိုယူပြီး မေးလ်ပို့ပြီးမေးတော့ ချက်ချင်း အကြောင်းပြန်တယ်.. ကျမအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေရယ်.. ကျမစပွန်ဆာပေးတဲ့ မေမေ့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေရယ်ကို အပြည့်အစုံ ပြန်တဲ့အပြင် သူတို့ သံရုံးလိပ်စာရော ၀က်ဆိုဒ်ရောပါ ပေးတယ်..

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့...

၁) အနည်းဆုံး ၆ လသက်တမ်းရှိတဲ့ ပတ်စပို့စ် (ဒါကတော့ နိုင်ငံတိုင်းလိုလို ဗီဇာလျှောက်ရင် အနည်းဆုံး၆ လရှိရပါတယ်)
၂) လတ်တလောရိုက်ထားတဲ့ ပတ်စပို့ဓာတ်ပုံနဲ့ ဗီဇာ လျှောက်လွှာဖောင်
၃) ကုပ္ပဏီ ထောက်ခံစာ (ရာထူး၊ လစာ နှင့် အလုပ် စတင်လုပ်ကိုင်သောနေ့ ပါဝင်ရမည်)
၎) လွန်ခဲ့သော ၃လအတွင်းပြုလုပ်ထားသော ဘဏ် transaction (လစာဝင်သော ဘဏ်အကောင့် ဖြစ်ရမည်)
၅) IC မိတ္တူ မူရင်း

ကျမအမေအတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့..

၁) ပတ်စပို့ (အနည်းဆုံး ၆လ သက်တမ်း)
၂) ဓာတ်ပုံနဲ့ လျှောက်လွှာ
၃) IC မူရင်း မိတ္တူ
၎) ကျမ မွေးစာရင်း (ဒါမှမဟုတ်) သန်းခေါင်စာရင်း နိုတြီ မူရင်း မိတ္တူ (ကျမတို့ ၂ယောက်ပတ်သတ်မှုအတွက် သက်သေ).

ဗီဇာ ၀န်ဆောင်မှုများကို တနလာင်္နေ့ကနေ သောင်္ကြာနေ့ မနက် ၉နာရီမှ ၁၂ နာရီအထိဆောင်ရွက်ပေးပါတယ်.. သံရုံးဝက်ဆိုဒ်ကတော့ ဒီမှာပါ..

သံရုံးလိပ်စာနဲ့ ဖုန်းနံပါတ်က..
Embassy of the Republic of Korea

47 Scotts Road #05-01
Goldbell Towers
Singapore 228233

Tel: 6256-1188

ဟိုရောက်တော့ သူက ဟိုတယ်လိုလို အဆောက်အုံထဲမှာ အခန်းတစ်ခန်း ငှားပြီး ဖွင့်ထားတာ ကိုယ်တောင် မှားများနေလားလို့.. အဲဒိ တာဝါရဲ့ ၅ထပ်မှာရှိတာ.. လူနည်းနည်းပါပဲ.. တိတ်တိတ်ဆိတ်ဆိတ်ပဲ.. ချိတ်ထားတဲ့ plasma တီဗွီမှာတော့ ကိုရီးယား ဇာတ်လမ်းကြော်ငြာတွေ ပြနေတယ်.. သူတို့နိုင်ငံရဲ့ tourist attraction က အဲဒိ ရုပ်ရှင်ကားတွေကြောင့် အများဆုံးဖြစ်မယ်ထင်တယ်.. အစိုးရကတော့ အဲဒါကို အတော်လေး အရေးတယူရှိတယ်..

သံရုံးအခန်းထဲဝင်ပြီး ကျူနံပါတ်ယူတဲ့ စက်ကနေ နံပါတ်ယူပြီး ကိုယ့်နံပါတ်ကို ပေါ်မဲ့ အချိန်ကို ထိုင်စောင့်နေယုံပဲ.. ကိုယ့်အလှည့်ရောက်တော့ သူတောင်းတဲ့ စာရွက်စာတမ်းတွေပေးတော့.. သူကဖောင်ထဲကနဲ့ ကျမရဲ့ မူရင်းစာရွက်တွေနဲ့ အသေအချာတိုက်ပြီး အမှတ်လေးတွေခြစ်တယ်.. ကျမ မဖြည့်တတ်လို့ ထားခဲ့တဲ့ ကွက်လပ်လေးတွေလဲ သူ့ဟာသူဖြည့်ပေးတယ်.. အဲဒိမှာပဲ ကျမရဲ့ IC ကိုမိတ္တူကူးဖို့ မေ့လာပါလေရော.. ဒါပေမဲ့ မပူပါနဲ့.. ကောင်တာထဲက ကိုရီးယားအရာရှိကြီးက သူ့ ရုံးခန်းထဲကို ခရီးတစ်ခေါက်နှင်ပြီး ကူးပေးတယ်ရှင့်.. အားနားစရာ.. ကောင်းလိုက်တာပေါ့နော်.. ဟဲ.. ဟဲ.. တချို့ တချို့တွေနဲ့ ကွာတာ.. သံရုံးတစ်ရုံးဆိုတာ အဲဒိနိုင်ငံရဲ့ အများအမြင်မှာ မျက်နှာစာပဲလေ.. ဒါကြောင့်မို့လဲ သူတို့နိုင်ငံတွေ တိုးတက်နေတာ.. သူက ဗီဇာလက်ခံပြီးတာနဲ့ ပိုက်ဆံရှင်းခဲ့ရတယ်.. တစ်ယောက်ကို စကာင်္ပူ ဒေါ်လာ ၄၈ ဒေါ်လာကျတယ်.. ၂ယောက်ဆိုတော့ ၉၆ကျပ်..

နောက်၎ရက်နေပြီး ဗီဇာသွားရွေးတဲ့အခါ အေးဆေးပဲ ရတယ်.. အားလုံးအဆင်ပြေတယ်.. Single Entry ၃လ ရတယ်.. ဒန်တန်တန်... ကျမရဲ့ ခရီးစဉ်အတွက် ဗီဇာရပါ့မလားလို့ ပူခဲ့ရတဲ့ စိတ်တွေ အတော်လျော့သွားပြီး ရောက်လာမဲ့ ဧပြီ၂၇ရက်နေ့ကို စောင့်ရုံပဲကျန်တော့တယ်..


