Saturday, January 31, 2009

Tokyo Disney Sea 1 (သို့) ဂျပန်ခရီးစဉ် Day 4

ခုတလော ဘလော့ ရေးဖို့ စိတ်အနှောင့်အယှက်လေးတွေ ဖြစ်နေတာနဲ့.. လစဉ်ရေးနေကျ ဂျပန်ခရီးစဉ်အတွေ့အကြုံလေးတွေတောင် ခုထိမရေးဖြစ်သေးဘူး.. မဗေဒါရဲ့ Disney Sea အတွေ့အကြုံ ဗွီဒီယိုလေးကို Trailer ဒီဇိုင်းမျိုးလေးနဲ့ လက်ဆော့ပြုလုပ်ထားပါတယ်.. အောက်က video လေးကို Over All အရင် ကြည့်လိုက်ပါ.. ၁ မိနစ်ခွဲပဲ ကြာပါတယ်.. Youtube မှာတော့ (watch in High Quality) ဆိုတာနဲ့ ကြည့်ရင် ပိုပြီး ကြည်ကြည်လင်လင်မြင်ရမှာပါ...




ခု ဂျပန်ရောက်ပြီး ၄ရက်မြောက်နေ့ပေါ့နော်... ဒစ်စနေလမ်း လက်မှတ်ကို ဒစ်စနေလမ်း အတွက် ၁ရက်.. (ဒစ်စနေလမ်းသွားခဲ့တဲ့ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်) ဒစ်စနေစီး အတွက် ၁ရက်.. ၂ရက်စာဝယ်ခဲ့တယ်ဆိုတော့.. ကျမနဲ့ ကျမသူငယ်ချင်း ၂ယောက် ဆက်လက်တိုက်ပွဲဝင်ဖို့ မနက်၈နာရီလောက် အိမ်ကထွက်ခဲ့ကြပါတယ်... ပထမတစ်ရက်က လှတပတနဲ့ ပဲများပြီး ၀တ်ခဲ့မိတဲ့ ဒေါက်ဖိနပ်တွေရယ်.. ဒစ်စနေလမ်းက ကြောက်ခမန်းလိလိ ကျူတန်းကြီးများရယ်ကြောင့်.. မသွားချင်လောက်အောင်ကို ပင်ပန်းနေပင်မဲ့ ပိုက်ပိုက် ပေးပြီးပြီ ဖြစ်တဲ့အတွက်.. စစ်တိုက်ထွက်တော့မယ့် စစ်သူကြီးအလား ၂ယောက်သား ပြင်ဆင်ခဲ့ကြပါတယ်..

၁) အလှအပ ပဓာနမထားပဲ သက်တောင့်သက်သာ အင်္ကျီများကိုသာ ၀တ်ဆင်ခဲ့ခြင်း..
၂) လေးလေးပင်ပင်ဖြစ်နိုင်သော အိတ်ကြီးကြီးများကို မလွယ်ခြင်း..

၃) အိမ်မှ မနက်စ
ာစားခဲ့သည့်အပြင်.. ထမင်းဘူးပါ ပြင်ဆင်ယူဆောင်လာခြင်း..
၎) အဓိက အကျဆုံးဖြစ်သော ပြေးရန်လွှားရန်လွယ်ကူသော သက်တေ
ာင့်သက်သာ အရှိဆုံး ဖိနပ်ကို ရွေးချယ် ၀တ်ဆင်ခြင်း.. တို့ဖြစ်ပါတယ်.. (ထို့ကြောင့် အထက်ပါ ဗွီဒီယိုတွင် မဗေဒါ အလွန်မှ ရုပ်ဆိုးပါသည်)

ဒစ်စနေလမ်းသွားခဲ့သည့်နေ့က အတိုင်းပင်.. Maihama Station မှာ ဆင်းပါတယ်.. သေချာမှတ်ထားပါ.. ဒစ်စနေလမ်းရှိတာ Maihama Station ပါ... ဆင်းပြီး ယခင်ကလျှောက်ခဲ့သည့်လမ်းအတိုင်းလျှောက်လာပင်မဲ့ Disney Sea ကို ရှာမတွေ့ပါ.. နောက်မှ ပန်းခြံတစ်ခုနှင့်တစ်ခုကို ပြေးဆွဲသည့် ရထားသေးလေးကို ထပ်စီးရပါတယ်.. ကုန်ပေါက်က ထပ်ရှိပြန်ပါတယ်.. တစ်ခါစီး ရမ်း ၂၅၀ ပေးရပါတယ်.. ဒစ်စနေစီးဘက်အထိ ရိုးရိုးရထားရောက်တဲ့ မှတ်တိုင် ရှိမရှိတော့ ကျမသေချာမသိပါ.. ထိုရထားဖြင့် ၃မှတ်တိုင်မျှ စီးရပါတယ်.. ဒစ်စနေ ဟိုတယ်မှတ်တိုင်တို့ ဘာတို့ကို ဖြတ်အပြီးတွင် ဒစ်စနေစီး မှတ်တိုင်ကို ရောက်ပါတယ်..



ရောက်တယ်ဆိုရင်ပဲ အ၀င်ဝမှာ ရှိတဲ့ ကမ္ဘာလုံးရေပန်းကြီးနဲ့ အလျှင်အမြန်ဓာတ်ပုံရိုက်.. ၂ယောက်သား အကုန်လုံးကို အမြန်အဆန်လုပ်ပါတယ်.. မနေ့က အကြောင်းမသိ နှေးတုံ့ နှေးတုံ့လုပ်မိလို့ အစုံမစီးခဲ့ရခြင်းနှင့် ဓာတ်ပုံ စိတ်ကြိုက် မရိုက်ခဲ့ရခြင်းအတွက် သင်ခန်းစာကောင်းကောင်းရခဲ့သည် မဟုတ်ပါလား.. ဓာတ်ပုံ ရိုက်ပြီးသည်ဆိုသည်နှင့် ဒစ်စနေစီး မြေပုံကို ထုတ်ကာ အစီအစဉ်ကို စတော့သည်..

အ၀င်ဝရှိ ကမ္ဘာလုံးရေပန်း နောက်ဘက်ခြမ်း၌


မြေပုံ ကြည့်ရာတွင် အဓိက ထားကြည့်ရမည့် အချက်များမှာ-

၁) မြေပုံကို ပိုင်နိုင်သေချာစွာ လေ့လာကြည့်ရှုပါ...
၂) Fast Pass ဟု သင်္ကေတပြထားသောနေရာများကို ရှာဖွေပါ...

၃) ကိုယ်ရောက်နေသောနေရာနှင့် အနီးဆုံး Fast pass ပြထားသော နေရာက
ို ဦးဆုံးသွားပါ
၎) ဦးဆုံးသွားယူမည့် Fast Pass နှင့် အနီးဆုံး ဖြစ်သော နောက်ထပ် Fast Pass နေရာကို သွားရန် လမ်းကြောင်းကိုပါ ရှာထားပါ..

၅) မြေပုံကို လိုလျှင် လိုသလို အထပ်ထပ်အခါခါကြည့်
နိုင်ရန် လက်ထဲတွင် အမြဲကိုင်ဆောင်ထားပါ
၆) သွားရင်းလာရင်း ဓာတ်ပုံရိုက်ရန် အကွက်အကွင်းကောင်းသော နေရာများကို Photo Spot ဟုပြထားတတ်ပါသည်.. ဓာတ်ပုံ ရိုက်ကောင်းပြီး လိုချင်သော ရှုခင်းရှုကွက်များရနိုင်သည်မှာ မလွဲပင်..
(ဒီနေရာမှာကျမတို့ ၂ယောက်မလုပ်ဖြစ်ခဲ့တာကတော့ ကပွဲတွေကို နေရာကောင်းကောင်းကနေ သေချာမကြည့်ခဲ့ရခြင်းပင်.. ကြည့်ဖို့လဲ အချိန်မရခြင်းပင်.. ကပွဲကြည့်လိုသူများအတွက်တော့ အ၀င်ဝတွင် Information Board ဖြင့် ကပွဲ အချိန်နှင့် နေရာကို ပြထားပါသည်.. ၁ရက်ထဲနှင့်တော့ အားလုံး စုံနိုင်မည်မထင် .. ဆော့ဖို့ စီးဖို့ အားသန်သူများအတွက်တော့ ပြပွဲ ထိုင်စောင့်ကြည့်ဖို့ အချိန်မလောက်ပါ)..



ကျမတို့သူငယ်ချင်း ၂ယောက် ဒစ်စနေစီးဝန်းအတွင်းကိုရောက်တော့ မနက် ၁၀နာရီမျှပင်ရှိချေပြီ.. ၀င်ဝင်ချင်း မြင်ရသည်က မြစ်တစ်ခုခြားထားသော မီးတောင်ကြီး.. တွေ့သမျှကို အချိန်မဖြုန်းပဲ ဓာတ်ပုံ အမြန်ရိုက်ကြသည်. ပြီးနောက် အ၀င်ဝနှင့် အနီးဆုံးဖြစ်သော Terror House (သရဲအိမ်) ကို သွားပြီး Fast Pass ယူကြသည်.. ယမန်နေ့က Fast Pass ၏ အဓိပ္ပါယ် နှင့် အသုံးချပုံကို သေချာမသိခဲ့သောကြောင့် နောက်ကျခဲ့ရသည်.. Fast Pass ဆိုတာ ပိုက်ဆံပိုပေးရသည်ဟု ထင်ခဲ့ကြသည်.. ဒုတိယနေ့ကျမှသိသည်.. ဤသို့ မဖြစ်ရစေရန် ဒီပိုစ့်လေးနှင့် မဗေဒါပြောပြပါမည်...


