Sunday, August 31, 2008

ကောင်မလေးကို ပိုးကြမယ်....

အောက်မှာရှိတဲ့ Flash game လေးက Piano တီးပြီး ကောင်မလေးကို ပိုးတဲ့ ဂိမ်းလေးပါ..
မဗေဒါကတော့ ခုလောလောဆယ်ထိ Easy အဆင့်၊ အလယ်အလတ် scale နဲ့ ဆော့တာတောင် သီချင်း ၆ ပုဒ်မြောက် "Amazing Grace" ထိရောက်ပြီး
easy game, middle scale ကိုအောင်ပါတယ်.. scale မြှင့်ပြီးတော့ ဆော့ကြည့်ပါအုံးမယ်.. Normal game တော့ ကြိုးစားကြည့်တာ ရှုံးပါတယ်..
လာလည်တဲ့ သူငယ်ချင်းတွေလဲ ကောင်မလေးကို သီချင်းဘယ်နှပုဒ်မြောက်မှာပြန်သွားလဲ လက်ရည်စမ်းကြည့်ကြရအောင်..
ကောင်မလေးကို ဘယ်သူအဆွဲဆောင်နိုင်ဆုံးဖြစ်မလဲဆိုတဲ့ အဖြေလေးတွေကို ကွန်မန့်လေးမှာရေးသွားပေးကြနော်...

Pano Bar



Click here to play this game

Friday, August 29, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ(၁)...

စကာင်္ပူကိုစရောက်ပြီး ကိုယ်တက်ရမဲ့ကျောင်းတော်ကြီးနဲ့မရင်းနှီးခင် မှာပဲ မဗေဒါရဲ့ ပထမဦးဆုံး ကျောင်းတက်ရက်မှာရင်ဆိုင်ခဲ့ရတဲ့ ရီစရာလေးပြောပြချင်ပါတယ်.. ရီစရာသာပြောပါတယ်.. အဲဒီတုန်းကတော့ ငိုချင်စိတ်တောင်ပေါက်ခဲ့တာပါ.. မဗေဒါက ကျောင်းဖွင့်ခါနီးကပ်မှ စကာင်္ပူကိုရောက်လို့ ကျောင်းအပ်တာလဲနောက်ကျ.. နောက်ပြီး သိပ်မကြာဘူး ကျောင်းသားသစ်ကြိုဆိုပွဲလို orientation သွားရပါတယ်.. ကျောင်းအပ်တာနောက်ကျတော့ မဗေဒါတို့အချိန်တုန်းက ဒီလောက် ကျောင်းမှာမြန်မာများတာတောင် မြန်မာတစ်ယောက်မှနဲ့အခန်းမတူခဲ့ပါဘူး.. တစ်တန်းလုံးမှာ မဗေဒါတစ်ယောက်ပဲ မြန်မာရှိပါတယ်..အတန်းရဲ့ ၄ပုံ၃ပုံလောက်က ပြည်ကြီးကတရုတ်တွေပါ.. သိတဲ့အတိုင်းပဲ ပြည်ကြီးတရုတ်တော်တော်များများကလဲ အင်္ဂလိပ်စာအတော်လေးညံ့ပါတယ်.. ကိုယ်က သူငယ်ချင်းလုပ်ချင်လို့ မနဲအားမွေးပြီး "How are you?" လောက်လေးသွားပြောရင်တောင်.. ရှောင်ထွက်သွားကြတဲ့လူမျိုးတွေပါ.. ကိုယ်ကတော့ငါများဘာအမှားပြောလိုက်မိဘာလိမ့်.. သူတို့ တရုတ်တွေမှာ "how are you" ပြောတာများရိုင်းလို့လား.. အတွေးပေါင်းစုံနဲ့ စိတ်ဓာတ်အတော်ကျခဲ့ရပါတယ်.. (နောက်ပိုင်းမှ သူတို့ အင်္ဂလိပ်ညံ့၍ ကိုယ့်ကိုစကားပြောရမှာကြောက်ခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်)..