တော်ပါသေးရဲ့

ရေးသားသူ - အတုလ
စာရိုက်သူ - မဗေဒါ
တော်သေးတာပေါ့ဗျာ...

လူတိုင်းကြားဖူးတယ်.. လူတိုင်းလဲ ပြောဖူးတယ်.. ဟုတ်တယ်.. အဲဒိစကားဘယ်အခါမှာ ပြောကြသလဲ?

မိမိထင်ထားသလောက် ဆုံးရှုံးမှု၊ နစ်နာမှုမရှိတဲ့အခါ၊ ကိစ္စတစ်ခုခုတွင် မှီအောင် အလျင်မှီအုပ်နိုင်သောအခါ၊ စိုးရိမ်စရာ အခြေအနေတခုမှ မစိုးရိမ်ရသောအခါ၊ မှန်းထားသလောက် မဖြစ်၍ ထိုက်သင့်သလောက်သာ ဖြစ်သောအခါ စသည်အားဖြင့် တော်သေးတာပေါ့ဗျာ.. တော်ပါသေးတယ်ရှင် ဟုပြောတတ်ဆိုတတ်ကြပါသည်.. မှန်ပါသည်.. ကိုယ်ထင်ထားသလောက်မှ မဖြစ်တော့လည်း ဒီလိုဘဲပြောရမှာပေါ့.. ဒါများ အဆန်းလုပ်လို့ ဆိုပြီး ပြောချင်လည်း ပြောကြအုံးမှာပါ...

ဆန်းတော့ မဆန်းပါဘူး ဆိုပေမဲ့လည်း ပြောသူမှာရော အပြောခံရသူမှာပါ အကျိုးမရှိဘဲ အပြောခံရသူများ မအီမသာဖြစ်ပြီး ပြောသူမှာလည်း တပါးသူ၏ စိတ်ကွက်ခြင်းကို ခံရတတ်ပါသေးတယ်ဆိုတဲ့ အကြောင်း အောက်တွင် ဆက်လက်ဖော်ပြသွားမှာပါ...

သတ္တ၀ါတိုင်း ဒုက္ခနှင့် ကြုံလျှင်သောက၊ ပရိဝေဒ၊ ကြိတ်မနိုင်ခဲမရ နှင့် ရင်မှာ မချိတင်ကဲ ခံစားရတတ်ပါတယ်.. ဒုက္ခဝေဒနာပါ မည်သူမျှမကြိုက်ပါဘူး.. မခံစားချင်ကြပါဘူး... ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားကြီး ကျော်ဟိန်းတို့ ဒွေးတို့ဇာတ်ဝင်ခန်းတွေမှာ နံရံကိုမျက်နှာ မှောက်ပြီးလက်သီး ဆုပ်ဖြင့်နံရံကို ထုခါ ထုခါ ပါးစပ်ကလည်း ဟာကွာ.. ဟာကွာ နှင့် မြင်ဘူးကြည့်ဘူးကြမည်ထင်ပါသည်.. ကြိတ်မနိုင်ခဲမရ ဖြစ်နေပုံကို သရုပ်ဆောင်တာပါ.. သရုပ်ဆောင်ရာတွင်တောင် Mood ၀င်ဖို့ ဈာန်ဝင်ဖို့ စိတ်ကို ဈာန်သွင်းရပါသေးသည်.. လက်တွေ့လောကတွင်တော့ ဈာန်သွင်းစရာမလိုပါ.. တနုံ့နုံ့ဖြင့် အတွင်းစိတ်ထဲကကို ကြိတ်ခဲမရဘဲ ခံစားမရလို့ ဟန်များတောင် မပြနိုင်ပါဘူး.. အဲဒိအခါမှာ လူတွေက ဖြေတယ် ခင်ဗျာ့... ဘယ်လိုဖြေသလဲဆိုတော့... တော်ပါသေးရဲ့ ဒီလောက်ဘဲမို့၊ ဟိုလိုမဖြစ်တာတော်ပါသေးတယ်လေ.. ဒါတောင် သတိဝင်၊ အသိဝင်လို့ ဖြေတာ သတိမ၀င် အသိမ၀င်ရင်တော့ အချို့ဆိုလျှင် ရှူးသွတ်သွားသည်အထိ မိမိကိုယ်မိမိ အဆုံးစီရင်သွားသည် အထိ အဖြစ်တွေလည်း လောကမှာ အများကြီးတွေ့ခဲ့ ကြားခဲ့ရဘူးပါသည်...

အဲသဟာကြောင့် မခံစားနိုင်သည့် ဝေဒနာဖြစ်လာလျှင် ဖြေရမှာဘဲ.. မဖြေလို့တော့ မရဘူး.. ဟုတ်ကဲ့ ဖြေပါ.. မခံစားနိုင်လျှင် ဖြေရမှာပါ.. ဖြေတဲ့နေရာမှာ မိမိနှင့် သက်ဆိုင်သည့် အရာများ၊ မိမိ၏ကဲတရားများနှင့်သာ ယှဉ်၍ဖြေပါ.. ကိုယ့်ဝေဒနာကို ကြော်ငြာပြီး အခြားသူနှင့် ယှဉ်၍ဖြေလျှင်တော့ အထက်မှာရေးခဲ့သလို မအီမသာ နှင့် စိတ်ကွတ်ခြင်းဆိုတဲ့ မတော်သေးတာတွေ ဖြစ်လာတတ်ပါတယ်...