Fast Pass အဓိပ္ပါယ်နှင့် အသုံးပြုပုံ..

  • Fast Pass ဆိုသည်မှာ လူကိုယ်တိုင် ၀င်တန်းစီးနေစရာမလိုပဲ လက်မှတ်ဖြင့် တန်းစီထားခြင်းဖြစ်သည်..
  • Fast Pass စက်တွေကို မိမိ စီးမည့် နေရာအနီးတ၀ိုက်တွင်တွေ့နိုင်သည်..
  • Fast Pass စက်ထဲသို့ မိမိ ပန်းခြံဝင်ခဲ့သော လက်မှတ်ကို အသွင်းအထုတ်လုပ်လိုက်ပါက.. စက် အောက်အပေါက်မှ Fast Pass ticket ကျလာမည်ဖြစ်သည်.. (ထို့ကြောင့် ပန်းခြံဝင်လက်မှတ်သည်လဲ အလွန်အရေးပါသဖြင့် လွှတ်မပစ်မိစေရန် သတိပြုသင့်ပေသည်)
  • ထိုကျလာသော Fast Pass လက်မှတ်တွင်.. ဤ နေရာကို ပြန်လာစီးရန် အချိန် အတိအကျရေးထားသည်.. (ဥပမာ... ကျမတို့ မနက် ၁၀ နာရီ ယူသော Fast Pass ticket for Terror House တွင် ညနေ ၃နာရီ မှ ၃နာရီခွဲအတွင်း ပြန်လာစီးရန်ပါရှိသည်..)
  • ထိုကာလအတွင်း ပြန်လာစီး၍ Fast Pass ကိုပြလိုက်ပါက တန်းစီစရာမလိုပဲ ၀င်စီးနိုင်သည်..
  • ကောင်းသည့်အချက်မှာ Fast Pass ယူထားသဖြင့် သင်သည် ထိုနေရာတွင် ညက်မနေတော့ပဲ အခြားနေရာတစ်ခုတွင် သွားစီးနိုင်သည်.. သွားချင်သော နေရာသွား၍ ဓာတ်ပုံပဲရိုက်ရိုက် ထိုင်ပဲ နေနေ လုပ်နေလို့ရသည်.. တန်းစီရသော ဒုက္ခမရှိ..
  • သို့သော် ကန့်သတ်ချက်မှာ တစ်နေရာ၌ Fast Pass ယူပြီးလျှင် ၂ နာရီ အတွင်း နောက်ထပ် Fast Pass ကို မည်သည့်နေရာတွင်မျှ ယူ၍ မရတော့ပါ..
  • ထို့ကြောင့် ၂နာရီအတွင်း သင်တခြား အရာကို စီးချင်လျှင် မိမိဘာသာ တန်းစီရန်...

သို့နှင့် ကျမတို့ ၂ယောက် Terror House ကို Fast Pass ယူအပြီး လက်ထဲတွင် ပါလာသော ထမင်းထုတ်များကို ရှုပ်သဖြင့် ဗိုက်မဆာသေးသော်လည်း ၂ယောက်သား သဘောတူညီချက်ဖြင့်.. မနက် ၁၀နာရီတွင်ပင် ဖွင့်စားလိုက်ကြသည်.. ပြီးနောက် ကျမတို့၏ မဟာ စွန့်စားခန်းကို မီးတောင်ကြီးဘက်သို့ ခရီးနှင်ခဲ့ကြသည်..

မြေပုံကို အသေအချာကြည့်ကာ လမ်းတွင်တွေ့သမျှ ကောင်းနိုးရာရာများကိုလဲ မလွတ်တမ်း ဓာတ်ပုံရိုက်ကြသည်.. လှဖို့ ပဖို့ အဓိကမထားတော့.. မှတ်တမ်းမှတ်ရာ တစ်ခုအနေနှင့်သာ ဓာတ်ပုံရိုက်ကြသည်.. အထက်မှာပြောခဲ့သည့်အတိုင်း မီးတောင်ကြီးကိုရောက်ရန် မြစ်တစ်ခုကိုဖြတ်ဆောက်ထားသော တံတားကို ကျော်ကာ အတော်လေးသွားရသေးသည်.. လမ်းများကလည်း ကြိုကြိုကြားကြားဖြင့် အတော်ရှုပ်သည်.. မျက်လုံးနှင့် မြေပုံ ခွာလို့မရ.. စိတ်တူကိုယ်တူ သူငယ်ချင်း ၂ ယောက်ထဲမို့သာ တော်တော့သည်..

နောက်ဆုံး ကျမတို့ ဦးတည်ရာ မီးတောင်ကြီး အတွင်းသို့ရောက်သွားပါသည်.. မီးတောင် အတွင်းထဲမှ စီးရသောနေရာကို Journey to the Center of the Earth ဟုခေါ်သည်.. ထိုနေရာလဲ Fast Pass လိုသည်.. ၂ယောက်သား Fast Pass rule ကို ထိုအချိန်က မသိပဲ သွားထုတ်လိုက်သေးသည်.. စက်က ထွက်လာသော စာရွက်က မရဟုဆိုမှ မည်သူမှ မသိလိုက်ပဲ ၂ယောက်ထဲ အရှက်ကွဲရသေးသည်.. ဒါနဲ့ ၂ယောက်သား ၀င်တန်းစီကြသည်.. ၂နာရီနီးပါကြာမည်ဟုပြောသည်.. ဒီတခါတော့ မတုန်လှုပ်တော့.. စိတ်ကို ဒုန်းဒုန်းချ ၀င်စီလိုက်သည်..

အတွင်းဘက် Decoration ကလဲ တကယ့် မီးတောင် အတွင်းဘက်အတိုင်းဆောက်လုပ်ထားသည်.. တခါတစ်ရံတွင် ဓာတ်ခွဲခန်းပုံစံတွေ.. မီးခဲပုံစံများလဲတွေ့ရသည်.. ကြေငြာချက်အချို့နှင့်ဆိုင်းဘုတ်များတွင်.. ရုတ်တရက် အကျများနှင့် ထိပ်လန့်ဖွယ်ရာများဖြစ်သဖြင့် ကြိုတင် သတိပေးချက်များကို ကြားတွေ့ရသည်.. ထိုသို့တွေ့ရလေ ကျမတို့ သူငယ်ချင်း ၂ယောက်စီးချင်လွန်း၍ ပိုရင်ခုန်လေပင်.. သို့သော်.. ၄၅မိနစ်မျှ စောင့်ဆိုင်းပြီးနောက်တွင်.. ထို စက် ပျက်သဖြင့် ကြေငြာချက်တစ်ခု ဂျပန်လိုပြောကာ တန်းစီနေသူအားလုံးကို ပြန်လွှတ်သည်.. ကျမတို့ ၂ယောက်လဲ ဘာမှ နားမလည်.. စိတ်လဲတော်တော်တိုသွားသည်.. ၄၅မိနစ်ကြီးတောင် ကုန်သွားပြီးမှ မစီးရသဖြင့်.. ကြေငြာသွားသည်များကိုလဲ တစ်လုံးမှနားမလည်.. ဘေးဘီမေးရအောင်လဲ.. အင်္ဂလိပ်လိုပြောလိုက်လျှင် မျက်ကလဲ ဆန်ပြာနှင့် မျက်နှာလွှဲသွားသော ဂျပန်များသာရှိသည်.. အားတော့ သိပ်မငယ်ပါ.. နောက် တစ်အုပ်စု ကျော်က အင်္ဂလိပ်များလဲ ကျမတို့ ၂ယောက်ကဲ့သို့ ပင် ဘာမှ သိပုံမပေါ်.. နောက်တော့မှ ထွက်ပေါက်အရောက်တွင် တောင်းပန်သော အနေဖြင့်.. Special Pass တစ်မျိုးကို ထုတ်ပေးသည်.. ထို Pass ဖြင့် မည်သည့် စက်တစ်ခုကို မဆို တန်းစီစရာမလိုပဲ စီးနိုင်သည်.. ကံကောင်းခြင်းပင်ဆိုရမည်လော....

ဒီလိုနှင့် ကျမတို့လဲ အနီးအနားရှိ လူများသည့် ကစားစရာ တစ်ခုခုကို ထို လက်မှတ်သုံး၍ သွားစီးမည်.. စီးပြီးလျှင် Journey to the Center Of the Earth လဲ ပြန်ကောင်းလောက်ပြီးဟုဆုံးဖြတ်ကာ.. မီတောင်ကြီး၏ အလည်ဗဟိုတွင်ဆောက်ထားသော ရေကန်အတွင်းရှိ ရေအောက်သဘောင်္ပုံရှိရာနေရာ၌ ရေအောက်ကမ္ဘာဆိုတာကို သွားစီးဖို့ဆုံးဖြတ်ခဲ့သည်.. ထိုနေရာသည်လည်း လူများသောကြောင့် Fast Pass လိုသည်.. (ကျမကတော့ အစက သိပ်ကောင်းမည်မထင်ထားခဲ့ပါ).. ဟိုရောက်တော့ Fast Pass ပြပြီး စီးလိုက်သည်..