ဒီလိုနဲ့ တစ်နေကုန်ခဲ့ပြီး.. အတန်းကြီး ကျောင်းသား တွေက ကျမတို့ အတန်းအချိန်စာရင်းနဲ့ အတန်းနေရာတွေပါတဲ့စာရွက်လေးတွေပေးပါတယ်.. (အတန်းကတစ်ချိန်နဲ့တစ်ချိန်တက်ရတဲ့ နေရာမတူပါ).. ပြီးတော့ မနက်ဖြန် အတန်းကို တိုက်ရိုက်မသွားတတ်တဲ့သူတွေကို ယခုနေရာမှာပဲ စုဖို့မှာလိုက်ပါတယ်.. အဲဒီလိုပြောတော့ မဗေဒါလဲ အတန်းကို မသွားတတ်တာကသေချာတယ်လေ.. ဒီနေ့နေရာကိုဆိုပြန်လာတတ်တယ်လေ.. ဒီနီးနားပတ်ဝန်းကျင်က အဆောက်အဦးပုံဖြစ်ဖြစ်.. တစ်ခုကိုမှတ်ထားလိုက်ရင် မနက်ဖြန်ပြန်လာလို့ရပြီဆိုပြီး.. အဲဒီအခန်းနဲ့ ရှေ့တည့်တည့် ဟိုဘက်ကားလမ်းက လူနေတိုက်အနီတစ်လုံးကို လှမ်းမှတ်ထားလိုက်ပါတယ်.. မနက်ဖြန် ဒီတိုက်နဲ့တည့်တည့်က အခန်းကိုငါပြန်လာမယ်ပေါ့...

မနက်ဖြန်မနက်လဲကျရော... ကိုယ့်အတွေးနဲ့ကိုယ် အိမ်ကလဲ ကျောင်းနဲ့နီးတော့ ခပ်အေးအေးပဲထွက်လာခဲ့ပါတယ်.. နောက် ကျောင်းဘက်ကားလမ်းကူးလိုက်ပြီး... မနေ့ကတွေ့ခဲ့တဲ့ ပုံစံတိုက်အနီကို လှမ်းရှာပါတယ်.. အဲဒီတော့မှ ကျမမှားပြီဆိုတာ သိပါတော့တယ်.. စကာင်္ပူက HDB တိုက်တွေသည် တစ်ပုံစံတည်း တစ်ရောင်ထဲမှန်းအဲဒိ ရက်ကကောင်းကောင်းသဘောပေါက်သွားပါသည်.. မေးစရာဘေးဘီကို ကြည့်တော့လဲ ကျမက level 1 မှာဖြစ်၍လူမရှိ.. ကျမ မနေ့က "အခန်းပုံစံကို ငါမှတ်မိပါတယ်.. ဒေါင့်နားလေးမှာရှိတာ..." ဆိုပြီး ပုံစံတူအခမ်းတွေ့တော့ အားရပါးရပြေးဖွင့်တာ.. မနေ့ကလို ဗလာခမ်းကြီးမဟုတ်ပဲ.. စက်ပစ္စည်းတွေထားထားတဲ့ အခန်းကြီးဖြစ်နေပြန်တယ်.. ကိုယ်ဘာသာကိုယ်တစ်ယောက်ထဲကို လည်ပြီး.. အရှက်တွေကွဲနေပါတယ်.. လူတွေ့လို့မေးရမှာကျတော့လဲ.. ရောက်စဖြစ်တာရော အဲဒီတုန်းက အသက်အရွယ်ရောကြောင့် စကားပြောရမှာကြောက်သလိုလို.. ရှက်သလိုလို..

နောက်ဆုံးမှာ မရတော့တဲ့အဆုံး ကောင်မလေးတစ်ယောက်တွေ့တော့ မနေ့ကပေးလိုက်တဲ့ စာရွက်လေးပြပြီး အဲဒီအခန်းဘယ်မှာလဲလို့မေးတော့.. လူကို အူကြောင်ကြောင်နဲ့ပြန်ကြည့်ပြီး.. ဒီဘလော့က IT school ဘက်မှာမရှိဘူးတဲ့... Engineering school ဘက်မှာထင်တယ်တဲ့.. သေလိုက်ပါတော့ ဗေဒါရယ်.. တက်တက်ဆင်အောင်လွဲနေတာကိုး.. ကျမတို့ကျောင်းမှာ IT school, Engineering School, Design School နဲ့ Bussiness School ဆိုပြီး အဓိကမေဂျာကို မူတည်ပြီး အဆောင် ၄ဆောင်ရှိပါတယ်.. အဲဒီအဆောင်(ကျောင်း)အောက်မှာမှ အဓိကကိုယ်ယူတဲ မေဂျာကို ထပ်ခွဲတာပါ.. ဥပမာ အင်ဂျင်နယာရင်းအောက်မှာ Electronic, Computer Engineering စသည်ဖြင့်ပါ..