ကြားခဲ့ဖူးသမျှတွေထဲက မှတ်မှတ်ရရ ဖြစ်နေတာ တခုကတော့လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်လောက်က လူကြီးစကားဝိုင်းတစ်ခုတွင် ဝေဒနာနှိုင်းယှဉ်ခံရသူ ကာယကံရှင် ကိုယ်တိုင်ပြောနေတာကို ဘေးမှနားထောင်မိ၍ ကြားခဲ့ရဘူးပါတယ်.. ထိုအချိန်မတိုင်မှီလောက်က ဧရာဝတီတိုင်း အသုတ်မြို့တွင် မီးလောင်ရာ အိမ်ချေ အတော်များများ မီးထဲပါသွားပါသည်.. ထိုအထဲတွင် ထိုသူ၏အသစ်စက်စက် ဆောက်ထားသော တိုက်မှာလည်းမီးထဲပါသွားပါသည်.. အိမ်တက်မင်္ဂလာပင်မလုပ်ရသေးပါ.. လုပ်ခါနီးဆဲဆဲ အချိန်ဖြစ်ပါသည်.. ထိုသူမှာ ၀၀ထောင်ထောင်မောင်းမောင်း နှင့် စိတ်နေစိတ်ထားမှာလည်း ဖြောင့်မတ်တည်ကြည်သူ ဖြစ်ပြီး ရွှေကုန်သည် ဦးအောင်ဆန်း အမည်ရှိပါတယ်.. နယ်မြို့တို့၏ ထုံးစံအတိုင်း ရွှေကုန်သည်ဦးအောင်ဆန်းဆိုလျှင် အသုတ်တမြို့လုံး သိလောက်ပါတယ်..

ယခုလိုမီးလောက်မှု ဖြစ်တော့ သူသူကိုယ်ကိုယ် မီးဘေးဒုက္ခသည်တွေအထဲမှာ ဦးအောင်ဆန်းလည်းပါတယ်ပေါ့.. မီးဘေးဒုက္ခသည် အချင်းချင်း ဦးအောင်ဆန်း ဝေဒနာကို အယှဉ်ခံရပုံကို ရန်ကုန်မြို့ ရွှေဘုံသာလမ်း(မဂိုလမ်း) ရတနာရွှေဆိုင်မှ ၄င်း၏မိတ်ဆွေများနှင့် တွေ့၍ ပြောပြရာမှာ...

လူတွေက အခက်သားလားဗျာ.. အခု အသုတ်မြို့မှာ မီးလောင်ရာမှာ ကျွန်တော်တိုက်လဲ မီးထဲပါသွားတာ ဦးဘိုလေးတို့ ဦးမောင်ဦးတို့လည်းကြားမှာပါ.. မီးဘေး ဒုက္ခသည်အချင်းချင်းဗျာ.. လူတွေက ကျွန်တော်နဲ့ ယှဉ်ယှဉ်ပြီး သူတို့ခံစားနေရတဲ့ ဝေဒနာကို သက်သာရာ သက်သာကြောင်းလုပ်ကြတယ်ဗျာ.. သူတို့က သက်သာပေမဲ့ ကျွန်တော့်မှာ ပိုခံစားရတာပေါ့၊
"ငါတို့ကတော်ပါသေးတယ် ဦအောင်ဆန်းကြီးက ပိုဆိုးတာပေါ့ သူ့တိုက်က ဆောက်ပြီးခါစ နေတောင် မနေရသေးဘူး.. ငါတို့ အိမ်မီးထဲပါသွားပေမဲ့ တို့က အနှစ် သုံးဆယ်လောက်နေခဲ့တာဆိုတော့ တန်ပါသေးတယ်.."


အဖိုးအဖွားလက်ထက်ကနေခဲ့သူနဲ့ ဆယ်နှစ် ဆယ့်ငါးနှစ်နေခဲ့သူနဲ့ ယှဉ်လိုက်ကြတာ... ဦးအောင်ဆန်းခမျာ မခံစားနိုင်လို့ ရင်ဖွင့်ရတဲ့ အထိဖြစ်သွားရပါတယ်.. ပြောတဲ့သူတွေကိုလည်း ဦးအောင်ဆန်းက စိတ်ကွက်သွားနိုင်သလို ဦးအောင်ဆန်းကိုယ်တိုင်လည်းပို ခံစားရပါတယ်.. ဒီလိုဖြစ်ရတာဟာ ကိုယ့်ဝေဒနာကို သူများနဲ့သွားယှဉ်လို့ပါ.. ဒီနေရာမှာ .....
"တော်ပါသေးတယ်.. အိမ်မီးထဲပါသွားပေမဲ့ အတွင်းပစ္စည်းလေးရလိုက်လို့၊ " "တော်ပါသေးတယ် အသေအပျောက်မရှိလို့ ဘယ်သူမှ ဘာမှ မဖြစ်လို့ ၊" "သံ၊ သွပ်၊ သစ် အထူးလျော့ဈေးနဲ့ ရောင်းချပေးမယ်ဆိုလို့.." ဖြေလို့ရပါတယ်.. ဘယ်သူမှ မထိခိုက်ပါဘူး...
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့သော တရားတော်များထဲမှ မှတ်သားမိသော ဒေသနာတစ်ခုမှာ လူအယောက်တစ်ရာ ချစ်ခြင်းသည် နည်းသေး၏ လူတစ်ယောက်မုန်းခြင်းကား များလွန်း၏ ဟု မှတ်သားဖူးပါသည်.. သို့ပါ၍ လူမုန်းမများအောင် ဘ၀အသိ၊ အတွေ့အကြုံ အသိများနှင့် ယှဉ်၍ စေတနာရှေ့ထား၍ ရေးသားလိုက်ရပေသည်..

Sunday, April 12, 2009

စီးတီးဟော စတိတ်ရှိုးနှင့် ၁၅ကျပ်သင်္ကြန်... ၂၀၀၉ ခုနှစ်




ယခုနှစ် city hall အစီအစဉ်မှာမူ စကာင်္ပူဒူးရင်းသီးကြီးနားက ဘောလုံးကွင်း အကျယ်ကြီးကို ငှားပြီး မြန်မာနိုင်ငံရှိ အဆိုတော်များကို ခေါ်ကာ ဖျော်ဖြေရေး ရေပတ်အစီအစဉ်များနဲ့ အကြီးအကျယ် ကျင်းပခဲ့ပါတယ်.. အဆိုတော်များမှာ ဇော်ဝမ်း၊ မျိုးကြော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ရဲလေး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း နှင့် အခြားသော အကဖျော်ဖြေမှုများလဲ ပါဝင်ပါတယ်.. မှတ်မှတ်ရရ ဇော်ဝမ်း သင်္ကြန်မိုးသီချင်းဆိုတဲ့ အချိန်မှာ သင်္ကြန်မိုးလို မိုးဖွဲလေးတွေ တကယ်ကျခဲ့ပါတယ်..