ရေအောက်ကမ္ဘာ

ရေအောက်ယာဉ်လိုမျိုးလေးထဲတွင် မှန်ကာထားသော ပြတင်းပေါက်သုံးခုပါပြီး ပြတင်းပေါက်တစ်ခုကို ၂ယောက်ထိုင်ရသည်.. ကျမတို့၂ယောက်လဲ ထိုင်လိုက်ပြီး.. ယာဉ်စတင်မောင်းပါသည်.. ယာဉ်ထဲတွင်လဲ သဲထိပ်ရင်ဖို ဖြစ်စရာ လေသံမျိုးဖြင့် ဂျပန်လို ဘာတွေ ပြောနေမှန်းမသိ.. နားလည်လျှင်တော့ ပိုကြောက်ဖို့ကောင်းမည်... ခဏအကြာတွေ ကျမတို့ ရေထဲရောက်သွားသလိုမျိုး.. ယာဉ်အပြင်ဘက်တွင်လည်း ဘူစီဖောင်းလေးတွေတက်တက်လာသည်.. ပြီးတော့ ရေအောက်သတ္တ၀ါမျိုးစုံ.. ရေသူမတွေ.. ရေဘ၀ဲ အကြီးစားကြီး၏တိုက်ခိုက်တာ ခံရချိန်တွင် ကျမတို့ ယာဉ်ငယ်လေး သိမ့်သိမ့်တုန်သွားသည်.. ကျမတို့ မှန်ပြတင်းပေါက်တွင်လည်း ရေဘ၀ဲလက်ကြီး စုပ်ခွက်တွေနှင့်လာပေါ်သည်.. ယာဉ်ထဲတွင် အော်လိုက်ကြသည့်ဖြစ်ခြင်း.. ခါးပတ်ပတ်ထားစရာမလိုတော့ အားကိုးမရှိသလိုခံစားနေရသည်..

အလင်း(lighting).. အသံ.. မှန်ဘီလူးခုံးများ နှင့်လူ၏စိတ်ကို တော်တော် လှည့်ဖြားနိုင်လွန်းသည်.. အစက ကျမတို့ထင်တာ.. ဒီယာဉ်သည် ကျမတို့ အပြင်မှာမြင်ခဲ့သော ရေကန်အောက်ကို တကယ်သွားတာ ဖြစ်မည်ဟုထင်ခဲ့သည်.. နောက်ပြန်ထွက်မှ ကျမသူငယ်ချင်းက "မဖြစ်နိုင်ဘူးဟ.. တကယ်ရေအောက်ရောက်တယ်ဆိုရင်.. ပြန်ထွက်လာရင် ယာဉ်က ရေတောက်တောက်ရွဲနေရမှာပေါ့... အခုတော့ အခြောက်အတိုင်းပဲ" .. သေချာစဉ်းစားကြည့်မှ ကျမတို့ အမြင်တွေကို အလိမ်ခံလိုက်ရခြင်းဖြစ်သည်.. ကျမတို့ ယဉ်ထဲတွင် ထိုင်သော မှန်ပြတင်းပေါက်မှာ ၂ ထပ်မှန်ဘီလူးခုံး ဖြစ်ပြီး ရေက ထိုအထဲတွင်သာဖြစ်သည်.. အပြင်က အရုပ်များမှာလဲ အခြောက်ခန်းထဲတွင် ထားထားခြင်းသာဖြစ်မည်... ၂ခုပေါင်းစပ်လိုက်တော့ ရေအောက်တကယ်ရောက်သလိုဖြစ်ခဲ့ခြင်းဖြစ်သည်..

ထို့နောက် မီးတောင်ကလဲ ပြန်မကောင်းသေးသဖြင့် ကျမတို့ အနီးဆုံး ဖြစ်သော Mermaid Lagoon ဘက်သို့ သွားရန်ဆုံးဖြတ်ခဲ့သည်.. သို့သော် မီးတောင်မှထွက်ရန် လမ်းပျောက်သဖြင့် မနဲရှာလိုက်ရသေးသည်.. အတော်ရွာလည်ပြီးမှ ၂ ယောက်သား Mermaid Lagoon ဘက်သို့ရောက်သွားသည်..
Mermaid Lagoon ဘက်သို့ရောက်သည်နှင့် ခံစားချက်က အတော်ကွာသွားသည်.. သွားလေရာ ရေသံလေးတွေကြားရပြီး.. ခရုလေးတွေ.. ကမာလေးတွေနဲ့ အပြင်အဆင်က စိတ်ကို အေးချမ်းစေသည်.. Little Mermaid (ရေသူမ) ကာတွန်းကားထဲက သီချင်းလေးတွေကိုလဲ Mermaid Lagoon ရဲ့ နေရာ အနှံ့မှာကြားနေရခြင်းက အားဖြည့်လိုက်သဖြင့် ရာသီဥတုကပင် ပိုအေးချမ်းသွားသလိုခံစားရသည်... နောက်တော့.. Fast Pass နေရာကို ရှာတော့ ဂူကြီးတစ်ဂူကိုသွားတွေ့သည်.. ဂူဝင်ဝင်ခြင်းတွင်တော့ လက်ဆောင်ပစ္စည်းများ အရောင်းဆိုင်ကို အရင်ဆုံးတွေ့သည်.. မကိုင်လိုက်နဲ့ ကိုင်လိုက်တာနဲ့ ဈေးများက လူကို ဖျားစေသောကြောင့် ၀င်ငန်းရုံငန်းခဲ့သည်.. ထိုပစ္စည်းမျိုးတပုံစံတည်း စကာင်္ပူတွေ ဈေးပိုသက်သာသည်.. ကျမတို့ ၂ယောက်လုံးက ရှော့ပင်းဒီလောက်ဝါသနာပါသူများမဟုတ်... ပစ္စည်းလေးများကတော့ အလွန်ပင်ချစ်စရာကောင်းသည်.. ဂျပန်မများဆိုလျှင်.. "ခါဝါရီ" ဆိုပြီး အသံသေးအသံညောင်များဖြင့် "act cute" လုပ်ပြီး အော်မဆုံးတော့..

အဝေးမှလှမ်းရိုက်ထားသော Mermaid Lagoon

Mermaid Lagoon Theater


Fast Pass နေရာက Mermaid Lagoon Theater ဆို၍ စီးစရာမဟုတ်မှန်းတော့သိသည်.. စီးစရာမဟုတ်၍ သိပ်စိတ်မ၀င်စားသော်လည်း Fast Pass မှန်သမျှ ကျမတို့ကို စိတ်မပျက်စေခဲ့သောကြောင့် ယုံယုံကြည်ကြည်သွားခဲ့သည်.. ဟိုရောက်တော့.. မိနစ်၂၀ပဲ စောင့်ရမည်ဟုပြောသဖြင့် ရတောင့်ရခဲ ၀မ်းသာအားရ၀င်ကြည့်ခဲ့သည်.. အထဲရောက်တော့ Theater တံခါးက မဖွင့်သေး.. ဗွီဒီယိုကင်မရာ မရိုက်ရ.. ကင်မရာရိုက်လျှင် Flash မထည့်ရဟုစည်းကမ်းတွေလဲ ကြေငြာနေသည်.. ၀င်လျှင်နေရာကောင်းကောင်းရဖို့ တိုးရမည်ဆိုတာတော့ နားလည်လိုက်သည်.. အတိုး အကျိတ်တွင် မြန်မာပြည်ဘတ်စ်ကားစီးတိုင်း ကျင့်သားရနေသော မဗေဒါ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသည်.. မိန်းပေါက်ဝတည့်တည့်တွင် နေရာယူထားသည်.. ရှေ့တွင်တော့ လူ ၂လိုင်းလောက်ရှိသည်.. " ရှေ့ဆုံးတန်းရအောင်ယူမယ်.." ဟုပင် ကြိမ်းဝါလိုက်သေးသည်..

တကယ်တန်း Theater တံခါးဖွင့်တော့ ၀င်လိုက်ချိန်တွင် မြင်လိုက်ရသည့် ဇာတ်ခုံအပြင်အဆင်နှင့် ထိုင်ခုံအနေအထားက မဗေဒါအတွက် ဘယ်နေရာက အကောင်းဆုံးဖြစ်မည်ဆိုတာကို ဒွိဟပွားစေခဲ့သည်.. အဘယ်ကြောင့်ဆိုသော်.. ဇာတ်ခုံက အလယ်တွင် ဘဲဥပုံသဏ္ဍန်ဖြစ်ပြီး ပရိတ်သတ်ခုံများက အ၀င်ပေါက်ဘက်မှလွဲ၍ ကျန်သည့်ဘေးပတ်ပတ်လည်တွင်ဖြစ်သည်.. မည်သည့်နေရာမဆိုတော့ ဇာတ်ခုံနှင့် သိပ်မဝေး.. ဇာတ်ခုံပေါ်တွင် ရေသူမလေး၏ ရတနာဗုံးပုံစံ ဗုံးလေးတစ်ဗုံးကို အ၀င်ပေါက်ကို ကျောပေး၍တင်ထားသည်.. ကျမလဲ ဘယ်နားထိုင်ရမှန်းမသိတော့သဖြင့်.. ရှေ့တန်းတွေကလဲ ပြည့်လုပြည့်ခင်ဖြစ်နေသဖြင့်.. စင်ရဲ့ ဘေးဘက်က ခုံတန်းမှာဝင်ထိုင်လိုက်သည်.. ဒီလောက် စင်သေးသေးလေးနဲ့ သူတို့ဘယ်လို တင်ဆက်မလဲ ဆိုတာကို တော့ စိတ်ဝင်စားသည်..