မဗေဒါလဲ သိတာနဲ့ ချက်ချင်းသုတ်ခြေတင်ပြေးပြီး Engineering school ဘက်ရောက်တော့မှ ထက်မေးမြန်းပြီး အတန်းကို တော်တော်လေးနောက်ကျမှ ချွေးသံတရဲရဲနဲ့ရောက်သွားပါတယ်... ကျောင်းပထမဦးဆုံးနေ့မှာ ဒီလိုနဲ့ စလိုက်လို့လားတော့မသိပါဘူး.. ပိုလီ၃နှစ်လုံးလုံး မဗေဒါလောက်ကျောင်းနဲ့အိမ်နီးသလောက် မဗေဒါလောက် အတန်းထဲမှာကျောင်းနောက်ကျသူမရှိတော့ပါ.. (နောက်ပိုင်းကတော့ အရည်ထူသွားလို့.. အတန်းနောက်ကျလဲ မကြောက်တော့တာ.. အတန်းတောင်လစ်သေး.. ဟား.. ဟား)....

နားမယ်ကွယ်.....

Lesson Learn(သင်ခန်းစာ)
(၁) ပတ်ဝန်းကျင်မှလူများစရိုက်ကို ကောင်းကောင်းမသိခင် ကိုယ်မှားသည်ဟူ၍ စိတ်ဓာတ်မကျသင့်
(၂)မသိလျှင် မတတ်လျှင် မေးမြန်းရခြင်းကို မရှက်သင့် မကြောက်သင့်
(၃) အမှားပါလျှင် အရှက်ကွဲမည်စိုး၍ အင်္ဂလိပ်စကား ပြောရမှာကို မရှက်သင့် (ကျမတို့အတွက် အင်္ဂလိပ်စကားသည် ကိုယ်ပိုင်ဘာသာမဟုတ် အပြင်လောက၌ လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်နားလည်ရန်သည်သာ အဓိကဖြစ်သည်)
(၄) စကာင်္ပူ၌ နေရာရှာမည်ဆိုလျှင် မကျွမ်းကျင်ပါက လိပ်စာ အတိအကျသိပြီး စနစ်တကျ (systematically) ရှာမှသာလွယ်ကူမည်..

Wednesday, August 27, 2008

iljimae (K-drama) Review

ဒီတစ်ခါတော့ မဗေဒါ မိတ်ဆက်ပေးချင်တဲ့ ကိုရီယားရှေးကားလေးတစ်ကားရှိပါတယ်.. တော်တော်ကောင်းတဲ့ကားလေးပါ..
မဗေဒါလို အရင်က သိုင်းကား ရှေးခေတ်ကားဆိုသိပ်မကြိုက်တဲ့သူတောင်တော်တော်လေးကြိုက်သွားပါတယ်...
မဗေဒါမပြောနဲ့ ဖေဖေနဲ့မေမေတောင်စွဲသွားတဲ့ကားလေးပါ...အီလ်ဂျီမန်(iljimae) လို့အမည်ရပါတယ်..
မြန်မာပြည်က ငတက်ပြားလိုဇာတ်ကောင်မျိုးပါ.. ဇာတ်လမ်းအကျဉ်းလေးကို အောက်မှာ dramawiki ကို မှီးပြီးရေးထားပါတယ်...



ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကို Joseon ဘုရင်လက်ထက်မှာတည်ထားပါတယ်..



Yong ဟာနေ့ဘက်မှာ ဈေးသည်တွေကို အစိုးရအတွက်
ဈေးကောက်လိုက်ကောက်တဲ့ လူမိုက်အဖွဲ့ထဲက အသုံးမကျတဲ့ လူမိုက်ယောင် ဟန်ဆောင်နေပေမဲ့..
ညဘက်မှာတော့ မတရားလာဘ်စားတဲ့ အစိုးရ အရာရှိတွေ အိမ်ကို ဝင်ခိုးပြီး ဆင်းရဲနွမ်းပါးသူတွေကို ပြန်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ...
သူခိုးပြီးတိုင်း မက်မန်းပန်းခိုင်ပုံလေးကို သူ့အမှတ်တံဆိပ်အနေနဲ့ ချန်ခဲ့လေ့ရှိပါတယ်...
သူ့ကို အများပြည်သူတွေကတော့ မက်မန်းပန်ခိုင်သူရဲကောင်း (ကိုရီးယားလို အီလ်ဂျီမန်) iljimae လို့ခေါ်ကြပါတယ်..
အမှန်တော့ ဒီသူရဲကောင်းလေးရဲ့ အတိတ်မှာ နာကျည်းဆွေးမြေ့ဖွယ် အဖြစ်အပျက်တွေနဲ့
တော်ဝင်သွေးတွေစီးဆင်းနေတယ်ဆိုတာကို ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး...