ဝင်ပေါက်မှာ တန်းစီးစဉ် (ဗွက်စတင်ပေပါတယ်..)

မမှီမကမ်း လှမ်းရိုက်ထားတဲ့ စတိတ်စင်..

ရေကစားဖို့ ကန်များနှင့် အဝေးက ဈေးဆိုင်များ...


အထဲက ဆိုင်တော်တော်များများကတော့ ပိုက်ဆံပေးဝယ်စားရပါတယ်.. ဒါပေမဲ့ ဖာလူဒါတော့ စတုဒီသာတိုက်ပါတယ်.. အအေးနဲ့ ရေသန့်တွေကိုတော့ ဆိုင်ဖိုးကြေရုံသာယူပြီး ဈေးသက်သာစွာအရင်းတိုင်းရောင်းချပေးပါတယ်.. မည်သို့ပင်ဆိုစေ.. အလကားကျွေးတဲ့ စတုဒီသာတောင် အေးအေးဆေးဆေးယူစားလို့ရပေမဲ့.. ဈေးကြီးပြီး တခွက်ကို ဒေါ်လာ ၆ကျပ်နဲ့ ရောင်းနေတဲ့ ဘီယာ ဆိုင်မှာတော့ ပြုံတိုးပြီး လုရက်ဝယ်ယူနေသော မြန်မာ အမျိုးသားများကိုလဲ တပုံတပင်တွေ့ရပါတယ်.. ကွင်းနောက်ဆုံးရှိ ယာယီအိမ်သာတွင်လည်း ၆ကျပ်တန်များကို ရေဖျောပစ်ခဲ့သူအများအပြား တန်းစီနေတာကိုလဲ အဆက်မပြတ်တွေ့ရပါတယ်..

စကာင်္ပူ မြို့လယ်ခေါင်နှင့် မြန်မာသင်္ကြန် မြင်ကွင်း..

နောက်ပိုင်း ကွင်းပြည့်နီးပါး လူပိုများလာခဲ့တယ်..


ရေပတ်ဖို့ ရေတိုင်ကီ ၃လုံးချထားပေးပြီး ပွဲအစတွင်တော့ ကလေးငယ်များနှင့် နိုင်ငံခြားသား တစ်ဦးနှစ်ဦးသာဆော့နေကြပြီး ပွဲစင်နားတွင်တော့ လူများပြီး တိုးမပေါက် မမြင်ရသဖြင့် မဗေဒါတို့လဲ ကလေးများရေကစားနေသော ကွင်းနောက်ပိုင်း တိုင်ကီနားရှိ လူထိုင်ရန်လုပ်ပေးထားသော ခုံတန်းများတွင်သာ ထိုင်လျက် ကြည့်ရှူခဲ့ရသည်.. မြက်ခင်းပြင်ဖြစ်သောကြောင့် ရေမစို့တစိုအချိန်တွင် နင်းလိုက်သမျှ ဗွက်ထသဖြင့် အစပိုင်းအတော်အနေခက်ခဲ့ရသည်.. အကြောင်းသိ၍ မနက်က၀တ်လာသော ဒေါက်မြင့်ဖိနပ်ကို ချွတ်၍ ပန်နီဆူလာ ပလာဇာတွင် ၈ကျပ်တန် ဖိနပ်ဝယ်စီးခဲ့လို့သာ တော်တော့သည်..
ကွင်းနောက်ဘက်ရှိ ခုံတန်းများ...

ဗွက်နဲ့ မြက်လူးနေတဲ့ ဗေဒါ့ခြေထောက်အလှ..

နောက်ပိုင်းတွင်တော့ ရေဆော့ရင်းဖြင့် ဗွက်တောထဲတွင် အနေသားကျခဲ့သည်.. ရေဆော့သော နေရာတွင် ရေနိုင်သွားသဖြင့် ဗွက်သိပ်မထတော့ခြင်းကြောင့်လဲ ဖြစ်သည်.. စတိတ်စင်ဘက် ကွင်းအရှေ့တွင်မူ အလွန်တရာမှ ဗွက်ထပြီး.. ဗွက်နံ့မှာ ၀က်မွေးမြူရေးခြံအတွင်းရောက်သွားသကဲ့သို့ပင်.. သို့သော် လူအတော်များများမှာ ဒေါ်လာများ အတန်အသင့် ရေဖျောပြီးသူများ ဖြစ်ခြင်းကတစ်ကြောင်း ရေစိုလာခြင်းကြောင်းတစ်ကြောင်း ဗွက်ပေလက်စနှင့် မထူးဟူသော စိတ်ကြောင့်တစ်ကြောင်း ဗွက်တော့ထဲတွင်ပင် ပျော်ရွှင်နေကြပုံရသည်.. ရေတိုင်ကီနားလာ၍ ခြေလာဆေးသူ အများအပြားကိုလည်းတွေ့ရသည်.. မည်သို့ပင်ဆေးဆေး သန့်သွားသည်မှာ တခဏသာဖြစ်မည်.. ဒီကွင်းထဲက ထွက်မှသာလျှင် ဗွက်လွတ်မည်ဖြစ်သည်..