ပွဲစတော့မှသိသည်.. အဓိက ကပြဖျော်ဖြေမှုက ဂျွန်းဗားသဘောမျိုးဖြစ်သည်... မင်းသမီးရေသူမ (အင်္ဂလိပ် အမျိုးသမီး)နှင့် ရေသတ္တ၀ါတော်တော်များများက ကြိုးပေါ်မှသာကပြကြသည်.. ပရိတ်သတ်ရဲ့ အပေါ်မှ ပြေးလွှားပျံဝဲနေသယောင်.. ဘားတန်းကြိုးနှင့်ဆွဲထားသော်လည်း.. ကြည့်ရင်းကြည့်ရင်း ရေသူမလေး တကယ်ရေထဲကူးနေတာကို မြင်နေသယောင် စိတ်ကဖြစ်လာသည်.. ရေသူမ အဖြစ်သရုပ်ဆောင်သော အင်္ဂလိပ်အမျိုးသမီးကလဲ အတော်ချောသည်.. ပတ်ပတ်စက်စက်ချောသည်.. သူ့ရဲ့ ဘားတန်းပေါ်မှ လှုပ်ရှားမှုလေးများက ကနွဲ့ကလျနှင့် အသဲယားချင်စရာ.. နောက်မှ.. ကာတွန်းထဲက ဂဏန်းနဲ့ ငါးလေးတွေ ပရိတ်သတ်ထဲက ထွက်လာသည်.. ကာတွန်းကားထဲက သီချင်း ၃ ၄ပုဒ်လောက်နှင့် ကပြဖျော်ဖြေသည်.. ရေဘ၀ဲမကြီး၏ မျက်နှာအကြီးကြီးပုံစံမျိုးကတော့ မျက်နှာကျက် နံရံကနေ အငွေ့များကြားမှ ထွက်လာသည်.. အရုပ်သက်သက်သာ.. လူမဟုတ်... ဒါပေမဲ့ အသက်ဝင်သည်..


ဘေးခုံဖြစ်၍ ရေသူမကို ဘေးစောင်းကြည့်နေရတာများသည်.. တခါတရံ ကြိုးတန်းပေါ်ကနေ တစ်ရုံလုံးကို လွှဲပြီး တက်တာလိုက်ပြမှသာ မင်းသမီးမျက်နှာကို တည့်တည့်မြင်ရသည်.. ထို့ကြောင့်.. မိတ်ဆွေသွားမည်ဆိုလျှင်.. အကောင်းဆုံးနေရာကတော့ ရုံဖွင့်ဖွင့်ခြင်း.. ထို ရတနာဗုံးနှင့် မျက်နှာချင်းဆိုင်ဖြစ်သော... အ၀င်တံခါးပေါက်နှင့် မျက်နှာချင်းဆိုင်နှင့် အဝေးဆုံးဖြစ်သော ခုံတန်းများကို အပြေးအလွှားသွားဦးကြပါရန်အသိပေးအပ်ပါတယ်.. (ကိုယ့်အတွေ့အကြုံနဲ့ ရင်းတဲ့ သင်ခန်းစာလေးပါ)..


ထို့နောက် အနည်းငယ်လှည့်ပတ်ကြည့်ရှုချက်အရရော.. မြေပုံပါ အချက်အလက်အရရော ကျမတို့အကြိုက် သိပ်မရှိနိုင်တော့ပဲ.. ကလေးကစားစရာများသာ များသဖြင့်.. Mermaid Lagoon က ထွက်ခွာကာ လှမ်းကြည့်လိုက်လျှင်မြင်နေရသော ကုလားပြည်လိုလို.. ဗလီလိုလိုပုံစံ ဆောက်ထားသောတိုင်းပြည်ဘက်သို့ ခရီးနှင်ခဲ့ကြသည်..

ပိုစ့်ရှည်နေပြီဖြစ်သဖြင့် ဆက်ရန်...


Monday, January 19, 2009

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၆) (သို့) စကား

မြန်မာစကားပုံတစ်ခုရှိတယ်.. ရှေ့ ပြောနောက်ကြည့် ၊ ည ပြောအောက်ကြည့် တဲ့... စကာင်္ပူမှာပြောရင်တော့ သေသေချာချာကြည့် လို့သာ မှာချင်ပါတော့တယ်... ဒီတစ်ခါ မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများမှာ ပြောပြချင်တဲ့အကြောင်းလေးကတော့ လူတော်တော်များများလဲ ပုံစံမျိုးစုံနဲ့ ကြုံဖူးကြမှာပါ.. ကိုယ်က ပြောတဲ့သူပဲ ဖြစ်ဖြစ်.. အပြောခံရတဲ့သူပဲဖြစ်ဖြစ်ပေါ့.. မဗေဒါကတော့ စကားပြောရင် အသံကကျယ်ပြီး စိတ်ထဲရှိတာ လွှတ်ခနဲပြောတတ်တော့ ခဏခဏ ကြုံပါတယ်.. မဗေဒါ စကာင်္ပူစရောက်ခါစကဆိုရင် မြန်မာလူဦးရေကလဲ စလုံးမှာ ဒီလောက်မများသေးတော့ ငါ့စကားနားလည်တဲ့သူ သိပ်မရှိပါဘူးလေဆိုပြီး စိတ်ထဲရှိတာ ပြောတဲ့ အကျင့်ကပါနေတော့ပဲ.. (မှတ်ချက်.. ခုတော့ မြန်မာလူဦးရေများလာသောကြောင့်တစ်ကြောင်း မျက်နှာပူရဖန်များလာသောကြောင့်တစ်ကြောင်း ထိုအကျင့်လဲ ပျောက်နေပါပြီ)

စကာင်္ပူရောက်ပြီး ၁လလောက်ကြာတဲ့တစ်နေ့မှာ မဗေဒါနဲ့ မဗေဒါ့အစ်မနဲ့ အိမ်နားမှာရှိတဲ့ စူပါမတ်ကတ်လေးတစ်ခုများ တစ်ပတ်စာ ဟင်းချက်စရာ ဈေးထွက်ဝယ်ကြပါလေရော... စူပါမတ်ကတ်လေးကလဲ အဲဒိနေ့က လူအရှင်းသား.. ကျမတို့ ညီအစ်မရဲ့ စကားသံလောက်ပဲ ဆူညံသံရှိတာ.. အသားငါးတန်းလျှောက်ရင်း ဘာဟင်းချက်ရင်ကောင်းမလဲ.. ဘာစားချင်လဲ ညီအစ်မ ၂ယောက်တိုင်ပင်ရင်းနဲ့ ကျမအစ်မအကြီးက ..
" ငါကတော့ ဘောချိတ်ပုဇွန်သေးသေးလေးတွေကို ငရုတ်သီးနဲ့စပ်စပ်လေးကြော်စားချင်တယ် " တဲ့..
ကျမကလဲ စားချင်တာပေါ့.. ဒါနဲ့ " ဒါဆိုလဲ ၀ယ်လိုက်ပေါ့ " လို့ပြောတော့..
အစ်မက.... " ဒီနိုင်ငံမှာ ဘောချိတ်ပုဇွန် လို သေးသေးလေးတွေ မရှိဘူး.. ဒီက ပုဇွန်တွေက အကြီးကြီးတွေပဲရှိတယ် " တဲ့
ကျမကလဲ အလွန်တရာမှ ရစ်တတ်တဲ့ အကျင့်အတိုင်း.. " မေးကြည့်လိုက်ပါအုံး.. ရှိချင်ရှိမှာပါ " လို့ပြောတော့..
အစ်မက " ငါက ဘောချိတ်ပုဇွန်ကို ဘယ်လိုမေးရမှာလဲ " ဆိုပြီး အသံမြင့်မြင့်နဲ့ပြန်ပြောပါတယ်...
ကျမလဲ သူ့ကိုနောက်ချင်တာက တစ်ကြောင်း.. စိတ်ထဲမှာလဲ ရောက်စဆိုတော့ ဒီနိုင်ငံမှာ ကိုယ်ပြောတာကို ဘေးကလူတွေနားမလည်ဘူးဆိုပြီး ပြောချင်တာပြောပြီး ဟားတတ်တဲ့ အကျင့်လေးကြောင့်တစ်ကြောင်း ပြောင်စပ်စပ် မျက်နှာပေးနဲ့ ပြန်ပြောလိုက်ပါတယ်..

" အော်.. ဒါများလွယ်လွယ်လေး.. ဘောချိတ်ပုဇွန်ဆိုတာ.............. "

ကျမပြောနေတဲ့ အချိန်မှာ ကျမတို့ ၂ယောက်လုံး ဘီစကစ်မုန့်တွေ ထားတဲ့ အတန်းဘက်ကို ချိုးဝင်လိုက်ပါတယ်.. အဲဒိမှာ တရုတ်ပုံလူငယ် ဆိုင်အလုပ်သမားတစ်ဦး ပစ္စည်းတွေ စီနေပါတယ်..

" ဘော မှာ ချိတ်ပြီး ပါလာတာလို့ ပြောလိုက်ပေါ့ " လို့.. လက်ညှိုးလေးကောက်ပြီးတော့ ချိတ်ပုံတောင် လုပ်ပြပြီး အသေအချာပြောလိုက်ပါတယ်..

အဲဒိစကားသံကြားတော့မှ ဆိုင်အလုပ်သမားတရုတ်က ဆက်ကနဲခေါင်းထောင်ကြည့်လိုက်တော့.. ကျမအစ်မလဲ နောက်ပြန်လှည့်ပြီး ပြေးတော့တာပါပဲ.. အဲဒိလူက တကယ်တော့ ကျမတို့ကျောင်းက မြန်မာတရုတ်ပါ.. နောက်မှ ကျမအစ်မပြောလို့သိရတာကတော့ အိမ်မှာ အတူနေတဲ့ ကောင်မလေးတွေနဲ့တောင်သိလို့ တခါတလေအိမ်တောင် လာလည်တတ်ပါတယ်တဲ့..