Bong Soon (ဘုံစွန်း) ဆိုတာက သူမမွေးစားအဖေ ဘုန်းကြီးယောင်ဆောင် ဓားသမားကြီးနဲ့ မြို့တကာလှည့်ပြီး ပစ္စည်းလိမ်ရောင်းနေတဲ့ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ...
သိုင်းပညာကို သူမမွေးစားအဖေမသိအောင် ခိုးပြီးသင်ထားလို့ မတောက်တစ်ခေါက်တတ်တဲ့မိန်းကလေးပါ..
သူမကလဲ့စားခြေရမဲ့သူဟာ သူမသိပ်ချစ်တဲ့ မွေးစား အဖေဆိုတာတော့ သူမမမှတ်မိခဲ့ပါဘူး..
သူမဟာ Yong ကိုချစ်လွန်းလို့ သူမဘဝတစ်ခုလုံးကို စွန့်လွှတ်ပြီး Yong ကို ကာကွယ်ပေးခဲ့သူပါ...



Eun Chae (အွန်ချွဲ) ဟာ လာဘ်စားတတ်ပြီး မမှန်ကန်တဲ့ အစိုးရအရာရှိတစ်ယောက်ရဲ့ သမီးပါ..
သူမမှာ ရမ်းကားတတ်တဲ့ အစ်ကိုအရင်းတစ်ယောက်နဲ့ မောက်မာတဲ့ အမေရှိပါတယ်...
အမြဲအနှိမ်ခံရတဲ့ အဖေတူ အမေကွဲ အစ်ကိုတစ်ယောက်လဲရှိပါတယ်...
ဒါပေမဲ့ သူမကတော့ တစ်အိမ်လုံးနဲ့မတူပဲ အလွန်မှ စိတ်ထားဖြူစင်ပြီး ဆင်းရဲနွမ်းပါးသူတွေကို သနားကြင်နာတတ်တဲ့ သူတစ်ယောက်ပါ..
သူမနဲ့ iljimae ဆုံတွေ့ပြီး မေတ္တာမျှခဲ့ကြပါတယ်..
ဒါပေမဲ့ သူမတို့ ချစ်ချင်းဟာ iljimae အတွက် အလွန်အန္တရာယ်များတဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်...



Shi hoo(ရှီဟို) ဟာ Eun Chae နဲ့ အဖေတူအမေကွဲ အစ်ကိုပါ.. တကယ်တမ်းတော့ shi hoo အမေဟာသူ့သားအသက်ဘေးလွတ်အောင်
ညာပြောလိုက်ခြင်းဖြစ်ပြီး.. Shi hoo ဟာ အမှန်စင်စစ် Eun Chae နှင့်ဘာမှမတော်ပါ..
အထက်တမ်းစားအိမ်တွင် ငယ်စဉ်ထဲက တိတ်တိတ်ပုန်းရခဲ့သောကလေးဆိုပြီး အနှိမ်ခံခဲ့ရသောကြောင့် အထက်ကို အရမ်းရောက်ချင်သူ.. အလွန်ကြိုးစားသူတစ်ယောက်လဲဖြစ်ပါတယ်..
သို့သော် တိတ်တိတ်ပုန်းကလေးများကို ရာထူးကြီးမပေးဟူသော စည်းမျဉ်းအရ တက်လမ်းများပိတ်နေရသူဖြစ်သည်..
iljimae အားဖမ်းနိုင်သူမည်သူမဆို ရာထူးကြီးပေးမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်းတွင်တော့..
iljimae ကို မရမနေလိုက်ဖမ်းနေသော သူတစ်ယောက်လဲဖြစ်သည်..
တကယ်တော့ iljimae မှ သူနဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်သည်ဆိုတာကိုတော့ မသိရှာပေ..