ကျမ ဖေဖေ မေမေနှင့် ကျမကတော့ အသုတ်စုံ ၁ပွဲ ၃ကျပ်ဖြင့် စားလိုက်ကြတာ ၄ပွဲစားဖြစ်သည်.. ရေစိုစိုနှင့် အသုတ်ကလည်းအလွန်စားကောင်းသည်.. အစက ထိုင်နေသူများကို မည်သူမှရေလာမလောင်းကြသော်လည်း.. နောက်ပိုင်း ဖျော်ဖြေရေး ခေတ္တနားသောအချိန်တွင် ဒေါ်လာရေဖျောထားသူ အချို့ ရေကစားရာနေရာသို့ရောက်လာပြီး တိုင်ကီရေဖြည့်သော ပိုက်ကိုယူကာ ထိုင်နေသူများကို လိုက်ဖြန်းသောကြောင့် အားလုံးစိုကုန်ခြင်းဖြစ်သည်.. ရေမစိုသေးသောသူများလည်း သင်္ကြန်ရေထိ၍ ထိုသူကြောင့် ရေစိုသွားသည်ဆိုသော်လည်း.. ကလေးများကစားနေသော ရေတိုင်ကီသည် နောက်ပိုင်း လူအများအပြားရေကစားလာသောအခါ ပိုက်တစ်ချောင်းတည်းဖြင့်
အလျှင်မမှီရေဖြည့်နေရသောကြောင့်.. တစ်ဦးတစ်ယောက် ပျော်ရွှင်မှုအတွက် အများဆော့နေသော ရေပိုက်ကိုယူကာ လိုက်မလောင်းသင့်ဟု ကျမထင်မိသည်.. တာဝန်ရှိသူမှ ရေပိုက်ကို ကောင်းကောင်းမွန်မွန်ပြန်တောင်းတာတောင် ထိုသူက သိပုံမရ.. သူ့စိတ်ကြိုက် ရေပိုက်ကို သုံးနေသည်.. နောက်ဆုံး ရေပျက်(ချင်ယောင်ဆောင်) သွားတော့မှ ရေပိုက်ကိုချသည်.. တာဝန်ရှိသူက ခပ်ပြုံးပြုံးဖြင့် သူမသိသယောင်..
"ဟာ.. ရေပျက်သွားပြီ" ဆိုပြီး သူ့လက်ထဲ ပိုက်ပြန်ရောက်တော့မှ ရေက ပြန်လာသည်..
စကာင်္ပူလိုရေဈေးကြီးသောနိုင်ငံတွင် ယခုလို ပွဲအစအဆုံးရေပေးကာ အကြာကြီးဆော့ရသည်မှာ အလွန်ပင် ကြေနပ်စရာကောင်းလှသည်...

ဝန်းအပြင်တွင် လူအများကလည်း မြန်မာလူမျိုးများ၏ ရေသဘင် နှစ်ကူးကိုကြည့်ကာ အပျော်ကူးဆက်နေသူများကိုလဲတွေ့ရသလို.. လက်မှတ်မ၀ယ်တော့ပဲ ဘေးဘောလုံးကွင်းတွင်ထိုင်ကာ သီချင်းနားထောင်လိုက် ကြည့်လိုက်လုပ်နေသူ မြန်မာ အများအပြားကိုလဲတွေ့ရသေးသည်.. ဇကာပိုက်ပုံစံမျိုးနှင့်သာ ကာထားခြင်းဖြစ်၍ အပြင်မှလူများလဲ မြင်ရ ကြားရသည်.. အတွင်းကလူတွေလို လိုက်ကကြ လိုက်ခုံကြ ရေဘုန်းဘောလအော ကစားကြလို့မရတာသာရှိမည်.. အားလုံးကတော့ သိပ်မကွာလှပါ... အော်.. အပြင်ကလူများက ရွှံ့မပေပါ.. ဟဲ.. ဟဲ..

ဝန်းအတွင်း၌ အမှိုက်ကို စနစ်တကျပစ်ရန်နှင့် စည်းကမ်းရှိရန်စာရေးထားသောလည်း တချို့သူများက အမှိုက်များကို စည်းကမ်းမဲ့ပြစ်နေသူများကိုလဲ မြင်တွေ့ရသည်.. တချို့လူများကလည်း ဘေးလူကို ဂရုမထားပဲ.. ဗွက်ရေများပေါ် ဗြမ်းကနဲ ခုန်ကသောသူများကြောင့်လဲ ထိုင်နေသူများ ရွှံ့စင်ကာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာများလည်းရှိသည်.. ဤသို့သော အပြုအမူများမှာ အခြားသော နိုင်ငံသားများ အမြင်တွင် မြန်မာဆိုသည်ကို နှိမ်သထက်နှိမ်ချင်စဖွယ်ဖြစ်အောင် လုပ်ပြနေသကဲ့သို့ပင်.. ကျမတို့ မြန်မာလူမျိုးများ၏ ဂုဏ်ကိုထိမ်းသိမ်းဖို့မှာ မြန်မာလူမျိုးတိုင်းရဲ့တာဝန်ဖြစ်သည်လို့ ကျမမြင်သည်.. အထူးသဖြင့် သူများနိုင်ငံတွင်နေထိုင်နေသော မြန်မာလူမျိုးများအနေဖြင့် ကိုယ့်ပတ်ဝန်းကျင်တွင်ရှိသော နိုင်ငံခြားသားများအတွက် ကိုယ်က မြန်မာပြည်ကိုယ်စားပြုဖြစ်နေသည်.. အထူးသတိပြုသင့်ပေသည်..