ကျမလဲ အတော်ရှက်သွားပါတယ်.. ကျမတို့ပြောနေတာက ပုဇွန်ဘောချိတ်အကြောင်းပါ.. ဒါပေမဲ့ သူက နားစွန်နားဖျားကြားပြီး တမျိုးထင်သွားပြီလားဆိုပြီး.. မျက်နှာတွေပူလိုက်တာ.. သွားပြီးရှင်းပြလို့လဲမရ ပိုတောင် အရှက်ကွဲအုံးမယ်.. ဒီလိုနဲ့ပဲ တအုံ့နွေးနွေးနဲ့ နေလာလိုက်တာ ယခုထိပါပဲ.. တကယ်လို့များ ထိုသူဒီပိုစ့်ကို ဖတ်ဖြစ်ပြီး ယခုထိလဲ အဲဒိအကြောင်းကို မှတ်မိနေအုံးမယ်ဆိုရင်တော့... ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့နော်....

နောက်တစ်ခါလဲ ...
ကျမပထမနှစ်ပြီးတော့ ရန်ကုန်ပြန်ခါနီး ခရီးသွားအိတ်ဝယ်ဖို့ ဆိုင်တစ်ဆိုင်ကိုသွားပါတယ်.. အိတ်တွေက ကြိုးနဲ့ချည်ထားတော့ အိတ်ပြဖို့ ဆိုင်ကကောင်မလေးတွေကို ခေါ်တော့လဲ.. အားလုံးက အလုပ်များနေကြပါတယ်.. တကယ်ပဲများနေကြတာလား.. များချင်ယောင်ပဲ ဆောင်နေကြတာလားတော့မသိပါ.. ကျမအထင်တော့ များချင်ယောင်ဆောင်နေကြတာက ခပ်များများပါ.. ဒါပေမဲ့ သူတို့ကလဲ အိုက်တင်တွေခပ်ကောင်းကောင်းဆိုတော့ ဘယ်သူမှ ခေါ်လို့မရပါဘူး.. ကျမတို့ညီအစ်မလဲ နဲနဲတင်းလာတာပေါ့နော်.. ဒါနဲ့ ဘယ်သူအားနေလဲဆိုပြီး တစ်ယောက်ချင်းစီကြည့်လိုက်တော့ ဟိုဘက်ဒေါင့်နားလေးမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ဟိုပစ္စည်းလေးကိုင် ဒီပစ္စည်းလေးကိုင်နဲ့ အလုပ်များချင်ယောင်ဆောင်နေတဲ့ လူတစ်ယောက်ကိုတွေ့ပါရော.. ကျမနဲ့ ကျမအစ်မကလဲ ဆိုင်ထဲမှာ သွားရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်က နဲနဲဝေးနေပါတယ်.. ကျမအစ်မနဲ့ ကျမရဲ့ အကွာအဝေးက အဲဒိလူနဲ့ ကျမရဲ့ အကွာအဝေးလောက်ပါပဲ.. ကျမလဲ အားနေတဲ့သူတွေ့ပြီဆိုပြီး အစ်မကို အားရပါးရလှမ်းပြောလိုက်ပါတယ်... ကျမအစ်မတားချိန်တောင်မရလိုက်ပါဘူး...

" ဟိုမှာ ဟိုလူ ယောကျာင်္းဖြစ်ပြီး ဘာမှ လုပ်စရာလဲ မရှိပဲနဲ့ ခိုနေတယ်.. အဲဒိလူကိုခေါ် " လို့ ပြောလိုက်ပါတယ်.. ထိုလူလဲ ကြားပြီးထလာပါတယ်.. ကျမအစ်မကနောက်မှ မျက်နှာရိပ်နဲ့ အဲဒါမြန်မာလို့ လှမ်းပြောပါတယ်.. ဒါပေမဲ့ ပြောပြီးပြီဆိုတော့လဲ မျက်နှာပူပူ ကြောက်ကြောက်နဲ့ပဲ.. အဲဒိအိတ်ကို ချက်ချင်းဝယ်ပြီး ပြန်လာလိုက်ပါတယ်.. အဲလို ရိုက်ပေါက်....

ကိုယ်ကချည်းပဲ ပြောနေတာတော့ဟုတ်ပါဘူး.. ကိုယ့်ကိုပြောခံရတာလဲရှိပါတယ်..
အဲ.. မဗေဒါကို ပြောခံရတာတော့ ဟုတ်ပါဘူး.. ဖေဖေနဲ့ မေမေကို ပြောတာပါ..
မလေးရှား Genting သွားတုန်းက.. အပြန် ကားဂိတ်မရောက်ခင် ရှုခင်းကောင်းတဲ့ ပန်းခြံလေးတစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ ခဏစတည်းချလိုက်ပြီး.. ကျမတို့ ညီအစ်မတွေ ဓာတ်ပုံ လျှောက်ရိုက်ကြပါတယ်.. ဖေဖေနဲ့ မေမေကတော့ ပင်လဲပင်ပန်း ချမ်းလဲချမ်းတော့ အဲဒိပန်းခြံအလည်က ပန်းရုံတွေပတ်ပြီးစောက်ထားတဲ့ နေရောင်အောက်က ခုံမှာထိုင်ကျန်ခဲ့ပါတယ်.. အဲဒိနေရာလေးကလဲ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာလေးပါ.. ကျမတို့ ညီအမတွေ ထွက်သွားပြီး မကြာခင်မှာ ကောင်မလေးတွေရော ကောင်လေးတွေရောပါတဲ့ မြန်မာလူငယ်တစ်စုဝင်လာပြီး ဓာတ်ပုံရိုက်ကြပါတယ်.. အဲဒိထဲက ကောင်မလေးတစ်ယောက်က ကျမဖေဖေမေမေ ထိုင်နေတဲ့ အုတ်ခုံက ဓာတ်ပုံရိုက်ရင်လှကြောင်းပြောပါတယ်..
" ဟယ်.. ဟိုအုတ်ခုံပေါ်က ရိုက်ရင်လှမှာ.... "
နောက်ကောင်မလေးတစ်ယောက် ပြန်ပြောလိုက်ပုံက...


" ဘယ်လိုရိုက်မလဲ.. နင့်ဟာကြီး ၂ယောက်က ငုတ်တုတ်ကြီးထိုင်နေတာ.. " ဆိုတော့..


ကျမဖေဖေနဲ့ မေမေလဲ... " သမီးတို့ ရိုက်ချင်ရင် အန်တီတို့ ဖယ်ပေးပါ့မယ်.. လာရိုက်.. လာ.. လာ" လို့လဲ ပြောလိုက်ရော.. အဲဒိကောင်မလေး.. မျက်နှာပူလွန်းလို့.. ထွက်ပြေးပါလေရော..
နောက်မှ သူတို့အုပ်စုထဲက ကောင်လေးတွေက ဖေဖေနဲ့ မေမေကို ပြန်လာတောင်းပန်ပါတယ်..
ကျမတို့လဲ ကိုယ်တောင်ဖြစ်နေကျဆိုတော့ သူများကို နားလည်ပေးလိုက်ပါတယ်.. ကိုယ်ကိုတိုင်လဲ သင်ခန်းစာယူခဲ့တယ်...

ကဲ မောင်ညီမလေးတို့ရေ.. ဒီတစ်လအတွက် မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများ ဒီတင်ပဲ ရပ်နားလိုက်မယ်ကွယ်..

စာရေးပျင်းနေတဲ့ မဗေဒါတစ်ယောက်.. ခုတစ်လော ရုပ်ရှင်ပဲ ထိုင်ကြည့်ဖြစ်နေပါတယ်.. စာရေးပျင်းတာထက် ရေးဖို့ ဈာန်မ၀င်ဘူးပဲပြောရမလားသိပါဘူး.. ရုပ်ရှင် ဗွီဒီယိုဘက်ကို ပိုအားသန်နေတယ်.. အဟီးး.. အချိန်ယူ စောင့်မျှော်ဖတ်ရှုနေတဲ့ သူတွေကို အလွန်ပဲ အားနာမိပါတယ်..

Saturday, January 17, 2009

Visit To Cameron Highland (Video)

ဘာရယ်မဟုတ်ပါဘူး.. ပြီးခဲ့တဲ့နှစ် June လက မလေးရှား Cameron Highland သွားထားတဲ့ မိသားစုခရီးစဉ်ပါ..

လုပ်ထားတာကြာပါပြီ... မဗေဒါရဲ့ ပထမဆုံး ရုပ်ရှင်ကို အက်ဒစ်လုပ်ခြင်းပါ.. window movie maker နဲ့ လုပ်တာမဟုတ်ပါဘူး.. ဗွီဒီယို ကင်မရာဝယ်တုံးက ပါလာတဲ့ Free software နဲ့ လုပ်တာပါ..
free ဆိုတော့ function အကုန်သုံးလို့မရဘူး.. အဲဒိတုန်းကလဲ စမ်းလုပ်ကြည့်ရုံသက်သက်ဆိုတော့ သိပ်အားမစိုက်ထုတ်ဖြစ်ဘူး..