Iljimae Review

ဒီကားဟာ အပိုင်း ၂ဝ ရှိပေမဲ့ ပျင်းစရာအကွက်တစ်ကွက်မှမပါပါဘူး...
အာဏာရှင်ဘုရင်တွေရဲ့ အာဏာမက်မောမှု.. ညှင်းပန်းနှိပ်စက်မှု.. မတရားမှု(အထက်ဖား အောက်ဖိ)တွေကိုလဲ ဒီကားမှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်...
ဇာတ်လမ်းရဲ့ အစကိုသေချာအာရုံစိုက်ပြီးကြည့်စေချင်ပါတယ်.. ဘာလို့လဲဆိုတော့... ဇာတ်လမ်းအစနေရာနဲ့ အဆုံးနေရာကအတူတူပါပဲ..
ဇာတ်လမ်းအစကို သေချာကြည့်ထားမှ အဆုံးဘာဖြစ်လဲသေချာဝေခွဲလို့ရမှာပါ..

ဇာတ်လမ်းအပိုင်း(၂)ကလဲ iljimae ဇာတ်ကားတစ်တွဲလုံးရဲ့ ပျိုးတဲ့နေရာပါ.. iljimae ရဲ့ငယ်ဘဝမှာ သူ့မိသားစုဘယ်လိုခြောက်ချခံခဲ့ရတယ်ဆိုတာရယ်..
အပေါ်မှာပြောခဲ့သမျှဇာတ်ကောင်တွေနဲ့ iljimaeနဲ့ ငယ်ငယ်ထဲက ဘယ်လို ပတ်သတ်ခဲ့တယ်ဆိုတာရယ်..
ဇာတ်လမ်းထဲမှာပါသမျှဇာတ်ကောင်တွေရဲ့ ပတ်သတ်မှုကို အပိုင်း၂ကြည့်မှ နားလည်မှာပါ..
အရမ်းကိုပဲ သနားဖို့ကောင်းတဲ့အပိုင်းဖြစ်လို့ လက်ကိုင်ပဝါလေးတွေဆောင်ထားဖို့အထူးမှာချင်ပါတယ်...
iljimae တစ်တွဲလုံးမှာ မဗေဒါ အကြိုက်ဆုံးက အပိုင်း (၂) ပါပဲ..

နောက်ပြီး မဗေဒါ မှတ်မှတ်ရရ ပြောဖို့သတိထားမိတဲ့အပိုင်းကတော့ အပိုင်း (၁၃) ပါ.. အဲဒီမှာ.. တရုတ်သံအမတ်ရဲ့သား မူးရမ်းကားပြီး ဈေးထဲမှာမြင်းလျှောက်စီးလို့
ဈေးသည်ကလေးတစ်ဦးကို မြင်းကန်မိပြီးသေဆုံးမှုနဲ့ပတ်သတ်ပြီး.. ရွာသားတွေ တရုတ်သံရုံးရှေ့မှာဆန္ဒပြတဲ့ အခန်းပါ..
အများပြည်သူဘာဖြစ်ဖြစ် သူတို့အကြိုးစီးပွားထိခိုက်မှာစိုးရိမ်၍ မတရားသူဘက်ကရပ်တည်သော အာဏာရှင်အစိုးရရဲ့ ပြည်သူတွေအပေါ်ကိုင်တွယ်ပုံပါ..
အဲဒိမှာ လက်ဗလာနဲ့ပြည်သူတွေကတဘက် စစ်သည်တွေက ဒိုင်းတွေ ဒုတ်တွေနဲ့တဘက် မြင်ကွင်းက ဆူးလေဘုရားလမ်းမှာ မြင်ဖူးသလိုပါပဲ
(ဘယ်လိုမှမရည်ရွယ်ပါဘူး.. အိမ်မက်ထဲမှာ မြင်ဘူးတာထင်ပါတယ်... ဘွာတေး .. iljimae ပဲဆက်တော့မယ်.. လိုင်းလွဲသွားပြီ)
နောက်ပြီး ပြည်သူတွေကို ရိုက်ဖို့ ရွာကလူမိုက်အုပ်စုတွေကို ထပ်ခေါ်ပါတယ်.. ဒါလဲ မြန်မာပြည်က အဖြူအစိမ်းဝတ်တဲ့ အဖွဲ့ကလူတွေကို သွားတွေးမိတယ်..
(အဲလေ... ပါလာပြန်ပြီ... ကိုယ့်ဘာသာကိုယ် ရုပ်ရှင်ကြည့်ရင်း ကျောင်းတုန်းကဘဝလေးပြန်သတိရသွားလို့ပါ..)
ဒါပေမဲ့ ပြဿနာတွေအားလုံး iljimae ရောက်.. အားလုံငြိမ်းသွားပါတယ်... (မြန်မာပြည်မှာဆိုရင်တော့ iljimaeတစ်ယောက်... ဟင်း.. ဟင်း.. နော်)
နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့... ဒီကားဟာ.. အချစ်.. အကြမ်း.. အလွမ်း.. မိဘနဲ့သားသမီးမေတ္တာ.. အာဏာရှင်စနစ်.. စတဲ့ ရသတွေနဲ့စုံလင်လှပြီး..
နောက်ခံသီချင်း ဂီတ.. သရုပ်ဆောင်.. အခမ်းအနားပြင်ဆင်မှု.. အဝတ်အစား.. အားလုံး ပြောစရာမရှိနီးပါးလောက်ကောင်းမွန်တယ်လို့ထင်မိပါတယ်..
အားလုံးကို မဗေဒါက ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်..