ယခင်နှစ်များတွင် ပင်နီဆူလားပလာဇာတွင် အခမဲ့ဖျော်ဖြေရေးများနှင့်ကျင်းပခဲ့စဉ်က စည်းကမ်းမဲ့ အမှိုက်ပြစ်၊ ကွမ်းတံတွေးထွေး အံကြ၊ မူးကြလို့ နောက်ပိုင်းနှစ်များတွင် ပလာဇာတွင်း သင်္ကြန်ပွဲကျင်းပမှုကို တာဝန်ရှိသူများက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်.. ကိုယ့်နိုင်ငံရိုးရာပဲဟေ့.. ကိုယ်ပိုက်ဆံပေးထားတာပဲဟေ့ဟု မည်သို့ပင်ဆိုစေ သူများနိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်သည်ကို ခေါင်းထဲထည့်ထားသင့်သည်.. အထူးသဖြင့် စကာင်္ပူလို သန့်ရှင်းမှုကို အမြဲဂုဏ်ယူနေတတ်သောနိုင်ငံတွင် မြန်မာပွဲလုပ်တော့မှ အမှိုက်က ပေပွပြီးကျန်ခဲ့သည်ဆိုပြီး လက်ညှိုးထိုးချင်စရာ ဖြစ်အောင်မနေသင့်ပေ.. အမှိုက်ပုံးများကိုလဲ ကွင်းနေရာစုံတွင် လွယ်ကူစွာထားပေးထားသည်ကိုလည်း တွေ့ရသည်.. သို့သော် ဘီယာထည့်သော ကဒ်များ.. အာလူးကြော်ဘူးများ.. မုန့်ဘူးများကိုလဲ မြက်ခင်းပေါ်တွင်တွေ့ခဲ့ရသည်.. (ဒါတောင် ကျမစိတ်ထင် ၃ပုံ ၂ပုံလောက်ကတော့ စည်းကမ်းထိမ်းသဖြင့် သိပ်ဆိုးဆိုးရွားရွား အမှိုက်ပွခြင်းတော့ မရှိပါ ကျန် ၁ပုံကသာလျှင် ဆိုးရွားခြင်းဖြစ်သည်)

ရိုးရာမပျက်ကျင်းပခဲ့သော မြန်မာသင်္ကြန်ပွဲတော်အတွက် ကျမ မြန်မာတစ်ယောက်အဖြစ်ဂုဏ်ယူသည်.. နိုင်ငံခြားသားတော်တော်များများနှင့် ကမ္ဘာကအသိများသော ရေသဘင်ပွဲမှာ ယိုးဒယားဟုသာဖြစ်သည်.. အမှန်တော့ မြန်မာကစခဲ့ခြင့်းဖြစ်သည်ဟု ကျမယုံကြည်သည်.. ယိုးဒယားတွင် ကန့်သတ်ထားသောနေရာတွင်သာ ရေပတ်ကြသော်လည်း.. မြန်မာနိုင်ငံတွင် နိုင်ငံတ၀ှမ်း ကလေးလူကြီး အူကြီးအူမ မကျန် (ဥပုသ်သည်မှ လွဲ၍) ရေပတ်ခံရမည်.. သင်္ကြန်၏ မူလပထမ ပိုင်ရှင်မှာ မြန်မာလူမျိုးများဖြစ်သည်ဟု ကမ္ဘာသိအောင် ပြလိုက်ချင်သည်.. ယခုလို တန်ဖိုးရှိသော ကျမတို့ ရိုးရာကို ခိုးယူခံရပြီး ကမ္ဘာတွင် သူတို့မူပိုင်ရှင်လုပ်နေခြင်းအတွက် မချိတင်ကဲ စိတ်မကောင်းဖြစ်ရသည်.. (
ကျမအထင် မှားသည်ဆိုလျှင် ပြောပြပေးဖို့ သိသူများကို မေတ္တာရပ်ခံလိုပါသည်.. သင်္ကြန်က မြန်မာကစသလား.. ယိုးဒယားကစသလား.. ဟိုးယခင် အလောင်းမင်းတရားခေတ်က ယိုးဒယားကို သိမ်းဖူးလို့ မြန်မာ့ယဉ်ကျေးမှု အနည်းငယ်စီးဆင်းသွားခြင်းဖြစ်မည်ဟု ကျမတော့ထင်သည်..)

မည်သို့ပင်ဆိုစေ.. စကာင်္ပူတွင်ရိုးရာမပျက် ကျင်းပသော မြန်မာသင်္ကြန်ပွဲတော်မှာ ကုသိုလ်ပြုမှုများ.. ဖျော်ဖြေရေးများ.. ရေကစားခြင်းများဖြင့် အောင်မြင်စွာပြီးဆုံးသွားသဖြင့် ကျမအလွန်တရာမှ ၀မ်းသာပိတိဖြစ်မိပါတော့သည်....

ကျန်ပုံများကို ဆက်လက်ရှူစားကြပါကုန်...


ကွင်းနောက်ထောင့်ရှိ ယာယီအိမ်သာများ..

ရေဆော့သူ သိပ်မများခင် အစောပိုင်းအချိန်..


နောက်ပိုင်း ရေဆော့သူများလာချိန် (ရေပိုက်ရှိရာ ရေကန်တွင် လူပိုအုံတတ်သည်.. ယခုရေကန်တွင် လတ်တလောရေပိုက်မရှိပါ)


ဖာလူဒါစားနေတာ.. စားပါအုံး..

ခြေဆေးဖို့ ရေသွားခပ်ရင်း ရေပက်ခံလိုက်ရတာကနေစပြီး ရေကစားဖြစ်သွားတဲ့ ကြွက်စုတ် မဗေဒါ...

၂၀၀၉ခုနှစ် စကာင်္ပူရောက် မြန်မာသင်္ကြန် (၁)

စကာင်္ပူမှာလုပ်တဲ့ မြန်မာသင်္ကြန်ကို ၂၀၀၆ခုနှစ်တုန်းက မဗေဒါ ပါဝင်ကျင်းပခဲ့ဖူးပါတယ်... အဲဒိနှစ်ကတည်းက ယဉ်ကျေးပြူငှာပြီး အလှူအတန်းရက်ရော.. အခမဲ့ အစားအသောက်၊ အခမဲ့ ဖျော်ဖြေရေး တွေနဲ့ အလွန်တရာမှ ပျော်စရာကောင်းတယ်ဆိုတာ သိခဲ့ရပါတယ်..