သိပ်စိတ်တိုင်းမကျလို့ ဘလော့ပေါ်မတင်ဖြစ်သေးတာ.. အစကတော့ ခရီးသွားပိုစ့်ရေးရင်းနဲ့ တစ်ခါတည်း ဒီဗွီဒီယိုလေးတင်မလို့.. ဒါပေမဲ့ ခုတလော ဘလော့ရေးဖို့ ပတ်ဝန်းကျင်က အခွင့်အရေးမပေးဖူးဖြစ်နေတယ်.. စာရေးတာ စိတ်ထဲကခံစားလို့ရမှ ရေးလို့ကောင်းတယ်.. ကိုယ်ရေးချင်တာတွေကို တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက် ကြောင့် ချုပ်တီးနေရမယ်ဆိုရင် မဗေဒါရဲ့ ဘလော့ပေါ်က လူသိရှင်ကြား လျှို့ဝှက်ချက်တွေက အရသာကောင်းမှာမဟုတ်ဘူး... ဘာမှတော့မဟုတ်ပါဘူး.. ကိုယ့်ဘာသာကိုယ် စိတ်ထဲ ထင့်နေတာပါ..

ဒါတွေထားလိုက်ပါတော့လေ.. ဒီခရီးသွားမှတ်တမ်းလေးကိုတော့ နောက်အချိန်ရရင် ရေးပါ့မယ်.. လောလောဆယ်တော့ ဗွီဒီယိုလေးပဲ ကြည့်သွားပေါ့နော်.. မဗေဒါရဲ့ youtube channel ကို သွားလည်ဖူးတဲ့သူတွေကတော့ ကြည့်ပြီးသားဖြစ်မှာပါ...

ဒီဗွီဒီယိုကိုလဲ အရည်အသွေးကောင်းကောင်းနဲ့ ကြည်ကြည်လင်လင်ကြည့်ချင်ရင် Youtube မှာ Watch in High Quality နဲ့ကြည့်ရှုနိုင်ပါတယ်..


Saturday, January 10, 2009

ဖြေရှင်းပေးကြစေလို....

"နေမင်းရဲ့ အလင်းရောင်ခြည်လဲ မနေ့ကနဲ့ မတူ .. မနေ့ကလို မပူတော့ပြီ..
အားသစ်အင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

ငှက်ကျေးရဲ့ သီချင်းသံသည်လည်း မနေ့ကနဲ့ မတူ.. မနေ့ကလို မဆူတော့ပြီ..
အတွေးသစ် အမြင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ... "

ဒီသီချင်းလေးကို တော်တော်များများကြားဖူးကြမှာပါ... အဆိုတော် စိုင်းထီးဆိုင်ရဲ့ အချစ်အတွက်တဖန်မွေးဖွာခြင်း ဆိုတဲ့ သီချင်းလေးပါ...

ခုဒီသီချင်းစာသားလေးနဲ့ ပတ်သတ်ပြီး ကျမ သူငယ်ချင်းတစ်ယောက်နဲ့ အညင်းပွားစရာလေး ဖြစ်လာပါတယ်...

အဲဒါကတော့... "ငှက်ကျေးရဲ့ သီချင်းသံသည်လည်း... " ဆိုတဲ့ စာသားမှာ..
ကျမသူငယ်ချင်းက "ငှက်ကြီးရဲ့ သီချင်းသံသည်လည်း.... " လို့ပြောပါတယ်.. ဒီနေရာမှာ သူက ထပ်ရှင်းပြလိုက်ပါသေးတယ်.. ငှက်ကြီးဆိုတာ ထူးအိမ်သင်ကိုပြောတာပါတဲ့.. ထူးအိမ်သင်ရဲ့ သီချင်းတွေက အရင်ကလို မဆူတော့ဘူးလို့ ဆိုလိုတာပါတဲ့....

ကျမကပြောပါတယ်.. ဒီသီချင်းက ထူးအိမ်သင်အဆိုတော်မဖြစ်ခင်ကတည်းက ပေါ်နေတာ.. ဘယ်လိုလုပ်ပြီး ထူးအိမ်သင်ကိုပြောတာဖြစ်မလဲဆိုတော့.. သူမက ခုခေတ်ပြန်ဆိုထားတဲ့သူတွေက ငှက်ကြီးလို့ဆိုတယ်လို့ ပြောပါတယ်...

ကျမကလဲ ခုခေတ်ပြန်ဆိုထားတဲ့ သီချင်းကို နားမထောင်ဖူးတော့ တအုံးနွေးနွေးနဲ့ ဒီအငြင်းပွားမှုက ပြီးဆုံးခဲ့ပါတယ်... ဒါပေမဲ့ ၂ယောက်လုံးကတော့ ကိုယ်မှန်တယ်ပဲထင်နေပါတယ်.. ကျမကလဲ ကျမမှန်တယ်ထင်သလို.. သူမကလဲ သူမမှန်တယ်လို့ထင်နေမှာ သေချာပါတယ်..
ကျမအထင်တော့.. အနုပညာသမားအချင်းချင်း ထူးအိမ်သင်လို နာမည်ရှိအဆိုတော်ကို ပုတ်ခတ်ပြီး ဆိုမယ်တော့မထင်ပါဘူး.. ပြီးတော့ ထူးအိမ်သင်သီချင်းတွေက ဒီခေတ် တချို့သီချင်းတွေလောက်တောင် မဆူပါဘူး...

အဲဒါလေးကို တအုံ့နွေးနွေးဖြစ်နေလို့.. ဖြေရှင်းပေးကြပါလို့ တောင်းဆိုပါရစေ... အဖြေမှန်အတွက် ကွန်မန့်များကို စောင့်မျှော်လျက်...... ကျေးဇူး အထူးတင်ရှိပါကြောင်း....

Monday, January 05, 2009

နှစ်ချုပ်စာရင်း နှင့် နှစ်သစ်ဆုတောင်း

ဘာလိုလိုနဲ့ ပိုစ့်မရေးပဲ အချောင်ခိုနေတာ ၅ရက်လောက်တောင်ရှိသွားပြီ.. အမှန်တကယ်တော့ ခပ်ပေါ့ပေါ့ပိုစ့်တွေနဲ့ ရေစုန်မျောနေတာလဲ ကြာပါပြီ.. ခုရက်ပိုင်းဆို ဘလော့ကို တစ်ရက်မှာ ၁ခါလောက်ပဲဝင်ကြည့်ဖြစ်တယ်.. အသစ်ကလဲ မှန်မှန်မတင်နိုင်တော့ လူအရောက်အပေါက်တောင်နဲသလိုပဲ... Page လေး ဖုန်တောင်တက်နေပြီထင်တယ်.. ၂၀၀၉ နှစ်သစ်ကိုကြိုဆိုရင်း ကျန်ခဲ့တဲ့ ၂၀၀၈အတွက် နှစ်ချုပ်စာရင်းလေး ရေးမယ်ဆိုတာတောင် စိတ်ကူးထဲမှာပဲ တ၀ဲလည်လည်ဖြစ်နေတယ်.. ခုဆို အတော်တောင် နှောင်းနေပြီ... ရေးရမှာတောင် မျက်နှာငယ်တယ်.. အို.... ဘာပဲဖြစ်ဖြစ်.. ဒီဘလော့မှာ ငါဘုရင်ပဲ.. ဘယ်မှာမှ အသုံးမကျပင်မဲ့ လောလောဆယ် ဒီနေရာလေးမှာ အာဏာလေးရထားတုံး ကိုယ်လုပ်ချင်တာလုပ်မှ... အဟီး... (စ တာပါဂျာ.. ချိတ်ချိုးကြပါနဲ့.. ရုပ်ရှင်တွေထဲကလိုပဲ.. မပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ)

ကျမအမြင်မှာတော့ ၂၀၀၈ က အလွန်ဆိုးတဲ့ နှစ်လို့မြင်တာပဲ...ဘာလို့လဲဆိုတော့ ၂၀၀၈ မှာ သဘာဝဘေးအန္တရာယ် ကျလိုက်.. အကြမ်းဖက်တွေ စီးလိုက်.. ရန်သူမျိုး ၅ပါးဒဏ်ခံလိုက်ရနဲ့ ကြားလိုက်ရသမျှ ကောင်းတယ်ကိုမရှိလှပါဘူး.. မကောင်းတဲ့သူတွေကျ ဘာမှသိပ်မဖြစ်ဘူး.. အပြစ်မဲ့တဲ့သူတွေပဲ ခံနေရတယ်.. ကျမလို သတင်း မီဒီယာကို သူများပြောမှ နားထောင်တဲ့သူတောင် ဒီနှစ် သတင်းပေါင်းစုံ တော်တော်ကြားတယ်... ကြားလိုက်ရသမျှ စိတ်မကောင်းစရာက များနေတယ်.. ကျမက အဆိုးပဲ ရွေးမြင်နေလို့လားတော့မသိဘူး.. သတိထားမိပြီး.. စိတ်ထဲမှာ မှတ်မိနေတာလေးတွေ ရေးပြမယ်နော်..