အဓိက ပါဝင်သရုပ်ဆောင်သူများ...

Lee Joon Ki as Iljimae / Yong / Lee Geom
Han Hyo Joo as Eun Chae
Lee Young Ah as Bong Soon
Park Shi Hoo as Shi Hoo / Ja Dol

Tuesday, August 19, 2008

ကျေးဇူးတင်လွှာ...

မင်္ဂလာပါရှင်...
မတွေ့တာတောင်ကြာပေါ့... မတွေ့ဆို မဗေဒါကိုယ်တိုင်လဲ ကိုယ့်ဘလော့ကိုယ်တောင်ပြန်မကြည့်ဖြစ်ဖူးဖြစ်နေတာကိုး...
ဒီတော့ ဘလော့ကိုလာလည်တဲ့ ဧည့်သည်တွေကို မဗေဒါဘာလုပ်နေလဲဆိုတာ ရှင်းပြဖို့တော့သင့်တယ်ထင်တာပေါ့နော်...

ဒီလိုပါ... မဗေဒါစိတ်ထဲမှာရေးချင်တာတွေ တော်တော်များများရှိပါတယ်..
ဒါပေမဲ့ ခုတလောကိုယ်ရေးတာတွေကို စိတ်တိုင်းမကျဖြစ်နေပါတယ်... အမှန်အတိုင်းဝန်ခံရရင်.. မဗေဒါ စာဖတ်ပျင်းပါတယ်..
ခုပြဿနာကလဲ စာဖတ်အားနည်းလို့ဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်လဲသိပါတယ်... ဒီတော့မဗေဒါစာဖတ်ဖို့ အချိန်ပေးရပါမယ်..
စာဖတ်ပျင်းတယ်ဆိုပေမဲ့ မဗေဒါစိတ်ဝင်စားတယ်ဆိုရင်တော့ ဖတ်ရတာမပျင်းပါဘူး.. စာဖတ်ရင်လဲ အပေါ်ယံရှက်မဖတ်တတ်ပါဘူး...
စာကြောင်းတစ်ကြောင်းကို သေချာနားလည်ပြီး ခံစားပြီးမှဖတ်တတ်ပါတယ်.. ဒီတော့ စာဖတ်နှေးပါတယ်...

စာဖတ်နှေးရတဲ့အထဲ.. အချိန်မလောက်တဲ့ပြဿနာကလဲတမှောက်ပါ...
အလုပ်က shift နဲ့ဆိုတော့ ၁ရက်မှာ ၁၂နာရီ.. ပိုက်ဆံပိုရှာချင်တော့ အချိန်ပိုပြန်ပြန်သွားတော့...
၁ ပတ်မှာ ၁ရက်လောက်ပဲနားပါတယ်.. တခါတလေမှ ၂ရက်နားပါတယ်..
ဒီတော့အားတဲ့အချိန်လေး ကိုယ်ဝါသနာပါတဲ့... ရုပ်ရှင်ကြည့်တာလေးကိုတောင် မနဲအချိန်လုကြည့်ရပါတယ်...
ဇာတ်လမ်းတွဲ.. ရှပ်ရှင်.. ဇာတ်လမ်းတို... youtube ဗွီဒီယို.. အကုန်ကြည့်နေတာနဲ့တင် တခြားဟာလုပ်ဖို့ အချိန်မကျန်သလောက်ပါပဲ..