၂၀၀၉ ခုနှစ်အတွက် စကာင်္ပူရောက် မြန်မာသင်္ကြန်ကိုတော့ ဒီနှစ်မှာ နေရာအတော်များများမှာ တပြိုင်တည်း ကျင်းပဖြစ်ခဲ့ပါတယ်.. စကာင်္ပူထုံးစံအတိုင်း မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းများကို အရင်သွားကြပြီး ဘုရားဖူး စတုဒီသာများ စားသောက်ပြီး ရေအနည်းငယ် ပက်ကစားသူလဲ ပက်ကစားကြပါသည်.. ယောကျာင်္းလေးဆိုလျှင် ရေစိုလေ့သိပ်မရှိပဲ.. မိန်းကလေးဆိုလျှင်တော့ အနည်းနှင့် အများရေစိုကြပါသည်.. ယခုနောက်ပိုင်းနှစ်များတွင် စကာင်္ပူရောက် မြန်မာလူဦးရေမှာ အံ့မခန်းလောက်အောင် များပြားလာခြင်းကို ကျမ ယနေ့ ၁၂ ဧပြီလမှာ ကျင်းပတဲ့ စကာင်္ပူရောက် မြန်မာသင်္ကြန်မှာ အတော်လေးကို သဘောပေါက်သွားပါတော့တယ်.. ယခင့် ယခင်က တိုပါးရိုးရှိ ရွှေကျောင်းဟု အများသိသော ဘုန်းကြီးကျောင်းနှင့် ပန်နီဆူလားပလာစာတွင်သာ ကျင်းပလေ့ရှိခဲ့သော်လည်း.. မနှစ်ကစ၍ ယခုနှစ်တွင်မူ တိုးပွားလာသော မြန်မာဘုန်းကြီးကျောင်းများကိုလဲ ကြည်နူးဖွယ် တွေ့မြင်ရပါသည်.. တိုပါရိုး ရွှေကျောင်းအပြင် ဆန်ဘာဝမ်းရှိဘုန်းကြီးကျောင်း များတွင်လည်း စတုဒီသာများနှင့် တည်ခင်းကျွေးမွေးသည့်အပြင် ယူးနို့ရှိဘုန်းကြီးကျောင်းတွင် စတုဒီသာအပြင် သွေးလှူရန် ၀န်ဆောင်မှုပေးခြင်း.. သက်ကြီးရွယ်အိုများကို ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်..
ကျမလုပ်အားပေးဖို့ရောက်တဲ့အချိန် မနက်၈နာရီဆိုတော့ လူတော့ သိပ်မကြပ်သေးပါဘူး.. ဓာတ်ပုံများကို ရှုစားကြပါ..

ယူးနို့ဘုန်းကြီးကျောင်းရှိ ဓာတ်ပုံများ..
ယူးနို့ဘုန်းကြီးကျောင်းဝန်းထဲက ဘုရား...


ထမင်း ၂ပွဲစားခဲ့တယ်.. ဟဲ.. ဟဲ.. ဘူဖေးစနစ်.. ကြိုက်တာ ကြိုက်သလောက်ထည့်စားလို့ရတယ်..

ကိုယ်တို့ မနက်၈နာရီခွဲလောက်ရောက်တော့ အရောက်စောပြီး အဆင်သင့်ဖြစ်သေးဘူးတဲ့.. (ရိုးရိုးထမင်းသုတ်နဲ့ ဘာကွာလဲတိဝူး)

ထမင်းစားပြီး ဗိုက်ကားသွားလို့ စားနိုင်တော့ဘူး..

ကိုယ်တို့ တီပီကျောင်းကတော့ ရွှေရင်အေးနဲ့ အသုတ်စုံကျွေးပါတယ်.. (စားခဲ့ရဘူး.. ဗိုက်တင်းနေလို့.. အီး..)

ရခိုင်မုန့်တီ စားနေကြတာထင်တယ်..

အပူဇော်ခံမဲ့ သက်ကြီးရွယ်အိုတွေ..


တိုပါးရိုးကို ရောက်သွားတဲ့ အချိန်မှာ မနက် ၉နာရီခွဲရှိနေပြီဖြစ်သဖြင့် အတော်လေး လူကြပ်နေပါပြီ.. ရေပတ်ကစားသူများလည်းရှိသော်လည်း.. စကာင်္ပူထုံးစံအတိုင်း ရေစွတ်ရုံသာဖြစ်ပြီး ရေလောာင်းကြခြင်းတော့ မဟုတ်ပါ.. တိုပါရိုး ဘုန်းကြီးကျောင်းသင်္ကြန် ဓာတ်ပုံလေးများရှုစားကြပါ...


တိုပါရိုးဘုန်းကြီးကျောင်း သင်္ကြန်...


ဝင်ပေါက်..

လူတွေဒီလောက်များနေပင်မဲ့ မိန်းကလေးများကို အသားယူသူများ မတွေ့ရသဖြင့် စိတ်ချလက်ချတိုးနိုင်ပါတယ်..

တော်ပါသေးရဲ့ ရွှေရင်အေးလေးတော့ ရပြီ...
ဟင်.. ဒူးရင်းသီးနံ့ကြီးနဲ့..
ဘာပဲဖြစ်ဖြစ် ရွှေရင်အေးတော့ အရမ်းသောက်ချင်နေလို့.. နှာခေါင်းပိတ်ပြီးစားလိုက်မယ်.. ရှလွတ်.. ကောင်းမှကောင်း..

တိုပါးရိုးဘုန်းကြီးကျောင်း လမ်းထိပ်မှာ..

ဘုန်းကြီးကျောင်းလမ်းထိပ် တစ်ဖက်က မြက်ခင်းပြင်ဘက်မှာ..

ဈေးကွက်စီးပွားရေး အမြင်ကျယ်သူတစ်ဦးက လမ်းထိပ်မှာ....

ပတ်ဟေ့.. ပတ်ဟ... အဲလေ.. ပစ်.. ပစ်ဟ..

ပင်နီဆူလား ပလာဇာ...


ပင်နီဆူလာ ပလာဇာ မနက် ၁၁နာရီခန့်အချိန်..

အပေါ်ဆုံးထပ်က Golden Htet Oo က ကြာဇံကြော်စတုဒီသာ.. ဗိုက်ပြည့်နေလို့ မစားတော့ဘူးဆိုပေမဲ့.. အနံ့ရော အရသာရောက မြန်မာပြည်က စားသောက်ဆိုင်အတိုင်းပဲ.. ကောင်းလွန်းလို့ စားမိတယ်ကွယ်.. အဲဒိ အန်တီကြီး သဒ္ဒါထက်ပုံကတော့ ကိုယ်ကအားပေးဖို့ ရေသန့်ဝယ်သောက်ပါတယ်.. သူ့ဆိုင်ထဲက အအေးတွေပါ ဒီနေ့အတွက် ကြိုက်တာယူသောက် ပိုက်ဆံမပေးပါနဲ့တဲ့... ကဲ.. မြန်မာတွေ သဒ္ဒါထက်တာ..