  • တရုတ်ပြည်မှာ ငလျင်လှုပ် ရေကြီး စနိုးမုန်တိုင်းတိုက်လို့ လူတွေအများကြီးသေတယ်.. ပြီးတော့..
  • တရုတ်က နို့မှုန့် တွေမှာ မယ်လမင်းတွေပါလို့ နိုင်ငံတကာက ကလေးတွေ တော်တော်များများနဲ့ တိရိစ္ဆာန်တွေသေတယ်.. ပြီးတော့ လူကြီးတွေလဲ ဘာမှမစားရဲလောက်အောင် ကျီးလန့်စာစာနေခဲ့ရတယ်..
  • Bird Flu ပြန်ဖြစ်တယ်..
  • မန်ဘိုင်းမှာ အကြမ်းဖက်သမားတွေ ၀င်စီးလို့ လူတွေအများကြီးသေတယ်..
  • တိဘက်မှာလဲ အရေးအခင်းဖြစ်တယ်..
  • ဘန်ကောက်မှာလဲ အရေးအခင်းတွေ ခဏခဏဖြစ်တယ်..
  • ဖိလစ်ပိုင်မှာလဲ အရေးအခင်းဖြစ်တယ်တဲ့..
  • စကာင်္ပူမှာလဲ တိရိစ္ဆာန်ရုံထဲက ကျားအကိုက်ခံပြီးသေတဲ့သူကရှိသေး (လျှာရှည်ပြီး အီးမေလ်းထဲရောက်တဲ့ ဗွီဒီယိုသွားကြည့်လိုက်တာ ခုထက်ထိ စိတ်မချမ်းသာဘူး) ..
  • အဆိုးဆုံးကတော့ တကမ္ဘာလုံး စီးပွားရေးပျက်ကပ်ဆိုက်တယ်...
  • ဟော.. နှစ် လုံးလုံးကူးမဲ့နေ့တောင် ၃၁ရက်ညက ဘန်ကောက်က နိုက်ကလပ်မီးလောင်တာ လူ ၆၂ယောက်သေတယ်တဲ့... ယော... ဒုက္ခ.. ဒုက္ခ..

ကဲ... မြန်မာမှာဖြစ်တဲ့ ဟာတွေကို ရေးမယ်ဆိုရင်တော့ တကယ်ကို ကျမနှလုံးသားတစ်ခုလုံး လေးပင်ချိနဲ့သွားသလို ခံစားရတယ်... ၂၀၀၇ က စက်တင်ဘာတုန်းထဲက စိတ်မကောင်းစရာတွေဖြစ်ခဲ့တယ်.. အဲဒိရဲ့ အရှိန်က ၂၀၀၈ ထိ ရိုက်ခတ်နေတယ်.. ဟိုလူပါသွားပြန်ပြီ.. ဒီလူကတော့ ဒီလိုဖြစ်သွားရှာပြီ.. တော်တဲ့ တတ်တဲ့ သူတွေ.. အရည်အချင်းရှိတဲ့လူငယ်တွေ.. နှစ်တွေအများကြီး စတေးလိုက်ရပြန်ပြီ.. ထိုင်းနိုင်ငံထဲကို လေအေးစက်ကားကြီးနဲ့ ခိုးဝင်တဲ့ မြန်မာတွေ အောက်ဆီဂျင်ပြတ်ပြီး ကားထဲမှာပဲ အတုံးအရုံးသေကုန်ကြတာတွေ (၂၀၀၇ လား ၂၀၀၈သေချာတော့မသိပါ).. ရင်နင့်ဖို့ အကောင်းဆုံးကတော့ နာဂစ်မုန်တိုင်းတိုက်သွားတာပဲ... သတင်းတွေကြားတယ်.. ဓာတ်ပုံတွေလဲမြင်တယ်.. ကြည့်လိုက်တိုင်း အသက်ရှုကြပ်ကြပ်သွားတယ်.. စစဖြစ်ပြီး ဘာသတင်း ဘာဓာတ်ပုံမှ မမြင်ရသေးခင် အရင်ဆုံး စပြီး သေချာမြင်ရတာက စီးတီးဟောအပေါ်ဆုံးထပ်က စက်လှေခါးနဲ့ တည့်တည့်ဆိုင်မှာ တီဗွီကြီးနဲ့ ပြထားတာ ကြည့်ပြီး လူက ၅မိနစ်လောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်.. တနေ့လုံးကို မရီနိုင်တော့ဘူး..
ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ အကြောင်းတွေကို ဒီနေရာမှာ list နဲ့ နေ့စွဲနဲ့ ရှိပါတယ်..


ကျမရော..?? ကျမအတွက်လဲ စိတ်ညစ်စရာတွေဖြစ်တာပဲ.. ဒါပေမဲ့ အပေါ်က စိတ်ညစ်စရာတွေကို ရေးပြီးတော့ ကိုယ့် စိတ်ညစ်စရာက ဘာမှတောင် မပြောပလောက်တော့ဘူး.. အာပလာ ဖြစ်သွားတယ်.. ရေးရမှာတောင် လက်ရှက်သွားတယ်... အရေးမပါတဲ့ အရာလေးတွေပါ.. ဒါပေမဲ့ ရေးလိုက်ပါအုံးမယ်.. မတ်လရောက်တော့ ရည်းစားနဲ့ပြတ်တယ်.. (အဲဒါက ကောင်းတယ်ပဲပြောရမလား.. မကောင်းတဲ့သူကို စောစောသိရတာ ကောင်းတဲ့ ကိစ္စပဲပြောရမလား.. လူကတော့ အဆွေးဓာတ်ခံရှိသွားတာပေါ့နော်).. စိတ်ညစ်ညစ်နဲ့ ခရီးတွေ လျှောက်ထွက်တော့ ပိုက်ဆံတွေကုန်တယ်.. အသားတွေမဲတယ်.. ခွင့်ရက်တွေ တကယ်လိုတော့ မရှိသလောက်ရှားပါးသွားတယ်.. သူငယ်ချင်းအယောင်ဆောင် ကိုယ့်အပေါ်မနာလိုသူများနဲ့ တွေ့တယ်.. နောက်ကျောဓားနဲ့ ထိုးခံရတယ်... ဒီဇင်ဘာ ၃၁ အလုပ်မလုပ်ချင်ပါဘူးဆိုမှ အလုပ်လုပ်ရတယ်.. ဘယ်ရမလဲ ၂၀၀၉ အကူးကိုတော့ တိုက်စီခအကုန်ခံပြီး သူငယ်ချင်းအိမ်သွားလိုက်တယ်..

တစ်သက်နဲ့ တစ်ကိုယ် ကမ္ဘာစီးပွားပျက်တာ ကိုယ့်ကို တိုက်ရိုက်လာထိခိုက်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး... ခုတော့ ဘယ်လိုမျိုးခံစားချက်နဲ့တူလဲဆိုရင်.. ကိုရီးယားရုပ်ရှင်တွေထဲက ကင်ဆာဖြစ်နေတဲ့ သူလိုပဲ.. မသေခင်.. ရောဂါ လက္ခဏာတွေ တွေ့ပြီး စိတ်လှုပ်ရှားခြောက်ခြားရသလိုမျိုး.. ချောင်းဆိုးရင် သွေးပါ.. ခေါင်းဖြီးရင် ဆံပင်တွေကျွတ်.. အဲလိုတွေ့ပြီး စိတ်ဓာတ်ကျကြောက်ရသလိုပဲ... ခုလဲ ဟိုကုမ္ပဏီကတော့ ပိတ်သွားပြီ.. ဟိုဘဏ်က အလုပ်သမားတွေ ရာချီဖြုတ်လိုက်ပြီ.. ရှိသမျှပိုက် ပိုက်လေး ဘဏ်ထဲထည့်ထားကာမှ ပါသွားမဲ့ကိန်း.. ဘဏ်စာအုပ် update လုပ်ထားလို့ သူ့ဟာသူနေနေတဲ့ ဂဏန်းလေးတွေက ဒေါ်လာဈေးကျတာနဲ့ အလကားနေ စာအုပ်ထဲမှာပဲ တန်ဖိုးကျသွားတာ ထိုင်ကြည့်နေရတယ်.. နှစ်ကုန်ရင် လူတွေထုတ်မယ်.. ဇန်န၀ါရီမှာ ဖြုတ်မယ်... မပြီးတော့ဘူး.. ခုထိကို ပါလာတာ.. ၂၀၀၉ ရော ကောင်းပါ့မလား... စလာကတည်းက Lay off နဲ့ စမယ်ဆိုရင်တော့ သိပ်မနိတ်လှဘူး.. ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ.. စိတ်ညစ် စိတ်ဓာတ်ကျနေလဲ အလကားပဲ.. ဒီလောက်ဆိုးရွားတဲ့ ၂၀၀၈ ကြီးကိုတောင် ကျော်ဖြတ်လာနိုင်သေးတာပဲ.. လာမယ့် ၂၀၀၉ ကိုလဲ ဒီလိုပဲ မာန်တင်းပြီး ကျော်ဖြတ်ရမှာပဲ..

ဒီပိုစ့်ကို ရေးလိုက်ကာမှ စာဖတ်သူတွေအတွက် စိတ်ညစ်ညူးစရာများဖြစ်သွားပြီလားမသိဘူး.. ဖြစ်ခဲ့တဲ့ အကောင်းတွေလဲ ရှိပါတယ်.. ဒါပေမဲ့ အမှတ်ရစရာ အဆိုးကများနေလို့ပါ.. ဘာပဲဖြစ်ဖြစ် ကျမတို့အသက်ရှင်သရွေ့ တွေ့ကြုံရသမျှတွေကို အံကိုခဲ ပန်းပန်လျှက် ဖြတ်လျှောက်သွားရမှာပဲလေ..

ဒီနှစ်တော့ အားလုံးအတွက် အဓိပ္ပါယ်ရှိရှိလေးဆုတောင်းပေးချင်တယ်.. ၂၀၀၉ မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအပ်သော ဆန္ဒများ တစ်လုံးတစ်ဝပြည့်ဝကြပါစေ...