ရုပ်ရှင်ကြည့်တာအပြင် မဗေဒါဝါသနာပါတဲ့..ဗွီဒီယို အက်ဒီတင်းကိုလဲ self learning လုပ်ပြီး.. စမ်းပြီးသုံးကြည့်နေပါတယ်..
မဗေဒါလုပ်ထားတဲ့ ဗွီဒီယိုလေးတွေကို youtube မှာလဲတင်ထားပါတယ်... နောက်မှဘလော့မှာတင်ပါအုံးမယ်...
ဗေဒါကြိုက်တဲ့ ဂျပန်ကားတစ်ကားကို fan made movie အစမ်းလုပ်ချင်တာနဲ့ အဲဒီ ဒရမ်မာကား ၁၁ပိုင်းကို download ချနေရတာကလဲ တော်တော် အချိန်စားပါတယ်..
ဒါတောင် ၁၁ပိုင်းလုံး download မလုပ်ပဲ.. မဗေဒါကြိုက်တဲ့ အခန်းတွေပါတဲ့ အပိုင်းလောက်ပဲ လုပ်တာပါ...
ပြီးတော့ edit လုပ်ရ youtube မှာ upload လုပ်ရနဲ့အလုပ်ကိုများနေတော့တာပါပဲ...
နောက်မဗေဒါတို့ မိသားစု မလေးရှား ကန်မရွန်ကိုခရီးထွက်တုံးက ရိုက်လာတာကို edit လုပ်ဖြစ်ပါတယ်...
တနေ့မှာ ၂၄နာရီဟာ မဗေဒါအတွက် မလောက်ဖြစ်နေပါတယ်...

အိမ်မှာဆိုရင်တော့ မဗေဒါလုပ်ဖြစ်တာ.. ရုပ်ရှင်ကြည့်တာရယ်... ဗွီဒီယို editing ရယ်ပါ...
အရင်ထဲကလဲ မဗေဒါပိုစ့်တွေရေးရင် အလုပ်ကနေပဲ ရေးဖြစ်တာများပါတယ်...
အိမ်မှာဆိုတခြားလုပ်ချင်တာတွေကများနေပါတယ်.. နောက်တစ်ခုက အိမ်မှာရေးရင် မိသားစုနဲ့စကားပြောလိုက် ရေးလိုက်ဆိုတော့..
mood သိတ်မပါတော့ပါဘူး.. မဗေဒါ စာရေးနေတုံးလာကြည့်ရင်လဲ မရေးတတ်တော့ပါဘူး..
အလုပ်မှာကျတော့.. အလုပ်လုပ်လိုက်ရေးလိုက်ဆိုပေမဲ့... စကားလာပြောတဲ့သူမရှိပါဘူး...
လာကြည့်လဲ.. တခြားနိုင်ငံသားတွေဆိုတော့ မဖတ်တတ်မှန်းသိတော့ စိတ်ထဲကဘာမှမဖြစ်ပါဘူး..
တချို့အလုပ်က မြန်မာသူငယ်ချင်းတွေကျတော့လဲ.. ရေးပြီးမှ ဘလော့မှာဖတ်ပါဆိုရင်.. သူတို့နားလည်ပါတယ်..
ခုတလောမရေးဖြစ်တာလဲ.. အလုပ်မှာ အရင်လောက်မအားလို့ပါ. မဗေဒါလဲ အလုပ်များတဲ့အခါလဲရှိတာပေါ့နော်... ဟဲ ဟဲ..