Friday, April 03, 2009

အချိုပွဲ အတွက် ၂ရက်ပဲ အချိန်ပေးပါ..

အရင်က Yishun က မြန်မာ ရှမ်းခေါက်ဆွဲဆိုင်အကြောင်းတင်တုန်းက အမည်မသိ စာဖတ်သူတစ်ယောက်က ဟောဒီလိုမေးခဲ့ပါတယ်..

Could you kindly share the news if there is Myanmar Food Catering Service.

10/13/2008 10:06 PM


ကျမကလဲ သတင်းကြားရင် ပြောပါ့မယ်လို့ ဖြေခဲ့ပါတယ်... ဒါပေမဲ့.. ကျမကိုယ်တိုင်လဲ မသိခဲ့ပါဘူး..
နောက် ကျတော့.. သူက...

>> Just like to inform you that I am regularly checking for it :)
10/28/2008 11:09 PM


ကျမ တကယ်ကို ပြောပြချင်ပါတယ်.. ကျမကိုယ်တိုင်မသိလို့ ပြောပြလို့ မရဖြစ်နေတာပါ... ခုတော့ ရွှေရွန်းဒေါ့ကွန်းမှာ ကျမ အခန်းငှားဖို့ ကြော်ငြာတင်ရင်း အောက်ပါ ကြော်ငြာလေးကို သွားတွေ့လို့ ထို အမည်မသိ မိတ်ဆွေ အသုံးဝင်လို ၀င်ညား တင်ပေးလိုက်ပါတယ်...

Title: Myanmar Dessert available
Contact no.: 98803577/ 67290034
Description: Pls contact two days advance,if you are busy to make dessert for your occasions/events.(Shwe Chi Hsanwin Makin, Banana, Potato Hsanwin Makin, Putin, Jelley....)


ဟိုတစ်လောက အရင်အလုပ်က သူငယ်ချင်းတစ်ယောက် မင်္ဂလာဆွမ်းကျွေးမှာလဲ ဒန်ပေါက်နဲ့ ချဉ်ပေါင်ဟင်းချို အချိုပွဲက ဆနွင်းမကင်းကို Clementi က မြန်မာဆိုင်က မှာတယ်လို့ပြောပါတယ်.. ဒါပေမဲ့ အသေးစိတ်ကို မေးခဲ့ဖို့ အဆင်မပြေတာနဲ့ မသိခဲ့ပါဘူး.. စားလို့ကောင်းပါတယ်..
ဒန်ပေါက်အတွက် နောက်ကြော်ငြာလေးတွေ့ပါတယ်.. ဒီမှာပါ..

Hi All Shwe Myanmar in Singapore,

We are famous "HMWE's Premium Dan Paut" in Singapore. Our Dan Paut is very well accepted by Shwe Myanmar community due to its good taste, nice aroma, less oily and suitable for all age groups. We accept small and large order everyday. Please feel free to call us anytime for inquiry.

Thanks to all existing customers and welcome all new customers.

All enquiry are welcome!

With Mitta,
Ma Hmwe ( 94571775 )

Wednesday, April 01, 2009

တီပီ မြန်မာ သင်္ကြန် ၂၀၀၉ ဒီဗွီဒီခွေ အမြည်း

၂၀၀၉ ခုနှစ် တီပီ မြန်မာသင်္ကြန် ဒီဗွီဒီခွေ ကြော်ငြာလေးပါ.. အားလုံးကို အမြည်းကြွေးလိုက်ပါတယ်.. ထွက်ရင် အမြန်သာ ပြေးဝယ်ကြနော်.. မရလိုက်ပဲနေမယ်..

တီပီ မြန်မာ သင်္ကြန် ၂၀၀၉ (TPMyanmar Thingyan 2009)

အစဉ်အလာ အမြဲကောင်းခဲ့တဲ့ တီပီမြန်မာသင်္ကြန်ဟာ ၂၀၀၉ခုနှစ် သင်္ကြန်ကိုလဲ မတ်လ ၁၄ ရက်နေ့က အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.. အောက်က ဓာတ်ပုံတချို့ကတော့ တီပီမြန်မာ ၀က်ဆိုဒ်ကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်..

တီပီမြန်မာသင်္ကြန် ဇာတ်စင်


ငွေငန်းပျိုဖြူ သီချင်းအတွက် ပြင်ထားတဲ့ ငွေငန်းယဉ်


ပရိတ်သတ်တွေ တန်းစီဝင်နေကြစဉ်


ကင်မရာနဲ့ အစားအသောက်တွေ မယူရ


ငွေငန်းယဉ်


သင်္ကြန်မိုးပြကွက်ကဲသို့.. ငွေငန်းပျိုဖြူများနှင့် ငွေငန်းယဉ်


တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေလဲ မပျောက်စေရန် တစ်နှစ်ကို တစ်မျိုး တိုင်းရင်းသားရိုးရာ အကတွေကလဲ မရိုးနိုင်အောင်ပဲ ကြည့်ကောင်းလှပါတယ်..


မယ်သီတာနှင့် ဒဿဂီရီ ညီမများ.. (ပန်းဆက်ခန်း)


ဒဿဂီရိနှင့် မယ်သီတာ (ပန်းဆက်ခန်း)... (ဒဿဂီရိအကရဲ့ အံ့မခန်းဖွယ် ပညာကိုလဲ ပိုင်နိုင်စွာကပြနိုင်ခဲ့တဲ့အတွက် ကျက်သည်းများပင်ထမိပါတယ်.. ၀မ်းလဲသာပါတယ်.. )


တီပီသံချပ်မောင်များ...


တီပီသံချပ်မောင်များ...

အပိုင်း (၂) တီပီမြန်မာ သင်္ကြန် မျှော်....