Thursday, January 01, 2009

Memory of Tree Top Walk (video)

နှစ်ဟောင်းကုန်တဲ့ နှစ်ချုပ်စာရင်းပိုစ့်လေးမရေးခင် မဗေဒါ ဘီးစီးနေတဲ့ ကိစ္စလေးကို အရင်ဆုံး ပြချင်ပါတယ်..
Tree Top သွားတုန်းက အမှတ်တရလေးပါ.. အက်ဒစ်လုပ်လို့ပြီးပါပြီ...

ဒီဗွီဒီယိုလေးကတော့ မထင်မှတ်ပဲ ရိုက်ဖြစ်သွားတာပေါ့.. ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ကတည်းက အဖွဲ့ကျ.. ဘရုပ်ကျခဲ့ကျတဲ့ သူငယ်ချင်းတွေ ခု စင်္ကာပူရောက်တော့ တစ်ယောက်တစ်ကျောင်းတက်.. တစ်ယောက်တစ်နေရာစီနေပြီး ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အလုပ်ကိုယ်ရှုပ်နေခဲ့တာ မတွေ့တာတောင် အတော်ကြာပေါ့.. ကျမစိတ်ထင် ကျမတို့မတွေ့တာ နှစ်ဝက်လောက်တောင်ရှိမယ်ထင်တယ်.. အွန်လိုင်းမှာ တွေ့လဲ သူငယ်ချင်းအရင်းခေါက်ခေါက်များ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြပါဘူး.. တစ်ခါတစ်လေတော့ 9quist နဲ့ စကားပြောဖြစ်ပါတယ်..

ဒီလိုနဲ့ တစ်နေ့သူရောကျမရော ခရစ်စမတ်အတွင်း အလုပ်တွေပိတ်တော့ ကျန်တဲ့ ၂ယောက်အားရက်ကို ညှိပြီး တွေ့ဖို့စီစဉ်ပါတယ်.. နေရာအတော်ရှာရခက်ပါတယ်.. အမြဲတမ်းလဲ ပန်နဇူလာသွားပြီး မုန့်စားပြန်နေရတာ ရိုးလွန်းနေပါပြီ.. စကာင်္ပူမှာလဲ သွားစရာ လုပ်စရာက အလွန်မှ ရှားသကိုး.. ဟန်လုပ်နေနေရတဲ့ နေရာကများနေတယ်.. ကိုယ်က စကားပြောရင် ကျယ်ကျယ်ပြောတတ်တော့ သူငယ်ချင်းနဲ့တွေ့တုန်း အရင်ကလို နောက်နောက်ပြောင်ပြောင် အရည်မရ အဖတ်မရစကားတွေပြောချင်တယ်လေ.. ဒီတော့ အလုပ်မသွားတာလဲကြာနေတော့ Energy တွေကလဲ မသုံးတာကြာပေါ့.. အစက ဟိုချိန်းဒီချိန်းနဲ့ ဘယ်မှ အဆင်မပြေဘူးဖြစ်နေတာ.. နောက်ဆုံး ကျမကပဲ ဆုံးဖြတ်ချက်ချလိုက်တယ်.. Tree Top သွားမယ်လို့.. ကျမလဲ တစ်ခါမှတော့ မရောက်ဖူးဘူးလေ.. ကျမက ခိုင်ခိုင်မာမာဆုံးဖြတ်ပေးလိုက်တော့ အားလုံးကလဲ သဘောတူတယ်..

အဲဒိထိ ဗွီဒီယိုရိုက်ဖို့စိတ်ကူးမရှိပါဘူး.. သွားခါနီးကျမှ.. ဗွီဒီယိုလေးလိုရမယ်ရယူသွားမယ်ဆိုပြီး ယူဖြစ်သွားတာ.. ရိုက်မယ်ဆိုမှတော့ ကိုယ်က သီချင်းလေးနဲ့ကောင်းကောင်းလေးဖြစ်ချင်တယ်.. ပြီးတော့ သွားမှာက တောလမ်းဆိုတော့ လူလဲဒီလောက်ရှုပ်မှာမဟုတ်.. ဘော်ဘော်တွေကလဲ အားမနာရတဲ့သူတွေဆိုတော့.. မဗေဒါရဲ့ ဒါရိုက်တာပိုးလေးထလာတာပေါ့.. ဘယ်ကဘယ်လိုမှန်းမသိဘူး ဦးနှောက်ထဲ ချက်ချင်းရောက်လာတဲ့ သီချင်းက "We will Rock you" ... သိလိုက်တဲ့အချိန်မှာ ကိုယ်က ရထားပေါ်ရောက်နေပြီ.. သီချင်းကလဲ "We will , We will Rock you" ကလွဲလို့ ဘာမှ မရဘူး.. ဒါနဲ့ 9quist ကိုဖုန်းဆက်ပြီး သီချင်း ဒေါင်းလုပ် ဆွဲခဲ့ဖို့ပြောတော့လဲ သိပ်နောက်ကျနေပြီ.. ဒါနဲ့ ပဲ ရသလောက်ပဲ ရိုက်မယ်ဆိုပြီးထားလိုက်တယ်.. စိတ်ထဲမှာလဲ သူငယ်ချင်းတွေက ဒီလောက်တော့ ကိုယ့်အတွက် သရုပ်ဆောင်ပေးမယ်မထင်ထားဘူး.. အဆဲမခံရရင်ကံကောင်း.. မဗေဒါမှာက သရုပ်ဆောင်ပေးမဲ့သူမရှိတာက တစ်ဒုက္ခလေ..

ဖေဖေရယ် မဗေဒါအစ်မအကြီးရယ်..မဗေဒါရယ် clementi မှာ မေသူနဲ့တွေ့.. ဟို၂ယောက်ကတော့ ရောက်နှင့်နေပြီ.. ဒီလိုနဲ့တွေ့တာနဲ့ မဗေဒါလဲ သူတို့ကို ရိုက်တော့တာပေါ့.. နောက်မှ ကိုယ်ကြိုက်တဲ့ အိုက်တင်လေးတွေကို အက်ဒစ်လုပ်ပြီးထုတ်လိုက်မယ်ပေါ့... မဗေဒါကို အားတက်သရောနဲ့ သရုပ်ဆောင်ပေးသူကတော့ မဗေဒါရဲ့ အစ်မပေါ့... ဟဲ.. ဟဲ.. တောထဲရောက်တော့ မဗေဒါလဲ သူငယ်ချင်းတွေကိုပူဆာတော့တာပေါ့.. သီချင်းရှေ့ဆုံးမှာ ထည့်ထားတဲ့ အကွက်လေးတွေရိုက်ဖို့လေ.. သူတို့ကိုပြောရတော်တော်ခက်တယ်.. ရီနေကြလို့.. အိုက်တင်ကလဲ သင်ပေးရသေးတယ်.. ဒါပေမဲ့ သူတို့အားလုံးကိုယ့်ကို စိတ်ရှည်လက်ရှည်နဲ့ ပူးပေါင်းပါဝင်ကြတော့ ကျမသိပ်ပျော်ပါတယ်.. ဒါမှ ကျမရဲ့ သူငယ်ချင်းအရင်းတွေဆိုပြီး စိတ်ထဲကလဲ ကြည်နူးမိတယ်.. ဟား.. ဟား.. သူတို့အတွက် သရုပ်ဆောင်ခကတော့ တစ်ယောက်ကို ၂ကျပ် ပြား၈၀တန် ထမင်းတစ်ဘူးစီး မဗေဒါက စပွန်ဆာပေးခဲ့ပါတယ်.. ငှဲ.. ငှဲ.. အဟီး... (ငါ့တော့ တင်းနေလောက်ပြီ)..

ပြန်ရောက်ပြီးတာနဲ့ သူငယ်ချင်းတွေလဲ ဗွီဒီယိုကြည့်ချင်လို့ ကျမကို Stress ပေးကြတာ.. အက်ဒစ်ကို ၁ ပတ်အစောဆုံးလို့ ကတိပေးထားပင်မဲ့ ညမအိပ်ပဲ ထိုင်လုပ်လိုက်တာ ၄ရက်နဲ့ပြီးသွားပါတယ်.. New Year Night အမှီလေးပြချင်လို့ပါ.. မဗေဒါလဲ ၃၀ရက်နဲ့ ၃၁ ရက်တွေမှာ တစ်ရက်ကို ၂နာရီလောက်ပဲအိပ်လိုက်ရတယ်.. မျက်လုံးကိုက်လို့... အိပ်မက်ထဲမှာတောင် မဗေဒါရဲ့ ဘယ်ဘက်မျက်လုံးကြီး ဆွေသွားတယ်လို့မက်လို့.. ငိုလိုက်ရတာ... တော်ပါသေးရဲ့ အိပ်မက်မို့လို့..ိ

ဘာပဲပြောပြော ဒီ gathering လေးက ပင်ပန်းပေမဲ့ ပျော်ရွှင်ဖွယ်လေးဖြစ်ခဲ့ပါတယ်.. ကျမတို့ရဲ့ ပျော်ရွှင်မှုလေးတွေကို ဝေမျှလိုက်ပါတယ်.. Youtube မှာ သွားကြည့်ရင် High Quility ဆိုတာကို နှိပ်ရင် ပိုမိုကြည်လင်တဲ့ video ကိုတွေ့ရမှာပါ.. Youtube မှာလဲ Comment, Rate and subscribe လုပ်ပေးကြပါလို့... အချိန်ပေးပြီးကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်....