ခုဒီပိုစ့်ကိုရေးရတာလဲ... ဟိုတလောက MBS (Myanmar Blogger Society)မှာ ရက်ဂျစ်စတာလုပ်ဖို့ မေးလ်ထဲကို invitation ရောက်လို့ ...
အိမ်ကနေ register လုပ်လိုက်ပါတယ်.. ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒိ website ကို အလုပ်ကနေ surf လို့မရပါဘူး.. ကျမအလုပ်က ဘန်းထားပါတယ်...
ဘာလို့လဲတော့မသိပါ... ဒီလိုနဲ့ မဝင်ဖြစ်ဘူးဆိုပါတော့.. ဘယ်လိုသုံးရမယ်မှန်းလဲ သေချာမသိပါဘူး... နောက်တော့ မေးလ်ချက်ရင် အဲဒိကနေ..
မဗေဒါနဲ့ဘလော့လောကမှာ ခင်တဲ့သူငယ်ချင်းတွေရဲ့ friend request တွေ comments တွေရှိတယ်ဆိုတာသိရပါတယ်..
ဒါပေမဲ့.. မဗေဒါရဲ့ အချိန်တော်တော်များများက အလုပ်မှာဆိုတော့ စစ်လို့မရခဲ့ပါဘူး..
နောက်တော့ မေးလ်ထဲမှာ.. ဘလော့ဂါဟုတ်မဟုတ် profile မှာ blog address ဖြည့်ဖို့မေးလ်ရောက်ပါတယ်..
မဖြည့်တဲ့သူကို MBS ကထုတ်မယ်ဆိုပြီးတွေ့တော့စိုးရိမ်မိပါတယ်.. မဗေဒါကလဲ အိမ်ပြန်ရောက်ရင် breakfast စားပြီးတန်းအိပ်တာနဲ့..
မေ့မေ့ပြီးမဖြည့်ဖြစ်ခဲ့ပါဘူး.. ဒါပေမဲ့ MBS မှာ မဗေဒါဘလော့ရှိမှန်း သူတို့တွေသိတယ်ဆိုတာ သိရတော့ အရမ်းကို ဝမ်းသာမိပါတယ်..
မဗေဒါလို ဘာမဟုတ်တဲ့ ဘလော့ဂါကို ဘလော့သူငယ်ချင်းတွေက အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်...

ဘလော့ကို update မှန်မှန်မလုပ်ဖြစ်တဲ့အတွက်ရော.. ဘလော့တွေမှန်မှန်လိုက်မလည်ဖြစ်တဲ့အတွက်ရော..
ဒီပိုစ့်နဲ့အတူ.. အနူးအညွတ်တောင်းပန်ပါတယ်... ခုထက်ထိတော့ မဗေဒါ စာကို ကောင်းကောင်းမဖတ်ဖြစ်သေးပါဘူး...
ရုပ်ရှင်ပဲကြည့်ဖြစ်ပါတယ်... ဒီတော့.. အနည်းဆုံး ဘလော့လာလည်တဲ့သူတွေကို မဗေဒါကြည့်ဖြစ်တဲ့ ရုပ်ရှင်ကောင်းကောင်းလေးတွေကို
recommend ပေးပြီး drama/movie review လေးတွေတော့ တတ်နိုင်သလောက်မှန်မှန်ရေးသွားပါ့မယ်..

မဗေဒါ အသစ်တွေမတင်ဖြစ်ပင်မဲ့ လာရောက်လည်ပတ်ဖတ်ရှုကြတဲ့ ဧည့်သည် သူငယ်ချင်းတွေကို မဗေဒါ ရှင်းပြတောင်းပန်ဖို့တာဝန်ရှိတယ်ထင်လို့..
ဒီပိုစ့်လေးကို ရေးလိုက်တာပါ...
မဗေဒါဘလော့ကို အစဉ်တစိုက်အားပေးတတ်တဲ့... ဘလော့ဂါသူငယ်ချင်းတွေရော.. ဘလော့ဂါမဟုတ်တဲ့ သူငယ်ချင်းတွေရော..
မဗေဒါရဲ့ဘလော့ကိုဖတ်တဲ့.. အပြင်သူငယ်ချင်းတွေရော..
အထူးသဖြင့် မဗေဒါကို ဟိုဟာဒီဟာလျှောက်မရေးဖို့ ပြောပေမဲ့တကယ်တမ်းကျတော့ ဘလော့ရေးဖို့အမြဲအားပေးနေတဲ့ မေမေရော..
ဒိထက်ပိုကောင်း ပိုလေးနက်ပြီး အသုံးဝင်တဲ့စာတွေရေးဖို့တိုက်တွန်းတတ်တဲ့ ဖေဖေရော..
မဗေဒါ တစ်ခါတစ်လေ ဘလော့နဲ့ပတ်သတ်ပြီး တိုင်ပင်လို့ရတဲ့ အစ်မတွေရော...
ွှအားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်..